ကျွန်ုပ် အလွန်မာနထောင်လွှားလာပြီး ကိုယ်မှန်သည်ဟု ယူဆရသည့်အကြောင်းရင်း

13.12.2022

မုတုံ ဂျပန်နိုင်ငံ

၂၀၁၇ ခုနှစ်မှာ အသင်းတော်က ကျွန်မအတွက် နိုင်ငံခြားလူသစ်တွေကို ရေလောင်းပေးဖို့ စီစဉ်တယ်။ နိုင်ငံခြားဘာသာစကားတွေမှာ ကျွန်မက ကျွမ်းကျင်မှုတချို့ရှိပြီး အရင်က လူသစ်တွေကို ရေလောင်းဖူးလို့၊ ဒီအလုပ်က အရမ်းမခက်ဘူးလို့ တွေးခဲ့တာ။ ဒါပေမဲ့ ဘုရားအိမ်တော်မှာ ကိုယ့်တာဝန်ကို လုပ်တာက အထူးကျွမ်းကျင်မှုတွေ ရှိတာသက်သက် မဟုတ်မှန်း သိတယ်။ သမ္မာတရားကိုလည်း နားလည်ပြီး စည်းမျဉ်းတွေအတိုင်း ပြုမူရမယ်။ ဒါကြောင့် ပထမမှာတော့ ကျွန်မ အတော်အတန် နှိမ့်ချခဲ့တယ်။ ကိစ္စတွေ ဖြစ်တဲ့အခါ ပိုဆုတောင်းပြီး ဘုရားကို မှီခိုဖို့ ကိုယ့်ကိုယ်ကိုယ် အမြဲ သတိပေးခဲ့ပြီး၊ ကိစ္စတွေကို နားမလည်တဲ့အခါ၊ တခြားလူတွေနဲ့ တိုင်ပင်ပြီး ရှာဖွေခဲ့တယ်။ အချိန်တစ်ခုကြာပြီးတဲ့နောက်မှာ၊ ကိုယ့်အလုပ်က ရလဒ်တချို့ကို တွေ့ခဲ့တယ်။ စုဝေးပွဲတွေ မလာခဲ့တဲ့ လူသစ်တချို့က တက်တက်ကြွကြွ စတက်လာကြပြီး၊ သူတို့တာဝန်တွေကို ထမ်းဆောင်ဖို့ လိုလားနေကြတယ်။ နောက်ပိုင်းမှာ အသင်းတော်ခေါင်းဆောင်တွေ ဖြစ်လာကြမဲ့ လူသစ်တချို့ကိုလည်း ကျွန်မ လေ့ကျင့်ပေးခဲ့တယ်။ ဒါကြောင့် ကျွန်မ အရမ်းပျော်ပြီး၊ ဒီအလုပ်မှာ ပါရမီတချို့ရှိတယ်လို့ ခံစားရတယ်။ နောက်ပိုင်းမှာ၊ ခက်ခဲတဲ့ ပြဿနာတွေရှိတဲ့ လူတိုင်း ကျွန်မနဲ့ ဆက်သွယ်ပြောဆိုဖို့ လာပြီး၊ ကျွန်မ တင်ပြတဲ့ အမြင်တွေကို မကြာခဏ လက်ခံကြတယ်။ တဖြည်းဖြည်းနဲ့ ကိုယ့်ကိုယ်ကိုယ် ကျွန်မ အသိအမှတ်ပြုလာတယ်။ နိုင်ငံခြားဘာသာစကားရော၊ ရေလောင်းရာမှာပါ ကျွန်မက အဖွဲ့ထဲမှာ စွမ်းဆောင်ရည်အရှိဆုံးလို့ ခံစားရတယ်။ အဲဒီနောက်မကြာခင်မှာပဲ၊ ကြီးကြပ်ရေးမှူးအနေနဲ့ ကျွန်မ အရွေးခံရတယ်။ အဲဒါက ကျွန်မမှာ သာမန်ထက်ထူးတဲ့ စိတ်စွမ်းရည်ရှိပြီး အလုပ်စွမ်းဆောင်ရည်တွေ ရှိတယ်လို့ ပိုလို့တောင် တွေးမိသွားစေတယ်။ မသိလိုက်ဘဲနဲ့ ကျွန်မ စပြီး မာနထောင်လွှားလာတယ်။ ဘယ်ပြဿနာပဲပေါ်ပေါ်၊ ရိုးရှင်းတယ်လို့ ခံစားပြီး၊ ကိုယ်အကောင်းဆုံးလို့ တွေးမိသမျှကို တန်းလုပ်လိုက်တယ်။ ဆုမတောင်းသလို မရှာဖွေခဲ့ဘူး၊ ပြီးတော့ တခြားလူတွေနဲ့လည်း မတိုင်ပင်ခဲ့ဘူး။ တစ်ခါ၊ အလုပ်မှာ ပြဿနာတစ်ခု ရှိပြီး၊ ကျွန်မတွဲဖက် ညီအစ်မက စည်းမျဉ်းတွေ ရှာချင်တယ်လို့ပြောတယ်။ ကျွန်မ အရမ်းမထီမဲ့မြင်ပြုပြီး ကျွန်မညီမကို မျက်မှောင်ကြုတ်ပြောလိုက်တယ်။ “အရမ်းရိုးရှင်းတဲ့‌ ပြဿနာပဲ။ နည်းနည်း စဉ်းစားဖို့ပဲ လိုပြီး အဖြေသိသွားလိမ့်မယ်။ စည်းမျဉ်းတွေကို ရှာတာက သိပ်မလိုပါဘူး၊ ဟုတ်တယ် မဟုတ်လား”လို့ပေါ့။ အဲဒီတော့မှာ သူက ကျွန်မကို အရမ်းသတိထားပြီး စကားပြောတယ်။ အဲဒီအတောအတွင်းမှာ၊ ကျွန်မက အရမ်း မာနထောင်လွှားတယ်လို့ တခြားညီအစ်ကို မောင်နှမတွေကလည်း ပြောတယ်။ ဒါပေမဲ့ ကျွန်မလုံးဝ ဂရုမစိုက်ခဲ့ဘူး။ ကျွန်မ နည်းနည်း မာနထောင်လွှားပေမဲ့ လူတိုင်း ပြဿနာတွေ ရှိကြတာပဲလို့ ခံစားခဲ့တယ်။ ဒါ့အပြင်၊ စိတ်စွမ်းဆောင်ရည် နည်းနည်းရှိတဲ့သူက ဘယ်လိုလုပ် မာနမထောင်လွှားဘဲ နေနိုင်မှာလဲ။ ဒါကြီးကြီးမားမား ပြဿနာမဟုတ်ဘူးလို့ တွေးခဲ့တယ်။ တစ်ခါ၊ လူသစ်တစ်ယောက်ကို ကျွန်မက အဖွဲ့ခေါင်းဆောင်အနေနဲ့ လက်တွေ့လုပ်စေချင်ခဲ့တယ်။ ဒီလူသစ်က ယုံကြည်တဲ့အချိန် အရမ်းတိုတောင်းတယ်၊ အခြေခံအုတ်မြစ်မရှိသလို အလုပ်ကို မလုပ်နိုင်ဘူးလို့ ခေါင်းဆောင်က ထင်ခဲ့တယ်။ ဒါကို ကြားတော့ ကျွန်မ အရမ်းခုခံနေခဲ့ပြီး တွေးမိတယ်၊ “ရှင်ခေါင်းဆောင်ဖြစ်တာ ထားလိုက်၊ ကျွန်မလောက် လူသစ်တွေကို ရှင် နားမလည်ဘူးပဲ။ ရှင့်လောက် ကျွန်မမှာ ပူပန်စရာတွေများရင်၊ လူသစ်တွေကို လေ့ကျင့်ပေးတာ ဘယ်တော့များမှ ပြီးပါတော့မလဲ”လို့ပေါ့။ ခေါင်းဆောင်ရဲ့ အတွေးကို ချေပဖို့ အကြောင်းပြချက်မျိုးစုံ ကျွန်မရှာခဲ့တယ်။ အဲဒီနောက်မှာ၊ လူသစ်က အဖွဲ့ခေါင်းဆောင်အဖြစ်ကို တိုက်ရိုက် ရာထူးတိုးခံခဲ့ရတယ်။ သိပ်မကြာလိုက်ဘူး၊ အလုပ်က အရမ်းစိတ်ဖိစိးမှုများတယ်လို့ သူခံစားရတယ်၊ အပျက်သဘောဆောင်လာပြီး သူ့တာဝန်ကနေ ရပ်နားလုမတတ်ပဲ။ အဲဒီတုန်းက၊ အရမ်း စိတ်မကောင်းဖြစ်ခဲ့တယ်။ ခေါင်းဆောင်ရဲ့ အကြံကို ကျွန်မ နားမထောင်ခဲ့တာ အရမ်းနောင်တရခဲ့တယ်။ ဒါပေမဲ့ နောက်တော့ တွေးမိတယ်၊ “ဘယ်သူမှ မပြည့်စုံဘူး၊ သွေဖည်မှုမရှိဘဲ ဘယ်သူက ကိုယ့်တာဝန်ကို လုပ်လို့လဲ။ နောက်တစ်ခါကျရင် ပိုကောင်းအောင် ကြိုးစားရုံပဲလေ”လို့ပေါ့။ နောက်ပိုင်းမှာ၊ အရမ်း မာနထောင်လွှားလို့ ခေါင်းဆောင်ကလည်း ကျွန်မကို ဖော်ထုတ် ကိုင်တွယ်ဖြေရှင်းခဲ့တယ်။ ဒီလိုဆက်လုပ်ဖို့က အရမ်းအန္တရာယ်များတယ်တဲ့။ အဲဒီတုန်းက၊ ကြားရတာ စိတ်မသက်မသာ နည်းနည်းဖြစ်မိပေမဲ့၊ ကိုယ့်ကိုယ်ကိုယ် သိတဲ့အသိ မရှိခဲ့ဘူး။

