၅။ မိသားစု၏ ဇာတိပကတိဆိုင်ရာ သာယာမှုများကို ငမ်းငမ်းတက် တပ်မက်ခြင်းနှင့်သက်ဆိုင်သော ပြဿနာကို ဖြေရှင်းနည်း

ကျမ်းစာထဲမှ ဘုရားနှုတ်ကပတ်တော်များ

“အကြင်သူသည် ငါ့ထံသို့လာ၍ မိဘ၊ သား မယား၊ ညီအစ်ကို၊ နှမတို့ကို၎င်း၊ ထိုမျှမက မိမိအသက်ကို ၎င်း မမုန်း၊ ထိုသူသည် ငါ့တပည့်မဖြစ်နိုင်ရာ။” (ရှင်လုကာခရစ်ဝင် ၁၄:၂၆)

“သင်တို့တွင် အကြင်သူသည် မိမိ၌ရှိသမျှကို မစွန့်ဘဲနေ၏။ ထိုသူသည် ငါ့တပည့်မဖြစ်နိုင် ရာ။” (ရှင်လုကာခရစ်ဝင် ၁၄:၃၃)

“ငါအမှန်ဆိုသည်ကား၊ အကြင်သူသည် ဘုရားသခင်၏ နိုင်ငံတော်ကြောင့်၊ အိမ်ရာ၊ မိဘ၊ ညီအစ်ကို၊ သားမယားတည်းဟူသော တစ်ပါးပါးကို စွန့်၏။ ထိုသူသည် ယခုကာလ၌ အဆများစွာသောအကျိုးကို၎င်း၊ နောင်ဘ၀၌ ထာဝရအသက်ကို၎င်း ခံရလတံ့” (ရှင်လုကာခရစ်ဝင် ၁၈:၂၉-၃၀)

နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များ

နှစ်ထောင်ပေါင်းများစွာ ရှိခဲ့သည့် “မြင့်မြတ်သော အမျိုးသားရေးစိတ်ဓာတ်” က လူသား၏ စိတ်နှလုံးထဲတွင် နက်နက်ရှိုင်းရှိုင်း ချန်ခဲ့သည့် မသိမသာနှင့် ဖျက်လိုဖျက်ဆီး လုပ်သည့်သဘောရှိသော လွှမ်းမိုးမှုများအပြင်၊ လွတ်လပ်မှု တစ်စက်မျှမရှိဘဲ၊ ဆန္ဒပြင်းပြဖို့ သို့မဟုတ် မဆုတ်မနစ် လုံ့လထုတ်ဖို့ လိုအင်ဆန္ဒမရှိဘဲနှင့်၊ တိုးတက်စေဖို့ ဆန္ဒမရှိဘဲ၊ ယင်းအစား အပျက်သဘောဆောင်ပြီး ခေတ်နောက်ပြန် ဆွဲမြဲဆွဲနေရင်း၊ ကျေးကျွန်စိတ်နေသဘောထားတွင် ခိုင်မာစွာ အမြစ်တွယ်လျက်၊ လူတို့ ပိတ်မိပြီး ချည်နှောင်ခံရသည့် ရှေးရိုးစွဲ အတွေးအခေါ် စသဖြင့်- ဤဓမ္မဓိဋ္ဌာန်ကျသော အကြောင်းရင်းများသည် လူသားမျိုးနွယ်၏ သဘောတရားဆိုင်ရာ အမြင်၊ စံများ၊ ကိုယ်ကျင့်တရားနှင့် စိတ်သဘောထားတို့ထံ ဖျက်မရသည့် ညစ်ညူးပြီး အကျည်းတန်သော အသွင်ကို ပေးပြီးဖြစ်သည်။ လူသားများသည် ၎င်းတို့ထဲမှ မည်သူမျှ ကျော်လွန်ဖို့ မကြိုးစားကြသည့် အကြမ်းဖက်မှု အမှောင်ကမ္ဘာ၌ အသက်ရှင်နေကြသည်ဟု ထင်ရပြီး အကောင်းဆုံး လောကတစ်ခုသို့ ပြောင်းရွှေ့ခြင်းငှာ ၎င်းတို့ထဲမှ မည်သူမျှ မစဉ်းစားကြချေ။ ယင်းထက်၊ ၎င်းတို့သည် အသက်တာထဲတွင် မိမိတို့၏ နေ့ရက်များကို သားသမီးများမွေးကာ ပြုစုပျိုးထောင်ရင်း၊ ကြိုးပမ်းရင်း၊ ချွေးပြန်ရင်း၊ အိမ်မှုဝေယျာဝစ္စများကို လုပ်ဆောင်ရင်း၊ သက်သောင့်သက်သာရှိပြီး ပျော်ရွှင်ဖွယ်ကောင်းသည့် မိသားစုတစ်ခု၊ အိမ်ထောင်ရေး ချစ်ခင်မှု၊ သားသမီးဝတ်ကျေပွန်သော သားသမီးများကို စိတ်ကူးယဉ်အိပ်မက်မက်ရင်း၊ မိမိတို့၏ ဘဝများကို အေးချမ်းစွာ အသက်ရှင်နေထိုင်ကြသည်နှင့်အမျှ ဘဝ၏ နေဝင်ချိန် နှစ်များတွင် ပျော်ရွှင်မှုတို့ကို စိတ်ကူးယဉ်အိပ်မက်မက်ရင်းဖြင့် မိမိတို့၏ ဘဝကံကြမ္မာကို ရောင့်ရဲတင်းတိမ်နေကြလေသည်...ဆယ်စုနှစ်၊ ထောင်စုနှစ်၊ သောင်းစုနှစ်ချီသည့် နှစ်ကာလများစွာကြာ ယခုထိတိုင်၊ လူတို့သည် စုံလင်သော အသက်တာတစ်ခုကို ဖန်တီးခြင်းမရှိဘဲနှင့်၊ ၎င်းတို့၏ အချိန်ကို ဤနည်းဖြင့် အချည်းနှီး ကုန်လွန်နေခဲ့ကြသည်၊ ကျော်ကြားမှုနှင့် အခွင့်အလမ်းများအတွက် ပြိုင်ဆိုင်ခြင်းနှင့် တစ်ဦးနှင့်တစ်ဦး လျှို့ဝှက်ကြံစည်ကြခြင်းဖြင့် အားလုံးသည် ဤအမှောင်ကမ္ဘာလောက၌ အချင်းချင်း အပြန်အလှန် သတ်ဖြတ်ဖို့သာ စိတ်ပိုင်းဖြတ်ထားကြလေသည်။ မည်သူသည် ဘုရားသခင်၏ရည်ရွယ်ချက်များကို ရှာဖွေဖူးသနည်း။ ဘုရားသခင်၏အမှုကို တစ်ဦးတစ်လေက အရေးစိုက်ဖူး သလော။ အမှောင်စွမ်းအား၏ နေရာယူခြင်းခံထားရသော လူသားမျိုးနွယ်၏ အစိတ်အပိုင်းအားလုံးသည် အချိန်ကြာမြင့်စွာကတည်းက လူ့သဘာဝဗီဇ ဖြစ်လာပြီးဖြစ်ကာ၊ ထို့ကြောင့် ဘုရားသခင်၏ အမှုကို ဆောင်ရွက်ရန် အတော်အတန် ခက်ခဲပြီး၊ ယနေ့တွင် ၎င်းတို့ကို ဘုရားသခင်က အပ်နှံပြီးဖြစ်သည့်အရာကို လူတို့သည် သာ၍ပင် အာရုံစိုက်ချင်စိတ်မရှိကြချေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမှုတော်နှင့် ဝင်ရောက်ခြင်း (၃)

မည်သူသည် ငါ့အတွက် သူတို့ကိုယ်သူတို့ အမှန်တကယ် ပြည့်ဝစွာ အသုံးခံကာ သူတို့၏ အရာအားလုံးကို ငါ့အတွက် ဆက်ကပ်နိုင်သနည်း။ သင်တို့ အားလုံးသည် စိတ်မပါ့တပါဖြစ်နေကြပြီး သင်တို့၏ အတွေးများသည် တဝဲလည်လည် ဖြစ်ကာ အိမ်၊ အပြင်လောက၊ အစားအစာနှင့် အဝတ်အစားများအကြောင်း တွေးနေကြသည်။ သင်သည် ငါ့အရှေ့ ဤနေရာတွင် ရှိနေပြီး ငါ့အတွက် အမှုအရာများကို လုပ်ဆောင်နေသော်လည်း သင်၏ စိတ်နှလုံးအတွင်းထဲတွင်မူ သင်သည် အိမ်ရှိ သင်၏ ဇနီးသည်၊ သားသမီးများနှင့် မိဘများအကြောင်းကို တွေး၍နေသေးသည်။ ဤအရာအားလုံးသည် သင်၏ ဥစ္စာဖြစ်သလော။ ၎င်းတို့ကို ငါ၏ လက်ထဲသို့ သင်အဘယ်ကြောင့် မအပ်နှံသနည်း။ ငါ့ကို သင် ယုံကြည်ကိုးစားခြင်း မရှိသလော။ ထိုသို့မဟုတ်လျှင် ငါသည် သင့်အတွက် မဆီလျော်သော စီစဉ်ပြင်ဆင်မှုများကို ပြုလိမ့်မည်ဟူ၍ သင်စိုးရိမ်သောကြောင့် ဖြစ်သလော။ သင်သည် သင်၏ဇာတိပကတိ မိသားစုကို အဘယ်ကြောင့် အမြဲတစေ ပူပန်ပြီး သင်ချစ်ရသူများအတွက် အဘယ်ကြောင့် အမြဲစိုးရိမ်ကြောင့်ကြနေသနည်း။ ငါသည် သင်၏ နှလုံးသားထဲတွင် ကျိန်းသေနေရာတစ်ခု ရှိသလော။ ငါ့ကို သင့်အထဲ၌ အုပ်စိုးမှုရှိရန်နှင့် သင်၏ ဖြစ်တည်ခြင်းအလုံးစုံထဲတွင် နေရာယူရန် ငါ့ကို ခွင့်ပြုသည့်အကြောင်း သင်ပြောဆဲဖြစ်သည်၊ ဤအရာအားလုံးမှာ လှည့်စားသော မုသားများပင် ဖြစ်သည်။ သင်တို့ထဲမှ မည်မျှသည် သင်တို့၏ စိတ်နှလုံးအကြွင်းမဲ့ဖြင့် အသင်းတော်ထံ ကတိခံကြသနည်း။ ထို့အပြင် သင်တို့ထဲမှ မည်သူသည် ကိုယ့်အတွက်ကိုယ် မတွေးဘဲ ယခုကာလ၏ နိုင်ငံတော်အတွက် ပြုမူလုပ်ဆောင်ကြသနည်း။ ဤအကြောင်းကို အလွန် သေချာစွာ စဉ်းစားလော့။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၅၉)

သင်တို့သည် ဤနှစ်ပေါင်းများစွာ တစ်လျှောက်လုံးတွင် ငါ့နောက်သို့ လိုက်လျှောက်နေခဲ့ ကြသော်လည်း ငါ့အပေါ်၌ မြူမှုန်မျှပင် သစ္စာမစောင့်သိခဲ့ကြ။ ယင်းအစား သင်တို့သည် သင်တို့ချစ်သောသူများနှင့် သင်တို့နှစ်သက်သော အရာများကိုသာ အမြဲတမ်း ဗဟိုပြုကြ လွန်းသည့်အတွက် သင်တို့သွားလေရာရာ၌ ထိုအရာများကို သင်တို့မြတ်နိုးတန်ဖိုးထားကြပြီး လုံးဝမစွန့်လွှတ်ကြပေ။ သင်တို့သည် ငါ့နောက်သို့ လိုက်လျှောက်သည့် အချိန်အတော အတွင်း ဖြစ်တတ်သည့် မိမိတို့ချစ်မြတ်နိုးသော အရာတစ်ခုနှင့် ပတ်သက်၍ စိတ်ထက်သန်လာချိန်၊ သို့တည်းမဟုတ် သဲကြီးမဲကြီး ဖြစ်လာသောအချိန်၊ သို့မဟုတ် သင်တို့သည် ငါ့နှုတ်ကပတ်တော်များကို နားထောင်နေချိန်၌ပင်လျှင် ထိုသို့ဖြစ်တတ်ကြသည်။ ထို့ကြောင့် သင်တို့ကို ငါတောင်းဆို သည့်အတိုင်း ငါ့ကို သစ္စာစောင့်သိရမည့်အစား သင်တို့သည် မိမိတို့၏ “အချစ်တော်များ” ကိုသာ သစ္စာစောင့်သိပြီး ချစ်ခင်မြတ်နိုးကြသည်ဟု ငါပြောမည်။ ငါ့အတွက် တစ်ခု၊ နှစ်ခုမျှ သင်တို့ စွန့်လွှတ်နိုင်ကောင်း စွန့်လွှတ်နိုင်သော်ငြားလည်း ထိုအရာသည် သင်တို့၏ အရာအားလုံးကို ကိုယ်စားမပြု၊ သင်တို့ အမှန်တကယ် သစ္စာစောင့်သိသူမှာ ငါဖြစ်သည်ဆိုခြင်းကိုလည်း မပြသပေ။ သင်တို့သည် သင်တို့အရူးအမူးဖြစ်သောအရာကို လုပ်ဆောင်ခြင်းများနှင့်သာ ဆက်စပ်ပတ်သက်ချင်ကြ၏- အချို့က သားနှင့်သမီးများအပေါ် သစ္စာစောင့်သိကြသည်၊ အချို့မှာမူ လင်ယောက်ျား၊ ဇနီးမယား၊ စည်းစိမ်ဥစ္စာ၊ အလုပ်အကိုင်၊ အထက်လူကြီး၊ ဂုဏ်အရှိန်အဝါ၊ သို့မဟုတ် မိန်းမများအပေါ် သစ္စာစောင့်သိကြသည်။ သင်တို့ သစ္စာစောင့်သိသော အရာများအတွက် သင်တို့သည် စိတ်ပင်ပန်းခြင်း၊ သို့မဟုတ် စိတ်အနှောင့်အယှက်ဖြစ်ခြင်းမျိုး မည်သည့်အခါမျှ မရှိကြပေ၊ ထိုအစား သင်တို့သည် သင်တို့သစ္စာစောင့်သိသည့်အရာများကို သာ၍မြင့်မားသော အရည်အသွေးနှင့် သာ၍များသော အရေအတွက်ပါ ပိုင်ဆိုင်ဖို့ရန် တိုး၍ တောင့်တကြပြီး မည်သည့်အခါမျှ စိတ်ပျက် အားလျော့ခြင်း မရှိချေ။ ငါကိုယ်တိုင်နှင့် ငါ၏ နှုတ်ကပတ်တော်များသည် သင်တို့ အရူးအမူးဖြစ်နေသော အရာများ၏နောက်ဆုံးကို အမြဲတွန်းပို့ခံနေရသည်။ ထိုအရာများကို နောက်ဆုံး၌ နေရာချရန်မှလွဲ၍ သင်တို့မှာ အခြားရွေးစရာမရှိ။ မိမိတို့ ယခုတိုင် ရှာမတွေ့သေးသော သစ္စာစောင့်သိရမည့်အရာအတွက် ထိုနောက်ဆုံးနေရာကိုပင် ကွက်လပ်ချန်ထားကြသောသူများပင် ရှိကြသေး၏။ ထိုသူတို့၏ နှလုံးသားများထဲ၌ ငါဟူသည်မှာ အရိပ်အယောင်မျှပင် တစ်ခါမျှ မရှိခဲ့စဖူး။ သင်တို့ကို ငါတောင်းဆိုသောအရာများ များလွန်း နေ၏၊ သို့မဟုတ် ငါသည် သင်တို့ကို အမှားမှားအယွင်းယွင်း စွပ်စွဲနေသည်ဟု သင်တို့ ထင်ကောင်းထင်လိမ့်မည်၊ သို့သော် သင်တို့မိသားစုများနှင့် ပျော်ရွှင်စွာ အချိန်ဖြုန်းနေသည့်အချိန်၌ သင်တို့သည် ငါ့ကို တစ်ကြိမ်တစ်ခါမျှ သစ္စာမစောင့်သိခဲ့ ဆိုသည့်အချက်ကို သင်တို့စဉ်းစားမိကြ၏လော။ ဤကဲ့သို့သော အချိန်များ၌ သင်တို့ မနာကျင်ကြသလော။ သင်တို့၏ နှလုံးသားများသည် ဝမ်းမြောက်ခြင်းနှင့် ပြည့်နှက်နေသောအခါ၊ သင်တို့၏ အားထုတ်မှုများအတွက် ဆုချခံရသောအခါ သင်တို့သည် မိမိတို့ကိုယ်မိမိ လုံလောက်သော သမ္မာတရားနှင့် ဖြည့်ဆည်းမထားသည်ကို အားမငယ်သလော။ ငါ၏ ထောက်ခံချက် မရသဖြင့် သင်တို့သည် မည်သည့်အချိန်က ငိုကြွေးခဲ့ကြဖူးသနည်း။ သင်တို့၏ သားများ၊ သမီးများအတွက် သင်တို့သည် ဦးနှောက်အခြောက်ခံ၊ ဒုက္ခအကြီးအကျယ်ခံ နေသော်လည်း သင်တို့သည် အားမရနိုင်သေး၊ သူတို့အတွက် သင်တို့၏ကြိုးစားမှုက မလုံလောက်သေး၊ သူတို့အတွက် သင်တို့၏လုံ့လအားလုံးကို မပေးအပ် မမြှုပ်နှံရသေးဟု သင်တို့ ယုံကြည်နေကြ၏။ သို့သော် ငါ့ကိုမူ သင်တို့သည် အမြဲတမ်း မေ့လျော့ပေါ့ဆ၍ ဂရုမစိုက်ဘဲ နေကြသည်၊ ငါ့ကို သင်တို့၏ မှတ်ဉာဏ်များထဲ၌သာထားပြီး သင်တို့၏ နှလုံးသားထဲ၌ကား ငါ့ကို ကြာရှည် တည်နေစေခြင်းမရှိ။ သင်တို့အပေါ်ထားသော ငါ၏ပေးအပ်မြှုပ်နှံမှုနှင့် လုံ့လများကို သင်တို့သည် အမြဲတမ်း မခံစားကြဘဲ နားလည်အသိအမှတ်ပြုမှုလည်း သင်တို့၌ တစ်စက်မျှ မရှိခဲ့ကြ။ သင်တို့သည် အတိုချုံးသာ နှိုင်းဆဆင်ခြင်ကြပြီး ထိုအရာမှာ လုံလောက်ပြီဟု ယုံကြည်ကြသည်။ ဤသို့သော “သစ္စာစောင့်သိမှု” မျိုးမှာ ကြာမြင့်စွာ ငါတောင့်တခဲ့သောအရာ မဟုတ်ဘဲ ကြာမြင့်စွာ ကတည်းက ငါစက်ဆုပ်သောအရာဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်မည်သူ့ကို သစ္စာစောင့်သိသနည်း

သင်တို့၏ အတွေးများ၌ အချိန်တိုင်းရှိသည်မှာ ငါမဟုတ်သကဲ့သို့၊ ငါ့ထံမှလာသော သမ္မာတရားလည်း မဟုတ်ဘဲ၊ ယင်းထက်၊ သင်တို့၏ခင်ပွန်း သို့မဟုတ် ဇနီး၊ သင်တို့၏ သားများနှင့် သမီးများ၊ ပြီးလျှင် သင်တို့ စားသောက်ပြီး ဝတ်ဆင်သောအရာများ ဖြစ်ကြ၏။ သင်တို့သည် သာ၍ သာ၍ ကောင်းသည့်၊ သာ၍ သာ၍ မြင့်မားသည့် ပျော်ရွှင်မှု မည်သို့ရရှိနိုင်သည်ကို စဉ်းစားကြသည်။ သို့သော်၊ သင်တို့သည် ကွဲထွက်မတတ် သင်တို့၏ ဗိုက်များကို ဖြည့်ပြီးသည့်အချိန်တွင်ပင်၊ အလောင်းကောင်တစ်ကောင် ဖြစ်နေဆဲ ဖြစ်သည် မဟုတ်လော။ အပြင်ပန်းအားဖြင့်၊ သင်တို့သည် အင်မတန် လှပသည့် အဝတ်အစားဖြင့် မိမိတို့ကိုယ်ကိုယ် ဆင်မြန်းကြသည့်အချိန်တွင်ပင်၊ သင်တို့သည် အသက်ကင်းမဲ့သည့် လမ်းလျှောက်နေသော အလောင်းကောင်တစ်ကောင် ဖြစ်နေဆဲ မဟုတ်လော။ သင်တို့၏ ဆံပင်များ အဖြူရောင်ဖြင့် အစင်းအကျားဖြစ်သည်အထိ၊ သင်တို့၏ ဝမ်းဗိုက်အတွက် သင်တို့ ပင်ပန်းကြီးစွာအလုပ်လုပ်ကြ၏၊ သို့သော်၊ သင်တို့ထဲမှ မည်သူမျှ ငါ၏အမှုအတွက် ဆံချည်တစ်ပင်မျှ မစွန့်လွှတ်ကြချေ။ သင်တို့သည် သင်တို့ကိုယ်တိုင်၏ ဇာတိခန္ဓာအတွက်နှင့် သင်တို့၏သားများနှင့် သမီးများအတွက် သင်တို့၏ခန္ဓာကို ခက်ခဲပင်ပန်းစေကာ ဦးနှောက်ခြောက်အောင် စဉ်းစားရင်း၊ စဉ်ဆက်မပြတ် အလုပ်များနေသည်။ သို့သော်၊ သင်တို့ထဲမှ တစ်ဦးတစ်ယောက်ကမျှ ငါ၏ ရည်ရွယ်ချက်များအတွက် စိုးရိမ်ခြင်း သို့မဟုတ် ပူပန်ခြင်း တစ်ခုတစ်လေမျှ မပြပေ။ ငါ့ထံမှ ရရှိဖို့ သင်တို့ မျှော်လင့်ကြသေးသည်မှာ မည်သည့်အရာနည်း။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခေါ်တော်မူသောသူအများရှိသော်လည်း ရွေးကောက်တော်မူသောသူနည်း၏

