မိမိတာဝန်၌ စိတ်မချရခြင်း၏ အကျိုးဆက်များ
၂၀၂၃ခုနှစ် ဇူလိုင်လမှာ ကျွန်မက အသင်းတော်အတွက် ဗီဒီယိုတွေ ဖန်တီးနေခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်မက သိပ်ကြာကြာ မလေ့ကျင့်ခဲ့တော့ ကျွန်မ နည်းပညာပိုင်း...
ဘုရား၏ ပေါ်ထွန်းခြင်းကို တောင့်တသည့် ရှာဖွေသူများအားလုံးကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလမှာ ဗီဒီယိုတွေစစ်ဆေးတာကို ကျွန်မ စလေ့ကျင့်ခဲ့ပါတယ်။ အစပိုင်းမှာ ကျွန်မ စိတ်နှလုံးအပြည့်နဲ့ သင်ယူခဲ့ပြီး တွေးဆခဲ့ပါတယ်။ တစ်ခုခုမရှင်းတာ ကြုံခဲ့ရတိုင်း ကျွန်မနဲ့ ပူးပေါင်းလုပ်ဆောင်နေတဲ့ ညီအစ်မဆီကနေ ဖြေရှင်းနည်းတွေကို ရှာဖွေခဲ့တယ်။ သူကလည်း ဗီဒီယိုတွေမှာ သူဖော်ထုတ်ခဲ့တဲ့ ပြဿနာတွေကို ကျွန်မနဲ့ မကြာမကြာ ဆွေးနွေးခဲ့တယ်။ ကျွန်မက ကိုယ့်ရဲ့ အားနည်းချက်တွေနဲ့ လမ်းလွဲမှုတွေကို အမြဲ အကျဉ်းချုပ်သုံးသပ်တယ်။ ပြီးရင် ဆီလျော်တဲ့ စည်းမျဉ်းတွေကို ရှာဖွေပြီး လေ့လာဖို့ ကြိုးစားပါတယ်။ စည်းမျဉ်းတွေနဲ့ပတ်သက်လို့ အဖွဲ့လိုက် ဆွေးနွေးပွဲတွေမှာ လူတိုင်းရဲ့ မိတ်သဟာယပြုတာကို ကျွန်မ သေချာ နားထောင်ပြီး ကိုယ့်ရဲ့ပျော့ကွက်တွေကို ပြုပြင်ဖို့ သေချာ တွေးဆပါတယ်။ ဒီလို အချိန်တစ်ခုကြာအောင် လေ့ကျင့်ပြီးတဲ့နောက်မှာ ကျွန်မရဲ့ အတတ်ပညာပိုင်းမှာ တိုးတက်မှုတချို့ရှိလာပြီး အလုပ်တချို့ကိုလည်း ကိုင်တွယ်နိုင်ခဲ့တယ်။ ကျွန်မ စည်းမျဉ်းတချို့ကို နားလည်သဘောပေါက်သွားပြီလို့ တွေးပြီး ကျေနပ်စိတ် စဝင်လာခဲ့တယ်။ အဲဒီအချိန်ကစပြီး ကျွန်မဟာ ကိုယ့်ဘာသာကိုယ် တက်တက်ကြွကြွ မလေ့လာတော့ဘူး။ တခြားအဖွဲ့ဝင်တွေနဲ့ စည်းမျဉ်းတွေ မိတ်သဟာယပြုပြီး ပြဿနာတွေ ဆွေးနွေးတဲ့အခါ ကျွန်မ အရင်လို အလေးအနက်ထားပြီး မဆင်ခြင်ခဲ့တော့ဘူး။ အလုပ်ထဲက ပြဿနာတွေကို အကျဉ်းချုပ်သုံးသပ်ဖို့လည်း အာရုံမစိုက်ခဲ့တော့ပါဘူး။ ကျွန်မရဲ့ တာဝန်ထမ်းဆောင်ပုံမှာ ဖာသိဖာသာဖြစ်လာခဲ့တယ်။
ကျွန်မ မှတ်မိသေးတယ်၊ တစ်ချိန်တုန်းက ညီအစ်ကိုမောင်နှမတချို့က သူတို့ရဲ့ တာဝန်တွေမှာ စိမ်းနေကြပြီး သူတို့ တင်ပြလာတဲ့ ဗီဒီယိုတွေမှာ ပြဿနာတွေ အများကြီး ရှိခဲ့တယ်။ ကျွန်မဟာ ဒီပြဿနာတွေကို ဖြေရှင်းဖို့အတွက် သူတို့နဲ့ တစ်ယောက်ချင်းစီ မိတ်သဟာယဖွဲ့ပြီး ပြန်ဖြေပေးဖို့ လိုခဲ့တယ်။ ကျွန်မရဲ့ စိတ်နှလုံးထဲမှာ စဉ်းလဲတဲ့ အတွေးတချို့ ပေါ်လာခဲ့တယ်။ “ဗီဒီယိုတစ်ခုချင်းစီကို သေသေချာချာ စစ်ဆေးပြီး သူတို့နဲ့ မိတ်သဟာယဖွဲ့ဖို့၊ ပြန်ဖြေဖို့ သက်ဆိုင်ရာ စည်းမျဉ်းတွေကို ရှာရင် အချိန်အင်အား၊ လူအင်အား အများကြီး ကုန်မှာပဲ။ ဒီလောက် ဗီဒီယိုတွေ အများကြီးကို ငါ ဘယ်တော့မှ လုပ်လို့ပြီးမှာလဲ။ သူတို့ရဲ့ ပြဿနာတွေကို အတိုချုပ်ပဲ ငါ ထောက်ပြပြီး ဘယ်လိုဖြေရှင်းရမလဲဆိုတာကို သူတို့ဘာသာသူတို့ စဉ်းစားခိုင်းလိုက်ရင် ကောင်းမယ်။ ဒီလိုဆိုရင် ငါလည်း အများကြီး သက်သာနိုင်တယ်”လို့ပေါ့။ ဒါနဲ့ ကျွန်မလည်း ဗီဒီယိုတွေထဲက ပြဿနာတွေကို ထောက်ပြပြီး ပြင်ဖို့အတွက် ယေဘုယျ လမ်းညွှန်ချက်လောက်ပဲ ပေးလိုက်တယ်။ နောက်တစ်ခါမှာ ကျွန်မ ဗီဒီယိုတစ်ခုကိုစစ်ဆေးခဲ့ပြီး အဲဒီထဲမှာ ပြဿနာတချို့ ရှာတွေ့ခဲ့တယ်။ ဒါပေမဲ့ ဒါတွေကို ကျွန်မ မသေချာခဲ့တာကြောင့် ကျွန်မနဲ့ ပူးပေါင်းလုပ်ဆောင်နေတဲ့ ညီအစ်မနဲ့ ဆွေးနွေးခဲ့တယ်။ သူက ဘာပြဿနာမှ မတွေ့ခဲ့ဘူးလို့ ပြောခဲ့ပေမဲ့ အဲဒီအတွက် ကျွန်မ စိတ်ဘဝင်မကျဖြစ်နေတုန်းပဲ။ ခဏကြာအောင် တွေးဆပြီးနောက်မှာ အဲဒါတွေက ပြဿနာ ဟုတ်မဟုတ် ကျွန်မ မသေချာသေးခဲ့ဘူး။ အဲဒီနောက်မှာ ကျွန်မ ဝတ်ကျေတမ်းကျေလုပ်ဖို့ စဉ်းစားခဲ့တယ်။ တွေးတာပေါ့။ “ငါ ဒါကို ဒီအတိုင်းပဲထားလိုက်သင့်တယ် ထင်တယ်။ အဲဒီညီအစ်မက ငါ့ထက်ပိုပြီး စည်းမျဉ်းတွေကို နားလည်သဘောပေါက်တာပဲ။ သူတောင် အဆင်ပြေတယ်လို့ ပြောတာဆိုတော့ ဘာပြဿနာမှ မရှိလောက်ပါဘူး။ ဒီအတွက် အချိန်အပိုအကုန်ခံပြီး ငါ တွေးဆနေဖို့မလိုဘူး။ နောက်ပြီး ဒါက ငါ့ရဲ့ ခံစားချက်သက်သက်ပဲ။ ငါကမှားနေပြီး အလုပ်ကို နှောင့်နှေးစေရင် ဘယ်လိုလုပ်မလဲ”ပေါ့။ အဲဒီလို တွေးပြီးတော့ ကျွန်မ အဲဒီအကြောင်းကို ဆက်အချိန်ယူစဉ်းစားမနေတော့ဘဲ အဖြေကိုလည်း မရှာတော့ဘူး။ ပြီးတော့ ဗီဒီယိုကို ဒီအတိုင်းပဲ တင်သွင်းခဲ့လိုက်တယ်။ ရက်နည်းနည်းကြာတော့ ကျွန်မတို့ရဲ့ ကြီးကြပ်ရေးမှူးက ဗီဒီယိုမှာ ပြဿနာတချို့ ရှိနေပြီး အဲဒါတွေကို ပြင်ဖို့လိုတယ်လို့ ထောက်ပြခဲ့တယ်။ နောက်ပိုင်းမှာ ကျွန်မရဲ့ညီအစ်ကိုမောင်နှမတွေက ကျွန်မတို့ရဲ့ အကြံပြုချက်တွေကို ဖတ်ပြီးနောက်မှာ အပျက်သဘောဆောင်တာခံစားခဲ့ရတယ်လို့ တစ်ယောက်ပြီးတစ်ယောက် တိုင်ကြားခဲ့ကြတယ်။ သူတို့ လုပ်ထားခဲ့တဲ့ ဗီဒီယိုတွေမှာ ပြဿနာတွေ အရမ်းများနေခဲ့တယ်လို့ သူတို့ထင်ခဲ့ပြီး အဲဒါတွေကို ဘယ်လိုဖြေရှင်းရမလဲ သူတို့မသိခဲ့ကြဘူး။ ဒီပြဿနာတွေ ပေါ်ကုန်တာကို ရင်ဆိုင်ရတော့ ကျွန်မ လုံးဝကို ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ခံစားခဲ့ရတယ်။ ဒါပေမဲ့ ကျွန်မ နေ့တိုင်း ကြုံတွေ့ရတဲ့ လူတွေ၊ ဖြစ်ရပ်တွေ၊ အမှုအရာတွေကို ဘုရားသခင် စီစဉ်ပေးပြီး အဲဒါတွေဟာ သူ့ရဲ့ အချုပ်အခြာအာဏာအောက်မှာ ရှိတယ်ဆိုတာကို ကျွန်မ သတိရသွားတယ်။ ဒီလိုအခြေအနေတွေ ကြုံရတာက အကြောင်းမဲ့တော့ မဟုတ်ဘူး။ ကျွန်မအတွက် ယူစရာ သင်ခန်းစာတွေ ရှိကိုရှိရမယ်၊ ဒါကြောင့် ဘုရားသခင်ဆီ ဆုတောင်းပြီး ကိုယ်တော်ရဲ့ လမ်းပြမှုကို ရှာဖွေခဲ့တယ်။
