ကြောက်စိတ်ဖြင့် တွန့်ဆုတ်တော့မည်မဟုတ်
ညီအစ်မတစ်ယောက် စက်တင်ဘာ၂ရက်နေ့မှာ အဖမ်းခံရတယ်လို့ ကြားရတယ်။ အဲဒီနေ့မှာ ကျွန်မက ခေါင်းဆောင်ရဲ့ အိမ်ကို သွားနေတာ၊ ဒါပေမဲ့ အိမ်မှာ ဘယ်သူမှမရှိဘူး။ မျက်နှာချင်းဆိုင်မှာနေတဲ့ အစ်မရှောင်ဟုန်က ကျွန်မကို မြင်သွားတယ်။ ကျွန်မကို သူ့နေရာကို ခေါ်ပြီး စိုးရိမ်တကြီးနဲ့ ပြောတယ်။ “ဒုက္ခပဲ။ ကျောက်လင်းကို ရဲတွေ ခေါ်သွားတယ်။ အဲဒီလွန်ခဲ့တဲ့နှစ်ရက်က ခေါ်သွားတာ ဘာသတင်းမှ မကြားရသေးဘူး။ ခေါင်းဆောင်က လူတိုင်းကို လိုက်အသိပေးနေတာ။ ခဏနေလောက်ဆို ပြန်ရောက်မှာ”တဲ့။ သတင်းကြားတော့ ကျွန်မ စိတ်လည်းပူတယ်၊ ကြောက်လည်းကြောက်တယ်။ ကျောက်လင်းက အရင်က ခေါင်းဆောင်ဖြစ်ခဲ့တော့ သူ့အပေါ် ရဲတွေက ဘယ်လိုညှဉ်းဆဲမှုမျိုး သုံးမလဲ မသိဘူးလေ။ ညှဉ်းဆဲမှုအောက်မှာ သူ တောင့်မခံနိုင်ဘဲ ယုဒဖြစ်လာမလားပေါ့။ သူ့အိမ်ကို ခုပဲ ကျွန်မသွားခဲ့တာ။ ရဲတွေ စောင့်ကြည့်နေခဲ့ရင် ကျွန်မကို တွေ့ပြီးလောက်ပြီ။ အစကတည်းက ရှောင်ပြေးနေရလို့ ဒီကိုပြောင်းခဲ့တာလေ။ အဆင်းနီတဲ့ နဂါးကြီးက အဆက်မပြတ် ကျွန်မနောက်လိုက်နေတာ နှစ်နဲ့ချီနေပြီ။ သူတို့သာ ကျွန်မကို မိသွားရင်တော့ ပိုလို့တောင် ဆိုးဆိုးရွားရွား နှိပ်စက်မှာ သေချာပေါက်ပဲ။ ကျွန်မကို အသေရိုက်သတ်လောက်တယ်။ ကျွန်မ တော်တော်ကြောက်သွားပြီး အဲဒီကနေ အမြန်ဆုံး ထွက်သွားချင်ပေမဲ့ ခေါင်းဆောင်နဲ့ ကျွန်မ အရေးတကြီး ဆွေးနွေးစရာ တချို့ရှိတော့ ကျွန်မ ထွက်သွားရင် နှောင့်နှေးသွားမှာ။ ခေါင်းဆောင် မကြာခင် ပြန်ရောက်လာဖို့ ကျွန်မ မျှော်မိတယ်။ မကြာခင်မှာ ခေါင်းဆောင်က ရှောင်ဟုန်ရဲ့ အိမ်ကို ရောက်လာပြီးတော့ ကျွန်မတို့ ဆွေးနွေးပြီးတဲ့အခါ သူ အိမ်ပြန်သွားတယ်။ နောက်နှစ်မိနစ်၊ သုံးမိနစ်ပဲ ရှိသေးတယ်၊ ရှောင်ဟုန်က အလန့်တကြား ပြန်ပြေးလာပြီး ပြောတယ်၊ “ခေါင်းဆောင် ထွက်ရုံပဲရှိသေးတယ်၊ ရဲခုနစ်ယောက်၊ ရှစ်ယောက်က သူ့ကို ခေါ်ပြီး ထွက်သွားကြတယ်။ သူတို့ကားထဲမှာ ကျောက်လင်းလည်းရှိတယ်။ ခေါင်းဆောင် နေတဲ့နေရာကို ရဲတွေကို သူ ပြောတာပဲဖြစ်ရမယ်။ အစ်မ ဘာပဲလုပ်လုပ် အပြင်တော့ထွက်မလာနဲ့”တဲ့။ ကျွန်မ ရင်တုန်သွားတယ်။ ခေါင်းဆောင်က ရှောင်ဟုန်ရဲ့အိမ် အရှေ့တည့်တည့်မှာ နေတာလေ။ ရဲတွေက ခပ်လှမ်းလှမ်းမှာပဲ ရှိနေနိုင်တယ်။ သူတို့ ကျွန်မကို မိသွားရင်၊ မှဲ့တစ်ပေါက်မစွန်းဘဲ ထွက်သွားလို့ရမှာ မဟုတ်တာ သေချာတယ်။ ကျွန်မ ပြတင်းပေါက်ကနေတောင် အပြင်ကိုမကြည့်ရဲသလို မကြာခင် ရဲတွေ ထွက်သွားဖို့ မျှော်လင့်ပြီးတော့ ဘုရားကို မရပ်မနား အော်ခေါ်နေမိတယ်။ တစ်နာရီလောက်မှာ ရဲကားမောင်းထွက်သွားပြီး နောက်ဆုံးတော့ ကျွန်မ စိတ်တည်ငြိမ်သွားတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့နှစ်ရက်ကပဲ ကျွန်မအိမ်ကို ကျောက်လင်းလာသွားတာ။ ကျွန်မကိုပါ ဖော်ကောင်လုပ်လိုက်ရင် ဘယ်လိုလုပ်မလဲ။ ကျွန်မနေရာက မလုံခြုံတော့ဘူး။ ဘယ်ကို သွားသင့်လဲပေါ့။ ညီအစ်ကို မောင်နှမတွေရဲ့ ဖုန်းနံပါတ်တွေ ရေးထားတဲ့ မှတ်စုစာအုပ်တစ်အုပ် ကျွန်မမှာရှိတယ်။ အဲဒါကို အမြန်ဆုံး ဖယ်ရှားဖို့လိုတယ်။ ကျွန်မအိမ်နဲ့ နီးတဲ့ တခြားဧည့်ခံတဲ့ အိမ်သုံးအိမ် ရှိတယ်။ သူတို့ကို ချက်ချင်း အသိမပေးရင်၊ သူတို့ အဖမ်းခံရနိုင်ပြီး အဲဒါဆိုရင် နောက်ထပ်ညီအစ်ကို မောင်နှမတွေပါ အမှုပတ်ကုန်မှာ။ ဒါပေမဲ့ အဲဒီအချိန်မှာ ချက်ချင်းပြန်သွားရင် ကျားရှေ့မှောက်ရက်လဲသလို ဖြစ်သွားနိုင်တယ်။ ကျွန်မ ကိုယ့်တာဝန်ကို မြို့ပြင်မှာ နှစ်ချီလုပ်ခဲ့ပြီး ရဲတွေရဲ့ အဖမ်းအဆီးမှာ အဓိကပစ်မှတ် ဖြစ်ခဲ့တာလေ။ အဖမ်းခံရရင် ပိုပြီးတောင် ဆိုးဆိုးရွားရွား ညှဉ်းဆဲခံရမှာ။ မဖြစ်ဘူး၊ ကျွန်မ ချက်ချင်း ရှောင်ပြေးပြီး ဘေးကင်းတဲ့နေရာတစ်ခု ရှာရမယ်။ ဒီအတွေးတွေကြောင့် ကျွန်မ နေမထိထိုင်မထိ ဖြစ်ပြီး ဘုရားကို မရပ်မနား အော်ခေါ်မိတယ်။ အဲဒီအချိန်မှာ ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ် တွေးမိခဲ့တယ်။ “သင်သည် ဤအရာ ထိုအရာတို့ကို ကြောက်ရွံ့ခြင်း မရှိအပ်။ မည်မျှများပြားသော အခက်အခဲများနှင့် အန္တရာယ်များ သင်ရင်ဆိုင်ရစေကာမူ၊ ငါ၏ အလိုကို မပိတ်ဆီးဘဲ ဆောင်ရွက်နိုင်ဖို့အလို့ငှာ၊ သင်သည် မည်သည့် အဟန့်အတားမျှဖြင့် ပိတ်ဆို့ခံရခြင်းမရှိဘဲ ငါ၏ရှေ့၌ မြဲမြံလျက် နေနိုင်စွမ်းရှိသည်။ ဤသည်မှာ သင်၏ တာဝန်ဖြစ်သည်။ သို့မဟုတ်ပါက ငါ၏ အမျက်ဒေါသကို သင့်အပေါ်သို့ ငါ ယူဆောင်လာမည် ဖြစ်ပြီး ငါ၏လက်ဖြင့် ပြုမည်...