ဧဝံဂေလိဟောကြားခြင်း၌ အခက်အခဲများ ရှိသည့်အခါ

16.09.2022

၂၀၂၀မှာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို ကျွန်မ လက်ခံခဲ့တယ်။ သခင်ပြန်ကြွလာတာကို ကြိုဆိုနိုင်ဖို့က ကျွန်မရဲ့ ကြီးမားတဲ့ ကောင်းချီးပဲ။ ဒီမယုံနိုင်အောင် အရေးပါတဲ့ သတင်းကောင်းကို ဖြန့်ဝေဖို့ ဧဝံဂေလိ စဖြန့်ဝေခဲ့တယ်။ ဘုရားအသံတော်ကို ကြားပြီးတော့ လူတွေဘုရားဆီ ပိုပြန်လာနိုင်အောင် မျှော်လင့်ရင်းပေါ့။ ဒါပေမဲ့ ဖေဖော်ဝါရီ ၂၀၂၂မှာ မြန်မာအစိုးရရဲ့ ဘာသာရေး ယုံကြည်မှု ဖိနှိပ်ချက်တွေကြောင့် ကျွန်မ အသင်းတော် နှိပ်ကွပ်ခံရပြီး ဧဝံဂေလိအလုပ်က တော်တော် ဟန့်တားခံရတယ်။ သူရဲဘောနည်းပြီး ပျော့ညံ့လို့ တချို့ ညီအစ်ကိုမောင်နှမတွေ စုဝေးပွဲတွေ မတက်ခဲ့ကြဘူး။ တချို့က သူတို့တာဝန်တွေမှာ မထုံတက်သေးဖြစ်လာတယ်။ ဧဝံဂေလိအလုပ်က အခြေခံအားဖြင့် ရပ်တန့်သွားတယ်။ အဲဒီအချိန်မှာ ကျွန်မလည်း ကိုယ့်တာဝန်မှာ မထုံတက်သေးဖြစ်လာတယ်။ ကျွန်မလုပ်ဖို့ ခေါင်းဆောင်စီစဉ်ပေးတာမှန်သမျှ ကျွန်မ လုပ်ခဲ့တယ်။ ကျွန်မက လူတွေကို ပုံမှန် ရေလောင်းနေပေမဲ့၊ သူတို့ကသာ စုဝေးပွဲတွေ ပုံမှန်မတက်ဘဲ ကိုယ့်တာဝန်တွေမှာ မထုံတက်သေးဖြစ်နေတာလို့ ခံစားရတယ်။ ဒီတော့ ကိုယ်လုပ်နိုင်တာ မရှိဘူးပေါ့။ တစ်ခါတလေ အင်တာနက်က မရှိတော့ ညီအစ်ကိုမောင်နှမတွေနဲ့ အလုပ်အကြောင်းသင်ဖို့ အွန်လိုင်းမတက်နိုင်ဘူး။ အဲဒါနဲ့ အင်တာနက်ရှာဖို့ သွားရတယ်။ တစ်ခါတလေ ကျွန်မ အကြာကြီး ရှာဖွေပြီး အင်တာနက်ကောင်းကောင်း မတွေ့နိုင်သေးဘူး။ အချိန်ကြာလာတာနဲ့၊ အလုပ်ကိစ္စသင်ဖို့တောင် အွန်လိုင်း မတက်ချင်တော့ဘူး။ အဲဒီအချိန်က အစ်မတစ်ယောက်ရဲ့ ဆွေမျိုးကို ဧဝံဂေလိ ဟောခဲ့တယ်။ သူတို့မိသားစုသုံးယောက်က ဘုရားရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံခဲ့လို့ အဲဒီမှာ ဆယ်ရက်နေပြီး သူတို့ကို ရေလောင်းခဲ့တယ်။ ဒီလူသစ်သုံးယောက်ကို ရေလောင်းရတာနဲ့ ကျွန်မ ကျေနပ်နေပြီး တရားမဟောချင်တော့ဘူး။ ကျွန်မတွေးတယ်။ “သူတို့က အနီးအနားကျေးရွာတွေမှာ ကောလာဟလတွေ အများကြီးပြောထားတော့ ဧဝံဂေလိ ဖြန့်ဝေဖို့ ခက်တယ်။ ဒီမိသားစုသုံးယောက်ကို ကျွန်မ ကောင်းကောင်း ရေလောင်းနိုင်ရင်၊ သူတို့ဆွေမျိုးတွေနဲ့ မိသားစုတွေကို တရားဟောဖို့ သူတို့က ကျွန်မကို ခေါ်သွားမှာ။ ဒါက ဧဝံဂေလိဟောဖို့ နည်းလမ်းကောင်း မဟုတ်ဘူးလား။” ဒီတော့ ညီအစ်ကိုမောင်နှမတွေက အိမ်နီးချင်းကျေးရွာတွေမှာ ဧဝံဂေလိ လက်ခံဖို့ အလားအလာရှိတဲ့ သူတွေကို ပြောပြတော့၊ သူတို့ကို ဧဝံဂေလိ ဘယ်လိုဟောရမယ်ဆိုတာ ကျွန်မ ဆွေးနွေးခဲတယ်။ ဒါက ဧဝံဂေလိအလုပ်ကို တိုက်ရိုက်ထိခိုက်တယ်။

