၄၁။ ဘုရားသခင်၏ ရည်ရွယ်ချက်နှင့်အညီ ဘုရားသခင်အတွက် အစေခံပြီး သက်သေခံနည်း
နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များ
စကြဝဠာတစ်လျှောက် သူ၏ အမှုကို စတင်ကတည်းက၊ ဘုရားသခင်သည် လူ့အလွှာတိုင်းမှ လူများအပါအဝင် များစွာသော လူတို့ကို သူ့အား အစေခံဖို့ရန် ကြိုတင်ပြဌာန်းထားပြီး ဖြစ်သည်။ သူ၏ ရည်ရွယ်ချက်မှာ သူ၏ ရည်ရွယ်ချက်များကို ဖြည့်ဆည်းရန်နှင့် ဤကမ္ဘာမြေကြီးပေါ်ရှိ သူ၏အမှုကို ချောမွေ့စွာ ပြီးစီးစေရန် ဖြစ်သည်။ ဤသည်မှာ လူတို့ကို သူ့အား အစေခံရန် ရွေးချယ်ရာတွင် ဘုရားသခင်၏ ရည်မှန်းချက် ဖြစ်သည်။ ဘုရားသခင်ကို အစေခံသော လူတိုင်းသည် သူ၏ ရည်ရွယ်ချက်ကို သိနားလည်ရပေမည်။ သူ၏ ဤအမှုသည် ဘုရားသခင်၏ ဉာဏ်ပညာနှင့် အရာခပ်သိမ်းတတ်စွမ်းနိုင်ခြင်း၊ ပြီးလျှင် ကမ္ဘာမြေပေါ်ရှိ သူ၏အမှုနှင့် သက်ဆိုင်သော အခြေခံသဘောတရားများကို လူသားများအား သာ၍ သိသာထင်ရှားစေခဲ့သည်။ လူတို့အနေဖြင့် သူ၏လုပ်ဆောင်ချက်များကို သာ၍ ရှင်းလင်းစွာ မြင်နိုင်ဖို့အလို့ငှာ၊ ဘုရားသခင်သည် သူ၏အမှုကို လုပ်ဆောင်ရန်၊ လူများနှင့် ထိတွေ့မှုရှိရန် ကမ္ဘာမြေသို့ အမှန်တကယ် ကြွဆင်းလာခဲ့သည်။ ယနေ့တွင် ဤလူစုဖြစ်သည့် သင်တို့သည် လက်တွေ့ကျသည့် ဘုရားသခင်ကို အစေခံရသည့်အတွက် ကံကောင်းကြပေသည်။ ဤသည်မှာ သင်တို့အတွက် မရေတွက်နိုင်သော ကောင်းချီးဖြစ်သည်။ သင်တို့သည် ဘုရားသခင်၏ ချီးမြှောက်ခြင်းကို အမှန်တကယ်ပင် ခံရကြပေသည်။ သူကို အစေခံရန် လူတစ်ဦးကို ရွေးချယ်ရာတွင်၊ ဘုရားသခင်၌ သူ၏ ကိုယ်ပိုင် အခြေခံသဘောတရားများ အမြဲရှိပေသည်။ ဘုရားသခင်အား အစေခံခြင်းသည် လူများစိတ်ကူးသကဲ့သို့ စိတ်အားထက်သန်မှုနှင့် သက်ဆိုင်သော ကိစ္စရပ်တစ်ခုသက်သက် လုံးဝ မဟုတ်ပေ။ ယနေ့တွင်၊ ဘုရားသခင်၏ ရှေ့မှောက်တွင် သူ့ကို အစေခံသူအားလုံးသည် ထိုသို့ လုပ်ဆောင်ကြသည်မှာ ၎င်းတို့သည် ဘုရားသခင်၏ လမ်းပြမှုနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်တို့ ရှိပြီး ၎င်းတို့သည် သမ္မာတရားကို လိုက်စားသောလူများ ဖြစ်ကြသောကြောင့် ဖြစ်သည်ကို သင်တို့တွေ့ပေသည်။ ဤအရာများသည် ဘုရားသခင်ကို အစေခံသောသူ အားလုံးအတွက် အနည်းဆုံးသော သတ်မှတ်ချက်များ ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘာသာရေး အစေခံခြင်းကို သန့်စင်ရမည်
ဘုရားသခင်ကို အစေခံသူများသည် ဘုရားသခင်၏ ရင်းနှီးကျွမ်းဝင်သူများ ဖြစ်သင့်သည်။ ထိုသူတို့သည် ဘုရားသခင်အတွက် နှစ်လိုဖွယ်ရာဖြစ်သင့်ပြီး ဘုရားသခင် အပေါ် အစွမ်းကုန် သစ္စာရှိနိုင်စွမ်းရှိရမည်။ သင်သည် လူတို့ရှေ့တွင် ပြုမူလုပ်ဆောင်သည်ဖြစ်စေ၊ နောက်ကွယ်တွင် ပြုမူလုပ်ဆောင်သည်ဖြစ်စေ သင်သည် ဘုရားသခင်၏ရှေ့တွင် ဘုရားသခင်၏ ဝမ်းမြောက်ခြင်းကို ရရှိနိုင်ကာ ဘုရားသခင်၏ ရှေ့တွင် ခိုင်မာစွာ ရပ်တည်နိုင်မည်ဖြစ်သည့်အပြင် အခြားသူများက သင့်ကို မည်သို့ပင် ဆက်ဆံပါစေ၊ သင်သည် သင်လျှောက်သင့်သည့်လမ်းကိုသာ အစဉ်လျှောက်ပြီး ဘုရားသခင်၏ ဝန်ထုပ်ကို အစွမ်းကုန် အရေးစိုက်ပေသည်။ ထိုကဲ့သို့သောသူများသာလျှင် ဘုရားသခင်၏ ရင်းနှီးကျွမ်းဝင်သူများ ဖြစ်ကြသည်။ ဘုရားသခင်၏ ရင်းနှီးကျွမ်းဝင်သော သူတို့ကို ဘုရားသခင်၏ကြီးမားသော တာဝန်ပေးစေခိုင်းချက်နှင့် ဝန်ထုပ်ကို ပေးအပ်ထားသောကြောင့် ထိုသူတို့သည် ဘုရားသခင်ကို တိုက်ရိုက် အစေခံနိုင်သည်။ ထိုသူတို့သည် ဘုရားသခင်၏ စိတ်နှလုံးနှင့်ညီညွတ်နိုင်ကာ ဘုရားသခင်၏ ဝန်ထုပ်ကို ၎င်းတို့၏ဝန်ထုပ်အဖြစ် မှတ်ယူကြပြီး ၎င်းတို့သည် ၎င်းတို့၏ အနာဂတ် ရှေ့ရေးနှင့်သက်ဆိုင်သော အကျိုးအမြတ်၊ သို့မဟုတ် ဆုံးရှုံးမှုကို ထည့်သွင်းမစဉ်းစားပေ။ ၎င်းတရှေ့ရေးများမှာမည်သည့်အရာကိုမျှ ရမည်မဟုတ်သကဲ့သို့ မည်သည်ကိုမျှရရန် မရှိသည့်အခါတွင်ပင်လျှင် ထိုသူတို့သည် ဘုရားသခင်ကို ချစ်သော စိတ်နှလုံးဖြင့် ဘုရားသခင်ကို အစဉ်အမြဲ ယုံကြည်ကြလိမ့်မည်။ ထို့ကြောင့် ထိုကဲ့သို့သောသူသည် ဘုရားသခင်၏ ရင်းနှီးကျွမ်းဝင်သူ ဖြစ်သည်။ ဘုရားသခင်၏ ရင်းနှီးကျွမ်းဝင်သူများသည် ဘုရားသခင်က ယုံကြည်စိတ်ချရသူများလည်း ဖြစ်ကြသည်။ ဘုရားသခင်၏ ယုံကြည်စိတ်ချရသူများကသာ ကိုယ်တော်၏စိတ်မအေးရခြင်းနှင့် ကိုယ်တော်၏ အတွေးများကို မျှဝေခံစားနိုင်ပြီး၊ ၎င်းတို့၏ ဇာတိပကတိသည် နာကျင်မှုကို ခံစားနေရကာ အားနည်းသော်လည်း၊ ၎င်းတို့သည် နာကျင်မှုကို ကြံ့ကြံ့ခံနိုင်ကာ ဘုရားသခင် ကျေနပ်စေရန်အလို့ငှာ ၎င်းတို့မြတ်နိုးသောအရာကို စွန့်လွှတ်နိုင်ကြသည်။ ဘုရားသခင်သည် ထိုသို့သောသူများကို ပို၍များပြားသော ဝန်ထုပ်များကို ပေးပြီး ထိုသူတို့၏ သက်သေခံချက်တွင် ဘုရားသခင် လုပ်ဆောင်ရန် ဆန္ဒရှိသည့် အရာကို သက်သေခံထားသည်။ ထို့ကြောင့် ထိုသူတို့သည် ဘုရားသခင်အတွက် နှစ်လိုဖွယ်ရာဖြစ်ပြီး ၎င်းတို့သည် ကိုယ်တော်၏ ရည်ရွယ်ချက်များနှင့် ကိုက်ညီသော ဘုရားသခင်၏ အစေခံများ ဖြစ်ကြကာ ထိုကဲ့သို့သော သူတို့သာလျှင် ဘုရားသခင်နှင့် အတူတကွ အုပ်စိုးနိုင်သည်။ သင်သည် ဘုရားသခင်၏ ရင်းနှီးကျွမ်းဝင်သူ အမှန်တကယ် ဖြစ်လာသောအချိန်သည် ဘုရားသခင်နှင့် အတူတကွ အုပ်စိုးမည့်အချိန် အတိအကျပင် ဖြစ်သည်။
ယေရှုသည် မိမိအတွက် အစီအစဉ်များ သို့မဟုတ် ကြိုတင်ပြင်ဆင်ခြင်းများ မပြုဘဲ၊ ဘုရားသခင်၏ ရည်ရွယ်ချက်များအတွက် အလေးထားခြင်း ပြခဲ့သောကြောင့်၊ လူသားမျိုးနွယ် တစ်ရပ်လုံးကို ရွေးနုတ်ခြင်းအမှုဖြစ်သော ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို ပြီးမြောက်နိုင်ခဲ့သည်။ ထို့ကြောင့် သူသည် ဘုရားသခင်၏ ရင်းနှီးကျွမ်းဝင်သူ၊ ဘုရားသခင် ကိုယ်တော်တိုင်လည်း ဖြစ်ခဲ့သည်။ ယင်းသည် သင်တို့အားလုံး ကောင်းစွာ နားလည်ကြသည့် အရာတစ်ခုဖြစ်သည်။ (အမှန်အားဖြင့် သူသည် ဘုရားသခင် သက်သေခံခဲ့သည့် ဘုရားသခင် ကိုယ်တော်တိုင်ဖြစ်သည်။ ငါသည် ဤအကြောင်းကို ရှင်းလင်းစွာဖော်ပြရန်အတွက် ယေရှု၏ အချက်အလက်ကို အသုံးပြုရန် ဤသည်ကို ဤနေရာတွင် ဖော်ပြခြင်းဖြစ်ပေသည်။) သူသည် ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်ကို ဗဟိုချက်မ၌ပင် ထားနိုင်ခဲ့ပြီး ကောင်းကင်ဘုံရှိ အဖထံသို့ အစဉ် ဆုတောင်းခဲ့ကာ ကောင်းကင်ဘုံရှိ အဖ၏အလိုတော်ကို ရှာဖွေခဲ့သည်။ သူဆုတောင်း၍ ပြောဆိုခဲ့သည်မှာ “အဖဘုရားသခင်၊ ကိုယ်တော်၏အလိုတော် ဖြစ်သည့်အရာကို ဖြစ်မြောက်စေပါ။ ကျွန်ုပ်၏ အလိုဆန္ဒများအတိုင်း မလုပ်ဆောင်ဘဲ၊ ကိုယ်တော်၏ အစီအစဉ်အတိုင်းသာ ဆောင်ရွက်တော်မူပါ။ လူသားသည် အားနည်းနိုင်သော်ငြားလည်း၊ ကိုယ်တော်သည် သူ့ကို အဘယ်ကြောင့် ဂရုစိုက်သင့်သနည်း။ ကိုယ်တော်၏ လက်ထဲတွင်ရှိသည့် ပုရွက်ဆိတ်သဖွယ် ဖြစ်သော လူသားသည် ကိုယ်တော်၏ အလေးထားမှုကို အဘယ်သို့ ထိုက်တန်နိုင်သနည်း။ ကျွန်ုပ်၏နှလုံးသားတွင် ကိုယ်တော်၏အလိုတော်ကိုသာ ဖြည့်ဆည်းလိုပြီး ကိုယ်တော်ကိုယ်တိုင်၏ ဆန္ဒများအတိုင်း ကျွန်ုပ်၌ ကိုယ်တော်ပြုမည့်အရာကို ကိုယ်တော်ပြုနိုင်စေဖို့ ကျွန်ုပ် ဆန္ဒရှိပါသည်။” ယေရုရှလင်သို့ သွားရာလမ်း၌ ယေရှုသည် သူ၏နှလုံးသားထဲတွင် ဓားတစ်ချောင်းဖြင့် မွှေနေသကဲ့သို့၊ မချိမဆံ့ သောကဝေဒနာကို ခံစားခဲ့ရသည်။ သို့သော် သူသည် သူ့စကားကို ပြန်ရုပ်သိမ်းရန် အနည်းငယ်မျှသော ရည်ရွယ်ချက်ပင် မရှိခဲ့ပေ။ တန်ခိုးကြီးမားသော အင်အားတစ်ခုက သူ ကားစင်တင် ကွပ်မျက်ခံရမည့် နေရာသို့ လှမ်းချီရန် သူ့အား အစဉ်တွန်းအားပေးခဲ့သည်။ နောက်ဆုံးတွင် သူသည် လက်ဝါးကားတိုင်၌ သံမှိုစွဲရိုက်ခံခဲ့ရပြီး အပြစ်ရှိသော ဇာတိပကတိ အသွင်သဏ္ဌာန်ဆောင်ခဲ့ကာ လူသားမျိုးနွယ်အား ရွေးနုတ်ခြင်းအမှုတော်ကို ပြီးဆုံးစေခဲ့၏။ သူသည် သေခြင်းနှင့် မရဏနိုင်ငံ၏ ချုပ်နှောင်မှုများမှ လွတ်မြောက်ခဲ့သည်။ သေခြင်း၊ ငရဲနှင့် မရဏနိုင်ငံတို့သည် သူ၏ရှေ့တွင် ၎င်းတို့၏တန်ခိုး ဆုံးရှုံးခဲ့ပြီး သူ၏နှိမ်နင်းခြင်းကို ခံခဲ့ကြရသည်။ သူသည် သုံးဆယ့်သုံးနှစ်ကြာ အသက်ရှင်နေထိုင်ခဲ့သော ကာလတစ်လျှောက်လုံးတွင် သူ၏ကိုယ်ရေးအမြတ်အရှုံးကို ဘယ်သောအခါမျှ မစဉ်းစားဘဲ၊ အဖဘုရားသခင်၏ ရည်ရွယ်ချက်များကို အစဉ်မပြတ် စိတ်ထဲတွင်ထားကာ ထိုကာလရှိ ဘုရားသခင်၏ အမှုတော်အတိုင်း ဘုရားသခင်၏ ရည်ရွယ်ချက်များ အထမြောက်အောင် လုပ်ဆောင်ရန် အစဉ်သဖြင့် အစွမ်းကုန် ဆောင်ရွက်ခဲ့သည်။ ထို့ကြောင့် သူသည် ဗတ္တိဇံမင်္ဂလာကို ခံယူခဲ့ပြီးနောက် ဘုရားသခင်က “ဤသူသည် ငါနှစ်သက်မြတ်နိုးရာ ငါ၏ချစ်သားပေတည်း။” ဟုမိန့်ဆိုခဲ့သည်။ ဘုရားသခင်ရှေ့၌ ဘုရားသခင်၏ရည်ရွယ်ချက်များနှင့် သဟဇာတဖြစ်သော သူ၏အစေခံမှုကြောင့်၊ ဘုရားသခင်သည် လူသားမျိုးနွယ်ကို ရွေးနုတ်ရန်ဟူသော ကြီးမားသော ဝန်ထုပ်ကို သူ့ပခုံးပေါ်တွင်ထားခဲ့ကာ သူ့ကို ထိုအမှုတော်ကို ပြီးမြောက်စေခဲ့ပြီး၊ သူသည် ဤအရေးကြီးသော တာဝန်ကို ပြီးမြောက်ရန် အရည်အချင်းပြည့်မီပြီး အခွင့်ရှိသောသူ ဖြစ်ခဲ့သည်။ သူသည် သူ့ဘဝတစ်လျှောက်လုံးတွင် ဘုရားသခင်အတွက် အတိုင်းမသိ ဒုက္ခဝေဒနာကို ကြံ့ကြံ့ခံခဲ့ပြီး စာတန်၏ မရေမတွက်နိုင်သော သွေးဆောင်ဖြားယောင်းခြင်းကို ကြိမ်ဖန်များစွာ ခံခဲ့ရသည်။ သို့သော် သူသည် ဘယ်သောအခါမျှ စိတ်မပျက်ခဲ့ပေ။ ဘုရားသခင်က သူ့ကို ယုံကြည်စိတ်ချပြီး ချစ်တော်မူခဲ့သောကြောင့်၊ ထိုကဲ့သို့သော အရေးကြီးသည့် အမှုတော်ကို သူ့အားပေးအပ်ခဲ့သည်။ ထို့ကြောင့်ပင် ဘုရားသခင်က ကိုယ်တိုင်ကိုယ်ကျ “ဤသူသည် ငါနှစ်သက်မြတ်နိုးရာ ငါ၏ချစ်သားပေတည်း။” ဟု မိန့်ဆိုခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်အခါက ယေရှုသာလျှင် ထိုတာဝန်ပေး စေခိုင်းချက်ကို ပြီးမြောက်အောင် ထမ်းဆောင်နိုင်သူ ဖြစ်ခဲ့ပြီး၊ ဤသည်မှာ ကျေးဇူးတော်ခေတ်တွင် ဘုရားသခင်၏ လူသားမျိုးနွယ်တစ်ရပ်လုံးကို ရွေးနုတ်ခြင်းအမှုတော် ပြီးဆုံးခြင်း၏ လက်တွေ့ကျသော ကဏ္ဍတစ်ခု ဖြစ်ခဲ့သည်။
အကယ်၍ သင်တို့သည် ယေရှုကဲ့သို့ ဘုရားသခင်၏ ဝန်ထုပ်ကို အစွမ်းကုန် အရေးစိုက်ပြီး သင်တို့၏ ဇာတိပကတိကို ပုန်ကန်နိုင်ပါက၊ သင်တို့သည် ဘုရားသခင်ကို အစေခံရန် လိုအပ်သော အခြေအနေများနှင့် ပြည့်မီစေရန်အတွက် ဘုရားသခင်သည် သူ၏အရေးကြီးသော အမှုတော်များကို သင်တို့အား တာဝန်ပေးစေခိုင်းလိမ့်မည် ဖြစ်သည်။ ဤကဲ့သို့သော အခြေအနေများ၌သာ သင်တို့သည် ဘုရားသခင်၏အလိုတော်ကို လိုက်လျှောက်နေပြီး သူ၏ တာဝန်ပေးစေခိုင်းချက်ကို အပြီးသတ်နေသည်ဟု အရဲစွန့်၍ဆိုနိုင်ပေလိမ့်မည်။ သို့မှသာလျှင် သင်တို့သည် သူ့အား စစ်မှန်စွာ အစေခံနေသည်ဟု သင်တို့ရဲဝံ့စွာ ဆိုနိုင်ပေလိမ့်မည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် သဟဇာတရှိစွာ အစေခံနည်း
သန္နိဌာန်ချထားသူတိုင်းသည် ဘုရားသခင်ကို အစေခံနိုင်သည်။ သို့သော် ဘုရားသခင်၏ရည်ရွယ်ချက်များကို အလေးထားခြင်း ပြပြီး နားလည်သည့်သူများသာ ဘုရားသခင်ကို အစေခံရန် အရည်အချင်းမီပြီး အခွင့်ရှိရမည်။ ဧဝံဂေလိတရားများကို ဘုရားသခင်အတွက် စိတ်အားထက်သန်စွာ ဝေငှပြီး ဘုရားသခင်အတွက် ခရီးနှင်ခြင်း၊ ဘုရားသခင်အတွက် မိမိကိုယ်ကိုယ် အသုံးခံပြီး အမှုအရာများကို ဘုရားသခင်အတွက် စွန့်လွှတ်ခြင်း၊ စသည်ဖြင့်တို့ ပြုလုပ်သရွေ့၊ ဤသည်မှာ ဘုရားသခင်ကို အစေခံခြင်း ဖြစ်သည်ဟု လူများစွာတို့က ယုံကြည်ကြသည်ကို သင်တို့အလယ်တွင် ငါ တွေ့ရှိခဲ့ပြီး ဖြစ်ပေသည်။ ပို၍ပင် ဘာသာရေးကိုင်းရှိုင်းသူများက ဘုရားသခင်ကို အစေခံခြင်းဆိုသည်မှာ ၎င်းတို့၏ လက်များထဲတွင် သမ္မာကျမ်းစာအုပ်တစ်အုပ်ဖြင့် ဟိုဟိုသည်သည် ပြေးလွှားခြင်း၊ ကောင်းကင်နိုင်ငံတော်၏ ဧဝံဂေလိတရားများကို ဖြန့်ခြင်းနှင့် လူတို့ကို နောင်တရစေပြီး အပြစ်ဝန်ချစေခြင်းအားဖြင့် ကယ်တင်ခြင်းဟု ယုံကြည်ကြသည်။ အဆင့်မြင့် လေ့လာမှုများကို လေ့လာလိုက်စားကာ ကျမ်းစာသင်ကျောင်းတွင် လေ့ကျင့်ပြီးနောက် ဘုရားရှိခိုးကျောင်းတွင် တရားဟောခြင်းနှင့် သမ္မာကျမ်းစာထဲမှ ကျမ်းပိုဒ်များကို ဖတ်၍ လူတို့ကို သင်ကြားခြင်းတို့သည် ဘုရားသခင်ကို အစေခံခြင်း၌ ပါဝင်သည်ဟုထင်သော ဘာသာရေးအမှုဆောင်များစွာလည်း ရှိသည်။ ထို့အပြင် ဘုရားသခင်ကို အစေခံခြင်း ဆိုသည်မှာ နာမကျန်းသူများကို ကုသခြင်းနှင့် ညီအစ်ကို မောင်နှမများအကြား နတ်ဆိုးများကို နှင်ထုတ်ခြင်း သို့မဟုတ် ၎င်းတို့အတွက် ဆုတောင်းပေးခြင်း၊ သို့မဟုတ် ၎င်းတို့ကို အစေခံခြင်းဟု ယုံကြည်ကြသော ဆင်းရဲနွမ်းပါးသော ဒေသများမှ လူများလည်းရှိသည်။ ဘုရားသခင်ကို အစေခံခြင်းဆိုသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို နေ့စဉ် စားသောက်ခြင်း၊ ဘုရားသခင်ထံ နေ့စဉ် ဆုတောင်းခြင်းအပြင် နေရာတိုင်းရှိ ဘုရားကျောင်းများထံ အလည်အပတ်သွားပြီး အမှုပြုခြင်းဟု ယုံကြည်သူ အများအပြား သင်တို့အထဲတွင် ရှိသည်။ ဘုရားသခင်ကို အစေခံခြင်း ဆိုသည်မှာ မည်သည့်အခါမှ အိမ်ထောင်မပြုဘဲ သို့မဟုတ် မိသားစုကို ကျွေးမွေးသုတ်သင်ခြင်း မရှိဘဲ၊ ၎င်းတို့၏ ဖြစ်တည်ခြင်း တစ်ရပ်လုံးကို ဘုရားသခင်အတွက် ဆက်ကပ်ခြင်းဟု ယုံကြည်သည့် အခြားသောညီအစ်ကို မောင်နှမများလည်း ရှိသည်။ သို့ရာတွင် ဘုရားသခင်ကို အစေခံခြင်းဆိုသည်မှာ စင်စစ်အားဖြင့် အဘယ်အရာကို ဆိုလိုကြောင်း လူအနည်းငယ်ကသာ သိကြ၏။ မိုးကောင်းကင်ရှိ ကြယ်များရှိသကဲ့သို့ ဘုရားသခင်ကို အစေခံသူများ အများအပြား ရှိသော်လည်း၊ တိုက်ရိုက် အစေခံနိုင်သူနှင့် ဘုရားသခင်၏ရည်ရွယ်ချက်များနှင့်အညီ အစေခံနိုင်သူ အရေအတွက်မှာ နည်းပါးလှသည်၊ မပြောပလောက်အောင် နည်းပါးသည်။ ငါအဘယ်ကြောင့် ဤသို့ပြောသနည်း။ ဤသို့ ငါပြောခြင်းမှာ သင်တို့သည် “ဘုရားသခင်ကို အစေခံခြင်း” ဟူသော စကားစု၏ အနှစ်သာရကို နားမလည်ခြင်းနှင့် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့်အညီ မည်ကဲ့သို့အစေခံရသည်ကို အလွန်နည်းပါးစွာ နားလည်ခြင်းကြောင့် ဖြစ်သည်။ ဘုရားသခင်အား မည်သို့သောအစေခံခြင်းမျိုးသည် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် သဟဇာတဖြစ်နိုင်သည်ကို လူများ အတိအကျ နားလည်သဘောပေါက်ရန် အရေးတကြီး လိုအပ်ချက်တစ်ခုရှိနေသည်။
အကယ်၍ သင်တို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့်အညီ အစေခံလိုပါက၊ မည်ကဲ့သို့သောလူမျိုးက ဘုရားသခင်အတွက် နှစ်လိုဖွယ်ရာဖြစ်ပြီး မည်ကဲ့သို့သော လူမျိုးကို ဘုရားသခင်က ရွံမုန်းသည်၊ မည်ကဲ့သို့သောလူမျိုးကို ဘုရားသခင်က စုံလင်စေသည်၊ ပြီးလျှင် မည်ကဲ့သို့သော လူမျိုးက ဘုရားသခင်ကို အစေခံရန် အရည်အချင်းပြည့်မီသည်ကို သင်တို့ ဦးစွာ နားလည်ထားရမည်။ အနည်းဆုံးအနေဖြင့် သင်တို့၌ ဤအသိပညာဖြင့် ပြင်ဆင်ထားရှိရမည်။ ထို့ပြင် သင်တို့သည် ဘုရားသခင်၏ အမှုတော်၏ ရည်ရွယ်ချက်ပန်းတိုင်များနှင့် ပစ္စုပ္ပန်ကာလတွင် ဘုရားသခင်လုပ်ဆောင်အံ့သောအမှုကို သိရှိထားသင့်သည်။ ယင်းကို သိရှိနားလည်ပြီးနောက်နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ လမ်းပြမှုမှတစ်ဆင့် သင်တို့သည် ဦးစွာအနေဖြင့် ဝင်ရောက်မှုရှိကာ ဦးစွာ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို လက်ခံ ရရှိသင့်သည်။ သင်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဧကန်အမှန် တွေ့ကြုံခံစားပြီးသောအခါနှင့် ဘုရားသခင်၏ အမှုတော်ကို အမှန်စင်စစ် သိရှိသောအခါ၊ သင်တို့သည် ဘုရားသခင်ကို အစေခံရန် အရည်အချင်းပြည့်မီလိမ့်မည်။ သင်တို့သည် ကိုယ်တော့်ကို အစေခံသောအခါ၊ ဘုရားသခင်သည် သင်တို့၏ဝိညာဉ်မျက်စိများကို ဖွင့်ပေးကာ သင်တို့အား သူ၏အမှုတော်နှင့်သက်ဆိုင်သည့် သာ၍ ကြီးစွာသော နားလည်မှုတစ်ခုကို ရရှိစေပြီး ပိုမိုရှင်းလင်းစွာ သိမြင်စေမည် ဖြစ်သည်။ ဤလက်တွေ့အရှိတရားသို့ သင်ဝင်ရောက်သည့်အခါ၊ သင်၏ အတွေ့အကြုံများသည် ပို၍ နက်ရှိုင်းပြီး လက်တွေ့ကျမည် ဖြစ်ပြီး၊ သင်တို့သည် သင်တို့၏ အားနည်းချက်များအတွက် ထေမိစေဖို့ရာ အချင်းချင်း၏ အားသာချက်ကို အသုံးပြုနိုင်ပြီး သင်တို့၏ဝိညာဉ်များတွင် ပိုမိုကြွယ်ဝသော အသိကို ရရှိရန်အတွက်၊ ထိုကဲ့သို့သော အတွေ့အကြုံများကို ရရှိခဲ့ပြီးသော သင်တို့အားလုံးသည် အသင်းတော်များအကြား လျှောက်လှမ်းနိုင်ကာ သင်တို့၏ ညီအစ်ကိုမောင်နှမများကို ကူညီထောက်ပံ့မှုများ ပေးနိုင်မည်ဖြစ်သည်။ ၎င်းအကျိုးတရားကို ရရှိပြီးမှသာလျှင် သင်တို့သည် ဘုရားသခင်၏ရည်ရွယ်ချက်များနှင့် အညီ အစေခံနိုင်မည် ဖြစ်ပြီး အစေခံစဉ်ကာလအတွင်း ဘုရားသခင်အားဖြင့် စုံလင်စေခြင်း ခံရမည်ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် သဟဇာတရှိစွာ အစေခံနည်း
ဘုရားသခင်ကို အမှန်တကယ် အစေခံသူတစ်ဦးသည် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် အညီဖြစ်သောသူ၊ ဘုရားသခင်၏ အသုံးပြုခြင်းခံရရန် သင့်တော်သူနှင့် ဘာသာရေး အယူအဆများကို လက်လွှတ်နိုင်သူတစ်ဦး ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်၏ စားသောက်ခြင်းအား ထိရောက်စေလိုပါက၊ သင်၏ ဘာသာရေး အယူအဆများကို လက်လွှတ်ရမည်။ သင်သည် ဘုရားသခင်ကို အစေခံလိုပါက၊ ဘာသာရေး အယူအဆများကို ဦးစွာ လက်လွှတ်ကာ အရာရာတိုင်း၌ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျိုးနွံနာခံရန် သာ၍ပင် လိုအပ်လေသည်။ ဤသည်မှာ ဘုရားသခင်ကို အစေခံသောသူတစ်ဦးက ပိုင်ဆိုင်သင့်သည့်အရာ ဖြစ်သည်။ သင်၌ ဤအသိမရှိပါက၊ သင် အစေခံသည်နှင့်တစ်ပြိုင်နက်၊ သင်သည် အနှောင့်အယှက်နှင့် အတားအဆီးများ ဖြစ်စေလိမ့်မည်ဖြစ်ပြီး၊ သင်၏ အယူအဆများကို ဆက်လက်စွဲကိုင်ထားပါက၊ သင် မည်သည့်အခါမျှ ပြန်မထဖို့၊ ဘုရားသခင်က သင့်ကို မလွဲဧကန် ရိုက်ချလိမ့်မည်။ ဥပမာအနေဖြင့် လက်ရှိအချိန်ကို ကြည့်လော့။ ယနေ့၏ မိန့်မြွက်ချက်များနှင့်အမှု