ကျွန်ုပ်၏ အပျက်သဘောဆောင်သော စိတ်ခံစားချက်ကို ကျွန်ုပ် စွန့်ပစ်ခဲ့ပုံ
၂၀၂၂ ခုနှစ် အောက်တိုဘာလမှာ ရှယ်လီနဲ့ ကျွန်မ အသင်းတော်ခေါင်းဆောင်တွေအနေနဲ့ ရွေးချယ်ခံခဲ့ရတယ်။ ကျွန်မတို့ လက်တွေ့လုပ်ဆောင်ခါစဆိုတော့ တာဝန်တော်တော်များများနဲ့ အကျွမ်းတဝင်မရှိကြသေးတာမို့ ကိစ္စတွေကို ကျွန်မတို့ အမြဲအတူတူ ဆွေးနွေးခဲ့ကြတယ်။ အချိန်နည်းနည်းကြာတော့ ကျွန်မတို့ရဲ့အလုပ်က အကျိုးရလဒ်တချို့ ပြလာတယ်။ ရှယ်လီက အစွမ်းအစ တော်တော်လေးကောင်းတာ။ ခေါင်းဆောင်ကမေးခွန်းတွေ မေးတိုင်း သူ အမြန် ပြန်ဖြေနိုင်ခဲ့တယ်။ အချိန်တော်တော်များများမှာ ခေါင်းဆောင်ကလည်း သူ့ကိုအသိအမှတ်ပြုတယ်။ အကျိုးဆက်အနေနဲ့ ကိစ္စတော်တော်များများမှာ ခေါင်းဆောင်က ရှယ်လီရဲ့ အကြံပြုချက်ကို ဦးစားပေးပြီး တောင်းတော့တာပေါ့။ ကျွန်မကတော့ ဘေးမှာထိုင်နေတဲ့ လူပိုတစ်ယောက်လိုပဲ။ ကျွန်မ ကိုယ့်ဘာသာတွေးမိတာက “ရှယ်လီမှာ အစွမ်းအစကောင်းရှိပြီး ခေါင်းဆောင်က သူ့ကို တော်တော်လေး အထင်ကြီးတယ်၊ ကျွန်မကတော့ ရေငုံနှုတ်ပိတ်ပြီး အကြာကြီးနေခဲ့တယ်။ ခေါင်းဆောင်က ကျွန်မမှာ အရည်အချင်းကင်းမဲ့တာ ရိပ်စားမိသွားခဲ့ပုံရပြီး ကျွန်မက အကူအလုပ် တချို့လောက်သာ လုပ်နိုင်တယ်လို့ သူ ထင်ခဲ့တယ်။” ကျွန်မ နည်းနည်းတော့ စိတ်မချမ်းမသာဖြစ်ခဲ့တယ်။ ဒါပေမဲ့ နောက်တော့ ကျွန်မ တွေးမိတာက ကျွန်မက လက်တွေ့လုပ်ဆောင်ခါစမို့ ကျွန်မရဲ့အစွမ်းအစက သိပ်မကောင်းခဲ့တော့ အရေးကြီးတဲ့အလုပ်မှာ ကျွန်မကို မသုံးတာ ပုံမှန်ပါပဲပေါ့။ ကျွန်မ ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်ပြီး အဲဒီခံစားချက်က ပျောက်သွားခဲ့တယ်။
နောက်ပိုင်းမှာ ကျွန်မတို့ တာဝန်ယူရတဲ့ အလုပ်ပမာဏက တိုးလာခဲ့တယ်။ အလုပ်ကိုတာဝန်ပေးတဲ့အခါဆို ခေါင်းဆောင်က ကျွန်မတို့နှစ်ယောက်စလုံးကိုခေါ်တယ်။ ဒါပေမဲ့ ပိုခက်ခဲတဲ့အလုပ်တွေကို အကောင်အထည်ဖော်ရတော့မယ်ဆိုရင် ခေါင်းဆောင်က ရှယ်လီကိုပဲ တကူးတက နာမည်တပ်ခေါ်ပြီး နောက်ဆက်တွဲအလုပ်တွေ ဆက်လုပ်ခိုင်းတယ်။ ကျွန်မနာမည်ကိုတော့ စကားထဲထည့်မပြောသလောက်ပါပဲ။ အလွန်ဆုံးအနေနဲ့ ခေါင်းဆောင်က “ရှယ်လီ မင်းနဲ့ တခြားသူတွေ ဒီတာဝန်ကို နောက်ဆက်တွဲ ဆက်လုပ်နိုင်တယ်” ဆိုတာနဲ့ အဆုံးသတ်တာပါပဲ။ အပြင်ပန်းမှာတော့ ကျွန်မ ဂရုမစိုက်သလိုဟန်ဆောင်ခဲ့တယ်။ ဒါပေမဲ့ စိတ်ထဲမှာ ကျိတ်ပြီး ဗလောင်ဆူနေခဲ့တယ်။ “ငါက အမြဲတမ်းလျစ်လျူရှုခံရသူပါ။ ‘တခြားသူတွေ’ ဆိုတာထဲက တစ်ယောက်သာသာပါပဲ။ ခေါင်းဆောင်ရဲ့စိတ်ထဲမှာ ငါ လုံးဝမရှိတဲ့ပုံပါပဲ။ ငါ ဘာမှမတတ်နိုင်ဘူးလေ၊ တကယ်တော့ ငါ့ အစွမ်းအစက ရှယ်လီလောက်မှ မကောင်းပဲ။ ငါ တတ်နိုင်တာကို ငါ လုပ်မယ်”လို့ပေါ့။ နောက်တော့ တာဝန်တွေကို နောက်ဆက်တွဲ ဆက်လုပ်ရာမှာ ကျွန်မက ပိုပိုပြီး ဘာသိဘာသာဖြစ်လာခဲ့တယ်။ ရှယ်လီ တာဝန်ယူတဲ့အလုပ်မှာ သိပ်အများကြီး ဝင်မပါချင်ခဲ့ဘူး။ သူ ကျွန်မနဲ့အလုပ်အကြောင်းဆွေးနွေးဖို့လာတဲ့အခါ ကျွန်မက စိတ်မပါ့တပါ တုံ့ပြန်တယ်။ တစ်ခါတလေ အားလုံးက ပြဿနာတစ်ခုကို တက်တက်ကြွကြွ ဆွေးနွေးနေကြမယ်။ ကျွန်မကတော့ တစ်နေ့ခင်းလုံး စကားတစ်ခွန်းစ နှစ်ခွန်းစပဲ ပြောပြီး အပြင်လူတစ်ယောက်လို ခံစားခဲ့ရတယ်။ တစ်ခါတလေကျ ကျွန်မမှာ ထင်မြင်ယူဆချက် တချို့ရှိတယ်။ ဒါပေမဲ့ အဲဒီထင်မြင်ချက်တွေက တကယ်မှန် မမှန် ကျွန်မ မသေချာခဲ့ဘူး။ ကျွန်မ တစ်ခုခုမှားပြောမိရင် ကိုယ့်ကိုယ်ကိုယ် အရူးလုပ်သလို ဖြစ်သွားမှာ မဟုတ်လား။ သေချာစဉ်းစားပြီးတော့ ဝင်မပြောဖို့ ကျွန်မ ဆုံးဖြတ်လိုက်တယ်။ ဒီလိုနဲ့ပဲ ကျွန်မက အစွမ်းအစညံ့ဖျင်းပြီး သိပ်အသုံးမဝင်ဘူးလို့ ပိုပိုပြီး ခံစားမိခဲ့တယ်။ ဒီတော့ အလုပ်အများကြီးအတွက် ဆက်ပြီး တာဝန်မယူချင်တော့ဘူး။ ဒီနောက် ကျွန်မ ရေလောင်းတဲ့အလုပ်အပေါ်မှာ ပြောင်းပြီး အာရုံ စိုက်ခဲ့တယ်။ အဲဒီအချိန်တုန်းက အသင်းတော်မှာ ရေလောင်းတဲ့အဖွဲ့ခေါင်းဆောင်မရှိတော့ ကျွန်မ ညီအစ်မရို့စ်ကို တွေးမိတယ်။ အရင်တုန်းကဆို သူက ယုံကြည်သူအသစ်တွေကို ရေလောင်းတာမှာ အကျိုးရလဒ်တချို့ ရခဲ့သူပါ။ ဒါပေမဲ့လည်း သူက သူ့တာဝန်မှာ ဝန်တာမထမ်းဘဲ အဖွဲ့ခေါင်းဆောင်ဖြစ်ဖို့ မသင့်တော်ဘူးလို့ ညီအစ်ကိုမောင်နှမတွေက တိုင်ခဲ့ကြတယ်။ ကျွန်မ ဒါကို ရှယ်လီ နဲ့ဆွေးနွေးချင်တယ်။ ဒါပေမဲ့ သူ ဘယ်လောက်အလုပ်များတယ်ဆိုတာမြင်ခဲ့တော့ သူ့ကို ဒီကိစ္စကို ထုတ်မပြောခဲ့ဘူး။ ဒီတာဝန်လေးကိုတောင် မကိုင်တွယ်နိုင်တာမို့ ကျွန်မရဲ့ အစွမ်းအစက ညံ့ဖျင်းလွန်းတယ်လို့ သူ ပြောမှာကို ကြောက်ခဲ့တယ်။ ကျွန်မ တွေးမိတာက “ရို့စ် မှာ အစွမ်းအစကောင်းရှိပြီး ပြဿနာတွေဖြေရှင်းဖို့ မိတ်သဟာယပြုနိုင်တယ်။ အခု သူ့ယောက်ျားရဲ့ ချုပ်ချယ်မှုကြောင့် သူ ဝန်တာမထမ်းနိုင်လောက်ပေမဲ့ ကျွန်မဆီကနောက်ဆက်တွဲ ဆက်လုပ်တာနဲ့ မိတ်သဟာယပြုတာ ပိုများလာမှာနဲ့ဆို အလုပ်ကို နှောင့်နှေးစေတာတော့ မဖြစ်လောက်ပါဘူး” ပေါ့။ ဒီတော့ ရို့စ်ကို ရေလောင်းတဲ့အဖွဲ့ခေါင်းဆောင် အနေနဲ့ ကျွန်မ ရွေးချယ်ခဲ့တယ်။ ဒါပေမဲ့ ရက်နည်းနည်းကြာတော့ ရို့စ် ဟာ သူ့ယောက်ျားက ချုပ်ချယ်လို့ သူ့တာဝန်တွေကို စွန့်လွှတ်ပြီး အိမ်ပြန်သွားခဲ့တယ်လို့ သိလိုက်ရတယ်။ ဒါကိုကြားတော့ ကျွန်မ အရုပ်ကြိုးပြတ် ဖြစ်သွားခဲ့တာ။ “အဲဒါပဲလေ။ သူ့ကို ငါက ရွေးခဲ့တာကိုး။ ဒါက ငါ့မှာ ချင့်ချိန်နိုင်စွမ်း မရှိတာကို မပြဘူးလား။ တာဝန်သေးသေးလေးကို ကိုယ့်ဘာသာကိုယ်လုပ်တဲ့အခါမှာတောင် ငါ အမှားတွေ လုပ်မိတယ်၊ ဒါက တော်တော်ဆိုးပါတယ်။ ဒါက ယုံကြည်သူအသစ်တွေကို ရေလောင်းတာကို နှောင့်နှေးစေခဲ့ရင် အသင်းတော်ရဲ့အလုပ်ကို ငါက နှောင့်ယှက်နေတာ ဖြစ်သွားလိမ့်မယ်” လို့ တွေးရင်းပေါ့။ ဒါကိုပိုတွေးလေလေ၊ ဘာတစ်ခုကိုမှ ကျွန်မ ကောင်းကောင်းလုပ်နိုင်စွမ်းမရှိဘူးလို့ယုံပြီး ပိုစိတ်ထိခိုက်လေလေပါပဲ။ ကျွန်မမှာ အစွမ်းအစနဲ့ ချင့်ချိန်နိုင်စွမ်းကင်းမဲ့ပြီး ကိစ္စတွေကို ရှင်းရှင်းလင်းလင်းမမြင်နိုင်တာမို့ ညီအစ်ကိုမောင်နှမတွေ ပိုထိခိုက်အောင်၊ အသင်းတော်အလုပ် နှောင့်နှေးအောင် မလုပ်မိခင်မှာ ကျွန်မက အမြန် နုတ်ထွက်သင့်ခဲ့တာပါ။ ဒီတော့ ကျွန်မ နုတ်ထွက်စာရေးပြီး ခေါင်းဆောင်နဲ့ ရှယ်လီဆီကို ပို့လိုက်တယ်။ အဲ့ဒီနောက် သိပ်မကြာခင်မှာပဲ ရှယ်လီက ကျွန်မဆီကို ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ် ပို့ပါတယ်။ “အခြေအနေ၊ သို့မဟုတ် အလုပ်ပတ်ဝန်းကျင်က မည်သို့ရှိသည်ဖြစ်စေ လူတို့သည် တစ်ခါတစ်ရံတွင် အမှားများ ပြုလုပ်ကြသည်။ ပြီးလျှင် ၎င်းတို့၏ အစွမ်းအစ၊ အသိအမြင်၊ အမြင်ရှုထောင့်တို့က စံမမီသော နေရာများရှိသည်။ ဤသည်မှာ သာမန်ဖြစ်သည်။ ဤအရာကို မည်သို့ ကိုင်တွယ်ရမည်ကို သင်ယူလေ့လာဖို့ လိုသည်။ မည်သို့ပင်ဖြစ်စေ၊ သင်၏ လက်တွေ့လုပ်ဆောင်မှုက မည်သည့်အရာပင်ဖြစ်စေ သင်သည် ဤအရာကို မှန်ကန်စွာ၊ တက်ကြွစွာ ရင်ဆိုင်ပြီး ကိုင်တွယ်သင့်သည်။ အခက်အခဲ အနည်းငယ်နှင့် ရင်ဆိုင်ရသောအခါ စိတ်ဓာတ်မကျနှင့်၊ သို့မဟုတ် အပျက်သဘောဆောင်ခြင်း၊ ဖိနှိပ်ချုပ်ချယ်မှု ခံစားရခြင်း မဖြစ်နှင့်။ ပြီးလျှင် အပျက်သဘောဆောင်သော စိတ်ခံစားချက်များအတွင်းသို့ မကျရောက်နှင့်။ ဤအရာများအားလုံး ဖြစ်ရန် မလိုအပ်ပေ။ ယင်းကို အကျယ်မချဲ့နှင့်။ သင်လုပ်ဆောင်သင့်သည့်အရာမှာ သင့်ကိုယ်သင် ချက်ချင်း ဆင်ခြင်သုံးသပ်ခြင်း၊ သင်၏ အတတ်ပညာပိုင်း အရည်အချင်းတွင် ပြဿနာရှိမရှိ၊ သို့မဟုတ် သင်၏ ရည်ရွယ်ချက်များ၌ ပြဿနာရှိမရှိအား ဆုံးဖြတ်ခြင်းဖြစ်သည်။ သင်၏ လုပ်ဆောင်မှုများတွင် မသန့်စင်မှုတစ်ခုတလေ ရှိမရှိ၊ သို့မဟုတ် အချို့သော အယူအဆများကို အပြစ်တင်ရမည် ဟုတ်မဟုတ်တို့ကို ဆန်းစစ်လော့။ ကဏ္ဍအားလုံးကို ဆင်ခြင်သုံးသပ်လော့။ ယင်းမှာ ကျွမ်းကျင်မှု နည်းပါးခြင်း ပြဿနာဖြစ်လျှင် သင်သည် ဆက်လက်၍ သင်ယူလေ့လာနိုင်သည်။ ဖြေရှင်းချက်များကို စူးစမ်းရှာဖွေရန်အတွက် သင့်အား ကူညီပေးရန် တစ်စုံတစ်ယောက်ကို ရှာနိုင်သည်။ သို့မဟုတ် တူညီသော နယ်ပယ်တွင်ရှိသော လူတို့နှင့် တိုင်ပင်ဆွေးနွေးနိုင်သည်။ မှားယွင်းသော ရည်ရွယ်ချက်အချို့ ကွယ်ဝှက်လျက် ရှိနေလျှင်၊ သမ္မာတရားကို အသုံးပြုပြီး ဖြေရှင်းနိုင်သော ပြဿနာတစ်ခု ပါဝင်လျှင် ဆွေးနွေးတိုင်ပင်ပြီး မိတ်သဟာယဖွဲ့ရန် သမ္မာတရားကို နားလည်သော အသင်းတော်ခေါင်းဆောင်များ၊ သို့မဟုတ် တစ်စုံတစ်ယောက်ကို သင် ရှာဖွေနိုင်သည်။ သင်ရောက်ရှိနေသော အခြေအနေအကြောင်းကို ၎င်းတို့နှင့် ပြောဆိုပြီး ၎င်းတို့အား သင့်ကို ကူညီဖြေရှင်းခိုင်းလော့။ အယူအဆများ ပါဝင်သော ပြဿနာဖြစ်လျှင် သင်သည် ယင်းတို့ကို ဆန်းစစ်ပြီး သဘောပေါက်ပြီးသည်နှင့် သင်သည် ယင်းတို့ကို ပိုင်းခြားစိစစ်ပြီး နားလည်နိုင်သည်။ ထို့နောက်တွင် ယင်းတို့ကို ငြင်းပယ်ပြီး ပုန်ကန်နိုင်သည်။ ဤအရာနှင့်ပတ်သက်လျှင် ဤမျှသာ ဖြစ်သည်မဟုတ်လော။ ရှေ့တွင်ရှိသော နေ့ရက်များက သင့်အား စောင့်နေဆဲဖြစ်သည်။ မနက်ဖြန်တွင် နေက ထပ်မံ၍ ထွက်လာဦးမည်။ သင်သည် ဆက်လက်၍ အသက်ရှင်ရမည်။ သင်သည် အသက်ရှင်သောကြောင့်၊ လူသားဖြစ်သောကြောင့် သင့်တာဝန်ကို ဆက်လက်ထမ်းဆောင်သင့်သည်။ သင် အသက်ရှင်ပြီး အတွေးများရှိသရွေ့ သင့်တာဝန်ကို ထမ်းဆောင်ပြီး ပြီးမြောက်အောင် ကြိုးပမ်းသင့်သည်။ ဤသည်မှာ လူတစ်ယောက်၏ ဘဝတစ်လျှောက်တွင် မည်သည့်အခါမျှ မပြောင်းလဲသင့်သော ပန်းတိုင်တစ်ခုဖြစ်သည်။ မည်သည့်အချိန်တွင် ဖြစ်စေ၊ မည်သည့် အခက်အခဲများကို သင် ကြုံတွေ့သည်ဖြစ်စေ၊ မည်သည့်အရာကို သင်ရင်ဆိုင်ရသည်ဖြစ်စေ ဖိနှိပ်ချုပ်ချယ်မှုကို မခံစားရသင့်ပေ။ သင်သည် ဖိနှိပ်ချုပ်ချယ်မှုကို ခံစားရလျှင် တိုးတက်မှုမရှိဖြစ်ပြီး ကျရှုံးလိမ့်မည်။ မည်သို့သောလူများက ဖိနှိပ်ချုပ်ချယ်မှုကို အစဉ်ခံစားရသနည်း။ ပျော့ညံ့သူများနှင့် လူနုံလူအများက ဖိနှိပ်ချုပ်ချယ်မှုကို မကြာခဏ ခံစားရသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၆)) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးနောက်မှာ ကျွန်မ စိတ်ထဲမှာ အရမ်းနွေးထွေးခဲ့တယ်။ ဘုရားသခင်က လူတွေဟာ သူတို့တာဝန်တွေကိုထမ်းဆောင်တဲ့အခါ မရှင်းမလင်းဖြစ်နေတဲ့အချိန်တွေရှိပြီး အမှားတွေလုပ်တတ်တယ် ဒါမှမဟုတ် သမ္မာတရားကို နားလည်မှုကင်းမဲ့တာကြောင့် စည်းမျဉ်းတွေကိုချိုးဖောက်တတ်တယ် လို့ ပြောခဲ့တယ်။ ဒီတော့ အလုပ်မှာ ဆုံးရှုံးမှုတွေဖြစ်စေတဲ့ ပြဿနာတွေပေါ်လာတဲ့အခါ၊ ဒါမှမဟုတ် လူတွေ ပြုပြင်ခံရတဲ့အခါ ဒါတွေအားလုံးဟာ ပုံမှန်ဖြစ်ပြီး မှန်မှန်ကန်ကန် သဘောထားသင့်ပါတယ်။ အဓိကက ကျရှုံးမှုတွေကနေ သင်ခန်းစာတွေသင်ယူဖို့၊ ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ဖို့နဲ့ နောင်တရပြီး ပြောင်းလဲဖို့ပါ။ အလုပ်မှာ ဆုံးရှုံးမှုတွေဟာ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေအရ လုပ်ဆောင်ခြင်းကြောင့်ဖြစ်တယ်ဆိုရင်၊ ဖောက်ပြန်ပျက်စီးတဲ့စိတ်သဘောထားတွေကိုဖြေရှင်းဖို့ သမ္မာတရားကိုရှာဖွေသင့်ပါတယ်။ ကျွမ်းကျင်မှုတွေမရှိလို့ အလုပ်က မထိရောက်တာဆိုရင် ကျွမ်းကျင်မှုတွေကို အမြန်သင်ယူသင့်တယ်၊ ဒါမှမဟုတ် ပိုကျွမ်းကျင်တဲ့လူတစ်ယောက်နဲ့ တိုင်ပင်သင့်ပါတယ်။ ဒီလမ်းလွဲမှုတွေ ဒါမှမဟုတ် အမှားတွေ ပေါ်ပေါက်လာတာလောက်ကြောင့်နဲ့ လူတစ်ယောက်က သူ ထုတ်ဖော်ခံလိုက်ရပြီလို့ ထင်ပြီး အဲ့ဒါကြောင့် အပျက်သဘောဆောင်လာပြီး သူ့ကိုယ်သူ ဘောင်ခတ်လိုက်ရင်၊ ပြီးတော့ သူ့တာဝန်တွေကိုတောင် ထမ်းဆောင်ချင်စိတ်မရှိရင် ဒါက သူဟာ မိုက်မဲပြီး အားနည်းတယ်ဆိုတာပြတာပါ။ ရို့စ်ကို ရွေးချယ်မိလိုက်တဲ့ ပြဿနာတွေကို ပြန်သုံးသပ်ပြီး ကိုယ့်ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို ကျွန်မ ဂရုစိုက်လွန်းခဲ့တာကို သဘောပေါက်ခဲ့တယ်။ ရှယ်လီနဲ့ အလုပ်တွဲလုပ်ခဲ့တုန်းက နေရာတိုင်းမှာ လောင်းရိပ်မိနေသလိုခံစားခဲ့ရတာမို့ ကျွန်မမှာ လုပ်ရည်ကိုင်ရည်တချို့ ရှိပါသေးတယ်ဆိုတာကို သက်သေပြဖို့ တာဝန်တစ်ခုကို အမှီအခိုကင်းကင်းနဲ့ အောင်မြင်ပြီးမြောက်အောင် ကျွန်မ လုပ်ချင်ခဲ့တာ။ ဒီတော့ ရေလောင်းအဖွဲ့ခေါင်းဆောင် ရွေးချယ်တဲ့ကိစ္စမှာ ကျွန်မက သိသိသာသာ စည်းမျဉ်းတွေ ကင်းမဲ့နေပြီး လူတွေကို ထိုးထွင်းသိမြင်နိုင်တာမျိုး မရှိခဲ့ပေမဲ့ ညီအစ်ကိုမောင်နှမတွေကို မေးလိုက်ရင် ဒီလိုတာဝန်လေးကိုတောင် မကိုင်တွယ်နိုင်တဲ့အတွက် ကျွန်မက တကယ့်ကို အရည်အချင်းမရှိဘူးလို့ သူတို့ထင်သွားမှာကြောက်တာနဲ့ ရို့စ် ကို ကျွန်မ ကိုယ့်စိတ်ကူးအတိုင်း ရွေးချယ်ခဲ့တယ်။ ကျွန်မမှာ လူတွေကို ချင့်ချိန်နိုင်စွမ်း ကင်းမဲ့ခဲ့ပြီး သူတို့ကို ရွေးချယ်တာနဲ့ အသုံးပြုတာမှာ စည်းမျဉ်းတွေကို မလိုက်နာခဲ့ဘူး။ တကယ်တော့ လူတွေကို ရွေးချယ်ပြီး အသုံးပြုတဲ့အခါ ရွေးချယ်ခံရသူတွေမှာ တာဝန်သိစိတ်နဲ့ အစွမ်းအစတွေရှိတာ သေချာအောင် သူတို့ကို ပျိုးမထောင်ခင်မှာ သူတို့ရဲ့နောက်ကြောင်းရာဇဝင်တွေကို သိတဲ့သူတွေနဲ့ ကျွန်မတို့ တိုင်ပင်မေးမြန်းသင့်တယ်ဆိုတာရယ်၊ လူတစ်ယောက်နဲ့ပတ်သက်ပြီး ပြဿနာတစ်ခု တွေ့လာတဲ့အခါမှာ အခြေအနေကိုနားလည်ဖို့ ကျွန်မတို့ ချက်ချင်းစုံစမ်းစစ်ဆေးသင့်တယ်ဆိုတာရယ်ကို ဘုရားအိမ်တော်က ဟိုးအရင်ကတည်းက မိတ်သဟာယပြုထားခဲ့တာ ကြာပါပြီ။ တကယ်လို့ ကျွန်မတို့ ရှင်းရှင်းလင်းလင်း သဘောမပေါက်နိုင်ဘူးဆိုရင် သမ္မာတရားကို နားလည်တဲ့သူ တစ်ယောက်ယောက်ဆီကနေ ရှာဖွေသင့်တာ။ ဒီလိုနည်းနဲ့မှပဲ ကျွန်မတို့ရဲ့ လူတွေကိုရွေးချယ်ခြင်းနဲ့ အသုံးပြုခြင်းက ပိုပြီး တိကျမှန်ကန်နိုင်မှာပါ။ ဒါပေမဲ့ ကျွန်မရဲ့ ပကာသနနဲ့ အဆင့်အတန်းကို ကာကွယ်ဖို့အတွက်နဲ့ ကျွန်မရဲ့ ဆန္ဒအတိုင်း ရို့စ် ကို ရာထူးတိုးပေးခဲ့တယ်။ ကျွန်မက စိတ်ကူးပေါက်ရင် ပေါက်သလို လုပ်နေခဲ့ပြီး အလုပ်အတွက် တော်တော်လေးကို တာဝန်မဲ့နေခဲ့တာပါ။ အခု အလုပ်က နှောင့်နှေးသွားခဲ့ပြီဆိုတော့ စိတ်မချမ်းမသာမှုထဲမှာ နစ်မွန်းနေပြီး ကိုယ့်ကိုယ်ကိုယ် အရှုံးသမားတစ်ယောက်လို သဘောထားတာထက် ဒီပြဿနာကို ဖြေရှင်းဖို့နည်းလမ်းတွေ ကျွန်မ အမြန်စဉ်းစားသင့်တာ။ ကျွန်မက အဲဒီလို လုပ်ပြီးတော့ပဲ ကိုယ့်တာဝန်ဝတ္တရားကို လက်ရှောင်နေခဲ့တယ်။ ကျွန်မ အရမ်းကို တစ်ကိုယ်ကောင်းဆန်ခဲ့တယ်။
ကျွန်မအတွက် အရမ်းကို အထောက်အကူဖြစ်စေတဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို စုဝေးပွဲတစ်ခုမှာ ကျွန်မဖတ်မိတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “သင်သည် စိတ်ဓာတ်ကြံ့ခိုင်မှုရှိသူတစ်ယောက်ဖြစ်လျှင်၊ လူတို့ ခံယူသင့်သည့် တာဝန်များနှင့် ဝတ္တရားများ၊ သာမန်လူ့သဘာဝရှိသောသူများ ရရှိရမည့်အရာများ၊ သင့်လိုက်စားမှု၏ ဦးတည်ချက်နှင့် ပန်းတိုင်အဖြစ် အရွယ်ရောက်သူများ အောင်မြင်ရမည့်ထိုအရာများကို သင် ကိုင်တွယ်နိုင်လျှင်၊ သင်၏ တာဝန်များကို တာဝန်ယူ ထမ်းရွက်နိုင်လျှင် သင်သည် မည်သည့်အဖိုးအခကို ပေးဆပ်သည်ဖြစ်စေ၊ မည်သည့်စိတ်ဆင်းရဲမှုကို ခါးစည်းခံရသည်ဖြစ်စေ ညည်းညူမည်မဟုတ်ပေ။ ပြီးလျှင် ထိုအရာများကို ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် ရည်ရွယ်ချက်များအဖြစ် သင် သိမြင်သရွေ့ မည်သည့် ဒုက္ခကိုမဆို ခံယူနိုင်ပြီး သင်၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်နိုင်လိမ့်မည်။ ထိုအချိန်တွင် သင်၏ စိတ်အခြေအနေက မည်သို့ရှိမည်နည်း။ ယခင်နှင့် တူညီမည် မဟုတ်ပေ။ သင်၏ စိတ်နှလုံးတွင် ငြိမ်သက်ခြင်းနှင့် တည်ငြိမ်ခြင်းကို ခံစားရမည်။ ပြီးလျှင် ပျော်မွေ့မှုကို တွေ့ကြုံခံစားရမည်။ သင်တွေ့သလော။ သာမန်လူ့သဘာဝကို အသက်ရှင်နေထိုင်ရန် အားထုတ်ရုံဖြင့်၊ သာမန်လူ့သဘာဝ ရှိသောလူများ ခံယူပြီး တာဝန်ယူဆောင်ရွက်သင့်သည့် တာဝန်များ၊ ဝတ္တရားများနှင့် အထူးတာဝန်များကို လိုက်စားရုံဖြင့် လူတို့သည် ၎င်းတို့၏ စိတ်နှလုံးတွင် ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းကို ခံစားရသည့်အပြင် ပျော်မွေ့ခြင်းကို တွေ့ကြုံခံစားရသည်။ ၎င်းတို့သည် အရေးကိစ္စများကို စည်းမျဉ်းနှင့်အညီ စီမံခန့်ခွဲပြီး သမ္မာတရားကို ရရှိသည့် အဆင့်သို့ပင် မရောက်သေးဘဲ ပြောင်းလဲမှုအနည်းငယ်ကို ကြုံရပြီးဖြစ်သည်။ ဤသို့သောသူများသည် အသိစိတ်နှင့် ဆင်ခြင်တုံတရားကို ပိုင်ဆိုင်သောသူများဖြစ်သည်။ ၎င်းတို့သည် မည်သည့် အခက်အခဲကိုမဆို ကျော်လွှားပြီး မည်သည့်အလုပ်ကိုမဆို တာဝန်ယူဆောင်ရွက်နိုင်သော တည်ကြည်သောသူများ ဖြစ်သည်။ ၎င်းတို့သည် ခရစ်တော်၏ စစ်သားကောင်းများ ဖြစ်သည်။ ၎င်းတို့သည် လေ့ကျင့်မှုများကို လုပ်ဆောင်ပြီးဖြစ်ကာ မည်သည့်အခက်အခဲကမျှ ၎င်းတို့ကို အနိုင်မယူနိုင်ပေ။ ငါ့ကို ပြောလော့။ ဤသို့သော ကျင့်ကြံနေထိုင်မှုကို သင်တို့ မည်သို့ ထင်သနည်း။ ဤလူများသည် ခံနိုင်ရည်မရှိသလော။ (ရှိပါသည်။) ၎င်းတို့သည် အမှန်ပင် ခံနိုင်ရည်ရှိပြီး လူတို့က ၎င်းတို့ကို လေးစားသည်။ ဤသို့သောသူတို့သည် ဖိနှိပ်ချုပ်ချယ်မှုကို ခံစားရဦးမည်လော။ (မခံစားရပါ။) ဤသို့ဆိုလျှင် ဤ ဖိနှိပ်ချုပ်ချယ်ခံရသည့် စိတ်ခံစားချက်များကို မည်သို့ ပြောင်းလဲခဲ့သနည်း။ မည်သည့်အကြောင်းပြချက်ကြောင့် ဤ ဖိနှိပ်ချုပ်ချယ်ခံရသည့် စိတ်ခံစားချက်များက ၎င်းတို့ကို ဒုက္ခပေးခြင်း မရှိသကဲ့သို့ ၎င်းတို့ကို သက်ရောက်ခြင်းလည်း မရှိရသနည်း။ (၎င်းတို့သည် အပြုသဘောဆောင်သော အရာများကို ချစ်ပြီး ၎င်းတို့တာဝန်တွင် ဝန်တာ ထမ်းရွက်သောကြောင့်ဖြစ်ပါသည်။) မှန်သည်။ ဤသည်မှာ မိမိ၏ သင့်တင့်လျောက်ပတ်သောအလုပ်ကို အရေးစိုက်ခြင်းနှင့် သက်ဆိုင်သည်။...လူတစ်ယောက်သည် သူ၏ သင့်တင့်လျောက်ပတ်သောအလုပ်ကို အရေးစိုက်ပြီး လမ်းမှန်ကို လျှောက်လျှင် ဤစိတ်ခံစားချက်များ ဖြစ်ပေါ်မည်မဟုတ်ပေ။ ခဏတာဖြစ်သော အထူး အခြေအနေများကြောင့် ဖိနှိပ်ချုပ်ချယ်ခံရသော စိတ်ခံစားချက်များကို တွေ့ကြုံလျှင်ပင် ထိုအရာများသည် ယာယီဖြစ်သော စိတ်အခြေအနေများသာဖြစ်လိမ့်မည်။ အဘယ်ကြောင့်ဆိုသော် မှန်ကန်သော ဘဝနေနည်းနှင့် ဖြစ်တည်မှုအပေါ် မှန်ကန်သော အမြင်ရှုထောင့် ရှိသောလူတို့သည် ဤအပျက်သဘောဆောင်သော စိတ်ခံစားချက်များကို အလျင်အမြန် အောင်မြင်ကျော်လွှားသွားလိမ့်မည်။ ရလဒ်အနေဖြင့် သင်သည် ဖိနှိပ်ချုပ်ချယ်ခံရသော စိတ်ခံစားချက်များတွင် ပိတ်မိနေသည်ဟု သင့်ကိုယ်သင် မကြာခဏ တွေ့ရှိရမည်မဟုတ်ပေ။ ဤသည်မှာ ဤသို့သော ဖိနှိပ်ချုပ်ချယ်ခံရသည့် စိတ်ခံစားချက်များက သင့်ကို နှောင့်ယှက်မည်မဟုတ်ဟု ဆိုလိုသည်။ သင်သည် ခဏတာဖြစ်သော မကောင်းသော စိတ်အခြေအနေများကို ကြုံတွေ့နိုင်သော်လည်း ထိုအရာများထဲတွင် ပိတ်မိနေမည်မဟုတ်ပေ။ ဤသည်မှာ သမ္မာတရားအား လိုက်စားခြင်း၏ အရေးကြီးပုံကို မီးမောင်းထိုးပြသည်။ သင်သည် သင်၏ သင့်တင့်လျောက်ပတ်သော အလုပ်ကို အရေးစိုက်ရန် အားထုတ်လျှင်၊ အရွယ်ရောက်သူများ ခံယူသင့်သည့် တာဝန်များကို ခံယူလျှင်၊ သာမန်ဖြစ်သော၊ ကောင်းမွန်သော၊ အပြုသဘောဆောင်ပြီး တက်ကြွသော ဖြစ်တည်မှုပုံစံကို လိုက်စားလျှင် ဤအပျက်သဘောဆောင်သော စိတ်ခံစားချက်များ ဖြစ်ပေါ်မည်မဟုတ်ပေ။ ဤ ဖိနှိပ်ချုပ်ချယ်ခံရသည့် စိတ်ခံစားချက်များသည် သင့်ထံသို့ သက်ရောက်မည် မဟုတ်ပေ၊ သို့မဟုတ် သင့်ထံ၌ စွဲကပ်နေမည်မဟုတ်ပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၅)) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီး ကျွန်မ အရမ်းရှက်မိတယ်။ အရွယ်ရောက်သူတွေနဲ့ တကယ့်အလုပ်ကို အာရုံစိုက်လုပ်ဆောင်တဲ့သူတွေဟာ သင့်လျော်မှန်ကန်တဲ့ကိစ္စတွေမှာ အာရုံစူးစိုက်ကြတယ် ဆိုတာ ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်မ သဘောပေါက်ခဲ့တယ်။ နေ့တိုင်း သူတို့စဉ်းစားတဲ့အကြောင်းက သူတို့ရဲ့တာဝန်တွေကို ဘယ်လိုကောင်းကောင်းထမ်းဆောင်ရမလဲ၊ သူတို့ရဲ့တာဝန်တွေမှာ ဘယ်လိုပြဿနာတွေရှိနေသေးလဲ၊ သူတို့ရဲ့ အလုပ်ကို ပိုကောင်းအောင်ဘယ်လိုလုပ်ကြမလဲ ဆိုတာမျိုးတွေလို သူတို့တာဝန်တွေနဲ့ ပတ်သက်တဲ့အရာတွေပါပဲ။ သူတို့တာဝန်တွေမှာ လမ်းလွဲမှုတွေ ဒါမှမဟုတ် အမှားတွေရှိလာနိုင်ရင်တောင်မှ၊ ပြီးတော့ အဟန့်အတားတွေနဲ့ ရင်ဆိုင်ရနိုင်ပြီး အားနည်းလာတာတို့၊ ခဏလောက် စိတ်မချမ်းမသာတာတို့ ဖြစ်လာနိုင်ရင်တောင်မှ သူတို့ဟာ တစ်လျှောက်လုံး အပျက်သဘောဆောင်တဲ့ခံစားချက်တွေမှာ ဆက်မနေကြပါဘူး။ အဲဒီအစား သူတို့ရဲ့ပြဿနာတွေကို ဖြေရှင်းဖို့ သမ္မာတရားကို တက်တက်ကြွကြွ ရှာဖွေကြမှာ။ ဒါပေမဲ့ အခုချိန်မှာတော့ ကျွန်မက တာဝန်ဝတ္တရားတွေကို တာဝန်မယူနိုင်တဲ့ အသုံးမကျတဲ့လူတစ်ယောက်လိုပါပဲ။ အဟန့်အတားတွေနဲ့ ရင်ဆိုင်ရတော့ အရွယ်ရောက်သူတစ်ယောက်မှာရှိသင့်တဲ့ ခံနိုင်ရည် နည်းနည်းလေးတောင် မရှိဘဲ ကျွန်မ အပျက်သဘောဆောင်လာပြီး လက်လျှော့လိုက်တယ်။ နောက်ပြီးတော့ ဒါက ခုတလော ကျွန်မလုပ်နေသင့်ခဲ့တာကို ကျွန်မ အာရုံစိုက်ဆောင်ရွက်ဖို့ ပျက်ကွက်ခဲ့ပုံကို လည်းဖော်ထုတ်ပါတယ်။ အသင်းတော်အလုပ်ကို တာဝန်ယူကတည်းက ကျွန်မနဲ့ အလုပ်အတူလုပ်တဲ့ ညီအစ်မက ကဏ္ဍအမျိုးမျိုးမှာ ကျွန်မထက် ပိုတော်တာကို မြင်ပြီး ကျွန်မမှာ အစွမ်းအစမရှိဘူး၊ တန်ဖိုးထားမခံရဘူးလို့ ခံစားခဲ့ရတယ်။ ဒီတော့ ကျွန်မရဲ့ အရည်အချင်းတွေကို သက်သေပြဖို့ အခွင့်အလမ်းတစ်ခုကို ကျွန်မ တကယ် မျှော်လင့်ခဲ့တာ။ ခေါင်းဆောင်က ကျွန်မတို့နဲ့ စုဝေးပွဲတွေ လုပ်ပြီဆိုရင် သူရဲ့မျက်နှာအမူအရာတွေကို ကျွန်မ မပြတ် အကဲခတ်ကြည့်မိတယ်။ သူ ကျွန်မကို တန်ဖိုးထားလား၊ မထားလား ဆိုတာကို သူ့လေသံကနေ အကဲဖြတ်ဖို့ကြိုးစားခဲ့တယ်။ အလုပ်တချို့ လုပ်ဖို့ ခေါင်းဆောင်က ကျွန်မကို တကူးတက ခိုင်းရင် ကျွန်မ ပျော်နေခဲ့တာ။ ခေါင်းဆောင်က ကျွန်မကို တန်ဖိုးထားတယ်လို့ တွေးပြီး ကျွန်မရဲ့တာဝန်တွေကို ထမ်းဆောင်ဖို့ စိတ်အားတက်ကြွမှု ရခဲ့တယ်။ ဒါပေမဲ့ ခေါင်းဆောင်က ကျွန်မရဲ့တွဲဖက်ညီအစ်မကို အဓိကတာဝန်တွေ ချပေးရင် ကျွန်မ တန်ဖိုးထားမခံရဘူးလို့ ခံစားမိခဲ့တယ်။ ဂုဏ်သတင်းနဲ့ အဆင့်အတန်းအတွက် ကျွန်မရဲ့လိုအင်ဆန္ဒ မပြည့်တဲ့အခါဆို ကျွန်မ စိတ်သောကရောက်နေခဲ့တယ်။ ညီအစ်ကိုမောင်နှမတွေနဲ့ ပူးပေါင်းဆောင်ရွက်တဲ့အခါမှာဆို ကျွန်မရဲ့အတွေးတွေက ကိုယ့်တာဝန်တွေမှာ ရှိမနေခဲ့ဘဲ ကျွန်မပြောတာကို သူတို့ ဘယ်လောက်သဘောတူလဲဆိုတဲ့အပေါ်မှာပဲ ရှိနေခဲ့တယ်။ တစ်ခါတလေ ကျွန်မရဲ့ ရှုထောင့်အမြင်ကို ပြောတဲ့အခါမျိုးမှာ ဘယ်သူမှ မတုံ့ပြန်ရင် ကျွန်မ ကသိကအောက် ဖြစ်ခဲ့တာပေါ့။ ဆန့်ကျင်ဘက်အကြံပြုချက်တွေ သူတို့ ပေးရင် ကျွန်မက ပိုပြီးတော့တောင် အပျက်သဘောဆောင်လာခဲ့တယ်။ ပြီးတော့ ဆွေးနွေးမှုမှာ ပါဝင်ချင်စိတ်တောင်မရှိဘဲ ကျွန်မရဲ့အစွမ်းအစက အရမ်းနိမ့်လွန်းတယ်လို့ တွက်ခဲ့တယ်။ အထူးသဖြင့် ရို့စ် ကိစ္စနဲ့ ပတ်သက်ပြီး ချင့်ချိန်နိုင်စွမ်းမရှိလည်းဘဲ ကိုယ့်ဆန္ဒအတိုင်း ကျွန်မ မဆင်မခြင်လုပ်ခဲ့တာပါ။ အမှားတစ်ခုလုပ်ပြီးရင် ကိုယ့်ကိုယ်ကိုယ် ပြန်မသုံးသပ်ဘဲ အပျက်သဘောဆောင်တဲ့စိတ်ခံစားမှုတွေထဲ ကျွန်မ ထိုးကျသွားပြီး နုတ်ထွက်ချင်ခဲ့တယ်။ ဒါတွေအားလုံးက ကိုယ့်တာဝန်တွေထမ်းဆောင်ရာမှာ မှန်ကန်တဲ့အလုပ်ကို ကျွန်မ အာရုံစိုက်မလုပ်ဆောင်ခဲ့ဘဲ အမြဲတမ်း ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို လိုက်စားခဲ့လို့ပါ။ ကျွန်မရဲ့မျက်လုံးတွေနဲ့ အတွေးတွေက ဂုဏ်သတင်းနဲ့ အဆင့်အတန်းကလွဲပြီးဘာကိုမှ အာရုံမစိုက်ခဲ့ဘူး။ လူတွေရဲ့လေးစားမှုကိုမရတဲ့အခါ ကျွန်မ အပျက်သဘောဆောင်လာပြီး စိတ်ဖိစီးခဲ့တယ်။ အသင်းတော်အလုပ်ကိုတောင် ဘေးချိတ်ထားခဲ့တာ။ ဒီလိုနည်းမျိုးနဲ့ ကျွန်မ ကိုယ့်တာဝန်ကို လုံးဝ ကောင်းကောင်း မထမ်းဆောင်နိုင်ခဲ့ပါဘူး။ ဒီသဘောထားကို ဘုရားသခင်က တကယ်ကို စက်ဆုပ်ပါတယ်။ ဘုရားသခင် ပြောခဲ့တာကို ကျွန်မ သတိရမိတယ်။ “အထူးသဖြင့် လက်ရှိတွင် ဘုရားအိမ်တော်၌ ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်နေသောသူများအတွက် ဖိနှိပ်ချုပ်ချယ်မှုကို ခံစားရရန် အချိန်တစ်ခုခုရှိသလော။ အချိန်မရှိပေ။ ဤသို့ဆိုလျှင် ဖိနှိပ်ချုပ်ချယ်မှုကို ခံစားရသော၊ စိတ်မကြည်မလင်ဖြစ်သော၊ အနည်းငယ် မကောင်းသောအရာတစ်ခုကို ကြုံရသည့်အခါတိုင်းတွင် အားငယ်သော၊ သို့မဟုတ် စိတ်ဓာတ်ကျသောသူများက မည်သည့်အရာမှားနေသနည်း။ ၎င်းတို့သည် မှန်ကန်သောအရာများနှင့် အချိန်ကုန်ဆုံးခြင်းမရှိဘဲ အလဟဿနေနေခြင်းဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၅)) ဒီပြဿနာတွေကို ဖြေရှင်းဖို့ သမ္မာတရားကို မရှာဖွေဘဲ အဲဒီအစား ပိုပြီး အပျက်သဘောဆောင်လာ၊ အတိုက်အခံဖြစ်လာခဲ့ပြီး ဂုဏ်သတင်းနဲ့အဆင့်အတန်းအတွက် ပူပန်မှုတွေနဲ့ ကျွန်မ ဆက်ပြီး ပိတ်မိနေတုန်းမှာ ကျွန်မဘေးနားက ညီအစ်ကိုမောင်နှမတွေအားလုံးက သူတို့တာဝန်တွေကို