နောက်ပိုင်းမှာ၊ အစ်မယီနဲ့ ကျွန်မက အသင်းတော်အလုပ်ကို ကြီးကြပ်ဖို့ အတူအလုပ်လုပ်ကြတယ်။ သူက သူ့အလုပ်မှာ ပိုဂရုစိုက်ပြီး အလေးအနက်ထားသလို၊ သမ္မာတရားရဲ့ စည်းမျဉ်းတွေကို ရှာဖွေတာ အာရုံစိုက်တယ်။ ကျွန်မတို့ အလုပ်အကြောင်း ဆွေးနွေးပြီး ဆုံးဖြတ်ချက်တွေ ချတော့၊ မဆုံးဖြတ်ခင် ကိစ္စတွေကို ထပ်တလဲလဲ စုံစမ်းပြီး အတည်ပြုခဲ့တယ်။ ဒါပေမဲ့ ကျွန်မကု သူဟာ လုံလောက်အောင် မကျွမ်းကျင်ဘူးလို့ တွေးမိလို့ စအထင်သေးမိခဲ့တယ်။ အဲဒီနောက်မှာ ကိုယ့်ဘာသာ ဆုံးဖြတ်ချက်တွေ အများကြီးချပြီး သူ့ကို အလေးအနက် လုံးဝ မထားတော့ဘူး။ တစ်ခါ၊ အသင်းတော်က ပစ္စည်းတချို့ ဝယ်ဖို့လိုခဲ့ပြီး၊ ဒါက အလှူငွေတွေကို သုံးဖို့ ပါဝင်တာကြောင့်၊ ကျွန်မတွဲဖက်နဲ့ ဆွေးနွေးဖို့ ခေါင်းဆောင်က ကျွန်မကို ထပ်တလဲလဲ ပြောခဲ့တယ်။ ဆွေးနွေးပါ့မယ်လို့ ကျွန်မကတိပေးခဲ့ပေမဲ့ တွေးမိတယ်၊ “ဒီအရာတွေက အရမ်းမခက်သလို၊ အရင်ကလည်း ငါ လုပ်ဖူးပြီးပြီပဲ။ ဒါကိုတစ်ယောက်တည်း လုပ်လို့ရပါတယ်။ ဘာလို့ တွဲဖက်လိုမှာလဲ”လို့ပေါ့။ ကျွန်မတွဲဖက်က ကျွန်မဝယ်တာတွေနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တချို့ကို မေးတဲ့စာပို့တော့၊ ကျွန်မက အစီအစဉ်တွေလုပ်ပြီးပြီဖြစ်ပြီး သူ့အနေနဲ့ စိုးရိမ်စရာမလိုဘူးလို့ ကျွန်မ မစဉ်းစားဘဲ ပြန်ဖြေလိုက်တယ်။ အကျိုးဆက်ကတော့ ကျွန်မဝယ်ခဲ့တဲ့ ပစ္စည်းတွေက စံမမီခဲ့သလို၊ အလှူငွေတွေက အလဟဿဖြစ်သွားခဲ့တာပဲ။ အဲဒီတုန်းက ကျွန်မ လန့်သွားတယ်။ အလှူငွေတွေကို ဖြုန်းတီးတာက ကြီးမားတဲ့ ကျူးလွန်မှုဖြစ်မှန်း သဘောပေါက်မိတယ်။ ကျွန်မစိတ်နှလုံးပေါ် လေးလံတဲ့ ကျောက်တုံတစ်ခုက ကျွန်မ အသက်မရှူနိုင်အောင် ဖိနေသလိုပဲ။ တိတ်တဆိတ် ကျွန်မ မကြာခဏ ငိုမိပြီး၊ နေ့တိုင်း အရမ်းစိတ်ဖိစီးပြီး နာကျင်စရာဖြစ်ခဲ့တယ်။ ကျွန်မအခြေအနေက ပိုဆိုးနေခဲ့တယ်၊ ကျွန်မတာဝန်က ပိုခက်ခဲလာပြီး၊ ပြဿနာ တော်တော်များများကို ရှင်းရှင်း မမြင်နိုင်ခဲ့ဘူး။

