ဘုရားသခင်ကို ယုံကြည်စဉ်တွင် လူပုဂ္ဂိုလ်တစ်ယောက်နောက်သို့လိုက်ခြင်းအား ဆင်ခြင်သုံးသပ်ခြင်း

30.09.2022

ရှောင်လု တရုတ်နိုင်ငံ

၂၀၁၈၊ နိုဝင်ဘာလမှာ အထက်ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ လီကျန်က ကျွန်မတို့အလုပ်ကို ကြီးကြပ်ဖို့ ကျွန်မတို့အသင်းတော်ဆီလာတယ်။ အဲဒီအချိန်တုန်းက အသင်းသားတစ်ယောက်က ခေါင်းဆောင်တွေအပေါ် တစ်ဖက်သတ်အမြင်တွေကို ဖြန့်ပြီး အသင်းတော်ကို နှောင့်ယှက်ဖို့ အုပ်စုတစ်စု ဖွဲ့နေတာ။ ကျွန်မတို့က သူ့ကို ခဏခဏ မိတ်သဟာယဖွဲ့တယ်။ ဒါပေမဲ့ သူက နောင်တမရဘူး။ သူ့ကို အန္တိခရစ်တစ်ယောက်အဖြစ် သတ်မှတ်သင့်သလားဆိုတာ ကျွန်မတို့ မသေချာဘူး။ အဲဒါနဲ့ လီကျန်ကို မေးကြတယ်။ ဒါကို ဘယ်လိုဆုံးဖြတ်ရမယ်ဆိုတာနဲ့ပတ်သက်ပြီး ကျွန်မတို့နဲ့ မိတ်သဟာယဖွဲ့ဖို့အတွက် အန္တိခရစ်တွေကို ဘယ်လို ရိပ်စားမိရမယ်ဆိုတာနဲ့ပတ်သက်တဲ့ သမ္မာတရားတွေကို လီကျန်က အသုံးပြုပြီး ကျွန်မတို့ကို ရှေ့ဆက်ရမယ့်လမ်းကို ပေးတယ်။ လီကျန်က ခေါင်းဆောင်အသစ်ဖြစ်နေတုန်းမှာ သူများတွေက နှစ်လနဲ့ မဖြေရှင်းရသေးတဲ့ အသင်းတော်က တချို့ ဖရိုဖရဲဖြစ်နေတာတွေကို သူက နှစ်ပတ်နဲ့ ဖြေရှင်းခဲ့တာကိုလည်း ကျွန်မတို့ စကားပြောကြရင်း ကျွန်မ သိလိုက်ရတယ်။ အခု အထက်ခေါင်းဆောင်တစ်ယောက်အနေနဲ့ သူက အသင်းတော်တွေအများကြီးရဲ့အလုပ်ကို ကြီးကြပ်ပြီး သူတို့ပြဿနာတွေအများကြီးကို ဖြေရှင်းခဲ့တယ်။ ကျွန်မ သတိမထားမိလိုက်ခင်မှာပဲကျွန်မက သူ့ကိုစပြီး အထင်ကြီးလေးစားလာတယ်။ အဲဒီနောက်တော့ ကျွန်မတွဲဖက်နဲ့ ကျွန်မက ကျွန်မတို့နားမလည်တဲ့ ပြဿနာတွေနဲ့ ကြုံရတယ်။ အဲဒါနဲ့ ကျွန်မတို့ကို လမ်းပြပေးဖို့ လီကျန်ကို စောင့်ခဲ့တယ်။ တစ်လကြာပြီးတော့ သူက နောက်ဆုံးမှာ ကျွန်မတို့အသင်းတော်ကို ပြန်လာတယ်။ ကျွန်မတို့ရင်ဆိုင်နေရတဲ့ ပြဿနာတွေနဲ့ အခက်အခဲတွေကို ကျွန်မ ချက်ချင်း မျှဝေလိုက်တယ်။ သူက ကိစ္စတွေကို အမြန်ဖြေရှင်းလိုက်ပြန်တယ်။ လီကျန်နဲ့ နည်းနည်းလောက်ကြုံရပြီးတဲ့နောက်မှာ ကျွန်မ သူ့ကို တကယ်ကို အထင်ကြီးခဲ့တယ်။ သူက အထက်ခေါင်းဆောင်ဖြစ်ဖို့ ထိုက်တန်တယ်၊ သမ္မာတရားကို နားလည်ပြီး ပိုင်းခြားသိမြင်မှုရှိတယ်လို့ ကျွန်မ ခံစားရတယ်။ ကျွန်မ လုံးဝ မဖြေရှင်းနိုင်တဲ့ပြဿနာတွေက သူ့အတွက် ကိုင်တွယ်ဖို့ လွယ်ကူတယ်။ ကျွန်မတို့ကို လမ်းပြဖို့အတွက် သူ ပိုပြီးတော့ ခဏခဏလာနိုင်ဖို့ မျှော်လင့်မိတယ်။ ကျွန်မ အံ့သြသွားရတာက လီကျန်က နှစ်လကြာပြီးတော့ အထုတ်ခံရတယ်။ သူက သူ့အလုပ်မှာ မာနထောင်လွှားပြီး အာဏာရှင်ဆန်တယ်။ သမ္မာတရားကို လက်မခံဘူး။ အသင်းတော်အလုပ်အတွက် အနှောင့်အယှက်ဖြစ်တယ်။ သူအထုတ်ခံရတာက ကျွန်မအတွက် စိတ်ကူးကြည့်လို့တောင်မရနိုင်ဘူး။ ဒါပေမဲ့ ဒါသူ့အတွက် ကောင်းနိုင်တယ်လို့လည်း ကျွန်မ တွေးမိတယ်။ သူ့ကိုယ်သူသိပြီးပြောင်းလဲနိုင်ရင် အရေးကြီးတဲ့အလုပ်ကို ပြန်ပြီး တာဝန်ယူနိုင်တယ်။ ဒါက သူ့အတွက် ဘုရားရဲ့ ကယ်တင်ခြင်းပဲ။ အဲဒါနဲ့ သူက အထုတ်ခံရပေမဲ့ ကျွန်မစိတ်နှလုံးထဲမှာ သူယူထားတဲ့နေရာက လုံးဝ မပြောင်းလဲဘူး။

သုံးလေးလကြာပြီးတဲ့နောက်မှာ အထုတ်ခံရပြီး ရှင်းလင်းခံရတဲ့လူတွေနဲ့ပတ်သက်တဲ့ ပစ္စည်းတွေကို စီစဉ်ဖို့ အသင်းတော်က ကျွန်မနဲ့ လီကျန်ကို တာဝန်ချပေးတယ်။ ကျွန်မ အရမ်းပျော်သွားတယ်။ သူ့ဆီကနေ ပိုပြီးတော့ သင်ယူဖို့အတွက် ဒီအခွင့်အရေးကို ကျွန်မ ကောင်းကောင်းအသုံးချချင်တယ်လေ။ နောက်ပိုင်းမှာ ကိစ္စတွေကို ကျွန်မတို့ ဆွေးနွေးတဲ့အခါမှာ သူက မိတ်သဟာယဖွဲ့ပြီး ဖြေရှင်းချက်တွေရှာဖို့အတွက် သက်ဆိုင်မှုရှိတဲ့ စည်းမျဉ်းတွေကို အမြဲတမ်းရှာနိုင်တယ်။ သူက ယုံကြည်မှုမှာ ပါဝင်ပြီးတဲ့နောက်မကြာခင်မှာပဲ ခေါင်းဆောင်ဖြစ်လာတာ၊ သူအလုပ်ကြိုးစားလို့ အလုပ်က ဘယ်လိုတိုးတက်လာတာ သူအထုတ်ခံရပြီးတဲ့နောက်မှာ သူ့ကိုယ်သူအကြောင်း ဘယ်လိုသင်ယူခဲ့တာတွေကိုလည်း အများကြီးပြောပြတယ်။ ပြီးတော့ အသင်းတော်က သူ့ကို အရေးကြီးတဲ့အလုပ်ကို ထပ်ပြီးပေးတယ်လို့ ပြောတယ်။ ဒါတွေအားလုံးကို ကြားရပြီး ကျွန်မက သူ့ကို ပိုပြီးတော့တောင် အထင်ကြီးလေးစားလာတယ်။ ကျွန်မ သူ့ဆီကို အမြဲတမ်းသွားပြီး မေးခွန်းတွေမေးတယ်။ သူက အမြဲတမ်း အဖြေတစ်ခုရှိတယ်။ အချိန်ကြာလာတော့ ကျွန်မက ကိုယ့်တာဝန်မှာ ဆုတောင်းပြီး ဘုရားကိုရှာဖွေတာကို အာရုံမစိုက်တော့ဘဲ အရာရာတိုင်းအတွက် လီကျန်ကိုပဲ အားကိုးတယ်။ သူပြောသမျှက မှန်တယ်လို့ ထင်တယ်။ ဒါပေမဲ့ အဲဒီအချိန်တုန်းက ကျွန်မက သူ့ကို အရမ်းအထင်ကြီးတယ်။ ကျွန်မက သူ့ကို မစဉ်းမစားနဲ့ အရမ်းမြှောက်စားပြီး သူနဲ့အတူလိုက်ပြီး မကောင်းမှုကြီးကို ကျူးလွန်မိလုနီးပါးဖြစ်ခဲ့တယ်။

