၄၂။ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှုအား ကြုံပြီးဖြစ်သူတို့သာ ဘုရားသခင်အား အစေခံရန် သင့်လျော်သည်ဟု ဆိုရသည့် အကြောင်းအရင်း
နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များ
ဘုရားသခင်ကို အစေခံခြင်းသည် ရိုးစင်းသည့် အလုပ်မဟုတ်ချေ။ မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား မပြောင်းလဲဘဲ ရှိနေသောသူတို့သည် ဘုရားသခင်ကို မည်သည့်အခါမျှ အစေမခံနိုင်ပေ။ သင်၏ စိတ်သဘောထားသည် ဘုရားသခင်၏နှုတ်ကပတ်တော်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို မခံရသေးပါက၊ သင်၏ စိတ်သဘောထားသည် စာတန်ကို ကိုယ်စားပြုနေဆဲဖြစ်သည်၊ ယင်းက သင်သည် သင်ကိုယ်တိုင်၏ ကောင်းမြတ်သော ရည်ရွယ်ချက်များဖြင့် ဘုရားသခင်ကို အစေခံသည်၊ သင်၏ အစေခံခြင်းသည် သင်၏စာတန်ဆန်သော သဘာဝအပေါ် အခြေခံထားသည်ကို သက်သေပြပေသည်။ သင်သည် သင်၏ သဘာဝအလျောက်ဖြစ်သော စရိုက်လက္ခဏာဖြင့်လည်းကောင်း၊ သင်၏ ပုဂ္ဂိုလ်ရေး အကြိုက်များအရလည်းကောင်း ဘုရားသခင်ကို အစေခံသည်။ ထိုထက်ပို၍၊ သင်လုပ်ဆောင်ရန် လိုလားနေသည့် အရာများသည် ဘုရားသခင်အဖို့ နှစ်သက်ဖွယ်ကောင်းသော အရာများဖြစ်ပြီး၊ သင် လုပ်ဆောင်ရန် ဆန္ဒမရှိသည့် အရာများသည် ဘုရားသခင်အဖို့ ရွံရှာဖွယ်ရာများ ဖြစ်သည်ဟု သင် အမြဲ တွေးထင်လေသည်။ သင်သည် သင်၏ ကိုယ်ပိုင် အကြိုက်များအတိုင်းသာ လုံးလုံး အလုပ်လုပ်ပေသည်။ ဤအရာကို ဘုရားသခင်အား အစေခံခြင်းဟု ခေါ်ဆိုနိုင်သလော။ နောက်ဆုံးတွင်၊ သင်၏ အသက်စိတ်သဘောထား၌ ပြောင်းလဲခြင်း အနည်းငယ်မျှ ရှိလိမ့်မည်မဟုတ်။ ယင်းအစား၊ သင်၏ အစေခံခြင်းသည် သင့်ကို သာ၍ပင် ခေါင်းမာစေလိမ့်မည်ဖြစ်သည်၊ ဤအကြောင်းကြောင့် သင်၏ ဖောက်ပြန်ပျက်စီးခြင်းသည် နက်နက်ရှိုင်းရှိုင်း အရိုးစွဲနေကာ၊ ထိုသို့ဖြင့် သင်၏ ကိုယ်ပိုင် စရိုက်လက္ခဏာနှင့် သင်၏ကိုယ်ပိုင် စိတ်သဘောထား အတိုင်း အစေခံခြင်းမှ ရရှိခဲ့သည့် အတွေ့အကြုံများအပေါ် အဓိက အခြေခံသည့်၊ ဘုရားသခင်အား အစေခံခြင်းနှင့် ပတ်သက်သည့် စည်းမျဉ်းများသည် သင်၏အတွင်းတွင် ဖြစ်ပေါ်လိမ့်မည်ဖြစ်သည်။ ဤအရာများသည် လူသား၏ အတွေ့အကြုံများနှင့် သင်ခန်းစာများ ဖြစ်သည်။ ယင်းသည် လောကီဆိုင်ရာ ဆက်ဆံရေးများအတွက် လူသား၏ အတွေးအခေါ်ဖြစ်သည်။ ဤသို့သော လူတို့ကို ဖာရိရှဲနှင့် ဘာသာရေး အရာရှိများအဖြစ် အမျိုးအစား သတ်မှတ်နိုင်ပေသည်။ ၎င်းတို့သည် လုံးဝ မနိုးထသကဲ့သို့ နောင်တမရပါက၊ နောက်ဆုံးသော ကာလတွင် လူတို့ကို အထင်အမြင်မှားစေသည့် ခရစ်တော်၏ အယောင်ကိုဆောင်သောသူများနှင့် အန္တိခရစ်များအဖြစ်သို့ ဧကန်မုချ ပြောင်းလဲသွားကြလိမ့်မည်။ အဆိုပါ ခရစ်တော်၏ အယောင်ကိုဆောင်သောသူများနှင့် အန္တိခရစ်များသည် ထိုသို့သော လူများကြားမှ ထွက်ပေါ်လိမ့်မည် ဖြစ်သည်။ ဘုရားသခင်ကို အစေခံသော သူတို့သည် မိမိတို့၏ ကိုယ်ပိုင် အကျင့်စရိုက်နောက်လိုက်ပြီး မိမိတို့ကိုယ်တိုင်၏ အလိုဆန္ဒအတိုင်း ပြုမူကြပါက၊ အချိန်မရွေး ဖယ်ရှားရှင်းလင်းခြင်းခံရနိုင်သည့် အန္တရာယ်ရှိသည်။ အခြားသောသူများ၏ စိတ်နှလုံးများကို သိမ်းသွင်းရန်၊ ၎င်းတို့ကို ဩဝါဒပေးရန်နှင့် ဘောင်ခတ်ရန်၊ ပြီးလျှင် အထက်စီး၌နေရန်၊ ဘုရားသခင်အား အစေခံရာတွင် ရရှိထားသော ၎င်းတို့၏ နှစ်များစွာ အတွေ့အကြုံကို အသုံးချသောသူများ၊ ပြီးလျှင် မည်သည့်အခါမျှ နောင်တမရသောသူများ၊ မိမိတို့၏ အပြစ်များကို မည်သည့်အခါတွင်မျှ ဝန်မချသောသူများနှင့် အဆင့်အတန်း၏ အကျိုးကို မည်သည့်အခါမျှ မစွန့်လွှတ်သောသူများဖြစ်သည့် ဤလူများသည် ဘုရားသခင်ရှေ့မှောက်တွင် လဲကျကြလိမ့်မည် ဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့၏ဝါရင့်မှုကြောင့် ရောင့်တက်ကာ၊ ၎င်းတို့၏ အရည်အချင်းများကို ကြွားလုံးထုတ်ရင်း၊ ပေါလုနှင့် တစ်မျိုးတစ်စားတည်း ဖြစ်ကြ၏။ ဘုရားသခင်သည် ဤသို့သော လူများကို စုံလငစအောင်ပြုလုပ်ပေးမည် မဟုတ်ပေ။ ထိုသို့သော အစေခံခြင်းသည် ဘုရားသခင်၏ အမှုကို နှောင့်ယှက်လေသည်။ လူတို့သည် ဟောင်းသောအရာကို အမြဲ ဖက်တွယ်ကြ၏။ ၎င်းတို့သည် အတိတ်၏ အယူအဆများ၊ ကုန်လွန်သွားသော အချိန်ကာလများမှ အရာရာတိုင်းကို ဖက်တွယ်ကြလေသည်။ ဤသည်မှာ ၎င်းတို့၏ အစေခံခြင်းအတွက် ကြီးမားသည့် အတားအဆီး ဖြစ်ပေသည်။ သင်သည် ထိုအရာများကို မဖယ်ရှားနိုင်ပါက၊ ဤအရာများသည် သင့်ဘဝတစ်ခုလုံးကို ပိတ်ဆို့လိမ့်မည်။ ဘုရားသခင်သည် သင် ပြေးလွှားနေရင်း သင်၏ ခြေထောက်များ ကျိုးလျှင် သို့မဟုတ် အလုပ်ကြမ်းဖြင့် သင်၏ ကျောရိုး ကျိုးလျှင်ပင်၊ ဘုရားသခင်အား သင်၏အစေခံရာ၌ သင်သည် ညှဉ်းဆဲသတ်ဖြတ်ခံရလျှင်ပင်၊ သင့်ကို အနည်းငယ်မျှပင် အသိအမှတ်ပြုလိမ့်မည် မဟုတ်ပေ။ အတော်အတန် ဆန့်ကျင်လျက် သင်သည် မတရားသဖြင့် ကျင့်သောသူတစ်ဦး ဖြစ်သည်ဟု ဘုရားသခင် ပြောလိမ့်မည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘာသာရေး အစေခံခြင်းကို သန့်စင်ရမည်