နောက်ပိုင်းမှာ၊ ခေါင်းဆောင်က ကျွန်မနဲ့ မိတ်သဟာယပြု၊ ဖော်ထုတ်ပြီး ကိုင်တွယ်ဖြေရှင်းခဲ့တယ်။ ကျွန်မရဲ့ စိတ်သဘောထားက အရမ်း မာနထောင်လွှားပြီး ကိုယ်မှန်တယ်လို့ ယူဆတယ်၊ ကိုယ့်တာဝန်မှာ ထင်ရာမြင်ရာ ပြုမူတယ်၊ တခြားလူတွေနဲ့ ပူးပေါင်းမလုပ်ခဲ့ဘူး၊ တခြားလူတွေရဲ့ အကြံတွေကို နားမထောင်ခဲ့သလို၊ ကြီးကြပ်ရေးမှူးဖြစ်ဖို့ ကျွန်မ မသင့်တော်ဘူးတဲ့။ အထုတ်ခံရပြီးတဲ့နောက်မှာ၊ ကျွန်မ စိတ်မချမ်းမသာဖြစ်ခဲ့တယ်။ ဘုရားဆီ ကျွန်မဆုတောင်းတယ်။ “ဘုရားသခင်၊ ကျွန်မ အဲဒီလောက် ဘယ်လိုနိမ့်ကျသွားမှန်း မသိပါဘူး။ ကျွန်မ အထုတ်ပယ်ခံရတဲ့နောက်ကွယ်မှာ ကိုယ်တော်ရဲ့ အလိုတော်ရှိမှန်း သိပါတယ်။ ဒါပေမဲ့ ကျွန်မရဲ့ကျရှုံးမှု ရင်းမြစ်ကို ကျွန်မ မသိပါဘူး။ ကျွန်မကို ဉာဏ်အလင်းပေးပြီး ကိုယ့်ကိုယ်ကိုယ် မှန်မှန်ကန်ကန် သုံးသပ်ဖို့ ကူညီပါ”လို့ပေါ့။ ကျွန်မ ဝတ်ပြုဆုတောင်းတဲ့ အတောအတွင်းမှာ ဘုရားနှုတ်ကပတ်တော်ဗီဒီယိုတစ်ခု ကြည်ခဲ့တယ်။ “အချို့သောသူများသည် သူတို့၏တာဝန်များ ဆောင်ရွက်စဉ်တွင်ပင် သမ္မာတရားကို မရှာဖွေကြပေ။ သူတို့ စိတ်ကျေနပ်စေရုံမျှသာ လုပ်ဆောင်ကြသည်။ သူတို့၏ ကိုယ်ပိုင်စိတ်ကူးများအတိုင်းသာ ပြုမူကြပြီး အမြဲပင် ထင်ရာစိုင်းကာ မဆင်မခြင် ပြုလုပ်ကြပေသည်။ ပြီးလျှင် ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်သည့် လမ်းကြောင်းကို မလျှောက်ကြပေ။ ‘မဆင်မခြင်ထင်ရာစိုင်းခြင်း’ ဆိုသည်မှာ ဘာကိုဆိုလိုသနည်း။ ၎င်းသည် ကိစ္စတခုခုတွေ့ကြုံသည့်အခါ သူတစ်ပါးပေးသော အကြံဉာဏ်ကို အလေးမထား၊ စဉ်းစားတွေးခေါ်မှုမရှိဘဲ ကိုယ်အမြင်အတိုင်း ပြုမူခြင်းကို ဆိုလိုသည်။ သို့မဟုတ် ရှာဖွေခြင်းအတွက် မည်သည့်နည်းစနစ်မှ မရှိခြင်းကို ဆိုလိုသည်။ အခြားသူတစ်ဦးတလေ ပြောသည့် မည်သည့်အရာမျှ သင့်စိတ်နှလုံးကို မတို့ထိနိုင်၊ သို့မဟုတ် သင့်စိတ်ကို မပြောင်းလဲနိုင်ပေ။ သင့်ကို သမ္မာတရား မိတ်သဟာယဖွဲ့သည့်အခါတွင် သင်သည် လက်ပင်မခံနိုင်ပေ။ အခြားလူများက အမှန်တစ်ခုတလေကို ပြောသည့်အခါတွင် သင်နားမထောင်ဘဲ၊ သင့်ကိုယ်သင် မှန်ကန်သည်ဟု ယုံကြည်ပြီး သင်၏ကိုယ်ပိုင် စိတ်ကူးများကို ဖက်တွယ်ထားလျက်၊ မိမိ၏ ကိုယ်ပိုင်ထင်မြင်ယူဆချက်များကိုသာ ဆုပ်ကိုင်ထားသည်။ သင်၏အတွေးက မှန်ကန်လျှင်ပင် သင်သည် အခြားလူများ၏ ထင်မြင်ယူဆချက်များကိုလည်း ထည့်တွက်စဉ်းစားသင့်သည် မဟုတ်လော။ သင်သည် လုံးဝ ထည့်တွက်မစဉ်းစားလျှင်၊ ဤသည်မှာ အလွန်အမင်း မိမိကိုယ်ကိုယ် မှန်သည်ဟု မှတ်ယူခြင်း မဟုတ်သလော။ မိမိကိုယ်ကိုယ် မှန်သည်ဟု အလွန်အမင်း မှတ်ယူပြီး ထိန်းရကျောင်းရခက်သော လူများအတွက် သမ္မာတရားကို လက်ခံဖို့ မလွယ်ကူပေ။...သင်၏ သဘောထားသည် ခေါင်းမာစွာဖြင့် မရမက သမ္မာတရားကို ငြင်းဆိုခြင်း၊ အခြားမည်သူမဆို၏ အကြံပြုချက်များကို ငြင်းပယ်ခြင်း၊ သမ္မာတရားကို မရှာဖွေခြင်း၊ သင့်ကိုယ်သင်သာ ယုံကြည်မှုရှိခြင်းနှင့် သင်အလိုရှိသည့်အတိုင်းသာ လုပ်ဆောင်ခြင်းဖြစ်လျှင်၊ ဘုရားသခင် လုပ်ဆောင်သည့်အရာ၊ သို့မဟုတ် တောင်းဆိုသည့်အရာက မည်သည့်အရာဖြစ်စေ ဤသည်မှာ သင်၏ စိတ်သဘောထားဖြစ်လျှင် ဘုရားသခင်၏ တုံ့ပြန်မှုက အဘယ်အရာဖြစ်သနည်း။ ဘုရားသခင်က သင့်ကို အလေးဂရုမပြုပေ။ သင့်ကို ဘေးဖယ်ထားသည်။ သင်သည် ထိန်းကျောင်းရမခက်သလော။ သင်သည် မာနမထောင်လွှားသလော။ သင်သည် မိမိ အစဉ်အမြဲမှန်ကန်သည်ဟု မထင်သလော။ သင်သည် နာခံခြင်းမရှိလျှင်၊ မည်သည့်အခါမျှ မရှာဖွေလျှင်၊ သင်၏ စိတ်နှလုံးသည် လုံးလုံး ပိတ်ထားပြီး ဘုရားသခင်ကို အာခံလျှင်၊ ဘုရားသခင်က သင့်အား အလေးဂရုမပြုပေ။ အဘယ်ကြောင့် ဘုရားသခင်က သင့်အား အလေးဂရုမပြုသနည်း။ သင်၏ စိတ်နှလုံးသည် ဘုရားသခင်အတွက်ပိတ်ထားလျှင် ဘုရားသခင်၏ ဉာဏ်အလင်းဖွင့်ပြမှုကို သင် လက်ခံနိုင်သလော။ ဘုရားသခင်က သင့်ကို အပြစ်တင်သောအခါ သင် ခံစားရနိုင်သလော။ လူတို့သည် ခေါင်းမာသောအခါ ၎င်းတို့၏ ဆိုးယုတ်သော၊ ရိုင်းစိုင်းသော သဘာဝက အလုပ်လုပ်သည့်အခါ၊ ဘုရားသခင်လုပ်ဆောင်သော မည်သည့်အရာကိုမျှ ၎င်းတို့ မခံစားရပေ။ အားလုံးက သက်ရောက်မှုမရှိပေ။ ထို့ကြောင့် ဘုရားသခင်က အသုံးမဝင်သောအလုပ်ကို မလုပ်ဆောင်ပေ။ သင်သည် ဤသို့သော ခေါင်းမာစွာ ဆန့်ကျင်တတ်သည့် သဘောထားမျိုးရှိလျှင် ဘုရားသခင်လုပ်ဆောင်သမျှမှာ သင့်ထံမှ ပုန်းကွယ်ခြင်းသာဖြစ်သည်။ ဘုရားသခင်က မလိုလားအပ်သောအရာများကို လုပ်ဆောင်မည်မဟုတ်ပေ။ သင်သည် ဤသို့ ခေါင်းမာစွာ ဆန့်ကျင်နေသောအခါ၊ ဤသို့ ပိတ်ဆို့ထားသောအခါ၊ ဘုရားသခင်သည် သင့်အထဲတွင် မည်သည့်အရာကိုမျှ လုံးဝ အတင်းဆောင်ရွက်လိမ့်မည်မဟုတ်ပေ၊ သို့မဟုတ် သင့်အပေါ် မည်သည့်အရာကိုမျှ အတင်းလုပ်ဆောင်မည်မဟုတ်ပေ။ သူသည် သင့်အား တို့ထိပြီး ဉာဏ်အလင်းဖွင့်ပြရန် မည်သည့်အခါမျှ ဆက်လက်၍ ထပ်ခါထပ်ခါ ကြိုးစားမည်မဟုတ်ပေ။ ဘုရားသခင်က ဤသို့ မဆောင်ရွက်ပေ။ ဘုရားသခင်က အဘယ်ကြောင့် ထိုသို့ မလုပ်ဆောင်သနည်း။ အဓိကအားဖြင့် ဘုရားသခင်သည် သင့်တွင် စိတ်သဘောထားတစ်မျိုး၊ သမ္မာတရားကို စိတ်ကုန်ပြီး ဆင်ခြင်တုံတရား မရှိနိုင်သော အထိန်းအကွပ်မဲ့ကြမ်းတမ်းမှုကို မြင်တွေ့ပြီးဖြစ်သောကြောင့်ဖြစ်သည်။ ရိုင်းစိုင်းသော တိရစ္ဆာန်တစ်ကောင်က အထိန်းအကွပ်မဲ့ကြမ်းတမ်းနေသောအခါတွင် လူတို့သည် ယင်းကို ထိန်းချုပ်နိုင်သည်ဟု သင်ထင်သလော။ ယင်းကို အော်ဟစ်ပြောဆိုခြင်းက တစ်ခုခုထူးခြားစေသလော။ ယင်းကို ကျိုးကြောင်းပြပြောဆိုခြင်း၊ သို့မဟုတ် နှစ်သိမ့်ခြင်းသည် တစ်ခုခုအသုံးဝင်သလော။ ယင်းကို လူတို့က ချဉ်းကပ်ရဲသလော။ ဤအရာကို ဖော်ပြရန် နည်းလမ်းကောင်းတစ်ခုရှိသည်။ ထိုတိရစ္ဆာန်သည် ဆင်ခြင်တုံတရား မရှိနိုင်ပေ။ လူတို့၏ အထိန်းအကွပ်မဲ့ ကြမ်းတမ်းမှုက ဖြစ်ပေါ်နေပြီး ၎င်းတို့သည် ဆင်ခြင်တုံတရား မရှိနိုင်သောအခါ ဘုရားသခင်က မည်သည့်အရာကို လုပ်ဆောင်သနည်း။ ဘုရားသခင်က ၎င်းတို့ကို အလေးဂရုမပြုပေ။ သင်သည် ဆင်ခြင်တုံတရား မရှိနိုင်ပါက၊ အပေါ် ဘုရားသခင်က သင့်အား မည်သည့်အရာကို ထပ်၍ ပြောရမည်နည်း။ တစ်ခုခုထပ်၍ ပြောဆိုခြင်းသည် အသုံးမဝင်ပေ။ ဘုရားသခင်က သင့်ကို အလေးဂရုမပြုသောအခါ သင်သည် ကောင်းချီးခံစားရသလော၊ သို့မဟုတ် ဒုက္ခခံရသလော။ အကျိုးအမြတ်အချို့ရသလော၊ သို့မဟုတ် ဆုံးရှုံးမှုကို ခံရသလော။ သင်သည် ဧကန်မုချ ဆုံးရှုံးမှုကို ခံရလိမ့်မည်။ မည်သူက ဤအရာကို ဖြစ်စေသနည်း။ (ကျွန်ုပ်တို့ ဖြစ်စေပါသည်။) သင် ဖြစ်စေသည်။ သင့်ကို ဤသို့ပြုမူရန် မည်သူကမျှ အတင်းမတိုက်တွန်းပေ။ သို့တိုင်အောင် သင်က စိတ်မချမ်းမသာဖြစ်သည်။ သင့်အပေါ်သို့ ဤအရာကို သင်ကိုယ်တိုင် ဖြစ်စေသည်မဟုတ်လော။ ဘုရားသခင်က သင့်ကို အလေးဂရုမပြုပေ။ ဘုရားသခင်ကို သင်မခံစားရနိုင်ပေ။ သင်၏ စိတ်နှလုံးတွင် မှောင်မိုက်ခြင်းရှိသည်။ သင်၏ အသက်တာသည် အထိအခိုက်ခံရသည်။ သင့်အပေါ်သို့ ဤအရာကို သင်ကိုယ်တိုင်ဖြစ်စေသည်။ သင်နှင့် ထိုက်တန်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး) ဘုရားနှုတ်ကပတ်တော်က ကျွန်မအခြေအနေကို ထုတ်ဖော်ပြတယ်။ အထူးသဖြင့် ဒီလိုပြောတဲ့နေရာမှာပေါ့။ “သင်သည် ထိန်းကျောင်းရမခက်သလော။ သင်သည် မာနမထောင်လွှားသလော။ သင်သည် မိမိ အစဉ်အမြဲမှန်ကန်သည်ဟု မထင်သလော။ သင်သည် နာခံခြင်းမရှိလျှင်၊ မည်သည့်အခါမျှ မရှာဖွေလျှင်၊ သင်၏ စိတ်နှလုံးသည် လုံးလုံး ပိတ်ထားပြီး ဘုရားသခင်ကို အာခံလျှင်၊ ဘုရားသခင်က သင့်အား အလေးဂရုမပြုပေ။” “ဘုရားသခင်က သင့်ကို အလေးဂရုမပြုပေ။ ဘုရားသခင်ကို သင်မခံစားရနိုင်ပေ။ သင်၏ စိတ်နှလုံးတွင် မှောင်မိုက်ခြင်းရှိသည်။ သင်၏ အသက်တာသည် အထိအခိုက်ခံရသည်။ သင့်အပေါ်သို့ ဤအရာကို သင်ကိုယ်တိုင်ဖြစ်စေသည်။ သင်နှင့် ထိုက်တန်သည်။” ဒါကို ဖတ်ရတာ ကျွန်မကို ဘုရားက မျက်နှာချင်းဆိုင် ဖော်ထုတ်နေသလိုမျိုး စိတ်ထိခိုက်စေတယ်။ တာဝန်ကို ကျွန်မ အရမ်းမာနထောင်လွှားစွာနဲ့ ထင်ရာမြင်ရာ လုပ်ခဲ့မိတယ်။ နိုင်ငံခြားဘာသာစကားကို နားလည်ပြီး ဒီတာဝန်မှာ အတော်အတန် ထိရောက်လို့၊ ကျွန်မမှာ အစွမ်းအစကောင်းနဲ့ အရည်အချင်းတွေ ရှိတယ်လို့ ခံစားခဲ့တယ်။ ကြီးကြပ်ရေးမှူးအနေနဲ့ အရွေးခံရတော့၊ ကျွန်မ အရမ်းစွမ်းဆောင်နိုင်တယ်လို့ ခံစားခဲ့တယ်။ ဒါကြောင့် တခြားလူတွေကို စအထင်သေးပြီး မထီမဲ့မြင်ပြုခဲ့သလို၊ ဘယ်သူကိုမှ အလေးအနက် သဘောမထားခဲ့ဘူး။ ကိုယ့်အလုပ်မှာ ပြဿနာတွေရှိတော့၊ တခြားလူတွေနဲ့ ဆွေးနွေးခဲတယ်။ ပြီးတော့ ကိုယ်လုပ်ချင်တာမှန်သမျှ လုပ်ခဲ့တယ်။ ညီအစ်ကို မောင်နှမတွေက မတူတဲ့ အကြံတွေ တင်ပြတော့၊ အဲဒါတွေကို ဘုရားဆီကလို့ မခံယူခဲ့ဘူး။ အဲဒီအစား၊ ကျွန်မသဘောထားက၊ “ဒါကို ရှင်ပိုနားလည်လား၊ ကျွန်မက ပိုနားလည်လား” ဆိုတာပဲ။ တခြားလူတွေပြောတာ မှန်ရင်တောင်၊ လက်မခံခဲ့ဘူး။ အဲဒီအစား၊ ခုခံ၊ ငြင်းပယ်ပြီး၊ ဆင်ခြေမျိုးစုံနဲ့ ချေပခဲ့တယ်။ အကျိုးဆက်အနေနဲ့ အရာရာကို ကျွန်မသဘောအတိုင်း လုပ်ခဲ့တယ်၊ ညီအစ်ကို မောင်နှမတွေ စိတ်ကျဉ်းကျပ်ကြတဲ့ သဘောပဲ။ ကျွန်မ တွေးတာကို သူတို့ အမြဲ စိုးရိမ်ကြပြီး ကျွန်မနဲ့ ပုံမှန်အတိုင်း အဆင်မပြေနိုင်ကြဘူး။ ဒါပေမဲ့ အဲဒီအခါမှာတောင်၊ ကိုယ့်ကိုယ်ကိုယ် ကျွန်မ မသုံးသပ်ခဲ့ဘူး။ အသင်းတော်အလုပ်ကို ကြီးကြပ်ရတော့၊ စည်းမျဉ်းတွေမရှိဘဲ ကျွန်မ ထင်ရာပြုမူခဲ့တယ်။ အဲဒါက အလှူငွေတွေကို အလဟဿဖြစ်သွားစေခဲ့တယ်။ ကျွန်မစိတ်သဘောထားက အရမ်း မာနထောင်လွှားခဲ့တယ်။ တခြားလူတွေ ဘာပဲပြောပြော၊ နားမထောင်ခဲ့ဘူး။ မြည်းလောက်ကို ယုတ္တိမတန်အောင် ခေါင်းမာခဲ့တာ။ ကျွန်မရဲ့ အပြုအမူနဲ့ သဘောထားက ဘုရားအတွက် စက်ဆုပ်စရာဖြစ်ခဲ့ပြီး သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အလုပ်ကို ကျွန်မ လုံးဝ မရနိုင်ခဲ့ဘူး။ ကျွန်မလုပ်သမျှက အတားအဆီးနဲ့ အနှောင့်အယှက်ဖြစ်စေခဲ့တယ်။ ကျွန်မလုပ်ခဲ့တဲ့ မကောင်းမှုကို မြင်တော့၊ ကိုယ့်ကိုယ်ကိုယ် ပါးမရိုက်ဘဲမနေနိုင်ခဲ့ဘူး။ ကိုယ်မှန်တယ်လို့ အရမ်းထင်ခဲ့လို့ ကိုယ့်ကိုယ်ကိုယ် မုန်းမိတယ်။ တခြားလူတွေရဲ့ အကြံကို ဘာကြောင့် နားမထောင်နိုင်ခဲ့တာလဲ။ အခုက အကျိုးဆက်တွေ ရှိလာပြီဖြစ်သလို၊ နောင်တရတာ အသုံးမဝင်တော့ဘူး။