တစ်နေ့မှာ ထုတ်ပယ်တဲ့ လျှောက်လွှာတစ်ခုကို ကျွန်မတွေ့တယ်။ အဲဒီမှာပြောထားတာက ကျန်းပင်က ခေါင်းဆောင်မဖြစ်ခင်မှာ သူက သူ့ရဲ့တွဲဖက်ပေါ် အမြင်စောင်းနေတာကြောင့် သူ့တွဲဖက်အကြောင်း ဝေဖန်တာတွေကို သူ့မိသားစုကို ပြောပြတယ်။ နောက်တော့ သူ့မိသားစုက ဒါတွေကို အဖွဲ့စုဝေးပွဲတစ်ခုမှာ ထပ်ပြောတယ်။ အဲဒီကိစ္စတစ်ခုအတွက် ကျန်းပင်က အန္တိခရစ်ဖြစ်တယ်လို့ အသင်းတော်ခေါင်းဆောင်က သတ်မှတ်တယ်။ ဒီလိုကိုင်တွယ်တာက စည်းမျဉ်းတွေနဲ့မညီဘူးလို့ သူ့မိသားစုက ခံစားရတယ်။ အဲဒါနဲ့ သူတို့က ဒါကို တင်ပြဖို့ စာတစ်စောင်ရေးကြတယ်။ ဒါပေမဲ့ နောက်တော့ အသင်းတော်ခေါင်းဆောင်က ကျန်းပင်ရဲ့ တစ်မိသားစုလုံးကို အန္တိခရစ်အုပ်စုတစ်ခုအဖြစ် သတ်မှတ်ပြီး သူတို့ကို သီးခြားခွဲထားလိုက်တယ်။ ကျန်းပင်ရဲ့ ထုတ်ပယ်တဲ့ စာရွက်စာတမ်းတွေကို ကြည့်ကြည့်တော့ သူက ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတစ်ခုနဲ့ အသက်ရှင်နေတာပဲဖြစ်ပြီး ဝေဖန်တာတွေ နည်းနည်းပြောခဲ့တာကိုပဲ ကျွန်မ တွေ့တယ်။ သူက ဂုဏ်အဆင့်အတန်းအတွက် ယှဉ်ပြိုင်နေတာ၊ သူ့ကိုယ်ပိုင်နယ်မြေကို တည်ဆောက်နေတာမဟုတ်ဘူး။ သူက အန္တိခရစ်မဟုတ်ဘူး။ ပြဿနာတစ်ခုကို ထောက်ပြဖို့အတွက်နဲ့ သူ့မိသားစုက အဲဒီအစီရင်ခံစာကို ရေးတယ်။ ဒါပေမဲ့ သူတို့က အုပ်စုမဖွဲ့ဘူး။ အသင်းတော်အလုပ်ကို မနှောင့်ယှက်ပါဘူး။ အန္တိခရစ်တွေလို့ သူတို့ကို မခေါ်သင့်ဘူး။ ပြီးတော့လည်း ကျွန်မက ကျန်းပင်နဲ့ အရင်သုံးလေးနှစ်က ဆက်ဆံခဲ့တယ်။ သူ့မှာ လက်ခံနိုင်လောက်တဲ့ လူ့သဘာဝရှိပြီး မကောင်းမှုလုပ်သူနဲ့မတူဘူး။ ခေါင်းဆောင်က သူ့ကို အန္တိခရစ်လို့ခေါ်ပြီး ထုတ်ပယ်တာ မှားနေသလားလို့ ကျွန်မ တွေးမိတယ်။ ဒါက အသေးအဖွဲ့ ကိစ္စမဟုတ်ဘူး။ ဒါကို သေချာစဉ်းစားတဲ့နေရာမှာ လီကျန်ရဲ့ အကူအညီကို ကျွန်မ လိုချင်တယ်။ ဒါပေမဲ့ အံ့သြစရာကောင်းတာက သူက တော်တော် ပြတ်ပြတ်သားသားပြောတယ်။ “ကျန်းပင်က သူ့တွဲဖက်အပေါ် ဝေဖန်အပြစ်တင်တယ်။ ဒါက မကောင်းမှုပဲ။ သူ့မိသားစုက သူ့ကိုယ်စား ပြောပေးတယ်။ ဒီတော့ သူတို့က အန္တိခရစ်အုပ်စုပဲ။ တခြားမကောင်းတာတစ်ခုခုလုပ်သလားဆိုတာကို ကျွန်မတို့ ကြည့်လို့ရတယ်” တဲ့။ သူက အရမ်းကောက်ချက်ချတာ မသင့်လျော်ဘူးလို့ ကျွန်မ ခံစားမိတယ်။ ဒါပေမဲ့ နောက်တော့ ကျွန်မ တွေးမိတယ်။ လီကျန်းက ဒီလောက်သေချာနေရင် သူက ကိစ္စတွေအပေါ် တကယ်ကို ကိုင်တွယ်နိုင်ရမယ်ပေါ့။ တကယ်တော့ သူက အထက်ခေါင်းဆောင်အဖြစ် ထမ်းဆောင်ခဲ့တယ်။ အတွေ့အကြုံတွေအများကြီးရှိပြီး ပိုင်းခြားသိမြင်မှု အရမ်းရှိတယ်။ သူက သမ္မာတရားကို သိပြီး ကျွန်မထက်ပိုပြီး ကောင်းကောင်းမြင်တာ ဖြစ်ရမယ်ပေါ့။ အဲဒါနဲ့ ကျွန်မ လေသံကိုပြောင်းပြီး ပြောလိုက်တယ်။ “ကျွန်မက ကျန်းပင်နဲ့ အဆက်အသွယ်မရှိတာ သုံးလေးနှစ်ရှိပြီ။ သူက တခြားမကောင်းမှုတွေကျူးလွန်သလားဆိုတာ ကျွန်မ မသိဘူး။ ဒါကို စုံစမ်းကြည့်ပြီး ဆုံးဖြတ်ရအောင်” ပေါ့။ သိပ်မကြာခင်မှာ ကျန်းပင်နဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေ ပိုရလာတယ်။ သူက တခြားဘာမကောင်းမှုမှ မလုပ်ခဲ့ဘူး။ သူ့တွဲဖက်ကို ဝေဖန်အပြစ်တင်ပြီးတဲ့နောက်မှာ သူက သူ့ကိုယ်သူ သုံးသပ်ပြီး သင်ယူခဲ့တယ်။ သူ့မိသားစုက နေရာတကာမှာ ဝေဖန်တာတွေ မဖြန့်ဘူး။ ကျန်းပင်ကို သူများတွေ ထောက်ခံအောင် မလုပ်ဘူး။ သူတို့အပြုအမူကို အခြေခံရင် အန္တိခရစ်တွေအဖြစ် သတ်မှတ်ပြီး မထုတ်ပယ်သင့်ဘူး။ သူက တကယ်ကို အထင်အမြင်သေးတယ်။ ကျန်းပင်ကို အန္တိခရစ်အဖြစ် သတ်မှတ်တာက မမှားဘူးလို့ ထင်တယ်။ သူက ပြောသေးတယ်။ “အသင်းတော်မှာ အန္တိခရစ်တွေကိုထားထားပြီး သူတို့က မကောင်းမှုတွေဆက်လုပ်ပြီး အနှောင့်အယှက်ဖြစ်နေရင် သူတို့မကောင်းမှုထဲမှာ ကျွန်မတို့က တစ်စိတ်တစ်ပိုင်းပါနေတယ်” တဲ့။ နောက်အစ်မတစ်ယောက်ကလည်း လီကျန်းကို သဘောမတူဘူး။ သူတို့က အန္တိခရစ်အုပ်စုမဟုတ်ဘူး၊ ဖောက်ပြန်ပျက်စီးခြင်းတချို့ပြတာပဲရှိတယ်၊ အသင်းတော်ကို သူတို့ကို ပြန်ခေါ်သင့်တယ်လို့လည်း သူကပြောတယ်။ လီကျန်းက ယုံကြည်မှုရှိရှိနဲ့ ပြောတုန်းပဲ။ “ကျန်းပင်က အန္တိခရဟ်မဟုတ်ရင်တောင် မကောင်းမှုပြုသူပဲ။ သူက သူ့တွဲဖက်အကြောင်းကို သူ့မိသားစုဆီမှာ မကောင်းပြောပြီး သူ့မိသားစုက စုဝေးပွဲတစ်ခုမှာ ပြန်ပြောပြပြီး အစီရင်ခံစာတစ်စောင်ရေးတယ်။ ဒါက အသင်းတော်ကို နှောင့်ယှက်နေတာမဟုတ်ဘူးလား။ သူတို့ကို ပြန်ခေါ်လို့မဖြစ်ဘူး။ ဒါပေမဲ့ သူတို့မကောင်းမှုအကြောင်းကို ကျွန်မတို့ ပိုပြီးတော့ သင်ယူရမယ်” တဲ့။ ဒါပေမဲ့ လီကျန်းကပြောတာတွေကို ကြားပြီးတဲ့နောက်မှာ ကျွန်မက တွန့်ဆုတ်သလိုဖြစ်သွားတယ်။ ကျန်းပင်ကို ထုတ်သင့်တယ်ဆိုတာကို သူက အရမ်းသေချာနေတော့ ကျွန်မက ဒီအပေါ်မှာ အမြင်ကျဉ်းနေတာလား။ ကျန်းပင်က တကယ်ကို မကောင်းမှုပြုသူလားပေါ့။ လီကျန်းက ခေါင်းဆောင်ဖြစ်တာ တော်တော်ကြာပြီ။ ဒီတော့ ကိစ္စတွေအပေါ် ကျွန်မထက်ပိုပြီး ကျယ်ပြန့်တဲ့အမြင်ရှိရမယ် ပေါ့။ ကျွန်မက ပိုင်းခြားသိမြင်မှုမရှိဘူး၊ ကျန်းပင်လုပ်ခဲ့တာတွေကို ကျွန်မတို့ဆက်ပြီးကြည့်နေလို့ရတယ်လို့ ကျွန်မ တွက်လိုက်မိတယ်။ အဲဒါနဲ့ ကျွန်မက လုံးဝ စိတ်ချလက်ချမရှိပေမဲ့ ကိုယ့်ကိုယ်ကိုယ် အားတင်းလိုက်ပြီး ညီအစ်ကိုမောင်နှမတချို့ကို ဒါကို ဆက်ပြီး စစ်ဆေးခိုင်းလိုက်တယ်။ ဒါကို စီစဉ်ပြီးတဲ့နောက်မှာ ကျွန်မ တော်တော် စိတ်မအေးနိုင်ဖြစ်ပြီး ဝိညာဉ်ဆိုင်ရာမှောင်မိုက်မှုကို ခံစားရတယ်။ ဘယ်လိုခံစားရတယ်ဆိုတာကို ကျွန်မ တကယ် မဖော်ပြနိုင်ဘူး။ ကျွန်မ ဘုရားကို ဆုတောင်းတယ်။ ဒီအရာကနေ ကိုယ့်ကိုယ်ကိုယ်သိအောင် လမ်းပြဖို့၊ ဘုရားအလိုတော်နဲ့အညီ ဆောင်ရွက်နိုင်ဖို့ ဆုတောင်းတယ်။

