ငြူစူသော သဘောမူကား၊ အရိုး ဆွေးမြည့်ခြင်းအကြောင်းဖြစ်၏

16.02.2022

ဆုဝမ် တရုတ်နိုင်ငံ

၂၀၂၀ ခုနှစ် နိုဝင်ဘာလမှာ၊ ရေလောင်းအဖွဲ့ ခေါင်းဆောင်အနေနဲ့ ကျွန်မ အရွေးခံရတယ်၊ ကျွန်မ အရမ်းပျော်မိခဲ့တယ်။ အဖွဲ့ခေါင်းဆောင်အနေနဲ့ ရွေးခံရတော့၊ သမ္မာတရားကို ကျွန်မ နားလည်တယ်၊ တခြားလူတွေထက် အသက်ဝင်ရောက်မှု ပိုကောင်းသလို ခံစားရတယ်။ ကျွန်မကို လူတိုင်း အထင်ကြီးအောင် ကိုယ့်တာဝန်ကို ကောင်းကောင်းလုပ်ချင်မိတယ်။ ခဏကြာတော့၊ တိုးတက်မှုတချို့ ကျွန်မ စဖြစ်စေခဲ့ပြီး၊ ညီအစ်ကို မောင်နှမတွေက ကျွန်မရဲ့ မိတ်သဟာယ ရှင်းလင်းတယ်၊ ပြဿနာတချို့ကို ဖြေရှင်းနိုင်တယ်လို့ ပြောကြတယ်။ ဒီချီးမွမ်းမှုက ကျွန်မကို ကိုယ့်ကိုယ်ကိုယ် တကယ် ကျေနပ်သွားစေတယ်။ ဒါပေမဲ့ တစ်လကြာပြီးတဲ့နောက်မှာ၊ အစ်မယုရောက်လာတော့ အရာရာ ပြောင်းလဲသွားတယ်။ သူက အရင်က ခေါင်းဆောင်ဖြစ်ခဲ့တာလေ၊ အမြင်ပွင့်စေတဲ့ မိတ်သဟာယ၊ အစွမ်းအစကောင်းနဲ့ အလုပ်ကျွမ်းကျင်မှု ရှိတယ်။ သူရောက်လာတာနဲ့ချက်ချင်း ကျွန်မတို့အလုပ်မှာ ပြဿနာတချို့ရှိတာကို မြင်သွားပြီး၊ ကိစ္စတွေနဲ့ပတ်သက်လို့ မိတ်သဟာယပြုဖို့ ဘုရားနှုတ်ကပတ်တော်တွေကို အမြန်ရှာတယ်။ နည်းနည်းကြာတော့၊ ညီအစ်ကို မောင်နှမတွေက မိတ်သဟာယအတွက် သူ့ကို ရှာကြတာတွေ့ရပြီး၊ ကျွန်မ စိတ်အနှောင့်အယှက် စဖြစ်လာတယ်။ ကျွန်မက အဖွဲ့ခေါင်းဆောင် ဖြစ်ခဲ့တော့၊ ကျွန်မရဲ့ ပြဿနာ ဖြေရှင်းနိုင်စွမ်းက သူ့ကို မမီရင်၊ သူတို့ ကျွန်မကို ဘာများထင်ကြမလဲ။ ကျွန်မက အဖွဲ့ခေါင်းဆောင်ကောင်း မဟုတ်ဘူး၊ ပြဿနာတွေကို မဖြေရှင်းနိုင်ဘူးလို့ ထင်ကြမလားပေါ့။ ဒီအတွေးက တကယ်ကို စိတ်အနှောင့်အယှက်ဖြစ်စရာဖြစ်ပြီး၊ အစ်မယုအပေါ် အမြင်စောင်းစေခဲ့တယ်။ သူက ပြစားနေပြီး ကျွန်မကို အဖွဲ့ခေါင်းဆောင်အနေနဲ့ မလေးစားဘူး၊ သူက တမင် ကျွန်မကို စိတ်အနှောင့်အယှက်ပေးနေသလို ခံစားရတယ်။ ကျွန်မ တွေးနေမိတာက အရင်တုန်းက သူ ခေါင်းဆောင်တစ်ယောက်ဖြစ်ပြီး အတွေ့အကြုံတချို့ရှိခဲ့ပေမဲ့၊ ကျွန်မအစွမ်းအစကလည်း မဆိုးဘူးဆိုတော့ သူ ကျွန်မထက်သာအောင် မလုပ်နိုင်ပါဘူးပေါ့။ သိက္ခာဆယ်ဖို့၊ စုဝေးပွဲတွေမှာ ဘုရားနှုတ်ကပတ်တော်တွေကို တွေးဆဖို့၊ သူ့ကို မိတ်သဟာယပြုဖို့ ကြိုးစားခဲ့တယ်။ ညီအစ်ကို မောင်နှမတွေက ပြဿနာတွေ ကြုံရတဲ့အခါ၊ ဖြေရှင်းဖို့ ဘုရားနှုတ်ကပတ်တော်တွေကို ကြိုးစားပြီး ရှာတယ်။ ဘယ်သူ့မှာ သမ္မာတရား စစ်မှန်မှု တကယ်ရှိလဲဆိုတာကို တခြားလူတွေ တွေ့နိုင်အောင် ကျွန်မ ဝေမျှနိုင်မယ့် အတွေ့အကြုံတစ်ခုခုကို ကြိုးစားပြီး စဉ်းစားခဲ့တယ်။ တခြားလူတွေနဲ့ အမြဲယှဉ်ပြိုင်တိုက်ခိုက်ရင်းနဲ့ မနာလိုတဲ့အခြေအနေမှာ အသက်ရှင်ခဲ့တယ်။

တစ်ခါတော့ စုဝေးပွဲတစ်ခုမှာ၊ ညီအစ်မတစ်ယောက်က သူ့တာဝန်မှာ ရင်ဆိုင်ရတဲ့ အခက်အခဲတချို့ ပြောလာခဲ့တယ်။ ကျွန်မတွေးမိတယ်၊ ကျွန်မအနေနဲ့ တုံ့ပြန်ရမယ်၊ သူ့ပြဿနာနဲ့ပတ်သက်ပြီး ကူညီဖို့ ဘုရားနှုတ်ကပတ်တော်တချို့ကို ရှာရမယ်လို့ပေါ့။ အဲဒီလိုနဲ့ တခြားလူတွေက ကျွန်မကို အစ်မယုလောက် မကောင်းဘူးလို့ မြင်မှာ မဟုတ်တော့ဘူးလေ။ ဒါပေမဲ့ လုပ်ချင်လေ၊ ကျွန်မပို စိတ်ရှုပ်လေပဲ။ သင့်တော်တဲ့ ကျမ်းပိုဒ်ကိုမတွေ့ဘဲ ကျွန်မ စာမျက်နှာကို ရှေ့နောက် လှန်နေမိတယ်။ နောက်ဆုံးမှာ အဲဒီညီအစ်မနဲ့ ဆွေးနွေးဖို့ ကျမ်းပိုဒ်တစ်ခု အစ်မယုက တွေ့သွားတယ်။ ကျရှုံးမှုတစ်ခုလို ကျွန်မ ခံစားရပြီး အရှက်နဲ့ မျက်နှာထူပူသွားတယ်။ တွင်းတစ်ခုသာရှာပြီး တွားဝင်လိုက်ချင်တယ်။ ကိုယ့်ကိုယ်ကိုယ် ပိုသက်သေပြချင်လေ၊ ကိုယ့်ကိုယ်ကိုယ် လှည့်စားမိလေပဲ။ ကျွန်မ ဘယ်လောက်ပဲ အလုပ်ကြိုးစားပါစေ၊ အစ်မယုကို လိုက်မမီနိုင်သလို ခံစားရတယ်။ ကျွန်မ တကယ်ကို စိတ်ဆင်းရဲနေမိတယ်။ အဲဒီတာဝန်ကို လုပ်ရင်းနဲ့ သိက္ခာဆုံးရှုံးသွားပြီ၊ တခြားလူတွေက ကျွန်မကို တကယ် ရိပ်စားမိသွားပြီဖြစ်သလို၊ ညီအစ်ကို မောင်နှမတွေက အစ်မယုကို ပိုအစွမ်းအစရှိတဲ့ ခေါင်းဆောင်အနေနဲ့ မြင်တာဖြစ်ရမယ်လို့ တွေးမိတယ်။ အဲဒီလိုဆိုရင်၊ သိက္ခာနည်းနည်း ဆယ်ဖို့ အချိန်မဆွဲဘဲ မြန်မြန် နှုတ်ထွက်သင့်တယ်ထင်တယ်ပေါ့။ ဒီလိုအတွေးမျိုးက ဘုရားအလိုတော်နဲ့ မကိုက်မှန်း တကယ်သိပေမဲ့၊ သူ့ကို မနာလိုမဖြစ်ဘဲ မနေနိုင်ခဲ့ဘူး။ ကျွန်မ နာကျင်ပြီး စိတ်မချမ်းမသာ ဖြစ်ခဲ့သလို၊ ဒီနာမည်နဲ့ အဆင့်အတန်း အနှောင်အဖွဲ့တွေကို ဘယ်လို လွတ်မြောက်ရမလဲ မသိခဲ့ဘူး။ ကျွန်မက နာမည်နဲ့ အဆင့်အတန်းကို အမြဲလိုက်စားတယ်လို့ တွေးရင်းနဲ့ ကိုယ့်ကိုယ်ကိုယ်ကိုလည်း ဘောင်ခတ်နေမိခဲ့တယ်။ ဒီတော့ အဲဒါက ကျွန်မ သဘာဝဖြစ်တာ သေချာပြီး ကျွန်မ ပြောင်းလဲနိုင်တော့ဘူး။ ကိုယ့်အခြေအနေနဲ့ပတ်သက်လို့ ညီအစ်ကို မောင်နှမတွေဆီ ဖွင့်ပြောချင်ခဲ့ပေမဲ့၊ သူတို့ကျွန်မကို အထင်သေးမှာ စိုးခဲ့တယ်။ ဒါ့အပြင် ကျွန်မ သူ့ကို မမီနိုင်ခဲ့တာကို ကျွန်မ ဝန်မခံချင်ခဲ့ဘူး။ ဒီတော့ စိတ်မချမ်းမသာဖြစ်နေခဲ့သလို၊ အစ်မယုအပေါ် ပိုပြီး မလိုမုန်းထားစိတ်တိုးခဲ့တယ်။ စုဝေးပွဲတွေမှာ သူ တက်ကြွခဲ့ပုံကို ကျွန်မ မြင်ခဲ့တော့၊ အဆင့်အတန်းအတွက် ကျွန်မနဲ့ ပြိုင်ဆိုင်ဖို့ ကြိုစားရင်းနဲ့ ကြွားဝါနေတယ်လို့ ကျွန်မ တွေးမိတယ်။ သူ့နဲ့ ကျွန်မ မဆက်ဆံချင်ခဲ့ဘူး။ ကျွန်မရဲ့ စိတ်ဓာတ်ကျခြင်းအားလုံးက အစ်မယုကြောင့်ဖြစ်တာလို့ ထင်အောင် တခြားညီအစ်မဆီ ကျွန်မရဲ့ အခြေအနေအကြောင်း ဖွင့်ပြောဖို့တောင် စဉ်းစားခဲ့တယ်။ သူက အစ်မယုကို ကျွန်မနဲ့အတူ ဝေဖန်အောင်လို့ သူ့ကို ကျွန်မဘက်မှာနေပြီး အစ်မယုကို အထင်သေးစေချင်ခဲ့တယ်။ ကျွန်မက သူ့ကို ဆန့်ကျင်အုပ်စုဖွဲ့နေခဲ့တာကို စိတ်ထဲကနေ သိပေမဲ့ အဲဒီအကြောင်း သိပ်မစဉ်းစားခဲ့ဘူး။ တစ်ညနေမှာ၊ ကျွန်မ ဘယ်လောက် စိတ်ဓာတ်ကျတယ်ဆိုတာ ညီအစ်မတစ်ယောက်ကို စပြောခဲ့တယ်။ အများအားဖြင့် ဘယ်ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မတို့ မိတ်သဟာယပြုသင့်တယ်ဆိုတာကို အကြံပေးတာက အစ်မယုပဲ၊ ဆုတောင်းခြင်းတွေကိုလည်း သူပဲ ဦးဆောင်တာ။ သူ ကျွန်မကို လျစ်လျူရှုတယ်လို့ ခံစားမိတယ်။ ကျွန်မ စိတ်ကျဉ်းကျပ်ပြီး၊ အဖွဲ့ခေါင်းဆောင်တစ်ယောက်တောင် မဖြစ်ချင်တော့ဘူးလို့ပေါ့။ အဲဒီအစ်မက ကျွန်မဘက်မှာနေမယ်လို့ ထင်ခဲ့ပေမဲ့၊ ကျွန်မက အစ်မယုကို ကောင်းကောင်း ဆက်ဆံသင့်တယ်လို့ သူပြောခဲ့တယ်။ ရက်နည်းနည်းကြာပြီးတဲ့နောက်မှာ၊ သူက အစ်မယုနဲ့ ကောင်းကောင်း အဆင်ပြေသွားတာကို ကျွန်မတွေ့ရပြီး အရမ်းကို စိတ်မသက်မသာ ခံစားခဲ့ရတယ်။ ကျွန်မ တွေးနေမိတာက သူ့ကို ကျွန်မအများကြီး ပြောပြပြီးပြီလေ၊ ဒီတော့ ဘာလို့ သူက အစ်မယုနဲ့ပတ်သက်လို့ ထင်မြင်ချက်တချို့ မရှိရတာလဲပေါ့။ အဲဒီအတွေးရှိလာတော့ ကျွန်မ အံ့ဩသွားတယ်။ ဘယ်လိုဖြစ်ပြီး ကျွန်မအဲဒီလိုတောင် တွေးမိရတာလဲ။ ကျွန်မက အုပ်စုဖွဲ့ဖို့၊ အစ်မယုကို ကြဉ်ဖို့ ကြိုးစားနေခဲ့တာ မဟုတ်လားပေါ့။ ကျွန်မ ပိုပိုပြီး ကြောက်လာသလို၊ ကိုယ့်ကိုယ်ကိုယ် စသုံးသပ်မိတယ်။

