ဝတ်ကျေတမ်းကျေဆန်ခြင်းကြောင့် ဖြစ်သော ထိခိုက်မှု
၂၀၂၁ခုနှစ်၊ အောက်တိုဘာမှာ လူသစ်တွေကို ရေလောင်းတာကို ကျွန်မ စလေ့ကျင့်တယ်။ တစ်ပတ်ကြာတော့ ကျွန်မ သင်ရမှာတွေ အများကြီးရှိသေးတယ်ဆိုတာ သတိထားမိတယ်။ ရူပါရုံ သမ္မာတရားနဲ့ ကိုယ့်ကိုယ်ကိုယ် တပ်ဆင်ရမယ်။ သူတို့ပြဿနာတွေကို ဖြေရှင်းဖို့အတွက် သမ္မာတရားကို မိတ်သဟာယဖွဲ့တာကိုလည်း လေ့ကျင့်ရမယ်။ ဒါပေမဲ့ သမ္မာတရားကို ကျွန်မ နားလည်တာက အပေါ်ယံဆန်ပြီး စကားစမြည်ပြောတာက ကျွန်မ အားသန်တဲ့ဟာမဟုတ်ဘူး။ ကျွန်မအတွက် တော်တော်ခက်တဲ့ တာဝန်ဖြစ်နေတယ်။ အဖွဲ့ခေါင်းဆောင်က ကျွန်မကို လူသစ်တွေရဲ့ ပြဿနာတွေကို အမြန်ဖြေရှင်းစေချင်တဲ့အခါမှာ အထူးသဖြင့် ဒါက ဖြစ်မြောက်ဖို့ ခက်သလို ခံစားရတယ်။ လူသစ်တွေအားလုံးက ပြဿနာ တော်တော်ရှိကြတယ်။ ဒီတော့ ဒါတွေကို ဖြေရှင်းဖို့ ကျွန်မက သတ်မှတ်ထားတဲ့ သမ္မာတရားတွေ အများကြီးရှာပြီး ဘယ်လို ရှင်းရှင်းလင်းလင်း မိတ်သဟာယဖွဲ့ရမယ်ဆိုတာ စဉ်းစားရမယ်။ ဒါက အရမ်းအားစိုက်ရတယ်။ အဲဒါနဲ့ ကျွန်မက အစွမ်းအစမရှိဘူး၊ ကောင်းကောင်းမလုပ်နိုင်ဘူးလို့ အဖွဲ့ခေါင်းဆောင်ကို ပြောလိုက်တာပေါ့။ အဖွဲ့ခေါင်းဆောင်က ကျွန်မကို မိတ်သဟာယဖွဲ့တယ်။ ကျွန်မက ကိုယ့်တာဝန်မှာ တာဝန်ခံမှုရှိဖို့လိုတယ်၊ ဒုက္ခခံရတာကို မကြောက်သင့်ဘူးလို့ ပြောတယ်။ ကျွန်မက သူ့မိတ်သဟာယကို ကြားပြီးတော့ စိတ်မပါတပါနဲ့ သဘောတူလိုက်ရတယ်။ ဒါပေမဲ့ စိတ်ထဲမှာတော့ အဖိုးအခ မပေးဆပ်ချင်နေဘူး။ စုဝေးပွဲတွေမှာ ကျွန်မ အမြဲတမ်းလုပ်နေကျအတိုင်း လူသစ်တွေကို ဆက်ပြီး မိတ်သဟာယဖွဲ့တယ်။ သူတို့အခက်အခဲတွေကို ကျွန်မက နားမလည်တော့ ကျွန်မ မိတ်သဟာယမှာ လျှောက်ပြောနေပြီး ရလဒ်တွေ မရဘူး။ ဒါကြောင့် စုဝေးပွဲတွေကို ပုံမှန်တက်တဲ့ လူသစ်အရေအတွက်က စကျလာတယ်။ အဖွဲ့ခေါင်းဆောင်က ပြဿနာတွေကို တွေ့တော့ သူတို့တွေကို ချက်ချင်း ကူညီပံ့ပိုးပေးဖို့ ကျွန်မကို ပြောတယ်။ ဒါပေမဲ့ ကျွန်မက စဉ်းစားတာပေါ့။ “ဧဝံဂေလိအမှုထမ်းတွေက သူတို့ကို ရူပါရုံ သမ္မာတရားနဲ့ပတ်သက်ပြီး မိတ်သဟာယ အများကြီး ဖွဲ့ပြီးပြီ။ ဒီတော့ သူတို့က စုဝေးပွဲတွေကို မလာနေသေးဘူးဆိုရင် ငါသွားတာကရော ဘာထူးမှာလဲ။ ပြီးတော့ အခုရက်ပိုင်းမှာ ဒီလူသစ်တွေအကုန်လုံးက မစုဝေးဖြစ်ကြဘူး။ ဒီတော့ သူတို့ဆီသွားပြီး မိတ်သဟာဖွဲ့ဖို့က သေချာပေါက် အချိန်တော်တော်ကုန်မှာပဲ။ ဒါဆို ပင်ပန်းမှာပဲ” ပေါ့။ ဒီလိုတွေးပြီး ကျွန်မက သူတို့ကို စာပို့ပြီး အကျဉ်းချုံးနှုတ်ဆက်လိုက်တယ်။ စာမပြန်တဲ့သူတွေကို ချောင်ထိုးထားလိုက်ပြီး အရေးမစိုက်တော့ဘူး။ ပြဿနာပိုများတဲ့သူတွေကိုကျတော့ ကျွန်မရဲ့ မိတ်သဟာယဖွဲ့ဖို့ စာရင်းမှာ နောက်ဆုံးကို ရွှေ့ထားလိုက်တယ်။ ဒါမှမဟုတ် သူတို့တွေကို ပံ့ပိုးပေးဖို့ ဧဝံဂေလိအမှုဆောင်တွေဆီ လွှဲပေးလိုက်တယ်။ မကြာခင်မှာပဲ တချို့လူသစ်တွေက သူတို့ပြဿနာတွေ မဖြေရှင်းတာ အတော်ကြာတော့ မစုဝေးကြတော့ဘူး။ လူသစ်တွေ မစုဝေးကြတာကို ကျွန်မ သတိထားမိတဲ့အချိန်တိုင်း လိပ်ပြာမလုံဖြစ်ပြီး စိတ်မချမ်းသာဘူး။ သူတို့ပြဿနာတွေကို ကိုင်တွယ်ဖို့ ပိုပြီး ပေးဆပ်သင့်တယ်လို့ ခံစားမိတာပေါ့။ ဒါပေမဲ့ ဘယ်လောက်ဗျာများလိမ့်မလဲဆိုတာတွေးမိတော့ ကျွန်မ ဒီအတိုင်းထားလိုက်တယ်။
အရင်က ကက်သလစ်ဖြစ်တဲ့ လူသစ်တစ်ယောက်ကို ကျွန်မ သတိရတယ်။ သူက နောက်ဆုံးသောကာလမှာ ဘုရားသခင် လူ့ဇာတိခံပြီး အလုပ်လုပ်တာနဲ့ပတ်သက်ပြီးတော့ အယူအဆတွေဖြစ်ပြီး မစုဝေးတော့ဘူး။ ကျွန်မ သူ့ကို ဘယ်လောက်စာပို့ပြီး ဖုန်းခေါ်ပါစေ၊ သူက ဂရုမစိုက်တော့ဘူး။ နှစ်ရက်ကြာတော့ သူက ကျွန်မကို ဒီစာပို့ထားတယ်။ “ကျွန်မက ကက်သလစ်မိသားစုမှာ မွေးတာပါ။ ငယ်ငယ်ကတည်းက ကက်သလစ်ဖြစ်ခဲ့တာပါ။ အခု ၆၄နှစ်ရှိပြီ။ သခင်ယေရှုကိုပဲ ကျွန်မ ယုံကြည်နိုင်တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ကို မယုံကြည်နိုင်တော့ဘူး” တဲ့။ ကျွန်မ ပြန်ပြောတာက “အနန္တတန်ခိုးရှင် ဘုရားသခင်က ပြန်ကြွလာတဲ့ သခင်ယေရှုပါ။ ဘုရားရဲ့နိုင်ငံတော်ကို ဝင်ဖို့ တစ်ခုတည်းသောလမ်းက နောက်ဆုံးသောကာလမှာ သခင့်ရဲ့ ပေါ်ထွန်းခြင်းနဲ့ အမှုတော်ကို လက်ခံဖို့ပါပဲ” ပေါ့။ ဒါပေမဲ့ သူက စာမပြန်ဘူး။ ကျွန်မ သူ့ကို နောက်ထပ် သုံးလေးကြိမ်ဆက်သွယ်ပေမဲ့ သူက ဂရုမစိုက်တော့ဘူး။ အဲဒါနဲ့ ကျွန်မက ဒီပြဿနာကို အဖွဲ့ခေါင်းဆောင်ဆီ တွန်းပို့လိုက်တယ်။ သူက ကျွန်မဆီကို ဆက်စပ်မှုရှိတဲ့ ဘုရားနှုတ်ကပတ်တော်အပိုဒ်တချို့ကို ပို့ပြီး ဒါကို ဖြေရှင်းဖို့ သမ္မာတရားကို ရှာဖို့ ပြောတော့ ကျွန်မ အံ့ဩသွားတယ်။ ကျွန်မက သမ္မာတရားတွေအများကြီး တပ်ဆင်ပြီး ရလဒ်တွေရဖို့အတွက် ဘယ်လိုမိတ်သဟာယဖွဲ့ရမယ်ဆိုတာကို စဉ်းစားဖို့လိုတယ်ဆိုတာ မြင်တော့ အကုန်လုံးက တော်တော်ပင်ပန်းသလို ခံစားမိတယ်။ လူသစ်က ကျွန်မဆီကို စာမပြန်ဘူး။ ကျွန်မက ကိုယ့်ကိုယ်ကိုယ်ပြင်ဆင်ဖို့ အချိန်ကို အသုံးချရင်တောင် ကျွန်မ မိတ်သဟာယကို သူနားထောင်ချင်မှ နားထောင်မှာ။ အဲဒါနဲ့ သူ့ကို ဘေးဖယ်ထားလိုက်ပြီး လျစ်လျူရှုလိုက်တယ်။ နေ့တိုင်းအလုပ်တော်တော်ရှုပ်တဲ့ လူသစ်တစ်ယောက်ရှိတယ်။ သူက ကျွန်မဖိတ်တဲ့ စုဝေးပွဲတွေကို တက်ဖို့ ဘယ်တော့မှ အချိန်မရဘူး။ အစတော့ ကျွန်မက သူ့ဆီကို နေ့တိုင်း ဘုရားနှုတ်ကပတ်တော်တွေ၊ ဓမ္မသီချင်းတွေ ပို့တယ်။ ဒါပေမဲ့ အခေါက်တိုင်းမှာ သူက “အာမင်”လို့ပဲ ပြန်ပြောတယ်။ နောက်ကျတော့ စုဝေးပွဲတွေကို မလာဘူး။ နောက်ဆုံးတော့ သူ့ဆီကို ဘုရားနှုတ်ကပတ်တော်တွေ မပို့တော့ဘူး။ သူက အလုပ်အရမ်းရှုပ်တယ်၊ ဒါ သူ့ရဲ့ အရှိတရားပဲ၊ ကျွန်မက ဘယ်လောက်ပဲ အချိန်ကို ရင်းနှီးမြုပ်နှံပါစေ၊ ဒီပြဿနာကို မဖြေရှင်းနိုင်ဘူးဆိုပြီး ခံစားမိတယ်။ စုဝေးပွဲအချိန်တွေကို သူ့အခက်အခဲတွေနဲ့လွတ်အောင် ကျွန်မ စီစဉ်ပေးသင့်တယ်၊ ပြီးရင် သူ့အယူအဆတွေကို မိတ်သဟာယဖွဲ့ဖို့ ဆက်စပ်မှုရှိတဲ့ ဘုရားနှုတ်ကပတ်တော်တွေရှာသင့်တယ်၊ ဒါက ရလဒ်တွေရဖို့ တစ်ခုတည်းသောနည်းလမ်းပဲဆိုတာ ကျွန်မ သိပါတယ်။ ဒီလိုလုပ်တာက အရမ်းရှုပ်ထွေးလွန်းပြီး