မာနထောင်လွှားသော စိတ်သဘောထား၏ အကျိုးဆက်များ

13.12.2022

ဘားနဒ် ဖိလစ်ပိုင်နိုင်ငံ

၂၀၀၆ ခုနှစ်မှာ ကျွန်တော်က အထက်တန်းကျောင်းသားပဲ ရှိသေးတယ်။ ကျွန်တော်တို့ သမ္မာကျမ်းစာ သင်ရမယ့်အချိန်ဆို၊ အဖွင့်စကား ပြောဖို့နဲ့ ကျွန်တော်တို့ကို ဟောပြောမယ့် သင်းအုပ်နဲ့ မိတ်ဆက်ပေးဖို့ကို ဆရာတွေက များသောအားဖြင့် ကျွန်တော့်ကိုပဲ ခိုင်းတယ်။ ကျွန်တော့်အသံက မြင့်တယ်၊ ကောင်းတယ်လို့ ဆရာတွေက ပြောတာ။ အတန်းဖော်တွေအများကြီးက ကျွန်တော့်ကို အားကျပြီး ကြည့်ကြတာပေါ့။ ကျွန်တော်လည်း ငါက ကျန်တဲ့လူတွေထက် ပိုတော်တယ်လို့ ထင်မိတယ်။ ကောလိပ်ကို ရောက်တော့လည်း၊ ကျွန်တော်က ပေါင်းသင်းဆက်ဆံရေး နည်းလမ်းတွေကို အသုံးချတတ်တော့၊ သူများတွေနဲ့ ဆက်ဆံရေးမှာ တော်တော် ကျွမ်းကျင်သွားတယ်။ သူများတွေထက် သာတယ်ဆိုတဲ့ အသိမျိုး၊ ကိုယ့်ကျွမ်းကျင်မှုတွေကို ဂုဏ်ယူတာမျိုး များသောအားဖြင့် ဖြစ်မိတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်မိလာတော့လည်း၊ ကျွန်တော်က မိတ်ဆွေတွေကို ဧဝံဂေလိ စပြီးဟောပြောတယ်။ ကျွန်တော် ပထမဆုံး ဧဝံဂေလိ ဟောပြောမိတဲ့သူက ဟွန်ဒူရပ်က ညီအစ်ကိုတစ်ယောက်ပဲ။ သူက လက်ခံသွားတယ်ဗျ။ ကျွန်တော်လည်း အရမ်း ကျေနပ်သွားတယ်။ နောက်ထပ် ကျွန်တော်က အိန္ဒိယက လုပ်ဖော်ကိုင်ဖက်တစ်ယောက်ကို ဧဝံဂေလိ ဟောပြောတယ်။ သူလည်း မြန်မြန်ဆန်ဆန်ပဲ လက်ခံသွားတယ်။ ကျွန်တော် ပိုပြီးတော့ ကျေနပ်သွားရော။ ဧဝံဂေလိ ဖြန့်ဝေဖို့အတွက် ကိုယ့်မှာ တကယ့်အရည်အချင်းနဲ့ ပါရမီ ပါတယ်လို့ ထင်မိတယ်။ နောက်တော့ ဧဝံဂေလိကို အချိန်ပြည့် ဖြန့်ဝေဖို့ဆိုပြီး ကျွန်တော့်အလုပ်ကနေ ထွက်လိုက်တယ်။ ကျွန်တော်က အလားအလာရှိတဲ့ ဧဝံဂေလိ လက်ခံသူတွေနဲ့ ဆက်ဆံရာမှာ တော်တယ်၊ သူများတွေကို ကူညီနိုင်တယ်ဆိုတော့၊ သိပ်မကြာခင် အဖွဲ့ခေါင်းဆောင်တစ်ယောက်အဖြစ် ရွေးချယ်ခံရတယ်။ ကြီးကြပ်သူကလည်း ကျွန်တော့်ကို ညီမအိုင်းလင်းနဲ့ အဂ္ဂါသာကို သွားကူညီပေးဖို့ စီစဉ်ပေးတယ်။ သူတို့က ဧဝံဂေလိ ဖြန့်ဝေတာကို စပြီး လုပ်ဆောင်ခါစ လူတွေ။ ကျွန်တော်လည်း ငါက တခြားညီအစ်ကိုမောင်နှမတွေထက် ပိုတော်တယ်လို့ ထင်မိတယ်။ တစ်ခါကျတော့ ညီမအိုင်းလင်းနဲ့ ကျွန်တော်က အလားအလာရှိတဲ့ ဧဝံဂေလိလက်ခံသူနဲ့ စည်းဝေးဖို့ သွားကြရော။ အိုင်းလင်းက ရှင်းရှင်းလင်းလင်း မိတ်သဟာယမပြုဘူး၊ ခဏခဏ ဘေးချော်သွားတယ်ဆိုတာ ကျွန်တော် တွေ့တယ်။ စည်းဝေးပွဲပြီးတော့ ကျွန်တော်က သူ့ပြဿနာကို ဒေါသဖြစ်ဖြစ်နဲ့ ထောက်ပြလိုက်တယ်။ အဲဒီမှာ အိုင်းလင်းက ဆန့်ကျင်သလိုဖြစ်လာပြီး၊ ကျွန်တော့်ကို ပြောရော၊ “အစ်ကို၊ ရှင်က တော်တော် အထက်စီးဆန်တာပဲ။ ညီအစ်ကိုမောင်နှမတွေ တော်တော်များများက ရှင်နဲ့အတူ အလုပ်မလုပ်ချင်ကြဘူး” တဲ့။ ကျွန်တော် သူ့ကို ပြောလိုက်တဲ့ဟာကြောင့် ကျွန်တော့်ကို ဝေဖန်နေတာလို့ပဲ ထင်လိုက်မိတယ်၊ ဒါနဲ့ ကျွန်တော့်မှာ ပြဿနာတစ်ခုခု ရှိမယ်လို့ မစဉ်းစားမိဘူး။ နောက်တော့ သူနဲ့ အဂ္ဂါသာကို သူတို့တာဝန်တွေ ဆောင်ရွက်ချက်မှာ ကြီးကြပ်ရပြန်ရော။ နှစ်ယောက်လုံးမှာ ပြဿနာလေးတွေ ရှိနေမှန်း ကျွန်တော် တွေ့ရတယ်။ ကျွန်တော်က သူတို့ကို ကူညီဖို့ အမှန်အတိုင်း မိတ်သဟာယ မပေးဘူး။ သူတို့တာဝန်တွေမှာ တိုးတက်မှုမရှိဘူးလို့ပဲ ယူဆလိုက်တယ်။ ကြီးကြပ်သူကိုလည်း သူတို့က ဧဝံဂေလိအလုပ်အတွက် မသင့်တော်ဘူးလို့ ပြောလိုက်တယ်။ ကြီးကြပ်သူက မာနထောင်လွှားတဲ့ ကျွန်တော့်စိတ်သဘောထားကို ထောက်ပြရော။ ကျွန်တော်က သူများတွေရဲ့ချို့ယွင်းချက်တွေကို မှန်မှန်ကန်ကန် မကိုင်တွယ်တတ်ဘူးလို့လည်း ပြောတာ။ လူတွေရဲ့မာနထောင်လွှားတဲ့ စိတ်သဘောထားတွေကို ထုတ်ဖော်ပြတဲ့ ဘုရားနှုတ်ကပတ်တော် ကျမ်းပိုဒ်တွေကိုလည်း ကျွန်တော့်ဆီ ပို့လိုက်တယ်။ ကျွန်တော်က မသိချင်ယောင်ဆောင်လိုက်တယ်။ ဘုရားရဲ့ ဒီနှုတ်ကပတ်တော်တွေက ကျွန်တော်နဲ့ မဆိုင်ဘူးလို့ ထင်မိတာ။ ဒီကိစ္စ ပြီးသွားတော့၊ ကျွန်တော်က လူတွေကို တရားနာကြဖို့ ဖိတ်တယ်၊ ပြီးတော့ ဘုရားရဲ့နောက်ဆုံးသောကာလ အမှုတော်ကို သက်သေခံလိုက်တယ်။ အဲဒီကိစ္စကို ကျန်တဲ့လူတွေနဲ့ အရင်ဆုံး ဆွေးနွေးတိုင်ပင်တာ မလုပ်ဘူး။ ကျွန်တော် ဟောပြောတဲ့လူတွေထဲက တချို့က ကျွန်တော်နဲ့ စကားပြောရတာ၊ မိတ်သဟာယ နားထောင်ရတာကို သဘောကျကြတော့၊ ကိုယ့်ကိုယ်ကိုယ် ပိုပြီး ပင်ကိုအစွမ်းအစရှိတယ်လို့ ခံစားလာမိရော။ ငါက ကြီးကြပ်သူ ပြောတာကို နားထောင်ဖို့မလိုဘူး၊ လူတွေနဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ မလိုဘူး၊ ငါ့ဘာသာ ဧဝံဂေလိ ဟောပြောနိုင်တယ်၊ ငါ့တာဝန်ကို ကျေပွန်အောင် လုပ်နိုင်တယ်ပေါ့။ လူတချို့က ဧဝံဂေလိ မျှဝေပေးဖို့ စံမမီဘူးဆိုတာကို ကျွန်တော် နောက်တော့မှပဲ တွေ့လာရတယ်။ အကျိုးဆက်အနေနဲ့ ကျွန်တော် လုပ်ထားတဲ့ တချို့အလုပ်တွေက အလကားဖြစ်ကုန်ရော။ ကြီးကြပ်သူက ကျွန်တော့်ကို မာနထောင်လွှားလွန်းတယ်၊ မဆင်မခြင် ပြုမူနေတယ်၊ လူတွေနဲ့ ပူးပေါင်းမလုပ်ဘူးဆိုပြီး ပြောတာပေါ့။ အဲဒါတွေကြောင့် မကောင်းတဲ့ အလုပ်ရလဒ်တွေ ဖြစ်နေတယ်ပေါ့။ ကျွန်တော့်အပြုအမူကြောင့် ကျွန်တော့်ကို အဖွဲ့ခေါင်းဆောင်နေရာကနေ ဖြုတ်ပြီး၊ အိုင်းလင်းနဲ့ အစားထိုးတာတွေ ဖြစ်ကုန်ရော။ ကျွန်တော် ဒါကို တကယ် သည်းမခံနိုင်ခဲ့ဘူး။ ကျွန်တော့်အစွမ်းအစတွေကြောင့် ကျွန်တော့်ကို မဖြုတ်ခဲ့သင့်ဘူးလို့ ထင်မိတာ။ အဲဒီအချိန်မှာ ဒီလိုစီစဉ်တာကို တကယ် လက်မခံနိုင်ခဲ့ဘူး။ ဒီတာဝန်ကို မလုပ်တော့ဘူးလို့လည်း အဆိုပြုလိုက်တယ်။ ဒါပေမဲ့ အဲဒီအချိန်မှာ ကျွန်တော် အရမ်းခေါင်းမာနေတာ။ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်ရမှန်း မသိခဲ့ဘူး။

