ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားမှုနည်းပါးခြင်းကနေ ကျွန်မ ရုန်းထွက်ခဲ့ပုံ

05.01.2025

ကျွန်မ ကလေးဘဝတုန်းက စကားပြောရတာ၊ လူတွေကို နှုတ်ဆက်ရတာကို မကြိုက်လို့ ကျွန်မ မိဘတွေက သူတို့ ဆွေမျိုးတွေနဲ့ မိတ်ဆွေတွေကို ခဏခဏပြောတယ်။ “ဒီကလေးက တစ်ခုခုလွဲနေတယ်။ ဉာဏ်ထိုင်းနေတာ ဖြစ်ရမယ်” တဲ့။ လူကြီးတွေကလည်း “နင့်အစ်မက ဘယ်လောက် ထက်မြက်ပြီး လူချစ်လူခင်များလဲ ကြည့်စမ်း။ ဒါပေမဲ့ နင်ကျတော့ ထုံထိုင်းလိုက်တာ လွန်ရောပဲ” ဆိုတာမျိုးတွေ ပြောတယ်။ တဖြည်းဖြည်းနဲ့ ကျွန်မ တန်ဖိုးမရှိသလို၊ အနိမ့်တကာ့ အနိမ့်ကျဆုံးလို့ ခံစားလာရတယ်။ အတန်းထဲမှာလည်း ကျွန်မ ဘာမှမပြောရဲဘူး။ မဟုတ်တာတွေ ပြောမိပြီး သူများတွေက လှောင်မှာကို ကျွန်မကြောက်လို့ပေါ့။ စကားပြောကောင်းပြီး ဖြတ်ထိုးဉာဏ်ရှိတဲ့သူတွေကို ကျွန်မ တော်တော်အားကျတယ်။ လူတိုင်းက ဒီလိုလူတွေကို ခင်ကြတယ်လို့ ကျွန်မ တွေးမိတယ်။

ယုံကြည်ခြင်းမှာ ကျွန်မ ပါဝင်တော့ အစပိုင်းမှာ စုဝေးပွဲတွေကျရင် ဘုရားနှုတ်ကပတ်တော်ကို မိတ်သဟာယဖွဲ့ဖို့ ကျွန်မ တော်တော်စိတ်လှုပ်ရှားတယ်။ ကျွန်မက မိတ်သဟာယဖွဲ့တာ မကောင်းဘဲ သူများတွေက ကိုယ့်ကို လှောင်ရယ်ကြမှာကို ကြောက်မိတယ်။ အဲဒါနဲ့ စုဝေးပွဲတွေမှာ ကျွန်မ စကားသိပ်မပြောခဲ့ဘူး။ ဒါပေမဲ့ ညီအစ်ကိုမောင်နှမတွေက ကျွန်မကို ပိုပြီးတော့ မိတ်သဟာယဖွဲ့ဖို့ ခဏခဏ အားပေးကြတယ်။ သူတို့တွေက သူတို့အတွေ့အကြုံနဲ့ နားလည်မှုကို ဖွင့်ပြောပြီး မိတ်သဟာယဖွဲ့တဲ့အခါမှာ ဘယ်သူကမှ ဘယ်သူ့ကိုမှ မလှောင်ကြတာကို ကျွန်မ မြင်ရတယ်။ ဒါကြောင့် ကျွန်မက ဘောင်ခတ်ခံရတဲ့ ခံစားမှုလျော့လာလို့ စကားပိုပြောလာတယ်။ နောက်ပိုင်းမှာ ကျွန်မက အသင်းတော်တချို့ကို ကြီးကြပ်ဖို့ တရားဟောဆရာမတစ်ယောက်အနေနဲ့ အရွေးခံရတယ်။ ဒီဟာကို ကျွန်မ တော်တော်အံ့ဩမိတယ်။ ကျွန်မလိုမျိုး စိတ်ထဲရှိတာကို ရှင်းရှင်းလင်းလင်း မပြောနိုင်တဲ့သူက တရားဟောဆရာမဖြစ်တယ်ဆိုတာ ဘုရားကျေးဇူးတော်ပဲလို့ ခံစားမိတယ်။ ဒီအလုပ်ကို ကျွန်မ အတတ်နိုင်ဆုံးလုပ်ပြီး ကျွန်မအပေါ် ဘုရားရဲ့ မျှော်မှန်းချက်တွေကို ပြည့်မီအောင် လုပ်ရမယ်ပေါ့။ တစ်ခါတော့ ခေါင်းဆောင်တစ်ယောက်က ကျွန်မနဲ့ တခြားတရားဟောဆရာနှစ်ယောက်ကို သူနဲ့အတူစုဝေးဖို့ စီစဉ်တယ်။ တခြားတရားဟောဆရာတွေက ဘုရားနှုတ်ကပတ်တော်ကို သူတို့ မိတ်သဟာယဖွဲ့တာမှာ တော်တော်ဉာဏ်အလင်းပွင့်တယ်၊ တော်တော်ယုတ္တိကျတဲ့ပုံစံနဲ့ စကားပြောတယ်ဆိုတာကို ကျွန်မ တွေ့ရတယ်။ သူတို့ကို ကျွန်မ တော်တော်အားကျမိတယ်။ ကျွန်မ တွေးမိတာပေါ့။ “သူတို့အစွမ်းအစနဲ့ စကားပြောကောင်းပုံနဲ့ဆိုရင် ငါက ယှဉ်လို့တောင်မရဘူး။ ဘာလို့ငါက အရမ်း ထုံထိုင်းနေရတာလဲ။ စကားတောင် ကောင်းကောင်းမပြောနိုင်ဘူး” ပေါ့။ ဒီအတွေးတွေကြောင့် ကျွန်မ နည်းနည်း စိတ်ဆင်းရဲသွားတယ်။ ကျွန်မက ဘုရားနှုတ်ကပတ်တော်ကို ဆင်ခြင်တဲ့အခါ ဉာဏ်အလင်းပွင့်ခြင်းတချို့ကို ရခဲ့ပေမဲ့ ကျွန်မ ပြောပုံဆိုပုံကို စီစဉ်တဲ့နေရာမှာ ကျွန်မက ဘယ်လောက်ဆိုးတာကို တွေးမိတော့ လှောင်ခံရမှာ ကြောက်မိတယ်။ အဲဒါနဲ့ မိတ်သဟာယ မဖွဲ့ရဲခဲ့ဘူး။ ပြီးတော့လည်း နောက်ပိုင်း အလုပ်မှာ ကျွန်မ အခက်အခဲနည်းနည်းကြုံရတယ်။ အဲဒါနဲ့ပဲ ကျွန်မက အပျက်သဘောဆောင်တဲ့ အခြေအနေထဲရောက်သွားပြီး ကျွန်မဟာ အသုံးမကျဘူး၊ ဒီတာဝန်ကို ကောင်းကောင်း မထမ်းဆောင်နိုင်ဘူးလို့ ဆုံးဖြတ်လိုက်တယ်။ အလုပ်ကလည်း ရလဒ်ကောင်းတွေ မရဘူး။ ခဏကြာတော့ ကျွန်မက ဒီတာဝန်ကနေ ပြောင်းရွှေ့ခံရပြီး အသင်းတော်တစ်ခုကိုပဲ ကြီးကြပ်ရတယ်။

ဒီအသင်းတော်က ညီအစ်မနှစ်ယောက်နဲ့ ကျွန်မစလုပ်တော့ ကျွန်မ လုပ်တာ တော်တော်ဆိုးတယ်လို့ မခံစားရဘူး။ ကျွန်မက တာဝန်မှာ တော်တော်တက်ကြွပြီး သန့်ရှင်းသောဝိညာဉ်တော်ရဲ့ ဉာဏ်အလင်းဖွင့်ပြမှုနဲ့ လမ်းပြမှုကို ခံစားလာနိုင်တယ်။ သိပ်မကြာဘူး။ ညီအစ်မတစ်ယောက်က တကယ့်အလုပ်တစ်ခုမှ ပြီးအောင်မလုပ်နိုင်လို့ နုတ်ထွက်ဖို့ ဆုံးဖြတ်လိုက်တယ်။ တခြားညီအစ်မကကျတော့ အစွမ်းအစနည်းလို့ တခြားတာဝန်ကို ပြောင်းရွှေ့ခံရတယ်။ ဒီနောက်မှာတော့ ကျွန်မနဲ့ လက်တွဲအလုပ်လုပ်ဖို့ အစ်ကိုကျန်းတုံနဲ့ အစ်မချန်းချီတို့က အရွေးခံရတယ်။ ကျန်းတုံက သူ့ရဲ့ အတွေ့အကြုံဆိုင်ရာ အသိအမြင်ကို မိတ်သဟာယဖွဲ့တဲ့ပုံစံက တော်တော်လက်တွေ့ကျပြီး ရှင်းလင်းတာကို၊ သူ့မှာ အစွမ်းအစကောင်းရှိတာကို ကျွန်မ တွေ့ရတယ်။ အန်းချီကလည်း စုဝေးပွဲတွေမှာ တကယ့်ပြဿနာတွေကို သူ့မိတ်သဟာယနဲ့ ဖြေရှင်းနိုင်တယ်။ သူတို့အရည်အချင်းတွေကို ကြည့်ပြီး ကျွန်မ အရမ်းကို သိမ်ငယ်သလို ခံစားရတယ်။ နောက်ပိုင်းမှာ အလုပ်ဆွေးနွေးနေတဲ့အချိန်တစ်လျှောက်မှာ ကျွန်မက ဆက်တိုက် အလွန်အကျွံ သတိထားနေပြီး သူတို့ပြောသမျှတိုင်းကိုပဲ လက်ခံနေမိတာကို တွေ့ရတယ်။ တစ်ခါတလေမှာ သူတို့အမြင်တွေက မသင့်တော်ဘူးလို့ ကျွန်မ ခံစားရပြီး အဲဒါတွေကို ထောက်ပြချင်ပေမဲ့ ကျွန်မရဲ့ ညံ့တဲ့အစွမ်းအစနဲ့ သိနားလည်မှု မရှိတာကို ချက်ချင်းစဉ်းစားမိလို့ ကျွန်မ ကိုယ်ပိုင်ထင်မြင်ချက်ကို လွှတ်ချလိုက်တယ်။ အဲဒီအပြင် ကျွန်မရဲ့ အမြင်တွေကို သူတို့က သုံးလေးခေါက်လောက် လက်မခံလိုက်တာနဲ့ ကျွန်မရဲ့ သိမ်ငယ်စိတ်က ပိုဆိုးသွားတဲ့အပြင် ကိုယ့်စိတ်ထဲရှိတာကို ပိုလို့တောင် မပြောတော့ဘူးပေါ့။ ကျွန်မက အရေးကြီးတဲ့အလုပ်တချို့မှာတောင် မတက်ကြွဘူး။ ကျွန်မလုပ်တာမကောင်းရင် အလုပ်နှောင့်နှေးမှာကို စိုးရိမ်ပြီးတော့ပေါ့။ တစ်ခါတော့ ကျန်းတုံက ရေလောင်းအလုပ်ကို အစ်မကျန်းကန် ကြီးကြပ်ဖို့ အဆိုပြုတယ်။ ကျန်းကန်ကို ကျွန်မကောင်းကောင်းသိတယ် သူက ဆက်တိုက်ကို ဝတ်ကျေတမ်းကျေလုပ်ပြီး တာဝန်ခံယူမှုမရှိဘူး။ တကယ့်အလုပ်ကိုမလုပ်လို့ အရင်က အထုတ်ခံရဖူးတယ်။ သူ့ကိုယ်သူမသိသေးဘဲ ဒီလိုအရေးကြီးတဲ့အလုပ်ကို ကြီးကြပ်ဖို့က မသင့်တော်ဘူး။ ကျွန်မက အသံတိုးတိုးလေးနဲ့ ကျွန်မအမြင်ကို တင်ပြလိုက်တယ်။ ကျန်းတုံက ဒါကိုကြားပြီးတော့ ကျန်းကန်ကို သွားတွေ့တယ်။ နောက်တော့ သူက ကျွန်မကို ပြောတယ်။ သူက အခြေအနေကို အကဲဖြတ်ပြီးတော့ ကျန်းကန်က အခု နည်းနည်း ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ပြီး သိသွားပြီ လူတွေရဲ့ အလားအလာကိုကြည့်ရမယ်၊ သူတို့အတိတ်ကိုပဲ မကြည့်ရဘူးတဲ့။ အန်းချီက သူ့ရဲ့ ဒီအမြင်ကို ထောက်ခံတယ်။ ကျန်းတုံက ခေါင်းဆောင်ဖြစ်တာ မကြာသေးဘူး၊ တချို့စည်းမျဉ်းတွေကို သဘောမပေါက်သေးဘူး၊ ပြီးတော့ ကျန်းကန်ကို ဒီလောက်ကောင်းကောင်းမသိဘူးလို့ ကျွန်မ ခံစားရတယ်။ သူက အစည်းအဝေးတစ်ခုထဲနဲ့ သူ့ကို အကဲဖြတ်ပြီးတော့ တိကျတဲ့ အကဲဖြတ်ချက် မဟုတ်လောက်ဘူးပေါ့။ သူ့တာဝန်ကို ဘယ်လိုထမ်းဆောင်နေတယ်ဆိုတာကို ဆန်းစစ်ဖို့၊ သူ့အကြောင်းကောင်းကောင်းသိတဲ့သူတွေကို စကားပြောပြီးတဲ့နောက်မှ သူ့ကို ပြန်အကဲဖြတ်ဖို့ ကျွန်မ သူ့ကို အကြံပေးချင်တာ။ ဒါပေမဲ့ နောက်တော့ ကျွန်မ တွေးမိတယ်။ “ကျန်းတုံက အစွမ်းအစကောင်းရှိပြီး ပြဿနာတချို့ကို ဖြေရှင်းနိုင်ခဲ့တယ်။ ကျန်းကန်က သူ့မိတ်သဟာယပြီးတဲ့နောက်မှာ သူ့ပြဿနာတွေကို သဘောပေါက်သွားတာ ဖြစ်ချင်ဖြစ်မယ်။ အန်းချီကလည်း သူထောက်ခံတယ်ဆိုတာကို ပြပြီးပြီ။ ငါက အစွမ်းအစနည်းပြီး ကိစ္စတွေကို ရှင်းရှင်းလင်းလင်း မမြင်ဘူး။ ငါ တိတ်တိတ်လေးနေတာ အကောင်းဆုံးဖြစ်မယ်” ပေါ့။ အဲဒါနဲ့ ကျွန်မ ဆက်ပြီး မရမက မပြောတော့ဘူး။ နောက်ပိုင်းမှာ ကျန်းကန်က တကယ့်အလုပ်ကို မလုပ်လို့ ထပ်ပြီး အထုတ်ခံရတယ်။ ရေလောင်းအလုပ်က နှောင့်နှေးပြီး ထိခိုက်တာကို မြင်တော့ ကျွန်မ တော်တော်စိတ်မကောင်းဖြစ်တယ်။ ကျွန်မက အစပိုင်းမှာ ပိုပြီးတော့ မရမကပြောခဲ့ပြီး ကျန်းတုံနဲ့ မိတ်သဟာယပြုဖို့ စည်းမျဉ်းတွေ သုံးခဲ့ရင် ဒီပြဿနာမျိုး ရှိမှာမဟုတ်ဘူး။ ကျွန်မ အပြစ်ရှိသလို ခံစားရပေမဲ့ ကျွန်မပြဿနာကို ပြန်သုံးသပ်မကြည့်ခဲ့ဘူး။ နောက်ထပ် သုံးလေးခုလောက်ထပ်ဖြစ်မှ ကျွန်မ နောက်ဆုံးမှာ ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ကြည့်ခဲ့တယ်။

စုဝေးပွဲတစ်ခုမှာ ကျန်းတုံက အစ်ကိုကျန်ရီကို ရေလောင်းအဖွဲ့ခေါင်းဆောင်အနေနဲ့ ထောက်ခံပေးခဲ့တယ်။ ကျန်ရီက စိတ်ထက်သန်ပေမဲ့ သူက ယုံကြည်ခြင်းမှာ ပါဝင်တာ မကြာသေးတဲ့အပြင် ရူပါရုံတွေရဲ့ သမ္မာတရားနဲ့ပတ်သက်ပြီး မရှင်းသေးဘူးလို့ ကျွန်မ ခံစားမိတယ်။ အဖွဲ့ခေါင်းဆောင်တစ်ယောက် လုပ်ရတာက ရုတ်တရက်ကြီး တာဝန်တွေ များလွန်းနေတာမျိုးဖြစ်နိုင်တဲ့အတွက် သူ့ကို အရင်ဆုံးပျိုးထောင်ပေးသင့်တယ်လို့ ကျွန်မ ထင်မိတယ်။ အဲဒါနဲ့ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်မ အမြင်ကို ပြောပြခဲ့ပေမဲ့ “နင်က ဘာဖြစ်လို့ အရမ်းလက်ပေါက်ကပ်ပြီး ကဖျက်ယဖျက် လုပ်နေတာလဲ။ သူ့ကို အရင်တွေ့လိုက်ပြီး စစ်ဆေးကြည့်လို့ မရဘူးလား” လို့ ကျန်းတုံက ပြောတော့ ကျွန်မ အရမ်း အံ့ဩသွားတယ်။ သူ ဒီလိုပြောတာကြားတော့ ကျွန်မ ရှက်လို့ မျက်နှာရဲတွတ်ပြီး စိတ်မကောင်းဖြစ်သွားတယ်။ ကျွန်မ တွေးမိတယ်။ “ကျန်းတုံက အစွမ်းအစကောင်းရှိပြီး အလုပ်ကို ဘယ်လိုလုပ်ရမယ်ဆိုတာ သိတယ်။ ငါ့အစွမ်းအစက ညံ့ပြီး လူတွေ၊ ကိစ္စတွေကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ဘူး။ ငါ့အမြင်ကို မရမကဆက်ပြောပြီး အလုပ်က တကယ်ပဲ အနှောင့်အယှက်ဖြစ်ရင် အဲဒီကျ ဘယ်လိုလုပ်မလဲ။ ငါ မရမကပြောနေတာကို ရပ်လိုက်ရင် အကောင်းဆုံးဖြစ်မှာပဲ” ပေါ့။ စုဝေးပွဲပြီးတဲ့နောက်မှာ ကျန်းတုံပြောတာကို ကျွန်မ တွေးမိပြီး တော်တော် စိတ်မကောင်းဖြစ်တယ်။ ကျွန်မက ဒီအလုပ်ကိုလုပ်ဖို့ အစွမ်းအစနည်းလွန်းတယ်၊ ဒါကြောင့် ကျွန်မရဲ့အားနည်းချက်တွေကို အသိအမှတ်ပြုပြီး အမြန်ဆုံးနုတ်ထွက်သင့်တယ်ထင်တယ်ဆိုပြီး ခံစားမိတယ်။ ဒီအကြောင်းကို ခေါင်းဆောင် သိပြီးနောက်မှာ သူက သူ့အတွေ့အကြုံကို သုံးပြီး ကျွန်မကို ကူညီခဲ့တယ်။ ခေါင်းဆောင်ရဲ့ မိတ်သဟာယကြောင့် ကျွန်မ ဘာလို့ အမြဲနုတ်ထွက်ချင်နေတာလဲ၊ ဒီလိုစိတ်ဆင်းရဲတဲ့ အခြေအနေမျိုးမှာ ဘာလို့ အမြဲအသက်ရှင်နေရတာလဲဆိုတာတွေကို ကျွန်မ စပြီး ပြန်သုံးသပ်ခဲ့တယ်။ နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်တယ်။ “လူခပ်သိမ်းတို့သည် အပျက်သဘောဆောင်ခြင်း၊ အားနည်းခြင်း၊ မျှော်လင့်ချက် ကင်းမဲ့နေခြင်းနှင့် နုနယ်ခြင်းတို့ကဲ့သို့သော မမှန်ကန်သည့် အခြေအနေအချို့ ၎င်းတို့အတွင်း၌ ရှိ၏။ သို့မဟုတ် ၎င်းတို့တွင် ယုတ်ညံ့သော ကြံရွယ်ချက်များရှိသည်။ သို့မဟုတ် မိမိတို့၏ မာန၊ တစ်ကိုယ်ကောင်းဆန်သော ဆန္ဒများနှင့် ကိုယ်ကျိုးစီးပွားများဖြင့် စဉ်ဆက်မပြတ် သောကရောက်ကြသည်။ သို့မဟုတ် ၎င်းတို့တွင် ညံ့ဖျင်းသည့် အစွမ်းအစရှိသည်ဟု တွေးထင်ကြပြီး အပျက်သဘောဆောင်သည့် အခြေအနေအချို့ကို ၎င်းတို့ တွေ့ကြုံကြရသည်။ သင်သည် ဤအခြေအနေများတွင် အမြဲ အသက်ရှင်ပါက သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ် ရရှိရန် သင့်အတွက် အလွန်ခက်ခဲလိမ့်မည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ရရှိရန် သင့်အတွက် ခက်ခဲပါက သင့်အတွင်းရှိ တက်ကြွသော အရိပ်လက္ခဏာများ နည်းပါးလိမ့်မည်ဖြစ်ပြီး အပျက်သဘောဆောင်သော အရိပ်လက္ခဏာများ ပေါ်ထွက်လာကာ သင့်ကို နှောင့်ယှက်လိမ့်မည်။ လူတို့သည် ထိုအပျက်သဘောဆောင််ပြီး ကောင်းကျိုးမပြုသော အခြေအနေများကို ချုပ်တည်းရန် မိမိတို့ကိုယ်ပိုင် စိတ်စွမ်းအားအပေါ်သာ အမြဲ မှီခိုကြသည်။ သို့ရာတွင် ယင်းတို့ကို ၎င်းတို့ မည်မျှ ခါချပါစေ ခါမချနိုင်ကြချေ။ ဤအရာအတွက် အဓိကအကြောင်းရင်းမှာ လူတို့သည် ်ဤအပျက်သဘောဆောင်ပြီး ကောင်းကျိုးမပြုသောအရာများကို လုံးလုံးလျားလျား ပိုင်းခြားမသိမြင်နိုင်ခြင်း ဖြစ်သည်။ ယင်းတို့၏ အနှစ်သာရကို ၎င်းတို့ ရှင်းရှင်းလင်းလင်း မမြင်နိုင်ကြချေ။ ဤအရာက ၎င်းတို့အတွက် ဇာတိပကတိနှင့် စာတန်ကို ပုန်ကန်ရန် အလွန်ခက်ခဲစေသည်။ ထို့အပြင် လူတို့သည် ဤအပျက်သဘောဆောင်သည့်၊ စိတ်အားငယ်ပြီး ဆုတ်ယုတ်သော အခြေအနေများတွင် အမြဲ ပိတ်မိကြပြီး ၎င်းတို့သည် ဆုမတောင်းကြဘဲ၊ သို့မဟုတ် ဘုရားသခင်ကို အားမကိုးကြဘဲ ထိုအစား ယင်းတို့ကို အိုးနင်းခွက်နင်းဖြင့်ပင် ပြီးမြောက်သွားကြသည်။ အကျိုးဆက်အနေဖြင့် သန့်ရှင်းသောဝိညာဉ်တော်သည် ၎င်းတို့ထဲ၌ အလုပ်မလုပ်သကဲ့သို့ ၎င်းတို့သည် ထိုအကြောင်းကြောင့် သမ္မာတရားကို နားမလည်နိုင်ကြ၊ ၎င်းတို့ လုပ်သမျှတိုင်းတွင် လမ်းကြောင်းတစ်ခု ကင်းမဲ့ပြီး မည်သည့်ကိစ္စကိုမျှ ရှင်းရှင်းလင်းလင်း မမြင်နိုင်ကြချေ။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအား စွန့်ပစ်ခြင်းအားဖြင့်သာ လွတ်လပ်ခြင်းနှင့် လွတ်မြောက်ခြင်းကို ရရှိနိုင်သည်) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မကို ကိစ္စတွေနဲ့ပတ်သက်ပြီး ရှင်းသွားအောင် လုပ်ပေးခဲ့တယ်။ ကျွန်မက အမြဲတမ်း အပျက်သဘောဆောင်ပြီး စိတ်ဓာတ်ကျတဲ့ အခြေအနေမှာရှိနေရတဲ့ အဓိကအကြောင်းရင်းက ကျွန်မက ဘဝင်မြင့်တာတွေ၊ တစ်ကိုယ်ကောင်းဆန်တဲ့ လိုအင်ဆန္ဒတွေ ချည်နှောင်တာကို ခံထားရလို့ပါ။ ခဏခဏဖြစ်တယ်။ စုဝေးပွဲတွေမှာ ဘုရားနှုတ်ကပတ်တော်ကို မိတ်သဟာယဖွဲ့တဲ့အချိန်မှာ ကျွန်မက ဉာဏ်အလင်းရခြင်းတချို့ကို ကောက်နုတ်နိုင်တယ်။ ဒါပေမဲ့ ကျွန်မက အမြဲတမ်း စိတ်ထဲရှိတာ ရှင်းရှင်းလင်းလင်း မပြောတတ်ဘဲ စကားစီတဲ့နေရာမှာ ညံ့တယ်လို့ ခံစားမိတယ်။ ကျွန်မ မိတ်သဟာယဖွဲ့တာက မကောင်းမှာ၊ သူများတွေက ကျွန်မကို အထင်သေးမှာတွေ အရမ်းစိုးရိမ်တာနဲ့ ဘာမှ မပြောရဲခဲ့ဘူး။ အဲဒီလိုနဲ့ ကျွန်မ ရတဲ့ ဉာဏ်အလင်းနည်းနည်းက ဆုံးရှုံးသွားရတယ်။ တခြားတရားဟောဆရာတွေက ဘယ်လောက် အစွမ်းအစမြင့်ပြီး စကားပြောကောင်းတယ်ဆိုတာ၊ ကျွန်မက စိတ်ထဲရှိတာကို ဘယ်လောက် မကောင်းမကန်းပြောနိုင်သလဲဆိုတာကို မြင်တော့ ကျွန်မ အစွမ်းအစက ညံ့လွန်းတယ်လို့ တွေးမိပြီး ရှက်မိတယ်။ နောက်တော့ ကျွန်မ တာဝန်မှာ အပျက်သဘောဆောင်လာပြီး ချောင်ခိုလာတယ်။ ဘာရလဒ်မှ မရခဲ့ဘူး။ နောက်ဆုံးတော့ တခြားတာဝန်ပြောင်းခံလိုက်ရတယ်။ ဒီတစ်ခါလည်း အတူတူပဲ။ ကျွန်မရဲ့ အလုပ်ဖော်တွေက အစွမ်းအစကောင်းပြီး မိတ်သဟာယဖွဲ့တာ ကျွန်မထက် ပိုကောင်းတယ်လို့ ကျွန်မ မြင်ခဲ့ရတယ်။ အလုပ်အကြောင်းဆွေးနွေးတဲ့အချိန်မှာ ကျွန်မက စကားပြောတာမကောင်းလို့ သိက္ခာကျမှာ၊ အထင်သေးခံရမှာကို တော်တော်ကြောက်ခဲ့တယ်။ အဲဒါနဲ့ စိတ်ထဲရှိတာကို မပြောရဲခဲ့ဘူး။ တစ်ခါတလေမှာ ကျွန်မရဲ့ မှန်တဲ့ အယူအဆတွေနဲ့ အမြင်တွေကို မယူကြတော့ ကျွန်မ အမြင်တွေအတွက် မရပ်တည်ရဲခဲ့ဘဲ သိက္ခာဆည်ဖို့ပဲ တွေးခဲ့တယ်။ ဒီအပျက်သဘောဆောင်တဲ့ စိတ်ခံစားချက်တွေက ထိန်းချုပ်တာကို ခံရပြီး ကိုယ့်တာဝန်ကနေ အသာလေး ရှောင်ထွက်ချင်စိတ်တောင် ပေါက်လာတယ်။ ကျွန်မက ဘဝင်မြင့်တာတွေ၊ မာနတွေအပေါ် တကယ်ကို အလေးထားခဲ့တာပဲ။ ဒီလိုဆက်လုပ်နေရင် သန့်ရှင်းသောဝိညာဉ်တော်ရဲ့ လုပ်ဆောင်မှုကို ကျွန်မ လုံးဝ ရမှာမဟုတ်ဘူး။ သမ္မာတရားကို နားလည်ဖို့၊ ရဖို့ ဖြစ်နိုင်မှာမဟုတ်ဘူး။ အဲဒါနဲ့ ဘုရားကို ဆုတောင်းပြီး ကိုယ့်ကိုယ်ကိုယ်သိပြီး ကျွန်မ အခြေအနေကို ပြောင်းလဲဖို့အတွက် ကျွန်မကို ဉာဏ်အလင်းဖွင့်ပြပြီး လမ်းပြဖို့ တောင်းလျှောက်ခဲ့တယ်။

