သုံးပါးတစ်ဆူနှင့်ဆိုင်သော စိတ်ကူးသည် ယုတ္တိရှိပါသလား

01.10.2021

လူ့ဇာတိခံ သခင်ယေရှုက ကျေးဇူးတော်ခေတ်ရဲ့ အမှုကို နှစ် ၂၀၀၀ကြာ ပြုခဲ့ပြီးကတည်းက၊ တစ်ပါးတည်းသော စစ်မှန်တဲ့ ဘုရားသခင်ကို ခရစ်ယာန်အားလုံးက “သုံးပါးတစ်ဆူ” အဖြစ် အဓိပ္ပာယ်ဖွင့်ခဲ့ကြတယ်။ သမ္မာကျမ်းစာက ခမည်းတော်၊ သားတော်နဲ့ သန့်ရှင်းသော ဝိညာဉ်တော် ဆိုပြီး ဖော်ပြထားတဲ့အတွက်၊ ဘုရားသခင်က သုံးပါးတစ်ဆူ ဖြစ်ရမယ်လို့ သူတို့က ယူဆခဲ့တာလေ။ ငြင်းခုံဆွေးနွေးမှုတချို့ရှိပေမယ့်၊ လူအများစုက သုံးပါးတစ်ဆူ စိတ်ကူးကို အပြောင်းအလဲမရှိ အတည်ပြုခဲ့ကြတယ်။ လူတချို့က “သုံးပါးတစ်ဆူ” လို့ပြောကြပြီး၊ တချို့ကတော့ “သုံးပါးပေါင်း တစ်ဆူ” လို့ပြောကြတယ်၊ အခြေခံအားဖြင့်တော့ အတူတူဖြစ်ပြီးတစ်ခုတည်းကိုပဲ ဆိုလိုတာပါ။ ကျွန်တော်တို့က “သုံးပါးတစ်ဆူ”လို့ပဲ ပြောပြော၊ “သုံးပါးပေါင်း တစ်ဆူ” လို့ပဲပြောပြော၊ အဲဒါက ဘုရားက သူတို့အတူတူရှိတဲ့အခါမှာ ဘုရားဖြစ်တဲ့ အပိုင်းသုံးပိုင်းနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပြီးတော့၊ အပိုင်းတစ်ပိုင်းမရှိဘဲ၊ သူတို့က တစ်ပါးတည်းသော စစ်မှန်တဲ့ ဘုရား မဟုတ်ဘူးလို့ ပြောနေတာပါပဲ။ သူတို့အတူရှိတဲ့အခါကျမှ သူတို့က တစ်ပါးတည်းသော စစ်မှန်တဲ့ ဘုရားသခင်ဖြစ်မယ်ပေါ့။ ဒါဟာ တကယ်ကို ရယ်စရာကောင်းတဲ့ အပြောပါပဲ။ ယေဟောဝါဘုရားသခင်က တစ်ပါးတည်းသော စစ်မှန်တဲ့ ဘုရား မဟုတ်ဘူး၊ ဒါမှမဟုတ် သခင်ယေရှုက တစ်ပါးတည်းသော စစ်မှန်တဲ့ ဘုရားမဟုတ်ဘူးလို့ အစ်ကိုအစ်မတို့ တကယ်ကို ပြောနိုင်လား။ သန့်ရှင်းသော ဝိညာဉ်တော်က တစ်ပါးတည်းသော စစ်မှန်တဲ့ ဘုရားသခင် မဟုတ်ဘူးလား။ သုံးပါးတစ်ဆူနဲ့ပတ်သက်တဲ့ ဒီအယူအဆက တစ်ပါးတည်းသော စစ်မှန်တဲ့ ဘုရားသခင်ကို ငြင်းပယ်ပြီး သိက္ခာချဖို့ နည်းလမ်းတစ်ခုပဲ မဟုတ်လား။ အဲဒါဟာ တစ်ပါးတည်းသော စစ်မှန်တဲ့ ဘုရားသခင်ကို ပိုင်းကန့်နေပြီး ပြစ်မှားစော်ကားနေတာ မဟုတ်ဘူးလား။ ဒီသုံးပါးတစ်ဆူစိတ်ကူးက ဘယ်လောက် လုံးလုံး အဓိပ္ပာယ်မဲ့တယ်ဆိုတာကို ကျွန်တော်တို့ မြင်နိုင်ပါတယ်။ ဒီတော့ ဒီလိုနဲ့ပဲ ဘာသာရေးလောကက တစ်ပါးတည်းသော စစ်မှန်တဲ့ ဘုရားကို ဒီတစ်ချိန်လုံး တစ်ပိုင်းတစ်စခွဲရင်းနဲ့၊ သုံးပါးတစ်ဆူအဖြစ် အဓိပ္ပာယ်ဖွင့်ခဲ့ကြတယ်။ ဒါက ဘုရားသခင်အတွက် အရမ်းကို စိတ်မချမ်းမြေ့ဖြစ်စရာပါ။ ဘာသာရေးလောကဟာ ဒါကို ခေါင်းမာမာနဲ့ ဖက်တွယ်ထားပြီး တစ်လျှောက်လုံး ပြောင်းလဲဖို့ ငြင်းဆန်ခဲ့တယ်။ အခု နောက်ဆုံးသော ကာလရဲ့ အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ သမ္မာတရားအားလုံးကို ဖော်ပြရင်းနဲ့၊ တရားစီရင်ခြင်းအမှုကို ပြုဖို့ ကြွလာပြီးဖြစ်တယ်။ ခရစ်ယာန်ဘာသာရဲ့ အကြီးမားဆုံး အတွေးမှားဖြစ်တဲ့ သုံးပါးတစ်ဆူက မမှန်ဘူးဆိုတာကို သူက လုံးလုံး ဖွင့်ချပြီးဖြစ်တယ်။ ဒါက ကျွန်တော်တို့ရဲ့ အမြင်တွေကို ပွင့်စေပြီး၊ ခရစ်တော်ကို လမ်းခရီး၊ သမ္မာတရားနဲ့ အသက်အဖြစ် ကျွန်တော်တို့ရဲ့ စိတ်နှလုံးထဲကနေ ကျွန်တော်တို့ ချီးမွမ်းကြပြီး ဘုရားသခင်ရဲ့ ဉာဏ်ပညာနဲ့ အနန္တတန်ခိုးကို ချီးမွမ်းကြတယ်။ ဘုရားသခင်က ဒီမုသားကို တိုက်ရိုက်မရှင်းဘဲနဲ့၊ ကျွန်တော်တို့က သုံးပါးတစ်ဆူ စိတ်ကူးထဲက အဓိပ္ပာယ်မဲ့တာတွေကို ဘယ်တော့မှ သိမှာမဟုတ်ဘူး။ ဘုရားနှုတ်ကပတ်တော်တချို့ကို ဖတ်ရင်းနဲ့ ဒါကို သေချာ လေ့လာကြရအောင်။

အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “အကယ်၍ သင်တို့အထဲတွင် သုံးပါးတစ်ဆူ အမှန်တကယ် တည်ရှိသည်ဟု ပြောဆိုသူရှိပါက၊ ပုဂ္ဂိုလ်သုံးပါးထဲရှိ ဤဘုရားသခင်တစ်ဆူသည် မည်သည့်အရာ အတိအကျဖြစ်သည်ကို ရှင်းပြလော့။ သန့်ရှင်းသော ခမည်းတော် ဆိုသည်မှာ အဘယ်နည်း။ သားတော်ဆိုသည်မှာ အဘယ်နည်း။ သန့်ရှင်းသော ဝိညာဉ်တော် ဆိုသည်မှာ အဘယ်နည်း။ ယေဟောဝါသည် သန့်ရှင်းသော ခမည်းတော်လော။ ယေရှုသည် သားတော်လော။ သို့ဆိုလျှင် သန့်ရှင်းသော ဝိညာဉ်တော်မှာ မည်သည့်အရာဖြစ်သနည်း။ ခမည်းတော်သည် ဝိညာဉ်တော်ဖြစ်သည် မဟုတ်လော။ သားတော်၏ အနှစ်သာရသည်လည်း ဝိညာဉ်တော် ဖြစ်သည် မဟုတ်လော။ ယေရှု၏ အမှုသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုဖြစ်သည် မဟုတ်လော။ ထိုအချိန်က ယေဟောဝါ၏ အမှုကို ယေရှုကဲ့သို့ အလားတူ ဝိညာဉ်တော်က ဆောင်ရွက်ခဲ့သည် မဟုတ်လော။ ဘုရားသခင်သည် ဝိညာဉ်တော်များ မည်မျှရှိနိုင်သနည်း။ သင်၏ ရှင်းပြချက်အရ၊ ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသော ဝိညာဉ်တော် ပုဂ္ဂိုလ်သုံးပါးတို့သည် တစ်ဆူဖြစ်သည်၊ သို့ဆိုပါက ဝိညာဉ်တော် သုံးပါးရှိပေသည်၊ သို့သော် ဝိညာဉ်တော် သုံးပါးရှိခြင်းသည် ဘုရားသခင်သုံးဆူ ရှိသည်ဟု ဆိုလိုသည်။ ဤသည်မှာ စစ်မှန်သော ဘုရားသခင် တစ်ဆူမျှမရှိဟု ဆိုလိုပေသည်။ ဤသို့သော ဘုရားသခင်မျိုးသည် အဘယ်သို့ ဘုရားသခင်၏ ပင်ကိုအနှစ်သာရ ဆက်ရှိနိုင်ဦးမည်နည်း။ ဘုရားသခင် တစ်ဆူတည်းသာ ရှိသည်ဟု သင်လက်ခံပါက၊ သူသည် အဘယ်သို့ သားတော်တစ်ပါးနှင့် ခမည်းတော်တစ်ပါး ရှိနိုင်သနည်း။ ဤအရာအားလုံးသည် သင်၏ အယူအဆများ မဟုတ်လော။ ဘုရားသခင် တစ်ဆူတည်းသာ ရှိသည်၊ ဤဘုရားသခင်တွင် ပုဂ္ဂိုလ်တစ်ပါးတည်းနှင့် ဘုရားသခင်၏ ဝိညာဉ်တော် တစ်ပါးတည်း ရှိသည်မှာ သမ္မာကျမ်းစာထဲ၌ ‘သန့်ရှင်းသော ဝိညာဉ်တော် တစ်ပါးတည်းသာရှိ၍ ဘုရားသခင် တစ်ဆူတည်းသာ ရှိတော်မူ၏။’ ဟူ၍ ရေးသားသကဲ့သို့ ဖြစ်ပေသည်။ သင်ပြောသည့် ခမည်းတော်နှင့်၊ သားတော် တည်ရှိသည်ဖြစ်စေ၊ မတည်ရှိသည်ဖြစ်စေ၊ စင်စစ်တွင် ဘုရားသခင် တစ်ဆူတည်းသာ ရှိပြီး၊ သင်တို့ယုံကြည်သော ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ အနှစ်သာရသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အနှစ်သာရ ဖြစ်သည်။ တစ်နည်းအားဖြင့်၊ ဘုရားသခင်သည် ဝိညာဉ်တော်ဖြစ်၏၊ သို့သော် သူသည် လူ့ဇာတိခံယူနိုင်ပြီး လူတို့အလယ် နေထိုင်နိုင်သည့်အပြင် အရာအားလုံး၏ အထက်၌ ရှိနေနိုင်သည်။ သူ၏ ဝိညာဉ်တော်သည် အလုံးစုံ အပါအဝင်ဖြစ်ပြီး နေရာတိုင်းတွင် ရှိသည်။ သူသည် ဇာတိခန္ဓာထဲနှင့် စကြဝဠာအထက်တွင် တစ်ပြိုင်နက်တည်း ရှိနေနိုင်သည်။ လူအားလုံးက ဘုရားသခင်သည် စစ်မှန်သော တစ်ဆူတည်းသော ဘုရားသခင် ဖြစ်သည်ဟု ပြောကြသည့်အတွက်၊ မည်သူမျှ စိတ်ထင်တိုင်း ခွဲ၍မရသည့် ဘုရားသခင်တစ်ဆူတည်း ရှိပေသည်။ ဘုရားသခင်သည် တစ်ပါးတည်းသော ဝိညာဉ်တော် ဖြစ်ပြီး၊ တစ်ပါးတည်းသော ပုဂ္ဂိုလ် ဖြစ်ကာ၊ ယင်းသည် ဘုရားသခင်၏ ဝိညာဉ်တော် ဖြစ်သည်။...ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသော ဝိညာဉ်တော်တို့နှင့်သက်ဆိုင်သည့် ဤအယူအဆသည် အဓိပ္ပာယ်မရှိဆုံးဖြစ်သည်။ ဤအရာက ဘုရားသခင်အား ပိုင်းစိတ်ကာ သူ့ကို အသီးသီး အဆင့်အတန်းနှင့် ဝိညာဉ်တော်ပါရှိလျက် ပုဂ္ဂိုလ်သုံးပါးအဖြစ်သို့ ခွဲလိုက်သည်။ သို့ဆိုလျှင် သူသည် အဘယ်သို့ ဝိညာဉ်တော်တစ်ပါးနှင့် ဘုရားသခင် တစ်ဆူတည်း ဖြစ်နိုင်သေးသနည်း။ ငါ့ကိုပြောလော့၊ ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းကို ခမည်းတော်၊ သားတော် သို့မဟုတ် သန့်ရှင်းသော ဝိညာဉ်တော်က ဖန်ဆင်းခဲ့ခြင်း ဖြစ်သလော။ အချို့က ၎င်းတို့ အားလုံး အတူတကွ ဖန်ဆင်းခဲ့သည်ဟု ပြောကြသည်။ သို့ဆိုလျှင် လူသားမျိုးနွယ်အား မည်သူက ရွေးနုတ်ခဲ့သနည်း။ သန့်ရှင်းသော ဝိညာဉ်တော်လော၊ သားတော်လော၊ သို့တည်းမဟုတ် ခမည်းတော်လော။ လူသားမျိုးနွယ်အား ရွေးနုတ်ခဲ့သူမှာ သားတော်ဖြစ်သည်ဟု အချို့က ဆိုကြသည်။ သို့ဆိုလျှင် အနှစ်သာရအရ သားတော်သည် အဘယ်သူ ဖြစ်သနည်း။ သူသည် ဘုရားသခင် ဝိညာဉ်တော်၏ လူ့ဇာတိခံယူခြင်း ဖြစ်သည် မဟုတ်ပေလော။ လူ့ဇာတိခံယူခြင်းက ကောင်းကင်ဘုံရှိ ဘုရားသခင်ကို ခမည်းတော်၏ နာမဖြင့် ဖန်ဆင်းခံလူတစ်ဦး၏ ရှုထောင့်မှ ခေါ်ဆိုသည်။ ယေရှုသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ပဋိသန္ဓေတည်ခြင်းမှတစ်ဆင့် မွေးဖွားခဲ့သည်ကို သင် သတိမပြုမိသလော။ သူ၏အတွင်းတွင် သန့်ရှင်းသော ဝိညာဉ်တော် ရှိသည်။ သင်မည်သည့်အရာ ပြောဆိုသည်ဖြစ်စေ၊ သူသည် ဘုရားသခင်၏ ဝိညာဉ်တော်၏ လူ့ဇာတိခံယူခြင်း ဖြစ်သည့်အတွက်၊ ကောင်းကင်ဘုံရှိ ဘုရားသခင်နှင့် တစ်လုံးတစ်ဝတည်း ဖြစ်နေဆဲဖြစ်သည်။ သားတော်နှင့်ဆိုင်သည့် ဤစိတ်ကူးသည် တကယ်ကို မမှန်ပေ။ အမှုအားလုံးကို