တစ်ဇွတ်ထိုးပြုလုပ်ခြင်းသည် သူတစ်ပါးနှင့် မိမိကိုယ်ကို ထိခိုက်စေသည်

10.04.2022

ဟော်ရှီး သြစတြေးလျတိုက်

ကျွန်မက ရေလောင်းတဲ့အလုပ်ကို ကြီးကြပ်ဖို့အတွက် ၂၀၂၀ခုနှစ်၊ ဧပြီလမှာ အသင်းတော်ခေါင်းဆောင်တစ်ယောက်အဖြစ် အရွေးခံခဲ့ရတယ်။ ယုံကြည်သူအသစ်တချို့က လတ်တလော စုဝေးပွဲတ ပုံမှန်မတက်တာ၊ နောက်ကျမှရောက်ပြီး စောပြန်ကြတာကို သတိထားမိတယ်။ တချို့တွေက ကျောင်းနဲ့ အလုပ်နဲ့ အလုပ်ရှုပ်နေကြပြီး အချိန်ရတဲ့အခါလာမယ်လို့ ပြောကြတယ်။ တချို့ကကျတော့ စီစီပီနဲ့ ဘာသာရေးလောကရဲ့ အလိမ်အညာတွေကိုခံရပြီး မလာကြဘူး။ သူတို့ကို စကားပြောဖို့ ကျွန်မတို့ ကြိုးစားတယ်။ ဒါပေမဲ့ တချို့က ဖုန်းမကိုင်ဘူး။ သူတို့က ပျောက်သွားလုနီးပါးပဲ။ ကျွန်မက တွေးတယ်။ သူတို့ကို ကျွန်မတို့ စကားပြောဖို့ ကြိုးစားတယ်။ သူတို့က မတက်ချင်ဘူး။ ဒီတော့ ကျွန်မတို့မှာ တာဝန်မရှိဘူး။ ပစ်ထားလိုက်ဖို့ အချိန်ရောက်ပြီ ပေါ့။ ပြီးတော့လည်း ဘုရားက လူတွေဆီကနေ အကောင်းဆုံးကို လိုချင်တာ။ နောက်ထပ်လူတွေပိုလိုချင်တာမဟုတ်ဘူး။ စစ်မှန်တဲ့ယုံကြည်ခြင်းရှိသူတွေ၊ သမ္မာတရားကိုချစ်သူတွေကို သူက ကယ်တင်တာ။ သူတို့မှာ စစ်မှန်တဲ့ယုံကြည်ခြင်းမရှိရင် ကျွန်မတို့က ဘယ်လောက်ပဲ အားထုတ်ပါစေ ထူးမှာမဟုတ်ဘူး ပေါ့။ အဲဒါနဲ့ ဆုမတောင်းဘဲ၊ မရှာဖွေဘဲနဲ့ ကျွန်မခေါင်းဆောင်နဲ့ မဆွေးနွေးဘဲနဲ့ အဲဒီလူသစ်တွေကို ကျွန်မထုတ်ပစ်ဖို့ ဆုံးဖြတ်လိုက်တယ်။ တချို့လူတွေဆီကို ကျွန်မ သွားပြီး စကားပြောဖို့ ကြိုးစားပေမဲ့ သူတို့က စုဝေးပွဲတွေကို ဝင်မပါချင်ကြဘူး။ ဒီတော့ ကျွန်မ အကဲဖြတ်တာ မှန်တယ်လို့ ပိုပြီးတော့ သေချာသွားသလို ခံစားမိခဲ့တယ်။ ယုံကြည်သူအသစ်တွေအများကြီးက နှစ်လအတွင်းမှာ ဆက်တိုက်အထုတ်ခံလိုက်ရတာကို အစ်မတစ်ယောက်က သတိထားမိပြီး ဒီလိုလုပ်တာက တကယ် သင့်တော်ရဲ့လားဆိုတာ ကျွန်မကို မေးတယ်။ ကျွန်မတို့က ခေါင်းဆောင်နဲ့ မိတ်သဟာယပြုပြီး စည်းမျဉ်းတွေကို သင်ယူနိုင်တာပဲတဲ့။ ကျွန်မက ဒါက အရင်တုန်းက ဒီလိုကိစ္စမျိုးကို ကျွန်မတို့ ကိုင်တွယ်တဲ့ပုံစံပဲလေဆိုပြီး တွေးမိတယ်။ သူတို့နဲ့ စကားပြောဖို့ ကြိုးစားတယ်။ ဆက်သွယ်လို့တောင်မရဘူး။ တချို့ကလည်း ယုံကြည်သူဖြစ်ဖို့ စိတ်မဝင်စားကြတော့ဘူး။ စည်းမျဉ်းတွေကို ရှာဖို့ မလိုဘူးပေါ့။ အဲဒါနဲ့ သူ့အကြံပြုချက်ကို ကျွန်မ ငြင်းပယ်လိုက်တယ်။ အဲဒီနောက်မှာ ကျွန်မ နည်းနည်း အနေရခက်နေမိတယ်။ ဒါက တကယ်ပဲ မှန်ကန်တဲ့လုပ်ရပ်ပဲလားဆိုတာ တွေးနေမိတယ်။ ဒါပေမဲ့ နောက်တော့ ဒါ မမှားနိုင်ပါဘူးလို့ ကျွန်မတွက်မိတယ်။ ဘာကြောင့်လဲဆိုရင် ကျွန်မတို့က သူတို့ကို ပံ့ပိုးပေးတယ်။ သူတို့က စုဝေးပွဲတွေကို မလာချင်ကြရင်၊ ကျွန်မတို့အမှားမဟုတ်ဘူးပေါ့။ သူတို့က စစ်မှန်တဲ့ယုံကြည်သူတွေကို မဟုတ်တာလို့ ကျွန်မ တွေးမိတယ်။ ကျွန်မ အနေရခက်နေပေမဲ့ ဘာဆုတောင်းမှု၊ ရှာဖွေမှုမှ မလုပ်ခဲ့ဘူး။ ပြီးတော့ လတိုင်းပဲ လူသစ်တချို့ကို ကျွန်မ လက်လွှတ်ခဲ့တယ်။

နောက်တော့ ခေါင်းဆောင်က ဒီနေရာမှာ ကျွန်မ စည်းမျဉ်းတွေမလိုက်နာတာကို သိသွားပြီး ကျွန်မကို တော်တော်ကို ကြမ်းကြမ်းတမ်းတမ်း ဝေဖန်တယ်။ ကျွန်မက ဘာစည်းမျဉ်းမှမသိဘူး။ မရှာဖွေဘူး။ ကျွန်မလုပ်ချင်သလိုပဲ မစဉ်းမစားလုပ်ခဲ့တယ်လို့ ပြောတယ်။ သူက ပြောသေးတယ်။ သူတို့ တစ်ယောက်ချင်းစီတိုင်းက ဘုရားရှေ့ကိုလာဖို့က အရမ်းခက်တယ်၊ တခြားအသင်းတော်တွေက ညီအစ်ကိုမောင်နှမတွေက သူတို့ကို အစွမ်းကုန် ပံ့ပိုးနေကြတာ၊ ဒါပေမဲ့ ကျွန်မကတော့ သူတို့ကို အေးအေးဆေးဆေးနဲ့ ဘေးဖယ်ထုတ်ပစ်နေတယ်ပေါ့။ ကျွန်မက ချစ်ခင်ဖွယ်ပံ့ပိုးမှုတွေ မပေးဘဲနဲ့ သူတို့ကို ဘောင်ခတ်နေပြီး ဒါဟာ တကယ်ကို တာဝန်မသိတတ်ခဲ့တာပါ။ ပြီးတော့ သူက ကျွန်မကိုမေးတယ်။ သူတို့က ဘာလို့ စုဝေးပွဲတွေ မတက်တာလဲ၊ သူတို့မှာ ဘယ်လိုအယူအဆတွေ၊ ပြဿနာတွေရှိတာလဲ၊ ကျွန်မက အဲဒါတွေကို မိတ်သဟာယကနေတစ်ဆင့် ဖြေရှင်းဖို့ ကြိုးစားသလား၊ သူတို့ကို ကူညီဖို့ တခြားနည်းတွေ စဉ်းစားကြည့်ဖို့ ကြိုးစားသလားပေါ့။ သူ့မေးခွန်းတွေကို ကျွန်မ တစ်ခုမှ မဖြေနိုင်ဘူး။ ဒါပေမဲ့ ယုံကြည်သူအသစ်တွေကို ကျွန်မ လက်လွှတ်လိုက်တဲ့ မြင်ကွင်းတွေက ကျွန်မ စိတ်ထဲမှာ ရုပ်ရှင်လိုမျိုး တစ်ခုပြီးတစ်ခုပေါ်လာနေတယ်။ အဲဒီမှာ ကျွန်မက နောက်ဆုံး သဘောပေါက်လိုက်တယ်။ သူတို့အပေါ် တာဝန်မသိတတ်ခဲ့ဘူး၊ သူတို့ကို ချစ်ခြင်းနဲ့ အမှန်တကယ် ကူညီပြီးမထောက်ပံ့ပေးခဲ့ဘူးဆိုတာပေါ့။ သူတို့ရဲ့ မဖြေရှင်းရသေးတဲ့ အယူအဆတွေက ဘာတွေဖြစ်တယ်၊ စုဝေးပွဲတွေကို သူတို့ဘာကြောင့်မလာတယ်ဆိုတဲ့အပေါ်မှာ ကျွန်မ ရှင်းရှင်းလင်းလင်း မသိခဲ့ဘူး။ သူတို့က စုဝေးပွဲတွေကိုမလာတာ နည်းနည်းကြာနေပြီဆိုတော့ စိတ်ဝင်စားမှုမရှိတော့ဘူးလို့ ကျွန်မ တွက်လိုက်ပြီး အရေးမစိုက်တော့ဘူး။ ကျွန်မက ယုံကြည်သူအသစ်တွေရဲ့ ဘဝတွေအတွက် တာဝန်မယူနိုင်ခဲ့ဘဲ၊ စည်းမျဉ်းတွေနဲ့ ဆန့်ကျင်ပြီး သူတို့ကို သာမန်ကာလျှံကာ ငြင်းပယ်ခဲ့တာ မြင်ခဲ့တယ်။ ကျွန်မက တကယ်ကို လူ့သဘာဝကင်းမဲ့ခဲ့ပါတယ်။ အဲဒါနဲ့ ဆုတောင်းဖို့ ဘုရားရှေ့ကို ကျွန်မ လာခဲ့တယ်။ ဘုရားအလိုတော်ကို နားလည်၊ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်၊ ကိုယ့်အကြောင်းကိုယ် သင်ယူနိုင်ဖို့အတွက် ဉာဏ်အလင်းပေးပြီး လမ်းပြဖို့ ဆုတောင်းလိုက်တယ်။

