နှင်ထုတ်ခြင်းခံရပြီးနောက် ဆင်ခြင်သုံးသပ်ခြင်း
ကျွန်တော်က အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံပြီးတဲ့နောက်မှာ အသင်းတော်မှာ အမြဲတမ်း ဧဝံဂေလိ ဖြန့်တယ်။ နောက်ပိုင်းမှာ ကျွန်တော်က အဖွဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်လာပြီး အသင်းတော်လေး၊ ငါးခုရဲ့ ဧဝံဂေလိအလုပ်ကို ဦးဆောင်ရတယ်။ အချိန်ကာလတစ်ခုအထိ ကြိုးစားလုပ်ပြီးတော့ ဧဝံဂေလိအလုပ်က ရလဒ်တချို့ရခဲ့တယ်။ ကျွန်တော်က ကိုယ့်ကိုယ်ကိုယ် တော်တော်ကျေနပ်ခဲ့တာပေါ့။ အထူးသဖြင့် ဧဝံဂေလိအလုပ်မှာ အခက်အခဲတွေ ကြုံရတဲ့ အသင်းတော်ခေါင်းဆောင်တချို့က ကျွန်တော့်မိတ်သဟာယကို တောင်းခံကြတယ်။ ညီအစ်ကိုမောင်နှမတွေကလည်း ကျွန်တော့်ကို တော်တော်အထင်ကြီးတယ်။ အဲဒါနဲ့ ကျွန်တော်က တော်တော်ပျော်ပြီးတော့ “ငါက သမ္မာတရားတော်တော်များများကို နားလည်ပြီး သမ္မာတရားစစ်မှန်မှုနည်းနည်းရှိပုံပဲ” ဆိုပြီး တွေးမိတယ်။
၂၀၁၃ခုနှစ်မှာ ကျွန်တော် ဧဝံဂေလိ ဖြန့်ဖို့ နယ်ခံအသင်းတော်ဆီကို ပြန်လာခဲ့တယ်။ ကျွန်တော် ကိုယ့်ဘာသာ တွေးမိတယ်။ “ဧဝံဂေလိ ဖြန့်ဝေရင်းနဲ့ လွန်ခဲ့တဲ့တစ်နှစ်လောက် အချိန်ကုန်သွားတော့ ငါ အလေ့အကျင့်တော်တော်ရပြီး သမ္မာတရားတချို့ကို နားလည်လာပြီ။ အခု ငါအသင်းတော်ကို ပြန်ရောက်တော့ သူတို့က ငါ့ကို သေချာပေါက် လက်သပ်မွေးဖို့ အာရုံစိုက်ကြမှာပဲ။ ပြီးတော့ ငါ့မိတ်သဟာယကို သူတို့နားထောင်တဲ့အခါ အရင်ကနဲ့ သေချာပေါက် တူမှာမဟုတ်ဘူး။ ရွေးကောက်ပွဲတွေမှာ အသင်းတော်ခေါင်းဆောင်ဖြစ်ဖို့တောင် အရွေးခံရချင် ခံရမယ်” ပေါ့။ သုံးလေးရက်ကြာတော့ ကျားရှင်းဆိုတဲ့ အသင်းတော်ခေါင်းဆောင်တစ်ယောက်က ကျွန်တော့်အိမ်ကို လာတယ်။ သူ့တာဝန်ကြောင့် သူတော်တော်ပင်ပန်းနေတယ်လို့ ပြောတယ်။ သူက ပြဿနာတွေကို မဖြေရှင်းနိုင်ဘူး၊ စုဝေးပွဲတွေမှာ အမြဲတမ်းအိပ်ငိုက်တယ်၊ သူ့မှာ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ လုပ်ဆောင်မှုမရှိဘူး၊ သူ့တာဝန်သူ ယူပြီး နုတ်ထွက်သင့်တယ်လို့ တွဲဖက်အမှုဆောင်တချို့က ပြောတယ်တဲ့။ တရားဟောဆရာတွေကလည်း အဲဒီလိုပဲလုပ်ဖို့ သူ့ကို တိုက်တွန်းတယ်တဲ့။ ဒီတရားဟောဆရာနှစ်ယောက်က တစ်ခါတုန်းက သူထုတ်တာကို ခံခဲ့ရပေမဲ့ သူတို့တွေက ကိုယ့်ကိုယ်ကိုယ် လုံးဝ ပြန်မသုံးသပ်ဘဲ သူက သူတို့ကို ဖိနှိပ်နေတယ်လို့တောင် ပြောခဲ့တယ်ဆိုတာကိုလည်း သူက သေချာအလေးပေးပြောတယ်။ ကျားရှင်းက ဒီလိုအခြေအနေတွေကို သူ ဘယ်လိုတွေ့ကြုံသင့်လဲဆိုတာကို ကျွန်တော်တို့ကို မေးတယ်။ ဒါတွေအားလုံးကို သူပြောတာကို ကြားရတော့ ကျွန်တော် တော်တော်စိတ်ဆိုးပြီး “ဒါက လက်စားချေတာ မဟုတ်ဘူးလား။ ငါ အရင်တုန်းက ကျားရှင်းနဲ့ တွဲလုပ်ဖူးတယ်။ သူက ဧဝံဂေလိ ဖြန့်တဲ့အခါမှာ တကယ်ကို ဒုက္ခခံနိုင်ပြီး ပေးဆပ်နိုင်တယ်။ တစ်ခါတလေမှာ လူသစ်တွေက နောက်ကျတဲ့အထိ အလုပ်လုပ်ပေမဲ့ သူက အမြဲတမ်း သူ့ဇာတိပကတိကို ပုန်ကန်ပြီး သူတို့ဆီမိတ်သဟာယ သွားဖွဲ့တုန်းပဲ။ သူက တော်တော်တာဝန်သိတတ်ပါတယ်။ သူ့မှာ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ လုပ်ဆောင်မှုမရှိဘူးလို့ သူတို့က ဘယ်လိုပြောနိုင်ရတာလဲ။ သူတို့က သူ့ကို ဖိနှိပ်နေတာ မဟုတ်ဘူးလား။ ဒါ အယောင်ဆောင်ခေါင်းဆောင်တွေ၊ အမှုဆောင်တွေ လုပ်တဲ့ဟာပဲ။ မဖြစ်ဘူး။ ငါ ဒါကို အလွတ်ပေးလိုက်လို့ မဖြစ်ဘူး။ အခု ငါပြန်ရောက်ပြီဆိုတော့ သူ့ကို ကူညီမှဖြစ်မယ်” ဆိုပြီး တွေးမိတယ်။ အဲဒီနောက် မကြာခင်မှာပဲ ဒီကိစ္စကို နားလည်ပြီး စုံစမ်းစစ်ဆေးဖို့ ကျွန်တော့်အမျိုးသမီးနဲ့အတူ သွားလိုက်တယ်။ ကျွန်တော်တို့ စုံစမ်းစစ်ဆေးနေတုန်းမှာ ကိုယ့်ကိုယ်ကိုယ် တော်တော်ကျေနပ်ပြီး “ငါက တော်တော် ရှင်းရှင်းလင်းလင်းသိမြင်တတ်တာပဲ။ အသင်းတော်ကို ပြန်ရောက်တာနဲ့ ငါက အယောင်ဆောင်ခေါင်းဆောင်တွေကို ရှင်းရှင်းလင်းလင်း သိမြင်ပြီးသား ဖြစ်နေမှာ။ ဒီအယောင်ဆောင်ခေါင်းဆောင်တွေနဲ့ အမှုဆောင်တွေကို တိုင်ပြီး ထုတ်လို့ရနိုင်ရင် ငါလုပ်တာ တော်တော်ကောင်းသွားမှာပဲ။ သူတို့ကို ထုတ်ပြီးတဲ့အခါ ငါက ခေါင်းဆောင်အနေနဲ့ အရွေးခံရဖို့ အခွင့်အရေးရချင်ရမယ်။ ငါက တကယ်ကို တစ်ချက်ခုတ်၊ နှစ်ချက်ပြတ်ဖြစ်နေမှာပဲ” ဆိုပြီး တွေးမိတယ်။ ဒါကို တွေးမိတော့ ကျွန်တော့်ရဲ့ “တရားမျှတစိတ်”က ပိုတောင် ခိုင်မာလာတယ်။ သုံးလေးရက်ကြာတော့ တွဲဖက်အမှုဆောင်တချို့က ကျားရှင်းကို သူ့ရာထူးကနေ ဖယ်ရှားလိုက်တယ်ဆိုတာ ကျွန်တော် သိလိုက်ရတယ်။ တွဲဖက်အမှုဆောင်တွေက စုဝေးပွဲတွေမှာ ကျားရှင်းရဲ့ အပြုအမူကို စိစစ်ပြီး ညီအစ်ကိုမောင်နှမတွေကို သူ့အကြောင်း ရှင်းရှင်းလင်းလင်းသိအောင် ကူညီပေးခဲ့တယ်။ ဒီသတင်းကိုကြားတော့ ကျွန်တော် အရမ်းစိတ်တိုသွားပြီး “ကျားရှင်းက မင်းတို့အားလုံးထက် ပိုပြီး စွန့်ပစ်နိုင်တယ်။ ဒုက္ခခံနိုင်တယ်။ သူက ဘယ်လိုလုပ်ပြီး သန့်ရှင်းသောဝိညာဉ်တော်ရဲ့ လုပ်ဆောင်မှုမရှိတဲ့ အယောင်ဆောင်ခေါင်းဆောင်တစ်ယောက် ဖြစ်နိုင်မလဲ။ မင်းတို့အားလုံးကို ဖယ်ရှားလို့ရတယ်။ ဒါပေမဲ့ သူကိုတော့ မရဘူး” ဆိုပြီး တွေးမိတယ်။ ဒါဟာ လက်စားချေတဲ့လုပ်ရပ်ပဲလို့ ကျွန်တော် ယုံကြည်မိတယ်။ အဲဒါနဲ့ ဒီလူတွေက အယောင်ဆောင်ခေါင်းဆောင်တွေ၊ အမှုဆောင်တွေဖြစ်တယ်၊ ကျားရှင်းကို ဖယ်ရှားတာက အလုပ်အစီအစဉ်တွေနဲ့ မညီဘူးဆိုတဲ့ စွပ်စွဲချက်ကို စုဝေးပွဲနေရာတွေမှာ ဖြန့်တယ်။ ဒီဟာကြောင့် ညီအစ်ကိုမောင်နှမတွေက ပုံမှန်အသင်းတော်အသက်တာကို အသက်မရှင်နိုင်ဖြစ်လာပြီး အသင်းတော်က နည်းနည်း ဖရိုဖရဲဖြစ်လာတယ်။
အဲဒီနောက် အချိန်နည်းနည်းကြာတော့ ညီအစ်မတစ်ယောက်က အသင်းတော်က ဖရိုဖရဲဖြစ်နေတာကို ကိုင်တွယ်ဖြေရှင်းဖို့ ရောက်လာတယ်။ သူကပြောတယ်။ သူ့ရဲ့ စုံစမ်းစစ်ဆေးချက်အရ ကျားရှင်းက သမ္မာတရားကို ဘယ်လိုမိတ်သဟာယဖွဲ့ရမယ်ဆိုတာကို မသိဘဲ ညီအစ်ကိုမောင်နှမတွေရဲ့ တကယ့်ပြဿနာတွေကို မဖြေရှင်းနိုင်ဘူးဆိုပြီး ပြတယ်တဲ့။ ကျားရှင်းက တကယ့်အလုပ်ကို မလုပ်နိုင်တဲ့ အယောင်ဆောင်ခေါင်းဆောင်စစ်စစ်ပဲ၊ စည်းမျဉ်းတွေအရဆိုရင် သူ့ကို ထုတ်သင့်တယ်လို့ သူကပြောတယ်။ ဒါပေမဲ့ အဲဒီညီအစ်မက ဒီလိုပြောတာကို ကျွန်တော်ကြားတော့ နည်းနည်းသံသယဖြစ်ပြီး “ဒါနဲ့ပတ်သက်ပြီး ငါတို့က တကယ်ပဲမှားနေတာလား။ ဒါ မဖြစ်နိုင်ဘူး။ လူတွေကို ငါအကဲဖြတ်တဲ့ပုံစံမှာ ငါလည်း အခြေပြုချက်ရှိတာပဲ။ မင်းတို့အားလုံးက အထင်အမြင်မှားအောင်လုပ်တာကို ငါခံရမှာမဟုတ်ဘူး။ မင်းတို့က ခေါင်းဆောင်တွေ၊ အမှုဆောင်တွေကို ထောက်ခံပေးနေတာပဲ” ဆိုပြီး တွေးမိတယ်။ အဲဒီနောက်တော့ ဒီညီအစ်မပြောတာမှန်သမျှကို ကျွန်တော် နားမထောင်ခဲ့ဘူး။ သူက ကိစ္စတွေကို မမျှမတနဲ့ ကိုင်တွယ်တယ်လို့ပဲ တွေးတယ်။ နောက်တော့ တခြားလူသုံးယောက်နဲ့အတူ ကျွန်တော် တိုင်စာတစ်စောင်ရေးတယ်။ ကျားရှင်းကို