အမှုထမ်းများကို ချိန်ညှိခြင်းအား ရင်ဆိုင်ရခြင်းက ကျွန်မကို ဖော်ထုတ်ခဲ့သည်

08.02.2023

ကျိုးကျင့် တရုတ်နိုင်ငံ

၂၀၂၁ခုနှစ်၊ မတ်လမှာ ကျွန်မက အသင်းတော်ရဲ့ ဧဝံဂေလိအလုပ်ကို ဦးဆောင်ရတယ်။ ကျွန်မက ကျွန်မတာဝန်နယ်ပယ်က ကြီးပြီး ဧဝံဂေလိအမှုဆောင်တွေနည်းနေတဲ့အကြောင်းကို ခေါင်းဆောင်ကို တင်ပြလိုက်တယ်။ အဲဒါနဲ့ သူက ဧဝံဂေလိကို ကူဖြန့်ပေးဖို့ အစ်မလျူရှောင်ကို ပို့လိုက်တယ်။ လျူရှောင်က တစ်ခါတုန်းက ခေါင်းဆောင်ဖြစ်ခဲ့ဖူးတယ်။ သူ့နားမှာ နည်းနည်း အချိန်ကုန်ပြီးတဲ့နောက်မှာ သူက ဧဝံဂေလိလက်ခံဖို့ အလားလာအရှိသူတွေရဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ ဘုရားနှုတ်ကပတ်တော်ကို သုံးတဲ့နေရာမှာ အတော် ကျွမ်းကျင်တာကို ကျွန်မ တွေ့ရတယ်။ ကျွန်မ စဉ်းစားတာပေါ့။ “ငါ သူ့ကို ကောင်းကောင်း ပျိုးထောင်ပေးရင် သူက ဧဝံဂေလိဖြန့်ပြီး ဘုရားကို သက်သေခံတဲ့သူသေချာပေါက် ဖြစ်လာမှာပဲ။ ဒါဆိုရင် ငါ အလုပ်လုပ်ပြီး လူတွေကို လေ့ကျင့်ပေးတဲ့ အရည်အချင်းကို ခေါင်းဆောင်က ချီးမွမ်းမှာပဲ” ပေါ့။ အဲဒီနောက်တော့ ဧဝံဂေလိဖြန့်တာ လေ့ကျင့်ဖို့အတွက် လျူရှောင်ကို ကျွန်မနဲ့အတူ ခေါ်သွားတယ်။ ကျွန်မက သူနဲ့ ခဏခဏမိတ်သဟာယဖွဲ့ပြီး သူ့မှာရှိတဲ့ပြဿနာတွေကို ဖြေရှင်းပေးတယ်။ နည်းနည်းကြာလာတော့ သူက တော်တော်တိုးတက်လာတယ်။ သူ့ဧဝံဂေလိအလုပ်ကနေ တော်တော်ကောင်းတဲ့ ရလဒ်တွေရလာတယ်။ ကျွန်မ ဘယ်လောက်ပျော်တယ်ဆိုတာ ဖုံးလို့မရဘူး။ နေ့တိုင်းပဲ ကျွန်မတာဝန်အတွက် အကန့်အသတ်မဲ့ စွမ်းအင်တွေနဲ့ ပြည့်နေတယ်။

တစ်နေ့တော့ ခေါင်းဆောင်က ကျွန်မကို မေးတယ်။ “အသင်းတော်က အခုနောက်ပိုင်းမှာ လူသစ်တွေအများကြီးရနေပြီး ရေလောင်းသူတွေ အရေးတကြီး ပိုလိုလာတယ်။ ဘယ်ညီအစ်ကိုမောင်နှမတွေက သမ္မာတရားကို နားလည်ပြီး လူသစ်တွေကို ရေလောင်းနိုင်လဲ” တဲ့။ ကျွန်မက ပျော်ပျော်ရွှင်ရွှင်နဲ့ ပြန်ပြောတယ်။ “လျူရှောင်က အစွမ်းအစကောင်းတယ်။ သမ္မာတရားကို သင်တာ မြန်တယ်။ သမ္မာတရားကို ရှင်းရှင်းလင်းလင်း မိတ်သဟာယဖွဲ့တယ်။ သူက ကောင်းကောင်း သင့်တော်ပါတယ်” ပေါ့။ အဲဒီမှာ ခေါင်းဆောင်က ပြန်ပြောတယ်။ “ဟုတ်ပြီ။ ဒါဆိုလူသစ်တွေကို ရေလောင်းဖို့ လျူရှောင်ကို လွှတ်လိုက်ပါ” တဲ့။ သူဒီလိုပြောတာကို ကျွန်မ ကြားရတော့ နှလုံးက တစ်ဒိန်းဒိန်းခုန်သွားတယ်။ ကျွန်မ စဉ်းစားတယ်။ “ကျွန်မက သူ့ကို ပျိုးထောင်ရင်းနဲ့ အားတွေစိုက်ပြီးတဲ့နောက်မှာ ရှင်က သူ့ကို ပြောင်းပစ်လိုက်တော့မှာလား။ ရှင့်ကို အမှန်အတိုင်း မပြောခဲ့သင့်ဘူး။ ကျွန်မရဲ့ ဒီလိုအဓိကပံ့ပိုးပေးသူကို ရွှေ့ပြောင်းလိုက်ရင် တခြားလူတစ်ယောက်ကို လေ့ကျင့်ဖို့ ကျွန်မက ထပ်ပြီး ပေးဆပ်ရဦးမှာပေါ့။ ရေလောင်းသူ မလုံလောက်ရင် တခြားအသင်းတော်က လူတွေကို ပြောင်းပေးလို့မရဘူးလား။ လျူရှောင်ကို ပြောင်းလိုက်ရင် ဒီလမှာ သိပ်ထိရောက်တော့မှာမဟုတ်ဘူး။ ဒါဆို ရှင်က ကျွန်မကို ဘယ်လိုထင်မလဲ။ ကျွန်မက မလုပ်နိုင်ဘူးလို့ ထင်ပြီး ထုတ်ပစ်မှာလား။ မဖြစ်ဘူး။ လျူရှောင်ကို သွားခွင့်မပြုနိုင်ဘူး” ပေါ့။ ဒီလိုစဉ်းစားပြီး ခေါင်းဆောင်ကို ပြောလိုက်တယ်။ “ရေလောင်းအလုပ်က အရေးပါပါတယ်။ ဒါပေမဲ့ ဧဝံဂေလိအလုပ်ကရော အရေးမကြီးဘူးလား။ ဒီတစ်ခါတော့ တခြားအသင်းတော်က တစ်ယောက်ယောက်ကို ရွှေ့ပြောင်းပေးလိုက်ပြီး နောက်တစ်ခါ တစ်ယောက်ယောက်လိုတဲ့အခါ လျူရှောင်ကို ရွှေ့ပြောင်းလို့ရတယ် ဆိုရင်ရော” ပေါ့။ ခေါင်းဆောင်က ကျွန်မ ဘာစဉ်းစားနေတယ်ဆိုတာ မြင်ပြီး မိတ်သဟာယဖွဲ့တယ်။ “အသင်းတော်ရဲ့ အဘက်ဘက်က အလုပ်ကို စဉ်စားပေးရမယ်။ ကိုယ့်ဝန်ထုပ်ကို ပေါ့ဖို့အတွက် ကိုယ့်ဘက်မှာ အရည်အချင်းရှိတဲ့လူတွေကို ထားထားချင်တာက တစ်ကိုယ်ကောင်းဆန်တယ်။ အခုအချိန်မှာ အသင်းတော်ကို ဝင်နေတဲ့ လူသစ်တွေအများကြီးရှိတယ်။ ဒါပေမဲ့ ရေလောင်းသူတွေ မလုံလောက်တော့ လူသစ်တော်တော်များများကို အချိန်မီ ရေမလောင်းရဘူး။ တချို့တွေက စီစီပီနဲ့ ဘာသာရေးလောကက ကောလာဟလတွေက ခြိမ်းခြောက်တာ၊ နှောင့်ယှက်တာကို ခံနေရပြီး စုဝေးဖို့ကို အရမ်းကြောက်နေကြတာ။ တချို့ကဆို ထွက်တောင် ထွက်သွားကြတယ်။ ဧဝံဂေလိအလုပ်က မျိုးစေ့ကြဲတာနဲ့ အရမ်းတူတယ်။ မျိုးစေ့တွေပဲကြဲပြီး ရေမလောင်းရင် အားလုံး အလကားပဲ။ ဒါကြောင့် အခု အရေးကြီးဆုံးက လူသစ်တွေကို တတ်နိုင်သမျှ အမြန်ဆုံးရေလောင်းဖို့အတွက် လူတွေကို စီစဉ်ဖို့ပဲ။ ယုံကြည်သူအသစ်တွေကို ရေလောင်းဖို့ အစ်လျူကို စီစဉ်တာက ရေလောင်းအလုပ်က လိုအပ်ချက်တွေပဲ။ အသင်းတော်ရဲ့အလုပ်ကို ကျွန်မတို့ ကာကွယ်ပေးသင့်တယ်။ ကျွန်မတို့ ဝန်ထုပ်တွေပေါ့အောင်ပဲ လူတွေကို ထားထားချင်ပြီး ကိုယ့်ဂုဏ်သတင်းနဲ့ အဆင့်အတန်းကိုပဲ ကာကွယ်ချင်ရင် ဘုရားအလိုတော်ကို အလေးထားနေတာမဟုတ်ဘူး” တဲ့။ ခေါင်းဆောင်ပြောတာ မှန်တယ်။ လျူရှောင်ရဲ့ အခြေအနေကို ကြည့်ရင် သူက လူသစ်တွေကိုရေလောင်းဖို့ ပိုသင့်တော်တယ်။ ပြီးတော့လည်း လူသစ်တွေသူ သူတို့ကိုရေလောင်းဖို့ လူတွေကို အရမ်းကို လိုအပ်နေတာ။ ကျွန်မက လျူရှောင်ပြောင်းသွားပြီး ဧဝံဂေလိအလုပ် ထိခိုက်တာကို စဉ်းစားပြီး စိတ်မချမ်းသာဘူး။ ဒါပေမဲ့ ထပ်စဉ်းစားကြည့်တော့ လူသစ်တွေကို ရေလောင်းဖို့က တကယ်ကို လုံးဝ နှောင့်နှေးလို့မရဘူး။ အဲဒါနဲ့ ကျွန်မလည်း ရွေးစရာမရှိတော့ဘဲ ခေါင်းဆောင်ကို ပြောလိုက်ရတယ်။ “ကျေနပ်သလိုလုပ်ပါ။ သူက တကယ်ပြောင်းရမယ်ဆိုရင် ကျွန်မ ဘာမှမတတ်နိုင်ပါဘူး” ပေါ့။ အိမ်ပြန်ရောက်တော့ ဒီကိစ္စကိုပဲ တွေးနေမိတယ်။ အဲဒါနဲ့ ကျွန်မ ဘုရားကို ဆုတောင်းတယ်။ “ဘုရားသခင် ခေါင်းဆောင်က လျူရှောင်ကို လူသစ်တွေကိုရေသွားလောင်းဖို့ စီစဉ်တာဟာ စည်းမျဉ်းတွေနဲ့ ညီတယ်ဆိုတာ သမီး သိပါတယ်။ ဒါပေမဲ့ လက်မခံနိုင်ဖြစ်နေပါတယ်။ သမီးကို ဉာဏ်အလင်းဖွင့်ပြီး သမီးရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို သိမြင်ခွင့်ပြုပါ” ဆိုပြီးတော့။

