သူတစ်ပါးတို့အား ချုပ်ချယ်ကန့်သတ်ခြင်းအပေါ် ဆင်ခြင်သုံးသပ်ခြင်း
အရင် သုံးလေးနှစ်လောက်က ကျွန်မက အသင်းတော်မှာ သီချင်းရေးလေ့ကျင့်နေတာ။ ဒီအလုပ်နဲ့ စည်းမျဉ်းတွေကို ကျွန်မ ပိုနားလည်လာတော့ ကျွန်မတာဝန်မှာ ရလဒ်တွေပိုကောင်းလာတယ်။ ကြာလာတော့ သူများတွေက ကျွန်မကို အထင်ကြီးလာကြတယ်။ သူတို့တွေ သီချင်းရေးတဲ့အခါ ပြဿနာတွေ ကြုံရရင် ကျွန်မဆီ လာမေးကြတယ်။ လူတိုင်းက အကြမ်းဖျင်းအနေနဲ့ ကျွန်မ မျှဝေတဲ့ ထင်မြင်ချက်တွေကို သဘောတူကြတယ်။ ဒီတော့ ကျွန်မက ကိုယ့်ကိုယ်ကိုယ် ချီးမွမ်းနေတာပေါ့။ ကျွန်မက သူတို့တွေထက်တော်တယ်၊ ကျွန်မက အဖွဲ့မှာ မရှိရင် မဖြစ်တဲ့ ဉာဏ်ကြီးရှင်ပဲလို့ ထင်ခဲ့တယ်။ ကျွန်မမှာ ဒီ သူများထက်သာတယ်ဆိုတဲ့ စိတ်က အမြဲတမ်းရှိနေခဲ့တယ်။ နောက်တော့ အစ်မရှီလာက ကျွန်မတို့နဲ့အတူ သီချင်းနည်းနည်းရေးဖို့ ရောက်လာတယ်။ ကြီးကြပ်ရေးမှူးက သူ့ကို ကျွန်မနဲ့အတူလုပ်ဖို့ တာဝန်ပေးပြီးတော့ သူ့ကို ပြပေးပြီး ကူညီပေးဖို့ ကျွန်မကို ပြောတယ်။ အစတော့ ကျွန်မ သူ့ကို တကယ်သင်ပေးဖို့ ကြိုးစားတာပေါ့။ သူ့အတွက် ကျွန်မ အတွေ့အကြုံကို အနှစ်ချုပ်ပြောပြပြီး ဘာကို သတိထားရမယ်ဆိုတာကို ပြောတယ်။ ဒါပေမဲ့ သူက ကျွန်မ အလေးပေးပြောထားတဲ့ဟာ တချို့ကို မှားလုပ်နေတုန်းပဲ။ ကျွန်မက သူ့ကို စိတ်အနှောင့်အယှက်ဖြစ်ပြီး ဒါတွေကို သူ့ကို ကျွန်မပြောပြီးပေမဲ့ သူက အမြဲတမ်း အမှားတွေလုပ်နေတုန်းပဲဆိုပြီး စဉ်းစားမိတယ်။ သူက စိတ်နှစ်ပြီး လုပ်ရဲ့လား ပေါ့။ အဲဒီနောက်မှာ သူ့အမှားတွေကို ကျွန်မ ထောက်ပြတဲ့အခါကျရင် ကျွန်မက သူ့ကို စိတ်မြန်လက်မြန်နဲ့ ဆူတယ်။ “ဒီပြဿနာအကြောင်းကို အရင်က ပြောပြပြီးပြီ။ ဘာလို့ ဒီအမှားကိုပဲ လုပ်နေသေးတာလဲ။ ကြိုးတောင် ကြိုးစားရဲ့လား။” ပေါ့။ တစ်ခါတော့ စုဝေးပွဲတစ်ခုမှာ ရှီလာက သူ့တာဝန်မှာ အမှားတွေလုပ်မိမှာ၊ ကိုင်တွယ်ဖြေရှင်းခံရမှာကို ကြောက်တယ်ဆိုပြီး ပြောတယ်။ ဒါကို ကြားရတော့ ကျွန်မ အနေရခက်သွားတာပေါ့။ လတ်တလောမှာ ကျွန်မက သူ့တာဝန်မှာ ပြဿနာတွေကို တော်တော်ထောက်ပြနေပြီး အပြစ်လည်းတင်တယ်။ ငါ သူ့ကို စိတ်ကျဉ်းကျပ်အောင် လုပ်နေတာလားပေါ့။ ဒါပေမဲ့ နောက်တော့ ကျွန်မ တွေးမိတယ်။ သူက အမြဲတမ်း အမှားတွေလုပ်နေတာပဲ။ ဒီတော့ ငါက ဒါတွေကို ထောက်ပြတာ မမှားဘူး။ ငါက ထုတ်မပြောရင် သူက သတိထားမိပြီး အမြန်ပြောင်းလဲပါ့မလား။ ငါ့မှာ မကောင်းတဲ့ ရည်ရွယ်ချက်ရှိနေတာလည်း မဟုတ်ဘူး။ ငါက သူ့ကို ကိစ္စတွေကို နားလည်ပြီး အလုပ်ကို မထိခိုက်စေချင်တာသက်သက်ပဲ ပေါ့။ ကြာလာတော့ ရှီလာက သူ့တာဝန်မှာ အခက်အခဲတွေရှိရင် ဒါမှမဟုတ် အတွေး၊ စိတ်ကူးတစ်ခုခုရှိရင် ကျွန်မကို မပြောတော့ဘူးဆိုတာ ကျွန်မ တဖြည်းဖြည်းနဲ့ မြင်လာတယ်။ နောက်ပြီးတော့ သူက အပျက်သဘောဆောင်ပြီး အလုပ်ကို လုပ်နိုင်တယ်လို့ လုံးဝ မခံစားရတော့ဘူး။ တကယ်တမ်းတော့ ကျွန်မက ဒီလိုပုံစံနဲ့ အလုပ်လုပ်တာ ရှီလာတစ်ယောက်တည်းနဲ့ မဟုတ်ဘူး။ တခြားညီအစ်ကိုမောင်နှမတွေအပေါ်လည်း ကျွန်မက ဒီလိုပဲ။ ကျွန်မက ကျွန်မအချိန်တွေ၊ အားအင်တွေအားလုံးကို တာဝန်အပေါ်မှာ ပုံထားတယ်။ တစ်ခါတလေမှာ ကောင်းကောင်းလုပ်ဖို့အတွက် ညနက်တဲ့အထိတောင် အလုပ်လုပ်တယ်။ ကျွန်မက ဝန်ထမ်းရွက်ပြီး ကျွန်မတာဝန်အပေါ် ဆက်ကပ်အပ်နှံခြင်းရှိတယ်လို့ ခံစားမိတယ်။ ကျွန်မအနားကလူတွေက စောစောအိပ်ရာဝင်တာကို ကျွန်မ မြင်ရင် သူတို့က သူတို့တာဝန်မှာ ဝန်ထမ်းရွက်ခြင်းမရှိဘူးလို့ ခံစားမိပြီး သူတို့ကို ဒေါသနဲ့ ဝေဖန်ပြောဆိုတယ်။ “ရှင်တို့ တာဝန်ခံယူမှုရှိပြီး အဖိုးအခပေးဆပ်ဖို့လိုတယ်။ သက်သာတာကို မတပ်မက်ရဘူး” ပေါ့။ ညီအစ်မတွေက ပင်ပန်းပြီး ခြေဆန့်လက်ဆန့်လုပ်ဖို့ ထသွားရင်၊ ခဏလောက် အလုပ်မလုပ်ဘဲ စကားပြောနေရင် သူတို့က သူတို့တာဝန်မှာ အာရုံမစိုက်သလိုမျိုး ကျွန်မ ခံစားမိတယ်။ ကျွန်မက နှာခေါင်းရှုံ့ပြီး သူတို့ကို ဆူတယ်။ “တာဝန်ထမ်းဆောင်ဖို့အချိန်ကျရင် အားစိုက်ဖို့ အာရုံစိုက်သင့်တဲ့အချိန်ပဲ။ ဒီလိုစကားပြောနေတော့ အလုပ် မနှောင့်နှေးဘူးလား” ပေါ့။ တခြားညီအစ်ကိုမောင်နှမတွေက တဖြည်းဖြည်းနဲ့ ကျွန်မနဲ့ ကင်းအောင်နေကြတယ်။ သူတို့တွေ ပြဿနာ၊ အခက်အခဲတစ်ခုခုကြုံရရင် ကျွန်မဆီ လာစကားမပြောတော့ဘူး။ ကျွန်မ တော်တော်သီးခြားဖြစ်နေပြီး လူတိုင်းနဲ့ ကီးမကိုက်နေသလို ခံစားရတယ်။ တော်တော် စိတ်ညစ်နေတာပေါ့။ ဒါပေမဲ့ ဒီပြဿနာက ဘာကြောင့်ဖြစ်တာလဲဆိုတာ မသိဘူး။
