ယုံကြည်သူသစ်တစ်ဦးနှင့် ကျွန်ုပ် အလုပ်လုပ်သည့် ဇာတ်လမ်း

29.04.2024

၂၀၂၀ခုနှစ် ဧပြီလမှာ၊ သင်းထောက်အနေနဲ့ အစေခံဖို့ ကျွန်မ အရွေးခံခဲ့ရတယ်။ ပထမတော့ ကျွန်မ အတော် စိတ်လှုပ်ရှားပြီး အလုပ်လုပ်တာ အားရစရာမရှိမှာ စိုးရိမ်ခဲ့တယ်။ ဒါပေမဲ့ ညီအစ်ကို မောင်နှမတွေရဲ့ အကူအညီနဲ့ အားပေးမှုကြောင့်၊ စည်းမျဉ်းတချို့ကို ကျွန်မ တဖြည်းဖြည်း နားလည်လာပြီး အလုပ်တချို့ကို လုပ်နိုင်ခဲ့တယ်။ နောက်တော့၊ ကျွန်မ အသင်းတော်ခေါင်းဆောင်အနေနဲ့ အရွေးခံရပြီး ပိုလို့တောင်များတဲ့ အလုပ်တွေကို ကြီးကြပ်ရတယ်။ တစ်ခါတလေ ကျွန်မရဲ့ အထက်ခေါင်းဆောင်က ကျွန်မကို အရမ်းချီးမွမ်းတယ်။ ဥပမာအနေနဲ့ ကျွန်မကို သူ အလုပ်တာဝန်ပေးတဲ့အခါ မစိုးရိမ်ရဘူး၊ တာဝန်ပေးထားတဲ့သူချင်းအတူတူ သူများတွေကိုတော့ သူ့မှာ ကြီးကြပ်ပေးနေရတယ်ပေါ့။ ကျွန်မ အတော်လေး အဆင်ပြေနေတယ်လို့ ဒါက စဉ်းစားမိစေတယ်။ နောက်ပိုင်းမှာ၊ ကျွန်မ ရေလောင်းပေးခဲ့တဲ့ ခရစ္စတိုဖာဆိုတဲ့ ညီအစ်ကိုတစ်ယောက်က အသင်းတော် ခေါင်းဆောင်အနေနဲ့ အရွေးခံခဲ့ရတယ်။ ခရစ္စတိုဖာမှာ သာမန်အစွမ်းအစပဲရှိပေမဲ့ ဧဝံဂေလိဖြန့်တာကို နှစ်သက်ပြီး သင့်တင့်တဲ့ ရလဒ်တွေ ရတယ်။ သူ့ကို ကျွန်မ ရေလောင်းခဲ့ပြီး၊ ပျိုးထောင်ခဲ့တာဆိုတော့ သူအရွေးခံရတာက ကျွန်မရဲ့စွမ်းပကားတွေကို ထင်ဟပ်တဲ့အတွက် ကျွန်မ ဝမ်းသာခဲ့တယ်။

၂၀၂၂ခုနှစ်၊ ဇွန်လမှာ၊ ဧဝံဂေလိအလုပ်ကို စစ်ဆေးဖို့ ရွာတစ်ရွာကို ကျွန်မ သွားခဲ့တယ်။ ဘေးရန်မကင်းလို့ ခရစ္စတိုဖာက လူကိုယ်တိုင် မလာနိုင်ခဲ့ဘူး။ ဒါကြောင့် သူက ကျွန်မကို အဝေးကနေ တွဲလုပ်ပေးခဲ့တယ်။ ရွာထဲမှာ ကျွန်မရဲ့အခြေအနေနဲ့ပတ်သက်လို့ သူမေးတော့ ကျွန်မတို့ ပြဿနာတွေကို ပိုင်းခြားသိမြင်ပြီး အချိန်မီ ပြုပြင်နိုင်ခဲ့တာပေါ့။ ဒါပေမဲ့ အဲဒီအချိန်က သူဟာ ယုံကြည်ခါစဖြစ်ပြီး ခေါင်းဆောင်ဖြစ်လာခါစပဲ ရှိသေးတော့ အလုပ်လုပ်နိုင်စွမ်းရှိမှာ မဟုတ်ဘူးလို့ ကျွန်မ တွေးခဲ့တယ်။ ကျွန်မက ခေါင်းဆောင်ဖြစ်တာ နှစ်နှစ်ရှိပြီ။ စည်းမျဉ်းတချို့ကိုလည်း နားလည်ခဲ့ပြီးပြီလေ။ ဒါ့အပြင်၊ ခရစ္စတိုဖာကို ကျွန်မကိုယ်တိုင် ရေလောင်းပေးခဲ့တာ။ ဒါကြောင့် ကျွန်မ သူနဲ့ တွဲမလုပ်ချင်ခဲ့သလို၊ ကျွန်မကြီးကြပ်တဲ့အလုပ်မှာ သူ့ကို မပါစေချင်ခဲ့ဘူး။ တစ်နေ့မှာ၊ ခရစ္စတိုဖာက ကျွန်မကို စာတိုတစ်ခု ပို့တယ်။ “ရှေ့ဆက်ပြီး ရွာအတွက် အစ်မရဲ့ အစီအစဉ်တွေက ဘာတွေလဲ။ အစ်မအချိန်ရတဲ့အခါ ဆွေးနွေးရအောင်”တဲ့။ အဲဒီစာကိုတွေ့တော့၊ ကျွန်မ နည်းနည်း အတိုက်အခံလုပ်မိတယ်။ “သုံးလေးရက်တောင် မရှိသေးဘူး နင်က ငါ့အလုပ်တိုးတက်မှုအကြောင်း မေးနေပြီပေါ့။ အဲဒီလောက် မမြန်ဘူးလေ။ တကယ်တော့ ဒါဟာ ကျွန်မရဲ့ တစ်ခုတည်းသော ပရောဂျက် မဟုတ်ဘူးလေ”လို့ပေါ့။ အဲဒီကိစ္စကို ကျွန်မသူနဲ့ ထပ်မဆွေးနွေးချင်ခဲ့ဘူး။ ဒါကြောင့် ဒီအတိုင်း ပြန်ရေးလိုက်တယ်။ “ကျွန်မ အခုပဲ ရောက်တာ။ စီစဉ်ဖို့ ဘာမှ မစရသေးဘူး” လို့ပေါ့။ သူက ပြန်ရေးတယ်။ “အဲဒါဆို အစ်မ အမြန်ဆုံး စပြီး စီစဉ်သင့်တယ်”တဲ့။ သူ့စာကို မြင်တော့ ကျွန်မတွေးမိတယ်။ “ငါ့ထက် အစွမ်းအစနည်းပြီး အတွေ့အကြုံနည်းတဲ့ တစ်ယောက်ယောက်ကို ငါ့တွဲဖက်အနေနဲ့ ဆောင်ရွက်ခွင့်ပေးရင် ဒီပရောဂျက်က တကယ်ပဲ အောင်မြင်နိုင်မှာလား”လို့ပေါ့။ ဒီကိစ္စနဲ့ပတ်သက်သမျှ ကျွန်မ ဘဝင်ကိုမကျဘူး။ အဲဒီနောက်မှာ ခရစ္စတိုဖာက ကျွန်မရဲ့ အလုပ်တိုးတက်မှုနဲ့ပတ်သက်လို့ နောက်ဆုံးအခြေအနေမေးဖို့ လာတဲ့အခါ၊ သူ့ကို ဒီအတိုင်း လျစ်လျူရှုချင်ခဲ့တယ်။ ကျွန်မသူနဲ့ အလုပ်ကိစ္စ လုံးဝကို မဆွေးနွေးသလောက်ပဲ။ အဲဒီလိုလုပ်တာက အကျိုးမရှိဘူးဆိုပေမဲ့ နောက်ဆုံးကျရင်လည်း အားလုံးကို ကိုယ့်ဘာသာလုပ်ရမှာပဲလို့ ခံစားမိခဲ့တယ်။ ဒါကြောင့် ရွာထဲမှာရှိတဲ့ အလုပ်အားလုံးကို ကိုယ့်ဘာသာ ကျွန်မ စီစဉ်လိုက်တယ်။ တစ်ခါမှာ၊ ခရစ္စတိုဖာက ဒီလိုပြောထားတဲ့ စာတိုတစ်ခု ပို့တယ်။ “အနီးဝန်းကျင်က ရွာတွေမှာ အဖမ်းခံရမှာကြောက်လို့ ဧဝံဂေလိ မဖြန့်တဲ့ လူသစ် အနည်းအကျဉ်းရှိတယ်။ သူတို့က အရမ်းတက်ကြွခဲ့ဖူးပေမဲ့ လတ်တလောမှာ စုဝေးပွဲတွေ မတက်ကြတော့ဘူး။ အစ်မ သူတို့ကို နည်းနည်း သွားအားပေးလို့ရမလား”တဲ့။ သူ့စာကို မြင်တော့ ကျွန်မ တွေးမိတယ်။ “ငါ့ကို နင် ဒါတွေ လာပြောဖို့ မလိုပါဘူး။ သူတို့က ငါ့ရဲ့အားပေးမှုလိုတာ အသိသာကြီးပဲ။ ဒါပေမဲ့ အခု ငါ အချိန်မရသေးဘူး။ အဲဒီရွာကလည်း တော်တော်ဝေးတယ်။ ကောက်ကာငင်ကာ ထသွားလိုက်ရအောင် လွယ်တာမဟုတ်ဘူး။ နောက်ဆုံးမှာ၊ အဲဒီကို သွားရမဲ့သူက ငါပဲ၊ နင်မှမဟုတ်တာ။ ဘာပဲဖြစ်ဖြစ် နင် တကယ်ကို ဘာမှ မလုပ်ပါဘူး။ ဒါကြောင့် နင်နဲ့ ဆွေးနွေးစရာ အကြောင်းမရှိဘူး။ ဒီပရောဂျက်တွေအတွက် ငါ့မှာ ကိုယ့်စိတ်ကူးနဲ့ကိုယ်၊ ကိုယ့်အစီအစဉ်နဲ့ကိုယ် ရှိတယ်။ ပြီးတော့ ကိုယ့်အချိန်ဇယားနဲ့ကိုယ် ငါ ဆက်လုပ်မယ်။ နင် လမ်းညွှန်စရာ၊ စစ်ဆေးစရာ မလိုဘူး” လို့ပေါ့။ ဒါကြောင့် ကျွန်မက၊ “သွားဖို့ အချိန်မရသေးပါဘူး။ လူသစ်တွေက နေ့ပိုင်း အလုပ်လုပ်တာ။ သူတို့အားတဲ့အချိန်နဲ့ ကိုယ်ပေးနိုင်တဲ့အချိန်က မကိုက်သေးဘူး” လို့ပဲ ပြန်ပြောခဲ့တယ်။ ခရစ္စတိုဖာက စာတစ်ကြောင်း ပြန်ရေးတယ်။ “အို ဒါဆိုရင် ကောင်းပါပြီ”တဲ့။ အဲဒီတုန်းက၊ ကျွန်မကြောင့် သူ စိတ်ကျဉ်းကျပ်နေတယ်လို့ ခံစားမိတယ်။ တခြားဘယ်သူနဲ့ပဲဖြစ်ဖြစ် သူက အလုပ်ကိစ္စအသေးစိတ်ကို ဆက်မေးတတ်ပေမဲ့ ကျွန်မ ပြန်ဖြေပြီးတဲ့နောက်မှာ သူ အဲဒီလို ဆက်မမေးရဲတော့ဘူး။ အဲဒီနောက်၊ ခရစ္စတိုဖာနဲ့ အလုပ်ကိစ္စဆွေးနွေးတာကို ကျွန်မ လုံးလုံး ရပ်လိုက်ပြီး ကျွန်မနဲ့ ဆွေးနွေးရအောင်လို့ အချိန်ညှိဖို့ သူကြိုးစားတော့ ကျွန်မက “တခြားအလုပ်တွေနဲ့ ကျွန်မ အလုပ်များနေတယ်။ ကျွန်မ အချိန်ရတဲ့အခါ နောက်မှ တွေ့လို့ရပါတယ်”လို့ အမြဲပြောတယ်။ ကျွန်မ အားတဲ့အချိန်မှာတောင်၊ သူ့ကို မရှာခဲ့ဘဲ တခြားအလုပ်တွေကိုပဲ သွားလုပ်လိုက်တယ်။ တဖြည်းဖြည်းနဲ့ ကျွန်မ ကြီးကြပ်တဲ့ အဖွဲ့သုံးဖွဲ့မှာရှိတဲ့ ညီအစ်ကို မောင်နှမတွေက သင့်သင့်မြတ်မြတ် တွဲမလုပ်နိုင်ကြသလို၊ သူတို့ဘာသာပဲ အလုပ်လုပ်ပြီး တစ်ယောက်နဲ့တစ်ယောက် ဆွေးနွေးတာ လုပ်ခဲကြတယ်။ ကျွန်မတို့ရဲ စုဝေးပွဲအတောအတွင်း အခြေအနေက တခြားအသင်းတော်တွေထက် သက်ဝင်မှုနည်းခဲ့သလို၊ ကျွန်မတို့ရဲ့ ဧဝံဂေလိအလုပ်မှာ မကောင်းတဲ့ ရလဒ်တွေ ရခဲ့တယ်။ အဲဒါက ခရစ္စတိုဖာနဲ့ ကျွန်မ တွဲပြီး အလုပ်မလုပ်လို့ဆိုတာရယ်၊ ဒါကနေတစ်ဆင့် ဘုရားက အသိပေးနေတယ်ဆိုတာရယ်ကို အဲဒီအချိန်က