ကျရှုံးမှုများမှ သင်ယူခဲ့တဲ့ သင်ခန်းစာများ

29.10.2024

အရင်က သခင်ယေရှုကို ယုံကြည်တုန်းက ကျမ်းစာဖတ်ပြီး သခင်ရဲ့ ဧဝံဂေလိတရားကို မကြာခဏ ဝေမျှဖြစ်ခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်ပြီးတဲ့နောက် ကိုယ်တော်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ရှုပြီး အနန္တတန်ခိုးရှင် ဘုရားသခင်က လူကို သန့်စင်ဖို့နဲ့ ကယ်တင်ဖို့ လူတွေကို တရားစီရင်ခြင်းအမှုကို ပြုရအောင် နောက်ဆုံးသောကာလမှာ သမ္မာတရားဖော်ပြခဲ့တာကို ကျွန်မ သိခဲ့ရပါတယ်။ အဲဒါကြောင့် ဧဝံဂေလိကို ဖြန့်ဝေဖို့ ကျွန်မရဲ့တာဝန်မှာ ပိုလို့တောင် တက်ကြွလာတော့တယ်။ လက်တွေ့လုပ်ဆောင်တာကတစ်ဆင့် ဘုရားသခင်ရဲ့အလုပ်ကို သက်သေခံတဲ့ သမ္မာတရားအကြောင်း ကျွန်မ ပိုနားလည်လာတယ်။ ဧဝံဂေလိဟောပြောခြင်းရဲ့ စည်းမျဉ်းတွေကို နားလည်သဘောပေါက်လို့ အတွေ့အကြုံတချို့ကို ရရှိပြီးနောက် ကျွန်မရဲ့တရားဟောတဲ့အလုပ်က အရမ်းကို ထိရောက်မှုရှိလာတယ်။ ကျွန်မက တရားဟောရာမှာ အရမ်းတော်တယ်၊ ဧဝံဂေလိ လက်ခံဖို့အလားအလာရှိသူတွေရဲ့ အယူအဆတွေကို သဘောပေါက်ပြီး အဲဒါတွေကို ဖြေရှင်းဖို့ မိတ်သဟာယပြုနိုင်တယ်လို့ ညီအစ်ကိုမောင်နှမအားလုံးက ပြောကြတယ်။ သူတို့ ခက်ခဲတယ်လို့ မြင်တဲ့ ပြဿနာတွေက ကျွန်မအတွက် အဲဒီလောက် အခက်အခဲမရှိဘူး။ နောက်ပိုင်းမှာတော့ ကျွန်မဧဝံဂေလိတရား ဟောပြောနေတုန်း ရဲကဖမ်းဆီးပြီး ထောင်ဒဏ်တစ်နှစ်ချမှတ်တာ ခံခဲ့ရတယ်။ ကျွန်မထောင်က ထွက်လာပြီးနောက် ဧဝံဂေလိ ဟောပြောတာကို အမြန်စခဲ့တယ်။ ကျွန်မရဲ့ ညီအစ်ကိုမောင်နှမ အတော်များများက ဧဝံဂေလိဟော‌ပြောနည်းကို သင်ယူခါစပဲ ရှိသေးပြီး သူတို့မှာ ရလဒ်ကောင်းတွေလည်း မရကြဘူး။ အဲဒါကြောင့် ခေါင်းဆောင်က ကျွန်မကို ဧဝံဂေလိဟောပြောရာမှာ ကြီးကြပ်စေခဲ့တယ်။ ဧဝံဂေလိ လက်ခံဖို့ အလားအလာရှိသူတွေ ထားလေ့ရှိတဲ့ အယူအဆတချို့ကို ကျွန်မရဲ့ ညီအစ်ကိုမောင်နှမတွေနဲ့အတူ ခွဲခြားစိတ်ဖြာခဲ့ပြီး မိတ်သဟာယကတစ်ဆင့် အဲဒါတွေကို ဘယ်လိုဖြေရှင်းရမယ်ဆိုတာ ရှင်းပြခဲ့တယ်။ တစ်ခါတလေ ကျွန်မတို့က ဘာသာရေးအယူအဆအများကြီးရှိတဲ့ ဧဝံဂေလိ လက်ခံဖို့ အလားအလာရှိသူတွေနဲ့ ကြုံတွေ့ရတယ်။ ညီအစ်ကိုမောင်နှမတွေက သူတို့နဲ့ အကြိမ်ပေါင်းအများကြီး မိတ်သဟာယဖွဲ့ပေမဲ့ အကျိုးရလဒ်မရှိခဲ့ဘူး။ ဒါပေမဲ့ ကျွန်မက သူတို့နဲ့ မိတ်သဟာယဖွဲ့တဲ့အခါ သူတို့ရဲ့ အယူအဆတွေကို အမြန် ဖြေရှင်းလိုက်နိုင်တယ်။ အချိန်ကြာလာတာနဲ့အမျှ ကျွန်မတို့အသင်းတော်ရဲ့ ဧဝံဂေလိအလုပ်က ပိုပို ကောင်းမွန်တဲ့ရလဒ်တွေကို ရရှိခဲ့တယ်။ အဲဒီနောက် တဖြည်းဖြည်းနဲ့ ကျွန်မကိုယ်ကျွန်မ ချီးမြှောက်လာတယ်။ ကျွန်မမှာ တကယ်ကို မြင့်မားတဲ့ အစွမ်းအစရှိတယ်လို့ ထင်လာတယ်။ အဲဒီအပြင် တခြားညီအစ်ကိုမောင်နှမတွေ မဖြေရှင်းနိုင်တဲ့ ပြဿနာတွေကို အလွယ်တကူ ဖြေရှင်းနေနိုင်တဲ့အတွက်။ ကျွန်မက ရှားပါးတဲ့ ပါရမီရှိသူလို့ ထင်လာပြီး ကိုယ့်ကိုယ်ကိုယ် ပိုပိုပြီး အထင်ကြီး လာတယ်။ သူများရဲ့ ဂရုတစိုက်မရှိမှုနဲ့ အစွမ်းအစညံ့ဖျင်းမှုတို့ကို အထင်အမြင်သေးလာခဲ့တယ်။

တစ်ချိန်မှာ လူသစ်တွေကို ရေလောင်းတဲ့ ညီအစ်မတစ်ယောက် ကျွန်မဆီကို ရောက်လာတယ်။ လူသစ်တစ်ယောက်က မေးခွန်းတစ်ချို့မေးလာလို့ ကျွန်မကို သူတို့နဲ့ မိတ်သဟာယဖွဲ့စေချင်တဲ့အကြောင်း ပြောတယ်။ ကျွန်မက သူ့ကိုအရမ်းကို စိတ်တိုသွားပြီး တွေးမိတယ်။ “ဒီလောက် ရိုးရှင်းတဲ့ ပြဿနာတစ်ခုကိုတောင် နင်ဘာဖြစ်လို့ မဖြေရှင်းနိုင်တာလဲ။ နင်က ကိုယ့်တာဝန်မှာ ဒီလောက်တောင် ဂရုမစိုက်ဘဲနေလား။ ဒီလောက် ဝန်တာမယူဘဲနေလား။ နင့်အစွမ်းအစက ညံ့လွန်းလို့ လူသစ်တစ်ယောက်ရဲ့ အယူအဆကိုတောင် မရှင်းပေးနိုင်ဘူးလား” လို့ပေါ့။ အဲဒါကြောင့် ကျွန်မက သူ့ကို “လူသစ်တစ်ယောက်တောင် ကောင်းကောင်း ရေမလောင်းနိုင်ရင် နင်ဘာအသုံးဝင်လဲ” ဆိုပြီး ဒေါသနဲ့ ဝေဖန်လိုက်တယ်။ ကျွန်မရဲ့ညီအစ်မက ခေါင်းကိုပဲ ငုံ့ပြီး ဘာကိုမှ ပြန်မပြောခဲ့ဘူး။ သူ့ရဲ့ မျက်လုံးက မျက်ရည်တွေ စီးကျလာတယ်။ အဲဒီလိုပြောဆိုတာက မမှန်ကန်ဘူးဆိုတာကို ကျွန်မသိပါတယ်။ ဒါပေမဲ့ ကျွန်မတွေးခဲ့တယ်။ “သူ့ကို မကြမ်းရင် သူက စိတ်ထဲမှတ်မှာ မဟုတ်ဘူး၊ တိုးတက်မှာလည်း မဟုတ်ဘူး။” အဲဒီနောက်ပိုင်း၌ သူ့မှာ ပြဿနာရှိလာတဲ့အခါ ကျွန်မဆီကို မလာရဲတော့ဘူး။ သူက အပျက်သဘောဆောင်ပြီး ဘောင်ခတ်တာခံခဲ့ရတယ်။ သူ့ရဲ့ တာဝန်ကို ထမ်းဆောင်ဖို့နဲ့ လူသစ်တွေကို ရေလောင်းဖို့ သူ့ရဲ့ အစွမ်းအစက ညံ့ဖျင်းလွန်းတယ်လို့ ခံစားရတယ်။ သူ့အနေနဲ့ ဘယ်လိုခံစားနေရမလဲဆိုတာကို ကျွန်မသိပေမဲ့ ကျွန်မကိုယ်ကျွန်မ ပြန်လည်သုံးသပ်တာမျိုး မရှိခဲ့ဘူး။ သူ့ကိုမိတ်သဟာယဖွဲ့ဖို့ ဒါမှမဟုတ် ကူညီဖို့ မကြိုးစားခဲ့ဘူး။ ကျွန်မစိတ်ထဲမှာ သူ့ကို နှိမ်နေမိတယ်။ သူက ဒီလောက် ရိုးရှင်းတဲ့ ပြဿနာတွေကိုတောင် မဖြေရှင်းနိုင်တဲ့အချိန်မှာ ဒီအလုပ်ကို သူ့ကို လုပ်ခိုင်းရတာ ကိစ္စတွေ နှောင့်နှေးအောင် လုပ်နေတာ မဟုတ်ဘူးလား။ ဒါကြောင့် အဲဒီနောက်မှာ သူ့ကို လူသစ်တွေကို ရေမလောင်းခိုင်တော့ဘူး။ နောက်တစ်ခေါက်မှာ အသင်းခေါင်းဆောင်တစ်ယောက်နဲ့ ကျွန်မက လူသစ်တွေအတွက် စုဝေးပွဲတစ်ခု ပြုလုပ်ခဲ့တယ်။ ဒါပေမဲ့ ခေါင်းဆောင် မိတ်သဟာယဖွဲ့ပြီးသွားတာတောင် လူသစ်တွေရဲ့ ပြဿနာတွေကို မဖြေရှင်းနိုင်ခဲ့ဘူး။ ကျွန်မတွေးမိတယ်။ “နင်က ခေါင်းဆောင်ဖြစ်ပြီး လူသစ်တွေကိုတောင် ရေမလောင်းနိုင်ဘူးလား” လို့ပေါ့။ အဲဒါကြောင့် ကျွန်မက အစပြုပြီး သူတို့ကို မေးလိုက်တယ်။ “ညီအစ်မ အခုပဲပြောလိုက်တဲ့အကြောင်းအရာကို အားလုံးပဲ နားလည်သဘောက်ပေါက်ပါရဲ့လား” ဆိုပြီးတော့လေ။ သူတို့က ခေါင်းခါပြပြီး မရှင်းမလင်း ဖြစ်နေသေးတယ်လို့ ပြောကြတယ်။ အဲဒီနောက်မှာ ကျွန်မက သူတို့ကို ဘုရားသခင်ရဲ့ အမှုတော် အဆင့်သုံးဆင့်ကို အသေးစိတ် ပြောပြခဲ့တယ်။ သူတို့က ဝမ်းသာအားရ နားထောင်ကြပြီး သူတို့ တော်တော်များများက “အစ်မက ဒီလိုရှင်းပြတော့ ကျွန်မတို့ နားလည်ပါပြီ” လို့ ပြောကြတယ်။ သူတို့က ကျွန်မအပေါ် အဲဒီလိုသဘောထားတာကို မြင်တွေ့ရတော့ ကျွန်မအရမ်းကို ပျော်ရွှင်မိတယ်။ ဧဝံဂေလိဟောတာနဲ့ ရေလောင်းတဲ့အမှုတို့မှာ အသင်းခေါင်းဆောင်ထက်တောင် ပိုကောင်းအောင်လုပ်နိုင်တယ်လို့ ကျွန်မခံစားရတယ်။