ထိုအခါ သင်သည် မဆုံးနိုင်သော စိတ်ပိုင်းဆိုင်ရာ ဆင်းရဲဒုက္ခကို ခံရပ်ရလိမ့်မည်။ အားလုံးကို သင် ခံရပ်ရမည်။ ငါ့အတွက် သင်သည် သင်ပိုင်ဆိုင်သမျှ အရာရာတိုင်းကို စွန့်လွှတ်ဖို့နှင့် ငါ့နောက်လိုက်ရန် သင်လုပ်နိုင်သမျှ အရာရာကို လုပ်ဆောင်ဖို့ အဆင်သင့် ရှိရမည် ဖြစ်ကာ၊ သင်၏ အရာအားလုံးကို အသုံးပြုဖို့ အဆင်သင့် ရှိရမည်။ ယခုအချိန်သည် သင့်ကို ငါစစ်ဆေးမည့် အချိန်ဖြစ်သည်။ သင်၏ သစ္စာစောင့်သိမှုကို ငါ့အား သင်ဆက်ကပ်မည်လော။ သင်သည် လမ်းဆုံးအထိ သစ္စာရှိစွာ ငါ့နောက် လိုက်နိုင်သလော။ ကြောက်ရွံ့ခြင်းမရှိနှင့်။ ငါ၏မစခြင်းဖြင့်၊ အဘယ်သူသည် ဤလမ်းကို တစ်ကြိမ်တစ်ခါမျှ ပိတ်ဆို့နိုင်မည်နည်း။ ဤအရာကို သတိရလော့။ မမေ့လျော့နှင့်။ ဖြစ်သမျှအားလုံးသည် ငါ၏ကောင်းမွန်သော ရည်ရွယ်ချက်အားဖြင့် ဖြစ်ပြီး၊ အရာရာသည် ငါ၏ စောင့်ကြည့်ခြင်းအောက်တွင် ရှိ၏။ သင် ပြောသမျှနှင့် လုပ်သမျှအားလုံးတွင် ငါ၏နှုတ်ကပတ်တော်ကို သင် လိုက်လျှောက်နိုင်သလော။ မီးဖြင့် စမ်းသပ်မှုများ သင့်အပေါ် ရောက်လာသောအခါ၊ သင်သည် ဒူးထောက်ကာ ဟစ်ခေါ်မည်လော။ သို့မဟုတ် ရှေ့ဆက်နိုင်စွမ်းမရှိဘဲ တွန့်ဆုတ်မည်လော။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၁၀)) ကျွန်မရဲ့ ဝိညာဉ်ရင့်ကျက်မှုက နည်းပါးပြီး၊ စစ်မှန်တဲ့ ယုံကြည်ခြင်း မရှိတာ တွေ့ရတယ်။ အနီးအနားရှိသူတွေ တစ်ယောက်ပြီး တစ်ယောက် အဖမ်းခံရတာ မြင်တော့ ကြောက်ပြီး ပုန်းဖို့ ဘေးကင်းတဲ့တစ်နေရာ ရှာချင်ခဲ့တယ်။ ကိုယ့်ဘေးကင်းလုံခြုံမှုကို ကာကွယ်ဖို့ အသင်းတော်အကျိုးစီးပွားကို အလေးမထားတာပဲ။ တစ်ကိုယ်ကောင်းဆန်လိုက်တာ။ ခေါင်းဆောင် အဖမ်းခံရလို့ တခြားလူအတော်များများကို အကြောင်းကြားပြီး ဘုရားနှုတ်ကပတ်တော် စာအုပ်အများကြီးကို ပြောင်းရွှေ့ဖို့လိုတယ်။ ဒါကို အမြန်ဆုံး တာဝန်မယူရင်၊ တခြား အသင်းသားတွေ အများကြီး အဖမ်းခံရနိုင်တယ်။ သင်းထောက်တစ်ယောက်အနေနဲ့ ညီအစ်ကို မောင်နှမတွေအပြင် ဘုရားနှုတ်ကပတ်တော်စာအုပ်တွေကို ကာကွယ်တာက ကျွန်မရဲ့ တာဝန်၊ ဝတ္တရားပဲ။ ကျွန်မက သတ္တိနည်းပြီး အရမ်းကြောက်လန့်နေရင်၊ အဓိပ္ပာယ်မဲ့ ဖြစ်တည်မှုမှာ ရှင်သန်ရင် အရမ်းကို တာဝန်မဲ့ရာကျမှာပဲ။ ဒီလိုအရေးကြီးတဲ့အချိန်မှာ ဘုရားက ကျွန်မကို စောင့်ကြည့်နေတာ၊ သူ့အလိုတော်ကို ထောက်ထားပြီး အသင်းတော် အလုပ်ကို ကာကွယ်ရဲ့လားဆိုတာ ကြည့်ဖို့ပေါ့။ ဘုရားအပေါ် မှီခိုပြီး နောက်ဆက်တွဲအလုပ်ကို ကျွန်မ ချက်ချင်း တာဝန်ယူရမယ်။ ကျွန်မ အဖမ်းခံရမလားဆိုတာကတော့ ဘုရားပဲ ဆုံးဖြတ်မှာပါ။ ကိုယ့်ရဲ့ ဘေးကင်းလုံခြုံမှုကို ဘုရားလက်ထဲ ထားလိုက်ဖို့ အသင့်ဖြစ်ခဲ့တယ်။ အဲဒါကို သဘောပေါက်တော့ စိတ်လှုပ်ရှားပြီး ကြောက်သလို မဖြစ်တော့ဘူး။ ကျွန်မရဲ့အိမ်နားရောက်ခါနီးမှာ အဝင်ဝမှာ ရဲကားတစ်စီး ရပ်လာတာ တွေ့ရတော့ ကျွန်မမှာ ရင်တွေ တဒိန်းဒိန်းခုန်လာတယ်။ ယုဒက ကျွန်မကို ဖော်ကောင်လုပ်လိုက်ပုံရတယ်။ အနီးအနားက ဧည်ခံတဲ့ အိမ်သုံးအိမ်ကိုလည်း လာရှာပြီးသွားပြီလား မသိဘူး။ အခြေအနေကို အထက်ခေါင်းဆောင်ပိုင်းဆီ အမြန်ဆုံး သတင်းပို့ရမယ်။ ဒါမှ အသင်းတော်အလုပ်မှာ ပိုများတဲ့ ဆုံးရှုံးမှုကြီးတွေ မဖြစ်အောင် အချိန်မီ ကြိုတင်ကာကွယ်တာတွေ၊ စီစဉ်တာတွေ လုပ်နိုင်မှာလေ။
အစ်မစုဟွာမှာ အထက်ခေါင်းဆောင်ပိုင်းရဲ့ လိပ်စာနဲ့ဖုန်းနံပါတ်ရှိတာ သိလို့ သူ့ကို ကျွန်မ သွားရှာတယ်။ အဲဒီကို ရောက်ရောက်ချင်းပဲ သူ့ရဲ့ မယုံကြည်သူ အမျိုးသားက စိုးရိမ်တကြီး ပြောတယ်။ “ခုလေးတင် ရဲတချို့ လာသွားတယ်။ စုဟွာအပြင်ထွက်သွားလို့သာ သူ့ကို မမိကြတာ။ ဆက်ဖမ်းဖို့ဆိုပြီး ခုပဲ သူတို့ မင်းဆီကို သွားကြတယ်”တဲ့။ ကျွန်မ ကြာကြာမနေရဲတော့ဘဲ ချက်ချင်း ထွက်လာခဲ့တယ်။ အပြန်လမ်းမှာ အဆင်းနီတဲ့ နဂါးကြီး ဘယ်လောက်ဆိုးယုတ်တယ်ဆိုတာ တွေးနေမိတယ်။ ဘုရားကို ယုံကြည်တဲ့လူတွေကို ဖမ်းဖို့သက်သက်နဲ့ သူက မယုံနိုင်လောက်တဲ့ အားထုတ်မှုတွေ လုပ်နေတာ။ ညီအစ်ကို မောင်နှမတွေက တစ်ယောက်ပြီး တစ်ယောက် အဖမ်းခံနေရပြီး ကျွန်မက အချိန်မရွေး အဖမ်းခံရမဲ့ အန္တရာယ်ရှိတယ်။ ညှဉ်းဆဲတာကို မခံနိုင်ဘဲ ကျွန်မ ယုဒဖြစ်လာခဲ့ရင် ကျွန်မရဲ့ ယုံကြည်ခြင်းလမ်းကြောင်း အဆုံးသတ်သွားမှာ မဟုတ်လား။ အဲဒီအကြောင်းတွေးလေ အားနည်းပြီး ကြောက်လေဖြစ်ပြီး တရုတ်ပြည်မှာ ယုံကြည်သူဖြစ်ရတာ အရမ်းခက်ခဲ၊ အန္တရာယ်များသလို ခံစားရတယ်။ စိတ်နှလုံးထဲမှာ ဘုရားကို အကြိမ်ကြိမ် အော်ခေါ်မိတယ်။ “ဘုရားသခင်၊ ကျွန်မ ဘာလုပ်သင့်လဲ”ပေါ့။ အဲဒီမှာ ဒီဘုရားနှုတ်ကပတ်တော်အပိုဒ်ကို တွေးမိတယ်။ “ယုံကြည်ခြင်းသည် သစ်လုံးတစ်လုံးတည်း တံတားကဲ့သို့ ဖြစ်သည်- အသက်ကို လက်မှိုင်ချလျက် ဖက်တွယ်ထားသူတို့သည် ယင်းတံတားကို ဖြတ်ကူးရာတွင် အခက်ကြုံလိမ့်မည် ဖြစ်သော်လည်း၊ မိမိတို့ကိုယ်ကိုယ် စွန့်လွှတ်အနစ်နာခံရန် အသင့်ရှိသော သူတို့သည် ခြေမြဲကာ စိုးရိမ်မှုကင်းလျက် ဖြတ်ကူးနိုင်ကြ၏။ အကယ်၍ လူသားသည် တွန့်ဆုတ်ကာ ကြောက်ရွံ့သော အတွေးများ သိုထားပါက၊ ယင်းမှာ ဘုရားသခင်ထဲသို့ ဝင်ရောက်ဖို့ ယုံကြည်ခြင်း တံတားအား ငါတို့ ဖြတ်ကူးမည်စိုးလျက်၊ စာတန်သည် ၎င်းတို့ကို လှည့်စားပြီး ဖြစ်သောကြောင့် ဖြစ်သည်။ စာတန်သည် ၎င်း၏ အတွေးအခေါ်များကို ငါတို့ထံ ပို့ရန် ဖြစ်နိုင်သမျှသောနည်းလမ်းတိုင်းကို ကြိုးစားနေ၏။ ငါတို့ကို သူ၏အလင်းဖြင့် အလင်းပေးဖို့ အချိန်တိုင်း ဘုရားသခင်ထံ ငါတို့ ဆုတောင်းသင့်သည်၊ ငါတို့အတွင်းမှ စာတန်၏ အဆိပ်အတောက်ကို သန့်စင်စေရန် ဘုရားသခင်အပေါ် အချိန်တိုင်း ငါတို့ မှီခိုသင့်သည်၊ ဘုရားသခင်နှင့် မည်သို့နီးကပ်လာရမည်ဆိုသည်ကို ငါတို့၏ စိတ်ဝိညာဉ်အတွင်း၌ အချိန်တိုင်း လက်တွေ့လုပ်ဆောင်သင့်ပြီး၊ ငါတို့၏ ဖြစ်တည်မှုတစ်ခုလုံးအပေါ် ဘုရားသခင်ကို အုပ်စိုးခွင့်ပေးသင့်ပေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၆)) ဘုရားနှုတ်ကပတ်တော်က ယုံကြည်ခြင်းနဲ့ ခွန်အားပေးခဲ့တယ်။ အကြောက်တရားနဲ့ ကျွန်မ အသက်ရှင်မှန်း၊ အဖမ်းခံရပြီး အသေရိုက်သတ်ခံရမှာကို ကြောက်မှန်း သဘောပေါက်လိုက်တယ်။ စာတန်ရဲ့ လှည့်ကွက်တွေကို ခံနေရတာ။ ကျွန်မရဲ့တာဝန်တွေ မလုပ်အောင် ဟန့်တားဖို့၊ ဘုရားကို ယုံကြည်မှုမရှိတော့အောင်လုပ်ဖို့ ကျွန်မရဲ့ အားနည်းချက်ကို စာတန်က သုံးနေတာ။ ဒါဆိုရင် ကျွန်မက ဘုရားနဲ့ တဖြည်းဖြည်း ပိုဝေးပြီး သူ့ကို သစ္စာဖောက်မိမှာလေ။ စာတန်ရဲ့ လှည့်ကွက်တွေကို ရိပ်မိမှဖြစ်မယ်။ ဒီအခြေအနေမျိုးကို ကျွန်မ ရင်ဆိုင်ရလေ ဘုရားဆီ ပိုတိုးဝင်ချဉ်းကပ်ပြီး သူ့နှုတ်ကပတ်တော်တွေနဲ့ အသက်ရှင်ရင်းနဲ့ သူ့ကို မှီခိုရမယ်။ အဖမ်းခံခဲ့ရရင်တောင် ကျွန်မ ကျိုးနွံနာခံပြီး စောဒကတက်မှာ မဟုတ်ဘူး။ ကိုယ့်သက်သေခံချက်မှာ ခိုင်ခိုင်မာမာ ရပ်ပြီး ဘုရားကို စိတ်ကျေနပ်စေမယ်။
ညီအစ်ကို မောင်နှမတွေရဲ့ ဖုန်းနံပါတ်တွေပါတဲ့ မှတ်စုစာအုပ် အိမ်မှာ ရှိနေသေးတာကို ကျွန်မ တွေးလိုက်မိတယ်။ ကျွန်မ ပြန်သွားရမယ်။ မဟုတ်လို့ကတော့ ရဲတွေ အဲဒါကို တွေ့သွားရင် သူတို့ အဖမ်းခံရမှာပဲ။ ဒါပေမဲ့ ရဲတွေက ကျွန်မအိမ်ကို စောင့်ကြည့်နေနိုင်တော့ ကျွန်မက ကျားရှေ့မှောက်ရက်လဲသလို ဖြစ်မှာပေါ့။ ကျွန်မ မတင်မကျ ဖြစ်နေတုန်းမှာပဲ ဘုရားနှုတ်ကပတ်တော်တွေကို သတိရမိတယ်။ “သင်တို့ တစ်ဦးချင်းစီသည် သင်တို့ကိုယ်သင်တို့ ငါနှင့်အလွန်သဟဇာတဖြစ်သည်ဟု ယူဆကြ၏။ သို့သော် ထိုသို့ဖြစ်ပါက မှားယွင်းကြောင်းမငြင်းဆိုနိုင်သော ဤအထောက်အထားသည် မည်သူနှင့် သက်ဆိုင်သနည်း။ သင်တို့ကိုယ်သင်တို့ ငါ့အပေါ် အဆုံးစွန်သော စစ်မှန်မှုရှိပြီး သစ္စာရှိသည်ဟု ယူဆကြ၏။ သင်တို့သည် ကြင်နာလွန်း၍ ကရုဏာတရားကြီးမားလွန်းကာ ငါ့ကို လွန်စွာဆက်ကပ်ခဲ့ပြီးပြီဟု ထင်ကြ၏။ သင်တို့သည် ငါ့အတွက် လုံလောက်သည်ထက်ပို၍ ဆောင်ရွက်ပေးခဲ့ပြီးပြီဟု ထင်ကြ၏။ သို့သော် ဤထင်မြင်ချက်ကို သင်တို့၏ အပြုအမူများနှင့် နှိုင်းယှဉ်ခဲ့ဖူးသလော။...