နောက်ဆုံးသောကာလ လူ့ဇာတိခံဘုရားသခင်သည် အဘယ်ကြောင့် အမျိုးသမီးဖြစ်သနည်း

01.10.2021

နောက်ဆုံးသောကာလမှာ လူ့ဇာတိခံ အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ အမှုတော်ဆောင်ပြီး သမ္မာတရားများစွာကို ဖော်ပြဖို့အတွက် ပေါ်ထွန်းခဲ့ပါတယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ပေါ်ထွန်းခြင်းနဲ့ အမှုတော်ကို လူတွေပိုပြီး လေ့လာစူးစမ်းကြတာကြောင့် ဒါတွေကို အင်တာနက်မှာ တင်ခဲ့ပြီးတော့ တစ်ကမ္ဘာလုံးကို လှုပ်ခတ်စေခဲ့ပါတယ်။ ဘုရားသခင်က လူ့ဇာတိခံယူပြီး သမ္မာတရားကို ဖော်ပြခြင်းဟာ ဘုရားနှုတ်ကပတ်တော်ရဲ့ ဘုန်းတန်ခိုးနဲ့ ဘုရားသခင်ရဲ့ အရာရာကိုတတ်စွမ်းနိုင်ခြင်းကို အပြည့်အဝ ထင်ရှားစေတယ်ဆိုတာ ရှင်းပါတယ်။ လူတွေက စစ်မှန်တဲ့လမ်းကို လေ့လာစူးစမ်းကြတာကြောင့် အနန္တတန်ခိုးရှင်ဘုရားသခင် ဖော်ပြတဲ့ နှုတ်ကပတ်တော်တွေက သြဇာအာဏာပါရှိတာ၊ ဘုန်းတန်ခိုးကြီးတာ သမ္မာတရားဖြစ်တာ၊ ဘုရားသခင်ဆီကလာတာဆိုတာကို လူများစွာက မြင်ကြပြီး လက်ခံယုံကြည်ကြတယ်။ သံသယတွေ ထပ်မဖြစ်ကြဘူး။ ဒါပေမဲ့ လူတွေက နောက်ဆုံးသောကာလ ခရစ်တော်၊ အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ အမျိုးသမီးဖြစ်တယ်ဆိုတာကို ကြားတဲ့အခါမှာ ခေါင်းခါပြီး သူ့ကိုလက်ခံဖို့ ငြင်းဆန်ကြတယ်။ သခင်ယေရှု ကြွလာတဲ့အခါတုန်းက သူက အမျိုးသားဖြစ်တယ်၊ အဲဒီအချိန်တုန်းက သန့်ရှင်းသောဝိညာဉ်တော်ကလည်း သခင်ယေရှုဟာ “ချစ်လှစွာသော သားတော်” ဖြစ်ကြောင်း သက်သေခံတယ်၊ ကျမ်းစာမှာလည်း ဒီလို မှတ်တမ်းတွေပါတယ်၊ ဒါကြောင့် သခင်ကြွလာတဲ့အခါမှာ သူဟာ ဂျူးလူမျိုး သခင်ယေရှုပုံစံနဲ့ အမျိုးသားဖြစ်မယ်လို့ လူတွေက ထင်ကြတယ်။ သူဟာ လုံးဝ အမျိုးသမီးမဖြစ်ဘူး ပေါ့။ အနန္တတန်ခိုးရှင်ဘုရားသခင်က သမ္မာတရားတွေ ဘယ်လောက်ပဲ ဖော်ပြပြီး သူလုပ်ဆောင်တဲ့အမှုက ဘယ်လောက်ကြီးမြတ်ပါစေ လူတွေက ရှာဖွေစူးစမ်းဖို့မပြောနဲ့ လက်ခံဖို့တောင် ငြင်းဆန်ကြတယ်။ သူတို့ စဉ်းစားပုံက “အနန္တတန်ခိုးရှင်ဘုရားသခင်က အမျိုးသားဆိုရင် ငါ ယုံမယ်။ ဒါပေမဲ့ အမျိုးသမီးဆိုရင် မင်းဘာပြောပြော ငါလုံးဝ မယုံဘူး။ ဘာကြောင့်လဲဆိုရင် သခင်ယေရှုက အမျိုးသားဖြစ်လို့ပဲ” ဆိုပြီးတော့ပေါ့။ ဒါကြောင့်မို့ သူတို့ဟာ သခင်ပြန်ကြွလာခြင်းကို ကြိုဆိုဖို့ အခွင့်အလမ်းကို လွဲချော်ကြပြီး ကပ်ဘေးထဲကို ကျရောက်ကြတယ်။ တော်တော် သနားဖို့ကောင်းပါတယ်။ ဒါဆိုရင် ဒီဘာသာရေးလိုက်စားတဲ့သူတွေရဲ့ ဖော်ပြချက်တွေနဲ့ အမြင်တွေက မှန်ရဲ့လား။ ကျမ်းစာဆိုင်ရာ ပရောဖက်ပြုချက်တွေနဲ့ ကိုက်ညီရဲ့လား။ ဘုရားနှုတ်ကပတ်တော်အပေါ် အခြေပြုချက်ရှိရဲ့လား။ လုံးဝ မရှိပါဘူး။ ဘာကြောင့်လဲဆိုရင် သခင်ယေရှုက သူပြန်ကြွလာတဲ့အခါမှာ သူဟာ အမျိုးသားဖြစ်မလား၊ အမျိုးသမီးဖြစ်မလားဆိုတာကို မသတ်မှတ်ခဲ့ဘူး။ ပြီးတော့ လူသားဟာ သူပြန်ကြွလာတဲ့အခါမှာ အမျိုးသားဖြစ်မယ်၊ အမျိုးသမီးဖြစ်မယ်လို့ သန့်ရှင်းသောဝိညာဉ်တော်က သက်သေမခံခဲ့ဘူး။ ကျမ်းစာမှာလည်း ဘုရားသခင်က နောက်ဆုံးသောကာလမှာ ပြန်ကြွလာတဲ့အခါ သူဟာ အမျိုးသားဖြစ်မယ်၊ အမျိုးသမီးဖြစ်မယ်ဆိုပြီး ပရောဖက်မပြုခဲ့ဘူး။ ဒါက လူသားတွေရဲ့ ပြောဆိုမှုတွေနဲ့ အမြင်တွေဟာ ကျမ်းစာမှာ အခြေပြုထားခြင်းမရှိဘဲ လူတွေရဲ့ အယူအဆတွေနဲ့ စိတ်ကူးတွေသက်သက်ပဲဆိုတာကို လုံလုံလောက်လောက်သက်သေပြနေပါတယ်။ လူတော်တော်များများက မေးကြတယ်။ “နောက်ဆုံးသောကာလ လူ့ဇာတိခံဘုရားသခင်က အမျိုးသားမဖြစ်ဘဲ ဘာကြောင့် အမျိုးသမီးဖြစ်တာလဲ” ပေါ့။ ဒီနေရာမှာ ဒီမေးခွန်းနဲ့ပတ်သက်လို့ ကျွန်မကိုယ်တိုင်ရဲ့ နားလည်မှုတချို့ကို မျှဝေပါမယ်။