ဖယ်ထုတ်တဲ့ ဒီခေါင်းဆောင်တွေ၊ အမှုဆောင်တွေက စည်းမျဉ်းတွေကို မလိုက်နာဘူး၊ သူတို့တွေက သူ့ကို လက်စားချေနေတာဆိုပြီး ပြောလိုက်တယ်။ ဒါပေမဲ့ ဒီတိုင်စာကိုရေးတဲ့ လုပ်ငန်းစဉ်က လုံးဝ မချောမွေ့ဘူး။ ရေးနေတုန်းမှာပဲ ကျွန်တော်တို့က အမြင်မတူတာတွေကို အမြဲတမ်း ကြုံရတယ်။ လူတိုင်းက သူတို့ကိုယ်ပိုင်အမြင်တွေကိုပဲ ဖက်တွယ်ထားတာလေ။ ကျွန်တော်တို့ တစ်ခေါက်ပြီးတစ်ခေါက်ရေးကြပြီး ရေးတိုင်းလည်း အမှားအသစ်တွေက ရှိနေရော။ ကျွန်တော် သံသယဖြစ်လာပြီး “သူတို့ကို ငါတို့တိုင်တာက ဘုရားရည်ရွယ်ချက်နဲ့ မညီဘူးလား။ မညီဘူးဆိုရင် ငါတို့ မတိုင်သင့်ဘူး” ဆိုပြီး တွေးမိတယ်။ ဒါပေမဲ့ “ငါ နောက်ဆုတ်လိုက်ပြီးတော့ သူများတွေက အယောင်ဆောင်ခေါင်းဆောင်တွေကို တကယ်တိုင်ပြီး ထုတ်လိုက်ရင် သူတို့ လုပ်တာပဲ ချီးမွမ်းခံရမှာပေါ့။ ဒါဆိုရင် ဒါတွေအားလုံးက အလကားဖြစ်သွားမှာမဟုတ်ဘူးလား။ ညီအစ်ကိုမောင်နှမတွေက သူတို့တွေကပဲ သမ္မာတရားကို နားလည်တဲ့သူတွေ၊ ပိုင်းခြားသိမြင်မှုရှိပြီး တရားမျှတစိတ်ရှိသူတွေလို့ သေချာပေါက် ထင်မှာပဲ။ ဘယ်သူကမှ ငါ့ကို အထင်ကြီးမှာမဟုတ်ဘူး” လို့လည်း တွေးမိတယ်။ အဲဒါနဲ့ တိုင်စာပြီးသွားတော့ ကျွန်တော့်နာမည်ကို လက်မှတ်ထိုးလိုက်တယ်။ ပြီးတော့ အသင်းတော်မှာ ဖရိုဖရဲဖြစ်တာတွေကို ကိုင်တွယ်ဖြေရှင်းခဲ့တဲ့ ညီအစ်မကိုလည်း ကျွန်တော်တို့ တိုင်လိုက်တယ်။ စာကို ပေးလိုက်ပြီးတော့ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် တော်တော်ကျေနပ်တယ်။ “ဒီတစ်ခါတော့ အယောင်ဆောင်ခေါင်းဆောင်တွေ၊ အမှုဆောင်တွေ အထုတ်ခံရပြီး ငါက သမ္မာတရားကို နားလည်တယ်၊ လူတွေကို သတိပြုမိနိုင်တယ်ဆိုတာကို အထက်ခေါင်းဆောင်တွေက မြင်တဲ့အခါ သူတို့က လုပ်ထုံးလုပ်နည်းတွေကိုတောင် ကျော်ပြီး ငါ့ကို ရာထူးတိုးပေးချင် ပေးကြမှာ။ ညီအစ်ကိုမောင်နှမတွေအားလုံးက ငါ့အစွမ်းအစကို ချီးမွမ်းကြမယ်။ ဘယ်လောက်ကောင်းလိမ့်မလဲ” ဆိုပြီး တွေးမိတယ်။ သုံးလေးရက်ကြာတော့ အထက်ခေါင်းဆောင်တွေဆီကနေ စာတစ်စောင်ရတယ်။ အခုအချိန်မှာ ကွန်မြူနစ်ပါတီရဲ့ ဖမ်းဆီးမှုတွေက တော်တော်ဆိုးနေတယ်၊ ဒီတိုင်စာကို စစ်ကြည့်ပြီး ကိုင်တွယ်ဖို့အတွက်က အချိန်နည်းနည်းလိုမယ်ဆိုပြီး ပြောတယ်။ ညီအစ်မတစ်ယောက်ကပြောတယ်။ “နောင်ကျရင် ဖမ်းဆီးတာတွေက ပိုပြီးတော့ပဲ ဆိုးလာနိုင်တယ်။ ဒါကို ကိုင်တွယ်ဖြေရှင်းဖို့ အထက်ခေါင်းဆောင်တွေကို စောင့်ရင် အရမ်းနောက်ကျသွားလိမ့်မယ်။ ကျွန်မတို့က ခေါင်းဆောင်တွေ၊ အမှုဆောင်တွေ မဟုတ်ပေမဲ့ ညီအစ်ကိုမောင်နှမတွေကို ပိုပြီး ရှင်းရှင်းလင်းလင်းသိမြင်အောင် ကူညီပေးရဦးမယ်” တဲ့။ ကျွန်တော်က နားထောင်ပြီးတော့ “မှန်တယ်။ ညီအစ်ကိုမောင်နှမတွေကို ပိုပြီး ရှင်းရှင်းလင်းလင်းသိမြင်အောင် ကူညီပေးတာက ကိုယ့်တာဝန်ကို ထမ်းဆောင်တဲ့ ပုံစံတစ်ခုမဟုတ်ဘူးလား။ ဒီအယောင်ဆောင်ခေါင်းဆောင်တွေ အထုတ်ခံရတဲ့အခါ လူတိုင်းက ဒီအောင်မြင်မှုအတွက် သေချာပေါက် ငါ့ကို အသိအမှတ်ပြုကြမှာပဲ။ ငါက ခေါင်းဆောင်အနေနဲ့ အရွေးခံရနိုင်မှာမျိုး ဖြစ်လောက်တယ်” ဆိုပြီး တွေးမိတယ်။ အဲဒါနဲ့ စုဝေးပွဲနေရာတွေကို ကျွန်တော်သွားပြီး ခေါင်းဆောင်တွေနဲ့ အမှုဆောင်တွေ ကျားရှင်းကို ဖယ်ထုတ်တာက စည်းမျဉ်းတွေနဲ့ မညီဘူးလို့ ပြောခဲ့တယ်။ ကျားရှင်းက အယောင်ဆောင်ခေါင်းဆောင်တစ်ယောက်မဟုတ်ဘူး၊ သူက မနက်ကနေ ညအထိ သူ့တာဝန်ကို ထမ်းဆောင်ပြီး တကယ့်အလုပ်တချို့ကို လုပ်နိုင်တယ်လို့လည်း ပြောခဲ့တယ်။ အဲဒီအချိန်တစ်လျှောက်မှာ ညီအစ်ကိုမောင်နှမတွေ စုဝေးတော့ ဘုရားနှုတ်ကပတ်တော်ကို မိတ်သဟာမပြုကြဘဲ ဒီကိစ္စတွေအပေါ်ပဲ မှတ်ချက်ပေးကြတယ်။ တချို့ညီအစ်ကိုမောင်နှမတွေဟာ ကျွန်တော်တို့ရဲ့ အထင်အမြင်မှားအောင်လုပ်တာခံရပြီး ကျွန်တော်တို့ဘက် ပါကြတယ်။ ခေါင်းဆောင်တွေ၊ အမှုဆောင်တွေအပေါ် အမြင်စောင်းပြီး သူတို့တွေက အယောင်ဆောင်တွေလို့ ပြောကြတယ်။ တချို့လူတွေကဆိုရင် သူတို့ကို သူတို့အိမ်ကနေ မကြိုဆိုကြဘူး။ အဲဒီလိုနဲ့ ခေါင်းဆောင်တွေ၊ အမှုဆောင်တွေက သူတို့တာဝန်တွေကို ပုံမှန်မလုပ်နိုင်ကြတော့ဘူး။ ပိုင်းခြားသိမြင်နိုင်တဲ့သူတချို့က ခေါင်းဆောင်၊ အမှုဆောင်တွေဘက်မှာ နေကြပြီး ကျွန်တော်တို့တွေက အသင်းတော်အသက်တာကို အဖျက်အမှောင့်လုပ်နေတယ်လို့ ပြောကြတယ်။ ဒီလိုနဲ့ အသင်းတော်မှာ အုပ်စုနှစ်စု ဖြစ်လာတယ်။ ကျွန်တော်တို့တွေက တစ်ဖက်နဲ့တစ်ဖက် ဘက်ပြိုင်နေတဲ့ စစ်တပ်နှစ်ဖွဲ့လိုပဲ။ ကျွန်တော်တို့ စုဝေးတဲ့အခါတိုင်းမှာ ဒီကိစ္စတွေကို ဆွေးနွေးကြတယ်။ ညီအစ်ကိုမောင်နှမတွေက သူတို့ရဲ့ ပုံမှန်အသင်းတော်အသက်တာတွေကို ဆုံးရှုံးရတယ်။ အသင်းတော်မှာ ဖရိုဖရဲဖြစ်တာက သုံးလေးလအထိ ဒီလိုဆက်ဖြစ်နေတာပေါ့။
တစ်နေ့တော့ အထက်ခေါင်းဆောင်တွေက စုံစမ်းစစ်ဆေးပြီး ကျွန်တော်တို့ တိုင်စာပါအကြောင်းအရာတွေကို နားလည်အောင်လုပ်ဖို့ ရောက်လာကြတယ်။ ကျွန်တော် ကိုယ့်ဘာသာ တွေးမိတယ်။ “အဲဒီအယောင်ဆောင်ခေါင်းဆောင်တွေ၊ အမှုဆောင်တွေက သေချာပေါက် အထုတ်ခံရမှာပဲ” ပေါ့။ ကိစ္စတွေနဲ့ပတ်သက်ပြီး ကျွန်တော် ပျော်နေတုန်းမှာပဲ ခေါင်းဆောင်တွေထဲက တစ်ယောက်က ကျွန်တော်တို့ အပြုအမူရဲ့ သဘောသဘာဝကို စိစစ်ဖို့ ဘုရားနှုတ်ကပတ်တော်ကို အသုံးပြုခဲ့တယ်။ ကျွန်တော်တို့တွေက အုပ်စုတွေ ကွဲနေကြတယ်၊ အသင်းတော်ကို ခွဲနေပြီး အသင်းတော်အသက်တာကို အဖျက်အမှောင့်လုပ်နေကြတယ်၊ ဒါတွေကြောင့် ခေါင်းဆောင်တွေ၊ အမှုဆောင်တွေက ပုံမှန်အလုပ်မလုပ်နိုင်ဘဲ အသင်းတော်အလုပ်က ရပ်သွားတယ်ဆိုပြီး သူကပြောတယ်။ ကျွန်တော်တို့တွေက မကောင်းမှုလုပ်နေကြတာလို့ ပြောတယ်။ ကျားရှင်းက ခေါင်းဆောင်တစ်ယောက်အနေနဲ့ ညီအစ်ကိုမောင်နှမတွေကို ဘုရားအမှုတော်ကို ကြုံတွေ့ဖို့ ဘယ်လိုလမ်းပြရမယ်ဆိုတာ မသိဘူးလို့လည်း သူက ပြောတယ်။ ဒီအစား ကျားရှင်းက လူတွေကို စည်းရုံးပြီး သူ မကျေနပ်တာတွေကို တွဲဖက်အမှုဆောင်တွေဆီ ဖြန့်ဖို့ အမြဲတမ်းကြိုးစားတယ်။ သူ့မှာ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ လုပ်ဆောင်မှု ဘယ်လိုလုပ် ရှိနိုင်မလဲ။ ကျားရှင်းက တကယ့်အလုပ်ကို မလုပ်နိုင်ဘူး၊ ညီအစ်ကိုမောင်နှမတွေရဲ့ ပြဿနာတွေကို မဖြေရှင်းနိုင်ဘူး၊ သူက သူ့ကိုယ်သူစွန့်ပစ်ပြီး အသုံးခံတဲ့ပုံစံဘယ်လိုရှိပါစေ၊ သူက အယောင်ဆောင်ခေါင်းဆောင်တစ်ယောက်ဖြစ်ပြီး ထုတ်သင့်တယ်၊ ဒါက စည်းမျဉ်းတွေနဲ့ညီတဲ့အရာပဲ ဆိုပြီး ပြောတယ်။ ဒီအစ်မက မိတ်သဟာယဖွဲ့ပြီး ကျားရှင်းက အယောင်ဆောင်ခေါင်းဆောင်ဖြစ်နေတာကို စိစစ်တာ ကြားရတော့ ကျွန်တော့်နှလုံးက တဒိန်းဒိန်းခုန်နေပြီး “သူတို့ပြောတာက အဓိပ္ပာယ်ရှိတယ်။ ကျားရှင်းက ဒီတွဲဖက်အမှုဆောင်တွေက ဖော်ထုတ်ပြီး ဖယ်ရှားတာကို ခံရတယ်။ သူ့ကိုယ်သူ ပြန်သုံးသပ်ပြီး နားလည်အောင် ကြိုးစားခဲ့သင့်တာ။ ဒီအစား သူက ငါတို့ဆီ ခဏခဏလာပြီး မတရားခံရတယ်လို့ ခံစားရတယ်။ သူ့ နာကျည်းချက်တွေကို ရင်ဖွင့်တယ်။ သူက တကယ်ကို သမ္မာတရားကို လက်မခံခဲ့ဘူး၊ ဘုရားအမှုတော်ကို မတွေ့ကြုံခဲ့ဘူး။ ကျွန်တော်က ကျားရှင်းအတွက် ရပ်တည်ခဲ့ပြီး တခြားခေါင်းဆောင်တွေ၊ အမှုဆောင်တွေကိုတောင် ဝေဖန်အပြစ်တင်ခဲ့တယ်။ အသင်းတော်အသက်တာကို အဖျက်အမှောင့်လုပ်ခဲ့တယ်။ ဒီဟာရဲ့ သဘာဝက ဆိုးပါတယ်” ဆိုပြီး တွေးမိတယ်။ ဒါပေမဲ့ ကျွန်တော့်ရဲ့ အပြုအမူကို ကျွန်တော် လုံးဝနားမလည်တော့ အဲဒီအချိန်တုန်းက ကျွန်တော်က အမှားတစ်ခုလုပ်ခဲ့တယ်လို့ပဲ အသိအမှတ်ပြုခဲ့တယ်။ နောက်ဆုံးတော့ အထက်ခေါင်းဆောင်တွေကပြောတယ်။ ကျွန်တော်တို့တွေက အသင်းတော်အသက်တာကို ပြင်းပြင်းထန်ထန် အဖျက်အမှောင့်လုပ်ခဲ့တယ်၊ ဒီဟာရဲ့ သဘာဝက ဆိုးတယ်တဲ့။ သူတို့က ကျွန်တော်တို့ကို အိမ်မှာ သီးခြားနေပြီး ပြန်သုံးသပ်ဖို့ စီစဉ်ပေးခဲ့တယ်။