ဆုတောင်းပြီးတော့ ဘုရားနှုတ်ကပတ်တော်ထဲက ဒါကို ကျွန်မ ဖတ်တယ်။ “အသင်းတော်တိုင်းနှင့် လူတစ်ဦးစီတိုင်းကို ဘုရားသခင် စောင့်ကြပ်သည်။ အသင်းတော်တွင် လူမည်မျှ တာဝန် ထမ်းဆောင်နေပါစေ၊ ဘုရားသခင်နောက်ကို လိုက်နေပါစေ၊ ဘုရားသခင်၏နှုတ်ကပတ်တော်များမှ ၎င်းတို့ သွေဖည်သည်နှင့် သန့်ရှင်းသောဝိညာဉ်တော်၏အလုပ်ကို ၎င်းတို့ဆုံးရှုံးသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် ဘုရားသခင်၏အမှုတော်ကို မတွေ့ကြုံတော့ပေ။ ထိုသို့ဖြင့် ၎င်းတို့နှင့် ၎င်းတို့ ထမ်းဆောင်နေသည့် တာဝန်သည် ဘုရားသခင်၏အမှုတော်နှင့် ဆက်နွှယ်မှုမရှိတော့သကဲ့သို့၊ ဘုရားသခင်၏အမှုတော်၌ ပါဝင်ပတ်သက်ခြင်း မရှိတော့ချေ။ ထိုအခြေအနေတွင် ဤအသင်းတော်သည် ဘာသာရေးအုပ်စုတစ်စု ဖြစ်လာပြီးဖြစ်သည်။ ဤလူများသည် ကြီးမားသော အန္တရာယ်ရှိနေသည်ဟု သင်တို့ ဆိုမည် မဟုတ်လော။ ၎င်းတို့သည် ပြဿနာများဖြင့် ရင်ဆိုင်ရသည့်အခါ၊ မည်သည့်အခါမျှ သမ္မာတရားကို မရှာဖွေသကဲ့သို့၊ သမ္မာတရား၏ အခြေခံသဘောတရားများနှင့်အညီ မပြုမူကြဘဲ၊ လူသားများ၏ စီစဉ်မှုများနှင့် ကြိုးကိုင်ညွှန်ကြားမှုများကို ခံကြရသည်။ မိမိတို့၏တာဝန်ကို ထမ်းဆောင်နေစဉ်တွင်၊ မည်သည့်အခါမျှ ဆုမတောင်းသကဲ့သို့ သမ္မာတရား၏ အခြေခံသဘောတရားများကို မရှာဖွေကြသည့်သူများစွာပင် ရှိသည်။ ၎င်းတို့သည် အခြားသူများကိုသာ မေးမြန်းပြီး အခြားသူများ အရိပ်ပြသည့်အပေါ် လိုက်ပြုမူလျက် အခြားသူများ ပြောသည့်အတိုင်း လုပ်ဆောင်ကြသည်။ လူများက ၎င်းတို့အား မည်သည့်အရာကိုခိုင်းပါစေ၊ ယင်းမှာ ၎င်းတို့ လုပ်ဆောင်သည့်အရာဖြစ်သည်။ ၎င်းတို့၏ ပြဿနာများနှင့်ပတ်သက်၍ ဘုရားသခင်ထံ ဆုတောင်းခြင်းနှင့် သမ္မာတရားကို ရှာဖွေခြင်းတို့သည် မရေမရာသကဲ့သို့၊ ခက်ခဲသည်ဟု ၎င်းတို့ ခံစားကြရသည်။ ထို့ကြောင့် ၎င်းတို့သည် ရိုးရှင်း လွယ်ကူသော ဖြေရှင်းချက်တစ်ခုကို ရှာကြသည်။ အခြားသူများအပေါ် မှီခိုခြင်းနှင့် အခြားသူများ ပြောသည့်အရာကို လုပ်ဆောင်ခြင်းတို့သည် လွယ်ကူပြီး လက်တွေ့အကျဆုံး ဖြစ်သည်ဟု တွက်ဆသောကြောင့် အခြားသူများကို မေးမြန်းပြီး အရာရာတွင် ၎င်းတို့ပြောသည့်အတိုင်း လုပ်ဆောင်ရင်း အခြားသူများခိုင်းသည့်အရာကိုသာ တကယ်ကို လုပ်ဆောင်ကြလေသည်။ အကျိုးဆက်အနေဖြင့် နှစ်များစွာ ယုံကြည်ပြီးသည့်နောက်တွင်ပင် ပြဿနာတစ်ခုနှင့် ရင်ဆိုင်ရသည့်အခါ ၎င်းတို့သည် ဘုရားသခင်၏အလိုတော်နှင့် သမ္မာတရားကို ဆုတောင်းပြီး ရှာဖွေကာ ထို့နောက်တွင် သမ္မာတရားအား နားလည်ခြင်းကို စွမ်းဆောင်ရရှိပြီး ဘုရားသခင်၏အလိုတော်နှင့်အညီ ပြုမူကျင့်ကြံလျက် ဘုရားသခင်၏ရှေ့မှောက်သို့ ရောက်လာကြခြင်းမျိုး တစ်ခါမျှပင် မရှိဖူးပေ— ၎င်းတို့၌ ထိုကဲ့သို့သော အတွေ့အကြုံတစ်ခု မည်သည့်အခါမျှ မရှိဖူးပေ။ ထိုသို့သော လူများသည် ဘုရားသခင်အား ယုံကြည်မှုကို အမှန်တကယ် လက်တွေ့လုပ်ဆောင်ကြသလော။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းဖြင့်သာ ကယ်တင်ခြင်းလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနိုင်သည်) လူတစ်ယောက်ရဲ့ စိတ်နှလုံးထဲမှာ ဘုရားက နေရာမရှိတဲ့အခါ သူက သမ္မာတရားစည်းမျဉ်းတွေကို မရှာဖွေဘဲ တခြားလူတွေကိုပဲနားထောင်ပြီး သူတို့အစီအစဉ်တွေနောက်လိုက်တယ်ဆိုတာ ဘုရားနှုတ်ကပတ်တော်ကပြပါတယ်။ ဒါက ဘုရားအပေါ် ယုံကြည်ခြင်းကို လက်တွေ့လုပ်တာမဟုတ်ဘူး။ ဘုရားက ဒီလိုယုံကြည်မှုမျိုးကို အသိအမှတ်မပြုဘူး။ ဒါက အတိအကျကို ကျွန်မ အခြေအနေမဟုတ်ဘူးလား။ ကျန်းပင်ရဲ့ မိသားစုကိစ္စမှာ သူတို့က အန္တိခရစ်အုပ်စုဖြစ်တယ်ဆိုတာ သေချာတယ်လို့ လီကျန်းကပြောတယ်။ ဒါက အချက်အလက်တွေနဲ့မညီဘူးလို့ ကျွန်မ ခံစားရတယ်။ ဒါပေမဲ့ ကျွန်မက သူ့ကို အရမ်းအထင်ကြီးပြီး သမ္မာတရားစည်းမျဉ်းကို မရှာဖွေခဲ့ဘူး။ သူ ကျွန်မကို လုပ်ခိုင်းတာမှန်သမျှအတိုင်း ကျွန်မ လိုက်လုပ်တယ်။ ကျွန်မတို့စစ်ဆေးမှုရဲ့ ရလဒ်တွေကနေ သူတို့ကို မမှန်မကန်သတ်မှတ်ထားတယ်ဆိုတာ ကျွန်မ သဘောပေါက်လိုက်တယ်။ ဒါပေမဲ့ လီကျန်းက မလျှော့တမ်းလုပ်နေပုံကို ကျွန်မ မြင်ပြီး ကိုယ်ပိုင်အမြင်တွေကို လုံးဝ လျစ်လျူရှုထားလိုက်တယ်။ ကျွန်မက အနေရခက်ပေမဲ့ သမ္မာတရားစည်းမျဉ်းတွေကို မရှာနေသေးဘူး။ လီကျန်းပြောတာကိုပဲလုပ်ဖို့ ကိုယ့်ကိုယ်ကိုယ် ဖိအားပေးတယ်။ ကျွန်မ စိတ်နှလုံးထဲမှာ ဘုရားက နေရာမရှိပါဘူး။ ဒါက ဘယ်လိုလုပ် ယုံကြည်ခြင်းရှိတာဖြစ်မှာလဲ။ ကျွန်မ ခံစားရတာ ပိုပိုဆိုးလာတယ်။ ကျွန်မက ကိုယ့်ကိုယ်ကိုယ် အမြဲတမ်း စစ်မှန်တဲ့ယုံကြည်သူအဖြစ် ထင်တယ်။ လူတစ်ယောက်ကို မြတ်နိုးပြီး နာခံမယ်လို့ လုံးဝ စိတ်မကူးမိဘူး။ ကျွန်မ စိတ်မသက်မသာဖြစ်မိတယ်။ ကျွန်မက ဘုရားကို ရွံရှာစေပြီးနေပြီ။ ဒီတော့ နောင်တမရရင် တကယ်ကို အထုတ်ခံရနိုင်တယ်။ ဒီအတွေးကြောင့် ကျွန်မ ကြောက်လာတာနဲ့ ဆုတောင်းလိုက်တယ်။ ကျွန်မအခြေအနေကို ပြောင်းလဲဖို့အတွက် လမ်းပြဖို့ သမ္မာတရားကို ရှာဖွေပြီး ကျန်းပင်နဲ့ သူ့မိသားစုကို စည်းမျဉ်းရှိတဲ့နည်းလမ်းနဲ့ ဆက်ဆံနိုင်ဖို့ ဘုရားကို ဆုတောင်းတယ်။

အဲဒီနောက်တော့ ကျန်းပင်ရဲ့ ပြဿနာနဲ့ ဆက်စပ်တဲ့ သက်ဆိုင်မှုရှိတဲ့ သမ္မာတရားစည်းမျဉ်းတွေကို ရှာတယ်။ အန္တိခရစ်နဲ့ ပုံမှန်ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားရှိသူကြား ကွာခြားချက်ကို သင်ယူရတယ်။ အန္တိခရစ်တွေရဲ့ အဓိကစရိုက်လက္ခဏာက သူတို့က သြဇာအာဏာကို ဘဝအဖြစ်မြင်တယ်။ ဘုရားရွေးချယ်ထားသူတွေကို အမြဲတမ်း ထိန်းချုပ်ချင်တယ်။ သြဇာအာဏာရဖို့ လူတွေကို အပြစ်ပေးတယ်။ သူတို့က မကောင်းမှုတွေအများကြီးလုပ်ပြီး ဘုရားအိမ်တော်ရဲ့အလုပ်ကို တော်တော်ကို နှောင့်ယှက်တယ်။ ပြီးတော့လည်း အန္တိခရစ်တွေက အနှစ်သာရမှာ လူ့သဘာဝအားလုံးကင်းမဲ့နေတဲ့ မကောင်းတဲ့လူတွေပဲ။ သူတို့က ဝန်ချဖို့မပြောနဲ့ နောင်တတောင်မရကြဘူး။ မကောင်းမှုတွေ ဘယ်လောက်ပဲလုပ်ခဲ့ပါစေပေါ့။ ပုံမှန် ဖောက်ပြန်ပျက်စီးတဲ့လူတွေက နာမည်နဲ့ ဂုဏ်အဆင့်အတန်းအတွက် ပြောဆိုလုပ်ဆောင်တာကို မထိန်းနိုင်ဘူး။ ဒါပေမဲ့ သူတို့က အသိစိတ်နဲ့ ဆင်ခြင်တုံတရားရှိတယ်။ သမ္မာတရားကို လက်ခံနိုင်ပြီး ကိုယ့်ကိုယ်ကိုယ် သုံးသပ်နိုင်တယ်။ လမ်းမှားကို လိုက်ပြီးတဲ့နောက်မှာ ညီအစ်ကိုမောင်နှမတွေရဲ့ ကိုင်တွယ်ဖြေရှင်းခြင်း၊ ဘုရားရဲ့ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းတွေကတစ်ဆင့် နောင်တရနိုင်ကြတယ်။ ဘုရားနှုတ်ကပတ်တော်ကပြောသလိုပဲ။ “မည်သူဖြစ်ပါစေ၊ ၎င်းတို့ မကောင်းမှုမည်မျှ ကျူးလွန်ပြီးဖြစ်စေ၊ သို့မဟုတ် ၎င်းတို့ ပြုမိသည့် အမှားများ မည်မျှကြီးမားပါစေ၊ ၎င်းသည် အန္တိခရစ်တစ်ဦး ဟုတ်မဟုတ်၊ သို့မဟုတ် အန္တိခရစ်၏ စိတ်သဘောထားရှိသော သူတစ်ဦး ဟုတ်မဟုတ်တို့ကို ၎င်းတို့ သမ္မာတရားကို လက်ခံနိုင်ခြင်း ရှိမရှိ၊ ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းကို လက်ခံနိုင်ခြင်း ရှိမရှိနှင့် ၎င်းတို့ အမှန်တကယ် နောင်တရခြင်း ရှိမရှိတို့ပေါ်တွင် အခြေခံ၍ ဆုံးဖြတ်လေသည်။ ၎င်းတို့သည် သမ္မာတရားကို လက်ခံနိုင်ပါက၊ ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းတို့ကို လက်ခံနိုင်ပါက၊ အမှန်တကယ် နောင်တရပြီး ဘုရားသခင်အတွက် အစေခံသော အသက်တာကို ဝမ်းမြောက်စွာ ပေးနိုင်ပါက၊ ၎င်းတို့၌ နောင်တရဖို့ ရည်ရွယ်ချက်အချို့ရှိပြီး ထိုသို့သော လူများကို အန္တိခရစ်များအဖြစ် အမျိုးအစားသတ်မှတ်၍ မရပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉- ၎င်းတို့သည် မိမိတို့ကိုယ်တိုင် ထင်ရှားကျော်ကြားမှု ရစေဖို့နှင့် ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများနှင့် ရည်မှန်းချက်များကို ပြည့်ဝစေဖို့သာ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင့်အိမ်တော်၏အကျိုးစီးပွားများကို မည်သည့်အခါမျှ အရေးမထားသကဲ့သို့၊ ပုဂ္ဂိုလ်ရေးရာ ထင်ပေါ်ကျော်ကြားမှုအတွက် အပြန်အလှန်အားဖြင့် ထိုအကျိုးစီးပွားများကိုပင် ပစ်ပယ်သည် (အပိုင်း ၃)) အခု ကျန်းပင်က အန္တိခရစ်မဟုတ်ဘူး၊ သူ့မိသားစုကအန္တိခရစ်အုပ်စုမဟုတ်ဘူးဆိုတာ ကျွန်မ စိတ်နှလုံးထဲမှာ သိသွားပါတယ်။ ကျွန်မက ဆက်ပြီးတော့ ချီတုံချတုံဖြစ်နေပြီး လူတစ်ယောက်ကို မစဉ်းမစားနားထောင်နေလို့မဖြစ်ဘူး။