နောက်ပိုင်း အလုပ်ကို သွားတော့ ခေါင်းဆောင်က ကျွန်မတို့အသင်းတော် ဧဝံဂေလိအလုပ်က အဲဒီလအတွက် အခြေခံအားဖြင့် ရပ်သွားတယ်ဆိုပြီး တခြားပြဿနာတွေကို ပြောသွားတယ်။ ဒါနဲ့ ကျွန်မ တော်တော် ဝမ်းနည်းရတယ်။ နောက်ပိုင်းမှာ အစ်မက သတိပေးတယ်။ ကျွန်မက ရှိရင်းစွဲနဲ့ ကျေနပ်နေပြီး ကိုယ့်တာဝန်မှာ တိုးတက်ဖို့ မကြိုးစားဘူးတဲ့။ အဲဒါဟာ ကျွန်မအတွက် ရုတ်တရုက် နိုးထလာသလိုပဲ။ ကျွန်မက ကိုယ့်တာဝန်မှာ ဝန်မထမ်းတာကို သဘောပေါက်သွားတယ်။ အသင်းတော်ခေါင်းဆောင်အနေနဲ့ ခေါင်းဆောင်တစ်ယောက် လုပ်သင့်တာကို မလုပ်ခဲ့ဘူး။ အခက်အခဲတွေကို ရင်မဆိုင်ဘူး။ မဖြေရှင်းဘူး။ အဲဒါက အကျိုးဆက်အနေနဲ့ ဧဝံဂေလိအလုပ်ကို ထိခိုက်တာပေါ့။ အဲဒါကို ကျွန်မ တွေးလေ၊ စိတ်မကောင်းလေပဲ။ ဆင်ခြင်ရင်းနဲ့၊ ဘုရားနှုတ်ကပတ်တော်မှာ ဖတ်ရတယ်။ “လက်ရှိတွင်၊ အသင်းတော်အတွက် မည်သည့်ဝန်ထုပ်ကိုမျှ သယ်ဆောင်ခြင်း မရှိသည့် သူအချို့ရှိသည်။ ဤလူများသည် ပေါ့ဆပြီး ဖြစ်ကတတ်ဆန်းနိုင်ကာ၊ မိမိတို့ကိုယ်တိုင်၏ ဇာတိပကတိအတွက်သာ ဂရုစိုက်ကြသည်။ ထိုသို့သောလူများသည် အလွန့်အလွန် တစ်ကိုယ်ကောင်းဆန်ပြီး မျက်စိလည်းကန်းနေကြသည်။ သင်သည် ဤကိစ္စကို ရှင်းလင်းစွာ မမြင်နိုင်ပါက မည်သည့် ဝန်ထုပ်ကိုမျှ သင် သယ်ဆောင်လိမ့်မည် မဟုတ်ပေ။ သင်သည် ဘုရားသခင်၏အလိုတော်ကို အလေးထားလေလေ၊ သင့်ထံ သူ အပ်နှံသည့် ဝန်ထုပ်သည် ကြီးမားလေလေ ဖြစ်လိမ့်မည်။ တစ်ကိုယ်ကောင်းဆန်သူများသည် ထိုသို့သောအရာများကို ဒုက္ခခံရန် လိုလားခြင်းမရှိကြချေ။ ၎င်းတို့သည် အဖိုးအခပေးရန် လိုလားခြင်း မရှိကြသကဲ့သို့၊ အကျိုးဆက်အနေဖြင့် ဘုရားသခင်၏စုံလင်စေခြင်း ခံရမည့် အခွင့်အရေးများကို ၎င်းတို့ လက်လွတ်သွားကြလိမ့်မည် ဖြစ်သည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို ထိခိုက်အောင် လုပ်ဆောင်နေကြခြင်း မဟုတ်လော။ သင်သည် ဘုရားသခင်၏အလိုတော်ကို သတိရှိသူတစ်ဦးဖြစ်ပါက၊ အသင်းတော်အတွက် စစ်မှန်သော ဝန်ထုပ်တစ်ခုကို သင် ဖြစ်ပေါ်စေလိမ့်မည်။ အမှန်တွင်၊ အသင်းတော်အတွက် သင် ဖြစ်ပေါ်စေသည့် ဤဝန်ထုပ်၏ ရည်ရွယ်ချက်မှာ ဘုရားသခင်၏ စုံလင်စေခြင်းခံရဖို့ ထိုသို့သော အတွေ့အကြုံများအား သင့်ကို အသုံးပြုစေဖို့ဖြစ်သောကြောင့် ဤအရာကို အသင်းတော်အတွက် သင် သယ်ပိုးသည့် ဝန်ထုပ်တစ်ခုဟု ခေါ်မည့်အစား၊ သင်ကိုယ်တိုင်၏ အသက်တာအတွက် သင် သယ်ပိုးသည့် ဝန်ထုပ်တစ်ခုဟု ခေါ်ဖို့ ပိုကောင်းပေမည်။ ထို့ကြောင့် အသင်းတော်အတွက် အကြီးမားဆုံးသော ဝန်ထုပ်ကို သယ်ဆောင်သူ မည်သူမဆို၊ အသက်တာထဲသို့ ဝင်ရောက်ခြင်းအတွက် ဝန်ထုပ်တစ်ခုကို သယ်ဆောင်သူ မည်သူမဆို- ၎င်းတို့သည် ဘုရားသခင်၏စုံလင်စေခြင်းကို ခံရသည့်သူများ ဖြစ်ကြလိမ့်မည်။ ဤအရာကို သင်ရှင်းလင်းစွာ မြင်ပြီးပြီလော။ သင်ပါဝင်သောအသင်းတော်သည် သဲကဲ့သို့ လူစုကွဲနေသော်လည်း သင်သည် စိုးရိမ်ခြင်း မရှိသကဲ့သို့ ပူပန်ခြင်းလည်း မရှိပါက၊ ပြီးလျှင် ညီအစ်ကိုမောင်နှမများက ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပုံမှန်စားသောက်ခြင်း မရှိသည့်အခါ သင်သည် မသိကျိုးကျွန်ပင်ပြုထားပါက၊ သင်သည် မည်သည့်ဝန်ထုပ်ကိုမျှ သယ်ဆောင်နေခြင်း မရှိပေ။ ထိုသို့သောလူများသည် ဘုရားသခင် အထူးနှစ်သက်သည့် သူမျိုး မဟုတ်ပေ။ ဘုရားသခင် အထူးနှစ်သက်သည့်သူမျိုးက ဖြောင့်မတ်ခြင်းတရားအတွက် ဆာငတ်မွတ်သိပ်ပြီး သူ၏အလိုတော်အပေါ် သတိရှိ၏။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ အမှုတော်နှင့် ဘုရားသခင်ကို သိကျွမ်းခြင်း၊ စုံလင်ခြင်းကိုရရှိဖို့အလို့ငှာ ဘုရားသခင်၏ အလိုတော်ကို အလေးထားလော့) ဘုရားနှုတ်ကပတ်တော်တွေကို တွေးဆရင်း၊ အရမ်းအပြစ်ရှိတယ်လို့ ခံစားရတယ်။ ကျွန်မက အသင်းတော်ခေါင်းဆောင်ဖြစ်ခဲ့တာ။ ဧဝံဂေလိအလုပ် ရပ်နေတာ မြင်တော့၊ ကျွန်မ အရေးတကြီး မခံစားရဘူး။ ကျွန်မက မျှတတဲ့ ဆင်ခြေတွေရှာတယ်။ အင်တာနက်လိုင်းမကောင်းတော့ အလုပ်အကြောင်းမသင်နိုင်တာ နားလည်လို့ရပါတယ်လို့ တွေးမိခဲ့တယ်။ ဧဝံဂေလိ လက်ခံဖို့ အလားအလာရှိတဲ့သူတွေအတွက်တော့ ကိုယ့်ညီအစ်ကိုမောင်နှမတွေက ထောက်ပံ့တယ်လေ။ သူတို့ကို ဧဝံဂေလိ ဘယ်လိုဟောရမယ်ဆိုတာ ကျွန်မက မိတ်သဟာယပြုခဲတယ်။ ကိုယ့်အစ်မက အလုပ်အကြောင်း ဆွေးနွေးချင်တော့ သူတို့ ကျွန်မကို ရှာမရဘူး။ အသင်းတော်ကို နှိပ်ကွပ်တာနဲ့ ကြုံရပြီး ကျွန်မညီအစ်ကိုမောင်နှမတွေက ပျင်းရိပြီး အားနည်းလာတယ်။ ပုံမှန် မစုဝေးနိုင်၊ ကိုယ့်တာဝန်ကို မလုပ်နိုင်ကြဘူး။ ဒါပေမဲ့ ကျွန်မက ဖြေရှင်းချက်အတွက် သမ္မာတရားမရှာဘူး။ နောက်ဆုံး သဘောပေါက်သွားတယ်။ ဧဝံဂေလိအလုပ်ရပ်တာက ကျွန်မနဲ့ တိုက်ရိုက်ဆက်နွှယ်နေတာကိုပေါ့။ ဘုရားနှုတ်ကပတ်တော်ကပြောတယ်။ “လက်ရှိတွင်၊ အသင်းတော်အတွက် မည်သည့်ဝန်ထုပ်ကိုမျှ သယ်ဆောင်ခြင်း မရှိသည့် သူအချို့ရှိသည်။ ဤလူများသည် ပေါ့ဆပြီး ဖြစ်ကတတ်ဆန်းနိုင်ကာ၊ မိမိတို့ကိုယ်တိုင်၏ ဇာတိပကတိအတွက်သာ ဂရုစိုက်ကြသည်။ ထိုသို့သောလူများသည် အလွန့်အလွန် တစ်ကိုယ်ကောင်းဆန်ပြီး မျက်စိလည်းကန်းနေကြသည်။” ကျွန်မက ဘုရားနှုတ်ကပတ်တော်ထဲက တစ်ကိုယ်ကောင်းသမားဆိုတာကို သဘောပေါက်လိုက်တယ်။ အသင်းတော်အလုပ်မှာ ဝန်တာမထမ်းဘူး။ ရှိရင်းစွဲနဲ့ပဲ အမြဲကျေနပ်နေခဲ့တယ်။ ကိုယ့်သက်သာရာအတွက်ပဲ ဂရုစိုက်တယ်။ ဒုက္ခခံဖို့၊ အဖိုးအခပေးဖို့ ငြင်းတယ်။ အသင်းတော် ဧဝံဂေလိအလုပ်က ထိခိုက်နေတာကို ကျွန်မမြင်တော့ အရေးတကြီး၊ စိုးရိမ်မှု မခံစားခဲ့ရဘူး။ ကိုယ့်အခက်အခဲတွေမှာ ပျော့ညံ့ပြီး မထုံတက်သေးဖြစ်လာတယ်။ ကျွန်မ အရမ်း တစ်ကိုယ်ကောင်းဆန်ခဲ့တယ်။ တခြားနေရာတွေက အသင်းတော်တွေလည်း အစိုးရရဲ့ နှိပ်ကွပ်တာကို ခံရပေမဲ့ ကျွန်မတို့ အသင်းတော်ဧဝံဂေလိ အလုပ်ရပ်သွားချိန်မှာ ညီအစ်ကိုမောင်နှမတွေက ဧဝံဂေလိတွေ ဟောတုန်း၊ အသင်းတော်အသစ်တွေ ထောင်တုန်းဆိုတာကို တွေးမိတယ်။ ဒါတွေအားလုံးက ကျွန်မ အတ္တကြီးပြီး စက်ဆုပ်စရာကောင်းလို့၊ ဝန်တာမထမ်းဘဲ တာဝန်မယူခဲ့လို့ပါ။ ဘုရားကို အရမ်းကြွေးတင်သလိုပဲ။ ကျွန်မ ဝန်တာထမ်းခဲ့တုန်းက တစ်ယောက်ယောက်က လမ်းမှန်ကို စုံစမ်းရင် ဧဝံဂေလိ ဟောဖို့ လူကို ချက်ချင်း စီစဉ်ပေးလိုက်သလို၊ ညီအစ်ကိုမောင်နှမတွေ ပြဿနာရှိတဲ့အခါ၊ အဲဒါတွေကို ဖြေရှင်းဖို့ သမ္မာတရားကို မိတ်သဟာယပြုပေးလိုက်တာပဲ။ ကျွန်မ ပိုပူးပေါင်းလေ၊ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ အလုပ်ရလေဖြစ်ပြီး ကျွန်မတို့ ဧဝံဂေလိအလုပ်က ထိရောက်သလို ကိုယ်လည်း စိတ်အေးချမ်း ပျော်ရွှင်ရတယ်။ ဒါပေမဲ့ ခုတစ်လောမှာ ဝန်တာမထမ်းဘဲ ကိုယ့်တာဝန်ကို လုပ်ခဲ့လို့၊ ဧဝံဂေလိအလုပ်က မထိရောက်ဘူး။ အဲဒီအချိန်မှာ နောက်ဆုံးတော့ “အသင်းတော်အတွက် အကြီးမားဆုံးသော ဝန်ထုပ်ကို သယ်ဆောင်သူ မည်သူမဆို၊ အသက်တာထဲသို့ ဝင်ရောက်ခြင်းအတွက် ဝန်ထုပ်တစ်ခုကို သယ်ဆောင်သူ မည်သူမဆို- ၎င်းတို့သည် ဘုရားသခင်၏စုံလင်စေခြင်းကို ခံရသည့်သူများ ဖြစ်ကြလိမ့်မည်။” ဆိုတဲ့ ဒီဘုရားနှုတ်ကပတ်တော်တွေအပေါ် နားလည်မှု နည်းနည်းရခဲ့တယ်။ ဘုရားအလိုတော်ကို ထောက်ထားပြီး အသင်းတော်အလုပ်မှာ ဝန်တာထမ်းတဲ့သူတွေကိုသာ ဘုရားက စုံလင်စေနိုင်တယ်။ သဘောလည်းပေါက်သွားတယ်။ ကိုယ့်မထုံတက်သေးအခြေအနေကို မပြောင်းနိုင်ရင် အသင်းတော်အလုပ်ကို ထိခိုက်မှာတင်မဟုတ်ဘူး၊ အဆုံးမှာ ထုတ်ဖော်ပြီး ထုတ်ပယ်ခံရမှာ။ ဒါကိုတွေးရင်း နည်းနည်းကြောက်တယ်။ ကျွန်မက မထုံတက်သေးဖြစ်ပြီး အလေးမထားလို့မရတော့ဘူး။ ဝန်တာထမ်းရာမှာကူညီဖို့၊ သူ့အလိုတော်ကို ထောက်ထားရာမှာ၊ ကိုယ့်တာဝန်ကို လုပ်ရာမှာ လမ်းပြဖို့ တောင်းလျှောက်ရင်း ဘုရားကို ဆုတောင်းခဲ့တယ်။