နောက်တော့ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်တယ်။ “မိမိတို့၏ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့ကို အန္တိခရစ်များ၏ ချစ်မြတ်နိုးခြင်းက သာမန်လူများထက် လွန်ကဲပြီး ယင်းမှာ ၎င်းတို့၏ စိတ်သဘောထားအနှစ်သာရအတွင်း ရှိသည့်အရာတစ်ခု ဖြစ်သည်။ ယင်းက ခဏတာ စိတ်ဝင်စားမှုတစ်ခု မဟုတ်သကဲ့သို့ ၎င်းတို့ပတ်ဝန်းကျင်၏ ယာယီ အကျိုးသက်ရောက်မှုလည်း မဟုတ်ပေ။ ယင်းက ၎င်းတို့၏အသက်၊ ၎င်းတို့၏အရိုးအတွင်းရှိ အရာတစ်ခုဖြစ်သောကြောင့် ၎င်းတို့၏ အနှစ်သာရဖြစ်သည်။ ဤအရာမှာ အန္တိခရစ်များလုပ်သမျှ အရာအားလုံး၌ ၎င်းတို့၏ ပထမဆုံး ထည့်တွက်စဉ်းစားသည့် အချက်သည် ၎င်းတို့၏ ကိုယ်ပိုင်ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့သာ ဖြစ်သည်ဟု ဆိုလိုပေသည်။ အန္တိခရစ်များအတွက် ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့က ၎င်းတို့၏ အသက်ဖြစ်သကဲ့သို့ ၎င်းတို့၏ တစ်သက်တာ ပန်းတိုင်လည်း ဖြစ်သည်။ ၎င်းတို့လုပ်သမျှ အရာအားလုံး၌ ၎င်းတို့၏ ပထမဆုံး ထည့်တွက် စဉ်းစားသည့်အချက်က ‘ငါ၏အဆင့်အတန်းက ဘာဖြစ်သွားမည်နည်း။ ငါ၏ဂုဏ်သတင်းကရော ဘာဖြစ်သွားမည်နည်း။ ဤအရာကို လုပ်ဆောင်ခြင်းက ငါ့ကို ကောင်းသော ဂုဏ်သတင်းရစေမည်လော။ ယင်းက လူများ၏စိတ်များထဲရှိ ငါ၏အဆင့်အတန်းကို မြှင့်တင်ပေးမည်လော’ ဖြစ်၏။ ယင်းမှာ ၎င်းတို့ ပထမဆုံးတွေးသည့် အရာဖြစ်သည်၊ ယင်းက ၎င်းတို့၌ အန္တိခရစ်များ၏ စိတ်သဘောထားနှင့် အနှစ်သာရတို့ ရှိခြင်း၏ လုံလောက်သော သက်သေဖြစ်သည်။ ဤအကြောင်းကြောင့် ၎င်းတို့သည် အမှုအရာများကို ဤနည်းဖြင့် စဉ်းစားကြခြင်း ဖြစ်သည်။ အန္တိခရစ်များအတွက် ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့က ၎င်းတို့အတွက် မရှိလည်း နေနိုင်သည့် အပယိကတစ်ခုဖြစ်ဖို့ မဆိုထားနှင့်၊ အပိုဆောင်း လိုအပ်ချက်တစ်ခု မဟုတ်ဟု ဆိုနိုင်ပေသည်။ ယင်းတို့သည် အန္တိခရစ်တို့ သဘာဝ၏ တစ်စိတ်တစ်ဒေသ ဖြစ်သည်၊ ယင်းတို့က ၎င်းတို့၏အရိုးများ၊ ၎င်းတို့၏ သွေးများထဲတွင် ရှိနေသည်၊ ယင်းတို့က ၎င်းတို့အတွက် မွေးရာပါ ဖြစ်သည်။ အန္တိခရစ်များက ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့ကို ၎င်းတို့ပိုင်ဆိုင်ခြင်းရှိမရှိနှင့်ပတ်သက်၍ ဂရုမစိုက်ခြင်း မဟုတ်ပေ။ ဤသည်မှာ ၎င်းတို့၏ သဘောထား မဟုတ်ပေ။ သို့ဆိုလျှင် ၎င်းတို့၏ သဘောထားမှာ အဘယ်နည်း။ ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့သည် ၎င်းတို့၏ နေ့စဉ် အသက်တာများ၊ ၎င်းတို့၏ နေ့စဉ် အခြေအနေ၊ ၎င်းတို့စွမ်းဆောင်ရရှိဖို့ နေ့စဉ် လိုက်စားသည့် အရာတို့နှင့် အတွင်းကျကျ ဆက်နွှယ်နေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၃)) အန္တိခရစ်တွေက ဂုဏ်နဲ့ အဆင့်အတန်းကို တကယ်ကို မြတ်နိုးတယ်ဆိုတာ ဘုရားနှုတ်ကပတ်တော်ကနေ ကျွန်မ မြင်ခဲ့တယ်။ ဒီနှစ်ခုက သူတို့လုပ်သမျှတိုင်းမှာ တွန်းအားပေးတယ်။ ဒါက သူတို့ အန္တိခရစ်အနှစ်သာရရဲ့ ရလဒ်ပဲ။ ဒါက ကျွန်မ ပြုမူတဲ့ပုံနဲ့လည်း တူတယ်။ ကျွန်မ ကလေးဘဝကတည်းက ကျွန်မလုပ်သမျှက ဘာမှမကောင်းဘူးလို့ ခံစားမိခဲ့တယ်။ စိတ်ကျဉ်းကျပ်ပြီးတော့ လုပ်သမျှတိုင်းမှာ အလွန်အကျွံသတိထားတယ်။ အဓိကက သိက္ခာဆည်ချင်ပြီး သူများတွေ အထင်သေးတာကို မခံချင်လို့ပဲ။ ကျွန်မရဲ့ အဆင့်အတန်းနဲ့ သိက္ခာကို ဘာလို့အရမ်း မြတ်နိုးခဲ့တာလဲ။ အကြောင်းရင်းတွေက “သစ်တစ်ပင်သည် အခေါက်အတွက် အသက်ရှင်သကဲ့သို့ လူတစ်ဦးသည် သူ၏မျက်နှာအတွက် အသက်ရှင်၏” ဆိုတာနဲ့ “ငန်းတစ်ကောင်သည် ၎င်းပျံသန်းသည့်နေရာတိုင်းတွင် အော်မည်သကဲ့သို့ လူတစ်ဦးသည်လည်း ရောက်ရှိသည့်နေရာတိုင်းတွင် သူ့အမည်ကို ချန်ထားခဲ့၏” ဆိုတာမျိုး စာတန်ဆန်တဲ့ အဆိပ်တွေကြောင့်ပဲ။ ဒါကြောင့် ကျွန်မက ကိုယ့်ဘဝမြင့်တာတွေ၊ မာနတွေအပေါ် အရမ်း အလေးထားခဲ့တာ။ ကျွန်မက သူများတွေ ကိုယ့်အပေါ်မှာ အကောင်းမြင်စေချင်တာ သက်သက်ပဲ။ ပြီးတော့ ဒါက ဘဝမှာ အဓိပ္ပာယ်ရှိဖို့ တစ်ခုတည်းသောနည်းလမ်းပဲလို့ ယုံကြည်ခဲ့တယ်။ ဒီတော့ ကျွန်မက ဘယ်နေရာပဲ ရောက်ရောက်၊ ဘယ်သူနဲ့ပဲ ရှိနေပါစေ ကျွန်မ သိက္ခာကျနိုင်ချေရှိတယ်ဆိုရင် ထွက်ပြေးဖို့ပဲ ဆုံးဖြတ်တယ်။ ဒီနည်းနဲ့ ကျွန်မရဲ့ သိက္ခာနဲ့ အဆင့်အတန်းကို ကာကွယ်ဖို့ပေါ့။ ကျန်းတုံနဲ့ အလုပ်လုပ်နေတုန်းမှာ ကျွန်မရဲ့ အမြင်က ပယ်ချခံရတာကို တွေ့ပြီး သိက္ခာကျတယ်လို့ ခံစားမိခဲ့တယ်။ ကျွန်မက ခေါင်းဆောင်ဆက်လုပ်နေရင် ထပ်ပြီးတော့ပဲ အရှက်ရမှာပဲလို့ စိတ်ပူခဲ့တယ်။ ဒါကြောင့် ကျွန်မအတွက် တခြားတာဝန်တစ်ခု ပြောင်းပေးဖို့ ခေါင်းဆောင်ကို စီစဉ်စေချင်ခဲ့တယ်။ တကယ်တော့ သေချာစဉ်းစားကြည့်ရင် ကျွန်မ ခေါင်းဆောင်ဖြစ်နိုင်တာက ဘုရားကျေးဇူးတော်ပါ။ ဘုရားရည်ရွယ်ချက်ကို ကျွန်မ အလေးထားသင့်တယ်။ သူများတွေရဲ့ တကယ့်အခက်အခဲတွေကို ဖြေရှင်းပြီး အသင်းတော်အလုပ်ကို ကာကွယ်သင့်တယ်။ ဒါပေမဲ့ ကျွန်မတာဝန်ကို ကောင်းကောင်းထမ်းဆောင်ဖို့ မတွေးခဲ့ဘဲ သိက္ခာနဲ့ အဆင့်အတန်းကိုပဲ ကာကွယ်ခဲ့တယ်။ ဒါတွေကို ကျွန်မ ဆုံးရှုံးရတော့ အပျက်သဘောဆောင်ပြီး အလုပ်မကြိုးစားတော့ဘူး။ ကျွန်မက တကယ်ကို အသိစိတ်၊ ဆင်ခြင်တုံတရားမရှိခဲ့တာပဲ။ အပြင်ပန်းမှာတော့ ကျွန်မက အန္တိခရစ်လို အဆင့်အတန်းအတွက် ယှဉ်ပြိုင်နေတာမဟုတ်ဘူး၊ အသင်းတော်အလုပ်ကို နှောင့်ယှက်ပြီး အဖျက်အမှောင့်လုပ်နေတာမဟုတ်ဘူး။ ဒါပေမဲ့ လူတွေကို ရွေးချယ်တာ၊ အသုံးပြုတာလိုမျိုး အရေးကြီးတဲ့ ကိစ္စမှာ စည်းမျဉ်းတွေကို ဖက်တွယ်မထားရဲဘူး။ ကျွန်မရဲ့ သိက္ခာနဲ့ အဆင့်အတန်းကို အချိန်ပြည့်ထိန်းသိမ်းဖို့ ကြိုးစားခဲ့တယ်။ ကျွန်မ ထုတ်ဖော်ခဲ့တာက အန္တိခရစ်ရဲ့ စိတ်သဘောထားပဲ။ ကျွန်မပြဿနာရဲ့ ဆိုးဝါးမှုကို ကျွန်မသဘောပေါက်ပြီး ဘုရားဆီဆုတောင်းပြီး နောင်တရခဲ့တယ်။

