၅။ ကယ်တင်ခံရရန်နှင့် စုံလင်အောင်ပြုခြင်းခံရရန် ဘုရားသခင်ကို သင်မည်ကဲ့သို့ ယုံကြည်ရမည်နည်း။
ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-
ရှင်းလင်းတိကျစွာပြောရလျှင် မိမိ၏ ယုံကြည်ခြင်းတွင် ပေတရု၏ လမ်းကြောင်းကို လျှောက်လှမ်းခြင်းသည် သမ္မာတရားကို အားထုတ်ခြင်း လမ်းကြောင်းကို လျှောက်လှမ်းခြင်းဟု အဓိပ္ပာယ်ရ၏၊ ယင်းသည် မိမိကိုယ်ကိုယ် အမှန်တကယ် သိကျွမ်းခြင်းနှင့် မိမိ၏ စိတ်နေသဘောထားကို ပြောင်းလဲခြင်း၏ လမ်းကြောင်းလည်း ဖြစ်လေသည်။ ပေတရု၏ လမ်းကြောင်းကို လျှောက်လှမ်းခြင်းအားဖြင့်သာ၊ တစ်ဦးတစ်ယောက်သည် ဘုရားသခင်၏ စုံလင်စေခြင်း လမ်းကြောင်းပေါ်တွင် ရှိလိမ့်မည်ဖြစ်သည်။ တစ်ဦးတစ်ယောက်သည် ပေတရု၏ လမ်းကြောင်းကို မည်သို့ အတိအကျ လျှောက်လှမ်းရမည် ဆိုသည်နှင့် ယင်းအား မည်သို့ လက်တွေ့လုပ်ဆောင်ရမည် ဆိုသည်တို့ကို ရှင်းလင်းစွာ သိရမည်။ ပထမဦးစွာ မိမိ၏ ရည်ရွယ်ချက်များ၊ မလျော်ကန်သော လေ့လာလိုက်စားမှုများနှင့် မိသားစုနှင့် မိမိ၏ ဇာတိပကတိနှင့်ဆိုင်သော အရာအားလုံးကိုပင် ဘေးဖယ်ထားရမည်။ တစ်ဦးတစ်ယောက်အနေဖြင့် စိတ်နှလုံး အကြွင်းမဲ့ ဆက်ကပ်ရမည်၊ ဆိုလိုသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်၌ မိမိကိုယ်ကိုယ် လုံးလုံးလျားလျား ဆက်ကပ်ရမည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်းအပေါ် အာရုံစိုက်ရမည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင် သမ္မာတရားနှင့် သူ၏အလိုဆန္ဒများကို ရှာဖွေခြင်းတို့အပေါ် အာရုံစိုက် ရမည်ဖြစ်ပြီး၊ အရာရာ၌ ဘုရားသခင်၏ ရည်ရွယ်ချက်များကို သဘောပေါက်နားလည်ဖို့ ကြိုးစားရမည် ဖြစ်သည်။ ဤသည်မှာ လက်တွေ့ကျင့်သုံးခြင်း၏ အခြေခံအကျဆုံးနှင့် ပဓာန အကျဆုံးသော နည်းလမ်းဖြစ်သည်။ ဤသည်မှာ ယေရှုကို မြင်ပြီးနောက် ပေတရုလုပ်ခဲ့သောအရာ ဖြစ်ခဲ့သည်၊ ထို့ပြင် ဤနည်းအတိုင်း လက်တွေ့လုပ်ဆောင်ခြင်းဖြင့်သာ လူတစ်ဦးသည် အကောင်းဆုံးရလဒ်များကို ရယူနိုင်မည်ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စိတ်နှလုံးအကြွင်းမဲ့ ဆက်ကပ်ခြင်းတွင် သူ၏ နှုတ်ကပတ်တော်များထဲ၌ သမ္မာတရားနှင့် ဘုရားသခင်၏ အလိုဆန္ဒများကို ရှာဖွေခြင်း၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်သဘောပေါက်ခြင်း၌ အာရုံထားခြင်းနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ သာ၍များသော သမ္မာတရားကို နားလည်ခြင်းနှင့် ရရှိခြင်းတို့ ပါဝင်သည်။ ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုစဉ် ပေတရုသည် ဓမ္မအတွေးအခေါ်ဆိုင်ရာအသိပညာ ရရှိခြင်းအပေါ် အာရုံစိုက်ဖို့ မဆိုထားနှင့်၊ သူသည် သြဝါဒများကို နားလည်ခြင်းအပေါ်၌ပင် အာရုံမစိုက်ခဲ့ချေ။ ယင်းအစား သူသည် သမ္မာတရားကို နားလည်ခြင်းနှင့် ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည် သဘောပေါက်ခြင်းအပေါ် အာရုံစိုက်ခဲ့သကဲ့သို့ ဘုရားသခင်၏ စိတ်သဘောထားနှင့် နှစ်လိုဖွယ်ကောင်းခြင်းကို နားလည်ခြင်းအပေါ် အာရုံထားခဲ့သည်။ ပေတရုသည် လူသား၏ အမျိုးမျိုးသော ယိုယွင်းပျက်စီးသည့် အခြေအနေများအပြင် လူသား၏ သဘာဝအနှစ်သာရနှင့် တကယ့် ချို့ယွင်းချက်ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ နားလည်ရန်လည်း ကြိုးစားအားထုတ်ရင်း၊ ထိုနည်းအားဖြင့် ဘုရားသခင်ကို စိတ်ကျေနပ်စေရန်အလို့ငှာ ဘုရားသခင်၏ တောင်းဆိုချက်များကို အလွယ်တကူ ဖြည့်ဆည်းပေးခဲ့သည်။ ပေတရု၌ ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း လိုက်နာခဲ့သည့် မှန်ကန်သော လက်တွေ့ကျင့်ဆောင်ချက်များစွာ ရှိခဲ့သည်။ ဤသည်မှာ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် အကိုက်ညီဆုံးပင်ဖြစ်ပြီး ဘုရားသခင်၏ အလုပ်ကို ကြုံတွေ့စဉ် လူတစ်ဦးက ပူးပေါင်းဆောင်ရွက်နိုင်သည့် အကောင်းဆုံးသော နည်းလမ်းပင် ဖြစ်ခဲ့သည်။ ပေတရုသည် ဘုရားသခင် စေလွှတ်သော ရာချီသော စမ်းသပ်မှုများကို တွေ့ကြုံနေရစဉ် လူသားအပေါ် ဘုရားသခင်၏ တရားစီရင်မှုနှင့် ဖော်ထုတ်ခြင်းနှင့်ဆိုင်သည့် နှုတ်ကပတ်တော်အားလုံး၊ ထို့ပြင် လူသားအပေါ် ကိုယ်တော်၏ တောင်းဆိုချက်များနှင့်ဆိုင်သည့် နှုတ်ကပတ်တော် အားလုံးတို့နှင့်ယှဉ်လျက် သူ့ကိုယ်သူ တင်းကျပ်စွာ ဆန်းစစ်ခဲ့ပြီး ထိုနှုတ်ကပတ်တော်များ၏ ဆိုလိုရင်းကို တိကျစွာ နားလည် သဘောပေါက်ရန် ကြိုးပမ်းခဲ့သည်။ သူသည် ယေရှုက သူ့အားပြောခဲ့သည့် နှုတ်ကပတ်တော်အားလုံးကို ဆင်ခြင် တွေးဆပြီး အာဂုံဆောင်ထားရန် အသည်းအသန် ကြိုးစားခဲ့ပြီး အလွန်ကောင်းမွန်သော ရလဒ်များကို ရရှိခဲ့သည်။ ဤနည်းဖြင့် လက်တွေ့လုပ်ဆောင်ခြင်းအားဖြင့် သူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ သူ့ကိုယ်သူ သိနားလည်ခြင်းကို ရရှိရန် စွမ်းဆောင်နိုင်ခဲ့သည်၊ ပြီးလျှင် လူသား၏ မျိုးစုံသော ဖောက်ပြန်ပျက်စီးသည့် အခြေအနေများနှင့် အားနည်းချက်များကို သူသိနားလည်လာခဲ့ရုံသာမက လူသား၏ အနှစ်သာရနှင့် သဘာဝတို့ကိုလည်း သူ သိနားလည်လာခဲ့သည်။ ဤသည်မှာ မိမိကိုယ်ကိုယ် အမှန်တကယ် သိနားလည်ခြင်း၏ အဓိပ္ပာယ်ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ ပေတရုသည် မိမိကိုယ်ကိုယ် စစ်မှန်သော သိနားလည်ခြင်းကို ရရှိခဲ့သည်သာမက ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထား၊ ဘုရားသခင်၏အရာအားလုံးနှင့် ဖြစ်ခြင်း၊ သူ၏ အမှုအတွက် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏ တောင်းဆိုချက်များကိုလည်း သူမြင်တွေ့ခဲ့သည်။ သူသည် ဤနှုတ်ကပတ်တော်များမှတစ်ဆင့် ဘုရားသခင်ကို အမှန်တကယ် သိလာခဲ့သည်။ သူသည် ဘုရားသခင်၏ စိတ်သဘောထားနှင့် သူ၏ အနှစ်သာရကို သိလာခဲ့သည်၊ ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်းကိုလည်းကောင်း၊ ဘုရားသခင်၏ ချစ်လိုဖွယ်ကောင်းခြင်းနှင့် လူသားအတွက် ဘုရားသခင်၏ တောင်းဆိုချက်များကိုလည်းကောင်း သိနားလည် လာခဲ့သည်။ ဘုရားသခင်သည် ယနေ့စကားပြောသကဲ့သို့ ထိုအချိန်က များစွာ မပြောခဲ့သော်ငြားလည်း ဤကဏ္ဍများတွင် ပေတရုအထဲ၌ ရလဒ်များကို ရရှိခဲ့သည်။ ဤသည်မှာ ရှားပါး၍ အဖိုးတန်သောအရာ ဖြစ်ခဲ့လေသည်။ ပေတရုသည် ရာချီသောစမ်းသပ်မှုများကို ကြုံတွေ့ခဲ့သော်လည်း၊ သူသည် အချည်းနှီး ခံစားခဲ့ရခြင်း မဟုတ်ပါ။ သူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အမှုတို့မှ သူ့ကိုယ်သူ နားလည် လာခဲ့ရုံမျှမက ဘုရားသခင်ကိုလည်း သိကျွမ်းလာခဲ့သည်။ ထို့အပြင် သူ၏ နှုတ်ကပတ်တော်များအတွင်းရှိ လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏ တောင်းဆိုချက်များအပေါ် အထူးတလည် ဂရုပြုခြင်းဖြင့် သူအာရုံစိုက်ခဲ့သည်။ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ကိုက်ညီရန် လူသားသည် ဘုရားသခင်ကို မည်သည့်ကဏ္ဍများတွင်မဆို ကျေနပ်အားရစေသင့်သည့် အရာ၌ ပေတရုသည် ဤကဏ္ဍများတွင် ကြီးမားသော အားထုတ်ကြိုးပမ်းမှုကို စိုက်ထုတ်နိုင်ခဲ့ပြီး ရှင်းလင်းပြတ်သားမှု အပြည့်အဝ ရရှိလေသည်၊ ဤသည်မှာ သူ၏အသက်ဝင်ရောက်မှုနှင့် ပတ်သက်၍ အလွန့်အလွန် အကျိုးပြုခဲ့လေသည်။ ဘုရားသခင်သည် မည်သည့်အရာကို ပြောဆိုခဲ့ပါစေ၊ ထိုနှုတ်ကပတ်တော်များသည် သူ့အသက် ဖြစ်လာနိုင်ပြီး ၎င်းတို့သည် သမ္မာတရားဖြစ်သရွေ့ ပေတရုသည် ယင်းတို့ကို မကြာခဏ ဆင်ခြင်အောက်မေ့ပြီး အရသာခံစားနိုင်ရန် သူ၏နှလုံးသားထက်တွင် ထွင်းထုမှတ်သားထားနိုင်ခဲ့သည်။ ယေရှု၏ နှုတ်ကပတ်တော်များကို ကြားနာပြီးသည့်နောက်တွင် သူသည် ယင်းတို့ကို နှလုံးသွင်းနိုင်ခဲ့သည်၊ ဤအရာက သူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ်တွင် အထူးတလည် အာရုံစိုက်ပြီး နောက်ဆုံး၌ သူသည် အကျိုးကျေးဇူးများ အမှန်တကယ် ရရှိခဲ့ကြောင်း ပြသပါသည်။ တစ်နည်းအားဖြင့် ဆိုသော် သူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လိုလိုလားလား လက်တွေ့ကျင့်သုံးနိုင်ခဲ့ခြင်း၊ သမ္မာတရားကို တစ်သဝေမတိမ်း ကျင့်ဆောင်ပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ဆီလျော်ညီညွတ်စွာ နေနိုင်ခဲ့ခြင်း၊ ဘုရားသခင်၏ အလိုဆန္ဒများနှင့်အညီ လုံးလုံးလျားလျား ကျင့်ကြံနိုင်ခဲ့ခြင်းနှင့် သူ၏ကိုယ်ပိုင် ထင်မြင်ချက်များနှင့် စိတ်ကူးစိတ်သန်းများကို စွန့်ပယ်နိုင်ခဲ့ခြင်းတို့ပင် ဖြစ်သည်။ ဤနည်းအားဖြင့် ပေတရုသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ လက်တွေ့ကျခြင်းထဲသို့ ဝင်ရောက်ခဲ့သည်။ အဓိကအားဖြင့် ဤသို့ပြုလုပ်ခဲ့ပြီး ဖြစ်သောကြောင့် ပေတရု၏ အစေခံခြင်းမှာ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ကိုက်ညီလာခဲ့ခြင်း ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ပေတရု၏လမ်းကြောင်းအတိုင်း လျှောက်လှမ်းနည်း