ဒုက္ခများတယ်လို့ ကျွန်မ ခံစားမိတော့ ဒီအဖိုးအခကို မပေးဆပ်ချင်ခဲ့ဘူး။ ဒါပေမဲ့ ကျွန်မက ဒီမိတ်သဟာယကို မမျှဝေဘဲ ခေါင်းဆောင်က သိသွားရင် တကယ့်အလုပ်ကို မလုပ်လို့ဆိုပြီး ကျွန်မကို ကိုင်တွယ်ဖြေရှင်းမှာပဲ။ အဲဒါနဲ့ ကျွန်မက လူသစ်နဲ့ နှစ်ကြိမ်လောက် မိတ်သဟာယဖွဲ့ဖို့ ကိုယ့်ကိုယ်ကိုယ် ဖိအားပေးရတယ်။ သူက စုဝေးပွဲတွေကို မတက်သေးတာကို ကျွန်မ မြင်တော့ သူက သမ္မာတရားကို မဆာငတ်ဘူး၊ ကျွန်မဘက် က အားထုတ်မှုမရှိတာမဟုတ်ဘူးလို့ ခံစားမိတယ်။ အဲဒါနဲ့ နောက်ဆုံးတော့ သူ့ကို အရေးမစိုက်တော့ဘူး။ ကျွန်မက ကိုယ့်တာဝန်မှာ အမြဲတမ်းပဲ ဝတ်ကျေတမ်းကျေဆန်ပြီး အခက်အခဲတွေအားလုံးကို ရှောင်တယ်။ အယူအဆတွေ၊ တကယ့်အခက်အခဲတွေရှိတဲ့ လူသစ်တွေကို ကျွန်မ ကြုံတွေ့ရရင် ကျွန်မက သူတို့ပြဿနာတွေကို ဖြေရှင်းဖို့အတွက် စဉ်းစားဖို့ အားမထုတ်ချင်ဘူး။ အဖွဲ့ခေါင်းဆောင်ကိုပဲ လွှဲပေးလိုက်တယ်။ သုံးလေးလကြာတော့ တော်တော်နည်းတဲ့ လူသစ်တွေပဲ ပုံမှန် စုဝေးကြတယ်။ အသင်းတော်ခေါင်းဆောင်က ဒီကိစ္စကိုတွေ့သွားတော့ ကျွန်မကို ကိုင်တွယ်ဖြေရှင်းတယ်။ ကျွန်မက ကိုယ့်တာဝန်မှာ ဝတ်ကျေတမ်းကျေလုပ်နေတယ်လို့ ပြောပြီး ချက်ချင်းပြောင်းလဲဖို့လိုတယ်လို့ ပြောတယ်။ အဲဒါနဲ့ ကျွန်မက ကိုယ့်ရဲ့ ဇာတိပကတိကို စွန့်လွှတ်ပြီး လူသစ်တွေကို ကောင်းကောင်းရေလောင်းမယ်လို့ သစ္စာဆိုခဲ့တယ်။ ဒါပေမဲ့ ပြဿနာတွေ အများကြီးရှိတဲ့ လူသစ်တွေကို ရင်ဆိုင်ရတဲ့အခါမှာ ကျွန်မက သူတို့ပြဿနာတွေကို ဖြေရှင်းတဲ့နေရာမှာ အဖိုးအခ မပေးဆပ်ချင်နေသေးဘူး။ အဲဒီအစား ကျွန်မက အစွမ်းအစမရှိဘူး၊ ဒီတာဝန်နဲ့မသင့်တော်ဘူးလို့ပဲ ပြောလိုက်တယ်။ ကျွန်မက ဝတ်ကျေတမ်းကျေပဲ လုပ်နေတယ်။ ပြုပြင်တာတွေ မလုပ်ဘူး။ ကျွန်မတာဝန်ကနေ ဘာမှဖြစ်မလာဘူး။ အဲဒါနဲ့ ခေါင်းဆောင်က ကျွန်မကို ကြမ်းကြမ်းတမ်းတမ်း ကိုင်တွယ်ဖြေရှင်းတယ်။ “အစ်မက အစ်မတာဝန်မှာ ဝတ်ကျေတမ်းကျေဆန်လွန်းတယ်။ လူသစ်တွေရဲ့ အခက်အခဲတွေအကြောင်း လုံးဝ မမေးဘူး။ နည်းနည်းသိလာရင်တောင်မှ အဲဒါတွေကို ဖြေရှင်းဖို့ အားမစိုက်ဘူး။ ဒါက ဘယ်လိုလုပ် တာဝန်ထမ်းဆောင်တာဖြစ်မှာလဲ။ အစ်မက လူသစ်တွေကို ထိခိုက်နေတာ သက်သက်ပဲ။ အစ်မ မပြောင်းလဲရင် အထုတ်ခံရလိမ့်မယ်” တဲ့။ ဒီလို ကိုင်တွယ်ဖြေရှင်းခံရပြီး သတိပေးခံရတော့ ကျွန်မ အပြစ်ရှိသလိုခံစားမိပြီး ကြောက်လည်းကြောက်သွားတယ်။ ကိုယ့်ကိုယ်ကိုယ် စပြီး သုံးသပ်ကြည့်တာပေါ့။ ငါဘာလို့ ဒီတာဝန်ကို ကောင်းကောင်းမလုပ်နိုင်တာလဲ။ ဘာလို့ ခက်ခဲလွန်းတယ်လို့ အမြဲတမ်း ခံစားရတာလဲ ပေါ့။
တစ်နေ့တော့ ကျွန်မ ဘုရားဝတ်ပြုနေတုန်းမှာ ဒီ ဘုရားနှုတ်ကပတ်တော်ကို ဖတ်တယ်။ “လူအချို့မှာ တာဝန်ထမ်းဆောင်သောအခါတွင် မည်သည့်စည်းမျဉ်းမျှမရှိပေ။ ၎င်းတို့၏ ကိုယ်ပိုင်လိုအင်ဆန္ဒများနောက်သို့ အစဉ်လိုက်ပြီး ထင်ရာမြင်ရာ လုပ်ဆောင်ကြသည်။ ဤသည်မှာ ပြီးစလွယ်လုပ်ဆောင်ခြင်း၊ ဝတ်ကျေတမ်းကျေဆန်ခြင်း ဖြစ်သည်မဟုတ်လော။ ဤလူတို့သည် ဘုရားသခင်ကို လိမ်ညာလှည့်စားနေခြင်း မဟုတ်လော။ ဤအရာ၏ အကျိုးဆက်များသည် မည်သည့်အရာများဖြစ်သည်ကို သင်တို့ စဉ်းစားဖူးသလော။ သင်တို့သည် တာဝန်ထမ်းဆောင်သောအခါတွင် ဘုရားသခင်၏ အလိုတော်ကို အာရုံမစိုက်လျှင်၊ အသိစိတ်မရှိလျှင်၊ သင်လုပ်သမျှတွင် ထိရောက်ခြင်းမရှိလျှင်၊ သင်၏ စိတ်နှလုံး၊ အစွမ်းရှိသမျှနှင့် အလုံးစုံ မလုပ်ဆောင်နိုင်လျှင် ဘုရားသခင်၏ လက်ခံခြင်းကို ရနိုင်မည်လော။ လူများစွာသည် ၎င်းတို့၏တာဝန်ကို အတော်အတန် အင်တင်တင်ဖြင့် ထမ်းဆောင်ကြပြီး အားတင်းမထားနိုင်ပေ။ ၎င်းတို့သည် ဒုက္ခကို အနည်းငယ်မျှပင် တောင့်မခံနိုင်သကဲ့သို့၊ ဒုက္ခခံခြင်းသည် ၎င်းတို့အတွက် အလွန်ဆုံးရှုံးမှုဖြစ်သည်ဟု အစဉ်ခံစားရသကဲ့သို့ မည်သည့်အခက်အခဲကိုမဆို ဖြေရှင်းရန် သမ္မာတရားကို မရှာဖွေပေ။ သင်သည် တာဝန်ကို ဤသို့ထမ်းဆောင်ခြင်းအားဖြင့် ဘုရားသခင်နောက်သို့ အဆုံးထိ လိုက်နိုင်သလော။ သင်လုပ်ဆောင်သမျှတွင် ပေါ့ဆပြီး ဝတ်ကျေတမ်းကျေဆန်ခြင်းက အဆင်ပြေသလော။ သင်၏ အသိစိတ်ရှုထောင့်မှကြည့်လျှင် ဤသည်မှာ လက်ခံနိုင်ဖွယ်ဖြစ်သလော။ လူ၏ စံသတ်မှတ်ချက်များနှင့် တိုင်းတာလျှင်ပင် ဤသည်မှာ ကျေနပ်ဖွယ်ရာမရှိပေ။ ထို့ကြောင့် ယင်းသည် ကျေနပ်ဖွယ် တာဝန်ထမ်းဆောင်မှုအဖြစ် အကျုံးဝင်နိုင်သလော။ သင်၏တာဝန်ကို ဤသို့ထမ်းဆောင်လျှင် သမ္မာတရားကို မည်သည့်အခါမျှ ရရှိမည်မဟုတ်ပေ။ သင်သည် အစေခံဖို့အတွက်ပင် ကျေနပ်ဖွယ်ရာမရှိပေ။ ထိုသို့ဆိုလျှင် ဘုရားသခင်၏ လက်ခံမှုကို မည်သို့ရနိုင်မည်နည်း။ လူများစွာသည် ၎င်းတို့၏တာဝန်ကို ထမ်းဆောင်သည့်အခါ် ဆင်းရဲဒုက္ခကို ကြောက်ရွံ့ကြသည်။ အလွန်ပျင်းရိကြသည်။ ဇာတိပကတိ၏ သက်သာမှုများကို တပ်မက်ကြသည်ပြီး၊ အထူးပြုကျွမ်းကျင်မှုများကို သင်ယူရာတွင် မည်သည့်အခါမျှ အားစိုက်ခြင်းမရှိသကဲ့သို့ ဘုရားနှုတ်ကပတ်တော်၏ သမ္မာတရားများကို ကြိုးစား၊ ချင့်ချိန်စဉ်းစားခြင်းလည်းမရှိပေ။ ဤပုံစံဖြင့် ဝတ်ကျေတမ်းကျေပြုခြင်းသည် ဒုက္ခသက်သာစေသည်ဟု ၎င်းတို့က ထင်ကြသည်။ ၎င်းတို့က မည်သည့်အရာကိုမျှ ရှာဖွေရန်၊ သို့မဟုတ် မည်သူ့ကိုမျှ မေးခွန်းများမေးရန် မလိုအပ်၊ ၎င်းတို့၏ ဦးနှောက်ကို သုံးဖို့၊ စဉ်းစားဖို့မလို။ ဤသည်မှာ အမှန်ပင် အားစိုက်ထုတ်မှုများစွာ သက်သာစေပြီး၊ မည်သည့်ကိုယ်ခန္ဓာဆင်းရဲဒုက္ခကိုမျှ မဖြစ်ပေါ်စေသကဲ့သို့၊ အလုပ်ကိုလည်း ပြီးမြောက်အောင်လုပ်နိုင်ဆဲဖြစ်သည်။ သင်က ၎င်းတို့ကို ကိုင်တွယ်ဖြေရှင်းလျှင် ၎င်းတို့က အာခံပြီး ဆင်ခြေများပေးသည်။ ‘ကျွန်တော်က ပျင်းနေတာ၊ အချောင်ခိုနေတာမဟုတ်ဘူး။ အလုပ်ပြီးပါတယ်။ ဘာလို့ အရမ်းကြေးများနေတာလဲ။ ဒါက ဇီဇာကြောင်တာ သက်သက်မဟုတ်ဘူးလား။ ကျွန်တော့်တာဝန်ကို ဒီလို ထမ်းဆောင်တာ ကောင်းနေပြီပဲ။ ဘယ်လိုလုပ်ပြီး မကျေနပ်တာလဲ’ ဟူ၍ ဖြစ်သည်။ ဤသို့သောလူတို့သည် နောက်ထပ် တိုးတက်မှုတစ်ခုခုဖြစ်စေနိုင်သည်ဟု သင်တို့ထင်သလော။ ၎င်းတို့သည် ၎င်းတို့၏တာဝန်ကို ထမ်းဆောင်သောအခါတွင် တစ်သမတ်တည်း