ဘုရားသခင်နောက်သို့ လိုက်လျှောက်သည့် သူများသည် အနည်းဆုံးအနေဖြင့် မိမိတို့၌ ရှိသမျှအားလုံးကို စွန့်လွှတ်နိုင်စွမ်း ရှိရမည်။ သမ္မာကျမ်းစာထဲတွင် ဘုရားသခင် တစ်ချိန်က ပြောကြားခဲ့သည်မှာ “သင်တို့တွင် အကြင်သူသည် မိမိ၌ရှိသမျှကို မစွန့်ဘဲနေ၏။ ထိုသူသည် ငါ့တပည့်မဖြစ်နိုင် ရာ။” (ရှင်လုကာခရစ်ဝင် ၁၄:၃၃) ဟူ၍ ဖြစ်သည်။ မိမိ၌ ရှိသမျှအားလုံးကို စွန့်လွှတ်ခြင်း ဟူသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ မိမိ၏ မိသားစုကို စွန့်လွှတ်ခြင်း၊ မိမိ၏ အလုပ်အကိုင်ကို စွန့်လွှတ်ခြင်း၊ မိမိ၏ လောကီသံယောဇဉ်များအားလုံး စွန့်လွှတ်ခြင်းတို့ကို ဆိုလိုသည်။ ဤသည်မှာ လုပ်ဆောင်ရလွယ်သည့် အရာတစ်ခုဖြစ်သလော။ ယင်းမှာ အလွန် ခက်ခဲ၏။ ထိုသို့လုပ်ဆောင်ရန် စိတ်ဆန္ဒမရှိပါက ဖြစ်မြောက်အောင် လုံးဝ လုပ်ဆောင်၍ မရနိုင်ပေ။ အကြင်သူသည် စွန့်လွှတ်ဖို့ စိတ်ဆန္ဒရှိသည့်အခါတွင် ဆင်းရဲဒုက္ခကို ခါးစည်းခံဖို့ စိတ်ဆန္ဒကို အလိုအလျောက် ပိုင်ဆိုင်လေသည်။ အကြင်သူသည် ဆင်းရဲဒုက္ခကို ခါးစည်းမခံနိုင်လျှင် စွန့်လွှတ်ရန် ဆန္ဒရှိကောင်း ရှိနေနိုင်သော်ငြားလည်း မည်သည့်အရာကိုမျှ စွန့်လွှတ်နိုင်လိမ့်မည် မဟုတ်။ မိမိတို့၏ မိသားစုကို စွန့်လွှတ်ကာ မိမိတို့ ချစ်ခင်ရသူများနှင့် ခပ်ကင်းကင်းနေရသဖြင့် မိမိတို့၏ တာဝန်များကို ခဏတာ ထမ်းဆောင်ပြီးနောက် အိမ်ကို လွမ်းလာသည့်သူအချို့ ရှိ၏။ ၎င်းတို့ အမှန်တကယ်ကို မခံစားနိုင်ပါက တစ်ချက်မျှကြည့်ရန် အိမ်သို့ တိတ်တဆိတ် ပြန်ပြေးသွားပြီးနောက် မိမိတို့၏ တာဝန်များကို ထမ်းဆောင်ဖို့ ပြန်လာကောင်း ပြန်လာနိုင်သည်။ မိမိတို့၏ တာဝန်များကို ထမ်းဆောင်ဖို့ အိမ်မှ ထွက်လာခဲ့ကြသောသူအချို့သည် နှစ်သစ်ကူးနှင့် အခြားသော အခါကြီးရက်ကြီးများတွင် မိမိတို့ ချစ်ခင်ရသူများကို မလွမ်းဘဲ မနေနိုင်ကြ၍ ညအခါ အခြားသော လူတိုင်း အိပ်စက်နေချိန်တွင် တိတ်တဆိတ် ငိုကြွေးကြသည်။ ငိုကြွေး၍ ပြီးသွားသည့်အခါတွင် ၎င်းတို့သည် ဘုရားသခင်ထံ ဆုတောင်းကြကာ များစွာ စိတ်သက်သာရာရပြီးနောက် မိမိတို့၏ တာဝန်များကို ဆက်လက်ထမ်းဆောင်ကြလေသည်။ ဤလူများသည် မိမိတို့၏ မိသားစုကို စွန့်လွှတ်နိုင်စွမ်း ရှိသော်ငြားလည်း ကြီးမားသော စိတ်ဆင်းရဲမှုကို ခါးစည်းခံနိုင်စွမ်းကား မရှိကြ။ ၎င်းတို့သည် လူ့ဇာတိနှင့်သက်ဆိုင်သော ဤဆွေမျိုးသားချင်းများအတွက် မိမိတို့၏ ခံစားချက်များကို ဖယ်ရှားနိုင်စွမ်းပင် မရှိကြပါက မိမိတို့ကိုယ်ကို ဘုရားသခင်အတွက် မည်သို့များ အမှန်တကယ် အသုံးခံနိုင်စွမ်း ရှိကြမည်နည်း။ လူအချို့သည် မိမိတို့၏ အလုပ်အကိုင်များနှင့် မိမိတို့၏ မိသားစုကို စွန့်လွှတ်ကာ မိမိတို့၌ ရှိသမျှအားလုံးကို စွန့်လွှတ်နိုင်ပြီး ဘုရားသခင်နောက်သို့ လိုက်လျှောက်နိုင်ကြသည်။ သို့သော် ဤသို့လုပ်ဆောင်ရာတွင် ၎င်းတို့၏ ရည်မှန်းချက်မှာ အဘယ်နည်း။ အချို့သော လူများသည် ကျေးဇူးတော်နှင့် ကောင်းချီးမင်္ဂလာများ ရရှိဖို့ ကြိုးစားနေကြခြင်း ဖြစ်သည်။ အချို့မှာမူ ပေါလုကဲ့သို့ပင် သရဖူနှင့် ဆုလာဘ်နောက်ကို လိုက်နေကြခြင်းသာ ဖြစ်သည်။ လူအနည်းငယ်ကသာ သမ္မာတရားနှင့် အသက်ကို ရရှိဖို့နှင့် ကယ်တင်ခြင်းကို ရဖို့ မိမိတို့၌ ရှိသမျှအားလုံးကို စွန့်လွှတ်ကြသည်။ သို့ဖြစ်၍ အဆိုပါ လိုက်စားမှုများထဲမှ အဘယ်အရာသည် ဘုရားရည်ရွယ်ချက်များနှင့် ကိုက်ညီသနည်း။ သမ္မာတရားကိုလည်းကောင်း၊ အသက်ရရှိရေးကိုလည်းကောင်း လိုက်စားခြင်း ဖြစ်သည်မှာ ပြောဖို့ပင်မလို။ ဤသည်မှာ ဘုရားရည်ရွယ်ချက်များနှင့် လုံးလုံးလျားလျား ကိုက်ညီပြီး ဘုရားသခင်ကို ယုံကြည်ခြင်း၏ အရေးအကြီးဆုံးသော ကဏ္ဍဖြစ်၏။ လောကီအရာများကို သို့မဟုတ် စည်းစိမ်ဥစ္စာကို လက်မလွှတ်နိုင်လျှင် အကြင်သူသည် သမ္မာတရားကို ရရှိနိုင်သလော။ ဧကန်မုချ မရရှိနိုင်။...ဘုရားသခင်နောက်ကို လိုက်လျှောက်ရန်နှင့် သင်၏တာဝန်ကို ထမ်းဆောင်ရန်၊ ပြီးလျှင် သမ္မာတရားကို လိုက်စားရန်နှင့် အသက်ကို ရရှိရန် သင့်အတွက် အရေးအကြီးဆုံးဖြစ်သော အရာမှန်သမျှကို သင်စွန့်လွှတ်နိုင်မှသာလျှင် ဘုရားသခင်၏ နိုင်ငံတော်ထဲသို့ သင်ဝင်ရောက်နိုင်လိမ့်မည်။ ဘုရားသခင်၏ နိုင်ငံတော်ထဲသို့ ဝင်ရောက်ခြင်းဟူသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ယင်းက သင်သည် မိမိ၌ ရှိသမျှအားလုံးကို စွန့်လွှတ်ပြီး ဘုရားသခင်နောက်သို့ လိုက်လျှောက်နိုင်ကြောင်း၊ သူ၏နှုတ်ကပတ်တော်များကို အလေးထားနိုင်ကြောင်း၊ အရာရာတွင် သူ့ကို ကျိုးနွံနာခံလျက် သူ၏ စီစဉ်မှုများကို ကျိုးနွံနာခံနိုင်ကြောင်း ဆိုလို၏။ ယင်းမှာ သူသည် သင်၏ အရှင်သခင်နှင့် သင်၏ ဘုရားသခင် ဖြစ်လာပြီးဖြစ်ကြောင်းကို ဆိုလိုသည်။ ဘုရားသခင်အတွက် ယင်းက သင်သည် သူ၏နိုင်ငံတော်ထဲသို့ ဝင်ရောက်ပြီးဖြစ်ကာ သင့်အပေါ် မည်သည့်ဘေးဒုက္ခကျရောက်ပါစေ သူ၏ ကွယ်ကာမှုကို သင်ရလိမ့်မည် ဖြစ်ပြီး ရှင်သန်ကျန်ရစ်နိုင်လိမ့်မည် ဖြစ်သည့်အပြင် သင်သည် သူ့နိုင်ငံသားများထဲမှ တစ်ယောက် ဖြစ်လိမ့်မည်ဟူသည့် သဘောဖြစ်လေသည်။ သင့်အား သူ၏ နောက်လိုက်တစ်ဦးအဖြစ် ဘုရားသခင်က အသိအမှတ်ပြုလိမ့်မည် သို့မဟုတ် သင့်ကို စုံလင်အောင် ပြုပေးမည်ဟူသည့် သူ၏ကတိတော်ကို သူပေးလိမ့်မည်။ သို့ရာတွင် သင်၏ ပထမဆုံးခြေလှမ်းအနေဖြင့် သင်သည် ခရစ်တော်နောက်ကို လိုက်လျှောက်ရမည်။ ထိုနည်းအားဖြင့်သာ နိုင်ငံတော်၏ လေ့ကျင့်ပေးခြင်းတွင် သင်သည် ပါဝင်လုပ်ဆောင်ဖို့ ကဏ္ဍတစ်ခု ရှိလိမ့်မည်။ ခရစ်တော်နောက်ကို သင်မလိုက်လျှောက်ဘဲ ဘုရားနိုင်ငံတော်၏ ပြင်ပတွင် ရှိနေလျှင် ဘုရားသခင်သည် သင့်ကို အသိအမှတ်ပြုလိမ့်မည် မဟုတ်။ ပြီးလျှင် သင့်အား ဘုရားသခင် အသိအမှတ်မပြုလျှင် သင့်အနေဖြင့် ကယ်တင်ခြင်းခံရလိုပြီး ဘုရားသခင်၏ ကတိတော်နှင့် သူ၏ စုံလင်အောင် ပြုပေးခြင်းတို့ကို ရရှိလိုလျှင်ပင် အဆိုပါအရာများကို သင်ရရှိနိုင်မည်လော။ ရရှိမည် မဟုတ်။ ဘုရားသခင်၏ လက်ခံမှုကို ရရှိလိုလျှင် သူ၏နိုင်ငံတော်ကို ဝင်ရောက်ဖို့ သင်သည် ဦးစွာ အရည်အချင်းပြည့်မီရမည် ဖြစ်သည်။ သမ္မာတရားကို လိုက်စားရန် သင်၌ ရှိသမျှအားလုံးကို စွန့်လွှတ်နိုင်လျှင်၊ သင်၏တာဝန်ကို ထမ်းဆောင်ခြင်းတွင် သမ္မာတရားကို သင်ရှာဖွေနိုင်လျှင်၊ သင်သည် စည်းမျဉ်းများအတိုင်း ဆောင်ရွက်နိုင်လျှင်၊ ထို့အပြင် သင်သည် စစ်မှန်သော အတွေ့အကြုံဆိုင်ရာ သက်သေခံချက်ရှိလျှင် သင်သည် ဘုရားသခင်၏ နိုင်ငံတော်ထဲသို့ ဝင်ရောက်ရန်နှင့် သူ၏ ကတိတော်ကို လက်ခံရရှိရန် အရည်အချင်းပြည့်မီ၏။ ဘုရားသခင်နောက်ကို လိုက်လျှောက်ရေးအတွက် သင်၌ ရှိသမျှအားလုံးကို မစွန့်လွှတ်နိုင်လျှင် သင်သည် သူ၏နိုင်ငံတော်ကို ဝင်ရောက်ဖို့ အရည်အချင်းပင် မပြည့်မီဘဲ သူ၏ ကောင်းချီးမင်္ဂလာများနှင့် သူ၏ကတိတော်တို့ကို တောင်းခံခွင့် လုံးဝ မရှိ။ ယခုအခါတွင် မိမိတို့၌ ရှိသမျှအားလုံးကို စွန့်လွှတ်ပြီးဖြစ်ကာ ဘုရားအိမ်တော်တွင် တာဝန်များကို ထမ်းဆောင်နေကြသော လူအများအပြား ရှိကြ၏။ သို့တိုင်အောင် ၎င်းတို့သည် သမ္မာတရားကို သေချာပေါက် ရရှိနိုင်မည်ကား မဟုတ်။ သမ္မာတရားကို မရရှိနိုင်မီ သမ္မာတရားကို ချစ်မြတ်နိုးနိုင်ပြီး လက်ခံနိုင်ရမည်။ သမ္မာတရားကို မလိုက်စားလျှင် သမ္မာတရားကို မရရှိနိုင်ချေ။ မိမိတို့၏ အားလပ်ချိန်တွင် မိမိတို့၏တာဝန် ထမ်းဆောင်သူများကိုမူ ထုတ်ဖော်ပြောဆိုရန်ပင် မလိုအပ်။ ဘုရားအမှုနှင့်ပတ်သက်သော ၎င်းတို့၏ အတွေ့အကြုံသည် အလွန်နည်းပါးသဖြင့် ၎င်းတို့အတွက် သမ္မာတရားရရှိဖို့က ပို၍ ခက်ခဲလိမ့်မည်။ လူတစ်ဦးသည် မိမိ၏ တာဝန်ကို မထမ်းဆောင်ပါက သို့မဟုတ် သမ္မာတရားကို မလိုက်စားပါက ဘုရားသခင်၏ ကယ်တင်ခြင်းနှင့် စုံလင်အောင် ပြုပေးခြင်းတို့ကို ရရှိဖို့ အံ့ဩဖွယ်ကောင်းသော အခွင့်အရေးနှင့် လွဲချော်လိမ့်မည်။ လူအချို့သည် ဘုရားသခင်ကို ယုံကြည်ကြောင်း အခိုင်အမာဆိုကြသော်လည်း မိမိတို့၏ တာဝန်များကိုမူ မထမ်းဆောင်ကြဘဲ လောကီအရာများကို လိုက်စားကြသည်။ ဤသည်မှာ မိမိတို့၌ ရှိသမျှအားလုံးကို စွန့်လွှတ်ခြင်းလော။ အကြင်သူသည် ဘုရားသခင်ကို ဤနည်းအားဖြင့် ယုံကြည်လျှင် ဘုရားနောက် အဆုံးတိုင် လိုက်လျှောက်နိုင်မည်လော။ သခင်ယေရှု၏ တပည့်တော်များကို ကြည့်လော။ ၎င်းတို့ထဲတွင် တံငါသည်များ၊ တောင်သူလယ်သမားများအပြင် အခွန်ကောက်ခံသူတစ်ဦး ပါသည်။ သခင်ယေရှုက ၎င်းတို့အား ခေါ်ပြီး “ငါ့နောက်သို့ လိုက်လော့” ဟု ဆိုသောအခါ ၎င်းတို့သည် မိမိတို့၏ အလုပ်များကို ချထားခဲ့ပြီး သခင့်နောက်သို့ လိုက်ကြသည်။ ၎င်းတို့သည် မိမိတို့၏ အလုပ်အကိုင်ကိစ္စကို စဉ်းစားခြင်း မရှိသကဲ့သို့ နောက်ပိုင်းတွင် ကမ္ဘာလောကထဲ ရှင်သန်ရပ်တည်ရေး လမ်းကြောင်း ရှိမည် မရှိမည်ကိုလည်း မစဉ်းစားကြဘဲ သခင်ယေရှုနောက်သို့ မဆိုင်းမတွ လိုက်ခဲ့ကြသည်။ ပေတရုသည် သူ့ကိုယ်သူ စိတ်ရောကိုယ်ပါ ဆက်ကပ်ခဲ့ပြီး သခင်ယေရှု၏ တာဝန်ပေးစေခိုင်းချက်ကို အဆုံးတိုင် ဖြည့်ဆည်းကာ သူ၏ တာဝန်ကို ထိန်းသိမ်းခဲ့သည်။ သူ၏ တစ်ဘဝလုံးတွင် သူသည် ဘုရားသခင်အား ချစ်ခြင်းကို လိုက်စားခဲ့ပြီး အဆုံး၌ ဘုရားသခင်၏ စုံလင်အောင် ပြုပေးခြင်းကို ခံခဲ့ရသည်။ ယခုအခါတွင် မိမိတို့၌ ရှိသမျှအားလုံးကိုပင် မစွန့်လွှတ်နိုင်သည့်တိုင် နိုင်ငံတော်ထဲ ဝင်ရောက်ဖို့ ဆန္ဒရှိကြသည့် လူအချို့ ရှိသည်။ ၎င်းတို့သည် အိပ်မက်မက်နေခြင်း မဟုတ်လော။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး

(ညီအစ်ကို မောင်နှမများထံမှ မွေးခွန်းများကို ဖြေဆိုခြင်း)