ဘုရားနှုတ်ကပတ်တော်တွေတချို့ကို ကျွန်မ တွေးမိတယ်- “မိမိတို့ထက် ပိုတော်သည့် တစ်စုံတစ်ဦးကို သူတို့တွေ့လျှင်၊ ၎င်းတို့ကို သူတို့ ဖိနှိပ်ကြသည်၊ ၎င်းတို့အကြောင်း ကောလာဟလတစ်ခုကို စတင်ကြသည်၊ သို့မဟုတ် အခြားလူတို့က ထိုသူတို့အပေါ် အထင်မကြီးကြစေဖို့နှင့် မည်သူမျှ အခြားတစ်ဦးတစ်ယောက်မျှထက် မတော်ဖို့ရန်အလို့ငှာ မသမာသော နည်းလမ်းအချို့ကို အသုံးပြုကြသည်၊ သို့ဆိုလျှင် ဤသည်မှာ မာနထောင်လွှားခြင်းနှင့် မိမိကိုယ်ကိုယ်မှန်သည်ဟု ထင်မှတ်ခြင်းအပြင်၊ ကောက်ကျစ်ခြင်း၊ လှည့်ဖြားတတ်ခြင်းနှင့် အန္တရာယ်များခြင်းတို့နှင့်ဆိုင်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ဖြစ်ပြီး၊ ဤလူများသည် မိမိတို့၏ ရည်မှန်းချက်များ မရမချင်း မရပ်တန့်ကြပေ။...ပထမဦးစွာ၊ ဤကိစ္စရပ်များ၏ သဘောသဘာဝများနှင့်ဆိုင်သည့် ရှုထောင့်အမြင်မှနေ၍ ပြောရ လျှင်၊ ဤနည်းဖြင့် ပြုမူသည့် လူများသည် မိမိတို့ နှစ်သက်သည်အတိုင်း လုပ်ဆောင်နေကြခြင်းသက်သက် မဟုတ်လော။ ဘုရားသခင့် မိသားစု၏ အကျိုးများကို ၎င်းတို့ စဉ်းစားကြပါသလော။ ဘုရားသခင်၏ မိသားစု၏အမှုတော်က ဆုံးရှုံးမှု ခံစားရပါစေ၊ မိမိတို့၏ ခံစားချက်များကိုသာ ၎င်းတို့ စဉ်းစားကြပြီး မိမိတို့၏ ကိုယ်ပိုင်ရည်မှန်းချက်များကိုသာ ရရှိလိုကြသည်။ ဤသို့သော လူများသည် မာနထောင်လွှားပြီး မိမိကိုယ်ကိုယ်မှန်သည်ဟု ထင်မှတ်ကြရုံသာမက၊ တစ်ကိုယ်ကောင်းဆန်ကြပြီး စက်ဆုပ်စရာလည်း ဖြစ်ကြ၏၊ ဘုရားသခင်၏ ရည်ရွယ်ချက်ကို ၎င်းတို့ လုံးဝအရေးမထားကြသလို၊ ဤကဲ့သို့သော လူတို့သည် ဧကန်မုချ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးများ မပိုင်ဆိုင်ကြပေ။ ဤသည်မှာ အပြစ်ကိုသိခြင်း မရှိဘဲ၊ စိုးရိမ်ပူပင်ခြင်းတစ်ခုတစ်လေ မရှိဘဲ၊ စိုးရိမ်ကြောင့်ကြမှု သို့မဟုတ် ပူပန်မှု မရှိသလို အကျိုးဆက်များကို ထည့်သွင်းစဉ်းစားခြင်းမရှိဘဲ သူတို့လုပ်ချင်သည့်အရာတိုင်းကို လုပ်ဆောင်ပြီး လက်လွတ်စပယ် ပြုမူကြသည့် အကြောင်းရင်း ဖြစ်သည်။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “ဘုရားသခင်ကို ယုံကြည်သောလမ်းမှန်သို့ မဝင်ရောက်မီ လူတို့၌ရှိသော သတ်မှတ်ချက်ငါးချက်”) အရင်က ဒီနှုတ်ကပတ်တော်တွေအရ ကိုယ့်အကြောင်း လုံးဝ မတွေးမိခဲ့ဘူး။ နောက်တော့ ဘုရားက ကျွန်မကိုယ်ပိုင်အခြေအနေကို ထုတ်ဖော်ပြနေမှန်း နောက်ဆုံးမှာ တွေ့လိုက်ရတယ်။ ကျွန်မ အရမ်းဆိုးယုတ်မယ်လို့ လုံးဝ စိတ်မကူးမိခဲ့ဘူး။ ကျွန်မက အစ်မယုကို မနာလိုဖြစ်လို့ တစ်ချိန်လုံး သူနဲ့ သဘောကွဲလွဲခဲ့တာ။ သူ့မိတ်သဟာယက ပိုကောင်းပြီး တခြားလူတွေရဲ့ လက်တွေ့ကျတဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်ခဲ့တယ်။ အဲဒါနဲ့ပတ်သက်လို့ ကျွန်မ မပျော်ခဲ့ဘဲ ကိုယ့်ကို အရှက်ရစေတယ်လို့ ခံစားရတယ်။ တခြားလူတွေရဲ့ အမြင်မှာ ကိုယ့်ပုံရိပ်ကို မြှင့်တင်ချင်လို့၊ သူ့ထက်သာအောင်လုပ်ဖို့ အရာရာကို ကြိုးစားစဉ်းစားခဲ့တယ်။ အဲဒီလို မလုပ်နိုင်တော့၊ သူ့ကို မကျေမချမ်း ဖြစ်ခဲ့ပြီး၊ သူက ကြွားဝါပြီး ကျွန်မထက် သာအောင်လုပ်ပြဖို့ ကြိုးစားနေတယ်လို့ ဝေဖန်ခဲ့တယ်။ သူ့ကို လူတိုင်း အဆက်အသွယ်ဖြတ်ပြီး ဝေဖန်အောင်လို့ ကျွန်မက အုပ်စုဖွဲ့နေခဲ့တာ၊ သူ့အပေါ် မလိုမုန်းထားစိတ် ဖြန့်နေခဲ့တာပါ။ ကျွန်မ တကယ်မာနထောင်လွှားပြီး တစ်ယောက်ယောက်က ကျွန်မထက်တော်တာကို သည်းမခံနိုင်မှန်း တွေ့ရတယ်။ အဖွဲ့ခေါင်းဆောင်အနေနဲ့ ကိုယ့်ဂုဏ်ပုဒ်ကို ထိန်းသိမ်းဖို့ ဘာမဆိုလုပ်မှာ— ယုတ်မာပြီး ဆိုးယုတ်တာပဲ။ အဆင့်အတန်းအတွက်နဲ့ပဲ တခြားလူတွေကို တိုက်ခိုက်၊ ဖယ်ကြဉ်တဲ့ အန္တိခရစ်တွေနဲ့ ကျွန်မက ဘာများကွာလို့လဲ။ ကျွန်မက အသက်ဝင်ရောက်မှု ကင်းမဲ့သလို တခြားလူတွေရဲ့ ပြဿနာတွေကို မဖြေရှင်းနိုင်တာ သိသာတယ်။ အစ်မယုကို အကူအညီနဲ့ မိတ်သဟာယပေးခွင့်မပြုခဲ့ဘူး။ ကျွန်မက တခြားလူတွေရဲ့ အသက်ဝင်ရောက်မှုကို ကြန့်ကြာစေတာ၊ ညီအစ်ကို မောင်နှမတွေကို ထိခိုက်စေခဲ့တာ မဟုတ်လား။ ကျွန်မမှာ ဘာလူ့သဘာဝမှ မရှိခဲ့တာ။ ဒီအတွေးနဲ့ ပိုလို့တောင် အပြစ်ရှိပြီး ညီအစ်ကို မောင်နှမတွေကို တကယ်စိတ်ပျက်စေမိသလို ခံစားရတယ်။ နောက်တော့ ကျွန်မ သတ္တိမွေးလိုက်တယ်။ လတ်တလော အစ်မယုနဲ့ ထိပ်တိုက်တွေ့ချင်တဲ့ စိတ်အကြောင်း ဖွင့်ပြောပြီး သူ့ကို တောင်းပန်ဖို့လေ။ သူက သူမိတ်သဟာယ ဝေမျှနေတုန်းမှာ ကျွန်မ သိပ်မပျော်ခဲ့သလို စိတ်ကျဉ်းကျပ်ခဲ့တာကို သူ သိတယ်တဲ့။ ကျွန်မ ထိခိုက်မှာစိုးလို့ သူ သိပ်အများကြီး မဝေမျှချင်ခဲ့ဘူးလို့ ပြောတယ်။ ဒီတော့မှ ကျွန်မရဲ့ ယှဉ်ပြိုင်မှုက သူ့ကို အပျက်သဘောနဲ့ ထိခိုက်ခဲ့တာကို သဘောပေါက်သွားပြီး၊ ကျွန်မ စိတ်မကောင်းဖြစ်မိတယ်။ စုဝေးပွဲတွေက ဘုရားကို ဝတ်ပြုကိုးကွယ်ရမယ့်နေရာပဲ ်၊ နာမည်နဲ့ အကျိုးအမြတ်အတွက် တိုက်ခိုက်ရမယ့်နေရာ မဟုတ်မှန်း ကျွန်မ သိတယ်။ ဒါပေမဲ့ ကျွန်မစိတ်က နေရာမှန်မှာ မရှိခဲ့ဘူး— သူ့ကို ပြိုင်ဆိုင်ချင်ခဲ့တယ်။ အဲဒါက ဘုရားအိမ်တော်ရဲ့ အလုပ်ကို နှောင့်ယှက်ပြီး ညီအစ်ကို မောင်နှမတွေရဲ့ အသက်ဝင်ရောက်မှုကို တားဆီးခဲ့တာပဲ။ ကျွန်မ တကယ်ကို နောင်တနဲ့ပြည့်သွားတယ်။ ဒီလိုဆိုးယုတ်တဲ့ စိတ်သဘောထားမျိုးတွေနဲ့ အသက်ရှင်တာက တခြားလူတွေကို နာကျင်စေပြီး နောက်ဆုံးတော့ ခါးသီးမှုနဲ့ နာကျင်မှုမှာ ကျွန်မတို့ အသက်ရှင်ရတယ်။ သူများကို မနာလိုဖြစ်တာက ကိုယ်တွေကိုလည်း တကယ်ကို နာကျင်စေတယ်။