ဒါပြီးတဲ့နောက်တော့ ညီအစ်မတစ်ယောက်ကို ကျွန်မအခြေအနေ ဖွင့်ပြောပြီး သူက ကျွန်မ ဖတ်ဖို့ ဘုရားနှုတ်ကပတ်တော်တချို့ ပေးခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “လူတို့၏ အစွမ်းအစကို မည်သို့ တိုင်းတာသင့်သနည်း။ ဘုရားနှုတ်ကပတ်တော်များနှင့် သမ္မာတရားကို ၎င်းတို့ သဘောပေါက်နားလည်သည့် ပမာဏပေါ် အခြေခံ၍ တိုင်းတာသင့်ပေသည်။ ဤသည်မှာ ထိုအရာကို လုပ်ဆောင်ခြင်းနှင့်ဆိုင်၍ အတိကျအမှန်ကန်ဆုံးသော နည်းလမ်းဖြစ်သည်။ လူအချို့သည် ကျလောက်အောင် အပြောကောင်းကြသည်၊ ဉာဏ်ထက်ကြပြီး အခြားလူတို့ကို ကိုင်တွယ်ရာတွင် အထူးသဖြင့် ကျွမ်းကျင်ကြသည်။ သို့သော် တရားဒေသနာများကို နားထောင်ကြသည့်အခါ မည်သည့်အရာကိုမျှ ၎င်းတို့ လုံးဝ နားမလည်နိုင်ကြသကဲ့သို့ ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုသည့်အခါ ယင်းတို့ကို သဘောပေါက်နားလည်ခြင်း မရှိကြချေ။ ၎င်းတို့၏ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်အကြောင်းကို ၎င်းတို့ ပြောဆိုသည့်အခါ အတွေ့အကြုံနုသူများသာ ဖြစ်သည်ကို မိမိတို့ကိုယ်ကို ထုတ်ဖော်ကာ ၎င်းတို့တွင် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှုမရှိကြောင်း အခြားသူတို့အား သိစေလျက် စကားများနှင့် အယူဝါဒများကို အမြဲ ပြောဆိုကြလေသည်။ ဤလူများသည် ညံ့ဖျင်းသည့် အစွမ်းအစရှိသည့် လူများ ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ သမ္မာတရားကို နားလည်သဘောပေါက်ခြင်းသည် မိမိ၏ တာဝန်ကို ကောင်းစွာ ဖြည့်ဆည်းခြင်းအဖို့ အရေးကြီးသည်)ပေါလုတွင် အစွမ်းအစရှိသည်ဟု သင်တို့ပြောမည်လော။ ပေါလု၏ အစွမ်းအစသည် မည်သည့်အတန်းအစားနှင့် သက်ဆိုင်သနည်း။ (ယင်းမှာ အလွန်ကောင်းမွန်ပါသည်။) သင်တို့သည် အလွန်များစွာသော ဒေသနာများကို ကြားနာပြီးဖြစ်သော်လည်း နားမလည်ကြပေ။ ပေါလု၏ အစွမ်းအစကို အလွန် ကောင်းမွန်သည်ဟု ယူဆနိုင်သလော။ (မဟုတ်ပါ၊ ညံ့ဖျင်းပါသည်။) ပေါလု၏ အစွမ်းအစသည် အဘယ့်ကြောင့် ညံ့ဖျင်းရသနည်း။ (သူက သူ့ကိုယ်သူ မသိသကဲ့သို့ ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် သဘောပေါက်နားလည်နိုင်ခြင်း မရှိခဲ့သောကြောင့် ဖြစ်ပါသည်။) ယင်းမှာ သူသည် သမ္မာတရားကို သဘောပေါက်နားလည်ခြင်း မရှိသောကြောင့် ဖြစ်သည်။ သူသည်လည်း သခင်ယေရှုဟောကြားသည့် ဒေသနာများကို ကြားခဲ့ပြီးဖြစ်သည်၊ ထို့အပြင် သူ အလုပ်လုပ်ခဲ့သည့် ကာလအတွင်းတွင် သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်လည်း ရှိခဲ့သည်မှာ မှန်ပေသည်။ သို့ဆိုလျှင် သူသည် ထိုအလုပ်များ အားလုံးကို လုပ်ခဲ့ပြီး ထိုဩဝါဒစာများ အားလုံးကို ရေးသားခဲ့ကာ ထိုအသင်းတော်များ အားလုံးတွင် ခရီးသွားလာခဲ့သည့်အချိန်တွင် မည်သို့လျှင် သမ္မာတရားအကြောင်း တစ်ခုမျှ နားမလည်ဘဲ အယူဝါဒမျှလွဲ၍ မည်သည့်အရာကိုမျှ မဟောကြားဆဲ ဖြစ်ခဲ့သနည်း။ ယင်းမှာ မည်သည့် အစွမ်းအစမျိုးဖြစ်သနည်း။ ညံ့ဖျင်းသည့် အစွမ်းအစတစ်ခု ဖြစ်သည်။ ထို့အပြင် ပေါလုသည် သခင်ယေရှုကို နှိပ်စက်ညှဉ်းပန်းခဲ့ပြီး သူ၏ တပည့်တော်များကို ဖမ်းဆီးခဲ့သည်။ ထို့နောက်တွင် သခင်ယေရှုက သူ့ကို ကောင်းကင်မှ ကြီးမားသော အလင်းဖြင့် ရိုက်ချခဲ့သည်။ ပေါလုသည် သူ့အပေါ် ကျရောက်ခဲ့သည့် ဤကြီးမားသော အဖြစ်အပျက်ကို မည်သို့ ချဉ်းကပ်ကာ နားလည်ခဲ့သနည်း။ သူ၏ သိနားလည်မှုပုံစံသည် ပေတရုနှင့် ကွာခြား၏။ သူက၊ ‘သခင်ယေရှုက ငါ့ကို ရိုက်ချခဲ့သည်၊ ငါ အပြစ်ပြုမိပြီဖြစ်သောကြောင့် ဤအတွက် ထေမိစေရန် ငါ အလုပ်ပိုကြိုးစားရမည်ဖြစ်ပြီး ငါ၏ ကောင်းမှုများက အပြစ်များနှင့် ဟန်ချက်ညီသွားသည်နှင့် ငါ ဆုလာဘ်ချီးမြှင့်ခြင်း ခံရမည်ဖြစ်သည်’ဟု စဉ်းစားခဲ့သည်။ သူသည် မိမိကိုယ်ကို သိရှိခဲ့သလော။ မသိရှိခဲ့ပေ။ သူက ‘ငါ၏ မလိုမုန်းထားသော သဘာဝ၊ ငါ၏ အန္တိခရစ် သဘာဝကြောင့် သခင်ယေရှုကို ငါ ဆန့်ကျင်ခဲ့သည်။ သခင်ယေရှုကို ငါ ဆန့်ကျင်မိခဲ့သည်။ ငါနှင့်ပတ်သက်၍ ကောင်းသောအရာ တစ်ခုမျှ မရှိပါ’ဟု မပြောခဲ့ပေ။ သူသည် ထိုသို့သော မိမိကိုယ်ကို သိသည့်အသိ ပိုင်ဆိုင်ခဲ့သလော။ (မပိုင်ဆိုင်ခဲ့ပါ။)...သူ့ကိုယ်သူ သိသည့်အသိ တစ်ခုတလေရှိရန် မဆိုထားနှင့်၊ နောင်တ အနည်းငယ်မျှပင် မရှိခဲ့ပေ။ သူသည် ဤအရာများထဲမှ မည်သည့်အရာမျှ မရှိခဲ့ပေ။ ဤအရာက ပေါလု၏ အစွမ်းအစနှင့်ပတ်သက်၍ ပြဿနာတစ်ခု ရှိကြောင်းနှင့် သူသည် သမ္မာတရားကို သဘောပေါက်နားလည်နိုင်စွမ်း မရှိကြောင်း ပြသည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ သမ္မာတရားကို နားလည်သဘောပေါက်ခြင်းသည် မိမိ၏ တာဝန်ကို ကောင်းစွာ ဖြည့်ဆည်းခြင်းအဖို့ အရေးကြီးသည်) လူတစ်ယောက်ရဲ့ အပြင်ပန်း စကားပြောကောင်းတာ၊ ဆုကျေးဇူးတွေနဲ့ အသိဉာဏ်ကို အခြေခံပြီးတော့ သူ့ရဲ့ အစွမ်းအစကို တိုင်းတာတာက သမ္မာတရားနဲ့ လုံးဝ မညီဘူးဆိုတာကို ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မကို နားလည်စေခဲ့တယ်။ ပေါလုလိုပဲပေါ့။ သူက ဆုကျေးဇူးရှိတယ်။ စကားပြောကောင်းတယ်။ ဥရောပနိုင်ငံအများစု နေရာအနှံ့အပြားမှာ ဧဝံဂေလိ ဖြန့်တယ်။ ဒါပေမဲ့ သမ္မာတရားကို သူ သဘောပေါက်နားလည်နိုင်တာမျိုး မရှိခဲ့ဘူး။ သူ့ကိုယ်သူ နားလည်ဖို့ဆိုတာ ပိုဆိုးတာပေါ့။ တော်တော်ဆိုးတဲ့ မကောင်းမှုတွေကို သူကျူးလွန်ခဲ့ပြီး ကိုယ့်ကိုယ်ကိုယ် အမှန်တကယ်သိတာ၊ နောင်တရတာ လုံးဝ မရှိခဲ့ဘူး။ ဒီအစား သူက အလုပ်တွေအများကြီးလုပ်တာကြောင့် ဆုချီးမြှင့်ခံရပြီး ဘုရားရဲ့ နိုင်ငံတော်ကိုပဲ ဝင်ချင်ခဲ့တယ်။ ပေါလုက သမ္မာတရားကို နားမလည်နိုင်ခဲ့ဘဲ အစွမ်းအစညံ့တဲ့သူတစ်ယောက်ဖြစ်ခဲ့တယ်။ လူတစ်ယောက်က ကောင်းကောင်းစကားပြောနိုင်ပြီး ပါးနပ်ရင် သူ့အစွမ်းအစကကောင်းတယ်လို့ ကျွန်မ အမြဲတမ်းထင်ခဲ့တယ်။ အဲဒါနဲ့ ဒီစံနှုန်းနဲ့ ကိုယ့်ကိုယ်ကိုယ် အမြဲတမ်းအကဲဖြတ်တယ်။ ဒီစံနှုန်းကို မမီတဲ့အခါမှာ ကျွန်မက အစွမ်းအစ နည်းတယ်၊ ခေါင်းဆောင်ရဲ့ အလုပ်ကို မလုပ်နိုင်ဘူးလို့ ကျွန်မ ထင်တယ်။ နောက်တော့ အခက်အခဲတွေ ကြုံရတဲ့အခါမှာ ဖြေရှင်းဖို့အတွက် သမ္မာတရားကို မရှာဘဲ အပျက်သဘောဆောင်လာပြီး အချောင်ခိုတယ်။ နောက်ဆုံးမှာ ကျွန်မ ဖြေရှင်းနိုင်တဲ့ ပြဿနာတွေတောင် မဖြေရှင်းရသေးဘဲ ရှိနေခဲ့တယ်။ သမ္မာတရားကို နားမလည်တဲ့နေရာမှာ ကျွန်မ တော်တော်မိုက်မဲခဲ့တာပဲ။ ကျွန်မ အစွမ်းအစက မကောင်းပေမဲ့ ဘုရားနှုတ်ကပတ်တော်ကို နားလည်နိုင်ခဲ့တယ်။ ကျွန်မ ထုတ်ဖော်နေတဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို နည်းနည်းသိမြင်ခဲ့တယ်။ သူများတွေက သူတို့အသက်ဝင်ရောက်မှုမှာ ရှိနေတဲ့ အခက်အခဲတွေကို ဖြေရှင်းဖို့ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ အသုံးချနိုင်ခဲ့တယ်။ ဒီတော့ ကျွန်မ အစွမ်းအစက အရမ်းနည်းလို့ ကျွန်မတာဝန်ကို မထမ်းဆောင်နိုင်တာမျိုး မဟုတ်ဘူး။ ဒါတွေကို သဘောပေါက်တော့ ကျွန်မ စိတ်ဓာတ်က နည်းနည်းပြောင်းလဲသွားပြီး တာဝန်ကို ပုံမှန်ထမ်းဆောင်နိုင်ခဲ့တယ်။