ပြုပြင်ခြင်း၊ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို ကြုံပြီးသောသူများ၏ အလုပ်တွင် သွေဖည်မှု အလွန်နည်းပါးပြီး ၎င်းတို့အလုပ်၏ ဖော်ပြချက်သည် သာ၍များစွာ တိကျလေသည်။ အလုပ်လုပ်ရန် မိမိတို့၏ သဘာဝကျမှုအပေါ် အားထားသောသူများသည် အတော်အတန် အဓိကကျသော အမှားများကို ပြုမိကြသည်။ စုံလင်ခြင်း မခံရသော သူတို့၏အလုပ်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို အဓိကအတားအဆီး ဖြစ်ပေါ်စေသည့် ၎င်းတို့ကိုယ်တိုင်၏ သဘာဝကျမှုကို အလွန်များလှစွာ ဖော်ပြလေသည်။ လူတစ်ဦး၏ အရည်အချင်း မည်မျှ ကောင်းသည်ဖြစ်စေ၊ ၎င်းတို့သည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက် အလုပ်ကို မလုပ်ဆောင်နိုင်မီတွင် ပြုပြင်ခြင်းနှင့် တရားစီရင်ခြင်းတို့ကိုလည်း ကြုံကြရမည်ဖြစ်သည်။ ၎င်းတို့သည် ထိုသို့သော တရားစီရင်မှုကို မကြုံရသေးပါက၊ ၎င်းတို့၏ အလုပ်သည် မည်မျှကောင်းစွာ လုပ်ဆောင်ထားသည်ဖြစ်စေ၊ သမ္မာတရား၏ အခြေခံသဘောတရားများနှင့် မကိုက်ညီနိုင်သကဲ့သို့၊ ၎င်းတို့ကိုယ်တိုင်၏ သဘာဝကျမှုနှင့် လူသား ကောင်းမြတ်မှု၏ ရလဒ်တစ်ခု အမြဲ ဖြစ်ပေလိမ့်မည်။ ပြုပြင်ခြင်းနှင့် တရားစီရင်ခြင်းတို့ကို ကြုံရပြီးသူများ၏ အလုပ်သည် ပြုပြင်ခြင်းနှင့် တရားစီရင်ခြင်းတို့ကို မခံရသေးသောသူများ၏ အလုပ်ထက် များစွာသာ၍ မှန်ကန်တိကျလေသည်။ တရားစီရင်မှုကို မကြုံရသေးသော သူများသည် လူ့အသိဉာဏ်နှင့် မွေးရာပါ ပါရမီများဖြင့် ရောနှောထားသည့် လူ့ဇာတိပကတိနှင့် အတွေးများကိုသာ ဖော်ပြပေသည်။ ဤသည်မှာ ဘုရားသခင်၏ အလုပ်နှင့် သက်ဆိုင်သည့် လူသား၏ တိကျသော ဖော်ပြချက် မဟုတ်ပေ။ ထိုသို့သော လူတို့နောက်လိုက်သူများသည် ၎င်းတို့၏ မွေးရာပါ အရည်အချင်းဖြင့် ၎င်းတို့ရှေ့သို့ ခေါ်ဆောင်ခံရခြင်း ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်၏ မူလရည်ရွယ်ချက်နှင့် ဆက်စပ်မှု မရှိလုနီးပါးဖြစ်သကဲ့သို့၊ ယင်းမှ အလွန်သွေဖည်လွန်းသည့် လူသား၏ များလွန်းလှသော ထိုးထွင်းသိမြင်မှုနှင့် အတွေ့အကြုံတို့ကို ဖော်ပြသောကြောင့်၊ ဤလူစားမျိုး၏ အလုပ်သည် လူတို့ကို ဘုရားသခင်ရှေ့သို့ မခေါ်ဆောင်နိုင်ဘဲ၊ လူရှေ့သို့သာ ပြန်လည်ခေါ်ဆောင်နိုင်သည်။ ထို့ကြောင့်၊ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို မကြုံရသေးသောသူများသည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက် အလုပ်ကို လုပ်ဆောင်ရန် အရည်အချင်းမပြည့်မီပေ။ အရည်အချင်းပြည့်မီသော လုပ်သားတစ်ဦး၏ အလုပ်သည် လူတို့ကို မှန်ကန်သော လမ်းသို့ ခေါ်ဆောင်နိုင်ပြီး ၎င်းတို့ကို သမ္မာတရားထဲသို့ သာ၍ ကြီးမားသည့် ဝင်ရောက်မှု ပေးနိုင်လေသည်။ သူ့အလုပ်သည် လူတို့ကို ဘုရားသခင် ရှေ့သို့ ခေါ်ဆောင်နိုင်သည်။ ထို့အပြင်၊ သူလုပ်ဆောင်သော အလုပ်သည် တစ်ဦးနှင့် တစ်ဦး ကွဲပြားမှုရှိနိုင်ပြီး၊ လူတို့ကို လွတ်မြောက်မှုနှင့် လွတ်လပ်ခြင်းတို့ ရှိစေရင်း၊ စည်းမျဉ်းများဖြင့် ကန့်သတ်မထားသကဲ့သို့၊ အသက်တာတွင် လုပ်နိုင်စွမ်း တဖြည်းဖြည်း ကြီးထွားနိုင်ပြီး သမ္မာတရားထဲသို့ သာ၍နက်နဲသော ဝင်ရောက်မှုတစ်ခုကို ရရှိစေနိုင်သည်။ အရည်အချင်းမပြည့်မီသော လုပ်သားတစ်ဦး၏ အလုပ်သည် အလွန်အဆင့်မမီပေ။ သူ၏အလုပ်သည် မိုက်မဲ၏။ သူ့အနေဖြင့် လူတို့ကို စည်းမျဉ်းစည်းကမ်းများထဲသို့သာ ပို့ဆောင်နိုင်ပြီး၊ လူတို့ကို သူတောင်းဆိုသော အရာသည် တစ်ဦးနှင့်တစ်ဦး မကွာခြားပေ။ သူသည် လူတို့၏ တကယ့် လိုအပ်ချက်များနှင့်အညီ အလုပ်မလုပ်ပေ။ ဤအလုပ်အမျိုးအစားတွင်၊ စည်းမျဉ်းစည်းကမ်း အလွန်များလှပြီး အယူဝါဒ အလွန်များလှကာ၊ လူတို့ကို လက်တွေ့အရှိတရားထဲသို့၊ သို့မဟုတ် အသက်တာ ကြီးထွားမှုနှင့်သက်ဆိုင်သည့် ပုံမှန်လက်တွေ့လုပ်ဆောင်ခြင်းထဲသို့ မခေါ်ဆောင်နိုင်ပေ။ ယင်းသည် လူတို့ကို သုံးမရသော စည်းမျဉ်းစည်းကမ်း အနည်းငယ်တို့ကိုသာ လိုက်နာနိုင်စေသည်။ ထိုသို့သော လမ်းပြမှုမျိုးသည် လူတို့ကို လမ်းလွဲရုံသာ လမ်းလွဲစေနိုင်သည်။ သူသည် သင့်ကို သူနှင့်တူစေဖို့ ဦးဆောင်သည်။ သူသည် သင့်ကို သူ၏အရာအားလုံးနှင့် ဖြစ်ခြင်းထဲသို့ ခေါ်ဆောင်နိုင်သည်။ နောက်လိုက်များအနေဖြင့် ခေါင်းဆောင်များ အရည်အချင်း ပြည့်မီခြင်း ရှိမရှိကို ရိပ်စားမိရန်၊ အဓိကသော့ချက်မှာ ၎င်းတို့ဦးဆောင်သော