အဲဒီနောက်မှာ ဒီ ဘုရားနှုတ်ကပတ်တော်အပိုဒ်ကို ကျွန်မ တွေ့တယ်။ “သင်ဧဝံဂေလိဖြန့်ဝေသည့် လူများနှင့်ပတ်သက်ပြီး သင်သတိထားရမည်။ တစ်စုံတစ်ယောက်ကို သင် ဧဝံဂေလိဖြန့်ဝေသည့် အချိန်တိုင်းသည် ကလေးမွေးဖွားခြင်းနှင့်တူသည်။ ၎င်းတို့၏ အသက်တာသည် အလွန်ပင် ကျိုးပဲ့လွယ်သည်။ ကျွန်ုပ်တို့၏ သည်းခံစိတ်ရှည်မှု၊ အဆုံးစွန်ချစ်ခြင်းကို ၎င်းတို့ လိုအပ်သည်။ ထို့အပြင် နည်းလမ်းနှင့် ချဉ်းကပ်မှုအချို့ လိုအပ်သည်။ အရေးကြီးဆုံးမှာ လူသားမျိုးနွယ်၏ ကယ်တင်ခြင်းအတွက် ဘုရားသခင်ဖော်ပြခဲ့သော သမ္မာတရားအားလုံးကို ၎င်းတို့အား သိရှိစေရမည်။ ၎င်းတို့ကို အကျိုးအမြတ်များ ရရှိစေဖို့၊ ဖြစ်နိုင်သမျှ များပြားသော အတိုင်းအတာအထိ ဘုရားသခင်၏ အသံတော်ကို နားလည်သောသူများကို ဘုရားသခင်ရှေ့မှောက်သို့ ပြန်လာခွင့်ပြုရန်ဖြစ်သည်။ ယင်းသည် လူတိုင်း၏ တာဝန်နှင့် ဝတ္တရားဖြစ်သည်။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “ဧဝံဂေလိတရား ဖြန့်ဝေခြင်းသည် ယုံကြည်သူများအားလုံး သမစိတ္တဖြစ်သည့် တာဝန်တစ်ခုဖြစ်သည်”)လူအချို့သည် အစွမ်းအစနည်းပြီး ဘုရားသခင်ကို မယုံကြည်သည်မှာ အလွန်ကြာပြီဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားကို နားမလည်သော်လည်း ဘုရားသခင်ကို စစ်မှန်ရိုးသားစွာ ယုံကြည်သည်။ ၎င်းတို့သည် အစွမ်းအစနည်းပြီး သမ္မာတရားကို နားမလည်သောကြောင့်လည်းကောင်း၊ တစ်ခုခုဖြစ်ပျက်သည့်အခါ သမ္မာတရားကို မရှာဖွေသောကြောင့်လည်းကောင်း သူတို့သည် မကြာခဏ အပျက်သဘောဆောင်ခြင်းဖြစ်ပြီး ဘုရားသခင်ကို ယုံကြည်ရခြင်းတွင် အခက်အခဲများစွာပါဝင်သည်၊ ၎င်းတို့သည် အရည်အချင်းမပြည့်မီကြဟု ခံစားကြရသည်။ ၎င်းတို့သည် ကယ်တင်ခြင်းမခံရနိုင်ဟု အစဉ် စိတ်ပူနေပြီး တစ်ခါတစ်ရံတွင် ဆန္ဒအလျောက် အရှုံးပေးကာ လက်လျှော့ကြသည်။ ယင်းမှာ သူတို့ကိုယ်သူတို့ ဖယ်ရှားခြင်းနှင့် အတူတူဖြစ်သည်။ ၎င်းတို့၏ စိတ်နှလုံးတွင်၊ ‘မည်သို့ပင်ဖြစ်စေ ဘုရားသခင်အပေါ် ငါ၏ ယုံကြည်ခြင်းအတွက် ဘုရားသခင်သည် ငါ့အား မချီးမွမ်းပေ။ နှစ်သက်ခြင်းလည်း မရှိပေ။ ပြီးလျှင် ငါ့မှာ စုဝေးရာသို့ သွားရန် အချိန်မရှိ။ ငါ၏ မိသားစုသည် ဆင်းရဲပြီး ငါသည် ပိုက်ဆံရှာဖို့လိုသည်’ စသဖြင့် စဉ်းစားကြသည်။ ဤအရာအားလုံးသည် ၎င်းတို့ စုဝေးရာသို့ မသွားနိုင်သည့် အကြောင်းပြချက် ဖြစ်လာသည်။ သင်သည် မည်သို့ဖြစ်ပျက်နေသည်ကို သိရှိရန် အမြန်မပြုလုပ်လျှင်၊ ၎င်းတို့က သမ္မာတရားကို မချစ်၊ ဘုရားသခင်ကို မချစ်၊ တာဝန်ထမ်းဆောင်ရာတွင် စိတ်ဝင်စားမှုမရှိ၊ ဇာတိပကတိ၏ သက်သာမှုကို တပ်မက်သည်၊ လောကီအရာများနောက်ကိုလိုက်ပြီး ထိုအရာများကို မစွန့်လွှတ်နိုင်ဟု သင် ထင်မြင်လိမ့်မည်။ ဤအတွက်ကြောင့် ၎င်းတို့ကို သင်် လက်လွတ်မိလိုက်လိမ့်မည်။ အမှန်တွင် ၎င်းတို့ အပျက်သဘောဆောင်လာသည်မှာ ၎င်းတို့၏ အခက်အခဲများကြောင့်ဖြစ်သည်။ ဤပြဿနာများကို သင်ဖြေရှင်းနိုင်လျှင် ၎င်းတို့ အလွန်အပျက်သဘောဆောင်လိမ့်မည်မဟုတ်ဘဲ ဘုရားသခင်နောက်သို့ လိုက်နိုင်လိမ့်မည်။ ၎င်းတို့သည် အားနည်းပြီး အပျက်သဘောဆောင်သောအခါ လူတို့၏ ပံ့ပိုးမှုကို လိုအပ်သည်။ ၎င်းတို့ကို သင်ကူညီလျှင် ၎င်းတို့သည် ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်ကြလိမ့်မည်။ သို့သော် ၎င်းတို့ကို လျစ်လျူရှုလျှင် ၎င်းတို့အတွက် အရှုံးပေးရန် လွယ်ကူလိမ့်မည်။ ဤသည်မှာ အသင်းတော်အလုပ်ကိုလုပ်သောလူတို့က ချစ်ခြင်းမေတ္တာရှိမရှိ၊ ဤဝန်ထုတ်ဝန်ပိုးကို သယ်ဆောင်ခြင်းရှိမရှိအပေါ်တွင် မူတည်သည်။ အချို့လူတို့က စုဝေးပွဲကို မကြာခဏ မလာခြင်းသည် ၎င်းတို့က ဘုရားသခင်ကို အမှန်တကယ် မယုံကြည်ခြင်းဖြစ်သည်ဟု မဆိုလိုပေ။ ယင်းသည် ရိုးသားမှုကင်းမဲ့သည့် သဘောမသက်ရောက်ပေ။ ၎င်းတို့က ယုံကြည်လိုခြင်းမရှိသကဲ့သို့ ဇာတိပကတိ၏ သာယာမှုကို တပ်မက်သည်ဟု မဆိုလိုသကဲ့သို့၊ ၎င်းတို့၏ မိသားစုနှင့်အလုပ်ကို ဘေးဖယ်ထားနိုင်ခြင်းမရှိဟု အဓိပ္ပာယ်မရပေ။ ၎င်းတို့ကို အလွန်အကျွံ စိတ်ခံစားမှုရှိသည်၊ သို့မဟုတ် ငွေကိုတပ်မက်သည်ဟု အကဲဖြတ်ခြင်းကို ပို၍ပင် မပြုလုပ်သင့်ပေ။ ဤကိစ္စများတွင် လူတို့၏ ဝိညာဉ်ရင့်ကျက်မှုနှင့် ရည်မှန်းချက်မှာ မတူကွဲပြားနေခြင်းသာဖြစ်သည်။ အချို့လူများအတွက် သမ္မာတရားကို လိုက်စားခြင်းသည် အထူးသဖြင့် အရေးကြီးသည်။ ၎င်းတို့သည် ဆင်းရဲဒုက္ခခံလိုကြသည်။ ဤအရာများကို စွန့်လွှတ်နိုင်ကြသည်။ အချို့လူများမှာ ယုံကြည်ခြင်း အနည်းငယ်သာရှိပြီး၊ အမှန်တကယ် အခက်အခဲများကို ရင်ဆိုင်ရသည့်အခါတွင် ၎င်းတို့သည် စွမ်းအားမဲ့ပြီး လမ်းဘေးတွင် လဲပြိုကြသည်။ ၎င်းတို့ကို မည်သူကမျှ မကူညီ၊ မပံ့ပိုးလျှင် ၎င်းတို့သည် အရှုံးပေးကြလိမ့်မည်။ ရပ်တန့်လိုက်ကြလိမ့်မည်။ ဤသို့သောအချိန်များတွင် လူတို့၏ ပံ့ပိုးမှု၊ ဂရုစိုက်မှုနှင့် ကူညီမှုကို ၎င်းတို့လိုအပ်သည်။ ၎င်းတို့က မယုံကြည်သူဖြစ်ပြီး သမ္မာတရားအတွက် ချစ်ခြင်း ကင်းမဲ့လျှင်၊ မကောင်းသောသူဖြစ်လျှင်၊ ဤသို့ဖြစ်လျှင် ၎င်းတို့ကို လျစ်လျူရှု၍ရနိုင်သည်။ ၎င်းတို့သည် ကောင်းသောသူများဖြစ်ပြီး သဘောပေါက်လက်ခံလွယ်ကာ အလွန်ကောင်းသော အစွမ်းအစရှိလျှင် ၎င်းတို့ကို ကူညီပံ့ပိုးသင့်သည်။(ဘုရားသခင်၏ မိတ်သဟာယဖွဲ့ခြင်း)