ဝတ်ကျေတမ်းကျေလုပ်ဆောင်ကြပြီး ဆင်ခြေများစွာ ပေးဆဲဖြစ်သည်။ ပြဿနာများဖြစ်ပေါ်သောအခါ ၎င်းတို့က မည်သူ့ကိုမျှ ထုတ်ဖော်ပြောဆိုခွင့်မပြုပေ။ ဤသည်မှာ မည်သည့် စိတ်သဘောထားဖြစ်သနည်း။ စာတန်၏ စိတ်သဘောထားဖြစ်သည်မဟုတ်လော။ လူတို့သည် ဤသို့သောစိတ်သဘောထားကို လိုက်နာသောအခါ ၎င်းတို့တာဝန်ကို ကျေနပ်ဖွယ်ဖြစ်စွာ ထမ်းဆောင်နိုင်သလော။ ဘုရားသခင်ကို ၎င်းတို့ ကျေနပ်စေနိုင်သလော။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ စိတ်နှလုံးနှင့် ဝိညာဉ် အကြွင်းမဲ့ဖြင့် မိမိ၏တာဝန်ကို ထမ်းဆောင်သည့်သူသာလျှင် ဘုရားသခင်ကို ချစ်သည့်သူဖြစ်သည်) လူတော်တော်များများက ကိုယ့်တာဝန်မှာ ပျင်းလွန်းတဲ့အတွက်၊ သွေးသားသက်သာမှုကို အမြဲတမ်း တောင့်တနေပြီး လုံ့လမရှိတဲ့အတွက်၊ အလုပ်ရှုပ်တဲ့ပုံစံရှိနေတာနဲ့ပဲ ကျေနပ်နေတဲ့အတွက် ဘုရားသခင်က သူတို့တွေကို ဖော်ထုတ်တယ်။ ဒီပုံစံနဲ့ ကိုယ့်တာဝန်ကို ဘယ်တော့မှ ကောင်းကောင်းမလုပ်နိုင်ပါဘူး။ ကျွန်မတာဝန်မှာ ရလဒ်တွေ မရတဲ့အကြောင်းရင်းက ကျွန်မက အစွမ်းအစမရှိလို့မဟုတ်ဘဲ အဲဒီထက် ကျွန်မက ပျင်းနေပြီး ကိုယ့်တာဝန်မှာ ဒုက္ခခံဖို့ ကြောက်နေတာပဲဆိုတာ သဘောပေါက်သွားတယ်။ လူသစ်တွေကို ရေလောင်းတယ်ဆိုတာ ကျွန်မက သမ္မာတရားတွေ အများကြီးသိရမယ်၊ သူတို့မှာရှိတဲ့ ပြဿနာအမျိုးမျိုးကို ဖြေရှင်းဖို့အတွက် သင်ယူရမယ်၊ ဒါကြောင့် ဒါက တကယ်ကို ပင်ပန်းတဲ့တာဝန်ဖြစ်တယ်လို့ ခံစားမိခဲ့တယ်။ ဒါကြောင့် ကျွန်မက ဖြစ်သလိုပဲ လုပ်ခဲ့တာပေါ့။ အဖွဲ့ခေါင်းဆောင်က ကျွန်မကို လူသစ်တွေရဲ့ ပြဿနာတွေကို အမြန်ဆုံး ကိုင်တွယ်စေချင်တယ်။ ကျွန်မသာ ကြိုးစားလုပ်ခဲ့ရင် လုပ်နိုင်ခဲ့မှာပဲ။ ဒါပေမဲ့ ဒါက အချိန်ပိုပြီး လိုအပ်ပြီးတော့ ကျွန်မ အားထုတ်ဖို့လိုတယ်ဆိုတာ တွေ့တော့ အဖွဲ့ခေါင်းဆောင်နဲ့ ဧဝံဂေလိ အမှုဆောင်တွေဆီ လွှဲချပေးလိုက်တယ်။ လူသစ်တွေက အယူအဆတွေရှိလို့၊ အခက်အခဲတွေ ရင်ဆိုင်နေရလို့ စုဝေးပွဲမတက်တာတွေကို ကျွန်မ မြင်တာတောင်မှ ကျွန်မက ဥပေက္ခာပြုနေခဲ့တယ်။ သူများတွေက ကျွန်မကို ဖြေရှင်းဖို့လမ်းကြောင်းတွေပြောပြတော့ ကျွန်မက မတုံ့ပြန်ဘူး။ တစ်ခါတလေမှာ ကျွန်မက လူသစ်တွေဆီကို ဘုရားနှုတ်ကပတ်တော်တွေ၊ ဓမ္မသီချင်းတွေ ပို့တယ်။ ဒါပေမဲ့ သုံးလေးရက်ကြာတော့ ကျွန်မက ဆက်မလုပ်နိုင်ဘူး။ သူတို့ကို ဥပေက္ခာပဲ ပြုလိုက်တော့တယ်။ ကျွန်မက တကယ်ကို ပျင်းတယ်၊ ဇာတိပကတိ သာယာတာတွေကို လောဘကြီးတယ်၊ ကိုယ့်တာဝန်မှာ လုံးဝ စစ်မှန်မှုမရှိဘူးဆိုတာ ကျွန်မ မြင်ခဲ့တယ်။ ကျွန်မက လှည့်စားနေပြီး အသင်းတော်မှာ လွင့်မျောနေတာ သက်သက်ပဲ။ ကျွန်မက ဘုရားသခင်အတွက် အရမ်းကို စက်ဆုပ်ရွံရှာစရာဖြစ်ခဲ့တာပါ။
အဲဒီနောက်တော့ ဘုရားနှုတ်ကပတ်တော်ထဲက ဒါကို ကျွန်မ ဖတ်ရတယ်။ “လက်ရှိတွင် တာဝန်တစ်ခုကို ထမ်းဆောင်ရန် အခွင့်အရေးများစွာမရှိပေ။ ထို့ကြောင့် သင်တတ်နိုင်သောအချိန်တွင် အခွင့်အလမ်းများကို ဖမ်းဆုပ်ရမည်။ တာဝန်တစ်ခုကို ရင်ဆိုင်ရသောအခါတွင် အတိအကျပင် သင့်ကိုယ်သင် အသုံးပြုရမည်။ ဆိုလိုသည်မှာ သင့်ကိုယ်သင် ပေးဆပ်ရမည့်အချိန်၊ ဘုရားအတွက် သင့်ကိုယ်သင် အသုံးခံရမည့်အချိန်၊ အဖိုးအခပေးဆပ်ရန် လိုသည့်အချိန်ဖြစ်သည်။ မည်သည့်အရာကိုမျှ ချုပ်တည်းမထားနှင့်၊ မည်သည့်အကြံအစည်မျှ သိမ်းမထားနှင့်။ လူးသာလွန့်သာအခြေအနေကို ချန်မထားနှင့်။ သို့မဟုတ် သင့်ကိုယ်သင် ထွက်လမ်း မပေးနှင့်။ သင်သည် လူးသာလွန့်သာ တစ်စုံတရာ ချန်ထားပါက၊ ချင့်တွက်နေပါက သို့မဟုတ် သင်သည် ဉာဏ်များကာ သစ္စာဖောက်ဖျက်တတ်ပါက၊ သင်သည် ညံ့ဖျင်းသော အလုပ်တစ်ခုကို လုပ်ဆောင်ဖို့ သေချာပေသည်။ သင်က၊ ‘ပါးနပ်သည့် နည်းလမ်းဖြင့် ငါလုပ်ဆောင်နေသည်ကို မည်သူမျှ မမြင်ပါ။ အပြတ်မိုက်လိုက်လေခြင်း’ ဟု ပြောသည်ဆိုပါစို့။ ဤသည်မှာ မည်သို့သော အတွေးမျိုးနည်း။ သင်သည် လူများနှင့် ဘုရားသခင်ကိုလည်း နှစ်ပေါက်တစ်ပေါက်ရိုက်လိုက်ပြီဟု တွေးထင်သလော။ သို့သော်၊ တကယ့်အမှန်တွင်၊ သင်လုပ်ဆောင်လိုက်သည့်အရာကို ဘုရားသခင် သိသလော၊ မသိသလော။ သူ သိပါသည်။ အမှန်တွင်၊ သင်နှင့် အတန်ကြာ အပြန်အလှန်ဆက်ဆံသည့် လူများက သင်၏ ဖောက်ပြန်ပျက်စီးခြင်းနှင့် ဆိုးယုတ်မှုကို သိရှိလိမ့်မည်ဖြစ်ပြီး၊ ၎င်းတို့က ဘွင်းဘွင်းရှင်းရှင်း ထိုသို့ ပြောကောင်းမပြောနိုင်သော်လည်း၊ သူတို့၏စိတ်နှလုံးထဲ၌ သင့်အပေါ် မိမိတို့၏ အကဲဖြတ်ချက်များ ရှိကြလိမ့်မည်ဖြစ်သည်။ အခြားသောသူများစွာက ၎င်းတို့ကို နားလည်လာကြသောကြောင့် ဖော်ထုတ်ခံရပြီး ထုတ်ပယ်ခံရသူများစွာ ရှိပြီးဖြစ်သည်။ သူတို့၏ အနှစ်သာရကို လူတိုင်း ရိပ်စားမိသည်နှင့်၊ ထိုလူများကို အရှိအတိုင်း ၎င်းတို့ ထုတ်ဖော်ပြကြပြီး မောင်းထုတ်ကြသည်။ ထို့ကြောင့်၊ သမ္မာတရားကို ၎င်းတို့ လိုက်စားသည်ဖြစ်စေ၊ မလိုက်စားသည်ဖြစ်စေ၊ လူတို့သည် မိမိတို့တာဝန်ကို ကောင်းစွာ အစွမ်းကုန် လုပ်သင့်သည်။ လက်တွေ့ကျသည့်အရာများကို လုပ်ဆောင်ရာတွင် မိမိတို့ အသိစိတ်ကို အသုံးပြုသင့်သည်။ သင့်ထံတွင် အပြစ်အနာအဆာများ သိနိုင်သော်လည်း၊ သင်၏ တာဝန်ကို ထမ်းဆောင်ရာတွင်ထိရောက်မှုရှိနိုင်ပါက၊ ဤသည်မှာ သင် အထုယ်ပယ်ခံရသည့်အဆင့်ထိ တက်လာလိမ့်မည်မဟုတ်ပေ။ သင် အဆင်ပြေသည်၊ ထုတ်ပယ်မခံရဖို့ သေချာသည်ဟု အမြဲ သင် တွေးထင်နေပြီး၊ မိမိကိုယ်ကိုယ် မသုံးသပ်၊ သိရှိဖို့ မကြိုးစားသေးသကဲ့သို့၊ သင်၏ သင့်တော်သည့် အလုပ်တာဝန်များကို လျစ်လျူရှုပါက၊ အမြဲ အရေးမထားသကဲ့သို့ ဝတ်ကျေတမ်းကျေဖြစ်ပါက၊ ဘုရားရွေးချယ်ထားသူများက သင်နှင့်ပတ်သက်၍ မိမိတို့၏ သည်းခံစိတ်ပျောက်ဆုံးသွားသည့်အခါ၊ သင့်ကို အဖြစ်အတိုင်း ဖော်ထုတ်လိမ့်မည်ဖြစ်ပြီး၊ ဖြစ်နိုင်ခြေအားလုံးမှာ သင်သည် ထုတ်ပယ်ခံရလိမ့်မည် ဖြစ်သည်။ ယင်းမှာ လူတိုင်းက သင့်ကို ရိပ်စားမိပြီးဖြစ်ကာ သင်၏ သိက္ခာနှင့် ဂုဏ်ကို သင်ဆုံးရှုံးပြီးဖြစ်သောကြောင့် ဖြစ်သည်။ မည်သူမျှ သင့်ကို မယုံကြည်ပါက၊ ဘုရားသခင်က သင့်ကို ယုံကြည်နိုင်မည်လော။ လူတို့၏ အတွင်းကျကျ စိတ်နှလုံးကို ဘုရားသခင်က ကြည့်သည်။ ထိုသို့သောလူကို သူ လုံးဝ ယုံကြည်နိုင်မည် မဟုတ်ပေ။...