နောက်တော့ ဘုရားနှုတ်ကပတ်တော်ကို ဖတ်တယ်။ “ဘုရားအိမ်တော်၏ အလုပ်နယ်ပယ် အတွင်းတွင် အလုပ်အားလုံး၏ လိုအပ်ချက်များကို အခြေခံပြီး အမှုထမ်းအချို့ကို ပြောင်းရွှေမှုများရှိနိုင်သည်။ လူအချို့ကို အသင်းတော်မှ ပြောင်းရွှေ့လျှင် ပြဿနာကို ကိုင်တွယ်ရန် အသင်းတော်ခေါင်းဆောင်များအတွက် သင့်တင့်လျောက်ပတ်သော နည်းလမ်းမှာ မည်သည့်အရာဖြစ်မည်နည်း။ အဘက်ဘက်မှ အကျိုးစီးပွားများအားလုံးထက် ၎င်းတို့၏ ကိုယ်ပိုင်အသင်းတော်အလုပ်ကိုသာ အရေးစိုက်လျှင် ပြဿနာက အဘယ်နည်း။ ၎င်းတို့သည် အသင်းတော်ခေါင်းဆောင်အနေဖြင့် အဘယ်ကြောင့် ဘုရားအိမ်တော်၏ အဘက်ဘက်မှ အစီအစဉ်များအားလုံးကို မနာခံနိုင်ကြသနည်း။ ဤသို့သောသူသည် ဘုရားအလိုတော်ကို ထောက်ထားပြီး အလုပ်အပေါ် အဘက်ဘက်မှ ခြုံငုံကြည့်ခြင်းကို အာရုံစိုက်သလော။ ၎င်းတို့က ဘုရားအိမ်တော်၏ အလုပ်အားလုံးကို မစဉ်းစားဘဲ ၎င်းတို့၏ ကိုယ်ပိုင်အသင်းတော်၏ အကျိုးစီးပွားများကိုသာ စဉ်းစားလျှင် ၎င်းတို့သည် တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ်မဖြစ်သလော။ အသင်းတော်ခေါင်းဆောင်များသည် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များ၊ ဘုရားအိမ်တော်၏ ဗဟိုချုပ်ကိုင်ထားသော အစီအစဉ်များနှင့် ညှိနှိုင်းဆောင်ရွက်မှုများတို့ကို အကြွင်းမဲ့ နာခံသင့်သည်။ ဤသည်မှာ သမ္မာတရားစည်းမျဉ်းများနှင့် ညီသောအရာဖြစ်သည်။ ဘုရားအိမ်တော်၏ အလုပ်က လိုအပ်သောအခါတွင် ၎င်းတို့သည် မည်သူဖြစ်စေ လူတိုင်းက ဘုရားအိမ်တော်၏ ညှိနှိုင်းဆောင်ရွက်မှုနှင့် အစီအစဉ်များကို နာခံသင့်သည်။ ခေါင်းဆောင်၊ သို့မဟုတ် အမှုဆောင်တစ်ဦးက ၎င်းတို့သည် သူ၏ပိုင်ဆိုင်မှုဖြစ်သည့်အလား ထိန်းချုပ်ခြင်းကို လုံးဝ မခံသင့်ပေ။ ဘုရားအိမ်တော်၏ ဗဟိုချုပ်ကိုင်ထားသော အစီအစဉ်များအပေါ် ဘုရားသခင် ရွေးချယ်ထားသောသူများက နာခံခြင်းကို ကောင်းကင်မှ ပြဌာန်းထားပြီး မြေကြီးမှ အသိအမှတ်ပြုထားသည်။ မည်သူမျှ အာခံ၍မရပေ။ ခေါင်းဆောင်၊ သို့မဟုတ် အမှုဆောင် တစ်ယောက်ယောက်က စည်းမျဉ်းနှင့်မညီသည့် ဆင်ခြင်တုံတရားမဲ့သော ရွှေ့ပြောင်းမှုတစ်ခုကို လုပ်ဆောင်လျှင် ဤအခြေအနေတွင် ဤအရာကို မနာခံခြင်း ပြုလုပ်နိုင်သည်။ ဘုရားသခင်ရွေးချယ်ထားသောသူအားလုံးသည် နာခံသင့်သည်။ မည်သည့်ခေါင်းဆောင်၊ သို့မဟုတ် အမှုဆောင်ကမျှ မည်သူကိုမဆို ထိန်းချုပ်ခွင့်၊ သို့မဟုတ် ထိန်းချုပ်စရာအကြောင်းတစ်ခုမျှ မရှိပေ။ ဘုရားအိမ်တော်၏ အလုပ်မဟုတ်သည့် အလုပ်တစ်ခုတလေ ရှိသည်ဟု သင်တို့ပြောမည်လော။ ဘုရားသခင်၏ နိုင်ငံတော် ဧဝံဂေလိ တိုးချဲ့ခြင်း မပါဝင်သည့် အလုပ်တစ်ခုတလေ ရှိသလော။ ယင်းသည် ဘုရားအိမ်တော်၏အလုပ်ချည်းသာ ဖြစ်သည်၊ အလုပ်အသီးသီးသည် တန်းတူဖြစ်ပြီး ‘သင်၏အလုပ်’ နှင့် ‘ကျွန်ုပ်၏အလုပ်’ ဟူ၍ မရှိချေ။ ရွှေ့ပြောင်းခြင်းသည် စည်းမျဉ်းနှင့်ကိုက်ညီပြီး အသင်းတော်အလုပ်၏ လိုအပ်ချက်များကို အခြေခံလျှင် ဤလူများသည် ၎င်းတို့ကို အလိုအပ်ဆုံးနေရာသို့ သွားသင့်သည်။ သို့တိုင် ဤအခြေအနေမျိုးကို ရင်ဆိုင်ရသည့်အခါ အန္တိခရစ်တို့၏ တုံ့ပြန်မှုမှာ အဘယ်နည်း။ ၎င်းတို့သည် ဤသင့်တော်သည့်လူများကို ၎င်းတို့ လက်ထဲတွင် ထားရန် မမှန်ကန်သော အကြောင်းပြချက်များနှင့် ဆင်ခြေများကို ရှာဖွေကြသည်။ ၎င်းတို့က သာမန်လူနှစ်ဦးကိုသာ ပေးပြီး၊ ထို့နောက်တွင် အလုပ်က မည်မျှ အလွန်ရှုပ်ကြောင်းကိုဖြစ်စေ၊ ၎င်းတို့ လူမလောက်ကြောင်း၊ လူများ ရှာရခက်ကြောင်းနှင့် ဤလူနှစ်ဦးကို ပြောင်းရွှေ့ပါက၊ အလုပ် ဆိုးရွားစွာ ထိခိုက်မည်ဖြစ်ကြောင်းကိုဖြစ်စေ ပြောကြလျက်၊ သင့်အား အကျပ်ရိုက်စေဖို့ မူမမှန်သော အကြောင်းပြချက်အချို့ကို ရှာကြလေသည်။ ပြီးလျှင် ၎င်းတို့မည်သည့်အရာကို လုပ်သင့်သည်ကို သင့်အား မေးပြီး သင့်အား အပြစ်ရှိသလို ခံစားရစေသည်။ ဤသည်မှာ နတ်ဆိုး အလုပ်လုပ်သည့် နည်းလမ်းမဟုတ်လော။ ဤသည်မှာ မယုံကြည်သူများ အမှုကိစ္စများကို လုပ်ဆောင်သည့်ပုံစံဖြစ်သည်။ လူများသည် အသင်းတော်တွင် မိမိတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများကို အစဉ် ကြိုးစားပြီး ကာကွယ်နေသည် မဟုတ်လော။ ၎င်းတို့သည် လူကောင်းများ ဖြစ်သလော။ ၎င်းတို့သည် အခြေခံသဘောတရားအတိုင်း ပြုမူသည့်သူများ ဖြစ်သလော။ သေချာပေါက် မဟုတ်ပေ။ ၎င်းတို့သည် မယုံကြည်သူများနှင့် ယုံကြည်မှုမရှိသူများဖြစ်သည်။ ပြီးလျှင် ဤအရာသည် တစ်ကိုယ်ကောင်းဆန်ပြီး ဆိုးညစ်သည်မဟုတ်လော။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ နောက်ဆက်တွဲ ၄ (အပိုင်း ၁)) ဘုရားနှုတ်ကပတ်တော်ကနေ ကျွန်မ နားလည်သွားတယ်။ ဘုရားသခင်က ကိုယ့်အကျိုးစီးပွားကိုပဲ ကာကွယ်တဲ့ တစ်ကိုယ်ကောင်းဆန်တဲ့သူတွေကို ရွံရှာမုန်းတီးတယ်။ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မဖတ်တော့ ဒါက အရမ်းကို ရှင်းတယ်။ “ဤသည်မှာ နတ်ဆိုး အလုပ်လုပ်သည့် နည်းလမ်းမဟုတ်လော။ ဤသည်မှာ မယုံကြည်သူများ အမှုကိစ္စများကို လုပ်ဆောင်သည့်ပုံစံဖြစ်သည်။...၎င်းတို့သည် မယုံကြည်သူများနှင့် ယုံကြည်မှုမရှိသူများဖြစ်သည်။” ဘုရားသခင်က ကျွန်မရှေ့တည့်တည့်မှာ ရပ်နေပြီး ကျွန်မကို ဖော်ထုတ်နေသလို ခံစားမိတယ်။ ကျွန်မ ရှက်ပြီး ကျွန်မခေါင်းကိုပဲ ဖွက်ထားလိုက်ချင်တော့တယ်။ အသင်းတော်က ရေလောင်းသူတွေ နည်းနေတယ်ဆိုတာ လူသစ်တွေအများကြီးက အချိန်မီရေလောင်းမခံရလို့ ထွက်နေကြတာ ခေါင်းဆောင်က လျူရှောင်ကို ရေလောင်းဖို့ စီစဉ်ပေးတာက လုံးဝ သင့်တော်ပြီး စည်းမျဉ်းတွေနဲ့ ညီတာတွေကို ကျွန်မ သေချာသိတယ်။ ဒါပေမဲ့ ကျွန်မက အသင်းတော်အလုပ်ကို လုံးဝ ထည့်မစဉ်းစားဘဲ ကိုယ့်အကျိုးစီးပွားတွေကိုပဲ ကြည့်တယ်။ လျူရှောင်က ပြောင်းသွားရင် ကျွန်မက ပိုအားစိုက်ရမယ်၊ ပိုပြီး ပေးဆပ်ရမယ်ဆိုတာကို ကြောက်မိခဲ့တယ်။ အလုပ်ထိရောက်မှုက ကျဆင်းသွားရင် ကျွန်မဂုဏ်သတင်းနဲ့ အဆင့်အတန်းထိခိုက်မှာကိုလည်း စိုးရိမ်ခဲ့တယ်။ ဒါကြောင့် ကျွန်မက “ဧဝံဂေလိအလုပ်ကလည်း အရေးကြီးတယ်။ နှောင့်နှေးလို့မရဘူး”လို့ ဟန်ဆောင်ပြီးတော့ ခေါင်းဆောင်သွားတဲ့လမ်းကို ပိတ်ပင်ပြီး လျူရှောင်ကိုပြောင်းရွှေ့တာကို တားဖို့ ကြိုးစားခဲ့တယ်။ ကျွန်မက တကယ်ကို တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းပါတယ်။ ကိုယ့်အကျိုးစီးပွားတွေပဲ စဉ်းစားနေတာ။ ကျွန်မက ကိုယ့်ဂုဏ်သတင်းနဲ့ အဆင့်အတန်းကြီးထွားဖို့အတွက်ပဲ လျူရှောင်ကို ကျွန်မနားမှာ ထားချင်ခဲ့တာ။ ကျွန်မက မယုံကြည်သူတစ်ယောက်လိုပဲ မဟုတ်ဘူးလား။ မယုံကြည်သူတွေရဲ့ ပြင်ပလောကက ကော်ပိုရေးရှင်းသူဌေးတွေက လူတွေကို ကျွမ်းကျင်မှုတချို့ သင်ပေးတယ်။ ပြီးတော့ သူတို့အတွက် ဒီလူတွေကို အရမ်းအလုပ်လုပ်ပေးစေချင်တယ်။ ဒီလိုပဲ။ ကျွန်မက လျူရှောင်ကို ဘယ်သူ့အကူအညီမှမပါဘဲ ပျိုးထောင်ပေးခဲ့တာကြောင့် ကျွန်မဘေးမှာနေပြီး ကျွန်မစီစဉ်တာတွေကို နာခံသင့်တယ်လို့ တွေးတယ်။ ကျွန်မက တကယ်ကို ကျိုးကြောင်းမသင့်တာပါ။ အသင်းတော်က ကျွန်မကို ဧဝံဂေလိအလုပ်ကို ကြီးကြပ်ဖို့ စီစဉ်ပေးခဲ့တယ်။ ဒါက ကျွန်မ ဖြည့်ဆည်းရမယ့် တာဝန်၊ ဝတ္တရားပဲ။ ကျွန်မရဲ့ တစ်ကိုယ်ရေလုပ်ငန်းမဟုတ်ဘူး။ အသင်းတော်အလုပ်ဖြစ်ပါတယ်။ အမှုထမ်းတွေကို ဘယ်လိုပြောင်းရွှေ့ပြီး စီစဉ်တယ်ဆိုတာက ခေါင်းဆောင်က စည်းမျဉ်းတွေနဲ့အညီ လူတွေကို ဘယ်လိုကျိုးကြောင်းရှိရှိနဲ့ တာဝန်ချပေးရမယ်ဆိုတာ အကဲဖြတ်ပါတယ်။ ပိတ်ပင်ခွင့်ရှိဖို့မပြောနဲ့။ ကြားဝင်စွက်ဖက်ဖို့တောင် ကျွန်မက အရည်အချင်းမပြည့်မီဘူး။ ကျွန်မက နာခံပြီး လက်ခံလိုက်သင့်တယ်။ ဒါကပဲ ကျိုးကြောင်းသင့်လိမ့်မယ်။ ဒီလိုစဉ်းစားရင်းနဲ့ ကျွန်မလုပ်ရပ်တွေ၊ အပြုအမူတွေအတွက် နောင်တတွေအရမ်းရပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိတယ်။ ဘုရားရှေ့ကို အမြန်သွားပြီး ကျွန်မ ဝန်ချပြီး နောင်တရတယ်။ ကျွန်မရဲ့ တစ်ကိုယ်ကောင်းဆန်တဲ့ ရည်ရွယ်ချက်တွေကို စွန့်လွှတ်ပြီး အသင်းတော်ရဲ့ အစီအစဉ်တွေကို နာခံဖို့ အသင့်ဖြစ်နေခဲ့တယ်။ နောက်တစ်နေ့မှာတော့ လျူရှောင်နဲ့အတူ လူသစ်တွေကို သူရေလောင်းတာနဲ့ပတ်သက်ပြီး မိတ်သဟာယဖွဲ့တယ်။ ဒီလိုလက်တွေ့လုပ်တော့ အရမ်းကို ငြိမ်သက်ခြင်းရှိပြီး စိတ်သက်သာရာရခဲ့တယ်။

