၄၀။ ဘုရားသခင်အား ချီးမြှောက်ပြီး သက်သေခံခြင်းဆိုသည်မှာ
နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များ
သင်တို့ တွေ့ကြုံကာ မြင်ပြီးသည့်အရာသည် ခေတ်များအားလုံးမှ သန့်ရှင်းသူများနှင့် ပရောဖက်များထက် သာလွန်သော်လည်း၊ အတိတ်ကာလများ၏ ဤသန့်ရှင်းသူများနှင့် ပရောဖက်များ၏ စကားများထက် သာ၍ ကြီးမြတ်သော သက်သေခံချက်ကို သင်တို့ ပေးနိုင်ပါသလော။ ယခု သင်တို့အပေါ် ငါ အပ်နှင်းသည့်အရာသည် မောရှေထက် သာလွန်ပြီး ဒါဝိဒ်ကို ညှိုးမှိန်သွားစေသည်၊ ထို့ကြောင့် အလားတူ သင်တို့၏ သက်သေခံချက်သည် မောရှေ၏ သက်သေခံချက်ထက် သာလွန်ရန်နှင့် သင်တို့၏စကားများသည် ဒါဝိဒ်ထက် ကြီးမြတ်ရန် ငါတောင်းဆို၏။ ငါသည် သင်တို့ကို အဆတစ်ရာပေး၏- ထို့ကြောင့် ထိုနည်းတူ ငါ့ကိုလည်း သင်တို့ သာတူညီမျှ ပြန်ပေးရန် ငါတောင်းဆို၏။ ငါသည် လူသားမျိုးနွယ်ထံ အသက် ပေးသူဖြစ်ပြီး၊ ငါ့ထံမှ အသက်ကို ရရှိပြီး ငါ့အတွက် သက်သေခံရမည့်သူမှာ သင်တို့ ဖြစ်သည်ကို သင်တို့သိရမည်။ ဤသည်မှာ သင်တို့အပေါ် ငါ ချမှတ်ပြီး ငါ့အတွက် သင်တို့ လုပ်ပေးသင့်သည့် သင်တို့၏ တာဝန် ဖြစ်သည်။ ငါ၏ ဘုန်းအသရေ အားလုံးကို သင်တို့အား ငါ အပ်နှင်းပြီးဖြစ်သည်၊ ရွေးချယ်ခံရသူများ၊ ဣသရေလအမျိုးတို့ မည်သည့်အခါမျှ မရခဲ့ဖူးသည့် အသက်ကို သင်တို့အား အပ်နှင်းပြီး ဖြစ်သည်။ တရားသဖြင့်ဆိုလျှင်၊ သင်တို့သည် ငါ့အဖို့ သက်သေခံသင့်ပြီး၊ သင်တို့၏ ပျိုရွယ်မှုကို ငါ့ထံ ဆက်ကပ်ကာ သင်တို့အသက်ကို စွန့်သင့်သည်။ ငါ၏ဘုန်းအသရေကို ပေးခံရသော သူ မည်သူမဆိုသည် ငါ၏ သက်သေခံရမည် ဖြစ်ပြီး ငါ့အတွက် ၎င်းတို့၏ အသက်ပေးရမည်။ ဤသည်ကို အချိန်ကြာမြင့်စွာက ငါ ကြိုတင်ပြဋ္ဌာန်းထားပေသည်။ သင်တို့ထံ ငါ၏ဘုန်းအသရေကို ငါ ပေးသည်မှာ သင်တို့၏ ကောင်းမွန်သော အခွင့်အလမ်းဖြစ်ပြီး၊ သင်တို့၏တာဝန်မှာ ငါ၏ ဘုန်းအသရေကို သက်သေခံရန်ဖြစ်၏။ ကောင်းချီးမင်္ဂလာများ ရရှိဖို့သာ သင်တို့သည် ငါ့ကိုယုံကြည်လျှင်၊ ငါ၏အမှုသည် အရေးပါမှု အနည်းငယ်သာ ရှိလိမ့်မည်ဖြစ်ပြီး၊ သင်တို့၏တာဝန်ကို သင်တို့ ထမ်းဆောင်မည် မဟုတ်ပေ။ ဣသရေလအမျိုးတို့သည် ငါ၏သနားကရုဏာ၊ မေတ္တာနှင့် ကြီးမြတ်မှုတို့ကိုသာ မြင်ခဲ့ကြပြီး၊ ဂျူးလူမျိုးတို့သည် ငါ၏ သည်းခံခြင်းနှင့် ရွေးနုတ်ခြင်းတို့ကိုသာ မျက်မြင်တွေ့ခဲ့ကြသည်။ အလွန့်အလွန် နည်းပါးသည့် ငါ့ဝိညာဉ်တော်၏ အမှုကိုသာ ၎င်းတို့ မြင်ခဲ့ကြသည်မှာ သင်တို့ ကြားကာ မြင်ခဲ့သည့် အရာ၏ တစ်ထောင်ပုံ တစ်ပုံမျှသာ နားလည်ခဲ့ကြသည်အထိ ဖြစ်သည်။ သင်တို့ မြင်ကြပြီး ဖြစ်သည့်အရာမှာ ၎င်းတို့ထဲမှ ယဇ်ပရောဟိတ် အကြီးများထက်ပင် ကျော်လွန်၏။ မျက်မှောက်ခေတ်တွင် သင်တို့ နားလည်ကြသည့် သမ္မာတရားသည် ၎င်းတို့ နားလည်သည်ထက် သာလွန်၏။ မျက်မှောက်ခေတ်တွင် သင်တို့ တွေ့ကြပြီး ဖြစ်သည့်အရာသည် ပညတ်တော်ခေတ်အပြင် ကျေးဇူးတော်ခေတ်တွင် တွေ့ရှိခဲ့သည့်အရာကို ကျော်လွန်ပြီး သင်တို့ ကြုံတွေ့ပြီး ဖြစ်သည့်အရာသည် မောရှေနှင့် ဧလိယတို့ထက်ပင် သာလွန်၏။ အကြောင်းမူကား ဣသရေလအမျိုးတို့ နားလည်ခဲ့ကြသည်မှာ ယေဟောဝါ၏ ပညတ်တရား သာဖြစ်ပြီး၊ ၎င်းတို့မြင်တွေ့ခဲ့သည်မှာ ယေဟောဝါ၏ ကျောသာ ဖြစ်သောကြောင့် ဖြစ်သည်။ ဂျူးလူမျိုးများ နားလည်ခဲ့ကြသည်မှာ ယေရှု၏ ရွေးနုတ်ခြင်းသာ ဖြစ်သည်၊ ၎င်းတို့ ရရှိခဲ့ကြသည်မှာ ယေရှု အပ်နှင်းခဲ့သော ကျေးဇူးတော်သာ ဖြစ်ပြီး၊ ၎င်းတို့ မြင်ခဲ့ကြသည်မှာ ဂျူးလူမျိုးများ၏ အိမ်အတွင်းရှိ ယေရှု၏ ပုံသဏ္ဌာန်ကိုသာ ဖြစ်သည်။ ဤခေတ်၌ သင်တို့ မြင်ကြသည်မှာ ယေဟောဝါ၏ ဘုန်းအသရေ၊ ယေရှု၏ ရွေးနုတ်ခြင်းနှင့် ဤခေတ် ငါ၏လုပ်ဆောင်ချက်အားလုံးဖြစ်၏။ ထို့ကြောင့် သင်တို့သည် ငါ့ဝိညာဉ်၏ စကားများကိုလည်း ကြားကြပြီး ဖြစ်သည်၊ ငါ၏ ဉာဏ်ပညာကို အသိအမှတ်ပြုကြပြီး ဖြစ်သည်၊ ငါ၏အံ့သြဖွယ်ရာ အမှုကို သိလာကြပြီးဖြစ်ကာ၊ ငါ၏ စိတ်သဘောထားကို သင်ယူကြပြီးဖြစ်သည်။ ငါ၏စီမံခန့်ခွဲမှု အစီအစဉ် အားလုံးကိုလည်း သင်တို့အား ငါပြောပြပြီးဖြစ်၏။ သင်တို့ တွေ့မြင်ပြီးဖြစ်သည်မှာ ချစ်ခင်တတ်ပြီး သနားကရုဏာနှင့်ပြည့်စုံသော ဘုရားသခင်မျှ မဟုတ်ဘဲ၊ ဖြောင့်မတ်ခြင်းနှင့် ပြည့်သည့် ဘုရားသခင် ဖြစ်၏။ သင်သည် ငါ၏အံ့သြဖွယ်ရာအမှုကို တွေ့မြင်ပြီးဖြစ်သကဲ့သို့၊ ငါသည် ဘုန်းအာနုဘော်နှင့် အမျက်ဒေါသတို့ဖြင့် ပြည့်လျှမ်းသည်ကို သိရှိပြီးဖြစ်သည်။ ထို့အပြင် တစ်ချိန်က ဣသရေလအမျိုးတို့၏ အိမ်ပေါ်သို့ ငါ၏ ပြင်းထန်သော အမျက်ဒေါသ ကျရောက်စေခဲ့သည်ကို သင်တို့ သိရှိကြပြီး၊ ယခုခေတ်တွင် ယင်းသည် သင်တို့အပေါ် ရောက်လာပြီးဖြစ်သည်ကို သင်တို့ သိကြပေသည်။ သင်တို့သည် ကောင်းကင်ဘုံရှိ ငါ၏နက်နဲသောအရာများကို ဟေရှာယနှင့် ယောဟန်တို့ထက် ပို၍ နားလည်ပေသည်။ သင်တို့သည် ငါ၏ ချစ်ခင်ဖွယ်ကောင်းခြင်းနှင့် ကြည်ညို ကိုင်းရှိုင်းဖွယ် ကောင်းခြင်းတို့ကို အတိတ်ခေတ် ကာလများ၏ သန့်ရှင်းသူအားလုံးထက် ပို၍ သိကြ၏။ သင်တို့ ရရှိပြီးဖြစ်သည်မှာ ငါ၏သမ္မာတရား၊ လမ်းခရီးနှင့် အသက်မျှ ဖြစ်သည်သာမက ယောဟန် ထက်သာ၍ ကြီးမြတ်သော ရူပါရုံနှင့်ဗျာဒိတ်လည်း ဖြစ်၏။ သင်တို့သည် သာ၍များပြားသော နက်နဲသည့် အရာများကို နားလည်ကြကာ၊ ငါ၏ စစ်မှန်သော မျက်နှာထားကိုလည်း ဖူးမြင်ကြပြီး ဖြစ်သည်။ သင်တို့သည် ငါ၏တရားစီရင်ခြင်းကို ပို၍ လက်ခံကြပြီးဖြစ်ကာ ငါ၏ ဖြောင့်မတ်သော စိတ်သဘောထားကို ပိုသိရှိကြပြီးဖြစ်သည်။ ထို့ကြောင့် သင်တို့သည် နောက်ဆုံးသောကာလတွင် မွေးဖွားခဲ့ကြသော်လည်း၊ သင်တို့၏ သိနားလည်မှုသည် ယခင်နှင့်အတိတ်က နားလည်မှု ဖြစ်ပြီး၊ ယနေ့ခေတ်၏ အမှုအရာများကိုလည်း သင်တို့ တွေ့ကြုံကြပြီးဖြစ်ကာ ဤအရာကို ငါ ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်ထားခြင်း ဖြစ်သည်။ ငါသည် သင်တို့ကို အလွန်များလှစွာ ပေးပြီးဖြစ်သကဲ့သို့ သင်တို့သည် ငါ့အထဲ၌ များစွာ တွေ့မြင်ကြပြီး ဖြစ်သည့်အတွက်၊ သင်တို့ကို ငါ တောင်းဆိုသည့်အရာသည် လွန်ကဲသောအရာ မဟုတ်ပေ။ ထို့ကြောင့် အတိတ်ကာလများ၏ သန့်ရှင်းသူတို့ထံ ငါ့အဖို့ သက်သေခံပေးရန် သင်တို့ကို ငါစေခိုင်းခြင်း ဖြစ်ပြီး ဤသည်မှာ ငါ့နှလုံးသား၏ တစ်ခုတည်းသော ဆန္ဒ ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ယုံကြည်ခြင်းအကြောင်း သင် မည်သည့်အရာ သိရှိသနည်း