ယုံကြည်ထိုက်သောသူများသည် လူ့သဘာဝရှိသောသူများဖြစ်သည်။ လူ့သဘာဝရှိသောသူများသည် အသိစိတ်နှင့် ဆင်ခြင်တုံတရားကို ပိုင်ဆိုင်သည်။ ၎င်းတို့၏တာဝန်ကို ကောင်းစွာထမ်းဆောင်ရန် အလွန်လွယ်ကူသင့်သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ၎င်းတို့တာဝန်ကို ၎င်းတို့၏ ဝတ္တရားအဖြစ် မှတ်ယူသည်။ အသိစိတ်၊ သို့မဟုတ် ဆင်ခြင်တုံတရားမရှိသူတို့သည် သေချာပေါက်ပင် ၎င်းတို့တာဝန်ကို ညံ့ဖျင်းစွာထမ်းဆောင်သည်။ ၎င်းတို့တာဝန်က မည်သည့်အရာဖြစ်ပါစေ ၎င်းတို့တာဝန်အပေါ် တာဝန်သိစိတ်မရှိပေ။ အခြားသူများက ၎င်းတို့အပေါ်အမြဲ စိုးရိမ်ပူပန်ကြရသည်၊ ၎င်းတို့ကို ကြီးကြပ်ကြရပြီး၊ ၎င်းတို့၏ တိုးတက်မှုနှင့် ပတ်သက်၍ မေးမြန်းကြရလေသည်။ မဟုတ်လျှင်၊ ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်စဉ်တွင် အမှုကိစ္စများသည် ကမောက်ကမ ဖြစ်နိုင်သည်။ အလုပ်တာဝန်တစ်ခုကို ထမ်းဆောင်စဉ်တွင် အမှုကိစ္စများ မှားယွင်းနိုင်သည်။ ယင်းက ကောင်းကျိုးထက် ဆိုးကျိုးက ပိုများပေမည်။ တိုတိုပြောရလျှင်၊ လူတို့သည် ၎င်းတို့၏ တာဝန်များကို ဆောင်ရွက်နေချိန်တွင် အမြဲ မိမိကိုယ်ကိုယ် သုံးသပ်ဖို့ လိုအပ်၏- ‘ဤတာဝန်ကို ငါ ပြည့်ပြည့်ဝဝ ဖြည့်ဆည်းပြီးပြီလား။ ထိုအရာကို စိတ်ပါလက်ပါ ငါ လုပ်ဆောင်ခဲ့ပါသလော။ သို့မဟုတ် ယင်းကို အိုးနင်းခွက်နင်းနှင့်ပင် ငါ ပြီးမြောက်သွားခဲ့ပါသလော။’ သင်သည် အစဉ်ပေါ့ဆပြီး ဝတ်ကျေတမ်းကျေဖြစ်လျှင်၊ သင်သည် အန္တရာယ်ရှိပေသည်။ အနည်းဆုံးအနေဖြင့် သင်သည် ယုံကြည်လက်ခံခြင်း မခံရကြောင်း၊ လူများက သင့်ကို ယုံကြည်၍မရနိုင်ကြောင်း ဆိုလိုသည်။ ပို၍ဆိုးရွားသည်မှာ သင်သည် မိမိ၏တာဝန်ကို ထမ်းဆောင်သည့်အခါတွင် အစဉ်သဖြင့် ဖြစ်သလို လုပ်ဆောင်လျှင်၊ ဘုရားသခင်ကို သင် အစဉ်သဖြင့် လှည့်စားလျှင်၊ သင်သည် ကြီးမားသော အန္တရာယ် ရှိပေသည်။ တမင်တကာ လှည့်ဖြားခြင်း၏ အကျိုးဆက်များမှာ အဘယ်နည်း။ သင်သည် သိလျက်ဖြင့် ပြစ်မှားနေကြောင်း၊ သင်သည် သင်၏ ကိုယ်ပိုင်ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားအရသာ အသက်ရှင်နေကြောင်း၊ သင်သည် ပေါ့ဆပြီး ဝတ်ကျေတမ်းကျေလုပ်သူသာ ဖြစ်ကြောင်း၊ သမ္မာတရားကို လက်တွေ့မလုပ်ကြောင်းတို့ကို လူတိုင်းက မြင်နိုင်သည်။ ဤသည်မှာ သင့်အား လူ့သဘာဝကင်းမဲ့စေသည်။ ဤသည်မှာ သင့်ထံတွင် တစ်ချိန်လုံး ပေါ်လွင်ထင်ရှားနေလျှင်၊ အမှားအကြီးစားများကို ရှောင်သော်လည်း သေးငယ်သော အမှားများပြုလုပ်ခြင်းကို မရပ်လျှင်၊ အစမှ အဆုံးအထိ နောင်တမရလျှင် သင်သည် ကောက်ကျစ်ဆိုးယုတ်သူတစ်ဦး၊ မယုံကြည်သူတစ်ဦးဖြစ်ပြီး ရှင်းလင်းပစ်သင့်သည်။ ဤသို့သော အကျိုးဆက်များသည် စက်ဆုပ်ရွံရှာဖွယ်ဖြစ်သည်။ သင်သည် မယုံကြည်သူအဖြစ်၊ ကောက်ကျစ်ဆိုးယုတ်သူအဖြစ် အပြည့်အဝ ဖော်ထုတ်ခံရပြီး ထုတ်ပယ်ခံရသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အသက်အတွင်း ဝင်ရောက်ခြင်းသည် တာဝန် ထမ်းဆောင်ခြင်းဖြင့် စတင်သည်) “ဘုရားသခင်၏ တာ၀န်ပေးစေခိုင်းချက်များကို သင် မည်သို့ ယူမှတ်သည်မှာ အလွန့်အလွန် အရေးကြီးသည်။ ဤအရာသည် အလွန်လေးနက်သော ကိစ္စရပ်တစ်ခု ဖြစ်သည်။ လူတို့အပေါ် ဘုရားသခင် အပ်နှံထားသည့်အရာကို သင် မပြည့်စုံစေနိုင်လျှင်၊ သင်သည် သူ၏ မျက်မှောက်တော်တွင် အသက်ရှင်ရန် မသင့်တော်သကဲ့သို့၊ အပြစ်ပေးခံရသင့်ပေသည်။ ဘုရားသခင် အပ်နှံသည့် မည်သည့် တာဝန်များကိုမဆို ပြည့်စုံစေသင့်သည်မှာ၊ ကောင်းကင်က ချမှတ်ထားပြီး မြေကြီးက အသိအမှတ်ပြုထားခြင်းဖြစ်သည်။ ဤသည်မှာ ၎င်းတို့၏ အထွတ်အထိပ် တာဝန်ဖြစ်ပြီး၊ ၎င်းတို့၏ တကယ့် အသက်တမျှပင် အရေးကြီးပေသည်။ ဘုရားသခင်၏ တာ၀န်ပေး စေခိုင်းချက်များကို သင် အလေးအနက်မထားလျှင်၊ သင်သည် သူ့ကို အဆိုးရွားဆုံးသော နည်းလမ်းဖြင့် သစ္စာဖောက်နေခြင်း ဖြစ်သည်၊ ဤတွင်၊ သင်သည် ယုဒထက် ပိုမိုကြေကွဲဝမ်းနည်းဖွယ်ကောင်းပြီး ကျိန်ဆဲခံရသင့်ပေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ လူ့သဘာဝကို သိရှိရန် နည်းလမ်း) ဘုရားနှုတ်ကပတ်တော်က ဖွင့်ပြတာကို ရင်ဆိုင်ရပြီး ကိုယ့်တာဝန်မှာ ဝတ်ကျေတမ်းကျေဆန်သူတွေအပေါ် သူ့ရဲ့ ရွံရှာမှုနဲ့ အမျက်ဒေါသကို ကျွန်မ ခံစားရနိုင်တယ်။ သူတို့တွေက အသိစိတ်၊ ဆင်ခြင်တုံတရား၊ ဂုဏ်၊ သိက္ခာ ကင်းမဲ့ကြတယ်။ လုံးဝ မယုံကြည်ထိုက်ဘူး။ သူတို့တွေက နောင်တမရဘဲ ဆက်နေရင် မကောင်းမှုပြုသူ၊ မယုံကြည်သူတွေဖြစ်ပြီး ထုတ်ပယ်သင့်တယ်။ လူသစ်တွေကို ရေလောင်းတာက အရေးကြီးတဲ့ အလုပ်တစ်ခုပဲ။ သူတို့က ဘုရားရဲ့ အမှုတော်သစ်ကို လက်ခံတာ မကြာသေးဘူး။ ဒီတော့ လမ်းမှန်ပေါ်မှာ အမြစ်တွယ်ဖို့အတွက် ပိုပြီးတော့ ရေလောင်းဖို့ လိုအပ်တယ်။ ဒါမှ စာတန်က သူတို့ကို ခိုးယူမသွားမှာ။ နောက်ပြီးတော့လည်း ဘုရားအမှုတော်ကို လက်ခံတဲ့သူတိုင်းက ဒါကို အလွယ်တကူ၊ ချောချောမွေ့မွေ့ လက်ခံတာမဟုတ်ဘူး။ သူတို့ကို ရေလောင်းပြီး ကူညီပေးတဲ့နေရာမှာ လူတချို့က အဖိုးအခပေးဆပ်ရတယ်။ အဲဒီအခါကျမှ သူတို့ကို ဘုရားရှေ့ခေါ်နိုင်တယ်။ ရေလောင်းသူတစ်ယောက်အနေနဲ့ လူသစ်တွေကို ရေလောင်းဖို့က ကျွန်မ တာဝန်ပဲ။ အထူးသဖြင့် အခက်အခဲတွေရှိတဲ့ လူသစ်တွေကို ကျွန်မမြင်တဲ့အခါမှာ ကျွန်မက အရေးတကြီးဖြစ်နေသင့်ပြီး ဒီပြဿနာတွေကို ဖြေရှင်းဖို့ သမ္မာတရားကို ရှာသင့်တယ်။ ဒါပေမဲ့ အဲဒီအစား ခက်တဲ့အလုပ်တွေကို ရှောင်ပြီးတော့ ကျွန်မက စိတ်မချရဘူး။ အခက်အခဲတွေကို ရင်ဆိုင်နေရတဲ့ လူသစ်တွေကို ကျွန်မတွေ့တော့ ဖြေရှင်းဖို့ လွယ်တဲ့ ပြဿနာတွေကိုပဲ အမြဲတမ်းရွေးတယ်။ ခက်ခဲတဲ့ ပြဿနာတွေကို ဘေးဖယ်ပြီး လျစ်လျူရှုတယ်။ ပိုပြီးတော့တောင် ဆိုးတာက ကျွန်မက ကိုယ့်တာဝန်မှာ သိသိသာသာကို သစ္စာဖောက်ပြီး တာဝန်မသိတတ်ခဲ့တာပါ။ ဒါကြောင့် လူသစ်တချို့က စုဝေးပွဲတွေမတက်တော့ဘဲ ထွက်တောင် ထွက်သွားကြတယ်။ ဒါပေမဲ့ ကျွန်မက သူတို့က သမ္မာတရားကို