(ကျွန်ုပ်သည် မိမိ၏တာဝန်ကို ထမ်းဆောင်ချိန်တွင် မိသားစုအပေါ် ခင်တွယ်မှု၏ ထိန်းချုပ်ခြင်းကို ခံနေရဆဲဖြစ်သည်။ ကျွန်ုပ် ရံဖန်ရံခါ သူတို့ကို လွမ်းသည်။ ယင်းသည် ကျွန်ုပ်၏တာဝန်ကို ထမ်းဆောင်ခြင်းအား ထိခိုက်စေသည်။ ကျွန်ုပ်၏ အခြေအနေမှာ ယခုနောက်ပိုင်းတွင် အနည်းငယ် တိုးတက်လာပါသည်။ သို့သော် အဆင်းနီသော နဂါးကြီးသည် ကျွန်ုပ်ကို ခြိမ်းခြောက်ရန်အတွက် ကျွန်ုပ်၏ မိသားစုဝင်များကို ဖမ်းဆီးလေမည်လောဟု တစ်ခါတစ်ရံတွင် စိုးရိမ်မိပါသေးသည်။ ထိုအခါတွင် ကျွန်ုပ်သည် ခိုင်မာစွာ မရပ်တည်နိုင်မည်ကို စိုးရိမ်ကြောက်ရွံ့မိပါသည်။) ယင်းတို့မှာ အခြေအမြစ်မရှိသည့် အကြောက်တရားများ ဖြစ်သည်။ ဤအရာတို့နှင့်ပတ်သက်၍ သင်တွေးပါက ဆုံးဖြတ်ချက်တစ်ခုအတွက် သမ္မာတရားကို သင်ရှာဖွေသင့်သည်။ သင်မည်သည့်အခြေအနေများနှင့် ကြုံရစေကာမူ ဘုရားသခင်က ယင်းကို စီစဉ်ညွှန်ကြားကာ စီစဉ်ထားသည်ကို သင်နားလည်ရန် လိုအပ်သည်။ ဤကဲ့သို့ အနေအထားမျိုးနှင့် ကြုံရပါက သင်သည် ဘုရားသခင်ကို ကျိုးနွံနာခံပြီး သမ္မာတရားကို ရှာဖွေနိုင်ကာ ခိုင်မာစွာ ရပ်တည်နိုင်ရန် သင်ယူသင့်သည်။ ဤသည်မှာ လူတို့ သင်ယူရမည့် သင်ခန်းစာတစ်ခုဖြစ်သည်။ ဤကာလတွင် ဘုရားသခင်သည် သင့်ကို ရေလောင်းပေးကာ သိုးထိန်းပေးနေသည်ကို မည်သို့ တွေ့ကြုံနေရသနည်းဟုလည်းကောင်း၊ သင်၏ တကယ့် ဝိညာဉ်ရင့်သန်မှုမှာ အဘယ်နည်းဟုလည်းကောင်း၊ ဖန်ဆင်းခံတစ်ယောက်၏ တာဝန်ကို မည်သို့ ဖြည့်ဆည်းရမည်ဟုလည်းကောင်း သင်သည် မကြာခဏ ချင့်ချိန်တွေးဆသင့်သည်။ သင်သည် ယင်းတို့ကို အဖြေရှာရမည်။ သင်သည် အဆင်းနီသော နဂါးကြီး သင့်အား ခြိမ်းခြောက်မည့် အကြောင်းကိုပင် တွေးနိုင်ပါက သမ္မာတရား စစ်မှန်မှုသို့ မည်သို့ ဝင်ရောက်ရမည်ကို အဘယ်ကြောင့် မတွေးသနည်း။ အဘယ်ကြောင့် သမ္မာတရားကို မချင့်ချိန်မတွေးဆသနည်း။ (ကျွန်ုပ်တွင် ဤအတွေးတို့ ဝင်လာချိန်၌ ကျွန်ုပ်သည် ဘုရားသခင်ထံ အမှန်တကယ် ဆုတောင်းကာ အကယ်၍ တစ်နေ့နေ့တွင် ကျွန်ုပ်သည် ဤအခြေအနေတို့ကို အမှန်တကယ် တွေ့ကြုံလာရပါက သေသည်အထိ ဘုရားသခင်အပေါ် သစ္စာစောင့်သိမည်ဟု အဓိဋ္ဌာန်ပြုလိုက်ပါသည်။ သို့သော် ကျွန်ုပ်၏ သေးငယ်သော ဝိညာဉ်ရင့်သန်မှုဖြင့် ယင်းကို အောင်မြင်အောင် မလုပ်ဆောင်နိုင်မည်ကို စိုးရိမ်မိပါသည်။) ထိုအခါ “ဘုရားသခင်၊ ကျွန်ုပ်သည် ကျွန်ုပ်၏ သေးငယ်သော ဝိညာဉ်ရင့်သန်မှုဖြင့် ယင်းကို အောင်မြင်အောင် မလုပ်ဆောင်နိုင်မည်ကို စိုးရိမ်ကြောက်ရွံ့မိပါသည်။ သေလောက်အောင် ကြောက်မိပါသည်။ ကျေးဇူးပြုပြီး ထိုသို့ မလုပ်ပါနှင့်။ ကျွန်ုပ်တွင် ဝိညာဉ်ရင့်သန်မှု ရှိသောအခါ ကိုယ်တော် လုပ်ဆောင်နိုင်ပါသည်”ဟု သင်ဆုတောင်းသည်။ ဤသည်မှာ ကောင်းမွန်သော ဆုတောင်းနည်း ဖြစ်သလော။ (မဟုတ်ပါ။) “ဘုရားသခင်၊ ကျွန်ုပ်သည် ယခု ဝိညာဉ်ရင့်သန်မှုနှင့် ယုံကြည်မှုတို့တွင် သေးငယ်ပါသည်။ ကျွန်ုပ်သည် တစ်စုံတစ်ရာ တွေ့ကြုံရမည်ကို ကြောက်ရွံ့ပါသည်။ အမှန်မှာမူ ကိစ္စများနှင့် အမှုအရာများအားလုံးသည် ကိုယ်တော့်လက်ထဲတွင် ရှိသည်ဟု ကျွန်ုပ် အမှန်တကယ် မယုံကြည်ပါ။ ကျွန်ုပ်ကိုယ်ကျွန်ုပ် ကိုယ်တော့်လက်ထဲ မအပ်နှံရသေးပါ။ ပုန်ကန်လိုက်လေခြင်း။ ကျွန်ုပ်သည် ကိုယ်တော်၏ စီစဉ်မှုနှင့် စီစဉ်ညွှန်ကြားမှုများထံ ကျိုးနွံနာခံဖို့ လိုလားပါသည်။ ကိုယ်တော် မည်သည့်အရာကို လုပ်သည်ဖြစ်စေ ကျွန်ုပ်၏ စိတ်နှလုံးသည် ကိုယ်တော့်အတွက် သက်သေခံဖို့ လိုလားပါသည်။ ကိုယ်တော့်ကို ကျက်သရေမညှိုးစေရဘဲ ကျွန်ုပ်၏ သက်သေခံချက်တွင် ခိုင်မာစွာ ရပ်တည်ရန် လိုလားပါသည်။ ကိုယ်တော်လိုရာ လုပ်ဆောင်ပါလေ” ဟု သင်ဆုတောင်းသင့်သည်။ သင်၏ ပြင်းပြသောဆန္ဒများနှင့် သင်ပြောလိုသည့်အရာများကို ဘုရားသခင်ရှေ့မှောက်တွင် ထားရှိရန် လိုအပ်သည်။ ဤသည်ကား စစ်မှန်သည့် ယုံကြည်မှုကို ဖြစ်ပေါ်စေသည့်နည်းပင် ဖြစ်သည်။ သင်သည် ဤသို့ဆုတောင်းရန်ပင် တွန့်ဆုတ်နေပါက သင်၏ ယုံကြည်မှုသည် သေးငယ်လိုက်မည့်ဖြစ်ခြင်း။ သင်သည် မကြာခဏ ဤသို့ဆုတောင်းရန် လိုအပ်သည်။ သင် ဤသို့ တကယ်ဆုတောင်းလျှင်ပင် ဘုရားသခင်က သေချာပေါက် တုံ့ပြန်ချင်မှ တုံ့ပြန်လိမ့်မည်။ ဘုရားသခင်သည် လူတို့ကို သူတို့ ထမ်းပိုးနိုင်သည်ထက် ပိုသောဝန်ကိုမပေး။ သို့သော် သင်သည် သင်၏ သဘောထားနှင့် စိတ်ဆုံးဖြတ်ချက်တို့ကို ရှင်းလင်းအောင်လုပ်လျှင် ဘုရားသခင်သည် ကျေနပ်လိမ့်မည်။ ဘုရားသခင်သည် ကျေနပ်လျှင် သင်၏ စိတ်နှလုံးသည် ဤကိစ္စကြောင့် အနှောင့်အယှက်ဖြစ်ကာ စိတ်ကျဉ်းကျပ်နေတော့မည် မဟုတ်။ “ခင်ပွန်း၊ သားသမီး၊ မိသားစု၊ ပစ္စည်းဥစ္စာတို့ကဲ့သို့ အရာများအားလုံးသည် ဘုရားသခင်၏ လက်ထဲတွင် ရှိသည်။ ယင်းတို့သည် အရေးပင်မပါ။ စကြဝဠာတစ်ခုလုံးသည် ဘုရားသခင်၏လက်ထဲတွင် ရှိသည်။ ငါ့မိသားစုသည်လည်း သူ့လက်ထဲတွင် ရှိသည်မဟုတ်လော။ သူတို့အတွက် စိုးရိမ်နေသည်မှာ ဘာအကျိုးရှိသနည်း။ ငါ့မှာ ဆုံးဖြတ်ပိုင်ခွင့် မရှိ။ ငါသည် မစွမ်းဆောင်နိုင်။ ငါသည် သူတို့ကို မကာကွယ်နိုင်။ သူတို့၏ ကံကြမ္မာနှင့် သူတို့နှင့် သက်ဆိုင်သမျှ အရာအားလုံးသည် ဘုရားသခင်၏ လက်ထဲတွင်ရှိသည်” ဟူ၍ဖြစ်သည်။ သင့်တွင် ဘုရားသခင်ရှေ့မှောက် လာရောက် ဆုတောင်းကာ ခိုင်မာစွာ စိတ်ဆုံးဖြတ်ချက်ချပြီး ဘုရားသခင်၏ စီစဉ်မှုများထံသို့ ကျိုးနွံနာခံရန် စိတ်ဆုံးဖြတ်နိုင်သည့် ယုံကြည်မှုရှိရမည်။ သို့ဆိုလျှင် သင့်အတွင်းမှ အခြေအနေသည် ပြောင်းလဲသွားလိမ့်မည်။ သင့်တွင် စိုးရိမ်စိတ်များ မရှိတော့ဘဲ စိုးရိမ်မှုလည်း နောက်ထပ်ခံစားရတော့မည် မဟုတ်။ သင်သည် အလွန်အကြူး သတိထားမနေတော့ဘဲ သင်လုပ်သမျှတွင်လည်း ကြောင့်ကြမှုဖြင့် ပြည့်လျှံနေတော့မည် မဟုတ်ချေ။ အခြားလူတိုင်းက ရှေ့သို့တက်လှမ်းနေကြချိန်တွင် သင်က နောက်တွင် ကျန်နေခဲ့သည်။ အစဉ်အမြဲ ထွက်ပြေးလိုသည်။ ဤသည်မှာ သူရဲဘောနည်းသူတစ်ဦး လုပ်သသည့်အရာပင် မဟုတ်လော။ ဘုရားသခင်၏ လူများသည် နိုင်ငံတော်တွင် သူတို့၏ တာဝန်များကို ထမ်းဆောင်ကြပြီး ဖန်ဆင်းခံတို့သည် ဖန်ဆင်းရှင် ရှေ့မှောက်၌ သူတို့၏ တာဝန်များကို ထမ်းဆောင်ကြချိန်တွင် သူတို့သည် ဘုရားသခင်ကို ကြောက်ရွံ့ရိုသေသော စိတ်နှလုံးဖြင့် စိတ်အေးစွာ ရှေ့သို ဆက်လှမ်းသင့်သည်။ သူတို့သည် စမ်းတဝါးဝါး သွားခြင်းသော်လည်းကောင်း၊ နောက်သို့ တွန့်ဆုတ်ခြင်းသော်လည်းကောင်း၊ လွန်စွာစိုးရိမ်တကြီး လျှောက်လှမ်းခြင်းသော်လည်းကောင်း မလုပ်သင့်။ သင်သည် ဤအခြေအနေက မှားကြောင်း သိနေကာ ယင်းကို ဖြေရှင်းဖို့ သမ္မာတရားကို ရှာဖွေရမည့်အစား ယင်းကြောင့် အမြဲမပြတ် စိုးရိမ်နေလျှင် သင်သည် ယင်း၏ချုပ်တည်းခြင်းနှင့် ချည်နှောင်ခြင်းတို့ ခံရနေပြီဖြစ်၍ သင်၏တာဝန်ကို ဖြည့်ဆည်းနိုင်တော့မည်မဟုတ်။ သင်သည် ဖန်ဆင်းခံတစ်ယောက်အဖြစ် သင်၏တာဝန်ကို သင်၏ စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်ရှိသမျှ၊ အစွမ်းသတ္တိရှိသမျှတို့နှင့် ဖြည့်ဆည်းလိုပါသော်လည်း သင် စွမ်းဆောင်ရရှိနိုင်ပါ၏လော။ သင့်စိတ်နှလုံးသည် သင်၏တာဝန်ပေါ်တွင် တည်ရှိမနေသဖြင့် သင်သည် သင်၏ စိတ်နှလုံးတစ်ခုလုံးကို ပေးအပ်နိုင်သည့် အခြေအနေကို မရောက်နိုင်။ သင်သည် အလွန်ဆုံး သင့်စိတ်နှလုံး၏ ဆယ်ဖို့တစ်ဖို့မျှသာ အပ်နှံထားသည်။ သင်၏ စိတ်နှလုံး အကြွင်းမဲ့မရှိဘဲ သင်၏ ဉာဏ်ရှိသမျှနှင့် သင်၏ အစွမ်းသတ္တိရှိသမျှကို မည်သို့ပေးအပ်နိုင်မည်နည်း။ သင့်စိတ်နှလုံးသည် တာဝန်ပေါ်တွင် မရှိဘဲ သင့်တွင် ရှိသည်မှာ ယင်းကို ထမ်းဆောင်ဖို့ လိုလားမှုအနည်းငယ်သာ ဖြစ်သည်။ သင်၏ စိတ်နှလုံးအကြွင်းမဲ့နှင့် သင်၏ ဉာဏ်ရှိသမျှတို့ဖြင့် တာဝန်ကို ဖြည့်ဆည်းနိုင်မည်လော။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် စိတ်ဆုံးဖြတ်ချက် သင့်တွင်မရှိ။ ထို့ကြောင့် သင်သည် မိသားစုအားဖြင့်လည်းကောင်း၊ သူတို့အပေါ် သင်၏ ခင်တွယ်မှုတို့အားဖြင့်လည်းကောင်း စိတ်ကျဉ်းကျပ်ဖို့ သေချာပေသည်။ သူတို့က သင့်ခြေလက်တို့ကို ချည်နှောင်လိမ့်မည်။ သူတို့က သင့်အတွေးနှင့် စိတ်နှလုံးကို ထိန်းချုပ်လိမ့်မည်။ ထို့ပြင် သင်သည် သမ္မာတရားနှင့် ဘုရားသခင်၏ သတ်မှတ်ချက်တို့ကို မပြည့်မီဘဲ ရှိလိမ့်မည်။ သင့်တွင် စိတ်ဆန္ဒရှိသော်လည်း ခွန်အားမရှိဖြစ်လိမ့်မည်။ ထို့ကြောင့် သင်သည် ဘုရားသခင်ရှေ့မှောက်တွင် ဆုတောင်းရမည်။ တစ်ဖက်တွင် ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်ထားပြီး ဖန်ဆင်းခံ တစ်ယောက်အနေဖြင့် မည်သည့်နေရာတွင် ရပ်တည်သင့်သည်ကိုလည်း သိထားရမည်။ သင်ပိုင်ဆိုင်ရမည့် စိတ်ဆုံးဖြတ်ချက်နှင့် သဘောထားတို့ကို ရယူကာ ဘုရားသခင်၏ ရှေ့မှောက်၌ ထားရှိရမည်။ ဤကား သင် ထားရှိရမည့် သဘောထားဖြစ်သည်။ အခြားသူများတွင် ဤစိုးရိမ်စိတ် အဘယ်ကြောင့် မရှိရသနည်း။ အခြားသူများတွင် မိသားစု၊ သို့မဟုတ် ဤကဲ့သို့သော အခက်အခဲများ မရှိဟု သင်ထင်သလော။ အမှန်မှာမူ လူတိုင်းတွင် လူ့ဇာတိနှင့်ဆိုင်သော မိသားစုဆိုင်ရာ အရှုပ်အယှက်တစ်ခုခု ရှိကြသည်။ သို့သော် အချို့လူများမှာ ဘုရားသခင်ထံဆုတောင်းကာ သမ္မာတရားကို ရှာဖွေခြင်းအားဖြင့် ယင်းတို့ကို ဖြေရှင်းနိုင်ကြသည်။ ကာလတစ်ခုကြာ ရှာဖွေပြီးချိန်တွင် သူတို့သည် ဤလူ့ဇာတိ၏ ခင်တွယ်မှုတို့ကို ပိုင်းခြားသိမြင်လာကြပြီး ယင်းတို့ကို သူတို့၏ စိတ်နှလုံးမှ လက်လွှတ်လိုက်နိုင်သည်။ ထို့နောက်တွင် ယင်းတို့သည် သူတို့အတွက် အခက်အခဲများ မဟုတ်ကြတော့။ ထိုအရာများကြောင့် သူတို့သည် ထိန်းချုပ်ခံရခြင်း သို့မဟုတ် စိတ်ကျဉ်းကျပ်ခြင်း မရှိကြတော့။ ယင်းတို့သည် သူတို့၏ တာဝန်ထမ်းဆောင်ခြင်းကို မထိခိုက်တော့သောကြောင့် သူတို့သည် လွတ်မြောက်လာကြသည်။ သမ္မာကျမ်းစာထဲတွင် “သင်တို့တွင် အကြင်သူသည် မိမိ၌ရှိသမျှကို မစွန့်ဘဲနေ၏။ ထိုသူသည် ငါ့တပည့်မဖြစ်နိုင် ရာ။” (ရှင်လုကာခရစ်ဝင် ၁၄:၃၃) ဟုဆိုသည့် ဘုရားသခင်၏ နှုတ်ကပတ်တော် စာတစ်ကြောင်းရှိသည်။ မိမိ၌ရှိသမျှကို စွန့်ခြင်းဆိုသည်မှာ ဤအရာသည် မည်သည်နည်း။ “ရှိသမျှ” ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ အဆင့်အတန်း၊ ကျော်ကြားမှုနှင့် အကျိုးအမြတ်၊ မိသားစု၊ မိတ်ဆွေများ၊ ပိုင်ဆိုင်မှုကဲ့သို့ အရာများအားလုံးသည် “ရှိသမျှ” ဆိုသည့် စကားလုံးတွင် ပါဝင်ပေသည်။ သို့ဆိုလျှင် သင်၏စိတ်နှလုံးထဲရှိ အရေးပါသောနေရာကို မည်သည့်အရာများက နေရာယူထားသနည်း။ ယင်းမှာ အချို့အတွက် သားသမီးများဖြစ်သည်၊ အချို့အတွက်က မိဘများဖြစ်သည်၊ အချို့အတွက်မူ ကြွယ်ဝမှုဖြစ်ပြီး အချို့အတွက်မှာကား အဆင့်အတန်း၊ ကျော်ကြားမှုနှင့် အကျိုးအမြတ်တို့ ဖြစ်ကြသည်။ သင်သည် ဤအရာများကို တန်ဖိုးထားပါက ယင်းတို့က သင့်ကို ထိန်းချုပ်လိမ့်မည်။ ယင်းတို့ကို သင်တန်ဖိုးမထားသကဲ့သို့ လုံးလုံးလျားလျား လက်လွှတ်ပါက ယင်းတို့က သင့်ကို မထိန်းချုပ်နိုင်ပေ။ ယင်းတို့အပေါ်ထားသည့် သင်၏ သဘောထားနှင့် ဤအရာများကို သင်မည်သို့ ကိုင်တွယ်ပုံတို့အပေါ်တွင်သာ မူတည်ပေသည်။

ဘုရားသခင်သည် သူ၏အလုပ်ကို မည်သည့်ကာလနှင့် မည်သည့်အဆင့်တွင် လုပ်သည်ဖြစ်စေ သူသည် သူနှင့်အတူလုပ်ဆောင်ရန် လူတစ်စုကို အစဉ်အမြဲလိုအပ်ကြောင်း သင်တို့နားလည်ထားရန် လိုအပ်သည်။ ဘုရားသခင်၏ အလုပ်နှင့် ပူးပေါင်းလုပ်ဆောင်ကြသည့် သို့မဟုတ် ဧဝံဂေလိတရားတို့ကို ဖြန့်ရာ၌ ပူးပေါင်းလုပ်ဆောင်ကြသည့် ဤလူတို့ကို ဘုရားသခင်က ကြိုတင်ပြဋ္ဌာန်းထားသည်။ သို့ဖြစ်၍ ဘုရားသခင်သည် သူ ကြိုတင်ပြဋ္ဌာန်းထားသော လူတစ်ယောက်ချင်းစီအတွက် တာဝန်ပေးစေခိုင်းချက် ရှိပါသလော။ လူတိုင်းတွင် အထူးတာဝန်တစ်ခုနှင့် ဝတ္တရားတစ်ခု ရှိကြသည်။ လူတိုင်းတွင် တာဝန်ပေးစေခိုင်းချက် တစ်ခုရှိကြသည်။ ဘုရားသခင်က သင့်ကို တာဝန်ပေးစေခိုင်းသည့်အခါ ယင်းသည် သင်၏ ဝတ္တရားဖြစ်လာသည်။ သင်သည် ဤဝတ္တရားကို တာဝန်ယူ လက်ခံရမည်။ ဤကား သင့်တာဝန်ပင်။ တာဝန်ဟူသည် အဘယ်နည်း။ ယင်းသည် ဘုရားသခင်က သင့်ကိုပေးထားသည့် အထူးတာဝန်ပင်ဖြစ်သည်။ အထူးတာဝန်ဟူသည် အဘယ်နည်း။ (ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်သည် လူသား၏ အထူးတာဝန်ဖြစ်သည်။ အကြင်လူ၏ အသက်တာကို ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်အတွက် နေထိုင်သင့်သည်။ ဤတာဝန်ပေးစေခိုင်းချက်သည် သူ၏စိတ်နှလုံးအတွင်းရှိ တစ်ခုတည်းသော အရာဖြစ်ပြီး ၎င်းတို့သည် အခြားမည်သည့် အရာအတွက်မှ အသက်မရှင်သင့်ပေ။) ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်သည် လူသား၏ အထူးတာဝန်ဖြစ်သည်။ ဤသည်မှာ မှန်ကန်သော သဘောပေါက်မှုဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်သောသူများသည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို ပြည့်စုံစေရန်အတွက် ကမ္ဘာမြေပေါ်သို့ စေလွှတ်ခံရခြင်းဖြစ်သည်။ သင်သည် ဤအသက်တာတွင် လူမှုအဆင့်အတန်းကို တိုးတက်စေရန်၊ ဥစ္စာပေါများရန်၊ ကောင်းမွန်သော ဘဝကိုနေထိုင်ရန်၊ မိသားစုနှင့် အတူရှိခြင်းကို မွေ့လျော်ရန်နှင့် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းတွင် ပျော်ရွှင်မြူးထူးရန်တို့ကိုသာ လိုက်စားကာ သင်သည် လူမှုအဆင့်အတန်း တိုးတက်၍ သင့်မိသားစုသည် အရေးပါလာပြီး သင်၏ မိသားစုဝင်တိုင်းသည် လုံခြုံစိတ်ချလာသော်လည်း ဘုရားသခင်က သင့်ကိုပေးအပ်ထားသည့် အထူးတာဝန်ကို သင်ဥပက္ခာပြုပါက သင်အသက်ရှင်နေထိုင်နေသော သင်၏ ဤအသက်တာသည် တန်ဖိုးတစ်စုံတစ်ရာ ရှိပါ၏လော။ သင်သေလွန်ပြီးချိန်တွင် ဘုရားသခင်ကို သင်အဘယ်သို့ အဖြေပေးမည်နည်း။ သင်အဖြေပေးနိုင်မည်မဟုတ်။ ပြီးလျှင် ဤသည်မှာ အကြီးကျယ်ဆုံးသော ပုန်ကန်မှုဖြစ်သည်။ ဤသည်မှာ အကြီးကျယ်ဆုံးသော အပြစ်ဖြစ်သည်။ ယခု သင်တို့ထဲမှ မည်သူသည် ဘုရားသခင်အိမ်တော်ရှိ သင်၏တာဝန်ကို မတော်တဆ ထမ်းဆောင်မိသည့်သူ ရှိသနည်း။ သင်၏တာဝန်ကို ထမ်းဆောင်ရန် မည်သည့်နောက်ခံအခြေအနေမှ ရောက်ရှိလာသည်ဖြစ်စေ မည်သည်ကမျှ တိုက်တိုက်ဆိုင်ဆိုင် ဖြစ်လာသည်မရှိပေ။ ဤတာဝန်သည် ယုံကြည်သူအသစ်များကို ကြုံသလိုရှာဖွေပေးရုံဖြင့် ထမ်းဆောင်၍မရပေ။ ဤသည်မှာ ခေတ်များမတိုင်မီကပင် ဘုရားသခင်က ကြိုတင်ပြဋ္ဌာန်းထားသော အရာတစ်ခုဖြစ်ခဲ့သည်။ တစ်စုံတစ်ခုကို ကြိုတင်ပြဋ္ဌာန်းထားသည်ဆိုသည်မှာ မည်သည့်သဘောဖြစ်သနည်း။ တိတိကျကျမှာ မည်သည်နည်း။ ယင်းမှာ ဘုရားသခင်သည် သူ၏ စီမံခန့်ခွဲမှုအစီအစဉ်တစ်ခုလုံးတွင် အချိန်ကြာမြင့်စွာကပင် သင် ကမ္ဘာပေါ်သို့ အကြိမ်မည်မျှ လာရောက်မည်၊ နောက်ဆုံးသောကာလတွင် သင်သည် မည်သည့်အမျိုးအနွယ်နှင့် မည်သည့် မိသားစုထဲတွင် မွေးဖွားမည်၊ ဤမိသားစု၏ အနေအထား မည်သို့ရှိမည်၊ သင်သည် ယောကျ်ား သို့မဟုတ် မိန်းမ မည်သည်ဖြစ်မည်၊ သင်၏ အားသာချက်များမှာ မည်သည့်အရာများ ဖြစ်မည်၊ သင်သည် မည်သည့်ပညာအရည်အချင်း အဆင့်ရှိမည်၊ သင်သည် မည်မျှ ရှင်းလင်းစွာ ပြောဆိုနိုင်မည်၊ သင်၏အစွမ်းအစမှာ မည်သည်ဖြစ်မည်နှင့် သင်၏ အဆင်းမှာ မည်သို့ရှိမည်တို့ကို စီစဉ်ခဲ့သည်ဟူသည့် သဘောဖြစ်သည်။ သူသည် သင်ဘုရားသခင်၏ အိမ်တော်သို့ လာရောက်ကာ သင်၏တာဝန်ကို စတင်ထမ်းဆောင်ရမည့် အသက်အရွယ်နှင့် မည်သည့်အချိန်တွင် မည်သည့်တာဝန်ကို သင်ထမ်းဆောင်ရမည်ဟူ၍လည်း စီစဉ်ခဲ့သည်။ ဘုရားသခင်က သင့်အတွက် အဆင့်တစ်ခုချင်းစီကို အစောကတည်းက ကြိုတင်ပြဋ္ဌာန်းထားသည်။ သင် မမွေးဖွားမီနှင့် သင်ရှေးလွန်ခဲ့သော ဘဝများစွာက ကမ္ဘာသို့လာခဲ့စဉ်ကပင် အမှု၏ဤနောက်ဆုံးအဆင့် အတောအတွင်းတွင် မည်သည့်တာဝန် သင်ထမ်းဆောင်ရမည်ကို ဘုရားသခင်သည် စီစဉ်ပေးထားပြီး ဖြစ်သည်။ ဤသည်မှာ ဟာသတစ်ခုမဟုတ်ပေ။ ဤနေရာတွင် သင်ဒေသနာ ကြားနာနိုင်သည်ဟူသည့်အချက်သည် ဘုရားသခင်က ကြိုတင်သတ်မှတ်ထားသည်။ ယင်းကို ပေါ့ပေါ့တန်တန် မှတ်ယူရမည့်အရာ မဟုတ်။ ထို့အပြင် သင်၏ အရပ်အမောင်းကိုလည်းကောင်း၊ သင်၏ အဆင်းသဏ္ဌာန်ကိုလည်းကောင်း၊ သင့်မျက်လုံးသည် ဘယ်ပုံရှိသည်ကိုလည်းကောင်း၊ သင်၏ ကိုယ်လုံးကိုယ်ပေါက်ကိုလည်းကောင်း၊ သင့်ကျန်းမာရေး အခြေအနေကိုလည်းကောင်း၊ သင့်ဘဝအတွေ့အကြုံများမှာ မည်သည်ဖြစ်သည်နှင့် အရွယ်တစ်ခုရောက်လျှင် သင်မည်သည့် တာဝန်များကို ထမ်းဆောင်နိုင်မည်ကိုလည်းကောင်း၊ မည်သည့် အစွမ်းအစနှင့် လုပ်နိုင်စွမ်းတို့ သင်ပိုင်ဆိုင်ထားသည်ကိုလည်းကောင်း ယင်းတို့ကို လွန်ခဲ့သည့် ကာလများစွာကတည်းက သင့်အတွက် ဘုရားသခင်က ကြိုတင်သတ်မှတ်ခဲ့ပြီး ဖြစ်သည်။ ယခုမှ စီစဉ်နေခြင်း လုံးဝမဟုတ်။ ဘုရားသခင်က သင့်အတွက် ကြိုတင်သတ်မှတ်ခဲ့သည်မှာ ကြာလှပေပြီ။ ဆိုလိုသည်မှာ အကယ်၍ သူသည် သင့်ကို အသုံးပြုရန် ရည်ရွယ်လျှင် သင့်ကို ဤတာဝန်ပေးစေခိုင်းချက်နှင့် ဤအထူးတာဝန်တို့ မပေးမီကပင် သူသည် သင့်ကို ကြိုတင်ပြင်ဆင်ပေးပြီး ဖြစ်ပေလိမ့်မည်။ သို့ဆိုလျှင် ယင်းမှ ရှောင်ပြေးသွားရန်ကား သင့်အတွက် လက်ခံဖွယ်ရှိသလော။ ယင်းအတွက် စိတ်မပါလက်မပါဖြစ်ခြင်းက သင့်အတွက် လက်ခံဖွယ်ရှိသလော။ နှစ်ခုလုံး လက်ခံဖွယ်မရှိ။ ယင်းမှာ ဘုရားသခင်ကို စိတ်ပျက်စေခြင်း ဖြစ်လိမ့်မည်။ မိမိတို့၏ တာဝန်ကို စွန့်လွှတ်ခြင်းသည် လူတို့အတွက် အဆိုးဆုံးသော ပုန်ကန်မှုမျိုးဖြစ်သည်။ ယင်းမှာ အလွန်ယုတ်မာသော လုပ်ရပ်ပင် ဖြစ်သည်။ ဘုရားသခင်သည် သင်ယနေ့အထိ အသက်ရှင်ပြီး ဤအထူးတာဝန်ကို ပေးအပ်ခံရစေရန် ရှေးပဝေသဏီကတည်းက ကြိုတင်သတ်မှတ်ထားလျက် စဉ်းစဉ်းစားစားဖြင့် လေးလေးနက်နက် ကြိုးပမ်းအားထုတ်ခဲ့သည်။ သို့ဆိုလျှင် ဤအထူးတာဝန်သည် သင်၏ဝတ္တရား မဟုတ်သလော။ ယင်းသည် သင်၏ ဤအသက်တာကို နေထိုင်ရန် တန်ဖိုးရှိစေသည့်အရာ မဟုတ်သလော။ အကယ်၍ သင်သည် ဘုရားသခင်က သင့်ကို ပေးအပ်သည့် အထူးတာဝန်ကို မပြီးဆုံးပါက အသက်ရှင်ခြင်း၏ တန်ဖိုးနှင့် အဓိပ္ပာယ်တို့ကို သင်ဆုံးရှုံးကာ သင်နေထိုင်ခဲ့သည်မှာ အချည်းနှီးကဲ့သို့ပင် ဖြစ်သည်။ ဘုရားသခင်သည် သင့်အတွက် မှန်ကန်သော အနေအထား၊ ပတ်ဝန်းကျင်နှင့် နောက်ခံအခြေအနေတို့ကို စီစဉ်ပေးသည်။ သင့်ကို ဤအစွမ်းအစနှင့် ဤလုပ်နိုင်စွမ်းတို့ကို နှင်းအပ်ကာ ဤအသက်အရွယ်ထိနေနိုင်ရန် ပြင်ဆင်ပေးပြီး သင်၏ဤတာဝန်ကို ထမ်းဆောင်ရန် သင်လိုအပ်မည့် အရည်အချင်းများအားလုံး ရှိစေရန် ပြင်ဆင်ပေးသည်။ ဤအရာများအားလုံးကို သင့်အတွက် သူသည် စီစဉ်ပေးထားသည်။ သို့တိုင်အောင် သင်သည် ဤတာဝန်ကို ဝီရိယရှိရှိ ထမ်းဆောင်ခြင်း မရှိ။ သင်သည် စုံစမ်းသွေးဆောင်ခြင်းတို့ကို ကြံကြံမခံနိုင်ဘဲ ရုန်းထွက်ရန် ရွေးချယ်သည်။ ကောင်းမွန်သော ဘဝကို နေနိုင်ရန်နှင့် လောကီအရာများကို လိုက်စားရန်သာ အစဉ်အမြဲ ရှာဖွေနေသည်။ သင့်ကို ဘုရားသခင်ကပေးထားသည့် ဆုကျေးဇူးနှင့် လုပ်နိုင်စွမ်းတို့ကို ယူကာ စာတန်ကို အစေခံသည်။ စာတန်အတွက် နေထိုင်သည်။ ယင်းသည် ဘုရားသခင်ကို မည်သို့ ခံစားရစေမည်နည်း။ သင့်အတွက် သူ၏မျှော်လင့်ချက်တို့ ဤသို့မပြည့်ဝဖြစ်သွားသောကြောင့် သူက သင့်ကို ရွံမုန်းမည် မဟုတ်လော။ သူက သင့်ကို မမုန်းတီးသလော။ သင့်အပေါ် သူ၏ ကြီးစွာသော အမျက်ဒေါသတို့ကို ကျရောက်စေလိမ့်မည်။ သို့ဆိုလျှင် ဤကိစ္စကို ပြေလည်သွားပြီဖြစ်သည်ဟု ယူဆမည်လော။ သင်တွေးထင်ထားသလောက် ရိုးရှင်းနိုင်သလော။ ဤဘဝတွင် သင်၏အထူးတာဝန်ကို သင်မပြီးဆုံးလျှင် ယင်းတို့အားလုံးက သင်သေခြင်းနှင့်အတူ ပြီးဆုံးသွားပြီဟု သင်ထင်သလော။ ထိုနေရာတွင် မပြီးဆုံးသေးဘဲ ယင်းနောက်တွင် သင်၏ ဝိညာဉ်သည် အန္တရာယ်ကျရောက်လိမ့်မည်။ သင်သည် သင်၏ တာဝန်ကိုလည်း မထမ်းဆောင်ခဲ့၊ ဘုရား၏ တာဝန်ပေးစေခိုင်းချက်ကိုလည်း လက်မခံခဲ့သည့်အပြင် သင်သည် ဘုရားသခင်၏ မျက်မှောက်တော်မှ ထွက်ပြေးခဲ့သည်။ ကိစ္စများမှာ ကြောက်စရာကောင်းလာပြီဖြစ်သည်။ သင် ဘယ်ဆီသို့ ပြေးနိုင်သနည်း။ ဘုရားသခင်၏ လက်မှ သင်ထွက်ပြေးနိုင်သလော။ ဤသို့လူမျိုးကို ဘုရားသခင်က မည်သို့ အမျိုးအစားသတ်မှတ်သနည်း။ (၎င်းတို့သည် သူ့ကို သစ္စာဖောက်သည့် လူများဖြစ်သည်။) သူ့ကို သစ္စာဖောက်သည့် လူများကို ဘုရားသခင်က မည်သို့ အဓိပ္ပာယ်သတ်မှတ်သနည်း။ သူ၏ တရားပလ္လင်တော်မှ ပြေးထွက်သွားသူတို့ကို ဘုရားသခင်ကမည်သို့ အမျိုးအစား သတ်မှတ်သနည်။ ယင်းတို့သည် ပျက်စီးခြင်းကို ခံစားရကာ ဖျက်ဆီးခံရမည့် လူများဖြစ်သည်။ သင့်အတွက် နောက်ထပ်အသက်တာ သို့မဟုတ် နောက်ထပ် ပြန်လည်မွေးဖွားခြင်းတို့ မည်သည့်အခါမျှ ရှိမည်မဟုတ်။ ထို့ပြင် ဘုရားသခင်သည် သင့်ကို နောက်ထပ် တာဝန်ပေးစေခိုင်းချက် တစ်ခုခု ပေးအပ်နိုင်မည် မဟုတ်ပေ။ သင့်အတွက် အထူးတာဝန် တစ်ခုမျှ မရှိတော့ဘဲ ကယ်တင်ခြင်း ခံရရန် အခွင့်အလမ်း မရှိတော့ချေ။ ဤသည်ကား လေးနက်သော ပြဿနာပင်တည်း။ ဘုရားသခင်က “ဤလူသည် ငါ့ တရားပလ္လင်တော်နှင့် ငါ၏ မျက်မှောက်တော်တို့မှ ရှောင်ပြေးသွားကာ ငါ့မျက်စိရှေ့မှ တစ်ခါ ရှောင်ပြေးသွားခဲ့ပြီးပြီ။ သူ၏ အထူးတာဝန်ကိုလည်း မထမ်းဆောင်ခဲ့၊ သို့မဟုတ် သူ၏ တာဝန်ပေးစေခိုင်းချက်ကို မပြီးစီးခဲ့။ သူ့အသက်သည် ဤတွင် အဆုံးသတ်ပြီ။ ဤကား ပြီးလေပြီ။ နိဂုံးချုပ်သွားပြီဖြစ်သည်” ဟု ဆိုလေမည်။ ဝမ်းနည်းဖွယ်အဖြစ်ဆိုး ပါတကား။ ယခုအခါတွင် ဘုရားသခင်၏ အိမ်တော်၌ သင်တို့၏တာဝန်ကို ထမ်းဆောင်နိုင်ဖို့အတွက်မှာ ယင်းတာဝန်သည် ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ၊ ရုပ်ပိုင်းဖြစ်စေ၊ စိတ်ပိုင်းဖြစ်စေ၊ ပြင်ပကိစ္စများ ကိုင်တွယ်ရသည်ဖြစ်စေ၊ အတွင်းပိုင်း အလုပ်ကိုင်တွယ်ရသည်ဖြစ်စေ မည်သူ့ တာဝန်ထမ်းဆောင်ခြင်းမျှ မတော်တဆ ဖြစ်ပေါ်လာခြင်း မဟုတ်။ ဤကား အဘယ်သို့များ သင်၏ရွေးချယ်မှု ဖြစ်နိုင်ပေမည်နည်း။ ဤအရာအားလုံးကို ဘုရားသခင်က ဦးဆောင်သည်။ ဘုရားသခင်က သင့်ကို တာဝန်ပေးစေခိုင်းနေခြင်းကြောင့်သာ သင်ဤသို့ လှုံ့ဆောင်ခြင်းခံရကာ သင့်၌ အထူးတာဝန်၊ ဝတ္တရားတို့နှင့်ပတ်သက်သော အသိစိတ်ရှိနေပြီး သင့်တာဝန်ကို ထမ်းဆောင်နိုင်နေခြင်းဖြစ်သည်။ ဘာသာတရားမရှိသူများထဲတွင် ကြည့်ကောင်းသူ၊ ဗဟုသုတပြည့်ဝသူ သို့မဟုတ် ပါရမီရှိသူ များစွာရှိသော်လည်း ထိုသူတို့ကို ဘုရားကမျက်နှာသာပေးသလော။ မပေးပါ။ ဘုရားသခင်က သူတို့ကို မရွေးချယ်ခဲ့ဘဲ သင်တို့ လူစုကိုသာ မျက်နှာသာပေးခဲ့သည်။ သူက သူ၏ စီမံခန့်ခွဲမှု အလုပ်များတွင် သင်တို့အားလုံးကို ကဏ္ဍအမျိုးအစား အားလုံးကို လုပ်ဆောင်စေကာ တာဝန်အမျိုးအစားအားလုံးကို ထမ်းဆောင်ပြီး ဝတ္တရားအမျိုးမျိုးကို တာဝန်ယူစေသည်။ ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်သည် အဆုံးသတ်သို့ရောက်ပြီး အောင်မြင်ဖြစ်မြောက်သွားချိန်တွင် ဤသည်မှာ ဂုဏ်ယူဖွယ်နှင့် အထူးအခွင့်အရေး ဖြစ်လိမ့်မည်တကား။ သို့ဆိုလျှင် ယနေ့သူတို့၏ တာဝန်ကို ထမ်းဆောင်ရာ၌ အခက်အခဲ အနည်းငယ် ခံစားရသည့်အခါတွင်လည်းကောင်း၊ သူတို့ အရာအချို့ စွန့်လွှတ်လိုက်ရကာ သူတို့ကိုသူတို့ အနည်းငယ်အသုံးခံပြီး အဖိုးအခတစ်ခုခု ပေးဆပ်လိုက်ရသည့်အခါတွင်လည်းကောင်း၊ ကမ္ဘာပေါ်ရှိ သူတို့၏ အဆင့်အတန်း၊ ကျော်ကြားမှုနှင့် အကျိုးအမြတ်တို့ကို ဆုံးရှုံးရသည့်အချိန်တွင်လည်းကောင်း၊ ဤအရာများအားလုံး ကုန်သွားသည့်အချိန်တွင်လည်းကောင်း သူတို့ဆီမှ ဘုရားသခင်က အားလုံး ယူသွားလိုက်သည်ဟု ထင်ရသော်လည်း သူတို့သည် ပိုမို အဖိုးထိုက်ပြီး တန်ဖိုးရှိသော အရာတစ်ခုကို ရရှိလိုက်ပြီးဖြစ်သည်။ ဘုရားသခင်ထံမှ လူများသည် အဘယ်ကို ရရှိလိုက်ပြီးဖြစ်သနည်း။ သူတို့၏ တာဝန်ကို ဖြည့်ဆည်းခြင်းဖြင့် သမ္မာတရားနှင့် အသက်ကို ရလိုက်သည်။ သင်၏တာဝန်ကို ထမ်းဆောင်ပြီးသည့်အချိန်မှသာ၊ ဘုရား၏ တာဝန်ပေးစေခိုင်းချက်ကို ပြီးစီးသည့်အချိန်မှသာ၊ ဘုရားသခင်က သင့်အား ပေးအပ်သည့် သင်၏ အထူးတာဝန်နှင့် တာဝန်ပေးစေခိုင်းချက်တို့အတွက် သင့်အသက်တာတစ်ခုလုံးကို အသက်ရှင်နေထိုင်သည့်အချိန်မှသာ၊ သင့်တွင် လှပသော သက်သေခံချက် ရှိသည့်အချိန်မှသာ၊ သင်သည် တန်ဖိုးရှိသော အသက်တာကို နေထိုင်သည့်အချိန်မှသာ သင်သည် စစ်မှန်သော လူတစ်ယောက်ဖြစ်သည်။ သင်သည် စစ်မှန်သော လူတစ်ယောက် ဖြစ်သည်ဟု အဘယ်ကြောင့် ငါဆိုသနည်း။ ဘုရားသခင်သည် သင့်ကို ရွေးချယ်ကာ သူ၏ စီမံခန့်ခွဲမှုအတွင်းရှိ ဖန်ဆင်းခံတစ်ယောက်အနေဖြင့် သင်၏တာဝန်ကို ထမ်းဆောင်ခိုင်းခဲ့ခြင်းကြောင့်ဖြစ်သည်။ ဤသည်မှာ သင်၏ အသက်တာတွင် တန်ဖိုးအကြီးဆုံးနှင့် အဓိပ္ပာယ်အရှိဆုံးပင် ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး

သင်သည် များစွာသော တရားဒေသနာများ၊ သမ္မာတရားများနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကြားနာပြီးဖြစ်ကာ ဤလမ်းကြောင်းသည် လမ်းကြောင်းမှန်ဖြစ်သည်ဟုလည်းကောင်း၊ ဘဝတွင် မှန်ကန်သော လမ်းကြောင်း ဖြစ်သည်ဟုလည်းကောင်း သေချာပြီးသားဖြစ်သည့်အခါ ထိုအချိန်တွင် သင်သည် ဘာလိုအပ်သနည်း။ သင့်ဘဝအတွက် တည်ဆောက်စရာဖြစ်ပြီး အထောက်အကူဖြစ်ကာ သင့်အား ဘဝတွင် ရင့်ကျက်စေနိုင်သည့် သင့်တော်သည့် ပတ်ဝန်းကျင်တစ်ခုကို စီစဉ်ပေးရန် ဘုရားသခင်ထံ တောင်းဆိုဖို့လိုအပ်သည်။ ဤပတ်ဝန်းကျင်သည် သက်သောင့်သက်သာရှိချင်မှရှိမည်။ အကြင်သူ၏ လူ့ဇာတိသည် ဆင်းရဲဒုက္ခကို ကြံ့ကြံ့ခံရမည်။ အကြင်သူသည် အမှုအရာများစွာကို စွန့်လွှတ်ပြီး လက်လွှတ်ရမည်။ ယခုလောက်ဆိုလျှင် ဤအရာကို သင်တို့အားလုံး တွေ့ကြုံဖူးပြီးဖြစ်သည်။ ဥပမာအားဖြင့် သင်သည် ညှဉ်းပန်းနှိပ်စက်ခံနေရပြီး အိမ်သို့မပြန်နိုင်ဘဲ သင်၏သားသမီး၊ ကြင်ဖက်တို့ကို မမြင်ရသလို၊ သို့မဟုတ် ဆက်သွယ်၍မရ၊ သင်၏ ဆွေမျိုးများနှင့် မိတ်ဆွေသူငယ်ချင်းများတို့နှင့် တွေ့ဆုံခွင့်မရ၊ သို့မဟုတ် ထိုသူများထံမှ မည်သည့်သတင်းစကားမျှ မကြားရဟု ဆိုကြပါစို့။ သန်းခေါင်ယံအချိန်တွင် “ငါ့ဖခင်ကျန်းမာပါ့မလား။ သူကအသက်ကြီးပြီ။ ငါ့မှာ သူ့ကို ဂုဏ်ဆောင်စရာ နည်းလမ်းမရှိ။ ငါ့အမေသည်လည်း ကျန်းမာရေးမကောင်း။ အခုချိန် သူဘယ်လိုများ နေသည်မသိ” ဟု သင်သည် အိမ်အကြောင်းကို စတင်တွေးမိချေမည်။ ထိုအကြောင်းကိစ္စရပ်များနှင့်ပတ်သက်၍ သင် တစ်ချိန်လုံး တွေးမိနေမည် မဟုတ်ပါလား။ သင်၏စိတ်နှလုံးသည် ထိုအရာများ၏ အမြဲချည်‌နှောင်ထားခြင်းကို ခံရလျှင် သင်၏ တာဝန်ထမ်းဆောင်ခြင်းတွင် အဘယ် အကျိုးသက်ရောက်မှုရှိမည်နည်း။ သင်သည်လောကီ၊ လူ့ဇာတိကိစ္စရပ်များဖြင့် အလွန် ရောနှောစပ်ယှက်ခြင်း၊ သို့မဟုတ် ပူပန်ခြင်း မရှိလျှင် သင်၏ အသက်တာတိုးတက်မှုအတွက် အကျိုးရှိ၏။ သင်၏ တွေးတောခြင်းနှင့် စိုးရိမ်ပူပန်နေခြင်းသည် မည်သည့်အကျိုးမျှ ရှိမည်မဟုတ်ချေ။ အဆိုပါ ကိစ္စရပ်များအားလုံးသည် ဘုရား၏လက်ထဲတွင် ရှိသည်။ သင်သည် သင်၏မိသားစုဝင်များ၏ ကံကြမ္မာကို ပြောင်းလဲနိုင်မည်မဟုတ်ချေ။ ဘုရားသခင်ကို ယုံကြည်သူတစ်ဦးအနေဖြင့် သူ၏ ရည်ရွယ်ချက်များကို အလေးထားရန်၊ သင်၏တာဝန်ကို ထမ်းဆောင်ရန်၊ စစ်မှန်သော ယုံကြည်ခြင်းကို ရရှိရန်၊ ဘုရားနှုတ်ကပတ်တော်၏ စစ်မှန်မှုထဲသို့ ဝင်ရောက်ရန်၊ အသက်တာတွင် ရင့်ကျက်ရန်နှင့် သမ္မာတရားကို ရရှိရန် တို့သည် သင့်အနေဖြင့် အထူး ဦးစားပေးရမည့်အရာများ ဖြစ်ကြောင်း သင်နားလည်ရမည်ဖြစ်သည်။ ဤအရာသည် အရေးအပါဆုံးဖြစ်သည်။ အပေါ်ယံကြည့်လျှင် လူတို့က သူတို့၏မိသားစုနှင့် ကမ္ဘာကြီးကို အလျင်ဦးအောင် စွန့်ပစ်ထားသယောင် ထင်ရသော်လည်း တကယ်တမ်းတွင် မည်သည့်အရာ ဖြစ်ပျက်နေသနည်း။ (ဤအရာကို အချုပ်အခြာအာဏာ ကိုင်စွဲပြီး စီစဉ်ညွှန်ကြားသည့်သူမှာ ဘုရားသခင်ဖြစ်သည်။) ဤအရာကို ဘုရားက စီစဉ်ညွှန်ကြားခြင်းဖြစ်သည်။ သင်နှင့် သင်၏မိသားစုမတွေ့ရန် တားဆီးသူမှာ ဘုရားသခင် ဖြစ်သည်။ ပိုမိုတိကျအောင်ပြောရလျှင် ဘုရားသခင်က သင့်ထံမှ သူတို့အား ဖယ်ထုတ်ထားခြင်းဖြစ်လေသည်။ ထိုစကားများသည် လက်တွေ့အကျဆုံး စကားလုံးများမဟုတ်သလော။ (ဟုတ်ပါသည်။) ဘုရားသခင်သည် ကိစ္စရပ်များအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲပြီး စီစဉ်ပေးသည်ဟု လူအများက အမြဲပြောကြသည်။ ထိုသို့ဆိုလျှင် ဤကိစ္စရပ်အပေါ် ဘုရားသခင်သည် မည်သို့အချုပ်အခြာအာဏာ ကိုင်စွဲသနည်း။ ဘုရားသခင်က သင့်မိသားစုကို သင့်အပေါ် ဝန်ပိစေသည့် ဝန်ထုပ်ဝန်ပိုး ဖြစ်ခွင့်မပေးဘဲ သင့်ကို သင်၏အိမ်ပြင်ပသို့ ခေါ်ဆောင်ပေးသည်။ ထိုသို့ဆိုလျှင် ဘုရားသခင်က သင့်ကို မည်သည့်နေရာသို့ ခေါ်ဆောင်သွားသနည်း။ ဘုရားသခင်က သင့်ကို သင်ချစ်ခင်ရသော သူများအား မတွေ့မမြင်နိုင်သည့် ဇာတိပကတိ၏ ချည်နှောင်မှုများ မရှိသော ပတ်ဝန်းကျင်သို့ ခေါ်ဆောင်သွားသည်။ ထိုသူများအတွက် သင် စိတ်ပူပန်ပြီး သူတို့အတွက် တစ်စုံတစ်ခု ပြုလုပ်ပေးချင်သော်လည်း သင်ပြုလုပ်၍မရပါ၊ သူတို့ကို ဝတ်ကြီးဝတ်ငယ် ပြုစုချင်သော်လည်း သင်မတတ်နိုင်ပါ။ သူတို့သည် သင့်ကို ချည်နှောင်ထားနိုင်ခြင်း မရှိတော့ပါ။ ဘုရားသခင်သည် သင့်ကို သူတို့ထံမှ‌ ဝေးရာကို ခေါ်ဆောင်သွားပြီး သင့်ကို ဤနှောင်ကြိုးများအားလုံးမှ ကင်းလွတ်စေသည်။ သို့မဟုတ်ပါက သင်သည် သူတို့ကို ဝတ်ကြီးဝတ်ငယ် ပြုစုနေဦးမည်၊ သူတို့အတွက် အစေခံမှု ပေးနေဦးမည်၊ သူတို့အတွက် ပင်ပန်းကြီးစွာ အလုပ်အကျွေး ပြုနေဦးမည်ဖြစ်သည်။ ဘုရားသခင်က သင့်ကို ဤအပြင်ပန်းနှောင်ကြိုးများ အားလုံးထံမှ ဝေးရာသို့ ခေါ်ဆောင်သွားခြင်းက ကောင်းသောအရာလော၊ သို့မဟုတ် ဆိုးသောအရာလော။ (ကောင်းသောအရာဖြစ်ပါသည်။) ထိုအရာသည် ကောင်းသောအရာဖြစ်ပြီး နောင်တရနေစရာမလိုအပ်ပေ။ ထိုအရာသည် ကောင်းသောအရာဖြစ်သောကြောင့် လူများသည် ဘာလုပ်သင့်သနည်း။ လူများသည် “ဘုရားသခင်က ကျွန်ုပ်ကို အလွန်ချစ်မြတ်နိုးပါ၏” ဟုပြောရင်း ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်းသင့်သည်။ အကြင်သူတစ်ဦးသည် ချစ်ခင်တွယ်တာမှု၏ နှောင်ကြိုးကို မိမိဘာသာ မကျော်လွှားနိုင်ချေ။ အဘယ်ကြောင့်ဆိုသော် လူတို့၏စိတ်နှလုံးကို ချစ်ခင်တွယ်တာမှုက ကန့်သတ်ချုပ်တည်းထားသောကြောင့်ဖြစ်သည်။ သူတို့အားလုံးသည် သူတို့၏မိသားစုနှင့် ပြန်လည်တွေ့ဆုံချင်သည်။ မည်သည့်အခါမျှ မခွဲမခွာဘဲ အားလုံး လုံခြုံစွာ၊ ကျန်းမာစွာ၊ ပျော်ရွှင်စွာ သူတို့ တစ်မိသားစုလုံး တစ်စုတစ်စည်း စုဝေးကာ ဤကဲ့သို့ နေ့တိုင်းကို ကုန်လွန်ဖို့ သူတို့အားလုံး ဆန္ဒရှိကြသည်။ သို့သော်လည်း ဤကိစ္စတွင် မကောင်းသော ဘက်တစ်ဖက်ရှိသည်။ သင်သည် သင့် ဘဝ၏ ခွန်အား၊ အားထုတ်မှုများ၊ သင်၏နုပျိုမှု၊ သင်၏ အကောင်းဆုံးနှစ်များနှင့် သင့်ဘဝ၏ အကောင်းဆုံးသော အစိတ်အပိုင်းများ အားလုံးတို့ကို သူတို့အတွက် ဆက်ကပ်အပ်နှံရမည်။ သင်သည် သင်၏ဘဝတစ်ခုလုံးကို သင်၏ ဇာတိခန္ဓာ၊ မိသားစု၊ ချစ်ခင်ရသောသူများ၊ အလုပ်၊ ကျော်ကြားမှုနှင့် အကျိုးအမြတ်၊ အမျိုးမျိုးသော ရှုပ်ထွေးသော ဆက်ဆံရေးများအတွက် ပေးအပ်ရမည်ဖြစ်ပြီး အကျိုးဆက်အနေဖြင့် သင်သည် သင့်ကိုယ်သင် အလုံးစုံ ပျက်စီးစေမည်။ သို့ဆိုလျှင် ဘုရားသခင်က လူသားများကို မည်သို့ ချစ်သနည်း။ ဘုရားသခင်က “သင့်ကိုယ်သင် ဤရွှံ့နွံတွင်းထဲ၌ မဖျက်ဆီးလေနှင့်။ သင်၏ခြေနှစ်ချောင်းလုံး နစ်နေလျှင် သင်မည်မျှပင် ပင်ပန်းကြီးစွာ ကြိုးစားစေကာမူ သင့်ကိုယ်သင် ဆွဲထုတ်နိုင်မည်မဟုတ်။ သင့်တွင် ယုံကြည်ခြင်းကို မဆိုထားနှင့် ဝိညာဉ်ရင့်ကျက်မှု၊ သို့မဟုတ် ရဲရင့်မှု မရှိချေ။ သင့်ကို ငါကိုယ်တော်တိုင် ခေါ်ဆောင်မည်” ဟုပြောသည်။ ဤသည်မှာ ဘုရားသခင် လုပ်သည့်အရာဖြစ်သည်။ ဘုရားသခင်သည် သင်နှင့် ဤကိစ္စကို မဆွေးနွေးပါ။ ဘုရားသခင်သည် လူတို့၏ အကြံဉာဏ်ကို အဘယ်ကြောင့် မတောင်းသနည်း။ လူအချို့က ပြောကြသည်မှာ “ဘုရားသခင်သည် ဖန်ဆင်းရှင်ဖြစ်သည်။ ဘုရားသခင်သည် သူအလိုရှိရာကို လုပ်သည်။ လူသားများသည် ပုရွက်ဆိတ်များနှင့် ပိုးကောင်များပမာ ဘုရားသခင်၏အမြင်တွင် ဘာမျှမဟုတ်” ဟူ၍ဖြစ်သည်။ ဤသည်မှာ ကိစ္စရပ်များ၏ အခြေအနေအမှန်ဖြစ်သည်။ သို့သော်လည်း ယင်းမှာ ဘုရားသခင်က လူတို့ကို ဆက်ဆံသည့်နည်းလမ်း ဖြစ်သလော။ မဟုတ်ပါ။ ဘုရားသခင်က များပြားလှသော သမ္မာတရားများ ဖော်ပြပြီး လူတို့ကို ပေးအပ်ကာ လူတို့ကို ၎င်းတို့၏ ဖောက်ပြန်ပျက်စီးခြင်းမှ သန့်စင်ခြင်းခံရဖို့နှင့် သူ့ထံမှ အသက်အသစ်ကို ရရှိဖို့ ထောက်ကူပေးသည်။ လူသားအတွက် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် အလွန်ကြီးမြတ်သည်။ ထိုအရာများသည် လူများ မြင်နိုင်သည့် အရာအားလုံးဖြစ်သည်။ ဘုရားသခင်သည် သင့်အတွက် ရည်ရွယ်ချက်များ ရှိသည်။ သင့်ကို ဤနေရာသို့ ခေါ်ဆောင်လာရာ၌ ဘုရားသခင်၏ ရည်ရွယ်ချက်မှာ သင့်ဘာသာ ရွေးချယ်နိုင်ခြင်း ရှိမည်မဟုတ်သော လမ်းကြောင်းတစ်ခုဖြစ်သည့် လမ်းကြောင်းမှန်ပေါ်သို့ တက်စေပြီး အဓိပ္ပာယ်ရှိသော ဘဝတစ်ခုကို အသက်ရှင်နေထိုင်စေရန် ဖြစ်သည်။ လူအများ၏ နှလုံးသွင်းဆန္ဒမှာ သူတို့၏ ဘဝသက်တမ်းကို လုံခြုံစိတ်ချစွာ ကုန်လွန်နိုင်ရန်၊ ငွေအမြောက်အမြား မရှာနိုင်လျှင်ပင် အနည်းဆုံးအနေဖြင့် မိသားစုနှင့် တစ်စုတစ်စည်းတည်း ထာဝရနေလိုပြီး ဤမိသားစုပျော်ရွှင်မှုမျိုး ရရှိလိုကြသည်။ သူတို့သည် ဘုရား၏ ရည်ရွယ်ချက်များအပေါ် မည်သို့အလေးထားရမည်ကို နားမလည်ကြသကဲ့သို့ မိမိတို့၏ အနာဂတ် ခရီးပန်းတိုင်များ၊ သို့မဟုတ် လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ဘုရား၏ ရည်ရွယ်ချက်ကို မည်သို့ဆင်ခြင်စဉ်းစားရမည်ကို နားမလည်ကြချေ။ သို့သော်လည်း ဘုရားသခင်က သူတို့၏ နားလည်မှု ကင်းမဲ့ခြင်းကို ရေးကြီးခွင့်ကျယ် မလုပ်သကဲ့သို့ ၎င်းတို့၏ ဝိညာဉ်ရင့်ကျက်မှုသည် အလွန်သေးငယ်သဖြင့် နားမလည်ဘဲ မည်သည့်ဆွေးနွေးမှုမဆိုသည် တန့်နေမည်သာ ဖြစ်သောကြောင့် ဘုရားသခင်က သူတို့အား အများကြီးပြောစရာမလိုပေ။ အဘယ်ကြောင့် တန့်နေမည်နည်း။ အဘယ့်ကြောင့်ဆိုသော် လူသားမျိုးနွယ်ကို ကယ်တင်ရန် ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်နှင့်ပတ်သက်သည့် ကြီးမားသော ကိစ္စသည် စာကြောင်း တစ်ကြောင်း နှစ်ကြောင်းတည်းနှင့် ရှင်းပြခြင်းဖြင့် လူများ နားလည်နိုင်မည့်အရာတစ်ခု မဟုတ်ပေ။ ဤသို့ဖြစ်သည့်အတွက် လူများ နောက်ဆုံး၌ နားလည်သည့်နေ့ကို မရောက်မချင်း ဘုရားသခင်သည် ဆုံးဖြတ်ချက်များချပြီး တိုက်ရိုက် ပြုမူဆောင်ရွက်နေခြင်းဖြစ်သည်။

