ရောဂါကျွမ်းနေသော လူနာတစ်ဦး၏ ဆင်ခြင်သုံးသပ်ချက်များ
၂၀၁၃ခုနှစ်၊ ဇွန်လမှာ၊ ကျွန်မရာသီလာက ဆယ်ရက်ကျော်ကြာခဲ့ပြီး၊ သွေးခဲကြီးတွေ တချို့ ပါဆင်းတယ်။ အဲဒီတုန်းက၊ ကျွန်မရဲ့ ညာဘက်ဝမ်းဗိုက်အောက်မှာ နာကျင်မှု နည်းနည်းပဲ ခံစားခဲ့ရတယ်၊ ဒါကြောင့် ကျွန်မ သိပ်မတွေးခဲ့ဘူး။ ဒါပေမဲ့ နောက်လ ကျွန်မရာသီလာတဲ့အတောအတွင်းမှာ၊ သွေးခဲတွေ ဆင်းတာ ပိုပိုများလာပြီး၊ သွေးဆင်းတာ ပိုများသည်ထက် များလာခဲ့တယ်။ ကျွန်မ နည်းနည်း လန့်သွားလို့၊ ဆေးစစ်ဖို့ ဆေးရုံကို သွားခဲ့တယ်။ ဆရာဝန်က ဆေးစစ်ချက်တွေကို အိမ်ပြန်စောင့်ခိုင်းခဲ့တယ်။ ဒါပေမဲ့ နောက်တစ်နေ့မှာပဲ ကျွန်မ ဆက်ပြီး သွေးဆင်းနေခဲ့တယ်။ အကောင်းဆုံးဆေးက သွေးဆင်းတာကို ခဏပဲ ရပ်စေပြီး ဆေးပြယ်သွားတာနဲ့ ဆေးပြန်ဆင်းလာတယ်။ သွေးသွန်တာများလို့ အအေးမိပြီး တစ်ကိုယ်လုံး ချွေးစေးတွေပြန်လာတယ်။ အဲဒီတုန်းက ကျွန်မ အိမ်မှာ တစ်ယောက်ထဲ ရှိခဲ့တာ။ ကိုယ့်ကိုယ်ကိုယ် တွေးမိတယ်။ “သွေးသွန်တာများလို့ ငါသေသွားရင် ဘယ်လိုလုပ်မလဲ”ပေါ့။ ကျွန်မညီမကို ကျွန်မ ကမန်းကတန်း ဖုန်းဆက်ခေါ်ပြီး၊ နောက်တော့ မလှုပ်ရှားနိုင်အောင် အိပ်ရာထဲ လဲသွားခဲ့တယ်။ ကျွန်မညီမက လူနာတင်ကားကို အမြန်ဖုန်းဆက်ခေါ်ပြီး ကျွန်မကို ဆေးရုံအမြန်ပို့တယ်။ သွေးသွန်တာများလွန်းအားကြီးလို့ ကျွန်မမှာ ဖြူဖျော့နေတယ်။ ကျွန်မရဲ့ နူတ်ခမ်းတွေက ခရမ်းရောင်ပြောင်းသွားပြီး မျက်နှာက အလောင်းလို ဖြူဖပ်ဖြူရော်ဖြစ်သွားတယ်။ ကျွန်မ တစ်ကိုယ်လုံး အေးနေပြီး၊ သွေးသွင်းဖို့ အသည်းအသန် လိုနေခဲ့တယ်။ ဒါပေမဲ့ ဆေးရုံရဲ့ သိုထားတဲ့ သွေးရည်ကြည်က မရှိတော့သလို၊ မနက် ၁ နာရီအထိ ထပ်ရောက်လာမှာ မဟုတ်ဘူး။ ဆေးရုံက သွေးရည်ကြည်ကုန်သွားတာကို ကြားတော့ ကျွန်မ လန့်သွားတယ်။ “မနက် ၁နာရီထိရောက်ဖို့ ရှစ်နာရီ လိုသေးတယ်။ အဲဒီလောက်အကြာကြီး ငါ ဘယ်လိုခံနိုင်မှာလဲ။ သွေးဆင်းနေတာ ရှိသမျှကုန်လုနီးပါးဖြစ်နေလို့ ရှစ်နာရီအတွင်းမှာ ငါသေနေလောက်ပြီပေါ့ ငါ အရမ်းငယ်သေးတယ်။ ငါ သေသွားရင်၊ မိုးပြာရောင် ကောင်းကင်ပြာ ဒါမှမဟုတ် နိုင်ငံတော်ရဲ့ လှပတဲ့ ရှုခင်းကို ထပ်ပြီး လုံးဝ မြင်ရမှာ မဟုတ်ဘူး”လို့ တွေးနေမိတယ်။ ကျွန်မ တကယ် ကြောက်သွားပြီး၊ ဘုရားကို အဆက်မပြတ် အော်ခေါ်နေခဲ့မိတယ်။ “ဘုရားသခင်။ ကျေးဇူးပြုပြီး ကျွန်မကို ကယ်ပါ”လို့ပေါ့။ အဲဒီအချိန်မှာပဲ၊ ဘုရားနှုတ်ကပတ်တော်တစ်ကြောင်းကို သတိရသွားတယ်။ “သင်သည် ထွက်သက်ဝင်သက်တစ်ခု ရှိသေးသရွေ့၊ ဘုရားသခင်သည် သင့်အား သေစေလိမ့်မည် မဟုတ်ပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၆)) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မကို ယုံကြည်ချက်အများကြီး ပေးခဲ့တယ်။ ကျွန်မမှာ ထွက်သက်တစ်ခုရှိသေးသရွေ့၊ ဘုရားရဲ့ သဘောတူညီချက်မရှိဘဲနဲ့ ကျွန်မ သေမှာမဟုတ်ဘူး။ ကျွန်မဘုရားကို တိတ်တဆိတ် ဆုတောင်းခဲ့တယ်။ “ဘုရားသခင်၊ ကိုယ်တော်ကို ကျေးဇူးတင်ပါတယ်။ ကျွန်မ ကူကယ်ရာမဲ့ပြီး ကြောက်တဲ့အခါ၊ ကိုယ်တော်ရဲ့ နှုတ်ကပတ်တော်တွေကပဲ နှစ်သိမ့်နိုင်ပါတယ်။ ကျွန်မမှာ ထွက်သက်တစ်ခုရှိသေးပြီး၊ ကျွန်မကို သေခွင့်မပေးသရွေ့၊ ကျွန်မ ဆက်အသက်ရှင်ပါမယ်။ ကိုယ်တော်ပြောတာကို ကျွန်မ ယုံကြည်ပါတယ်”လို့ပေါ့။ ဆုတောင်းပြီးတဲ့နောက်မှာ၊ ကျွန်မ အများကြီး ပိုတည်ငြိမ်သွားပြီး ကြောက်တာလျော့သွားတယ်။ ကျွန်မယောက်ျားက ည ၆ နာရီဝန်းကျင်မှာ ဆေးရုံကို ရောက်ခဲ့ပေမဲ့၊ ဖြစ်ခဲ့တာကို ကြားတော့၊ ကျွန်မကို နှစ်သိမ့်စကားတစ်ခွန်းမှ မပြောပေးခဲ့ဘူး။ ကျွန်မကို ကြည့်ရုံကြည့်တယ်၊ အနီးအနားကရှိသူတွေကို ခဏ စကားပြောပြီးတော့ တန်းထွက်သွားတယ်။ ကျွန်မ ဘုရားကို စယုံကြည်ကတည်းက ကျွန်မယောက်ျားက ကျွန်မကို နှိပ်စက်ညှဉ်းပန်းနေခဲ့တာ။ အခု ကျွန်မ နေမကောင်းဖြစ်တော့၊ ပိုလို့တောင် အဆက်အဆံမလုပ်ချင်ခဲ့ဘူး။ ကျွန်မ အရမ်းဝမ်းနည်းညိုးငယ်ပြီး ခိုကိုးရာမဲ့ခဲ့တယ်။ အဲဒီအချိန်မှာ၊ ကျွန်မ မလှုပ်နိုင်၊ စကားမပြောနိုင်ပေမဲ့ စိတ်ကတော့ ရှင်းနေခဲ့တယ်။ ကျွန်မယောက်ျား ထွက်သွားတာကို မြင်တော့၊ မျက်နှာမှာ မျက်ရည်တွေ မရပ်မနားစီးကျလာတယ်။ နာမကျန်းချိန်မှာ ကျွန်မယောက်ျား ကျွန်မအနား နေပေးမယ်လို့ ထင်ခဲ့တာ။ သူ အရမ်းရက်စက်မယ်လို့ မထင်ခဲ့ဘူး။ အဲဒီအချိန်မှာ ကျွန်မ ယောက်ျားကို အားကိုးလို့မရတော့ဘဲ ဘုရားကိုပဲ မှီခိုလို့ရမှန်း ကျွန်မ သိခဲ့တယ်။ ကျွန်မ ဘုရားဆီကနေ တစ်ခဏလေးမှ လမ်းလွဲမသွားဝံ့ဘဲ တိတ်တဆိတ် ဆုတောင်းခဲ့တယ်။ ဓမ္မတေးတချို့နဲ့ ကျွန်မ ဖတ်ခဲ့တဲ့ ဘုရားနှုတ်ကပတ်တော်တွေကိုလည်း တွေးဆခဲ့တယ်။ ကျွန်မကို အနက်ရှိုင်းဆုံး သက်ရောက်စေခဲ့တာက “ပေတရုသည် စစ်မှန်သော ယုံကြည်ခြင်းနှင့် ချစ်ခြင်းကို ကိုင်စွဲထားခဲ့၏ကျူး”လို့ခေါ်တဲ့ ဓမ္မတေးသီချင်းပါပဲ။ “ဘုရားသခင်။ ကျွန်ုပ်၏ ဘဝသည် ဘာမျှထိုက်တန်ခြင်းမရှိပါ။ ကျွန်ုပ်ကိုယ်ခန္ဓာသည်လည်း ဘာမျှထိုက်ခြင်းမရှိပါ။ ကျွန်ုပ်တွင် ယုံကြည်ခြင်း တစ်ခုတည်းနှင့် ချစ်ခြင်းတစ်ခုတည်းသာ ရှိပါ၏။ ကျွန်ုပ်၏ စိတ်ထဲတွင် ကိုယ်တော်၌ ယုံကြည်ခြင်းရှိပြီး ကျွန်ုပ်၏ စိတ်နှလုံးထဲတွင် ကိုယ်တော့်အတွက် ချစ်ခြင်းရှိပါ၏။ ဤအရာနှစ်ခုသာ ကျွန်ုပ် ကိုယ်တော့်ကို ပေးဖို့ရှိပြီး အခြားမည်သည့်အရာမျှ မရှိပါ။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ယေရှုကို ပေတရု သိကျွမ်းလာခဲ့ပုံ) ကျွန်မ ခေါင်းထဲမှာ ဒီဓမ္မတေးကို ကိုယ့်ဘာသာ ဆိုနေခဲ့ပြီး၊ ကျွန်မရဲ့ ယုံကြည်ချက်မှာ ဘုရားကို ကိုယ့်ကိုယ်ကိုယ် ပေးအပ်ခဲ့သလို၊ သူ့ကို စစ်မှန်တဲ့ ယုံကြည်ချက် မရှိခဲ့ပုံကို တွေးမိတယ်။ ကျွန်မ မိသားစုကို အမြဲ မှီခိုအားကိုးချင်ခဲ့ပေမဲ့၊ ကျွန်မရဲ့ အားအနည်းဆုံး အချိန်မှာ၊ ကျွန်မနဲ့ အရင်းနှီးဆုံးလူက ကျွန်မကို လျစ်လျူရှုခဲ့တယ်။ ကျွန်မကို သူ့နှုတ်ကပတ်တော်တွေကနေ နှစ်သိမ့်တာ ဘုရားဖြစ်ပြီး သူကပဲ ကျွန်မကို ကယ်တင်နိုင်တယ်။ ကျွန်မစိတ်နှလုံးထဲ ဆုတောင်းမိတယ်။ “ဘုရားသခင်၊ ကိုယ်တော်ကပဲ ကျွန်မကို ကယ်တင်ပြီး နှစ်သိမ့်နိုင်သလို၊ ယုံကြည်ခြင်းနဲ့ ခွန်အားပေးနိုင်ပါတယ်။ ကျွန်မစိတ်နှလုံးနဲ့ ဘဝကို ကိုယ်တော့်ကို ပေးဖို့ အသင့်ပါ”လို့ပေါ့။ ဘုရားနှုတ်ကပတ်တော် ဓမ္မတေးတွေကို တွေးဆရင်းနဲ့ ကျွန်မတကယ် အေးချမ်းသွားသလို၊ ကျွန်မရဲ့ နာမကျန်းမှုနဲ့ သေမှာကြောက်တဲ့စိတ်ကို မစဉ်းစားမိတော့ဘူး။ တဖြည်းဖြည်းနဲ့ အနွေးဓာတ်တချို့ ကျွန်မခန္ဓာကိုယ်ထဲ ပြန်ရှိလာခဲ့ပြီး၊ မသိလိုက်ခင်မှာ၊ မနက် ၁ နာရီ ထိုးသွားပြီ။ သွေးသွင်းပြီးတော့ နောက်တစ်နေ့မှာပဲ အားပြည့်လန်းဆန်းသွားတယ်။ တာဝန်ကျသမားတော်က အိပ်ရာမှာ ကျွန်မထိုင်နေတာကိုမြင်တော့ လန့်သွားတယ်။ သူက၊ “မနေ့က အစ်မက အခြေအနေဆိုးခဲ့တာ။ ညတွင်းချင်း အစ်မကျော်ဖြတ်နိုင်ခဲ့တာ အံ့ဩမိတယ်”တဲ့။ ဆရာဝန်ပြောတာကို ကြားတော့၊ ဘုရားကို အကြိမ်ကြိမ် ကျေးဇူးတင်မိခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တွေရဲ့ လမ်းပြမှုကြောင့် မဟုတ်ရင်၊ ကျွန်မ လုံးဝ ရှင်မှာမဟုတ်ဘူး။ အားလုံးက ဘုရားရဲ့ အံ့ဩဖွယ်ရာ ကွယ်ကာမှုကြောင့်ပါ။ အဲဒီနောက်မှာ သမားတော်က ကျွန်မကို နောက်ထပ်ဆေးစစ်ချက်တွေ လုပ်ဖို့ မြို့ဆေးရုံကို ပို့လိုက်တယ်။ ကျွန်မ ကိုယ့်ဘာသာ တွေးမိတယ်။ ဘုရားက မနေ့က အရမ်းအန္တရာယ်များတဲ့ အခြေအနေကနေ ကွယ်ကာခဲ့တယ်။ ဒါကြောင့် သူတို့ ဘာဆိုးရွားတဲ့ ပြဿနာမှတွေ့မှာ မဟုတ်တာ သေချာတယ်။