ဆောင်ရွက်သူမှာ ဝိညာဉ်တော် တစ်ပါးတည်းသာ ဖြစ်သည်။ ဘုရားသခင်၏ ဝိညာဉ်တော် ဖြစ်သည့် ဘုရားသခင် ကိုယ်တိုင်သည်သာ သူ၏ အမှုကို ဆောင်ရွက်သည်။ ဘုရားသခင်၏ ဝိညာဉ်တော်သည် မည်သူနည်း။ ယင်းမှာ သန့်ရှင်းသော ဝိညာဉ်တော် ဖြစ်သည် မဟုတ်လော။ ယင်းမှာ ယေရှု၏ အထဲ၌ အလုပ်လုပ်သော သန့်ရှင်းသော ဝိညာဉ်တော် မဟုတ်လော။ အကယ်၍ အမှုအား သန့်ရှင်းသော ဝိညာဉ်တော်က (ယင်းမှာ ဘုရားသခင်၏ ဝိညာဉ်တော် ဖြစ်သည်) ဆောင်ရွက်ခဲ့ခြင်း မရှိပါက၊ သူ၏ အမှုသည် ဘုရားသခင် ကိုယ်တော်တိုင်အား ကိုယ်စားပြုနိုင်ခဲ့မည်လော။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သုံးပါးတစ်ဆူ တည်ရှိပါသလော) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက ရှင်းလင်းပြီး ပြတ်သားပါတယ်။ ဘုရားသခင်က တစ်ပါးတည်းသော စစ်မှန်တဲ့ ဘုရားဖြစ်ပြီး ဒီဘုရားထဲမှာ ဘုရားရဲ့ ဝိညာဉ်တော် တစ်ပါးတည်း၊ ဇာတိအဖြစ်တော်ကလည်း တစ်ပါးတည်းပဲ ရှိပါတယ်။ ခမည်းတော်၊ သားတော်နဲ့ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ ဇာတိအဖြစ်တော် သုံးပါး လုံးဝ မရှိပါဘူး။ ဘုရားသခင်က သခင်ယေရှုအဖြစ် လူ့ဇာတိမခံယူခင်က၊ သားတော်နဲ့ပတ်သက်ပြီး ဖော်ပြပြောဆိုတာမျိုး မရှိခဲ့ဘူး။ သန့်ရှင်းသော ဝိညာဉ်တော်ဖြစ်တဲ့ ဘုရားရဲ့ ဝိညာဉ်တော်ပဲ ရှိတယ်။ ဘုရားသခင်က ကောင်းကင်၊ မြေကြီးနဲ့ အရာအားလုံးကို ဖန်ဆင်းတဲ့အချိန်မှာ အဲဒါတွေကို သူ့ဝိညာဉ်တော်ရဲ့ နှုတ်ကပတ်တော်တွေကတစ်ဆင့် ဖန်ဆင်းခဲ့တာပါ၊ ဒါကြောင့် ဘုရားသခင်ရဲ့ ဝိညာဉ်တော်က တစ်ပါးတည်းသော စစ်မှန်တဲ့ ဘုရားသခင် မဟုတ်ဘူးလား။ ဘုရားသခင်က ပညတ်တော်ခေတ် အမှုကို ပြုခဲ့ချိန်က၊ အဲဒါကို လူသားတွေကတစ်ဆင့် တိုက်ရိုက် ဆောင်ရွက်ခဲ့တာပါ။ အဲဒီအချိန်မှာ “သားတော်” လို့ခေါ်တဲ့သူ မရှိဘဲ၊ ဘုရားက ဖန်ဆင်းရှင် ဘုရားတစ်ပါးတည်းသာ ဖြစ်တယ်။ ဘုရားသခင်က သုံးပါးတစ်ဆူ ဖြစ်တယ်လို့ ဘယ်သူကမှ မပြောဖူးဘူး၊ ပြီးတော့ သန့်ရှင်းသော ဝိညာဉ်တော်ကလည်း သုံးပါးတစ်ဆူကို ဘယ်တော့မှ သက်သေမခံဖူးဘူး။ ဒါဆိုရင် ဘုရားသခင်က သခင်ယေရှုအဖြစ် ကြွလာပြီး လူ့ဇာတိခံလိုက်တာနဲ့ ဘုရားကို သုံးပါးတစ်ဆူအဖြစ် လူတွေက ဘာဖြစ်လို့ အဓိပ္ပာယ် စဖွင့်လိုက်ကြတာလဲ။ သခင်ယေရှုက လူ့ဇာတိကို ယူတင်ဝတ်ဆင်ထားတဲ့ ဘုရားရဲ့ဝိညာဉ်တော်ဖြစ်ပြီးတော့၊ သူ့အမှုတွေအားလုံးကို ဘုရားရဲ့ဝိညာဉ်တော်က အုပ်စိုးပြီး တိုက်ရိုက် ဖော်ပြခဲ့ပါတယ်။ သခင်ယေရှုထဲက ဝိညာဉ်တော်က ယေဟောဝါရဲ့ ဝိညာဉ်တော်ပါ— အဲဒါကတော့ သန့်ရှင်းသော ဝိညာဉ်တော်ပါပဲ။ ဒါဆိုရင် သခင်ယေရှုက တစ်ပါးတည်းသော စစ်မှန်တဲ့ ဘုရားသခင်လား။ ဟုတ်ပါတယ်။ ဒါဆိုရင် ဘုရားသခင်က လူ့ဇာတိခံယူလိုက်လို့— ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ဝိညာဉ်တော်— အပိုင်းသုံးပိုင်းကွဲသွားတာ မဟုတ်ဘဲ၊ လူတွေက လူ့ဇာတိခံယူခြင်းရဲ့ အနှစ်သာရကို နားမလည်လို့ ဘုရားသခင်ကို ပိုင်းခြားတာနဲ့ပတ်သက်ပြီး ခိုင်ခိုင်မာမာ ပြောခဲ့တာပေါ့။ ဒါက လူ့အမှားဖြစ်ပြီး လူတွေရဲ့ သိနားလည်နိုင်စွမ်းက အကန့်အသတ်ရှိလို့ပါ။ ဘုရားသခင်က တစ်ပါးတည်းသော စစ်မှန်တဲ့ ဘုရားသခင်ပါ။ ဘုရားသခင် တစ်ပါးတည်းရှိပြီး သူ့မှာ ဝိညာဉ်တော် တစ်ပါးတည်းရှိတယ်။ သူက ဘယ်လူ့ဇာတိခံယူခြင်းမှ မတိုင်ခင်တည်းက တစ်ပါးတည်းသော စစ်မှန်တဲ့ ဘုရား ဖြစ်ခဲ့ပြီး လူ့ဇာတိခံယူခြင်းပြီးတဲ့နောက်မှာလည်း တစ်ပါးတည်းသော စစ်မှန်တဲ့ ဘုရားပါပဲ။ သူလူ့ဇာတိခံယူခဲ့လို့ လူတွေက ဘုရားသခင်ကို အပိုင်းသုံးပိုင်း၊ ဇာတိအဖြစ်တော် သုံးပါးအနေနဲ့ ခွဲလိုက်ကြတယ်၊ အဲဒါက အခြေခံအားဖြင့် ဘုရားသခင်ကို ကွဲစေပြီး တစ်ပါးတည်းသော စစ်မှန်တဲ့ ဘုရားကို ငြင်းနေတာပါပဲ။ အဲဒါက မမိုက်မဲဘူးလား။ အဲဒါဟာ ကမ္ဘာကြီးကို သူဖန်ဆင်းခဲ့ချိန်မှာ၊ သူက တစ်ပါးတည်းသော စစ်မှန်တဲ့ ဘုရားသခင် မဟုတ်ခဲ့လို့များ ဖြစ်နိုင်သလား။ ဒါမှမဟုတ် ပညတ်တော်ခေတ်အတောအတွင်းမှာ သူက တစ်ပါးတည်းသော စစ်မှန်တဲ့ ဘုရားသခင် မဟုတ်ခဲ့လို့များ ဖြစ်နိုင်သလား။ ဘာဖြစ်လို့ တစ်ပါးတည်းသော စစ်မှန်တဲ့ ဘုရားသခင်က ကျေးဇူးတော်ခေတ်မှာ လူ့ဇာတိနဲ့ပေါ်ထွန်းပြီး