လက်တွေ့လုပ်ဆောင်ရမယ့် လမ်းကြောင်းကို ဆက်ရှာနေခဲ့တယ်။ ဒါကို ဘုရားနှုတ်ကပတ်တော်ထဲမှာ ဖတ်ရတယ်။ “အသင်းတော်ခေါင်းဆောင်တစ်ဦးဖြစ်ဖို့ရာ၊ အကြင်သူသည် ပြဿနာများကို ဖြေရှင်းဖို့ သမ္မာတရားကို အသုံးပြုရန် သင်ယူရုံသာမက၊ ပင်ကိုစွမ်းရည်ရှိသည့်လူများကိုလည်း ရှာဖွေပြီး ပျိုးထောင်ရမည်ဖြစ်သည်၊ ၎င်းတို့အား အကြင်သူသည် ဖိနှိပ်ခြင်း သို့မဟုတ် မနာလိုခြင်း လုံးလုံး မရှိရပေ။ တာဝန်ကို ထိုသို့ထမ်းဆောင်ခြင်းသည် စံနှုန်းနှင့်အညီဖြစ်သကဲ့သို့၊ ထိုသို့လုပ်ဆောင်သည့် ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များသည်လည်း စံနှုန်းနှင့်ညီပေသည်။ သင်သည် အရာအားလုံးကို အခြေခံသဘောတရားများအတိုင်း တိုး၍ ပြုမူဆောင်ရွက်နိုင်ပါက၊ သင်သည် သင်၏သစ္စာစောင့်သိခြင်းနှင့် လျော်ညီအောင်နေလိမ့်မည်။ အခြားသူများသည် မိမိတို့ထက် ပို၍ သာလွန်ပြီး ပို၍ မြင့်မားမည်ကိုလည်းကောင်း၊ မိမိတို့ကိုယ်၌က ပစ်ပယ်ခြင်းခံရစဉ်တွင် အခြားသူများက ရိုသေကြည်ညိုခြင်း ခံရမည်ကိုလည်းကောင်း အစဉ် စိုးရွံနေသည့်သူအချို့ ရှိကြသည်။ ဤအရာက သူတို့ကို အခြားသူများအား တိုက်ခိုက်ပြီး ဖယ်ကြဉ်စေသည်။ ဤသည်မှာ မိမိတို့ကိုယ်တိုင်ထက် တတ်စွမ်းနိုင်သူတို့ကို မနာလိုဝန်တိုခြင်း ကိစ္စရပ်တစ်ခု မဟုတ်လော။ ထိုသို့သော အပြုအမူက တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ် ဖြစ်သည် မဟုတ်လော။ ဤသည်မှာ မည်သည့် စိတ်သဘောထားမျိုး ဖြစ်ပါသနည်း။ ယင်းမှာ မလိုတမာစိတ် ဖြစ်၏။ မိမိအတွက်ကိုသာ စဉ်းစားခြင်း၊ မိမိ၏ကိုယ်ပိုင် စိတ်ဆန္ဒများကိုသာ ဖြည့်ဆည်းခြင်း၊ အခြားသူများ၏ တာဝန်ဝတ္တရားများအတွက် စာနာထောက်ထားမှု လုံးဝမပြခြင်း၊ သို့မဟုတ် ဘုရားအိမ်တော်၏ အကျိုးများကို မစဉ်းစားခြင်း- ဤသို့သော လူတို့သည် ဆိုးသော စိတ်သဘောထားတစ်ခု ပိုင်ဆိုင်ပြီး သူတို့အတွက် ဘုရားသခင်တွင် ချစ်ခြင်းမေတ္တာမရှိပါ။ ဘုရားသခင်၏ အလိုတော်ကို သင် အမှန်တကယ် အရေးထားနိုင်စွမ်းရှိပါက၊ အခြားလူတို့ကို မျှမျှတတ သင် ဆက်ဆံနိုင်လိမ့်မည်။ သင်သည် လူကောင်းတစ်ဦးကို ထောက်ခံအားပေးပြီး၊ ၎င်းအား အစွမ်းအစရှိဖို့ ပြုစုပျိုးထောင် ပေးကာ၊ ထိုသို့ဖြင့် ဘုရားသခင်၏အိမ်တော်၌ ပင်ကိုစွမ်းရည် ရှိသည့် နောက်ထပ်လူတစ်ဦး ရှိမည်ဆိုပါက၊ သင်၏အလုပ်သည် လုပ်ဆောင်ဖို့ သာ၍ လွယ်ကူလိမ့်မည် မဟုတ်လော။ သို့ဆိုလျှင် သင်သည် ဤတာဝန်၌ သင်၏ သစ္စာစောင့်သိခြင်းနှင့် လျော်ညီအောင်နေလိမ့်မည် မဟုတ်လော။ ဤသည်မှာ ဘုရားသခင် ရှေ့မှောက်၌ ကောင်းမှုတစ်ခုဖြစ်သည်။ ယင်းသည် ခေါင်းဆောင်ဖြစ်သည့်သူတစ်ဦး ပိုင်ဆိုင်သင့်သည့် အနည်းဆုံး အသိစိတ်နှင့် ဆင်ခြင်တုံတရား ဖြစ်ပေသည်။...သင်၏အကျိုးအတွက်သာ အစဉ်မလုပ်ဆောင်နှင့်၊ ပြီးလျှင် သင်၏ ကိုယ်ပိုင် အကျိုးစီးပွားကို စဉ်ဆက်မပြတ် ထည့်သွင်းမစဉ်းစားနှင့်။ သင်၏ ကိုယ်ပိုင်အဆင့်အတန်း၊ သိက္ခာ၊ သို့မဟုတ် ဂုဏ်သတင်းကို မစဉ်းစားနှင့်။ လူ၏ အကျိုးစီးပွားများကိုလည်း ထည့်သွင်းမစဉ်းစားနှင့်။ သင်သည် ပထမဦးစွာ ဘုရားသခင်၏အိမ်တော်၏အကျိုးများကို စဉ်းစားရမည်ဖြစ်ပြီး ယင်းတို့ကို သင်၏ဦးစားပေးချက် ဖြစ်စေရမည်၊ သင်သည် ဘုရားသခင်၏အလိုတော်ကို အရေးထားသင့်ပြီး၊ သင်၏ တာဝန်ကို ဖြည့်ဆည်းရာတွင် သင်သည် မစင်ကြယ်မှု ရှိခဲ့သည် မရှိခဲ့သည်၊ သစ္စာရှိဖို့ သင် အစွမ်းကုန် လုပ်ဆောင်ပြီးခြင်း ရှိမရှိ၊ သင်၏ တာဝန်များကို ဖြည့်ဆည်းရန် အကောင်းဆုံး သင် လုပ်ဆောင်ပြီး သင်၏အရာအားလုံး ပေးပြီးခြင်း ရှိမရှိဆိုသည်အပြင်၊ သင်၏ တာဝန်နှင့် ဘုရားအိမ်တော်၏ အမှုကို စိတ်နှလုံးအကြွင်းမဲ့ဖြင့် ဆင်ခြင်ခဲ့ခြင်း ရှိမရှိ ဆိုသည်တို့ကို ချင့်ချိန်စဉ်းစားခြင်းဖြင့် အစပြုသင့်သည်။ ဤအရာများကို သင် ထည့်သွင်းစဉ်းစားရမည်။ ယင်းတို့ကို မကြာခဏ တွေးလော့၊ ပြီးလျှင် သင်၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်ရန် သင့်အတွက် သာ၍ လွယ်ကူလိမ့်မည်။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “သင်၏စစ်မှန်သော စိတ်နှလုံးကို ဘုရားသခင်ထံ ပေးပြီး သမ္မာတရားကို သင် ရရှိနိုင်သည်”) ခေါင်းဆောင်တွေနဲ့ အမှုဆောင်တွေက ပါရမီရှိတဲ့လူတွေကို ဘယ်လို ခွဲခြားပြီး ပျိုးထောင်ပေးရမယ်ဆိုတာကို သင်ယူဖို့လိုသလို သူတို့ကို မနာလိုဖြစ်တာက ဘုရားမုန်းတဲ့အရာမှန်း ဘုရားနှုတ်ကပတ်တော်တွေက သွန်သင်ခဲ့တယ်။ အစ်မယုရဲ့ မိတ်သဟာယက ထိုးထွင်းအမြင်ရှိပြီး တကယ့်ပြဿနာတွေကို သူ ဖြေရှင်းနိုင်တယ်။ အဲဒါက အသင်းတော်ရဲ့ အလုပ်နဲ့ ညီအစ်ကို မောင်နှမတွေရဲ့ အသက်ဝင်ရောက်မှုအတွက် ကောင်းတယ်လေ။ ဘုရားအလိုတော်ကို ကျွန်မ စဉ်းစားရမှာဖြစ်ပြီး၊ သူ့နဲ့ အလုပ်ကောင်းကောင်းလုပ်ပြီး ကိုယ့်တာဝန်ကို လုပ်ဖို့ ကိုယ့်ရဲ့ ဂုဏ်နဲ့ အဆင့်အတန်းကို လက်လွှတ်ရမှာပါ။ အဖွဲ့ခေါင်းဆောင်အနေနဲ့ အရွေးခံရတာက ကျွန်မကို ဘုရားပေးတဲ့ လက်တွေ့လုပ်ဆောင်ဖို့ အခွင့်အရေးတစ်ခုပဲ။ အဲဒါက အရာရာကို ကျွန်မသိတယ်လို့ မဆိုလိုဘူး။ သမ္မာတရားအပေါ် ပေါ့တန်တဲ့ သိနားလည်မှုနဲ့ တခြားပြဿနာတချို့ရှိတာက ပုံမှန်ဖြစ်လို့၊ အစ်မယုဆီကနေ ကျွန်မ သင်ယူသင့်တယ်။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် အဖွဲ့ခေါင်းဆောင်အနေနဲ့ ကျွန်မ တွေးနေမိခဲ့တယ်၊ ပြဿနာတိုင်းကို ဆန်းစစ်ပြီး ဖြေရှင်းသင့်တယ်၊ တခြားတစ်ယောက်ယောက်ထက် ဘယ်လိုမှ စွမ်းဆောင်ရည်လျှော့လို့မဖြစ်ဘူးလို့ တွေးခဲ့တယ်။ ဒီတော့ အစ်မယုနဲ့ ကျွန်မ အမြဲပြိုင်ဆိုင်နေခဲ့ပြီး၊ သူ့ထက်ကောင်းအောင် ကျွန်မ မလုပ်နိုင်တော့ စိတ်မချမ်းမသာဖြစ်ခဲ့တယ်။ ကျွန်မ အရမ်းကို မိုက်မဲခဲ့တာ။ ခေါင်းဆောင်တွေက ပြဿနာတိုင်းကို ဖြေရှင်းနိုင်ရမယ်လို့ ဘုရားက လုံးဝ မတောင်းဆိုခဲ့ဘူး။ ရိုးသားတဲ့လူတွေဖြစ်ဖို့၊ ကျွန်မတို့ နားလည်တာကိုပဲ မိတ်ဿဟာယပြုပြီး နားမလည်တဲ့ အရာ ဘယ်အရာကိုမဆို ညီအစ်ကို မောင်နှမတွေနဲ့ဆွေးနွေးစေချင်တာ။ အဲဒါ ဘုရားအလိုတော်ပဲ။ ဘုရားအလိုတော်ကို နားလည်သွားတဲ့နောက် အစ်မယုအပေါ် အရမ်းမနာလိုဖြစ်တဲ့ ခံစားချက် ရပ်သွားပြီး၊ သူ့မှာရှိတဲ့ စိတ်ကူးကောင်းတစ်ခုတစ်လေကို လက်ခံပြီး အကောင်အထည်ဖော်လာနိုင်တယ်။ စုဝေးပွဲတွေမှာ ပြဿနာတွေ ယူလာတဲ့ ဘယ်သူကိုမဆို မိတ်သဟာယပြုပြီး ကူညီပေးဖို့ ကျွန်မတို့ အတူတူ အလုပ်လုပ်ခဲ့ကြသလို၊ အဲဒီလိုနဲ့ ပြဿနာတွေ အများကြီး ပြေလည်သွားတယ်။