ဘုရားသခင်ဟာ နောက်ဆုံးသောကာလမှာ လူသားအဖြစ် လူ့ဇာတိခံကြွလာခြင်းအကြောင်းနဲ့ပတ်သက်ပြီး ကျမ်းစာမှာ ပရောဖက်ပြုချက်တွေ အများကြီးရှိပါတယ်။ ဒါပေမဲ့ သခင်က နောက်ဆုံးသောကာလမှာ ပြန်ကြွလာတဲ့အခါမှာ အမျိုးသားဖြစ်မယ်၊ အမျိုးသမီးဖြစ်မယ်ဆိုပြီး မသတ်မှတ်ထားဘူး။ “လူသားသည် ကြွလာတော် မူလတံ့”၊ “လူသားသည် ကြွလာလိမ့်မည်”၊ “လူသား သည် မိမိနေ့ရက်၌ ဖြစ်တော်မူလတံ့” လို့ပဲ ပြောတယ်။ အခုအချိန်မှာ အနန္တတန်ခိုးရှင်ဘုရားသခင် ကြွလာခဲ့ပြီ။ သမ္မာတရားတွေအများကြီးကို ဖော်ပြခဲ့ပြီး နောက်ဆုံးသောကာလ တရားစီရင်ခြင်းအမှုကို ပြုတယ်။ ဒါဟာ ဒီပရောဖက်ပြုချက်တွေကို ပြည့်စုံစေတယ်။ ဒါပေမဲ့ နောက်ဆုံးသောကာလ ခရစ်တော်ဟာ အမျိုးသမီးဖြစ်တယ်လို့ လူတွေက တွေ့ရတဲ့အခါမှာ အံ့သြကြတယ်။ ဒါက ကျွန်မတို့ အယူအဆတွေနဲ့ လုံးဝ မကိုက်ညီဘူးလေ။ ဒါက ဘုရားသခင်ရဲ့ ပေါ်ထွန်းခြင်းနဲ့ လုပ်ဆောင်မှုဖြစ်တာကြောင့် လူတွေက ဒါနဲ့ပတ်သက်ပြီး အယူအဆတွေရှိကြတာက လုံးဝ ပုံမှန်ပါပဲ။ သခင်ယေရှု ကြွလာခဲ့တုန်းက လူတွေဟာ ပိုပြီးတော့တောင် နားလည်မှုလွဲခဲ့ကြတယ်။ ဒါပေမဲ့ လူတွေက တစ်ခုခုနဲ့ပတ်သက်ပြီး အယူအဆတွေပိုရှိလေလေ၊ အဲဒီအရာက နက်နဲမှုတစ်ခုဖြစ်လေလေပဲ။ ဘုရားသခင်က ဒီနက်နဲမှုတွေကို ဖွင့်မပြဘူးဆိုရင် ကျွန်မတို့ လုံးဝ နားလည်မှာမဟုတ်ဘူး။ ဒါကြောင့် အနန္တတန်ခိုးရှင်ဘုရားသခင် ပြောထားတာကို ကြည့်ကြည့်ရအောင်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ဘုရားသခင်သည် ယောက်ျားတစ်ဦး အဖြစ်သာ လူ့ဇာတိ ခံယူလာခဲ့ပါက၊ လူများသည် သူ့ကို ယောက်ျားအဖြစ်၊ လူယောက်ျားများ၏ ဘုရားသခင်အဖြစ်၊ သတ်မှတ်လိုက်ကြမည် ဖြစ်ပြီး၊ သူ့ကို မိန်းမများ၏ ဘုရားသခင်အဖြစ် မည်သည့်အခါမျှ ယုံကြည်မည် မဟုတ်ပေ။ ထိုအခါ ယောက်ျားများက ဘုရားသခင်ကို ယောက်ျားများကဲ့သို့ တူညီသော လိင်ရှိသည်၊ ဘုရားသခင်သည် ယောက်ျားများ၏ ခေါင်းဆောင်ဖြစ်သည်ဟု ယူဆကြပေမည်- သို့သော် မိန်းမများနှင့်သက်ဆိုင်၍ မည်သည့်အရာ ဖြစ်သနည်း။ ယင်းသည် မမျှတပေ။ ယင်းသည် ဦးစားပေးဆက်ဆံမှု ဖြစ်သည် မဟုတ်လော။ ဤကိစ္စရပ်သည် မှန်ကန်ပါက၊ ဘုရားသခင် ကယ်တင်သော သူအားလုံးတို့သည် သူကဲ့သို့ ယောက်ျားများသာ ဖြစ်မည်ဖြစ်ပြီး၊ မိန်းမတစ်ဦးတစ်ယောက်မျှ ကယ်တင်ခံရမည် မဟုတ်ပေ။ ဘုရားသခင်က လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့ချိန်တွင်၊ သူသည် အာဒံကို ဖန်ဆင်းခဲ့ပြီး ဧဝကို ဖန်ဆင်းခဲ့သည်။ သူသည် အာဒံ တစ်ဦးတည်းကိုသာ မဖန်ဆင်းခဲ့ဘဲ၊ ယောက်ျားနှင့် မိန်းမနှစ်ဦးလုံးကို သူ၏ သဏ္ဌာန်အတိုင်း ပြုလုပ်ခဲ့သည်။ ဘုရားသခင်သည် ယောက်ျားများ၏ ဘုရားသခင်သာ မဟုတ်— မိန်းမများ၏ ဘုရားသခင်လည်း ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၃))ဘုရားသခင်လုပ်ဆောင်ခဲ့သည့် အမှုအဆင့်အသီးသီးတို့၌ ၎င်းတို့၏ကိုယ်ပိုင် လက်တွေ့ကျသော ရည်ရွယ်ချက်ရှိသည်။ ထိုစဉ်အချိန်က ယေရှုကြွလာခဲ့သောအခါ၊ သူသည် အမျိုးသားတစ်ဦး ပုံစံဖြင့် လာခဲ့ပြီး၊ ယခုတစ်ကြိမ် ဘုရားသခင် ကြွလာသောအခါမူ သူ၏ပုံစံသည် အမျိုးသမီးတစ်ဦးဖြစ်သည်။ ဤအရာမှ အမျိုးသားနှင့် အမျိုးသမီးနှစ်ဦးလုံးကို ဘုရားသခင်၏ ဖန်ဆင်းခြင်းသည် သူ၏အမှု၌ အသုံးပြုနိုင်သည်ကို သင်မြင်နိုင်သည်၊ ထို့ပြင် သူ့ထံတွင် ကျားမခွဲခြားခြင်း မရှိပေ။ သူ၏ဝိညာဉ်တော် ကြွလာသည့်အခါတွင် သူ့အနေဖြင့် သူနှစ်သက်သည့် မည်သည့်ဇာတိခန္ဓာကိုမဆို ခံယူနိုင်ပြီး သူ့ကို ကိုယ်စားပြုနိုင်သည့် ဇာတိခန္ဓာကို ခံယူနိုင်ပေသည်။ အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ ဘုရားသခင်ခံယူသော ဇာတိခန္ဓာဖြစ်နေသရွေ့၊ ယင်းသည် ဘုရားသခင်ကို ကိုယ်စားပြုနိုင်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံယူခြင်းနှစ်ကြိမ်သည် လူ့ဇာတိခံယူခြင်း၏ ရည်ရွယ်ချက်ကို ပြည့်စုံစေသည်) ဘုရားသခင် လူ့ဇာတိခံယူခြင်းက အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ ဒါဟာ အရေးပါတယ်ဆိုတာကို အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကနေ ကျွန်မတို့ မြင်နိုင်ပါတယ်။ ဒီနေရာမှာ ရှာဖွေစရာ သမ္မာတရားရှိပါတယ်။ ဒါက ကျွန်မတို့တွေ ဘုရားအလိုတော်ကို နားလည်ပြီး ဘုရားသခင်ရဲ့ စိတ်သဘောထားကို သိအောင်လုပ်ပေးနိုင်တယ်။ လူ့ဇာတိခံဘုရားသခင်က အမြဲတမ်း အမျိုးသားဖြစ်မယ်ဆိုရင် အကျိုးဆက်က ဘာတွေဖြစ်မလဲ။ လူတွေက ဘုရားသခင်ကို ထာဝရ အမျိုးသားဖြစ်ပြီး ဘယ်တော့မှ အမျိုးသမီးမဖြစ်ဘူးဆိုပြီး ဘောင်ခတ်ကြမယ်။ အမျိုးသမီးတွေက ခွဲခြားဆက်ဆံမှုကို ခံရပြီး လူ့အဖွဲ့အစည်းရဲ့ အဖွဲ့ဝင်အဖြစ် အပြည့်အဝနေထိုင်နိုင်မှာမဟုတ်ဘူး။ ဒါက အမျိုးသမီးတွေအပေါ် တရားပါ့မလား။ ဘုရားသခင်က ဖြောင့်မတ်တဲ့ ဘုရားသခင်ဖြစ်တယ်။ ယောကျာ်းနဲ့ မိန်းမကို ဘုရားသခင်က ပြုလုပ်ခဲ့တယ်။ ဒါကြောင့် ဘုရားသခင်ဟာ သူ့ရဲ့ ပထမအကြိမ် လူ့ဇာတိခံယူခြင်းမှာ ယောကျာ်းဖြစ်ပြီး နောက်ဆုံးသောကာလမှာ ဘုရားသခင်ဟာ မိန်းမအဖြစ်နဲ့ လူ့ဇာတိခံယူခဲ့တယ်။ ဒါဟာ အရမ်းကို အရေးပါပါတယ်။ အမျိုးသမီးအားလုံးက ပျော်ရွှင်ဝမ်းမြောက်သင့်ပြီး ဘယ်အယူအဆမှ ကိုင်စွဲမထားသင့်တော့တဲ့အရာတစ်ခုပါ။ အမျိုးသမီးတစ်ယောက်က လူ့ဇာတိခံယူတဲ့ အမျိုးသမီးဘုရားသခင်ကို ငြင်းဆန်ပြီး ခွဲခြားဆက်ဆံနေသေးရင် အဲဒီအမျိုးသမီးက အရမ်းကို သနားစရာကောင်းပါတယ်။ အမှန်မှာတော့ ဘုရားသခင်ရဲ့ လူ့ဇာတိခံယူခြင်းက အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ အရေးမကြီးပါဘူး။ အရေးကြီးတာက သူဟာ သမ္မာတရားကို ဖော်ပြနိုင်ပြီး ကယ်တင်ခြင်းအမှုကို ပြုနိုင်တယ်။ လူ့ဇာတိခံဘုရားသခင်က အမျိုးသားဖြစ်မှသာ ဘုရားအလုပ်ကိုလုပ်နိုင်တယ်၊ အမျိုးသမီးဖြစ်ရင် ဘုရားအလုပ်ကိုမလုပ်နိုင်ဘူးလို့ လူတွေက မထင်မြင်သင့်ပါဘူး။ ဒီလိုစဉ်းစားတာက ခေတ်နောက်ပြန်ဆွဲပြီး မသိနားမလည်တာပါပဲ။ အခုအချိန်မှာ ယောကျာ်းတွေလုပ်နိုင်တဲ့ဘယ်အရာကိုမဆို မိန်းမတွေကလုပ်နိုင်တာကို ကျွန်မတို့အားလုံး မြင်တွေ့ပြီးပါပြီ။ ဥပမာ ယောကျာ်းတွေက လေယာဉ်ပျံမောင်းနိုင်သလို မိန်းမတွေလည်း လုပ်နိုင်တယ်။ ယောကျာ်းတွေက အာကာသယာဉ်မှူးလုပ်နိုင်သလို မိန်းမတွေကလည်း လုပ်နိုင်တယ်။ ယောကျာ်းတွေက သမ္မတလုပ်နိုင်သလို မိန်းမတွေကလည်း လုပ်နိုင်တယ်။ ယောကျာ်းတွေက စီးပွားရေးတွေလုပ်ပြီး လုပ်ငန်းတွေကို ထိန်းသိမ်းနိုင်သလို မိန်းမတွေကလည်း စီးပွားရေးလုပ်နိုင်ပြီး လုပ်ငန်းတွေကို ထိန်းသိမ်းနိုင်တယ်။ မိန်းမတွေက ယောကျာ်းတွေလောက် မစွမ်းဆောင်နိုင်တာ မရှိဘူးဆိုတာ အချက်အလက်တွေက သက်သေပြပါတယ်။ ဒါဆိုရင် လူ့ဇာတိခံဘုရားသခင်က ဘာကြောင့် ယောကျာ်းပဲဖြစ်လို့ရပြီး မိန်းမ မဖြစ်နိုင်ရတာလဲ။ သမ္မာတရားတွေ အများကြီးဖော်ပြခဲ့ပြီး အမှုတွေအများကြီးပြုခဲ့တဲ့ အနန္တတန်ခိုးရှင်ဘုရားသခင်ကို ကြည့်ပါ။ မိန်းမဖြစ်တာက ဘုရားသခင်ရဲ့အလုပ်ကို လုံးဝ အတားအဆီးဖြစ်စေခဲ့သလား။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ တရားစီရင်ခြင်းအမှုက သခင်ယေရှုပြုခဲ့တဲ့အမှုထက် အရမ်းကို ပိုပြီးကြီးမြတ်တယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်က သခင်ယေရှုဖော်ပြခဲ့တာတွေထက် ပိုများပြီး လေးနက်တဲ့ သမ္မာတရားကို ဖော်ပြခဲ့တယ်။ အချက်အလက်တွေက လူအားလုံးအတွက် သိသာပါတယ်။ ဒါဆိုရင် လူတွေက ဒါတွေကို ဘာလို့ သတိမပြုမိနိုင်တာလဲ။ အခုခေတ် ကမ္ဘာမှာ အမျိုးသမီးတွေ ဘယ်လောက် ဖိနှိပ်ခံ၊ ခွဲခြားဆက်ဆံခံရပြီး ဒုက္ခခံနေရသလဲ။ သူတို့တွေဟာ အမျိုးသားတွေနဲ့ တန်းတူညီတဲ့ အဆင့်အတန်းရှိဖို့ လိုပါတယ်။ ဒီထက်ပိုတာက ကယ်တင်ခြင်းနဲ့ လွတ်လပ်မှုကို လိုပါတယ်။ ကျွန်မတို့ရဲ့ အမျိုးသမီး အဖော်တွေကို ဘယ်သူကယ်တင်နိုင်သလဲ။ အခုအချိန်မှာ အနန္တတန်ခိုးရှင်ဘုရားသခင် ကြွလာခဲ့ပြီ။ သူဟာ ဒီဆိုးယုတ်တဲ့ကမ္ဘာနဲ့ အရမ်းကို ဖောက်ပြန်ပျက်စီးနေတဲ့ လူသားမျိုးနွယ်ကို တရားစီရင်ဖို့ သမ္မာတရားကို ဖော်ပြခဲ့ပြီ။ လူ့ဇာတိခံတဲ့ အနန္တတန်ခိုးရှင်ဘုရားသခင်က အမျိုးသမီးဖြစ်တယ်၊ သမ္မာတရားကို ဖော်ပြနိုင်တယ်၊ နောက်ဆုံးသောကာလ တရားစီရင်ခြင်းအမှုကို ပြုတယ်ဆိ်ုတာကို မြင်ပြီးတာကြောင့် အမျိုးသမီးဖြစ်တာကို ဂုဏ်ယူတဲ့ အမျိုးသမီးတွေ အများကြီးရှိတယ်။ သူတို့ဟာ ရင်ကော့ခေါင်းမော့ပြီး လွတ်လပ်တဲ့၊ လွတ်မြောက်တဲ့ခံစားချက်တစ်ခုကို ရရှိကြတယ်။ သူတို့အားလုံးက အောင်ပွဲခံကြပြီး အနန္တတန်ခိုးရှင်ဘုရားသခင်ကို ချီးမွမ်းကြတယ်။ ဘုရားသခင်က အမျိုးသမီးအဖြစ် လူ့ဇာတိခံယူတာဟာ ဘုရားရဲ့ ဖြောင့်မတ်တဲ့စိတ်သဘောထားကို ပြပါတယ်။ ဘုရားသခင်ကသာ လူသားမျိုးနွယ်ကို အမှန်တကယ်ချစ်ပြီး ဘုရားသခင်ကသာ လူတွေကို အမှန်တကယ် မျှမျှတတ ဆက်ဆံနိုင်ပါတယ်။ ဘုရားသခင်က အရမ်းကို ချစ်ဖို့ကောင်းပါတယ်။ အခု နောက်ကိစ္စတစ်ခုကို စဉ်းစားကြစို့။ ယောကျာ်းဖြစ်တဲ့ သခင်ယေရှုဟာ လူတွေရဲ့ အပြစ်တွေကို ခံယူပြီး ကားစင်တင်ခံခြင်းအားဖြင့် ရွေးနှုတ်ခြင်းအမှုကို ပြီးမြောက်နိုင်ခဲ့တယ်။ သခင်ယေရှုက အမျိုသမီးအဖြစ်ကြွလာခဲ့ရင် ကားစင်တင်ခံပြီး ရွေးနှုတ်ခြင်းအမှုကို ပြီးမြောက်နိုင်မလား။ သူ လုပ်ဆောင်နိုင်မယ်ဆိုတာ သံသယမရှိပါဘူး။ ဘုရားရဲ့ လူ့ဇာတိခံယူခြင်းဆိုတာ ဘုရားသခင်ရဲ့ ဝိညာဉ်ကို လူသားအခွံထဲကို ထည့်လိုက်တာပဲ။ ဒီအခွံက ယောကျာ်းဖြစ်စေ၊ မိန်းမဖြစ်စေ သူဟာ ဘုရားသခင်ကိုယ်တိုင်ပဲ။ သမ္မာတရားကို ဖော်ပြပြီး အလုပ်လုပ်တယ်။ အားလုံးကို ဘုရားရဲ့ဝိညာဉ်က လုပ်ဆောင်ပြီး ထိန်းချုပ်တယ်။ ဒါကြောင့် ဘုရားသခင်ရဲ့ လူ့ဇာတိ ပကတိက ယောကျာ်းဖြစ်စေ၊ မိန်းမဖြစ်စေ သူဟာ ဘုရားရဲ့ လက္ခဏာကို ကိုယ်စားပြုပြီး ဘုရားရဲ့အလုပ်ကို သူကိုယ်တိုင်လုပ်ဖို့ အရည်အချင်းပြည့်မှီပါတယ်။ အဆုံးမှာ အမှုဟာ ပြီးစီးပြီး ဘုရားသခင်က ဂုဏ်ကျက်သရေကို ရရှိလိမ့်မယ်။ အနန္တတန်ခိုးရှင်ဘုရားသခင် ပြောသလိုပါပဲ။ “အကယ်၍ ယေရှုကြွလာခဲ့သည့် အချိန်တွင် သူ့အနေဖြင့် အမျိုးသမီးအသွင်နှင့် ပေါ်လာခဲ့ပါလျှင်၊ တစ်နည်းအားဖြင့် အကယ်၍ သားယောက်ျားမဟုတ်ဘဲ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ပဋိသန္ဓေတည်သော သမီးမိန်းကလေးဖြစ်ခဲ့လျှင် အမှု၏ထိုအဆင့်သည် ထပ်တူညီစွာ ပြီးပြည့်စုံခဲ့မည်ပင် ဖြစ်သည်။ အကယ်၍ ထိုကဲ့သို့သာ ဖြစ်ခဲ့မည်ဆိုပါက၊ အမှု၏ ယခုလက်ရှိအဆင့်ကို အမျိုးသားက ပြီးမြောက်အောင် လုပ်ဆောင်ရမည်ဖြစ်ပြီး၊ အမှုသည်လည်း ထပ်တူညီစွာပင် ပြီးမြောက်လာမည်ဖြစ်သည်။ အဆင့်တစ်ခုချင်းစီတွင် လုပ်ဆောင်ခဲ့သော အမှုသည် ယင်း၏ အရေးပါမှုရှိလေသည်။ မည်သည့်အဆင့်၏ အမှုကမျှ ထပ်ကျော့မပြန်သကဲ့သို့ အခြားအဆင့်တစ်ခုနှင့်လည်း ကွဲပြားဆန့်ကျင်ခြင်း မရှိချေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံယူခြင်းနှစ်ကြိမ်သည် လူ့ဇာတိခံယူခြင်း၏ ရည်ရွယ်ချက်ကို ပြည့်စုံစေသည်) ဒါက လူ့ဇာတိခံ ဇာတိပကတိက ယောကျာ်းဖြစ်စေ၊ မိန်းမဖြစ်စေ အရေးမကြီးဘူးလို့ အဓိပ္ပာယ်ရတယ်။ သူဟာ သမ္မာတရားကို ဖော်ပြနိုင်ပြီး ဘုရားသခင် ပြီးမြောက်ချင်တဲ့အလုပ်ကို ပြီးစီးနိုင်သရွေ့ လူသားမျိုးနွယ်ကို သန့်စင်ကယ်တင်နိုင်သရွေ့ သူဟာ လူ့ဇာတိခံဘုရားသခင်ပဲ။ လူ့ဇာတိခံဘုရားသခင်က ယောကျာ်းပဲဖြစ်နိုင်ပြီး မိန်းမမဖြစ်နိုင်ဘူးလို့ လူတွေ ထင်ရင် ဒါက လူတွေရဲ့ စည်းမျဉ်းတွေ၊ အယူအဆတွေ၊ စိတ်ကူးတွေဆီက ထွက်လာတာ သက်သက်ပဲမဟုတ်ဘူးလား။ ဘုရားက ယောကျာ်းကို ပြုလုပ်ပြီး မိန်းမကို မပြုလုပ်ဘူးလို့ ထင်ကြတာလား။ လူ့ဇာတိခံဘုရားသခင်က အမျိုးသမီးဖြစ်တာကြောင့် သမ္မာတရားကို ဘယ်လောက်ပဲ သူဖော်ပြပါစေ၊ သူလုပ်ဆောင်တဲ့အမှုက ဘယ်လောက်ကြီးမြတ်ပါစေ လူတွေက သူ့ကို အသိအမှတ်မပြုကြဘူး၊ လက်မခံကြဘူး။ ဒါက လူတွေက မိန်းမတွေကို ငြင်းပယ်ပြီး ခွဲခြားဆက်ဆံတာကြောင့် သက်သက်ပဲမဟုတ်ဘူးလား။ ဒါဟာ လူသားမျိုးနွယ်ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတစ်ခုပဲ မဟုတ်ဘူးလား။ ဘုရားက ဘယ်လိုပေါ်ထွန်းပြီး အမှုပြုမယ်ဆိုတာကို လူတွေက ရွေးချယ်ခွင့်မရှိဘူး။ သူဟာ ဘုရားသခင်ရဲ့ လူ့ဇာတိခံယူခြင်း ဖြစ်သရွေ့၊ သမ္မာတရားကို ဖော်ပြပြီး ဘုရားအလုပ်ကို လုပ်သရွေ့ ဇာတိပကတိက ယောကျာ်းဖြစ်စေ၊ မိန်းမဖြစ်စေ လူတွေက လက်ခံလိုက်နာသင့်တယ်။ ဒါဟာ ကျိုးကြောင်းသင့်ပြီး ဉာဏ်ပညာရှိတဲ့လမ်းစဉ်ပဲ။ ဘုရားသခင်ဟာ အနန္တတန်ခိုးရှိပြီး ဉာဏ်ပညာနဲ့ပြည့်စုံတယ်။ ဘုရားသခင်ရဲ့ အတွေးတွေဟာ လူသားအတွေးတွေထက် သာလွန်တယ်။ ဘုရားရဲ့အလုပ်ကို နားလည်ဖို့ လူသားက ဘယ်လို မျှော်လင့်နိုင်မှာလဲ။ ရှေးတုန်းကနေ အခုအချိန်အထိ ဘုရားသခင်ရဲ့ အမှုအဆင့်တိုင်းက လူသားအယူအဆတွေထက် ကျော်လွန်ပြီး ဆန့်ကျင်တယ်။ သခင်ယေရှုပေါ်ထွန်းပြီး အမှုပြုခဲ့တုန်းက သူ့ရဲ့ပေါ်ထွန်းခြင်း၊ မွေးဖွားခြင်းနဲ့ မိသားစုက လူသားအယူအဆတွေနဲ့ လုံးဝ မကိုက်ညီဘူး။ ဒါကြောင့် ဖာရိရှဲတွေက သူဟာ ကျမ်းစာမှာ ပရောဖက်ပြုထားတဲ့ မေရှိယလို့ ဝန်မခံကြဘဲ နောက်ဆုံးမှာ သူ့ကို ကားစင်တင်ခဲ့ကြတယ်။ ဆိုးရွားတဲ့အပြစ်ကို ကျူးလွန်ပြီး ဘုရားသခင်ရဲ့ အပြစ်ဒဏ်ပေးခြင်းခံရပြီး ကျိန်ဆဲခံခဲ့ရတယ်။ ဒါဟာ သွေးနဲ့ပေးဆပ်ခဲ့တဲ့ စဉ်းစားဆင်ခြင်ဖို့ကောင်းတဲ့ သင်ခန်းစာတစ်ခုပဲ။ ဒါကြောင့် ဘုရားသခင်ရဲ့ ပေါ်ထွန်းခြင်းနဲ့ လုပ်ဆောင်မှုပါဝင်တဲ့ အရာရာတိုင်းက အရေးကြီးဖြစ်ရပ်ဖြစ်ပြီး နက်နဲမှုတစ်ခုဖြစ်တယ်။ လူတွေက သမ္မာတရားကို မရှာဘဲ သူတို့အယူအဆတွေကိုပဲ ဆက်ပြီးဖက်တွယ်နေရင်၊ အရမ်းကို ခပ်ပေါ့ပေါ့နဲ့ ဝေဖန်ဆုံးဖြတ်ရင် ဘုရားရဲ့ စိတ်သဘောထားကို ပုန်ကန်ပစ်မှားဖို့ ဖြစ်နိုင်ခြေအရမ်းများတယ်။ သင်က ဘုရားရဲ့ ငြင်းပယ်ခြင်းခံရပြီး ဖယ်ရှားခံရရင်၊ ဘုရားရဲ့ ကယ်တင်ခြင်း ဆုံးရှုံးရရင် ဒီထက်ကြီးတဲ့ နောင်တဆိုတာ ရှိမှာမဟုတ်တော့ဘူး။