ဘုရားသခင်သည် သူရွေးချယ်ထားသောသူအချို့ကို တရုတ်ပြည်မကြီးရှိ အကျိုးမပြုသော ပတ်ဝန်းကျင်မှ ခေါ်ထုတ်သောအချိန်တွင် ထားရှိသော သူ၏ စေတနာများကို ယခုအခါတွင် လူတိုင်း တွေ့မြင်နိုင်လေသည်။ ဤကိစ္စနှင့်စပ်လျဉ်း၍ လူများသည် ၎င်းတို့အပေါ် ဘုရားသခင်က ကျေးဇူးတော်ပြသည့်အတွက် ဘုရားသခင်ကို မကြာခဏ ကျေးဇူးတင်ရှိကြောင်းပြပြီး ကျေးဇူးတင်ရမည်။ သင်သည် ထိုမိသားစု ပတ်ဝန်းကျင်မှ လွတ်လာပြီးဖြစ်ကာ လူ့ဇာတိ၏ ရှုပ်ထွေးသော အပြန်အလှန် ဆက်ဆံရေးများအားလုံးမှ ရုန်းထွက်ပြီး လောကီနှင့် ဇာတိပကတိဆိုင်ရာ သံယောဇဉ်များအားလုံးမှ လွတ်မြောက်လာပြီးဖြစ်သည်။ ဘုရားသခင်သည် သင့်အား ရှုပ်ထွေးပွေလီသော ကျော့ကွင်းမှ ခေါ်ထုတ်ပြီး သူ၏မျက်မှောက်တော်နှင့် သူ၏ အိမ်တော်ထဲသို့ ခေါ်ဆောင်ပြီး ဖြစ်သည်။ ဘုရားသခင်က “ဤနေရာတွင် ငြိမ်းချမ်းသည်။ ဤနေရာသည် အလွန်ကောင်းမွန်ပြီး သင်၏ရင့်ကျက်မှုအတွက် အလွန်သင့်တော်သည်။ ဤသည်မှာ ဘုရားနှုတ်ကပတ်တော်များနှင့် လမ်းပြမှုတို့ ရှိသည့်နေရာဖြစ်ပြီး သမ္မာတရား အုပ်စိုးရာလည်းဖြစ်၏။ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ဘုရားသခင်၏ ရည်ရွယ်ချက်သည် ဤနေရာတွင် တည်ရှိပြီး ကယ်တင်ခြင်းအမှုသည် ဤနေရာတွင် ဗဟိုပြုသည်။ သို့ဖြစ်၍ ဤနေရာတွင် သင်၏စိတ်နှလုံး ကျေနပ်ရောင့်ရဲသည်အထိ ရင့်ကျက်လော့” ဟု ပြောလေသည်။ ဘုရားသခင်က သင်ချစ်ခင်ရသောသူများ နှစ်သိမ့်မှု မရှိကောင်း မရှိနိုင်သည့်၊ သင်နေထိုင်မကောင်းသည့်အခါတွင် သင်၏ သားသမီးများက သင့်ကို ပြုစုစောင့်ရှောက်ဖို့ အနီးအနားတွင် ရှိမနေသည့်၊ သင့်အတွင်းရေး ပြောပြဖို့ တစ်ဦးတစ်ယောက်မျှ မရှိသောနေရာ ဖြစ်သည့် ဤပတ်ဝန်းကျင်မျိုးသို့ သင့်အား ခေါ်ဆောင်လာသည်။ သင်အထီးတည်းဖြစ်နေပြီး သင့်လူ့ဇာတိ၏ ဆင်းရဲဒုက္ခများနှင့် အခက်အခဲများအပြင် အနာဂတ်တွင် သင်ရင်ဆိုင်ရမည့် အရာအားလုံးအကြောင်း တွေးသည့်အခါ ထိုအချိန်များတွင် အထီးတည်း ဖြစ်သည်ဟု သင်ခံစားရလိမ့်မည်။ အဘယ်ကြောင့် သင်သည် အထီးတည်းဖြစ်သည်ဟု ခံစားရမည်နည်း။ အရှိအတိုင်းဖြစ်သည့် အကြောင်းအရင်းတစ်ခုမှာ လူများသည် ဝိညာဉ်ရင့်ကျက်မှုတွင် အလွန်သေးငယ်၍ ဖြစ်၏။ ခံစားချက်အရဖြစ်သော အကြောင်းရင်းမှာမူ အဘယ်နည်း။ (လူများသည် မိမိတို့၏ ဇာတိပကတိနှင့်ပတ်သက်သော ချစ်ခင်ရသူများကို လုံးလုံးလျားလျား လက်မလွှတ်သောကြောင့် ဖြစ်သည်။) မှန်ပေ၏။ ယင်းမှာ လူများသည် ထိုလူများကို လက်လွှတ်နိုင်စွမ်း မရှိ၍ ဖြစ်သည်။ ဇာတိပကတိတွင် အသက်ရှင်သောလူတို့သည် အမျိုးမျိုးသော ဆက်ဆံရေးများနှင့် ဇာတိပကတိ၏ မိသားစု သံယောဇဉ်များအား သာယာမှုများအဖြစ် မှတ်ယူသည်။ လူတို့သည် ၎င်းတို့ချစ်ခင်သောသူများမရှိဘဲ မရှင်သန်နိုင်ဟု ယုံကြည်ကြသည်။ သင်သည် လူ့လောကသို့ မည်သို့ရောက်ရှိလာခဲ့သည်ကို မစဉ်းစားသည်မှာ အဘယ်ကြောင့်နည်း။ သင်သည် နဂိုမူလက အခြားလူများနှင့် ဆက်နွှယ်ခြင်းမရှိဘဲ တစ်ဦးတည်းရောက်လာသည်။ ဘုရားသခင်သည် လူတို့ကို ဤနေရာသို့ တစ်ယောက်ချင်း ခေါ်ဆောင်သည်။ သင်ရောက်ရှိလာခဲ့ချိန်က သင်သည် အမှန်တကယ်တွင် တစ်ဦးတည်းဖြစ်သည်။ ထိုအချိန်က သင်သည် အထီးတည်း ဖြစ်သည်ဟု မခံစားရပေ။ သို့ဆိုလျှင် ဘုရားသခင်က သင့်အား ယခု ဤနေရာသို့ ခေါ်ဆောင်လာသည့်အခါတွင် သင်သည် အဘယ်ကြောင့်များ အထီးတည်းဖြစ်သည်ဟု ခံစားရသနည်း။ သင်သည် အတွင်းရေးပြောပြရန် သင်၏ သားသမီးဖြစ်စေ၊ သင်၏မိဘများဖြစ်စေ၊ သင်၏ ကြင်ဖော်ကြင်ဖက်ဖြစ်စေ၊ သင်၏ ခင်ပွန်း၊ သို့မဟုတ် ဇနီးဖြစ်စေ စသည့် အဖော်တစ်ဦး လိုအပ်နေသည်ဟု တွေးထင်သဖြင့် အထီးတည်း ဖြစ်နေသည်ဟု ခံစားရလေသည်။ သို့ဖြစ်၍ သင်အထီးတည်းဖြစ်သည်ဟု ခံစားရသည့်အခါ ဘုရားသခင်ကို အဘယ်ကြောင့် သတိမရသနည်း။ ဘုရားသခင်သည် လူသား၏ အဖော်မဟုတ်သလော။ (ဟုတ်ပါသည်။ သူသည် အဖော်ဖြစ်ပါသည်။) သင်သည် အကြီးမားဆုံး ဆင်းရဲဒုက္ခနှင့် ဝမ်းနည်းမှုတို့ကို ခံစားရသည့်အခါ မည်သူက သင့်ကို အမှန်တကယ် နှစ်သိမ့်နိုင်သနည်း။ သင်၏အခက်အခဲများကို မည်သူက အမှန်တကယ် ဖြေရှင်းပေးနိုင်သနည်း။ (ဘုရားသခင်က ဖြေရှင်းပေးနိုင်ပါသည်။) ဘုရားသခင်သာလျှင် လူများ၏ အခက်အခဲများကို အမှန်တကယ် ဖြေရှင်းပေးနိုင်သည်။ သင်နေထိုင်မကောင်းဘဲ သင်၏သားသမီးများက သင်၏နံဘေးတွင် နေကာ သင့်အား သောက်စရာငှဲ့ပေးပြီး ပြုစုစောင့်ရှောက်လျှင် သင်သည် အတော်ပင် ပျော်ရွှင်လိမ့်မည် ဖြစ်သော်လည်း အချိန်ကြာလာသည်နှင့်အမျှ သင်၏ သားသမီးများသည် ငြီးငွေ့လာမည်ဖြစ်ကာ မည်သူကမျှ သင့်ကို စောင့်ရှောက်ဖို့ လိုလားလိမ့်မည် မဟုတ်။ ထိုသို့သောအချိန်များတွင် သင်သည် အမှန်တကယ်ကို အထီးတည်းဖြစ်သည်ဟု ခံစားရလိမ့်မည်။ သို့ဖြစ်၍ သင်သည် အဖော်မရှိဟု တွေးထင်သည့်အချိန်တွင် ယင်းမှာ တကယ်တမ်း မှန်ကန်သလော။ ဘုရားသခင်သည် သင့်ကို အစဉ်သဖြင့် အဖော်ပြုပေးနေသည့်အတွက် ယင်းမှာ စင်စစ်အားဖြင့် မမှန်ကန်ပေ။ ဘုရားသခင်သည် လူများကို မစွန့်ပစ်ထားပေ။ သူသည် ၎င်းတို့ တစ်ချိန်လုံး အမှီပြုနိုင်ပြီး ခိုလှုံရာ ရှာနိုင်သောသူတစ်ဦးဖြစ်ကာ ၎င်းတို့၏ တစ်ဦးတည်းသော လူယုံတော်ဖြစ်သည်။ သို့ဖြစ်၍ သင့်အပေါ် မည်သည့် အခက်အခဲများနှင့် ဆင်းရဲဒုက္ခများ ကျရောက်ပါစေ၊ သင်သည် မည်သည့် မကျေနပ်ချက်များ၊ သို့မဟုတ် အပျက်သဘောဆောင်ခြင်း၊ အားနည်းခြင်းတို့နှင့်သက်ဆိုင်သော ကိစ္စများကို ရင်ဆိုင်ကြုံတွေ့ရပါစေ ဘုရားသခင်၏ ရှေ့မှောက်သို့ သင် ချက်ချင်း လာရောက်ပြီး ဆုတောင်းလျှင် ဘုရားနှုတ်ကပတ်တော်များက သင့်အား နှစ်သိမ့်မှု ပေးလိမ့်မည်။ သင်၏ အခက်အခဲများနှင့် သင်၏ အမျိုးမျိုးသော ပြဿနာများအားလုံးကို ဖြေရှင်းပေးလိမ့်မည်။ ဤကဲ့သို့သော ပတ်ဝန်းကျင်တစ်ခုတွင် သင်၏အထီးကျန်မှုသည် ဘုရားနှုတ်ကပတ်တော်များကို တွေ့ကြုံခံစားခြင်းနှင့် သမ္မာတရားကို ရရှိခြင်းတို့အတွက် အခြေခံလိုအပ်ချက် ဖြစ်လာလိမ့်မည်။ သင်တွေ့ကြုံရသည့်အခါတွင် “ငါသည် မိဘများကို ထားခဲ့ပြီးနောက် ပျော်ရွှင်သောဘဝကို အသက်ရှင်နေထိုင်နေဆဲ ဖြစ်သည်။ ငါ၏ ခင်ပွန်းကို ထားခဲ့ပြီးနောက် စိတ်ချမ်းသာသော ဘဝကို အသက်ရှင်နေထိုင်နေဆဲဖြစ်သည်။ ပြီးလျှင် ငါ၏ သားသမီးများကို ထားခဲ့ပြီးနောက် ငြိမ်သက်ပြီး ဝမ်းမြောက်သော ဘဝကို အသက်ရှင်နေထိုင်နေဆဲ ဖြစ်သည်။ ငါသည် ဟာတာတာ ဖြစ်မနေတော့။ လူများအပေါ် အားကိုးမည့်အစား ဘုရားသခင်ကိုသာ အားကိုးတော့မည်။ သူသည် ငါ့ကို အချိန်ပြည့် ထောက်ပံ့ပြီး ကူညီလိမ့်မည်။ သူ့ကို ငါမထိတွေ့နိုင်သော်ငြားလည်း၊ သို့မဟုတ် မမြင်နိုင်သော်ငြားလည်း သူသည် အချိန်တိုင်း၊ နေရာတိုင်း ငါ့နံဘေးတွင် ရှိနေကြောင်း ငါသိသည်။ သူ့ကို ငါဆုတောင်းသရွေ့၊ သူ့ကို ငါ တနေသရွေ့ ငါ့ကို သူ တို့ထိမည် ဖြစ်ပြီး သူ့ရည်ရွယ်ချက်များကို နားလည်စေကာ သင့်တော်သော လမ်းကြောင်းကို မြင်စေလိမ့်မည်” ဟု တဖြည်းဖြည်း တွေးလာလိမ့်မည်။ ထိုအချိန်တွင် သူသည် သင်၏ ဘုရားသခင် အမှန်တကယ် ဖြစ်လာပြီး သင်၏ပြဿနာများအားလုံး ပြေလည်သွားလိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး

လူအချို့သည် သမ္မာတရားကို နားလည်ကာ ရယူလိုကြသည်။ သူတို့ကိုယ်သူတို့ ဘုရားသခင်အတွက် အသုံးခံလိုကြသည်။ သို့သော်လည်း မည်သည့်အရာကိုမျှ မစွန့်လွှတ်နိုင်ကြပေ။ သူတို့၏ အနာဂတ်ကိုလည်း မစွန့်လွှတ်နိုင်ကြ။ ဇာတိပကတိ၏ သက်တောင့်သက်သာဖြစ်မှုကိုလည်း မစွန့်လွှတ်နိုင်ကြ။ သူတို့၏ မိသားစု အတူရှိမှု၊ သူတို့၏ သားသမီးများနှင့် မိဘများကိုလည်း မစွန့်လွှတ်နိုင်ကြသကဲ့သို့ သူတို့၏ ရည်ရွယ်ချက်များ၊ သူတို့၏ ရည်မှန်းချက်များ သို့မဟုတ် သူတို့၏ လိုအင်ဆန္ဒများကိုလည်း မစွန့်လွှတ်နိုင်ကြပေ။ သူတို့အပေါ် မည်သည့်အရာ ကျရောက်သည်ဖြစ်စေ သူတို့ကိုယ်ကို၊ သူတို့၏ အရေးကိစ္စများနှင့် သူတို့၏ တစ်ကိုယ်ကောင်း လိုအင်ဆန္ဒများကို ရှေ့တန်းတင်ထားကာ သမ္မာတရားကို နောက်ဆုံးတွင်ထားသည်။ ဇာတိပကတိ၏ အကျိုးစီးပွားများနှင့် သူတို့၏ စာတန်ဆန်ကာ ဖောက်ပြန်ပျက်စီးနေသော စိတ်သဘောထားများကို ကျေနပ်စေခြင်းက ပထမနေရာယူကာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် ဘုရားသခင်ကို ကျေနပ်စေခြင်းသည် ဒုတိယသာဖြစ်ပြီး နောက်ဆုံးနေရာယူ၏။ ဤကဲ့သို့သော လူစားမျိုးသည် ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို ရရှိနိုင်၏လော။ သူတို့သည် သမ္မာတရား စစ်မှန်မှုသို့ ဝင်ရောက်နိုင်ပါ၏လော သို့မဟုတ် ဘုရားသခင်၏ ရည်ရွယ်ချက်များ အထမြောက်အောင် ဆောင်ရွက်နိုင်ပါ၏လော။ (သူတို့ မည်သည့်အခါမျှ မဆောင်ရွက်နိုင်ပါ။) အကယ်၍ သင်သည် သင်၏တာဝန်ကို ထမ်းဆောင်ပြီးဖြစ်ကာ အချောင်မခိုခဲ့သော်လည်း သင်၏ ဖောက်ပြန်ပျက်စီးနေသော စိတ်သဘောထားကို စိုးစဉ်းမျှပင် မပြုပြင်ခဲ့ပါက ယင်းသည် ဘုရားသခင်၏ လမ်းကို လိုက်လျှောက်ခြင်းဖြစ်သည်ဟု မြင်နိုင်ပါ၏လော။ (မဟုတ်ပါ။) သင်တို့အားလုံး ဤသည်တို့ကို နားလည်ကြသည်။ သို့သော်လည်း သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် ပတ်သက်လာသည့်အခါတွင်မူ ယင်းမှာ ခက်ခဲသော အလုပ်ဖြစ်သည်။ သင်၏ ဒုက္ခခံစားခြင်းနှင့် အဖိုးအခပေးဆပ်ခြင်း တို့ကို သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းအတွက် သုံးစွဲရမည်ဖြစ်ပြီး စည်းမျဉ်းစည်းကမ်းများကို ပုံသေစောင့်ထိန်းခြင်းနှင့် လုပ်ထုံးလုပ်နည်းအတိုင်း လုပ်ဆောင်ခြင်းတို့အတွက် မဖြစ်ရပေ။ သင်သည် သမ္မာတရားအတွက် မည်မျှပင် ဒုက္ခခံစားသည်ဖြစ်စေ ယင်းမှာ ထိုက်တန်သည်။ ထို့ပြင် ဘုရားသခင်၏ ရည်ရွယ်ချက်များ အထမြောက်ဖို့အတွက် သမ္မာတရားကို သင်လက်တွေ့လုပ်ဆောင်ခြင်းအတွက် သင်ခံစားရသော ဒုက္ခသည် ဘုရားသခင်အနေဖြင့် လက်ခံနိုင်ဖွယ်ဖြစ်ပြီး ဘုရားသခင်မှ အသိအမှတ်ပြုပြီး ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး

သင်သည် သင်၏ စိတ်နှလုံး၊ ခန္ဓာနှင့် သင်၏စစ်မှန်သော ချစ်ခြင်းမေတ္တာ အားလုံးကို ဘုရားသခင်ထံ ဆက်ကပ်အပ်နှံနိုင်ပါက၊ ယင်းတို့ကို ဘုရားသခင်ရှေ့တွင် ထားရှိနိုင်ပါက၊ သူ့အပေါ် လုံးဝ ကျိုးနွံနာခံနိုင်ပြီး သူ၏ရည်ရွယ်ချက်များကို လုံးဝ အလေးထားနိုင်ပါက ဇာတိပကတိအတွက် မဟုတ်၊ မိသားစုအတွက် မဟုတ်၊ သင်၏ ကိုယ်ရေးကိုယ်တာ ဆန္ဒများအတွက် မဟုတ်ဘဲ၊ ဘုရားသခင့်အိမ်တော်၏ အကျိုးများအတွက်၊ အရာရာတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို အခြေခံသဘောတရားနှင့် အခြေခံအုတ်မြစ် အဖြစ်ခံယူလျက် ထိုသို့လုပ်ဆောင်ခြင်းဖြင့် သင်၏ ရည်ရွယ်ချက်များနှင့် သင်၏ ရှုထောင့်အမြင်များအားလုံးသည် နေရာမှန်တွင် ရှိကြလိမ့်မည်ဖြစ်ပြီး၊ ထိုအခါ သင်သည် ဘုရားသခင့်ရှေ့တွင် သူ၏ချီးမွမ်းမှုကို ရရှိသော လူတစ်ဦး ဖြစ်လိမ့်မည်။ ဘုရားသခင်နှစ်သက်သူများသည် သူ့အပေါ် အကြွင်းမဲ့ရှိသူများ ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်ကို လုံးဝဥဿုံ ဆက်ကပ်အပ်နှံနိုင်သော သူများ ဖြစ်သည်။ ဘုရားသခင် စက်ဆုပ်ရွံရှာသောသူများမှာ သူ့အပေါ် စိတ်မပါ့တပါဖြစ်သောသူများနှင့် သူ့ကို ဆန့်ကျင်ပုန်ကန်သောသူများ ဖြစ်သည်။ သူ့ကို ယုံကြည်ပြီး သူ့ကို အမြဲ မွေ့လျော်လိုသော်လည်း၊ သူ့အတွက် မိမိတို့ကိုယ်ကိုယ် လုံးဝ အသုံးပြုမခံနိုင်သောသူများကို သူ စက်ဆုပ်၏။ သူ့ကို ချစ်သည်ဟုပြောသော်လည်း၊ ၎င်းတို့၏ စိတ်နှလုံးများထဲတွင် သူ့အား ဆန့်ကျင်ပုန်ကန်သူများကို သူ စက်ဆုပ်၏။ လှည့်ဖြားခြင်း၌ ပါဝင်လုပ်ဆောင်ရန် စကားပြောကောင်းသည့်၊ ကွန့်လွန်းသော စကားများကို အသုံးပြုသောသူများအား သူ စက်ဆုပ်သည်။ ဘုရားသခင်အား အမှန်တကယ် မဆက်ကပ်သောသူများ သို့မဟုတ် သူ့၏ ရှေ့မှောက်တွင် သစ္စာဖာက်ပြီး အမှန်တကယ် ကျိုးနွံနာခံခြင်း မရှိသောသူများသည် သစ္စာဖေါက်ပြီး သဘာဝအားဖြင့် အလွန် မာနထောင်လွှားကြသည်။ ပုံမှန်၊ လက်တွေ့ကျသော ဘုရားသခင်ရှေ့၌ အမှန်တကယ် ကျိုးနွံနာခံနိုင်ခြင်း မရှိနိုင်သော သူများသည် သာ၍ပင် မာနထောင်လွှားကြပြီး ၎င်းတို့သည် အထူးသဖြင့် ကောင်းကင်တမန်မင်း၏ တာဝန်ကျေသော သားသမီးများ ဖြစ်ကြသည်။ ဘုရားသခင်အတွက် မိမိကိုယ်ကိုယ် အမှန်တကယ် အသုံးခံသောသူများသည် သူ့ထံတွင် ၎င်းတို့၏ ဖြစ်တည်ခြင်း တစ်ခုလုံးကို နှစ်မြုပ်ထားပြီး သူ၏ရှေ့တွင် မိမိတို့ကိုယ်ကို ထားရှိသည်။ ၎င်းတို့သည် သူ၏နှုတ်ကပတ်တော်နှင့် အမှုတော်အားလုံးကို ကျိုးနွံနာခံနိုင်ပြီး၊ သူ၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်နိုင်ကြလေသည်။ ၎င်းတို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်များကို လက်ခံနိုင်ပြီး ယင်းတို့ကို ၎င်းတို့၏ တည်ရှိခြင်း အခြေခံအုတ်မြစ် အဖြစ် ခံယူကာ၊ မည်သည့်အပိုင်းများအား လက်တွေ့လုပ်ဆောင်ရမည်ကို သိရှိဖို့ရန် ဘုရားသခင်၏ နှုတ်ကပတ်တော်များအတွင်း၌ စိတ်အားထက်သန်စွာ ရှာဖွေနိုင်ကြလေသည်။ ယင်းမှာ ဘုရားသခင်ရှေ့တွင် အမှန်တကယ် အသက်ရှင်သော လူများဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်အား အမှန်တကယ်ချစ်သောသူများသည် ဘုရားသခင်၏ လက်တွေ့ကျခြင်းကို အကြွင်းမဲ့ ကျိုးနွံနာခံနိုင်သောသူများ ဖြစ်သည်