နောက်တစ်နေ့မှာ နောက်ထပ် ဆေးစစ်ဖို့အတွက် ဆေးရုံကြီးတစ်ခုကို မိသားစုတချို့နဲ့ ကျွန်မ သွားခဲ့တယ်။ ရောက်လည်းရောက်ရော နောက်ဆုံးအဆင့် သားအိမ်ခေါင်းကင်ဆာဖြစ်နေတယ်ဆိုတာကို သိလိုက်ရတယ်။ အကျိတ်က ဘဲဥလုံးလောက် ကြီး ဖြစ်နေပြီး ခွဲကိုခွဲရတော့မယ်။ ခွဲစိတ်ကုသချိန်မှာ ကျွန်မရှင်မှာမဟုတ်ဘူး။ “နောက်ဆုံးအဆင့် သားအိမ်ခေါင်း ကင်ဆာ”လို့ သူပြောတာကြားတော့၊ ကျွန်မ ကြက်သေသေပြီး လုံးဝ အံ့အားသင့်သွားတယ်။ ကျွန်မ ကိုယ့်ကိုယ်ကိုယ် တွေးနေမိတယ်။ “ကင်ဆာလား။ ဘယ်လိုလုပ်ပြီး ကင်ဆာရသွားတာလဲ။ တချို့ မယုံကြည်သူတွေက ကင်ဆာဖြစ်ပြီးတော့ နှစ်လလောက်ပဲ အသက်ရှင်ကြတယ်။ ဒါကို ငါ ဖြတ်ကျော်နိုင်ပါ့မလား”လို့ပေါ့။ ကျွန်မ မချိတင်ကဲခံစားပြီး စိတ်ဓာတ်ကျသွားသလို ဘယ်သူ့ကိုမှ စကားမပြောချင်ခဲ့ဘူး။ ဆေးရုံကုတင်မှာ လှဲနေရင်းနဲ့ ယုံကြည်ခဲ့တဲ့ ဆယ်နှစ်ခန့်အချိန်ကို သုံးသပ်နေမိတယ်။ ဘုရားရဲ့ နောက်ဆုံးသော ကာလ အမှုတော်ကို လက်ခံကတည်းက၊ မိသားစုရဲ့ နှိပ်စက်မှုကို ကျွန်မ ခံခဲ့ရပြီး၊ မယုံကြည်သူတွေကတောင် ကျွန်မကို လှောင်ပြီး အသရေဖျက်ခဲ့တယ်။ ဒီနှစ်တွေအတွင်းမှာ၊ အသင်းတော်က ကျွန်မကို ဘာတာဝန်ပဲ ပေးပါစေ၊ ကျွန်မ အမြဲ ကျိုးနွံနာခံခဲ့တယ်။ ဘယ်လောက်ပဲ ခက်ခဲ၊ ပင်ပန်းပါစေ၊ ဘုရားကို မှီခိုခြင်းနဲ့ ကျွန်မ ဖြတ်ကျော်ခဲ့တယ်။ ကျွန်မ အဖမ်းခံခဲ့ရချိန်၊ တရားစွဲခံရပြီး ထောင်ထဲအပို့ခံရချိန်မှာတောင်၊ ဘုရားကို တစ်ခါမှ သစ္စာမဖောက်ခဲ့ဖူးသလို၊ ကျွန်မ လွတ်လာတဲ့နောက်မှာ၊ ဧဝံဂေလိကို ဆက်ဖြန့်ပြီး ကိုယ့်တာဝန်ကို ဖြည့်ဆည်းခဲ့တယ်။ ကျွန်မ အများကြီး ဆင်းရဲဒုက္ခခံရပြီးသားဖြစ်သလို ကြမ်းတမ်းတဲ့ အချိန်တွေကို ဖြတ်သန်းခဲ့တာဖြစ်လို့၊ အခု ဘာလို့ ရောဂါကကျွမ်းနေတာလဲ။ ဘာလို့ ဘုရားက ကျွန်မကို မကာကွယ်ခဲ့တာလဲ။ ကျွန်မရဲ့ ဘုရားအပေါ် ယုံကြည်ချက်က အဆုံးသတ်လာခဲ့တာလဲ။ ကျွန်မ နားကိုမလည်ခဲ့သလို၊ အဲဒီလို သေရမှာကို လက်မခံနိုင်ခဲ့ဘူး။ မကျေနပ်ချက် မျက်ရည်တွေက မျက်နှာပေါ် စီးဆင်းလာရင်းနဲ့ ဘုရားကို ကျွန်မ တောင်းလျှောက်ခဲ့တယ်။ “အို ဘုရားသခင်၊ ကျွန်မ မသေချင်ပါဘူး။ အခု ကျွန်မ သေရင်၊ ကိုယ်တော်ရဲ့ ဘုန်းထင်ရှားပြီး အဆင်းနီ နဂါးကြီး ပျက်စီးတဲ့နေ့ကို လုံးဝ မြင်ရမှာ မဟုတ်သလို၊ နိုင်ငံတော်ရဲ့ လှပတဲ့ မြင်ကွင်းကို လုံးဝ မြင်ရမှာ မဟုတ်ပါဘူး။ ကျွန်မအတွက် ဘာအဆုံးသတ် ရှိထားလဲဆိုတာကို တွေးဖို့ တုန်လှုပ်မိပါတယ်။ အို ဘုရားသခင်၊ ကျွန်မကို ကူညီပြီး ကျွန်မရဲ့ ရောဂါကို ပျောက်ကင်းစေပါ”လို့ပေါ့။ အဲဒီအချိန်မှာပဲ၊ သွေးတွေ အရမ်းသွန်ခဲ့တုန်းက ကျွန်မ ခံစားခဲ့ရတာကို ဘယ်သူမှ ကျွန်မကို ရှင်လိမ့်မယ်လို့ မထင်ခဲ့ပေမဲ့ ဘုရားက ကျွန်မရဲ့အသက်ကို ကာကွယ်စောင့်ရှောက်ထားခဲ့ပြီး၊ သူ့ရဲ့ အံ့ဖွယ်လုပ်ဆောင်ချက်ကို ကျွန်မ မျက်မြင်ကြုံခဲ့ရပုံကို ပြန်တွေးမိတယ်။ အဲဒီအတွေးနဲ့၊ ကျွန်မ ကုသမှု ခံယူချင်ခဲ့တယ်။
ကျွန်မရဲ့ အခြေအနေ ဆိုးရွားပုံကို မြင်တော့၊ ဓာတ်ရောင်ခြည်နဲ့ ဓာတုကုထုံး နှစ်မျိုးစလုံးခံယူဖို့ ဆရာဝန်က အကြံပြုခဲ့တယ်။ ဓာတုကုထုံးကြောင့် ကျွန်မမှာ အော့အန်ချင်ပြီး ယောင်ချာချာဖြစ်လာတယ်။ အရမ်းကို သက်သောင့်သက်သာမရှိသလို ကျွန်မမျက်နှာက တကယ် ပူလာတယ်။ ဓာတ်ရောင်ခြည်နဲ့ကုနေတဲ့အတောအတွင်းမှာ ခန္ဓာကိုယ်အနှံ့ကို အပ်တွေနဲ့ ထိုးဆွခံနေရသလို ခံစားရတယ်။ ကုထုံးနှစ်ခုလုံးရဲ့ နာကျင်မှုက မခံရပ်နိုင်စရာဖြစ်ခဲ့ပြီး၊ ဘုရားကို ထပ်ပြီး ညည်းညူ၊ အထင်လွဲလာခဲ့တယ်။ ဘုရားရဲ့ ကွယ်ကာမှုမရရှိတဲ့ မယုံကြည်သူတွေက ကင်ဆာရတာ အဓိပ္ပာယ်ရှိပေမဲ့၊ ကျွန်မက ဘုရားကို ယုံကြည်ချက်ရှိတယ်လေ၊ ဒီတော့ ဒီကျွမ်းနေတဲ့ ရောဂါကို ဘယ်လို ရလာခဲ့ရတာလဲ။ ဘုရားက ကျွန်မကို မကွယ်ကာခဲ့ဘူးပဲ။ ဆေးရုံက ကျွန်မရဲ့အဆောင်က ကင်ဆာလူနာမျိုးစုံနဲ့ ပြည့်နေခဲ့ပြီး၊ နှစ်ရက်၊သုံးရက်တိုင်း သေတဲ့လူနာကို အခန်းထဲကနေ လှည်းနဲ့ထုတ်သွားကြတယ်။ ကျွန်မ လန့်နေခဲ့ပြီး၊ ကျွန်မရောဂါ နောက်ထပ် ဆိုးလာခဲ့ရင်၊ တစ်နေ့နေ့ ကျွန်မ လှည်းနဲ့အထုတ်ခံရမှာကို စိုးရိမ်ခဲ့တယ်။ တစ်နေ့လုံး တခြားကင်ဆာရောဂါသည်တွေနဲ့ မပိတ်မိချင်ခဲ့ဘူး။ သူတို့ရဲ့ စိတ်မချမ်းမြေ့စရာ ညည်းသံကို တစ်နေ့ပြီးတစ်နေ့ နားထောင်ရတာ အရမ်း စိတ်ဒုက္ခရောက်ရတယ်။ ဒါကြောင့် ကျွန်မရဲ့ ကုသမှုပြီးတာနဲ့၊ ဘုရားနှုတ်ကပတ်တော် ဖတ်ဖို့ ညီအစ်မတစ်ယောက်ရဲ့ အိမ်ကို သွားခဲ့တယ်။ သူနဲ့ စုဝေးနေတဲ့အတောအတွင်းမှာ၊ ဘုရားနှုတ်ကပတ်တော်အပေါ် ကျွန်မရဲ့ သိနားလည်မှုကို တက်တက်ကြွကြွ ဝေမျှခဲ့ပြီး၊ အလားအလာရှိတဲ့ ဧဝံဂေလိ လက်ခံသူတွေနဲ့ဆိုင်တဲ့ အယူအဆတွေကို ဘယ်လိုဖြေရှင်းရမယ်ဆိုတာကို သူနဲ့ ဆွေးနွေးခဲ့တယ်။ ကျွန်မ ကိုယ့်ကိုယ်ကို တွေးမိတယ်။ “ဆေးရုံကနေ ငါ ဆင်းတာနဲ့၊ ဧဝံဂေလိကို ဆက်ဖြန့်ပြီး ကိုယ့်တာဝန်ကို ဆက်လုပ်မယ်။ စုဝေးပွဲတွေကို ငါ ပိုတက်သရွေ့၊ ဘုရားနှုတ်ကပတ်တော်တွေကို ပိုစားသောက်ပြီး ဘုရားကို ယုံကြည်ချက်ရှိသရွေ့၊ သူ ငါ့ကို သေချာပေါက် ကာကွယ်မှာပဲ”ပေါ့။ ကျွန်မရဲ့ ကုသမှုအတောအတွင်းမှာ၊ အမျိုးတစ်ယောက် အလည်လာပြီး၊ သူ့ယောက်ျားက ကင်ဆာနဲ့ သေခဲ့ပြီး ကျွန်မရဲ့ကင်ဆာလည်း ကုလို့မရနိုင်ဘူးလို့ ကျွန်မယောက်ျားနဲ့ ကလေးတွေကို သိုသိုသိပ်သိပ် ပြောခဲ့တယ်။ ဆေးရုံမှာ ကုသစရိတ်အတွက် ငွေကုန်တာထက်၊ ကျွန်မကို ခရီးပဲခေါ်သွားပြီး၊ ကျွန်မကိုရော သူတို့ရဲ့ ငွေကိုပါ မဆုံးရှုံးတာ ပိုကောင်းမယ်လို့ ပြောခဲ့တယ်။ ကျွန်မယောက်ျားက သူ့အကြံကို ယူပြီး၊ ကျွန်မကို ခရီးတစ်ခု ခေါ်သွားမယ်လို့ ပြောတယ်။ ကျွန်မ သွားချင်တဲ့ ဘယ်နေရာကိုမဆို သွားမယ်လို့ ပြောတယ်။ ဒါပေမဲ့ ကျွန်မရဲ့ တစ်ခုတည်းသော အတွေးက၊ “ဒီတော့ ငါ့ရဲ့ ကုသမှုကို သူတို့ လက်လျှော့ချင်တယ်ပေါ့။ အဲဒီလိုဖြစ်ရင် ငါ သေမှာ မဟုတ်လား။ ဒါတကယ်ပဲ ငါ့အတွက် အဆုံးသတ်လား”ပေါ့။ ကျွန်မ ထပ်ပြီး မချိတင်ကဲခံစားရတယ်။ ရက်နည်းနည်းကြာတော့၊ ကျွန်မယောက်ျားက ဆေးစရိတ်ကို ပေးဖို့ ငြင်းတယ်။ ကျွန်မညီမက ပြောတယ်။ “အစ်မရဲ့ ဆရာဝန်က အစ်မ အသက်ရှင်ဖို့ နှစ်လ၊ သုံးလပဲ ရှိတော့တယ်ပြောလို့ အစ်မရဲ့ ယောက်ျားကို အစ်မရဲ့စရိတ်တွေ ပေးဖို့ မတောင်းပါနဲ့တော့။ ဘယ်ကုသမှုကမှ အစ်မကို အခု ပျောက်ကင်းစေနိုင်မှာ မဟုတ်ဘူး။ ဘုရားကိုပဲ အားကိုပါ၊ သူပဲ အစ်မကို ကယ်နိုင်တယ်”တဲ့။ ဒါကိုကြားတော့ ကျွန်မမှာ ချောက်ချားပြီး အိပ်ရာထဲ ကြက်သေသေသွားတယ်။ သူပြောတာ မှန်နိုင်မယ်လို့ မတွေးရဲခဲ့ဘူး။ ကျွန်မမှာ အသက်ရှင်ဖို့ နှစ်လ၊ သုံးလပဲ ရှိတာလား။ ကျွန်မ လုံးဝ ဝမ်းနည်းပက်လက်ဖြစ်သွားပြီး၊ မျက်ရည်တွေက မျက်နှာမှာ စီးကျလာခဲ့တယ်။ ကျွန်မကို ဆရာဝန်က ကုမရနိုင်ဘူးလို့ ပြောပြီး၊ ကျွန်မယောက်ျားနဲ့ သားသမီးတွေက ကျွန်မရဲ့ ကုသမှုကို လက်လျှော့လိုက်ကြပြီ။ သေဖို့ စောင့်ရုံကလွဲလို့ ဘာလုပ်ဖို့ ကျန်သေးလဲ။ ဘုရားက သေခြင်းကနေ ကျွန်မကို ကယ်မှာဖြစ်ပြီး နိုင်ငံတော်ထဲ ကျွန်မ ဝင်နိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ နှစ်တွေအများကြီး ဘုရားကို ကျွန်မယုံကြည်ခဲ့ပြီး အများကြီး ဆင်းရဲဒုက္ခခံခဲ့တယ်။ ကိစ္စတွေက ဒီလိုအဆုံးသတ်မယ်လို့ လုံးဝ စိတ်ကူးမိခဲ့ဘူး။ ကျွန်မ အရမ်းကို မျှော်လင့်ချက်မဲ့ပြီး ကယ်လို့မရတော့သလို ခံစားခဲ့ရတယ်။ နောက်ရက်တွေမှာ၊ ဟန်လုပ်ဆုတောင်းရုံဆုတောင်းပြီး ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ဖို့ စိတ်ထက်သန်မှု လျော့သွားတယ်။ ကျွန်မ အချိန်မရွေး သေသွားနိုင်ပြီး ဆုတောင်းတာ အသုံးမဝင်တော့သလိုမျိုး ခံစားခဲ့တယ်။ ကျွန်မ အရမ်းကို အဆိုးမြင်ပြီး အပျက်သဘောဆောင်ခဲ့တယ်။