ကိုယ့်ကိုယ်ကိုယ် သတိထားလိုက်မိပေမဲ့ ကိုယ့်အတွက် ဆင်ခြေတွေပဲ ပေးနေခဲ့တယ်။ ကျွန်မက သူနဲ့ တွဲလုပ်တာကို ရှောင်နေတာမဟုတ်ဘူး၊ တခြားအလုပ် လုပ်စရာရှိတော့ သူနဲ့ ဆွေးနွေးဖို့ အချိန်သိပ်မရှိတာပါလို့ ဆင်ခြေပေးခဲ့တာပေါ့။ အဲဒီနောက်မှာ ကိုယ့်ဘာသာ အလုပ်ဆက်လုပ်ခဲ့တယ်။ တစ်ခါမှာ၊ ကျွန်မတို့တာဝန်မှာရှိနေတဲ့ ပြဿနာတွေနဲ့ပတ်သက်လို့ အကျဉ်းချုပ်ပြီး မိတ်သဟာယပြုဖို့ အဖွဲ့သုံးဖွဲ့ရဲ့ ကြီးကြပ်သူတွေနဲ့ တွေ့ရအောင်လို့ ကျွန်မကို ခရစ္စတိုဖာက ဖိတ်တယ်။ ဘုရားနှုတ်ကပတ်တော်တွေကို ကိုးကားရင်းနဲ့ ခရစ္စတိုဖာက ပြောတယ်၊ “ကျွန်တော်တို့ တာဝန်တွေမှာ စိန်ခေါ်မှုတွေကြုံရတဲ့အခါ ဘယ်ပြဿနာကိုမဆို အနှစ်ချုပ်ဖို့နဲ့ ဘယ်သွေဖည်မှုကိုမဆို ဖော်ထုတ်ဖို့ ခဏရပ်လိုက်သင့်တယ်လို့ ဘုရားနှုတ်ကပတ်တော်က ပြောတယ်။ လတ်တလောမှာ၊ ကျွန်တော်တို့ သင့်သင့်မြတ်မြတ် တွဲလုပ်မနေကြဘူး၊ လူတိုင်းက ကိုယ့်ဘာသာ လုပ်ကြတယ်၊ တစ်စိတ်တစ်ဝမ်းထဲ မရှိကြဘူး၊ ညီအစ်ကို မောင်နှမတွေကို တကယ် မထောက်ပံ့ပေးကြဘူး။ အဲဒါက ကျွန်တော်တို့အလုပ်မှာ တိုးတက်မှုကို တန့်နေစေတယ်။ ရှေ့ဆက်ပြီး၊ ကျွန်တော်တို့ ပိုဆက်သွယ်ပြောဆိုပြီး ဆွေးနွေးသင့်သလို၊ အလုပ်ကောင်းကောင်း ပြီးဖို့ အတူတူ အလုပ်လုပ်သင့်တယ်”တဲ့။ သူနဲ့ တခြားလူတွေက တခြားအသင်းတော်တွေ ခံယူကျင့်သုံးတဲ့ လက်တွေ့လုပ်ဆောင်မှု နည်းလမ်းကောင်းတွေကိုလည်း မိတ်သဟာယပြုကြပေမဲ့ ကျွန်မကတော့ နားလည်းမထောင်ချင်ဘူး။ ကိုယ့်နည်းလမ်းနဲ့ကိုယ်ပဲ ဆက်ကျင့်သုံးတယ်။ အကျိုးဆက်အနေနဲ့ ကျွန်မ ကြီးကြပ်တဲ့ အလုပ်က သုံးလလုံးလုံး ဘာရလဒ်မှ မထွက်ခဲ့ဘူး။ နောက်တော့၊ ကျွန်မနေတဲ့ ရွာကနေ အရာရှိငါးယောက်က ကျွန်မကို လာစစ်မေးကြတယ်၊ ကျွန်မဖုန်းကို စစ်ဖို့ ကြိုးစားကြပြီး၊ ရွာထဲမှာ ကျွန်မ ဧဝံဂေလိဖြန့်နေတာ သူတို့မိရင် ကျွန်မကို ကိုင်တွယ်ခိုင်းဖို့ ပြည်နယ်အစိုးရဆီကို ပို့မယ့်အကြောင်း ပြောပြီးတော့ သတိပေးတယ်။ ဖြစ်သွားတဲ့ကိစ္စကြောင့် ကျွန်မ နည်းနည်းလန့်သွားပြီး တွေးမိတယ်။ “ဘာလို့ ဒီလိုတွေဖြစ်သွားတာလဲ။ ဒီနှစ်လသုံးလအတွင်း ငါ့တာဝန်မှာ ရလဒ်တွေ မကောင်းသလို၊ ခရစ္စတိုဖာနဲ့လည်း အလုပ်ကိစ္စ မဆွေးနွေးသလောက်ပဲ၊ ဘုရားက ဒီအတားအဆီးတွေကနေ သင်ခန်းစာယူဖို့ ငါ့ကို သတိပေးရအောင်လို့ ဒီအခြေအနေကို သုံးနေတာများလား။ ငါ့ရဲ့ ပြဿနာတွေကို မသုံးသပ်၊ မပြုပြင်ရင်၊ ဒီတာဝန်ကို သိပ်ကြာကြာ ထမ်းဆောင်ရမှာ မဟုတ်ဘူး”လို့ပေါ့။

ဩဂုတ်လကုန်ရက်တစ်ရက်မှာ အဲဒီရွာကို ကျွန်မ စွန့်ခွာသင့်လားဆိုတာ ဆွေးနွေးဖို့ လုပ်ဖော်ကိုင်ဖက် အနည်းငယ်နဲ့ ကျွန်မ အွန်လိုင်းမှာ တွေ့တယ်။ အဖွဲ့ခေါင်းဆောင်က ကျွန်မကို မေးတယ်။ “နင်က ပြီးခဲ့တဲ့ သုံးလကြာ အဲဒီရွာမှာ ဘာရလဒ်မှ မရခဲ့ဘူး၊ အဲဒါဘာကြောင့်လို့ ထင်လဲ”တဲ့။ ကျွန်မမသေချာဘူးလို့ ပြောလိုက်တယ်။ အဲဒီအခါ အဖွဲ့ခေါင်းဆောင်က ပြောတယ်။ “ဒီကိစ္စနဲ့ပတ်သက်လို့ နင်နည်းနည်းပါးပါး မသုံးသပ်သင့်ဘူးလား။ နင်က ထင်ရာမြင်ရာလုပ်ပြီး တခြားလူတွေနဲ့ တွဲမလုပ်ဘူးလို့ ညီအစ်ကို မောင်နှမတွေက ပြောကြတယ်။ အလုပ်ကိစ္စဆွေးနွေးဖို့ နင့်ကို သူတို့ရှာတော့ မရှိဘူး။ ညီအစ်ကို မောင်နှမတွေကို လှုံ့ဆော်ပေးဖို့နဲ့ ဧဝံဂေလိအလုပ်ကို မြှင့်တင်ပေးဖို့ ငါတို့ နင့်ကို ဒီရွာဆီ သွားခိုင်းခဲ့တာ။ ဒါပေမဲ့ နင်က လုပ်သင့်တာကို မလုပ်ခဲ့ဘူး”တဲ့။ တခြားအဖွဲ့ခေါင်းဆောင်ကလည်း ပြောတယ်။ “နင့်ကို တာဝန်ပေးထားတာ မပြီးသေးရင် နင် ပြန်လာသင့်တယ်”တဲ့။ ကျွန်မမျက်နှာရဲနေတာ ခံစားလို့ရပြီး သူတို့စကားလုံးတစ်လုံးစီက ဗိုက်ကို ထိုးလိုက်သလိုပဲ။ အဲဒီအချိန်မှာ၊ ထောင့်တစ်နေရာကို တွားသွားပြီးပဲ ဝင်လိုက်ချင်တော့တယ်။ ကျွန်မ အရမ်းမတရားခံရသလိုခံစားရတယ်။ ကျွန်မက ပူးပေါင်းလုပ်ဖို့ လုံးဝ ငြင်းနေခဲ့တာ မဟုတ်သလို၊ ရလဒ်တွေ ရမနေတာကလည်း ကျွန်မရဲ့ အပြစ်ချည်းပဲ မဟုတ်ဘူးလေ။ အစိုးရက ကျွန်မတို့ကို အရမ်း ဖိနှိပ်နေသလို၊ တခြားပရောဂျက်တွေကိုလည်း ကျွန်မကြီးကြပ်နေခဲ့ရတာ။ ကျွန်မက လုပ်သင့်တာကို မလုပ်ခဲ့ဘူးလို့ သူတို့ ဘယ်လိုလုပ်ပြီး ပြောရတာလဲ။ ကျွန်မမှာ အကြံတစ်ခုခုရှိလားလို့ အဖွဲ့ခေါင်းဆောင်က မေးခဲ့ပေမဲ့၊ ဘာပြောရမှန်း မသိခဲ့ဘူး။ ဒါကြောင့် “အဲဒါဆိုလည်း ကျွန်မ ပြန်သွားလိုက်ပါ့မယ်”လို့ပဲ ပြန်ဖြေခဲ့တယ်။ အဲဒီနောက် ဖုန်းပြောတာကို ကျွန်မ အမြန်အဆုံးသတ်လိုက်တယ်။ ဖုန်းချလိုက်ပြီးတဲ့အခါ၊ အိပ်ရာပေါ် ပြိုလဲပြီး မျက်ရည်ဖြိုင်ဖြိုင် ကျခဲ့ရတယ်။ အဖွဲ့ခေါင်းဆောင်ရဲ့ စကားတွေကို နားထဲ ထပ်ခါထပ်ခါ ပြန်ကြားရတယ်။ “နင်လုပ်သင့်တာကို မလုပ်သေးရင် နင် အဲဒီမှာ ဘာလုပ်နေသေးတာလဲ”ဆိုတာနဲ့ “နင့်ကို တာဝန်ပေးထားတာ မလုပ်ပြီးသေးရင်၊ နင် ပြန်လာသင့်တယ်”ဆိုတာတွေပေါ့။ တွေးလေ၊ စိတ်ဓာတ်ကျလာလေပဲ။ နောက်ထပ် နှစ်ရက်သုံးရက်အတောအတွင်း၊ ဘုရားဆီ ကျွန်မ အဆက်မပြတ် ဆုတောင်းခဲ့သလို၊ ကျွန်မရဲ့ ခေါင်းဆောင်ကလည်း ကျွန်မကို မိတ်သဟာယပြုပေးပြီး အားပေးခဲ့တယ်။ ဒါက ကျွန်မရဲ့ အတွေးကို တည်ငြိမ်သွားစေပြီး အဲဒီအတောအတွင်းမှာ ကျွန်မရဲ့ အခြေအနေကို သုံးသပ်ခွင့်ပေးခဲ့တယ်။ ကျွန်မတွေးမိတယ်၊ “လတ်တလောမှာ အရာရာကို ငါ ကိုယ့်ဘာသာ လုပ်နေခဲ့တာပဲ။ ခရစ္စတိုဖာကို အထင်သေးပြီး၊ သူနဲ့ အလုပ်ကိစ္စ မဆွေးနွေးခဲ့ဘူး။ အလုပ်အကြောင်း ငါ့ကို သူ ဆွေးနွေးဖို့ ကြိုးစားတော့ ငါ အလုပ်များနေတယ်လို့ အမြဲ ပြောခဲ့တယ်။ တကယ်တော့ ငါက သူ့ကို ငါ့အလုပ်မှာ မပါဝင်စေချင်ခဲ့တာသက်သက်ပဲ။ ငါက ကိုယ့်ရဲ့ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားထဲမှာ သိသိသာသာကို နွံနစ်နေပြီး အလုပ်ကို နှောင့်နှေးအောင် လုပ်ခဲ့ပေမဲ့ ပြုပြင်ခံရပြီး ကိုင်တွယ်ဖြေရှင်းခံရတဲ့အခါ၊ ပြန်ငြင်းခုံခဲ့ပြီး၊ ဆင်ခြင်တုံတရား နည်းနည်းလေးတောင် မရှိခဲ့ဘူး”လို့ပေါ့။ ကျွန်မတာဝန်မှာ ထင်ရာမြင်ရာ ပြုမူခဲ့ပြီး တခြားလူတွေနဲ့ အလုပ်ကိစ္စ မဆွေးနွေးခဲ့ဘူးလို့ ညီအစ်ကို မောင်နှမတွေ ပြောခဲ့ပုံကို တွေးမိတယ်။ ဒါက အရမ်းဆိုးရွားတဲ့ ပြဿနာတစ်ခုပဲ။ ဒါကြောင့် ဖတ်ဖို့ ဆီလျော်တဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ် ကျွန်မရှာခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “အပြင်ပန်းတွင် အန္တိခရစ်အချို့တို့၌ လက်ထောက်များ၊ သို့မဟုတ် လက်တွဲဖော်များ ရှိပုံရသော်လည်း အမှန်မှာ တစ်စုံတစ်ခုဖြစ်ပျက်သောအခါ အခြားလူတို့က မည်မျှ မှန်ကန်နိုင်ပါစေ၊ အန္တိခရစ်များက ၎င်းတို့ပြောသည့်အရာကို မည်သည့်အခါမျှ နားမထောင်ကြပေ။ ဆွေးနွေးဖို့၊ သို့မဟုတ် မိတ်သဟာယဖွဲ့ဖို့ မဆိုထားနှင့်၊ ထည့်သွင်းစဉ်းစားခြင်းပင် မရှိပေ။ ၎င်းတို့က လုံးဝ အရေးမစိုက်ကြပေ။ အခြားလူများက မရှိသကဲ့သို့ပင်ဖြစ်သည်။ အန္တိခရစ်များက အခြားလူများ ပြောသည့်အရာကို နားထောင်သောအခါတွင် ၎င်းတို့သည် ဝတ်ကျေတမ်းကျေပြုခြင်း၊ သို့မဟုတ် အခြားလူများမြင်ရန်အတွက် သရုပ်ဆောင်နေခြင်းမျှသာ ဖြစ်သည်။သို့သော် အဆုံး၌ နောက်ဆုံး ဆုံးဖြတ်ချက်ချဖို့ အချိန်ကျသောအခါတွင် အဆုံးအဖြတ်ပေးသည်မှာ အန္တိခရစ်များဖြစ်သည်။ အခြားမည်သူမဆို၏စကားများသည် လေကုန်ခြင်းသာ ဖြစ်ပြီး လုံးဝ အလေးထားဖို့ မလိုအပ်ပေ။ ဥပမာအနေဖြင့်၊ လူနှစ်ယောက်သည် တစ်စုံတစ်ခုအတွက် တာဝန်ရှိသည့်အခါ၊ တစ်ယောက်က အန္တိခရစ်အနှစ်သာရရှိသည့်အခါတွင် ဤလူ၌ မည်သည့်အရာကို ထုတ်ဖော်ပြသနည်း။ မည်သည့်အရာဖြစ်စေ ၎င်းတို့သာလျှင် စတင်လုပ်ဆောင်သူ၊ မေးခွန်းများမေးသူ၊ ကိစ္စများကို ဖြေရှင်းသူနှင့်၊ ဖြေရှင်းချက်ကို စိတ်ကူးရသူများဖြစ်သည်။ အချိန်အများစုတွင် ၎င်းတို့သည် ၎င်းတို့၏ အဖော်ကို လုံးလုံး ထိန်ချန်ထားသည်။ ၎င်းတို့အမြင်တွင် ၎င်းတို့၏ အဖော်သည် အဘယ်နည်း။ ၎င်းတို့၏ လက်ထောက်အဖြစ်မဟုတ်ဘဲ အယောင်ပြသက်သက်သာဖြစ်သည်။ အန္တိခရစ်၏ အမြင်တွင် ၎င်းတို့၏ အလုပ်ဖောဆိုသည်မှာ မရှိခြင်းသာဖြစ်သည်။ ပြဿနာတစ်ခုရှိသည့်အခါတိုင်းတွင် အန္တိခရစ်သည် သေချာတွေးကြည့်လိုက်သည်။ လုပ်ဆောင်မှု လမ်းကြောင်းတစ်ခုကို ၎င်းတို့ ဆုံးဖြတ်ပြီးသည်နှင့် ဤသည်မှာ ပြုလုပ်ရမည့်နည်းလမ်းဖြစ်သည်ဟု လူတိုင်းအား အသိပေးပြီး မည်သူ့ကိုမျှ မေးခွန်းထုတ်ခွင့်မပြုပေ။ ၎င်းတို့၏ သူတစ်ပါးတို့နှင့် ပူးပေါင်းလုပ်ဆောင်ခြင်းတွင် အနှစ်သာရသည် အဘယ်နည်း။ အခြေခံအားဖြင့် ယင်းမှာ အဆုံးအဖြတ်ပေးပိုင်ခွင့်ရှိရန်၊ မည်သူနှင့်မဆို ပြဿနာများကို လုံးဝ မဆွေးနွေးရန်၊ အလုပ်အတွက် တစ်ဦးတည်း တာဝန်ယူရန်၊ ၎င်းတို့ တွဲဖက်များအား အယောင်ပြသက်သက်အဖြစ်သို့ ပြောင်းလဲပစ်ရန်ဖြစ်သည်။ ၎င်းတို့သည် အစဉ်သဖြင့် တစ်ဦးတည်း ဆောင်ရွက်ကြပြီး မည်သူနှင့်မျှ လုံးဝ ပူးပေါင်းဆောင်ရွက်ခြင်းမရှိပေ။ ၎င်းတို့၏အလုပ်အကြောင်းအား အခြားမည်သူနှင့်မျှ ဆွေးနွေးခြင်း၊ သို့မဟုတ် ဆက်သွယ်ပြောဆိုခြင်း လုံးဝ မရှိပေ။ ဆုံးဖြတ်ချက်များကို မကြာခဏပင် တစ်ဦးတည်းချမှတ်ပြီး ပြဿနာများကို တစ်ဦးတည်း ကိုင်တွယ်ဖြေရှင်းသည်။ အမှုကိစ္စများစွာတွင် ပြီးဆုံးပြီးနောက်မှသာ အမှုကိစ္စများက မည်သို့ပြီးဆုံးသွားသည်၊ သို့မဟုတ် မည်သို့ ကိုင်တွယ်ခဲ့သည်ကို အခြားလူများက သိရှိရသည်။ အခြားလူတို့က သူတို့ကို ‘ပြဿနာအားလုံးကို ကျွန်ုပ်တို့နှင့် ဆွေးနွေးရမည်။ မည်သည့်အချိန်တွင် ထိုသကို သင် ကိုင်တွယခဲ့သနည်း။ သူ့ကို မည်သို့ ကိုင်တွယ်ခဲ့သနည်း။ ထိုအကြောင်းကို ကျွန်ုပ်တို့ မည်သို့ဖြစ်၍ မသိရှိရသနည်း။’ ဟု ပြောဆိုကြသည်။ ၎င်းတို့က ရှင်းပြချက် မပေးသကဲ့သို့ မည်သည့် အလေးထားမှုမျှ မရှိပေ။ ၎င်းတို့အတွက် ၎င်းတို့အလုပ်ဖော်သည် လုံးဝ အသုံးမဝင်ဘဲ အဆင်တန်ဆာ၊ သို့မဟုတ် အယောင်ပြသက်သက်သာဖြစ်သည်။ တစ်ခုခုဖြစ်သောအခါတွင် ၎င်းတို့က သေချာစဉ်းစားကာ စိတ်ပိုင်းဖြတ်၍ ၎င်းတို့ဆန္ဒရှိသည့် မည်သည့်နည်းဖြင့်မဆို ပြုမူကြသည်။ ၎င်းတို့အနီးတွင် လူမည်မျှရှိပါစေ ထိုလူများ မရှိနေသကဲ့သို့ဖြစ်သည်။ အန္တိခရစ်များအတွက် ထိုသူတို့သည် လေပင် ဖြစ်ကောင်းဖြစ်နေနိုင်သည်။ ဤအရာကိုထောက်လျှင် သူတစ်ပါးတို့နှင့် ၎င်းတို့ တွဲဖက်လုပ်ဆောင်ခြင်း၌ အမှန်တကယ် ကဏ္ဍတစ်ခုခုရှိသလော။ လုံးဝ မရှိပေ။ ၎င်းတို့သည် ဟန်ဆောင်လုပ်ပြနေပြီး အယောင်ဆောင်ပုံဖမ်းခြင်းဖြစ်သည်။ အခြားလူများက ၎င်းတို့အား ‘ပြဿနာတစ်ခုကြုံရသည့်အခါ အဘယ်ကြောင့် အခြားလူတိုင်းနှင့် မိတ်သဟာယမပြုသနည်း’ ဟု ပြောကြကာ ၎င်းတို့က ‘သူတို့က ဘာကိုသိသနည်း။ ကျွန်ုပ်က အသင်းခေါင်းဆောင်ဖြစ်သည်။ ဆုံးဖြတ်ရန် ကျွန်ုပ်အပေါ် မူတည်သည်။’ ဟု ပြန်ပြောကြသည်။ အခြားလူတို့က ‘သင့်အဖော်နှင့် အဘယ်ကြောင့် မိတ်သဟာယမပြုသနည်း’ ဟုပြောသည်။ ၎င်းတို့က ‘သူ့ကို ကျွန်ုပ်ပြောခဲ့သည်။ သူ့တွင် ထင်မြင်ချက်မရှိ။’ ဟု ပြန်ပြောဆိုကြသည်။ ၎င်းတို့ ထင်ရာစိုင်းနေသည်ဟူသည့်အချက်ကို မရှင်းမလင်း ဖြစ်သွားစေရန်အတွက် ဆင်ခြေများအနေဖြင့် အခြားသောလူများက ထင်မြင်ချက်မရှိခြင်း၊ သို့မဟုတ် သူတို့ဘာသာ မစဉ်းစားနိုင်ခြင်းတို့ကို အသုံးပြုသည်။ ပြီးလျှင် ဤအရာပြီးနောက်တွင် မိမိကိုယ်ကို ပြန်လည်ဆန်းစစ်ခြင်း နည်းနည်းမျှ မရှိပေ။ ဤသို့သောသူမျိုးက သမ္မာတရားကို လက်ခံရန် ဖြစ်နိုင်မည်မဟုတ်ပေ။ ဤသည်မှာ အန္တိခရစ်၏သဘာဝနှင့် ပတ်သက်သည့် ပြဿနာတစ်ခုဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၈ (အပိုင်း ၁)) အန္တိခရစ်တွေက ထင်ရာမြင်ရာ ပြုမူပုံ၊ တခြားလူတွေနဲ့ ပူးပေါင်းမလုပ်ပုံ၊ ကိုယ့်ဘာသာ ဆုံးဖြတ်ချက်တွေ ချပုံ၊ ဆုံးဖြတ်ပိုင်ခွင့် အမြဲ ရှိကြပုံ၊ သူတို့ရဲ့ တွဲဖက်တွေနဲ့ အလုပ်ကိစ္စ မဆွေးနွေးကြဘဲ ကိုယ့်ဘာသာ ဆုံးဖြတ်ပြီးတော့ ဆက်သာလုပ်လိုက်ကြပုံတွေကို ဘုရားက ဖော်ထုတ်တယ်။ သူတို့က တခြားလူတွေပေးတဲ့ အကြံကောင်းတွေကို မခံယူကြသလို၊ သူတို့မှာ ပြောင်မြောက်တဲ့ စိတ်ကူးတွေရှိတယ်လို့ တွေးပြီးတော့ တခြားလူတွေကို မကြာခဏ ချိုးနှိမ်ကြတယ်။ အန္တိခရစ်တွေရဲ့ အမြင်မှာတော့ တွဲဖက်တွေဟာ ဇာတ်စင်တစ်ခုပေါ်က နောက်ခံဆူညံသံ ဒါမှမဟုတ် ဇာတ်ဝင်ခန်းသုံးပစ္စည်းတစ်ခုသာသာပဲ ရှိပါတယ်။ ကျွန်မက အန္တိခရစ်လို ပြုမူနေခဲ့မှန်း သဘောပေါက်လိုက်တယ်။ ခရစ္စတိုဖာနဲ့ ကျွန်မ စပြီးတွဲလုပ်ခဲ့ကတည်းက၊ သူ့ရဲ့အစွမ်းအစညံ့တာတွေ၊ အလုပ်ကျွမ်းကျင်မှုနည်းပြီး သိသိသာသာကြီး အတွေ့အကြုံမရှိတာတွေကြောင့် သူ့ကို အထင်သေးခဲ့တယ်။ ကျွန်မရဲ့ ပရောဂျက်မှာ သူ့ကို မပါဝင်စေချင်ခဲ့ဘူး။ ကျွန်မက ခေါင်းဆောင်တစ်ယောက်အနေနဲ့ အစေခံတာ သူ့ထက်ပိုကြာပြီး သူ့ထက်လည်း ပိုနားလည်တော့ ကိုယ့်အတွက်ကိုယ် အလုပ်ကို စီစဉ်နိုင်တယ်လို့ တွေးခဲ့တာ။ သူက ဘာအကြံကောင်းမှ မပေးနိုင်လို့ သူနဲ့ ဆွေးနွေးတာ အဓိပ္ပာယ်မရှိဘူးလို့ ကျွန်မ ခံစားခဲ့တယ်။ အလုပ်အတွက် ကျွန်မရဲ့ အစီအစဉ်တွေနဲ့ပတ်သက်လို့ သူ မေးတဲ့အခါ၊ ကျွန်မ အတိုက်အခံလုပ်ခဲ့ပြီး၊ သူက ကျွန်မရဲ့ တိုးတက်မှုကို အသည်းအသန်လာမေးပြီး သူ့ကိုယ်သူ ကျွန်မရဲ့အထက်လူကြီးလိုလို ဂိုက်ဖမ်းနေတယ်လို့ ခံစားရတယ်။ ဒါကြောင့် သူ့ကို ဒီအတိုင်း လျူလျူရှုလိုက်တယ်။ တချို့ ညီအစ်ကို မောင်နှမတွေက အဖမ်းခံရမှာ ကြောက်လို့ သူတို့တာဝန်ကို မလုပ်ရဲကြသလို၊ သူတို့ကို ကျွန်မ အားပေးမလားလို့ ခရစ္စတိုဖာက မေးတဲ့အခါ၊ သူက သူ့တာဝန်ကို သူ ထမ်းဆောင်နေခဲ့တာဖြစ်ပေမဲ့၊ ကျွန်မက မောက်မောက်မာမာနဲ့ တွေးခဲ့တယ်။ “ပြဿနာကို သူ့ဘာသာသူတောင် မဖြေရှင်းနိုင်ဘဲ ငါ့ကို ဩဇာပေးနေရအောင် သူ့ကိုယ်သူ ဘာများမှတ်နေလဲ”ပေါ့။ နောက်ပိုင်းမှာ၊ ပြဿနာတွေကို အကျဉ်းချုပ်ဖို့ ကျွန်မတို့ စုဝေးတော့၊ ညီအစ်ကို မောင်နှမတွေက လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းတချို့ မျှဝေကြပေမဲ့ ကျွန်မ မခံယူခဲ့ဘူး။ ထင်ရာမြင်ရာ ပြုမူခဲ့လို့၊ တခြားလူတွေနဲ့ တွဲမလုပ်ခဲ့လို့ ဒါမှမဟုတ် သူတို့ရဲ့ အကြံတွေကို မယူခဲ့လို့၊ ကိုယ့်တာဝန်မှာ ရလဒ်တွေ ရဖို့ အဆက်မပြတ် ပျက်ကွက်ခဲ့တယ်။ ကိုယ့်တာဝန်ကို ကိုယ့်ယုံကြည်မှုနဲ့ကိုယ် အမြဲ ထမ်းဆောင်တယ်။ ကိုယ်မှန်တယ်ထင်သမျှ လုပ်ပြီး သူများတွေနဲ့ လုံးဝ တွဲမလုပ်ခဲ့တော့ အကျိုးဆက်ကတော့ အလုပ်တွေ နှောင့်နှေးကုန်တာပေါ့။ ကျွန်မ မကောင်းမှုလုပ်နေခဲ့တာပဲ။ ဒါကို သုံးသပ်ရင်းနဲ့၊ အဖွဲ့ခေါင်းဆောင်တွေရဲ့ လမ်းညွှန်မှုနဲ့ ကိုင်တွယ်ဖြေရှင်းမှုကို လက်ခံနိုင်ခဲ့တယ်။ ကျွန်မရဲ့ အပြုအမူက အသင်းတော် အလုပ်ကို အပျက်သဘောနဲ့ လွှမ်းမိုးနှင့်နေခဲ့ပြီးသားဖြစ်တယ်။ ကျွန်မကို သူတို့ အဲဒီလို ကိုင်တွယ်ဖြေရှင်းပြီး မပြုပြင်ခဲ့ရင်၊ ကိုယ့်ကိုယ်ကိုယ် ကျွန်မ သုံးသပ်မိခဲ့မှာ မဟုတ်ဘူး၊ ကိုယ့်ပြဿနာ ဘယ်လောက် ဆိုးမှန်း သတိပြုခဲ့မှာ မဟုတ်ဘူး။ ပြုပြင်ခြင်းနဲ့ ကိုင်တွယ်ဖြေရှင်းခြင်းတွေက ဘုရားရဲ့ မေတ္တာ ပုံစံတွေပါ။

နောက်ပိုင်းမှာ ဘုရားရှေ့ကို ကျွန်မ ဆုတောင်းခြင်းနဲ့ လာပြီး၊ ကိုယ့်တာဝန်မှာ တခြားလူတွေနဲ့ ဘာလို့ တွဲမလုပ်နိုင်ခဲ့ဘဲ အမြဲ အဆုံးအဖြတ်ပေးခဲ့ရတာလဲဆိုတာကို ရှာဖွေနေခဲ့တယ်။ နောက်တော့ ကျွန်မရဲ့အခြေအနေနဲ့ပတ်သက်ပြီး တကယ်ကို ပြောထားတဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ် တွေ့ခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “သင်တို့သည် သင်တို့တာဝန်များကို နှစ်အနည်းငယ်ကြာထမ်းဆောင်ပြီးဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော် သင်တို့၏ အသက် ဝင်ရောက်မှုတွင် သိသာမြင်သာသော တိုးတက်မှုမရှိသေးပေ။ အပေါ်ယံအယူဝါဒအနည်းငယ်ကိုနားလည်ခြင်းသာရှိသည်။ ဘုရားသခင်၏ စိတ်သဘောထားနှင့် အနှစ်သာရကို အမှန်တကယ် သိမြင်မှုမရှိ။ ပြောဆိုရန် အခက်အခဲအောင်မြင်မှုများ မရှိပေ။ ဤသည်မှာ ယခုအခါ သင်တို့၏ ဝိညာဉ်ရင့်ကျက်မှုဖြစ်လျှင် သင်တို့သည် မည်သည့်အရာကို လုပ်ဆောင်နိုင်ခြေရှိမည်နည်း။ သင်တို့တွင် မည်သည့် ဖောက်ပြန်ပျက်စီးမှု ထုတ်ဖော်ပြခြင်း ရှိမည်နည်း။ (မာနထောင်လွှားခြင်းနှင့် စိတ်ကြီးဝင်ခြင်းတို့ ဖြစ်ပါသည်။) သင်တို့၏ မာနထောင်လွှားမှုနှင့် စိတ်ကြီးဝင်မှုသည် ပြင်းထန်လာမည်လော၊ သို့မဟုတ် မပြောင်းမလဲဘဲ ကျန်ရှိနေမည်လော။ (ပြင်းထန်လာမည်။) အဘယ်ကြောင့် ပြင်းထန်လာမည်နည်း။ (ကျွန်ုပ်တို့သည် မိမိတို့ကိုယ်ကို အလွန်ပင် အရည်အသွေးပြည့်မီသည်ဟု ထင်မည်ဖြစ်သောကြောင့်ဖြစ်သည်။) လူတို့သည် မိမိတို့ကိုယ်ပိုင် အရည်အချင်းများနှင့်ဆိုင်သည့် အဆင့်ကို မည်သည့် အခြေခံအကြောင်းရင်းပေါ်တွင် အကဲဖြတ်ကြသနည်း။ တာဝန်တစ်ခုခုကို ၎င်းတို့ထမ်းဆောင်သည်မှာ နှစ်မည်မျှကြာသည်၊ အတွေ့အကြုံမည်မျှကို ၎င်းတို့ရရှိပြီးဖြစ်သည်တို့အပေါ်တွင် အခြေခံသည်မဟုတ်လော။ ဤသို့ဖြစ်လျက် သင်တို့သည် ဝါရင့်ခြင်းနှင့်ပတ်သက်ပြီး တဖြည်းဖြည်းချင်း စတင်စဉ်းစားလာမည်မဟုတ်လော။ ဥပမာအားဖြင့် ညီအစ်ကိုတစ်ယောက်သည် ဘုရားသခင်ကို နှစ်များစွာ ယုံကြည်ခဲ့ပြီး တာဝန်တစ်ခုကို အချိန်အတော်ကြာထမ်းဆောင်ခဲ့သည်။ ထို့ကြောင့် သူသည် စကားပြောရန် အရည်အချင်းအပြည့်မီဆုံးဖြစ်သည်။ ညီအစ်မတစ်ယောက်သည် ဤသို့ရောက်သည်မှာ မကြာသေးပေ။ သူမသည် အစွမ်းအစနည်းငယ်ရှိသော်လည်း ဤတာဝန်ကို ထမ်းဆောင်ရာတွင် အတွေ့အကြုံမရှိပေ။ ဘုရားသခင်ကို ယုံကြည်သည်မှာ မကြာသေးပေ။ ထို့ကြောင့် သူမသည် ပြောဆိုရန် အရည်အချင်း မပြည့်မီဆုံးဖြစ်သည်။ ပြောဆိုရန် အရည်အချင်း အပြည့်မီဆုံးသူက မိမိကိုယ်ကို စဉ်းစားသည်။ ‘ငါသည် ဝါရင့်သောကြောင့် ငါ၏တာဝန်ကို ထမ်းဆောင်ခြင်းသည် စံမီသည့် သဘောဖြစ်သည်။ ငါ၏ အားထုတ်လိုက်စားမှုသည် ထိပ်ဆုံးသို့ ရောက်ရှိပြီးဖြစ်သည်။ ငါ ကြိုးပမ်းသင့်သည့်၊ ဝင်ရောက်သင့်သည့်အရာမရှိပေ။ ဤတာဝန်ကို ငါ ကောင်းစွာ ထမ်းဆောင်ပြီးဖြစ်သည်။ ငါသည် ဤအလုပ်ကို အနည်းနှင့်အများ ပြီးမြောက်ပြီးဖြစ်သည်။ ဘုရားသခင်သည် ကျေနပ်သင့်သည်။’ ဟူ၍ ဖြစ်သည်။ ဤသို့ဖြင့် ၎င်းတို့သည် မိမိတို့ဘာသာ အားရကျေနပ်လာသည်။ ဤသည်မှာ ၎င်းတို့သည် သမ္မာတရား စစ်မှန်မှုသို့ ဝင်ရောက်ပြီးဖြစ်သည်ဟု ညွှန်ပြသလော။ ၎င်းတို့သည် မည်သည့်တိုးတက်မှုမျှ ပြုလုပ်ခြင်းမရှိတော့ပေ။ ၎င်းတို့သည် သမ္မာတရား၊ သို့မဟုတ် အသက်ကို မရရှိသေးပေ။ သို့တိုင်အောင် ၎င်းတို့သည် မိမိတို့ကိုယ်ကို အလွန်အမင်း အရည်အချင်းပြည့်မီသည်ဟု ထင်မြင်ကြသည်။ ဝါရင့်သည့်ပုံစံဖြင့် ပြောဆိုကြသည်။ ဘုရားသခင်၏ ဆုလာဘ်ကို စောင့်မျှော်ကြသည်။ ဤသည်မှာ မာနထောင်လွှားသော စိတ်သဘောထားတစ်ခုကို ထုတ်ဖော်ပြခြင်း မဟုတ်လော။ လူတို့သည် ‘အလွန်အမင်း အရည်အချင်းပြည့်မီခြင်း’ မရှိသောအခါ ၎င်းတို့သည် သတိထားရမည်ကို သိသည်။ အမှားများမပြုလုပ်ရန် မိမိတို့ကိုယ်ကို သတိပေးကြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို အလွန်အမင်း အရည်အချင်းပြည့်မီသည်ဟု ယုံကြည်သည်နှင့် မာနထောင်လွှားလာသည်။ မိမိတို့ကိုယ်ကို စတင်၍ အထင်ကြီးလာကြသည်။ မိမိတို့ဘာသာ အားရကျေနပ်တတ်ကြသည်။ ဤသို့သောအချိန်များတွင် ၎င်းတို့သည် ပေါလု ပြုလုပ်ခဲ့သကဲ့သို့ ဘုရားသခင်ထံမှ ဆုလာဘ်များနှင့် သရဖူကို တောင်းဆိုနိုင်ခြေမရှိသလော။ (ရှိပါသည်။) လူသားနှင့် ဘုရားသခင်ကြား ဆက်ဆံရေးမှာ အဘယ်သို့နည်း။ ဤသည်မှာ ဖန်ဆင်းရှင်နှင့် ဖန်ဆင်းခံများကြား ဆက်ဆံရေးမဟုတ်ပေ။ ဤသည်မှာ အပေးအယူဆက်ဆံရေးထက် မပိုပေ။ ဤသို့ဖြစ်သောအခါ လူတို့တွင် ဘုရားသခင်နှင့် ဆက်ဆံရေးမရှိပေ။ ဘုရားသခင်သည် ၎င်းတို့ထံမှ သူ၏ မျက်နှာကို ကွယ်ဝှက်နိုင်ခြေရှိသည်။ ဤသည်မှာ အန္တရာယ်ရှိသော လက္ခဏာဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းဖြင့်သာ ကယ်တင်ခြင်းလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနိုင်သည်) လူတစ်ယောက်က သမ္မာတရားကို မလိုက်စားဘဲ ကိုယ့်ကိုယ်ကိုယ် သိမလာရင် တာဝန်တစ်ခုကို အချိန်တစ်ခုကြာ ထမ်းဆောင်ပြီးတဲ့နောက်မှာ သူတို့မှာ အရင်းအနှီးနဲ့ အတွေ့အကြုံရှိတယ်လို့ တွေးကြမှာဖြစ်ပြီး၊ တခြားလူတွေကို အထင်သေးရင်း၊ မာနထောင်လွှားမှုနဲ့ ပြည့်နေရင်း၊ သမ္မာတရား စည်းမျဉ်းတွေကို ရှာပြီး၊ သူတို့တာဝန်မှာ တခြားလူတွေနဲ့ တွဲလုပ်ဖို့ ပျက်ကွက်ရင်းနဲ့၊ ထင်ရာမြင်ရာ ပြုမူရင်း၊ သူတို့နှစ်သက်တဲ့အတိုင်း အမှုအရာတွေကို လုပ်ဆောင်ရင်းနဲ့ ဘုရားကို အတိုက်အခံလုပ်တဲ့ လမ်းကို လျှောက်ရင်းနဲ့ သူတို့ရဲ့ ဝါရင့်မှုကို ပြတ်ပြတ်သားသား စပြောကြမဲ့ပုံကို ဘုရားက ဖော်ထုတ်တယ်။ ယုံကြည်ခြင်းထဲ ဝင်ရောက်တဲ့အချိန်ကစလို့၊ တာဝန်တစ်ခုကို ကျွန်မ အမြဲထမ်းခဲ့ပြီး၊ နှစ်နှစ်ကြာ ခေါင်းဆောင်ဖြစ်ခဲ့တယ်။ ကျွန်မ ယုံကြည်ခြင်းရှိတာ ကြာပြီ၊ အလုပ်ကျွမ်းကျင်မှုကောင်းတွေရှိပြီး အလုပ်အတွေ့အကြုံတချို့ ရှိတယ်လို့ ထင်ခဲ့တယ်။ ဒါကြောင့် မာနထောင်လွှားလာခဲ့တယ်။ သူများတွေကို ပျိုးထောင်ပေးပြီး သူတို့အလုပ်တွေကို စစ်ဆေးပေးရတာကို ကျွန်မက လိုလိုချင်ချင်ရှိတယ်ဆိုပေမဲ့ ခရစ္စတိုဖာက ကျွန်မရဲ့ တွဲဖက်ဖြစ်လာပြီး ကျွန်မအလုပ်မှာ စပါဝင်တော့ ကျွန်မ သဘောမကျဖြစ်ခဲ့တယ်။ သူ့ကို ရေလောင်းပြီး ပျိုးထောင်ခဲ့တာ ကျွန်မဖြစ်တယ်၊ သူ့အစွမ်းအစက ကျွန်မထက် နိမ့်ကျတယ်ဆိုတာနဲ့ သူက အစပြုရုံရှိသေးပြီး၊ အတွေ့အကြုံ သိပ်မရှိသေးဘူးလို့ ဆက်တွေးနေခဲ့လို့၊ ကျွန်မရဲ့ အလုပ်နဲ့ ပတ်သက်ဖို့ သူ့ကို မလိုချင်ခဲ့ဘူး။ လူသစ်တွေကို ကျွန်မ အားပေးခဲ့လားဆိုတာနဲ့ ကျွန်မရဲ့ အလုပ် အချိန်ဇယားကို သူ မေးတော့၊ ကျွန်မ စိတ်ကုန်လာပြီး သူ့ကို ဝတ်ကျေတမ်းကျေပဲ ဖြေခဲ့တယ်။ သူနဲ့ ဆွေးနွေးဖို့ လိုအပ်တယ်လို့ မထင်ခဲ့ဘူး၊ ဆွေးနွေးခဲ့ရင်တောင်၊ သူ့မှာ အကျိုးရှိတဲ့ အကြံတစ်ခုမှ ရှိမှာမဟုတ်ဘူးပေါ့။ သူမပါဘဲ အဲဒါကို ကျွန်မ လုပ်နိုင်တယ်လို့ တွေးခဲ့လို့၊ ကျွန်မ သူနဲ့ မဆွေးနွေးခဲ့၊ တွဲမလုပ်ခဲ့ဘူး၊ ဆုံးဖြတ်ချက်နဲ့ အစီအစဉ် အများစုကို ကိုယ့်ဘာသာ လုပ်ခဲ့တယ်။ သူ့ကို အပိုပစ္စည်းတစ်ခုသာသာပဲ မြင်ခဲ့တယ်။ ကျွန်မတို့တာဝန်တွေမှာ သူများတွေနဲ့ တွဲလုပ်တတ်အောင် သင်ယူဖို့ ဘုရားက တောင်းဆိုတယ်။ ဒါက ကျွန်မတို့ တာဝန်တွေ ထမ်းဆောင်တာအတွက် အဓိက စည်းမျဉ်းတစ်ခုဖြစ်ပေမဲ့ ဘုရားရဲ့ တောင်းဆိုချက်နဲ့ ဘုရားအိမ်တော်ရဲ့ စည်းမျဉ်းတွေကို ကျွန်မ လျစ်လျူရှုခဲ့တယ်။ ကိုယ့်ဘာသာ အဆင်ပြေတယ်၊ အလုပ်ကို ကိုယ့်ဘာသာ လုပ်နိုင်ပြီး၊ တခြားတစ်ယောက်ယောက်နဲ့ တွဲလုပ်စရာ မလိုဘူးလို့ အမြဲ တွေးခဲ့တယ်။ အားလုံးကို ကျွန်မ ကိုင်တွယ်နိုင်ပြီး၊ ကျွန်မအလုပ်ကို ကြီးကြပ်ဖို့ ဘယ်သူမှမလိုဘူးလို့ ထင်ခဲ့တယ်။ ကျွန်မ မာနထောင်လွှားပြီး စိတ်ကြီးဝင်လိုက်ပုံများ။ ကျွန်မရဲ့ မာနထောင်လွှားတဲ့ စိတ်သဘောထားကြောင့် ကျွန်မက တခြားလူအတွက် အလေးထားမှုမပေးခဲ့သလို၊ ကိုယ့်စိတ်နှလုံးမှာ ဘုရားအတွက် နေရာမထားခဲ့ဘူး။ ကျွန်မမှာ ဘုရားကို ကြောက်တဲ့စိတ်နှလုံး မရှိခဲ့ဘူး။ ဘုရားအပေါ် ရန်ငြိုးထားတဲ့ လမ်းကြောင်းတစ်ခု လျှောက်နေခဲ့တယ်။ ရွာထဲကို ကျွန်မ စရောက်တုန်းက၊ ယုံကြည်ခြင်းအပြည့် ရှိခဲ့တယ်။ ဘုရားကို စိတ်ကျေနပ်စေဖို့ ကိုယ့်တာဝန်တွေကို ဖြည့်ဆည်းချင်ခဲ့တယ်။ ကိစ္စတွေက အဲဒီလို ဖြစ်သွားမယ်လို့ လုံးဝ မထင်ခဲ့ဘူး။ ကျွန်မ ဘယ်လိုလုပ် အရမ်းမာနထောင်လွှားပြီး ထုံအနိုင်ရတာလဲ။ ကျွန်မလျှောက်နေတဲ့ မှားယွင်းတဲ့ လမ်းကြောင်းကို ကျွန်မ နည်းနည်းမှ သတိမပြုမိခဲ့ဘူး။ အဲဒီလိုသာ ဆက်လုပ်ရင်၊ ဘုရားအမှုတော်ကို နှောင့်ယှက်တဲ့ အန္တိခရစ်တစ်ယောက်ဖြစ်လာပြီး၊ နောက်ဆုံးမှာ ဘုရားရဲ့ ဖော်ထုတ်ပြီး ဖယ်ရှားတာကို ခံရမှာပဲ။ အဲဒါပြီးရင် ကျွန်မရဲ့ ယုံကြည်ခြင်း အသက်တာက ဇာတ်သိမ်းသွားမှာ။ ဒါကို သဘောပေါက်တော့၊ ကျွန်မ နည်းနည်း ကြောက်သွားပြီး၊ ဘုရားဆီ တိတ်တဆိတ် ဆုတောင်းခဲ့တယ်။ “အို ဘုရားသခင်၊ အသင်းတော် အလုပ်ကို ကျွန်မ နှောင့်ယှက်မိပါပြီ။ အခု ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးခြင်းနဲ့ ကျွန်မပြဿနာတွေရဲ့ ပြင်းထန်မှုကို သတိပြုမိပါပြီ။ ကျွန်မ နောင်တရချင်ပါတယ်။ ကိုယ်တော့်ကိုလည်း ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားနဲ့ အတိုက်အခံ မလုပ်ချင်တော့ပါဘူး” လို့ပေါ့။

ကျွန်မတို့ရဲ့ ဆက်ဆံရေးတွေမှာ လူတွေနဲ့ အစွမ်းအစနဲ့ အလုပ်အတွေ့အကြုံတွေအပေါ် အာရုံစိုက်တတ်လေ့ရှိရာမှာ ကျွန်မ ဘာမှားသွားခဲ့လဲဆိုတာကိုလည်း ကျွန်မ သုံးသပ်ခဲ့တယ်။ ကျွန်မတာဝန်ရဲ့ အရေးအကြီးဆုံး သွင်ပြင်လက္ခဏာက ဘာများလဲ။ ဒီမေးခွန်းတွေနဲ့ ကျွန်မ ဦးနှောက်ခြောက်နေတုန်းမှာ ဘုရားနှုတ်ကပတ်တော် နောက်တစ်ပိုဒ်ကို အမှတ်မထင် တွေ့ခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တွေက ပြောတယ်။ “သင်သည် ဘုရားသခင်၏ အိမ်တော်ထဲတွင် မည်သည့်အရာကို လုပ်ဆောင်စေကာမူ သင်၏ကိုယ်ပိုင်လုပ်ငန်းကို လုပ်ဆောင်နေခြင်း မဟုတ်ပါ။ ယင်းမှာ ဘုရားအိမ်တော်၏အလုပ်၊ ဘုရားသခင်၏အလုပ် ဖြစ်သည်။ သင်သည် ဤအသိနှင့် နားလည်သဘောပေါက်မှုကို စိတ်ထဲအမြဲတမ်း မွေးထားရမည်ဖြစ်ပြီး ‘ဤအရာသည် ကျွန်ုပ်၏ ကိုယ်ပိုင်အရေးကိစ္စ မဟုတ်ပါ။ ကျွန်ုပ်သည် ကျွန်ုပ်၏တာဝန်ကို လုပ်ဆောင်နေပြီး ကျွန်ုပ်၏ဝတ္တရားကို ဆောင်ရွက်နေခြင်း ဖြစ်သည်။ အသင်းတော်အလုပ်ကို လုပ်ဆောင်နေခြင်းဖြစ်သည်။ ဤသည်မှာ ကျွန်ုပ်အား ဘုရားသခင် အပ်နှံခဲ့သောတာဝန်ဖြစ်ပြီး ကျွန်ုပ်သည် ဘုရားသခင်အတွက် လုပ်ဆောင်နေခြင်းဖြစ်သည်။ ဤသည်မှာ ကျွန်ုပ်၏ တာဝန်ဖြစ်ပြီး ကျွန်ုပ်၏ ကိုယ်ပိုင်ကိုယ်ရေးကိုယ်တာ ကိစ္စမဟုတ်ပေ’ ဟု ပြောရမည်ဖြစ်သည်။ ဤသည်မှာ လူတို့နားလည်သင့်သည့် ပထမဆုံးအရာဖြစ်သည်။ သင်သည် တာဝန်တစ်ခုကို သင်၏ ကိုယ်ပိုင် အရေးကိစ္စများအဖြစ် သဘောထားပြီး ပြုမူဆောင်ရွက်သည့်အခါတွင် သမ္မာတရားစည်းမျဉ်းများကို မရှာဖွေသကဲ့သို့ သင်၏ ကိုယ်ပိုင်ရည်ရွယ်ချက်များ၊ အမြင်များ၊ လုပ်ငန်းစဉ်များနှင့်အညီ ဆောင်ရွက်လျှင် သင်သည် အမှားများပြုလုပ်နိုင်ခြေ အလွန်များသည်။ ထို့ကြောင့် သင်သည် သင်၏တာဝန်နှင့် သင်၏ကိုယ်ပိုင် တစ်ကိုယ်ရေကိစ္စများကြား အလွန်ရှင်းလင်းသော ကွာခြားမှုကို ပြုလုပ်ပြီး ဤသည်မှာ တာဝန်တစ်ခုဖြစ်သည်ကို သတိမူမိလျှင် မည်သို့ သင်ဆောင်ရွက်သင့်သနည်း။ (ဘုရားသခင်တောင်းဆိုသည့်အရာကို ရှာဖွေပြီး စည်းမျဉ်းများကို ရှာဖွေရမည်။) မှန်သည်။ သင့်ထံ တစ်စုံတစ်ခုဖြစ်ပျက်ပြီး သမ္မာတရားကို သင်နားမလည်ပါက၊ သင့်တွင် စိတ်ကူးအချို့ရှိသော်လည်း ကိစ္စများသည် သင့်အတွက် မရှင်းလင်းဆဲဖြစ်ပါက အတူမိတ်သဟာယဖွဲ့ရန် သမ္မာတရားကို နားလည်သော ညီအစ်ကို မောင်နှမများကို ရှာရမည်။ ဤသည်မှာ သမ္မာတရားကို ရှာဖွေခြင်းဖြစ်သည်။ အခြားအရာအားလုံးထက် ဤသည်မှာ သင့်တာဝန်အပေါ် ထားရှိသင့်သည့် သဘောထားဖြစ်သည်။ သင်က သင့်လျော်သည်ဟု ထင်သည့်အရာအပေါ် အခြေခံ၍ အမှုအရာများကို ဆုံးဖြတ်ပြီးနောက် တူကိုထုကာ အမှုပိတ်သိမ်းပြီဟု ပြောဆိုခြင်းကို မလုပ်ဆောင်သင့်ပေ။ ဤအရာက ပြဿနာများကို အလွယ်တကူ ဖြစ်စေသည်။...