အဲဒီနောက် ကြီးကြပ်သူ၊ အုပ်စုခေါင်းဆောင်တို့နဲ့ ကျွန်မ ဆွေးနွေးတယ်။ ဧဝံဂေလိကို တခြားဘယ်မှာ သွားဟောနိုင်မလဲဆိုတာကိုပေါ့။ သခင့်ကို ယုံကြည်တဲ့လူတွေအားလုံးရှိတဲ့ ရွာတစ်ရွာကို တွေ့ပေမဲ့၊ အဲဒီအချိန်မှာ သွားဖို့ သင့်တော်တဲ့သူက မရှိဘူး။ ကျွန်မ တွေးမိတယ်။ “ဒီအချိန်မှာ ဘုရားအလိုတော်ကို ထောက်ထားရမယ်။ အရင်ကလို ဝန်မထမ်းလို့ မရဘူး။ ဒီတာဝန်ကို တက်တက်ကြွကြွ လုပ်ရမယ်” ပေါ့။ ဒါနဲ့ ဧဝံဂေလိဟောဖို့ အဲဒီရွာကို ကျွန်မ စေတနာအလျောက်သွားခဲ့တယ်။ ဒါပေမဲ့ ကျွန်မ နည်းနည်း စိတ်လှုပ်ရှားမိတယ်။ ဘုရားရဲ့နောက်ဆုံးသောကာလ အမှုတော်ကို အရင်က တစ်ယောက်တည်း သက်သေမခံဘူးလို့လေ။ ဒီတော့ ရှင်းရှင်းလင်းလင်း မပြောနိုင်မှာ စိုးရိမ်မိတယ်။ ကျွန်မတွေးတာပေါ့။ “အဲဒီမှာ အင်တာနက်ရှိရဲ့လား မသိဘူး။ ဧဝံဂေလိဟောတဲ့ ညီအစ်ကိုမောင်နှမတွေကို အွန်လိုင်းမှာ မိတ်သဟာယပြုခိုင်းလို့ ဖြစ်နိုင်မလား” ပေါ့။ ကိုယ့်အခြေအနေမှားနေပြီး လူတွေကို အားကိုးနေမိတာကို သဘောပေါက်သွားလို့ စိတ်ထဲမှာ ဆုတောင်းခဲ့တယ်။ အဲဒီမှာ ဧဝံဂေလိဖြန့်ဝေချိန်မှာ ဉာဏ်ပညာနဲ့ ယုံကြည်ခြင်းပေးဖို့ ဘုရားကို တောင်းလျှောက်ရင်းပေါ့။ ရွာကိုရောက်တော့ ကျွန်မကို အစ်မတစ်ယောက်က တရားဟောဖို့ မြို့တော်ဝန်အိမ်ကို တန်းခေါ်သွားတယ်။ မမျှော်လင့်ဘဲ မြို့တော်ဝန်က ကျွန်မကို သင်းအုပ်ဆီကို ခေါ်သွားချင်တယ်။ အဲဒါကြားတော့ ကျွန်မ စိတ်လှုပ်ရှားပေမဲ့၊ စိုးရိမ်စိတ်နည်းနည်းလည်း ရှိခဲ့တယ်။ “တစ်ယောက်တည်း ဧဝံဂေလိ လုံးဝ မဟောဖူးဘူး။ သင်းအုပ်မှာ အယူအဆတွေရှိရင်၊ သူ့ကို ငါ ဘယ်လို မိတ်သဟာယပြုသင့်လဲ။ သူက လက်မခံရုံတင်မကဘဲ၊ ငါ့ကို တကယ်ကို ဆန့်ကျင်ရင် ဘယ်လိုလုပ်မလဲ။ ဒီရွာမှာ ငါတို့ ဧဝံဂေလိဖြန့်ဝေနိုင်ပါဦးမလား” ပေါ့။ ကျွန်မ တော်တော် စိုးရိမ်ကြောင့်ကြခဲ့တယ်။ သင်းအုပ်အိမ်ကိုရောက်တော့ ညီအစ်ကိုမောင်နှမတွေကို အကူအညီတောင်းဖို့ ဖုန်းခေါ်ချင်ပေမဲ့၊ ဖုန်းမှာ အင်တာနက်က မရှိဘူး။ ဘယ်ကစရမှန်း မသိတော့ ဘုရားကိုပဲ အကြိမ်ကြိမ် ဆုတောင်းခဲ့တယ်။ ဘုရားရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို သက်သေခံနိုင်ဖို့အတွက် ကျွန်မနဲ့နေဖို့၊ ယုံကြည်ခြင်းပေးဖို့ အသနားခံရင်းပေါ့။ ဆုတောင်းပြီးတော့ ဘုရားနှုတ်ကပတ်တော်တွေ တွေးမိတယ်။ “လူသား၏ နှလုံးသားနှင့် စိတ်ဝိညာဉ်ကို ဘုရားသခင်သည် လက်၌ကိုင်ဆောင်ထားပြီး၊ လူသား၏ ဘဝတစ်ခုလုံးကို ဘုရားသခင်သည် သူ၏မျက်လုံးများဖြင့် ကြည့်ရှုလျက်ရှိသည်။ သင်သည် ဤအချက်ကို ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ၊ သက်ရှိဖြစ်ဖြစ်၊ သက်မဲ့ဖြစ်ဖြစ် အရာအားလုံးသည် ဘုရားသခင်၏ အကြံအစည်များနှင့်အညီ ရွေ့လျားပြောင်းလဲကာ ပြန်လည်စတင်ပြီး ကွယ်ပျောက်သွားရမည်ဖြစ်သည်။ ဤသည်မှာ အရာအားလုံးကို ဘုရားသခင်တာဝန်ယူသည့် နည်းလမ်းဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ အမှုတော်နှင့် ဘုရားသခင်ကို သိကျွမ်းခြင်း၊ ဘုရားသခင်သည် လူ့အသက်၏ အရင်းအမြစ်ဖြစ်သည်) အဲဒါမှန်တယ်။ ဘုရားက အနန္တတန်ခိုးရှင်ပါ။ လူတွေရဲ့ စိတ်နှလုံးနဲ့ ဝိညာဉ်အပါအဝင် လူတွေ၊ ကိစ္စတွေနဲ့ အကြောင်းအရာတွေအားလုံးက ဘုရားလက်ထဲမှာပါ။ ဒီတော့ ဘုရားကို ကိုးစားဖို့ သင်ယူရမယ်။ စိတ်နှလုံးထဲမှာ ဘုရားကို ဆုတောင်းခဲ့တယ်။ “ဘုရားသခင်၊ ဒီသင်းအုပ်က ကိုယ်တော့်သိုးဆိုရင် သူက ကိုယ်တော့်အသံတော်ကို နားလည်ပြီး ကိုယ်တော့်အမှုတော်ကို လက်ခံမှာ သေချပါတယ်” ပေါ့။ ဆုတောင်းပြီးတော့ ဘုရားက ကိုယ့်ဘေးမှာရှိရင် မဖြစ်နိုင်တာ ဘာမှမရှိသလိုပဲ၊ ကိုယ့်စိတ်နှလုံးထဲ ခွန်အားရတယ်။ အဲဒီနောက် သခင်ကြွလာခြင်းရဲ့ ပရောဖက်ပြုချက်တွေအကြောင်း ပြောဖို့ လတ်တလော ကပ်ဘေးတွေနဲ့ ကမ္ဘာ့ရေးရာတွေကို သုံးခဲ့တယ်။ ဒါကို ကြားပြီးတော့ သင်းအုပ်က သဘောတူပြီး သခင်က ကြွလာနိုင်ခြေရှိတယ်လို့ ခံစားခဲ့ရတယ်။ တခြားသင်းအုပ်နှစ်ယောက် နားထောင်ရအောင် ခေါ်ဖို့ လူတွေလည်း လွှတ်လိုက်တယ်။ ကျွန်မက ရှင်းအောင်မပြောနိုင်ဘဲ သူတို့ပြဿနာကို မဖြေရှင်းနိုင်မှာစိုးတော့ ကိုယ့်စိတ်နှလုံးထဲမှာ ကျွန်မကို လမ်းပြဖို့ ဘုရားကို တောင်းလျှောက်ရင်း အကြိမ်ကြိမ် အော်ခေါ်ခဲ့တယ်။ ဘုရားက မောရှေကို ဣသရေလတွေကို အဲဂုတ္တုကနေ ဦးဆောင်ခေါ်ထုတ်ခိုင်းချိန်ကို တွေးမိတယ်။ မောရှေက အဲဂုတ္တုက ဖာရောဆီသွားတာဟာ ခက်ခဲပြီး အန္တရာယ်ရှိမယ်ဆိုတာ သိပြီးသားပါ။ ဒါပေမဲ့ သူ့သဘောထားက နာခံပြီး ကျိုးနွံတယ်။ ဘုရားက သူ့ကို ထောက်ပံ့ရင်း သူနဲ့အတူရှိခဲ့တယ်။ ဘုရားရဲ့ လမ်းပြမှုကြောင့် မောရှေက ဣသရေလတွေက အဲဂုတ္တုက ခေါ်ဆောင်နိုင်ခဲ့တယ်။ အဲဒီနောက်မှာ ဂေါလျက်ကို ဒါဝိဒ်အနိုင်ရခဲ့တဲ့ ဇာတ်ကြောင်းကို တွေးမိတယ်။ ဣသရေလတွေ ဂေါလျက်ကို မြင်တော့ ကြောက်ကြတယ်။ ဒါဝိဒ်သာ ထွက်လာပြီး တိုက်ခိုက်ရဲတာ။ ဒါဝိဒ်က ဂေါလျက်ကို ပြောခဲ့တယ်။ “သင်သည် ဓား၊ လှံ၊ ဒိုင်းလွှားနှင့် ငါ့ထံသို့ လာ၏။ ကောင်းကင်ဗိုလ်ခြေအရှင် ယေဟောဝါ၏ နာမတော်အားဖြင့် သင်တို့ဆီသို့ ငါလာ၏။” (ဓမ္မရာဇဝင် ပဋ္ဌမစောင် ၁၇:၄၅) ရလဒ်အနေနဲ့ ဒါဝိဒ်က ဂေါလျက်ကို ကျောက်တစ်လုံးတည်းနဲ့ သတ်ခဲ့တယ်။ ဒီဇာတ်ကြောင်းနှစ်ခုကနေ ကျွန်မတွေ့ခဲ့တယ်။ အခက်အခဲတွေ ကြုံရာမှာ စစ်မှန်တဲ့ယုံကြည်ခြင်းနဲ့မှသာ ဘုရားရဲ့ လုပ်ဆောင်ချက်ကို ကျွန်မတို့ တွေ့နိုင်တယ်၊ လူတွေရဲ့အဆုံးသတ်က ဘုရားရဲ့ အစဖြစ်တယ်ဆိုတာတွေပေါ့။ ဒါကိုတွေးရင်း ကျွန်မ သတ္တိရှိလာတယ်။

အဲဒီအချိန်မှာ တခြားသင်းအုပ်နှစ်ယောက် ရောက်လာရော။ နောက်ဆုံးသောကာလမှာ လူ့ဇာတိနဲ့ ဘုရား ပေါ်ထွန်းပြီး အလုပ်လုပ်ပုံ၊ ဘုရားရဲ့ လူ့ဇာတိခံယူခြင်း အဓိပ္ပာယ်၊ လူ့ဇာတိခံယူခြင်းက ဘာလဲဆိုတာတွေနဲ့ပတ်သက်ပြီး သူတို့ကို မိတ်သဟာယပြုပေးဖို့ ကျမ်းစာပရောဖက်ပြုချက်တွေ သုံးခဲ့တယ်။ ဘုရားက တရားစီရင်ခြင်းနှင့် သန့်စင်ခြင်း အမှုတော်ကို ပြုဖို့ ကြွလာကြောင်း၊ နောက်ဆုံးသောကာလမှာ ဘုရားရဲ့နာမတော်က အနန္တတန်ခိုးရှင် ဘုရားသခင် ဖြစ်ကြောင်းနဲ့ သူဟာ ပြန်ကြွလာတဲ့ သခင်ယေရှုဖြစ်ကြောင်းတို့ကိုလည်း ကျွန်မ သက်သေခံခဲ့တယ်။ ကျွန်မ ပြောပြီးသွားတော့၊ ပထမသင်းအုပ်က စိတ်လှုပ်ရှားလွန်းလို့ ငိုပါလေရော။ သူက မျက်ရည်တွေသုတ်ပြီး ပြောခဲ့တယ်။ “သခင့်အတွက် တရားဟောခဲ့တာ နှစ်၄၀ကျော်ပြီ။ သူပြန်ကြွလာတာကို စောင့်တာ ငါ့တစ်သက်လောက် ရှိပြီ။ အခုတော့ သခင် တကယ်ပြန်ကြွလာပြီ။ သခင့်ကို ဒီနေ ကြိုဆိုနိုင်တဲ့အချက်အတွက် ဘုရားကို အရမ်းပဲ ကျေးဇူးတင်မိတယ်” တဲ့။ သင်းအုပ်ပြောတာတွေ ကြားတော့ သူနဲ့အတူ ငိုချင်စိတ်ပေါက်လာတယ်။ ဘုရားကိုလည်း အရမ်းကျေးဇူးတင်မိတယ်။ တကယ်တော့ ကျွန်မရဲ့ မိတ်သဟာယက ဒီလောက် မနှံ့စပ်ဘူး။ ဒီတော့ သင်းအုပ်က ဧဝံဂေလိကို လက်ခံနိုင်ပြီး ဘုရားနှုတ်ကပတ်တော်ကို နားလည်တာဟာ လုံးလုံး ဘုရားရဲ့လမ်းပြမှုကြောင့်ပါပဲ။