အဲဒီနောက်မှာ ကျွန်မက အဆက်မပြတ် ကြွားဝါပြီး သူများကို နှိမ်ခဲ့တယ်။ ကျွန်မရဲ့ စိတ်သဘောထားက ပိုပိုပြီး မာနထောင်လွှားလာတယ်။ အလုပ်နဲ့ပတ်သက်တဲ့ ကိစ္စရပ်တိုင်းမှာ ကြီးကြီးငယ်ငယ် ကျွန်မရဲ့ ဆန္ဒအတိုင်းပဲ လုပ်ခဲ့တယ်။ ကျွန်မက ညီအစ်ကိုမောင်နှမတွေထက် ပိုတော်တယ်လို့ ထင်ခဲ့ပြီး သူတို့နဲ့ ဆွေးနွေးရင်တောင် ကျွန်မရဲ့ သဘောအတိုင်းပဲ ဖြစ်မှာမို့လို့ ကိုယ့်ဘာသာ ဆုံးဖြတ်လိုက်ပြီး အချိန်ဖြုန်းတာကို ရှောင်လိုက်တာက ကောင်းမှာပဲ။ တရားဟောတာနဲ့ ရေလောင်းတဲ့အလုပ်မှာလည်း တခြားလူတွေအားလုံးက ကျွန်မအောက်မှာပဲ ရောက်နေသလို ခံစားရပြီး အားလုံးကို ကျွန်မကိုယ်တိုင်လုပ်ရင် ပိုကောင်းမယ်လို့ ထင်ခဲ့တယ်။ အဲဒါကြောင့် တရားဟောတာနဲ့ ရေလောင်းတဲ့အလုပ်ကိုပါ တစ်ပြိုင်တည်း စလုပ်ခဲ့တယ်။ အလုပ်မျိုးစုံကို ကျွန်မတစ်ယောက်တည်း တာဝန်ယူလုပ်ခဲ့တယ်။ ကျွန်မက အရမ်းကို အလုပ်တွေများလိုက်တာဆိုတာ ကျွန်မခြေထောက်နဲ့ မြေကြီးတောင် မထိအောင်ဖြစ်နေတယ်။ ဒါပေမဲ့ ကျွန်မက ဘယ်သူ့ကိုမှ လေ့ကျင့်မပေးဘဲ သူများကို လက်တွေ့လုပ်ဆောင်ခွင့်မပေးဘူးဆိုတာကို ခေါင်းဆောင်သိသွားပြီး ကျွန်မကို ပြုပြင်ခဲ့တယ်။ သူက ပြောပြတယ်။ “အရာရာကို ညီမတစ်ယောက်တည်း တာဝန်ယူနေတာပဲ။ မာနထောင်လွှားနေတယ်လို့ မထင်ဘူးလား” တဲ့။ ပြုပြင်တာနဲ့ အပြစ်တင်တာကို ရင်ဆိုင်ရတာတောင်မှ အဲဒါကို အရေးကြီးတယ်လို့ ကျွန်မ မထင်ခဲ့ဘူး။ နေ့တိုင်း မိုးလင်းမိုးချုပ် တရားဟောတာ၊ လူသစ်တွေကို ရေလောင်းတာတွေနဲ့ပဲ အလုပ်ရှုပ်နေတယ်လို့ ခံစားခဲ့ရတယ်။ ကျွန်မသဘောအရတော့ အဲဒါက ကိုယ့်တာဝန်အတွက် ဝန်တာထမ်းတာကို ပြတယ်ပေါ့။ ကျွန်မရဲ့ အစွမ်းအစနဲ့ လုပ်ရည်ကိုင်ရည်မှာ ကောင်းတယ်၊ အဲဒီအပြင် ရလဒ်ကောင်းတွေ ရသရွေ့တော့ ကျွန်မရဲ့မာနထောင်လွှားမှုက ပြဿနာမဟုတ်လို့ထင်တယ်။ အဲဒီနောက်မှာတော့ ကျွန်မက ကိုယ့်နည်းကိုယ့်ဟန်နဲ့ပဲ ဆက်လုပ်နေလိုက်တယ်။ ဘယ်လိုအကြောင်းပဲ ဖြစ်လာပါစေ သူများနဲ့မပြောတော့ဘဲ ကိုယ်ကိုယ်တိုင်ပဲ ဖြေရှင်းလိုက်တယ်။ ညီအစ်ကိုမောင်နှမတချို့က ဘောင်ခတ်ခံထားရသလို ခံစားနေကြရတယ်။ သူတို့က သိပ်မတော်ဘူးလို့ ထင်ပြီး အပျက်သဘောဆောင်ခြင်းမှာ နေထိုင်ခဲ့ကြတယ်။ တခြားသူတွေက ကျွန်မအပေါ် အထူးတလည် မှီခိုလာကြတယ်။ သူတို့ရဲ့ တာဝန်တွေမှာ ဘယ်ဝန်တာမှ မယူဘဲ ကျွန်မရဲ့ညွှန်ကြားချက်ကို အမြဲစောင့်မျှော်နေကြတယ်။ အဲဒါဟာ ဧဝံဂေလိအလုပ်နဲ့ ရေလောင်းတဲ့အလုပ်ကို ထိခိုက်ခဲ့တယ်လေ။ သိပ်မကြာခင် အချိန်အတွင်းမှာပဲ ကျွန်မရဲ့ မျက်လုံးတွေက မျက်ရည်ထွက်တဲ့ နာတာရှည်ရောဂါဖြစ်လိုက်တာ တစ်ခါတလေ မမြင်ရလောက်အောင်ကို ဆိုးရွားလာတယ်။ ကျွန်မရဲ့ မျက်ရည်ပြွန်တွေက ပိတ်ဆို့နေပြီး ခွဲစိတ်ဖို့ လိုအပ်တယ်လို့ ဆရာဝန်မှ ပြောပါတယ်။ ကျွန်မအိမ်ကို လမ်းလျှောက်ပြန်လာရင်း စတွေးမိတယ်။ “ရုတ်တရက်ကြီး ဒီလိုမျက်စိရောဂါဖြစ်ရတဲ့နောက်ကွယ်မှာ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ရှိရမယ်။ ဘုရားသခင်ကို ငါ တစ်နည်းနည်းနဲ့ စော်ကားမိသွားလား။” အဲဒီအချိန်မှာ ကျွန်မရဲ့ တာဝန်ကို ထမ်းဆောင်တုန်း ကျွန်မ ရှိနေခဲ့တဲ့ အခြေအနေကို စပြီး ပြန်သုံးသပ်မိတယ်။ ကျွန်မရဲ့ ပြဿနာကို နားလည်နိုင်အောင် ကျွန်မကို ဉာဏ်အလင်းပေးဖို့ တောင်းလျှောက်ရင်း စိတ်နှလုံးထဲကနေ ဘုရားသခင်ဆီကို ဆုတောင်းခဲ့တယ်။

