အန္တိခရစ်တစ်ဦးအား ခွဲခြားဖော်ထုတ်ခြင်း

10.04.2022

စူးရှမ်း ဂျပန်နိုင်ငံ

အသင်းတော်ခေါင်းဆောင်အနေနဲ့ ကျွန်မ စ အစေခံချိန်မှာ ချန်းက ကျွန်မတို့အသင်းတော်အလုပ်အတွက် တာဝန်ယူရတယ်။ ကျွန်မတို့က ရွယ်တူလောက်ပဲ၊ ဆက်ဆံရေး တော်တော်အဆင်ပြေပါတယ်။ ကျွန်မတို့ ဘယ်လိုခံစားရတယ်ဆိုတာကို အမြဲတမ်းပြောဆိုကြပြီး ကျွန်မတာဝန်မှာ အခက်အခဲတွေ ကြုံရင် သူက ချစ်စရာကောင်းအောင်ကို ကူညီဖော်ရပြီး အထောက်အကူဖြစ်တယ်။ အချိန်နည်းနည်းလောက်ကြာတော့ ချန်ရဲ့အလုပ်ကို ကြီးကြပ်ဖို့ ကျွန်မ ရာထူးတိုးသွားတဲ့အချိန်မှာ သူ့ကြည့်ရတာ ပြောင်းလဲသွားတယ်။ သူက ကျွန်မကို သိပ်အသိအမှတ်မပြုဘဲ ကျွန်မနဲ့ စကားပြောချင်တဲ့ ပုံစံမရှိဘူး။ ပြီးတော့လည်း သူ့မျက်နှာက အမြဲတမ်း မကြည်မသာဖြစ်နေတယ်။ သူက အလုပ်နဲ့ပတ်သက်ပြီး ဖိအားတွေအများကြီးရှိနေလို့ စိတ်ညစ်နေတာဖြစ်မယ်လို့ ကျွန်မ တွေးမိတယ်။ အဲဒါနဲ့ ဒါကို သေချာမစဉ်းစားခဲ့ဘူးပေါ့။ နောက်တော့ စုဝေးပွဲတစ်ခုမှာ သူကပြောတယ်။ “အစ်မက ကျွန်မအလုပ်ကို ဦးဆောင်တာနဲ့ပတ်သက်ပြီး ကျွန်မ မနာလိုဖြစ်နေတာ။ ကျွန်မလုပ်တာ အဆင်ပြေတယ်လို့ ခံစားရတယ်။ ဒီတော့ ဘာလို့ ကျွန်မကို မရွေးတာလဲ။ ကျွန်မက မလုပ်နိုင်ဘူးလို့ လူတိုင်းက ထင်နေတာဖြစ်ရမယ်။ တန်ဖိုးမထားခံရဘူး၊ အထင်မကြီးကြဘူးဆိုတဲ့အတွေးကြောင့် ကျွန်မ အပျက်သဘောဆောင်ပြီး တာဝန်ကို မလုပ်ချင်ဘူး” တဲ့။ အဲဒီမှာ သူ့မျက်နှာက မကြည်မသာဖြစ်နေတဲ့ပုံစံက မနာလိုခြင်းကနေလာတယ်ဆိုတာ ကျွန်မ သဘောပေါက်သွားတယ်။ နောက်ပိုင်းမှာ ကျွန်မနဲ့ တွဲလုပ်တဲ့အစ်မက ပြောတယ်။ ချန်းရဲ့ စိတ်သဘောထားက မတည်ငြိမ်သလိုဖြစ်နေတယ်၊ သူက ဂုဏ်အဆင့်အတန်းကို အရမ်း ဂရုစိုက်ပြီး ခေါင်းမာတတ်တယ် တဲ့။ အခြေအနေဆိုးတဲ့အချိန်မှာ အလုပ်ကို ထိခိုက်တယ်ပေါ့။ သူက ကျွန်မကို ချန်းနဲ့ မိတ်သဟာယဖွဲ့စေချင်ပြီး ချန်းကို ကူညီပေးစေချင်တာ။ ကျွန်မက စဉ်းစားတယ်။ သူက ဂုဏ်အဆင့်အတန်းကို အရမ်းအရေးစိုက်ပေမဲ့ ရိုးပြီး ပွင့်လင်းပါတယ်၊ မိတ်သဟာယမှာ သူ ဆင်ခြင်နိုင်ပြီး သူ့ကိုယ်သူ နားလည်နိုင်ပါတယ်ပေါ့။ ပြဿနာက သိပ်အရေးမကြီးလောက်ပါဘူးပေါ့။ နောက်ပြီးတော့လည်း သူက ငယ်သေးတယ်။ ဒီတော့ နည်းနည်းမနာလိုဖြစ်တာ၊ ပြိုင်တာက ပုံမှန်ပါပဲပေါ့။ ဒါပေမဲ့ အချိန်နည်းနည်းကြာတော့ သူက ဂုဏ်အဆင့်အတန်းကို တကယ်ကို အာရုံစိုက်လွန်းနေတယ်ဆိုတာ ကျွန်မ သဘောပေါက်ခဲ့ပါတယ်။ ပြီးတော့ သူက သူလိုချင်တဲ့ ဂုဏ်သိက္ခာကို မရရင် အပျက်သဘောဆောင်ပြီး အားလျော့လာတယ်။ ဥပမာ ကျွန်မရဲ့ တွဲဖက်နဲ့ ကျွန်မက သူ့တာဝန်မှာ သူ့အမှားတချို့ကို သတိထားမိပြီး သူ့ကို ထောက်ပြရင် ကျွန်မတို့က သူ့ကို တခြားတွဲဖက်အမှုဆောင်တွေရှေ့မှာ မကောင်းမြင်ခံရအောင်လုပ်ဖို့ ကြိုးစားနေတယ်လို့ ချန်းကထင်ပြီး အဲဒီနောက်မှာ ဘာကိုပဲ ကျွန်မတို့ ပြောပါစေ သူက ကျွန်မတို့နဲ့ စကားပြောဖို့ ငြင်းတယ်။ သူ့အစားတခြားတစ်ယောက်ကို ကျွန်မတို့ အလုပ်တစ်ခုချပေးတဲ့အခါ သူက တန်ဖိုးအထားမခံရဘူးလို့ ခံစားရပြီး စိတ်ဆိုးတယ်။ တစ်ခါတလေမှာ သူက အရမ်း မတရားခံရတယ်လို့ ခံစားရပြီး စုဝေးပွဲတွေမှာ ငိုတယ်။ လူတိုင်းက တခြားဟာတွေအကုန်ထားလိုက်ပြီး သူနဲ့ မိတ်သဟာယဖွဲ့ရတယ်။ ကျွန်မတို့အားလုံးက သူ့ဘေးမှာ စုဝေးပြီး မိတ်သဟာယပြုတဲ့အခါမှာ သူက ပျော်ပြီး ပွင့်လင်းလာတယ်။ တစ်ခါတလေမှာ သူ့အကြောင်း တစ်ခုခုကို သူနားလည်ပြီး နောင်တရပြီး ငိုတယ်။ သူက ဂုဏ်အဆင့်အတန်းကို အာရုံစိုက်နေတာကို သိပြီး ပြောင်းလဲချင်ပေမဲ့ ဒီလိုမလုပ်ဘဲမနေနိုင်ဘူးလို့ ပြောတယ်။ ဒီလိုကြားရတော့ သူက သူ့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားရဲ့ ချုပ်ချယ်တာကိုခံနေရတာပဲဆိုပြီး ကျွန်မ စဉ်းစားမိတယ်။ ပြီးတော့ သူက ဒါကို စွဲလန်းနေတော့ ချက်ချင်းပြောင်းလဲလို့မရနိုင်ဘူး။ သူ ပိုပြီးတော့ အကူအညီလိုနေတာပဲလို့ ကျွန်မ တွေးမိတယ်။

သူက နောက်ပိုင်းမှာ ခေါင်းဆောင်နေရာကို ရွေးချယ်တင်မြှောက်ခံရပြီး ကျွန်မတို့က တွဲဖက်တွေ ထပ်ပြီးဖြစ်သွားပြန်တယ်။ တစ်ခါတော့ အစ်မတစ်ယောက်က ကျွန်မ သူနဲ့တွေ့ပြီး နောက်တစ်နေ့မှာပဲ မထင်မှတ်ဘဲ အဖမ်းခံလိုက်ရတယ်။ ရဲတွေက သူ့ကိုစောင့်ကြည့်နေတာ ရက်နည်းနည်းကြာနေပြီဆိုတာ ကျွန်မတို့ သိလိုက်ရတယ်။ ဒီတော့ သူနဲ့ အဆက်အသွယ်လုပ်နေတဲ့ ညီအစ်ကိုမောင်နှမတွေလည်း သေချာပေါက် စောင့်ကြည့်ခံနေရမှာပဲလေ။ ကြိုတင်ကာကွယ်တာတွေလုပ်ပြီး နေရာကနေ ထွက်သွားဖို့ သူတို့ကို ကျွန်မတို့ ချက်ချင်းအသိပေးရမှာ။ သူနဲ့အခုတင် တွေ့ခဲ့တော့ ကျွန်မလည်း ရဲတွေနောက်ယောင်ခံလိုက်တာ ခံရနိုင်ခြေတော်တော်များတယ်။ ဒီတော့ နောက်ဆက်တွဲဖြစ်လာမှာတွေကို ကူညီကိုင်တွယ်ဖို့ မဖြစ်နိုင်ဘူးလေ။ ကျွန်မတို့ရဲ့ နောက်တစ်ဆင့်ကို ဆွေးနွေးဖို့အတွက် ချန်းနဲ့ တခြားတွဲဖက်တစ်ယောက်ဆီကို ကျွန်မ စာရေးခဲ့တယ်။ ချန်းက ဖြေရှင်းချက်တစ်ခုခု မထုတ်ရုံမကဘဲ ဒါကို အခွင့်ကောင်းယူပြီး ကျွန်မနဲ့ အဲဒီတွဲဖက်အမှုဆောင်ကို ရန်စပေးတယ်။ ကိစ္စတွေကို ကျွန်မလုပ်တဲ့ပုံစံမှာ စည်းမျဉ်းမကျလို့ အဲဒီအစ်မက အဖမ်းခံရတာလို့ သူကပြောတယ်။ အဲဒီတွဲဖက်အမှုဆောင်က ကျွန်မကို မကောင်းမြင်ပြီး အရမ်းကို ကြမ်းကြမ်းတမ်းတမ်း ကိုင်တွယ်ဖြေရှင်းပြီး ပြုပြင်တယ်။ နောက်ပိုင်းတော့ ဒါတွေက ချန်းပြောသလိုမျိုး လုံးဝမဟုတ်ဘူးဆိုတာ သူသိသွားပြီး စိတ်မကောင်းဖြစ်သွားတယ်။ ဒါနဲ့ပတ်သက်ပြီး သူက ကျွန်မကိုပွင့်ပွင့်လင်းလင်းပြောပြီး သူလည်း ချန်းနဲ့ မိတ်သဟာယဖွဲ့ခဲ့ပြီး ဒါက သူများတွေကို ဘယ်လိုအားလျော့စေပြီး သဘောထားကွဲလွဲစေတာကို အသေးစိတ်ပြောခဲ့တယ်တဲ့။ ချန်းက ဒါကို လက်မခံရုံတင်မကဘဲ သူ့ကိစ္စကို ငြင်းခုံတယ်။ ဒါကိုကြားရတော့ ကျွန်မ သိပ်အံ့သြသွားတယ်။ ဘယ်လိုဖြစ်ပြီး ချန်းက ဒီလိုဖြစ်ရတာလဲပေါ့။ ကျွန်မကို အားလျော့စေပြီး အနှောင့်အယှက်ပေးလို့ သူ အပြောခံရပေမဲ့ ဒါကိုဝန်ခံဖို့ ငြင်းဆန်ခဲ့တယ်။ ဒါက သမ္မာတရားကို လက်ခံဖို့ ငြင်းဆန်တာပဲ။ ချန်းနဲ့ ကျွန်မက အချိန်အတော်ကြာအထိ အတူတူလုပ်ခဲ့ပြီး ကျွန်မအပေါ် သူ့ရဲ့ ထင်မြင်ချက်၊ တစ်ဖက်သတ်အမြင်တွေကို တစ်ခါမှ မပြောပြခဲ့ပုံ၊ ဘာအကြံပြုချက်မှ မပေးခဲ့ပုံကို ကျွန်မ စဉ်းစားနေမိတယ်။ သူ့ကို စိတ်ကျဉ်းကျပ်စေတဲ့ အမှားတစ်ခုခုကို ကျွန်မလုပ်မိနေပြီး ဒါကြောင့် သူက ကျွန်မ တွဲဖက်အမှုဆောင်ကို ဒီလိုပြောတာလားလို့ ကျွန်မ တွေးမိတယ်။ ဒီလိုဆိုရင်တော့ ကျွန်မ ကိုယ့်ကိုယ်ကိုယ် တကယ်ကို သေချာ ဆင်ခြင်သုံးသပ်ရမယ်ဆိုတာ သိခဲ့တယ်။ အဲဒါနဲ့ ကျွန်မ ချန်းနဲ့တွေ့ပြီး ဖြစ်ခဲ့တာတွေအပေါ် ကျွန်မရဲ့ တုံ့ပြန်မှုကို သူ့ကို ပွင့်ပွင့်လင်းလင်းပြောပြခဲ့တယ်။ မကောင်းမှုလုပ်တယ်လို့ သတ်မှတ်လို့ရတဲ့ သူ့ရဲ့ အားလျော့စေပြီး အနှောင့်အယှက်ဖြစ်စေတဲ့ အပြုအမူကိုလည်း ကျွန်မ ပြောပြလိုက်တယ်။ ချန်းက ပြန်ပြောတယ်။ “ကျွန်မတို့ တွဲဖက်အမှုဆောင်ရှေ့မှာ အစ်မကို ဒီလိုဝေဖန်တာက ကျွန်မ မမှန်ပါဘူး။ ကျွန်မ ကိုယ့်ကိုယ်ကိုယ် ပြန်ဆင်ခြင်နေပါတယ်။ အခုတစ်လော နာမည်နဲ့ ဂုဏ်အတွက် ကျွန်မ ကြိုးစားနေခဲ့တယ်။ အစ်မက အလုပ်အများကြီးကို ဦးဆောင် ကြိုတင်ကိုင်တွယ်ပြီးတော့ တခြားလူတိုင်းက အစ်မကို ပံ့ပိုးကြတယ်။ အစ်မက ဘာပြောပြော၊ ဘာကိုပဲ အကြံပေးပေး၊ လူတိုင်းက နားထောင်ချင်ကြတယ်။ ဒါပေမဲ့ သူတို့က ကျွန်မကျတော့ အရေးမစိုက်ကြဘူး။ တကယ်ကို ကသိကအောက်ဖြစ်ရတယ်။ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးမှုက ကျွန်မစိတ်ကို ချုပ်ကိုင်နေတယ်” တဲ့။ ဒါတွေအားလုံးကိုသူကပြောရင်းနဲ့ ငိုနေတာ။ သူက အရမ်းခံစားနေရတာကိုမြင်တော့ ကျွန်မ တော်တော်ပျာယာခတ်ပြီး နည်းနည်း အပြစ်ရှိသလိုခံစားရတယ်။ ကျွန်မက သူ့ခံစားချက်တွေကို အရေးမစိုက်နေသလိုဖြစ်ပြီး သူက ဖောက်ပြန်ပျက်စီးမှုနဲ့ ကြိုးစားရုန်းကန်နေရတယ်လို့ ခံစားမိတယ်။ သူက ကျွန်မနဲ့ပတ်သက်ပြီး အဲဒီအကြောင်းတွေ ပြောတဲ့အချိန်မှာ သူ့ကိုယ်သူ အပြည့်အဝ မထိန်းချုပ်နိုင်ဘူး။ ဒါကြောင့် သူက ဆင်ခြင်နိုင်ပြီး သူ့ကိုယ်သူ သင်ယူနိုင်တဲ့အတွက်၊ ဒါနဲ့ပတ်သက်ပြီး တကယ် ဖွင့်ပြောနိုင်တဲ့အတွက် ဒါဟာ သူက နောင်တရပြီး ပြောင်းလဲချင်တဲ့ သဘောပဲပေါ့။ ဒါပေမဲ့ အဲဒီနောက်မှာ သူက မပြောင်းလဲဘူးဆိုတာ ကျွန်မ တွေ့လိုက်ရတယ်။ ပြီးတော့ အဲဒီအပြုအမူက ပိုပြီးတောင် ဆိုးလာတယ်။