နောက်ပိုင်းမှာ ကျွန်မအခြေအနေကို ကောင်းကောင်းဖော်ပြထားတဲ့ ဘုရားနှုတ်ကပတ်တော်အပိုဒ်တချို့ကို ကျွန်မ ဖတ်ခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “ကလေးအရွယ်တွင် ၎င်းတို့၏ မိသားစုများနှင့် လူမှုရေး ပတ်ဝန်းကျင်များရှိ အခြားသူများက ‘ဤကလေးသည် နုံအသည်၊ ဉာဏ်ထိုင်းပြီး စကားပြော မပြေပြစ်သူတစ်ဦးဖြစ်သည်။ မိမိတို့ အနီးဝန်းကျင်ရှိ လူများကို အလွယ်တကူ ဘဝင်ကျစေနိုင်သည့် အလွန်စကားပြောကောင်းသော အခြားကလေးများကို ကြည့်ပါ။ ဤကလေးမှာမူ တစ်နေ့လုံး စူပုပ်၍သာ ရှိနေသည်။ လူများနှင့် ဆုံသည့်အခါ မည်သည့်အရာ ပြောရမည်ကို မသိပါ၊ တစ်စုံတစ်ရာ တလွဲလုပ်မိသည့်နောက်တွင် မည်သို့ ရှင်းပြရမည်၊ သို့မဟုတ် မိမိကိုယ်ကို မည်သို့ ရှင်းချက်ထုတ်ရမည်ကို မသိသကဲ့သို့ လူတို့ကို သဘောမကျအောင် မလုပ်နိုင်ပါ။ ဤကလေးသည် လူအတစ်ယောက်ဖြစ်သည်’ဟူသော အရာများကို ပြောဆိုရင်း ၎င်းတို့၏ သဘောမကျသော သုံးသပ်ချက်များကို ပေးရလောက်အောင် သာမန်ရုပ်ရည်ရှိကြကာ စိတ်ထဲရှိသမျှ မဖော်ပြတတ်သကဲ့သို့ ဉာဏ်သိပ်မထက်သည့် လူအချို့ရှိလေသည်။ မိဘများက ဤအရာကို ပြောကြသည်၊ ဆွေမျိုးများနှင့် မိတ်ဆွေများက ဤအရာကို ပြောကြပြီး ၎င်းတို့၏ ဆရာများကလည်း ဤအရာကို ပြောကြသည်။ ဤပတ်ဝန်းကျင်က ထိုသို့သော လူတစ်ဦးချင်းအပေါ် အတန်ငယ်၊ မမြင်နိုင်သော ဖိအားတစ်ခု ပေးလေသည်။ ဤပတ်ဝန်းကျင်များကို တွေ့ကြုံခြင်းမှတစ်ဆင့် ၎င်းတို့တွင် ပုံသေအတွေးအခေါ်တစ်မျိုးကို မရည်ရွယ်ဘဲ ဖြစ်ပေါ်လာသည်။ မည်သည့် ပုံသေအတွေးအခေါ်မျိုးနည်း။ ၎င်းတို့သည် ကြည့်မကောင်းကြောင်း၊ သိပ်နှစ်လိုဖွယ်မကောင်းကြောင်းနှင့် အခြားသူများသည် ၎င်းတို့ကို လုံးဝ မမြင်ချင်ကြကြောင်း တွေးထင်ကြလေသည်။ ၎င်းတို့အနေဖြင့် စာလေ့လာရာတွင် မတော်၊ ဉာဏ်ထိုင်းသည်ဟု ယုံကြည်ကြပြီး အခြားသူများရှေ့တွင် ဖွင့်ဟစကားပြောရန် အမြဲ ရှက်ကြလေသည်။ လူများက ၎င်းတို့ကို တစ်စုံတစ်ရာ ပေးသည့်အခါ ‘ငါသည် အဘယ်ကြောင့် အမြဲ အလွန် အားစေးမိနေသနည်း။ အဘယ်ကြောင့် အခြားသူများသည် အင်မတန် စကားပြောပြေပြစ်သူများဖြစ်ကြသနည်း။ ငါတကယ်ကို နုံအသည်’ဟု မိမိတို့ကိုယ်ကို တွေးလျက် ကျေးဇူးတင်စကားပြောရန် အလွန် ရှက်ကြလေသည်။...ထိုသို့သော ပတ်ဝန်းကျင်တွင် ကြီးပြင်းလာပြီးနောက် သိမ်ငယ်မှုနှင့်ဆိုင်သည့် ဤပုံသေအတွေးအခေါ်က တဖြည်းဖြည်း ထိန်းချုပ်လေသည်။ ထိုအရာသည် သင်၏ စိတ်နှလုံးနှင့် ငြိတွယ်လာပြီး သင်၏ စိတ်ကို နေရာအပြည့်ယူ၍ စွဲကျန်နေသော စိတ်ခံစားမှုတစ်မျိုးအဖြစ်သို့ ပြောင်းသွားလေသည်။ သင် အရွယ်ရောက်နှင့်ပြီးသည်ဖြစ်စေ၊ လောကထဲသို့ ထွက်သွားပြီးသည်ဖြစ်စေ၊ အိမ်ထောင်ပြုပြီး သင်၏ အလုပ်အကိုင်ကို ထူထောင်သည်ဖြစ်စေ၊ ပြီးလျှင် သင်၏ လူမှုအဆင့်အတန်းက မည်သို့ပင်ဖြစ်ပါစေ သင်၏ ကြီးပြင်းသည့် ပတ်ဝန်းကျင်တွင် နေရာယူထားခဲ့သည့် ဤသိမ်ငယ်မှုနှင့်ဆိုင်သော ခံစားချက်ကို ဖယ်ရှားရန် မဖြစ်နိုင်ပေ။ ဘုရားသခင်ကို သင် စတင်ယုံကြည်ပြီး အသင်းတော်တွင် ပါဝင်သည့်နောက်တွင်ပင် သင်သည် သာမန် အသွင်အပြင်ရှိသည်၊ ညံ့ဖျင်းသည့် ဉာဏ်ရည် အစွမ်းအစရှိသည်၊ စိတ်ထဲရှိသမျှ မဖော်ပြတတ်သကဲ့သို့ မည်သည့်အရာကိုမျှ မလုပ်ဆောင်နိုင်ဟု တွေးနေဆဲဖြစ်သည်။ သင်က ‘ငါလုပ်နိုင်သည့်အရာကိုသာ ငါ လုပ်မည်။ ခေါင်းဆောင်ဖြစ်ရန် စိတ်ပြင်းပြဖို့ မလိုပါ၊ နက်နဲသော သမ္မာတရားများကို ငါလိုက်စားရန် မလိုအပ်ပါ။ အရေးပါမှု အနည်းဆုံးသူ ဖြစ်ခြင်းဖြင့်သာ ငါ ကျေနပ်မည်။ အခြားသူများအား ငါ့အပေါ် ဆက်ဆံချင်သလို ဆက်ဆံခွင့်ပေးမည်’ဟု တွေးသည်။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁))သိမ်ငယ်မှု ခံစားချက်များကို သင်၏ စိတ်နှလုံးတွင် နက်ရှိုင်းစွာ သွတ်သွင်းထားသည့်အခါ ထိုအရာများက သင့်အပေါ် နက်နဲသည့် သက်ရောက်မှုရှိသည်သာမက လူများနှင့် အမှုအရာများအပေါ် သင်၏ အမြင်များ၊ ပြီးလျှင် သင်၏ ကျင့်ကြံပြုမူခြင်းနှင့် လုပ်ဆောင်ချက်များအပေါ်လည်း စိုးမိုးလေသည်။ ထို့ကြောင့် သိမ်ငယ်မှု ခံစားချက်များ၏ စိုးမိုးခြင်းခံရသူများသည် လူများနှင့် အမှုအရာများကို မည်သို့ မြင်ကြပါသနည်း။ ၎င်းတို့သည် အခြားသူများကို မိမိတို့ထက် ပိုတော်သည်ဟု မှတ်ယူကြပြီး အန္တိခရစ်များကိုလည်း မိမိတို့ကိုယ်တိုင်ထက် တော်သည်ဟု ရှုမြင်ကြလေသည်။ အန္တိခရစ်များသည် ဆိုးယုတ်သော စိတ်သဘောထားများ ရှိကြပြီး လူ့သဘာဝ ညံ့ဖျင်းသော်လည်း ၎င်းတို့က ထိုအန္တိခရစ်များကို အတုယူကာ လေ့လာသင်ယူရမည့် စံနမူနာထားထိုက်သူများအဖြစ် သဘောထားကြဆဲ ဖြစ်သည်။ ၎င်းတို့က မိမိတို့ကိုယ်ကို ‘ကြည့်ပါ၊ သူတို့တွင် မကောင်းသည့် စိတ်သဘောထားနှင့် ဆိုးယုတ်သည့် လူ့သဘာဝတို့ ရှိကြသော်လည်း ဆုကျေးဇူးရှိပြီး အလုပ်တွင် ငါ့ထက် သာ၍ တတ်စွမ်းနိုင်ကြသည်။ သူတို့သည် အခြားသူများရှေ့တွင် မိမိတို့၏ စွမ်းရည်များကို အေးအေးဆေးဆေး ပြသနိုင်ကြပြီး အလွန်များသည့် လူတို့ရှေ့တွင် မျက်နှာပူခြင်း၊ သို့မဟုတ် ရင်တုန်ပန်းတုန်ဖြစ်ခြင်းမရှိဘဲ စကားပြောနိုင်ကြသည်။ သူတို့ တကယ်ကို သတ္တိရှိကြသည်။ ငါသည် သူတို့နှင့်ယှဉ်မရပါ။ ငါလုံလောက်အောင် သတ္တိမရှိပါ’ဟုပင် ဆိုကြသည်။ ဤအရာကို မည်သည့်အရာက ဖြစ်စေသနည်း။ အကြောင်းရင်း တစ်စိတ်တစ်ပိုင်းမှာ သင်၏ သိမ်ငယ်မှု ခံစားချက်များက လူတို့၏ အနှစ်သာရများအပေါ် သင်၏ အကဲဖြတ်မှုအပြင် အခြားသူတို့ကို ရှုမြင်ခြင်းနှင့် ပတ်သက်လာသည့်အခါ သင်၏ ရှုထောင့်အမြင်နှင့် ရှုထောင့်ကို ထိခိုက်ပြီးခြင်း ဖြစ်ပေသည်။ ဤသို့ ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) သို့ဆိုလျှင် သိမ်ငယ်မှု ခံစားချက်များက သင်၏ ကျင့်ကြံပြုမူပုံကို မည်သို့ ထိခိုက်ပါသနည်း။ သင်က ‘ကျွန်ုပ်သည် ဆုကျေးဇူး၊ အစွမ်းအစမရှိဘဲ မွေးရာပါ နုံအပြီး အရာရာကို သင်ယူရာတွင် နှေးကွေးသည်။ ထိုလူကို ကြည့်ပါ။ တစ်ခါတစ်ရံ အနှောင့်အယှက်များနှင့် ဆူပူမှုများ ဖြစ်စေပြီး ထင်ရာမြင်ရာနှင့် မဆင်မခြင် ပြုမူကြသော်လည်း အနည်းဆုံးအနေဖြင့် ဆုကျေးဇူးရှိပြီး အစွမ်းအစများ ရှိကြသည်။ သင် သွားသည့်နေရာတိုင်းတွင် သူတို့သည် လူတို့က အသုံးပြုချင်ကြသည့် လူစားမျိုးများ ဖြစ်ပြီး ကျွန်ုပ်မှာ ထိုသို့ မဟုတ်ပါ’ဟု မိမိကိုယ်ကိုယ် ပြောသည်။ တစ်ခုတလေ ဖြစ်ပျက်သည့် အခါတိုင်းတွင် သင် ပထမဆုံး လုပ်ဆောင်သည့်အရာမှာ မိမိကိုယ်ကို ထင်မြင်ချက်ပေးပြီး မိမိကိုယ်ကို လူတို့နှင့် အဆက်ဖြတ်လိုက်ခြင်း ဖြစ်သည်။ ပြဿနာက မည်သည့်အရာဖြစ်ပါစေ သင်သည် နောက်ဆုတ်ပြီး ကနဦးခြေလှမ်းလှမ်းခြင်းကို ရှောင်ရှားကာ တာဝန်ယူရမည်ကို ကြောက်ရွံ့လေသည်။ သင်က ‘ကျွန်ုပ်သည် မွေးရာပါ နုံအပါသည်။ မည်သည့်နေရာသို့ ကျွန်ုပ် သွားသည်ဖြစ်စေ မည်သူကမျှ ကျွန်ုပ်ကို မနှစ်သက်ပါ။ ကျွန်ုပ် အရဲစွန့်၍ မရပါ၊ ကျွန်ုပ်၏ မပြောပလောက်သော စွမ်းရည်များကို ကြွား၍ မဖြစ်ပါ။ တစ်စုံတစ်ဦးက ကျွန်ုပ်ကို ချီးကျူးပါက ယင်းမှာ ကျွန်ုပ် အဆင်ပြေသည်ဟု သက်သေပြပါသည်။ သို့ရာတွင် မည်သူကမျှ ကျွန်ုပ်ကို မချီးကျူးပါက အလုပ်ကို ကျွန်ုပ် တာဝန်ယူပြီး ကောင်းစွာ လုပ်နိုင်သည်ဟု ပြောဖို့ ကနဦးခြေလှမ်းလှမ်းရန်မှာ ကျွန်ုပ်အတွက် ဖြစ်မည်မဟုတ်ပါ။ ထိုအရာနှင့် ပတ်သက်၍ ယုံကြည်စိတ်ချမှုမရှိပါက ယုံကြည်စိတ်ချသည်ဟု ကျွန်ုပ် ပြော၍ မရပါ။ ကျွန်ုပ် အမှားလုပ်မိလျှင် အဘယ်သို့နည်း။ ထိုအခါ မည်သည့်အရာကို လုပ်ရမည်နည်း။ ပြုပြင်ခြင်း ခံရလျှင်ရော။ အလွန် အရှက်ရပေမည်။ ယင်းမှာ အရှက်ရစရာ ဖြစ်မည် မဟုတ်ပါလား။ ထိုအရာကို ဖြစ်ခွင့်ပေး၍ မရပါ’ဟု မိမိကိုယ်ကို ပြောသည်။ တစ်ချက်ကြည့်လော့ ထိုအရာသည် သင်၏ ကျင့်ကြံပြုမူခြင်းကို ထိခိုက်ပြီ မဟုတ်လော။ သင်၏ ကျင့်ကြံပြုမူပုံအပေါ် သင်၏ သဘောထားကို သင်၏ သိမ်ငယ်မှု ခံစားချက်များက အတိုင်းအတာတစ်ခုအထိ လွှမ်းမိုးပြီး ထိန်းချုပ်လေသည်။ ထိုအရာကို သင်၏ သိမ်ငယ်မှု ခံစားခက်များ၏ အကျိုးဆက်တစ်ခုဟု အတိုင်းအတာ တစ်ခုအထိ ခေါ်ဆို၍ရပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁)) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်တော့ ဘုရားသခင်က ကျွန်မတို့ကို တကယ်နားလည်တယ်လို့ ခံစားမိတယ်။ သူဖော်ထုတ်တာက အတိအကျကို ကျွန်မထင်တဲ့ပုံစံပဲ။ ကျွန်မ စိတ်ဆင်းရဲရတာက သိက္ခာကို ကျွန်မ အလေးထားခဲ့တာ တစ်ခုတည်းကြောင့် မဟုတ်ဘူး။ တခြားအကြောင်းရင်းတစ်ခုရှိတယ်။ ကျွန်မနားက လူတွေ၊ အမှုအရာရဲ့ လွှမ်းမိုးမှုကြောင့် ကျွန်မမှာ သိမ်ငယ်တဲ့ ခံစားချက်တွေ ဖြစ်လာတယ်။ ကိုယ့်ကိုယ်ကိုယ် မှန်မှန်ကန်ကန် မမြင်နိုင်တာမျိုးဖြစ်လာပြီး ကျွန်မလုပ်သမျှက ဘာမှမကောင်းဘူးလို့ အမြဲတမ်း ခံစားရတယ်။ ဒါကြောင့် ကျွန်မက လုပ်သမျှတိုင်းမှာ အရမ်းသတိထားတယ်။ သိုသိပ်တယ်။ ချုပ်တည်းတယ်။ ကလေးတစ်ယောက်အနေနဲ့ စကားပြောရတာကို မကြိုက်တာ၊ လူကြီးတွေက ကျွန်မကို ခဏခဏ အထင်အမြင်သေးတာ၊ ထုံတယ်၊ အတယ်ဆိုပြီး ပြောကြတာကို ပြန်တွေးကြည့်တယ်။ ဒါပေမဲ့ တကယ်တမ်းမှာတော့ ကျွန်မရဲ့ ကိုယ်ပိုင်အမြင်တွေ တကယ်ကိုရှိခဲ့ပါတယ်။ အဲဒီအချိန်တုန်းက ထုတ်မပြောခဲ့ပေမဲ့ပေါ့။ သိက္ခာကျမှာကို ကြောက်လို့ မပြောခဲ့တာသက်သက်ပါ။ အတန်းတွေမှာ ကျွန်မက နားမလည်လို့ ဘာမှမပြောရဲခဲ့တာမဟုတ်ဘူး။ ကျွန်မက စိတ်ထဲရှိတာကို ရှင်းရှင်းလင်းလင်း မပြောတတ်ဘူးလို့ ခံစားရပြီး စကားပြောဖို့ကို အရမ်းကြောက်တာကြောင့်ပါ။ စုဝေးပွဲတွေမှာ ဘုရားနှုတ်ကပတ်တော်ကို ဖတ်တော့ ဉာဏ်အလင်းတချို့ကို ကျွန်မ ကောက်နုတ်နိုင်ခဲ့တယ်။ ဒါပေမဲ့ ကျွန်မ စကားပြောမကောင်းတာကို တွေးမိတော့ မိတ်သဟာယမဖွဲ့ရဲခဲ့ဘူး။ ပြီးတော့လည်း ကျန်းတုံက လူတွေကို ရွေးချယ်တဲ့၊ အသုံးပြုတဲ့နေရာမှာ စည်းမျဉ်းတွေ မစောင့်ထိန်းတာကို ကျွန်မမြင်တော့ ဒီအကြောင်းကို သူ့ကို သတိပေးချင်ခဲ့ပေမဲ့ သူ့အစွမ်းအစက ဘယ်လောက်ကောင်းတယ်ဆိုတာ၊ ကျွန်မလုပ်သမျှက ဘာမှမကောင်းဘူးဆိုတာကို ကျွန်မ တွေးမိတဲ့အချိန်မှာ ကျွန်မအယူအဆတွေကိုပဲ ပယ်ချပစ်လိုက်တော့တယ်။ ကိစ္စတွေကို ဆက်ပြီး မရှာဖွေဘူး။ မဆွေးနွေးဘူး။ စစ်ဆေးမကြည့်ခဲ့ဘူး။ ရလဒ်အနေနဲ့ အလုပ်မှာ နစ်နာဆုံးရှုံးမှုတွေ ဖြစ်တာပေါ့။ ကျွန်မက သိမ်ငယ်တဲ့ အစွဲအလမ်းနဲ့ အသက်ရှင်နေပြီး အရာရာအပေါ်ကို မတက်ကြွတဲ့၊ အပျက်သဘောဆောင်တဲ့ သဘောထားရှိခဲ့တယ်။ ကျွန်မက ကိုယ့်ကိုယ်ကိုယ်ပဲဖြစ်ဖြစ်၊ သူများတွေကိုပဲဖြစ်ဖြစ် ဘုရားနှုတ်ကပတ်တော်နဲ့အညီ အကဲဖြတ်နေတာ မဟုတ်ဘဲ ကိုယ်ပိုင်အမြင်တွေနဲ့ အကဲဖြတ်နေတာပါ။ ကျွန်မရဲ့ သိမ်ငယ်တဲ့ ခံစားချက်တွေက အမှုအရာတွေကို ကျွန်မ မြင်ပြီး လူတွေကို ရှုမြင်ပုံကို ကြီးစိုးသွားခဲ့တယ်။ အဲဒါတွေက ကျွန်မရဲ့ အကဲဖြတ်ချက်နဲ့ လိုက်စားတဲ့လမ်းကြောင်းကို လွှမ်းမိုးခဲ့တယ်။ ဒီ သိမ်ငယ်တဲ့ ခံစားချက်တွေက ကျွန်မကို တော်တော်ကို ထိခိုက်ခဲ့ပါတယ်။ ဒါပြီးတဲ့နောက် ချက်ချင်းပဲ နောက်ထပ် ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်တယ်။ “သင်၏ ဤစိတ်ခံစားမှုသည် အပျက်သဘောသာဆောင်ရုံသာမက သာ၍ တိကျစွာဆိုရလျှင် စင်စစ်အားဖြင့် ဘုရားသခင်နှင့် သမ္မာတရားကို ဆန့်ကျင်၏။ ဤသည်မှာ သာမန်လူ့သဘာဝအတွင်းရှိ စိတ်ခံစားမှုတစ်ခု ဖြစ်သည်ဟု သင် တွေးကောင်းတွေးမည်ဖြစ်သော်လည်း ဘုရားသခင်၏ အမြင်တွင် ဤသည်မှာ ရိုးရှင်းသည့် စိတ်ခံစားမှု ကိစ္စတစ်ခုသာ မဟုတ်ဘဲ ဘုရားသခင်ကို ဆန့်ကျင်ခြင်း နည်းလမ်းတစ်ခု ဖြစ်သည်။ ထိုအရာမှာ အပျက်သဘောဆောင်သော စိတ်ခံစားချက်များအားဖြင့် ထင်ရှားသည့်အပြင် ဘုရားသခင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားကို အတိုက်အခံလုပ်ရန် လူတို့အသုံးပြုသော နည်းလမ်းတစ်ခု ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁)) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတော့ သိမ်ငယ်တဲ့ ခံစားချက်တွေရဲ့ ဆိုးဝါးတဲ့ သဘာဝနဲ့ ဒါတွေကြောင့်ဖြစ်တဲ့ ထိခိုက်မှုကို ကျွန်မ မြင်ခဲ့တယ်။ ပြီးတော့ ဒါတွေက လူကို ထိခိုက်တာဟာ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတစ်ခုထက် မလျော့ဘူးဆိုတာကိုလည်း မြင်ခဲ့တယ်။ ဒီလိုမျိုး သိမ်ငယ်တဲ့ အစွဲမျိုးနဲ့ အသက်ရှင်တာက ဘုရားနဲ့ သမ္မာတရားကို တိုက်ရိုက်ဆန့်ကျင်တာပဲ။ ဒါကို မဖြေရှင်းရင် ကယ်တင်ခြင်းရဖို့ လူတစ်ယောက် အခွင့်အရေးကို ဖျက်ဆီးပစ်တယ်။ ကျွန်မက ကလေးဘဝကတည်းက ဒီသိမ်ငယ်တဲ့ ခံစားချက်တွေထဲမှာ ပိတ်မိနေခဲ့ပြီး ကျွန်မလုပ်သမျှက ဘာမှမကောင်းဘူးလို့ အမြဲတမ်း ခံစားမိခဲ့တယ်။ အထူးသဖြင့် အစွမ်းအစကောင်းတဲ့ လူတွေနားမှာ ကျွန်မရှိတဲ့အချိန်မှာ ကိုယ့်ကိုယ်ကိုယ် ပိုပြီးတော့ အားနည်းတယ်လို့ မြင်ခဲ့တယ်။ သိုသိပ်ချုပ်တည်းထားရသလို ခံစားရပြီး စိတ်ဆင်းရဲခဲ့တယ်။ ကျွန်မကို အစွမ်းအစကောင်း၊ ဒါမှမဟုတ် အသိဉာဏ်မပေးခဲ့လို့ ဘုရားကို အပြစ်တင်ခဲ့တယ်။ ဘုရားရဲ့ အချုပ်အခြာအာဏာနဲ့ အစီအစဉ်တွေကို ကျွန်မ ကျေနပ်မှုမရှိခဲ့ဘဲ လက်ခံဖို့ ငြင်းခဲ့တယ်။ ဒါက အခြေခံအားဖြင့် ဘုရားကို အာခံနေတာပဲ။ ဒီလိုဆက်လုပ်နေရင် ကျွန်မက ဘယ်လိုလုပ်ပြီး ဖယ်ရှားရှင်းလင်းတာ မခံရဘဲနေမလဲ။ ဒါတွေကို ကျွန်မ သဘောပေါက်သွားတော့မှ သိမ်ငယ်တဲ့ အစွဲနဲ့ အသက်ရှင်တာက အန္တရာယ်များလွန်းတယ်ဆိုတာကို၊ ဒီလိုဆက်လုပ်နေလို့ မရတော့ဘဲ ဒီခံစားချက်တွေကို ဖယ်ရှားပစ်ရမယ်ဆိုတာကို နောက်ဆုံးမှာ ကျွန်မ ခံစားမိခဲ့တယ်။