သုံးလေးလလောက်ကြာပြီးတော့ တစ်ရက်မှာ ခေါင်းဆောင်က ရုတ်တရက်ကြီး ကျွန်မနဲ့ စကားပြောဖို့ ရောက်လာပြီး ကျွန်မကို ခပ်မာမာနဲ့ပြောတယ်။ “အစ်မက လူတွေကို အပြစ်တင်ပြီး ချုပ်ချယ်တတ်တယ်လို့ သူများတွေက အခုရက်ပိုင်းမှာ ပြောကြတယ်။ ညီအစ်ကိုမောင်နှမတွေက အစ်မကြောင့် တော်တော် စိတ်ကျဉ်းကျပ်ကြတယ်။ သူတို့တာဝန်တွေမှာ လွတ်လပ်တယ်လို့ မခံစားရဘူး။ ဒါက လူ့သဘာဝမကောင်းတာကို ပြတာပဲ” တဲ့။ ခေါင်းဆောင်ဆီကနေ ဒါကို ကြားရတော့ မျက်နှာကို ရိုက်လိုက်သလိုဖြစ်ပြီး ကျွန်မ ခေါင်းထဲမှာ ထူပူသွားတယ်။ အထူးသဖြင့် “လူတွေကို ချုပ်ချယ်တယ်”၊ “လူ့သဘာဝမကောင်းဘူး” ဆိုတဲ့စကားတွေက ကျွန်မအတွက် နှလုံးကို ဓားနဲ့ထိုးလိုက်သလိုပဲ။ ကျွန်မစိတ်က ဗြောင်းဆန်သွားတယ်။ ငါက ဘယ်လိုဖြစ်ပြီး သူများတွေကို ချုပ်ချယ်တဲ့ လူ့သဘာဝမကောင်းတဲ့သူဖြစ်လာရတာလဲ။ ငါက သူတို့ကို ဘယ်လို စိတ်ကျဉ်းကျပ်အောင်လုပ်နေတာလဲ ပေါ့။ အဲဒီညမှာ ကျွန်မ လုံးဝ အိပ်မပျော်ဘူး။ ခေါင်းထဲမှာ အကုန်လုံးကို ပြန်ပုံဖော်ကြည့်နေပြီး တော်တော် ဦးနှောက်ခြောက်တယ်။ ကျွန်မ စဉ်းစားတယ်။ ငါ့ သဘာဝက တိုက်ရိုက်ပြောတတ်တဲ့သူတစ်ယောက်ပဲ။ အရှိအတိုင်းပဲ ပြောတယ်။ ဒါပေမဲ့ ငါပြောသမျှက မှန်တာပဲ။ တစ်ယောက်ယောက်မှာ ပြဿနာရှိနေတာကို မြင်ရင် ကျွန်မက တိုက်ရိုက်ပြောဖို့ သတ္တိရှိတယ်။ သူများတွေ စိတ်ဆိုးသွားမှာကို မကြောက်ဘူး။ ဒါက ဖြောင့်မတ်ခြင်းပဲလို့ ခံစားမိတယ်။ ဒါက ဘယ်လိုလုပ် သူများတွေကို ချုပ်ချယ်ကန့်သတ်ပြီး လူ့သဘာဝမကောင်းတာ ဖြစ်သွားတာလဲ။ ငါက သူများတွေကို ချုပ်ချယ်နေတယ်လို့ ခေါင်းဆောင်က ပြောတယ်ဆိုတော့ ငါ ပြောင်းလဲဖို့ ကြိုးစားမယ်။ ငါ ပြောင်းလဲသွားတာကို လူတိုင်း မြင်အောင်လုပ်မယ်။ ဒါဆို ငါက သူတို့ကို ချုပ်ချယ်နေတယ်၊ လူ့သဘာဝမကောင်းဘူးလို့ ဘယ်သူမှ ပြောမှာမဟုတ်ဘူး ပေါ့။ အဲဒီနောက်တော့ ကျွန်မလေသံကို အာရုံစိုက်ဖို့ စလုပ်ပြီး စကားပြောတဲ့ပုံစံကို ပြင်တယ်။ ဘယ်လို ပိုပြီးတော့ ပါးပါးနပ်နပ်ပြောရမယ်ဆိုတာကို အမြဲတမ်းစဉ်းစားတယ်။ လူတွေရဲ့ ဂုဏ်ကို ထိခိုက်ပြီး သူတို့နာမည်ပျက်အောင် မလုပ်မိဖို့ပေါ့။ တစ်ခါတလေမှာ ပြဿနာတစ်ခုကို ကျွန်မ မြင်ပေမဲ့ ကျွန်မက ချုပ်ချယ်နေတယ်လို့ ပြောမှာကြောက်တော့ ကျွန်မကိုယ်တိုင် ထောက်မပြဘူး။ အဲဒီအစား ကြီးကြပ်ရေးမှူးကို မိတ်သဟာယဖွဲ့ခိုင်းလိုက်တယ်။ တဖြည်းဖြည်းနဲ့ ကျွန်မက အရင်ကလို လူတွေကို ဆူပြီး အပြစ်တင်တာမလုပ်တော့ဘူး။ ကျွန်မက နည်းနည်းပြောင်းလဲသွားတယ်လို့ သူများတွေက ပြောတယ်။ ဒါပေမဲ့ ကျွန်မက ငြိမ်းချမ်းသလို၊ စိတ်သက်သာသလို မခံစားရဘူး။ တော်တော်စိတ်ဓာတ်ကျပြီး လွတ်လပ်တဲ့စိတ်မရှိဘူး။ ကျွန်မက အရမ်းသတိထားနေပြီး ကျွန်မပြောတဲ့ စကားတိုင်းကို ထပ်ခါထပ်ခါ ချိန်ဆပြီး တွေးနေတာ။ ဒီအချိန်မှာ ကျွန်မ ကိုယ့်ကိုယ်ကိုယ် မေးလိုက်တယ်။ “ဒီအပြုအမူက စစ်မှန်တဲ့နောင်တနဲ့ ပြောင်းလဲခြင်းကို ပြသလား ပေါ့။ သူများတွေက ကျွန်မနဲ့ ဆက်ဆံတဲ့အခါမှာ စိတ်မကျဉ်းကျပ်တော့ဘူး။ ဒါပေမဲ့ ဘာလို့ ငါက စိတ်ကျဉ်းကျပ်နေတာလဲ” ပေါ့။ နာကျင်နေရင်း၊ စိတ်ရှုပ်နေရင်းနဲ့ ဘုရားရှေ့လာပြီး ဆုတောင်းပြီး ရှာဖွေတယ်။ ကျွန်မအခြေအနေကို တကယ် ဆင်ခြင်သုံးသပ်ပြီး နားလည်နိုင်အောင်လို့ ဉာဏ်အလင်းဖွင့်ပြပြီး လမ်းပြဖို့ တောင်းခံတယ်။
တစ်ခါတော့ ကျွန်မ ဘုရားဝတ်ပြုနေတုန်းမှာဘုရားနှုတ်ကပတ်တော် တစ်ပိုဒ်ကို ဖတ်တယ်။ “နောင်တရသောအခါ ပထမဆုံးအပြီးလုပ်ရမည့်အရာမှာ သင်ပြုခဲ့ပြီးသော အမှားကို သတိပြုမိရန်၊ သင်၏ အမှားရှိသောနေရာ၊ ပြဿနာ၏ အနှစ်သာရနှင့် သင်ထုတ်ဖော်ခဲ့သော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားတို့ကို တွေ့ရန် ဖြစ်သည်။ ဤအရာများကို စဉ်းစားသုံးသပ်ပြီးသမ္မာတရားကို လက်ခံကာ ထို့နောက်တွင် သမ္မာတရားအတိုင်း လက်တွေ့လုပ်ဆောင်ရန် ဖြစ်သည်။ ဤသည်သာလျှင် နောင်တရသည့် သဘောထားဖြစ်၏။ အကယ်၍ အခြားတစ်ဖက်၌ သင်သည် ကောက်ကျစ်သော နည်းလမ်းများကို အကုန်အစင် စဉ်းစားပါက သင်သည် ယခင်ကထက် ပို၍ စိတ်မချရဖြစ်လာကာ သင်၏နည်းနိဿယများသည်လည်း ပို၍ပါးနပ်လာကာ ပို၍ကွယ်ဝှက်လာသည့်အပြင် အမှုကိစ္စများကို ဖြေရှင်းရန် နည်းလမ်းများသည်လည်း သင်၌ပိုများလာသည်ဆိုပါက ပြဿနာသည် လိမ်လည်လှည့်ဖြားခြင်းသက်သက်ကဲ့သို့ သိပ်မရိုးရှင်းတော့ပေ။ သင်သည် လက်သီးပုန်းထိုးသော နည်းလမ်းများကို အသုံးပြုနေခြင်းဖြစ်ပြီး သင်၌ သင်ထုတ်ပြော၍မရနိုင်သောလျှို့ဝှက်ချက်များ ရှိနေ၏။ ဤသည်မှာ ဆိုးယုတ်၏။ သင်သည် နောင်တမရသေးရုံသာမက ပို၍ စိတ်မချရဘဲ ပို၍ လှည့်စားတတ်လာသည်။ ဘုရားသခင်သည် သင့်ကို အလွန်အကျွံ ခေါင်းမာပြီး ဆိုးယုတ်သည်ဟု မြင်၏၊ မိမိမှားထားကြောင်းကို အပြင်ပန်းတွင် ဝန်ခံပြီး ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ပြုပြင်ပေးခြင်းကို လက်ခံသော်လည်း၊ နောင်တရသည့် သဘောထား စိုးစဉ်းမျှပင် မရှိသောသူအဖြစ် မြင်၏။ ငါတို့သည် အဘယ်ကြောင့် ဤအရာကို ပြောသနည်း။ အဘယ်ကြောင့်ဆိုသော် ဤဖြစ်ရပ် ဖြစ်ပျက်နေစဉ်တွင် သို့မဟုတ် ယင်းဖြစ်ရပ်ဖြစ်ပြီးနောက်တွင်၊ သင်သည် သမ္မာတရားကို လုံးဝ မရှာဖွေသောကြောင့်၊ ဆင်ခြင်သုံးသပ်ပြီး သင့်ကိုယ်သင် သိရန် မကြိုးစားသောကြောင့်၊ သမ္မာတရားအတိုင်း လက်တွေ့လုပ်ဆောင်ခြင်း မရှိသောကြောင့် ဖြစ်သည်။ သင်၏ သဘောထားသည် ပြဿနာကို ဖြေရှင်းရန် စာတန်၏ အတွေးအခေါ်များ၊ ဆင်ခြင်တွေးခေါ်မှုစနစ်နှင့် နည်းလမ်းများကို အသုံးပြုသည့် သဘောထား ဖြစ်သည်။ အမှန်တွင်၊ သင်သည် ဆင်ဝှေ့ရန်ရှောင်လုပ်ပြီး၊ အခြားသူများက ယင်း၏ အရိပ်အယောင်မမြင်ရန် မည်သည့်အရာမျှ လွတ်ထွက်ခွင့်မပေးဘဲ သပ်သပ်ရပ်ရပ် အပြီးသတ်နေခြင်း ဖြစ်သည်။ အဆုံးတွင် သင်သည် သင့်ကိုယ်သင် အတော်အတန် ချက်ချာပါးနပ်သည်ဟု ခံစားရ၏။ ဘုရားသခင်မြင်သည့်အရာမှာ ဤအရာများဖြစ်ပြီး၊ သင့်အနေဖြင့် မိမိအပေါ်သို့ ကျရောက်လာသည့် အမှုအရာရှေ့၌ ဧကန်အမှန် သုံးသပ်ဆင်ခြင်ကာ မိမိအပြစ်ကို ဝန်ချ၍ နောင်တရပြီးသည့်နောက် သမ္မာတရားကို လိုက်ရှာကာ သမ္မာတရားနှင့်အညီ လက်တွေ့လုပ်ဆောင်နေပုံ မဟုတ်ချေ။ သင်၏သဘောထားသည် သမ္မာတရားကို ရှာဖွေသည့်၊ သို့မဟုတ် သမ္မာတရားကို လက်တွေ့လုပ်ဆောင်သည့် သဘောထား မဟုတ်သကဲ့သို့ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် စီစဉ်မှုများကို နာခံသည့် သဘောထားလည်း မဟုတ်ဘဲ သင်၏ပြဿနာကို ဖြေရှင်းရန် စာတန်၏ နည်းနိဿယများနှင့် နည်းလမ်းများကို အသုံးပြုသည့် သဘောထားဖြစ်သည်။ သင်သည် အခြားသူများ သင့်အပေါ် မှားယွင်းသည့် ထင်မြင်ချက်တစ်ခုကို ပေးပြီး ဘုရားသခင်၏ ဖော်ထုတ်ခြင်းကို သင်ခုခံသည်၊ ထို့ပြင် သင့်အတွက် ဘုရားသခင်စီစဉ်ညွှန်ကြားပေးထားသည့် အခြေအနေများကို သင်သည် ခုခံကာကွယ်ပြီး ထိပ်တိုက်ရင်ဆိုင်သည်။ ဤသည်မှာ သင်၏စိတ်နှလုံးသည် ယခင်ကထက် ပို၍ဖုံးပိတ်ထားပြီး၊ ဘုရားသခင်ထံမှ ကင်းကွာကြောင်း ဆိုလိုပေသည်။ ထိုသို့ဖြင့်၊ ထိုအရာမှ ကောင်းသည့် ရလဒ်တစ်ခုတလေ ရှိလာနိုင်သလော။ သင်သည် ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းကို မွေ့လျော်ခံစားရင်း အလင်းထဲတွင် အသက်ရှင်နိုင်သေးသလော။ အသက်မရှင်နိုင်ပေ။ သမ္မာတရားကို သင် ရှောင်ရှားပြီး၊ ဘုရားသခင်ကို ရှောင်ရှားပါက၊ သေချာပေါက် အမှောင်ထဲကျကာ၊ မြည်တမ်းပြီး အံသွားခဲကြိတ်ရလိမ့်မည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ သမ္မာတရားကို လေ့လာလိုက်စားခြင်းအားဖြင့်သာ ဘုရားသခင်အပေါ် မိမိတို့၏အယူအဆများနှင့် နားလည်မှုလွဲခြင်းများကို ဖြေရှင်းနိုင်၏) ဘုရားနှုတ်ကပတ်တော်ကနေ ကျွန်မ သိခဲ့ရတယ်။ စစ်မှန်တဲ့ နောင်တနဲ့ ပြောင်းလဲခြင်းမှာ စစ်မှန်တဲ့ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်မှု၊ ကိုယ့်ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားနဲ့ ကိုယ့်ပြဿနာတွေရဲ့ အနှစ်သာရကို နားလည်မှုတွေလိုအပ်တယ်။ ကိုယ့်ရဲ့ အမှားက ဘယ်မှာရှိတယ်ဆိုတာ သိပြီး ကိုယ့်ရဲ့ ဖောက်ပြန်ပျက်စီးမှုကို ဖြေရှင်းဖို့ သမ္မာတရားကို ရှာဖွေရမယ်။ ကျွန်မကိုယ်ကျွန်မ ကြည့်ကြည့်တော့ ခေါင်းဆောင်က သူများတွေကို ချုပ်ချယ်တဲ့ ကျွန်မ ပြဿနာကို ထောက်ပြတော့ ကျွန်မက လုံးဝ ဆင်ခြင်မကြည့်ခဲ့ဘူး။ သူများတွေကို ချုပ်ချယ်တယ်ဆိုတာ တကယ်တမ်းဘာလဲ၊ ကျွန်မရဲ့ ဘယ်အပြုအမူတွေက ချုပ်ချယ်နေတာလဲ၊ ဒီပြဿနာနဲ့ပတ်သက်ပြီး ဘုရားနှုတ်ကပတ်တော်က ဘာကို ဖွင့်ပြသလဲ၊ အဲဒီလိုလူမျိုးအပေါ် ဘုရားရဲ့ သဘောထားက ဘာလဲ စတဲ့အရာတွေကို အဖြေရှာဖို့လည်း သမ္မာတရားကို မရှာခဲ့ဘူး။ အဲဒီအစား ကျွန်မ ထင်တဲ့ဟာကိုပဲ ကြည့်လုပ်ခဲ့တယ်။ ကျွန်မက အရမ်းတဲ့တိုးပြောလွန်းပြီး လေသံမချိုလို့ သူများတွေက စိတ်ကျဉ်းကျပ်ကြတယ်ပေါ့။ ကျွန်မ ပြောင်းလဲသွားပြီဆိုတာ လူတိုင်းမြင်အောင်လုပ်ဖို့ ကျွန်မရဲ့ လေသံနဲ့ အပြုအမူကို ပြင်တယ်။ ပြဿနာတစ်ခုကို မြင်ရင် ကျွန်မက မပွင့်လင်းတော့ဘူး။ အဲဒီအစား လူတစ်ယောက်ကို သိက္ခာဆည်ပေးမယ့် ဘာကိုမဆိုပြောပြီး နူးနူးညံ့ညံ့နေလိုက်တယ်။ တစ်ခါတလေမှာ လူတစ်ယောက်က စည်းမျဉ်းတွေကို ချိုးဖောက်နေတယ်ဆိုတာ ကျွန်မ ရှင်းရှင်းလင်းလင်း မြင်တယ်။ ဒါပေမဲ့ ကျွန်မက ထုတ်ပြောရင် ချုပ်ချယ်နေတယ်လို့ သူများတွေပြောမှာကြောက်ပြီး မမြင်ချင်ယောင်ဆောင်လိုက်တယ်၊ ဒါမှမဟုတ် ကြီးကြပ်ရေးမှူးကို ဒါကို ကိုင်တွယ်အောင် ပြောပြလိုက်တယ်။ ဒီလိုမျိုး အချိန်ခဏလောက်အထိ ကျင့်သုံးပြီးသွားတော့ ကျွန်မက သူတို့ကို အရင်ကလို မချုပ်ချယ်တော့ဘူးလို့ သူများတွေက ပြောပေမဲ့ ကျွန်မက အပြုအမူ ပြောင်းလဲတာတွေကို လုပ်နေတာပဲ။ အသက်စိတ်သဘောထောင်း ပြောင်းလဲဖို့ မလုပ်ဘူး။ ကိုင်တွယ်ဖြေရှင်းခံရတဲ့အခါမှာ ကျွန်မက ကိုယ့်ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ဖြေရှင်းဖို့ သမ္မာတရားကို မရှာခဲ့ဘူး။ ကျွန်မက ချုပ်တည်းတာကိုပဲ ကျင့်သုံးပြီး ဟန်လုပ်နေခဲ့တယ်။ ဒါကြောင့် ကျွန်မက တော်တော်စိတ်ဓာတ်ကျပြီး စိတ်ကျဉ်းကျပ်နေတာ။ ကျွန်မက ကျွန်မပြောတဲ့စကားတိုင်းမှာ ဝေ့ဝိုက်ပြီး အရမ်း သတိထားနေခဲ့တယ်။ ဒီလို အသက်ရှင်ရတာ ပင်ပန်းပါတယ်။ ဒါတွေအားလုံးက သမ္မာတရားကို မရှာဘဲ စည်းကမ်းတွေနောက်လိုက်ပြီး ကိုယ့်ကိုယ်ကိုယ် ဖြစ်စေတဲ့ ဆင်းရဲဒုက္ခတွေပဲ။ အဲဒါနဲ့ အဲဒီအချိန်မှာ ဒီလိုဆက်လုပ်လို့ မဖြစ်တော့ဘူးလို့ စဉ်းစားမိတယ်။ သမ္မာတရားရှာဖို့ ဘုရားရှေ့ကို လာရမယ်၊ ကျွန်မရဲ့ ကိုယ်ပိုင်ပြဿနာတွေကို ဆင်ခြင်ကြည့်ပြီး ကျွန်မရဲ့ အပျက်သဘောဆောင်တဲ့ အခြေအနေကနေ ရုန်းထွက်ရမယ်။