မကြာခင်မှာ အစ်မပန်နဲ့ အစ်ကိုယန်မှာ ဧဝံဂေလိအလုပ်အတွက် သိပ်ကောင်းမယ့်အားသာချက်တွေရှိနေတာကို ကျွန်မ တွေ့ရတယ်။ အဲဒါနဲ့ ကျွန်မက ဧဝံဂေလိ ဖြန့်ဝေတဲ့အခါမှာ သူတို့ကို ခဏခဏ ခေါ်ခဲ့ပြီး သူတို့ကို ပျိုးထောင်ဖို့ကို တော်တော် အာရုံစိုက်တယ်။ အချိန်နည်းနည်းကြာတော့ သူတို့တွေက ဧဝံဂေလိအမှုတောင်တွေအဖြစ် အမြန်တိုးတက်လာပြီး ရလဒ်ကောင်းတွေ ရတယ်။ ကျွန်မ အပျော်လွန်ခဲ့တယ်ဆိုတာ စိတ်ကူးကြည့်လို့ရပါတယ်။ အဖွဲ့မှာ နောက်ထပ် ဧဝံဂေလိအမှုဆောင်နှစ်ယောက်ရှိတော့ အလုပ်ကလည်း တိုးတက်လာတာပေါ့။ ကျွန်မက တာဝန်မှာ ပိုပြီးတော့ စိတ်တက်ကြွလာတယ်။ ဒါပေမဲ့ ကျွန်မအံ့ဩသွားရတာက နှစ်ပတ်လောက်ကြာတော့ ခေါင်းဆောင်က ကျွန်မကို ပြောတယ်။ “တခြားနေရာက အသင်းတော်တွေမှာ လုပ်ရမယ့် ဧဝံဂေလိအလုပ်တွေအများကြီးရှိတယ်။ ဒါပေမဲ့ ဧဝံဂေလိအမှုဆောင်က မလုံလောက်ဘူး။ ယန်ဂျီနဲ့ လုမင်းကို သွားအားဖြည့်ဖို့ စီစဉ်ချင်တယ်။ ပြီးတော့ ဟွီကျန်းလည်း အစွမ်းအစကောင်းပြီး ပျိုးထောင်ပေးသင့်တယ်။ သူ့ကို လူသစ်တွေကို ရေလောင်းတဲ့အလုပ်ကို ကြီးကြပ်ဖို့ ကျွန်မ စီစဉ်ပေးချင်တယ်” တဲ့။ ဒါကို ကြားတော့ ကျွန်မ စိတ်ပျက်သွားတယ်။ ပေါက်သွားတဲ့ ဘောလုံးတစ်လုံးလိုပဲ။ ရုတ်တရက် အားလျော့သွားပြီး ကျွန်မခုံပေါ်ကို ပစ်ထိုင်ချလိုက်ပြီး မလှုပ်နိုင်ဘူး။ ကျွန်မ တွေးတယ်။ “လူတစ်ယောက်ကို ပြောင်းရွှေ့တာက ထားလိုက်ဦး။ အခုက သုံးယောက်ပြောင်းတာလား။ ကျွန်မအတွက် ခက်ခဲအောင်လုပ်ဖို့ ကြိုးစားနေတာလား။ ကျွန်မရဲ့ ဒီအဓိကလူသုံးယောက်ကို ပြောင်းရွှေ့လိုက်ပြီး အလုပ်က ထိခိုက်သွားရင် ကျွန်မက လက်တွေ့အလုပ်မလုပ်ဘူး၊ အယောင်ဆောင်ခေါင်းဆောင်ပဲလို့ ပြောမှာလား။ အဲဒီမှာ ကျွန်မ အထုတ်ခံရရင် ကျွန်မမျက်နှာကို ဘယ်လိုပြန်ပြရတော့မှာလဲ။ ကျွန်မက ဒီအလုပ်ကို မလုပ်နိုင်တဲ့ပုံစံဖြစ်သွားမှာပဲ” ပေါ့။ ဒီလိုစဉ်းစားပြီး ကျွန်မက ချက်ချင်းပြန်ပြောလိုက်တယ်။ “တစ်ယောက်တောင် ချန်မထားနိုင်ဘူးလား။ တစ်ခါတည်း လူသုံးယောက် ရွေ့လိုက်တော့ ဧဝံဂေလိအလုပ် နှောင့်နှေးမသွားဘူးလား။” ကျွန်မ အတိုက်အခံဖြစ်နေတဲ့ပုံစံကို ခေါင်းဆောင်ကမြင်ပြီး ကျွန်မနဲ့ မိတ်သဟာယဖွဲ့တယ်။ ဒါပေမဲ့ ကျွန်မက သူပြောတာ တစ်ခွန်းမှ မကြားဘူး။ ခေါင်းဆောင်ပြန်သွားတော့ ကျွန်မက ကျွန်မရဲ့ အဓိကလူသုံးယောက်ကို ပြောင်းရွှေ့တာနဲ့ပတ်သက်ပြီး အရမ်း မကျေမနပ်တွေဖြစ်နေတာ။ အဲဒီသုံးယောက်ပြောင်းသွားရင် ကျွန်မက လေ့ကျင့်ဖို့အတွက် လူသစ်တွေရှာရမယ်။ လူက ဒုက္ခရောက်မယ့်ဟာကို မပြောသေးဘူး။ ပြီးရင် အလုပ်က စံမမီရင် လူတိုင်းက ကျွန်မကို ဘယ်လိုထင်မလဲ ပေါ့။ ကျွန်မက ဒီရာထူးမှာ လူသစ်ဖြစ်နေလို့ တက်ကြွနေတာ ကျွန်မရဲ့ အစပိုင်းစိတ်ထက်သန်တာတွေက ပြီးသွားတာနဲ့ လုံးဝ အသုံးမကျတော့ဘူးလို့ ပြောကြမှာလားပေါ့။ ကျွန်မ စဉ်းစားလေလေ၊ စိတ်မချမ်းသာဖြစ်လေလေပဲ။ ကျွန်မ စိတ်လေးလံပြီးတော့ လုပ်ချင်စိတ်တွေအကုန် ပျောက်သွားတယ်။ အဲဒီနောက်တော့ ဘယ်တာဝန်ကိုမှ ကျွန်မ မခံယူတော့ဘူး။ ကျွန်မကြုံတွေ့ရတဲ့ အခက်အခဲတွေကို ဖြေရှင်းဖို့ ကိုယ့်ကိုယ်ကိုယ် အလေးအနက် အသုံးမချဘူး။ ခေါင်းဆောင်က ဧဝံဂေလိအလုပ် လုပ်ဖို့အတွက် တခြားလူသုံးလေးယောက် လွှတ်လိုက်တယ်။ ဒါပေမဲ့ ကျွန်မက သူတို့ကို လေ့ကျင့်ပေးဖို့ ဆန္ဒမရှိဘူး။ သူတို့က ဧဝံဂေလိစလုပ်တဲ့အခါမှာ သူတို့ မဖြေရှင်းနိုင်တဲ့ ပြဿနာတွေ အများကြီးရှိမယ်ဆိုတာ ကျွန်မ သိပေမဲ့ အရေးမစိုက်ဘူး။ ဒီတိုင်းပဲ အပြင်သွားပြီး ဧဝံဂေလိဟောဖို့ သူတို့ကို စီစဉ်ပေးလိုက်တယ်။ တဖြည်းဖြည်းနဲ့ ကျွန်မ စိတ်နှလုံးက ပိုပိုပြီး မှောင်မိုက်လာတယ်။ ကျွန်မက ကိုယ့်တာဝန်မှာ မလုံလောက်သလိုမျိုး ခံစားရတယ်။ ကျွန်မအခြေအနေက မမှန်ကန်ဘူးဆိုတာ သတိထားမိတယ်။ အဲဒါနဲ့ ဘုရားကို ဆုတောင်းပြီး ကိုယ့်ကိုယ်ကိုယ် သိအောင် ပြန်ဆင်ခြင်ကြည့်တယ်။

ကျွန်မ ဘုရားဝတ်ပြုတဲ့တစ်ချိန်မှာ ဒီ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ရတယ်။ “အစွမ်းအစကောင်းရှိသူတစ်ယောက်သည် အခြားတာဝန်တစ်ခုကို ထမ်းဆောင်ရန် အန္တိခရစ်အောက်မှ ရွှေ့ပြောင်းရလျှင် အန္တိခရစ်၏ စိတ်နှလုံးတွင် ယင်းကို အလျှော့မပေးဘဲ အာခံပြီး ငြင်းဆန်သည်။ နုတ်ထွက်ချင်ပြီး ခေါင်းဆောင်ဖြစ်ရန်၊ အဖွဲ့အကြီးအကဲဖြစ်ရန် စိတ်ထက်သန်မှုမရှိပေ။ ဤသည်မှာ မည်သည့်ပြဿနာဖြစ်သနည်း။ ၎င်းတို့သည် အသင်းတော်၏ အစီအစဉ်များအပေါ် အဘယ်ကြောင့် နာခံခြင်းမရှိသနည်း။ ၎င်းတို့၏ ‘ညာလက်ရုံး’ ကို ရွှေ့ပြောင်းခြင်းသည် ၎င်းတို့အလုပ်၏ ဖြစ်ထွန်းမှုနှင့် တိုးတက်မှုကို ထိခိုက်မည်၊ ရလဒ်အနေဖြင့် ၎င်းတို့၏ အဆင့်အတန်းနှင့် ဂုဏ်သတင်းကို ထိခိုက်မည်၊ ဤအတွက်ကြောင့် ၎င်းတို့သည် ဖြစ်ထွန်းမှုကို သေချာစေရန် မဖြစ်မနေ ပို၍ အလုပ်လုပ်ရကာ၊ ပို၍ ဒုက္ခခံရသည်ဟု ထင်မြင်ကြသည်။ ဤသည်မှာ ၎င်းတို့ လုံးဝ မလုပ်ဆောင်လိုသည့်အရာဖြစ်သည်။ ၎င်းတို့သည် သက်သာခြင်းကို အကျင့်ဖြစ်လာကြသည်။ ပို၍ အလုပ်ကြိုးစားခြင်း၊ သို့မဟုတ် ဒုက္ခခံခြင်း မပြုလုပ်လိုပေ။ ထို့ကြောင့် ထိုလူကို လွှတ်မပေးလိုပေ။ ဘုရားအိမ်တော်က ရွှေ့ပြောင်းမှုကို မရမက ပြလုပ်လျှင် ၎င်းတို့က ပြဿနာရှာပြီး ၎င်းတို့၏ ကိုယ်ပိုင်အလုပ်ကို လုပ်ဆောင်ရန်ပင် ငြင်းဆန်ကြသည်။ ဤသည်မှာ တစ်ကိုယ်ကောင်းဆန်ပြီး မယုတ်မာသလော။ ဘုရားသခင်ရွေးချယ်ထားသောသူများကို အဓိကအားဖြင့် ဘုရားအိမ်တော်က နေရာချပေးသင့်သည်။ ဤအရာက မည်သည့်ခေါင်းဆောင်၊ အဖွဲ့အကြီးအကဲ၊ သို့မဟုတ် သီးခြားလူတစ်ဦးချင်းစီနှင့်မျှ မသက်ဆိုင်ပေ။ လူတိုင်းက အခြေခံသဘောတရားအတိုင်း ပြုမူဆောင်ရွက်ရမည်။ ဤသည်မှာ ဘုရားအိမ်တော်၏ စည်းမျဉ်းဖြစ်သည့််— အန္တိခရစ်များသည် ဘုရားအိမ်တော်၏ စည်းမျဉ်းများနှင့်အညီ မဆောင်ရွက်သောအခါ၊ ၎င်းတို့၏ ကိုယ်ပိုင်အဆင့်အတန်းနှင့် အကျိုးစီးပွားများအတွက် အစဉ်ကြံစည်သောအခါ၊ ၎င်းတို့၏ အာဏာနှင့် ဂုဏ်အဆင့်အတန်းကို ခိုင်မာစေရန် အစွမ်းအစကောင်းရှိသော ညီအစ်ကိုမောင်နှမများကို ၎င်းတို့အား အစေခံစေသောအခါတွင် ဤသည်မှာ တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်မာခြင်းမဖြစ်သလော။ အပြင်ပန်းတွင် အစွမ်းအစကောင်းရှိသူများကို ၎င်းတို့အနားတွင် ထားပြီး ဘုရားအိမ်တော်က ထိုသူတို့အား ရွှေ့ပြောင်းသည်ကို ခွင့်မပြုခြင်းသည် ၎င်းတို့က အသင်းတော်အလုပ်အတွက် စဉ်းစားပေးသကဲ့သို့ မြင်ရသည်။ သို့သော် အမှန်တကယ်တွင် ၎င်းတို့က ၎င်းတို့၏ ကိုယ်ပိုင်အာဏာနှင့် အဆင့်အတန်းကိုသာ စဉ်းစားနေကြခြင်းဖြစ်သည်။ အသင်းတော်အလုပ်အတွက် လုံးဝ မစဉ်းစားပေ။ ၎င်းတို့က ၎င်းတို့အလုပ်ကို မှားယွင်းလုပ်ဆောင်ပြီး လူစားလဲခံရမည်ကို၊ ၎င်းတို့၏ ဂုဏ်အဆင့်အတန်း ဆုံးရှုံးရမည်ကို ကြောက်ကြသည်။ အန္တိခရစ်များက ဘုရားအိမ်တော်၏ ပိုမိုကျယ်ပြန့်သောအလုပ်အတွက် မစဉ်းစားသောအခါ၊ ၎င်းတို့၏ ကိုယ်ပိုင် ဂုဏ်အဆင့်အတန်းအတွက်သာ စဉ်းစားသောအခါ ဘုရားအိမ်တော်၏အကျိုးစီးပွားများ ဆုံးရှုံးနစ်နာခြင်းအတွက် လိပ်ပြာမလုံခြင်း မရှိဘဲ ၎င်းတို့၏ကိုယ်ပိုင် အဆင့်အတန်းကိုသာ ကာကွယ်ပြီး အသင်းတော်၏အလုပ် ထိခိုက်နစ်နာသည်အထိ မိမိတို့၏ အဆင့်အတန်းနှင့် အကျိုးစီးပွားတို့ကို ကာကွယ်သောအခါ ဤသည်မှာ တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်မာပေသည်။...ထိုသို့သော အခြေအနေတစ်ခုဖြင့် ရင်ဆိုင်ရသည့်အခါ ယုတ်စွအဆုံး အကြင်သူသည် မိမိ၏အသိစိတ်ဖြင့် ‘ဤလူများအားလုံးသည် ဘုရားသခင်၏ အိမ်တော်နှင့်သက်ဆိုင်သည်၊ ၎င်းတို့သည် ငါ၏ကိုယ်ပိုင် ပိုင်ဆိုင်မှု မဟုတ်။ ငါသည်လည်း ဘုရားသခင်၏အိမ်တော်ဝင် တစ်ဦးဖြစ်ပေသည်။ ဘုရားအိမ်တော်က လူများ ပြောင်းရွှေ့ခြင်းကို တားဆီးဖို့ ငါ၌ အဘယ်အခွင့်ရှိသနည်း။ ငါ့ကိုယ်ပိုင် တာဝန်နယ်ပယ်အတွင်းရှိ အလုပ်ကိုသာ အာရုံစိုက်နေမည့်အစား ဘုရားအိမ်တော်၏ အကျိုးစီးပွားအလုံးစုံကို ငါဆင်ခြင်တွေးတောသင့်သည်’ ဟု သင်တွေးရမည်။ ယင်းတို့မှာ အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့ ပိုင်ဆိုင်သည့် လူများ၌ တွေးသင့်သည့် အတွေးများဖြစ်ပြီး ဘုရားသခင်ကို ယုံကြည်သည့်သူများ ပိုင်ဆိုင်သင့်သည့် အသိတရားဖြစ်သည်။ ဘုရားအိမ်တော်တွင် ထူးခြားသော လိုအပ်ချက်ရှိသည့်အခါ အရေးအကြီးဆုံးမှာ ဘုရားအိမ်တော်၏ အစီအစဉ်များကို နာခံခြင်းဖြစ်သည်။ အယောင်ဆောင်ခေါင်းဆာင်များနှင့် အန္တိခရစ်တို့သည် ထိုသို့သော အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့ကို မပိုင်ဆိုင်ကြပေ။ ၎င်းတို့အားလုံးသည် တစ်ကိုယ်ကောင်းဆန်ကြသည်၊ ကိုယ့်အတွက်သာ တွေးကြပြီး အသင်းတော်၏ အလုပ်နှင့်ပတ်သက်၍ မစဉ်းစားကြပေ။ ၎င်းတို့မျက်စိရှေ့တည့်တည့်မှ အကျိုးအမြတ်များကိုသာ ၎င်းတို့ ထည့်တွက်စဉ်းစားကြသည်။ ဘုရားအိမ်တော်၏ အလုပ်ကျယ်ပြန့်မှုကို ၎င်းတို့ မစဉ်းစားကြပေ။ ထို့ကြောင့် ၎င်းတို့သည် ဘုရားအိမ်တော်၏ အစီအစဉ်များကို လုံးဝ နာခံနိုင်စွမ်းမရှိပေ။ ၎င်းတို့သည် အလွန်အမင်း တစ်ကိုယ်ကောင်းဆန်ပြီး ဆိုးယုတ်လေသည်။ ဘုရားသခင်၏အိမ်တော်၌ ၎င်းတို့သည် အဟန့်အတားဖြစ်စေဖို့ပင် လုံလုံလောက်လောက် ရဲတင်းပြီး တစ်စုံတစ်ခု လုပ်ဆောင်ဖို့ပင် ငြင်းဆန်ရဲကြသည်။ ဤလူများသည် လူ့သဘာဝ မရှိဆုံးသော လူများဖြစ်သည်၊ ၎င်းတို့သည် ဆိုးယုတ်သော လူများဖြစ်ကြ၏။ အန္တိခရစ်များက ထိုလူစားမျိုးများဖြစ်ပေသည်။ ၎င်းတို့က အသင်းတော်၏ အလုပ်ကိုလည်းကောင်း၊ ညီအစ်ကိုမောင်နှမများကိုလည်းကောင်း၊ ပြီးလျှင် ဘုရားအိမ်တော်၏ တန်ဖိုးရှိသောအရာများကိုပင်လည်းကောင်း— မိမိတို့၏ ဩဇာအာဏာအောက်ရှိ အရာအားလုံးကို— မိမိတို့၏ ကိုယ်ပိုင် ပုဂ္ဂလိက ပိုင်ဆိုင်မှုအဖြစ် သဘောထားဆက်ဆံကြသည်။ ဤအရာများ မည်သို့ ဖြန့်ဝေသည်၊ ပြောင်းရွှေ့သည်၊ အသုံးချသည်တို့မှာ ၎င်းတို့ပေါ်တွင် မူတည်ပြီး ဘုရားအိမ်တော်က ဝင်စွက်ဖက်ခွင့် မရှိပေ။ ယင်းတို့က ၎င်းတို့၏လက်ထဲသို့ ရောက်သည်နှင့်၊ ယင်းတို့ကို စာတန် ပိုင်ဆိုင်ထားသည့်အလားဖြစ်သည်။ မည်သူ တစ်ဦးတစ်ယောက်ကမျှ ထိခွင့်မရှိပေ။ ၎င်းတို့သည် အရေးပါသောပုဂ္ဂိုလ်၊ ခေါင်းဆောင်အကြီးအကဲဖြစ်ပြီး၊ ၎င်းတို့၏ပိုင်နက်ထဲသို့သွားသည့်သူ မည်သူမဆိုသည် ၎င်းတို့၏အမိန့်များနှင့် စီစဉ်မှုများကို နာခံရမည် ဖြစ်ကာ၊ ၎င်းတို့ထံမှ အကြံပေးချက်များကို ယူရမည်ဖြစ်သည်။ ဤသည်မှာ အန္တိခရစ်တို့၏ ဝိသေသလက္ခဏာ အတွင်းရှိ တစ်ကိုယ်ကောင်းဆန်ခြင်းနှင့် ယုတ်မာခြင်းတို့၏ သရုပ်သကန်ဖြစ်လေသည်။ ၎င်းတို့သည် အခြေခံသဘောတရားကို စိုးစဉ်းမျှ မလိုက်နာဘဲ၊ ဘုရားအိမ်တော်၏အကျိုးစီးပွားများကို လုံးဝ ထည့်တွက်စဉ်းစားခြင်း မရှိသကဲ့သို့၊ မိမိတို့၏ကိုယ်ပိုင် အကျိုးစီးပွားများနှင့် ဂုဏ်အဆင့်အတန်းတို့ကိုသာ တွေးလေသည်၊ ယင်းမှာ အန္တိခရစ်များဖြစ်သည့် လူစားမျိုး၏ လူ့သဘာဝရှိ သမားရိုးကျ ပင်ကိုလက္ခဏာ ပေါ်လွင်ခြင်း ဖြစ်ပေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ နောက်ဆက်တွဲ ၄ (အပိုင်း ၁)) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာ ကျွန်မ အရမ်းကို စိတ်သောကရောက်ပြီး အနေရခက်နေခဲ့တယ်။ အန္တိခရစ်တွေက အရမ်း တစ်ကိုယ်ကောင်းဆန်တယ်၊ လူ့သဘာဝမရှိဘူးလို့ ဘုရားက ဖွင့်ပြတယ်။ သူတို့မှာ ကိစ္စတွေ ဖြစ်ပျက်တဲ့အခါ သူတို့ရဲ့ ကိုယ်ပိုင်ဂုဏ်သတင်းနဲ့ အဆင့်အတန်းကိုပဲ ထည့်စဉ်းစားတယ်။ လူတွေကို သူတို့ထိန်းချုပ်မှုအောက်မှာ ထားဖို့ ကြိုးစားတယ်။ အသင်းတော်ကို အစီအစဉ်တွေ၊ ချိန်ညှိတာတွေ လုပ်ခွင့်မပြုဘူး။ အသင်းတော်အလုပ်ကို လုံးဝ ထည့်မတွက်ဘူး။ ကျွန်မလုပ်ရပ်တွေ၊ အပြုအမူတွေက အန္တိခရစ်နဲံ အတူတူပဲမဟုတ်လား။ ကြီးကြပ်ရေးမှူးတစ်ယောက်အနေနဲ့ ပါရမီရှိတဲ့ တစ်ဦးချင်းစီကို ပျိုးထောင်ပေးဖို့ ကျွန်မ အာရုံစိုက်ခဲ့သင့်တယ်။ ဒါက ကျွန်မတာဝန်၊ ဝတ္တရားပဲ။ အသင်းတော်က အလုပ်လိုအပ်ချက်နဲ့၊ လူတစ်ဦးချင်းစီရဲ့ အစွမ်းအစ၊ ပါရမီတွေနဲ့အညီ ကျိုးကြောင်းသင့်တဲ့ အမှုထမ်း ချိန်ညှိမှုတွေကို အသင်းတော်က လုပ်ပါတယ်။ ကျွန်မက ကိုယ့်တာဝန်ကို ထိန်းသိမ်းသင့်တယ်။ လိုက်နာဆောင်ရွက်သင့်တယ်။ ဒါပေမဲ့ အသင်းတော်ရဲ့ အဘက်ဘက်က အလုပ်တွေကို ကျွန်မ လုံးဝ ထည့်မတွက်ဘူး။ ကျွန်မရဲ့ ကိုယ်ပိုင်ဂုဏ်သတင်းနဲ့ အဆင့်အတန်းတွေ ကြီးထွားဖို့အတွက် အစွမ်းအစကောင်းရှိတဲ့ ဒီပါရမီရှိတဲ့ ဧဝံဂေလိအမှုဆောင်တွေကို ကျွန်မနားမှာ ထားထားဖို့ပဲ စဉ်းစားခဲ့တယ်။ ခေါင်းဆောင်က လူတွေကို ကျွန်မတာဝန်ရဲ့ နယ်ပယ်ပြင်ပကို ရွှေ့ပြောင်းချင်တာနဲ့ တစ်ပြိုင်နက် ကျွန်မက အတိုက်အခံဖြစ်တယ်။ မကျေမနပ်ဖြစ်တယ်။ စိတ်ဆိုးပြီး ထွက်တောင်ထွက်ချင်တာကို တွေ့ရတယ်။ ဒီအဓိကလူတွေ ပြောင်းရွှေ့ခံရပြီး အလုပ်က ထိခိုက်မှာ၊ ကျွန်မဂုဏ်သတင်းနဲ့ အဆင့်အတန်းအတွက် အန္တရာယ်ရှိလာမှာကို အမြဲတမ်းစိုးရိမ်နေတယ်။ ကျွန်မက တကယ်ကို တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းပါတယ်။ ကျွန်မမှာ လူ့သဘာဝနဲ့ အသိစိတ် နည်းနည်းလေးတောင် ရှိရဲ့လား။ ကျွန်မဖွင့်ပြတဲ့ စိတ်သဘောထားက အန္တိခရစ်နဲ့ ဘာကွာမှာလဲ။ ဖာရိရှဲတွေနဲ့ ခေတ်ပေါ်ဘာသာရေးလောကရဲ့ ဘုန်းတော်ကြီးတွေကို ကျွန်မ တွေးမိတယ်။ ဘုရားသခင်က အမှုပြုဖို့ ပေါ်ထွန်းတဲ့အခါမှာ သူတို့ရဲ့ အဆင့်အတန်းနဲ့ အသက်မွေးမှုကို ကာကွယ်ဖို့ ယုံကြည်သူတွေကို ဘုရားနောက်မလိုက်အောင် တားဆီးဖို့ သူတို့မှာ ရှိသမျှနည်းလမ်းအကုန် သုံးကြတယ်။ သူတို့ရဲ့ အဆင့်အတန်းနဲ့ အသက်မွေးမှုအတွက် ယုံကြည်သူတွေကို သူတို့ထိန်းချုပ်မှုအောက်မှာ ထာဝရထားရှိဖို့ ကြိုးစားကြတယ်။ ရလဒ်အနေနဲ့ သူတို့တွေဟာ အန္တိခရစ်တွေဖြစ်လာပြီး ဘုရားက အပြစ်ပေးတာ၊ ငရဲချတာကိုခံရတယ်။ ကျွန်မကိုယ်တိုင်ရဲ့ အပြုအမူကို ပြန်ကြည့်ကြည့်တော့ ကျွန်မက ဧဝံဂေလိဖြန့်ဖို့အတွက် ညီအစ်ကိုမောင်နှမတွေကို ပျိုးထောင်ပေးဖို့ နည်းနည်းလောက် ပေးဆပ်တဲ့အခါမှာ သူတို့တွေက တာဝန်တွေမှာ အမှီအခိုကင်းကင်းလုပ်နိုင်တာကို မြင်ရတော့ သူများတွေလေးစားတာခံရဖို့အတွက် ကျွန်မအရည်အချင်းတွေ အပြည့်အဝတိုးတက်ပြီး ကျွန်မပါရမီတွေကို အစွမ်းပြဖို့အတွက် အခွင့်အရေးအနေနဲ့ ဒါကို အသုံးချချင်ခဲ့တယ်။ ဒါကြောင့် ကျွန်မက ကျွန်မတာဝန်နယ်ပယ်ပြင်ပက လူတွေကို ခေါင်းဆောင်က ရာထူးပေးတာကို ခွင့်မပြုချင်ဘူး။ အစွမ်းအစရှိပြီး တာဝန်ကို ကောင်းကောင်းလုပ်တဲ့ ဒီပါရမီရှိတဲ့သူတွေကို ကျွန်မဘေးမှာပဲ ထားချင်တယ်။ ကျွန်မဂုဏ်သတင်းနဲ့ အဆင့်အတန်းကို ခိုင်မာစေဖို့ သူတို့ကို အသုံးပြုချင်တယ်။ ကျွန်မအပြုအမူရဲ့ အနှစ်သာရက ဘာသာရေးလောကက ဖာရိရှဲတွေ၊ အန္တိခရစ်တွေနဲ့ အတူတူပဲမဟုတ်ဘူးလား။ ဘုရားအိမ်တော်ရဲ့အလုပ်ကို ခွဲခြားမထားပါဘူး။ လူတွေကို အလုပ်က လိုအပ်တဲ့ဘယ်နေရာကိုမဆို ပို့သင့်တယ်။ ဒါက အမှုထမ်းတွေကို ပြောင်းရွှေ့ဖို့ သင့်တော်တဲ့နည်းပဲ။ ဒါပေမဲ့ အစွမ်းအစကောင်းပြီး လုပ်နိုင်စွမ်းတွေရှိတဲ့ ညီအစ်ကိုမောင်နှမတွေက တစ်ယောက်ပြီး တစ်ယောက် ရာထူးတိုးပြီး တခြားကိုပို့တာကို ကျွန်မမြင်ရတော့ ကျွန်မရဲ့ညာလက်ကို ဆုံးရှုံးလိုက်ရသလို ကျွန်မအလုပ်က တိုက်ရိုက်ထိခိုက်တော့မလို ခံစားရတယ်။ ကျွန်မဂုဏ်သတင်းနဲ့ အဆင့်အတန်းအတွက် အန္တရာယ်ရှိနေသလို ခံစားရတယ်။ ဒါကြောင့် သူတို့တွေကို ပေးမသွားချင်ဘူး။ ခေါင်းဆောင်က ဒါကို ကျွန်မနဲ့ သေချာပြောတဲ့အခါတောင် ကျွန်မက ဆင်ခြေတွေပေးပြီး သူ့ကို ပိတ်ပင်ဖို့၊ ကျွန်မရဲ့ အဓိကလူတွေကို ကိုင်ထားဖို့ ကြိုးစားတုန်းပဲ။ ကျွန်မ ကိုယ့်ကိုယ်ကိုယ် ကိုယ့်ပိုင်နက်ရဲ့ အရှင်သခင်ဖြစ်တယ်၊ ကျွန်မပျိုးထောင်ပေးတဲ့ ပါရမီရှင်တွေကို ကျွန်မပဲ အသုံးပြုရမယ်လို့ ထင်ခဲ့တယ်။ ကျွန်မက နေရာတစ်ခုကို သူ့ရဲ့ ကိုယ်ပိုင်ပိုင်နက်အဖြစ် ကြေညာတဲ့ နယ်ခံအာဏာရှင်တစ်ယောက်ဖြစ်မသွားဘူးလား။ ဒီလူတွေကို ပြောင်းလိုက်တော့ အလုပ်က ထိခိုက်မယ်၊ ဂုဏ်သတင်းနဲ့ အဆင့်အတန်းလိုချင်တဲ့ ကျွန်မ ဆန္ဒက ပြည့်မှမဟုတ်ဘူးလို့ စိုးရိမ်တယ်။ ဒါကြောင့် အလုပ်မှာ အားလျော့လာတယ်။ ဧဝံဂေလိအလုပ် အတွေ့အကြုံမရှိသေးတဲ့ အမှုထမ်းတွေ နားမလည်တဲ့ စည်းမျဉ်းတွေရှိနေတာကို ကျွန်မ သိတာတောင် လျစ်လျူရှုပြီးတော့ သူတို့ကို အပြင်သွားပြီး ဧဝံဂေလိ မျှဝေခိုင်းတယ်။ သူတို့ကို လေ့ကျင့်မပေးချင်ဘူးလေ။ ကျွန်မအပြုအမူကို ပြန်ကြည့်ရင် ကျွန်မရဲ့ အသိစိတ်၊ ဆင်ခြင်တုံတရား၊ လူ့သဘာဝက ဘယ်မှာလဲ။ ညီအစ်ကိုမောင်နှမတွေနဲ့အတူ၊ တစ်စိတ်တစ်ဝမ်းတည်း ဧဝံဂေလိ ဖြန့်နိုင်ဖို့ သက်ဆိုင်တဲ့နေရာတွေမှာ ကျွန်မတို့တာဝန်တွေကို ကောင်းကောင်းထမ်းဆောင်နိုင်ဖို့အတွက် အသင်းတော်က ကျွန်မကို ဧဝံဂေလိအလုပ်ကို ကြီးကြပ်ဖို့ စီစဉ်ပေးခဲ့တယ်။ ဒါပေမဲ့ ကျွန်မက ရှက်စိတ်မရှိခဲ့ဘူး။ ကျွန်မဆန္ဒရှိသလို သုံးဖို့အတွက် ညီအစ်ကိုမောင်နှမတွေကို ကျွန်မ ထိန်းချုပ်မှုအောက်မှာ ထားတယ်။ ဒီလိုလုပ်တာဟာ ကျွန်မက ဘုရားကို အာခံနေတာ၊ ဘုရားကို ဆန့်ကျင်တဲ့နေရာမှာ နေနေတာ အန္တိခရစ်ရဲ့ လမ်းကြောင်းကို လျှောက်နေတာပါ။ ဘုရားနှုတ်ကပတ်တော်က ဖွင့်ပြပြီး အချက်အလက်တွေက ဖွင့်ပြတာကြောင့်သာမဟုတ်ရင် ကျွန်မက ကျွန်မရဲ့ အန္တိခရစ်စိတ်သဘောထားရဲ့ ဆိုးဝါးမှုကို သတိထားမိမှာမဟုတ်သေးဘူး။ အန္တိခရစ်ရဲ့ လမ်းကြောင်းကို လျှောက်နေတာ၊ မကောင်းမှုလုပ်ပြီး ဘုရားကို အာခံနေတယ်ဆိုတာ သတိထားမိမှာမဟုတ်ဘူး။ ကျွန်မ တွေးကြည့်လေလေ၊ ကြောက်လေလေဖြစ်လာတာနဲ့ ဘုရားကို ဆုတောင်းပြီး နောင်တရခဲ့တယ်။ ဘုရားသခင်ကို ကျွန်မ အာမခံချင်တော့ဘဲ နာခံပြီးတော့ တာဝန်ကို ကောင်းကောင်းထမ်းဆောင်ချင်ပါတယ်ဆိုပြီး ပြောခဲ့တယ်။