နောက်ပိုင်းမှာ ကျွန်မပြဿနာတွေ သုံးသပ်တာကို ကျွန်မ စအာရုံစိုက်ခဲ့တယ်။ ရှာဖွေရင်းနဲ့၊ ကိုယ့်ကိုယ်ကိုယ် နားလည်မှုအသစ်ပေးတဲ့ ဘုရားနှုတ်ကပတ်တော်တချို့ကို ဖတ်ရတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “မာနထောင်လွှားခြင်းနှင့် မိမိကိုယ်ကိုယ်အမှန်ဟု မှတ်ယူခြင်းသည် လူများ၏ အသိသာဆုံးသော ဆိုးယုတ်သော စိတ်သဘောထားဖြစ်သည်၊ ပြီးလျှင် ၎င်းတို့သည် သမ္မာတရားကို လက်ခံနိုင်ခြင်း မရှိပါက၊ ၎င်းတို့ သန့်စင်ခြင်းခံရဖို့ မဖြစ်နိုင်ပေ။ လူတို့သည် မာနထောင်လွှားပြီး မိမိကိုယ်ကိုယ် အမှန်ထင်သည့် စိတ်သဘောထားများရှိကြသည်။ ၎င်းတို့ မှန်ကန်သည်ဟု အစဉ်ယုံကြည်ကြသည်။ ၎င်းတို့ထင်မြင်သည့်အရာ၊ ပြောဆိုသည့်အရာနှင့် ထင်မြင်ချက်ရှိသည့်အရာအားလုံးတွင် ၎င်းတို့၏ ကိုယ်ပိုင်အမြင်နှင့် စိတ်ထားက မှန်ကန်သည်၊ အခြားမည်သူမဆိုက ပြောသည့်အရာတိုင်းက ၎င်းတို့ပြောသကဲ့သို့ ကောင်းမွန်ခြင်း၊ မှန်ကန်ခြင်းမရှိဟု အစဉ် ယုံကြည်ကြသည်။ ၎င်းတို့၏ ကိုယ်ပိုင်ထင်မြင်ချက်များကိုသာ အစဉ် စွဲကိုင်ထားကြပြီး အခြားမည်သူမဆိုက ပြောသည့်အရာတိုင်းကို နားမထောင်ကြပေ။ အခြားလူတို့ပြောသည့်အရာက မှန်ကန်ပြီး သမ္မာတရားနှင့် ကိုက်ညီသည့်အခါတွင်ပင် ၎င်းတို့က လက်မခံကြပေ။ နားထောင်နေသည့်ပုံစံမျှသာရှိပြီး မည်သည့်အရာကိုမျှ လက်မခံပေ။ လုပ်ဆောင်ရန် အချိန်ကျရောက်လာသောအခါ၎င်းတို့က ကိုယ်ပိုင်နည်းလမ်းဖြင့် သွားဆဲဖြစ်သည်။ ၎င်းတို့သည် မှန်ကန်ပြီး ခိုင်လုံမှုရှိသည်ဟု အစဉ်သဖြင့် ထင်ကြသည်။ သင်သည် မှန်ကန်ပြီး ခိုင်လုံကောင်း ခိုင်လုံနိုင်သည်၊ သို့မဟုတ် ပြဿနာများမရှိဘဲ မှန်ကန်သည့်အရာကို သင်လုပ်ကောင်းလုပ်နိုင်သည်။ သို့သော် သင် ထုတ်ဖော်ပြသော စိတ်သဘောထားမှာ အဘယ်နည်း။ ယင်းသည် မာနထောင်လွှားခြင်းဖြစ်ပြီး မိမိကိုယ်ကို အမှန်ဟုထင်မြင်ခြင်း မဟုတ်သလော။ သင်က ဤမာနထောင်လွှားပြီး မိမိကိုယ်ကို အမှန်ထင်သော စိတ်သဘောထားကို မပစ်ပယ်နိုင်လျှင် ယင်းက သင်၏ တာဝန်ထမ်းဆောင်မှုကို ထိခိုက်မည်လော။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် သင်၏ အရည်အချင်းကို ထိခိုက်မည်လော။ ဤမာနထောင်လွှားပြီး မိမိကိုယ်ကို အမှန်ထင်သော စိတ်သဘောထားကို သင် မဖြေရှင်းနိုင်လျှင် နောင်တွင် ကြီးမားသော အနှောင့်အယှက်များကို ကြုံရနိုင်ခြေရှိသည်။ ကြုံရမည်မှာ သံသယရှိစရာမလိုပေ။ ဤသည်မှာ ရှောင်လွှဲ၍ မရနိုင်ပေ။ လူ၌ ထင်ရှားပြသသောဤအရာများကို ဘုရားသခင်က မြင်နိုင်ပါသလား။ အလွန့်အလွန်ပင် ကောင်းစွာ မြင်နိုင်သည်။ ဘုရားသခင်သည် လူသား၏ အတွင်းကျဆုံး ဖြစ်တည်မှုကို ဆန်းစစ်လေ့လာရုံမကဘဲ ၎င်းတို့၏ နှုတ်ထွက်စကားတိုင်း၊ လုပ်ရပ်တိုင်းကို အစဉ် စောင့်ကြည့်နေသည်။ ဘုရားသခင်က သင့်၌ ထင်ရှားပြသသော ဤအရာများကို မြင်သောအခါ မည်သို့ပြောမည်နည်း။ ဘုရားသခင်က ‘သင်သည် ခေါင်းမာသည်။ သင်က မှားယွင်းနေသည်ကို မသိသောအခါ သင်၏ ထင်မြင်ချက်အတိုင်းလုပ်ဆောင်ခြင်းက နားလည်ပေးနိုင်သည်။ သို့သော် သင်က မှားယွင်းနေသည်ကို အပြည့်အဝ ကောင်းစွာ သိသောအခါတွင် သင်၏ ထင်မြင်ချက်အတိုင်း လုပ်ဆောင်ဆဲဖြစ်ပြီး နောင်တရရန် ငြင်းဆန်လျှင် သင်သည် ခေါင်းမာ၍ အသက်ကြီးသော အရူးတစ်ယောက်ဖြစ်ပြီး ဒုက္ခရောက်လိမ့်မည်။ မည်သူ၏ အကြံပြုချက်ဖြစ်ပါစေ သင်က အပျက်သဘောဆောင်ပြီး ရန်မူလိုသော သဘောထားနှင့် တုံ့ပြန်လျှင်၊ သမ္မာတရားကို လုံးဝ လက်မခံလျှင်၊ သင်၏ စိတ်နှလုံး၌ ရန်ငြိုး၊ ပိတ်ထားခြင်း၊ ငြင်းဆန်ခြင်းမှလွဲ၍ အခြားမရှိလျှင် သင်သည် ရယ်ဖွယ်ရာ၊ အဓိပ္ပာယ်မရှိသော အရူးတစ်ယောက်ဖြစ်သည်။ သင့်ကို ကိုင်တွယ်ဖြေရှင်းရန် ခက်ခဲလွန်းသည်။’ သင်သည် ကိုင်တွယ်ဖြေရှင်းရန် အလွန်ခက်ခဲသည်မှာ မည်သို့ဖြစ်သနည်း။ သင်နှင့်ပတ်သက်၍ ခက်ခဲသည့်အရာမှာ သင်၏အပြုအမူသည် အမှုကိစ္စများကို မှားယွင်းသော လုပ်ဆောင်ပုံလုပ်ဆောင်နည်း သို့မဟုတ် မှားယွင်းသော အပြုအမူ မဟုတ်ပေ၊ ထိုထက် ယင်းက စိတ်သဘောထားတစ်မျိုးမျိုးကို ထုတ်ဖော်ပြခြင်း ဖြစ်သည်။ ယင်းက အဘယ်စိတ်သဘောထားမျိုးကို ထုတ်ဖော်ပြသနည်း။ သင်သည် သမ္မာတရားကို စိတ်ကုန်ပြီး မုန်းတီးသည်။ သမ္မာတရားကို မုန်းတီးမှုဖြင့် သင့်အား သတ်မှတ်ပြီးသည်နှင့် တစ်ပြိုင်နက် ဘုရားသခင်က မြင်သည့်အတိုင်းဆိုလျှင် သင်သည် ဒုက္ခတွေ့လေပြီ။ ဘုရားသခင်က သင့်ကို ပစ်ပစ်ခါခါ ငြင်းပယ်သည်။ ဘုရားသခင်က သင့်ကို အလေးမထားပေ။...သမ္မာတရားအပေါ် မုန်းတီးသည့်သူတစ်ဦးသည် ၎င်း၏စိတ်နှလုံးထဲ၌ ဘုရားသခင်ကို မုန်းတီးမည် ဖြစ်သည်။ ၎င်းတို့က ဘုရားသခင်ကို မုန်းတီးသည်ဟု ငါ အဘယ်ကြောင့် ပြောသနည်း။ ဤပုဂ္ဂိုလ်သည် ဘုရားသခင်ကို ကျိန်ဆဲခဲ့သလော။ ၎င်းတို့က ဘုရားသခင်ကို တေ့တေ့ဆိုင်ဆိုင် ဆန့်ကျင်သလော။ ဘုရားသခင်၏ နောက်ကွယ်တွင် ဘုရားသခင်ကို ဝေဖန်အပြစ်တင်သလော၊ သို့မဟုတ် ရှုတ်ချသလော။ သေချာပေါက် မဟုတ်ပေ။ ဤသို့ဆိုလျှင် သမ္မာတရားအပေါ် မုန်းတီးသည့် စိတ်သဘောထားကဲ့သို့သော စိတ်သဘောထားတစ်ခုကို ဖွင့်ပြခြင်းသည် ဘုရားသခင်ကို မုန်းတီးခြင်းဖြစ်သည်ဟု အဘယ်ကြောင့် ဆိုသနည်း။ ဤသည်မှာ တစ်စိတ်ကို တစ်အိတ်လုပ်ခြင်းမဟုတ်ပေ။ ဤသည်မှာ အမှန်တရားဖြစ်သည်။ ကြောင်သူတော်ဖာရိရှဲများသည် သမ္မာတရားကို မုန်းတီးသောကြောင့် သခင်ယေရှုကို လက်ဝါးကပ်တိုင်တွင် သံနှင့် ရိုက်ခဲ့ကြသကဲ့သို့ဖြစ်သည်။ ဤသို့ဖြစ်လာသောအခါ အကျိုးဆက်များက ကြောက်မက်ဖွယ်ရာပင်ဖြစ်သည်။ ဆိုလိုသည်မှာ လူတစ်ယောက်က သမ္မာတရားကို စိတ်ကုန်ပြီး သမ္မာတရားကို ရန်လိုသော စိတ်သဘောထားရှိသည့်အခါ ၎င်းသည် ဤစိတ်သဘောထားမျိုးကို အချိန်မရွေး နေရာမရွေး ထုတ်ဖော်ပြနိုင်စွမ်းရှိပြီး၊ ၎င်းသည် ယင်းကို မှီခိုအားထားသည့် အခြေအနေတစ်ခု၌ ဆက်လက် အသက်ရှင်နေထိုင်ပါက၊ ၎င်းသည် ဘုရားသခင်ကို ဆန့်ကျင်လိမ့်မည်လော၊ သို့မဟုတ် မဆန့်ကျင်လိမ့်မည်လော။ ၎င်းတို့သည် သမ္မာတရားနှင့်ပတ်သက်သည့်၊ ၎င်းတို့ပြုလုပ်ရမည့် ရွေးချယ်မှုများနှင့်ပတ်သက်သည့် ပြဿနာတစ်ခု ကြုံရသည့်အခါ၊ သမ္မာတရားကို လက်မခံနိုင်ဘဲ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအပေါ် မှီခိုအားထားသည့် အခြေအနေတစ်ခု၌ ဆက်လက် အသက်ရှင်နေထိုင်ပါက၊ ၎င်းတို့သည် ဘုရားသခင်ကို အလိုအလျောက် ဆန့်ကျင်ပြီး သစ္စာဖောက်မိလိမ့်မည်။ ယင်းမှာ ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမျိုးသည် ဘုရားသခင်နှင့် သမ္မာတရားအပေါ် မုန်းတီးသည့် စိတ်သဘောထားတစ်ခုသာ ဖြစ်သောကြောင့်ပင်တည်း။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ ဘုရားသခင်၏ ရှေ့မှောက်၌ မကြာခဏ အသက်ရှင်ခြင်းသည်သာလျှင် အကြင်သူသည် သူနှင့် ပုံမှန်ဆက်ဆံရေးကို ရရှိနိုင်သည်) ဘုရားနှုတ်ကပတ်တော်တွေ ဖတ်ပြီးတော့မှပဲ ကျွန်မစိတ်သဘောထားက မာနထောင်လွှားရုံမက၊ ပိုဆိုးတာက သမ္မာတရားကို ကျွန်မ ငြီးငွေ့၊ မုန်းတီးပြီး ဘုရားကို မုန်းမိမှန်း သဘောပေါက်သွားတယ်။ ညီအစ်ကို မောင်နှမတော်တော်များများက အကြံပေးကြပြီး ခေါင်းဆောင်က ပြုပြင်၊ ကိုင်တွယ်ဖြေရှင်းခဲ့ပေမဲ့၊ ကျွန်မ မသိကျိုးကျွန်ပြုပြီး ကိုယ့်ကိုယ်ကိုယ် လုံးဝ မသုံးသပ်ခဲ့ဘူး။ ဘုရားက ကျွန်မကို ချေပဖို့ အကြိမ်တော်တော်များများ ဖြစ်ရပ်မှန်တွေ သုံးပြီး ကျွန်မခုခံတာ မှားမှန်း ပြခဲ့တယ်။ ကျွန်မက အလုပ်ကို နှောင့်ယှက်၊ ဟန့်တားတာပဲ လုပ်ခဲ့မိတာ။ ဒါတောင် ကိုယ့်ကိုယ်ကိုယ် မသုံးသပ်သေးသလို၊ ကိုယ့်သဘောအတိုင်း လုပ်ခဲ့တယ်။ တစ်ခါတလေ ညီအစ်ကို မောင်နှမတွေက အကြံပေးတော့၊ အဲဒီအကြံ မှန်သလို သမ္မာတရား စည်းမျဉ်းနဲ့ ကိုက်မှန်း ရှင်းရှင်း သိပေမဲ့၊ ဒါပေမဲ့ ကျွန်မ မနာခံသေးသလို၊ ငြင်းပယ်ပြီး အဆုံးစွန် ခေါင်းမာခဲ့တယ်။ ဒါက သမ္မာတရားကို ငြီးငွေ့ မုန်းတီးတဲ့ ဆိုးယုတ်တဲ့ စိတ်သဘောထားပဲ မဟုတ်လား။ ဘုရားသခင်က ပြောသည်- “သမ္မာတရားကို မုန်းတီးမှုဖြင့် သင့်အား သတ်မှတ်ပြီးသည်နှင့် တစ်ပြိုင်နက် ဘုရားသခင်က မြင်သည့်အတိုင်းဆိုလျှင် သင်သည် ဒုက္ခတွေ့လေပြီ။” “သမ္မာတရားအပေါ် မုန်းတီးသည့်သူတစ်ဦးသည် ၎င်း၏စိတ်နှလုံးထဲ၌ ဘုရားသခင်ကို မုန်းတီးမည် ဖြစ်သည်။” ဒါ ကျွန်မအတွက် ပိုလို့တောင် စိတ်မကောင်းစရာ ဖြစ်ခဲ့တယ်။ ဘုရားစိတ်သဘောထားက ဖြောင့်မတ်၊ သန့်ရှင်းတယ်။ ပြီးတော့ လူတွေအပေါ် ဘုရားသဘောထားက သမ္မာတရားနဲ့ ဘုရားအပေါ် ကျွန်မတို့ သဘောထားအပေါ် အခြေခံတယ်။ သမ္မာတရားက ဘုရားရဲ့ ဖော်ပြချက်ဖြစ်တယ်။ ဒါပေမဲ့ ကျွန်မဖော်ပြတာက သမ္မာတရားကို ငြီးငွေ့မုန်းတီးတဲ့ စိတ်သဘောထားပဲ။ ဒါဘုရားကို မုန်းတီးမှု မဟုတ်လား။ လူတစ်ယောက်ရဲ့ ဖောက်ပြန်ပျက်စီးတဲ့‌ စိတ်သဘောထာ ဘာပဲဖြစ်နိုင်ပါစေ၊ သမ္မာတရားကို လက်ခံသရွေ့၊ ပြုပြင်လို့မရနိုင်တာ ဘာမှမရှိဘူး။ ပြီးတော့ ပြောင်းလဲပြီး ဘုရားရဲ့ ကယ်တင်တာ ခံရဖို့ သူတို့အားလုံးမှာ အခွင့်အရေးရှိတယ်။ ဒါပေမဲ့ လူတစ်ယောက်ရဲ့ သဘာဝ အနှစ်သာရက သမ္မာတရားကို ငြီးငွေ့ပြီး မုန်းတာဖြစ်ရင်၊ သူတို့က ဘုရားရဲ့ ရန်သူပဲ။ ဘုရားရဲ့ ရန်သူတွေ ဘယ်လိုလုပ် ကယ်တင်ခံရနိုင်မှာလဲ။ အသင်းတော်ကနေ နှင်ထုတ်ခံခဲ့ရတဲ့ အန္တိခရစ်တွေအားလုံးကို တွေးမိတယ်။ သူတို့က သမ္မာတရားကို မုန်းပြီး လုံးဝ လက်မခံကြလို့ဖြစ်ပြီး နောက်ဆုံးမှာ ထုတ်ဖော်ပြခံရပြီး ထုတ်ပယ်ခံရတာပဲ။