နောက်ပိုင်းမှာ သူများတွေကို ချုပ်ချယ်ခြင်းနဲ့ပတ်သက်တဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ရှာတယ်။ ပြီးတော့ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်တဲ့အခါမှာ အဲဒီဖွင့်ပြချက်တွေကို အသုံးချတယ်။ တစ်နေ့ကျတော့ ဘုရားနှုတ်ကပတ်တော်ထဲမှာ တစ်ခုကို ကျွန်မ ဖတ်ရတယ်။ “သင်သည် အယူဝါဒစကားများကိုသာ ထပ်တလဲလဲ ပြောပြီး လူများကို သြဝါဒပေးပြီး ကိုင်တွယ်ဖြေရှင်းမှသာ ၎င်းတို့ကို သမ္မာတရား နားလည်စေပြီး ယင်း၏ စစ်မှန်မှုထဲသို့ ဝင်ရောက်စေနိုင်သလော။ သင် မိတ်သဟာယပြုသည့် သမ္မာတရားသည် မစစ်မှန်လျှင်၊ အယူဝါဒစကားများသာဖြစ်လျှင်၊ ၎င်းတို့ကို သင်မည်မျှ ကိုင်တွယ်ဖြေရှင်းပြီး သြဝါဒပေးပါစေ အကျိုးရှိမည်မဟုတ်ပေ။ လူတို့က သင့်ကို ကြောက်ရွံ့ခြင်း၊ သင်ပြောသည့်အရာကို လုပ်ဆောင်ခြင်းနှင့် မကန့်ကွက်ရဲခြင်းတို့သည် သမ္မာတရားကို ၎င်းတို့ နားလည်ကာ နာခံခြင်းနှင့် အတူတူဖြစ်သည်ဟု သင် ထင်သလော။ ဤသည်မှာ ကြီးမားသော အမှားတစ်ခုဖြစ်သည်။ အသက်သို့ ဝင်ရောက်ခြင်းသည် အလွန်ရိုးရှင်းခြင်းမရှိပေ။ ခေါင်းဆောင်အချို့သည် အမြင်ကောင်းစေရန်အတွက် ကြိုးစားနေသော မန်နေဂျာအသစ်တစ်ယောက်နှင့်တူသည်။ လူတိုင်းက ၎င်းတို့ကို ကျိုးနွံနာခံရန်အတွက် ဘုရားသခင်ရွေးချယ်ထားသောသူတို့အပေါ် ၎င်းတို့၏ လတ်တလောရရှိထားသည့်အာဏာကို အသုံးချရန် ကြိုးစားပြီး ဤသို့ဖြင့် ၎င်းတို့အလုပ်က ပို၍လွယ်ကူလိမ့်မည်ဟု ထင်ကြသည်။ သင်သည် သမ္မာတရား၏ စစ်မှန်မှု ကင်းမဲ့လျှင် မကြာခင်တွင် သင်၏ စစ်မှန်သော ဝိညာဉ်ရင့်ကျက်မှုက မြင်သာလိမ့်မည်၊ သင်၏ သရုပ်မှန်က ထုတ်ဖော်ခြင်းခံရလိမ့်မည်။ သင်သည် ကောင်းစွာ ဖယ်ရှားခြင်းခံရနိုင်ပေမည်။ စီမံအုပ်ချုပ်ရေးဆိုင်ရာ အလုပ်အချို့တွင် အနည်းငယ် ကိုင်တွယ်ဖြေရှင်းခြင်း၊ ပြုပြင်ခြင်းနှင့် ပဲ့ပြင်ဆုံးမခြင်းသည် လက်ခံနိုင်ဖွယ်ဖြစ်သည်။ သို့ရာတွင် သင်သည် သမ္မာတရားကို မိတ်သဟာယပြုနိုင်စွမ်းမရှိပါက၊ အဆုံး၌ ပြဿနာကို ဖြေရှင်းနိုင်ဦးမည် မဟုတ်သကဲ့သို့၊ အလုပ်၏ ရလဒ်များကို ထိခိုက်လိမ့်မည်။ အသင်းတော်၌ မည်သည့်ပြဿနာများ ပေါ်ပေါက်သည်ဖြစ်စေ၊ လူများကို သင် ဆက်၍ ဩဝါဒပေးပြီး အပြစ်တင်နေလျှင်၊ သင်သည် အစဉ် ဒေါသထွက်နေရုံသာရှိလျှင်၊ ဤသည်မှာ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက သူ့ဘာသာသူ ထုတ်ဖော်ပြနေခြင်း ဖြစ်လေသည်။ သင်သည် သင်၏ ဖောက်ပြန်ပျက်စီးခြင်း၏ အကျည်းတန်သော မျက်နှာကို ပြသပြီးဖြစ်သည်။ သင်သည် အမြဲတမ်း အထက်စီးမှနေ၍ လူများကို ဤကဲ့သို့ ဩဝါဒပေးနေပါက၊ အချိန်ကြာလာသည်နှင့်အမျှ လူများသည် သင့်ထံမှ အသက်ပံ့ပိုးမှုကို လက်ခံရရှိနိုင်မည်မဟုတ်ပေ။ ၎င်းတို့သည် စစ်မှန်သည့် မည်သည့်အရာကိုမျှ ရလိမ့်မည်မဟုတ်ပေ။ ထိုအစား သင်၏ ပစ်ပစ်ခါခါငြင်းပယ်ခြင်းနှင့် ရွံရှာခြင်းသာ ခံရလိမ့်မည်။ ထို့အပြင် ချင့်ချိန်နိုင်စွမ်း မရှိသောကြောင့် သင်၏ ဩဇာလွှမ်းမိုးခြင်းကို ခံခဲ့ရပြီးသည့်နောက်၊ အခြားသူများကို ထိုနည်းတူ ဩဝါဒပေးပြီး ကိုင်တွယ်ဖြေရှင်းကာ ပြုပြင်မည့် လူအချို့ရှိလိမ့်မည် ဖြစ်သည်။ ၎င်းတို့သည်လည်း ထိုနည်းတူ စိတ်ဆိုးပြီး ဒေါသထွက်ကြလိမ့်မည်။ သင်သည် လူများ၏ ပြဿနာများကို ဖြေရှင်းနိုင်လိမ့်မည် မဟုတ်ရုံသာမက၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကိုလည်း အားပေးမြှင့်တင်ပေးနေမိလိမ့်မည်။ ယင်းက ၎င်းတို့အား ပျက်စီးခြင်းဆီသို့ လမ်းကြောင်းပေါ် ဦးဆောင်နေခြင်း မဟုတ်လော။ ယင်းက ဆိုးယုတ်သည့် အပြုအမူတစ်ခု မဟုတ်သလော။ ခေါင်းဆောင်တစ်ဦးသည် သမ္မာတရားအကြောင်း မိတ်သဟာယပြုခြင်းနှင့် အသက်ဖြင့် ထောက်ပံ့ပေးခြင်းတို့အားဖြင့် အဓိက ဦးဆောင်သင့်သည်။ သင်သည် အစဉ်သဖြင့် အပေါ်စီးမှနေကာ အခြားသူများအား ဩဝါဒပေးလျှင်၊ ၎င်းတို့သည် သမ္မာတရားကို နားလည်နိုင်လိမ့်မည်လော။ သင်သည် ဤနည်းလမ်းဖြင့် ခဏတာ အလုပ်လုပ်လျှင် လူများက သင့်ကို အရှိအတိုင်း ရှင်းလင်းစွာ မြင်လာသည့်အခါ သင့်ကို ၎င်းတို့က စွန့်ပစ်လိမ့်မည်။ ဤသို့အလုပ်လုပ်ခြင်းအားဖြင့် လူများကို ဘုရားသခင်၏ ရှေ့မှောက်သို့ သင် ခေါ်ဆောင်နိုင်သလော။ သင် သေချာပေါက် မခေါ်ဆောင်နိုင်ပေ။ သင်လုပ်နိုင်သည့်အရာမှာ အသင်းတော်အလုပ်ကို ကဖျက်ယဖျက်လုပ်ပြီး ဘုရားသခင် ရွေးချယ်ထားသော လူများကို သင့်အား ရွံရှာစက်ဆုပ်ပြီး စွန့်ပစ်ဖို့ ဖြစ်စေရုံသာ ရှိသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး) ဘုရားနှုတ်ကပတ်တော်ကို ဆင်ခြင်ရင်းနဲ့ ကျွန်မ ရှင်းသွားတယ်။ သူများတွေရဲ့ ပြဿနာကို မြင်ပေမဲ့ သူတို့ကို ကူညီဖို့ သမ္မာတရားကို မိတ်သဟာယမဖွဲ့ဘဲ၊ လက်တွေ့လုပ်ဖို့ လမ်းကြောင်းကို ပြမပေးဘဲ အဲဒီအစား သူတို့အမှားအတွက် သူတို့ကို မောက်မောက်မာမာနဲ့ ဆူတာ၊ အပြစ်တင်တာ ကိုယ်ဖြစ်စေချင်တဲ့အတိုင်းလုပ်ဖို့ သူတို့ကို ဖိအားပေးတာဟာ တင်းကျပ်တဲ့ အပြုအမူပဲ။ ကိုယ့်ကိုယ်ကိုယ် ဘုရားနှုတ်ကပတ်တော်တွေနဲ့ ယှဉ်ကြည့်တော့ ကျွန်မက အဲဒီလိုမျိုးဆိုတာ တွေ့ရတယ်။ ရှီလာက အစမှာ သီချင်းရေးစလေ့ကျင့်တော့ လုပ်ငန်းစဉ်တော်တော်များများနဲ့ မရင်းနှီးသေးဘူးဆိုတော့ အမှားတွေလုပ်တာက သာမန်ပဲ။ သူ့ရဲ့ တွဲဖက်အနေနဲ့ ကျွန်မက သူ့ကို ချစ်ချစ်ခင်ခင်နဲ့ ကူညီပံ့ပိုးပေးသင့်တယ်။ သူ့အမှားတွေရဲ့ အကြောင်းပြချက်တွေကို အနှစ်ချုပ်ဖို့ အတူတူလုပ်ပြီး အဲဒီအမှားတွေကို ပြောင်းလဲသင့်တယ်။ ဒါပေမဲ့ ကျွန်မက သူ့ရဲ့ တကယ့် ဝိညာဉ်ရင့်ကျက်မှု၊ ဒါမှမဟုတ် အခက်အခဲတွေကို ထည့်မစဉ်းစားခဲ့ဘူး။ ကျွန်မက လုံးဝ နားလည်မပေးဘူး။ သူ့အတွက် စဉ်းစားမပေးဘူး။ ပြီးတော့ သူ့အမှားတွေရဲ့ အရင်းအမြစ်ကို မရှာခဲ့ဘူး။ သူ့ကို အထင်ပဲသေးပြီး