ကျွန်မ ဆက်ပြီးတော့ ရှာဖွေတယ်။ လီကျန်းနဲ့ ကျွန်မက အကြောင်းအရာတွေကိုမြင်တာ မတူတဲ့အခါမှာ ကျွန်မက ဘာလို့ စည်းမျဉ်းတွေကိုမရှာဘဲ မစဉ်းမစားနဲ့ သူ့အတိုင်းလိုက်လုပ်ခဲ့တာလဲ။ ဒီပြဿနာရဲ့ အရင်းအမြစ်က ဘာလဲပေါ့။ ဘုရားနှုတ်ကပတ်တော်ထဲက ဒါကို ကျွန်မ သတိရမိတယ်။ “သင် လေးစားအားကျသည်မှာ ခရစ်တော်၏နှိမ့်ချမှု မဟုတ်ဘဲ ထင်ရှားသည့် အဆင့်အတန်း ရှိသော သိုးထိန်းယောင်ဆောင်သူများကို ဖြစ်သည်။ သင်သည် ခရစ်တော်၏ ချစ်ခင်နှစ်လိုဖွယ်ကောင်းမှု၊ သို့မဟုတ် ဉာဏ်ပညာကို မကြည်ညိုဘဲ၊ ကမ္ဘာလောက၏ ဆိုးညစ်မှုတွင် မွေ့လျော်နေသည့်အကျင့်သီလမဲ့သူများကို ကြည်ညိုပေသည်။ ခေါင်းချရန် နေရာ မရှိသော ခရစ်တော်၏ နာကျင်မှုဝေဒနာကို သင် လှောင်သွေးသွမ်းသည်၊ သို့သော် လှူဖွယ်ပစ္စည်းများကို ရှာဖွေပြီး၊ သောက်စားပျော်ပါးမှုတွင် အသက်ရှင်သည့် အလောင်းကောင်များကို သင် လေးစားအားကျ၏။ သင်သည် ခရစ်တော်နှင့်အတူ ဆင်းရဲဒုက္ခခံစားရန် လိုလားမနေဘဲ၊ သင့်ကို ဇာတိပကတိ၊ စကားလုံးများနှင့် ထိန်းချုပ်မှုတို့ကိုသာ ပေးသည့် အဆင်အခြင်မဲ့သော အန္တိခရစ်များ၏ ရင်ခွင်ထဲသို့ ဝမ်းပန်းတသာ ခြေစုံပစ်ဝင်သည်။ ယခုတွင်ပင် သင်၏ နှလုံးသားသည် ၎င်းတို့ထံ၊ ၎င်းတို့၏ဂုဏ်သတင်းထံ၊ ၎င်းတို့၏ အဆင့်အတန်းထံ၊ ၎င်းတို့၏ လွှမ်းမိုးမှုထံသို့ လှည့်ထားဆဲ ဖြစ်သည်။ သို့တိုင်အောင် သင်သည် ခရစ်တော်၏အမှုကို လက်ခံရန် ခက်ခဲပြီး၊ ယင်းကို သင် လက်ခံလိုခြင်း မရှိသည့် သဘောထား တစ်ခုကို ဆက်လက် စွဲကိုင်လေသည်။ ဤသည်မှာ သင်သည် ခရစ်တော်ကို အသိအမှတ်ပြုရန် ယုံကြည်ခြင်း ကင်းမဲ့သည်ဟု ငါ ပြောရသည့် အကြောင်းရင်း ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်သည် ဘုရားသခင်ကို ယုံကြည်သူစစ်စစ်တစ်ယောက် ဖြစ်သလော) ဘုရားနှုတ်ကပတ်တော်ကို ဖတ်ရင်းနဲ့ ကျွန်မက ကိုယ့်ယုံကြည်မှုမှာ ခရစ်တော်က အထွပ်အထိပ်မဟုတ်ဘဲ ဂုဏ်အဆင့်အတန်းနဲ့ သြဇာအာဏာကို မြတ်နိုးတာကြောင့် လူတစ်ယောက်ကို မြတ်နိုးပြီး နာခံတယ်ဆိုတာကို ကျွန်မ တွေ့ခဲ့တယ်။ လီကျန်းက အထက်ခေါင်းဆောင်ဖြစ်ပြီး အလုပ်ကို ကြီးကြပ်တဲ့အခါမှာ ကောင်းတဲ့ဖြေရှင်းချက်တချို့ရှိတာကြောင့် သူက သမ္မာတရားကို သိတယ်လို့ ကျွန်မ ထင်ခဲ့တယ်။ အဲဒါနဲ့ သူ့ကို အထင်ကြီးပြီး လေးစားခဲ့တယ်။ ဒါကြောင့် ကျွန်မတို့ ပူးပေါင်းဆောင်ရွက်တဲ့နေရာမှာ ကျွန်မက ကိုယ်ပိုင်အမြင်တွေ၊ အယူအဆတွေမရှိတာပဲ။ ကျွန်မက သူ့စကားတွေကို လုံးဝ သမ္မာတရားအဖြစ်မှတ်ယူပြီး သူပြောသမျှ လုပ်တယ်။ ကျန်းပင်နဲ့ သူ့မိသားစုကို ထုတ်သင့်သလားဆိုတာမျိုး အရေးကြီးတာတစ်ခုကိုတောင် ကျွန်မက မစဉ်းမစားနဲ့ လီကျန်းနောက်လိုက်ခဲ့တယ်။ ဒါကြောင့် အဲဒီမိသားစုကို အသင်းတော်ကို ပြန်ခေါ်ဖို့ နှောင့်နှေးသွားပြီး သူတို့ရဲ့ အသက်ဝင်ရောက်မှုက နှောင့်နှေးသွားတယ်။ ဘုရားသခင်က လူတစ်ယောက်ချင်းစီတိုင်းရဲ့ ဘဝကို ချစ်မြတ်နိုးတယ်။ အယောင်ဆောင်ခေါင်းဆောင်တွေ ဖိနှိပ်တာခံရသူတွေက အသင်းတော်အသက်တာကို အကြာကြီး မရှင်သန်နိုင်ဘူး။ မှောင်မိုက်ထဲမှာ အသက်ရှင်ကြပြီး အကူအညီမဲ့ပြီး နာကျင်ကြရတယ်။ ဒါပေမဲ့ ကျွန်မက ဘုရားအလိုတော်ကို မထောက်ထားဘူး။ တခြားလူတွေရဲ့ အသက်တာတွေကို တာဝန်မယူဘူး။ ကျန်းပင်ရဲ့ မိသားစုကိစ္စမှာ ကျွန်မက လူတစ်ယောက်ကို အမြဲတမ်း နားထောင်တယ်။ ကျွန်မက အရမ်းကို ကမောက်ကမဖြစ်နေတာပါ။ အဲဒီဝိညာဉ်မှောင်မိုက်မှုနဲ့ နာကျင်မှုမရှိဘဲ ကျွန်မ နိုးထလာမှာမဟုတ်ဘဲ ဆက်ပြီးအမှားလုပ်နေမိမှာပဲ။ ကျွန်မ နောင်တရပြီး ဘုရားကို ဆုတောင်းတယ်။ “ဘုရားသခင် သမီး လူတစ်ယောက်ကို အရမ်းမြှောက်စားပြီး မနာခံချင်ပါဘူး။ ကိုယ်တော်ကို ကြီးမြတ်သူအဖြစ် ဂုဏ်ပြုပြီး သမ္မာတရားစည်းမျဉ်းတွေနဲ့အညီ လုပ်ဆောင်ချင်ပါတယ်။” နောက်ပိုင်းမှာ ကျွန်မ လီကျန်းကို မြင်တော့ ကျွန်မ ထင်မြင်ချက်ကို သူနဲ့ မျှဝေလိုက်တယ်။ သူက “နောက်မှ ဆွေးနွေးရအောင်” ဆိုပြီး တုံးတိကြီးပြောလိုက်တယ်။ ပြီးတော့ သူက ခေါင်းစဉ်ပြောင်းလိုက်တယ်။ သူက သူ့ကိုယ်ပိုင်အမြင်ကို ဆက်ကိုင်ထားပြီး သူများတွေရဲ့ ဘဝတွေကို ဂရုမစိုက်ဘူးဆိုတာ ကျွန်မ မြင်နိုင်တယ်။ ကျွန်မ အရမ်းစိတ်ဆိုးသွားတယ်။ ဘာပဲဖြစ်ဖြစ် ကျန်းပင်ရဲ့မိသားစုရဲ့ အခြေအနေကို ကျွန်မတို့ခေါင်းဆောင်ကို ပြောရမယ်လို့ ကျွန်မ စိတ်ပိုင်းဖြတ်လိုက်တယ်။ သုံးလေးရက်ကြာတော့ ခေါင်းဆောင်က အလုပ်တချို့လုပ်ဖို့ ရောက်လာပြီး လီကျန်းက ရှင်းလင်းရေးအလုပ်မှာ အာဏာရှင်ဆန်နေတယ်၊ သူက စည်းမျဉ်းတွေနဲ့ဆန့်ကျင်ပြီး လူတွေကို တစ်ဖက်သတ် သတ်မှတ်နေပြီး အသင်းတော်အလုပ်ကို တော်တော် နှောင့်ယှက်နေတယ်လို့ ထုတ်ဖော်ပြတယ်။ ပြီးတော့ သူက လီကျန်းကို ထုတ်လိုက်တယ်။ သိသလောက်တော့ ကျန်းပင်ရဲ့ကိစ္စမှာ လီကျန်းက သူမှားတယ်ဆိုတာ ကောင်းကောင်းသိတယ်။ ဒါပေမဲ့ ဝန်မခံချင်ဘူး။ ကျန်းပင်ကို အမှားရှာဖို့အတွက် သတင်းအချက်အလက်တွေယူဖို့ လူတွေကို သူကိုယ်တိုင်စီစဉ်ခဲ့ပြီး သူနဲ့ သူ့မိသားစုကို အန္တိခရစ်တွေအဖြစ် ထုတ်ပစ်ဖို့ လုံးဝ စိတ်ဆုံးဖြတ်ထားတာ။ ကျွန်မ အရမ်းစိတ်ဆိုးတာ။ သူ့အဆင့်အတန်းကို ကာကွယ်ဖို့ သူက ညီအစ်ကိုမောင်နှမတွေရဲ့ ဘဝတွေကို ဂရုမစိုက်ဘူး။ တော်တော်ကို ဆိုးပါတယ်။ လီကျန်းနဲ့ ကျွန်မရှိခဲ့တဲ့ အချိန်ကို ပြန်စဉ်းစားကြည့်တော့ သူက သူအလုပ်ကြိုးစားတာတွေအားလုံးကို အမြဲပြောနေတာ။ အဲဒါနဲ့ သူ့ကို သမ္မာတရားကို လိုက်စားသူအဖြစ် ကျွန်မက မှတ်ယူခဲ့တယ်။ ကျွန်မက သူ့လုပ်ရပ်တွေရဲ့ ရည်ရွယ်ချက်တွေ၊ အနှစ်သာရတွေကို သမ္မာတရားကို အခြေခံပြီး မစိစစ်ခဲ့ဘူး။ အတွေ့အကြုံကို တကယ်မျှဝေတယ်ဆိုတာ ဘုရားရဲ့ တရားစီရင်ခြင်းကတစ်ဆင့် ကိုယ်သိလာတာကို ပြောတဲ့သဘောပဲ။ ဘယ်သမ္မာတရားတွေကို ကိုယ်သိခဲ့ရတယ်၊ ဘုရားကို ကျေနပ်စေဖို့ သမ္မာတရားကို ဘယ်လိုလက်တွေ့လုပ်ခဲ့တယ်ဆိုတာကို ပြောခြင်းပဲ။ ဒါပေမဲ့ လီကျန်းက တကယ့်နားလည်မှုကို မပြောနိုင်ဘူး။ သူပြောပြတဲ့ အဲဒီခက်ခဲတဲ့ အချိန်တွေက အားလုံးက သူ့ကိုယ်သူ မြှင့်တင်ပြီး သက်သေခံဖို့၊ လေးစားခံရဖို့ပဲ။ သူက အန္တိခရစ်ရဲ့လမ်းကြောင်းပေါ် ရောက်နေတာ။ နောက်တော့ လီကျန်းအပေါ် ကျွန်မ နည်းနည်းရိပ်စားမိလာပြီး ကိုယ့်ကိုယ်ကိုယ် ပိုပြီးတော့တောင် မုန်းတီးလာတယ်။ ကျွန်မက ယုံကြည်သူဖြစ်တာ နှစ်ချီနေပြီ။ ဒါပေမဲ့ အကြောင်းအရာတွေကို ဘုရားနှုတ်ကပတ်တော်ကနေ မကြည့်ဘူး။ လူတွေရဲ့ ဆုကျေးဇူးတွေ၊ အစွမ်းအစတွေကိုပဲကြည့်ပြီး အဆင့်အတန်းနဲ့ သြဇာအာဏာကို မြတ်နိုးခဲ့တယ်။ ကျွန်မက လီကျန်းနောက်လိုက်ပြီး မကောင်းမှုလုပ်ပြီး ညီအစ်ကိုမောင်နှမတွေရဲ့ ဘဝတွေကို ဖျက်ဆီးလုနီးပါးဖြစ်ခဲ့တယ်။ ဒါဆိုရင် ပြန်ကယ်လို့ရမှာမဟုတ်ဘူး။ ကျွန်မက အရမ်းကို မမြင်မကန်းနဲ့ မိုက်မဲခဲ့တာပါ။ ဒီလိုစဉ်းစားမိပြီး ကျွန်မ ကြောက်လာတယ်။