နောက်တော့ လူသစ်တွေကို ရေလောင်းပေးဖို့ ကျွန်တော့်ကို တာဝန်ပြောင်းလိုက်တယ်။ သိပ်မကြာခင် အဖွဲ့ခေါင်းဆောင်အဖြစ် ထပ်ပြီး အရွေးခံရပြန်ရော။ ထရီဇာဆိုတဲ့ အစ်မနဲ့ တွဲလုပ်ရတယ်။ စည်းဝေးပွဲတွေမှာ ထရီဇာရဲ့မိတ်သဟာယက တစ်ခါတလေ မပြည့်စုံဘူး၊ တစ်ခါတလေ သူက လူသစ်တွေရဲ့ကိစ္စတွေကို လုံးဝ မဖြေရှင်းပေးဘူးဆိုတာတွေကို ကျွန်တော် မြင်ပြန်ရော။ အဲဒါနဲ့ ကျွန်တော် သူ့ကို အထင်သေးသွားတယ်။ စိတ်ထဲမှာလည်း၊ “သူက ဒီတာဝန်အတွက် တကယ် သင့်တော်လို့လား။ အဖွဲ့ခေါင်းဆောင်တစ်ယောက်အနေနဲ့ လူသစ်တွေရဲ့ကိစ္စတွေကို ဖြေရှင်းပေးနိုင်သင့်တယ်။ အခု သူ့ကို ကြည့်လိုက်တော့၊ သူ့အနေနဲ့ အဖွဲ့ဝင်အဖြစ် အရင်ဆုံး ခဏလောက် လုပ်ကြည့်တာကမှ အသင့်လျော်ဆုံးပဲ” လို့ တွေးမိတယ်။ ကျွန်တော် ပိုပြီး စိတ်အနှောင့်အယှက် ဖြစ်မိတာက၊ သူက အခက်အခဲတွေ ကြုံပြီဆိုရင် သူများတွေကိုပဲ အမြဲ အကူအညီသွားတောင်းတယ်။ ကျွန်တော့်ကိုတော့ တောင်းခဲတယ်။ ကျွန်တော်လည်း ကိုယ့်ဘာသာ စဉ်းစားကြည့်တယ်၊ “ဒီအခက်အခဲတွေ ဘယ်လိုဖြေရှင်းရမလဲဆိုတာ ငါ သိတယ်။ သူက ငါ့ကို မလေးစားလို့၊ ငါ့ကို မမေးဘဲ သူများတွေကို အကူအညီတောင်းနေတာလား” ပေါ့။ နောက်တော့ အလုပ်စည်းဝေးပွဲတစ်ခုမှာ၊ ကြီးကြပ်သူက ကျွန်တော်တို့အလုပ်ထဲက ပြဿနာတချို့ကို ထောက်ပြတယ်။ ကျွန်တော်လည်း အစ်မထရီဇာရဲ့အပြုအမူကို ပြန်တွေးမိပြီး၊ ကိုယ့်မကျေနပ်ချက်ကို ထိန်းမထားနိုင်တော့ဘူး။ အားလုံးရဲ့ရှေ့မှာ ဗြောင်ပဲ ပြောလိုက်တယ်၊ “အစ်မထရီဇာက အဖွဲ့ခေါင်းဆောင်တစ်ယောက်ရဲ့ အလုပ်ကို တာဝန်ယူနိုင်လို့လား” ပေါ့။ အစ်မထရီဇာကလည်း ဝမ်းနည်းတဲ့လေသံမျိုးနဲ့ ပြန်ပြောတယ်။ “ကျွန်မက အလကားနေရာယူသလို ဖြစ်နေတာပါ။ ညီအစ်ကိုမောင်နှမတွေရဲ့ အခက်အခဲတွေကို ကျွန်မ ကူပြီး မဖြေရှင်းပေးနိုင်ပါဘူး” တဲ့။ သူ ဒီလိုပြောတာကို ကြားတော့ ကျွန်တော် တကယ် အပြစ်မလုံသလို ခံစားရတယ်။ ကျွန်တော်တို့တွေ ဆက်ပြီး ဆွေးနွေးကြတော့လည်း၊ သူက ကျွန်တော့်ကြောင့် ကျဉ်းကျပ်နေတယ်လို့ ထင်မိတယ်။ ဒါပေမဲ့ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် မဆင်ခြင်မိသေးဘူး။ နောက်ထပ်ပွဲတစ်ခုမှာ၊ လူသစ်ညီအစ်ကိုတွေထဲက တစ်ယောက်က သူ့တာဝန်မှာ ရလဒ်တစ်ခုမှ မရသေးတာကို ကျွန်တော် တွေ့ပြန်ရော။ သူလည်း အဲဒီတာဝန်အတွက် မသင့်တော်ဘူးလို့ ကျွန်တော် ထင်မိတယ်။ ဒါပေမဲ့ အဲဒါကို ကြီးကြပ်သူနဲ့ဖြစ်ဖြစ် တခြားတစ်ယောက်ယောက်နဲ့ဖြစ်ဖြစ် ဆွေးနွေးတိုင်ပင်ရမဲ့အစား၊ ကျွန်တော်က သူ့ကို တာဝန်ကနေ ဖြုတ်လိုက်တယ်။ အဲဒီအချိန်မှာ ကျွန်တော် တကယ်ကို မာနထောင်လွှားနေတာ။ သူက သူ့တာဝန်မှာ အခက်အခဲတွေ ကြုံနေခဲ့ရတယ်ဆိုတာ ကျွန်တော် နောက်မှပဲ သိလာရတယ်။ ကျွန်တော်က သူ့အခြေအနေကို ရှင်းရှင်းလင်းလင်း နားလည်ဖို့တောင် အားမထုတ်ဘဲ၊ သူ့ကို တစ်ဖက်သတ် ဖြုတ်ပစ်ခဲ့တာ။ အဲဒီညီအစ်ကိုက တာဝန်ကနေ အထုတ်ခံရပြီးတဲ့နောက်မှာ တော်တော် အပျက်သဘောဆောင်လာတယ်။ ကြီးကြပ်သူက သိလာတော့ ကျွန်တော့်ကို မေးရော၊ “တစ်ယောက်ယောက်နဲ့ မတိုင်ပင်ဘဲ၊ မင်း သူ့ကို ဘာလို့ ဖြုတ်ပစ်ရတာလဲ။ မင်းက တော်တော် မာနထောင်လွှားပြီး၊ ယုံကြည်စိတ် လွန်ကဲလွန်းနေတာပဲ။ သူများတွေကို အမြဲတမ်း အထင်အမြင်သေးတယ်၊ ကန့်သတ်ချုပ်ချယ်နေတယ်။ မင်းရဲ့အပြောင်းအလဲမရှိတဲ့၊ မကောင်းတဲ့ အပြုအမူကြောင့်၊ မင်းက အဖွဲ့ခေါင်းဆောင်အဖြစ် မသင့်တော်တော့ဘူး” တဲ့။ ကျွန်တော်လည်း တာဝန်ကနေ ထပ်ပြီး အထုတ်ခံရတော့ လုံးဝ ဘာလုပ်ရမှန်းမသိ ဖြစ်သွားတယ်။ ကိုယ့်ကိုယ်ကိုယ် မေးကြည့်တယ်၊ “ငါ ဘာလို့ တစ်ယောက်ယောက်ကို မမေးမြန်းမိတာလဲ။ ငါ ဖြစ်ချင်တာတွေကိုပဲ ဘာဖြစ်လို့ လုပ်လုပ်နေမိတာလဲ။ အဲဒီကိစ္စကို သူများတွေနဲ့ ဆွေးနွေးပြီး နည်းနည်းလောက် အကူအညီ တောင်းခဲ့မယ်ဆိုရင်၊ ငါ့မှာ ဒီပြဿနာ ရှိလာမှာမဟုတ်ဘူး” ပေါ့။ နောက်သုံးလေးရက်လောက်အထိ ကျွန်တော် လည်ချောင်းနာသွားတယ်။ အန်လည်း အန်တယ်၊ တစ်ကိုယ်လုံးလည်း အားမရှိဘူး။ ဘုရားကို ပုန်ကန်ပြစ်မှားမိပြီဆိုတာ သိပြီး၊ တော်တော် ဝမ်းနည်းသွားတယ်။