သင်တို့၏သားသမီးများအတွက်၊ သို့မဟုတ် သင်တို့၏ ခင်ပွန်းအတွက် သို့မဟုတ် သင်တို့ကိုယ်တိုင် ရှင်သန်မှုအတွက် ကြိုးပမ်းရန် သင်တို့သည် ငါ့ကို ပယ်ထားကြ၏။ ငါ့အပေါ်ဂရုစိုက်မည့်အစား သင်တို့သည် သင်တို့၏မိသားစု၊ သင်တို့၏သားသမီးများ၊ သင်တို့၏ဂုဏ်သိမ်၊ သင်တို့၏အနာဂတ်နှင့် သင်တို့ကိုယ်တိုင် အားရကျေနပ်ရန်အတွက် သင်တို့ အာရုံစိုက်ကြ၏။ သင်တို့ပြောဆိုလုပ်ကိုင်ခဲ့စဉ် မည်သည့်အခါက သင်တို့သည် ငါ့ကို စဉ်းစားမိခဲ့ဖူးသနည်း။ ရာသီဥတုအလွန်အေးစိမ့်သည့် နေ့များတွင် သင်တို့၏အတွေးများသည် သင်တို့၏သားသမီးများ၊ သင်တို့၏ ခင်ပွန်း၊ သင်တို့၏ဇနီး၊ သို့မဟုတ် သင်တို့၏ မိဘများထံသို့ ရောက်သွားကြ၏။ ရာသီဥတုအလွန်ပူပြင်းသည့် နေ့များတွင်လည်း ငါသည် သင်တို့၏ အတွေးများတွင် နေရာမရရှိပေ။ သင်သည် သင်၏တာဝန်ကို ထမ်းဆောင်သည့်အခါ သင်ကိုယ်တိုင်၏ အကျိုးစီးပွားများ၊ သင်ကိုယ်တိုင်၏ ဘေးကင်းလုံခြုံရေး၊ သင်၏မိသားစုဝင်များကို စဉ်းစားနေ၏။ သင်သည် ငါ့အတွက် မည်သည့်အရာ ဆောင်ရွက်ခဲ့ဖူးသနည်း။ သင်သည် ငါ့ကို မည်သည့်အခါက စဉ်းစားခဲ့ဖူးသနည်း။ မည်သို့ပင်အနစ်နာခံရသည်ဖြစ်စေ ငါနှင့် ငါ၏အမှု အတွက် သင့်ကိုယ်သင် မည်သည့်အခါက ဆက်ကပ်ခဲ့ဖူးသနည်း။ ငါနှင့်သင် သဟဇာတဖြစ်မှုအထောက်အထားက အဘယ်မှာနည်း။ ငါ့အပေါ် သင်၏သစ္စာရှိမှု၏ စစ်မှန်မှုက အဘယ်မှာနည်း။ ငါ့အပေါ် သင်၏နာခံမှု၏ စစ်မှန်မှုက အဘယ်မှာနည်း။ သင်၏ရည်ရွယ်ချက်များသည် ငါ၏ကောင်းချီးမင်္ဂလာများကို ခံစားရရေးအတွက် မဟုတ်သည့်အချိန်သည် မည်သည့်အခါက ဖြစ်ခဲ့ဖူးသနည်း။ သင်တို့သည် ငါ့ကိုလှည့်စား၍ လှည့်ဖြား၏။ သင်တို့သည် သမ္မာတရားနှင့်ကစားကာ၊ သမ္မာတရားရှိကြောင်း ဖုံးကွယ်ထားကြလျက် သမ္မာတရား၏ အနှစ်သာရကို သစ္စာဖောက်ကြ၏။ ဤနည်းဖြင့် ငါ့ကို ဆန့်ကျင်ခြင်းအားဖြင့် အနာဂတ်တွင် သင်တို့ကို မည်သည့်အရာက စောင့်နေသနည်း။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်သည် ခရစ်တော်နှင့် သဟဇာတဖြစ်ရာလမ်းကို ရှာဖွေသင့်သည်) မေးခွန်းတိုင်းက ဘုရားဆီကနေ စွပ်စွဲချက်လို စိတ်နှလုံးထဲ ခံစားရတယ်။ အရာရာ အေးချမ်းနေချိန်မှာ ကျွန်မ တာဝန်အတွက် ကိုယ့်အိမ်နဲ့ အလုပ်ကို ချန်ထားခဲ့နိုင်တယ်။ ဘုရားကို ဆက်ကပ်သလိုလို ခံစားခဲ့တယ်။ ဒါပေမဲ့ အဆင်းနီတဲ့ နဂါးကြီးရဲ့ အဖမ်းအဆီးတွေနဲ့ တကယ်ရင်ဆိုင်ရတော့ ကျွန်မရဲ့ ဝိညာဉ်ရင့်ကျက်မှု နည်းပါးပုံကို မြင်ခဲ့ရတယ်။ အရင်က အနှစ်မဲ့တဲ့ ဆောင်ပုဒ်တွေ၊ အယူဝါဒတွေကိုပဲ အော်ပြောခဲ့တယ်။ တကယ့် အကျပ်အတည်းက ကျွန်မရဲ့ ဝိညာဉ်ရင့်ကျက်မှုအမှန်ကို ထုတ်ဖော်ပြခဲ့တယ်။ ကျွန်မက ကိုယ်ကျိုးကို ဘယ်လိုကာကွယ်ရမယ်ဆိုတာပဲ တွေးခဲ့တယ်။ အသင်းတော် အလုပ်ကို လုံးဝ ကာကွယ်မပေးခဲ့ဘူး။ ဘုရားအလိုတော်ကို အလေးထားတဲ့သူ မဟုတ်ခဲ့ဘူး။ အလေးထားခဲ့ရင် တစ်ခုခုက အသင်းတော် အကျိုးစီးပွား ပါဝင်ပတ်သက်တဲ့အခါ ဘုရားအတွက်ဆိုရင် ကိုယ့်အသက်ရော အရာအားလုံးပါ စွန့်နိုင်မှာပဲ။ ဘုရားနှုတ်ကပတ်တော် စာအုပ်အားလုံးကို စဉ်းစားမိတယ်။ အဲဒါတွေကို ပို့ဖို့ ညီအစ်ကို မောင်နှမတွေက သူတို့အသက်တွေကို စွန့်စားထားရပြီး ပို့ဆောင်တဲ့ လုပ်ငန်းစဉ်မှာ အတော်များများက အဆင်းနီတဲ့ နဂါးကြီးရဲ့ ဖမ်းဆီးတာ ခံခဲ့ကြရတယ်။ တချို့ဆိုရင် အသေတောင် ရိုက်သတ်ခံခဲ့ရတယ်။ ဘုရားနှုတ်ကပတ်တော်ကို ညီအစ်ကို မောင်နှမတွေ ဖတ်နိုင်အောင်လို့ သူတို့ရဲ့ သေရေးရှင်ရေးနဲ့ပတ်သက်တဲ့ စိုးရိမ် ပူပန်မှုကို ဘေးဖယ်ထားခဲ့ကြတယ်။ သူတို့တာဝန်ကို လုပ်ပြီး ဘုရားကို စိတ်ကျေနပ်စေခဲ့ကြတယ်။ ဒါပေမဲ့ ကျွန်မကကော။ ကျွန်မက အသင်းတော်ရဲ့ အကျိုးစီးပွားကို မစဉ်းစားခဲ့ဘူး။ တစ်ခုခု ဖြစ်တဲ့အခါ ကိုယ့်ရဲ့ ဘေးကင်းလုံခြုံမှုကိုပဲ တွေးခဲ့တယ်။ အဖမ်းခံရပြီး သေတဲ့အထိ အရိုက်ခံရမှာ စိုးခဲ့တယ်။ ပုံမှန်အားဖြင့် ကျွန်မ အကျိုးရှိတဲ့ အရာတစ်ခုခုအတွက် အစွမ်းကုန် ကြိုးစားတတ်ပေမဲ့ အခုတော့ အသင်းတော်အကျိုးအတွက် နည်းနည်းလေးမှ မစွန့်လွှတ်နိုင်ခဲ့ဘူး။ အဲဒီညီအစ်ကို မောင်နှမတွေနဲ့ ယှဉ်ကြည့်တော့ ကျွန်မက အရမ်းတစ်ကိုယ်ကောင်းဆန်ခဲ့တာပဲ။ ဘုရားအလိုတော်ကို မထောက်ထားခဲ့ဘူး။ အခု အသင်းတော် ခေါင်းဆောင် အဖမ်းခံရတော့ သင်းထောက်အနေနဲ့ အသင်းတော်အလုပ်ကို ကာကွယ်မဲ့အစား ပုန်းတာ ပိုဘေးကင်းပေမဲ့ ကိုယ့်တာဝန်လုပ်ပြီး သက်သေခံဖို့ အခွင့်အရေး ဆုံးရှုံးသွားတယ်။ အဲဒီနောက်မှာ ကျွန်မဘဝရဲ့ အဓိပ္ပာယ်က ဘာများလဲ။ လမ်းလျှောက်နေတဲ့ အလောင်းကောင်ပဲ မဟုတ်လား။ ဒီအတွေးနဲ့ ဘုရားဆီ ဆုတောင်းခဲ့တယ်။ “ဘုရားသခင်၊ ဒီနေ့ ကျွန်မ အဖမ်းခံရဖို့ ရှိမရှိက လုံးလုံး ကိုယ်တော့်လက်ထဲမှာပါ။ ကျေးဇူးပြုပြီး ကိုယ်တော့်အပေါ် မှီခိုပြီး တာဝန်လုပ်နိုင်အောင် ယုံကြည်ခြင်းနဲ့ ဉာဏ်ပညာပေးတော်မူပါ”လို့ပေါ့။
မနက်၂ နာရီလောက်မှာ အနီးအနားမှာ နေတဲ့ ညီအစ်မတစ်ယောက်ရဲ့ အိမ်ကို ကျွန်မရောက်သွားတယ်။ ကျွန်မအိမ်နဲ့ နီးတဲ့ အိမ်တချို့ကို ရဲတွေ လာသွားကြတာကို သိလိုက်ရတယ်။ ညီအစ်ကို မောင်နှမတွေတချို့ ထွက်ပြေးလို့ အဖမ်းမခံရဘူး။ ရဲတွေ ပြန်လာဖို့ သေချာတယ်ဆိုပြီး ကျွန်မကို ချက်ချင်း ထွက်သွားဖို့ သူတို့က ပြောကြတယ်။ ကျွန်မလည်း ကြာကြာမနေရဲဘူး။ အိမ်အဝင်ဝမှာ ဘယ်သူမှ စောင့်မနေတာကို တွေ့လို့ အိမ်ကို ချက်ချင်းပြန်သွားပြီး ဖုန်းနံပါတ်တွေ ပါတဲ့ မှတ်စုစာအုပ်ကို ယူပြီးမှပဲ ကျွန်မ စိတ်အေးပြီး သက်ပြင်းချမိတယ်။
အဲဒီနောက်မှာ အစ်ကိုယန်ကွမ်ရဲ့ နေရာကို ကျွန်မ သွားခဲ့တယ်။ သူ ကျွန်မကို တွေ့တာနဲ့ ကြောက်ကြောက်လန့်လန့် ပြောရော။ “မနေ့က ကျွန်တော့်မိန်းမရော ကျွန်တော်ပါ အဖမ်းခံရပြီး ညကျတော့ ကျွန်တော်တို့ ပြန်လွတ်လာတယ်။ တခြားညီအစ်ကို မောင်နှမတချို့လည်း အဖမ်းခံလိုက်ရတယ်”တဲ့။ အဲဒီကနေ ကျွန်မ ချက်ချင်းထွက်ခဲ့တယ်။ အပြန်လမ်းမှာ ကျွန်မတွေးနေမိခဲ့တယ်။ အခြေအနေက ပိုဆိုးလာသလို အဖမ်းအဆီးတွေက နေရာအနှံ့မှာ ဖြစ်နေတယ်။ ယုဒသာ ကျွန်မကို ဖော်ကောင်လုပ်လိုက်တယ်ဆိုရင် ရဲတွေက ကျွန်မရဲ့ ပုံပန်းသဏ္ဌာန်ကို သိသွားမှာ သေချာပေါက်ပဲ၊ အနီးအနားမှာ စောင့်ကြည့်တာတွေ အများကြီးရှိတော့ ကျွန်မ အချိန်မရွေး အဖမ်းခံရနိုင်တယ်။ သူတို့ရဲ့ ညှဉ်းဆဲတာကို ကျွန်မ မခံနိုင်ရင် ဘယ်လိုလုပ်မလဲပေါ့။ ကျွန်မအတွက်တော့ လန့်စရာကောင်းတဲ့ အတွေးပဲ။ သွားပုန်းနေလိုက်ရင် နည်းနည်း ပိုဘေးကင်းသွားမှာပဲ။ ဒါပေမဲ့ နောက်ဆက်တွဲအလုပ်က မပြီးသေးဘူး။ အခု သွားပုန်းလိုက်ရင် ကျွန်မ ထွက်ပြေးတဲ့သူ ဖြစ်သွားမှာ မဟုတ်လား။ တစ်လျှောက်လုံး ယုံကြည်သူဖြစ်ခဲ့ပြီး ဘုရားနှုတ်ကပတ်တော်က ရေလောင်းတာ ကျွန်မ အများကြီး မွေ့လျော်ခဲ့တယ်။ အရေးကြီးတဲ့အချိန်မှာ ကိုယ့်တာဝန်၊ ဝတ္တရားတွေကိုတောင် မဖြည့်ဆည်းဘဲ ထွက်ပြေးသွားရင် ကျွန်မက အသိစိတ်၊ လူ့သဘာဝ ဘာဆိုဘာမှ ရှိမှာ မဟုတ်ဘူး။ ယုံကြည်သူလို့တောင် ထည့်တွက်လို့ ရပါ့မလား။ ဘုရားကို သစ္စာဖောက်တဲ့ ယုဒနဲ့ ဘာမှ ကွာခြားမှာ မဟုတ်တော့ဘူး။ ဒီအတွေးနဲ့ ကျွန်မ တိတ်တိတ်လေး စိတ်ပိုင်းဖြတ်လိုက်တယ်။ ထွက်ပြေးပြီး အဓိပ္ပာယ်မဲ့တဲ့ ဖြစ်တည်မှုကို ကျွန်မ အသက်ရှင်တာထက် အဖမ်းခံပြီး ရဲလက်မှာ သေလိုက်မယ်လို့ပေါ့။ ကျွန်မ ကိုယ့်သက်သေခံချက်မှာ ခိုင်ခိုင်မာမာ ရပ်တည်ရမယ်၊ ဘုရားကို စိတ်ကျေနပ်စေပြီး ကိုယ့်တာဝန်ကို အစွမ်းကုန်ဖြည့်ဆည်းရမယ်။ ဒါကြောင့် ကျွန်မကို ဧည့်ခံထားတဲ့အိမ်ကို ချက်ချင်း ပြန်သွားလိုက်တယ်။
