ကျွန်တော်အရမ်းအလုပ်ရှုပ်နေခဲ့ရတဲ့ အကြောင်းရင်း
ကျွန်တော်က အသင်းတော်မှာ ရေလောင်းအဖွဲ့ခေါင်းဆောင်တစ်ယောက်ပါ။ အရည်အသွေးပြည့်မီပြီး အရည်အချင်းရှိတဲ့ အဖွဲ့ခေါင်းဆောင်ဖြစ်ချင်တဲ့ ဘယ်သူမဆို အရာရာတိုင်းကို ကိုယ့်ဘာသာ တာဝန်ယူလုပ်ရမယ်လို့ ကျွန်တော် ထင်ခဲ့တယ်။ ပြီးတော့ ကိုယ့်ကိုယ်ကိုယ်ဆီကလည်း အဲဒီလောက် မျှော်လင့်ခဲ့တယ်။ ကျွန်တော်တို့အဖွဲ့မှာ တစ်ခုခုလုပ်ဖို့ လိုနေတာကို ကျွန်တော် သတိထားမိလိုက်တာနဲ့ တစ်ပြိုင်နက် ဘယ်လောက်ပဲ ကြီးကြီး၊ သေးသေး ကျွန်တော် ကိုယ့်ဘာသာ စလုပ်တယ်။ အထွေထွေအရေးကိစ္စတချို့လည်း အပါအဝင်ပေါ့။ ညီအစ်ကိုမောင်နှမတွေ လုပ်နိုင်တဲ့ အလုပ်တွေကိုတောင် ကျွန်တော် လွှဲပြောင်းယူလိုက်ပြီး “ကျွန်တော်လုပ်လိုက်မယ်။ အစ်ကို လုပ်ဖို့မလိုပါဘူး” ဆိုပြီး သဘောထားကြီးကြီးနဲ့ ပြောတယ်။ ဒီလိုမျိုး ဖြစ်တဲ့အခါတိုင်းမှာ ကျွန်တော် ရှင်းပြလို့မရတဲ့ ဂုဏ်ယူတဲ့စိတ်ကို ခံစားရတယ်။ ပြီးတော့ ကျွန်တော်က တကယ်ကို ဂရုစိုက်ပြီး တာဝန်သိတဲ့ အဖွဲ့ခေါင်းဆောင်ဖြစ်တယ်လို့ ခံစားရတယ်။ ကြာလာတော့ ညီအစ်ကိုမောင်နှမတွေက ပြဿနာတစ်မျိုးမျိုးရှိတိုင်း ကျွန်တော့်ဆီကို စပြီး လာကြတော့တာပဲ။ ကျွန်တော့်ကို ကြီးကြပ်သူကလည်း ကျွန်တော့်ကို အချိန်တွေအကြာကြီး တာဝန်ထမ်းဆောင်တဲ့အတွက်၊ ဆင်းရဲဒုက္ခခံပြီး ပေးဆပ်နိုင်တဲ့အတွက် ချီးကျူးတယ်။ ဒါကို ကြားရတာ တော်တော်ကျေနပ်ဖို့ ကောင်းတယ်။ ကျွန်တော်က တကယ်ကို အရည်အချင်းရှိတဲ့ အဖွဲ့ခေါင်းဆောင်တစ်ယောက်လို ခံစားရလို့ပေါ့။
နောက်ပိုင်းမှာ ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလအမှုတော်ကို လက်ခံတဲ့ ယုံကြည်သူတွေ ပိုပိုများလာတယ်။ ပြီးတော့ ကျွန်တော့်မှာ ရေလောင်းဖို့ လူသစ်တွေ အရင်ကထပ် တော်တော်ပိုများလာတယ်။ ယုံကြည်သူအသစ်တွေနဲ့ နေ့တိုင်း စုဝေးတာအပြင် ကျွန်တော် သူတို့ကို သင်တန်းလဲ ပေးရတယ်။ စုဝေးပွဲတွေကို ဘယ်လိုဧည့်ခံကျင်းပရမယ်၊ ဧဝံဂေလိကို ဘယ်လိုဖြန့်ဝေရမယ် စသဖြင့် သင်ပေးရတယ်။ ကျွန်တော့် အချိန်ဇယားက တော်တော်ကို ကျပ်နေပြီ။ ဒါပေမဲ့ ဒါအပြင်ကို ကျွန်တော့်အဖွဲ့က ညီအစ်ကိုမောင်နှမတွေက ယုံကြည်သူအသစ်တွေအတွက် စုဝေးပွဲတွေ စီစဉ်ဖို့ကိုတောင် ကျွန်တော့်ခွင့်ပြုချက်ကို လိုချင်ကြတယ်။ လုပ်စရာအများကြီး ရှိနေတာကို ဒီအသေးအဖွဲကိစ္စတွေမှာ ကျွန်တော် ခဏခဏ စိတ်ရောက်နေတယ်။ ဒါကြောင့် ကျွန်တော့်အချိန်ဇယားက အနှောင့်အယှက်ဖြစ်ပြီး ကျွန်တော် ဝတ်ပြုကိုးကွယ်ဖို့တောင် လုံးဝမအားတော့ဘူး။ ကျွန်တော်က နေ့တိုင်းအရမ်းအလုပ်ရှုပ်ပြီး ဘယ်တော့မှ အလကားမနေပေမဲ့ ဦးစားပေးအလုပ်တွေကို သိပ်ပြီး လိုက်မလုပ်နေခဲ့ဘူး။ ဒီဟာကြောင့် ကျွန်တော် ခဏခဏ စိတ်သောကရောက်ပေမဲ့ ဒါနဲ့ပတ်သက်ပြီး ဘာလုပ်ရမှန်းမသိခဲ့ဘူး။ တစ်ခါတော့ ကျွန်တော်နဲ့ တွဲလုပ်တဲ့ ညီအစ်မက ကျွန်တော့်ကို မေးတယ်။ “အစ်ကိုက အလုပ်ရှုပ်တယ်လို့ အမြဲတမ်းပြောတယ်။ ဒါပေမဲ့ တကယ်တမ်း နေ့တိုင်း ဘာလုပ်ရတာလဲ” တဲ့။ ဒီညီအစ်မက အဲဒီလို မေးလာတော့ သူကျွန်တော့်ကို ကိုယ်ချင်းမစာပါလားဆိုပြီး ကျွန်တော် သိပ်စိတ်ထိခိုက်သွားတာ။ နောက်ပိုင်းမှာ ညီအစ်ကိုမောင်နှမတွေက ယုံကြည်သူအသစ်တွေကို ရေလောင်းရင်းနဲ့ ပြဿနာတွေ ကြုံရပြီး အဲဒီအကြောင်းကို ကျွန်တော့်ဆီလာပြောတော့ ကျွန်တော်က ကိုယ့်ဘာသာ ညည်းတယ်။ “ဒါက ရေလောင်းသူတွေ ကျွမ်းကျင်ဖို့ လိုတဲ့ အခြေခံစည်းမျဉ်းတစ်ခုပဲ။ ဘာလို့ငါ့ဆီလာပြီး ဒီလိုရိုးရှင်းတဲ့ ပြဿနာတွေ ဖြေရှင်းခိုင်းတာလဲ။ ကိုယ့်ဘာသာလုပ်တတ်အောင် မသင်နိုင်ဘူးလား။ အားမထုတ်ချင်တာလား” ပေါ့။ အဲဒီကိစ္စတွေကို ကျွန်တော် ဆက်ပြီး ဂရုမစိုက်ချင်တော့ဘဲ ညီအစ်ကိုမောင်နှမတွေက အမှီအခိုကင်းကင်းနဲ့ ကိုင်တွယ်သင့်တယ်လို့ ကျွန်တော် ခံစားမိတယ်။ ဒါပေမဲ့ နောက်တော့ ကျွန်တော် စဉ်းစားတယ်။ “ငါက အဖွဲ့ခေါင်းဆောင်ပဲ။ ဒီပြဿနာတွေကို ငါဂရုမစိုက်ဘဲ ဒီအစား ညီအစ်ကိုမောင်နှမတွေကို ကိုင်တွယ်ခိုင်းရင် အဖွဲ့ခေါင်းဆောင်အနေနဲ့ ငါ့ရဲ့ တန်ဖိုးက လျော့သွားမှာ မဟုတ်ဘူးလား။ ငါက ငါ့တာဝန်တွေကို မဖြည့်ဆည်းဘဲ ခေါင်းရှောင်တယ်ဆိုပြီး တစ်ယောက်ယောက်က ပြောလာနိုင်သလား။ ခေါင်းဆောင်သိသွားရင် ငါက အရည်အချင်းမရှိဘူးလို့ ပြောနိုင်သလား။ တော်ပါပြီလေ။ ငါ့ဘာသာ လုပ်လို့ရတဲ့ဟာဆိုရင် လုပ်လိုက်မယ်” ပေါ့။ အဲဒါနဲ့ အချိန်အများစုမှာ အဖွဲ့ရဲ့အလုပ်အားလုံးကို ကိုယ့်ဘာသာပဲ လုပ်နေလိုက်တယ်။ စုဝေးပွဲတွေ စီစဉ်တာ၊ ယုံကြည်သူအသစ်တွေရဲ့ ပြဿနာတွေကို ဖြေရှင်းတာလိုမျိုး အကြီးစားအလုပ်တွေကနေ သတင်းစကားတွေ လက်ဆင့်ကမ်းပေးဖို့ ညီအစ်ကိုမောင်နှမတွေကို ကူပေးတာ၊ အထွေထွေကိစ္စတွေကို ဂရုစိုက်ဖို့ လူတွေကို ရှာတာလိုမျိုး အသေးစားအလုပ်တွေအထိပေါ့။ ကျွန်တော် တကယ်တမ်း မလုပ်ချင်ပေမဲ့ တက်သုတ်ရိုက် လုပ်လိုက်တာပဲ။ အဖွဲ့ခေါင်းဆောင်အနေနဲ့ ကျွန်တော့်ကို ဘယ်သူကမှ သံသယမဖြစ်အောင်ပေါ့။ တစ်ခါတလေမှာ ကျွန်တော် ဘယ်လောက်အားကုန်သလဲဆိုတာ ပြောပြလို့တောင်မရဘူး။ မတူတဲ့ကိစ္စတွေ အများကြီးကို တစ်ချိန်တည်းမှာ မဖြစ်ဖြစ်အောင် ကြံဖန်လုပ်ရတယ်။ ကျွန်တော် လုပ်နိုင်သမျှက “ငါက တကယ်တမ်းတော့ အဖွဲ့ခေါင်းဆောင်တစ်ယောက်ပဲ။ အဖွဲ့ခေါင်းဆောင်တွေက အလုပ်ကြိုးစားချင်စိတ် ရှိရမှာပေါ့” လို့ တွေးပြီး ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်ရတာပဲ။ အဲဒီလိုနဲ့ပဲ ကိစ္စကြီးငယ်နှစ်မျိုးလုံးကို ကိုယ့်ဘာသာ တာဝန်ယူနေပြီး မရပ်မနားအလုပ်ရှုပ်နေတဲ့ အခြေအနေမှာ အသက်ရှင်နေခဲ့တယ်။ နေ့တိုင်း အရမ်းအလုပ်ရှုပ်နေတာကြောင့် ညီအစ်ကိုမောင်နှမတချို့က လေးစားတာ၊ အသိအမှတ်ပြုတာကို ကျွန်တော်ရပေမဲ့ ကျွန်တော့်စိတ်နှလုံးမှာ ငြိမ်သက်ခြင်း၊ ဝမ်းမြောက်ခြင်းမရှိဘူး။ တာဝန်ကို ကမောက်ကမဖြစ်အောင် လုပ်နေမိတယ်လို့ အမြဲခံစားရတယ်။ ပြီးတော့ အသေးအဖွဲကိစ္စတွေနဲ့ လက်မလည်နိုင်အောင်ဖြစ်နေလို့ အရေးပါတဲ့ အလုပ်တော်တော်များများကို လုပ်ဖို့ အချိန်မရှိခဲ့ဘူး။
တစ်ခါတော့ ကျွန်တော့်အခက်အခဲတွေကို ခေါင်းဆောင်ကို ပြောလိုက်တယ်။ သူ ကျွန်တော်နဲ့ မိတ်သဟာယဖွဲ့ပြီးတော့မှပဲ လက်တွေ့လုပ်ဖို့ စည်းမျဉ်းတချို့ကို ကျွန်တော် ရခဲ့တာပါ။ သူက ကျွန်တော့်ကို မေးတယ်။ “အလုပ်တွေ ယူထားတာ နည်းနည်းများလွန်းမနေဘူးလား။ ညီအစ်ကိုမောင်နှမတွေကို သူတို့ကိုယ်ပိုင်အလုပ် မလုပ်ခိုင်းဘဲ အဲဒီအစား အကုန်လုံးကို အစ်ကို့ဘာသာ တာဝန်ယူရင် သေချာပေါက် အလုပ်ရှုပ်မှာပဲ။ သူတို့ကို သိပ်အရေးမကြီးတဲ့အလုပ်တွေလုပ်ခိုင်းပြီး လေ့ကျင့်ပေးလို့ရပါတယ်။ သူတို့က ကောင်းကောင်းမလုပ်ရင်တောင် အသင်းတော်အလုပ်အပေါ် ကြီးကြီးမားမားထိခိုက်မှာမဟုတ်ဘူး။ တကယ်ကို တခြားဘယ်သူမှမလုပ်နိုင်တဲ့အလုပ်ဆိုရင်တော့ အစ်ကို့ဘာသာ လုပ်ရမှာပေါ့။ ဒါပေမဲ့ တခြားလူတွေ လုပ်နိုင်ရဲ့သားနဲ့ အစ်ကိုက သူတို့ကို စမ်းလုပ်ကြည့်ခွင့်တို့၊ လေ့ကျင့်ဖို့ အခွင့်အရေးတို့ မပေးဘဲ ဒီအစား အကုန်လုံးကို အစ်ကို့ဘာသာ တာဝန်ယူလုပ်ရင် အစ်ကိုက သူတို့ကို လျှော့တွက်နေတာမဟုတ်ဘူးလား။ အစွမ်းပြဖို့ ကြိုးစားနေတာသက်သက်မဟုတ်ဘူးလား။ ဒါက ဖောက်ပြန်ပျက်စီးခြင်းကို ဖွင့်ပြခြင်းတစ်ခုပဲ” တဲ့။ သူ့ မိတ်သဟာယက ကျွန်တော့်အခြေအနေနဲ့ပတ်သက်ပြီး လုံးဝ ကွက်တိကျတာပဲ။ ပိုပြီးလုပ်တာက ကျွန်တော်ဟာ တာဝန်ထမ်းရွက်တယ်ဆိုတာကို ပြတယ်လို့ ထင်ခဲ့ဖူးတယ်။ ဒါပေမဲ့ ကျွန်တော့်လုပ်ရပ်တွေက စည်းမျဉ်းတွေကို အခြေခံသလား၊ မှားတဲ့ဟာတွေ ရောပါနေသလားဆိုတာကို လုံးဝ ဆင်ခြင်မကြည့်ခဲ့ဘူး။ ကျွန်တော် တွေးကြည့်တော့ ကျွန်တော့်တာဝန်မှာ အရာရာတိုင်းကို တာဝန်ယူလုပ်တဲ့ ကျွန်တော့်ရဲ့ လျှို့ဝှက်ရည်ရွယ်ချက်က ဝန်ထုပ်ထမ်းရွက်ဖို့ထက် အစွမ်းပြဖို့ပဲ။ တချို့ ကိစ္စတွေမှာဆိုရင် တခြားလူတွေက တာဝန်တစ်ခုကို မလုပ်နိုင်တာ၊ အချိန်မရှိတာ မဟုတ်ဘူး။ ဒီထက် ကျွန်တော်က လုပ်လေလေ၊ လူတိုင်းက ကျွန်တော့်ကို အသိအမှတ်ပြုလေလေဖြစ်ပြီး ကျွန်တော်က ကိုယ့်တာဝန်မှာ တာဝန်သိတတ်ပြီး ဝန်ထုပ်ဝန်ပိုးထမ်းရွက်တဲ့ အရည်အချင်းရှိ အဖွဲ့ခေါင်းဆောင်ဖြစ်တယ်လို့ ပြောကြမယ်လို့ ထင်တာကြောင့်ပဲ။ ကျွန်တော့်တာဝန်ထမ်းဆောင်တာကို သူများတွေဆီက လေးစားမှုရဖို့ နည်းတစ်ခုအနေနဲ့ သဘောထားခဲ့တယ်။ ကျွန်တော်က အဖွဲ့ခေါင်းဆောင်အနေနဲ့ ကျွန်တော့်တန်ဖိုးကိုပြပြီး သူများတွေရဲ့ စိတ်နှလုံးထဲမှာ နေရာတစ်ခုယူဖို့အတွက် ဆက်တိုက် “အလုပ်ရှုပ်”နေပြီး “တာဝန်ခံယူ”နေခဲ့တယ်။ ကျွန်တော်က ကိုယ့်တာဝန်မှာ မမှန်ကန်တဲ့ ရည်ရွယ်ချက်တွေရှိနေပြီး ကိုယ့်အဆင့်အတန်းကို အမြဲတမ်း ကာကွယ်ချင်တာကြောင့် အဖွဲ့ရဲ့အလုပ်တော်တော်များများက ကျွန်တော့်ပခုံးပေါ်မှာရောက်နေပြီး ညီအစ်ကိုမောင်နှမတွေက လေ့ကျင့်ဖို့ ဘာအခွင့်အရေးမှ မရခဲ့ဘူး။ ကျွန်တော်လုပ်နိုင်တာက အကန့်အသတ်ရှိတော့ တချို့အရေးပါတဲ့အလုပ်တွေက နှောင့်နှေးသွားရတယ်။ ဒီလိုနဲ့ အသင်းတော်အလုပ်နဲ့ ညီအစ်ကိုမောင်နှမတွေရဲ့ ဘဝတွေကို ထိခိုက်သွားတယ်။
နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးတော့ ကျွန်တော့်ပြဿနာကို နည်းနည်းနားလည်လာတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “မိမိတို့အကြောင်း သက်သေခံရန် အခြားသူများက အပြုအမူများကို အသုံးပြုနေစဉ် လူအချို့သည် ဘာသာစကားကို အသုံးပြုပြီး မိမိတို့ကိုယ်ကို ကြွားဝါသည့် စကားအချို့ကို ပြောဆိုကြသည်။ မိမိကိုယ်ကို သက်သေခံရန် အပြုအမူများ အသုံးပြုသည့် လူတစ်ဦး၏ သရုပ်သကန်များမှာ အဘယ်နည်း။ အပေါ်ယံတွင် ၎င်းတို့သည် လူတို့၏ အယူအဆများနှင့် အတော်ပင် ကိုက်ညီပြီး လူတို့၏ အာရုံစိုက်မှုကို ဆွဲဆောင်သည့်အပြင် အတော်အတန် မြင့်မြတ်ကာ လူ့ကျင့်ဝတ် စံနှုန်းများနှင့် အတော်ပင် ကိုက်ညီမှုရှိသည့်အရာအဖြစ် လူတို့ မြင်ကြသည့် အပြုအမူအချို့ကို လုပ်ဆောင်ကြသည်။ ဤအပြုအမူက ၎င်းတို့ ဂုဏ်အသရေရှိကြောင်း၊ တည်ကြည်မှုရှိကြောင်း၊ ဘုရားသခင်ကို အမှန်တကယ် ချစ်ကြကြောင်း၊ အလွန် ဘာသာတရားကိုင်းရှိုင်းကာ ဘုရားကို ကြောက်ရွံ့သော စိတ်နှလုံး အမှန်တကယ် ပိုင်ဆိုင်ကြောင်းနှင့် ၎င်းတို့သည် သမ္မာတရားကို လိုက်စားသော လူတစ်ဦးဖြစ်ကြောင်း လူတို့အား တွေးထင်စေသည်။ လူတို့ကို အထင်အမြင်မှားစေရန် အပြင်ပန်း အပြုအမူကောင်းအချို့ကို မကြာခဏ ၎င်းတို့ ပြသကြသည်။ ဤသည်မှာလည်း မိမိကိုယ်ကိုနှင့်ပတ်သက်၍ ချီးမြှောက်ကာ သက်သေခံသည့် သိသာထင်ရှားသော လက္ခဏာ ဖြစ်သည် မဟုတ်လော။ ပုံမှန်အားဖြင့် လူတို့သည် ၎င်းတို့ကို အထင်ကြီးကာ ကြည်ညိုလေးစားရန်အလို့ငှာ အများနှင့် ၎င်းတို့ ကွဲပြားကြောင်းနှင့် ၎င်းတို့တွင် အခြားသူများထက် ပိုအမြော်အမြင်ရှိသည့် အယူအဆများ ရှိကြောင်း ဖော်ပြဖို့ ရှင်းလင်းသော စကားကို အသုံးပြုလျက် စကားလုံးများဖြင့် မိမိတို့ကိုယ်ကို ချီးမြှောက်ကာ သက်သေခံကြသည်။ သို့ရာတွင် လူများသည် ၎င်းတို့အနေဖြင့် အခြားသူများထက် သာကြောင်း သက်သေခံရန် တိကျပြတ်သားသော စကားများမပါဝင်ဘဲ ထိုအစား အပြင်ပန်း အလေ့အထများကို သုံးသည့် နည်းလမ်းအချို့ ရှိသည်။ ဤလက်တွေ့လုပ်ဆောင်မှုမျိုးများသည် ကောင်းစွာ ချင့်ချိန်စဉ်းစားထားသည့် အရာပင်ဖြစ်ကာ ၎င်းတို့၌ အကြောင်းရင်းနှင့် အကြံတစ်ခုခု ပါရှိသည့်အပြင် အတော်ပင် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခြင်း ဖြစ်သည်။ ယင်းတို့ကို ဖုံးဖိထားပြီး စီမံပြုလုပ်ထားသဖြင့် လူတို့ မြင်တွေ့ရသည်မှာ လူ၏ အယူအဆများနှင့် ကိုက်ညီသည့်၊ မြင့်မြတ်ကာ ဘုရားကိုင်းရှိုင်းသည့်၊ သူတော်စင်၏ ကျင့်ဝတ်နှင့် ကိုက်ညီသည့်အပြင် ဘုရားသခင်ကိုပင် ချစ်သည့်၊ ဘုရားသခင်ကို ကြောက်ရွံ့သည့်၊ သမ္မာတရားနှင့် ကိုက်ညီသည့် အချို့သော အပြုအမူများနှင့် လက်တွေ့လုပ်ဆောင်မှုများပင် ဖြစ်လေသည်။ ဤအရာက မိမိတို့ကိုယ်ကို ချီးမြှောက်ကာ သက်သေခံခြင်းနှင့် လူတို့ကို မိမိတို့အား အထင်ကြီးပြီး ကိုးကွယ်အောင်လုပ်ခြင်းဟူသည့် တူညီသော ရည်မှန်းချက်ပန်းတိုင်ကို စွမ်းဆောင်ရရှိသည်။ ထိုကဲ့သို့သော အရာမျိုးကို သင်တို့ ကြုံတွေ့ဖူး သို့မဟုတ် မြင်တွေ့ဖူးကြသလော။ သင်တို့၌ ဤသရုပ်သကန်များကို ပိုင်ဆိုင်ထားသလော။ ငါဆွေးနွေးနေသည့် ဤအရာများနှင့် ဤအကြောင်းအရာတို့သည် လက်တွေ့ဘဝနှင့် သီးခြားဖြစ်နေသလော။ အမှန်တွင် သီးခြားမဟုတ်ပေ။...လူအချို့သည် မိမိတို့၏ တာဝန်များကို ထမ်းဆောင်ရင်း ညနက်သည်အထိနေဖို့ ပြင်ဆင်ရာတွင် မိမိတို့၏စွမ်းအင်ကို မြှင့်တင်ရန်အတွက် ကော်ဖီသောက်ကြသည်။ ညီအစ်ကို မောင်နှမများက ထိုသူတို့၏ ကျန်းမာရေးနှင့်ပတ်သက်၍ စိုးရိမ်ပြီး ကြက်စွပ်ပြုတ် ချက်ပြုတ်ပေးကြသည်။ ၎င်းတို့သည် စွပ်ပြုတ်ကို ပြုလုပ်ပြီးသောအခါ ဤလူတို့က ‘ဘုရားကို ကျေးဇူးတင်ပါ၏။ ကျွန်ုပ်သည် ဘုရားကျေးဇူးတော်ကို ခံစားရပြီ။ ဤအရာနှင့် ကျွန်ုပ် မထိုက်တန်ပါ။ ကျွန်ုပ်သည် ယခုတွင် ဤကြက်စွပ်ပြုတ်ကို သုံးဆောင်ပြီးပြီဖြစ်၍ ကျွန်ုပ်၏ တာဝန်များကို ထမ်းဆောင်ရာ၌ ပို၍ ထိရောက်မှုရှိလာရမည်’ ဟု ဆိုကြသည်။ လက်တွေ့တွင်မူ ၎င်းတို့၏ ထိရောက်မှုက လုံးဝ တိုးတက်မလာဘဲ မိမိတို့၏တာဝန်များကို ပုံမှန်လုပ်ဆောင်သည့် နည်းအတိုင်း ဆက်လက်၍ လုပ်ဆောင်ကြသည်။ ၎င်းတို့က ဟန်ဆောင်နေကြသည် မဟုတ်လော။ ၎င်းတို့သည် ဟန်ဆောင်နေကြခြင်း ဖြစ်ပြီး ဤအပြုအမူမျိုးက တိတ်တခိုးဖြင့် မိမိတို့ကိုယ်ကို ချီးမြှောက်ကာ သက်သေခံနေကြခြင်းလည်း ဖြစ်သည်။ ယင်းကရရှိသည့် ရလဒ်မှာ လူတို့အား မိမိတို့ကို အသိအမှတ်ပြုအောင်၊ မိမိတို့ကို အထင်ကြီးအောင်နှင့် မိမိတို့၏ အမာခံနောက်လိုက်များ ဖြစ်လာအောင် ပြုလုပ်ဖို့ဖြစ်သည်။ အကယ်၍ လူတို့၌ ဤစိတ်နေစိတ်ထားမျိုး ရှိသည်ဆိုပါက ဘုရားသခင်ကို မေ့လျော့ထားကြပြီး ဖြစ်သည်မဟုတ်လော။ ၎င်းတို့၏ စိတ်နှလုံးထဲ၌ ဘုရားသခင် မရှိတော့သည့်အတွက် ၎င်းတို့ နေ့နေ့ညည စဉ်းစားသူမှာ မည်သူဖြစ်သနည်း။ ယင်းမှာ ၎င်းတို့၏ ‘ခေါင်းဆောင်ကောင်း’၊ ၎င်းတို့၏ ‘ချစ်ခင်လေးစားရသူ’ ဖြစ်၏။ အန္တိခရစ်အချို့မှာ အပြင်ပန်းတွင် လူအများစုအပေါ် အလွန်ချစ်ခင်တတ်ပြီး