ဘုရားသခင်သည် သူ၏ နောက်ဆုံးသောကာလ တရားစီရင်ခြင်းအမှုကို ဆောင်ရွက်ရန်အတွက် အဘယ်ကြောင့် လူ့ဇာတိခံယူသနည်း

11.01.2022

ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ တရားစီရင်ခြင်းအမှုအကြောင်းကို ကျွန်တော်တို့ သုံးလေးခါလောက် ပြောခဲ့ပြီးပါပြီ။ ဒီတရားစီရင်ခြင်းအမှုကို ဘယ်သူက ဆောင်ရွက်တယ်ဆိုတာကို ဒီနေ့ ကျွန်တော်တို့ တစ်ချက်ကြည့်ချင်ပါတယ်။ ဘုရားသခင်က နောက်ဆုံးသောကာလမှာ လူသားမျိုးနွယ်ကြားမှာ သူ့ရဲ့ တရားစီရင်ခြင်းကို ဆောင်ရွက်မယ်၊ ဖန်ဆင်းရှင်က လူသားမျိုးနွယ်ထံ ပေါ်ထွန်းပြီး သူ့ရဲ့မိန့်မြွက်ချက်တွေကို သူကိုယ်တိုင်ဖော်ပြမယ်ဆိုတာ ယုံကြည်သူအားလုံး သိကြပါတယ်။ ဒီတော့ ဒီတရားစီရင်ခြင်းကို ဘုရားသခင်က ဘယ်လိုဆောင်ရွက်တာလဲ။ သူ့ရဲ့ ဝိညာဉ်က ကောင်းကင်မှာပေါ်ထွန်းပြီး ကျွန်တော်တို့ကို စကားပြောတာလား။ ဒါ မဖြစ်နိုင်ပါဘူး။ သခင်ယေရှု ကိုယ်တိုင် ကျွန်တော်တို့ကို ပြောခဲ့တယ်။ “ခမည်းတော်သည် အဘယ်သူကိုမျှ တရားစီရင်တော်မမူ။ တရားစီရင်ခြင်းအခွင့်ရှိသမျှကို သားတော်အား အပ်ပေးတော်မူ၏။(ရှင်ယောဟန်ခရစ်ဝင် ၅:၂၃)သားတော်သည် လူသားဖြစ်သောကြောင့် တရားစီရင်ခြင်းအခွင့်ကိုလည်း အပ်ပေးတော်မူ၏။(ရှင်ယောဟန်ခရစ်ဝင် ၅:၂၇) တရားစီရင်ခြင်းအမှုကို “သားတော်”က လုပ်ဆောင်တယ်ဆိုတာ ဒီကနေ ကျွန်တော်တို့ မြင်နိုင်ပါတယ်။ “လူသား” ဆိုပြီး ပြောတဲ့အရာတိုင်းမှာ ဒါက လူ့ဇာတိခံဘုရားသခင်ဖြစ်တယ်ဆိုတာ ကျွန်တော်တို့ သိသင့်ပါတယ်။ ဒီတော့ သူဟာ တရားစီရင်ခြင်းအမှုကို ပြုဖို့ နောက်ဆုံးသောကာလမှာ လူ့ဇာတိနဲ့ ကြွလာတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ။ ဒါက အရမ်းကို အရေးကြီးပါတယ်။ ဒီတော့ နောက်ဆုံးသောကာလရဲ့ တရားစီရင်ခြင်းအမှုက ဘာလဲဆိုတာ သင် သိပါသလား။ ဒါကို ဆောင်ရွက်ဖို့အတွက် ဘုရားသခင်က ဘာကြောင့် လူ့ဇာတိခံယူမှာလဲ။ ရိုးရိုးရှင်းရှင်းပြောရရင် ဒါဟာ ကယ်တင်ရှင်က လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ကြွလာခြင်းပါ။ ဘုရားသခင်က လူ့ဇာတိခံယူပြီး ကမ္ဘာမြေကို ကြွလာတဲ့အခါမှာ ဒါက ကယ်တင်ရှင် ဆင်းကြွလာခြင်းပါ။ လူသားမျိုးနွယ်ကို အပြစ်ကနေ အပြီးတိုင် ကယ်တင်ဖို့တရားစီရင်ခြင်းအမှုကို သူကိုယ်တိုင် ဆောင်ရွက်ပါတယ်။ သူ့ရဲ့ တရားစီရင်ခြင်းအမှုကို လက်ခံခြင်းအားဖြင့် သင်က အပြစ်ကနေ လွတ်မြောက်နိုင်ပြီး သန့်စင်လာနိုင်တယ်။ ကယ်တင်ခံရနိုင်တယ်။ အဲဒီနောက် ကပ်ဘေးတွေတစ်လျှောက်မှာ ထိန်းသိမ်းပေးခြင်းခံရပြီး အဆုံးမှာ ကောင်းကင်နိုင်ငံတော်ထဲကို ဝင်ရမယ်။ ဒါကြောင့် ကယ်တင်ရှင်ရဲ့ တရားစီရင်ခြင်းအမှုကို လက်ခံတာဟာ လူတစ်ယောက်ရဲ့ ရလဒ်နဲ့ ခရီးပန်းတိုင်နဲ့ သက်ဆိုင်ပါတယ်။ ဒါက အရေးပါတယ်လို့ မဆိုနိုင်ဘူးလား။ ယုံကြည်သူ တော်တော်များများက မေးနိုင်တယ်။ ဘုရားသခင်က နောက်ဆုံးသောကာလမှာ သူ့ရဲ့ တရားစီရင်ခြင်းအတွက် ဘာကြောင့် လုံးဝ လူ့ဇာတိခံရမှာလဲ ပေါ့။ သူတို့က သခင်ယေရှုဟာ ဝိညာဉ်သဏ္ဍာန်နဲ့ မိုးတိမ်စီးပြီးကြွလာနေတယ်၊ ဘုရားသခင်ဟာ လက်ကမ်းပြီးတော့ ကျွန်တော်တို့အားလုံးကို နိုင်ငံတော်ထဲကို တန်းတန်းမတ်မတ် သိမ်းယူသွားမယ်။ ဒါဆိုရင် သိပ်ကောင်းမှာပဲမဟုတ်လားလို့ထင်ကြတယ်။ ဒီလို ထင်မြင်မှုမျိုးက အလွန်အကျူး ရိုးရှင်းသယောင်လုပ်ထားရုံမက လက်တွေ့လည်းမကျပါဘူး။ ဘုရားသခင်က သန့်ရှင်းဖြောင့်မတ်တဲ့ စိတ်သဘောထားရှိတယ်ဆိုတာ သင် သိရပါမယ်။ သူက အပြစ်သားတွေကို သူ့နိုင်ငံတော်ထဲကို ခေါ်ဆောင်ပါ့မလား။ ကျွန်တော်တို့အားလုံး ဒီကျမ်းပိုဒ်နဲ့ ရင်းနှီးကြတယ်။ “သန့်ရှင်းခြင်းပါရမီမရှိလျှင်၊ အဘယ်သူမျှ ထာဝရဘုရားကို မဖူးမမြင်ရ။(ဟေဗြဲ သြဝါဒစာ ၁၂:၁၄) လူတိုင်းက အပြစ်ရှိပြီး အမြဲတမ်း အပြစ်ပြုနေကြတယ်။ ဘုရားသခင်က လူသားကို နိုင်ငံတော်ထဲတန်းတန်းမတ်မတ် ခေါ်ဆောင်မှာမဟုတ်ဘူး။ အဲဒါက သူ ကျွန်တော်တို့ကို ကယ်တင်တဲ့ပုံစံမဟုတ်ဘူး။ ဘုရားသခင်က အပြစ်သားတွေကို မုန်းတယ်။ သူတို့တွေက ဘုရားကိုမြင်ရဖို့ အရည်အချင်းမပြည့်မီဘူး။ ဒါ သံသယရှိစရာမလိုပါဘူး။ ဒါဆိုရင် နောက်ဆုံးသောကာလမှာ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ကယ်တင်ရှင်က ဘယ်လိုကြွလာတာလဲ။ အရင်ဆုံး သူဟာ ကျွန်တော်တို့ဆီကဖောက်ပြန်ပျက်စီးမှုတွေကို သန့်စင်စေဖို့ သူ့ရဲ့ တရားစီရင်ခြင်းအမှုကို ဆောင်ရွက်ပြီး အပြစ်နဲ့ စာတန်ရဲ့ အင်အားစုတွေကနေ ကျွန်တော်တို့ကို ကယ်တင်တယ်။ ပြီးရင် နိုင်ငံတော်ထဲကို ခေါ်ဆောင်လိမ့်မယ်။ သင့်ရဲ့ အပြစ်ရှိခြင်းကို မဖြေရှင်းရသေးရင် နိုင်ငံတော်ကို ခေါ်ဆောင်ဖို့မပြောနဲ့။ ကပ်ဘေးတွေထဲကနေတောင် ဘုရားက ကယ်တင်မှာမဟုတ်ပါဘူး။ ကပ်ဘေးတွေက စတင်နေပြီ။ ကမ္ဘာကြီးက အဆုံးသတ်နေပြီ၊ သေခြင်းက ချဉ်းကပ်လာနေပြီလို့ လူတိုင်းက ခံစားနေရတယ်။ လူသားမျိုးနွယ်ဆီကို ကြွလာပြီး ကယ်တင်ဖို့အတွက် လူတိုင်းက ကယ်တင်ရှင်ကို စောင့်နေကြပါတယ်။ ဒါကြောင့် သူနဲ့ သူ့ရဲ့ နောက်ဆုံးသောကာလ တရားစီရင်ခြင်းအမှုကို လက်ခံခြင်းက အရေးကြီးဆုံးပါပဲ။ ဒီနေရာမှာ ယုံကြည်သူတွေက ကယ်တင်ခံရပြီး ကောင်းကင်နိုင်ငံတော်ထဲကို ဝင်နိုင်ခြင်းရှိမရှိဆိုတဲ့ အဓိကအချက် တည်ရှိနေပါတယ်။