အရေးပါတဲ့တာဝန်ယူထားသူတွေဆီု အမြဲသွားတွေ့တဲ့ တခြားတွဲဖက်အမှုဆောင်က ရဲတွေက လျှို့ဝှက်နောက်ယောင်ခံပြီး ဖမ်းဆီးတာကို ခံလိုက်ရတယ်။ ရဲတွေက စောင့်ကြည့်ရာကတစ်ဆင့် သူတို့ကို တွေ့နိုင်တာ တော်တော်သေချာပုံပဲ။ အားလုံးက တကယ်ကို မမျှော်လင့်ဘဲ ဖြစ်သွားတာ။ လူတိုင်း သေချာဘေးကင်းစေဖို့ ဒါကို ဘယ်လိုကိုင်တွယ်မယ်ဆိုတာကို အရေးပေါ် ဆွေးနွေးမှုကို ကျွန်မတို့ စလုပ်တယ်။ ဒါပေမဲ့ ချန်းက ဘာမှသိပ်မပြောဘူး။ ပြီးတော့ သူ့ကြည့်ရတာ မပျော်သလိုဘဲ။ ကျွန်မတို့က ပူးတွဲဆုံးဖြတ်ချက်တွေလိုတဲ့အချိန်မှာ သူက အထစ်ထစ်ငေါ့ငေါ့နဲ့ပြောပြီး အကြာကြီး စကားမပြောဘူး။ ဒါက ကျွန်မတို့ရဲ့ နည်းဗျူဟာပြင်ဆင်မှုအပေါ် တော်တော်ထိခိုက်သွားတယ်။ အရင်တုန်းက သူများတွေက သူ့အမြင်ကို လက်မခံတဲ့အခါ၊ သူက တန်ဖိုးအထားမခံရဘူးလို့ ခံစားမိတဲ့အခါမှာ သူက တိတ်တဆိတ် စူပုပ်နေပြီး ဆွေးနွေးပွဲတွေထဲပါဖို့ ငြင်းတာကို သတိရမိတယ်။ ဒီတစ်ခါ သူစိတ်ဆိုးသွားအောင် ဘာပြောလိုက်မိသလဲဆိုတာ ကျွန်မ မသိဘူးလေ။ အခြေအနေက အရေးတကြီးဖြစ်နေတာ။ ညီအစ်ကိုမောင်နှမတွေက အချိန်မရွေး အဖမ်းခံရနိုင်တယ်။ အဲဒါက ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားကို ထိခိုက်မယ်။ ဒါပေမဲ့ သူ့ကြည့်ရတာ စိတ်မဝင်စားသလိုပဲ။ ကျွန်မလည်း စိတ်တိုသွားပြီး သူ့ကို လျစ်လျူရှုလိုက်ပြီး သူများတွေနဲ့ ဆက်ဆွေးနွေးတယ်။ အန္တရာယ်ရှိသူတွေကို ချက်ချင်းပြောင်းဖို့လိုကြောင်း ကျွန်မတို့ အသိပေးခဲ့တယ်။ ပြီးသွားတော့ ည ၁၁ နာရီရှိနေပြီ။ ပြီးတော့ လုပ်ဖို့ကျန်သေးတဲ့ အရေးတကြီးအလုပ်တချို့ ရှိနေသေးတယ်။ ဒါပေမဲ့ ချန်းက မကျေနပ်တဲ့မျက်နှာနဲ့ အဲဒီမှာပဲထိုင်နေပြီး လုံးဝ ဝင်မပါဘူး။ သူက ဘာမှမပြောဘူး။ တစ်ခုခုက ပူးတွဲဆုံးဖြတ်ချက်လိုတဲ့အချိန်မှာ ဝတ်ကျေတန်းကျေ စကားနည်းနည်းလောက်ပဲပြောတယ်။ အဲဒါကြောင့် တော်တော်နှောင့်နှေးတယ်။ အမြန်အဆုံးသတ်နိုင်မယ့်ကိစ္စတွေက မနက် ၃၊ ၄ နာရီအထိကြာသွားတယ်။ ဒါက စိတ်မပါတာ၊ စိတ်ဆတ်တာသက်သက်တင် မဟုတ်တော့ဘဲ အလုပ်ကို တမင်ဖျက်ဆီးပြီး နှောင့်နှေးစေနေတာပဲ။ အဲဒီနောက် အသင်းတော်အလုပ်အတွက် မစဉ်းစားဘဲ သူ့ရဲ့နာမည်နဲ့ ဂုဏ်အဆင့်အတန်းကိုပဲ ထည့်စဉ်းစားတဲ့ သူ့ရဲ့ တစ်ကိုယ်ကောင်းဆန်မှုနဲ့ စက်ဆုပ်စရာကောင်းမှုကို ဖော်ထုတ်ပြီး စိစစ်လေ့လာခဲ့တယ်။ ဒါရဲ့သဘာဝက တကယ်တမ်းက အဆင်းနီသောနဂါးကြီးရဲ့ အကူအဖြစ် ပြုမူနေတာဖြစ်ပြီး ဘုရားအိမ်တော်ရဲ့ အလုပ်ကို နှောင့်ယှက်နေတာပဲ။ တခြားတွဲဖက်အမှုဆောင်တချို့ကလည်း သူ့ပြဿနာနဲ့ပတ်သက်ပြီး မိတ်သဟာယမျှဝေခဲ့ကြတယ်။ ဒါပေမဲ့ အံ့သြစရာကောင်းတာက သူက ပြောင်ပြောင်တင်းတင်းပဲ ပြန်ပြောတယ်။ “ကျွန်မက ဒီအလုပ်ကိုမလုပ်နိုင်ဘူးလို့ ရှင်တို့အားလုံးထင်ရင် ကျွန်မကို အလုပ်ဖြုတ်လိုက်ပါ။ ကျွန်မလည်း ဒီတာဝန်ကိုမလုပ်နိုင်သလို ခံစားရတာ” တဲ့။ သူက ဆက်ပြောတယ်။ “ကျွန်မက ဝင်မပါချင်တာမဟုတ်ဘူး။ ဒါပေမဲ့ လူတိုင်းက ကျွန်မပြောသမျှကို ငြင်းပယ်တယ်။ အဲတော့ ကျွန်မမှာ ဘာယုံကြည်မှုမှ မကျန်တော့အထိ ဖြစ်သွားတာပေါ့။ ကျွန်မ ဘာပြောနိုင်မှာလဲ။ ပြဿနာတွေကို ကျွန်မ အချိန်တိုင်း ကူညီချင်တယ်။ ဒါပေမဲ့ တခြားလူတိုင်းက ဒါကို ကိုင်တွယ်မယ်လို့ဆိုတာချည်းပဲ ပြောနေတော့ ကျွန်မ ဘာလုပ်နိုင်မှာလဲ။ ဘယ်ကိစ္စမှာမဆို လူတိုင်းက ကျွန်မကို ခေါင်းဆောင်အနေနဲ့ အသုံးမကျဘူးလို့ပဲမြင်ကြတယ်။ ရှင်တို့က ကျွန်မအကြောင်းဘာမှမစဉ်းစားပါဘူး။ ဒီတော့ ကျွန်မလည်း ရှင်တို့နဲ့ ဝင်မလုပ်ချင်ဘူး” တဲ့။ သူဒီလိုပြောတာကို ကြားရတော့ ကျွန်မတို့ အားလုံး အံ့အားသင့်သွားတယ်။ သူက သမ္မာတရားကို လက်မခံသေးဘူး။ ဝေဖန်ခံရတဲ့အခါမှာ သူက သူ့တာဝန်ကို မျက်နှာလွှဲခဲပစ်လုပ်တယ်၊ ကျွန်မတို့အပေါ် တာဝန်ကိုပုံချပြီး ကျွန်မတို့ကိုတောင် အပြစ်တင်လိုက်သေးတယ်။ ဒီလို အရေးတကြီးအလုပ်ရှိနေတာတောင် သူက နာမည်နဲ့ ဂုဏ်အဆင့်အတန်းအတွက် ကြိုးစားနေတုန်းပဲ။ သူက တကယ်ကိုလူ့သဘာဝကင်းမဲ့နေတာပါ။ ဒါပေမဲ့ နောက်တော့ ကျွန်မ တွေးမိတယ်။ ကျွန်မက အတင်းအကျပ်လုပ်လွန်းသလို အရာရာကို လက်ဝါးကြီးအုပ်ပြီး သူ့ကို ဥပေက္ခာပြုနေတာများလားပေါ့။ သူ့နာမည်နဲ့ ဂုဏ်ကို ဘာကမှ မထိခိုက်ဘူးဆိုရင် သူက တော်တော်ပါဝင်လုပ်ကိုင်ပြီး အလုပ်မှာ ပြဿနာတွေကို ရှာတွေ့တဲ့နေရာမှာ တော်တယ်။ ဒါပေမဲ့ ဒီဆွေးနွေးပွဲမှာ သူဝင်မပါတာကို တွေ့တော့ သူ့ကိုကျွန်မ တကယ် လျစ်လျူရှုခဲ့တာပဲ ပေါ့။ သူ့ကို တကယ်ပဲ အမှားမှားအယွင်းယွင်းဖြစ်အောင်လုပ်မိခဲ့ရင် ဒါကလည်း မကောင်းမှုလုပ်တာဖြစ်မှာပဲ ပေါ့။ အဲဒီလို ကျွန်မ စဉ်းစားမိပြီးတဲ့နောက်မှာ ကျွန်မ ဘာမှဆက်မပြောခဲ့ဘူး။

