နှင်ထုတ်ခြင်းမခံရမီ ကျွန်မ၏ ဆင်ခြင်သုံးသပ်ချက်များ

12.03.2023

ရန်ရှင်း တရုတ်နိုင်ငံ

၂၀၁၄ မှာ ကျွန်မက အသင်းတော်မှာ ဗီဒီယိုထုတ်လုပ်ရေးမှာ လုပ်နေတာပါ။ သိပ်မကြာဘူး။ ကျွန်မက အဖွဲ့ခေါင်းဆောင်အဖြစ် ရာထူးတိုးသွားတယ်။ ဗီဒီယိုတွေကို ကောင်းကောင်းလုပ်ဖို့ စည်းမျဉ်းတွေကို သေချာစဉ်းစားတယ်။ ဆုတောင်းပြီး ရှာဖွေတယ်။ ရိုက်ချက်တိုင်းကို အလေးအနက်ထားတယ်။ အချိန်နည်းနည်းကြာတော့ ကျွန်မ ထုတ်လုပ်တဲ့ ဗီဒီယိုအများစုကို သုံးဖို့ အရွေးခံရတယ်။ ညီအစ်ကိုမောင်နှမတွေက ကျွန်မကို လေးစားပြီး ကြည့်ကြတာပေါ့။ ကျွန်မက အသင်းတော်ရဲ့ အတော်ဆုံးထဲမှာပါတယ်၊ မဟုတ်ရင် ရာထူးတိုးခံရမှာမဟုတ်ဘူးလို့ပဲ ထင်နေမိတယ်။ နှစ်ပတ်လောက်ကြာတော့ ကြီးကြပ်ရေးမှူးက ကျွန်မကို နောက်ထပ် အဖွဲ့ဗီဒီယိုထုတ်လုပ်ရေးတစ်ခုကို ဦးဆောင်ခိုင်းပြီး ကျွန်မကို သေချာပြောတယ်။ “ညီအစ်ကိုမောင်နှမတွေကို ဘုရားနှုတ်ကပတ်တော်ကို ကြုံတွေ့ပြီး စည်းမျဉ်းတွေလိုက်နာအောင် လမ်းပြပေးပါ” တဲ့။ ကျွန်မက ကိုယ့်ကိုယ်ကိုယ် ကျေနပ်နေမိတယ်။ ကြီးကြပ်ရေးမှူးက ကျွန်မကို သူများတွေကို စီမံညွှန်ကြားခိုင်းတာဟာ ကျွန်မက ကျွမ်းကျင်မှုတချို့ရှိတယ်၊ လုပ်နိုင်ကိုင်နိုင်တယ်ဆိုတာ ပြတာပဲ ပေါ့။ အဖွဲ့ကို ကျွန်မရောက်တော့ အစ်ကိုနှစ်ယောက်က ဗီဒီယိုထုတ်လုပ်ရေး ကျွမ်းကျင်မှုသိပ်မရှိတာကို ကျွန်မ သိရတယ်။ အစ်မတစ်ယောက်က မဆိုးဘူး။ ဒါပေမဲ့ သူက ငယ်တယ်။ ဒီတော့ သူက ကဏ္ဍအားလုံးမှာ အတွေ့အကြုံနည်းတယ်။ ကဏ္ဍတိုင်းမှာ အတော်အတန် ကျွမ်းကျင်တာက အဖွဲ့ခေါင်းဆောင်တစ်ယောက်ပဲရှိတယ်။ စုဝေးပွဲတွေမှာ ဘုရားနှုတ်ကပတ်တော်ကို မိတ်သဟာယဖွဲ့တဲ့အခါ အဖွဲ့ခေါင်းဆောင်က ကျွန်မလောက် လိုရင်းတိုရှင်းဖြစ်တာ၊ အစီအအစဉ်ကျတာ မဖြစ်ဘူး။ ဗီဒီယိုထုတ်လုပ်ရေးအတွက် စိတ်ကူးတွေကို ဆွေးနွေးတဲ့အခါမှာ သူ့အမြင်က သိပ်မကျယ်ပြန့်ဘူး။ အများအားဖြင့် လူတိုင်းက ကျွန်မအကြံတွေကို လက်ခံအတည်ပြုကြတယ်။ ဒါကြောင့် ကျွန်မက ပိုပြီးတော့တောင် ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလာတယ်။ ဆွေးနွေးတဲ့အခါတွေမှာ အဖွဲ့ခေါင်းဆောင်က ကျွန်မနဲ့မတူတဲ့ စိတ်ကူးတစ်ခုကိုပြောတော့ ကျွန်မက လုံးဝကို အထင်သေးမိတယ်။ ကျွန်မ စဉ်းစားတယ်။ “ဒီတာဝန်မှာ ငါလုပ်နေတာကြာပြီ။ ငါက အခြေအနေမှန်ကို မသိဘူးလား” ပေါ့။ ကျွန်မက ကိုယ့်စိတ်ကူးကိုပဲ လက်ခံနေပြီး အဖွဲ့ခေါင်းဆောင်ကို တော်တော်စိတ်တိုမိတယ်။ တစ်ခါတော့ ဗီဒီယိုထုတ်လုပ်ရေးကို ဆွေးနွေးနေတဲ့အချိန်မှာ ကျွန်မက စိတ်ကူးတချို့ကို မျှဝေတော့ အဖွဲ့ခေါင်းဆောင်က တစ်ခုမှ မကြိုက်ဘူးလို့ ပြောတယ်။ ကျွန်မ သွေးတွေ ပွက်ပွက်ဆူလာတာပေါ့။ ကျွန်မကို အမြင်မကောင်းအောင်လုပ်ဖို့အတွက်နဲ့ ကျွန်မစိတ်ကူးတွေအားလုံးကို ပယ်ချတယ်လို့ ခံစားမိတယ်။ သူ့နောက်ကွယ်မှာ ကျွန်မက ညည်းတယ်။ “သူ ဘာလုပ်နေတာလဲ ကျွန်မ မသိဘူး။ သူ့ဘာသာ ဘာစိတ်ကူးကောင်းမှမရှိဘူး။ ဒါပေမဲ့ ကျွန်မစိတ်ကူးတိုင်းကို ပယ်ချပစ်တယ်။ ဒါကြောင့် တစ်မနက်လုံး ဘာမှမပြီးဘူး။ သူ့ကြောင့် ကျွန်မတို့အလုပ်က ကြန့်ကြာမနေဘူးလား” ပေါ့။ ညီအစ်ကိုမောင်နှမတွေအားလုံးက ကျွန်မ ဒီလိုပြောတာကို ကြားပြီးတော့ အဖွဲ့ခေါင်းဆောင်မှာ ပြဿနာရှိတယ်လို့ ထင်ကြတယ်။ အစ်ကိုတစ်ယောက်က သူနဲ့ မိတ်သဟာယဖွဲ့ပြီး သူ့ကို မာနကြီးလို့၊ အလုပ်ကို ထိခိုက်လို့ဆိုပြီး ဝေဖန်တယ်။ အဖွဲ့ခေါင်းဆောင်က အပြစ်ရှိသလို ခံစားရပြီး နုတ်ထွက်ချင်တယ်။ ကျွန်မက ဒါကို မြင်တော့ လိပ်ပြာမလုံသလိုဖြစ်ပြီး ကျွန်မ လွန်သွားသလို ခံစားမိတယ်။ အဲဒါနဲ့ ကျွန်မ သူ့ကို အမြန်တောင်းပန်လိုက်တယ်။ ဒါပေမဲ့ အဲဒီနောက်မှာ ကျွန်မက ကိုယ့်ကိုယ်ကိုယ် သုံးသပ်တာတွေ မလုပ်ခဲ့ဘူး။

တစ်နေ့တော့ အသင်းတော်ခေါင်းဆောင်တစ်ယောက်က စုဝေးပွဲတစ်ခုကို လာပြီး ကျွန်မတို့ရဲ့ ဗီဒီယိုထုတ်လုပ်ရေးအကြောင်းမေးတယ်။ ကျွန်မက စိတ်ကူးတချို့ကို ပြောပြတော့ ခေါင်းဆောင်က လက်ခံတယ်။ ကျွန်မ အကြံတွေကို လူတိုင်းလိုက်လုပ်ပြီးတော့ လုပ်နေတုန်းမှာ ပြုပြင်မွမ်းမံပေးဖို့ သူက အကြံပေးတယ်။ ကျွန်မ တွေးမိတယ်။ “ငါ့စိတ်ကူးတွေကို ခေါင်းဆောင်က လက်ခံတဲ့အချက်က ငါက သူများတွေထက် ပိုလုပ်နိုင်စွမ်းရှိတယ်ဆိုတာ ပြတာပဲ။ ဒီတော့ သူတို့အားလုံး ငါ့ကို နားထောင်သင့်တယ်” ပေါ့။ အဲဒီနောက်တော့ ကျွန်မတို့ အဖွဲ့အလုပ်တွေအားလုံးကို ကျွန်မ စီစဉ်တယ်။ သူများတွေက သူတို့ကြုံရတဲ့ပြဿနာတွေအားလုံးအကြောင်းပြောဖို့ ကျွန်မဆီလာကြတယ်။ ကျွန်မက ကိုယ့်ကိုယ်ကိုယ် အဖွဲ့ရဲ့ ကျောထောက်နောက်ခံအဖြစ် နေလိုက်တယ်။ ကျွန်မက အဖွဲ့ရဲ့ တွန်းအားဖြစ်ပြီး အဖွဲ့ခေါင်းဆာင်က အယောင်ပြသက်သက်ပဲလို့ ခံစားမိတယ်။ အရာရာမှာ ကျွန်မက အဆုံးအဖြတ်ပေးခွင့်ရှိတယ်။ သူတို့လုပ်တဲ့ ဗီဒီယိုတွေက ကျွန်မ လိုချင်တဲ့အတိုင်း မဖြစ်လာရင် ကျွန်မလိုချင်သလိုမျိုးပဲ တိုက်ရိုက်ပြောင်းပစ်လိုက်တယ်။ တစ်ခါတော့ အစ်ကိုဝမ်ယိက သူ့ဗီဒီယိုကို ကျွန်မအများကြီး ပြောင်းလဲထားတာ သတိထားမိပြီး ကျွန်မကို မေးတယ်။ “ဘာလို့ အများကြီး ပြောင်းလိုက်တာလဲ။ ဒါက ပြဿနာရှိတယ်လို့ အစ်မခံစားမိရင် ကျွန်တော်တို့ အတူတူ ဆွေးနွေးလို့ရတယ်လေ။ မပြင်ဆင်ခင်မှာ ဘာလို့ ကျွန်တော့်အမြင်ကို မမေးတာလဲ” တဲ့။ သူ့မေးခွန်းတွေကြောင့် ကျွန်မ ရှက်သလိုလိုဖြစ်သွားတယ်။ ဒါပေမဲ့ နောက်တော့ စဉ်းစားမိတယ်။ “ကျွန်မက ရှင့်ထက်ပိုကောင်းတဲ့ အစွမ်းအစရှိပြီး စည်းမျဉ်းတွေကို ပိုနားလည်တယ်။ ဒါကြောင့် ကျွန်မပြောင်းလဲတာတွေ အားလုံးက တိုးတက်မှုတွေပဲ” ပေါ့။ ကျွန်မက အလျှော့မပေးဘဲ ပြန်ပြောလိုက်တယ်။ “ကျွန်မ ပြောင်းတာတွေအကုန်လုံးက ပိုကောင်းတဲ့ ရလဒ်တွေရဖို့မဟုတ်ဘူးလား။ ဒါတွေက အစ်ကိုလက်ခံအတည်ပြုထားတာမဟုတ်ဘူးလို့ ခံစားရရင် နောက်တစ်ခါကျရင် အစ်ကိုနဲ့ အရင်ဆုံး ဆွေးနွေးပါမယ်” ပေါ့။ သူလဲ ဘာမှမတတ်နိုင်ဘူးလေ။ အဲဒီနောက်တော့ ကျွန်မက ကိုယ့်တာဝန်မှာ ပိုပိုပြီး မာနကြီးလာတယ်။ အလုပ်အကြောင်းဆွေးနွေးတဲ့အခါ တခြားညီအစ်ကိုမောင်နှမတွေရဲ့ အကြံတွေကို ကျွန်မ နားထောင်ဖို့ ငြင်းဆန်တယ်။ သူတို့က ဘာစိတ်ကူးကောင်းမှရှိမှာမဟုတ်ဘူး၊ ဘာပဲဖြစ်ဖြစ် နောက်ဆုံးမှာ ကျွန်မလိုချင်သလိုမျိုးပဲ လုပ်ကြမှာပဲလို့ တွေးပြီးတော့ပေါ့။ တစ်ခါတလေမှာသူတို့က ကျွန်မအစီအစဉ်တွေကို သံသယဖြစ်တာတွေ ပြောပြရင် ကျွန်မက ယုံကြည်မှုရှိရှိနဲ့ ပြန်ပြောတယ်။ “ကျွန်မ စိတ်ကူးကို မကြိုက်ဘူးဆိုရင် ရှင်တို့မှာ ပိုကောင်းတဲ့ အစီအစဉ်ရှိလား” ပေါ့။ သူတို့လည်း ဘာမှမတတ်နိုင်ဘဲ ကျွန်မပြောသလိုပဲ လုပ်ရတယ်။ ကြာလာတော့ အဖွဲ့ထဲက ဘယ်သူကမှ ကျွန်မ စိတ်ကူးတွေကို မဆန့်ကျင်တော့ဘူး။ လူတိုင်းက ကျွန်မဘာပြောပြော သဘောတူပြီး ခေါင်းညိတ်ကြတယ်။