အခုအချိန်မှာ အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ အမျိုးသမီးဖြစ်တာကြောင့် နောက်ဆုံးသောကာလမှာ သူ့ရဲ့ပေါ်ထွန်းခြင်းနဲ့ လုပ်ဆောင်မှုကို လက်ခံဖို့ ငြင်းဆန်တဲ့လူတွေ မရေမတွက်နိုင်အောင်ရှိကြတယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက သမ္မာတရားဖြစ်တယ်ဆိုတာကို သိတာတောင် သူ့ကို လက်မခံကြဘူး။ ဒီနေရာမှာ ပြဿနာက ဘာလဲ။ ဒီလူတွေရဲ့ အယူအဆတွေက ဘာကြောင့်အရမ်းပြင်းထန်နေရတာလဲ။ သူတို့ဟာ ဘာကြောင့် အရာအားလုံးထက် သမ္မာတရားနဲ့ သမ္မာတရားရဲ့ ဖော်ပြချက်ကို တန်ဖိုးမထားကြတာလဲ။ ဖန်ဆင်းခံတွေဖြစ်တဲ့ လူတွေအနေနဲ့၊ လူသားမျိုးနွယ်ဝင်တွေအနေနဲ့ ဘုရားသခင်နဲ့ သူ့ရဲ့လုပ်ဆောင်မှုကို ကျိုးကြောင်းသင့်စွာနဲ့ ဆက်ဆံသင့်ပါတယ်။ ကျွန်မတို့ဟာ အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ လူ့ဇာတိခံဘုရားသခင်ဖြစ်တယ်ဆိုတာ ရှင်းရှင်းလင်းလင်းသိပြီး အနန္တတန်ခိုးရှင်ဘုရားသခင်ဖော်ပြတဲ့ နှုတ်ကပတ်တော်တွေက သမ္မာတရားဖြစ်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်းသိတာတောင်မှ သူဟာ အမျိုးသမီးဖြစ်တာကြောင့် ကျွန်မတို့အယူအဆတွေကို ဖက်တွယ်ထားပြီး သူ့ကိုလက်ခံဖို့ ငြင်းဆန်ဆဲပဲဆိုရင် ဒါဟာ အရမ်းကို အရေးကြီးတဲ့ ပြဿနာတစ်ခုပါပဲ။ ဒီလိုလုပ်ခြင်းက ဘုရားကို ငြင်းပယ်ပြီးဆန့်ကျင်ခြင်းပါပဲ။ လူ့ဇာတိခံဘုရားသခင်ကို၊ ဒါမှမဟုတ် သူဖော်ပြတဲ့ သမ္မာတရားကို အသိအမှတ်ပြုဖို့ ငြင်းဆန်တာဟာလည်း အယူအဆနဲ့ စိတ်ကူးပြဿနာသက်သက်ထက် ပိုပါတယ်။ ဒါက သင့်ကို အန္တိခရစ်တစ်ယောက်ဖြစ်စေပါတယ်။ ဘုရားရဲ့ရန်သူဖြစ်ပြီး ကျိန်ဆဲခြင်းခံရသင့်တဲ့သူဖြစ်စေပါတယ်။ ကျမ်းစာမှာ ဖော်ပြထားသလိုပဲ။ “လူဇာတိအားဖြင့် ကြွလာတော်မူသော ယေရှုခရစ်ကို ငြင်းပယ်လျက်၊ လှည့်ဖြားသော သူအများ တို့သည် လောကထဲသို့ဝင်ကြပြီ။ ထိုသို့သောသူသည် လှည့်ဖြားသောသူဖြစ်၏။ အန္တိခရစ်လည်းဖြစ်၏။” (ရှင်ယောဟန်သြဝါဒစာဒုတိယစောင် ၁:၇) “လူဇာတိအားဖြင့် ကြွလာတော်မူသော ယေရှုခရစ်ကိုဝန်မခံသောဝိညာဉ်မည်သည်ကား၊ ဘုရား သခင်နှင့်မစပ်ဆိုင်။ ထိုသို့သောဝိညာဉ်ကား၊ သင်တို့သည် ကြားခဲ့ပြီးသည်အတိုင်း ဤလောကသို့လာမည်ဖြစ်၍၊ ယခုပင် လာလျက်ရှိသော အန္တိခရစ်၏ ဝိညာဉ်ဖြစ်၏။” (ရှင်ယောဟန် ဩဝါဒစာ ပဌမစောင် ၄:၃) ဒါကြောင့် လူသားကြွလာခြင်းကို လက်မခံတဲ့ ဘယ်သူမဆို၊ ပြန်ကြွလာတဲ့ လူ့ဇာတိခံဘုရားသခင်ကို အသိအမှတ်မပြုတဲ့ ဘယ်သူမဆို အန္တိခရစ်တစ်ယောက်ပဲဆိုတာ ကျွန်မတို့ သေချာသိနိုင်ပါတယ်။ ဘုရားသခင်က သူပြန်ကြွလာတဲ့အခါ အန္တိခရစ်တွေကို ကယ်တင်မယ်လို့ ထင်လား။ လုံးဝ မကယ်တင်ပါဘူး။ ဒါဆိုရင် အန္တိခရစ်တွေရဲ့ အဆုံးသတ်က ဘာလဲ။ အန္တိခရစ်တွေ လုပ်တဲ့အမှားက ဘာလဲ။ သူတို့ဟာ လူပုဂ္ဂိုလ်တစ်ယောက်သက်သက်ကို ဆန့်ကျင်နေတာမဟုတ်ပါဘူး။ နောက်ဆုံးသောကာလခရစ်တော်ဖြစ်တဲ့ ဘုရားကိုယ်တိုင်ကို ဆန့်ကျင်နေတာပါ။ အနန္တတန်ခိုးရှင်ဘုရားသခင်ကို ရှုတ်ချဝေဖန်ခြင်းရဲ့ အနှစ်သာရက ဘာလဲ။ ဒါဟာ သန့်ရှင်းသောဝိညာဉ်တော်ကို ဆန့်ကျင်တဲ့ ပြစ်မှားတဲ့ အပြစ်ပါ။ ဒီအပြစ်ဟာ အခုရော၊ နောင်အနာဂတ်မှာပါ ဘယ်တော့မှ ခွင့်လွှတ်ခြင်းခံရမှာမဟုတ်ဘူး။