ဝတ်ပြုချိန်မှာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် ဒီအပိုဒ်တွေကို ကျွန်မ ဖတ်ခဲ့တယ်။ “အမှုအရာများကို အလွန် ပေါ့ပေါ့ဆဆနှင့် တာဝန်မဲ့စွာ ကိုင်တွယ်ခြင်းသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအတွင်းရှိ အရာတစ်ခု ဖြစ်သည်။ ယင်းမှာ လူတို့ မကြာခဏ ရည်ညွှန်းသည့် သိမ်ဖျင်းခြင်းဖြစ်သည်။ ၎င်းတို့ လုပ်ဆောင်သည့် ကိစ္စရပ်များအားလုံးတွင် ၎င်းတို့က ‘မှန်လုနီးပါးဖြစ်သည်’နှင့် ‘အတော် နီးစပ်သည်’ဆိုသည်အထိ လုပ်ဆောင်ကြ၏။ ယင်းသည် ‘ဖြစ်နိုင်သည်’ ‘ဖြစ်ကောင်းဖြစ်နိုင်မည်’၊ ‘ငါးခုထဲမှ လေးခု’ ဆိုသည့် သဘောထားတစ်ခု ဖြစ်သည်။ ၎င်းတို့သည် အမှုအရာများကို ဝတ်ကျေတမ်းကျေ လုပ်ဆောင်ကြ၏၊ အနည်းဆုံး လုပ်ဆောင်ရမည်ကို စိတ်ကျေနပ်ကြသကဲ့သို့ ဖြီးဖြန်း၍ လုပ်ဆောင်ရခြင်းကို ကျေနပ်ကြလေသည်။ အမှုအရာများကို အလေးအနက်ထားရာတွင် သို့မဟုတ် စေ့စပ်ခြင်းတွင် အကျိုးမရှိဟု ၎င်းတို့ မြင်ကြပြီး သမ္မာတရားစည်းမျဉ်းများကို ရှာဖွေခြင်း၌ သာ၍အကျိုးမရှိဟု ၎င်းတို့ မြင်ကြလေသည်။ ဤသည်မှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအတွင်း၌ ရှိသည့် အရာတစ်ခုဖြစ်သည် မဟုတ်လော။ ယင်းသည် ပုံမှန် လူ့သဘာဝ၏ သရုပ်သကန်တစ်ခုလော။ မဟုတ်ပေ။ ယင်းကို မာနထောင်လွှားမှုဟု ခေါ်ဆိုခြင်းသည် မှန်ကန်သကဲ့သို့ အကျင့်ပျက်သည့်အရာဟု ခေါ်ဆိုခြင်းမှာလည်း လုံးဝ ဆီလျော်၏။ သို့သော် ယင်းကို အပြည့်အဝ အတိအကျဖော်ပြဖို့ရာ၊ လုံလောက်မည့် တစ်ခုတည်းသော စကားလုံးမှာ ‘သိမ်ဖျင်းခြင်း’ ဖြစ်သည်။ လူအများစု၌ ၎င်းတို့အတွင်းတွင် သိမ်ဖျင်းခြင်း ရှိသည်မှာ အတိုင်းအတာ အမျိုးမျိုးသာ ကွဲပြားလေသည်။ ကိစ္စအားလုံး၌ ၎င်းတို့သည် အမှုအရာများကို ဝတ်ကျေတမ်းကျေ၊ ပေါ့ပေါ့ဆဆပုံစံနှင့် လုပ်ဆောင်လိုပြီး ၎င်းတို့ လုပ်ဆောင်သမျှတိုင်းတွင် လှည့်ဖြားမှု အငွေ့အသက်တစ်ခု ရှိလေသည်။ ၎င်းတို့သည် တတ်နိုင်သည့်အခါ အခြားသူများကို လိမ်လည်လှည့်စားသည်၊ တတ်နိုင်သည့်အခါ ဖြတ်လမ်းလိုက်ကြပြီး တတ်နိုင်သည့်အခါ အချိန်ခိုကြသည်။ ၎င်းတို့က မိမိဘာသာ စဉ်းစားကြသည်။ ‘ထုတ်ဖော်ခံရခြင်းကို ငါ ရှောင်ကြဉ်သရွေ့၊ ပြဿနာများမဖြစ်သရွေ့၊ ဖြေရှင်းချက်ပေးရန် မခေါ်ခံရသရွေ့ ဤအရာကို ငါ ဖြစ်သလို လုပ်နိုင်သည်။ အလွန်ကောင်းစွာလုပ်ဆောင်ဖို့မလို။ ယင်းသည် အလွန်ဒုက္ခများလွန်းသည်’ ဟူ၍ ဖြစ်သည်။ ထိုသို့သော လူတို့သည် မည်သည့်အရာကိုမျှ ကျွမ်းကျင်သည်အထိ မတတ်မြောက်ကြသကဲ့သို့၊ ၎င်းတို့၏ လေ့လာမှုများတွင် ဝါယမစိုက်ထုတ်ခြင်း မရှိကြချေ၊ သို့မဟုတ် ဒုက္ခခံပြီး အဖိုးအခပေးဆပ်ခြင်း မရှိကြချေ။ ၎င်းတို့သည် အကြောင်းအရာတစ်ခုကို အပေါ်ယံသာ ထိတွေ့ပြီး သိစရာရှိသည့်အရာအားလုံးကို ၎င်းတို့ သင်ယူလေ့လာပြီးဖြစ်သည်ဟု ယုံကြည်လျက် မိမိတို့ကိုယ်ကို ထိုအရာတွင် ကျွမ်းကျင်သည်ဟု ဆိုကြလေသည်၊ ထို့နောက် ၎င်းတို့ဖြစ်သလိုလုပ်ခြင်းဖြင့် ဤအရာအပေါ် မှီခိုကြလေသည်။ ဤသည်မှာ အခြားလူများ၊ ဖြစ်ရပ်များ၊ အမှုအရာများအပေါ် လူတို့ ထားရှိသော သဘောထားတစ်ခု ဖြစ်သည် မဟုတ်လော။ ယင်းသည် ကောင်းမွန်သော သဘောထား ဖြစ်သလော။ မဟုတ်ပေ။ ရိုးရှင်းစွာပြောရလျှင် ယင်းက ‘ဖြစ်သလို ပြီးမြောက်သွားစေခြင်း’ ဖြစ်သည်။ ထိုသို့သော သိမ်ဖျင်းခြင်းသည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်အားလုံးထဲတွင် တည်ရှိလေသည်။ ၎င်းတို့၏ လူ့သဘာဝတွင် သိမ်ဖျင်းခြင်းရှိသော လူတို့သည် ၎င်းတို့လုပ်သမျှတွင် ဖြစ်သလို ပြုလုပ်သည့်အမြင်နှင့် သဘောထား ရှိကြသည်။ ထိုသို့သော လူများသည် မိမိတို့၏တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်နိုင်စွမ်း ရှိသလော။ မထမ်းဆောင်နိုင်ပါ။ ၎င်းတို့သည် အမှုကိစ္စများကို စည်းမျဉ်းဖြင့် လုပ်ဆောင်နိုင်သလော။ ပို၍ပင် လုပ်ဆောင်နိုင်ချေမရှိပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၈- ၎င်းတို့သည် အခြားသူများအား သမ္မာတရားကိုဖြစ်စေ၊ ဘုရားသခင်ကိုဖြစ်စေ ကျိုးနွံနာခံစေခြင်း မရှိဘဲ ၎င်းတို့ကိုသာ ကျိုးနွံနာခံစေသည် (အပိုင်း ၂)) “မြင့်မြတ်သောလူများနှင့် ယုတ်ညံ့သောလူများကြားတွင် မည်သို့ ခွဲခြားသိမြင်နိုင်သနည်း။ တာဝန်များအပေါ် ၎င်းတို့၏ သဘောထားနှင့် လုပ်ရပ်များကိုသာ ကြည့်လော့။ ပြီးလျှင် အမှုကိစ္စများ ဖြစ်ပေါ်သောအခါ အမှုအရာများကို ၎င်းတို့ ကိုင်တွယ်သည့်၊ ပြုမူသည့် ပုံစံကို ကြည့်လော့။ တည်ကြည်မှုနှင့် ဂုဏ်သိက္ခာရှိသောလူတို့သည် ၎င်းတို့၏ လုပ်ရပ်များတွင် စေ့စပ်သည်။ တိကျသည်။ ပြီးလျှင် စိတ်နှစ်ထားသည်။ ပြီးလျှင် ၎င်းတို့သည် အဖိုးအခပေးဆပ်လိုစိတ်ရှိသည်။ တည်ကြည်မှုနှင့် ဂုဏ်သိက္ခာ မရှိသည့်လူများသည် ၎င်းတို့၏ လုပ်ဆောင်ချက်များတွင် ဂရုမစိုက်ဘဲ ပေါ့ပေါ့ဆဆ နိုင်ကြသည်၊ လှည့်ကွက်အချို့ကို အစဉ် လုပ်ဆောင်ကြသည်၊ အိုးနင်းခွက်နင်းနှင့် ပြီးမြောက် သွားဖို့သာ အစဉ်လိုလားကြသည်။ မည်သည့်နည်းပညာကို ၎င်းတို့ လေ့လာသည်ဖြစ်စေ ဇွဲလုံ့လရှိစွာ မသင်ယူပေ။ ၎င်းတို့သည် ယင်းကို သင်ယူရန် မတတ်နိုင်ပေ။ ပြီးလျှင် လေ့လာရာတွင် အချိန်မည်မျှကုန်ပါစေ ၎င်းတို့သည် လုံးလုံး မသိနားမလည်လျက် ရှိနေသည်။ ဤသူတို့မှာ ကိုယ်ကျင့်စရိုက် နိမ့်ကျသောလူများ ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၈- ၎င်းတို့သည် အခြားသူများအား သမ္မာတရားကိုဖြစ်စေ၊ ဘုရားသခင်ကိုဖြစ်စေ ကျိုးနွံနာခံစေခြင်း မရှိဘဲ ၎င်းတို့ကိုသာ ကျိုးနွံနာခံစေသည် (အပိုင်း ၂)) “၎င်းတို့ တတ်နိုင်သည့်အချိန်တွင် အခြားသူများကို လိမ်လည်လှည့်ဖြားကြသည်၊” “တည်ကြည်မှုနှင့် သိက္ခာမရှိ” နှင့် “ကိုယ်ကျင့်စရိုက်နိမ့်ကျသည်” အဲဒီဝါကျတွေထဲက စကားလုံးတိုင်းက ကျွန်မရဲ့ နှလုံးသားကို ထိုးဖောက်သွားခဲ့တယ်။ ကျွန်မတာဝန်ထမ်းဆောင်ရာမှာ ကျွန်မအပြုအမူကို ဆင်ခြင်သုံးသပ်ခဲ့တယ်။ ကျွန်မရဲ့ လုပ်ဆောင်မှုက ဘုရားသခင် ဖော်ထုတ်ပြသခဲ့တာနဲ့ တိတိကျကျ တူနေတာ မဟုတ်လား။ ညီအစ်ကိုမောင်နှမတွေ လုပ်ထားတဲ့ ဗီဒီယိုတွေမှာ ပြဿနာတွေ အများကြီး ရှိနေခဲ့တာကို ကျွန်မ သတိထားမိတဲ့အခါ ဒီပြဿနာတွေကို ဘယ်လို ကူညီဖြေရှင်းပေးရမလဲဆိုတာရော၊ သူတို့ကို သမ္မာတရားနားလည်ပြီး စည်းမျဉ်းတွေထဲ ဝင်ရောက်အောင် ဘယ်လို လမ်းညွှန်ပေးရမလဲဆိုတာရော ကျွန်မ မတွေးဆခဲ့ဘူး။ အဲဒီအစား ကျွန်မရဲ့ အဓိက အလေးထားမှုက ကိုယ့်ကိုယ်ကိုယ် အားထုတ်မှုနည်းနည်း သက်သာအောင် ဘယ်လိုလုပ်မလဲဆိုတာပဲ ဖြစ်ခဲ့တယ်။ ဗီဒီယိုတစ်ခုချင်းစီကို ကျွန်မ သေချာစစ်ဆေးပြီး အသေးစိတ် ပြန်ဖြေခဲ့ရင် အရမ်း ဒုက္ခများပြီး အများကြီး စဉ်းစားဖို့ လိုလိမ့်မယ်လို့ ကျွန်မ ထင်ခဲ့တယ်။ ဒါကြောင့် ကျွန်မ ဗီဒီယိုတွေထဲက ပြဿနာတွေကို အတိုချုပ်ပဲ ပြောခဲ့ပြီး စည်းမျဉ်းတွေအကြောင်း သူတို့နဲ့ မိတ်သဟာယပြုတာ ဒါမှမဟုတ် လက်တွေ့ကျတဲ့ ဖြေရှင်းနည်းတွေကို ထောက်ပြတာ မလုပ်ခဲ့ဘူး။ ရလဒ်အနေနဲ့ ညီအစ်ကိုမောင်နှမတွေက ကျွန်မရဲ့ အကြံပြုချက်တွေကို ဖတ်ပြီးတဲ့နောက်မှာ အပျက်သဘောဆောင်တာခံစားခဲ့ရတယ်။ ကျွန်မ ဒါကိုလုပ်တော့ အဖျက်အမှောင့် မဖြစ်စေခဲ့ဘူးလား။ အဲဒီတခြားဗီဒီယိုတစ်ခုကို စစ်ဆေးတဲ့အခါမှာ အဲဒီဗီဒီယိုမှာ ပြဿနာတချို့ ရှိနေခဲ့တယ်လို့ ကျွန်မ ခံစားချက်ရခဲ့တယ်။ ဒါပေမဲ့ ကျွန်မ မသေချာခဲ့တာကြောင့် အဲဒါတွေအပေါ် ကြိုးကြိုးစားစား မတွေးဆချင်ခဲ့ဘူး။ ကိုယ့်အတွက်ကိုယ်တောင် ဆင်ခြေတွေ ပေးခဲ့သေးတယ်။ တွေးဆတာက ဘာရလဒ်မှ သေချာပေါက်ရမှာမဟုတ်ဘူးလို့ တွေးခဲ့တယ်။ ညီအစ်မက ကျွန်မထက် စည်းမျဉ်းတွေကို ပိုနားလည်သဘောပေါက်ခဲ့တယ်။ သူတောင် အဆင်ပြေတယ်လို့ ပြောတာဆိုတော့ ကြီးကြီးမားမား ပြဿနာတွေ မရှိလောက်ပါဘူး။ တွေးဆတာက ဘာရလဒ်မှ ရနိုင်မှာမဟုတ်ဘူးလို့ ကောက်ချက်မချခင်မှာ အဖြေကို ရှာဖွေဖို့ ကျွန်မ တကယ်အားမထုတ်ခဲ့ဘူး။ ကျွန်မက မယုံရတဲ့သူဖြစ်ပြီး ခိုကပ်ခဲ့တာ မဟုတ်လား။ ကျွန်မ တကယ်ကိုပဲ အရမ်း လှည့်ဖြားတတ်ခဲ့တာပဲ။ ကျွန်မရဲ့ တာဝန်အပေါ်ထားတဲ့ ဒီသဘောထားက ဘုရားသခင် ဖော်ထုတ်ပြသခဲ့တဲ့အတိုင်းပါပဲ။ “‘ထုတ်ဖော်ခံရခြင်းကို ငါ ရှောင်ကြဉ်သရွေ့၊ ပြဿနာများမဖြစ်သရွေ့၊ ဖြေရှင်းချက်ပေးရန် မခေါ်ခံရသရွေ့ ဤအရာကို ငါ ဖြစ်သလို လုပ်နိုင်သည်။ အလွန်ကောင်းစွာလုပ်ဆောင်ဖို့မလို။ ယင်းသည် အလွန်ဒုက္ခများလွန်းသည်’ ဟူ၍ ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၈- ၎င်းတို့သည် အခြားသူများအား သမ္မာတရားကိုဖြစ်စေ၊ ဘုရားသခင်ကိုဖြစ်စေ ကျိုးနွံနာခံစေခြင်း မရှိဘဲ ၎င်းတို့ကိုသာ ကျိုးနွံနာခံစေသည် (အပိုင်း ၂)) အဲဒီစကားလုံးတွေက ကျွန်မကို တိတိကျကျ ဖော်ပြခဲ့ပါတယ်။ ကျွန်မ နေ့တိုင်း အလိုအလျောက်ပဲ ဖြတ်သန်းနေခဲ့တယ်။ ကိုယ်ခန္ဓာ ပင်ပန်းဆင်းရဲတာကို ရှောင်ရှားပြီး ဖြစ်သလို နေထိုင်ရုံနဲ့ ကျွန်မ ကျေနပ်နေခဲ့တယ်။ ညီအစ်ကိုမောင်နှမတွေရဲ့ အခက်အခဲတွေကို ဒါမှမဟုတ် ဒီလိုနည်းနဲ့ တာဝန်ထမ်းဆောင်တာက ထိရောက်မှု ရှိမရှိဆိုတာကို ကျွန်မ ဘယ်တော့မှ မစဉ်းစားခဲ့ဘူး။ ဖြစ်သလို လုပ်လို့ရရင် ဖြစ်သလိုပဲ လုပ်ခဲ့ပြီး ကိုယ့်တာဝန်အပေါ် သစ္စာစောင့်သိမှု တစ်စက်မှ မပြခဲ့ဘူး။ ဒီလို သဘောထားမျိုးနဲ့ ကျွန်မဟာ လုံးဝကို ယုံကြည်လို့ မရခဲ့ဘူး။ ဘုရားသခင်ဖော်ပြထားတဲ့အတိုင်း “တည်ကြည်မှုနှင့် သိက္ခာမရှိ” “ကိုယ်ကျင့်စရိုက်နိမ့်ကျသည့်လူများ” ပေါ့ ဒါက ချဲ့ကားပြောတာ လုံးဝမဟုတ်ခဲ့ပါဘူး။ ကျွန်မ အရမ်း စိတ်ဆင်းရဲခဲ့ပြီး နောင်တရခဲ့တာကြောင့် ဘုရားသခင်ကို ဆုတောင်းခဲ့တယ်။ “အို ဘုရားသခင်၊ သမီးရဲ့ တာဝန်အပေါ်ထားတဲ့ သဘောထားက ပေါ့ပေါ့ဆဆနိုင်လွန်းပြီး လုံးဝကို တာဝန်မဲ့ပါတယ်။ ဒီနိမ့်ကျတဲ့ ဘဝကို သမီး ဆက်မနေချင်တော့ပါဘူး။ သမီးရဲ့ ဇာတိပကတိကို ပုန်ကန်ဖို့၊ ကြိုးကြိုးစားစားနဲ့ အလေးအနက်ထားဖို့၊ ပြီးတော့ တာဝန်ကို ကောင်းကောင်း ထမ်းဆောင်ဖို့အတွက် အဖိုးအခ ပေးဆပ်ဖို့ သမီး ဆန္ဒရှိပါတယ်”လို့ပေါ့။
ဆုတောင်းပြီးတဲ့နောက် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တချို့ကို ကျွန်မ ဖတ်ပြီး သူ့ရဲ့ တောင်းဆိုချက်တွေကို ပိုနားလည်လာခဲ့တယ်။ ဘုရားသခင်က ပြောသည် “တာဝန်တစ်ခုကို ထမ်းဆောင်သည့်အခါ လူတစ်ဦးသည် တာဝန်ကျေပွန်ရန်၊ စည်းစနစ်တင်းကျပ်ရန်၊ တိကျစေ့စပ်ရန်နှင့် တာဝန်ယူတတ်ရန်၊ မြဲမြံစွာ အခြေခိုင်သောပုံစံဖြင့် လုပ်ဆောင်ရန်၊ ဆိုလိုသည်မှာ တစ်လှမ်းချင်းလျှောက်လှမ်းခြင်းအားဖြင့် လုပ်ဆောင်ရန် သင်ယူရမည်။ လူတစ်ဦးသည် ထိုတာဝန်ကို ကောင်းစွာ ထမ်းဆောင်ရန်အတွက် မိမိထမ်းဆောင်ခဲ့ပြီးသည့်ပုံကို စိတ်ကျေနပ်သည်အထိ မိမိ၏ အစွမ်းရှိသမျှကို အသုံးပြုရမည်။ လူတစ်ဦးသည် သမ္မာတရားကို နားမလည်ပါက သူသည် စည်းမျဉ်းများကို ရှာဖွေပြီး ထိုစည်းမျဉ်းများနှင့် ဘုရားသခင်၏ တောင်းဆိုချက်များအတိုင်း ပြုမူလုပ်ဆောင်သင့်သည်။ မိမိ၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်ရန် ပို၍ အားထုတ်လိုစိတ်ရှိသင့်ပြီး ဝတ်ကျေတမ်းကျေပုံစံဖြင့် မည်သည့်အခါမျှ မလုပ်ဆောင်သင့်ပေ။ ဤအတိုင်း လက်တွေ့လုပ်ဆောင်ခြင်းအားဖြင့်သာ လူတစ်ဦးသည် မိမိ၏ အသိစိတ်က မိမိကို အပြစ်တင်ခြင်းမရှိဘဲ စိတ်နှလုံးထဲတွင် ငြိမ်သက်ခြင်းကို ခံစားရနိုင်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၅)) ဘုရားသခင်က ကျွန်မတို့ကို ကိုယ့်တာဝန်တွေမှာ ခိုင်ခိုင်မာမာ ရပ်တည်ဖို့ တောင်းဆိုပါတယ်။ ကျွန်မတို့ လုပ်သမျှ အရာအားလုံးမှာ ကျေပွန်ပြီး တာဝန်သိတဲ့ သဘောထားကို ထိန်းသိမ်းဖို့၊ သမ္မာတရားစည်းမျဉ်းတွေကို ရှာဖွေဖို့၊ ပြီးတော့ ကျွန်မတို့ အစွမ်းကုန်လုပ်ဖို့ လိုအပ်ပါတယ်။ ကျွန်မ ဝတ်ကျေတမ်းကျေ ဆက်လုပ်လို့ မရတော့ဘူးဆိုတာ ကျွန်မနားလည်ခဲ့တယ်။ ကျွန်မဟာ ဘုရားသခင်ရဲ့ တောင်းဆိုချက်တွေကို လက်တွေ့လုပ်ဆောင်ဖို့၊ ဗီဒီယိုတစ်ခုချင်းစီကို သေချာ စစ်ဆေးပြီး ပြဿနာတွေအပေါ် စည်းမျဉ်းအခြေခံတဲ့ အသေးစိတ် ညွှန်ပြမှုတွေ ပေးဖို့ လိုအပ်ခဲ့ပါတယ်။ ဒါက ကိုယ်ခန္ဓာ နည်းနည်း ပိုပင်ပန်းပြီး ပိုစဉ်းစားဖို့ လိုအပ်ပေမဲ့ ဒါက ကျွန်မရဲ့ တာဝန်မှာ ပိုကောင်းတဲ့ ရလဒ်တွေ ရရှိစေခဲ့ရင် လုပ်ရကျိုးနပ်ခဲ့ပါတယ်။ အဲဒီနောက်မှာ ညီအစ်ကိုမောင်နှမတွေရဲ့ ပြဿနာတွေကို ကျွန်မ ဆက်စစ်ဆေးပြီး ပြန်ဖြေပေးတဲ့အခါ အကောင်းဆုံး ရလဒ်တွေ ရရှိအောင် ကိုယ့်ကိုယ်ကိုယ် ဘယ်လို ဖော်ပြရမလဲဆိုတာကို ကျွန်မ တွေးဆခဲ့တယ်။ ဒီနည်းလမ်းကို လက်တွေ့လုပ်ဆောင်တော့ ကျွန်မ သိပ်မပင်ပန်းဘူးလို့ ခံစားခဲ့ရပြီး စည်းမျဉ်းတွေထဲကို ပိုပြီး နက်နက်နဲနဲ ဝင်ရောက်နိုင်ခဲ့တယ်။ ဒါပေမဲ့ ကျွန်မရဲ့ ပြင်းပြင်းထန်ထန် ဖောက်ပြန်ပျက်စီးနေတဲ့ စိတ်သဘောထားနဲ့ ကိုယ်ခန္ဓာ သက်သာမှုကို လွန်လွန်ကဲကဲ တောင့်တမှုကြောင့် ရှုပ်ထွေးတဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့အခါ လွယ်ကူတဲ့ နည်းလမ်းကို ရွေးချယ်ပြီး ဝတ်ကျေတမ်းကျေ လုပ်ဖို့ ကျွန်မ သွေးဆောင်ခံနေရတုန်းပဲ။
တစ်ခါတုန်းက ဗီဒီယိုတစ်ခုကို စစ်ဆေးနေတုန်း ဖြေရှင်းရတာ ခက်ခဲတဲ့ ပြဿနာတချို့ ပါဝင်နေတာကို ကျွန်မ သတိထားမိခဲ့တယ်။ ကျွန်မ တွေးလိုက်တယ်။ “ငါ အကြံပြုချက်တွေ ပေးမယ်ဆိုရင် ဖြေရှင်းချက်တစ်ခုရဖို့ အရင်ဆုံး လေ့လာရ၊ ရှာဖွေရဦးမှာ။ ဒါက ဒုက္ခများမှာပဲ။ တွေးလိုက်တာနဲ့ကို ငါခေါင်းကိုက်လိုက်တာ။ အဲဒီအတွက် ငါ ဒီလောက် အချိန်ကုန်ခံပြီးမှ ဘာမှအဖြေမထွက်လာရင် ပင်ပန်းရကျိုးမနပ် ဖြစ်မှာ မဟုတ်ဘူးလား။ ထားလိုက်ပါတော့။ အခုတော့ တခြားဗီဒီယိုတွေကို အာရုံစိုက်လိုက်မယ်။ ဒါတွေကို နောက် အချိန်ရမှ ကိုင်တွယ်မယ်”ဆိုပြီးတော့ပေါ့။ အချိန်နည်းနည်းကြာတော့ ကျွန်မတို့ရဲ့ ခေါင်းဆောင်တွေက ကျွန်မတို့ရဲ့ ဗီဒီယိုအလုပ်ရဲ့ ထိရောက်မှု ကျဆင်းလာတာကို သတိထားမိခဲ့ပြီး လွန်ခဲ့တဲ့ သုံးလအတွင်းက ညီအစ်ကိုမောင်နှမတွေ တင်ပြထားတဲ့ ဗီဒီယိုတွေကို ပြန်စစ်ခဲ့ကြတယ်။ ဗီဒီယို အတော်များများကို မကိုင်တွယ်ဘဲ ထားခဲ့တာ၊ ကျွန်မတို့က အဲဒါတွေကို ချက်ချင်း မကိုင်တွယ်ခဲ့ဘဲ ညီအစ်ကိုမောင်နှမတွေကို စည်းမျဉ်းတွေအတိုင်း အဲဒါတွေကို ပြင်ဆင်ဖို့ လမ်းညွှန်မှု မပေးခဲ့လို့ ဗီဒီယိုအလုပ်ကို သိသိသာသာ နှောင့်နှေးစေခဲ့တာကို သူတို့တွေ့ခဲ့ကြပါတယ်။ ဒီရလဒ်ကို မြင်ရတော့ ကျွန်မ မှင်တက်မိသွားတယ်။ ဒါတွေအားလုံးက ကျွန်မရဲ့ တာဝန်မှာ အလေးမထားတဲ့ ဝတ်ကျေတမ်းကျေ လုပ်နည်းကိုင်နည်းကြောင့် မဟုတ်ဘူးလား။ ကျွန်မရဲ့ စိတ်နှလုံးထဲက ခံစားချက်ကို မဖော်ပြနိုင်ပါဘူး။ ဒါက ကျွန်မရင်ဘတ်ပေါ် ကျောက်တုံးတစ်တုံး ဖိထားသလို ခံစားခဲ့ရပြီး အသက်ရှူရတာ ခက်ခဲစေခဲ့တယ်။ နောက်ပိုင်းမှာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် ဒီအပိုဒ်ကို ကျွန်မ ဖတ်ခဲ့တယ်။ “ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်များကို သင် မည်သို့ သဘောထားပြုမူသင့်သည်မှာ အလွန်အရေးကြီးပေသည်။ ဤသည်မှာ အလွန်ကြီးလေးသော ကိစ္စရပ်တစ်ခု ဖြစ်သည်။ ဘုရားသခင်က သင့်ကို အပ်နှံသည့်အရာကို သင် မပြီးမြောက်နိုင်ပါက သင်သည် ကိုယ်တော်၏ မျက်မှောက်တော်တွင် အသက်ရှင်ရန် မထိုက်တန်သည့်အပြင် သင့်အား အပြစ်ဒဏ်ပေးခြင်းကို လက်ခံသင့်သည်။ လူသားများက ဘုရားသခင် ၎င်းတို့အား အပ်နှံသော တာဝန်ပေးစေခိုင်းချက်များကို ပြီးမြောက်အောင် လုပ်ဆောင်ခြင်းသည် လုံးဝ သဘာဝကျပြီး ကျိုးကြောင်းခိုင်လုံမျှတပေသည်။ ဤသည်မှာ လူ၏ အမြင့်ဆုံးသော တာဝန်ဖြစ်ပြီး သူ၏ အသက်နှင့်ပင် ထပ်တူအရေးကြီးသည်။ သင်သည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်များကို ပေါ့ပေါ့တန်တန် သဘောထားပါက ဤသည်မှာ ဘုရားသခင်ကို အဆိုးရွားဆုံး သစ္စာဖောက်ခြင်းပင် ဖြစ်သည်။ ဤသို့ဖြင့် သင်သည် ယုဒထက် ပို၍ ကြေကွဲဝမ်းနည်းဖွယ်ကောင်းပြီး ကျိန်ခြင်းခံရထိုက်ပေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ လူ့သဘာဝကို သိရှိရန် နည်းလမ်း) ဘုရားသခင်ရဲ့ ဒီနှုတ်ကပတ်တော်တွေကို ဖတ်ရင်း ဘုရားသခင်ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားကို ကျွန်မ ခံစားလိုက်ရတယ်။ ကျွန်မရဲ့ တာဝန်ကို သာမန်ကာလျှံကာသဘောထားနဲ့ ချဉ်းကပ်ခဲ့ပြီး အမြဲတမ်း ဝတ်ကျေတမ်းကျေနဲ့ ကလိမ်ကျတဲ့အပြင် ခိုကပ်နေရင် ဒါက ဘုရားသခင်ကို ဆိုးဆိုးရွားရွား သစ္စာဖောက်တာကို ညွှန်ပြခဲ့တာဖြစ်ပြီး ကျွန်မဟာ ဘုရားသခင်ရဲ့ မျက်မှောက်တော်မှာ ရှိနေဖို့ မထိုက်တန်ဘဲ ကျိန်ဆဲတာ၊ အပြစ်ဒဏ်ပေးတာကို ခံထိုက်ပါတယ်။ ကျွန်မ ကြောက်ရွံ့သွားခဲ့ပြီး