ဒါက ဘာကိုဆိုလိုတယ်ဆိုတာ ကျွန်မစဉ်းစားမိတဲ့အချိန်မှာ တော်တော် ရှက်မိတယ်။ ဘုရားသခင်က နောက်ဆုံးသောကာလမှာ လူ့ဇာတိခံပြီး ကျွန်မတို့ကယ်တင်ခြင်းအတွက် ကျွန်မတို့ကြားမှာ စကားပြောပြီးအလုပ်လုပ်ဖို့ ကြွလာခဲ့တယ်။ ကျွန်မတို့က စာတန်ရဲ့ ဖျက်ဆီးခြင်းကို ဘယ်လောက်နက်နက်နဲနဲခံထားရတယ်ဆိုတာ၊ ကျွန်မတို့က ပုန်ကန်မှု၊ အာခံမှုတွေ ပြည့်နေတယ်ဆိုတာ သူသိပါတယ်။ တစ်ယောက်ချင်းစီတိုင်းကို ကယ်တင်ဖို့အတွက် သူ အစွမ်းကုန်လုပ်ဆောင်တယ်။ ဘုရားသခင်က လူတစ်ယောက်ကို မျှော်လင့်ချက်ရေးရေးလေးပဲ ရှိရင်တောင် သာမန်ကာလျှံကာ ငြင်းပယ်မှာမဟုတ်ဘူး။ ဘုရားသခင်က လူသားအတွက် သက်ညှာမှုနဲ့ သည်းခံခြင်းတွေနဲ့ ပြည့်လျှံနေတာပါ။ ကျွန်မတို့အတွက် သူ့ချစ်ခြင်းက သိပ်ကြီးမြတ်တယ်။ အဲဒီယုံကြည်သူအသစ်တွေက မွေးကင်းစကလေးငယ်လေးတွေလိုပဲ။ သမ္မာတရားကို နားမလည်ဘူး။ စစ်မှန်တဲ့လမ်းပေါ်မှာ အခြေခံအုတ်မြစ်မရှိသေးဘူး။ သူတို့ဟာ အသက်တာမှာ ကျိုးပဲ့လွယ်တယ်။ သူတို့အတွက် ကြီးမားတဲ့ချစ်ခြင်းနဲ့ သည်းခံခြင်းရှိဖို့ ဘုရားသခင်က ကျွန်မတို့ကို တောင်းဆိုပါတယ်။ သူတို့မှာ စစ်မှန်တဲ့ယုံကြည်ခြင်းနဲ့ လူ့သဘာဝကောင်းရှိသရွေ့ သူတို့က အားနည်းနေရင်တောင်၊ ဘာသာရေးအအယူအဆတွေရှိပြီး စုဝေးပွဲတွေတက်ဖို့ အရမ်းအလုပ်ရှုပ်နေရင်တောင် ကျွန်မတို့က သူတို့ကို သာမန်ကာလျှံကာနဲ့ ထုတ်ပစ်လို့မရပါဘူး။ သူတို့က စုဝေးပွဲတွေကိုမလာလို့ စစ်မှန်တဲ့ ယုံကြည်သူတွေမဟုတ်ဘူးလို့ တွေး၊ ဘာမဟုတ်တာလေးနဲ့ သူတို့ကို ထုတ်လိုက်ပြီး လုံးဝ လျစ်လျူရှုပစ်လိုက်လို့ မရပါဘူး။ ဒါဟာ သူတို့ကို ဖျက်ဆီးပစ်လိုက်တာပဲ။ ကျွန်မက ယုံကြည်ခြင်းမှာ လူသစ်ဖြစ်နေတုန်းက အိမ်မှာ အလုပ်ရှုပ်နေလို့ ကောင်းကောင်းမွန်မွန် မစုဝေးခဲ့ဘူး။ ဒါပေမဲ့ ညီအစ်ကိုမောင်နှမတွေက တကယ်ကို နားလည်ပေးပြီး ကျွန်မရဲ့ အလုပ်ချိန်နဲ့သင့်တော်အောင် စုဝေးပွဲအချိန်တွေကို ပြောင်းပေးတယ်။ ပြီးတော့ ကျွန်မနဲ့ မမောမပန်း မိတ်သဟာယဖွဲ့ပေးကြတယ်။ သူတို့ရဲ့ ကူညီပံ့ပိုးမှုကြောင့် သမ္မာတရားကို လိုက်စားခြင်းရဲ့ အရေးကြီးပုံကို ကျွန်မ မြင်ခဲ့တယ်။ ကျွန်မအတွက် ဘုရားရဲ့ချစ်ခြင်းနဲ့ သည်းခံခြင်းကို ကျွန်မ ခံစားရနိုင်တယ်။ အဲဒီနောက်မှာ စုဝေးပွဲတွေကို ကျွန်မ ပုံမှန်တက်နိုင်ပြီး တာဝန်ယူနိုင်ခဲ့တယ်။ ကျွန်မက သမ္မာတရားကို မချစ်ဘူး၊ မယုံကြည်သူဖြစ်တယ်လို့ တွေးပြီးတော့ ညီအစ်ကိုမောင်နှမတွေက အဲဒီအချိန်တုန်းက ကျွန်မကို အထင်အမြင်သေးခဲ့ရင် ဟိုးအရင်ကတည်းက ကျွန်မကို လက်လျှော့လိုက်ကြမှာပဲ။ ဒီနေ့ ဒီနေရာမှာ ကျွန်မ လုံးဝ ရှိနေမှာမဟုတ်ဘူး။ ကျွန်မက ဘုရားအလိုတော်ကို လုံးဝ ထည့်မတွက်ဘူး၊ လူသစ်တွေရဲ့ အခက်အခဲတွေကို နားလည်မပေးဘူးဆိုတာ ကျွန်မ မြင်ခဲ့တယ်။ သူတို့ကို ကျွန်မ မနှစ်သက်ခဲ့ဘဲ မကျေမနပ်ဖြစ်ခဲ့တယ်။ သူတို့က ကိစ္စအမျိုးမျိုးနဲ့ အလုပ်ရှုပ်နေတယ်၊ အယူအဆတွေများလွန်းတယ်လို့ တွေးမိတယ်။ အဲဒါနဲ့ သူတို့ကို ဘောင်ခတ်ပြီး ပစ်ပယ်ခဲ့တယ်။ သူတို့ကို ကူညီဖို့အတွက် အဖိုးအခထပ်မပေးဆပ်ချင်ခဲ့ဘူး။ ကျွန်မက သိပ်ဆိုးတဲ့ လူ့သဘာဝရှိခဲ့ပြီး ယုံကြည်သူအသစ်တွေရဲ့ အသက်တာအတွက် နည်းနည်းလေးမှ တာဝန်မယူခဲ့ဘူး။ ကျွန်မ ဘုရားသခင်ကို ဆုတောင်းတယ်။ “ဘုရားသခင် သမီး ကိုယ်တော့်ထံမှာ နောင်တရချင်ပါတယ်။ သမီးရဲ့ အမှားတွေကို တတ်နိုင်သမျှ အမြန်ဆုံး ပြုပြင်ဖို့၊ ဒီလူတွေကို ချစ်ခြင်းနဲ့ ကူညီပံ့ပိုးဖို့ သမီးကို လမ်းပြတော်မူပါ” ဆိုပြီးတော့။

အဲဒီနောက်တော့ ဒီလူသစ်တွေကို ကူညီပံ့ပိုးဖို့အတွက် တခြားအသင်းသားတွေနဲ့ ကျွန်မ စသွားခဲ့တယ်။ သူတို့အခက်အခဲတွေကို ကျွန်မတို့ သိအောင်လုပ်ခဲ့ပြီး သူတို့နဲ့အတူ စိတ်ရှည်ရှည်နဲ့ မိတ်သဟာယဖွဲ့တယ်။ သူတို့ထဲက တချို့က စုဝေးပွဲတွေကို ပြန်လာကြတယ်။ သူတို့ထဲကတစ်ယောက်က အလုပ်အရမ်းရှုပ်နေပြီး စုဝေးပွဲလာဖို့ ခက်နေတယ်။ သူကပြောတယ်။ “ကျွန်မ စိတ်နှလုံးထဲကနေ ယုံကြည်နေသရွေ့ ဘုရားသခင်က ကျွန်မကို လုံးဝ စွန့်ပစ်မှာမဟုတ်ဘူး” တဲ့။ သူက ပိုက်ဆံရှာတဲ့နေရာမှာ အာရုံစိုက်နေပြီး စစ်မှန်တဲ့ ယုံကြည်ခြင်းမရှိဘူးလို့ အရင်က ကျွန်မ ထင်ခဲ့တာ။ ဒါပေမဲ့ သူ့အကြောင်းကို နားလည်သွားတော့ ကျွန်မတို့က သူ့အတွက်အဆင်မပြေတဲ့အချိန်တွေ သတ်မှတ်ထားတာကြောင့် စုဝေးပွဲကို သူမလာတာဆိုတာ တွေ့ခဲ့ပါတယ်။ စည်းဝေးပွဲအချိန်တွေကို သူနဲ့အဆင်ပြေအောင် ညှိပြီး မိတ်သဟာယပြုပေးခဲ့တယ်။ နောက်ဆုံးသောကာလမှာ လူသားမျိုးနွယ်ကို သန့်စင်ကယ်တင်ဖို့ ဘုရားက သမ္မာတရားကို သုံးတယ်၊ စစ်မှန်တဲ့ ယုံကြည်သူတွေက စုဝေးပြီး ဘုရားနှုတ်ကပတ်တော်ကို မိတ်သဟာယဖွဲ့ဖို့၊ သမ္မာတရားကို လိုက်စားပြီးရဖို့၊ ဖောက်ပြန်ပျက်စီးမှုတွေကို စွန့်ဖို့၊ အသက်တာမှာ ပြောင်းလဲမှုကို ကြုံဖို့လိုတယ်၊ ဒါမှ ဘုရားရဲ့ ကယ်တင်ခြင်းနဲ့ လက်ခံမှုကို ရဖို့ တစ်ခုတည်းသောနည်းလမ်းဆိုတာ သူနားလည်ဖို့ပေါ့။ စုဝေးပွဲတွေမပါဝင်ဘဲနဲ့ ယုံကြည်ခြင်းရှိတာ၊ စိတ်နှလုံးထဲမှာပဲ ယုံကြည်ပြီး ဘုရားကို အသိအမှတ်ပြုတာ၊ ဝါသနာတစ်ခုလို ဆက်ဆံတာဟာ ဘုရားအမြင်မှာ မယုံကြည်သူတစ်ယောက်လိုပါပဲ။ အဆုံးထိ ယုံကြည်ရင်တောင်မှ ဘုရားရဲ့လက်ခံမှုကို လုံးဝရမှာမဟုတ်ဘူး။ မိတ်သဟာယကနေတစ်ဆင့် သူ့မှာ မှားယွင်းတဲ့အမြင်ရှုထောင့်ရှိတယ်ဆိုတာကို သဘောပေါက်သွားပြီး စုဝေးပွဲတွေကို ပြန်ပါဝင်ချင်လာတယ်။ ဒီယုံကြည်သူအသစ်တွေအားလုံးက တစ်ယောက်ပြီးတစ်ယောက် စုဝေးပွဲတွေမှာပါဝင်ဖို့ ပြန်လာကြတာကို ကျွန်မမြင်တော့ ကျွန်မ စိတ်ညစ်မိပြီး နောင်တတွေအရမ်းရနေခဲ့တယ်။ ကျွန်မက လူတွေကို စိတ်ကူးပေါက်သလို ထုတ်ပစ်နေတာပဲ။ ကယ်တင်ခြင်းနဲ့ပတ်သက်တဲ့ သူတို့အခွင့်အရေးကို ကျွန်မ ဖျက်ဆီးလုနီးနီးဖြစ်ခဲ့တယ်။ အဲဒီလိုဆိုရင် ကြီးလေးတဲ့ မကောင်းမှုဖြစ်မှာပဲ။

