ခက်ခဲသောအချိန်များတွင် ဘုရားနှုတ်ကပတ်တော်က ကျွန်မကို ယုံကြည်ခြင်းပေးခဲ့သည်
အဲဒီအချိန်မှာ အစ်မတချို့က ကျွန်မနဲ့အတူ “အလုပ်ကြမ်းဖြင့် ပြုပြင်မွမ်းမံခြင်း”နဲ့ စီရင်ချက်ချခံရတယ်။ ကျွန်မတို့ နေ့တိုင်း အချိန်ပိုလုပ်ရတယ်။ တစ်ရက်ကို အနည်းဆုံး ၁၃ နာရီပဲ။ အစောင့်တွေက မကျေနပ်ဘူးဆိုရင် ကျွန်မတို့ကို လျှပ်စစ်နဲ့တို့ဖို့ လျှပ်စစ်တုတ်တွေကို အသုံးပြုကြတယ်။ ထိုးတယ်။ ကန်တယ်။ အရမ်းကို ပူပင်သောကရောက်ရတဲ့ အခြေအနေနဲ့ နေ့တိုင်း ဖြတ်သန်းခဲ့ရတယ်။ အယူဝါဒသွတ်သွင်းတဲ့သင်တန်းတွေကို တက်ရပြီး အတွေးအမြင်ဆိုင်ရာ တင်ပြချက်တွေရေးရတယ်။ အဲဒီ ရေရှည်ညှင်းပန်းမှုက ရိုးရိုးသားသားပြောရရင် စိတ်မချမ်းမြေ့စရာပါပဲ။ ဘုရားနှုတ်ကပတ်တော်ရဲ့ ပံ့ပိုးမှုကို ကျွန်မ အရမ်းကို တောင့်တခဲ့တယ်။ အဲဒီအချိန်အတောအတွင်းမှာ အချင်းချင်းပံ့ပိုးကူညီဖို့အတွက် ကျွန်မတို့ မှတ်မိတဲ့ ဘုရားနှုတ်ကပတ်တော်တွေနဲ့ ဓမ္မသီချင်းအပိုင်းအစတွေကိုပဲ အားကိုးနိုင်ခဲ့တယ်။ တစ်ခါတုန်းက လက်ထောက် ထောင်စောင့် အကြီးအကဲက ကျွန်မကို ကျွန်မအလုပ်ကြိုးစားရင် ကျွန်မရဲ့ စီရင်ချက်က တစ်လလျော့သွားမယ်လို့ပြောတာကို သတိရတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် အဲဒီ အလုပ်ကြမ်းစခန်းမှာ တစ်ရက်ကို ကျွန်မ မနေချင်ခဲ့ဘူး။ အဲဒါနဲ့ ကျွန်မ အသည်းအသန် အလုပ်လုပ်ခဲ့တယ်။ ကျွန်မ ရေကို သိပ်မသောက်ဘူး။ သန့်စင်ခန်းသွားတာကြောင့် အချိန်ကုန်မှာ စိုးလို့လေ။ ဇာဂနာတွေကို ကိုင်ဖို့လိုတဲ့ လက်နဲ့လုပ်ရတဲ့အလုပ်ကို နေ့တိုင်းလုပ်ခဲ့ရတယ်။ အချိန်ကြာလာတော့ ဒီလက်မက အရမ်းကိုနာလာတယ်။ ဒါပေမဲ့ ကျွန်မလုပ်နိုင်တာက အကိုက်အခဲပျောက်ဆေးတွေ သောက်တာပဲရှိတယ်။ ဒါပေမဲ့ ကျွန်မဘယ်လောက်ပဲ ကြိုးစားလုပ်ပါစေ လျှော့ပေါ့ပေးတဲ့စာရင်းမှာ ကျွန်မနာမည်က ဘယ်တော့မှ ပေါ်မလာဘူး။ နောက်ပိုင်းမှာ ကျွန်မလက်က ယောင်ကိုင်းလာတယ်။ ကျွန်မရဲ့အဝတ်တွေကိုတောင် မလျှော်နိုင်ဘူး။ ပြီးတော့ အလုပ်ကြမ်းစခန်းမှာ နေထိုင်ရတဲ့ အခြေအနေတွေက တော်တော်ဆိုးတဲ့ အချက်နဲ့ပေါင်းလိုက်တော့ အူရောင်ပြီး လေးဘက်နာဖြစ်လာတယ်။ ဒါတွေဖြစ်တာတောင်မှ ကျွန်မ အလုပ်လုပ်နေရတုန်းပဲ။ ကျွန်မ သိပ်မလုပ်ဘူးဆိုရင်၊ အဆူခံရမယ်။ ကျွန်မရဲ့ ပြစ်ဒဏ်က လျော့မှာမဟုတ်ဘူး။ ကျွန်မ တကယ်ကို အဲဒီမှာ စိတ်ဒုက္ခရောက်ခဲ့ရတယ်။ နောက်ပိုင်းမှာ ကျွန်မ နေမကောင်းဘူးဆိုတာ ကျွန်မအစ်မတွေက သိသွားပြီး ကျွန်မကို ကူညီပံ့ပိုးဖို့ နည်းလမ်းတွေ ရှာတွေ့ခဲ့ကြတယ်။ တစ်ခါတော့ ဘယ်သူမှ စောင့်ကြည့်မနေတုန်းမှာ အစ်မလီက ကျွန်မအတွက် ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို တိတ်တိတ်လေးရွတ်ပြတာကို သတိရမိတယ်။ “ငါတို့၏ ပတ်လည်၌ရှိသည့် ပတ်ဝန်းကျင်မှသည် လူများ၊ အရေးကိစ္စများနှင့် အရာဝတ္ထုများအထိ၊ အားလုံးသည် ဘုရားသခင်၏ ပလ္လင်တော်၏ ခွင့်ပြုချက်အားဖြင့် တည်ရှိကြခြင်း ဖြစ်သည်။ သင်၏စိတ်နှလုံးထဲတွင် မည်သည့် အကြောင်းကြောင့်မျှ မကျေနပ်ချက်များ မရှိစေနှင့်၊ သို့မဟုတ် ဘုရားသခင်သည် သင်တို့အပေါ် သူ၏ ကျေးဇူးတော်ကို အပ်နှင်းလိမ့်မည် မဟုတ်။ နာမကျန်းမှု ပေါ်ပေါက်သည့်အခါတွင်၊ ဤသည်မှာ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာဖြစ်ပြီး၊ အတွင်းတွင် သူ၏ ကြင်နာသော ရည်ရွယ်ချက်များ မုချ ရှိပေ၏။ သင်၏ ခန္ဓာကိုယ်သည် ဆင်းရဲဒုက္ခ အနည်းငယ် ခံစားရသော်လည်း၊ စာတန်ထံမှ မည်သည့်စိတ်ကူးမျှ လက်သင့်မခံနှင့်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၆)) ဘုရားနှုတ်ကပတ်တော်တွေက နိုးထမှုတစ်ခုလိုပဲ။ မှန်တယ်။ ဘုရားသခင်က ကျွန်မကို ဖျားနာဖို့ ခွင့်ပြုခဲ့တယ်။ ကျွန်မရဲ့ ဖျားနာမှုကြောင့် စိတ်ဒုက္ခနဲ့ ဖိစီးမှုနဲ့ နေထိုင်ရတာဟာ ဘုရားသခင်ကို နာမခံခဲ့တာ နည်းနည်းလေးမှ မဟုတ်ပါဘူး။ ဒီအချိန်အတောအတွင်းမှာ ကျွန်မ ဘယ်လောက်အလုပ်ကြိုးစားခဲ့တယ်ဆိုတာ ကျွန်မဖြစ်ချင်တာက ဒီပတ်ဝန်းကျင်ကနေ ထွက်ခွာဖို့ဖြစ်ခဲ့ပုံတွေကို သေချာစဉ်းစားကြည့်ခဲ့တယ်။ ဒါပေမဲ့ တကယ်တမ်းတော့ ကျွန်မက ဘုရားသခင်ရဲ့ ခွင့်ပြုချက်နဲ့ အဖမ်းခံရပြီး ဒီမှာ အထားခံရတာပါ။ ဒါကြောင့် အဲဒါကို ကျွန်မ တွေ့ကြုံခံစားသင့်တယ်။ ကျွန်မ ဘယ်အချိန်ပြန်နိုင်မလဲဆိုတဲ့အပေါ်မှာ ဘုရားသခင်က ဆုံးဖြတ်ခွင့်ရှိတယ်။ ဒါပေမဲ့ ကျွန်မှာ ကျွန်မကိုယ်တိုင်ရဲ့ အစီအစဉ်တွေနဲ့ သတ်မှတ်ချက်တွေ အမြဲတမ်းရှိနေခဲ့တယ်။ ဒါဟာ စာတန်က ကျွန်မကို အသုံးပြုပြီး ကစားဖို့ အခွင့်ပေးခဲ့တာပဲ။ လူတွေကို လှည့်စားပြီး ထိခိုက်အောင်လုပ်ဖို့ ဒီအလိမ်အညာမျိုးတွေကို အဆင်းနီသောနဂါးကြီးက အမြဲတမ်းအသုံးပြုတယ်။ သူ့ရဲ့ အလိမ်အညာတွေကို ကျွန်မ ဘယ်လိုဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်ခွင့်ပေးလိုက်ရတာလဲ။ ဒါတွေကို ကျွန်မ သဘောပေါက်သွားတာနဲ့ ကိစ္စတွေကို ကျွန်မကိုယ်ပိုင်နည်းလမ်းနဲ့ လုပ်ဖို့ မကြိုးစားတော့ဘူး။ ကျွန်မရဲ့ ကိုယ်ပိုင်အစီအစဉ်နဲ့ သတ်မှတ်ချက်တွေကို လက်လွှတ်လိုက်ပြီး ကျွန်မဘယ်အချိန်လွတ်မယ်ဆိုတာကို ဘုရားကို ဆုံးဖြတ်ခွင့်ပေးလိုက်တယ်။
ဘာကြောင့်လဲဆိုရင် အဲဒီအချိန်မှာ ဘုရားနှုတ်ကပတ်တော် နည်းနည်းလေးကိုပဲ ကျွန်မတို့ မှတ်မိနိုင်တယ်။ ဘုရားနှုတ်ကပတ်တော်ရဲ့ ပံ့ပိုးမှုတစ်ခုမှမရှိဘဲ ဒီလိုနာကျင်ပြီး စိတ်ဓာတ်ကျစရာပတ်ဝန်းကျင်မှာ အကြာကြီးနေလာပြီးတဲ့နောက်မှာ ကျွန်မ အထူးသဖြင့် စိတ်ဒုက္ခရောက်ပြီး အားနည်းလာတယ်။ ကျွန်မက အဖမ်းမခံရခင်တုန်းက ဘုရားနှုတ်ကပတ်တော်ကို အချိန်မရွေးဖတ်နိုင်ခဲ့တာ၊ ဘုရားနှုတ်ကပတ်တော်ကနေ သမ္မာတရားကို နားလည်နိုင်ခဲ့တာ၊ လက်တွေ့လုပ်ဆောင်ဖို့ နည်းလမ်းကိုရှာတွေ့နိုင်ခဲ့တာ၊ အလင်းကို ရှာတွေ့ပြီး ကျွန်မစိတ်နှလုံးမှာ လွတ်လပ်ပေါ့ပါးသွားခဲ့တာတွေကို ခဏခဏ တွေးမိတယ်။ ဒါပေမဲ့ အဲဒီထောင်မှာ ကျွန်မက ဘုရားနှုတ်ကပတ်တော်နဲ့ အဆက်ပြတ်ရုံမကဘဲ ညှင်းပန်းမှုမျိုးစုံရင်ဆိုင်ရတယ်။ ထောင်မှာ အဲဒီသုံးနှစ်ကို ကျွန်မ ဘယ်လိုတောင့်ခံရမယ်ဆိုတာ မသိခဲ့ဘူး။ အဲဒီအချိန်မှာ ကျွန်မအစ်မတွေအားလုံးကလည်း ဒီလိုပဲခံစားခဲ့ရတယ်။ ကျွန်မ မှတ်မိသေးတယ်။ တစ်ညမှာ ကျွန်မတို့အလုပ်ပြီးပြီးချင်းမှာပဲ အစ်မတစ်ယောက်က ကျွန်မကို တိတ်တိတ်လေးပြောတယ်။ “ဒီမှာနေရတာ ခက်ခဲလွန်းတယ်။ ဘယ်လိုကြုံတွေ့ခံစားရမယ်ဆိုတာ ကျွန်မ မသိဘူး။ ဘုရားနှုတ်ကပတ်တော်ကို ဖတ်လို့ရရင် သိပ်ကောင်းမှာပဲ။ အရင်က ဘုရားနှုတ်ကပတ်တော်တွေကို ပိုပြီး မဖတ်မိခဲ့တာ ကျွန်မ တကယ်နောင်တရတယ်။ အပိုဒ်တစ်ပိုဒ်လောက်တောင်ပိုပြီး မှတ်သားမိခဲ့ရင် ကောင်းမှာပဲလို့ တွေးမိတယ်” တဲ့။ ကျွန်မလဲ အဲဒီလိုပဲ ခံစားရပြီး ဘုရားနှုတ်ကပတ်တော်ကို ပြန်ဖတ်နိုင်ရင် သိပ်ကောင်းမှာပဲလို့ စဉ်းစားမိလာတယ်။ အဲဒီအချိန်တုန်းက ကျွန်မ အစ်မတချို့က ကျန်းမာရေးမကောင်းကြဘူး။ တစ်ယောက်က သွေးတိုးနေပြီးတော့ လမ်းတောင် ကောင်းကောင်း မလျှောက်နိုင်ဘူး။ တစ်ယောက်မှာက အခြေအနေဆိုးတဲ့ နှလုံးရောဂါရှိတယ်။ ပြီးတော့ အခြေအနေဆိုးနေတဲ့ ဆီးချိုရောဂါရှိတဲ့ အစ်မကျောက်က နေ့တိုင်း အလုပ်လုပ်နေရတုန်းပဲ။ အဲဒီအချိန်မှာ လူတိုင်း ဘုရားနှုတ်ကပတ်တော်ကို ရှိနိုင်ဖို့ ကျွန်မ အထူးသဖြင့် မျှော်လင့်မိတယ်။ ဘာကြောင့်လဲဆိုရင် ဘုရားနှုတ်ကပတ်တော်ကသာ လူတွေကို ယုံကြည်မှုနဲ့ ခွန်အားပေးပြီး အခက်အခဲတွေတစ်လျှောက် ဦးဆောင်ပေးနိုင်တယ်လေ။ တစ်ညမှာတော့ အိပ်ရာပေါ်မှာ ကျွန်မ ဆုတောင်းနေရင်းနဲ့ ဧည့်တွေ့ခန်းမှာ အလုပ်လုပ်တဲ့ ညီအစ်မနှစ်ယောက်ရှိတာကို ကျွန်မ ရုတ်တရက် ခေါင်းထဲပေါ်လာတယ်။ သူတို့က အပြင်ကလူတွေနဲ့ ခဏခဏ အထိအတွေ့ရှိတယ်။ သူတို့မှာ ဘုရားနှုတ်ကပတ်တော်ရှိနိုင်ခြေ တော်တော်များတယ်။ ဒါပေမဲ့ သူတို့ကို ကျွန်မ ဘယ်လိုဆက်သွယ်ရမှန်း မသိဘူး။ မမျှော်လင့်ပဲနဲ့ သိပ်မကြာခင်မှာပဲ ဘုရားသခင်က ကျွန်မအတွက် လမ်းတစ်ခုဖွင့်ပေးတယ်။
တစ်နေ့မှာ အစောင့်တွေရဲ့ အကြီးအကဲက ကျွန်မနဲ့ စကားပြောဖို့ရောက်လာပြီးတော့ ကျွန်မကို “အိမ်ဖော်” လုပ်ချင်လားမေးတယ်။ အိမ်ဖော်တွေက အစောင့်တွေကို အစေခံရတာ။ သူတို့အဝတ်တွေလျှော်ပေးတာ၊ ချက်ပြုတ်တာ၊ သူတို့အခန်းတွေကို သန့်ရှင်းတာနဲ့ တခြားညစ်ပတ်တဲ့အလုပ်မျိုးတွေကို အိမ်ဖော်တွေက လုပ်ရတာ။ အစတော့ ကျွန်မ မလုပ်ချင်ခဲ့ဘူး။ ကျွန်မရဲ့ အလုပ်ရုံတာဝန်တွေထက်ပိုပြီး ပင်ပန်းမှာကြောင့်လေ။ အထူးသဖြင့် အစောင့်တွေကို အစေခံရတဲ့အချိန်မှာ ကောင်းကောင်းမလုပ်ရင် အဆူခံရမယ်။ တစ်ခါတော့ ကျွန်မက စိတ်မကြည်ဖြစ်နေတာကို အစ်မတစ်ယောက်ကမြင်ပြီး အဲဒါနဲ့ပတ်သက်ပြီး ကျွန်မနဲ့ စကားပြောခဲ့တယ်။ သူက ပြောတယ်။ “ဘုရားသခင်ရဲ့ ကောင်းမွန်တဲ့ ရည်ရွယ်ချက်တွေက အရာရာတိုင်းမှာရှိတယ်။ ဒါကြောင့် ဘုရားအလိုတော်ကို ရှာသင့်တယ်” တဲ့။ သူ ဒီလိုပြောတာကို ကျွန်မ ကြားတော့ ကျွန်မ တွေးလိုက်တယ်။ “ဟုတ်တယ်။ ဘာလို့ ငါ့ရဲ့ ကိုယ်ပိုင်ခံစားချက်တွေကိုပဲ ထည့်စဉ်းစားနေပြီး ဘုရားအလိုတော်ကို မရှာဖွေရတာလဲ။ အိမ်ဖော်တစ်ယောက်အနေနဲ့ ငါ အပြင်ထွက်ပြီး အလုပ်လုပ်လို့ရတယ်။ ဒါဆိုရင် ဧည့်တွေ့တဲ့အခန်းက အစ်မတွေနဲ့ တွေ့ရဖို့ အခွင့်အရေးရမှာပဲ။ ဒါက ငါ့အတွက် ဘုရားသခင် ဖွင့်ပေးတဲ့လမ်းမဟုတ်ဘူးလား။ အိမ်ဖော်တစ်ယောက်အနေနဲ့ ငါ လွတ်လွတ်လပ်လပ် သွားလာလို့ရတယ်။ ငါ့အစ်မတွေက အကျဉ်းခန်းထဲမှာ မိတ်သဟာယဖွဲ့နေတဲ့အခါမှာ ငါ ကာပေးလို့ရတယ်။ ဘယ်လိုအခြေအနေမဆို ဖြစ်လာရင် ငါ အစောင့်တွေကို ကြည့်ဖြေရှင်းထားလို့ရတယ်။ ဒါက ကောင်းတဲ့အရာတစ်ခု မဟုတ်ဘူးလား” ပေါ့။ နောက်ပြီး ကျွန်မယူနစ်ထဲက အကျဉ်းသား ၂၀ဝ ကျော်ထဲမှာ လေးယောက်ပဲ အိမ်ဖော်အဖြစ် ရွေးခံရနိုင်တာ။ ဒါက ရှားပါးတဲ့ အခွင့်အလမ်းပဲ။ ဘုရားသခင်ရဲ့ သိပ်ကောင်းတဲ့ အစီအစဉ်တစ်ခုပဲ။
ဒါပေမဲ့ ဧည့်တွေ့တဲ့အခန်းက အစ်မနှစ်ယောက်နဲ့ ကျွန်မ အဆက်အသွယ်မလုပ်ခင်မှာတောင် ကျွန်မတို့ထဲက တစ်ယောက်က ဘုရားနှုတ်ကပတ်တော်ကို ရလိုက်တယ်။ တစ်ညမှာ ကျွန်မ အိပ်ရာပေါ် လှဲလိုက်တဲ့အချိန်မှာပဲ ညီမငယ်တစ်ယောက်က ဒူးထောက်ပြီး ကျွန်မနားရွက်နားမှာ တီးတိုးပြောတယ်။ အပြင်က ညီအစ်ကိုမောင်နှမတွေက ကျွန်မတို့အတွက် စာတစ်စောင်ပို့လိုက်တယ်။ အလုပ်ရုံထဲမှာ သူထားလိုက်တယ်တဲ့။ အဲဒီညမှာ ကျွန်မ အရမ်းပျော်ပြီး အိပ်လို့မရနိုင်ဘူး။ နောက်နေ့မနက်မှာ အလုပ်ရုံကို ကျွန်မရောက်တော့ ညီမငယ်က စာကို လျှို့ဝှက်ပြီး ယူလိုက်တယ်။ စာရွက်က ဒီလောက်ကျယ်တယ်။ ပထမစာကြောင်းဖြစ်တဲ့ “ထောင်ထဲမှာရှိတဲ့ ညီအစ်ကိုမောင်နှမတို့” ဆိုတာကို ကျွန်မ မြင်လိုက်တဲ့အခါ မျက်ရည်တွေက ကျွန်မ မျက်နှာမှာ ချက်ချင်း စီးကျလာတယ်။ အဲဒီစကားတွေက ကျွန်မရင်ကို တော်တော်ထိတာပဲ။ မျက်လုံးက မျက်ရည်တွေကို သုတ်ရင်းနဲ့ ဖတ်လိုက်တယ်။ စာထဲမှာ ဘုရားနှုတ်ကပတ်တော်အပိုဒ်တွေ အများကြီးရှိတယ်။ ဒါပေမဲ့ အထူးသဖြင့် ကျွန်မကို သဘောကျစေတဲ့ စာနှစ်ပိုဒ်ရှိတယ်။ ဘုရားနှုတ်ကပတ်တော်ကပြောတယ်။ “အမှု၏ ဤအဆင့်တွင် ငါတို့ထံမှ အဆုံးစွန် ယုံကြည်ခြင်းနှင့် ချစ်ခြင်းတို့ လိုအပ်ပေသည်။ အမှု၏ ဤအဆင့်သည် ယခင်အဆင့်များအားလုံးမှ ကွဲပြားခြားနားသည့်အတွက်၊ အနည်းငယ်မျှသော သတိလက်လွတ်ဖြစ်ခြင်းမှ ငါတို့ ခလုတ်တိုက်မိကောင်း ခလုတ်တိုက်မိနိုင်သည်။ ဘုရားသခင် စုံလင်နေစေသည့် အရာမှာ မြင်၍မရနိုင်သကဲ့သို့၊ လက်ဆုပ်လက်ကိုင်ပြ၍လည်း မရသည့် လူသားမျိုးနွယ်၏ ယုံကြည်ခြင်း ဖြစ်သည်။ ဘုရားသခင် လုပ်ဆောင်သည့်အရာမှာ နှုတ်ကပတ်တော်များကို ယုံကြည်ခြင်း၊ ချစ်ခြင်းနှင့် အသက်တို့အဖြစ်သို့ ပြောင်းလဲခြင်းဖြစ်သည်။ လူတို့သည် ရာပေါင်းများစွာသော စစ်ဆေးခြင်းများကို ကြံ့ကြံ့ခံခဲ့ကာ ယောဘ၏ယုံကြည်ခြင်းထက် သာ၍ ကြီးမားသော ယုံကြည်ခြင်းကို ပိုင်ဆိုင်သည့်အဆင့်သို့ ရောက်ရှိကြရမည်။ ၎င်းတို့သည် ဘုရားသခင်ကို မည်သည့်အခါမျှ စွန့်ခွာခြင်းမရှိဘဲ၊ မယုံကြည်နိုင်လောက်သော ဆင်းရဲဒုက္ခနှင့် ညှဉ်းဆဲမှုအမျိုးမျိုးကို သည်းခံကြရမည်။ သေသည်အထိ ၎င်းတို့ နာခံမှုရှိပြီး၊ ဘုရားသခင်၌ ကြီးမားသည့်ယုံကြည်ခြင်း ရှိသောအခါတွင်၊ အမှု၏ ဤအဆင့်သည် ပြီးစီးပေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လမ်းကြောင်း... (၈)) “ဤနောက်ဆုံးသောကာလအတောအတွင်း သင်တို့သည် ဘုရားသခင်ကို သက်သေခံကြရမည်။ သင်တို့၏ ဒုက္ခဝေဒနာက မည်မျှပင်ကြီးမားပါစေ သင်တို့သည် ဆုံးခန်းတိုင်အောင် လျှောက်သွားသင့်သည်၊ ထို့အပြင် သင်တို့၏နောက်ဆုံး ထွက်သက်၌ပင်လျှင် သင်တို့သည် ဘုရားသခင်ကို သစ္စာရှိပြီး ဘုရားသခင်၏စီစဉ်ညွှန်ကြားမှုကို ကျိုးနွံနာခံနေရမည်။ ဤအရာသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ချစ်ခြင်းဖြစ်ပြီး၊ ဤအရာသည်သာလျှင် ခိုင်မာ၍ ထူးကဲသည့် သက်သေခံချက်ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နာကျင်သည့်စမ်းသပ်မှုများကို တွေ့ကြုံခြင်းဖြင့်သာ ဘုရားသခင်၏နှစ်လိုဖွယ်ကောင်းခြင်းကို သိနိုင်မည်) အဲဒီအချိန်မှာ ကျွန်မ တော်တော်ကို တို့ထိခံရပြီး လှုံ့ဆော်ခံရတယ်။ ဘုရားသခင်ဟာ ကျွန်မတို့ စိတ်နှလုံးထဲမှာ ဘာရှိတယ်ဆိုတာကို တကယ် ကြည့်ရှုလေ့လာတယ်၊ ကျွန်မတို့ရဲ့ အခြေအနေနဲ့ အနေအထားကို နှံ့နှံ့စပ်စပ် နားလည်တယ်၊ သူ့နှုတ်ကပတ်တော်ရဲ့ ရေလောင်းမှုနဲ့ ပံ့ပိုးမှုကို ကျွန်မတို့ဆီကို စေလွှတ်ဖို့ ဒီညီအစ်ကိုမောင်နှမတွေကို အသုံးပြုခဲ့တယ်ဆိုတာ ကျွန်မ ခံစားမိတယ်။ ဒါ ဘုရားရဲ့ ချစ်ခြင်းပဲ။ ဘုရားနှုတ်ကပတ်တော်ကို ကျွန်မ ချင့်ချိန်စဉ်းစားခဲ့ပြီး ကျွန်မတို့ ဘယ်လောက်ပဲ ဒုက္ခခံရပါစေ ဧဝံဂေလိဟောကြားပြီး ကျွန်မတို့တာဝန်ကို ထမ်းဆောင်ဖို့အတွက် မိသားစုနဲ့ အလုပ်ကို စွန့်လွှတ်တာဟာ သက်သေခံချက်ပဲဆိုတာက ကျွန်မ နားလည်ခဲ့ပါတယ်။ ညှင်းပန်းခံရပြီး ဘုရားကို သစ္စာမဖောက်တာဟာလည်း သက်သေခံချက်ပါပဲ။ ရေရှည်ညှင်းပန်းခံရပြီးနောက်မှာ ယုံကြည်ခြင်းရှိပြီး ဘုရားနောက်ကိုလိုက်နေဆဲဖြစ်တာဟာ ပိုပြီးတော့တောင် အားကောင်းတဲ့ သက်သေခံချက်ပဲ။ အခု ကျွန်မက စာတန်ရှေ့မှာ ဘုရားသခင်ကို သက်သေခံဖို့ အခွင့်အလမ်းရှိတာဟာ ဘုရားသခင်ရဲ့ ချီးမြှောက်ခြင်းနဲ့ ဖြောင့်မတ်ခြင်းအတွက် ဖိနှိပ်ခံရခြင်းပါ။ ဘုရားအလိုတော်ကို ကျွန်မ နားလည်လိုက်တာနဲ့ ကျွန်မ ငိုပြီးတော့ ဘုရားကို ဆုတောင်းလိုက်တယ်။ “ဘုရားသခင် ကျွန်မအတွက် ကိုယ်တော့်ချစ်ခြင်းနဲ့ လျော်ညီအောင် နေထိုင်ပါမယ်။ ဒီသုံးနှစ်က အရမ်းကို ကြာရှည်မှာဖြစ်ပေမဲ့ ရဲတွေက ကျွန်မကို ဘယ်လိုပဲ နှိပ်စက်ပါစေ၊ ဘယ်လောက်ပဲ ဒုက္ခခံရပါစေ ကျွန်မ ခိုင်မာစွာ ရပ်တည်ပါမယ်။ ကိုယ်တော့်အတွက် သက်သေခံပြီး စာတန်ကို အရှက်ရစေပါမယ် ဆိုပြီး ဆုတောင်းခဲ့တယ်။” သူတို့လည်း ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးနောက်မှာ အရမ်းခွန်အားရကြတယ်။ အစ်မလျူက သူ့သွေးတိုး အရမ်းမြှင့်နေတာကို အမြဲတမ်းစိတ်ပူနေတာ ကျွန်မ မှတ်မိတယ်။ သူက အချိန်မီ ကောင်းကောင်းမကုသရင် အလုပ်ကြမ်းစခန်းမှာ သေနိုင်တယ်ဆိုပြီး ကြောက်နေခဲ့တာ။ ဒါကြောင့် သူက အမြန်ဆုံး ထွက်ချင်ခဲ့တာ။ ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးနောက်မှာ သူ့မှာ ဘုရားသခင်အပေါ် စစ်မှန်တဲ့ ယုံကြည်ခြင်းမရှိဘူး၊ သက်သေခံချက်မရှိဘူးဆိုတာ သူ သဘောပေါက်သွားတယ်။ သူက ပြောသေးတယ်။ “ကျွန်မမှာ ယုံကြည်ခြင်း အရမ်းနည်းတာကို ကျွန်မသိတယ်။ ကျွန်မ ဘုရားသခင်အပေါ် အများကြီး အကြွေးတင်သလို ခံစားရတယ်။ ဒီအလုပ်ကြမ်းစခန်းမှာ သေသွားမယ်ဆိုရင်တောင် ကျွန်မ ခိုင်မာစွာရပ်တည်ပြီး ဘုရားအတွက် သက်သေခံချင်သေးတယ်” တဲ့။ အစ်မကောင်းလည်းရှိသေးတယ်။ သူက ထောင်ကျတဲ့အတွက် သူ့အမျိုးတွေနဲ့ သူငယ်ချင်းတွေက သူ့ကို လှောင်ပြောင်ပြီး ခွဲခြားဆက်ဆံမှာ၊ သူ့အကြောင်း မကောင်းပြောကြမှာကို စိုးရိမ်နေတာ။ သူက ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးတဲ့နောက်မှာ ဘုရားကို ယုံကြည်လို့ ထောင်ကျခံရတာဟာ ဖြောင့်မတ်ခြင်းကြောင့် ဖိနှိပ်ခံရတာဖြစ်တယ်၊ ဒါက ရှက်စရာကောင်းတဲ့အရာတစ်ခုမဟုတ်ဘူး၊ ဘုရားသခင်အတွက် ခိုင်မာစွာရပ်တည်ပြီး သက်သေခံဖို့အတွက် ဒုက္ခခံတာဟာ တန်ဖိုးရှိပြီး အဓိပ္ပာယ်ရှိတယ်ဆိုတာတွေကို သူ နားလည်သွားတယ်။
အဲဒီနောက်မှာ ကျွန်မတို့ အတူတူ ဆွေးနွေးကြတယ်။ တခြားအစ်မတွေလည်း ဘုရားနှုတ်ကပတ်တော်ရဲ့ ပံ့ပိုးမှုကို ရနိုင်ဖို့အတွက် ဒီဘုရားနှုတ်ကပတ်တော်တွေကို သူ့တို့ဆီလက်ဆင့်ကမ်းပေးဖို့ ကျွန်မတို့ ဆုံးဖြတ်လိုက်တယ်။ စခန်းစည်းမျဉ်းတွေက အရမ်းတင်းကျပ်တယ်။ တခြားအခန်းတွေက ထောင်သားတွေကို စကားပြောခွင့်၊ ပစ္စည်းတွေပေးခွင့်မရှိဘူး။ မျက်လုံးချင်း ဆုံလို့တောင်မရဘူး။ ကျွန်မတို့က ရံဖန်ရံခါ သူတို့နဲ့ ဆုံသွားရင်တောင် အရမ်းနီးကပ်ခွင့်မပေးဘူး။ ဒါကြောင့် တခြား ယူနစ် ခုနှစ်ခုက အစ်မ ၁၀ဝ ကျော်ကို ကျွန်မတို့က စာတွေပေးချင်ရင် တော်တော် အန္တရာယ်ရှိတယ်။ အဲဒါအပြင်၊ အစောင့်တွေက အပတ်တိုင်း ကျွန်မတို့အိပ်ရာတွေကို လှန်ပြီး ကိုယ်ခန္ဓာကို ရှာတယ်။ နေရာအနှံ့ကို ရှာဖွေကြတယ်။ ကျွန်မတို့ ဂရုမစိုက်မိဘဲနဲ့ ရှာတွေ့သွားတဲ့ အချက်အလက်တစ်ခုခုရှိရင် လေ့လာစုံစမ်းပြီး ကျွန်မဆီ ပြန်ရောက်လာမှာ။ အစောင့်တစ်ယောက်က ကျွန်မကို သတိတောင်ပေးတယ်။ “မင်းတို့ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ စကားတွေကို မင်း ဖြန့်ရဲရင် မင်းကို နောက်ထပ် သုံးနှစ်ပေးပြီး အမျိုးသမီး အကျဉ်းထောင်ကို ပို့မှာ” တဲ့။ ကျမ်းစာတွေကို လက်ဆင့်ကမ်းနေတဲ့ ဘာသာရေးကိုင်းရှိုင်းတဲ့ ယုံကြည်သူတစ်ယောက်ရှိတာကို ကျွန်မ မှတ်မိတယ်။ အစောင့်တွေက သူ့ရဲ့ လက်ထိပ်ကနေ ကိုင်ပြီး သူ့ကို တရွတ်တိုက် ဆွဲခေါ်သွားတယ်။ သူ့ကို ကတ္တရာလမ်းပေါ်မှာ အကြာကြီး တရွတ်တိုက်ဆွဲသွားတယ်။ သူ့နောက်ကျောမှာ အဝတ်စအကြီးကြီး ဆုတ်ပြဲသွားပြီး သူ့အရေပြားတွေက သွေးတွေနဲ့ စုတ်ပြဲကုန်တယ်။ နောက်တစ်ယောက်ကျတော့ ဆယ်ရက်ကျော်အထိ ကွန်ကရစ်ကြမ်းပြင်ပေါ်မှာ မလှုပ်ဘဲ ထိုင်ခိုင်းပြီး အပြစ်ပေးခံရတယ်။ အဲဒီအချိန်တုန်းက ကျွန်မ စဉ်းစားမိတယ်။ “ဒါ ပေါ့သေးသေးမဟုတ်ဘူး။ သူတို့သိသွားရင် ငါဒုက္ခခံရတာက ပိုတောင်ဆိုးမှာပဲ” ပေါ့။ ကျွန်မ စဉ်းစားကြည့်လေလေ၊ ခက်ခဲတဲ့ပုံပေါ်လေလေပဲ။ နည်းနည်းကြောက်လာတယ်။ ဒါပေမဲ့ နောက်တော့ ဘုရားနှုတ်ကပတ်တော်တွေကို သတိရမိတယ်။ “ယုံကြည်ခြင်းသည် သစ်လုံးတစ်လုံးတည်း တံတားကဲ့သို့ ဖြစ်သည်- အသက်ကို လက်မှိုင်ချလျက် ဖက်တွယ်ထားသူတို့သည် ယင်းတံတားကို ဖြတ်ကူးရာတွင် အခက်ကြုံလိမ့်မည် ဖြစ်သော်လည်း၊ မိမိတို့ကိုယ်ကိုယ် စွန့်လွှတ်အနစ်နာခံရန် အသင့်ရှိသော သူတို့သည် ခြေမြဲကာ စိုးရိမ်မှုကင်းလျက် ဖြတ်ကူးနိုင်ကြ၏။ အကယ်၍ လူသားသည် တွန့်ဆုတ်ကာ ကြောက်ရွံ့သော အတွေးများ သိုထားပါက၊ ယင်းမှာ ဘုရားသခင်ထဲသို့ ဝင်ရောက်ဖို့ ယုံကြည်ခြင်း တံတားအား ငါတို့ ဖြတ်ကူးမည်စိုးလျက်၊ စာတန်သည် ၎င်းတို့ကို လှည့်စားပြီး ဖြစ်သောကြောင့် ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၆)) ဘုရားနှုတ်ကပတ်တော်တွေက တကယ်ကို ခွန်အားဖြစ်စေတယ်။ အစောင့်တွေကလဲ ဘုရားလက်ထဲမှာပဲရှိတာ မဟုတ်ဘူးလား။ ကျွန်မကိုရှာဖွေတွေ့ရှိခြင်းရှိမရှိဆိုတာ ဘုရားလက်ထဲမှာရှိတယ်။ ဘုရားကို အားကိုးရင် မဖြစ်နိုင်တာဘာမှမရှိဘူးလို့ ကျွန်မ ယုံကြည်ခဲ့တယ်။ ကျွန်မက စာတန်ရဲ့ နှောင့်ယှက်ခြင်းကိုခံရလို့ ဒီကြောက်ရွံ့တဲ့ အတွေးတွေ ရှိနေခဲ့တာပါ။ ကျွန်မက အပြစ်ပေးခံရပြီး နှိပ်စက်ခံရမှာကို ကြောက်တာကြောင့် စာတန်က ကျွန်မကို နှောင့်ယှက်တားဆီးဖို့အတွက် ကျွန်မအားနည်းချက်ကို ဆုပ်ကိုင်နေတာပါ။ ကျွန်မက နှိပ်စက်မှာကိုကြောက်ပြီး အရှုံးပေးလိုက်ရင် စာတန်ရဲ့ လှည့်ကွက်ထဲ ရောက်သွားမှာမဟုတ်ဘူးလား။ အဲဒီအတောအတွင်းမှာ ကျွန်မအစ်မတွေက အဲဒီနာကျင်စရာ ပတ်ဝန်းကျင်မှာရှိနေပြီး သူတို့အားလုံး ဘုရားနှုတ်ကပတ်တော်ရဲ့ ပံ့ပိုးမှုကို လိုအပ်တယ်။ ဒါကြောင့် သူတို့ကို ဘုရားနှုတ်ကပတ်တော် လက်ဆင့်ကမ်းပေးဖို့က ကျွန်မ တာဝန်ပဲ။ ကျွန်မရဲ့ ပုံမှန်အလုပ်လမ်းကြောင်းမှာ တခြားယူနစ်က