များစွာသည် သမ္မာကျမ်းစာနှင့် သဟဇာတမဖြစ်သကဲ့သို့၊ ယခင်က ဘုရားသခင် ပြုခဲ့သည့်အမှုနှင့် သဟဇာတမဖြစ်ပေ၊ ပြီးလျှင် သင်သည် ကျိုးနွံနာခံရန် ဆန္ဒမရှိပါက၊ အချိန်မရွေး ပြိုလဲလိမ့်မည်။ သင်သည် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့်အညီ အစေခံလိုပါက၊ ဘာသာရေး အယူအဆများကို ဦးစွာ လက်လွှတ်ရမည် ဖြစ်ပြီး၊ သင်ကိုယ်တိုင်၏ အမြင်များကို ပြုပြင်ရမည်။ ပြောဆိုမည့်အရာ များစွာသည် အတိတ်၌ ပြောခဲ့သောအရာနှင့် သဟဇာတဖြစ်လိမ့်မည် မဟုတ်သကဲ့သို့၊ သင်သည် ယခု ကျိုးနွံနာခံရန် လိုအင်ဆန္ဒမရှိပါက၊ ရှေ့တွင်ရှိသည့် လမ်းကြောင်းကို လျှောက်လှမ်းနိုင်မည် မဟုတ်ပေ။ ဘုရားသခင်၏ အမှုပြုခြင်း နည်းစနစ်များထဲမှ တစ်ခုသည် သင့်အထဲတွင် အမြစ်တွယ်ပြီးဖြစ်ကာ သင်သည် ထိုအရာကို မည်သည့်အခါမျှ လက်မလွှတ်ပါက၊ ဤနည်းစနစ်သည် သင်၏ ဘာသာရေးအယူအဆ ဖြစ်သွားလိမ့်မည်။ ဘုရားသခင်၏ဖြစ်ခြင်းသည် သင့်အထဲတွင် အမြစ်တွယ်ပြီးဖြစ်ပါက၊ သင်သည် သမ္မာတရားကို ရရှိပြီးဖြစ်ကာ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် သမ္မာတရားသည် သင်၏အသက် ဖြစ်လာနိုင်စွမ်းရှိပါက၊ ဘုရားသခင်နှင့်ပတ်သက်သည့် အယူအဆများ သင်၌ ရှိတော့မည်မဟုတ်ပေ။ ဘုရားသခင်နှင့် သက်ဆိုင်သည့် စစ်မှန်သောအသိပညာ ပိုင်ဆိုင်သူများသည် မည်သည့်အယူအဆမျှ ရှိကြလိမ့်မည်ဟုတ်သကဲ့သို့၊ စည်းမျဉ်းစည်းကမ်းကိုလည်း လိုက်နာလိမ့်မည်မဟုတ်ပေ။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ ယနေ့အမှုကို သိသောသူများသာလျှင် ဘုရားသခင်ကို အစေခံနိုင်သည်
ဘုရားသခင်ကို အစေခံခြင်းသည် ရိုးစင်းသည့် အလုပ်မဟုတ်ချေ။ မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား မပြောင်းလဲဘဲ ရှိနေသောသူတို့သည် ဘုရားသခင်ကို မည်သည့်အခါမျှ အစေမခံနိုင်ပေ။ သင်၏ စိတ်သဘောထားသည် ဘုရားသခင်၏နှုတ်ကပတ်တော်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို မခံရသေးပါက၊ သင်၏ စိတ်သဘောထားသည် စာတန်ကို ကိုယ်စားပြုနေဆဲဖြစ်သည်၊ ယင်းက သင်သည် သင်ကိုယ်တိုင်၏ ကောင်းမြတ်သော ရည်ရွယ်ချက်များဖြင့် ဘုရားသခင်ကို အစေခံသည်၊ သင်၏ အစေခံခြင်းသည် သင်၏စာတန်ဆန်သော သဘာဝအပေါ် အခြေခံထားသည်ကို သက်သေပြပေသည်။ သင်သည် သင်၏ သဘာဝအလျောက်ဖြစ်သော စရိုက်လက္ခဏာဖြင့်လည်းကောင်း၊ သင်၏ ပုဂ္ဂိုလ်ရေး အကြိုက်များအရလည်းကောင်း ဘုရားသခင်ကို အစေခံသည်။ ထိုထက်ပို၍၊ သင်လုပ်ဆောင်ရန် လိုလားနေသည့် အရာများသည် ဘုရားသခင်အဖို့ နှစ်သက်ဖွယ်ကောင်းသော အရာများဖြစ်ပြီး၊ သင် လုပ်ဆောင်ရန် ဆန္ဒမရှိသည့် အရာများသည် ဘုရားသခင်အဖို့ ရွံရှာဖွယ်ရာများ ဖြစ်သည်ဟု သင် အမြဲ တွေးထင်လေသည်။ သင်သည် သင်၏ ကိုယ်ပိုင် အကြိုက်များအတိုင်းသာ လုံးလုံး အလုပ်လုပ်ပေသည်။ ဤအရာကို ဘုရားသခင်အား အစေခံခြင်းဟု ခေါ်ဆိုနိုင်သလော။ နောက်ဆုံးတွင်၊ သင်၏ အသက်စိတ်သဘောထား၌ ပြောင်းလဲခြင်း အနည်းငယ်မျှ ရှိလိမ့်မည်မဟုတ်။ ယင်းအစား၊ သင်၏ အစေခံခြင်းသည် သင့်ကို သာ၍ပင် ခေါင်းမာစေလိမ့်မည်ဖြစ်သည်၊ ဤအကြောင်းကြောင့် သင်၏ ဖောက်ပြန်ပျက်စီးခြင်းသည် နက်နက်ရှိုင်းရှိုင်း အရိုးစွဲနေကာ၊ ထိုသို့ဖြင့် သင်၏ ကိုယ်ပိုင် စရိုက်လက္ခဏာနှင့် သင်၏ကိုယ်ပိုင် စိတ်သဘောထား အတိုင်း အစေခံခြင်းမှ ရရှိခဲ့သည့် အတွေ့အကြုံများအပေါ် အဓိက အခြေခံသည့်၊ ဘုရားသခင်အား အစေခံခြင်းနှင့် ပတ်သက်သည့် စည်းမျဉ်းများသည် သင်၏အတွင်းတွင် ဖြစ်ပေါ်လိမ့်မည်ဖြစ်သည်။ ဤအရာများသည် လူသား၏ အတွေ့အကြုံများနှင့် သင်ခန်းစာများ ဖြစ်သည်။ ယင်းသည် လောကီဆိုင်ရာ ဆက်ဆံရေးများအတွက် လူသား၏ အတွေးအခေါ်ဖြစ်သည်။ ဤသို့သော လူတို့ကို ဖာရိရှဲနှင့် ဘာသာရေး အရာရှိများအဖြစ် အမျိုးအစား သတ်မှတ်နိုင်ပေသည်။ ၎င်းတို့သည် လုံးဝ မနိုးထသကဲ့သို့ နောင်တမရပါက၊ နောက်ဆုံးသော ကာလတွင် လူတို့ကို အထင်အမြင်မှားစေသည့် ခရစ်တော်၏ အယောင်ကိုဆောင်သောသူများနှင့် အန္တိခရစ်များအဖြစ်သို့ ဧကန်မုချ ပြောင်းလဲသွားကြလိမ့်မည်။ အဆိုပါ ခရစ်တော်၏ အယောင်ကိုဆောင်သောသူများနှင့် အန္တိခရစ်များသည် ထိုသို့သော လူများကြားမှ ထွက်ပေါ်လိမ့်မည် ဖြစ်သည်။ ဘုရားသခင်ကို အစေခံသော သူတို့သည် မိမိတို့၏ ကိုယ်ပိုင် အကျင့်စရိုက်နောက်လိုက်ပြီး မိမိတို့ကိုယ်တိုင်၏ အလိုဆန္ဒအတိုင်း ပြုမူကြပါက၊ အချိန်မရွေး ဖယ်ရှားရှင်းလင်းခြင်းခံရနိုင်သည့် အန္တရာယ်ရှိသည်။ အခြားသောသူများ၏ စိတ်နှလုံးများကို သိမ်းသွင်းရန်၊ ၎င်းတို့ကို ဩဝါဒပေးရန်နှင့် ဘောင်ခတ်ရန်၊ ပြီးလျှင် အထက်စီး၌နေရန်၊ ဘုရားသခင်အား အစေခံရာတွင် ရရှိထားသော ၎င်းတို့၏ နှစ်များစွာ အတွေ့အကြုံကို အသုံးချသောသူများ၊ ပြီးလျှင် မည်သည့်အခါမျှ နောင်တမရသောသူများ၊ မိမိတို့၏ အပြစ်များကို မည်သည့်အခါတွင်မျှ ဝန်မချသောသူများနှင့် အဆင့်အတန်း၏ အကျိုးကို မည်သည့်အခါမျှ မစွန့်လွှတ်သောသူများဖြစ်သည့် ဤလူများသည် ဘုရားသခင်ရှေ့မှောက်တွင် လဲကျကြလိမ့်မည် ဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့၏ဝါရင့်မှုကြောင့် ရောင့်တက်ကာ၊ ၎င်းတို့၏ အရည်အချင်းများကို ကြွားလုံးထုတ်ရင်း၊ ပေါလုနှင့် တစ်မျိုးတစ်စားတည်း ဖြစ်ကြ၏။ ဘုရားသခင်သည် ဤသို့သော လူများကို စုံလငစအောင်ပြုလုပ်ပေးမည် မဟုတ်ပေ။ ထိုသို့သော အစေခံခြင်းသည် ဘုရားသခင်၏ အမှုကို နှောင့်ယှက်လေသည်။ လူတို့သည် ဟောင်းသောအရာကို အမြဲ ဖက်တွယ်ကြ၏။ ၎င်းတို့သည် အတိတ်၏ အယူအဆများ၊ ကုန်လွန်သွားသော အချိန်ကာလများမှ အရာရာတိုင်းကို ဖက်တွယ်ကြလေသည်။ ဤသည်မှာ ၎င်းတို့၏ အစေခံခြင်းအတွက် ကြီးမားသည့် အတားအဆီး ဖြစ်ပေသည်။ သင်သည် ထိုအရာများကို မဖယ်ရှားနိုင်ပါက၊ ဤအရာများသည် သင့်ဘဝတစ်ခုလုံးကို ပိတ်ဆို့လိမ့်မည်။ ဘုရားသခင်သည် သင် ပြေးလွှားနေရင်း သင်၏ ခြေထောက်များ ကျိုးလျှင် သို့မဟုတ် အလုပ်ကြမ်းဖြင့် သင်၏ ကျောရိုး ကျိုးလျှင်ပင်၊ ဘုရားသခင်အား သင်၏အစေခံရာ၌ သင်သည် ညှဉ်းဆဲသတ်ဖြတ်ခံရလျှင်ပင်၊ သင့်ကို အနည်းငယ်မျှပင် အသိအမှတ်ပြုလိမ့်မည် မဟုတ်ပေ။ အတော်အတန် ဆန့်ကျင်လျက် သင်သည် မတရားသဖြင့် ကျင့်သောသူတစ်ဦး ဖြစ်သည်ဟု ဘုရားသခင် ပြောလိမ့်မည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘာသာရေး အစေခံခြင်းကို သန့်စင်ရမည်