နောက်ပိုင်းမှာ နောက်ထပ် ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ ဖတ်တယ်။ “တစ်စုံတစ်ယောက်ကို ညီအစ်ကိုမောင်နှမများက ခေါင်းဆောင်အဖြစ် ရွေးချယ်သောအခါ၊ သို့မဟုတ် အလုပ်တစ်ခုခု လုပ်ဆောင်ရန်ဖြစ်စေ၊ တာဝန်တစ်ခုခု ထမ်းဆောင်ရန်ဖြစ်စေ ဘုရားသခင်၏အိမ်တော်က ရာထူးတိုးမြှင့်ပေးသောအခါတွင် ဤသူသည် ဘုရားသခင်အပေါ် ကျိုးနွံနာခံနိုင်ပြီး ဘုရားသခင်ကို သစ္စာဖောက်မည်မဟုတ်ဟု အဓိပ္ပာယ်သက်ရောက်ရန် မဆိုထားနှင့်၊ ထိုသူ၌ ထူးခြားသော ဂုဏ်အဆင့်အတန်းသော်လည်းကောင်း၊ ကိုယ်ပိုင်လက္ခဏာသော်လည်းကောင်း ရှိသည်၊ သို့မဟုတ် ထိုသူနားလည်သည့် သမ္မာတရားများက အခြားလူများနားလည်သည့် သမ္မာတရားများထက် ပို၍နက်နဲပြီး ပို၍များပြားသည်ဟုပင် အဓိပ္ပာယ်သက်ရောက်ခြင်း မရှိပေ။ ထိုသူသည် ဘုရားသခင်ကို သိပြီး ဘုရားသခင်ကို ကြောက်ရွံ့သောသူဖြစ်သည်ဟူ၍လည်း မဆိုလိုပေ။ အမှန်တကယ်တွင် ဤမည်သည့်အရာကိုမျှ ၎င်းတို့မရရှိထားပေ။ ရာထူးတိုးမြှင့်ခြင်းနှင့် ပျိုးထောင်ခြင်းသည် အရိုးရှင်းဆုံးသော အဓိပ္ပာယ်ဖြင့် ရာထူးတိုးမြှင့်ခြင်းနှင့် ပျိုးထောင်ခြင်းမျှသာဖြစ်ပြီး ၎င်းတို့ ဘုရားသခင်၏ ကံစီမံခြင်းနှင့် တရားဝင်အောင်ပြုခြင်းကို ခံနေရခြင်းနှင့် မညီမျှချေ။ ထိုသူ၏ ရာထူးတိုးမြှင့်ခြင်းနှင့် ပျိုးထောင်ခြင်းမှာ ထိုသူသည် ရာထူးတိုးမြှင့်ခံရပြီး ပျိုးထောင်မှုကို စောင့်ဆိုင်းနေသည်ဟူ၍ ဆိုလိုခြင်း သက်သက်သာဖြစ်သည်။ ပြီးလျှင် ဤပျိုးထောင်ခြင်း၏ အဆုံးသတ်ရလဒ်က ဤလူသည် သမ္မာတရားကို လိုက်စားခြင်း ရှိမရှိနှင့် ၎င်းသည် သမ္မာတရား လိုက်စားခြင်း လမ်းကြောင်းကို ရွေးချယ်နိုင်စွမ်း ရှိမရှိတို့အပေါ်တွင် မူတည်လေသည်။ ထို့ကြောင့် အသင်းတော်ရှိ တစ်စုံတစ်ယောက်သည် ခေါင်းဆောင်ဖြစ်ရန်အတွက် ရာထူးတိုးမြှင့်ခံရပြီး ပျိုးထောင်ခံရသည့်အခါတွင် ထိုသူသည် အရိုးရှင်းဆုံးသော အဓိပ္ပာယ်ဖြင့် ရာထူးတိုးမြှင့်ပြီး ပျိုးထောင်ခံရခြင်းသာဖြစ်သည်။ ယင်းမှာ ထိုသူသည် အရည်အသွေးပြည့်မီသော ခေါင်းဆောင်တစ်ယောက်၊ သို့မဟုတ် ကျွမ်းကျင်မှုရှိသောသူတစ်ယောက် ဖြစ်နှင့်ပြီးဖြစ်ကြောင်း၊ ထိုသူသည် ခေါင်းဆောင်တစ်ယောက်၏ အလုပ်ကို တာဝန်ယူဆောင်ရွက်နိုင်စွမ်း ရှိနေပြီဖြစ်ပြီး တကယ့်အလုပ်ကို လုပ်ဆောင်နိုင်ကြောင်း အဓိပ္ပာယ်မသက်ရောက်ပေ။ ဤကဲ့သို့ မဟုတ်ပေ။ လူအများစုသည် ဤအရာများကို ရှင်းလင်းစွာ မမြင်ကြသလို၊ ရာထူးတိုးခံရပြီး ပျိုးထောင်ခြင်းခံရသည့်သူများကို အထင်ကြီးကြသည်၊ သို့ရာတွင် ဤသည်မှာ အမှားတစ်ခုဖြစ်သည်။ ၎င်းတို့သည် နှစ်ပေါင်းမည်မျှ ယုံကြည်ပြီးဖြစ်ပါစေ၊ ရာထူးတိုးခြင်း ခံရသည့်သူများသည် သမ္မာတရား၏ လက်တွေ့အရှိတရားကို အမှန်တကယ် ပိုင်ဆိုင်သလော။ သေချာပေါက် လုပ်ဆောင်နိုင်ခြင်းမျိုး မဟုတ်ပေ။ ၎င်းတို့သည် ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များကို အကောင်အထည်ဖော်နိုင်သလော။ သေချာပေါက် လုပ်ဆောင်နိုင်ခြင်းမျိုး မဟုတ်ပေ။ ၎င်းတို့၌ တာဝန်ယူစိတ်တစ်ခု ပိုင်ဆိုင်သလော။ ၎င်းတို့၌ သန္နိဋ္ဌာန် ရှိသလော။ ၎င်းတို့သည် ဘုရားသခင်ကို ကျိုးနွံနာခံနိုင်သလော။ အရေးကိစ္စတစ်ခုကို ကြုံတွေ့ရသည့်အခါတွင် ၎င်းတို့သည် သမ္မာတရားကို ရှာဖွေနိုင်သလော။ ဤအရာအားလုံးတို့ကို မသိရှိရပေ။ ဤလူများ၌ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးရှိသလော။ ဘုရားသခင်အပေါ် သူ၏ကြောက်ရွံ့မှုမှာ မည်မျှကြီးမားသနည်း။ အမှုအရာများကို ဆောင်ရွက်သည့်အခါတွင် သူ၏ ကိုယ်ပိုင်စိတ်ဆန္ဒနောက်ကို လိုက်တတ်သလော။ ၎င်းတို့သည် ဘုရားသခင်ကို ရှာဖွေနိုင်သလော။ ခေါင်းဆောင်တို့၏ အလုပ်ကို ဆောင်ရွက်သည့်အချိန်ကာလတွင် ထိုသူသည် ဘုရားသခင်၏ အလိုတော်ကို ရှာဖွေရန် ဘုရားသခင်ရှေ့မှောက်သို့ ပုံမှန်၊ မကြာခဏလာရောက်သလော။ ၎င်းတို့သည် သမ္မာတရား၏ လက်တွေ့အရှိတရားထဲသို့ ဝင်ရောက်မှုတွင် လူတို့ကို လမ်းပြနိုင်သလော။ ၎င်းတို့သည် ဤအရာများကို သေချာပေါက်ပင် ချက်ချင်းစွမ်းဆောင်နိုင်ခြင်းမရှိပေ။ ၎င်းတို့သည် လေ့ကျင့်ပေးခြင်းမခံထားရသေးဘဲ အတွေ့အကြုံ နည်းပါးလွန်းသည်။ ထို့ကြောင့် ဤအရာများကို မစွမ်းဆောင်နိုင်ပေ။ ဤအတွက်ကြောင့် တစ်စုံတစ်ယောက်ကို ရာထူးတိုးမြှင့်ပေးခြင်းနှင့် ပျိုးထောင်ခြင်းက ထိုသူသည် သမ္မာတရားကို နားလည်ပြီးဖြစ်သည်ဟု ဆိုလိုခြင်းမဟုတ်သကဲ့သို့ သူ၏ တာဝန်ကို ကျေနပ်ဖွယ် ဆောင်ရွက်နိုင်စွမ်းရှိပြီးဖြစ်သည်ဟု ဆိုခြင်းလည်း မဟုတ်ပေ။...ဤသို့ ငါပြောဆိုရာ၌ မည်သည့်အရာကို ဆိုလိုသနည်း။ ဘုရားအိမ်တော်ရှိ အရည်အချင်းရှိသူအမျိုးမျိုးကို ရာထူးတိုးမြှင့်ပေးခြင်း၊ ပျိုးထောင်ခြင်းတို့ကို မှန်ကန်စွာ ကိုင်တွယ်ရမည်၊ ဤသူတို့အပေါ်တွင် တောင်းဆိုမှုများ မပြင်းထန်ရဟု လူတိုင်းကို ပြောပြရန်ဖြစ်သည်။ ပြောစရာမလိုသည်မှာ ၎င်းတို့အပေါ် လူတို့၏ ထင်မြင်ချက်များသည် လက်တွေ့မကျခြင်းလည်း မဖြစ်ရပေ။ ၎င်းတို့ကို အလွန်အမင်း ကျေးဇူးတင်ခြင်း၊ သို့မဟုတ် အလွန်အမင်း ရိုသေလေးစားခြင်းမှာ မိုက်မဲသည်၊ ပြီးလျှင် ၎င်းတို့အပေါ် သင်၏ တောင်းဆိုမှုများ ပြင်းထန်ခြင်းသည်လည်း လူသားမဆန်ပေ၊ သို့မဟုတ် လက်တွေ့မကျပေ။ ဤသို့ဆိုလျှင် ၎င်းတို့အပေါ် ပြုမူရန် ကျိုးကြောင်းအသင့်ဆုံးနည်းလမ်းမှာ အဘယ်နည်း။ ၎င်းတို့ကို သာမန်လူများအဖြစ် မှတ်ယူရန်ဖြစ်သည်။ ရှာဖွေရန် လိုအပ်သည့် ပြဿနာတစ်ခုရှိသည့်အခါတွင် ၎င်းတို့နှင့် မိတ်သဟာယဖွဲ့ပြီး တစ်ယောက်၏ အားသာချက်ကို တစ်ယောက်သင်ယူရန်၊ အချင်းချင်း ဖြည့်စွက်ပေးရန်ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ) ဘုရားနှုတ်ကပတ်တော်တွေက အရမ်းရှင်းတယ်။ ခေါင်းဆောင်အဖြစ် အရွေးခံရတာက အဲဒီလူက သမ္မာတရားကိုသိတယ်၊ တာဝန်ကို လုံလုံလောက်လောက် ထမ်းဆောင်နိုင်တယ်လို့ မဆိုလိုဘူး။ သူတို့လည်း ဖောက်ပြန်ပျက်စီးတာပဲ။ သူတို့ရဲ့ ကိုယ်ပိုင်အတွေ့အကြုံတွေ၊ စိတ်ထင်သလိုတွေနဲ့ လုပ်နိုင်တယ်။ စည်းမျဉ်းတွေကို ချိုးဖောက်နိုင်တယ်။ သမ္မာတရားစည်းမျဉ်းတွေနဲ့အညီ လူတွေကို ပိုင်းခြားသိမြင်ရမယ်။ ဘယ်သူ့နောက်ကိုမှ မစဉ်းမစားမလိုက်ရဘူး။ နောက်ပြီးတော့လည်း သမ္မာတရားအပေါ် ခေါင်းဆောင်တွေရဲ့ မိတ်သဟာယက အလင်းပေးနိုင်ပေမဲ့ အဲဒါက သန့်ရှင်းသောဝိညာဉ်တော်ရဲ့ ဉာဏ်အလင်းဖွင့်ပြမှုဖြစ်ပြီး ဒါကို ဘုရားသခင်ဆီကနေ လက်ခံရမယ်။ မစဉ်းမစားနဲ့ လူတစ်ယောက်ကို မြတ်နိုးပြီး မနာခံသင့်ဘူး။ ခေါင်းဆောင်ရဲ့အလုပ်မှာ အမှားတွေ၊ သတိမထားမိတာတွေရှိရင် ဒါမှမဟုတ် သူတို့က သမ္မာတရားစည်းမျဉ်းတစ်ခုခုကို ချိုးဖောက်ရင် ဒါကို မှန်မှန်ကန်ကန် ကိုင်တွယ်သင့်တယ်။ ချစ်ခြင်းနဲ့ ထောက်ပြပြီး ကူညီပေးနိုင်တယ်။ ဒါဆိုရင် သူတို့က ပြောင်းလဲနိုင်ပြီး စည်းမျဉ်းနဲ့အညီ လုပ်နိုင်တယ်။ ဒါပေမဲ့ ကျွန်မက အဆင့်အတန်းနဲ့ သြဇာအာဏာကို မြတ်နိုးတော့ လီကျန်းက အထက်ခေါင်းဆောင်ဖြစ်ခဲ့တာကြောင့် သမ္မာတရားကို ကျွန်မထက်ပိုသိရမယ်လို့ မှားပြီး ထင်ခဲ့တယ်။ ကျွန်မစဉ်းစားပုံက အရမ်းကို လွဲနေတာ။ သူက နှစ်တွေအကြာကြီး ခေါင်းဆောင်ဖြစ်ခဲ့ပြီး အလုပ်အတွေ့အကြုံတချို့ရှိတယ်။ သြဝါဒတချို့ကိုပြောနိုင်ပြီး တချို့ပြဿနာတွေကို ဖြေရှင်းနိုင်တယ်။ ဒါပေမဲ့ ဒါက သူသမ္မာတရားကိုနားလည်တယ်လို့ မဆိုလိုဘူး။ လီကျန်းကို ဒါနဲ့ယှဉ်ပြီး ကြည့်တဲ့အခါ သူ့မိတ်သဟာယနဲ့ နားလည်မှုက ကောင်းတဲ့ပုံပေါ်လေ့ရှိတယ်။ အကြောင်းအရာတွေကို နားမလည်တဲ့အခါ သမ္မာတရားကိုရှာသင့်တယ်၊ ကိုယ့်အမြင်တွေကို မဖက်တွယ်ထားသင့်ဘူးလို့ သူကပြောတယ်။ ဒါပေမဲ့ ပြဿနာတွေရင်ဆိုင်ရတဲ့အခါမှာ သူက အမြဲတမ်း သူ့ကိုယ်ပိုင်နည်းလမ်းနဲ့လုပ်တယ်။ သူများတွေရဲ့ အကြံတွေကို နည်းနည်းလေးမှ လက်မခံဘူး။ လုံးဝ မရှာဖွေဘူး။ သူက ဘာစစ်မှန်မှုမှမရှိဘဲ အယူဝါဒအကြောင်းပဲပြောတယ်။ သူ့မှာ ဆင်ခြင်သုံးသပ်တာ၊ သူ့ရဲ့ မာနကြီးတဲ့၊ ဆိုးယုတ်တဲ့ သဘာဝကို နားလည်တာ တစ်ခုမှမရှိဘူး။ သူ့ရဲ့ ကိုယ်ပိုင်အဆင့်အတန်းကို ထိန်းသိမ်းဖို့အတွက် လူတွေကို သာမန်ကာလျှံကာနဲ့ ထုတ်ဖို့ အသင့်ဖြစ်နေတယ်။ သူက အယောင်ဆောင်ခေါင်းဆောင်ဖြစ်ပြီး အန္တိခရစ်တစ်ယောက်ဖြစ်တယ်ဆိုတာ ရှင်းပါတယ်။