လမ်းကြောင်းနှင့် ၎င်းတို့အလုပ်၏ ရလဒ်များကို ကြည့်ရန်ဖြစ်ပြီး နောက်လိုက်များက သမ္မာတရားနှင့်အညီ အခြေခံသဘောတရားများကို ရရှိခြင်း ရှိ မရှိဆိုသည်နှင့် ၎င်းတို့၏ ပြောင်းလဲခြင်းအတွက် သင့်တော်သော လက်တွေ့လုပ်ဆောင်မှု နည်းလမ်းများ ရရှိခြင်း ရှိ မရှိဆိုသည်ကို ကြည့်ရန် ဖြစ်သည်။ သင်သည် မတူညီသောလူအမျိုးအစားတို့၏ မတူညီသည့် အလုပ်များကို ခွဲခြားသိမြင်သင့်သည်။ သင်သည် မိုက်မဲသော နောက်လိုက်တစ်ဦး မဖြစ်သင့်ပေ။ ဤသည်မှာ လူတို့၏ဝင်ရောက်မှု ကိစ္စနှင့် သက်ဆိုင်ပေသည်။ အကယ်၍ သင်သည် မည်သည့် လူ၏ဦးဆောင်မှုသည် လမ်းကြောင်းရှိပြီး၊ မည်သည့်လူ၏ ဦးဆောင်မှုက လမ်းကြောင်းမရှိသည်ကို မခွဲခြားမသိမြင်နိုင်ပါက၊ သင်သည် အလွယ်တကူ အထင်အမြင်မှားစေခြင်းခံရလိမ့်မည်။ ဤအရာအားလုံးသည် သင်ကိုယ်တိုင်၏ အသက်တာနှင့် တိုက်ရိုက် သက်ဆိုင်ပေသည်။ စုံလင်ခြင်းမခံရသောလူများ၏ အလုပ်တွင် သဘာဝကျမှု အလွန်များလှ၏။ ယင်းသည် အလွန်များလှစွာသော လူ၏လိုအင်ဆန္ဒဖြင့် ရောနှောထားသည်။ ၎င်းတို့၏ ဖြစ်တည်ခြင်းသည် သဘာဝကျမှု ဖြစ်သည်။ ၎င်းတို့ မွေးကတည်းက ပါလာသည့်အရာ ဖြစ်သည်။ ယင်းသည် ပြုပြင်ခြင်းခံရပြီးနောက် အသက်တာ သို့မဟုတ် ပြောင်းလဲခြင်းခံရပြီးနောက် လက်တွေ့အရှိတရား မဟုတ်ပေ။ ထိုသို့သော လူစားမျိုးတို့သည် အသက်ကို လိုက်စားရှာဖွေသော သူတို့ကို မည်သို့ ထောက်ပံ့ပေးနိုင်မည်နည်း။ ထိုလူ၏ အသက်သည် မူလအားဖြင့် သူ၏ မွေးရာပါ ဉာဏ်ပညာ သို့မဟုတ် ပါရမီဖြစ်သည်။ ဤဉာဏ်ပညာ သို့မဟုတ် ပါရမီမျိုးသည် လူသားအတွက် ဘုရားသခင်၏ တိကျသော တောင်းဆိုချက်များနှင့် အတော်အတန် ဝေးကွာလေသည်။ အကယ်၍ လူတစ်ဦးသည် စုံလင်စေခြင်း မခံရသေးသကဲ့သို့၊ ၎င်း၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် ပြုပြင်ခြင်းမခံရသေးပါက သူဖော်ပြသောအရာနှင့် သမ္မာတရားတို့ကြားတွင် ကြီးမားသောကွာဟမှုတစ်ခု ရှိလိမ့်မည်ဖြစ်သည်။ ၎င်းဖော်ပြသော အရာသည် ၎င်း၏စိတ်ကူးစိတ်သန်းနှင့် တစ်ဖက်သတ် အတွေ့အကြုံ ကဲ့သို့သော မရေရာသည့် အရာများဖြင့် ရောနှော နေပေလိမ့်မည်။ ထို့အပြင်၊ သူမည်သို့ အလုပ်လုပ်သည်ဖြစ်စေ၊ လူအားလုံး၏ ဝင်ရောက်မှုအတွက် သင့်တော်သည့် ယေဘုယျ ပန်းတိုင်နှင့် သမ္မာတရားမရှိဟု လူတို့ ခံစားရသည်။ လူတို့အပေါ် တောင်းဆိုထားသည့် အရာအများစုသည် ၎င်းတို့အနေဖြင့် ငှက်နားရာအိပ်တန်းများပေါ်သို့ နားစေခြင်းခံနေရလျက်ရှိသည့် ဘဲများအလား ၎င်းတို့၏ အစွမ်းအစကို ကျော်လွန်ပေသည်။ ဤသည်မှာ လူ့အလိုဆန္ဒ၏ အလုပ်ဖြစ်သည်။ လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၊ ၎င်း၏အတွေးများနှင့် အယူအဆများသည် ၎င်း၏ကိုယ်ခန္ဓာအစိတ်အပိုင်းများ အားလုံးကို ပျံ့နှံ့ဝင်ရောက်လေသည်။ လူသားသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် ဗီဇဖြင့် မွေးဖွားခြင်း မဟုတ်သကဲ့သို့၊ သမ္မာတရားကို တိုက်ရိုက်နားလည်ရန် ဗီဇလည်း မရှိပေ။ ယင်း၌ ထိုလူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ပေါင်းထည့်ပါက ဤသဘာဝကျသည့် လူပုဂ္ဂိုလ်မျိုး အလုပ်လုပ်သောအခါတွင်၊ အနှောင့်အယှက်များ ဖြစ်ပေါ်စေသည် မဟုတ်လော။ သို့ရာတွင် စုံလင်စေခြင်း ခံရပြီးသော လူသားတစ်ဦးသည် သူ၏အလုပ်ထဲက မရေမရာနှင့် မစစ်မှန်သော အရာများ တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ် သွားဖို့အလို့ငှာ၊ လူသား၏ အရောအနှောများ ပိုနည်းလာပြီး၊ သူ့အလုပ် နှင့် အစေခံမှုတို့သည် ဘုရားသခင် သတ်မှတ်ထားသည့် စံနှုန်းများနှင့် ယခင်ထက် သာ၍ နီးစပ်လာဖို့အလို့ငှာ၊ လူတို့ နားလည်သင့်သော သမ္မာတရား၏ အတွေ့အကြုံနှင့် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် သက်ဆိုင်သည့် အသိပညာတို့ ရှိကြလေသည်။ ထို့ကြောင့်၊ ၎င်း၏အလုပ်သည် သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်ပြီးဖြစ်ကာ၊ လက်တွေ့လည်း ကျလာပြီ ဖြစ်လေသည်။ လူသား၏စိတ်ထဲက အတွေးများသည် အထူးသဖြင့် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ပိတ်ဆို့သည်။ လူသားသည် ကြွယ်ဝသော စိတ်ကူးစိတ်သန်းနှင့် ယုတ္တိတန်သော ဆင်ခြင်တွေးခေါ်မှုစနစ် ရှိပြီး၊ အရေးကိစ္စများကို ကိုင်တွယ်ခြင်း၌ ရှည်ကြာသော အတွေ့အကြုံ ရှိခဲ့ပြီးဖြစ်သည်။ အကယ်၍ လူသား၏ ဤသွင်ပြင်လက္ခဏာများသည် ပြုပြင်ခြင်းနှင့် မှန်အောင်ပြင်ဆင်ခြင်းတို့ကို မကြုံရပါက၊ ယင်းတို့အားလုံးသည် အလုပ်အဖို့ အတားအဆီးများ ဖြစ်ပေသည်။ ထို့ကြောင့် လူသား၏အလုပ်၊ အထူးသဖြင့် စုံလင်စေခြင်းမခံရသော သူတို့၏ အလုပ်သည် တိကျမှန်ကန်မှု၏ အကြီးမားဆုံးသော အတိုင်းအတာကို မစွမ်းဆောင်နိုင်ပေ။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အမှုနှင့် လူသား၏အလုပ်