တစ်နေ့မှာ ခေါင်းဆောင်က ကျွန်မကို မေးတယ်။ “အစ်မက ရေလောင်းတဲ့အလုပ်ကို စတာဝန်ယူကတည်းက အစ်မရဲ့ တာဝန်မသိတတ်မှုကြောင့် လူသစ်ဘယ်နှစ်ယောက်ကို အစ်မ လက်လွှတ်ပြီးပြီလဲ။ သူတို့ကို လက်လွှတ်လိုက်တဲ့အခါမှာ သမ္မာတရား စည်းမျဉ်းတွေကို အစ်မရှာခဲ့လား” တဲ့။ ကျွန်မ သူ့ကို ဘာပြောရမှန်းမသိဘူး။ ပြီးတော့ သူက ကျွန်မကို ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ် ပို့ပေးတယ်။ “သင်မည်သည့်အရာကို လုပ်ဆောင်ပါစေ၊ အဘယ်ကြောင့် သင်လုပ်ဆောင်နေသည်၊ ဤအရာကို လုပ်ဆောင်ရန် မည်သည့် ရည်ရွယ်ချက်က သင့်ကို ညွှန်ကြားသည်၊ ယင်းကို လုပ်ဆောင်ရာတွင် မည်သည့် အဓိပ္ပါယ်ရှိသည်ဆိုသည်၊ ထိုကိစ္စရပ်၏ သဘောသဘာဝမှာ မည်သည့်အရာဖြစ်သည်နှင့် သင်လုပ်ဆောင်နေသည့်အရာက အပြုသဘောဆောင်သည့်အရာ သို့မဟုတ် အပျက်သဘောဆောင်သည့်အရာ ဟုတ်မဟုတ် ဆိုသည်တို့ကို ဦးစွာပထမ သင်နားလည်သင့်၏။ ဤကိစ္စရပ်အားလုံးကို သင် ရှင်းရှင်းလင်းလင်း သိနားလည်ရမည်၊ ကိုယ်ကျင့်တရားနှင့် ပြုမူနိုင်ရန် ဤအရာက အတော်လေး လိုအပ်ပေသည်။ သင်၏ တာဝန်ကို ဖြည့်ဆည်းဖို့ တစ်စုံတစ်ရာကို သင်လုပ်ဆောင်နေပါက၊ သင် တွေးဆသင့်၏- ကျွန်ုပ်၏ တာဝန်ကို ဝတ်ကျေတမ်းကျေသာ လုပ်ဆောင် မနေဖို့ရန်အလို့ငှာ ကျွန်ုပ်၏ တာဝန်ကို ကျွန်ုပ် မည်သို့ ကောင်းစွာ ဖြည့်ဆည်းသင့်သနည်း။ ဤကိစ္စရပ်တွင် သင် ဘုရားသခင်ကို ဆုတောင်းပြီး တိုးဝင်ချဉ်းကပ်သင့်၏။ ဘုရားသခင်ထံ ဆုတောင်းခြင်းသည် တိုးဝင်ချဉ်းကပ်ခြင်းဟူသည်မှာ ဤကိစ္စရပ်တွင် သမ္မာတရား၊ လက်တွေ့လုပ်ဆောင်ဖို့ နည်းလမ်း၊ ဘုရားသခင်၏ ရည်ရွယ်ချက်နှင့် ဘုရားသခင်ကို မည်သို့စိတ်ကျေနပ်စေရမည်ကို ရှာဖွေခြင်းတို့ ဖြစ်သည်။ ဆုတောင်းခြင်းသည် ဤအကျိုးများကို ရရှိဖို့ဖြစ်သည်။ ယင်းမှာ ဘာသာရေး ထုံးတမ်းဓလေ့အချို့ မဟုတ်ပေ။ ဤသည်မှာ သင် လုပ်ဆောင်သမျှတိုင်းတွင် ဘုရားသခင်ထံ တိုးဝင်ချဉ်းကပ်ပုံ ဖြစ်သည်။ ယင်းတွင် ဘာသာရေး အခမ်းအနားတစ်ခု သို့မဟုတ် အပြင်ပန်း လုပ်ရပ်တစ်ခု ဆောင်ရွက်ခြင်း မပါဝင်ပေ၊ ဘုရားသခင်၏ အလိုတော်အား ရှာဖွေပြီးနောက် သမ္မာတရားနှင့်အညီ လက်တွေ့လုပ်ဆောင်ခြင်း ရည်ရွယ်ချက်အတွက် ယင်းကို လုပ်ဆောင်ခြင်းဖြစ်သည်။ သင် မည်သည့်အရာကိုမျှ မလုပ်ဆောင်ရသေးခြင်း မဟုတ်သည့်အချိန်တွင် ‘ဘုရားသခင်ကို ကျေးဇူးတင်ပါသည်’ ဟု သင် အမြဲဆိုသော်လည်း၊ လုပ်ဆောင်ဖို့ အချိန်ကျလာသည့်အခါ၊ သမ္မာတရားကို လုံးဝ မရှာဘဲယင်းကို သင် လိုချင်သည့် နည်းလမ်းအတိုင်း လက်လုပ်ဆောင်ဆဲ ဖြစ်လျှင်၊ ဤ‘ဘုရားသခင်ကို ကျေးဇူးတင်ပါသည်’မှာ မန္တန်တစ်ခု၊ ဝိညာဉ်ရေးရာပြည့်ဝခြင်း အတုအယောင်သာ ဖြစ်သည်။ ကျေးဇူးတင်ရှိခြင်းမျိုးသည် အပြင်ပန်း လုပ်ရပ်တစ်ခုသာ ဖြစ်၏။ သင်၏ တာဝန်ကို ဖြည့်ဆည်းနေချိန် သို့မဟုတ် တစ်စုံတစ်ရာ လုပ်ဆောင်နေချိန်တွင်၊ သင် အမြဲ စဉ်းစားသင့်၏- ‘ဤတာဝန်ကို ကျွန်ုပ် မည်သို့ ဖြည့်ဆည်းသင့်သနည်း။ ဘုရားသခင်၏ အလိုတော်မှာ အဘယ်နည်း။’ ယင်းမှာ သင်လုပ်နေသည့် အရာမှတစ်ဆင့် ဘုရားသခင်ထံသို့ တိုးဝင်ချဉ်းကပ်ဖို့ ဖြစ်သည်။ ပြီးလျှင်၊ ထိုသို့လုပ်ဆောင်ခြင်းဖြင့်၊ သင်၏ လုပ်ရပ်များအတွက် အခြေခံသဘောတရားများနှင့် သမ္မာတရားကို ရှာဖွေပြီး သင်၏ စိတ်နှလုံးတွင် ဘုရားသခင်၏ အလိုတော်ကို ရှာဖွေရန်၊ သင်လုပ်သမျှတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ၊ သို့မဟုတ် သမ္မာတရား၏ အခြေခံသဘောတရားများမှ လမ်းလွဲမသွားရန် ဖြစ်သည်။ ဤသည်သာ ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သောသူဖြစ်သည်။ လူတို့သည် မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ မိမိ၏ ကိုယ်ပိုင်စိတ်ကူးနောက်သို့လိုက်လျှင်၊ အမှုကိစ္စများကို အလွန်ရိုးရှင်းသော ဝေါဟာရများဖြင့် စဉ်းစားလျှင်၊ ကိုယ်ကျေနပ်သလို လုပ်ဆောင်လျှင်၊ သမ္မာတရားကို မရှာဖွေလျှင်၊ အခြေခံသဘောတရားလုံးဝ မရှိလျှင်၊ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဘုရားသခင် တောင်းဆိုသည့်အရာနှင့်အညီ၊ သို့မဟုတ် ဘုရားသခင်ကို ကျေနပ်စေသည့်နည်းလမ်းဖြင့် မည်သို့ဆောင်ရွက်ရမည်ကို လုံးဝ မစဉ်းစားလျှင်၊ မိမိတို့၏ ကိုယ်ပိုင်စိတ်ဆန္ဒနောက်ကိုသာ ခေါင်းမာမာနှင့် လိုက်ဖို့ကိုသာသိလျှင် ဘုရားသခင်သည် ၎င်းတို့၏ စိတ်နှလုံးထဲတွင် နေရာမရှိပေ။ လူအချို့က ‘အခက်အခဲ ကြုံမှသာ ဘုရားကို ငါဆုတောင်းသည်။ သို့သော် သက်ရောက်မှုတစ်ခုခုရှိသည်ဟု မခံစားရသေးပေ။ ထို့ကြောင့် များသောအားဖြင့် ငါ့တွင် အမှုကိစ္စများ ဖြစ်ပျက်သည့်အခါ ယခုအခါတွင် ဘုရားကို ငါဆုမတောင်းပေ။ ဘုရားထံ ဆုတောင်းခြင်းသည် အသုံးမဝင်သောကြောင့် ဖြစ်သည်။’ ဟု ပြောဆိုကြသည်။ ဤကဲ့သို့သော လူတို့၏ စိတ်နှလုံးထဲတွင် ဘုရားသခင်က လုံးလုံး မတည်ရှိပေ။ အချိန်အများစုတွင် ၎င်းတို့သည် မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ သမ္မာတရားကို မရှာဖွေကြပေ။ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်စိတ်ကူးများနောက်သာလိုက်ပြီး စိတ်ကျေနပ်သလို လုပ်ဆောင်ကြသည်။ ဤသို့ဆိုလျှင် ၎င်းတို့၏ လုပ်ရပ်များတွင် အခြေခံသဘောတရားများ ရှိသလော။ သေချာပေါက်မရှိပေ။ ၎င်းတို့သည် အရာရာကို ရိုးရှင်းစွာ မြင်ကြပြီး စိတ်ကျေနပ်သလို လုပ်ဆောင်ကြသည်။ လူတို့က ၎င်းတို့ကို သမ္မာတရား၏ အခြေခံသဘောတရားများကို မိတ်သဟာယ ဖွဲ့သည့်အခါတွင်ပင် ယင်းတို့ကို ၎င်းတို့က လက်မခံနိုင်ကြပေ။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏ လုပ်ရပ်များတွင် မည်သည့်အခါမျှ အခြေခံသဘောတရားတစ်ခုမှ မရှိခဲ့သောကြောင့် ဖြစ်သည်။ ပြီးလျှင် ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဘုရားသခင်က နေရာမရှိပေ။ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ၎င်းတို့မှလွဲ၍ မည်သူမျှ မရှိပေ။ ၎င်းတို့၏ ရည်ရွယ်ချက်များက ကောင်းသည်ဟုလည်းကောင်း၊ မကောင်းမှုကို ကျူးလွန်ခြင်းမရှိဟူ၍ လည်းကောင်း၊ သမ္မာတရားကို ၎င်းတို့က ချိုးဖောက်နေသည်ဟု သတ်မှတ်၍ မရနိုင်ဟုလည်းကောင်း ၎င်းတို့က ခံစားမိကြသည်။ မိမိတို့၏ ကိုယ်ပိုင်ရည်ရွယ်ချက်များအတိုင်း လုပ်ဆောင်ခြင်းသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း ဖြစ်သည်၊ ထိုသို့လုပ်ဆောင်ခြင်းသည် ဘုရားသခင်ကို နာခံခြင်း ဖြစ်သည်ဟု ထင်မြင်ကြသည်။ အမှန်မှာမူ ဤကိစ္စတွင် ၎င်းတို့သည် အမှန်တကယ် ရှာဖွေခြင်း၊ သို့မဟုတ် ဘုရားသခင်ထံ ဆုတောင်းခြင်းမရှိပေ။ ၎င်းတို့သည် ဘုရားသခင်ကို ကျေနပ်စေရန်အတွက် ဘုရားသခင် တောင်းဆိုသည့်အရာကို နာခံရန် အစွမ်းကုန် မကြိုးစားကြရသေးပေ။ ၎င်းတို့တွင် ဤမှန်ကန်သည့်အခြေအနေ၊ ဤစိတ်ဆန္ဒမရှိကြပေ။ ဤသည်မှာ လူတို့၏ လက်တွေ့လုပ်ဆောင်မှုတွင် အကြီးမားဆုံးအမှားဖြစ်သည်။ သင်က ဘုရားသခင်ကို ယုံကြည်သည့်တိုင် ဘုရားသခင်က သင်၏ စိတ်နှလုံးထဲတွင် မရှိလျှင် သင်က ဘုရားသခင်ကို လှည့်စားရန် ကြိုးစားနေခြင်းမဟုတ်လော။ ဘုရားသခင်အပေါ် ဤသို့ ယုံကြည်မှုမျိုးသည် မည်သည့်သက်ရောက်မှုရှိသနည်း။ မည်သည့်အရာကို သင်ရရှိနိုင်သနည်း။ ဘုရားသခင်အပေါ် ဤသို့ ယုံကြည်ခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “ဘုရားသခင်၏အလိုကို ရှာဖွေခြင်းမှာ သမ္မာတရားကို လက်တွေ့ကျင့်ဆောင်ရန်အတွက် ဖြစ်၏”) ဘုရားနှုတ်ကပတ်တော်က ကျွန်မရဲ့ အခြေအနေနဲ့ အပြူအမူကို အတိအကျဖော်ပြတယ်။ အဲဒီယုံကြည်သူအသစ်တွေကို ကျွန်မ လက်လွှတ် လိုက်တဲ့အချိန်မှာ ကျွန်မ ဆုမတောင်းခဲ့ဘူး။ သမ္မာတရားကို မရှာခဲ့ဘူး။ ခေါင်းဆောင်နဲ့တောင် မဆွေးနွေးခဲ့ဘူး။ အတွေ့အကြုံအရ မစဉ်းမစား ပြုမူခဲ့တယ်။ ကျွန်မက အရင်က လူသစ်တွေကို ရေလောင်းခဲ့တယ်၊ သူတို့က စုဝေးပွဲတွေကို လချီပြီး မတက်ရင် ကျွန်မတို့က လက်လွှတ်လိုက်တာပဲ၊ ဒီတော့ ဒီလူတွေ ပြန်မလာရင် ငါလည်း ဒီလိုပဲမလုပ်သင့်ဘူးလားဆိုပြီး စဉ်းစားခဲ့တယ်။ ကျွန်မမှာ ဘယ်သူက သမ္မာတရားရှာဖွေသူမဟုတ်ဘူး၊ ဘယ်သူက မယုံကြည်သူဖြစ်တယ်ဆိုတာနဲ့ပတ်သက်ပြီး ရှင်းလင်းတဲ့မြင်ရှိတယ်လို့ ထင်ခဲ့တယ်။ ဒါကြောင့် သူတို့ကို သာမန်ကာလျှံကာနဲ့ ဘောင်ခတ်ပြီး ငြင်းပယ်ခဲ့တယ်။ ဒါနဲ့ပတ်သက်ပြီး ကျွန်မ အနေရခက်တဲ့အချိန်မှာတောင် ဆုမတောင်းဘူး၊ မရှာဖွေဘူး။ ကျွန်မတွဲဖက်က ဒါကိုထုတ်ပြောလာတာကိုလည်း လုံးဝ မတွေးခဲ့ဘဲ ကိုယ်ဖြစ်ချင်တဲ့အတိုင်းပဲ လုပ်ခဲ့တယ်။ ကျွန်မက မမှားနိုင်ဘူးလို့ တွေးရင်းနဲ့ ကိုယ့်အယူအဆတွေနဲ့ စိတ်ကူးတွေကို သမ္မာတရားစည်းမျဉ်းတွေလိုမျိုး မှတ်ယူခဲ့တယ်။ တခြားလူတွေအကြောင်းဘာမှမတွေးခဲ့ဘူး။ ဘုရားကို ကျွန်မစိတ်နှလုံးထဲမှာ မထားခဲ့ဘူး။ ကျွန်မက အရမ်းကို တစ်ဇွတ်ထိုးလုပ်လွန်းပါတယ်။ ယုံကြည်သူအသစ်တွေက စစ်မှန်တဲ့ ယုံကြည်ခြင်းရှိမရှိဆိုတာကို စုဝေးပွဲတွေကို သူတို့လာမလာနဲ့ ကျွန်မ အကဲဖြတ်ခဲ့တယ်။ သူတို့က ခဏလောက် ပေါ်မလာကြဘူး၊ ပြန်လာကြမှာ မဟုတ်ဘူးဆိုရင် သူတို့ကို လက်လွှတ်လို့ရတယ်လို့ ထင်ခဲ့တယ်။ သူတို့က စုဝေးပွဲတွေကို မလာပေမဲ့ ဘယ်သူတွေက စစ်မှန်တဲ့ ယုံကြည်သူတွေလဲ၊ မယုံကြည်သူတွေလဲဆိုတာကို ခွဲခြားခဲ့သင့်တယ်။ ကျွန်မ လက်လျှော့လိုက်တဲ့ တချို့တွေက သူတို့တွေ ယုံကြည်သူတွေဖြစ်လာကြဖို့ မျှော်လင့်နေတဲ့ မိသားစုဝင်တွေနဲ့အတူ စိတ်မပါဘဲ လိုက်လုပ်နေကြတာ။ ဒါပေမဲ့ သူတို့က တကယ်စိတ်ပါဝင်စားလို့ မဟုတ်ပါဘူး။ ဘုရားနှုတ်ကပတ်တော်ကိုဖတ်ရတာ၊ စုဝေးပွဲတွေသွားရတာကို သူတို့မကြိုက်ဘူး။ တချို့က ကျော်ကြားမှု၊ စည်းစိမ်နဲ့ မကောင်းတဲ့ ရေပန်းစားတဲ့အရာတွေနောက်ကို ဆက်လိုက်နေကြတာ။ သူတို့က ဘုရားနောက်လိုက်ဖို့ နည်းနည်းလေးမှ စိတ်မဝင်စားကြဘူး။ ဘုရားနှုတ်ကပတ်တော်နဲ့ပတ်သက်ပြီး ဘယ်လိုမိတ်သဟာယမျိုးကိုမဆို မုန်းတီးပြီး အာခံကြတယ်။ ဒီလူတွေက သဘာဝအရကို သမ္မာတရားကို မုန်းကြတယ်။ ဒါကြောင့် သူတို့က မယုံကြည်သူစစ်စစ်တွေဘဲ။ အဲဒီလိုလူတွေက စုဝေးပွဲတွေကို မတက်ရင် သူတို့ကို လက်လွှတ်လို့ရတယ်။ တချို့လူသစ်တွေက လူ့သဘာဝကောင်းရှိပြီး စစ်မှန်တဲ့ ယုံကြည်ခြင်းရှိကြတယ်။ ဒါပေမဲ့ သူတို့က အခုမှစတာဆိုတော့ သမ္မာတရားနဲ့ စုဝေးပွဲတွေရဲ့ အရေးပါပုံကို နားမလည်ကြဘူး။ သူတို့က စိတ်နှလုံးထဲမှာ ဘုရားကို ယုံဖို့ပဲလိုတယ်။ စုဝေးပွဲတွေက အရေးမပါဘူးလို့ ထင်ကြတယ်။ ဒါကြောင့် ဒါကိုလုံးဝ မစဉ်းစားဘဲ တတ်နိုင်တဲ့အခါလာပြီးတော့ မလာနိုင်ရင် ထားလိုက်တော့တယ်။ တချို့ကတော့ လက်တွေ့အခက်အခဲတွေ ကြုံရတယ်။ အလုပ်နဲ့ စုဝေးပွဲအချိန်ကြား အဆင်မပြေဖြစ်နေတာမျိုးပေါ့။ ဒါကြောင့် သူတို့က မလာချင်ဘူး။ ကျွန်မတို့လုပ်ဖို့လိုတာက သူတို့အခက်အခဲတွေနဲ့ပတ်သက်ပြီး သူတို့ကို မိတ်သဟာယပြု၊ ကူညီပြီး သူတို့အယူအဆတွေကို ဖြေရှင်းဖို့ ဘုရားနှုတ်ကပတ်တော်ကို အသုံးပြုရမယ်။ လူသားကိုကယ်တင်ဖို့ဖြစ်တဲ့ ဘုရားအလိုတော်ကို နားလည်အောင်လုပ်ပေးရမယ်။ တစ်ချိန်တည်းမှာပဲ သူတို့ အလုပ်ချိန်တွေနဲ့ကိုက်ဖို့အတွက် စုဝေးပွဲအချိန်တွေကို ညှိုရမယ်။ ကျွန်မက သူတို့ရဲ့ တကယ့်အခြေအနေတွေကြားမှာ ခွဲခြားမနေခဲ့ဘူး။ ကျွန်မတာဝန်မှာ စည်းမျဉ်းနဲ့အညီမလုပ်ခဲ့ဘူး။ သမ္မာတရားကို နားမလည်ဘဲ ကိစ္စတွေကို ကိုယ်ပိုင်နည်းလမ်းနဲ့ ခေါင်းမာမာနဲ့လုပ်ခဲ့တယ်။ ဝိညာဉ်တွေကို တစ်ခုပြီးတစ်ခု လမ်းဘေးကို ပေါ့ပေါ့တန်တန် လွှင့်ပစ်နေတယ်။ ကျွန်မက မကောင်းမှုလုပ်နေတာ၊ ဘုရားရဲ့ စီမံခန့်ခွဲမှုအလုပ်ကို နှောင့်ယှက်နေတာပါ။