နောက်ပိုင်းမှာ နောက်ထပ် ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မဖတ်တယ်။ “သင့်ကိုယ်သင် မည်သို့ မှန်ကန်တိကျစွာ အကဲဖြတ်ပြီး သိမြင်ကာ သိမ်ငယ်သော ခံစားချက်မှ ထွက်ပြေးလွတ်မြောက်နိုင်မည်နည်း။ မိမိနှင့်ဆိုင်သည့် အသိပညာရရှိခြင်း၊ သင်၏ လူ့သဘာဝ၊ အစွမ်းအစနှင့် ပါရမီတို့က မည်ကဲ့သို့ရှိဖြစ်ပြီး မည်သည့် အားသာချက်များ သင်၌ ရှိသည်ဆိုသည်တို့ကို သိရှိအောင်လုပ်ခြင်းအတွက် အခြေခံအကြောင်းရင်းအဖြစ် ဘုရားနှုတ်ကပတ်တော်များကို သင် ခံယူသင့်သည်။ ဥပမာအားဖြင့် သင်သည် သီချင်းဆိုခြင်းကို နှစ်သက်လေ့ရှိပြီး ကောင်းစွာ သီဆိုသော်လည်း သင်သည် ဂီတသံစဉ် အတက်အကျ ခွဲခြားနိုင်စွမ်း မရှိကြောင်းနှင့် သင်၏ သီဆိုခြင်းသည် ကီးမကိုက်ကြောင်း ပြောလျက် သင့်ကို လူအချို့က ဝေဖန်မြဲဝေဖန်ကာ သေးသိမ်စေသောကြောင့် ယခု သင်သည် ကောင်းစွာ သီချင်းဆိုနိုင်ခြင်းမရှိဟု ခံစားရပြီး အခြားသူများရှေ့တွင် ထိုသို့မလုပ်ဆောင်ဝံ့တော့ဟု ဆိုပါစို့။ ထိုလောကီဆန်သည့်လူစု၊ ထိုနားဝေတိမ်တောင်ဖြစ်သော လူများနှင့် သာမညောင်ည လူများက သင်နှင့်ပတ်သက်၍ မှန်ကန်တိကျမှုမရှိသော အကဲဖြတ်ချက်များနှင့် ဝေဖန်သုံးသပ်မှုများကို ပြုလုပ်သောကြောင့် သင်၏ လူ့သဘာဝက ရထိုက်သည့် လုပ်ပိုင်ခွင့်များသည် လျော့ကျကာ သင်၏ ပါရမီသည် ချုပ်ထိန်းခြင်း ခံခဲ့ရသည်။ အကျိုးဆက်အနေဖြင့် သင်သည် သီချင်းတစ်ပုဒ်ကိုပင် မဆိုဝံ့သကဲ့သို့ သင့်အနီးအနားတွင် မည်သူမျှ မရှိသည့်အခါ သို့မဟုတ် မိမိတစ်ဦးတည်း ရှိသည့်အခါတွင်သာ သင်သည် လက်လွှတ်ပြီး သီချင်းအော်ဆိုဖို့ သတ္တိရှိလေသည်။ ယေဘုယျအားဖြင့် သင်သည် ဆိုးဆိုးရွားရွား သိုသပ်ချုပ်တည်းထားသောကြောင့် သင်တစ်ဦးတည်း မဟုတ်သည့်အခါ သီချင်း မဆိုဝံ့ချေ။ တစ်ဦးတည်း ရှိသည့်အခါတွင်သာ သင်သည် ကျယ်ကျယ်နှင့် ကြည်လင်စွာ သီချင်းဆိုနိုင်သည့်အချိန်ကို မွေ့လျော်ရင်း သီချင်း ဆိုဝံ့ပြီး ယင်းမှာ ကောင်းလိုက်သည့်၊ လွတ်မြောက်လိုက်သည့် အချိန်ပါတကား။ ထိုသို့ ဖြစ်သည် မဟုတ်လော။ သင့်ကို လူတို့လုပ်ဆောင်သည့် ထိခိုက်နစ်နာမှုကြောင့်၊ သင် အမှန်တကယ် လုပ်ဆောင်နိုင်သည့်အရာက မည်သည့်အရာ ဖြစ်သည်၊ မည်သည့်အရာတွင် သင် တော်ပြီး မည်သည့်အရာတွင် မတော်သည်ဆိုသည်တို့ကို သင် ရှင်းလင်းစွာ မသိ၊ မမြင်နိုင်ချေ။ ဤအခြေအနေမျိုးတွင် သင်သည် မှန်ကန်သည့် အကဲဖြတ်မှု ပြုလုပ်ပြီး ဘုရားနှုတ်ကပတ်တော်များအတိုင်း သင့်ကိုယ်သင် မှန်မှန်ကန်ကန် နှိုင်းဆချင့်ချိန်ရမည်ဖြစ်သည်။ သင် သိရှိပြီးသည့်အရာနှင့် သင်၏ အားသာချက်များ တည်ရှိသည့်နေရာကို သင် သတ်မှတ်သင့်ပြီး သင် လုပ်နိုင်သည့် မည်သည့်အရာကိုမဆို သွား၍ လုပ်ဆောင်သင့်သည်။ သင် မလုပ်နိုင်သည့် အရာများ၊ သင်၏ အားနည်းချက်များနှင့် ချို့တဲ့ခြင်းများအတွက်မူ ထိုအရာများကို သင် ဆင်ခြင်သုံးသပ်ကာ သိသင့်ပြီး သင်၏ အစွမ်းအစက မည်သည့်အရာနှင့်တူသည်ဆိုသည်ကိုလည်းကောင်း ထိုအရာက ကောင်းခြင်း၊ ဆိုးခြင်း ရှိမရှိဆိုသည်ကိုလည်းကောင်း မှန်ကန်တိကျစွာ အကဲဖြတ်ပြီး သိရှိသင့်သည်။ သင်၏ ကိုယ်ပိုင် ပြဿနာများအပေါ် နားမလည်နိုင်လျှင်ဖြစ်စေ၊ ရှင်းလင်းသည့် သိမြင်မှု မရရှိနိုင်လျှင်ဖြစ်စေ သင့်အနီးအနားရှိ သိနားလည်မှုရှိသည့်လူများကို သင့်အပေါ် အကဲဖြတ်ချက်ပြုလုပ်ရန် တောင်းဆိုသင့်သည်။ ၎င်းတို့ ပြောဆိုသည့်အရာ မှန်ကန်တိကျခြင်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သင့်အဖို့ ကိုးကားပြီး ဆင်ခြင်စဉ်းစားရန် အနည်းဆုံးအနေဖြင့် တစ်စုံတစ်ခုကို သင့်အား ပေးမည်ဖြစ်ပြီး မိမိကိုယ်ကို အခြေခံကျသော အကဲဖြတ်ချက် သို့မဟုတ် သရုပ်ဖော်ခြင်းတစ်ခု ရရှိဖို့ သင့်ကို ထောက်ကူပေးမည်ဖြစ်သည်။ ထိုအခါ သင်သည် သိမ်ငယ်မှုကဲ့သို့သော အပျက်သဘောဆောင်သည့် စိတ်ခံစားမှုများနှင့်ဆိုင်သော ပဓာနကျသည့် ပြဿနာကို ဖြေရှင်းနိုင်ပြီး ထိုအရာများမှ တဖြည်းဖြည်း လွတ်လာလိမ့်မည်။ အကြင်သူသည် ထိုအရာများကို ပိုင်းခြားသိမြင်နိုင်ပါက၊ ထိုအရာများကို သတိပြုမိပြီး သမ္မာတရားကို ရှာဖွေနိုင်ပါက ထိုသို့သော သိမ်ငယ်မှု ခံစားချက်များသည် ဖြေရှင်းရန် လွယ်ကူပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁)) ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးတော့ ဒီ သိမ်ငယ်တဲ့ ခံစားချက်တွေကို လက်လွှတ်ဖို့ နည်းလမ်းတစ်ခု တွေ့ခဲ့တယ်။ ကိုယ့်ကိုယ်ကိုယ် နားလည်ပြီး တိုင်းတာဖို့အတွက် ဘုရားနှုတ်ကပတ်တော်ကို ကျွန်မ အသုံးပြုရမယ်။ ကျွန်မကို အကဲဖြတ်ဖို့အတွက် ကျွန်မအကြောင်းကောင်းကောင်းသိတဲ့ လူတွေကိုလည်း မေးလို့ရတယ်။ အဲဒါနဲ့ ကျွန်မ ဘုရားကို ဆုတောင်းတယ်။ “ဘုရားသခင်၊ သိမ်ငယ်တဲ့ အစွဲနဲ့ အသက်ရှင်တာက ဘယ်လောက်အန္တရာယ်ရှိတယ်ဆိုတာ အခု ကျွန်မ သိပါပြီ။ ဒီခံစားချက်တွေကို ကျွန်မ ဖယ်ရှားချင်ပါတယ်။ ဒါကြောင့် ကျွန်မကို ကူညီတော်မူပါ” လို့ပေါ့။ နောက်ပိုင်းမှာ ကျွန်မရဲ့ တွဲဖက်တွေကို ကျွန်မကို အကဲဖြတ်ခိုင်းလိုက်တယ်။ သူတို့ကပြောတယ်။ “အစ်မက ဘုရားနှုတ်ကပတ်တော်ကို ရှင်းရှင်းလင်းလင်း သဘောပေါက်နားလည်နိုင်ပုံ၊ အစ်မရဲ့ ဖောက်ပြန်ပျက်စီးမှုတွေ၊ အခြေအနေတို့နဲ့ ဆက်စပ်ပြီး ဘုရားနှုတ်ကပတ်တော်ကို အစ်မ မိတ်သဟာယပြုနိုင်ပုံ၊ ပြီးတော့ သူများတွေရဲ့ တကယ့်ပြဿနာတွေကို ကူညီဖြေရှင်းပေးနိုင်ပုံတွေကို ကြည့်ရတာ အစ်မက အစ်မပြောသလောက် အရည်အချင်းမရှိတာ မဟုတ်ပါဘူး။ အစ်မရဲ့ အစွမ်းအစက အရမ်းမကောင်းပေမဲ့ ကိစ္စတွေကို လုပ်တဲ့နေရာမှာ အစ်မရဲ့ စိတ်ကို နှစ်သရွေ့ တကယ့်အလုပ်ကို လုပ်နိုင်ပါတယ်” တဲ့။ ညီအစ်ကိုမောင်နှမတွေက ဒီလိုပြောတာကို ကြားရတော့ ကျွန်မ နည်းနည်းပိုပြီး စိတ်သက်သာသွားတယ်။ ပြီးတော့ ကျွန်မ တွေးမိတယ်။ “ငါက စိတ်ထဲရှိတာကိုပြောတဲ့နေရာမှာ တခြားလူတချို့လောက် မတော်ပေမဲ့ ငါ့မိတ်သဟာယမှာ လူတိုင်းက ငါပြောတာကို နားလည်နိုင်တယ်။ ငါ ဘောင်ခတ်ခံရသလို မခံစားသင့်ဘူး။ ငါ တတ်နိုင်သလောက် မိတ်သဟာယပြုလိုက်သင့်တယ်။ သူများတွေ ငါ့ကို လေးစားအောင်ဘယ်လိုလုပ်ရမယ်ဆိုတာကိုပဲ မစဉ်းစားသင့်ဘူး။ ပြဿနာတွေကို ဖြေရှင်းပြီး ညီအစ်ကိုမောင်နှမတွေ အကျိုးရှိအောင် ဘယ်လို လက်တွေ့ကျကျ မိတ်သဟာယဖွဲ့ရမယ်ဆိုတာကို ငါအာရုံစိုက်သင့်တယ်။ ပြီးတော့လည်း ငါ့အစွမ်းအစက နည်းပေမဲ့ ပိုပြီး လက်တွေ့လုပ်တော့ ငါ့ အားနည်းချက်တွေကို ဖာထေးနိုင်ပြီး ငါ့အစွမ်းအစကို တိုးတက်စေနိုင်တယ်။ သူများတွေနဲ့ ကိုယ့်ကိုယ်ကိုယ် မယှဉ်သင့်ဘူး။ အပျက်သဘောဆောင်ပြီး ကိုယ့်ကိုယ်ကိုယ် လျှော့မတွက်သင့်ဘူး။ အပြုသဘောဆောင်တဲ့ သဘောထားနဲ့ ဝင်ရောက်မှုကို ရှာဖွေရမယ်” ပေါ့။ ဒါတွေကို သဘောပေါက်သွားတော့ ကျွန်မ ကိုယ့်ကိုယ်ကိုယ် မှန်မှန်ကန်ကန် သဘောထားလာနိုင်တယ်။ တာဝန်ထမ်းဆောင်တဲ့အခါမှာ ကျွန်မ စိတ်နေစိတ်ထားက တော်တော်ပိုကောင်းလာတယ်။