ဒါပေမဲ့ နောက်ပိုင်းမှာ ဒါကို သေချာစဉ်းစားကြည့်တော့ ချန်းက ဒီလိုမျိုး ထပ်ခါထပ်ခါ လုပ်နေတာကို တွေ့ရတယ်။ သူ့နာမည်နဲ့ ဂုဏ်အဆင့်အတန်းပါဝင်လာတဲ့ဘယ်အချိန်မဆို သူက အပျက်သဘောဆောင်ပြီး အားလျော့လာပြီး အလုပ်ကို ဂရုမစိုက်ဘူး။ အသင်းတော်အလုပ်ကို နည်းနည်းလေးမှ မထိန်းသိမ်းတော့ဘူး။ တကယ့်ပြဿနာက ဘာလဲ။ နောက်တော့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မဖတ်တယ်။ “အပြင်ပန်းတွင် ၎င်းတို့သည် မည်မျှ အလုပ်ရှုပ်သည့်ပုံရှိပါစေ၊ လမ်းများတွင် အပြေးအလွှားသွားလျက် မည်မျှပင် အချိန်ကုန်ဆုံးပါစေ၊ မည်မျှ အနစ်နာခံ၊ စွန့်လွှတ်ပြီး အသုံးခံပါစေ ဂုဏ်အဆင့်အတန်းအတွက်သာ အစဉ်ပြောဆို ပြုမူသောလူစားမျိုးကို သမ္မာတရားကို လိုက်စားသူအဖြစ် မှတ်ယူနိုင်သလော။ (မမှတ်ယူနိုင်ပါ။) လုံးဝ မမှတ်ယူနိုင်ပေ။ ဂုဏ်အဆင့်အတန်းအတွက် ၎င်းတို့သည် မည်သည့်အဖိုးအခကိုမဆို ပေးဆပ်လိမ့်မည်။ ဂုဏ်အဆင့်အတန်းအတွက် မည်သည့်အကြောင်းကြောင့်မှ ရပ်တန့်မည်မဟုတ်။ ပြီးလျှင် ဂုဏ်အဆင့်အတန်းအတွက် သူတစ်ပါးတို့နှင့် ယှဉ်ပြိုင်ပြီး ငြင်းခုံကြလိမ့်မည်။ ၎င်းတို့သည် အပြစ်ပေးခံရခြင်း၊ ဒဏ်ခတ််ခံရခြင်း အန္တရာယ်ကိုပင် မကြောက်ရွံ့ကြပေ။ ၎င်းတို့သည် အကျိုးဆက်များကို တွေးတောခြင်း တစ်ခုတစ်လေမျှ မရှိဘဲ ဂုဏ်အဆင့်အတန်းအတွက် လုပ်ဆောင်ကြသည်။ ဤသို့သော လူတို့သည် မည်သည့်အရာကို လိုက်စားသနည်း။ (ဂုဏ်အဆင့်အတန်းကို လိုက်စားသည်။) ပေါလုနှင့် မည်သည့်နေရာတွင် ဆင်တူသနည်း။ (ဆုသရဖူကို လိုက်စားခြင်းတွင် ဖြစ်သည်။) ၎င်းတို့သည် ဖြောင့်မတ်ခြင်းသရဖူနောက်ကို လိုက်ကြသည်။ ဂုဏ်အဆင့်အတန်းနှင့် ဂုဏ်သိက္ခာကို လိုက်စားကြသည်။ သမ္မာတရားကို လိုက်စားခြင်းထက် ဂုဏ်အဆင့်အတန်းနှင့် ဂုဏ်သိက္ခာကို လိုက်စားခြင်းအား သဘာဝကျသော လိုက်စားမှုအဖြစ် မှတ်ယူကြသည်။ ထိုသို့သောလူတို့၏ အထင်ရှားဆုံး စရိုက်လက္ခဏာမှာ အဘယ်နည်း။ ယင်းမှာ ကဏ္ဍအားလုံးတွင် ၎င်းတို့သည် ဂုဏ်အဆင့်အတန်းနှင့် ဂုဏ်သိက္ခာအတွက် လုပ်ဆောင်ကြခြင်းဖြစ်သည်။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “သမ္မာတရားကို လိုက်စားခြင်း၌သာလျှင် အသက် ဝင်ရောက်မှု ရှိလေသည်”) ဘုရားနှုတ်ကပတ်တော်တွေနဲ့အတူ အဲဒီတစ်ချိန်လုံးက ချန်းရဲ့ အပြုအမူအပေါ် ကျွန်မ ပြန်ကြည့်လာတယ်။ သူက ဒုက္ခခံပြီး အဖိုးအခပေးဆပ်ဖို့ အသင့်ရှိတဲ့ပုံစံပဲ။ ဒါပေမဲ့ သူလုပ်သမျှက သူကိုယ်တိုင်ရဲ့နာမည်နဲ့ ဂုဏ်အဆင့်အတန်းအတွက်ပဲ။ သူ့အလုပ်ကို ကျွန်မ ဦးဆောင်ရတဲ့အခါမှာ သူက ချက်ချင်းပဲ ကျွန်မအပေါ် စိမ်းသွားပြီး သူက အဆင့်နိမ့်တဲ့နေရာမှာရှိနေတယ်လို့ ထင်တယ်။ သူက အရမ်းစိတ်ဖိစီးပြီး သူ့တာဝန်ကို မလုပ်ချင်တော့ဘူး။ ကျွန်မတို့က သူ့ကို ကူညီဖို့အတွက် သူ့အလုပ်က ပြဿနာတွေကို ထောက်ပြတယ်။ တစ်ခါတလေမှာ သူ့အစား တခြားလူတွေကို အလုပ်တွေချပေးတယ်။ ဒါက ကမ္ဘာမှာ ပုံမှန်အဖြစ်ဆုံးပဲလေ။ ဒါပေမဲ့ အဲဒီလိုလုပ်တာက သူ့ကို မျက်နှာပျက်ရတယ်လို့ ထင်တယ်။ အဲဒါနဲ့ သူက အာခံတယ်။ စိတ်ကောက်ပြီး စကားပြောဖို့ ငြင်းတယ်။ လူတိုင်းက သူ့ကိုပဲ အလေးထားဖို့၊ အာရုံစိုက်ကြဖို့ကို စောင့်နေတယ်။ ခေါင်းဆောင်တစ်ယောက်အနေနဲ့ အဖမ်းအဆီးတွေအပြီး နောက်ဆက်တွဲအလုပ်က အရေးတကြီးဖြစ်တယ်ဆိုတာ သူသိတယ်။ ဒါပေမဲ့ သူက နာမည်နဲ့ အကျိုးအမြတ်အတွက် ကြိုးစားချင်တုန်းပဲ။ ကိစ္စတွေကို ပေါ့ပေါ့တန်တန်ထားပြီး ဝင်လုပ်ဖို့ ငြင်းဆန်တယ်။ ညီအစ်ကိုမောင်နှမတွေရဲ့ လုံခြုံရေးကို မစဉ်းစားဘူး။ ဘုရားအိမ်တော်ရဲ့အလုပ်ကို မထိန်းသိမ်းဘူး။ သူ့စိတ်နှလုံးက မှန်ကန်တဲ့နေရာမှာမရှိဘူးဆိုတာ၊ သူက နာမည်နဲ့ ဂုဏ်အဆင့်အတန်းကိုပဲ ရှာဖွေနိုင်ပြီး သမ္မာတရားကို မရှာဖွေနိုင်ဘူးဆိုတာ ဒါကနေ ကျွန်မ မြင်နိုင်တယ်။ သူက ဘုရားကိုဆန့်ကျင်တဲ့ လမ်းကြောင်းပေါ်မှာ ရှိနေခဲ့တာပါ။ သူ့ကို ကူညီဖို့၊ သူနဲ့ ခဏခဏ မိတ်သဟာယပြုဖို့ ကျွန်မတို့ ကြိုးစားခဲ့တယ်။ ဒါပေမဲ့ သူက ခုခံပြီး လက်မခံခဲ့ဘူး။ ဒါဟာ သမ္မာတရားကိုလက်ခံတဲ့သူတစ်ယောက်မဟုတ်ပါဘူး။ ခေါင်းဆောင်တွေကို ရွေးချယ်တင်မြှောက်ဖို့အတွက် အခြေခံကျဆုံးစည်းမျဉ်းက သူတို့ဟာ သမ္မာတရားကိုလိုက်စားပြီး လက်ခံတယ်ဆိုတာပဲ။ အဲဒီသတ်မှတ်ချက်နဲ့ မကိုက်ညီဘဲနဲ့ သူက တကယ်ပဲ ခေါင်းဆောင်အဖြစ် လုပ်ဆောင်နိုင်မှာလား။

အဲဒီနောက်မှာ ချန်းက ခေါင်းဆောင်အနေနဲ့ ဆက်ပြီး ထမ်းဆောင်နိုင်မလားဆိုတာ ကျွန်မတို့တွေ ဆွေးနွေးခဲ့ကြတယ်။ တချို့ကပြောတယ်။ သူက ဇွတ်တရွတ်နိုင်ပြီး ဂုဏ်အဆင့်အတန်းကိုလိုချင်တဲ့ သူ့ဆန္ဒမပြည့်တဲ့အခါ အလုပ်ကို ထိခိုက်တယ်။ ဒါပေမဲ့ သူ့နာမည်နဲ့ ဂုဏ်အဆင့်အတန်းနဲ့ မပတ်သက်တဲ့အခါ အလုပ်တချို့ကို ပြီးအောင်လုပ်နိုင်တယ် ပေါ့။ သူက အစွမ်းအစကောင်းရှိပြီး အရည်အချင်းရှိတယ်။ ပြဿနာတွေကို ကြိုတင်ကိုင်တွယ်နိုင်တယ်။ ပြီးတော့လည်း ဂုဏ်အဆင့်အတန်းအပေါ် အာရုံစိုက်တာက ချက်ချင်း ပြောင်းလဲလို့ မရနိုင်ဘူး။ ဒီတော့ သူက ကျွန်မတို့ဆီက အကူအညီ နည်းနည်းပိုလိုအပ်တာဖြစ်နိုင်တယ်ပေါ့။ တခြားတွဲဖက်အမှုဆောင်တစ်ယောက်ကပြောတယ်။ ချန်းက နာမည်နဲ့ အဆင့်အတန်းအတွက် ကြိုးစားပြီး မကြည်မသာဖြစ်နေတဲ့အချိန်မှာ ကျွန်မတို့က စိတ်ကျဉ်းကျပ်ရတယ်။ ဒါပေမဲ့ ဘာကမှ သူ့ဂုဏ်အဆင့်အတန်းကို မခြိမ်းခြောက်တဲ့အခါမှာ ကျွန်မတို့နဲ့ ကောင်းကောင်းအဆင်ပြေတယ်။ ပြီးတော့ ဖြစ်ရပ်တစ်ခုပြီးတိုင်းမှာ သူက ငိုပြီး သူ့ကိုယ်သူ သင်ယူနိုင်တယ်။ ဒီတော့ ချန်းက နောင်တရပြီး ပြောင်းလဲချင်တယ်လို့ သူက ထင်တယ်။ ပြီးတော့ သူ့ပြဿနာတွေကို ကျွန်မတို့ နောက်ဆုံးတစ်ကြိမ် ဖော်ထုတ်ပြီးတဲ့နောက်မှာ သူက အရင်ကလိုမျိုး အဆက်မပြတ် ရက်နဲ့ချီပြီး အပျက်သဘောမဆောင်တော့ဘဲ နောက်တစ်နေ့မှာ အလုပ်ပြန်လုပ်တယ်ပေါ့။ ဒီတွဲဖက်အမှုဆောင်က ကျွန်မတို့ကို စောင့်ကြည့်စေချင်တယ်။ ချန်းက မပြောင်းလဲသေးဘူးဆိုရင် သူ့ကို ထုတ်ဖို့ အရမ်းနောက်မကျသေးပါဘူးပေါ့။ ဒါကိုကြားတော့ ကျွန်မ မရေမရာဖြစ်လာတယ်။ ဒါတွေအားလုံးက မှန်သလိုမျိုး ကျွန်မ ခံစားရတယ်။ သူ့ပြဿနာတွေကို ကျွန်မတို့ ထောက်ပြလိုက်တာနဲ့ သူက ငိုပြီး သူ့ရဲ့ ကိုယ်ပိုင်ဖောက်ပြန်ပျက်စီးခြင်းအကြောင်းကို ပွင့်ပွင့်လင်းလင်းပြောတယ်။ ပြီးရင် သူ့တာဝန်ကို ပုံမှန်ပြန်လုပ်တယ်။ သူက တကယ်ပဲ နောင်တရချင်ခဲ့တယ်ဆိုရင် သူ မပြောင်းလဲနိုင်ဘူးလား ပေါ့။ ကျွန်မတို့ စောင့်ကြည့်သင့်တယ်ထင်တယ် ပေါ့။ သူက အသင်းတော်အလုပ်ကို ဆက်နှောင့်ယှက်နေပြီး ထိခိုက်နေသေးရင် သူ့ကို ထုတ်လို့ရတာပဲပေါ့။ အဲဒီလိုနဲ့ ချန်းရဲ့ကိစ္စကို ကျွန်မ ရွှေ့ဆိုင်းထားလိုက်တယ်။

ဒါပေမဲ့ ချန်းက တစ်ခါတလေမှာ စိတ်ဆတ်ပြီး ငြူစူနေတုန်းပဲ။ တစ်ခါတလေ ကျွန်မတို့က သူ့ထင်မြင်ချက်အတိုင်းမလုပ်ရင် သူ့ကို အရေးမစိုက်သလို ခံစားရတယ်။ တစ်ခါတလေမှာ တွဲဖက်အမှုဆောင်က ကျွန်မကို သူ့ထက် စကားနည်းနည်းပိုပြောရင် စိတ်ဆိုးတယ်။ ကျွန်မတို့က ဆက်ဆံရေးပိုအဆင်ပြေတယ်၊ ကျွန်မတို့အတွက် သူက အရေးမကြီးဘူးလို့ ထင်ပြီးတော့ပေါ့။ တစ်ခါတလေမှာ ကျွန်မ မမြင်နိုင်တဲ့အကြောင်းပြချက်တွေနဲ့ သူ ရုတ်တရက် စိတ်ဆိုးတယ်။ သူ့ကြောင့် ကျွန်မတို့အားလုံး တကယ်ပို စိတ်ကျဉ်းကျပ်ရတယ်။ သူအရမ်းစိတ်ဆိုးသွားအောင် ကျွန်မတို့က ဘာပြောမိလဲ၊ လုပ်မိလဲဆိုတာကို လုံးဝ မသိဘူး။ တစ်ခါတလေမှာ ကိစ္စတွေလုပ်ပြီး အိမ်ကိုတောင်မပြန်ချင်ဘူး။ သူနဲ့အတူနေရတာ အရမ်းခက်ခဲပြီး ချုပ်ချယ်ခံရလို့လေ။ တစ်ခါတော့ ခေါင်းဆောင်ပိုင်းတချို့ကို အပြောင်းအလဲတွေလုပ်ဖို့ သူက အသင်းတော်တစ်ခုဆီကို သွားတယ်။ ကောင်းကောင်းသင့်တော်မှုမရှိတဲ့ အယောင်ဆောင်ခေါင်းဆောင်တွေနဲ့ အမှုဆောင်တွေကို သူ လုံးဝ ဖြုတ်ပစ်ပြီး ခေါင်းဆောင်ကောင်းတွေ ရွေးချယ်တင်မြှောက်ရမယ်ဆိုတာ ကျွန်မတို့ ကြိုပြီး ဆွေးနွေးထားကြတယ်။ နှစ်ပတ်၊ သုံးပတ်လောက်ကြတော့ သူပြန်လာပြီး အားလုံးကို သူ စူးစမ်းလေ့လာခဲ့ ပုံ၊ ယန်ချန်းဆိုတဲ့ ခေါင်းဆောင်တစ်ယောက်က မကောင်းမှုလုပ်သူတွေနဲ့ အန္တိခရစ်တွေကို ကာကွယ်နေပြီး အသင်းတော်မှာ ပရမ်းပတာဖြစ်အောင် ဖန်တီးနေတာကို သူ တွေ့ခဲ့ပုံ၊ ဂုဏ်နဲ့ အကျိုးအမြတ်တွေကို ခံစားပြီး ယန်ချန်းက တကယ့်အလုပ်ကို မလုပ်လို့ အသင်းတော်အလုပ်တချို့က ရပ်ဆိုင်းလုနီးပါးဖြစ်သွားတာကို သူသိခဲ့ရပုံတွေကို ကျွန်မတို့ကို ချက်ချင်းကို ပြောပြတယ်။ ယန်ချန်းက တကယ်ကို တစ်ကိုယ်ကောင်းဆန်ပြီး ဉာဏ်များတယ်၊ မှန်ကန်တဲ့စကား ပြောခဲတယ်၊ တခြားလူတွေက ပိုင်းခြားသိမြင်မှုမရှိဘဲ၊ အယုံသွင်းခံရတယ်၊ သူ့ကို လေးစားကြတယ်လို့လည်း သူက ပြောပြတယ်။ သမ္မာတရားကို လက်မခံတဲ့၊ သူ့ကိုယ်သူ မသိတဲ့၊ သူလုပ်ခဲ့တာတွေအပေါ် ဘာနောင်တမှမရတဲ့ ယန်ချန်းရဲ့ ဒီအပြုအမူတွေအားလုံးကို ထောက်ပြခဲ့တယ်။ သူနဲ့ပတ်သက်ပြီး ချန်းပြောခဲ့တာတွေကို ကြည့်ရင် သူက လုံးဝကို အယောင်ဆောင်ခေါင်းဆောင်ပဲ။ သူ့ကို ထုတ်ခဲ့လားလို့ ကျွန်မတို့ ချန်းကိုမေးကြတယ်။ သူက ကြောင်သွားသလိုဖြစ်ပြီး ခဏစဉ်းစားပြီးတော့ ပြောတယ်။ “အဲဒါက ကျွန်မ ခံစားချက်သက်သက်ပဲ။ ဒါပေမဲ့ သူ့ပြဿနာတွေက ဘာလဲဆိုတာ အပြည့်အဝ မသေချာသေးဘူး။ အဲဒါနဲ့ သူ့ကို မထုတ်ခဲ့ဘူး” တဲ့။ သူက ဒီလိုပြောတော့ ကျွန်မ နည်းနည်း စိတ်ဆိုးသွားတယ်။ ဒါက ညီအစ်ကိုမောင်နှမတွေကို ထိခိုက်စေတာမဟုတ်ဘူးလား။ သူက အယောင်ဆောင်ခေါင်းဆောင်အတွက် ကာကွယ်ပေးနေပြီး ဘုရားအိမ်တော်ရဲ့အလုပ်ကို တားဆီးနေတာ။ ဒါတွေအပေါ်ကို အခြေခံပြီး ကျွန်မတို့ ချန်းကို ဆူကြပြီး သူကတော့ အဲဒီအချိန်မှာ တော်တော် မကျေမနပ်ဖြစ်နေပုံပဲ။ သူက ကိစ္စတွေကို နားလည်ဖို့ ချင့်ချိန်နိုင်စွမ်း မရှိဘူးဆိုပြီး ကျိုးကြောင်းပြငြင်းခုံတယ်။ အဲဒီနောက်မှာ သူ့ရဲ့ ခုခံမှုက မျက်နှာပြောင်တိုက်လွန်းတာကို သူ သတိပြုမိပြီး သူ့ကိုယ်သူဆင်ခြင်သလို ထပ်ဟန်ဆောင်ပြန်တယ်။ သူက ယန်ချန်းအပေါ် ပိုင်းခြားသိမြင်မှုမရှိတာမဟုတ်ဘဲ သူ့ဂုဏ်အဆင့်အတန်းကို ကာကွယ်ဖို့ ကြိုးစားနေတာ၊ သူက အချိန်ဆွဲနေပြီး ထိရောက်မှုမရှိဘူးလို့ ကျွန်မတို့ပြောမှာကို ကြောက်လို့ သူက အမြန်ပြန်လာခဲ့ပြီး ယန်ချန်းကို အချိန်မီမထုတ်ခဲ့တာဆိုပြီး သူကပြောတယ်။ နောက်ပိုင်းမှာတောင်မှ ချန်းက အယောင်ဆောင်ခေါင်းဆောင်ကို ချက်ချင်း မထုတ်ပယ်ခဲ့တာကို နားလည်တာ၊ နောင်တရတာတစ်ခုမှမရှိခဲ့ဘူး။ အဲဒါပြီးတော့ သိပ်မကြာခင်မှာ ခေါင်းဆောင်ပိုင်းမှာ အပြောင်းအလဲတချို့လုပ်ဖို့အတွက် တခြားအသင်းတော်တစ်ခုကို သူသွားတယ်။ အဲဒီမှာရှိတဲ့ ခေါင်းဆောင်တစ်ယောက်က လက်တွေ့အလုပ်ကို မလုပ်ဘဲ အယူဝါဒတွေကိုပဲ အမြဲတမ်း လေရှည်နေတယ်၊ သူဟာ အယောင်ဆောင်ခေါင်းဆောင်ဆိုတာကို သူ ကောင်းကောင်းသတိထားမိတယ်။ ပြီးတော့ သင်းထောက်က နှစ်ယောက်ရှိတယ်။ တစ်ယောက်ကကျတော့ လူတွေကို ဆူဖို့၊ ဖိနှိပ်ဖို့၊ ဆုံးမဖို့အတွက် သူ့ရာထူးကို အမြဲတမ်းသုံးနေပြီး တခြားတစ်ယောက်ကတော့ လက်တွေ့အလုပ်ကို လုပ်ဖို့ အစွမ်းအစမရှိဘူး။ စည်းမျဉ်းတွေအရ သူတို့ကို ထုတ်ဖို့လိုတယ်။ အဆုံးမှာကျတော့ ချန်းက အဲဒီအသင်းတော်ခေါင်းဆောင်ကိုပဲ ထုတ်ခဲ့တယ်။ အဲဒါနဲ့ သင်းထောက်နှစ်ယောက်ကို ဘာလို့ မထုတ်ခဲ့လဲဆိုတာကို ကျွန်မ မေးလိုက်တယ်။ ခေါင်းဆောင်တွေနဲ့ သင်းထောက်တွေက သူ့ကို မချစ်ခင်တတ်ဘူးလို့ပြောမှာ၊ သူများတွေက သူ့ကို မာနကြီးတယ်၊ ကြမ်းတယ်၊ လူတွေကို အခွင့်အရေးမပေးဘူးလို့ပြောမှာ စိုးတယ်တဲ့။ သူ့မှာတခြားဆင်ခြေတွေလည်း အများကြီးပဲရှိတယ်။ ဒါမျိုးပြန်ဖြစ်တိုင်း ချန်းက ပြုံးပျော်နေတာပဲ။ သူတို့ကို အချိန်မီ မထုတ်ခဲ့လို့ နောင်တရတာ နည်းနည်းလေးမှ မရှိဘူး။ ဒီလိုအလုပ်မျိုးရဲ့ အရေးကြီးမှုကို ကျွန်မတို့ မရေမတွက်နိုင်အောင် မိတ်သဟာယပြုခဲ့ပြီးပြီ။ ချန်းက ခေါင်းဆောင်ဖြစ်တာ နှစ်ချီနေပြီ။ အယောင်ဆောင်ခေါင်းဆောင်တွေနဲ့ အမှုဆောင်တွေက အသင်းတော်အပေါ် ဖြစ်စေတဲ့ နစ်နာမှုကို သူ သတိမထားမိတာမျိုးလည်းမဟုတ်ဘူး။ ဒါပေမဲ့ သူ့နာမည်နဲ့ ဂုဏ်အဆင့်အတန်းကို ကာကွယ်ဖို့သက်သက်နဲ့ အယောင်ဆောင်ခေါင်းဆောင်တွေဘက်ကနေ ခဏခဏ ရပ်တည်ပြီး သူတို့ကို ကာကွယ်ပေးနေခဲ့တယ်။ ဒါက အသင်းတော်အလုပ်အတွက် ကြီးလေးတဲ့အဟန့်အတားတစ်ခုပဲ။ သူ့လုပ်ရပ်တွေရဲ့ သဘာဝနဲ့ပတ်သက်ပြီး ကျွန်မတို့ သူနဲ့ မိတ်သဟာယပြုတဲ့အခါမှာ သူ့မှာ ဆင်ခြေတွေအများကြီးရှိပေမဲ့ ကိုယ့်ကိုယ်ကိုယ် သိမြင်မှုတစ်ခုမှမရှိဘူး။ အပြစ်ရှိသလိုခံစားဖို့၊ နောင်တရဖို့ဆိုတာ ထားလိုက်တော့။ သူက ဘယ်လိုလူစားမျိုးလဲ။ စိတ်ထဲမှာ အဲဒီလိုတွေးရင်း ဘုရားသခင်ကို ကျွန်မ ဆက်သွယ်ဆုတောင်းပြီး တွဲဖက်အမှုဆောင်တွေနဲ့ မိတ်သဟာယပြုခဲ့တယ်။