နောက်ပိုင်းမှာ နောက်ထပ် ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်တယ်။ “သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သော သူများသည် အမှုအရာများကို လုပ်ဆောင်နေချိန်တွင် ဘုရားသခင်၏စိစစ်ခြင်းကို လက်ခံနိုင်ကြသည်။ သင်သည် ဘုရားသခင်၏စိစစ်ခြင်းကို လက်ခံသောအခါ၊ သင်၏စိတ်နှလုံးသည် အမြင်မှန်ရစေခြင်း ခံရသည်။ အကယ်၍ သင်သည် အခြားသူများ မြင်စေရန်အတွက်သာ လုပ်ဆောင်ပြီး သူတစ်ပါးတို့၏ ချီးမွမ်းမှုနှင့် လေးစားမှုကို အစဉ်ရလိုသည်၊ သို့တိုင်အောင် သင်သည် ဘုရားသခင်၏စိစစ်ခြင်းကို လက်မခံပါက၊ သင်၏စိတ်နှလုံးထဲ၌ ဘုရားသခင် ရှိသေးသလော။ ထိုသို့သောလူများမှာ ဘုရားသခင်ကို ကြောက်ရွံ့ခြင်း မရှိကြချေ။ သင်၏အကျိုးအတွက်သာ အစဉ်မလုပ်ဆောင်နှင့်၊ ပြီးလျှင် သင်၏ ကိုယ်ပိုင် အကျိုးစီးပွားကို စဉ်ဆက်မပြတ် ထည့်သွင်းမစဉ်းစားနှင့်။ လူ၏ အကျိုးစီးပွားများကို ထည့်သွင်းမစဉ်းစားနှင့်။ သင်၏ ကိုယ်ပိုင်ဂုဏ်၊ ဂုဏ်သတင်းသို့မဟုတ် အဆင့်အတန်းကို မစဉ်းစားနှင့်။ သင်သည် ပထမဦးစွာ ဘုရားသခင်၏အိမ်တော်၏အကျိုးများကို စဉ်းစားရမည်ဖြစ်ပြီး ယင်းတို့ကို သင်၏ဦးစားပေးချက် ဖြစ်စေရမည်၊ သင်သည် ဘုရားသခင်၏အလိုတော်ကို အရေးထားသင့်ပြီး၊ သင်၏ တာဝန်ကို ဖြည့်ဆည်းရာတွင် သင်သည် မစင်ကြယ်မှု ရှိခဲ့သည် မရှိခဲ့သည်၊ အဆုံးစွန် သစ္စာရှိခြင်းရှိမရှိ၊ သင်၏ တာဝန်များကို ဖြည့်ဆည်းခြင်းရှိမရှိ၊ အစွမ်းကုန်လုပ်ဆောင်ခြင်းရှိမရှိ၊ သင်၏ တာဝန်နှင့် အသင်းတော်၏ အမှုကို စိတ်နှလုံးအကြွင်းမဲ့ဖြင့် ဆင်ခြင်ခဲ့ခြင်း ရှိမရှိ ဆိုသည်တို့ကို ချင့်ချိန်စဉ်းစားခြင်းဖြင့် အစပြုသင့်သည်။ ဤအရာများကို သင် ထည့်သွင်းစဉ်းစားရမည်။ ယင်းတို့ကို မကြာခဏ တွေးပြီး တွက်ဆလော့၊ ပြီးလျှင် သင်၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်ရန် သင့်အတွက် သာ၍ လွယ်ကူလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအား စွန့်ပစ်ခြင်းအားဖြင့်သာလွတ်လပ်ခြင်းနှင့် လွတ်မြောက်ခြင်းကို ရရှိနိုင်သည်)မိမိတို့၏ တာဝန်ကို ဖြည့်ဆည်းနေသည့်သူများ အားလုံးအတွက်မူ၊ သမ္မာတရားကို ၎င်းတို့၏နားလည်ခြင်းသည် မည်မျှ နက်နဲပါစေ၊ သို့မဟုတ် မည်မျှပေါ့တန်ပါစေ သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်ဖို့ အရိုးရှင်းဆုံး လက်တွေ့လုပ်ဆောင်ခြင်း နည်းလမ်းမှာ အရာအားလုံး၌ ဘုရားသခင့် အိမ်တော်၏ အကျိုးစီးပွားများကို တွေးဖို့ရန်နှင့် တစ်ကိုယ်ကောင်းဆန်သော စိတ်ဆန္ဒများ၊ တစ်ဦးချင်းစီ၏ ရည်ရွယ်ချက်များ၊ ကြံရွယ်ချက်များ၊ မာနနှင့် ဂုဏ်အဆင့်အတန်းတို့ကို လက်လွှတ်ဖို့ ဖြစ်သည်။ ဘုရားသခင့် အိမ်တော်၏ အကျိုးစီးပွားများကို ဦးစားပေးလော့— ဤသည်မှာ အနည်းဆုံး လုပ်ဆောင်သင့်သည့် အရာဖြစ်၏။ မိမိ၏ တာဝန်ကို ဆောင်ရွက်နေသည့် လူတစ်ဦးသည် ဤမျှလောက်ပင် မလုပ်ဆောင်နိုင်လျှင်၊ မိမိ၏ တာဝန်ကို လုပ်ဆောင်နေပါသည်ဟု ၎င်းကို အဘယ်သို့ ပြောနိုင်မည်နည်း။ ဤသည်မှာ လူတစ်ဦး၏ တာဝန်ကို လုပ်ဆောင်နေခြင်း မဟုတ်ပေ။ ဘုရားအိမ်တော်၏ အကျိုးများကို သင် ပထမဦးဆုံး စဉ်းစားသင့်သည်၊ ဘုရားသခင်၏ အလိုတော်နှင့် အသင်းတော အလုပ်တို့ကို စဉ်းစားသင့်ပြီး၊ ဤအရာများကို ဦးစားပေးသင့်၏။ ထို့နောက်တွင်မှ၊ သင့်အဆင့်အတန်း၏ တည်ငြိမ်မှု သို့မဟုတ် အခြားသူများက သင့်ကို မည်သို့ မြင်သည်တို့နှင့်ပတ်သက်၍ သင် စဉ်းစားနိုင်သည်။ ယင်းကို ဤအဆင့်များအဖြစ်သို့ ပိုင်းခြားလိုက်ပြီး အပေးအယူအချို့ ပြုလုပ်သည့်အခါ၊ အနည်းငယ် ပိုမို လွယ်ကူသွားသည်ဟု သင် မခံစားရသလော။ ခဏတာ ဤအရာကို သင် လက်တွေ့လုပ်ဆောင်လျှင်၊ ဘုရားသခင်ကို စိတ်ကျေနပ်စေခြင်းမှာ ခက်ခဲခြင်းမရှိဟု သင် ခံစားလာရလိမ့်မည်။ ထို့အပြင်၊ သင်၏ တာဝန်များကို သင်ဖြည့်ဆည်းနိုင်သင့်သည်၊ သင်၏ တာဝန်များနှင့် ဝတ္တရားများကို ဆောင်ရွက်နိုင်သင့်သည်၊ သင်၏ တစ်ကိုယ်ကောင်းဆန်သော စိတ်ဆန္ဒများကို ဘေးဖယ်ထားနိုင်သင့်သည်၊ သင်၏ ကိုယ်ပိုင် ရည်ရွယ်ချက်များနှင့် ကြံရွယ်ချက်များကို ဘေးဖယ်ထားနိုင်သင့်သည်၊ ဘုရားသခင်၏ အလိုတော်ကို အရေးထားနိုင်ပြီး ဘုရားအိမ်တော်၏ အကျိုးများ၊ အသင်းတော်အလုပ်နှင့် သင်ထမ်းဆောင်သင့်သည့် တာဝန်တို့ကို ဦးစားပေးနိုင်သင့်သည်။ ဤအရာကို တစ်ခဏကြာ ကြုံတွေ့ပြီးနောက်တွင်၊ ဤသည်မှာ ပြုမူကျင့်ကြံရန် ကောင်းမွန်သော နည်းလမ်းတစ်ခု ဖြစ်သည်ဟု သင်ခံစားရလိမ့်မည်။ ယင်းမှာ ယုတ်ညံ့သောလူတစ်ဦး သို့မဟုတ် အသုံးမကျသောလူတစ်ဦး မဖြစ်ဘဲ ရိုးရိုးစင်းစင်းနှင့် ရိုးသားစွာ အသက်ရှင်ခြင်း ဖြစ်ပြီး၊ စက်ဆုပ်ဖွယ်‌ကောင်းခြင်းနှင့် ယုတ်မာခြင်းထက် မျှမျှတတ နှင့် သိက္ခာရှိရှိ အသက်ရှင်ခြင်း ဖြစ်သည်၊ ဤသည်မှာ လူတစ်ဦး အသက်ရှင်၊ ပြုမူသင့်သည့်ပုံဖြစ်သည်ဟု သင်ခံစားရလိမ့်မည်။ တဖြည်းဖြည်းနှင့်၊ သင်၏ ကိုယ်ပိုင်အကျိုးစီးပွားများကို အလိုဖြည့်ဖို့ သင်၏ စိတ်နှလုံးအတွင်းရှိ လိုအင်ဆန္ဒသည် သာ၍ လျော့ပါးသွားပေလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအား စွန့်ပစ်ခြင်းအားဖြင့်သာလွတ်လပ်ခြင်းနှင့် လွတ်မြောက်ခြင်းကို ရရှိနိုင်သည်) ဘုရားနှုတ်ကပတ်တော်က ကျွန်မကို လက်တွေ့လုပ်ဖို့ လမ်းတစ်ခု ညွှန်ပြခဲ့တယ်။ အတိအကျပြောရရင် ဘာကိုပဲလုပ်လုပ်၊ သူများတွေမြင်ဖို့အတွက် မလုပ်ဘဲ ဘုရားရဲ့ စိစစ်ခြင်းကို လက်ခံရမယ်။ ကိုယ့်မှာ ကိစ္စတွေဖြစ်ပျက်တဲ့အခါ အရင်ဆုံး မှန်ကန်တဲ့ သဘောထားကို ခံယူပြီး အသင်းတော်အလုပ်ကို ဦးစားပေးရမယ်။ ဘုရားအလိုတော်ကို အလေးထားပြီး အသင်းတော်အလုပ်အတွက် အချိန်ပြည့် ထည့်စဉ်းစားရမယ်။ ဒါက ကိုယ့်တာဝန်မှာ ဘုရားအလိုတော်နဲ့ညီဖို့ တစ်ခုတည်းသော နည်းလမ်းပဲ။ ဧဝံဂေလိအလုပ်ရဲ့ ကြီးကြပ်ရေးမှူးတစ်ယောက်အနေနဲ့ ပါရမီရှိတဲ့သူတွေကို ဂရုတစိုက် ပျိုးထောင်ပေးသင့်တယ်။ နိုင်ငံတော်ဧဝံဂေလိတရားဖြန့်ဖို့အတွက် သူတို့တာဝန်ကို ဖြည့်ဆည်းနိုင်ဖို့အတွက်ပေါ့။ အဲဒီကစပြီး ကျွန်မ သတိရှိရှိနဲ့ ဘုရားနှုတ်ကပတ်တော်နဲ့အညီ လက်တွေ့လုပ်တယ်။