နောက်တော့ ကိုယ့်အခြေအနေနဲ့ပတ်သက်ပြီး အစ်မတစ်ယောက်ကို ပြောပြမိတယ်။ သူက ကျွန်တော့်ကို ဘုရားရဲ့နှုတ်ကပတ်တော် ကျမ်းပိုဒ်နှစ်ခု ပို့ပေးတယ်။ “မိမိကိုယ်ကိုယ် မှန်ကန်သည်ဟု မမှတ်ယူလေနှင့်။ သင်ကိုယ်တိုင်၏ မပြည့်ဝခြင်းတို့ကို ထေမိစေရန် အခြားသူများ၏ အားသာချက်များကို ယူပြီး အသုံးပြုလော့။ ဘုရားသခင်၏ နှုတ်ကပတ်တော်များဖြင့် အခြားသူများ မည်သို့ အသက်ရှင်ကြသည်ကို ကြည့်ရှုပြီး၊ ၎င်းတို့၏ အသက်တာများ၊ လုပ်ရပ်များနှင့် အပြောအဆိုများက အတုယူထိုက်ခြင်း ရှိမရှိဆိုသည်ကို ကြည့်လော့။ အခြားသောသူများကို သင့်ထက် နိမ့်ကျသည်ဟု သဘောထားပါက၊ သင်သည် မိမိကိုယ်ကိုယ်မှန်ကန်သည်ဟု ယူမှတ်သောသူ၊ စိတ်ကြီးဝင်သောသူ ဖြစ်ပြီး၊ မည်သူ့ကိုမျှ အကျိုးမပေးပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၂၂)) “သင်သည် ကောင်းကင်ထက် အနည်းငယ်မျှသာ နိမ့်ကျသော်လည်း ကမ္ဘာမြေထက် အဆုံးမရှိ မြင့်မားသော မွေးရာပါ ပါရမီရှင်တစ်ဦးဖြစ်သည်ဟု မထင်လေနှင့်။ သင်သည် အခြားမည်သူမဆိုထက် တော်နေရန်ဝေးစွ၊ ငါ၏လုပ်ရပ်များကို အသေးစိတ်အကျဆုံးကအစ ရိပ်စားနိုင်ပုံရနေဘိသည့်အလား မိမိကိုယ်ကိုယ် အလွန်အထင်ကြီးကာ သိမ်ငယ်စိတ် လုံးဝမရှိဖူးသည့်အတွက် သင်သည် ကမ္ဘာမြေပေါ်မှ ဆင်ခြင်တုံတရား ရှိသည့် မည်သူမဆိုထက် သာ၍မိုက်မဲနေပုံမှာ ချစ်စဖွယ်ပင် ကောင်းနေသေးတော့သည်ဟု ဆိုနိုင်ပေသည်။ အမှန်တွင်၊ သင်သည် ငါလုပ်ဆောင်ရန် ကြံရွယ်ထားသောအရာကို မသိသကဲ့သို့၊ ယခု ငါလုပ်ဆောင်နေသည့်အရာကို သာ၍ပင် သတိမမူမိသည့်အတွက် အခြေခံအားဖြင့် ဆင်ခြင်တုံတရား ကင်းမဲ့နေသူတစ်ဦး ဖြစ်ပေသည်။ ထို့ကြောင့် လူ့ဘဝအပေါ် သိမြင်နားလည်ခြင်း ရေးရေးမျှပင် မရှိသော်လည်း၊ မြေကို ထွန်ယက်စိုက်ပျိုးစဉ် ကောင်းကင်ဘုံ၏ ကောင်းချီးမင်္ဂလာများအပေါ် လုံးဝမှီခိုအားထားသော လယ်သမားဖြစ်သည့် မြေပေါ်၌ ပင်ပင်ပန်းပန်းအလုပ်လုပ်နေသည့် လယ်သမားအိုတစ်ဦးနှင့်ပင် သင်သည် တန်းတူမဟုတ်ဟု ငါဆို၏။ သင်သည် မိမိ၏အသက်တာအဖို့ နှစ်ခါမတွေး၊ ကျော်ကြားမှုနှင့်ပတ်သက်၍ သင့်အနေဖြင့် ဘာမျှ မသိသကဲ့သို့၊ သင်၌ မိမိကိုယ်ကိုယ် သိသောအသိ သာ၍မရှိချေ။ သင်သည် အလွန် ‘မြင့်မြတ်’ ပါသည်တကား။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ မသင်ယူသောကြောင့် ပညာမဲ့မြဲ မဲ့နေသောသူများ- ၎င်းတို့သည် သားရဲတိရစ္ဆာန်များ ဖြစ်ကြသည် မဟုတ်လော) ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးသွားတော့၊ ကျွန်တော် တော်တော် ဝမ်းနည်းသွားတာ။ ကိုယ့်ကို ဘုရားရဲ့နှုတ်ကပတ်တော်က ဖော်ထုတ်ပြနေတယ်လို့ ခံစားရတယ်။ ကျွန်တော်က ကိုယ့်ကိုယ်ကိုယ် အစွမ်းအစရှိတယ်၊ ထက်မြက်တယ်၊ သူများတွေထက် ပါရမီထူးတယ်လို့ အမြဲတမ်း ထင်ခဲ့တာ။ သူများတွေထက် သာတယ်ဆိုတဲ့စိတ်မျိုး အမြဲတမ်း ရှိခဲ့တယ်။ ကိုယ့်ကိုယ်ကိုယ် သိပ်ပြီးအထင်ကြီးတယ်၊ သူများတွေကို အရေးမပါဘူးလို့ မြင်ခဲ့တယ်။ စည်းဝေးပွဲတွေမှာ အိုင်းလင်းနဲ့ အဂ္ဂါသာရဲ့ မိတ်သဟာယက ချို့ယွင်းချက်တွေ ရှိမှန်း ကျွန်တော် မြင်တယ်။ ဒါနဲ့ သူတို့ကို အထင်အမြင်သေးပြီး၊ ရှောင်လိုက်တယ်။ သူတို့ကို ဧဝံဂေလိအလုပ်နဲ့ မသင့်တော်ဘူးလို့ ကောက်ချက်ချတယ်။ သူတို့နဲ့တွဲပြီး မလုပ်ချင်ခဲ့ဘူး။ အထူးသဖြင့် ကိုယ့်ဘာသာ ဧဝံဂေလိ ဖြန့်ဝေနိုင်တဲ့အချိန်မျိုးမှာ၊ ကိုယ်က ပိုပြီး ပင်ကိုအစွမ်းအစရှိတယ်လို့ ထင်မိတာ။ အလုပ်ကို ကိုယ်တစ်ယောက်တည်း ပြီးစီးအောင် လုပ်နိုင်တော့၊ သူများတွေနဲ့ ပူးပေါင်းလုပ်ဖို့ မလိုဘူးလို့ ထင်မိတာ။ အစ်မထရီဇာနဲ့ အတူတွဲလုပ်ရတော့လည်း၊ ကျွန်တော်က သူ့ထက် ပိုပြီး ပင်ကိုအစွမ်းအစရှိတယ်လို့ ထင်မိတယ်။ ဒါနဲ့ သူ့ကို အဖွဲ့ခေါင်းဆောင်တစ်ယောက်ရဲ့အလုပ်ကို တာဝန်မယူနိုင်ဘူးလို့ ယူဆပြီး အထင်သေးခဲ့တယ်။ ဟိုအစ်ကိုကို တာဝန်ကနေ ထုတ်ပစ်တော့လည်း ကိုယ့်နည်းကိုယ့်ဟန်အတိုင်းပဲ လုပ်ခဲ့တာ။ ဘယ်သူနဲ့မှ မဆွေးနွေးဘဲ တစ်ဖက်သတ် ထုတ်ပစ်လိုက်တော့၊ သူ့ခမျာ အပျက်သဘောဖြစ်သွားရှာတယ်။ ကျွန်တော်က တော်တော် စိတ်ကြီးဝင်ခဲ့တာပဲ။ ကိုယ် ဖြစ်ချင်တဲ့အတိုင်းပဲ အမြဲတမ်း လုပ်ခဲ့တယ်။ သူများတွေရဲ့ထင်မြင်ချက်တွေကို နားထောင်ဖို့ ဘယ်တော့မှ မကြိုးစားခဲ့ဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်နဲ့ယှဉ်ရင် ညီအစ်ကိုမောင်နှမတွေက အရေးမပါဘူးလို့ ထင်ခဲ့တာကိုး။ ပြီးတော့ “ငါက မင်းတို့ထက် ပိုတော်တယ်၊ ပိုပြီး အစွမ်းအစရှိတယ်” ဆိုပြီး သူတို့ကို ပြောချင်နေခဲ့တာ။ ဒါပေမဲ့ အကျိုးဆက်အနေနဲ့၊ စည်းမျဉ်းစည်းကမ်းတွေ မပါဘဲ ကိုယ့်တာဝန်ကို လုပ်မိသွားတယ်။ ကိုယ်ကိုယ်တိုင်ကပဲ ဥပဒေ ဖြစ်သွားခဲ့တာ။ ကိုယ့်ညီအစ်ကိုမောင်နှမတွေကို ထိခိုက်စေတဲ့အရာတွေလည်း လုပ်မိသွားတယ်။ ဘုရားနှုတ်ကပတ်တော်ကြောင့် ကျွန်တော် တော်တော် ရှက်သွားတာပါ။ အထူးသဖြင့် ဒါကို ဖတ်မိတဲ့အချိန်ပေါ့၊ “သင်သည် မိမိ၏အသက်တာအဖို့ နှစ်ခါမတွေး၊ ကျော်ကြားမှုနှင့်ပတ်သက်၍ သင့်အနေဖြင့် ဘာမျှ မသိသကဲ့သို့၊ သင်၌ မိမိကိုယ်ကိုယ် သိသောအသိ သာ၍မရှိချေ။ သင်သည် အလွန် ‘မြင့်မြတ်’ ပါသည်တကား။” ဘုရားရဲ့နှုတ်ကပတ်တော်က ကျွန်တော့်စိတ်နှလုံးကို နှိုးဆွပေးလိုက်တာပါ။ ကျွန်တော်က ကိုယ့်ကိုယ်ကိုယ် အမြဲတမ်း အရမ်းအထင်ကြီးခဲ့တော့၊ ကိုယ် လုပ်နေတာတွေ မှန်ရဲ့လားလို့တောင် တစ်ခါမှ မသုံးသပ်မိဘူး။ ကျွန်တော်က တော်တော် စိတ်ကြီးဝင်ခဲ့တာပဲ။ လယ်ထွန်နေတဲ့ လယ်သမားတွေတောင် ဘုရားကို အားကိုးရမှန်း သိကြတယ်၊ ဒါပေမဲ့ ကျွန်တော်ကျတော့ အကြောင်းကိစ္စတွေ ဖြစ်လာပြီဆိုရင်၊ ဘုရားအလိုတော်ကို ရှာဖွေရမှန်း လုံးဝ မသိခဲ့ဘူး။ ကျွန်တော့်စိတ်နှလုံးထဲမှာ ဘုရားက နေရာမရှိခဲ့ဘူး။ ကျွန်တော့်မှာ ကိုယ့်ကိုယ်ကိုယ် နားလည်မှုနဲ့ အသိဆိုတာ တကယ် မရှိခဲ့ဘူး။

