ကျွန်ုပ်တို့ အပြစ်တွေခွင့်လွှတ်ခြင်းခံရသည်— သခင်သည် သူပြန်ကြွလာသောအခါ သူ၏နိုင်ငံတော်အတွင်းသို့ ကျွန်ုပ်တို့ကို တန်းတန်းမတ်မတ်ခေါ်ဆောင်မည်လော

03.10.2021

ကပ်ဘေးတွေက ပိုပြီး ဖြစ်လာနေပါတယ်၊ ယုံကြည်သူတွေအားလုံးကလည်း ကယ်တင်ရှင်ကြွလာတာကို စိတ်ထက်ထက်သန်သန်နဲ့ စောင့်မျှော်နေကြတယ်။ သခင်နဲ့ တွေ့ဆုံဖို့အတွက် အိပ်ပျော်နေတုန်းမှာ ကောင်းကင်ကို ချီဆောင်ခံရဖို့၊ ဒီနေ့ခေတ်ရဲ့ ပြင်းထန်လာနေတဲ့ ကပ်ဘေးတွေရဲ့ ဒုက္ခကနေ လွတ်မြောက်ဖို့ တောင့်တနေကြတယ်လေ။ လူတွေက သခင်ယေရှု ကြွဆင်းလာပြီး သူနဲ့တွေ့ရအောင် သူတို့ကို ချီဆောင်ဖို့ ဘာကြောင့် အရမ်းကို ယုံကြည်မှုရှိရှိနဲ့ စောင့်နေကြတာလဲ။ သူတို့အပြစ်တွေဟာ သခင်ယေရှုအပေါ် သူတို့ရဲ့ ယုံကြည်မှုကတစ်ဆင့် ခွင့်လွှတ်ခံရပြီးဖြစ်တဲ့အတွက် သခင်က သူတို့ကို အပြစ်ရှိတယ်လို့မမြင်တော့ဘဲ၊ သူတို့လိုအပ်တဲ့အရာအားလုံး သူတို့ဆီမှာရှိပြီး သခင်ကြွလာတဲ့အခါ နိုင်ငံတော်ထဲကို တန်းတန်းမတ်မတ် ခေါ်ဆောင်ခံရမယ်လို့ ယုံကြည်ကြတယ်။ ဒါပေမဲ့ လူတော်တော်များများအတွက် မရှင်းမလင်း ဖြစ်နေတာက ကပ်ဘေးကြီးတွေက ကျရောက်နေပြီဆိုတော့ သခင်က ဘာလို့ ကြွမလာသေးတာလဲ ပေါ့။ သခင်က တကယ်ကြွလာပြီလား၊ မလာသေးဘူးလားဆိုပြီး လူတော်တော်များများက တွေးတောလာကြတယ်။ ကြွမလာသေးဘူးဆိုရင် သူတို့တွေဟာ ကပ်ဘေးထဲကို ကျရောက်ပြီး အချိန်မရွေး သေနိုင်တဲ့ သဘောပဲဖြစ်မှာ မဟုတ်လား။ အခုအချိန်မှာ သင်းအုပ်ဆရာ တော်တော်များများက သခင်က ကပ်ဘေးတွေရဲ့ အလယ်မှာ ဒါမှမဟုတ် အဆုံးမှာကြွလာမယ်လို့ပြောပြီး တခြားဘယ်လိုရှင်းပြရမယ်ဆိုတာ မသိကြဘူး။ ဒါပေမဲ့ ဒါက မှန်ကန်ရဲ့လား။ ဘာသာရေးလောကက သခင့်ကို မကြိုဆိုရသေးဘူး၊ ဒါပေမဲ့ ဒါက သူကြွမလာသေးဘူးဆိုတဲ့ အဓိပ္ပာယ်လား။ ဖိလဒေလဖိ အသင်းတော်က ကပ်ဘေးတွေမတိုင်ခင် ချီဆောင်ခြင်းခံရမယ်၊ ကပ်ဘေးထဲမှာ ဒုက္ခမခံရအောင် သူတို့ကို သူက ကာကွယ်ပေးမယ်ဆိုပြီး သခင် ကတိပြုခဲ့တာကို ကျွန်တော်တို့အားလုံး သိကြပါတယ်။ သခင်က သူ့ရဲ့ကတိကို တကယ်ပဲ ချိုးဖောက်ပါ့မလား။ လုံးဝ မချိုးဖောက်ပါဘူး။ လူတွေထင်ထားသလို သခင်က ယုံကြည်သူတွေကို ကောင်းကင်ဘုံကို ခေါ်ဆောင်ဖို့ မိုးတိမ်စီးပြီး ကြွမလာသေးဘူးဆိုတာ မှန်ပါတယ်၊ ဒါပေမဲ့ အရှေ့အရပ်မှ လျှပ်ပြက်ခြင်းက ကိုယ်တော်ဟာ အနန္တတန်ခိုးရှင်ဘုရားသခင်အဖြစ် ကြွလာနှင့်ပြီ၊ သမ္မာတရားများစွာကို ဖော်ပြနေပြီး ဘုရားအိမ်တော်ကနေစတဲ့ တရားစီရင်ခြင်းအမှုကို ပြုနေပြီ ဆိုပြီး တစိုက်မတ်မတ် သက်သေခံနေတာကို ကျွန်တော်တို့အားလုံး သိကြတယ်။ ဂိုဏ်းဂဏအားလုံးက သမ္မာတရားကို ချစ်တဲ့လူတွေဟာ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေထဲမှာ ဘုရားအသံတော်ကို ကြားခဲ့ကြပြီး သူ့ကို ယုံကြည်လက်ခံကြပြီးပြီ၊ ဘုရားသခင်ရဲ့ ပလ္လင်တော်ရှေ့ကို ခေါ်ဆောင်ခြင်းခံကြရတယ်။ ဘုရားနှုတ်ကပတ်တော်တွေကို နေ့တိုင်း စားသောက်ပြီး သိုးသငယ်ရဲ့ မင်္ဂလာစားပွဲကို တက်ရောက်ကြတယ်။ သူတို့ဟာ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ တရားစီရင်ခြင်းနဲ့ သန့်စင်ခြင်းကို ကြုံတွေ့ကြရပြီး ထူးကဲတဲ့ သက်သေခံချက်ရှိကြတယ်။ ဘုရားသခင်ကို ဝမ်းမြောက်ဝမ်းသာ ချီးမွမ်းကြရင်း ဘုရားရဲ့ မျက်မှောက်တော်မှာ ရှင်သန်နေထိုင်ကြတယ်လေ။ ဘာသာရေးလောကရဲ့ ကပ်ဘေးတွေအပေါ် မပြီးနိုင်မဆုံးနိုင် ကြောက်ရွံ့နေရတဲ့ အခြေအနေနဲ့ ယှဉ်ရင် ဒါဟာ နေ့နဲ့ညလို ကွာပါတယ်။ ယုံကြည်သူ တော်တော်များများက စဉ်းစားကြတာပေါ့။ အရှေ့အရပ်မှ လျှပ်ပြက်ခြင်းက သက်သေခံတဲ့ အနန္တတန်ခိုးရှင်ဘုရားသခင်က ပြန်ကြွလာတဲ့သခင်လား။ သခင်က တကယ်ပဲ နောက်ဆုံးသောကာလမှာ တရားစီရင်ခြင်းအမှုအဆင့်တစ်ဆင့်ကို လုပ်ဆောင်နေပြီလား ပေါ့။ ဒါပေမဲ့ လူတော်တော်များများက သံသယရှိနေကြတုန်းပဲ၊ ဥပမာ “သခင်က ငါ့အပြစ်တွေကို ခွင့်လွှတ်ပေးခဲ့ပြီး ငါ့ကို အပြစ်သားအဖြစ် မမြင်တော့ဘူး။ သူကြွလာတဲ့အခါ ငါ့ကို ကောင်းကင်ဘုံကို တိုက်ရိုက် ခေါ်ဆောင်သွားလောက်တယ်။ သခင်က ငါ့ကို ချက်ချင်း ချီဆောင်မသွားဘဲ နောက်ဆုံးသောကာလမှာ တရားစီရင်ခြင်းအမှုတစ်ဆင့်ကို ဘာလို့လုပ်မှာလဲ” ပေါ့။ ဒီနေ့ ဒီအကြောင်းအရာကို နည်းနည်းလောက် စူးစမ်းလေ့လာကြရအောင်။ ကျွန်တော်တို့အပြစ်တွေ ခွင့်လွှတ်ခံရတာက နိုင်ငံတော်ကို ကျွန်တော်တို့ရောက်နိုင်တယ်ဆိုတဲ့ အဓိပ္ပာယ်လား။

အရင်ဦးဆုံးအနေနဲ့ ခွင့်လွှတ်ခံရသူတွေက နိုင်ငံတော်ထဲကို တန်းရောက်နိုင်တယ်ဆိုတဲ့ အယူအဆအတွက် ကျမ်းစာဆိုင်ရာ အခြေပြုချက်တစ်ခုခုရှိသလားဆိုတာ ကြည့်ကြရအောင်။ ဒါကို ထောက်ပံ့ဖို့အတွက် သခင့်ဆီက နှုတ်ကပတ်တော်တွေရှိသလား။ အပြစ်တွေ ခွင့်လွှတ်ခံရတဲ့သူတွေက ကောင်းကင်နိုင်ငံတော်ထဲကို တိုက်ရိုက်ဝင်လို့ရတယ်လို့ သခင်ယေရှုက ဘယ်တုန်းက ပြောခဲ့သလဲ။ သန့်ရှင်းသောဝိညာဉ်တော်ကလည်း ဒါဟာ လူတစ်ယောက်ကို နိုင်ငံတော်ထဲကို ဝင်ခွင့်ရစေလိမ့်မယ်လို့ မပြောခဲ့ဘူး။ သက်သေအနေနဲ့ ကျမ်းစာအခြေပြုချက် ဒါမှမဟုတ် သခင့်ဆီက နှုတ်ကပတ်တော်လည်း မရှိဘူးဆိုတော့ သခင်ကြွလာတဲ့အခါ လူတွေက ချီဆောင်ခံရမယ်လို့ ဘာလို့ လုံးဝသေချာနေကြတာလဲ။ အဲဒါဟာ ယုတ္တိမရှိပါဘူး။ ကောင်းကင်နိုင်ငံတော်ထဲကို ဘယ်သူက ဝင်ရောက်နိုင်တယ်ဆိုတာနဲ့ပတ်သက်ပြီး သခင်က ဒီ ရှင်းလင်းတဲ့ ဖော်ပြချက်ကို ပေးခဲ့ပါတယ်။ “သခင်၊ သခင်ဟု ငါ့ကိုလျှောက်သောသူတိုင်း ကောင်းကင်နိုင်ငံတော်သို့ ဝင်ရလိမ့်မည်မဟုတ်။ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်၏အလိုကို ဆောင်သောသူသာလျှင် ဝင်ရလိမ့်မည်။(ရှင်မဿဲခရစ်ဝင် ၇:၂၁) ခွင့်လွှတ်ခြင်းခံရတာသက်သက်နဲ့ နိုင်ငံတော်ထဲကို ဝင်ရောက်ဖို့ မလုံလောက်ဘူးဆိုတာ ဒီအချက်ကနေ ကျွန်တော်တို့ သေချာနိုင်ပါတယ်။ ဘာလို့ ဒါက မလုံလောက်တာလဲ။ အဓိကအားဖြင့်တော့ အပြစ်ကနေ ခွင့်လွှတ်ခံရတာဟာ အစ်ကိုအစ်မတို့က သန့်စင်ခံရပြီးပြီ၊ ဘုရားကို နာခံတယ်၊ ဒါမှမဟုတ် ဘုရားရဲ့အလိုတော်ကို အစ်ကိုအစ်မတို့က ဆောင်ရွက်တယ်လို့ အဓိပ္ပာယ်မရပါဘူး။ အပြစ်တွေ ခွင့်လွှတ်ခံရပြီးဖြစ်တဲ့ ယုံကြည်သူတွေတောင်မှ အဆက်မပြတ် လိမ်ညာတာ၊ လှည့်ဖြားတာ၊ ကောက်ကျစ်ပြီး မရိုးသားကြတာကို ကျွန်တော်တို့ အားလုံး ရှင်းရှင်းလင်းလင်း မြင်ပြီးပါပြီ။ သူတို့ဟာ ကျမ်းစာဆိုင်ရာ အသိပညာနည်းနည်းလေးရှိလိုက်တာနဲ့ မာနထောင်လွှားကြပြီး ဘယ်သူ့ကိုမှ မနာခံကြဘူး။ တန်ခိုးအာဏာနဲ့ အကျိုးအမြတ်အတွက် ကြိုးပမ်းကြပြီး သူတို့ကိုယ်သူတို့ မကယ်ထုတ်နိုင်တဲ့ အပြစ်ထဲမှာ ရှင်သန်ကြတယ်။ ဒါက ခွင့်လွှတ်ခံရပေမဲ့ လူတွေဟာ ရွံစရာကောင်းပြီး ဖောက်ပြန်ပျက်စီးနေတုန်းပဲ၊ အချိန်ပြည့် အပြစ်လုပ်နေတုန်းပဲဆိုတာကို ရှင်းရှင်းလင်းလင်း ပြပါတယ်။ သူတို့ဟာ သမ္မာတရားကို လက်ခံပြီး နာခံဖို့ မလုပ်နိုင်ရုံမကဘဲ ဘုရားကို ဝေဖန်ပြီး ဆန့်ကျင်ကြတယ်။ ဖာရိရှဲတွေလိုပဲ သူတို့က သခင့်ကို ရှုတ်ချတယ်၊ ဝေဖန်ပြီး ပြစ်မှားစော်ကားတဲ့အပြင်၊ သူ့ကို ကားစင်တောင် ထပ်တင်ကြတယ်။ ဒါဟာ လူသားမျိုးနွယ်ရဲ့ အပြစ်တွေဟာ ခွင့်လွှတ်ခံရနိုင်ပေမဲ့ ကျွန်တော်တို့က ညစ်ညမ်းပြီး ဖောက်ပြန်ပျက်စီးနေတုန်းပဲ၊ ကျွန်တော်တို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ အနှစ်သာရဟာ ဘုရားကို ဆန့်ကျင်နေတယ်ဆိုတာကို သက်သေပြပါတယ်။ ဘုရားနှုတ်ကပတ်တော်မှာ ပြောထားပါတယ်။ “ငါသည် သန့်ရှင်းသောကြောင့်၊ သင်တို့သည် သန့်ရှင်းခြင်း