ဘုရားသခင်သည် သူနှင့်သက်ဆိုင်သည့် အသိပညာကို လူသားက ရရှိကောင်း ရရှိစေနိုင်ဖို့အလို့ငှာ၊ ပြီးလျှင် သူ၏သက်သေခံချက်အတွက် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းအမှုကို လုပ်ဆောင်သည်။ လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့်သက်ဆိုင်သည့် ဘုရားသခင်၏တရားစီရင်မှုမရှိပါက၊ လူသားသည် မည်သည့် ပုန်ကန်ပြစ်မှားမှုကိုမျှ သည်းမခံသည့် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကို သိကျွမ်းဖို့ ဖြစ်နိုင်မည် မဟုတ်သကဲ့သို့ လူသည် ဘုရားသခင်နှင့် သက်ဆိုင်သည့် သူ၏ အိုဟောင်းသော အသိပညာကို အသစ်တစ်ခုအဖြစ်သို့ ပြောင်းလဲနိုင်မည်လည်း မဟုတ်ပေ။ သူ၏သက်သေခံချက်အတွက်၊ ပြီးလျှင် သူ၏ စီမံခန့်ခွဲမှုအတွက်၊ သူ၏အလုံးစုံကို အများသိရှိအောင် သူပြုလုပ်သည်၊ ထိုသို့ဖြင့် သူ၏လူသိရှင်ကြား ပေါ်ထွန်းခြင်းမှတစ်ဆင့် လူသားကို ဘုရားသခင်နှင့် သက်ဆိုင်သည့် အသိဉာဏ်အား ရရှိနိုင်စေသည်၊ သူ၏စိတ်သဘောထား၌ ပြောင်းလဲနိုင်စေပြီး၊ ဘုရားသခင်အဖို့ ထူးကဲလှသော သက်သေခံချက်ကို သက်သေခံနိုင်စေလေသည်။ လူသား၏ စိတ်သဘောထား ပြောင်းလဲမှုကို များစွာသော ဘုရားသခင်၏ အမှုအမျိုးမျိုးမှတစ်ဆင့် စွမ်းဆောင်ရရှိပေသည်။ သူ၏စိတ်သဘောထား၌ ထိုသို့သော ပြောင်းလဲမှုများ မရှိဘဲနှင့်၊ လူသားသည် ဘုရားသခင်ကို သက်သေခံနိုင်မည် မဟုတ်သကဲ့သို့၊ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ကိုက်ညီနိုင်မည် မဟုတ်ပေ။ လူသား၏စိတ်သဘောထား ပြောင်းလဲမှုက လူသားသည် စာတန်၏ ကျေးကျွန်ဘဝနှင့် အမှောင်၏ လွှမ်းမိုးမှုအောက်မှ မိမိကိုယ်ကိုယ် လွတ်မြောက်စေပြီးဖြစ်သကဲ့သို့၊ ဘုရားသခင်၏ အမှုနှင့် သက်ဆိုင်သည့် စံပုံစံနှင့် နမူနာတစ်ခု၊ ဘုရားသခင်၏သက်သေနှင့်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ကိုက်ညီသော သူတစ်ဦး ဧကန်အမှန် ဖြစ်လာသည်ကို ညွှန်ပြပေသည်။ ယနေ့တွင်၊ လူ့ဇာတိခံ ဘုရားသခင်သည် ကမ္ဘာမြေပေါ်တွင် သူ၏အမှုကို လုပ်ဆောင်ရန် ကြွလာပြီးဖြစ်ကာ လူသားအနေဖြင့် သူနှင့်သက်ဆိုင်သည့် အသိပညာ၊ သူ့ကို ကျိုးနွံနာခံခြင်း၊ သူ့ကို သက်သေခံခြင်းတို့ကို ရရှိရန်၊ သူ၏ လက်တွေ့ကျပြီး ပုံမှန်ဖြစ်သော အမှုကိုသိရှိရန်၊ လူသား၏ အယူအဆများနှင့် မကိုက်ညီသော သူ၏နှုတ်ကပတ်တော်များနှင့် အမှုအားလုံးကို ကျိုးနွံနာခံရန်နှင့် လူသားကိုကယ်တင်ရန် သူပြုသော အမှုအားလုံးအပြင် လူသားကိုသိမ်းပိုက်ရန် သူပြီးမြောက်သော လုပ်ဆောင်ချက်များ အားလုံးကို ၎င်းတို့က သက်သေခံရန် သူတောင်းဆိုလေသည်။ ဘုရားသခင်ကို သက်သေခံသောသူတို့သည် ဘုရားသခင်နှင့် သက်ဆိုင်သော အသိပညာ ရှိရမည်။ ဤသို့သော သက်သေခံချက်မျိုးသည်သာ တိကျပြီး လက်တွေ့ကျကာ ဤသို့သော သက်သေခံချက်ကသာ စာတန်ကို အရှက်ရစေနိုင်သည်။ ဘုရားသခင်သည် သူ၏တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း၊ ပြုပြင်ခြင်းတို့ကို ကြုံခြင်းမှတစ်ဆင့်၊ သူ့အား သိကျွမ်းလာသူများကို သူ့ကို သက်သေခံရန် အသုံးပြုသည်။ သူသည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း ခံရပြီးသူတို့ကို သူ့ကို သက်သေခံရန် အသုံးပြုသည်၊ ထိုနည်းတူ မိမိတို့၏စိတ်သဘောထား ပြောင်းလဲပြီးသူများနှင့် ထိုသို့ဖြင့် သူ၏ကောင်းချီးမင်္ဂလာများကို ရရှိပြီးသူများအား သူ့ကို သက်သေခံရန် အသုံးပြုလေသည်။ ဘုရားသခင်သည် လူသားက နှုတ်အားဖြင့် သူ့အားချီးမွမ်းရန် မလိုအပ်သကဲ့သို့၊ သူ၏ ကယ်တင်ခြင်းမခံရသေးသည့် စာတန်အမျိုး၏ ချီးမွမ်းခြင်းနှင့် သက်သေခံခြင်းတို့ကိုလည်း သူမလိုအပ်ပေ။ ဘုရားသခင်ကို သိကျွမ်းသောသူတို့သာ သူ့ကို သက်သေခံရန် အရည်အချင်းပြည့်မီပြီး၊ ၎င်းတို့၏စိတ်သဘောထား၌ အသွင်ပြောင်းလဲပြီးသူများသာ ဘုရားသခင်အဖို့ သက်သေခံရန် အရည်အချင်းပြည့်မီလေသည်။ ဘုရားသခင်သည် သူ၏နာမအပေါ် အရှက်ရစေရန် လူသားအား တမင်တကာ ခွင့်ပြုလိမ့်မည် မဟုတ်ပေ။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကိုသိသောသူများသာလျှင် ဘုရားသခင်ကို သက်သေခံနိုင်ကြသည်
ဘုရားသခင်ကို သက်သေခံခြင်းသည် အဓိကအားဖြင့် ဘုရားသခင်၏ အမှု၊ လူတို့ကို ဘုရားသခင် သိမ်းပိုက်ပုံ၊ လူတို့ကို သူကယ်တင်ပုံ၊ လူတို့ကို သူ ပြောင်းလဲပုံတို့နှင့် ဆိုင်သည့် သင်၏ အသိပညာကို ပြောဆိုခြင်း ကိစ္စရပ်တစ်ခု ဖြစ်သည်။ ယင်းသည် သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်ဖို့ရန် လူတို့ကို သိမ်းပိုက်ခံရဖို့၊ စုံလင်စေခြင်းခံရဖို့ နှင့် သူ၏ ကယ်တင်ခြင်းခံရဖို့ အခွင့်ပေးရင်း လူတို့ကို သူ လမ်းပြပုံနှင့် သက်ဆိုင်၍ ပြောဆိုခြင်း ကိစ္စရပ်တစ်ခု ဖြစ်သည်။ သက်သေခံခြင်းဟူသည်မှာ သူ၏ အမှုနှင့် သင် တွေ့ကြုံပြီးသည့် အရာအားလုံးကို ပြောဆိုခြင်းဟု ဆိုလိုပေသည်။ သူ၏ အမှုသာ သူ့ကို ကိုယ်စားပြုနိုင်ပြီး သူ၏ အမှုသာ သူ့ကို လူသိရှင်ကြား၊ သူ၏ အလုံးစုံဖြင့် ထုတ်ဖော်ပြနိုင်သည်။ သူ၏ အမှုသည် သူ့ကို သက်သေခံပြီး သူ၏အမှုနှင့် မိန့်မြွက်ချက်များသည် ဝိညာဉ်တော်ကို တိုက်ရိုက် ကိုယ်စားပြုပေသည်။ သူ လုပ်ဆောင်သည့် အမှုသည် ဝိညာဉ်တော်၏ ဆောင်ရွက်ခြင်းဖြစ်ပြီး သူ ပြောဆိုသည့် နှုတ်ကပတ်တော်များသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ပြောဆိုထားခြင်း ဖြစ်သည်။ ဤအရာများကို ဘုရားသခင်၏ လူ့ဇာတိခံ ခန္ဓာမှတစ်ဆင့် ဖော်ပြခြင်း ဖြစ်ရုံသာ ရှိ၏၊ အမှန်တွင်မူ၊ ၎င်းတို့သည် ဝိညာဉ်တော်၏ ဖော်ပြချက်များ ဖြစ်သည်။ သူ လုပ်ဆောင်သည့် အမှုအားလုံးနှင့် သူ ပြောဆိုသည့် နှုတ်ကပတ်တော်များအားလုံးသည် သူ၏ အနှစ်သာရကို ကိုယ်စားပြုလေသည်။ အကယ်၍ ဇာတိပကတိကို ဝတ်ဆင်ပြီး လူသားအလယ် ကြွလာပြီးနောက်၊ ဘုရားသခင်သည် စကားမပြောဆိုခြင်း သို့မဟုတ် အမှုပြုခြင်း မရှိဘဲ၊ ထို့နောက် သူ၏ လက်တွေ့ကျခြင်း၊ သူ၏ သာမန်ဖြစ်ခြင်း နှင့် သူ၏ အရာခပ်သိမ်း တတ်စွမ်းနိုင်ခြင်းတို့ကို သိရှိဖို့ သင်တို့ကို တောင်းဆိုပါက၊ သင် တတ်နိုင်မည်လော။ ဝိညာဉ်တော်၏ အနှစ်သာရက မည်သည့်အရာ ဖြစ်သည်ကို သင် သိနိုင်မည်လော။ သူ၏ လူ့ဇာတိနှင့်ဆိုင်သော အရည်အချင်းများက မည်သည့်အရာဖြစ်သည်ကို သင် သိနိုင်မည်လော။ သင်တို့သည် သူ့အမှု၏ အဆင့်အသီးသီးကို တွေ့ကြုံပြီး ဖြစ်သောကြောင့်သာ သူ့ကို သက်သေခံဖို့ သင်တို့ကို သူ တောင်းဆိုခြင်း ဖြစ်သည်။ သင်တို့၌ ထိုသို့သော အတွေ့အကြုံ မရှိခဲ့ပါက၊ သင်တို့ သက်သေခံဖို့ သူ မရမက တောင်းဆိုလိမ့်မည် မဟုတ်ချေ။ ထို့ကြောင့်၊ ဘုရားသခင်ကို သင် သက်သေခံသည့်အခါ၊ သင်သည် သူ၏ ပုံမှန် လူသားသဘာဝ၏ အပြင်ပန်းကိုသာမက၊ သူ လုပ်ဆောင်သည့် အမှုနှင့် သူ ဦးဆောင်သည့် လမ်းကြောင်းတို့ကိုလည်း သက်သေခံနေခြင်း ဖြစ်သည်။ သူ၏ သိမ်းပိုက်ခြင်းကို သင် မည်သို့ ခံရပြီးဖြစ်ကြောင်းနှင့် မည်သည့် ရှုထောင့်များတွင် သင် စုံလင်စေခြင်း ခံရပြီးဖြစ်သည်ကို သင် သက်သေခံဖို့ဖြစ်သည်။ ဤသည်မှာ သင်တို့ သက်သေခံသင့်သည့် သက်သေခံချက်မျိုး ဖြစ်သည်။ သင်သွားသည့် နေရာတိုင်းတွင်၊ သင်က၊ “ကျွန်ုပ်တို့ ဘုရားသခင်သည် အမှုပြုဖို့ ကြွလာပြီဖြစ်ပြီး သူ၏ အမှုသည် အစစ်အမှန်ပင် လက်တွေ့ကျသည်။ သဘာဝလွန် လုပ်ဆောင်ချက်များ မရှိဘဲ၊ မည်သည့် နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်ရာများ လုံးဝမရှိဘဲ ကျွန်ုပ်တို့ကို သူ ရယူပြီးဖြစ်သည်” ဟု ဟစ်အော်ပါက၊ အခြားသူတို့က၊ “သူက နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်ရာများ မလုပ်ဟု သင် ပြောဆိုသည့်အခါ မည်သည့်အရာကို ဆိုလိုသနည်း။ နိမိတ်လက္ခဏာများ နှင့် အံ့ဖွယ်ရာများ မရှိဘဲ သင့်ကို သူ မည်သို့ သိမ်းပိုက်နိုင်မည်နည်း” ဟု မေးကြလိမ့်မည်။ ပြီးလျှင် သင်က၊ “သူ စကားပြောဆိုသည်၊ ပြီးလျှင် မည်သည့် အံ့ဖွယ်ရာများ သို့မဟုတ် နိမိတ်လက္ခဏာများ တစ်ခုမျှ ပြသခြင်းမရှိဘဲ၊ ကျွန်ုပ်တို့ကို သူ သိမ်းပိုက်ပြီးဖြစ်သည်။ သူ၏ အမှုက ကျွန်ုပ်တို့ကို သိမ်းပိုက်ပြီးဖြစ်သည်” ဟု ဆိုသည်။ နောက်ဆုံးတွင်၊ အနှစ်သာရရှိသော အရာတစ်ခုမျှ သင် မပြောနိုင်ပါက၊ အသေးစိတ် အချက်အလက်ကို သင် မဆွေးနွေးနိုင်ပါက၊ ဤသည်မှာ မှန်ကန်သော သက်သေခံချက်လော။ လူ့ဇာတိခံ ဘုရားသခင်က လူတို့ကို သိမ်းပိုက်သည့်အခါ၊ ထိုသို့လုပ်ဆောင်သည်မှာ သူ၏ ဘုရားသဘာဝ နှင့်ဆိုင်သော နှုတ်ကပတ်တော်များဖြစ်သည်။ လူသားမျိုးနွယ်က ဤအရာကို မပြီးမြောက်နိုင်ပေ။ သူ၏ ဘုရားသဘာဝသည် မည်သည့် အဖန်ဆင်းခံထက်မဆို မြင့်မားသည့်အတွက်၊ ယင်းမှာ မည်သည့် သေမျိုးကမျှ ရရှိနိုင်သည့် အရာတစ်ခု မဟုတ်သကဲ့သို့ သာမန်လူတို့ကြားက အမြင့်မားဆုံးသော အရည်အချင်းရှိသည့် သူတို့ပင်လျှင် ဤအရာကို မစွမ်းနိုင်ချေ။ ဤသည်မှာ လူတို့အဖို့ သာမန်ထက်ထူးခြားပေသည်။ မည်သို့ပင်ဖြစ်စေ၊ ဖန်ဆင်းရှင်သည် မည်သည့် အဖန်ဆင်းခံမဆိုထက် မြင့်မားပေသည်။ အဖန်ဆင်းခံများသည် ဖန်ဆင်းရှင်ထက် သာ၍ မမြင့်မားနိုင်ပေ။ သင်သည် သူ့ထက် သာ၍ မြင့်မားပါက၊ သင့်ကို သူ သိမ်းပိုက်နိုင် လိမ့်မည်မဟုတ်ချေ၊ ပြီးလျှင် သူသည် သင့်ထက် မြင့်မားသောကြောင့်သာ သင့်ကို သိမ်းပိုက်နိုင်ခြင်း ဖြစ်ပေသည်။ လူသားမျိုးနွယ်အားလုံးကို သိမ်းပိုက်နိုင်သူသည် ဖန်ဆင်းရှင်ဖြစ်ပြီး၊ သူသာလျှင် ဤအမှုကို ပြုနိုင်ပေသည်။ ဤနှုတ်ကပတ်တော်များသည် “သက်သေခံချက်” ဖြစ်သည်- သင် သက်သေခံသင့်သည့် သက်သေခံချက်မျိုးဖြစ်သည်။ သင်သည် ပြစ်တင်ဆုံးမခြင်း၊ တရားစီရင်ခြင်း၊ စစ်ဆေးခြင်း၊ စမ်းသပ်မှုများ၊ ဆုတ်ဆိုင်းမှုများနှင့် ဆင်းရဲဒုက္ခများကို တစ်ဆင့်ပြီးတစ်ဆင့် တွေ့ကြုံပြီးဖြစ်ကာ သင်သည် သိမ်းပိုက်ခံရပြီးဖြစ်သည်။ ဇာတိပကတိ၏ မျှော်လင့်ချက်များ၊ သင်၏ ကိုယ်ပိုင် ကြံရွယ်ချက်များ နှင့် ဇာတိပကတိ၏ အတွင်းရေးကျသည့် စိတ်ဝင်စားမှုများကို သင် ဘေးဖယ်ထားပြီး ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုရလျှင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များက သင်၏ စိတ်နှလုံးကို လုံးဝ သိမ်းပိုက်ပြီး ဖြစ်သည်။ သင်၏ အသက်တာတွင် သူတောင်းဆိုသလောက် သင် မကြီးထွားသေးသော်လည်း၊ ဤအရာအားလုံးကို သင် သိရှိပြီး သူ လုပ်ဆောင်သည့်အရာအားဖြင့် သင် လုံးဝ လက်ခံယုံကြည်ပေသည်။ ထို့ကြောင့်၊ ဤသည်ကို စစ်မှန်ပြီး မှန်ကန်သော သက်သေခံချက်ဟု ခေါ်နိုင်၏။ လုပ်ဆောင်ဖို့ရန် ဘုရားသခင် ကြွလာခဲ့သည့် ဤအမှု၊ ဤတရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း အမှုသည် လူသားကို သိမ်းပိုက်ဖို့ ရည်ရွယ်ထားသော်လည်း ခေတ်ကို အဆုံးသတ်ခြင်း နှင့် ပြီးပြတ်စေခြင်း အမှုကို ဆောင်ရွက်ခြင်းဖြစ်သည့် သူ၏ အမှုကိုလည်း သူ အဆုံးသတ်နေ၏။ လူသားမျိုးနွယ်အားလုံးကို ကယ်တင်ရင်း၊ လူသားမျိုးနွယ်ကို အပြစ်မှ တစ်ကြိမ်တည်းနှင့် အပြီးသတ် ကယ်နုတ်ရင်း ခေတ်တစ်ခုလုံးကို သူ အဆုံးသတ်နေ၏။ သူသည် သူ ဖန်ဆင်းခဲ့သည့် လူသားမျိုးနွယ်ကို အပြည့်အဝ ရယူနေ၏။ ဤအရာအားလုံးကို သင် သက်သေခံသင့်၏။ အလွန်များလှစွာသော ဘုရားသခင်၏ အမှုကို သင် တွေ့ကြုံပြီးဖြစ်သည်၊ ယင်းကို သင်၏ ကိုယ်ပိုင် မျက်စိများဖြင့် သင် မြင်ပြီးဖြစ်ကာ ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံပြီး ဖြစ်သည်။ တကယ့်အဆုံးသို့ သင် ရောက်ရှိသည့်အချိန်တွင်၊ သင့်အပေါ် တာဝန်ရှိသော လုပ်ငန်းတာဝန်ကို သင် မထမ်းဆောင်နိုင်ဘဲ မရှိရ။ တကယ့်ကို သနားစရာပါတကား။ အနာဂတ်တွင်၊ ဧဝံဂေလိတရား ပျံ့နှံ့သည့်အခါ၊ သင်သည် သင်၏ ကိုယ်ပိုင် အသိပညာအကြောင်းကို ပြောဆိုနိုင်သင့်၏၊ သင်၏ စိတ်နှလုံးထဲတွင် သင် ရရှိပြီးဖြစ်သည့် အရာအားလုံးကို သက်သေခံနိုင်သင့်ပြီး ရှိသမျှအား စိုက်ထုတ်နိုင်သင့်၏။ ဤသည်မှာ အဖန်ဆင်းခံတစ်ဦး ရရှိသင့်သည့် အရာဖြစ်သည်။ ဘုရားသခင်၏ အမှုနှင့်ဆိုင်သော ဤအဆင့်၏ တကယ့် အဓိပ္ပါယ်မှာ အဘယ်နည်း။ ယင်း၏ သက်ရောက်မှုမှာ အဘယ်နည်း။ ယင်း၏ မည်မျှကို လူသား၏အထဲတွင် ဆောင်ရွက်ပါသနည်း။ မည်သည့်အရာကို လူတို့ လုပ်ဆောင်သင့်သနည်း။ ကမ္ဘာမြေသို့ ကြွလာကတည်းက