ဘုရားသခင်က တစ်ရက်ချင်းစီတွင် သင်၌ မည်သည့်အရာ ဖြစ်ပျက်နေသည်၊ သို့မဟုတ် သင်အလုပ်မည်မျှလုပ်သည်၊ သင်မည်မျှ အားစိုက်ထုတ်သည်တို့ကို အရေးမစိုက်ပေ။ သူကြည့်သောအရာမှာ ဤအရာများအပေါ် သင်၏ သဘောထားက မည်သို့ရှိသည်ဆိုသည်ကို ဖြစ်သည်။ ဤအရာများကို သင်လုပ်ဆောင်သည့် သဘောထားနှင့် သင်လုပ်ဆောင်သည့်ပုံစံသည် မည်သည့်အရာနှင့် ဆက်နွှယ်သနည်း။ ယင်းသည် သမ္မာတရားကို သင်လိုက်စားခြင်းရှိမရှိနှင့် ဆက်နွှယ်ပြီး သင်၏ အသက်ဝင်ရောက်မှုနှင့်လည်း ဆက်နွှယ်သည်။ ဘုရားသခင်က သင်၏ အသက်ဝင်ရောက်မှုကို ကြည့်သည်။ သင်လျှောက်လှမ်းသည့် လမ်းကြောင်းကို ကြည့်သည်။ သင်သည် သမ္မာတရားအား လိုက်စားခြင်းလမ်းကြောင်းကို လျှောက်ကာ သင့်တွင် အသက်ဝင်ရောက်မှုရှိလျှင် တာဝန်များထမ်းဆောင်သောအခါ သင်သည် သူတစ်ပါးတို့နှင့် သဟဇာတဖြစ်စွာ ပူးပေါင်းဆောင်ရွက်နိုင်လိမ့်မည်။ ထို့ပြင် ပြည့်မီသည့် နည်းလမ်းတစ်ခုဖြင့် သင်၏ တာဝန်များကို အလွယ်တကူ ထမ်းဆောင်လိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ ပြည့်မီသော တာဝန်ထမ်းဆောင်မှုဆိုသည်မှာ အဘယ်နည်း။) ဘုရားနှုတ်ကပတ်တော်တွေက အတော်ရှင်းတယ်။ ဘုရားအိမ်တော်မှာ ကိုယ့်တာဝန်ကို ထမ်းဆောင်တာဟာ သူများတွေကို မခေါ်ဘဲ ကိုယ်ကြိုက်သလို ကိုယ့်ဘာသာ လုပ်တာမျိုး မရှိရဘူးလေ။ ဘုရားအိမ်တော်ရဲ့ အလုပ်မှာ ကျွန်မတို့တာဝန်တွေက တစ်ခန်းတစ်ကဏ္ဍက ပါဝင်တယ်။ ကျွန်မတို့ ဝတ်ကျေတမ်းကျေ ပြုမူပြီး မပူးပေါင်းရင်၊ အလုပ်ကို ကျွန်မတို့ နှောင့်ယှက်ပြီး၊ တားဆီဖို့ များတယ်။ ဘုရားက လူတွေကို သူတို့ ယုံကြည်တာ ဘယ်လောက်ကြာပြီဖြစ်တယ်၊ သူတို့ ဘယ်လောက် အလုပ်လုပ်ပြီးပြီဆိုတာနဲ့ သူတို့တာဝန်မှာ အတွေ့အကြုံ ဘယ်လောက်ရှိတယ်ဆိုတာတွေအပေါ် အခြေခံပြီး အကဲဖြတ်တာ မဟုတ်ဘဲ၊ သမ္မာတရားအပေါ် သူတို့ရဲ့ သဘောထား၊ သူတို့တာဝန်မှာ သူတို့ရဲ့ဆက်ကပ်မှုနဲ့ သမ္မာတရား လိုက်စားတဲ့ လမ်းကြောင်းကို သူတို့ လျှောက်လှမ်းခြင်း ရှိမရှိဆိုတဲ့အပေါ် အခြေခံပြီး အကဲဖြတ်မှန်း ကျွန်မ သင်ယူရတယ်။ ကျွန်မက သမ္မာတရားကို မရှာဖွေခဲ့ဘဲ သူများတွေရဲ့ အကြံကောင်းတွေလည်း မယူခဲ့တဲ့အပြင် အမြဲ ဆုံးဖြတ်ပိုင်ခွင့် ရှိရမှဆိုပြီး ဖြစ်နေရင် ကိုယ့်တာဝန်မှာ ရလဒ်ကောင်းတွေ ရခဲ့မှာ မဟုတ်ဘူး။ ကျွန်မရဲ့ ရှိစုမဲ့စု အစွမ်းအစအပြင် ခဏတဖြုတ် ခေါင်းဆောင်ဖြစ်ပြီး အတွေ့အကြုံလေးရှိတာကို ကိုယ့်ရဲ့ အရင်းအနှီးအနေနဲ့ ကျွန်မ အမြဲ ခံယူခဲ့တယ်။ ဒီအရည်အချင်းတွေနဲ့ဆိုရင်၊ ကိုယ့်တာဝန်ကို ကောင်းကောင်း ဖြည့်ဆည်းမှာပဲလို့ ထင်ခဲ့တယ်။ အမှန်တော့ အဲဒီအတွေ့အကြုံနဲ့ အစွမ်းအစရှိတာက ကျွန်မမှာ သမ္မာတရား စည်းမျဉ်းတွေ ရှိတယ်လို့ မဆိုလိုဘူး၊ အဲဒါတွေက ကျွန်မတာဝန်မှာ ကျွန်မ အသုံးပြုနိုင်မဲ့ တန်ဆာပလာတွေသက်သက်ပါပဲ။ အတွေ့အကြုံနဲ့ အစွမ်းအစကို သမ္မာတရား စည်းမျဉ်းအနေနဲ့ ကျွန်မ သဘောထားခဲ့ပြီး၊ သမ္မာတရားကို ကျွန််မ နားလည်ပြီး စည်းမျဉ်းအတိုင်း ပြုမူခဲ့တယ်လို့ ထင်ခဲ့တယ်။ ကျွန်မက ပိုပို မာနထောင်လွှားလာခဲ့တယ်။ ညီအစ်ကိုမောင်နှမတွေအပေါ် အထင်သေးပြီး ကိုယ်ကြိုက်တာမှန်သမျှ လျှောက်လုပ်ခဲ့တယ်။ အကျိုးဆက်ကတော့ အလုပ် သုံးလ လုပ်ပြီးနောက်မှာ ကျွန်မက ရလဒ်တစ်ခုမှ ဖြစ်အောင် မလုပ်ခဲ့ဘူး။ ကိုယ့်အလုပ်ကို ကောင်းကောင်းလုပ်ဖို့က ယုံကြည်သူဖြစ်တာ ဘယ်လောက်ကြာပြီ၊ အရင်က ဘယ်လောက် ပံ့ပိုးခဲ့တယ်၊ ဒါမှမဟုတ် အတွေ့အကြုံဘယ်လောက်ရှိတယ်ဆိုတာတွေ အရေးမကြီးမှန်းကို ကျွန်မ သဘောပေါက်လိုက်တယ်။ အဓိကက သမ္မာတရားကို ရှာဖွေဖို့၊ စည်းမျဉ်းအတိုင်း ပြုမူဆောင်ရွက်ပြီး၊ တခြားလူတွေနဲ့ သင့်သင့်မြတ်မြတ် တွဲလုပ်ဖို့ပါပဲ။

နောက်ပိုင်းမှာ၊ တခြားလူတွေနဲ့ ဘယ်လို သင့်သင့်မြတ်မြတ် တွဲလုပ်ရမယ်ဆိုတဲ့ ပိုရှင်းလင်းတဲ့ လမ်းကြောင်းတစ်ခုကို ပေးတဲ့ နောက်ထပ် ဘုရားနှုတ်ကပတ်တော်နှစ်ပိုဒ် ကျွန်မ ဖတ်ခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တွေက ပြောတယ်။ “သဟဇာတဖြစ်သော ပူးပေါင်းဆောင်ရွက်ခြင်းတွင် အရာများစွာ ပါဝင်သည်။ အနည်းဆုံးအနေဖြင့် ဤအရာများစွာထဲမှ တစ်ခုသည် အခြားလူများကို စကားပြောဆိုခွင့်ပေးပြီး မတူညီသော အကြံများပေးခွင့်ပြုခြင်းဖြစ်သည်။ သင်က အမှန်တကယ်ပင် ကျိုးကြောင်းသင့်မြတ်လျှင် မည်သည့်အလုပ်မျိုးကို လုပ်ပါစေ၊ သမ္မာတရား စည်းမျဉ်းများကို ရှာဖွေရန် အရင်ဦးဆုံး သင်ယူရမည်။ အခြားလူတို့၏ ထင်မြင်ချက်များကို ရှာဖွေရန်လည်း မိမိကိုယ်တိုင် စတင်လုပ်ဆောင်သင့်သည်။ အကြံပြုချက်တိုင်းကို အလေးအနက်ထားပြီး စိတ်နှလုံးတစ်လုံးတစ်ဝတည်းဖြင့် ပြဿနာများကို့ ဖြေရှင်းသရွေ့ သဟဇာတဖြစ်သော ပူးပေါင်းဆောင်ရွက်ခြင်းကို သင် အခြေခံအားဖြင့် ရရှိလိမ့်မည်။ ဤနည်းအားဖြင့် သင်သည် သင့်တာဝန်တွင် အလွန်ပို၍ နည်းပါးသော အခက်အခဲများကိုသာ ကြုံတွေ့ရလိမ့်မည်။ မည်သည့်ပြဿနာများ ဖြစ်ပေါ်လာပါစေ ၎င်းတို့ကို ဖြေရှင်းပြီး ကိုင်တွယ်ရန် လွယ်ကူလိမ့်မည်။ ဤသည်မှာ သဟဇာတဖြစ်စွာ ပူးပေါင်းဆောင်ရွက်ခြင်း၏ သက်ရောက်မှုဖြစ်သည်။ တစ်ခါတစ်ရံတွင် အသေးအဖွဲကိစ္စများအပေါ် အငြင်းပွားမှုများရှိသည်။ သို့သော် ဤအရာများက အလုပ်ကို မထိခိုက်သရွေ့ ပြဿနာ ဖြစ်မည်မဟုတ်ပေ။ သို့ရာတွင် အသင်းတော်အလုပ်ပါဝင်သော အဓိကအမှုကိစ္စများနှင့် အကြီးစားကိစ္စများတွင် သင်သည် ထိုအရာများကို ဖြေရှင်းရန် အများသဘောတူညီမှုရယူပြီး သမ္မာတရားကို ရှာဖွေရမည်။...