အိမ်ပြန်ရောက်တဲ့အခါ ဘုရားသခင်ရဲ့ ဒီနှုတ်ကပတ်တော်တွေကို ဖတ်ခဲ့ရတယ်။ “အလုပ်အနည်းငယ်လုပ်ပြီး အသင်းတော်ကို အလွန်ကောင်းစွာ ဦးဆောင်ခဲ့သောသူအချို့က ၎င်းတို့သည် အခြားလူများထက် သာလွန်သည်ဟု ထင်ကြသည်။ ‘ဘုရားသခင်က ငါ့အား အဘယ်ကြောင့် အရေးကြီးသော နေရာတွင်ထားသနည်း။ အဘယ်ကြောင့် ငါ၏ နာမည်ကို သူ အမြဲပြောသနည်း။ အဘယ်ကြောင့် ငါ့ကိုသူအမြဲ စကားပြောလျက်ရှိသနည်း။ ငါ့တွင် အစွမ်းအစရှိသောကြောင့်၊ သာမန်လူများ၏ အထက်တွင်ရှိသောကြောင့် ဘုရားသခင်က ငါ့ကို အထင်ကြီးသည်။ ဘုရားသခင်က ငါ့အား ပို၍ကောင်းစွာဆက်ဆံသည်ကိုပင် သင်တို့ မနာလိုဖြစ်ကြသည်။ သင်တို့သည် မနာလိုဖြစ်စရာ မည်သည့်အရာရှိသနည်း။ ငါသည် မည်မျှအလုပ်လုပ်သည်၊ မည်မျှအနစ်နာခံသည်ဆိုသည်ကို သင်တို့ မမြင်နိုင်သလော။ ဘုရားသခင်က မည်သည့်ကောင်းသောအရာများကို ငါ့အား ပေးသည်ဖြစ်စေ သင်တို့ မနာလိုမဖြစ်သင့်ပေ။ အဘယ်ကြောင့်ဆိုသော် ငါသည် ထိုအရာများနှင့် ထိုက်တန်သောကြောင့်ဖြစ်သည်။ ငါသည် နှစ်များစွာ အလုပ်လုပ်ခဲ့ပြီး များစွာ ဒုက္ခခံခဲ့သည်။ ငါသည် နာမည်ရဖို့ ထိုက်တန်ပြီး အရည်အချင်းပြည့်မီသည်’ ဆိုသကဲ့သို့သော စကားများကို မကြာခဏ ဖြန့်သည်။ ‘ဘုရားသခင်က ငါ့အား တွဲဖက်အမှုဆောင်အစည်းအဝေးကို ပါဝင်ခွင့်ပြုပြီး သူ၏ မိတ်သဟာယကို နားထောင်ခွင့်ပြုသည်။ ငါ့တွင် ဤအရည်အချင်းရှိသည်။ သင်တို့တွင် ရှိသလော။ ရှေးဦးစွာ ငါ့တွင် မြင့်မားသော အစွမ်းအစရှိသည်။ သင်တို့ထက်ပို၍ သမ္မာတရားကို လိုက်စားသည်။ ထို့အပြင် ငါသည် သင်တို့ထက်ပို၍ အသုံးခံသည်။ အသင်းတော်အလုပ်ကို ပြီးအောင်လုပ်နိုင်သည်။ သင်တို့ လုပ်နိုင်သလော’ ဟု ပြောသော အခြားလူများရှိသည်။ ဤသည်မှာ မာနထောင်လွှားခြင်းဖြစ်သည်။ လူတို့၏ တာဝန်ထမ်းဆောင်မှုနှင့် ၎င်းတို့၏ အလုပ်၏ ရလဒ်သည် မတူညီပေ။ အချို့မှာ ရလဒ်ကောင်းများရပြီး အခြားလူများကမူ မကောင်းသောရလဒ်များရှိသည်။ လူအချို့မှာ မွေးရာပါ အစွမ်းအစကောင်းရှိပြီး သမ္မာတရားကို ရှာဖွေနိုင်ကြသည်။ ထို့ကြောင့် ၎င်းတို့တာဝန်များ၏ ရလဒ်သည် လျင်မြန်စွာ တိုးတက်လာသည်။ ဤသည်မှာ ၎င်းတို့၏ ကောင်းသော အစွမ်းအစကြောင့်ဖြစ်သည်။ ဤအရာကို ဘုရားသခင်က ကြိုတင်စီမံထားခြင်းဖြစ်သည်။ သို့သော် တာဝန်ထမ်းဆောင်ခြင်းတွင် မကောင်းသောရလဒ်ပြဿနာကို မည်သို့ ဖြေရှင်းမည်နည်း။ သင်သည် သမ္မာတရားကို စဉ်ဆက်မပြတ် ရှာဖွေပြီး အလုပ်ကြိုးစားရမည်။ ဤသို့ဆိုလျှင် သင်သည်လည်း တဖြည်းဖြည်းချင်းဖြင့် ရလဒ်ကောင်းများ ရရှိနိုင်သည်။ သမ္မာတရားအတွက် ကြိုးပမ်းသရွေ့၊ သင်၏ အရည်အချင်းရှိသမျှ စွမ်းဆောင်ရရှိသရွေ့ ဘုရားသခင်က လက်ခံလိမ့်မည်။ သို့သော် သင်၏ အလုပ်ရလဒ်များက ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ မှားယွင်းသော အယူအဆများမရှိသင့်ပေ။ ‘ငါသည် ဘုရားသခင်နှင့် တန်းတူရည်တူသည်အထိ အရည်အချင်းပြည့်မီသည်’၊ ‘ငါသည် ဘုရားသခင်က ပေးသောအရာကို ခံစားဖို့ အရည်အချင်းပြည့်မီသည်’၊ ‘ငါသည် ဘုရားသခင်က ငါ့အား ချီးမွမ်းစေရန်အတွက် အရည်အချင်းပြည့်မီသည်’၊ ‘ငါသည် အခြားလူများကို ဦးဆောင်ဖို့ အရည်အချင်းပြည့်မီသည်’၊ သို့မဟုတ် ‘ငါသည် အခြားလူများကို ဩဝါဒခြွေဖို့ အရည်အချင်းပြည့်မီသည်’ ဟူ၍ မစဉ်းစားနှင့်။ သင်သည် အရည်အချင်းပြည့်မီသည်ဟု မပြောနှင့်။ လူတို့တွင် ဤအတွေးများမရှိသင့်ပေ။ သင့်တွင် ဤအတွေးများရှိနေလျှင်မူ သင်သည် သင်နှင့် ထိုက်တန်သောနေရာတွင်မရှိ၊ လူသားတစ်ယောက် ပိုင်ဆိုင်သင့်သည့် အခြေခံအသိတရားပင် သင့်တွင်မရှိဆိုသည်ကို သက်သေပြသည်။ ဤသို့ဆိုလျှင် သင်၏ မာနထောင်လွှားသော စိတ်သဘောထားကို မည်သို့ စွန့်ပစ်နိုင်မည်နည်း။ သင်မစွန့်ပစ်နိုင်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ မာနထောင်လွှားသော သဘာဝတစ်ခုသည် ဘုရားသခင်အပေါ် လူသား၏ခုခံခြင်း၏ အရင်းအမြစ်၌ ရှိသည်) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မရဲ့ အခြေအနေကို ဖော်ထုတ်ပြလိုက်တယ်။ ကျွန်မရဲ့ အပြုအမူက ကျွန်မရဲ့ မာနထောင်လွှားတဲ့ သဘာဝရဲ့ စိုးမိုးတာခံထားရတယ်ဆိုတာ ကျွန်မ သဘောပေါက်လိုက်တယ်။ ဟောပြောတာနဲ့ ရေလောင်းတာတို့မှာ ရလဒ်တွေရလာတဲ့အခါ ကျွန်မအားတက်လာခဲ့တယ်။ ကျွန်မရဲ့ လုပ်ကိုင်နိုင်စွမ်းနဲ့ အစွမ်းအစမှာ တော်တော် ကောင်းတယ်လို့ ထင်မှတ်ခဲ့ပြီး ကျွန်မက ဧဝံဂေလိအလုပ်အတွက် မရှိမဖြစ်လိုအပ်တယ်လို့ ထင်မှတ်ခဲ့တယ်။ အဲဒီအရည်အချင်းတွေကို အရင်းအနှီးအဖြစ် မှတ်ယူခဲ့တယ်။ ကျွန်မက မာနထောင်လွှားလွန်းလိုက်တာ တခြားလူတိုင်းကို ဂရုမစိုက်တဲ့အထိ ဖြစ်ခဲ့တယ်။ ကျွန်မက သူများကို ဒေါသနဲ့ ဝေဖန်ပြောဆိုပြီး ဘောင်ခတ်ရင်း သူတို့ထက် သာသလို ပြုမူခဲ့တယ်။ ညီအစ်မက လူအသစ်တွေကို ရေလောင်းဖို့ အခက်အခဲရှိတုန်းက ပြဿနာကို ဖြေရှင်းဖို့ သူ့ကို မကူညီခဲ့ဘူး။ သူ့ကို အပြစ်တင်ဖို့ ကျွန်မရဲ့ဂုဏ်အဆင့်အတန်းကို သုံးခဲ့တယ်။ အသင်းခေါင်းဆောင်နဲ့အတူ ကျွန်မက လူသစ်တွေကို အတူရေလောင်းပေးချိန်မှာ အသင်းခေါင်းဆောင်က အဲဒီသူတို့ရဲ့ ပြဿနာတွေကို မဖြေရှင်းနိုင်တဲ့အခါ မိတ်သဟာယမှာ ပါဝင်ပူးပေါင်းရမဲ့အစား ခေါင်းဆောင်ကို အထင်သေးခဲ့ပြီး လူသစ်တွေရှေ့မှာ သူ့ထက်သာအောင် တမင်လုပ်ပြခဲ့တယ်။ အလုပ်မှာ ပြဿနာတွေ ပေါ်လာတဲ့အခါ သမ္မာတရားစည်းမျဉ်းတွေကို ရှာဖွေတာ ဒါမှမဟုတ် ညီအစ်ကိုမောင်နှမတွေနဲ့ ဆွေးနွေးတိုင်ပင်တာတို့ကို မလုပ်ခဲ့ဘူး။ ကျွန်မမှာ အကြောင်းအရာတွေကို ရှင်းရှင်းလင်းလင်း သိမြင်နိုင်တဲ့ အတွေ့အကြုံတွေ ရှိတယ်လို့ တွေးထင်ခဲ့မိတယ်။ ကျွန်မက အရာရာတိုင်းကို ကိုယ်တိုင် ဆုံးဖြတ်နိုင်ပြီး တာဝန်ယူနိုင်တယ်။ သူများတွေကို လက်တွေ့လုပ်ဆောင်ဖို့ အခွင့်အရေးမပေးခဲ့ဘဲ ကျွန်မက ပြုပြင်ခံရတာတောင် အဲဒါကို ပြဿနာတစ်ခုအဖြစ် မမှတ်ယူခဲ့ဘူး။ ကျွန်မတာဝန်မှာ ဝန်တာထမ်းနေတယ်လို့ပဲ တွေးထင်ခဲ့တယ်။ ရာထူးကြီးလို့ပဲလို့ ယူဆပြီး ပြုပြင်ပေးတာကို လက်မခံခဲ့ဘူး။ ကျွန်မက အရမ်းကိုမာနထောင်လွှားခဲ့တယ်။ စိတ်ထဲမှာ ဘုရားသခင်ကို ကြောက်ရွံ့တာ၊ နာခံတာ မရှိခဲ့ဘူး။ ကျွန်မက ဧဝံဂေလိအလုပ်ကို ကြီးကြပ်ခဲ့တယ်။ ကျွန်မအနေနဲ့ ဧဝံဂေလိတရားဟောဖို့ ညီအစ်ကိုမောင်နှမတွေကို လေ့ကျင့်ပေးခဲ့သင့်တယ်။ ဒါပေမဲ့ အဲဒီအစား ကျွန်မက သူတို့ကို အထင်အမြင်သေးတာ၊ နှိမ်တာတို့ လုပ်ပြီး အရာရာတိုင်းကို ကိုယ်တိုင်ပဲ လုပ်ဆောင်ခဲ့တယ်။ ရလဒ်အနေနဲ့ သူတို့က ကျွန်မကြောင့် ဘောင်ခတ်ခံရတာကို ခံစားခဲ့ရတယ်။ တချို့က ကျွန်မကို တကယ်ပဲ မှီခိုကြပြီး သူတို့တာဝန်မှာ ဝန်တာမထမ်းနိုင်ဖြစ်လာကြပြီး ဧဝံဂေလိအလုပ်အပေါ် ထိခိုက်မှုရှိလာတယ်။ ဒါဟာ ကျွန်မရဲ့ တာဝန်ကို ထမ်းဆောင်နေတာ မဟုတ်ဘူး။ ဒါဟာ မကောင်းမှုပြုနေတာ၊ ဧဝံဂေလိအလုပ်ကို ဟန့်တားနေတာပဲ။ အရင်က ကျွန်မက ငါက အရာရာကို ကိုယ်တိုင်လုပ်ပြီး ငါ့တာဝန်က ဝန်တာတွေကို ထမ်းနေတာပဲလို့ တွေးခဲ့တယ်။ တကယ်တမ်းမှာတော့ ကျွန်မက မာနထောင်လွှားနေတာပဲ။ ကိုယ့်ကိုယ်ကိုယ် သူများအထက်မှာထားပြီး သူတို့ကိုတော့ အရေးမကြီးသလို ဆက်ဆံတယ်။ အရာရာကို ချုပ်ကိုင်ပြီး ဘုရားသခင်နဲ့ သူများတွေအတွက် မစဉ်းစားဘဲ ကိုယ့်ရဲ့ မာနထောင်လွှားတဲ့ စိတ်သဘောထားနဲ့ တဇွတ်ထိုး၊ မဆင်မခြင် ပြုမူခဲ့တယ်။ ဒါဟာ ကောင်းကင်တမန်မင်းရဲ့ စိတ်သဘောထား မဟုတ်ဘူးလား။ ကျွန်မက နောင်တမရရင် ဘုရားသခင်ရဲ့ ပစ်ပယ်တာနဲ့ ဖယ်ရှားရှင်းလင်းတာကို ခံရမယ်။ ဒါကိုတွေးရင်း ဘုရားသခင်က ကျွန်မကို ဒီရောဂါနဲ့ ရိုက်နှက်ပြီး ဆုံးမပဲ့ပြင်နေတယ်ဆိုတာကို သဘောပေါက်လိုက်တယ်။ တကယ်လို့ ဘုရားသခင်က ကျွန်မအတွက် ဒီအခြေအနေကို မဖန်တီးပေးခဲ့ရင် ကျွန်မက မာနထောင်လွှားနေတဲ့ စိတ်သဘောထားအတွင်းမှာ ဆက်လက် လုပ်ဆောင်နေမယ်။ ဘုရားသခင်ရဲ့ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားပြီး အပြစ်ဒဏ်ပေးတာကို ခံရရင်း ဆက်မကောင်းမှုပြုမိခဲ့ပြီးဖြစ်မှာပဲ။ ကျွန်မသတိပြုမိပြီးတဲ့အခါ ဘုရားသခင်ဆီကို ငိုကြွေးရင်း ဆုတောင်းခဲ့တယ်။ “အို ဘုရားသခင်၊ ကျွန်မက အရမ်းကို မာနထောင်လွှားတာဟာ လူ့သဘာဝဖြစ်ဖြစ်၊ အသိစိတ်ဖြစ်ဖြစ် မရှိဘူး။ ကျွန်မ ကိုယ်တော့်ရှေ့မှောက်မှာ အသက်ရှင်ဖို့ မထိုက်တန်ဘူး။ ဘုရားသခင်၊ ကိုယ်တော့်ကို ခုခံချင်တာ ဒါမှမဟုတ် ပုန်ကန်ချင်တာ မရှိတော့ပါဘူး။ ကျွန်မ နောင်တရချင်ပါတယ်။” အဲဒီနောက်မှာတော့ ကျွန်မရဲ့အခြေအနေကို ညီအစ်ကိုမောင်နှမတွေနဲ့ ပွင့်ပွင့်လင်းလင်းပြောပြခဲ့တယ်။ ကိုယ့်ရဲ့ မာနထောင်လွှားတဲ့ စိတ်သဘောထားကြောင့် သူတို့ကို ကျွန်မ ဘယ်လိုထိခိုက်ခဲ့တယ်ဆိုတာကို ဖော်ထုတ်၊ စိစစ်ပြီးတော့ တောင်းပန်ခဲ့တယ်။ အဲဒီနောက်မှာ ကျွန်မတာဝန်ကို ထမ်းဆောင်ရာမှာ ပိုပြီးတော့ နှိမ့်ချတတ်လာတယ်။ ကျွန်မက ညီအစ်ကို မောင်နှမတွေနဲ့ အရာရာကို တိုင်ပင်ဆွေးနွေးခဲ့ပြီး သိပ်မကြာခင်မှာပဲ ကျွန်မရဲ့ရောဂါဝေဒနာကလည်း သက်သာသွားတယ်။ ကျွန်မရဲ့စိတ်နှလုံးသားထဲကနေ ဘုရားသခင်ကို ကျေးဇူးတင်ခဲ့တယ်။