ကျွန်မ အရမ်းကြောက်သွားတယ်။ အဲဒီနောက် အချိန်အတော်ကြာ၊ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်တဲ့အခြေအနေမှာ အသက်ရှင်ခဲ့တယ်။ အသင်းတော်ကို ကျွန်မ ဖြစ်စေခဲ့တဲ့ ထိခိုက်နစ်နာမှုကို စဉ်းစားမိတဲ့အခါတိုင်း စိတ်နှလုံးထဲက ဓားတစ်စင်းလို နာကျင်တယ်။ ဒါကြောင့် ဘုရားဆီ ကျွန်မ ဆုတောင်းတယ်။ “ဘုရားသခင်၊ ဒီကျရှုံးမှုက ကျွန်မအတွက် အရမ်းနာကျင်စရာပါ။ ဒါပေမဲ့ အဲဒီလို ကျရှုံးမှုမရှိဘဲ၊ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထား အရမ်းဆိုးရွားမှန်း ကျွန်မသိခဲ့မှာ မဟုတ်သလို၊ ကျွန်မက အန္တရာယ်ကျလုလုဖြစ်မှန်း ပိုလို့တောင် သတိထားမိခဲ့မှာ မဟုတ်ပါဘူး။ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားနဲ့ ကျွန်မ အသက်မရှင်ချင်တော့ပါဘူး။ ကျေးဇူးပြုပြီး သမ္မာတရားကို လက်ခံပြီး၊ အနာဂတ် ကိုယ့်တာဝန်မှာ သမ္မာတရား လက်တွေ့လုပ်တဲ့အပေါ် အာရုံစိုက်တဲ့သူဖြစ်ဖို့ ကျွန်မကို လမ်းပြပါ”လို့ပေါ့။