တစ်လကြာပြီးတော့ အစ်မဒေါင်ဟွီစင်က စုဝေးပွဲတစ်ခုမှာ မိတ်သဟာယဖွဲ့နေတုန်းမှာ သူက သမ္မာတရားကို ရှင်းရှင်းလင်းလင်း မိတ်သဟာယဖွဲ့တယ်၊ သူတရားဟောနေတဲ့သူတွေရဲ့ ပြဿနာတွေကို ဖြေရှင်းတဲ့အခါမှာ အဓိကအချက်တွေကို နားလည်နိုင်တယ်ဆိုတာ ကျွန်မ တွေ့ရတယ်။ ကျွန်မ သူ့ကို ကောင်းကောင်းလေ့ကျင့်ပေးရင် သူက ခဏလေးနဲ့ ဧဝံဂေလိကို သူ့ဘာသာ ဖြန့်ဝေနိုင်မယ်လို့ တွေးမိတယ်။ ခဏလောက် လေ့ကျင့်ပြီးတော့ ဟွီစင်က သူ့ရဲ့ဧဝံဂေလိအလုပ်မှာ ရလဒ်ကောင်းတချို့ရလာတယ်။ သူက သူ့ဆီကနေ ဧဝံဂေလိလက်ခံခဲ့တဲ့ လူသစ်တွေကိုလည်း ရေလောင်းပေးနိုင်တယ်။ ကျွန်မ စဉ်းစားတာပေါ့။ “ဟွီစင်ရဲ့ အစွမ်းအစက လူသစ်တွေကို ရေလောင်းတာမှာ အသင့်တော်ဆုံးဖြစ်တဲ့ပုံစံရှိတယ်။ အခုနောက်ပိုင်းမှာ ရေလောင်းအမှုထမ်းတွေကို ပံ့ပိုးပေးဖို့ ခေါင်းဆောင်က ငါ့ကို ပြောနေတာ။ ဒီတော့ ဟွီစင်ကို ငါ ပို့လိုက်သင့်လား” ပေါ့။ ဒါပေမဲ့ ထပ်စဉ်းစားကြည့်တော့ “သူက သူ့တာဝန်မှာ တော်တော်ကောင်းတဲ့ရလဒ်တွေရနေပြီး အဖွဲ့မှာ တကယ် တန်ဖိုးရှိတဲ့သူပဲ။ လူသစ်တွေကို ရေလောင်းဖို့အတွက် ငါက သူ့ကို ပို့လိုက်ရင် ငါကြီးကြပ်နေတဲ့ အလုပ်က ထိခိုက်မှာလား” ပေါ့။ နောက်တော့ ကျွန်မ ရုတ်တရက် သတိရသွားတယ်။ “ငါက ငါ့ရဲ့ ကိုယ်ပိုင်ဂုဏ်သတင်း၊ အဆင့်အတန်းနဲ့ အကျိုးစီးပွားတွေကို ထည့်စဉ်းစားနေပြန်ပြီမဟုတ်လား” ပေါ့။ ဘုရားနှုတ်ကပတ်တော်က ဒီလိုပြောတာကို ပြန်အမှတ်ရမိတယ်။ “ကိုယ်ကျိုးမငဲ့စွာ ပြုမူဆောင်ရွက်ခြင်း၊ အသင်းတော်အလုပ်ကို တွေးတောခြင်းနှင့် ဘုရားသခင်ကို ကျေနပ်စေသည့်အရာကိုသာ လုပ်ဆောင်ခြင်းတို့သည် ဖြောင့်မတ်ပြီး ဂုဏ်သိက္ခာရှိသည်။ ပြီးလျှင် သင်၏ တည်ရှိခြင်း၌ တန်ဖိုး ရှိစေလိမ့်မည်။ ကမ္ဘာပေါ်တွင် ဤသို့ အသက်ရှင်ခြင်းက သင်သည် ပွင့်လင်းရိုးသားနေကြောင်း၊ သင်သည် သာမန်လူ့သဘာဝနှင့် လူသား၏ စစ်မှန်သော ပုံသဏ္ဌာန်ကို အသက်ရှင်နေထိုင်နေကြောင်းနှင့် သင်၌ ရှင်းလင်းသော အသိစိတ်ရှိရုံသာမက၊ သင့်အပေါ် ဘုရားသခင် နှင်းအပ်ထားသော အရာများအားလုံးနှင့်လည်း ထိုက်တန်ကြောင်း သင်ခံစားရလိမ့်မည်။ သင်သည် ဤကဲ့သို့ ပို၍အသက်ရှင်လေ၊ ပို၍ စဉ်းစားချင့်ချိန်တတ်လေ ဖြစ်ပြီး ပို၍ ငြိမ်းချမ်းကာ ဝမ်းမြောက်လိမ့်မည်၊ ပို၍ထက်မြက်သည်ဟု သင်ခံစားရလေ ဖြစ်မည်။ ထိုသို့ဆိုသော် သင်သည် ဘုရားသခင်ကို ယုံကြည်ခြင်း၏ မှန်ကန်သောလမ်းကြောင်းပေါ် ခြေချထားပြီးဖြစ်မည် မဟုတ်လော။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ မိမိ၏ စိတ်နှလုံးကို ဘုရားသခင်အား ပေးအပ်ရာတွင် မိမိသည် သမ္မာတရားကို ရရှိနိုင်သည်) ဘုရားနှုတ်ကပတ်တော်ကနေ ကျွန်မ နားလည်ခဲ့တယ်။ အသင်းတော်ရဲ့ အဖွဲ့ဝင်အနေနဲ့ ဘုရားအိမ်တော်ရဲ့ အကျိုးတွေကို အမြဲတမ်းဦးစားပေးရမယ်။ တစ်ကိုယ်ကောင်းဆန်တဲ့ ဆန္ဒတွေ၊ ကြံစည်မှုတွေကို ဘေးဖယ်ထားရမယ်။ ဒီလိုလုပ်တဲ့အတွက် လူတွေက သဘောထားကြီးလာပြီး တာဝန်သိတတ်လာတယ်။ စဉ်းစားချင့်ချိန်တတ်လာတယ်။ ကျွန်မရဲ့ အဆင့်အတန်း၊ ဂုဏ်သတင်းနဲ့ အကျိုးစီးပွားတွေကို ထည့်စဉ်းစားနေလို့ မဖြစ်တော့ဘူး။ ကျွန်မရဲ့ တစ်ကိုယ်ရေအကျိုးစီးပွားတွေနဲ့ အကြံအစည်တွေကို ဘေးဖယ်ရမယ်။ မှန်ကန်တဲ့ ရည်ရွယ်ချက်တွေကို ခံယူရမယ်။ ဘုရားနှုတ်ကပတ်တော်နဲ့အညီ လက်တွေ့လုပ်ရမယ်။ ဒီလိုတွေးပြီး ဟွီစင်ရဲ့ အခြေအနေကို ပြောထားတဲ့စာတစ်စောင်ကို ခေါင်းဆောင်ဆီ ပို့လိုက်တယ်။ မကြာခင်မှာပဲ လူသစ်တွေကို ရေလောင်းဖို့အတွက် တခြားနေရာက အသင်းတော်တစ်ခုဆီသွားဖို့ ဟွီစင်ကို သူက စီစဉ်လိုက်တယ်။ ဒီလို လက်တွေ့လုပ်တော့ ကျွန်မ တော်တော်စိတ်အေးသွားတယ်။