ပြီးတော့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ ဖတ်တယ်။ “ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ပြုပြင်ခြင်းတို့အပေါ် အန္တိခရစ်များ၏ သမားရိုးကျ သဘောထားမှာ လက်ခံဖို့ကိုဖြစ်စေ၊ ဝန်ခံဖို့ကိုဖြစ်စေ ပြင်းပြင်းထန်ထန် ငြင်းဆန်ကြခြင်းဖြစ်သည်။ ၎င်းတို့သည် ညီအစ်ကို မောင်နှမများနှင့် ဘုရားအိမ်တော်တို့အပေါ် မည်မျှထိခိုက်အောင် လုပ်ပြီးပါစေ ၎င်းတို့သည် နောင်တ စိုးစဉ်းမျှ မခံစားရသကဲ့သို့ တစ်စုံတစ်ခု အကြွေးတင်သည်ဟုလည်း မခံစားကြရပေ။ ဤအမြင်ရှုထောင့်မှကြည့်ပါက အန္တိခရစ်များ၌ လူ့သဘာဝ ရှိသလော။ (မရှိပါ။) ၎င်းတို့သည် ညီအစ်ကို မောင်နှမများ၏ အသက်တာများနှင့် ဘုရားအိမ်တော်၏ အကျိုးစီးပွားနှင့် သက်ဆိုင်သည့် လက္ခဏာသွင်ပြင် အားလုံးကို ကြီးစွာသော ထိခိုက်မှု ဖြစ်စေခဲ့သည်— မည်သူမဆို ယင်းကို တွေ့မြင်နိုင်ပြီး ယင်းကို မြင်သူတိုင်းကလည်း မှန်ကန်သည်ဟု ပြောမည်ဖြစ်သည်— သို့ရာတွင် အန္တိခရစ်များကမူ ဤအချက်ကို လက်ခံခြင်းမရှိသကဲ့သို့ အသိအမှတ်လည်း မပြုပေ၊ ၎င်းတို့ယုံကြည်သည့်အတိုင်း ခေါင်းမာစွာ ခိုင်ခိုင်မာမာ ရပ်တည်ပြီး ဤကိစ္စတွင် ၎င်းတို့မှားကြောင်း၊ ၎င်းတို့တာဝန်ရှိကြောင်းတို့ကို ဝန်မခံကြပေ။ ဤသည်မှာ သမ္မာတရားကို ၎င်းတို့စက်ဆုပ်သည့် လက္ခဏာ တစ်ခု မဟုတ်သလော။ ယင်းမှာ အန္တိခရစ်တို့၏ သမ္မာတရားကို စက်ဆုပ်ရွံရှာမှုဖြစ်သည်၊ ယင်းမှာ ဤအမှုကိစ္စများကို ၎င်းတို့ သဘောထားသည့် နည်းလမ်းဖြစ်သည်။ ဤသည်မှာ ဘုရားအိမ်တော်၊ အသင်းတော်၊ ညီအစ်ကိုမောင်နှမများ၏ အကျိုးစီးပွားများကို အလေးအနက် သဘောမထားခြင်း ဖြစ်သည်၊ ဟုတ်သည် မဟုတ်သလော။ (ဟုတ်ပါသည်။) ၎င်းတို့သည် ညီအစ်ကိုမောင်နှမများနှင့် ဘုရားအိမ်တော်၏ အကျိုးစီးပွားကို ထိခိုက်စေပြီး ဖြစ်သည်ကို အသိအမှတ်ပြုပါက ၎င်းတို့သည် တာဝန်ယူရမည် ဖြစ်သည်။ တစ်ချိန်တည်းတွင် ၎င်းတို့၏ အဆင့်အတန်းနှင့် ဂုဏ်ဒြပ်တို့ကလည်း ပြင်းပြင်းထန်ထန် ထိခိုက်မည် မဟုတ်လော။ (ထိခိုက်ပါမည်။) ထို့ကြောင့် ၎င်းတို့က ယင်းကို အသိအမှတ်ပြုဖို့ စွဲမြဲခိုင်မာစွာ ငြင်းဆန်နေကြခြင်း ဖြစ်လေသည်။ ယင်းကို လုံးလုံး ဝန်မခံကြသကဲ့သို့၊ ဤအရာကို ၎င်းတို့ ဝန်ခံသည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့အတွက် အရာအားလုံး ပြီးဆုံးသွားလိမ့်မည်ဟု ယုံကြည်လျက်၊ ဤအရာကို ၎င်းတို့၏ စိတ်နှလုံးများထဲ၌ ဝန်ခံလျှင်ပင် အပြင်ပန်းတွင် ၎င်းတို့သည် ထိုသို့ လုပ်ဆောင်လိမ့်ဦးမည် မဟုတ်ချေ။ ၎င်းတို့၏ ငြင်းဆန်မှုသည် တမင်သက်သက် ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ အတိုချုပ်အနေဖြင့် တစ်ဖက်တွင် ဤသည်မှာ အန္တိခရစ်များ၏ သမ္မာတရားကို စက်ဆုပ်ရွံရှာခြင်းနှင့် ရန်လိုခြင်း သဘာဝ၊ အနှစ်သာရနှင့် ဆက်နွှယ်သည်။ အခြားတစ်ဖက်တွင် ယင်းက မည်သည့်အရာကို ပြသနည်း။ ယင်းက အန္တိခရစ်များသည် မိမိတို့၏ ကိုယ်ပိုင် အကျိုးစီးပွားများအား မည်မျှ တန်ဖိုးထားသည်ကို ပြပေသည်။ ထိုအတောအတွင်းတွင် ဘုရားအိမ်တော်နှင့် အသင်းတော်၏ အကျိုးစီးပွားများအပေါ် ၎င်းတို့၏ သဘောထားမှာ အဘယ်နည်း။ ပမာမထားခြင်းနှင့် တာဝန်ယူဖို့ ငြင်းဆန်ခြင်း သဘောထားတစ်ခု ဖြစ်သည်။ ၎င်းတို့၌ လူ့သဘာဝ လုံးဝ မရှိချေ။ အန္တိခရစ်များ၏ တာဝန်ကို ခေါင်းရှောင်ခြင်းက ဤပြဿနာများကို သရုပ်ဖော်နေသလော။ (ဖော်နေပါသည်။) တစ်ဖက်တွင် တာဝန်ကို ခေါင်းရှောင်ခြင်းက သမ္မာတရားအပေါ် ရန်လိုသည့် ၎င်းတို့၏ သဘောထားကို ကိုယ်စားပြုနေသည်။ နောက်တစ်ဖက်တွင် ယင်းက ၎င်းတို့၏ လူ့သဘာဝ မရှိခြင်းကို ပြနေသည်။ အခြားလူများ၏ အကျိုးစီးပွားက ၎င်းတို့ကြောင့် မည်မျှထိခိုက်ပါစေ ၎င်းတို့သည် မိမိတို့ကိုယ်ကို အပြစ်တင်စိတ် မခံစားရသကဲ့သို့ ဤအရာအားဖြင့် မည်သည့်အခါမျှလည်း စိတ်သောက မရောက်နိုင်ချေ။ ဤသည်မှာ မည်သည့်သတ္တဝါမျိုး ဖြစ်သနည်း။ ၎င်းတို့က ‘ဤအရာသည် ကျွန်ုပ်နှင့် အနည်းငယ် သက်ဆိုင်ပါသည်၊ သို့သော်လည်း ကျွန်ုပ်၏အမှားချည်းကား မဟုတ်’ ဟု ပြောလျက် အနည်းငယ် ဝန်ခံလျှင်ပင် ဤသည်ကို လူ့သဘာဝအချို့၊ အသိစိတ်အချို့၊ ကိုယ်ကျင့်တရား အခြေခံ ရှိခြင်းအဖြစ် ယူဆနိုင်သေး၏— သို့သော်လည်း အန္တိခရစ်များတွင် လူ့သဘာဝ စိုးစဉ်းမျှပင် မရှိချေ။ သို့ဆိုလျှင် ယင်းတို့သည် အဘယ်အရာဖြစ်သည်ဟု သင်တို့ဆိုမည်နည်း။ (မာရ်နတ်ဖြစ်ပါသည်။) ထိုကဲ့သို့သော လူများ၏ အနှစ်သာရသည် မာရ်နတ်ဖြစ်သည်။ ၎င်းတို့သည် ဘုရားအိမ်တော်၏ အကျိုးစီးပွားအပေါ် ၎င်းတို့ပြုထားသည့် ကြီးမားသော ထိခိုက်မှုကြီးကို မမြင်ကြချေ၊ ၎င်းတို့သည် အကြွေးတင်သည်ဟု ခံစားရဖို့ မဆိုထားနှင့်၊ ၎င်းတို့၏စိတ်နှလုံးများ၌ စိုးစဉ်းမျှ သောကမရောက်ကြသကဲ့သို့ မိမိတို့ကိုယ်ကိုလည်း အပြစ်တင်ခြင်း မရှိကြပေ။ ၎င်းတို့သည် လူများပင် ဟုတ်ပါ၏လော။ ဤသည်မှာ သာမန်လူများ၌ မြင်ရသည့်အရာ လုံးဝ မဟုတ်ချေ။ ဤသည်မှာ မာရ်နတ်ဖြစ်သည်။(အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် မိမိတို့ကိုယ်တိုင် ထင်ရှားကျော်ကြားမှု ရစေဖို့နှင့် ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများနှင့် ရည်မှန်းချက်များကို ပြည့်ဝစေဖို့သာ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင့်အိမ်တော်၏အကျိုးစီးပွားများကို မည်သည့်အခါမျှ အရေးမထားသကဲ့သို့၊ ပုဂ္ဂိုလ်ရေးရာ ထင်ပေါ်ကျော်ကြားမှုအတွက် အပြန်အလှန်အားဖြင့် ထိုအကျိုးစီးပွားများကိုပင် ပစ်ပယ်သည် (အပိုင်း ၃)”) အန္တိခရစ်တွေဟာ သမ္မာတရားကို နည်းနည်းလေးမှ လက်မခံဘဲ သဘာဝအရ သမ္မာတရားကို မုန်းတီးတယ်ဆိုတာ ဘုရားနှုတ်ကပတ်တော်ကနေ ကျွန်မ သိရတယ်။ သူတို့ဟာ ပြုပြင်ခံရပြီး ကိုင်တွယ်ဖြေရှင်းခံရတဲ့အချိန်မှာ လက်ခံဖို့ ငြင်းဆန်ရင်းနဲ့ ဆင်ခြေတွေပေးကြတယ်။ သူတို့လုပ်ရပ်တွေက ညီအစ်ကိုမောင်နှမတွေကို ဘယ်လောက်ပဲ ထိခိုက်ပါစေ၊ ဘုရားအိမ်တော်ရဲ့အလုပ်ကို နစ်နာစေပါစေ သူတို့က လုံးဝ စိတ်မကောင်းမဖြစ်ကြဘူး။ အထူးသဖြင့် နောင်တမရဘူး။ အပြစ်ရှိသလို မခံစားရဘူး။ တစ်ယောက်ယောက်က သူတို့မကောင်းမှုလုပ်တာကို ဖော်ထုတ်လာရင် အဲဒါကို ဝန်ခံမယ့်အစား သူတို့ရဲ့ ပုံရိပ်ကို ကာကွယ်ဖို့အတွက်နဲ့ သေသာသေလိုက်ကြမှာပဲ။ သူတို့က ဘုရားအိမ်တော်ရဲ့အလုပ်နဲ့ အကျိုးစီးပွားကို အရမ်းကို မထီမဲ့မြင်ပြုပြီး တာဝန်မယူကြဘူး။ သူတို့နာမည်နဲ့ ဂုဏ်အဆင့်အတန်းအတွက် ဘုရားအိမ်တော်နဲ့ ညီအစ်ကိုမောင်နှမတွေရဲ့ အကျိုးစီးပွားကိုတောင် စွန့်လွှတ်ဖို့ အဆင်သင့်ဖြစ်နေကြတယ်။ သူတို့ဟာ ဆင်ခြင်တုံတရားနဲ့ အသိစိတ်လုံးဝ ကင်းမဲ့နေပြီး လူ့သဘာဝနည်းနည်းမှမရှိဘူး။ သူတို့တွေဟာ မကောင်းဆိုးဝါးတွေပဲ။ စာတန်ပဲ။ ချန်းရဲ့ အပြုအမူတွေအားလုံးက အန္တိခရစ်တွေနဲ့ပတ်သက်ပြီး ဘုရား ထုတ်ဖော်ပြတာတွေနဲ့ လုံးဝ တထေတရာတည်းပဲဆိုတာ ကျွန်မ သဘောပေါက်လိုက်တယ်။ သူလုပ်သမျှအရာတိုင်းမှာ သူ့ရဲ့ ကိုယ်ပိုင်နာမည်နဲ့ ဂုဏ်အဆင့်အတန်းကို ကာကွယ်ခဲ့တယ်။ အဖမ်းခံရပြီးနောက်မှာ အရေးတကြီးဆွေးနွေးမှုလိုအပ်တဲ့ အလုပ်ရှိတဲ့အခါမှာ သူ့အကြံပြုချက်တွေကို လူတိုင်းက လက်မခံကြတဲ့အခါမှာ ကျွန်မတို့က သူ့ကို အလေးအနက်မထားဘူးလို့ သူက ခံစားရတယ်။ အဲဒါနဲ့ သူက စိတ်ကောက်တယ်၊ ဆုံးဖြတ်ချက်ချတဲ့အခါမှာ ဝင်ပါဖို့ ငြင်းဆန်ပြီး ကျွန်မတို့ကို နှောင့်နှေးစေခဲ့တယ်။ ယန်ချန်းက တကယ့်အလုပ်ကိုမလုပ်တဲ့ အယောင်ဆောင်ခေါင်းဆောင်ပဲဆိုတာ သူ ကောင်းကောင်းသိပေမဲ့ သူ့ကို မထုတ်ခဲ့ဘဲ အသင်းသားတွေကို ဆက်ပြီး ထိခိုက်အောင်လုပ်ခွင့်ပေးထားတယ်။ တခြားအသင်းတော်ရဲ့ သင်းထောက်တွေက အလုပ်နဲ့ မသင့်တော်တဲ့အချိန်မှာ သူ့ ဂုဏ်အဆင့်အတန်းကို ကာကွယ်ဖို့အတွက် သူတို့ကို မထုတ်ခဲ့ဘဲ ညီအစ်ကိုမောင်နှမတွေကို ဆက်ပြီး ထိခိုက်အောင်လုပ်ခွင့်ပြုထားတယ်။ ဒီအတွက် သူ အဆူခံရတဲ့အခါမှာ ဒါကို ဝန်ခံဖို့ မလိုလားနေဘဲ မျက်နှာပြောင်တိုက်ပြီး လိမ်ညာပြီးတော့ ဆင်ခြေတွေ ပေးခဲ့တယ်။ အဲဒီအသင်းတော်နှစ်ခုရဲ့ ခေါင်းဆောင်တွေက အန္တိခရစ်တွေပဲဆိုတာ နောက်ပိုင်းမှာ ပေါ်လွင်သွားတယ်။ သူတို့က မကောင်းမှုတွေ အများကြီးလုပ်ပြီး လူတွေကို စိတ်ဆိုးဒေါသထွက်စေခဲ့တယ်။ ဒါတောင်မှပဲ ချန်းက အယောင်ဆောင်ခေါင်းဆောင်တွေနဲ့ အန္တိခရစ်တွေဘက်ကနေပြီး ကာကွယ်ပေးနေတဲ့ သူ့ရဲ့ မကောင်းမှုတွေအပေါ် နည်းနည်းမှ နောင်တမရခဲ့ဘူး။ သူက ပြုံးပြီးတော့တောင်နေတယ်။ ဒါဟာ သဘာဝအရ သူဟာ သမ္မာတရားကို ရွံရှာမုန်းတီးပြီး မကောင်းတဲ့လူ့သဘာဝကို ပိုင်ဆိုင်တယ်ဆိုတာ ကျွန်မကို ပြသခဲ့ပါတယ်။ သူက နတ်ဆိုးတစ်ကောင်၊ စာတန်တစ်ကောင်၊ အန္တိခရစ်တစ်ယောက်ပဲ။

နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်ဖတ်ရွတ်တဲ့ ဗီဒီယိုတစ်ခုကို ကျွန်မ တွေ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “မိမိတို့၏အဆင့်အတန်းနှင့် ဂုဏ်ဒြပ်တို့ကို အန္တိခရစ်များ၏ ချစ်မြတ်နိုးခြင်းက သာမန်လူများထက် လွန်ကဲပြီး ယင်းမှာ ၎င်းတို့၏ စိတ်သဘောထားနှင့် အနှစ်သာရအတွင်း ရှိသည့်အရာတစ်ခု ဖြစ်သည်။ ယင်းက ခဏတာ စိတ်ဝင်စားမှုတစ်ခု မဟုတ်သကဲ့သို့ ၎င်းတို့ပတ်ဝန်းကျင်၏ ယာယီ အကျိုးသက်ရောက်မှုလည်း မဟုတ်ပေ— ယင်းက ၎င်းတို့၏အသက်၊ ၎င်းတို့၏အရိုးအတွင်းရှိ အရာတစ်ခုဖြစ်သောကြောင့် ၎င်းတို့၏ အနှစ်သာရဖြစ်သည်။ ဤအရာမှာ အန္တိခရစ်တစ်ဦးလုပ်သမျှ အရာအားလုံး၌ ၎င်းတို့၏ ပထမဆုံး ထည့်တွက်စဉ်းစားသည့် အချက်သည် ၎င်းတို့၏ ကိုယ်ပိုင်အဆင့်အတန်းနှင့် ဂုဏ်ဒြပ်တို့သာ ဖြစ်သည်ဟု ဆိုလိုပေသည်။ အန္တိခရစ်တစ်ဦးအတွက် အဆင့်အတန်းနှင့် ဂုဏ်ဒြပ်တို့က ၎င်းတို့၏ အသက်ဖြစ်သကဲ့သို့ ၎င်းတို့၏ တစ်သက်တာ ပန်းတိုင်လည်း ဖြစ်သည်။ ၎င်းတို့လုပ်သမျှ အရာအားလုံး၌ ၎င်းတို့၏ ပထမဆုံး ထည့်တွက် စဉ်းစားသည့်အချက်က ‘ငါ၏အဆင့်အတန်းက ဘာဖြစ်သွားမည်နည်း။ ငါ၏ဂုဏ်ဒြပ်ကရော ဘာဖြစ်သွားမည်နည်း။ ဤအရာကို လုပ်ဆောင်ခြင်းက ငါ့ကို ဂုဏ်ဒြပ်ရစေမည်လော။ ယင်းက လူများ၏စိတ်များထဲရှိ ငါ၏အဆင့်အတန်းကို မြှင့်တင်ပေးမည်လော’ ဖြစ်၏။ ယင်းမှာ ၎င်းတို့ ပထမဆုံးတွေးသည့် အရာဖြစ်သည်၊ ယင်းက ၎င်းတို့၌ အန္တိခရစ်များ၏ စိတ်သဘောထားနှင့် အနှစ်သာရတို့ ရှိခြင်း၏ လုံလောက်သော သက်သေဖြစ်သည်။ သို့မဟုတ်ပါက ၎င်းတို့သည် ထိုနည်းအားဖြင့် ကြိုးစားမည် မဟုတ်ချေ။ အန္တိခရစ်တစ်ဦးအတွက် အဆင့်အတန်းနှင့် ဂုဏ်ဒြပ်တို့က ၎င်းတို့အတွက် မရှိလည်း နေနိုင်သည့် အပယိကတစ်ခုဖြစ်ဖို့ မဆိုထားနှင့်၊ အပိုဆောင်း လိုအပ်ချက်တစ်ခု မဟုတ်ချေ။ ယင်းတို့သည် အန္တိခရစ်တို့ သဘာဝ၏ တစ်စိတ်တစ်ဒေသ ဖြစ်သည်၊ ယင်းတို့က ၎င်းတို့၏အရိုးများ၊ ၎င်းတို့၏ သွေးများထဲတွင် ရှိနေသည်၊ ယင်းတို့က ၎င်းတို့အတွက် မွေးရာပါ ဖြစ်သည်။ အန္တိခရစ်များက အဆင့်အတန်းနှင့် ဂုဏ်ဒြပ်တို့ကို ၎င်းတို့ပိုင်ဆိုင်ခြင်းရှိမရှိနှင့်ပတ်သက်၍ ဂရုမစိုက်ခြင်း မဟုတ်ပေ။ ဤသည်မှာ ၎င်းတို့၏ သဘောထား မဟုတ်ပေ။ သို့ဆိုလျှင် ၎င်းတို့၏ သဘောထားမှာ အဘယ်နည်း။ အဆင့်အတန်းနှင့် ဂုဏ်ဒြပ်တို့သည် ၎င်းတို့၏ နေ့စဉ် အသက်တာများ၊ ၎င်းတို့၏ နေ့စဉ် အခြေအနေ၊ ၎င်းတို့စွမ်းဆောင်ရရှိဖို့ နေ့စဉ် ကြိုးစားအားထုတ်သည့် အရာတို့နှင့် အတွင်းကျကျ ဆက်နွှယ်နေသည်။ ထို့ကြောင့် အန္တိခရစ်များအတွက် အဆင့်အတန်းနှင့် ဂုဏ်ဒြပ်တို့သည် ၎င်းတို့၏ အသက် ဖြစ်သည်။ ၎င်းတို့ မည်သို့အသက်ရှင်နေထိုင်ပါစေ၊ ၎င်းတို့သည် မည်သည့်ပတ်ဝန်းကျင်တွင် အသက်ရှင်နေထိုင်ပါစေ၊ မည်သည့်အလုပ်ကို ၎င်းတို့လုပ်ပါစေ၊ မည်သည့်အရာကို စွမ်းဆောင်ရရှိဖို့ ၎င်းတို့ကြိုးစားအားထုတ်ပါစေ၊ ၎င်းတို့၏ ပန်းတိုင်များက မည်သည့်အရာ ဖြစ်ပါစေ၊ ၎င်းတို့အသက်တာ၏ ဦးတည်ချက်က မည်သည့်အရာဖြစ်ပါစေ ထိုအရာအားလုံးသည် ကောင်းမွန်သော ဂုဏ်သတင်းနှင့် မြင့်မားသည့် ရာထူးအဆင့်အတန်းရှိခြင်းကို ဗဟိုပြုလည်ပတ်သည်။ ပြီးလျှင် ဤရည်ရွယ်ချက်သည် မပြောင်းလဲပေ။ ၎င်းတို့သည် ယင်းကို မည်သည့်အခါမျှ ဘေးဖယ်မထားနိုင်ပေ။ ဤသည်မှာ အန္တိခရစ်များ၏ စစ်မှန်သော သဘောသဘာဝနှင့် အနှစ်သာရတို့ ဖြစ်သည်။ ၎င်းတို့ကို တောင်များ၏အတွင်းပိုင်း အလွန်ရှေးကျသော တောထဲ၌ သွားထားလျှင်ပင် ၎င်းတို့သည် အဆင့်အတန်းနှင့် ဂုဏ်ဒြပ်တို့ကို စွန့်လွှတ်လိမ့်မည် မဟုတ်ပေ။ ၎င်းတို့ကို သာမန်လူတစ်အုပ်ကြားတွင် ထည့်ထားလျှင် ၎င်းတို့တွေးသမျှသည် အဆင့်အတန်းနှင့် ဂုဏ်ဒြပ်တို့သာ ဖြစ်သည်။ ၎င်းတို့က ယုံကြည်မှုကို ရရှိသည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့၏ အဆင့်အတန်းနှင့် ဂုဏ်ဒြပ်တို့ကို ဘုရားသခင်အား ယုံကြည်ခြင်းအရာကို လိုက်စားခြင်းနှင့် သဘောညီမျှသည်ဟု ၎င်းတို့က မြင်ကြသည်။ ဘုရားသခင်အား ယုံကြည်ခြင်း လမ်းကြောင်းကို ၎င်းတို့လျှောက်စဉ်တွင် ၎င်းတို့၏ အဆင့်အတန်းနှင့် ဂုဏ်ဒြပ်တို့ကိုလည်း လိုက်စားသည်ဟု ဆိုလိုသည်။ ၎င်းတို့၏စိတ်နှလုံးထဲတွင် ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် သမ္မာတရားကို လိုက်စားခြင်းတို့သည် အဆင့်အတန်းနှင့် ဂုဏ်ဒြပ်တို့ကို လိုက်စားခြင်းဖြစ်ကြောင်း ၎င်းတို့က ယုံကြည်ကြသည်ဟု ဆိုနိုင်သည်။ အဆင့်အတန်းနှင့် ဂုဏ်ဒြပ်တို့ကို လိုက်စားခြင်းက သမ္မာတရားကို လိုက်စားခြင်းလည်းဖြစ်ပြီး အဆင့်အတန်းနှင့် ဂုဏ်ဒြပ်တို့ကို ရရှိခြင်းက သမ္မာတရားနှင့် အသက်ကို ရရှိခြင်းဖြစ်သည်ဟု ယုံကြည်ကြကြောင်း ဆိုနိုင်သည်။ ၎င်းတို့ အလွန်စိတ်ပျက်ကြသည်၊ ၎င်းတို့သည် ဂုဏ်သိက္ခာ၊ သို့မဟုတ် ဂုဏ်အဆင့်အတန်းမရှိ၊ မည်သူကမျှ ၎င်းတို့ကို မလေးစား၊ သို့မဟုတ် မကြည်ညို၊ သို့မဟုတ် မနာခံဟု ၎င်းတို့က ခံစားရလျှင် ၎င်းတို့အလွန် မချင့်မရဲဖြစ်ကြသည်။ ဘုရားသခင်၌ ယုံကြည်ခြင်းသည် အဓိပ္ပာယ်မရှိ၊ ယင်းတွင် တန်ဖိုးမရှိဟု ၎င်းတို့ ယုံကြည်ကြသည်၊ ‘ဘုရားသခင်၌ ထိုသို့သော ယုံကြည်ခြင်းသည် အချိန်ဖြုန်းခြင်းတစ်ခု ဖြစ်သည်၊ မျှော်လင့်ချက်မရှိ’ ဟု မိမိတို့ကိုယ်ကိုယ် ဆိုကြသည်။ ၎င်းတို့သည် ဤအရာများကို ၎င်းတို့စိတ်နှလုံးထဲတွင် စဉ်းစားနှိုင်းချိန်ပြီးလုပ်ဆောင်ကြသည်။ ဘုရားအိမ်တော်တွင် ၎င်းတို့ကိုယ်တိုင်အတွက် နေရာတစ်နေရာကို မည်သို့ ရရှိအောင် ကြိုးစားနိုင်မည်၊ အသင်းတော်တွင် မြင့်မြတ်သည့် ဂုဏ်သတင်းကို မည်သို့ရရှိနိုင်သည်ကို စဉ်းစားနှိုင်းချိန်ပြီးလုပ်ဆောင်ကြသည်။ ဤသို့ဖြင့် ၎င်းတို့ စကားပြောသည့်အခါ လူတို့က နားထောင်ရန်၊ ၎င်းတို့လုပ်ဆောင်သည့်အခါ ပံ့ပိုးကြရန်၊ ၎င်းတို့သွားသည့်နေရာတိုင်းသို့ လိုက်ရန်ဖြစ်ပြီး ဤသို့ဖြင့် အသင်းတော်တွင် ပြောဆိုခွင့်ရှိရန်၊ ဂုဏ်သတင်းတစ်ခုရှိရန်၊ ဤသို့ဖြင့် အကျိုးအမြတ်များကို ခံစားရရန်၊ ဂုဏ်အဆင့်အတန်းရှိရန်ဖြစ်သည်။ ဤအရာများကို ၎င်းတို့ မကြာခဏ တွေးဆကြသည်။ ဤအရာများအားလုံးသည် ထိုသို့သောသူများ လိုက်စားသည့်အရာများဖြစ်သည်။ ၎င်းတို့က ထိုကဲ့သို့သော အရာများအကြောင်း အဘယ့်ကြောင့် အစဉ်တွေးတောနေကြသနည်း။ ဘုရားသခင်၏နှုတ်ကပတ်တော်များကို ဖတ်ရှုပြီးသည့်နောက် တရားဒေသနာများကို ကြားပြီးသည့်နောက်တွင်၊ ဤအရာအားလုံးကို ၎င်းတို့ အမှန်တကယ် နားမလည်ကြသလော။ ဤအရာအားလုံးကို ၎င်းတို့ အမှန်တကယ် မသိမြင်နိုင်ကြသလော။ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားတို့သည် ၎င်းတို့၏ အယူအဆများ၊ စိတ်ကူးများနှင့် ထင်မြင်ယူဆချက်တို့ကို အမှန်တကယ် မပြောင်းလဲနိုင်သလော။ ထိုသို့လုံးဝ မဟုတ်ပေ။ ပြဿနာသည် ၎င်းတို့နှင့် စတင်သည်။ သမ္မာတရားကို ၎င်းတို့ မချစ်သောကြောင့် လုံးလုံးလျားလျား ဖြစ်ပေသည်။ ၎င်းတို့စိတ်နှလုံးတွင် သမ္မာတရားကို ၎င်းတို့ မုန်းတီးသောကြောင့်ဖြစ်သည်။ ရလဒ်အနေဖြင့် ၎င်းတို့သည် သမ္မာတရားကို လုံးလုံး လက်ခံလိုခြင်းမရှိပေ။ ဤအရာကို ၎င်းတို့၏ သဘာဝနှင့် အနှစ်သာရတို့ဖြင့် ဆုံးဖြတ်ခြင်းဖြစ်သည်။(အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် မိမိတို့ကိုယ်တိုင် ထင်ရှားကျော်ကြားမှု ရစေဖို့နှင့် ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများနှင့် ရည်မှန်းချက်များကို ပြည့်ဝစေဖို့သာ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင့်အိမ်တော်၏အကျိုးစီးပွားများကို မည်သည့်အခါမျှ အရေးမထားသကဲ့သို့၊ ပုဂ္ဂိုလ်ရေးရာ ထင်ပေါ်ကျော်ကြားမှုအတွက် အပြန်အလှန်အားဖြင့် ထိုအကျိုးစီးပွားများကိုပင် ပစ်ပယ်သည် (အပိုင်း ၃)”) ဘုရားနှုတ်ကပတ်တော်ကို ဆင်ခြင်ရင်းနဲ့ အန္တိခရစ်တွေဟာ အထူးသဖြင့် နာမည်နဲ့ ဂုဏ်အဆင့်အတန်းကို တပ်မက်တယ်ဆိုတာ ကျွန်မ တွေ့ခဲ့တယ်။ ဘယ်နေရာမှာပဲ သူတို့ရှိပါစေ၊ ဘာကိုပဲ လုပ်ပါစေ သူများတွေရဲ့ လေးစားတာ၊ တန်ဖိုးထားတာကို သူတို့ခံရမလားဆိုတာပဲ စဉ်းစားနေကြတာ။ သူတို့မှာ အဆုံးအဖြတ်ပေးနိုင်တဲ့ အာဏာရှိရင်ပေါ့။ အဲဒီလို အာဏာကိုမရနိုင်ရင် သူတို့က အရမ်းကို စိတ်ပျက်သွားကြပြီး ယုံကြည်ခြင်းရှိပြီး တာဝန်ထမ်းဆောင်တဲ့နေရာမှာတောင် စိတ်ဝင်စားမှုမရှိကြတော့ဘူး။ သူတို့စိတ်နှလုံးထဲမှာ ဂုဏ်သတင်းနဲ့ အဆင့်အတန်းက အရာအားလုံးအထက်မှာရှိတယ်။ သူတို့ဘေးပတ်လည်မှာ ဘာဖြစ်နေပါစေ၊ ဘုရားနှုတ်ကပတ်တော်တွေကို သူတို့ ဘယ်လောက်နားထောင်ပါစေ ဒီလိုက်စားမှုကို သူတို့ ဘယ်တော့မှ ပြောင်းလဲမှာမဟုတ်ဘူး။ ပြီးတော့ သူတို့ကိုယ်ပိုင်ရဲ့ ပုံရိပ်နဲ့ အကျိုးစီးပွားအတွက် ဘုရားသခင်နဲ့ သမ္မာတရားကိုတောင် အဆုံးထိ တိုက်ခိုက်ကြလိမ့်မယ်။ ချန်းရဲ့ အပြုအမူကို ကျွန်မ ပြန်စဉ်းစားတယ်။ သူက သူ့နာမည်နဲ့ ဂုဏ်အဆင့်အတန်းကို အရာရာထက်ပိုပြီး တန်ဖိုးထားတယ်။ အဲဒါက သူ့ရဲ့တကယ့်ဘဝဖြစ်လာတဲ့အထိပဲ။ သူက ဆုံးဖြတ်ခွင့်ရှိတဲ့အာဏာကိုရဖို့ အမြဲတမ်း ကြိုးစားနေတာ။ ဒါကို မရတဲ့အခါမှာ သူက မလိုမုန်းထားစိတ်ဖြစ်လာပြီး ငြူစူလာတယ်။ သူများတွေကိုတောင် သိမ်ငယ်အောင်လုပ်ပြီး ပြဿနာတွေဖြစ်အောင် ဆွပေးတယ်။ သူ့မှာ မှန်ကန်တဲ့ လူသားအသိစိတ်အားလုံး လုံးဝ ပျောက်ဆုံးသွားပြီ။ အသင်းတော်ရဲ့ အကျိုးစီးပွားတွေပါလာတဲ့အခါမှာ သူက သူကိုယ်တိုင်ရဲ့ နာမည်နဲ့ ဂုဏ်အဆင့်အတန်းကို ဦးစားပေးတုန်းပဲ။ ဘုရားအိမ်တော်ရဲ့ အလုပ်အတွက် ဘယ်လောက် အရေးတကြီးဖြစ်နေပါစေ၊ သူများတွေက အန္တရာယ်ရှိနေပါစေ သူက ဂရုကိုမစိုက်တာ။ တစ်ခါတလေမှာ သူက အနှောင့်အယှက်ဖြစ်စေတယ်ဆိုတာကို လုံးဝ သတိထားမိတယ်။ ဒါပေမဲ့ သူ့ရဲ့ ကိုယ်ပိုင်ဂုဏ်အဆင့်အတန်းကို ကာကွယ်နေချင်တုန်းပဲ။ ချန်းက နှစ်ချီပြီးတော့ ခေါင်းဆောင်ဖြစ်ခဲ့တယ်။ အယောင်ဆောင်ခေါင်းဆောင်တွေနဲ့ အန္တိခရစ်တွေက ချက်ချင်းထုတ်ပစ်ဖို့လိုတယ်ဆိုတာ သူသိပေမဲ့ သူ့ရဲ့ ကိုယ်ပိုင်ဂုဏ်အဆင့်အတန်းကိုပဲ ကာကွယ်ချင်ခဲ့တယ်။ ဒါကြောင့် အယောင်ဆောင်ခေါင်းဆောင်တွေနဲ့ အန္တိခရစ်တွေက မကောင်းမှုမျိုးစုံလုပ်နေတာကို အသင်းတော်အလုပ်ကို နှောင့်ယှက်နေတာကို မြင်တဲ့အခါ လုံးဝ သူတို့ရဲ့ အကာအကွယ်အနေနဲ့ နေခဲ့တယ်။ ဒါက အသင်းတော်အလုပ်ကို ထိခိုက်ခဲ့ပြီး အသင်းသားတွေရဲ့ အသက်ဝင်ရောက်မှုကို တော်တော်ပျက်စီးစေခဲ့တယ်။ သူက ပြောင်ပြောင်တင်းတင်းနဲ့ ဘုရားကို ဆန့်ကျင်အလုပ်လုပ်ပြီး မကောင်းမှုမှာ ကြံရာပါတစ်ယောက်ဖြစ်တယ်။ ဒီ ဘုရားနှုတ်ကပတ်တော်အပိုဒ်ကို ကျွန်မ တွေးမိတယ်။ “စာတန်၏ ဖျက်ဆီးခြင်း ခံထားရသော လူအားလုံး၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိသည်။ အချို့၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသာရှိသော်လည်း၊ အခြားသူများ၌မူ ထိုကဲ့သို့ မဟုတ်ကြပေ။ ၎င်းတို့သည် ဖောက်ပြန်ပျက်စီးသည့် ဆိုးယုတ်သော စိတ်သဘောထားများ ရှိကြသည်သာမက သူတို့၏ သဘာဝသည်လည်း အလွန်အမင်း မလိုမုန်းထားတတ်ကြသည်။ ၎င်းတို့၏ အပြောအဆိုနှင့် အပြုအမူများက ၎င်းတို့၏ ဖောက်ပြန်ပျက်စီးကာ ဆိုးယုတ်သော စိတ်သဘောထားများကို ဖော်ပြသည်သာမက ဤလူများသည် နတ်ဆိုးစာတန် စစ်စစ်လည်း ဖြစ်သည်။ သူတို့၏အပြုအမူသည် ဘုရားသခင်၏အလုပ်ကို ကြားဖြတ်ပြီး နှောင့်ယှက်သည်၊ ညီအစ်ကို မောင်နှမများ၏ အသက်တာ ဝင်ရောက်မှုကို နှောင့်ယှက်ပြီး၊ အသင်းတော်၏ သာမန်အသက်တာကို ဖျက်ဆီးသည်။ သိုးရေခြုံထားသည့် ဤဝံပုလွေများသည် အနှေးနှင့်အမြန် ရှင်းလင်းခံရမည်ဖြစ်သည်။ စာတန်၏ ဤအစေအပါးများအပေါ် မညှာတာသည့် သဘောထား၊ ငြင်းပယ်သည့် သဘောထားကို ထားရှိရမည်။ ဤသည်သာ ဘုရားသခင်ဘက်၌ ရပ်တည်ခြင်းဖြစ်ပြီး ထိုသို့လုပ်ရန် ပျက်ကွက်သော သူများသည် စာတန်နှင့် ဒုစရိုက်နွံထဲတွင် မွေ့လျော်နေသူများ ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သောသူများကို သတိပေးချက်) သူက ခေါင်းဆောင်တစ်ယောက်ဖြစ်ပေမဲ့ ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားတွေကို နည်းနည်းမှ မထိန်းသိမ်းဘူး။ ပိုအရေးပါလေ၊ အရေးကြီးလေလေ သူက အတားအဆီးဖြစ်လာလေလေပဲ။ သူက အမြဲတမ်း အဲဒီလိုမျိုးပဲ။ ဒါဟာ ဖောက်ပြန်ပျက်စီးမှုနည်းနည်းပြတာ၊ တစ်ခဏ သိမြင်နိုင်မှုမရှိတာတင် မဟုတ်ဘူး။ သိသိနဲ့ကို ဘုရားအိမ်တော်ရဲ့အလုပ်ကို နှောင့်ယှက်ပြီး သေးသိမ်အောင်လုပ်နေတာပါ။ ဒါဟာ “နတ်ဆိုးစာတန် စစ်စစ်လည်း ဖြစ်သည်။”ဆိုပြီး ဘုရားသခင်ဖော်ပြထားတဲ့အတိုင်း အတိအကျပဲ။ စည်းမျဉ်းတွေအရဆိုရင် ဒီလိုလူမျိုးကို အသင်းတော်ကနေ ဖယ်ရှားရမယ်။ ဘုရားနှုတ်ကပတ်တော်ကို ကျွန်မ ဆင်ခြင်ကြည့်လေလေ၊ ပိုရှင်းလာလေလေပဲ။ ကျွန်မက ဘယ်လောက် မမြင်မကန်းဖြစ်ပြီး မိုက်မဲသလဲဆိုတာ မြင်သွားတယ်။ ကျွန်မက ဒီမကောင်းမှုပြုသူ၊ ဒီအန္တိခရစ်ကို ညီအစ်မတစ်ယောက်လို ဆက်ဆံနေပြီး သည်းခံနေတာကလွဲပြီး ဘာမှမလုပ်ခဲ့ဘူး။ သူက ငယ်ပြီး မတည်ငြိမ်သေးတာသက်သက်ပဲ၊ သူ့မှာ ဆုကျေးဇူးတွေ၊ အစွမ်းအစတွေနဲ့ အရည်အချင်းရှိတယ်လို့ ထင်ခဲ့တာ။ အဲဒါနဲ့ ကျွန်မက သူ့ကို ဆက်ပြီးကူညီပံ့ပိုးပေးပြီး ချစ်ခင်စိတ်ကြောင့် သူ့ကို အခွင့်အရေးတွေ ပေးနေခဲ့တယ်။ ကျွန်မဟာလည်း အယောင်ဆောင်ခေါင်းဆောင်၊ အန္တိခရစ်တစ်ယောက်ကို အကာကွယ်ပေးနေပြီး ဘုရားအိမ်တော်ကို ထိခိုက်ခွင့်ပြုနေခဲ့တာပါ။ ကျွန်မ နာကျင်ရင်း၊ ကိုယ့်ကိုယ်ကိုယ် စွပ်စွဲရင်းနဲ့ ဘုရားကို ဆုတောင်းတယ်။ “ဘုရားသခင် သမီး ဘာသိမြင်မှုမှ မရှိခဲ့ပါဘူး။ သမီးဟာ အယောင်ဆောင်ခေါင်းဆောင်၊ အန္တိခရစ်တစ်ယောက်အတွက် အကာအကွယ်ဖြစ်နေခဲ့ပြီး ကိုယ်တော်ရှေ့မှာ ကြီးလေးတဲ့ပြစ်မှားမှုကို ကျူးလွန်နေခဲ့တာပါ။ ဘုရားသခင်၊ သမီး နောင်တရချင်ပါတယ်။ ချန်းရဲ့ မကောင်းမှုတွေကို ရင်ဆိုင်ဖော်ထုတ်ပြီး အသင်းတော်အလုပ်ကို ကာကွယ်ဖို့အတွက် သမီးကို လမ်းပြတော်မူပါ” ဆိုပြီးတော့။