ထိုသူတို့ စကားပြောသောအခါ နည်းနိဿယများကို အသုံးပြုကြသည်။ ဤသို့ဖြင့် လူတို့က ထိုသူတို့သည် ချစ်ခင်တတ်ကြောင်း သိမြင်ပြီး ထိုသူတို့နှင့် ရင်းနှီးလိုစိတ်ရှိကြမည် ဖြစ်သည်။ ထိုသူတို့သည် မိမိတို့နှင့် ရင်းနှီးပြီး ထိတွေ့မှုရှိသူတိုင်းကို အားပါးတရ ပြုံးပြပြီး ထိုသို့သောလူတို့ကို အလွန်နူးညံ့သိမ်မွေ့သော လေသံဖြင့် စကားပြောကြသည်။ အကယ်၍ ညီအစ်ကို မောင်နှမအချို့သည် သူတို့၏လုပ်ရပ်များ၌ စည်းမျဉ်းနှင့် ကိုက်ညီမှု မရှိကြောင်း၊ ထိုသို့ဖြင့် အသင်းတော်၏ အကျိုးစီးပွားကို ထိခိုက်ကြောင်း ၎င်းတို့ မြင်တွေ့လျှင်ပင် ထိုသူတို့ကို ပြုပြင်ခြင်း စိုးစဉ်းမျှ မရှိဘဲ ထိုသူတို့၏ တာဝန်များကို ထမ်းဆောင်နေစဉ် တွန်းအားပေးခြင်း၊ နှစ်သိမ့်ခြင်းနှင့် ချော့မော့ခြင်းကိုသာ ပြုကြသည်။ ၎င်းတို့သည် လူတိုင်းကို ၎င်းတို့ရှေ့မှောက်သို့ ခေါ်ဆောင်လာပြီးသည်အထိ လူတို့အား ချော့ပြီးရင်း ချော့ကြသည်။ လူတို့သည် ဤအန္တိခရစ်များ၏ စေ့ဆော်ခြင်းကို တဖြည်းဖြည်းခံရသည်။ လူတိုင်းက ထိုသူတို့၏ ကြင်နာတတ်သော စိတ်နှလုံးများကို အလွန်အသိအမှတ်ပြုပြီး ထိုသူတို့အား ဘုရားသခင်ကို ချစ်သောသူများဟု ခေါ်ကြသည်။ နောက်ဆုံးတွင် လူတိုင်းက ထိုသူတို့ကို ကိုးကွယ်ပြီး အရေးကိစ္စတိုင်းတွင် ထိုသူတို့၏ မိတ်သဟာယပြုချက်ကို တောင်းခံကာ ဘုရားသခင်ထံ ဆုတောင်းခြင်း သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၌ သမ္မာတရားရှာဖွေခြင်းကိုပင် မပြုတော့သည်အထိ ဤအန္တိခရစ်များအား မိမိတို့၏ ရင်းတွင်းဖြစ် စိတ်ကူးများနှင့် ခံစားချက်များအားလုံးကို ပြောပြကြသည်။ ဤလူတို့သည် ဤအန္တိခရစ်များ၏ အထင်အမြင်မှားစေခြင်းကို ခံထားရပြီ မဟုတ်လော။ ဤသည်မှာ လူတို့အား အထင်အမြင်မှားစေရန်အတွက် အန္တိခရစ်များ အသုံးပြုသည့် အခြားနည်းလမ်းဖြစ်၏။ သင်တို့သည် ဤအပြုအမူများနှင့် လက်တွေ့လုပ်ဆောင်မှုများ ပါဝင်သောအခါ သို့မဟုတ် ဤရည်ရွယ်ချက်များကို ထားရှိသောအခါ ဤအရာ၌ ပြဿနာရှိနေပြီ ဖြစ်ကြောင်း သင်တို့ သတိပြုမိသလော။ ထို့ပြင် ဤအရာကို သတိပြုမိသောအခါ သင်သည် မိမိ၏ဆောင်ရွက်ပုံနည်းလမ်းများကို ပြောင်းလဲနိုင်သလော။ အကယ်၍ သင်သည် မိမိ၏ အပြုအမူ၊ လက်တွေ့လုပ်ဆောင်မှုများ သို့မဟုတ် ရည်ရွယ်ချက်များက ပြဿနာ ရှိကြောင်း သတိပြုမိပြီး ဆန်းစစ်သောအခါ မိမိကိုယ်ကို ဆင်ခြင်သုံးသပ်ပြီး စစ်မှန်သောနောင်တ ရနိုင်ပါက ဤသည်မှာ သင်သည် သင်၏ ဆောင်ရွက်ပုံနည်းလမ်းကို ပြောင်းလဲလိုက်ပြီးဖြစ်ကြောင်း သက်သေပြသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၄- ၎င်းတို့သည် ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံကြသည်) ဘုရားနှုတ်ကပတ်တော်ရဲ့ ဖွင့်ပြခြင်းကနေ ကျွန်တော် မြင်ခဲ့တာက လူတွေဟာ သူများတွေလေးစားတာ၊ အသိအမှတ်ပြုတာကို ရဖို့အတွက် လူရဲ့ အယူအဆတွေနဲ့ ကိုက်ညီတဲ့ “ကောင်းတဲ့”အပြုအမူအမျိုးမျိုးကို အပြင်ပန်းမှာ ကျင့်သုံးကြတယ်၊ ဒါပေမဲ့ အနှစ်သာရမှာတော့ ဒီအပြုအမူတွေက သူတို့ကိုယ်သူတို့ တိတ်တခိုးချီးမြှောက်ပြီး သက်သေခံတဲ့ နည်းလမ်းတစ်ခုသက်သက်ဖြစ်ပြီးတော့ ဒါဟာ အရမ်းကို ကြောင်သူတော်ဆန်ပြီး လူတွေကို အလွယ်တကူ အထင်အမြင်မှားအောင်လုပ်နိုင်တယ် ဆိုတာပဲ။ ကျွန်တော် စဉ်းစားကြည့်တော့ ကျွန်တော်က အဲဒီလိုလူမျိုးပဲဆိုတာ မြင်ခဲ့တယ်။ အပြင်ပန်းမှာ ကျွန်တော်က နေ့တိုင်း တာဝန်ထမ်းဆောင်ရင်း၊ ဆင်းရဲဒုက္ခခံရင်း၊ ပေးဆပ်ရင်း၊ အကုန်လုံးကို ကိုယ့်ဘာသာ တာဝန်ယူရင်းနဲ့ အလုပ်ရှုပ်နေတဲ့ ပုံစံရှိတယ်။ အရည်အသွေးပြည့်မီပြီး အရည်အချင်းရှိတဲ့ အဖွဲ့ခေါင်းဆောင် ဖြစ်တဲ့ပုံစံရှိတယ်။ ဒါပေမဲ့ ဒါတွေအားလုံးနောက်ကွယ်မှာ ကျွန်တော်က ကိုယ့်ရဲ့ စက်ဆုပ်စရာကောင်းတဲ့၊ လျှို့ဝှက်ရည်ရွယ်ချက်ကို စိတ်ထဲမှာ ထားနေခဲ့တာ။ အဲဒါက လူတွေလေးစားတာကို ရဖို့ပဲ။ ညီအစ်ကိုမောင်နှမတွေက သူတို့တာဝန်တွေလုပ်နေတဲ့အချိန်မှာ ကိစ္စကြီးငယ်မျိုးစုံအကြောင်း ကျွန်တော့်ကို မေးဖို့လာတာတွေ၊ အရာရာတိုင်းကို ဖြေရှင်းဖို့ ကျွန်တော့်အပေါ် အားကိုးကြတာတွေကို ကျွန်တော်တွေးမိတယ်။ တကယ်တော့ အဲဒီပြဿနာတွေထဲက တချို့ကို ကျွန်တော်မပါဘဲ သူတို့ဆွေးနွေးပြီး ဖြေရှင်းလို့ ရတယ်။ ဒါပေမဲ့ ကျွန်တော့်ကို လူတိုင်းယုံကြည်လေးစားကြတာ တွေးမိပြီး ကျွန်တော်က အချိန်မရှိရင်တောင် ကိုယ့်ရဲ့ဂုဏ်နဲ့ အဆင့်အတန်းကို ကာကွယ်ဖို့အတွက်နဲ့ ဦးစားပေးအလုပ်တွေကို ဘေးပစ်ထားပြီး အကုန်လုံးကို ကိုယ့်ဘာသာလုပ်ဖို့ ဖြစ်လာခဲ့တယ်။ တစ်ခါတလေ ယုံကြည်သူအသစ်တွေအတွက် စုဝေးပွဲ ဧည့်ခံကျင်းပဖို့ ကျွန်တော် ထမင်းတစ်နပ် မစားလိုက်ရရင် ညီအစ်မတွေက