နောက်ပိုင်းမှာ အဲဒီအစ်မက ဘုရားနှုတ်ကပတ်တော်တွေ ထပ်ပြီးပို့ပေးတော့၊ ကျွန်တော်လည်း ကိုယ့်ကိုယ်ကိုယ် နည်းနည်းပိုပြီး သိလာတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “စာတန်၏ စိတ်သဘောထားအတွင်းတွင် ပါဝင်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား အမျိုးအစား များစွာရှိသော်လည်း၊ အထင်ရှားဆုံးနှင့် အပေါ်လွင်ဆုံးမှာ မာနထောင်လွှားသော စိတ်သဘောထားဖြစ်သည်။ မာနထောင်လွှားခြင်းသည် လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ အရင်းအမြစ်ဖြစ်သည်။ လူတို့သည် ပို၍ မာနထောင်လွှားလေ သူတို့သည် ပို၍ ဆင်ခြင်တုံတရားမဲ့လေဖြစ်ကာ၊ သူတို့ ပို၍ ဆင်ခြင်တုံတရားမဲ့လေ ဘုရားသခင်ကို ပို၍ဆန့်ကျင်လေ ဖြစ်တတ်သည်။ ဤပြဿနာက အဘယ်မျှ ဆိုးရွားလိုက်သနည်း။ မာနထောင်လွှားသော စိတ်သဘောထားနှင့် လူတို့သည် အခြားလူတိုင်းကို သူတို့၏အောက်၌ ရှိသည်ဟု ယူဆကြသည့်အပြင်၊ အဆိုးဆုံးမှာ သူတို့သည် ဘုရားကိုပင် တင်စီးနေကြပြီး သူတို့၏ စိတ်နှလုံးအတွင်းတွင် ဘုရားသခင်ကို ကြောက်ရွံ့ခြင်း မရှိချေ။ လူတို့သည် ဘုရားသခင်၌ ယုံကြည်သက်ဝင်ပြီး သူ့ကို လိုက်လျှောက်ကြသည့်ပုံ ပေါ်သော်လည်း၊ သူတို့သည် သူ့ကို ဘုရားသခင်အဖြစ် လုံးဝမဆက်ဆံကြချေ။ သူတို့သည် သမ္မာတရားကို ပိုင်ဆိုင်ထားသည်ဟု အမြဲထင်မြင်ကြပြီး မိမိကိုယ်ကိုယ် အလွန်အထင်ကြီးတတ်ကြသည်။ ဤသည်မှာ မာနထောင်လွှားသော စိတ်သဘောထား၏ အနှစ်သာရနှင့် အရင်းအမြစ်ဖြစ်ပြီး၊ ယင်းက စာတန်ထံမှ လာလေသည်။ ထို့ကြောင့် မာနထောင်လွှားခြင်း ပြဿနာကို ဖြေရှင်းရမည်။ လူတစ်ဦးသည် အခြားလူများထက် ပိုသာသည်ဟူသော ထင်မြင်ချက်မှာ အသေးအဖွဲကိစ္စ ဖြစ်သည်။ အရေးပါသောအချက်မှာ လူတစ်ဦး၏ မာနထောင်လွှားသော စိတ်သဘောထားက ဘုရားသခင်၊ သူ၏အုပ်ချုပ်မှုနှင့် သူ၏စီမံချက်များအပေါ် နာခံခြင်းမှ သူ့ကို ဟန့်တားနေခြင်းပင် ဖြစ်သည်၊ ထိုကဲ့သို့သောသူသည် အခြားသူများအပေါ် အာဏာရှိရေးအတွက် ဘုရားသခင်နှင့်ယှဉ်ပြိုင်လိုစိတ် အမြဲရှိနေသည်။ ထိုကဲ့သို့သောလူက ဘုရားသခင်အားချစ်ခြင်း သို့မဟုတ် သူ့အားနာခံခြင်းကို မဆိုထားနှင့်၊ ဘုရားသခင်အားကြောက်ရွံ့ခြင်း စိုးစဉ်းမျှ မရှိပေ။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး)လူကို ဖန်ဆင်းရာတွင် ဘုရားသခင်သည် လူအမျိုးအစားအမျိုးမျိုးကို စွမ်းရည်အမျိုးမျိုး ပေးသည်။ လူအချို့သည် စာပေတွင်လည်းကောင်း၊ အချို့က ဆေးပညာတွင်လည်းကောင်း၊ အချို့က ကျွမ်းကျင်မှုကို နက်နက်နဲနဲ လေ့လာခြင်းတွင်လည်းကောင်း၊ အချို့က သိပ္ပံပညာ သုတေသနတွင်လည်းကောင်း စသည်ဖြင့် တော်ကြသည်။ လူသား၏ ဤစွမ်းရည်များကို ဘုရားသခင်က ၎င်းတို့အား ပေးအပ်ထားခြင်း ဖြစ်သည်။ ယင်းတို့သည် ကြွားဝါစရာ တစ်ခုမျှ မဟုတ်ချေ။ လူတစ်ဦး၌ မည်သည့်စွမ်းရည်ရှိပါစေ၊ ၎င်းတို့က သမ္မာတရား၏ လက်တွေ့အရှိတရားပိုင်ဆိုင်သည်ဟု မဆိုထားနှင့်၊ သမ္မာတရားကို နားလည်သည်ဟုပင် မဆိုလိုပေ။ စွမ်းရည်အချို့ရှိသည့် လူတစ်ဦးသည် ဘုရားသခင်ကို ယုံကြည်လျှင်၊ မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရာတွင် ယင်းကို အသုံးချသင့်သည်။ ဤသည်မှာ ဘုရားသခင်အတွက် နှစ်လိုဖွယ်ရာ ဖြစ်သည်။ တစ်စုံတစ်ဦးသည် မိမိ၏စွမ်းရည်ကို ကြွားဝါလျှင်ဖြစ်စေ၊ ဘုရားသခင်နှင့် အပေးအယူလုပ်ဖို့ အသုံးပြုရန် မျှော်လင့်လျှင်ဖြစ်စေ ၎င်းတို့သည် အလွန်ပင် ဆင်ခြင်တုံတရားမရှိသကဲ့သို့ ဘုရားသခင်သည် ထိုသို့သောလူတစ်ဦးကို သဘောမကျပေ။ စည်းကမ်းအချို့ကို လိုက်နာနိုင်စွမ်းရှိသည့် အချို့သောလူများသည် ဘုရားအိမ်တော်သို့ လာပြီး ၎င်းတို့သည် ကျန်သည့်သူများထက် သာလွန်သည်ဟု ခံစားကြသည်။ ၎င်းတို့သည် အထူးဆက်ဆံမှုကို ပျော်မွေ့ခံစားလိုပြီး ၎င်းတို့၏ ကျွမ်းကျင်မှုဖြင့်ဆိုလျှင် ၎င်းတို့သည် တစ်သက်စာ ပြည့်စုံဖူလုံပြီဖြစ်သည်ဟု ခံစားကြရသည်။ မိမိတို့၏ စည်းကမ်းသေဝပ်ခြင်းကို အရင်းအနှီးတစ်မျိုးမျိုးဖြစ်သည့်အလား သဘောထားကြသည်။ ဤသည်မှာ ၎င်းတို့ မာနထောင်လွှားလိုက်လေခြင်း ဖြစ်သည်တကား။ သို့ဆိုလျှင် ထိုသို့သော ဆုကျေးဇူးများနှင့် စွမ်းရည်များကို မည်သို့ သဘောထားရမည်နည်း။ ယင်းတို့သည် ဘုရားအိမ်တော်၌ အသုံးတည့်လျှင် တာဝန်တစ်ခုကို ကောင်းမွန်စွာ ထမ်းဆောင်ဖို့ တန်ဆာပလာများသာ ဖြစ်ပေသည်။ ယင်းတို့သည် သမ္မာတရားနှင့် မည်သို့မျှ မသက်ဆိုင်ပေ။ ဆုကျေးဇူးများနှင့် ပါရမီတို့သည် မည်မျှကောင်းမွန်သည်ဖြစ်စေ၊ လူသား၏ စွမ်းရည်များထက် မည်သို့မျှ မပိုဘဲ၊ သမ္မာတရားနှင့် စိုးစဉ်းမျှ မဆက်နွှယ်ချေ။ သင်၏ ဆုကျေးဇူးများနှင့် စွမ်းရည်တို့သည် သင်၌ သမ္မာတရား၏ စစ်မှန်မှု ရှိသည်ဟု မဆိုထားနှင့်၊ သမ္မာတရားကို နားလည်သည်ဟုပင် မဆိုလိုချေ။ သင်၏တာဝန်၌ သင်၏ ဆုကျေးဇူးများနှင့် စွမ်းရည်များကို အသုံးပြုပြီး ထိုတာဝန်ကို ကောင်းစွာ ထမ်းဆောင်လျှင်၊ သင်သည် ယင်းတို့ကို ယင်းတို့နှင့် သက်ဆိုင်သည့်နေရာ၌ အသုံးပြုနေခြင်းဖြစ်ပေသည်။ ဘုရားသခင်က ဤအရာကို ထောက်ခံသည်။ သင်၏ဆုကျေးဇူးများနှင့် စွမ်းရည်များကို သင့်ကိုယ်သင် ကြွားဝါပြောဆိုရာ၌လည်းကောင်း၊ သင့်ကိုယ်သင် သက်သေခံရာ၌လည်းကောင်း၊ သီးခြားနိုင်ငံတစ်ခု တည်ထောင်ရာ၌လည်းကောင်း အသုံးပြုလျှင် သင်၏အပြစ်သည် ဧကန်အမှန် ကြီးမားသော အပြစ်ဖြစ်လေသည်။ သင်သည် ဘုရားသခင်ကို ခုခံရာ၌ အဓိက ပုန်ကန်ပြစ်မှားသူ ဖြစ်လာပြီးဖြစ်လိမ့်မည်။ ဆုကျေးဇူးများကို ဘုရားသခင်က ပေးထားခြင်းဖြစ်သည်။ သင်သည် သင်၏ဆုကျေးဇူးများကို တာဝန်တစ်ခုအတွက်၊ သို့မဟုတ် ဘုရားသခင်ကို သက်သေခံခြင်းအတွက် အသုံးမပြုနိုင်လျှင် သင်သည် အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့ အတော်အတန်ကို မရှိသည့်အပြင်၊ ဘုရားသခင်အပေါ် များစွာ ကြွေးကျန်ပေသည်။ သင်သည် စက်ဆုပ်ရွံရှာဖွယ်ကောင်းသော အမိန့်မနာခံခြင်းကို ကျူးလွန်နေခြင်းဖြစ်သည်။ သို့တိုင် သင်၏ဆုကျေးဇူးများနှင့် စွမ်းရည်များကို မည်သို့ပင်ကောင်းစွာ အသုံးပြုပါစေ၊ သင်၌ သမ္မာတရား၏ စစ်မှန်မှုရှိသည်ဟု မဆိုလိုပေ။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် စည်းမျဉ်းများဖြင့် ပြုမူဆောင်ရွက်ခြင်း၌သာလျှင် အကြင်သူသည် သမ္မာတရား၏ စစ်မှန်မှုကို ပိုင်ဆိုင်နိုင်ပေသည်။ ဆုကျေးဇူးနှင့် ပါရမီများသည် အစဉ်ထာဝရ ဆုကျေးဇူးနှင့် ပါရမီများသာ ဖြစ်သည်။ ယင်းတို့သည် သမ္မာတရားနှင့် ဆက်နွှယ်ခြင်း မရှိချေ။ သင်၌ ဆုကျေးဇူးနှင့် ပါရမီတို့ မည်မျှရှိပါစေ၊ သင်၏ဂုဏ်သတင်းနှင့် ဂုဏ်အဆင့်အတန်းတို့က မည်မျှမြင့်မြတ်ပါစေ၊ သင်သည် သမ္မာတရား၏ စစ်မှန်မှုကို ပိုင်ဆိုင်သည်ဟု မည်သည့်အခါမျှ မညွှန်ပြချေ။ ဆုကျေးဇူးများနှင့် ပါရမီများသည် မည်သည့်အခါမျှ သမ္မာတရား ဖြစ်လာလိမ့်မည် မဟုတ်ပေ။ ယင်းတို့သည် သမ္မာတရားနှင့် မဆက်နွှယ်ချေ။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၈- ၎င်းတို့သည် အခြားသူများအား သမ္မာတရား သို့မဟုတ် ဘုရားသခင်ကို မနာခံစေဘဲ၊ ၎င်းတို့ကိုသာ နာခံစေသည် (အပိုင်း ၃)) ဘုရားရဲ့နှုတ်ကပတ်တော်က တော်တော် ရှင်းလင်းတာပဲ။ အယောက်တိုင်းမှာ ကိုယ်ပိုင်အစွမ်းအစတွေ၊ ကျွမ်းကျင်မှုတွေ၊ ပါရမီတွေ ရှိကြတယ်။ ဒါပေမဲ့ လူတစ်ယောက်က ဘယ်လို ကျွမ်းကျင်မှုတွေပဲ ရှိရှိ၊ ဒါတွေက သမ္မာတရားကို နားလည်တယ်ဆိုတဲ့အဓိပ္ပာယ် မဟုတ်ဘူး။ သူများတွေထက် ပိုတော်တယ်ဆိုတာမျိုးက ပိုတောင် မဟုတ်သေးဘူး။ ဘုရားက ကျွန်တော်တို့ကို ပေးထားတဲ့ အစွမ်းအစတွေ၊ ပါရမီတွေဆိုတာ ကိုယ့်တာဝန်တွေကို လုပ်ဆောင်ဖို့ တန်ဆာပလာတွေပဲ။ အဲဒါတွေက သမ္မာတရားနဲ့ မသက်ဆိုင်ပါဘူး။ ကျွန်တော်က ဒီအရာတွေမှာ ဂုဏ်မယူခဲ့သင့်ဘူး။ အဲဒါတွေအပေါ် မှန်မှန်ကန်ကန် သဘောထားရှိခဲ့သင့်တာပါ။ ဒါပေမဲ့ ကျွန်တော်က စကားပြောကျွမ်းကျင်သွားတယ်၊ လူတွေနဲ့ လွယ်လွယ်ကူကူ ဆက်ဆံတတ်သွားတယ်ဆိုတာနဲ့၊ ကိုယ်က သာတယ်လို့ ထင်မိတယ်။ ဒီအရာတွေအပေါ် အမြတ်ထုတ်လို့ရတယ်ပေါ့။ ငါက သူများတွေထက် ပိုတော်တယ်လို့ ထင်မိတာ။ အဲဒီလိုနဲ့ ကျွန်တော်က ပိုပိုပြီး မာနထောင်လွှားတာတွေ၊ ရိုင်းစိုင်းတာတွေ ဆက်ဖြစ်လာတာပဲ။ ကိုယ့်တာဝန်ကို လုပ်ပြီး အကျိုးရလဒ်နည်းနည်း ရလာတော့လည်း၊ ကိုယ့်ကိုယ်ကိုယ် ပိုပြီးတော့ ဂုဏ်ယူမိပြန်ရော။ ကျန်တဲ့လူတွေကို အရေးပါတယ်လို့ မမြင်တော့ဘူး။ ကိုယ့်ကိုယ်ကိုယ်ပဲ ယုံကြည်မိလာတော့၊ ကိုယ့်တာဝန်မှာ သမ္မာတရားရဲ့စည်းမျဉ်းတွေကို မရှာဖွေတော့တာတွေ၊ ဘယ်သူနဲ့မှ ပူးပေါင်းမလုပ်တာတွေအထိ ဖြစ်သွားတယ်။ ကြီးကြပ်သူက မာနထောင်လွှားတဲ့ ကျွန်တော့်စိတ်သဘောထားကို ထောက်ပြတော့လည်း မသိချင်ယောင်ဆောင်တယ်။ ပြီးတော့ ကိုယ့်ကိုယ်ကိုယ် မှန်တယ်၊ တော်တယ်လို့ ထင်နေတုန်းပဲ။ တာဝန်ကနေ အထုတ်ခံရချိန်မှာတောင် ကိုယ့်ကိုယ်ကိုယ် မဆင်ခြင်ကြည့်ခဲ့ဘူး။ ငါက အစွမ်းအစရှိတယ်၊ ပါရမီရှိတယ်၊ ကိုယ့်တာဝန်ကို မှန်မှန်ကန်ကန် လုပ်နိုင်တယ်ဆိုပြီး အရှက်မရှိ ထင်နေမိတုန်းပဲ။ ကိုယ် ထုတ်ပယ်ခံရတာကို အတိုက်အခံလုပ်ပြီး မကျေမနပ်ဖြစ်ခဲ့တာ။ ကိုယ့်တာဝန်ကိုတောင် မလုပ်ချင်တော့ဘူး ဖြစ်ခဲ့တယ်။ ဒီမာနထောင်လွှားတဲ့ စိတ်သဘောထားကြောင့် ကိုယ့်ကိုယ်ကိုယ်မသိနိုင်ဘူး ဖြစ်ခဲ့ရတယ်။ သူများတွေရဲ့အကြံဉာဏ်ကို နားမထောင်နိုင်ခဲ့ဘူး။ ကိုယ့်ကိုယ်ကိုယ်သိတဲ့အသိ ကင်းမဲ့သွားတယ်။ ကျွန်တော့်အမြင်မှာ ကိုယ်နဲ့ တန်းတူရည်တူဆိုတာ မရှိဘူး။ စိတ်နှလုံးထဲမှာလည်း ဘုရားဆိုတာ မရှိခဲ့ဘူး။ ကျွန်တော့်အတွက် ဘုရားက စီစဉ်ပေးတဲ့ အခြေအနေတိုင်းမှာ ဘုရားကို ခုခံပုန်ကန်မိတယ်ဆိုတဲ့ အခြေခံအကြောင်းရင်းက ကျွန်တော့်ရဲ့ မာနထောင်လွှားမှုပဲ။ ကျွန်တော့်စိတ်နှလုံးထဲမှာ ဘုရားအတွက် နေရာမရှိခဲ့ဘူး။ ဘုရားကို ကြောက်ရွံ့တာ၊ နာခံတာ မရှိခဲ့ဘူး။ အပြင်ပန်းမှာတော့ ကျွန်တော်က ကိုယ့်တာဝန်ကို လုပ်နေတာပဲ၊ ဒါပေမဲ့ တစ်ခုခု ဖြစ်လာတဲ့အခါတိုင်း ကျွန်တော်က ဆုလည်း မတောင်းဘူး၊ ဘုရားကိုလည်း မတောင်းခံဘူး။ ကိုယ့်တာဝန်မှာလည်း သမ္မာတရားကိုဖြစ်ဖြစ်၊ စည်းမျဉ်းတွေကိုဖြစ်ဖြစ် မရှာဖွေခဲ့ဘူး။ လုပ်စရာရှိတာတွေအတွက် မာနထောင်လွှားတဲ့ ကိုယ့်စိတ်သဘောထားကိုပဲ အားကိုးလိုက်တယ်။ မဆင်မခြင်နဲ့ လက်လွတ်စပယ် လုပ်မိတော့၊ အသင်းတော်ရဲ့အလုပ်ကို အနှောင့်အယှက်ဖြစ်ကုန်တာပဲ။ ဒါက တကယ်ကို မကောင်းမှုလုပ်နေမိတာပါ။ မာနထောင်လွှားတဲ့ ကျွန်တော့်စိတ်သဘောထားက မပြောင်းလဲဘဲ ရှိနေမယ်ဆိုရင်၊ ကျွန်တော်က တစ်နေ့နေ့တစ်ချိန်ချိန်မှာ ဘုရားကို ခုခံတဲ့ အန္တိခရစ်တစ်ယောက် ဖြစ်လာမှာပဲ။ နောက်ဆုံးမှာ ဘုရားရဲ့စွန့်ပစ်တာ ခံရပြီး၊ အပြစ်ဒဏ်ပေးခံရလိမ့်မယ်။ ဘုရားနှုတ်ကပတ်တော်ရဲ့ ဉာဏ်အလင်းပေးမှု၊ အလင်းပြမှုတွေကနေ၊ ကျွန်တော် ဒီအချက်ကို ရှင်းရှင်းလင်းလင်း မြင်သွားတယ်။ ကျွန်တော့်မှာ အစွမ်းအစတချို့ ရှိတယ်ဆိုပေမဲ့၊ မာနထောင်လွှားတဲ့ ကိုယ့်စိတ်သဘောထားနဲ့ပဲ အမြဲတမ်း လုပ်ဆောင်နေတာ။ သမ္မာတရားကိုဖြစ်ဖြစ်၊ စည်းမျဉ်းတွေကိုဖြစ်ဖြစ် ရှာဖွေနေတာမဟုတ်ဘူး။ ကျွန်တော့်အလုပ်ကလည်း မထိရောက်ခဲ့ဘူး။ ကျွန်တော်က သူများတွေထက် ပိုမတော်ခဲ့ဘူးဆိုတာ ရှင်းနေတာပဲ။ အစ်မထရီဇာအကြောင်းလည်း စဉ်းစားကြည့်တယ်။ သူ့ချို့ယွင်းချက်တွေ ပြန်ကာမိအောင် သူများတွေဆီက အကြံပေးတာတွေကို နှိမ့်နှိမ့်ချချ လက်ခံနိုင်ခဲ့တဲ့သူ။ သူ့တာဝန်မှာလည်း များသထက်များတဲ့ အကျိုးရလဒ်တွေ ဖြစ်ထွန်းနေတာ။ ကျွန်တော် အရမ်း ရှက်သွားမိတယ်။ ကျွန်တော့်မှာ အဲဒီအစ်မရဲ့အစွမ်းအစတွေ ရှိမနေဘူးလေ။ တကယ်တော့ ကျွန်တော်က ဘာမှမဟုတ်ခဲ့ဘူး။ အဲဒါကိုပဲ အရမ်း မာနထောင်လွှားနေခဲ့တာ။ တကယ်လို့ ကျွန်တော်က ကိုယ့်အစွမ်းအစတွေ၊ ပါရမီတွေကို ဆက်ပြီး အမြတ်ထုတ်နေခဲ့မယ်၊ ဘုရားနှုတ်ကပတ်တော်ကို နားမထောင်ဘူး၊ ကိုယ့်တာဝန်မှာ သမ္မာတရားကိုဖြစ်ဖြစ် စည်းမျဉ်းတွေကိုဖြစ်ဖြစ် မရှာဖွေခဲ့ဘူးဆိုရင်၊ ကိုယ့်အစွမ်းအစတွေ ဘယ်လောက်ရှိရှိ၊ ဘုရားရဲ့ကောင်းချီးပေးခြင်းကို ခံရမှာမဟုတ်ဘူး။ ဘယ်တာဝန်ကိုဖြစ်ဖြစ် မှန်မှန်ကန်ကန် လုပ်နိုင်မှာ မဟုတ်တဲ့အပြင်၊ နောက်ဆုံး ကိုယ့်ရဲ့ကယ်တင်ခြင်း ခံရခွင့်ကိုပါ ဆုံးရှုံးခဲ့မှာပဲ။