တစ်နေ့တော့ ကျွန်တော့်အမေအိမ်ကို ကျွန်တော်သွားခဲ့တယ်။ ကျွန်တော့်အမေက ကျွန်တော့်ကို နှင်ထုတ်တဲ့ သတိပေးစာသုံးစောင်ပေးတယ်။ ဖတ်ကြည့်လိုက်တော့ ကျားရှင်အပြင် ကျွန်တော်နဲ့ ကျွန်တော့်အမျိုးသမီးအတွက်ပါ နှင်ထုတ်တဲ့စာတွေ ပါလာတာ မြင်ပြီး ကျွန်တော် အံ့ဩသွားတယ်။ သတိပေးစာတွေမှာက ကျားရှင်းဟာ မသိသာနဲ့ အန္တရာယ်ပေးတတ်ပြီး ဉာဏ်များတယ်။ အသင်းတော်မှာ သွေးထိုးပေးပြီး အုပ်စုတွေခွဲတယ်၊ နောက်ဆုံးမှာ သူက အန္တိခရစ်ဖြစ်တယ်လို့ ဆုံးဖြတ်လိုက်လို့ နှင်ထုတ်ခဲ့တယ်ဆိုပြီး ရေးထားတယ်။ ကျွန်တော်ကတော့ ဒီအန္တိခရစ်နောက်လိုက်ပြီး မကောင်းမှုတွေလုပ်တယ်။ အသင်းတော်အသက်တာကို နှောင့်ယှက်ပြီး အဖျက်အမှောင့်လုပ်တယ်။ ကျွန်တော်က ဒီအန္တိခရစ်ရဲ့ ကြံရာပါဖြစ်တော့ ကျွန်တော်လည်း နှင်အထုတ်ခံရတယ်။ ဒီနှင်ထုတ်တဲ့ သတိပေးစာတွေကို ကျွန်တော်ဖတ်ပြီးသွားတော့ ကျွန်တော့်မျက်လုံးတွေကို ယုံကို မယုံနိုင်ဘူး။ ဒါက အကျဉ်းသားတစ်ယောက် သေဒဏ်စီရင်ချက်စာကို မြင်လိုက်ရသလိုပဲ။ ကျွန်တော် အရမ်းကြောက်ပြီး ဒူးတွေချောင်လာတဲ့အပြင် တုန်နေတာကို မရပ်နိုင်တော့ဘူး။ ပြီးတော့ ကျွန်တော် တွေးမိတယ်။ “ငါက နှင်ထုတ်ခံရတာလား။ ငါတို့က အိမ်မှာ ပြန်သုံးသပ်ဖို့ သက်သက်ပဲ မဟုတ်ဘူးလား။ ဘယ်လိုလုပ် နှင်ထုတ်ခံရတာလဲ။ ငါ ဒီတစ်ခါတော့ မကောင်းမှုကြီးကို တကယ်လုပ်လိုက်မိတာပဲ” ပေါ့။ အဲဒီအချိန်မှာ ကျွန်တော့်စိတ်က ဘာမှကို မတွေးနိုင်တော့ဘဲ ကျွန်တော်တို့ နှင်ထုတ်ခံရတဲ့အကြောင်းကို ကျွန်တော့် အမျိုးသမီးကို ပြောဖို့ အိမ်ကို အမြန်ပြန်တယ်။ သူ့ကို ပြောပြီးသွားတော့ ကျွန်တော် ဆက်ထိန်းမထားနိုင်တော့ဘဲ ကြမ်းပြင်ပေါ်ထိုင်ပြီး ငိုမိတယ်။ ကျွန်တော် ကိုယ့်ဘာသာ စဉ်းစားတယ်။ “ငါတော့ သွားပြီ။ အခု တကယ်ကို သွားပြီပဲ။ ဘုရားကို ယုံကြည်တဲ့ ငါ့ခရီးက အဆုံးသတ်ရောက်ခဲ့ပြီ။ အသင်းတော်ကို ငါလုံးဝ ပြန်သွားလို့မရနိုင်တော့ဘူး။ ဒီတစ်ခါတော့ ဘုရားရဲ့ စိတ်သဘောထားကို ငါ တကယ်ကို ပုန်ကန်ပြစ်မှားခဲ့ပြီ။ တစ်နေ့နေ့မှာ ငါ အပြစ်ဒဏ်ခံရချင် ခံရမှာပဲ” ပေါ့။ ဒါကို စဉ်းစားမိတော့ ကျွန်တော့် နှလုံးသားကို ဓားတစ်ချောင်းနဲ့ အထိုးခံထားရသလိုပဲ။ အရမ်းကို စိတ်ပျက်အားငယ်ပြီး နာကျင်နေရတယ်။ ဒီလိုအရာမျိုးကို လုပ်နိုင်တဲ့အတွက် ကျွန်တော် ကိုယ့်ကိုယ်ကိုယ် မုန်းခဲ့တယ်။ ကျားရှင်းရဲ့စကားတွေကို ကျွန်တော် ဘယ်လိုဖြစ်ပြီး မစဉ်းမစားယုံခဲ့ရတာလဲ။ အသင်းတော်အသက်တာအပေါ် ကျွန်တော် ဖြစ်စေခဲ့တဲ့ အရမ်းကြီးမားတဲ့ အနှောင့်အယှက်အတွက် ပြန်ပေးဆပ်ဖို့ မဖြစ်နိုင်ပါဘူး။ ကျွန်တော် တွေးကြည့်လေလေ၊ ကျွန်တော့်စိတ်နှလုံးက နာကျင်လေလေပဲ။ နေ့တိုင်းပဲ ကျွန်တော် ဘာကိုမှလုပ်ဖို့ စိတ်မပါဘူး။ မစားနိုင်ဘူး။ ကောင်းကောင်းလည်း မအိပ်နိုင်ဘူး။ အချိန်တစ်ခုအထိကြာပြီးတော့ ၁၀ ပေါင်ကျော် ကျသွားတယ်။ နေ့တိုင်းက သေရဖို့ပဲ စောင့်နေရသလိုပဲ။ ကျွန်တော်က ကယ်တင်ခြင်းခံရဖို့ အခွင့်အရေးမရှိတော့ဘူး၊ အပြစ်ဒဏ်ခံပြီး ငရဲကျရဖို့ ကံပါလာပြီးပြီဆိုပြီး တွေးမိတယ်။ ကျွန်တော်က ကင်ဆာရောဂါကျွမ်းနေတဲ့ လူနာတစ်ယောက်လိုပဲ။ တော်တော် အပျက်သဘောဆောင်ပြီး စိတ်ပျက်အားငယ်မိတယ်။ ကျွန်တော်က အနှေးနဲ့အမြန် သေမှာပဲဆိုတော့ လာမဲ့ဘေးကို စောစောစီးစီး ပြေးတွေ့လိုက်တာပဲ ကောင်းမှာပါလို့ တွေးမိတယ်။ ကျွန်တော် အနာကျင်ဆုံး၊ အကူညီအမဲ့ဆုံးအချိန်မှာ ဘုရားနှုတ်ကပတ်တော် ဓမ္မသီချင်းတစ်ပုဒ်ဆီက “သင်၏ ဒုက္ခမည်မျှပင်ကြီးပါစေ၊ ဘုရားကို ကြိုးစားချစ်ပါ” ဆိုတဲ့ စာသားကို တွေးမိတယ်။ “ယနေ့တွင် လူအများစု၌ ထိုအသိပညာ မရှိကြပေ။ ဒုက္ခဝေဒနာခံစားရခြင်းမှာ တန်ဖိုးမရှိဟု ၎င်းတို့ယုံကြည်ကြသည်၊ ၎င်းတို့သည် လောကကြီး၏ စွန့်ပစ်ခြင်းကိုခံကြရသည်၊ ၎င်းတို့၏ နေအိမ်အသက်တာ၌ သောကရောက်ကြရသည်၊ ၎င်းတို့သည် ဘုရားသခင်၏ ချစ်မြတ်နိုးခြင်းကို မခံကြရဘဲ ၎င်းတို့၏ ရှေ့ရေးများမှာ စိတ်ဓာတ်ကျဖွယ်ရာဖြစ်၏။ အချို့သူများ၏ ဒုက္ခဝေဒနာခံစားရခြင်းမှာ လွန်ကဲပြင်းထန်လာပြီး ၎င်းတို့၏အတွေးများသည် သေခြင်းတရားဘက်သို့ လှည့်သွားကြသည်။ ဤသည်မှာ ဘုရားသခင်အတွက် စစ်မှန်သော ချစ်ခြင်းမဟုတ်ပေ။ ထိုသို့သော လူများသည် သူရဲဘောကြောင်သူများ ဖြစ်ကြပြီး ၎င်းတို့၌ ဇွဲလုံ့လဝီရိယ မရှိကြပေ၊ ၎င်းတို့သည် အားနည်းပြီး အစွမ်းမရှိသူများပင် ဖြစ်ကြတော့သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နာကျင်သည့်စမ်းသပ်မှုများကို တွေ့ကြုံခြင်းဖြင့်သာ ဘုရားသခင်၏နှစ်လိုဖွယ်ကောင်းခြင်းကို သိနိုင်မည်) ကျွန်တော် ဒီဓမ္မသီချင်းကို ထပ်ခါထပ်ခါ နားထောင်တယ်။ ဘုရားသခင်က ကျွန်တော့်ကို အရမ်းအားနည်းပြီး အစွမ်းမဲ့သလို မဖြစ်စေချင်ဘူး၊ သူ့အပေါ် ကျွန်တော့်ယုံကြည်မှုကို မဆုံးရှုံးစေချင်ဘူးဆိုပြီး ပြောဖို့အတွက် ဒီဓမ္မတေးသီချင်းကို အသုံးပြုနေသလိုထင်ရတယ်။ ကျွန်တော်က မကောင်းမှုတွေအများကြီးလုပ်ခဲ့ပြီး နှင်ထုတ်ခံရတဲ့သူတစ်ယောက် ဖြစ်နေပြီ။ နောင်ကျရင် အပြစ်ဒဏ်ခံရဖို့ ကံပါလာပြီးသားပဲ။ ဒါပေမဲ့ ဘုရားသခင်က ကျွန်တော့်ကို အပျက်သဘောဆောင်ခြင်းထဲမှာ ထပ်ပြီး နစ်မြုပ်ခွင့်မပေးဘဲ ဒီဓမ္မတေးကို တွေးမိအောင် ဉာဏ်အလင်းပေးပြီး လမ်းပြနေတုန်းပဲ။ ကျွန်တော် ဒီဟာကြောင့် တော်တော်ကို စိတ်ထဲမှာ ခံစားရတယ်။ ပြီးတော့ ကျွန်တော့်စိတ်နှလုံးထဲမှာ ခွန်အားနည်းနည်းနဲ့အတူ မျှော်လင့်ချက်လေးရေးရေး ပေါ်လာတယ်။ နောက်ပိုင်းမှာ အခုလိုပြောထားတဲ့ နောက်ထပ် ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်တော် ဖတ်တယ်။ “လက်တွေ့ကျသည့် ဘုရားသခင်နောက်လိုက်ရန် ငါတို့တွင် ဤစိတ်ပိုင်းဖြတ်ချက် ရှိရမည်။ မည်မျှ ကြီးမားသည့် ပတ်ဝန်းကျင်များကို ငါတို့ ကြုံရသည်ဖြစ်စေ၊ မည်သည့် အခက်အခဲမျိုးများကို