ဒါပေမဲ့ အရင်ဆုံး နောက်ဆုံးသောကာလ တရားစီရင်ခြင်းအမှုက ဘာလဲဆိုတာကို ပြောရအောင်။ ဘာသာရေးလူစုတွေက နောက်ဆုံးသောကာလ တရားစီရင်ခြင်းကို အရမ်းရိုးရှင်းတဲ့အရာတစ်ခုလို့ ထင်ကြတယ်။ “တရားစီရင်ခြင်း”လို့ ပြောတိုင်းမှာ သူတို့က ဒါကို ဝိညာဉ်သဏ္ဍာန်နဲ့ သခင်ယေရှုက လုပ်ဆောင်လိမ့်မယ်၊ သခင်က ကြွလာပြီး ကျွန်တော်တို့နဲ့ တွေ့ဆုံလိမ့်မယ်၊ နိုင်ငံတော်ထဲကို ခေါ်ဆောင်လိမ့်မယ်၊ ပြီးရင် မယုံကြည်သူတွေက စီရင်ခံရပြီး ဖျက်ဆီးခံရမယ်ဆိုတာ သေချာတယ်လို့ ခံစားမိကြတယ်။ တကယ်တော့ ဒါက သိပ်ကို မှားပါတယ်။ သူတို့ရဲ့ အမှားက ဘယ်မှာ်ရှိတာလဲ။ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ အမှုပြုဖို့ ဘုရားသခင် ကြွလာတဲ့အခါတိုင်းမှာ တကယ်တမ်း အရမ်းကို လက်တွေ့ကျတယ်။ သဘာဝကျတယ်။ နည်းနည်းလေးမှ သဘာဝလွန်တာမရှိဘူး။ ထပ်ပြောရရင် သူတို့က သခင်ကြွလာခြင်းနဲ့ပတ်သက်တဲ့ အရေးကြီးဆုံး ကျမ်းစာဆိုင်ရာ ပရောဖက်ပြုချက်တွေကို သတိမပြုမိကြဘူး။ ဘုရားသခင်က တရားစီရင်ခြင်းအမှုကို ပြုဖို့ လူသားအဖြစ် လူ့ဇာတိခံတဲ့အကြောင်း ပရောဖက်ပြုချက်တွေပေါ့။ သခင်ယေရှုက သိပ်ကို ရှင်းရှင်းလင်းလင်း ဖော်ပြခဲ့ပါတယ်။ “လျှပ်စစ်သည် အရှေ့မှပြက်၍အနောက်တိုင်အောင် ထွန်းလင်းသကဲ့သို့၊ လူသားသည် ကြွလာတော် မူလတံ့။(ရှင်မဿဲခရစ်ဝင် ၂၄:၂၇)ခမည်းတော်သည် အဘယ်သူကိုမျှ တရားစီရင်တော်မမူ။ တရားစီရင်ခြင်းအခွင့်ရှိသမျှကို သားတော်အား အပ်ပေးတော်မူ၏။(ရှင်ယောဟန်ခရစ်ဝင် ၅:၂၃)ငါ့ကိုပယ်၍ငါ့စကားကို နာမခံသောသူအားအပြစ်စီရင်သောသူရှိသေး၏။ ငါဟောပြောသော စကား ပင် နောက်ဆုံးသောနေ့၌ ထိုသူအားအပြစ်စီရင်လိမ့်မည်။(ရှင်ယောဟန်ခရစ်ဝင် ၁၂:၄၈)သင်တို့အား ငါပြောစရာ စကားအများ ရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။(ရှင်ယောဟန်ခရစ်ဝင် ၁၆:၁၂-၁၃) ပြီးတော့ ရှင်ပေတရု သြဝါဒစာ ပထမစာစောင် ၄:၁၇ မှာ “ဘုရားသခင်၏အိမ်တော်သားတို့ကို ရှေ့ဦးစွာစစ်ကြော စီရင်ရသော အချိန်ရှိပြီ။” ဒီ ပရောဖက်ပြုချက်တွေက လုံးဝ မရှင်းလင်းဘူးလား။ သခင်က လူသားအဖြစ် နောက်ဆုံးသောကာလမှာ လူ့ဇာတိခံပြီး သမ္မာတရားကိုဖော်ပြရင်းနဲ့ တရားစီရင်ခြင်းအမှုကို ပြုတယ်။ ဒါ သံသယရှိစရာမလိုပါဘူး။ တရားစီရင်ခြင်းအမှုဆိုတာ ဘုရားက ယုံကြည်သူတွေကို ကောင်းကင်ဘုံထဲ တိုက်ရိုက်ခေါ်ဆောင်ပြီးတော့ မယုံကြည်သူတွေကို စီရင်ပြီး ဖျက်ဆီးတယ်၊ အဲဒါပဲဆိုတဲ့ လူတွေ စိတ်ကူးသလိုမျိုးလုံးဝ မဟုတ်ပါဘူး။ အဲဒီလောက် မရိုးရှင်းပါဘူး။ နောက်ဆုံးသောကာလ တရားစီရင်ခြင်းအမှုက ဘုရား အိမ်တော်ကနေစပါတယ်။ ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ တရားစီရင်ခြင်းကို လက်ခံတဲ့သူတွေကြားမှာ အရင်ဆုံး ဆောင်ရွက်တယ်။ ဆိုလိုတာက လူ့ဇာတိနဲ့ လူသားဟာ ကမ္ဘာမြေကိုကြွလာပြီး လူသားမျိုးနွယ်ကို သန့်စင်ကယ်တင်ဖို့ သမ္မာတရားများစွာကို ဖော်ပြတယ်။ သမ္မာတရားအားလုံးထဲကို ဝင်ရောက်ဖို့ ဘုရားရွေးချယ်ထားတဲ့သူတွေကို လမ်းပြပါတယ်။ ဒါဟာ နောက်ဆုံးသောကာလမှာ ကယ်တင်ရှင်ရဲ့အမှုဖြစ်ပြီး ဒါကို ဘုရားက ဟိုးအရင်ကတည်းက စီစဉ်ခဲ့တာပါ။ မယုံကြည်သူတွေကတော့ ကပ်ဘေးတွေတစ်လျှောက်မှာ စီရင်ခံရပြီး ဖယ်ရှားခံရမှာပါ။ အခု ကယ်တင်ရှင်က လူ့ဇာတိခံ အနန္တတန်ခိုးရှင် ဘုရားသခင်အဖြစ် ကြွလာနှင့်ပြီဖြစ်ပြီး လူသားမျိုးနွယ်ကို သန့်စင်ကယ်တင်ဖို့ လိုအပ်တဲ့ သမ္မာတရားအားလုံးကို ဖော်ပြတယ်။ ဘုရားအိမ်တော်ကစတဲ့ တရားစီရင်ခြင်းအမှုကို လုပ်ဆောင်နေတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ဖော်ပြတဲ့ ဒီသမ္မာတရားတွေက တစ်လောကလုံးကို လှုပ်ခတ်စေခဲ့ပြီး နိုင်ငံတိုင်းက လူတိုင်းနီးပါးက အဲဒါတွေကို ကြားပြီးပြီ။ သခင်ပြန်ကြွလာခြင်းနဲ့ ပတ်သက်တဲ့ ကျမ်းစာရဲ့ ပရောဖက်ပြုချက်တွေက လုံးဝ ပြည့်စုံပြီဆိုတာ ကျွန်တော်တို့ မြင်နိုင်ပါတယ်။

ကံမကောင်းစွာပဲ ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ တရားစီရင်ခြင်းအမှုကို နားမလည်ဘဲ သဘာဝလွန်တစ်ခုခုကို မြင်ရဖို့ ဆက်ပြီး မျှော်လင့်နေတဲ့ လူတွေ များစွာရှိနေပါသေးတယ်။ ဘုရားက ကောင်းကင်မှာ ပေါ်ထွန်းပြီး စကားပြောတာမျိုးပေါ့။ ဒါက တော်တော်ကို လက်ဆုပ်လက်ကိုင်ပြလို့မရတဲ့အရာပါ။ ဘုရားက သူ့ရဲ့ တရားစီရင်ခြင်းကို ဘယ်လိုဆောင်ရွက်တယ်ဆိုတာ ပိုပြီးနားလည်အောင် အနန္တတန်ခိုးရှင် ဘုရားသခင်ပြောတာကို ကြည့်ကြည့်ရအောင်း။ “တရားစီရင်ခြင်းအမှုသည် ဘုရားသခင်ကိုယ်တိုင်၏အမှု ဖြစ်၏။ ထို့ကြောင့် ယင်းအား ဘုရားသခင်ကိုယ်တော်တိုင် ဆောင်ရွက် ရမည်မှာ ဟုတ်ပေသည်။ သူ့အစား၊ လူသားက အစားထိုး၍ ဆောင်ရွက် မပေးနိုင်ပေ။ တရားစီရင်ခြင်းသည် လူသားမျိုးနွယ်ကို သိမ်းပိုက်ဖို့ သမ္မာတရားကို အသုံးပြုခြင်း ဖြစ်သည့်အတွက်၊ လူသားအလယ် ဤအမှုကို ဆောင်ရွက်ရန် ဘုရားသခင်သည် လူ့ဇာတိခံ ပုံသဏ္ဌာန်ဖြင့် ပေါ်ထွန်းဦးမည်မှာ မေးစရာမလိုချေ။ ဆိုလိုသည်မှာ နောက်ဆုံးသောကာလ ခရစ်တော်သည် ကမ္ဘာလောကအနှံ့ရှိ လူတို့ကို သွန်သင်ရန် သမ္မာတရားကို အသုံးပြုမည်ဖြစ်ပြီး၊ သမ္မာတရားအားလုံးကို သူတို့အား သိစေမည်။ ဤသည်မှာ ဘုရားသခင်၏ တရားစီရင်ခြင်း အမှုဖြစ်၏။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏)