အမှုပြုပြီးတဲ့နောက် သုံးပါးတစ်ဆူ ဘုရားတစ်ပါး ဖြစ်လာမှာလဲ။ ဒါက လူသားရဲ့ ရယ်စရာကောင်းပြီး၊ အဓိပ္ပာယ်မဲ့တာတွေနဲ့ ဖြစ်ပေါ်လာတာမဟုတ်ဘူးလား။ သုံးပါးတစ်ဆူနဲ့ပတ်သက်တဲ့ စိတ်ကူးသာ မှန်ရင်၊ ဘုရားသခင်က ကမ္ဘာကြီးကို ဖန်ဆင်းချိန်က သူ့ရဲ့ ဇာတိအဖြစ်တော် သုံးပါးကို ဘာဖြစ်လို့ သက်သေမခံခဲ့တာလဲ။ ပြီးတော့ ပညတ်တော်ခေတ်အတောအတွင်းမှာ ဒါကို ဘယ်သူကမှ ဘာဖြစ်လို့ သက်သေမခံခဲ့တာလဲ။ ဗျာဒိတ်ကျမ်းမှာ သန့်ရှင်းသော ဝိညာဉ်တော်ဆီက သုံးပါးတစ်ဆူအကြောင်း သက်သေခံချက် တစ်ခုတစ်လေ ဘာဖြစ်လို့ မရှိရတာလဲ။ ဒါဟာ ဘုရားသခင်ရဲ့ ဝိညာဉ်တော်၊ သန့်ရှင်းသော ဝိညာဉ်တော်၊ ခမည်းတော်နဲ့ သားတော်တို့က ဘုရားသခင်ဟာ သုံးပါးတစ်ဆူဖြစ်တယ်ဆိုတဲ့ သက်သေခံချက်ကို တစ်ခါမျှ မဝေမျှဖူးဘူးဆိုတာကို ကျွန်တော်တို့ သေချာနိုင်တဲ့ နည်းလမ်းပဲ။ ဖောက်ပြန်ပျက်စီးတဲ့ လူသားတွေနဲ့ ဘာသာရေးလောကတို့က လူ့ဇာတိခံအနေနဲ့ သခင်ယေရှုရဲ့ အမှုပြီးတဲ့နောက် ရာစုနှစ်တွေမှာ သုံးပါးတစ်ဆူနဲ့ပတ်သက်တဲ့ အဓိပ္ပာယ်မရှိတဲ့ အယူအဆကို လုပ်ကြံပြောဆိုခဲ့တာပဲ။ သုံးပါးတစ်ဆူနဲ့ပတ်သက်တဲ့ စိတ်ကူးက နည်းနည်းမှ မခိုင်လုံသလို၊ လူတစ်ယောက်ရဲ့ အယူအဆနဲ့ စိတ်ကူးသာ ဖြစ်မှန်း ရှင်းနေပါတယ်။ အဲဒါက နှစ်ပေါင်း ၂၀၀၀ကျော်တစ်လျှောက် ဘာသာရေးလောကရဲ့ အကြီးမားဆုံး အတွေးမှားဖြစ်တယ်၊ အဲဒါက မရေမတွက်နိုင်တဲ့လူတွေကို လှည့်စားပြီး ဒုက္ခပေးခဲ့တယ်။

ဒီအချိန်မှာ အစ်ကိုအစ်မတို့က တွေးနေနိုင်တယ်၊ သခင်ယေရှုက “ချစ်သောသား” ဖြစ်တယ်ဆိုတာကို သန့်ရှင်းသော ဝိညာဉ်တော်က ဘာဖြစ်လို့ သက်သေခံခဲ့တာလဲ၊ ပြီးတော့ သခင်ယေရှုက သူ့ဆုတောင်းခြင်းတွေမှာ ကောင်းကင်ဘုံက ဘုရားသခင်ကို “ခမည်းတော်” လို့ ဘာဖြစ်လို့ခေါ်ခဲ့တာလဲလို့ပေါ့။ အဲဒါရဲ့ အဓိပ္ပာယ်က ဘာလဲ။ ဒီမေးခွန်းနဲ့ပတ်သက်ပြီး အနန္တတန်ခိုးရှင် ဘုရားသခင် ဘာပြောပြီးပြီလဲဆိုတာကို တစ်ချက် ကြည့်ရအောင်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “‘ဘုရားသခင်က ယေရှုကို သူ၏ချစ်သောသားဟု ပွင့်လင်းစွာ ဖော်ပြခဲ့သည် မဟုတ်လော။’ ဟု ဆိုကြသော အခြားသူများ ရှိကြသည်။ ယေရှုသည် ဘုရားသခင်၏ နှစ်သက်မြတ်နိုးရာ ချစ်သား ဖြစ်သည်— ဤအရာကို ဘုရားသခင် ကိုယ်တော်တိုင် သေချာပေါက် ပြောခဲ့ပေသည်။ ယင်းမှာ ဘုရားသခင်သည် မိမိကိုယ်ကိုယ် သက်သေခံခြင်း ဖြစ်သည်၊ သို့သော် ကောင်းကင်ဘုံရှိ ဝိညာဉ်တော်က သူကိုယ်တိုင်၏ လူ့ဇာတိခံယူခြင်းကို သက်သေခံနေခြင်း ဟူသည့် ကွဲပြားခြားနားသော ရှုထောင့်မှသာ ဖြစ်သည်။ ယေရှုသည် သူ၏ လူ့ဇာတိ ခံယူခြင်း ဖြစ်ပြီး၊ ကောင်းကင်ဘုံရှိ သူ၏ သားတော်မဟုတ်ပေ။ သင်နားလည်ပါ၏လော။ ‘ငါသည် ခမည်းတော်၌ရှိသည်ကို၎င်း၊ ခမည်းတော်သည် ငါ၌ ရှိတော်မူသည်ကို၎င်း၊’ ဟူသော ယေရှု၏ စကားများသည် ၎င်းတို့မှာ ဝိညာဉ်တော် တစ်ပါးတည်း ဖြစ်သည်ကို ညွှန်းပြသည် မဟုတ်လော။ လူ့ဇာတိခံယူခြင်းကြောင့်သာ ၎င်းတို့သည် ကောင်းကင်နှင့် မြေကြီးကြားတွင် ခွဲခွာနေရခြင်း ဖြစ်သည် မဟုတ်လော။ လက်တွေ့အရှိတရားတွင်၊ ၎င်းတို့သည် တစ်ပါးတည်း ဖြစ်နေဆဲ ဖြစ်သည်။ မည်သို့ပင် ဖြစ်စေကာမူ၊ ယင်းသည် ဘုရားသခင်က မိမိကိုယ်ကိုယ် သက်သေခံခြင်း သက်သက် ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သုံးပါးတစ်ဆူ တည်ရှိပါသလော)ယေရှုသည် သူဆုတောင်းသည့်အခါ၊ ကောင်းကင်ဘုံရှိ ဘုရားသခင်ကို ခမည်းတော်၏ နာမဖြင့် ခေါ်ဆိုခဲ့ချိန်တွင်၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် သာမန်နှင့် ရိုးရိုးဇာတိခန္ဓာကို ယူတင်ဝတ်ဆင် ထားခဲ့ပြီး၊ ဖန်ဆင်းခံ သက်ရှိတစ်ဦး၏ အပြင်ပန်းသဏ္ဌာန် ရှိခဲ့သောကြောင့်သာ၊ ဖန်ဆင်းခံ လူသားတစ်ဦး၏ ရှုထောင့်မှ ဤအရာကို လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ သူ၏အတွင်း၌ ရှိသည်မှာ ဘုရားသခင်၏ ဝိညာဉ်တော် ဖြစ်ခဲ့လျှင်ပင်၊ သူ၏အပြင်ပန်း သွင်ပြင်သည် ပုံမှန်လူသား တစ်ဦး၏ သွင်ပြင်ဖြစ်နေဆဲ ဖြစ်ခဲ့သည်။ တစ်နည်းအားဖြင့်၊ သူသည် ယေရှုကိုယ်တိုင် အပါအဝင်၊ လူများအားလုံး ပြောဆိုကြသော ‘လူသား’ ဖြစ်လာခဲ့ပြီးဖြစ်သည်။ သူ့ကို လူသားဟု ခေါ်ဆိုသည်ကို ထောက်ဆလျှင်၊ သူသည် သာမန်လူတို့၏ ပုံမှန်မိသားစုထဲတွင် မွေးဖွားလာခဲ့သော လူပုဂ္ဂိုလ်တစ်ဦး (ယောက်ျား ဖြစ်စေ၊ မိန်းမဖြစ်စေ၊ မည်သည့် အခြေအနေတွင်မဆို သက်ရှိလူသား၏ အပြင်ပန်း အကာနှင့်ဖြစ်သည်) ဖြစ်သည်။ ထို့ကြောင့် ယေရှုက ကောင်းကင်ဘုံရှိ ဘုရားသခင်ကို ခမည်းတော်ဟူသည့် နာမဖြင့် ခေါ်ဆိုခြင်းမှာ သင်တို့သည် ကနဦးတွင် သူ့အား ခမည်းတော်ဟု ခေါ်ဆိုခဲ့ခြင်းနှင့် တူပေသည်။ သူသည် ဖန်ဆင်းခံ လူသားတစ်ဦး၏ ရှုထောင့်မှ ထိုသို့ ခေါ်ဆိုခဲ့ခြင်း ဖြစ်သည်။...