နောက်ပိုင်းမှာ ကျွန်မ မကြာခဏ တွေးမိတယ်။ “ကျွန်မကို ဘာက အရမ်းမာနထောင်လွှားစေတာလဲ။ ဒီဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ငါ ဘယ်လို ဖြေရှင်းနိုင်မလဲ”လို့ပေါ့။ ဝတ်ပြုဆုတောင်းရာမှာ၊ ကျွန်မကို ရုတ်တရက် ဉာဏ်အလင်းပေးတဲ့ ဘုရားနှုတ်ကပတ်တော်နှစ်ပိုဒ် တွေ့ခဲ့တယ်။ ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ပြောထားသည်- “ဆုကျေးဇူးရှိပြီး အထူးပါရမီရှိသည့်လူများက ၎င်းတို့သည် အလွန်တော်ကြောင်း၊ ၎င်းတို့သည် အရာအားလုံးကို နားလည်ကြောင်း တွေးထင်ကြသော်လည်း၊ ထိုဆုကျေးဇူးများနှင့် အထူးပါရမီတို့သည် သမ္မာတရားကို ကိုယ်စားမပြုကြောင်း၊ ဤအရာများသည် သမ္မာတရားနှင့် မည်သည့်ဆက်စပ်မှုမျှ မရှိကြောင်းကို မသိကြချေ။ မိမိတို့ အပြုအမူအား မိမိတို့၏ ဆုကျေးဇူးများနှင့် စိတ်ကူးများဖြင့် သတ်မှတ်ထားသည့် လူတို့၏ အတွေးအခေါ်များနှင့် ထင်မြင်ချက်များသည် သမ္မာတရားနှင့် မကြာခဏ ဆန့်ကျင်လေသည်။ သို့ရာတွင် ဤအရာကို ၎င်းတို့ မတွေ့မြင်နိုင်ကြချေ။ ၎င်းတို့က၊ ‘ကျွန်ုပ် မည်မျှ လိမ္မာပါးနပ်သည်ကို ကြည့်ပါ။ အင်မတန် တော်သည့် ရွေးချယ်မှုများ ကျွန်ုပ် ပြုလုပ်ခဲ့သည်။ အလွန့်အလွန် အမြော်အမြင်ရှိသည့် ရွေးချယ်မှုများပါတကား။ သင်တို့ထဲမှ မည်သူမျှ ငါ့ကို ယှဉ်၍မရ’ ဟု တွေးကြဆဲဖြစ်သည်။ ၎င်းတို့သည် အတ္တအပြည့်နှင့် မိမိကိုယ်ကိုယ် သဘောကျသည့် အခြေအနေတစ်ခုတွင် အစဉ်အမြဲ အသက်ရှင်ကြလေသည်။ ၎င်းတို့၏ စိတ်နှလုံးများကို တည်ငြိမ်စေကာ ဘုရားသခင်က ၎င်းတို့အား မည်သည့်အရာ တောင်းဆိုသည်၊ သမ္မာတရားက မည်သည့်အရာဖြစ်သည်ဆိုသည်နှင့် သမ္မာတရား၏ အခြေခံသဘောတရားများက မည်သည့်အရာများဖြစ်သည် ဆိုသည်တို့ကို ချင့်ချိန်စဉ်းစားဖို့ ၎င်းတို့အတွက် ခက်ခဲပေသည်။ ၎င်းတို့အတွက် သမ္မာတရားကို နားလည်ရန် ခက်ခဲပြီး၊ ၎င်းတို့သည် တာဝန်တစ်ခုကို ထမ်းဆောင်သော်လည်း၊ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်နိုင်ကြသောကြောင့်၊ သမ္မာတရား၏ လက်တွေ့အရှိတရားကို ဝင်ရောက်ဖို့လည်း ၎င်းတို့အတွက် အလွန်ခက်ခဲလေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ လူများ အသက်ရှင်ဖို့ အမှီပြုသည့်အရာ အတိအကျမှာ အဘယ်နည်း)မိမိ၏ တာဝန်ကို ပြည့်ပြည့်ဝဝ ဖြည့်ဆည်းခြင်းသည် ခက်ခဲသည်ဟု သင်တို့ပြောမည်လော။ အမှန်တွင်၊ မခက်ခဲပေ။ လူတို့အနေဖြင့် နှိမ့်ချခြင်းသဘောတစ်ခုသာ ခံယူနိုင်ရမည်၊ အသိစိတ်အနည်းငယ် ပိုင်ဆိုင်နိုင်ရမည်ဖြစ်ပြီး သင့်တော်သော အနေအထားတစ်ခု ခံယူနိုင်ရမည်ဖြစ်သည်။ သင် မည်မျှ ပညာတတ်ပါစေ၊ မည်သည့် ဆုများကို သင် ရရှိပြီးဖြစ်ပါစေ၊ သို့မဟုတ် သင် မည်မျှ စွမ်းဆောင်ရရှိပြီးဖြစ်ပါစေ၊ သင်၏ အဆင့်အတန်းနှင့် ရာထူးတို့ မည်မျှမြင့်မားနိုင်ပါစေ ဤအရာများအားလုံးကို သင်လက်လွှတ်ရမည်။ သူတစ်ပါးကို အထက်စီးမှ မဆက်ဆံရချေ။ ဤအရာအားလုံးသည် အချည်းနှီးအဖြစ် မှတ်ယူ၍ ရပေသည်။ ဘုရားအိမ်တော်တွင် ဤဂုဏ်အသရေတို့ မည်မျှကြီးမားပါစေ ဤအပေါ်ယံအရာများသည် သမ္မာတရား မဟုတ်သည့်အတွက် သမ္မာတရားထက် မမြင့်မားနိုင်သလို၊ သမ္မာတရား၏နေရာကို မယူနိုင်ချေ။ ဤကိစ္စနှင့်ပတ်သက်၍ သင် ရှင်းလင်းရမည် ဖြစ်သည်။ သင်က ‘ကျွန်ုပ်သည် အလွန် အထုံပါရမီရှိသည်၊ ကျွန်ုပ်၌ အလွန်ထက်မြက်သည့်ဉာဏ် ရှိသည်၊ ကျွန်ုပ်၏ တုံ့်ပြန်မှုသည် အလွန်မြန်သည်၊ ကျွန်ုပ်သည် မြန်မြန်ဆန်ဆန် သင်ယူနိုင်သူတစ်ဦး ဖြစ်ပြီး ပြီးလျှင် ကျွန်ုပ်၌ အလွန့်အလွန်ကောင်းသော မှတ်ဉာဏ် ရှိသောကြောင့်၊ အဆုံးသတ် ဆုံးဖြတ်ချက်ချဖို့ ကျွန်ုပ် အရည်အချင်းပြည့်မီသည်’ဟု ပြောလျှင်၊ ဤအရာများကို အရင်းနှီးအဖြစ် သင် အစဉ် အသုံးပြုပြီး ယင်းတို့ကို တန်ဖိုးရှိသော၊ အပြုသဘောဆောင်သော အရာများအဖြစ် မြင်ပါက၊ ဤသည်မှာ ပြဿနာဖြစ်သည်။ သင်၏စိတ်နှလုံးကို ဤအရာများက နေရာယူပါက၊ ယင်းတို့သည် သင်၏စိတ်နှလုံးထဲ အမြစ်တွယ်ပြီးဖြစ်ပါက၊ သင့်အတွက် သမ္မာတရားကို လက်ခံဖို့ ခက်ခဲလိမ့်မည်ဖြစ်ပြီး ယင်း၏ အကျိုးဆက်များမှာ မတွေးရက်စရာဖြစ်သည်။ ထို့ကြောင့် သင်ချစ်သည့်၊ ကောင်းပုံရသည့်၊ သင့်အတွက် အဖိုးတန်သည့် ထိုအရာများကို ဦးစွာချပြီး ငြင်းပယ်ရမည်။ ထိုအရာများသည် သမ္မာတရား မဟုတ်ပေ။ ယင်းထက်၊ ၎င်းတို့သည် သမ္မာတရားထဲသို့ ဝင်ရောက်ခြင်းမှ သင့်ကို ပိတ်ဆို့နိုင်ပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ ပြည့်မီသော တာဝန်ထမ်းဆောင်မှုဆိုသည်မှာ အဘယ်နည်း။) ဘုရားနှုတ်ကပတ်တော်တွေက နားလည်သွားစေတယ်။ တခြားအကြောင်းရင်းအတွက်ကြောင့် ကျွန်မ အရမ်းမာနထောင်လွှားခဲ့ပြီး သမ္မာတရားကို လက်မခံနိုင်ခဲ့မှန်းကိုပေါ့။ အဲဒါက ကိုယ့်ဆုကျေးဇူးနဲ့ အမြဲ အသက်ရှင်ခဲ့လို့ပဲ။ နိုင်ငံခြားဘာသာစကားကို ကျွန်မ သိပြီး အလုပ်အတွေ့အကြုံတချို့ ရှိလို့၊ ပြီးတော့ အပြင်ပန်းမှာ စိတ်စွမ်းရည်တချို့ရှိပြီး တချို့ အလုပ်ပြဿနာတွေကို ကိုင်တွယ်နိုင်လို့ ဒီဆုကျေးဇူးတွေကို အရင်းအနှီးလို ယူမှတ်ခဲ့တယ်၊ သမ္မာတရား စည်းမျဉ်းနဲ့ ဘုရားအလိုတော်ကို လုံးဝ မရှာခဲ့ဘူး၊ ညီအစ်ကို မောင်နှမတွေကို အထင်သေးပြီး၊ မထီမဲ့မြင်ပြုခြင်းနဲ့ ဆက်ဆံခဲ့သလို၊ သူတို့ အကြံတွေကို လုံးဝ နားမထောင်ခဲ့ဘူး။ တခြားအရာအားလုံးပေါ်မှာ ဆုကျေးဇူးကို ထားတယ်၊ ကိုယ့်ကိုယ်ကိုယ် အသိအမှတ်ပြု၊ ပိုမာနထောင်လွှားလာခဲ့သလို၊ လုံးဝ မမှားခဲ့သလိုမျိုး ကိုယ့်ကိုယ်ကိုယ် ကြောင်းကျိုးမမြင် ယုံကြည်ခဲ့တယ်။ ဒါပေမဲ့ ကျွန်မရဲ့ စိတ်ကူးတွေက သမ္မာတရား စည်မျဉ်းတွေနဲ့ လုံးဝ မကိုက်မှန်း အကြိမ်ကြိမ် အချိန်မီ ထုတ်ဖော်ခံခဲ့ရတယ်။ အဲဒါတွေအားလုံး မှားခဲတယ်။ အဲဒီအတောအတွင်းမှာ၊ တချို့ ညီအစ်ကို မောင်နှမတွေက အပြင်ပန်းမှာ သာမန်ဖြစ်ပြီး ဆုကျေးဇူးမရှိပေမဲ့၊ သူတို့တာဝန်မှာ၊ လက်တွေကျတဲ့ပုံစံနဲ့ သမ္မာတရား စည်းမျဉ်းတွေကို ရှာနိုင်ခဲ့ကြတယ်။ သူတို့မှာ ဘုရားရဲ့ လမ်းပြမှုကို မြင်လို့ရပြီး၊ သူတို့တာဝန်မှာ ရလဒ်ကောင်းတွေ ရနိုင်ကြတယ်။ ဆုကျေးဇူးတွေရှိတာက သမ္မာတရားကို နားလည်တာ မဟုတ်မှန်း အဖြစ်မှန်တွေက ပြခဲ့တယ်။ သမ္မာတရားရဲ့ စည်းမျဉ်းတွေကို မရှာဘဲ ကိုယ့်တာဝန်ကို လုပ်ပြီး ဆုကျေးဇူးတွေနဲ့ပဲ အသက်ရှင်ရင်၊ ပိုပိုပြီး မာနထောင်လွှားလာရုံပဲ တတ်နိုင်တယ်။ လူ့သဘာဝနဲ့ ဆင်ခြင်တုံတရား အားလုံး ပျောက်ဆုံးပြီး ဘုရားကို အလိုလို ခုခံမိနိုင်တယ်။ မာနထောင်လွှားတဲ့ စိတ်သဘောထားတစ်ခုကို အခြေခံကျကျ ဖြေရှင်းဖို့၊ ဒီအရင်းအနှီးကို ကျွန်မတို့ လက်လွှတ်ပြီးတော့ ကိုယ့်ကိုယ်ကိုယ် ငြင်းပြီး သမ္မာတရားကို ရှာဖို့ သင်ယူရမယ်။

