ဘာသာရေးခေါင်းဆောင်များနောက်သို့ လိုက်ခြင်းသည် ဘုရားသခင်နောက်သို့ လိုက်ခြင်းဖြစ်ပါသလား

22.12.2021

လွန်ခဲ့တဲ့ နှစ်နှစ်ထောင်တုန်းက ကျွန်တော်တို့ရဲ့ ကယ်တင်ရှင် သခင်ယေရှုဟာ ရွေးနုတ်ခြင်းအမှုကို ပြုဖို့အတွက် ကြွလာခဲ့ပြီး ဂျူးဘာသာရဲ့ ယဇ်ပုရောဟိတ်မင်းတွေ၊ ကျမ်းပြုဆရာတွေနဲ့ ဖာရိရှဲတွေရဲ့ အရူးအမူးရှုတ်ချခြင်းကို ခံခဲ့ရပါတယ်။ ဂျူးဘာသာဝင်တွေအများစုက ကိုယ့်ဘာသာရေးခေါင်းဆောင်တွေကို ကြည်ညိုကြတာကြောင့် သူတို့လည်း အဲဒီအန္တိခရစ်တွေနဲ့အတူ သခင်ယေရှုကို ရှုတ်ချ၊ ငြင်းပယ်ခဲ့ကြပြီး အဆုံးမှာတော့ သူ့ကို ကားစင်တင်တဲ့နေရာမှာ ကူညီပေးခဲ့ကြတယ်။ ဒါဟာ သိပ်ကြီးတဲ့အပြစ်ဖြစ်လို့ ဘုရားသခင်ရဲ့ စီရင်ခြင်းနဲ့ အပြစ်ဒဏ်ပေးခြင်းခံရပြီးတော့ ဣသရေလနိုင်ငံဟာ နှစ် ၂၀ဝ၀ ကျော် ကံဆိုးမိုးမှောင်ကျသွားခဲ့တယ်။ သခင်ယေရှုဟာ လူ့ဇာတိခံ အနန္တတန်ခိုးရှင် ဘုရားသခင်အဖြစ်နဲ့ နောက်ဆုံးသောကာလမှာ ပြန်ကြွလာပြီး လူသားမျိုးနွယ်ကို အပြည့်အဝ သန့်စင်ကယ်တင်ဖို့အတွက် သမ္မာတရားတွေကို ဖော်ပြနေတယ်၊ တရားစီရင်ခြင်းအမှုကို ပြုနေပါတယ်။ သူဟာ ဘာသာရေးခေါင်းဆောင်တွေရဲ့ ရူးသွပ်တဲ့ ရှုတ်ချခြင်းနဲ့ အာခံခြင်းကိုလည်း ရင်ဆိုင်ရတယ်။ သူတို့ဟာ အသင်းတော်တွေကို ပိတ်ဆို့ထားပြီး ယုံကြည်သူတွေ စစ်မှန်တဲ့လမ်းကို စူးစမ်းကြတာကို ပိတ်ပင်ကြတယ်။ ဒီလိုနဲ့ လူများစွာဟာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက သမ္မာတရားဖြစ်တယ်၊ တန်ခိုးရှိတယ်၊ အာဏာရှိတယ်၊ ဘုရားသခင်ဆီကလာတယ် ဆိုတာကို ရှင်းရှင်းလင်းလင်းမြင်ကြပေမဲ့ ဒါကို လေ့လာဖို့နဲ့ လက်ခံဖို့ ကြောက်လာကြတယ်။ ရလဒ်အနေနဲ့ လူများစွာဟာ သခင့်ကို ကြိုဆိုဖို့ သူတို့အခွင့်အရေးကို ဆုံးရှုံးကြပြီး ကပ်ဘေးတွေထဲကို ကျရောက်ကြတယ်။ သခင့်ကို ကြိုဆိုခြင်းကိစ္စမှာ သူတို့မှားသွားတာက ဘယ်နေရာမှာလဲ။ သူတို့ဟာ ကိုယ့်ဘာသာရေးခေါင်းဆောင်တွေကို ချီးကျူးလွန်းကြတာကြောင့်ပါပဲ။ ဘာသာရေးခေါင်းဆောင်တွေကို ဘုရားက နေရာချထားပေးတာဖြစ်ပြီး ဘုရားက သူတို့ကို အသုံးပြုတယ်၊ သူတို့ကို နာခံတာက ဘုရားကို နာခံတာပဲလို့ ယုံကြည်ကြတယ်။ ဒါကြောင့် သူတို့လို လုံးဝ လိုက်လုပ်ကြတယ်။ သူတို့ရဲ့စကားတွေကို ဘုရားဆီက လာတဲ့ စကားတွေလို နာခံကြတယ်။ သခင်ယေရှုက သူပြန်ကြွလာတဲ့အခါ ဓမ္မဆရာတွေကို သေချာပေါက် အရင်ဆုံးပြောမှာပဲ၊ ဒါကြောင့် သူတို့ဆီကနေ မကြားရတာဟာ ကိုယ်တော်ပြန်ကြွမလာသေးဘူးဆိုတဲ့ သက်သေပဲလို့လည်း လူများစွာက ထင်ကြပါတယ်။ အဲဒီနောက်မှာ သူတို့ဟာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ အမှုတော်ကို လေ့လာစုံစမ်းဖို့ ကြိုးတောင်မကြိုးစားတော့ဘဲ ဘာသာရေးခေါင်းဆောင်တွေနောက်လိုက်ပြီး သူ့ကို ရှုတ်ချကြတယ်။ ဒါကြောင့် ကပ်ဘေးတွေထဲကို ကျရောက်ပြီး ချီဆောင်ခံရဖို့ အခွင့်အရေးကို ဆုံးရှုံးကြရတယ်။ ဒါက ဘယ်သူ့အမှားလဲ။ ရိုးရှင်းတဲ့ အဖြေမရှိပါဘူး။ ရှေးတုန်းက သခင်ယေရှုကို အာခံရှုတ်ချခဲ့တဲ့ ဖာရိရှဲတွေဟာ ဘုရားသခင်ရဲ့ စီရင်ခြင်းကို ခံကြရတယ်။ အခုခေတ် ဘာသာရေးလောကထဲက လူများစွာဟာ သူတို့ဆီကနေ ဒီနာကျင်စရာ သင်ခန်းစာကို မသင်ယူကြပါဘူး။ သူတို့ရဲ့ ဓမ္မဆရာတွေကို မစဉ်းမစား ကိုးကွယ်ကြတာကြောင့် သူတို့တွေနောက်ကိုလိုက်ပြီး ပြန်ကြွလာတဲ့ သခင်ယေရှုကို ရှုတ်ချတယ်။ ဘုရားသခင်ကို ကားတိုင်မှာ နောက်တစ်ခါထပ်ပြီး သံနဲ့ရိုက်ကြတယ်။ ဒါတကယ်ကို စိတ်မကောင်းစရာပါ။ ဒါဆိုရင် ဘာသာရေးခေါင်းဆောင်တွေကို တကယ်ပဲ ဘုရားသခင်က နေရာချထားပေးတာလား။ သူတို့ကို နာခံတာက ဘုရားသခင်နောက်လိုက်တာနဲ့ အတူတူပဲလား။ ဒါကို နားလည်ရှင်းလင်းဖို့ဟာ အရေးကြီးကိစ္စတစ်ခုပါ။