အဲဒီနောက်မှာ ကျွန်မ အခြားတွဲဖက်အမှုဆောင်တချို့နဲ့ ပေါင်းပြီး ချန်းကို တိုင်တဲ့စာတစ်စောင် ရေးခဲ့ကြတယ်။ ပြီးတော့ သူနဲကိုယ်တိုင်တွေ့ပြီး သူ့ရဲ့ မကောင်းမှုတွေကို ဖော်ထုတ်ပြီး စိစစ်လေ့လာခဲ့တယ်။ သူက မတရားခံရတဲ့ပုံစံပေါ်နေပြီး သူ့အပြုအမူကို နည်းနည်းလေးမှ နားမလည်ဘူး။ ဘုရားနှုတ်ကပတ်တော်ထဲက တစ်ခုကို ကျွန်မ သတိရမိတယ်။ ဆိုးယုတ်သူရဲ့ အဘိဓာန်မှာ “နောင်တ” ဆိုတဲ့စကားမျိုးမရှိဘူးဆိုတာပေါ့။ ချန်းက သဘောသဘာဝအရကို သမ္မာတရားကို ရွံရှာမုန်းတီးတယ်ဆိုတာ ပိုပြီးတော့တောင် သေချာသွားတယ်။ မကောင်းမှုတွေ ဘယ်လောက်ပဲ သူလုပ်ခဲ့ပါစေ၊ ဘယ်ကျရှုံးမှုမျိုးကို သူတွေ့ကြုံခဲ့ရပါစေ သူက အမှန်တကယ်နောင်တရဖို့ မဖြစ်နိုင်ဘူး။ စည်းမျဉ်းနဲ့အညီ ကျွန်မတို့ သူ့ကို ထုတ်ပယ်ခဲ့တယ်။ သူ့ရာထူးကနေ အထုတ်ခံရပြီးတဲ့နောက်မှာ သူက နည်းနည်းလေးမှ ကိုယ့်ကိုယ်ကိုယ် ပြန်မဆင်ခြင်ကြည့်ခဲ့ဘူး။ သူက ဘုရားအိမ်တော်က ချစ်ခြင်းမေတ္တာမရှိဘူးဆိုတဲ့ဝေဖန်တာတွေပဲ ပြောနေပြီး နောက်ဆုံးမှာ သူ့ ယုံကြည်မှုကို စွန့်လွှတ်သွားတယ်။ ချန်းက ဘုရားသခင်ရဲ့ အမှုကတစ်ဆင့် ဖော်ထုတ်ခံရတဲ့ အန္တိခရစ်တွေ၊ မယုံကြည်သူတွေထဲက တစ်ယောက်ဖြစ်တယ်ဆိုတာ ဒါကနေ မြင်ခဲ့ပါတယ်။ သူ့ကို အသင်းတော်ကနေ တရားဝင် ထုတ်ပယ်ခဲ့တယ်။