သင်းအုပ်က အဲဒါကို လက်ခံပြီး အဲဒီညမှာ တစ်ရွာလုံးကို ကျွန်မဒေသနာကို နားထောင်ခိုင်းမယ်လို့ပြောခဲ့တယ်။ ကျွန်မက ကျေးဇူးတင်လွန်းလို့ ဘုရားကို ကိုယ့်စိတ်နှလုံးထဲက အကြိမ်ကြိမ် ကျေးဇူးတင်ခဲ့တယ်။ အဲဒီညနေမှာ သင်းအုပ်နဲ့ မြို့တော်ဝန်တို့က ရွာနှစ်ရွာက ရွာသားတွေကို အတူစုဝေးဖို့ ဖိတ်ခဲ့တယ်။ သခင်ကြွလာခြင်း သတင်းကောင်းကို လူတိုင်းကို ပြောပြခဲ့တယ်။ အဲဒီညမှာ လူ၃၀ကျော်က ဘုရားရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံခဲ့ကြတယ်။ တချို့ရွာသားတွေက ပြောတယ်။ “သခင့်ကို ယုံကြည်တာကို အစိုးရက တားမြစ်ထားတာ လေးနှစ်ရှိခဲ့ပြီ။ ကျွန်တော်တို့အားလုံး နာကျင်ပြီး စုဝေးပွဲတွေလုပ်ရတာ လွမ်းတယ် ဘုရားကျေးဇူးတော်ပဲ။” တဲ့။ နောက်ရွာသားတစ်ယောက်က တို့ထိခံရပြီး ပြောတယ်။ “စုဝေးပွဲမလုပ်ရတာ နှစ်နဲ့ချီခဲ့ပြီ။ အစ်မက ကျွန်တော်တို့ ဘုရားအသံတော်ကို ကြားနိုင်အောင်၊ ကျွန်တော်တို့ကို ဧဝံဂေလိဟောဖို့ လာခဲ့တယ်။ ဒီအတွက် ဘုရားကို သိပ်ကျေးဇူးတင်တာပဲ” တဲ့။ တစ်ညတည်းမှာ ဧဝံဂေလိက တစ်ရွာလုံးကို ပြန့်ခဲ့တယ်။ ကျွန်မ ပထမဆုံး ဧဝံဂေလိဟောတဲ့အချိန်မှာ သင်းအုပ်က တခြားလူတွေအများကြီးနဲ့အတူ လက်ခံလိမ့်မယ်လို့ လုံးဝ မမျှော်လင့်ခဲ့ဘူး။ အဲဒါဟာ တကယ်ကို မယုံနိုင်စရာပဲ။ ဒါက သန့်ရှင်းသောဝိညာဉ်တော်ရဲ့ အလုပ်ရဲ့ ရလဒ်ဆိုတာ ကျွန်မ သိပေမဲ့၊ ကျွန်မက ကျွမ်းကျင်ပြီး ကိုယ့်တာဝန်ကို တော်တော်ကောင်းကောင်း လုပ်ခဲ့တယ်လို့ တင်နေတုန်းပဲ။ မသိလိုက်ခင်ဘဲ စဂုဏ်ယူမိပြီး ရှိရင်းစွဲနဲ့ ထပ်ကျေနပ်နေပြန်တယ်။ ဒီတော့ ရေလောင်းကြီးကြပ်တဲ့ အစ်မနဲ့ပဲ ဒီလူသစ်တွေကို ရေလောင်းချင်ပြီး ဧဝံဂေလိ မဟောချင်တော့ဘူး။ အဲဒီအချိန်မှာ အသင်းတော်အလုပ်အကြောင်းကို မေးခဲသလို၊ ဘုရားကို အရင်ကလောက် ဆုမတောင်းတော့ဘူး။

တစ်နေ့မှာ ဖုန်းအားသွင်းနေရင်းနဲ့ ဖုန်းလောင်သွားတယ်။ ဖုန်းကတ်ကို တခြားဖုန်းထဲထည့်လိုက်တယ်။ ဒါပေမဲ့ အဲဒီဖုန်းကလည်း ပျက်သွားတော့ အံ့ဩမိတယ်။ အဲဒီအချိန်မှာ ကျွန်မ အကျပ်ရိုက်တာပဲ။ ဒါဟာ ဘုရားရဲ့ ဆုံးမပဲ့ပြင်မှု ဖြစ်နိုင်တယ်။ ဒါနဲ့ ကိုယ့်ပြဿနာတွေကို စသုံးသပ်ခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်ထဲမှာ ဖတ်ရတယ်။ “ယေဘုယျအားဖြင့်၊ သင်တို့အားလုံးသည် ပျင်းရိခြင်း၊ မတက်ကြွသော၊ ကိုယ်တိုင်စွန့်လွှတ်မှု တစ်ခုတစ်လေ ပြုလုပ်ဖို့ လိုလားမနေသည့် အခြေအနေတစ်ခုအတွင်းတွင် တည်ရှိကြ၏၊ သို့မဟုတ် သင်တို့သည် မလှုပ်မယှက် စောင့်ဆိုင်းကြပြီး အချို့က ညည်းညူခြင်းပင် ပြုကြလေသည်။ ၎င်းတို့သည် ဘုရားသခင်၏ ရည်မှန်းချက်များနှင့် အဓိပ္ပါယ်ကို နားမလည်ကြသကဲ့သို့၊ ၎င်းတို့အတွက် သမ္မာတရားကို လိုက်စားဖို့ ခက်ပေသည်။ ထိုသို့သော လူတို့သည် သမ္မာတရားကို စက်ဆုပ်ပြီး နောက်ဆုံးတွင် ပယ်ထုတ်ခံရလိမ့်မည်။ ၎င်းတို့ထဲမှ မည်သူမျှ စုံလင်မခံရနိုင်သကဲ့သို့ မည်သူမျှ ရှင်သန်နိုင်မည်မဟုတ်။ စာတန်၏ အင်အားစုများကို ခုခံဖို့ လူတို့သည် သန္နိဋ္ဌာန် အနည်းငယ် မရှိပါက၊ ၎င်းတို့အတွက် မျှော်လင့်ချက် မရှိပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ အမှုတော်နှင့် ဘုရားသခင်ကို သိကျွမ်းခြင်း၊ လက်တွေ့လုပ်ဆောင်ခြင်း (၇)) “ဘုရားသခင်၏ မတုန်မလှုပ်သော နောက်လိုက်တစ်ဦး မဖြစ်နှင့်၊ ပြီးလျှင် သင့်ကို စူးစမ်းလိုစိတ် ဖြစ်စေသည့်အရာနောက် မလိုက်နှင့်။ အအေးမဟုတ်၊ အပူမဟုတ် နေခြင်းမှတစ်ဆင့်၊ သင်သည် မိမိကိုယ်ကိုယ် ပျက်စီးစေလိမ့်မည်ဖြစ်ပြီး၊ သင့်အသက်တာကို နှောင့်နှေးစေလိမ့်မည်။ သင်သည် သမ္မာတရားကို ရရှိနိုင်ပြီး သမ္မာတရားကို အသက်ရှင်နေထိုင်နိုင်ဖို့အလို့ငှာ၊ ထိုသို့သော မတုန်မလှုပ်ဖြစ်ခြင်းနှင့် တက်ကြွမှုမရှိခြင်းတို့မှ မိမိကိုယ်ကိုယ် ဖယ်ရှားရမည်ဖြစ်ပြီး၊ အပြုသဘောဆောင်သော အရာများကို လိုက်စားခြင်းနှင့် သင်၏ ကိုယ်ပိုင်အားနည်းချက်များကို အောင်မြင်ကျော်လွှားရာတွင် ကျွမ်းကျင်လာရမည်ဖြစ်သည်။ သင်၏ အားနည်းချက်များနှင့်ပတ်သက်၍ စိုးရိမ်စရာ မည်သည့်အရာမျှ မရှိသကဲ့သို့၊ သင်၏ အားနည်းချက်များသည် သင်၏ အကြီးမားဆုံးပြဿနာ မဟုတ်ပေ။ သင်၏အကြီးမားဆုံး ပြဿနာနှင့် အကြီးမားဆုံးသော အားနည်းချက်မှာ သင်၏ မပူမအေးဖြစ်နေခြင်းနှင့် သမ္မာတရားကို ရှာဖွေရန် စိတ်ဆန္ဒကင်းမဲ့ခြင်း ဖြစ်သည်။ သင်တို့အားလုံးနှင့်ပတ်သက်၍ အကြီးမားဆုံးသော ပြဿနာမှာ အမှုအရာများကို ဖြစ်သည့်အတိုင်း သင်တို့ ကျေနပ်အားရသည့် သတ္တိကြောင်သော စိတ်နေစိတ်ထားနှင့် မတုန်မလှုပ် စောင့်ဆိုင်းနေခြင်းတို့သာ ဖြစ်သည်။ ဤသည်မှာ သင်တို့၏ သမ္မာတရား လိုက်စားခြင်းအဖို့ သင်တို့၏ အကြီးမားဆုံးသော အဟန့်အတားနှင့် အကြီးမားဆုံး ရန်သူ ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ အမှုတော်နှင့် ဘုရားသခင်ကို သိကျွမ်းခြင်း၊ ပေတရု၏ အတွေ့အကြုံများ- ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် သူ၏အသိပညာ) ဘုရားနှုတ်ကပတ်တော် ဖတ်ပြီးတော့ ကိုယ့်ကိုယ်ကိုယ် သုံးသပ်ခဲ့တယ်။ ဧဝံဂေလိက တစ်ရွာလုံးကို ပြန့်သွားမှန်း မြင်ရတော့ ဘုရားက ကျွန်မ ကိုယ့်တာဝန် စွမ်းဆောင်မှုကို ကျေနပ်တယ်လို့ ခံစားရတယ်။ ဒါနဲ့ ကျွန်မ ဂုဏ်ယူပြီး ရှိရင်းစွဲနဲ့ ကျေနပ်ခဲ့သလို ဧဝံဂေလိ ဆက်မဖြန့်ချင်တော့ဘူး။ ရလဒ်တွေရတာနဲ့ နောက်ထပ်တိုးတက်ဖို့ မကြိုးစားခဲ့ဘူး။ ရှိရင်းစွဲနဲ့ ကျေနပ်ဖို့ ကျွန်မဆန္ဒက အရမ်းပြင်းတယ်။ အရင်က ရှိရင်းစွဲနဲ့ ကျေနပ်ခဲ့လို့ကို ဧဝံဂေလိအလုပ်ကို နှောင့်နှေးစေခဲ့တယ်။ အခု ကျွန်မ ထပ်လုပ်နေပြန်ပြီ။ ဘုရားက ကျွန်မတို့ကို ကိုယ့်တာဝန်မှာ ကိုယ့်စိတ်နှလုံးအကြွင်းမဲ့ ထည့်ထားဖို့ တောင်းဆိုတယ်။ ကျွန်မ တာဝန်စွမ်းဆောင်မှုကို ဘုရားက ဘယ်လိုလုပ် ကျေနပ်နိုင်မှာလဲ။ အဲဒီတော့မှ သဘောပေါက်မိတယ်။ ကိုယ့်တာဝန်မှာ တိုးတက်အောင် မလုပ်ဘဲ၊ ဒုံရင်းပြန်ဆိုက်နေရင် အသက်ဝင်ရောက်မှုနဲ့ ဧဝံဂေလိဟောတဲ့ ရလဒ်တွေမှာ နောက်ကောက်ကျနေမှာပဲ။ ကျွန်မက ရှိရင်းစွဲနဲ့ပဲ အမြဲ ကျေနပ်နေတယ်။ သမ္မာတရားကို မလိုက်စားဘူး။ ဘုရားနဲ့ ပိုပိုစိမ်းလာတယ်။ ရေရှည်မှာ အဲဒီလိုနည်းနဲ့ ကိုယ့်ကိုယ်ကိုယ်ပဲ ဒုက္ခပေးနိုင်တယ်။ ရှိရင်းစွဲနဲ့ ကျေနပ်တာဟာ သမ္မာတရား လိုက်စားဖို့နဲ့ ကိုယ့်တာဝန်လုပ်ဖို့တို့မှာ ကျွန်မရဲ့ အကြီးဆုံး အဟန့်အတားပဲ။ ကိုယ့်ကိုယ်ကိုယ်ပဲ ဒုက္ခပေးပြီး ပျက်စီးစေမှာ။ ဘုရားနှုတ်ကပတ်တော် ပြောတဲ့အတိုင်းပဲ။ “အအေးမဟုတ်၊ အပူမဟုတ် နေခြင်းမှတစ်ဆင့်၊ သင်သည် မိမိကိုယ်ကိုယ် ပျက်စီးစေလိမ့်မည်ဖြစ်ပြီး၊ သင့်အသက်တာကို နှောင့်နှေးစေလိမ့်မည်။” ဗျာဒိတ်ကျမ်းက ပြောသလိုပဲ။ “ထိုသို့အဧမဟုတ်၊ အပူမဟုတ်၊ နွေးရုံရှိသောကြောင့် ငါ၏ခံတွင်းသည် သင့်ကိုထွေးလုပြီ။” (ဗျာဒိတ်ကျမ်း ၃:၁၆) ကျွန်မက ဘုရားနှုတ်ကပတ်တော်ထဲက အအေးမဟုတ်၊ အပူမဟုတ် နွေးရုံသာရှိတဲ့ရေပဲ။ အေးလည်းမအေး၊ ပူလည်းမပူဘဲ ရှိရင်းစွဲနဲ့ ကျေနပ်နေတယ်။ ဒီလိုဆက်သွားရင် ကျွန်မအတွက် မျှော်လင့်ချက်ရှိမှာ မဟုတ်သလို၊ တကယ်ကို ပယ်ထုတ်ခံရမှာ။ ဒါကို တွေးရင်း နည်းနည်း ကြောက်သွားလို့ နောင်တရဖို့ ဘုရားကို ဆုတောင်းခဲ့တယ်။ နောင်မှာ ဘယ်လိုအခက်အခဲတွေပဲ ကြုံပါစေ ကြိုးစားအားထုတ်ပါ့မယ်၊ ဒုံရင်းပြန်မဆိုက်သလို၊ ရှိရင်းစွဲနဲ့ ကျေနပ်မှာ မဟုတ်ပါဘူးလို့ ပြောရင်းပေါ့။