မိမိတို့၏ စိတ်သဘောထားများ ပြောင်းလဲပြီးသော သူတို့သည် ဘုရားသခင်ကို ကြောက်ရွံ့မှုကို ခံစားကြရပြီး ၎င်းတို့၏ ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်မှုက တဖြည်းဖြည်း လျော့နည်းသွားလေသည်။ ထို့အပြင် ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ရာတွင် ၎င်းတို့နှင့်ပတ်သက်၍ အခြားသူများ စိုးရိမ်ဖို့ မလိုအပ်ကြသကဲ့သို့ ၎င်းတို့အပေါ် သန့်ရှင်းသော ဝိညာဉ်တော်က ဆုံးမပဲ့ပြင်ခြင်းအလုပ်ကို အမြဲလုပ်ဖို့ မလိုအပ်ပေ။ ၎င်းတို့သည် အခြေခံအားဖြင့် ဘုရားသခင်ကို ကျိုးနွံနာခံနိုင်ကြပြီး အမှုအရာများအပေါ် ၎င်းတို့၏ အမြင်များက သမ္မာတရားနှင့် ကိုက်ညီ၏။ ဤအရာအားလုံးသည် ဘုရားသခင်နှင့် သဟဇာတဖြစ်လာခြင်း သဘောသက်ရောက်ပေသည်။ တစ်စုံတစ်ဦးက အလုပ်အချို့ကို သင့်ထံ လက်လွှဲသည် ဆိုပါစို့။ သင့်ကို စီမံခန့်ခွဲရန်၊ ကြီးကြပ်ပေးရန် မည်သူကိုမျှ သင် မလိုအပ်ပေ။ သင်သည် ဤအလုပ်ကို ဘုရားနှုတ်ကပတ်တော်နှင့် ဆုတောင်းခြင်းဖြင့်သာ အပြီးသတ်နိုင်သည်။ ဤအလုပ်လုပ်သည့် အတောအတွင်းတွင် သင်သည် ဝတ်ကျေတမ်းကျေမဖြစ်၊ မာနထောင်လွှားခြင်း မရှိ၊ သို့မဟုတ် မိမိကိုယ်ကို မှန်သည်ဟု မယူဆသကဲ့သို့ သင့်သဘောအတိုင်း အမှုအရာများကို သင် မလုပ်ဆောင်ပေ။ အခြားမည်သူကိုမျှ သင် စိတ်မကျဉ်းကျပ်စေသကဲ့သို့ အခြားသူများကို မေတ္တာကရုဏာကြီးမားစွာ ကူညီနိုင်သည်။ ထောက်ပံ့မှုနှင့် အကျိုးကျေးဇူးကို လူတိုင်းရရှိရန် သင် ကူညီနိုင်ပြီး ဘုရားသခင်ကို ယုံကြည်ခြင်း လမ်းကြောင်းမှန်ပေါ် ဝင်ရောက်ရန် လူတို့ကို သင် လမ်းပြနိုင်သည်။ ထို့အပြင် ဤအလုပ်ကာလအတောအတွင်းတွင် သင်သည် ကိုယ်ပိုင် အဆင့်အတန်း၊ သို့မဟုတ် အကျိုးစီးပွားများကို မရှာဖွေ၊ သင် ထိုက်ထိုက်တန်တန်မရသည့် မည်သည့်အရာကိုမျှ မိမိအတွက် မယူ၊ သင့်ကိုယ်သင်အတွက် ထုတ်ပြောခြင်းမရှိသကဲ့သို့ တစ်ဦးတစ်ယောက်က သင့်ကို မည်သို့ ဆက်ဆံသည်ဖြစ်စေ၊ ၎င်းတို့ကို ကောင်းမွန်စွာ သင် ဆက်ဆံသည်။ သို့ဆိုလျှင် သင်သည် အတော်အတန် ကောင်းမွန်သည့် ဝိညာဉ်ရင့်ကျက်မှုရှိသော တစ်စုံတစ်ဦး ဖြစ်လိမ့်မည်။ လူတစ်ဦးအတွက် အလုပ်အချို့ကို တာဝန်ယူပြီး ဘုရားသခင် ရွေးချယ်ထားသူတို့ကို သူ၏ နှုတ်ကပတ်တော် စစ်မှန်မှုထဲသို့ ခေါ်ဆောင်ရန်မှာ ရိုးရှင်းသော ကိစ္စတစ်ရပ် မဟုတ်ပေ။ သမ္မာတရား စစ်မှန်မှုမပါဘဲ ထိုအရာကို လုပ်ဆောင်၍ မရနိုင်ပေ။ အလုပ်ထဲတွင် ကြီးမားသည့် ဆုကျေးဇူးများကို အားကိုးရင်း လဲကျပြီး ရှုံးနိမ့်သည့်သူများစွာ ရှိသည်။ သမ္မာတရား မရှိသော လူတို့သည် လုံးဝ အားကိုး၍မရနိုင်၊ ၎င်းတို့၏စိတ်သဘောထားများ မပြောင်းလဲပါက သာ၍ပင် အားကိုး၍မရနိုင်ပေ။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ သမ္မာတရားအား လိုက်စားခြင်းအားဖြင့်သာ စိတ်သဘောထား ပြောင်းလဲမှုတစ်ခုကို ရရှိနိုင်သည်
မိမိတို့၏ စိတ်သဘောထားများ၌ ပြောင်းလဲခြင်းကို တွေ့ကြုံပြီးသော လူများသည် သမ္မာတရားကို နားလည်ကြပြီး ၎င်းတို့သည် ကိစ္စအားလုံးကို ပိုင်းခြားသိမြင်တတ်ကြသည်၊ ၎င်းတို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် အညီ မည်ကဲ့သို့ လုပ်ဆောင်ရမည်၊ သမ္မာတရား စည်းမျဉ်းများနှင့်အညီ မည်ကဲ့သို့ လုပ်ဆောင်ရမည်ဆိုသည်နှင့် ဘုရားသခင် ကျေနပ်စေရန် မည်ကဲ့သို့ လုပ်ဆောင်ရမည်ဆိုသည်တို့ကို သိကြပြီး ၎င်းတို့ ထုတ်ဖော်ပြသော ဖောက်ပြန်ပျက်စီးခြင်း သဘာဝကို နားလည်ကြသည်။ ၎င်းတို့၏ အတွေးအခေါ်များနှင့် အယူအဆများ ထုတ်ဖော်ခြင်း ခံရသောအခါ ၎င်းတို့သည် သိမြင်နိုင်ပြီး လူ့ဇာတိကို ပုန်ကန်နိုင်စွမ်းရှိကြသည်။ ဤသည်မှာ စိတ်သဘောထား အပြောင်းအလဲတစ်ခု ပေါ်လွင်ထင်ရှားသည့်ပုံပင် ဖြစ်သည်။ စိတ်သဘောထား၌ အပြောင်းအလဲတစ်ခုကို ကြုံရပြီးဖြစ်သည့် လူများနှင့်ပတ်သက်သည့် အဓိကသရုပ်သကန်မှာ ၎င်းတို့သည် သမ္မာတရားကို ရှင်းရှင်းလင်းလင်း နားလည်လာကြပြီး အမှုအရာများကို လုပ်ဆောင်သည့်အခါ ၎င်းတို့သည် သမ္မာတရားကို အတော်အတန် တိကျမှန်ကန်မှုဖြင့် လက်တွေ့လုပ်ဆောင်ကြပြီး ဖောက်ပြန်ပျက်စီးခြင်းကို မကြာခဏ ထုတ်ဖော်မပြကြချေ။ ယေဘုယျအားဖြင့် မိမိတို့၏စိတ်သဘောထားများ ပြောင်းလဲပြီးသော သူများသည် အထူးသဖြင့် ယုတ္တိတန်ပြီး ထိုးထွင်းသိမြင်တတ်သည်ဟု ထင်ရကာ သမ္မာတရားကို ၎င်းတို့ သိနားလည်ခြင်းကြောင့် မိမိကိုယ်ကို မှန်ကန်သည်ဟု မှတ်ယူခြင်း သို့မဟုတ် မာနထောင်လွှားခြင်းတို့ကို များစွာ ထုတ်ဖော်မပြကြချေ။ ၎င်းတို့သည် ၎င်းတို့အထဲတွင် ထုတ်ဖော်ထားသော