အစ်မတွေနဲ့ အဆက်အသွယ်တစ်ခုခုရဖို့ ခက်တယ်။ သူတို့ကို တွေ့ရတဲ့ တစ်ခုတည်းသောအချိန်က စားသောက်တဲ့နေရာအကြီးကြီးမှာ ကျွန်မတို့ အတူစားတဲ့အချိန်ပဲ။ ဒါကြောင့် ထမင်းစားချိန်မှာ စာတွေကို လက်ဆင့်ကမ်းပေးဖို့ စီစဉ်ခဲ့ကြတယ်။ ထမင်းစားခန်းက လုံခြုံရေးကင်မရာတွေနဲ့ ပြည့်နေတာ။ အစာစားချိန်အတွင်းမှာ စကားပြောခွင့်၊ အနီးအနား လျှောက်သွားခွင့်မရှိဘူး။ ငါးမိနစ်အတွင်းမှာ ပြီးအောင်စားရတယ်။ ဒါကြောင့် ဘုရားနှုတ်ကပတ်တော်ကို လက်ဆင့်ကမ်းပေးဖို့က တော်တော်ခက်တယ်။ ဒါပေမဲ့ ဘုရားနှုတ်ကပတ်တော်ကို လက်ဆင့်ကမ်းပေးတဲ့ဖြစ်စဉ်မှာ ဘုရားရဲ့ ဆန်းကြယ်တဲ့လုပ်ဆောင်ချက်တွေကို ကျွန်မ တကယ်ကို မျက်မြင်တွေ့ခဲ့ရတယ်။ အဲဒီနေ့မှာ ယူနစ် ၄ နဲ့ ယူနစ် ၇ က အစ်မတွေကို စာတွေပေးဖို့ ကျွန်မ စီစဉ်တယ်။ ကျွန်မ ပန်းကန်ဆေးနေရင်းနဲ့ ယူနစ် ၄ က အစ်မမင်ကို ကျွန်မ ကြည့်လိုက်တယ်။ မျှော်လင့်မထားဘဲနဲ့ သူကလည်း ခေါင်းမော့ပြီး ကျွန်မဘက်ကို ကြည့်လိုက်တယ်။ သူ့ကို လာပြီး ပန်းကန်ဆေးအောင် ကျွန်မ မျက်လုံးတွေနဲ့ မျက်ရိပ်ပြလိုက်တယ်။ ကျွန်မဆိုလိုတာကို သူနားမလည်မှာ စိုးရိမ်မိခဲ့တယ်။ ဒါပေမဲ့ ဘုရားကျေးဇူးကြောင့် သူ ချက်ချင်း နားလည်သွားတယ်။ ပန်းကန်ခွက်ယောက်တွေ သိမ်းထားတဲ့နေရာကို ကျွန်မတို့နှစ်ယောက်လုံး တစ်ချိန်တည်းမှာ လျှောက်သွားလိုက်တယ်။ ကျွန်မ စာတစ်စောင်ကို ချက်ချင်းထုတ်ယူလိုက်ပြီး သူ့အိတ်ကပ်ထဲ သိပ်ထည့်ပေးလိုက်တယ်။ စက္ကန့်နည်းနည်းလောက်ပဲ ကြာတယ်။ အဲဒီအချိန်မှာ ဘုရားသခင်ကို ကျွန်မ အရမ်းကျေးဇူးတင်မိတယ်။
ကျွန်မ အတန်းမှာ ယူနစ် ၇ က ကျွန်မနဲ့သိတဲ့ အစ်မတစ်ယောက်ထိုင်နေတာ ကံကောင်းတဲ့ တိုက်ဆိုင်မှုပဲ။ ကျွန်မထိုင်ခုံနဲ့ တစ်မီတာလောက်ပဲ ဝေးတယ်။ အလုပ်ကြမ်းစခန်းက စည်းမျဉ်းက ကျွန်မတို့ မပြန်ခင်မှာ ယူနစ်တစ်ခုဆီက စောင့်ကြပ်သူတွေက ကျွန်မတို့ကို မတ်တပ်ရပ်ဖို့ အမိန့်ပေးတာကို စောင့်ရတယ်။ အဲဒီအချိန်မှာ ကျွန်မက ကျွန်မတို့ယူနစ်နှစ်ခုက တစ်ပြိုင်နက် မတ်တပ်မရပ်ဘူးဆိုရင် သူနားကို ကပ်လို့မရမှာကို ကျွန်မ တော်တော်စိတ်ပူမိတယ်။ အဲဒါနဲ့ ကျွန်မ စိတ်နှလုံးထဲမှာ ဘုရားကို အဆက်မပြတ်ဆုတောင်းမိခဲ့တယ်။ မကြာခင်မှာပဲ ကျွန်မတို့ ယူနစ်နှစ်ခုရဲ့ စောင့်ကြပ်သူတွေက ကျွန်မတို့ကို တစ်ပြိုက်နက်ဖြစ်လုနီးပါး မတ်တပ်ရပ်ဖို့ အမိန့်ပေးတယ်။ ကျွန်မ ရပ်ပြီးတဲ့နောက်မှာ ကျွန်မအစ်မရဲ့ လက်ထဲကို စာတစ်စောင်ကို အမြန်ထိုးထည့်ပေးလိုက်တယ်။ မျက်စိတစ်မှိတ်အတွင်းမှာပဲ ဖြစ်သွားခဲ့တာ။ အစောင့်တွေက လုံးဝ သတိမထားမိဘူး။ ကျေးဇူးတော်ပါပဲ။ ကျွန်မ အစ်မတွေရဲ့ အကူအညီနဲ့ တခြားယူနစ်တွေက အစ်မတွေအားလုံး ဘုရားနှုတ်ကပတ်တော်ကို ရသွားကြတယ်။ ဘုရားနှုတ်ကပတ်တော်ကို အရမ်းကို ချောချောမွေ့မွေ့နဲ့ လက်ဆင့်ကမ်းပေးနိုင်ဖို့ တကယ်ကို မမျှော်လင့်ထားခဲ့ဘူး။ ဘုရားနဲ့ဆိုရင် ဘယ်အရာမှ မခက်ခဲဘူးဆိုတာ ကျွန်မ တကယ်မြင်ခဲ့ပါတယ်။ ဘုရားနှုတ်ကပတ်တော်ကို လက်ဆင့်ကမ်းပေးတဲ့ ဒီဖြစ်စဉ်ကတစ်ဆင့် ကျွန်မအစ်မတွေဟာ ဘုရားသခင်အပေါ် ပိုပြီးတော့ ယုံကြည်ခြင်းရှိလာတယ်။
ဘုရားနှုတ်ကပတ်တော်ကို လက်ဆင့်ကမ်းပြီးတဲ့နောက် လဝက်လောက်မရောက်ခင်မှာ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်သူတွေအားလုံး စွန့်လွှတ်ကြောင်း စာတစ်စောင်ရေးရမယ်ဆိုပြီး အလုပ်ကြမ်းစခန်းက တောင်းဆိုတယ်။ ကျွန်မတို့က အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်တာကို ရပ်ပါမယ်လို့ ကတိပေးဖို့ လိုတယ်။ အရင် သုံးလေးရက်တုန်းက၊ အစ်မတွေက ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးတာ မကြာသေးဘူး။ ဒါကြောင့် သူတို့အားလုံးက ခိုင်မာစွာ ရပ်တည်ပြီး ဘုရားအတွက် သက်သေခံဖို့ ယုံကြည်ခြင်းရှိကြတယ်။ စာတန်ကို လုံးဝ အရှုံးမပေးဖို့ အချင်းချင်း အချက်ပြပြီး အားပေးခဲ့ကြတယ်။ ဒါပေမဲ့ တစ်ပတ်ကြာပြီးတဲ့နောက်မှာ စွန့်လွှတ်ကြောင်းစာကို မရေးခဲ့တဲ့ တခြားယူနစ်တွေက အစ်မတွေအကြောင်းကို ကျွန်မကြားရတယ်။ တချို့တွေက နှိပ်စက်ခံရတယ်။ တချို့တွေက အရွယ်သေးတဲ့ လှောင်အိမ်တွေထဲမှာ အဓမ္မထိုင်ခိုင်းတာ ခံရတယ်။ တချို့တွေက နောက်ထပ် ထောင်ဒဏ်တွေ အပေးခံရတယ်။ အဲဒီအချိန်ကာလအတွင်းမှာ အလုပ်ကြမ်းစခန်းက အခြေအနေက အရင်ကထက်ပိုပြီး ဖိနှိပ်ချုပ်ချယ်လာတယ်။ ကြောက်လန့်ရတဲ့ ခံစားချက်က အမြဲတမ်းရှိနေတယ်။ ဖြစ်လာတော့မယ့် ကပ်ဘေးတစ်ခုက အချိန်မရွေးရိုက်ခတ်လာတော့မလိုမျိုးပေါ့။ ဘာကြောင့်လဲဆိုရင် ကျွန်မတို့က ဒီပတ်ဝန်းကျင် ဘယ်တော့ပြီးမယ်ဆိုတာ မသိလို့၊ ကျွန်မတို့ကို ညှင်းပန်းဖို့ အစောင့်တွေက ဘယ်နည်းကို နောက်ထပ်သုံးမယ်ဆိုတာ မသိလို့လေ။ ဒါကြောင့် အဲဒီအချိန်တုန်းက လူတိုင်းက အထူးသဖြင့် စိတ်ဒုက္ခရောက်ပြီး ဖိစီးနေကြတယ်။ ကျွန်မတို့အတွက် လမ်းတစ်ခုဖွင့်ပေးဖို့ ဘုရားကိုပဲ ဆက်ဆုတောင်းပြီး တောင်းဆိုနေကြရတယ်။ အဲဒီအချိန်တုန်းက အစ်မတွေအားလုံးက ဒီအမြင်ကို ကိုင်စွဲထားကြတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်မတို့ စွန့်လွှတ်ကြောင်းစာကို ရေးလို့မဖြစ်ဘူး။ ခိုင်မာစွာ ရပ်တည်ပြီး ဘုရားအတွက် သက်သေခံရမယ်ပေါ့။ ကျွန်မတို့က လဝက်လောက်အထိ ကျွန်မတို့ အစောင့်နဲ့ ရှေ့မတိုးသာနောက်မဆုတ်သာ အခြေအနေမှာရှိနေခဲ့တယ်။ နောက်တော့ သူတို့နည်းလမ်းက အလုပ်မဖြစ်တာကိုမြင်တော့ သူ အလျှော့ပေးခဲ့တယ်။ သူ့အမိန့်တွေကို ဆောင်ရွက်တဲ့ နည်းလမ်းအနေနဲ့ သူက ကျွန်မတို့ကို ဘာကိုမဆို ရေးခွင့်ပေးလိုက်တယ်။ ဘာပဲဖြစ်ဖြစ်ပေါ့။ ကျွန်မတို့အတွက် ဘုရားသခင်က လမ်းတစ်ခုဖွင့်ပေးမှန်း ကျွန်မတို့ အားလုံးသိခဲ့ကြတယ်။ ကျွန်မတို့အားလုံး ဘုရားသခင်ကို အထူးကျေးဇူးတင်မိကြတယ်။