ရင်ဆိုင်ရသည်ဖြစ်စေ၊ ငါတို့ မည်မျှ အားနည်း၊ အပျက်သဘောဆောင်ကြသည်ဖြစ်စေ၊ ငါတို့၏ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှု သို့မဟုတ် ဘုရားသခင် ပြောဆိုပြီးဖြစ်သည့် နှုတ်ကပတ်တော်များတွင် ငါတို့ ယုံကြည်ခြင်း ပျောက်ဆုံး၍မရပေ။ ဘုရားသခင်သည် လူသားမျိုးနွယ်ထံ ကတိတစ်ခုကို ပြုပြီးဖြစ်ကာ လူတို့အနေဖြင့် ထိုအရာကို သယ်ဆောင်ရန် စိတ်ပိုင်းဖြတ်ချက်၊ ယုံကြည်ခြင်းနှင့် ဇွဲလုံ့လတို့ လိုအပ်သည်။ ဘုရားသခင်သည် သူရဲဘောနည်းသူများကို မနှစ်သက်ပေ။ စိတ်ပိုင်းဖြတ်ချက်ရှိသည့်လူများကို သူ နှစ်သက်သည်။ သင်သည် ဖောက်ပြန်ပျက်စီးမှုများစွာ ထုတ်ဖော်ပြပြီးလျှင်ပင်၊ မှားယွင်းသည့် လမ်းကြောင်းကို ကြိမ်ဖန်များစွာ လျှောက်ပြီးဖြစ်လျှင်ပင်၊ သို့မဟုတ် ပြစ်မှားမှုများစွာ ကျူးလွန်ပြီးဖြစ်လျှင်ပင်၊ ဘုရားသခင်နှင့်ပတ်သက်၍ ညည်းညူပြီးဖြစ်လျှင်ပင်၊ သို့မဟုတ် ဘာသာတရားအတွင်းမှ ဘုရားသခင်ကို အတိုက်အခံလုပ်ပြီးဖြစ်လျှင်ပင် သို့မဟုတ် သင်၏ စိတ်နှလုံးတွင် သူ့အပေါ် ပြစ်မှားစော်ကားမှု စသည်ဖြင့် သိုထားပြီးဖြစ်လျှင်ပင်၊ ဘုရားသခင်က ထိုအရာအားလုံးတို့ကို လုံးဝ မကြည့်ပေ။ တစ်စုံတစ်ဦးက သမ္မာတရားကို လိုက်စားခြင်း ရှိမရှိဆိုသည်နှင့် တစ်နေ့တွင် ထိုသူသည် ပြောင်းလဲနိုင်ခြင်း ရှိမရှိဆိုသည်ကိုသာ ဘုရားသခင် ကြည့်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ မိမိ၏စိတ်သဘောထားပြောင်းလဲခြင်းအပေါ် လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်း) ဘုရားသခင်က ငကြောက်တွေကို မနှစ်သက်ဘူး၊ ပြတ်သားတဲ့သူတွေကို နှစ်သက်တယ်ဆိုတာ ကျွန်တော် မြင်ခဲ့ရတယ်။ တော်တော်ကြီးတဲ့ မကောင်းမှုကို လုပ်တဲ့အတွက် ကျွန်တော် နှင်ထုတ်ခံရပေမဲ့ ဘုရားသခင် အလေးထားတာက ကျွန်တော် ပြောင်းလဲနိုင်ခြင်းရှိမရှိဘဲ။ ကျွန်တော် ပြောင်းလဲခဲ့ရင် နောက်ဆုံးမှာ ကျွန်တော် သေပြီး အပြစ်ဒဏ်ခံရရင်တောင် ဒါ ထိုက်တန်မှာပဲ။ အဲဒီအချိန်တစ်လျှောက်မှာ ဓမ္မသီချင်းစာသားတွေနဲ့ ဘုရားနှုတ်ကပတ်တော်တွေက ကျွန်တော့်စိတ်ထဲမှာ တစ်ခါတလေ ပေါ်လာတယ်။ ကျွန်တော် တော်တော်ခံစားရတယ်။ ပြီးတော့ ဘုရားသခင်က ကျွန်တော့်ကို ထားမသွားခဲ့ဘူးလို့ တွေးမိတယ်။ ကျွန်တော့်ရဲ့ စိတ်ဓာတ်အကျဆုံး၊ အမှောင်မိုက်ဆုံးအချိန်မှာ ကျွန်တော့်ကို လမ်းပြဖို့၊ အားပေးဖို့၊ နှစ်သိမ့်ဖို့ သူ့နှုတ်ကပတ်တော်တွေကို အသုံးပြုခဲ့တယ်။ ဘုရားသခင်က လူကို အရမ်းချစ်တယ်၊ ကျွန်တော်ဆက်ပြီးတော့ အပျက်သဘောဆောင်လို့ မဖြစ်ဘူးဆိုပြီး တွေးမိတယ်။ အဲဒီအချိန်ကစပြီး ကျွန်တော် နေ့တိုင်းစောစောနိုးပြီး ဘုရားနှုတ်ကပတ်တော်တွေကို မလျှော့တမ်းစားသောက်တယ်။ ဘုရားကို ကျွန်တော် ပုန်ကန်ပြစ်မှားခဲ့တဲ့ နည်းလမ်းတွေကို ပြန်သုံးသပ်တယ်။
တစ်နေ့တော့ ဒီဘုရားနှုတ်ကပတ်တော်တွေကို ကျွန်တော် ဖတ်တယ်။ “အသင်းတော်၌ရှိသော လူများစွာတို့သည် ထိုးထွင်းသိမြင်မှု မရှိကြပေ။ အထင်အမြင်မှားစေခြင်း တစ်ခုခု ဖြစ်သောအခါ သူတို့သည် စာတန်ဘက်က မမျှော်လင့်ဘဲ ရပ်တည်ကြသည်။ သူတို့သည် စာတန်၏အစေအပါးများဟု အခေါ်ခံ ရသောအခါ သာ၍ပင် စိတ်ဆိုးကြသည်။ ၎င်းတို့ ပိုင်းခြားသိမြင်မှုမရှိဟု လူတို့ ပြောကောင်း ပြောနိုင်သော်လည်း၊ ၎င်းတို့သည် သမ္မာတရား မရှိသည့်ဘက်တွင် အမြဲရပ်တည်ကြသည်၊ အရေးကြီးသည့်အချိန်တွင် သမ္မာတရားဘက်၌ ၎င်းတို့ ဘယ်သောအခါမျှ မရပ်တည်ကြ၊ သမ္မာတရားအတွက် ဘယ်သောအခါမျှ ရပ်တည်ခြင်းမရှိသလို၊ ချေပပြောဆိုခြင်းလည်း မရှိကြချေ။ ၎င်းတို့သည် အမှန်တကယ်ပင် ပိုင်းခြားသိမြင်မှု ကင်းမဲ့ကြပါသလော။ ၎င်းတို့သည် အဘယ်ကြောင့် စာတန်၏ဘက်တွင် မမျှော်လင့်ဘဲ ရပ်တည်မိကြသနည်း။ သမ္မာတရားကို အားပေးသည့်အနေဖြင့် မျှတကာ အကျိုးသင့် အကြောင်းသင့်ရှိသော စကားတစ်လုံးပင် အဘယ်ကြောင့် မည်သည့်အခါမျှ မပြောကြသနည်း။ ၎င်းတို့၏တဒင်္ဂ စိတ်ရှုပ်ထွေးမှု၏ အကျိုးဆက်အနေဖြင့် ဤအခြေအနေ အမှန်တကယ် ဖြစ်ပေါ်ခဲ့ပြီလော။ လူတို့သည် ပိုင်းခြားသိမြင်မှု နည်းလေလေ သမ္မာတရားဘက်၌ ရပ်တည်ဖို့ရန် မတတ်နိုင်လေလေ ဖြစ်သည်။ ဤအရာက မည်သည်ကို ပြသနည်း။ ပိုင်းခြားသိမြင်မှု မရှိသောသူများသည် အပြစ်တရားကို ချစ်မြတ်နိုးကြောင်းကို ပြသည် မဟုတ်လော။ ၎င်းတို့သည် စာတန်၏ သစ္စာရှိသော သားသမီးများဖြစ်သည်ကို ပြသည်မဟုတ်လော။ ၎င်းတို့သည် အဘယ်ကြောင့် စာတန်ဘက်၌ အမြဲရပ်တည်နိုင်ပြီး စာတန်နှင့် စိတ်တူကိုယ်တူ ရှိကြသနည်း။ ၎င်းတို့၏ စကားလုံးတိုင်းနှင့် အပြုအမူတိုင်း၊ ပြီးလျှင် ၎င်းတို့၏ မျက်နှာအမူအရာများ အားလုံးသည် ၎င်းတို့သည် သမ္မာတရားကို ချစ်သောသူမျိုးထဲက မဟုတ်ဘဲ ယင်းထက် သမ္မာတရားကို ရွံရှာမုန်းတီးသော လူများဖြစ်သည်ကို သက်သေပြဖို့ လုံလောက်ပေသည်။ စာတန်ဘက်တွင် ၎င်းတို့ ရပ်တည်နိုင်ခြင်းက၊ စာတန်အတွက် တိုက်ခိုက်ပေးရင်း မိမိတို့၏ ဘဝများကုန်ဆုံးသည့် ထိုသေးနုပ်သော နတ်ဆိုးများကို စာတန်က အမှန်တကယ် ချစ်မြတ်နိုးသည်ကို သက်သေပြရန် လုံလောက်ပေသည်။ ဤအချက်များ အားလုံးက အလွန်ပင် ရှင်းလင်းလှသည် မဟုတ်လော။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သောသူများကို သတိပေးချက်) “၎င်းတို့သည် သမ္မာတရားကို မချစ်သောကြောင့်၊ သမ္မာတရားဘက်က ရပ်တည်နိုင်စွမ်း မရှိသောကြောင့်၊ မကောင်းသောလူများနောက် လိုက်လျှောက်ပြီး၊ မကောင်းသည့်လူများဘက်က ရပ်တည်သောကြောင့်၊ မကောင်းသောလူများနှင့် ပူးပေါင်းကြံစည်ပြီး ဘုရားသခင်ကို အာခံသောကြောင့် ထိုသို့သော ဆက်ဆံခြင်းသည် ၎င်းတို့ ထိုက်တန်သောအရာ ဖြစ်သည်။ ထိုမကောင်းသောလူများ ရောင်ပြန်ဟပ်သည့်အရာသည် မကောင်းမှုဖြစ်သည်ကို သူတို့သည် ကောင်းစွာ သိသော်လည်း၊ သူတို့နောက် လိုက်ဖို့ မိမိတို့၏နှလုံးသားများကို မာကျောစေကြပြီး သမ္မာတရားကို ကျောခိုင်း ကြလေသည်။ သမ္မာတရားကို လက်တွေ့ မလုပ်ဆောင်ဘဲ ဖျက်ဆီးတတ်ပြီး စက်ဆုပ်ဖွယ်အရာများကိုလုပ်သော ဤသူများအားလုံးသည် မကောင်းမှု ကျူးလွန်နေကြသည် မဟုတ်လော။ ထိုလူများအကြား၌ မိမိတို့ကိုယ်မိမိ ဘုရင်များအဖြစ် ပုံဖမ်းကြသော သူများနှင့် ၎င်းတို့နောက်သို့ တကောက်ကောက်လိုက်သော အခြားသူများ ရှိကြသော်လည်း၊ ထိုသူတို့၏ ဘုရားသခင်ကို အာခံသော သဘာဝဗီဇများသည် အားလုံးအတူတူပင် မဟုတ်လော။ ဘုရားသခင်သည် သူတို့ကို မကယ်တင်ဟု အခိုင်အမာပြောရန် သူတို့၌ မည်သည့် အကြောင်းပြချက်ရှိနိုင်သနည်း။ ဘုရားသခင်က မဖြောင့်မတ်ဟု အခိုင်အမာပြောရန် သူတို့၌ မည်သည့် အကြောင်းပြချက်ရှိနိုင်သနည်း။ သူတို့ကို ဖျက်ဆီးနေသည်မှာ သူတို့ကိုယ်တိုင်၏ မကောင်းမှုပင် မဟုတ်လော။ သူတို့ကို ငရဲဆီ ဆွဲခေါ်နေသည်မှာ သူတို့ကိုယ်တိုင်၏ ပုန်ကန်မှုပင် မဟုတ်လော။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သောသူများကို