ဖောက်ပြန်ပျက်စီးမှုများစွာကို ရိပ်မိကာ သိမြင်နိုင်ကြသည်၊ ထို့ကြောင့် ၎င်းတို့သည် မာနထောင်လွှားလာခြင်း မဖြစ်ပေါ်စေကြပေ။ မည်သည့်နေရာကို ၎င်းတို့ ယူသင့်ပြီး ကျိုးကြောင်းဆီလျော်သည့် မည်သည့်အရာများကို ၎င်းတို့ လုပ်ဆောင်သင့်ကြောင်း၊ မည်ကဲ့သို့ တာဝန်သိတတ်ရမည် ဖြစ်ကြောင်း၊ မည်သည့် အရာကို ပြောရမည်နှင့် မပြောရမည်ဖြစ်ကြောင်းကိုသာမက မည်သူ့ကို မည်သည့် အရာကို ပြောရပြီး မည်သည့်အရာကို လုပ်ဆောင်ရမည်နှင့်ပတ်သက်၍ ၎င်းတို့၌ ချင့်ချိန်တတ်သော နားလည်သဘောပေါက်မှု ရှိနိုင်ကြသည်။ ထို့ကြောင့် မိမိတို့စိတ်သဘောထားများ ပြောင်းလဲပြီးဖြစ်သည့် လူများသည် အတော်အတန် ယုတ္တိတန်ကြပြီး ထိုသို့သောလူများသာ လူသားပုံသဏ္ဌာန်ကို အမှန်တကယ် အသက်ရှင်နေထိုင်ကြသည်။ သမ္မာတရားကို ၎င်းတို့ နားလည်ကြသောကြောင့် အမှုအရာများကို သမ္မာတရားနှင့်အညီ ပြောဆိုကာ မြင်နိုင်ကြသည်။ ပြီးလျှင် ၎င်းတို့ လုပ်သမျှအရာအားလုံးတွင် ၎င်းတို့သည် ကိုယ်ကျင့်တရားကောင်းကြသည်။ ၎င်းတို့သည် အခြားသူများ၊ ဖြစ်ရပ်များ၊ အမှုအရာများ၏ လွှမ်းမိုးမှုကို ခံရခြင်း မရှိကြပေ၊ ၎င်းတို့အားလုံးတွင် ၎င်းတို့၏ ကိုယ်ပိုင် အမြင်ရှုထောင့်များ ရှိကြပြီး သမ္မာတရားစည်းမျဉ်းများကို ထိန်းသိမ်းနိုင်ကြသည်။ ၎င်းတို့၏ စိတ်သဘောထားများမှာ အတော်အတန် တည်ငြိမ်ကြသည်၊ ၎င်းတို့သည် အခုတစ်မျိုး တော်ကြာတစ်မျိုး မလုပ်ကြဘဲ ၎င်းတို့၏ အခြေအနေများက မည်သည့်အရာ ဖြစ်ပါစေ ၎င်းတို့သည် ၎င်းတို့၏ တာဝန်များကို ကောင်းမွန်စွာ မည်ကဲ့သို့ လုပ်ဆောင်ရမည်၊ ဘုရားသခင်၏ စိတ်ကျေနပ်ခြင်းအဖို့ မည်ကဲ့သို့ ပြုမူရမည်ကို သိနားလည်ကြသည်။ မိမိတို့၏ စိတ်သဘောထားများ ပြောင်းလဲပြီးသော သူများသည် အခြားသူများက ၎င်းတို့အပေါ် အကောင်းမြင်စေရန် အပြင်ပန်းတွင် မည်သည့်အရာ လုပ်ဆောင်ဖို့ကို အာရုံမပြုပေ၊ ၎င်းတို့သည် ဘုရားသခင်ကို စိတ်ကျေနပ်စေရန် မည်သည့်အရာ လုပ်ဆောင်ရမည်နှင့်ပတ်သက်၍ အတွင်း ရှင်းလင်းမှု ရရှိကြပြီးဖြစ်သည်။ ထို့ကြောင့် အပြင်ပန်းတွင် ၎င်းတို့သည် အလွန် စိတ်အားထက်သန်ပုံ မရနိုင်သော်လည်း သို့မဟုတ် အလွန်အရေးကြီးသော အရာတစ်ခုတလေကို လုပ်ဆောင်ပြီးပုံ မရနိုင်သော်လည်း ၎င်းတို့ လုပ်သောအရာမှန်သမျှမှာ အဓိပ္ပာယ်ရှိသည်၊ တန်ဖိုးရှိပြီး လက်တွေ့ဆန်သောရလဒ်များ ဖြစ်ထွန်းလေသည်။ စိတ်သဘောထား ပြောင်းလဲပြီးသောသူများ၌ သမ္မာတရား စစ်မှန်မှု အမြောက်အမြား ရှိသည်မှာ သေချာပြီး အမှုအရာများအပေါ် ၎င်းတို့၏ ရှုထောင့်အမြင်များနှင့် ၎င်းတို့၏ လုပ်ရပ်များ၏ စည်းမျဉ်းများဖြင့် ဤအရာကို အတည်ပြုနိုင်ပါသည်။ သမ္မာတရားကို မရရှိသေးသူများသည် အသက်စိတ်သဘောထားတွင် မည်သည့် ပြောင်းလဲမှုမျှ လုံးဝ မရရှိကြသေးပေ။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး
ဘာသာတရားတွင်၊ များစွာသောလူတို့သည် ၎င်းတို့၏ဘဝများ တစ်လျှောက် ဆင်းရဲဒုက္ခများစွာ ခံစားကြရ၏- ၎င်းတို့သည် မိမိတို့၏ခန္ဓာကိုယ်များကို ချိုးနှိမ်ပြီး မိမိတို့၏ကားတိုင်ကို ထမ်းကာ တကယ့်သေခါနီးအချိန်တွင်ပင် ဆက်လက် ဆင်းရဲဒုက္ခခံကာ ကြံ့ကြံ့ခံကြလေသည်။ အချို့သည် ၎င်းတိုသေသည့် မနက်တွင် အစာရှောင်နေကြသေးသည်။ ၎င်းတို့၏ ဘဝတစ်လျှောက်လုံး ဆင်းရဲဒုက္ခအပေါ်သာ အာရုံစိုက်ရင်း၊ ကောင်းသောအစာနှင့် ကောင်းသောအဝတ်အစားတို့ကို ငြင်းပယ်ကြလေသည်။ ၎င်းတို့သည် မိမိတို့၏ကိုယ်ခန္ဓာကို ချိုးနှိမ်နိုင်ကြပြီး မိမိတို့၏ဇာတိပကတိကို ပုန်ကန်နိုင်ကြသည်။ ဆင်းရဲဒုက္ခကို သည်းခံခြင်းအတွက်ဖြစ်သည့် ၎င်းတို့၏ စိတ်ဓာတ်သည် ချီးကျူးထိုက်ပေသည်။ သို့သော်လည်း၊ ၎င်းတို့၏အတွေး၊ ၎င်းတို့၏ အယူအဆများ၊ ၎င်းတို့၏ စိတ်ပိုင်းဆိုင်ရာ သဘောထားနှင့် ဧကန်အမှန် သဘာဝဟောင်းတို့သည် အနည်းငယ်မျှ ပြုပြင်ခြင်း မခံရသေးပေ။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ်နှင့် ပတ်သက်၍ စစ်မှန်သည့် အသိပညာ တစ်ခုတစ်လေမျှ မရှိပေ။ ဘုရားသခင်နှင့်ပတ်သက်၍ ၎င်းတို့၏ စိတ်ပိုင်းဆိုင်ရာ ပုံရိပ်သည် မရေရာသော ဘုရားသခင်တစ်ပါး၏ အစဉ်အလာ ပုံရိပ်တစ်ခု ဖြစ်ပေသည်။ ဘုရားသခင်အတွက် ဆင်းရဲဒုက္ခကိုခံရန် ၎င်းတို့၏ ဆုံးဖြတ်ချက်သည် ၎င်းတို့၏စိတ်အားထက်သန်မှုနှင့် ၎င်းတို့၏ လူသဘာဝ၏ ထင်ရှားသော ဝိသေသလက္ခဏာကောင်းတို့မှ လာသည်။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ကြသော်လည်း၊ ဘုရားသခင်ကို နားမလည်ကြသကဲ့သို့၊ သူ၏ရည်ရွယ်ချက်များကိုလည်း မသိကြပေ။ ၎င်းတို့သည် ဘုရားသခင်အတွက် အလုပ်လုပ်ရုံမျှလုပ်ပြီး ကျိုးကြောင်းမမြင်ဘဲ ဆင်းရဲဒုက္ခခံကြလေသည်။ ၎င်းတို့သည် ချင့်ချိန်နိုင်စွမ်းနှင့်ပတ်သက်၍ မည်သို့မျှ တန်ဖိုးမထားကြပေ၊ ဘုရားသခင်နှင့် သက်ဆိုင်သည့် အသိပညာကို မည်သို့ ရရှိမည်ကို ၎င်းတို့ သိဖို့မဆိုထားနှင့်၊ ၎င်းတို့၏ အစေခံမှုက ဘုရားသခင်၏ရည်ရွယ်ချက်များကို အမှန်တကယ် ဖြည့်ဆည်းပေးသည်ကို မည်သို့ သေချာစေရမည်ဆိုသည်နှင့်ပတ်သက်၍ အနည်းအကျဉ်းသာ ဂရုစိုက်ကြလေသည်။ ၎င်းတို့ အစေခံသည့် ဘုရားသခင်သည် သူ၏ ပင်ကို ပုံရိပ်တွင် ရှိသည့် ဘုရားသခင်မဟုတ်ဘဲ၊ ၎င်းတို့ စိတ်ကူးထားသည့် ဘုရားသခင်တစ်ပါး၊ ၎င်းတို့ ကြားဖူးရုံသာ ကြားဖူးသည့် ဘုရားသခင်တစ်ပါး၊ သို့မဟုတ် စာပေများတွင် ဖတ်ရသည့် ဒဏ္ဍာရီ ဘုရားသခင်တစ်ပါး ဖြစ်သည်။ ထို့နောက်၊ ၎င်းတို့သည် ဘုရားသခင်အတွက် ဆင်းရဲဒုက္ခခံဖို့ မိမိတို့၏ တီထွင်တတ်သော စိတ်ကူးများနှင့် ဘုရားတရားကိုင်းရှိုင်းမှုတို့ကို အသုံးပြုပြီး ဘုရားသခင် လုပ်ဆောင်လိုသည့် အလုပ်ကို တာဝန်ယူဆောင်ရွက်ကြလေသည်။ ၎င်းတို့၏ အစေခံမှုသည် အလွန် မတိကျလွန်းသည်မှာ၊ လက်တွေ့အားဖြင့် ၎င်းတို့ထဲမှ မည်သူမျှ ဘုရားသခင်၏ရည်ရွယ်ချက်များနှင့်အညီ အမှန်တကယ် အစေမခံနိုင်ကြချေ။ ၎င်းတို့ မည်မျှ ဝမ်းမြောက်ဝမ်းသာ ဆင်းရဲဒုက္ခခံသည်ကို ပဓာနမထားဘဲ၊ ၎င်းတို့သည် ဘုရားသခင်၏ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ စစ်ဆေးခြင်းနှင့် စုံလင်စေခြင်းတို့ကို မကြုံရသေးသကဲ့သို့၊ သမ္မာတရားကို အသုံးပြုလျက် မည်သူမျှ ၎င်းတို့ကို လမ်းမပြသေးသောကြောင့်၊ အစေခံခြင်းအပေါ် ၎င်းတို့၏ မူလရှုထောင့်အမြင်နှင့် ဘုရားသခင်အပေါ် ၎င်းတို့၏ စိတ်ပုံရိပ်တို့သည် မပြောင်းလဲဘဲ ရှိနေသည်။ ၎င်းတို့သည် ကယ်တင်ရှင်ယေရှုကို ယုံကြည်ကြလျှင်ပင်၊ ၎င်းတို့ထဲမှ မည်သူမျှ ကယ်တင်ရှင်ကို မမြင်ဖူးကြချေ။ ၎င်းတို့သည် သူ့ကို ဒဏ္ဍာရီနှင့် တစ်ဆင့်စကားတို့မှတစ်ဆင့်သာ သိကြသည်။ အကျိုးဆက်အနေဖြင့်၊ ၎င်းတို့၏ အစေခံမှုသည် မျက်စိကန်းသောလူက သူ၏ ဖခင်ကို အစေခံသကဲ့သို့၊ မျက်စိမှိတ်လျက်နှင့် ကြုံရာအစေခံခြင်းသဘော သက်ရောက်သည်ထက် မပိုပေ။ နောက်ဆုံးတွင်၊ ထိုသို့သော အစေခံမှုဖြင့် မည်သည့်အရာကို ရရှိနိုင်သနည်း။ ပြီးလျှင် မည်သူက ယင်းကို လက်ခံမည်နည်း။ အစမှအဆုံးထိ တစ်လျှောက်လုံး ၎င်းတို့၏ အစေခံမှုသည် တူမြဲတူညီလေသည်။ ၎င်းတို့သည် လူလုပ်သင်ခန်းစာများကိုသာ ရရှိကြပြီး ၎င်းတို့၏အစေခံခြင်းကို ၎င်းတို့၏သဘာဝကျမှုနှင့် ၎င်းတို့၏ ကိုယ်ပိုင်နှစ်သက်မှုများအပေါ်သာ အခြေခံကြသည်။ ဤအရာက မည်သည့်ဆုလာဘ်ကို ဆောင်ကြဉ်း နိုင်သနည်း။ ယေရှုကို တွေ့မြင်ခဲ့သည့် ပေတရုပင် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့်အညီ မည်သို့ အစေခံရမည်ကို မသိခဲ့ပေ။ သူသည် ဤအရာကို နောက်ဆုံး သူ၏ အိုမင်းသော အသက်အရွယ်၌သာ သိရှိလာခဲ့သည်။ ဤအရာက ပြုပြင်ခံရခြင်းကို စိုးစဉ်းမျှ မခံစားဖူးသကဲ့သို့၊ ၎င်းတို့ကို ဦးဆောင်လမ်းပြနေသည့်သူ မည်သူမျှ မရှိကြသည့် ထိုမျက်စိကန်းသော လူများနှင့်ပတ်သက်၍ မည်သည့်အရာကို ပြောဆိုသနည်း။ ယနေ့ သင်တို့ထဲမှ များစွာသောသူတို့၏ အစေခံခြင်းသည် ထိုမျက်စိကန်းသော လူများ၏အစေခံခြင်းနှင့် တူသည် မဟုတ်လော။ တရားစီရင်ခြင်းကို မရရှိသေးသောသူများ၊ ပြုပြင်ခြင်းကို မရရှိသေးသောသူများနှင့် မပြောင်းလဲသေးသော သူများအားလုံး- ၎င်းတို့အားလုံးသည် မစုံလင်သောသိမ်းပိုက်ခြင်း ခံရသည် မဟုတ်လော။ ထိုသို့သော လူတို့သည် မည်သည့်အသုံးဝင်မှု ရှိပါသနည်း။ သင်၏အတွေး၊ သင်၏ ဘဝနှင့်ဆိုင်သော အသိပညာနှင့်၊ ဘုရားသခင်နှင့်ဆိုင်သော အသိပညာတို့သည် အသစ်သောပြောင်းလဲခြင်း မပြသကဲ့သို့၊ မည်သည့်အရာကိုမျှ အမှန်တကယ် သင် မရရှိပါက၊ သင်၏အစေခံမှုတွင် ထူးခြားသော မည်သည့်အရာကိုမျှ လုံးဝ ရရှိလိမ့်မည် မဟုတ်ပေ။ ဘုရားသခင်၏အမှုနှင့် သက်ဆိုင်သော ရူပါရုံနှင့် အသစ်သော အသိပညာ မရှိပါက၊ သင်သည် သိမ်းပိုက်မခံရနိုင်ပေ။ ထိုအခါ သင်၏ ဘုရားသခင်နောက်လိုက်သည့်နည်းလမ်းသည် ဆင်းရဲဒုက္ခခံပြီး အစာရှောင်သော သူများကဲ့သို့ ဖြစ်လိမ့်မည်- တန်ဖိုးအနည်းငယ်မျှသာ ရှိလိမ့်မည်။ သူတို့၏အစေခံခြင်းအမှုသည် အချည်းနှီးဖြစ်သည်ဟု ငါပြောရသည်မှာ ၎င်းတို့လုပ်ဆောင်သည့်အရာတွင် သက်သေခံချက် အနည်းငယ်သာရှိသောကြောင့် အတိအကျ ဖြစ်သည်။ ၎င်းတို့၏ ဘဝများတစ်လျှောက်တွင်၊ ထိုလူများသည် ထောင်ထဲတွင် ဆင်းရဲဒုက္ခခံစားရင်းနှင့် အချိန်ကုန်လွန်ကြလေသည်။ ၎င်းတို့သည် အစဉ် သည်းခံလျက်ရှိကြသည်၊ ချစ်ခင်လျက်ရှိကြပြီး၊ ကားတိုင်ကို အစဉ်ထမ်းရွက်ကြလေသည်၊ ၎င်းတို့သည် လောက၏ လှောင်ပြောင်မှုခံရကာ ငြင်းပယ်ခြင်း ခံရကြသည်၊ ခက်ခဲမှုမှန်သမျှကို ၎င်းတို့ တွေ့ကြုံကြပြီး