ပုပ်ရဟန်းမင်းကြီး၊ ဂိုဏ်းအုပ်၊ သင်းအုပ်ဆရာနဲ့ အကြီးအကဲတွေလိုမျိုး ဘာသာရေးခေါင်းဆောင်တွေ၊ ဓမ္မဆရာတွေကို သခင်ယေရှုက ခန့်ထားပြီး အသုံးပြုတယ်၊ သူတို့မှာ ယုံကြည်သူတွေကို ဦးဆောင်ဖို့ အာဏာရှိတယ်၊ ဒါကြောင့် သူတို့ကို နာခံတာက ဘုရားသခင်ကို နာခံတာပဲလို့ ယုံကြည်သူများစွာက ထင်ကြပါတယ်။ ဒီယုံကြည်မှုရဲ့ အခြေပြုချက်က ဘာလဲ။ ဘာသာရေးခေါင်းဆောင်တွေအားလုံးကို ဘုရားသခင်က နေရာချထားပေးတယ်လို့ သခင်ယေရှုက ပြောခဲ့ဖူးသလား။ လုံးဝ မပြောခဲ့ပါဘူး။ သူတို့မှာ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ သက်သေခံချက်၊ ဒါမှမဟုတ် ဝိညာဉ်တော်အလုပ်ရဲ့ သက်သေရှိသလား။ မရှိပါဘူး။ ဒါဟာ ဒီအယူအဆက လူသားအယူအဆသက်သက်ဖြစ်တယ် ဆိုတဲ့သဘောပါပဲ။ စဉ်းစားကြည့်ရအောင်။ ဘာသာရေးခေါင်းဆောင်တွေအားလုံးကို ဘုရားသခင်က နေရာချထားပေးတယ်ဆိုတဲ့ ဒီလူ့အယူအဆအရ သခင်ယေရှုကို အာခံရှုတ်ချခဲ့တဲ့ ဂျူးယဇ်ပုရောဟိတ်မင်းတွေ၊ ကျမ်းပြုဆရာတွေ၊ ဖာရိရှဲတွေနဲ့ ပတ်သက်ပြီးတော့ရော ဒါက မှန်ကန်နိုင်သလား။ သူတို့နောက်ကိုလိုက်ပြီး သခင်ယေရှုကို ကားစင်တင်တာကလည်း ဘုရားသခင်ကို နာခံတာပဲလား။ ဒါဟာ ဓမ္မဆရာတွေကို ဆက်ဆံဖို့ အဓိပ္ပာယ်မရှိတဲ့နည်းတစ်ခုဆိုတာ ရှင်းပါတယ်။ ဘုရားသခင်ဟာ ခေတ်တိုင်းမှာ သူ့ရဲ့အမှုတော်ကို ကူညီဖို့အတွက် လူတွေကို ခန့်တယ်ဆိုတာ ကျမ်းစာကနေလည်း ကျွန်တော်တို့ မြင်နိုင်ပါတယ်။ ဒီလူတွေအားလုံးကို ဘုရားသခင်ကိုယ်တိုင်က ခေါ်ယူပြီး သက်သေခံပေးခဲ့တာပါ။ ဒါကို ဘုရားနှုတ်ကပတ်တော်က ပြပါတယ်။ သူတို့တွေကို တခြားလူသားတွေက လုံးဝ ခန့်အပ်တာမဟုတ်ဘူး။ လူသားတွေက လေ့ကျင့်ပေးတာမဟုတ်ပါဘူး။ အဲဂုတ္တုပြည်ကနေ ဣသရေလတွေကို ဦးဆောင်ခေါ်ထုတ်ဖို့ မောရှေကို ဘုရားသခင်အသုံးပြုခဲ့တဲ့ ပညတ်တော်ခေတ်ကို စဉ်းစားကြည့်ပါ။ ဒါကို ယေဟောဝါဘုရားသခင်ကိုယ်တိုင်ရဲ့ နှုတ်ကပတ်တော်တွေက သက်သေခံခဲ့ပါတယ်။ ယေဟောဝါဘုရားသခင်က မောရှေကိုပြောတယ်။ “ယခုတွင်လည်း ဣသရေလအမျိုးသားတို့ ငိုကြွေးသောအသံသည် ငါ့ထံသို့ တက်ရောက်၍၊ သူတို့ကို အဲဂုတ္တုလူတို့သည် ညှဉ်းဆဲခြင်းအမှုကိုလည်း ငါမြင်ရပြီ။ ထိုကြောင့် ယခုသွားလော့။ သင်သည် ငါ၏လူ ဣသရေလအမျိုးသားတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင် မည်အကြောင်း၊ သင့်ကိုဖါရောဘုရင်ထံသို့ ငါစေလွှတ်မည်ဟု မိန့်တော်မူ၏။(ထွက်မြောက်ရာကျမ်း ၃:၉-၁၀) ကျေးဇူးတော်ခေတ်မှာ သခင်ယေရှုဟာ အသင်းတော်တွေကို ထိန်းကျောင်းဖို့အတွက် ပေတရုကို အသုံးပြုခဲ့ပြီး ပေတရုကိုလည်း သူသက်သေခံခဲ့ပါတယ်။ သခင်ယေရှုက ပေတရုကိုပြောတယ်။ “ယောန၏သားရှိမုန်၊ သင်သည် ငါ့ကိုချစ်သလော...ငါ၏သိုးတို့ကိုကျွေးမွေးလော့။(ရှင်ယောဟန်ခရစ်ဝင် ၂၁:၁၇)ငါဆိုသည်ကား၊ သင်သည် ပေတရုဖြစ်၏။ ဤကျောက်ပေါ်မှာ ငါ့အသင်းကို ငါတည်ဆောက်မည်။ ထိုအသင်းကို မရဏာနိုင်ငံ၏တံခါးတို့သည် မနိုင်ရာ။ ကောင်းကင်နိုင်ငံတော်၏ သော့တို့ကိုလည်း သင့်အားငါပေးမည်။ သင်သည်မြေကြီးပေါ်မှာ ချည် နှောင်သမျှသည် ကောင်းကင်ဘုံ၌ချည်နှောင်လျက်ရှိလိမ့်မည်။ မြေကြီးပေါ်မှာ ဖြည်လွှတ်သမျှသည် ကောင်း ကင်ဘုံ၌ ဖြည်လွှတ်လျက်ရှိလိမ့်မည်ဟု မိန့်တော်မူပြီးလျှင်။(ရှင်မဿဲခရစ်ဝင် ၁၆:၁၈-၁၉) ဘုရားသခင်ဟာ ခေတ်တစ်ခုစီမှာ သူအသုံးပြုတဲ့လူတွေကို နေရာချထားပြီး သက်သေခံပါတယ်။ ဒါကို သန့်ရှင်းသောဝိညာဉ်တော်ရဲ့အလုပ်က အတည်ပြုပါတယ်။ ပညတ်တော်ခေတ်နဲ့ ကျေးဇူးတော်ခေတ်မှာ တစ်ခါတလေ ဘုရားအသုံးပြုတဲ့သူတွေကို ဘုရားကိုယ်တိုင် တည်ထောင်ပြီး သက်သေခံပေးခဲ့တယ်။ တစ်ခါတလေမှာ သူက တခြားနည်းလမ်းတွေကို အသုံးပြုပါတယ်။ သူတိုက်ရိုက်မခန့်အပ်ဘူးဆိုရင် ပရောဖက်တွေကနေတစ်ဆင့် ဒါကို သူထုတ်ဖော်ပြတယ်။ ဒါမှမဟုတ် သန့်ရှင်းသောဝိညာဉ်တော်ရဲ့အလုပ် သက်သေရှိခဲ့ပါတယ်။ ဒါကို ငြင်းလို့မရပါဘူး။ ဒီနေ့ ဘာသာရေးလောကမှာ ပုပ်ရဟန်းမင်းကြီး၊ ဂိုဏ်းအုပ်၊ ဘုန်းကြီး၊ သင်းအုပ်ဆရာနဲ့ အကြီးအကဲတွေမှာရှိတဲ့ ရာထူးတွေကို ဘယ်သူက ပေးခဲ့တာလဲ။ ဘုရားနှုတ်ကပတ်တော်သက်သေ၊ ဒါမှမဟုတ် သန့်ရှင်းသောဝိညာဉ်တော်ရဲ့အလုပ် သက်သေရှိသလား။ ဝိညာဉ်တော်က သူတို့ကို သက်သေခံပြီးပြီလား။ လုံးဝ မဟုတ်ပါဘူး။ အမှန်တကယ်တော့ အသင်းတော်တွေအတွင်းမှာရှိတဲ့ အဲဒီ ဘာသာရေးခေါင်းဆောင်တွေအားလုံးက အများအားဖြင့် ကျမ်းစာကျောင်းတွေနဲ့ ဓမ္မပညာကျောင်းတွေကနေ ဘွဲ့ရထားပြီး ဓမ္မပညာဘွဲ့တွေ ရှိကြတယ်။ သူတို့မှာ ဒီပလိုမာရှိတော့ ယုံကြည်သူတွေကို ဦးဆောင်ဖို့ အသင်းတော်တွေမှာ ချထားခံရတာပါ။ တချို့က ဆုကျေးဇူးရှိပြီး စကားပြောကောင်းတယ်။ သူတို့အလုပ်ကို ကောင်းကောင်းသင်ယူတယ်။ ဒါကြောင့် သူတို့ကို အထက်ပိုင်းခေါင်းဆောင်တွေက ခန့်ထားတယ်။ ထောက်ခံတယ်။ သူတို့ရာထူးတွေ တက်ကြတယ်။ ဘာသာရေးလောကရဲ့ ဓမ္မဆရာအားလုံးနီးပါးက သူတို့ရာထူးကို ဒီနည်းနဲ့ရကြတယ်။ ဒါပေမဲ့ အများစုမှာ သန့်ရှင်းသောဝိညာဉ်တော်ရဲ့အလုပ် မရှိကြဘူး။ သူတို့ထဲက လူနည်းစုမှာ ဝိညာဉ်တော်ရဲ့အလုပ်နည်းနည်းရှိနိုင်တယ်။ ဒါပေမဲ့ ဝိညာဉ်တော်ရဲ့ သက်သေခံချက်မရှိကြဘူး။ ဒါကြောင့် သူတို့တွေဟာ ဘုရားသခင် သက်သေခံတဲ့၊ အသုံးပြုတဲ့လူတွေ မဟုတ်ဘူးဆိုတာ သေချာသိနိုင်ပါတယ်။ သူတို့ကို တခြားလူတွေက မြေတောက်မြှောက်ပေးပြီး ရွေးချယ်ထားတာ သိပ်ရှင်းပါတယ်။ ဒါဆိုရင် သူတို့ကို ဘုရားသခင်က နေရာချထားတယ်လို့ ဘာကြောင့် မလျှော့တမ်းပြောတာလဲ။ ဒါက အချက်အလက်တွေနဲ့ မဆန့်ကျင်နေဘူးလား။ ဒါဟာ သူတို့ကိုယ်သူတို့ ပြောင်ပြောင်တင်းတင်းလိမ်ပြီး သက်သေခံနေတာမဟုတ်ဘူးလား။ ဒါရဲ့ အကျိုးဆက်က ဘာဖြစ်မလဲ။ ဒါဟာ ယုံကြည်သူတွေကို လှည့်စားပြီး ထိခိုက်စေတာမဟုတ်ဘူးလား။ တချို့ဘာသာရေးခေါင်းဆောင်တွေက ပေတရုအပေါ် သခင်ယေရှုချပေးခဲ့တဲ့ အာဏာက ပုပ်ရဟန်းမင်းကြီးကို လွှဲပြောင်းပေးလိုက်တာ၊ ဒါကြောင့် ပုပ်ရဟန်းမင်းကြီးကို ဘုရားက အာဏာပေးထားတာဖြစ်ပြီး သခင်ယေရှုကို သူကိုယ်စားပြုနိုင်တယ်၊ ဘုန်းတော်ကြီးတွေက ပုပ်ရဟန်းမင်းကြီးကို နာခံတာကြောင့် သူတို့ကိုလည်း ဘုရားက အာဏာပေးအပ်ထားတယ်၊ ဒါကြောင့် သူတို့က အပြစ်ကို ခွင့်လွှတ်နိုင်တယ်ဆိုပြီး အရှက်မရှိပြောဆိုဖို့အတွက် ပေတရုကို ခေါ်ဆိုထားတဲ့ သခင်ယေရှုရဲ့ စကားတွေကိုတောင် ကိုးကားကြတယ်။ ဒါက ရယ်စရာမကောင်းဘူးလား။ သခင်ယေရှုက သူအပ်နှင်းပေးထားတဲ့ အာဏာကို ဓမ္မဆရာတွေဆီ လက်ဆင့်ကမ်းပေးဖို့ ပေတရုကို ပြောခဲ့ဖူးသလား။ သခင်ယေရှုက ဒီလို လုံးဝ မပြောခဲ့ပါဘူး။ ပေတရုက ဒီလိုမျိုး အသိပေးခဲ့ဖူးသလား။ လုံးဝ မပေးခဲ့ပါဘူး။ ကျမ်းစာမှာ ဒီလိုအရာမျိုး ရေးမထားပါဘူး။ အဲဒီအချိန်မှာတုန်းက ပုပ်ရဟန်းမင်းကြီးတို့၊ ဘုန်းတော်ကြီးတို့မရှိတာကလည်း အမှန်တရားတစ်ခုပါ။ ဒါကြောင့် ဘုရားက အာဏာပေးထားပြီး သခင်ယေရှုကို ကိုယ်စားပြုနိုင်တယ်လို့ ပြောဆိုတဲ့ အဲဒီဘာသာရေးခေါင်းဆောင်တွေက ဘုရားအယောင်ဆောင်နေပြီး လူတွေကို လှည့်စားနေတာမဟုတ်ဘူးလား။ သူတို့ကို နာခံပြီး ဦးညွှတ်နေတဲ့သူတွေက ရုပ်တုဆင်းတုကို ကိုးကွယ်နေတာမဟုတ်ဘူးလား။ ဒါဟာ ဘုရားကို ဆန့်ကျင်ပြီး အလုပ်လုပ်နေတာမဟုတ်ဘူးလား။ လူတော်တော်များများက ဒါကို နားမလည်ကြဘူး။ သူတို့ခေါင်းဆောင်တွေကို ဘုရားသခင်က နေရာချထားပေးတယ်လို့ ထင်ပြီး မမြင်မကန်းနဲ့ ဆက်ပြီး ကိုးကွယ်နေကြတယ်။ ဒါက ဘယ်လောက်မိုက်မဲပြီး ပညာမဲ့ရာကျပုံကို မြင်နိုင်ပါသလား။ ဒါဟာ ရုပ်တုဆင်းတုကို ကိုးကွယ်နေတဲ့ မယုံကြည်သူတွေနဲ့ ဘယ်လိုကွာခြားဦးမှာလဲ။ ကိုယ်က ယုံကြည်သူဖြစ်ပေမဲ့ ဘုရားနှုတ်ကပတ်တော်ကို မနာခံဘူးဆိုရင် ကိုယ့်အပြစ်တွေကို ဝန်ချဖို့အတွက် တခြားလူတွေကို ဘုရားလိုမျိုး ကိုးကွယ်ပြီး သူတို့ရှေ့မှာ ဒူးထောက်နေရင် ဘုရားကို မလေးမစားလုပ်ပြီး စော်ကားနေတာမဟုတ်ဘူးလား။ ဒီလို မိုက်မဲစွာလုပ်တဲ့သူတွေဟာ ဘုရားရဲ့ ကယ်တင်ခြင်းကို ခံရနိုင်ပါ့မလား။ မခံရဖို့ များပါတယ်။ ဒီလို မိုက်မဲစွာလုပ်ဆောင်သူတွေဟာ ဘုရားသခင်ရဲ့ လက်ခံမှုကို မရနိုင်ဘူး။