နောက်တော့မှ ဘုရားနှုတ်ကပတ်တော်ကျမ်းပိုဒ် နောက်တစ်ခုကို ဖတ်မိတယ်၊ “မည်သူမဆို အမှားကင်းသည်ဟု သင်တို့ ထင်သလော။ လူတို့သည် မည်မျှ သန်စွမ်းသည်ဖြစ်စေ၊ သို့မဟုတ် မည်မျှ စွမ်းဆောင်နိုင်ပြီး ပါရမီရှိသည်ဖြစ်စေ၊ ၎င်းတို့သည် ခြောက်ပြစ်ကင်း မဟုတ်သေးပေ။ ဤအရာကို လူများ သတိပြုမိရမည်။ ယင်းမှာ အမှန်တရားဖြစ်သည်။ ယင်းမှာ လူတို့သည် မိမိတို့၏ကိုယ်ပိုင် အရည်အချင်းများနှင့် အားသာချက်များ၊ သို့မဟုတ် အမှားများအပေါ် ထားရှိသင့်သည့် သဘောထားလည်း ဖြစ်ပေသည်။ ဤသည်မှာ လူတို့ ပိုင်ဆိုင်သင့်သည့် စဉ်းစားချင့်ချိန်နိုင်စွမ်း ဖြစ်သည်။ ဤသို့သော ဆင်ခြင်တုံတရားဖြင့် သင်သည် သင်ကိုယ်တိုင်၏ အားသာချက်များနှင့် အားနည်းချက်များအပြင် အခြားသူတို့၏ ယင်းအချက်များကိုပါ သင့်လျော်စွာ ကိုင်တွယ်နိုင်မည်ဖြစ်ပြီး၊ ဤအချက်သည် သင့်အား ၎င်းတို့နှင့်အတူ သဟဇာတဖြစ်စွာ အလုပ်လုပ်နိုင်စေလိမ့်မည်။ သင်သည် သမ္မာတရား၏ ဤရှုထောင့်ကို နားလည်ပြီးဖြစ်ကာ၊ သမ္မာတရား၏ လက်တွေ့အရှိတရား ဤသွင်ပြင်လက္ခဏာအတွင်း ဝင်ရောက်နိုင်လျှင်၊ သင့်တွင်ရှိသော မည်သည့်အားနည်းချက်ကိုမဆို ချိန်ညှိရန် အချင်းချင်းရှိ အားသာချက်များကို အသုံးပြုရင်း၊ သင်၏ညီအစ်ကိုမောင်နှမများနှင့် သဟဇာတဖြစ်လျက် အဆင်ပြေနိုင်သည်။ ဤနည်းအားဖြင့် မည်သည့်တာဝန်ကို ထမ်းဆောင်နေသည်ဖြစ်စေ သို့မဟုတ် မည်သည့်အရာကို လုပ်ဆောင်နေသည်ဖြစ်စေ သင်သည် ယင်းအမှုအရာတွင် အစဉ်သဖြင့် ပိုမိုကောင်းမွန်လာပြီး ဘုရားသခင်၏ကောင်းချီးကို ရရှိလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပြုအမူကောင်းဟူသည်မှာ မိမိ၏စိတ်သဘောထား ပြောင်းလဲပြီးဖြစ်သည်ဟု မဆိုလိုပေ) ဘုရားနှုတ်ကပတ်တော်ကနေ၊ လက်တွေ့လုပ်ဆောင်ဖို့ လမ်းတစ်ခုကို ကျွန်တော် တွေ့သွားတာ။ ကျွန်တော်က ဘုရားရဲ့နှုတ်ကပတ်တော်ထဲမှာ ကိုယ့်ကိုယ်ကိုယ် သိသင့်တယ်။ ကိုယ့်အစွမ်းအစတွေ၊ အားနည်းချက်တွေကို မှန်မှန်ကန်ကန် ထိန်းသိမ်းသင့်တယ်။ ပြီးတော့ ဘယ်သူကမှ ပြီးပြည့်စုံမနေပါဘူး။ ကျွန်တော် နားမလည်တဲ့ အရာတွေနဲ့ပတ်သက်လာရင်၊ သူများတွေရဲ့အကူအညီကို တောင်းဖို့၊ သူတို့ရဲ့နည်းလမ်းတွေ၊ လမ်းကြောင်းတွေကို ထုတ်သုံးဖို့ လေ့လာရမယ်။ ဟိုအရင်ကဆို ကျွန်တော်က လူတိုင်းရဲ့အထက်မှာ ရှိတယ်လို့ပဲ အမြဲထင်ခဲ့တာ။ လူတိုင်းကို အထင်သေးခဲ့တယ်။ ဒါပေမဲ့ တကယ်တမ်းတော့ လူတိုင်းမှာ ကိုယ်ပိုင်အစွမ်းအစတွေ ရှိကြတယ်။ ကိုယ့်ကိုယ်ကိုယ်ပဲ အများကြီး အထင်ကြီးနေလို့ မရဘူးလေ။ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချရမယ်၊ အကြောင်းကိစ္စတွေကို ညီအစ်ကိုမောင်နှမတွေနဲ့ တန်းတူရည်တူ ပြောဆိုလုပ်ကိုင်ရမယ်၊ သူများတွေရဲ့အစွမ်းအစတွေ၊ အရည်အချင်းတွေကို ပိုပြီးလေ့လာရမယ်၊ သင့်သင့်မြတ်မြတ် ပူးပေါင်းလုပ်ဆောင်ရမယ်။ တစ်ယောက်ယောက်က အကြံပြုချက်တွေ တင်ပြနေတယ်ဆိုရင်၊ သမ္မာတရားနဲ့ စည်းမျဉ်းတွေကို ရှာဖွေသင့်တယ်။ ကိုယ့်ကိုယ်ကိုယ် မှန်တယ်လို့ အမြဲ မယူဆသင့်ဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော့်မှာ ချို့ယွင်းချက်တွေ၊ မလုံလောက်တာတွေ၊ စိတ်ကူးနဲ့ ရှုထောင့်အမှားတွေ အများကြီးရှိတယ်။ အကြောင်းအရာတွေအပေါ် ကိုယ့်အမြင်က မမှန်ကန်ဘူး။ ပြီးတော့ သန့်ရှင်းသောဝိညာဉ်တော်ကလည်း လူပုဂ္ဂိုလ်တစ်ယောက်ထဲမှာပဲ အမြဲတမ်း မလုပ်ဆောင်ဘူးလေ။ တခြားညီအစ်ကို၊ ညီအစ်မတွေထဲမှာ သူ့လုပ်ဆောင်ချက် ရှိချင်ရှိနေနိုင်တယ်။