အဲဒီနောက်မှာ ကျန်းပင်နဲ့ သူ့မိသားစုက အသင်းတော်မှာ အရင်နေရာကို ပြန်ရသွားတယ်။ သူတို့က အသင်းတော်အသက်တာကို မရှင်သန်နိုင်တာ နှစ်နှစ်ကျော်ကြာပြီး သူတို့ ဒုက္ခခံခဲ့ရမယ့် ဝိညာဉ်ဆိုင်ရာဝေဒနာအားလုံးကို စဉ်းစားမိပြီး ကျွန်မ ဖော်ပြလို့မရအောင် ဆိုးဆိုးရွားရွား ခံစားမိတယ်။ သမ္မာတရားကို မရှာဖွေဘဲ လူတစ်ယောက်ကိုပဲ နားထောင်ခဲ့တဲ့အတွက် ကိုယ့်ကိုယ်ကိုယ် မုန်းမိတယ်။ ကျွန်မက သမ္မာတရားစည်းမျဉ်းတွေကို ရှာဖွေပြီး အသင်းတော်ဆီကို ချက်ချင်းပြန်ခေါ်ခဲ့ရင် သူတို့ရဲ့ အသက်ဝင်ရောက်မှုက အရမ်းနှောင့်နှေးမှာမဟုတ်ဘူး။ အဲဒီအချိန်မှာ လူတစ်ယောက်ကို မစဉ်းမစားနဲ့ ချစ်မြတ်နိုးတာက ကိုယ့်ကို သူနဲ့အတူလိုက်ပြီး မကောင်းမှုလုပ်ပြီး ဘုရားကို အာခံစေဖို့ ဖြစ်နိုင်ခြေရှိတယ်ဆိုတာ ကျွန်မ သဘောပေါက်ခဲ့တယ်။ ကျွန်မက မပြတ်မသားဖြစ်ပြီး မမြင်နိုင်ဖြစ်ခဲ့တာ၊ လူတစ်ယောက်နောက်လိုက်ပြီး အရမ်းကြီးမားတဲ့ မကောင်းမှုကိုလုပ်ခဲ့တာကိုလည်း မုန်းမိတယ်။ နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်ထဲက ဒါကို ကျွန်မ ဖတ်တယ်။ “ဘုရားသခင်၌ ယုံကြည်ခြင်းကို ဖော်ပြဖို့ အရိုးရှင်းဆုံးသော နည်းလမ်းမှာ ဘုရားသခင်တစ်ပါးရှိသည်ကို ယုံကြည်ခြင်းနှင့် ဤအခြေခံအုတ်မြစ်ပေါ်တွင် သူ့နောက်လိုက်ခြင်း၊ သူ့ကိုနာခံခြင်း၊ သူ၏အုပ်စိုးမှု၊ စီစဉ်ညွှန်ကြားမှုနှင့် အစီအစဉ်များကို လက်ခံခြင်း၊ သူ၏နှုတ်ကပတ်တော်များကို နားထောင်ခြင်း၊ သူ၏နှုတ်ကပတ်တော်များနှင့်အညီ အသက်ရှင်ခြင်း၊ သူ၏နှုတ်ကပတ်တော်များနှင့်အညီ အရာရာကို လုပ်ဆောင်ခြင်း၊ စစ်မှန်သော ဖန်ဆင်းခံသတ္တဝါတစ်ဦး ဖြစ်ခြင်းနှင့် သူ့ကို ကြောက်ရွံ့ကာ မကောင်းမှုကို ရှောင်ကြဉ်ခြင်းတို့ ဖြစ်သည်။ ဤအရာသည်သာ ဘုရားသခင်၌ စစ်မှန်သော ယုံကြည်မှု ဖြစ်သည်။ ဘုရားသခင်နောက်လိုက်ဖို့မှာ ဤအရာကို ဆိုလိုသည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အကြင်သူသည် ဘာသာတရားကို ယုံကြည်ခြင်း၊ သို့မဟုတ် ဘာသာရေးအခမ်းအနားများကို ပါဝင်လုပ်ဆောင်ခြင်းအားဖြင့် ကယ်တင်ခြင်းမခံရနိုင်ပေ) ယုံကြည်ခြင်းမှာ ဘုရားကို ကြောက်ရွံ့တာ ကြီးမြတ်သူအဖြစ် ကြည်ညိုတာ၊ သမ္မာတရားစည်းမျဉ်းတွေကို ရှာဖွေတာက ကျွန်မတို့ အနည်းဆုံး ထိန်းသိမ်းသင့်တဲ့အရာပဲဆိုတာ ဘုရားနှုတ်ကပတ်တော်က ကျွန်မကို ပြခဲ့တယ်။ ဘယ်သူပဲဖြစ်ပါစေ သူတို့ပြောတာက သမ္မာတရားနဲ့ညီရင် လိုက်လုပ်ပါ။ လူသားအယူအဆနဲ့ စိတ်ကူးတွေက ဘယ်အရာကိုမဆို သစ္စာရှိရှိနဲ့ ငြင်းပယ်ပါ။ အရာရာတိုင်းက ဘုရားနှုတ်ကပတ်တော်အတိုင်း သွားသင့်တယ်။ ဒါက စစ်မှန်တဲ့ ယုံကြည်မှုပဲ။ ဘုရားနောက်ကို တကယ်လိုက်နေတာပဲ။ ကျေးဇူတော်ပဲ။ ဘုရားသခင်နောက်ကိုလိုက်ဖို့ ကျွန်မရဲ့ အနာဂတ်လမ်းကြောင်းပေါ်မှာ ရှင်းလင်းနေသလို ခံစားမိတယ်။