ရှိရကြမည်။(ဝတ်ပြုရာကျမ်း ၁၁:၄၅-၄၆)သန့်ရှင်းခြင်းပါရမီမရှိလျှင်၊ အဘယ်သူမျှ ထာဝရဘုရားကို မဖူးမမြင်ရ။(ဟေဗြဲသြဝါဒစာ ၁၂:၁၄) ဒါကြောင့် အပြစ်မှာအသက်ရှင်တဲ့သူတွေဟာ နိုင်ငံတော်နဲ့ မထိုက်တန်ပါဘူး။ ဒါဟာ သံသယရှိစရာမလိုပါဘူး၊ ပြီးတော့ ဒါကို ဘုရားရဲ့ ဖြောင့်မတ်သန့်ရှင်းတဲ့ စိတ်သဘောထားနဲ့ပဲ လုံးလုံး သတ်မှတ်ထားတာပါ။ ဘယ်ယုံကြည်သူက သူတို့ဟာ အပြစ်ကနေ ကင်းလွတ်တယ်၊ အပြစ်မလုပ်တော့ဘဲ သန့်ရှင်းမှုကို ရရှိပြီးပြီလို့ ပြောရဲမလဲ။ တစ်ယောက်မှမရှိပါဘူး။ ဝိညာဉ်ရေးရာစာပေတွေ အများကြီးရေးသားပြီးတဲ့ အဲဒီ ကြီးမြတ်တဲ့၊ ကျော်ကြားတဲ့ ဝိညာဉ်ရေးရာပုဂ္ဂိုလ်တွေတောင်မှ သူတို့ဟာ အပြစ်ကို ဖယ်ရှားပြီး သန့်ရှင်းသွားပြီလို့ မပြောရဲပါဘူး။ တကယ်တော့ ယုံကြည်သူအားလုံးက အတူတူပါပဲ၊ နေ့မှာ အပြစ်လုပ်ပြီး ညမှာ ဝန်ချတဲ့အခြေအနေမှာ အသက်ရှင်နေကြတယ်။ အပြစ်မှာ ခါးခါးသီးသီး ရုန်းကန်နေကြရတယ်။ သူတို့အားလုံးက အပြစ်ရဲ့ချည်နှောင်မှုကြောင့် ပိတ်မိနေတဲ့ အင်မတန်ပြင်းထန်တဲ့ဝေဒနာကို တွေ့ကြုံခံစားကြရတယ်။ ဒီအချက်က ဘာကို ပြသလဲ။ ကိုယ့်အပြစ်တွေကို ခွင့်လွှတ်ခံရသူတွေဟာ အပြစ်ကနေလွတ်မြောက်ပြီး သန့်ရှင်းတာမျိုးမရှိသေးဘူးဆိုတာကို ပြပါတယ်။ ဒါကြောင့် သူတို့တွေဟာ ကောင်းကင်နိုင်ငံတော်နဲ့ မထိုက်တန်ဘူးဆိုတာ ကျွန်တော်တို့ သေချာပေါက်ပြောနိုင်ပါတယ်။ သခင်ယေရှု ပြောခဲ့သလိုပဲ။ “ငါအမှန်အကန်ဆို သည်ကား၊ ဒုစရိုက်ကို ပြုသမျှသောသူတို့သည် ဒုစရိုက်ကျွန်ဖြစ်၏။ ကျွန်သည်ကား အိမ်၌ အစဉ်အမြဲနေသည်မဟုတ်။ သားမူကား အစဉ်အမြဲနေ၏။(ရှင်ယောဟန်ခရစ်ဝင် ၈:၃၄-၃၅) ကိုယ့်အပြစ်တွေ ခွင့်လွှတ်ခံရလို့ နိုင်ငံတော်ထဲကို ဝင်ရောက်တာဟာ ကျမ်းစာဆိုင်ရာ အခြေပြုချက်မရှိဘဲ၊ ဒါက လုံးဝ လူသားအယူအဆတစ်ခုပဲဆိုတာကို ကျွန်တော်တို့ တွေ့ရပါတယ်။

ဒီနေရာမှာ လူတော်တော်များများရဲ့ စိတ်ထဲမှာ ပထမဆုံးမေးခွန်းက အဲဒါက ကျွန်တော်တို့ကို ကောင်းကင်နိုင်ငံတော်ထဲကို မရောက်စေဘူးဆိုတော့ ဘယ်ဟာက ရောက်စေမှာလဲ ပေါ့။ နိုင်ငံတော်ကို သွားတဲ့လမ်းကြောင်းက ဘာလဲ။ သခင်ယေရှု ပြောခဲ့သည်မှာ- “ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်၏အလိုကို ဆောင်သောသူသာလျှင် ဝင်ရလိမ့်မည်။” ဒါက လိုအပ်တဲ့အချက်ပါပဲ။ သံသယရှိစရာမလိုပါဘူး။ ဒါဆိုရင် ဘုရားအလိုတော်ကို လုပ်ဆောင်ပြီး နိုင်ငံတော်ထဲကို ဝင်ရောက်တာကို ကျွန်တော်တို့ ဘယ်လိုရနိုင်မလဲ။ တကယ်တော့ သခင်ယေရှုက ကျွန်တော်တို့ကို ရှေးကတည်းက လမ်းကြောင်း ညွှန်ပြပေးခဲ့ပါတယ်။ ပိုပြီးတော့ နားလည်ဖို့အတွက် သခင်ယေရှုရဲ့ ပရောဖက်ပြုချက်တွေကို ကြည့်ကြည့်ရအောင်။ သခင်ယေရှု ပြောခဲ့သည်မှာ- “သင်တို့အား ငါပြောစရာ စကားအများ ရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။(ရှင်ယောဟန်ခရစ်ဝင် ၁၆:၁၂-၁၃)ကိုယ်တော်၏သမ္မာတရားအားဖြင့် သူတို့ကိုသန့်ရှင်းစေတော်မူပါ။ ကိုယ်တော်၏နှုတ်ကပတ်သည် သမ္မာတရားဖြစ်ပါ၏။(ရှင်ယောဟန်ခရစ်ဝင် ၁၇:၁၇)ငါ့စကားကို ကြားသောသူသည် မယုံကြည်ဘဲနေလျှင် ထိုသူကို ငါသည်အပြစ်မစီရင်။ လောကီသား တို့ကို အပြစ်စီရင်အံ့သောငှါ ငါလာသည်မဟုတ်၊ လောကီသား တို့ကို ကယ်တင်အံ့သောငှါငါလာ၏။ ငါ့ကိုပယ်၍ ငါ့စကားကို နာမခံသောသူအား အပြစ်စီရင်သောသူရှိသေး၏။ ငါဟောပြောသော စကား ပင် နောက်ဆုံးသောနေ့၌ ထိုသူအားအပြစ်စီရင်လိမ့်မည်။(ရှင်ယောဟန်ခရစ်ဝင် ၁၂:၄၇-၄၈)ခမည်းတော်သည် အဘယ်သူကိုမျှ တရားစီရင်တော်မမူ။ တရားစီရင်ခြင်းအခွင့်ရှိသမျှကို သားတော်အား အပ်ပေးတော်မူ၏။(ရှင်ယောဟန်ခရစ်ဝင် ၅:၂၂) သခင်ယေရှုက သူပြန်ကြွလာခြင်းကို အကြိမ်တော်တော်များများ ပရောဖက်ပြုခဲ့တယ်။ ဒီကျမ်းပိုဒ်တွေက သူပြန်ကြွလာတဲ့အခါ သူလုပ်ဆောင်မယ့်အမှုနဲ့ပတ်သက်တဲ့ သူ့ရဲ့ပရောဖက်ပြုချက်တွေပါ၊ အဲဒါကတော့ တရားစီရင်ခြင်းအမှုကို လုပ်ဆောင်ဖို့ သမ္မာတရားများစွာကို ဖော်ပြခြင်း၊ လူတွေကို သမ္မာတရားအားလုံးဆီကို ခေါ်ဆောင်ခြင်း၊ လူသားမျိုးနွယ်ကို အပြစ်ကနေ၊ စာတန်ရဲ့ အင်အားစုတွေကနေ အပြည့်အဝကယ်တင်ခြင်း၊ အဆုံးမှာ လှပတဲ့ ပန်းတိုင်ကို ကျွန်တော်တို့ ရရှိဖို့အတွက် သူ့ရဲ့နိုင်ငံတော်ဆီကို ခေါ်ဆောင်ခြင်းအမှုပေါ့။ ဒါကြောင့် သခင်ပြန်ကြွလာတဲ့အခါ သခင့်ရဲ့ တရားစီရင်ခြင်းအမှုကို ကျွန်တော်တို့ လုံးဝ လက်ခံရပါမယ်။ သမ္မာတရားကို ကျွန်တော်တို့ မရခင်အထိ ကျွန်တော်တို့တွေဟာ ဖောက်ပြန်ပျက်စီးခြင်းကနေ အပြည့်အဝ မသန့်စင်နိုင်ဘူး၊ ကျွန်တော်တို့ရဲ့ အပြစ်နဲ့ပြည့်တဲ့သဘာဝက မပြေလည်နိုင်ဘူး။ ဒါက အပြစ်ကို ဖယ်ရှားပြီး သန့်ရှင်းလာဖို့၊ ဘုရားနိုင်ငံတော်ကို ဝင်ထိုက်ဖို့ တစ်ခုတည်းသော နည်းလမ်းပါပဲ။ ကျွန်တော်တို့ရဲ့ အပြစ်ရှိတဲ့သဘာဝကို လုံးဝ ဖြေရှင်းဖို့အတွက် ကျွန်တော်တို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေက သန့်စင်ရပါမယ်။ စာတန်ရဲ့ အင်အားစုတွေကနေ လွတ်မြောက်ပြီး ဘုရားကို နာခံဖို့၊ ဘုရားအလိုတော်ကို လုပ်ဖို့အတွက် ကျွန်တော်တို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို စွန့်ပစ်ရပါမယ်။ ဒီလိုမဟုတ်ရင် ကျွန်တော်တို့ဟာ နိုင်ငံတော်ကို ဝင်ခွင့်ရှိမှာ မဟုတ်ပါဘူး။ ဒါကြောင့် နောက်ဆုံးသောကာလမှာ ဘုရားသခင်ရဲ့ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းကနေတစ်ဆင့် သန့်စင်ခံရပြီးသူတွေသာ ဘုရားအလိုတော်ကို လုပ်သူတွေ ဖြစ်လာနိုင်တယ်ဆိုတာ ကျွန်တော်တို့ သေချာသိနိုင်ပါတယ်။ ဒါဟာ နောက်ဆုံးသောကာလမှာ ဘုရားသခင်ရဲ့ တရားစီရင်ခြင်းနဲ့ သန့်စင်ခြင်းကို လက်ခံခြင်းက နိုင်ငံတော်ကို ဝင်ရောက်ဖို့ တစ်ခုတည်းသောလမ်းကြောင်းဆိုတာ သက်သေပြပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဘုရားနှုတ်ကပတ်တော် ကျမ်းပိုဒ်တချို့ကို ဖတ်ကြရအောင်။ “ရွေးနုတ်ခြင်းခံရပြီးစဖြစ်ပြီး မပြောင်းလဲသေးသော၊ သို့မဟုတ် ဘုရားသခင်အားဖြင့် စုံလင်ခြင်းသို့ မရောက်သေးသော သင်တို့ကဲ့သို့ အပြစ်သားတစ်ဦးအနေဖြင့်၊ သင်သည် ဘုရားသခင်၏ စိတ်နှလုံးနှင့် ညီညွတ်နိုင်သလော။ လူဟောင်းအတိုင်း ရှိနေဆဲဖြစ်သည့် သင့်အတွက်၊ သင်သည် ယေရှုအားဖြင့် ကယ်တင်ခံခဲ့ရသည်ဆိုသည်နှင့် ဘုရားသခင်၏ ကယ်တင်ခြင်းကြောင့် သင်သည် အပြစ်သားအဖြစ် ယူဆမခံရသည်မှာ မှန်သော်လည်း၊ ဤအရာက သင်သည် အပြစ်မရှိသကဲ့သို့ မစင်ကြယ်သောသူ မဟုတ်သည်ကို သက်သေမပြပေ။ သင်သည် မပြောင်းလဲသေးပါက၊ မည်ကဲ့သို့ သန့်ရှင်းစင်ကြယ်ခြင်း ရှိနိုင်မည်နည်း။ အတွင်း၌ သင်သည် မစင်ကြယ်ခြင်း၊ အတ္တနှင့် ဆိုးရွားယုတ်မာခြင်းတို့ဖြင့် ပတ်ချာဝိုင်းနေသည့်တိုင်အောင် သင်သည် ယေရှုနှင့်အတူ ဆင်းသက်လိုနေဆဲဖြစ်သည်၊ သင်ထိုမျှ ကံကောင်းသလော။ သင်သည် ဘုရားသခင်၌ သင်၏ယုံကြည်ခြင်းတွင် အဆင့်တစ်ခု ချန်လှပ်မိပြီ ဖြစ်သည်။ သင်သည် ရွေးနုတ်ခြင်း ခံရရုံသာ ရှိသေးသော်လည်း၊ မပြောင်းလဲသေးပေ။ သင့်အတွက် ဘုရားသခင်၏ စိတ်နှလုံးနှင့် ညီညွတ်ရန်မှာ၊ ဘုရားသခင်သည် သင့်ကို ပြောင်းလဲစေခြင်းနှင့် သန့်စင်စေခြင်းအမှုကို ကိုယ်တိုင် လုပ်ရပေမည်။ သင်သည် ရွေးနုတ်ခြင်းသာ ခံရပါက၊ မွန်မြတ်သန့်ရှင်းခြင်းကို ရယူနိုင်စွမ်းရှိမည် မဟုတ်ပေ။ ဤနည်းဖြင့် သင်သည် ပြောင်းလဲခြင်းနှင့် စုံလင်စေခြင်း၏ အဓိကအဆင့်ဖြစ်သော လူကို စီမံခန့်ခွဲသည့် ဘုရားသခင်၏အမှုတွင် အဆင့်တစ်ဆင့်ကို သင်လွတ်သွားခဲ့သည့် အတွက် သင်သည် ဘုရားသခင်၏ ကောင်းမြတ်သော ကောင်းချီးများကို ဝေမျှရန် အရည်အသွေးပြည့်မီလိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် ရွေးနုတ်ခံရပြီးစ အပြစ်သားတစ်ဦးဖြစ်သည့် သင်သည် ဘုရားသခင်၏ အမွေဥစ္စာကို တိုက်ရိုက်အမွေဆက်ခံနိုင်စွမ်း မရှိပေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမည်နာမများနှင့် ကိုယ်ပိုင်လက္ခဏာတို့နှင့် ပတ်သက်၍)ယေရှုသည် လူသားအလယ်တွင် အမှုများစွာ လုပ်ဆောင်ခဲ့သော်လည်း၊ သူသည် လူသားမျိုးနွယ် အားလုံး၏ ရွေးနုတ်ခြင်းကိုသာ ပြီးစီးစေခဲ့ပြီး လူသားတို့၏ အပြစ်ဖြေရာယဇ် ဖြစ်လာခဲ့သည်။ သူသည် လူသားထံမှ သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအားလုံး ဖယ်ရှားမပေးခဲ့ပေ။ စာတန်၏စွမ်းအားမှ လူသားကို အပြည့်အဝ ကယ်တင်ခြင်းသည် ယေရှုအနေဖြင့် အပြစ်ဖြေရာယဇ် ဖြစ်လာပြီး လူသား၏ အပြစ်များကို သယ်ဆောင်ရန် လိုအပ်သည်သာမက၊ ဘုရားသခင်အနေဖြင့် လူသားထံမှ သူ၏ ဆိုးယုတ်စွာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအား လုံးဝဖယ်ရှားပေးရန် သာ၍ပင် ကြီးမားသော အမှုကို လုပ်ဆောင်ရန်လည်း လိုအပ်ပေသည်။ ထို့ကြောင့် လူသားသည် သူ၏အပြစ်များမှ ခွင့်လွှတ်ခံရပြီး ဖြစ်သဖြင့်၊ ဘုရားသခင်သည် လူသားကို ခေတ်သစ်ထဲသို့ ဦးဆောင်ရန် လူ့ဇာတိ ပြန်လည်ခံယူပြီဖြစ်ပြီး၊ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအမှုကို စတင်ပြီဖြစ်သည်။ ဤအမှုသည် လူသားကို သာ၍မြင့်မားသည့် လောကတစ်ခုထဲသို့ ဆောင်ကြဉ်းပြီးဖြစ်သည်။ သူ၏အုပ်စိုးမှုအောက်တွင် ကျိုးနွံနာခံသူအားလုံးသည် သာ၍မြင့်မားသော သမ္မာတရားကို မွေ့လျော်ပြီး သာ၍ကြီးမြတ်သော ကောင်းချီးမင်္ဂလာများကို ရရှိရပေမည်။ ၎င်းတို့သည် အလင်းတွင် အမှန်တကယ် အသက်ရှင်ကြရမည် ဖြစ်ပြီး သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကို ရရှိကြရလိမ့်မည်။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ ကျမ်းဦးစကား) အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက လုံးဝ ရှင်းလင်းပါတယ်။ သခင်ယေရှုက ကျေးဇူးတော်ခေတ်မှာ ရွေးနုတ်ခြင်းအမှုကို ပြုခဲ့တယ်။ ဒါက လူသားရဲ့အပြစ်တွေကို ခွင့်လွှတ်ဖို့ပဲဖြစ်ပြီး ကယ်တင်ခြင်းအမှုရဲ့ တစ်ဝက်ပဲ ပြီးခဲ့တယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ တရားစီရင်ခြင်းအမှုကသာ လူသားမျိုးနွယ်ကို အပြည့်အဝသန့်စင်နိုင်ပြီး ကယ်တင်နိုင်ပါတယ်။ လူတွေဟာ အနန္တတန်ခိုးရှင်ဘုရားသခင် ဖော်ပြတဲ့ သမ္မာတရားတွေနဲ့ သူ့ရဲ့ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းကို လက်ခံရမယ်၊ ဒါဆိုရင် သူတို့ရဲ့ ဖောက်ပြန်ပျက်စီးမှုက သန့်စင်ပြီး ပြောင်းလဲနိုင်တယ်၊ ဘုရားကိုနာခံပြီး ဘုရားအလိုတော်ကို လုပ်တဲ့သူတွေ၊ ဘုရားနိုင်ငံတော်နဲ့ ထိုက်တန်သူတွေ ဖြစ်လာနိုင်ပါတယ်။ တစ်နည်းအားဖြင့် သူတို့ဟာ ကောင်းကင်နိုင်ငံတော်ကို ဝင်ရဖို့ နိုင်ငံကူးလက်မှတ် တစ်ခုကို ရလိမ့်မယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ တရားစီရင်ခြင်းအမှုက လူသားမျိုးနွယ်ကို ကယ်တင်ဖို့အတွက် ဘုရားအမှုတော်ရဲ့ အရေးပါဆုံး၊ အရေးကြီးဆုံးအဆင့်ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်၊ နိုင်ငံတော်ထဲကို လူတစ်ယောက်ရဲ့ ဝင်ရောက်မှုကို အဆုံးအဖြတ်ပေးမယ့် အဆင့်ပါ။ အရေးကြီးဆုံးအဆင့်ကို လွဲချော်တာ၊ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ တရားစီရင်ခြင်းနဲ့ သန့်စင်ခံရခြင်းကို လွဲချော်တာက အစ်ကိုအစ်မတို့ရဲ့ ယုံကြည်ခြင်းမှာ လုံးဝ ကျရှုံးတဲ့ အဓိပ္ပာယ်ပါပဲ။ အစ်ကိုအစ်မတို့ ဘယ်လောက်ပဲ ကြာအောင် ယုံကြည်ခဲ့ပါစေ၊ ဘယ်လောက်ပဲ အလုပ်ကြိုးစားခဲ့ပြီး ဘယ်လောက်ပဲ စွန့်လွှတ်ခဲ့ပါစေ အနန္တတန်ခိုးရှင်ဘုရားသခင်ကို အစ်ကိုအစ်မတို့ ငြင်းပယ်ရင် အားလုံးက အလဟဿဖြစ်သွားတယ်။ လမ်းတစ်ဝက်မှာ လက်လျှော့လိုက်တာပဲ။ နိုင်ငံတော်ထဲကို ဝင်ရမှာမဟုတ်ဘူး။ ဒါဆိုရင် တစ်သက်စာ နောင်တရနေမှာပဲ။