မဆာငတ်ဘူးလို့ပြောပြီး တာဝန်ကို ခေါင်းရှောင်တယ်။ ဒါမှမဟုတ် ကျွန်မက ဝတ်ကျေတမ်းကျေလုပ်တဲ့အတွက် သူများတွေကို လှည့်စားပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်မရှိကြောင်းပြောဖို့ ကျွန်မက အစွမ်းအစမရှိဘူး၊ သူတို့ပြဿနာတွေကို မဖြေရှင်းနိုင်ဘူးလို့ ပြောတယ်။ ကျွန်မက မယုံကြည်သူတွေ သူတို့သူဌေးအတွက် အလုပ်လုပ်သလိုမျိုး ကျွန်မတာဝန်ကို လုပ်နေတာမဟုတ်ဘူးလား။ ကျွန်မက အသိစိတ်၊ နားလည်သဘောပေါက်ခြင်း လုံးဝမရှိဘဲ လှည့်ကွက်တွေလုပ်ပြီး နေ့ရက်တွေကို ဖြစ်သလို သွားနေခဲ့တာ။ ဒီနှစ်တွေအားလုံး ယုံကြည်ခဲ့ပြီးတဲ့နောက်မှာ ကျွန်မက မျက်တောင်တောင်မခတ်ဘဲ ဘုရားကို အရူးလုပ်ဖို့ ကြိုးစားနေတုန်းပဲ။ ကျွန်မက အရမ်းဉာဏ်များပြီး လှည့်စားခဲ့တာပဲ။ လုံးဝ လူ့သဘာဝမရှိခဲ့ဘူး။ ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ ဧဝံဂေလိကို ကျွန်မ စပြီး လက်ခံခဲ့တုန်းက ကျွန်မက နေ့တိုင်းပဲ အလုပ်ရှုပ်နေပြီး ကျွန်မမိဘတွေက ကျွန်မယုံကြည်ခြင်းကို တားဆီးတယ်။ ကျွန်မ တော်တော်စိတ်ဖိစီးပြီး စုဝေးပွဲတွေကို လက်လျှော့လိုက်ဖို့တောင် စဉ်းစားတယ်။ ဒါပေမဲ့ ညီအစ်ကိုမောင်နှမတွေက ကျွန်မကို စိတ်ရှည်ရှည်နဲ့ ထပ်ခါထပ်ခါ မိတ်သဟာယဖွဲ့ပြီး ကျွန်မအချိန်ဇယားနဲ့ကိုက်အောင် စုဝေးပွဲတွေကို စီစဉ်တယ်။ တစ်ခါတလေမှာ ကျွန်မက အရမ်းအလုပ်ရှုပ်နေလို့ မတက်နိုင်ဘူး။ အဲဒါနဲ့ ညီအစ်ကိုမောင်နှမတွေက ကျွန်မနဲ့ ဘုရားနှုတ်ကပတ်တော်ကို မိတ်သဟာယဖွဲ့ဖို့၊ ကျွန်မကို ကူညီပံ့ပိုးဖို့ သူတို့စက်ဘီးတွေနဲ့ အဝေးကြီးစီးလာကြတယ်။ အဲဒီအခါကမှ ဘုရားအမှုတော်ကို ကျွန်မ သိခဲ့တယ်။ ကယ်တင်ခံရဖို့ တစ်ခုတည်းသောနည်းလမ်းက သမ္မာတရားကို လိုက်စားဖို့ဆိုတာ မြင်သွားတယ်။ အဲဒီနောက်တော့ ကျွန်မက စုဝေးပွဲတွေ တက်ပြီး တာဝန်ယူချင်စိတ်ဖြစ်လာတယ်။ လူသစ်တွေကိုရေလောင်းတာဟာ စိတ်ရှည်ခြင်း၊ သူတို့အခက်အခဲတွေကို အရမ်းကို စဉ်းစားပေးခြင်းလိုအပ်တယ်၊ လမ်းမှန်ပေါ်ကို သူတို့ အမြန်ဆုံး အမြစ်တွယ်နိုင်ဖို့အတွက် သူတို့ကို စုဝေးပွဲတွေတက်အောင် တိုက်တွန်းရမယ်ဆိုတာ အသင်းတော်က အမြဲတမ်း အလေးပေးပြောတယ်။ ဘုရားသခင်က ကျွန်မတို့အတွက် ချစ်ခြင်း၊ ကြင်နာခြင်းအပြည့်ရှိတယ်၊ ဖြစ်နိုင်သမျှ အတိုင်းအတာအကြီးဆုံးအထိ ကျွန်မတို့ကို ကယ်တင်တယ်ဆိုတာ ကျွန်မ မြင်ခဲ့တယ်။ သူက လမ်းမှန်ကို စူးစမ်းတဲ့လူတစ်ယောက်ချင်းစီတိုင်းအပေါ်မှာ အရမ်းကို တာဝန်ကျေပွန်တယ်။ မျှော်လင့်ချက် တစ်စွန်းတစ်စပဲရှိရင်တောင် သူက လက်မလျှော့ဘူး။ ဒါပေမဲ့ ကျွန်မကတော့ အေးတိအေးစက်ဖြစ်ပြီး လူသစ်တွေအပေါ် တာဝန်သိစိတ်မရှိဘူး။ သူတို့ဘဝတွေကို လုံးဝ ဂရုမစိုက်ဘူး။ ဒါကြောင့် သူတို့ပြဿနာတွေက ချက်ချင်း မပြေလည်သွားဘူး။ တချို့တွေက စုဝေးပွဲတွေကို မတက်ချင်တော့ဘူး။ ကျွန်မ အပြုအမူကို အခြေခံကြည့်ရင် ဒါက ဘယ်လိုလုပ်ပြီး တာဝန်ထမ်းဆောင်တာဖြစ်မှာလဲ။ ကျွန်မက မကောင်းမှုလုပ်နေတာပါ။ ဘုရားကို အရူးလုပ်ပြီး လိမ်ညာဖို့ ကြိုးစားနေတာ။ ဒါကို သဘောပေါက်တော့ ကျွန်မ အရမ်း အပြစ်ရှိသလို ခံစားရတယ်။ လူ့သဘာဝ အရမ်းကင်းမဲ့တဲ့အတွက် ကိုယ့်ကိုယ်ကိုယ် မုန်းခဲ့တယ်။
နောက်ပိုင်းမှာ ဒီ ဘုရားနှုတ်ကပတ်တော်အပိုဒ်ကို ကျွန်မ ဖတ်တယ်။ “သင်သည် ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်း၊ ပြီးလျှင် အနည်းငယ်သော အသွေးအသား နှစ်သိမ့်မှုဖြင့် စာတန်၏ စွမ်းအားအောက်တွင် အသက်ရှင်ဖို့ တင်းတိမ်ရောင့်ရဲနေသလော။ သင်သည် လူအားလုံးတွင် အနိမ့်ကျဆုံးဖြစ်သည် မဟုတ်လော။ ကယ်တင်ခြင်းကို ရှုမြင်ပြီးသော်လည်း၊ ယင်းကို ရရှိရန် မလိုက်စားသောသူတို့ထက် မည်သူမျှ သာ၍ မမိုက်မဲပေ။ ဤသည်တို့မှာ ဇာတိပကတိနှင့်ပတ်သက်၍ အာသာငမ်းငမ်း ပျော်ပါးပြီး၊ စာတန်ကို မွေ့လျော်သူများ ဖြစ်သည်။ ဘုရားသခင်၌ သင်၏ ယုံကြည်ခြင်းသည် မည်သည့်စိန်ခေါ်မှုများ သို့မဟုတ် အတိဒုက္ခများ သို့မဟုတ် ဆင်းရဲဒုက္ခ အနည်းငယ်ကိုမျှ ဖြစ်ပေါ်စေမည်မဟုတ်ဟု သင်မျှော်လင့်သည်။ သင်သည် အသုံးမကျသော ထိုအရာများကို အမြဲလိုက်စားပြီး၊ ဘဝကို တန်ဖိုးမထားပေ၊ ထိုအစား သင်၏ ကိုယ်ပိုင် လွန်ကဲသော အတွေးများကို သမ္မာတရားရှေ့မှောက်သို့ ထားရှိလေသည်။ သင်သည် အလွန် အသုံးမကျပါတကား။ သင်သည် ဝက်တစ်ကောင်ကဲ့သို့ အသက်ရှင်၏- သင်နှင့် ဝက်များ၊ ခွေးများကြားတွင် မည်သည့် ကွာခြားချက် ရှိပါသနည်း။ သမ္မာတရားကို မလိုက်စားဘဲ ယင်းအစား ဇာတိပကတိကို နှစ်သက်သူများ အားလုံးသည် သားရဲများ ဖြစ်ကြသည်မဟုတ်လော။ ဝိညာဉ်မရှိသော ဤအသေကောင်များ အားလုံးသည် လမ်းလျှောက် နေသည့် အလောင်းကောင်များ မဟုတ်ပေလော။ သင်တို့အလယ်တွင် နှုတ်ကပတ်တော်ပေါင်းမည်မျှ ပြောပြီးပြီနည်း။ သင်တို့အလယ်တွင် အနည်းငယ်သော အမှုကိုသာ လုပ်ဆောင်ပြီးလေပြီလော။ သင်တို့အလယ်တွင် ငါမည်မျှ ထောက်ပံ့ပေးပြီးပြီနည်း။ သို့ဆိုလျှင် သင်သည် အဘယ်ကြောင့် ယင်းကို မရရှိသေးသနည်း။ သင်သည် စောဒကတက်စရာ မည်သည့်အရာ ရှိသနည်း။ သင်သည် ဇာတိပကတိကို အလွန်နှစ်သက်သောကြောင့်၊ မည်သည့်အရာမျှ မရလေပြီမှာ ဟုတ်သည် မဟုတ်လော။ ပြီးလျှင် သင်၏အတွေးများက လွန်ကဲလွန်းသောကြောင့် ဖြစ်သည် မဟုတ်လော။ သင်သည် အလွန်မိုက်မဲလွန်းသောကြောင့် ဖြစ်သည် မဟုတ်လော။ ဤကောင်းချီးမင်္ဂလာများကို သင်သည် ရယူနိုင်စွမ်းမရှိပါက၊ သင့်ကို မကယ်တင်ခြင်းအတွက် ဘုရားသခင်ကို သင် အပြစ်တင်နိုင်သလော။...