သူ့တာဝန်ကို စိတ်နှစ်မလုပ်ဘူးဆိုပြီးတော့ပဲ သတ်မှတ်ခဲ့တယ်။ သူ့ကို တစ်ချိန်လုံး စိတ်မြန်လက်မြန်နဲ့ ဝေဖန်အပြစ်တင်ပြီး ဆူတာတွေတောင် လုပ်ခဲ့တယ်။ ဒါကြောင့် သူက စိတ်ကျဉ်းကျပ်ပြီး သူ့ရဲ့ မကောင်းတဲ့အခြေအနေက သူ့တာဝန်ကို ထိခိုက်ခဲ့တယ်။ တခြားညီအစ်ကိုမောင်နှမတွေနဲ့ ဆက်ဆံတဲ့နေရာမှာ ကျွန်မလည်း အတူတူပဲ။ တစ်ယောက်ယောက်က ကျွန်မထက်ပိုစောပြီး အိပ်ရာဝင်တာ ခဏနားပြီး လျှောက်သွားတာ၊ နည်းနည်းစကားပြောတာတွေကို ကျွန်မ မြင်ရင် သူတို့က သူတို့တာဝန်မှာ ပေါ့လျော့တယ်လို့ ကျွန်မက ထင်တယ်။ ပြီးတော့ သူတို့ကို အထင်သေးတယ်။ ကျွန်မက သူများတွေကို အမြဲတမ်းဆူတယ်။ ဒီလိုနဲ့ သူတို့က ကျွန်မကို မကျေမနပ်ဖြစ်ပြီး ရှောင်တောင်ရှောင်ကြတယ်။ ဒီနည်းနဲ့ သူများတွေနဲ့ ဆက်ဆံပြီးအလုပ်လုပ်တာက သူတို့ကို တည်ဆောက်စရာ၊ အကျိုးအမြတ်တစ်ခုခုမရစေရုံမကဘဲ သူတို့က ကြောက်ပြီး စိတ်ကျဉ်းကျပ်လာကြတယ်။ ကျွန်မက တကယ်ကို သူများတွေအပေါ် ချစ်ခြင်းမရှိဘဲ လူ့သဘာဝမရှိခဲ့ဘူး။ တကယ်တော့ အကြာကြီးအလုပ်လုပ်ပြီးတော့ ထပြီး လျှောက်သွားတာ ခဏလောက် စကားပြောပြီး သက်သောင့်သက်သာနေတာက တကယ်ကို သာမန်ပါပဲ။ ဒါပေမဲ့ ကျွန်မက လူတိုင်းကို ကျွန်မလိုလုပ်ဖို့ မရမကပြောတယ်။ နောက်ကျမှ အိပ်ရာဝင်ပြီး ပေါ့ပေါ့ပါးပါး စကားပြောတာတွေ မလုပ်ခိုင်းဘူး။ ကျွန်မက တော်တော်မာနကြီးပြီး ကိုယ့်ကိုယ်ကိုယ် အမှန်ထင်တာပဲ။ ကျွန်မက လူတိုင်းအပေါ် ဖောက်ပြန်ပျက်စီးခြင်းနဲ့ လုပ်ဆောင်နေတာပဲ။ ကျွန်မ လုပ်ရပ်တွေကို ဘုရားနှုတ်ကပတ်တော်အပေါ်၊ သမ္မာတရားစည်းမျဉ်းတွေအပေါ်မှာ အခြေမခံဘူး။ ဒါကြောင့် လူတွေက မွန်းကျပ်ပြီး စိတ်ကျဉ်းကျပ်လာကြတယ်။ ကျွန်မ နောက်ကြောင်းပြန်စဉ်းစားရင်းနဲ့ ဒီနေရာရောက်တော့ အပြစ်ရှိသလိုခံစားရပြီး စိတ်မကောင်းဖြစ်တယ်။ ကျွန်မက တကယ်ကို ကျိုးကြောင်းမသင့်ဘူး၊ အရမ်းကို လူ့သဘာဝကင်းမဲ့တယ်ဆိုတာကို မြင်ခဲ့တယ်။
နောက်ပိုင်းမှာ အကြောင်းရင်းက ဘာလဲဆိုတာ ပိုပြီး ရှင်းရှင်းလင်းလင်း မြင်သွားအောင် ကူညီပေးတဲ့ နောက်ထပ် ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ ဖတ်တယ်။ ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ပြောထားသည်- “သင်၏စိတ်နှလုံးထဲတွင် သင်သည် သမ္မာတရားကို အမှန်တကယ် နားလည်ပါက၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ကာ ဘုရားသခင်ကို နာခံဖို့နည်းလမ်းအား သင်သိလိမ့်မည် ဖြစ်ပြီး သမ္မာတရား လိုက်စားခြင်း လမ်းကြောင်းပေါ်ကို သင် အလိုအလျောက် စတင်လိမ့်မည် ဖြစ်သည်။ သင်လျှောက်သည့် လမ်းကြောင်းသည် မှန်ကန်သည့် လမ်းကြောင်းဖြစ်ပြီး ဘုရားသခင်၏ အလိုတော်နှင့် ကိုက်ညီပါက၊ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်သည် သင့်ကို စွန့်ခွာလိမ့်မည် မဟုတ်ချေ— ထိုအခြေအနေတွင် ဘုရားသခင်အား သင် သစ္စာဖောက်ဖို့အလားအလာ နည်းသည်ထက် နည်းလာပေလိမ့်မည်။ သမ္မာတရားမရှိပါက မကောင်းမှုပြုရန် လွယ်ကူပြီး မရည်ရွယ်ဘဲ ယင်းကို သင်လုပ်မိလိမ့်မည် ဖြစ်သည်။ ဥပမာ၊ သင့်တွင် မာနထောင်လွှားပြီး စိတ်ကြီးဝင်သော စိတ်သဘောထားတစ်ခုရှိလျှင် ဘုရားသခင်ကို မဆန့်ကျင်ရန် ပြောဆိုခံရခြင်းသည် ထူးခြားမှုမရှိပေ။ သင်သည် ကိုယ့်ကိုယ်ကိုယ် မထိန်းနိုင်ပေ။ သင်ထိန်းချုပ်နိုင်သည်ထက် ကျော်လွန်သည်။ သင်သည် ရည်ရွယ်ချက်ရှိရှိဖြင့် လုပ်ဆောင်မည်မဟုတ်ပေ။ သင်၏ မောက်မာပြီး ထောင်လွှားသော သဘာဝဗီဇ၏ အုပ်စိုးမှုအောက်၌ သင် ထိုသို့ပြုလိမ့်မည်။ သင်၏ မာနထောင်လွှား ခြင်းနှင့် စိတ်ကြီးဝင်ခြင်းတို့သည် သင့်ကို ဘုရားသခင်အား အထင်အမြင်သေးစေမည်ဖြစ်ပြီး သူ့အား အရေးမပါသောသူအဖြစ် မြင်စေမည်ဖြစ်သည်။ ထိုအရာတို့သည် သင့်ကိုယ်သင် ချီးမြှောက်အောင် လုပ်လိမ့်မည်ဖြစ်ပြီး သင့်ကိုယ်သင် အစဉ်တစိုက် ပြစားဝင့်ဝါအောင် လုပ်လိမ့်မည် ဖြစ်သည်။ ယင်းတို့က သင့်အား အခြားသူများကို အထင်အမြင်သေးစေမည်၊ သင့်စိတ်နှလုံးထဲတွင် သင်ကိုယ်တိုင်မှလွဲ၍ အခြားမည်သူကိုမျှ ထားမည် မဟုတ်ချေ။ ယင်းတို့က သင်၏ စိတ်နှလုံးထဲမှ ဘုရားသခင်၏နေရာကို လုယူလိမ့်မည်။ ပြီးလျှင် နောက်ဆုံးတွင် သင့်အား ဘုရားသခင်၏နေရာတွင် ထိုင်ဖို့ဖြစ်စေပြီး သင့်ကိုယ်ပိုင်အတွေးများ၊ အကြံဉာဏ်များနှင့် အယူအဆများကို သမ္မာတရားအဖြစ် ကြည်ညိုလေးစားစေလျက်၊ သင့်ကို ကျိုးနွံနာခံဖို့ တောင်းဆိုစေမည် ဖြစ်သည်။ မိမိတို့၏ မောက်မာ၍ ထောင်လွှားသော သဘာဝ၏ အုပ်စိုးမှုအောက်၌ လူတို့သည် များပြားလှသော ဒုစရိုက်မှုကို ပြုကြသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ သမ္မာတရားအား လိုက်စားခြင်းအားဖြင့်သာ စိတ်သဘောထား ပြောင်းလဲမှုတစ်ခုကို ရရှိနိုင်သည်) ကျွန်မက သူများတွေအပေါ် အရမ်းပိုင်စိုးပိုင်နင်းဖြစ်ပြီး ဖိနှိပ်ချုပ်ချယ်ရတဲ့အကြောင်းက ကျွန်မရဲ့ မာနထောင်လွှားတဲ့ ဆိုးယုတ်တဲ့ သဘာဝကြောင့်သက်သက်ပဲဆိုတာ ဘုရားနှုတ်ကပတ်တော်ကနေ ကျွန်မ သဘောပေါက်သွားတယ်။ ကျွန်မက သီချင်းရေးတာ တော်တော်ကြာပြီဆိုတော့ စည်းမျဉ်းတွေ၊ ကျွမ်းကျင်မှုတွေနဲ့ ရင်းနှီးတယ်။ ပြီးတော့ ကြီးကြပ်ရေးမှူးက ကျွန်မကို ခဏခဏ သူများတွေကို