ဘုရားသခင်၏ စုံလင်စေခြင်းကို ရှာဖွေဖို့၊ ဦးစွာပထမ သူ၏ စုံလင်စေခြင်းသည် မည်သည့်အရာ ဆိုလိုသည်၊ စုံလင်စေခြင်းခံရဖို့အလို့ငှာ မည်သည့်သတ်မှတ်ချက်များကို ဖြည့်ဆည်းရမည်ဆိုသည်တို့ကို သိနားလည်ရမည်။ လူတစ်ဦးသည် ထိုသို့သော ကိစ္စရပ်များကို သဘောပေါက်သည်နှင့်တစ်ပြိုင်နက်၊ လက်တွေ့လုပ်ဆောင်ရမည့် လမ်းကြောင်းကို ရှာဖွေရမည်။ စုံလင်စေခြင်းခံရဖို့ရန်၊ အစွမ်းအစတစ်ခုခု ပိုင်ဆိုင်ရမည်ဖြစ်သည်။ လူများစွာတို့သည် ပင်ကိုအားဖြင့် အတော်အတန်မြင့်မားသော အစွမ်းအစ မရှိကြပေ၊ ထိုအခြေအနေတွင် သင့်အနေဖြင့် အဖိုးအခပေးရမည်ဖြစ်ပြီး ပုဂ္ဂလဓိဋ္ဌာန်ကျကျ ကြိုးစားလုပ်ဆောင်ရမည် ဖြစ်သည်။ သင်၏ အစွမ်းအစ ဆိုးရွားလေလေ၊ နှလုံးသွင်းအားထုတ်မှုကို သင် စိုက်ထုတ်ရလေလေ ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်ဆိုင်သော သင်၏ သိနားလည်မှု ကြီးမားလေလေနှင့် ၎င်းတို့ကို သင် လက်တွေ့ လုပ်ဆောင်လေလေ၊ စုံလင်ခြင်း လမ်းကြောင်းပေါ်သို့ သင် ခြေချနိုင်ရန် လျင်မြန်လေလေ ဖြစ်သည်။ ဆုတောင်းခြင်းမှတစ်ဆင့်၊ ဆုတောင်းခြင်း နယ်ပယ်တွင် သင်သည် စုံလင်စေခြင်း ခံရနိုင်၏။ ဘုရားသခင်၏နှုတ်ကပတ်တော်များကို စားသောက်ခြင်း၊ ၎င်းတို့၏ အနှစ်သာရကို သဘောပေါက်ခြင်းနှင့် ၎င်းတို့၏ လက်တွေ့ အရှိတရားကို အသက်ရှင်နေထိုင်ခြင်းအားဖြင့်လည်း သင်သည် စုံလင်စေခြင်း ခံရနိုင်၏။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နေ့စဉ်နှင့်အမျှ တွေ့ကြုံခြင်းအားဖြင့်၊ သင်သည် မိမိ၌ မည်သည့်အရာ ချို့တဲ့သည်ကို သိရှိလာသင့်သည်၊ ထို့အပြင် သင်၏ သေစေနိုင်သော အပြစ်အနာအဆာနှင့် သင်၏အားနည်းချက်များကို သတိပြုမိသင့်ပြီး၊ ဘုရားသခင်ထံ ဆုတောင်းကာ အသနားခံသင့်ပေသည်။ ထိုသို့လုပ်ဆောင်ခြင်းဖြင့်၊ သင်သည် တဖြည်းဖြည်း စုံလင်စေခြင်း ခံရလိမ့်မည်။ စုံလင်စေခြင်းခံရသည့် လမ်းကြောင်းမှာ ဆုတောင်းခြင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်း၊ ဘုရားသခင်၏နှုတ်ကပတ်တော်များ၏ အနှစ်သာရကို သဘောပေါက်ခြင်း၊ ဘုရားသခင်၏နှုတ်ကပတ်တော်များနှင့်ဆိုင်သည့် အတွေ့အကြုံထဲ ဝင်ရောက်ခြင်းကို ရရှိခြင်း၊ မိမိ၌ မည်သည့်အရာ ချို့တဲ့သည်ကို သိရှိလာခြင်း၊ ဘုရားသခင်၏အမှုတော်ကို နာခံခြင်း၊ ဘုရားသခင်၏ ဝန်ထုပ်အပေါ် သတိရှိခြင်းနှင့်၊ ဘုရားသခင်ကို ချစ်သော သင်၏ စိတ်နှလုံးအားဖြင့် ဇာတိပကတိကို ပုန်ကန်ခြင်းနှင့် သင့်အတွေ့အကြုံများကို ကြွယ်ဝစေနိုင်သည့် သင်၏ညီအစ်ကို မောင်နှမများနှင့် မကြာခဏမိတ်သဟာယပြုခြင်းတွင် ပါဝင်ခြင်းတို့ ဖြစ်သည်။ အများနှင့်ဆိုင်သော အသက်တာဖြစ်စေ သင်၏ ကိုယ်ရေးကိုယ်တာနှင့်ဆိုင်သည့် အသက်တာဖြစ်စေ၊ ကြီးမားသော စုဝေးခြင်းများဖြစ်စေ သေးငယ်သော စုဝေးခြင်းများဖြစ်စေ၊ ထိုအရာအားလုံးသည် ဘုရားသခင်၏ ရှေ့မှောက်တွင် သင်၏ စိတ်နှလုံးကို ငြိမ်သက်စေနိုင်ပြီး သူ့ထံ ပြန်လာနိုင်ဖို့အလို့ငှာ သင့်ကို အတွေ့အကြုံ ဆည်းပူးခွင့်ပေးပြီး လေ့ကျင့်မှုကို ရရှိခွင့်ပေးသည်။ ဤအရာအားလုံးသည် စုံလင်စေခြင်းဖြစ်စဉ်၏ တစ်စိတ်တစ်ပိုင်း ဖြစ်ပေသည်။ ယခင်က