အချိန်နည်းနည်းလောက်ကြာတော့ ကျွန်မတို့လုပ်တဲ့ ဗီဒီယိုတွေက သုံးလေးကြိမ်စစ်ပြီးတော့ အဆင်မပြေဘူး။ စည်းမျဉ်းတွေကို ရှင်းရှင်းလင်းလင်း ချိုးဖောက်ထားတာတချို့ပါနေတယ်။ ညီအစ်ကိုမောင်နှမတွေက သူတို့ကိုယ်သူတို့ အပြစ်တင်တယ်။ သူတို့တာဝန်တွေကို ကောင်းကောင်းမလုပ်ခဲ့ဘူးလို့ ခံစားရတယ်။ ဒါပေမဲ့ ကျွန်မက ကိုယ့်ကိုယ်ကိုယ် ပြန်မသုံးသပ်ဘူး။ ကျွန်မ အကောင်းဆုံးလုပ်ခဲ့တယ်လို့ ခံစားရတယ်။ ဒါပေမဲ့ ကျွန်မတို့ အစွမ်းအစက ကန့်သတ်ချက်ရှိတယ်။ စံနှုန်းတွေနဲ့မကိုက်တာက သာမန်ပဲ ပေါ့။ အဲဒီနောက်တော့ ကျွန်မတာဝန်က ပိုပိုပြီး ခက်ခဲပင်ပန်းလာပြီး တော်တော်ကို အိပ်ချင်လာတယ်။ အစ်မတစ်ယောက်က ကျွန်မကို သတိပေးတယ်။ “အစ်မ ကိုယ့်ကိုယ်ကိုယ် နည်းနည်း ပြန်သုံးသပ်သင့်တယ်။ အခုနောက်ပိုင်းမှာ လူတိုင်းကို အစ်မဖြစ်စေချင်သလို အတင်းလုပ်တယ်။ ဒါက မာနကြီးတာမဟုတ်ဘူးလား” တဲ့။ ကျွန်မတို့ခေါင်းဆောင်က ကျွန်မက မာနထောင်လွှားတာ၊ အာဏာရှင်ဆန်တာ၊ သူများတွေရဲ့ မိတ်သဟာယကို နားမထောင်တာတွေကို သိသွားပြီး ကျွန်မကို ကြမ်းကြမ်းတမ်းတမ်း ဖော်ထုတ်ပြီး ကိုင်တွယ်ဖြေရှင်းတယ်။ နောက်တော့ ကျွန်မက ကိုယ့်ကိုယ်ကိုယ် သတိထားမိတာ ဘာမှမရှိတာကို မြင်ပြီး သူက ကျွန်မကို ထုတ်လိုက်တယ်။ ကျွန်မက ထုံထိုင်းပြီး ဘုရားဘက်လှည့်ရမှန်း မသိခဲ့ဘူး။ ကျွန်မက ခွန်အားရှိတယ်၊ အလိုက်သင့်ပြောင်းလဲလွယ်တဲ့ တွေးခေါ်သူဖြစ်တယ်၊ မကြာခင်မှာ အသင်းတော်က ကျွန်မကို နောက်ထပ်တာဝန်တစ်ခုပေးမယ်လို့ ခံစားမိခဲ့တယ်။ ကြာလာရင် အလေ့အကျင့်မရှိတော့တာမဖြစ်အောင် ဗီဒီယိုထုတ်လုပ်ရေးကိုပဲ ကျွန်မ ဆက်လေ့လာတယ်။ ဒါပေမဲ့ ဗီဒီယိုတစ်ခုကို ကျွန်မလုပ်ဖို့ အသင့်ပြင်တိုင်းမှာ ကျွန်မစိတ်က ဗလာဖြစ်ဖြစ်သွားတယ်။ ကျွန်မ ဦးနှောက်ခြောက်အောင် စဉ်းစားတယ်။ ဒါပေမဲ့ ဘာစိတ်ကူးမှ ထွက်မလာဘူး။ စိတ်ရှုပ်ထွေးနေတာပေါ့။ ကျွန်မက အမြင်ကျယ်ပြီး ဖြတ်ထိုးဉာဏ်ကောင်းတယ်လို့ ထင်ခဲ့တာ။ ဘာလို့ အခု ဘာမှ မထုတ်လုပ်နိုင်တာလဲ ပေါ့။ နောက်တော့ ဒီ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ သတိရတယ်။ “ဘုရားသခင်သည် လူသားကို အထူးကျွမ်းကျင်မှုများအပြင် အသိဉာဏ်နှင့် ဉာဏ်ပညာတို့ကို ပေးလျက် လူသားအပေါ် ဆုကျေးဇူးများ အပ်နှင်းလေသည်။ လူသားသည် ဤအရာများကို မည်သို့ အသုံးပြုသင့်သနည်း။ သင်၏ အထူးကျွမ်းကျင်မှုများ၊ သင်၏ ဆုကျေးဇူးများ၊ သင်၏ အသိဉာဏ်နှင့် ဉာဏ်ပညာတို့ကို သင်၏ တာဝန်၌ မြှုပ်နှံထားရမည်။ သင်၏ စိတ်နှလုံးကို အသုံးပြုပြီး သင်၏ တာဝန်အဖို့ သင် သိရှိသည့်အရာတိုင်း၊ သင် နားလည်သည့်အရာတိုင်းနှင့် သင် စွမ်းဆောင်ရရှိနိုင်သည့်အရာတိုင်းအသုံးချရမည်ဖြစ်သည်။ ထိုသို့ လုပ်ဆောင်ခြင်းဖြင့် သင်သည် ကောင်းချီးမင်္ဂလာခံစားရလိမ့်မည်။ ဘုရားသခင်၏ ကောင်းချီး ခံစားရခြင်းဆိုသည်မှာ အဘယ်အဓိပ္ပာယ်နည်း။ ဤအရာက လူများအား အဘယ်သို့ ခံစားရစေသနည်း။ ၎င်းတို့သည် ဘုရားသခင်၏ ဉာဏ်အလင်းပေးခြင်းနှင့် လမ်းပြခြင်းခံရပြီးဖြစ်ကာ ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်သည့်အခါတွင် လမ်းကြောင်းတစ်ခုရှိသည်။...ဘုရားသခင်က တစ်စုံတစ်ဦးကို ကောင်းချီးပေးသောအခါ ထိုသူသည် ဉာဏ်ပညာရှိလာသည်။ ကိစ္စရပ်များအားလုံးကို ရှင်းရှင်းလင်းလင်း မြင်လာသည့်အပြင် စိတ်ဝင်စားခြင်း၊ နိုးကြားခြင်း၊ အထူးသဖြင့် ကျွမ်းကျင်မှုရှိခြင်းတို့လည်း ဖြစ်လာသည်။ လုပ်ကိုင်တတ်လာပြီး လုပ်သမျှတွင် နိုးကြွမှုရှိလိမ့်မည်။ သူလုပ်သမျှသည် အလွန်လွယ်ကူပြီး မည်သည့်အခက်အခဲကမျှ သူ့ကို မတားဆီးနိုင်ဟု ထင်မြင်လိမ့်မည်။ သူသည် ဘုရားသခင်၏ ကောင်းချီးပေးခြင်းကို ခံရသည်။ တစ်စုံတစ်ယောက်က အရာရာကို အလွန်ခက်ခဲသည်ဟု မြင်လျှင်၊ ပျာယာခတ်လျှင်၊ ရယ်ဖွယ်ရာဖြစ်လျှင်၊ မည်သည့်အရာပင် လုပ်လုပ် ဘာကိုမျှ မသိလျှင်၊ မိမိကို မည်သည့်အရာ ပြောသည်ဖြစ်စေ ထိုသူက နားမလည်လျှင် ဤသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ သူသည် ဘုရားသခင်၏ လမ်းပြမှုမရှိ၊ ဘုရားသခင်၏ ကောင်းချီးမရှိဟု ဆိုလိုသည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ ရိုးသားခြင်းအားဖြင့်သာ စစ်မှန်သော လူသားအဖြစ် အသက်ရှင်နိုင်သည်) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မအတွက် ရုတ်တရက် လှုပ်နိုးလိုက်သလိုပဲ။ ကျွန်မတို့က လမ်းမှန်ပေါ်မှာ ရှိတဲ့အခါမှာ ဘုရားက ကောင်းချီးပေးပြီး ကျွန်မတို့ ဆုကျေးဇူးနဲ့ ခွန်အားတွေကို အသုံးချခွင့်ပေးတယ်။ ကျွန်မတို့က လမ်းမှန်ပေါ် မရှိတဲ့အချိန်မှာ သန့်ရှင်းသောဝိညာဉ်တော်က ကျွန်မတို့ဆီမှာ အလုပ်မလုပ်ဘူး။ ဒါကြောင့် ဘယ်လောက်ပဲ ဆုကျေးဇူးရှိပြီး ကျွမ်းကျင်ပါစေ ဘာမှ အသုံးမဝင်ဘူး။ ဘုရားသခင်ရဲ့ လမ်းပြခြင်းမရှိရင် လူတွေရဲ့ ဆုကျေးဇူးတွေနဲ့ အားသာချက်တွေက လုံးဝ အဖိုးမတန်ဘူး။ ဗီဒီယိုထုတ်လုပ်ရေးကို ကျွန်မ စလုပ်တော့ ကျွန်မမှာ မှန်ကန်တဲ့ သဘောထားရှိပြီး စည်းမျဉ်းတွေကို ရှာဖွေခြင်းကို အာရုံစိုက်ခဲ့တယ်။ ဒါကြောင့် ဘုရားက ကျွန်မကို ဉာဏ်အလင်းဖွင့်ပေးတယ်။ ကျွမ်းကျင်မှုတွေကို တည်ဆောက်တာဖြစ်စေ၊ စည်းမျဉ်းတွေကို သင်တာဖြစ်စေ ဘုရားက ကျွန်မအမြင်တွေကို ဖွင့်ပေးတယ်။ ဒါတွေက ဘုရားရဲ့ ကောင်းချီးဆိုတာ အဲဒီတော့မှ နားလည်သွားတာ။ ဒါပေမဲ့ သန့်ရှင်းသောဝိညာဉ်တော်ရဲ့အလုပ်ကို ကျွန်မ မသိမြင်ခဲ့ဘူး။ ကျွန်မက ရလဒ်တချို့ရပြီး ကျွန်မက ထူးခြားတယ်လို့ ထင်ခဲ့တာ။ ကျွန်မ အစွမ်းအစနဲ့ ဖြတ်ထိုးဉာဏ်ကို အရင်းအနှီးအဖြစ် အသုံးပြုပြီး သူများတွေကို အထင်သေးတယ်။ သူတို့အကြံတွေကို နားထောင်ဖို့ ငြင်းဆန်တယ်။ ဒါကြောင့် နောက်ဆုံးမှာ သန့်ရှင်းသောဝိညာဉ်တော်က ကျွန်မကို စွန့်ပစ်သွားတယ်။ မှောင်မိုက်ထဲကျရောက်ပြီး ကျွန်မတာဝန်မှာ ဘာကိုမှ မဖြစ်မြောက်တော့ဘူး။ အရင်တုန်းက ကျွန်မက ပါရမီရှိသလို ခံစားရတယ်။ ဒါပေမဲ့ နောက်တော့ ကျွန်မက ဘယ်တုန်းကမှ သူများတွေထက်မသာခဲ့ဘူးဆိုတာ မြင်သွားတယ်။ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ ဉာဏ်အလင်းဖွင့်ပြမှုနဲ့ လမ်းပြမှုကြောင့် ဗီဒီယိုတချို့ကို ကျွန်မ လုပ်နိုင်ခဲ့တယ်။ အခုတော့ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ အလုပ်မရှိရင် ဘာကိုမှ ကျွန်မ မထုတ်လုပ်နိုင်ဘူး။ ကျွန်မမှာ ဘာစိတ်ကူးမှတောင် မရှိခဲ့ဘူး။ ကျွန်မက ဘယ်လောက် စိတ်ဆင်းရဲနေပြီး သနားစရာကောင်းသလဲဆိုတာ နောက်ဆုံးမှာ မြင်သွားတယ်။