အချိန်တစ်ခုကြာပြီးတော့ ဧဝံဂေလိအလုပ်မှာ လိုအပ်တဲ့အတွက် အသင်းတော်က ကျွန်မကို တခြားနေရာတစ်ခုမှာ ဧဝံဂေလိဖြန့်ဝေဖို့ တာဝန်ပေးခဲ့တယ်။ ကျွန်မကိုယ်ကျွန်မ နောက်တစ်ကြိမ် မချီးမြှောက်ဘဲ မနေနိုင်ခဲ့ဘူး။ ကျွန်မက ဧဝံဂေလိဟောပြောရာမှာ ကောင်းကောင်း လုပ်ဆောင်ခဲ့ပုံရတယ်။ ဒါမှမဟုတ်ရင် သူတို့က ဧဝံဂေလိဖြန့်ဝေဖို့ ကျွန်မကို တခြားနေရာကို ဘာလို့ပို့မလဲ။ တစ်ရက်မှာ ကျွန်မက ဧဝံဂေလိ လက်ခံဖို့ အလားအလာရှိသူနှစ်ယောက်ကို ဧဝံဂေလိဟောပြောဖို့ သွားခဲ့တယ်။ အဲဒါဟာ ခက်ခဲလိမ့်မယ်လို့ ကျွန်မ မထင်ခဲ့မိဘူး၊ အဲဒါကြောင့် သူတို့ရဲ့ အခြေအနေ ဒါမှမဟုတ် အဓိကအယူအဆတို့ကို ကြိုတင်နားလည်ဖို့ မကြိုးစားဖြစ်ခဲ့ဘူး။ အဲဒီအစား အရင်က လုပ်ခဲ့တဲ့အတိုင်း ဘုရားသခင်ရဲ့ အမှုတော် အဆင့်သုံးဆင့်ကို တိုက်ရိုက် သက်သေခံပြခဲ့တယ်။ သူတို့က အဲဒီအကြောင်းကို ကြားကြားချင်းမှာပဲ ကျွန်မက အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်သူဖြစ်တာကို သိသွားလို့ သူတို့က ကျွန်မကို သတိထား ရှောင်ကြလေတယ်။ သူတို့က နောက်ထပ်တစ်ခုမှ ကြားချင်စိတ် မရှိကြဘူး။ အဲဒီအချိန်မှာတော့ ကျွန်မအံ့အားသင့်သွားတယ်။ ကျွန်မအနေနဲ့ ဒီလောက်အဝေးကြီး လာခဲ့ရပြီး ဧဝံဂေလိအလုပ်ကို မြန်မြန်ဆန်ဆန် ချဲ့ထွင်နိုင်မယ်လို့ ထင်ခဲ့တယ်။ ကျွန်မ ဒီလောက်မြန်မြန် ကျရှုံးလိမ့်မယ်လို့ မထင်ခဲ့ဖူးဘူး။ အခုအခါမှာတော့ ဧဝံဂေလိအလုပ်ကို ကျွန်မ ဘယ်လိုချဲ့ထွင်မလဲ။ ဒါပေမဲ့ ကျွန်မက အရှုံးမပေးချင်သေးဘူး။ ဒါဟာ ဆယ်ခါရံတစ်ခါလောက် ကြုံရတဲ့ ပြဿနာ ဖြစ်ကောင်းဖြစ်နိုင်ပြီး ဒီတစ်ခေါက်ပဲ အမှားလုပ်လိုက်မိတာ ဖြစ်နိုင်တယ်။ ကျွန်မက ဧဝံဂေလိဖြန့်ဝေနေခဲ့တာဟာ နှစ်ပေါင်းအများကြီးကြာပြီဖြစ်လို့ လူတွေရနိုင်မယ်လို့ သေချာပေါက်ထင်ခဲ့တယ်။ ဒါပေမဲ့ ကျွန်မရောက်သွားတဲ့နေရာတိုင်းမှာ ကျရှုံးခဲ့တယ်။ ကျွန်မက အရမ်းကို မချင့်မရဲဖြစ်ပြီး မျှော်လင့်ချက်ကင်းမဲ့တဲ့ အခြေအနေကိုတောင် ရောက်နေတယ်။ အဲဒီနောက်မှာတော့ ကျွန်မ အထုတ်ခံလိုက်ရတယ်။ ကျွန်မရဲ့ဟောပြောချက်က ထိရောက်မှုလုံးဝမရှိတာကို တွေးမိတဲ့အခါ ကျွန်မကို နာကျင်စေတယ်။ ကျွန်မက အသုံးမကျသလို ခံစားရတယ်။ ဒီအတိုင်း ဆက်သွားမယ်ဆိုရင် ကျွန်မ ဖယ်ရှားရှင်းလင်းခံရမှာ မဟုတ်ဘူးလား။ ကျွန်မဧဝံဂေလိကို စိတ်ထက်ထက်သန်သန် ဟောပြောခဲ့တဲ့နေ့ရက်တွေကို လွမ်းဆွတ်နေမိတယ်။ အလုပ်က ခက်ခဲပြီး ပင်ပန်းပေမဲ့ အဲဒီလို ရလဒ်ကောင်းတွေ ရရှိခဲ့လို့ ပျော်ရွှင်ခဲ့တယ်။ ဒါပေမဲ့ အခုတော့ ဒီရလဒ်တွေကို ကျွန်မ ဘာလို့မရနိုင်တာလဲ။ အဲဒီအကြောင်းကို တွေးတောပြီးနောက် ရင်ထဲမှာ သည်းမခံနိုင်အောင် ဝေဒနာတစ်ခု ခံစားလိုက်ရတယ်။ ကျွန်မရဲ့ နာကျင်မှုမှာ ဘုရားသခင်ဆီကို အကြိမ်ကြိမ် ဆုတောင်းခဲ့တယ်။ “အို ဘုရားသခင်၊ ဒီအခြေအနေကနေ ဘယ်လိုသင်ခန်းစာတွေကို သင်ယူရမှာပါလဲ။ ကျေးဇူးပြုပြီး ကျွန်မကို ဉာဏ်အလင်းပွင့်စေပြီး ကိုယ့်ကိုယ်ကိုယ် နားလည်အောင် လမ်းညွှန်ပေးပါ။”