နောက်ဆုံးသောကာလ ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏ အပြုအမူများနှင့် စကားလုံးများကို စိတ်ဖြာလေ့လာရန် အမျိုးမျိုးသော သမ္မာတရားများကို အသုံးပြု၏။ ဤနှုတ်ကပတ်တော်များသည် လူသား၏တာဝန်၊ လူသားသည် ဘုရားသခင်ကို မည်သို့နာခံသင့်ပုံ၊ လူသားသည် ဘုရားသခင်ကို မည်သို့သစ္စာရှိသင့်ပုံ၊ လူသားသည် သာမန်လူ့သဘာဝကို မည်သို့ အသက်ရှင်နေထိုင်သင့်ပုံအပြင်၊ ဘုရားသခင်၏ ဉာဏ်ပညာနှင့် စိတ်သဘောထား စသည်တို့ကဲ့သို့သော အမျိုးမျိုးသော သမ္မာတရားများ ပါဝင်သည်။ ဤနှုတ်ကပတ်တော်များ အားလုံးသည် လူသား၏အနှစ်သာရနှင့် သူ၏ဖောက်ပြန်ပျက်စီးနေသော စိတ်သဘောထားတို့ကို ဦးတည်ထား ပေသည်။ အထူးသဖြင့်၊ ဘုရားသခင်ကို လူသားက မည်သို့ ပစ်ပယ်သည်ကို ဖော်ထုတ်ပြသည့် နှုတ်ကပတ်တော်များမှာ လူသားသည် စာတန်၏ပြယုဂ်နှင့် ဘုရားသခင်ကိုဆန့်ကျင်သည့်ရန်သူအင်အား တစ်ခု မည်သို့ဖြစ်သည်နှင့် စပ်လျဉ်း၍ ပြောဆိုထားပေသည်။ သူ၏တရားစီရင်ခြင်းအမှုကို ဆောင်ရွက်ရာတွင်၊ ဘုရားသခင်သည် လူသား၏သဘာဝကို စကားလုံးအနည်းငယ်မျှဖြင့် ရှင်းလင်းရုံမျှ ရှင်းလင်းစေသည် မဟုတ်။ သူသည် ရေရှည်နှင့်ပတ်သက်၍ ဖော်ထုတ်သည်၊ ကိုင်တွယ်ဖြေရှင်းပြီး၊ ပြုပြင်လေသည်။ ဤကွဲပြားခြားနားသော ဖော်ထုတ်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ပြုပြင်ပေးခြင်း နည်းစနစ်အားလုံးကို သာမန်စကားလုံးများဖြင့် အစားထိုး၍မရနိုင်ဘဲ၊ လူသားတွင် လုံးဝကင်းမဲ့နေသော သမ္မာတရားဖြင့် အစားထိုးနိုင်ပေသည်။ ဤသို့သော နည်းလမ်းများကိုသာ တရားစီရင်မှုဟု ခေါ်ဆိုနိုင်သည်။ ဤတရားစီရင်မှုမျိုးမှတစ်ဆင့်သာ လူသားသည် ချိုးနှိမ်ခံရနိုင်ပြီး၊ ဘုရားသခင်နှင့်ပတ်သက်၍ လုံးလုံးလျားလျား သိမ်းသွင်းစည်းရုံး ခံရနိုင်သည့်အပြင်၊ ဘုရားသခင်နှင့် ပတ်သက်သည့် စစ်မှန်သော အသိပညာကို ရရှိနိုင်ပေသည်။ တရားစီရင်ခြင်းက ဖြစ်ပေါ်စေသည့်အရာမှာ ဘုရားသခင်၏မျက်နှာအစစ်အမှန်နှင့် သူကိုယ်တိုင်၏ ပုန်ကန်မှုနှင့်ပတ်သက်သည့် အမှန်တရားကို လူသားက သိနားလည်ခြင်း ဖြစ်သည်။ တရားစီရင်ခြင်းအမှုသည် ဘုရားသခင်၏ အလို၊ ဘုရားသခင်အမှု၏ ရည်ရွယ်ချက်နှင့် လူသား နားမလည်နိုင်သော နက်နဲမှုများတို့နှင့် ပတ်သက်သည့် များပြားလှသော သိနားလည်မှုကို လူသားအား ရရှိခွင့်ပေးသည်။ ယင်းသည် လူသားကို သူ၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရနှင့် သူ၏ ဖောက်ပြန်ပျက်စီးမှု အရင်းအမြစ်များကို သတိပြုကာ သိရှိခွင့်ပေးသည့်အပြင် လူသား၏ အကျည်းတန်မှုကို သိရခွင့် ပေးလေသည်။ ဤအကျိုးသက်ရောက်မှုအားလုံးတို့ကို တရားစီရင်ခြင်း အမှုက ဖြစ်ပေါ်စေခြင်းဖြစ်သည်၊ အကြောင်းမှာ ဤအမှု၏ အနှစ်သာရသည် ဘုရားသခင်၌ ယုံကြည်ခြင်းရှိသူများ အားလုံးထံသို့ ဘုရားသခင်၏သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကို အမှန်တကယ် ဖွင့်ပြပေးသည့် အမှု ဖြစ်သောကြောင့် ဖြစ်သည်။ ဤအမှုသည် ဘုရားသခင် လုပ်ဆောင်သော တရားစီရင်ခြင်းအမှု ဖြစ်၏။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏)

ဘုရားက သူ့ရဲ့ နောက်ဆုံးသောကာလ တရားစီရင်ခြင်းကို ဘယ်လိုလုပ်ဆောင်တယ်ဆိုတာ အခု ကျွန်တော်တို့ နားလည်သင့်ပါတယ်။ ဒါက အဓိကအားဖြင့် သမ္မာတရားတွေကို ဖော်ပြခြင်း၊ လူသားမျိုးနွယ်ကို တရားစီရင်၊ သန့်စင်ပြီး ကယ်တင်ဖို့ ဒါတွေကို အသုံးပြုခြင်းကနေတစ်ဆင့် ဖြစ်ပါတယ်။ ဆိုလိုတာက နောက်ဆုံးသောကာလမှာ ဘုရားသခင်ဟာ လူသားရဲ့ ဖောက်ပြန်ပျက်စီးမှုကို သန့်စင်ဖို့၊ လူတစ်စုကို ကယ်တင်ပြီး စုံလင်စေပြီးတော့ ဘုရားနဲ့ စိတ်နှလုံး တစ်လုံးတစ်ဝတည်းရှိသူ လူတစ်စုကို စုံလင်စေဖို့ ဒီတရားစီရင်ခြင်းအမှုကို အသုံးပြုပါတယ်။ ဒါဟာ ဘုရားသခင်ရဲ့ အနှစ် ၆၀ဝ၀ စီမံခန့်ခွဲမှု အစီအစဉ်ရဲ့ အသီးအပွင့်ပါပဲ။ ဒါက နောက်ဆုံးသောကာလ တရားစီရင်ခြင်းအမှုရဲ့ အခရာပါပဲ။ ဒါကြောင့် အနန္တတန်ခိုးရှင် ဘုရားသခင်ဖြစ်တဲ့ ကယ်တင်ရှင်က သမ္မာတရားများစွာကို ဖော်ပြနေတာ၊ လူသားရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေအားလုံးကို ဖော်ထုတ်ပြီး တရားစီရင်နေတာ၊ ကိုင်တွယ်ဖြေရှင်းခြင်း၊ ပြုပြင်ခြင်း၊ စမ်းသပ်ခြင်းနဲ့ စစ်ဆေးခြင်းကတစ်ဆင့် လူတွေကို သန့်စင်ပြီး ပြောင်းလဲနေတာ၊ လူသားရဲ့ အပြစ်ရှိခြင်း အရင်းအမြစ်ကို ဖြေရှင်းပေးနေတာ၊ အပြစ်နဲ့ စာတန်ရဲ့ အင်အားစုတွေကနေ အပြည့်အဝလွတ်မြောက်ဖို့ ဘုရားသခင်အပေါ် ကျိုးနွံနာခံခြင်းနဲ့ ကြောက်ရွံ့ခြင်းဖြစ်ပေါ်စေဖို့ ကျွန်တော်တို့ကို အခွင့်ပေးနေတာပါ။ ဒါက တချို့လူတွေအတွက် နည်းနည်းရှုပ်ထွေးနိုင်ပါတယ်။ သခင်ယေရှုက လူသားမျိုးနွယ်ကို ရွေးနှုတ်ခဲ့တယ်။ ဒီတော့ နောက်ဆုံးသောကာလမှာ လူသားမျိုးနွယ်ကို တရားစီရင်ဖို့ ဘုရားသခင်က သမ္မာတရားကို ဖော်ပြဖို့ ဘာကြောင့်လိုမှာလဲ ပေါ့။ လူသားက စာတန်ရဲ့ ဖောက်ပြန်ပျက်စီးစေခြင်းကို ဘယ်လောက်နက်နက်နဲနဲခံထားရတယ်ဆိုတာ သူတို့ မမြင်နိုင်ဘူး။ ကျွန်တော်တို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို ဖြေရှင်းခြင်းအားဖြင့် ဘုရားသခင်က နောက်ဆုံးသောကာလမှာ လူသားကို ကယ်တင်ပါတယ်။ ဒါက ရိုးရှင်းတဲ့ ကိစ္စမဟုတ်ပါဘူး။ ဒါက ကျွန်တော်တို့ အပြစ်တွေကို အသိအမှတ်ပြုတာ၊ သခင့်ထံ ဝန်ချပြီး နောင်တရတာသက်သက်ပဲ မဟုတ်ပါဘူး။ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားက အပြစ်ရှိခြင်းနဲ့ ကွာခြားပါတယ်။ အပြစ်ရှိတဲ့ အပြုအမူတွေနဲ့ သက်ဆိုင်တာမဟုတ်ဘဲ အဲဒါက ကျွန်တော်တို့ စိတ်တွေ၊ ဝိညာဉ်တွေထဲမှာ ရှင်သန်နေတဲ့ အရာတစ်ခုပါ။ အဲဒါတွေက ကျွန်တော်တို့အထဲမှာ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေတဲ့ စိတ်သဘောထားတွေပါ။ မာနထောင်လွှားမှု၊ ကောက်ကျစ်မှု၊ ဆိုးယုတ်မှုနဲ့ သမ္မာတရားကို ရွံ့မုန်းမှုလိုမျိုးတွေပေါ့။ ဒီ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေဟာ လူတွေရဲ့ စိတ်နှလုံးအတွင်းထဲမှာ ပုန်းကွယ်နေပြီး ရှာတွေ့ဖို့ သိပ်ခက်ပါတယ်။ တစ်ခါတလေမှာ လူသိရှင်ကြားဖြစ်တဲ့ အပြစ်မျိုးမရှိဘဲ လူတစ်ယောက်က ကြားကောင်းတဲ့အရာတွေကို ပြောနိုင်တယ်။ ဒါပေမဲ့ သူတို့စိတ်နှလုံးထဲမှာ ကောက်ကျစ်ပြီး စက်ဆုပ်ဖွယ်ရည်ရွယ်ချက်တွေရှိပြီး တခြားလူတွေကို လှည့်စားပြီး အမြင်မှားစေတတ်တယ်။ ဒါက သူတို့ရဲ့ စိတ်သဘောထားနဲ့ဆိုင်တဲ့ ပြဿနာတစ်ခုပဲ။ ဘုရားသခင်ရဲ့ ကိုင်တွယ်ဖြေရှင်းခြင်း၊ ပြုပြင်ခြင်းနဲ့ စမ်းသပ်ခြင်းနဲ့အတူ ရေရှည်တရားစီရင်မှုနဲ့ ထုတ်ဖော်ခြင်းတွေမရှိဘဲ လူတွေက ဒါကို မြင်မှာမဟုတ်ဘူး။ ပြောင်းလဲဖို့ဆိုတာ ထားလိုက်တော့။ သခင့်ကို ယုံကြည်သူတွေထဲမှာ သူတို့အပြစ်တွေကို တစ်သက်လုံးဝန်ချပြီးတဲ့နောက် အပြစ်ကနေ လွတ်သွားတဲ့သူ ဘယ်သူရှိလဲ။ တစ်ယောက်မှမရှိပါဘူး။ ဒါကြောင့် နောက်ဆုံးသောကာလ တရားစီရင်ခြင်းအမှုမပါဘဲ သခင့်ရဲ့ ရွေးနှုတ်ခြင်းကို ကြုံတွေ့ခြင်းသက်သက်က ကိုယ့်ရဲ့ အပြစ်ရှိတဲ့ အပြုအမူကို သတိပြုမိခွင့်ပဲပေးပါတယ်။ ဒါပေမဲ့ ကိုယ့်ရဲ့ အပြစ်ရှိတဲ့ သဘာဝ၊ အပြစ်ရဲ့ အရင်းအမြစ်၊ ဆိုလိုတာက အတွင်းထဲမှာ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေတဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားက ပြုပြင်ဖို့မပြောနဲ့၊ လူတွေမြင်တဲ့အရာမဟုတ်ပါဘူး။ ဒါကို ဘယ်သူမှ မငြင်းနိုင်ဘူး။ ဒါကြောင့် ဘုရားသခင်က နောက်ဆုံးသောကာလမှာ ကိုယ်တိုင် လူ့ဇာတိခံယူပြီး တရားစီရင်ခြင်းကို ဆောင်ရွက်ခြင်း၊ သမ္မာတရားတွေကို အတွဲလိုက်ဖော်ပြခြင်းကတစ်ဆင့်၊ သူ့ရဲ့ ရှေရှည်ထုတ်ဖော်ခြင်းနဲ့ တရားစီရင်ခြင်းကတစ်ဆင့်သာ လူတွေက သူတို့ရဲ့ ဖောက်ပြန်ပျက်စီးခြင်း အမှန်တရားကို ရှင်းရှင်းလင်းလင်းမြင်ပြီး သူတို့ကိုယ်ပိုင်အနှစ်သာရကို သိနိုင်တာပါ။ ဘုရားရဲ့ ဖြောင့်မတ်ခြင်းနဲ့ သန့်ရှင်းခြင်းကိုသိပြီး ဘုရားအပေါ် ကြောက်ရွံ့ခြင်း စိတ်နှလုံးဖြစ်ပေါ်လာတာဟာ ဒီတရားစီရင်ခြင်းကတစ်ဆင့်ဖြစ်ပါတယ်။ ဒါက ဖောက်ပြန်ပျက်စီးခြင်းကို စွန့်ပစ်ပြီး တကယ့် လူသားပုံသဏ္ဍန်နဲ့ အသက်ရှင်နေထိုင်ဖို့ တစ်ခုတည်းသော နည်းလမ်းပဲ။ ဒါကြောင့်၊ ဘုရားသခင်က နောက်ဆုံးသောကာလမှာ တရားစီရင်ခြင်းကို ဆောင်ရွက်ဖို့ လူ့ဇာတိခံယူပြီး သမ္မာတရားကို ဖော်ပြခြင်းအားဖြင့်ပဲ ဒီ အသီးအပွင့်တွေကို ရရှိနိုင်ပါတယ်။ တချို့က မေးနိုင်တယ်။ ဘုရားသခင်ကိုယ်တိုင်က ဒါကို ဘာကြောင့် လူ့ဇာတိနဲ့လုပ်ရတာလဲ။ ဝိညာဉ်သဏ္ဍာန်နဲ့ ဘာကြောင့် မလုပ်နိုင်တာလဲ ပေါ့။ ဒါကို လူတိုင်း ပိုနားလည်သွားအောင် ဘုရားနှုတ်ကပတ်တော်ဖတ်တဲ့ ဗီဒီယိုတစ်ခုကို ကြည့်ရအောင်။

အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ဘုရားသခင်၏ဝိညာဉ်တော်ကို လူသားက ထိတွေ့နိုင်ခြင်း၊ မြင်နိုင်ခြင်း မရှိသကဲ့သို့၊ လူသားသည် တိုးဝင်ချဉ်းကပ်နိုင်ခြင်းလည်း မရှိသည့်အတွက်၊ ဘုရားသခင်၏ လူကိုကယ်တင်ခြင်းသည် ဝိညာဉ်တော်၏ နည်းစနစ်နှင့် ဝိညာဉ်တော်၏ ပင်ကိုလက္ခဏာတို့ကို တိုက်ရိုက် အသုံးပြု၍ လုပ်ဆောင်ခြင်း မဟုတ်ပေ။ သူ့အနေဖြင့် ဝိညာဉ်တော်၏ ပြုမူပုံကို တိုက်ရိုက် အသုံးပြုလျက် လူသားကို ကယ်တင်ရန် ကြိုးစားခဲ့ပါက၊ လူသားသည် သူ၏ကယ်တင်ခြင်းကို လက်ခံရရှိနိုင်မည် မဟုတ်ပေ။ အကယ်၍ ဘုရားသခင်သည် ဖန်ဆင်းခံ လူသားတစ်ဦး၏ အပြင်ပန်း ပုံသဏ္ဌာန်ကိုသာ မယူတင် မဝတ်ဆင်ခဲ့ပါက၊ လူသားအတွက် ဤကယ်တင်ခြင်းကို ရရှိဖို့ မဖြစ်နိုင်ပေ။ အကြောင်းမှာ မည်သူ တစ်ဦးတစ်ယောက်ကမျှ ယေဟောဝါ၏ တိမ်အနီးသို့ မသွားနိုင်ကြသလောက်၊ လူသည် သူ့ကို ချဉ်းကပ်ခြင်းငှာ မဖြစ်နိုင်သောကြောင့် ဖြစ်သည်။ ဖန်ဆင်းခံ လူသားတစ်ဦး ဖြစ်လာခြင်းအားဖြင့်သာလျှင်၊ ဆိုလိုသည်မှာ သူ၏ နှုတ်ကပတ်တော်များကို သူဖြစ်လာတော့မည့် ဇာတိခန္ဓာအထဲသို့ ထားရှိခြင်းအားဖြင့်သာလျှင်၊ သူ့နောက်လိုက်သော သူအားလုံးထဲသို့ သူသည် နှုတ်ကပတ်တော်ကို ကိုယ်တိုင်ကိုယ်ကျ အမှုပြုစေနိုင်ပေသည်။ ထိုအခါမှသာလျှင် လူသည် သူ၏နှုတ်ကပတ်တော်ကို ကိုယ်တိုင်ကိုယ်ကျ မြင်နိုင်ကာ ကြားနိုင်သည့်အပြင်၊ သူ၏နှုတ်ကပတ်တော် ပိုင်ဆိုင်ခြင်းထဲသို့ ဝင်ရောက်နိုင်ပြီး၊ ဤနည်းဖြင့် အပြည့်အဝ ကယ်တင်ခံရနိုင်ပေသည်။ အကယ်၍ ဘုရားသခင်သည် လူ့ဇာတိကို မခံယူခဲ့ပါက၊ အသွေးအသားရှိသော မည်သူကမျှ ထိုသို့သော ကြီးမြတ်သည့် ကယ်တင်ခြင်းကို ရရှိနိုင်မည် မဟုတ်သကဲ့သို့၊ မည်သည့်လူသားတစ်ဦး တစ်ယောက်ကမျှ ကယ်တင်ခံရမည် မဟုတ်ပေ။ ဘုရားသခင်၏ ဝိညာဉ်တော်သည် လူမျိုးနွယ်အလယ်တွင် တိုက်ရိုက် အလုပ်လုပ်ခဲ့ပါက၊ လူသားမျိုးနွယ်အားလုံးသည် ဒဏ်ခတ်ခံရမည် ဖြစ်သည် သို့မဟုတ်ပါက ဘုရားသခင်နှင့် ထိတွေ့ဆက်ဆံရန် မဖြစ်နိုင်ဘဲလျက်၊ ၎င်းတို့သည် စာတန်၏ လုံးဝ ဖမ်းဆီးခေါ်ဆောင်သွားခြင်း ခံရကြမည် ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄))