ကျွန်မဟာ အန္တရာယ်ရှိတဲ့ အနေအထားမှာ ရောက်နေခဲ့တယ်လို့ ခံစားခဲ့ရတယ်။ အသင်းတော်က ကျွန်မကို ဗီဒီယိုတွေ စစ်ဆေးဖို့ စီစဉ်ပေးတာကို တွေးကြည့်တော့ ကျွန်မဟာ အလုပ်ကို စိတ်ရောကိုယ်ပါနှစ်ပြီး ကောင်းကောင်းလုပ်မှာပဲဆိုတဲ့ မျှော်လင့်ချက်နဲ့ပါ။ ဒါပေမဲ့ ကျွန်မက တာဝန်တွေမှာ မယုံရသလို ခိုကပ်ဖို့ နည်းလမ်းတွေ ရှာနေခဲ့တာပါ။ ကျွန်မ နားမလည်ခဲ့တဲ့ ဒါမှမဟုတ် ထွင်းဖောက်မမြင်နိုင်တဲ့ ပြဿနာတွေ ကြုံရတဲ့အခါ အဲဒါတွေကို ဇွဲရှိရှိနဲ့ တွေးဆဖို့ ကျွန်မ ပျက်ကွက်ခဲ့တယ်။ အဲဒီအစား အများကြီး အားစိုက်ထုတ်ဖို့နဲ့ စဉ်းစားဖို့ လိုအပ်တဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့အခါ ကျွန်မက ကိုယ့်အတွက် အပန်းမကြီးအောင် နေဖို့ ရွေးချယ်ခဲ့တယ်၊ ပြီးတော့ ဗီဒီယိုတွေကို ဘေးဖယ်ထားခဲ့တယ်။ ချက်ချင်းရှာဖွေလေ့လာပြီး သင်ယူဖို့ ဒါမှမဟုတ် တခြားအဖွဲ့သားတွေကို လမ်းညွှန်ရအောင် သက်ဆိုင်တဲ့ စည်းမျဉ်းတွေရှာဖို့ ပျက်ကွက်ခဲ့တယ်။ ကျွန်မ တာဝန်တွေကို ကောင်းကောင်း မဖြည့်ဆည်းခဲ့ဘူး။ ကျွန်မ လုပ်ခဲ့တာတွေက ဗီဒီယိုအလုပ်ကို လုံးဝ ဟန့်တားခဲ့ပါတယ်။ ဒီတာဝန်ကို ကျွန်မ စယူခါစတုန်းက ကျွန်မဟာ ဘုရားသခင်ရှေ့မှာ ဒီတာဝန်လုပ်ရတဲ့အခွင့်အရေးကို တန်ဖိုးထားပြီး ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာကို ပြန်ဆပ်ဖို့ သစ္စာစောင့်သိမယ်လို့ ကျွန်မ စိတ်ပိုင်းဖြတ်ခဲ့တာကို ပြန်တွေးမိတယ်။ ဒါပေမဲ့ အခုတော့ ဖြစ်သလို လုပ်လို့ရနိုင်ရင် တာဝန်သိစိတ် တစ်စက်မှ မရှိဘဲ ဖြစ်သလိုလုပ်ခဲ့တယ်။ ဒါက ဘုရားသခင်ကို ပေါ်ပေါ်တင်တင် လှည့်ဖြားတာ မဟုတ်ဘူးလား။ ကျွန်မဟာ ဘုရားသခင်ကိုတကယ်ပဲစိတ်ပျက်စေခဲ့ပြီး ယုံကြည်စိတ်ချလို့ မရခဲ့ဘူး။ ဒီအကြောင်း တွေးမိတော့ ကျွန်မ နောင်တရပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိတယ်။ ပြီးတော့ ဘုရားသခင်ကို ပိုပြီးတောင် အကြွေးတင်သွားခဲ့တယ်။ ကျွန်မ ဘုရားသခင်ကို ငိုရင်း ဆုတောင်းခဲ့တာပေါ့။ “အို ဘုရားသခင်၊ သမီးရဲ့ လုပ်ရပ်တွေက အလုပ်ကို နှောင့်ယှက်ပြီးပြီး အဖျက်အမှောင့်လုပ်ခဲ့တာသက်သက်ပါပဲ။ သမီး နောင်တရချင်ပြီး သမီးတာဝန်အပေါ်ထားတဲ့ သဘောထားကို ပြင်ဆင်ချင်ပါတယ်။ ကျေးဇူးပြုပြီး သမီးကို လမ်းပြပေးပါ”လို့ပေါ့။
နောက်ပိုင်းမှာ ကျွန်မ စပြီး တွေးဆခဲ့တယ်။ အစပိုင်းမှာ ကျွန်မ တာဝန်ကို ကောင်းကောင်း လုပ်ချင်ခဲ့တာ။ ဒါပေမဲ့ ဒါက ဘယ်လိုဖြစ်ပြီး ဒီလို ဖြစ်သွားခဲ့ရတာလဲ။ အဖြေတွေ ရှာဖွေနေတုန်းမှာ ဘုရားသခင်နှုတ်ကပတ်တော် ဒီအပိုဒ်တွေကို ကျွန်မ တွေ့ခဲ့ရတယ်။ “ပျင်းရိသောလူများသည် မည်သည့်အရာကိုမျှ မလုပ်ဆောင်နိုင်ပေ။ ယင်းကို စကားလုံးများဖြင့် အနှစ်ချုပ်လျှင် ၎င်းတို့သည် အသုံးမကျသော လူများဖြစ်သည်။ ၎င်းတို့သည် ဒုတိယတန်းစား ဒုက္ခိတများဖြစ်ကြသည်။ ပျင်းရိသောလူများ၏ အစွမ်းအစသည် မည်မျှကောင်းပါစေ အဆင်တန်ဆာသက်သက်သာဖြစ်သည်။ ၎င်းတို့တွင် အစွမ်းအစကောင်း ရှိသော်လည်း ယင်းမှာ အသုံးမဝင်ပေ။ ၎င်းတို့သည် အလွန်ပျင်းလွန်းကြသည်။ မည်သည့်အရာကို လုပ်သင့်သည်ကို ၎င်းတို့သိသော်ငြားလည်း ၎င်းတို့ မလုပ်ဆောင်ပေ။ ပြီးလျှင် တစ်စုံတစ်ခုက ပြဿနာဖြစ်သည်ကို ၎င်းတို့ သိလျှင်ပင် ဖြေရှင်းရန်အတွက် သမ္မာတရားကို မရှာဖွေကြပေ။ ပြီးလျှင် အလုပ်သည် ထိရောက်မှုရှိရန်အတွက် မည်သည့်ဆင်းရဲဒုက္ခများ ခံသင့်သည်ကို ၎င်းတို့သိကြသော်ငြားလည်း ၎င်းတို့သည် အကျိုးရှိသော ဤဆင်းရဲဒုက္ခများကို ခါးစည်းခံရန် မလိုလားကြသောကြောင့် ၎င်းတို့သည် မည်သည့်သမ္မာတရားများကိုမျှ မရရှိနိုင်ကြဘဲ မည်သည့်တကယ့်အလုပ်ကိုမျှ မလုပ်နိုင်ကြ။ ၎င်းတို့သည် လူများ ခါးစည်းခံသင့်သည့် ဆင်းရဲဒုက္ခများကို ခါးစည်းခံရန် ဆန္ဒမရှိကြ။ ၎င်းတို့သည် ကိုယ်စိတ်ချမ်းသာမှုတွင် ပျော်မွေ့ရန်၊ ဝမ်းမြောက်ခြင်းနှင့် နားနေချိန်တို့ကို ပျော်မွေ့ခံစားရန်နှင့် လွတ်လပ်ပြီး သက်သောင့်သက်သာရှိသော အသက်တာကို ပျော်မွေ့ခံစားရန်တို့ကိုသာ သိကြသည်။ ၎င်းတို့သည် အသုံးမကျကြသည် မဟုတ်လော။ ဆင်းရဲဒုက္ခများကို ခါးစည်းခံနိုင်ခြင်း မရှိသောလူများသည် အသက်ရှင်ရန် မထိုက်တန်ပေ။ ကပ်ပါးကောင်တစ်ကောင်၏ ဘဝကို အစဉ်သဖြင့် အသက်ရှင်နေထိုင်ရန် ဆန္ဒရှိသည့်သူများသည် အသိစိတ်နှင့် ဆင်ခြင်တုံတရား မရှိသည့် လူများဖြစ်သည်။ ၎င်းတို့သည် လူ့တိရစ္ဆာန်များဖြစ်ကြပြီး ထိုသို့သော လူများသည် အလုပ်လုပ်ပေးခြင်းကို ထမ်းဆောင်ရန်ပင် မသင့်တော်ကြချေ။ ၎င်းတို့သည် ဆင်းရဲဒုက္ခကို ခါးစည်းခံနိုင်ခြင်း မရှိသောကြောင့် အလုပ်လုပ်ပေးခြင်းကို ၎င်းတို့ ထမ်းဆောင်သည့်အခါတွင်ပင် ယင်းကို ၎င်းတို့ ကောင်းစွာ လုပ်ဆောင်နိုင်ခြင်း မရှိဘဲ ၎င်းတို့အနေဖြင့် သမ္မာတရားကို ရရှိရန် ဆန္ဒရှိလျှင်ပင် ယင်းအတွက် မျှော်လင့်ချက် သာ၍ပင် နည်းပါးလေသည်။ ဆင်းရဲဒုက္ခကို မခံနိုင်ဘဲ သမ္မာတရားကို မချစ်သောသူတစ်ဦးသည် အသုံးမကျသောသူတစ်ဦး ဖြစ်သည်။ ၎င်းသည် အလုပ်လုပ်ပေးခြင်းကို ထမ်းဆောင်ရန်ပင် အရည်အချင်းပြည့်မီခြင်း မရှိ။ ၎င်းတို့သည် လူ့သဘာဝ တစ်စက်မျှမရှိသည့် လူ့တိရစ္ဆာန်ဖြစ်သည်။ ထိုသို့သောလူများကို ဖယ်ရှားရှင်းလင်းရမည်ဖြစ်သည်။ ဤအရာသည်သာ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့်အညီ ဖြစ်လေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၈)) “သင်သည် ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်း၊ ပြီးလျှင် အနည်းငယ်သော အသွေးအသား နှစ်သိမ့်မှုဖြင့် စာတန်၏ စွမ်းအားအောက်တွင် အသက်ရှင်ဖို့ တင်းတိမ်ရောင့်ရဲနေသလော။ သင်သည် လူအားလုံးတွင် အနိမ့်ကျဆုံးဖြစ်သည် မဟုတ်လော။ ကယ်တင်ခြင်းကို ရှုမြင်ပြီးသော်လည်း ယင်းကို ရရှိရန် မလိုက်စားသောသူတို့ထက် မည်သူမျှ သာ၍ မမိုက်မဲပေ။ ဤသည်တို့မှာ ဇာတိပကတိကို အလိုလိုက်ပြီး စာတန်ကို မွေ့လျော်သူများ ဖြစ်သည်။ ဘုရားသခင်၌ သင်၏ ယုံကြည်ခြင်းသည် မည်သည့်အခက်အခဲများ သို့မဟုတ် အတိဒုက္ခများ သို့မဟုတ် ဆင်းရဲဒုက္ခ အနည်းငယ်ကိုမျှ ဖြစ်ပေါ်စေမည်မဟုတ်ဟု သင်မျှော်လင့်သည်။ သင်သည် တန်ဖိုးမရှိသော ထိုအရာများကို အမြဲလိုက်စားပြီး၊ အသက်ကို တန်ဖိုးမထားပေ၊ ထိုအစား သင်၏ ကိုယ်ပိုင် လွန်ကဲသော အတွေးများကို သမ္မာတရားရှေ့မှောက်သို့ ထားရှိလေသည်။ သင်သည် အလွန်တန်ဖိုးမရှိပါတကား။ သင်သည် ဝက်တစ်ကောင်ကဲ့သို့ အသက်ရှင်၏။ သင်နှင့် ဝက်များ၊ ခွေးများကြားတွင် မည်သည့် ကွာခြားချက် ရှိပါသနည်း။ သမ္မာတရားကို မလိုက်စားဘဲ ယင်းအစား ဇာတိပကတိကို နှစ်သက်သူများ အားလုံးသည် သားရဲများ ဖြစ်ကြသည်မဟုတ်လော။ ဝိညာဉ်မရှိသော ဤအသေကောင်များ အားလုံးသည် လမ်းလျှောက် နေသည့် အလောင်းကောင်များ မဟုတ်ပေလော။ သင်တို့အလယ်တွင် နှုတ်ကပတ်တော်ပေါင်းမည်မျှ ပြောပြီးပြီနည်း။ သင်တို့အလယ်တွင် အနည်းငယ်သော အမှုကိုသာ လုပ်ဆောင်ပြီးလေပြီလော။ သင်တို့အလယ်တွင် ငါမည်မျှ ထောက်ပံ့ပေးပြီးပြီနည်း။ သို့ဆိုလျှင် သင်သည် အဘယ်ကြောင့် ယင်းကို မရရှိသေးသနည်း။ သင်သည် စောဒကတက်စရာ မည်သည့်အရာ ရှိသနည်း။ သင်သည် ဇာတိပကတိကို အလွန်နှစ်သက်သောကြောင့်၊ မည်သည့်အရာမျှ မရလေပြီမှာ ဟုတ်သည် မဟုတ်လော။ ပြီးလျှင် သင်၏အတွေးများက လွန်ကဲလွန်းသောကြောင့် ဖြစ်သည် မဟုတ်လော။ သင်သည် အလွန်မိုက်မဲလွန်းသောကြောင့် ဖြစ်သည် မဟုတ်လော။ ဤကောင်းချီးမင်္ဂလာများကို သင်သည် ရယူနိုင်စွမ်းမရှိပါက၊ သင့်ကို မကယ်တင်ခြင်းအတွက် ဘုရားသခင်ကို သင် အပြစ်တင်နိုင်သလော။...အပြန်အလှန်အနေဖြင့် မည်သည့်အရာကိုမျှ မတောင်းဆိုဘဲ၊ စစ်မှန်သော လမ်းခရီးကို သင့်အား ငါပေးခဲ့သည်၊ သို့သော် သင်သည် မလိုက်စားပေ။ သင်သည် ဘုရားသခင်ကို ယုံကြည်သော သူများထဲမှ တစ်ဦးလော။ ငါသည် သင့်အပေါ် စစ်မှန်သော လူ့အသက်တာကို အပ်နှင်းသော်လည်း၊ သင်သည် မလိုက်စားပေ။ သင်သည် ဝက်များ၊ ခွေးများနှင့် မည်သည့် ကွာခြားမှုမျှမရှိသလော။ ဝက်များသည် လူ့အသက်တာကို မလိုက်စားကြပေ၊ ၎င်းတို့သည် သန့်ရှင်းစေခြင်းကို မလိုက်စားသကဲ့သို့၊ အသက်တာက မည်သည့်အရာဖြစ်သည်ကို ၎င်းတို့နားမလည်ကြပေ။ နေ့စဉ်တွင် ၎င်းတို့ ဝသည်ထိစားပြီးနောက်၊ ၎င်းတို့ အိပ်ရုံသာပြုကြသည်။ ငါသည် သင့်အား မှန်သော လမ်းခရီးကို ပေးပြီးဖြစ်သော်လည်း၊ သင်သည် ယင်းကို မရယူသေးပေ။ သင်သည် လက်ချည်းသက်သက် ဖြစ်ပေသည်။ သင်သည် ဤဘဝမျိုး၊ ဝက်တစ်ကောင်၏ဘဝမျိုးတွင် ဆက်လက် အသက်ရှင်ရန် လိုလားနေပါသလော။ ထိုသို့သောလူများ အသက်ရှင်ခြင်း၏ အရေးပါမှုမှာ အဘယ်နည်း။ သင်၏ အသက်တာသည် အထင်သေးဖွယ် ဖြစ်သကဲ့သို့ ရှက်ဖွယ်ဖြစ်သည်၊ သင်သည် ညစ်ညမ်းမှုနှင့် ကိုယ်ကျင့်သိက္ခာ ကင်းမဲ့မှုအလယ်တွင် အသက်ရှင်ပြီး၊ သင်သည် မည်သည့် ရည်မှန်းချက်များကိုမျှ မလိုက်စားပေ။ သင့်ဘဝသည် အားလုံးထဲတွင် ရှက်ဖွယ်အကောင်းဆုံး ဖြစ်သည်မဟုတ်လော။ ဘုရားသခင်ကို သင်ရင်ဆိုင်ဝံ့သလော။ ဤနည်းဖြင့် သင် ဆက်လက် တွေ့ကြုံပါက၊ သင်သည် မည်သည့်အရာကိုမျှ မရရှိဘဲ ဖြစ်လိမ့်မည် မဟုတ်လော။ သင့်ထံ မှန်ကန်သောလမ်းခရီးကို ပေးထားပြီး ဖြစ်သော်လည်း၊ နောက်ဆုံးတွင် သင်သည် ယင်းကို ရရှိနိုင်ခြင်း ရှိမရှိဆိုသည်မှာ သင်၏ ကိုယ်ရေးကိုယ်တာ လိုက်စားမှုအပေါ် မူတည်ပေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ပေတရု၏ အတွေ့အကြုံများ- ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် သူ၏အသိပညာ) အရင်တုန်းက၊ ကျွန်မ ကိုယ့်ကိုယ်ကိုယ် “အသုံးမကျသူ” ဒါမှမဟုတ် “ကပ်ပါးကောင်” ဆိုတဲ့ စကားလုံးတွေနဲ့ ဘယ်တော့မှ ယှဉ်မတွေးမိခဲ့ဘူး။ ဘုရားသခင်ရဲ့ အမြင်မှာ ကျွန်မရဲ့ အပြုအမူက လမ်းလျှောက်နေတဲ့ အလောင်းကောင်နဲ့ တူနိုင်ပြီး ကျွန်မနဲ့ ဝက်တွေ၊ ခွေးတွေကြား ဘာမှ ကွဲပြားမှုမရှိဘူးဆိုတာမျိုးကို ပိုလို့တောင် မတွေးခဲ့မိပါ။ ဒီသဘောပေါက်မှုက ဝမ်းနည်းကြေကွဲဖို့ကောင်းပြီး စိတ်မကောင်းစရာပါပဲ။ ဒါပေမဲ့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေ ဖော်ထုတ်ခဲ့တာက ကျွန်မရဲ့ အပြုအမူ အတိအကျပါပဲ။ ကျွန်မဟာ ကိုယ်ခန္ဓာ သက်သာမှုမှာပျော်မွေ့တာကို ကျွန်မရဲ့ ပန်းတိုင်အဖြစ် သဘောထားပြုမူနေခဲ့ပြီး အမြဲတမ်း လွယ်ကူပြီးအေးဆေးတဲ့ ဘဝကို နေထိုင်ဖို့ လိုက်စားခဲ့တယ်။ ကျွန်မတာဝန်မှာ အားထုတ်မှုနဲ့ အဖိုးအခ ပေးဆပ်ဖို့ လိုအပ်ခဲ့တဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့အခါ ကျွန်မဟာ စဉ်းလဲမှုနဲ့ပျင်းရိမှုကို ကျင့်သုံးခဲ့တယ်။ ကျွန်မဟာ ပြီးစလွယ် ဖြစ်သလိုလုပ်ခဲ့တယ်၊ ဒါမှမဟုတ် ဗီဒီယိုတွေကို လျစ်လျူရှုပြီး ဘာမှမလုပ်ဘဲ ပစ်ထားခဲ့တယ်၊ အားစိုက်ထုတ်ရတာ နည်းတဲ့ဟာမှန်သမျှ လုပ်ခဲ့တယ်။ ကျွန်မ တာဝန်တွေကို ကောင်းကောင်း ဖြည့်ဆည်းဖို့ ပျက်ကွက်ခဲ့ပြီး အလုပ်မှာ နှောင့်နှေးမှုတွေ ဖြစ်စေခဲ့တယ်။ ကျွန်မက တခြားသူတွေအပေါ် မှီခိုနေတဲ့ အသုံးမကျသူ၊ ကပ်ပါးတစ်ကောင် အတိအကျ ဖြစ်မနေဘူးလား။ ဒီအခြေအနေကို ကျွန်မ ရောက်သွားခဲ့ရတာဟာ “တိုတောင်းတဲ့ဘဝမှာ၊ ပျော်နိုင်တုန်း ပျော်ပျော်နေ”၊ “ယနေ့ လုပ်စရာရှိတာ လုပ်” နဲ့ “အသက်ရှင်နေတုန်း ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်” စတဲ့ စာတန်ဆန်တဲ့ အဆိပ်အတောက်တွေနဲ့ အဆိပ်သင့်ပြီး လွှမ်းမိုးခံခဲ့ရလို့ပါပဲ။ ဒီအဆိပ်ရှိတဲ့ အတွေးအခေါ်တွေက ကျွန်မကို အရာရာထက် ကိုယ်ခန္ဓာ သက်သာမှုကို ဦးစားပေးစေခဲ့တယ်။ ကျွန်မ ပင်ပန်းနွမ်းနယ်တာ ဒါမှမဟုတ် ဖိစီးတာ မဖြစ်ရအောင်ပဲ သေချာစေခဲ့တယ်။ ကျွန်မ တာဝန်တွေနဲ့ ဝတ္တရားတွေကို ကောင်းကောင်း ဖြည့်ဆည်းခဲ့တာမျိုး ရှိမရှိ၊ ဒါမှမဟုတ် ကျွန်မ တာဝန်ထမ်းဆောင်တဲ့ပုံစံကို ဘုရားသခင်က အသိအမှတ်ပြုတာမျိုး ရှိမရှိဆိုတာကိုတော့ ကျွန်မ လုံးဝ ဂရုမစိုက်ခဲ့ဘူး။ ဒီအဆိပ်အတောက်တွေနဲ့ အသက်ရှင်နေထိုင်တာက ကျွန်မကို ပိုလို့ တစ်ကိုယ်ကောင်းဆန်စေခဲ့၊ ယုတ်ညံ့စေခဲ့ပြီး အပြုသဘောဆောင်တဲ့အရာတွေကို လိုက်စားဖို့ သန္နိဌာန် တစ်စက်မှ မရှိတော့ဘူး။ ဒီချဉ်းကပ်မှုက ကျွန်မအတွက် ဘဝကို ပိုလွယ်ကူစေခဲ့ပေမဲ့ ဘာတိုးတက်မှု၊ ဘာအကျိုးအမြတ်မှ မရခဲ့ပါဘူး။ အဲဒီအစား ဒါက အလုပ်ကို ဟန့်တားခဲ့ပြီး ပြစ်မှားခြင်းကို ဖြစ်စေခဲ့တယ်။ ကိုယ်ခန္ဓာ သက်သာမှုကို မွေ့လျော်တာက ကျွန်မကိုယ်ကျွန်မ ဖျက်ဆီးတာနဲ့ တူတူပဲ။
နောက်ပိုင်းမှာ အဖွဲ့ခေါင်းဆောင်အနေနဲ့ ကျွန်မ ရွေးချယ်ခံခဲ့ရတယ်။ အဲဒီအချိန်မှာ ညီအစ်မနှစ်ယောက်က ဗီဒီယိုလုပ်တာကို လေ့ကျင့်ခါစပဲ ရှိသေးတယ်။ ကျွန်မကိုယ်တိုင် ဗီဒီယိုတွေ လုပ်တဲ့အပြင် ကျွန်မဟာ သူတို့ရဲ့ အလုပ်ကို နည်းပြပေးခဲ့ရပြီး၊ အဖွဲ့ရဲ့ အလုပ်ကိုလည်း အဘက်ဘက်က စီမံခန့်ခွဲခဲ့ရပါတယ်။ တစ်ခါတလေ ဗီဒီယိုတချို့မှာ ပြဿနာတွေ ရှုပ်ထွေးနေတာကို မြင်ရတဲ့အခါ ဖြတ်လမ်းလိုက်ဖို့ကို ကျွန်မ တွေးမိပြန်တယ်။ ကျွန်မ တွေးတာပေါ့။ “ပြဿနာတစ်ခုချင်းစီအတွက် စည်းမျဉ်းတွေကို ငါ ရှာဖွေပြီးတွေးဆရင် အများကြီးတွေးဖို့ လိုမှာပဲ။ ဒီလက်ရှိအလုပ်တွေ အားလုံးကို ဘယ်တော့များမှပြီးအောင် ငါလုပ်နိုင်မှာလဲ။ ဒီအကြောင်းတွေးလိုက်တာနဲ့ကို ကျွန်မ ပင်ပန်းနွမ်းနယ်မှု ခံစားခဲ့ရတယ်။ ဒါဟာ ဒုက္ခများလွန်းတယ်။ ငါ အရမ်း အသေးစိတ် မလုပ်သင့်ဘူးထင်တယ်။ ဒါက လက်ခံနိုင်လောက်စရာ ဖြစ်နေသရွေ့ရတယ်”လို့ပေါ့။ ကိုယ်ခန္ဓာ သက်သာမှုကို ကျွန်မ ထပ်ပြီး လိုက်စားနေပြန်ပြီဆိုတာ ကျွန်မ နားလည်ခဲ့တယ်။ နောဧရဲ့ တာဝန်အပေါ်ထားတဲ့ သဘောထားကို ပြန်သတိရရင်း ဆီလျော်တဲ့ ဘုရားသခင်နှုတ်ကပတ်တော်တွေကို ကျွန်မ ရှာဖတ်ခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “ဘုရားသခင်က နောဧအား သင်္ဘောတည်ဆောက်ခြင်းကို အပ်နှံခဲ့သည့် အချိန်မှစ၍ နောဧသည် မည်သည့်အချိန်၌မျှ ‘ဘုရားသခင်က ကမ္ဘာကြီးကို မည်သည့်အချိန်တွင် ဖျက်ဆီးမည်နည်း။ သူသည် ထိုသို့လုပ်ဆောင်မည်ဟု မည်သည့်အချိန်တွင် အချက်ပြမည်နည်း’ ဟု သူ့ဘာသာသူ မစဉ်းစားခဲ့ချေ။ ထိုသို့သော အကြောင်းအရာများကို တွေးဆနေမည့်အစား နောဧသည် ဘုရားသခင်က သူ့ကို ပြောသည့်အရာရာတစ်ခုချင်းစီကို အလေးအနက်ထား၍ နှလုံးသွင်းခဲ့ပြီး ထို့နောက် တစ်ခုချင်းစီကို ဆောင်ရွက်ခဲ့သည်။ ဘုရားသခင်က သူ့အား တာဝန်ပေးစေခိုင်းခဲ့သောအရာကို လက်ခံပြီးနောက် နောဧသည် ဘုရားသခင် ပြောသည့် သင်္ဘောတည်ဆောက်ခြင်းကို သူ၏ နောက်ပိုင်းဘဝတစ်လျှောက်လုံးတွင် အရေးအကြီးဆုံးသောအရာအဖြစ် သတ်မှတ်၍ လုပ်ဆောင်ကာ အကောင်အထည်ဖော်ခဲ့ပြီး ပေါ့ဆလိုသည့်သဘော စိုးစဉ်းမျှပင် မရှိချေ။ နေ့ရက်များ ကျော်ဖြတ်ကာ နှစ်များကုန်လွန်လျက် တစ်ရက်ပြီးတစ်ရက် တစ်နှစ်ပြီးတစ်နှစ် ကုန်လွန်ခဲ့သည်။ ဘုရားသခင်သည် နောဧကို မကြီးကြပ်ခဲ့သော်လည်း၊ သို့မဟုတ် မလှုံ့ဆော်ခဲ့သော်လည်း နောဧသည် သူ့အား ဘုရားသခင်တာဝန်ပေးစေခိုင်းထားသော အရေးကြီးဆုံးအလုပ်၌ ဤအချိန်ကာလတစ်လျှောက်လုံး မဆုတ်မနစ်ကြိုးပမ်းခဲ့သည်။ ဘုရားသခင် မိန့်မြွက်ပြီးသော စကားလုံးတိုင်းနှင့် စကားစုတိုင်းကို ကျောက်ပြားပေါ်တွင် ထွင်းထုထားသော စာလုံးများကဲ့သို့ နောဧ၏ နှလုံးသားထက်တွင် ရေးထိုးထားခဲ့လေသည်။ သူသည် ပြင်ပလောကရှိ အပြောင်းအလဲများ၊ သူ၏ပတ်ဝန်းကျင်၌ ရှိသောသူတို့၏ လှောင်ပြောင်သရော်မှု၊ ပါဝင်သည့် ခက်ခဲမှု၊ သို့မဟုတ် သူကြုံတွေ့ရသော အခက်အခဲများကို မမှုဘဲ သူ့အား ဘုရားသခင်တာဝန်ပေးစေခိုင်းထားခဲ့သော အရာ၌ မည်သည့်အခါမျှ စိတ်ဓာတ်ကျခြင်းမရှိ သို့မဟုတ် လက်လျှော့ဖို့ စိတ်ကူးမရှိဘဲ တစ်ချိန်လုံး အပတ်တကုတ်ကြိုးစားခဲ့သည်။ ဘုရားသခင်၏ စကားများကို နောဧ၏နှလုံးသားပေါ်၌ ရေးထိုးထားခဲ့ပြီး နောဧသည် ယင်းတို့ကို သူ၏ နေ့စဉ်အသက်တာ၌ ဆောင်ရွက်ခဲ့သည်။...နောဧ၏ စိတ်နှလုံးထဲတွင် ဘုရားနှုတ်ကပတ်တော်များသည် သူလိုက်နာသင့်ပြီး လုပ်ဆောင်သင့်သော အမြင့်ဆုံးသော ညွှန်ကြားချက်ဖြစ်ပြီး ယင်းတို့သည် သူ၏ တစ်ဘဝလုံး လိုက်စားခဲ့သော ပန်းတိုင်နှင့် ဦးတည်ချက် ဖြစ်ခဲ့သည်။ ထို့ကြောင့် ဘုရားသခင်က သူ့အား မည်သည့်အရာကို ပြောခဲ့သည်ဖြစ်စေ၊ ဘုရားသခင်က သူ လုပ်ဆောင်ရန် မည်သည့်အရာကို ခိုင်းစေခဲ့သည်ဖြစ်စေ၊ အမိန့်ပေးခဲ့သည်ဖြစ်စေ နောဧက အပြည့်အဝလက်ခံခဲ့သည်။ ပြီးလျှင် စိတ်ထဲ မှတ်သားထားကာ သူ့ဘဝ၏ အရေးအကြီးဆုံးအရာအဖြစ် သဘောထား၍ ထိုအတိုင်း ကိုင်တွယ်လေသည်။ သူသည် မမေ့လျော့ရုံသာမက၊ ယင်းကို သူ၏စိတ်ထဲတွင် အလေးအနက်ထားရုံမျှမက ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို သူ၏ အသက်ဖြင့် လက်ခံပြီး ဆောင်ရွက်လျက် ယင်းကို သူ၏ နေ့စဉ်အသက်တာ၌လည်း