အဲဒီနောက်တော့ ကျွန်မ ဆင်ခြင်သုံးသပ်ရင်းနဲ့ ဒီ ဘုရားနှုတ်ကပတ်တော်အပိုဒ်ကို ဖတ်တယ်။ “မာနထောင်လွှားခြင်းသည် လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ အရင်းအမြစ်ဖြစ်သည်။ လူတို့သည် ပို၍ မာနထောင်လွှားလေ သူတို့သည် ပို၍ ဆင်ခြင်တုံတရားမဲ့လေဖြစ်ကာ၊ သူတို့ ပို၍ ဆင်ခြင်တုံတရားမဲ့လေ ဘုရားသခင်ကို ပို၍ဆန့်ကျင်လေ ဖြစ်တတ်သည်။ ဤပြဿနာက အဘယ်မျှ ဆိုးရွားလိုက်သနည်း။ မာနထောင်လွှားသော စိတ်သဘောထားနှင့် လူတို့သည် အခြားလူတိုင်းကို သူတို့၏အောက်၌ ရှိသည်ဟု ယူဆကြသည့်အပြင်၊ အဆိုးဆုံးမှာ သူတို့သည် ဘုရားကိုပင် တင်စီးနေကြပြီး သူတို့၏ စိတ်နှလုံးအတွင်းတွင် ဘုရားသခင်ကို ကြောက်ရွံ့ခြင်း မရှိချေ။ လူတို့သည် ဘုရားသခင်၌ ယုံကြည်သက်ဝင်ပြီး သူ့ကို လိုက်လျှောက်ကြသည့်ပုံ ပေါ်သော်လည်း၊ သူတို့သည် သူ့ကို ဘုရားသခင်အဖြစ် လုံးဝမဆက်ဆံကြချေ။ သူတို့သည် သမ္မာတရားကို ပိုင်ဆိုင်ထားသည်ဟု အမြဲထင်မြင်ကြပြီး မိမိတို့ကိုယ်ကို အလွန်အထင်ကြီးတတ်ကြသည်။ ဤသည်မှာ မာနထောင်လွှားသော စိတ်သဘောထား၏ အနှစ်သာရနှင့် အရင်းအမြစ်ဖြစ်ပြီး၊ ယင်းက စာတန်ထံမှ လာလေသည်။ ထို့ကြောင့် မာနထောင်လွှားခြင်း ပြဿနာကို ဖြေရှင်းရမည်။ လူတစ်ဦးသည် အခြားလူများထက် ပိုသာသည်ဟူသော ထင်မြင်ချက်မှာ အသေးအဖွဲကိစ္စ ဖြစ်သည်။ အရေးပါသောအချက်မှာ လူတစ်ဦး၏ မာနထောင်လွှားသော စိတ်သဘောထားက ဘုရားသခင်၊ သူ၏အုပ်ချုပ်မှုနှင့် သူ၏စီမံချက်များအပေါ် နာခံခြင်းမှ သူ့ကို ဟန့်တားနေခြင်းပင် ဖြစ်သည်၊ ထိုကဲ့သို့သောသူသည် အခြားသူများအပေါ် အာဏာရှိရေးအတွက် ဘုရားသခင်နှင့်ယှဉ်ပြိုင်လိုစိတ် အမြဲရှိနေသည်။ ထိုကဲ့သို့သောလူက ဘုရားသခင်အားချစ်ခြင်း သို့မဟုတ် သူ့အားနာခံခြင်းကို မဆိုထားနှင့်၊ ဘုရားသခင်အားကြောက်ရွံ့ခြင်း စိုးစဉ်းမျှ မရှိပေ။ ထောင်လွှားကာ စိတ်ကြီးဝင်သူများ၊ အထူးသဖြင့် အင်မတန် ထောင်လွှားလွန်းသဖြင့် အသိဉာဏ်ပျောက်သွားသူများသည် ဘုရားသခင်၌ ယုံကြည်ခြင်းတွင် ကိုယ်တော်ကို မနာခံနိုင်ရုံမက မိမိတို့ကိုယ်ကို ဂုဏ်တင်ကာ သက်သေပင် ခံလိုက်သေးသည်။ ထိုသို့သောလူများသည် ဘုရားသခင်ကို အဆန့်ကျင်ဆုံးဖြစ်ပြီး ဘုရားသခင်ကို လုံးဝ မကြောက်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး) ကျွန်မကိုယ်တိုင်ရဲ့ အပြုအမူကို ဘုရားနှုတ်ကပတ်တော်တွေနဲ့ ယှဉ်ကြည့်တယ်။ ကျွန်မက ဆက်တိုက်ရာထူးတိုးခံရပြီးတဲ့နောက်မှာ မာနရဲ့ ဖျက်ဆီးခြင်းကို ခံလိုက်ရတယ်။ ကျွန်မက ကိုယ့်ကိုယ်ကိုယ် ကျွန်မမရှိဘဲ အသင်းတော်က မလုပ်နိုင်တဲ့ ပါရမီရှင်တစ်ယောက်လို့ မြင်ခဲ့တယ်။ ကြီးကြပ်ရေးမှူးက ညီအစ်ကိုမောင်နှမတွေရဲ့ ဗီဒီယိုထုတ်လုပ်ရေးကို ကျွန်မကို ဦးဆောင်ခိုင်းတော့ ပိုပြီးတော့တောင် မာနထောင်လွှားပြီး ကျွန်မက လူတိုင်းထက်တော်တယ်လို့ ခံစားမိခဲ့တယ်။ အဖွဲ့ခေါင်းဆောင်က ကျွန်မ စိတ်ကူးတွေကို မှတ်ချက်ပေးတော့ ကျွန်မက လက်ခံဖို့ကို လုံးဝ ငြင်းဆန်တယ်။ သူက ကျွန်မနဲ့ သဘောမတူတဲ့အခါမှာ ကျွန်မကို သူက တမင်သေးသိမ်အောင်လုပ်နေတာ၊ အမြင်မကောင်းအောင်လုပ်နေတာလို့တောင် ကျွန်မ ထင်တယ်။ အဲဒါကြောင့် သူ့နောက်ကွယ်မှာ ကျွန်မ သူ့ကို ဝေဖန်အပြစ်တင်ခဲ့တယ်။ ဒါကြောင့် သူများတွေက သူ့ကို အပြစ်မြင်လာပြီး သူ့ကို ကိုင်တွယ်ဖြေရှင်းကြတယ်။ အဲဒီမှာသူက စိတ်ကျဉ်းကျပ်ပြီး ကျွန်မပြဿနာတွေကို ထောက်မပြရဲတော့ဘူး။ ကျွန်မက ထင်ရာစိုင်းနေပြီး ဘယ်သူကမှ ကျွန်မကို သဘောမတူတာ မလုပ်ရဲဘူး။ အရမ်းမာနထောင်လွှားပြီး လူတိုင်းကို အထင်သေးတယ်။ အာဏာရှင်ဆန်ပြီး ဟိတ်ဟန်များတယ်။ ဘယ်သူ့အကြံကိုမှ နားမထောင်ဘူး။ ဒါကြောင့် ကျွန်မတို့ ဗီဒီယိုမှာ စည်းမျဉ်းတွေကနေ သွေဖည်ပြီး တစ်လကျော်အထိ ဘာမှမပြီးခဲ့ဘူး။ ဒါဟာ အသင်းတော်ရဲ့ ဗီဒီယိုအလုပ်အတွက် အရမ်းအတားအဆီးဖြစ်ခဲ့တယ်။ ဒါက အမှားသေးသေးလေးမဟုတ်ဘူး။ မကောင်းမှုလုပ်ပြီး ဘုရားကို အာခံတာပဲ။ ဒီအချိန်မှာ ကျွန်မရဲ့ မာနထောင်လွှားတဲ့ စိတ်သဘောထားက ဘုရားကို ကျွန်မ အာခံတဲ့အကြောင်းရင်းပဲဆိုတာ ကျွန်မ သဘောပေါက်သွားတယ်။ အသင်းတော်ကနေ အထုတ်ခံရတဲ့ အန္တိခရစ်တွေအားလုံးက ဆင်ခြင်တုံတရားမရှိတော့လောက်အောင် မာနထောင်လွှားပြီး ဘယ်သူ့ကိုမှ နားမထောင်ဘူး။ အသင်းတော်အလုပ်ကို တော်တော်လေး နှောင့်ယှက်ပြီး နောင်တရဖို့ လုံးဝ ငြင်းဆန်ကြတယ်။ အဆုံးမှာ ထုတ်ပစ်တာကို ခံရတယ်။ ကျွန်မက မာနထောင်လွှားတဲ့ စိတ်သဘောထားနဲ့ အသက်ရှင်နေမယ်၊ မဆင်မခြင်နဲ့ ဩဇာလွှမ်းမိုးချင်မယ်၊ အသင်းတော်ရဲ့ အရေးကြီးတဲ့အလုပ်ကို နှောင့်ယှက်လိမ့်မယ်လို့ တစ်ခါမှ စိတ်မကူးခဲ့မိဘူး။ ကိုယ်တိုင်တောင် မသိလိုက်ဘဲ ကျွန်မက အန္တိခရစ်လမ်းကြောင်းပေါ် ရောက်နေခဲ့တယ်။ သုံးလေးရက်အထိ ကျွန်မ ကြောက်လန့်နေတဲ့ အခြေအနေမှာ နေခဲ့တယ်။ ဒီလိုမကောင်းမှုကြီးကို ကျူးလွန်ခဲ့တော့ နှင်ထုတ်ခံရဖို့ သေချာတယ်ဆိုပြီး အမြဲတမ်း ခံစားနေရတယ်။ တော်တော်စိတ်ညစ်ခဲ့တာပေါ့။ ကျွန်မအတွက် တကယ်ကို စိတ်ထဲမှာ ခံစားရတဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ အဖေက ဖတ်ပြတယ်။ ဘုရားနှုတ်ကပတ်တော်က ပြောတယ်။ “ဘုရားသခင်သည် ၎င်းတို့အား အေးစက်စက်ဖြင့် ချန်လှပ်ထားပြီ ဖြစ်သည့်အလား၊ ဘုရားသခင်သည် ၎င်းတို့အား စွန့်ပစ်ထားပြီ သို့မဟုတ် ကျောခိုင်းသွားပြီဖြစ်သည့်အလား တစ်ဦးတစ်ယောက် ခံစားနေသည်ကို ငါမမြင်ချင်ပေ။ ငါမြင်ချင်သမျှမှာ အယောက်တိုင်းသည် သမ္မာတရားကို လိုက်စားခြင်းနှင့် ဘုရားသခင်ကို နားလည်ရန် ကြိုးပမ်းခြင်း လမ်းထက်တွင် ဒွိဟများ၊ ဝန်ထုပ်ဝန်ပိုးများ မရှိဘဲ၊ မယိမ်းယိုင်သော စိတ်ပိုင်းဖြတ်မှုဖြင့် ရဲဝံ့စွာ ရှေ့သို့ချီခြင်း ဖြစ်သည်။ သင်သည် မည်သို့သော အမှားများကို ကျူးလွန်ပြီးသည်ဖြစ်စေ၊ မည်မျှ လမ်းလွဲပြီးသည်ဖြစ်စေ၊ သို့မဟုတ် မည်မျှ ဆိုးရွားစွာ ပြစ်မှားထားသည်ဖြစ်စေ၊ ဘုရားသခင်ကို သိနားလည်ခြင်းအား သင်၏လိုက်စား ရှာဖွေမှုတွင် ဤအရာများကို သင်နှင့်အတူ သယ်ဆောင်သွားရမည့် ဝန်ထုပ်ဝန်ပိုးများ သို့မဟုတ် အပို ဝန်စည်စလယ်များ ဖြစ်မလာစေနှင့်။ ရှေ့သို့သာ ဆက်၍ ချီတက်လော့။ ဘုရားသခင်သည် လူ၏ ကယ်တင်ခြင်းကို သူ၏ စိတ်နှလုံးထဲတွင် အမြဲ ထိန်းသိမ်းထား၏။ ဤအရာမှာ မည်သည့်အခါမျှ မပြောင်းလဲချေ။ ဤသည်မှာ ဘုရားသခင်၏ အနှစ်သာရတွင် အဖိုးတန်ဆုံး အစိတ်အပိုင်းဖြစ်၏။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၆)) ကြင်နာမှုတွေနဲ့ ပြည့်လျှံနေတဲ့ ဘုရားရဲ့ ခံစားချက်အပြည့်ပါတဲ့ နှစ်သိမ့်တဲ့ စကားတွေကိုကြားရပြီး ကျွန်မ မျက်ရည်တွေကို မထိန်းနိုင်တော့ဘူး။ ကျွန်မက မာနထောင်လွှားတဲ့ စိတ်သဘောထားနဲ့ အသက်ရှင်နေပြီး ဗီဒီယိုအလုပ်ကို အနှောင့်အယှက်ပေးခဲ့တယ်။ ဒါပေမဲ့ ကျွန်မဘေးနားက လူတွေက ဘုရားနှုတ်ကပတ်တော်ကို ကျွန်မကို ဖတ်ပြတယ်။ ဘုရားအလိုတော်ကို ကျွန်မ နားလည်ပြီး လက်တွေ့လုပ်ဖို့လမ်းကြောင်းတစ်ခုတွေ့အောင် ကူညီပေးတယ်။ ဒါဟာ ဘုရားရဲ့ ချစ်ခြင်းပဲ။ ဒါပေမဲ့ ဘုရားသခင် အလိုရှိတာကို ကျွန်မ နားမလည်ခဲ့ဘူး။ ဘုရားဘက်ကို မလှည့်ခဲ့ဘူး။ ဘုရားကို နားလည်မှုလွဲပြီး အပြစ်တင်ခဲ့တယ်။ ကျွန်မမှာ အသိတရားမရှိခဲ့ပါဘူး။ ကျွန်မလုပ်ခဲ့တဲ့ မကောင်းမှုကို တွေးမိတော့ အပြစ်တွေကို ခံစားရပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိတယ်။ ဒါပေမဲ့ ကျွန်မပြစ်မှားမှုတွေကြောင့် စိတ်ကျဉ်းကျပ်နေပြီး အပျက်သဘောနဲ့ နားလည်မှုလွဲနေတာတွေထဲမှာ အသက်ရှင်မနေချင်ဘူးလေ။ ဒါကြောင့် ဘုရားကို ဆုတောင်းတယ်။ သမ္မာတရားကို လိုက်စားပြီး နောင်တရဖို့၊ ပြောင်းလဲဖို့ အသင့်ဖြစ်နေခဲ့တယ်။ ခြောက်လကြာတော့ ကျွန်မ အံ့အားသင့်သွားရတာက ဗီဒီယိုထုတ်လုပ်ရေးကို ကျွန်မ ပြန်လုပ်လို့ရပြီဆိုပြီး ခေါင်းဆောင်က ပြောတယ်။ ကျွန်မ အရမ်းကျေးဇူးတင်သွားတာပေါ့။ ကျွန်မ ကတိသစ္စာဆိုလိုက်တယ်။ ကျွန်မအရဲ့ အရင်က ပြစ်မှားမှုတွေအတွက် ပေးဆပ်ဖို့ တာဝန်ကို သေချာကောင်းကောင်းလုပ်မယ် ဆိုပြီးတော့။ ဒီတစ်ကြိမ်တော့ ကျွန်မတာဝန်မှာ အရင်ကလောက် မာနာကြီးတာ၊ ခေါင်းမာတာ မဖြစ်တော့ဘူး။ ကိစ္စတွေကို သူများတွေနဲ့ ခဏခဏ ဆွေးနွေးတယ်။ သမ္မာတရားစည်းမျဉ်းတွေကို ရှာတယ်။ တစ်ယောက်ယောက်က မတူတဲ့ ထင်မြင်ချက်တစ်ခုရှိတဲ့အခါမှာ ကိုယ့်ကိုယ်ကိုယ် ငြင်းဆန်ပြီး သူတို့အကြံတွေကို နားထောင်တတ်ဖို့ သင်ယူတယ်။ ကျွန်မက ဗီဒီယီုထုတ်လုပ်ရေးမှာ ပိုပိုပြီး အောင်မြင်လာတယ်။