အဲဒီနောက်မှာ ကျွန်မ ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ကြည့်တယ်။ ကျွန်မရဲ့ ဘေးတည့်တည့်မှာရှိနေတဲ့ အန္တိခရစ်တစ်ယောက်ကို ကျွန်မ ဘာကြောင့်မမြင်တာလဲ။ ဒီလိုချင့်ချိန်နိုင်စွမ်းမရှိတာဟာ ကျွန်မမှာ ဘာကင်းမဲ့နေလို့လဲပေါ့။ ဒီဆင်ခြင်မှုကနေ ကျွန်မ သဘောပေါက်ခဲ့တယ်။ သူက သူ့နာမည်အတွက် ကြိုးစားပြီးတိုင်း သူ့အပြုအမူနဲ့ အတွေးတွေကို ဖွင့်ပြောတယ်၊ တစ်ခါတလေမှာ မျက်ရည်တောင်ကျတယ်ဆိုတာကိုပေါ့။ သူက ဂုဏ်အဆင့်အတန်းကိုပဲ စိတ်ကရောက်နေပေမဲ့ သမ္မာတရားကို လက်ခံနိုင်တယ်၊ နောင်တရချင်တယ်လို့ ကျွန်မ တွက်ခဲ့မိတယ်။ အနှောင့်အယှက်ဖြစ်တာတွေ၊ ကျိုးကြောင်းမသင့်တာတွေကို သူ လုပ်ရခြင်းနောက်က အကြောင်းပြချက်က ငယ်ရွယ်တာ၊ မတည်ငြိမ်တာ၊ သူ့ဖောက်ပြန်ပျက်စီးမှုရဲ့ ချည်နှောင်မှုကိုခံရပြီး မရပ်တန့်နိုင်လို့ပဲဆိုတာပေါ့။ အဲဒါနဲ့ ကျွန်မက အများအားဖြင့် မိတ်သဟာယပြုပြီးတော့ပဲ ကူညီပေးတယ်။ ပြီးတော့ ကိုယ့်ကိုယ်ကိုယ် အမြဲတမ်း ဆင်ခြင်ပြီး နားလည်ဖို့ ကြိုစားခဲ့တယ်။ ပြီးတော့လည်း သူ့နာမည်နဲ့ ဂုဏ်အဆင့်အတန်းတို့နဲ့ မပတ်သက်တဲ့အခါမှာ သူက သူများတွေနဲ့ အဆင်ပြေပြီး သူ့တာဝန်မှာ တကယ်ကို တာဝန်ယူတယ်။ သူဖန်တီးခဲ့တဲ့ ဒီအတုအယောင်ပုံသဏ္ဌာန်ကြောင့် ကျွန်မ အယုံသွင်းခံခဲ့ရတာ။ နောက်ကျတော့ ဒါကို နားလည်အောင် ကျွန်မကို တကယ်ကူညီပေးတဲ့ ဘုရားနှုတ်ကပတ်တော်ဖတ်ပြတဲ့ နောက်ဗီဒီယိုတစ်ခုကို ကျွန်မ တွေ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “အန္တိခရစ်များသည် မည်သည့်နည်းလမ်းများဖြင့် လူတို့ကို လှည့်စားပါစေ၊ သွေးဆောင်ဖြားယောင်းဖို့ ကြိုးစားပါစေ တစ်ချက်ကတော့ သေချာသည်။ ၎င်းတို့၏ ကိုယ်ပိုင်အာဏာနှင့် ဂုဏ်အဆင့်အတန်းအတွက် ၎င်းတို့၏ ရည်ရွယ်ချက်များကို ရရှိရန် ဦးနှောက်ခြောက်ခံစဉ်းစားပြီး နည်းလမ်းတိုင်းကို လိုသလို အသုံးပြုကြသည်။ အခြားအချက်တစ်ခုမှာလည်း သေချာသည်။ ၎င်းတို့မည်သည့်အရာကို လုပ်ဆောင်နေသည်ဖြစ်စေ ယင်းမှာ မိမိတို့ တာဝန်ကို ကောင်းစွာ ထမ်းဆောင်ရန် မဆိုထားနှင့်။ ၎င်းတို့သည် တာဝန်ထမ်းဆောင်နေကြခြင်းပင် မဟုတ်ဘဲ၊ အသင်းတော်အတွင်းရှိ အာဏာကို ရယူခြင်းဖြစ်သော ၎င်းတို့၏ ရည်ရွယ််ချက်ကို ရရှိရန်ဖြစ်သည်။ ထို့အပြင် ၎င်းတို့ မည်သည့်အရာကို လုပ်ဆောင်နေသည်ဖြစ်စေ ဘုရားသခင်ရွေးချယ်ထားသောသူများ၏ အကျိုးစီးပွားများကို ထည့်သွင်းစဉ်းစားမှုတစ်ခုခု ရှိရန်မဆိုထားနှင့်။ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကိုပင် လုံးဝ ထည့်သွင်းစဉ်းစားခြင်းမရှိပေ။ အန္တိခရစ်၏ အဘိဓာန်တွင် ဤအရာများထဲမှ မည်သည့်အရာကိုမျှ သင် လုံးဝ တွေ့ရှိလိမ့်မည်မဟုတ်ပေ။ နှစ်ခုလုံးသည် ၎င်းတို့ထဲတွင် ပင်ကိုအားဖြင့် မရှိပေ။ ၎င်းတို့သည် မည်သည့် ခေါင်းဆောင်အဆင့်ဖြစ်ပါစေ၊ ဘုရားအိမ်တော်နှင့် ဘုရားသခင်ရွေးချယ်ထားသောသူတို့၏ အကျိုးစီးပွားများကို လုံးဝ စိတ်ဝင်စားခြင်းမရှိပေ။ ၎င်းတို့၏ စိတ်တွင်၊ ဘုရားအိမ်တော်၏ အလုပ်နှင့် အကျိုးစီးပွားများသည် ၎င်းတို့နှင့် မည်သို့မျှ မသက်ဆိုင်ပေ။ နှစ်ခုလုံးကို ၎င်းတို့က မထီမဲ့မြင်ပြုကြသည်။ ၎င်းတို့၏ ကိုယ်ပိုင် ဂုဏ်အဆင့်အတန်းနှင့် အကျိုးစီးပွားများကိုသာ ထည့်သွင်းစဉ်းစားကြသည်။ တစ်ခါတစ်ရံတွင် ၎င်းတို့သည် ဆိုးယုတ်သည့်အမှုများကို အလွန်အကျွံလုပ်ဆောင်ခြင်းအတွက် တိုင်ကြားခြင်းခံရပြီး အထက်မှ သိရှိသွားလျှင် ၎င်းတို့သည် ၎င်းတို့၏ ဂုဏ်အဆင့်အတန်းကို ဆုံးရှုံးရတော့မည်သကဲ့သို့ ခံစားကြလိမ့်မည်။ ထို့ကြောင့် ၎င်းတို့သည် ခါးသီးစွာ ငိုကြွေးကြမည်ဖြစ်ပြီး အပြင်ပန်းတွင် နောင်တရပြီး ဘုရားသခင်ဘက်သို့ ခြေဦးလှည့်သည့် ပုံပေါ်လိမ့်မည်။ သို့သော် ၎င်းတို့မျက်ရည်များ၏ စစ်မှန်သည့် အကြောင်းပြရင်းမှာ အဘယ်နည်း။ အဘယ်ကြောင့် ၎င်းတို့ နောင်တရကြသနည်း။ ၎င်းတို့၏ ဝမ်းနည်းခြင်းနှင့် မချိတင်ကဲဝေဒနာသည် ၎င်းတို့က လူတို့၏ စိတ်နှလုံးများထဲတွင် နေရာတစ်နေရာမကိုင်စွဲတော့ဘဲ ၎င်းတို့၏ ကိုယ်ပိုင် ဂုဏ်အဆင့်အတန်းနှင့် ဂုဏ်သတင်းကို ဆုံးရှုံးရသည့် အချက်မှ အရင်းခံဖြစ်ပေါ်သည်။ ဤသည်မှာ ၎င်းတို့မျက်ရည်များ၏ အကြောင်းရင်းဖြစ်သည်။ တစ်ချိန်တည်းတွင်၊ ၎င်းတို့သည် ၎င်းတို့ဂုဏ်အဆင့်အတန်းကို ခိုင်မာစေခြင်းနှင့် ၎င်းတို့၏ ကျရှုံးမှုမှတစ်ဆင့် သင်ယူရာ၌ နောက်အဆင့်များကို ချင့်ချိန်စဉ်းစားနေကြပေသည်။ အန္တိခရစ်များတွင် သိသာထင်ရှားသည့်အရာကို အကဲဖြတ်ကြည့်ရလျှင် ၎င်းတို့သည် ၎င်းတို့၏ ကိုယ်ပိုင်ပြစ်မှားမှုများနှင့် ၎င်းတို့တွင် ထုတ်ဖော်ပြသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများအတွက် မည်သည့်အခါမျှ နောင်တမရပေ၊ ဒုက္ခမခံစားရပေ။ ဤအရာများကို အမှန်တကယ်နားလည်ပြီး နောင်တရနိုင်ရန်မှာ ပို၍ပင် မဖြစ်နိုင်ပေ။ ၎င်းတို့သည် မိမိတို့ကိုယ်ကို ဆင်ခြင်လျက်၊ ကျိန်ဆဲလျက်ဖြင့် မျက်နှာများတွင် မျက်ရည်များစီးကျလျက် ဘုရားရှေ့တွင် ဒူးထောက်လျှင်ပင် ဤသည်မှာ ပရိယာယ်ဆင်ခြင်းတစ်ခုသာ ဖြစ်နေဆဲဖြစ်သည်။ စစ်မှန်သည်ဟု အချို့က ယုံကြည်သည့်အရာဖြစ်သည်။ ထိုသို့သောအချိန်များတွင် ၎င်းတို့၏ ခံစားချက်များသည် စစ်မှန်နိုင်သော်လည်း အန္တိခရစ်များသည် မည်သည့်အခါမျှ အမှန်တကယ် နောင်တမရနိုင်ဆိုသည်ကို သတိရလော့။ ၎င်းတို့သည် ဖော်ထုတ်ခံရပြီး စွန့်ပစ်ခံရသည့်နေ့ကို ရောက်လာလျှင်ပင် လုံးဝ အမှန်တကယ် နောင်တရလိမ့်မည်မဟုတ်ပေ။ ၎င်းတို့ကျရှုံးခဲ့သည်ကိုသာ၊ ပရိယာယ်က အလုပ်မဖြစ်သည်ကိုသာ ဝန်ခံကြလိမ့်မည်။ ဤသို့ အဘယ်ကြောင့် ငါပြောရသနည်း။ ယင်းသည် အန္တိခရစ်များ၏ သဘာဝပေါ်တွင် အခြေခံပေသည်။ ၎င်းတို့သည် သမ္မာတရားကို မည်သည့်အခါမျှ လက်မခံနိုင်ပေ။ ထို့ကြောင့် ၎င်းတို့၏ မိမိကိုယ်ကိုသိမြင်မှုသည် အစဉ်သဖြင့် မှားယွင်းပေသည်။(အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် လူတို့ကို ဝေခွဲမရဖြစ်စေပြီး သိမ်းသွင်းစည်းရုံး၍ ခြိမ်းခြောက်ကာ ထိန်းချုပ်လေ၏”) အန္တိခရစ်တွေဟာ မကောင်းဆိုးဝါးတွေဖြစ်တယ်၊ သဘာဝအရ ဆိုးယုတ်ပြီး ဉာဏ်များတယ်၊ လှည့်စားဖို့အတွက် အရမ်းကို ပါးနပ်တဲ့နည်းလမ်းတွေရှိတယ်ဆိုတာ ဘုရားနှုတ်ကပတ်တော်ကနေ ကျွန်မ တွေ့ခဲ့တယ်။ တစ်ခါတလေမှာ သူတို့က ချစ်ခင်၊ သည်းခံပြီး သူများတွေအပေါ် စိတ်ရှည်တဲ့ပုံပေါ်တယ်။ ဒါပေမဲ့ သူတို့ရဲ့ အကျိုးစီးပွားပါလာတာနဲ့ သူတို့က တခြားလူတွေကို အစွမ်းကုန် ဝေဖန်တိုက်ခိုက်ပြီး ငြင်းပယ်တယ်။ ဒီနည်းနဲ့ သိနိုင်တာက ဒါက သူတို့ရဲ့ ချစ်ခြင်း၊ စိတ်ရှည်သည်းခံခြင်းဆိုတာတွေက အတုအယောင်ဖြစ်တယ်ဆိုတာပဲ။ တစ်ခါတလေမှာ သူတို့က ခါးခါးသီးသီး ငိုကြွေးနိုင်တယ်။ သူတို့ကိုယ်သူတို့သိပြီး ကျိန်ဆဲနိုင်တယ်။ ဒါပေမဲ့ ဒါက စစ်မှန်တဲ့ နောင်တမဟုတ်ဘူး။ ဒါက သူများတွေကို အထင်မှားစေပြီး ထိန်းချုပ်ဖို့၊ သူတို့ရဲ့ နေရာကို ခိုင်မာစေဖို့ပဲ။ ချန်းနဲ့ ကျွန်မ ဆက်ဆံခဲ့တာတွေအားလုံးကို ကျွန်မ သေချာပြန်တွေးကြည့်တယ်။ သူ့နာမည်နဲ့ အဆင့်အတန်းမပါတဲ့အခါမှာ သူက ကျွန်မတို့နဲ့ ပုံမှန် အဆင်ပြေတယ်။ ဒါပေမဲ့ ပါလာတာနဲ့တစ်ပြိုင်နက် သူက ချက်ချင်း ပြောင်းလဲသွားတော့တာပဲ။ ကျွန်မအလုပ်ကို သူဦးဆောင်တဲ့အခါမှာ သူက အထောက်အကူဖြစ်ပြီး ပံ့ပိုးပေးတယ်။ ဒါပေမဲ့ ကျွန်မက သူ့အလုပ်ကို ဦးဆောင်ရတဲ့အခါမှာ သူက ရုတ်တရက် ကျွန်မအပေါ် တော်တော်အေးတိအေးစက်ဖြစ်လာပြီး မနာလိုစိတ်နဲ့ ကျွန်မကို သေးသိမ်အောင်လုပ်တယ်။ သူ့ပြဿနာတွေကို ကျွန်မတို့ ထောက်ပြတဲ့အခါမှာ သူက လုံးဝကို လက်ခံလိုစိတ်မရှိဘဲ ဆင်ခြေတွေတောင်ပေးတယ်။ တာဝန်ကို ကျွန်မတို့အပေါ် ပုံချပြီး ကျွန်မတို့ကို တိုက်ခိုက်တယ်။ နောက်ပိုင်းမှာ သူ ပြခဲ့တဲ့ ဖောက်ပြန်ပျက်စီးမှုကို ပွင့်ပွင့်လင်းလင်းတော့ ပြောပါတယ်။ ပြီးတော့ သူ ပြောင်းလဲပြီး နောင်တရချင်တယ်လို့ပြောရင်း ငိုတယ်။ ဒါပေမဲ့ သူက လုံးဝ ပြောင်းလဲမှုမရှိဘူး။ သူ့ကိုယ်သူသိမြင်မှုနဲ့ ပွင့်လင်းမှုနောက်ကွယ်မှာ စာတန်ရဲ့ လှည့်ကွက်တွေက ပုန်းကွယ်နေတယ်။ ကျွန်မတို့ကို အထင်မှားအောင်လို့ ဒါတွေကိုသူက အသုံးပြုချင်တာ။ သူက သူ့ကိုယ်သူနားလည်တယ်လို့ ကျွန်မတို့က ထင်ပြီး သူ့ရဲ့အရှိတိုင်းကို မမြင်အောင်ပေါ့။ ဒီနည်းလမ်းနဲ့ သူက သူကိုင်စွဲထားတဲ့နေရာကို ကာကွယ်တယ်။ သူက ကျွန်မတို့ကိုလည်း သူ့ဘက်ကနေ ရပ်တည်စေချင်တယ်။ စာနာမှုရှိပြီး နားလည်စေချင်တယ်။ သူ့ကိုယ်သူသိတာက တခြားလူတွေကို လှည့်စားဖို့သက်သက်ပဲ။ ဒါ တော်တော်ကို လှည့်ဖြားပြီး ကောက်ကျစ်ပါတယ်။ အဲဒါတွေက ဟန်ဆောင်မျက်ရည်သက်သက်ပဲ။ သတိမထားဘူးဆိုရင် အယုံသွင်းခံရဖို့ သူ လှည့်စားတာခံရဖို့ လွယ်တယ်။ ဆင်ခြင်တုံတရားနဲ့ အသိစိတ် တကယ်ရှိသူတွေက၊ လူ့သဘာဝပိုင်ဆိုင်သူတွေက ဘုရားအိမ်တော်အတွက် မကောင်းတာတစ်ခုခုကို လုပ်မိတာနဲ့၊ ဘုရားအိမ်တော်ရဲ့အလုပ်ကို ကြားဝင်နှောင့်ယှက်မိတာနဲ့ နောင်တတွေနဲ့ပြည့်သွားပြီး သူတို့ကိုယ်သူတို့ မုန်းတီးကြတယ်။ ပြီးတဲ့နောက်မှာ ပြန်ဖာထေးဖို့အတွက် တတ်နိုင်သမျှအရာရာကို လုပ်ချင်ကြတယ်။ သူတို့စိတ်နှလုံးအတွင်းထဲမှာ နောင်တရပြီး ပြောင်းလဲချင်ကြတယ်။ ဒါပေမဲ့ ချန်းက လုံးဝကို ဆန့်ကျင်ဘက်ပဲ။ ဘုရားအိမ်တော်ရဲ့အလုပ်အပေါ် ထိခိုက်မှုတွေ ဘယ်လောက်ထိ သူလုပ်မိပါစေ ဘယ်တော့မှ နောင်တမရဘူး။ လုံးဝ စိတ်မကောင်းမဖြစ်ဘူး။ ပြီးတော့ သူလုပ်ခဲ့တဲ့ မကောင်းမှုကို မုန်းတီးလို့ဆိုပြီး ငိုနေတာမဟုတ်ဘူး။ နောက်ပိုင်းမှာ ကျွန်မတို့က သူ့ရဲ့ မကောင်းမှုကို ဖော်ထုတ်တဲ့အခါမှာ သူက လုံးဝ နောင်တမရဘူး။ သူက ဘုရားအိမ်တော်က မေတ္တာမရှိဘူးလို့ စွပ်စွဲပြီး မဟုတ်မမှန် တန်ပြန်စွပ်စွဲတာပဲရှိတယ်။ ဒါဟာ သမ္မာတရားကို သူလုံးဝ လက်ခံမှာမဟုတ်ဘူးဆိုတာ ပြတာပဲ။ သဘာဝအရကို သူက သမ္မာတရားကို မုန်းတီးတယ်။ တော်တော်ကို မာကျောပြီး ကြမ်းတမ်းတယ်။ သူက အန္တိခရစ်ရဲ့ သဘာဝနဲ့ အနှစ်သာရကို တကယ့်ကို အပြည့်အဝပြတယ်။ နောက်တော့ အန္တိခရစ်တွေရဲ့ သဘာဝ၊ စရိုက်လက္ခဏာနဲ့ လှည့်စားတဲ့နည်းလမ်းတွေကို မရိပ်စားမိတာဟာ အန္တိခရစ်အနှစ်သာရရှိတဲ့သူတစ်ယောက်ကို အန္တိခရစ်စိတ်သဘောထားရှိသူတစ်ယောက်နဲ့မှားသလို နတ်ဆိုးတွေအပေါ် မျက်စိစုံမှိတ် ကြင်နာပြီး ဘုရားကိုဆန့်ကျင်တဲ့အရာတစ်ခုကို မရည်ရွယ်ဘဲ လုပ်မိဖို့ လွယ်တယ်ဆိုတဲ့ သဘောပဲဆိုတာ နောက်ဆုံးမှာ ကျွန်မ မြင်သွားတယ်။