သတိပေးချက်) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီး ကျွန်တော် အရှက်ရမိပြီး စိတ်သောကရောက်တယ်။ တော်တော်ကြီးတဲ့ မကောင်းမှုကို ကျွန်တော်လုပ်နိုင်တာက ကျွန်တော်က မရိပ်စားမိရုံသက်သက်ကြောင့် မဟုတ်ဘူး။ အဓိကက ဂုဏ်နဲ့ အဆင့်အတန်းကို ကျွန်တော် အရမ်းတန်ဖိုးထားလို့ပဲ။ ကျားရှင်းက သူ့ရဲ့ ခေါင်းဆောင်အဆင့်အတန်းကို ကာကွယ်ဖို့ ကျွန်တော်တို့ကို သိမ်းသွင်းနိုင်ခဲ့တယ်။ သူ့လုပ်ရပ်တွေနောက်က ရည်ရွယ်ချက်တွေကို ကျွန်တော် မရိပ်စားမိခဲ့ဘဲ သူ့စကားတွေက အမှန်တရားတွေနဲ့ ကိုက်ညီသလားဆိုတာလည်း မကြည့်ခဲ့ဘူး။ ကျွန်တော်က မစဉ်းမစားနဲ့ သူ့ဘက်က ရပ်တည်ပေးခဲ့တယ်။ “တရားမျှတမှုအတွက် တိုက်ခိုက်သူ” ဖြစ်ချင်ပြီး ကိုယ့်ကိုယ်ကိုယ် ကြွားဝါချင်ခဲ့တယ်။ ခေါင်းဆောင်အဆင့်အတန်းကို ရဖို့အတွက် အခွင့်အရေးကိုလည်း လက်မလွှတ်တမ်း အသုံးချချင်ခဲ့တယ်။ တိုင်စာကို ကျွန်တော်တို့ရေးတဲ့အချိန်မှာ ကျွန်တော်တို့မှာ ဘုရားသခင်ရဲ့ လမ်းပြမှုမရှိဘူးဆိုတာကို ရှင်းရှင်းလင်းလင်း ခံစားမိတယ်။ ကျွန်တော်တို့ ထင်မြင်ချက်တွေနဲ့ပတ်သက်ပြီး အများသဘောတူညီမှု မယူနိုင်ခဲ့ဘူး။ ကျွန်တော့်စိတ်နှလုံးကလည်း ငြိမ်သက်ခြင်းမရှိဘူး။ ဒါတောင်မှ ကျွန်တော်က ခေါင်းမာမာနဲ့ စာကိုဆက်ရေးပြီးတော့ ဒီအန္တိခရစ်နောက်လိုက်ရင်းနဲ့ မကောင်းမှုလုပ်ခဲ့တယ်။ အသင်းတော်ကိုလာတဲ့ အထက်ပိုင်းအဆင့်ညီအစ်မက ကျွန်တော့်ကို ကူညီပြီး ဖော်ထုတ်ဖို့ မိတ်သဟာယပြုတယ်။ ဒါပေမဲ့ ကျွန်တော်က လမ်းကြောင်းမပြောင်းဘူး။ ကျွန်တော့်အမှားတွေကို ဝန်ခံခဲ့ရင် သူများတွေ အထင်သေးတာခံရမှာကို ကြောက်ခဲ့တယ်။ စုဝေးပွဲနေရာတွေကို သွားပြီး လူတွေကို အကြောင်းမဲ့ဝေဖန်အပြစ်တင်တယ်။ ခေါင်းဆောင်တွေ၊ အမှုဆောင်တွေက အယောင်ဆောင်တွေဆိုတဲ့ သတင်းကို ဖြန့်တယ်။ ကျွန်တော့်ပန်းတိုင်က ခေါင်းဆောင်တွေ၊ အမှုဆောင်တွေကို ညီအစ်ကိုမောင်နှမတွေက ငြင်းပယ်ပြီး ကျွန်တော့်ကို အထင်ကြီးအောင်၊ ဒီလိုနဲ့ နောင်ရွေးကောက်ပွဲတွေမှာ အရွေးခံရဖို့ ဖြစ်နိုင်ခြေရှိအောင်ပေါ့။ ကျွန်တော် အဖျက်အမှောင့်လုပ်တာတွေကြောင့် ညီအစ်ကိုမောင်နှမတွေက မစုဝေးနိုင်ဘူး။ ဘုရားနှုတ်ကပတ်တော်တွေကို ပုံမှန် မစားသောက်နိုင်ဘူး။ အသင်းတော်က ညီအစ်ကိုမောင်နှမတစ်ဝက်က ကျွန်တော်တို့က အထင်အမြင်မှားအောင်လုပ်တာခံရတယ်။ ပြီးတော့ ခေါင်းဆောင်တွေ၊ အမှုဆောင်တွေကို ကျွန်တော်တို့အတူ ဆန့်ကျင်ကြတယ်။ ဘုရားသခင်က ညီအစ်ကိုမောင်နှမတွေကို ပုံမှန် စုဝေးပြီး သူ့နှုတ်ကပတ်တော်တွေကို မိတ်သဟာယဖွဲ့နိုင်စေချင်တယ်။ သူတို့တာဝန်တွေကို တစ်စုတစ်စည်းနဲ့ ကောင်းကောင်း ထမ်းဆောင်စေချင်တယ်။ ဘုရားက အသင်းတော်ကို တည်ဆောက်တဲ့အချိန်မှာ စာတန်က ဘုရားရဲ့လုပ်ဆောင်မှုကို ဖြိုချချင်တယ်။ ဒီအချိန်မှာ ကျွန်တော်က စာတန်ရဲ့ အစေခံနဲ့ ကြံရာပါနေရာမှာနေပြီး အသင်းတော်အလုပ်ကို နှောင့်ယှက်တယ်။ အဖျက်အမှောင့်လုပ်တယ်။ ဒီသရုပ်သကန်တွေရှိတဲ့နေရာမှာ ကျွန်တော်က ခဏတာ ပိုင်းခြားသိမြင်မှုမရှိလို့ မှားတဲ့ဘက်မှာနေရုံသက်သက် မဟုတ်ဘူး။ ကျွန်တော့် သဘာဝက ကျားရှင်းနဲ့ အတူတူပဲ။ ကျွန်တော်တို့ နှစ်ယောက်လုံးက ဂုဏ်နဲ့ အဆင့်အတန်းကို အရမ်းနှစ်သက်ကြတယ်။ အဆင့်အတန်းကိုရဖို့ အသင်းတော်မှာ ဖရိုဖရဲဖြစ်အောင် ကျွန်တော်တို့ လုပ်ကြတယ်။ ပြီးတော့ ကျွန်တော်က သမ္မာတရားကို လိုက်စားရမဲ့အစား အဆင့်အတန်းကို လိုက်စားတာကြောင့် နှင်ထုတ်ခံခဲ့ရတယ်။ ဒါကို တွေးမိတော့ ကျွန်တော် အရမ်းကို နောင်တရပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်တယ်။ ကြမ်းပြင်ပေါ်ဒူးထောက်လိုက်ပြီး ကိုယ့်ပါးကိုကိုယ် အကြိမ် ၁၀၀ ကျော် ပြင်းပြင်းထန်ထန်ရိုက်တယ်။ ဒီသင်ခန်းစာကို ကျွန်တော့်မှတ်ဉာဏ်ထဲမှာ စွဲနေအောင် ကိုယ့်ကိုယ်ကိုယ် ရက်ရက်စက်စက် အပြစ်ဒဏ်ပေးချင်ခဲ့တယ်။ ဘုရားကိုလည်း ကျွန်တော် ဆုတောင်းတယ်။ “ဘုရားသခင်၊ ကျွန်တော် မကောင်းမှုလုပ်ခဲ့ပါတယ်။ အဆင့်အတန်းကို လိုက်စားပြီး အသင်းတော်အလုပ်ကို နှောင့်ယှက်ခဲ့ပါတယ်။ ကျွန်တော် နောင်တရလိုစိတ်၊ ကိုယ့်ကိုယ်ကိုယ် ကောင်းကောင်း ပြန်သုံးသပ်ပြီး ကျွန်တော့်ဒုစရိုက်အမှုတွေကို နားလည်ဖို့ ကြိုးစားလိုစိတ်ရှိပါတယ်” လို့ပေါ့။
အဲဒီနောက်တော့ ကျွန်တော် ဆက်ပြီး ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်တဲ့အပြင် “ငါက ဘာကြောင့် အဆင့်အတန်းကို အရမ်းချစ်တဲ့အပြင် အမြဲတမ်းလိုက်စားပြီး ရယူချင်နေတာလဲ။ ဘာလို့ မာနထောင်လွှားပြီး ဒီဆိုးယုတ်တာတွေကို လုပ်နိုင်စွမ်း ရှိရတာလဲ” ဆိုပြီး စဉ်းစားတယ်။ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်တော် ဖတ်တယ်။ “သင်၏စိတ်နှလုံးထဲတွင် သင်သည် သမ္မာတရားကို အမှန်တကယ် နားလည်ပါက၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ကာ ဘုရားသခင်ကို ကျိုးနွံနာခံဖို့ နည်းလမ်းအား သင်သိလိမ့်မည် ဖြစ်ပြီး သမ္မာတရား လိုက်စားခြင်း လမ်းကြောင်းပေါ်ကို သင် အလိုအလျောက် စတင်လိမ့်မည် ဖြစ်သည်။ သင်လျှောက်သည့် လမ်းကြောင်းသည် မှန်ကန်သည့် လမ်းကြောင်းဖြစ်ပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ကိုက်ညီပါက၊ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်သည် သင့်ကို စွန့်ခွာလိမ့်မည် မဟုတ်ချေ။ ထိုအခြေအနေတွင် ဘုရားသခင်အား သင် သစ္စာဖောက်ဖို့အလားအလာ နည်းသည်ထက် နည်းလာပေလိမ့်မည်။ သမ္မာတရားမရှိပါက မကောင်းမှုပြုရန် လွယ်ကူပြီး မရည်ရွယ်ဘဲ ယင်းကို သင်လုပ်မိလိမ့်မည် ဖြစ်သည်။ ဥပမာ၊ သင့်တွင် မာနထောင်လွှားပြီး စိတ်ကြီးဝင်သော စိတ်သဘောထားတစ်ခုရှိလျှင် ဘုရားသခင်ကို မဆန့်ကျင်ရန် ပြောဆိုခံရခြင်းသည် ထူးခြားမှုမရှိပေ။ သင်သည် ကိုယ့်ကိုယ်ကိုယ် မထိန်းနိုင်ပေ။ သင်ထိန်းချုပ်နိုင်သည်ထက် ကျော်လွန်သည်။ သင်သည် ရည်ရွယ်ချက်ရှိရှိဖြင့် လုပ်ဆောင်မည်မဟုတ်ပေ။ သင်၏ မောက်မာပြီး ထောင်လွှားသော သဘာဝဗီဇ၏ အုပ်စိုးမှုအောက်၌ သင် ထိုသို့ပြုလိမ့်မည်။ သင်၏ မာနထောင်လွှားခြင်းနှင့် စိတ်ကြီးဝင်ခြင်းတို့သည် သင့်ကို ဘုရားသခင်အား အထင်အမြင်သေးစေမည်ဖြစ်ပြီး သူ့အား အရေးမပါသောသူအဖြစ် မြင်စေမည်ဖြစ်သည်။ ထိုအရာတို့သည် သင့်ကိုယ်သင် ချီးမြှောက်အောင် လုပ်လိမ့်မည်ဖြစ်ပြီး သင့်ကိုယ်သင် အစဉ်တစိုက် ပြစားဝင့်ဝါအောင် လုပ်လိမ့်မည် ဖြစ်သည်။ ယင်းတို့က သင့်အား အခြားသူများကို အထင်အမြင်သေးစေမည်၊ သင့်စိတ်နှလုံးထဲတွင် သင်ကိုယ်တိုင်မှလွဲ၍ အခြားမည်သူကိုမျှ ထားမည် မဟုတ်ချေ။ ယင်းတို့က သင်၏ စိတ်နှလုံးထဲမှ ဘုရားသခင်၏နေရာကို လုယူလိမ့်မည်။ ပြီးလျှင် နောက်ဆုံးတွင် သင့်အား ဘုရားသခင်၏နေရာတွင် ထိုင်ဖို့ဖြစ်စေပြီး