လူ့ဇာတိခံ ဘုရားသခင် လုပ်ဆောင်ခဲ့သည့် အမှုအားလုံးကို ရှင်းရှင်းလင်းလင်း သင် ပြောဆိုနိုင်သည့်အခါ၊ သင်၏ သက်သေခံချက် ပြည့်စုံလိမ့်မည်။ သူ့အမှုတော်၏ အဓိပ္ပါယ်၊ ယင်း၏ အကြောင်းအရာ၊ ယင်း၏ အနှစ်သာရ၊ ယင်းက ကိုယ်စားပြုသည့် စိတ်သဘောထားနှင့် ယင်း၏ အခြေခံစည်းမျဉ်းများတို့ဖြစ်သော ဤအချက်ငါးခုကို သင် ရှင်းရှင်းလင်းလင်း ပြောဆိုနိုင်သည့်အခါ ဘုရားသခင်ကို သင် သက်သေခံနိုင်စွမ်းရှိသည်၊ အသိပညာကို သင် အမှန်တကယ် ပိုင်ဆိုင်သည်ကို ဤအရာက သက်သေပြပေလိမ့်မည်။ သင့်အပေါ် ငါ၏ သတ်မှတ်ချက်များသည် အလွန်မမြင့်မားသကဲ့သို့၊ မှန်ကန်သော လိုက်စားမှု၌ ရှိကြသူအားလုံးက ရယူနိုင်ပေသည်။ သင်သည် ဘုရားသခင်၏ သက်သေများထဲမှ တစ်ဦးဖြစ်ဖို့ သန္နိဋ္ဌာန်ချထားပါက၊ ဘုရားသခင် မည်သည့်အရာကို စက်ဆုပ်ပြီး မည်သည့်အရာအား နှစ်သက်သည်ကို သင် နားလည်ရမည်။ သူ၏ အမှုတော်ကို များစွာ သင် ကြုံတွေ့ပြီး ဖြစ်သည်။ ဤအမှုမှတစ်ဆင့်၊ သူ၏ စိတ်သဘောထားကို သင် သိလာရမည်၊ သူ၏ ရည်ရွယ်ချက်များနှင့် လူသားမျိုးနွယ်အပေါ် သူ၏ သတ်မှတ်ချက်များကို သင် နားလည်လာရမည်ဖြစ်ကာ သူ့အကြောင်းကို သက်သေခံဖို့နှင့် သင်၏ တာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းဖို့ ဤအသိပညာကို အသုံးပြုရမည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လက်တွေ့လုပ်ဆောင်ခြင်း (၇)
ဘုရားသခင်အတွက် သက်သေခံသောအခါတွင် ဘုရားသခင် လူတို့ကို တရားစီရင်ပြီး ပြစ်တင်ဆုံးမပုံ၊ လူတို့ကို စစ်ဆေးရန်နှင့် သူတို့၏ စိတ်သဘောထားများကို ပြောင်းလဲရန် မည်သည့်စမ်းသပ်မှုများအား သူအသုံးပြုသည့် အကြောင်းတို့ကို အဓိက ပြောသင့်သည်။ သင်တို့၏ အတွေ့အကြုံထဲတွင် ဖောက်ပြန်ပျက်စီးခြင်း မည်မျှ ထုတ်ဖော်ထားကြောင်း၊ သင်တို့ အဘယ်မျှ ဒုက္ခခံခဲ့ပြီးဖြစ်ကြောင်း၊ ဘုရားသခင်ကို ခုခံဖို့ သင်တို့ အမှုကိစ္စမည်မျှ ပြုလုပ်ပြီးကြောင်းကိုလည်းကောင်း ပြောသင့်သည်၊ သင်တို့၌ ဘုရားသခင်၏အမှုအပေါ် စစ်မှန်သောသိခြင်း အဘယ်မျှ ရှိကြောင်းနှင့် ဘုရားသခင်အတွက် အဘယ်သို့ သက်သေခံပြီး သူ၏ချစ်ခြင်းမေတ္တာကို အဘယ်သို့ ပြန်ပေးဆပ်သင့်ကြောင်းတို့ကိုလည်း ပြောသင့်သည်။ သင်တို့သည် ရိုးရှင်းသောပုံစံဖြင့် ပြောလျက် ပို၍ အနှစ်သာရရှိရှိ ပြောသင့်သည်။ အနှစ်သာရမဲ့သော သီအိုရီများအကြောင်းကို မပြောလေနှင့်။ ပိုမို၍ လက်တွေ့ကျအောင် ပြောလော့။ နှလုံးသားထဲမှ စကားပြောလော့။ ဤသည်မှာ အမှုကိစ္စများကို သင်တွေ့ကြုံသင့်ပုံ ဖြစ်သည်။ ဝါကြွားရန် အားထုတ်သည့်အနေဖြင့် လေးနက်ဟန်ရှိသော၊ အနှစ်သာရမဲ့သော သီအိုရီများနှင့် မိမိကိုယ်ကို မပြင်ဆင်လေနှင့်။ ဤသို့ပြုခြင်းက သင်တို့ကို အတော်ပင် စိတ်ကြီးဝင်ပြီး အသိတရားမဲ့ဟန် ပေါ်စေမည်။ သင်သည် သင်၏ တကယ့် အတွေ့အကြုံမှ စစ်မှန်သောအရာများအကြောင်းကို ပို၍ပြောသင့်ပြီး စိတ်နှလုံးထဲမှ ပို၍ စကားပြောသင့်သည်။ ဤသည်မှာ အခြားသူများအတွက် အကျိုးပြုဆုံးဖြစ်ပြီး သူတို့တွေ့မြင်ရန် အသင့်လျော်ဆုံးဖြစ်သည်။ သင်တို့သည် ဘုရားသခင်ကို အဆန့်ကျင်ဆုံးသောသူများ၊ သူ့ကို နာခံရန် အနည်းဆုံးလိုလားသူများ ဖြစ်ခဲ့ကြသော်လည်း ယခုတွင် သိမ်းပိုက်ခြင်းကို ခံရပြီးဖြစ်သည်- ဤသည်ကို မည်သည့်အခါမျှ မမေ့လေနှင့်။ ဤကိစ္စရပ်များနှင့်ပတ်သက်၍ သင် သာ၍ တွေးဆပြီး စဉ်းစားသင့်သည်။ ၎င်းတို့ကို လူတို့ ရှင်းလင်းစွာ နားလည်သည်နှင့်တစ်ပြိုင်နက်၊ မည်သို့ သက်သေခံရမည်ကို ၎င်းတို့ သိကြလိမ့်မည်၊ သို့မဟုတ်ပါက ၎င်းတို့သည် ရှက်ဖွယ်ဖြစ်ပြီး အသိတရားမရှိသော လုပ်ဆောင်ချက်များကို ကျူးလွန်ဖွယ်ရှိလိမ့်မည် ဖြစ်သည်။ ယင်းမှာ ဘုရားသခင်အတွက် သက်သေခံခြင်း မဟုတ်ဘဲ ထိုထက် ဘုရားသခင်အပေါ် အရှက်ရောက်စေခြင်း ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ သမ္မာတရားအား လိုက်စားခြင်းအားဖြင့်သာ စိတ်သဘောထား ပြောင်းလဲမှုတစ်ခုကို ရရှိနိုင်သည်
တစ်နေ့တွင် သင်သည် နိုင်ငံရပ်ခြား၌ ဧဝံဂလိတရားကို ဖြန့်ဝေနေပြီး တစ်စုံတစ်ဦးက သင့်အား “ဘုရားသခင်အပေါ် သင်၏ ယုံကြည်ခြင်းက ဘယ်လို အခြေအနေရှိလဲ။” ဟု မေးသည့်အခါ သင်သည် “ဘုရားသခင်၏ လုပ်ဆောင်ချက်များက အံ့သြချီးမွမ်းဖွယ်ကောင်းလှ၏” ဟု ပြောနိုင်လိမ့်မည်။ သူတို့က သင်၏စကားများသည် စစ်မှန်သော အတွေ့အကြုံများအကြောင်းကို ပြောပြနေသည်ဟု ခံစားရလိမ့်မည်။ ဤအရာက အမှန်တကယ် သက်သေခံနေပေသည်။ ဘုရားသခင်၏အမှုသည် ဉာဏ်ပညာနှင့် ပြည့်ဝလျက် ရှိကြောင်း၊ ထို့ပြင် သင့်အထဲ၌ သူပြုသောအမှုက သင့်ကို အမှန်တကယ် လက်ခံယုံကြည်စေခဲ့ပြီးကြောင်းနှင့် သင်၏စိတ်နှလုံးကို သိမ်းပိုက်ခဲ့ပြီးကြောင်း သင်ဆိုလိမ့်မည်ဖြစ်သည်။ ဘုရားသခင်သည် လူသားမျိုးနွယ်၏ ချစ်ခြင်းနှင့် ထိုက်တန်သည်ထက်ပင် သာလွန်သောကြောင့် သင်သည် သူ့ကို အစဉ်အမြဲ ချစ်ပေလိမ့်မည်။ အကယ်၍ ဤအရာများကို သင်ပြောနိုင်ပါက လူတို့၏ စိတ်နှလုံးကို သင်လှုပ်ရှားစေနိုင်မည်။ ဤအရာအားလုံးက သက်သေခံခြင်း ဖြစ်ပေသည်။ အကယ်၍ သင်သည် ထူးကဲသောသက်သေကို ခံနိုင်ပါက၊ လူတို့ကို မျက်ရည်ကျအောင် စွမ်းဆောင်နိုင်လျှင် ယင်းက သင်သည် ဘုရားသခင်ကို ချစ်သောသူ အမှန်ဖြစ်ကြောင်း ပြသသည်၊ အကြောင်းမှာ သင်သည် ဘုရားသခင်အား ချစ်ခြင်းကို ထင်ရှားစေနိုင်ပြီး၊ သင့်အားဖြင့် ဘုရားသခင်၏ လုပ်ဆောင်ချက်များသည် သက်သေခံချက်အဖြစ် အတည်ပြုနိုင်သောကြောင့် ဖြစ်သည်။ သင်၏ သက်သေခံချက်အားဖြင့် အခြားလူများအား ဘုရားသခင်၏အမှုကို ရှာဖွေစေသည်၊ ဘုရားသခင်၏အမှုကို တွေ့ကြုံစေသည်၊ ထို့ပြင် သူတို့တွေ့ကြုံသည့် မည်သည့် ပတ်ဝန်းကျင်၌မဆို သူတို့သည် မြဲမြံစွာ ရပ်တည်နိုင်ကြလိမ့်မည်။ ဤသည်မှာ သက်သေခံခြင်း၏ တစ်ခုတည်းသော စစ်မှန်သည့် နည်းလမ်းဖြစ်ပြီး ဤသည်မှာ ယခု သင့်ကိုတောင်းဆိုသောအရာ အတိအကျပင်ဖြစ်သည်။ ဘုရားသခင်၏အမှုမှာ လွန်စွာတန်ဖိုးရှိပြီး လူတို့၏ တန်ဖိုးထားခြင်းခံရရန် ထိုက်တန်ကြောင်း၊ ဘုရားသခင်သည် အလွန် မြတ်နိုးဖွယ်ဖြစ်ပြီး အလွန်ကြွယ်ဝကြောင်း သင်တွေ့မြင်သင့်သည်။ သူသည် စကားပြောနိုင်သည်သာမက၊ လူတို့ကိုလည်း တရားစီရင်နိုင်သည်၊ ၎င်းတို့၏ စိတ်နှလုံးများကို စစ်ဆေးနိုင်သည်၊ သူတို့အား ဝမ်းမြောက်ခြင်းကို ဆောင်ကြဉ်းပေးနိုင်သည်၊ သူတို့အား ရယူနိုင်သည်၊ သိမ်းပိုက်နိုင်သည့်အပြင် စုံလင်စေနိုင်သည်။ သင်၏ အတွေ့အကြုံမှနေ၍ ဘုရားသခင်သည် အလွန်ချစ်မြတ်နိုးဖွယ်ကောင်းသည်ကို သင်မြင်လိမ့်မည်။ ထို့ကြောင့် ယခု ဘုရားသခင်ကို သင် အဘယ်မျှလောက် ချစ်သနည်း။ သင်သည် ဤအရာများကို သင်၏စိတ်နှလုံးထဲမှ အမှန်တကယ်ပြောနိုင်သလော။ သင်သည် ဤစကားလုံးများကို သင်၏စိတ်နှလုံး၏နက်ရှိုင်းသောနေရာမှ ဖော်ပြနိုင်ပါက၊ သင် သက်သေခံနိုင်လိမ့်မည်။ သင်၏အတွေ့အကြုံသည် ဤအဆင့်သို့ ရောက်ရှိပြီးသည့်အခါ၊ သင်သည် ဘုရားသခင်အတွက် သက်သေခံတစ်ဦး ဖြစ်နိုင်စွမ်းရှိပြီး အရည်အချင်း ပြည့်မီလိမ့်မည်။ အကယ်၍ သင်သည် သင်၏အတွေ့အကြုံထဲ၌ ဤအဆင့်ကို မရောက်ရှိပါက၊ သင်သည် လွန်စွာ အလှမ်းကွာနေဆဲဖြစ်လိမ့်မည်။ စစ်ဆေးခြင်းဖြစ်စဉ်တွင် လူတို့အနေဖြင့် အားနည်းချက်များ ပြသသည်မှာ ပုံမှန်ဖြစ်သော်လည်း၊ စစ်ဆေးခြင်းနောက်၌ သင်သည် “ဘုရားသခင်သည် သူ၏အမှု၌ အလွန် ဉာဏ်ပညာရှိသည်တကား။” ဟု ပြောနိုင်သင့်သည်။ အကယ်၍ သင်သည် ဤစကားလုံးများအား လက်တွေ့ကျသောနားလည်မှု အမှန်တကယ် ရရှိနိုင်ပါက၊ ယင်းမှာ သင်မြတ်နိုးသည့်အရာ ဖြစ်လာပြီး သင်၏အတွေ့အကြုံသည် တန်ဖိုး ရှိလိမ့်သည်။
သင် ယခု မည်သည့်အရာကို မီအောင်လိုက်သင့်သနည်း။ သင်သည် ဘုရားသခင်၏ အမှုကို သက်သေခံနိုင်စွမ်းရှိမရှိ၊ သင်သည် ဘုရားသခင်၏ သက်သေခံချက်တစ်ခုနှင့် သရုပ်ဖော်ချက်တစ်ခု ဖြစ်လာနိုင်ခြင်းရှိမရှိနှင့် သင်သည် သူ၏အသုံးပြုခြင်းကိုခံရရန် သင့်တော်ခြင်းရှိမရှိ ဟူသည်တို့မှာ သင် ရှာဖွေသင့်သော အရာများပင်ဖြစ်သည်။ ဘုရားသခင်သည် သင့်အထဲတွင် အမှန်တကယ် အမှုမည်မျှပြုခဲ့ပြီးပြီနည်း။ သင် အဘယ်မျှ မြင်ခဲ့ပြီးပြီနည်း၊ သင် အဘယ်မျှ နားလည်သဘောပေါက်ခဲ့ပြီးပြီနည်း။ သင် အဘယ်မျှ တွေ့ကြုံပြီး မြည်းစမ်းခဲ့ပြီးပြီနည်း။ ဘုရားသခင်သည် သင့်ကို စစ်ကြောပြီးပါစေ၊ ပြုပြင်ခဲ့ပြီးပါစေ၊ သို့မဟုတ် ဆုံးမပဲ့ပြင်ခဲ့ပြီးပါစေ သူ၏လုပ်ရပ်များနှင့် သူ၏အမှုတို့ကို သင့်အပေါ်တွင် လုပ်ဆောင်ခဲ့ပြီးပြီဖြစ်သည်။ သို့သော် ဘုရားသခင်အား ယုံကြည်သူတစ်ဦးဖြစ်ပြီး၊ ဘုရားသခင်၏ စုံလင်အောင်အပြုခံရဖို့ ကြိုးစားအားထုတ်လိုသူ တစ်ဦးအနေဖြင့် သင်သည် သင်၏ လက်တွေ့ကျသော အတွေ့အကြုံပေါ် အခြေခံ၍ ဘုရားသခင်၏ အမှုအတွက် သက်သေခံနိုင် သလော။ သင်သည် သင်၏ လက်တွေ့ကျသော အတွေ့အကြုံအားဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်အတိုင်း အသက်ရှင်နေထိုင်နိုင်သလော။ သင်သည် သင်ကိုယ်တိုင်၏ လက်တွေ့ကျသော အတွေ့အကြုံအားဖြင့် အခြားသူများကို ထောက်ပံ့ပေးပြီး ဘုရားသခင်၏အမှုအတွက် သက်သေခံဖို့ သင့်အသက်တာတစ်ခုလုံးကို အသုံးခံနိုင်သလော။ သင်သည် ဘုရားသခင်၏ အမှုကို သက်သေခံရန်အတွက် သင်၏ အတွေ့အကြုံ၊ သိကျွမ်းခြင်းနှင့် သင်ပေးဆပ်ခဲ့ပြီးသော အဖိုးအခအပေါ် အမှီပြုရမည်။ ထိုမှသာလျှင် သင်သည် သူ၏ရည်ရွယ်ချက်များ အထမြောက်အောင် ဆောင်ရွက်နိုင်မည်။ သင်သည် ဘုရားသခင်၏ အမှုကို သက်သေခံသောသူတစ်ဦး ဖြစ်သလော။ သင်၌ ဤပြင်းပြသောဆန္ဒ ရှိသလော။ အကယ်၍ သင်သည် သူ၏နာမတော်ကိုသာမက သူ၏အမှုကိုပင်လျှင် သက်သေခံနိုင်ပါက၊ ထို့ပြင် သင်သည် သူ၏လူတို့ကို သူတောင်းဆိုသော ပုံစံအတိုင်း အသက်ရှင်နေထိုင်နိုင်ပါက၊ သင်သည် ဘုရားသခင်အတွက် သက်သေခံတစ်ဦးဖြစ်သည်။ သင်သည် ဘုရားသခင်အတွက် အမှန်တကယ် မည်သို့သက်သေခံသနည်း။ သင်သည် ယင်းကို ဘုရားသခင်၏ နှုတ်ကပတ်တော် အတိုင်း အသက်ရှင်နေထိုင်ရန် ကြိုးစားခြင်းနှင့် တောင့်တခြင်း၊ သင်၏ စကားလုံးများဖြင့် သက်သေခံခြင်း၊ လူတို့အား သူ၏အမှုကို သိစေခြင်းနှင့် သူ၏လုပ်ဆောင်မှုများကို မြင်စေခြင်းတို့အားဖြင့် ပြုလုပ်ရသည်။ အကယ်၍ သင်သည် ဤအရာအားလုံးကို အမှန်တကယ် ကြိုးစားပါက၊ ဘုရားသခင်သည် သင့်ကို စုံလင်အောင်ပြုပေးလိမ့်မည်။ အကယ်၍ သင်ကြိုးစာသမျှမှာ ဘုရားသခင်၏ စုံလင်အောင်ပြုပေးခြင်းခံရရန်နှင့် နောက်ပိတ်ဆုံးတွင် ကောင်းချီးမင်္ဂလာခံစားရရန်သာ ဖြစ်ပါက၊ ဘုရားသခင်အပေါ် သင်၏ ယုံကြည်ခြင်းရှုထောင့်မှာ မဖြူစင်ပေ။ သင်သည် လက်တွေ့အသက်တာထဲတွင် ဘုရားသခင်၏ လုပ်ဆောင်ချက်များကို တွေ့မြင်သည့် နည်းလမ်း၊ သူ၏ရည်ရွယ်ချက်များကို သင့်အား သူဖွင့်ပြသောအခါ သူ့အား ကျေနပ်စေသည့် နည်းလမ်းတို့ကိုဆောင်ရွက်နိုင်အောင် အားထုတ်သင့်ပြီး သူ၏ အံ့သြဖွယ်ကောင်းခြင်းနှင့် ဉာဏ်ပညာကို သင် သက်သေခံသင့်သည့် နည်းလမ်းနှင့် သင့်အား သူ၏ဆုံးမပဲ့ပြင်ပုံနှင့် ပြုပြင်ပုံတို့အား သက်သေခံမည့်နည်းလမ်းတို့ကို သင်ရှာဖွေနေသင့်သည်။ ဤအရာအားလုံးမှာ ယခု သင်တွေးဆနေသင့်သော အရာများဖြစ်သည်။ အကယ်၍ ဘုရားသခင်ကို ချစ်သော သင်၏စိတ်နှလုံးသည် သင့်ကိုစုံလင်အောင် သူပြုပြီးနောက် ဘုရားသခင်၏ဘုန်းတော်၌ သင်ပါဝင်နိုင်ရန်အတွက်သာဖြစ်ပါက ယင်းမှာ မလုံလောက်သေးသည့်အပြင် ဘုရားသခင်၏ သတ်မှတ်ချက်များကို မပြည့်မီနိုင်သေးပေ။ သင်သည် ဘုရားသခင်၏အမှုကို သက်သေခံနိုင်ရန်၊ သူ၏တောင်းဆိုချက်များကို ဖြည့်ဆည်းနိုင်ရန်နှင့် လူတို့အပေါ် သူပြုခဲ့ပြီးသောအမှုကို လက်တွေ့ကျသည့် နည်းလမ်းဖြင့် တွေ့ကြုံနိုင်ရန် လိုအပ်သည်။ နာကျင်မှုဖြစ်စေ၊ မျက်ရည်များဖြစ်စေ၊ သို့မဟုတ် ဝမ်းနည်းခြင်းဖြစ်စေ သင်သည် ဤအရာအားလုံးကို သင်၏ လက်တွေ့ကျင့်သုံးမှုတွင် တွေ့ကြုံရမည်။ ယင်းတို့မှာ ဘုရားသခင်အတွက် သက်သေခံတစ်ဦးအဖြစ် သင့်ကို စုံလင်စေရန်အတွက် ရည်ရွယ်ထားခြင်း ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စုံလင်ခြင်းသို့ ရောက်မည့်သူများသည် စစ်ဆေးခြင်းကို ခံကြရမည်