ရှာဖွေနေတုန်းမှာပင် ဘုရားနှုတ်ကပတ်တော် ဒီအပိုဒ်ကို ကျွန်မတွေ့ခဲ့တယ်။ “တစ်စုံတစ်ဦးတွင် ဆုကျေးဇူးရှိသည့်အခါ သို့မဟုတ် ပါရမီတစ်ခု ရှိသည့်အခါ ၎င်းတို့သည် တစ်စုံတစ်ရာတွင် ပင်ကိုအားဖြင့် ပိုတော်ကြသည် သို့မဟုတ် အခြားသူများနှင့် နှိုင်းယှဉ်ရာတွင် တစ်နည်းနည်းဖြင့် ထူးချွန်ကြသည်ဟု ဆိုလိုပေသည်။ ဥပမာအားဖြင့် သင်သည် အခြားသူများထက် အနည်းငယ် သာ၍ မြန်ဆန်စွာ တုံ့ပြန်ကောင်းတုံ့ပြန်နိုင်သည်၊ အခြားသူများထက် အနည်းငယ် ပို၍ လျင်မြန်စွာ အမှုကိစ္စများကို နားလည်ကောင်း နားလည်နိုင်သည်၊ အတတ်ပညာဆိုင်ရာ ကျွမ်းကျင်မှုအချို့ကို သင် ကျွမ်းကျင်ပိုင်နိုင်ပြီး ဖြစ်နိုင်သည် သို့မဟုတ် သင်သည် အပြောကောင်းသော ဟောပြောသူတစ်ဦး ဖြစ်ကောင်းဖြစ်နိုင်သည်၊ စသည်တို့ ဖြစ်သည်။ ဤသည်တို့မှာ လူတစ်ဦး ရှိကောင်းရှိနိုင်သည့် ဆုကျေးဇူးများနှင့် ပါရမီများဖြစ်သည်။ သင့်ထံတွင် အချို့သော ပါရမီများနှင့် စွမ်းရည်များရှိလျှင် ယင်းတို့ကို သင် နားလည်ပြီး ကိုင်တွယ်ပုံသည် အလွန်အရေးကြီး၏။ အခြားမည်သူတွင်မျှ သင်၏ ပါရမီများနှင့် ဆုကျေးဇူးများမရှိသောကြောင့် သင်သည် အစားထိုး၍ မရနိုင်သောသူ ဖြစ်သည်ဟူ၍ လည်းကောင်း၊ သင်၏ ဆုကျေးဇူးများနှင့် ပါရမီများကို သင်၏ တာဝန်ထမ်းဆောင်ရန် သင် အသုံးပြုလျှင် သမ္မာတရားကို သင် လက်တွေ့လုပ်ဆောင်နေသည်ဟူ၍လည်းကောင်း သင် တွေးထင်လျှင် ဤအမြင်သည် မှန်သလော၊ မှားသလော။ (မှားပါသည်။) မှားသည်ဟု သင် အဘယ်ကြောင့် ပြောသနည်း။ ပါရမီများနှင့် ဆုကျေးဇူးများမှာ အတိအကျ အဘယ်အရာများ ဖြစ်ကြသနည်း။ ယင်းတို့ကို သင် မည်သို့ နားလည်သင့်သနည်း၊ အသုံးပြုကာ ကိုင်တွယ်ဖြေရှင်းသင့်သနည်း။ အမှန်တရားမှာ သင့်ထံတွင် မည်သည့် ဆုကျေးဇူး သို့မဟုတ် ပါရမီရှိသည်ဖြစ်စေ သင့်ထံတွင် သမ္မာတရားနှင့် အသက်ရှိသည်ဟု မဆိုလိုပေ။ လူတို့တွင် ဆုကျေးဇူးနှင့် ပါရမီအချို့ ရှိလျှင် ဤဆုကျေးဇူးများနှင့် ပါရမီများကို အသုံးပြုရသည့် တာဝန်တစ်ခု ထမ်းဆောင်ရန်မှာ ၎င်းတို့အတွက် သင့်တော်သော်လည်း ယင်းက သမ္မာတရားကို ၎င်းတို့ လက်တွေ့လုပ်ဆောင်နေခြင်း ဖြစ်သည်ဟု မဆိုလိုသကဲ့သို့ အမှုအရာများကို စည်းမျဉ်းများအတိုင်း လုပ်ဆောင်နေခြင်း ဖြစ်သည်ဟုလည်း မဆိုလိုပေ။ ဥပမာအနေဖြင့် သီဆိုခြင်းအတွက် ဆုကျေးဇူးဖြင့် သင် မွေးဖွားလျှင် သီဆိုရန် သင်၏ အစွမ်းအစသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းအား ကိုယ်စားပြုသလော။ သင်သည် စည်းမျဉ်းများအတိုင်း သီဆိုသည်ဟု ဆိုလိုသလော။ မဆိုလိုပေ။ ဥပမာအားဖြင့် သင့်ထံတွင် စကားလုံးများအတွက် သဘာဝကျသော ပါရမီရှိပြီး စာရေးသားရာတွင် တော်သည်ဟု ဆိုကြပါစို့။ သင်သည် သမ္မာတရားကို နားမလည်လျှင် သင်၏ ရေးသားခြင်းသည် သမ္မာတရားနှင့် ကိုက်ညီနိုင်သလော။ သင့်ထံတွင် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်ရှိသည်ဟု သေချာပေါက် ဆိုလိုသလော။ (မဆိုလိုပါ။) သို့ဆိုလျှင် ဆုကျေးဇူးများနှင့် ပါရမီများသည် သမ္မာတရားနှင့် ကွဲပြားပြီး နှိုင်းယှဉ်၍မရပေ။ သင့်ထံတွင် မည်သည့် ဆုကျေးဇူးရှိသည်ဖြစ်စေ သင်သည် သမ္မာတရားကို မလိုက်စားလျှင် သင်၏ တာဝန်ကို သင် ကောင်းစွာ ထမ်းဆောင်မည်မဟုတ်။ လူအချို့သည် မိမိတို့၏ ဆုကျေးဇူးများကို မကြာခဏ ကြွားလုံးထုတ်ကြပြီး အခြားသူများထက် ၎င်းတို့ ပိုတော်သည်ဟု ယေဘုယျအားဖြင့် ခံစားကြသောကြောင့် အခြားလူများကို အထင်သေးကာ မိမိတို့တာဝန်များကို ထမ်းဆောင်နေချိန် အခြားသူများနှင့် ပူးပေါင်းလုပ်ဆောင်ရန် မလိုမလားဖြစ်နေကြသည်။ ၎င်းတို့သည် အမြဲ ကြီးကြပ်လိုကြပြီး အကျိုးဆက်အနေဖြင့် မိမိတို့တာဝန်များကို ထမ်းဆောင်နေချိန်တွင် စည်းမျဉ်းများကို မကြာခဏ ချိုးဖောက်မိကြပြီး ၎င်းတို့၏ အလုပ်လုပ်ခြင်း ခရီးရောက်မှုကလည်း အလွန် နည်းပါးလေသည်။ ဆုကျေးဇူးများက ၎င်းတို့ကို မာနထောင်လွှားစေကာ မိမိကိုယ်ကို မှန်သည်ဟု မှတ်ယူစေပြီးဖြစ်သည်။ အခြားသူတို့အပေါ် အထင်သေးစေကာ အခြားသူများထက် ၎င်းတို့ ပိုတော်သည်ဟူ၍ လည်းကောင်း၊ ၎င်းတို့လောက် မည်သူမျှမတော် ဟူ၍လည်းကောင်း အမြဲ ခံစားစေပြီးဖြစ်သကဲ့သို့ ဤအရာကြောင့် ကိုယ့်ကိုယ်ကိုယ် ဟုတ်လှပြီဟု ၎င်းတို့ ဘဝင်ခိုက်လာကြလေသည်။ ဤလူများသည် မိမိတို့ ဆုကျေးဇူးများ၏ ဖျက်ဆီးခြင်းကို ခံရပြီမဟုတ်လော။ ဧကန်အမှန် ခံရကြပြီဖြစ်သည်။ ဆုကျေးဇူးရှိပြီး ပါရမီများရှိသော လူများသည် မာနထောင်လွှားပြီး မိမိကိုယ်ကို မှန်သည်ဟု မှတ်ယူရန် အလားအလာအများဆုံး ဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားကို မလိုက်စားဘဲ မိမိတို့၏ ဆုကျေးဇူးများဖြင့် အမြဲ အသက်ရှင်လျှင် ယင်းမှာ အလွန် အန္တရာယ်များသောအရာတစ်ခု ဖြစ်သည်။ ဘုရားအိမ်တော်တွင် လူတစ်ဦးက မည်သည့်တာဝန်ကို ထမ်းဆောင်သည်ဖြစ်စေ၊ မည်သည့်ပါရမီမျိုး ၎င်း ပိုင်ဆိုင်သည်ဖြစ်စေ သမ္မာတရားကို မလိုက်စားလျှင် မိမိတို့တာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းရန် ၎င်းတို့ သေချာပေါက် ပျက်ကွက်လိမ့်မည် ဖြစ်သည်။ လူတစ်ဦးတွင် မည်သည့် ဆုကျေးဇူးများနှင့် ပါရမီများ ရှိသည်ဖြစ်စေ ထိုတာဝန်မျိုးကို ကောင်းစွာ ထမ်းဆောင်သင့်ပေသည်။ ၎င်းတို့အနေဖြင့် သမ္မာတရားကိုလည်း နားလည်နိုင်ပြီး စည်းမျဉ်းများအတိုင်း အမှုအရာများကို လုပ်ဆောင်နိုင်လျှင် ၎င်းတို့၏ ဆုကျေးဇူးများနှင့် ပါရမီများသည် ထိုတာဝန်ကို ထမ်းဆောင်ရာတွင် ဆောင်ရွက်ရမည့် ကဏ္ဍတစ်ခု ရှိလိမ့်မည်ဖြစ်သည်။ သမ္မာတရားကို လက်မခံသကဲ့သို့ သမ္မာတရား စည်းမျဉ်းများကို မရှာဖွေဘဲ အမှုအရာများကို လုပ်ဆောင်ရန် မိမိတို့၏ ဆုကျေးဇူးများကိုသာ မှီခိုသောသူတို့သည် မိမိတို့တာဝန်များကို ထမ်းဆောင်ခြင်းမှ မည်သည့်ရလဒ်ကိုမျှ စွမ်းဆောင်ရရှိမည် မဟုတ်သကဲ့သို့ ဖယ်ရှားရှင်းလင်းခြင်းခံရမည့် အန္တရာယ် ရှိပေသည်။...ဆုကျေးဇူးရှိပြီး ပါရမီရှိသည့်လူများက ၎င်းတို့သည် အလွန်တော်ကြောင်း၊ ၎င်းတို့သည် အရာအားလုံးကို နားလည်ကြောင်း တွေးထင်ကြသော်လည်း ထိုဆုကျေးဇူးများနှင့် ပါရမီတို့သည် သမ္မာတရားကို ကိုယ်စားမပြုကြောင်း၊ ဤအရာများသည် သမ္မာတရားနှင့် မည်သည့်ဆက်စပ်မှုမျှ မရှိကြောင်းကို မသိကြချေ။ လူတို့သည် ၎င်းတို့၏ လုပ်ရပ်များတွင် မိမိတို့၏ ဆုကျေးဇူးများနှင့် စိတ်ကူးများကို မှီခိုသည့်အခါတွင် ၎င်းတို့၏ အတွေးများနှင့် ထင်မြင်ချက်များသည် မကြာခဏဆိုသလို သမ္မာတရားနှင့် ဆန့်ကျင်လေသည်။ သို့ရာတွင် ဤအရာကို ၎င်းတို့ မတွေ့မြင်နိုင်ကြချေ။ ၎င်းတို့က ‘ကျွန်တော် ဘယ်လောက် ပါးနပ်သလဲဆိုတာကို ကြည့်။ အင်မတန်တော်တဲ့ ရွေးချယ်မှုတွေကို ကျွန်တော် လုပ်ခဲ့တယ်။ အရမ်းကို အမြော်အမြင်ရှိတဲ့ ရွေးချယ်မှုတွေပဲ။ ခင်ဗျားတို့ထဲက ဘယ်သူမှ ကျွန်တော်နဲ့ ယှဉ်လို့မရဘူး’ ဟု တွေးကြဆဲဖြစ်သည်။ ၎င်းတို့သည် အတ္တအပြည့်နှင့် မိမိကိုယ်ကိုယ် သဘောကျသည့် အခြေအနေတစ်ခုတွင် အစဉ်အမြဲ အသက်ရှင်ကြလေသည်။ ၎င်းတို့၏ စိတ်နှလုံးများကို တည်ငြိမ်စေကာ ဘုရားသခင်က ၎င်းတို့အား မည်သည့်အရာ တောင်းဆိုသည်၊ သမ္မာတရားက မည်သည့်အရာဖြစ်သည်ဆိုသည်နှင့် သမ္မာတရားစည်းမျဉ်းများက မည်သည့်အရာများဖြစ်သည် ဆိုသည်တို့ကို ချင့်ချိန်စဉ်းစားဖို့ ၎င်းတို့အတွက် ခက်ခဲပေသည်။ ထို့ကြောင့် ၎င်းတို့အတွက် သမ္မာတရားကို နားလည်ရန် ခက်ခဲပြီး ၎င်းတို့သည် တာဝန်များကို ထမ်းဆောင်သော်လည်း သမ္မာတရားကို လက်တွေ့မလုပ်ဆောင်နိုင်ကြသောကြောင့် သမ္မာတရား စစ်မှန်မှုကို ဝင်ရောက်ဖို့လည်း ၎င်းတို့အတွက် အလွန်ခက်ခဲလေသည်။ တိုတိုပြောရလျှင် လူတစ်ဦးသည် သမ္မာတရားကို မလိုက်စားနိုင်သကဲ့သို့ သမ္မာတရားကို လက်မခံနိုင်လျှင် ၎င်းတွင် မည်သည့် ဆုကျေးဇူးရှိသည်ဖြစ်စေ၊ မည်သည့်ပါရမီရှိသည်ဖြစ်စေ မိမိတာဝန်ကို ကောင်းစွာ ထမ်းဆောင်နိုင်လိမ့်မည် မဟုတ်။ ဤအရာနှင့်ပတ်သက်၍ သံသယအနည်းငယ်မျှ မရှိနိုင်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ လူများ အသက်ရှင်ဖို့ အမှီပြုသည့်အရာ အတိအကျမှာ အဘယ်နည်း) ဘုရားနှုတ်ကပတ်တော်တွေကို တွေးတောဆင်ခြင်ပြီးနောက်မှာ ပါရမီထူးနဲ့ ဆုကျေးဇူးတွေရှိတာက ကိုယ့်မှာ သမ္မာတရားရှိတယ်လို့ မဆိုလိုကြောင်း နားလည်သွားရတယ်။ သမ္မာတရားကို နားမလည်ဘဲ ဒါမှမဟုတ် စည်းမျဉ်းတွေကို မရှာဖွေဘဲ တာဝန်ကို ထမ်းဆောင်ပြီး ကိုယ့်ရဲ့ပါရမီနဲ့ ဆုကျေးဇူးတို့ကို အရင်းအနှီးအဖြစ် အမြဲသုံးတာက အချိန်ကြာလာတာနဲ့အမျှ ကိုယ့်ကို ပိုပြီးမာနထောင်လွှားလာစေမယ်။ ကျွန်မ တာဝန်ကို စထမ်းဆောင်တုန်းကတည်းက ကျွန်မရဲ့ဆုကျေးဇူးတွေနဲ့ အသက်ရှင်နေထိုင်ခဲ့တာကို သတိပြုမိတယ်။ ကျွန်မက သမ္မာကျမ်းစာကို ကောင်းကောင်းသိနားလည်ပြီး ဧဝံဂေလိ ဟောပြောတာ အတွေ့အကြုံတွေရှိတယ်၊ ဒါကြောင့် ဒီအရာတွေကို အရင်းအနှီးအဖြစ် သဘောထားပြီး ပိုပို မာနထောင်လွှားလာတယ်။ တခြားလူတိုင်းကို ကျွန်မ အထင်သေးခဲ့တယ်။ သူတို့အားလုံးကို အရေးမပါသလို သဘောထားခဲ့တယ်။ ကျွန်မ မာနထောင်လွှားတဲ့အတွက် ခေါင်းဆောင်က ပြုပြင်ခဲ့ပေမဲ့ ကျွန်မ လက်သင့်မခံခဲ့ဘူး။ ကျွန်မရဲ့ဆုကျေးဇူးတို့ကို အရင်းအနှီးအဖြစ် အသုံးပြုနေတုန်းပဲ။ သူ့ရဲ့ အကြံပြုချက်တွေကို ငြင်းဆန်ခဲ့တယ်။ ဟောပြောတဲ့အခါ သမ္မာတရားစည်းမျဉ်းတွေကို မရှာဖွေခဲ့ဘူး။ ကြီးမြတ်တဲ့အရာတွေကို စွမ်းဆောင်ရရှိဖို့ ကြိုးစားရင်း ဆုကျေးဇူးတွေနဲ့ အတွေ့အကြုံတို့ကို မှီခိုခဲ့တယ်။ ရလဒ်အနေနဲ့ ကျွန်မ ကအကြိမ်ကြိမ် ကျရှုံးလာတယ်။ ဒါပေမဲ့ အဲဒီနောက်မှာပဲ ကျွန်မရဲ့ စိတ်သဘောထားကို ပြဿနာတစ်ခုလို့ မထင်ခဲ့ဘူး။ ပြန်လည်သုံးသပ်တာ မလုပ်ခဲ့ဘူး။ ကျွန်မမှာ ဆုကျေးဇူးတွေနဲ့ အတွေ့အကြုံတွေ ရှိတဲ့အတွက် ကျွန်မတာဝန်ကို ကောင်းကောင်း ထမ်းဆောင်နိုင်တယ်လို့ ကျွန်မ အရှက်မရှိ တွေးခဲ့တယ်။ ကျွန်မက မာနထောင်လွှားပြီး ယုတ္တိမတန်တဲ့သူပဲဖြစ်တယ်။ ပေါလုအကြောင်းကို ကျွန်မတွေးမိတယ်။ သူက ဉာဏ်ရည်ထက်မြက်ပြီး အဟောအပြောကောင်းတဲ့ ဆုကျေးဇူးကို ပိုင်ဆိုင်ထားတယ်။ သူက သမ္မာကျမ်းစာကို လေးနက်တဲ့အသိပညာရှိပြီး ဧဝံဂေလိဟောပြောတာရယ်၊ လူတွေကိုပြောင်းလဲတာရယ်မှာ ထူးချွန်တယ်။ ဒါပေမဲ့ သူက အဲဒီအရာအားလုံးကို အရင်းအနှီးအနေနဲ့ အသုံးပြုခဲ့တယ်။ သူရဲ့စိတ်သဘောထားက ပိုပိုပြီး မာနထောင်လွှားလာတယ်၊ သူက တခြားလူတွေကို လျစ်လျူရှုခဲ့တယ်။ သူက တမန်တော်တွေနဲ့ တန်းတူဖြစ်ကြောင်း ခံယူပြီး ဆုလာဘ်တွေနဲ့ သရဖူအတွက်ပဲ အလုပ်လုပ်ခဲ့တယ်။ သူက အသက်ရှင်တော်မူတဲ့ ခရစ်တော်ဖြစ်တယ်လို့တောင် ဆိုခဲ့တယ်။ နောက်ဆုံးမှာ ဘုရားသခင်က အပြစ်ဒဏ်ပေးတာကိုခံခဲ့ရတယ်။ ဆုကျေးဇူးတွေရှိတာက သမ္မာတရားစစ်မှန်မှုကို သင်ပိုင်ဆိုင်တယ်လို့ မဆိုလိုဘူးဆိုတာ သူရဲ့ဇာတ်လမ်းက ဖော်ပြခဲ့တယ်။ သမ္မာတရားကို မလိုက်စားရင် သင့်ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားက ပြောင်းလဲမှာ မဟုတ်ဘူး၊ သင့်အနေနဲ့ ထုတ်ဖော်ခံရပြီး ဖယ်ရှားရှင်းလင်းခံရမယ်။ နောက်ပိုင်းမှာတော့ ဘုရားနှုတ်ကပတ်တော် နောက်တစ်ပိုဒ်ကို ကျွန်မတွေ့ခဲ့ပြီး အဲဒါက နားလည်မှုတချို့ ပေးခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “သင်တို့၏တာဝန်ကို ထမ်းဆောင်နေစဉ်တွင် သင်တို့သည် ဘုရားသခင်၏ လမ်းညွှန်မှုနှင့် သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းကို သတိပြုမိနိုင်ကြသလော။ (သတိပြုမိနိုင်ပါသည်။) အကယ်၍ သင်သည် သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ကို သတိပြုနိုင်သည့်တိုင် သင့်ကိုယ်သင် အထင်ကြီးနေသေးကာ စစ်မှန်မှုကို ပိုင်ဆိုင်သည်ဟု ယူဆပါက ဤနေရာတွင် ဘာဖြစ်နေသနည်း။ (ကျွန်ုပ်တို့ တာဝန်ကို ကျွန်ုပ်တို့ ထမ်းဆောင်ခြင်းသည် အသီးအပွင့်အချို့ ဖြစ်ထွန်းသည့်အခါ ဂုဏ်ပြုခြင်းတစ်ဝက်သည် ဘုရားသခင်နှင့် သက်ဆိုင်ပြီး တစ်ဝက်က ကျွန်ုပ်တို့နှင့် သက်ဆိုင်သည်ဟု ထင်မြင်ကြမည်။ ထို့နောက်တွင်ကျွန်ုပ်တို့၏ ပူးပေါင်းဆောင်ရွက်ခြင်းထက် သာ၍ အရေးကြီးသည့်အရာ မရှိဟုလည်းကောင်း၊ ထိုအရာမပါဘဲ ဘုရားသခင်၏ ဉာဏ်အလင်းပေးခြင်းသည်လည်း မဖြစ်နိုင်ဟုလည်းကောင်း တွေးထင်လျက် ကျွန်ုပ်တို့၏ ပူးပေါင်းဆောင်ရွက်ခြင်းကို အကန့်အသတ်မရှိသော အတိုင်းအတာတစ်ခုအထိ ပုံကြီးချဲ့ကြသည်။) သို့ဆိုလျှင် ဘုရားသခင်သည် သင့်ကို အဘယ့်ကြောင့် ဉာဏ်အလင်းပေးသနည်း။ ဘုရားသခင်သည် အခြားသူများကိုရော ဉာဏ်အလင်းပေး၍ ရနိုင်သလော။ (ရနိုင်ပါသည်။) ဘုရားသခင်သည် တစ်စုံတစ်ဦးကို ဉာဏ်အလင်းပေးသည့်အခါ ယင်းက ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ဖြစ်သည်။ ပြီးလျှင် သင်၏အပိုင်းတွင် အနည်းငယ်သော ထိုပူးပေါင်းဆောင်ရွက်ခြင်းက အဘယ်နည်း။ ယင်းမှာ သင် နာမည်ကောင်းရဖို့ ထိုက်တန်သည့် အရာတစ်ခုဖြစ်သလော။ သို့မဟုတ် ယင်းမှာ သင်၏တာဝန်နှင့် ဝတ္တရားဖြစ်သလော။ (ယင်းသည် ကျွန်ုပ်တို့၏ တာဝန်နှင့် ဝတ္တရားတို့ ဖြစ်ပါသည်။) ယင်းသည် သင်တို့၏ တာဝန်နှင့် ဝတ္တရားဖြစ်သည်ဟု သင် သတိပြုမိသည့်အခါ သင်သည် မှန်ကန်သော စိတ်နေစိတ်ထားရှိပြီး ယင်းအတွက် နာမည်ကောင်းယူဖို့ ကြိုးစားလိမ့်မည် မဟုတ်ချေ။ အကယ်၍ သင်သည် ‘ဤသည်မှာ ကျွန်ုပ်၏ ကူညီထောက်ပံ့မှုဖြစ်သည်။ ဘုရားသခင်၏ ဉာဏ်အလင်းပေးခြင်းသည် ကျွန်ုပ်၏ ပူးပေါင်းဆောင်ရွက်ခြင်း မရှိဘဲ ဖြစ်နိုင်ခဲ့မည်လော။ ဤလုပ်ငန်းသည် လူ၏ ပူးပေါင်းဆောင်ရွက်ခြင်းကို တောင်းဆိုသည်။ အောင်မြင်မှုအများစုသည် ကျွန်ုပ်တို့၏ ပူးပေါင်းဆောင်ရွက်ခြင်းကြောင့်သာ ဖြစ်သည်’ ဟု အစဉ်အမြဲ ထင်မှတ်ပါက၊ သင်မှားယွင်းပေသည်။ သန့်ရှင်းသော ဝိညာဉ်တော်က သင့်အား ဉာဏ်အလင်းမပေးခဲ့ပါက၊ မည်သူကမျှ သမ္မာတရား စည်းမျဉ်းများကို သင့်ထံ မိတ်သဟာယမပြုခဲ့ပါက မည်သို့ ပူးပေါင်းဆောင်ရွက်နိုင်မည်နည်း။ ဘုရားသခင် တောင်းဆိုသည့်အရာကို သင် သိမည်မဟုတ်သကဲ့သို့ လက်တွေ့လုပ်ဆောင်မှုလမ်းကြောင်းကိုလည်း သင် သိမည် မဟုတ်ပေ။ သင်သည် ဘုရားသခင်ကို ကျိုးနွံနာခံပြီး ပူးပေါင်းဆောင်ရွက်လိုလျှင် မည်သို့ပြုရမည်ကို သင် သိမည်မဟုတ်ပေ။ သင်၏ ဤ ‘ပူးပေါင်းဆောင်ရွက်ခြင်း’ သည် အနှစ်မဲ့သော စကားများသာ မဟုတ်လော။ စစ်မှန်သော ပူးပေါင်းဆောင်ရွက်ခြင်းမရှိဘဲ သင်သည် သင်၏ကိုယ်ပိုင် အကြံဉာဏ်များအတိုင်း ပြုမူဆောင်ရွက်နေခြင်းသာ ဖြစ်ပေသည်။ ထိုအခြေအနေတွင် သင်ထမ်းဆောင်သည့် တာဝန်သည် စံနှုန်းမီသလော။ လုံးဝမမီပေ၊ ယင်းက လက်ရှိအရေးကိစ္စကို ရည်ညွှန်းပေသည်။ အရေးကိစ္စမှာ အဘယ်နည်း။ လူတစ်ယောက်က မည်သည့်တာဝန်ကို ထမ်းဆောင်ပါစေ သူသည် ရလဒ်များရရှိခြင်း၊ တာဝန်ကို စံနှုန်းနှင့် ကိုက်ညီစွာ ထမ်းဆောင်ခြင်း၊ ဘုရားသခင်၏ လက်ခံမှုကို ရရှိခြင်းရှိမရှိသည် ဘုရားသခင်၏ လုပ်ရပ်များအပေါ်တွင် မူတည်သည်။ သင်သည် သင့်တာဝန်ဝတ္တရားများကို ထမ်းဆောင်လျှင်ပင် ဘုရားသခင်က အလုပ်မလုပ်လျှင်၊ ဘုရားသခင်က သင့်အား ဉာဏ်အလင်းဖွင့်ပြပြီး လမ်းမပြလျှင် သင်၏ လမ်းကြောင်း၊ သင်၏ ဦးတည်ချက်၊ သို့မဟုတ် သင်၏ ပန်းတိုင်များကို သိမည်မဟုတ်ပေ။ အဆုံးတွင် မည်သည့်ရလဒ်ကို ရရှိသနည်း။ ထိုအချိန်တစ်လျှောက်လုံး ပင်ပန်းစွာလုပ်ဆောင်ပြီးနောက် သင်သည် သင်၏တာဝန်ကို မှန်ကန်စွာ ထမ်းဆောင်ပြီးဖြစ်မည် မဟုတ်သကဲ့သို့ သမ္မာတရားနှင့် အသက်ကိုလည်း ရရှိပြီးဖြစ်မည်မဟုတ်ပေ။ အားလုံးက အချည်းနှီးသာ ဖြစ်လိမ့်မည်။ ထို့ကြောင့် သင်၏တာဝန်က စံနှုန်းနှင့်ညီစွာ ထမ်းဆောင်ခြင်း၊ သင်၏ ညီအစ်ကိုမောင်နှမများကို ပြုပြင်တည်ဆောက်ပေးခြင်း၊ ဘုရားသခင်၏ လက်ခံမှုကို ရရှိခြင်းအားလုံးသည် ဘုရားသခင်အပေါ်တွင် မူတည်သည်။ လူများသည် ၎င်းတို့ ကိုယ်တိုင်ကိုယ်ကျ တတ်နိုင်စွမ်းသည့် အရာများ၊ ၎င်းတို့ လုပ်ဆောင်သင့်သည့် အရာများ၊ ၎င်းတို့၏ ပင်ကိုစွမ်းရည်များအတွင်း ရှိသည့် အရာများကိုသာ လုပ်ဆောင်နိုင်သည်။ ထို့ထက်ပို၍ မည်သည့်အရာမျှ မလုပ်ဆောင်နိုင်ပါ။ ထို့နောက် အဆုံးတွင် သင့်တာဝန်များကို ထိရောက်သောပုံစံဖြင့် ထမ်းဆောင်ခြင်းသည် ဘုရားနှုတ်ကပတ်တော်များ၏ လမ်းပြမှုနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြမှုနှင့် ခေါင်းဆောင်မှုအပေါ်တွင် မူတည်သည်။ သို့မှသာ သင်သည် သမ္မာတရားကို နားလည်နိုင်ပြီး သင့်အား ဘုရားသခင် ပေးသောလမ်းကြောင်းနှင့် သူ သတ်မှတ်ထားသော စည်းမျဉ်းများနှင့်အညီ ဘုရားသခင်၏ စေခိုင်းချက်ကို ပြီးမြောက်စေနိုင်သည်။ ဤသည်မှာ ဘုရားသခင်၏ ကျေးဇူးတော်နှင့် ကောင်းချီးမင်္ဂလာဖြစ်ပြီး ယင်းကို လူတို့ မမြင်နိုင်ပါက သူတို့သည် မျက်ကန်းနေကြသည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ မိမိကိုယ်ကိုယ် ပြုမူနေထိုင်ခြင်းတွင် ရှိထားသင့်သည့် အခြေခံသဘောတရားများ) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ရှုပြီး ကျွန်မ နားလည်သွားတယ်။ ဧဝံဂေလိ ဟောပြောတာနဲ့ လူသစ်တွေကို ရေလောင်းပေးတဲ့အခါ ကျွန်မရရှိခဲ့တဲ့ ရလဒ်တွေက ကျွန်မကြောင့်မဟုတ်ခဲ့ဘူး။ ဘုရားသခင်ရဲ့ကျေးဇူးတော်နဲ့ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ လမ်းညွှန်မှုကြောင့်ပဲ။ အကယ်၍ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေက သမ္မာတရားစည်းမျဉ်း အားလုံးနဲ့ မိတ်သဟာယမပြုခဲ့ရင်၊ ကျွန်မတို့ကို လမ်းညွှန်မှုနဲ့ လက်တွေ့လုပ်ဆောင်ခြင်းလမ်းကြောင်းကို မပေးခဲ့ရင် ဘယ်အရာကိုများ ကျွန်မနားလည်နိုင်ပါဦးမလဲ။ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ ဉာဏ်အလင်းပေးတာနဲ့ ဘုရားနှုတ်ကပတ်တော်တွေရဲ့ လမ်းညွှန်မှု မရှိဘဲနဲ့ ကျွန်မက ဘယ်လောက်ပဲ စကားပြောကောင်းပါစေ၊ အစွမ်းအစမြင့်မားပါစေ၊ ကျမ်းစာနဲ့ဘယ်လောက်ပင်ရင်းနှီးနေပါစေ အဲဒီဘာသာရေးသမားတွေရဲ့ အယူအဆတွေကို ဘယ်အခါမျှ ဖြေရှင်းပေးမှာမဟုတ်ဘူး။ အမှန်တရားတွေရဲ့ ထုတ်ဖော်ခြင်းမှာ ကျွန်မအဲဒီအရာကို မြင်ခဲ့တယ်။ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ ဉာဏ်အလင်းပေးတာမပါရင် ကျွန်မက ဘယ်အရာကိုမျှ မဖြေရှင်းနိုင်တဲ့ ဘယ်သူတစ်ယောက်တစ်ယောက်ကိုမျှ မပြောင်းလဲနိုင်တဲ့ အရူးတစ်ယောက်ပဲ။ ကျွန်မရဲ့တာဝန်မှာ ရလဒ်တွေ ရရှိတာက ကျွန်မရဲ့ အစွမ်းအစကောင်းပြီး လုပ်နိုင်စွမ်းရှိလို့ပဲဆိုပြီး ကျွန်မ အမြဲ တွေးခဲ့တယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ ကျွန်မက ဘုရားသခင်ရဲ့ အလုပ်ကို နားမလည်ပါ ဒါမှမဟုတ် ကိုယ့်ကိုယ်ကိုယ်လည်း မသိခဲ့ဘူး။ အဲဒီအရာတွေကို ကြွားဝါဖို့ အရင်းအနှီးအဖြစ် အမြဲအသုံးပြုခဲ့တယ်။ ဒီအရာမှာ ကျွန်မအရမ်းကို အရှက်သိက္ခာကင်းမဲ့ခဲ့တယ်။