သင့်ကိုယ်ပိုင်အတွေးများ၊ အကြံဉာဏ်များနှင့် အယူအဆများကို သမ္မာတရားအဖြစ် ကြည်ညိုလေးစားစေလျက်၊ သင့်ကို ကျိုးနွံနာခံဖို့ တောင်းဆိုစေမည် ဖြစ်သည်။ မိမိတို့၏ မောက်မာ၍ ထောင်လွှားသော သဘာဝ၏ အုပ်စိုးမှုအောက်၌ လူတို့သည် များပြားလှသော ဒုစရိုက်မှုကို ပြုကြသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ သမ္မာတရားအား လိုက်စားခြင်းအားဖြင့်သာ စိတ်သဘောထား ပြောင်းလဲမှုတစ်ခုကို ရရှိနိုင်သည်) ဘုရားနှုတ်ကပတ်တော်ကတစ်ဆင့် ကျွန်တော် နားလည်သွားတယ်။ ဒီဆိုးယုတ်မှုတွေကို ကျွန်တော်လုပ်နိုင်တဲ့ အကြောင်းရင်းက ကျွန်တော်က အရမ်းမာနထောင်လွှားပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်လွန်းတာကြောင့်၊ အထင်ကြီးလွန်းတာကြောင့်ပဲ။ ကျွန်တော်က ဧဝံဂေလိဖြန့်နိုင်ပြီး တချို့ပြဿနာတွေကို ဖြေရှင်းနိုင်တာက သမ္မာတရားကို ကျွန်တော်နားလည်ပြီး စစ်မှန်မှုရှိတဲ့သဘောပဲလို့ ယုံကြည်ခဲ့တယ်။ ဒါကြောင့်မို့ ကျွန်တော်က ကိုယ့်ကိုယ်ကိုယ် မစဉ်းမစားနဲ့ ယုံကြည်ပြီး မဆင်မခြင် ပြုမူနိုင်တာပဲ။ ရလဒ်အနေနဲ့ ဒီဒုစရိုက်အမှုတွေ အကုန်လုံးကို လုပ်ခဲ့တယ်။ ကျားရှင်းကို ဖယ်ရှားတာနဲ့ပတ်သက်တဲ့အခါမှာ ကျွန်တော်က သမ္မာတရားစည်းမျဉ်းတွေကို လုံးဝ ကောင်းကောင်းမရှာခဲ့ဘူး။ ကျားရှင်းက သူ့တာဝန်မှာ စွန့်ပစ်နိုင်တာ၊ သူ့ကိုယ်သူ အသုံးခံနိုင်တာ၊ ဒုက္ခခံနိုင်တာ၊ ပေးဆပ်နိုင်တာကို ကျွန်တော် မြင်ခဲ့တယ်။ အဲဒါနဲ့ သူက သမ္မာတရားကို လက်တွေ့လုပ်နေတာဖြစ်ပြီး သန့်ရှင်းသောဝိညာဉ်တော်ရဲ့ လုပ်ဆောင်မှုရှိတယ်လို့ ကျွန်တော် ထင်ခဲ့တယ်။ သမ္မာတရားကို မလိုက်စားဘဲနဲ့ ဘယ်သူက ဒီလောက်အတိုင်းအတာအထိ ဒါတွေအကုန်လုံးကို လုပ်နိုင်မှာလဲလို့ တွေးခဲ့တယ်။ လက်တွေ့မှာတော့ လူတစ်ယောက်မှာ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ အလုပ်ရှိမရှိဆိုတာကို ချင့်ချိန်တွေးဆတဲ့အခါမှာ သူက ဒုက္ခခံတဲ့၊ ပေးဆပ်တဲ့၊ စွန့်ပစ်တဲ့၊ သူ့ကိုယ်သူ အသုံးခံတဲ့ ပုံစံရှိတာကို အခြေခံပြီး အကဲဖြတ်လို့မရပါဘူး။ ဒါတွေက စိတ်ထက်သန်တဲ့ ဘယ်သူမဆို လုပ်နိုင်တဲ့အရာတွေပဲ။ ဒီလူက သူ့အပေါ်ကို အမှုကိစ္စတွေ ကျရောက်တဲ့အခါမှာ ဘုရားကို ဆုတောင်းနိုင်သလား၊ သူ့ကိုယ်ပိုင်အယူအဆတွေနဲ့ မညီတဲ့အခါမှာတောင် လက်လွှတ်နိုင်သလား၊ သမ္မာတရားကို ရှာဖွေနိုင်သလား၊ ဘုရားကို ကြောက်ရွံ့ပြီး ကျိုးနွံနာခံတဲ့ စိတ်နှလုံးရှိသလားဆိုတာကို အဓိက ကြည့်ရမယ်။ နောက်ပြီးတော့ သူဟာ ဘုရားသခင် ရွေးချယ်ထားတဲ့လူတွေကို ဘုရားနှုတ်ကပတ်တော်ကို တွေ့ကြုံပြီး သူတို့ကိုယ်သူတို့ နားလည်ဖို့ လမ်းပြပေးနိုင်သင့်တယ်။ ပြီးတော့ ညီအစ်ကိုမောင်နှမတွေရဲ့ တာဝန်တွေမှာရှိတဲ့ ပြဿနာတွေကိုလည်း ဖြေရှင်းသင့်တယ်။ ဒါက ခေါင်းဆောင်တစ်ယောက်၊ အမှုဆောင်တစ်ယောက် လုပ်သင့်တဲ့အရာပဲ။ ကျားရှင်းက ခေါင်းဆောင်မှုအလုပ်ကို မလုပ်နိုင်ခဲ့ဘူး။ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ လုပ်ဆောင်မှုရှိဖို့ဆိုတာ ထားလိုက်တော့။ သူ့ပြဿနာတွေကို လူတွေ ဖော်ထုတ်တဲ့အခါမှာ သူက လက်မခံခဲ့ဘူး။ သူက တရားမမျှတဘူးလို့ မှတ်ယူထားတာတွေကိုတောင် စောဒကတက်ပြီး ကျွန်တော်တို့ကို အထင်အမြင်မှားအောင်လုပ်တယ်။ သူ့ကိုတိုင်ချက်ဖွင့်ထားတာတွေက မမှန်ဘူးဆိုတဲ့ သတင်းအချက်အလက်ကို ကျွန်တော်တို့ကြားထဲမှာ တမင်တကာ ဖြန့်တယ်။ သူ့အတွက် ရပ်တည်အောင် ကျွန်တော်တို့ကို အယုံသွင်းတယ်။ ကျွန်တော်တို့က သူအထင်အမြင်မှားအောင်လုပ်တာခံရပြီး ခေါင်းဆောင်တွေ၊ အမှုဆောင်တွေက သူ့ကို ဖိနှိပ်နေတယ်လို့ အသင်းတော်ထဲက လူတွေကိုပြောခဲ့တယ်။ ဒီလိုနဲ့ အသင်းတော်က အုပ်စုတွေကွဲပြီး ဖရိုဖရဲဖြစ်သွားခဲ့တယ်။ ကျားရှင်းက သူ့ကိုယ်သူ နည်းနည်းစွန့်ပစ်ပြီး အသုံးခံခဲ့တယ်။ ဒါပေမဲ့ သူ့အပေါ် အမှုကိစ္စတွေ ကျရောက်တဲ့အခါ သူက သမ္မာတရားကို လုံးဝမရှာခဲ့ဘူး။ သူ့ကိုယ်သူ ပြန်သုံးသပ်တာ၊ နားလည်အောင်ကြိုးစားတာလည်း မလုပ်ဘူး။ သူ့အဆင့်အတန်းကို ကာကွယ်ဖို့အတွက် အနှောင့်အယှက်တွေ၊ အဖျက်အမှောင့်တွေလုပ်ပြီး အသင်းတော်အလုပ်ကို တော်တော်ဖျက်ဆီးပစ်ခဲ့တယ်။ သူ့ကိုယ်သူ အသုံးခံတာ၊ ဒုက္ခခံတာတွေက အဆင့်အတန်းအတွက် သူ့ရဲ့တစ်ကိုယ်ရေ လိုအင်ဆန္ဒကို ကာကွယ်ပြီး ဖြည့်ဆည်းဖို့ သက်သက်ပဲ။ လူတစ်ယောက်က သူ့အဆင့်အတန်းကို ထိလိုက်တာနဲ့ တစ်ပြိုင်နက် သူက အုပ်စုတွေခွဲတာ၊ သွေးထိုးတာတွေလိုမျိုး ဒုစရိုက်အမှုတွေကို လုပ်တယ်။ သမ္မာတရားကို မုန်းတီးတာဟာ သူ့သဘာဝတွေထဲက တစ်ခုပဲ။ သူ မရိုးသားဘူး၊ လှည့်ဖြားတယ်၊ ပြီးတော့ ကြမ်းတမ်းတဲ့ အန္တိခရစ်ဖြစ်တယ်။ ကျွန်တော်က လုံးဝကို မရိပ်စားမိခဲ့ဘူး။ ကျွန်တော်က ကျားရှင်းနောက်ကနေ မကောင်းမှုလိုက်လုပ်ပြီးတော့ စုဝေးပွဲတွေမှာ ခေါင်းဆောင်တွေ၊ အမှုဆောင်တွေကို ဝေဖန်အပြစ်တင်တယ်။ ရလဒ်အနေနဲ့ ညီအစ်ကိုမောင်နှမတွေက အထင်အမြင်မှားအောင်လုပ်ခံရပြီး ကျွန်တော့်ဘက်ကနေတယ်။ ခေါင်းဆောင်တွေ၊ အမှုဆောင်တွေကို ကြဉ်ထားတယ်။ ဒါကြောင့် အသင်းတော်အသက်တာအပေါ် ပြင်းထန်တဲ့ အနှောင့်အယှက်တွေ ဖြစ်သွားတယ်။ တော်တော်ကြီးတဲ့မကောင်းမှုကို ကျွန်တော်လုပ်ခဲ့တယ်။ ဒါတောင်မှ ကျွန်တော်က တရားမျှတစိတ်ရှိတယ်လို့ ထင်နေတုန်းပဲ။ ကျွန်တော်ဟာ တကယ်ကို မပြတ်မသားဖြစ်ပြီး အရမ်းမာနထောင်လွှားတာ အသိစိတ်တွေအကုန် ပျောက်သွားတဲ့အထိပဲ။ ကျွန်တော်သာ သမ္မာတရားနည်းနည်းကိုနားလည်ပြီး ဘုရားသခင်ကို ကြောက်ရွံ့တဲ့ စိတ်နှလုံးရှိရင် ဒီလောက်ကြီးတဲ့ မကောင်းမှုကို လုပ်ခဲ့မိမှာမဟုတ်ဘူး။ ကျွန်တော်ဟာ အများကြီးလိုအပ်မှုရှိပြီး ကျွန်တော့်စိတ်သဘောထားက အရမ်းမာနထောင်လွှားတာကို တွေ့ခဲ့ရတယ်။ ကျွန်တော့်ကို သန့်စင်ပေးပြီး ပြောင်းလဲပေးဖို့ ဘုရားသခင်ရဲ့ ရိုက်နှက်ခြင်းနဲ့ ပဲ့ပြင်ဆုံးမခြင်းကို အရမ်းကို လိုအပ်ခဲ့တယ်။