လူသားသည် အဆုံး၌ ဘုရားသခင်အတွက် မည်သည့်သက်သေကိုခံသနည်း။ ဘုရားသခင်သည် ဖြောင့်မတ်သည့် ဘုရားသခင်ဖြစ်ကြောင်း၊ သူ၏ စိတ်သဘောထားသည် ဖြောင့်မတ်ခြင်း၊ အမျက်ဒေါသ၊ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ဖြစ်ကြောင်း လူသားက သက်သေခံ၏။ လူသားသည် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကို သက်သေခံသည်။ ဘုရားသခင်သည် လူသားကို စုံလင်စေရန်အတွက် သူ၏တရားစီရင်ခြင်းကို အသုံးပြုသည်၊ သူသည် လူသားကို ချစ်ခဲ့ပြီး ကယ်တင်ခဲ့သည်၊ သို့သော် သူ၏ချစ်ခြင်းမေတ္တာထဲတွင် မည်မျှပါဝင်သနည်း။ တရားစီရင်ခြင်း၊ ဘုန်းအာနုဘော်၊ အမျက်ဒေါသနှင့် ကျိန်ဆဲမှုတို့ ပါဝင်သည်။ ဘုရားသခင်သည် လူသားကို ယခင်က ကျိန်ဆဲခဲ့သော်လည်း၊ သူသည် လူသားကို အနက်ဆုံးသောတွင်းထဲသို့ လုံးလုံးလျားလျား မပစ်ချခဲ့ဘဲ၊ ယင်းနည်းလမ်းကို အသုံးပြု၍ လူသား၏ ယုံကြည်ခြင်းကို သူစစ်ဆေးခဲ့သည်။ သူသည် လူသားကို မကွပ်မျက် ခဲ့သော်လည်း၊ လူသားကို စုံလင်အောင်ပြုရန် လုပ်ဆောင်ခဲ့သည်။ ဇာတိပကတိ၏အခြေအမြစ်မှာ စာတန်၏အခြေအမြစ် ဖြစ်သည်။ ဘုရားသခင်က ထိုသို့ပင် အတိအကျပြောခဲ့သည်။ သို့သော် ဘုရားသခင် လုပ်ဆောင်ခဲ့သော ဖြစ်ရပ်များသည် သူ၏ နှုတ်ကပတ်တော်များနှင့်အညီ ပြီးမြောက်ခဲ့ခြင်း မဟုတ်ပေ။ သင်သူ့ကို ချစ်လာကောင်း ချစ်လာစေရန်နှင့် ဇာတိပကတိ၏ အခြေအမြစ်ကို သင်သိကောင်း သိနိုင်စေရန် သူသည် သင့်ကို ကျိန်ဆဲခြင်းဖြစ်သည်။ သင်နိုးကြားကောင်း နိုးကြားလာစေရန်၊ သင့်အထဲမှ အားနည်းချက်များကို သင်သိစေရန်နှင့် လူသား၏ အကြွင်းမဲ့ မထိုက်တန်မှုကို သင်သိစေရန် သင့်ကို သူပြစ်တင်ဆုံးမခြင်းဖြစ်သည်။ ထို့အတွက်ကြောင့် ဘုရားသခင်၏ ကျိန်ဆိုခြင်းများ၊ တရားစီရင်ခြင်းများ အပြင်၊ သူ၏ဘုန်းအာနုဘော်နှင့် အမျက်ဒေါသ အားလုံးတို့သည် လူသားကို စုံလင်စေရန်အတွက်ဖြစ်သည်။ ယနေ့ ဘုရားသခင် လုပ်ဆောင်သည့် အရာများ အားလုံးနှင့် သင်တို့အတွင်း၌ သူထင်ရှားပေါ်လွင်စေသည့် ဖြောင့်မတ်သော စိတ်သဘောထား အားလုံးသည် လူသားကို စုံလင်စေရန် ဖြစ်သည်။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် ထိုကဲ့သို့ပင်ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နာကျင်သည့်စမ်းသပ်မှုများကို တွေ့ကြုံခြင်းဖြင့်သာ ဘုရားသခင်၏နှစ်လိုဖွယ်ကောင်းခြင်းကို သိနိုင်မည်
ယနေ့တွင် သင်သည် စုံလင်စေခြင်းခံရဖို့ ကြိုးစားနိုင်သည်၊ သို့မဟုတ် သင်၏ အပြင်ပန်း လူ့သဘာဝတွင် ပြောင်းလဲမှုများနှင့် သင်၏ အရည်အချင်း၌ တိုးတက်မှုများကို ရှာဖွေနိုင်သော်လည်း၊ အဓိက အရေးကြီးသည်မှာ ယနေ့ ဘုရားသခင် လုပ်ဆောင်သော အရာတိုင်းသည် အဓိပ္ပာယ်ရှိပြီး အကျိုးကျေးဇူးရှိသည်ကို သင် နားလည်နိုင်ဖို့ ဖြစ်သည်- ယင်းက ညစ်ညမ်းသောမြေတွင် မွေးဖွားသော သင့်အား ညစ်ညမ်းမှုမှ လွတ်မြောက်စေနိုင်ပြီး ယင်းကို ဖယ်ရှားစေနိုင်သည်၊ ယင်းက စာတန်၏ စွမ်းအားကို သင့်အား အနိုင်ယူစေနိုင်ပြီး၊ စာတန်၏ မှောင်မိုက်သော စွမ်းအားကို ချန်ထားစေနိုင်လေသည်။ ဤအရာများကို အာရုံစိုက်ခြင်းဖြင့်၊ သင်သည် ဤညစ်ညမ်းသောမြေ၌ ကွယ်ကာခံရပေသည်။ နောက်ဆုံးတွင်၊ သင်သည် မည်သည့်သက်သေကို ပေးရန် တောင်းဆိုခံရလိမ့်မည်နည်း။ သင်သည် ညစ်ညမ်းသော မြေတွင် မွေးဖွားသော်လည်း၊ မည်သည့်အခါမျှ တစ်ဖန် ညစ်ညူးမှုဖြင့် ညစ်ပေခြင်း မရှိဖို့၊ စာတန်၏ တန်ခိုးအောက်တွင် အသက်ရှင်သော်လည်း၊ သင့်ကိုယ်သင် စာတန်၏စွမ်းအား ကင်းမဲ့ဖို့၊ စာတန်၏ ပိုင်ဆိုင်ခြင်းမခံရသကဲ့သို့၊ နှောင့်ယှက်ခြင်းလည်း မခံရဖို့ရန်နှင့် အနန္တတန်ခိုးရှင်၏ လက်ထဲတွင် အသက်ရှင်ဖို့၊ သင်သည် သန့်ရှင်းလာနိုင်လေသည်။ ဤသည်မှာ သက်သေခံချက်နှင့် စာတန်နှင့် တိုက်ပွဲတွင် အောင်မြင်ခြင်း သက်သေဖြစ်သည်။ သင်သည် စာတန်ကို ပုန်ကန်နိုင်သည်၊ သင် အသက်ရှင် နေထိုင်သည့်အရာတွင် စာတန်ဆန်သော စိတ်သဘောထားကို ထုတ်ဖော်မပြတော့ဘဲ၊ ယင်းအစား လူသားကို ဖန်ဆင်းချိန်တွင် ဘုရားသခင်က လူသားအား ရရှိရန် တောင်းဆိုခဲ့သည့်အရာ- ပုံမှန်လူ့သဘောသဘာဝ၊ ပုံမှန် အသိစိတ်၊ ပုံမှန် ထိုးထွင်းသိမြင်မှု၊ ဘုရားသခင်ကိုချစ်ဖို့ ပုံမှန် သန္နိဋ္ဌာန်နှင့် ဘုရားသခင်အား သစ္စာစောင့်သိခြင်းတို့ကို သင် အသက်ရှင်နေထိုင်ပေသည်။ ယင်းမှာ ဘုရားသခင်၏ ဖန်ဆင်းခံ တစ်ဦး၏ ထွက်ဆိုသည့် သက်သေခံချက် ဖြစ်သည်။ သင်က၊ “ကျွန်ုပ်တို့သည် ညစ်ညမ်းသည့်မြေတစ်ခုတွင် မွေးဖွားကြသော်လည်း၊ ဘုရားသခင်၏ ကွယ်ကာမှု၊ သူ၏ ဦးဆောင်မှုကြောင့်၊ ပြီးလျှင် ကျွန်ုပ်တို့ကို သူ သိမ်းပိုက်ပြီး ဖြစ်သောကြောင့် စာတန်၏ စွမ်းအားကို ကျွန်ုပ်တို့ ဖယ်ရှားပြီး ဖြစ်သည်။ ယနေ့ ကျွန်ုပ်တို့ ကျိုးနွံနာခံနိုင်ကြသည်မှာလည်း ဘုရားသခင်၏ သိမ်းပိုက်ခံရခြင်း၏ အကျိုးရလဒ်ဖြစ်ပြီး ယင်းသည် ကျွန်ုပ်တို့ ကောင်းမြတ်သောကြောင့်၊ သို့မဟုတ် ဘုရားသခင်ကို ကျွန်ုပ်တို့ အလိုအလျောက် ချစ်ခဲ့သောကြောင့် မဟုတ်ပေ။ ယနေ့ ငါတို့ သိမ်းပိုက်ခံရသည်မှာ၊ သူ့အဖို့ သက်သေခံနိုင်ပြီး သူ့ကို အစေခံနိုင်သည်မှာ ဘုရားသခင်က ကျွန်ုပ်တို့ကို ရွေးချယ်ပြီး ရှေးမဆွက ခွဲခန့်မှတ်သား ထားခဲ့သောကြောင့် ဖြစ်သည်။ ကျွန်ုပ်တို့ ကယ်တင်ခံရပြီး စာတန်၏ တန်ခိုးမှ ကယ်လွှတ်ခံရပြီးဖြစ်ကာ ညစ်ညူးမှုကို ချန်ရစ်ထားနိုင်ပြီး အဆင်းနီးသော နဂါးကြီး၏ တိုင်းပြည်တွင် သန့်စင်ခံရနိုင်ကြသည်မှာလည်း သူသည် ကျွန်ုပ်တို့ကို ရွေးပြီး ကွယ်ကာခဲ့သောကြောင့် ဖြစ်သည်။”
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သိမ်းပိုက်ခြင်းအလုပ်၏ အတွင်းသမ္မာတရား (၂)