အဆုံးတိုင် ၎င်းတို့ နာခံကြသော်လည်း၊ သိမ်းပိုက်မခံကြရသေးသကဲ့သို့၊ သိမ်းပိုက်ခံရခြင်းအဖို့ သက်သေခံချက်ကို မပေးနိုင်ကြပေ။ ၎င်းတို့သည် များစွာ ဆင်းရဲဒုက္ခခံရပြီးဖြစ်သော်လည်း၊ အတွင်းတွင် ဘုရားသခင်ကို ၎င်းတို့ လုံးဝ မသိကြပေ။ ၎င်းတို့၏ အတွေးဟောင်း၊ အယူအဆဟောင်းများ၊ ဘာသာရေး ကျင့်ကြံမှုများ၊ လူလုပ် အသိပညာနှင့် လူသား စိတ်ကူးများထဲမှ မည်သည့်အရာမျှ ပြုပြင်ခြင်း မခံရသေးပေ။ ၎င်းတို့အထဲတွင် အသစ်သော အသိပညာ၏ အရိပ်အယောင် အနည်းငယ်မျှ မရှိချေ။ ဘုရားသခင်နှင့်သက်ဆိုင်သည့် ၎င်းတို့၏ အသိပညာသည် စိုးစဉ်းမျှ မမှန်ကန် သို့မဟုတ် မတိကျပေ။ ၎င်းတို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်မှုလွဲကြပေပြီ။ ဤအရာက ဘုရားသခင်ကို အစေခံသလော။ အတိတ်တွင် ဘုရားသခင်နှင့်သက်ဆိုင်သော သင်၏ အသိပညာ မည်သည့်အရာဖြစ်ပါစေ၊ ယင်းသည် ယနေ့တွင် အလားတူဖြစ်မြဲဖြစ်ပြီး၊ ဘုရားသခင် မည်သည့်အရာ လုပ်ဆောင်သည် ဖြစ်စေ သင်သည် ဘုရားသခင်နှင့်သက်ဆိုင်သော သင်၏ အသိပညာကို သင်၏ ကိုင်ပိုင် အယူအဆများအပေါ် ဆက်လက်အခြေခံပါက၊ ဆိုလိုသည်မှာ၊ သင်သည် ဘုရားသခင်နှင့်သက်ဆိုင်သည် သစ်လွင်၊ စစ်မှန်သော အသိပညာကို မပိုင်ဆိုင်ပါက၊ ပြီးလျှင် ဘုရားသခင်၏ စစ်မှန်သောပုံသဏ္ဌာန်နှင့် စိတ်သဘောထားတို့ကို သင် သိရှိရန် ပျက်ကွက်ပါက၊ ဘုရားသခင်နှင့်သက်ဆိုင်သည့် သင်၏ အသိပညာသည် ရှေးရိုးစွဲ၊ အယူသီးသော အတွေး၏ ဦးဆောင်လမ်းပြမှုကို ခံရဆဲဖြစ်ပြီး၊ လူသား၏ စိတ်ကူးနှင့် အယူအဆများမှ ပေါက်ဖွားဆဲဖြစ်ပါက၊ သင်သည် သိမ်းပိုက်မခံရသေးပေ။ ယခု သင်တို့အား ငါပြောသည့် နှုတ်ကပတ်တော်များ အားလုံးကို သင်တို့အနေဖြင့် သိနိုင်ကြဖို့အလို့ငှာ၊ ဤအသိပညာသည် သင်တို့ကို သာ၍သစ်လွင်၊ မှန်ကန်တိကျသော အသိပညာဆီသို့ ဦးဆောင်လမ်းပြနိုင်ဖို့အလို့ငှာ ရည်ရွယ်သည်။ ယင်းတို့သည် သင့်အထဲရှိ အယူအဆဟောင်းများနှင့် အသိပညာ နည်းလမ်းဟောင်းများကို ပြုပြင်ဖို့ရန် ရည်ရွယ်ပေသည်။ ငါ၏ နှုတ်ကပတ်တော်များကို သင်အမှန်တကယ် စားသောက်ပါက၊ သင်၏ အသိပညာသည် အတော် ပြောင်းလဲလိမ့်မည် ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျိုးနွံနာခံသော စိတ်နှလုံးဖြင့် သင် စားသောက်သရွေ့၊ သင်၏ရှုထောင့်အမြင် ပြောင်းပြန်ဖြစ်သွားလိမ့်မည်။ သင်သည် အထပ်ထပ် ပြစ်တင်ဆုံးမခြင်းများကို လက်ခံနိုင်သရွေ့၊ သင်၏စိတ်နေစိတ်ထား အဟောင်းသည် တဖြည်းဖြည်း ပြောင်းလဲသွားမည် ဖြစ်သည်။ သင်၏ စိတ်နေစိတ်ထားအဟောင်းသည် အသစ်သော စိတ်နေစိတ်ထားဖြင့် လုံးလုံးလျားလျား အစားထိုးခံရသရွေ့၊ သင်၏ လက်တွေ့လုပ်ဆောင်ခြင်းသည်လည်း လျော်ညီစွာ ပြောင်းလဲလိမ့်မည် ဖြစ်သည်။ ဤနည်းဖြင့်၊ သင်၏အစေခံခြင်းသည် ရည်ရွယ်သည့်အရာကို တိုး၍ ရရှိလာမည်၊ ဘုရားသခင်၏ရည်ရွယ်ချက်များကို တိုး၍ ဖြည့်ဆည်းနိုင်မည် ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သိမ်းပိုက်ခြင်းအလုပ်၏ အတွင်းသမ္မာတရား (၃)
ဘုရားသခင်၏ အမြင်တွင်၊ ဘုရားသခင်ကို ယုံကြည်သည့်လူတိုင်း လုပ်ဆောင်သည့် အရာတိုင်းသည် သမ္မာတရားနှင့် ဆန့်ကျင်ကွဲလွဲသည်၊ ဘုရားနှုတ်ကပတ်တော်နှင့် သဟဇာတမဖြစ်သကဲ့သို့ သူ့ကို ရန်လိုပေသည်။ သင်တို့သည်လည်း ဤအရာကို လက်ခံနိုင်မည်မဟုတ်ဘဲ၊ “ဘုရားသခင်ကို ကျွန်ုပ်တို့ အစေခံကြသည်၊ ဘုရားသခင်ကို ကိုးကွယ်ကြသည်၊ ဘုရားအိမ်တော်တွင် ကျွန်ုပ်တို့တာဝန်ကို လုပ်ဆောင်ကြသည်။ အလွန်များစွာ ကျွန်ုပ်တို့ လုပ်ဆောင်ပြီးဖြစ်သည်။ အားလုံးက ဘုရားနှုတ်ကပတ်တော်များနှင့် သတ်မှတ်ချက်များအတိုင်းဖြစ်ပြီး အလုပ် အစီအစဉ်များနှင့် ကိုက်ညီသည်။ ဘုရားသခင်ကို ကျွန်ုပ်တို့ အတိုက်အခံလုပ်ကာ သစ္စာဖောက်သည်ဟု အဘယ်သို့ ပြောနိုင်ရသနည်း။ ကျွန်ုပ်တို့၏ စိတ်ထက်သန်မှုကို ကိုယ်တော်က အဘယ်ကြောင့် အမြဲ ဝေဖန်ထိုးနှက်သနည်း။ ကျွန်ုပ်တို့သည် ကြီးမားသည့် အခက်အခဲဖြင့် ကျွန်ုပ်တို့၏ မိသားစုနှင့် အသက်မွေးအလုပ်များကို စွန့်ခဲ့ကြပြီး၊ ဘုရားသခင်နောက်လိုက်ရန် စိတ်ပိုင်းဖြတ်ခဲ့ကြသည်။ ထို့ကြောင့် ကိုယ်တော်သည် ကျွန်ုပ်တို့နှင့်ပတ်သက်၍ အဘယ်သို့ ဤကဲ့သို့ ပြောနိုင်ရသနည်း”ဟု ပြောကောင်းပြောကြပေမည်။ ထိုသို့ ပြောဆိုခြင်း၏ ရည်မှန်းချက်မှာ လူတိုင်း နားလည်ဖို့ သေချာစေရန်ဖြစ်သည်။ အလွန်ပင် ကောင်းမွန်စွာ ပြုမူသည့်သူ၊ သို့မဟုတ် တစ်စုံတစ်ရာကို စွန့်လွှတ်သည့်သူ သို့မဟုတ် အခက်အခဲအချို့ကို ခံသည့်သူတစ်စုံတစ်ဦးက မိမိ၏ သစ္စာဖောက်တတ်သည့် သဘာဝကို ပြောင်းလဲလိမ့်မည်ဆိုသည်မှာမဟုတ်ပေ။ မဖြစ်နိုင်ပေ။ သင်၏ တာဝန်ကို ထမ်းဆောင်ခြင်းက လိုအပ်သကဲ့သို့ပင် ဆင်းရဲဒုက္ခခံခြင်းက