ကိုယ်တရားဟောတာမှာ စတက်ကြွလာတာနဲ့ အကြီးစား အခက်အခဲကို ကြုံရတာပဲ။ ကျွန်မတို့ အတိုင်ခံရလို့ လူတွေ ဧဝံဂေလိဟောဖို့ လာတာကို မြို့နယ်အုပ်ချုပ်ရေးက သိသွားတယ်။ ကျွန်မတို့ကိုသာ တွေ့သွားရင်၊ ရွာသားတွေ၊ မြို့တော်ဝန်တို့နဲ့အတူ အဖမ်းခံရမှာ။ မြို့တော်ဝန်နဲ့ ရွာသားတွေက အမှုပတ်မှာ ကြောက်ကြလို့ ကျွန်မတို့ကို ထွက်သွားခိုင်းပြီး အခြေအနေတည်ငြိမ်မှ ပြန်လာခိုင်းတယ်။ ကျွန်မ တွေးမိတယ်။ “ငါထွက်သွားရင် ဒီလူသစ်တွေအပေါ် ဘာဖြစ်မလဲ။ သူတို့က ဧဝံဂေလိ လက်ခံပြီးခါစရှိပြီး အခြေခံအုတ်မြစ်လုံးဝ မရှိဘူး။ ငါတို့နှစ်ယောက်လုံးနေခဲ့ရင် အလွယ်လေး အာရုံစိုက်ခံရနိုင်တယ်” ပေါ့။ အဆုံးမှာ ရေလောင်းအစ်မကို ထွက်သွားခိုင်းဖို့ ဆုံးဖြတ်လိုက်တယ်။ ကျွန်မကတော့ လူသစ်တွေကို ထောက်ပံ့ဖို့ ရွာမှာ တစ်ယောက်တည်း နေခဲ့မယ်ပေါ့။ ဒီအစီအစဉ်က အသင့်တော်ဆုံးဆိုတာ သိပေမဲ့၊ ကျွန်မ နည်းနည်း ဝမ်းနည်းမိတယ်။ ကျွန်မက သူစိမ်းတစ်ရံဆံနေရာမှာ လုံးလုံး တစ်ယောက်တည်းလို့ ခံစားခဲ့ရတယ်။ သင်းအုပ်က အယူအဆတွေ ရှိနေတုန်းပဲ။ လမ်းမှန်နဲ့ပတ်သက်ပြီး လုံးလုံး မသေချာသေးသလို၊ ဖမ်းမှာကြောက်လို့ သူကလည်း ကျွန်မကို ထွက်သွားစေချင်တယ်။ ကျွန်မ တော်တော် စိတ်ထိခိုက်တယ်။ သင်းအုပ်နဲ့ မြို့တော်ဝန်တို့က ကျွန်မကို မောင်းထုတ်နေကြတယ်။ ကျွန်မမှာ အိမ်မရှိသလိုပါပဲ။ ဒီအခြေအနေမှာ အသက်ရှင်ရင်း ဆုတောင်းဖို့ စိတ်မပါဘူး။ အိမ်ကို နည်းနည်း လွမ်းမိတယ်။ သင်းအုပ်နဲ့ မိတ်သဟာယပြုတော့ သူ့မှာ အယူအဆ တော်တော်များများ ရှိသေးတာ တွေ့ရတယ်။ ဒီတော့ သင်းအုပ်က ကောင်းကောင်း နားမလည်ဘူးလို့ ကျွန်မ ယုံကြည်တယ်။ လူသစ်နည်းနည်းက အဖမ်းခံရမှာစိုးလို့ စုဝေးပွဲတွေ လာကြတာကို ကျွန်မ မြင်တော့၊ သူတို့ကို ထောက်ပံ့ဖို့ ဝန်တာ မထမ်းခဲ့မိဘူး။ အဲဒီအချိန်မှာ တွေးမိတယ်။ “နည်းနည်းလောက် လာတာ ကောင်းပါတယ်။ ငါသူတို့ကို ခေါ်ပေမဲ့ ကျန်တဲ့သူတွေ မလာကြဘူး။ ဒီတော့ ငါ နောက်ထပ် လုပ်နိုင်တာ မရှိတော့ဘူး” ပေါ့။ ဖြည်းဖြည်းချင်း စုဝေးပွဲ ပုံမှန်တက်တဲ့ လူသစ်တွေ နည်းနည်းလာတယ်။ ကျွန်မက အခက်အခဲထဲမှာ နစ်နေပြီး ပိုပို စိတ်ဓာတ်ကျလာတယ်။ နောက်တော့ ကိုယ့်အခြေအနေအကြောင်း အစ်မတစ်ယောက်နဲ့ စကားပြောခဲ့တယ်။ သူက ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ပို့ပေးတယ်။ “ဤသည်မှာ လူတို့သည် သမ္မာတရားကို မရရှိသောအခါ ဖြစ်သည့်ပုံစံဖြစ်သည်။ ၎င်းတို့အားလုံးသည် စိတ်ထက်သန်ပြင်းပြမှုဖြင့် အသက်ရှင်ကြသည်။ ထိန်းသိမ်းရန် အလွန့်အလွန်ခက်ခဲသော စိတ်ထက်သန်မှုတစ်ခုဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့အား နေ့စဉ်တရားဟောပြီး မိတ်သဟာယပြုပေးသည့်သူရှိမှဖြစ်သည်။ ၎င်းတို့ကို ရေလောင်းပြီး ပံ့ပိုးပေးသည့်သူ တစ်ယောက်မျှ မရှိသည်နှင့်၊ ၎င်းတို့ကို ထောက်ပံ့ရန် မည်သူမျှမရှိသည်နှင့်၊ ၎င်းတို့၏ စိတ်နှလုံးသည် တစ်ဖန် အေးစက်သွားသည်။ နောက်တစ်ဖန် အားလျော့လာကြသည်။ ၎င်းတို့၏ စိတ်နှလုံးက အားလျော့သောအခါ ၎င်းတို့၏ တာဝန်တွင် ထိရောက်မှုနည်းလာကြသည်။ ၎င်းတို့သည် အလုပ်ပိုကြိုးစားလျှင် ထိရောက်မှုတိုးလာသည်။ ၎င်းတို့၏ တာဝန်ထမ်းဆောင်မှုသည် ပို၍ အကျိုးပြုလာပြီး ၎င်းတို့သည် ပို၍ ရရှိကြသည်။ ဤသည်မှာ သင်တို့၏ အတွေ့အကြုံဖြစ်သလော။...လူတို့တွင် စိတ်ဆန္ဒတစ်ခုရှိရမည်။ စိတ်ဆန္ဒရှိသောသူတို့သည်သာ သမ္မာတရားအတွက် အမှန်တကယ် ကြိုးပမ်းနိုင်သည်။ သမ္မာတရားကို နားလည်ပြီးသည့်အခါမှသာ ၎င်းတို့သည် မိမိတို့၏ တာဝန်ကို မှန်ကန်စွာ ထမ်းဆောင်နိုင်သည်။ ဘုရားသခင်ကို ကျေနပ်စေနိုင်ပြီး စာတန်ကို အရှက်ရစေနိုင်သည်။ သင့်တွင် ဤရိုးသားစစ်မှန်မှုမျိုး ရှိကာ၊ သင့်ကိုယ်ကျိုးအတွက် မစီစဉ်ဘဲ သမ္မာတရားကိုရရှိပြီး သင့်တာဝန်ကို မှန်ကန်စွာထမ်းဆောင်ရန်သာ စီစဉ်လျှင်၊ သင်၏ တာဝန်ထမ်းဆောင်ခြင်းသည် ပုံမှန်ဖြစ်လာလိမ့်မည်။ တစ်လျှောက်လုံးတွင် မပြောင်းမလဲ တည်ရှိနေလိမ့်မည်။ မည်သည့်အခြေအနေကို သင်ကြုံရသည်ဖြစ်စေ သင့်တာဝန်ကို ထမ်းဆောင်ရာတွင် ဇွဲရှိနိုင်လိမ့်မည်။ သင့်အား လှည့်စားရန်၊ သို့မဟုတ် နှောင့်ယှက်ရန် မည်သူ၊ သို့မဟုတ် မည်သည့်အရာက လာနိုင်သည်ဖြစ်စေ၊ သင်၏ စိတ်အခြေအနေသည် ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ သင်သည် သင်၏ တာဝန်ကို ပုံမှန်ထမ်းဆောင်နိုင်ဆဲဖြစ်လိမ့်မည်။ ဤနည်းအားဖြင့် ဘုရားသခင်သည် သင်နှင့်ပတ်သက်ပြီး စိတ်ငြိမ်းအေးနိုင်သည်။ ပြီးလျှင် သန့်ရှင်းသောဝိညာဉ်တော်သည် သမ္မာတရား၏စည်းမျဉ်းများကို နားလည်ခြင်းတွင် သင့်ကို ဉာဏ်အလင်းဖွင့်ပြနိုင်မည်ဖြစ်ပြီး သမ္မာတရားစစ်မှန်မှုသို့ဝင်ရောက်ရာတွင် သင့်အား လမ်းပြနိုင်လိမ့်မည်။ ရလဒ်အနေဖြင့် သင်၏ တာဝန်ထမ်းဆောင်ခြင်းသည် စံနှုန်းနှင့်ညီဖို့ သေချာလိမ့်မည်။...အရာရာသည် ဘုရားသခင်၏ လက်၌ရှိပြီး လူသားများသည် သူနှင့်အတူ ပူးပေါင်းလုပ်ဆောင်ရုံမျှ လုပ်ဆောင်နေကြခြင်း ဖြစ်သည်ကို သင် ယုံကြည်ခြင်း ရှိရမည်။ သင်၏ စိတ်နှလုံး စစ်မှန်ရိုးသားပါက၊ ဘုရားသခင်သည် မြင်လိမ့်မည်ဖြစ်ပြီး အခက်အခဲများကို မခက်ခဲစေတော့ဘဲလျက်၊ သင့်အတွက် လမ်းကြောင်းများအားလုံး ဖွင့်ပေးလိမ့်မည်။ ဤသည်မှာ သင် ရှိရမည့် ယုံကြည်ခြင်း ဖြစ်သည်။ သင်၏ အစွမ်းအစအားလုံးကို သင် အသုံးပြုပြီး အင်တိုက်အားတိုက် ကြိုးစားဆောင်ရွက်သရွေ့ သင်၏ တာဝန်ကို ထမ်းဆောင်နေစဉ်တွင် သင်တို့သည် မည်သည့်အရာနှင့် ပတ်သက်၍မျှ စိုးရိမ်ဖို့ မလိုအပ်ပေ။ ဘုရားသခင်သည် အမှုအရာများကို သင့်အတွက် ခက်ခဲစေလိမ့်မည် မဟုတ် သို့မဟုတ် သင် မတတ်စွမ်းနိုင်သည့်အရာကို သင့်အား အတင်းအကျပ် လုပ်ဆောင်စေလိမ့်မည် မဟုတ်ပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ ဘုရားသခင်ကို ယုံကြည်ခြင်း၌ အရေးအကြီးဆုံးသောအရာမှာ လက်တွေ့လုပ်ဆောင်ခြင်းနှင့် သူ၏နှုတ်ကပတ်တော်များကို တွေ့ကြုံခြင်းဖြစ်သည်) ဘုရားနှုတ်ကပတ်တော်ကို ကျင့်သုံးရင်းနဲ့ ကျွန်မက ကိုယ့်တာဝန်ကို စိတ်အားထက်သန်မှုနဲ့သာ လုပ်နေပြီး ဘုရားကို သစ္စာမရှိတာကို မြင်ခဲ့ရတယ်။ အစိုးရ နှိပ်ကွပ်မှု ကျွန်မတို့ဆီ ရောက်လာပြီးတော့ မြို့တော်ဝန်က ကျွန်မကို ထွက်သွားခိုင်းတယ်။ လူသစ်တွေက အဖမ်းခံရမှာ ကြောက်လို့ စုဝေးပွဲတွေ မတက်ကြတော့ဘူး။ ဒီအခက်အခဲတွေကို ရင်ဆိုင်ရတော့ ကျွန်မမှာ အပြုသဘောဆောင်တဲ့ သဘောထားမရှိဘူး။ ဘုရားလမ်းပြမှုကို မရှာဖွေဘူး။ လူသစ်တွေ ယုံကြည်ခြင်းမှာ အခြေခံအုတ်မြစ်ချနိုင်အောင်၊ သူတို့ကို အစွမ်းကုန် ရေမလောင်းဘူး။ အဲဒီအစား မထုံတက်သေးဖြစ်ပြီး လူသစ်နည်းနည်းနဲ့ ကိုယ့်ကိုယ်ကိုယ် ကျေနပ်နေတယ်။ ဝန်တာမထမ်းဘဲ၊ တိုးတက်အောင် မကြိုးစားဘဲ ကိုယ့်တာဝန်ကို လုပ်ခဲ့တာကြောင့်ကို လူသစ်တွေ စုဝေးပွဲတက်တာ ပိုပို မမှန်တော့ဘူး။ ဘုရားနှုတ်ကပတ်တော်က ပြောသလိုပဲ။ “၎င်းတို့၏ စိတ်နှလုံးက အားလျော့သောအခါ ၎င်းတို့၏ တာဝန်တွင် ထိရောက်မှုနည်းလာကြသည်။ ၎င်းတို့သည် အလုပ်ပိုကြိုးစားလျှင် ထိရောက်မှုတိုးလာသည်။ ၎င်းတို့၏ တာဝန်ထမ်းဆောင်မှုသည် ပို၍ အကျိုးပြုလာပြီး ၎င်းတို့သည် ပို၍ ရရှိကြသည်။” အဲဒါက တကယ်ကို မှန်ပါတယ်။ ကျွန်မ ဝန်တာထမ်းပြီး အဖိုးအခပေးဆပ်ချင်တော့ ဘုရားရဲ့ လမ်းပြမှုနဲ့ ကောင်းချီးတွေကို တွေ့ရပြီး ကျွန်မ ဧဝံဂေလိ ဟောတာက ထိရောက်ခဲ့တယ်။ ဒါပေမဲ့ အခက်အခဲရှိတော့၊ ကိုယ့်တာဝန်မှာ ဝန်တာမထမ်းဘဲ၊ တာဝန်မဲ့တယ်၊ ပျော့ညံ့ပြီး မထုံတက်သေးဖြစ်လို့၊ ကိုယ့်တာဝန်မှာ မထိရောက်တော့ဘူး။ တာဝန်ထမ်းဆောင်နိုင်တာ ဘုရားကျေးဇူးတော်ကြောင့်ဆိုပေမဲ့၊ ဘုရားကို စိတ်ကျေနပ်စေဖို့ ကျွန်မ ကောင်းကောင်း မလုပ်ခဲ့ဘူး။ ကျွန်မ ပုန်ကန်လွန်းခဲ့တယ်။

နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော် နောက်တစ်ပိုဒ် ဖတ်ရတယ်။ “‘မိမိ၏တာဝန်ကို စွဲမြဲစွာထမ်းဆောင်ခြင်း’ ဟူသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ယင်းက အကြင်သူသည် မည်သည့်အခက်အခဲကို ကြုံရပါစေ၊ လက်မြှောက်အလျှော့မပေးခြင်း၊ သို့မဟုတ် စွန့်ခွာသူတစ်ဦး ဖြစ်မလာခြင်း၊ သို့မဟုတ် မိမိ၏တာဝန်ကို ခေါင်းမရှောင်ခြင်းကို ဆိုလိုသည်။ ၎င်းတို့သည် မိမိတို့တတ်နိုင်သမျှ လုပ်ဆောင်ကြသည်။ ယင်းမှာ မိမိ၏တာဝန်ကို စွဲမြဲစွာ ထမ်းဆောင်ခြင်းဟူသည့်အရာ ဖြစ်သည်။ ဥပမာအနေဖြင့် သင် တစ်စုံတစ်ခု လုပ်ဆောင်ဖို့ စီစဉ်ပေးခြင်း ခံရသည်ဟု ဆိုကြပါစို့။ သင့်ကို စောင့်ကြည့်မည့်သူ တစ်ဦးမျှ မရှိသကဲ့သို့၊ သင့်ကို ကြီးကြပ်ပြီး ဆက်နှိုးဆော်ပေးမည့်သူ တစ်ဦးမျှ မရှိချေ။ သင်၏တာဝန်ကို စွဲမြဲစွာ ထမ်းဆောင်ခြင်းဟူသည်မှာ သင့်အတွက် မည်သည့်အရာနှင့် တူမည်နည်း။ (ဘုရားသခင်၏ စိစစ်ခြင်းကို လက်ခံခြင်းနှင့် သူ့ရှေ့မှောက်တွင် အသက်ရှင်ခြင်းတို့ဖြစ်ပါသည်။) ဘုရားသခင်၏ စိစစ်ခြင်းကို လက်ခံခြင်းသည် ပထမခြေလှမ်း ဖြစ်သည်။ ယင်းမှာ တစ်စိတ်တစ်ပိုင်း ဖြစ်သည်။ အခြားအပိုင်းမှာ ထိုအရာကို သင်၏စိတ်နှလုံး အကြွင်းမဲ့ဖြင့် လုပ်ဆောင်ရန် ဖြစ်သည်။ သင်၏ စိတ်နှလုံး အကြွင်းမဲ့ဖြင့် ပြုမူဆောင်ရွက်နိုင်ဖို့ သင် အဘယ်အရာကို လုပ်ဆောင်ရမည်နည်း။ သင်သည် သမ္မာတရားကို လက်ခံပြီး၊ လက်တွေ့လုပ်ဆောင်ရမည်။ ဘုရားသခင် တောင်းဆိုသည့် မည်သည့်အရာကိုမဆို သင် လက်ခံပြီး နာခံရမည်။ မည်သူ၏ အလေးထားမှုမျှ မလိုအပ်သကဲ့သို့၊ ၎င်းတို့၏ အမြဲ စောင့်ကြပ်ခြင်း၊ စစ်ဆေးခြင်းနှင့် နှိုးဆော်တိုက်တွန်းခြင်းတို့ကို မလိုအပ်ချေ၊ သို့မဟုတ် ၎င်းတို့၏ ကြီးကြပ်ခြင်း၊ ၎င်းတို့၏ ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ပြုပြင်ခြင်းတို့ကိုပင် အလိုအပ်ဘဲ၊ သင်၏တာဝန်ကို သင်၏ကိုယ်ပိုင်အဖြစ်၊ ကိုယ်ရေးကိုယ်တာကိစ္စအဖြစ် သဘောထားရမည်။ သင်သည် ‘ဤတာဝန်ကို ထမ်းဆောင်ခြင်းသည် ကျွန်ုပ်၏တာဝန် ဖြစ်သည်။ ယင်းသည် ကျွန်ပ်၏ ကဏ္ဍဖြစ်ပြီး၊ ထိုအရာကိုလုပ်ဆောင်ရန် ကျွန်ုပ်အား ပေးထားပြီးဖြစ်ကာ၊ စည်းမျဉ်းများကို ပြောထားပြီး ယင်းတို့ကို နားလည်ပြီးဖြစ်သည့်အတွက်၊ ကျွန်ုပ် စိတ်ပိုင်းဖြတ်ကာ စွဲစွဲမြဲမြဲ လုပ်ဆောင်မည်။ ထိုအရာ ကောင်းစွာပြီးစီးသည်ကို သေချာစေရန် ကျွန်ုပ် တတ်နိုင်သမျှ လုပ်မည်။ တစ်စုံတစ်ဦးက “ရပ်” ဟု ဆိုမှသာ ကျွန်ုပ် ရပ်မည်။ ထိုအချိန်မတိုင်မီ ယင်းကို ကျွန်ုပ် စွဲစွဲမြဲမြဲ ဆက်လက်လုပ်ဆောင်မည်’ ဟု သင့်ဘာသာ တွေးရမည်။ ဤသည်မှာ သင်၏တာဝန်ကို သင်၏စိတ်နှလုံး အကြွင်းမဲ့ဖြင့် စွဲစွဲမြဲမြဲ လုပ်ဆောင်ခြင်းဟု ဆိုလိုသည်။ ဤသည်မှာ လူများ ပြုမူသင့်သည့်ပုံစံဖြစ်သည်။ ထို့ကြောင့် လူတစ်ဦးသည် မိမိ၏တာဝန်ကို စိတ်နှလုံး အကြွင်းမဲ့ဖြင့် စွဲမြဲစွာ လုပ်ဆောင်ဖို့ အလို့ငှာ၊ မည်သည့်အရာဖြင့် ပြင်ဆင်ထားရမည်နည်း။ ၎င်းတို့သည် ဖန်ဆင်းခံတစ်ဦး ရှိသင့်သည့် အသိစိတ် ဦးစွာ ရှိရမည်။ ယင်းမှာ အနိမ့်ဆုံးရှိရမည့်အရာ ဖြစ်သည်။ ထိုထက်ပို၍ ၎င်းတို့သည် ဆက်ကပ်အပ်နှံရမည် ဖြစ်သည်။ လူသားတစ်ဦးအနေဖြင့်၊ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို လက်ခံဖို့၊ ဆက်ကပ်ရမည်ဖြစ်သည်။ ဘုရားသခင်ထံ လုံးဝ ဆက်ကပ်ရမည်ဖြစ်ပြီး စိတ်မပါ့တပါ ဖြစ်၍ မရ၊ သို့မဟုတ် တာဝန်ယူရန် ပျက်ကွက်၍ မဖြစ်၊ မိမိ၏ အကျိုးစီးပွား သို့မဟုတ် စိတ်နေစိတ်ထားများပေါ် အခြေခံကာ လုပ်ဆောင်ခြင်းသည် မှားယွင်းပေသည်၊ ယင်းက လုံးလုံးလျားလျား မြှုပ်နှံထားခြင်း မဟုတ်။ လုံးလုံးလျားလျား မြှုပ်နှံထားခြင်းသည် မည်သည့်အရာကို ရည်ညွှန်းသနည်း။ ယင်းမှာ သင်၏ တာဝန်များကို ဖြည့်ဆည်းနေစဉ်တွင်၊ သင်သည် စိတ်နေစိတ်ထားများ၊ ပတ်ဝန်းကျင်များ၊ လူများ၊ ကိစ္စရပ်များ သို့မဟုတ် အမှုအရာများ၏ လွှမ်းမိုးမှုနှင့် ဘောင်ခတ်ခြင်း မခံရသည်ကို ဆိုလိုပေသည်။ သင်သည် ‘ကျွန်ုပ်သည် ဤတာဝန်ပေးစေခိုင်းချက်ကို ဘုရားသခင်ထံမှ ရရှိထားသည်။ သူသည် ထိုအရာကို ကျွန်ုပ်အား ပေးပြီးလေပြီ။ ဤသည်မှာ ကျွန်ုပ် လုပ်ဆောင်သင့်သော အရာဖြစ်သည်။ ထို့ကြောင့် ယင်းကို ကျွန်ုပ်၏ ကိုယ်ပိုင် အရေးကိစ္စကဲ့သို့ သဘောထားရင်း၊ ဘုရားသခင်ကို စိတ်ကျေနပ်စေခြင်းအပေါ် အလေးထားလျက်၊ မည်သည့်နည်းနှင့်မဆို ကောင်းမွန်သော ရလဒ်များကို ဖြစ်ထွန်းစေကာ ကျွန်ုပ် လုပ်ဆောင်မည်။’ ဟု သင့်ဘာသာ တွေးသင့်သည်။ သင်၌ ဤအခြေအနေ ရှိသည့်အခါတွင်၊ သင်သည် သင်၏ အသိတရား၏ ထိန်းချုပ်ခြင်း ခံရလျက်ရှိသည်သာမက၊ လုံးလုံးလျားလျား ပေးအပ် မြှုပ်နှံထားခြင်းလည်း ပါဝင်ပေသည်။ သင်သည် ကျွမ်းကျင်ပြီး အကျိုးရလဒ်များ စွမ်းဆောင်ရရှိဖို့ စိတ်ပြင်းပြခြင်းမရှိဘဲ၊ ပြီးမြောက်ခြင်းဖြင့်သာ စိတ်ကျေနပ်ပြီး၊ အားထုတ်မှုအချို့သာ စိုက်ထုတ်ဖို့ လုံလောက်သည်ဟု ခံစားရပါက၊ ဤသည်မှာ အသိစိတ်၏ အဆင့်အတန်းမျှသာ ဖြစ်ပြီး အစဉ်ချစ်ခင်၍ သစ္စာရှိမှုအဖြစ် ယူဆ၍ မရပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး) ဘုရားနှုတ်ကပတ်တော်ဖတ်ပြီးတော့ ကိုယ့်တာဝန်ကို ဘယ်လိုထိန်းရမယ်ဆိုတာ နားလည်ခဲ့တယ်။ ဒီတာဝန်က ကိုယ့်ကို ပေးခဲ့တာ။ ဒီတော့ အဲဒါကို ကောင်းကောင်း လုပ်ဖို့နဲ့ သူများရဲ့ ကြီးကြပ်မှုမပါဘဲ အစွမ်းကုန် လုပ်ရမယ်။ အခက်အခဲပဲ ကြုံရပါစေ၊ ကိုယ်ကျိုး ပါပါ မပါပါ၊ ဒုက္ခ ခံရရ မခံရရ ဘုရားစစ်ဆေးတာကို လက်ခံပြီး ကိုယ့်တာဝန်ကို ကောင်းကောင်း လုပ်ရမယ်။ ဧဝံဂေလိအလုပ်က ဆက်သွားနေသရွေ့၊ ကိုယ်တတ်နိုင်သမျှ လုပ်ပြီး ကိုယ့်တာဝန်ကို ကိုယ့်အလုပ်တာဝန်လို သဘောထားရမယ်။ ရပ်လို့မရဘူး၊ တာဝန်ကို ခေါင်းရှောင်လို့မရဘူး၊ ကိစ္စတွေကို ကိုယ့်စိတ်အခြေအနေအတိုင်း လုပ်လို့မရဘူး။ အဲဒါဆို ကိုယ့်တာဝန်ကို ဆက်လုပ်နေမှာပဲ။