အဲဒါတွေအားလုံး ပြီးသွားတဲ့နောက်၊ ကျွန်မ ပြောင်းလဲသွားပြီ၊ နာမည်နဲ့ အဆင့်အတန်းကို သိပ်အာရုံမစိုက်တော့ဘူးလို့ ထင်ခဲ့တာ။ ဒါပေမဲ့ ကျွန်မက စာတန်ကြောင့် အရမ်းကို နက်နက်ရှိုင်းရှိုင်း ဖောက်ပြန်ပျက်စီးခဲ့တာလေ။ သင့်တော်တဲ့ အခြေအနေ ဖြစ်လာတဲ့အခါ၊ အဲဒီဘက်ကို ကျွန်မ မပြဘဲ မနေနိုင်ခဲ့ဘူး။ ၂၀၂၁ ခုနှစ် ဇူလိုင်လမှာ၊ အဖွဲ့ခေါင်းဆောင်တာဝန်ကို မကိုင်တွယ်နိုင်တဲ့အတွက် ကျွန်မ အထုတ်ခံရတယ်။ ကျွန်မနေရာကို အစားထိုးဖို့ အစ်မယု အရွေးခံရတယ်။ ဒါက အပြုသဘောဆောင်တဲ့ အပြောင်းအလဲမှန်း စိတ်ထဲမှာ သိခဲ့ပြီး သူက အလုပ်ကို တကယ်ပိုကောင်းအောင် လုပ်နိုင်မယ်လို့ ခံစားမိတယ်။ သူ့ကို ရွေးကောက်တာက ညီအစ်ကို မောင်နှမတွေရဲ့ အသက်တာတွေကို အကျိုးပြုမှာပဲ။ ဒါပေမဲ့ နောက်တော့ သူ့တာဝန်အတွက် ဘယ်လောက် ဝန်ထုပ်တွေ သူ ထမ်းထားခဲ့ရတယ်၊ အဖွဲ့သားတွေ ကြုံရတဲ့ ဘယ်အခက်အခဲတွေကိုမဆို သူ မြန်မြန်ဆန်ဆန် ကိုင်တွယ်နိုင်ခဲ့တယ်ဆိုတာကို ကျွန်မ တွေ့ခဲ့ရတယ်။ အသင်းတော် အသက်တာထဲက အမှားတွေအကြောင်း အကျဉ်းချုပ်ကိုလည်း သူ စိတ်ကူးရခဲ့တယ်။ အဲဒါက ကျွန်မအတွက် ခံစားချက်တချို့ ဖြစ်သွားစေတယ်။ အစ်မယုက သူ့ရဲ့ အဖွဲ့ခေါင်းဆောင်လုပ်ရတဲ့အချိန်မှာ ပိုပြီးမြောက်ခဲ့ရင်၊ အဲဒါက ကျွန်မကို အကြည့်ရဆိုးစေမှာ မဟုတ်လား။ လူတိုင်း ကျွန်မကို ဘာများထင်ကြမလဲ။ ကျွန်မ အသုံးမကျသလို အစွမ်းအစမရှိဘူးလို့ သူတို့ ထင်ကြမှာ သေချာတယ်ပေါ့။ အဲဒီလိုတွေးလိုက်တော့၊ အသင်းတော် ရှင်သန်တက်ကြွလာခြင်းအတွက် မျှော်လင့်ချက် မထားတော့ဘူး။ အရင်က၊ ဘုရားနှုတ်ကပတ်တော်အကြောင်း မိတ်သဟာယပြုတာဖြစ်ဖြစ်၊ ကျွန်မတို့အလုပ်ထဲက ပြဿနာတွေအကြောင်း ပြောတာပဲဖြစ်ဖြစ်၊ ကျွန်မ တက်ကြွခဲ့ပြီး လူတိုင်း ဝင်ပါအောင် ကူပေးခဲ့တယ်။ ဒါပေမဲ့ အခုတော့ စုဝေးပွဲတွေမှာ ကျွန်မက နောက်ဆုံး စကားပြောတဲ့သူ ဖြစ်လာခဲ့ပြီး၊ တစ်ခါတ်လေ ဉာဏ်အလင်းပေးမှုတချို့ ရတဲ့အခါ၊ အဲဒီအကြောင်း ကျွန်မ မပြောချင်ခဲ့ဘူး။ ကျွန်မတို့ မိတ်သဟာယအဆုံးမှာ စိတ်မပါဘဲ စကားနည်းနည်းပြောလိုက်တယ်။ အစ်မယုက ဆက်ပြောခိုင်းတဲ့အခါ၊ ကျွန်မ ထပ်မဝေမျှချင်ခဲ့ဘူး။ အတော်ကြာအောင်၊ ညီအစ်ကို မောင်နှမတွေကို သူတို့တာဝန်ထဲက အခက်အခဲတချို့က မကောင်းတဲ့အခြေအနေမှာ ရှိစေခဲ့ပြီး၊ အဲဒါကို ချက်ချင်းကိုင်တွယ်ဖြေရှင်းဖို့ အစ်မယုက အရမ်းအလုပ်များခဲ့တယ်။ ကျွန်မက အကူအညီမပေးခဲ့သလို၊ အဲဒီ ခက်ခဲတဲ့ အခြေအနေမှာတောင်၊ “နင်လည်း အဲဒီလောက် အံ့ဩစရာကောင်းတဲ့ ခေါင်းဆောင် မဟုတ်ပါဘူးလေ၊ ငါ့ထက် မတော်ပါဘူး”လို့ တွေးရင်းနဲ့ ပျော်နေခဲ့တယ်။ တခြားလူတွေ အခြေအနေမကောင်းတာ၊ အသင်းတော် အသက်တာ ဒုက္ခခံနေရတာကို မြင်ပြီး၊ အဲဒီအတိုင်း ဆက်ဖြစ်ဖို့တောင် မျှော်လင့်မိခဲ့တယ်။ နောက်တော့ ဒီပြဿနာတွေကို အစ်မယုက ဖြေရှင်းဖို့ အချိန်ကို မြန်မြန်ဆန်ဆန် ဖန်တီးနိုင်ခဲ့တာကို တွေ့ရတယ်။ ကျွန်မ တကယ်ကို သဘောမကျဖြစ်သွားတယ်။ သူ့ကို နှစ်သက်တာ လျော့သထက် လျော့သွားတယ်။ သူပြောတဲ့အရာတိုင်း၊ သူ ဖော်ပြတဲ့ ထင်မြင်ချက်တိုင်းကို ကြားတောင် မကြားချင်တော့တဲ့ အထိ ကျွန်မ ဖြစ်သွားခဲ့တာ။ စုဝေးပွဲတွေမှာ သူ မိတ်သဟာယပြုနေတုန်းမှာ ကျွန်မက လှည့်ပြီး တခြားဘက်ကို ကြည့်နေခဲ့တယ်။ ကျွန်မရဲ့မနာလိုမှုက ပိုဆိုးလာတာ၊ ပိုအဆိပ်အတောက် ဖြစ်လာတာ၊ သူ့ကိုရော ကျွန်မရဲ့အသင်းတော် အသက်တာကိုပါ ထိခိုက်နိုင်တာကို ကျွန်မ သိတယ်။ ကျွန်မ အဲဒီအတိုင်း ဆက်မဖြစ်ချင်ခဲ့ပေမဲ့ အဲဒါကို မရှောင်လွှဲနိုင်ခဲ့ဘူး။ နာကျင်ခြင်းနဲ့ ဘုရားဆီ ဆုတောင်းခဲ့တယ်၊ “ဘုရားသခင်၊ အစ်မယုကို ကျွန်မ မနာလိုမဖြစ်ချင်ပေမဲ့၊ ကိုယ့်ကိုယ်ကိုယ် မထိန်းနိုင်ပါဘူး။ နာမည်နဲ့ အဆင့်အတန်းရဲ့ အန္တရာယ်တွေကို တွေ့နိုင်အောင်၊ ကျွန်မရဲ့ ဖောက်ပြန်ပျက်ဆီးခြင်း အနှောင်အဖွဲ့တွေကနေ လွတ်အောင်လို့၊ ကျေးဇူးပြုပြီး ကျွန်မကို ကယ်တင်တော်မူပါ” လို့ပေါ့။ ဆုတောင်းပြီးတဲ့နောက်၊ တခြားလူတွေအားလုံးနဲ့ ကျွန်မ ဖြတ်သန်းခဲ့ရတာကို မျှဝေခဲ့တယ်။ အစ်မယုက သူနဲ့ပတ်သက်လို့ ကျွန်မ အဲဒီလို ခံစားခဲ့တာကို လုံးဝ စိတ်မကူးမိသလို အရမ်း စိတ်မကောင်း ဖြစ်မိတယ်လို့ ပြောတယ်။ သူ အဲဒီလိုပြောတာ ကြားရတော့ ကျွန်မ အရမ်းအပြစ်ရှိသလို ခံစားရတယ်။ ကျွန်မတို့ အချင်းချင်း သိတာ တော်တော် ကြာပြီ၊ ကျွန်မက သူ့ကို အရမ်းမနာလိုဖြစ်ခဲ့ပြီး ကွယ်ရာမှာ သူ့ကို ဝေဖန်နေခဲ့ပေမဲ့၊ သူက ဘာကိုမှ ရေးကြီးခွင်ကျယ် လုပ်မနေခဲ့ဘူးလေ။ ကျွန်မကို ကူညီဖို့ သူက ဂရုစိုက်ပေးနေတယ်၊ သမ္မာတရားအပေါ် မိတ်သဟာယပြုပေးနေခဲ့တယ်။ သူ့အပေါ် အဲဒီလိုသဘောထားနေခဲ့တာက ကျွန်မရဲ့ အရမ်းကို မလိုမုန်းထားစိတ်နဲ့ လူမဆန်တာပါပဲ။