ဘုရားရဲ့ နောက်ဆုံးသောကာလအမှုတော်ကို လက်ခံခဲ့တဲ့ ယုံကြည်သူအသစ်တိုင်းအတွက် ဘုရားက မယုံနိုင်လောက်တဲ့ အဖိုးအခပေးခဲ့တယ်။ ညီအစ်ကိုမောင်နှမတွေကလည်း စိတ်ရှည်ချစ်ခင်စွာနဲ့ သူတို့ကို ဧဝံဂေလိကို သုံးလေးကြိမ်ဝေမျှခဲ့တယ်။ ဒါပေမဲ့ သမ္မာတရားကိုတောင် မရှာဘဲနဲ့ ကျွန်မက ဘုရားသခင်ကယ်တင်မယ့်လူတွေမဟုတ်ဘူးဆိုပြီး ဘောင်ခတ်ခဲ့တယ်။ ကျွန်မက တကယ်ကို ကျိုးကြောင်းမသင့်လောက်အောင် မာနကြီးပါတယ်။ စုဝေးပွဲတွေကိုမလာတာက သူတို့ရဲ့ ပြဿနာမဟုတ်ဘူး။ ဒါက ဘာကြောင့်လဲဆိုရင် ကျွန်မက သူတို့ရင်ဆိုင်နေရတဲ့အရာကို မသိလို့၊ ကျွန်မ လုပ်သင့်တဲ့အတိုင်း သူတို့ကို ကူညီပံ့ပိုးတာမျိုး မရှိလို့ပဲ။ ကျွန်မက လူသစ်တွေကို လက်လျှော့ဖို့ ဆင်ခြေအနေနဲ့ ဘုရားက လူတွေရဲ့ အကောင်းဆုံးကိုလိုချင်တာ၊ နောက်ထပ်လူတွေလိုချင်တာမဟုတ်ဘူးဆိုတဲ့ စကားကိုလည်း သုံးခဲ့တယ်။ ဒါပေမဲ့ အဲဒါရဲ့ တကယ့်အဓိပ္ပာယ်က ဘုရားရဲ့နိုင်ငံတော်က စစ်မှန်တဲ့ယုံကြည်ခြင်းရှိပြီး သမ္မာတရားကိုချစ်တဲ့သူတွေကို လိုအပ်တယ်၊ ဘုရားက မယုံကြည်သူတွေ၊ မကောင်းမှုလုပ်သူတွေ၊ အန္တိခရစ်တွေကို မကယ်တင်ဘူးဆိုတာပဲ။ ဒါပေမဲ့ စုဝေးပွဲတွေ မတက်တဲ့ယုံကြည်သူသစ်တွေကို ဘုရားက မကယ်တင်မယ့်သူတွေအဖြစ် ကျွန်မ အကဲဖြတ်ခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မက အဓိပ္ပာယ်ကောက်လွဲနေတာပါ။ ကျွန်မက သူတို့အတွက် ဘာလက်တွေ့မိတ်သဟာယနဲ့ အကူအညီမှ မပေးခဲ့ဘူး။ အဖိုးအခပေးဆပ်ပြီး ကျွန်မလုပ်သင့်တာကို မလုပ်ခဲ့ဘူး။ သူတို့က သမ္မာတရားကို တကယ်ဂရုစိုက်သလား၊ မစိုက်ဘူးလား၊ သူတို့တွေက တကယ့် မယုံကြည်သူတွေလားဆိုတဲ့အပေါ်မှာလည်း ကျွန်မ နားလည်မှုမရှိခဲ့ဘူး။ သူတို့ကို မစဉ်းမစားနဲ့ တစ်ဖက်သတ် ငြင်းပယ်ခဲ့တယ်။ ခေါင်းဆောင်က ကျွန်မကို ပြုပြင်ပြီး ကိုင်တွယ်ဖြေရှင်းတာမလုပ်ခဲ့ရင် ကျွန်မက ဒီလူတွေအားလုံးရဲ့ ကယ်တင်ခြင်းအခွင့်အရေးကို ဖျက်ဆီးနေတာဆိုတာကို ကျွန်မ မြင်မှာမဟုတ်ဘူး။ ကျွန်မအပြုအမူက ဘယ်လောက်မုန်းတီးဖွယ်ဖြစ်တယ်ဆိုတာ မြင်ခဲ့ပါတယ်။ စည်းမျဉ်းတွေကို ကျွန်မ မသိခဲ့ဘူး။ ဘာရှာဖွေမှုမှ မလုပ်ခဲ့ဘူး။ ကျွန်မရဲ့ ဆိုးယုတ်တဲ့ စိတ်သဘောထားအတိုင်းပဲ ပြုမူခဲ့တယ်။ ဒါတွေက ပြစ်မှားမှုတွေပါပဲ။ ကျွန်မဟာ နောင်တရပြီး ပြောင်းလဲရမယ်၊ မဟုတ်ရင် ဘုရားက ကျွန်မကို သေချာပေါက် ရွံရှာမှာပဲဆိုတာ သိခဲ့တယ်။