အခုခေတ်လူများစွာက ဘုရားကို ယုံကြည်ပေမဲ့ ဘုရားရဲ့အလုပ်ကို မသိကြဘူး။ လူသားဆိုတာ၊ လူ့ဇာတိခံယူခြင်းဆိုတာ၊ ဘယ်သူက စစ်မှန်တဲ့ တစ်ပါးတည်းသောဘုရားလဲဆိုတာကိုလည်း မသိကြဘူး။ ဒီလိုမျိုးနဲ့ လူ့ဇာတိခံဘုရားကို ဆန့်ကျင်ဖို့က လွယ်ကူပါတယ်။ ဒါကြောင့် ဘုရားရဲ့အလုပ်ကို ဘောင်ခတ်ဖို့အတွက် ကျွန်မတို့ရဲ့အယူအဆတွေ၊ စိတ်ကူးတွေကို လုံးဝ အသုံးမပြုရပါဘူး။ အဲဒီအစား ကျွန်မတို့ဟာ သမ္မာတရားကို ရှာဖွေသင့်ပြီး ကျွန်မတို့ အယူအဆတွေကို ဖယ်ရှားပစ်သင့်တယ်။ ဒီနည်းလမ်းနဲ့သာ ဘုရားရဲ့ ကောင်းချီးတွေကို ကျွန်မတို့ ရရှိနိုင်တယ်။ ဘုရားရဲ့ လူ့ဇာတိခံယူခြင်းနှစ်ခု အချိန်အတွင်းမှာ အမှုတော်ရဲ့ အရေးပါမှုက လွှမ်းမိုးမှုရှိပြီး လေးနက်ပါတယ်။ ဒါက အနန္တတန်ခိုးရှင်ဘုရားသခင်ပြောခဲ့တာပါ။ “ဘုရားသခင်သည် သန့်ရှင်းသော ဝိညာဉ်တော်၊ ဝိညာဉ်တော်၊ ခုနစ်ဆ ပြင်းထန်သည့် ဝိညာဉ်တော်၊ သို့မဟုတ် အရာခပ်သိမ်းကို လွှမ်းခြုံသော ဝိညာဉ်တော်ဖြစ်ရုံမျှမက၊ လူသားတစ်ဦး- သာမန်လူတစ်ဦး၊ အထူးပင် သာမညဖြစ်သော လူသားတစ်ဦးလည်း ဖြစ်၏။ သူသည် အမျိုးသားဖြစ်သည်သာမက၊ အမျိုးသမီးလည်း ဖြစ်၏။ ၎င်းတို့သည် လူသားများထံ မွေးဖွားကြရာတွင် တူညီကြပြီး၊ တစ်ဦးက သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် ပဋိသန္ဓေစွဲယူပြီး အခြားတစ်ဦးသည် ဝိညာဉ်တော်ထံမှ တိုက်ရိုက် ဆင်းသက်သော်လည်း၊ လူသားတစ်ဦးထံ မွေးဖွားသည်ဆိုရာတွင် မတူညီကြချေ။ နှစ်ဦးလုံးသည် အဖဘုရားသခင်၏အမှုကို ဘုရားသခင်၏လူ့ဇာတိက ဆောင်ရွက်ရာတွင် ဆင်တူကြပြီး၊ တစ်ဦးက ရွေးနုတ်ခြင်းအမှုကို ဆောင်ရွက်သော်လည်း အခြားတစ်ဦးက သိမ်းပိုက်ခြင်း အမှုကို ဆောင်ရွက်ရာတွင် မတူညီကြချေ။ နှစ်ဦးလုံးသည် အဖဘုရားသခင်ကို ကိုယ်စားပြုသော်လည်း တစ်ဦးသည် မေတ္တာနှင့် ကရုဏာတို့ဖြင့် ပြည့်နေသော ရွေးနုတ်ရှင်ဖြစ်ပြီး၊ အခြားတစ်ဦးမှာ အမျက်ဒေါသနှင့် တရားစီရင်ခြင်းတို့ဖြင့် ပြည့်နေသည့် ဖြောင့်မတ်ခြင်း၏ ဘုရားသခင်ဖြစ်၏။ တစ်ဦးသည် ရွေးနုတ်ကယ်တင်ခြင်း အမှုကို စတင်ခဲ့သည့် ဦးစီးချုပ်ဖြစ်သော်လည်း၊ အခြားတစ်ဦးသည် သိမ်းပိုက်ခြင်း အမှုကို ပြီးမြောက်သည့် ဖြောင့်မတ်သော ဘုရားသခင်ဖြစ်၏။ တစ်ဦးသည် အစဖြစ်ကာ အခြားတစ်ဦးသည် အဆုံးဖြစ်၏။ တစ်ဦးသည် အပြစ်မဲ့သော လူ့ဇာတိဖြစ်သော်လည်း၊ အခြားတစ်ဦးသည် ရွေးနုတ်ခြင်းကို ပြီးစီးစေပြီး အမှုကို ဆက်လက် ဆောင်ရွက်ကာ မည်သည့်အခါမျှ အပြစ်မရှိသည့် လူ့ဇာတိဖြစ်သည်။ နှစ်ဦးလုံးသည် ဝိညာဉ်တော်တစ်ခုတည်း ဖြစ်သော်လည်း၊ ကွဲပြားသော လူ့ဇာတိများတွင် နေထိုင်ကာ ကွဲပြားသော နေရာများတွင် မွေးဖွားခဲ့ကြပြီး၊ ၎င်းတို့သည် နှစ်ပေါင်း ထောင်ပေါင်းများစွာ ခြား၏။ သို့သော်၊ ၎င်းတို့၏အမှုအားလုံးသည် မည်သည့်အခါမျှ ကွဲလွဲခြင်းမရှိဘဲ၊ နှစ်ဦးနှစ်ဖက် လိုက်ဖက်ကြပြီး၊ တစ်ချိန်တည်း ပြောဆို၍ရသည်။ နှစ်ဦးလုံးသည် လူများဖြစ်သော်လည်း၊ တစ်ဦးသည် သားယောက်ျားလေး ဖြစ်ကာ အခြားတစ်ဦးသည် မွေးကင်းစ မိန်းကလေးဖြစ်၏။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် ပတ်သက်သည့် သင်၏ သိနားလည်မှုသည် အဘယ်နည်း) ဘုရားသခင်ဟာ လူသားမျိုးနွယ်ကို ကယ်တင်ခြင်းအမှုကိုပြုဖို့ လူ့ဇာတိခံကြွလာတဲ့အခါမှာ ဘုရားဟာ ယောကျာ်းဖြစ်စေ၊ မိန်းမဖြစ်စေ ဘယ်မိသားစုက လာသည်ဖြစ်စေ၊ ဘယ်လိုပုံစံရှိသည်ဖြစ်စေ အရေးမကြီးဘူးဆိုတာ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကနေ ကျွန်မတို့ သိရပါတယ်။ ဒါတွေအားလုံးက အရေးမကြီးပါဘူး။ အရေးကြီးဆုံးက သူဟာ ဘုရားရဲ့အမှုကိုပြုနိုင်တယ်၊ ဘုရားအလိုတော်ကို ဆောင်ရွက်နိုင်ပြီး ဘုရားကို ဘုန်းကျက်သရေရှိစေတာပါပဲ။ လွန်ခဲ့တဲ့ နှစ်နှစ်ထောင်တုန်းက သခင်ယေရှုဟာ ယုဒပြည်မှာ တကယ့်ကို သာမန်မိသားစုတစ်စုကနေ နွားစာခွက်မှာ မွေးဖွားခဲ့တယ်။ လူတွေက ဒါနဲ့ပတ်သက်ပြီးအယူအဆတွေရှိကြတယ်။ သူတို့အားလုံးက သခင်ယေရှုကို နာဇရက်မြို့က လက်သမားရဲ့သားဖြစ်တာကြောင့် ဝေဖန်ကြပြီး အဲဒီအတွက်နဲ့ သူ့ရဲ့လုပ်ဆောင်မှုကို လက်ခံဖို့ ငြင်းဆန်ကြတယ်။ ရလဒ်အဖြစ် သူတို့ကို ဘုရားက ကျိန်ဆဲပြီး သူတို့ရဲ့ ကယ်တင်ခြင်းဆုံးရှုံးရတယ်။ နောက်ဆုံးသောကာလမှာ အနန္တတန်ခိုးရှင်ဘုရားသခင် ကြွလာခဲ့ပြီ။ သူဟာ သာမန်မိသားစုတစ်စုမှာ မွေးဖွားခဲ့ပြီး အာရှတိုက်သားပုံစံရှိတယ်။ အပြင်ပန်းမှာတော့ သူဟာ သာမန်လူတစ်ယောက်အသွင်ရှိတယ်။ ဒါပေမဲ့ သမ္မာတရားများစွာကို ဖော်ပြတယ်။ နောက်ဆုံးသောကာလမှာ တရားစီရင်ခြင်းအမှုကို ပြုတယ်။ လူတွေကို အုပ်စိုးပြီး အောင်မြင်သူတစ်စုကို ပြုလုပ်တယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ တစ်ကမ္ဘာလုံးကို လှုပ်ခတ်စေခဲ့တဲ့ အစွမ်းထက်တဲ့ အမှုကိုပြုခဲ့တယ်။ စာတန်က လူသားမျိုးနွယ်ကို နှစ်ထောင်ပေါင်းများစွာ ဖျက်ဆီးနေတဲ့ သမိုင်းကိုလည်း အဆုံးသတ်ခဲ့ပြီး ခေတ်သစ်တစ်ခုစတင်ခဲ့တယ်။ ဘုရားသခင်က အမျိုးသမီးအဖြစ် လူ့ဇာတိခံကြွလာခြင်းအပေါ် အယူအဆတွေထားဖို့ လူတွေက ဘယ်လိုအရည်အချင်းပြည့်မီလို့လဲ။ ဒီလိုလူတွေက အရမ်းမာနထောင်လွှားပြီး ဆင်ခြင်တုံတရားမရှိဘူး။ အခုခေတ်မှာ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နိုင်ငံတော်ဧဝံဂေလိတရားကို တစ်ကမ္ဘာလုံးမှာ ဟောကြားတယ်။ ဘုရားအမှုတော်ရဲ့ အဆင့်တွေဟာ ကျယ်ပြန့်တယ်။ အစွမ်းထက်ပြီး တားဆီးလို့မရနိုင်ဘူး။ ဘုရားနှုတ်ကပတ်တော်တွေဟာ အရာရာတိုင်းကို ပြီးမြောက်လိမ့်မယ်။ ဒါတွေက ဘုရားရဲ့ ဖြောင့်မတ်တဲ့စိတ်သဘောထား၊ အရာရာတတ်စွမ်းနိုင်ခြင်းနဲ့ ဉာဏ်ပညာကို အပြည့်အဝ ဖွင့်ပြတယ်။ နောက်ဆုံးမှာ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ဖတ်ရွတ်ခြင်းတွေကို နည်းနည်းလောက် ထပ်နားထောင်ရအောင်။ “နောက်ဆုံးသောကာလရှိ ဘုရားသခင်၏ အမှုအားလုံးကို ဤသာမညလူသားအားဖြင့် လုပ်ဆောင်လျက်ရှိသည်။ သူသည် အရာခပ်သိမ်းကို သင့်အပေါ် အပ်နှင်းမည်ဖြစ်ပြီး၊ ထို့ထက်ပို၍ သင်နှင့်ပတ်သက်သော အရာခပ်သိမ်းကို သူက ဆုံးဖြတ်နိုင်မည်ဖြစ်သည်။ ထိုကဲ့သို့သောလူသားသည် ထုတ်ဖော်ရန် မထိုက်တန်လောက်အောင် အလွန်ရိုးစင်းသည့် လူသားဖြစ်သည်ဟု သင်တို့သူ့ကို ယုံကြည်သည့်အတိုင်း ဖြစ်နိုင်သလော။ သူ၏သမ္မာတရားက သင်တို့ကို အကြွင်းမဲ့ လက်ခံယုံကြည်စေဖို့အတွက် မလုံလောက်သလော။ သူ၏လုပ်ဆောင်ချက်များကို မျက်မြင်တွေ့ရခြင်းက သင့်တို့ကို အကြွင်းမဲ့ လက်ခံယုံကြည်စေဖို့ မလုံလောက်သလော။ သို့မဟုတ် သင်တို့ကို သူဆောင်ကြဉ်းသွားသည့် လမ်းကြောင်းကို သင်တို့အနေနှင့် လိုက်လျှောက်ရန် မထိုက်တန်သလော။ အဆုံးစွန်အနေဖြင့် သင်တို့အား သူ့ကို စက်ဆုပ်ရွံမုန်းပြီး သူ့ကို ဖယ်ထုတ်ကာ ရှောင်ဖယ်စေသည်မှာ မည်သည့်အရာနည်း။ သမ္မာတရားကို ဖော်ပြသည်မှာ ဤသူပင်ဖြစ်သည်၊ သမ္မာတရားကို ထောက်ပံ့ပေးသည်မှာ ဤသူပင်ဖြစ်သည်၊ ထို့ပြင် သင်တို့လိုက်လျှောက်ရန် လမ်းကြောင်းတစ်ခု ပေးသည်မှာ ဤသူပင် ဖြစ်သည်။ သင်တို့သည် ဤသမ္မာတရားများထဲ၌ ဘုရားသခင့်အမှု၏ သဲလွန်စများကို ရှာမတွေ့နိုင်သေးသည်မှာ ဖြစ်နိုင်သလော။ ယေရှု၏အမှု မပါရှိလျှင်၊ လူသားမျိုးနွယ်သည် လက်ဝါးကပ်တိုင်မှ ဆင်းလာနိုင်ခဲ့မည်မဟုတ်၊ မည်သို့ဆိုစေ မျက်မှောက်ကာလ၏ လူ့ဇာတိခံယူမှု မရှိလျှင်လည်း၊ လက်ဝါးကပ်တိုင်မှ ဆင်းလာသူတို့က ဘုရားသခင်၏ သဘောကျနှစ်သက်မှုကို မည်သည့်အခါမျှ ရရှိနိုင်မည် မဟုတ်သကဲ့သို့၊ ခေတ်သစ်ထဲသို့လည်း ဝင်ရောက်နိုင်မည် မဟုတ်ပေ။ ဤသာမညလူသား၏ ကြွဆင်းလာခြင်း မရှိလျှင်၊ သင်တို့တွင် ဘုရားသခင်၏ မျက်နှာတော်အစစ်အမှန်ကို မြင်တွေ့ရန် မည်သည့်အခါမျှ အခွင့်အလမ်းရရှိမည် မဟုတ်သကဲ့သို့၊ မြင်တွေ့ဖို့လည်း အရည်အချင်း ပြည့်မီမည် မဟုတ်ပေ၊ အကြောင်းမှာ သင်တို့အားလုံးသည် လွန်ခဲ့သော အချိန်ကပင် ဖျက်ဆီးခြင်းခံသင့်ခဲ့သည့် အရာများပင် ဖြစ်ကြပေသည်။ ဘုရားသခင်၏ ဒုတိယအကြိမ် လူ့ဇာတိခံယူမှု၏ ကြွလာခြင်းကြောင့်သာ ဘုရားသခင်သည် သင်တို့ကို ခွင့်လွှတ်ခဲ့ပြီဖြစ်ကာ သနားကရုဏာကို ပြသခဲ့ပြီဖြစ်သည်။ မည်သို့ပင်ဖြစ်စေ အဆုံး၌ သင်တို့အား ငါချန်ထား ပေးရမည့် စကားမှာ ဤအရာသာလျှင်ဖြစ်သည်- လူ့ဇာတိခံယူသော ဘုရားသခင်ဖြစ်သည့် ဤသာမညလူသားမှာ သင်တို့အတွက် မရှိမဖြစ် အရေးပါသူပင် ဖြစ်သည်။ ဤသည်မှာ လူသားများကြား၌ ဘုရားသခင် ပြုခဲ့ပြီးဖြစ်သည့် ကြီးမားသောအမှုပင် ဖြစ်ပေ၏။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်သိခဲ့သလော ဘုရားသခင်သည် လူသားများကြား၌ ကြီးမားသောအမှုကို ပြုခဲ့ပြီးပြီ)