လိုအပ်သော်လည်း၊ သင် ဆင်းရဲဒုက္ခခံနိုင်သောကြောင့်သက်သက် သို့မဟုတ် ထမ်းဆောင်သောကြောင့်သက်သက်ဖြင့်၊ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား မတည်ရှိတော့ဟု မဆိုလိုပေ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် မည်သူမဆိုအတွင်းရှိ အသက်စိတ်သဘောထားတွင် စစ်မှန်သည့် ပြောင်းလဲမှု မရှိသေးသကဲ့သို့ လူတိုင်းသည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို ဖြည့်ဆည်းခြင်းနှင့် သူ၏ သတ်မှတ်ချက်များကို ပြည့်မီခြင်းမှ အလှမ်းဝေးနေဆဲဖြစ်သောကြောင့် ဖြစ်သည်။ ဘုရားသခင်ကို လူတို့၏ ယုံကြည်မှုသည် အလွန်ပင်သန့်စင်မှုမရှိပေ။ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများက အလွန်ပေါ်လွင်လွန်း၏။ များစွာသော ခေါင်းဆောင်များ သို့မဟုတ် အမှုဆောင်များက ဘုရားသခင်ကို အစေခံကြသော်လည်း၊ ၎င်းတို့သည်လည်း ဘုရားသခင်ကို အတိုက်အခံလုပ်ကြပေသည်။ ဤသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ၎င်းတို့အနေဖြင့် ဘုရားနှုတ်ကပတ်တော်များကို တမင်ဆန့်ကျင်ကာ သူ၏ လိုအင်ဆန္ဒများအတိုင်း လက်တွေ့လုပ်ဆောင်ကြခြင်းမရှိဟူ၍ ဖြစ်ပေသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ပိုင် အကြံအစည်များနှင့် ရည်မှန်းချက်များကို စွမ်းဆောင်ရရှိရန်၊ ဘုရားသခင်ကို သစ္စာဖောက်ပြီး မိမိတို့ပြောသည့်အတိုင်းဖြစ်သည့် မိမိတို့ကိုယ်ပိုင် အမှီအခိုကင်းသည့် တိုင်းပြည်ကို ထူထောင်ရန်၊ သမ္မာတရားကို တမင် ချိုးဖောက်ကြသည်၊ မိမိတို့ကိုယ်ပိုင် အလိုဆန္ဒအတိုင်း မရမက ပြုမူဆောင်ရွက်ကြသည်။ ဤသည်မှာ ဘုရားသခင်ကို အစေခံခြင်း အဓိပ္ပာယ်ဖြစ်သော်လည်း ဘုရားသခင်ကို အတိုက်အခံလုပ်ခြင်းလည်း ဖြစ်သည်။ သင်တို့ ယခု နားလည်ကြပြီလော။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိ၏စိတ်သဘောထားပြောင်းလဲခြင်းအပေါ် လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်း
သမ္မာတရားကို သင် အမှန်တကယ် နားလည်ပြီး သင်ကိုယ်တိုင်၏ စိတ်တွင်းမှ ထိုသမ္မာတရားကို စတင် ချစ်မြတ်နိုးသည်နှင့်တစ်ပြိုင်နက်၊ သင်သည် သမ္မာတရားနှင့် ကိုက်ညီသည့် အရာများကို လုပ်ဆောင်ဖို့ လွယ်ကူသည်ကို တွေ့ရလိမ့်မည်ဖြစ်သည်။ သင်သည် ပုံမှန်အတိုင်း သက်သောင့်သက်သာဖြစ်စွာနှင့် ဝမ်းမြောက်စွာပင် သင်၏တာဝန်ကို ထမ်းဆောင်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်မည်ဖြစ်ကာ အပျက်သဘောဆောင်သည့် မည်သည့်အရာကိုမဆို လုပ်ဆောင်ခြင်းက ကြီးမားသည့်အားထုတ်မှုပမာဏ လိုအပ်မည်ဟု သင်ခံစားရလိမ့်မည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် သမ္မာတရားက သင်၏ စိတ်နှလုံးထဲတွင် အဓိကအခန်းကဏ္ဍကို ယူထားပြီးဖြစ်သောကြောင့် ဖြစ်သည်။ လူသားအသက်တာအကြောင်း သမ္မာတရားများကို သင်အမှန်တကယ် နားလည်ပါက၊ သင်သည် မည်သည့် လူစားမျိုးဖြစ်ရမည်နှင့် ပွင့်လင်းသူ၊ ဖြောင့်မတ်သောလူ၊ ရိုးသားသော လူတစ်ဦး မည်သို့ဖြစ်ရမည်နှင့် ဘုရားသခင်အတွက် သက်သေခံပြီး သူ့ကို အစေခံသော သူတစ်ဦး မည်သို့ဖြစ်ရမည်တို့နှင့် စပ်လျဉ်း၍ လိုက်နာဖို့ လမ်းကြောင်းတစ်ခု ရှိလိမ့်မည်။ ပြီးလျှင် သမ္မာတရားကို သင် နားလည်သည်နှင့်တစ်ပြိုင်နက်၊ ဘုရားသခင်ကို အာခံသည့် ဆိုးယုတ်သော လုပ်ရပ်များကို သင် နောက်တစ်ဖန် ဘယ်သောအခါမျှ ကျူးလွန်နိုင်လိမ့်မည် မဟုတ်သကဲ့သို့၊ ခေါင်းဆောင်အတုအယောင်၊ အမှုတော်ဆောင်အတုအယောင် သို့မဟုတ် အန္တိခရစ်၏ အခန်းကဏ္ဍကို သင် တစ်ကြိမ်တစ်ခါမျှ ပါဝင်ဆောင်ရွက်လိမ့်မည်မဟုတ်ပေ။ စာတန်က သင့်ကို အထင်အမြင်မှားစေလျှင်ပင်၊ သို့မဟုတ် ဆိုးယုတ်သော သူတစ်ဦးက သင့်ကို သွေးထိုးလျှင်ပင်၊ သင် လုပ်ဆောင်လိမ့်မည် မဟုတ်။ သင့်ကို မည်သူက အကျပ်ကိုင်ဖို့ ကြိုးစားသည်ဖြစ်စေ၊ သင်သည် ထိုသို့ လုပ်ဆောင်လိမ့်ဦးမည် မဟုတ်ပေ။ လူတို့သည် သမ္မာတရားကို ရရှိပြီး၊ သမ္မာတရားက ၎င်းတို့၏ အသက်ဖြစ်လာပါက၊ မကောင်းမှုကို ၎င်းတို့ စက်ဆုပ်လာနိုင်ကြပြီး အပျက်သဘောဆောင်သော အရာများအတွက် အတွင်းပိုင်း စက်ဆုပ်မှုကို ခံစားလာနိုင်ကြလိမ့်မည်။ ၎င်းတို့၏ အသက်တာ စိတ်သဘောထားများ ပြောင်းလဲပြီးဖြစ်ပြီး ဘုရားသခင်အားဖြင့် ၎င်းတို့ စုံလင်ခံရပြီးဖြစ်သောကြောင့် မကောင်းမှုကို ကျူးလွန်ဖို့ ၎င်းတို့အတွက် ခက်ခဲပေလိမ့်မည်။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ သမ္မာတရားအား လိုက်စားခြင်းအားဖြင့်သာ စိတ်သဘောထား ပြောင်းလဲမှုတစ်ခုကို ရရှိနိုင်သည်
ဆက်စပ်မှုရှိသော ဓမ္မသီချင်းများ
ဘုရားရဲ့ ရင်းနှီးသူသာ သူ့ကိုဆက်ကပ်ဖို့ ထိုက်တန်