အကောင်အထည် ဖော်ခဲ့လေသည်။ ဤသို့ဖြင့် ပျဉ်ပြားတစ်ချပ်ပြီးတစ်ချပ်ဖြင့် သင်္ဘောကို ဆောက်လုပ်ခဲ့သည်။ နောဧ၏ လှုပ်ရှားမှုတိုင်း၊ သူ၏ နေ့ရက်စဉ်တိုင်းကို ဘုရားသခင်၏ မိန့်မှာချက်များနှင့် စကားများအတွက် ရည်စူးထားခဲ့သည်။ အပြင်ပန်းကြည့်လျှင် နောဧသည် ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်စေအောင် ကြီးကျယ်သော တာဝန်တစ်ရပ်ကို ထမ်းဆောင်နေသည့်ပုံ ပေါက်ကောင်းပေါက်မည် မဟုတ်သော်လည်း ဘုရားသခင်၏ အမြင်တွင်ကား နောဧ၏ လှုပ်ရှားမှုတိုင်း၊ သူလျှောက်ခဲ့သော ခြေလှမ်းတိုင်းဖြင့် ပြီးမြောက်အောင် ကြိုးစားခဲ့သော အရာရာတိုင်း၊ သူ့လက်အားဖြင့် လုပ်ဆောင်သည့် အားထုတ်မှုတိုင်းသည်ပင်၊ ၎င်းတို့အားလုံးမှာ အဖိုးတန်ပြီး အမှတ်ရထိုက်ကာ ဤလူသားမျိုးနွယ်က အတုယူထိုက်လေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ နောက်ဆက်တွဲ ၂- နောဧနှင့် အာဗြဟံတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နာခံခဲ့ပြီး သူ့ကို ကျိုးနွံနာခံခဲ့ပုံ (အပိုင်း ၁)) နောဧရဲ့ သူ့တာဝန်အပေါ်ထားတဲ့ သဘောထားက ကျွန်မကို ရှက်ရွံ့စေခဲ့တယ်။ သင်္ဘောကြီးဆောက်ဖို့ ဘယ်လောက်ပဲ ခက်ခဲခဲ့ပါစေ၊ ဘယ်လို အနစ်နာခံမှုတွေ လိုအပ်ခဲ့ပါစေ နောဧစိတ်ထဲမှာ ရည်မှန်းချက်တစ်ခုပဲ ရှိခဲ့ပါတယ်။ ဘုရားသခင်ရဲ့ တာဝန်ပေးစေခိုင်းချက်ကို ကောင်းကောင်းမွန်မွန် ဖြည့်ဆည်းပြီး သူ့ကို ကျေနပ်စေဖို့ပါပဲ။ ဒီရည်မှန်းချက်ကို အောင်မြင်ဖို့ နောဧဟာ တကယ်ကို ဆင်းရဲဒုက္ခကို ခါးစည်းခံခဲ့ပြီး အဖိုးအခတစ်ခု ပေးဆပ်ခဲ့တယ်။ လိုအပ်တဲ့ ပစ္စည်းတွေ အားလုံးကို ရှာဖွေစုဆောင်းပြီး တူတစ်ခု၊ ဆောက်တစ်ခုနဲ့ သင်္ဘောကို တစ်စချင်းစီ တည်ဆောက်ခဲ့တယ်။ နှစ်ပေါင်း ၁၂၀ ကြာအောင် မဆုတ်မနစ်ကြိုးပမ်းခဲ့တယ်။ နောဧရဲ့ အတွေ့အကြုံက ကျွန်မကို နက်နက်ရှိုင်းရှိုင်း လှုံ့ဆော်ပေးခဲ့တယ်။ ကျွန်မ သက်သာမှုကို ဆက်မလိုက်စားနိုင်တော့တဲ့အပြင် ကိုယ့်တာဝန်ကို ဝတ်ကျေတမ်းကျေ ဆက်ပြီး သဘောမထားနိုင်တော့ပါဘူး။ ကျွန်မဟာ ဆုတောင်းပြီး ဘုရားသခင်ကို ကိုးစားဖို့နဲ့ နောဧရဲ့ တာဝန်အပေါ်ထားတဲ့ သဘောထားကို အတုယူဖို့ လိုအပ်ခဲ့တယ်။ ကျွန်မရဲ့ တာဝန်ထမ်းဆောင်ရာမှာ ဘယ်လို အခက်အခဲတွေဖြစ်ဖြစ် ဒါမှမဟုတ် ဘယ်လို အဖိုးအခတွေဖြစ်ဖြစ်၊ ကျွန်မ အစွမ်းကုန် ထမ်းဆောင်ဖို့ လိုအပ်ခဲ့တယ်။ အဲဒီနောက်မှာ ကျွန်မရဲ့ အခြေအနေကို ဘုရားသခင်ရှေ့မှာ ဆုတောင်းခြင်းအားဖြင့် တင်ပြခဲ့တယ်။ တစ်ခါတလေ ဗီဒီယိုတချို့မှာ ပြဿနာတွေ အများကြီး ကျွန်မ တွေ့ခဲ့တဲ့အခါ ကျွန်မက အရင်ဆုံး စည်းမျဉ်းတွေကို အသုံးချပြီး သေချာ တွေးဆတယ်။ ပြီးတော့ ကျွန်မရဲ့ လုပ်ဖော်ကိုင်ဖက်နဲ့ ဆွေးနွေးတယ်။ ပြီးမှ ညီအစ်ကိုမောင်နှမတွေနဲ့ ဆွေးနွေးပြောဆိုပါတယ်။ ဗီဒီယိုတချို့မှာ ရှုပ်ထွေးတဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့အခါမှာ အဲဒါတွေကို မသိကျိုးကျွန်ပြုမယ့်အစား ဖြေရှင်းချက်တွေကို လေ့လာဖို့နဲ့ရှာဖို့ အချက်အလက်တွေ ကျွန်မရှာဖွေတယ်။ ညီအစ်ကိုမောင်နှမတွေနဲ့ လက်တွေ့လုပ်ဆောင်ဖို့လမ်းကြောင်းတွေအတွက် ကျွန်မ အစွမ်းကုန် မိတ်သဟာယပြုခဲ့တယ်။ အလုပ်တစ်ခုလုံးကို စီမံခန့်ခွဲရာမှာလည်း ကျွန်မဟာ ကဏ္ဍအားလုံး ခြုံငုံကြည့်နိုင်ဖို့ အစွမ်းကုန် ကြိုးစားခဲ့တယ်။ အလုပ်မှာ ကျွန်မတို့ထိတွေ့ရတဲ့ ဘယ်လိုသွေဖည်မှုတွေဖြစ်ဖြစ် ဒါမှမဟုတ် ဘယ်လိုပြဿနာတွေပဲဖြစ်ဖြစ် ဖြေရှင်းဖို့ ကျွန်မရဲ့ အလုပ်ဖော်နဲ့ ဆွေးနွေးပြောဆိုခဲ့တယ်။ ဒီလိုနည်းနဲ့ အလုပ်ကို ကာလတစ်ခုကြာ လုပ်ဆောင်ပြီးတဲ့နောက်မှာတော့ ညီအစ်မရော ကျွန်မပါ တိုးတက်မှုတချို့ ရခဲ့ကြတယ်။ အရင်က ကျွန်မဟာ စည်းမျဉ်းတချို့ကို အပေါ်ယံပဲ နားလည်ခဲ့တာပါ။ ဒါပေမဲ့ ညီအစ်ကိုမောင်နှမတွေနဲ့ မိတ်သဟာယပြုတာကနေတစ်ဆင့် ဒီပြဿနာတွေမှာ ပိုနက်ရှိုင်းတဲ့ ထိုးထွင်းအမြင်တွေ ရရှိခဲ့တယ်။ ဒါက ကျွန်မရဲ့ လုပ်ငန်းပိုင်းဆိုင်ရာ ကျွမ်းကျင်မှုတွေကို တိုးတက်အောင် ကူညီပေးခဲ့တယ်။ ကျွန်မရဲ့ တာဝန်မှာ အရင်ကထက် ပိုပြီး ဝန်တာထားတဲ့စိတ်ကိုလည်း ခံစားခဲ့ရတယ်။ အဲဒီအခါမှ ကျွန်မ သဘောပေါက်ခဲ့တာက ကျွန်မတို့ တာဝန်ထမ်းဆောင်တဲ့ လုပ်ငန်းစဉ်ကနေတစ်ဆင့် ဘုရားသခင်က ကျွန်မတို့ကို သမ္မာတရားစည်းမျဉ်းတွေကို နည်းနည်းချင်း နားလည်အောင် ဉာဏ်ပွင့်စေပြီး လမ်းပြပါတယ်။ ကျွန်မတို့ကို လက်တွေ့လုပ်ဆောင်ဖို့ ဝန်ထုပ်တွေနဲ့အခွင့်အရေးတွေ ပေးတယ်။ ကျွန်မတို့ရဲ့ ခန္ဓာကိုယ် နည်းနည်း ပင်ပန်းဆင်းရဲရနိုင်ပေမဲ့ နောက်ဆုံးမှာတော့ ဒါကနေ အကျိုးခံစားရတဲ့သူတွေက ကျွန်မတို့ပါ။ ဘုရားသခင် ကျေးဇူးတော်ပါပဲ။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
၂၀၂၃ခုနှစ် ဇူလိုင်လမှာ ကျွန်မက အသင်းတော်အတွက် ဗီဒီယိုတွေ ဖန်တီးနေခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်မက သိပ်ကြာကြာ မလေ့ကျင့်ခဲ့တော့ ကျွန်မ နည်းပညာပိုင်း...
လင်ရွမ်း စပိန်နိုင်ငံအသင်းတော်မှာ ကျွန်မတာဝန်က အထူးပြုလုပ်ချက်တွေ ဖန်တီးရတာပါ။ ထုတ်လုပ်ရေးလုပ်နေတဲ့အတောအတွင်းမှာ တော်တော်ခက်တဲ့...
ကျန်လင်း စပိန်နိုင်ငံ ပြီးခဲ့တဲ့နှစ်က၊ ဂရပ်ဖစ်ဒီဇိုင်းတာဝန်ကို ကျွန်မယူခဲ့ပြီး တခြားလူတချို့ရဲ့ အလုပ်အတွက်လည်း တာဝန်ယူခဲ့တယ်။ ပထမတော့၊...
ရှင်းကျိ အီတလီနိုင်ငံ ၂၀၂၁ခုနှစ်၊ အောက်တိုဘာမှာ လူသစ်တွေကို ရေလောင်းတာကို ကျွန်မ စလေ့ကျင့်တယ်။ တစ်ပတ်ကြာတော့ ကျွန်မ သင်ရမှာတွေ...