နောက်ပိုင်းမှာ နောက်ထပ် ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်တော် ဖတ်တယ်။ “ဘုရားသခင်က သူ၏ဒေါသကို မထုတ်လွှတ်မီတွင် အကြောင်းအရာတိုင်း၏ အနှစ်သာရကို လုံးဝရှင်းလင်းစွာနှင့် ပြည့်စုံစွာသိမြင်ထားပြီးဖြစ်သည့်အပြင် တိကျပြီး ရှင်းလင်းသည့် အနက်ဖွင့်ချက်များနှင့် သုံးသပ်ချက်များကိုလည်း ဖော်ထုတ်ပြီးဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်ပြုလေသမျှ အရာရာတိုင်း၌ သူ၏ရည်ရွယ်ချက်သည် သူ၏သဘောထားကဲ့သို့ပင် ရှင်းလင်းပြတ်သား၏။ သူသည် ယောင်ချာချာဖြစ်ခြင်း၊ မျက်ကန်းခြင်း၊ စိတ်လိုက်မာန်ပါပြုခြင်း၊ သို့မဟုတ် ဂရုမစိုက်ခြင်းတို့ မရှိသည့်အပြင် အခြေခံမူမရှိသည့်သူလည်း လုံးဝမဟုတ်ပေ။ ဤသည်မှာ ဘုရားသခင့်အမျက်ဒေါသ၏ လက်တွေ့ကျသည့် ရှုထောင့်ဖြစ်ပြီး လူသားမျိုးနွယ်က ၎င်း၏ပုံမှန်ဖြစ်တည်မှုကို ရရှိထားခြင်းမှာ ဘုရားသခင့်အမျက်ဒေါသ၏ လက်တွေ့ကျသည့် ဤရှုထောင့်ကြောင့်ဖြစ်သည်။ ဘုရားသခင်၏အမျက်ဒေါသ မရှိပါက လူသားမျိုးနွယ်သည် ပုံမှန်မဟုတ်သည့် လူနေမှုအခြေအနေများထဲသို့ ကျဆင်းသွားမည်ဖြစ်ပြီး တရားမျှတကာ လှပကောင်းမွန်သည့် အရာအားလုံးသည် ဖျက်ဆီးခံရကာ တည်ရှိတော့မည် မဟုတ်ပေ။ ဘုရားသခင်၏အမျက်ဒေါသ မရှိပါက ဖန်ဆင်းခံသတ္တဝါတို့အတွက် ဖြစ်တည်မှုနိယာမများနှင့် စည်းမျဉ်းများသည် ပျက်စီးသွားလိမ့်မည်၊ သို့မဟုတ် လုံးလုံးလျားလျား ဖြိုဖျက်ခံရလိမ့်မည်။ လူသားကို ဖန်ဆင်းပြီးကတည်းက ဘုရားသခင်သည် လူသားမျိုးနွယ်၏ ပုံမှန်ဖြစ်တည်မှုကို ကာကွယ်ရန်နှင့် တည်တံ့စေရန်အတွက် သူ၏ဖြောင့်မတ်သည့် စိတ်သဘောထားကို အဆက်မပြတ် အသုံးပြုခဲ့သည်။ သူ၏ဖြောင့်မတ်သည့် စိတ်သဘောထားထဲ၌ အမျက်ဒေါသနှင့် ဘုန်းအာနုဘော်တို့ ပါဝင်သောကြောင့် ကောက်ကျစ်ဆိုးယုတ်သည့်လူများအားလုံး၊ အရာဝတ္ထုနှင့် ပစ္စည်းအားလုံးတို့အပြင် လူသားမျိုးနွယ်၏ ပုံမှန်ဖြစ်တည်မှုကို ထိခိုက်ပြီး နှောင့်ယှက်သည့် အရာအားလုံးသည် သူ၏အမျက်ဒေါသကြောင့် အပြစ်ဒဏ်ခတ်ခံရပြီး ထိန်းချုပ်ခံရကာ ဖျက်ဆီးခံကြရသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၂)) “ဘုရားသခင်သည် လူသားမျိုးနွယ်ကို ဖောက်ပြန်ပျက်စီးစေပြီး ဝါးမျိုသည့် ဆိုးသွမ်းမှု၊ အမှောင်ထု၊ ပုန်ကန်ခြင်းနှင့် စာတန်၏ ကောက်ကျစ်ဆိုးယုတ်သော လုပ်ရပ်များကို စက်ဆုပ်ရွံရှာသည့်အတွက်ကြောင့်၊ သူနှင့်ဆန့်ကျင်သည့် အပြစ်၏လုပ်ရပ်အားလုံးကို စက်ဆုပ်ရွံရှာသည့်အတွက်ကြောင့်၊ ထို့ပြင် သူ၏သန့်ရှင်းပြီး ညစ်ညမ်းခြင်းမရှိသည့် အနှစ်သာရကြောင့် ဘုရားသခင်သည် ထိုသို့သောဖြောင့်မတ်သည့် စိတ်သဘောထားကို ပိုင်ဆိုင်သည်။ ဤအကြောင်းကြောင့် ဖန်ဆင်းခံ၊ သို့တည်းမဟုတ် ဖန်ဆင်းခံမဟုတ်သည့် သတ္တဝါတို့က သူ့အား ပွင့်ပွင့်လင်းလင်း ဆန့်ကျင်ခြင်းကိုသော်လည်းကောင်း ယှဉ်ပြိုင်ခြင်းများကိုသော်လည်းကောင်း သူခံမည်မဟုတ်ခြင်းဖြစ်သည်။ တစ်ခါက သူသနားကရုဏာပြခဲ့ဖူးသည့်၊ သို့မဟုတ် သူရွေးချယ်ခဲ့ဖူးသည့် လူပုဂ္ဂိုလ်ပင်လျှင် သူ၏စိတ်သဘောထားကို ရန်စပြီး သူ၏စိတ်ရှည်ခြင်းနှင့် သည်းခံခြင်းဆိုင်ရာ အခြေခံမူများကို ဖောက်ဖျက်လိုက်သည်နှင့် သူသည် သနားကရုဏာ၊ သို့တည်းမဟုတ် တွန့်ဆုတ်ခြင်းတို့ အနည်းငယ်မျှမရှိဘဲ ထိပါးစော်ကားမှုကို သည်းမခံသော သူ၏ဖြောင့်မတ်သည့် စိတ်သဘောထားကို ထုတ်လွှတ်ပြီး ထုတ်ဖော်ပြလိမ့်မည်။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၂)) ဘုရားနှုတ်ကပတ်တော်ကတစ်ဆင့် ကျွန်တော် နားလည်သွားတယ်။ လူက ဘုရားသခင်ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားလို့မရဘူး။ ဘုရားသခင်က လူတစ်ယောက်ကို စီရင်ပြီး ဖယ်ရှားရှင်းလင်းတဲ့နေရာမှာ စည်းမျဉ်းတွေရှိတယ်။ ဒါက ခဏတာ စိတ်လိုက်မာန်ပါဖြစ်တာ မဟုတ်ဘူး၊ ပေါ့ပေါ့ပါးပါးလုပ်တဲ့အရာတစ်ခု မဟုတ်ဘူး။ ဒီထက် လူတစ်ယောက်ရဲ့ အနှစ်သာရကို သူရိပ်စားမိတဲ့အခါမှာ လုပ်တာပဲ။ ကျွန်တော်မကောင်းမှုလုပ်ခဲ့တဲ့ အချိန်တစ်လျှောက်မှာ ညီအစ်ကိုမောင်နှမတွေက ကျွန်တော့်ကို ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ပြီး အနှောင့်အယှက်တွေ၊ အဖျက်အမှောင့်တွေမလုပ်ဖို့ ထပ်ခါထပ်ခါ အကြံပေးပြီး တောင်းဆိုကြတယ်။ ဒါပေမဲ့ ကျွန်တော်က ဒါကို လက်မခံခဲ့ဘူး။ လူတစ်ယောက်ရဲ့ မိတ်သဟာယက ကျွန်တော့်အမြင်တွေနဲ့ မကိုက်တဲ့အခါတိုင်းမှာ ကျွန်တော်က သူ့ကို ဆန့်ကျင်တယ်။ ဒါကြောင့် ကျွန်တော် မကောင်းမှုလုပ်တာက ပိုပိုပြီး ဆိုးလာတယ်။ ကျွန်တော့်ရဲ့ အစပိုင်း မနာခံမှုကနေ နောက်ပိုင်းမှာ အဖျက်အမှောင့်လုပ်ပြီး နောက်ဆုံးတော့ အသင်းတော်ကွဲသွားတဲ့အထိ ဒီမကောင်းမှုလုပ်ရပ်တစ်ခုစီက ကျွန်တော့်ရဲ့ မာနထောင်လွှားမှုနဲ့ စိတ်ကြီးဝင်မှုရဲ့ အထောက်အထားပဲ။ သမ္မာတရားအပေါ် ကျွန်တော့်ရဲ့ အလွန်အမင်း မနှစ်မြို့မှုနဲ့ မုန်းတီးမှုပဲ။ ကျွန်တော်က တော်တော် မာနထောင်လွှားပြီး စိတ်နှလုံးခိုင်မာခဲ့တယ်။ နှင်ထုတ်ခံရပြီးတဲ့အထိ သမ္မာတရားကို လက်မခံခဲ့ဘူး။ ဘုရားသခင်က ကျွန်တော့်ကို နောင်တရဖို့ အခွင့်အရေးတွေ အများကြီးပေးခဲ့ပြီးပြီ။ ဒါပေမဲ့ ကျွန်တော်က အဲဒါတွေအားလုံးကို ငြင်းပယ်ခဲ့တယ်။ အသင်းတော်က ကျွန်တော့်ကို နှင်မထုတ်ခဲ့ရင် ဘုရားသခင်ရဲ့ အမျက်ဒေါသရော၊ အသင်းတော် ဖရိုဖရဲဖြစ်တာကပါ လျော့ကျသွားမှာ မဟုတ်ဘူး။ ဘုရားသခင်က သောဒုံမြို့ကို မဖျက်ဆီးခင်မှာ အဲဒီမြို့သားတွေကို နောင်တရရမယ်ဆိုပြီး ခဏခဏ သတိပေးခဲ့တယ်။ ဒါပေမဲ့ သူတို့က ဘုရားကို ခေါင်းမာမာနဲ့ ရန်မူပြီး နောင်တတစ်စက်မှ မပြခဲ့ဘူး။ နောက်ဆုံးမှာ ဘုရားသခင်က သောဒုံမြို့အပေါ် သူ့ရဲ့ အမျက်ဒေါသကို ထုတ်လွှတ်ပြီး အဲဒီမြို့ကို ဖျက်ဆီးခဲ့တယ်။ အခု ကျွန်တော်က ဘုရားသခင်ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရတယ်။ ကျွန်တော့် စိတ်နှလုံးက အရမ်းကို ညှဉ်းပန်းခံရပြီး နာကျင်နေပေမဲ့ ကျွန်တော် မကောင်းမှုလုပ်တာကို တားဆီးပေးခဲ့တယ်။ ဘုရားသခင်ရဲ့ စိတ်သဘောထားက ပုန်ကန်ပြစ်မှားဖို့မဟုတ်ဘူးဆိုတာ၊ သမ္မာတရားနဲ့ ဖြောင့်မတ်ခြင်းက အသင်းတော်မှာ အာဏာကိုင်စွဲတဲ့အရာပဲဆိုတာ ကျွန်တော့်ကို မြင်စေခဲ့တယ်။ အခု ဘုရားသခင်က ကျွန်တော့်ကို ဆက်အသက်ရှူခွင့်ပေးထားပြီး ကျွန်တော့်အသက်ကို မနုတ်ယူတာနဲ့တင် သူ့ရဲ့ သနားကရုဏာကို ပြထားပြီးသားပါ။ ကျွန်တော်က ဆက်ပြီးတော့ ပြန်သုံးသပ်တာ၊ ကိုယ့်ကိုယ်ကိုယ် နားလည်အောင် ကြိုးစားတာ မရှိရင် နောက်ဆုံးမှာ ဘုရားသခင်က ဖျက်ဆီးတာကို ကျွန်တော် ခံရမှာပဲ။ ကျွန်တော် ဘုရားရှေ့ကို သွားပြီး ဆုတောင်းခဲ့တယ်။ “ဘုရားသခင်၊ ကျွန်တော် မကောင်းမှုလုပ်ခဲ့ပြီး ကိုယ်တော့်စိတ်သဘောထားကို ပုန်ကန်ပြစ်မှားခဲ့ပါတယ်။ ကျွန်တော် နှင်ထုတ်ခံရတာက ကိုယ်တော်ရဲ့ ဖြောင့်မတ်ခြင်းပါ။ ကျွန်တော့်ရဲ့ အရင်က ပြစ်မှားမှုတွေအတွက် ပြန်ပေးဆပ်လို့မရနိုင်ပါဘူး။ အခု ကျွန်တော်ကိုယ့်ကိုယ်ကိုယ်နားလည်ပြီး ကိုယ်တော့်ဆီမှာ နောင်တရဖို့ အသက်ရှင်နေပါတယ်” လို့ပေါ့။ ကျွန်တော် စိတ်ဆုံးဖြတ်လိုက်တယ်။ နောင်မှာ ကျွန်တော့်အဆုံးသတ်က ဘယ်လိုပဲဖြစ်ပါစေ သမ္မာတရားကို လိုက်စားပြီး ကျွန်တော့်ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ဖယ်ရှားမယ်၊ ဂုဏ်နဲ့ အဆင့်အတန်းကို မလိုက်စားတော့ဘူး ဆိုပြီးတော့ပေါ့။ ဘုရားသခင်က တစ်နေ့မှာ ကျွန်တော့်ကို တကယ်ဖျက်ဆီးခဲ့ရင် ဒါဟာ ဘုရားသခင်ရဲ့ ဖြောင့်မတ်ခြင်း ဖြစ်နေဦးမှာပါပဲ။ နိုင်ငံတော်ကို ဝင်ရောက်ဖို့ ကျွန်တော် မျှော်လင့်ချက်တွေ အများကြီးမထားတော့ဘူး။ ကျွန်တော် အသစ်ကနေပဲ ပြန်စချင်တယ်။ စစ်မှန်တဲ့ ဖန်ဆင်းခံဖြစ်ချင်တယ်။ ကျွန်တော့်စိတ်နှလုံးထဲကနေ ဘုရားကို ဆုတောင်းခဲ့တယ်။ ဘုရားသခင်က ကျွန်တော့်ကို နောက်ထပ် အခွင့်အရေးပေးခဲ့ရင် ကျွန်တော်က အသင်းတော်မှာ အသေးငယ်ဆုံး နောက်လိုက်တွေထဲကတစ်ယောက် ဖြစ်လိုစိတ်ရှိပါတယ်ဆိုပြီးတော့ ပြောခဲ့တယ်။ ကျွန်တော့်ကို ချပေးတဲ့ ဘယ်တာဝန်ကိုမဆို ထမ်းဆောင်ချင်စိတ်ရှိခဲ့တယ်။ ဘုရားအိမ်တော်အတွက် တစ်ခုခုလုပ်နေရရင်ကို ကျွန်တော့်အတွက် လုံလောက်ပြီ။ နောက်ပိုင်းမှာ အသင်းတော်က ကျွန်တော့်ကို လာတွေ့ခဲ့တယ်။ သူတို့က ညီအစ်ကိုမောင်နှမတွေ ပစ္စည်းတွေဝယ်တာ ကျွန်တော့်ကို ကူခိုင်းတယ်။ ကျွန်တော် တော်တော်ဂုဏ်ယူမိတယ်။