ဘုရားသခင်က လူတစ်ယောက်ကို ခန့်အပ်တာဟာ သာမန်မဟုတ်ဘူး၊ ထင်သလိုလုပ်တာ မဟုတ်ဘူးဆိုတာ ရှင်းလင်းဖို့ လိုပါတယ်။ သက်သေရှိရပါမယ်။ မောရှေကို ဘုရားသခင်ခန့်အပ်တဲ့ သက်သေရှိပါတယ်။ အနည်းဆုံးတော့ ဣသရေလတွေက ဒါကို သိခဲ့တယ်။ ပေတရုကို သခင်ယေရှုခန့်အပ်ခြင်းကလည်း စစ်မှန်တယ်။ ဒါကို တမန်တော်တွေက သိကြတယ်။ ဒါကြောင့် ဘုရားသခင်က လူတစ်ယောက်ကို နေရာချထားပေးတယ်ဆိုတဲ့ အဆိုက မှန်ကန်တဲ့ အခြေပြုချက်လိုပါတယ်။ ဒါကို ဘယ်လူသားကမှ ကိုယ်ထင်သလို မပြောဆိုနိုင်ပါဘူး။ ဘုရားသခင်က နေရာချထားတဲ့ ဘယ်သူမဆို သန့်ရှင်းသောဝိညာဉ်တော်ရဲ့ လမ်းပြမှုနဲ့ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ အတည်ပြုမှု ရှိလိမ့်မယ်ဆိုတာကိုလည်း ကျွန်တော်တို့ မြင်နိုင်ပါတယ်။ သူတို့ရဲ့အလုပ်က ဘုရားအလိုတော်ကို ဆောင်ရွက်နိုင်ပြီး သိပ်ရှင်းလင်းတဲ့ ရလဒ်တွေကို ရပါလိမ့်မယ်။ ဘုရားသခင်ရဲ့ စေခိုင်းချက်ကို သူတို့ ဆောင်ရွက်နိုင်တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်က ဘာပြောထားသလဲဆိုတာ ကြည့်ရအောင်။ “သူ၏ အလုပ် အနှစ်သာရနှင့် သူ၏အသုံးပြုခံရခြင်း နောက်ခံအရ၊ ဘုရားသခင်၏ အသုံးပြုခြင်းကို ခံရသောလူသည် ဘုရားသခင်၏ ပျိုးထောင်ပေးခြင်း ခံရပေသည်၊ ဘုရား၏အမှုအတွက် ဘုရားသခင်က သူ့ကို ပြင်ဆင်ထားခြင်း ဖြစ်ပြီး၊ သူသည် ဘုရားသခင် ကိုယ်တော်တိုင်၏ အမှုတွင် ပူးပေါင်းလုပ်ဆောင်လေသည်။ မည်သူမျှ သူ၏ကိုယ်စား သူ၏အလုပ်ကို လုံးဝ မလုပ်ဆောင်နိုင်ပေ- ဤသည်မှာ ဘုရားသခင်၏ အမှုနှင့်အတူ မရှိမဖြစ်သော လူသားပူးပေါင်းဆောင်ရွက်မှု ဖြစ်သည်။ ထိုစဉ်အတောအတွင်းတွင် အခြားအမှုတော်ဆောင်များ သို့မဟုတ် တမန်တော်များက ဆောင်ရွက်သည့် အလုပ်မှာ ခေတ်အသီးသီးအတွင်း အသင်းတော်များအတွက် အစီအစဉ်များနှင့်ဆိုင်သည့် ရှုထောင့်များစွာကို ပို့ဆောင်ပေးခြင်းနှင့် အကောင်အထည်ဖော်ခြင်းသာ ဖြစ်သည်၊ သို့မဟုတ်ပါက အသင်းတော်အသက်တာကို ထိန်းသိမ်းရန်အလို့ငှာ အသက်တာကို အချို့သော ရိုးရှင်းသည့် ထောက်ပံ့ခြင်း အလုပ်သာဖြစ်သည်။ ဤအမှုတော်ဆောင်များနှင့် တမန်တော်များကို သန့်ရှင်းသော ဝိညာဉ်တော်၏ အသုံးပြုခြင်းခံရသူများဟု ခေါ်ဆိုနိုင်ဖို့မဆိုထားနှင့်၊ ဘုရားသခင်၏ ခန့်အပ်ထားခြင်းပင် မဟုတ်ကြချေ။ ၎င်းတို့ကို အသင်းတော်များထဲမှ ရွေးချယ်ထားခြင်း ဖြစ်သည်၊ အချိန်ကာလတစ်ခုကြာ လေ့ကျင့်ပေးပြီး ပြုစုပျိုးထောင်ပေးပြီးသည့်နောက်၊ အံဝင်သူများသည် ဆက်လက် ထိန်းသိမ်းခံရကြပြီး၊ အံမဝင်သူများမှာ ၎င်းတို့လာခဲ့ကြသည့် အရပ်ဆီသို့ ပြန်စေလွှတ်ခြင်းခံရသည်။ ဤလူတို့ကို အသင်းတော်များထဲမှ ရွေးချယ်ထားခြင်း ဖြစ်သောကြောင့်၊ အချို့သည် ခေါင်းဆောင်များ ဖြစ်လာပြီးနောက်တွင် ၎င်းတို့၏စရိုက်အမှန်များကို ပြသကြပြီး၊ အချို့မှာ မကောင်းသောအရာ များစွာကိုပင် လုပ်ဆောင်ကြကာ သုတ်သင်ဖယ်ရှင်းခံရခြင်းဖြင့် အဆုံးသတ်ကြလေသည်။ သို့သော်ငြားလည်း ဘုရားသခင်၏ အသုံးပြုခြင်းကို ခံရသည့် လူမှာ၊ ဘုရားသခင်၏ ပြင်ဆင်ပေးခြင်း ခံရပြီးဖြစ်သူနှင့် အရည်အချင်းအချို့ ပိုင်ဆိုင်ပြီး လူ့သဘာဝရှိသောသူ တစ်ဦး ဖြစ်သည်။ သူသည် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ကြိုတင် ပြင်ဆင်ပေးခြင်းခံပြီး စုံလင်စေခြင်းခံရပြီး ဖြစ်ကာ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် လုံးဝ ဦးဆောင်ခြင်းခံရလေသည်၊ အထူးသဖြင့် သူ၏အလုပ်နှင့် ပတ်သက်လာသည့်အခါ၊ သူသည် သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းညွှန်ပေးခြင်းနှင့် ကွပ်ကဲခြင်းကို ခံရသည်- ဤအရာ၏ အကျိုးဆက်အနေဖြင့်၊ ဘုရားသခင်သည် သူကိုယ်တိုင်၏ အမှုအတွက် ဧကန်မုချ တာဝန်ယူပြီး၊ သူကိုယ်တိုင်၏ အမှုကို အချိန်တိုင်း လုပ်ဆောင်သည့်အတွက်၊ ဘုရားသခင် ရွေးချယ်ထားသူများကို ဦးဆောင်ခြင်းလမ်းကြောင်းပေါ်တွင် သွေဖည်မှုမရှိပေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူသားကို ဘုရားသခင်၏ အသုံးပြုခြင်းနှင့် စပ်လျဉ်း၍)

ဘုရားသခင်ဟာ သူ့အမှုတော်အတွက် သူခန့်အပ်ပြီး အသုံးပြုတဲ့သူတွေကို အစောကြီးကတည်းက ကြိုတင်ပြင်ဆင်တယ်၊ ဘုရားသခင်ရွေးချယ်ထားတဲ့လူတွေကို ဦးဆောင်ဖို့ ဘုရားသခင်က မြှင့်တင်ပေးတာဟာ သူတို့တွေဖြစ်တယ်ဆိုတာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက ပြပါတယ်။ သူတို့ရဲ့အလုပ်နဲ့ တရားဒေသနာတွေဟာ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ ပံ့ပိုးမှုနဲ့ လမ်းပြမှုကတစ်ဆင့် လုံးဝဖြစ်ပြီး ဘုရားသခင်ကိုယ်တော်တိုင် ခန့်အပ်ထားခြင်းမရှိတဲ့ ဘယ်သူမဆို သူတို့ကို လုံးဝ အစားမထိုးနိုင်ပါဘူး။ ပညတ်တော်ခေတ်က မောရှေနဲ့ ကျေးဇူးတော်ခေတ်က ပေတရုတို့ဟာ ဘုရားရွေးချယ်ထားတဲ့လူတွေကို ဦးဆောင်ဖို့အတွက် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်နဲ့ တောင်းဆိုချက်တွေကို တစ်သဝေမတိမ်း လိုက်နာခဲ့တယ်။ ဘုရားသခင်က အလှည့်အပြောင်းတစ်ခုစီတိုင်းမှာ သူတို့ကို လမ်းပြရင်းနဲ့ သူတို့နဲ့အတူ အမြဲရှိနေခဲ့တယ်။ ဘုရားသခင်က ဘယ်တော့မှ လူမှားပြီး မသုံးဘူး။ သူ့ကိုဆန့်ကျင်ပြီးလုပ်သူကို မသုံးဘူး။ သူ့ရဲ့ကိုယ်ပိုင်အလုပ်အတွက် သူက အမြဲတမ်း တာဝန်ယူတယ်။ ဘုရားသခင်အသုံးပြုတဲ့သူတွေဟာ ဘုရားသခင်ရွေးချယ်ထားတဲ့လူတွေကို ဘုရားရဲ့ မိန့်မြွက်ချက်တွေ၊ ဘုရားအလိုတော်နဲ့ တောင်းဆိုချက်တွေကို နားလည်အောင်ကူညီပေးဖို့ သူတို့ရဲ့အလုပ်နဲ့ စကားတွေမှာ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ ဉာဏ်အလင်းဖွင့်ပြမှုကို အဆက်မပြတ်ခံရပြီး ဘုရားနှုတ်ကပတ်တော်အပေါ် နားလည်မှုစစ်စစ်ကို မျှဝေနိုင်တယ်။ သူတို့ဟာ ဘုရားသခင်ရွေးချယ်ထားတဲ့လူတွေကို ဘုရားနှုတ်ကပတ်တော်ရဲ့ လက်တွေ့အရှိတရားနဲ့ သူတို့ယုံကြည်ခြင်းမှာ မှန်ကန်တဲ့လမ်းကြောင်းကို ဝင်ရောက်ခြင်းနဲ့ပတ်သက်တဲ့ သူတို့ရဲ့ လက်တွေ့အခက်အခဲတွေအပေါ်မှာ ကူညီဖို့အတွက် သမ္မာတရားကို အမြဲတမ်းအသုံးပြုနိုင်ကြတယ်။ ဘုရားသခင်ရွေးချယ်ထားတဲ့လူတွေဟာ ဘုရားအသုံးပြုသူတွေရဲ့ ထိန်းကျောင်းမှုကို လက်ခံပြီး နာခံတဲ့အခါမှာ သူတို့အသက်တာတွေအတွက် စစ်မှန်တဲ့ အာဟာရကို ရရှိနိုင်ကြတယ်။ သမ္မာတရားအပေါ် နားလည်မှုကို တဖြည်းဖြည်းပိုပြီး ရနိုင်တယ်။ ဘုရားသခင်ရဲ့ အမှုတော်နဲ့ စိတ်သဘောထားကို ပိုသိနိုင်တယ်။ ဘုရားသခင်အပေါ် သူတို့ရဲ့ ယုံကြည်ခြင်းနဲ့ ချစ်ခြင်းကို တိုးချဲ့နိုင်ကြတယ်။ ဒါကြောင့် ဒီလူတွေကို ဘုရားသခင်က နေရာချထားပေးပြီး ဘုရားသခင်ရဲ့ စိတ်နှလုံးနဲ့ ညီညွတ်တယ်ဆိုတာကို သူတို့စိတ်နှလုံးထဲမှာသိတဲ့ ဘုရားသခင်ရွေးချယ်ထားတဲ့လူတွေရဲ့ ပံ့ပိုးမှုကို သူတို့ခံရပါတယ်။ ကျွန်တော်တို့ဟာ သူတို့ရဲ့ ခေါင်းဆောင်မှုကို လက်ခံပြီး နာခံတဲ့အခါမှာ ဒါဟာ ဘုရားသခင်နောက်လိုက်ခြင်း၊ နာခံခြင်းဖြစ်ပြီး ဘုရားအလိုတော်နဲ့ ကိုက်ညီပါတယ်။ ဘုရားသခင်အသုံးပြုတဲ့သူတွေဟာ ဘုရားရွေးချယ်ထားသူတွေ ဘုရားရဲ့အမှုကို တွေ့ကြုံပြီး ဘုရားနောက်လိုက်ဖို့အတွက် ဦးဆောင်ပေးဖို့ နေရာချထားပေးတာပါ။ သူတို့ရဲ့ အလုပ်နဲ့ တရားဒေသနာတွေဟာ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ ဦးဆောင်မှုနဲ့ ဉာဏ်အလင်းဖွင့်ပြမှုဆီက လုံးဝလာပါတယ်။ သူတို့ရဲ့ ဦးဆောင်မှုကို လက်ခံခြင်း၊ နာခံခြင်းက ဘုရားသခင်ကို အမှန်တကယ် နာခံခြင်းပါပဲ။ သူတို့ကို အာခံတာဟာ ဘုရားသခင်ကို အာခံခြင်းဖြစ်ပြီး ရလဒ်အဖြစ် ဘုရားသခင်ရဲ့ ဖော်ထုတ်ခြင်း၊ ဖယ်ရှားခြင်းကို ခံရပါမယ်။ စီရင်ခံရပြီး အပြစ်ဒဏ်တောင် ပေးခံရနိုင်ပါတယ်။ မောရှေက ဣသရေလတွေကို အဲဂုတ္တုပြည်ကနေ ခေါ်ထုတ်တုန်းကလိုပေါ့။ သူ့ကို ဆန့်ကျင်တိုက်ခိုက်ကြတဲ့ ကောရနဲ့ ဒါသန်အဖွဲ့က ဘုရားရဲ့ အပြစ်ဒဏ်ပေးခြင်းခံရတယ်။ ဒါက ရှင်းလင်းတဲ့ အမှန်တရားတစ်ခုပါ။