သို့သော် ဘုရားသခင်အား (ကောင်းကင်ဘုံမှ ဝိညာဉ်တော်ကို ဆိုလိုသည်) သူ၏ ထိုသို့ပုံစံဖြင့် ခေါ်ဆိုခြင်းက သူသည် ကောင်းကင်ဘုံရှိ ဘုရားသခင် ဝိညာဉ်တော်၏ သားတော်ဖြစ်ခဲ့သည်ဟု သက်သေမပြပေ။ ထို့ထက် ယင်းမှာ သူသည် မတူကွဲပြားသော လူတစ်ဦး ဖြစ်ခဲ့သည်မဟုတ်ဘဲ၊ သူ၏ ရှုထောင့်က သက်သက် ကွဲပြားခြားနားခဲ့ခြင်း ဖြစ်သည်။ ကွဲပြားသော ပုဂ္ဂိုလ်များ တည်ရှိခြင်းသည် အတွေးမှားတစ်ခု ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သုံးပါးတစ်ဆူ တည်ရှိပါသလော) သန့်ရှင်းသော ဝိညာဉ်တော်က သခင်ယေရှုကို ချစ်သောသား လို့ခေါ်တာက ဘုရားသခင်က ဝိညာဉ်တော်ရဲ့ ရှုထောင့်ကနေ သူ့ရဲ့ လူ့ဇာတိခံယူခြင်းကို သက်သေခံနေတာဖြစ်တယ်ဆိုတာကို ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်တော်တို့ တွေ့နိုင်ပါတယ်။ သန့်ရှင်းသောဝိညာဉ်တော်ကသာ ဒါကို မလုပ်ခဲ့ရင်၊ ဘယ်သူကမှ သခင်ယေရှုရဲ့ ပင်ကိုလက္ခဏာ အစစ်အမှန်ကို သိပြီးမှာ မဟုတ်ဘူး။ ဒါကြောင့် ဒီပွင့်လင်းတဲ့ သက်သေခံချက်က သခင်ယေရှုဟာ ဘုရားသခင်ရဲ့ လူ့ဇာတိခံယူခြင်းဖြစ်တယ်ဆိုတာကို လူတွေကို သိခွင့်ပေးခဲ့တာပေါ့။ ပြီးတော့ သခင်ယေရှုက လူ့ဇာတိမှာ သူက သဘာဝလွန် မဟုတ်ဘဲ၊ သာမန်လူ့သဘာဝနဲ့ အသက်ရှင်နေထိုင်ခဲ့ပြီး ပုံမှန်လူတစ်ယောက်လို ခံစားခဲ့ရတာကြောင့်၊ သူဆုတောင်းတဲ့အချိန်မှာ ကောင်းကင်ဘုံက ဘုရားသခင်ကို ခမည်းတော်လို့ ခေါ်ခဲ့တာပေါ့။ အဲဒီအကြောင်းကြောင့်ပဲ သူက ဖန်ဆင်းခံတစ်ယောက်နေရာမှာ ရပ်တည်ရင်းနဲ့၊ ကောင်းကင်ဘုံက ဘုရားရဲ့ဝိညာဉ်တော်ကို ခမည်းတော်လို့ ခေါ်ခဲ့တာပေါ့။ ဒီနည်းနဲ့ ဆုတောင်းတာက ခရစ်တော်ရဲ့နှိမ့်ချမှုနဲ့ နာခံမှုကို လုံးဝ သရုပ်ထင်စေတယ်။ ဒါပေမဲ့ ခမည်းတော်ကို သခင်ယေရှုရဲ့ ဆုတောင်းခြင်းတွေအရ၊ ဘာသာရေးလောကက ယေရှုနဲ့ ယေဟောဝါတို့က ခမည်းတော်-သားတော် ဆက်ဆံရေး ရှိခဲ့တယ်လို့ပြောရင်းနဲ့ ဘုရားသခင်ကို နှစ်ပိုင်းခွဲကန့်လိုက်ကြတယ်။ လုံးလုံးကို အဓိပ္ပာယ်မရှိတာပဲ။ သခင်ယေရှုရဲ့ တပည့်တော်ဖြစ်တဲ့ ဖိလိပ္ပုက ကိုယ်တော့်ကို ဒီအကြောင်း မေးခဲ့တယ်၊ သူပြောတာက “သခင်၊ ခမည်းတော်ကို အကျွန်ုပ်တို့အား ပြတော်မူပါ။ ထိုသို့ပြတော်မူလျှင် အကျွန်ုပ်တို့ အလိုပြည့်စုံပါမည်ဟု လျှောက်လျှင်။” (ရှင်ယောဟန်ခရစ်ဝင် ၁၄:၈) ကိုယ်တော့်ရဲ့အဖြေက ဘာလဲ။ သခင်ကပြောသည်မှာ၊ “ဖိလိပ္ပု၊ ဤမျှကာလပတ်လုံး ငါသည်သင်တို့နှင့်အတူရှိပြီးမှ သင်သည် ငါ့ကို မသိသေးသလော။ ငါ့ကိုမြင်သောသူသည် ခမည်းတော်ကိုမြင်၏။ သို့ဖြစ်လျှင်၊ ခမည်းတော်ကို အကျွန်ုပ်တို့အား ပြတော်မူပါဟု သင်သည် အဘယ်သို့ဆိုသနည်း။ ငါသည် ခမည်းတော်၌ ရှိသည်ကိုလည်းကောင်း၊ ခမည်းတော်သည် ငါ၌ရှိတော်မူသည်ကိုလည်းကောင်း မယုံသလော။(ရှင်ယောဟန်ခရစ်ဝင် ၁၄:၉-၁၀) သူက “ငါသည် ငါ့ခမည်းတော်နှင့် တလုံးတဝတည်းဖြစ်သည်။(ရှင်ယောဟန်ခရစ်ဝင် ၁ဝ:၃၀) လို့ပြောခဲ့တယ်။ ခမည်းတော်နဲ့ သားတော်က တစ်ပါးတည်းသော ဘုရားသခင်ဖြစ်တယ်ဆိုတာ သိသာထင်ရှားပါတယ်၊ ပြီးတော့ လူတွေတွေးထင်သလိုမျိုး ခမည်းတော်-သားတော် ဆက်ဆံရေးတစ်ခုလည်း မရှိပါဘူး။ ခမည်းတော်နဲ့သားတော်နဲ့ ပတ်သက်တဲ့ စိတ်ကူး ဖြစ်ပေါ်လာတဲ့ တစ်ခုတည်းသော အကြောင်းအရင်းက ဘုရားသခင် လူ့ဇာတိခံယူတာကြောင့် ဖြစ်လာပြီး အဲဒါက လူ့ဇာတိမှာ သူ့ရဲ့အမှုပြုချိန်နဲ့ပဲ ဆက်စပ်နေတယ်။ ဘုရားသခင်ရဲ့ လူ့ဇာတိ အမှုက ပြီးဆုံးတာနဲ့၊ သူက သူ့ရဲ့နဂိုမူလပုံစံ ပြန်ရပြီး ခမည်းတော်နဲ့ သားတော်လိုမျိုး အရာ တစ်ခုတစ်လေမှ မရှိတော့ဘူး။