နောက်ပိုင်းမှာ ညီအစ်ကိုမောင်နှမတွေက ကျွန်တော်တို့တာဝန်တွေမှာ အကြံပြုချက်တွေအမျိုးမျိုး တင်ပြလာပြီဆိုရင်၊ ကျွန်တော်လည်း အဲဒါတွေကို လက်ခံဖို့ ကြိုးစားတယ်။ ဧဝံဂေလိ ဖြန့်ဝေခဲ့တုန်းက အချိန်တစ်ချိန်ကို ကျွန်တော် မှတ်မိသေးတယ်။ ကျွန်တော်က လူတွေကို တရားနာကြဖို့ ဖိတ်ရုံပဲဖိတ်တယ်။ နောက်ပိုင်းမှာ သူတို့အခက်အခဲတွေကို သီးသန့် စုံစမ်းတာတွေ မလုပ်မိဘူး။ ကြီးကြပ်သူက ကျွန်တော့်ပြဿနာကို တွေ့သွားပြီး၊ ကျွန်တော်က ကိုယ့်တာဝန်မှာ လုံလုံလောက်လောက် မကြိုးစားဘူးလို့ ထောက်ပြတယ်။ စစချင်းတော့ သူ့ဝေဖန်ချက်ကို ကျွန်တော် လက်မခံနိုင်ခဲ့ဘူး။ ငါက အကောင်းဆုံးလုပ်ဖို့ ကြိုးစားနေတာလို့ပဲ ထင်မိတယ်၊ စည်းဝေးကြတဲ့အခါ သူတို့ပြဿနာတွေနဲ့ အခက်အခဲတွေကို ကျွန်တော်က နားလည်နေတာဆိုတော့၊ သူတို့ကို တစ်ယောက်ချင်း စုံစမ်းဖို့ မလိုဘူးလို့ပဲ ထင်ခဲ့တာ။ ပြီးတော့ ဟိုအရင်ကလည်း ကျွန်တော်က ဒီလိုပဲ လုပ်လာခဲ့တာ။ ရလဒ်တွေလည်း သိပ်ကောင်းခဲ့တယ်။ ဒီတော့ ကြီးကြပ်သူ ပြောတဲ့အတိုင်း လုပ်ဖို့မလိုဘူးပေါ့လေ။ ဒါပေမဲ့ ဒါကို စဉ်းစားကြည့်တော့မှ၊ ဒါက မာနထောင်လွှားတဲ့ ကျွန်တော့်စိတ်သဘောထား ထပ်ပြီး ပေါ်နေတာပဲဆိုတာ သဘောပေါက်သွားတယ်။ အဲဒါနဲ့ ကိုယ့်ကိုယ်ကိုယ် ငြိမ်အောင်ထိန်းပြီး၊ ဘုရားကို ဆုတောင်းလိုက်တော့မှ၊ နည်းနည်း တည်ငြိမ်အောင် ထိန်းလိုက်နိုင်တယ်။ ကြီးကြပ်သူက ကျွန်တော့်အလုပ်ထဲက ပြဿနာတွေကို ထောက်ပြနေတာပဲ။ ကျွန်တော်က သူ့အကြံဉာဏ်နဲ့ အကူအညီကို လက်ခံသင့်တယ်။ ဒါမှ ကျွန်တော့်တာဝန်မှာ ကောင်းသထက်ကောင်းတဲ့ ရလဒ်တွေ ဆက်ပြီး ရနိုင်မှာ။ အဲဒီလို ဆင်ခြင်မိသွားတော့ ကျွန်တော်လည်း အလားအလာရှိတဲ့ ဧဝံဂေလိ လက်ခံသူတွေနဲ့ စပြီး ပြောဆိုဆက်ဆံတယ်၊ သူတို့ကို ဂရုစိုက်မှုပြတယ်၊ သူတို့မှာ အခက်အခဲတွေ ရှိနေသလား မေးမြန်းတယ်၊ ပြီးရင် သူတို့ကို မိတ်သဟာယပေးဖို့အတွက် ဘုရားနှုတ်ကပတ်တော်တွေကို ရှာဖို့ အတတ်နိုင်ဆုံး ကြိုးစားတော့တာပဲ။ ဒီပုံစံအတိုင်း လက်တွေ့လုပ်ကြည့်လိုက်တော့၊ ကျွန်တော့်ဧဝံဂေလိအလုပ်ရဲ့ ရလဒ်တွေက အများကြီး တိုးတက်သွားတယ်။ ကိုယ့်ကိုယ်ကိုယ် ဘေးဖယ်ထားပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်မိတဲ့ အရသာကိုလည်း ခံစားလိုက်ရတယ်။ ဒီနောက်ပိုင်းမှာ ညီအစ်ကိုမောင်နှမတွေက အကြံပြုချက်လေးတစ်ခု ပေးတယ်ဆိုရင်တောင်၊ အဲဒါကို လက်ခံဖို့ ကျွန်တော် အမြဲကြိုးစားတယ်။ ဒီနည်းလမ်းကို ကျင့်သုံးမိတဲ့အခါတိုင်း ကျွန်တော့်စိတ်ထဲမှာ ငြိမ်းချမ်းမှု ရတယ်၊ ကိုယ့်တာဝန်ကိုလည်း ပိုကောင်းအောင် လုပ်မိသွားတယ်။ ကျွန်တော်ကတော့ ဘုရားကို အများကြီး ကျေးဇူးတင်မိပါတယ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