စစ်မှန်သော လမ်းခရီးကို သင့်အား ငါပေးခဲ့သည်၊ သို့သော် သင်သည် မလိုက်စားပေ။ သင်သည် ဘုရားသခင်ကို ယုံကြည်သော သူများထဲမှ တစ်ဦးလော။ ငါသည် သင့်အပေါ် စစ်မှန်သော လူ့အသက်ကို အပ်နှင်းသော်လည်း၊ သင်သည် မလိုက်စားပေ။ သင်သည် ဝက်များ၊ ခွေးများနှင့် မည်သည့် ကွာခြားမှုမျှမရှိသလော။ ဝက်များသည် လူ့အသက်ကို မလိုက်စားကြပေ၊ ၎င်းတို့သည် သန့်ရှင်းစေခြင်းကို မလိုက်စားသကဲ့သို့၊ အသက်က မည်သည့်အရာဖြစ်သည်ကို ၎င်းတို့နားမလည်ကြပေ။ နေ့စဉ်တွင် ၎င်းတို့ ဝသည်ထိစားပြီးနောက်၊ ၎င်းတို့ အိပ်ရုံသာပြုကြသည်။ ငါသည် သင့်အား မှန်သော လမ်းခရီးကို ပေးပြီးဖြစ်သော်လည်း၊ သင်သည် ယင်းကို မရယူသေးပေ။ သင်သည် လက်ချည်းသက်သက် ဖြစ်ပေသည်။ သင်သည် ဤဘဝ၊ ဝက်တစ်ကောင်၏ဘဝတွင် ဆက်လက် အသက်ရှင်ရန် လိုလားနေပါသလော။ ထိုသို့သောလူများ အသက်ရှင်ခြင်း၏ အရေးပါမှုမှာ အဘယ်နည်း။ သင်၏ အသက်တာသည် အထင်သေးဖွယ် ဖြစ်သကဲ့သို့ ရှက်ဖွယ်ဖြစ်သည်၊ သင်သည် ညစ်ညမ်းမှုနှင့် ကိုယ်ကျင့်သိက္ခာ ကင်းမဲ့မှုအလယ်တွင် အသက်ရှင်ပြီး၊ သင်သည် မည်သည့် ရည်မှန်းချက်များကိုမျှ မလိုက်စားပေ။ သင့်ဘဝသည် အားလုံးထဲတွင် ရှက်ဖွယ်အကောင်းဆုံး ဖြစ်သည်မဟုတ်လော။ ဘုရားသခင်ကို သင်ကြည့်ရှုဝံ့သလော။ ဤနည်းဖြင့် သင် ဆက်လက် တွေ့ကြုံပါက၊ သင်သည် မည်သည့်အရာကိုမျှ မရရှိဘဲ ဖြစ်လိမ့်မည် မဟုတ်လော။ သင့်ထံ မှန်ကန်သောလမ်းခရီးကို ပေးထားပြီး ဖြစ်သော်လည်း၊ နောက်ဆုံးတွင် သင်သည် ယင်းကို ရရှိနိုင်ခြင်း ရှိမရှိဆိုသည်မှာ သင်၏ ကိုယ်ရေးကိုယ်တာ လိုက်စားမှုအပေါ် မူတည်ပေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ပေတရု၏ အတွေ့အကြုံများ- ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် သူ၏အသိပညာ) ကျွန်မတို့ကို ဖြေရှင်းဖို့ ခေါ်နေတဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ရတော့ တော်တော်လိပ်ပြာမလုံဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိတယ်။ ကျွန်မတို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို သန့်စင်ပြီး ပြောင်းလဲဖို့ ကျွန်မတို့ကို ကယ်တင်ခြင်းမှာ အခွင့်အရေးပေးဖို့ ဘုရားသခင်က ကျွန်မတို့ကို သမ္မာတရားတွေ အများကြီးနဲ့ လေးလေးနက်နက် ပြုစုပျိုးထောင်ပေးခဲ့တယ်။ ကျွန်မတို့ နားမလည်မှာစိုးပြီး သမ္မာတရားရဲ့ ရှုထောင့်တိုင်းကို အရမ်းကို အသေးစိတ်ကျကျ မိတ်သဟာယဖွဲ့ခဲ့တယ်။ ဘုရားသခင်က ကျွန်မတို့အတွက် ဒီလိုကြီးမြတ်တဲ့ အဖိုးအခကို ပေးဆပ်ခဲ့တယ်။ လူ့သဘာဝရှိတဲ့ ဘယ်သူမဆို သမ္မာတရားလိုက်စားခြင်းမှာ အားစိုက်သင့်ပြီး ကိုယ့်တာဝန်ကို စိတ်နှစ်လုပ်ကိုင်သင့်တယ်။ ဒါပေမဲ့ ကျွန်မက လုံးဝ အသိစိတ်ကင်းမဲ့နေခဲ့တယ်။ သမ္မာတရားကို လုံးဝ မလိုက်စားဘူး။ ရုပ်ပိုင်းဆိုင်ရာ သက်သာဖို့ကိုပဲ ဂရုစိုက်တယ်။ ဆိုးယုတ်တဲ့ အတွေးအခေါ်တွေနဲ့ပဲ အသက်ရှင်နေတုန်းပဲ။ “ဘဝကို မစဉ်းစားဘဲ ရှင်သန်ပါ။” “လူ့ဘဝသည် တိုးတောင်းသဖြင့် တစ်နေ့တာအချိန်ကို ပျော်ရွှင်အောင် အသုံးချပါ” ဆိုတာမျိုးတွေပေါ့။ ကမာ္ဘမှာ ကျွန်မတို့မှာရှိတဲ့ ဆယ်စုနှစ်သုံးလေးခုမှာ ကိုယ့်ကိုယ်ကိုယ် ကောင်းကောင်းဆက်ဆံရမယ်၊ အရမ်းအားမစိုက်ရဘူးလို့ ခံစားမိခဲ့တယ်။ ကျွန်မတို့ ဘဝတွေကို ပူပင်ကြောင့်ကြမဲ့ပြီး ပျော်ရွှင်အောင်လုပ်သင့်တယ် ပေါ့။ သွေးသားအတွက် မသက်သာတာ၊ ပင်ပန်းတာတွေ မခံရမယ့် အခြေအနေအောက်မှာ ကျွန်မက တာဝန်ထမ်းဆောင်နေတာပါ။ အလွယ်ကူဆုံးဖြစ်တဲ့ ဘာကိုမဆို ကျွန်မ လုပ်တယ်။ ဦးနှောက်ခြောက်ခံစဉ်းစားရမယ့် ဘယ်အချိန်မှာမဆို ကျွန်မက အတိုက်အခံဖြစ်လာပြီး ထွက်ပြေးတယ်။ ပြဿနာကို တခြားတစ်ယောက်ယောက်ဆီ တွန်းပို့တယ်။ ချောင်ထိုးထားပြီး လျစ်လျူရှုတယ်။ ကျွန်မတာဝန်ကို လုံးဝ အလေးအနက်မထားဘူး။ ဒါကြောင့် လူသစ်တချို့ရဲ့ ပြဿနာတွေက မပြေလည်ဘဲ သူတို့တွေက စုဝေးပွဲမတက်ကြတော့ဘူး။ ဒီဆိုးယုတ်တဲ့ အတွေးအခေါ်တွေက ကျွန်မကို ပိုပိုပြီး ယုတ်မာလာအောင်လုပ်တယ်ဆိုတာ အဲဒီအခါကျမှ ကျွန်မ မြင်သွားတယ်။ ကျွန်မက ဝက်တစ်ကောင်လိုပဲ သက်သာတာကို တောင့်တပြီး သမ္မာတရားကို လုံးဝ မလိုက်စားဘူး။ ကျွန်မတာဝန်ကို ရှုပ်ထွေးအောင်လုပ်တယ်။ နည်းနည်းလေးမှ စိတ်မပူဘူး။ ကျွန်မက ကိုယ့်တာဝန်တွေကို လျစ်လျူရှုနေခဲ့ပြီး ရသင့်တဲ့ သမ္မာတရားတွေကို မရဘူး။ ကိုယ့်တာဝန်တွေကို မဖြည့်ဆည်းဘူး။ ကျွန်မက လုံးဝကို အလကားလူပဲမဟုတ်ဘူးလား။ သွေးသားသက်သာတာကို တောင့်တတာက ကိုယ့်ကိုယ်ကိုယ် ထိခိုက်နေတာဖြစ်ပြီး ကျွန်မရဲ့ ကယ်တင်ခြင်းခံရဖို့ အခွင့်အရေးကို ဖျက်ဆီးနေတာပဲဆိုတာ ကျွန်မ တကယ် ကြုံတွေ့ခဲ့ရပါတယ်။ တာဝန်တစ်ခုမှာ အခက်အခဲတွေကို ကြုံတွေ့ရတာက တကယ်တမ်းမှာ ဘုရားကို အမှီပြုပြီး သမ္မာတရားကို ရှာဖွေဖို့ အခွင့်အလမ်းကောင်းတစ်ခုပဲ။ ကျွန်မတာဝန်မှာ သမ္မာတရားကို ရှာဖွေပြီး စည်းမျဉ်းတွေလိုက်နာအောင် သင်ယူဖို့ ကျွန်မကို ဖိအားပေးတဲ့ အခက်အခဲတွေက ကျွန်မအတွက် သမ္မာတရားနဲ့ အသက်ဝင်ရောက်မှုကို လိုက်စားဖို့ ကောင်းမွန်တဲ့ လမ်းကြောင်းတွေပဲ။ ဒါပေမဲ့ ကျွန်မက ဒါတွေကို စိတ်အနှောင့်အယှက်ဖြစ်စရာ၊ ခေါင်းရှောင်ရမယ့် ဝန်ထုပ်တစ်ခုလို မှတ်ယူနေခဲ့တယ်။ ဒါကို သဘောပေါက်တော့ ကျွန်မရဲ့ ဇာတိပကတိကို ကျွန်မက ဘယ်လောက် တယုတယထားခဲ့ပြီး သမ္မာတရားကို သင်ယူဖို့ အခွင့်အလမ်းကောင်းတွေ အများကြီး ဆုံးရှုံးသွားရတာတွေကို တော်တော်နောင်တရခဲ့တယ်။ ကျွန်မ ဆက်ပြီး ဖြစ်သလိုမလုပ်ချင်တော့ဘူး။ ကျွန်မတာဝန်မှာ ဇာတိပကတိကို စွန့်ပစ်ပြီး စိတ်နှစ်လုပ်ရမယ်။
တစ်နေ့မှာ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ ဖတ်တယ်။ ကျွန်မတာဝန်မှာ ဝတ်ကျေတမ်းကျေဆန်ခြင်းရဲ့ အကျိုးဆက်တွေကို ကျွန်မ ပိုပြီးနားလည်သွားတယ်။ ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ပြောထားသည်- “လူတစ်ဦးက တစ်လအတွင်းပြီးမြောက်နိုင်သည့်အလုပ်တစ်ခု ရှိသည်ဆိုပါစို့။ ဤအလုပ်ကို လုပ်ဆောင်ရန် ခြောက်လကြာလျှင် ဤငါးလက ဆုံးရှုံးမှုနှင့် အလားတူပင် ဖြစ်သည် မဟုတ်လော။ ဧဝံဂေလိဖြန့်ဝေခြင်းနှင့်ပတ်သက်လျှင် လူအချို့မှာ စစ်မှန်သည့်လမ်းကို စဉ်းစားလိုစိတ်ရှိပြီး ပြောင်းလဲရန်အတွက် တစ်လသာ လိုအပ်သည်။ ထို့နောက်တွင် ၎င်းတို့သည် အသင်းတော်တွင် ပါဝင်ပြီး ဆက်လက်၍ ရေလောင်းခြင်း၊ ပံ့ပိုးခြင်းကို ခံယူသည်။ ၎င်းတို့အတွက် အခြေခံအုတ်မြစ်တစ်ခု တည်ဆောက်ရန်မှာ ခြောက်လသာ ကြာသည်။ သို့သော် ဧဝံဂေလိဖြန့်ဝေနေသူ၏ သဘောထားသည် စိတ်မဝင်စားခြင်း၊ ဝတ်ကျေတမ်းကျေဖြစ်လျှင်၊ ခေါင်းဆောင်၊ အမှုဆောင်များက တာဝန်သိစိတ်မရှိလျှင် လူတစ်ယောက်ကို