အဲဒီညနေမှာ ဒါကို ဘုရားနှုတ်ကပတ်တော်ထဲ ဖတ်ခဲ့ရတယ်။ “ငါ၏အစီအစဉ်တွင်၊ စာတန်သည် တစ်လျှောက်လုံး ခြေလှမ်းအသီးသီး နောက်ကွယ်တွင် ချောင်းမြောင်းနေခဲ့ပြီး၊ ငါ့ဉာဏ်ပညာ၏ အဖြည့်ခံအဖြစ်၊ ငါ၏မူလအစီအစဉ်ကို နှောင့်ယှက်ရန် နည်းလမ်းများနှင့် နည်းစနစ်များ ရှာဖွေရန် အမြဲ ကြိုးစားနေပြီး ဖြစ်သည်။ သို့ရာတွင် ငါသည် ၎င်း၏ လှည့်ဖြားတတ်သော အစီအစဉ်များကို မလွန်ဆန်နိုင် ဖြစ်မည်လော။ ကောင်းကင်နှင့် မြေကြီးပေါ်ရှိ အရာရာတိုင်းသည် ငါ့ကို အစေခံ၏။ စာတန်၏ လှည့်ဖြားတတ်သော အကြံအစည်များသည် တစ်ခုတစ်လေ ကွဲပြားခြားနားနိုင်မည်လော။ ဤသည်မှာ ငါ၏ ဉာဏ်ပညာ ဆုံသည့်နေရာ အတိအကျ ဖြစ်သည်။ ယင်းမှာ ငါ၏ လုပ်ဆောင်ချက်များနှင့် ပတ်သက်၍ အံ့ဖွယ်ဖြစ်သည့်အရာ အတိအကျ ဖြစ်ပြီး၊ ယင်းသည် ငါ၏စီမံခန့်ခွဲမှု အစီအစဉ် တစ်ရပ်လုံးအတွက် လည်ပတ်မှု၏ အခြေခံသဘောတရား ဖြစ်သည်။ နိုင်ငံတော် တည်ဆောက်ခြင်း ခေတ်အတွင်းတွင်၊ ငါသည် စာတန်၏ လှည့်ဖြားတတ်သည့် အကြံအစည်များကို မရှောင်ရှားသေးဘဲ၊ ငါ ပြုရမည့်အမှုကို ဆက်လက် လုပ်ဆောင်၏။ စကြဝဠာနှင့် အရာခပ်သိမ်း အလယ်တွင်၊ ငါသည် စာတန်၏ လုပ်ဆောင်ချက်များကို ငါ၏အဖြည့်ခံအဖြစ် ရွေးချယ်ပြီးဖြစ်သည်။ ဤသည်မှာ ငါ၏ဉာဏ်ပညာ၏ သရုပ်သကန် တစ်ခု ဖြစ်သည် မဟုတ်လော။ ဤသည်မှာ ငါ၏ အမှုနှင့် ပတ်သက်သည့် အံ့သြဖွယ်ဖြစ်သည့် အရာ အတိအကျ မဟုတ်လော။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၈)) ဘုရားရဲ့ အနန္တတန်ခိုးနဲ့ ဉာဏ်ပညာကို သူ့နှုတ်ကပတ်တော်တွေမှာ တွေ့နိုင်ခဲ့တယ်။ အဆင်းနီတဲ့ နဂါးကြီးက ဘုရားအတွက် ရန်သူတစ်ယောက်ပဲ။ သူက လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ဘုရားပြုတဲ့ အမှုကို ဖျက်ဆီးဖို့ အချည်းနှီး မျှော်လင့်ပြီး ခရစ်ယာန်တွေကို အရူးအမူ ဖမ်းဆီး၊ နှိပ်ကွပ်နေသလို ဘုရားရဲ့အမှုတော်ကို နှောင့်ယှက်နေတာ။ ဒါပေမဲ့ အဆင်းနီတဲ့ နဂါးကြီးရဲ့ အဖမ်းအဆီးနဲ့ နှိပ်ကွပ်မှုက လူကို ထိခိုက်ပြီး ဘုရားကို ဆန့်ကျင်တဲ့ သူ့ရဲ့ ဆိုးယုတ်တဲ့ အနှစ်သာရအပေါ် ချင့်ချိန်နိုင်စွမ်း ရစေပြီးတော့ စိတ်နှလုံးကနေ သူ့ကို စက်ဆုပ်ပြီး အဆက်အသွယ်ဖြတ်စေတယ်။ သူ့ရဲ့ အဖမ်းအဆီးနဲ့ နှိပ်ကွပ်မှုတွေက စစ်မှန်တဲ့ ယုံကြည်သူတွေနဲ့ အယောင်ဆောင်တွေကိုလည်း ထုတ်ဖော်ပြီး သိုးနဲ့ဆိတ်၊ ဂျုံပင်နဲ့ တောပင်တွေကို ခွဲခြားတတ်စေတယ်။ အကျပ်အတည်းကာလမှာ ကြောက်လို့ ကိုယ့်တာဝန်ကို မလုပ်တဲ့သူ၊ ယုံကြည်ချက် စွန့်တဲ့သူတချို့ရှိပြီး တချို့က အဖမ်းခံရပြီး ညှဉ်းဆဲခံရတဲ့အခါ ဘုရားကို သစ္စာဖောက်ပြီး ယုဒဖြစ်လာကြတယ်။ သူတို့က တောပင်တွေအနေနဲ့ ဖော်ထုတ်ခံရသူတွေ၊ လွင့်ပါသွားတဲ့သူတွေပဲ။ အဲဒါက ဘုရားရဲ့ ဉာဏ်ပညာနဲ့ ဖြောင့်မတ်ခြင်းကို ပြတယ်မဟုတ်လား။ သခင်ယေရှု ဘယ်လိုပြောခဲ့တယ်ဆိုတာကို အဲဒါက အမှတ်ရစေခဲ့တယ်။ “အကြင်သူသည် မိမိအသက်ကို ကယ်ဆယ်ခြင်းငှာအလိုရှိ၏။ ထိုသူသည် အသက်ရှုံးလိမ့်မည်။ အကြင်သူသည် ငါ့ကြောင့်အသက်ရှုံး၏၊ ထိုသူသည် အသက်ကို တွေ့လိမ့်မည်။” (ရှင်မဿဲခရစ်ဝင် ၁၆:၂၅) ဧဝံဂေလိ ဖြန့်ဖို့အတွက် မာတုရဖြစ်ခဲ့ကြတဲ့ ခေတ်ကာလတစ်လျှောက်က သန့်ရှင်းသူတွေကို တွေးမိတယ်။ တချို့က ဇောက်ထိုး ကားစင်တင်ခံခဲ့ရတယ်။ တချို့က လေးဖက်လေးတန် မြင်းတွေနဲ့ ဆွဲတာခံရတယ်။ သူတို့ သေသွားပေမဲ့ သူတို့သေတာတွေက အဓိပ္ပာယ်ရှိတယ်။ ဒါပေမဲ့ ဘုရားကို သစ္စာဖောက်ပြီး ယုဒဖြစ်လာကြသူတွေကတော့ အပြင်ပန်းမှာ အသက်ရှင်နေသေးပုံရပေမဲ့ သူတို့စိတ်နှလုံးထဲမှာတော့ မချိမဆံ့ဝေဒနာနဲ့ပါ။ ပြောမပြနိုင်အောင် ဆိုးရွားတဲ့ ဒုက္ခနဲ့ အသက်ရှင်နေတဲ့ အလောင်းကောင်တွေလိုပေါ့။ သူတို့ သေသွားပြီးတဲ့နောက် သူတို့ ဝိညာဉ်တွေ ငရဲထဲကျဆင်းပြီး အပြစ်ပေးခံရမှာ။ အဲဒါက ကျွန်မ အပြည့်အဝ နားမလည်ခဲ့တဲ့ အရာပဲ။ ဒါနဲ့ ကျွန်မက တာဝန်ကို ရှောင်ပုန်းချင်ခဲ့တယ်။ တာဝန်တမင်ပျက်ကွက်လို့ အသင်းတော်ရဲ့ အလုပ်ကို ထိခိုက်အောင်လုပ်မိရင် အဲဒါ ပြစ်မှားမှုတစ်ခု၊ ထာဝရ အစွန်းအထင်းတစ်ခု ဖြစ်သွားမှာလေ။ တာဝန်အတွက် ဆက်ကပ်ရာကနေ ကိုယ့်အသက်ကို စတေးနိုင်ရင် အဖမ်းခံရပြီး အသေရိုက်သတ်ခံရရင်တောင် ဘုရားအတွက် သက်သေခံချက်ပေးပြီး စာတန်ကို အရှက်ရစေမှာပဲ။ ကျွန်မသေတာက တန်ဖိုးနဲ့ အဓိပ္ပာယ်ရှိမှာပဲ။ နောက်ထပ် ဘုရားနှုတ်ကပတ်တော်တွေ ဖတ်ခဲ့တယ်။ “စာတန်က မည်မျှပင် ‘အစွမ်းထက်’ ပါစေ၊ မည်မျှပင် ရဲတင်းပြီး ရည်ရွယ်ချက် ကြီးမားပါစေ၊ ထိခိုက်မှုများ ပေးနိုင်သော သူ၏အစွမ်းက မည်မျှပင်ကြီးမားပါစေ၊ လူသားကို သူဖောက်ပြန်ပျက်စီးစေပြီး မျှားခေါ်သည့် နည်းလမ်းများက မည်မျှပင် ကျယ်ပြန့်ပါစေ၊ လူသားကို