နောက်ပိုင်းမှာ ကျွန်မက ဘုရားနှုတ်ကပတ်တော်တွေကို ပိုဖတ်ရှုခဲ့တယ်။ “ဘုရားသခင်သည် လူသားမျိုးနွယ်ကို ချစ်၏၊ လူသားမျိုးနွယ်ကို ဂရုစိုက်ပြီး၊ လူသားမျိုးနွယ်အတွက် ပူပန်မှုကို ပြသည့်အပြင်၊ လူသားမျိုးနွယ်အတွက် စဉ်ဆက်မပြတ် ရပ်တန့်ခြင်း မရှိဘဲ ထောက်ပံ့ပေးလျက်ရှိသည်။ ဤသည်မှာ အပိုအလုပ်ဖြစ်ပြီး နာမည်ကောင်းများစွာ ရထိုက်သည့်အရာ ဖြစ်သည် သို့မဟုတ် များစွာ ချီးကျူးထိုက်သည့်အရာတစ်ခုဟု သူ၏နှလုံးသားတွင် ဘုရားသခင်သည် လုံးဝ မခံစားရပေ။ လူသားမျိုးနွယ်ကို ကယ်တင်ခြင်း၊ ထောက်ပံ့ခြင်းနှင့် အရာရာ ပေးအပ်ခြင်းသည် လူသားမျိုးနွယ်ကို ဧရာမ အထောက်အကူပြုခြင်းတစ်ခု ဖြစ်သည်ဟုလည်း သူမခံစားရချေ။ သူသည် လူသားမျိုးနွယ်ကို သူ၏ ကိုယ်ပိုင်နည်းလမ်း၊ သူ၏အနှစ်သာရနှင့် သူ၏အရာအားလုံးနှင့်ဖြစ်ခြင်းတို့မှတစ်ဆင့် တိတ်ဆိတ်စွာနှင့် ငြိမ်သက်စွာ သက်သက် ထောက်ပံ့ ပေးလေသည်။ လူသားမျိုးနွယ်သည် သူ့ထံမှ မည်မျှထောက်ပံ့မှုနှင့် မည်မျှအကူအညီတို့ကို ရရှိသည် ဖြစ်စေ၊ ဘုရားသခင်သည် ချီးကျူးမှုရဖို့ လုံးဝ မစဉ်းစား သို့မဟုတ် မကြိုးစားပေ။ ဤအရာကို ဘုရားသခင်၏ အနှစ်သာရက သတ်မှတ်ပေးထားပြီး ဘုရားသခင်၏ စိတ်သဘောထား၏ စစ်မှန်သည့် ဖော်ပြချက်လည်း အတိအကျ ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၁)) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ရှုပြီး ကျွန်မ တို့ထိတာခံခဲ့ရတယ်။ ဘုရားသခင်ရဲ့ စိတ်သဘောထားက အလွန်အံ့သြဖွယ်ကောင်းတယ်။ စာတန်ရဲ့ ပြင်းပြင်းထန်ထန် ဖောက်ပြန်ပျက်စီးစေတာ ခံထားရတဲ့ ကျွန်မတို့ကို ကယ်တင်ဖို့ ဘုရားသခင်က လူဇာတိနှစ်ကြိမ်ခံယူခဲ့တယ်။ ကိုယ်တော်က အလုပ်အများကြီးလုပ်ခဲ့ပြီး အများကြီး စကားပြောခဲ့တယ်။ ကြီးစွာသော အရှက်ခွဲခြင်းနဲ့ နာကျင်မှုတို့ကို ကြံ့ကြံ့ခံခဲ့တယ်။ ဒါပေမဲ့ ဘုရားသခင်က အဲဒါကို လူသားမျိုးနွယ်ကို လုံးဝ မဖော်ပြခဲ့ဘူး။ ဒါကို နာမည်ကောင်းရရေးအတွက်လို့ ဘယ်တုန်းကမှ မခံစားခဲ့ဘူး။ ဘုရားသခင်ရဲ့ အနှစ်သာရက မာနထောင်လွှားတဲ့ အရိပ်အယောင်ကို မပြဘူး။ အဲဒီအစား သူ့အလုပ်သူပြီးအောင် တိတ်တဆိတ်ပဲ အလုပ်လုပ်တယ်။ ဘုရားသခင်ရဲ့ နှိမ့်ချတတ်မှုက ချီးမွမ်းနှစ်လိုစရာကောင်းတယ်။ ကျွန်မက ပုရွက်ဆိတ်တစ်ကောင်လောက်တောင် ကောင်းမွန်တာမရှိဘူး။ ကျွန်မရဲ့တာဝန်မှာ ရလဒ်ကောင်းတချို့ရခဲ့ပြီး အံ့ဩစရာကောင်းတယ်လို့ ကျွန်မခံစားခဲ့ရတယ်။ ကျွန်မက အများကြီး စွမ်းဆောင်ရရှိခဲ့ပြီလို့ထင်ခဲ့ပြီး သူများတွေကို အထင်သေးခဲ့တယ်။ သူများအပေါ် ဩဝါဒခြွေနေချိန်မှာ ကျွန်မ ပြုမူပုံ၊ ကျွန်မရဲ့ လေသံနဲ့ အမူအရာတို့ကို ကျွန်မတွေးမိတဲ့အခါမှာ ရွံရှာစက်ဆုပ်မိပါတယ်။ ဒီအရာအားလုံးကို ဘုရားသခင်က ကျွန်မကို ထုတ်ဖော်ပြီး ပြုပြင်ဖို့ မစီစဉ်ထားရင် ကျွန်မရဲ့ မာနထောင်လွှားတဲ့သဘော သဘာဝက အသင်းတော်ရဲ့အလုပ်ကို အနှောင့်အယှက်ပေးပြီး အဖျက်အမှောင့်လုပ်ခဲ့မိမှာပဲ။ ဒါပေမဲ့ ဘုရားသခင်က အဲဒီဆိုးယုတ်တဲ့လမ်းကို ဆင်းနေတဲ့ ကျွန်မကို တားဆီးခဲ့ပြီး နောင်တရဖို့၊ ပြောင်းလဲဖို့ ခွင့်ပြုခဲ့တယ်။ ဘုရားသခင်က ကျွန်မကို ကယ်တင်ခဲ့တယ်။ ကျွန်မက ကိုယ်တော့်ကို အရမ်းကို ကျေးဇူးတင်မိပါတယ်။ အဲဒါကြောင့် ဘုရားသခင်ဆီကို ဆုတောင်းခဲ့တယ်၊ “ဘုရားသခင်၊ ကျွန်မရဲ့ မာနထောင်လွှားတဲ့ စိတ်သဘောထားနဲ့ အသက်မရှင်ချင်ပါဘူး။ ကျွန်မကို လမ်းပြပြီး ကယ်တင်တော်မူပါ၊ လူသားတစ်ယောက်အနေနဲ့ အသက်ရှင်နေထိုင်ဖို့ ကူညီတော်မူပါ” ဟူ၍ ဖြစ်တယ်။