ထမ်းဆောင်ရင်း အလုပ်ရှုပ်နေတာ မြင်ရတော့ ကျွန်မက သမ္မာတရားကို လိုက်စားတဲ့သူတစ်ယောက် မဟုတ်တာကို သဘောပေါက်ခဲ့တယ်။ အထူးသဖြင့် ရှယ်လီက သူတာဝန်ယူခဲ့တဲ့ဧဝံဂေလိအလုပ်ရဲ့ ရလဒ်တွေ မကောင်းဘူးလို့ ထုတ်ပြောခဲ့တာ၊ လူတိုင်း အခက်အခဲတွေနဲ့ ရှင်သန်နေထိုင်ခဲ့ရတာ၊ ဒီအခက်အခဲတွေကို အတူတူ ကျော်လွှားဖို့ ကျွန်မတို့ တစ်စိတ်တစ်ဝမ်းတည်း ရှိနိုင်ဖို့ သူ တကယ်မျှော်လင့်ခဲ့တယ်ဆိုတာကို ကျွန်မ တွေးမိတဲ့အခါမှာပေါ့။ ကျွန်မ အရမ်းကို လိပ်ပြာမလုံသလို ခံစားရပြီး စိတ်သောကရောက်ခဲ့တယ်။ အသင်းတော်အလုပ်အတွက် ကျွန်မတို့ အတူပေါင်းပြီး တာဝန်ယူဆောင်ရွက်ဖို့ အခြေအနေကို ဘုရားသခင်က စီစဉ်ပေးခဲ့တာ။ ဒါပေမဲ့ ကိုယ့်တာဝန်တွေကို ဘယ်လိုကောင်းကောင်းထမ်းဆောင်ရမယ်ဆိုတာကို အာရုံစိုက်ရမဲ့အစား ကျွန်မရဲ့ သေးသိမ်တဲ့ အတွေးတွေထဲမှာ လမ်းပျောက်သွားပြီး အပျက်သဘောဆောင်တဲ့အပြင် ရှောင်ဖယ်ပြီး နုတ်ထွက်ချင်ခဲ့တယ်။ ကျွန်မမှာ လူ့သဘာဝ တကယ်ကို ကင်းမဲ့နေခဲ့တာပါ။ ကျွန်မ ဘုရားသခင်ကိုဆုတောင်းခဲ့တယ်။ “ဘုရားသခင်၊ ကျွန်မက သိပ်ကို တစ်ကိုယ်ကောင်းဆန်ပါတယ်။ အခု လောလောဆယ် အသင်းတော်အလုပ်မှာ အခက်အခဲတွေ အများကြီးရှိနေပေမဲ့လည်း ကျွန်မက တကယ့်ကိစ္စတွေကို အရေးမထားဘဲ ညီအစ်မနဲ့ နေ့တိုင်း ယှဉ်ပြိုင်ခဲ့တယ်။ ကျွန်မ သူ့ထက် ပိုမတော်နိုင်တဲ့အခါ ကျွန်မ အပျက်သဘောဆောင်လာခဲ့တယ်။ ကျွန်မစိတ်ထဲမှာ အပြုသဘောဆောင်တဲ့ လိုက်စားမှုတစ်ခုမှ မရှိဘဲ အညစ်အကြေးတွေ ရှိနေသလို ခံစားရတယ်။ ကျွန်မ ကိုယ်ကိုယ်တိုင်ဆင်းရဲဒုက္ခခံနေရုံသာမက အသင်းတော်အလုပ်ကိုပါ နှောင့်နှေးစေနေတာပါ။ အခုတော့ ကျွန်မရဲ့ပြဿနာတွေကို နားလည်လာပါပြီ။ ကျွန်မရဲ့ အစွမ်းအစက သိပ်မကောင်းပေမဲ့လည်း ကိုယ့်ညီအစ်မနဲ့ ပူးပေါင်းဆောင်ရွက်ပြီး တက်ညီလက်ညီ အလုပ်လုပ်ဖို့ ကျွန်မ အတတ်နိုင်ဆုံး ကြိုးစားသင့်ခဲ့တာပါ။ အနည်းဆုံးတော့ ကျွန်မရဲ့သဘောထားကြောင့် အလုပ်မှာ နှောင့်နှေးမှုတွေ မဖြစ်စေသင့်ဘူး။ ကျွန်မရဲ့ စိတ်နှလုံးကို ကိုယ်တော် စိစစ်ပါစေ၊ ကျွန်မ နောင်တရချင်ပါတယ်”လို့ ပေါ့။ အဲဒီနောက်မှာ တာဝန်တွေထမ်းဆောင်ခြင်းအပေါ် ကျွန်မရဲ့ သဘောထားက ပိုပြီး တက်ကြွလာခဲ့တယ်။ အလုပ်မှာရှိတဲ့ ပြဿနာတွေကို ရှယ်လီနဲ့ ဆွေးနွေးပြီး ဖြေရှင်းဖို့ ကျွန်မဟာ တက်တက်ကြွကြွနဲ့ ကြိုတင်ဆောင်ရွက်လှုပ်ရှားလာတယ်။ ကျွန်မ ကြောက်ခဲ့ဖူးတဲ့ ခက်ခဲတဲ့တာဝန်တချို့အတွက် ဘုရားသခင်ကိုဆုတောင်းပြီး ကျွန်မ တတ်နိုင်သလောက် ပါဝင်ခဲ့တာပေါ့။ သူများတွေရဲ့တာဝန်တွေမှာ အခက်အခဲတွေရှိတာ သတိထားမိတဲ့အခါ၊ ကျွန်မ အကူအညီအများကြီး မပေးနိုင်ခဲ့ရင် ပြဿနာတွေ ဖြေရှင်းရာမှာ ပူးပေါင်းဆောင်ရွက်ဖို့ သမ္မာတရားကို နားလည်တဲ့သူ တစ်ယောက်ယောက်ကို ကျွန်မ ရှာခဲ့တယ်။ တစ်ခါတလေ ခေါင်းဆောင်က ကျွန်မနာမည်ကို ထုတ်မပြောဘဲ ရှယ်လီကိုပဲ တာဝန်တစ်ခု နောက်ဆက်တွဲ ဆက်လုပ်ဖို့ တကူးတက တာဝန်ချပေးတာတောင်မှ ရှယ်လီက ကျွန်မနဲ့ ဆွေးနွေးပြောဆိုနေသရွေ့ ခေါင်းဆောင်က သတိပြုမိတာမျိုး ရှိမရှိကိုတောင် ဂရုမစိုက်ဘဲ ကျွန်မ ပါဝင်ပြီး အကြံဉာဏ်တွေပေးလိုက်တယ်။ အလုပ်တစ်ခုစီတိုင်းကို တာဝန်သိသိလုပ်တာကို အာရုံစိုက်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်တာနဲ့ ဘုရားသခင်ကို ကျေနပ်စေတာဟာ အဓိကကျတယ်လို့ ယုံကြည်ပြီး ဘုရားသခင်ရှေ့မှာ ကိစ္စတွေကိုလုပ်ဆောင်တာကို ကျွန်မ လက်တွေ့လုပ်ဆောင်ခဲ့တာပါ။ ကျွန်မ ကိုယ့်ရည်ရွယ်ချက်တွေကို အသိစိတ်ရှိရှိ ပုန်ကန်ပြီး ကိုယ့်စိတ်နှလုံးကို နေ့တိုင်း ကိုယ့်တာဝန်တွေအပေါ်မှာ အာရုံစိုက်တဲ့အခါ ကျွန်မ တည်ကြည်ခိုင်မာခဲ့ပြီး အပျက်သဘောဆောင်တဲ့ စိတ်ခံစားချက်တွေကနေ နည်းနည်းလောက် လွတ်လာတယ်။
အချိန်အတော်ကြာပြီးနောက်မှာ ကျွန်မ ပြုပြင်မှုတစ်ခု ကြုံတွေ့ခဲ့ရတော့ အပျက်သဘောဆောင်တဲ့ စိတ်ခံစားချက်တွေထဲ ကျွန်မ ပြန် ရောက်သွားပြန်ရော။ အဲဒီတုန်းက ခေါင်းဆောင်က ကျွန်မကို အချက်အလက်ကုန်ကြမ်းတွေ စုစည်းခိုင်းတယ်။ အတွေ့အကြုံမရှိတော့ ဒါကိုလုပ်ဖို့ ညီအစ်ကိုမောင်နှမတွေနဲ့ ကျွန်မ ပူးပေါင်းဆောင်ရွက်ခဲ့တာပေါ့။ မူကြမ်းကို ကျွန်မတို့ ရေးပြီးသွားတော့ခေါင်းဆောင်က အဲဒါကိုဖတ်ပြီး ကောင်းတယ်လို့ ထင်ခဲ့တယ်။ ဒါပေမဲ့ တချို့နေရာတွေမှာ အသေးစိတ်လေးတွေထည့်ဖို့ သူက အကြံပြုပါတယ်။ ပြဿနာ ကြီးကြီးမားမားတွေ မရှိခဲ့တာကို မြင်ရတဲ့အခါမှာ ဒါဟာ ပြောင်မြောက်တဲ့အလုပ်ပဲလို့ ထင်ပြီးတော့ ကျွန်မ အားရကျေနပ်ခဲ့တာ။ နောက်ထပ်အသေးစိတ်အချက်အလက်တွေက ထပ်တည့်ဖို့ဆိုတာ လွယ်မှာပဲ၊ အကြောင်းအရာနည်းနည်းလောက်ပဲ ထပ်ထည့်ရမှာ စိတ်ကျေနပ်လောက်စရာပဲပေါ့။ ဒီတော့ ကျွန်မ စည်းမျဉ်းတွေကို ညီအစ်ကိုမောင်နှမတွေနဲ့ မိတ်သဟာယမပြုခဲ့ဘူး။ အချက်အလက်တွေ့ ထပ်ဖြည့်ပြီးတော့ မမျှော်လင့်ဘဲ အကြောင်းအရာအသစ်က လိုရင်းမရောက်တဲ့အပြင် ရှုပ်ယှက်ခတ်နေလို့ အကြောင်းအရာ ပိုဆိုးသွားတယ်လို့ ခေါင်းဆောင်က မြင်သွားတယ်။ ကျွန်မတို့ ဂရုတစိုက် တွေးဆဆင်ခြင်ခဲ့ရဲ့လား၊ ပြီးတော့ ပြဿနာက ဘာလဲဆိုတာ ရှင်းရှင်းလင်းလင်း နားလည်ရဲ့လား လို့ သူက မေးတယ်။ အဲဒီနောက် တခြားသူတွေကို အချက်အလက်ကုန်ကြမ်းတွေ ပြန်စုခိုင်းခဲ့တယ်။ ဒါကို ကြားတော့ ကျွန်မ မှင်တက်မိ သွားတယ်။ “ငါ အဲဒါကို ကောင်းကောင်း လုပ်ချင်ခဲ့တာပါ၊ ဒါပေမဲ့ ဘာလို့ ဒီလို အဆုံးသတ်သွားခဲ့တာလဲ”ပေါ့။ ဒါကို ပြန်သုံးသပ်တော့ ဒါက ကျွန်မရဲ့ ညံ့ဖျင်းတဲ့ အစွမ်းအစနဲ့ သမ္မာတရားအပေါ် ပေါ့တန်တဲ့ နားလည်မှုကြောင့် ဖြစ်နေတုန်းပဲလို့ ကျွန်မ ခံစားမိခဲ့တယ်။ အထွေထွေ ကိစ္စရေးရာတွေကို ကျွန်မ ကိုင်တွယ်ဖြေရှင်းနိုင်မယ်လို့ထင်ခဲ့တယ်။ ဒါပေမဲ့ သမ္မာတရားကို နားလည်ဖို့လိုအပ်တဲ့ အလုပ်နဲ့ ပတ်သက်လာရင်တော့ ကျွန်မ အဲဒါကို မလုပ်နိုင်ခဲ့ဘူး။ အခုက ကျွန်မ တမင်တကာ နောက်ဆုတ်ချင်ခဲ့တာ မဟုတ်ဘူး။ ကျွန်မမှာ အမှန်တကယ်ဆန္ဒရှိပေမဲ့ ကျွမ်းကျင်မှု ကင်းမဲ့နေခဲ့တာပါ။ နောက်ပိုင်းမှာတော့ အလုပ်ထဲမှာ ပူးပေါင်းဆောင်ရွက်ဖို့ လက်တွန့်လာခဲ့တယ်။ အလုပ်ထဲမှာ ပြဿနာတချို့ကို ကျွန်မ သတိပြုမိတဲ့အခါ အဲဒါတွေကိုထောက်ပြချင်ခဲ့ပေမဲ့ “ငါ့ရဲ့ ညံ့ဖျင်းတဲ့ အစွမ်းအစနဲ့ဆို ပြဿနာတွေကို ငါ ရှာတောင် ရှာတွေ့နိုင်ရဲ့လား၊ ဒီအလုပ်ကို ငါ လုပ်နိုင်စွမ်းရှိလား၊ ငါ့ရဲ့ အစွမ်းအစက ညံ့ဖျင်းပြီးတော့ ငါက ကိစ္စတွေကို ချင့်ချိန်အကဲဖြတ်တာမှာ အရည်အချင်း မပြည့်ဝဘူးလေ။ မဟုတ်ရင် အလုပ်ကို ဒီလောက်ဆိုးဆိုးရွားရွားလုပ်မိမှာ မဟုတ်ဘူး၊ ဒီတော့ အခြားသူတွေကို ပြဿနာတွေ ထောက် မပြတာပိုကောင်းပါတယ်လေ” လို့ တွေးပြီး ကျွန်မ ရှောင်လိုက်တယ်။ အကျိုးဆက်အနေနဲ့ ကိုယ့်တာဝန်တွေမှာ ဘာသိဘာသာဖြစ်လာခဲ့ပြီး ကိုယ့်အနာဂတ်နဲ့ အလားအလာတွေကို အမြဲ ပူပန်နေခဲ့ရင်း အပျက်သဘောဆောင်တဲ့ခံစားချက်တွေထဲကို ကျွန်မ ပြန်ရောက်သွားတယ်။ ကျွန်မရဲ့ စိတ်နှလုံးကို ငြိမ်သက်အောင် မလုပ်နိုင်ခဲ့ပါဘူး။
ကျွန်မရဲ့အခြေအနေကို တိုးတက်အောင် ကူညီပေးခဲ့တဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို စုဝေးပွဲတစ်ခုမှာ မဖတ်မိခင် အထိပေါ့။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “ကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေ သင်၏ သန္နိဋ္ဌာန်ကို ကိုင်လှုပ်နိုင်သည့်အရာများ၊ သင်၏ စိတ်နှလုံး၌ နေရာယူနိုင်သည့်အရာများ၊ သို့မဟုတ် သင်၏တာဝန်အား ထမ်းဆောင်နိုင်စွမ်းကို ဘောင်ခတ်နိုင်သည့်အရာများ နှင့် သင်၏ ရှေ့ဆက် တိုးတက်မှု ဖြစ်သည့် နေ့တိုင်း ဖြစ်ပေါ်သည့်အရာများအားလုံးသည် လုံ့လဝီရိယရှိသည့် စိစစ်ကုစားမှု လိုအပ်ပေသည်။ သင်သည် ၎င်းတို့ကို သေချာ ဆန်းစစ်ကာ သမ္မာတရားကို ရှာဖွေသင့်သည်။ ဤအရာအားလုံးမှာ သင် တွေ့ကြုံသည်နှင့်အမျှ ဖြေရှင်းရမည့် ပြဿနာများဖြစ်သည်။ လူအချို့သည် အခက်အခဲများ ကြုံရသည့်အခါ အပျက်သဘောဆောင်လာကြသည်၊ ညည်းညူကာ မိမိတို့တာဝန်များကို နုတ်ထွက်လိုက်ကြပြီး ဆုတ်ဆိုင်းမှုတစ်ခုစီနောက်ပိုင်းတွင် ဖြည်းဖြည်းချင်းပင် ပြန်လည်ထူထောင်နိုင်ခြင်း မရှိကြချေ။ ဤလူအားလုံးတို့သည် သမ္မာတရားကို မချစ်သော လူနုံလူအများဖြစ်ကြပြီး ၎င်းတို့သည် တစ်သက်တာလုံး