၂၀၁၆ ခုနှစ်၊ ဧပြီလရဲ့ နေ့တစ်နေ့မှာ ခေါင်းဆောင်တစ်ယောက်က ကျွန်တော့်အိမ်ရောက်လာပြီး ပြောတယ်။ “ခင်ဗျားကို အသင်းတော်က နောက်တစ်ခါပြန်ပြီး လက်ခံလိုက်တယ်။ ညီအစ်ကိုမောင်နှမအများစုက ဒီဆုံးဖြတ်ချက်ကို သဘောတူကြတယ်” တဲ့။ အဲဒီအချိန်မှာ ကျွန်တော် အရမ်းစိတ်ခံစားရပြီး ဘာပြောရမှန်း မသိခဲ့ဘူး။ ခေါင်းဆောင် ပြန်သွားတော့ ကျွန်တော် မျက်ရည်တွေကျလာတာကို မထိန်းနိုင်ခဲ့ဘူး။ ကျွန်တော့်စိတ်နှလုံးမှာ ဘုရားကို ဆက်တိုက်ကျေးဇူးတင်ပြီး ချီးမွမ်းနေမိတယ်။ ဘုရားကို ကျွန်တော် ဆုတောင်းတယ်။ “ဘုရားသခင်၊ ကိုယ်တော်ဟာ ကျွန်တော့်ကို အသင်းတော်ဆီ ပြန်လာဖို့ အခွင့်အရေးပေးမယ်လို့ ကျွန်တော် မမျှော်လင့်ခဲ့ဘူး။ ကျွန်တော့်ကို ကူညီပံ့ပိုးပေးတဲ့အတွက်၊ ကိုယ့်ကိုယ်ကိုယ် နားလည်ဖို့ ကျွန်တော့်ကို ဉာဏ်အလင်းဖွင့်ပြပြီး လမ်းပြတဲ့အတွက် ကိုယ်တော့်ကို ကျေးဇူးတင်ပါတယ်။ ဘုရားသခင်၊ ကျွန်တော် ဒီအခွင့်အရေးကို မြတ်နိုးချင်စိတ်ရှိပါတယ်။ ကျွန်တော် မကောင်းမှု လုပ်တော့မှာမဟုတ်ဘူး၊ အဖျက်အမှောင့်တွေ လုပ်တော့မှာမဟုတ်ဘူးဆိုတာကို အာမခံပါတယ်။ ကျွန်တော့်ရဲ့ အရင်က စိတ်သဘောထားတွေကို ပြန်ထားပြီး အသင်းတော်ကို အဖျက်အမှောင့်လုပ်ရင် ကိုယ်တော်ရဲ့ အပြစ်ဒဏ်ပေးတာကို လက်ခံရရှိဖို့ ကျွန်တော် ဆန္ဒရှိပါတယ်” လို့ပေါ့။
အသင်းတော်ကို ပြန်လာပြီးတော့ ကျွန်တော် မကြာခင်မှာ တာဝန်ကိုစပြီးထမ်းဆောင်တယ်။ တစ်ခါတော့ အသင်းတော်ခေါင်းဆောင်က ကျွန်တော့်ဆီရောက်လာပြီး ဧည့်ခံဝတ်ပြုတာဝန်ကို ထမ်းဆောင်ဖို့ ကျွန်တော့်အတွက် စီစဉ်တယ်။ ကျွန်တော် ကိုယ့်ဘာသာ တွေးမိတယ်။ “ဘယ်လိုဖြစ်ပြီး သူတို့က ငါ့ကို ဒီတာဝန်ထမ်းဆောင်ခိုင်းရတာလဲ။ ဒါက အသက်ကြီးတဲ့သူတွေအတွက် တာဝန်မဟုတ်ဘူးလား။ ညီအစ်ကိုမောင်နှမတွေက ဒီအကြောင်းကို ကြားရင် ငါ့ကို ဘယ်လိုထင်မလဲ” ပေါ့။ ခေါင်းဆောင်နဲ့ပတ်သက်လို့ ကျွန်တော့်မှာ အတွေးတချို့ရှိခဲ့ပြီး သူတို့တွေက ကျွန်တော့် ပင်ကိုစွမ်းရည်တွေကို အရေးမပါတဲ့အလုပ်မှာ ဖြုန်းတီးပစ်နေတယ်လို့ ခံစားမိတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ အခုလိုပြောထားတဲ့ ဘုရားနှုတ်ကပတ်တော်ကို ဖတ်ခဲ့တယ်။ “လူတို့သည် ၎င်းတို့၏တာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းရန် ဘုရားသခင် တောင်းဆိုသောအခါ လုပ်ငန်းတစ်ချို့တလေကို ပြီးမြောက်ရန် သို့မဟုတ် ကြီးကျယ်သော ကြိုးပမ်းမှုများကို ဆောင်ရွက်အောင်မြင်ရန်၊ သို့တည်းမဟုတ် ကြီးကြီးမားမား ဆောင်ရွက်ချက်တစ်ခုခုကို ပြုလုပ်ရန် တောင်းဆိုခြင်းမရှိပေ။ ဘုရားသခင် အလိုရှိသောအရာမှာ လူတို့အနေဖြင့် လက်တွေ့ကျသော နည်းလမ်းဖြင့် သူတို့တတ်နိုင်သမျှကို လုပ်ဆောင်နိုင်ပြီး သူ၏ နှုတ်ကပတ်တော်များနှင့်အညီ အသက်ရှင်နိုင်ရန် ဖြစ်သည်။ ဘုရားသခင်သည် သင့်အား ကြီးမြတ်ရန် သို့မဟုတ် မွန်မြတ်ရန်၊ သို့မဟုတ် ထူးဆန်းသောတန်ခိုးများ ပြုစေရန် မလိုအပ်သကဲ့သို့ သင့်တွင် ကျေနပ်စရာကောင်းသော အံ့သြဖွယ်ရာများကို မြင်လိုခြင်းမရှိပေ။ သူသည် ထိုသို့သောအရာများကို မလိုအပ်ချေ။ ဘုရားသခင်လိုအပ်သမျှမှာ သင့်အနေဖြင့် သူ၏နှုတ်ကပတ်တော်များအတိုင်း စွဲစွဲမြဲမြဲ လက်တွေ့လုပ်ဆောင်ရန် ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားထောင်သောအခါ သင်နားလည်ထားသည့်အရာကို ပြုလုပ်လော့၊ သင်သဘောပေါက်နားလည်ထားသည့်အရာကို ဆောင်ရွက်လော့၊ သင်ကြားခဲ့သည့်အရာကို ကောင်းစွာ မှတ်သားလော့၊ ပြီးနောက် လက်တွေ့လုပ်ဆောင်ချိန် ရောက်သည့်အခါ ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း လုပ်ဆောင်လော့။ ယင်းတို့ကို သင်၏ဘဝ၊ သင်၏ စစ်မှန်မှုများနှင့် သင်အသက်ရှင်နေထိုင်နေသော အရာများ ဖြစ်စေလော့။ သို့ဖြစ်၍ ဘုရားသခင် ကျေနပ်လိမ့်မည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ လျော်ကန်သော တာဝန်ဖြည့်ဆည်းခြင်းသည် လိုက်ဖက်ညီသော ပူးပေါင်းလုပ်ဆောင်ခြင်း လိုအပ်သည်) ဘုရားနှုတ်ကပတ်တော်ကတစ်ဆင့် ကျွန်တော် နားလည်သွားတယ်။ ဘုရားသခင်က ကျွန်တော့်ကို အရမ်းအရေးကြီးတဲ့အလုပ်ကို လုပ်ဖို့ မလိုအပ်ဘူးဆိုတာပဲ။ သူအလိုရှိတာက ကျွန်တော့်အနေနဲ့ ကျွန်တော့်တာဝန်ကို လက်တွေ့ကျကျလုပ်ဖို့ပဲ။ သာမန်တာဝန်တစ်ခုပဲ ဖြစ်နေရင်တောင် ဘုရားနှုတ်ကပတ်တော်ကို ကျွန်တော် နားထောင်ပြီး ဘုရားတောင်းဆိုချက်တွေအတိုင်း ထမ်းဆောင်သရွေ့ လုံလောက်မှာပဲ။ ကျွန်တော် ကြိုက်တဲ့အရာတွေနဲ့အညီ တာဝန်ထမ်းဆောင်လို့ မဖြစ်ဘူး။ အသင်းတော်အလုပ်ရဲ့ လိုအပ်ချက်တွေအပေါ် အခြေခံရမယ်။ ကျွန်တော့်တာဝန်ကို ကောင်းကောင်းထမ်းဆောင်ဖို့အတွက် အသင်းတော်အစီအစဉ်တွေကို ကျိုးနွံနာခံပြီး တိတ်တိတ်ဆိတ်ဆိတ် အလုပ်လုပ်သင့်တယ်။ ဒါက အသိစိတ်နဲ့ ဆင်ခြင်တုံတရားရှိတဲ့သူတစ်ယောက် လုပ်မဲ့အရာပဲ။ အခု ဒီတာဝန်ကို ရင်ဆိုင်ရတာက ကျွန်တော့်ကိုထုတ်ဖော်ပြီး စမ်းသပ်ခဲ့တယ်။ ဒီလိုအခြေအနေမျိုးမရှိရင် ကျွန်တော်က ဘုရားအပေါ် အတော်ကျိုးနွံနာခံတယ်၊ ကျွန်တော့်ရဲ့ မာနထောင်လွှားတဲ့ စိတ်သဘောထားနဲ့ ဂုဏ်၊ အဆင့်အတန်းကို လိုက်စားဖို့အတွက် လိုအင်ဆန္ဒက ပြောင်းလဲပြီးသွားပြီလို့ ထင်မိမှာပဲ။ လက်တွေ့မှာတော့ ကျွန်တော်က တော်တော်မာနထောင်လွှားပြီး စိတ်ကြီးဝင်နေတုန်းပဲ။ ကျွန်တော့်မှာ အထိန်းအကွပ်မဲ့ ရည်မှန်းချက်တွေ၊ လိုအင်ဆန္ဒတွေရှိပြီး လူစုထဲမှာ အသေးငယ်ဆုံး ဖြစ်ချင်စိတ်ရှိမနေခဲ့ဘူး။ ဒါက ကျွန်တော့်ရဲ့ တကယ့် ဝိညာဉ်ရင့်ကျက်မှုပဲ။ သန့်စင်ပြီး ပြောင်းလဲဖို့အတွက် ဘုရားနှုတ်ကပတ်တော်ရဲ့ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းနဲ့ စမ်းသပ်ခြင်း၊ စစ်ဆေးခြင်းတွေကိုလည်း တွေ့ကြုံဖို့ လိုအပ်ခဲ့ပါတယ်။ ဒါကို သိမြင်ပြီး ဒီတာဝန်ကို ကျွန်တော် လက်ခံခဲ့တယ်။ ကျွန်တော်က ဘယ်လိုချက်ပြုတ်ရမယ်ဆိုတာ မသိပေမဲ့ ကိုယ့်တာဝန်ထမ်းဆောင်ရင်းနဲ့ လုံ့လရှိရှိနဲ့ သင်ယူနိုင်ပြီး စည်းမျဉ်းတွေနဲ့အညီ ညီအစ်ကိုမောင်နှမတွေကို ဧည့်ခံနိုင်ပါတယ်။ ဒီလိုလုပ်ရတာက ကျွန်တော့်စိတ်နှလုံး ငြိမ်သက်ခြင်းရှိခဲ့တယ်။ ကျွန်တော့်ကို ကယ်တင်တဲ့အတွက် ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။