အချိန်တစ်ခုကြာပြီးတော့ ကျွန်မရဲ့အခြေအနေက အနည်းငယ်တိုးတက်လာတယ်။ ကျွန်မရဲ့ခေါင်းဆောင်မှ လူသစ်တွေကို ရေလောင်းဖို့ ထပ်မံစီစဉ်ပေးတယ်။ တစ်ကြိမ်မှာ ကျွန်မရဲ့ညီအစ်မတစ်ယောက်က လူသစ်တစ်ယောက်ကို ရေလောင်းဖို့ အခက်အခဲရှိနေပြီး ဘယ်လိုလုပ်ရမှန်းမသိ ဖြစ်နေတယ်။ အဲဒါကြောင့် သူက ကျွန်မဆီကို မိတ်သဟာယဖွဲ့ဖို့ လာခဲ့တယ်။ သူက အဲဒီလူသစ်ရဲ့ပြဿနာရဲ့အရင်းအမြစ်ကို ကောင်းစွာ ဆုပ်ကိုင်ထားတာ မရှိကြောင်း ပေါ်လွင်လာတဲ့အခါ ကျွန်မ သူ့အပေါ် အထင်အမြင်သေးတာကို စတင်ခံစားလာရတယ်။ ကျွန်မတွေးခဲ့တယ်။ “နင့်အစွမ်းအစက တော်တော်နည်းတာပဲ။ လူသစ်ရဲ့ပြဿနာတွေကိုတောင် မတွေ့ဘူးလား။ လူတိုင်းက နင့်လိုသာလူသစ်တွေကို ရေလောင်းရင် ဘုရားကျောင်းရဲ့အလုပ်တွေက နှောင့်နှေးကုန်တော့မှာ မဟုတ်လား” လို့ပေါ့။ ဒါပေမဲ့ ဒီတစ်ကြိမ်မှာ ကျွန်မရဲ့ မာနထောင်လွှားတဲ့ စိတ်သဘောထားကို ထုတ်ဖော်တာကို သတိထားမိခဲ့တယ်။ အဲဒါကြောင့် ကျွန်မကိုယ်ကျွန်မ ပုန်ကန်ပြီး ဘုရားသခင်ဆီကို ဆုတောင်းခဲ့တယ်။ နောက်ပိုင်းမှာ ဘုရားသခင်ရဲ့ ဒီနှုတ်ကပတ်တော်တွေကို ဖတ်ရှုခဲ့တယ်။ “သင်သည် အတတ်ပညာပိုင်းဆိုင်ရာ အသိပညာကို ကောင်းစွာ တတ်မြောက်ထားသူဖြစ်သောကြောင့် သင်၏ အရည်အချင်းများကို ဟန်ပန်ထုတ်ခြင်း သို့မဟုတ် အမွှမ်းတင်ခြင်း မပြုရပေ။ လူတိုင်းက မိမိတို့၏တာဝန်များကို ကောင်းစွာ အတူတကွ ထမ်းဆောင်နိုင်စေရန်အတွက် သင်၏ စွမ်းရည်များနှင့် အသိပညာတို့ကို လူသစ်များအား လိုလားတက်ကြွစွာ သင်ကြားပေးသင့်သည်။ သင်သည် ကျွမ်းကျင်မှုအရ သင့်အလုပ်အကိုင်နှင့်ပတ်သက်၍လည်းကောင်း၊ ဦးဆောင်မှုနှင့်ပတ်သက်၍လည်းကောင်း အသိပညာအရှိဆုံး ဖြစ်ကောင်းဖြစ်နိုင်သော်လည်း ယင်းသည် သင့်အား ဘုရားသခင်ပေးထားသည့် ဆုကျေးဇူးတစ်ခုဖြစ်၍ သင်၏ တာဝန်ထမ်းဆောင်ရန် ယင်းကို အသုံးပြုသင့်ပြီး သင်၏ အားသာချက်များကို အသုံးချသင့်ပေသည်။ သင်သည် မည်မျှပင် ကျွမ်းကျင်သည်ဖြစ်စေ၊ ပါရမီရှိသည်ဖြစ်စေ၊ လုပ်ငန်းကို တစ်ဦးတည်း တာဝန်ယူ လုပ်ဆောင်နိုင်ခြင်း မရှိချေ။ လူတိုင်းသည် အသက်မွေးဝမ်းကြောင်းဆိုင်ရာ စွမ်းရည်များနှင့် အသိပညာကို နားလည်သဘောပေါက်နိုင်လျှင် တာဝန်တစ်ရပ်ကို ပိုမိုထိရောက်စွာ ထမ်းဆောင်နိုင်သည်။ ဆိုရိုးစကားရှိသည်မှာ စွမ်းဆောင်နိုင်သော လူတစ်ဦးသည် အခြားလူသုံးဦး၏ ပံ့ပိုးမှုကို လိုအပ်၏။ လူတစ်ဦးသည် မည်မျှအရည်အချင်းရှိပါစေ အခြားသူတစ်ဦးတစ်ယောက်၏ အကူအညီမပါဘဲ မလုံလောက်ချေ။ ထို့ကြောင့် မည်သူမျှ မာနမထောင်လွှားသင့်၊ မည်သူကမျှ မိမိဘာသာ လုပ်ဆောင်ဖြစ်စေ၊ ဆုံးဖြတ်ချက်ချရန်ဖြစ်စေ ဆန္ဒမရှိသင့်ပေ။ လူတို့သည် ဇာတိပကတိကို ပုန်ကန်၍ မိမိတို့၏ ကိုယ်ပိုင်အယူအဆနှင့် ထင်မြင်ချက်များကို ဘေးဖယ်ကာ အခြားလူတိုင်းနှင့် သဟဇာတဖြစ်အောင် လုပ်ဆောင်သင့်သည်။ အတတ်ပညာပိုင်းဆိုင်ရာ အသိပညာရှိသူ မည်သူမဆိုသည် ဤစွမ်းရည်များနှင့် အသိပညာကို ကျွမ်းကျင်နိုင်စေဖို့အတွက်လည်း အခြားသူများကို ကြင်နာစွာ ကူညီသင့်သည်။ ဤသည်မှာ တာဝန်ထမ်းဆောင်ခြင်းအတွက် အကျိုးရှိသည်။...အကယ်၍ သင်သည် ဘုရားသခင်၏ရည်ရွယ်ချက်များကို အလေးထားပြီး သူ့အိမ်တော်၏ အလုပ်ကို သစ္စာစောင့်သိဖို့ လိုလိုလားလားရှိနေပါက၊ အခြားသူများလည်း သင်ယူပြီး နားလည်သဘောပေါက်နိုင်ရန်၊ ၎င်းတို့၏တာဝန်များကို ပိုကောင်းအောင် ထမ်းဆောင်နိုင်ရန် သင်သည် သင်၏အားသာချက်များနှင့် ကျွမ်းကျင်မှုများအားလုံးကို ပူဇော်ဆက်ကပ်သင့်သည်။ ဤသည်မှာ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ကိုက်ညီသည့်အရာဖြစ်၏။ ထိုကဲ့သို့သော လူများ၌သာ လူ့သဘာဝရှိကာ ဘုရားသခင်က ချစ်မြတ်နိုးပြီး ကောင်းချီးပေးလေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ လျော်ကန်သော တာဝန်ဖြည့်ဆည်းခြင်းသည် လိုက်ဖက်ညီသော ပူးပေါင်းလုပ်ဆောင်ခြင်း လိုအပ်သည်) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မကို လက်တွေ့လုပ်ဆောင်ခြင်းလမ်းကြောင်းကို ပြသခဲ့တယ်။ ကျွန်မရဲ့ညီအစ်မက လူသစ်တွေကိုရေလောင်းဖို့ လေ့ကျင့်နေဆဲဖြစ်တယ်။ သူ့အနေနဲ့ ပြဿနာတချို့ကို နားလည်နိုင်တာ ရှိရှိမရှိရှိ၊ ဖြေရှင်းနိုင်တာ ရှိရှိမရှိရှိ၊ အဲဒါက ပုံမှန်ပဲ။ ကျွန်မ သူ့ကိုကူညီဖို့ အကောင်းဆုံးကြိုးစားသင့်ပြီး အဲဒီပြဿနာတွေကို ဘယ်လိုဖြေရှင်းရမယ်ဆိုတာကိုပါ သင်ကြားပေးသင့်တယ်။ အဲဒါကြောင့် သူနဲ့ ကျွန်မ မိတ်သဟာယပြုပေးခဲ့ပြီး သက်ဆိုင်ရာ ဘုရားနှုတ်ကပတ်တော် အပိုဒ်တွေကို ကျွန်မတို့ အတူတကွ ရှာဖွေခဲ့ကြတယ်။ နောက်ပိုင်းမှာ လူသစ်တွေရဲ့ပြဿနာတွေ ပြေလည်သွားပြီး သူက ဧဝံဂေလိကိုဟောပြောဖို့ ဆန္ဒရှိလာခဲ့တယ်။ ကျွန်မနဲ့ညီအစ်မတို့ အရမ်းကို ပျော်ရွှင်ခဲ့ကြတယ်။ နောက်ပိုင်းမှာတော့ ညီအစ်ကိုမောင်နှမတွေနဲ့ အလုပ်အတူတူတွဲလုပ်တဲ့အခါ ပိုနှိမ့်ချတတ်လာခဲ့တယ်။ တစ်ခါတလေမှာ ဧဝံဂေလိဟောပြောပြီး လူသစ်တွေကို ရေလောင်းတဲ့အခါ သူတို့က ဧဝံဂေလိကို လက်ခံဖို့ အလားအလာရှိသူတွေနဲ့ လူသစ်တွေရဲ့ ပြဿနာတွေကို မဖြေရှင်းနိုင်ဘူး။ ဒါပေမဲ့ ကျွန်မ သူတို့ကို နောက်ထပ် မနှိမ်တော့ဘူး။ အဲဒီအစား ကျွန်မတို့က မိတ်သဟာယဖွဲ့ပြီး စည်းမျဉ်းတွေကို အတူ ရှာဖွေကြတယ်။ သူတို့က တခြားရွေးချယ်စရာ အကြံပြုချက်တွေကို ကမ်းလှမ်းတဲ့အခါ ကိုယ့်ကိုယ်ကိုယ် သတိရှိရှိနဲ့ ငြင်းပယ်ပြီး သူတို့ပြောတာကို နားထောင်တယ်။ သူတို့အပေါ် စိုးမိုးတာ ဒါမှမဟုတ် အထင်အမြင်သေးတာတွေကို ထပ်မလုပ်တော့ဘူး။ အဲဒီလိုလုပ်တာက ကျွန်မရဲ့စိတ်နှလုံးကို ငြိမ်သက်ခြင်းနဲ့ လွတ်မြောက်ခြင်းတို့ကို ယူဆောင်လာပေးပါတယ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