ပြောင်းလဲရန်အတွက် နှစ်ဝက်ကုန်သွားလျှင်၊ ဤနှစ်ဝက်သည် ၎င်းတို့၏ဘဝအတွက် ဆုံးရှုံးမှုဖြစ်သည် မဟုတ်သလော။ ၎င်းတို့သည် ကပ်ဘေးကြီးကို ကြုံတွေ့ရပြီး အခြေခံအုတ်မြစ်မရှိလျှင် အန္တရာယ်ရှိမည်ဖြစ်ပြီး၊ သင်သည် ၎င်းတို့အပေါ် တစ်ခုခုအကြွေးတင်လိမ့်မည် မဟုတ်လော။ ဤသို့သော ဆုံးရှုံးမှုကို ငွေရေးကြေးရေးအားဖြင့် သို့မဟုတ် ပိုက်ဆံကို အသုံးပြု၍ မတိုင်းတာပေ။ သမ္မာတရားအပေါ် ၎င်းတို့၏ သိနားလည်မှုကို သင်က နှစ်ဝက်ရပ်တန့်စေခဲ့သည်။ အခြေခံအုတ်မြစ်ကို ၎င်းတို့ တည်ဆောက်ပြီး မိမိတို့၏ တာဝန်ကို ထမ်းဆောင်ခြင်းအား သင်က နှစ်ဝက် နှောင့်နှေးစေခဲ့သည်။ ဤအတွက် မည်သူက တာဝန်ယူမည်နည်း။ ဤအတွက် ခေါင်းဆောင်များ၊ အမှုဆောင်များက တာဝန်ယူနိုင်သလော။ တစ်စုံတစ်ဦး၏ ဘဝတာဝန်သည် မည်သူမဆို၏ ခံယူနိုင်စွမ်းထက် ကျော်လွန်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ) ဘုရားသခင်ဖွင့်ပြတာက တကယ်ကို စိတ်သောကရောက်စရာဖြစ်ပြီး ခက်ခဲပါတယ်။ ကျွန်မက တကယ့်အလုပ်ကို မလုပ်တဲ့ အယောင်ဆောင်ခေါင်းဆောင်တစ်ယောက်လိုပဲ။ ကျွန်မတာဝန်တွေမှာ ပေါ့လျော့ပြီး တာဝန်မသိတတ်ဘူး။ ဒါကြောင့် လူသစ်တွေက မစုဝေးကြတော့ဘူး။ တချို့ကဆို သူတို့ပြဿနာတွေ မပြေလည်တော့ ယုံကြည်ခြင်းကနေ စွန့်ခွာသွားကြတယ်။ လူသစ်တွေကို ဒီလိုပုံစံနဲ့ ရေလောင်းတာက သူတို့ကို ထိခိုက်နေတာပဲမဟုတ်ဘူးလား။ တချို့က ယုံကြည်မှုကို မစွန့်ခွာပေမဲ့ အချိန်အကြာကြီး အယူအဆတွေ ကိုင်စွဲထားပြီး မစုဝေးတာကြောင့် သူတို့ဘဝတွေ နစ်နာရတယ်။ ဒါဟာ ကျွန်မ ပြန်ဖာထေးလို့မရတဲ့ နစ်နာမှုပဲ။ ကျွန်မသာ ကိုယ့်ဇာတိပကတိကို အရမ်းဂရုမစိုက်ခဲ့ရင်၊ အဖိုးအခပေးဆပ်နိုင်ခဲ့ရင် လူသစ်တစ်ယောက်ချင်းစီရဲ့ ပြဿနာတွေကို အလေးအနက် ကိုင်တွယ်ခဲ့ရင် တချို့လူတွေက လမ်းမှန်ပေါ်မှာ စောစော အမြစ်ချနိုင်ပြီး သမ္မာတရားကို သင်ယူနိုင်မှာပဲ။ အသင်းတော်အသက်တာကို ရှင်သန်နိုင်ပြီး တာဝန်ထမ်းဆောင်နိုင်မယ်။ ကောင်းမှုတွေကို ပိုပြီးမြန်မြန် စုဆောင်းနိုင်မယ်။ အခြေအနေတွေက အခုလို ဖြစ်လာမှာမဟုတ်ဘူး။ ဒါပေမဲ့ အဲဒီအချိန်မှာ စကားတွေပြောနေဖို့ အရမ်းနောက်ကျသွားပြီ။ စုဝေးပွဲတွေ မတက်ချင်တဲ့ အဲဒီလူသစ်တွေကိုအကြောင်း စဉ်းစားပြီး ကျွန်မ တော်တော်စိတ်မကောင်းဖြစ်ပြီး အပြစ်ရှိသလို၊ ဘုရားအပေါ် အရမ်း အကြွေးတင်သလို ခံစားရတယ်။ ဒါဟာ ကျွန်မတာဝန်မှာ ကျွန်မထားခဲ့တဲ့ ပြစ်မှားမှုတစ်ခု၊ အစွန်းအထင်းတစ်ခုပဲ။ ကျွန်မ အရမ်းကို နောင်တတွေ၊ ကြောက်ရွံ့မှုတွေလည်း ဖြစ်တယ်။ ပြဿနာ အကြီးကြီး ဖြစ်စေမိပြီလို့ ခံစားရတယ်။ မျက်ရည်တွေကျရင်းနဲ့ ကျွန်မ ဆုတောင်းတယ်။ “ဘုရားသခင် သမီးဟာ အမြဲတမ်း သက်သာခြင်းကို တပ်မက်ပြီး တာဝန်မှာ ဝတ်ကျေတမ်းကျေဆန်ပါတယ်။ ဒါဟာ ကိုယ်တော့်ကို ရွံရှာစေတယ်။ သမီး ကိုယ်တော့်ထံမှာ နောင်တရပြီး လက်တွေ့လုပ်ဆောင်မှုတွေကတစ်ဆင့် သမီးပြစ်မှားမှုတွေအတွက် ပြန်ပေးဆပ်ချင်ပါတယ်။ သမီး စိတ်နှလုံးကို စိစစ်တော်မူပါ။ သမီးက ဆက်ပြီး ဝတ်ကျေတမ်းကျေဆန်နေရင် သမီးကို ပြစ်တင်ဆုံးမပြီး ပဲ့ပြင်ဆုံးမတော်မူပါ” ဆိုပြီးတော့။
နောက်တော့ အပျက်သဘောဆောင်၊ အားနည်းပြီး စုဝေးပွဲတွေကို မတက်တဲ့ လူသစ်တွေကို ကျွန်မ ရှာတယ်။ ပြီးတော့ သူတို့ပြဿနာတွေကို ဖြေရှင်းဖို့အတွက် ဘုရားနှုတ်ကပတ်တော်တွေကို စရှာတယ်။ စည်းမျဉ်းတွေနဲ့ ချဉ်းကပ်ပုံတွေနဲ့ပတ်သက်ပြီး ရေလောင်းတာ တော်တဲ့ အစ်မတွေကိုလည်း ကျွန်မ မေးတယ်။ နောက်တော့ မစုဝေးတဲ့ ဘာသာရေးအယူအဆတွေရှိတဲ့ လူသစ်ကို ကျွန်မ ရှာတယ်။ ကျွန်မ သူ့ဆီကို စာတွေ ပို့တယ်။ ဘယ်စာကိုမှ သူက မပြန်ဘူး။ ကျွန်မက စိတ်ဓာတ်ကျသလိုဖြစ်ပြီး ဒါကို မေ့ပစ်လိုက်သင့်တယ်လို့ ခံစားမိတယ်။ ဘာပဲဖြစ်ဖြစ် စာမပြန်တော့တာက သူလေ။ ဒါကတော့ မှန်တာပဲ ပေါ့။ အလုပ်ရှုပ်နေတဲ့ လူသစ်ကိုလည်း ကျွန်မ နောက်ထပ်စာပို့လိုက်တယ်။ ကျွန်မ စုဝေးပွဲဖိတ်တာကို သူ လက်မခံတော့ သူ့ကို ပံ့ပိုးဖို့ ထပ်ပြီး အဖိုးအခမပေးဆပ်ချင်တော့ဘူး။ နောက်တော့ ဘုရားကို ကျွန်မ ဆုတောင်းဖို့ တွေးလိုက်တယ်။ ဒီ ဘုရားနှုတ်ကပတ်တော်တွေကိုလည်း တွေးမိတယ်။ “လူများက ၎င်းတို့၏တာဝန်ကို ထမ်းဆောင်သည့်အခါတွင် အမှန်တကယ်ပင် ၎င်းတို့သည် ၎င်းတို့လုပ်ဆောင်သင့်သည့်အရာကို လုပ်ဆောင်နေကြသည်။ သို့သော် သင်သည် ဘုရားသခင် ရှေ့မှောက်တွင် ယင်းကို လုပ်ဆောင်ပါက၊ သင်သည် ရိုးသားသည့် သဘောထားနှင့် စိတ်နှလုံးပါလျက် တာဝန် ထမ်းဆောင်ပြီး ဘုရားကိုနာခံပါက ဤသဘောထားသည် သာ၍ မှန်ကန်လိမ့်မည် မဟုတ်လော။ ထို့ကြောင့် သင်သည် သင်၏နေ့စဉ်အသက်တာတွင် ဤသဘောထားကို မည်သို့ လက်တွေ့ကျင့်သုံးသင့်သနည်း။ သင်သည် ‘ဘုရားသခင်ကို စိတ်နှလုံးပါလျက် ရိုးသားမှုဖြင့် ဝတ်ပြုကိုးကွယ်ခြင်း’ ကို သင်၏လက်တွေ့အရှိတရား ဖြစ်စေရမည်။ သင်ခိုကပ်ချင်ပြီး ဟန်ပြသာ လုပ်ချင်သည့်အချိန်တိုင်း၊ စိတ်မချရသည့်နည်းလမ်းနှင့် ပြုမူချင်ပြီး အပျင်းထူချင်သည့် အချိန်တိုင်းနှင့် သင်အာရုံပျံ့လွင့်သည့်အချိန် သို့မဟုတ် သင့်ကိုယ်သင် ပျော်လိုက်ချင်သည့်အချိန်တိုင်းတွင် ထိုအရာကို ခြေသိမ်းခေါင်းပိုက် သင်စဉ်းစားဆင်ခြင်သင့်၏- ‘ဤသို့ပြုမူခြင်းဖြင့် ငါသည် ယုံကြည်စိတ်ချ၍မရ ဖြစ်နေသလော။ ဤသည်မှာ ငါ၏တာဝန်ကို စိတ်ပါလက်ပါ လုပ်ဆောင်ခြင်းလော။ ဤအရာကို လုပ်ဆောင်ခြင်းဖြင့် ငါသစ္စာပျက်နေသလော။ ဤအရာကို လုပ်ဆောင်ခြင်းဖြင့် ငါ့ကို ဘုရားသခင် အပ်နှင်းထားသည့် တာဝန်ပေးစေခိုင်းချက်နှင့် လျော်ညီအောင် အသက်ရှင်ဖို့ ငါပျက်ကွက်နေခြင်းလော။’ ဤသည်မှာ သင့်ကိုယ်သင် သုံးသပ်ဆင်ခြင်သင့်သည့်ပုံ ဖြစ်သည်။ သင်သည် သင်၏တာဝန်တွင် အစဉ်ပေါ့ဆပြီး ဝတ်ကျေတမ်းကျေပြုကာ သစ္စာမရှိသကဲ့သို့၊ သင်သည် ဘုရားသခင်ကို နာကျင်စေခဲ့သည်ကို သိလာနိုင်လျှင် မည်သည့်အရာကို ပြုလုပ်သင့်သနည်း။ သင်က ‘ဤတွင် တစ်ခုခုမှားနေသည်ကို ထိုအခိုက်အတန့်တွင် ငါခံစားရသည်။ သို့သော် ယင်းကို ပြဿနာအဖြစ် ငါ သဘောမထားခဲ့ပေ။ ပေါ့ဆစွာဖြင့် ဖော့ပြောလိုက်သည်။ ယခုမှသာ ငါသည် တကယ်ကို ပေါ့ဆပြီး ဝတ်ကျေတမ်းကျေပြုသည်၊ ငါ၏ တာဝန်ကို စံမီအောင် မထမ်းဆောင်ခဲ့ဆိုသည်ကို သဘောပေါက်ခဲ့သည်။ ငါသည် အမှန်ပင် အသိစိတ်နှင့် ဆင်ခြင်တုံတရားကင်းမဲ့သည်’ ဟု ပြောဆိုသင့်သည်။ သင်သည် ပြဿနာကို တွေ့ရှိပြီး သင့်ကိုယ်သင် အနည်းငယ်သိလာသည်။ ထို့ကြောင့် ယခုအခါတွင် သင့်ကိုယ်သင် ပြောင်းလဲရမည်။ သင့်တာဝန်ကို ထမ်းဆောင်ခြင်းအပေါ် သင်၏ သဘောထားက မှားယွင်းသည်။ သင်သည် အပိုအလုပ်တစ်ခုကဲ့သို့ ယင်းကို ဂရုမစိုက်။ ယင်းကို စိတ်နှစ်မြုပ်လုပ်ကိုင်ခြင်းမရှိ။ သင်သည် ဤသို့ ထပ်မံ၍ ပေါ့ဆပြီး ဝတ်ကျေတမ်းကျေပြုလျှင် ဘုရားကို ဆုတောင်းပြီး ဘုရားသခင်ကို သင့်အား ပဲ့ပြင်ဆုံးမကာ ရိုက်နှက်ဆုံးမစေရမည်။ မိမိတာဝန်ကို ထမ်းဆောင်ရာတွင် ဤသို့သော စိတ်ရှိရမည်။ ထိုမှသာ အမှန်တကယ် နောင်တရနိုင်သည်။ မိမိ၏ အသိစိတ်ကရှင်းလင်းပြီး တာဝန်ကို ထမ်းဆောင်ခြင်းအပေါ် မိမိသဘောထားက ပြောင်းလဲမှသာ မိမိကိုယ်ကို ပြောင်းလဲပေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ ဘုရားသခင်၏နှုတ်ကပတ်တော်ကို မကြာခဏ ဖတ်ရှုပြီး သမ္မာတရားကို တစိမ့်စိမ့် စဉ်းစားဆင်ခြင်ခြင်း၌သာလျှင် ရှေ့ဆက်ရာ လမ်းကြောင်းရှိသည်) တာဝန်ကို ကောင်းစွာထမ်းဆောင်ခြင်းက မခက်ခဲဘူး၊ ကျွန်မတို့ဟာ စစ်မှန်ရမယ်၊ ဘုရားရဲ့ စိစစ်မှုကို လက်ခံရမယ်၊ ကျွန်မတို့သိတာ၊ လုပ်နိုင်တာကို အစွမ်းကုန် လုပ်ရမယ်၊ လှည့်ကွက်တွေ မသုံးရဘူး၊ ဝတ်ကျေတမ်းကျေမဆန်ရဘူး၊ ကျွန်မတို့တာဝန်ကို ကောင်းကောင်းလုပ်ဖို့အတွက် ဒီသဘောထားမျိုးလိုတယ်ဆိုတာကို ကျွန်မမြင်အောင် ဘုရားနှုတ်ကပတ်တော်တွေက ကူညီပေးခဲ့တယ်။ ဒါကြောင့် ဒီတစ်ခါမှာ ကျွန်မ ဘုရားသခင်ကို ထပ်ပြီး စိတ်မပျက်စေရဘူးလို့ စိတ်ပိုင်းဖြတ်လိုက်တယ်။ ကျွန်မရဲ့ နောင်တရကို ဘုရားသခင်ကို ပြရမယ်။ ကျွန်မက တကယ်အလုပ်ကြိုးစားပြီး ရိုးသားစစ်မှန်တယ်ဆိုတာ ပြရမယ်။ ကျွန်မကူညီပံ့ပိုးပြီးတာတောင် အဲဒီလူသစ်တွေက စုဝေးပွဲတွေကို မတက်ဘူးဆိုရင် ကျွန်မက ကိုယ့်တာဝန်ကို ဖြည့်ဆည်းပြီးခဲ့ပြီး အပြစ်မရှိဖြစ်နေဦးမှာပဲ။
လက်တွေ့လုပ်ဖို့လမ်းကြောင်းတစ်ခုရှာနေတဲ့ တခြားအစ်မတစ်ယောက်ဆီကို ကျွန်မ စကားပြောဖို့ သွားတယ်။ ဘာသာရေးအယူအဆတွေရှိနေတဲ့ အဲဒီလူသစ်ကိုလည်း ကျွန်မ မိတ်သဟာယဖွဲ့ဖို့ ဆက်သွယ်ခဲ့တယ်။ ကျွန်မကိုယ်တိုင်ရဲ့ ယုံကြည်ခြင်းလမ်းကြောင်းကို သူ့ကို ဖွင့်ပြောခဲ့တယ်။ ကျွန်မ အံ့ဩသွားရတာက သူက ကျွန်မစာတွေကို ပြန်တယ်။ သူက တကယ်တမ်းမှာ စုဝေးပွဲတွေကို တော်တော် နှစ်သက်တယ်။ ဒါပေမဲ့ မဖြေရှင်းရသေးတဲ့ အယူအဆတွေ၊ ရှုပ်ထွေးမှုတွေ နည်းနည်းရှိနေတာ။ ဒီလူသစ်ရဲ့ ရင်ထဲက စကားတွေကြောင့် ကျွန်မ တော်တော် စိတ်နိုးကြွလာပြီး သူ့အယူအဆတွေကို ဦးတည်တဲ့ မိတ်သဟာယကို ကျွန်မ မျှဝေခဲ့တယ်။ နောက်ဆုံးမှာ သူက စုဝေးပွဲတွေတက်ဖို့ သဘောတူပြီး မကြာခင်မှာ တာဝန်တစ်ခု ယူခဲ့တယ်။ အခြေအနေတွေက ဒီလိုဖြစ်လာတာကို မြင်တော့ ကျွန်မ ဖော်ပြလို့မရတဲ့ ခံစားမှုဖြစ်ခဲ့တယ်။ ဝမ်းမြောက်မှုနဲ့ နောင်တကိုပါ ခံစားရတယ်။ ကျွန်မကို ကိုယ့်ကိုယ်ကိုယ်သိပြီး တာဝန်အပေါ် ကျွန်မသဘောထားကို ပြင်ဖို့အတွက် အခွင့်ပေးတဲ့ ဘုရားနှုတ်ကပတ်တော်တွေရဲ့ ဉာဏ်အလင်းဖွင့်ပြမှုမပါရင် နောက်ထပ် ပြစ်မှားမှုတစ်ခုကို ကျွန်မ ကျူးလွန်မိမှာပဲ။ အဲဒီနောက်တော့ အလုပ်ရှုပ်နေတဲ့ လူသစ်ကို ကျွန်မထပ်ပြီး ဆက်သွယ်တယ်။ အရင်ကတော့ ကျွန်မ သူ့အခက်အခဲတွေကို ထည့်မစဉ်းစားဘဲ စုဝေးပွဲတွေကို တက်ဖို့ သူ့ကို အမြဲတမ်း တွန်းအားပေးနေခဲ့တာ။ ဒီတစ်ခါတော့ သူ့ရဲ့ တကယ့်အခြေအနေကို အခြေခံပြီး သူ့ကို ကူညီဖို့ ဘုရားနှုတ်ကပတ်တော်တွေကို မိတ်သဟာယဖွဲ့လိုက်တယ်။ ပြီးတော့ စုဝေးပွဲအချိန်တွေကို သင့်တော်အောင်ညှိပေးလိုက်တယ်။ သူက စုဝေးပွဲတစ်ခုအတွက် အချိန်မရတဲ့အခါမှာ ကျွန်မက သူအားတဲ့အချိန်ကျတော့ သူနဲ့အတူ ဘုရားနှုတ်ကပတ်တော်တွေ ဖတ်ပြီး စိတ်ရှည်ရှည်နဲ့ မိတ်သဟာယမျှဝေတယ်။ နောက်တော့ သူက သူ့ရင်ထဲမှာရှိတာကို ကျွန်မကို ဖွင့်ပြောချင်စိတ်ဖြစ်လာပြီး သူဖတ်ခဲ့တဲ့ ဘုရားနှုတ်ကပတ်တော်တွေအကြောင်းပြောတယ်။ သူက ဘာပဲဖြစ်နေနေ စုဝေးပွဲတွေ၊ ဘုရားနှုတ်ကပတ်တော်ကို စားသောက်တာတွေကို ဒီအတိုင်း လက်မလျှော့ဘူးလို့လည်း ကျွန်မကို ပျော်ပျော်ရွှင်ရွှင်နဲ့ ပြောတယ်။ အဲဒီနောက်တော့ သူက ဘယ်တော့မှ နောက်ထပ်စုဝေးပွဲ မပျက်တော့ဘူး။ သူ့အလုပ်က ဘယ်လောက်ပဲ ရှုပ်နေပါစေ ဘုရားနှုတ်ကပတ်တော်ကို ဆင်ခြင်ဖို့ အချိန်ပေးအပ်တယ်။ နောက်ပိုင်းမှာ နောက်ထပ် လူသစ်တွေကို ကျွန်မ ပံ့ပိုးပေးခဲ့ပြီး ကျွန်မတို့ဆီ ပြန်လာအောင် ခေါ်ခဲ့တယ်။ ကျွန်မ သဘောထားကို ပြင်ပြီး ဘုရားကို အမှီပြုပြီးတော့ တကယ်အားစိုက်လိုက်တာနဲ့ ကျွန်မတာဝန်မှာ ပိုကောင်းတဲ့ရလဒ်တွေ ရခဲ့တယ်။
ကျွန်မက အရင်က ကိုယ့်တာဝန်မှာ အမြဲတမ်း သစ္စာဖောက်ပြီး ဝတ်ကျေတမ်းကျေဆန်ခဲ့တယ်။ ရုပ်ပိုင်းမှာ ဒုက္ခမခံရပေမဲ့ အမြဲတမ်း ဆင်းရဲဒုက္ခထဲမှာ ရှင်သန်နေရတယ်။ ဘုရားရဲ့ လမ်းပြမှုကို မခံစားရဘူး။ ကျွန်မတာဝန်မှာ အောင်မြင်တာ ပိုပိုနည်းလာတယ်။ ဉာဏ်အလင်းပွင့်လင်းမှု လုံးဝ မရှိဘူး။ ဘုရားက ကျွန်မကို စွန့်ပစ်ပြီး ထုတ်ပယ်မှာလားဆိုတာ အမြဲတမ်း စိတ်ပူနေခဲ့တယ်။ အရမ်းစိတ်ဓာတ်ကျပြီး နာကျင်နေခဲ့တာပေါ့။ ကျွန်မ တာဝန်မှာ စိတ်နှစ်လိုက်တာနဲ့ ဘုရားရဲ့ တည်ရှိမှုနဲ့ လမ်းပြမှုကို ခံစားရနိုင်တယ်။ ကျွန်မတာဝန်မှာလည်း တိုးတက်မှုရှိခဲ့ပြီး ငြိမ်းအေးတဲ့ သက်သာတဲ့ခံစားချက်ကို ရခဲ့ပါတယ်။ ကိုယ့်တာဝန်အပေါ် ကိုယ့်သဘောထားက ဘယ်လောက်အရေးကြီးတယ်ဆိုတာ ကျွန်မ တကယ် ကြုံတွေ့ခဲ့ရတယ်။ အခက်အခဲတွေကို ရင်ဆိုင်ရတဲ့အခါ တကယ့် အဖိုးအခကို ပေးဆပ်ပြီး ဘုရားအလိုတော်ကို အလေးထားမှသာ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ ဉာဏ်အလင်းဖွင့်ပြမှုကို ရနိုင်ပြီး ကျွန်မတို့တာဝန်မှာ အကျိုးအမြတ်တွေ ရှိနိုင်ပါတယ်။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။