ယနေ့ သင်တို့ရောက်ရှိလာခဲ့သည် အဖြစ်မှာ ဤဇာတိခန္ဓာကြောင့်ပင် ဖြစ်သည်။ သင်တို့၌ အသက်ရှင်နေထိုင်ဖို့ အခွင့်အရေးရှိခြင်းမှာ ဘုရားသခင်က ဇာတိခန္ဓာ၌ ရှိနေသောကြောင့် ဖြစ်သည်။ ဤကံကောင်းခြင်းအလုံးစုံကို ဤသာမညလူသားအတွက်ကြောင့် ရရှိခဲ့ခြင်းဖြစ်သည်။ ဤအရာသာမက အဆုံးတွင် လူမျိုးတိုင်းသည် ဤသာမညလူသားကို ဝတ်ပြုကိုးကွယ်ကြမည် ဖြစ်သကဲ့သို့၊ ဤမထင်ရှားသော လူသားကို ကျေးဇူးတင်ပြီး နာခံကြမည်ဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် ယင်းသည် လူသားမျိုးနွယ်တစ်ရပ်လုံးကို ကယ်တင်ပြီးပြီဖြစ်သည့် သူယူဆောင်ခဲ့သော သမ္မာတရား၊ အသက်နှင့် လမ်းခရီးတို့ပင် ဖြစ်ပြီး၊ လူသားနှင့် ဘုရားသခင်ကြားက ပဋိပက္ခကို ပြေလည်စေခဲ့ကာ သူတို့ကြားက အကွာအဝေးကို တိုစေပြီးလျှင် ဘုရားသခင်နှင့် လူသား၏ သဘောထားများကြား၌ ဆက်သွယ်ချက်တစ်ခုကို လမ်းဖွင့်ပေးခဲ့သည်။ ဘုရားသခင်အတွက် သာ၍ပင်ကြီးမားသော ဘုန်းအသရေကို ရယူပြီးခဲ့သူမှာလည်း သူပင်ဖြစ်သည်။ ထိုသို့သော သာမညလူသားသည် သင်၏ယုံကြည်စိတ်ချမှုနှင့် ကြည်ညိုမှုတို့နှင့် မထိုက်တန်သလော။ ထိုကဲ့သို့သော သာမညဇာတိခန္ဓာသည် ခရစ်တော်ဟု ခေါ်ဆိုခြင်းခံရရန် မသင့်တော်သလော။ ထိုကဲ့သို့သော သာမညလူသားသည် လူများကြား၌ ဘုရားသခင်၏ထုတ်ဖော်ချက် ဖြစ်မလာနိုင်သလော။ လူသားမျိုးနွယ်ကို ဘေးဒုက္ခမှ ချမ်းသာပေးခဲ့သည့် ထိုလူသားသည် သင်၏ချစ်ခြင်းမေတ္တာနှင့် သူ့အားဖက်တွယ်ထားရန် သင်၏ဆန္ဒတို့နှင့် မထိုက်တန်သလော။ သင်တို့သည် သူ၏နှုတ်မှ ဖော်ပြခဲ့သည့် သမ္မာတရားများကို ငြင်းပယ်ကာ၊ သင်တို့အလယ်၌ သူ၏တည်ရှိမှုကို စက်ဆုပ်ပါက၊ အဆုံး၌ သင်တို့ ဘာဖြစ်သွားမည်နည်း။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်သိခဲ့သလော ဘုရားသခင်သည် လူသားများကြား၌ ကြီးမားသောအမှုကို ပြုခဲ့ပြီးပြီ)

နိုင်ငံတော်ခေတ်တွင် ဘုရားသခင်သည် ခေတ်သစ်တစ်ခုကို အစပျိုးရန်၊ သူအမှုပြုသည့် နည်းလမ်းကို ပြောင်းလဲရန်နှင့် ခေတ်တစ်ခေတ်လုံး၏ အမှုကို လုပ်ဆောင်ရန် နှုတ်ကပတ်တော်များကို အသုံးပြုသည်။ ဤသည်မှာ နှုတ်ကပတ်တော်ခေတ်၌ ဘုရားသခင် အမှုပြုရာတွင် အသုံးပြုသည့် အခြေခံသဘောတရားဖြစ်သည်။ လူသားက လူ့ဇာတိ၌ ပေါ်ထွန်းသော နှုတ်ကပတ်တော်ဖြစ်သည့် ဘုရားသခင်ကို အမှန်တကယ် မြင်နိုင်ဖို့နှင့် ဘုရားသခင်၏ ဉာဏ်ပညာနှင့် အံ့သြဖွယ်ကောင်းမှုတို့ကို ရှုမြင်နိုင်ဖို့အလို့ငှာ မတူညီသော ရှုထောင့်များမှ စကားပြောရန် သူသည် လူဇာတိကိုခံယူခဲ့သည်။ လူကို သိမ်းပိုက်ခြင်း၊ စုံလင်စေခြင်းနှင့် သုတ်သင်ဖယ်ရှားခြင်းဟူသည့် ပန်းတိုင်များကို ပိုမိုကောင်းမွန်စွာ စွမ်းဆောင်ရရှိနိုင်ရန်အလို့ငှာ ထိုသို့သောအမှုကို လုပ်ဆောင်ခြင်း ဖြစ်သည်၊ ယင်းမှာ နှုတ်ကပတ်တော်ခေတ်၌ အလုပ်လုပ်ရန် နှုတ်ကပတ်တော်များကို အသုံးပြုခြင်း၏ စစ်မှန်သော အဓိပ္ပာယ်ဖြစ်သည်။ နှုတ်ကပတ်တော်များမှတစ်ဆင့်၊ လူတို့သည် ဘုရားသခင်၏အမှု၊ ဘုရားသခင်၏ စိတ်သဘောထား၊ လူသား၏ အနှစ်သာရနှင့် လူသားက မည်သည့်အရာထဲသို့ ဝင်ရောက်သင့်သည် ဆိုသည်တို့ကို သိလာသည်။ နှုတ်ကပတ်တော်များမှတစ်ဆင့်၊ နှုတ်ကပတ်တော်ခေတ်၌ ဘုရားသခင် လုပ်ဆောင်ရန် ဆန္ဒရှိသော အမှုသည် အလုံးစုံ အောင်မြင်ခြင်းသို့ ဆောင်ကြဉ်းခံရပေသည်။ နှုတ်ကပတ်တော်များမှတစ်ဆင့်၊ လူတို့ ဖော်ထုတ်ခံရကြသည်၊ သုတ်သင်ဖယ်ရှားခံရပြီး၊ စမ်းသပ်ခံရကြလေသည်။ လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မြင်ကြပြီး ဖြစ်သည်၊ ဤနှုတ်ကပတ်တော်များကို ကြားကြပြီးဖြစ်သကဲ့သို့၊ ဤနှုတ်ကပတ်တော်များ၏ တည်ရှိခြင်းကို သတိပြုမိကြပြီး ဖြစ်သည်။ အကျိုးဆက်အနေဖြင့်၊ ၎င်းတို့သည် ဘုရားသခင်၏ တည်ရှိခြင်း၊ ဘုရားသခင်၏ အရာအားလုံး တတ်စွမ်းနိုင်ခြင်းနှင့် ဉာဏ်ပညာတို့အပြင်၊ လူသားအတွက် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့် လူကိုကယ်တင်ရန် သူ၏ ဆန္ဒကို ယုံကြည်လာကြပြီး ဖြစ်သည်။ ‘နှုတ်ကပတ်တော်’ ဟူသည့်စကားလုံးသည် ရိုးရှင်းပြီး သာမန်ဖြစ်ကောင်း ဖြစ်နိုင်သော်လည်း၊ လူ့ဇာတိခံ ဘုရားသခင်၏ နှုတ်မှ ပြောဆိုသော နှုတ်ကပတ်တော်များသည် စကြဝဠာတစ်ခုလုံးကို လှုပ်ခါစေသည်၊ ယင်းတို့သည် လူတို့၏စိတ်နှလုံးများကို ပြောင်းလဲစေသည်၊ ၎င်းတို့၏ အယူအဆများနှင့် စိတ်သဘောထားအဟောင်းတို့ကို ပြောင်းလဲစေပြီး၊ လောကတစ်ခုလုံး ဖြစ်ပေါ်လေ့ရှိသည့် နည်းလမ်းကို ပြောင်းလဲစေသည်။ ခေတ်ကာလများ တစ်လျှောက်တွင်၊ ယနေ့၏ ဘုရားသခင်သာလျှင် ဤနည်းဖြင့်အမှုပြုပြီး သူသာလျှင် ထိုသို့ စကားပြောပြီး၊ လူသားကို ထိုသို့ကယ်တင်ရန် ကြွလာပေသည်။ ဤအချိန်မှစ၍ လူသားသည် ဘုရားနှုတ်ကပတ်တော်များ၏ လမ်းပြမှုအောက်တွင် နှုတ်ကပတ်တော်များ၏ ထိန်းကျောင်းခြင်းနှင့်ထောက်ပံ့ပေးခြင်းခံရလျက် အသက်ရှင်ကြလေသည်။ လူတို့သည် ဘုရားနှုတ်ကပတ်တော်များ၏ လောက၌ ဘုရားနှုတ်ကပတ်တော်များ၏ ကျိန်ခြင်းများနှင့် ကောင်းချီးမင်္ဂလာများ အလယ်တွင် အသက်ရှင်ကြပြီး၊ သူ၏ နှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ အောက်တွင် အသက်ရှင်လာကြပြီး ဖြစ်သည့် သာ၍ များသော လူများပင် ရှိလေသည်။ ဤနှုတ်ကပတ်တော်များနှင့် ဤအမှုသည် လူသား၏ ကယ်တင်ခြင်း အတွက်၊ ဘုရားသခင်၏အလိုကို ဖြည့်ဆည်းခြင်းအတွက်နှင့် အိုဟောင်းသော ဖန်ဆင်းခြင်း လောက၏ မူလသွင်ပြင်ကို ပြောင်းလဲခြင်းတို့အတွက်သာ ဖြစ်သည်။ ဘုရားသခင်သည် နှုတ်ကပတ်တော်ကို အသုံးပြုလျက် လောကကို ဖန်ဆင်းခဲ့သည်၊ သူသည် နှုတ်ကပတ်တော်များကို အသုံးပြုလျက် စကြဝဠာအနှံ့ လူတို့ကို ဦးဆောင်ပြီး၊ နှုတ်ကပတ်တော်များကို အသုံးပြုလျက် ၎င်းတို့ကို သိမ်းပိုက်ပြီး ကယ်တင်သည်။ နောက်ဆုံးတွင် သူသည် အိုဟောင်းသော ကမ္ဘာလောက တစ်ခုလုံးကို အဆုံးသတ်ကာ၊ ထိုသို့ဖြင့် သူ၏ စီမံခန့်ခွဲမှု အစီအစဉ်တစ်ခုလုံးကို ပြီးစီးစေဖို့ နှုတ်ကပတ်တော်များကို အသုံးပြုမည် ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နိုင်ငံတော်ခေတ်သည် နှုတ်ကပတ်တော်ခေတ်ဖြစ်သည်)