အသင်းတော်ခေါင်းဆောင်အနေနဲ့ ကျွန်မအတွက် ဘုရားအလိုတော်က ယုံကြည်ခြင်းမှာ အသစ်ဖြစ်နေတဲ့ အဲဒီညီအစ်ကိုမောင်နှမတွေကို ရေလောင်းပြီး ပျိုးထောင်ဖို့၊ သူတို့အယူအဆတွေနဲ့ ပြဿနာတွေကို ကူညီဖြေရှင်းပေးဖို့ဖြစ်တယ်။ ဒီလိုနဲ့ ဘုရားအမှုတော်ကို သူတို့သင်ယူနိုင်ပြီး စစ်မှန်တဲ့လမ်းပေါ်မှာ ပိုပြီးမြန်မြန်ဆန်ဆန် အမြစ်တွယ်နိုင်ဖို့အတွက်ပေါ့။ ဒါပေမဲ့ ကျွန်မက ကျွန်မဖြစ်ချင်သလိုလုပ်နေခဲ့တယ်။ ကျွန်မက ကိုယ်ပိုင်နည်းလမ်းနဲ့ သွားနေရုံတင်မဟုတ်ဘဲ သူများတွေကို လမ်းလွဲစေတဲ့၊ မျက်ကန်းတွေကို ဦးဆောင်နေတဲ့ မျက်ကန်းတစ်ယောက်ပဲ။ ဒါကြောင့် ညီအစ်ကိုမောင်နှမတွေကလည်း ယုံကြည်သူအသစ်တွေကို စိတ်ကူးပေါက်သလို ငြင်းပယ်ခဲ့ပြီး သူတို့ရဲ့ ကယ်တင်ခြင်းအခွင့်အရေးကို ဖျက်ဆီးခဲ့တယ်။ ကျွန်မက မကောင်းမှုလုပ်နေခဲ့တာပါ။ ကိုယ်ပိုင်နည်းလမ်းနဲ့လုပ်တဲ့ အကျိုးဆက်တွေက ဘယ်လောက်ဆိုးသလဲဆိုတာကို မြင်တော့ ကျွန်မ တော်တော်ကြောက်သွားတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း မုန်းတီးခဲ့တယ်။ အဲဒီအချိန်က ကျွန်မက ဘုရားကို ဘာကြောင့်ဆုမတောင်းခဲ့လဲ။ သမ္မာတရားစည်းမျဉ်းတွေကိုမရှာခဲ့လဲပေါ့။ ခေါင်းဆောင်ကို ဘာလို့ မဆက်သွယ်ခဲ့လဲ။ ဘာကြောင့် ဒီလိုဝံ့ကြွားတဲ့ပုံစံနဲ့ ပြုမူခဲ့တာလဲပေါ့။ ကျွန်မ ဘုရားကိုဆုတောင်းပြီး ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ဖတ်တယ်။ “သင်၏စိတ်နှလုံးထဲတွင် သင်သည် သမ္မာတရားကို အမှန်တကယ် နားလည်ပါက၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ကာ ဘုရားသခင်ကို နာခံဖို့နည်းလမ်းအား သင်သိလိမ့်မည် ဖြစ်ပြီး သမ္မာတရား လိုက်စားခြင်း လမ်းကြောင်းပေါ်ကို သင် အလိုအလျောက် စတင်လိမ့်မည် ဖြစ်သည်။ သင်လျှောက်သည့် လမ်းကြောင်းသည် မှန်ကန်သည့် လမ်းကြောင်းဖြစ်ပြီး ဘုရားသခင်၏ အလိုတော်နှင့် ကိုက်ညီပါက၊ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်သည် သင့်ကို စွန့်ခွာလိမ့်မည် မဟုတ်ချေ— ထိုအခြေအနေတွင် ဘုရားသခင်အား သင် သစ္စာဖောက်ဖို့အလားအလာ နည်းသည်ထက် နည်းလာပေလိမ့်မည်။ သမ္မာတရားမရှိပါက မကောင်းမှုပြုရန် လွယ်ကူပြီး မရည်ရွယ်ဘဲ ယင်းကို သင်လုပ်မိလိမ့်မည် ဖြစ်သည်။ ဥပမာ၊ သင့်တွင် မာနထောင်လွှားပြီး စိတ်ကြီးဝင်သော စိတ်သဘောထားတစ်ခုရှိလျှင် ဘုရားသခင်ကို မဆန့်ကျင်ရန် ပြောဆိုခံရခြင်းသည် ထူးခြားမှုမရှိပေ။ သင်သည် ကိုယ့်ကိုယ်ကိုယ် မထိန်းနိုင်ပေ။ သင်ထိန်းချုပ်နိုင်သည်ထက် ကျော်လွန်သည်။ သင်သည် ရည်ရွယ်ချက်ရှိရှိဖြင့် လုပ်ဆောင်မည်မဟုတ်ပေ။ သင်၏ မောက်မာပြီး ထောင်လွှားသော သဘာဝဗီဇ၏ အုပ်စိုးမှုအောက်၌ သင် ထိုသို့ပြုလိမ့်မည်။ သင်၏ မောက်မာခြင်းနှင့် စိတ်ကြီးဝင်ခြင်းတို့သည် သင့်ကို ဘုရားသခင်အား အထင်အမြင်သေးစေမည်ဖြစ်ပြီး သူ့အား အရေးမပါသောသူအဖြစ် မြင်စေမည်ဖြစ်သည်။ ထိုအရာတို့သည် သင့်ကိုယ်သင် ချီးမြှောက်စေလိမ့်မည်ဖြစ်ပြီး အစဉ်တစိုက် မိမိကိုယ်ကို ပြစားဝင့်ဝါလိမ့်မည် ဖြစ်သည်။ ယင်းတို့က သင့်အား အခြားသူများကို အထင်အမြင်သေးစေမည်၊ သင့်စိတ်နှလုံးထဲတွင် သင်ကိုယ်တိုင်မှလွဲ၍ အခြားမည်သူကိုမျှ ထားမည် မဟုတ်ချေ။ ယင်းတို့က သင်သည် အခြားလူများထက်ရော၊ ဘုရားသခင်ထက်ပါ သာလွန်သည်ဟု သင့်ကိုယ်သင် တွေးစေပေမည်၊ ပြီးလျှင် နောက်ဆုံးတွင် သင့်အား ဘုရားသခင်၏နေရာတွင် ထိုင်ဖို့ဖြစ်စေပြီး လူများအား သင့်အတွေးများ၊ အကြံဉာဏ်များနှင့် အယူအဆများကို သမ္မာတရားအဖြစ် ကြည်ညိုလေးစားစေလျက်၊ သင့်ကို ကျိုးနွံနာခံဖို့ တောင်းဆိုစေမည် ဖြစ်သည်။ မိမိတို့၏ မောက်မာ၍ ထောင်လွှားသော သဘာဝ၏ အုပ်စိုးမှုအောက်၌ လူတို့သည် မည်မျှများပြားလှသော ဒုစရိုက်မှုကို ပြုကြသည်ကို ကြည့်လော့။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “သမ္မာတရားအား လိုက်စားခြင်းအားဖြင့်သာ စိတ်သဘောထား ပြောင်းလဲမှုတစ်ခုကို ရရှိနိုင်သည်”) ဒါကို ကျွန်မ အကြိမ်တော်တော်များများဖတ်ဖူးတယ်။ ဒါပေမဲ့ ဒီအတွေ့အကြုံပြီးတော့မှ ကျွန်မအတွက် အရမ်းကို တို့ထိစရာဖြစ်ခဲ့တယ်။ ကျွန်မက အသင်းတော်ခေါင်းဆောင်အဖြစ် ထမ်းဆောင်တာ သိပ်မကြာသေးဘူး။ သမ္မာတရားစစ်မှန်မှုတစ်ခုမှ မရှိခဲ့ဘူး။ သမ္မာတရားစည်းမျဉ်းတွေအများကြီးကို ကျွန်မ နားမလည်ခဲ့ဘူး။ ဒါပေမဲ့ ကျွန်မက အရာရာကို နားလည်နေသလိုမျိုး ကိုယ့်ကိုယ်ကိုယ် အထင်ကြီးခဲ့တယ်။ ယုံကြည်သူအသစ်တွေကို သူတို့ပြုမူတဲ့ပုံစံကိုပဲ ကျွန်မ ကြည့်ခဲ့ပြီး သူတို့ရဲ့ အနှစ်သာရကို မကြည့်ခဲ့ဘူး။ ကျွန်မက တကယ်ကို ထူးခြားတယ်ထင်ခဲ့လို့ ဆုမတောင်းခဲ့ဘူး။ မရှာဖွေဘူး။ ခေါင်းဆောင်ကို မပြောခဲ့ဘူး။ ကျွန်မတွဲဖက်ရဲ့ အကြံကိုတောင် မယူခဲ့ဘူး။ ကျွန်မက မယုံနိုင်လောက်အောင် မာနထောင်လွှားခဲ့တယ်။ ကျွန်မက စည်းမျဉ်းတွေကို နားမလည်လို့၊ အဲဒီသမ္မာတရားတွေကို မရှာဖွေလို့ဆိုပြီး ခေါင်းဆောင်က ဝေဖန်ခဲ့တယ်။ သူက တစ်ရာရာခိုင်နှုန်းမှန်ပါတယ်။ ယုံကြည်သူအသစ်တွေကို ဘယ်လိုဆက်ဆံရမယ်ဆိုတာနဲ့ပတ်သက်တဲ့ စည်းမျဉ်းတွေ အများကြီးရှိတယ်။ လူတွေကို ချစ်ခြင်းနဲ့ ကူညီခြင်းစည်းမျဉ်း၊ လူတွေကို မျှမျှတတဆက်ဆံခြင်းစည်းမျဉ်းတွေလိုပေါ့။ လူတွေရဲ့ အယူအဆတွေကို ဖြေရှင်းခြင်းအကြောင်း သမ္မာတရားတွေနဲ့ စတာတွေလေ။ ကျွန်မက ဘုရားကို နည်းနည်းလေးပဲ ကြောက်ရွံ့ပြီး ကိုယ့်ကိုယ်ကိုယ် အရမ်းမသေချာနေခဲ့ဘဲ ဒီစည်းမျဉ်းတွေကို တကယ်ထည့်စဉ်းစားခဲ့မယ်ဆိုရင် ကျွန်မက အရမ်းခေါင်းမာပြီး ကျွန်မတို့အလုပ်အပေါ် လုံးဝ အနှောင့်အယှက်ဖြစ်စေခဲ့မှာမဟုတ်ဘူး။ ကိုယ့်မာနထောင်လွှားတဲ့ စိတ်သဘောထားနဲ့အသက်ရှင်လို့ ကျွန်မ မကောင်းမှုလုပ်ပြီး ဘုရားကို အာခံတယ်ဆိုတာ သဘောပေါက်ခဲ့ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ပိုပိုပြီး မုန်းတီးခဲ့ပြီး ဘုရားရဲ့ စီရင်ခြင်းနဲ့ တကယ်ထိုက်တန်တယ်လို့ ခံစားမိခဲ့တယ်။ ကျွန်မရဲ့ မာနထောင်လွှားတဲ့ စိတ်သဘောထားကို ဖြေရှင်းဖို့အတွက် သမ္မာတရားကိုရှာဖွေရမယ်လို့လည်း ကျိန်ဆိုခဲ့တယ်။

အဲဒီနောက်မှာ ကျွန်မဖတ်ခဲ့တဲ့ ကျမ်းပိုဒ်တချို့ရှိပါတယ်။ “အသင်းတော်၏ ခေါင်းဆောင်များနှင့် အမှုထမ်းများသည် သူတို့၏ အလုပ်၌ အရာနှစ်ခုကို အာရုံစိုက်ရမည်- တစ်ခုမှာ ထိုအလုပ်၏ လုပ်ထုံးလုပ်နည်းများမှ သတ်မှတ်ထားသည့် အခြေခံသဘောတရားများနှင့် အညီ သူတို့၏ အလုပ်ကို အတိအကျ လုပ်ဆောင်ရန်ဖြစ်ပြီး ထိုအခြေခံသဘောတရားများကို မည်သည့်အခါမျှ မချိုးဖောက်ဘဲ၊ သူတို့ စိတ်ကူးနိုင်လောက်သည့် အရာ သို့မဟုတ် သူတို့၏ ကိုယ်ပိုင် မည်သည့် စိတ်ကူးများအပေါ်မျှ သူတို့၏အလုပ်ကို အခြေမခံဘဲ လုပ်ဆောင်ရန်ဖြစ်သည်။ သူတို့ လုပ်ဆောင်သမျှတိုင်းတွင် သူတို့သည် ဘုရားအိမ်တော်၏ အမှုတော်အပေါ် အလေးထားခြင်းကို ပြသင့်ပြီး၊ ယင်း၏အကျိုးကို အမြဲ ရှေ့တန်းတင်သင့်သည်။ နောက်ထပ် အချက်မှာ- ပြီးလျှင် ဤအရာသည် အရေးအပါဆုံးဖြစ်သည်- အရာခပ်သိမ်းတွင် သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းပြမှုအား လိုက်လျှောက်ခြင်းကို သူတို့ အာရုံစိုက်ရမည် ဖြစ်ကာ၊ အရာရာတိုင်းကို ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် တိကျစွာ လိုက်နာခြင်းအားဖြင့် လုပ်ဆောင်ရမည် ဖြစ်သည်။ အကယ်၍ သင်သည် သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းပြမှုကို ဆန့်ကျင်နိုင်စွမ်း ရှိသေးသည်ဆိုပါက၊ သို့မဟုတ် သင်သည် သင့်ကိုယ်ပိုင်ထင်မြင်ချက်များကို ဇွတ်တရွတ်လိုက်လျှောက်ကာ အမှုများကို သင့်ကိုယ်ပိုင် စိတ်ကူးစိတ်သန်းအရ လုပ်ဆောင်သည်ဆိုပါက၊ သင်၏ လုပ်ဆောင်ချက်များသည် ဘုရားသခင်အပေါ် အပြင်းထန်ဆုံးသော ဆန့်ကျင်မှုတစ်ခုကို ဖြစ်စေလိမ့်မည်။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “ခေါင်းဆောင်များနှင့် အမှုထမ်းများ အတွက် အလုပ်၏ အဓိက အခြေခံသဘောတရားများ”)သင်သည် သမ္မာတရား၏အခြေခံသဘောတရားများကို ချိုးဖောက်ပြီး ဘုရားသခင်ကို သဘောမကျဖြစ်စေသည့် အရာတစ်ခုခုကို ပြုလုပ်မိပြီးသည့်အချိန်တွင်၊ သင့်ကိုယ်သင် မည်သို့ဆင်ခြင်သုံးသပ်ကာ သိဖို့ကြိုးစားသင့်သနည်း။ ထိုအရာကို သင် လုပ်ဆောင်တော့မည့်အချိန်တွင်၊ သူ့ထံ သင် ဆုတောင်းခဲ့ပါသလော။ ‘ဤကိစ္စရပ်ကို ဘုရားသခင်၏ ရှေ့မှောက်သို့ ယူဆောင်ခဲ့ပါက၊ ယင်းကို သူ မည်သို့ ရှုမြင်မည်နည်း။ ယင်းနှင့်ပတ်သက်၍ သူ သိခဲ့ပါက၊ သူ ပျော်ရွှင်မည်လော သို့မဟုတ် ဒေါသထွက်မည်လော။ ယင်းကို သူ စက်ဆုပ်ရွံရှာမည်လော။’ ဟု သင် တွေးဆဖူးပါသလော။ ယင်းကို သင် အဖြေမရှာခဲ့ပေ၊ ဟုတ်ပါသလော။ အခြားသူများက သင့်ကို အသိပေးခဲ့လျှင်ပင်၊ ကိစ္စရပ်သည် အရေးမကြီး၊ ပြီးလျှင် ယင်းသည် မည်သည့် အခြေခံသဘောတရားများနှင့်မျှ မဆန့်ကျင်သကဲ့သို့ အပြစ်မဟုတ်ဟု သင် တွေးထင်ဦးမည် ဖြစ်သည်။ အကျိုးဆက်အနေဖြင့်၊ သင်သည် ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားပြီး ကြီးမားသည့် အမျက်ဒေါသထွက်စေဖို့ သူ့ကို ဆွပေးခဲ့သည်မှာ သင့်ကို သူ စက်ဆုပ်ရွံရှာသည့်အဆင့်အထိပင် ဖြစ်ပေသည်။ ဤသည်မှာ လူတို့၏ ပုန်ကန်မှုဖြစ်သည်။ ထို့ကြောင့် သင်သည် အရာအားလုံးတွင် သမ္မာတရားကို ရှာဖွေသင့်သည်။ ဤသည်မှာ သင်လိုက်လျှောက်ရမည့် အရာဖြစ်သည်။ သင်သည် ဆောင်ရွက်ခြင်း မရှိမီ ရှာဖွေကာ ဆန်းစစ်ခဲ့ပြီးဖြစ်ကာ ကိစ္စရပ်ကို ရှင်းလင်းစွာ မြင်ခဲ့ပြီးဖြစ်ပါက၊ ယင်းကို သင် ရှင်းလင်းစွာ နားလည်ပြီးဖြစ်မည် မဟုတ်လော။ လူတို့၏အခြေအနေသည် မကောင်းခြင်း၊ သို့မဟုတ် အပျက်သဘောဆောင်ခြင်း ရှိသည့်အချိန်များ ရှိနိုင်သော်ငြားလည်း၊ ၎င်းတို့သည် မိမိတို့ လုပ်ဆောင်ခြင်းငှာ စီစဉ်နေကြသည့် အရာရာတိုင်းကို ဆုတောင်းခြင်း၌ ဘုရားသခင်၏ ရှေ့မှောက်သို့ တည်ကြည်စွာ ယူဆောင်ပြီးသည့်နောက်၊ ဘုရားသခင်၏နှုတ်ကပတ်တော်များအရ သမ္မာတရားကို ရှာဖွေပါက၊ မည်သည့် ကြီးမားသော အမှားများကိုမျှ ၎င်းတို့ ပြုလုပ်မိလိမ့်မည် မဟုတ်ပေ။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေချိန်တွင်၊ အမှားများ ပြုလုပ်မိခြင်းကို ရှောင်ရှားဖို့ လူတို့အတွက် ခက်ခဲ၏၊ သို့သော် အမှုအရာများကို သင် လုပ်ဆောင်ချိန်တွင် ယင်းတို့ကို သမ္မာတရားနှင့်အညီ မည်သို့ လုပ်ဆောင်ရမည်ကို သင် သိရှိသော်လည်း၊ သမ္မာတရားနှင့်အညီ ယင်းတို့ကို ဆောင်ရွက်ခြင်းမရှိပါက၊ ပြဿနာမှာ သင်သည် သမ္မာတရားကို မချစ်ခြင်း ဖြစ်ပေသည်။ သမ္မာတရားကို ချစ်ခြင်းမရှိဘဲ၊ လူတစ်ဦး၏ စိတ်သဘောထားသည် ပြောင်းလဲလိမ့်မည်မဟုတ်။ သင်သည် ဘုရားသခင်၏ အလိုကို တိကျမှန်ကန်စွာ သဘောမပေါက်နိုင်သကဲ့သို့၊ မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကို မသိရှိပါက၊ အခြားသူများနှင့် သင် မိတ်သဟာယပြုပြီး သမ္မာတရားကို ရှာဖွေသင့်ပေသည်။ ပြီးလျှင် အခြားသူများလည်း ရုန်းကန်နေရပါက၊ သင်တို့သည် ဘုရားသခင်၏ အချိန်ကို စောင့်မျှော်ရင်း၊ ထွက်ပေါက်ဖွင့်ပေးဖို့ သူ့ကို စောင့်ဆိုင်းရင်း၊ အတူတကွ ဆုတောင်းပြီး ဘုရားသခင်ထံ ရှာဖွေသင့်သည်။ သင်သည် သင့်အား ထွက်ပေါက်ကောင်းပေးနိုင်သည့် ဖြေရှင်းချက်တစ်ခုကို တွက်မိကောင်း တွက်မိနိုင်ပြီး ဤသည်မှာ သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းမှ ပေါက်ဖွားလာခြင်း ဖြစ်ကောင်း ဖြစ်နိုင်သည်။ နောက်ဆုံးတွင် သင်သည် ယင်းကို ဤနည်းဖြင့် ဆောင်ရွက်ရာတွင် အမှားအနည်းငယ် ပြုလုပ်မိပြီဟု သိရပါက၊ ယင်းကို အလျင်အမြန် အမှန်ပြင်သင့်ပြီး၊ ထို့နောက် ဘုရားသခင်သည် ဤအမှားကို အပြစ်တစ်ခုအဖြစ် မှတ်ယူမည် မဟုတ်ပေ။ သင်သည် ဤကိစ္စရပ်ကို လက်တွေ့လုပ်ဆောင်နေချိန်တွင် မှန်ကန်သော ရည်ရွယ်ချက်များ ရှိခဲ့ပြီး၊ ယင်းကို သမ္မာတရားနှင့်အညီ သင် လက်တွေ့လုပ်ဆောင်နေခဲ့ကာ အခြေခံသဘောတရားများကို တကယ်ကို ရှင်းရှင်းလင်းလင်း မသိခဲ့ဘဲ၊ သင်၏ လုပ်ဆောင်ချက်များက အမှားအချို့ကို အကျိုးဆက်ဖြစ်ပေါ်စေခဲ့ပါက၊ ဤသည်မှာ အပြစ်ဒဏ်လျော့ပေါ့ သက်သာစေသော အခြေအနေတစ်ခု ဖြစ်ခဲ့ပေသည်။ သို့သော်၊ ယနေ့ခေတ်တွင် လူများစွာတို့သည် အလုပ်လုပ်ဖို့ ၎င်းတို့၏ ကိုယ်ပိုင် လက်နှစ်ဖက်ကို အားကိုးရုံမျှအားကိုးကြပြီး ဟိုဒင်း ဒီဒင်းကို လုပ်ဆောင်ဖို့ ၎င်းတို့၏ ကိုယ်ပိုင်ဉာဏ်များအပေါ် မှီခိုကြကာ ဤမေးခွန်းများကို သုံးသပ်ဆင်ခြင်ခြင်း တစ်ခုတစ်လေ ပေးခဲလှပေသည်။ ဤနည်းဖြင့် လက်တွေ့လုပ်ဆောင်ခြင်းသည် ဘုရားသခင်၏ အလိုနှင့် ကိုက်ညီပါသလော။ ယင်းကို ဤနည်းဖြင့် ငါ လုပ်ဆောင်ပါက ဘုရားသခင် ပျော်ရွှင်မည်လော။ ယင်းကို ဤနည်းဖြင့် လုပ်ဆောင်ပါက၊ ငါ့ကို ဘုရားသခင် ယုံကြည်မည်လော။ ယင်းကို ဤနည်းဖြင့် လုပ်ဆောင်ပါက၊ သမ္မာတရားကို ငါ လက်တွေ့လုပ်ဆောင်နေမည်လော။ ဤကိစ္စရပ်ကို ဘုရားသခင် ကြားသိပါက၊ သူက ‘ဤအရာကို သင် မှန်ကန်စွာနှင့် အလိုက်အထိုက်အားဖြင့် လုပ်ဆောင်လေပြီ။ ထိန်းထားလော့။’ ဟု ပြောနိုင်မည်လော။ သင် လုပ်ဆောင်သမျှကို သေချာစွာ သင် ဆန်းစစ်နိုင်သလော။ သင်သည် ထိုသို့လုပ်ဆောင်ခြင်းကို ဘုရားသခင် ချစ်မြတ်နိုးခြင်း ရှိမရှိ၊ သို့မဟုတ် ဘုရားသခင် ရွံရှာစက်ဆုပ်ခြင်း ရှိမရှိ၊ ပြီးလျှင် ဤအရာကို သင် လုပ်ဆောင်သည့်အခါ၊ ဘုရားသခင် ရွေးချယ်ထားသောသူများသည် ယင်းကို အဘယ်အရာ တွေးမည်၊ မည်သို့အကဲဖြတ်မည်တို့ကို တွေးဆလျက် သင်လုပ်ဆောင်သည့် အရာအားလုံးအပေါ် ဆင်ခြင်သုံးသပ်ဖို့အတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ဘုရားသခင်၏သတ်မှတ်ချက်များကို အခြေခံအဖြစ် အသုံးပြုနိုင်ခြေရှိသလော။...ထိုသို့သော အရာများကို ချင့်ချိန်စဉ်းစားခြင်း၊ သင့်ကိုယ်သင် ဤမေးခွန်းများ မေးခြင်းနှင့် ရှာဖွေခြင်းတို့၌ အချိန်ပိုကုန်ဆုံးသည့်အခါ၊ သင်၏ အမှားများသည် သေးငယ်သထက် သေးငယ်လာလိမ့်မည် ဖြစ်သည်။ ဤပုံစံဖြင့် ဤအရာကို လုပ်ဆောင်ခြင်းက သင်သည် အမှုအရာများကို ဘုရားသခင် တောင်းဆိုသည့် ဦးတည်ချက်နှင့်အညီ၊ ပြီးလျှင် သမ္မာတရား၏ အခြေခံသဘောတရားနှင့်အညီ လုပ်ဆောင်နေသောကြောင့် သင်သည် သမ္မာတရားကို ရိုးသားစစ်မှန်စွာ ရှာဖွေသော လူတစ်ဦးဖြစ်ပြီး ဘုရားသခင်ကို ကြောက်ရွံ့သော သူတစ်ဦးဖြစ်သည်ကို သက်သေပြပေသည်။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “ဘုရားသခင်၏အလိုကို ရှာဖွေခြင်းမှာ သမ္မာတရားကို လက်တွေ့ကျင့်ဆောင်ရန်အတွက် ဖြစ်၏”)