တစ်နေ့မှာ ကျွန်မက အသင်းတော်ခေါင်းဆောင်ဖြစ်တဲ့ အစ်မဝမ်နဲ့ လူတွေကို လေ့ကျင့်ပေးတဲ့အကြောင်း ဆွေးနွေးတဲ့အခါ အစ်မကောင်းက အကြောင်းအရာတွေကို တွေ့ကြုံတဲ့နေရာမှာ တော်တယ်၊ သမ္မာတရားအပေါ် သူ့မိတ်သဟာယက လက်တွေ့ကျတယ်၊ သူ့ကို ခေါင်းဆောင်အဖြစ် ပျိုးထောင်ပေးလို့ရနိုင်တယ်လို့ သူကပြောတယ်။ ဒါပေမဲ့ အစ်မကောင်းနဲ့ ကျွန်မ ဆက်ဆံကြည့်တော့ သူက အစွမ်းအစနည်းပြီး သမ္မာတရားအပေါ် စစ်မှန်တဲ့ နားလည်မှုမရှိတာကို တွေ့ရတယ်။ သူက သူ့တာဝန်မှာ တော်တော်ကို မတက်မကြွဖြစ်ပြီး တစ်ကြိမ်မှာ လချီပြီး ရလဒ်ကောင်းတွေ မရဘူး။ သူက အလားအလာကောင်းတဲ့သူမဟုတ်ဘူး။ ဒါပေမဲ့ အစ်မဝမ်က သူ့ကို ထောက်ခံခဲ့တယ်ဆိုတော့ ကျွန်မက မှန်မှန်ကန်ကန်မမြင်တာလား တွေးမိတယ်။ အစ်မဝမ်က အသင်းတော်ခေါင်းဆောင်ဖြစ်တာ နှစ်တွေကြာပြီ။ ဒီတော့ သူ့ရဲ့ ပိုင်းခြားသိမြင်မှုက ကျွန်မထက် သာသင့်တယ်။ သူပြောတဲ့အတိုင်းပဲ ကျွန်မ လုပ်သင့်တယ်လို့ တွက်မိတယ်။ ဒါပေမဲ့ ဒီလိုစဉ်းစားကြည့်တော့ ကျွန်မ အပြစ်ရှိသလိုခံစားရတယ်။ ကျွန်မက အစ်မဝမ်ရဲ့ အဆင့်အတန်းနဲ့ ခေါင်းဆောင်အဖြစ် သူထမ်းဆောင်ခဲ့တဲ့နှစ်တွေကို အာရုံစိုက်နေတာကို သဘောပေါက်လိုက်တယ်။ ကျွန်မက အဆင့်အတန်းနဲ့ သြဇာအာဏာကို အရမ်းမြှောက်စားနေပြီး လူတစ်ယောက်နောက်ကို လိုက်နေတာမဟုတ်ဘူးလား။ ကျန်းပင်နဲ့ သူ့မိသားစုအကြောင်းကို ကျွန်မ စဉ်းစားတယ်။ ကျွန်မက သြဇာအာဏာကို မြတ်နိုးပြီး စည်းမျဉ်းတွေကို မထိန်းသိမ်းခြင်းရဲ့ အကျိုးဆက်တွေက ကျွန်မအတွက် စိတ်ဆင်းရဲစရာပဲ။ ဒီလိုအရာမျိုးကို ထပ်ပြီး ရင်ဆိုင်ရတာက ဘုရားဆီက စမ်းသပ်မှုပဲ။ ကျွန်မက စည်းမျဉ်းတွေကို မထိန်းသိမ်းနိုင်သေးရင်၊ မသင့်တော်တဲ့သူကို ရာထူးတိုးဖို့ ကူညီပေးခဲ့ရင် ညီအစ်ကိုမောင်နှမတွေရဲ့ အသက်ဝင်ရောက်မှုကို နှောင့်နှေးစေမှာပဲ။ အစ်မဝမ်က ခေါင်းဆောင်တစ်ယောက်ပဲ။ ဒါပေမဲ့ ဒါက သမ္မာတရားကို သူသိတယ်၊ လူတွေကို ပြည့်စုံအောင်နားလည်တယ်လို့ မဆိုလိုဘူး။ သူ့အကြံက ကျွန်မထည့်စဉ်းစားဖို့တစ်ခုသက်သက်ပဲ။ အစ်မကောင်းကို ပျိုးထောင်ပေးသင့်သလားဆိုတာကို စည်းမျဉ်းတွေအပေါ် အခြေခံပြီး ကျွန်မ စဉ်းစားရမယ်။ နောက်ပိုင်းမှာ အစ်မကောင်းအပေါ် အကဲဖြတ်ချက်တချို့ကို ကျွန်မ စုလိုက်တယ်။ သူက အစွမ်းအစနည်းပြီး လက်တွေ့အလုပ်ကိုမလုပ်ဘူး၊ ဒါကြောင့် အလားအလာကောင်းသူမဟုတ်ဘူးဆိုတာကို ဒါတွေက အတည်ပြုလိုက်တယ်။ ကျွန်မ ထင်မြင်ချက်ကို အစ်မဝမ်ကို ပြောပြလိုက်တယ်။ သူက သဘောတူတယ်။ ငြိမ်သက်ခြင်းရှိဖို့ တစ်ခုတည်းသောနည်းလမ်းက ဘယ်သူ့နောက်ကိုမှ မစဉ်းမစား မလိုက်ဘဲ သမ္မာတရားကို လက်တွေ့လုပ်ဖို့ပဲဆိုတာ ကျွန်မ စိတ်နှလုံးထဲကနေ ခံစားခဲ့ရတယ်။ ကျန်းပင်နဲ့ သူ့မိသားစုရဲ့ ဖြစ်ရပ်ဖြစ်ခဲ့တာ သုံးနှစ်ကျော်ပြီ။ ဒါပေမဲ့ ဒါက ကျွန်မ စိတ်နှလုံးထဲမှာ အမြဲတမ်းစွဲနေတယ်။ ဒီ မေ့မရနိုင်တဲ့ သင်ခန်းစာက ယုံကြည်ခြင်းရှိနေတုန်းမှာ လူတစ်ယောက်နောက်လိုက်ခြင်းရဲ့ အကျိုးဆက်တွေကို ကျွန်မကို မြင်ခွင့်ပေးတယ်။ သမ္မာတရားကို ရှာဖွေတာ၊ သမ္မာတရားနဲ့အညီ လုပ်ဆောင်တာက ဘုရားနောက်လိုက်ပြီး ဘုရားရဲ့ လက်ခံမှုကို ရဖို့ တစ်ခုတည်းသောနည်းလမ်းပဲဆိုတာကိုလည်း ကျွန်မ ကြုံတွေ့ခဲ့ရတယ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

အသက်တာတွင် ဘုရားသခင်၏ အချုပ်အခြာအာဏာကို သိခြင်း

ရှင့်ရှင်း အမေရိကန်နိုင်ငံအနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ဘုရားသခင်၏ သြဇာအာဏာ၊ ဘုရားသခင်၏ တန်ခိုး၊ ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့်...

နှုတ်ဆက်လိုက်ပါသည်၊ လူ့အကြိုက်လိုက်သူရေ။

လီဖေး စပိန်နိုင်ငံလူ့အကြိုက်လိုက်သူများအကြောင်း ပြောသည့်အခါ၊ ဘုရားသခင်ကို ကျွန်မ မယုံကြည်မီတွင် သူတို့က ကြီးမြတ်သည်ဟု ကျွန်မ ထင်ခဲ့သည်။...

ကောင်းချီးများကို လိုက်စားခြင်းမှ နိုးထခြင်း

၁၉၉၄ ခုနှစ်မှာ ကျွန်မအမေက သခင်ယေရှုကို ယုံကြည်ခဲ့ပါတယ်။ သုံးလအတွင်းမှာပဲ သူ့ရဲ့ နှလုံးသွေးကြောပိတ်ရောဂါက ပျောက်သွားတယ်။ ဒါက ဘုရားရဲ့...

သူငယ်ချင်းကောင်းဆိုရင် မမြင်ချင်ယောင်ဆောင်ပါ့မလား

သင်းလိ အမေရိကန်နိုင်ငံ အစ်မ ဘာဘရာနဲ့ ကျွန်မက သိတာ နှစ်နှစ်ရှိပြီ။ တော်တော်ကောင်းတဲ့ ခင်မင်နားလည်မှုကို တည်ဆောက်ခဲ့ကြတယ်။ ကျွန်မတို့...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။