နောက်တော့ စုဝေးပွဲတစ်ခုမှာ၊ ဘုရားဆီက ဒီနှုတ်ကပတ်တော်တွေကို ဖတ်ခဲ့ရတယ်။ “အန္တိခရစ်တို့သည် မိမိတို့၏ ကိုယ်ပိုင် အဆင့်အတန်းနှင့် ဂုဏ်သတင်းကို အခြားမည်သည့်အရာမဆိုထက်ပို၍ အရေးကြီးသည်ဟု သဘောထားကြသည်။ ဤလူတို့သည် မရိုးသားခြင်း၊ ဒုက္ခပေးခြင်း၊ ကောက်ကျစ်ခြင်းတို့ရှိရုံမကဘဲ ဆိုးသောသဘာဝလည်း ရှိသည်။ ၎င်းတို့သည် မိမိတို့၏ ဂုဏ်အဆင့်အတန်းကို ထိခိုက်နိုင်ခြေရှိသည်ကို သတိပြုမိသောအခါ၊ သို့မဟုတ် လူတို့၏ စိတ်နှလုံးထဲတွင် ၎င်းတို့၏ နေရာကို ဆုံးရှုံးရသောအခါ၊ ဤလူတို့၏ ထောက်ခံမှုနှင့် ချစ်ခင်မှုတို့ကို ၎င်းတို့ ဆုံးရှုံးရသောအခါ၊ လူတို့သည် ၎င်းတို့အား ကြည်ညိုလေးစားခြင်း၊ အထင်ကြီးခြင်းမရှိတော့ဘဲ လူပုံအလယ်တွင် ၎င်းတို့ အရှက်ရသောအခါ ၎င်းတို့သည် မည်သည့်အရာကို ပြုကြသနည်း။ ၎င်းတို့က ရုတ်တရက် ပြောင်းလဲကြသည်။ ၎င်းတို့၏ ဂုဏ်အဆင့်အတန်းကို ဆုံးရှုံးရသည်နှင့် တစ်ပြိုင်နက် မည်သည့်အရာကိုမျှ မလုပ်ချင်ကြတော့ပေ။ ၎င်းတို့လုပ်သမျှ အရာတိုင်းသည် မကောင်းမကန်းဖြစ်ကြသည်။ ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်ရာတွင် စိတ်မဝင်စားကြပေ။ သို့သော် ဤသည်မှာ အဆိုးဆုံး သရုပ်သကန်မဟုတ်ပေ။ အဆိုးဆုံး သရုပ်သကန်မှာ အဘယ်နည်း။ ဤလူတို့သည် ၎င်းတို့၏ ဂုဏ်အဆင့်အတန်းကို ဆုံးရှုံးရပြီး မည်သူမျှ ၎င်းတို့ကို မလေးစားလျက် မည်သူကမျှ ၎င်းတို့၏ သွေးဆောင်ခြင်းကို မခံရသည်နှင့်တစ်ပြိုင်နက် မနာလိုခြင်းနှင့် လက်စားချေခြင်းအပြင် မုန်းတီးခြင်းပါ ထွက်ပေါ်လာသည်။ ၎င်းတို့သည် ဘုရားသခင်အား ကြောက်ရွံ့ခြင်းမရှိရုံမက နာခံခြင်း တစ်ပိုင်းတစ်စမျှ မရှိပေ။ ထို့အပြင် ၎င်းတို့၏ စိတ်နှလုံးတွင် ၎င်းတို့သည် အသင်းတော်၊ ဘုရားသခင်၏ အိမ်တော်၊ ခေါင်းဆောင်များနှင့် အမှုဆောင်များကို မုန်းတတ်သည်။ ၎င်းတို့၏ စိတ်နှလုံးတွင် အသင်းတော်အလုပ်သည် ပြဿနာများကို ကြုံတွေ့စေရန်၊ ရပ်တန့်သွားစေရန် တောင့်တကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ အိမ်တော်အပေါ်၊ ညီအစ်ကိုမောင်နှမတို့အပေါ် ရယ်မောလိုကြသည်။ ၎င်းတို့သည် သမ္မာတရားကိုလိုက်စားပြီး ဘုရားသခင်ကို ကြောက်ရွံ့သောမည်သူကိုမဆိုကိုလည်း မုန်းတီးကြသည်။ ၎င်းတို့၏ တာဝန်တွင် သစ္စာရှိပြီး အဖိုးအခပေးရန် လိုလားသူ မည်သူကိုမဆို ၎င်းတို့က တိုက်ခိုက်ပြီး လှောင်ပြောင်ကြသည်။ ဤသည်မှာ အန္တိခရစ်တစ်ယောက်၏ စိတ်သဘောထားဖြစ်သည်။ ယင်းသည် မဆိုးယုတ်သလော။(အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် မိမိတို့ကိုယ်တိုင် ထင်ရှားကျော်ကြားမှု ရစေဖို့နှင့် ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများနှင့် ရည်မှန်းချက်များကို ပြည့်ဝစေဖို့သာ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင့်အိမ်တော်၏အကျိုးစီးပွားများကို မည်သည့်အခါမျှ အရေးမထားသကဲ့သို့၊ ပုဂ္ဂိုလ်ရေးရာ ထင်ပေါ်ကျော်ကြားမှုအတွက် အပြန်အလှန်အားဖြင့် ထိုအကျိုးစီးပွားများကိုပင် ပစ်ပယ်သည် (အပိုင်း ၂)”) အန္တိခရစ်တွေက ဉာဏ်များတယ်၊ ဆိုးယုတ်ပြီး ရက်စက်တဲ့ သဘာဝရှိတယ်လို့ ဘုရားက ကျွန်မတို့ကို ပြတယ်။ သူတို့ရဲ့ အဆင့်အတန်း၊ တခြားလူတွေရဲ့ ထောက်ခံချက် ဆုံးရှုံးသွားရင်၊ သူတို့ မနာလိုဖြစ်လာကြပြီး ကလဲ့စားချေချင်လာကြတယ်။ သူတို့တာဝန်မှာ အိုးနင်းခွက်နင်း ဖြစ်သလိုလုပ်ကြရုံမက၊ အသင်းတော်အလုပ်မှာ ကိစ္စတွေ အားရစရာမရှိဖြစ်နေတာကို လိုချင်ကြတယ်။ ဘုရားအိမ်တော်နဲ့ ညီအစ်ကို မောင်နှမတွေကို လှောင်ရယ်စရာတစ်ခု ဖြစ်စေချင်ကြတယ်။ ဘုရားက သူ့နှုတ်ကပတ်တော်ထဲမှာ အန္တိခရစ်တွေကို ဖော်ပြပုံလို အခြေအနေမျိုးမှာ အတိအကျ ကျွန်မ ရှိခဲ့တာကို သဘောပေါက်လိုက်တယ်။ ထုတ်ပယ်ခံရပြီးတဲ့နောက်မှာ၊ အစ်မယုက သူ့တာဝန်မှာ ဘာဝန်ထုပ်ရှိတယ်၊ ပြဿနာတွေကို ကိုင်တွယ်နိုင်တယ်ဆိုတာကို ကျွန်မ မြင်ခဲ့ရတယ်။ သူ အလုပ်ကောင်းကောင်းလုပ်ပြီး အသင်းတော် အသက်တာ တိုးတက်ခဲ့ရင်၊ သူ ကျွန်မထက် ဘယ်လောက်ပိုတော်တာကို သိသာမှာ ကြောက်ခဲ့တယ်။ ကိုယ့်အဆင့်အတန်းနဲ့ ပုံရိပ်ကို ကာကွယ်ဖို့၊ အသင်းတော်အသက်တာ အားရစရာ မရှိဖြစ်မှာကို တောင့်တနေခဲ့တာ။ ကျွန်မမှာရှိတဲ့ သိပ်ကိုရှင်းလင်းတဲ့ ထိုးထွင်းအမြင်တွေကို မဝေမျှချင်ခဲ့ဘူး။ အစ်မယုက ပြဿနာတွေကို အချိန်မီ ဖြေရှင်းမနေခဲ့တာကို မြင်တဲ့အခါ၊ ကျွန်မ ပျော်ခဲ့တယ်၊ သူ့ကို ကျွန်မ လှောင်ရယ်ခဲ့တယ်။ သူနဲ့ပတ်သက်လို့ ဘာတစ်ခုမှ မကြိုက်ခဲ့သလို၊ သူ့ကို လုံးဝ ငြင်းပယ်ခဲ့တာ။ အန္တိခရစ်ရဲ့ ရက်စက်တဲ့ စိတ်သဘောထားကို ကျွန်မ ပြနေခဲ့တာပဲ။ အသင်းတော်အသက်တာက ညီအစ်ကို မောင်နှမတွေရဲ့ အသက်ဝင်ရောက်မှုကို တိုက်ရိုက် သက်ရောက်မှုရှိမှန်း၊ သူတို့ အခြေအနေကောင်းမှာ ရှိပြီး အသက်ဝင်ရောက်မှု ရှိတဲ့အခါမှပဲ သူတို့တာဝန်ကို ကောင်းကောင်းလုပ်နိုင်ကြမှန်း ကျွန်မသိတယ်။ ဒါပေမဲ့ တခြားလူတွေရဲ့ အမြင်မှာ ကျွန်မရဲ့ အဆင့်အတန်းကို ကျွန်မ ထိန်းသိမ်းချင်ခဲ့တယ်၊ ဒါကြောင့် အသင်းတော် အသက်တာကို ကျွန်မ မထိန်းသိမ်းနိုင်ရုံမက၊ လူတွေရဲ့ ပြဿနာတွေ ပြေလည်မသွားတာ၊ သူတို့တာဝန်ကနေ ဘာအကျိုးမှမရှိတာကို မြင်ရတာ သဘောကျခဲ့တယ်။ ကျွန်မက တကယ်ကို ယုတ်မာပြီး ဆိုးယုတ်တာပါ။ လူတစ်ယောက်ကို ဘုရားအိမ်တော်က ရာထူးတိုးပေးတဲ့အခါ၊ ဒါမှမဟုတ် ထုတ်ပယ်တဲ့အခါ၊ အလုပ်ရဲ့အကျိုးအတွက်ပဲ။ ကျွန်မက ကိုယ့်အလုပ်ကို မကိုင်တွယ်နိုင်ခဲ့လို့ အထုတ်ခံခဲ့ရတာဖြစ်ပြီး၊ နောက်တော့ ပိုတော်တဲ့ သင့်တော်သူက အဲဒီအလုပ်ကို ယူခဲ့တာပဲ။ ကျွန်မက အဲဒါနဲ့ပတ်သက်လို့ မပျော်မရွှင်ဖြစ်ခဲ့ပြီး၊ သူနဲ့ လိုက်ဖက်ညီညီ အလုပ်မလုပ်ခဲ့သလို၊ သူ့ကို အထင်တောင်သေးခဲ့တယ်၊ နှောင့်ယှက်ပြီး နာကျင်စေခဲ့တယ်။ ကျွန်မ လူတောင်ဟုတ်ရဲ့လား။ အဲဒီအတွေးနဲ့ ကျွန်မ နောင်တအပြည့်ဖြစ်သွားသလို၊ ကျွန်မမျက်ရည်တွေ စကျလာတယ်။ ကျွန်မ ဘယ်လောက်ရက်စက်ခဲ့ပုံကို မုန်းမိပြီး ဘုရားရှေ့မှာ အသက်မရှင်ထိုက်မှန်း ကျွန်မသိတယ်။ ဒီကျမ်းချက်ကို ကျွန်မ သတိရသွားတယ်- “ငြူစူသော သဘောမူကား၊ အရိုး ဆွေးမြည့်ခြင်းအကြောင်းဖြစ်၏။” (သုတ္တံကျမ်း ၁၄:၃၀) သိပ်မှန်တာပဲ။ မနာလိုခြင်းက မုန်းတီးမှုကို ဖြစ်စေပြီး လူတွေကို ရူးသွပ်တဲ့ အရာတွေ လုပ်စေနိုင်တယ်။