ကျွန်တော့်ကို သွားစားဖို့ တိုက်တွန်းတယ်။ တကယ်တော့ ကျွန်တော်က စားချိန်မရတဲ့အထိ တာဝန်တွေနဲ့ အရမ်းအလုပ်ရှုပ်နေတာကို သူတို့မြင်တယ်ဆိုတဲ့ အတွေးနဲ့ တိတ်တိတ်လေး ကျေနပ်နေခဲ့တာပဲ။ သူတို့က ကျွန်တော့်ကို လေးစားမှာပဲ၊ ကျွန်တော်က တကယ်ကို ဆင်းရဲဒုက္ခခံနိုင်ပြီး ပေးဆပ်နိုင်တယ်၊ ကျွန်တော်က အရည်အချင်းရှိတဲ့ အဖွဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်တယ်လို့ ထင်မှာပဲဆိုပြီး ကျွန်တော်တွေးခဲ့တယ်။ “အလုပ်ရှုပ်” နေတာကြောင့် “အထူးအခွင့်အရေး” မျိုးစုံကိုလဲ ကျွန်တော်ခံစားရပြီး သူများတွေရဲ့ ကရုဏာသက်တာကို ခံရတယ်။ ဒါတွေကို ကျွန်တော့်ရဲ့ လမ်းလွဲတာတွေ၊ အားနည်းချက်တွေကို ဖုံးဖိဖို့ အသုံးပြုခဲ့တယ်။ ဥပမာ ကျွန်တော်က ဘဝအတွေ့အကြုံ သက်သေခံချက်ဆောင်းပါးတစ်ခုကို မရေးခဲ့ရင် အရမ်းအလုပ်ရှုပ်နေတယ်လို့ ကိုယ့်ကိုယ်ကိုယ်ပြောပြီး ဆင်ခြေပေးလိုက်တယ်။ ကျွန်တော် တာဝန်ယူရတဲ့ အဖွဲ့ရဲ့အလုပ်တချို့က အချိန်မီမပြီးတဲ့အခါမှာ ကိုယ့်ကိုယ်ကိုယ် အလိုလိုက်ပြီး ဒါဟာ ကျွန်တော်အရမ်းအလုပ်ရှုပ်နေတာကြောင့်လို့ ပြောလိုက်တယ်။ ပြီးတော့ ကျွန်တော့်တာဝန်မှာ လမ်းလွဲတာတွေ၊ အမှားတွေ ပေါ်လာပြီး ယုံကြည်သူအသစ်တွေကို ရေလောင်းတဲ့နေရာမှာ ရလဒ်ကောင်းတွေ မရတဲ့အခါ ကျွန်တော့်ကို ညီအစ်ကိုမောင်နှမတွေ ငဲ့ညှာအောင် ဒီဆင်ခြေကိုပဲ ပေးခဲ့တယ်။ အဲဒီလိုနဲ့ပဲ တစ်နေကုန် အလုပ်ရှုပ်နေခဲ့ပြီး ကျွန်တော်က ပြည့်နေတဲ့ အချိန်ဇယားနဲ့ အဖွဲ့ခေါင်းဆောင်ကောင်းတစ်ယောက်ဆိုတာ လူတွေကို ပြတယ်။ ကျွန်တော့်ကို ကြီးကြပ်သူရဲ့ အသိအမှတ်ပြုတာ ခံရရုံတင်မကဘူး၊ ညီအစ်ကိုမောင်နှမတချို့ရဲ့ လေးစားတာ၊ အားကိုးတာကိုလဲ ကျွန်တော်ခံရတယ်။ ဒါတောင်မှ တစ်ချိန်တည်းမှာပဲ ကျွန်တော့်အလုပ်မှာ လမ်းလွဲတာတွေ၊ အမှားတွေကိုလဲ ဖုံးဖိနေခဲ့တယ်။ ကျွန်တော့်ရည်ရွယ်ချက်တွေက တကယ်ကို စက်ဆုပ်စရာကောင်းပါတယ်။ ညီအစ်ကိုမောင်နှမတွေက ဘာကြောင့် ပြဿနာတွေ ကြုံရတိုင်း ကျွန်တော့်ဆီကို လာချင်ပြီး အရာရာတိုင်းကို လုပ်ဖို့ ကျွန်တော့်ကို အားကိုးသလဲဆိုတာကို တွေးမိတယ်။ အဓိကကတော့ ကျွန်တော်က အရာရာတိုင်းကို ကိုယ့်ဘာသာ တာဝန်ယူလုပ်ဖို့ ကြိုးစားခဲ့လို့ပဲ။ ညီအစ်ကိုမောင်နှမတွေက ကျွန်တော့်ကို လေးစားခဲ့တယ်။ သူတို့စိတ်နှလုံးထဲမှာ ကျွန်တော် နေရာတစ်နေရာရှိခဲ့တယ်။ ပြဿနာတွေကို သူတို့ ကြုံရတိုင်းမှာ ဘုရားကို ဆုတောင်းပြီး အားမကိုးဘူး။ သမ္မာတရားစည်းမျဉ်းတွေကို မရှာဘူး။ ဒီအစား ကျွန်တော့်ဆီကိုပဲ လာမေးကြတယ်။ ကျွန်တော်ဒီလို အလုပ်ရှုပ်နေတာဟာ တကယ်တော့ တစ်ဇွတ်ထိုးလုပ်နေတာ၊ တိတ်တိတ်လေး အစွမ်းပြနေတာ၊ လူတွေရဲ့ စိတ်နှလုံးကို အရယူနေပြီး သူတို့ကို ဘုရားရဲ့အဝေးမှာထားနေတာသက်သက်ပဲ။
အဲဒီအချိန်မှာ ကျွန်တော် တစ်ခါက ဖတ်ဖူးတဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို တွေးမိတယ်။ “လူအချို့သည် ၎င်းတို့၏ ဘုရားသခင်ကို ယုံကြည်ခြင်း၌ အတော်ပင် စိတ်အားထက်သန်ကြသည်ဟု ထင်ရသည်။ ၎င်းတို့သည် အသင်းတော်၏ အရေးကိစ္စများကို ဂရုစိုက်ပြီး စိတ်ဝင်စားရသည်ကို နှစ်သက်ကာ အမြဲရှေ့ရောက်ကြသည်။ သို့ဖြစ်လင့်ကစား ခေါင်းဆောင်များ ဖြစ်လာသည်နှင့် တစ်ပြိုင်နက် မမျှော်လင့်ဘဲ လူတိုင်းကို စိတ်ပျက်စေကြသည်။ ၎င်းတို့သည် ဘုရားသခင်ရွေးကောက်ထားသော လူတို့၏ လက်တွေ့ပြဿနာများကို ဖြေရှင်းရာ၌ အာရုံစိုက်ရမည့်အစား ၎င်းတို့၏ ကိုယ်ပိုင် ဂုဏ်သတင်းနှင့် အဆင့်အတန်းအဖို့အလို့ငှာ အစွမ်းကုန် ပြုမူလုပ်ဆောင်ကြသည်။ ၎င်းတို့သည် အခြားသူများကို မိမိတို့အား လေးစားအောင်လုပ်ဖို့အတွက် ကြွားဝါခြင်းကို နှစ်သက်ကြသည်။ ထို့ပြင် ၎င်းတို့သည် ဘုရားသခင်အတွက် မိမိကိုယ်ကို မည်ကဲ့သို့ အသုံးခံပြီး ဒုက္ခခံရသည်နှင့် ပတ်သက်၍ အမြဲတမ်း ပြောဆိုနေကြစေကာမူ သမ္မာတရားလိုက်စားခြင်းနှင့် ၎င်းတို့၏ အသက်ဝင်ရောက်မှု၌ အားထုတ်ကြိုးပမ်းမှု မပြုကြပေ။ ဤသည်မှာ ၎င်းတို့အပေါ် လူတိုင်း မျှော်လင့်သည့်အရာ မဟုတ်ချေ။ ၎င်းတို့သည် မိမိတို့၏ အလုပ်နှင့် မိမိတို့ဘာသာ မအားမလပ်ဖြစ်နေကြသော်လည်း၊ အခွင့်သင့်တိုင်း ကြွားဝါကြသော်လည်း၊ စကားများနှင့် အယူဝါဒများ အချို့ကို ဟောပြောကြသော်လည်း၊ လူအချို့၏ လေးစားမှုနှင့် ကိုးကွယ်မှုကို ရရှိကြသော်လည်း၊ လူတို့၏ စိတ်နှလုံးများကို အထင်အမြင်မှားစေပြီး၊ ၎င်းတို့၏ အဆင့်အတန်းကို ခိုင်မာစေကြသော်လည်း အဆုံးတွင် ဤအရာက မည်သည့်အရာ ဖြစ်လာသနည်း။ ဤလူတို့သည် အခြားသူများကို လာဘ်ထိုးဖို့ အကူအညီလေးများကို အသုံးပြုသည်ဖြစ်စေ မပြုသည်ဖြစ်စေ၊ သို့မဟုတ် ၎င်းတို့၏ ဆုကျေးဇူးများနှင့် အစွမ်းအစများကို ကြွားလုံးထုတ်သည်ဖြစ်စေ မထုတ်သည်ဖြစ်စေ၊ သို့မဟုတ် လူတို့ကို အထင်အမြင်မှားစေရန်နှင့် ထိုသို့ဖြင့် သူတို့၏ အကောင်းမြင်မှုကို ရရှိရန်အတွက် နည်းလမ်းအမျိုးမျိုးအား အသုံးပြုသည်ဖြစ်စေ မပြုသည်ဖြစ်စေ၊ ၎င်းတို့သည် လူတို့၏ စိတ်နှလုံးများကို စည်းရုံးသိမ်းသွင်းရန်နှင့် ယင်း၌ နေရာတစ်ခု သိမ်းပိုက်ရရှိရန်အတွက် မည်သည့်နည်းလမ်းကို အသုံးပြုသည်ဖြစ်စေ ၎င်းတို့သည် မည်သည့်အရာကို ဆုံးရှုံးပြီးဖြစ်သနည်း။ ၎င်းတို့သည် ခေါင်းဆောင်တစ်ဦး၏ တာဝန်များကို လုပ်ဆောင်နေစဉ်တွင် သမ္မာတရားကို ရယူဖို့အခွင့်အရေး ဆုံးရှံးသွားပြီဖြစ်သည်။ တစ်ချိန်တည်းမှာပင် ၎င်းတို့၏ သရုပ်သကန်အမျိုးမျိုးကြောင့် ၎င်းတို့၏ နောက်ဆုံး အဆုံးသတ်ကို ဖြစ်စေမည့် ဒုစရိုက်အမှုများကိုလည်း စုဆောင်းထားပြီး ဖြစ်သည်။ ၎င်းတို့သည် လူတို့ကို လာဘ်ထိုးရန်နှင့် အမိဖမ်းရန်အတွက် အကူအညီလေးများကို အသုံးပြုသည်ဖြစ်စေ၊ သို့မဟုတ် မိမိတို့ကိုယ်ကို ကြွားလုံးထုတ်သည်ဖြစ်စေ၊ သို့မဟုတ် လူတို့ကို အထင်အမြင်မှားစေဖို့ အယောင်ဆောင်ဗန်းပြခြင်းကို အသုံးပြုသည်ဖြစ်စေ၊ ထို့ပြင် ဤအရာ ပြုလုပ်ခြင်းအားဖြင့် ၎င်းတို့သည် အပြင်ပန်းတွင် အကျိုးအမြတ်မည်မျှနှင့် ကျေနပ်အားရမှုမည်မျှကို ရရှိသည်ဟု ထင်ရသည်ဖြစ်စေ၊ ယခု ကြည့်သည့်အခါ၊ ဤလမ်းကြောင်းမှာ မှန်ကန်သောလမ်းကြောင်း ဟုတ်သလော။ သမ္မာတရားကို လိုက်စားသည့်လမ်းကြောင်း ဟုတ်သလော။ မိမိ၏ ကယ်တင်ခြင်းကို ဆောင်ကြဉ်းပေးနိုင်သည့် လမ်းကြောင်း ဟုတ်သလော။ မဟုတ်သည်မှာ သိသာထင်ရှား၏။ ဤနည်းလမ်းများနှင့် လှည့်ကွက်များက အဘယ်သို့ ချက်ချာပါးနပ်သည်ဖြစ်စေ ၎င်းတို့သည် ဘုရားသခင်ကို မလှည့်ဖြားနိုင်သည့်အပြင် ၎င်းတို့အားလုံးသည် နောက်ဆုံးတွင် ဘုရားသခင်၏ ပြစ်တင်ရှုတ်ချနှင့် ရွံရှာစက်ဆုပ်ခြင်းကို ခံကြရသည်။ အဘယ့်ကြောင့်ဆိုသော် ထိုသိုသော အပြုအမူများ၏နောက်ကွယ်၌ ကွယ်ဝှက်ထားသည်မှာ လူ၏ ရည်မှန်းချက်၊ ဘုရားသခင်အပေါ် ရန်ငြိုးဖွဲ့သော စိတ်သဘောနှင့် အနှစ်သာရပင် ဖြစ်သည်။ ဘုရားသခင်၏ စိတ်နှလုံးထဲတွင် သူသည် ဤလူတို့ကို မိမိတို့၏ တာဝန်များအား လုပ်ဆောင်နေသူများအဖြစ် မည်သည့်အခါမျှ လုံးဝ အသိအမှတ်ပြုမည် မဟုတ်။ ထိုအစား ၎င်းတို့ကို မကောင်းမှုပြုသူများအဖြစ် သတ်မှတ်မည်ဖြစ်သည်။ မကောင်းမှုပြုသူများကို ကိုင်တွယ်ဖြေရှင်းရာ၌ မည်သည့်စီရင်ချက်ကို ဘုရားသခင် ချမှတ်သနည်း။ ‘အဓမ္မအမှုကို ပြုသောသူတို့၊ ငါ့ထံမှဖယ်ကြ’ ဟူ၍ ဖြစ်သည်။ ဘုရားသခင်က ‘ငါထံမှ ဖယ်ကြ’ဟု ပြောသောအခါ သူသည် ထိုသို့သောလူတို့ကို မည်သည့်နေရာသို့ သွားစေချင်သနည်း။ သူသည် ထိုသူတို့ကို စာတန်ဆီသို့၊ စာတန်များအုပ်စု နေထိုင်သည့် နေရာများသို့ လွှဲပြောင်းပေးခြင်း ဖြစ်သည်။ ထိုသူတို့အတွက် နောက်ဆုံးအကျိုးဆက်က မည်သည့်အရာ ဖြစ်သနည်း။ ထိုသူတို့သည် ဆိုးညစ်သောဝိညာဥ်များ၏ သေသည့်တိုင်အောင် ညှဉ်းပန်းနှိပ်စက်ခြင်းကို ခံရသည်။ ဆိုလိုသည်မှာ စာတန်၏ ဝါးမျိုခြင်းကို ခံရသည်။ ဘုရားသခင်သည် ဤလူတို့ကို အလိုမရှိ၊ ယင်းမှာ သူသည် ထိုသူတို့ကို ကယ်တင်မည်မဟုတ်၊ ထိုသူတို့သည် ဘုရားသခင်၏ နောက်လိုက်များမဆိုနှင့်၊ သူ၏သိုးများလည်း မဟုတ်ဟု ဆိုလိုခြင်းဖြစ်သည်။ ထို့ကြောင့် ထိုသူတို့သည် သူကယ်တင်မည့် သူများထဲ၌ မပါပေ။ ဤသည်မှာ ဤလူတို့ကို ဘုရားသခင် သတ်မှတ်သည့်ပုံစံ ဖြစ်သည်။ သို့ဆိုလျှင် အခြားသူများ၏ စိတ်နှလုံးများကို စည်းရုံးသိမ်းသွင်းရန် ကြိုးစားခြင်း၏ သဘာဝမှာ မည်သည့်အရာပင် ဖြစ်သနည်း။ ယင်းမှာ အန္တိခရစ်တစ်ဦး၏ လမ်းကြောင်းကို လျှောက်နေခြင်း ဖြစ်၏။ အန္တိခရစ်တစ်ဦး၏ အပြုအမူနှင့် အနှစ်သာရပင် ဖြစ်၏။ ပို၍ပင်ဆိုးရွားသည်မှာ ဘုရားသခင် ရွေးကောက်ထားသော လူများအတွက် ဘုရားသခင်နှင့် တုပြိုင်ခြင်း အနှစ်သာရ ဖြစ်၏။ ထိုသို့သောလူတို့သည် ဘုရားသခင်၏ ရန်သူများဖြစ်ကြ၏။ ဤသည်မှာ အန္တိခရစ်များကို သတ်မှတ်ကာ အမျိုးအစားခွဲသည့်ပုံစံ ဖြစ်ပြီး လုံးဝ တိကျမှန်ကန်ပေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၁- လူတို့ကို စည်းရုံးရန် ၎င်းတို့ကြိုးစားကြသည်) ဘုရားနှုတ်ကပတ်တော်က ကျွန်တော့်ပြဿနာကို အတိအကျ ထုတ်ဖော်ခဲ့တယ်။ ကျွန်တော်က အဖွဲ့ခေါင်းဆောင်ဖြစ်ကတည်းက အကုန်လုံးကို ကိုယ့်ဘာသာ တာဝန်ယူဖို့ ကြိုးစားခဲ့တယ်။ အပေါ်ယံမှာတော့ ကျွန်တော်က လုပ်ဖို့လိုအပ်တဲ့ ဘယ်ဟာကိုမဆို ညီအစ်ကိုမောင်နှမတွေကို တက်တက်ကြွကြွနဲ့ ကူညီပေးတဲ့ နားလည်မှုရှိတဲ့၊ ထောက်ထားတတ်တဲ့ အဖွဲ့ခေါင်းဆောင်ပေါ့။ ဒါပေမဲ့ ကျွန်တော့်ရဲ့ တကယ့် ရည်ရွယ်ချက်နဲ့ ပန်းတိုင်က