တစ်နေ့ ဆေးရုံအဆောင်ဆီ ပြန်သွားနေတုန်း၊ တံခါးကို ကျွန်မ ဖွင့်လိုက်တာနဲ့ ခန္ဓာကိုယ်ပေါ် အဝတ်ဖြူ ခြုံလွှမ်းထားတဲ့ ကင်ဆာလူနာတစ်ယောက် သေပြီး သူ့အိပ်ရာမှာ လဲနေတာကို မြင်ရတယ်။ ကျွန်မ အရမ်းကြောက်လို့ တခြားအဆောင်တစ်ခုထဲ ပြေးသွားတယ်။ အဲဒီလူနာကို ပြီးခဲ့တဲ့ နှစ်ရက်ကပဲ ဆေးရုံတက်ခွင့်ပြုခဲ့တာဖြစ်ပြီး သေနှင့်နေပြီ။ မကြာခင်တစ်ရက်မှာ ကျွန်မလည်း သေခြင်းကို ရင်ဆိုင်ရမှာ ကြောက်ခဲ့တယ်။ ဒါကြောင့် ဘုရားဆီ ကမန်းကတန်း ဆုတောင်းခဲ့တယ်။ “အို ဘုရားသခင်၊ ကျွန်မ အရမ်းကြောက်တယ်၊ အပျက်သဘောဆောင်ပြီး အားနည်းပါတယ်။ မယုံကြည်သူတစ်ယောက်လို မသေချင်ပါဘူး။ ကျေးဇူးပြုပြီး၊ ကျွန်မကို ကွယ်ကာပါ၊ ယုံကြည်ခြင်းနဲ့ ခွန်အားပေးပြီး၊ ကိုယ်တော်ရဲ့ အလိုတော်ကို နားလည်ခွင့်ပေးပါ”လို့ပေါ့။ ဆုတောင်းပြီးတော့၊ “စမ်းသပ်ခံရခြင်းများ၏ ဝေဒနာသည် ဘုရားထံမှ ကောင်းချီးဖြစ်၏ကျူး”ဆိုတဲ့ ဓမ္မတေးကို သတိရသွားတယ်။ “စိတ်မပျက်နှင့်၊ အားမနည်းနှင့်၊ ထိုအခါ ငါသည် သင့်အတွက် အမှုအရာများကို ရှင်းလင်းစေမည်။ နိုင်ငံတော်သို့ သွားရာလမ်းသည် သိပ်ချောမွေ့ခြင်းမရှိ။ မည်သည့်အရာမျှ ထိုမျှ မရိုးရှင်းပေ။ ကောင်းချီးများ သင့်ထံ အလွယ်တကူ ရောက်လာသည်ကို သင် လိုချင်သည် မဟုတ်လော။ ယနေ့တွင် အယောက်တိုင်းသည် ခါးသီးသော စမ်းသပ်ခြင်းများ ရင်ဆိုင်ဖို့ ရှိလိမ့်မည်။ ထိုသို့သော စမ်းသပ်မှုများမရှိပါက၊ သင်တို့၌ ရှိသည့် ငါ့ကိုချစ်သော နှလုံးသားသည် တိုး၍ အားကောင်းလာလိမ့်မည် မဟုတ်သကဲ့သို့၊ သင်တို့သည် ငါ့အတွက် စစ်မှန်သော ချစ်ခြင်းမေတ္တာ ရှိလိမ့်မည်မဟုတ်။ ဤစမ်းသပ်မှုများတွင် အရေးမပါသော အခြေအနေများသာ ပါရှိလျှင်ပင်၊ အယောက်တိုင်း ၎င်းတို့ကို ကျော်ဖြတ်ရမည်။ စမ်းသပ်မှုများ၏ ခက်ခဲမှုက လူတစ်ဦးနှင့်တစ်ဦး ခြားနား လိမ့်မည်သာ ဖြစ်သည်။ စမ်းသပ်မှုများသည် ငါ့ထံမှလာသော ကောင်းချီးမင်္ဂလာများဖြစ်ပြီး၊ သင်တို့ထဲမှ မည်မျှသည် ငါ၏ ရှေ့သို့ မကြာခဏ လာပြီး ဒူးထောက်လျက် ကောင်းချီး မင်္ဂလာများကို တောင်းခံကြသနည်း။ အနည်းငယ်သော မင်္ဂလာရှိသည့် စကားများကို ငါ၏ ကောင်းချီးမင်္ဂလာများအဖြစ် သင်တို့ အမြဲ ယူဆ ကြသော်လည်း၊ ခါးသီးမှုသည် ငါ၏ ကောင်းချီးမင်္ဂလာများထဲမှ တစ်ခုဖြစ်သည်ကို သင်တို့ သတိမပြုမိကြပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၄၁)) ဘုရားနှုတ်ကပတ်တော်တွေက နှစ်သိမ့်မှုပေးပြီး ကျွန်မအတွက် အရမ်းတို့ထိစရာဖြစ်ခဲ့တယ်။ သူ့နှုတ်ကပတ်တော်တွေက ကောင်းကင်နိုင်ငံတော်ထဲ ဝင်ဖို့က ချောမွေ့ပြီး လွယ်တဲ့လမ်းမဟုတ်ဘူး၊ ခါးသီးတဲ့ စမ်းသပ်မှုတချို့ကို သည်းခံရမယ်လို့ ပြသခဲ့တယ်။ ကျွန်မရောဂါက နောက်ထပ် စမ်းသပ်မှုနဲ့ ဘုရားဆီက ကောင်းချီးတစ်ခုဖြစ်ပါတယ်။ ဘုရားကို ကျွန်မ ယုံကြည်ချက် ပျောက်ဆုံးလို့မရဘဲ၊ ဒီရောဂါထဲမှာ ဘုရားရဲ့အလိုတော်ကို ကျွန်မ ရှာပြီး သူ့ကို မညည်းညူရဘူး၊ ပြီးတော့ ဘုရားကို သက်သေခံချက်မှာ ခိုင်ခိုင်မာမာ ရပ်ရမယ်။ ဘုရားအလိုတော်ကို နားလည်တဲ့နောက်မှာ၊ ကျွန်မ အပျက်သဘောဆောင်တာ လျော့သွားပြီး၊ ဒါကို ဖြတ်ကျော်ဖို့ ဘုရားကို မှီခိုအားကိုဖို့ ယုံကြည်ချက်ရှိခဲ့တယ်။ ဘုရားက ကျွန်မကို သေခွင့်မပေးသေးတာကို မြင်တော့၊ အားတဲ့အချိန်မှာ သူ့နှုတ်ကပတ်တော်တွေ ပိုဖတ်ပြီး အဲဒီညီအစ်မနဲ့ စုဝေးခဲ့တယ်။
သူ့အိမ်မှာ၊ ဒီဘုရားနှုတ်ကပတ်တော်အပိုင်းကို မကြာခဏဖတ်တယ်။ “ပေတရု၏ အတွေ့အကြုံများ- ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် သူ၏အသိပညာ” စာတစ်ပိုဒ်က ဘုရားကို ယုံကြည်ခြင်းနဲ့ပတ်သက်လို့ ကျွန်မရဲ့အမြင်နဲ့ဆိုင်တဲ့ အသိအသစ်တချို့ ပေးခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ဘုရားသခင်၌ သင်၏ ယုံကြည်ခြင်းသည် မည်သည့်စိန်ခေါ်မှုများ သို့မဟုတ် အတိဒုက္ခများ သို့မဟုတ် ဆင်းရဲဒုက္ခ အနည်းငယ်ကိုမျှ ဖြစ်ပေါ်စေမည်မဟုတ်ဟု သင်မျှော်လင့်သည်။ သင်သည် အသုံးမကျသော ထိုအရာများကို အမြဲလိုက်စားပြီး၊ ဘဝကို တန်ဖိုးမထားပေ၊ ထိုအစား သင်၏ ကိုယ်ပိုင် လွန်ကဲသော အတွေးများကို သမ္မာတရားရှေ့မှောက်သို့ ထားရှိလေသည်။ သင်သည် အလွန် အသုံးမကျပါတကား။ သင်သည် ဝက်တစ်ကောင်ကဲ့သို့ အသက်ရှင်၏- သင်နှင့် ဝက်များ၊ ခွေးများကြားတွင် မည်သည့် ကွာခြားချက် ရှိပါသနည်း။ သမ္မာတရားကို မလိုက်စားဘဲ ယင်းအစား ဇာတိပကတိကို နှစ်သက်သူများ အားလုံးသည် သားရဲများ ဖြစ်ကြသည်မဟုတ်လော။ ဝိညာဉ်မရှိသော ဤအသေကောင်များ အားလုံးသည် လမ်းလျှောက် နေသည့် အလောင်းကောင်များ မဟုတ်ပေလော။ သင်တို့အလယ်တွင် နှုတ်ကပတ်တော်ပေါင်းမည်မျှ ပြောပြီးပြီနည်း။ သင်တို့အလယ်တွင် အနည်းငယ်သော အမှုကိုသာ လုပ်ဆောင်ပြီးလေပြီလော။ သင်တို့အလယ်တွင် ငါမည်မျှ ထောက်ပံ့ပေးပြီးပြီနည်း။ သို့ဆိုလျှင် သင်သည် အဘယ်ကြောင့် ယင်းကို မရရှိသေးသနည်း။ သင်သည် စောဒကတက်စရာ မည်သည့်အရာ ရှိသနည်း။ သင်သည် ဇာတိပကတိကို အလွန်နှစ်သက်သောကြောင့်၊ မည်သည့်အရာမျှ မရလေပြီမှာ ဟုတ်သည် မဟုတ်လော။ ပြီးလျှင် သင်၏အတွေးများက လွန်ကဲလွန်းသောကြောင့် ဖြစ်သည် မဟုတ်လော။ သင်သည် အလွန်မိုက်မဲလွန်းသောကြောင့် ဖြစ်သည် မဟုတ်လော။ ဤကောင်းချီးမင်္ဂလာများကို သင်သည် ရယူနိုင်စွမ်းမရှိပါက၊ သင့်ကို မကယ်တင်ခြင်းအတွက် ဘုရားသခင်ကို သင် အပြစ်တင်နိုင်သလော။ သင်၏သားသမီးများ နာမကျန်းဖြစ်ခြင်း ကင်းရန်အတွက်၊ သင်၏ခင်ပွန်းက အလုပ်ကောင်း ရှိရန်အတွက်၊ သင်၏သားက ဇနီးကောင်း တစ်ဦးကို ရရန်အတွက်၊ သင့်သမီးက ရည်မွန်သော ခင်ပွန်းတစ်ဦးကို ရရန်အတွက်၊ သင့် နွားများနှင့် မြင်းများက မြေကိုကောင်းစွာ ထွန်ယက်ရန်အတွက်၊ သင်၏ ကောက်ပဲသီးနှံများ အတွက် တစ်နှစ်ပတ်လုံး ရာသီဥတု ကောင်းမွန်ရန်အတွက်၊ သင် လိုက်စားသည့်အရာမှာ ဘုရားသခင်ကို ယုံကြည်ပြီးနောက် ငြိမ်သက်ခြင်း ရရှိနိုင်ရန်ဖြစ်သည်။ ဤသည်မှာ သင် ရှာဖွေသောအရာ ဖြစ်သည်။ သင်၏ လိုက်စားခြင်းမှာ သက်သောင့်သက်သာဖြင့် အသက်ရှင်ရန်၊ သင့်မိသားစုပေါ်သို့ မတော်တဆမှုများ မကျရောက်ရန်အတွက်၊ သင့်အနား လေပြည်ဖြတ်သွားရန်အတွက်၊ သင့်မျက်နှာကို မြေမှုန် မထိစေရန်အတွက်၊ သင့်မိသားစု၏ ကောက်ပဲသီးနှံများ ရေလွှမ်းမိုးခြင်း မခံရစေရန်အတွက်၊ မည်သည့် သဘာဝဘေးအန္တရာယ်ကမျှ သင့်ကို မထိခိုက်စေရန်အတွက်၊ ဘုရားသခင်၏ ထွေးပိုက်မှုထဲတွင် အသက်ရှင်ရန်၊ ဇိမ်ရှိသော အသိုက်အမြုံထဲတွင် နေထိုင်ရန် ဖြစ်သည်။ သင်ကဲ့သို့သော ဇာတိပကတိကို အမြဲလိုက်စားသည့် သတ္တိကြောင်သူ တစ်ဦး- သင်သည် စိတ်နှလုံးတစ်ခု ရှိပါသလော၊ သင်သည် စိတ်ဝိညာဉ် ရှိပါသလော။ သင်သည် သားရဲတစ်ကောင် မဟုတ်လော။ အပြန်အလှန်အနေဖြင့် မည်သည့်အရာကိုမျှ မတောင်းဆိုဘဲ၊ စစ်မှန်သော လမ်းခရီးကို သင့်အား ငါပေးခဲ့သည်၊ သို့သော် သင်သည် မလိုက်စားပေ။ သင်သည် ဘုရားသခင်ကို ယုံကြည်သော သူများထဲမှ တစ်ဦးလော။ ငါသည် သင့်အပေါ် စစ်မှန်သော လူ့အသက်ကို အပ်နှင်းသော်လည်း၊ သင်သည် မလိုက်စားပေ။ သင်သည် ဝက်များ၊ ခွေးများနှင့် မည်သည့် ကွာခြားမှုမျှမရှိသလော။ ဝက်များသည် လူ့အသက်ကို မလိုက်စားကြပေ၊ ၎င်းတို့သည် သန့်ရှင်းစေခြင်းကို မလိုက်စားသကဲ့သို့၊ အသက်က မည်သည့်အရာဖြစ်သည်ကို ၎င်းတို့နားမလည်ကြပေ။ နေ့စဉ်တွင် ၎င်းတို့ ဝသည်ထိစားပြီးနောက်၊ ၎င်းတို့ အိပ်ရုံသာပြုကြသည်။ ငါသည် သင့်အား မှန်သော လမ်းခရီးကို ပေးပြီးဖြစ်သော်လည်း၊ သင်သည် ယင်းကို မရယူသေးပေ။ သင်သည် လက်ချည်းသက်သက် ဖြစ်ပေသည်။ သင်သည် ဤဘဝ၊ ဝက်တစ်ကောင်၏ဘဝတွင် ဆက်လက် အသက်ရှင်ရန် လိုလားနေပါသလော။ ထိုသို့သောလူများ အသက်ရှင်ခြင်း၏ အရေးပါမှုမှာ အဘယ်နည်း။ သင်၏ အသက်တာသည် အထင်သေးဖွယ် ဖြစ်သကဲ့သို့ ရှက်ဖွယ်ဖြစ်သည်၊ သင်သည် ညစ်ညမ်းမှုနှင့် ကိုယ်ကျင့်သိက္ခာ ကင်းမဲ့မှုအလယ်တွင် အသက်ရှင်ပြီး၊ သင်သည် မည်သည့် ရည်မှန်းချက်များကိုမျှ မလိုက်စားပေ။ သင့်ဘဝသည် အားလုံးထဲတွင် ရှက်ဖွယ်အကောင်းဆုံး ဖြစ်သည်မဟုတ်လော။ ဘုရားသခင်ကို သင်ကြည့်ရှုဝံ့သလော။ ဤနည်းဖြင့် သင် ဆက်လက် တွေ့ကြုံပါက၊ သင်သည် မည်သည့်အရာကိုမျှ မရရှိဘဲ ဖြစ်လိမ့်မည် မဟုတ်လော။ သင့်ထံ မှန်ကန်သောလမ်းခရီးကို ပေးထားပြီး ဖြစ်သော်လည်း၊ နောက်ဆုံးတွင် သင်သည် ယင်းကို ရရှိနိုင်ခြင်း ရှိမရှိဆိုသည်မှာ သင်၏ ကိုယ်ရေးကိုယ်တာ လိုက်စားမှုအပေါ် မူတည်ပေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်) ဘုရားနှုတ်ကပတ်တော်ထဲက ဒီအပိုဒ်ကိုလည်း ဖတ်ခဲ့တယ်။ “၎င်းတို့နှင့် အလွန်အနီးကပ် ဆက်စပ်သည့် အကျိုးကျေးဇူးများမှလွဲ၍၊ ဘုရားသခင်ကို မည်သည့်အခါကမျှ နားမလည်ဖူးသော သူတို့က သူ့အတွက် အလွန်များလှစွာ ပေးဆပ်ရမည့် အခြားအကြောင်းရင်းတစ်ခုတစ်လေ ရှိနိုင်မည်လော။ ဤတွင် ယခင်က အမည်မဖော်နိုင်ခဲ့သည့် ပြဿနာတစ်ရပ်ကို ငါတို့ ရှာဖွေ တွေ့ရှိပေသည်- လူသား၏ ဘုရားသခင်နှင့် ဆက်ဆံရေးမှာ ပကတိ မိမိ၏ကိုယ်ကျိုးစီးပွားတစ်ခုမျှသာ ဖြစ်ပေသည်။ ယင်းသည် ကောင်းချီးမင်္ဂလာများ လက်ခံရရှိသူနှင့် ပေးသူတို့အကြား ဆက်ဆံရေးတစ်ခု ဖြစ်သည်။ ရှင်းရှင်းပြောပါက၊ အလုပ်သမားနှင့် အလုပ်ရှင်တို့အကြား ဆက်ဆံရေးနှင့် ဆင်ဆင်တူပေသည်။ အလုပ်သမားသည် အလုပ်ရှင် ချပေးသော ဆုလာဘ်များကို လက်ခံရရှိရန်သာ အလုပ်လုပ်သည်။ ထိုသို့သော ဆက်ဆံရေးတစ်ရပ်တွင် ချစ်ခင်ခြင်းမရှိပေ၊ အပေးအယူသာ ရှိသည်။ ချစ်ခြင်း သို့မဟုတ် အချစ်ခံရခြင်းမရှိ၊ ပေးကမ်းစွန့်ကြဲခြင်းနှင့် သနားကရုဏာသာ ရှိသည်။ နားလည်မှုမရှိ၊ မျိုသိပ်ထားသော နာကြည်းမှုနှင့် လှည့်ဖြားခြင်းသာ ရှိသည်။ ရင်းနှီးမှုမရှိ၊ ဖြတ်သန်းမရနိုင်သည့် ကွာဟချက်သာ ရှိသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆက်တွဲ (၃)- ဘုရားသခင်၏ စီမံခန့်ခွဲမှုအလယ်၌သာ လူသားသည် ကယ်တင်ခြင်း ခံရနိုင်သည်) ဘုရားရဲ့ တရားစီရင်တဲ့ နှုတ်ကပတ်တော်တွေက နှလုံးကို ထွင်းဖောက်တဲ့ ထက်မြတဲ့ ဓားတစ်စင်းလိုပါပဲ။ ဘုရားက ကျွန်မကို မျက်နှာချင်းဆိုင် တရားစီရင်နေသလိုမျိုးပဲ။ ကျွန်မ ကိုယ့်ကိုယ်ကိုယ် စသုံးသပ်မိတယ်။ ခရစ်ယာန်ဖြစ်လာတဲ့နောက်မှာ၊ ကျေးဇူးတော်ရဖို့ ကျွန်မ အမြဲကြိုးစားခဲ့တယ်။ သခင့်ကို ကျွန်မ ယုံကြည်သရွေ့၊ ကျွန်မကို သူ ဘေးကင်းစေပြီး အန္တရာယ်က ကာကွယ်မယ်လို့ ထင်ခဲ့တယ်။ ဘုရားရဲ့ နောက်ဆုံးသော ကာလ အမှုတော်ကို လက်ခံပြီး တဲ့နောက်မှာ၊ ဘုရားက ကျေးဇူးတော်ခေတ်ကလို အနာငြိမ်းပေးတာ၊ နတ်ဆိုးနှင်တာ၊ နိမိတ်လက္ခဏာပြတာတွေ ပြုမယ့်အစား လူတွေရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို သန့်စင်စေဖို့ သမ္မာတရား လိုက်စားစေပြီး တရားစီရင်၊ပြစ်တင်ဆုံးမခြင်း၊ စမ်းသပ်မှုနဲ့ စစ်ဆေးမှုတွေကို ဖြတ်သန်းစေတာ သိနေပေမဲ့၊ ကောင်းချီးတွေရဖို့ဆိုတဲ့ ဒီလွန်ကဲတဲ့ ဆန္ဒတွေကိုပဲ ကျွန်မ ဖက်တွယ်နေတုန်းပဲ။ ယုံကြည်ချက်ကို လုံ့လရှိရှိ ကျွန်မ အားထုတ်သရွေ့၊ ကပ်ဘေးနဲ့ ရောဂါအားလုံးကို ခံနိုင်ရည်ရှိမှာဖြစ်ပြီး၊ အရမ်းနာမကျန်းဖြစ်လာခဲ့ရင်တောင်၊ ဘုရားက ကျွန်မကို ကွယ်ကာပြီး သေခွင့်ပေးမှာမဟုတ်ဘူးလို့ ထင်ခဲ့တယ်။ ကောင်းချီးတွေနဲ့ ကျေးဇူးတော်ကို ရဖို့ စိတ်ထက်ထက်သန်သန် ကိုယ့်ကိုယ်ကို အသုံးခံခဲ့တယ်။ ကျွန်မယောက်ျားက ဘယ်လိုပဲ နှိပ်စက်ပြီး တားဆီးပိတ်ပင်ပါစေ၊ အမျိုးတွေက ဘယ်လိုပဲ မကောင်းပြောပြီး စွန့်ပစ်ပါစေ၊ သူတို့ ဘောင်ခတ်တာ မခံခဲ့ဘူး။ ကျွန်မ အဖမ်းခံရပြီး ထောင်ကျတဲ့အချိန်မှာတောင်၊ ဘုရားကို သစ္စာမဖောက်ခဲ့ဘူး။ ပြန်လွတ်လာတာနဲ့၊ ကိုယ့်တာဝန်ကို ဆက်ဖြည့်ဆည်းခဲ့တယ်။ အဲဒီလို အားထုတ်ခြင်းအားဖြင့် ကျွန်မ ကယ်တင်ခံရပြီး ကာကွယ်စောင့်ရှောက်ခံရမယ်လို့ ထင်ခဲ့တာ။ အထူးသဖြင့် ကျွန်မ သေလုမျောပါးဖြစ်နေတယ်ထင်ပြီး ဘုရားကို အားကုန် ဟစ်ခေါ်တုန်း သူက ကျွန်မကို သေခြင်းချောက်ကမ်းပါးစွန်းကနေ ပြန်ဆွဲထုတ်ခဲ့တဲ့ ဒီအချိန်မှာ၊ ကျွန်မ ဘာအခက်အခဲပဲ ကြုံရပါစေ ဘုရားက ကျွန်မကို ကူညီမယ်လို့ ပိုလို့တောင် လက်ခံယုံကြည်ခဲ့တယ်။ ကင်ဆာရောဂါရှိမှန်း သိရပြီး ကျွန်မမိသားစုက ကုသမှုကို လက်လျှော့လိုက်ချိန်မှာ၊ ဘုရားက နောက်ဆုံးမျှော်လင့်ချက်လို့ မြင်ခဲ့ပြီး၊ စုဝေးပွဲတွေ ဆက်တက်ပြီး၊ ဘုရားနှုတ်ကပတ်တော်တွေ ဖတ်ရင်၊ ပိုဆုတောင်း၊ ဘုရားအပေါ် မှီခိုပြီး ကိုယ့်တာဝန်ကို တတ်နိုင်မျှ ဖြည့်ဆည်းရင်၊ ဘုရားက ကျွန်မမှာ ယုံကြည်ချက်ရှိပြီး ကျိုးနွံနာခံတာကို မြင်ပြီး ကျွန်မကို ကာကွယ်မယ်၊ အသက်ရှင်ခွင့်ပေးမှာပဲလို့ တွေးခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တွေရဲ့ ထုတ်ဖော်ပြချက်ကတစ်ဆင့်၊ တချို့အရာတွေကို ကျွန်မ စွန့်ပစ်နိုင်ပေမဲ့၊ ကိုယ့်ကိုယ်ကိုယ် အသုံးခံပြီး ကိုယ့်တာဝန်ကို အရမ်းပြင်းပြင်းပြပြ လုပ်ပေမဲ့ ကျွန်မ လိုက်စားနေတာ သမ္မာတရား မဟုတ်ခဲ့သလို၊ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို စွန့်ပစ်ပြီး သန့်စင်မှုကို ရရှိဖို့ မဟုတ်ခဲ့ဘဲ၊ အဲဒါထက်၊ ကိုယ့်ရဲ့ အသုံးခံမှုတွေနဲ့ ပေးတဲ့ အဖိုးအခတွေကို ဘုရားရဲ့ ကျေးဇူးတော်နဲ့ ကောင်းချီးတွေအတွက် လဲလှယ်ဖို့ မျှော်လင့်နေခဲ့တယ်။ ကပ်ဘေးကြီးထဲမှာ ဘုရားက သေခြင်းကနေ ကျွန်မကို ကွယ်ကာမှာဖြစ်ပြီး၊ ကောင်းမွန်တဲ့ ခရီးပန်းတိုင်ကို ရောက်မယ်လို့ မျှော်လင့်ရင်းနဲ့ပေါ့။ ဘုရားက ကျွန်မကို ကွယ်ကာခဲ့ချိန်မှာ သူ့ကို မရပ်မနား ကျေးဇူးတင်ပြီး ချီးမွမ်းခဲ့ပေမဲ့၊ ဒီကျွမ်းနေတဲ့ ရောဂါ ဖြစ်တော့၊ မတရားခံရသလို ကျွန်မ ခံစားခဲ့တယ်။ ဘုရားကို တိတ်တဆိတ် ဆန္ဒပြပြီး မတရားလုပ်တဲ့အတွက် အပြစ်တောင်တင်ခဲ့တယ်။ ကျွန်မရဲ့ ယုံကြည်ချက်မှာ၊ ဘုရားဆီကနေ အကျိုးအမြတ်တွေ ဆွဲထုတ်ချင်ခဲ့ပြီး၊ သမ္မာတရား လိုက်စားဖို့ ဘယ်လောက် အရေးကြီးမှန်းကို မမြင်ခဲ့ဘူး။ ကျွန်မရဲ့ အဆုံးသတ်နဲ့ ခရီးပန်းတိုင်ကို ခြိမ်းခြောက်တဲ့ နာမကျန်းမှုနဲ့ ရင်ဆိုင်ရတော့၊ ဘုရားကို ယုံကြည်ချက် ဆုံးရှုံးခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်နဲ့ ဆုတောင်းခြင်းကို စိတ်မဝင်စားတော့သလို ဘုရားကို အထင်တောင်လွဲပြီး အပြစ်တင်ခဲ့တယ်။ ဘုရားအပေါ် စစ်မှန်ရိုးသားမှု နည်းနည်းမှ မရှိခဲ့၊ သူ့အတွက် စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာမရှိခဲ့ဘဲ သူ့ကို အသုံးပဲချနေခဲ့မိမှန်း၊ သူ့ကို လှည့်စားပြီး သူနဲ့ပတ်သက်လို့ “စီးပွားရေးလုပ်နေခဲ့”မိမှန်း မြင်ခဲ့တယ်။ ကိုယ့်ကိုယ်ကို ယုံကြည်သူလို့ ဘယ်လို့ စဉ်းစားလို့ရမှာလဲ။ ဒီနည်းနဲ့ ဆက်အားထုတ်နေမိရင်၊ ကျွန်မ ရှင်ခဲ့ရင်တောင် ဘုရားကို ပုန်ကန်ပြီး အတိုက်အခံလုပ်နေမိမှာ။ အဲဒီလိုအသက်ရှင်တာ ဘာတန်ဖိုးရှိလို့လဲ။ ဒါကိုနားလည်တဲ့အခါ၊ အရမ်းအရှက်ရပြီး စိတ်အနှောင့်အယှက်ဖြစ်ရတယ်။ ဘုရားကို အရမ်းအကြွေးတင်တယ်လို့ ခံစားရတယ်။
နောက်ပိုင်းမှာ၊ ကျွန်မကို ပိုနက်ရှိုင်းတဲ့ သိနားလည်မှုပေးတဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ် ဖတ်ရတယ်။ ဘုရားသခင်က ပြောသည်- “ဘုရားသခင်အပေါ် လူတို့က စဉ်ဆက်မပြတ် တောင်းဆိုမှုများ ပြုခြင်းထက် ကိုင်တွယ်ရန် သာ၍ ခက်ခဲသည့်အရာ မရှိပေ။ ဘုရားသခင်၏ လုပ်ဆောင်ချက်များက သင်၏ အတွေးနှင့် မကိုက်ညီသည်နှင့်တစ်ပြိုင်နက်၊ သို့မဟုတ် သင်၏ အတွေးနှင့်အညီ ဆောင်ရွက်ခြင်းမရှိသည်နှင့်တစ်ပြိုင်နက် သင်သည် အတိုက်အခံလုပ်ဖွယ်ရှိသည်။ ယင်းမှာ သဘာဝအားဖြင့် သင်သည် ဘုရားသခင်ကို အတိုက်အခံလုပ်တတ်ကြောင်း ပြသရန် လုံလောက်ပေသည်။ မိမိကိုယ်ကို မကြာခဏ သုံးသပ်ဆင်ခြင်ခြင်းနှင့် သမ္မာတရားအပေါ် သိနားလည်မှုတစ်ခုသို့ ရောက်ရှိခြင်းအားဖြင့်သာ ဤပြဿနာကို အသိအမှတ်ပြုခြင်းအား စွမ်းဆောင်ရရှိနိုင်ပြီး သမ္မာတရား လိုက်စားခြင်းအားဖြင့်သာ ဤပြဿနာကို အပြည့်အဝ ဖြေရှင်းနိုင်ပေသည်။ လူတို့သည် သမ္မာတရားကို နားမလည်သည့်အခါ ဘုရားသခင်အပေါ် တောင်းဆိုချက်များစွာ ပြုလုပ်ကြသည်၊ သမ္မာတရားကို အမှန်တကယ် နားလည်သည့်အခါတွင်မူ မည်သည့်တောင်းဆိုချက်မျှ မပြုကြချေ။ ဘုရားသခင်ကို ၎င်းတို့ ထိုမျှ စိတ်ကျေနပ်စေခြင်းမရှိကြကြောင်း၊ ဘုရားသခင်ကို ထိုမျှ နာခံခြင်းမရှိကြကြောင်းကိုသာ ၎င်းတို့ ခံစားကြသည်။ ဘုရားသခင်အပေါ် လူတို့က အမြဲ တောင်းဆိုမှုများပြုလုပ်ခြင်းက ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော သဘာဝကို ထင်ဟပ်စေသည်။ သင်သည် သင့်ကိုယ်သင် မသိရှိနိုင်သကဲ့သို့ ဤကိစ္စရပ်နှင့်စပ်လျဉ်း၍ အမှန်တကယ် နောင်တရခြင်းမရှိပါက သင်သည် ဘုရားသခင်ကို ယုံကြည်ရာတွင် သင်၏ လမ်းကြောင်းပေါ်ရှိ ဖုံးကွယ်နေသည့် အန္တရာယ်များနှင့် ဘေးရန်ကို ရင်ဆိုင်ရလိမ့်မည်ဖြစ်သည်။ သင်သည် သာမန် အမှုအရာများကို အောင်မြင်ကျော်လွှားနိုင်သော်လည်း သင်၏ ကံကြမ္မာ၊ ရှေ့ရေးများနှင့် ခရီးပန်းတိုင်ကဲ့သို့သော အရေးကြီးသည့် ကိစ္စရပ်များပါဝင်သည့်အခါ ထိုအရာများကို သင် အောင်မြင်ကျော်လွှားကောင်း ကျော်လွှားနိုင်မည် မဟုတ်ပေ။ ထိုအချိန်တွင် သင်သည် သမ္မာတရား ကင်းမဲ့နေဆဲဖြစ်လျှင် သင်၏ လမ်းဟောင်းများပေါ် သင် ပြန်လဲကျသွားလိမ့်မည်ဖြစ်ပြီး ထိုသို့ဖြင့် ဖျက်ဆီးခံရသည့်သူများထဲမှတစ်ဦး ဖြစ်လာလိမ့်မည်။ လူများစွာတို့သည် ဤသို့ အမြဲ လိုက်လျှောက်ကာ ယုံကြည်ကြပြီး ဖြစ်သည်။ ဘုရားသခင်နောက်လိုက်သည့် အတောအတွင်းတွင် ၎င်းတို့သည် ကောင်းမွန်စွာ ပြုမူကြသော်လည်း ဤအရာက အနာဂတ်တွင် ဖြစ်ပျက်မည့်အရာကို မဆုံးဖြတ်ပေ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် သင်သည် လူ၏ ပျော့ကွက်ကို၊ သို့မဟုတ် လူ့သဘာဝအတွင်းရှိ ဘုရားသခင်ကို ဆန့်ကျင်လာနိုင်သည့် အရာများကို သင် လုံးဝ သတိမပြုမိသောကြောင့်ဖြစ်ပြီး ထိုအရာများက သင့်ကို ကပ်ဘေးဆီသို့ မဆိုက်ရောက်စေမီတွင် သင်သည် ထိုအရာများကို မသိနားမလည်ဖြစ်နေသည်။ ဘုရားသခင်ကို ဆန့်ကျင်သည့် သင့်သဘာဝ၏ ပြဿနာသည် ပြေလည်မသွားသောကြောင့် ထိုအရာက သင့်ကို ကပ်ဘေးအတွက် ပြင်ဆင်ပေးပြီး သင်၏ ခရီးအဆုံးသတ်ကာ ဘုရားသခင်၏ အမှုတော် ပြီးစီးသည့်အခါ သင်သည် ဘုရားသခင်ကို အဆန့်ကျင်ဆုံးသောအရာကို လုပ်ဆောင်ကာ သူ့ကို ပြစ်မှားစော်ကားသည့်အရာ ပြောလိမ့်မည်မှာ ဖြစ်နိုင်ပြီး ထိုသို့ဖြင့် သင်သည် ရှုတ်ချခံရကာ ဖယ်ရှားခံရလိမ့်မည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ လူတို့သည် ဘုရားသခင်ကို အလွန်မြောက်မြားစွာ တောင်းဆိုကြသည်) ဘုရားနှုတ်ကပတ်တော်တွေ ဖတ်ပြီးတော့၊ ကျွန်မ သဘောပေါက်လိုက်တယ်။ နာမကျန်းဖြစ်ကတည်းက၊ သေဖို့ ကြောက်နေခဲ့ပြီး၊ ကျွန်မကို သေခြင်းကနေ ဘုရားကွယ်ကာဖို့အတွက် အပြင်းအထန် ဆန္ဒရှိခဲ့တယ်။ အဲဒါက ဘုရားအပေါ် တောင်းဆိုချက်တွေလုပ်တာ မဟုတ်လား။ ဘုရားကို ယုံကြည်တဲ့အတွက်၊ သူက ကျွန်မကို အချိန်တိုင်း ကာကွယ်သင့်ပြီး မယုံကြည်သူတစ်ယောက်လို မဆက်ဆံသင့်ဘူးလို့ ကျွန်မ အမြဲတွေးခဲ့တယ်။ နောက်ဆုံးအဆင့် ကင်ဆာဖြစ်မှန်း သိလိုက်ရပြီး ဘုရားက ကျွန်မကို ထပ်ဆင့်ကာကွယ်မှု မပေးခဲ့တာကို မြင်တဲ့နောက်မှာ၊ ကျွန်မ မကျိုးနွံမနာခံနိုင်ခဲ့ဘူး။ ဘုရားကို ကျွန်မရဲ့ ရောဂါကုပေးဖို့ တောင်းဆိုရင်းနဲ့ ကိုယ်လုပ်ခဲ့တာတွေ တင်ပြပြီး သတ်မှတ်ချက်တွေ လုပ်ဖို့ ကျွန်မရဲ့ စတေးမှုတွေ၊ အသုံးခံမှုတွေနဲ့ ထောင်ထဲက ဆင်းရဲဒုက္ခခံစားရတာကို အရင်းအနှီးအနေနဲ့ သုံးခဲ့တယ်။ ကျွန်မရဲ့ တောင်းဆိုချက်တွေအတိုင်း ဘုရားက မလုပ်တော့၊ သူ့ကို ငြင်းခုံပြီး တိုက်ခိုက်ခဲ့တယ်။ ကျွန်မ ဒီနှစ်တွေတစ်လျှောက်လုံး ယုံကြည်ခဲ့ပေမဲ့ ဘုရားအတွက် နည်းနည်းမှ ကြောက်ရွံ့မှုမရှိခဲ့မှန်း သဘောပေါက်မိတယ်။ လူ့သဘာဝနဲ့ ဆင်ခြင်တုံတရား အရမ်းမဲ့နေခဲ့တယ်။ ယောဘက သူ့တစ်ဘဝလုံး ဘုရားကို ကြောက်ရွံ့ပြီး မကောင်းမှု ရှောင်ခဲ့ပုံကို တွေးမိတယ်။ ဘုရားက သူ့ကို စစ်ဆေးပြီး၊ သူ့ပိုင်ဆိုင်မှုအားလုံးနဲ့ သူ့သားသမီးတွေကို ဆုံးရှုံးပြီး၊ ခန္ဓာကိုယ်က အနာစိမ်းတွေ ဖြစ်တော့၊ ဘုရားကို တစ်ချက်မှ မညည်းညူခဲ့ဘူး၊ သူ့ကို ပျောက်ကင်းစေဖို့ မတောင်းဆိုခဲ့ဘူး။ ယောဘက အရမ်းကို လူသားဆန်ပြီး ဆင်ခြင်တုံတရားရှိခဲ့တယ်။ ကျွန်မကတော့၊ သေခြင်းနဲ့ ရင်ဆိုင်ရတဲ့အခါ မကျေနပ်ချက်တွေ၊ အထင်လွဲမှုတွေနဲ့ ပြည့်လာခဲ့ပြီး၊ ကျွန်မဘဝကို ဘုရား ကာကွယ်ပေးဖို့ မတော်တရော် တောင်းဆိုခဲ့တယ်။ ကျွန်မဘဝက အစမှာ သွေးအများကြီး ဆုံးရှုံးရာကနေ အန္တရာယ်ရှိတော့၊ ကျွန်မကို ကယ်တင်ခဲ့တာ ဘုရားရဲ့ ကွယ်ကာမှုနဲ့ ဂရုစိုက်မှုပါ။ သူက ကျွန်မကို သူ့ရဲ့ ကျေးဇူးတော်ပေးခဲ့တယ်၊ သူ့ရဲ့ အံ့ဖွယ်လုပ်ဆောင်ချက်တွေကို မြင်ခွင့်ပေးခဲ့တယ်။ ဒါ့အပြင်၊ ကျွန်မ ယုံကြည်တဲ့နှစ်ကာလတွေမှာ၊ ဘုရားနှုတ်ကပတ်တော်ရဲ့ ရေလောင်း၊ အားဖြည့်ပေးတာတွေ အများကြီး မွေ့လျော်ခံစားခဲ့ပြီး သမ္မာတရားနဲ့ နက်နဲမှုအများကြီး သင်ယူခဲ့ရတယ်။ ကျွန်မ တောင်းတာ၊ စိတ်ကူးတာထက် ပိုပြီး ဘုရားက ပေးခဲ့ပြီးပြီ။ ဒါပေမဲ့ ကျွန်မက စိတ်မကျေနပ်သေးဘူး။ ကင်ဆာရောဂါရှိမှန်း သိရတော့၊ ဆက်အသက်ရှင်ခွင့်ပေးဖို့ တောင်းဆိုရင်းနဲ့ ဘုရားအပေါ် ယုတ္တိမတန်တဲ့ တောင်းဆိုချက်တွေ လုပ်ခဲ့တယ်။ ကျွန်မမှာ အရမ်းလောဘကြီးတဲ့ သဘောသဘာဝရှိမှန်း နားလည်ခဲ့တယ်။ ဘုရားက ဖန်ဆင်းခြင်းသခင်ဖြစ်လို့၊ အရေးမပါ၊ ပုန်ကန်၊ အတိုက်အခံလုပ်ပြီး ဖောက်ပြန်ပျက်စီးခြင်းအပြည့်ဖြစ်တဲ့ ကျွန်မလိုလူတစ်ယောက်က ဘုရားအပေါ် တောင်းဆိုမှုတွေလုပ်ဖို့ ဘာလုပ်ပိုင်ခွင့် ရှိခဲ့လို့လဲ။ ကျွန်မမှာ ကိုယ့်ကိုယ်ကိုယ် သိတဲ့အသိ နည်းနည်းမှတောင် မရှိခဲ့တာ၊ မတန်တဆ မာနထောင်လွှားပြီး၊ ဘုရားအတွက် ကြောက်ရွံ့မှု နည်းနည်းမှ မရှိခဲ့တာကို မြင်ခဲ့တယ်။ ဘုရားရဲ့ လုပ်ရပ်တွေက ကျွန်မရဲ့ အယူအဆတွေနဲ့ မကိုက်တဲ့အခါ၊ ဝုန်းဒိုင်းကြဲ၊ ငြင်းခုံပြီး ဆန္ဒပြခဲ့တယ်။ ကျွန်မ ထုတ်ဖော်ပြတာက ရက်စက်တဲ့ စိတ်သဘောထားဖြစ်ခဲ့ပြီး၊ ကိုယ့်ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို မပြောင်းလဲရင်၊ ဘုရားရဲ့ စိတ်သဘောထားကို ကျွန်မ ပုန်ကန်ပြစ်မှားမိပြီး သူ့ရဲ့ ဖြောင့်မတ်တဲ့ အပြစ်ဒဏ်ကို ခံရမှာပဲ။ ကျွန်မ ကြောက်လန့်သွားပြီး ဘုရားအပေါ် ယုတ္တိမတန်တဲ့ ဘာတောင်းဆိုမှုမှ မလုပ်ရဲခဲ့ဘူး။ ဒါကြောင့် ဘုရားဆီ ဆုတောင်းပြီး၊ “အို ဘုရားသခင်၊ ကျွန်မ ဘယ်လောက် ဆင်ခြင်တုံတရားမဲ့မှန်းကို မြင်ခွင့်ပေးတဲ့ ကိုယ်တော်ရဲ့ တရားစီရင်၊ ပြစ်တင်ရှုတ်ချခြင်းအတွက် ကျေးဇူးတင်ပါတယ်။ အို ဘုရားသခင်။ ကျွန်မ နောင်တရချင်ပါတယ်။ ကျွန်မရဲ့ အခြေအနေ တိုးတက်သည်ဖြစ်စေ၊ မတိုးတက်သည်ဖြစ်စေ၊ ကိုယ်တော်ရဲ့ စီစဉ်ညွှန်ကြားမှုတွေကို ကျိုးနွံနာခံပါ့မယ်”လို့ပေါ့။ ဒီအရာတွေကို နားလည်လိုက်တဲ့အခါ၊ ကျွန်မ နည်းနည်း ပိုအေးချမ်းသွားတယ်။
ဆေးရုံအိပ်ရာထဲ လဲနေရင်း၊ ကျွန်မ တွေးမိတယ်။ နေမကောင်းဖြစ်တဲ့နောက်မှာ ကျွန်မက ဘာလို့ အဲဒီလို ယုတ္တိမတန်တဲ့ တောင်းဆိုချက်တွေ လုပ်နိုင်ခဲ့ရတာလဲပေါ့။ သုံးသပ်၊ ရှာဖွေပြီးတဲ့နောက်မှာ၊ ဘုရားရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားကို ကျွန်မ နားလည်ခဲ့လို့ အဓိကဖြစ်မှန်း သဘောပေါက်ခဲ့တယ်။ နောက်ပိုင်းမှာ၊ ဒီဘုရားနှုတ်ကပတ်တော်အပိုဒ်ကို ကျွန်မ ဖတ်ခဲ့တယ်။ “ဖြောင့်မတ်ခြင်းသည် တရားခြင်း သို့မဟုတ် ထိုက်သင့်ခြင်း အနည်းငယ်မျှ မရှိပေ၊ ယင်းသည် သာတူညီမျှရေးဝါဒ မဟုတ်၊ သို့မဟုတ် သင်လုပ်ဆောင် ပြီးစီးသည့် အလုပ်နှင့်အညီ သင်ရသင့်ရထိုက်သောအရာကို ခွဲဝေသတ်မှတ်ပေးခြင်း မဟုတ်ပေ၊ သို့မဟုတ် သင် လုပ်ဆောင်ပြီးစီးသည့် မည်သည့်အလုပ်မဆိုအတွက် ပေးချေခြင်း သို့မဟုတ် သင်၏ အားစိုက်ထုတ်ခြင်းအရ ပေးထိုက်သောအရာကို ပေးခြင်း မဟုတ်ပေ။ ဤအရာသည် ဖြောင့်မတ်ခြင်း မဟုတ်ပေ။ သမာသမတ်ကျပြီး သင့်မြတ်လျော်ကန်ခြင်းမျှသာ ဖြစ်သည်။ လူနည်းစုကသာလျှင် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကို သိကျွမ်းနိုင်စွမ်း ရှိသည်။ ယောဘက ဘုရားသခင် အကြောင်းသက်သေခံပြီးနောက်တွင် ကိုယ်တော်က သူ့ကို သုတ်သင်ရှင်းလင်းလိုက်သည် ဆိုပါစို့- ဤသည်မှာ ဖြောင့်မတ်ပါမည်လော။ စင်စစ်အားဖြင့် ဖြောင့်မတ်ပေလိမ့်မည်။ ဤအရာကို ဖြောင့်မတ်ခြင်းဟု အဘယ်ကြောင့် ခေါ်သနည်း။ ဖြောင့်မတ်ခြင်းကို လူတို့က မည်သို့ရှုမြင်ကြသနည်း။ တစ်စုံတစ်ခုသည် လူတို့၏အယူအဆများနှင့်ကိုက်ညီလျှင် ဘုရားသခင်သည် ဖြောင့်မတ်သည်ဟု ၎င်းတို့ပြောရန် အလွန်လွယ်ကူသည်။ သို့ရာတွင် ထိုအရာသည် ၎င်းတို့၏အယူအဆများနှင့် ကိုက်ညီသည်ဟု မမြင်ပါက၊ ယင်းသည် ၎င်းတို့ နားလည်နိုင်သည့် တစ်စုံတစ်ရာ မဟုတ်ပါက ၎င်းတို့အနေဖြင့် ဘုရားသခင်သည် ဖြောင့်မတ်သည်ဟု ပြောရန်ခက်ခဲပေလိမ့်မည်။ ဘုရားသခင်သည် ယောဘကို ထိုအချိန်က ဖျက်ဆီးခဲ့ပါက၊ လူများက သူသည် ဖြောင့်မတ်သည်ဟု ပြောပြီးဖြစ်လိမ့်မည် မဟုတ်ပေ။ အမှန်တွင် လူများသည် ဖောက်ပြန်ပျက်စီးပြီးဖြစ်စေ မပျက်စီးပြီးဖြစ်စေ၊ ၎င်းတို့သည် အလွန့်အလွန် ဖောက်ပြန်ပျက်စီးပြီးဖြစ်စေ၊ မပျက်စီးပြီးဖြစ်စေ ဘုရားသခင် ၎င်းတို့ကို ဖျက်ဆီးသည့် အချိန်တွင် သူ၏လုပ်ရပ်အတွက် အကျိုးသင့်အကြောင်းသင့် ရှင်းပြဖို့ လိုသလော။ သူသည် မည်သည့်အကြောင်းရင်းအရ ထိုသို့လုပ်ဆောင်သည်ကို လူများကို ရှင်းပြဖို့ လိုအပ်သင့်သလော။ ဘုရားသခင်က သူပြဋ္ဌာန်းထားသည့် စည်းကမ်းများကို လူတို့အား ပြောပြရမည်လော။ မလိုအပ်ပေ။ ဘုရားသခင်၏အမြင်တွင် တစ်စုံတစ်ဦးသည် ဖောက်ပြန်ပျက်စီးပြီး ဘုရားကို ဆန့်ကျင်နိုင်ခြေ ရှိသည့်အပြင် အဘယ်တန်ဖိုးမျှ မရှိလျှင် ထိုသူကို ဘုရားက မည်သို့ကိုင်တွယ်သည်ဖြစ်စေ သင့်တော်နေပေလိမ့်မည်၊ ပြီးလျှင် အားလုံးသည် ဘုရားသခင်၏ အစီအစဉ်များဖြစ်သည်။ သင်သည် ဘုရားသခင်၏အမြင်တွင် သဘောမကျဖြစ်စေပါက၊ ပြီးလျှင် သင်၏သက်သေခံချက်ပြီးသည့်နောက် သူ့အတွက် သင်သည် အသုံးမတည့်တော့သောကြောင့် သင့်ကို ဖျက်ဆီးခဲ့သည် ဟု သူပြောခဲ့ပါက၊ ဤသည်မှာရော သူ၏ဖြောင့်မတ်ခြင်း ဖြစ်မည်လော။ ဖြောင့်မတ်ခြင်း ဖြစ်ပေမည်။ ယခုအခါတွင် အချက်အလက်များမှ သင်သည် သတိပြုနိုင်စွမ်း မရှိနိုင်သော်လည်း၊ သဘောတရားအရ သင်နားလည်ရမည်။ သင်တို့ မည်သည့်အရာကို ပြောမည်နည်း- စာတန်ကို ဘုရားသခင်၏ ဖျက်ဆီးခြင်းက သူ့ဖြောင့်မတ်ခြင်း၏ ဖော်ပြချက် တစ်ခုလော။ (ဟုတ်ပါသည်။) စာတန်ကို သူဆက်လက် တည်ရှိခွင့်ပေးခဲ့ပါက၊ မည်သည့်အရာဖြစ်မည်နည်း။ သင် မပြောဝံ့သည် မဟုတ်လော။ ဘုရားသခင်၏ အနှစ်သာရမှာ ဖြောင့်မတ်ခြင်း ဖြစ်သည်။ ကိုယ်တော်ပြုသောအမှုကို နားလည်ရန် မလွယ်ကူသော်လည်း ကိုယ်တော်ပြုသော အမှုအားလုံးသည် ဖြောင့်မတ်ပေသည်။ လူတို့က နားမလည်ကြခြင်းသာ ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး) ဘုရားနှုတ်ကပတ်တော်တွေကတစ်ဆင့်၊ ကျွန်မရဲ့ အယူအဆနဲ့ စိတ်ကူးတွေအရ ဘုရားရဲ့ ဖြောင့်မတ်ခြင်းကို ကျွန်မ တွေးလေ့ရှိခဲ့မှန်း တွေ့ခဲ့တယ်။ ကျွန်မကဘုရားကို ယုံကြည်သူတစ်ယောက်ဖြစ်တယ်၊ ကြီးမားတဲ့ အဖိုးအခတွေ ပေးခဲ့တယ်၊ ကိုယ့်ကိုယ်ကိုယ် အသုံးခံခဲ့တယ်၊ ဘုရားကို သစ္စာမဖောက်ဘဲ ထောင်ထဲမှာ ဆင်းရဲဒုက္ခခံခဲ့ပြီး၊ သူ့ကို သက်သေခံချက်မှာ ခိုင်ခိုင်မာမာ ရပ်တည်ခဲ့တယ်။ ဒါကြောင့်၊ ဘုရားက ကျွန်မကို ကျွမ်းနေတဲ့ ရောဂါကနေ ကွယ်ကာသင့်တယ်လို့ တွေးခဲ့တယ်။ ဘုရား မကွယ်ကာတဲ့ မယုံကြည်သူတွေအတွက်တော့၊ ကင်ဆာရတာ သူတို့အတွက် ပုံမှန်ပဲလေ။ ဒါက ဘုရားရဲ့ ဖြောင့်မတ်ခြင်းဖြစ်တယ်လို့ ကျွန်မ ယုံကြည်ခဲ့တယ်။ ဘုရားက ကျွန်မရဲ့ အယူအဆတွေနဲ့အညီ မလုပ်ခဲ့သလို၊ ကိုယ်ကလည်း ကျွမ်းတတ်တဲ့ ရောဂါကိုမှ ကူးခဲ့ရတော့ ကျွန်မရဲ့ အသုံးခံမှုအားလုံး ပြန်ပေးဆပ်ခြင်းမခံရဘူး၊ ဘုရားက ကျွန်မကို မတရားလုပ်ခဲ့တယ်လို့ ခံစားခဲ့ရတာကြောင့်၊ ဘုရားအပေါ် မကျေနပ်ချက်တွေ၊ အထင်လွဲမှုတွေနဲ့ ပြည့်သွားခဲ့တယ်။ ဘုရားရဲ့ ဖြောင့်မတ်ခြင်းအပေါ် ကျွန်မရဲ့ သိနားလည်မှုက မယုံကြည်သူတွေရဲ့ အပေးအယူဆိုင်ရာ သိနားလည်မှုတွေနဲ့ မကွာမှန်း တွေ့ခဲ့ရတယ်။ ကျွန်မရဲ့ အလုပ်အားလုံးအတွက် ကျွန်မ အလျော်ပေးခံရသင့်ပြီး ကျွန်မ အကြွေးရှိတာ မရခဲ့ရင် မတရားဘူးလို့ တွေးခဲ့တာ။ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာ သိလိုက်ရတယ်။ ဘုရားရဲ့ အနှစ်သာရတိုင်း ဖြောင့်မတ်တယ်။ ဘုရားလုပ်သမျှတိုင်းက သူ့ရဲ့ အလိုတော်၊ ဉာဏ်ပညာတွေ ရင်းနှီးထားတယ်။ အပေါ်ယံ သွင်ပြင်တွေ၊ အယူအဆတွေကို အခြေခံပြီး ကျွန်မရဲ့ အခြေအနေကို ကျွန်မ ဆန်းစစ်လို့ မရဘူး။ အဲဒါက အမှားတွေ ဖြစ်စေမှာဖြစ်ပြီး၊ ဘုရားကို ဝေဖန်ပြီး အတိုက်အခံလုပ်မိဖို့ များမှာပဲ။ နာမကျန်းဖြစ်လာတာက ကပ်ဘေးတစ်ခုလို့ ကျွန်မ ထင်ခဲ့ပေမဲ့ အဲဒီနာမကျန်းမှုနောက်မှာ ဘုရားရဲ့ အလိုတော်ရှိတယ်။ အဲဒါကနေတစ်ဆင့် ကျွန်မ ဖော်ထုတ်မခံခဲ့ရရင်၊ ကျွန်မက လူ့သဘာဝနဲ့ ဆင်ခြင်တုံတရား ဘယ်လောက် မဲ့မှန်းကို နားလည်ခဲ့မှာ မဟုတ်ဘူး။ ဘုရားရဲ့ လုပ်ရပ်တွေက ကျွန်မရဲ့ အယူအဆတွေနဲ့ မကိုက်တာနဲ့ ကျွန်မ စငြင်းခုံပြီး ဆန္ဒပြခဲ့တယ်။ ကျိုးနွံနာခံခြင်း မရှိသလို၊ ဘုရားအပေါ် မကြောက်ရွံ့ခဲ့ဘူး။ ဒီရောဂါနဲ့ဆိုင်တဲ့ အတွေ့အကြုံက ကျွန်မရဲ့ စစ်မှန်တဲ့ ဝိညာဉ်ရင့်ကျက်မှု ပြခဲ့ပြီး၊ ဘုရားအပေါ် ကျွန်မရဲ့ ယုတ္တိမတန်တဲ့ တောင်းဆိုချက်တွေကို လက်လွှတ်ခွင့်ပေးခဲ့တယ်။ ဘုရားရဲ့ ကျေးဇူးတော်ကို ချီးမွမ်းပါတယ်။ သူက အံ့ဖွယ်ရာတွေ ပြုပြီး တကယ်ဉာဏ်ပညာရှိပါတယ်။ အရင်က၊ ဘုရားကို ကျွန်မ မသိခဲ့သလို၊ သူ့ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားကို ကျွန်မရဲ့ ကိုယ်ပိုင် အမြင်တွေအရ ဝေဖန်ခဲ့တယ်။ ကျွန်မ ဘယ်လောက် မျက်ကန်းပြီး ဘုရားအပေါ် မသိနားမလည်ဖြစ်ခဲ့သလဲ။ ဘုရားက ဖန်ဆင်းခြင်းအားလုံးရဲ့ အရှင်ဖြစ်ပေမဲ့၊ ကျွန်မကတော့၊ မပြောပလောက်တဲ့ အဖန်ဆင်းခံ ဖြစ်တယ်။ သူ သင့်တော်တယ်လို့ မြင်တဲ့အတိုင်း ကျွန်မကို ဆက်ဆံတာ မှန်ပါတယ်။ ဒါ့အပြင်၊ ကျွန်မရဲ့ ယုံကြည်ခြင်းကို အပေးအယူတစ်ခုအနေနဲ့ ကျွန်မမြင်ခဲ့ပြီး ဘုရားအပေါ် ယုတ္တိမတန်တဲ့ တောင်းဆိုချက်တွေ လုပ်ခဲ့တယ်။ ကျွန်မ သေမယ်ဆိုရင်တောင်၊ ဒါကလည်း ဘုရားရဲ့ ဖြောင့်မတ်ခြင်းဖြစ်မှာပဲ။ ကျွန်မ ဘုရားကို မညည်းညူသင့်ဘူး။ ဘုရား ဘာကိုပဲ ရွေးချယ်ပါစေ၊ ကျွန်မ ရှင်ရသည်ဖြစ်စေ၊ သေရသည်ဖြစ်စေ၊ အားလုံး သင့်တော်မှာဖြစ်တယ်။ ဘုရားရဲ့ အစီအစဉ်တွေကို ကျွန်မ ကျိုးနွံနာခံရမယ်။ ဒါက ကျွန်မ ပိုင်ဆိုင်သင့်တဲ့ ဆင်ခြင်တုံတရားပဲ။ ဘုရားရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားအပေါ် အသိတချို့ ရတဲ့နောက်မှာ၊ အများကြီး ပိုရှင်းသွားသလို ခံစားပြီး၊ ဘုရားကို မကျေမနပ်ဖြစ်ပြီး အထင်လွဲတာတွေ မရှိတော့ဘူး။ ဘုရားက ကျွန်မကို ဘယ်လိုဆက်ဆံပါစေ၊ ကျွန်မ မညည်းညူသလို ကျိုးနွံနာခံနိုင်ခဲ့တယ်။
နောက်ပိုင်းမှာ၊ ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးတော့ ကိုယ့်ရဲ့ သေခြင်းကို ဘယ်လိုသဘောထားရမယ်ဆိုတာ သိခဲ့ပြီး၊ သေခြင်းကို မကြောက်တော့ဘူး။ ဘုရားနှုတ်ကပတ်တော်တွေက ပြောတယ်။ “လူတစ်ယောက်သည် ကမ္ဘာပေါ်တွင် ဆယ်စုနှစ်များစွာ ရှိခဲ့ပြီး လူသားဘဝက မည်သည့်အရပ်ကလာသည်ဆိုသည်ကို နားမလည် သကဲ့သို့ လူသားကံကြမ္မာက မည်သူ၏ လက်ထဲ၌ ရှိသည်ဆိုသည်ကို သတိမပြုမိသေးပါက၊ သေခြင်းကို တည်တည်ငြိမ်ငြိမ်နှင့် ရင်ဆိုင် နိုင်မည်မဟုတ်သည်မှာ အံ့သြစရာမရှိပေ။ ၎င်းတို့၏ လူ့ဘဝ ဆယ်စုနှစ် အတွေ့အကြုံများ၌ ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာ ဆိုင်သည့် သိနားလည်မှု ရရှိပြီးသူသည် ဘဝ၏ အဓိပ္ပါယ်နှင့် တန်ဖိုးအတွက် မှန်ကန်သည့် အသိအမှတ်ပြု တန်ဖိုးထားမှု ရှိသည့်သူဖြစ်သည်။ ထိုသို့သော လူသည် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာနှင့်ဆိုင်သော စစ်မှန်သည့် အတွေ့အကြုံနှင့် သိနားလည်မှုတို့နှင့်အတူ ဘဝရည်ရွယ်ချက်နှင့်ဆိုင်သည့် နက်ရှိုင်းသော အသိပညာတစ်ခု ရှိသကဲ့သို့၊ ထို့ထက်ပို၍ ဖန်ဆင်းရှင်၏ သြဇာအာဏာကို ကျိုးနွံနာခံနိုင်လေသည်။ ထိုသို့သော လူသည် လူသားမျိုးနွယ်ကို ဘုရားသခင်ဖန်ဆင်းခြင်း၏ အဓိပ္ပါယ်ကို နားလည်သည်။ လူသားသည် ဖန်ဆင်းရှင်ကို ကိုးကွယ်သင့်သည်၊ လူသားပိုင်ဆိုင်သည့် အရာရာတိုင်းက ဖန်ဆင်းရှင်ဆီကလာပြီး သိပ်မဝေးလှသည့် အနာဂတ်တစ်နေ့တွင် သူ့ထံသို့ ပြန်သွားလိမ့်မည်ဆိုသည်ကို နားလည်သည်။ ဤလိုလူမျိုးသည် ဖန်ဆင်းရှင်က လူသား၏ မွေးဖွားမှုကို စီစဉ်ပြီး လူသား၏ သေဆုံးမှုအပေါ်မှာ အချုပ်အခြာ အာဏာ ရှိသည်၊ ရှင်ခြင်းနှင့် သေခြင်းနှစ်ခုလုံးသည် ဖန်ဆင်းရှင်၏ သြဇာအာဏာအားဖြင့် ကြိုတင်ပြဋ္ဌာန်းထားခြင်းဖြစ်သည်ကို နားလည်သည်။ ထို့ကြောင့် ဤအရာများကို အမှန်တကယ် သဘောပေါက်သည့်အခါ သေခြင်းကို ကျိုးကြောင်းမမြင်ဘဲ ထိတ်လန့်ခြင်းနှင့် ဆန့်ကျင်ရုန်းကန်ခြင်းထက် သေခြင်းကို တည်တည်ငြိမ်ငြိမ်နှင့် ရင်ဆိုင်နိုင်လာသည်၊ လောကီ ပိုင်ဆိုင်မှုများကို တည်တည်ငြိမ်ငြိမ်နှင့် ဘေးဖယ်ထားနိုင်သည်၊ ဖြစ်လာသည့်အရာ အားလုံးကို လက်ခံပြီး