ဘုရားနှုတ်ကပတ်တော်တွေရဲ့ နောက်ထပ် ကျမ်းတစ်ပိုဒ်ကို တစ်ချက်ကြည့်ကြရအောင်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ယေရှုအတွင်းရှိ ဝိညာဉ်တော်၊ ကောင်းကင်ဘုံရှိ ဝိညာဉ်တော်နှင့် ယေဟောဝါ၏ ဝိညာဉ်တော်တို့သည် တစ်ပါးတည်းသာ ဖြစ်သည်။ ယင်းကို သန့်ရှင်းသော ဝိညာဉ်တော်၊ ဘုရားသခင်၏ ဝိညာဉ်တော်၊ ခုနှစ်ဆပြင်းသော ဝိညာဉ်တော်နှင့် အလုံးစုံ ခြုံလွှမ်းသော ဝိညာဉ်တော်ဟူ၍ ခေါ်သည်။ ဘုရားသခင်၏ ဝိညာဉ်တော်သည် အလုပ်များစွာ ဆောင်ရွက်နိုင်သည်။ သူသည် ကမ္ဘာလောကကို ဖန်ဆင်းနိုင်ပြီး၊ ယင်းကို ရေလွှမ်းမိုးခြင်းဖြင့် ဖျက်ဆီးနိုင်သည်။ သူသည် လူသားမျိုးနွယ် အားလုံးကို ရွေးနုတ်နိုင်သည့်အပြင်၊ လူသားမျိုးနွယ် အားလုံးကိုလည်း သိမ်းပိုက်ကာ ဖျက်ဆီးနိုင်သည်။ ဤအလုပ်အားလုံးကို ဘုရားသခင် ကိုယ်တော်တိုင်က ဆောင်ရွက်ခြင်းဖြစ်ပြီး သူ၏ကိုယ်စား ဘုရားသခင်၏ မည်သည့်ပုဂ္ဂိုလ်တော်အဖြစ်ကမျှ လုပ်ဆောင်၍ မရနိုင်ပေ။ သူ၏ဝိညာဉ်တော်အား ယေဟောဝါ၊ ယေရှုနှင့် အနန္တတန်ခိုးရှင် ဟူသည့်နာမဖြင့် ခေါ်ဆိုနိုင်သည်။ သူသည် သခင်ဖြစ်ပြီး၊ ခရစ်တော်ဖြစ်သည်။ သူသည် လူသားလည်း ဖြစ်လာနိုင်သည်။ သူသည် ကောင်းကင်ဘုံ၌ရှိပြီး မြေကြီးပေါ်၌လည်း ရှိသည်။ သူသည် စကြဝဠာများအထက်နှင့် လူထုများအလယ်တွင် ရှိသည်။ သူသည် ကောင်းကင်နှင့် မြေကြီး၏ တစ်ဦးတည်းသော အရှင်သခင် ဖြစ်သည်။ ဖန်ဆင်းခြင်းအချိန်မှ ယခုအထိ၊ ဤအမှုကို ဘုရားသခင်ကိုယ်တော်တိုင်၏ ဝိညာဉ်တော်က ဆောင်ရွက်ပြီးဖြစ်သည်။ ကောင်းကင်ဘုံရှိ အလုပ်ဖြစ်စေ၊ လူ့ဇာတိထဲက အလုပ်ဖြစ်စေ၊ အားလုံးကို သူကိုယ်တိုင်၏ ဝိညာဉ်တော်က ဆောင်ရွက်ပေသည်။ ကောင်းကင်ဘုံတွင် ဖြစ်စေ၊ မြေကြီးပေါ်တွင် ဖြစ်စေ၊ ဖန်ဆင်းခံ သတ္တဝါအားလုံးသည် သူ၏ အနန္တလက်ဝါးတွင် ရှိကြသည်။ ဤအရာအားလုံးသည် ဘုရားသခင်ကိုယ်တော်တိုင်၏ အမှု ဖြစ်ပြီး၊ သူ၏ ကိုယ်စား အခြားမည်သူကမျှ လုပ်ဆောင်၍မရနိုင်ပေ။ ကောင်းကင်ဘုံတွင်၊ သူသည် ဝိညာဉ်တော်ဖြစ်ပြီးသော်လည်း၊ ဘုရားသခင် ကိုယ်တော်တိုင်လည်း ဖြစ်သည်။ လူတို့အလယ်တွင် သူသည် လူ့ဇာတိဖြစ်သော်လည်း၊ ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်နေဆဲဖြစ်သည်။ သူ့ကို ရာထောင်ချီသော နာမများဖြင့် ခေါ်ဆိုကောင်း ခေါ်ဆိုနိုင်သော်လည်း၊ သူသည် သူကိုယ်တိုင် ဖြစ်နေသေးပြီး၊ သူ့ဝိညာဉ်တော်၏ တိုက်ရိုက်ဖော်ပြချက် ဖြစ်သည်။ သူ၏ ကားစင်တင်ခံရခြင်းမှတစ်ဆင့် လူသားမျိုးနွယ် အားလုံးနှင့်ဆိုင်သည့် ရွေးနုတ်ခြင်းသည် သူ၏ ဝိညာဉ်တော်၏ တိုက်ရိုက် အလုပ် ဖြစ်ခဲ့ပြီး၊ နောက်ဆုံးသော ကာလအတွင်းတွင် တိုင်းနိုင်ငံအားလုံးနှင့် နယ်မြေအားလုံးထံ ကြွေးကြော်ခြင်းလည်း ဖြစ်သည်။ တစ်ချိန်လုံး၊ ဘုရားသခင်ကို အနန္တတန်ခိုးရှိသကဲ့သို့ စစ်မှန်သည့် တစ်ဆူတည်းသော ဘုရားသခင်၊ အလုံးစုံ လွှမ်းခြုံသော ဘုရားသခင်ဟုသာ ခေါ်ဆို၍ရနိုင်သည်။ ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသော ဝိညာဉ်တော်တို့နှင့်ဆိုင်သည့် ဤထင်မြင်ယူဆချက်ကို မဆိုထားနှင့်၊ ကွဲပြားသော ပုဂ္ဂိုလ်များ မတည်ရှိပေ။ ကောင်းကင်နှင့် မြေကြီးပေါ်တွင် ဘုရားသခင် တစ်ဆူတည်းသာ ရှိသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သုံးပါးတစ်ဆူ တည်ရှိပါသလော) ဘုရားသခင်က ဝိညာဉ်တော်တစ်ပါးဖြစ်ပြီး၊ အဲဒါက သန့်ရှင်းသော ဝိညာဉ်တော်ဖြစ်တယ်ဆိုတာကို အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကနေ ကျွန်တော်တို့ တွေ့နိုင်ပါတယ်။ သူက အနန္တတန်ခိုးရှင် ဖြစ်တယ်။ သူက ကောင်းကင်၊ မြေကြီးနဲ့ အရာခပ်သိမ်းတို့ကို ဖန်ဆင်းခဲ့ပြီး၊ အားလုံးအပေါ်အုပ်စိုးတာပါ။ သူ့အမှုအတွက် သူက လူ့ဇာတိခံယူနိုင်ပြီး လက်တွေ့ကျတဲ့နည်းလမ်းနဲ့ လူသားတွေကြားမှာ အသက်ရှင်သန်နိုင်တယ်။ အပြင်ပန်းမှာ သူက ပုံမှန်လူတစ်ယောက်လိုပဲ ထင်ရပေမယ့်၊ သူ့အမှုအားလုံးကို ဘုရားသခင်ရဲ့ ဝိညာဉ်တော်က အုပ်စိုးတယ်။ လူ့ဇာတိထဲက သူ့အမှု ပြီးဆုံးတဲ့အခါမှာ၊ ဘုရားသခင်က သူ့ရဲ့နဂိုမူလပုံစံကို ပြန်ရယူတယ်။ ဇာတိခန္ဓာပုံစံကတော့ ဘုရားအမှုရဲ့ အဆင့်တစ်ဆင့်အတွင်းမှာ လူသားမျိုးနွယ်ဆီကို