မှန်ကန်တဲ့ ရည်ရွယ်ချက်တွေကို ခံယူလိုက်တဲ့အခါမှာ အသင်းတော်အလုပ်ကို ဦးစားပေးပြီး တစ်ကိုယ်ရေ အကျိုးစီးပွားတွေကို ထည့်မစဉ်းစားတော့တဲ့အခါမှာ ကျွန်မ စိတ်နှလုံးက တကယ့် ဝန်ထုပ်ကို ထမ်းနိုင်တယ်ဆိုတာ ဒီအတွေ့အကြုံကနေ ကျွန်မ သင်ယူခဲ့ရတယ်။ ဧဝံဂေလိဖြန့်တာကို လေ့ကျင့်ဖို့ အသင်းတော်မှာ သင့်တော်တဲ့သူတွေကို ကျွန်မ စရှာတယ်။ အလုပ်မှာရှိတဲ့ ပြဿနာတွေနဲ့ လမ်းလွဲတာတွေကို ကိုင်တွယ်ပြီး ဖြေရှင်းဖို့ ဘုရားကို အားကိုးတယ်။ ဒီလိုမျိုး တကယ်ပေးဆပ်တဲ့အခါမှာ အလုပ်က မထိခိုက်တော့ဘဲ တကယ်တိုးတက်သွားတယ်။ ကျွန်မတာဝန်မှာ တစ်ကိုယ်ကောင်းဆန်တဲ့ ဆန္ဒတွေကို ဘေးဖယ်လိုက်တဲ့အခါ၊ ဘုရားအလိုတော်ကို အလေးထားပြီး အသင်းတော်အလုပ်ကို ဦးစားပေးတဲ့အခါ၊ ကျွန်မတာဝန်၊ ဝတ္တရားတွေကို ဖြည့်ဆည်းနိုင်ရုံမကဘဲ ကျွန်မတာဝန်မှာ ရလဒ်တွေလည်းရပြီး ငြိမ်သက်ခြင်း၊ စိတ်အေးခြင်းကိုလည်း ခံစားရတယ်ဆိုတာ ဟွီစင်ကို ပြောင်းရွှေ့တာကနေ ကျွန်မ သိလိုက်ရတယ်။ ကျေးဇူးတော်ပဲ။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