သူခြိမ်းခြောက်သည့် ပရိယာယ်များနှင့် လှည့်ကွက်များက မည်မျှပါးနပ်နေပါစေ၊ သူဖြစ်တည်နေသည့် ပုံစံက မည်မျှပင် ပြောင်းလဲ၍ရနေပါစေ စာတန်သည် သက်ရှိအရာတစ်ခုကို တစ်ခါမျှ မဖန်ဆင်းနိုင်ခဲ့ပေ။ အရာအားလုံးဖြစ်တည်မှုအတွက် နိယာမများ၊ သို့မဟုတ် စည်းမျဉ်းတို့ကို တစ်ခါမျှ သူမချပေးနိုင်ခဲ့ပေ။ သက်ရှိဖြစ်စေ၊ သက်မဲ့ဖြစ်စေ မည်သည့်အရာဝတ္ထုကိုမျှ သူအုပ်စိုးပြီး ထိန်းချုပ်နိုင်စွမ်း တစ်ခါမျှ မရှိခဲ့ပေ။ စကြဝဠာနှင့် မိုးမျက်နှာကြက်အတွင်းတွင် စာတန်ထံမှ ပေါက်ဖွားလာသည့်၊ သို့မဟုတ် သူ့ကြောင့် ဖြစ်တည်နေသည့် လူပုဂ္ဂိုလ်တစ်ယောက်တလေ၊ သို့မဟုတ် အရာဝတ္ထုတစ်ခုတလေမျှ မရှိပေ။ သူအုပ်စိုးသည့်၊ သို့မဟုတ် သူထိန်းချုပ်သည့် လူပုဂ္ဂိုလ်တစ်ယောက်တလေ၊ သို့မဟုတ် အရာဝတ္ထုတစ်ခုတလေမျှ မရှိပေ။ ဆန့်ကျင်ဘက်အနေနှင့် သူသည် ဘုရားသခင်၏ အုပ်စိုးမှုအောက်တွင် နေရရုံသာမကဘဲ ဘုရားသခင်၏ အမိန့်များနှင့် ခိုင်းစေမှုများအားလုံးကို နာခံရသည်။ ဘုရားသခင်၏ ခွင့်ပြုချက်မပါဘဲ ရေတစ်စက်၊ သို့မဟုတ် ကုန်းမြေပေါ်က သဲတစ်ပွင့်ကို ထိရန်ပင် စာတန်အတွက် ခက်ခဲသည်။ ဘုရားသခင်၏ ခွင့်ပြုချက်မပါဘဲ ဘုရားသခင်ဖန်ဆင်းခဲ့သည့် လူသားမျိုးနွယ်ကိုမဆိုထားနှင့် စာတန်သည် ကုန်းမြေပေါ်က ပုရွက်ဆိတ်များကိုပင်လျှင် ရွှေ့ပိုင်ခွင့်မရှိပေ။ ဘုရားသခင်၏ အမြင်တွင် စာတန်သည် တောင်ပေါ်က နှင်းပန်းများ၊ လေထဲတွင် ပျံနေသည့်ငှက်များ၊ ပင်လယ်ထဲက ငါးများနှင့် ကမ္ဘာမြေကြီးပေါ်က ပိုးကောင်များထက် နိမ့်ကျသည်။ အရာအားလုံးထဲတွင် သူ၏တာဝန်သည် အရာအားလုံးကို အစေခံရန်၊ လူသားမျိုးနွယ်အတွက် အလုပ်လုပ်ရန်နှင့် ဘုရားသခင်၏အမှုနှင့် သူ၏စီမံခန့်ခွဲမှု အစီအစဉ်တို့ကို အစေခံရန်ဖြစ်သည်။ သူ၏သဘာဝက မည်မျှပင် မလိုမုန်းထားတတ်ပါစေ၊ သူ၏အနှစ်သာရက မည်မျှပင် ဆိုးယုတ်ပါစေ၊ သူလုပ်နိုင်သည့် တစ်ခုတည်းသောအရာက ဘုရားသခင်အတွက် အစေခံခြင်းနှင့် ဘုရားသခင်အဖို့ အဖြည့်ခံဟူသည့် သူ၏တာဝန်ကို သိတတ်စွာနှင့် လိုက်နာရန်ပင်ဖြစ်သည်။ ယင်းမှာ စာတန်၏ အနှစ်သာရနှင့် အဆင့်နေရာဖြစ်သည်။ သူ၏ အနှစ်သာရသည် အသက်နှင့် ဆက်စပ်မှုမရှိပေ။ တန်ခိုးနှင့် ဆက်စပ်မှုမရှိပေ။ သြဇာအာဏာနှင့် ဆက်စပ်မှုမရှိပေ။ သူသည် ဘုရားသခင်၏ လက်ထဲမှ ကစားစရာတစ်ခုမျှသာဖြစ်သည်။ ဘုရားသခင်ကို အစေခံသည့် စက်တစ်လုံးသာ ဖြစ်၏။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁)) ဘုရားရဲ့ တန်ခိုးနဲ့ ဩဇာအာဏာကို သူ့နှုတ်ကပတ်တော်တွေကနေ တွေ့ရတယ်။ သေတာပဲဖြစ်ဖြစ်၊ ရှင်တာပဲဖြစ်ဖြစ် အရာရာက လုံးဝကို ဘုရားလက်ထဲမှာရှိတယ်။ ဘုရားရဲ့အမှုတော်အတွက် စာတန်က အစေခံမှု ပေးနေတာ။ အဖြည့်ခံအနေနဲ့ပေါ့။ စီစီပီမှာ လှည့်ကွက်မျိုးစုံရှိပြီး လူနဲ့ ကိစ္စတော်တော်များရဲ့ အင်အားတွေကို ထိန်းချုပ်အသုံးချပေမဲ့ ဘုရားရဲ့ ခွင့်ပြုချက်မရှိဘဲနဲ့ ကျွန်မတို့ ခေါင်းပေါ်က ဆံတစ်မျှင်ကို ထိလို့မရဘူး။ ယောဘရဲ့ အတွေ့အကြုံလိုပဲပေါ့။ သူ့ကို စာတန်က ဘုရားအပေါ် ငြင်းပယ်၊ ပစ်ပယ်ခိုင်းဖို့ မရမက ကြိုးစားရင်းနဲ့ နာကျင်အောင် တိုက်ခိုက်ခဲ့တယ်။ ဘုရားက စာတန်ကို ယောဘအပေါ် ဆိုးဆိုးရွားရွား ဆက်ဆံခွင့်ပေးခဲ့ပေမဲ့ ယောဘရဲ့အသက်ကို ဘေးဖြစ်ခွင့်မပေးခဲ့သလို ဘုရားရဲ့ အမိန့်ကိုလည်း စာတန်က မဆန့်ကျင်ရဲခဲ့ဘူး။ ကျွန်မရဲ့ နောက်ဆက်တွဲအလုပ်မှာ အန္တရာယ်များတဲ့ အခြေအနေ တစ်ခုပြီးတစ်ခုကနေ ကျွန်မ အထိအခိုက်မရှိဘဲ ထွက်လာခဲ့သလိုပေါ့။ အဲဒါ ဘုရားရဲ့ လုံးလုံး စောင့်ရှောက်၊ ကွယ်ကာမှုပဲ။ ဒီအတွေ့အကြုံအားလုံးက ဘုရားရဲ့ ဩဇာအာဏာနဲ့ အချုပ်အခြာရှိခြင်းကို ပြခဲ့တယ်။ ဘုရားက ဖမ်းခွင့်မပေးရင် အဆင်းနီတဲ့ နဂါးကြီး ကျွန်မကို ဖမ်းလို့ရမှာမဟုတ်ဘူး။ ကျွန်မအဖမ်းအဆီးခံရတာကို သူ ခွင့်ပြုရင်လည်း ကျွန်မ လွတ်နိုင်မှာမဟုတ်ဘူး။ ဒါကို နားလည်သွားတော့ ယုံကြည်ခြင်းရတယ်။ ကျွန်မအသက်ကို ဘုရားလက်ထဲအပ်ပြီး သူ့ရဲ့ စီစဉ်ညွှန်ကြားမှုတွေကို ကျိူးနွံနာခံဖို့ အသင့်ဖြစ်သလို ခံစားရတယ်။