ယုံကြည်ခြင်းဖြင့်ပင် ယင်းကို ရကြလိမ့်မည် မဟုတ်ပေ။ ယင်းကဲ့သို့ လူနုံလူအများသည် အဆုံးတိုင် အဘယ်သို့ လိုက်နိုင်မည်နည်း။ အလားတူအရာသည် သင့်ထံ ဆယ်ကြိမ် ဖြစ်ပျက်သော်လည်း ထိုအရာမှ သင် ဘာမျှမရရှိပါက သင်သည် သာမန်မျှ၊ အသုံးမကျသော လူတစ်ဦးဖြစ်သည်။ ပါးနပ်ချက်ချာသော လူများနှင့် ဝိညာဉ်ရေးရာ သိနားလည်မှုရှိသော စစ်မှန်သော အစွမ်းအစရှိသူများမှာ သမ္မာတရားကို ရှာဖွေသောသူများ ဖြစ်သည်။ ၎င်းတို့ထံ တစ်စုံတစ်ရာ ဆယ်ကြိမ် ဖြစ်ပျက်ပါက ထိုကိစ္စများထဲမှ ရှစ်ကြိမ်တွင် ဉာဏ်အလင်းပေးခြင်းအချို့ကို ၎င်းတို့ ရရှိနိုင်ကြပေမည်၊ သင်ခန်းစာအချို့ကို သင်ယူနိုင်ကြပေမည်၊ သမ္မာတရား အချို့ကို နားလည်ကာ တိုးတက်မှု အချို့ကို ပြုလုပ်ကောင်း ပြုလုပ်နိုင်ကြပေမည်။ ဝိညာဉ်ရေးရာ သိနားလည်မှု မရှိသော လူနုံလူအတစ်ဦးအပေါ် အမှုအရာများ ဆယ်ကြိမ် ဖြစ်သောအခါ တစ်ကြိမ်မျှ ၎င်းတို့၏ ဘဝကို အကျိုးရှိစေလိမ့်မည်မဟုတ်၊ တစ်ကြိမ်တစ်ခါမျှ ၎င်းတို့ကို ပြောင်းလဲစေလိမ့်မည်မဟုတ်သကဲ့သို့ တစ်ကြိမ်တစ်ခါမျှ ၎င်းတို့၏ အကျည်းတန်သော မျက်နှာကို သိစေမည်မဟုတ်ချေ။ ယင်းမှာ ၎င်းတို့အတွက် အဆုံးသတ်ဖြစ်ပေသည်။ ၎င်းတို့အပေါ် တစ်စုံတစ်ရာ ဖြစ်ပျက်သည့်အခါတိုင်းတွင် ၎င်းတို့ လဲကျကြသည်။ ၎င်းတို့ လဲကျသည့်အခါတိုင်းတွင် ၎င်းတို့ကို အားပေးဖို့နှင့် ချော့ဖို့ အခြားတစ်စုံတစ်ဦးကို ၎င်းတို့ လိုအပ်ကြသည်။ အားပေးခြင်းနှင့် ချော့မော့ခြင်း မရှိဘဲ ၎င်းတို့ မထနိုင်ကြသည့်အပြင် တစ်စုံတစ်ရာ ဖြစ်ပျက်သည့် အကြိမ်တိုင်းတွင် ၎င်းတို့ လဲကျမည့် အန္တရာယ်နှင့် အရည်အသွေး နိမ့်ကျစေမည့် အန္တရာယ်ရှိသည်။ ဤသည်မှာ ၎င်းတို့အတွက် အဆုံးသတ်ဖြစ်သည် မဟုတ်လော။ ထိုသို့သော အသုံးမကျသည့် ဤလူများကို ကယ်တင်ရန်အတွက် အခြားအကြောင်းပြချက် တစ်ခုတစ်လေ ရှိသေးသလော။ လူသားမျိုးနွယ်ကို ဘုရားသခင်၏ကယ်တင်ခြင်းမှာ သမ္မာတရားကို ချစ်သောသူတို့အား ကယ်တင်ခြင်း၊ လိုအင်ဆန္ဒနှင့် သန္နိဋ္ဌာန်ရှိသည့် ၎င်းတို့၏ တစ်စိတ်တစ်ဒေသနှင့် ၎င်းတို့၏ စိတ်နှလုံးထဲတွင် သမ္မာတရားနှင့် တရားမျှတမှုကို တမ်းတသော ၎င်းတို့၏ တစ်စိတ်တစ်ဒေသကို ကယ်တင်ခြင်း ဖြစ်သည်။ လူတစ်ဦး၌ စိတ်ဆုံးဖြတ်ချက်သည် တရားမျှတမှု၊ ကောင်းမြတ်ခြင်းနှင့် သမ္မာတရားကို တမ်းတပြီး အသိတရား ပိုင်ဆိုင်သည့် ၎င်းတို့ စိတ်နှလုံးထဲရှိ ၎င်းတို့၏ တစ်စိတ်တစ်ဒေသ ဖြစ်သည်။ သမ္မာတရားကို ၎င်းတို့ နားလည်ပြီး ရရှိရန် ၎င်းတို့၏ဖောက်ပြန်ပျက်စီးခြင်းသည် ဆေးကြောသန့်စင်ခံရပြီး ၎င်းတို့၏အသက်စိတ်သဘောထား ပြောင်းလဲနိုင်ရန်အလို့ငှာ ဘုရားသခင်သည် လူတို့၏ ဤတစ်စိတ်တစ်ဒေသကို ကယ်တင်ပြီး ယင်းမှတစ်ဆင့် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ပြောင်းလဲလေသည်။ သင်သည် သင့်အတွင်း၌ ဤအရာများ မရှိလျှင် ကယ်တင်မခံရနိုင်ပေ။...လူအချို့က မိမိတို့၏ အစွမ်းအစများ အလွန်နိမ့်ကျကာ သဘောပေါက်နားလည်နိုင်စွမ်း ကင်းမဲ့သည်ဟု ခံစားရသောကြောင့် မိမိတို့ကိုယ်ကိုယ် ဘောင်ခတ်ပြီး သမ္မာတရားကို ၎င်းတို့ မည်မျှ လိုက်စားသည်ဖြစ်စေ ဘုရားသခင်၏ သတ်မှတ်ချက်များကို ဖြည့်ဆည်းနိုင်လိမ့်မည်မဟုတ်ဟု ခံစားကြသည်။ ၎င်းတို့ မည်မျှ ကြိုးစားသည်ဖြစ်စေ အသုံးမဝင်သကဲ့သို့ ထိုမျှသာရှိသောကြောင့် ၎င်းတို့သည် အမြဲ အပျက်သဘောဆောင်ကာ အကျိုးဆက်အနေဖြင့် ဘုရားသခင်ကို နှစ်ချီ၍ ယုံကြည်ပြီးသည့်နောက်တွင်ပင် မည်သည့် သမ္မာတရားမျှ မရရှိသေးချေ။ သမ္မာတရားကိုလိုက်စားဖို့ အလုပ်ကြိုးစားခြင်းမရှိဘဲ သင်၏ အစွမ်းအစ အလွန်ညံ့ဖျင်းသည်ဟု သင်ပြောပါက မိမိကိုယ်ကိုယ် အရှုံးပေးပြီး အပျက်သဘောဆောင်သည့် အခြေအနေတွင် အမြဲ အသက်ရှင်သည်။ အကျိုးဆက်အနေဖြင့် သင် နားလည်သင့်သည့် သမ္မာတရားကို နားမလည်ပါက သို့မဟုတ် သင် တတ်စွမ်းနိုင်သမျှ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း မရှိပါက သင်သည် မိမိကိုယ်ကိုယ် ဟန့်တားနေသည့်သူ မဟုတ်ပါလော။ သင်၏ အစွမ်းအစက လုံလောက်အောင် မကောင်းဟု သင် အမြဲပြောပါက ဤသည်မှာ တာဝန်ကို ရှောင်လွှဲကာ အချောင်ခိုခြင်း ဖြစ်သည် မဟုတ်လော။ သင်သည် ဆင်းရဲဒုက္ခခံနိုင်ပါက အဖိုးအခပေးနိုင်ပြီး သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ရရှိနိုင်ပါက သမ္မာတရားအချို့ကို မလွဲမသွေ သင် နားလည်နိုင်လိမ့်မည်ဖြစ်ပြီး စစ်မှန်မှုအချို့ထဲသို့ ဝင်ရောက်နိုင်လိမ့်မည် ဖြစ်သည်။ သင်သည် ဘုရားသခင်ကို မကြည့်၊ မမှီခိုသကဲ့သို့ မည်သည့် အားထုတ်မှုမျှမပြုဘဲ သို့မဟုတ် အဖိုးအခမပေးဘဲ ကိုယ့်ဘဝကို လက်လျှော့ပြီး တကယ်ကို အရှုံးပေးပါက သင်သည် အသုံးမကျသူတစ်ဦး ဖြစ်သကဲ့သို့ အသိတရားနှင့် အသိစိတ် တစ်စက်မျှ မရှိပေ။ သင်၏ အစွမ်းအစ ညံ့ဖျင်းသည်ဖြစ်စေ၊ ပြောင်မြောက်သည်ဖြစ်စေ အသိစိတ်နှင့် ဆင်ခြင်တုံတရား အနည်းငယ်ရှိပါက သင်သည် သင် လုပ်သင့်သည့်အရာနှင့် သင်၏လုပ်ငန်းတာဝန်တို့ကို သင့်တင့်လျောက်ပတ်စွာ အဆုံးသတ်သင့်သည်။ စွန့်ခွာပြေးသူတစ်ဦးဖြစ်ခြင်းသည် ဆိုးရွားသောအရာဖြစ်ပြီး ဘုရားသခင်ကို သစ္စာဖောက်ခြင်း ဖြစ်သည်။ ဤအရာသည် ကယ်တင်၍ မရနိုင်ပေ။ သမ္မာတရားကို လိုက်စားခြင်းသည် ခိုင်မာသော ဆန္ဒတစ်ခု လိုအပ်ပြီး အလွန် အပျက်သဘောဆောင်သည့် လူများ သို့မဟုတ် အားနည်းသော လူများသည် မည်သည့်အရာမျှ ဖြစ်မြောက်ခြင်း ရှိလိမ့်မည် မဟုတ်ပေ။ ၎င်းတို့သည် ဘုရားသခင်ကို အဆုံးတိုင်အောင် ယုံကြည်နိုင်ခြင်း ရှိမည် မဟုတ်ချေ။ ထို့ပြင် သမ္မာတရားကို ရရှိဖို့ ၎င်းတို့ဆန္ဒရှိပြီး စိတ်သဘောထား ပြောင်းလဲမှုတစ်ခုကို ၎င်းတို့ စွမ်းဆောင်ရရှိလိုပါက ၎င်းတို့၌ မျှော်လင့်ချက် သာ၍ နည်းပေသေးသည်။ သန္နိဋ္ဌာန် ချမှတ်ထားပြီး သမ္မာတရားကို လိုက်စားသည့် သူများသာလျှင် ယင်းကို ရရှိနိုင်ပြီး ဘုရားသခင်အားဖြင့် စုံလင်စေခြင်းခံရနိုင်ပေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး) ဘုရားနှုတ်ကပတ်တော်တွေ ဖတ်ပြီးနောက်မှာ ကိုယ့်ကိုယ်ကိုယ် နှုတ်ကပတ်တော်တွေနဲ့ ဆက်စပ်ကြည့်မိတယ်။ အဟန့်အတားတွေ၊ ကျရှုံးမှုတွေနဲ့ရင်ဆိုင်ရတဲ့အခါ ကျွန်မက အမြဲတမ်း အထူးသဖြင့် ကြေမွနေတဲ့စာရွက်တစ်ရွက်လို ခံစားနေခဲ့ရပြီး ထိလွယ်ရှလွယ်နဲ့ အပျက်သဘောဆောင်နေခဲ့တာကို ကျွန်မ သဘောပေါက်ခဲ့တယ်။ ကျွန်မရဲ့ အရင်ဆုံး တုံ့ပြန်မှုက “ဒါကို သူများတွေကို ကိုင်တွယ်ဖြေရှင်းခိုင်းလိုက်လေ” ဒါမှမဟုတ် “ငါ့အစွမ်းအစက အရမ်းနိမ့်ပါတယ်” လို့ အမြဲတမ်းတွေးတာပါ။ ပြီးတော့ အလုပ်ကို ဖြေရှင်းဖို့ သူများတွေအပေါ် ပုံချလိုက်တယ်။ ဒီလိုလုပ်လိုက်တာက ကျွန်မက စဉ်းစားချင့်ချိန်တတ်ပြီး ကိုယ့်ကိုယ်ကိုယ် သတိပြုမိတဲ့ပုံ ပေါက်ပေမဲ့ တကယ်က ကိုယ့်ကိုယ်ကိုယ် ဘောင်ခတ်နေခဲ့ပြီး ကိုယ့်ကိုယ်ကိုယ် လက်လျှော့နေခဲ့တာပါ။ သမ္မာတရားကို ကျွန်မ လက်မခံတာ မချစ်တာကို အဲဒါက ပြနေခဲ့တယ်။ အဟန့်အတားတွေ၊ ကျရှုံးမှုတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ပြဿနာတွေဖြေရှင်းဖို့နဲ့ တိုးတက်ဖို့ ဘုရားသခင်က ကျွန်မတို့ကို သမ္မာတရား ရှာစေချင်တယ်။ ဖြောင့်မတ်ခြင်းအတွက် ကျွန်မတို့ရဲ့ ဆန္ဒနဲ့ တောင့်တမှုကတစ်ဆင့် ဘုရားသခင်က ကျွန်မတို့ကို စုံလင်အောင်လုပ်တာပါ။ သမ္မာတရားကိုချစ်ပြီး အစွမ်းအစကောင်းရှိသူတွေဟာ ကြိုတင်ဆောင်ရွက်လှုပ်ရှားသူတွေပါ။ ကျရှုံးမှုတွေကနေ အတွေ့အကြုံတွေကို ခြုံငုံသုံးသပ်တာ၊ သူတို့ရဲ့ ချို့တဲ့မှုကို ဆန်းစစ်တာတွေမှာ သူတို့ တော်ကြပါတယ်။ ပြီးတော့ ရှာဖွေခြင်းကနေ သမ္မာတရားတချို့ကိုလည်း သူတို့ နားလည်နိုင်ပြီး သူတို့ကိုယ်တိုင်ရဲ့ ဗဟုသုတတွေရယူပြီးတော့ ဘဝမှာ တိုးတက်အောင်လုပ်နိုင်ပါတယ်။ ဒီတစ်ခါ ပြုပြင်မှုနဲ့ ကျွန်မ တွေ့ကြုံတဲ့အခါမှာ ကျရှုံးမှုရဲ့အကြောင်းရင်းတွေကို မဆန်းစစ်ဘဲ အဲဒီအစား ဆင်ခြေဆင်လက်တွေပဲ ကျွန်မ ပေးခဲ့တယ်။ ကျွန်မ တာဝန်ကို ကောင်းကောင်း မထမ်းဆောင်ချင်တာကြောင့် မဟုတ်ဘဲ ကျွန်မရဲ့ ညံ့ဖျင်းတဲ့အစွမ်းအစက ကျွန်မရဲ့တာဝန်တွေကို ထမ်းဆောင်ရာမှာ ပြဿနာတွေ အများကြီးဖြစ်စေခဲ့လို့ပဲဆိုပြီး ကျွန်မ ခံစားခဲ့ရတယ်။ ဆိုလိုချင်တာက ကျွန်မရဲ့ လုပ်နိုင်စွမ်းရှိသမျှ အတိုင်းအတာအတွင်းမှာ ကျွန်မ အကောင်းဆုံးကြိုးစားခဲ့တယ်။ ပြီးတော့ ဘာမှ ပြန်သုံးသပ်စရာမရှိခဲ့ဘူး ပေါ့။ ဒါပေမဲ့ ပိုပြီး သေသေချာချာ စစ်ဆေးကြည့်တော့ ကျွန်မမှာ တကယ်ကို ပြဿနာ လုံးဝမရှိခဲ့ဘူးဆိုတာ မှန်ခဲ့ရဲ့လား။ အချက်အလက်ကုန်ကြမ်းတွေမှာ အသေးစိတ်အချက်အလက်တွေ ကင်းမဲ့နေတယ်လို့ ခေါင်းဆောင်က ထောက်ပြခဲ့တုန်းက ကျွန်မ မတွေးဆခဲ့ဘူး၊ မရှာခဲ့ဘူး။ ဒါပေမဲ့ ကိုယ့်စိတ်ကူးကိုပဲ အခြေခံထားတဲ့ အပိုအကြောင်းအရာတွေ အများကြီး ထပ်ဖြည့်ခဲ့ပြီး တည်းဖြတ်ထားတဲ့ အချက်အလက်ကုန်ကြမ်းတွေကို ရှည်လျားလွန်းပြီး ပေါ့သွားအောင် လုပ်မိခဲ့တာ။ ကျွန်မ စည်းမျဉ်းတွေကို မရှာခဲ့ဘူး။ ဒါမှမဟုတ် ပိုကောင်းတဲ့ရလဒ်တွေရဖို့ မစဉ်းစားကြည့်ခဲ့ဘူး။ စည်းမျဉ်းတွေကို ကျွန်မ မစဉ်းမစားဘဲ လိုက်နာခဲ့တယ်။ ကျွန်မရဲ့ တာဝန်တွေကို ထမ်းဆောင်တဲ့ ဒီနည်းလမ်းက ဖြစ်သလိုလုပ်နေတဲ့နည်းလမ်းပါပဲ။ ကျွန်မရဲ့ နည်းလမ်းကို အမြန် ခြုံငုံသုံးသပ်ပြီး အမှန်ပြင်သင့်ခဲ့တာ။ ကျွန်မမှာ အစွမ်းအစက မရှိရတဲ့အထဲ ကြိုတင်ဆောင်ရွက်လှုပ်ရှားတဲ့ စိတ်ဓာတ်တောင် မရှိဘဲ အခက်အခဲတွေကြုံရတိုင်း ဘာသိဘာသာနဲ့ နောက်ဆုတ်လိုက်မယ်ဆိုရင် ကျွန်မအတွက် တိုးတက်ဖို့က ခက်ခဲမှာပါ။
နောက်ပိုင်း ကျွန်မ တွေးဆမိတာက အဟန့်အတားတွေ၊ ကျရှုံးမှုတွေနဲ့ရင်ဆိုင်ရတဲ့အခါ ဘာကြောင့် ကျွန်မ အမြဲတမ်းထွက်ပြေးချင်ခဲ့တာလဲ ပေါ့။ တော်တော်လေး စဉ်းစားပြီးတဲ့နောက်မှာ အဲဒါဟာ ဂုဏ်သတင်းနဲ့ အဆင့်အတန်းအတွက် ကျွန်မရဲ့ ပူပန်မှုက ကြီးမားပြင်းထန်လွန်းလို့၊ ဘုရားသခင်အပေါ် ကျွန်မရဲ့ ယုံကြည်ခြင်းမှာ လျှောက်ခဲ့တဲ့ လမ်းကြောင်းက မမှန်လို့ဆိုတာကို ကျွန်မ သဘောပေါက်ခဲ့တယ်။ ဘုရားသခင်က အန္တိခရစ်တွေကို စိစစ်တဲ့အပိုဒ်တစ်ပိုဒ်ကို ကျွန်မ ပြန် အမှတ်ရမိတယ်။ ဘုရားနှုတ်ကပတ်တော်တွေက ပြောတာက “မိမိတို့၏ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့ကို အန္တိခရစ်များ၏ ချစ်မြတ်နိုးခြင်းက သာမန်လူများထက် လွန်ကဲပြီး ယင်းမှာ ၎င်းတို့၏ စိတ်သဘောထားအနှစ်သာရအတွင်း ရှိသည့်အရာတစ်ခု ဖြစ်သည်။ ယင်းက ခဏတာ စိတ်ဝင်စားမှုတစ်ခု မဟုတ်သကဲ့သို့ ၎င်းတို့ပတ်ဝန်းကျင်၏ ယာယီ အကျိုးသက်ရောက်မှုလည်း မဟုတ်ပေ။ ယင်းက ၎င်းတို့၏အသက်၊ ၎င်းတို့၏အရိုးအတွင်းရှိ အရာတစ်ခုဖြစ်သောကြောင့် ၎င်းတို့၏ အနှစ်သာရဖြစ်သည်။ ဤအရာမှာ အန္တိခရစ်များလုပ်သမျှ အရာအားလုံး၌ ၎င်းတို့၏ ပထမဆုံး ထည့်တွက်စဉ်းစားသည့် အချက်သည် ၎င်းတို့၏ ကိုယ်ပိုင်ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့သာ ဖြစ်သည်ဟု ဆိုလိုပေသည်။ အန္တိခရစ်များအတွက် ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့က ၎င်းတို့၏ အသက်ဖြစ်သကဲ့သို့ ၎င်းတို့၏ တစ်သက်တာ ပန်းတိုင်လည်း ဖြစ်သည်။ ၎င်းတို့လုပ်သမျှ အရာအားလုံး၌ ၎င်းတို့၏ ပထမဆုံး ထည့်တွက် စဉ်းစားသည့်အချက်က ‘ငါ၏အဆင့်အတန်းက ဘာဖြစ်သွားမည်နည်း။ ငါ၏ဂုဏ်သတင်းကရော ဘာဖြစ်သွားမည်နည်း။ ဤအရာကို လုပ်ဆောင်ခြင်းက ငါ့ကို ကောင်းသော ဂုဏ်သတင်းရစေမည်လော။ ယင်းက လူများ၏စိတ်များထဲရှိ ငါ၏အဆင့်အတန်းကို မြှင့်တင်ပေးမည်လော’ ဖြစ်၏။ ယင်းမှာ ၎င်းတို့ ပထမဆုံးတွေးသည့် အရာဖြစ်သည်၊ ယင်းက ၎င်းတို့၌ အန္တိခရစ်များ၏ စိတ်သဘောထားနှင့် အနှစ်သာရတို့ ရှိခြင်း၏ လုံလောက်သော သက်သေဖြစ်သည်။ ဤအကြောင်းကြောင့် ၎င်းတို့သည် အမှုအရာများကို ဤနည်းဖြင့် စဉ်းစားကြခြင်း ဖြစ်သည်။ အန္တိခရစ်များအတွက် ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့က ၎င်းတို့အတွက် မရှိလည်း နေနိုင်သည့် အပယိကတစ်ခုဖြစ်ဖို့ မဆိုထားနှင့်၊ အပိုဆောင်း လိုအပ်ချက်တစ်ခု မဟုတ်ဟု ဆိုနိုင်ပေသည်။ ယင်းတို့သည် အန္တိခရစ်တို့ သဘာဝ၏ တစ်စိတ်တစ်ဒေသ ဖြစ်သည်၊ ယင်းတို့က ၎င်းတို့၏အရိုးများ၊ ၎င်းတို့၏ သွေးများထဲတွင် ရှိနေသည်၊ ယင်းတို့က ၎င်းတို့အတွက် မွေးရာပါ ဖြစ်သည်။ အန္တိခရစ်များက ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့ကို ၎င်းတို့ပိုင်ဆိုင်ခြင်းရှိမရှိနှင့်ပတ်သက်၍ ဂရုမစိုက်ခြင်း မဟုတ်ပေ။ ဤသည်မှာ ၎င်းတို့၏ သဘောထား မဟုတ်ပေ။ သို့ဆိုလျှင် ၎င်းတို့၏ သဘောထားမှာ အဘယ်နည်း။ ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့သည် ၎င်းတို့၏ နေ့စဉ် အသက်တာများ၊ ၎င်းတို့၏ နေ့စဉ် အခြေအနေ၊ ၎င်းတို့စွမ်းဆောင်ရရှိဖို့ နေ့စဉ် လိုက်စားသည့် အရာတို့နှင့် အတွင်းကျကျ ဆက်နွှယ်နေသည်။ ထို့ကြောင့် အန္တိခရစ်များအတွက် ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့သည် ၎င်းတို့၏ အသက် ဖြစ်သည်။ ၎င်းတို့ မည်သို့အသက်ရှင်နေထိုင်ပါစေ၊ ၎င်းတို့သည် မည်သည့်ပတ်ဝန်းကျင်တွင် အသက်ရှင်နေထိုင်ပါစေ၊ မည်သည့်အလုပ်ကို ၎င်းတို့လုပ်ပါစေ၊ မည်သည့်အရာကို ၎င်းတို့ လိုက်စားပါစေ၊ ၎င်းတို့၏ ပန်းတိုင်များက မည်သည့်အရာ ဖြစ်ပါစေ၊ ၎င်းတို့အသက်တာ၏ ဦးတည်ချက်က မည်သည့်အရာဖြစ်ပါစေ ထိုအရာအားလုံးသည် ကောင်းမွန်သော ဂုဏ်သတင်းနှင့် မြင့်မားသောအဆင့်အတန်းရှိခြင်းကို ဗဟိုပြုထားသည်။ ပြီးလျှင် ဤရည်ရွယ်ချက်သည် မပြောင်းလဲပေ။ ၎င်းတို့သည် ထိုသို့သောအရာများကို မည်သည့်အခါမျှ ဘေးဖယ်မထားနိုင်ပေ။ ဤသည်မှာ အန္တိခရစ်များ၏ စစ်မှန်သော သဘောသဘာဝနှင့် အနှစ်သာရတို့ ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၃)) အန္တိခရစ်တွေဟာ သာမန်လူတွေထက် သူတို့ရဲ့ ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို ပိုမြတ်နိုးပြီး၊ ဂုဏ်သတင်းနဲ့ အဆင့်အတန်းက သူတို့ရဲ့ တစ်သက်တာ လိုက်စားမှုတွေဖြစ်တဲ့အပြင် သူတို့လုပ်သမျှရဲ့ စမှတ်နဲ့ ပန်းတိုင်ပဲလို့ ဘုရားသခင်က ပြောတယ်။ လူတွေက သူတို့ကို အထင်ကြီးပြီး ချီးမွမ်းတဲ့အခါ သူတို့က တာဝန်တွေ ထမ်းဆောင်ဖို့ စိတ်အားတက်ကြွကြပြီး ဘာမဆိုလုပ်ဖို့ ဆန္ဒရှိကြပါတယ်။ ဒါပေမဲ့ လူတွေရဲ့လေးစားမှုကို ဆုံးရှုံးတာနဲ့ ဘုရားသခင်ကိုယုံကြည်တာ၊ သူတို့တာဝန်တွေကို ထမ်းဆောင်တာဟာ အဓိပ္ပာယ်မဲ့တယ်လို့တောင် ခံစားလာကြပြီးတော့ သူတို့ အပျက်သဘောဆောင်လာပြီး ခိုကပ်လာခဲ့ကြတယ်။ လိုက်စားခြင်းအပေါ် ကျွန်မအမြင်တွေက အန္တိခရစ်တွေရဲ့အမြင်တွေနဲ့ ထူးမခြားနားပါပဲ။ ကျွန်မရဲ့ သဘောထားထင်မြင်ချက်တွေကို လူတိုင်းက အသိအမှတ်ပြုပြီး လက်ခံကျင့်သုံးနိုင်တဲ့အချိန်က ကျွန်မ အလုပ်တချို့ကို ကြိုတင်ဆောင်ရွက်လှုပ်ရှားရင်း တက်တက်ကြွကြွ လုပ်နိုင်ခဲ့တာပေါ့။ ဒါပေမဲ့လည်း ကျွန်မနဲ့ အလုပ် တွဲလုပ်တဲ့ညီအစ်မကို တန်ဖိုးထားပြီး ကျွန်မကို အမြဲတမ်း လျစ်လျူရှုတဲ့အခါမှာတော့ ကျွန်မရဲ့ တာဝန်တွေမှာ စိတ်အားတက်ကြွမှု ပျောက်ဆုံးပြီး ကျွန်မ အရမ်း စိတ်လေပြီး စိတ်ဓာတ်ကျခဲ့တာ။ နောက်ထပ်ကျရှုံးမှုတွေနဲ့ ကျွန်မ ရင်ဆိုင်ရတဲ့အခါ ရှောင်တိမ်းထွက်ပြေးချင်ပြီးတော့ အလုပ်အတွက်အစွမ်းအစမရှိ၊ မသင့်တော်ဘူးလို့ ကိုယ့်ကိုယ်ကိုယ် ထပ်ပြီး ဘောင်ခတ်ခဲ့တယ်။ ကျွန်မ နုတ်ထွက်ချင်ခဲ့တာဟာ ဒီအလုပ်အတွက် ကျွန်မက အရည်အချင်းမပြည့်မီလို့ ဖြစ်ပြီးတော့ ဒါက ကျွန်မမှာ ကိုယ့်ကိုယ်ကိုယ်သတိပြုမှု ရှိတယ်ဆိုတာကို ပြပါတယ် လို့ ကျွန်မ အမြဲတမ်း ထင်နေခဲ့တာ။ ဒါပေမဲ့ တကယ်တမ်း အဲဒါက ကျွန်မရဲ့ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို ကျွန်မ တန်ဖိုးထားလွန်းတာကြောင့်ပါ။ ဒီတာဝန်ကို ထမ်းဆောင်တာက ကျွန်မအတွက် ဂုဏ်ယူဝင့်ကြွားဖို့ ခက်မယ်ဆိုတာ သိခဲ့ပါတယ်။ ဒီတာဝန်ကိုသာ ဆက်လက်ထမ်းဆောင်ခဲ့မယ်ဆိုရင် ကျွန်မ နောက်ထပ်အကြိမ်ပေါင်းများစွာ ကျရှုံးပြီး ထုတ်ဖော်ခံရနိုင်ချေရှိတဲ့အပြင် တခြားသူတွေက ကျွန်မကို လုံးဝ ရိပ်စားမိသွားမှာ။ ဒီတော့ ကျွန်မရဲ့ ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို ထိန်းသိမ်းဖို့ ပိုပြီးလွယ်ကူတဲ့တာဝန်တစ်ခုကို ပြောင်းချင်ခဲ့တာ။ တစ်လျှောက်လုံးပဲ တာဝန်တစ်ခုရွေးတာပဲဖြစ်ဖြစ်၊ ပညာသင်ဖို့၊ အလုပ်လုပ်ဖို့ နေရာရွေးတာပဲဖြစ်ဖြစ် ကျွန်မရဲ့ အဓိကစံနှုန်းက အဲဒါက ကျွန်မကို မျက်နှာပန်းလှစေပြီး ထင်ပေါ်စေနိုင်လားဆိုတာပါ။ ကောလိပ် လျှောက်တုန်းက အဓိကဘာသာရပ်ကောင်းနဲ့ တက္ကသိုလ်တစ်ခုရှိတယ်။ တခြားတက္ကသိုလ်တစ်ခုကတော့ ယှဉ်ကြည့်လိုက်ရင် ပိုအားနည်းတဲ့ ဘာသာရပ်တစ်ခုနဲ့ပါ။ ဒါပေမဲ့လည်း ဒုတိယတက္ကသိုလ်က ဆရာတွေက ကျွန်မကို လျှောက်ဖို့ အထပ်ထပ်ဖိတ်ခေါ်တယ်။ ဒီတော့ အဲဒီမှာ ကျွန်မ တန်ဖိုးထားခံရမယ်လို့ ခံစားမိခဲ့တယ်။ နောက်ဆုံးမှာတော့ ပိုအားနည်းတဲ့အဓိကဘာသာရပ်နဲ့ တက္ကသိုလ်ကို ကျွန်မ ရွေးချယ်ခဲ့တယ်။ တက္ကသိုလ်တက်တုန်းကလည်း အတူတူပါပဲ။ ဆရာတွေက ကျွန်မကို တန်ဖိုးထားခဲ့ကြတဲ့ ဘာသာရပ်တွေမှာ ကျွန်မ ကြိုးစားအားထုတ်ခဲ့တယ်။ ကျွန်မကို အသိအမှတ်မပြု တန်ဖိုးမထားတဲ့ ဘာသာရပ်တွေဆို ကျွန်မ လက်ရှောင်ခဲ့တာ။ ကျွန်မ ဘဝ တစ်လျှောက်လုံးမှာ ကျွန်မကို ဂုဏ်သတင်းနဲ့ အဆင့်အတန်း ဆောင်ကြဉ်းပေးနိုင်သလားဆိုတာကို အခြေခံပြီး ကိစ္စတွေကို ကျွန်မ ဆုံးဖြတ်ခဲ့တယ်။ တန်ဖိုးထားခံရပြီး ထင်ပေါ်နိုင်မဲ့နေရာတွေကို ကျွန်မ ကြိုက်တယ်။ ကျွန်မ လျစ်လျူရှုခံရတဲ့၊ အရှက်ကွဲရတဲ့နေရာတွေကို ရှောင်တယ်။ ဂုဏ်သတင်းနဲ့ အဆင့်အတန်း အတွက် ကျွန်မရဲ့ ပူပန်မှုက နက်နက်နဲနဲကို အမြစ်တွယ်နေပြီး အဲဒီပူပန်မှုက ကျွန်မ အဲဒါကို ကာကွယ်ချင်စိတ် အမြဲ ဖြစ်နေစေပြီး ကျွန်မ စိတ်ထဲမှာ အရိုးစွဲလာခဲ့တယ်ဆိုတာ အခု ကျွန်မ သဘောပေါက်လိုက်ပါပြီ။ ဥပမာ အခု ခေါင်းဆောင်တစ်ယောက်ဖြစ်တယ်ဆိုတာ အများကြီး ထုတ်ဖော်ခံရတာ၊ ပြုပြင်ခံရတာကို ဆိုလိုတယ်ဆိုတာ ကျွန်မ ရှင်းရှင်းလင်းလင်း သိခဲ့ပြီ။ အဲဒါတွေက ကျွန်မရဲ့ သမ္မာတရားစည်းမျဉ်းတွေကိုနားလည်ခြင်းနဲ့ အသက်ဝင်ရောက်မှုအတွက် အကျိုးပြုခဲ့တယ်။ ဒါပေမဲ့လည်း ကျွန်မရဲ့ ဂုဏ်သတင်းနဲ့ အဆင့်အတန်းကိုထိန်းသိမ်းဖို့အတွက်နဲ့ ကိုယ့်တာဝန်ကို စွန့်လွှတ်ဖို့အထိတောင် စဉ်းစားမိခဲ့တယ်။ ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို ကျွန်မက သမ္မာတရားထက်တောင် ပိုတန်ဖိုးထားခဲ့တာကို ကျွန်မ သဘောပေါက်လိုက်ပါပြီ။ သမ္မာတရားကို တော်တော်လေးမနှစ်မြို့တဲ့ စိတ်သဘောထားကို ကျွန်မ ထုတ်ဖော်ခဲ့တယ်။ ကျွန်မသာ ဒီလမ်းကို ဆက်လိုက်စားခဲ့ရင် နောက်ဆုံးမှာ ကျွန်မ ဘာ ရမှာမို့လဲ။ ကိုယ့်ကျွမ်းကျင်မှုတွေကို ကျင့်သုံးလို့မရနိုင်သလို ကိုယ့်အသက်ဝင်ရောက်မှုမှာ ဘာတိုးတက်မှုမှ မရှိနိုင်တာပါ။ ပြီးတော့ နောက်ဆုံးမှာ ကျွန်မဟာ ဘုရားသခင်က စက်ဆုပ်ပြီး ဖယ်ရှားရှင်းလင်းပစ်တဲ့ အသုံးမကျတဲ့ လူတစ်ယောက်ပဲ ဖြစ်သွားမှာ။ ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို လိုက်စားတာဟာ လမ်းဆုံးကို ရောက်သွားစေလိမ့်မယ်ဆိုတာ၊ ပြီးတော့ ကျွန်မဟာ သမ္မာတရားကို ရှာဖွေဖို့နဲ့ ဒီအခြေအနေကနေ ရုန်းထွက်လွတ်မြောက်ပြီး ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို လိုက်စားတာကို လက်လွှတ်ဖို့ လိုအပ်နေတယ် ဆိုတာကို အဲဒီအချိန်မှာပဲ ကျွန်မသဘောပေါက်လိုက်တယ်။
နောက်တော့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ဖတ်မိပြီး လက်တွေ့လုပ်ဆောင်ဖို့နည်းလမ်းကို ကျွန်မ တွေ့ခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “ဘုရားသခင်ကို ယုံကြည်သည့်အခါ အာရုံစိုက်ရန် အရေးကြီးဆုံးသောအရာမှာ အဘယ်နည်း။ တစ်စုံတစ်ဦး၏ အစွမ်းအစ မြင့်သည်ဖြစ်စေ၊ နိမ့်သည်ဖြစ်စေ၊ ၎င်းတို့တွင် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ မည်သည့် ပြုပြင်ခြင်းကို ၎င်းတို့ ရင်ဆိုင်ရသည်ဖြစ်စေ ဤအရာတစ်ခုမျှ အရေးမကြီးပေ။ ယနေ့ခေတ်တွင် အရေးကြီးသည့်အရာမှာ အဘယ်နည်း။ ထိုအရာမှာ သမ္မာတရား စစ်မှန်မှုများထဲသို့ သင်တို့ ဝင်ရောက်ပုံဖြစ်သည်။ ထိုသို့လုပ်ဆောင်ရန်အလို့ငှာ တစ်စုံတစ်ဦးတွင် ရှိသင့်သည့် အခြေခံအကျဆုံးသောအရာမှာ အဘယ်နည်း။ ၎င်းတို့အနေဖြင့် စစ်မှန်ရိုးသားသော စိတ်နှလုံးတစ်ခု ရှိရမည်။ စစ်မှန်ရိုးသားခြင်းဟူသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ အမှုအရာများ သင့်အပေါ် ကျရောက်သည့်အခါ မယုံရသောသူ မဖြစ်ခြင်း၊ သင်၏ ကိုယ်ကျိုးစီးပွားများကို မစဉ်းစားခြင်း၊ လျှို့ဝှက်အကွက်ချ မကောင်းကြံခြင်းတွင် အခြားသူများနှင့်အတူ မပါဝင်ခြင်းနှင့် ဘုရားသခင်ကို မလှည့်ဖြားခြင်းတို့ကို ဆိုလိုသည်။ သင်သည် ဘုရားသခင်ကို လိမ်လည်လှည့်စားနိုင်ပြီး သူ့အပေါ် စစ်မှန်ရိုးသားမှု ကင်းမဲ့နိုင်လျှင် သင်သည် လုံးဝ ဇာတ်သိမ်းပြီဖြစ်ပြီး ဘုရားသခင်က သင့်ကို ကယ်တင်လိမ့်မည် မဟုတ်။ သို့ဆိုလျှင် သမ္မာတရားကို သိနားလည်ခြင်းအကြောင်းရင်းသည် အဘယ်နည်း။ သင့်အနေဖြင့် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ရှိကောင်းရှိနိုင်သည်၊ ကောင်းမွန်သည့် အစွမ်းအစ ရှိကောင်း ရှိနိုင်သည်၊ အပြောကောင်းနိုင်ပြီး အမှုအရာများကို အလျင်အမြန် နားလည်သဘောပေါက်နိုင်သည်၊ ကောက်ချက်များ ချကောင်းချနိုင်ပြီး ဘုရားသခင် ပြောဆိုသည့်အရာတိုင်းကို နားလည်နိုင်သော်လည်း သင့်အပေါ် အမှုအရာများ ဖြစ်သည့်အခါ ဘုရားသခင်ကို လှည့်စားလျှင် ဤသည်မှာ ဆိုးယုတ်သော စိတ်သဘောထားတစ်ခုဖြစ်ပြီး အလွန် အန္တရာယ်များပေသည်။ သင်၏ အစွမ်းအစသည် မည်မျှ ကောင်းမွန်သည်ဖြစ်စေ အသုံးမဝင်သကဲ့သို့ ဘုရားသခင်က သင့်ကို အလိုရှိလိမ့်မည် မဟုတ်။ ဘုရားသခင်က ‘သင် ကောင်းစွာ စကားပြောသည်၊ အစွမ်းအစကောင်းရှိသည်၊ ဉာဏ်ထက်ပြီး ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ရှိသည်၊ သို့သော် ပြဿနာတစ်ခုသာ ရှိ၏။ သင်သည် သမ္မာတရားကို မချစ်’ဟု ပြောလိမ့်မည်။ သမ္မာတရားကို မချစ်သောသူတို့သည် ဒုက္ခပေးတတ်ပြီး ဘုရားသခင်က ၎င်းတို့ကို အလိုမရှိပေ။ စိတ်နှလုံးကောင်းမရှိသည့် လူတစ်ဦးသည် ရှင်းထုတ်ပစ်ခြင်း ခံရလိမ့်မည်၊ အပြင်ပန်းတွင် ကောင်းစွာ ထိန်းသိမ်းထားပုံရသော်လည်း မကောင်းသည့် အင်ဂျင်စက်က လုံးဝ ဖယ်ရှားခံရလိမ့်မည်ဖြစ်သော ကားတစ်စီးကဲ့သို့သာ ဖြစ်သည်။ လူတို့သည်လည်း ဤကဲ့သို့ ဖြစ်ကြ၏။ သင်၏အစွမ်းအစ မည်မျှ ကောင်းမွန်ပုံရသည်ဖြစ်စေ၊ သင် မည်မျှ တော်သည်ဖြစ်စေ၊ အပြောကောင်းသည်ဖြစ်စေ၊ တတ်စွမ်းနိုင်သည်ဖြစ်စေ၊ ပြဿနာများကို ကိုင်တွယ်ရာတွင် သင် မည်မျှ တော်သည်ဖြစ်စေ အားလုံး အသုံးမဝင်သကဲ့သို့ ဤသည်မှာ အဓိကအချက် မဟုတ်ပေ။ သို့ဆိုလျှင် အဓိကအချက်မှာ အဘယ်နည်း။ ထိုအရာမှာ တစ်စုံတစ်ဦး၏ စိတ်နှလုံးက သမ္မာတရားကို ချစ်မချစ်ဆိုသည်နှင့် ပတ်သက်ပေသည်။ ၎င်းတို့ မည်သို့ စကားပြောသည်ဆိုသည်ကို နားထောင်ခြင်းအကြောင်း မဟုတ်ဘဲ ၎င်းတို့ မည်သို့ပြုမူဆောင်ရွက်သည်ကို ကြည့်ခြင်း ဖြစ်သည်။ ဘုရားသခင်ရှေ့တွင် သင်ပြောသည့်အရာ၊ သို့မဟုတ် ကတိပြုသည့်အရာကို သူက မကြည့်ပေ။ သင်လုပ်ဆောင်သည့်အရာသည် သမ္မာတရား စစ်မှန်မှု ရှိမရှိကို သူ ကြည့်သည်။ ထို့ပြင် သင်၏ လုပ်ရပ်များသည် မည်မျှမြင့်သည်၊ နက်နဲသည်၊ သို့မဟုတ် အင်အားကြီးသည်ကို ဘုရားသခင်က ဂရုမစိုက်ပေ။ ပြီးလျှင် သင်သည် သေးငယ်သောအရာတစ်ခုကို လုပ်ဆောင်လျှင်ပင် ဘုရားသခင်က သင်၏ လှုပ်ရှားမှုတိုင်း ရိုးသားစစ်မှန်မှုကို မြင်လျှင် သူက ‘ဤလူသည် ငါ့အား ရိုးသားစစ်မှန်စွာ ယုံကြည်သည်။ သူသည် မည်သည့်အခါမျှ ကြွားလုံးထုတ်ခြင်း မရှိ။ သူ၏ အဆင့်အတန်းနှင့်အညီ ပြုမူနေထိုင်သည်။ သူသည် ဘုရားအိမ်တော်အဖို့ ကြီးမားစွာ ပံ့ပိုးခြင်းမလုပ်နိုင်သော်လည်း အစွမ်းအစနည်းပါးနိုင်သော်လည်း သူလုပ်သမျှတွင် တည်ကြည်ခိုင်မာပြီး ရိုးသားစစ်မှန်မှုရှိသည်’ ဟု ပြောဆိုလိမ့်မည်။ ဤ ‘ရိုးသားစစ်မှန်မှု’ တွင် မည်သည့်အရာ ပါဝင်သနည်း။ ဘုရားသခင်ကို ကြောက်ရွံ့ခြင်း၊ ကျိုးနွံနာခံခြင်းအပြင် စစ်မှန်သောယုံကြည်ခြင်းနှင့် ချစ်ခြင်းပါဝင်သည်။ ဘုရားသခင်မြင်လိုသော အရာမှန်သမျှ ပါဝင်သည်။ အခြားလူများအဖို့ ဤသို့သောသူများသည် ထူးခြားမှုမရှိ ပုံပေါက်နိုင်ပြီး ၎င်းသည် အစားအစာချက်ပြုတ်သောသူ၊ သို့မဟုတ် သန့်ရှင်းရေးလုပ်သော သူတစ်ယောက်၊ သာမန်တာဝန်တစ်ခုကို ထမ်းဆောင်သော သူတစ်ယောက်လည်း ဖြစ်နိုင်သည်။ ဤသို့သောလူများသည် အခြားလူများအဖို့ ထူးခြားမှုမရှိပေ။ ကြီးမြတ်သည့် မည်သည့်အရာကိုမျှ မဖြစ်မြောက်ခဲ့သလို လေးစားထိုက်သော၊ အထင်ကြီးစရာဖြစ်သော၊ သို့မဟုတ် အားကျစရာ ဖြစ်သောအရာတစ်ခုမျှ မရှိပေ။ ၎င်းတို့သည် သာမန်လူများသာ ဖြစ်သည်။ သို့တိုင်အောင် ဘုရားသခင် တောင်းဆိုသောအရာ အားလုံးကို ၎င်းတို့တွင် တွေ့ရှိရပြီး ၎င်းတို့သည် ထိုအရာအားလုံးနှင့်အညီ အသက်ရှင်နေထိုင်ပြီး ဘုရားသခင်ထံ အရာအားလုံး ပေးအပ်သည်။ ငါ့ကို ပြောလော့။ ဘုရားသခင်က မည်သည့်အရာကို နောက်ထပ် အလိုရှိသနည်း။ သူသည် ၎င်းတို့နှင့်ပတ်သက်၍ စိတ်ကျေနပ်ပေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး) လူတစ်ယောက်မှာ အစွမ်းအစနဲ့ ပါရမီတွေ ရှိ၊ မရှိ ဆိုတာအပေါ်ကို ကျွန်မ အရမ်း အရေးထားခဲ့ဖူးတယ်။ အစွမ်းအစကောင်းရှိတဲ့သူတွေသာ ဘုရားရဲ့ အိမ်တော်မှာ အများကြီးအသုံးပြုခံရနိုင်တယ်လို့ယုံကြည်ပြီးတော့ပေါ့။ ကျွန်မမှာ အစွမ်းအစကင်းမဲ့နေပြီး၊ ကိစ္စတွေကို ရှင်းရှင်းလင်းလင်းမမြင်နိုင်ဘူး လို့ အခေါက်ခေါက်အခါခါ ထုတ်ဖော်ခံရတဲ့အခါမှာ ကျွန်မ လုပ်နိုင်စွမ်းရှိတဲ့ အလုပ်တာဝန်တွေကိုတောင် မထမ်းဆောင်နိုင်တော့ဘဲ အပျက်သဘောဆောင်ပြီး ကိုယ့်ကိုယ်ကိုယ် ဘောင်ခတ်လိုက်တယ်။ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာ ကျွန်မ နားလည်လိုက်တာက ယုံကြည်သူတွေဟာ သူတို့ရဲ့ အစွမ်းအစအတိုင်းအတာ၊ ဒါမှမဟုတ် သူတို့က စကားပြောကောင်းလား၊ ဉာဏ်ထက်မြက်လားဆိုတာတွေကို အာရုံမစိုက်သင့်ဘူး။ အဲဒါတွေက ဘုရားသခင်တန်ဖိုးထားတဲ့အရာတွေ မဟုတ်ပါဘူး။ ဘုရားသခင်က လူတစ်ယောက်ရဲ့ စိတ်နှလုံးနဲ့ သူတို့မှာ ဘုရားသခင်နဲ့အသင်းတော်အလုပ်အပေါ် အရိုးခံ စိတ်နှလုံးရှိ၊ မရှိ ဆိုတာကို အရေးစိုက်တာပါ။ ဘုရားက ကျွန်မကို ပေးထားတဲ့အစွမ်းအစနဲ့ စကားပြောကောင်းခြင်းက ကျွန်မ ကိုယ့်တာဝန်တွေကို ကောင်းကောင်း ထမ်းဆောင်နိုင်လားဆိုတာကို မဆုံးဖြတ်ပါဘူး။ ကျွန်မက စကားပြောကောင်းပြီး လုပ်နိုင်စွမ်းရှိပေမဲ့ ကိုယ့်တာဝန်ဝတ္တရားတွေကို ခေါင်းရှောင်ပြီး ကိုယ့်ရဲ့ စစ်မှန်တဲ့ လက်တွေ့လုပ်ဆောင်မှုမှာ မရိုးမသားဆောင်ရွက်ရင် ကျွန်မရဲ့ အစွမ်းအစက ဘယ်လောက်ပဲကောင်းကောင်း ကျွန်မဟာ ဘုရားသခင်က မုန်းတီးစက်ဆုပ်တဲ့သူ တစ်ယောက်ပါပဲ။ အစွမ်းအစဆိုတာ လူတွေ သူတို့ရဲ့ တာဝန်တွေကို ကောင်းကောင်းထမ်းဆောင်နိုင်ဖို့ အထောက်အကူ ပေးနိုင်ပေမဲ့ ပိုအရေးကြီးတာက သမ္မာတရားနဲ့ သူရဲ့တာဝန်တွေအပေါ်ထားတဲ့ လူတစ်ယောက်ရဲ့သဘောထားနဲ့၊ သူတို့မှာ ကြိုတင်ဆောင်ရွက်လှုပ်ရှားပြီး သမ္မာတရားကို ချစ်တဲ့ စိတ်နှလုံးရှိ၊ မရှိ၊ သူတို့ ကျရှုံးပြီး ထုတ်ဖော်ခံရတဲ့အခါသမ္မာတရားကိုရှာနိုင်၊ မရှာနိုင်၊ သူတို့ရဲ့ အတွေ့အကြုံတွေကနေသင်ယူပြီး သူတို့ရဲ့ အသက်တာမှာ ကြီးထွားတိုးတက်မှုကို လိုက်စားသလားဆိုတာတွေပဲ ဖြစ်ပါတယ်။ ဒါတွေဟာ ဘုရားသခင်တန်ဖိုးထားတဲ့ အရာတွေပါ။ ဟိုအရင်က ပါရမီတွေနဲ့ အစွမ်းအစတွေရှိတဲ့ လူတချို့ကလည်း အသင်းတော်ခေါင်းဆောင်တွေအနေနဲ့ တာဝန်ထမ်းဆောင်ခဲ့ကြဖူးတယ်။ ဒါပေမဲ့ တော်တော်များများဟာ သူတို့တာဝန်တွေကို ကောင်းကောင်းမွန်မွန် မထမ်းဆောင်ခဲ့ကြဘူး။ အချိန်အတော်ကြာပြီးနောက်မှာ သူတို့ဟာ သက်သောင့်သက်သာရှိမှုနဲ့ လွယ်ကူမှုကို တပ်မက်ခဲ့ကြပြီး စစ်မှန်တဲ့အလုပ်ကို မလုပ်ခဲ့ကြဘူး။ ဒါမှမဟုတ် အသင်းတော်ရဲ့အလုပ်ကို နှောင့်ယှက်ပြီး ကျော်ကြားမှုနဲ့အကျိုးအမြတ်တွေအတွက် ယှဉ်ပြိုင်တိုက်ခိုက်ခဲ့ကြတယ်။ နောက်ဆုံးမှာတော့ သူတို့ ဖယ်ရှားရှင်းလင်းခံလိုက်ကြရပါတယ်။ ဒါပေမဲ့လည်း တချို့လူတွေကတော့ သာမန်အညတရပုံပါပဲ၊ ပါရမီတွေဘာတွေ မရှိဘဲ သာမန်အစွမ်းအစလောက်ပဲရှိတာ။ ဒါပေမဲ့ သူတို့က အရာရာတိုင်းမှာ စည်းမျဉ်းတွေကိုရှာဖွေခဲ့ကြပြီး သူတို့ရဲ့တာဝန်တွေကို လက်တွေ့ကျကျ ထမ်းဆောင်ခဲ့ကြတယ်။ သူတို့က အစားထိုးခံရတာ ဖယ်ရှားရှင်းလင်းခံရတာတွေ မရှိဘဲ သူတို့ရဲ့တာဝန်တွေကို ထမ်းဆောင်ရာမှာ တိုးတက်မှုရှိခဲ့တယ်။ ဒါဟာ ဘုရားသခင်က ဖြောင့်မတ်တယ်ဆိုတာနဲ့ ဘုရားသခင်က လူတစ်ယောက်အပေါ် သူ့အစွမ်းအစကို အခြေခံပြီး မဆုံးဖြတ်မသတ်မှတ်ဘဲ သမ္မာတရားကို လိုက်စားပြီး လက်တွေ့လုပ်ဆောင်သလားဆိုတာရယ်၊ အလုပ်တိုင်းကို သူတို့ လက်တွေ့ကျကျနဲ့ တာဝန်သိသိ ပြီးမြောက်အောင်မြင်အောင်လုပ်နိုင်လား ဆိုတာရယ်ကိုသာ ဘုရားက တန်ဖိုးထားတယ် ဆိုတာကို ပြပါတယ်။ ဒါကိုနားလည်ပြီး ကျွန်မ စိတ်နှလုံးထဲမှာ ကိုယ့်ကိုယ်ကိုယ်ပြောမိတာက အခုကစပြီး ရှေ့လျှောက် ကျွန်မရဲ့ စိတ်ကို တာဝန်တွေအပေါ်မှာအာရုံစိုက်ဖို့၊ တာဝန်သိသိ အလုပ်လုပ်ဖို့လိုလာပြီ ဆိုတာပါ။ ပြီးတော့ ကျွန်မကို အလုပ် တာဝန်ချပေးထားသရွေ့ အဲဒီအလုပ်ကို ကျွန်မ တတ်နိုင်သလောက် ကြိုးစားအားထုတ်ပြီး ထက်ထက်သန်သန် တာဝန်သိသိ လုပ်သင့်တယ် ဆိုတာနဲ့ မှန်ကန်တဲ့ အလုပ်ကို အာရုံစိုက်တဲ့ လက်တွေ့ကျပြီး ယုံကြည်အားထားရတဲ့လူတစ်ယောက်ဖြစ်သင့်တယ် ဆိုတာတွေပေါ့။
နောက်တော့ ကျွန်မထုတ်ဖော်ခံရတဲ့အကြိမ်တိုင်းနဲ့ပတ်သတ်လာခဲ့ရင် ကျွန်မရဲ့ စိတ်ဓာတ်ကို ပြောင်းလဲပြီး ကျရှုံးမှုတစ်ခုစီကနေ သင်ခန်းစာတွေသင်ယူဖို့ ကျွန်မ စပြီးအာရုံစိုက်ခဲ့တယ်။ အရင်ကဆို ကျရှုံးမှုတို့ ပြုပြင်ခံရတာတို့ တွေ့ကြုံတိုင်း “ဪ...ခေါင်းဆောင်က ငါ့အကြောင်းကို ရိပ်စားမိသွားပြီနေမှာ” ဒါမှမဟုတ် “ငါ့မှာ အစွမ်းအစ မရှိဘူးလို့လူတိုင်းက ထင်နေကြမှာပဲ” လို့ ကျွန်မ တွေးမိခဲ့တာ။ ဒီထဲမှာ နစ်မွန်းသွားတဲ့အခါ ကျွန်မ အရမ်း စိတ်မချမ်းမသာဖြစ်ခဲ့တယ်။ နောက်ပိုင်းမှာ ဘာဖြစ်လို့ ကျွန်မ ထုတ်ဖော်ခံခဲ့ရတာလဲ၊ ကိုယ်ကိုယ်တိုင်နဲ့ပတ်သက်ပြီး ဘာပြဿနာတွေ ရှာတွေ့နိုင်လဲ၊ ဘာချို့ယွင်းချက်တွေကို ကျွန်မ ပြင်ဆင်ဖာထေးနိုင်လဲ ဆိုတာကို ကျွန်မ သေချာ စပြီး တွေးဆခဲ့တယ်။ ဒီ စိတ်ဓာတ်အသစ်နဲ့ ကျွန်မရဲ့ စိတ်နှလုံးထဲမှာ မှန်ကန်တဲ့ကိစ္စတွေကို ပိုအာရုံစိုက်ခဲ့တယ်။ နောက်ပိုင်းမှာ ကာလတစ်ခုကြာအောင် အပြုပြင်ခံရတာကို ကျွန်မ အဆင့်ဆင့် ကြုံတွေ့ခဲ့ရတယ်။ တစ်ခါတလေကျ ကိစ္စတွေ လုပ်ဆောင်ရာမှာ စွမ်းဆောင်ထိရောက်မှုနည်းပါးတာကြောင့်ဖြစ်ပြီး တစ်ခါတလေမှာတော့ တာဝန်တွေကို ကိုင်တွယ်ဆောင်ရွက်တာမှာ စည်းမျဉ်းတွေကို သဘောမပေါက်မိတာကြောင့်ပါ။ တစ်ခါတလေကျတော့လည်း ကိစ္စတစ်ခုခုမှာ တစ်ဖက်သတ်အမြင်ရှိပြီး မှန်ကန်တဲ့နားလည်မှု ကင်းမဲ့တာကြောင့်ပါပဲ။ ဒီတော့ ကျွန်မရဲ့ပြဿနာတွေကို ပြန်သုံးသပ်ကြည့်မိတယ်။ ပြီးတော့ ပြဿနာတွေက ကျွန်မရဲ့ ကျွမ်းကျင်မှုအရည်အချင်းတွေနဲ့ ပတ်သက်နေရင် အလုပ်ထိရောက်စွမ်းဆောင်မှု တိုးတက်ဖို့ နည်းလမ်းတွေရှာခဲ့တယ်။ တကယ်လို့ အဲဒါက နားလည်သဘောပေါက်မှုပြဿနာဆိုရင် ကျွန်မရဲ့ နားလည်မှုမှာ ဘာတွေ မှားယွင်းနေခဲ့လဲဆိုတာကို ဆန်းစစ်ပြီး ကိုယ့်ပြဿနာတွေကို ဆင်ခြင်တွေးဆခဲ့တယ်။ ပြီးတော့ သမ္မာတရားကိုနားလည်ပြီး အတွေ့အကြုံရှိတဲ့ ညီအစ်ကိုမောင်နှမတွေဆီကနေ ရှာဖွေတယ်။ ဒီလိုပုံ ဒီလိုနည်းနဲ့ ဆင်ခြင်တွေးဆလိုက်တဲ့အခါ ပြုပြင်တာနဲ့ပတ်သက်ပြီး ကျွန်မရဲ့သဘောထားက တိုးတက်ခဲ့တယ်။ အခု တစ်ခါတလေတော့ ကျွန်မ စိတ်မချမ်းမသာဖြစ်နေသေးပေမဲ့ အဲဒီထဲမှာ ကျွန်မ ပိတ်မိမနေတော့ပါဘူး။ ပြီးတော့ နေ့တိုင်း ကိုယ့်တာဝန်တွေ ထမ်းဆောင်နေချိန်ဆို ကျွန်မစိတ်က အရမ်းကြီး ဝန်မပိတော့ဘူး။ ပြီးတော့ ကျွန်မ ရင်ဆိုင်ရတဲ့ အခြေအနေတွေကို ပုံမှန်အတိုင်း တွေ့ကြုံခံစားနိုင်ပါတယ်။
ဒီအချိန်ကာလအပိုင်းအခြားကို ပြန်သုံးသပ်ကြည့်တော့ ကျွန်မ အပျက်သဘောဆောင်တဲ့ထဲမှာပိတ်မိနေပြီး ဆင်းရဲဒုက္ခနဲ့ပင်ပန်းနွမ်းနယ်မှုထဲမှာ နွံနစ်နေတဲ့အချိန်မှာ ဘုရားနှုတ်ကပတ်တော်တွေရဲ့ လမ်းပြမှုကြောင့်သာ မဟုတ်ခဲ့ရင် အဲဒီအပျက်သဘောဆောင်တဲ့ စိတ်ခံစားချက်ကို ကျွန်မ စွန့်လွှတ်နိုင်ခဲ့မှာ မဟုတ်ပါဘူး။ ဘုရားသခင်နဲ့ ခပ်ခွာခွာနေပြီး ကိုယ့်လက်ရှိတာဝန်တွေကို ဆုံးရှုံးပြီးတော့တောင်မှ ဆက်ပြီး အကျင့်ပျက်ယိုယွင်းခဲ့မှာ။ ကျွန်မရဲ့ စိတ်နှလုံးထဲကနေ ဘုရားသခင်ကို ကျေးဇူးတင်တယ်။ ကျွန်မ အားအနည်းဆုံး အခိုက်အတန့်တွေမှာ ကျွန်မရဲ့ အနီးအနားက လူတွေကတစ်ဆင့် ကျွန်မကို သတိပေးချက်တွေပို့ပေးပြီး သူ့နှုတ်ကပတ်တော်တွေနဲ့ ကျွန်မကို လမ်းပြပေးခဲ့တယ်။ အဲဒီ စိတ်ခံစားချက်ကို စွန့်လွှတ်ထားခဲ့ဖို့ ကူညီပေးရင်းနဲ့ပေါ့။ အခုချိန်ကစပြီး ကျွန်မ အခြေတကျဖြစ်ချင်ပြီး ကိုယ့်တာဝန်တွေကို ကျွန်မရဲ့ အကောင်းဆုံး အရည်အချင်းနဲ့ ထမ်းဆောင်ချင်ပါတော့တယ်။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။