အဲဒီနောက်မှာ ဒီလိုလက်တွေ့လုပ်တာကို ကျွန်မ အာရုံစိုက်ခဲ့တယ်၊ ဒါပေမဲ့ ပြဿနာတွေ ကြုံပြီး ညီအစ်ကို မောင်နှမတွေကို အကူအညီ တောင်းချင်တဲ့အခါ၊ ကျွန်မစိတ်နှလုံးထဲမှာ တိုက်ပွဲတစ်ခု ရှိနေတုန်းပဲ။ ကျွန်မစိတ်ကူးတွေက အရမ်းသင့်တော်ပြီး၊ တခြားလူအားလုံးကို မေးတာက မလိုအပ်ဘူးလို့ ခံစားရတယ်။ ရိုးရှင်းတဲ့ အလုပ်တစ်ခုကိုတောင် မကိုင်တွယ်နိုင်တဲ့အတွက် တခြားလူတွေရဲ့ အထင်သေးတာ ခံရမှာကို စိုးရိမ်ခဲ့တယ်။ ဒါပေမဲ ကိုယ့်ကိုယ်ကိုယ် ကျွန်မ အရမ်းယုံမိခဲ့လို့ ကျူးလွန်မိခဲ့တဲ့ အပြစ်တွေကို တွေးမိတဲ့အခါ၊ နည်းနည်းကြောက်မိပြီး ကိုယ့်စိတ်ကူးတွေကို မဖက်တွယ်ရဲတော့ဘူး။ ကိုယ့်ကိုယ်ကိုယ် စွန့်ပစ်ပြီး လူတိုင်းနဲ့ ဆွေးနွေးနိုင်ခဲ့တယ်။ မကြာခင်၊ ညီအစ်ကို မောင်နှမတွေက ကျွန်မမှာ ကိုယ့်ကိုယ်ကိုယ် သိနားလည်မှုနဲ့ ပြောင်းလဲမှုတချို့ ရှိမှန်း တွေ့ခဲ့ပြီး၊ အသင်းတော်ကို ဦးဆောင်ဖို့ ကျွန်မ ထပ်အရွေးခံခဲ့ရတယ်။ တစ်ခါ အသင်းတော်က ဧဝံဂေလိ သင်းထောက်တစ်ယောက် မရှိဘူး။ အစ်မလီက ဧဝံဂေလိ ဟောရာမှာ တက်ကြွပြီး၊ စုဝေးပွဲတွေမှာ တက်တက်ကြွကြွ မိတ်သဟာယပြုတာ ကျွန်မ တွေ့ရတယ်။ ဒါကြောင့် ကျွန်မစိတ်နှလုံးထဲမှာ၊ အစ်မလီက ပြီးပြည့်စုံတဲ့ ရွေးချယ်မှုပဲလို့ ဆုံးဖြတ်မိတယ်။ အဲဒီအချိန်မှာပဲ၊ တွဲဖက်ညီအစ်မက ကျွန်မကို သတိပေးတယ်။ အသင်းတော် သင်းထောက်တစ်ယောက်ကို ရွေးတာက အသွေးအမွှား ကိစ္စမဟုတ်ဘူး၊ ပြီးတော့ ကျွန်မအနေနဲ့ ခေါင်းဆောင်ကို အကူအညီတောင်းသင့်တယ်တဲ့။ ကျွန်မညီမရဲ့ ဝန်လေးတဲ့ အမူအရာကို မြင်တော့ တွေးမိတယ်၊ “အစ်မလီက ဧဝံဂေလိဟောရာမှာ အမြဲ တက်ကြွတာ။ အစ်မလီကလွဲလို့ ပိုသင့်တော်တဲ့ သူရှိလို့လား။ ဒါ့အပြင်၊ ဘာပဲဖြစ်ဖြစ် ရာထူးတိုးတာက လက်တွေ့လုပ်ဖို့ အခွင့်အရေး သက်သက်ပဲဖြစ်လို့၊ သူ မသင့်တော်ရင်၊ ပြောင်းရွေ့လိုက်လို့ရတာပဲ။ အကြံပေးဖို့ ဘာလို့ ခေါင်းဆောင် လိုမှာလဲ”လို့ပေါ့။ ကျွန်မ ခုခံနေတုန်းမှာပဲ၊ ဘုရားနှုတ်ကပတ်တော်တွေကို တွေးမိတယ်။ “သင်၏အတွေးက မှန်ကန်လျှင်ပင် သင်သည် အခြားလူများ၏ ထင်မြင်ယူဆချက်များကိုလည်း ထည့်တွက်စဉ်းစားသင့်သည် မဟုတ်လော။ သင်သည် လုံးဝ ထည့်တွက်မစဉ်းစားလျှင်၊ ဤသည်မှာ အလွန်အမင်း မိမိကိုယ်ကိုယ် မှန်သည်ဟု မှတ်ယူခြင်း မဟုတ်သလော။” ဟုတ်တယ်။ ကျွန်မညီမက မသေမချာဖြစ်မှတော့ ကျွန်မ ရှာဖွေသင့်တယ်။ ကျွန်မ ဝတ်ပြုဆုတောင်းတုန်းမှာ၊ ဒီဘုရားနှုတ်ကပတ်တော်တွေ ဖတ်ခဲ့ရတယ်။ “သင်သည် စိတ်ကူးတစ်ခု၊ သို့မဟုတ် ထင်မြင်ချက်တစ်ခုရှိသည့်အခါတိုင်းတွင် ယင်းသည် မှန်ကန်ပြီး၊ လုပ်ဆောင်ရမည့်အရာဖြစ်သည်ဟု သင်က ကြောင်းကျိုးမမြင်ဘဲ အခိုင်အမာဆိုလျှင် သင်သည် မာနထောင်လွှားပြီး မိမိကိုယ်ကိုယ် အမှန်ထင်နေခြင်းဖြစ်သည်။ သင်သည် မှန်ကန်သည်ဟု ခံစားရသော စိတ်ကူး၊ သို့မဟုတ် ထင်မြင်ချက်တစ်ခုရှိသော်လည်း သင့်ကိုယ်သင် အပြည့်အဝယုံကြည်မှုမရှိသကဲ့သို့၊ ရှာဖွေခြင်း၊ မိတ်သဟာယဖွဲ့ခြင်းဖြင့် သေချာစေနိုင်လျှင် ဤသည်မှာ မိမိကိုယ်ကိုယ် အမှန်ထင်ခြင်းမဟုတ်ပေ။ ယင်းကို မဆောင်ရွက်မီတွင် လူတိုင်း၏ သဘောတူညီချက်နှင့် လက်ခံမှုကို ရယူခြင်းသည် လုပ်ဆောင်ရန် ဆင်ခြင်တုံတရားရှိသည့် နည်းလမ်းဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ ဘုရားသခင်၏ ရှေ့မှောက်၌ မကြာခဏ အသက်ရှင်ခြင်းသည်သာလျှင် အကြင်သူသည် သူနှင့် ပုံမှန်ဆက်ဆံရေးကို ရရှိနိုင်သည်) ဘုရားနှုတ်ကပတ်တော်က နားလည်သွားစေတယ်၊ ကိုယ်မှန်တယ်လို့ ထင်တဲ့အချိန်မှာတောင်၊ ကိုယ့်ကိုယ်ကိုယ် စွန့်လွှတ်ပြီး သမ္မာတရားကို ရှာဖို့ သင်ယူသင့်တယ်ဆိုတာပေါ့။ ဒီသဘောထားနဲ့ပဲ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ ဉာဏ်အလင်းပေးမှု ရနိုင်ပြီး၊ ကိုယ့်တာဝန်မှာ ပိုပိုပြီး တော်လာနိုင်တယ်။ ကိုယ့်ကိုယ်ကိုယ် မာနထောင်လွှားစွာနဲ့ ဖက်တွယ်ပြီး တခြားလူတွေရဲ့ သတိပေးချက်တွေကို မထီမဲ့ပြင်ပြုရင်၊ ကိုယ့်ကိုယ်ကိုယ် မစွန့်လွှတ်သလို သမ္မာတရားကို မရှာဖွေရင်၊ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ လမ်းပြမှုကို မရနိုင်ဘူး။ ဒီအတွေးနဲ့၊ ကျွန်မစိတ်နှလုံးထဲက ခုခံမှုက တဖြည်းဖြည်း ပျောက်သွားတယ်။ အဲဒီနောက်မှာ ကျွန်မ ဆုတောင်းတယ်၊ ဒီကိစ္စကို ဘုရားဆီ အပ်ပြီး လမ်းပြဖို့ တောင်းလျှောက်ခဲ့တယ်။ တစ်ချိန်တည်းမှာပဲ၊ လူတွေကို ရွေးချယ်၊ ရာထူးတိုးပေးခြင်းရဲ့ စည်းမျဉ်းတွေကိုလည်း ကျွန်မရှာခဲ့တယ်။ ရက်နည်းနည်းကြာတော့၊ အစ်မလီက အရမ်းတက်ကြွပုံပေါ်ပေမဲ့၊ ကိစ္စတွေကို ကြည့်ကောင်းအောင်ပဲ လုပ်ပြီး မကြာခဏ ပျင်းသလို၊ ဉာဏ်များတယ်၊ ဖြစ်သလိုလုပ်တယ်၊ အခက်အခဲတွေ ကြုံတဲ့အခါ နောက်ဆုတ်လို့ အခုချိန်မှာတောင် ဝင်ရောက်မှုမရှိဘူးလို့ သူနဲ့ ရင်းနှီးတဲ့လူတစ်ယောက်ဆီက သိခဲ့ရတယ်။ စည်းမျဉ်းတွေအရ၊ သူက ဧဝံဂေလိ သင်းထောက်ဖြစ်ဖို့ မသင့်တော်ဘူး။ ဒါကို ကြားတော့၊ ကိုယ့်ရှုထောင့်အမြင်အပေါ် မရမကမလုပ်ခဲ့တာကို ကျွန်မ ဝမ်းသာမိတယ်။ မဟုတ်ရင်၊ မသင့်တော်တဲ့လူကို အသုံးပြုတာက ဧဝံဂေလိအလုပ်ကို သေချာပေါက် ဟန့်တားမှာပဲ။ ဒါဟာ တကယ်ကို ဘုရားရဲ့ ကွယ်ကာမှုပဲ။ ဘုရားနှုတ်ကပတ်တော်ရဲ့ လမ်းပြမှုအတွက် အရမ်းကျေးဇူးတင်မိတယ်။ သမ္မာတရားကို လက်တွေ့လုပ်ခြင်းနဲ့ တခြားလူတွေရဲ့ အကြံကို လက်ခံခြင်းအားဖြင့်၊ တာဝန်မှာ ပြဿနာတွေနဲ့ သွေဖည်မှုတွေကို ရှောင်ရှားနိုင်ပြီး ကျွန်မစိတ်နှလုံးလည်း အေးချမ်းသွားမှန်း တွေ့ခဲ့ရတယ်။ အခု၊ အရင်က ကျွန်မရဲ့ မာနထောင်လွှားမှုအကြောင်းတွေးမိတော့ အရမ်းရှက်မိတယ်။ ဘုရားနှုတ်ကပတ်တော်ရဲ့ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမမှုမရှိဘဲနဲ့၊ ပြင်းထန်တဲ့ ပြုပြင်၊ ကိုင်တွယ်ဖြေရှင်းခြင်း၊ ရိုက်နှက်ဆုံးမခြင်း၊ ပဲ့ပြင်ဆုံးမမှုမရှိဘဲနဲ့၊ ကိုယ့်ကိုယ်ကိုယ် လုံးဝ သုံးသပ်မိခဲ့မှာ မဟုတ်သလို၊ ကိုယ့်ကိုယ်ကိုယ် ငြင်းပယ်ပြီး တခြားလူတွေရဲ့ အကြံကို လက်ခံမိခဲ့မှာ မဟုတ်ဘူး။ အခုကျွန်မ ခပ်လျိုလျိုပိုနေပြီး၊ ပြဿနာတွေရှိတဲ့အခါ ညီအစ်ကို မောင်နှမတွေနဲ့ ဆွေးနွေး၊ ရှာဖွေနိုင်တယ်။ ဒီလိုနည်းနည်း ပြောင်းလဲတာက ဘုရားနှုတ်ကပတ်တော်နဲ့ အမှုတော်ရဲ့ ရလဒ်ပါ။ ကျွန်မစိတ်နှလုံးထဲကနေ ဘုရားကို တကယ် ကျေးဇူးတင်တယ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