ဒီတော့ ဘုရားသခင်က ကျွန်တော်တို့ကို သူ့နိုင်ငံတော်ထဲကို ခေါ်ဆောင်ဖို့ လူသားမျိုးနွယ်ကို တရားစီရင်၊ သန့်စင်ပြီး ကယ်တင်ဖို့ ဘယ်လိုအလုပ်လုပ်တာလဲ။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ကြရအောင်။ “နောက်ဆုံးသောကာလ ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏ အပြုအမူများနှင့် စကားလုံးများကို စိတ်ဖြာလေ့လာရန် အမျိုးမျိုးသော သမ္မာတရားများကို အသုံးပြု၏။ ဤနှုတ်ကပတ်တော်များသည် လူသား၏တာဝန်၊ လူသားသည် ဘုရားသခင်ကို မည်သို့နာခံသင့်ပုံ၊ လူသားသည် ဘုရားသခင်ကို မည်သို့သစ္စာရှိသင့်ပုံ၊ လူသားသည် သာမန်လူ့သဘာဝကို မည်သို့ အသက်ရှင်နေထိုင်သင့်ပုံအပြင်၊ ဘုရားသခင်၏ ဉာဏ်ပညာနှင့် စိတ်သဘောထား စသည်တို့ကဲ့သို့သော အမျိုးမျိုးသော သမ္မာတရားများ ပါဝင်သည်။ ဤနှုတ်ကပတ်တော်များ အားလုံးသည် လူသား၏အနှစ်သာရနှင့် သူ၏ဖောက်ပြန်ပျက်စီးနေသော စိတ်သဘောထားတို့ကို ဦးတည်ထား ပေသည်။ အထူးသဖြင့်၊ ဘုရားသခင်ကို လူသားက မည်သို့ ပစ်ပယ်သည်ကို ဖော်ထုတ်ပြသည့် နှုတ်ကပတ်တော်များမှာ လူသားသည် စာတန်၏ပြယုဂ်နှင့် ဘုရားသခင်ကိုဆန့်ကျင်သည့်ရန်သူအင်အား တစ်ခု မည်သို့ဖြစ်သည်နှင့် စပ်လျဉ်း၍ ပြောဆိုထားပေသည်။ သူ၏တရားစီရင်ခြင်းအမှုကို ဆောင်ရွက်ရာတွင်၊ ဘုရားသခင်သည် လူသား၏သဘာဝကို စကားလုံးအနည်းငယ်မျှဖြင့် ရှင်းလင်းရုံမျှ ရှင်းလင်းစေသည် မဟုတ်။ သူသည် ရေရှည်နှင့်ပတ်သက်၍ ဖော်ထုတ်သည်၊ ကိုင်တွယ်ဖြေရှင်းပြီး၊ ပြုပြင်လေသည်။ ဤကွဲပြားခြားနားသော ဖော်ထုတ်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ပြုပြင်ပေးခြင်း နည်းစနစ်အားလုံးကို သာမန်စကားလုံးများဖြင့် အစားထိုး၍မရနိုင်ဘဲ၊ လူသားတွင် လုံးဝကင်းမဲ့နေသော သမ္မာတရားဖြင့် အစားထိုးနိုင်ပေသည်။ ဤသို့သော နည်းလမ်းများကိုသာ တရားစီရင်မှုဟု ခေါ်ဆိုနိုင်သည်။ ဤတရားစီရင်မှုမျိုးမှတစ်ဆင့်သာ လူသားသည် ချိုးနှိမ်ခံရနိုင်ပြီး၊ ဘုရားသခင်နှင့်ပတ်သက်၍ လုံးလုံးလျားလျား သိမ်းသွင်းစည်းရုံး ခံရနိုင်သည့်အပြင်၊ ဘုရားသခင်နှင့် ပတ်သက်သည့် စစ်မှန်သော အသိပညာကို ရရှိနိုင်ပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏) ကျွန်တော်တို့ရဲ့ ဖောက်ပြန်ပျက်စီးမှုနဲ့ အနှစ်သာရကို ဘုရားနှုတ်ကပတ်တော်တွေက ဖော်ထုတ်ခြင်းမရှိဘဲနဲ့ ကျွန်တော်တို့ဟာ ဘယ်လောက်ထိ ဖောက်ပြန်ပျက်စီးနေတယ်၊ ကျွန်တော်တို့ ဖောက်ပြန်ပျက်စီးခြင်းက ဘယ်လောက်စိုးရိမ်ရတယ်ဆိုတာကို လုံးဝသိမှာမဟုတ်ဘူးဆိုတာ ဘုရားသခင်ရဲ့ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းကို ကြုံတွေ့ခဲ့ရသူအားလုံးက လေးလေးနက်နက် နားလည်ကြပါတယ်။ ဘုရားသခင်ရဲ့ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ ပြုပြင်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်းနဲ့ ဆုံးမပဲ့ပြင်ခြင်းမခံရဘဲနဲ့ ကျွန်တော်တို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို ဘယ်တော့မှ စွန့်ပစ်မှာမဟုတ်ဘူး။ ကိုယ့်ကိုယ်ကိုယ် အမှန်တကယ်သိဖို့တောင် ကျွန်တော်တို့ဟာ ရုန်းကန်နေရလိမ့်မယ်။ ယုံကြည်သူ တော်တော်များများက သူတို့အပြစ်တွေရဲ့ အရင်းအမြစ်က စာတန်ရဲ့ ဖျက်ဆီးတာကို တော်တော်ခံထားရလို့ဆိုတာကို မမြင်ကြဘဲ အမြဲတမ်း မထိန်းနိုင်ဘဲ အပြစ်လုပ်ပြီး ဝန်ချ၊ ဝန်ချပြီး အပြစ်ထပ်လုပ်ကြတာဟာ မဆန်းပါဘူး။ သူတို့ဟာ ခွင့်လွှတ်ခံရတာကြောင့် ကောင်းကင်ဘုံကို တန်းရောက်နိုင်တယ်လို့ တလွဲ ယုံကြည်နေကြတုန်းပဲ။ ဒါဟာ တကယ်ကို ကျိုးကြောင်းမမြင်ဘဲ၊ မိုက်မဲတာပါ၊ ပြီးတော့ လုံးဝ ကိုယ့်ကိုယ်ကိုယ် သတိပြုမိခြင်း ကင်းမဲ့တာပဲ။ စစ်မှန်တဲ့ နောင်တရခြင်းက အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းကတစ်ဆင့်ပဲ လာသလို၊ ဘုရားကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်တာက ဘုရားသခင်ရဲ့ ဖြောင့်မတ်တဲ့စိတ်သဘောထားကို သိတာကတစ်ဆင့်ပဲ လာပါတယ်။ အဲဒီအခါမှသာ ဘုရားသခင်ကို ကျွန်တော်တို့ ကိုးကွယ်နာခံနိုင်ပြီး ဘုရားအလိုတော်ကိုလုပ်တဲ့ လူတွေဖြစ်လာနိုင်တယ်။ ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ တရားစီရင်ခြင်းကို ကြုံတွေ့ပြီး သန့်စင်ခံရပြီးမှသာ ဒါကို အမှန်တကယ်သိနိုင်တာပါ။

အခု ကျွန်တော်တို့ဟာ နိုင်ငံတော်ဆီကို ဦးတည်တဲလမ်းကြောင်းဟာ အရမ်းကို ခိုင်လုံတယ်၊ အရမ်းလက်တွေ့ကျတယ်၊ ခွင့်လွှတ်ခံရတာ၊ ကျွန်တော်တို့ကို ချီဆောင်ဖို့အတွက် သခင့်ကို စောင့်နေပြီး ကောင်းကင်ဘုံကို တိုက်ရိုက် ခေါ်ဆောင်ခံရတာသက်သက်မဟုတ်ဘူးဆိုတာ အားလုံး ရှင်းပြီလို့ ထင်ပါတယ်။ အဲဒါက လက်တွေ့မဆန်ပါဘူး။ ကိုယ်ဖြစ်စေချင်တာ သက်သက်ပါပဲ။ ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်ချင်ရင် အရေးကြီးဆုံးက ကျွန်တော်တို့ ဖောက်ပြန်ပျက်စီးခြင်းက သန့်စင်ခံရနိုင်ပြီး ဘုရားအလိုတော်ကို လုပ်နိုင်ဖို့အတွက် အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းကို လက်ခံခြင်းပါပဲ။ ဒါဆိုရင် ကျွန်တော်တို့ဟာ ဘုရားရဲ့ကတိတော်တွေနဲ့ ကောင်းချီးတွေကို ရဖို့ ထိုက်တန်မှာဖြစ်ပြီး သူ့ရဲ့နိုင်ငံတော်ထဲကို ခေါ်ဆောင်ခံရမယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ တရားစီရင်ခြင်းအမှုကို လက်ခံဖို့ ငြင်းဆန်ရင် ကျွန်တော်တို့ဟာ သမ္မာတရားနဲ့ အသက်ကို လုံးဝ ရမှာမဟုတ်ဘူး၊ ဒါမှမဟုတ် ကျွန်တော်တို့ရဲ့ ဖောက်ပြန်ပျက်စီးခြင်းက လုံးဝ သန့်စင်ခံရမှာမဟုတ်ဘူး။ ဒီနည်းနဲ့ ကျွန်တော်တို့ကို ကောင်းကင်ဘုံကို ခေါ်ဆောင်ဖို့ သခင့်ကို တောင့်တနေတာဟာ လူမိုက်အလုပ်ပဲ။ အဲဒီလူတွေဟာ ငိုကြွေးမြည်တမ်းပြီး အံသွားခဲကြိတ်ရင်းနဲ့ ကပ်ဘေးတွေထဲကို ကျရောက်မယ့် မိုက်မဲတဲ့ သတို့သမီးတွေပါပဲ။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံတာက သူ့ရဲ့ ပလ္လင်ရှေ့မှောက်ကို ချီမခံရတာပဲလို့ ဆိုနိုင်ပါတယ်။ ကျွန်တော်တို့ဟာ အဆုံးမှာ ကပ်ဘေးတွေတစ်လျှောက် ဘုရားသခင်ရဲ့ ကာကွယ်စောင့်ရှောက်ခြင်းကို ခံရပြီး သူပြင်ဆင်ထားခဲ့တဲ့ လှပတဲ့ ပန်းတိုင်ကိုဝင်ရနိုင်ဖို့အတွက် သူဖော်ပြတဲ့ သမ္မာတရားတွေနဲ့ သူ့ရဲ့ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းကို လက်ခံရဦးမယ်၊ ဖောက်ပြန်ပျက်စီးခြင်းကိုစွန့်ပစ်ပြီး သန့်စင်ခြင်းခံရဦးမှာပါ။ သမ္မာတရားကို လက်မခံဘဲ အနန္တတန်ခိုးရှင်ဘုရားသခင်ကို လက်ခံတယ်လို့ အပေါ်ယံပြောတာ၊ သူ့ရဲ့ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းကို မနာခံတာက မှန်ကန်တဲ့ ယုံကြည်ခြင်းမဟုတ်ဘူး၊ အဲဒါဟာ သမ္မာတရားကို အမှန်တကယ် ချစ်တဲ့သူတစ်ယောက်ဖြစ်တာ မဟုတ်ဘူး။ သူတို့တွေဟာ အဆုံးမှာ ဖော်ထုတ်ခံရပြီး ဖယ်ရှားခံရမှာပါ။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နောက်ထပ်တစ်ပိုဒ်နဲ့ အဆုံးသတ်လိုက်ရအောင်။ “ခရစ်တော်ပြောဆိုခဲ့သည့် သမ္မာတရားကို အားကိုးခြင်းမရှိဘဲ အသက်ရရှိလိုသူတို့သည် ကမ္ဘာမြေပေါ်တွင် အဓိပ္ပာယ်မရှိဆုံးသော