ခေါင်းဆောင်ရာထူးများကို သင် စွန့်လွှတ်ရမည်။ ဂုဏ်အဆင့်အတန်း၏ ညစ်ညမ်းသော အသွင်သဏ္ဌာန်ကို စွန့်လွှတ်ရမည်။ သင့်ကိုယ်သင် သာမန်လူတစ်ယောက်အဖြစ် မှတ်ယူပြီး အခြားသူများနှင့် တူညီသောအဆင့်တွင် ရပ်ရမည်။ သင့်တာဝန်အပေါ် တာဝန်သိသော သဘောထားတစ်ခုရှိရမည်။ သင်သည် သင်၏တာဝန်ကို တရားဝင်ရာထူးနှင့် ဂုဏ်အဆင့်အတန်းအဖြစ်၊ သို့မဟုတ် အောင်မြင်မှုသရဖူမျိုး အဖြစ် အစဉ် မှတ်ယူလျှင်၊ အခြားလူများက သင်၏ရာထူးအတွက် အလုပ်လုပ်ပြီးအစေခံရန်ရှိနေသည်ဟု စိတ်ကူးလျှင် ဤသည်မှာ ဒုက္ခပေးတတ်သည်။ ဘုရားသခင်က သင့်အား အလွန်မုန်းတီးပြီး ရွံရှာလိမ့်မည်။ သင်က အခြားလူများနှင့် တန်းတူညီဖြစ်သည်၊ သင်က ဘုရားသခင်ထံမှ စေခိုင်းချက်နှင့် တာဝန်ကို အနည်းငယ် ပို၍ရှိခြင်းသာဖြစ်သည်ဟု ယုံကြည်လျှင်၊ ၎င်းတို့နှင့် သင့်ကိုယ်သင် တန်းတူညီရပ်တည်ရန် သင်ယူနိုင်လျှင်၊ အခြားလူများ ထင်မြင်သည့်အရာကို နှိမ့်ချစွာပင် မေးမြန်းနိုင်လျှင်၊ ၎င်းတို့ပြောသည့်အရာကို လေးနက်စွာ၊ နီးကပ်စွာ၊ အာရုံစိုက်စွာဖြင့် နားထောင်နိုင်လျှင် သင်သည် အခြားလူများနှင့် သဟဇာတဖြစ်စွာပူးပေါင်းဆောင်ရွက်လိမ့်မည်ဖြစ်သည်။ ဤသဟဇာတဖြစ်သော ပူးပေါင်းဆောင်ရွက်ခြင်းက မည်သည့်သက်ရောက်မှုရှိမည်နည်း။ သက်ရောက်မှုက အလွန်ကြီးမားသည်။ သမ္မာတရား၏ အလင်းနှင့် အသက်၏ စစ်မှန်မှုတို့ဖြစ်သည့် ယခင်က သင် တစ်ခါမျှ မရဖူးသည့် အရာများကို သင်ရလိမ့်မည်။ သင်သည် အခြားသူများ၏ ကောင်းကွက်များကို သိပြီး ၎င်းတို့၏အားသာချက်များမှ သင်ယူလိမ့်မည်။ အခြားတစ်ခုရှိသည်။ သင်က အခြားလူများကို ထုံထိုင်းသည်၊ နုံအသည်၊ မိုက်မဲသည်၊ သင့်ထက် နိမ့်ကျသည်ဟု စိတ်ကူးရှိသည်။ သို့သော် ၎င်းတို့၏ ထင်မြင်ချက်များကို သင်နားထောင်သောအခါ၊ သို့မဟုတ် အခြားလူများက သင့်ထံ ဖွင့်ဟပြောဆိုသောအခါ၊ မည်သူကမျှ သင်ထင်သလို တကယ်ကို သာမန်ဖြစ်နေခြင်းမဟုတ်ကြောင်း၊ လူတိုင်းက မတူညီသော အတွေးများနှင့်၊ စိတ်ကူးများပေးနိုင်ကြောင်း၊ လူတိုင်းတွင် ကိုယ်ပိုင်ကောင်းမှုများရှိကြောင်းတို့ကို သင် အမှတ်တမဲ့ သိရှိရလိမ့်မည်။ သင်သည် သဟဇာတဖြစ်စွာ ပူးပေါင်းဆောင်ရွက်ရန် သင်ယူလျှင် သူတစ်ပါးတို့၏ အားသာချက်များမှတစ်ဆင့် သင်ယူနိုင်ရန် သင့်ကို ကူညီပေးခြင်းအပြင် သင်၏ မာနထောင်လွှားခြင်းနှင့် မိမိကိုယ်ကို အမှန်မြင်ခြင်းကို ဖွင့်ပြနိုင်သည်။ သင်က လိမ္မာပါးနပ်သည်ဟု စိတ်ကူးထင်မြင်ခြင်းကို ရပ်တန့်စေနိုင်သည်။ သင်က သင့်ကိုယ်သင် အခြားလူတိုင်းထက်ပို၍ တော်သည်၊ သာလွန်သည်ဟု မသတ်မှတ်တော့သည့်အခါတွင် ဤအတ္တကြီးသော၊ မိမိကိုယ်ကို တန်ဖိုးထားသော အခြေအနေကို ရှင်သန်ခြင်းအား ရပ်တန့်လိမ့်မည်။ ယင်းက သင့်ကို ကာကွယ်ပေးလိမ့်မည်မဟုတ်လော။ ဤသည်မှာ သူတစ်ပါးတို့နှင့် ပူးပေါင်းဆောင်ရွက်ခြင်းမှ သင်ယူသင့်သော သင်ခန်းစာဖြစ်ပြီး သင်ရရှိသင့်သော အကျိုးအမြတ်ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၈ (အပိုင်း ၁))မည်သူမဆို အမှားကင်းသည်ဟု သင်တို့ ထင်သလော။ လူတို့သည် မည်မျှ သန်စွမ်းသည်ဖြစ်စေ၊ သို့မဟုတ် မည်မျှ စွမ်းဆောင်နိုင်ပြီး ပါရမီရှိသည်ဖြစ်စေ၊ ၎င်းတို့သည် ခြောက်ပြစ်ကင်း မဟုတ်သေးပေ။ ဤအရာကို လူများ သတိပြုမိရမည်။ ယင်းမှာ အမှန်တရားဖြစ်ပြီး မိမိတို့၏ကိုယ်ပိုင် အရည်အချင်းများနှင့် အားသာချက်များ သို့မဟုတ် ချို့ယွင်းချက်များကို မှန်ကန်စွာ ကိုင်တွယ်ချဉ်းကပ်ဖို့ လူတို့တွင် ရှိသင့်သည့် သဘောထားလည်း ဖြစ်ပေသည်။ ဤသည်မှာ လူတို့ ပိုင်ဆိုင်သင့်သည့် စဉ်းစားချင့်ချိန်နိုင်စွမ်း ဖြစ်သည်။ ဤသို့သော ဆင်ခြင်တုံတရားဖြင့် သင်သည် သင်ကိုယ်တိုင်၏ အားသာချက်များနှင့် အားနည်းချက်များအပြင် အခြားသူတို့၏ ယင်းအချက်များကိုပါ သင့်လျော်စွာ ကိုင်တွယ်နိုင်မည်ဖြစ်ပြီး၊ ဤအချက်သည် သင့်အား ၎င်းတို့နှင့်အတူ သဟဇာတဖြစ်စွာ အလုပ်လုပ်နိုင်စေလိမ့်မည်။ သင်သည် သမ္မာတရား၏ ဤရှုထောင့်ကို နားလည်ပြီးဖြစ်ကာ သမ္မာတရား စစ်မှန်မှု၏ ဤသွင်ပြင်လက္ခဏာကို ဝင်ရောက်နိုင်လျှင် သင့်တွင်ရှိသော မည်သည့်အားနည်းချက်ကိုမဆို ဖာထေးရန် မိမိညီအစ်ကိုမောင်နှမများ၏ အားသာချက်များကို အသုံးပြုရင်း သူတို့နှင့် သဟဇာတရှိရှိ အဆင်ပြေနိုင်သည်။ ဤနည်းအားဖြင့် မည်သည့်တာဝန်ကို ထမ်းဆောင်နေသည်ဖြစ်စေ သို့မဟုတ် မည်သည့်အရာကို လုပ်ဆောင်နေသည်ဖြစ်စေ သင်သည် ယင်းအမှုအရာတွင် အစဉ်သဖြင့် ပိုမိုကောင်းမွန်လာပြီး ဘုရားသခင်၏ကောင်းချီးကို ရရှိလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး) ဘုရားနှုတ်ကပတ်တော်တွေကနေ သဘောပေါက်လိုက်တယ်။ တွဲဖက်အလုပ်လုပ်ရာမှာ သူများတွေနဲ့ တစ်တန်းတည်း ရပ်တည်ပြီး သူတို့ကို သေချာ နားထောင်တတ်အောင် သင်ယူသင့်တဲ့အပြင် ကိုယ်နားမလည်တာကို စိတ်ဝင်တစားမေးသင့်တယ်ဆိုတာကိုပေါ့။ ဒီလို လက်တွေ့လုပ်ရင်းနဲ့၊ ညီအစ်ကို မောင်နှမတွေရဲ့ အားသာချက်တွေနဲ့ ကျွန်မတို့ထက် သူတို့ အားကောင်းတဲ့ နယ်ပယ်တွေကို ကျွန်မတို့ သိနိုင်တယ်။ အဲဒီအခါ သူတို့ကို ကျွန်မတို့ အထင်သေးမှာ မဟုတ်သလို၊ ကျွန်မတို့ အပြုအမူမှာ အရမ်း ကိုယ့်ကိုယ်ကိုယ် ကျေနပ်ပြီး ထင်ရာမြင်ရာ လုပ်နေတာကို ရပ်တန့်ကြမှာဖြစ်တယ်။ ကျွန်မတို့က ကိုယ့်ကိုယ်ကိုယ် ပိုရှင်းရှင်းလင်းလင်း သိနားလည်သင့်ပြီး ကိုယ့်ကိုယ်ကိုယ် မြှောက်နေတာကို ရပ်သင့်တယ်။ တခြားလူတွေရဲ့ အားသာချက်တွေကို ပိုင်းခြားသိမြင်ဖို့ သင်ယူသင့်ပြီး၊ သူတို့ရဲ့ အားနည်းချက်တွေအပေါ် မှန်ကန်တဲ့ သဘောထား ရှိသင့်တယ်။ ပြန်တွေးကြည့်တော့၊ ကျွန်မက နှစ်နှစ်ကြာ ခေါင်းဆောင်အနေနဲ့ အစေခံနေခဲ့ပေမဲ့၊ ဧဝံဂေလိ ဖြန့်ရာမှာ ကျွန်မ ပါရမီမရှိခဲ့သလို၊ ဧဝံဂေလိအလုပ်ကို စစ်ဆေးတဲ့အခါ ထောက်ပံ့မှု လိုအပ်ခဲ့တယ်။ ခရစ္စတိုဖာကတော့၊ သူ့အနေနဲ့ ယုံကြည်တာ မကြာသေးပေမဲ့၊ ဧဝံဂေလိကို အမြဲ ဖြန့်နေခဲ့တာဖြစ်တယ်၊ ကောင်းတဲ့ ရလဒ်တွေရပြီး၊ လူအတော်များများကို ပြောင်းလဲစေခဲ့ပြီးပြီ။ ဧဝံဂေလိ ဖြန့်တာနဲ့ ပတ်သက်လာတဲ့အခါ သူ့မှာ အတွေ့အကြုံ ပိုရှိတယ်။ ဒါကြောင့် သူ့အကူအညီကို ကျွန်မ တက်တက်ကြွကြွ ရှာသင့်တယ်။ ပြီးတော့ ခရစ္စတိုဖာက သူ့တာဝန်မှာ အရမ်းတာဝန်ယူတယ်၊ သူ့အလုပ်မှာ ဝန်ထမ်းတယ်၊ ကျွန်မတို့အလုပ်ကို အကျဉ်းချုပ်ဖို့ ကျွန်မကို တက်တက်ကြွကြွ ရှာခဲ့ပြီး၊ တခြားအသင်းတော်တွေဆီက အလေ့အကျင့်ကောင်းတွေကို အကောင်အထည်ဖော်ခဲ့တယ်။ ဒါတွေအားလုံးက ကျွန်မ သင်ယူလို့ရတဲ့ အားသာချက်တွေပဲလေ။ ကျွန်မက အရမ်းမာနထောင်လွှားတတ်ခဲ့ပြီး၊ ခရစ္စတိုဖာရဲ့ အားသာချက်တွေကို သတိမထားမိခဲ့ဘူး၊ သူ့ကို အထင်တောင်သေးခဲ့တယ်။ သူ့အကြံတွေကို လက်မခံခဲ့သလို၊ ကျွန်မအလုပ်မှာ သူ့ကို ပါဝင်ခွင့်မပေးခဲ့ဘူး။ ကျွန်မက ကိုယ်ကသာ ဘာမှမဟုတ်တာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုက အရမ်းများနေခဲ့တယ်။ ရှက်စရာကောင်းလိုက်တာ။ ကိုယ့်ကိုယ်ကိုယ် သိတဲ့အသိ နည်းနည်းမှ ကျွန်မမှာ မရှိခဲ့ဘူး။ ခရစ္စတိုဖာနဲ့ အရင်က ကျွန်မ ကောင်းကောင်း ပူးပေါင်းလုပ်နိုင်ခဲ့ရင်၊ အလုပ်က နှောင့်နှေးခဲ့မှာ မဟုတ်ဘူး။ ပြန်တွေးကြည့်တော့၊ ကျွန်မ အရမ်းနောင်တရမိတယ်။ ကျွန်မရဲ့ အရင်က ပြစ်ချက်တွေက အဖတ်ဆယ်လို့မရနိုင်အောင် ဖြစ်ပေမဲ့၊ ရှေ့ဆက်ပြီး ကိုယ့်တာဝန်ကို ကောင်းကောင်း လုပ်ဖို့ လိုလားနေခဲ့တယ်။ ပြဿနာတွေ ရင်ဆိုင်ရတဲ့အခါ တခြားလူတွေနဲ့ ဆွေးနွေးပြီး ဆက်သွယ်မယ်။ အသင်းတော်ရဲ့ အကျိုးစီးပွားကို ဦးစားပေးမယ်၊ တခြားလူတွေနဲ့ တွဲလုပ်ဖို့ သင်ယူပြီး၊ လမ်းဟောင်းကို ဆင်းမသွားတော့ဘူး။