လူသား၏ ဇာတိပကတိ ဖောက်ပြန်ပျက်စီးမှုကို တရားစီရင်ခြင်း အမှုအတွက် လူ့ဇာတိ၌ရှိသည့် ဘုရားသခင်ထက် မည်သူမျှ သာ၍ မသင့်တော်သကဲ့သို့ သာ၍ အရည်အချင်းမပြည့်မီပေ။ အကယ်၍ တရားစီရင်မှုကို ဘုရားသခင်၏ ဝိညာဉ်တော်က တိုက်ရိုက် ဆောင်ရွက်ခဲ့မည်ဆိုပါက၊ အလုံးစုံခြုံငုံမိမည် မဟုတ်ပေ။ ထို့အပြင်၊ လူသားသည် ပုန်ကန်ပြစ်မှား၍ မရနိုင်သော ဘုရားသခင်၏ စိတ်သဘောထားကို သာ၍ ရှင်းလင်းစွာ ရှုမြင်နိုင်ရန် မဆိုထားနှင့်၊ ဝိညာဉ်တော်သည် လူသားထံ မျက်နှာချင်းဆိုင် မလာနိုင်သည့်အတွက်၊ ထိုသို့သောအမှုကို လူသားအနေဖြင့် လက်ခံရန် ခက်ခဲမည် ဖြစ်ပြီး၊ ဤအရာကြောင့် အကျိုးသက်ရောက်မှုများကို ချက်ချင်းရရှိမည် မဟုတ်ပေ။ လူ့ဇာတိ၌ရှိသည့် ဘုရားသခင်သည် လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးမှုကို တရားစီရင်မှသာလျှင် စာတန်ကို အပြည့်အဝ အနိုင်ယူနိုင်ပေသည်။ လူသားကဲ့သို့ ပုံမှန်လူ့သဘာဝကို ပိုင်ဆိုင်သည့်နည်းတူ၊ လူ့ဇာတိ၌ရှိသည့် ဘုရားသခင်သည် လူသား၏ ဖြောင့်မတ်မှုမရှိခြင်းကို တိုက်ရိုက် တရားစီရင်ဆုံးဖြတ်နိုင်သည်၊ ဤသည်မှာ သူ၏ရှိရင်းစွဲ သန့်ရှင်းမှုနှင့် သူ၏သာမန်ထက်ထူးခြားမှု၏ အမှတ်လက္ခဏာ ဖြစ်သည်။ ဘုရားသခင်သည် သမ္မာတရားနှင့် ဖြောင့်မတ်ခြင်းကို ပိုင်ဆိုင်သောကြောင့် လူသားကို တရားစီရင်နိုင်သည့်အတွက်၊ သူသာလျှင် လူသားကို တရားစီရင်ရန် အရည်အချင်းပြည့်မီကာ တရားစီရင်နိုင်သည့် အနေအထားတွင်ရှိသည်။ သမ္မာတရားနှင့် ဖြောင့်မတ်ခြင်းမရှိသော သူတို့သည် အခြားသူများကို တရားစီရင်ရန် မသင့်တော်ပေ။ အကယ်၍ ဤအမှုကို ဘုရားသခင်၏ ဝိညာဉ်တော်က လုပ်ဆောင်ခဲ့ပါက၊ ယင်းသည် စာတန်အပေါ် အောင်နိုင်ခြင်းဟု အဓိပ္ပာယ်ရမည် မဟုတ်ပေ။ ဝိညာဉ်တော်သည် သေမျိုးများထက် ပင်ကိုအားဖြင့် သာ၍ ချီးမြှောက်ခြင်းခံရပြီး၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် ပင်ကိုအားဖြင့် သန့်ရှင်းကာ လူ့ဇာတိအပေါ် အောင်နိုင်သည်။ အကယ်၍ ဝိညာဉ်တော်သည် ဤအမှုကို တိုက်ရိုက်လုပ်ဆောင်ခဲ့ပါက၊ သူ့အနေဖြင့် လူသား၏ မနာခံမှုအားလုံးကို တရားစီရင်နိုင်ခြင်း ရှိလိမ့်မည် မဟုတ်သကဲ့သို့၊ လူသား၏ မဖြောင့်မတ်မှု အားလုံးကို ထုတ်ဖော်ပြနိုင်လိမ့်မည် မဟုတ်ပေ။ အကြောင်းမှာ တရားစီရင်ခြင်း အမှုကို လူသား၏ ဘုရားသခင်နှင့်ပတ်သက်သည့် အယူအဆများမှတစ်ဆင့်လည်း ဆောင်ရွက်ခြင်း ဖြစ်ပြီး၊ လူသားသည် ဝိညာဉ်တော်နှင့်ပတ်သက်၍ မည်သည့် အယူအဆမျှ မရှိသည့်အတွက် ဖြစ်သည်၊ ထို့ကြောင့် ဝိညာဉ်တော်သည် ထိုသို့သော မဖြောင့်မတ်မှုကို လုံးဝ ဖွင့်ချရန်မဆိုထားနှင့်၊ လူသား၏ မဖြောင့်မတ်မှုကိုပင် သာ၍ကောင်းစွာ ထုတ်ဖော်ပြနိုင်စွမ်း မရှိပေ။ လူ့ဇာတိခံ ဘုရားသခင်သည် သူ့ကို မသိသောသူများ အားလုံး၏ ရန်သူ ဖြစ်သည်။ လူသား၏ အယူအဆများနှင့် သူ့ကိုဆန့်ကျင်မှုများအား တရားစီရင်ခြင်းမှတစ်ဆင့်၊ ဘုရားသခင်သည် လူသားမျိုးနွယ်၏ မနာခံမှုအားလုံးကို လှစ်ဟထုတ်ဖော်သည်။ လူ့ဇာတိ၌ သူ့အမှု၏ အကျိုးတရားများသည် ဝိညာဉ်တော် အမှု၏ အကျိုးတရားများထက် ပို၍ သိသာထင်ရှားလေသည်။ ထို့ကြောင့် လူသားမျိုးနွယ် တစ်ရပ်လုံးကို တရားစီရင်ခြင်းအား ဝိညာဉ်တော်က တိုက်ရိုက်မဆောင်ရွက်ဘဲ၊ ယင်းသည် လူ့ဇာတိခံ ဘုရားသခင်၏ အမှုဖြစ်လေသည်။ လူ့ဇာတိ၌ရှိသည့် ဘုရားသခင်ကို လူသားက မြင်ကာ ထိတွေ့နိုင်ပြီး လူ့ဇာတိ၌ရှိသည့် ဘုရားသခင်သည် လူသားကို လုံးဝ သိမ်းပိုက်နိုင်သည်။ လူ့ဇာတိ၌ရှိသည့် ဘုရားသခင်နှင့် သူ၏ဆက်ဆံရေးတွင်၊ လူသားသည် ဆန့်ကျင်မှုမှ နာခံမှုသို့၊ ညှဉ်းပန်းနှိပ်စက်မှုမှ လက်ခံမှုသို့၊ အယူအဆများမှ အသိပညာသို့၊ ပြီးလျှင် ငြင်းပယ်ခြင်းမှ ချစ်ခြင်းမေတ္တာသို့ တိုးတက်သွားသည်- ဤသည်တို့မှာ လူ့ဇာတိခံ ဘုရားသခင်၏ အမှုနှင့်ဆိုင်သည့် အကျိုးတရားများ ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံ ဘုရားသခင်၏ ကယ်တင်ခြင်းကို သာ၍လိုအပ်သည်)

ဘုရားက တရားစီရင်ခြင်းအမှုကို ဘာကြောင့် ကိုယ်တိုင် လူ့ဇာတိနဲ့ ဆောင်ရွက်မှာလဲဆိုတာကို အခု ကျွန်တော်တို့အားလုံး နည်းနည်းပိုနားလည်သွားပြီလို့ ထင်ပါတယ်။ ဘာကြောင့်လဲဆိုရင် လူတွေနဲ့ လက်တွေ့ကျကျ ထိတွေ့ဆက်ဆံဖို့၊ ဘယ်နေရာမဆို၊ ဘယ်အချိန်မှာမဆို သမ္မာတရားနဲ့ပတ်သက်လို့ ကျွန်တော်တို့နဲ့ စကားပြောပြီး မိတ်သဟာယဖွဲ့ဖို့၊ ကျွန်တော်တို့ ထုတ်ဖော်တဲ့ ဖောက်ပြန်ပျက်စီးမှုအတိုင်းကျွန်တော်တို့ကို ဖော်ထုတ်ပြီး တရားစီရင်ဖို့ ကျွန်တော်တို့ လိုအပ်ချက်တွေနဲ့အညီ ကျွန်တော်တို့ကို ရေလောင်းဖို့၊ ထိန်းကျောင်းဖို့၊ ပံ့ပိုးဖို့အတွက် ဘုရားသခင် လူ့ဇာတိခံယူခြင်းကသာ တစ်ခုတည်းသောနည်းလမ်းဖြစ်တာကြောင့်ပါ။ ဒါက သူ့ရဲ့အလိုတော်နဲ့ တောင်းဆိုချက်တွေကို ဘုရားက ရှင်းရှင်းလင်းလင်း သိစေနိုင်တဲ့ တစ်ခုတည်းသောနည်းလမ်းပါ။ ဘုရားသခင်ရဲ့ လမ်းခရီးကို ကိုယ်တိုင်ကြားရခြင်းနဲ့ သူဖော်ပြတဲ့ သမ္မာတရားတွေကို နားလည်ခြင်းက သမ္မာတရားနဲ့ ကယ်တင်ခြင်းကို ကျွန်တော်တို့ရရှိခြင်းအတွက် အကျိုးအဖြစ်ဆုံး မဟုတ်ဘူးလား။ ထပ်ပြောရရင် ဘုရားသခင်က သာမန်၊ နေ့စဉ်မြင်နေကျ လူတစ်ယောက်အဖြစ် လူ့ဇာတိခံယူတဲ့အခါ လူတွေက အယူအဆတွေရှိနိုင်တယ်၊ ပုန်ကန်ကောင်းပုန်ကန်နိုင်တယ်လို့ ခင်ဗျားတို့ ပြောမလား။ သေချာတာပေါ့။ ခရစ်တော်ရဲ့ တကယ့်ကို သာမန် အပြင်ပန်းအသွင်အပြင်ကို လူတွေ မြင်တာနဲ့ သူတို့ရဲ့ အယူအဆတွေ၊ ပုန်ကန်မှုနဲ့ အာခံမှုတွေက ထွက်ပေါ်လာတယ်လေ။ သူတို့က ဘာမှမပြောရင်တောင်၊ မပြရင်တောင် ဘယ်လောက်ကောင်းအောင် ဟန်ဆောင်ပါစေ ဘုရားသခင်က စောင့်ကြည့်နေတယ်။ ဒါကို ဖုန်းကွယ်ဖို့ ဘယ်ကြိုးစားမှုမဆို မအောင်မြင်နိုင်ဘူး။ ဘုရားသခင်က လူတွေထဲမှာ ကွယ်ဝှက်ထားတဲ့ ဘယ်အရာကိုမဆို တိတိကျကျကို ထုတ်ဖော်ပါတယ်။ ဒါကြောင့် လူ့ဇာတိခံဘုရားကသာ လူတွေကို အကောင်းဆုံး ဖော်ထုတ်နိုင်ပြီး သူတို့ရဲ့ ပုန်ကန်မှုနဲ့ အာခံမှုကို ထုတ်ဖော်နိုင်တယ်။ ဒါက တရားစီရင်ခြင်းအမှုအတွက် အကျိုးအရှိဆုံးပါပဲ။ ဘုရားသခင်က ဝိညာဉ်တော်ကတစ်ဆင့် နှုတ်ကပတ်တော်တွေကို တိုက်ရိုက်မိန့်မြွက်ရင်ရော။ လူတွေက သူ့ရဲ့ဝိညာဉ်ကို မမြင်နိုင်၊ မထိတွေ့နိုင်၊ အနားကပ်နိုင်မှာ မဟုတ်ဘူး။ ပြီးတော့ သူ့ရဲ့ ဝိညာဉ်တော်စကားပြောတာက ကြောက်စရာကောင်းနေမှာပဲ။ ဒါဆိုရင် သူတို့စိတ်နှလုံးကို ဘုရားကို ဘယ်လိုဖွင့်ပြနိုင်မှာလဲ။ သမ္မာတရားကို ဘယ်လိုနားလည်နိုင်မလဲ။ ပြီးတော့ ဝိညာဉ်တော်နဲ့ ရင်ဆိုင်ရတဲ့အခါမှာ ဘယ်သူက အယူအဆတွေရှိရဲတော့မလဲ။ ဘယ်သူက ဖောက်ပြန်ပျက်စီးမှုကို ထုတ်ဖော်ပြရဲမှာလဲ။ ဒါမှမဟုတ် ပုန်ကန်ပြီး အာခံရဲမှာလဲ။ ဘယ်သူမှ လုပ်ရဲမှာမဟုတ်ဘူး။ လူတိုင်းက ကြောက်ပြီး တုန်နေကြမယ်။ ကိုယ့်ကိုယ်ကိုယ် ပျပ်ဝပ်ပြီး မျက်နှာဖြူဖတ်ဖြူရော်ဖြစ်နေကြမှာပဲ။ လူတွေက ဒီလို ကြောက်လန့်တဲ့ အခြေအနေမှာ သူတို့ရဲ့ အမှန်တရားကို ဘယ်လို ဖော်ထုတ်လို့ရမှာလဲ။ သူတို့ရဲ့ ဘယ်အယူအဆနဲ့ ပုန်ကန်မှုကမှ သိသာမှာ မဟုတ်ဘူး။ ဒီတော့ တရားစီရင်ခြင်းကို ဘယ်လို ဆောင်ရွက်လို့ရမှာလဲ။ ဘာ သက်သေအထောက်အထားရှိမလဲ။ ဒါကြောင့် ဘုရားရဲ့ ဝိညာဉ်တော်လုပ်ဆောင်မှုက လူတွေရဲ့ အစစ်မှန်ဆုံး အပြုအမူတွေကို ဖွင့်ထုတ်ပြီး လူတွေကို ဖော်ထုတ်နိုင်မှာ မဟုတ်ဘူး။ ဘုရားရဲ့ တရားစီရင်ခြင်းအမှုက ပြီးမြောက်နိုင်မှာ မဟုတ်ဘူး။ ဘုရားသခင်ရဲ့ လူ့ဇာတိခံယူခြင်းက သူ့ဝိညာဉ်တော်ထက် တရားစီရင်ခြင်းအမှုအတွက် ပိုပြီး ထိရောက်မှုရှိတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်က ကျွန်တော်တို့နဲ့အတူ မနက်ကနေ ညအထိ လူသားမျိုးနွယ်ကြားမှာ နေထိုင်နေတာကို မြင်နိုင်ပါတယ်။ ကျွန်တော်တို့ရဲ့ လှုပ်ရှားမှုတိုင်း၊ အတွေးတိုင်း၊ ကျွန်တော်တို့ ထုတ်ဖော်တဲ့ ဖောက်ပြန်ပျက်စီးမှုအမျိုးအစားတိုင်းကို ဘုရားက မြင်ပြီး အပြည့်အဝနားလည်ပါတယ်။ သူဟာ အချိန်၊ နေရာမရွေး ကျွန်တော်တို့ကို ဖော်ထုတ်ပြီး တရားစီရင်ဖို့ သမ္မာတရားကို ဖော်ပြပြီး ကျွန်တော်တို့ ဖောက်ပြန်ပျက်စီးမှုတွေ၊ ဘုရားနဲ့ပတ်သက်တဲ့ အယူအဆတွေနဲ့ စိတ်ကူးတွေ၊ ဘုရားကို အာခံပြီး သစ္စာဖောက်တဲ့ ကျွန်တော်တို့ရဲ့ ပင်ကိုသဘာဝတွေကိုပါ ဖော်ထုတ်နေတယ်။ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်တော်တို့ဖတ်တဲ့အခါ သူနဲ့ မျက်နှာချင်းဆိုင်ပြီး တရားစီရင်ခံရသလိုပါပဲ။ အရမ်းကို စိတ်ထိခိုက်ဖွယ်၊ ရှက်ဖွယ်ပါပဲ။ သူ့နှုတ်ကပတ်တော်အတွင်းမှာကျွန်တော်တို့ ဖောက်ပြန်ပျက်စီးမှုရဲ့ အမှန်တရားကို အရှိအတိုင်း မြင်ရတယ်။ စိတ်နှလုံးထဲကနေ ကိုယ့်ကိုယ်ကိုယ် မုန်းတီးပြီး နောင်တရကြတယ်။ ဘုရားရှေ့မှာ ရှင်သန်ရတာ အရမ်းကို မထိုက်တန်သလို ခံစားရတယ်။ ဘုရားရဲ့ တရားစီရင်မှုကတစ်ဆင့် သူက ဘယ်လောက် မယုံနိုင်အောင် ဖြောင့်မတ်ပြီး သန့်ရှင်းတယ်ဆိုတာ၊ ကျွန်တော်တို့ စိတ်နှလုံးထဲကို သူ အမှန်တကယ်မြင်တယ်ဆိုတာကိုလည်း တွေ့ကြရတယ်။ ကျွန်တော်တို့ စိတ်နှလုံးအတွင်းထဲမှာ နက်နက်သိုဝှက်ထားတဲ့ ဖောက်ပြန်ပျက်စီးတဲ့ အတွေးတွေ၊ စိတ်ကူးတွေ ကျွန်တော်တို့တောင် သတိမပြုမိတဲ့ တချို့အရာတွေကို ဘုရားက တစ်ခုပြီးတစ်ခု ဖော်ထုတ်ပြီး တရားစီရင်ပါတယ်။ တစ်ခါတလေမှာ ခက်ထန်တဲ့ရှုတ်ချမှုနဲ့ ကျိန်ဆဲမှုကတစ်ဆင့်ဖြစ်ပြီး ဘုရားရဲ့ ပုန်ကန်ပြစ်မှားလို့မရနိုင်တဲ့ စိတ်သဘောထားကို မြင်စေပါတယ်။ နောက်ဆုံးမှာ ဘုရားကို ကျွန်တော်တို့ ကြောက်ရွံ့လာကြတယ်။ ဘုရားရဲ့ တရားစီရင်ခြင်းကို မကြုံရဘဲနဲ့ ဘုရားရဲ့ ဖြောင့်မတ်ခြင်း၊ သန့်ရှင်းခြင်းကို တစ်ယောက်မှ သိမှာမဟုတ်ဘူး။ လူတွေက သူတို့ရဲ့ ဆိုးယုတ်တဲ့ သဘာဝတွေနဲ့ အသက်ရှင်တဲ့အခါ၊ ဘုရားကို အာခံတဲ့ အမျိုးအစားဖြစ်တယ်ဆိုတာ ဘုရားရဲ့ စီရင်ခြင်း၊ အပြစ်ဒဏ်ပေးခြင်းနဲ့ ခံထိုက်တယ်ဆိုတာ ဘယ်သူကမှ မမြင်နိုင်ဘူး။ ဘုရားသခင်ရဲ့ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းနဲ့ စမ်းသပ်ခြင်းတွေရဲ့ ကျေးဇူးကြောင့် ကျွန်တော်တို့က အမှန်တကယ် နောင်တရနိုင်တာပါ။ နောက်ဆုံးမှာ ဖောက်ပြန်ပျက်စီးခြင်းကို စွန့်ပစ်နိုင်ပြီး သန့်စင်၊ ပြောင်းလဲနိုင်တယ်။ ယနေ့အချိန်အထိ ခရစ်တော်နောက်ကို လိုက်ခြင်းအားဖြင့် လူ့ဇာတိခံဘုရားသခင်ဟာ ဖောက်ပြန်ပျက်စီးတဲ့ လူသားမျိုးနွယ်ဖြစ်တဲ့ ကျွန်တော်တို့ကို အပြည့်အဝကယ်တင်ဖို့အတွက် သက်သက်နဲ့ သမ္မာတရားများစွာကို လေးနက်စွာ၊ စိတ်ရှည်စွာ ဖော်ပြရင်း၊ နှိမ့်ချပြီး ကွယ်ဝှက်ရင်းနဲ့ ကျွန်တော်တို့ကြားမှာ နေထိုင်တာကို ကျွန်တော်တို့ မြင်နိုင်ပါတယ်။ လူ့ဇာတိခံဘုရားသခင်က ကျွန်တော်တို့ကို တရားစီရင်ပြီး သန့်စင်ဖို့ ကိုယ်တိုင်ကြွလာခြင်း၊ သမ္မာတရားအားလုံးကို ပေးခြင်းမရှိရင် ကျွန်တော်တို့လို ပုန်ကန်တတ်ပြီး ဖောက်ပြန်ပျက်စီးတဲ့လူတွေက သေချာပေါက် ဖယ်ရှင်းခံရပြီး အပြစ်ဒဏ်ပေးခံရမှာပဲ။ ဒါဆိုရင် ဘယ်လို ကယ်တင်ခံရနိုင်တော့မှာလဲ။ လူသားမျိုးနွယ်အတွက် ဘုရားရဲ့ ချစ်ခြင်းက သိပ်ကြီးမြတ်ပြီး ဘုရားက သိပ်ချစ်စရာကောင်းတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်က လူသားမျိုးနွယ်ကို လက်တွေ့ကျတဲ့နည်းလမ်းတွေနဲ့ လမ်းပြရင်း၊ အားဖြည့်ပေးရင်း၊ အဖော်ပြုရင်းနဲ့ ကျွန်တော်တို့ကြားမှာ သမ္မာတရားတွေကို ဖော်ပြပါတယ်။ ဒါဟာ ဘုရားအသံကိုကြားပြီး သူ့မျက်နှာကို မြင်ရဖို့၊ ဘုရားရဲ့ တရားစီရင်ခြင်းနဲ့ သန့်စင်ခြင်းကို ကြုံရဖို့၊ သမ္မာတရားများစွာကို သင်ယူရရှိပြီး စစ်မှန်တဲ့ လူသားပုံသဏ္ဍန်နဲ့ အသက်ရှင်နေထိုင်ဖို့အတွက် တစ်ခုတည်းသော အခွင့်အရေးပါ။ နောက်ဆုံးသောကာလမှာ လူ့ဇာတိခံဘုရားသခင်ရဲ့ အမှုကနေ အများဆုံးရရှိသူတွေက ခရစ်တော်နောက်ကိုလိုက်နေတဲ့ ဒီ ကျွန်တော်တို့အုပ်စုပါ။ ဘုရားဆီကနေ ကျွန်တော်တို့ရရှိတာက တကယ်ကို တိုင်းတာလို့မရနိုင်ပါဘူး။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်က ပြောသလိုပဲ။ “လူ့ဇာတိ၌ ဘုရားသခင့်အမှု၏ အကောင်းဆုံးသောအရာမှာ နောက်ပိုင်းတွင် သူ၏ နောက်လိုက်များသည် လူ့ဇာတိ၌ သူ၏ အမှုအားလုံးနှင့် လူသားမျိုးနွယ်တစ်ရပ်လုံးအတွက် သူ၏ အလိုကို ဤလမ်းခရီးအား လက်ခံသောသူတို့ထံ သာ၍ တိကျမှန်ကန်စွာနှင့် သာ၍ ခိုင်မာစွာ လက်ဆင့်ကမ်းနိုင်ကြဖို့အလို့ငှာ၊ သူသည် တိကျမှန်ကန်သော နှုတ်ကပတ်တော်များနှင့် တိုက်တွန်းနှိုးဆော်မှုများ၊ ပြီးလျှင် လူသားမျိုးနွယ်အတွက် သူ၏ အလိုတို့ကို သူ၏နောက်လိုက်သူများထံ ချန်ထားနိုင်ခြင်း ဖြစ်သည်။ လူ၏အလယ် လူ့ဇာတိ၌ရှိသည့် ဘုရားသခင်၏အမှုသည်သာ ဘုရားသခင်၏ဖြစ်ခြင်းနှင့် လူသားတို့နှင့် အတူတကွ နေထိုင်ခြင်းတို့နှင့်ဆိုင်သည့် အမှန်တရားကို အမှန်တကယ် ပြီးမြောက်လေသည်။ ဤအမှုသည်သာ ဘုရားသခင်၏ မျက်နှာကို ရှုမြင်ရန်၊ ဘုရားသခင်၏ အမှုကို မျက်မြင်တွေ့ကြုံရန်နှင့် ဘုရားသခင်၏ ကိုယ်ပိုင်နှုတ်ကပတ်တော်တို့ကို ကြားရန်ဖြစ်သည့် လူသား၏ စိတ်ဆန္ဒကို ဖြည့်ဆည်းပေသည်။ လူ့ဇာတိခံ ဘုရားသခင်သည် ယေဟောဝါ၏ ကျောပြင်သာ လူသားမျိုးနွယ်ထံသို့ ပေါ်လာသည့်ခေတ်ကို အဆုံးသတ်သို့ ဆောင်ကြဉ်းပြီး၊ မရေရာသော ဘုရားသခင်၌ လူသားမျိုးနွယ်၏ ယုံကြည်မှုခေတ်ကိုလည်း နိဂုံးချုပ်ပေးသည်။ အထူးသဖြင့် နောက်ဆုံးလူ့ဇာတိခံ ဘုရားသခင်၏ အမှုသည် လူသားမျိုးနွယ် တစ်ရပ်လုံးကို သာ၍စစ်မှန်၊ သာ၍လက်တွေ့ကျသကဲ့သို့၊ သာ၍ နှစ်သက်ဖွယ်ကောင်းသော ခေတ်တစ်ခေတ်ထဲသို့ ဆောင်ကြဉ်းလေသည်။ သူသည် ပညတ်တော်နှင့် အယူဝါဒခေတ်ကို အဆုံးသတ်သည်သာမက၊ သာ၍အရေးကြီးသည်မှာ သူသည် လူသားမျိုးနွယ်ထံ စစ်မှန်ပြီး ပုံမှန်ဖြစ်သည့်၊ ဖြောင့်မတ်ပြီး သန့်ရှင်းသည့်၊ စီမံခန့်ခွဲခြင်း အစီအစဉ်နှင့်ဆိုင်သည့် အမှုကို ဖော်ထုတ်ပြီး လူသားမျိုးနွယ်၏ နက်နဲမှုများနှင့် ခရီးပန်းတိုင်တို့ကို ပြသသည့်၊ လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့ပြီး စီမံခန့်ခွဲခြင်းအမှုကို အဆုံးသတ်သို့ ဆောင်ကြဉ်းသကဲ့သို့၊ နှစ်ထောင်ပေါင်းများစွာ ကွယ်ဝှက်လျက် ရှိလေပြီးသည့် ဘုရားသခင် တစ်ပါးကို ထုတ်ဖော်ပြလေသည်။ မရေရာခြင်း၏ ခေတ်ကို သူသည် လုံးဝအဆုံးသတ်ကာ၊ လူသားမျိုးနွယ်တစ်ရပ်လုံးက ဘုရားသခင်၏ မျက်နှာကို ရှာဖွေလိုသော်လည်း၊ မရှာဖွေနိုင်ခဲ့သည့်ခေတ်ကို နိဂုံးချုပ်သည်၊ သူသည် လူသားမျိုးနွယ်တစ်ရပ်လုံးက စာတန်ကို အစေခံသည့်ခေတ်ကို အဆုံးသတ်ပြီး၊ လူသားမျိုးနွယ်တစ်ရပ်လုံးကို လုံးဝအသစ်ဖြစ်သော ခေတ်ဆီသို့ တစ်လျှောက်လုံး ဦးဆောင်လေသည်။ ဤအရာအားလုံးသည် ဘုရားသခင်၏ ဝိညာဉ်တော်ကိုယ်စား လူ့ဇာတိ၌ ရှိသည့် ဘုရားသခင်၏အမှု ရလဒ် ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံ ဘုရားသခင်၏ ကယ်တင်ခြင်းကို သာ၍လိုအပ်သည်)