လူများဖြစ်ပြီး၊ ခရစ်တော်ယူဆောင်လာသည့် အသက်၏လမ်းခရီးကို လက်မခံသောသူတို့သည် စိတ်ကူးယဉ်အိပ်မက်ထဲတွင် ပျောက်ဆုံးကြပေသည်။ ထို့ကြောင့် နောက်ဆုံးသောကာလ ခရစ်တော်ကို လက်မခံသူများသည် ဘုရားသခင်၏ စက်ဆုပ်ရွံရှာမှုကို ထာဝရခံရမည်ဟု ငါဆို၏။ ခရစ်တော်သည် နောက်ဆုံးသော ကာလအတွင်းတွင် နိုင်ငံတော်သို့ လူသားဝင်ရောက်ရန် တံခါးပေါက်ဖြစ်ပြီး၊ သူ့ကို ရှောင်ကွင်းသွားနိုင်သူ မည်သူမျှမရှိပေ။ ခရစ်တော်ကို အမှီမပြုလျှင် မည်သူမျှ ဘုရားသခင်၏ စုံလင်စေခြင်းကို မခံရနိုင်ပေ။ သင်သည် ဘုရားသခင်ကို ယုံကြည်သောကြောင့်၊ သူ၏နှုတ်ကပတ်တော်များကို လက်ခံရမည်ဖြစ်ပြီး သူ၏လမ်းခရီးကို နာခံရမည်ဖြစ်သည်။ သမ္မာတရားကို လက်ခံနိုင်စွမ်းမရှိဘဲနှင့် အသက်၏ထောက်ပံ့မှုကို လက်ခံနိုင်စွမ်းမရှိဘဲ၊ ကောင်းချီးမင်္ဂလာ ရရှိရေးကိုသာ သင် စဉ်းစား၍မရပေ။ သူ့ကို စစ်မှန်စွာ ယုံကြည်သူအားလုံးသည် အသက်ဖြင့် ထောက်ပံ့ခံရဖို့အလို့ငှာ၊ ခရစ်တော်သည် နောက်ဆုံးသောကာလအတွင်း ကြွလာခြင်း ဖြစ်သည်။ သူ၏အမှုသည် ခေတ်အဟောင်းကို အဆုံးသတ်ခြင်းနှင့် ခေတ်သစ်တစ်ခုထဲသို့ ဝင်ရောက်ခြင်းအတွက် ဖြစ်ပြီး၊ သူ၏ အမှုသည် ခေတ်အသစ်ထဲသို့ ဝင်ရောက်မည့်သူအားလုံး လျှောက်ရမည့် လမ်းကြောင်းဖြစ်၏။ သင်သည် သူ့ကို အသိအမှတ်ပြုနိုင်စွမ်း မရှိဘဲ၊ ယင်းအစား သူ့ကို ပြစ်တင်ရှုတ်ချပါက၊ ပြစ်မှားစော်ကားပါက၊ သို့မဟုတ် ညှဉ်းပန်းနှိပ်စက်ခြင်းပင် ပြုပါက၊ သင်သည် ထာဝရလောင်ကျွမ်းခံရဖို့ သေချာပြီး၊ ဘုရားသခင်၏ နိုင်ငံတော်ထဲသို့ မည်သည့်အခါမျှ ဝင်ရောက်ရလိမ့်မည် မဟုတ်ပေ။ အကြောင်းမှာ ဤခရစ်တော်ကိုယ်တော်တိုင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဖော်ပြချက်၊ ဘုရားသခင်၏ ဖော်ပြချက်၊ ဘုရားသခင်က ကမ္ဘာမြေကြီးတွင် သူ၏အမှုကို ဆောင်ရွက်ရန် တာဝန်ပေး စေခိုင်းထားသူ ဖြစ်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် နောက်ဆုံးသောကာလ ခရစ်တော် လုပ်ဆောင်ခဲ့သည့် အရာအားလုံးကို သင်လက်မခံနိုင်ပါက၊ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်ကို ပြစ်မှားစော်ကားသည်ဟု ငါပြောရပေသည်။ သန့်ရှင်းသော ဝိညာဉ်တော်ကို ပြစ်မှားစော်ကားသူတို့ ခံရမည့် ပြစ်ဒဏ်ခတ်ခြင်းမှာ အားလုံးအဖို့ ပကတိအတိုင်း ရှင်းနေပြီးဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည်)

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ဘုရားသခင်သည် အဘယ်ကြောင့် အမှုတော် အဆင့်သုံးဆင့် လိုအပ်သနည်း

လွန်ခဲ့တဲ့ အနှစ် ၂၀၀၀တုန်းက လူသားမျိုးနွယ်ကို ကယ်တင်ဖို့ သခင်ယေရှု ပေါ်ထွန်းခဲ့ပြီး ယုဒပြည်မှာ အမှုပြုခဲ့သလို၊ “နောင်တရကြလော့။...

အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်ခြင်းသည် သခင်ယေရှုကို သစ္စာဖောက်ခြင်းဖြစ်ပါသလား

၁၉၉၁ ခုနှစ်ကတည်းက အနန္တတန်ခိုးရှင် ဘုရားသခင်ဆိုတဲ့ နောက်ဆုံးသောကာလရဲ့ ခရစ်တော် ပေါ်ထွန်းခဲ့ပြီး စအမှုပြုတဲ့အပြင် သမ္မာတရားတွေကို...

ဘုရားသခင်သည် သူ၏ နောက်ဆုံးသောကာလ တရားစီရင်ခြင်းအမှုကို ဆောင်ရွက်ရန်အတွက် အဘယ်ကြောင့် လူ့ဇာတိခံယူသနည်း

ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ တရားစီရင်ခြင်းအမှုအကြောင်းကို ကျွန်တော်တို့ သုံးလေးခါလောက် ပြောခဲ့ပြီးပါပြီ။ ဒီတရားစီရင်ခြင်းအမှုကို ဘယ်သူက...

ဘုရားသခင်၏ အသံကို မိတ်ဆွေကြားပြီးပြီလား

မင်္ဂလာပါ၊ ညီအစ်ကိုမောင်နှမတို့၊ ကျွန်မတို့ အတူတကွ စုဝေးရတာ အရမ်းကံကောင်းပါတယ်။ ကျေးဇူးတော်ပါပဲ။ ကျွန်မတို့အားလုံးက ဘုရားနှုတ်ကပတ်တော်ကို...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။