ဒါပေမဲ့ ကောင်းတဲ့အရာတွေက ကြာရှည်မခံဘူး။ ကျွန်မက ဗီဒီယိုအလုပ်မှာ ပိုကောင်းလာတာကို မြင်တော့ ကျွန်မရဲ့ မာနထောင်လွှားမှုက အမှတ်တမဲ့ ပြန်ကြွလာတယ်။ အဲဒီအချိန်မှာ ကျွန်မက ဗီဒီယိုထုတ်လုပ်ရေးအတွက် အစ်မတစ်ယောက်နဲ့ တွဲလုပ်ရတာ။ ဒါပေမဲ့ သူစဉ်းစားပုံက ခေတ်နောက်ကျလွန်းတယ်လို့ ကျွန်မ မြင်တယ်။ အဲဒါနဲ့ ကျွန်မက သူ့အကြံတွေကို အရေးမထားဘဲ သူ့ကို လုံးဝ လျစ်လျူရှုလိုက်တယ်။ နောက်ပိုင်းမှာ ကျွန်မက သူနဲ့ ပူးပေါင်းမလုပ်ဘူးလို့ ခံစားရတယ်ဆိုပြီး သူကပြောတယ်။ အဲဒါနဲ့ နောက်ဆုံးတော့ ကျွန်မက သူ့ကို ဝင်ပါခွင့်ပေးလိုက်တယ်။ ဒါပေမဲ့ သူက ကောင်းကောင်းမလုပ်တာကို ကျွန်မမြင်တော့ တော်တော်ကို အထင်သေးမိတယ်။ ကျွန်မက တော်တော်ကို ကြမ်းတဲ့လေသံနဲ့ သူဘာလုပ်သင့်တယ်ဆိုတာ ပြောလိုက်တော့ သူက အရမ်းစိတ်ကျဉ်းကျပ်သွားတယ်။ နောက်တစ်ခါကျတော့ ကျွန်မထုတ်လုပ်တဲ့ ဗီဒီယိုတစ်ခုအတွက် အဖွဲ့ခေါင်းဆောင်က အကြံတစ်ခုပေးတော့ ကျွန်မ စဉ်းစားတယ်။ “စည်းမျဉ်းတွေကို ရှင်နားလည်တာက ကျွန်မထက်ပိုမသာပါဘူး။ ရှင့်အစွမ်းအစကလည်း ကျွန်မထက်မသာဘူး။ ရှင်က ကျွန်မကို ကြိုတင်ခန့်မှန်းနေတာ ကျွန်မအတွက် တကယ်လိုလို့လား” ပေါ့။ အဲဒါနဲ့ တကယ့်စိတ်ကူးတစ်ခုမှမပြောဘဲ သူ့ကို ငြင်းဆန်လိုက်တယ်။ ကျွန်မက နည်းနည်းလေးမှ လက်မခံတာကို မြင်တော့ အဖွဲ့ခေါင်းဆောင်က ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ကျွန်မနားလည်အောင်လမ်းပြဖို့ သူ့အတွေ့အကြုံကို အသုံးပြုတယ်။ ဒါပေမဲ့ ကျွန်မက တကယ်ကို အတိုက်အခံလုပ်နေပြီး လက်မခံဘူး။ တခြားအဖွဲ့ခေါင်းဆောင်က မိတ်သဟာယဖွဲ့ပြီး ကျွန်မရဲ့ လတ်တလာအပြုအမူဖြစ်တဲ့ အာဏာရှင်ဆန်တာ၊ သူများတွေရဲ့ အကြံတွေကို လက်ခံဖို့ ငြင်းဆန်တာတွေကို ထုတ်ဖော်ပြတယ်။ ကျွန်မက လက်ကိုမခံနိုင်ဘူး။ “ရှင်တို့က ရှင်တို့စိတ်ကူးတွေကို ကျွန်မ လက်ခံအောင် အတင်းလုပ်ချင်တာသက်သက်ပဲ။ ကျွန်မ စိတ်ကူးတွေက အဆင်ပြေပါတယ်။ ဒါကြောင့် ကျွန်မက ဘာလို့ ကိုယ့်ကိုယ်ကိုယ်ငြင်းဆန်ပြီး ရှင်တို့ အကြံတွေကို လက်ခံရမှာလဲ” ပေါ့။ ကျွန်မက မကြည်တဲ့မျက်နှာနဲ့ စကားတစ်ခွန်းမှမပြောတော့ တော်တော်အနေရခက်တဲ့အခြေအနေဖြစ်သွားတယ်။ အဲဒါနဲ့ စုဝေးပွဲက အမြန် အဆုံးသတ်လိုက်ရတယ်။ ကျွန်မက အရမ်းမာနထောင်လွှားပြီး တင်းမာတယ်။ သူများတွေရဲ့ အကြံတွေကို လုံးဝ လက်ခံချင်စိတ်မရှိဘူး။ ဒါကြောင့် ကျွန်မတာဝန်မှာ ဘာကိုမှ မဖြစ်မြောက်ဘဲ ထပ်ပြီး အထုတ်ခံရတယ်။ ကျွန်မ အိမ်ပြန်ရောက်တော့ တော်တော်စိတ်ဓာတ်ကျတယ်။ ကျွန်မ တွေးကြည့်တယ်။ “ငါ့ရဲ့ အရင်နည်းလမ်းအတိုင်း ဘာလို့ပြန်လုပ်ရတာလဲ။ ငါက အရမ်းမာနမထောင်လွှားချင်ပါဘူး။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် မထိန်းနိုင်ဘူး။ ကြည့်ရတာ ဒါက ငါ့သဘာဝ၊ ငါ့ရဲ့ အနှစ်သာရဖြစ်ပြီး ပြောင်းလို့မရဘူးထင်တယ်” ပေါ့။ ကျွန်မ ကိုယ့်ကိုယ်ကိုယ် လက်လျှော့လိုက်တယ်။

နောက်တော့ တစ်နေ့မှာ တာဝန်တစ်ခုအတွက် မြို့ပြင်ရောက်နေတဲ့ ကျွန်မအမေက ပြန်ရောက်လာပြီး ကျွန်မနဲ့ မိတ်သဟာယဖွဲ့တယ်။ ကျွန်မ ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်တာနဲ့ပတ်သက်ပြီး မေးတယ်။ သူက ကျွန်မပြောတာ နားထောင်ပြီး ခေါင်းခါပြီးတော့ ပြောတယ်။ “သမီးက သမီးရဲ့ မာနထောင်လွှားတဲ့သဘာဝနဲ့ သမီးက မကောင်းမှုလုပ်နေတယ်၊ ဘုရားကို အာခံနေတယ်ဆိုတာကို အသိအမှတ်ပဲပြုတာပါ။ ဒါပေမဲ့ ဒါက သမီးက တကယ်ကိုယ့်ကိုယ်ကိုယ်သိပြီး နောင်တရပြီဆိုတဲ့ သဘောလား။ ဒီနှစ်တွေအားလုံးမှာ သမီးက ကိုယ့်အကြောင်းကိုယ် သိအောင်လုပ်နေပေမဲ့ သမီးရဲ့ မာနထောင်လွှားမှုက လုံးဝ မပြောင်းလဲတာက ဘယ်လိုဖြစ်တာလဲ။ ဒါက သမီးရဲ့ ကိုယ့်ကိုယ်ကိုယ် သိမြင်မှုက နည်းလွန်းလို့ပါ။ ဒါကြောင့် စိတ်သဘောထားပြောင်းလဲမှုတစ်ခုမှ သမီး မရနိုင်တာပဲ။ သမီးက ဘုရားနှုတ်ကပတ်တော်ကို ပေါင်းစပ်ပြီး အရင်းအမြစ်ကနေ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ဖို့လိုတယ်။ သမီးရောက်နေတဲ့ ယုံကြည်ခြင်းလမ်းကြောင်းကို ပြန်သုံးသပ်ကြည့်ပြီးပြီလား။ ဆယ်စုနှစ်ကျော် ယုံကြည်ခဲ့တဲ့တစ်လျှောက် ဘယ်သူ့ကို နာခံဖူးလဲ။ ဘယ်သူ့ကို လေးစားခဲ့သလဲ။ သမီးက နေရာတိုင်းမှာ တိုက်ခိုက်ဖို့အသင့်ဖြစ်နေတာ။ လူတိုင်းနဲ့ ထိပ်တိုက်ရင်ဆိုင်ချင်ပြီး ကိုယ့်ကိုယ်ကိုယ် အစွမ်းပြချင်တယ်။ သမီး နှစ်ကြိမ်ထုတ်ခံရတာအပြင်ကို သမီး အသင်းတော်ခေါင်းဆောင်အဖြစ် အစေခံတုန်းက သမီးက ကိုယ့်ကိုယ်ကိုယ် အမြဲတမ်း မြှင့်တင်ပြီး သူများတွေလေးစားအောင်လုပ်တယ်။ လွန်ခဲ့တဲ့ နှစ်နှစ်မှာ သမီးက ဗီဒီယိုတွေလုပ်နေတဲ့အချိန်မှာ အဖွဲ့ခေါင်းဆောင်ကို အထင်သေးပြီးတော့ သူနဲ့ ပွင့်ပွင့်လင်းလင်း တိုက်ခိုက်တယ်။ ရလဒ်အနေနဲ့ အဖွဲ့က နှစ်လကြာတဲ့အထိ ဘာမှ မဖြစ်မြောက်ဘူး။ ကိုယ့်ကိုယ်ကိုယ် သုံးသပ်ကြည့်ပြီးပြီလား။ သူများတွေက သမီးကို ခဏခဏ မှတ်ချက်ပေးတယ်။ သမီး လက်ခံခဲ့ဖူးလား” တဲ့။ ကျွန်မအမေက တစ်ခုပြီးတစ်ခုမေးတဲ့ မေးခွန်းတွေက နှလုံးသားထဲကို တန်းဝင်သွားတယ်။ ဒီမေးခွန်းတွေက တော်တော်ထိတယ်။ ဒါတွေအားလုံးက မှန်တယ်ဆိုတာ ကျွန်မသိပေမဲ့ ရုတ်တရက် ဘယ်လိုပြန်ဖြေရမှန်းမသိဘူး။ နောက်တော့ သူက စိတ်ပျက်ပြီး ပြောတယ်။ “သမီးက အထုတ်ခံထားရတာ ကြာပြီ။ ဘာလို့ ကိုယ့်ကိုယ်ကိုယ် တကယ် သုံးသပ်မကြည့်သေးတာလဲ။ သမီးက သမ္မာတရားကို လက်မခံဘူး။ ဘယ်မှာပဲ တာဝန်ထမ်းဆောင်ပါစေ ငြိမ်သက်ခြင်းမရှိဘူး။ ဒါက အရေးကြီးတဲ့ ပြဿနာတစ်ခုပဲ။ ယုံကြည်သူအနေနဲ့ ဒီနှစ်တွေအားလုံးမှာ သမီးရဲ့ အပြုအမူ၊ သမီးရဲ့ မာနထောင်လွှားတဲ့ သဘာဝ၊ သမီး ကျူးလွန်ခဲ့တဲ့ မကောင်းမှု၊ သမ္မာတရားကို လက်ခံပြီး ပြန်သုံးသပ်ကြည့်ဖို့ သမီးပျက်ကွက်မှုတွေကို အခြေခံကြည့်ရင် သမီး နှင်ထုတ်ခံရနိုင်ခြေသိပ်များတယ်” တဲ့။ နှင်ထုတ်ခံရတာကို ပြောတဲ့အခါမှာ ကျွန်မ မျက်ရည်တွေကျလာတယ်။ ပြောလို့မရနိုင်တဲ့ဝေဒနာကို ကျွန်မ ခံစားရတယ်။ “ငါ တကယ်ပဲ နှင်ထုတ်ခံရတော့မှာလား။ ငါ့ရဲ့ ယုံကြည်ခြင်းလမ်းကြောင်းက တကယ် အဆုံးသတ်ပြီလား။ အသင်းတော်ကနေ လုံးဝ အမြဲတမ်း အဆက်အသွယ် ဖြတ်ခံရမှာလား။ ငါက ဘုရားနောက်ကို နှစ်တွေအများကြီး လိုက်ခဲ့ပြီး အတော်လေး ဒုက္ခခံခဲ့တယ်။ ဘယ်လိုဖြစ်ပြီး ဒီလိုနဲ့ နှင်ထုတ်ခံရနိုင်တာလဲ” ပေါ့။ ကျွန်မက မတရားခံရသလို ပိုခံစားလာရပြီး စိတ်မချမ်းမသာဖြစ်တယ်။ ကျွန်မအမေက ကျွန်မနဲ့ ဆက်ပြီး မိတ်သဟာယဖွဲ့ပေမဲ့ မကြားနေတော့ဘူး။ သုံးလေးရက်အထိ ကျွန်မ ဆက်တိုက်ငိုနေမိတယ်။ အသင်းတော်က ကျွန်မကို နှင်ထုတ်တယ်ဆိုတဲ့ အတွေးက တော်တော်နာကျင်တယ်။ လမ်းလျှောက်နေတဲ့ အလောင်းကောင်လိုပဲ ကျွန်မနေ့ရက်တွေကို ကုန်ဆုံးပြီး ဘာကိုမှ လုပ်ဖို့ အားမတင်းနိုင်ဘူး။