ငါ့ကို တစ်ချိန်က ယေဟောဝါဟု သိရှိခဲ့ကြသည်။ ငါ့ကို မေရှိယဟုလည်း ခေါ်ခဲ့ကြပြီး၊ လူတို့က ချစ်ခြင်းမေတ္တာနှင့် ရိုသေကြည်ညိုမှုဖြင့် ငါ့ကို ကယ်တင်ရှင်ယေရှုဟု တစ်ချိန်က ခေါ်ခဲ့ကြသည်။ သို့သော်လည်း ယနေ့တွင် ငါသည် လူအများက အတိတ်ကာလများတွင် သိခဲ့ကြသည့် ယေဟောဝါ သို့မဟုတ် ယေရှု မဟုတ်တော့ပေ။ ငါသည် နောက်ဆုံးသောကာလတွင် ပြန်ကြွလာပြီး ဖြစ်သည့် ဘုရားသခင်၊ ခေတ်ကို အဆုံးသတ်မည့် ဘုရားသခင် ဖြစ်ပေသည်။ ငါသည် မြေကြီးစွန်းမှ ထမြောက်တော်မူသော၊ ငါ၏အလုံးစုံသော စိတ်သဘောထားနှင့် ပြည့်ဝသကဲ့သို့၊ သြဇာအာဏာ၊ ဂုဏ်သိက္ခာ၊ ဘုန်းအာနုဘော်တို့နှင့် ပြည့်ဝနေသော ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်သည်။ လူတို့သည် ငါနှင့် မည်သည့်အခါမျှ မဆက်ဆံဖူးပေ၊ ငါ့ကို မည်သည့်အခါမျှ မသိကျွမ်းဖူးကြသကဲ့သို့၊ ငါ၏စိတ်သဘောထားကို အမြဲတစေ မသိနားမလည် ဖြစ်ကြသည်။ ကမ္ဘာမြေကြီးကို ဖန်ဆင်းခြင်းမှသည် ယနေ့ထိတိုင်၊ လူတစ်ဦးတစ်ယောက်မျှ ငါ့အား မမြင်ဖူးလေပြီ။ ဤသည်မှာ နောက်ဆုံးသောကာလ၌ လူသားထံ ပေါ်ထွန်းသော်လည်း၊ လူသားအလယ် ကွယ်ဝှက်သည့် ဘုရားသခင် ဖြစ်ပေသည်။ သူသည် လောင်ကျွမ်းနေသော နေမင်းနှင့် တောက်လောင်နေသော မီးလျှံကဲ့သို့၊ တန်ခိုးနှင့်ပြည့်ကာ သြဇာအာဏာဖြင့် ပြည့်လျှမ်းလျက်၊ လူသားအလယ် အမှန်တကယ်နှင့် စစ်မှန်စွာ နေထိုင်လျက် ရှိသည်။ ငါ၏နှုတ်ကပတ်တော်များအားဖြင့် တရားစီရင်ခြင်း မခံရမည့် လူ သို့မဟုတ် အမှုအရာ တစ်ခုမျှ မရှိသကဲ့သို့၊ မီးလျှံ၏ လောင်ကျွမ်းခြင်းမှတစ်ဆင့် သန့်စင်ခြင်း မခံရမည့် လူ သို့မဟုတ် အမှုအရာ တစ်ခုမျှ မရှိပေ။ နောက်ဆုံးတွင် တိုင်းနိုင်ငံအားလုံးသည် ငါ့နှုတ်ကပတ်တော်များကြောင့် ကောင်းချီးပေးခံရမည် ဖြစ်ပြီး ငါ့နှုတ်ကပတ်တော်များကြောင့်လည်း တစ်စစီ ကြေမွပျက်စီး သွားလိမ့်မည် ဖြစ်သည်။ ဤနည်းဖြင့် နောက်ဆုံးသောကာလ အတွင်းရှိ လူအားလုံးက ငါသည် ပြန်ကြွလာသည့် ကယ်တင်ရှင် ဖြစ်ပြီး၊ လူသားမျိုးနွယ်အားလုံးကို သိမ်းပိုက်သော အနန္တတန်ခိုးရှင် ဘုရားသခင် ဖြစ်သည်ကို တွေ့မြင်ကြပေမည်။ ပြီးလျှင် ငါသည် တစ်ချိန်က လူသားအတွက် အပြစ်ဖြေရာယဇ် ဖြစ်ခဲ့သော်လည်း၊ နောက်ဆုံးသောကာလတွင် ခပ်သိမ်းသောအရာတို့ကို မီးရှို့ဖျက်ဆီးသည့် နေမင်း၏ မီးတောက်မီးလျှံများလည်း ဖြစ်လာသည့်အပြင်၊ ခပ်သိမ်းသောအရာတို့ကို ထုတ်ဖော်ပြသည့် ဖြောင့်မတ်ခြင်း၏ နေမင်းလည်း ဖြစ်လာသည်ကို အားလုံး တွေ့မြင်ရလိမ့်မည်။ ဤသည်မှာ နောက်ဆုံးသောကာလ၌ ငါ၏အမှု ဖြစ်သည်။ လူအားလုံးက ငါသည် ဖြောင့်မတ်သော ဘုရားသခင်၊ လောင်ကျွမ်းနေသော နေမင်းနှင့် တောက်လောင်နေသော မီးလျှံဖြစ်သည်ကို တွေ့မြင်နိုင်ရန်အလို့ငှာနှင့် အားလုံးက တစ်ပါးတည်း စစ်မှန်သော ဘုရားသခင် ငါ့ကို ကိုးကွယ်နိုင်ကြဖို့အလို့ငှာ၊ ပြီးလျှင် ၎င်းတို့သည် ငါ၏စစ်မှန်သော မျက်နှာကို တွေ့မြင်နိုင်ကြရန်အလို့ငှာ ဤအမည်နာမကို ငါယူပြီး ဤစိတ်သဘောထားကို ငါပိုင်ဆိုင်ပေသည်- ငါသည် ဣသရေလအမျိုးသားတို့၏ ဘုရားသခင် ဖြစ်သည်သာမက၊ ရွေးနုတ်ရှင်သာ ဖြစ်သည် မဟုတ်ပေ။ ငါသည် ကောင်းကင်၊ မြေကြီးနှင့် ပင်လယ်ပြင် တစ်လျှောက်လုံးရှိ အဖန်ဆင်းခံ သတ္တဝါအားလုံး၏ ဘုရားသခင် ဖြစ်ပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ကယ်တင်ရှင်သည် “ဖြူသောမိုးတိမ်” စီးလျက် ပြန်ကြွလာနှင့်ပြီးဖြစ်သည်)