အခုခေတ် ဘာသာရေးခေါင်းဆောင်တွေကို ကြည့်ကြည့်ရအောင်။ ကက်သလစ်ဝါဒမှာရှိတဲ့ ပုပ်ရဟန်းမင်းကြီး၊ ဂိုဏ်းအုပ်ပ်နဲ့ ဘုန်းတော်ကြီးတွေ၊ ခရစ်ယာန်ဝါဒမှာရှိတဲ့ သင်းအုပ်ဆရာ၊ အကြီးအကဲတွေနဲ့ တခြားဓမ္မဆရာတွေပေါ့။ သူတို့ကို ဘုရားသခင်က နေရာချထားပေးတာလား။ ဘုရားသခင်က သူတို့ကို ထောက်ခံပြောဆိုခဲ့သလား။ သူတို့မှာ သန့်ရှင်းသောဝိညာဉ်တော်အလုပ်ရဲ့ သက်သေရှိသလား။ သူတို့အလုပ် အသီးအပွင့်တွေရဲ့ သက်သေရှိသလား။ ဒါတွေ တစ်ခုမှမရှိပါဘူး။ ဒါက သူတို့ကို လူသားတွေက ရွေးထားပြီး ဘုရားသခင်က ခန့်အပ်ထားတာ မဟုတ်ဘူးဆိုတာ သက်သေပြပါတယ်။ သူတို့တွေကို ကျမ်းစာကျောင်းတွေထဲမှာ မြေတောင်မြှောက်ပေးပြီး တရားဝင် ဘာသာရေးအဖွဲ့အစည်းတွေက ခန့်အပ်တယ်ဆိုတာ ကျွန်တော်တို့ သိတဲ့အတွက် တော်တော်သတိထားရမယ်ဆိုတာ ကျွန်တော်တို့သိပါတယ်။ သူတို့အများစုက သမ္မာတရားကို မယုံကြည်ကြဘူး။ ဘုရားသခင်အပေါ် စစ်မှန်တဲ့ယုံကြည်ခြင်းမရှိဘူး။ သူတို့က ဓမ္မပညာကို ယုံကြတယ်။ သူတို့ရဲ့ နေရာနဲ့ ရာထူးကို ယုံတယ်။ သူတို့လုပ်တဲ့ အသက်မွေးမှုကို ယုံကြတယ်။ သူတို့ရဲ့ ကျမ်းစာအသိပညာက ဘယ်လောက်မြင့်ပါစေ၊ သူတို့တရားဒေသနာတွေက ဘယ်လောက်ကောင်းပါစေ သူတို့မှာ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ အလုပ်နဲ့ လမ်းပြမှုမရှိဘူး။ ဝိညာဉ်တော်ရဲ့ ဉာဏ်အလင်းဖွင့်ပြမှုမရှိဘူး။ ဒါဟာ သူတို့က အယောင်ဆောင် သိုးထိန်းတွေဖြစ်တယ်၊ မယုံကြည်သူတွေဖြစ်တယ်၊ ဘုရားသခင်က သူတို့ကို အသိအမှတ်မပြုဘူးဆိုတာ ပြနေပါတယ်။ ဒါကြောင့် သူတို့ကို ကိုးကွယ်နာခံနေတာက အရမ်းကို မမိုက်မဲဘူးလား။ သူတို့မှာ ဘုရားနှုတ်ပတ်တော်ရဲ့ သက်သေခံချက်နဲ့ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ သက်သေကင်းမဲ့နေတာအပြင် သူတို့ရဲ့အရှိကို အရှိအတိုင်းမြင်အောင် ကူညီပေးနိုင်တဲ့ အရေးပါတဲ့ သက်သေအပိုင်းအစတစ်ခုရှိပါတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ လူတွေက သမ္မာတရားကို ချစ်သလား၊ မချစ်ဘူးလား၊ သမ္မာတရားကို အသိအမှတ်ပြုသလား၊ မပြုဘူးလား၊ သမ္မာတရားကို လက်ခံသလား၊ လက်မခံဘူးလား၊ သမ္မာတရားကို မုန်းတီးပြီး ငြင်းဆန်သလားဆိုတဲ့ လူတွေရဲ့ တကယ့်သရုပ်မှန်ကို ပွင့်ပွင့်လင်းလင်း ဖွင့်ပြရင်းနဲ့ သမ္မာတရားများစွာကို ဖော်ပြပြီးပါပြီ။ အားလုံးကို ထုတ်ဖော်ထားပါတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက သမ္မာတရားတွေဖြစ်တာ၊ သူဟာ ဇာတိခန္ဓာနဲ့ ဘုရားသခင်ဖြစ်တာကို အသိအမှတ်ပြုသူတွေဟာ သမ္မာတရားကို ချစ်ပြီး ဘုရားသခင်ရဲ့ လက်ခံမှုကို ရတဲ့သူတွေဖြစ်ပါတယ်။ သူတို့တွေက ဘုရားအသံတော်ကိုကြားပြီး သူ့ပလ္လင်ရှေ့ကို ချီဆောင်ခံရတဲ့ ပညာသတိရှိတဲ့ သတို့သမီးတွေဖြစ်တယ်။ လူတစ်ယောက်က အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ သမ္မာတရားများစွာကို ဖော်ပြပြီးတာကို မြင်ပေမဲ့ ဘုရားသခင်ရဲ့ ပေါ်ထွန်းခြင်းနဲ့ အမှုတော်ကို ဆက်ပြီး ဆန့်ကျင်နေတယ်၊ ရှုတ်ချနေတယ်၊ ငြင်းဆန်နေတယ်ဆိုရင် ဒါဟာ သမ္မာတရားကို သူတို့မုန်းတီးတယ်၊ သူတို့ဟာ ဘုရားကို အာခံရှုတ်ချတဲ့ အန္တိခရစ်တွေဖြစ်တယ်ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။ သူတို့ဟာ ကပ်ဘေးတွေထဲကို ကျရောက်နှင့်ပြီးဖြစ်ပြီးတော့ ဘုရားရဲ့ အပြစ်ဒဏ်ပေးခြင်းကို သေချာပေါက် ခံရပါတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ဆန့်ကျင်ပြီး အလုပ်လုပ်နေတဲ့သူတွေက ကက်သလစ်နဲ့ ခရစ်ယာန်ခေါင်းဆောင်တွေတင်မဟုတ်ဘဲ ဂိုဏ်းဂဏပေါင်းစုံက ခေါင်းဆောင်တွေနဲ့ ပုဂ္ဂိုလ်တွေပါ ပါတယ်။ ခြွင်းချက်မရှိသလောက်ပဲ။ ဘာသာရေးလောကက ဒီအန္တိခရစ်အုပ်စုရဲ့ လက်ခုပ်တွင်းထဲမှာ ရှိနေပါတယ်။ ဒါဟာ ဘယ်သူမှ မငြင်းနိုင်တဲ့ အားလုံးသိတဲ့ အမှန်တရားပါ။ ဒါဆိုရင် ဒီဂိုဏ်းအုပ်တွေ၊ ဘုန်းတော်ကြီးတွေ၊ သင်းအုပ်ဆရာနဲ့ အကြီးအကဲတွေက အနန္တတန်ခိုးရှင် ဘုရားသခင်ကို အာခံရှုတ်ချနေတဲ့ အန္တိခရစ်အုပ်စုရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တယ်ဆိုတာ သိရင် ကျွန်တော်တို့ ဘယ်လိုချဉ်းကပ်သင့်လဲ။ သူတို့ကို ငြင်းဆန်ပြီး ကျိန်ဆဲသင့်ပါတယ်။ သူတို့ရဲ့ ချုပ်ချယ်မှုတွေကနေ လွတ်မြောက်အောင် လုပ်သင့်တယ်။ ဒါဟာ အမြော်အမြင်ရှိခြင်းပါပဲ။ ကျွန်တော်တို့ဟာ စစ်မှန်တဲ့လမ်းအတွက် သူတို့ကို ဆက်အားကိုးနေရင် ဘယ်အရာက မှန်တယ်၊ မှားတယ်ဆိုတာကို ပြောပြဖို့ သူတို့ကို ဆက်မျှော်လင့်နေရင် ဒါဟာ အရမ်းကို မိုက်မဲတာပါပဲ။ မမြင်မကန်းဖြစ်ပြီး မသိနားမလည်တာပါပဲ။ မျက်ကန်းက မျက်ကန်းကို ဦးဆောင်တော့ အဆုံးမှာ ပျက်စီးကြမှာပါ။ ဒါက ကျမ်းစာပိုဒ်တွေကို ပြည့်စုံစေပါတယ်။ “မိုက်သောသူတို့က ဉာဏ်မရှိသောကြောင့် သေကြလိမ့် မည်။” (သုတ္တံကျမ်း ၁၀:၂၁)ငါ့လူတို့သည် ပညာနည်းသောကြောင့် ဆုံးရှုံး ကြ၏။(ဟောရှေ အနာဂတ္တိကျမ်း ၄:၆)