တစ်ခါတော့ ကျွန်မ အဖေက စုဝေးပွဲတစ်ခုကနေ ပြန်လာတော့ ကျွန်မ သူ့ကို မေးလိုက်တယ်။ “သမီးက နှင်ထုတ်ခံရတော့မှာလား” ပေါ့။ သူက တင်းတင်းမာမာနဲ့ ပြောတယ်။ “အခုအရေးကြီးတာက ဒါကို သမီး ဘယ်လိုချဉ်းကပ်တယ်ဆိုတာပဲ။ သမီးက တကယ်နှင်ထုတ်ခံရရင် ဘုရားနောက်ကိုလိုက်ဦးမှာလား။ သမီးက တကယ်နောင်တရပြီး ဝန်ချရင်၊ သမ္မာတရားကို လိုက်စားရင် နှင်ထုတ်ခံရတာက သမီးအတွက် ကယ်တင်ခြင်း ဖြစ်မှာပဲ။ သမီးက နှင်ထုတ်ခံရတာကြောင့် ကိုယ့်ကိုယ်ကိုယ် ပစ်ထားလိုက်ရင် အပြည့်အဝ ဖော်ထုတ်ခံရပြီး စွန့်ပစ်ခံရမှာပဲ။ သမီးက အရှုံးပေးဖို့ စီစဉ်သလား။ သမ္မာတရားကို လိုက်စားပြီး အမှန်တကယ် နောင်တမရချင်ဘူးလား။ သမီးအဆုံးသတ်ကို မကယ်တင်ချင်ဘူးလား” တဲ့။ ကျွန်မအဖေရဲ့ စကားတွေက ကျွန်မကို တကယ်လှုပ်နိုးပေးခဲ့တယ်။ သူပြောတာ မှန်တယ်။ ကျွန်မက နှင်ထုတ်ခံရရင်တောင် ဖန်ဆင်းခံဖြစ်နေတုန်းပဲ မဟုတ်လား။ ဘယ်သူကမှ ကျွန်မကို ဘုရားနှုတ်ကပတ်တော်ဖတ်ပြီး သမ္မာတရားလိုက်စားခွင့်ကို မပိတ်ပင်နိုင်ဘူး။ ကျွန်မ ဘုရားသခင်ထံမှာ နောင်တရရမယ်။ ဘုရားရှေ့မှာ ဒူးထောက်ပြီး ဆုတောင်းလိုက်တယ်။ “ဘုရားသခင်၊ သမီး ဒီနေ့၊ ဒီနေရာကို ရောက်လာရတာဟာ သမီးကိုယ်တိုင်ရဲ့အမှားနဲ့ သမ္မာတရားကို လိုက်စားဖို့ ပျက်ကွက်မှုကြောင့် သက်သက်ပါပဲ” ပေါ့။ နောက်ပိုင်းမှာ ကျွန်မ စဉ်းစားတယ်။ “ယုံကြည်လာတဲ့ ဒီနှစ်တွေအားလုံးမှာ ငါဘာလို့ သမ္မာတရားကို တစ်ခါမှ မလိုက်စားခဲ့ဘဲ နှင်ထုတ်ခံရဖို့ဖြစ်လာတဲ့အထိ ဘာမှမသိဘဲဖြစ်နေခဲ့တာလဲ။ သမ္မာတရားကို လိုက်စားဖို့ ငါနည်းနည်းလောက် အားထုတ်လိုက်ရင် အခြေအနေက ဒီအဆင့်ထိ ဖြစ်လာမှာမဟုတ်ဘူး” ပေါ့။ ကျွန်မက နောင်တနဲ့ နာကျင်မှုတွေနဲ့ လောင်မြိုက်နေတာပေါ့။ နောက်တော့ အမှန်တကယ် နောင်တရပြီး ဘုရားရဲ့ သက်ညှာမှုကို ရခဲ့တဲ့ နိနဝေမြို့သားတွေကို တွေးမိတယ်။ ကျွန်မရဲ့ ဘုရားနှုတ်ကပတ်တော်စာအုပ်ကို အမြန်ဖွင့်ပြီး ဒါကို ဖတ်လိုက်တယ်။ “ဤ ‘ဆိုးယုတ်သည့်လမ်း’ က ဆိုးယုတ်သည့် လုပ်ရပ်တချို့ကို ရည်ညွှန်းခြင်းမဟုတ်ပေ။ ထိုအစား လူတို့၏အပြုအမူပေါက်ဖွားလာသည့် ဆိုးယုတ်သည့်အရင်းအမြစ်ကို ရည်ညွှန်းခြင်းဖြစ်သည်။ ‘မိမိ၏ ဆိုးယုတ်သည့်လမ်းကို ရှောင်ခြင်း’ ဆိုသည်မှာ ထိုလူတို့သည် ဤလုပ်ရပ်တို့ကို ဘယ်တော့မျှ နောက်ထပ်ကျူးလွန်တော့မည်မဟုတ်ဟု ဆိုလိုသည်။ တစ်နည်းပြောရလျှင် သူတို့သည် ဤဆိုးယုတ်သည့်လမ်းကို ဘယ်တော့မျှ နောက်ထပ်ပြုမူတော့မည် မဟုတ်ပေ။ သူတို့လုပ်ရပ်များ၏ နည်းလမ်း၊ အရင်းအမြစ်၊ ရည်ရွယ်ချက်၊ ရည်မှန်းချက်နှင့် အခြေခံမူတို့သည် အားလုံးပြောင်းလဲသွား၏။ သူတို့၏နှလုံးသားတွင် သာယာကြည်နူးမှုနှင့် ပျော်ရွှင်မှုကိုရရှိရန် ဤနည်းလမ်းများနှင့် အခြေခံမူများကို ဘယ်တော့မျှ ထပ်မံအသုံးပြုမည် မဟုတ်တော့ပေ။ ‘မိမိလက်များထဲက အဓမ္မအမှုများကို စွန့်လွှတ်သည်’ ဆိုသည့်အထဲ၌ ‘စွန့်လွှတ်’ ဟူသည်မှာ လွှတ်ချဖို့၊ သို့မဟုတ် ဘေးဖယ်လိုက်ဖို့၊ အတိတ်ကို လုံးဝဖြတ်တောက်လိုက်ပြီး ဘယ်တော့မျှ နောက်ပြန်မလှည့်ဖို့ကို ဆိုလိုခြင်းဖြစ်သည်။ နိနေဝေမြို့သားတို့သည် သူတို့လက်ထဲမှ အဓမ္မအမှုများကို စွန့်လွှတ်ခဲ့သည့်အခါ ဤအချက်က သူတို့၏ စစ်မှန်သည့် နောင်တကို သက်သေပြသကဲ့သို့ ကိုယ်စားလည်းပြုသည်။ ဘုရားသခင်သည် လူတို့၏အပြင်ပန်းနှင့် သူတို့၏နှလုံးသားကိုလည်း လေ့လာကြည့်ရှုသည်။ ဘုရားသခင်သည် နိနေဝေမြို့သားတို့၏ နှလုံးသားထဲရှိ စစ်မှန်သည့် နောင်တကို မေးခွန်းမထုတ်ဘဲနှင့် လေ့လာကြည့်ရှုပြီး သူတို့သည် သူတို့၏ဆိုးယုတ်သည့်လမ်းများကို ထားခဲ့ပြီး သူတို့၏လက်ထဲမှ အဓမ္မအမှုများကို စွန့်ပစ်ခဲ့ကြောင်းကိုလည်း ကြည့်ရှုသိမြင်ပြီးသည့်အခါ သူ၏နှလုံးသားကို သူပြောင်းလဲခဲ့သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၂)) ကျွန်မလည်း တကယ်ခံစားရတာပဲ။ နိနေဝမြို့သားတွေက တကယ် နောင်တရပြီး ဘုရားရဲ့ သက်ညှာမှုကို ရခဲ့တယ်။ သူတို့နောင်တရတာက သူတို့အပြစ်တွေကို ပါးစပ်နဲ့ ဝန်ခံရုံ၊ အပြင်ပန်း အပြုအမူကို အာရုံစိုက်ရုံသက်သက်မဟုတ်ဘူး။ နောက်ပြီးတော့ ခဏတာ နောင်တရတာလည်းမဟုတ်ဘူး။ သူတို့လုပ်တဲ့ပုံစံ၊ သူတို့ရဲ့ စမှတ်၊ သူတို့ရဲ့ ရည်ရွယ်ချက်တွေမှာ ပြောင်းလဲသွားတာပါ။ သူတို့ရဲ့ အရင်က လိုက်စားမှုတွေကို တကယ် စွန့်လွှတ်ခဲ့တယ်။ သူတို့ရဲ့ အပြုအမူပြောင်းလဲရုံတင်မကဘဲ အရေးကြီးဆုံးက တကယ် နောင်တရခဲ့ကြတယ်။ ဒီလိုနောင်တမျိုးက ဘုရားသခင်ရဲ့ သက်ညှာမှုနဲ့ ခွင့်လွှတ်ခြင်းကို ရဖို့ တစ်ခုတည်းသော နည်းလမ်းပဲ။ နောက်တော့ ကိုယ့်အကြောင်းကိုယ် စဉ်းစားကြည့်တယ်။ ကျွန်မက မာနထောင်လွှားတယ်လို့ အမြဲတမ်းပြောတယ်။ ဒါပေမဲ့ ကျွန်မရဲ့ မာနထောင်လွှားတဲ့ စိတ်သဘောထားကို လုံးဝ မချုပ်တည်းခဲ့ဘူး။ ကျွန်မက မကောင်းမှုလုပ်ပြီး ဘုရားကို ဆန့်ကျင်နေတယ်ဆိုတာ သိပေမဲ့ ကျွန်မရဲ့ မကောင်းတဲ့ အပြုအမူကို လုံးဝ မရပ်တန့်ခဲ့ဘူး။ ကျွန်မက နှင်ထုတ်ခံရတဲ့အခြေအနေ ရောက်လာတာက မကောင်းတာတစ်ခု၊ နှစ်ခု လုပ်ခဲ့လို့မဟုတ်ဘူး။ မကောင်းမှုလမ်းကြောင်းပေါ်မှာ နောင်တမရဘဲ ပြေးလွှားသောင်းကျန်းနေတာကြောင့်ပဲ။ သမ္မာတရားကို လုံးဝ လက်တွေ့မလုပ်ခဲ့ဘူး။ ဘုရားထံမှာ နောင်တမရခဲ့ဘူး။ ကျွန်မရဲ့ မာနထောင်လွှားတဲ့ စိတ်သဘောထားက ဆိုးတယ်၊ ပြစ်မှားမှုတွေ အများကြီး ကျူးလွန်ခဲ့တယ်ဆိုတာ သိပါတယ်။ ဒါပေမဲ့ ဒါကို ဖြေရှင်းဖို့အတွက် သမ္မာတရားကို ရှာဖွေဖို့ လုံးဝ အားမစိုက်ခဲ့ဘူး။ ကျွန်မရဲ့ မာနထောင်လွှားတဲ့ စိတ်သဘောထားကို ဘယ်တော့မှ မဖြေရှင်းရင် ဘယ်လိုလုပ် တကယ် နောင်တရနိုင်မှာလဲ။ စစ်မှန်တဲ့ နောင်တကို မပြရင် ကျွန်မ ကိုယ့်ကိုယ်ကိုယ် သိမြင်တာက လှည့်စားထားတဲ့ အပြင်ပန်းသက်သက်မဟုတ်ဘူးလား။ ကျွန်မက နိနဝေမြို့သားတွေလို ဖြစ်ရမယ်။ အရင်းအမြစ်၊ အရင်းခံအကြောင်း၊ နည်းလမ်းနဲ့ ကျွန်မလုပ်ရပ်နောက်ကွယ်က ရည်ရွယ်ချက်တွေကို ပြန်သုံးသပ်ပြီး ဘုရားထံ နောင်တရရမယ်။

အရင်သုံးလေးရက်တုန်းက ကျွန်မအမေက ကျွန်မကို ဖော်ထုတ်ခဲ့ပြီး ကျွန်မ နှစ်ကြိမ်အထုတ်ခံရတာကို စဉ်းစားမိတယ်။ ဒီအကြောင်းတွေးရင်းနဲ့ ကျွန်မ လမ်းပျောက်သွားတယ်။ “ငါက မာနထောင်လွှားတဲ့ စိတ်သဘောထားရှိတယ်ဆိုတာကို မြင်ပေမဲ့ တစ်ခုခုဖြစ်တာနဲ့ တစ်ပြိုင်နက် ဘာကြောင့် ငါ့ရဲ့ မာနထောင်လွှားတဲ့စိတ်သဘောထားကို အမှီပြုပြီး ဘုရားကို အာခံတာပဲ လုပ်နေမိတာလဲ” ပေါ့။ အဲဒီနောက်တော့ ကျွန်မ ဘုရားဝတ်ပြုရင်းနဲ့ ဘုရားနှုတ်ကပတ်တော်ထဲမှာ ဒါကို ဖတ်ရတယ်။ “ဤသည်မှာ အဘယ်ကြောင့်ဆိုသော် လူတို့က သမ္မာတရားနှင့် ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်မခံမီအချိန်အထိ ၎င်းတို့လက်ခံသည့် အယူအဆအားလုံးသည် စာတန်ထံမှ ဆင်းသက်သောကြောင့်ဖြစ်သည်။ စာတန်ထံမှ အရင်းခံလာသည့် အတွေးများ၊ ရှုထောင့်အမြင်များ၊ ရိုးရာယဉ်ကျေးမှုများ အားလုံး— ဤအရာများသည် လူတို့ထံ မည်သည့်အရာ ဖြစ်စေသနည်း။ လှည့်စားခြင်း၊ ဖောက်ပြန်ပျက်စီးခြင်း၊ ချည်နှောင်မှု၊ အချုပ်အနှောင်များဖြစ်စေပြီး ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ အတွေးများကို ကျဉ်းမြောင်းစေကာ အစွန်းရောက်စေသည်။ အမှုအရာများအပေါ် ၎င်းတို့၏ အမြင်များကို တစ်ဖက်သတ်ဆန်ပြီး ဘက်လိုက်စေသည်။ အဓိပ္ပာယ်မရှိသကဲ့သို့ ရယ်ဖွယ်ကောင်းခြင်းပင် ဖြစ်စေသည်။ ဤသည်မှာ အတိအကျပင် လူသားမျိုးနွယ်အပေါ် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း အကျိုးဆက်ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၁)) “သင်၏စိတ်နှလုံးထဲတွင် သင်သည် သမ္မာတရားကို အမှန်တကယ် နားလည်ပါက၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ကာ ဘုရားသခင်ကို နာခံဖို့နည်းလမ်းအား သင်သိလိမ့်မည် ဖြစ်ပြီး သမ္မာတရား လိုက်စားခြင်း လမ်းကြောင်းပေါ်ကို သင် အလိုအလျောက် စတင်လိမ့်မည် ဖြစ်သည်။ သင်လျှောက်သည့် လမ်းကြောင်းသည် မှန်ကန်သည့် လမ်းကြောင်းဖြစ်ပြီး ဘုရားသခင်၏ အလိုတော်နှင့် ကိုက်ညီပါက၊ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်သည် သင့်ကို စွန့်ခွာလိမ့်မည် မဟုတ်ချေ— ထိုအခြေအနေတွင် ဘုရားသခင်အား သင် သစ္စာဖောက်ဖို့အလားအလာ နည်းသည်ထက် နည်းလာပေလိမ့်မည်။ သမ္မာတရားမရှိပါက မကောင်းမှုပြုရန် လွယ်ကူပြီး မရည်ရွယ်ဘဲ ယင်းကို သင်လုပ်မိလိမ့်မည် ဖြစ်သည်။ ဥပမာ၊ သင့်တွင် မာနထောင်လွှားပြီး စိတ်ကြီးဝင်သော စိတ်သဘောထားတစ်ခုရှိလျှင် ဘုရားသခင်ကို မဆန့်ကျင်ရန် ပြောဆိုခံရခြင်းသည် ထူးခြားမှုမရှိပေ။ သင်သည် ကိုယ့်ကိုယ်ကိုယ် မထိန်းနိုင်ပေ။ သင်ထိန်းချုပ်နိုင်သည်ထက် ကျော်လွန်သည်။ သင်သည် ရည်ရွယ်ချက်ရှိရှိဖြင့် လုပ်ဆောင်မည်မဟုတ်ပေ။ သင်၏ မောက်မာပြီး ထောင်လွှားသော သဘာဝဗီဇ၏ အုပ်စိုးမှုအောက်၌ သင် ထိုသို့ပြုလိမ့်မည်။ သင်၏ မာနထောင်လွှား ခြင်းနှင့် စိတ်ကြီးဝင်ခြင်းတို့သည် သင့်ကို ဘုရားသခင်အား အထင်အမြင်သေးစေမည်ဖြစ်ပြီး သူ့အား အရေးမပါသောသူအဖြစ် မြင်စေမည်ဖြစ်သည်။ ထိုအရာတို့သည် သင့်ကိုယ်သင် ချီးမြှောက်အောင် လုပ်လိမ့်မည်ဖြစ်ပြီး သင့်ကိုယ်သင် အစဉ်တစိုက် ပြစားဝင့်ဝါအောင် လုပ်လိမ့်မည် ဖြစ်သည်။ ယင်းတို့က သင့်အား အခြားသူများကို အထင်အမြင်သေးစေမည်၊ သင့်စိတ်နှလုံးထဲတွင် သင်ကိုယ်တိုင်မှလွဲ၍ အခြားမည်သူကိုမျှ ထားမည် မဟုတ်ချေ။ ယင်းတို့က သင်၏ စိတ်နှလုံးထဲမှ ဘုရားသခင်၏နေရာကို လုယူလိမ့်မည်။ ပြီးလျှင် နောက်ဆုံးတွင် သင့်အား ဘုရားသခင်၏နေရာတွင် ထိုင်ဖို့ဖြစ်စေပြီး လူများအား သင့်ကိုယ်ပိုင်အတွေးများ၊ အကြံဉာဏ်များနှင့် အယူအဆများကို သမ္မာတရားအဖြစ် ကြည်ညိုလေးစားစေလျက်၊ သင့်ကို ကျိုးနွံနာခံဖို့ တောင်းဆိုစေမည် ဖြစ်သည်။ မိမိတို့၏ မောက်မာ၍ ထောင်လွှားသော သဘာဝ၏ အုပ်စိုးမှုအောက်၌ လူတို့သည် များပြားလှသော ဒုစရိုက်မှုကို ပြုကြသည်။ မကောင်းမှု ပြုခြင်း၏ ပြဿနာကို ဖြေရှင်းရန်အလို့ငှာ သူတို့သည် မိမိတို့သဘာဝကို ဦးစွာဖြေရှင်းရမည်။ စိတ်သဘောထား ပြောင်းလဲခြင်းမရှိဘဲ ဤပြဿနာအတွက် အခြေခံဖြေရှင်းချက် ဖြစ်ပေါ်ရန် ဖြစ်နိုင်မည်မဟုတ်ချေ။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ သမ္မာတရားအား လိုက်စားခြင်းအားဖြင့်သာ စိတ်သဘောထား ပြောင်းလဲမှုတစ်ခုကို ရရှိနိုင်သည်) ဘုရားနှုတ်ကပတ်တော်ကို ဆင်ခြင်ရင်းနဲ့ ကျွန်မ သဘောပေါက်သွားတယ်။ သမ္မာတရားကို ကျွန်မ မရခင်တုန်းက ကျွန်မမှာရှိတဲ့ အတွေးတွေ၊ ရှုထောင့်တွေအားလုံးက စာတန်ဆီကလာတာပါ။ ကလေးဘဝကတည်းက ကျောင်းမှာ ကျွန်မ သင်ခဲ့ရတာကနေ၊ လူကြီးတွေက သင်ပေးခဲ့တာတွေ၊ လူ့အဖွဲ့အစည်းရဲ့ လွှမ်းမိုးခံခဲ့ရတာတွေကနေ ကျွန်မက နေရာတကာမှာ ပါဝင်နေရမယ်လို့ ခံစားမိတယ်။ “ငါသည်သာ ငါ၏ အရှင်သခင်ဖြစ်၏”၊ “ငါသည်သာ ကြီးစိုး၏” ဆိုတာတွေက ကျွန်မ လိုက်စားတာတွေ ကျွန်မ ရှင်သန်တဲ့ စကားတွေဖြစ်လာတယ်။ ဒီဆိုးယုတ်တဲ့ အတွေးအခေါ်တွေကို အပြုသဘောဆောင်တဲ့အရာတွေအဖြစ် မှတ်ယူခဲ့တယ်။ ဘယ်အဖွဲ့မှာပဲ ကျွန်မရှိရှိ၊ ကျွန်မက ဦးဆောင်ချင်တယ်။ အဆုံးအဖြတ်ပေးခွင့်ရှိချင်တယ်။ သူများတွေကို စီမံညွှန်ကြားပြီး လူတိုင်းကို ကျွန်မပြောတာ နားထောင်အောင် မလုပ်ဘဲ မနေနိုင်ဘူး။ အဖွဲ့ခေါင်းဆောင်က ကျွန်မကို နားမထောင်ဘဲ အကြံတွေ ဆက်ပေးနေတာကို မြင်တော့ ကျွန်မက စိတ်တိုပြီး ညီအစ်ကိုမောင်နှမတွေရှေ့မှာ သူ့ကို ဝေဖန်အပြစ်တင်တယ်။ ကျွန်မပြောတာကို လူတိုင်းနားထောင်အောင်လုပ်ဖို့ သူတို့တွေကို ဖိနှိပ်ဖို့အတွက် ကျွန်မရဲ့ မြင့်တဲ့ အစွမ်းအစနဲ့ အရည်အချင်းတွေကို အသုံးပြုတယ်။ ညီအစ်ကိုမောင်နှမတွေအားလုံးက အရမ်းစိတ်ကျဉ်းကျပ်ပြီး သူတို့အမြင်တွေကို မဖော်ပြရဲဘူး။ ရုပ်သေးရုပ်တွေလိုပဲ ကျွန်မကို နာခံကြတယ်။ ရလဒ်အနေနဲ့ ကျွန်မတာဝန်က ရှုပ်ပွသွားတယ်။ ကျွန်မဖြစ်ချင်တာကိုလုပ်ဖို့၊ ကျွန်မပြောတာနားထောင်ဖို့အတွက် သူများတွေကို အတင်းလုပ်တယ်။ ကျွန်မက မာနထောင်လွှားတဲ့ စိတ်သဘောထားကို နည်းနည်းလေး ပြနေတာမဟုတ်ဘူး။ ဆင်ခြင်တုံတရားလုံးဝ မရှိတဲ့အထိ မာနထောင်လွှားခဲ့တာပါ။ ဘုရားသခင်က သူ့အိမ်တော်မှာ ကျွန်မလို ဆိုးယုတ်တဲ့လူမျိုးကို ဘယ်တော့မှ ထားနိုင်မှာမဟုတ်ဘူး။ အသင်းတော်က ကျွန်မကို နှင်ထုတ်ရင် ဒါက လုံးဝ ဘုရားရဲ့ဖြောင့်မတ်ခြင်း ဖြစ်မှာပဲ။ ကျွန်မ ဘုရားသခင်ကို ကျေးဇူးတင်ခဲ့ပြီး စောဒကမတက်ခဲ့ဘူး။ ကျွန်မလုံးဝ ဖာထေးလို့မရနိုင်တဲ့ ပြစ်မှားမှုတွေအများကြီးကို ကျူးလွန်ခဲ့တယ်ဆိုတာ ကျွန်မသိပါတယ်။ နောင်တတွေ အရမ်းရခဲ့တာပေါ့။