အဲဒီညမှာ၊ ဘုရားနှုတ်ကပတ်တော် နောက်တစ်ပိုဒ်ကို ကျွန်မ ဖတ်ခဲ့တယ်။ “ဘုရားသခင် ကာကွယ်ပေးလိုသည့်အရာများနှင့် ပတ်သက်သောအခါတွင် သင်သည် ယင်းတို့ကို အစဉ်သဖြင့် အနှောင့်အယှက်ပေးပြီး အလျဉ်ပြတ်စေကာ ဖြိုဖျက်နေလျှင်၊ သင်သည် ယင်းတို့ကို အစဉ်သဖြင့် စက်ဆုပ်ရွံရှာပြီး သင်၌ သင်ကိုယ်တိုင်၏ အယူအဆများ၊ အတွေးများရှိလျှင် ဤသည်မှာ မည်သည်ကို သွယ်ဝိုက်ညွှန်းဆိုသနည်း။ ဤသည်မှာ သင်သည် ဘုရားသခင်နှင့် အချည်းနှီး ငြင်းခုံလိုကြောင်း၊ သူနှင့် မတူသည့်ဘက်တွင် နေလိုကြောင်းအပြင် ဘုရားအိမ်တော်၏ အလုပ်နှင့် အကျိုးစီးပွားတို့ကို ဦးစားမပေးကြောင်းကို ညွှန်ပြသည်။ သင်သည် ယင်းကို လျော့ပါးစေရန် အစဉ်သဖြင့် ကြိုးစားနေသည်၊ အစဉ်သဖြင့် ဖျက်လိုဖျက်ဆီး လုပ်ဆောင်လိုသည်၊ အစဉ်သဖြင့် ယင်းထံမှ အမြတ်ထုတ်လိုသည်၊ ထို့ပြင် အခက်အခဲများဖြစ်စေပြီး မကောင်းသောအရာများကို လုပ်ဆောင်ရန် အစဉ် ကြိုးစားနေသည်။ ဤကဲ့သို့သောအရာမျိုးတွင် ဘုရားသခင်သည် သင့်အပေါ် အမျက်ဒေါသထွက်မည်လော၊ သို့မဟုတ် မထွက်မည်လော။ (ထွက်ပါမည်။) ဤအမျက်ဒေါသသည် မည်သည့်ပုံစံဖြစ်မည်နည်း။ (ကျွန်ုပ်တို့ကို သူအပြစ်ဒဏ်ပေးပါလိမ့်မည်။) သူသည် သေချာပေါက် အပြစ်ဒဏ်ပေးလိမ့်မည်။ ဘုရားသခင်သည် သင့်ကို ခွင့်လွှတ်မည်မဟုတ်။ ခွင့်လွှတ်ပေးမည့် အလားအလာဟူ၍ လုံးဝမရှိပေ။ အဘယ်ကြောင့်ဆိုသော် သင်လုပ်ဆောင်ခဲ့သော မကောင်းသည့်အရာများသည် အသင်းတော်အလုပ်ကို လျော့ပါးစေကာ အသရေပျက်စေပြီး ထိခိုက်စေသည်၊ ၎င်းတို့သည် ဘုရားအိမ်တော်၏ အလုပ်နှင့် အကျိုးစီးပွားချင်း ဝိရောဓိဖြစ်ပြီး ကြီးမားသော မကောင်းမှုဖြစ်ကာ ဘုရားသခင်ကို ဆန့်ကျင်သည့်အပြင် ဘုရားသခင်၏ စိတ်သဘောထားကို တိုက်ရိုက် ပုန်ကန်ပြစ်မှားခြင်းဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်က သင့်အပေါ် မည်သို့အမျက်ဒေါသမထွက်ဘဲ နေနိုင်မည်နည်း။ လူအချို့သည် ၎င်းတို့၏ ညံ့ဖျင်းသော အစွမ်းအစကြောင့် အလုပ်တစ်ခုကို မလုပ်ဆောင်နိုင်ဘဲ အသေးစား မကောင်းမှုများကို မတော်တဆ ကျူးလွန်မိလျှင် ဘုရားသခင်သည် ၎င်းတို့မကောင်းမှုများ၏ ပြင်းထန်မှုနှင့်အညီ သင့်လျော်သည့် ပုံစံတစ်ခုဖြင့် ၎င်းတို့ကို ကိုင်တွယ်ဖြေရှင်းကောင်း ဖြေရှင်းနိုင်သည်။ သို့ရာတွင် သင်ကိုယ်တိုင်၏ အကျိုးစီးပွားအတွက် သင်သည် မနာလိုမှုနှင့် အငြင်းပွားမှုများကို တမင်သက်သက် လုပ်ဆောင်လျှင်၊ သိလျက်ဖြင့် ပြစ်မှားကျူးလွန်လျှင်၊ ဘုရားသခင်၏ အလုပ်ကို အနှောင့်အယှက်ပေး၊ အလျဉ်ပြတ်စေပြီး ဖျက်ဆီးသောအရာအချို့ကို လုပ်ဆောင်လျှင် သူ၏စိတ်သဘောထားကို သင်ပုန်ကန်ပြစ်မှားပြီး ဖြစ်လိမ့်မည်။ သူသည် သင့်အပေါ် ညှာတာမည်လော။ ဘုရားသခင်သည် သူ၏နှစ်ခြောက်ထောင် စီမံခန့်ခွဲမှုအစီအစဉ်ဆိုင်ရာ အလုပ်ထဲသို့ ဤနေရာတွင်ပင် သူ၏ သွေး၊ ချွေး၊ မျက်ရည်တို့ကို ထည့်သွင်းပြီးဖြစ်သည်။ သင်သည် သူ့ကို ဆန့်ကျင်လုပ်ဆောင်ပြီး သူ့အိမ်တော်၏ အကျိုးစီးပွားများကို တမင်တကာ ထိခိုက်စေကာ မိမိ၏ ကိုယ်ပိုင်အကျိုးစီးပွားကို ရရှိအောင် သူ့အိမ်တော်၏ အကျိုးစီးပွားများကို စတေးခံ၍ ကြိုးစားအားထုတ်လျှင်၊ တစ်ကိုယ်ရေကျော်ကြားမှုနှင့် ဂုဏ်အဆင့်အတန်းကို ရှာဖွေလျှင်၊ ဘုရားအိမ်တော်၏ အလုပ်ကို ဖျက်ဆီးမိမည်၊ သို့မဟုတ် နှောင့်နှေးစေပြီး ပျက်စီးပျက်စီးကြောင်း လုပ်မိမည်ကို ဂရုမစိုက်လျှင်၊ ထို့အပြင် ဘုရားအိမ်တော်အဖို့ ပစ္စည်းဥစ္စာနှင့် ဘဏ္ဍာရေးဆိုင်ရာ ဆုံးရှုံးမှုများ ကြီးမားစွာ ဖြစ်ပေါ်စေလျှင် သင်တို့ကဲ့သို့သောသူသည် ခွင့်လွှတ်ခံရသင့်သည်ဟု ဆိုမည်လော။ (မဆိုပါ။)” (အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် မိမိတို့ကိုယ်တိုင် ထင်ရှားကျော်ကြားမှု ရစေဖို့နှင့် ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများနှင့် ရည်မှန်းချက်များကို ပြည့်ဝစေဖို့သာ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင့်အိမ်တော်၏အကျိုးစီးပွားများကို မည်သည့်အခါမျှ အရေးမထားသကဲ့သို့၊ ပုဂ္ဂိုလ်ရေးရာ ထင်ပေါ်ကျော်ကြားမှုအတွက် အပြန်အလှန်အားဖြင့် ထိုအကျိုးစီးပွားများကိုပင် ပစ်ပယ်သည် (အပိုင်း ၁)”) ဘုရားနှုတ်ကပတ်တော်တွေကနေ သူ့ရဲ့ ပုန်ကန်ပြစ်မှားမရတဲ့ စိတ်သဘောထား သိစိတ်တစ်ခု ရခဲ့တယ်။ လူတိုင်းနဲ့ပတ်သက်တဲ့ ကိုယ့်အဆင့်အတန်းကို ထိန်းချင်ခဲ့တယ်။ ဒီတော့ အစ်မယုကို ဆန့်ကျင်ခဲ့ပြီး သူ အထင်သေးခံရဖို့ကိုတောင် မျှော်လင့်မိခဲ့တယ်။ အသင်းတော်ရဲ့ အလုပ်ကို ကျွန်မ ထိခိုက်ခဲ့တာပဲ။ တခြားလူတစ်ယောက်ကိုပဲ ကျွန်မ ဆန့်ကျင်နေခဲ့တာမဟုတ်ဘဲ၊ ဘုရားကို ဆန့်ကျင်မိနေခဲ့တာပဲ။ ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားတွေကို ကိုယ့်ရည်မှန်းချက်တွေ ရဖို့ အာမခံပစ္စည်းလို ကိုင်စွဲနေမိခဲ့တာ။ ဘုရားက ကျွန်မတို့တွေ သမ္မာတရားကို ရမယ်၊ ကျွန်မတို့ရဲ့ စိတ်သဘောထားတွေ ပြောင်းလဲပြီး သူ့ရဲ့ ကယ်တင်ခြင်းခံရမယ်ဆိုတာကိုပဲ မျှော်လင့်ရင်းနဲ့ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ အင်မတန် ကြီးမားတဲ့ အဖိုးအခ ပေးပြီးပြီလေ။ ညီအစ်ကို မောင်နှမတွေက ကောင်းမွန်တဲ့ အသင်းတော် အသက်တာနဲ့ ခေါင်းဆောင်ကောင်း ရှိတဲ့အခါမှပဲ သမ္မာတရားရဲ့ စစ်မှန်မှုထဲ ဝင်ရောက်ပြီး ဘုရားရဲ့ ကယ်တင်ခြင်းကို သူတို့ ရနိုင်တာ။ ကျွန်မက အဖန်ဆင်းခံတစ်ယောက်၊ ဘုရားနောက်လိုက်တစ်ယောက်ဖြစ်ပေမဲ့၊ ဘုရားအလိုတော်ကို လုံးဝ စဉ်းစားမနေခဲ့ဘူး။ အသင်းတော် အသက်တာ ဒုက္ခရောက်နေတာကို မြင်တဲ့အခါ အဲဒါကို ကျွန်မပျော်ခဲ့တယ်။ အဲဒီအတိုင်း ကိစ္စတွေ ဆက်ဖြစ်ဖို့တောင် မျှော်လင့်ခဲ့တယ်။ ကျွန်မ ဘယ်လိုလုပ် အရမ်း စက်ဆုပ်စရာဖြစ်ပြီး ဆိုးယုတ်နိုင်ခဲ့ရတာလဲ။ ဘုရားရဲ့ စီမံခန့်ခွဲမှု အစီအစဉ် မပြီးစီးမှာ၊ ဘုရားအိမ်တော်ရဲ့ အလုပ် ထိခိုက်ပျက်စီးမှာ၊ လူတိုင်း ဘုရားကို သစ္စာဖောက်ပြီး၊ သူ့ရဲ့ ကယ်တင်ခြင်း ဆုံးရှုံးသွားမှာနဲ့ နောက်ဆုံးမှာ စာတန်နဲ့အတူ ငရဲထဲသွားမှာကို စာတန်က မျှော်လင့်နေတာ။ အဲဒီလိုတွေးပြီး ပြုမူခြင်းအားဖြင့်၊ ကျွန်မက စာတန်လိုဘဲ ဘုရားအိမ်တော်ရဲ့ အလုပ်ကို နှောင့်ယှက်နေခဲ့တာ မဟုတ်လား။ ဘုရားရဲ့ စိတ်သဘောထားက ပုန်ကန်ပြစ်မှားမှုကို သည်းခံမှာ မဟုတ်ဘူး။ နောင်တရဖို့ ကျွန်မ ဆက်ငြင်းနေရင်၊ တစ်ချိန်ချိန်မှာ ပိုကြီးမားတဲ့ ဆိုးယုတ်မှုကိုတောင် လုပ်မိသွားမှာ၊ ဘုရားရဲ့ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားမိပြီး၊ သူ့ရဲ့ ဖယ်ရှင်းသုတ်သင်ခံရမှာကို ကျွန်မ သိခဲ့တယ်။ အဲဒီအချိန်မှာ နာမည်နဲ့ အဆင့်အတန်းနောက် လိုက်တာက ကောင်းတဲ့ လမ်းကြောင်းမဟုတ်မှန်း ကျွန်မ တကယ် နားလည်သွားတယ်။ ဘုရားပြောခဲ့တာကို ကျွန်မ သတိရမိတယ်- “လူတို့သည် ကျော်ကြားမှုနှင့် အမြတ်အစွန်းအတွက်သာ စဉ်းစားတတ်တော့သည် အထိဖြစ်အောင်၊ ၎င်းတို့၏ အတွေးများကို ထိန်းချုပ်ရန်အတွက် စာတန်သည် ကျော်ကြားမှုနှင့် အမြတ်အစွန်းကို အသုံးပြု၏။ ၎င်းတို့သည် ကျော်ကြားမှုနှင့် အမြတ်အစွန်းအတွက် ရုန်းကန်လှုပ်ရှား ကြ၏၊ ကျော်ကြားမှုနှင့် အမြတ်အစွန်းအတွက် အခက်အခဲများကို ခံကြ၏၊ ကျော်ကြားမှုနှင့် အမြတ်အစွန်း အတွက် အရှက်ရခြင်းများကို ကြံ့ကြံ့ခံကြ၏၊ ကျော်ကြားမှု နှင့် အမြတ်အစွန်း အတွက် ၎င်းတို့တွင် ရှိသမျှအရာတိုင်းကို စွန့်လွှတ်ကြသကဲ့သို့၊ ကျော်ကြားမှုနှင့် အမြတ်အစွန်းတို့အတွက် မည်သို့သော အကဲဖြတ်မှု၊ ဆုံးဖြတ်မှုကိုမဆို ၎င်းတို့က ပြုလုပ်ကြလိမ့်မည်။ ဤနည်းလမ်းဖြင့် စာတန်သည် လူတို့အား မမြင်နိုင်သော အချုပ်အနှောင်တို့နှင့် ချည်နှောင်ပြီး လူတို့သည် ၎င်းတို့ကို တွန်းလှန်ရန် အင်အားမရှိသလို သတ္တိလည်းမရှိကြပေ။ ၎င်းတို့သည် ဤအချုပ်အနှောင်တို့အား အမှုမဲ့အမှတ်မဲ့ သယ်ဆောင်ကြပြီး ကြီးစွာသော အခက်အခဲဖြင့် ရှေ့သို့ဆက်ကာသာ ရုန်းကြရ၏။ ဤကျော်ကြားမှုနှင့် အမြတ်အစွန်း အတွက် အလို့ငှာ၊ လူသားမျိုးနွယ်သည် ဘုရားသခင်ကို ရှောင်ကြဉ်၍၊ ကိုယ်တော်အား သစ္စာဖောက်ပြီး၊ တိုး၍ ဆိုးယုတ် လာကြသည်။ ထို့ကြောင့် ဤနည်းဖြင့် မျိုးဆက်တစ်ခုပြီး တစ်ခုသည် စာတန်၏ ကျော်ကြားခြင်းနှင့် အမြတ်အစွန်း အကြားတွင် ဖျက်ဆီးခံကြရ၏။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၆)) နာမည်နဲ့ အဆင့်အတန်းနောက်လိုက်တဲ့ ပြဿနာကို ကျွန်မ အလေးအနက် မထားခဲ့ဘဲ၊ တခြားလူတွေ ကျွန်မကို လေးပဲလေးစားစေချင်တယ်လို့ တွေးခဲ့တယ်။ ညီအစ်ကို မောင်နှမတွေ၊ ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားတွေကို လုံးဝ မထိုက်ခိုက်စေခဲ့ဘူးပေါ့။ ဒါပေမဲ့ ဘုရားနှုတ်ကပတ်တော်တွေနဲ့ အချက်အလက်တွေ ပြတာက နာမည်နဲ့ အဆင့်အတန်းဟာ လူတွေကို နာကျင်စေဖို့၊ ခက်ခဲကျပ်တည်းသွားစေဖို့ စာတန်သုံးတဲ့ တန်ဆာပလာတွေဖြစ်တယ်ဆိုတာပဲ။ အဲဒါတွေက ကျွန်မအပေါ် စာတန်ထားတဲ့ အချုပ်အနှောင်တွေ။ အချိန်ကျလာတဲ့အခါ၊ အဲဒါက ကျွန်မကို ထိန်းချုပ်သွားပြီး၊ ဘုရားကို ဆန့်ကျင်တဲ့ အလုပ် မလုပ်ဘဲ မနေနိုင်ခဲ့ဘူး။ သမ္မာတရားကို ကျွန်မ မလိုက်စားသလို၊ ဘုရားရဲ့ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းတွေကို လက်မခံဘဲ၊ အဲဒီအရာတွေနောက် ဆက်လိုက်နေမိခဲ့ရင်၊ ကျွန်မ ကိုယ့်ကိုယ်ကိုယ် တကယ်အဆုံးစီရင်မိမှာ။ ရှေးခေတ်ကတည်းက၊ အဆင့်အတန်းနဲ့ အာဏာနောက်လိုက်ရာမှာ၊ လူတွေရဲ့ အကောင်းဆုံး မိတ်ဆွေတွေက ခါးတီးတဲ့ ရန်သူတွေ ဖြစ်လာခဲ့ကြသလို၊ သူတို့ အချစ်ရဆုံးသူတွေက အချင်းချင်း အပိုင်ကြံပြီး ရက်စက်လာကြတယ်။ ကျွန်မလည်း အစ်မယုအပေါ် အဲဒီအတိုင်းဖြစ်ခဲ့တာ။ ကိုယ့်အဆင့်အတန်းအကြောင်းပဲ စဉ်းစားရင်းနဲ့၊ သူ့ကို ကျွန်မ နောက်ထပ် သည်းမခံနိုင်ခဲ့ဘူး။ ကျွန်မရာထူးကို သူ ခိုးနေခဲ့သလို တွေးခဲ့တာ၊ ဒါကြောင့် သူနဲ့ ကျွန်မ ယှဉ်ပြိုင်ချင်ခဲ့ပြီး၊ ကျွန်မ သူ့ထက်သာအောင် မလုပ်နိုင်တဲ့အခါ၊ သူ့ကို ဝေဖန်ဖို့ အုပ်စုဖွဲ့ချင်ခဲ့တယ်။ အသင်းတော် အသက်တာ အဆင်မပြေဖြစ်နေတာကို မြင်တဲ့အချိန်မှာ ကျွန်မက ကာကွယ်ဖို့ ကြိုးစားမနေခဲ့ဘူး။ သူ့ကို ကျွန်မ လှောင်ရယ်လို့ရအောင် သူ ကျရှုံးတာကို မြင်ဖို့ စိတ်ပြင်းပြရင်းနဲ့ အေးတိအေးစက် လက်ပိုက်ကြည့်ခဲ့တယ်။ ဘုရားအိမ်တော်ရဲ့ အလုပ် ထိခိုက်တာကိုတောင် မြင်ဖို့ လိုလားနေခဲ့တာ။ နာမည်နဲ့ အဆင့်အတန်းနောက် လိုက်ခြင်းအားဖြင့် ကျွန်မက ဘုရားကို ဆန့်ကျင်တဲ့လမ်းကြောင်းပေါ် ရှိခဲ့မှန်း တွေ့ခဲ့ရတယ်။ အဲဒီအချိန်မှာ ကျွန်မစိတ်နှလုံးထဲ ကြောက်သလိုမျိုး ခံစားရတယ်။ ပြီးတော့ ကျွန်မ နောင်တမရခဲ့ဘဲ နာမည်နဲ့ အဆင့်အတန်းနောက် ဆက်လိုက်နေခဲ့ရင်၊ ဘုရားအိမ်တော်ရဲ့ အလုပ်ကို ဆက်နှောင့်ယှက်နေခဲ့ရင်၊ အနည်းဆုံးအနေနဲ့ ကိုယ့်တာဝန်ကို ဆုံးရှုံးသွားနိုင်ပေမဲ့၊ အဆိုးဆုံးအနေနဲ့ အန္တိခရစ်ဖြစ်လာနိုင်ပြီး အသင်းတော်ကနေ နှင်ထုတ်ခံရနိုင်တယ်။ ကယ်တင်ခြင်းရဖို့ ကျွန်မရဲ့ အခွင့်အရေး ဆုံးရှုံးသွားမှာပဲ။ ဒါကို ကျွန်မတွေ့လိုက်တာနဲ့ ဘုရားကို အရမ်းကျေးဇူးတင်မိတယ်။ နာမည်နဲ့ အဆင့်အတန်းရဲ့ အနှစ်သာရ ဒါမှမဟုတ် အဲဒါတွေကို လိုက်စားခြင်းက ဖြစ်စေတဲ့ အန္တရာယ်ကို ကျွန်မ လုံးဝ မမြင်ခဲ့သလို၊ အဲဒီလိုက်စားမှုကို ကျွန်မ လက်လွှတ်ဖို့ လုံးဝ တကယ် လိုလားနေခဲ့တာ မဟုတ်ဘူး။ ဒီတစ်ခါတော့ ဘုရားက စာတန်ရဲ့ အာဏာတန်ခိုးအောက် အသက်ရှင်ခြင်းရဲ့ နာကျင်မှုကို ကိုယ်တိုင် တွေ့ကြုံဖို့၊ အဲဒီနောက်လိုက်နေတဲ့ ကျွန်မရဲ့ အကျည်းတန်တဲ့ အမှန်တရားကို မြင်အောင် ကျွန်မအတွက် တကယ့်အခြေအနေတစ်ကို ပြင်ဆင်ပေးနေခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်ရဲ့ တရားစီရင်ခြင်းကတစ်ဆင့်၊ သူ့ရဲ့ ပုန်ကန်ပြစ်မှားမရတဲ့ စိတ်သဘောထားကိုလည်း တွေ့ကြုံနိုင်ခဲ့တယ်။ အရင်က အပျက်သဘောဆောင်ပြီး အားနည်းခဲ့တယ်၊ ပြောင်းလဲဖို့ အရမ်းဖောက်ပြန်ပျက်စီးလွန်းသလို ခံစားရပြီး သမ္မာတရားလိုက်စားဖို့ စိတ်ချယုံကြည်မှု မရှိခဲ့ဘူး။ ဒါပေမဲ့ နောက်တော့ နာမည်နဲ့ အဆင့်အတန်းကို ကျွန်မ အရမ်းတန်ဖိုးထားလွန်းပေမဲ့၊ သမ္မာတရားနဲ့ ကိုယ်ရေးကိုယ်တာ ပြောင်းလဲမှုကို လိုက်စားချင်သရွေ့၊ သမ္မာတရားကို နားလည်အောင်၊ အဲဒီအချုပ်အနှောင်တွေကို စွန့်ပစ်ပြီး ကယ်တင်ခြင်းလမ်းကြောင်းပေါ် ရောက်အောင် ဘုရားက ကျွန်မကို လမ်းပြမှာ ဖြစ်မှန်း ကျွန်မ နားလည်သွားတယ်။