အခုဆိုရင် အနန္တတန်ခိုးရှင် ဘုရားသခင်က ဆယ်စုနှစ်သုံးခုကြာ သမ္မာတရားတွေကို ဖော်ပြနေပြီး သူ့ရဲ့ နောက်ဆုံးသောကာလ တရားစီရင်ခြင်းအမှုကို ပြုနေပါတယ်။ ဘုရားသခင် ရွေးချယ်ထားသူတွေက သူတို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို ဘုရားနှုတ်ကပတ်တော်ရဲ့ တရားစီရင်ခြင်းကတစ်ဆင့် သန့်စင်ပြီးခဲ့ပြီ။ ဘုရားသခင်က ကပ်ဘေးတွေမတိုင်ခင်မှာ အောင်မြင်သူတစ်စုကို ပြုလုပ်ပြီးခဲ့ပြီ။ သူတို့တွေက အဦးသီးသော အသီးတွေပါပဲ။ သူတို့တွေဟာ အဆင်းနီသောနဂါးကြီးရဲ့ သဲသဲမဲမဲ ဖိနှိပ်မှုတစ်လျှောက်မှာတောင် ခရစ်တော်နောက်ကိုလိုက်ပြီး သက်သေခံရာမှာ မလျှော့တမ်းဆက်လုပ်ခဲ့ကြတယ်။ သူတို့ဟာ စာတန်ကိုအောင်နိုင်ခဲ့ပြီး ဘုရားအတွက် ထူးကဲတဲ့ သက်သေကို ခံခဲ့ကြတယ်။ ဒါက ဗျာဒိတ်ကျမ်းရဲ့ ပရောဖက်ပြုချက်ကို ပြည့်စုံစေပါတယ်။ “ဤသူတို့သည် ကြီးစွာသော ဆင်းရဲဒုက္ခအထဲက ထွက်မြောက်၍၊ မိမိတို့ဝတ်လုံကို သိုးသငယ်၏ အသွေး၌လျှော်၍ ဖြူစေသောသူ ဖြစ်ကြသတည်း။(ဗျာဒိတ်ကျမ်း ၇:၁၄) လူ့ဇာတိခံဘုရားသခင်က သမ္မာတရားတွေကို ဖော်ပြနေတုန်းမှာ ဂိုဏ်းဂဏတိုင်းက ခေါင်းဆောင်တွေ၊ အန္တိခရစ်တွေ၊ ကြီးမြတ်သူ၊ သေးငယ်သူတွေဟာ နှံ့နှံ့စပ်စပ် ဖော်ထုတ်ခံခဲ့ရတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်က သာမန်လူတစ်ယောက်ပုံစံရှိတယ်၊ ဝိညာဉ်မဟုတ်ဘူးဆိုတာကို သူတို့ မြင်ကြတယ်။ ဒါကြောင့် သူ့ကို လက်လွတ်စပယ် အာခံရှုတ်ချကြတယ်။ သူတို့ရဲ့ ကိုယ်ပိုင် အဆင့်အတန်းနဲ့ အသက်မွေးမှုကို ထိန်းသိမ်းဖို့အတွက် ယုံကြည်သူတွေ ဘုရားအသံကို ကြားပြီး စစ်မှန်တဲ့လမ်း စူးစမ်းလေ့လာတာကို အရူးအမူးတားဆီးကြတယ်။ သမ္မာတရားကို မုန်းတီးတဲ့ ဒီလူတွေရဲ့ သရုပ်မှန်တွေကို ဖော်ထုတ်ခံရပြီးပြီဖြစ်သလို၊ ရှုတ်ချခံရပြီး ဖယ်ရှားခံရပြီးဖြစ်ပါတယ်။ လူ့ဇာတိခံယူတဲ့ဘုရားသခင်မရှိဘဲ သူတို့တွေဟာ ယုံကြည်သူတွေရဲ့ သွေးကို စုပ်ယူရင်း၊ ဘုရားရဲ့ လှူဖွယ်ပစ္စည်းတွေကို ဝါးမျိုရင်း လူများစွာကို အမြင်မှားပြီး ပျက်စီးစေရင်းနဲ့ အသင်းတော်တွေထဲမှာ ဆက်ပြီး ပုန်းကွယ်နေကြမယ်။ ဘုရားသခင်က လူ့ဇာတိနဲ့ သူ့ရဲ့ တရားစီရင်ခြင်းကို ဆောင်ရွက်တာကြောင့် အန္တိခရစ်တွေနဲ့ မယုံကြည်သူတွေ၊ သမ္မာတရားကို ချစ်သူ၊ မချစ်သူတွေ၊ သမ္မာတရားကို မုန်းတီးသူ၊ ရွံရှာသူတွေအားလုံး ဖော်ထုတ်ခံရပြီးဖြစ်ပါတယ်။ သမ္မာတရားကို ချစ်ပြီး နားလည်သူတွေက စာတန်ရဲ့ အကျည်းတန်တဲ့ မျက်နှာထားအပြင် စာတန်က ဘုရားကို ဆန့်ကျင်အလုပ်လုပ်ပြီး လူသားမျိုးနွယ်ကို လှည့်စားပုံကိုပါ ရှင်းရှင်းလင်းလင်း မြင်ပြီးပါပြီ။ သူတို့ဟာ စာတန်ကို မခြွင်းမချန်ငြင်းပယ်ပြီး စွန့်ပစ်ခဲ့ပြီ။ ဘုရားဘက်ကို အပြည့်အဝ ခြေဦးလှည့်ခဲ့ကြပါပြီ။ ဘုရားသခင်ဟာ နောက်ဆုံးမှာ ဘုရားကိုဆန့်ကျင်အလုပ်လုပ်တဲ့ မကောင်းတဲ့အင်အားစုအားလုံးကို ချေဖျက်ဖို့ ကပ်ဘေးကြီးတွေကို အသုံးပြုရင်းနဲ့ နောက်ဆုံးမှာ စာတန်က အာဏာစွဲကိုင်ထားတဲ့ ဒီခေတ်ဟောင်းကို အဆုံးသတ်ပြီး၊ သူ့ရဲ့တရားစီရင်ခြင်းကတစ်ဆင့် သန့်စင်ပြီးဖြစ်တဲ့သူတွေကို လှပတဲ့ ပန်းတိုင်တစ်ခုဆီကို ပို့ဆောင်ရင်းနဲ့ ကောင်းသူကို ဆုချပြီး မကောင်းသူကို အပြစ်ပေးတယ်။ ဒါက ဗျာဒိတ်ကျမ်းရဲ့ ပရောဖက်ပြုချက်တွေကို ပြည့်စုံစေတယ်။ “မတရားသောသူကသည် မတရားသဖြင့် ပြုစေ ဦး။ ညစ်ညူးသော သူသည် ညစ်ညူးစေဦး။ ဖြောင့်မတ် သောသူသည် ဖြောင့်မတ်စေဦး။ သန့်ရှင်းသောသူသည် သန့်ရှင်းစေဦး။(ဗျာဒိတ်ကျမ်း ၂၂:၁၁)ငါသည်အလျင်အမြန်လာမည်။ ငါသည် အကျိုး အဖြစ်ကို ဆောင်ခဲ့သည်ဖြစ်၍၊ လူအသီးသီးတို့အား မိမိတို့အကျင့်အတိုင်း ဆပ်ပေး မည်။(ဗျာဒိတ်ကျမ်း ၂၂:၁၂)