ကျွန်တော့်ရဲ့ ကိုယ်ပိုင်ဂုဏ်နဲ့ အဆင့်အတန်းအတွက် အကျိုးရှိတာတွေကို လုပ်ဖို့၊ လူတွေရဲ့ စိတ်နှလုံးကို အရယူပြီး သူတို့လေးစားတာကို ရဖို့ပဲ။ ဒါဟာ လိမ်လည်မှု၊ လှည့်စားမှုတစ်မျိုးပဲ။ ကျွန်တော်က အဆင်းနီသော နဂါးကြီးလက်အောက်က အရာရှိတွေလိုပဲ။ “ပြည်သူကို အစေခံခြင်း” ဆိုတဲ့ အယောင်ဆောင်မှုအောက်မှာ ကိုယ့်ကိုယ်ကိုယ် အမြင်ကောင်းအောင်အတွက်နဲ့ အလုပ်နည်းနည်းလုပ်ပြီး သာမန်လူတွေကို လှည့်စားတဲ့သူပေါ့။ ဒီလိုနဲ့ လူတွေက သူတို့ကို ကြည်ညိုပြီး ချီးမွမ်းကြလိမ့်မယ်လေ။ ကျွန်တော်လဲ အတူတူပါပဲ။ အပြင်ပန်းမှာတော့ ကျွန်တော်က တာဝန်ထမ်းဆောင်ရင်း အလုပ်ရှုပ်နေတယ်။ ဒါပေမဲ့ ကျွန်တော် အလုပ်ကြိုးစားတယ်လို့ လူတွေကို တိတ်တိတ်လေး ထင်စေချင်ခဲ့တယ်။ ကျွန်တော့်ကို လူတွေလေးစားပြီး ကိုးကွယ်စေချင်ခဲ့တယ်။ အကုန်လုံးကို ကျွန်တော့်ဘာသာ တာဝန်ယူလုပ်တာကြောင့် တခြားဘယ်သူကမှ သူတို့တာဝန်မှာ လေ့ကျင့်ဖို့ အခွင့်အရေးသိပ်မရတော့ဘူး။ ဒါပေမဲ့လဲ သူတို့က ကျွန်တော့်ကို လေးစားတုန်းပဲ။ ဘယ်ပြဿနာကိုမဆို ကြုံရတိုင်း ဘုရားကို မရှာဘဲ အဲဒီအစား ဖြေရှင်းဖို့အတွက် ကျွန်တော့်ကို အားကိုးကြတဲ့အထိပေါ့။ သူတို့စိတ်နှလုံးမှာ ဘုရားအတွက် နေရာမရှိခဲ့ဘူး။ ကျွန်တော့်က ကိုယ့်တာဝန်ကို လုံးဝ မှန်မှန်ကန်ကန် ထမ်းဆောင်နေခဲ့တာမဟုတ်ပါဘူး။ ရှင်းပါတယ်။ ကျွန်တော်က မကောင်းမှုလုပ်နေပြီး အန္တိခရစ်ရဲ့ လမ်းကြောင်းကို လျှောက်နေခဲ့တာပဲ။ ကျွန်တော့်ပြဿနာတွေကို ဖြေရှင်းဖို့၊ ကျွန်တော့်ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို အခြေခံပြီး လုပ်တာတွေ ရပ်ဖို့အတွက် သမ္မာတရားစည်းမျဉ်းတွေကို ရှာဖွေတဲ့နေရာမှာ ကျွန်တော့်ကို ဦးဆောင်ဖို့ ဘုရားကို ဆုတောင်းပြီး တောင်းလျှောက်ခဲ့ပါတယ်။
နောက်တော့ နောက်ထပ် ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်တော်ဖတ်တယ်။ “သင့်တာဝန်ကို ထမ်းဆောင်ရာတွင် အရာရာတိုင်းကို သင်ကိုယ်တိုင် တာဝန်ယူရန် မလိုအပ်သကဲ့သို့ အလွန်ပင်ပန်းစွာ အလုပ်လုပ်ရန် မလိုအပ်ချေ။ သို့မဟုတ် ‘တစ်ပွင့်တည်းသောပန်း’ မဖြစ်ရပေ၊ သို့မဟုတ် ထူးခြားမနေရပေ။ ထို့ထက် သူတစ်ပါးတို့နှင့် မည်သို့ သဟဇာတဖြစ်စွာ ပူးပေါင်းဆောင်ရွက်ရမည်ကို သင်ယူရန် လိုအပ်သည်။ သင်တတ်နိုင်သမျှ လုပ်ဆောင်ရမည်။ သင်၏ တာဝန်များကို ဖြည့်ဆည်းရမည်။ သင်၏ အားအင်အလုံးစုံကို အသုံးပြုရမည်။ ယင်းမှာ သင့်တာဝန်ကိုထမ်းဆောင်ခြင်း၏ အဓိပ္ပာယ်ဖြစ်သည်။ သင်၏ တာဝန်ကို ထမ်းဆောင်ခြင်းသည် ရလဒ်တစ်ခုကို ရရှိရန်အလို့ငှာ် သင့်တွင်ရှိသော အစွမ်းနှင့် အလင်းအားလုံးကို ထုတ်ဖော်ပြရန် ဖြစ်သည်။ ယင်းမှာ လုံလောက်သည်။ အစဉ်သဖြင့် ကြွားဝါရန်၊ အစဉ်သဖြင့် အဆင့်မြင့်ပုံရသော အရာများကို ပြောဆိုရန် ကိစ္စများကို သင့်ဘာသာသင် လုပ်ဆောင်ရန် မကြိုးစားနှင့်။ အခြားသူများနှင့် အလုပ်လုပ်ဖို့ နည်းလမ်းကို သင်ယူသင့်ပြီး အခြားလူတို့၏ အကြံပြုချက်များကို နားထောင်ပြီး ၎င်းတို့၏ အားသာချက်များကို ရှာဖွေတွေ့ရှိဖို့ အာရုံစိုက်သင့်သည်။ ဤနည်းအားဖြင့် သဟဇာတဖြစ်စွာ ပူးပေါင်းဆောင်ရွက်ခြင်းသည် လွယ်ကူလာသည်။ သင်သည် အစဉ် ကြွားဝါပြီး သင်ပြောသည့်အတိုင်း ဖြစ်စေလျှင် သဟဇာတဖြစ်စွာ ပူးပေါင်းဆောင်ရွက်နေခြင်းမဟုတ်ပေ။ မည်သည့်အရာကို သင်လုပ်ဆောင်နေခြင်းဖြစ်သနည်း။ သင်သည် အခြားသူတို့ကို အနှောင့်အယှက်ဖြစ်စေပြီး နိမ့်ကျစေခြင်းဖြစ်သည်။ အခြားသူတို့အားအနှောင့်အယှက်ဖြစ်စေပြီး နိမ့်ကျစေခြင်းသည် စာတန်၏နေရာတွင် လုပ်ဆောင်နေခြင်းဖြစ်သည်။ ယင်းသည် တာဝန်ထမ်းဆောင်ခြင်းမဟုတ်ပေ။ အခြားသူတို့ကို အနှောင့်အယှက်ဖြစ်စေပြီး နိမ့်ကျစေသောအရာများကို အစဉ်လုပ်ဆောင်လျှင် သင်သည် မည်မျှ အားစိုက်ထုတ်ပါစေ၊ သို့မဟုတ် မည်မျှဂရုစိုက်ပါစေ ဘုရားသခင်က အမှတ်ရမည်မဟုတ်ပေ။ သင့်တွင် အားသာချက်အနည်းငယ်သာ ရှိကောင်းရှိနိုင်သည်။ သို့သော် သင်သည် သူတစ်ပါးတို့နှင့် အလုပ်လုပ်နိုင်စွမ်းရှိလျှင်၊ သင့်တော်သော အကြံပြုချက်များကို လက်ခံနိုင်လျှင်၊ မှန်ကန်သော အရင်းခံအကြောင်းများရှိပြီး၊ ဘုရားအိမ်တော်၏ အလုပ်ကို ကာကွယ်နိုင်လျှင် သင်သည် မှန်ကန်သောသူဖြစ်သည်။ တစ်ခါတစ်ရံတွင် ဝါကျတစ်ကြောင်းမျှဖြင့် ပြဿနာတစ်ခုကို သင် ဖြေရှင်းနိုင်ပြီး လူတိုင်းကို အကျိုးဖြစ်စေနိုင်သည်။ တစ်ခါတစ်ရံတွင် သင်သည် သမ္မာတရား၏ ဖော်ပြချက်တစ်ခုအပေါ် မိတ်သဟာယဖွဲ့ပြီးနောက်တွင် လူတိုင်းက လက်တွေ့လုပ်ဆောင်ရန်လမ်းကြောင်းတစ်ခုရှိပြီး အတူတကွ သဟဇာတဖြစ်စွာ လုပ်ဆောင်နိုင်ကြသည်။ အားလုံးက ဘုံပန်းတိုင်အတွက် ကြိုးပမ်းကြပြီး တူညီသော