လူသည် အဓိပ္ပာယ်ရှိသော အသက်တာကို နေထိုင်ရန် ရှာဖွေလိုက်လျှောက်ရမည်ဖြစ်ပြီး သူ၏ လက်ရှိအခြေအနေများဖြင့် ရောင့်ရဲမနေသင့်ပါ။ ပေတရု၏ ပုံရိပ်အတိုင်း ရှင်သန်ရန် လူသည် ပေတရုအကြောင်း အသိပညာနှင့် သူ၏ အတွေ့အကြုံများကို ပိုင်ဆိုင်ရမည်။ လူသည် ပိုမိုမြင့်မားပြီး ပိုမိုနက်နဲသိမ်မွေ့သော အရာများကို လေ့လာလိုက်စားရမည်။ သူသည် ဘုရားသခင်အား ပိုမိုလေးနက်၍ ပိုမိုဖြူစင်သော ချစ်ခြင်းအပြင် တန်ဖိုးနှင့် အဓိပ္ပာယ်ပြည့်ဝသော အသက်တာကို ရှာဖွေလိုက်လျှောက်ရမည် ဖြစ်သည်။ ဤသည်သာ အသက်ရှင်ခြင်းအကြောင်း ဖြစ်၏၊ သို့မှသာ လူသည် ပေတရုနှင့် တူမည်ဖြစ်သည်။ အကောင်းဘက်တွင် တက်ကြွထက်သန်စွာ ဝင်ရောက်ခြင်းကို သင်အာရုံစိုက်ရမည်၊ ပိုမိုလေးနက်ပြီး ပိုမိုတိကျကာ ပိုမိုလက်တွေ့ကျသည့် သမ္မာတရားများကို လျစ်လျူရှုရင်း တဒင်္ဂသာယာမှုအလို့ငှာ ဒုံရင်းသို့ပြန်ဆိုက်ရန် အပျက်သဘောဆောင်စွာ သင့်ကိုယ်သင် ခွင့်မပြုရ။ သင့်ချစ်ခြင်းသည် လက်တွေ့ကျရမည်ဖြစ်ပြီး တိရစ္ဆာန်၏ဘဝနှင့် မခြားသည့် အကျင့်စာရိတ္တပျက်ပြားကာ ပေါ့ပေါ့တန်တန်ဘဝမှ မိမိကိုယ်ကို လွတ်မြောက်စေရန် နည်းလမ်းများကို သင်ရှာရမည်။ သင်သည် အဓိပ္ပာယ်ရှိသောဘဝ၊ တန်ဖိုးရှိသောဘဝကို ရှင်သန်နေထိုင်ရမည်ဖြစ်ပြီး သင့်ကိုယ်သင် အရူးလုပ်ခြင်း သို့မဟုတ် သင့်ဘဝကို ဆော့ကစားစရာ အရုပ်ကဲ့သို့ သဘောထားခြင်းတို့ကို မပြုလုပ်ရ။ ဘုရားသခင်အား ချစ်ရန် ဆန္ဒပြင်းပြသော လူတိုင်းအတွက် မရရှိနိုင်သော သမ္မာတရားများ ဆိုသည်မှာ မရှိပါ၊ သူတို့ ကြံ့ကြံ့မခံနိုင်သောအရာအတွက် တရားစီရင်မှုလည်း မရှိပါ။ သင့်အသက်တာကို မည်သို့နေထိုင်သင့်သနည်း။ ဘုရားသခင်ကို သင်မည်သို့ ချစ်သင့်ပြီး သူ့ရည်ရွယ်ချက်များကို ဖြည့်ဆည်းရန် ထိုချစ်ခြင်းကို မည်သို့အသုံးပြုသင့်သနည်း။ သင့်အသက်တာတွင် ထို့ထက်ပို၍ ကြီးမြတ်သောအရာ မရှိပါ။ အထူးသဖြင့် သင့်တွင် ထိုကဲ့သို့သော ရည်မှန်းချက်များနှင့် ဇွဲလုံ့လတို့ ရှိရမည်ဖြစ်ပြီး ထိုကြောက်တတ်သော လူပျော့လူညံ့များကဲ့သို့ မဖြစ်သင့်ပါ။ အဓိပ္ပာယ်ပြည့်ဝသော အသက်တာကို တွေ့ကြုံရန်နှင့် အဓိပ္ပာယ်ပြည့်ဝသော သမ္မာတရားများကို တွေ့ကြုံရန် သင်လေ့လာရမည်ဖြစ်ပြီး ထိုကဲ့သို့ သင့်ကိုယ်သင် ဝတ်ကျေတမ်းကျေ သဘောမထားသင့်ပေ။ သင်သတိမထားမိဘဲ သင့်အသက်တာသည် သင့်ကို ဝကွက်ချန်ထားခဲ့လိမ့်မည်၊ ယင်းနောက်တွင် ဘုရားသခင်ကိုချစ်ရန် သင်၌ နောက်တစ်ကြိမ် အခွင့်အရေး ရှိပါဦးမည်လော။ လူသည် သေလွန်ပြီးနောက် ဘုရားသခင်အား ချစ်နိုင်ပါမည်လော။ သင့်တွင် ပေတရုကဲ့သို့ တူညီသည့် ရည်မှန်းချက်များနှင့် စိတ်ဓာတ်ရှိရမည်၊ သင့်အသက်တာသည် အဓိပ္ပာယ်ပြည့်ဝရမည်ဖြစ်ပြီး သင့်ကိုယ်သင် မကစားသင့်ပါ။ လူသားတစ်ဦးအနေဖြင့်သာမက ဘုရားသခင် နောက်သို့ လိုက်လျှောက်သောသူတစ်ဦးအနေဖြင့် သင့်အသက်တာကို မည်သို့သဘောထားသင့်သည်၊ ဘုရားသခင်ထံ သင့်ကိုယ်သင် မည်သို့ဆက်ကပ်အပ်နှံသင့်သည်၊ ဘုရားသခင်၌ ပိုမိုလေးနက်သော ယုံကြည်မှုကို မည်သို့ထားရှိသင့်သည်တို့အပြင် ဘုရားသခင်ကို သင်ချစ်သည့်အလျောက် ဘုရားသခင်အား ပိုမိုဖြူစင်စွာ၊ ပို၍လှပစွာ၊ ပိုမိုကောင်းမွန်စွာ မည်သို့ချစ်သင့်သည်တို့ကို အသေအချာ သင်စဉ်းစားနိုင်ရမည်။...သမ္မာတရားအတွက် ဒုက္ခကို သင် မဖြစ်မနေခံစားရမည်၊ သင်သည် သမ္မာတရားအတွက် သင့်ကိုယ်သင် မဖြစ်မနေ စွန့်လွှတ်ရမည်။ သမ္မာတရားအတွက် အရှက်တကွဲ ဖြစ်ခြင်းကို သင် မဖြစ်မနေခံရမည်၊ ပြီးလျှင် သမ္မာတရားကို သင်ပိုမိုရရှိရန်အတွက် ပို၍ပင် မဖြစ်မနေ ဒုက္ခဆင်းရဲခံရပေမည်။ ဤသည်မှာ သင်လုပ်သင့်သည့်အရာဖြစ်သည်။ မိသားစု သဟဇာတဖြစ်ခြင်းကို ပျော်မွေ့ခြင်းအတွက် သမ္မာတရားကို သင်လွှင့်မပစ်ရ၊ ခဏတာ ပျော်ရွှင်မှု အတွက် တစ်သက်တာ ဂုဏ်သိက္ခာနှင့် တည်ကြည်မှုကို သင် အဆုံးရှုံးမခံရ။ လှပပြီး ကောင်းမွန်သောအရာအားလုံးကို သင် လိုက်စားသင့်ပြီး၊ အသက်တာတွင် ပိုမိုအဓိပ္ပာယ် ရှိသော လမ်းကြောင်းကို သင် လိုက်စားသင့်သည်။ ထိုသို့သော သာမန်မျှသာဖြစ်ပြီး လောကီဆန်သော အသက်တာကို သင်နေထိုင်ကာ လိုက်စားရန် မည်သည့်ပန်းတိုင်မျှ မရှိပါက သင်၏ အသက်တာကို ဖြုန်းတီးနေခြင်း မဟုတ်လော။ ထိုသို့သောဘဝမှ မည်သည့်အရာကို သင် ရရှိနိုင်သနည်း။ သမ္မာတရားတစ်ခုအတွက် ဇာတိပကတိ၏ ပျော်မွေ့မှုများ အားလုံးကို သင်စွန့်လွှတ်သင့်ပြီး၊ ပျော်ရွှင်မှု အနည်းငယ်အတွက် သမ္မာတရားအားလုံးကို မလွှင့်ပစ်သင့်ပေ။ ဤကဲ့သို့သော လူများသည် တည်ကြည်မှု သို့မဟုတ် ဂုဏ်သိက္ခာ မရှိပေ။ ၎င်းတို့၏ တည်ရှိခြင်းတွင် အဓိပ္ပာယ် မရှိပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ပေတရု၏ အတွေ့အကြုံများ- ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် သူ၏အသိပညာ

ယနေ့တွင် သင်သည် ငါပြောသောစကားများကို မယုံကြည်သကဲ့သို့၊ ယင်းတို့ကို သင် အာရုံမစိုက်ပေ။ ဤအမှုကို ဖြန့်ဝေရန်နှင့် ယင်း၏ အလုံးစုံကို သင် မြင်ရသည့် နေ့ရက် ရောက်လာသည့်အခါ၊ သင်နောင်တရလိမ့်မည် ဖြစ်ပြီး၊ ထိုအချိန်တွင် သင်သည် မှင်တက်နေမိလိမ့်မည်။ ကောင်းချီးမင်္ဂလာများ ရှိသော်လည်း၊ ယင်းတို့ကို ပျော်မွေ့ရကောင်းမှန်း သင်မသိသကဲ့သို့၊ သမ္မာတရား ရှိသော်လည်း၊ သင်မလိုက်စားပေ။ သင်သည် အထင်သေးခံရအောင် မိမိဘာသာပြုခြင်း မဟုတ်လော။ ယခုအချိန်တွင် ဘုရားသခင်၏အမှု နောက်တစ်ဆင့် မစတင်ရသေးသော်လည်း၊ သင်နှင့်သက်ဆိုင်၍ ပြုလုပ်ထားသည့် တောင်းဆိုချက်များနှင့် အသက်ရှင်နေထိုင်ရန် သင့်အား တောင်းဆိုထားသော အရာများနှင့် ပတ်သက်၍ အပိုဆောင်းခြင်း မရှိပေ။ အလွန်များလှစွာသော အမှုရှိသကဲ့သို့၊ အလွန်များလှစွာသော သမ္မာတရားများရှိ၏။ ယင်းတို့ကို သင် သိထိုက်သည် မဟုတ်လော။ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့သည် သင့်ဝိညာဉ်ကို နိုးထစေနိုင်စွမ်း မရှိသလော။ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့သည် သင့်ကိုယ်သင် မုန်းတီးစေနိုင်စွမ်း မရှိသလော။ သင်သည် ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်း၊ ပြီးလျှင် အနည်းငယ်သော အသွေးအသား နှစ်သိမ့်မှုဖြင့် စာတန်၏ စွမ်းအားအောက်တွင် အသက်ရှင်ဖို့ တင်းတိမ်ရောင့်ရဲနေသလော။ သင်သည် လူအားလုံးတွင် အနိမ့်ကျဆုံးဖြစ်သည် မဟုတ်လော။ ကယ်တင်ခြင်းကို ရှုမြင်ပြီးသော်လည်း ယင်းကို ရရှိရန် မလိုက်စားသောသူတို့ထက် မည်သူမျှ သာ၍ မမိုက်မဲပေ။ ဤသည်တို့မှာ ဇာတိပကတိကို အလိုလိုက်ပြီး စာတန်ကို မွေ့လျော်သူများ ဖြစ်သည်။ ဘုရားသခင်၌ သင်၏ ယုံကြည်ခြင်းသည် မည်သည့်အခက်အခဲများ သို့မဟုတ် အတိဒုက္ခများ သို့မဟုတ် ဆင်းရဲဒုက္ခ အနည်းငယ်ကိုမျှ ဖြစ်ပေါ်စေမည်မဟုတ်ဟု သင်မျှော်လင့်သည်။ သင်သည် တန်ဖိုးမရှိသော ထိုအရာများကို အမြဲလိုက်စားပြီး၊ အသက်ကို တန်ဖိုးမထားပေ၊ ထိုအစား သင်၏ ကိုယ်ပိုင် လွန်ကဲသော အတွေးများကို သမ္မာတရားရှေ့မှောက်သို့ ထားရှိလေသည်။ သင်သည် အလွန်တန်ဖိုးမရှိပါတကား။ သင်သည် ဝက်တစ်ကောင်ကဲ့သို့ အသက်ရှင်၏။ သင်နှင့် ဝက်များ၊ ခွေးများကြားတွင် မည်သည့် ကွာ‌ခြားချက် ရှိပါသနည်း။ သမ္မာတရားကို မလိုက်စားဘဲ ယင်းအစား ဇာတိပကတိကို နှစ်သက်သူများ အားလုံးသည် သားရဲများ ဖြစ်ကြသည်မဟုတ်လော။ ဝိညာဉ်မရှိသော ဤအသေကောင်များ အားလုံးသည် လမ်းလျှောက် နေသည့် အလောင်းကောင်များ မဟုတ်ပေလော။ သင်တို့အလယ်တွင် နှုတ်ကပတ်တော်ပေါင်းမည်မျှ ပြောပြီးပြီနည်း။ သင်တို့အလယ်တွင် အနည်းငယ်သော အမှုကိုသာ လုပ်ဆောင်ပြီးလေပြီလော။ သင်တို့အလယ်တွင် ငါမည်မျှ ထောက်ပံ့ပေးပြီးပြီနည်း။ သို့ဆိုလျှင် သင်သည် အဘယ်ကြောင့် ယင်းကို မရရှိသေးသနည်း။ သင်သည် စောဒကတက်စရာ မည်သည့်အရာ ရှိသနည်း။ သင်သည် ဇာတိပကတိကို အလွန်နှစ်သက်သောကြောင့်၊ မည်သည့်အရာမျှ မရလေပြီမှာ ဟုတ်သည် မဟုတ်လော။ ပြီးလျှင် သင်၏အတွေးများက လွန်ကဲလွန်းသောကြောင့် ဖြစ်သည် မဟုတ်လော။ သင်သည် အလွန်မိုက်မဲလွန်းသောကြောင့် ဖြစ်သည် မဟုတ်လော။ ဤကောင်းချီးမင်္ဂလာများကို သင်သည် ရယူနိုင်စွမ်းမရှိပါက၊ သင့်ကို မကယ်တင်ခြင်းအတွက် ဘုရားသခင်ကို သင် အပြစ်တင်နိုင်သလော။ သင်၏သားသမီးများ နာမကျန်းဖြစ်ခြင်း ကင်းရန်အတွက်၊ သင်၏ခင်ပွန်းက အလုပ်ကောင်း ရှိရန်အတွက်၊ သင်၏သားက ဇနီးကောင်း တစ်ဦးကို ရရန်အတွက်၊ သင့်သမီးက ရည်မွန်သော ခင်ပွန်းတစ်ဦးကို ရရန်အတွက်၊ သင့် နွားများနှင့် မြင်းများက မြေကိုကောင်းစွာ ထွန်ယက်ရန်အတွက်၊ သင်၏ ကောက်ပဲသီးနှံများ အတွက် တစ်နှစ်ပတ်လုံး ရာသီဥတု ကောင်းမွန်ရန်အတွက်၊ သင် လိုက်စားသည့်အရာမှာ ဘုရားသခင်ကို ယုံကြည်ပြီးနောက် ငြိမ်သက်ခြင်း ရရှိနိုင်ရန်ဖြစ်သည်။ ဤသည်မှာ သင် လိုက်စားသောအရာ ဖြစ်သည်။ သင်၏ လိုက်စားခြင်းမှာ သက်သောင့်သက်သာဖြင့် အသက်ရှင်ရန်၊ သင့်မိသားစုပေါ်သို့ မတော်တဆမှုများ မကျရောက်ရန်အတွက်၊ သင့်အနား လေပြေဖြတ်သွားရန်အတွက်၊ သင့်မျက်နှာကို မြေမှုန် မထိစေရန်အတွက်၊ သင့်မိသားစု၏ ကောက်ပဲသီးနှံများ ရေလွှမ်းမိုးခြင်း မခံရစေရန်အတွက်၊ မည်သည့် သဘာဝဘေးအန္တရာယ်ကမျှ သင့်ကို မထိခိုက်စေရန်အတွက်၊ ဘုရားသခင်၏ ထွေးပိုက်မှုထဲတွင် အသက်ရှင်ရန်၊ ဇိမ်ရှိသော အသိုက်အမြုံထဲတွင် နေထိုင်ရန် ဖြစ်သည်။ သင်ကဲ့သို့သော ဇာတိပကတိကို အမြဲလိုက်စားသည့် သတ္တိကြောင်သူ တစ်ဦးဖြစ်သည့် သင်သည် စိတ်နှလုံးတစ်ခု ရှိပါသလော၊ သင်သည် စိတ်ဝိညာဉ် ရှိပါသလော။ သင်သည် သားရဲတစ်ကောင် မဟုတ်လော။ အပြန်အလှန်အနေဖြင့် မည်သည့်အရာကိုမျှ မတောင်းဆိုဘဲ၊ စစ်မှန်သော လမ်းခရီးကို သင့်အား ငါပေးခဲ့သည်၊ သို့သော် သင်သည် မလိုက်စားပေ။ သင်သည် ဘုရားသခင်ကို ယုံကြည်သော သူများထဲမှ တစ်ဦးလော။ ငါသည် သင့်အပေါ် စစ်မှန်သော လူ့အသက်တာကို အပ်နှင်းသော်လည်း၊ သင်သည် မလိုက်စားပေ။ သင်သည် ဝက်များ၊ ခွေးများနှင့် မည်သည့် ကွာခြားမှုမျှမရှိသလော။ ဝက်များသည် လူ့အသက်တာကို မလိုက်စားကြပေ၊ ၎င်းတို့သည် သန့်ရှင်းစေခြင်းကို မလိုက်စားသကဲ့သို့၊ အသက်တာက မည်သည့်အရာဖြစ်သည်ကို ၎င်းတို့နားမလည်ကြပေ။ နေ့စဉ်တွင် ၎င်းတို့ ဝသည်ထိစားပြီးနောက်၊ ၎င်းတို့ အိပ်ရုံသာပြုကြသည်။ ငါသည် သင့်အား မှန်သော လမ်းခရီးကို ပေးပြီးဖြစ်သော်လည်း၊ သင်သည် ယင်းကို မရယူသေးပေ။ သင်သည် လက်ချည်းသက်သက် ဖြစ်ပေသည်။ သင်သည် ဤဘဝမျိုး၊ ဝက်တစ်ကောင်၏ဘဝမျိုးတွင် ဆက်လက် အသက်ရှင်ရန် လိုလားနေပါသလော။ ထိုသို့သောလူများ အသက်ရှင်ခြင်း၏ အရေးပါမှုမှာ အဘယ်နည်း။ သင်၏ အသက်တာသည် အထင်သေးဖွယ် ဖြစ်သကဲ့သို့ ရှက်ဖွယ်ဖြစ်သည်၊ သင်သည် ညစ်ညမ်းမှုနှင့် ကိုယ်ကျင့်သိက္ခာ ကင်းမဲ့မှုအလယ်တွင် အသက်ရှင်ပြီး၊ သင်သည် မည်သည့် ရည်မှန်းချက်များကိုမျှ မလိုက်စားပေ။ သင့်ဘဝသည် အားလုံးထဲတွင် ရှက်ဖွယ်အကောင်းဆုံး ဖြစ်သည်မဟုတ်လော။ ဘုရားသခင်ကို သင်ရင်ဆိုင်ဝံ့သလော။ ဤနည်းဖြင့် သင် ဆက်လက် တွေ့ကြုံပါက၊ သင်သည် မည်သည့်အရာကိုမျှ မရရှိဘဲ ဖြစ်လိမ့်မည် မဟုတ်လော။ သင့်ထံ မှန်ကန်သောလမ်းခရီးကို ပေးထားပြီး ဖြစ်သော်လည်း၊ နောက်ဆုံးတွင် သင်သည် ယင်းကို ရရှိနိုင်ခြင်း ရှိမရှိဆိုသည်မှာ သင်၏ ကိုယ်ရေးကိုယ်တာ လိုက်စားမှုအပေါ် မူတည်ပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ပေတရု၏ အတွေ့အကြုံများ- ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် သူ၏အသိပညာ