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ အသံကို မိတ်ဆွေကြားပြီးပြီလား

မင်္ဂလာပါ၊ ညီအစ်ကိုမောင်နှမတို့၊ ကျွန်မတို့ အတူတကွ စုဝေးရတာ အရမ်းကံကောင်းပါတယ်။ ကျေးဇူးတော်ပါပဲ။ ကျွန်မတို့အားလုံးက ဘုရားနှုတ်ကပတ်တော်ကို...

သုံးပါးတစ်ဆူနှင့်ဆိုင်သော စိတ်ကူးသည် ယုတ္တိရှိပါသလား

လူ့ဇာတိခံ သခင်ယေရှုက ကျေးဇူးတော်ခေတ်ရဲ့ အမှုကို နှစ် ၂၀၀၀ကြာ ပြုခဲ့ပြီးကတည်းက၊ တစ်ပါးတည်းသော စစ်မှန်တဲ့ ဘုရားသခင်ကို ခရစ်ယာန်အားလုံးက...

အမှုတော်၏ အဆင့်သုံးဆင့်အား ဘုရားတစ်ပါးတည်းက လုပ်ဆောင်ပုံကို အသိအမှတ်ပြုခြင်း

ဒီနေ့၊ ကျွန်မတို့ မိတ်သဟာယရဲ့ အကြောင်းအရာက အမှုတော်၏ အဆင့်သုံးဆင့်အား ဘုရားတစ်ပါးတည်းက လုပ်ဆောင်ပုံကို အသိအမှတ်ပြုခြင်း ဖြစ်ပါတယ်။...

ယုံကြည်ခြင်းမှရရှိသော ကယ်တင်ခြင်းသည် ဘုရားသခင်၏နိုင်ငံတော်သို့ဝင်သည့်လမ်းကို ပေးပါသလား

ကပ်ဘေးရောဂါတစ်ခုက မရပ်မနား ပျံ့နှံ့နေပါတယ်။ ပြီးတော့ ငလျင်တွေ၊ ရေလွှမ်းမိုးမှုတွေ၊ အင်းဆက်ပိုးကောင်အုပ်တွေ၊ အစာငတ်မွတ်မှုတွေ...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။