စုံလင်စေခြင်းခံရမည့်သူများအတွက်၊ သိမ်းပိုက်ခံရခြင်းနှင့် ဆိုင်သော အမှု၏ ဤအဆင့်သည် မရှိမဖြစ် ဖြစ်သည်။ လူသည် သိမ်းပိုက်ခံရပြီးသည်နှင့်တစ်ပြိုင်နက်မှသာ၊ သူသည် စုံလင်စေခြင်း အမှုကို တွေ့ကြုံနိုင်ပေသည်။ သိမ်းပိုက်ခံရခြင်း အခန်းကဏ္ဍကိုသာ ဆောင်ရွက်ခြင်းတွင် ကြီးမားသော တန်ဖိုးမရှိပေ၊ ယင်းသည် သင့်အား ဘုရားသခင် အသုံးပြုခြင်းအတွက် သင့်တော်စေလိမ့်မည် မဟုတ်ပေ။ သင်သည် အသက်ကို မလိုက်စားသကဲ့သို့၊ မိမိကိုယ်ကိုယ်၌ ပြောင်းလဲမှုနှင့် အသစ်ပြုပြင်ခြင်းတို့ကို မလိုက်စားသည့်အတွက်၊ ဧဝံဂေလိတရား ဖြန့်ဝေရာတွင် သင်၏ အခန်းကဏ္ဍကို သင် လုံးဝ ဆောင်ရွက်နိုင်မည် မဟုတ်ပေ၊ ထို့ကြောင့် သင်သည် စစ်မှန်သော ဘဝ အတွေ့အကြုံ မရှိပေ။ ဤအဆင့်ဆင့်ဖြစ်သော အမှုအတောအတွင်းတွင်၊ တစ်ချိန်က သင်သည် အစေခံသူတစ်ဦးအဖြစ်နှင့် အဖြည့်ခံတစ်ဦးအဖြစ် ဆောင်ရွက်ခဲ့သော်လည်း၊ နောက်ဆုံးတွင် သင်သည် ပေတရုအဖြစ် မလိုက်စားသကဲ့သို့၊ သင်၏ လိုက်စားမှုသည် ပေတရု စုံလင်စေခြင်းခံခဲ့ရသည့် လမ်းကြောင်းအတိုင်း မဟုတ်ပါက၊ သင့်စိတ်သဘောထား၌ အလိုအလျောက် ပြောင်းလဲမှုကို သင်တွေ့ကြုံရလိမ့်မည် မဟုတ်ပေ။ အကယ်၍ သင်သည် စုံလင်စေခြင်းခံရခြင်းကို လိုက်စားသည့် သူတစ်ဦးဖြစ်ပါက၊ သင်သည် သက်သေခံပြီးဖြစ်လိမ့်မည်၊ သင်က “ဘုရားသခင်၏ ဤအဆင့်ဆင့်ဖြစ်သော အမှုတွင်၊ ကျွန်ုပ်သည် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း အမှုကို လက်ခံပြီးဖြစ်ကာ၊ ကျွန်ုပ်သည် ကြီးစွာသော ဒုက္ခဆင်းရဲကို ကြံ့ကြံ့ခံရပြီးဖြစ်သော်လည်း၊ ဘုရားသခင်သည် လူသားအား မည်သို့ စုံလင်စေသည်ကို ကျွန်ုပ်သိလာရပြီးဖြစ်ပါသည်၊ ဘုရားသခင် လုပ်ဆောင်ပြီးဖြစ်သော အမှုကို ကျွန်ုပ်ရရှိပြီးဖြစ်သည်၊ ကျွန်ုပ်သည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းနှင့်ဆိုင်သည့် အသိပညာကို ကျွန်ုပ်သိရှိပြီးဖြစ်ကာ သူ၏ ပြစ်တင်ဆုံးမခြင်းက ကျွန်ုပ်ကို ကယ်တင်ပြီးဖြစ်သည်။ သူ၏ ဖြောင့်မတ်သော စိတ်သဘောထားသည် ကျွန်ုပ်အပေါ်သို့ ရောက်လာပြီးဖြစ်ကာ ကျွန်ုပ်ထံ ကောင်းချီးမင်္ဂလာများနှင့် ကျေးဇူးတော် ဆောင်ကြဉ်းပြီးဖြစ်သည်။ ကျွန်ုပ်ကို ကွယ်ကာကာ သန့်စင်စေပြီးဖြစ်သည်မှာ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ ဖြစ်ပါ၏။ ကျွန်ုပ်သည် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းကို မခံခဲ့ရပြီးဖြစ်ပါက၊ ပြီးလျှင် ဘုရားသခင်၏ ကြမ်းတမ်းသော နှုတ်ကပတ်တော်များ ကျွန်ုပ်အပေါ်သို့ မရောက်လာခဲ့ပြီးဖြစ်ပါက၊ ကျွန်ုပ်သည် ဘုရားသခင်အား သိရှိနိုင်ပြီးဖြစ်မည်မဟုတ်သကဲ့သို့၊ ကျွန်ုပ်သည် ကယ်တင်ခံရပြီးဖြစ်နိုင်မည် မဟုတ်ပါ။ ယနေ့တွင် ကျွန်ုပ်မြင်ရသည်။ ဘုရားသခင်၏ စိတ်သဘောထားသည် လူသားတို့ မွေ့လျော်ထိုက်သောကြောင့် ဖန်ဆင်းခံတစ်ဦးအနေဖြင့်၊ တစ်ဦးတစ်ယောက်သည် ဖန်ဆင်းရှင် ပြုလုပ်ခဲ့သောအရာများ အားလုံးကို မွေ့လျော်ရသည်သာမက၊ သာ၍ အရေးကြီးသည်မှာ၊ ဖန်ဆင်းခံများအားလုံးသည် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားနှင့် သူ၏ ဖြောင့်မတ်သော တရားစီရင်ခြင်းတို့ကိုလည်း မွေ့လျော်သင့်ပေသည်။ စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းခံရပြီးဖြစ်သည့် ဖန်ဆင်းခံတစ်ဦးအနေဖြင့်၊ တစ်ဦးတစ်ယောက်သည် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကို မွေ့လျော် သင့်သည်။ ကိုယ်တော်၏ ဖြောင့်မတ်သော စိတ်သဘောထားတွင် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့အပြင်၊ ကြီးစွာသော မေတ္တာ ရှိပါသည်။ ကျွန်ုပ်သည် ယနေ့ ဘုရားသခင်၏ မေတ္တာကို လုံးဝ ရရှိနိုင်စွမ်းမရှိသော်လည်း၊ ယင်းကိုသိမြင်ရန် ကျွန်ုပ်တွင် အခွင့်ကောင်း ရှိလေပြီ၊ ဤတွင် ကျွန်ုပ် ကောင်းချီးခံစားရပါသည်” ဟု ပြောလိမ့်မည်။ ဤသည်မှာ စုံလင်စေခြင်းခံရခြင်းကို တွေ့ကြုံရသည့်သူများ လျှောက်လှမ်းခဲ့သော လမ်းကြောင်း ဖြစ်ပြီး၊ ဤသည်မှာ ၎င်းတို့ပြောဆိုသော အသိပညာဖြစ်ပါသည်။ ထိုသို့သော လူများသည် ပေတရုနှင့်တူကြပေသည်။ ပေတရုကဲ့သို့ တူညီသော အတွေ့အကြုံများ ရှိကြသည်။ ထိုသို့သော လူများသည် အသက်ကို ရရှိပြီးသူများ၊ အမှန်တရားကို ပိုင်ဆိုင်သော သူများလည်း ဖြစ်သည်။ ၎င်းတို့သည် တကယ့်အဆုံးထိ တွေ့ကြုံသောအခါ၊ ဘုရားသခင်၏ တရားစီရင်ခြင်းအတောအတွင်းတွင် ၎င်းတို့သည် စာတန်၏ စွမ်းအားမှ မိမိတို့ကိုယ်ကိုယ် လုံးဝ ဧကန်မုချ ဖယ်ရှားကြလိမ့်မည် ဖြစ်ပြီး၊ ဘုရားသခင်၏ ရယူခြင်းကို ခံရကြလိမ့်မည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ပေတရု၏ အတွေ့အကြုံများ- ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် သူ၏အသိပညာ
ယနေ့တွင် အရေးကြီးသော အချက်မှာ သင်သည် လူသား၏အနှစ်သာရကို သိရှိရမည် ဖြစ်ပြီး၊ မည်သည့်အရာထဲသို့ သင်တို့ ဝင်ရောက်ရမည်ကို သိရမည် ဖြစ်သည်။ သင်သည် အသက်ဝင်ရောက်ခြင်းနှင့် စိတ်သဘောထား၌ အပြောင်းအလဲများ၊ မည်သို့ အမှန်တကယ် သိမ်းပိုက်ခံရမည် ဆိုသည်နှင့်၊ မည်သို့ဘုရားသခင်ကို အပြည့်အဝ ကျိုးနွံနာခံရမည်၊ ဘုရားသခင်အဖို့ နောက်ဆုံး သက်သေခံချက်ကို မည်သို့ ပြုရမည်ဆိုသည်နှင့် သေသည်အထိ ကျိုးနွံနာခံမှုကို မည်သို့ စွမ်းဆောင်ရရှိရမည်ဆိုသည်တို့ကို သိရှိရမည် ဖြစ်သည်။ သင်သည် ဤအရာများအပေါ် အာရုံစိုက်ရမည်ဖြစ်ပြီး၊ လက်တွေ့မကျသည့်အရာ သို့မဟုတ် အရေးမပါသော အရာကို ပထမဦးစွာ ဘေးဖယ်ကာ လျစ်လျူရှုရမည် ဖြစ်သည်။ ယနေ့တွင် သင့်အနေဖြင့် မည်သို့ သိမ်းပိုက်ခံရမည်ဆိုသည်နှင့် သိမ်းပိုက် ခံရပြီးနောက် လူတို့အနေဖြင့် မည်သို့ ပြုမူနေထိုင်ကြသည်ကို သိသင့်သည်။ သင့်အနေဖြင့် သိမ်းပိုက်ခံရပြီး ဖြစ်သည်ဟု ပြောကောင်း ပြောနိုင်သော်လည်း၊ သေသည်အထိ သင် ကျိုးနွံနာခံနိုင်ပါသလော။ အလားအလာများ တစ်ခုတစ်လေ ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ၊ တကယ့်အဆုံးထိ သင် လိုက်နာနိုင်ရမည် ဖြစ်ပြီး ပတ်ဝန်းကျင်က မည်သို့ပင်ဖြစ်စေ ဘုရားသခင်၌ သင်၏ ယုံကြည်ခြင်းကို မဆုံးရှုံးရ။ နောက်ဆုံးတွင်၊ သက်သေခံချက်နှင့်ဆိုင်သည့် ရှုထောင့်နှစ်ခုကို သင် စွမ်းဆောင်ရရှိရမည်။ ယောဘ၏ သက်သေခံချက်၊ သေသည်အထိ ကျိုးနွံနာခံခြင်းနှင့်၊ ပေတရု၏ သက်သေခံချက်၊ ဘုရားသခင်ကို အထွတ်အထိပ် ချစ်ခြင်းတို့ ဖြစ်သည်။ ရှုထောင့် တစ်ခုအနေဖြင့်၊ သင်သည် ယောဘကဲ့သို့ ဖြစ်ရမည်။ သူသည် ရုပ်ဝတ္ထုပိုင်ဆိုင်မှု အားလုံးကို ဆုံးရှုံးသွားခဲ့ပြီး၊ ဇာတိပကတိ၏ နာမကျန်းဖြစ်ခြင်းဖြင့် ဝန်းရံဖိစီးခြင်း ခံခဲ့ရသော်လည်း ယေဟောဝါ၏ အမည်နာမကို မစွန့်လွှတ်ခဲ့ပေ။ ဤသည်မှာ ယောဘ၏ သက်သေခံချက် ဖြစ်သည်။ ပေတရုသည် ဘုရားသခင်ကို သေသည့်တိုင်အောင် ချစ်နိုင်ခဲ့သည်။ သူသည် သူ၏ သေခြင်းကို ရင်ဆိုင်ခဲ့ရချိန်တွင် ဘုရားသခင်ကို သူ ချစ်ဆဲ ဖြစ်သည်။ သူသည် ကားစင်တင်ခံရသည့်အချိန်တွင် ဘုရားသခင်ကို ချစ်ဆဲဖြစ်သည်။ သူ၏ကိုယ်ပိုင်ရှေ့ရေးကို မစဉ်းစားခဲ့၊ သို့မဟုတ် နှစ်သက်ဖွယ် မျှော်လင့်ချက်များ သို့မဟုတ် လွန်ကဲသော အတွေးများနောက် မလိုက်ခဲ့ဘဲ၊ ဘုရားသခင်ကို ချစ်ဖို့နှင့် ဘုရားသခင်၏ စီစဉ်မှုများအားလုံးကို ကျိုးနွံနာခံဖို့သာ သူကြိုးစားခဲ့သည်။ ယင်းမှာ သင့်အနေဖြင့် သက်သေခံပြီးဖြစ်သည်ဟု မှတ်ယူခြင်း မခံရမီ၊ သိမ်းပိုက်ခြင်းခံရပြီးနောက် စုံလင်စေခြင်းခံရပြီး သူတစ်ဦး ဖြစ်မလာမီ၊ သင် စွမ်းဆောင်ရရှိရမည့် စံနှုန်း ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သိမ်းပိုက်ခြင်းအလုပ်၏ အတွင်းသမ္မာတရား (၂)