သူ့နှုတ်ကပတ်တော်တွေက ကျွန်မကို လက်တွေ့လုပ်ဆောင်မှုလမ်းကြောင်းတစ်ခုပေးတယ်။ ခေါင်းဆောင်နဲ့ အမှုဆောင်တွေက အလုပ်အစီအစဉ်တွေနဲ့ သမ္မာတရားစည်းမျဉ်းတွေအရ တင်းတင်းကျပ်ကျပ်လုပ်ဖို့၊ သန့်ရှင်းသောဝိညာဉ်တော်ရဲ့လမ်းပြမှုနောက်ကိုလိုက်ဖို့ အမြဲသေချာဖို့လိုတယ်။ ကျွန်မတို့တာဝန်မှာ ဆုတောင်းပြီးရှာဖွေဖို့၊ ဘုရားသခင်ကို ကြောက်ရွံ့တဲ့စိတ်နှလုံးကို ထိန်းသိမ်းဖို့၊ ကိုယ်ပိုင်စိတ်ကူးတွေ၊ အယူအဆတွေ၊ အရင်က အတွေ့အကြုံတွေအတိုင်းမလုပ်ဖို့၊ ကျွန်မတို့ ဖြစ်ချင်သလို မလုပ်ဖို့လည်း လိုအပ်ပါတယ်။ တကယ်ကို ကိုယ့်ကိုယ်ကိုယ် မစဉ်းမစားယုံကြည်လို့ မရဘဲ သမ္မာတရားစည်းမျဉ်းတွေကို ရှာရမယ်။ တစ်ခုခုကို ကျွန်မတို့ နားမလည်တဲ့အခါမှာ မဆောင်ရွက်ခင်မှာ စည်းမျဉ်းတွေကို နားလည်ဖို့ ရှာဖွေပြီး သူများတွေနဲ့ မိတ်သဟာယပြုသင့်တယ်။ ဒါက ဘုရားအလိုတော်ပဲ။ ဒီအတွေ့အကြုံက ကျွန်မကို တကယ်ကို သင်ခန်းစာတစ်ခုသင်ပေးခဲ့တယ်။ ဘုရားသခင်က အမှုအရာတွေကို ပြင်ဆင်ပြီး ခေါင်းဆောင်က ကျွန်မကို ဝေဖန်အောင်မလုပ်ခဲ့ရင် ကျွန်မလုပ်ရပ်တွေရဲ့ အကျိုးဆက်က ဘယ်လောက်ဆိုးမလဲဆိုတာ ကျွန်မ နားလည်ဦးမှာမဟုတ်ဘူး။ အဲဒီအချိန်ကနေစပြီး စည်းမျဉ်းတွေအရ သမ္မာတရားကိုရှာဖွေပြီး တာဝန်ထမ်းဆောင်ရမယ်လို့ ကိုယ့်ကိုယ်ကိုယ် ပြောခဲ့ပါတယ်။ နောက်ပိုင်းမှာ အသင်းသားသစ်တချို့က စုဝေးပွဲတွေကို မလာတော့ဘူး။ ကျွန်မလည်း လျှောက်တွေးပြီး သူတို့ကို အလျင်စလို ပစ်ပယ်တာမျိုး မလုပ်ရဲခဲ့ဘူး။ သူတို့ထဲကတစ်ယောက်ကို ပံ့ပိုးမှုပေးဖို့ ကျွန်မတို့ ခဏခဏဆက်သွယ်ပြီး သူ့အခြေအနေကို ခေါင်းဆောင်နဲ့လည်း ဆွေးနွေးခဲ့တယ်။ သူက မယုံကြည်သူတစ်ယောက်ဖြစ်တယ်ဆိုတာ ကျွန်မတို့သေချာသွားပြီး သူ့ကို လက်လွှတ်လိုက်တယ်။ တခြားတစ်ယောက်က ဘုရားသခင်ကို ယုံကြည်တာ နှစ်နှစ်မပြည့်သေးတဲ့အစ်မတစ်ယောက်ပေါ့။ သူက ဘုရားနှုတ်ကပတ်တော်တွေဖတ်ရတာကို နှစ်သက်ပြီး သူ့တာဝန်မှာ အကောင်းဆုံးလုပ်တယ်။ လူတွေရဲ့ ဖောက်ပြန်ပျက်စီးမှုကို တရားစီရင်ပြီး ဖော်ထုတ်တဲ့ ဘုရားနှုတ်ကပတ်တော်တွေကို သူဖတ်တဲ့အခါမှာ အဲဒါတွေကို သူ့ကိုယ်သူနဲ့ ယှဉ်ကြည့်တယ်။ သူက မျှော်လင့်ချက်မရှိလောက်အောင် ပျက်စီးနေသလို ခံစားရပြီး လက်လျှော့နေခဲ့တယ်။ ဘုရားရဲ့ ကယ်တင်ခြင်းက စာတန်ဖျက်ဆီးတာခံထားရတဲ့ ကျွန်မတို့တွေအတွက်ဖြစ်တယ်၊ ဘုရားသခင်က ကျွန်မတို့ အခက်အခဲတွေနဲ့ အားနည်းချက်တွေကို မိခင်တစ်ယောက်လိုနားလည်တယ်၊ သမ္မာတရားကို ကျွန်မတို့ လိုက်စားတာကို လက်မလျှော့သရွေ့ ဘုရားသခင်က ကျွန်မတို့ကို လက်လျှော့လိုက်မှာမဟုတ်ဘူး၊ ဘာကြောင့်လဲဆိုရင် ဘုရားသခင်က လူသားကို တတ်နိုင်သမျှ ကယ်တင်တယ်ဆိုတာကို သူမြင်နိုင်ဖို့အတွက် ကျွန်မတို့တွေအတူတူ သူ့ကို ဘုရားနှုတ်ကပတ်တော်ကို မိတ်သဟာယဖွဲ့ပေးခဲ့တယ်။ ကျွန်မတို့က ဒီလိုပြောတဲ့အခါမှာ သူ့မျက်နှာမှာ မျက်ရည်တွေနဲ့ ပြည့်နေပြီး ဘုရားရဲ့ ချစ်ခြင်းကို သူခံစားရနိုင်တယ်။ ကျွန်မတို့ သူ့ကို သုံးလေးကြိမ်လောက် ကူညီပေးခဲ့ပြီး အခု သူက ပုံမှန်ပြန်ပြီး စုဝေးနေပြီ။

ဒီအတွေ့အကြုံက ဖောက်ပြန်ပျက်စီးတဲ့ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ဘုရားရဲ့ ထက်သန်တဲ့ ရည်ရွယ်ချက်တွေနဲ့ မယုံနိုင်စရာကောင်းတဲ့ချစ်ခြင်းကို တကယ်ပြသခဲ့ပါတယ်။ ပြီးတော့ ဘုရားနှုတ်ကပတ်တော်ရဲ့ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းကတစ်ဆင့် ကျွန်မရဲ့ မာနထောင်လွှားတဲ့ စိတ်သဘောထားအပေါ် နားလည်မှုတချို့ရခဲ့ပြီး တာဝန်ကို ကိုယ်ပိုင်နည်းလမ်းနဲ့လုပ်တာရဲ့ အန္တရာယ်နဲ့ အကျိုးဆက်တွေကို မြင်ခဲ့တယ်။ နောက်ဆုံးတော့ ကျွန်မ ဘုရားသခင်အပေါ် ကြောက်ရွံ့မှုတချို့ရရှိခဲ့ပါတယ်။ အခု ဘုရားရဲ့ လမ်းပြမှုကြောင့်သာ ကျွန်မတာဝန်ကို စည်းမျဉ်းတွေနဲ့အညီ လုပ်နိုင်လာပါတယ်။ ကျေးဇူးတော်ပဲ။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ရိုးရာအကျင့်သီလများကို လက်ခံလိုက်နာသင့်ပါသလား

ရှောင်ရှန့် ပြင်သစ်နိုင်ငံ ကျွန်မ မူလတန်းကျောင်းတုန်းက ကျွန်မအပေါ် တော်တော်သက်ရောက်သွားတဲ့ စာတစ်ခုရှိတယ်။ သစ်တော်သီးလက်ဆောင်ပေးတဲ့...

“ကောင်းမွန်သည့် ပုံရိပ်”နောက်ကွယ်တွင် မည်သည့်အရာ ရှိသနည်း

ဝေ့ချန် ကိုရီးယားနိုင်ငံပြီးခဲ့သည့်နှစ် ဒီဇင်ဘာက ကျွန်မက အသင်းတော်မှာ ဧဝံဂေလိ သင်းထောက်တစ်ယောက်အနေနှင့် အလုပ် လုပ်ခဲ့ပါသည်။...

တာဝန်တွင် အပြောင်းအလဲများက ကျွန်မကို ဖော်ထုတ်ခဲ့သည်

မုကျိန်း အမေရိကန်နိုင်ငံ အသင်းတော်မှာ ဗီဒီယိုတွေကို ကျွန်မ လုပ်နေတာ။ ဒါပေမဲ့ လုပ်စရာသိပ်မရှိတော့ ခေါင်းဆောင်က လူသစ်တွေကို ရေလောင်းတဲ့ဆီ...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။