ပြောဆိုထားသည့်အတိုင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံခြင်းဆိုသည်မှာ သင့်အနေဖြင့် ဘုရားသခင်အပေါ် သာ၍ ကြီးမားသော ယုံကြည်ခြင်းနှင့် ချစ်ခြင်း ရရှိဖို့အလို့ငှာ ထိုနှုတ်ကပတ်တော်များကို အမှန်တကယ် မြည်းစမ်းပြီး ၎င်းတို့ကို အသက်ရှင်နေထိုင်ဖို့ မိမိကိုယ်ကိုယ် အခွင့်ပေးခြင်း ဖြစ်သည်ဟု ဆိုလိုပေသည်။ ဤပုံစံဖြင့်၊ သင်သည် သင်၏ ဖောက်ပြန်ပျက်စီးသော စာတန်ဆန်သည့် စိတ်သဘောထားကို တဖြည်းဖြည်း ခွာချလိမ့်မည်၊ မိမိထံမှ မသင့်လျော်သော ကြံရွယ်မှုများ ကင်းမဲ့စေလိမ့်မည်ဖြစ်ပြီး၊ ပုံမှန်လူတစ်ဦး၏ ပုံသဏ္ဌာန်အတိုင်း အသက်ရှင် နေထိုင်လိမ့်မည် ဖြစ်သည်။ သင့်အတွင်း၌ ဘုရားသခင်အတွက် ချစ်ခြင်းမေတ္တာ ကြီးမားလေလေ၊ ဆိုလိုသည်မှာ ဘုရားသခင်၏ စုံလင်စေခြင်းကို သင် ခံရလေလေ၊ စာတန်၏ ဖောက်ပြန်ပျက်စီးခြင်း၏ လွှမ်းမိုးခံရမှု နည်းလေလေ ဖြစ်သည်။ သင်၏ လက်တွေ့ကျသော အတွေ့အကြုံများမှတစ်ဆင့်၊ စုံလင်စေခြင်း လမ်းကြောင်းပေါ်သို့ သင်သည် တဖြည်းဖြည် ခြေချလိမ့်မည် ဖြစ်သည်။ သို့ဖြစ်၍၊ သင့်အနေဖြင့် စုံလင်စေခြင်းခံရရန် ဆန္ဒရှိပါက၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို အလေးထားဖို့နှင့် သူ၏နှုတ်ကပတ်တော်များကို တွေ့ကြုံဖို့မှာ အထူးသဖြင့် အရေးကြီးပေသည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စုံလင်စေခြင်းကိုရရှိဖို့အလို့ငှာ ဘုရားသခင်၏ ရည်ရွယ်ချက်များကို အလေးထားလော့
သင်သည် ဘုရားသခင်၏ အချုပ်အခြာအာဏာကို ယုံကြည်လျှင် နေ့စဉ်ဖြစ်ပျက်မှုများသည် ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ ကြုံရာကျပန်းဖြစ်ခြင်း မဟုတ်သည်ကို သင်ယုံရမည်။ ယင်းမှာ တစ်စုံတစ်ဦးက သင့်အပေါ် တမင်တကာ ခက်ခဲအောင်ပြုနေခြင်း၊ သို့မဟုတ် သင့်ကို ပစ်မှတ်ထားနေခြင်း မဟုတ်ပေ၊ ဤအရာအားလုံးကို ဘုရားသခင်က စီစဉ်ပြီး စီစဉ်ညွှန်ကြားထားခြင်းသာ ဖြစ်သည်။ ဘုရားသခင်သည် အဘယ်ကြောင့် ဤအရာများအားလုံးကို စီစဉ်ညွှန်ကြားသနည်း။ ယင်းမှာ သင် မည်သူဖြစ်သည်ကို ဖော်ထုတ်ပြရန်၊ သို့မဟုတ် သင့်ကို ထုတ်ဖော်ဖို့ရန်နှင့် ဖယ်ရှားရှင်းလင်းဖို့ရန် မဟုတ်ပေ။ သင့်ကို ထုတ်ဖော်ခြင်းမှာ အဆုံးသတ် ရည်မှန်းချက် မဟုတ်ပေ။ ရည်မှန်းချက်မှာ သင့်ကို စုံလင်အောင်ပြုရန်နှင့် ကယ်တင်ရန်ဖြစ်သည်။ ဘုရားသခင်က သင့်ကို မည်သို့စုံလင်အောင်ပြုသနည်း။ ပြီးလျှင် ဘုရားသခင်က သင့်ကို မည်သို့ ကယ်တင်သနည်း။ သင်၏ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သတိပြုမိစေခြင်း၊ သင်၏သဘာဝအနှစ်သာရ၊ သင်၏ အားနည်းချက်များနှင့် သင်ချို့တဲ့သောအရာတို့ကို သင့်အား သိစေခြင်းအားဖြင့် သူ စတင်သည်။ ဤအရာများကို သိခြင်းနှင့် ယင်းတို့နှင့်သက်ဆိုင်သည့် သိနားလည်မှုတစ်ခု ရှိခြင်းအားဖြင့်သာ သမ္မာတရားကို သင်လိုက်စားနိုင်ပြီး သင်၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို တဖြည်းဖြည်း ဖယ်ရှားနိုင်ပေသည်။ ဤသည်မှာ ဘုရားသခင်က