ဘာသာတရားတွင်၊ များစွာသောလူတို့သည် ၎င်းတို့၏ဘဝများ တစ်လျှောက် ဆင်းရဲဒုက္ခများစွာ ခံစားကြရ၏- ၎င်းတို့သည် မိမိတို့၏ခန္ဓာကိုယ်များကို ချိုးနှိမ်ပြီး မိမိတို့၏ကားတိုင်ကို ထမ်းကာ တကယ့်သေခါနီးအချိန်တွင်ပင် ဆက်လက် ဆင်းရဲဒုက္ခခံကာ ကြံ့ကြံ့ခံကြလေသည်။ အချို့သည် ၎င်းတိုသေသည့် မနက်တွင် အစာရှောင်နေကြသေးသည်။ ၎င်းတို့၏ ဘဝတစ်လျှောက်လုံး ဆင်းရဲဒုက္ခအပေါ်သာ အာရုံစိုက်ရင်း၊ ကောင်းသောအစာနှင့် ကောင်းသောအဝတ်အစားတို့ကို ငြင်းပယ်ကြလေသည်။ ၎င်းတို့သည် မိမိတို့၏ကိုယ်ခန္ဓာကို ချိုးနှိမ်နိုင်ကြပြီး မိမိတို့၏ဇာတိပကတိကို ပုန်ကန်နိုင်ကြသည်။ ဆင်းရဲဒုက္ခကို သည်းခံခြင်းအတွက်ဖြစ်သည့် ၎င်းတို့၏ စိတ်ဓာတ်သည် ချီးကျူးထိုက်ပေသည်။ သို့သော်လည်း၊ ၎င်းတို့၏အတွေး၊ ၎င်းတို့၏ အယူအဆများ၊ ၎င်းတို့၏ စိတ်ပိုင်းဆိုင်ရာ သဘောထားနှင့် ဧကန်အမှန် သဘာဝဟောင်းတို့သည် အနည်းငယ်မျှ ပြုပြင်ခြင်း မခံရသေးပေ။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ်နှင့် ပတ်သက်၍ စစ်မှန်သည့် အသိပညာ တစ်ခုတစ်လေမျှ မရှိပေ။ ဘုရားသခင်နှင့်ပတ်သက်၍ ၎င်းတို့၏ စိတ်ပိုင်းဆိုင်ရာ ပုံရိပ်သည် မရေရာသော ဘုရားသခင်တစ်ပါး၏ အစဉ်အလာ ပုံရိပ်တစ်ခု ဖြစ်ပေသည်။ ဘုရားသခင်အတွက် ဆင်းရဲဒုက္ခကိုခံရန် ၎င်းတို့၏ ဆုံးဖြတ်ချက်သည် ၎င်းတို့၏စိတ်အားထက်သန်မှုနှင့် ၎င်းတို့၏ လူသဘာဝ၏ ထင်ရှားသော ဝိသေသလက္ခဏာကောင်းတို့မှ လာသည်။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ကြသော်လည်း၊ ဘုရားသခင်ကို နားမလည်ကြသကဲ့သို့၊ သူ၏ရည်ရွယ်ချက်များကိုလည်း မသိကြပေ။ ၎င်းတို့သည် ဘုရားသခင်အတွက် အလုပ်လုပ်ရုံမျှလုပ်ပြီး ကျိုးကြောင်းမမြင်ဘဲ ဆင်းရဲဒုက္ခခံကြလေသည်။ ၎င်းတို့သည် ချင့်ချိန်နိုင်စွမ်းနှင့်ပတ်သက်၍ မည်သို့မျှ တန်ဖိုးမထားကြပေ၊ ဘုရားသခင်နှင့် သက်ဆိုင်သည့် အသိပညာကို မည်သို့ ရရှိမည်ကို ၎င်းတို့ သိဖို့မဆိုထားနှင့်၊ ၎င်းတို့၏ အစေခံမှုက ဘုရားသခင်၏ရည်ရွယ်ချက်များကို အမှန်တကယ် ဖြည့်ဆည်းပေးသည်ကို မည်သို့ သေချာစေရမည်ဆိုသည်နှင့်ပတ်သက်၍ အနည်းအကျဉ်းသာ ဂရုစိုက်ကြလေသည်။ ၎င်းတို့ အစေခံသည့် ဘုရားသခင်သည် သူ၏ ပင်ကို ပုံရိပ်တွင် ရှိသည့် ဘုရားသခင်မဟုတ်ဘဲ၊ ၎င်းတို့ စိတ်ကူးထားသည့် ဘုရားသခင်တစ်ပါး၊ ၎င်းတို့ ကြားဖူးရုံသာ ကြားဖူးသည့် ဘုရားသခင်တစ်ပါး၊ သို့မဟုတ် စာပေများတွင် ဖတ်ရသည့် ဒဏ္ဍာရီ ဘုရားသခင်တစ်ပါး ဖြစ်သည်။ ထို့နောက်၊ ၎င်းတို့သည် ဘုရားသခင်အတွက် ဆင်းရဲဒုက္ခခံဖို့ မိမိတို့၏ တီထွင်တတ်သော စိတ်ကူးများနှင့် ဘုရားတရားကိုင်းရှိုင်းမှုတို့ကို အသုံးပြုပြီး ဘုရားသခင် လုပ်ဆောင်လိုသည့် အလုပ်ကို တာဝန်ယူဆောင်ရွက်ကြလေသည်။ ၎င်းတို့၏ အစေခံမှုသည် အလွန် မတိကျလွန်းသည်မှာ၊ လက်တွေ့အားဖြင့် ၎င်းတို့ထဲမှ မည်သူမျှ ဘုရားသခင်၏ရည်ရွယ်ချက်များနှင့်အညီ အမှန်တကယ် အစေမခံနိုင်ကြချေ။ ၎င်းတို့ မည်မျှ ဝမ်းမြောက်ဝမ်းသာ ဆင်းရဲဒုက္ခခံသည်ကို ပဓာနမထားဘဲ၊ ၎င်းတို့သည် ဘုရားသခင်၏ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ စစ်ဆေးခြင်းနှင့် စုံလင်စေခြင်းတို့ကို မကြုံရသေးသကဲ့သို့၊ သမ္မာတရားကို အသုံးပြုလျက် မည်သူမျှ ၎င်းတို့ကို လမ်းမပြသေးသောကြောင့်၊ အစေခံခြင်းအပေါ် ၎င်းတို့၏ မူလရှုထောင့်အမြင်နှင့် ဘုရားသခင်အပေါ် ၎င်းတို့၏ စိတ်ပုံရိပ်တို့သည် မပြောင်းလဲဘဲ ရှိနေသည်။ ၎င်းတို့သည် ကယ်တင်ရှင်ယေရှုကို ယုံကြည်ကြလျှင်ပင်၊ ၎င်းတို့ထဲမှ မည်သူမျှ ကယ်တင်ရှင်ကို မမြင်ဖူးကြချေ။ ၎င်းတို့သည် သူ့ကို ဒဏ္ဍာရီနှင့် တစ်ဆင့်စကားတို့မှတစ်ဆင့်သာ သိကြသည်။ အကျိုးဆက်အနေဖြင့်၊ ၎င်းတို့၏ အစေခံမှုသည် မျက်စိကန်းသောလူက သူ၏ ဖခင်ကို အစေခံသကဲ့သို့၊ မျက်စိမှိတ်လျက်နှင့် ကြုံရာအစေခံခြင်းသဘော သက်ရောက်သည်ထက် မပိုပေ။ နောက်ဆုံးတွင်၊ ထိုသို့သော အစေခံမှုဖြင့် မည်သည့်အရာကို ရရှိနိုင်သနည်း။ ပြီးလျှင် မည်သူက ယင်းကို လက်ခံမည်နည်း။ အစမှအဆုံးထိ တစ်လျှောက်လုံး ၎င်းတို့၏ အစေခံမှုသည် တူမြဲတူညီလေသည်။ ၎င်းတို့သည် လူလုပ်သင်ခန်းစာများကိုသာ ရရှိကြပြီး ၎င်းတို့၏အစေခံခြင်းကို ၎င်းတို့၏သဘာဝကျမှုနှင့် ၎င်းတို့၏ ကိုယ်ပိုင်နှစ်သက်မှုများအပေါ်သာ အခြေခံကြသည်။ ဤအရာက မည်သည့်ဆုလာဘ်ကို ဆောင်ကြဉ်း နိုင်သနည်း။ ယေရှုကို တွေ့မြင်ခဲ့သည့် ပေတရုပင် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့်အညီ မည်သို့ အစေခံရမည်ကို မသိခဲ့ပေ။ သူသည် ဤအရာကို နောက်ဆုံး သူ၏ အိုမင်းသော အသက်အရွယ်၌သာ သိရှိလာခဲ့သည်။ ဤအရာက ပြုပြင်ခံရခြင်းကို စိုးစဉ်းမျှ မခံစားဖူးသကဲ့သို့၊ ၎င်းတို့ကို ဦးဆောင်လမ်းပြနေသည့်သူ မည်သူမျှ မရှိကြသည့် ထိုမျက်စိကန်းသော လူများနှင့်ပတ်သက်၍ မည်သည့်အရာကို ပြောဆိုသနည်း။ ယနေ့ သင်တို့ထဲမှ များစွာသောသူတို့၏ အစေခံခြင်းသည် ထိုမျက်စိကန်းသော လူများ၏အစေခံခြင်းနှင့် တူသည် မဟုတ်လော။ တရားစီရင်ခြင်းကို မရရှိသေးသောသူများ၊ ပြုပြင်ခြင်းကို မရရှိသေးသောသူများနှင့် မပြောင်းလဲသေးသော သူများအားလုံး- ၎င်းတို့အားလုံးသည် မစုံလင်သောသိမ်းပိုက်ခြင်း ခံရသည် မဟုတ်လော။ ထိုသို့သော လူတို့သည် မည်သည့်အသုံးဝင်မှု ရှိပါသနည်း။ သင်၏အတွေး၊ သင်၏ ဘဝနှင့်ဆိုင်သော အသိပညာနှင့်၊ ဘုရားသခင်နှင့်ဆိုင်သော အသိပညာတို့သည် အသစ်သောပြောင်းလဲခြင်း မပြသကဲ့သို့၊ မည်သည့်အရာကိုမျှ အမှန်တကယ် သင် မရရှိပါက၊ သင်၏အစေခံမှုတွင် ထူးခြားသော မည်သည့်အရာကိုမျှ လုံးဝ ရရှိလိမ့်မည် မဟုတ်ပေ။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သိမ်းပိုက်ခြင်းအလုပ်၏ အတွင်းသမ္မာတရား (၃)