အန္တိခရစ်တစ်ဦးကို ကျွန်ုပ်တိုင်ကြားခဲ့ပုံ

ဝိန်ကျင့် တရုတ်နိုင်ငံ ပြီးခဲ့တဲ့ နှစ်အနည်းငယ်တုန်းက ကျွန်မ ကိုယ့်တာဝန်ကို လုပ်ဖို့ မြို့ပြင်ကနေ ဒေသန္တရအသင်းတော်ဆီ ပြန်လာခဲ့တယ်။ ရေလောင်း...

ကျွန်မရဲ့ မိဘတွေကို အရှိအတိုင်း မြင်တယ်

ရှင်းချယ် တောင်ကိုရီးယားနိုင်ငံ ကျွန်မ ငယ်ငယ်ကတည်းက ကျွန်မမိဘတွေက ဘုရားရဲ့နောက်ကိုလိုက်တဲ့အတွက် စံပြတွေအဖြစ် ကျွန်မက အမြဲတမ်းမြင်ခဲ့တယ်။...

ညံ့ဖျင်းသော အရည်အချင်းသည် ဆင်ခြေမဟုတ်

လင်းရန် တရုတ်နိုင်ငံယခင်က၊ ကျွန်မ၏ တာဝန်ကို ဆောင်ရွက်နေချိန်တွင် အခက်အခဲအချို့ကို ကျွန်မ ရင်ဆိုင်ရသည့်အခါတိုင်း သို့မဟုတ် ကျွန်မ၏ အလုပ်ကို...

ပြဿနာတစ်ခုကို တိုင်ကြားခြင်းအပေါ် စိုးရိမ်ပူပန်ခြင်း

၂၀၂၁ စက်တင်ဘာမှာ ကျွန်တော်က အသင်းတော်မှာ ဧဝံဂေလိမျှဝေတယ်။ အချိန်နည်းနည်းကြာတော့ ဧဝံဂေလိအလုပ် ကြီးကြပ်ရေးမှူးက သူ့တာဝန်မှာ ဘာမှ...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။