အမြင်နှင့် ထင်မြင်ချက်များရှိကြသည်။ ထို့ကြောင့် အလုပ်သည် အထူးသဖြင့် ထိရောက်မှုရှိသည်။ သင်သည် ဤအခန်းကဏ္ဍတွင် ပါဝင်ခဲ့သည်ကို မည်သူကမျှ မမှတ်မိခြင်း ဖြစ်ကောင်းဖြစ်နိုင်သော်လည်း၊ သင်က များစွာအားစိုက်ထုတ်ခဲ့သည်ဟု မခံစားရနိုင်သော်လည်း သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်သည့်သူ၊ စည်းမျဉ်းများနှင့်အညီ ဆောင်ရွက်သောသူဖြစ်သည်ကို ဘုရားသခင်က မြင်လိမ့်မည်။ ဘုရားသခင်က သင်ထိုသို့လုပ်ဆောင်ခဲ့သည်ကို အမှတ်ရလိမ့်မည်။ ဤသည်မှာ သင့်တာဝန်ကို သစ္စာစောင့်သိစွာ ထမ်းဆောင်ခြင်းဟု ခေါ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ လျော်ကန်သော တာဝန်ဖြည့်ဆည်းခြင်းသည် လိုက်ဖက်ညီသော ပူးပေါင်းလုပ်ဆောင်ခြင်း လိုအပ်သည်) ဘုရားနှုတ်ကပတ်တော်ကနေ ကျွန်တော့်ပြဿနာတွေကို ရှင်းရှင်းလင်းလင်းမြင်ပြီး လက်တွေ့လုပ်ဖို့ လမ်းကြောင်းတချို့ တွေ့ခဲ့တယ်။ ကျွန်တော့်တာဝန်ကို ကောင်းကောင်းထမ်းဆောင်ချင်ရင် သူများတွေနဲ့ လိုက်ဖက်ညီညီ ညှိနှိုင်းလုပ်တတ်အောင် သင်ရမယ်။ သူတို့အားသာချက်တွေကို အသုံးချခွင့်ပေးဖို့ အာရုံစိုက်ရမယ်။ လူတစ်ယောက်တည်းလုပ်နိုင်တဲ့အရာက အကန့်အသတ်ရှိတယ်။ ဘယ်သူကမှ အလုပ်အကုန်လုံးကို ကိုယ့်ဘာသာလုပ်နိုင်စွမ်းမရှိပါဘူး။ ကျွန်တော်တို့အားလုံး တစ်စိတ်တည်း၊ တစ်ဝမ်းတည်းဖြစ်တဲ့အခါမှ၊ ကျွန်တော်တို့ရဲ့ သက်ဆိုင်ရာ အားသာချက်တွေကို အသုံးချတဲ့အခါမှ ကိုယ့်တာဝန်တွေမှာ ရလဒ်ကောင်းတွေ ရနိုင်တယ်။ အတိအကျပြောရရင် အသင်းတော်အလုပ်ကို ကာကွယ်ပေးဖို့အတွက် လူတွေမှာ မှန်တဲ့ ရည်ရွယ်ချက်တွေရှိတဲ့အခါမှပဲ သူတို့က တာဝန်တွေကို ဘုရားရဲ့ ရည်ရွယ်ချက်တွေနဲ့အညီ လုပ်ဆောင်နေတာပါ။ ဒါက လူတစ်ယောက်တည်းက အလုပ်အားလုံးကို တာဝန်ယူလုပ်နေတာထက် အများကြီးပိုထိရောက်တယ်။ အရင်ကဆို ကျွန်တော်က ဟိုပြေးဒီလွှားနဲ့ အလုပ်ရှုပ်ရင်း ကိုယ်တစ်ယောက်တည်း ထင်ပေါ်အောင် ကြိုးစားနေခဲ့လို့ စိတ်မောလူပန်း ဖြစ်ခဲ့ရုံတင်မက တာဝန်တွေမှာလည်း ကမောက်ကမဖြစ်အောင် လုပ်ခဲ့မိတယ်။ ညီအစ်ကိုမောင်နှမတွေရဲ့ အားသာချက်တွေက အသုံးချမခံရဘဲ အရေးကြီးတဲ့အလုပ်တွေအများကြီး နှောင့်နှေးသွားတယ်။ ဘုရားနှုတ်ကပတ်တော်ရဲ့ ဖွင့်ပြချက်ကို ကိုယ်ပိုင်အပြုအမူနဲ့ ယှဉ်ကြည့်လိုက်တော့ ကိုယ့်တာဝန်မှာ အမြဲအစွမ်းပြနေပြီး သူများတွေနဲ့ လိုက်ဖက်ညီညီ ပူးပေါင်းမလုပ်တာက အသင်းတော်အလုပ်ကို နှောင့်ယှက်တာပဲလို့ ဘာကြောင့်ဘုရားပြောမှန်း နောက်ဆုံးမှာ ကျွန်တော် နားလည်သွားတယ်။
အဲဒီနောက်တော့ ဘုရားနှုတ်ကပတ်တော်ကို သတိရှိရှိနဲ့ လက်တွေ့လုပ်တယ်။ အလုပ်ကို ယုတ္တိကျတဲ့နည်းလမ်းနဲ့ ခွဲလိုက်တယ်။ အရေးကြီးတဲ့အလုပ်တွေကို နောက်ဆက်တွဲလုပ်ဖို့ ကျွန်တော် အဓိကတာဝန်ယူပြီး တခြားအလုပ်တွေကို ညီအစ်ကိုမောင်နှမတွေရဲ့ ကျွမ်းကျင်မှုနယ်ပယ်တွေအပေါ် အခြေခံပြီး သင့်တော်တဲ့ သူတွေကို တာဝန်ပေးခဲ့တယ်။ တခြားလူတွေက သူတို့ မဖြေရှင်းနိုင်တဲ့ ပြဿနာတွေကို ကြုံရတဲ့အခါ စည်းမျဉ်းတွေကို ကျွန်တော်တို့အားလုံး ရှာကြတယ်။ စည်းမျဉ်းတွေကို ညီအစ်ကိုမောင်နှမတွေ နားလည်တာနဲ့ သူတို့က တာဝန်တွေထမ်းဆောင်တဲ့နေရာမှာ အလိုလို ဦးတည်ချက်တစ်ခု၊ လမ်းကြောင်းတစ်ခုရှိကြတယ်။ အခု ဘုရားနှုတ်ကပတ်တော်ကို ကျွန်တော်လက်တွေ့လုပ်တာ နည်းနည်းကြာလာတော့ ညီအစ်ကိုမောင်နှမတွေက တာဝန်တွေမှာ အရင်ကထက်ပိုပြီး ဝန်တာထားစိတ်ရှိတာကို တွေ့ရတယ်။ ပြဿနာတချို့ကို ဖြေရှင်းဖို့အတွက် ကိုယ်တိုင်စလုပ်ပြီး စည်းမျဉ်းတွေကို ရှာနိုင်ကြတယ်။ ဘုရားကို အားကိုးပြီး အလုပ်တချို့ကို အမှီအခိုကင်းကင်းနဲ့ အပြီးလုပ်နိုင်ကြတယ်။ တစ်ခါတလေ ကျွန်တော်တာဝန်ယူရတဲ့အလုပ်တွေမှာ အခက်အခဲတွေကို ကြုံရတော့ ကျွန်တော်လဲ ညီအစ်ကိုမောင်နှမတွေကို အကူအညီတောင်းပြီး အကျိုးအများကြီးရပါတယ်။ ဒီလိုပူးပေါင်းလုပ်တော့ ကျွန်တော်တို့အဖွဲ့က အလုပ်မှာ ရလဒ်တွေ ပိုပိုကောင်းလာတယ်။ ညီအစ်ကိုမောင်နှမတွေက အတိုင်းအတာအမျိုးမျိုးအထိ လက်တွေ့လုပ်နိုင်ပြီး တိုးတက်မှုနည်းနည်းရှိကြတယ်။ ကျွန်တော် တော်တော် ပိုစိတ်အေးပြီး ငြိမ်းချမ်းသွားတယ်။ တဖြည်းဖြည်းနဲ့ ကျွန်တော့်ကိုယ်ပိုင်အလုပ်က ပြဿနာတွေကို ဆင်ခြင်သုံးသပ်ဖို့ စပြီး အချိန်ရလာတယ်။ အတွေ့အကြုံ သက်သေခံချက်ဆောင်းပါးတွေကို ကျွန်တော် ပုံမှန်စပြီး ပြန်ရေးလာခဲ့တယ်။ အရင်ကလောက် ကျွန်တော် အလုပ်ရှုပ်တဲ့ပုံစံမရှိဘူး။ ဒါပေမဲ့ အလုပ်မှာ လမ်းလွဲတာတွေ၊ ပြဿနာတွေကို ဖော်ထုတ်ဖို့ ပိုလွယ်လာတာကို တွေ့ရတယ်။ ကျွန်တော့်တာဝန်မှာလဲ ပိုထိရောက်မှုရှိလာတယ်။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။