အသင်းတော်များကို ဦးဆောင်နိုင်သူများ၊ လူတို့ကို အသက်ဖြင့် ထောက်ပံ့ပေးနိုင်ပြီး၊ လူတို့အဖို့ တမန်တော်များ ဖြစ်နိုင်သူများသည် တကယ့်အတွေ့အကြုံများ ရှိရပေမည်။ ၎င်းတို့အနေဖြင့် ဝိညာဉ်ရေးရာ အမှုအရာများနှင့် သက်ဆိုင်သည့် မှန်ကန်သော သိနားလည်မှု၊ သမ္မာတရားနှင့် သက်ဆိုင်သော မှန်ကန်သည့် သဘောပေါက်နားလည်ခြင်းနှင့် အတွေ့အကြုံတို့ ရှိရပေမည်။ ထိုသို့သောလူများသာ အသင်းတော်များကို ဦးဆောင်သော လုပ်သားများ သို့မဟုတ် တမန်တော်များဖြစ်ရန် အရည်အချင်း ပြည့်မီပေသည်။ သို့မဟုတ်ပါက ၎င်းတို့သည် လူတို့ကို အသက်ဖြင့် ထောက်ပံ့ ပေးနိုင်သည့် တမန်တော်များ ဖြစ်ဖို့ မဆိုထားနှင့်၊ အနည်းဆုံးအနေဖြင့် နောက်လိုက်ရုံသာ နောက်လိုက်နိုင်ပြီး ဦးမဆောင်နိုင်ပေ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် တမန်တော်များ၏ လုပ်ငန်းတာဝန်သည် ဟိုဟိုသည်သည် အပြေးအလွှားလုပ်ဆောင်ရန် သို့မဟုတ် တိုက်ခိုက်ရန် မဟုတ်ပေ။ ယင်းမှာ အသက်တာကို ပြုစုခြင်း အလုပ်ကို လုပ်ဆောင်ဖို့နှင့် အခြားသူတို့ကို ၎င်းတို့၏ စိတ်သဘောထားများ ပြောင်းလဲခြင်း၌ ဦးဆောင်ရန် ဖြစ်သည်။ ဤအလုပ်တာဝန်ကို ဆောင်ရွက်သောသူတို့သည် မည်သူမဆို ထမ်းရွက်နိုင်သည် မဟုတ်သည့် လေးလံသောတာဝန်ကို ထမ်းဆောင်ရန် တာဝန်ပေးအပ်ခံရကြလေသည်။ ဤအလုပ်မျိုးကို သမ္မာတရားနှင့် သက်ဆိုင်သော အတွေ့အကြုံရှိသူများဖြစ်သည့် အသက်၏ ဖြစ်တည်မှု ရှိသူတို့ကသာ တာဝန်ယူနိုင်ပေသည်။ ယင်းကို စွန့်လွှတ်နိုင်သူ၊ ဟိုဟိုသည်သည် အပြေးအလွှားလုပ်ဆောင်နိုင်သူ သို့မဟုတ် မိမိတို့ကိုယ်ကိုယ် အသုံးခံရန် လိုလားလျက်ရှိသူ မည်သူမဆိုက တာဝန်ယူနိုင်သည် မဟုတ်ပေ။ သမ္မာတရားနှင့် သက်ဆိုင်သော အတွေ့အကြုံမရှိသူ၊ ပြုပြင်ခြင်း သို့မဟုတ် တရားစီရင်ခြင်းမခံခဲ့ရဖူးသော လူတို့သည် ဤအလုပ်မျိုးကို မလုပ်ဆောင်နိုင်ပေ။ လက်တွေ့အရှိတရား မရှိသည့် လူများဖြစ်သည့် အတွေ့အကြုံမရှိသောသူ လူများသည် ၎င်းတို့ကိုယ်တိုင်သည် ဤဖြစ်တည်မှုမျိုး မရှိကြသောကြောင့် လက်တွေ့အရှိတရားကို ရှင်းလင်းစွာ မမြင်နိုင်ပေ။ သို့ဖြစ်၍ ဤလူစားမျိုးသည် ခေါင်းဆောင်မှုအလုပ်ကို မလုပ်နိုင်သည်သာမက၊ အချိန်အတော်ကြာ သမ္မာတရားမရှိဘဲနေပါက၊ ဖယ်ရှားရှင်းလင်းခြင်း ခံရလိမ့်မည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အမှုနှင့် လူသား၏အလုပ်
အလုပ်နှင့်ပတ်သက်၍ လူသားသည် အလုပ်ဆိုသည်မှာ ဘုရားသခင်အတွက် ဟိုဟိုသည်သည် ပြေးခြင်း၊ နေရာတိုင်း၌ တရားဟောခြင်းနှင့် သူ့အတွက် အသုံးခံခြင်းဖြစ်သည်ဟု ယုံကြည်သည်။ ထိုသို့ ယုံကြည်ခြင်းသည် မှန်သော်လည်း တစ်ဖက်သတ် ဆန်လွန်းလှသည်။ ဘုရားသခင်က လူကို တောင်းဆိုသည့်အရာမှာ သူ့အတွက် ဟိုပြေးသည်ပြေးလုပ်ရန်သာ မဟုတ်ပေ၊ ထိုထက် ကျော်လွန်၍ ဤအမှုသည် ဝိညာဉ်တော်အတွင်း၌ အမှုတော်ဆောင်ဖို့နှင့် ထောက်ပံ့မှုတို့နှင့်ပါ သက်ဆိုင်သည်။ ညီအစ်ကိုမောင်နှမ တော်တော်များများသည် နှစ်ပေါင်းများစွာ အတွေ့အကြုံရရှိပြီး သည့်တိုင် ဘုရားသခင်အတွက် အလုပ်လုပ်ဖို့ တစ်ခါမျှ မစဉ်းစားဖူးပေ၊ အဘယ်ကြောင့်ဆိုသော် လူသား ထင်မြင်ထားသော အလုပ်ဟူသည့် အရာသည် ဘုရားသခင် တောင်းဆိုသည့်အရာနှင့် မလိုက်ဖက်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် လူသားသည် အလုပ် ကိစ္စတွင် မည်သည့်အရာပင်ဖြစ်စေ စိတ်ဝင်စားမှု လုံးဝမရှိပေ၊ ထို့ကြောင့် လူသား၏ ဝင်ရောက်မှုသည်လည်း အလွန်ပင် တစ်ဖက်သတ် ဖြစ်နေခြင်း ဖြစ်သည်။ သင်တို့အားလုံးသည် ဘုရားသခင်အတွက် အလုပ်လုပ်ခြင်းအားဖြင့် စတင်ဝင်ရောက် သင့်သည်၊ ယင်းနှင့် ဆိုင်သော ကဏ္ဍအားလုံးကို သင်တို့ သာ၍ ကြုံတွေ့ခံစားနိုင်ဖို့ ဖြစ်သည်။ ယင်းသည် သင်တို့ ဝင်ရောက်သင့်သည့်အရာ ဖြစ်သည်။ အလုပ်ဆိုသည်မှာ ဘုရားသခင်အတွက် ဟိုဟိုသည်သည် ပြေးခြင်းကို မရည်ညွှန်းဘဲ၊ လူသား၏အသက်တာနှင့် လူသား၏ အသက်ရှင်ခြင်းသည် ဘုရားသခင်အတွက် ပျော်ရွှင်မှုပေးနိုင်ခြင်း ရှိမရှိကို ရည်ညွှန်းသည်။ အလုပ်ဆိုသည်မှာ လူသားတို့က ဘုရားသခင် အပေါ်၌ထားသော သူတို့၏ သစ္စာစောင့်သိခြင်းနှင့် သူတို့၌ ရှိသည့် အသိပညာကို ဘုရားသခင်အကြောင်း သက်သေခံရန်နှင့် လူသားအပေါ် အမှုတော်ဆောင်ရန်အတွက်လည်း အသုံးပြုခြင်းကို ရည်ညွှန်းသည်။ ထိုအရာသည် လူသား၏တာဝန် နှင့် လူသားများအားလုံး နားလည်သဘောပေါက်သင့်သည့် အရာဖြစ်သည်။ သင်တို့၏ ဝင်ရောက်မှုသည် သင်တို့၏ အလုပ်ဖြစ်ပြီး၊ ဘုရားသခင်အတွက် အလုပ်လုပ်နေစဉ်တွင် သင်တို့သည် ဝင်ရောက်ဖို့ ကြိုးစားနေသည်ဟု ဆိုနိုင်သည်။ ဘုရားသခင်၏အလုပ်အား တွေ့ကြုံခြင်းဆိုသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မှီဝဲသုံးဆောင်ပုံကို သိခြင်းသာ မဟုတ်ပေ၊ သာ၍ အရေးကြီးသည်မှာ သင်တို့သည် ဘုရားသခင်၏အကြောင်း သက်သေခံပုံကို သိရမည်ဖြစ်ပြီး ဘုရားသခင်ကို အစေခံနိုင်ရမည်ဖြစ်ကာ၊ လူသားအပေါ် အမှုတော်ဆောင်ကာ လူသားကို ထောက်ပံ့ပေး နိုင်ရမည်။ ယင်းသည် အလုပ်ဖြစ်သည်၊ သင်တို့၏ ဝင်ရောက်မှုလည်း ဖြစ်သည်၊ ဤသည်ကား လူတိုင်း ပြီးမြောက်အောင် လုပ်သင့်သည့်အရာ ဖြစ်သည်။ ဘုရားသခင်အတွက် ဟိုဟိုသည်သည် ပြေးလွှားပြီး နေရာအားလုံး၌ တရားဟောခြင်းတို့ကိုသာ အာရုံစိုက်ပြီး ၎င်းတို့၏ ကိုယ်ပိုင် အတွေ့အကြုံကို သတိမထားမိသူများ၊ ၎င်းတို့၏ ဝိညာဉ်အသက်တာသို့ ဝင်ရောက်ခြင်းကို လျစ်လျူရှုထားသောသူ များစွာ ရှိသည်။ ယင်းသည် ဘုရားသခင်ကို အစေခံသူများအား ဘုရားသခင်ကို ခုခံသူများ ဖြစ်လာစေသည့် အကြောင်းအရင်း ဖြစ်သည်။...