ဒါတွေအားလုံးပြီးတဲ့နောက်မှာ အယောင်ဆောင်ခေါင်းဆောင်တွေနဲ့ အန္တိခရစ်တွေကို ရိပ်စားမိအောင် သင်ယူဖို့ ဘယ်လောက်အရေးကြီးတယ်ဆိုတာကို ကျွန်မ တကယ် သိခဲ့ရတယ်။ ချင့်ချိန်နိုင်စွမ်းနဲ့ပတ်သက်တဲ့ သမ္မာတရားတွေကို သင်ယူဖို့ ကျွန်မ တစ်ခါမှ အာရုံစိုက်လေ့မရှိခဲ့ဘူး။ ကျွန်မမှာ အခြေခံ စိတ်ကူးတစ်ခုရှိတယ်။ အယောင်ဆောင်ခေါင်းဆောင်တွေနဲ့ အန္တိခရစ်တွေရဲ့ အပြုအမူအပေါ် ယေဘုယျနားလည်မှုတစ်ခုရှိခဲ့တယ်။ ဒါကြောင့် ကျွန်မဘေးတည့်တည့်မှာရှိနေတဲ့သူကို မမြင်ခဲ့တာပဲ။ သတိမထားမိဘဲ အန္တိခရစ်ရဲ့ အကာအကွယ်တစ်ခုဖြစ်သွားပြီး နောင်တနဲ့ အပြစ်တွေ အများကြီး ခံစားခဲ့ရတယ်။ သမ္မာတရားကို သင်ယူခြင်းနဲ့ ချင့်ချိန်နိုင်စွမ်းကို ရတာက အရေးပါတဲ့အချိန်မှာဘုရားအလိုတော်ကို လုပ်ဖို့ အယောင်ဆောင်ခေါင်းဆောင်တွေနဲ့ အန္တိခရစ်တွေကို ဖော်ထုတ်ပြီး ဘုရားအိမ်တော်ကို ကာကွယ်ဖို့ တစ်ခုတည်းသောနည်းလမ်းပဲဆိုတာလည်း ကြုံတွေ့ခဲ့ပါတယ်။ ကျွန်မအတွက် ဒီလက်တွေ့ဘဝအတွေ့အကြုံကို စီစဉ်ပေးတဲ့အတွက်၊ ဘုရားနှုတ်ကပတ်တော်တွေရဲ့ လမ်းပြမှုအတွက် ဘုရားကို ကျေးဇူးတင်တယ်။ ဒါက ကျွန်မကို အန္တိခရစ်တွေအပေါ် သိမြင်မှုတချို့နဲ့ ကျွန်မကိုယ်တိုင်ရဲ့ အားနည်းချက်တွေအပေါ် နားလည်မှုတချို့ကို ပေးခဲ့ပါတယ်။ အခု ကျွန်မမှာ သမ္မာတရားကို လိုက်စားခြင်းရဲ့ အရေးကြီးမှုနဲ့သက်ဆိုင်တဲ့ လေးနက်တဲ့ အတွေ့အကြုံရှိပါတယ်။ ဒါကို သင်ယူရတာက ဘုရားသခင်ရဲ့လမ်းပြမှုနဲ့ ကောင်းချီးတွေကြောင့်ပါ။ ကျေးဇူးတော်ပါပဲ။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

အဘယ်ကြောင့် စည်းမျဉ်းများကို ကျွန်ုပ် မလိုက်နာနိုင်ရသနည်း

ဘိုင်ကျင့် ပြင်သစ်နိုင်ငံ ၂၀၂၁ ခုနှစ် ဩဂုတ်လမှာ အသင်းတော် ခေါင်းဆောင်အနေနဲ့ ကျွန်မ စလုပ်တယ်။ ဧဝံဂေလိအလုပ်ကို ကြီးကြပ်တဲ့ လီလီယန်နဲ့ ကျွန်မ...

ချစ်ခင်တွယ်တာမှုက သင့်စိတ်ကို မဖုံးလွှမ်းပါစေနှင့်

ရှင်းကျင့် တရုတ်နိုင်ငံ ၂၀၁၅ ခုနှစ် ဇွန်လတုန်းကပါ။ ကျွန်မက ဧဝံဂေလိသင်းထောက်အနေနဲ့ အစေခံဖို့ အသင်းတော်တစ်ခုကို သွားရတယ်။ လိကျီဆိုတဲ့...

ကျရှုံးမှုများ၊ အနှောင့်အယှက်များမှတစ်ဆင့် ကြီးထွားတိုးတက်ခြင်း

ကျိန်းရှင်း ဖိလစ်ပိုင်နိုင်ငံ ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလတွင် အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်ကို ကျွန်မလက်ခံခဲ့ပါသည်။...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။