မကြာသေးခင်ကပဲ တရားဟောဆရာမအဖြစ် ကျွန်မ ထပ်အရွေးခံရတယ်။ ဒါကို မျှော်လင့်မထားမိဘူး။ ပြီးတော့ ကျွန်မ မလုပ်နိုင်မှာကို စိုးရိမ်မိတယ်။ နောက်တော့ ဘုရားနှုတ်ကပတ်တော်ပြောတာကို ကျွန်မ ပြန်အမှတ်ရတယ်။ “မိမိနှင့်ဆိုင်သည့် အသိပညာရရှိခြင်း၊ သင်၏ လူ့သဘာဝ၊ အစွမ်းအစနှင့် ပါရမီတို့က မည်ကဲ့သို့ရှိဖြစ်ပြီး မည်သည့် အားသာချက်များ သင်၌ ရှိသည်ဆိုသည်တို့ကို သိရှိအောင်လုပ်ခြင်းအတွက် အခြေခံအကြောင်းရင်းအဖြစ် ဘုရားနှုတ်ကပတ်တော်များကို သင် ခံယူသင့်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁)) အမှုကိစ္စတွေကို ဘုရားနှုတ်ကပတ်တော်နဲ့ ကျွန်မ တိုင်းတာရမယ်။ အရင်က ဒီတာဝန်ကို ကျွန်မ ကောင်းကောင်း မထမ်းဆောင်ခဲ့တဲ့ အကြောင်းရင်းက အစွမ်းအစနည်းတာ တစ်ခုတည်းကြောင့် မဟုတ်ဘူး။ အဓိကက သိမ်ငယ်တဲ့ စိတ်အစွဲနဲ့ ကျွန်မ အသက်ရှင်နေပြီး ပူးပေါင်းလုပ်ဖို့ကို စိတ်နှစ်မထားတာကြောင့်၊ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ လုပ်ဆောင်မှုကို မရနိုင်တာကြောင့်ပဲ။ ကျွန်မရဲ့ သိက္ခာနဲ့ အဆင့်အတန်းအကြောင်းကို တွေးပြီး ဒီသိမ်ငယ်တဲ့ခံစားချက်တွေနဲ့ ဆက်ပြီး အသက်ရှင်လို့ မရတော့ဘူး။ ညီအစ်ကိုမောင်နှမတွေက ကျွန်မကို ရွေးချယ်ခဲ့တဲ့အတွက် ကျွန်မ အစွမ်းကုန် ပူးပေါင်းလုပ်ဆောင်သင့်တယ်။ ကျွန်မ နားမလည်တာတွေရှိရင် ဘုရားကို ပိုအားကိုးပြီး သူများတွေဆီကနေ အကူအညီယူသင့်တယ်။ ဒီစိတ်ဓာတ်မျိုးနဲ့ဆိုတော့ ကျွန်မ တော်တော်ပိုပြီး သက်သောင့်သက်သာဖြစ်ပြီး လွတ်မြောက်သလို ခံစားရတယ်။ အဲဒီနောက် သိပ်မကြာဘူး။ ဧဝံဂေလိအလုပ်ကို ကြီးကြပ်ရတဲ့ ညီအစ်မတစ်ယောက်က ကျွန်မတို့အလုပ်ကို စစ်ဆေးဖို့ ရောက်လာတယ်။ သူက သူ့အလုပ်မှာ၊ သမ္မာတရားကို မိတ်သဟာယဖွဲ့ရာမှာ တော်တော်လုပ်ရည်ကိုင်ရည်ရှိတာကို ကျွန်မ တွေ့ရတယ်။ ကျွန်မတို့အလုပ်မှာ လမ်းလွဲတာတွေ၊ သတိမထားမိတာတွေအများကြီးကို သူထောက်ပြခဲ့တယ်။ ကျွန်မက အရည်အချင်းမရှိဘူးလို့ သူပြောမှာကို ကျွန်မ ကြောက်ခဲ့တယ်။ ဒါပေမဲ့ ကျွန်မက ကျွန်မ သိက္ခာနဲ့ အဆင့်အတန်းကို အလေးထားနေပြန်ပြီဆိုတာကို ချက်ချင်းသဘောပေါက်သွားတယ်။ အဲဒါနဲ့ ကိုယ့်ကိုယ်ကိုယ် ပုန်ကန်ဖို့အတွက် ဘုရားကို ဆုတောင်းခဲ့တယ်။ ပြီးတော့ ဒီညီအစ်မဆီကနေ ထပ်ပြီး သင်ယူပြီးတော့ ကျွန်မ အားနည်းချက်တွေကို ဖာထေးချင်ခဲ့ပါတယ်။ အဲဒီနောက်တော့ အလုပ်ဆွေးနွေးနေတုန်းမှာ ကျွန်မအမြင်တွေကို ပြောပြတဲ့အခါမှာ ထိန်းမထားခဲ့ဘူး။ ပြီးတော့ သူနဲ့ ပြောဆိုဆက်ဆံတော့ လက်တွေ့လုပ်ဖို့ လမ်းကြောင်းတချို့ ရခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်ရဲ့ လမ်းပြခြင်းကတစ်ဆင့် ကျွန်မရဲ့ သိမ်ငယ်တဲ့ စိတ်အစွဲရဲ့ ကန့်သတ်မှုတွေကနေ ကျွန်မ လွတ်မြောက်ခဲ့ပါတယ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ကျွန်တော့် နှလုံးသားထဲတွင် နက်ရှိုင်းစွာ သိမ်းထားသည့် လျှို့ဝှက်ချက်

ဝူရှီ၊ ရှန်ဒေါင်းစီရင်စု ၂၀၀၆ ခုနှစ် နွေဦးရာသီ၌ ကျွန်တော်သည် ခေါင်းဆောင်နေရာမှနေ ဖယ်ရှားပြီး ယခင်ရာထူးကို ပြန်ချထားခြင်း ခံခဲ့ရပါသည်။...

သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းအပေါ် နားလည်သဘောပေါက်ခြင်း

ဟန်းရှင်း၊ ဟူးနန်စီရင်စု လွန်ခဲ့သည့် သိပ်မကြာမီအချိန်က၊ ဒေသနာအချို့ကို နားထောင်အပြီးတွင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်သူများသာလျှင်...

ဂုဏ်နှင့်အဆင့်အတန်းမှ သယ်ဆောင်လာသောနာကျင်မှု

ဖန်းရှန့် တရုတ်နိုင်ငံ ပြီးခဲ့တဲ့နှစ် မတ်လတုန်းက ကျွန်မ အဖွဲ့ခေါင်းဆောင်အဖြစ်ရာထူးတိုးပြီးတော့ အဖွဲ့တချို့အတွက် ရေလောင်းပေးတဲ့ တာဝန်ကို...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။