လူမုန်းမခံချင်သူ ဖြစ်ရခြင်း၏ အမှန်တရားကို ကျွန်တော်သိမြင်ခဲ့ပါပြီ။

ကျွန်တော်၏ မိတ်ဆွေများ၊ မိသားစုနှင့် အိမ်နီးချင်များနှင့် အပြန်အလှန် ဆက်ဆံရေးများတွင် ပုဂ္ဂိုလ်ရေးဆိုင်ရာ ဆက်ဆံရေးများကို ထိန်းသိမ်းရာ၌...

လူမုန်းမခံချင်သူများသည် ဘုရားသခင်၏ ချီးမြှောက်မှုကို ရယူနိုင်ပါသလား

လီယျူရီ တရုတ်နိုင်ငံကျွန်မ ယုံကြည်သူမဖြစ်မီက အခြားလူများကို မစော်ကားမိစေဖို့ အမြဲတမ်း ဂရုစိုက်ခဲ့ပြီး လူတိုင်းနှင့် အဆင်ပြေသည်။...

ကျွန်မ ရိုးသားစွာ ပြုမူနေထိုင်နိုင်ခြင်းမရှိသည့် အကြောင်းရင်း

ရှောင်ဖန် တရုတ်နိုင်ငံ လူသစ်တွေကို ရေလောင်းတဲ့ အလုပ်ကို ကျွန်မ ပထမဆုံး စကြီးကြပ်တော့ ကျွန်မရဲ့ တွဲဖက် အစ်မကျန်းက စုဝေးပွဲတွေမှာ အယူဝါဒကို...

ကြီးကြပ်မှုကို ကျွန်တော် လက်မခံရသည့် အကြောင်းပြချက်

ဖာဖီးရပ့်စ် အာဖရိကတိုက် ကျွန်တော်က အသင်းတော်မှာ လူသစ်တွေကို တစ်နှစ်ကျော် ရေလောင်းနေခဲ့ပါတယ်။ ကျွန်တော်တာဝန်ထမ်းဆောင်တဲ့တစ်လျှောက်မှာ...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။