ဤအချိန်သည် ကြီးမားသော အမှုများကို ငါ၏ဝိညာဉ်က လုပ်ဆောင်နေချိန် ဖြစ်ပြီး တစ်ပါးအမျိုးသား တိုင်းနိုင်ငံများအကြား၌ ငါ၏အလုပ်ကို စတင်လုပ်ဆောင်ချိန် ဖြစ်သည်။ ထိုထက်ပို၍ပင် ဤအချိန်သည် ဖန်ဆင်းခံအားလုံးကို တစ်ဦးချင်း ယင်းတို့သက်ဆိုင်ရာ အုပ်စုအလိုက် ငါခွဲခြားချိန် ဖြစ်သည်။ ငါ၏ အလုပ် သာ၍ လျင်မြန်ထိရောက်စွာ ရှေ့ဆက်နိုင်ရန်အတွက် ထိုသို့လုပ်ဆောင်ခြင်း ဖြစ်သည်။ ထို့ကြောင့် ငါသင်တို့ဆီမှ တောင်းဆိုနေသည်မှာ ငါ၏အလုပ်အားလုံးအတွက် သင်၏ဖြစ်တည်ခြင်း တစ်ရပ်လုံးကို ဆက်ကပ်ရန်အပြင် သင်၌ ငါလုပ်ဆောင်ခဲ့သမျှကို သင်သည် ရှင်းရှင်းလင်းလင်း ထိုးထွင်းနားလည်ကာ သေသေချာချာ သိရန်နှင့် ငါ့အလုပ် ပိုမိုထိရောက်စေရန်အတွက် သင့်ခွန်အား အားလုံးကို အသုံးပြုရန် ဖြစ်ဆဲဖြစ်သည်။ သင်နားလည်ရမည်ကား ဤအချက် ဖြစ်သည်။ အချင်းချင်း ခိုက်ရန်ဖြစ်ခြင်း၊ နောက်ကြောင်းပြန်လှည့်ဖို့ လမ်းကို ရှာဖွေခြင်း၊ သို့မဟုတ် ဇာတိဆိုင်ရာ သက်သာမှုများ ရှာဖွေခြင်းကို ရပ်တန့်လော့။ ယင်းတို့သည် ငါ၏အလုပ်ကို နှောင့်နှေးစေမည့်အပြင် သင်၏ အံ့သြဖွယ် အနာဂတ်ကို နှောင့်နှေး စေမည့် အရာများဖြစ်သည်။ ထိုအရာများကို လုပ်ဆောင်ခြင်းသည် သင့်ကို အကာအကွယ် လုံးဝမပေးနိုင်သည့်အပြင် သင့်ကို ပျက်စီးစေမည် ဖြစ်သည်။ ယင်းသည် သင်မိုက်မဲခြင်းပင် ဖြစ်သည် မဟုတ်လော။ ယနေ့ သင်လောဘတကြီး မွေ့လျော်နေသော အရာသည် သင်၏အနာဂတ်ကို ဖျက်ဆီးမည့်အရာ ဖြစ်ပြီး၊ ယနေ့သင် ခံစားနေသည့် နာကျင်မှုသည် သင့်ကို အကာအကွယ်ပေးနေသည့် အရာပင် ဖြစ်သည်။ သင်သည် ဤအရာများကို ရှင်းရှင်းလင်းလင်း သိရမည်၊ ယင်းသည် သင့်ကိုယ်သင် လွတ်မြောက်စေရာ၌ အခက်တွေ့မည့် ဖြားယောင်းသွေးဆောင်မှုများ၏ သားကောင် ဖြစ်ခြင်းမှ ရှောင်ရှားရန်နှင့် ထူထပ်သည့်မြူထဲ၌ စမ်းတဝါးဝါးဖြစ်ပြီး နေကို မမြင်နိုင်ခြင်းအား ရှောင်ရှားရန်အလို့ငှာ ဖြစ်သည်။ ထူထပ်သည့်မြူ ရှင်းသွားသောအခါမှ ကြီးမြတ်သည့်နေ့၏ တရားစီရင်ခြင်း အလယ်၌ သင်ရောက်နေသည်ကို သင်တွေ့မည် ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဧဝံဂေလိတရားကို ဖြန့်ဝေသည့် အလုပ်သည် လူသားကို ကယ်တင်သည့် အလုပ်လည်းဖြစ်သည်

ယနေ့တွင် ငါ၏အလို‌တော်ကို လိုက်လျှောက်နိုင်သော မည်သူ့ကိုမဆို၊ ငါ၏ဝန်ထုပ်ဝန်ပိုးများကို အရေးထားသော မည်သူ့ကိုမဆိုနှင့် စစ်မှန်သော နှလုံးသားတစ်ခု၊ ရိုးသားမှုဖြင့် မိမိတို့၏အရာအားလုံးကို ငါ့အတွက် ပေးနိုင်သည့် မည်သူ့ကိုမဆို ငါချစ်၏။ ငါသည် ထိုသူတို့ကို အဆက်မပြတ် အသိဉာဏ်ပွင့်လင်းစေလိမ့်မည်ဖြစ်ပြီး ငါ့ထံမှ တစ်စတစ်စ လက်လွတ်ဆုံးရှုံးစေလိမ့်မည် မဟုတ်ပေ။ “ငါ့အတွက် စစ်မှန်စွာ အသုံးခံသောသူတို့၊ ငါသည် သင့်အား ဧကန်မုချ အလွန် ကောင်းချီးပေးမည်။” ဟု မကြာခဏ ငါပြောသည်။ “ကောင်းချီးပေးသည်” ဆိုသည်မှာ အဘယ်အရာကို ရည်ညွှန်းသနည်း။ သင်သိသလော။ သန့်ရှင်းသော ဝိညာဉ်တော်၏ လက်ရှိအလုပ်နှင့် စပ်လျဉ်း၍ ၎င်းသည် သင့်ထံ ငါပေးသော ဝန်ထုပ်ဝန်ပိုးများကို ရည်ညွှန်းသည်။ အသင်းတော်အတွက် ဝန်ထုပ်ဝန်ပိုးတစ်ခုကို သယ်ဆောင်နိုင်သူအားလုံးနှင့် ငါ့အတွက် သူတို့ကိုယ်သူတို့ ရိုးသားစွာ ဆက်ကပ်သူအားလုံးအတွက် သူတို့၏ ဝန်ထုပ်ဝန်ပိုးများနှင့် သူတို့၏ အလွန်စိတ်ထက်သန်မှုတို့သည် ငါ့ထံမှလာသော ကောင်းချီးမင်္ဂလာများ ဖြစ်ကြသည်။ ထပ်လောင်းအနေဖြင့် သူတို့ထံ ငါ၏ထုတ်ဖော်ခြင်းများသည်လည်း ငါ့ထံမှလာသော ကောင်းချီးမင်္ဂလာတစ်ခု ဖြစ်၏။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၈၂)

ယခုတွင် ငါ့လူများ၏ အလယ်၌ ငါသည် လျှောက်လှမ်းနေပြီး ၎င်းတို့အလယ်တွင် ငါနေသည်။ ယနေ့တွင် ငါ့အတွက် စစ်မှန်သော ချစ်ခြင်းမေတ္တာ ရှိသူများဖြစ်သည့် ထိုသို့သောသူများသည် မင်္ဂလာရှိကြ၏၊ ငါ့ကို ကျိုးနွံနာခံကြသည့် သူများသည် မင်္ဂလာရှိကြ၏၊ ၎င်းတို့သည် ငါ၏နိုင်ငံတော်တွင် ဆက်လက်တည်ရှိကြလိမ့်မည်။ ငါ့အား သိကျွမ်းသော သူများသည် မင်္ဂလာရှိကြ၏၊ ၎င်းတို့သည် ငါ၏ နိုင်ငံတော်တွင် တန်ခိုးအာဏာ ကိုင်စွဲကြရလိမ့်မည်။ ငါ့အား ရှာဖွေသော သူတို့သည် မင်္ဂလာရှိကြ၏၊ ထိုသူတို့သည် စာတန်၏ ချည်နှောင်ခြင်းများမှ ဧကန်မုချ ရုန်းထွက်လွတ်မြောက်လိမ့်မည် ဖြစ်ပြီး ငါ၏ ကောင်းချီးမင်္ဂလာများကို ခံစားကြလိမ့်မည်။ မိမိတို့ကိုယ်ကို ပုန်ကန်နိုင်သော သူတို့သည် မင်္ဂလာရှိကြ၏၊ ၎င်းတို့သည် ငါ၏ နေရာယူခြင်းကို ခံရလိမ့်မည် ဖြစ်ပြီး ငါ့နိုင်ငံတော်၏ ကြွယ်ဝမှုကို အမွေခံကြရလိမ့်မည်။ ငါ့အတွက် ပြေးလွှား အလုပ်ရှုပ်ကြသော သူတို့အား ငါအောက်မေ့မည်၊ ငါ့အတွက် အသုံးခံသောသူတို့ကို ဝမ်းမြောက်စွာ ငါ လက်ခံမည်ဖြစ်ပြီး ငါ့ထံ ပူဇော်သက္ကာများဖြင့် ပူဇော်ဆက်ကပ်ကြသည့်သူများအား ၎င်းတို့၏ ပျော်ရွှင်မှုအတွက် ငါသည် ၎င်းတို့အား အမှုအရာများ ပေးအပ်မည်။ ငါ၏ နှုတ်ကပတ်တော်များထဲတွင် မွေ့လျော့်သော သူများကို ငါကောင်းချီးပေးမည်။ ထိုသူတို့သည် ငါ့နိုင်ငံတော်ရှိ ခေါင်တိုင်အား ထောက်ထားသည့် မဏ္ဍိုင်များ ဖြစ်ကြလိမ့်မည်၊ ထိုသူတို့သည် ငါ၏ အိမ်တော်ထဲ၌ အတိုင်းအဆမဲ့သော ကြွယ်ဝမှုကို ရကြလိမ့်မည် ဖြစ်ပြီး မည်သူမျှ ၎င်းတို့နှင့် နှိုင်းယှဉ်၍ မရနိုင်ကြ။ သင်တို့အား ပြင်ဆင်ထားပြီးသော ကောင်းချီးမင်္ဂလာများကို သင်တို့ လက်ခံဖူးသလော။ သင်တို့အတွက် ပြုထားခဲ့သော ကတိများကို သင်တို့ လိုက်စားကြဖူးသလော။ ငါ့အလင်း၏ လမ်းပြမှုအောက်တွင် သင်တို့သည် အမှောင် အင်အားများ၏ လက်ခုပ်တွင်းမှ ထိုးဖောက်ကျော်လွှားလိမ့်မည်။ အမှောင်ထု၏ အလယ်တွင် ငါ့အလင်း၏ လမ်းပြမှုကို သင်တို့ ဆုံးရှုံးလိမ့်မည် မဟုတ်။ သင်တို့သည် အရာခပ်သိမ်း၏ အရှင်သခင်များ ဖြစ်လိမ့်မည်။ သင်တို့သည် စာတန်၏ ရှေ့မှောက်တွင် အောင်မြင်သောသူများ ဧကန်မုချ ဖြစ်လိမ့်မည်။ အဆင်းနီသော နဂါးကြီး၏ နိုင်ငံ ကျရှုံးချိန်တွင် သင်တို့သည် ငါ၏ အောင်မြင်မှု၏ သက်သေအဖြစ် မြောက်မြားလှစွာသော လူအုပ်ကြီး၏ အလယ်တွင် ရပ်ရလိမ့်မည်။ သင်တို့သည် သိနိမ်ပြည်တွင် ခိုင်မာစွာ ရပ်တည်ပြီး မယိမ်းယိုင်ဘဲ ရှိကြလိမ့်မည်။ သင်တို့ ခါးစည်းခံရသည့် ဆင်းရဲဒုက္ခများမှတစ်ဆင့် သင်တို့သည် ငါ၏ ကောင်းချီးမင်္ဂလာများကို အမွေခံကြရလိမ့်မည် ဖြစ်ပြီး စကြဝဠာ တစ်ခွင်လုံးတစ်လျှောက် ငါ၏ ဘုန်းအသရေ အလင်းကို သင်တို့ တောက်ပစေကြလိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၁၉)

ဆက်စပ်မှုရှိသော အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ

ကျွန်ုပ် မိသားစု၏ လှောင်အိမ်မှ လွတ်မြောက်ခြင်း

ဆက်စပ်မှုရှိသော ဓမ္မသီချင်းများ

အလုံးစုံကို ဘုရားအမှုတော်အတွက် ပေးအပ်ပါ

သမ္မတရားအတွက် အရာအားလုံးကို စွန့်လွှတ်သင့်

အဓိပ္ပာယ်ပြည့်ဝသောအသက်တာကို အသက်ရှင်နေထိုင်ရန် လူတို့ရှာဖွေသင့်ကြ၏ကျူး

အရှေ့သို့- ၄။ ဘုရားသခင်အား အစဉ်တောင်းဆိုမှုများ ပြုနေခြင်းပြဿနာကို ဖြေရှင်းနည်း

နောက်တစ်ခုသို့- ၇။ တစ်ဇွတ်ထိုးလုပ်ဆောင်ခြင်းနှင့် အထိန်းအကွပ် ကင်းမဲ့ခြင်းပြဿနာကို ဖြေရှင်းနည်း

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၃။ လူတို့၏ အသက်တာများသည် လျှပ်တစ်ပြက်၊ နှစ်အနည်းငယ်အတွင်း ကုန်လွန်သွားသည်။ ပြန်ကြည့်လျက်၊ ၎င်းတို့သည် ၎င်းတို့၏ အသက်တာများကို ပြန်လည်သတိရမိကြသည်- ကျောင်းသွားရင်း၊ အလုပ်လုပ်ရင်း၊ အိမ်ထောင်ပြုရင်း၊ သားသမီးများရှိရင်း၊ သေခြင်းကို စောင့်ဆိုင်းရင်း၊ ၎င်းတို့၏ အသက်တာများတစ်ခုလုံးသည် လူသား တည်ရှိမှု၏ မှန်ကန်သော ဦးတည်ချက်နှင့် ရည်မှန်းချက်များ လုံးဝ ကင်းမဲ့ပြီး ရှင်သန်ခြင်းတွင် မည်သည့် တန်ဖိုး သို့မဟုတ် အဓိပ္ပါယ်မျှ မရှာတွေ့နိုင်ဘဲလျက်၊ မိသားစု၊ ငွေကြေး၊ အဆင့်အတန်း၊ အခွင့်အလမ်းနှင့် သိက္ခာတရားအတွက် မအားမလပ် ဟိုဟိုသည်သည် ပြေးလွှားရင်း ကုန်လွန်ခဲ့ကြသည်။ ထို့ကြောင့် လူတို့သည် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ဤ နာကျင်စရာဖြစ်ပြီး အနှစ်မဲ့သည့် နည်းလမ်းဖြင့် အသက်ရှင်ကြလေသည်။ လူတို့၏ အသက်တာများသည် အဘယ်ကြောင့် အလွန် နာကျင်ဖွယ်ဖြစ်ပြီး အနှစ်မဲ့ပါသနည်း။ ပြီးလျှင် လူသား တည်ရှိခြင်း၏ နာကျင်မှုနှင့် အနှစ်မဲ့ခြင်းတို့ကို မည်သို့ ဖြေရှင်းနိုင်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-လူသားတို့ ကြံ့ကြံ့ခံကြရသည့် မွေးဖွားခြင်း၊ သေဆုံးခြင်း၊ ဖျားနာခြင်းနှင့် အိုမင်းသောအသက်အရွယ်တို့မှ...

မေးခွန်း (၁)- သခင်ယေရှုဟာ တို့တွေအတွက် ကားတိုင်ထက်မှာ အသေခံခဲ့ပေးပြီးပြီ တို့တွေရဲ့အပြစ်တွေကနေ ရွေးနုတ်ခဲ့ပြီး တို့အပြစ်တွေကိုခွင့်လွှတ်ခဲ့ပြီးပြီ တို့တတွေ ဆက်လက် အပြစ်ပြုကြပြီး သန့်စင်ခံရဖို့ လိုနေကြသေးပေမယ့်လည်း ကိုယ်တော်ဟာ တို့ရဲ့အပြစ်တွေအားလုံးကို ခွင့်လွှတ်ပေးခဲ့ပါပြီ။ သူ့အပေါ်ယုံကြည်ခြင်းကို ထောက်ပြီး တို့တွေကို ဖြောင့်မတ်ရာသို့ရောက်စေခဲ့တယ် တို့တွေ ကိုယ်တော့်အတွက် အရာရာကို စွန့်လွှတ်အနစ်နာခံရင်း ဒုက္ခဝေဒနာတွေ ခံထမ်းပြီး ပေးဆပ်နေသမျှကာလပတ်လုံး တို့ဟာ ကောင်းကင်နိုင်ငံတော်ဝင်ခွင့်ရလိမ့်မယ်လို့ ထင်ခဲ့တယ်၊ ဒါဟာ ကိုယ်တော့်ကတိတော်ပဲလို့ ထင်ခဲ့တယ် ဒါပေမဲ့လည်း ခုချိန်မှာ တချို့ ညီအစ်ကိုမောင်နှမတွေဟာ ဒီယုံကြည်ချက်နဲ့ပတ်သက်ပြီး မေးခွန်းတွေထုတ်လာကြတယ် သူတို့ပြောလာတာက တို့တွေဟာ ကိုယ်တော့်အမှုတော်ကိုဆောင်နေကြပေမဲ့လည်း မကြာခဏ အပြစ်ပြုလိုက်၊ နောင်တရလိုက်ဖြစ်နေကြတယ်၊ ခုထိလည်း ဘာစင်ကြယ်မှုမှမရကြသေးဘူး ကိုယ်တော်ဟာ သန့်ရှင်းတော်မူတာကြောင့် မသန့်ရှင်းတဲ့သူတွေဟာ ကိုယ်တော့်ကို မဖူးတွေ့နိုင်ဘူးဆိုပြီး ပြောလာကြတယ် ကျွန်မ မေးချင်တာက တို့တွေ ကိုယ်တော့်အတွက် အရာရာကို စွန့်လွှတ်ပေးဆပ်ပြီး အမှုတော်ဆောင်ခဲ့တာဟာ တကယ်ပဲ ကောင်းကင်နိုင်ငံတော်ဝင်ခွင့်ကို ရစေနိုင်မှာလား ဒီမေးခွန်းရဲ့အဖြေကို တို့တွေ တကယ်ပဲ သဘောမပေါက်သေးလို့ပါ၊ ဒီအကြောင်းကို ဆွေးနွေးပေးစေချင်တယ်။

အဖြေ- ကိုယ်တော့်ကိုယုံကြည်သူတွေအားလုံး ထင်ကြတာက သခင်ယေရှုဟာ တို့ကိုရွေးနှုတ်ကယ်တင်ဖို့ ကားတိုင်ပေါ်မှာ အသေခံခဲ့ပြီ၊ ဒါကြောင့် တို့အပြစ်တွေ...

၅။ ဓမ္မဟောင်းနှင့် ဓမ္မသစ်နှစ်ခုလုံး၏ ခေတ်များတွင်၊ ဘုရားသခင်သည် ဣသရေလနိုင်ငံတွင် အမှုပြုခဲ့သည်။ သခင်ယေရှုက သူသည် နောက်ဆုံးသော ကာလတွင် ပြန်ကြွလာမည်ဟု ပရောဖက်ပြုခဲ့သည်၊ ထို့ကြောင့် သူ ပြန်ကြွလာသည့်အခါ၊ သူသည် ဣသရေလနိုင်ငံတွင် ရောက်ရှိသင့်ပေသည်။ သို့သော် သင်က သခင်ယေရှု ပြန်ကြွလာနှင့်ပြီးဖြစ်သည်၊ သူသည် လူ့ဇာတိ၌ ပေါ်ထွန်းပြီးဖြစ်ကာ သူ၏ အမှုကို တရုတ်နိုင်ငံတွင် ဆောင်ရွက်နေသည်ဟု သက်သေခံကြသည်။ တရုတ်နိုင်ငံသည် ဘုရားမဲ့ဝါဒီ နိုင်ငံရေး ပါတီတစ်ခုက အုပ်စိုးထားသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ ဘုရားသခင်ကို သာ၍ ကြီးမားသည့် ခုခံမှုနှင့် ခရစ်ယာန်များကို သာ၍ ကြီးမားသည့် နှိပ်စက်ညှဉ်းဆဲခြင်း ပြုသည့် နိုင်ငံမရှိပေ။ သခင်၏ ပြန်ကြွလာခြင်းသည် အဘယ်သို့ တရုတ်နိုင်ငံတွင် ဖြစ်နိုင်မည်နည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-“နေထွက်ရာမှသည် နေဝင်ရာထိတိုင် ငါ၏ အမည်နာမသည် တစ်ပါးအမျိုးသားများအလယ်တွင် ကြီးမြတ်လိမ့်မည်...ဟု...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားလက်တွေ့ကျမှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။