နောက်တော့ ဘုရားနှုတ်ကပတ်တော်ထဲမှာ ဒါကို ဖတ်ရတယ်။ “လူတို့သည် သူတစ်ပါးတို့ထက် သာရန် အစဉ်ကြိုးစားသောအခါ၊ သူတစ်ပါးတို့ရှေ့ရောက်ရန် အစဉ်ကြိုးစားသောအခါ၊ လူအုပ်စုထဲမှ ထင်ပေါ်ရန် အစဉ်ကြိုးစားသောအခါ ယင်းသည် မည်သည့်စိတ်သဘောထားဖြစ်သနည်း။ (မာနထောင်လွှားသော စိတ်သဘောထားဖြစ်ပါသည်။) ဤသည်မှာ ဘုရားသခင်၏ ဝန်ထုပ်ဝန်ပိုးကို သတိပြုခြင်းမဟုတ်ပေ။ ဘုရားသခင်က သင့်ကို ဤနည်းဖြင့် သတိပြုရန် မတောင်းဆိုပေ။ ဤသည်မှာ မိမိတို့ ယှဉ်ပြိုင်နေကြခြင်းဖြစ်သည်ဟု လူအချို့က ဆိုကြသည်။ ယှဉ်ပြိုင်ခြင်းသည် ယင်းကိုယ်၌က အပျက်သဘောဆောင်သောအရာတစ်ခု ဖြစ်သည်။ ယင်းသည် စာတန်၏ မာနထောင်လွှားသော စိတ်သဘောထားကို ထုတ်ဖော်ပြခြင်း၊ ထင်ရှားပြသခြင်းတစ်ခုဖြစ်သည်။ သင့်တွင် ဤသို့သော စိတ်သဘောထားတစ်ခုရှိသောအခါ သင်သည် သူတစ်ပါးတို့ကို အောက်ခြေတွင်ထားရန် အစဉ်ကြိုးစားနေသည်၊ ၎င်းတို့ရှေ့ရောက်ရန် အစဉ်ကြိုးစားနေသည်၊ ဖြတ်စားလျှပ်စား အစဉ်လုပ်နေသည်၊ လူတို့ထံမှ ရယူရန် အစဉ်ကြိုးစားနေသည်။ သင်သည် အလွန်အမင်း မနာလိုဖြစ်သည်၊ မည်သူ့ကိုမျှ မနာခံ၊ ထို့ပြင် အသိအမှတ်ပြုခြင်းခံရရန် အစဉ်ကြိုးစားနေသည်။ ဤသည်မှာ ပြဿနာဖြစ်၏။ ဤသည်မှာ စာတန်လုပ်ဆောင်သည့်ပုံစံဖြစ်သည်။ သင်သည် ဘုရားသခင်၏ ဖန်ဆင်းခံတစ်ယောက် အမှန်တကယ် ဖြစ်လိုလျှင် ဤသို့သောအရာများအတွက် မကြိုးပမ်းနှင့်။ ယှဉ်ပြိုင်ခြင်း၊ မိမိ၏ အရည်အချင်းများကို ကြွားလုံးထုတ်ခြင်း၊ ဤအရာတို့သည် ကောင်းသောအရာများမဟုတ်ပေ။ နာခံရန် သင်ယူခြင်းကသာ အသိစိတ်ကို ထင်ရှားစေသည်။” “သင်တို့ကိုယ်သင်တို့ ပြုမူနေထိုင်ခြင်းအတွက် သင်တို့၏ အခြေခံသဘောတရားများမှာ အဘယ်နည်း။ သင်သည် သင့်အတွက် သင့်တော်သည့် ရာထူးအဆင့်အတန်းကို ရှာဖွေပြီး သင်၏ ရာထူးအဆင့်အတန်းအတိုင်း ခိုင်မာစွာ ရပ်တည်လျက် သင်၏ရာထူးအဆင့်အတန်း အတိုင်း ပြုမူနေထိုင်သင့်သည်။ ဥပမာအားဖြင့် အသက်မွေးဝမ်းကျောင်းတစ်ခုတွင် ကျွမ်းကျင်ပြီး ထိုအသက်မွေးဝမ်းကျောင်း၏ အခြေခံသဘောတရားများကို နားလည်သဘောပေါက်နိုင်သူများ ရှိကြသည်၊ ပြီးလျှင် ၎င်းတို့သည် ဤကိစ္စနှင့်စပ်လျဉ်း၍ နောက်ဆုံး စစ်ဆေးမှုများ ပြုလုပ်သင့်သည်။ အခြားလူတိုင်းကို ၎င်းတို့၏စိတ်ကူးများပေါ်တွင် အခြေခံ၍ တစ်ခုခု လုပ်ဆောင်စေပြီး ဤတာဝန်ကို ပိုမိုကောင်းမွန်အောင် ထမ်းဆောင်စေလျက် စိတ်ကူးများနှင့် ထိုးထွင်းအမြင်များကို ပေးနိုင်သည့်သူများရှိသည်။— သို့ဆိုလျှင် ၎င်းတို့သည် စိတ်ကူးများကို ထောက်ပံ့ပေး သင့်သည်။ သင့်အတွက် သင့်တော်သည့် ရာထူး အဆင့်အတန်းကို သင် ရှာဖွေနိုင်ပြီး၊ သင်၏ ညီအစ်ကိုမောင်နှမများနှင့် သဟဇာတဖြစ်အောင် သင် အလုပ်လုပ်နိုင်ပါက၊ သင်သည် သင်၏တာဝန်ကို ဖြည့်ဆည်းနေလိမ့်မည်ဖြစ်ကာ၊ သင်၏ ရာထူး အဆင့်အတန်းအတိုင်း သင့်ကိုယ်သင် ပြုမူနေထိုင် လိမ့်မည်။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “မိမိကိုယ်ကိုယ် ပြုမူနေထိုင်ခြင်းတွင် ရှိထားသင့်သည့် အခြေခံသဘောတရားများ”) ဒါက လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းတစ်ခု ပေးတယ်။ ဘုရားက လူတိုင်းကို မတူညီတဲ့ ဆုကျေးဇူးနဲ့ အစွမ်းအစ ပေးထားတာပဲ။ သူ့အစီအစဉ်တွေကို ကျွန်မတို့ ကျိုးနွံနာခံပြီး ကိုယ့်နေရာမှာ ကျွန်မတို့ရဲ့ အစွမ်းတွေကို ပြဖို့ ဘုရားက မျှော်လင့်တာပါ။ အစ်မယုက ကျွန်မထက် ပိုအရည်အချင်းပြည့်မီပြီး တကယ့်ပြဿနာတွေကို ကိုင်တွယ်နိုင်တယ်။ သူက ပိုထိရောက်တဲ့ အဖွဲ့ခေါင်းဆောင်ဖြစ်ပြီး အဲဒါ ကောင်းတဲ့အရာပါ။ သူ့ရဲ့ အားသာချက်တွေကနေ ကျွန်မ သင်ယူပြီး ကိုယ့်တာဝန်ကို ကောင်းကောင်း လုပ်ဖို့လိုတယ်။ အဲဒါက တစ်ခုတည်းသော ကျိုးကြောင်းဆီလျော်တဲ့ ချဉ်းကပ်မှုပဲ။ ဒါပေမဲ့ အရည်အချင်း မပြည့်မီသူလို့ အခေါ်ခံရမှာကို ကြောက်ခဲ့တယ်။ ကျွန်မ မာနထောင်လွှားခဲ့ပြီး ကိုယ့်ကိုယ်ကိုယ် နားမလည်ခဲ့ဘူး။ ကိုယ့်နေရာကို ကိုယ်မသိခဲ့ဘူး။ အစ်မယုက အသက်ဝင်ရောက်မှုကို အာရုံစိုက်ခဲ့ပြီး တခြားလူတွေအတွက် ချစ်ခြင်းမေတ္တာ ရှိခဲ့တယ်။ ကျွန်မထဲက ပြဿနာတွေကို သူ သတိထားမိချိန်မှာ သူက တကယ်ကို အထောက်အကူလည်း ဖြစ်ခဲ့တယ်၊ ဒီတော့ သူနဲ့ အလုပ်လုပ်ခွင့်ကို ကျွန်မ တန်ဖိုးထားသင့်ပြီး၊ ဘုရားပြင်ဆင်ပေးတဲ့ အဲဒီပတ်ဝန်းကျင်မှာ ကိုယ့်ကိုယ်ကိုယ် သိကျွမ်းတာကို အာရုံစိုက်သင့်တယ်။ အဲဒါက ကျွန်မရဲ့ အသက်ဝင်ရောက်မှုကို အထောက်အကူ ဖြစ်မှာပဲ။ အဲဒီတွေးခေါ်မှု အလေ့အထက ကျွန်မကို လွတ်လပ်တဲ့ ခံစားချက်တစ်ခု ပေးတယ်။ အဲဒီနောက်မှာ သူ့အပေါ် ကျွန်မရဲ့ မနာလိုမှုကို ကျွန်မ လက်လွှတ်လိုက်ပြီး၊ စုဝေးပွဲတွေမှာ တက်တက်ကြွကြွ ပါဝင်ခဲ့သလို၊ သူနဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်။ မိတ်သဟာယမှာရော၊ သူများတွေကို ကူညီဖို့ပါ အကောင်းဆုံးနဲ့ အစွမ်းကုန် လုပ်တယ်။ အဲဒီလို လက်တွေ့လုပ်ဆောင်လိုက်တာက အရင်က ကျွန်မ လုံးဝ မရှိခဲ့ဖူးတဲ့ အေးချမ်းတဲ့ခံစားချက် ပေးခဲ့တယ်။ ဘုရားက ကျွန်မတို့ဘေးမှာ စွမ်းဆောင်ရည်ရှိတဲ့ ညီအစ်ကို မောင်နှမတွေကို ထားထားတယ်။ ဒါမှ ကျွန်မတို့က သူတို့ရဲ့ အားသာချက်တွေကနေ သင်ယူပြီး ကိုယ့်အားနည်ချက်တွေကို ထေမိနိုင်အောင်ပေါ့။ အဲဒီအခါ ဘဝမှာ ကျွန်မတို့မြန်မြန် ကြီးထွားမှာပေါ့။ အဲဒါ တန်ဖိုးဖြတ်မရတဲ့ ကောင်းချီးတစ်ခုပဲ။