တခြားဂိုဏ်းဂဏပေါင်းစုံက ခေါင်းဆောင်တွေနဲ့အတူ ကက်သလစ်နဲ့ ခရစ်ယာန်ခေါင်းဆောင်တွေဟာ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ပွင့်ပွင့်လင်းလင်း ရှုတ်ချနေတယ်ဆိုတာ လုံးဝကို ရှင်းပါတယ်။ သူတို့ရဲ့ အဆင့်အတန်းနဲ့ ဝင်ငွေကို ထိန်းသိမ်းဖို့အတွက် ယုံကြည်သူတွေကို သူတို့လက်ထဲမှာ မြဲမြဲဆုပ်ထားကြတယ်။ သူတို့ပိုက်ဆံတွေကို ယူကြတယ်။ ကပ်ပါးကောင်တွေလို၊ မကောင်းဆိုးဝါးတွေက သူတို့ရဲ့ လူသေကောင်တွေကို စားနေသလို ယုံကြည်သူတွေအပေါ် စားသောက်နေကြတယ်။ ဒီအန္တိခရစ်တွေဟာ သခင်ကြွလာတဲ့ ဘယ်သတင်းမဆိုက မှားတယ်၊ သခင်ယေရှုက လုံးဝကို မိုးတိမ်စီးပြီး ကြွလာရမှာဖြစ်တယ်၊ သခင့်ရဲ့ ဒုတိယအကြိမ် လူ့ဇာတိခံယူခြင်းကို လက်ခံတာဟာ အယောင်ဆောင်ခရစ်တော်ကို လက်ခံတာဖြစ်တယ်လို့ပြောရင်း သူတို့ရာထူးနဲ့ အသက်မွေးမှုကို ထိန်းသိမ်းဖို့အတွက် မကောင်းတဲ့ အလိမ်အညာမျိုးစုံကို ဖြန့်ကြတယ်။ သူတို့ဟာ ယုံကြည်သူတွေ စစ်မှန်တဲ့လမ်း လေ့လာတာကို တားဆီးဖို့အတွက် တတ်နိုင်သမျှလုပ်ကြရင်း လူတွေကို လှည့်စားဖို့ အလိမ်အညာတွေပြောကြတယ်။ နိုင်ငံတော်ဧဝံဂေလိတရား မျှဝေနေတဲ့သူတွေကို ဖမ်းဆီးဖိနှိပ်ဖို့အတွက် စီစီပီနဲ့တောင် ပူးပေါင်းကြတယ်။ ဒီဘာသာရေးခေါင်းဆောင်တွေက သခင်ယေရှုကို သူ့ရဲ့ အချိန်ကာလမှာ ဆန့်ကျင်ခဲ့တဲ့ ဖာရိရှဲတွေနဲ့ ဘယ်လို ကွာခြားဦးမှာလဲ။ သူတို့အားလုံးက ဘုရားကို ကားစင်တဲ့သူတွေ မဟုတ်ဘူးလား။ သူတို့အားလုံးက လူတွေကို လမ်းလွဲစေပြီး ပျက်စီးစေတဲ့ အယောင်ဆောင်သိုးထိန်းတွေ၊ အန္တိခရစ်တွေမဟုတ်ဘူးလား။ ဖာရိရှဲတွေကို ရှုတ်ချတဲ့ သခင်ယေရှုရဲ့ စကားတွေကို စဉ်းစားကြည့်ပါ။ “လျှို့ဝှက်သောကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ကောင်းကင်နိုင်ငံတော်၏ တံခါးကိုလူတို့ရှေ့မှာပိတ်ထား၍ မိမိတို့လည်းမဝင်၊ ဝင်လိုသောသူတို့ကိုလည်း ဆီးတား ကြ၏။(ရှင်မဿဲခရစ်ဝင် ၂၃:၁၃)လျှို့ဝှက်သောကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ လူ တ ယောက်ကိုပင် ဘာသာသွင်းခြင်းငှါ ကုန်းကြောင်းရေကြောင်းပတ်ပတ်လှည့်လည်၍ ဘာသာသွင်းပြီးသောသူ ကိုလည်း၊ မိမိတို့ထက် နှစ်ဆသောငရဲသားဖြစ်စေကြ၏။(ရှင်မဿဲခရစ်ဝင် ၂၃:၁၅) အခုခေတ် ဘာသာရေးခေါင်းဆောင်အများစုက သခင်ယေရှုကို အရူးအမူးအာခံခဲ့ပြီး ယုံကြည်သူတွေကို ပိတ်ပင်တားဆီးခဲ့တဲ့ ဖာရိရှဲတွေနဲ့ မကွာဘူးဆိုတာ ကျွန်တော်တို့ မြင်နိုင်ပါတယ်။ သူတို့အားလုံးက ဘုရားကို မုန်းတီးပြီး ဆန့်ကျင်လုပ်ဆောင်ကြတယ်။ သူတို့ဟာ နောက်ဆုံးသောကာလရဲ့ အန္တိခရစ်မကောင်းဆိုးဝါးတွေပဲ။

ဒါက အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ထပ် ကျမ်းပိုဒ်တွေပါ။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ဂိုဏ်းဂဏတစ်ခုချင်းစီ၏ ခေါင်းဆောင်များကို ကြည့်လော့- သူတို့အားလုံးသည် မာနထောင်လွှား၍ မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်ကြသူများဖြစ်ပြီး သမ္မာကျမ်းစာနှင့်သက်ဆိုင်သည့် ၎င်းတို့၏ အနက်ဖွင့်ဆိုမှုများသည် ဆက်စပ်အကြောင်းအရာ ကင်းမဲ့ပြီး၊ ၎င်းတို့၏ စိတ်ကူးများက လမ်းပြထားခြင်း ဖြစ်သည်။ သူတို့ အားလုံးသည် မိမိတို့၏အလုပ်ကို လုပ်ဆောင်ရန် ဆုကျေးဇူးများနှင့် စာပေကျမ်းဂန်နှံ့စပ်ခြင်းကို အားထားကြသည်။ အကယ်၍ သူတို့သည် လုံးဝ မဟောပြောနိုင်ပါက၊ လူများက သူတို့နောက်သို့ လိုက်ခဲ့ကြလိမ့်မည်လော။ စင်စစ်မူကား သူတို့၌လည်း အသိပညာအချို့ ရှိထားကြပြီး အယူဝါဒတစ်ခုခုကို ဟောပြောနိုင်ကြသည်၊ သို့မဟုတ် သူတို့သည် အခြားသူများကို မည်ကဲ့သို့ သိမ်းသွင်းရမည်နှင့် လှည့်ဖြားမှုအချို့ကို မည်ကဲ့သို့ အသုံးပြုရမည်ကိုလည်း သိကြသည်။ ထိုအရာများကို အသုံးပြုလျက် သူတို့သည် လူများကို မိမိတို့၏ရှေ့မှောက်သို့ ခေါ်ဆောင်ကြပြီး၊ လှည့်ဖြားကြသည်။ အမည်ခံသဘောအရ ထိုလူများသည် ဘုရားသခင်ကို ယုံကြည်ကြသော်လည်း လက်တွေ့သဘောတွင်မူ သူတို့သည် သူတို့၏ခေါင်းဆောင်များနောက်သို့ လိုက်ကြသည်။ သူတို့သည် စစ်မှန်သော လမ်းခရီးကို ဟောပြောသောသူများနှင့် တွေ့ကြုံရသည့်အခါ၊ သူတို့ထဲမှ အချို့တို့သည် ‘ငါတို့၏ ယုံကြည်မှုနှင့် ပတ်သက်၍ ငါတို့၏ခေါင်းဆောင်နှင့် တိုင်ပင်ဆွေးနွေးရမည်’ ဟု ဆိုကြသည်။ လူသားတစ်ဦးသည် ဘုရားသခင်ကို သူတို့၏ယုံကြည်ခြင်း၌ ကြားခံဖြစ်သည်။ ဤသည်မှာ ပြဿနာတစ်ခုပင် မဟုတ်လော။ ဤသို့ဆိုလျှင် ထိုခေါင်းဆောင်များကကော အဘယ်အရာများ ဖြစ်လာကြသနည်း။ သူတို့သည် ဖာရိရှဲများ၊ သိုးထိန်း၏အယောင်ကို ဆောင်သောသူများ၊ အန္တိခရစ်များနှင့် စစ်မှန်သော လမ်းခရီးကို လူတို့လက်ခံရာ၌ တိုက်မိ၍ လဲစရာများ ဖြစ်လာကြသည် မဟုတ်လော။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားအား ကြိုးစားလိုက်လျှောက်ခြင်းသည်သာ ဘုရားသခင်အား စစ်မှန်သောယုံကြည်ခြင်းဖြစ်သည်”)

ခမ်းနားသည့် ဘုရားကျောင်းများထဲတွင် သမ္မာကျမ်းစာကို ဖတ်ရှုပြီး တစ်နေ့လုံး အာဂုံဆောင်သောသူများ ရှိသော်လည်း၊ ၎င်းတို့ထဲတွင် တစ်ဦးမျှ ဘုရားသခင်၏အမှု၏ ရည်ရွယ်ချက်ကို နားမလည်ပေ။ ၎င်းတို့ထဲတွင် တစ်ဦးမျှ ဘုရားသခင်ကို မသိနိုင်ကြပေ။ ၎င်းတို့ထဲမှ တစ်ဦးတစ်ယောက်မျှ ဘုရားသခင်၏ အလိုနှင့် ကိုက်ညီနိုင်ခြင်းမရှိပေ။ ၎င်းတို့အားလုံးသည် အသီးသီး ဘုရားသခင်ကို ဩဝါဒပေးရန် အမြင့်တွင် ရပ်တည်ကြရင်း၊ အသုံးမကျသောသူ၊ ဆိုးယုတ်သော လူများ ဖြစ်ကြသည်။ ၎င်းတို့သည် ဘုရားသခင်၏အောင်လံကို သယ်ဆောင်နေသည့် တစ်ချိန်တည်းမှာပင် ဘုရားသခင်ကို တမင် ဆန့်ကျင်ကြလေသည်။ ဘုရားသခင်၌ ယုံကြည်ခြင်းကို အခိုင်အမာဆိုလျက်၊ ၎င်းတို့သည် လူ့အသားကိုစားပြီး လူ့အသွေးကို သောက်ကြဆဲ ဖြစ်သည်။ ထိုသို့သောလူအားလုံးသည် လူသား၏ ဝိညာဉ်ကို ဝါးမျိုသည့် နတ်ဆိုးများ၊ မှန်ကန်သောလမ်းကြောင်းပေါ်သို့ ခြေလှမ်းရန် ကြိုးစားနေသူတို့၏ လမ်းတွင် တမင်သက်သက် တားဆီးသော မကောင်းဆိုးဝါးများ၏ ဦးသျှောင်နှင့် ဘုရားသခင်ကို ရှာဖွေသောသူတို့ကို ပိတ်ဆို့သော ခလုတ်တံသင်းများဖြစ်ကြ၏။ ၎င်းတို့သည် ‘ကောင်းမွန်သည့် ဖွဲ့စည်းမှု’ ရှိပုံရကြသော်လည်း၊ ၎င်းတို့သည် လူတို့အား ဘုရားသခင်ကို ဆန့်ကျင်ရန် လမ်းပြသည့် အန္တိခရစ်များသာဖြစ်သည်ကို ၎င်းတို့၏ နောက်လိုက်များက မည်သို့ သိကြမည်နည်း။ ၎င်းတို့သည် လူ့ဝိညာဉ်များကို ဝါးမျိုရန် ရည်မှန်းချက်တွင် နှစ်မြှုပ်ထားသော ရှင်သန်နေသည့် နတ်ဆိုးများဖြစ်သည်ကို ၎င်းတို့၏ နောက်လိုက်များက မည်ကဲ့သို့သိမည်နည်း။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို မသိသောသူ အားလုံးသည် ဘုရားသခင်ကို ဆန့်ကျင်သောသူများ ဖြစ်ကြသည်)