ပျော်ရွှင်စွာကျိုးနွံ နာခံလာနိုင်ကာ၊ ဖန်ဆင်းရှင်က စီစဉ်ထားသည့် နောက်ဆုံး ဘဝဆုံမှတ်ကို ကြိုဆိုနိုင်လေသည်။ ဘဝကို ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာအား တွေ့ကြုံဖို့နှင့် သူ၏ သြဇာအာဏာကို သိလာရဖို့ အခွင့်အရေးတစ်ရပ်ဟု ရှုမြင်ပါက၊ ဘဝကို ဖန်ဆင်းခံ လူသားတစ်ယောက်အနေနှင့် မိမိတာဝန်ကို လုပ်ဆောင်ပြီး မိမိ၏အလုပ်ကို ပြီးမြောက်စေဖို့ ရှားပါးသည့် အခွင့်အရေးအနေနှင့် မြင်ပါက၊ ဘဝအပေါ် ဧကန်မုချ မှန်ကန်သည့်အမြင် ရှိပေလိမ့်မည်၊ ဖန်ဆင်းရှင်အားဖြင့် ကောင်းကြီးခံစားရပြီး လမ်းပြခံရသည့် ဘဝတစ်ခုကို ဧကန်မုချ အသက်ရှင်ရလိမ့်မည်၊ ဖန်ဆင်းရှင်၏ အလင်းထဲ၌ ဧကန်မုချ လျှောက်လှမ်းလိမ့်မည်၊ ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို ဧကန်မုချ သိလိမ့်မည်၊ သူ့အုပ်စိုးမှုအောက်သို့ ဧကန်မုချ လာလိမ့်မည် ဖြစ်ပြီး သူ၏ အံ့သြဖွယ်ရာ လုပ်ဆောင်မှုများနှင့် သူ၏ သြဇာအာဏာအဖို့ ဧကန်မုချ မျက်မြင်သက်သေတစ်ဦး ဖြစ်ပေလိမ့်မည်။ ထိုသို့သော လူသည် ဖန်ဆင်းရှင်က ဧကန်မုချ ချစ်ကာ လက်ခံလိမ့်မည်ဖြစ်ပြီး ထိုသို့သော လူကသာ သေခြင်းအပေါ် တည်ငြိမ်သည့် စိတ်သဘောကို ထိန်းသိမ်းနိုင်ပြီး ဘဝ၏ နောက်ဆုံးဆုံမှတ်ကို ဝမ်းမြောက်ခြင်းဖြင့် ကြိုဆိုနိုင်သည်ကို ပြောဖို့မလိုအပ်ပေ။ သေခြင်းအပေါ် ဤကဲ့သို့သော သဘောထားမျိုးကို သိသိသာသာ ထိန်းသိမ်းနိုင်ခဲ့သည့် လူတစ်ဦးမှာ ယောဘ ဖြစ်ပေသည်။ ယောဘသည် ဘဝ၏ နောက်ဆုံး ဆုံမှတ်ကို ပျော်ရွှင်စွာ လက်ခံနိုင်သည့် အနေအထားတစ်ခုတွင် ရှိခဲ့ပြီး သူ့ဘဝခရီးကို ချောမွေ့သည့် နိဂုံးချုပ်ဆီသို့ ယူဆောင်ကာ ဘဝတွင် သူ့တာဝန်ကို ပြီးပြည့်စုံစေလျက် ဖန်ဆင်းရှင်ထံပါးသို့ သူပြန်သွားခဲ့လေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃)) “ယောဘက သေဆုံးရာတွင် ဖန်ဆင်းရှင်ထံပါးသို့ ပြန်သွားရမည်ကို သိခဲ့ သောကြောင့် မည်သည့်ဒုက္ခခံစားရခြင်းမှမရှိဘဲ သေခြင်းကို ရင်ဆိုင်နိုင်ခဲ့၏။ သေခြင်းကို တည်တည်ငြိမ်ငြိမ်နှင့် ရင်ဆိုင်နိုင်ဖို့၊ ဖန်ဆင်းရှင်က သူ့၏ အသက်ကို ပြန်ယူမည့် အလားအလာကို တည်တည်ငြိမ်ငြိမ်နှင့် ရင်ဆိုင်ဖို့၊ ထို့အပြင် ဖန်ဆင်းရှင်၏ရှေ့တွင် အပြစ်ကင်းစင်ကာ စိုးရိမ်စရာမရှိဘဲ ရပ်နိုင်ဖို့ သူ့ကို အခွင့်ပေးခဲ့သည်မှာ ဘဝတွင် လိုက်စားမှုများနှင့် ရရှိမှုများ ဖြစ်ပါသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃)) ဘုရားနှုတ်ကပတ်တော်တွေကို စားသောက်ခြင်းကတစ်ဆင့်၊ ကျွန်မအသက်က ဘုရားဆီကလာမှန်း သိခဲ့တယ်။ ဘုရားက ကျွန်မရဲ့ အသက်၊ သေခြင်း၊ ကောင်းချီးနဲ့ ကံခေခြင်းတွေကို ညွှန်ကြားပြီး စီစဉ်တယ်။ ဘုရားအပေါ် တောင်းဆိုမှုတွေလုပ်ဖို့ ကျွန်မမှာ အကြောင်းပြချက်မရှိဘူး။ ဘုရားက ကျွန်မကို သေစေမယ်ဆိုရင်တောင်၊ ဒါရဲ့နောက်ကွယ်မှာ သူ့အလိုတော်ရှိမှာပဲ။ ဒါကို မှန်ကန်တဲ့နည်းလမ်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး အဲဒါက အဖန်ဆင်းခံတစ်ယောက် ရှိသင့်တဲ့ ဆင်ခြင်တုံတရားပဲ။ သူ့တစ်ဘဝလုံး ဘုရားကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်ခဲ့တဲ့ ယောဘကို တွေးမိတယ်။ သူ ဘယ်အခြေအနေကို ကြုံရသည်ဖြစ်စေ၊ ဘုရားရဲ့ အုပ်စိုးမှုနဲ့ အစီအစဉ်တွေကို အသိအမှတ်ပြုနိုင်ခဲ့တယ်။ သူ မညည်းညူခဲ့ဘူး၊ ဘုရားကို အထင်မလွဲခဲ့သလို၊ ဝေဖန်တာတွေ၊ ငြင်းတာတွေ မလုပ်ခဲ့ဘူး။ ကျိုးနွံနာခံနိုင်ခဲ့ပြီး တည်တည်ငြိမ်ငြိမ်နဲ့ သူ့ရဲ့ သေခြင်းကို ရင်ဆိုင်နိုင်ခဲ့တယ်။ ဘုရားအတွက် ယောဘရဲ့ ကြောက်ရွံ့မှု၊ မကောင်းမှုကို ရှောင်ကြဉ်ပြီး ဘုရားရဲ့ အုပ်စိုးမှုနဲ့ အစီအစဉ်တွေကို ကျိုးနွံနာခံခြင်းတွေကို ကျွန်မ အတုယူရမယ်။ ဘုရားက ကျွန်မအသက်ကို ပေးခဲ့တာ၊ ဒါကြောင့် အဲဒါကို သူ ပြန်ယူဖို့ ရွေးချယ်တဲ့အခါတိုင်းမှာ၊ ကျွန်မ ကျိုးနွံနာခံသင့်တယ်။ နောင်ဘဝမှာ ဘာအဆုံးသတ်က စောင့်နေတယ်ဆိုတာကတော့၊ ကျွန်မဘဝမှာ ကျွန်မလုပ်သမျှကို အခြေခံပြီး ဘုရားဆုံးဖြတ်မှာပါ။ ဘုရားက ကျွန်မကို သေခွင့်မပေးသေးဘူး၊ ဒီတော့ ကျန်ရှိတဲ့အချိန်ကို နောင်တရဖို့၊ ဘုရားအတွက် ကြောက်ရွံ့ခြင်း၊ မကောင်းမှု ရှောင်ကြဉ်ခြင်း လမ်းကြောင်းကို လျှောက်ဖို့၊ သမ္မာတရားနဲ့ စိတ်သဘောထား ပြောင်းလဲမှုကို လိုက်စားပြီး အစွမ်းအစရှိသမျှနဲ့ ကိုယ့်တာဝန်ကို ဖြည့်ဆည်းဖို့ သုံးရမယ်။ ဒါကို သဘောပေါက်ပြီးတဲ့နောက်မှာ၊ ကျွန်မ အများကြီးပို စိတ်ကြည်လင်ပြီး သေဖို့ကြောက်တာ လျော့သွားတယ်။ ဘုရားနဲ့ ပိုနီးသွားသလိုလည်း ခံစားရတယ်။
အဲဒီအတောအတွင်းမှာ၊ ကျွန်မရဲ့ ညီအစ်မတွေနဲ့ စုဝေးပြီး၊ ဘုရားနှုတ်ကပတ်တော်တွေကို စားသောက်ရင်းနဲ့ ကျွန်မရဲ့ အခြေအနေ မှန်မှန်တိုးတက်ခဲ့တယ်။ ကျွန်မမှာ ဓာတုကုထုံး လေးခု ခံယူဖို့ ရှိနေတုန်းပဲဖြစ်ပေမဲ့၊ ဘေးထွက်ဆိုးကျိုးတွေက အရမ်းပြင်းလွန်းလို့ ဓာတ်ရောင်ခြည်ကုထုံးကိုပဲ လုပ်နိုင်ခဲ့တယ်။ ဒါပေမဲ့၊ ဓာတ်ရောင်ခြည်ကုထုံးက အရင်လောက် မနာကျင်တာကို တွေ့ရတယ်။ ကျွန်မ ရှင်ကျန်မလားဆိုတာကတော့ ဘုရားမှာ ဆုံးဖြတ်ပိုင်ခွင့်ရှိမှန်း ကျွန်မသိလို့ ကိုယ့်ရဲ့ရောဂါနဲ့ပတ်သက်လို့ မစိုးရိမ်ခဲ့သလို၊ ဘုရားနှုတ်ကပတ်တော်တွေ တွေးဆပြီး ဓမ္မတေးတွေ နားထောင်ရင်းနဲ့ အားလပ်တဲ့အချိန်ကို ကုန်ဆုံးခဲ့တယ်။ နည်းနည်း ကြာပြီးတဲ့နောက်မှာ၊ ကျွန်မ အရင်လိုပြန်ဖြစ်လာသလိုမျိုး ပိုသက်သာသထက် သက်သာလာခဲ့တယ်။ တခြားလူနာတွေအားလုံးက ပြောကြတယ်။ ကျွန်မ အရမ်းကျန်းမာပုံပေါက်လွန်းလို့ သူနာပြုဆရာမလို့ ထင်တာတဲ့။ အတွင်းလူနာအနေနဲ့ ရက်လေးဆယ်အကြာမှာ ကျွန်မ ဆေးရုံကဆင်းရတယ်။ ကျွန်မရဲ့ နောက်ထပ်ဆေးစစ်ချက်မှာ၊ ဆရာဝန်က ကျွန်မရဲ့ သားအိမ်ခေါင်း အကျိတ်က မရှိတော့ဘူးလို့ ပြောတယ်။ အဲဒီအကျိတ် ပျောက်သွားပြီလို့ ဆရာပြောတာကြားတော့ ကျွန်မ မယုံနိုင်ခဲ့သလို နားကြားမှားတာလို့ ထင်ခဲ့တယ်။ ဆရာဝန်ကို ကျွန်မ ထပ်မေးပြီး သူက မရှိတော့ဘူးလို့ အတည်ပြုခဲ့တယ်။ ကျွန်မ အရမ်းဝမ်းသာသွားတယ်။ ဘဲဥအရွယ်ရှိတဲ့ အကျိတ်က ဒီအတိုင်း ပျောက်သွားနိုင်တာကို ကျွန်မ မယုံနိုင်ခဲ့ဘူး။ ဒီလိုပြောတဲ့ ဘုရားနှုတ်ကပတ်တော်တွေကို တွေးမိတယ်။ “လူသား၏ နှလုံးသားနှင့် စိတ်ဝိညာဉ်ကို ဘုရားသခင်သည် လက်၌ကိုင်ဆောင်ထားပြီး၊ လူသား၏ ဘဝတစ်ခုလုံးကို ဘုရားသခင်သည် သူ၏မျက်လုံးများဖြင့် ကြည့်ရှုလျက်ရှိသည်။ သင်သည် ဤအချက်ကို ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ၊ သက်ရှိဖြစ်ဖြစ်၊ သက်မဲ့ဖြစ်ဖြစ် အရာအားလုံးသည် ဘုရားသခင်၏ အကြံအစည်များနှင့်အညီ ရွေ့လျားပြောင်းလဲကာ ပြန်လည်စတင်ပြီး ကွယ်ပျောက်သွားရမည်ဖြစ်သည်။ ဤသည်မှာ အရာအားလုံးကို ဘုရားသခင်တာဝန်ယူသည့် နည်းလမ်းဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်သည် လူ့အသက်၏ အရင်းအမြစ်ဖြစ်သည်) အမှန်ပါပဲ၊ သတ္တဝါနဲ့ အမှုအရာအားလုံးက ဘုရားလက်ထဲမှာ ရှိပါတယ်။ သက်မဲ့၊ သက်ရှိအားလုံးက ဘုရားရဲ့ အချုပ်အခြာနဲ့ အစီအစဉ်ကို ခံယူရမယ်။ အားလုံးဟာ ဘုရားရဲ့အလိုတော်အတိုင်း စီစဉ်ညွှန်ကြားခြင်း ခံရတယ်။ ကျွန်မ ဖြတ်ကျော်နိုင်မှာ မဟုတ်ဘူးလို့ လူတိုင်းထင်ခဲ့တယ်၊ အကျိတ်က ခွဲစိတ်ဖို့ အရမ်းကြီးလွန်းတယ်လို့ ဆရာဝန်ကတောင် ပြောခဲ့တယ်။ ဒါကြောင့် လုံးဝ ပျောက်နိုင်မယ်လို့ ကျွန်မ လုံးဝ အိမ်မက်မမက်ခဲ့ဘူး။ ဒါဟာ ဘုရားရဲ့ အံ့ဖွယ်ရာ လုပ်ဆောင်ချက်ပါပဲ။ ကျွန်မ အရမ်း တို့ထိခံရပြီး၊ ဘုရားကို အကြွေးတင်တယ်လို့ စိတ်နှလုံးမှာ ခံစားခဲ့ရတယ်။ ကျွန်မက ဘုရားအပေါ် အရမ်း ပုန်ကန်တတ်ပြီး ဖောက်ပြန်ပျက်စီးသလို ယုတ္တိမတန်တဲ့ တောင်းဆိုချက်တွေ လုပ်ခဲ့တယ်။ ကျွန်မက ကယ်တင်မခံရထိုက်ပါဘူး။ ဒါပေမဲ့ ဘုရားက ကျွန်မရဲ့ ပုန်ကန်မှုနဲ့ ဖောက်ပြန်ပျက်စီးမှုကို အခြေခံပြီး မဆက်ဆံခဲ့ဘူး။ သူ့ရဲ့ ကယ်တင်ခြင်းအတွက် သူ့ကို ကျွန်မ အရမ်းကျေးဇူးတင်တယ်။ အိမ်ပြန်သွားပြီးတဲ့နောက်၊ ဧဝံဂေလိကို ကျွန်မဆက်ဖြန့်ပြီး ကိုယ့်တာဝန်ကို လုပ်ခဲ့သလို၊ ကျွန်မရဲ့ ကျန်းမာရေးက တဖြည်းဖြည်း ပြန်ကောင်းလာတယ်။