နောက်တော့ စုဝေးပွဲမတက်တဲ့ လူသစ်တွေနဲ့ မိတ်သဟာယသွားပြုခဲ့တယ်။ ကျွန်မ ပြောတယ်။ “စုဝေးပွဲ မလာနိုင်ရင် နေ့ပိုင်းမှာ အချိန်ရရင် အစ်မ မိတ်သဟာယလာပြုပေးနိုင်တယ်” ပေါ့။ ဒါက လူသစ်တချို့ကို တို့ထိပြီး သူတို့က စုဝေးပွဲတွေကို လာချင်ကြတယ်။ တစ်ညမှာ သင်းအုပ်၊ ရွာသားတွေနဲ့ စုဝေးပွဲတစ်ခု စီစဉ်ခဲ့တယ်။ ကျွန်မ ပြောတယ်။ “အခု ဘုရားအမှုတော်က အဆုံးသတ်တော့မယ်။ ဒီတော့ အစိုးရနှိပ်ကွပ်မှာမို့ ဘုရားနှုတ်ကပတ်တော်ဖတ်ဖို့ စုဝေးရတာကို မကြောက်သင့်ဘူး။ အဲဒီလိုလုပ်ရင်၊ ဘုရားရဲ့ ကယ်တင်ခြင်း ဆုံးရှုံးလိမ့်မယ်။ အခုတော့ ဘေးဒုက္ခတွေက တိုးလာပြီး အနန္တတန်ခိုးရှင် ဘုရားသခင်က အစ်မတို့ကို ကယ်တင်နိုင်တယ်။ ဘုရားက အရာအားလုံးကို စိုးမိုးတာကို ယုံသင့်တယ်။ ဘုရားကို ယုံကြည်သင့်တယ်။ ကိုယ့်ရှေ့က နှိပ်ကွပ်ခြင်းကို ကြုံရာမှာ နောက်မဆုတ်သင့်ဘူး။ မင်းတို့ရွာမှာ အစ်မ ဧဝံဂေလိဟောတယ်။ သူတို့က အစ်မကို တွေ့ရင် ဖမ်းကြမှာ။ အစ်မလည်း လူငယ်ပဲရှိသေးတယ်။ ဖမ်းတာကို ကြောက်တယ်။ ဒီတော့ ဘာလို့ မထွက်သွားတာလဲ။ ဒါဟာ အစ်မရဲ့တာဝန်မို့လို့ပေါ့။ မင်းတို့က ဘုရားရဲ့ နိုင်ငံတော်ဧဝံဂေလိကို လက်ခံပြီးခါစပဲရှိသေးတာ။ ဘုရားအသံတော်ကို နောက်ဆုံးမှာ ကြားကြရတယ်။ ဒီနှိပ်ကွပ်မှုလေးလာတာနဲ့ အစ်မကို ထွက်သွားခိုင်းကြတယ်။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ ထွက်သွားပြီး မင်းတို့အားလုံးကို ထားရစ်ခဲ့ရင်၊ ဒါဟာ တာဝန်ပျက်ကွက်တာပဲ” ပေါ့။ ရိုးရိုးသားသားပြောပြီးတော့၊ သင်းအုပ်က ရွာသားတွေကို ပြောတယ်။ “ငါတို့ အခုကစပြီး သူ့ကို ကာကွယ်ရမယ်။ ဒီရွာမှာ သူဧဝံဂေလိဟောနေတာကို ဘယ်သူ့ကိုမှ မပြောနဲ့။ တစ်ယောက်ယောက်မေးရင်၊ မသိဘူးလို့ပြော” တဲ့။ သင်းအုပ်ပြောတာ ကြားပြီးတော့ ကျွန်မ တော်တော် တို့ထိခံရတယ်။ သူ့မှာ ဘာသာရေး အယူအဆတွေ အများကြီး ရှိသေးပေမဲ့၊ သူက ရှာဖွေဖို့ လိုလားတယ်။ ဒီတော့ သူ့အယူအဆတွေကို ပစ်မှတ်ထားတဲ့ မိတ်သဟာယပေးခဲ့ပြီး ညီအစ်ကိုမောင်နှမတွေက သင်းအုပ်ဆီကို အနန္တတန်ခိုးရှင် ဘုရားသခင် နှုတ်ကပတ်တော် တချို့ ပို့ပေးခဲ့တယ်။ သင်းအုပ်က အာရံစိုက်နားထောင်ပြီး သူ့အယူအဆတချို့ ပြေလည်သွားတယ်။ နောက်ပိုင်းမှာ သင်းအုပ်က စုဝေးပွဲတွေကို တက်တက်ကြွကြွ လာခဲ့ပြီး ရွာသားတွေကို ပြောခဲ့တယ်။ “အားလုံးကို စုဝေးပွဲတွေ လာစေချင်တယ်။ ဘုရားရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံဖို့၊ အမီလိုက်ဖို့နဲ့ နောက်ကျမကျန်ခဲ့ဖို့ လိုတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်က ပြန်ကြွလာတဲ့ သခင်ယေရှုပဲ” တဲ့။ ဘုရားကျေးဇူးတော်ပဲ။ ဒီအတွေ့အကြုံနောက်မှာ အရာအားလုံးက ဘုရားလက်ထဲမှာ ရှိတာကို ကျွန်မ တကယ်ကို တွေ့ခဲ့ရတယ်။ အတိတ်မှာ အရာအားလုံးကို ဘုရားလက်ထဲမှာပါလို့သာ ကျွန်မ ပြောခဲ့ပေမဲ့၊ အခုတော့ အရာအားလုံးက တကယ်ကို ဘုရားလက်ထဲမှာရှိသလို လူတွေက ဘုရားနဲ့ အမှန်တကယ် ပူးပေါင်းဆောင်ရွက်သရွေ့၊ ဘုရားက သူတို့ကို ဦးဆောင်မယ်ဆိုတာ တကယ် ကြုံတွေ့ခဲ့ရတယ်။ ဘုရားနဲ့ဆိုရင် မဖြစ်နိုင်တာ မရှိပါဘူး။