သမ္မာတရားကို လိုက်စားခြင်းက ကျွန်မကို ပြောင်းလဲစေခဲ့သည်

အိုးလင်း မြန်မာနိုင်ငံ ၂၀၁၈၊ မေလမှာ ကျွန်မ စစ်တပ်ထဲဝင်ဖို့ အိမ်ကထွက်ခဲ့တယ်။ စစ်တပ်ထဲမှာ ခေါင်းဆောင်က အမိန့်တစ်ခုထုတ်ရင် အဆင့်နိမ့်တဲ့သူတွေက...

ခရစ်ယာန် ဝိညာဉ်ရေးရာ နိုးကြားမှုတစ်ခု

လင်းဝူ၊ ဂျပန်နိုင်ငံ ကျွန်တော်က ၈၀ ခုနှစ်ဖွား ကလေးတစ်ယောက် ဖြစ်ပြီး၊ သာမာန် လယ်သမား အိမ်ထောင်စုတစ်စုတွင် မွေးဖွားခဲ့သည်။ ကျွန်တော် အစ်ကိုက...

ကောင်းကင်နိုင်ငံတော်ဆီသို့ သွားသည့်လမ်းကြောင်းတွင် ကျွန်ုပ်ကို မည်သူတားဆီးသနည်း

ဟိန်ရှင်း ဗီယက်နမ်နိုင်ငံ ၂၀၂၀ ခုနှစ်၊ ဩဂုတ်လမှာ ညီမတစ်ယောက်က အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ရဲ့ အွန်လိုင်းစုဝေးပွဲကို ဖိတ်ခေါ်ခဲ့တယ်။...

ဆုတောင်းခြင်း၏ တန်ခိုး- မျှော်လင့်ချက်ပျက်သုဉ်းခြင်း အလယ်တွင် အံ့ဖွယ်နမိတ်လက္ခဏာတစ်ခုကို မျက်မြင်တွေ့ရခြင်း

ဂျော ဂျီဟန် တရုတ်ပြည် ကျွန်မတို့ ဘဝတစ်လျှောက် ခရီးသွားစဉ်၊ ကျွန်မတို့ တစ်ယောက်တိုင်းသည် ကျွန်မတို့၏ မှတ်ဉာဏ်တွင် ကမ္မည်းထိုးထားပြီး၊ လုံးဝ...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။