ကူညီပြီး ပြပေးခိုင်းတယ်။ ကျွန်မက ဒါကို ကိုယ့်အတွက် အရင်းအနှီးအနေနဲ့ မြင်ပြီး ကျွန်မက တကယ်ကို ထူးခြားတယ်၊ တခြားလူတိုင်းထက် သာတယ်လို့ ထင်ခဲ့တယ်။ ကျွန်မက ကိုယ့်ဘာသာ သတိမထားမိတော့ဘဲ ကိုယ့်ကိုယ်ကိုယ် စင်ပေါ်တင်ပြီး လူတိုင်းကို ငုံ့ကြည့်နေခဲ့တယ်။ ရှီလာက သီချင်းရေးတဲ့နေရာမှာ အမှားတွေဆက်တိုက်လုပ်နေတော့ ကျွန်မက စိတ်လွတ်သွားပြီး သူ့ကို ဆူတယ်။ ဒါပေမဲ့ တကယ်တမ်းက ကျွန်မက သူ့ကို နှိမ်ပြီး ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်နေတာပဲ။ ကျွန်မက သူ့ထက်သာတယ်လို့ လူတိုင်းက ကျွန်မကို မြင်အောင် လုပ်နေတာပဲ။ သူက ကျွန်မ မလုပ်တဲ့ အမှားတွေကို လုပ်နေပြီး ပြဿနာတွေဖြစ်နေတယ်၊ သူက အာရုံမစိုက်ဘူး၊ တာဝန်မသိတတ်ဘူး၊ ကျွန်မကတော့ ကိုယ့်တာဝန်မှာ အလေးအနက်ထားပြီး တာဝန်သိတတ်တယ် ပေါ့။ ဒါပေမဲ့ အခု ကျွန်မ စဉ်းစားကြည့်တော့ ရှီလာမှာလည်း အားသာချက်တွေ အများကြီးရှိတယ်။ သူ့မှာ အစွမ်းအစကောင်းရှိတယ်။ သီချင်းရေးတဲ့နေရာမှာ ပြီးတာမြန်တယ်။ အကြံကောင်းတွေ အများကြီးပေးတယ်။ ဒါပေမဲ့ ကျွန်မက သူ့အားနည်းချက်တွေကိုပဲ ကြည့်နေပြီး သူတော်တာတွေကို မမြင်နိုင်ဘူး။ သူနဲ့ပတ်သက်ရင် ကျွန်မ စံနှုန်းတွေကမြင့်ပြီး သတ်မှတ်ချက်တွေက တင်းကျပ်တယ်။ ကျွန်မ သူ့ကို ပြင်ပေးပြီးတဲ့ဟာဆိုရင် သူ့ကို အမှားလုပ်ခွင့်မပေးဘူး။ တစ်ခါတလေမှာ သူများတွေက စကားပြောတာ၊ စောပြီး အိပ်ရာဝင်တာကို ကျွန်မ တွေ့ရင် ကျွန်မက သူတို့ကိုလည်း အပြစ်တင်တယ်။ ကျွန်မရဲ့ ကိုယ်ပိုင်လိုအပ်ချက်တွေနဲ့ စံနှုန်းတွေကို သမ္မာတရားစည်းမျဉ်းတွေအဖြစ် မှတ်ယူပြီး သူများတွေကိုလည်း လိုက်နာခိုင်းတယ်။ မလုပ်နိုင်တဲ့အခါ အပြစ်တင်တယ်။ ကျွန်မက အားနည်းချက်မရှိဘဲ ဘယ်သူမှ မယှဉ်နိုင်တဲ့ ပြီးပြည့်စုံတဲ့သူလိုမျိုး နေခဲ့တယ်။ ကျွန်မက တော်တော်မာနကြီးပြီး ကျိုကြောင်းမသင့်ခဲ့ဘူး။ တကယ်တမ်းကတော့ ကျွန်မက ကိုယ့်တာဝန်မှာ ခဏခဏ အမှားတွေလုပ်တယ်။ သုံးလေးကြိမ်လောက်ထိ ကျွန်မက အာရုံမစိုက်လို့၊ ဂရုမစိုက်လို့ ကျွန်မတို့အလုပ်က မကောင်းတဲ့ သက်ရောက်မှုဖြစ်သွားတယ်။ ကျွန်မတာဝန်မှာ စိန်ခေါ်မှုတွေကို ကြုံရရင်လည်း ကျွန်မက ဘာမှမလုပ်ဘဲ နောက်ဆုတ်တယ်။ အဖိုးအခ မပေးဆပ်ချင်ခဲ့ဘူး။ ကျွန်မက သူများတွေထက် ဘာမှ ပိုမတော်ပါဘူး။ ဒါပေမဲ့ ကျွန်မကိုယ်တိုင်ရဲ့ ပြဿနာတွေနဲ့ အားနည်းချက်တွေကို မမြင်နိုင်ခဲ့ဘူး။ ကျွန်မက ကျန်တဲ့သူတွေထက်သာတယ်လို့ အမြဲတမ်း ခံစားရတယ်။ တကယ်ကို ကိုယ့်ကိုယ်ကိုယ် သတိမထားမိခဲ့တာပါ။ ဒါကို သဘောပေါက်သွားတော့ တော်တော်ရှက်တယ်။ ကျွန်မက တော်တော်လေးကို မာနကြီးပြီး လူ့သဘာဝကို အသက်ရှင်နေထိုင်ခြင်းမရှိတာကိုလည်း မုန်းခဲ့တယ်။
အဲဒီနောက်မှာ ကျွန်မ ရှာဖွေကြည့်တော့ ကျွန်မက ကိုယ်မြင်တဲ့ ပြဿနာတွေကို ထောက်ပြနိုင်တာ၊ မှန်တာတွေကိုပဲ ပြောနိုင်တာဟာ ကျွန်မက ထုတ်ဖော်ပြောဖို့ သတ္တိရှိပြီး လူတွေ မကျေမနပ်ဖြစ်သွားမှာ မကြောက်ဘူး၊ ဒါဟာ ဖြောင့်မတ်ခြင်းအသိစိတ်ကိုပြတယ်ဆိုပြီး အမြဲတမ်း ခံစားမိခဲ့တယ်ဆိုတာ ကျွန်မ သဘောပေါက်သွားတယ်။ ဒါပေမဲ့ တကယ်တမ်းတော့ ကျွန်မက ဖြောင့်မတ်ခြင်းနဲ့ မာနထောင်လွှားခြင်းရဲ့ ကွာခြားမှုကို မသိဘူး။ ဒီပဟေဠိကို ဘုရားရှေ့ကို ယူလာပြီး ဆုတောင်း ရှာဖွေတယ်။ တစ်ခါတော့ စုဝေးပွဲတစ်ခုမှာ အသင်းတော်ခေါင်းဆောင်တစ်ယောက်က ဒီကိစ္စအပေါ် သူ့ရဲ့ ကိုယ်ပိုင်နားလည်မှုကို မိတ်သဟာယဖွဲ့တယ်။ အဓိကအနေနဲ့ သူပြောတာက ဖြောင့်မတ်ခြင်းဆိုတာ သမ္မာတရားကို ထိန်းသိမ်းပြီး ဘုရားသခင်ရဲ့ အမှုတော်ကို ကာကွယ်ခြင်းကို ညွှန်းဆိုတယ်ပေါ့။ ကိုယ်က သမ္မာတရားကို တကယ်နားလည်ရင်၊ ဘယ်အရာက သမ္မာတရားနဲ့၊ ဘုရားနှုတ်ကပတ်တော်နဲ့ညီတယ်ဆိုတာကို သိရင် ဒါကို ထိန်းသိမ်းသင့်တယ်။ ဒါပေမဲ့ ဘုရားနှုတ်ကပတ်တော်ကို၊ သမ္မာတရားကို မထိန်းသိမ်းရဲတာက ဖြောင့်မတ်ခြင်းအသိစိတ်မရှိတာပဲ။ မာနထောင်လွှားခြင်းနဲ့ စိတ်ကြီးဝင်ခြင်းက ဘုရားကို ပုန်ကန်ပြီး အာခံတဲ့ ဆိုးယုတ်တဲ့ စိတ်သဘောထားကို ဖော်ပြတယ်။ ဘုရားရဲ့ နှုတ်ကပတ်တော်၊ အမှုတော်နဲ့ တောင်းဆိုချက်တွေကို လျစ်လျူရှုတာ၊ ကိုယ့်အကြောင်းကိုယ် အရမ်းစဉ်းစားတာ၊ ကိုယ်ပိုင်အမြင်၊ ကိုယ်ပိုင်အယူအဆတွေကို ဖက်တွယ်ထားတာ ကိုယ်က အကုန်လုံးကို သိတယ်လို့ ထင်နေတာ ဒါတွေက မာနထောင်လွှားပြီး စိတ်ကြီးဝင်တာပဲ။ မာနထောင်လွှားခြင်းက ဖြောင့်မတ်ခြင်းနဲ့ လုံးဝ ကွဲလွဲပြီး စည်းမျဉ်းတွေကို ထိန်းသိမ်းတယ်။ ဒီနှစ်ခုက လုံးဝ မဆက်စပ်ဘူး။ ခေါင်းဆောင်ရဲ့ မိတ်သဟာယကို ကြားပြီး မာနထောင်လွှားခြင်းနဲ့ ဖြောင့်မတ်ခြင်းမတူတာကို ကျွန်မ နည်းနည်းသိသွားတယ်။ ဖြောင့်မတ်ခြင်းရှိတဲ့သူက သမ္မာတရား စည်းမျဉ်းတွေကို ထိန်းသိမ်းနိုင်ပြီး အသင်းတော်အလုပ်ကို ကာကွယ်နိုင်တယ်။ တစ်ယောက်ယောက်က အသင်းတော်အကျိုးကို ထိခိုက်နေတာကို သူက မြင်ရင် ထရပ်ပြီး မိတ်သဟာယဖွဲ့နိုင်တယ်။ တားဆီးနိုင်တယ်။ သူများတွေရဲ့ ပြဿနာတွေကို ထုတ်ဖော်နိုင်တယ်။ တစ်ခါတလေမှာ သူက ကြမ်းကြမ်းတမ်းတမ်း ပြောဆိုနိုင်တယ်။ ဒါပေမဲ့ သူတို့ပြောတာက အရှိအတိုင်းဖြစ်ပြီး လက်တွေ့ကျတယ်။ ပြီးတော့ အသင်းတော်အကျိုးအတွက်ဖြစ်တယ်။ ဒါက သူများတွေရဲ့ အသက်ဝင်ရောက်မှုအတွက် အကျိုးရှိပြီး တစ်ကိုယ်ရေ ရည်ရွယ်ချက်တစ်ခုမှ မရှိဘူး။ ဒါက ဖြောင့်မတ်ခြင်းကို ဖော်ပြမှုတစ်ခုပဲ။ တစ်ယောက်ယောက်က ကိုယ့်တာဝန်မှာ တာဝန်မသိတတ်ဘဲ အလုပ်ကို ထိခိုက်နေတာကို ခေါင်းဆောင်ကမြင်ရင် တစ်ခါတလေမှာ သူက အဲဒီလူကို ပြုပြင်ပြီး ကိုင်တွယ်ဖြေရှင်းနိုင်တာကို ကျွန်မ တွေးမိတယ်။ သူ့လေ့သံက ကြမ်းပြီး တဲ့တိုးဆန်နိုင်ပေမဲ့ သူက ပြဿနာရဲ့ သဘာဝနဲ့ အကျိုးဆက်တွေကို မီးမောင်းထိုးပြတယ်။ လူတွေ အမြန် ဆင်ခြင်သုံးသပ်နိုင်ပြီး နောင်တရနိုင်အောင်ပေါ့။ အလုပ်ကို ထိခိုက်တာတွေ မဖြစ်တော့ဘူး။ ပြီးတော့ လူတွေကို ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်ပြီး သိအောင်လုပ်ဖို့ ကူညီပေးတယ်။ အပြုသဘောဆောင်တဲ့ရလဒ်တွေ ရှိတယ်။ ဒါပေမဲ့ သူများတွေကို ချုပ်ချယ်တာက မာနထောင်လွှားမှုကို ပြတာပဲ။ ဒါက လူတွေကို ကိုယ့်ရဲ့စံနှုန်းတွေ၊ စိတ်ကူးတွေအတိုင်းလုပ်ဖို့ တွန်းအားပေးတာပဲ။ ကိုယ့်ရည်ရွယ်ချက်က ကိုယ်က ဘယ်လောက်သာတယ်ဆိုတာ ကြွားဖို့ပဲ။ အကျိုးဆက်အနေနဲ့ လူတွေအပေါ် စည်းကမ်းတွေအများကြီး ချမှတ်တယ်။ ဒါကြောင့် လူတွေက ကြောက်ပြီး ချုပ်ချယ်၊ ကန့်သတ်ခံရသလို ခံစားရတာ၊ အပျက်သဘောဆောင်တာတွေ ဖြစ်လာတယ်။ ရှီလာနဲ့ ကျွန်မ အလုပ်လုပ်တော့ သူက အမှားတွေအများကြီးလုပ်တာကို ကျွန်မ မြင်တဲ့အချိန်မှာ သူ့အမှားတွက ဘာကြောင့်ဖြစ်တယ်ဆိုတာ မရှာဘူး။ အပြုသဘောဆောင်တဲ့ မိတ်သဟာယပေးပြီး ကူညီတာမလုပ်ဘူး။ အဲဒီအစား သူ့ပြဿနာတွေကို ကျွန်မက အမိအရဆုပ်ကိုင်ပြီး သူ့ကို ဆူတယ်။ ဒါကြောင့် သူက တော်တော် စိတ်ကျဉ်းကျပ်သွားတယ်။ ကျွန်မက မာနထောင်လွှားတဲ့ စိတ်သဘောထားကို တော်တော်ကို ရှင်းရှင်းလင်းလင်း ပြနေတာပါ။ အသင်းတော်အလုပ်ကို ဖြောင့်မတ်စွာ ထိန်းသိမ်းခြင်း မရှိဘူး။ လူတစ်ယောက်က မှန်တဲ့ ရည်ရွယ်ချက်ရှိရင်၊ စည်းမျဉ်းရှိရင်၊ အသင်းတော်အလုပ်ကို ထိန်းသိမ်းဖို့ ကြိုးစားပြီး သူမြင်တဲ့ ပြဿနာတွေကို အရှိအတိုင်း ထောက်ပြနိုင်ရင် သူက ကြမ်းကြမ်းတမ်းတမ်း ပြောဆိုရင်တောင် မာနထောင်လွှားတာမဟုတ်ဘူး။ ဒီကျင့်သုံးမှုက သူများတွေအတွက် တည်ဆောက်စရာဖြစ်ပြီး အလုပ်အတွက် အကျိုးရှိတယ်။ ဒါက သမ္မာတရားကို လက်တွေ့လုပ်ပြီး ဖြောင့်မတ်ခြင်းကို ထင်ရှားစေတာပဲ။ ဒါကြောင့် မာနထောင်လွှားပြီး သူများတွေကို ချုပ်ချယ်တဲ့ ပြဿနာကို ဖြေရှင်းချင်ရင် ပါးပါးနပ်နပ်နဲ့ စကားပြောဖို့ကိုပဲ အာရုံစိုက်လို့မရဘူး။ ပြဿနာတွေကို မြင်တဲ့အခါ မပြောဘဲ နေလို့မရဘူး။ ကိုယ့်ကိုယ်ကိုယ် သုံးသပ်ဖို့၊ ကိုယ့်ရဲ့ မာနထောင်လွှားတဲ့ စိတ်သဘောထားကို ဖြေရှင်းဖို့အာရုံစိုက်ရမယ်။ ကိုယ့်စကားတွေရဲ့ နောက်ကွယ်က ရည်ရွယ်ချက်ကို စစ်ဆေးဖို့၊ ကိုယ့်ရဲ့ သင့်တင့်တဲ့နေရာမှာ နေဖို့၊ ပြီးတော့ သူများတွေကို တောင်းဆိုတာတွေလုပ်ပြီး ကိုယ့်နှစ်သက်မှုတွေ၊ အယူအဆတွေအတိုင်း အကဲဖြတ်တာတွေ မလုပ်ဖို့ကို အာရုံစိုက်ရမယ်။
လက်တွေ့လုပ်ဖို့ လမ်းကြောင်းနဲ့ပတ်သက်ပြီး ကျွန်မကို ပိုရှင်းလင်းသွားအောင်လုပ်ပေးတဲ့ နောက်ထပ် ဘုရားနှုတ်ကပတ်တော်ကို ဖတ်တယ်။ ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ပြောထားသည်- “အနည်းဆုံးအနေဖြင့် ဘုရားရွေးချယ်ထားသူများသည် အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့ကို ပိုင်ဆိုင်သင့်ကာ သာမာန်လူ့သဘာဝ၏ စံနှုန်းများနှင့်အညီ လူတို့နှင့် တွေ့ဆုံပြီး ဆက်ဆံသင့်သည်။ သဘာဝအားဖြင့် အကောင်းဆုံးမှာ ဘုရားသခင်တောင်းဆိုသည့် သမ္မာတရားစည်းမျဉ်းများနှင့်အညီ လက်တွေ့လုပ်ဆောင်ခြင်းဖြစ်သည်။ ဤသည်မှာ ဘုရားသခင်ကို ကျေနပ်စေသည်။ ဤသို့ဆိုလျှင် ဘုရားသခင်တောင်းဆိုသည့် သမ္မာတရားစည်းမျဉ်းများသည် အဘယ်နည်း။ လူတို့သည် အားနည်းပြီး အပျက်သဘောဆောင်သောအခါ အခြားလူများ၏ အားနည်းခြင်းနှင့် အပျက်သဘောဆောင်ခြင်းတို့ကို နားလည်ရန်ဖြစ်သည်။ လူတို့သည် အခြားလူများ၏ နာကျင်မှုနှင့် အခက်အခဲများကို အလေးထားရန်ဖြစ်သည်။ ထို့နောက်တွင် ဤအရာများကို စုံစမ်းမေးမြန်းပြီး ကူညီထောက်ပံ့မှုပေးရန်ဖြစ်သည်။ ၎င်းတို့ ပြဿနာများကို ဖြေရှင်းရာတွင် ကူညီပေးဖို့ ဘုရားနှုတ်ကပတ်တော်များ ဖတ်ပြရန်ဖြစ်သည်။ ဤနည်းအားဖြင့် ၎င်းတို့သည် အားနည်းခြင်းမရှိတော့ဘဲ ဘုရားသခင်ရှေ့မှောက်သို့ ခေါ်ဆောင်ခြင်းခံရစေဖို့ဖြစ်သည်။ ဤသည်မှာ စည်းမျဉ်းနှင့်ညီသော လက်တွေ့လုပ်ဆောင်မှုနည်းလမ်းတစ်ခုဖြစ်သလော။ ဤသို့ လက်တွေ့လုပ်ဆောင်ခြင်းသည် သမ္မာတရား၏ စည်းမျဉ်းနှင့် ကိုက်ညီသည်။ သဘာဝအားဖြင့် ဤဆက်ဆံရေးအမျိုးအစားများသည်လည်း စည်းမျဉ်းနှင့်ကိုက်ညီသည်။ လူတို့သည် တမင်သက်သက် ဝင်ရောက်စွက်ဖက်နှောင့်ယှက်တတ်သောအခါ၊ သို့မဟုတ် တာဝန်ထမ်းဆောင်ရာတွင် တမင်သက်သက် ပေါ့ဆပြီး ဝတ်ကျေတန်းကျေပြုသောအခါ သင်သည် ဤအရာကိုမြင်ပြီး စည်းမျဉ်းနှင့်အညီ အကြောင်းအရာများကို ကိုင်တွယ်နိုင်လျှင်၊ ဤအရာများကို ၎င်းတို့ထံသို့ ထောက်ပြနိုင်လျှင်၊ ၎င်းတို့ကို အပြစ်ဖော်ဆုံးမနိုင်ပြီး ကူညီနိုင်လျှင် ဤသည်မှာ သမ္မာတရားစည်းမျဉ်းများနှင့် ကိုက်ညီသည်။ သင်သည် မျက်ကွယ်ပြုလျှင်၊ သို့မဟုတ် ၎င်းတို့အပေါ် သည်းခံပြီး ၎င်းတို့အတွက် ဖုံးကွယ်ပေးလျှင် ကြားကောင်းသောအရာများပြောသည်အထိ ချီးမွမ်းပြီး လက်ခုပ်သြဘာပေးသည်အထိ ၎င်းတို့ကို မုသားများဖြင့် လှည့်စားသည့်အထိပင် လုပ်ဆောင်လျှင်၊ ဤသို့သော အပြုအမူများ၊ ဤသို့ လူတို့နှင့် ဆက်ဆံသည့်၊ အရေးကိစ္စများကို ကိုင်တွယ်ဖြေရှင်းသည့်ဤနည်းလမ်းများသည်၊ သမ္မာတရားစည်းမျဉ်းများနှင့် သိသာထင်ရှားစွာ ကွဲလွဲနေပြီး ဘုရားနှုတ်ကပတ်တော်များတွင် အခြေခံခြင်းမရှိပေ။ ဤသို့သောဖြစ်ရပ်တွင် ဤအပြုအမူများနှင့် လူတို့နှင့်ဆက်ဆံသည့်၊ အရေးကိစ္စများကို ကိုင်တွယ်သည့် နည်းလမ်းများသည် သိသာထင်ရှားစွာပင် တရားဝင်မဟုတ်ပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ) ဘုရားသခင်ပြောတာကို ကျွန်မ စဉ်းစားကြည့်ပြီး သဘောပေါက်သွားတယ်။ ညီအစ်ကိုမောင်နှမတွေနဲ့ ဆက်ဆံပြီး အလုပ်လုပ်တဲ့အခါ သူတို့ကို မျှမျှတတ ဆက်ဆံပြီး သူတို့အားသာချက်တွေကို မြင်ဖို့ သင်ယူရမယ်။ လူတွေမှာ အားနည်းချက်တွေ၊ ပြဿနာတွေ နည်းနည်းရှိတာနဲ့ပဲ သူတို့ကို အထင်သေးလို့မရဘူး။ ဒါက ကျိုးကြောင်းမသင့်ဘူး။ လူတိုင်းရဲ့ ဝိညာဉ်ရင့်ကျက်မှု၊ အစွမ်းအစနဲ့ နားလည်သဘောပေါက်နိုင်စွမ်းက မတူကြဘူး။ ဘယ်အရာမဆို ကိုယ့်အကြိုက်တွေကို အခြေခံပြီး တောင်းဆိုတာတွေ၊ အကဲဖြတ်တာတွေ လုပ်လို့မရဘူး။ သူများတွေရဲ့ ပြဿနာတွေကို သတိထားမိတဲ့အခါ သူတို့ကို ပံ့ပိုးပေးဖို့ ချစ်ချစ်ခင်ခင်နဲ့ ကူညီပြီး သမ္မာတရားကို မိတ်သဟာယဖွဲ့ပေးသင့်တယ်။ ဒါဆိုရင် သမ္မာတရားစည်းမျဉ်းတွေကို နားလည်နိုင်ပြီး လက်တွေ့လုပ်ဖို့လမ်းကြောင်းကို ရှာတွေ့နိုင်တာပေါ့။ ဒါက ပြဿနာတွေကို ဖြေရှင်းဖို့ အကောင်းဆုံးနည်းပဲ။ ကိုယ့်တာဝန်မှာ ခဏခဏ ဝတ်ကျေတမ်းကျေလုပ်ပြီး အနှောင့်အယှက်လုပ်တဲ့ သူတွေကိုတော့ ကိုင်တွယ်ဖြေရှင်းပြီး ဖော်ထုတ်ပေးလို့ရတယ်။ ဒါက အသင်းတော်အလုပ်ကို ကိုယ်စားပြုပြီး တာဝန်သိပြီး ဆောင်ရွက်တာပဲ။ ချုပ်ချယ်တာမဟုတ်ဘူး။ ဒါတွေအားလုံးကို ကျွန်မ နားလည်သွားတာနဲ့ ဘုရားနှုတ်ကပတ်တော်ကို စပြီး လက်တွေ့လုပ်တယ်။ အဲဒီနောက်မှာ သူများတွေရဲ့တာဝန်မှာ ပြဿနာတွေကို ကျွန်မ မြင်ရင် အရင်ဦးဆုံး သူတို့ဆီသွားစကားပြောပြီး ပြဿနာက ဘာကြောင့်ဖြစ်နေသလဲ ပေါ့ဆတာကြောင့်လား၊ စည်းမျဉ်းတွေကို နားမလည်တာကြောင့်လားဆိုတာ အဖြေရှာတယ်။ နောက်တော့ မိတ်သဟာယဖွဲ့ဖို့ ဆက်စပ်မှုရှိတဲ့ ဘုရားနှုတ်ကပတ်တော်ကို ရှာပြီး ဖြေရှင်းဖို့ လမ်းကြောင်းရှာတယ်။ ဒီတစ်ခုကိုပဲ သုံးလေးခါ မိတ်သဟာယဖွဲ့ပြီးတော့ သူတို့က မပြောင်းလဲရင် အသင်းတော်အလုပ်က နှောင့်နှေးပြီး ထိခိုက်နေရင် ကျွန်မက သူတို့ကို သင့်တော်သလို ပြုပြင်ပြီး ကိုင်တွယ်ဖြေရှင်းတယ်။ ကျွန်မ စိတ်မကျဉ်းကျပ်တော့ဘူး။
ကျွန်မ မှတ်မိသေးတယ်။ ကျွန်မတို့ အဖွဲ့ဝင် အစ်မကလယ်ရာက သူ့တာဝန်မှာ တာဝန်ခံမှုမရှိဘူး၊ အစွမ်းကုန်မလုပ်ဘူး။ ဒါကြောင့် သီချင်းရေးတာက မထိရောက်တော့ဘဲ မကောင်းတဲ့ ရလဒ်တွေရတယ်။ ကျွန်မက သူ့ပြဿနာတွေကို သူ့ကို ထောက်ပြတယ်။ ဒါပေမဲ့ သူက လက်မခံဘူး။ သူ့ကိုယ်သူ မှန်ကြောင်းပြဖို့ ဆင်ခြေမျိုးစုံပေးတယ်။ သူက အန္တရာယ်ရှိတဲ့ အခြေအနေမှာရှိနေတယ်၊ သူက အခြေအနေကို ပြောင်းလဲပြီး ဝင်ရောက်ခြင်းမရှိဘူးဆိုရင် အလုပ်က သေချာပေါက် ထိခိုက်မှာပဲဆိုတာ ကျွန်မ သတိထားမိသွားတယ်။ တကယ် အခြေအနေဆိုးတယ်ဆိုရင် အထုတ်တောင် ခံရနိုင်တယ်။ အဲဒါနဲ့ ကျွန်မက သူ့ပြဿနာတွေကို တဲ့တိုးပြောလိုက်ပြီး သူ့အပြုအမူရဲ့ သဘာဝနဲ့ ဒီလိုဆက်လုပ်နေခြင်းရဲ့ အကျိုးဆက်တွေကို ဖော်ထုတ်ပြတယ်။ နောက်တော့ သူ့ပြဿနာက ဘယ်လောက်ဆိုးတယ်ဆိုတာ နောက်ဆုံးမှာ သူသဘောပေါက်သွားပြီး နောင်တရပြီး ပြောင်းလဲဖို့ အသင့်ဖြစ်သွားတယ်။ အဲဒီနောက်တော့ ကလယ်ရာရဲ့ တာဝန်အပေါ် သဘောထားက တော်တော်ပြောင်းလဲသွားပြီး ပိုပြီးတော့ ရလဒ်ကောင်းလာတယ်။ အခု ကျွန်မက သူများတွေ စည်းမျဉ်းတွေ ချိုးဖောက်ပြီး အသင်းတော်အလုပ် ထိခိုက်မယ့်ဟာတွေလုပ်နေတာကို မြင်ရင် မာနထောင်လွှားမှုကို ပြဖို့ ဆန္ဒရှိနေတုန်းပဲ။ ဒါပေမဲ့ ဘုရားကို အမြန်ဆုတောင်းပြီး သူများတွေကို မျှမျှတတဆက်ဆံဖို့ ကိုယ့်ကိုယ်ကိုယ် သတိပေးတယ်။ သူတို့တွေကို ကူညီပြီး အကျိုးရှိစေဖို့အတွက် အကောင်းဆုံးနည်းလမ်းကို ရှာတယ်။ အချိန်ခဏလောက်အထိ ဒီလို လက်တွေ့လုပ်ပြီးတဲ့နောက်မှာ သူများတွေနဲ့ ကျွန်မ ဆက်ဆံရေးက တဖြည်းဖြည်းနဲ့ ပုံမှန်ဖြစ်သွားတယ်။ တစ်နေ့မှာ အစ်မတစ်ယောက်ပြောတာကို ကျွန်မ ကြားရတယ်။ ကျွန်မ မိတ်သဟာယက သူ့အတွက် အထောက်အကူဖြစ်တယ်၊ သူ့အခြေအနေက နည်းနည်းပြောင်းလဲသွားတယ် တဲ့။ ကျွန်မ အရမ်းပျော်သွားတာပေါ့။
အရင်နှစ်နှစ်အချိန်တွေကို ပြန်စဉ်းစားကြည့်တော့ ကိုင်တွယ်ဖြေရှင်းခံရတာကြောင့် ကျွန်မရဲ့ ချုပ်ချယ်တဲ့ အပြုအမူကို ဆင်ခြင်သုံးသပ်ပြီး နားလည်သွားတယ်။ ပြီးတော့ ညီအစ်ကိုမောင်နှမတွေနဲ့ ဆက်ဆံဖို့၊ သာမန်လူ့သဘာဝကို အသက်ရှင်နေထိုင်ဖို့အတွက် လက်တွေ့လုပ်ဖို့ လမ်းကြောင်းတချို့ပေးတယ်။ ဒီနားလည်ပြီး ပြောင်းလဲတဲ့ လုပ်ရပ်က ကျွန်မအတွက် ဘုရားရဲ့ ကယ်တင်ခြင်းကြောင့်ပါပဲ။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။