အားလုံးထဲတွင် အပုန်ကန်ဆုံးသူများသည် ဘုရားသခင်ကို တမင်သက်သက် ဖီဆန်ပြီး အာခံသောသူများ ဖြစ်သည်။ သူတို့သည် ဘုရားသခင်၏ ရန်သူများ၊ အန္တိခရစ်များပင် ဖြစ်သည်။ သူတို့၏စိတ်သဘောမှာ အမြဲတစေပင် ဘုရားသခင်၏ အမှုသစ်အပေါ် ရန်လိုသော စိတ်သဘောထား ဖြစ်သည်။ သူတို့၌ နာခံဖို့အတွက် ဆန္ဒသဘော စိုးစဉ်းမျှမရှိသကဲ့သို့၊ သူတို့သည် ဝမ်းမြောက်စွာ ကျိုးနွံနာခံခြင်း မရှိခဲ့ဖူး၊ သို့မဟုတ် မိမိတို့ကိုယ်ကိုယ် နှိမ့်ချခြင်း မရှိခဲ့ဖူးပေ။ သူတို့သည် အခြားလူတို့ရှေ့၌ မိမိတို့ကိုယ်ကိုယ် ချီးမြှောက်ပြီး မည်သူ့ကိုမျှ နာခံခြင်း မရှိခဲ့ဖူးပေ။ သူတို့က ဘုရားသခင်၏ရှေ့၌ မိမိတို့ကိုယ်ကိုယ် နှုတ်ကပတ်တော်ကို ဟောကြားရာ၌ အကျွမ်းကျင်ဆုံး၊ အခြားသူများအပေါ် အမှုပြုရာတွင် အကျွမ်းကျင်ဆုံးအဖြစ် သတ်မှတ်ကြသည်။ သူတို့၏ လက်ဝယ် ပိုင်ဆိုင်ထားပြီးသော ‘ရတနာများ’ ကို သူတို့ မည်သည့်အခါမျှ မစွန့်ပစ်ဘဲ ဝတ်ပြုကိုးကွယ်ရန်၊ အခြားသူများကို တရားဟောရန်အတွက် ယင်းတို့ကို မိသားစုဆိုင်ရာ ဘိုးစဉ်ဘောင်ဆက် အမွေပစ္စည်းများအဖြစ် သဘောထားပြီး သူတို့သည် မိမိတို့အား ပုဂ္ဂိုလ်ရေးကိုးကွယ်သော ထိုအရူးများကို ဆုံးမသင်ကြားရန်အတွက် ယင်းတို့ကို အသုံးပြုကြသည်။ အမှန်တွင် အသင်းတော်ထဲ၌ ဤကဲ့သို့သောလူတို့မှာ အရေအတွက် အတိုင်းအတာတစ်ခုအထိ ရှိလေသည်။ သူတို့မှာ ဘုရားသခင်၏အိမ်တော်၌ မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် နေထိုင်သော ‘နှိမ်နင်း၍မရသည့် သူရဲကောင်းများ’ ဖြစ်သည်ဟု ဆိုနိုင်သည်။ သူတို့သည် နှုတ်ကပတ်တော် (အယူဝါဒ) ဟောပြောခြင်းကို သူတို့၏ အမြင့်မားဆုံးသော တာဝန်အဖြစ် မှတ်ယူကြသည်။ တစ်နှစ်ပြီးတစ်နှစ်၊ မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် သူတို့၏ ‘အလေးထားအပ်ပြီး မချိုးဖောက်အပ်သော’ တာဝန်ကို အကျိုးသက်ရောက်မှု ရှိစေရန် အားသွန်ခွန်စိုက် လုပ်နေကြသည်။ မည်သူကမျှ သူတို့ကို မထိရဲ၊ တစ်ယောက်တလေကမျှ သူတို့ကို လူပုံအလယ် အပြစ်မတင်ရဲပေ။ သူတို့သည် တစ်ခေတ်ပြီးတစ်ခေတ် အခြားသူများကို နိုင်လိုမင်းထက်ပြုမူပြီး သောင်းကျန်းမွှေ့ယမ်းလျက် ဘုရားသခင်၏အိမ်တော်၌ ‘ဘုရင်များ’ ဖြစ်လာကြသည်။ ထိုနတ်ဆိုးအုပ်စုသည် လက်တွဲပြီး ငါ့အမှုကို ဖျက်ဆီးရန် ကြိုးစားကြသည်။ အသက်ရှင်နေသော ဤနတ်မိစ္ဆာများကို ငါ့မျက်စိရှေ့၌ အဘယ်သို့ ရှိနေခွင့် ပေးနိုင်မည်နည်း။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို စစ်မှန်သော နှလုံးသားနှင့် နာခံသောသူတို့သည် ဘုရားသခင်၏ ပိုင်ဆိုင်ခြင်းကို ဧကန်အမှန် ခံကြရလိမ့်မည်)

ဘာသာရေးခေါင်းဆောင်တွေအများစုက သမ္မာတရားကို မုန်းတီးတဲ့၊ ဘုရားကို မုန်းတီးတဲ့ အန္တိခရစ်တွေဖြစ်တယ်၊ လူတွေကို လမ်းလွဲစေတဲ့ မကောင်းတဲ့အစေခံ၊ အယောင်ဆောင် သိုးထိန်းတွေဖြစ်တယ်ဆိုတာ ကျွန်တော်တို့အားလုံးရှင်းပြီဆိုတာ သေချာပါတယ်။ သူတို့ကို နားထောင်ပြီး သူတို့ကို နာခံတာဟာ ဘုရားကို နာခံတာ မဟုတ်ပါဘူး။ ဘုရားနောက်ကိုလိုက်တာ မဟုတ်ပါဘူး။ စာတန်နောက်ကိုလိုက်ပြီး ဘုရားကို ဆန့်ကျင်နေတာပါ။ စာတန်ရဲ့ ကြံရာပါဖြစ်လာတာပါ။ ဘုရားရွံရှာပြီး စီရင်တဲ့သူဖြစ်လာတာပါ။ ဒါကြောင့် ယုံကြည်သူတွေအနေနဲ့ ဘုရားသခင်ကို ချီးမြှောက်ရမယ်၊ ကြောက်ရမယ်၊ ဘုရားနဲ့ သမ္မာတရားကို နာခံရမယ် ဆိုတာကို ကျွန်တော်တို့ သတိပြုရပါမယ်။ လူသားတွေကို လုံးဝ ကိုးကွယ်လိုက်လျှောက်လို့ မရပါဘူး။ သခင်ယေရှုပြောခဲ့သလိုပါပဲ။ “သင်၏ဘုရားသခင် ထာဝရဘုရားကို ကိုးကွယ်ရမည်။ ထိုဘုရားသခင်ကိုသာ ဝတ်ပြုရမည်။(ရှင်မဿဲခရစ်ဝင် ၄:၁၀) ဘာသာရေးခေါင်းဆောင်တစ်ယောက်က သမ္မာတရားကို ချစ်တဲ့လူဆိုရင်၊ သူတို့စကားတွေက သခင့်စကားနဲ့ညီတဲ့အပြင် ဘုရားကို ကြောက်ပြီး မကောင်းမှုကို ရှောင်ဖို့ ကျွန်တော်တို့ကို ဦးဆောင်တယ်ဆိုရင် သမ္မာတရားနဲ့ညီတဲ့ ဒီစကားတွေနောက်ကို လိုက်ပြီး နာခံတာဟာ ဘုရားကို နာခံတာပဲ။ သူတို့စကားတွေက သမ္မာတရားနဲ့ မညီရင်၊ သခင့်နှုတ်ကပတ်တော်တွေနဲ့ ဆန့်ကျင်ရင် ငြင်းပယ်ရပါမယ်။ သူတို့နောက်ကိုဆက်လိုက်နေရင် ဒါဟာ လူပုဂ္ဂိုလ်နောက်ကိုလိုက်တာ၊ စာတန်နောက်ကိုလိုက်တာပါ။ ဘာသာရေးခေါင်းဆောင်တစ်ယောက်က သမ္မာတရားကို ငြင်းဆန်ပြီး မုန်းတီးတယ်ဆိုရင်၊ သူများတွေ စစ်မှန်တဲ့လမ်း လေ့လာတာကို တားဆီးတယ်ဆိုရင် သူဟာ အန္တိခရစ်တစ်ယောက်ဖြစ်တယ်။ ကျွန်တော်တို့ သူ့ကို ဖော်ထုတ်ပြီး ငြင်းပယ်ရင်း ဘုရားသခင်ဘက်ကနေ ရပ်တည်သင့်တယ်။ “လက်မခံဘူး” လို့ပြောရဲပြီး သူတို့ထိန်းချုပ်မှုကနေ လွတ်မြောက်သင့်တယ်။ စစ်မှန်တဲ့လမ်းကို ရှာဖွေလက်ခံသင့်တယ်။ ဘုရားရဲ့ ခြေလှမ်းတွေကို အမီလိုက်သင့်ပါတယ်။ ဒါဟာ စစ်မှန်တဲ့ ယုံကြည်ခြင်း၊ ဘုရားကို အမှန်တကယ် နာခံခြင်းဖြစ်ပြီး ဘုရားအလိုတော်နဲ့ညီပါတယ်။ ယဇ်ပုရောဟိတ်မင်းတွေ၊ ဖာရိရှဲတွေရဲ့ ဖမ်းသွားတာ ခံရတုန်းက ပေတရုပြောခဲ့သလိုပဲ။ “လူ၏စကားထက်ဘုရားသခင်၏ စကားကို နားထောင်သင့်ပါ၏။” (တမန်တော်ဝတ္ထု ၅:၂၉)