နောက်ပိုင်းမှာ၊ ဘုရားနှုတ်ကပတ်တော် နောက်တစ်ပိုဒ်ကို ဖတ်ရတယ်။ “လူတစ်ယောက်၏ အဆုံးသတ်၊ သို့မဟုတ် ခရီးပန်းတိုင်သည် ၎င်းတို့ကိုယ်တိုင်၏ စိတ်ဆန္ဒအရ အဆုံးအဖြတ်ပေးခြင်း မဟုတ်သကဲ့သို့ ၎င်းတို့၏ ကိုယ်ပိုင်လိုအင်ဆန္ဒ၊ သို့မဟုတ် စိတ်ကူးများအရလည်း မဟုတ်ပေ။ ဖန်ဆင်းရှင် ဘုရားသခင်က အဆုံးအဖြတ်ပေးပေသည်။ ထိုသို့သော အမှုကိစ္စမျိုးတွင် လူတို့သည် မည်သို့ ပူးပေါင်းဆောင်ရွက်သင့်သနည်း။ လူတို့တွင် ၎င်းတို့ရွေးချယ်နိုင်သည့် လမ်းကြောင်းတစ်ခုသာရှိသည်။ သမ္မာတရားကို ၎င်းတို့ရှာဖွေမှသာလျှင်၊ သမ္မာတရားကို နားလည်မှသာလျှင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နာခံပြီး ဘုရားသခင်အပေါ် ကျိုးနွံနာခံခြင်းကို ရရှိကာ ကယ်တင်ခြင်းကို ရယူမှသာလျှင် အဆုံးတွင် ကောင်းမွန်သောရလဒ်နှင့် ကောင်းမွန်သော ကံကြမ္မာကို ရရှိလိမ့်မည်။ ဆန့်ကျင်ဘက်ကို ပြုလုပ်လျှင် လူတို့၏ ရှေ့ရေးအလားအလာနှင့် ကံကြမ္မာကို စိတ်ကူးကြည့်ရန် မခက်ခဲပေ။ ထို့ကြောင့် ဤကိစ္စတွင် ဘုရားသခင်ကလူအား ကတိပေးထားသည့်အရာအပေါ် လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ ပန်းတိုင်က မည်သည့်အရာဖြစ်သည်၊ လူသားမျိုးနွယ်အတွက် ဘုရားသခင်က မည်သည့်အရာကို ပြင်ဆင်ထားသည်ဆိုသည်တို့အပေါ် အာရုံမစိုက်နှင့်။ ဤအရာတို့သည် သင်နှင့် လုံးဝမသက်ဆိုင်ပေ။ ဤအရာတို့သည် ဘုရားသခင်၏ ကိစ္စဖြစ်သည်။ ဤအရာတို့ကို သင်က ယူဆောင်ခြင်း၊ တောင်းခံခြင်း၊ သို့မဟုတ် အလဲအလှယ်ပြုခြင်းတို့ ပြုလုပ်၍ မရပေ။ ဘုရားသခင်၏ ဖန်ဆင်းခံတစ်ဦးအနေဖြင့် သင်သည် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ သင်၏စိတ်နှလုံး၊ အစွမ်းရှိသမျှဖြင့် သင်လုပ်ဆောင်ရမည့်အရာကို လုပ်ဆောင်လျက် သင်၏တာဝန်ကို ထမ်းဆောင်သင့်သည်။ ကျန်သည့်အရာများဖြစ်သော ရှေ့ရေးနှင့် ကံကြမ္မာ၊ လူသားမျိုးနွယ်၏ အနာဂတ်ပန်းတိုင်တို့နှင့်သက်ဆိုင်သည့် အရာတို့သည် သင်ဆုံးဖြတ်နိုင်သည့်အရာများ မဟုတ်ပေ။ ၎င်းတို့သည် ဘုရားသခင်၏လက်ထဲတွင်ရှိသည်။ ဤအရာအားလုံးကို ဖန်ဆင်းရှင်မှ စီစဉ်ချမှတ်ပေးပြီး၊ ဘုရားသခင်၏ မည်သည့်ဖန်ဆင်းခံနှင့်မျှ လုံးဝမသက်ဆိုင်ပေ။ လူအချို့က၊ ‘ငါတို့နှင့်မသက်ဆိုင်လျှင် အဘယ်ကြောင့် ဤအရာကို ငါတို့အား ပြောသနည်း’ဟု ဆိုကြသည်။ သင်တို့နှင့် လုံးဝမသက်ဆိုင်သော်လည်း ဘုရားသခင်နှင့်သက်ဆိုင်သည်။ ဘုရားသခင်သာ ဤအရာတို့ကို သိသည်။ ဘုရားသခင်သာ ဤအရာတို့ကို ပြောဆိုနိုင်ပြီး၊ ဘုရားသခင်သည်သာ လူသားမျိုးနွယ်အပေါ် ဤအရာတို့ကို ကတိပြုပိုင်ခွင့်ရှိသည်။ ဘုရားသခင်သည် ဤအရာတို့ကို သိရှိလျှင် ဤအရာတို့ကို ဘုရားသခင်က မပြောဆိုသင့်သလော။ မည်သည့်အရာဖြစ်သည်ကို သင်မသိသည့်အချိန်တွင် သင်၏ရှေ့ရေးနှင့် ကံကြမ္မာနောက်လိုက်နေဆဲဖြစ်ခြင်းသည် အမှားတစ်ခုဖြစ်သည်။ ဘုရားသခင်သည် ဤအရာနောက်သို့လိုက်ရန် သင့်အား မတောင်းဆိုခဲ့ပေ။ သူသည် သင့်အား သိခွင့်ပေးရုံမျှသာဖြစ်သည်။ ဤသည်မှာ ဘုရားသခင်က သင့်အား အားထုတ်လိုက်စားရန် စေခိုင်းသည့် ရည်ရွယ်ချက်ဖြစ်သည်ဟု သင်မှားယွင်းစွာယုံကြည်လျှင် သင်သည် လုံးလုံး အသိစိတ်မရှိသကဲ့သို့၊ သာမန်လူ့သဘာဝစိတ်ကို မပိုင်ဆိုင်ပေ။ ဘုရားသခင်ကတိပြုသည့် အရာအားလုံးကို သတိပြုမိရန် လုံလောက်ပေသည်။ သင်သည် အချက်တစ်ခုကို သိမှတ်ရမည်- မည်သည့်ကတိမျိုးဖြစ်စေ၊ ကောင်းသည့်အရာ၊ သို့မဟုတ် သာမန်အရာဖြစ်စေ၊ ကျေနပ်ဖွယ်ဖြစ်စေ စိတ်မဝင်စားဖွယ်ရာဖြစ်စေ၊ အားလုံးကို ဘုရားသခင်က စီစဉ်ချမှတ်ပြီး အဆုံးအဖြတ်ပေးသည်။ ဖန်ဆင်းရှင်မှ ညွှန်ပြသည့် မှန်ကန်သော ဦးတည်ချက်နှင့် လမ်းကြောင်းနောက်သို့လိုက်ခြင်းနှင့် အားထုတ်လိုက်စားခြင်းကသာ ဘုရားသခင်၏ ဖန်ဆင်းခံတစ်ဦးနှင့်ဆိုင်သော တာဝန်ဝတ္တရားဖြစ်သည်။ အဆုံး၌ သင်ရရှိသည့်အရာ၊ သင်လက်ခံရရှိမည်ဟု ဘုရားသခင်ကတိပြုသည့် ဝေစုအတွက်မူ၊ အားလုံးက သင်၏အားထုတ်လိုက်စားမှု၊ သင် လျှောက်လှမ်းသည့် လမ်းကြောင်း၊ ဖန်ဆင်းရှင်မှ ချမှတ်ထားသည့်အရာအပေါ်တွင် အခြေခံသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၉)) ကျွန်မ သင်ယူခဲ့တဲ့ ဘုရားနှုတ်ကပတ်တော်ကတစ်ဆင့်၊ ကျွန်မရဲ့ အဆုံးသတ်နဲ့ ခရီးပန်းတိုင်ကို ဆုတောင်းခြင်းကတစ်ဆင့် သတ်မှတ်မှာ မဟုတ်သလို၊ ဘုရားနဲ့ အပေးအယူလုပ်ရာကတစ်ဆင့် ရမှာမဟုတ်မှန်း သိခဲ့တယ်။ အဲဒါထက်၊ ကျွန်မရဲ့ လိုက်စားမှုတွေ၊ လုပ်ရပ်တွေနဲ့ ကျွန်မလျှောက်ခဲ့တဲ့ လမ်းကြောင်းကို အခြေခံပြီး ဘုရားက ကျွန်မရဲ့ အဆုံးသတ်ကို ဆုံးဖြတ်မှာပါ။ ဒါပေမဲ့ ကျွန်မက သမ္မာတရားကို မလိုက်စားသလို ဘုရားရဲ့ စိတ်သဘောထားကို နားမလည်ခဲ့ဘူး။ ဘုရားက လူတွေကို ကျက်သရေရှိတဲ့ ခရီးပန်းတိုင် ပေးသနားနေတာကို မြင်တော့၊ ကျွန်မ တွေးမိတယ်။ လုံ့လရှိရှိနဲ့ ကျွန်မ လိုက်စားသရွေ့၊ ကိုယ့်တာဝန်ကို ဖြည့်ဆည်းသရွေ့၊ ဆင်းရဲဒုက္ခခံပြီး အဖိုးအခပေးနိုင်ပြီး၊ ဘာနှိပ်စက်မှုနဲ့ အခက်အခဲတွေ ကြုံရသည်ဖြစ်စေ၊ ကျွန်မတာဝန်ကို ဆက်ဖြည့်ဆည်းသရွေ့၊ ကျွန်မ ကယ်တင်ခံရပြီး ကျန်ရှိမယ်လို့ ပေါ့။ ဒီနှစ်တွေမှာ၊ ကျွန်မရဲ့ ကိုယ်ပိုင် ယုံကြည်မှုနဲ့ ဆန္ဒတွေအရ ကိုယ့်ရဲ့ အဆုံးသတ်နဲ့ ခရီးပန်းတိုင်အတွက် မရပ်မနား ရှာဖွေပြီး ကြိုးပမ်းနေခဲ့တာ။ ပေါလုရဲ့ လမ်းကြောင်းကို ကျွန်မ လျှောက်နေမိခဲ့တာပဲ။ ကျွန်မ အဲဒီလိုဆက်လုပ်ရင်၊ ကောင်းမွန်တဲ့ ခရီးပန်းတိုင် ရမှာမဟုတ်ရုံမက၊ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားက သန့်စင်မခံရသေးလို့ ဖော်ထုတ်ခံရပြီး ဖယ်ရှားခံရမှာပဲ။ နောက်ဆုံးမှာ ကင်ဆာကနေ ကျွန်မ နာလန်ထူလာပြီ။ ဘုရားက ကျွန်မကု သေခွင့်မပေးသလို၊ နောင်တရခွင့် ပေးထားပြီးပြီ။ ဒါက ဘုရားရဲ့ ကယ်တင်ခြင်းပဲ။ ကျွန်မ ကိုယ့်ဘာသာ တွေးမိတယ်၊ “ရှေ့ဆက်ပြီး ငါ့တာဝန်မှာ သမ္မာတရားနဲ့ စိတ်သဘောထား ပြောင်းလဲမှုကို ငါ လိုက်စားရမယ်။ ကောင်းချီးတွေအတွက် ဘုရားနဲ့ အပေးအယူ ဆက်လုပ်လို့မဖြစ်ဘူး။ လူ့သဘာဝနဲ့ ဆင်ခြင်တုံတရားရှိပြီး ဘုရားကို ကျိုးနွံနာခံတဲ့ လူတစ်ယောက်ဖြစ်ရမယ်။ ငါ့အတွက် ဘုရားစီစဉ်တဲ့ အဆုံးသတ်က ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ ဆုံးဖြတ်မှာက ဘုရားပဲ။ ငါလိုက်စားရမှာက သမ္မာတရားနဲ့ စိတ်သဘောထား ပြောင်းလဲမှုပဲ”လို့ပေါ့။
ကိုးနှစ်လွန်သွားပြီး၊ ကျွန်မရဲ့ ရောဂါက လုံးဝ ပြန်ဖြစ်မလာသေးဘူး။ ဒီအတွေ့အကြုံကတစ်ဆင့်၊ ကျွန်မ ရှာတွေ့လိုက်တာက ဒီရောဂါက ကျွန်မအသက်ကို ခြိမ်းခြောက်ပေမဲ့၊ ဘုရားက ကျွန်မဘဝ ဒါမှမဟုတ် အနာဂတ်ကို ကျွန်မဆီက လုံးဝ မလုယက်ချင်ခဲ့ဘူး။ ကျွန်မကို သန့်စင်စေဖို့နဲ့ ပြောင်းလဲဖို့၊ ကျွန်မရဲ့ ယုံကြည်ချက်ထဲက မသန့်စင်တာတွေကို ထုတ်ဖော်ပြပြီး၊ ကျွန်မစွဲကိုင်တဲ့ အဓိပ္ပာယ်မရှိတဲ့ အယူအဆတချို့ကို ပြောင်းလဲခဲ့တယ်။ ဘုရားရဲ့ အနန္တတန်ခိုးနဲ့ အချုပ်အခြာအာဏာနဲ့ဆိုင်တဲ့ စစ်မှန်တဲ့ အသိနဲ့ အတွေ့အကြုံကိုလည်း ရခွင့်ပေးခဲ့တယ်။ အသက်နဲ့ သေခြင်းအပေါ် မှန်ကန်တဲ့ သဘောထားရှိခွင့်ပေးပြီး ကျိုးနွံနာခံစေခဲ့တယ်။ ကျွန်မအတွက်၊ ဒီရောဂါက ကျွန်မကို ဘုရားက ကျေးဇူးတော် ပေးသနားပြီး ကယ်တင်ခြင်း ပေးအပ်တဲ့ နည်းလမ်းပါပဲ။ ဘုရားသခင် ပြောတဲ့အတိုင်းပေါ့၊ “လူတို့သည် ဘုရားသခင်၌ ယုံကြည်ခြင်း အမှန်တကယ်ရှိပါက၊ ၎င်းတို့ ပထမဆုံး သိရှိအပ်သည့်အရာမှာ ၎င်းတို့၏ ဘဝ သက်တမ်းမှာ ဘုရားသခင်၏ လက်ထဲတွင် ရှိသည့်အကြောင်း ဖြစ်သည်။ ဘုရားသခင်သည် လူတို့အား မကျန်းမာမှုကို ပေးသည့်အခါ၊ ယင်းသည် ၎င်းတို့အဖို့ နာဖျားမှုကဲ့သို့ ခံစားရသော်လည်း၊ တကယ့်အမှန်တရားတွင်၊ ၎င်းတို့အား ပေးထားပြီးသည့်အရာမှာ ကျေးဇူးတော်ဖြစ်သည်၊ မကျန်းမာမှု မဟုတ်ပေ။ လူတို့သည် ပထမဦးစွာ ဤအချက်ကို သတိပြုကာ သေချာရမည်ဖြစ်ပြီး ယင်းကို အလေးအနက် ထားရမည်ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး)
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။