သင့်ကို အခွင့်အရေးတစ်ခု ပေးနေခြင်းပင်ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ သနားကရုဏာဖြစ်သည်။ ဤအခွင့်အရေးကို အမိအရယူရမည်ကို သင်သိသင့်သည်။ သင်သည် ဘုရားသခင်အပေါ် အတိုက်အခံ မလုပ်သင့်ပေ။ ဘုရားသခင်နှင့် မလျှော့တမ်းငြင်းခုံခြင်း မပြုသင့်ပေ။ သို့မဟုတ် ဘုရားသခင်ကို နားလည်မှုမလွဲသင့်ပေ။ အထူးသဖြင့် သင်သည် သင့်အနီးအနားတွင် ဘုရားသခင်စီစဉ်ပေးသည့် လူများ၊ ဖြစ်ရပ်များ၊ အမှုအရာများတို့နှင့် ရင်ဆိုင်ကြုံတွေ့ရသောအခါ အမှုအရာများသည် မိမိဖြစ်စေလိုသည့်အတိုင်း မဟုတ်ပါဟု စဉ်ဆက်မပြတ် မခံစားနှင့်။ ယင်းတို့ကို ရှောင်လွှဲဖို့ သို့မဟုတ် ဘုရားသခင်ကို အမြဲ စောဒကတက်ကာ နားလည်မှုလွဲဖို့ စဉ်ဆက်မပြတ် ဆန္ဒမရှိနှင့်။ ထိုအရာများကို သင် စဉ်ဆက်မပြတ် လုပ်ဆောင်နေပါက သင်သည် ဘုရားသခင်၏အမှုကို တွေ့ကြုံနေရခြင်း မဟုတ်သကဲ့သို့ ယင်းက သမ္မာတရား လက်တွေ့ကျမှုထဲသို့ သင် ဝင်ရောက်ဖို့ရန်အတွက် အလွန်ခက်ခဲစေလိမ့်မည်။ သင်အပြည့်အဝ နားမလည်နိုင်သည့် သို့မဟုတ် သင့်ကို အခက်အခဲတွေ့ကြုံစေသည့် မည်သည့်အရာကိုမဆို သင်ကြုံရပါစေ ကျိုးနွံနာခံတတ်ရန် သင်ယူရမည်။ သင်သည် ဘုရားသခင်ရှေ့သို့ လာခြင်းနှင့် သာ၍ ဆုတောင်းခြင်းဖြင့် စတင်သင့်သည်။ ထိုနည်းဖြင့် သင်မသိလိုက်မီ သင်၏အတွင်းစိတ် အခြေအနေတွင် အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လိမ့်မည်ဖြစ်ပြီး သင်သည် သင်၏ပြဿနာကို ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေနိုင်လိမ့်မည်။ ထိုသို့ဖြင့် သင်သည် ဘုရားသခင်၏အမှုတော်ကို တွေ့ကြုံခံစားနိုင်လိမ့်မည်။ ဤအရာ ဖြစ်ပျက်သည်နှင့်အမျှ သင့်အထဲ၌ သမ္မာတရား လက်တွေ့ကျမှု ဖြစ်ပေါ်လိမ့်မည်ဖြစ်ပြီး ဤသည်မှာ သင်တိုးတက် လာမည့်ပုံနှင့် သင့်ဘဝအခြေအနေ၏ အသွင်ပြောင်းလဲမှုကို ကြုံရမည့်ပုံ ဖြစ်သည်။ ဤအပြောင်းအလဲကို သင်ကြုံရပြီး ဤသမ္မာတရားလက်တွေ့ကျမှုကို ပိုင်ဆိုင်သည်နှင့်တစ်ပြိုင်နက် ဝိညာဉ်ရင့်ကျက်မှုကိုလည်း သင်ပိုင်ဆိုင်လိမ့်မည် ဖြစ်ပြီး ဝိညာဉ်ရင့်ကျက်မှုနှင့်အတူ အသက်ကိုလည်း ပိုင်ဆိုင်ပေမည်။ အကယ်၍ လူတစ်ဦးသည် ဖောက်ပြန်ပျက်စီးသည့် ဆိုးယုတ်သော စိတ်သဘောထားအပေါ် အခြေခံလျက် အမြဲအသက်ရှင်လျှင် သူတို့၌ စိတ်အားထက်သန်မှု၊ သို့မဟုတ် အားထုတ်မှု မည်မျှပင်ရှိပါစေ သူတို့ကို ဝိညာဉ်ရင့်ကျက်မှု၊ သို့မဟုတ် အသက်ကို ပိုင်ဆိုင်သည်ဟု သတ်မှတ်၍ မရနိုင်သေးပေ။ ဘုရားသခင်သည် လူတစ်ဦးချင်းစီတိုင်းတွင် အမှုပြုပြီး၊ သူ၏နည်းလမ်းမှာ မည်သို့ပင်ဖြစ်စေ၊ မည်ကဲ့သို့သော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို သူ၏ အစေခံခြင်းတွင် သူအသုံးချသည်ဖြစ်စေ၊ သို့တည်းမဟုတ် သူ၏နှုတ်ကပတ်တော်များက မည်သို့သော အသံနေအသံထားမျိုး ရှိပါစေ သူ၌ အဆုံးသတ်ရည်မှန်းချက် တစ်ခုသာလျှင် ရှိသည်။ သင့်ကို ကယ်တင်ရန်ပင်တည်း။ သူသည် သင့်ကို မည်သို့ကယ်တင်သနည်း။ သူသည် သင့်ကို ပြောင်းလဲသည်။ ထို့ကြောင့် သင့်အနေဖြင့် အနည်းငယ်မျှ ဒုက္ခမခံရဘဲ ရှိနိုင်မည်လော။ သင်ဒုက္ခခံရဖို့ လိုလိမ့်မည်သာ ဖြစ်သည်။ ဤဒုက္ခခံခြင်းတွင် အခြေအနေများစွာ ပါဝင်နိုင်သည်။ ရှေးဦးစွာ လူတို့သည် ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို လက်ခံသည့်အခါတွင် ဆင်းရဲဒုက္ခခံရမည်ဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်သည် အလွန်ပြင်းထန်ပြီး တိကျပြတ်သားကာ လူတို့သည် ဘုရားသခင်ကို အနက်အဓိပ္ပာယ်ကောက်လွဲသောအခါတွင် အယူအဆများပင် ရှိကြသောအခါတွင် ဤသည်မှာလည်း နာကျင်ဖွယ်ရာဖြစ်နိုင်သည်။ တစ်ခါတစ်ရံတွင် ဘုရားသခင်သည် လူတို့၏ ဖောက်ပြန်ပျက်စီးခြင်းကို ထုတ်ဖော်ရန်၊ မိမိတို့ကိုယ်ကို ဆင်ခြင်သုံးသပ်ပြီး သိရှိစေရန်အတွက် လူတို့အနီးတွင် ပတ်ဝန်းကျင်တစ်ခုကို ဖြစ်ပေါ်စေသည်။ ထို့နောက်တွင် ၎င်းတို့သည်လည်း အနည်းငယ် ဒုက္ခခံရလိမ့်မည်။ တစ်ခါတစ်ရံတွင် လူတို့သည့် ပြုပြင်ခြင်းနှင့် ဖော်ထုတ်ခြင်းတို့ကို တိုက်ရိုက်ခံရသောအခါ ဒုက္ခခံရမည်ဖြစ်သည်။ ယင်းမှာ ၎င်းတို့သည် ခွဲစိတ်ခြင်း ခံရသကဲ့သို့ဖြစ်သည်။ ဒုက္ခမရှိလျှင် အကျိုးသက်ရောက်မှုမရှိပေ။ သင်သည် ပြုပြင်ခြင်းကို ခံရသည့်အချိန်တိုင်းနှင့် သင်သည် ပတ်ဝန်းကျင်တစ်ခုကြောင့် ထုတ်ဖော်ခြင်းခံရသည့်အချိန်တိုင်းတွင် ယင်းက သင့်ခံစားမှုများကို နှိုးဆော်ပြီး သင့်ကို မြှင့်တင်မှုတစ်ခုပေးပါက ဤဖြစ်စဉ်မှတစ်ဆင့် သင်သည် သမ္မာတရားစစ်မှန်မှုထဲသို့ ဝင်ရောက်လိမ့်မည် ဖြစ်ပြီး သင်၌ ဝိညာဉ်ရင့်ကျက်မှု ရှိလာလိမ့်မည် ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ သမ္မာတရားကို ရရှိရန်၊ အနီးအနားတွင်ရှိသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများမှ သင်ယူရမည်
သူ၏ ဘုရားသခင်ကို ယုံကြည်ခြင်းတွင်၊ ပေတရုသည် အရာရာ၌ ဘုရားသခင်ကို ကျေနပ်စေရန် ကြိုးစားခဲ့ပြီး၊ ဘုရားသခင်ထံမှလာသော အရာအားလုံးကို ကျိုးနွံနာခံရန် ကြိုးစားခဲ့သည်။ စိုးစဉ်းမျှ စောဒကတက်ခြင်း မရှိဘဲ၊ သူသည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအပြင်၊ စစ်ဆေးခြင်း၊ အတိဒုက္ခနှင့် သူ့အသက်တာတွင် ချို့တဲ့မှုများဖြင့် အသက်ရှင်ခြင်းတို့ကို လက်ခံနိုင်ခဲ့သည်၊ ယင်းတို့အထဲမှ မည်သည့်အရာကမျှ သူ၏ ဘုရားသခင်ကို ချစ်သော စိတ်နှလုံးအား မပြောင်းလဲနိုင်ခဲ့ပေ။ ဤသည်မှာ ဘုရားသခင်ကို အဆုံးစွန် ချစ်ခြင်း မဟုတ်လော။ ဤသည်မှာ ဘုရားသခင်၏ ဖန်ဆင်းခံတစ်ဦးနှင့်ဆိုင်သည့် တာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းခြင်း မဟုတ်လော။ ပြစ်တင်ဆုံးမခြင်း၌ဖြစ်စေ၊ တရားစီရင်ခြင်း၌ ဖြစ်စေ၊ သို့မဟုတ် အတိဒုက္ခ၌ ဖြစ်စေ၊ သင်သည် သေသည်အထိ ကျိုးနွံနာခံခြင်းကို စွမ်းဆောင်ရရှိနိုင်စွမ်း ရှိပြီး၊ ဤသည်မှာ ဘုရားသခင်၏ ဖန်ဆင်းခံတစ်ဦးက စွမ်းဆောင်ရရှိသင့်သည့် အရာဖြစ်သည်၊ ဤသည်မှာ ဘုရားသခင်ကို ချစ်ခြင်း၏ စင်ကြယ်မှု ဖြစ်သည်။ အကယ်၍ လူသည် ဤမျှ စွမ်းဆောင် ရရှိနိုင်ပါက၊ သူသည် ဘုရားသခင်၏ အရည်အချင်းပြည့်မီသော ဖန်ဆင်းခံတစ်ဦး ဖြစ်ပြီး၊ ဖန်ဆင်းရှင်၏ ရည်ရွယ်ချက်များကို ဤအရာထက် သာ၍ အထမြောက်အောင် လုပ်ဆောင်ပေးသည့်အရာ မည်သည့်အရာမျှမရှိချေ။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အောင်မြင်မှု သို့မဟုတ် ရှုံးနိမ့်မှုသည် လူလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည်