အနန္တတန်ခိုးရှင် ဘုရားသခင်ဆီက နောက်ကျမ်းတစ်ပိုဒ်ကို ဖတ်ရအောင်။ “ဘုရားသခင်နောက်လိုက်ရာတွင် အဓိက အရေးကြီးသောအရာမှာ အရာရာတိုင်းသည် ယနေ့ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်အညီ ဖြစ်သင့်ခြင်း ဖြစ်သည်။ သင်သည် အသက်ထဲသို့ ဝင်ရောက်ခြင်းကို သင် အားထုတ်နေသည်ဖြစ်စေ၊ သို့မဟုတ် ဘုရားသခင်၏ အလိုကို ဖြည့်ဆည်းခြင်းအား အားထုတ်နေသည်ဖြစ်စေ၊ အရာရာတိုင်းသည် ယနေ့ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဗဟိုပြုသင့်ပေသည်။ အကယ်၍ သင်မိတ်သဟာယ ဖွဲ့သောအရာနှင့် အားထုတ်သော အရာတို့မှာ ယနေ့ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဗဟိုမပြုပါက၊ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် စိမ်းသောသူတစ်ဦး ဖြစ်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏လုပ်ဆောင်ချက် လုံးဝ ကင်းမဲ့ပေသည်။ ဘုရားသခင် အလိုရှိသောအရာမှာ သူ၏ခြေလှမ်းများ နောက်လိုက်လျှောက်ကြသော လူများဖြစ်သည်။ ယခင်က သင် နားလည်ခဲ့သော အရာများသည် မည်သို့ နှစ်သက်ဖွယ်ဖြစ်ပြီး ဖြူစင်သည်ဖြစ်စေ၊ ဘုရားသခင်က ယင်းကို အလိုမရှိသကဲ့သို့၊ သင်သည် ထိုသို့သောအရာများကို သင် ဘေးဖယ် မထားနိုင်ပါက၊ ယင်းတို့သည် သင်၏ အနာဂတ် ဝင်ရောက်မှုအတွက် ကြီးမားသော အဟန့်အတား တစ်ခု ဖြစ်လိမ့်မည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ လက်ရှိ အလင်းနောက်သို့ လိုက်လျှောက်နိုင်သူ အားလုံးသည် မင်္ဂလာရှိကြ၏။ အတိတ်ကာလများ၏ လူတို့သည်လည်း ဘုရားသခင်၏ ခြေလှမ်းများနောက် လိုက်လျှောက်ခဲ့ကြသည်၊ သို့သော် ယနေ့ထိတိုင် ၎င်းတို့ မလိုက်လျှောက်နိုင်ခဲ့ကြချေ။ ဤသည်မှာ နောက်ဆုံးသောကာလ လူများ၏ ကောင်းချီးမင်္ဂလာ ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ လက်ရှိ အလုပ်နောက်သို့ လိုက်လျှောက်နိုင်သောသူများနှင့် ဘုရားသခင်က ၎င်းတို့ကို ဦးဆောင်သည့် မည်သည့်နေရာသို့မဆို ဘုရားသခင် နောက်လိုက်ကြသည့် ဘုရားသခင်၏ ခြေလှမ်းများနောက်သို့ လိုက်လျှောက်နိုင်သော ထိုသို့သောသူများ- ဤသည်တို့မှာ ဘုရားသခင်၏ ကောင်းချီးပေးခြင်း ခံစားရသည့် လူများ ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ လက်ရှိ အလုပ်နောက်သို့ မလိုက်လျှောက်သော သူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်ဆိုင်သော အမှုထဲသို့ မဝင်ရောက်ကြသေးသကဲ့သို့၊ ၎င်းတို့ မည်မျှ အလုပ်လုပ်သည်ဖြစ်စေ၊ သို့မဟုတ် ၎င်းတို့၏ ဒုက္ခဆင်းရဲများ မည်မျှ ကြီးမားသည်ဖြစ်စေ၊ သို့မဟုတ် ၎င်းတို့ မည်မျှ ဟိုဟိုသည်သည် အလုပ်များသည်ဖြစ်စေ၊ ထိုအရာထဲမှတစ်ခုမျှ ဘုရားသခင်အဖို့ အဓိပ္ပာယ် တစ်ခုတစ်လေမျှ မရှိသကဲ့သို့၊ သူသည် ၎င်းတို့ကို ချီးကျူးလိမ့်မည် မဟုတ်။...‘သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက် နောက်သို့ လိုက်လျှောက်ခြင်း’ ဆိုသည်မှာ ယနေ့ ဘုရားသခင်၏ အလိုကို နားလည်ခြင်း၊ ဘုရားသခင်၏ လက်ရှိ သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်နိုင်ခြင်း၊ ယနေ့၏ ဘုရားသခင်ကို နာခံကာ လိုက်လျှောက်နိုင်ခြင်းနှင့် ဘုရားသခင်၏ အသစ်လွင်ဆုံးသော မိန့်မြွက်ချက်များနှင့်အညီ ဝင်ရောက်ခြင်းတို့ကို ဆိုလိုသည်။ ဤသည်သာ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်နောက်သို့ လိုက်လျှောက်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းတွင် ရှိသောသူတစ်ဦး ဖြစ်သည်။ ထိုသို့သော လူများသည် ဘုရားသခင်၏ ချီးမွမ်းမှုကို ရရှိနိုင်စွမ်းနှင့် ဘုရားသခင်ကို မြင်တွေ့နိုင်စွမ်း ရှိသည်သာမက၊ ဘုရားသခင်၏ နောက်ဆုံးအမှုမှတစ်ဆင့် ဘုရားသခင်၏ စိတ်သဘောထားကိုလည်း သိရှိနိုင်ပြီး၊ လူတို့၏ အယူအဆများနှင့် မနာခံမှု၊ ပြီးလျှင် လူတို့၏ သဘာဝနှင့် အနှစ်သာရတို့ကို သူ၏ နောက်ဆုံးအမှုမှ သိရှိနိုင်ပေသည်။ ထို့အပြင် ၎င်းတို့၏ အစေခံမှုအတွင်းတွင်၊ ၎င်းတို့သည် ၎င်းတို့၏ စိတ်သဘောထားထဲက ပြောင်းလဲမှုများကို တဖြည်းဖြည်း ရရှိနိုင်ကြလေသည်။ ဤကဲ့သို့သော လူများသာ ဘုရားသခင်ကို ရရှိနိုင်သူများနှင့် မှန်သောလမ်းခရီးကို စစ်မှန်ရိုးသားစွာ တွေ့ရှိပြီးသောသူများ ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အသစ်ဆုံးသောအမှုကို သိပြီး သူ၏ ခြေလှမ်းများနောက် လိုက်လော့)

ယုံကြည်ခြင်းရှိပြီး ဘုရားနောက်ကိုလိုက်ခြင်းက သမ္မာတရားကို နာခံပြီး လက်ခံခြင်းဖြစ်တယ်၊ ဘုရားသခင်ရဲ့ လက်ရှိအမှုနဲ့ နှုတ်ကပတ်တော်တွေကို လက်ခံခြင်းဖြစ်တယ်၊ သူ့ရဲ့ ခြေလှမ်းတွေနောက်ကို အမီလိုက်ခြင်းဖြစ်တယ်ဆိုတာ ပိုရှင်းလင်းသွားပြီဆိုတာ သေချာပါတယ်။ ဘုရားသခင်ရဲ့အမှုတော်က လူတွေရဲ့ အယူအဆနဲ့ ဘယ်လောက်ဝေးပါစေ၊ လူဘယ်လောက်က အာခံရှုတ်ချပါစေ၊ သမ္မာတရားဖြစ်ပြီး ဘုရားသခင်ရဲ့ အမှုဖြစ်သရွေ့ ကျွန်တော်တို့က လက်ခံပြီး နာခံရပါမယ်။ ဒါကသာ ယုံကြည်ခြင်းရှိပြီး ဘုရားနောက်လိုက်ခြင်းပါပဲ။ ဗျာဒိတ်ကျမ်းမှာ ပြောထားသလိုပဲ။ “သိုးသငယ် သွားလေ ရာရာအရပ်သို့ နောက်တော်၌ လိုက်သောသူဖြစ်ကြ၏။(ဗျာဒိတ်ကျမ်း ၁၄:၄) နောက်ဆုံးသောကာလမှာ အနန္တတန်ခိုးရှင် ဘုရားသခင်က ဒီမှာ အလုပ်လုပ်နေပြီး သမ္မာတရားများစွာကို ဖော်ပြပြီးပါပြီ။ သူဟာ လူသားမျိုးနွယ်ကို အပြည့်အ ဝသန့်စင်ကယ်တင်ဖို့အတွက် ဘုရားအိမ်တော်ကစတဲ့ တရားစီရင်ခြင်းအမှုကိုပြုပြီး မကောင်းမှုနဲ့ စာတန်ရဲ့ အင်အားစုတွေကနေ ကျွန်တော်တို့ကို ကယ်တင်တယ်။ ဒါဟာ ကယ်တင်ခံရပြီး ဘုရားရဲ့နိုင်ငံတော်ထဲကို ဝင်ရဖို့အတွက် လက်မလွတ်သင့်တဲ့ အခွင့်အလမ်းနဲ့ တစ်ခုတည်းသောလမ်းကြောင်း ဖြစ်ပါတယ်။ အခု ဘုရားသခင်ရဲ့ ပေါ်ထွန်းခြင်းကို တောင့်တတဲ့ ကမ္ဘာတစ်ဝှမ်းက ပိုပိုများတဲ့ လူတွေဟာ အွန်လိုင်းမှာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ အမှုကို စူးစမ်းနေကြပါပြီ။ သူ့ရဲ့နှုတ်ကပတ်တော်တွေအားလုံးက သမ္မာတရားဖြစ်တယ်၊ ဘုရားအသံတော်ဖြစ်တယ်ဆိုတာ သူတို့ မြင်တွေ့ပြီးကြပြီ။ သူတို့ဟာ သိုးသငယ်ရဲ့ မင်္ဂလာစားပွဲကို တက်ရောက်ဖို့အတွက် ဘာသာရေးခေါင်းဆောင်တွေရဲ့ ချည်နှောင်မှုတွေကနေ လွတ်မြောက်အောင် လုပ်နေကြတယ်။ အသင်းတော်တွေရဲ့ ထိန်းချုပ်မှုကနေ ထွက်လာနေကြတယ်။ ဘုရားပလ္လင်တော်ရှေ့ကို လာနေကြပါတယ်။ ဒါပေမဲ့ ဓမ္မဆရာတွေနောက်လိုက်ပြီး သူတို့ကို ကိုးကွယ်နေတဲ့သူတွေ၊ အန္တိခရစ်အင်အားစုတွေရဲ့ ချုပ်ချယ်တာ၊ လှည့်ဖြားတာကို ခံရတဲ့သူတွေ ဘာသာရေးလောကမှာ အများကြီးရှိပါသေးတယ်။ သူတို့ဟာ လွင်တီးခေါင်မှာ တင်းကျပ်စွာ ထိန်းချုပ်ခံရတယ်။ သခင်မိုးတိမ်စီးပြီး ကြွလာမှာကို အချည်းနှီးစောင့်နေကြတယ်။ ရှေးကတည်းက ဘုရားသခင်ရဲ့ ငြင်းပယ်၊ ဖယ်ရှားတာကို ခံရတယ်။ ကပ်ဘေးတွေထဲမှာ ငိုကြွေးပြီး အံသွားခဲကြိတ်ကြရတယ်။ ဒါဟာ သခင်ယေရှုရဲ့ နှုတ်ကပတ်တော်တွေ ပြည့်စုံမှုပါပဲ။ “လူကန်းချင်းတဦးကို တဦးလမ်းပြလျှင်၊ နှစ်ဦးတို့သည် တွင်းထဲသို့ကျကြလိမ့်မည်။(ရှင်မဿဲခရစ်ဝင် ၁၅:၁၄) သူတို့ဟာ ဘုရားကို ယုံကြည်တယ်လို့ ဆိုကြပေမဲ့ တကယ်တော့ သူတို့ဟာ ဘုရားကို ဆန့်ကျင်ပြီး လူတွေနောက်ကိုလိုက်တယ်။ ဘုရားက သူတို့ကို မယုံကြည်သူတွေအဖြစ် မြင်ပါတယ်။ ဘုရားသခင်ဟာ မကောင်းမှုကို မုန်းတီးတဲ့ သန့်ရှင်းတဲ့ ဘုရားဖြစ်ပြီး သူ့ရဲ့ ဖြောင့်မတ်ခြင်းက ပုန်ကန်ပစ်မှားလို့ မရနိုင်ဘူး။ လူသားတွေကို ချီးကျူးလွန်းသူတွေ၊ အန္တိခရစ်တွေနောက်လိုက်ပြီး ဘုရားကို ဆန့်ကျင်စော်ကားသူတွေကို ဘုရားက လုံးဝ ကယ်တင်မှာ မဟုတ်ပါဘူး။ သမ္မာတရားကို မချစ်၊ လက်မခံဘဲ ကျမ်းစာကိုသာ မစဉ်းမစား ဖက်တွယ်နေတဲ့ ဘယ်သူကိုမဆို ဘုရားသခင်က လုံးဝ ကယ်တင်မှာမဟုတ်ဘူး။ ဘုရားသခင်ရဲ့ အလိုတော်က ဘာသာရေးလောကထဲက အန္တိခရစ်အင်အားစုတွေရဲ့ ကန့်သတ်မှုထိန်းချုပ်မှုကို ကျွန်တော်တို့ မခံရတော့ဖို့အတွက် ဘာသာရေး ဗာဗုလုန်က လူတွေကို လွတ်မြောက်စေဖို့ပါ။ ဘုရားသခင်ရဲ့ ပေါ်ထွန်းခြင်းနဲ့ အမှုတော်ကို ကြိုဆိုဖို့ မျှော်လင့်ချက်ရှိဖို့အတွက် သမ္မာတရားကိုရှာပြီး ဘုရားသခင်ရဲ့အမှုကို ရှာဖို့ ဘာသာတရားကနေ ကျွန်တော်တို့ ထွက်လာနိုင်ဖို့ပါ။