ဘုရားသခင် ပေါ်ထွန်းတဲ့ပုံစံသာ ဖြစ်ပါတယ်။ အဲဒါကြောင့် ဘုရားသခင်က ဝိညာဉ်တော်ကနေ တိုက်ရိုက်အမှုပြုနေတာပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် လူ့ဇာတိမှာ အမှုပြုနေတာပဲဖြစ်ဖြစ်၊ သူ့ကို ယေဟောဝါလို့ခေါ်ခေါ်၊ ယေရှုလို့ခေါ်ခေါ်၊ ဒါမှမဟုတ် အနန္တတန်ခိုးရှင် ဘုရားသခင်လို့ပဲခေါ်ခေါ် သူက တစ်ပါးတည်းသော ဝိညာဉ်တော်ပါပဲ။ သူက ဘုရားသခင် ကိုယ်တော်တိုင်ဖြစ်တယ်၊ သူ့ဘာသာတည်ရှိပြီး ထာဝရဖြစ်တယ်၊ ပြီးတော့ သူက အရာခပ်သိမ်းကို ဖန်ဆင်းပြီး အုပ်စိုးတယ်။ ကျွန်တော်တို့ မိတ်သဟာယရဲ့ ဒီအချိန်မှာ၊ တစ်ပါးတည်းသော စစ်မှန်တဲ့ ဘုရား တစ်ပါးသာ ရှိတယ်ဆိုတာကို လူတိုင်း ရှင်းသွားပြီလို့ ကျွန်တော် ထင်ပါတယ်။ သံသယရှိစရာကို မရှိပါဘူး။ ခရစ်ယာန်ဘာသာက ဘုရားသခင်ကို အပိုင်းသုံးပိုင်း ခွဲခြားဖို့ အခိုင်အမာပြောရင်းနဲ့၊ သုံးပါးလုံးအတူပေါင်းမှ တစ်ပါးတည်းသော စစ်မှန်တဲ့ ဘုရားသခင်ကို ဖွဲ့စည်းပြီး သီးသန့်ဆိုရင် သူတို့က တစ်ပါးတည်းသော စစ်မှန်တဲ့ ဘုရားသခင် မဟုတ်ဘူးဆိုတဲ့ ယုံကြည်မှုကို ဖြန့်ဝေရင်းနဲ့၊ တစ်ပါးတည်းသော စစ်မှန်တဲ့ ဘုရားသခင်က သုံးပါးတစ်ဆူဖြစ်တယ်လို့ ခံယူထားကြတယ်။ ဒါဟာ တကယ်တော့ ဘုရားသခင်ကို ငြင်းပယ်နေတာ မဟုတ်ဘူးလား။ ဘုရားသခင်ကို ဒီလိုမျိုး ကြီးကြီးမားမား နားလည်မှုလွဲတာမျိုး လူသားမျိုးနွယ်မှာရှိတာက သူတို့က သမ္မာကျမ်းစာ ဒါမှမဟုတ် ဘုရားသခင်ရဲ့အနှစ်သာရကို နည်းနည်းမှ နားမလည်ဘူးဆိုတာကို သက်သေပြတယ်။ သူတို့က သမ္မာကျမ်းစာရဲ့ တိုက်ရိုက် အကြောင်းအရာနဲ့ပတ်သက်တဲ့ သူတို့ရဲ့နားလည်မှုမှာ လွန်လွန်ကျူးကျူး မာနထောင်လွှားကြတယ်၊ လူ့အယူအဆတွေ၊ စိတ်ကူးတွေအရ ဘုရားသခင်ကို ဘောင်ခတ်ပြီး ပိုင်းကန့်ကြတယ်။ ဒါဟာ တကယ်တော့ ဘုရားသခင်ကို ခုခံပြီး ပြစ်မှားစော်ကားနေတာပဲ။

အခုဆိုရင် အနန္တတန်ခိုးရှင် ဘုရားသခင်ဆိုတဲ့ နောက်ဆုံးသောကာလ ခရစ်တော်က သူ့အမှုကိုပြုဖို့ သမ္မာတရားကို ဖော်ပြရင်း၊ ဘာသာရေးလောကရဲ့ အကြီးဆုံးအတွေးမှားဖြစ်တဲ့— သုံးပါးတစ်ဆူကို ဖော်ထုတ်ရင်းနဲ့ ကြွလာပြီလေ။ အခုတော့ ဘုရားသခင်က တစ်ပါးတည်းသော စစ်မှန်တဲ့ ဘုရားဖြစ်တယ်ဆိုတာကို ကျွန်တော်တို့ သေချာသွားပြီ။ သူ့ဝိညာဉ်တော်က တစ်ပါးတည်းသော စစ်မှန်တဲ့ ဘုရားသခင်ဖြစ်တယ်၊ သန့်ရှင်းသောဝိညာဉ်တော်က တစ်ပါးတည်းသော စစ်မှန်တဲ့ ဘုရားသခင် ဖြစ်ပြီး သူ့ရဲ့လူ့ဇာတိခံယူခြင်းတွေက တစ်ပါးတည်းသော စစ်မှန်တဲ့ ဘုရားသခင်ပဲ။ သူ့ဝိညာဉ်တော်အနေနဲ့ဆိုရင်၊ သန့်ရှင်းသောဝိညာဉ်တော် အနေနဲ့၊ ပြီးရင် သူ့လူ့ဇာတိခံယူခြင်းမှာ သူဟာ တစ်ပါးတည်းသော စစ်မှန်တဲ့ ဘုရားသခင်ဖြစ်ပြီး၊ တစ်ပါးတည်းသော တစ်မူထူးတဲ့ ဘုရားသခင်ပါ။ သူ့ကို သီးသန့်ခွဲထုတ်လို့ မရဘူး။ လူတွေက ဒီသမ္မာတရားတွေကို လက်မခံနိုင်ဘဲ သုံးပါးတစ်ဆူကို မလျှော့တမ်း ယုံကြည်ရင်း၊ တစ်ပါးတည်းသော စစ်မှန်တဲ့ ဘုရားသခင်ကို ဘုရားသုံးပါး အဖြစ်မြင်ရင်းနဲ့ သူတို့ရဲ့အယူအဆတွေနဲ့ စိတ်ကူးတွေကို ခေါင်းမာမာနဲ့ ဖက်တွယ်ထားရင်၊ အဲဒါဟာ ဘုရားသခင်ကို ပြစ်တင်ရှုတ်ချခြင်းနဲ့ ပြစ်မှားစော်ကားခြင်း အပြစ်ပါပဲ။ ဘုရားသခင်ရဲ့ဝိညာဉ်တော်ကို ပြစ်မှားစော်ကားတာက သန့်ရှင်းသော ဝိညာဉ်တော်ကို ပြစ်မှားစော်ကားတာပဲ၊ ပြီးတော့ အဲဒါရဲ့အကျိုးဆက်ကို ဘယ်သူကမှ တကယ့်ကို ခံနိုင်မှာမဟုတ်ဘူး။ ဉာဏ်ရည်ဉာဏ်စွမ်းရှိတဲ့သူတွေက ဘုရားသခင်ကို ဆန့်ကျင်တဲ့အမှား လုပ်မိတာကို ရှောင်ဖို့ရာ မဆိုင်းမတွ နိုးထပြီး ဒီမမှန်ကန်တဲ့ ရှုထောင့်ကို ဖက်တွယ်တာရပ်ဖို့ အခွင့်အရေးတစ်ခု ရှိပါတယ်။ သခင်ယေရှု ပြောခဲ့သည်မှာ- “ပြစ်မှားသောအပြစ်၊ ဘုရားကို ကဲ့ရဲ့သောအပြစ်အမျိုးမျိုးတို့နှင့် လွတ်စေခြင်းအခွင့်ကို လူတို့သည် ရနိုင်ကြ၏။ ဝိညာဉ်တော်ကို ကဲ့ရဲ့သောအပြစ်နှင့် လွတ်စေခြင်းအခွင့်ကို လူတို့သည် မရနိုင်ကြ။ လူသားကို နှုတ်ဖြင့်ပြစ်မှားသောသူ၏အပြစ်ကိုလည်း လွှတ်နိုင်၏။ သန့်ရှင်းသောဝိညာဉ်တော်ကို နှုတ်ဖြင့် ပြစ်မှားသောသူ၏အပြစ်ကို ယခုဘဝနောင်ဘဝ၌ မလွှတ်နိုင်။(ရှင်မဿဲခရစ်ဝင် ၁၂:၃၁-၃၂) ဘာသာရေးလောကက သုံးပါးတစ်ဆူနဲ့ပတ်သက်တဲ့ ဒီအတွေးမှားကို ခေါင်းမာမာနဲ့ မလျှော့တမ်း ပြောနေတုန်းပဲ။ သူတို့က ဘုရားသခင်ကို ဘယ်လောက်ကြာကြာ ဆက်ခုခံနေကြမှာလဲ။ နိုးထဖို့ အချိန်တန်ပါပြီ။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ဤနှစ်များစွာ တစ်လျှောက်တွင်၊ ဘုရားတစ်ပါးတည်းက ဘုရားသုံးပါးအဖြစ်သို့ ပွင့်ပွင့်လင်းလင်း ခွဲခြားခံရပြီးဖြစ်သည့် အတိုင်းအတာအထိ မျိုးဆက်အသီးသီးက သာ၍ အနုစိတ်သထက် အနုစိတ်အောင် ခွဲရင်းဖြင့် ဘုရားသခင်ကို သင်တို့က ဤနည်းဖြင့် ခွဲခဲ့ကြသည်။ ယခုတွင်မူ သင်တို့သည် ဘုရားသခင်ကို အနုစိတ်လွန်းစွာ ခွဲကြပြီးဖြစ်သည့်အတွက်၊ သူ့ကို တစ်ပါးတည်း အဖြစ်သို့ ပြန်လည် ပေါင်းစပ်ရန်ဆိုသည်မှာ လူသားအတွက် တကယ့်ကို မဖြစ်နိုင်ချေ။ အလွန် နောက်မကျခင် ငါ၏မဆိုင်းမတွ လုပ်ဆောင်ခြင်းကြောင့်သာ မဟုတ်ပါက၊ သင်တို့သည် ဤနည်းလမ်းအတိုင်း အရှက်မရှိ မည်မျှ ကြာကြာ ဆက်သွားကြမည်မှာ ပြောဖို့ခက်သည်။ ဤနည်းဖြင့် ဘုရားသခင်ကို ဆက်လက်ခွဲဖို့ရန်မှာ၊ သူသည် သင်တို့၏ ဘုရားသခင်အဖြစ် မည်သို့ ဆက်ဖြစ်နိုင်သေးသနည်း။ သင်တို့သည် ဘုရားသခင်အား အသိအမှတ်ပြုကြဦးမည်လော။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သုံးပါးတစ်ဆူ တည်ရှိပါသလော)သင်၏ ဆင်ခြင်တွေးခေါ်မှုစနစ်သည် ဘုရားသခင်၏ အမှုကို စေ့စေ့စပ်စပ် ပိုင်းခြားစိတ်ဖြာနိုင်သလော။ သင်သည် ယေဟောဝါ၏ အမှုအားလုံးထဲသို့ ထိုးထွင်းသိမြင်မှုတစ်ခု ရရှိနိုင်သလော။ ယင်းကို လုံးဝ ရိပ်စားမိနိုင်သူမှာ လူသားအနေဖြင့် သင်ဖြစ်သလော၊ သို့မဟုတ် ကမ္ဘာအဆက်ဆက် မြင်နိုင်သောသူမှာ ဘုရားသခင် ကိုယ်တိုင်ဖြစ်သလော။ ရှေးယခင် ထာဝရကာလမှ နောင်လာမည့် ထာဝရ ကာလတိုင်အောင် မြင်နိုင်သောသူမှာ သင်ဖြစ်သလော၊ သို့တည်းမဟုတ် ထိုသို့ ပြုနိုင်သောသူမှာ ဘုရားသခင်ပေလော။ သင်မည်သို့သဘောရသနည်း။ ဘုရားသခင်အကြောင်း ရှင်းပြရန် သင် မည်သို့ထိုက်တန်ရသနည်း။ သင့်ရှင်းပြချက်သည် မည်သည်အခြေခံအကြောင်းရင်းပေါ်တွင် ရှိသနည်း။ သင်သည် ဘုရားသခင်လော။ ကောင်းကင်၊ မြေကြီးနှင့် ထိုအထဲရှိ အရာခပ်သိမ်းကို ဖန်ဆင်းထားခဲ့သူမှာ ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်သည်။ ဤအရာကို လုပ်ဆောင်ခဲ့သူမှာ သင်မဟုတ်၊ ထို့ကြောင့် သင်သည် မမှန်ကန်သော ရှင်းပြချက်များကို အဘယ်ကြောင့် ပေးနေရသနည်း။ ယခုတွင် သင်သည် သုံးပါးတစ်ဆူ ဘုရားသခင်ကို ဆက်ယုံကြည်သေးသလော။ ဤနည်းလမ်းသည် အလွန် ကိုယ်ရောစိတ်ပါ ပင်ပန်းသည်ဟု သင် မထင်သလော။ ဘုရားသခင် သုံးပါးမဟုတ်ဘဲ၊ တစ်ပါးတည်းကိုသာ ယုံကြည်ရန်မှာ သင့်အတွက် အကောင်းဆုံး ဖြစ်မည်။ သခင်၏ ဝန်သည်ပေါ့သည့်အတွက်၊ ပေါ့ပါးရသည်မှာ အကောင်းဆုံး ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သုံးပါးတစ်ဆူ တည်ရှိပါသလော)

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်သည် သူ၏ နောက်ဆုံးသောကာလ တရားစီရင်ခြင်းအမှုကို ဆောင်ရွက်ရန်အတွက် အဘယ်ကြောင့် လူ့ဇာတိခံယူသနည်း

ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ တရားစီရင်ခြင်းအမှုအကြောင်းကို ကျွန်တော်တို့ သုံးလေးခါလောက် ပြောခဲ့ပြီးပါပြီ။ ဒီတရားစီရင်ခြင်းအမှုကို ဘယ်သူက...

လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ဘုရားသခင်သည် အဘယ်ကြောင့် အမှုတော် အဆင့်သုံးဆင့် လိုအပ်သနည်း

လွန်ခဲ့တဲ့ အနှစ် ၂၀၀၀တုန်းက လူသားမျိုးနွယ်ကို ကယ်တင်ဖို့ သခင်ယေရှု ပေါ်ထွန်းခဲ့ပြီး ယုဒပြည်မှာ အမှုပြုခဲ့သလို၊ “နောင်တရကြလော့။...

ကယ်တင်ရှင် ပြန်ကြွလာသည့်အခါ၊ သူ့အား ယေရှုဟု ခေါ်ဦးမည်လော

နောက်ဆုံးသောကာလမှာ ကယ်တင်ရှင် အနန္တတန်ခိုးရှင် ဘုရားသခင်က ကမ္ဘာမြေကို ကြွလာနှင့်ပြီးပြီ။ လူသားမျိုးနွယ်ကို အပြည့်အဝ ကယ်တင်ဖို့...

အမှုတော်၏ အဆင့်သုံးဆင့်အား ဘုရားတစ်ပါးတည်းက လုပ်ဆောင်ပုံကို အသိအမှတ်ပြုခြင်း

ဒီနေ့၊ ကျွန်မတို့ မိတ်သဟာယရဲ့ အကြောင်းအရာက အမှုတော်၏ အဆင့်သုံးဆင့်အား ဘုရားတစ်ပါးတည်းက လုပ်ဆောင်ပုံကို အသိအမှတ်ပြုခြင်း ဖြစ်ပါတယ်။...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။