နည်းနည်းကြာသွားတော့ မြို့နယ်အရာရှိတွေ ရွာကိုလာပြီး သင်းအုပ်နဲ့ ကျွန်မကို မြို့နယ်အစိုးရဆီ ခေါ်သွားတယ်။ ကျွန်မ စိတ်လှုပ်ရှားပြီး ကြောက်တာပေါ့။ ဒါပေမဲ့ အားလုံးဟာ ဘုရားလက်ထဲမှာ ရှိတာကို မှတ်မိတယ်။ ဘုရားက ဒီပတ်ဝန်းကျင် ကျွန်မဆီလာဖို့ ခွင့်ပြုထားတဲ့အတွက် ကျွန်မ နာခံသင့်တယ်။ လမ်းလျှောက်ရင်းနဲ့ ဘုရားကို ကျွန်မနဲ့ နေပေးဖို့ တောင်းလျှောက်ရင်း တိတ်တိတ် ဆုတောင်းခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်ကို တွေးမိတယ်။ “စာတန်က မည်မျှပင် ‘အစွမ်းထက်’ ပါစေ၊ မည်မျှပင် ရဲတင်းပြီး ရည်ရွယ်ချက် ကြီးမားပါစေ၊ ထိခိုက်မှုများ ပေးနိုင်သော သူ၏အစွမ်းက မည်မျှပင်ကြီးမားပါစေ၊ လူသားကို သူဖောက်ပြန်ပျက်စီးစေပြီး မျှားခေါ်သည့် နည်းလမ်းများက မည်မျှပင် ကျယ်ပြန့်ပါစေ၊ လူသားကို သူခြိမ်းခြောက်သည့် ပရိယာယ်များနှင့် လှည့်ကွက်များက မည်မျှပါးနပ်နေပါစေ၊ သူဖြစ်တည်နေသည့် ပုံစံက မည်မျှပင် ပြောင်းလဲ၍ရနေပါစေ စာတန်သည် သက်ရှိအရာတစ်ခုကို တစ်ခါမျှ မဖန်ဆင်းနိုင်ခဲ့ပေ။ အရာအားလုံးဖြစ်တည်မှုအတွက် နိယာမများ၊ သို့မဟုတ် စည်းမျဉ်းတို့ကို တစ်ခါမျှ သူမချပေးနိုင်ခဲ့ပေ။ သက်ရှိဖြစ်စေ၊ သက်မဲ့ဖြစ်စေ မည်သည့်အရာဝတ္ထုကိုမျှ သူအုပ်စိုးပြီး ထိန်းချုပ်နိုင်စွမ်း တစ်ခါမျှ မရှိခဲ့ပေ။ စကြဝဠာနှင့် မိုးမျက်နှာကြက်အတွင်းတွင် စာတန်ထံမှ ပေါက်ဖွားလာသည့်၊ သို့မဟုတ် သူ့ကြောင့် ဖြစ်တည်နေသည့် လူပုဂ္ဂိုလ်တစ်ယောက်တလေ၊ သို့မဟုတ် အရာဝတ္ထုတစ်ခုတလေမျှ မရှိပေ။ သူအုပ်စိုးသည့်၊ သို့မဟုတ် သူထိန်းချုပ်သည့် လူပုဂ္ဂိုလ်တစ်ယောက်တလေ၊ သို့မဟုတ် အရာဝတ္ထုတစ်ခုတလေမျှ မရှိပေ။ ဆန့်ကျင်ဘက်အနေနှင့် သူသည် ဘုရားသခင်၏ အုပ်စိုးမှုအောက်တွင် နေရရုံသာမကဘဲ ဘုရားသခင်၏ အမိန့်များနှင့် ခိုင်းစေမှုများအားလုံးကို နာခံရသည်။ ဘုရားသခင်၏ ခွင့်ပြုချက်မပါဘဲ ရေတစ်စက်၊ သို့မဟုတ် ကုန်းမြေပေါ်က သဲတစ်ပွင့်ကို ထိရန်ပင် စာတန်အတွက် ခက်ခဲသည်။ ဘုရားသခင်၏ ခွင့်ပြုချက်မပါဘဲ ဘုရားသခင်ဖန်ဆင်းခဲ့သည့် လူသားမျိုးနွယ်ကိုမဆိုထားနှင့် စာတန်သည် ကုန်းမြေပေါ်က ပုရွက်ဆိတ်များကိုပင်လျှင် ရွှေ့ပိုင်ခွင့်မရှိပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ အမှုတော်နှင့် ဘုရားသခင်ကို သိကျွမ်းခြင်း၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁)) ဘုရားနှုတ်ကပတ်တော်တွေ တွေးလိုက်တော့၊ ကျွန်မ တည်ငြိမ်သွားတယ်။ သိပ်မကြောက်တော့ဘူး။ အရာအားလုံးက ဘုရားလက်ထဲမှာမှန်း ယုံကြည်ခဲ့တယ်။

မြို့နယ်အစိုးရဆီမှာ သင်းအုပ်နဲ့ ကျွန်မ စစ်ကြောခန်းထဲမှာ အပိတ်ခံထားရတယ်။ အဲဒီအချိန်မှာ သင်းအုပ် ခေါင်းပြန်ကိုက်လာတယ်။ သူ့မှာ ခွန်အားမရှိတော့ဘဲ၊ လက်တွေခြေတွေ တုန်နေတယ်။ နာကျင်နေပြီး သူအဲဒီမှာ သေမှာကို ကြောက်နေခဲ့တယ်။ ကျွန်မ သူ့ကို မိတ်သဟာယပြုပြီး ပြောခဲ့တယ်။ “ဒီအခြေအနေဟာ ကျွန်မတို့အတွက် စမ်းသပ်မှုပါ။ ကျွန်မတို့ ဘုရားနောက် တကယ်လိုက်လား ကြည့်ဖို့ပေါ့။ အရာအားလုံးက ဘုရားလက်ထဲမှာပဲ။ စာတန်က ဘုရားခွင့်ပြုချက်မပါဘဲ ဘာမှ လုပ်မှာ မဟုတ်ဘူး။ ဒီတော့ ယုံကြည်ခြင်း ရှိရမယ်” ပေါ့။ မိတ်သဟာယပြုပြီးနောက်မှာ သင်းအုပ်က တို့ထိခံရလွန်းလို့ ငိုတယ်။ သူက ပြောတယ်။ “ဘုရားကျေးဇူးတော်ပဲ။ အရာအားလုံးက ဘုရားလက်ထဲမှာ ဘုရားက ငါတို့နဲ့ အတူရှိနေလို့ သေခြင်းတရားကို ကြောက်လို့မရဘူး” တဲ့။ နောက်တော့ သူက ပြောတယ်။ “သူတို့ ငါတို့ကို စစ်ဆေးရင်၊ မင်းက ငါ့သမီးပါလို့ ပြောလိုက်မယ်။ ငါ့အလုပ်ကို ကူဖို့ ဒီကိုလာတယ်ပေါ့” တဲ့။ ဒါနဲ့ သင်းအုပ်နဲ့ ကျွန်မတို့ဟာ ဒီအခြေအနေကို တွေ့ကြုံဖို့ ယုံကြည်စိတ်ချမှု ရှိခဲ့တယ်။ အဆုံးမှာတော့ မြို့နယ်အစိုးရက ကျွန်မနဲ့ သင်းအုပ်ကို ယွမ်၃၀၀ ဒဏ်တပ်ပြီး လွှတ်ပေးလိုက်တယ်။

ဒီလိုအဖမ်းခံရတာကို ကျော်ဖြတ်ပြီးနောက်မှာ ဘုရားရဲ့ အနန္တတန်ခိုးရှိတဲ့ အချုပ်အခြာအာဏာရယ်၊ လူတွေရဲ့ စိတ်နှလုံးနဲ့ ဝိညာဉ်တို့ဟာ ဘုရားလက်ထဲမှာ ရှိတာကို တွေ့ခဲ့တယ်။ ဧဝံဂေလိ ဟောတဲ့ လမ်းကြောင်းက ခက်ခဲပြီး အန္တရာယ်ရှိပေမဲ့၊ ဒီကာလအတွင်းမှာ နည်းနည်းရင့်ကျက်ခဲ့တယ်။ အရင်က နှိပ်ကွပ်ခံရတဲ့အခါ မထုံတက်သေးဖြစ်ခဲ့ပေမဲ့၊ အခုတော့ အန္တရာယ်ကြုံတဲ့အခါ တာဝန်ကို တက်တက်ကြွကြွ ယူနိုင်ခဲ့တယ်။ ဒီပြောင်းလဲမှုနဲ့ ဒီတန်ဖိုးရှိတဲ့ အကျိုးအမြတ်က တခြားနည်းတစ်ခုတလေနဲ့ မရနိုင်တဲ့ အရာတွေပဲ။ ဘုရားကျေးဇူးတော်ပဲ။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်အတွက် အစေခံခြင်းအမှု လုပ်ဆောင်ရန် ကျွန်တော် ကံကောင်းပါသည်

ကမ်းရွှေ တောင်ကိုရီးယားနိုင်ငံ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “လူသားကို ဘုရားသခင်၏ စုံလင်အောင် ပြုခြင်းသည် မည်သည့်အရာအားဖြင့်...

ကြွားဝါပြီးနောက် သင်ယူခဲ့ရသော ကြမ်းတမ်းသည့် သင်ခန်းစာတစ်ခု

မင်ယွေ့ တရုတ်နိုင်ငံ ၂၀ဝ၉ မှာ ခေါင်းဆောင်နေရာတစ်ခုကို အစ်မဝင်ယူခဲ့တယ်။ အစ်မရဲ့ အထက်ခေါင်းဆောင်က စုဝေးပွဲကို ဦးစီးလုပ်ဖို့ လာတိုင်းမှာ...

ရိုးသားစွာပြောဆိုခြင်းမှ ကျွန်မ ရရှိခဲ့သည့်အရာ

ချူးဂို အမေရိကန်နိုင်ငံ သိပ်မကြာခင်တုန်းက ဘုရားရဲ့ မိတ်သဟာယတစ်ပိုဒ်ကို ညီမ ကြားခဲ့ရတယ်။ အဲဒီမှာပြောတာက “မျက်နှာလိုမျက်နှာရလုပ်ခြင်း၊...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။