နောက်ပိုင်းမှာ၊ အဲဒီရွာကနေ ကျွန်မထွက်ခဲ့တယ်။ မတူကွဲပြားတဲ့ ပရောဂျက်တစ်ခု တာဝန်အပေးခံခဲ့ရပြီး၊ တွဲဖက်အသစ်တစ်ယောက် ရခဲ့တယ်။ ဒီတစ်ခါ အစ်မ မီနာနဲ့ ကျွန်မ တွဲလုပ်ရတယ်။ ကျွန်မတို့ တာဝန်တွေ ကောင်းကောင်း ပြီးသွားအောင် သူနဲ့ လက်တွဲညီညီ လုပ်ရတာကို ကျွန်မ ဝမ်းသာတယ်။ နောက်ပိုင်းမှာ၊ ကျွန်မ တဖြည်းဖြည်း သတိထားမိတာက၊ မီနာက ကျွန်မထက် ကြီးပေမဲ့၊ ယုံကြည်ခြင်းရှိတာ၊ သူ့တာဝန်ကို လုပ်တာ ကျွန်မလောက် အချိန်မကြာသေးဘူးဆိုတာပေါ့။ အလုပ်ကို ဘယ်လိုကြီးကြပ်ပြီး စစ်ဆေးမယ်ဆိုတာနဲ့ ပတ်သက်လို့ကတော့၊ သူက ချို့တဲ့နေတုန်းပဲ။ တစ်ခါတလေ၊ သူနဲ့ပတ်သက်လို့ ပြဿနာတချို့ကို ညီအစ်ကို မောင်နှမတွေက တင်ပြကြတာကိုလည်း ကြားရတယ်။ ကျွန်မရဲ့ မာနထောင်လွှားတဲ့ စိတ်သဘောထားက စပြီး ပြန်ပေါ်လာတယ်။ ကျွန်မတို့အလုပ်မှာ ကျွန်မက အဓိကကဏ္ဍမှာရှိပြီး အစ်မ မီနာက လေ့ကျင့်ဖို့သက်သက် ရှိနေတာလို့ စတွေးမိလာတယ်။ တစ်ခါ၊ အလုပ်စီမံချက်တစ်ခု ကျွန်မတို့ ရေးဖို့ရှိနေချိန်မှာ၊ ကျွန်မတို့အနေနဲ့ အလုပ်ကိစ္စကို အတူဆွေးနွေးသင့်တယ်လို့ ကျွန်မတို့ ခေါင်းဆောင်က သေသေချာချာ ပြောပေမဲ့၊ ကျွန်မ ကိုယ့်ကိုယ်ကိုယ် တွေးမိတယ်။ “ဒါက ခက်တဲ့ တာဝန်တစ်ခုမှ မဟုတ်တာ။ ငါ့ဘာသာ အလွယ်လေး ကိုင်တွယ်နိုင်တယ်။ နှစ်ယောက်လုံး လုပ်နေဖို့လည်း မလိုပါဘူး။ အဲဒါကို ငါ့ဘာသာ မလုပ်နိုင်တာမျိုးမှ မဟုတ်တာ”လို့ပေါ့။ စုဝေးပွဲပြီးတဲ့နောက်မှာ၊ ကျွန်မက အလုပ်ကို ကိုယ့်ဘာသာပဲ ဆက်လုပ်ချင်ခဲ့တယ်။ ဒါပေမဲ့ မီနာက ကျွန်မကို ချက်ချင်း ဖုန်းဆက်ခဲ့ပြီး၊ သူ ကျွန်မနဲ့ ဆွေးနွေးချင်ခဲ့မှန်း ကျွန်မ သိလိုက်ရတယ်။ ဒါပေမဲ့ ကျွန်မ တကယ်ကို အဲဒီလို မဆွေးနွေးချင်လို့၊ ဖုန်းမကိုင်ခဲ့ဘူး။ နောက်ပိုင်းမှာ ကျွန်မ နည်းနည်း လိပ်ပြာမလုံဖြစ်တယ်။ အရင်က ကျွန်မရဲ့ မာနထောင်လွှားမှု၊ ပြီးတော့ ခရစ္စတိုဖာနဲ့ တွဲလုပ်ဖို့ မလိုလားစိတ်တွေက အလုပ်ကို နှောင့်ယှက်ခဲ့ပုံကို တွေးမိတယ်။ ကျွန်မ အဲဒီလို ဆက်လုပ်ရင်၊ ကျွန်မတို့ အလုပ်ကို သေချာပေါက် ထိခိုက်မှာပဲ။ ဒါကြောင့် ကျွန်မ ဘုရားဆီ၊ “အို ဘုရားသခင်၊ မီနာက အလုပ်ကိစ္စဆွေးနွေးဖို့ ကျွန်မကို တက်တက်ကြွကြွ ရှာနေပေမဲ့၊ ကျွန်မက မာနထောင်လွှားပြီး၊ သူနဲ့ တွဲမလုပ်ချင်ခဲ့ဘူး။ ဘုရားသခင်၊ ကျွန်မ ထင်ရာမြင်ရာလုပ်ပြီး၊ အသင်းတော် အလုပ်ကို မနှောင့်ယှက်ချင်တော့ပါဘူး။ ကျေးဇူးပြုပြီး မီနာနဲ့ အတွဲညီညီ တွဲလုပ်နိုင်အောင် ကျွန်မရဲ့ မာနထောင်လွှားတဲ့ စိတ်သဘောထားနဲ့ အသက်ရှင်တာကို ရပ်ဖို့ ကျွန်မကို လမ်းပြပါ”လို့ ပြောပြီး ဆုတောင်းခဲ့တယ်။ အဲဒီနောက် ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ပြန်အမှတ်ရခဲ့တယ်။ “သင်တို့သည် ဘုရားသခင်၏အမှုအလို့ငှာ၊ အသင်းတော်၏ အကျိုးအတွက်နှင့် သင်တို့၏ ညီအစ်ကို မောင်နှမများကို ရှေ့သို့ လှုံ့ဆော်ပေးရန်အလို့ငှာ သဟဇာတကျသော ပူးပေါင်းဆောင်ရွက်မှုကို ရယူဖန်တီးရမည်။ သင်တို့သည် ဘုရားသခင်၏ အလိုတော်ကို ပြုစုရန်အလို့ငှာ တစ်ဦးက နောက်တစ်ဦးကို ပြုပြင်၍ ပိုမိုကောင်းမွန်သော အလုပ်၏အကျိုးရလဒ်သို့ ရောက်ရှိကာ အချင်းချင်း ညှိုနှိုင်းလုပ်ဆောင်သင့်သည်။ ဤသည်မှာ မှန်ကန်သော ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်ပြီး ယင်း၌ ပါဝင်သောသူများသာ စစ်မှန်သောဝင်ရောက်မှုကို ရရှိလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဣသရေလအမျိုးသားများ အစေခံခဲ့သကဲ့သို့ အစေခံလော့) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မကို အရမ်း သက်ရောက်မှုရှိခဲ့တယ်။ ကျွန်မတာဝန်ကို ကောင်းကောင်းလုပ်ဖို့၊ မီနာနဲ့ အတွဲညီညီ တွဲလုပ်ပြီး၊ ကိုယ့်ရဲ့ မာနထောင်လွှားတဲ့ စိတ်သဘောထားနဲ့ အသက်ရှင်ပြီး ထင်ရာမြင်ရာ ပြုမူတတ်တာကို ရပ်ဖို့ ကျွန်မ သင်ယူရမယ်။ အဲဒီလိုနဲ့ မီနာကို ကျွန်မ ဖုန်းဆက်ပြီး၊ ရှေ့ဆက် ကျွန်မတို့ရဲ့အလုပ် အစီအစဉ်တွေကို ဆွေးနွေးခဲ့တယ်။ မီနာက သူ့စိတ်ကူးတွေကို ကျွန်မကို ဝေမျှခဲ့ပြီး၊ အဲဒါတွေ အတော်ကောင်းမှန်း တွေ့ရတော့ နောက်ဆုံးမှာ သူ့စိတ်ကူးတွေကို ကျွန်မ အကောင်အထည်ဖော်လိုက်တယ်။ ခဏလေးနဲ့ အစီအစဉ်တစ်ခုကို အရင်က ကိုယ့်ဘာသာ လုပ်နိုင်ခဲ့တာထက် အများကြီး ပိုပြီး မြန်မြန်ဆန်ဆန် ကျွန်မတို့ ပြင်ဆင်ဖန်တီးနိုင်ခဲ့ကြတယ်။ ကျွန်မ တကယ် ဝမ်းသာမိတယ်။ အဲဒါက ကြီးမားတဲ့ အောင်မြင်မှုတစ်ခုခု မဟုတ်ပေမဲ့၊ ကိုယ့်ကိုယ်ကိုယ် စွန့်လွှတ်ပြီး ဘုရားနှုတ်ကပတ်တော်အတိုင်း လက်တွေ့လုပ်ဆောင်ရတာ ကျွန်မ စိတ်ချမ်းသာတယ်။ အဲဒီနောက်မှာ ညီအစ်ကို မောင်နှမတွေနဲ့ တွဲလုပ်ဖို့ ကျွန်မ သင်ယူခဲ့ပြီး၊ လကုန်တိုင်း ကျွန်မတို့ အလုပ်မှာ ပိုကောင်းတဲ့ ရလဒ်တွေ ရခဲ့တာကို ကျွန်မ တွေ့ခဲ့ရတယ်။ ကျွန်မရဲ့ စိတ်နှလုံးထဲမှာ ဘုရားကို ကျေးဇူးတင်မိပါတယ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ကျွန်တော်၏ ဘုရားသခင်ကို ချီးမြှောက်ခြင်း၊ သက်သေခံခြင်းနှင့်ဆိုင်သော လက်တွေ့လုပ်ဆောင်မှုက အလွန်အဓိပ္ပါယ်မဲ့လှသည်

ကျန်းချင်၊ ရှန်ဒုံစီရင်စု အသင်းတော်ထဲက ခေါင်းဆောင်များနှင့် လုပ်ဖော်ကိုင်ဖက်အချို့တို့သည် အစဉ်အမြဲ မိမိတို့ကိုယ်ကိုယ် သက်သေခံကြပြီး...

“မိမိကိုယ်ကို စည်းကမ်းတင်းကျပ်ပြီး သူတစ်ပါးတို့ကို သည်းခံခြင်း”သည် အမှန်တကယ် သူတော်ကောင်းတရားတစ်ခု ဖြစ်သလော

အရင်က၊ တခြားလူတွေကို ကျွန်မ သည်းခံပြီး သဘောထားကြီးသင့်တယ်၊ သူတို့ရဲ့ ခံစားချက်တွေကို ထောက်ထားပြီး၊ သူတို့ရဲ့ အခက်အခဲတွေကို...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။