အကယ်၍ လူတို့သည် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးဖြင့် ဘုရားသခင်ကို ယုံကြည်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကြုံတွေ့ခံစားပါက၊ ထိုသို့သောလူများထံ၌ ဘုရားသခင်၏ ကယ်တင်ခြင်းနှင့် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို တွေ့မြင်နိုင်သည်။ ထိုလူများသည် ဘုရားသခင်အတွက် သက်သေခံနိုင်ကြ၏။ သူတို့သည် သမ္မာတရားအတိုင်း အသက်ရှင်နေထိုင်ကာ၊ သူတို့ သက်သေခံသည့် အရာသည်လည်း သမ္မာတရား၊ ဘုရားသခင်၏ဖြစ်ခြင်းနှင့် ဘုရားသခင်၏ စိတ်သဘောထားတို့ဖြစ်သည်။ သူတို့သည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာအလယ်တွင် အသက်ရှင်ကြပြီး ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို တွေ့မြင်ခဲ့ကြပြီး ဖြစ်သည်။ အကယ်၍ လူတို့သည် ဘုရားသခင်ကို ချစ်ရန် ဆန္ဒရှိပါက၊ သူတို့သည် ဘုရားသခင်၏ ချစ်ခင်နှစ်လိုဖွယ်ကောင်းမှုကို မြည်းစမ်းကြည့်ရမည် ဖြစ်ပြီး ဘုရားသခင်၏ ချစ်ခင်နှစ်လိုဖွယ်ကောင်းမှုကို တွေ့မြင်ကြရမည်။ သို့မှသာ သူတို့အထဲ၌ ဘုရားသခင်ကို ချစ်သော စိတ်နှလုံးနှင့် ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို သစ္စာစောင့်သိစွာ အသုံးခံသော စိတ်နှလုံးသည် ၎င်းတို့ထဲတွင် နိုးထလာပေမည်။ ဘုရားသခင်သည် သူ့ကို လူတို့ချစ်လာအောင် စကားလုံးများအားဖြင့် မလုပ်ပေ၊ သို့မဟုတ် သူတို့၏ စိတ်ကူးစိတ်သန်းအားဖြင့်လည်း မလုပ်ပေ။ လူတို့အား သူ့ကို အတင်းအဓမ္မလည်း မချစ်ခိုင်းပေ။ ထိုအစား သူသည် လူတို့ကို သူတို့သဘောနှင့်သူတို့ သူ့အား ချစ်လာစေပြီး သူ၏အလုပ်နှင့် မိန့်မြွက်ချက်များတွင် သူ၏ချစ်ခင်နှစ်လိုဖွယ်ကောင်းမှုကို တွေ့မြင်စေသည်။ ထို့နောက်တွင် သူတို့အထဲ၌ ဘုရားသခင်ကို ချစ်ခြင်း ပေါက်ဖွားလာသည်။ ဤနည်းလမ်းအားဖြင့်သာ လူတို့သည် ဘုရားသခင်နှင့်ဆိုင်သည့် စစ်မှန်သော သက်သေခံချက်ကို ပေးနိုင်မည်ဖြစ်သည်။ လူတို့သည် အခြားသူများ၏ တွန်းအားပေးမှုကြောင့် ဘုရားသခင်ကို ချစ်ခြင်း မဟုတ်သကဲ့သို့ ရုတ်တရက် ဖြစ်ပေါ်သော စိတ်ခံစားမှုဆန္ဒအရ ချစ်ခြင်းလည်း မဟုတ်ပေ။ သူတို့သည် ဘုရားသခင်၏ ချစ်ခင်နှစ်လိုဖွယ်ကောင်းခြင်းကို တွေ့မြင်ခဲ့ပြီး ဖြစ်သောကြောင့်၊ လူတို့၏ ချစ်ခြင်းမေတ္တာကို ခံထိုက်သည့်အရာ သူ့အထဲ၌ များစွာရှိကြောင်းကို တွေ့မြင်ခဲ့ပြီးဖြစ်သောကြောင့်၊ ဘုရားသခင်၏ ကယ်တင်ခြင်း၊ ဉာဏ်ပညာနှင့် အံ့ဖွယ်လုပ်ရပ်များကို တွေ့မြင်ခဲ့သောကြောင့်၊ ဘုရားသခင်ကို ချစ်ကြခြင်းဖြစ်သည်။ ရလဒ်အနေဖြင့် သူတို့သည် ဘုရားသခင်ကို အမှန်တကယ် ချီးမွမ်းကာ အမှန်တကယ် တောင့်တကြပြီး သူတို့စိတ်ထဲတွင် ဘုရားသခင်ကို မရလျှင် အသက်မရှင်နိုင်တော့သည့် စိတ်ထက်သန်ပြင်းပြမှု ပေါ်ပေါက်လာသည်။ ဘုရားသခင်အတွက် စစ်မှန်စွာ သက်သေခံသောသူများသည် သူ့အတွက် ထူးကဲသော သက်သေခံချက် ပေးနိုင်သည်မှာ သူတို့၏ သက်သေခံချက်သည် စစ်မှန်သော အသိတရားနှင့် ဘုရားသခင်ကို အမှန်တကယ် တောင့်တမှုတို့အပေါ်တွင် အခြေခံသောကြောင့် ဖြစ်သည်။ ယင်းသည် ရုတ်တရက် ဖြစ်ပေါ်လာသော စိတ်ဆန္ဒမဟုတ်ဘဲ၊ ဘုရားသခင်နှင့် သူ၏ စိတ်သဘောထားတို့ကို သိခြင်းအပေါ်တွင် အခြေခံသော သက်သေခံချက် ဖြစ်သည်။ သူတို့သည် ဘုရားသခင်ကို သိရှိလာသည့်အတွက် ဘုရားသခင်အတွက် သေချာပေါက် သက်သေခံရမည် ဖြစ်ပြီး ဘုရားသခင်ကို တမ်းတသောသူအားလုံး ဘုရားသခင်ကို သိရှိလာစေရန် ပြုလုပ်ကြရမည်၊ ဘုရားသခင်၏ ချစ်ခင်နှစ်လိုဖွယ်ကောင်းမှုနှင့် သူ၏လက်တွေ့ကျခြင်းတို့ကို သိရမည်ဟု သူတို့ ခံစားကြရသည်။ ဘုရားသခင်အပေါ်ထားသော လူတို့၏ ချစ်ခြင်းမေတ္တာကဲ့သို့ပင် သူတို့၏ သက်သေခံချက်များသည်လည်း အလိုအလျောက် ထွက်လာသော သက်သေခံချက်များဖြစ်သည်။ ယင်းမှာ မှန်ကန်မှုရှိပြီး စစ်မှန်သော အရေးပါမှုနှင့် တန်ဖိုးတို့ရှိ၏။ ထိုသက်သေခံချက်များသည် တက်ကြွမှုမရှိသော၊ သို့မဟုတ် အနှစ်သာရမရှိဘဲ အဓိပ္ပာယ်ကင်းမဲ့သော သက်သေခံချက်များ မဟုတ်ပေ။ ဘုရားသခင်ကို အမှန်တကယ် ချစ်မြတ်နိုးသော သူများသည်သာ သူတို့၏အသက်တာများ၌ အများဆုံးသော တန်ဖိုးနှင့် အဓိပ္ပာယ်တို့ရှိကြ၏။ ဘုရားသခင်ကို သူတို့သာ အမှန်တကယ် ယုံကြည်ကြခြင်းမှာ သူတို့သည် ဘုရားသခင်၏ အလင်းထဲတွင် အသက်ရှင်နေထိုင်ကြသောကြောင့်ဖြစ်ပြီး ဘုရားသခင်၏အမှုနှင့် စီမံခန့်ခွဲမှု အတွက် အသက်ရှင် နိုင်ကြသောကြောင့် ဖြစ်သည်။ သူတို့သည် အမှောင်ထုထဲတွင် မနေကြဘဲ၊ အလင်းထဲတွင် နေထိုင်ကြသောကြောင့် ဖြစ်သည်။ သူတို့သည် အဓိပ္ပာယ်မဲ့သောဘဝကို အသက်မရှင်ဘဲ၊ ဘုရားသခင်ကောင်းချီးပေးသော အသက်တာကို အသက်ရှင်ကြသည်။ ဘုရားသခင်ကို ချစ်သောသူများသာလျှင် ဘုရားသခင် အတွက် သက်သေခံနိုင်ကြသည်။ သူတို့သာလျှင် ဘုရားသခင်၏ သက်သေခံများ ဖြစ်ကြ၏။ သူတို့သာလျှင် ဘုရားသခင်၏ ကောင်းချီးပေးခြင်းကိုခံရပြီး သူတို့သာလျှင် ဘုရားသခင်၏ ကတိတော်များကို လက်ခံရရှိနိုင်ကြသည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို ချစ်သောသူများသည် သူ၏အလင်းထဲတွင် ထာဝရနေထိုင်လိမ့်မည်
ဆက်စပ်မှုရှိသော အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ
ဘုရားသခင်အား အကောင်းဆုံး သက်သေခံနည်းကို ကျွန်ုပ်သင်ယူခဲ့ပုံ
ကြွားဝါခြင်းမှ ဖြစ်ပေါ်လာသည့် ထိခိုက်နစ်နာမှု
ဆက်စပ်မှုရှိသော ဓမ္မသီချင်းများ
စစ်မှန်စွာ ကျင့်ကြံအသက်ရှင်ခြင်းဖြင့်သာ သင်သည် ပုံသက်သေဖြစ်နိုင်၏
သင်၏ယုံကြည်ခြင်း၌ ဘုရားကို သက်သေခံနည်းကျူး