ပထမအကြိမ်တုန်းက ဘုရားနှုတ်ကပတ်တော်ကို ရတာ အရမ်းနည်းတယ်။ ဒါကြောင့် အချိန်ကြာတာနဲ့အမျှ ကျွန်မတို့ စိတ်နှလုံးတွေက ဘုရားနှုတ်ကပတ်တော်ကို ထပ်ပြီး ဆာငတ်လာတယ်။ အထူးသဖြင့် ကိစ္စတွေ အများကြီးဖြစ်ပျက်လာနိုင်တဲ့ ဒီလို စိတ်ဒုက္ခရောက်ပြီး ဖိစီးတဲ့ပတ်ဝန်းကျင်မျိုးမှာ ဘုရားနှုတ်ကပတ်တော် ပံ့ပိုးမှုကို ပိုပြီးတော့တောင် လိုအပ်ခဲ့တာပေါ့။ ကျွန်မ သတိရမိတယ်။ တစ်ခါတော့ ညီမငယ်တစ်ယောက်က မျက်လုံးမှာ မျက်ရည်တွေနဲ့ ကျွန်မဆီရောက်လာပြီး ပြောတယ်။ သူ့အဖေက သူ့ကို ထောင်အပြင်မှာ သူ့ရဲ့ပြစ်ဒဏ်ကို ကျခံစေချင်တယ်။ ဒါပေမဲ့ အနန္တတန်ခိုးရှင် ဘုရားသခင်ယုံကြည်သူတွေက ဘောင်မဝင်ဘူးလို့ ရဲတွေက ပြောတယ်တဲ့။ သူက ၂၃နှစ်ပဲရှိပြီး ရက် တစ်ထောင်ကျော်ကြာတဲ့အထိ အလုပ်ကြမ်းစခန်းမှာနေရမယ်၊ ဒါကို ဘယ်လိုဖြတ်သန်းရမယ်ဆိုတာ သူမသိဘူးဆိုပြီး ပြောတယ်။ သူက ထွက်ချင်တာကလွဲပြီး တခြားဘာမှလိုချင်ဘူး။ သူပြောတာကို ကြားပြီးတဲ့နောက်မှာ ကျွန်မလည်း သူ့အတွက် ဝမ်းနည်းမိတာပေါ့။ အဲဒါနဲ့ သူ့အတွက် ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ရွတ်ပြလိုက်တယ်။ ဘုရားနှုတ်ကပတ်တော်ကပြောတယ်။ “သင်တို့သည် ‘အကြောင်းမူကား ယခုခဏခံရ၍ ပေါ့ပါးသော ဆင်းရဲခြင်း ဒုက္ခသည် အတိုင်းအထက် အလွန်ကြီးမြတ် လေးလံသော နိစ္စထာဝရ ဘုန်းအသရေကို ငါတို့အဖို့ ဖြစ်စေတတ်၏။’ ဟူသော စကားများကို မှတ်မိကောင်း မှတ်မိကြပေလိမ့်မည်။ ဤစကားများကို သင်တို့အားလုံး ယခင်က ကြားခဲ့ကြပြီးဖြစ်သော်လည်း သင်တို့ထဲမှ မည်သူမျှ ယင်းတို့၏စစ်မှန်သော အဓိပ္ပါယ်ကို နားမလည်ခဲ့ကြပေ။ ယနေ့တွင် သင်တို့သည် ထိုစကားများ၏ စစ်မှန်သောအရေးပါမှုကို လေးလေးနက်နက် သတိပြုမိကြသည်။ ဤစကားများသည် နောက်ဆုံးသောကာလအတွင်း၌ ဘုရားသခင်အားဖြင့် ပြည့်စုံလိမ့်မည်ဖြစ်ပြီး၊ အဆင်းနီသောနဂါးကြီး ခွေလျောင်းရာပြည်တွင် ယင်းနဂါးကြီး၏ လူမဆန်စွာ ညှဉ်းပန်းနှိပ်စက်ခံခဲ့သူများ၌ ပြည့်စုံလိမ့်မည်ဖြစ်သည်။ အဆင်းနီသောနဂါးကြီးသည် ဘုရားသခင်ကို ညှဉ်းပန်းနှိပ်စက်ပြီး၊ သူသည် ဘုရားသခင်၏ရန်သူ ဖြစ်၏။ သို့ဖြစ်၍ ဤပြည်၌ ဘုရားသခင်ကို ယုံကြည်သူများသည် အရှက်ကွဲခြင်းနှင့် ဖိနှိပ်ခြင်းတို့ကို ဤသို့ ခံကြရပြီး၊ အကျိုးဆက်အနေဖြင့် ဤစကားများသည် ဤလူစုတည်းဟူသော သင်တို့၌ ပြည့်စုံလေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏အမှုသည် လူသားထင်သကဲ့သို့ ရိုးရှင်းပါသလော) ဘုရားနှုတ်ကပတ်တော်ကို ကြားပြီးတဲ့နောက်မှာ ဒုက္ခခံရခြင်းရဲ့ အရေးပါမှုကို သူ နားလည်သွားတယ်။ ယုံကြည်ခြင်းကို တွေ့သွားတယ်။ ဒီပတ်ဝန်းကျင်ကနေ ဘယ်လိုလွတ်မြောက်ရမယ်ဆိုတာကို မစဉ်းစားတော့ဘူး။ နောက်တစ်ခါမှာတော့ ဧည့်သည်တွေ့ဆုံတဲ့နေ့မှာ တခြားလူတွေရဲ့ မိသားစုတွေက ထောင်ကိုလာကြည့်ကြတာကို ကျွန်မမြင်ပြီး ကျွန်မ မိသားစုကို အရမ်း သတိရမိတယ်။ ကျွန်မရဲ့ အသက်ကြီးပြီဖြစ်တဲ့ မိဘတွေကို တွေးမိတယ်။ သူတို့ဘယ်လိုအခြေအနေရှိလဲ ကျွန်မ မသိရဘူး။ အဲဒီကာလအတောအတွင်းမှာ ကျွန်မရဲ့ အိမ်က အမှတ်ရစရာတွေကို ခဏခဏ ပြန်စဉ်းစားမိတယ်။ အချိန်ကြာလာတော့ အဲဒါက ကျွန်မကို အပျက်သဘောဆောင်လာစေတယ်။ ကျွန်မက အပျက်သဘောဆောင်တဲ့ အခြေအနေမှာ ရှိနေတာကို ကျွန်မအကျဉ်းခန်းထဲမှာပဲနေတဲ့ အစ်မက မြင်တော့ ကျွန်မ နားရွက်နားကပ်ပြီး ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို တီးတိုးရွတ်ပြတယ်။ “လူ၏ကံကြမ္မာကို ဘုရားသခင်၏လက်များက ထိန်းချုပ်ထား၏။ သင်သည် မိမိကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်း မရှိပေ- လူသည် သူ၏အကျိုးအတွက် အမြဲပြေးလွှားကာ အလုပ်ရှုပ်နေသော်လည်း၊ မိမိကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်း မရှိမြဲဖြစ်လေသည်။ သင်သည် သင်ကိုယ်တိုင်၏အလားအလာများကို သိနိုင်မည်ဆိုပါက၊ သင်၏ကံကြမ္မာကို ထိန်းချုပ်နိုင်မည်ဆိုပါက၊ သင်သည် အဖန်ဆင်းခံ သတ္တဝါတစ်ဦး ဖြစ်ဦးမည်လော။ တိုတိုပြောရလျှင်၊ ဘုရားသခင်သည် မည်သို့ အမှုပြုသည်ကို ပဓာနမထားဘဲ၊ သူ၏အမှုအားလုံးသည် လူသားအတွက်ဖြစ်၏။ ဥပမာအားဖြင့်၊ လူသားကို အလုပ်အကျွေးပြုရန် ဘုရားသခင် ဖန်ဆင်းခဲ့သည့် ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းကို ကြည့်လော့။ လူသားအတွက် သူဖန်ဆင်းခဲ့သည့် လ၊ နေနှင့် ကြယ်များ၊ တိရစ္ဆာန်များနှင့် အပင်များ၊ နွေဦးရာသီ၊ နွေရာသီ၊ ဆောင်းဦးရာသီနှင့် ဆောင်းရာသီ စသဖြင့်- အားလုံးသည် လူသား၏ဖြစ်တည်မှုအတွက် ဖန်တီးထားခြင်း ဖြစ်၏။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ၏သာမန်ဘဝကို နဂိုအတိုင်း ပြန်ဖြစ်လာစေခြင်းနှင့် သူ့ကို အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ ခေါ်ဆောင်သွားခြင်း) ဘုရားနှုတ်ကပတ်တော်ကို ကျွန်မ ဆင်ခြင်ပြီးတော့ လူတိုင်းရဲ့ ကံကြမ္မာက ဘုရားလက်ထဲမှာရှိတာကို ကျွန်မ နားလည်သွားတယ်။ ဒါကြောင့် ကျွန်မ မိသားစုက အခြေအနေကောင်းသလားဆိုတာ ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ အစီအစဉ်တွေအပေါ်မှာ လုံးဝ မူတည်ပါတယ်။ ကျွန်မ မိသားစုကို ဘုရားလက်ထဲ လွှဲပေးလိုက်ရင် ကျွန်မက ဘာကိုစိုးရိမ်ရမှာလဲ။ ဒီအပေါ်မှာ ကျွန်မ တကယ်ကို ကိုယ့်ကိုယ်ကိုယ် စိတ်သောကပေးမနေသင့်ဘူး။ ဘုရားနှုတ်ကပတ်တော်က ကျွန်မကို အပျက်သဘောဆောင်တာရပ်စေပြီး ခွန်အားပေးခဲ့ပါတယ်။ ကျွန်မတို့ဟာ ဘုရားနှုတ်ကပတ်တော်ရဲ့ လမ်းပြမှုမရှိဘဲနဲ့ မဖြစ်နိုင်ဘူးဆိုတာ တကယ် သဘောပေါက်မိတယ်။ အဲဒါနဲ့ ဘုရားနှုတ်ကပတ်တော်ကို ဘယ်လိုပိုရအောင် လုပ်ရမယ်ဆိုတာနဲ့ ဖြစ်လာမယ့်အရာမှာ ဦးဆောင်ပေးဖို့ တောင်းလျှောက်ဖို့အတွက် ဘုရားကို ဆုတောင်းခဲ့တယ်။ အဲဒီနောက်မှာ ဧည့်တွေ့ခန်းက အစ်မနှစ်ယောက်ကို ကျွန်မ သတိရမိတယ်။ သူတို့နဲ့ ဆက်သွယ်နိုင်ရင် ဘုရားနှုတ်ကပတ်တော်တွေကို ပိုရနိုင်တဲ့အခွင့်အလမ်းရှိတယ်လေ။ ဒါနဲ့ပတ်သက်ပြီး ဘုရားကို ဆုတောင်းလိုက်ပြီး ကျွန်မတို့ကို သင့်တော်တဲ့ အခွင့်အလမ်းတွေ ပံ့ပိုးပေးဖို့ တောင်းလျှောက်လိုက်တယ်။
တစ်မနက်မှာ အစောင့်အကြီးအကဲက ကျွန်မကို ခေါ်တယ်။ “ငါနဲ့ လိုက်ခဲ့။ ဧည့်တွေ့ခန်းကို ရှင်းလင်းပေးဖို့ လိုတယ်” တဲ့။ ကျွန်မ ဧည့်တွေ့ခန်းကို သွားရတော့မယ်ဆိုတာကြားရတော့ ကျွန်မ စိတ်နှလုံးက လင်းလက်သွားတယ်။ ဒါ ကျွန်မရဲ့ အခွင့်အလမ်းပဲ။ ကျွန်မ ဧည့်တွေ့ခန်းကို သွားရတာက အဲဒီမှာ နေတဲ့သုံးနှစ်မှာ ဒီတစ်ကြိမ်ပဲရှိတယ်။ ဒါကြောင့် အဲဒီအချိန်မှာ ဒါဟာ ကျွန်မအတွက် ဘုရားစီစဉ်တဲ့ အခွင့်အလမ်းတစ်ခုပဲဆိုတာ ကျွန်မ သေချာသွားတယ်။ ဧည့်တွေ့ခန်းကို ကျွန်မတို့ရောက်တာနဲ့ အစောင့်အကြီးအကဲက တခြားအစောင့်တွေနဲ့ စကားပြောဖို့ ထွက်သွားတယ်။ ကျွန်မ နောက်ဖေးမီးဖိုချောင်ထဲကို အမြန်သွားလိုက်တယ်။ အစ်မနှစ်ယောက်က ဟင်းချက်ရင်းနဲ့ အလုပ်ရှုပ်နေတာကို တွေ့ရတယ်။ အဲဒါနဲ့ ကျွန်မက စားစရာတစ်ခုခုရှိလားဆိုပြီး အမြန်မေးလိုက်တယ်။ ကျွန်မဆိုလိုချင်တာကို သူတို့ ချက်ချင်းနားလည်သွားပြီးတော့ “အင်း ရှိတယ်” ဆိုပြီး ဖြေတယ်။ ပြီးတော့ တစ်ယောက်က အဝတ်အိတ်ထဲက စက္ကူလုံးတစ်ခုကို ယူပြီး ကျွန်မကို ပေးလိုက်တယ်။ နောက်ဆုံးတော့ ကျွန်မတို့ အကြာကြီးစောင့်ခဲ့ရတဲ့ ဘုရားနှုတ်ကပတ်တော်ကို ရလိုက်ပြီဆိုတာ ကျွန်မ သတိပြုမိလိုက်တယ်။ ကျွန်မစိတ်ခံစားချက်ကို ဘယ်လိုဖော်ပြရမယ်ဆိုတာ တကယ်ကို မသိပါဘူး။ ဒါပေမဲ့ နည်းနည်းလည်း စိတ်ပူမိတယ်။ လက်နဲ့ရေးထားတဲ့ စက္ကူလုံးက ငန်းဥထက် ပိုကြီးနေလို့လေ။ ကျွန်မ အတွင်းခံထဲကို ထည့်လိုက်ပေမဲ့ ဖောင်းနေတာက သိသာလွန်းနေတယ်။ ကျွန်မရဲ့ ဘောင်းဘီအိတ်ထောင်ထဲကို ထည့်ဖို့ကြိုးစားပေမဲ့ မဆန့်ဘဲ ပြုတ်ကျနေတယ်။ ကျွန်မ ကိုယ်ခန္ဓာမှာ ဝှက်ထားဖို့နေရာမရှိနေတာကို တွေ့တော့ ကျွန်မ ထိတ်ထိတ်ပျာပျာဖြစ်သွားတယ်။ ကျွန်မ အပေါ်မော့ကြည့်လိုက်တော့ လုံခြုံရေး ကင်မရာတွေကို နေရာတကာမှာ မြင်ရတယ်။ ကျွန်မ စိတ်ပူတာတွေနဲ့ မွှန်ထူသွားတယ်။ ကျွန်မအကြောင်းကိုသာ သိသွားရင် အားလုံးက သွားပြီပဲ။ အကျိုးဆက်တွေက တော်တော်ဆိုးမှာ။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ ကျွန်မ တွေးမိတယ်။ ဒီအခွင့်အရေးနဲ့ လွဲချော်သွားရင် ဘုရားနှုတ်ကပတ်တော်ကိုရဖို့ နောက်ထပ် အခွင့်အရေးကို လုံးဝ ရချင်မှ ရတော့မှာပေါ့။ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မတို့ တော်တော်လိုအပ်နေပြီး ပြန်ပေးဖို့ကို မလုပ်နိုင်ခဲ့ဘူး။ အဲဒီအချိန်ခဏမှာ ကျွန်မ အရမ်းစိတ်လှုပ်ရှားပြီး ဘာလုပ်ရမှန်း မသိခဲ့ဘူး။ ရုတ်တရက် ဘုရားနှုတ်ကပတ်တော်တစ်ကြောင်းက ကျွန်မ စိတ်ထဲမှာ လုံးဝကို ရှင်းရှင်းလင်းလင်း ထွက်ပေါ်လာတယ်။ “မကြောက်နှင့်၊ ကောင်းကင်ဗိုလ်ခြေတို့၏ အနန္တတန်ခိုးရှင် ဘုရားသခင်သည် သင်နှင့်အတူ ဧကန်အမှန် ရှိလိမ့်မည်။ သူသည် သင့်ကို ထောက်မပေးပြီး သူသည် သင်၏ ဒိုင်းလွှားဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၂၆)) မှန်တယ်။ ဘုရားသခင်က အရာအားလုံးအပေါ်မှာ အချုပ်အခြာအာဏာရှိတယ်။ ဒါကြောင့် ကျွန်မကို ရှာတွေ့မယ်၊ မတွေ့ဘူးဆိုတာ သူ့လက်ထဲမှာရှိတယ်။ ကျွန်မရဲ့ အထောက်အပံ့အနေနဲ့ ဘုရားသခင်ရှိနေတဲ့အတွက် ဘာကိုကြောက်ရမှာလဲ။ ဒါကို ကျွန်မ သဘောပါက်လိုက်တာနဲ့ အများကြီး ပိုပြီး စိတ်တည်ငြိမ်သွားတယ်။ ဘုရားနှုတ်ကပတ်တော်စာအုပ်တွေကို သယ်ယူပို့ဆောင်ပေးတဲ့ ညီအစ်ကိုမောင်နှမတွေကို ကျွန်မ စဉ်းစားမိတယ်။ အဆင်းနီသောနဂါးကြီးရဲ့ တင်းကျပ်တဲ့ စောင့်ကြည့်မှုတွေအောက်မှာတောင် သူတို့ဟာ ညီအစ်ကိုမောင်နှမတွေဆီကို ဘုရားနှုတ်ကပတ်တော်စာအုပ်တွေအများကြီး ပို့ပေးနိုင်ခဲ့တယ်။ သူတို့လည်း သူတို့ရဲ့ ပတ်ဝန်းကျင်ကို တွေ့ကြုံဖို့အတွက် ဘုရားကို အမှီပြုခဲ့တာမဟုတ်ဘူးလား။ အဲဒါနဲ့ ကျွန်မ စဉ်းစားတယ်။ “ငါ ဘုရားကို အမှီပြုရင် ငါ့အတွက်လည်း သူ လမ်းတစ်ခုဖွင့်ပေးမှာပဲ” ပေါ့။ အဲဒါကို ကျွန်မ တွေးမိတာနဲ့ ဆက်ပြီးတော့ မတွန့်ဆုတ်တော့ဘူး။ ဘုရားနှုတ်ကပတ်တော်ကို ကျွန်မ ပြန်ယူသွားဖို့ စိတ်ဆုံးဖြတ်လိုက်တယ်။ အဲဒါနဲ့ ကျွန်မအတွင်းခံထဲကို ဘုရားနှုတ်ကပတ်တော်စာရွက်လုံးကို ထပ်ပြီး သိပ်ထည့်လိုက်တယ်။ ကျွန်မလက်နဲ့ ရင်ဘတ်က အင်္ကျီကို ဆွဲထုတ်လိုက်ပြီး ခါးကို နည်းနည်းလေး ကုန်းလိုက်တယ်။ အဲဒီနောက်တော့ ဖောင်းတာက သိပ်မသိသာတော့ဘူး။ ကျွန်မ ကိုယ့်ဘာသာ စဉ်းစားလိုက်တယ်။ “ငါ ဘုရားနှုတ်ကပတ်တော်ကို အလုပ်ရုံဆီကို အရင်ယူသွားရမယ်။ ပြီးမှ သန့်ရှင်းဖို့အတွက် ပြန်လာမယ်” ပေါ့။ အလုပ်ရုံကိုသွားတဲ့တံခါးက ငှာနစိတ်အကြီးအကဲကျန်းက စောင့်တာကို ကျွန်မ သတိရတယ်။ သူက ကျွန်မကို သူ့အတွက် တောက်တိုမည်ရအလုပ်တွေ ခိုင်းလေ့ရှိတယ်။ ဒါကြောင့် ကျွန်မ သူနဲ့ ဆက်ဆံရေးအဆင်ပြေတယ်။ အဲဒီအချိန်ခဏမှာ ဒါဟာ ကျွန်မအတွက် ဘုရားသခင် ဖွင့်ပေးတဲ့လမ်းပဲဆိုတာ ရှင်းရှင်းလင်းလင်း သဘောပေါက်သွားတယ်။ အဲဒါနဲ့ ကျွန်မ ငှာနစိတ်အကြီးအကဲကျန်းရဲ့ ရုံးကို တိုက်ရိုက်သွားပြီး သူ့ကို အသံနိမ့်ပြီး ပြောလိုက်တယ်။ “အကြီးအကဲကျန်း။ ကျွန်မက ဓမ္မတာလာနေတယ်။ အပေါ်ထပ်ကို ခဏလောက်ပြန်တက်သွားချင်တယ်” ပေါ့။ ကျွန်မ တစ်ယောက်တည်း အပေါ်ထပ်ကို ပြန်တက်သွားချင်တယ်ဆိုတာကို သူကြားတော့ သူ့မျက်နှာက ချက်ချင်းပျက်သွားပြီး သူက “မသွားနဲ့။ မင်းကို ဒီကိုခေါ်လာတဲ့ အစောင့်နဲ့ ပြန်လိုက်သွားလိုက်။ မင်းရဲ့ အစောင့်က ဘယ်မှာလဲ” ဆိုပြီး ပြောတယ်။ ကျွန်မတို့အစောင့်ကို ရှာဖို့ သူက အနီးအနားကို ကြည့်လိုက်တယ်။ အခြေအနေမကောင်းတာတစ်ခုခုဖြစ်တော့မယ်လို့ ကျွန်မခံစားမိတာကြောင့် စိတ်လှုပ်ရှားလာတယ်။ ကျွန်မကို ပြန်ခေါ်ဖို့ အစောင့်က ရောက်လာရင် အားလုံးက သွားပြီပဲ။ ကျွန်မတို့အစောင့်က အကျဉ်းသားတွေကို အထူးတင်းကျပ်တယ်။ ကျွန်မ ပြန်သွားချင်တယ်ဆိုတာကို သူ သိရင် သူက သဘောမတူရုံတင်မကဘဲ ကျွန်မက တကယ်ဓမ္မတာလာနေတာ ဟုတ်မဟုတ် သိရဖို့ စစ်မှာပဲ။ ကျွန်မဆီက ဘုရားနှုတ်ကပတ်တော်ကို သူတွေ့သွားရင် ကျွန်မကို သေခါနီးလောက်အထိ ရိုက်မှာ။ အဲဒီအချိန်ခဏမှာ ကျွန်မနှလုံးက ဆို့တက်လာသလို ခံစားရတယ်။ ဘုရားသခင်ဆီကို အော်ခေါ်ပြီး ဆုတောင်းတာကို မရပ်နိုင်ခဲ့ဘူး။ အဲဒီအချိန်ခဏမှာပဲ ကျွန်မက အရင်သုံးလေးရက်တုန်းက ငှာနစိတ်အကြီးအကဲကျန်းအတွက် အဝတ်အိတ်တချို့လုပ်ပေးခဲ့တာကို ရုတ်တရက် သတိရသွားတယ်။ ကျွန်မ သူ့ကို အမြန်မေးလိုက်တယ်။ “အကြီးအကဲ ကျန်း။ ကျွန်မ အစ်မအတွက် လုပ်ပေးတဲ့ အဝတ်အိတ်တွေကို ကြိုက်ရဲ့လား။ အစ်မ တစ်ခုခုလိုတာရှိရင် ကျွန်မကို လွတ်လွတ်လပ်လပ်မေးလို့ရတယ်နော်” ဆိုပြီးတော့။ ကျွန်မဒီလိုပြောတာကို သူကြားတာနဲ့ တစ်ပြိုင်နက် သူချက်ချင်းပဲ သိပ်မတင်းမာတော့ဘူး။ ကျွန်မအတွက် ဘုရားသခင်က လမ်းတစ်ခုဖွင့်ပေးနေတယ်ဆိုတာ ကျွန်မ သဘောပေါက်လိုက်တယ်။ ကျွန်မ သူ့ကိုပြောလိုက်တယ်။ “အကြီးအကဲကျန်း။ စိတ်မပူပါနဲ့။ ကျွန်မ တစ်မိနစ်မကြာခင် ပြန်လာမှာပါ” ဆိုပြီးတော့။ သူ ပြန်မပြောဘူး။ အဲဒါနဲ့ ကျွန်မ အပေါ်ထပ်ကို အမြန်ပြေးသွားလိုက်တယ်။ လမ်းမှာ အလုပ်ရုံကိုရောက်ဖို့ သတ္ထုတံခါးတစ်ခုကို ကျွန်မ ဖြတ်သွားရမယ်ဆိုတာကို ရုတ်တရက် သတိရမိတယ်။ စည်းကမ်းတွေအရ ဒီတံခါးက သော့ခတ်ထားရလေ့ရှိတယ်။ ဒါပေမဲ့ ဒီအချိန်မှာ အဲဒါကို စဉ်းစားဖို့ ကျွန်မမှာ စိတ်အားမရှိဘူး။ ပြီးတော့ ကျွန်မ သိပ်လည်းကြောက်မနေဘူး။ ဘာကြောင့်လဲဆိုရင် ဒီဖြစ်စဉ်မှာ ဘုရားသခင်က ကျွန်မနဲ့အတူရှိနေပြီး ကျွန်မကို တစ်ဆင့်ချင်းလမ်းပြနေတယ်ဆိုတာ ကျွန်မ ရှင်းရှင်းလင်းလင်း မြင်ခဲ့တာကြောင့်လေ။ သတ္ထုတံခါးဆီကို ကျွန်မရောက်တော့ သော့ဖွင့်ထားတာကိုမြင်တော့ အံ့သြသွားတယ်။ ပြီးတော့ တခြားဘက်မှာ စင်္ကြန်လမ်းပေါ်မှာ အစောင့်တွေမရှိဘူး။ ကျွန်မ စိတ်နှလုံးထဲမှာ ဘုရားသခင်ကို ထပ်ခါထပ်ခါ ကျေးဇူးတင်ခဲ့တယ်။ ကျွန်မ အလုပ်ရုံကို အမြန်သွားလိုက်ပြီး ဘုရားနှုတ်ကပတ်တော်ကို ကျွန်မအစ်မကို ပေးလိုက်တယ်။ ပြီးတော့စိတ်ထဲမှာ ကျွန်မ သယ်လာနေတဲ့ ကျောက်တုံးအကြီးကြီးကို ချလိုက်ရသလို ခံစားမိတယ်။ ယေဟောဝါဘုရားသခင်က ယောရှုကို ပြောခဲ့တာကျွန်မ စဉ်းစားမိတယ်။ “အားကြီးပြီး ရဲရင့်ခြင်း ရှိလော့။ မကြောက်နှင့်၊ မချောက်ချားနှင့်။ အကြောင်းမှာ သင်သွားရာနေရာတိုင်း၌ သင်၏ဘုရားသခင် ယေဟောဝါသည် သင်နှင့်အတူရှိလိမ့်မည်။” (ယောရှုမှတ်စာ ၁:၉ ) မှန်တယ်။ ဘုရားသခင်က ဖန်ဆင်းရှင်ဖြစ်တယ်။ အရာရာက ဘုရားလက်ထဲမှာရှိတယ်။ လူတွေ၊ ကိစ္စတွေ၊ အရာဝတ္ထုတွေက ဘုရားရဲ့အမှုကို အစေခံတယ်။ ဒီအတွေ့အကြုံက ဘုရားသခင်ရဲ့ ဆန်းကြယ်တဲ့လုပ်ဆောင်မှုကို ကျွန်မကို မြင်ခွင့်ပေးခဲ့ပြီး ဘုရားရဲ့သြဇာအာဏာဟာ အရာအားလုံးအထက်မှာရှိတယ်ဆိုတာ တကယ် မြင်ခွင့်ပေးခဲ့တယ်။ ပြန်ကြည့်ကြည့်တော့ ဘုရားသခင်က အဆင့်တိုင်းမှာ ကိစ္စတွေကို ပါးပါးနပ်နပ် စီစဉ်တာကို ကျွန်မ မြင်ရတယ်။ ဥပမာ ငှာနစိတ်အကြီးအကဲကျန်းနဲ့ ဆက်သွယ်ဖို့ အကျဉ်းသားတွေအတွက် တော်တော်ခက်ခဲတယ်။ အကျဉ်းသားတစ်ထောင်ကျော်ထဲမှာ သူ့အတွက် အလုပ်လုပ်ပေးဖို့ ကျွန်မကိုပဲ ခိုင်းတယ်။ ဒါက ကျွန်မအတွက် ဘုရားသခင် ပြင်ဆင်ပေးခဲ့တဲ့အရာတစ်ခုပဲ။ အချိန်တိုင်းမှာ ကျွန်မတို့ အလုပ်လုပ်တာကို စောင့်ကြည့်တဲ့ အစောင့်အကြီးအကဲက ဒီတစ်ခါမှာ ကျွန်မကို စောင့်ကြည့်မနေဘူး။ သော့ခတ်ထားလေ့ရှိတဲ့ သတ္ထုတံခါးကတောင်မှ ဒီတစ်ခါမှာ ခတ်မထားဘူး။ အားလုံးက တစ်မူထူးခြားနေတယ်။ ဒါဟာ ကျမ်းစာမှာ ပြောထားသလိုပါပဲ။ “ရှင်ဘုရင်၏ နှလုံးသားသည် မြစ်ရေကဲ့သို့ ယေဟောဝါ၏ လက်တော်တွင် ရှိ၏။ ယင်းကို သူ အလိုရှိသည့်နေရာတိုင်းသို့ လှည့်တော်မူသည်။” (သုတ္တံကျမ်း ၂၁:၁) ဒီနှုတ်ကပတ်တော်တွေအားလုံးက မှန်လွန်းပါတယ်။ ဘုရားသခင်ရဲ့ တန်ခိုးကို ကျွန်မ မချီးမွမ်းဘဲ မနေနိုင်ခဲ့ဘူး။ ကျေးဇူးတော်ပဲ။ ဘုရားနှုတ်ကပတ်တော် အခန်းသစ် သုံးခန်း “သင်တို့၏ လုပ်ဆောင်ချက်များကို သင်တို့ သုံးသပ်ဆင်ခြင်သင့်သည်၊” “ဘုရားသခင်သည် လူ့အသက်၏ အရင်းအမြစ်ဖြစ်သည်၊” “အနန္တတန်ခိုးရှင် သက်ပြင်းချတော်မူခြင်း၊” ဓမ္မသီချင်းတွေ ရာချီပြီးတော့ ရတယ်။ ဒီလို ပတ်ဝန်းကျင်တစ်ခုမှာ ကျွန်မတို့က ဝိညာဉ်ရေးရာ ဆာငတ်နေကြတာ။ ဒါကြောင့် ဘုရားနှုတ်ကပတ်တော် တစ်ခုတလေကို တွေ့ရတာ တော်တော်ကောင်းတယ်။ ဒါပေမဲ့ အထူးသဖြင့် ဒီစာပိုဒ်ကိုဖတ်ရတာ ကောင်းတယ်။ “ဤလောက၏အရာခပ်သိမ်းသည် အနန္တတန်ခိုးရှင်၏ အတွေးများနှင့် သူ၏မျက်လုံးများအောက်၌ လျင်မြန်စွာ ပြောင်းလဲ လေ၏။ လူသားမျိုးနွယ် တစ်ခါမျှမကြားခဲ့ဖူးသောအရာများ ရုတ်တရက်ရောက်လာသော်လည်း လူသားမျိုးနွယ် ကာလတာရှည်စွာ ပိုင်ဆိုင်ခဲ့သောအရာများမှာ အမှုမဲ့အမှတ်မဲ့ တစ်စတစ်စဆုံးရှုံးလျက် နေ၏။ အနန္တတန်ခိုးရှင် မည်သည့်နေရာ၌ရှိကြောင်းကို မည်သူမျှ နားလည်သဘောပေါက်ခြင်း မရှိနိုင်ဘဲ အနန္တတန်ခိုးရှင်နှင့်ဆိုင်သည့် အသက်စွမ်းအား၏ အစွမ်းတန်ခိုး ကြီးမြတ်ခြင်းနှင့် သာလွန်ခြင်းကို မည်သူမျှ သာ၍ပင် မသိနိုင်ပေ။ လူသားတို့ သတိမမူမိသောအရာကို မြင်နိုင်သည့်အတွက် သူသည်သာလွန်၏။ လူသားမျိုးနွယ်၏ ပစ်ပယ်ခြင်းကို ခံရသောသူဖြစ်သော်လည်း လူသားမျိုးနွယ်ကို ကယ်တင်သည့်အတွက် သူသည်ကြီးမြတ်၏။ သူသည် အသက်ရှင်ခြင်းနှင့် သေခြင်း၏အဓိပ္ပာယ်ကို သိပြီး၊ ထိုမျှမက ဖန်ဆင်းခြင်းခံရသော လူသားမျိုးနွယ် လိုက်လျှောက်သင့်သည် ဖြစ်တည်မှု၏ ဥပဒေသများကို သူသိ၏။ သူသည် လူသားဖြစ်တည်ခြင်း၏ အုတ်မြစ်ဖြစ်ပြီး လူသားမျိုးနွယ်ကို ရှင်ပြန်ထမြောက်စေသော ရွေးနှုတ်ကယ်တင်ရှင်ဖြစ်၏။ သူသည် ရွှင်လန်းသောစိတ်နှလုံးများကို ဝမ်းနည်းခြင်းဖြင့် ဝန်ပိစေ၍ ဝမ်းနည်းခြင်းနှင့်ပြည့်သောစိတ်နှလုံးများကို ရွှင်လန်းခြင်းဖြင့် ချီမလေ၏၊ ယင်းတို့အားလုံးမှာ သူ၏အလုပ်နှင့် သူ၏အစီအစဉ် အဖို့အလို့ငှာ ဖြစ်၏။...အနန္တတန်ခိုးရှင်သည် အလွန်အမင်း ဒုက္ခဆင်းရဲကိုခံဖူးသော ဤလူများအပေါ် သနားကရုဏာရှိ၏၊ တစ်ချိန်တည်းတွင် သူသည် လူသားတို့ထံမှ အဖြေတစ်ခုကို စောင့်ဆိုင်းနေခဲ့ရသည်မှာ အလွန်ကြာလှပြီဖြစ်သောကြောင့် အသိဉာဏ်ကင်းမဲ့သော ဤလူများ ကိုလည်း စိတ်ပျက်၏။ သင်သည် ရေငတ်ခြင်းနှင့် ဆာလောင်ခြင်းကို မခံရတော့မည့်အကြောင်း သူသည် ရှာဖွေရန်၊ သင်၏စိတ်နှလုံးနှင့် ဝိညာဉ်ကို ရှာဖွေရန်၊ သင့်ထံ ရေနှင့် အစာကို ယူဆောင်လာရန်နှင့် သင့်ကို နှိုးရန် ဆန္ဒရှိတော်မူ၏။ သင် ပင်ပန်းနွမ်းနယ်သောအခါနှင့် ဤလောကကြီး၏ စိတ်ဓာတ်ကျဖွယ် ပျက်စီးခြောက်ကပ်ခြင်း တစ်စုံတစ်ရာကို စတင်ခံစားရသောအခါ၊ လမ်းပျောက်ခြင်းမရှိစေနှင့်၊ မငိုကြွေးလေနှင့်။ စောင့်ကြည့်တော်မူသောသူ အနန္တတန်ခိုးရှင် ဘုရားသခင်သည် သင်၏ရောက်လာခြင်းကို အချိန်မရွေး လက်ခံ ပွေ့ဖက်လေမည်။ သူသည် သင့်ထံပါး၌ အိပ်ဖန်စောင့်လျက် သင်နောက်ပြန်လှည့်လာရန် စောင့်ဆိုင်းနေ၏။ သင်၏မှတ်ဉာဏ် ရုတ်တရက် ပြန်ရသောနေ့ရက်ကို သူစောင့်ဆိုင်းလျက်နေ၏၊ ထိုနေ့ရက်မှာ သင်သည် ဘုရားသခင်ထံမှ လာခဲ့ကြောင်း၊ မသိခဲ့သောအချိန်တစ်ချိန်တွင် သင်ဦးတည်ချက်ပျောက်ခဲ့ကြောင်း၊ မသိခဲ့သောအချိန်တစ်ချိန်တွင် လမ်းပေါ်၌ အသိဉာဏ် ပျောက်ဆုံး ခဲ့ရကြောင်းနှင့် မသိခဲ့သောအချိန်တစ်ချိန်တွင် ‘အဖ’ တစ်ဦးရ ခဲ့ကြောင်း သဘောပေါက်သောနေ့ရက်၊ ထိုမျှမက အနန္တတန်ခိုးရှင်သည် အစဉ်သဖြင့် အိပ်ဖန်စောင့်နေကာ သင်ပြန်လာမည်ကို ထိုနေရာ၌ အလွန့်အလွန် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းလျက်နေကြောင်း သင်သဘောပေါက်သောနေ့ရက် ဖြစ်ပေသည်။ သူသည် ပြင်းပြသောတောင့်တမှုဖြင့် စောင့်ကြည့် နေကာ အဖြေမပါသော တုံ့ပြန်မှုတစ်ခုကို စောင့်ဆိုင်းလျက်နေ၏။ သူ၏အမြဲတစေ စောင့်ကြည့်ခြင်းနှင့် စောင့်ဆိုင်းခြင်းတို့မှာ တန်ဖိုး မဖြတ်နိုင်ဘဲ၊ ယင်းတို့သည် လူသား၏စိတ်နှလုံးနှင့် လူသား၏ ဝိညာဉ်အဖို့အလို့ငှာ ဖြစ်၏။ ဤစောင့်ကြည့်ခြင်းနှင့် စောင့်ဆိုင်းခြင်းတို့သည် အချိန်အကန့်အသတ်မဲ့ ဖြစ်ကောင်း ဖြစ်နိုင်၍ ၎င်းမှာ ဆုံးခန်း၌လည်း ရှိကောင်းရှိနေနိုင်သည်။ သို့သော်လည်း ယခုအခါ သင်၏စိတ်နှလုံးနှင့် ဝိညာဉ်တို့မှာ မည်သည့်နေရာ၌ ရှိနေကြောင်းကို သင်အတိအကျ သိသင့်ပေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အနန္တတန်ခိုးရှင် သက်ပြင်းချတော်မူခြင်း) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးနောက်မှာ ကျွန်မအစ်မတချို့က မျက်ရည်တွေကျလာကြတယ်။ ဘုရားနှုတ်ကပတ်တော်တွေထဲမှာ လူသားမျိုးနွယ်အတွက် ဘုရားရဲ့ ချစ်ခြင်းနဲ့ ကရုဏာကို ခံစားရတယ်။ ဘုရားသခင်ကသာ ကျွန်မတို့ကို တကယ်ဂရုစိုက်ပြီး ကျွန်မတို့ အနာဂတ်နဲ့ ပန်းတိုင်ကို စိတ်ပူတယ်။ တခြားဘယ်သူက ဒီလိုကြီးမြတ်တဲ့ ချစ်ခြင်းရှိလဲ။ အဲဒီအချိန်မှာ တော်တော်နေမကောင်းဖြစ်နေတဲ့ အစ်မတစ်ယောက်ဆီ ပေးဖို့ အခွင့်အရေးကို ကျွန်မ ရှာခဲ့တယ်။ သူ့အခြေအနေက တော်တော်ကိုဆိုးနေတာ။ ဒါပေမဲ့ သူက ဘုရားနှုတ်ကပတ်တော်ကနေ ဘုရားအလိုတော်ကို နားလည်တယ်။ သူကိုယ်တိုင်ရဲ့ ဒုက္ခကို ညည်းညူတဲ့အခါမှာ သက်သေခံချက်မရှိဘဲ ဒါဟာဘုရားသခင်ရဲ့ စိတ်နှလုံးကို နာကျင်စေတယ်ဆိုတာကို သူ သဘောပေါက်တယ်။ သူ့ရဲ့ လုပ်ရပ်တွေကို နောင်တရပြီး သူ့ရဲ့ ဖျားနာခြင်းမှာ ဘုရားအလိုတော်ကို ရှာဖွေပြီး ဘုရားရဲ့ စိတ်နှလုံးကို သက်သာစေဖို့အတွက် သက်သေရပ်တည်ဖို့ သူ မျှော်လင့်ခဲ့ပါတယ်။ ကျွန်မလည်း အဲဒီအချိန်မှာ အရမ်းကို တို့ထိခံရတယ်။ အထူးသဖြင့် ဒီ ဘုရားနှုတ်ကပတ်တော်အပိုင်းကို ဖတ်တဲ့အခါမှာပေါ့။ “ကမ္ဘာကြီးထဲသို့ သင်ငိုယိုကာ ရောက်ရှိလာသည့်အချိန်မှစ၍ သင်သည် သင်၏တာဝန်ကို စတင်ဖြည့်ဆည်းရပေတော့သည်။ ဘုရားသခင်၏ အစီအစဉ်နှင့် သူ၏ချမှတ်ဆုံးဖြတ်မှုအတွက် သင်၏ကဏ္ဍကို သင်ဆောင်ရွက်ပြီး သင့်ဘဝ၏ ခရီးစဉ်ကို စတင်ရတော့သည်။ သင့်နောက်ကြောင်းနှင့် သင့်ရှေ့ဆက်ခရီးတို့ မည်သို့ပင် ဖြစ်နေစေကာမူ မည်သူတစ်ဦးတစ်ယောက်ကမျှ ကောင်းကင်ဘုံ၏ စီစဉ်ညွှန်ကြားမှုများနှင့် စီစဉ်ခြင်းများကို မရှောင်နိုင်သကဲ့သို့၊ မိမိကံတရားကို ထိန်းချုပ်နိုင်သူလည်း မရှိပေ၊ အကြောင်းမှာ အရာခပ်သိမ်းကို အုပ်စိုးတော်မူသော ဘုရားသခင်တစ်ပါး တည်းသာလျှင် ထိုသို့သောအရာများကို လုပ်နိုင်သောကြောင့်ဖြစ်သည်။ လူသားစတင်ဖြစ်တည်လာသည့်နေ့မှစကာ ဘုရားသခင်သည် စကြဝဠာကို စီမံခန့်ခွဲလျက်၊ အရာအားလုံးအတွက် ပြောင်းလဲမှု စည်းမျဉ်းများနှင့် ၎င်းတို့ရွေ့လျားသည့် လမ်းကြောင်းကို လမ်းညွှန်ပြသပေးလျက် ဤကဲ့သို့ အမှုပြုလာခဲ့သည်။ ခပ်သိမ်းသော အရာများနည်းတူ လူသားသည် ဘုရားသခင်ထံမှ ချိုမြိန်သာယာမှု၊ မိုးရေနှင့် နှင်းစက်နှင်းပေါက်တို့၏ အာဟာရပေးမှုကို တိတ်တဆိတ်နှင့် အမှုမဲ့အမှတ်မဲ့ ရရှိနေသည်၊ ခပ်သိမ်းသောအရာများနည်းတူ လူသားသည် ဘုရားသခင်၏လက်တော်၏ စီစဉ်ညွှန်ကြားမှုအောက်တွင် အမှုမဲ့အမှတ်မဲ့ နေထိုင်လျက်ရှိသည်။ လူသား၏ နှလုံးသားနှင့် စိတ်ဝိညာဉ်ကို ဘုရားသခင်သည် လက်၌ကိုင်ဆောင်ထားပြီး၊ လူသား၏ ဘဝတစ်ခုလုံးကို ဘုရားသခင်သည် သူ၏မျက်လုံးများဖြင့် ကြည့်ရှုလျက်ရှိသည်။ သင်သည် ဤအချက်ကို ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ၊ သက်ရှိဖြစ်ဖြစ်၊ သက်မဲ့ဖြစ်ဖြစ် အရာအားလုံးသည် ဘုရားသခင်၏ အကြံအစည်များနှင့်အညီ ရွေ့လျားပြောင်းလဲကာ ပြန်လည်စတင်ပြီး ကွယ်ပျောက်သွားရမည်ဖြစ်သည်။ ဤသည်မှာ အရာအားလုံးကို ဘုရားသခင်တာဝန်ယူသည့် နည်းလမ်းဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်သည် လူ့အသက်၏ အရင်းအမြစ်ဖြစ်သည်) ဘုရားနှုတ်ကပတ်တော်ကို ကျွန်မ ဆင်ခြင်ရင်းနဲ့ ကျွန်မ မျက်နှာကနေ မျက်ရည်တွေကျလာတာကို မရပ်တန့်နိုင်ခဲ့ပါဘူး။ သားယောက်ျားတွေအတွက် ကျွန်မမိသားစုရဲ့ ဦးစားပေးမှုကို တွေးမိတယ်။ အထီးကျန်ပြီး ခွဲခြားဆက်ဆံတာကိုခံရရင်းနဲ့ ကျွန်မ ကြီးပြင်းခဲ့တယ်။ အဲဒီနောက်မှာ မအောင်မြင်တဲ့ အိမ်ထောင်နှစ်ခုကို ကျွန်မ ဖြတ်သန်းခဲ့ရပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ ခဏခဏ ကြိုးစားခဲ့တယ်။ ကျွန်မ စဉ်းစားတယ်။ “ကျယ်ပြန့်တဲ့ လူသားမျိုးနွယ်ပင်လယ်ကြီးထဲမှာ ဘုရားသခင်က သူ့ရဲ့အိမ်တော်ကိုလာဖို့ ငါ့ကို ရွေးချယ်ခဲ့တယ်။ အခု ငါ့ကို ဘုရားက ကာကွယ်တာကြောင့် ငါအသက်ရှင်တယ်ဆိုတာ နားလည်သွားပြီ။ ငါ့အတွက် သူ့မှာ စေခိုင်းချက်တစ်ခုရှိတယ်။ ငါ့အသက်တာမှာ တာဝန်တစ်ခုရှိပြီး ထမ်းဆောင်ဖို့ ကဏ္ဍတစ်ခုရှိတယ်။” “ဧဝံဂေလိဟောဖို့အတွက် ငါ့ မိသားစုကို စွန့်လွှတ်ခဲ့တယ်။ အဖမ်းခံရပြီး အလုပ်ကြမ်းစခန်းမှာ ထောင်ကျတယ်။ အိမ်ဖော်ဖြစ်လာတယ်။ အားလုံးကို ဘုရားသခင်က ခွင့်ပြုခဲ့တာပဲ။ ဒီမှာ ဘုရားနှုတ်ကပတ်တော်ကို ဖြန့်ဖို့ ငါ့မှာ အခွင့်အရေးရှိပြီး အဲဒီအစ်မတွေကို ငါ ကူညီပံ့ပိုးပေးနိုင်တယ်။ ဘုရားသခင်က ဒီဝန်ထုပ်ကို ငါ့ကိုပေးထားပြီး ဒါဟာ ငါ့ရဲ့ စေခိုင်းချက်တာဝန်ဖြစ်တယ်” ဆိုပြီးတော့ပေါ့။ ဒါတွေကို ကျွန်မစဉ်းစားတဲ့အချိန်မှာ ကျွန်မစိတ်နှလုံးမှာ နွေးထွေးမှုတစ်ခု ခံစားရတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်နောက်ကို လိုက်နိုင်တာ၊ ဖန်ဆင်းခံတစ်ယောက်ရဲ့ တာဝန်ကို ထမ်းဆောင်နိုင်တာ၊ ဘုရားရဲ့အမှုတော်ကို တွေ့ကြုံပြီး ဘုရားရဲ့ ဆန်းကြယ်တဲ့ လုပ်ဆောင်မှုတွေကို မြင်ရတာဟာ ကံကောင်းတယ်လို့ ကျွန်မ ခံစားမိတယ်။ ကျွန်မ တကယ်ကို ကောင်းချီးခံစားရပါတယ်။ ကျွန်မဘေးမှာ ကျွန်မနဲ့အတူ ဘုရားရှိနေတယ်ဆိုတာ၊ ဘုရားသခင်ဟာ ကျွန်မရဲ့ ကံကြမ္မာရဲ့ အချုပ်အခြာဖြစ်တယ်ဆိုတာ ကျွန်မ သိတယ်။ ဒါကြောင့် တခြားဘာကို ကျွန်မ တောင်းဆိုရဦးမှာလဲ။ ဒါတွေကို ကျွန်မတွေးမိတဲ့အချိန်မှာ အလုပ်ကြမ်းစခန်းမှာနေရတာ အရမ်းခက်ခဲတယ်လို့ မခံစားရတော့ဘူး။ အထီးကျန်သလို မခံစားရဘူး။
ဘုရားအလိုတော်နဲ့ပတ်သက်ပြီး ကျွန်မတို့ အချင်းချင်း မိတ်သဟာယပြုကြတယ်။ ဘုရားရဲ့ချစ်ခြင်းကြောင့် အားလုံး ခွန်အားရကြတယ်။ အရမ်းကို ကျေးဇူးတင်စိတ်ဖြစ်မိကြတယ်။ ဘုရားသခင်အတွက် သက်သေခံဖို့ ကျွန်မတို့ရဲ့ စိတ်ဆုံးဖြတ်ချက်က ကြီးထွားလာတယ်။ အဲဒီနောက်မှာ ဘုရားနှုတ်ကပတ်တော်ကို ကျွန်မတို့ အမြန်ကူးရေးကြတယ်။ စိတ်မပူရဘဲနဲ့ ဘုရားနှုတ်ကပတ်တော်ကို ကူးရေးနိုင်ဖို့အတွက် ကျွန်မအစ်မတွေအတွက် ကင်းစောင့်လုပ်ပေးဖို့ ခန်းမတာဝန်ကို ကျွန်မ အသုံးပြုတယ်။ တချို့တွေက ညသန်းခေါင်ထိ မအိပ်ဘဲ ရေးကြတယ်။ ကျွန်မနဲ့အတူတာဝန်ကျတဲ့ တခြားထောင်သားက ဘာကိုမှ ဂရုမစိုက်ဘူး။ သူက ဘာကိုမှ မမြင်ချင်ယောင်ဆောင်တယ်။ အဲဒါနဲ့ သုံးရက်တာအချိန်အတွင်းမှာ ဘာပြဿနာမှမဖြစ်ဘဲ ဘုရားနှုတ်ကပတ်တော်ကို ကူးယူခဲ့ကြတယ်။ ခပ်မြန်မြန်နဲ့ တခြားအစ်မတွေ တော်တော်များများကို ပို့ပေးခဲ့တယ်။ အဲဒီရက်တွေအတွင်းမှာ အစ်မတွေက ဘုရားနှုတ်ကပတ်တော်ကို မျှဝေပြီး မိတ်သဟာယဖွဲ့ရင်းနဲ့ ကျွန်မတို့အားလုံး အချင်းချင်း အားပေးကြပြီး ဒီခက်ခဲတဲ့ ပတ်ဝန်းကျင်မှာ ဘုရားအတွက် သက်သေရပ်တည်ဖို့ ပိုများတဲ့ ယုံကြည်ခြင်းကို ရှာတွေ့ခဲ့ကြတယ်။
အလုပ်ကြမ်းစခန်းမှာ ဘုရားနှုတ်ကပတ်တော်ကို ဖြန့်ဝေတဲ့ ဖြစ်စဉ် အခိုက်အတန့်တစ်ခုစီကို ကျွန်မ ပြန်စဉ်းစားတယ်။ ဒါတွေကို ဘယ်တော့မှ မေ့မှာမဟုတ်ဘူးဆိုတာ ကျွန်မ သိတယ်။ ဒီလက်တွေ့ အတွေ့အကြုံတွေကတစ်ဆင့် ဘုရားသခင်ရဲ့ ဆန်းကြယ်တဲ့ လုပ်ဆောင်မှုတွေကို ကျွန်မ ကိုယ်တိုင်ကိုယ်ကျ မြင်ပြီး ကြုံတွေ့ခဲ့ရတယ်။ ဘုရားသခင်ရဲ့ သြဇာအာဏာ၊ အနန္တတန်ခိုးရှိခြင်းနဲ့ ဉာဏ်ပညာကို တကယ် မျက်မြင်ကြုံတွေ့ခဲ့ရတယ်။ ဘုရားနှုတ်ကပတ်တော်က အသက်တာမှာ လူတွေကို ခွန်အားပေးတဲ့အရာပဲလို့ အမှန်တကယ် ခံစားမိခဲ့တယ်။ ဒါတွေကို ကျွန်မစဉ်းစားတဲ့အချိန်တိုင်းမှာ ကျွန်မအရမ်းကို တို့ထိခံရပြီး ခွန်အားရတယ်။ ကျွန်မ စိတ်နှလုံးအတွင်းထဲကနေ ဘုရားကို ကျေးဇူးတင်ပြီး ချီးမွမ်းပါတယ်။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။