နောက်ပိုင်းမှာ ကျွန်မအမေက ဒီနှစ်ခါ အထုတ်ခံရတာကိုပဲ ဆင်ခြင်သုံးသပ်တာမလုပ်ဘဲ ကျွန်မ ယုံကြည်တဲ့နှစ်တွေအားလုံးမှာ ကျွန်မလျှောက်ခဲ့တဲ့လမ်းကိုလည်း စဉ်းစားဖို့ သတိပေးတာကို ကျွန်မ တွေးမိတယ်။ ဆက်စပ်မှုရှိတဲ့ ဘုရားနှုတ်ကပတ်တော်တချို့ကို ကျွန်မ တွေ့မိတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “အန္တိခရစ်များသည် မွေးကတည်းက စည်းမျဉ်းများဖြင့် အသက်ရှင်ရန်၊ သို့မဟုတ် သာမန်ဘဝကို အသက်ရှင်ရန်၊ သို့မဟုတ် ၎င်းတို့၏ ရာထူးကိုသာ တိတ်ဆိတ်စွာ ဖက်တွယ်ရန်၊ သို့မဟုတ် သာမန်လူတစ်ယောက်ကဲ့သို့ လက်တွေ့ကျကျ အသက်ရှင်ရန်မနှစ်သက်ပေ။ ၎င်းတို့သည် ဤသို့သောသူတစ်ယောက်ဖြစ်ရန် မရောင့်ရဲပေ။ ထို့ကြောင့် အပြင်ပန်းတွင် ၎င်းတို့က မည်သည့်အရာကို ဖော်ပြပါစေ၊ စိတ်ထဲတွင် ၎င်းတို့သည် မည်သည့်အခါမျှ ကျေနပ်ရောင့်ရဲခြင်းမရှိပေ။ ၎င်းတို့သည် တစ်စုံတစ်ခုကို လုပ်ဆောင်ရမှ ဖြစ်သည်။ မည်သည့်အရာကို လုပ်ဆောင်သနည်း။ သာမန်လူတစ်ယောက်က မည်သည့်အခါမျှ စိတ်ကူးမကြည့်နိုင်သည့် အရာများဖြစ်သည်။ ၎င်းတို့သည် ဤသို့ ထင်ပေါ်လိုသည်။ ဤသို့လုပ်ဆောင်ရန်အတွက် ၎င်းတို့သည် ဆင်းရဲဒုက္ခအနည်းငယ်ကို ဖြတ်သန်းပြီး အဖိုးအခပေးဆပ်လိုစိတ်ရှိကြပေမည်။ ဆိုရိုးစကားတစ်ခုမှာ ‘အရာရှိအသစ်များသည် အထင်ကြီးအောင်လုပ်ရန်အတွက် စိတ်ထက်သန်ကြသည်’ ဟူ၍ ဖြစ်သည်။ ၎င်းတို့သည် သာမန်လူတစ်ယောက် သက်သက်မဟုတ်သည်ကို သက်သေပြရန်အတွက် သေးငယ်သော အံ့ဖွယ်ရာတစ်ခုကို လုပ်ဆောင်ရသည်၊ သို့မဟုတ် အမွေအနှစ် အမျိုးအစားတစ်ခုခုကို ဖန်တီးရသည်။ ဤအရာနှင့် ပတ်သက်၍ အဆိုးရွားဆုံးပြဿနာမှာ အဘယ်နည်း။ ၎င်းတို့သည် အသင်းတော်တွင် အလုပ်လုပ်နေသော်လည်း၊ ၎င်းတို့တာဝန်ကို ထမ်းဆောင်သည့် ဟန်ဆောင်လျက်ဖြင့် အလုပ်လုပ်နေသော်လည်း အမှုအရာများကို မည်သို့လုပ်ဆောင်သင့်သည်ကို ဘုရားသခင်ထံမှ မည်သည့်အခါမျှ မရှာဖွေသကဲ့သို့ ဘုရားအိမ်တော်က မည်သည့်အရာကို အမိန့်ထုတ်သည်၊ သမ္မာတရားစည်းမျဉ်းများက မည်သည့်အရာဖြစ်သည်၊ ဘုရားအိမ်တော်၏ အလုပ်ကို အကျိုးဖြစ်စေရန်အတွက် မည်သည့်အရာကို လုပ်ဆောင်ရမည်၊ ညီအစ်ကိုမောင်နှမမများအတွက် အကျိုးဖြစ်ပြီး ဘုရားကို မစော်ကားဘဲ ဘုရားအဖို့ သက်သေခံရန်၊ အသင်းတော်အလုပ် ချောမွေ့စွာ တိုးတက်စေရန်၊ ထိုသို့ဖြင့် ပြဿနာမရှိဘဲ၊ သတိမမူမိခြင်း တစ်ခုတလေမျှ မရှိဘဲ ပြီးစီးသွားစေရန်တို့ကို မည်သည့်အခါမျှ အလေးအနက် စုံစမ်းမေးမြန်းခြင်းမရှိပေ။ ဤအရာများကို ၎င်းတို့ မည်သည့်အခါမျှ မမေးသကဲ့သို့ စုံစမ်းခြင်းလည်းမရှိပေ။ ၎င်းတို့၏ စိတ်နှလုံးတွင် ဤအရာများမရှိပေ။ ၎င်းတို့၏ စိတ်နှလုံးများက ဤအရာများကို ကိုင်စွဲမထားပေ။ ဤသို့ဆိုလျှင် ၎င်းတို့သည် မည်သည့်အရာကို စုံစမ်းမေးမြန်းကြသနည်း။ ၎င်းတို့၏ စိတ်နှလုံးက မည်သည့်အရာကို ကိုင်စွဲသနည်း။ ၎င်းတို့ ကိုင်စွဲသည့်အရာမှာ အသင်းတော်တွင် ၎င်းတို့၏ ပါရမီများကို မည်သို့ ပြရမည်၊ ၎င်းတို့သည် အခြားလူတိုင်းနှင့် မတူသည်ကို မည်သို့ပြရမည်၊ ၎င်းတို့၏ခေါင်းဆောင်မှု အရည်အချင်းများကို မည်သို့ ကြွားဝါရမည်၊ ၎င်းတို့သည် အသင်းတော်၏ ဒေါက်တိုင်ဖြစ်သည်၊ အသင်းတော်က ၎င်းတို့မရှိဘဲ မလုပ်ဆောင်နိုင်၊ အသင်းတော်အလုပ်၏ ပရောဂျက်တိုင်းက ချောမွေ့စွာတိုးတက်နေသည်မှာ ၎င်းတို့ကဲ့သို့သော လူများကြောင့်ဖြစ်သည်ဆိုသည်ကို မည်သို့ပြရမည်ဆိုသည်တို့ ဖြစ်သည်။ အန္တိခရစ်များ၏ ဖော်ပြမှု၊ အမှုအရာများကို လုပ်ဆောင်ခြင်းအတွက် ၎င်းတို့၏ တွန်းအားနှင့် အရင်းခံအကြောင်းကို ကြည့်ရာတွင် ၎င်းတို့သည် မိမိတို့ကိုယ်ကို မည်သည့်နေရာတွင် ထားရှိကြသနည်း။ အရာရာတိုင်း၏ အထက်တွင်ရှိသော နေရာတွင် ဖြစ်သည်။...၎င်းတို့၏ ရည်မှန်းချက်ပန်းတိုင်မှာ အဘယ်နည်း။ အဖန်ဆင်းခံတစ်ယောက်အနေဖြင့် ၎င်းတို့တာဝန်ကို ကောင်းစွာထမ်းဆောင်ရန် မဟုတ်ပေ။ ဘုရားသခင်၏ ဝန်ထုပ်ဝန်ပိုးကို ထည့်စဉ်းစားရန်မဟုတ်ပေ။ ယင်းထက် အသင်းတော်တွင် အစေခံနေစဉ်၊ ညီအစ်ကိုမောင်နှမများကို အစေခံနေစဉ်တွင် အရာရာကို ထိန်းချုပ်ရန်ဖြစ်သည်။ ၎င်းတို့သည် အရာရာကို ထိန်းချုပ်ချင်သည်ဟု အဘယ်ကြောင့် ဆိုရသနည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ပြုမူဆောင်ရွက်သောအခါ ၎င်းတို့အတွက် တစ်နေရာကို ရရှိရန်၊ ၎င်းတို့ကိုယ်တိုင်အတွက် နာမည်ရရန်၊ ၎င်းတို့ကိုယ်တိုင် နာမည်ဂုဏ်သတင်းကြီးရန်၊ ချုပ်ကိုင်နိုင်သည့် အာဏာနှင့် ဆုံးဖြတ်ချက်များ ချမှတ်နိုင်သည့် အာဏာရှိရန် ဦးစွာ ကြိုးစားကြသောကြောင့်ဖြစ်သည်။ ၎င်းတို့က ထိုသို့လုပ်ဆောင်နိုင်လျှင် ဘုရားသခင်ကို အစားထိုးနိုင်ပြီး ဘုရားသခင်ကို ပြယုဂ်သက်သက်အဖြစ် ပြောင်းလဲပစ်နိုင်သည်။ ၎င်းတို့၏ လွှမ်းမိုးနိုင်သည့် နယ်ပယ်အတွင်းတွင် ၎င်းတို့သည် လူ့ဇာတိခံ ဘုရားသခင်ကို ရုပ်သေးရုပ်အဖြစ် ပြောင်းလဲဖို့ ကြိုးစားကြသည်။ ဤသည်မှာ မိမိကိုယ်ကို အရာအားလုံး၏ အထက်တွင် ထားရှိခြင်းဟု ခေါ်ဆိုသည့်အရာဖြစ်သည်။ ဤသည်မှာ အန္တိခရစ်များ လုပ်ဆောင်သည့်အရာ မဟုတ်သလော။ ဤသည်မှာ အန္တိခရစ်များ၏ အပြုအမူဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၁၀)) ဘုရားနှုတ်ကပတ်တော်က ကျွန်မအခြေအနေကို အတိအကျ ဖွင့်ပြခဲ့တယ်။ ကျွန်မက ဆယ်စုနှစ်ကျော်အထိ ယုံကြည်သူတစ်ယောက်ဖြစ်ခဲ့ပေမဲ့ သာမန်ပုံစံနဲ့ ဘယ်တော့မှ မရောင့်ရဲခဲ့ဘူး။ ဘယ်ကိုပဲ သွားသွား၊ ဘာတာဝန်ပဲ လုပ်လုပ် ကျွန်မက အကောင်းတကာ့ အကောင်းဆုံးဖြစ်ချင်တယ်။ ကျွန်မ ယုံကြည်သူဖြစ်တဲ့ ပထမသုံးလေးနှစ်မှာ အသင်းတော်မှာ လူသစ်တွေကို ကျွန်မ ရေလောင်းတယ်။ ကိုယ့်ကိုယ်ကိုယ် သက်သေပြဖို့အတွက် လူသစ်တွေရဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ သမ္မာတရား ရူပါရုံတွေနဲ့ ကိုယ့်ကိုယ်ကိုယ် တပ်ဆင်ဖို့အတွက် အလုပ်ကြိုးစားခဲ့တယ်။ မိုးရွာသည်၊ နေပူသည်ဖြစ်စေ၊ လမ်းက ဘယ်လောက်ဝေးသည်ဖြစ်စေ အခက်အခဲတွေကို ဘယ်တော့မှ မညည်းဘူး။ အသင်းတော်ခေါင်းဆောင်ဖြစ်ပြီးတဲ့နောက်မှာ လူစုထဲကနေ ထင်ပေါ်ဖို့ အားထုတ်ခဲ့တယ်။ နောက်တော့ ဗီဒီယိုတွေ ထုတ်လုပ်တဲ့အခါမှာ ပိုကောင်းအောင် အားထုတ်တဲ့အနေနဲ့ ညနက်တဲ့အထိ လုပ်တယ်။ စည်းမျဉ်းတွေ၊ ကျွမ်းကျင်မှုတွေအတွက် အားထုတ်တယ်။ နောက်ဆုံးမှာ ရာထူးတိုးပြီး ခေါင်းဆောင်တွေ၊ သူများတွေက ချီးမွမ်းတာကို ခံရတယ်။ ဒါကြောင့် ကျွန်မက ပိုပြီးတော့တောင် စိတ်လွတ်သွားတယ်။ ကျွန်မက အသင်းတော်က မရှိရင်မဖြစ်တဲ့ ပါရမီရှင်တစ်ယောက်လိုမျိုး ခံစားမိတယ်။ အဖွဲ့ရဲ့ ကျောထောက်နောက်ခံလို့တောင် ကိုယ့်ကိုယ်ကိုယ် အရှက်မရှိ ထင်ခဲ့တယ်။ ကျွန်မက အဖွဲ့ထဲမှာ ခြယ်လှယ်လွန်းပြီး အာဏာရှင်ဆန်တယ်။ အထုတ်ခံရပြီးတဲ့နောက်မှာ ကျွန်မက မာနထောင်လွှားတယ်၊ မကောင်းမှုလုပ်ခဲ့တယ်လို့ပဲ အသိအမှတ်ပြုခဲ့တယ်။ ဒါပေမဲ့ ကျွန်မအပြုအမူနဲ့ ကျွန်မလျှောက်နေတဲ့လမ်းကြောင်းကို ပြန်သုံးသပ်မကြည့်ခဲ့ဘူး။ ကျွန်မ ဗီဒီယိုတွေ ပြန်လုပ်တော့ ဒီပြဿနာတွေပဲ ပြန်ပေါ်လာတယ်။ ဘာကြောင့် ကျွန်မက အရမ်းမာနထောင်လွှားပြီး ဘယ်သူ့ကိုမှ မနာခံတာလဲ။ ဘာကြောင့် ဘယ်သူ့စိတ်ကူးကိုမှ နားမထောင်တာလဲ။ ဘာကြောင့် အမြဲတမ်း အဆုံးအဖြတ်ပေးခွင့်ရှိချင်ပြီး လူတိုင်းကို ကျွန်မကို နားထောင်အောင်လုပ်ချင်တာလဲ။ ဒါဟာ ကျွန်မက မာနထောင်လွှားလွန်းပြီး သာမန်လူတစ်ယောက် မဖြစ်ချင်ခဲ့လို့ပါ။ ကျွန်မက သူများတွေအထက်မှာ နေချင်တယ်။ လူတွေကို ကျွန်မပြောတာ နားထောင်စေချင်တယ်။ ကျွန်မရဲ့ ဒီစိတ်သဘောထားက ဘုရားသခင်ဖွင့်ပြတဲ့ အန္တိခရစ်ရဲ့ စိတ်သဘောထားဖြစ်တဲ့ “မိမိကိုယ်ကို အရာအားလုံး၏ အထက်တွင် ထားရှိခြင်းဟု” ဆိုတာနဲ့ ဘာကွာဦးမှာလဲ။ ဒီအချိန်မှာ ကျွန်မ မြင်သွားတယ်။ ကျွန်မက ဒီနှစ်တွေအားလုံးမှာ ယုံကြည်သူဖြစ်ခဲ့ပေမဲ့ ကျွန်မရဲ့ ဆိုးယုတ်တဲ့ စိတ်သဘောထားက မပြောင်းလဲဘူး။ ကျွန်မမှာ ပြင်းထန်တဲ့ အန္တိခရစ် စိတ်သဘောထားတစ်ခုရှိခဲ့တယ်။ အသင်းတော်က ကျွန်မကို နှင်ထုတ်တော့မယ်ဆိုတာကို ကြားရတော့ မတရားခံရသလို ခံစားရတယ်။ ကျွန်မက ဒီနှစ်တွေအားလုံးမှာ ယုံကြည်သူဖြစ်ခဲ့တာကြောင့် ဘုရားက ကျွန်မကို မငြင်းပယ်သင့်သလိုမျိုးပေါ့။ ဒါပေမဲ့ တကယ်တော့ ကျွန်မက သမ္မာတရားကို ရှာဖွေသူမဟုတ်ဘူး။ ကျွန်မ ရှာဖွေတာက နာမည်နဲ့ အကျိုးအမြတ်ပဲ။ လမ်းမှားကို ကျွန်မ ရွေးချယ်ခဲ့တာ။ ဒါကြောင့် ဆယ်စုနှစ်တစ်ခုကျော်ကြာပြီးတာတောင် ဘာသမ္မာတရားကိုမှ ကျွန်မ မရသေးတာပဲ။ ဒါက ဘယ်သူ့အမှားလဲ။ ကျွန်မ ကိုယ်တိုင်ရဲ့ အမှားပဲ။ သမ္မာတရားကို မလိုက်စားလို့ပေါ့။ ပြီးတော့လည်း ဒီနှစ်တွေမှာ ကျွန်မရဲ့ ပြစ်မှားမှုတွေနဲ့ မကောင်းမှုတွေကို စဉ်းစားကြည့်တော့ အသင်းတော်က ကျွန်မကို နှင်ထုတ်တာဟာ ဘုရားရဲ့ ဖြောင့်မတ်ခြင်းပဲ။ ကျွန်မက မာနထောင်လွှားတဲ့ စိတ်သဘောထားနဲ့ အသက်ရှင်နေတာပါ။ ကျွန်မက ကျွန်မတို့အလုပ်ကို တော်တော်နှောင့်ယှက်ခဲ့ရုံမကဘူး။ သူများတွေကိုလည်း ချုပ်ချယ်ပြီး ထိခိုက်ခဲ့တယ်။ ကျွန်မက လုံးဝ လူ့သဘာဝမရှိပါဘူး။ ကျွန်မရဲ့ အနှစ်သာရ၊ စိတ်သဘောထားနဲ့ ကျွန်မလုပ်ခဲ့တဲ့ မကောင်းမှုတွေအားလုံးကို အခြေခံရင် ကျွန်မ နှင်ထုတ်ခံရသင့်တယ်။ ဒီအချိန်မှာ အသင်းတော်က ကျွန်မကို နှင်ထုတ်မလား၊ မထုတ်ဘူးလားဆိုတာ မစဉ်းစားခဲ့ဘူး။ ကျွန်မ ရွေးချယ်မှုတစ်ခုလုပ်ရမယ်။ သမ္မာတရားကို လိုက်စားပြီး ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ဖြေရှင်းရမယ်။