နောက်ထပ် အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ကြည့်ကြည့်ရအောင်။ “သင် လေးစားအားကျသည်မှာ ခရစ်တော်၏နှိမ့်ချမှု မဟုတ်ဘဲ ထင်ရှားသည့် အဆင့်အတန်း ရှိသော သိုးထိန်းယောင်ဆောင်သူများကို ဖြစ်သည်။ သင်သည် ခရစ်တော်၏ ချစ်ခင်နှစ်လိုဖွယ်ကောင်းမှု၊ သို့မဟုတ် ဉာဏ်ပညာကို မကြည်ညိုဘဲ၊ ကမ္ဘာလောက၏ ဆိုးညစ်မှုတွင် မွေ့လျော်နေသည့်အကျင့်သီလမဲ့သူများကို ကြည်ညိုပေသည်။ ခေါင်းချရန် နေရာ မရှိသော ခရစ်တော်၏ နာကျင်မှုဝေဒနာကို သင် လှောင်သွေးသွမ်းသည်၊ သို့သော် လှူဖွယ်ပစ္စည်းများကို ရှာဖွေပြီး၊ သောက်စားပျော်ပါးမှုတွင် အသက်ရှင်သည့် အလောင်းကောင်များကို သင် လေးစားအားကျ၏။ သင်သည် ခရစ်တော်နှင့်အတူ ဆင်းရဲဒုက္ခခံစားရန် လိုလားမနေဘဲ၊ သင့်ကို ဇာတိပကတိ၊ စကားလုံးများနှင့် ထိန်းချုပ်မှုတို့ကိုသာ ပေးသည့် အဆင်အခြင်မဲ့သော အန္တိခရစ်များ၏ ရင်ခွင်ထဲသို့ ဝမ်းပန်းတသာ ခြေစုံပစ်ဝင်သည်။ ယခုတွင်ပင် သင်၏ နှလုံးသားသည် ၎င်းတို့ထံ၊ ၎င်းတို့၏ဂုဏ်သတင်းထံ၊ ၎င်းတို့၏ အဆင့်အတန်းထံ၊ ၎င်းတို့၏ လွှမ်းမိုးမှုထံသို့ လှည့်ထားဆဲ ဖြစ်သည်။ သို့တိုင်အောင် သင်သည် ခရစ်တော်၏အမှုကို လက်ခံရန် ခက်ခဲပြီး၊ ယင်းကို သင် လက်ခံလိုခြင်း မရှိသည့် သဘောထား တစ်ခုကို ဆက်လက် စွဲကိုင်လေသည်။ ဤသည်မှာ သင်သည် ခရစ်တော်ကို အသိအမှတ်ပြုရန် ယုံကြည်ခြင်း ကင်းမဲ့သည်ဟု ငါ ပြောရသည့် အကြောင်းရင်း ဖြစ်သည်။ သင့်အနေဖြင့် ယနေ့ထိ ခရစ်တော်နောက်သို့ လိုက်ရသည်အကြောင်းရင်းမှာ သင်သည် အခြားရွေးစရာ မရှိခဲ့သောကြောင့်သာ ဖြစ်သည်။ ဟိတ်ဟန်ကြီးသော ပုံရိပ်တသီတတန်းသည် သင့်နှလုံးသားတွင် အစဉ်အမြဲ လွှမ်းမိုးနေသည်။ ၎င်းတို့၏ စကားလုံးတိုင်းနှင့် လုပ်ရပ်တိုင်းကို သင်တို့ မမေ့လျော့နိုင်ကြသကဲ့သို့၊ ၎င်းတို့၏ ဩဇာညောင်းသော စကားလုံးများနှင့် လက်ရာများကို သင်မမေ့နိုင်ပေ။ သင်တို့၏နှလုံးသားတွင် ၎င်းတို့သည် အစဉ်အမြဲ အမြင့်ဆုံးနှင့် ထာဝရ သူရဲကောင်းများ ဖြစ်ကြသည်။ သို့ရာတွင် ယနေ့၏ ခရစ်တော်အတွက်မူ ထိုသို့မဟုတ်ပေ။ သူသည် သင်၏နှလုံးသားတွင် အစဉ်ထာဝရ အရေးမပါသကဲ့သို့၊ အစဉ်ထာဝရ ရိုသေလေးစားခြင်း မခံထိုက်ပေ။ အကြောင်းမှာ သူသည် အလွန်သာမန် ဖြစ်လွန်းပြီး၊ နည်းပါးလွန်းသည့် ဩဇာအရှိန်အဝါရှိကာ မြင့်မြတ်မှုမှ အလွန် အလှမ်းဝေးသောကြောင့် ဖြစ်ပေသည်။

မည်သို့ပင်ဆိုစေ၊ သမ္မာတရားကို တန်ဖိုးမထားသူ အားလုံးသည် မယုံကြည်သူများနှင့် သမ္မာတရားကို သစ္စာဖောက်သူများ ဖြစ်ကြသည်ဟု ငါပြော၏။ ထိုသို့သောသူများသည် ခရစ်တော်၏ လက်ခံမှုကို မည်သည့်အခါမျှ ရကြမည် မဟုတ်ပေ။ သင်၏ အတွင်းတွင် မယုံကြည်မှု မည်မျှရှိပြီး ခရစ်တော်ကို သစ္စာဖောက်မှု သင် မည်မျှရှိသည်ကို ယခု သင် ပိုင်းခြားသိမြင်ပြီးပြီလော။ ထို့ကြောင့် သင့်ကို ငါတိုက်တွန်းသည်- သင်သည် သမ္မာတရားလမ်းကို ရွေးချယ်ပြီးဖြစ်သည့်အတွက်၊ မိမိကိုယ်ကိုယ် စိတ်နှလုံးအကြွင်းမဲ့ ပေးအပ်မြှုပ်နှံသင့်သည်။ စိတ်နှစ်ခွမဖြစ်နှင့်၊ သို့မဟုတ် စိတ်မပါ့တပါ မဖြစ်နှင့်။ ဘုရားသခင်သည် လောကကြီးနှင့် မသက်ဆိုင်သကဲ့သို့ မည်သည့် လူတစ်ဦးနှင့်မျှ မသက်ဆိုင်ဘဲ၊ သူ့ကို အမှန်တကယ် ယုံကြည်သောသူအားလုံး၊ သူ့ကို ကိုးကွယ်သူအားလုံးနှင့် မိမိကိုယ်ကိုယ် သူ့ထံဆက်ကပ်ပြီး သစ္စာရှိသောသူများအားလုံးနှင့် သက်ဆိုင်သည်ကို သင် နားလည်သင့်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်သည် ဘုရားသခင်ကို ယုံကြည်သူစစ်စစ်တစ်ယောက် ဖြစ်သလော)

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်သည် သူ၏ နောက်ဆုံးသောကာလ တရားစီရင်ခြင်းအမှုကို ဆောင်ရွက်ရန်အတွက် အဘယ်ကြောင့် လူ့ဇာတိခံယူသနည်း

ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ တရားစီရင်ခြင်းအမှုအကြောင်းကို ကျွန်တော်တို့ သုံးလေးခါလောက် ပြောခဲ့ပြီးပါပြီ။ ဒီတရားစီရင်ခြင်းအမှုကို ဘယ်သူက...

အဘယ်သူသည် တစ်ပါးတည်းသော စစ်မှန်သော ဘုရားသခင် ဖြစ်သနည်း

ဒီရက်အတွင်းမှာ၊ လူအများစုက ယုံကြည်ခြင်းရှိကြပြီး ဘုရားတစ်ပါးရှိတယ်လို့ ယုံကြတယ်။ သူတို့ စိတ်နှလုံးထဲက ဘုရားကို သူတို့ ယုံကြတယ်။ ဒီတော့...

ယုံကြည်ခြင်းမှရရှိသော ကယ်တင်ခြင်းသည် ဘုရားသခင်၏နိုင်ငံတော်သို့ဝင်သည့်လမ်းကို ပေးပါသလား

ကပ်ဘေးရောဂါတစ်ခုက မရပ်မနား ပျံ့နှံ့နေပါတယ်။ ပြီးတော့ ငလျင်တွေ၊ ရေလွှမ်းမိုးမှုတွေ၊ အင်းဆက်ပိုးကောင်အုပ်တွေ၊ အစာငတ်မွတ်မှုတွေ...

စစ်မှန်သည့် ခရစ်တော်နှင့် ခရစ်တော် အယောင်ဆောင်များကို ပိုင်းခြားသိမြင်ခြင်း

ဒီနေ့ စစ်မှန်တဲ့ ခရစ်တော်နဲ့ ခရစ်တော် အယောင်ဆောင်တွေကို ဘယ်လို ပိုင်းခြားသိမြင်ရမယ်ဆိုတာကို ကျွန်တော်ပြောချင်ပါတယ်။ ဒါက ဘုရားအပေါ်...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။