အနန္တတန်ခိုးရှင် ဘုရားသခင်ဆီက နောက်ထပ် ကျမ်းပိုဒ်တစ်ခုနဲ့ အဆုံးသတ်လိုက်ရအောင်။ “လူတို့က ဘုရားသခင်သည် တရားစီရင်ခြင်းအမှုကို လုပ်ဆောင်ဖို့ လူ့ဇာတိခံယူသည်ကို ယုံကြည်ဖို့ အခက်တွေ့ကြသည့်အတွက်၊ များစွာသော သူတို့သည် ဘုရားသခင်၏ ဒုတိယအကြိမ် လူ့ဇာတိခံယူခြင်းနှင့် ပတ်သက်၍ မကောင်းသော ခံစားချက်များရှိကြလေသည်။ သို့သော်လည်း ဘုရားသခင်၏ အမှုသည် လူသား၏ မျှော်လင့်ချက်များထက် မကြာခဏ ကျော်လွန်တတ်ပြီး လူသားစိတ်က လက်ခံရန် ခက်ခဲတတ်သည်ကို သင့်ကို ငါ ပြောရမည်။ လူတို့သည် ကမ္ဘာမြေကြီးပေါ်က လောက်ကောင်များသာ ဖြစ်သော်လည်း၊ ဘုရားသခင်မှာမူ စကြဝဠာကို ပြည့်စေသည့် အမြင့်ဆုံးသော သူဖြစ်သည့်အတွက် ဖြစ်သည်။ လူသား၏စိတ်သည် လောက်ကောင်များကိုသာ ပေါက်ပွားစေသည့် ညစ်ညမ်းသော ရေတွင်းတစ်ခုကဲ့သို့ ဖြစ်သည်၊ ဘုရားသခင်၏ အကြံအစည်များက ညွှန်ကြားသော အမှု၏ အဆင့်အသီးသီးမှာမူ ဘုရားသခင်၏ ဉာဏ်ပညာ၏ အကျိုးရလဒ် ဖြစ်ပေသည်။ လူတို့သည် ဘုရားသခင်ကို ဖက်ပြိုင်ရန် အမြဲ ကြိုးစားနေကြသည်၊ ယင်းတွင် နောက်ဆုံး၌ မည်သူ ဆုံးရှုံးမည်မှာ ပကတိအတိုင်း ရှင်းနေပြီဖြစ်သည်ဟု ငါပြောပေသည်။ သင်တို့အနေဖြင့် မိမိတို့ကိုယ်ကိုယ် ရွှေထက် သာ၍ တန်ဖိုးရှိသည်ဟု မထင်မှတ်ဖို့ သင်တို့ကို ငါ တိုက်တွန်း၏။ အခြားသူများသည် ဘုရားသခင်၏ တရားစီရင်ခြင်းကို လက်ခံနိုင်လျှင်၊ သင်သည် အဘယ်ကြောင့် လက်မခံနိုင်သနည်း။ သင်သည် အခြားသူများထက် မည်မျှ သာ၍ မြင့်မားစွာ ရပ်တည်သနည်း။ အခြားသူများသည် သမ္မာတရားရှေ့တွင် မိမိတို့၏ ဦးခေါင်းများကို ညွှတ်နိုင်ကြပါက၊ သင်သည်လည်း အဘယ်ကြောင့် မလုပ်နိုင်ရသနည်း။ ဘုရားသခင်၏ အမှုသည် ရပ်တန့်မရနိုင်သော အရှိန်အဟုန်တစ်ခု ရှိ၏။ သင် ပြုလုပ်ပြီးသော ‘ထောက်ပံ့မှု’ ကြောင့်သာ သူသည် တရားစီရင်သည့် အမှုကို ထပ်လုပ်မည် မဟုတ်သကဲ့သို့၊ သင်သည် ထိုသို့သော အခွင့်ကောင်းတစ်ခုကို လွဲချော်စေခြင်းကြောင့် နောင်တစိတ်ဖြင့် မွှန်ထူသွားပေမည်။ သင်သည် ငါ၏နှုတ်ကပတ်တော်များကို မယုံကြည်ပါက၊ မိုးကောင်းကင်ရှိ ထိုဖြူသောပလ္လင်ကြီးက သင့်အပေါ် တရားစီရင်ချက်ချမည်ကိုသာ စောင့်လော့။ ဣသရေလလူ အားလုံးသည် ယေရှုကို ပစ်ပယ်ကာ ငြင်းပယ်ခဲ့ကြသော်လည်း၊ ယေရှု၏ လူသားမျိုးနွယ်ကို ရွေးနုတ်ခြင်း အမှန်တရားသည် စကြဝဠာတစ်လျှောက်လုံးနှင့် ကမ္ဘာမြေစွန်းများထိတိုင် တိုးချဲ့ဆဲ ဖြစ်ခဲ့သည်ကို သင်တို့ သိရမည်။ ဤသည်မှာ လွန်ခဲ့သော အချိန်များစွာက ဘုရားသခင်ပြုခဲ့သည့် လက်တွေ့အရှိတရား ဖြစ်သည် မဟုတ်လော။ အကယ်၍ သင်သည် ယေရှုက သင့်ကို ကောင်းကင်သို့ ဆောင်ယူမည်ကို စောင့်ဆိုင်းနေဆဲဖြစ်ပါက၊ သင်သည် ခေါင်းမာသော သစ်ခြောက်တစ်ခုက ဖြစ်သည်ဟု ငါပြောသည်။ သမ္မာတရားကို သစ္စာစောင့်သိမှုမရှိသကဲ့သို့၊ ကောင်းချီးများကိုသာ ရှာဖွေသည့် သင်ကဲ့သို့သော အယောင်ဆောင် ယုံကြည်သူတစ်ဦးကို ယေရှုသည် အသိအမှတ်ပြုလိမ့်မည် မဟုတ်ပေ။ ဆန့်ကျင်ဖက်အနေဖြင့်၊ သူသည် နှစ်ထောင်သောင်းချီ လောင်ကျွမ်းဖို့ မီးအိုင်ထဲသို့ သင့်ကို ချပစ်ရာတွင် သနားညှာတာမှု ပြမည်မဟုတ်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏)

အောက်ခြေမှတ်စု(များ)-

က။ သစ်ခြောက်တစ်ခု- “ကူညီ၍မရနိုင်တော့သော” ဟု ဆိုလိုသည့် တရုတ်ဥပစာစကားတစ်ရပ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

နောက်ဆုံးသောကာလ လူ့ဇာတိခံဘုရားသခင်သည် အဘယ်ကြောင့် အမျိုးသမီးဖြစ်သနည်း

နောက်ဆုံးသောကာလမှာ လူ့ဇာတိခံ အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ အမှုတော်ဆောင်ပြီး သမ္မာတရားများစွာကို ဖော်ပြဖို့အတွက် ပေါ်ထွန်းခဲ့ပါတယ်။...

လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ဘုရားသခင်သည် အဘယ်ကြောင့် အမှုတော် အဆင့်သုံးဆင့် လိုအပ်သနည်း

လွန်ခဲ့တဲ့ အနှစ် ၂၀၀၀တုန်းက လူသားမျိုးနွယ်ကို ကယ်တင်ဖို့ သခင်ယေရှု ပေါ်ထွန်းခဲ့ပြီး ယုဒပြည်မှာ အမှုပြုခဲ့သလို၊ “နောင်တရကြလော့။...

ကယ်တင်ရှင် ပြန်ကြွလာသည့်အခါ၊ သူ့အား ယေရှုဟု ခေါ်ဦးမည်လော

နောက်ဆုံးသောကာလမှာ ကယ်တင်ရှင် အနန္တတန်ခိုးရှင် ဘုရားသခင်က ကမ္ဘာမြေကို ကြွလာနှင့်ပြီးပြီ။ လူသားမျိုးနွယ်ကို အပြည့်အဝ ကယ်တင်ဖို့...

ယုံကြည်ခြင်းမှရရှိသော ကယ်တင်ခြင်းသည် ဘုရားသခင်၏နိုင်ငံတော်သို့ဝင်သည့်လမ်းကို ပေးပါသလား

ကပ်ဘေးရောဂါတစ်ခုက မရပ်မနား ပျံ့နှံ့နေပါတယ်။ ပြီးတော့ ငလျင်တွေ၊ ရေလွှမ်းမိုးမှုတွေ၊ အင်းဆက်ပိုးကောင်အုပ်တွေ၊ အစာငတ်မွတ်မှုတွေ...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။