အသွင်အပြင်အားဖြင့် အကဲဖြတ်ခြင်းသည် တကယ့်ကို အဓိပ္ပါယ်မဲ့သည်

ယိဖန်၊ ဟေနန်စီရင်စု ယခင်က၊ ကျွန်မသည် နှစ်လိုဖွယ်ကောင်းကာ၊ သုတကြွယ်ပြီး စကားပြောကောင်းသော လူတို့ကို အထူးသဖြင့် အထင်ကြီးလေးစားမှု ထားရင်း၊...

မြန်မာခရစ်ယာန်တစ်ယောက်၏ တမလွန်ဘဝ ငရဲရောက် အတွေ့အကြုံ

ဒန်နီ မြန်မာနိုင်ငံ ကျွန်မ ငယ်ငယ်တုန်းက ခရစ်ယာန်ဘာသာကို စိတ်ဝင်စားခဲ့တယ်။ ဒါပေမဲ့ ကျွန်မ မိသားစုက ဗုဒ္ဓဘာသာဆိုတော့ ကျွန်မက...

ကျွန်ုပ်၏နေရာကို ရှာတွေ့ပြီ

ရှီးဖန် တောင်ကိုရီးယားနိုင်ငံ ဘုရားကို ယုံကြည်ပြီးတဲ့နောက်မှာ၊ အရမ်းကို ကျွန်မ ထက်ထက်သန်သန် လိုက်စားခဲ့တယ်။ အသင်းတော်က ဘာတာဝန်ပဲ စီစဉ်ပါစေ၊...

ကြွားဝါပြောဆိုခြင်းမှ သင်ယူရရှိခဲ့သည့် သင်ခန်းစာများ

၂၀၂၁ခုနှစ်၊ မေလမှာ ကျွန်မတာဝန်ယူရတဲ့ အသင်းတော်တွေအားလုံးက ရွေးကောက်ပွဲတွေလုပ်ကြတယ်။ စုဝေးပွဲတွေမှာ ရွေးကောက်ပွဲနဲ့သက်ဆိုင်တဲ့...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။