နောက်ပိုင်းမှာ ဆင်ခြင်သုံးသပ်ဖို့အတွက် သီးခြားခွဲထားတဲ့ တခြားလူနှစ်ယောက်ကို ကျွန်မနဲ့ စုဝေးဖို့ အသင်းတော်က စီစဉ်တယ်။ ကျွန်မက အန္တိခရစ်လမ်းကြောင်းပေါ် ရောက်ခဲ့တယ်၊ ကျွန်မက စာတန်လိုမျိုးပဲ၊ ကျွန်မကို နှင်ထုတ်တာဟာ ဘုရားရဲ့ ဖြောင့်မတ်ခြင်းဖြစ်လိမ့်မယ်ဆိုတာတွေကို သူတို့ကို ပြဖို့အတွက် ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့၊ ဆိုးယုတ်တဲ့ အပြုအမူကို ဖော်ထုတ်ပြီး စိစစ်ဖို့ ဘုရားနှုတ်ကပတ်တော်တွေကို ရှာခဲ့တယ်။ ကျွန်မက သူတို့ကို “ကျွန်မတို့က တကယ် နောင်တရရမယ်။ ကျွန်မတို့ရလဒ်က ဘာပဲဖြစ်ပါစေ ဘုရားနောက်လိုက်ပြီး တာဝန်ထမ်းဆောင်ရမယ် လို့လည်း” ပြောခဲ့တယ်။ အဲဒီနောက်တော့ ကျွန်မ အရင်ကလောက် မာနမထောင်လွှားတော့ဘူး။ သူများတွေနဲ့ ဆက်ဆံတဲ့အခါမှာ အဆုံးအဖြတ်ပေးပိုင်ခွင့် မရှိချင်တော့ဘူး။ ပြဿနာတွေ ပေါ်လာတဲ့အခါ သူများတွေရဲ့ အကြံတွေကို ရှာဖွေတယ်။ ကိုယ့်ကိုယ်ကိုယ် ငြင်းပယ်ပြီး သူများတွေရဲ့ အားသာချက်တွေကို ပိုကြည့်သင့်တယ်လို့ ကိုယ့်ကိုယ်ကိုယ် ခဏခဏ သတိပေးတယ်။ ကိုယ်တိုင်တောင် သတိမထားမိဘဲ ကျွန်မက တော်တော် နှိမ့်ချလာတယ်။ သုံးလေးလကြာပြီးတဲ့နောက်မှာ အသင်းတော်က ကျွန်မ အပြုအမူကို သေချာစဉ်းစားပြီး ကျွန်မက ကြီးလေးတဲ့ အန္တိခရစ် စိတ်သဘောထားတစ်ခုရှိတယ်၊ ဒါပေမဲ့ အန္တိခရစ် အနှစ်သာရတော့မရှိဘူးလို့ သတ်မှတ်ခဲ့တယ်။ ဒါကြောင့် ကျွန်မ နှင်ထုတ်မခံခဲ့ရဘူး။ နောက်ပိုင်းမှာ ကျွန်မက ကိုယ့်ကိုယ်ကိုယ် သိမြင်မှုနဲ့ နောင်တတချို့ရှိတာကို မြင်တော့ အသင်းတော်က ကျွန်မအတွက် တာဝန်တစ်ခု ထပ်ပြီး စီစဉ်ပေးတယ်။ ကျွန်မက ဒါကို ကြားတော့ ခံစားချက်တွေ ပြည့်သွားပြီး မျက်လုံးမှာ မျက်ရည်တွေဝဲသွားတယ်။ ဘုရားသခင်ဆီက ဒီနှုတ်ကပတ်တော်တွေကို ကျွန်မ တွေးမိတယ်။ “ဘုရားသခင်၏ စိတ်သဘောထားသည် ချက်ချာပြီး အထင်းသားမြင်သာကာ အမှုအရာများ ပြောင်းလဲဖြစ်ပေါ်ခြင်းအပေါ်မူတည်၍ သူ၏အတွေးများနှင့် သဘောထားတို့ကို သူပြောင်းလဲသည်။ နိနေဝေမြို့သားတို့အပေါ် သူ၏သဘောထား ပြောင်းလဲခြင်းက သူ၌ သူ၏ကိုယ်ပိုင်အတွေးနှင့် စိတ်ကူးများရှိကြောင်းကို လူသားမျိုးနွယ်အား ပြသည်။ သူသည် စက်ရုပ်သော်လည်းကောင်း၊ မြေရုပ်တုသော်လည်းကောင်း မဟုတ်ဘဲ အသက်ရှင်သည့် ဘုရားသခင်ကိုယ်တော်တိုင်ဖြစ်သည်။ နိနေဝေမြို့သားတို့ကို သူတို့၏သဘောထားများအရ သူတို့၏အတိတ်များကို ခွင့်လွှတ်နိုင်သကဲ့သို့ သူတို့ကို သူဒေါသထွက်နိုင်သည်။ နိနေဝေမြို့သားတို့အပေါ် ကံဆိုးခြင်းများ ကျရောက်စေဖို့ သူဆုံးဖြတ်နိုင်သကဲ့သို့ သူတို့၏နောင်တကြောင့် သူ၏ဆုံးဖြတ်ချက်ကိုလည်း သူပြောင်းလဲနိုင်သည်။ လူတို့က ဘုရားသခင်၏ စိတ်သဘောထားကို သိရန်ကြိုးစားရာ၌ ပုံသေနည်းများ အသုံးပြုရခြင်းကို နှစ်သက်သကဲ့သို့ စည်းမျဉ်းများကို တင်းတင်းကျပ်ကျပ် ကျင့်သုံးလိုကြပြီး ဘုရားသခင်ကို ဘောင်ခတ်၍ အဓိပ္ပာယ်သတ်မှတ်ရန် ထိုသို့သော စည်းမျဉ်းများကို အသုံးပြုလိုကြသည်။ ထို့ကြောင့် လူသား၏အတွေးနယ်ပယ်အရမူ ဘုရားသခင်သည် စဉ်းစားခြင်းမပြုသကဲ့သို့ သူ၌ ပဓာနကျသည့် စိတ်ကူးများလည်း မရှိဟူသတတ်။ အမှန်စင်စစ်မှာမူ ဘုရားသခင်၏ အတွေးများသည် အကြောင်းအရာများနှင့် ပတ်ဝန်းကျင်တို့ ပြောင်းလဲမှုများနှင့်အညီ အစဉ်တစိုက် ပြောင်းလဲနေသည်။ ဤအတွေးများက ပြောင်းလဲနေစဉ်တွင် ဘုရားသခင့်အနှစ်သာရ၏ မတူညီသည့် ရှုထောင့်များက ထုတ်ဖော်ခံရလေသည်။ ဤပြောင်းလဲမှုဖြစ်စဉ်ကာလအတွင်း ဘုရားသခင်က သူ၏စိတ်နှလုံးသားကို ပြောင်းလဲသည့်အချိန်အတိအကျတွင် သူသည် လူသားမျိုးနွယ်ကို သူ့အသက်၏ဖြစ်တည်မှုစစ်စစ်နှင့် သူ၏ဖြောင့်မတ်သည့် စိတ်သဘောထားက အင်တိုက်အားတိုက် အသက်ပါခြင်းနှင့် ပြည့်ဝနေကြောင်း ပြသသည်။ တစ်ချိန်တည်းမှာပင် သူ၏အမျက်ဒေါသ၊ သူ၏သနားကရုဏာ၊ သူ၏ချစ်ခင်ကြင်နာခြင်းနှင့် သူ၏သည်းခံခြင်းတို့၏ ဖြစ်တည်မှုဆိုင်ရာ အမှန်တရားကို လူသားမျိုးနွယ်အား သက်သေပြဖို့ သူ၏ကိုယ်ပိုင် စစ်မှန်သည့်ထုတ်ဖော်ခြင်းများကို ဘုရားသခင်အသုံးပြုသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၂)) ဘုရားရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားက အားအင်အပြည့်ရှိပြီး အရမ်းအသက်ပါတယ်။ အမျက်ဒေါသဖြစ်စေ၊ ဘုန်းအာနုဘော်ဖြစ်စေ၊ ကြင်နာခြင်း၊ ချစ်ခြင်းဖြစ်စေ အားလုံးက စစ်မှန်တယ်။ ဘုရားသခင်က ဘုရားအပေါ်နဲ့ သမ္မာတရားအပေါ် လူသားရဲ့ သဘောထားကို အခြေခံပြီး သူ့ရဲ့ စိတ်သဘောထားကို ဖြည်းဖြည်းချင်း ဖော်ပြတယ်။ ကျွန်မက ကိုယ်ပိုင်လမ်းကြောင်းပေါ်မှာရှိနေတုန်းက ကျွန်မကို ဖော်ထုတ်ဖို့၊ ရိုက်နှက်ဖို့၊ ပဲ့ပြင်ဆုံးမဖို့အတွက် ဘုရားသခင်က အခြေအနေတွေကို ထပ်ခါထပ်ခါ ပြင်ဆင်တယ်။ ဒါပေမဲ့ ကျွန်မက လုံးဝ နောင်တမရဘူး။ လုံးဝ ကိုယ့်ကိုယ်ကိုယ် ပြန်မသုံးသပ်ဘူး။ ခေါင်းမာနေခဲ့တယ်။ နှင်ထုတ်ခံရဖို့အချိန်ရောက်လာတဲ့အခါကျမှ နောက်ဆုံးမှာ နိုးထလာပြီး ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်လာတယ်။ ကျွန်မက ကိုယ့်ကိုယ်ကိုယ် နားလည်ပြီး ရွံရှာမှု နည်းနည်းရှိလာတာနဲ့ ကျွန်မရဲ့ မှားယွင်းတဲ့ လိုက်စားမှုတွေကို စွန့်လွှတ်ပြီး ဘုရားဘက်ကို ခြေဦးလှည့်ချင်စိတ်ဖြစ်လာတာနဲ့ ဘုရားသခင်က ကျွန်မအပေါ် သက်ညှာမှုကို ပြခဲ့ပြီး နောင်တရဖို့ နောက်ထပ် အခွင့်အရေးတစ်ခုပေးခဲ့တယ်။ ဒါက ဘုရားရဲ့ အမျက်ဒေါသဖြစ်စေ၊ ကျိန်ဆဲမှု၊ သက်ညှာမှု၊ သည်းခံမှုဖြစ်စေ အားလုံးက ဘုရားရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားကို အမှန်တကယ် ဖော်ပြမှုတွေပဲ။ ဘုရားသခင်အပေါ်နဲ့ သမ္မာတရားအပေါ် ကျွန်မရဲ့ သဘောထားကို အခြေခံပြီး ဘုရားရဲ့ စိတ်သဘောထားက ကျွန်မကို ဖော်ပြတာပါ။ ဘုရားရဲ့ စိတ်သဘောထားက အင်အားအပြည့်ရှိပြီး အသက်ပါတာကိုလည်း ကျွန်မ တကယ် ကြုံတွေ့ခဲ့ရတယ်။ ဘုရားသခင်က ကျွန်မဘေးမှာ အမြဲတမ်းရှိနေပြီး ကျွန်မရဲ့ စကားတိုင်း၊ လုပ်ရပ်တိုင်းကို ကြည့်ရှုနေပါတယ်။ ကျွန်မမှာ ဘာအတွေးတွေရှိပါစေ၊ ဘယ်လို ပြုမူပါစေ ဘုရားသခင်က ထင်မြင်ချက်တစ်ခုရှိပြီးဖြစ်တယ်။ အဲဒီအချိန်မှာ ကျွန်မက နှင်ထုတ်ခံရဖို့ကို မရင်ဆိုင်ခဲ့ရရင် ကျွန်မရဲ့ ထုံထိုင်းတဲ့၊ မာကျောတဲ့ နှလုံးသားက နောက်ပြန်လှည့်မှာမဟုတ်သေးဘူး။ ကျွန်မက ကိုယ့်ကိုယ်ကိုယ် တကယ် ပြန်သုံးသပ်မှာမဟုတ်ဘူး။ ဘုရားရဲ့ ကြမ်းတမ်းတဲ့ ပြစ်တင်ဆုံးမခြင်း၊ ပဲ့ပြင်ဆုံးမခြင်းမရှိရင် ကျွန်မက ပိုပြီးတော့ မာနထောင်လွှားပြီး ဘုရားကို ပိုပြီး အာခံတာတွေပဲ ဖြစ်လာမှာပဲ။ နောက်ဆုံးမှာ အပြစ်ဒဏ်ပေးခံရမှာပဲ။ ဒီအတွေ့အကြုံက ယုံကြည်သူတစ်ယောက်အနေနဲ့ ကျွန်မဘဝကို ပြောင်းလဲပေးခဲ့တယ်။ ဘုရားသခင်ရဲ့ လေးနက်တဲ့ ရည်ရွယ်ချက်တွေကို ကျွန်မ မြင်ခဲ့ပြီး ဘုရားရဲ့ ချစ်ခြင်းနဲ့ ကယ်တင်ခြင်းကို ခံစားခဲ့ရတယ်။