လူတစ်ဦးအနေဖြင့် ဘုရားသခင်၏ ရည်ရွယ်ချက်များပြည့်စုံစေရန်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့်အညီ ဖြစ်သောသူများအားလုံးကို ဘုရားသခင်၏ ရှေ့သို့ ခေါ်ဆောင်လာရန်၊ လူကို ဘုရားသခင်ထံ ခေါ်ဆောင်လာရန်နှင့် လူသားကို သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်နှင့် ဘုရားသခင်၏ လမ်းပြမှုတို့နှင့် မိတ်ဆက်ပေးရန်တို့အတွက် အလုပ်လုပ်ပြီး၊ ဤနည်းအားဖြင့် ဘုရားသခင်၏ အလုပ်၏ အကျိုးကျေးဇူးများကို စုံလင်စေသည်။ ထို့ကြောင့် သင်တို့သည် အလုပ်၏ အနှစ်သာရကို နားလည်ဖို့ အလွန်အရေးကြီးသည်။ ဘုရားသခင် အသုံးပြုသည်ကို ခံရသော သူတစ်ဦးအနေနှင့်၊ လူသားအားလုံးသည် ဘုရားသခင်အတွက် အလုပ်လုပ်ရန် ထိုက်တန်သောသူများ ဖြစ်ကြသည်၊ ဆိုလိုသည်မှာ လူတိုင်းတွင် သန့်ရှင်းသော ဝိညာဉ်တော်၏ အသုံးပြုမှုကို ခံဖို့ အခွင့်အလမ်း ရှိသည်။ သို့သော် သင်တို့ နားလည်သဘောပေါက် ရမည့် အချက်တစ်ချက်ရှိသည်- လူသားသည် ဘုရားသခင်မှ စေခိုင်းသည့်အလုပ်ကို လုပ်သောအခါ ဘုရားသခင် အသုံးပြုခြင်းကို ခံရမည့် အခွင့်အရေး ပေးအပ်ခံခဲ့ရခြင်း ဖြစ်သည်။ သို့သော် လူသားပြောသည့်အရာနှင့် လူသားသိသည့် အရာသည် လူသား၏ ဝိညာဉ်အသက်တာ တစ်ရပ်လုံး မဟုတ်ပေ။ သင်တို့လုပ်နိုင်သည်မှာ သင်တို့အလုပ်လုပ်နေစဉ် သင်တို့ကိုယ်တိုင်၏ လိုအပ်ချက်များကို ပိုမို ကောင်းမွန်စွာ သိလာရန်သာ ဖြစ်ပြီး သန့်ရှင်းသော ဝိညာဉ်တော်ထံမှ ဉာဏ်အလင်းပေးမှုကို ပိုမိုရရှိလာရန်သာ ဖြစ်သည်။ ဤနည်းအားဖြင့် သင်တို့သည် သင်တို့ အလုပ်လုပ်နေစဉ်တွင် ပိုမိုကောင်းမွန်သော ၀င်ရောက်မှု ရရှိစေခြင်း ခံရမည်ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမှုတော်နှင့် ဝင်ရောက်ခြင်း (၂)
အသင်းတော်ခေါင်းဆောင်၊ သို့မဟုတ် အမှုဆောင်တစ်ယောက်အနေဖြင့် သင်သည် သမ္မာတရားစစ်မှန်မှုထဲသို့ ဝင်ရောက်ခြင်းနှင့် ဘုရားသခင်အတွက် ကောင်းမွန်သည့် သက်သေကိုခံခြင်းတွင် ဘုရားသခင် ရွေးချယ်ထားသောသူတို့ကို ဦးဆောင်ရမည်ဆိုလျှင်၊ အရေးကြီးဆုံးမှာ ဘုရားနှုတ်ကပတ်တော်ကို ဖတ်ကာ သမ္မာတရားကို မိတ်သဟာယပြုရင်း အချိန်ကိုပို၍ကုန်ဆုံးစေရာတွင် လူတို့ကို လမ်းပြပေးရန်ဖြစ်သည်။ ဤသို့ဖြင့် ဘုရားသခင်ရွေးချယ်ထားသောသူတို့သည် လူသားကို ကယ်တင်ရာတွင် ဘုရားသခင်၏ ဦးတည်ချက်များနှင့် ဘုရားအမှုတော်၏ ရည်ရွယ်ချက်အပေါ် ပိုမိုလေးနက်သော သိမြင်မှုကို ရရှိနိုင်ပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် လူသားအတွက် သူ၏ အမျိုးမျိုးသော သတ်မှတ်ချက်များကို နားလည်နိုင်မည်ဖြစ်သည်။ ဤနည်းအားဖြင့် လူတို့သည် မိမိတို့၏တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်ခွင့်နှင့် ဘုရားသခင်ကို စိတ်ကျေနပ်ခွင့်ရကြသည်။ သင်သည် မိတ်သဟာယဖွဲ့ဖို့နှင့် တရားဟောဖို့ စုဝေးကြသည့်အခါတွင် သင်၏အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များကို လက်တွေ့ကျကျ ပြောရမည် ဖြစ်ပြီး စကားလုံးများ၊ အယူဝါဒများအား ဟောခြင်းဖြင့် ကျေနပ်ခြင်းမရှိရပေ။ ဘုရားနှုတ်ကပတ်တော်များကို သင်စားသောက်သည့်အခါတွင် သမ္မာတရားကို နားလည်ခြင်း၌ အာရုံစိုက်ရမည်ဖြစ်ပြီး သမ္မာတရားကို သင်နားလည်သည်နှင့် ယင်းကို ကြိုးစားပြီး လက်တွေ့လုပ်ဆောင်ရမည်ဖြစ်သည်၊ ပြီးလျှင် ယင်းကို လက်တွေ့လုပ်ဆောင်သည့်အခါမှသာ သမ္မာတရားကို အမှန်တကယ် နားလည်လိမ့်မည်။ ဘုရားနှုတ်ကပတ်တော်များကို မိတ်သဟာယပြုသည့်အခါတွင် သင်သိသည့်အရာကို ပြောလော့။ မကြွားနှင့်၊ တာဝန်မဲ့သော မှတ်ချက်များ မပြုနှင့်၊ စကားလုံးများနှင့် အယူဝါဒများကို လွယ်လွယ် မပြောနှင့်၊ ပြီးလျှင် ချဲ့ကားမပြောနှင့်။ သင် ချဲ့ကားပြောလျှင်၊ လူတို့က သင့်ကို မုန်းတီးမည်ဖြစ်ပြီး နောက်ပိုင်းတွင် သင်သည် အပြစ်ရှိသည်ဟု ခံစားရလိမ့်မည်။ ပြီးလျှင် သင်သည် ကြီးစွာနောင်တရပြီး စိတ်မကောင်းဖြစ်လိမ့်မည်။ ဤအရာများအားလုံးကို သင့်ကိုယ်သင်အပေါ် ယူဆောင်ပြီးဖြစ်လိမ့်မည်။ သင်သည် စကားလုံးများနှင့် အယူဝါဒများကိုသာ ဟောပြောပြီး လူများကို သြဝါဒပေးပြီး ပြုပြင်မှသာ ၎င်းတို့ကို သမ္မာတရား နားလည်စေပြီး လက်တွေ့ကျမှုထဲသို့ ဝင်ရောက်စေနိုင်သလော။ သင် မိတ်သဟာယပြုသည့် အရာသည် လက်တွေ့မကျလျှင်၊ စကားများနှင့် အယူဝါဒများသာဖြစ်လျှင်၊ ၎င်းတို့ကို သင်မည်မျှ ပြုပြင်ပြီး သြဝါဒပေးပါစေ အကျိုးရှိမည်မဟုတ်ပေ။ လူတို့က သင့်ကို ကြောက်ရွံ့ခြင်း၊ သင်ပြောသည့်အရာကို လုပ်ဆောင်ခြင်းနှင့် မကန့်ကွက်ရဲခြင်းတို့သည် သမ္မာတရားကို ၎င်းတို့ နားလည်ကာ ကျိုးနွံနာခံခြင်းနှင့် အတူတူဖြစ်သည်ဟု သင် ထင်သလော။ ဤသည်မှာ ကြီးမားသော အမှားတစ်ခုဖြစ်သည်။ အသက်ဝင်ရောက်မှုသည် အလွန်ရိုးရှင်းခြင်းမရှိပေ။ ခေါင်းဆောင်အချို့သည် အမြင်ကောင်းစေရန်အတွက် ကြိုးစားနေသော မန်နေဂျာအသစ်တစ်ယောက်နှင့်တူသည်။ လူတိုင်းက ၎င်းတို့ကို ကျိုးနွံနာခံရန်အတွက် ဘုရားသခင်ရွေးချယ်ထားသောသူတို့အပေါ် ၎င်းတို့၏ လတ်တလောရရှိထားသည့်အာဏာကို အသုံးချရန် ကြိုးစားပြီး ဤသို့ဖြင့် ၎င်းတို့အလုပ်က ပို၍လွယ်ကူလိမ့်မည်ဟု ထင်ကြသည်။ သင်သည် သမ္မာတရားလက်တွေ့ကျမှု ကင်းမဲ့လျှင် မကြာခင်တွင် သင်၏ စစ်မှန်သော ဝိညာဉ်ရင့်ကျက်မှုက ထုတ်ဖော်ခံရလိမ့်မည်၊ သင်၏ သရုပ်မှန်က ဖော်ထုတ်ခြင်းခံရလိမ့်မည်။ သင်သည် ကောင်းစွာ ဖယ်ရှားရှင်းလင်းခြင်းခံရနိုင်ပေမည်။ စီမံအုပ်ချုပ်ရေးဆိုင်ရာ အလုပ်အချို့တွင် အနည်းငယ် ပြုပြင်ခြင်းနှင့် ပဲ့ပြင်ဆုံးမခြင်းသည် လက်ခံနိုင်ဖွယ်ဖြစ်သည်။ သို့ရာတွင် သင်သည် သမ္မာတရားကို မိတ်သဟာယပြုနိုင်စွမ်းမရှိပါက၊ အဆုံး၌ ပြဿနာများကို ဖြေရှင်းနိုင်ဦးမည် မဟုတ်သကဲ့သို့၊ ဤသို့ဖြင့် အလုပ်၏ ရလဒ်များကို ထိခိုက်လိမ့်မည်။ အသင်းတော်၌ မည်သည့်ပြဿနာများ ပေါ်ပေါက်သည်ဖြစ်စေ၊ လူများကို သင် ဆက်၍ ဩဝါဒပေးပြီး အပြစ်တင်နေလျှင်၊ သင်သည် အစဉ် စိတ်တိုသည့်ပုံစံဖြင့် ပြုမူနေရုံသာရှိလျှင်၊ ဤသည်မှာ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက သူ့ဘာသာသူ ထုတ်ဖော်ပြနေခြင်း ဖြစ်လေသည်။ သင်သည် သင်၏ ဖောက်ပြန်ပျက်စီးခြင်း၏ အကျည်းတန်သော မျက်နှာကို ပြသပြီးဖြစ်သည်။ သင်သည် အမြဲတမ်း အထက်စီးမှနေ၍ လူများကို ဤကဲ့သို့ ဩဝါဒပေးနေပါက၊ အချိန်ကြာလာသည်နှင့်အမျှ လူများသည် သင့်ထံမှ အသက်ပံ့ပိုးမှုကို လက်ခံရရှိနိုင်မည်မဟုတ်ပေ။ ၎င်းတို့သည် လက်တွေ့ကျသည့် မည်သည့်အရာကိုမျှ ရလိမ့်မည်မဟုတ်ပေ။ ထိုအစား သင်သည်အလွန်မုန်းတီးခြင်းနှင့် ရွံရှာခြင်းသာ ခံရလိမ့်မည်။ ထို့အပြင် ချင့်ချိန်နိုင်စွမ်း မရှိသောကြောင့် သင်၏ ဩဇာလွှမ်းမိုးခြင်းကို ခံခဲ့ရပြီးသည့်နောက်၊ အခြားသူများကို ထိုနည်းတူ ဩဝါဒပေးပြီး ပြုပြင်မည့် လူအချို့ရှိလိမ့်မည် ဖြစ်သည်။ ၎င်းတို့သည်လည်း ထိုနည်းတူ စိတ်ဆိုးပြီး ဒေါသထွက်ကြလိမ့်မည်။ သင်သည် လူများ၏ ပြဿနာများကို ဖြေရှင်းနိုင်လိမ့်မည် မဟုတ်ရုံသာမက၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကိုလည်း အားပေးမြှင့်တင်ပေးနေမိလိမ့်မည်။ ယင်းက ၎င်းတို့အား ပျက်စီးခြင်းဆီသို့ လမ်းကြောင်းပေါ် ဦးဆောင်နေခြင်း မဟုတ်လော။ ယင်းက ဆိုးယုတ်သည့် အပြုအမူတစ်ခု မဟုတ်သလော။ ခေါင်းဆောင်တစ်ဦးသည် သမ္မာတရားအကြောင်း မိတ်သဟာယပြုခြင်းနှင့် အသက်ကို ထောက်ပံ့ပေးခြင်းတို့အားဖြင့် အဓိက ဦးဆောင်သင့်သည်။ သင်သည် အစဉ်သဖြင့် အပေါ်စီးမှနေကာ အခြားသူများအား ဩဝါဒပေးလျှင်၊ ၎င်းတို့သည် သမ္မာတရားကို နားလည်နိုင်လိမ့်မည်လော။ သင်သည် အချိန်အတော်ကြာအောင် ဤနည်းလမ်းဖြင့် အလုပ်လုပ်လျှင် လူများက သင့်ကို အရှိအတိုင်း ရှင်းလင်းစွာ မြင်လာသည့်အခါ သင့်ကို ၎င်းတို့က စွန့်ပစ်လိမ့်မည်။ ဤသို့အလုပ်လုပ်ခြင်းအားဖြင့် လူများကို ဘုရားသခင်၏ ရှေ့မှောက်သို့ သင် ခေါ်ဆောင်နိုင်သလော။ သင် သေချာပေါက် မခေါ်ဆောင်နိုင်ပေ။ သင်လုပ်နိုင်သည့်အရာမှာ အသင်းတော်အလုပ်ကို ပျက်စီးအောင်လုပ်မိပြီး ဘုရားသခင် ရွေးချယ်ထားသော လူများကို သင့်အား ရွံရှာစက်ဆုပ်ပြီး စွန့်ပစ်ဖို့ ဖြစ်စေရုံသာ ရှိသည်။ အတိတ်တွင် ဤအကြောင်းရင်းအတွက် ဖယ်ရှားရှင်းလင်းခံခဲ့ရသည့် ခေါင်းဆောင်နှင့် အမှုဆောင်အချို့ ရှိသည်။ ၎င်းတို့သည် တကယ့် ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားနှင့်ပတ်သက်၍ မိတ်သဟာယမပြုနိုင်ခဲ့ကြ၊ ဘုရားနှုတ်ကပတ်တော်များကို စားသောက်ရန် လူတို့ကို မဦးဆောင်နိုင်ခဲ့ကြ သို့မဟုတ် လူတို့အား မိမိတို့ကိုယ်ကို သိနားလည်ရန် မဦးဆောင်နိုင်ခဲ့ကြပေ။ ဤပဓာနကျသော အလုပ်တစ်ခုကိုမျှ ၎င်းတို့ မလုပ်ဆောင်ခဲ့ကြပေ။ ၎င်းတို့သည် မိမိတို့ကိုယ်ကို ထိပ်ပေါ်တင်ထားခြင်း၊ လူတို့ကို ဩဝါဒပေးခြင်းနှင့် အမိန့်များပေးခြင်းကိုသာ အာရုံစိုက်ကြသည်။ ဤအရာကို လုပ်ဆောင်ခြင်းအားဖြင့်၊ အသင်းတော်ခေါင်းဆောင်တစ်ဦး၏ အလုပ်ကို လုပ်ဆောင်နေခြင်းဖြစ်သည်ဟု တွေးထင်နေခဲ့ကြသည်။ အကျိုးဆက်အနေဖြင့်၊ ၎င်းတို့သည် အထက်က ထုတ်ပြန်သည့် အလုပ် အစီအစဉ်များကို သိခဲ့လျှင်ပင် ဆောင်ရွက်ခြင်းမရှိခဲ့ကြသကဲ့သို့ သတ်သတ်မှတ်မှတ်အလုပ်များကိုလည်း ကောင်းမွန်စွာ မလုပ်ဆောင်ခဲ့ကြပေ။ စကားလုံးများနှင့် အယူဝါဒများကို လေရှည်ခြင်းနှင့် ဆောင်ပုဒ်များကို ဟစ်ကြွေးခြင်းတို့အပြင် ၎င်းတို့ လုပ်ဆောင်ခဲ့သမျှမှာ မိမိတို့ကိုယ်ကို ထိပ်ပေါ်တင်ကာ လူတို့ကို ကြောင်းကျိုးမမြင်ဘဲ ဩဝါဒပေးပြီး ပြုပြင်ရန် ဖြစ်သည်။ ဤအရာက လူတိုင်းအား ဤခေါင်းဆောင်များနှင့် အမှုဆောင်များအပေါ် ကြောက်ရွံ့စေပြီး ရှောင်ရှားစေကာ လူတို့သည် ၎င်းတို့ထံ ပြဿနာများကို အစီရင်မခံဝံ့ကြချေ။ ဤသို့ ပြုမူဆောင်ရွက်ခြင်းအားဖြင့်၊ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် မိမိတို့၏ အလုပ်ကို ချွတ်ချော်စေခဲ့ကြပြီး၊ လုံးဝ ရပ်တန့်သွားစေခဲ့ကြသည်။ ၎င်းတို့အနေဖြင့် စစ်မှန်သည့် မည်သည့် အလုပ်ကိုမျှ မလုပ်ဆောင်ခဲ့ကြောင်း သဘောပေါက်သွားကြသည်မှာ ဘုရားအိမ်တော်က ၎င်းတို့ကို ဖြုတ်ချခဲ့သည့်အချိန်တွင်သာ ဖြစ်သည်။ ၎င်းတို့အနေဖြင့် နောင်တများစွာ ခံစားခဲ့ရကောင်းခံစားခဲ့ရမည်ဖြစ်သော်လည်း၊ နောင်တများက အသုံးမဝင်ပေ။ ၎င်းတို့သည် ဖြုတ်ချကာ ဖယ်ရှားရှင်းလင်းခြင်း ခံခဲ့ကြရဆဲဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး
ဆက်စပ်မှုရှိသော ဓမ္မသီချင်းများ
ဘုရားသခင်ကို အစေခံသူတစ်ဦးဖြစ်ရန် လိုအပ်သည့်အရာ
ဘုရားရဲ့ ရင်းနှီးသူသာ သူ့ကိုဆက်ကပ်ဖို့ ထိုက်တန်
ဘုရားအလိုတော်နှင့်အညီ အစေခံနည်းကျူး
ဘုရားကို အစေခံရန် သင့်စိတ်နှလုံးကို သူ့အားပေးသင့်သည်ကျူး
ဘုရားသခင်၏ သက်သေများသည် စိတ်နေသဘောထားပြောင်းလဲခြင်းရှိရမည်
သင်၏ယုံကြည်ခြင်း၌ ဘုရားကို သက်သေခံနည်းကျူး
ဘုရားသခင်၏ လုပ်ဆောင်မှုများကို သိခြင်းဖြင့်သာ သူ့အား စစ်မှန်သော သက်သေခံခြင်းကို ပေးနိုင်သည်