ဒီအတွေ့အကြုံက ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ သဘာဝအပေါ် ပိုသိနားလည်မှု ပေးခဲ့တယ်။ စာတန်က ကျွန်မကို ဘယ်လောက် နက်နက်ရှိုင်းရှိုင်း ဖောက်ပြန်ပျက်စီးစေပြီးပြီလဲဆိုတာ၊ ကိုယ့်နာမည်နဲ့ အဆင့်အတန်းအတွက် ကျွန်မ ဘာမဆိုလုပ်ပုံ၊ တကယ်ကို ယုတ်မာခဲ့မှန်း မြင်ခဲ့ရတယ်။ ဘုရားရဲ့ ကယ်တင်ခြင်းကိုလည်း ကျွန်မ တွေ့ကြုံခဲ့ရတယ်။ အဆင့်အတန်းအတွက် အဲဒီကြိုးပမ်းမှုမှာ၊ အဲဒီမနာလိုမှုမှာ ပိတ်မိတာက တကယ်ကို နာကျင်စရာဖြစ်ပြီး၊ ကျွန်မလုပ်နေတာတွေရဲ့ အနှစ်သာရကို ဖော်ပြခဲ့တာ၊ ပိုပြီး လွတ်လွတ်လပ်လပ် အသက်ရှင်နိုင်အောင် ဖောက်ပြန်ပျက်စီးခြင်း အနှောင်အဖွဲ့တွေကနေ ကျွန်မကို လွှတ်ပေးတာက ဘုရားနှုတ်ကပတ်တော်တွေရဲ့ တရားစီရင်ခြင်းဖြစ်ခဲ့တယ်။ ဘုရားရဲ့ ကယ်တင်ခြင်းအတွက် ကျွန်မ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်မိပါတယ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဆုတ်ဆိုင်းမှုမှ သင်ယူခဲ့ရသည့်အရာ

စွတ်ဖန့် ကိုးရီးယားနိုင်ငံ ၂၀၁၄ မှာ ကျွန်တော်က အသင်းတော်အတွက် ဗီဒီယိုထုတ်လုပ်သူအဖြစ် လေ့ကျင့်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းက ဗီဒီယိုအသစ်တစ်ခုကို...

ကျွန်တော်၏ ဘုရားသခင်ကို ချီးမြှောက်ခြင်း၊ သက်သေခံခြင်းနှင့်ဆိုင်သော လက်တွေ့လုပ်ဆောင်မှုက အလွန်အဓိပ္ပါယ်မဲ့လှသည်

ကျန်းချင်၊ ရှန်ဒုံစီရင်စု အသင်းတော်ထဲက ခေါင်းဆောင်များနှင့် လုပ်ဖော်ကိုင်ဖက်အချို့တို့သည် အစဉ်အမြဲ မိမိတို့ကိုယ်ကိုယ် သက်သေခံကြပြီး...

ကျွန်ုပ် အယောင်ဆောင် ခေါင်းဆောင်တစ်ဦး ဖြစ်လာခဲ့ပုံ

ရှင်ချွင်း တောင်ကိုရီးယားနိုင်ငံ ၂၀၁၉ နှစ်ကုန်မှာ၊ ကျွန်မ အသင်းတော်မှာ ဗီဒီယိုအလုပ်ကို ကြီးကြပ်ရတယ်။ အဲဒီတုန်းက အရမ်းစိတ်ဖိစီးခဲ့ရတယ်။...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။