လူတို့သည် အသက်ရှင်သောသတ္တဝါများ ဖြစ်လာရန်နှင့် ဘုရားသခင်ကို သက်သေခံရန်၊ ပြီးလျှင် ဘုရားသခင်၏ လက်ခံခြင်းကို ရရှိရန် ဆန္ဒရှိပါက၊ ဘုရားသခင်၏ ကယ်တင်ခြင်းကို ၎င်းတို့ လက်ခံရမည်။ သူ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို ဝမ်းမြောက်ဝမ်းသာ ကျိုးနွံနာခံ ရမည်ဖြစ်ပြီး၊ ဘုရားသခင်၏ ပြုပြင်ခြင်းကို ဝမ်းမြောက်ဝမ်းသာ လက်ခံရမည်ဖြစ်သည်။ ထိုအခါမှသာ ၎င်းတို့သည် ဘုရားသခင်တောင်းဆိုသည့် သမ္မာတရားများအားလုံးကို လက်တွေ့လုပ်ဆောင်နိုင်ကြလိမ့်မည်ဖြစ်ပြီး၊ ထိုမှသာ ဘုရားသခင်၏ ကယ်တင်ခြင်းကို ၎င်းတို့ ရရှိမည်ဖြစ်ကာ အသက်ရှင်သောသတ္တဝါများ အမှန်တကယ် ဖြစ်လာကြလိမ့်မည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်သည် အသက်ရှင်ခြင်းသို့ ရောက်လာပြီးသူတစ်ဦးဖြစ်သလော
ဘုရားသခင်ကို အနည်းငယ်မျှ ကျိုးနွံနာခံခြင်း မရှိသူများ၊ သူ၏နာမကို အသိအမှတ်ပြုရုံမျှ ပြုသူများနှင့် ဘုရားသခင်၏ သနားကြင်နာမှုနှင့် ချစ်ဖွယ်ကောင်းခြင်း နှင့်ဆိုင်သည့် အသိစိတ်အချို့ ရှိသော်လည်း၊ သန့်ရှင်းသောဝိညာဉ်တော်၏ ခြေလှမ်းများကို အမီမလိုက်သကဲ့သို့၊ သန့်ရှင်းသောဝိညာဉ်တော်၏ လက်ရှိအလုပ်နှင့် နှုတ်ကပတ်တော်များကို ကျိုးနွံနာခံခြင်း မရှိသူများ၊ ထိုသို့သော လူများသည် ဘုရားသခင်၏ ကျေးဇူးတော်အလယ်တွင် အသက်ရှင်ကြပြီး၊ ဘုရားသခင်၏ ရယူခြင်းနှင့် စုံလင်စေခြင်းကို ခံရကြမည်မဟုတ်ပေ။ ဘုရားသခင်သည် လူတို့ကို ၎င်းတို့၏ ကျိုးနွံနာခံခြင်းမှတစ်ဆင့်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်းနှင့် မွေ့လျော်ခြင်းတို့မှတစ်ဆင့်၊ ပြီးလျှင် ၎င်းတို့၏ အသက်တာများတွင် ဆင်းရဲဒုက္ခခံခြင်းနှင့် စစ်ဆေးခြင်းတို့မှတစ်ဆင့် စုံလင်စေသည်။ ဤကဲ့သို့သော ယုံကြည်ခြင်းမှ တစ်ဆင့်သာ လူတို့၏ စိတ်သဘောထား ပြောင်းလဲနိုင်ပြီး၊ ထိုအခါမှသာ ဘုရားသခင်နှင့် သက်ဆိုင်သည့် စစ်မှန်သော အသိပညာကို ၎င်းတို့ ပိုင်ဆိုင်နိုင်ပေသည်။ ဘုရားသခင်၏ ကျေးဇူးတော်များအလယ်တွင် အသက်ရှင်ရခြင်းကို စိတ်ကျေနပ်ခြင်းမရှိဘဲလျက်၊ သမ္မာတရားကို တက်ကြွစွာ တမ်းတပြီး ရှာဖွေခြင်းနှင့် ဘုရားသခင်၏ ရယူခြင်းခံရဖို့ ကြိုးစားခြင်းသည် ဘုရားသခင်ကို သတိရှိစွာ ကျိုးနွံနာခံခြင်းဟု ဆိုလိုသည့်အရာဖြစ်ပြီး၊ ဤသည်မှာ သူလိုချင်သည့် ယုံကြည်ခြင်း အတိအကျ ဖြစ်ပေသည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၌ သင်၏ယုံကြည်ခြင်းတွင် သင်သည် ဘုရားသခင်ကို ကျိုးနွံနာခံသင့်သည်