နောက်ပိုင်းမှာ အထက်ခေါင်းဆောင်တွေ စုဝေးပွဲတွေ လုပ်ကြတဲ့အိမ်တစ်အိမ်ကို ရဲတွေ မစစ်ကြသေးတာ ကျွန်မ သိလိုက်ရတယ်။ စုဝေးပွဲနီးလာပြီးဆိုတော့ နောက်ထပ် ခေါင်းဆောင်တွေကို ဖမ်းဖို့ ရဲတွေ အခွင့်ကောင်းစောင့်နေမှာကို ကျွန်မ စိတ်ပူလာတယ်။ ခေါင်းဆောင်တွေကို အကြောင်းမကြားရင် သူတို့ အဖမ်းခံရနိုင်သလို၊ တခြားလူတွေတောင် အမှုပတ်ကုန်လိမ့်မယ်။ အကြံတချို့ကို ကျွန်မတို့ အသည်းအသန် စဉ်းစားလိုက်ပြီး အလှည့်အပြောင်းတချို့ကနေတစ်ဆင့် နောက်ဆုံးမှာ အထက်ခေါင်းဆောင်တွေဆီ အသင်းတော်ရဲ့ အခြေအနေကို ပြောပြခဲ့တယ်။ ခေါင်းဆောင်တွေက ကျွန်မတို့ရဲ့ ဘေးကင်းလုံခြုံမှုကို ထောက်ထားပြီး ပထမဆုံး သွားပုန်းနေကြဖို့ ပြောတယ်။ ရက်နည်းနည်းကြာတော့ ခေါင်းဆောင်တွေဆီကနေ စာရောက်လာတယ်။ ကျွန်မတို့နယ်မှာ အဆင်းနီတဲ့ နဂါးကြီးက စီမံတဲ့ အဖမ်းအဆီးတွေမှာ စာအုပ်တွေ ကာကွယ်ထိန်းသိမ်းဖို့ သုံးတဲ့ အိမ်နှစ်အိမ် အလစ်ဝင်ဖမ်းတာ ခံလိုက်ရပြီတဲ့။ တစ်အိမ်ပဲ ကျန်တော့တယ်၊ အားလုံးကို ချက်ချင်း ပြောင်းရွေ့ရမယ်တဲ့။ စာအုပ်တွေကို ထိန်းသိမ်းတဲ့သူတွေကို သိတဲ့သူထဲမှာ ကျွန်မကလွဲလို့ အကုန်အဖမ်းခံရပြီး ကျွန်မက အဲဒီနယ်မြေ၊ အသင်းသားတွေနဲ့ တော်တော် ရင်းနှီးတဲ့အတွက် ကျွန်မကို စာအုပ်တွေကို ကူရွှေ့ပေးစေချင်ကြတယ်။ အခြေအနေတွေအရ ကျွန်မ သွားပေးတာက အကောင်းဆုံးဖြစ်သလို ဒီတာဝန်ကို ကျွန်မ အရေးမစိုက်ဘဲ ထားလို့မရမှန်း ကောင်းကောင်းသိခဲ့တယ်။ ဒါပေမဲ့ ခုချိန်မှာ အခြေအနေက အရမ်းတင်းမာနေပြီး အဆင်းနီတဲ့ နဂါးကြီးက လူတွေကို လိုက်ဖမ်းနေတုန်းပဲလေ။ ဒီလိုအချိန်မှာ သွားလိုက်ရင် ကိုယ့်ဒုက္ခကိုယ် ရှာတာပဲဖြစ်မှာ မဟုတ်လား။ ကြောက်လန့်သလို ခံစားရတယ်။ ဒါပေမဲ့ အခြေအနေက ဘုရားလက်ထဲမှာရှိပြီး ဘုရားက အခွင့်မပေးရင် အဆင်းနီတဲ့ နဂါးကြီးက ကျွန်မကို ဘာမှ မလုပ်နိုင်တာကို ကျွန်မ တွေးမိတယ်။ ဒါကြောင့် ကူညီဖို့ ဆုံးဖြတ်လိုက်တယ်။ ကျွန်မ ဆုတောင်းတယ်။ “အို ဘုရားသခင်။ ဒီတာဝန် ကျွန်မဆီ ရောက်လာပြီဖြစ်သလို ကျွန်မ တာဝန်ဖြည့်ဆည်းဖို့ အသင့်ပါ။ ဘာပဲ ဆက်ပြီးဖြစ်ပါစေ ကိုယ်တော်ရဲ့ အစီအစဉ်တွေကို ကျိုးနွံနာခံဖို့ ကျွန်မ လိုလားနေပါတယ်။ အဖမ်းခံရရင်တောင်၊ ညှဉ်းဆဲခံရရင်တောင် ရှောင်ပြေးတဲ့သူ ဘယ်တော့မှ ဖြစ်မှာ မဟုတ်တော့ပါဘူး။ ကိုယ်တော့်ကို ဆက်ကပ်ပြီး စာတန်အရှက်ရအောင် သက်သေခံချက်မှာ ခိုင်ခိုင်မာမာ ရပ်တည်ပါ့မယ်”လို့ပေါ့။
ဒီတော့ ဟိုသည်မေးမြန်းပြီး စာအုပ်တွေ သိမ်းထားတဲ့ အိမ်ကို ကျွန်မတွေ့ခဲ့တယ်။ အဲဒီကညီအစ်ကိုက သူ့အိမ်ကို ရဲအရှိ ခုနှစ်ယောက်၊ ရှစ်ယောက်က လာဖမ်းပြီးပြီတဲ့။ စကားတစ်ခွန်းမဟဘဲ သူ့မိန်းမကို အတင်းခေါ်သွားကြပြီး ယွမ် ၂၀၀၀ ဒဏ်ကြေးရိုက်တယ်၊ ဒါပေမဲ့ သိမ်းထားတဲ့ စာအုပ်တွေကို တွေ့မသွားကြဘူး။ အဲဒါတွေကို အမြန်ဆုံး ရွှေ့ရမယ်တဲ့။ ကျွန်မတို့ စာအုပ်တွေကို ကားထဲ ချက်ချင်း ထုပ်ပိုးပြီး ထည့်လိုက်တယ်။ ကားမောင်းလာတဲ့တစ်လျှောက်လုံး ကျွန်မစိတ်က ဘုရားဆီကနေ ခဏတောင် လွင့်ပါးမသွားရဲခဲ့ဘူး။ နောက်ဆုံးမှာ အခက်အခဲတစ်ခုမှမရှိဘဲ လုံခြုံတဲ့နေရာကို စာအုပ်တွေ ပို့ခဲ့တယ်။ ဘုရားကို အကြိမ်ကြိမ် ကျေးဇူးတင်မိတယ်။
ဒီအတွေ့အကြုံတစ်ခုလုံးကို ပြန်တွေးကြည့်တော့ ဘုရားရဲ့ ဉာဏ်ပညာနဲ့ အနန္တတန်ခိုးအပြင် ကျွန်မရဲ့ ယုံကြည်ခြင်း ပေါ့တန်ခဲ့ပုံကို ကျွန်မ မြင်နိုင်တယ်။ အဆင်းနီတဲ့ နဂါးကြီးရဲ့ အဖမ်းအဆီးတွေ မရှိဘဲနဲ့ ကိုယ့်ရဲ့ဝိညာဉ်ရင့်ကျက်မှုကို ရှင်းရှင်း မြင်ခဲ့မှာ မဟုတ်သလို အထူးသဖြင့် တစ်ကိုယ်ကောင်းစိတ်နဲ့ သေမှာကို ကြောက်တဲ့စိတ်ကို မြင်မှာမဟုတ်တဲ့အပြင် ဘုရားရဲ့ အနန္တတန်ခိုးရှိတဲ့ အုပ်စိုးမှုအပေါ် သိနားလည်မှုတစ်ခုမှ ရှိခဲ့မှာ မဟုတ်ဘူး။ ဘုရားသခင်က တကယ်ကို ကျွန်မဘေးမှာ ရှိပြီး ဘုရားအပေါ် မှီခိုသရွေ့ သူက ရှိနေမှာဖြစ်ပြီး ကျွန်မတို့အတွက် လမ်းကြောင်းတစ်ခု ဖွင့်ပေးမှာ ဖြစ်တဲ့အကြောင်းကိုလည်း တွေ့ကြုံခဲ့တယ်။ ဒီသိနားလည်မှုက အေးချမ်းတဲ့ ပတ်ဝန်းကျင်တစ်ခုမှာ ကျွန်မ မရနိုင်မဲ့ အရာတစ်ခုပဲ။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။