အရင်နွေရာသီတုန်းက ကျွန်မကို ဗီဒီယိုတွေ ပြန်လုပ်ဖို့ အသင်းတော်က စီစဉ်ပေးတယ်။ တစ်ခါတော့ ဗီဒီယိုတစ်ခုနဲ့ပတ်သက်ပြီး စိတ်ကူးတစ်ခုမှာ ကျွန်မ အခက်အခဲဖြစ်နေတယ်။ အဲဒီအချိန်မှာပဲ အစ်မတစ်ယောက်က ကျွန်မဆီလာတယ်။ ကျွန်မ အခက်အခဲကို သူသိသွားတော့ သူ့အမြင်ကို ပြောပြတယ်။ ကျွန်မက သူပြောတာနားထောင်ပြီး သူပြောတာက ကျွန်မလိုချင်သလို နည်းနည်းလေးမှ မဟုတ်ဘူးလို့ ခံစားမိပြီး နည်းနည်း အထင်သေးသွားတယ်။ ကျွန်မ စဉ်းစားတယ်။ “ကျွန်မက အကြာကြီးစဉ်းစားပြီး စိတ်ကူးရမလာသေးဘူး။ ရှင်က ဒီတာဝန်ကိုတောင် မလုပ်ဖူးသေးဘူးဆိုတော့ ဘယ်လို ကောင်းတဲ့အကြံတစ်ခုခုရှိမှာလဲ” ပေါ့။ ကျွန်မက ဆက်ပြီး နားမထောင်ချင်ဘူး။ ဒီအချိန်မှာ ကျွန်မရဲ့ မာနထောင်လွှားတဲ့ စိတ်သဘောထားက ပြန်ပြီး ကြွလာတာကို သတိထားမိလိုက်တယ်။ အဲဒါနဲ့ စိတ်နှလုံးထဲကနေ ဘုရားကို အမြန်ဆုတောင်းလိုက်ပြီးတော့ ကျွန်မ လတ်တလောဖတ်ထားတဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို စဉ်းစားမိတယ်။ “စုံလင်စေခြင်းလမ်းကြောင်းကို သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုအား သင်၏နာခံမှုအားဖြင့် ရောက်ရှိလေသည်။ ဘုရားသခင်က မည်သည့်လူအမျိုးအစားအားဖြင့် သင့်ကို စုံလင်စေမည်ကိုလည်းကောင်း၊ သူက မည်သည့်လူ၊ အဖြစ်အပျက် သို့မဟုတ် အမှုအရာအားဖြင့် သင့်အား အမှုအရာများကို ရရှိခွင့်ပြုမည် သို့မဟုတ် မြင်ခွင့်ပြုမည်ကိုလည်းကောင်း သင်မသိချေ။ သင်သည် ဤလမ်းမှန်ပေါ်၌ လျှောက်လှမ်းနိုင်လျှင်၊ သင့်အနေဖြင့် ဘုရားသခင်၏ စုံလင်အောင် ပြုလုပ်ပေးသည်ကိုခံရဖို့ ကြီးမားသော မျှော်လင့်ချက်ရှိကြောင်း ယင်းကပြသသည်။ သင်မလျှောက်လှမ်းနိုင်ပါက၊ သင့်အနာဂတ်သည် မျှော်လင့်ချက်မရှိ၊ အလင်းရောင်ကင်းမဲ့သော အနာဂတ်ဖြစ်ကြောင်း ယင်းကပြသသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို စစ်မှန်သော နှလုံးသားနှင့် နာခံသောသူတို့သည် ဘုရားသခင်၏ ပိုင်ဆိုင်ခြင်းကို ဧကန်အမှန် ခံကြရလိမ့်မည်) ကျွန်မက တကယ်ကို အသိစိတ်ကင်းမဲ့နေတာကို တွေ့ခဲ့တယ်။ ဒီအစ်မက ဒီတာဝန်မှာ အတွေ့အကြုံမရှိဘဲနဲ့ အကြံကောင်းတွေမပေးနိုင်ဘူးလို့ ကျွန်မ ထင်ခဲ့တယ်။ ဒါက ကျွန်မရဲ့ ကိုယ်ပိုင်အကဲဖြတ်မှုဖြစ်ပြီး ဘုရားနှုတ်ကပတ်တော်နဲ့ လုံးဝ မကိုက်ညီပါဘူး။ ကျွန်မက ဦးနှောက်ရှိတယ်၊ ပါရမီတွေရှိတယ်လို့ ထင်ခဲ့တယ်။ ဒါပေမဲ့ ဘုရားက ကျွန်မကို လမ်းပြမနေဘူးဆိုရင် ကျွန်မ ဘယ်လောက်ပဲ ကြိုးစားပါစေ စိတ်ကူးထုတ်နိုင်မှာမဟုတ်ဘူး။ ကျွန်မရဲ့ အရင်က ကျရှုံးမှုတွေကို တွေးပြီး ကိုယ့်ကိုယ်ကိုယ် ထပ်ပြီး မယုံကြည်ရဲတော့ဘူး။ သန့်ရှင်းသောဝိညာဉ်တော်က ဒီအစ်မကို ဦးဆောင်တာ၊ ဉာဏ်အလင်းဖွင့်ပေးတာ လုပ်ချင်လုပ်လိမ့်မယ်။ ဒါကြောင့် ကျွန်မက မာနထောင်လွှားလို့မရဘူး။ သူ့ကို ဘောင်ခတ်လို့မရဘူး။ ကျွန်မ ကိုယ့်ကိုယ်ကိုယ် ငြင်းပယ်လိုက်ပြီး ဒီအစ်မရဲ့ အကြံတွေကို သေချာနားထောင်လိုက်တယ်။ ကျွန်မ ကိုယ်တိုင် သတိမထားမိဘဲ ကျွန်မတို့ စကားပြောကြတာကနေ ခွန်အားတချို့ရခဲ့တယ်။ ကျွန်မစဉ်းစားပုံက ပိုရှင်းလာတယ်။ ဘုရားသခင်ကို ကျွန်မ တကယ် ကျေးဇူးတင်ခဲ့ပါတယ်။ ဒါကို ကျွန်မ တွေ့ကြုံရလေလေ၊ ကျွန်မက မာနထောင်လွှားလွန်းခဲ့တယ်ဆိုတာ ခံစားရလေလေပဲ။ ကျွန်မက စာတန်ဖျက်ဆီးတာကို တော်တော်ခံထားရတယ်၊ ကျွန်မရဲ့ မာနထောင်လွှားတဲ့သဘာဝက အရမ်းအမြစ်တွယ်နေတယ်ဆိုတာ မြင်ခဲ့ပြီး ကိုယ့်ကိုယ်ကိုယ် ပိုပြီးတော့တောင် မုန်းတီးခဲ့တယ်။ ဒါပေမဲ့ ကျွန်မက မာနထောင်လွှားတဲ့သဘာဝရဲ့ ပြဿနာကို နေ့ချင်းညချင်း မဖြေရှင်းနိုင်ဘူး၊ ဘုရားသခင်က ထပ်ခါထပ်ခါ တရားစီရင်ခြင်း၊ ပြုပြင်ခြင်းကို ခံရခြင်းကနေ ဖြေရှင်းရမယ်ဆိုတာ ကျွန်မ သိခဲ့တယ်။ ဘုရားကို ခဏခဏ ဆုတောင်းပြီး ဘုရားရဲ့ ပြစ်တင်ဆုံးမခြင်းနဲ့ ပဲ့ပြင်ဆုံးမခြင်းကို တောင်းခံတယ်။ ကျွန်မ ဘယ်လောက်ပဲ ဒုက္ခခံရပါစေ သမ္မာတရားကို ဆက်လိုက်စားမယ်၊ တာဝန်ထမ်းဆောင်မယ်၊ ဘုရားရဲ့ စိတ်နှလုံးကို နှစ်သိမ့်စေမယ်လို့ ကျိန်ဆိုခဲ့ပါတယ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ကျွန်မ၏ ရာထူးဂုဏ်ဒြပ် အား ဆုံးရှုံး ပြီးနောက်

ဟူမင်း၊ ဟိုင်နန်စီရင်စု ခေါင်းဆောင် နေရာကို အခြားလူတစ်ယောက်ဖြင့် အစားထိုး ခန့်အပ် ခြင်း ခံရသော သူတစ်ဦး တစ်ယောက် ကိုတွေ့မြင်ရသည့်အပြင်၊...

တိတ်ဆိတ်ခြင်း၏နောက်ကွယ်

လိဂျီး ဂရိနိုင်ငံကျွန်မက စကားများများ ပြောလေ့ရှိသူ တစ်ဦး မဟုတ်သကဲ့သို့ ကျွန်မ စိတ်ထဲရှိသည့်အတိုင်း မကြာခဏ ရင်ဖွင့်လေ့လည်း မရှိပါ။ ကျွန်မက...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။