ခေါင်းဆောင်များကို စည်းမျဉ်းအတိုင်း ဆက်ဆံခြင်း

23.01.2022

ရှောင်ချင်း တရုတ်နိုင်ငံ

၂၀၁၆ခုနှစ် နွေရာသီမှာ ကျွန်မက အသင်းတော်မှာ ခေါင်းဆောင်ရာထူးနဲ့ တော်တော်လေးကို စိမ်းနေခဲ့တယ်။ တစ်နေ့မှာ အထက်ပိုင်းခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ အစ်မဝမ်က ကျွန်မတို့ စုဝေးပွဲတစ်ခုဆီကို ရောက်လာတယ်။ ကျွန်မက အစ်ကိုတစ်ယောက်က အဖွဲ့ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်မလားဆိုတာ ကြိုးစားတွက်ဆနေတာဖြစ်ပြီး သူ့ကို အကူအညီတောင်းခဲ့တယ်။ ဒါကိုကြားတော့ ဒီလူအကြောင်းအသေးစိတ်ကို ပိုပြီးတော့ မသိရသေးဘဲနဲ့၊ လူတွေကို ပျိုးထောင်ခြင်း စည်းမျဉ်းတွေအကြောင်းကိုတောင် မပြောဘဲနဲ့ သူက ဒီလူ့ကို အဲဒီရာထူးကို ခဏတိုးပေးပြီးတော့ ကြည့်ပြီး လိုအပ်ရင် သူ့ကိုနေရာလဲလိုက်ဖို့ပြောတယ်။ မသင့်တော်တဲ့သူကို လေ့ကျင့်ပေးမိရင် အသင်းတော်အလုပ် နှောင့်နှေးမှာကို ကျွန်မ စိုးရိမ်နေခဲ့တယ်။ အဲဒါနဲ့ စည်းမျဉ်းတွေနဲ့ပတ်သက်ပြီး တချို့မိတ်သဟာယတွေကို မျှဝေခိုင်းဖို့ ကျွန်မ သံသယနည်းနည်းရှိတာကို ပြောပြလိုက်တယ်။ သူက မိတ်သဟာယကို ထပ်မဝေမျှခဲ့ဘဲ မာနထောင်လွှားပြီး သမ္မာတရားကို လက်မခံဘူးဆိုပြီး ကျွန်မကို စိတ်မရှည်စွာနဲ့ ဝေဖန်ပြီး အကြာကြီးဆက်ပြောနေတယ်။ ဒီလိုမျိုး ကိုင်တွယ်ဖြေရှင်းခံရတာက ကျွန်မအတွက် စိတ်တင်းကျပ်ရတယ်။ ကျွန်မ စဉ်းစားမိတယ်။ “ပြဿနာတွေကို ဖြေရှင်းဖို့ ကျွန်မတို့က သမ္မာတရားကို မိတ်သဟာယပြုရမှာ မဟုတ်ဘူးလား။ ကျွန်မတို့မှာ ပြဿနာတွေ ရှိတဲ့အခါ ရှင်က မိတ်သဟာယကတစ်ဆင့် မကူညီဘဲ ကျွန်မတို့ကို မောက်မောက်မာမာနဲ့ ဆူတယ်။ ဒါက ကျွန်မတို့တွေ သမ္မာတရားကို နားလည်ပြီး စည်းမျဉ်းတွေနောက်ကိုလိုက်ဖို့ ဦးဆောင်နေတာမဟုတ်ဘူး” ပေါ့။ ကျွန်မ မရှင်းနေတာကို ပြောပြချင်ခဲ့ပေမဲ့ လူတိုင်းရှေ့မှာ သူက ကျွန်မအပေါ် ခက်ထန်နေတဲ့ ပုံစံကို တွေးမိပြီး ကျွန်မကို ထပ်ဆူပြီးတော့ ကျွန်မက မာနထောင်လွှားပြီး သမ္မာတရားကို လက်မခံဘူးလို့ပြောမှာ စိုးမိခဲ့တယ်။ အဲဒါနဲ့ ကျွန်မ ဘာမှ မပြောခဲ့ဘူး။

နောက်ထပ် စုဝေးပွဲ သုံးလေးခုမှာ ဘုရားနှုတ်ကပတ်တော်အပေါ် အစ်မဝမ်ရဲ့ မိတ်သဟာယက အသိဉာဏ်ပွင့်လင်းစေတာ၊ လက်တွေ့ကျတာမရှိဘဲ တိုက်ရိုက် အယူဝါဒတွေဖြစ်ပြီး တကယ့်ပြဿနာတွေကို မဖြေရှင်းနိုင်မှန်း ကျွန်မ သတိထားမိခဲ့တယ်။ သူ့မှာ သန့်ရှင်းသောဝိညာဉ်တော်ရဲ့လုပ်ဆောင်မှု တကယ်ရှိရဲ့လား ကျွန်မ တွေးမိတယ်။ ဒါပေမဲ့ နောက်တော့ ကျွန်မ တွေးမိတယ်။ သူက အခုအချိန်မှာ ကောင်းမွန်တဲ့အခြေအနေမရှိတာ ဖြစ်နိုင်တယ်။ ပြီးတော့ ဝိညာဉ်တော်ရဲ့အလုပ်က မသိသာတာက ပုံမန်ပါပဲ ပေါ့။ ဒါနဲ့ပတ်သက်ပြီး ကျွန်မ ဘာမှမတွေးတော့ဘူး။ နောက်ပိုင်းမှာ အသင်းတော်အလုပ်ကို ပူးတွဲကြီးကြပ်ဖို့အတွက် ခေါင်းဆောင်သုံးယောက်ကို ရွေးချယ်ဖို့ အသင်းတော်တစ်ခုစီအတွက် အစီအစဉ်တွေလုပ်ခဲ့တယ်။ အစ်မဝမ်က ကျွန်မတို့ကို ပြောတယ်။ ခေါင်းဆောင်တွေကို ရွေးချယ်တာက အရမ်းအရေးကြီးတယ်။ ဒါကြောင့် နှောင့်နှေးမှုမရှိဘဲ ကိုင်တွယ်ဖို့ လိုတယ်တဲ့။ ဒါပေမဲ့ ပြီးရမယ့်အချိန်ရောက်တော့ အဲဒီလို ဖြစ်မလာခဲ့ဘူး။ အဲဒီအချိန်မှာ ကျွန်မက တစ်ဦးတည်းသောခေါင်းဆောင်ဖြစ်ပြီး တစ်ခါတလေဆိုရင် အလုပ်တွေအားလုံးကို ကျွန်မ မပြီးနိုင်ဘူး။ ရွေးကောက်ပွဲတစ်ခုကို သူ အမြန်ဆုံးလုပ်ဖို့ မျှော်လင့်ပြီး ကျွန်မ သူ့ကို အကြောင်းကိစ္စတွေ ရှင်းပြခဲ့တယ်။ သူက လုပ်မယ်လို့ ပြောပေမဲ့ ဘာမှမလုပ်ဘဲ အချိန်နည်းနည်းကုန်သွားတယ်။ ကျွန်မ သူ့ကို တိုက်တွန်းဖို့ စာရေးပို့ခဲ့ပေမဲ့ ဘာမှဖြစ်မလာဘူး။ တစ်မျိုးပဲလို့ ကျွန်မ ခံစားမိတယ်။ ခေါင်းဆောင်တွေကို ရွေးကောက်တာက ဘယ်လောက်အရေးကြီးမှန်း သူသိသလို၊ သူ့ရဲ့ မိတ်သဟာယက အရမ်းကောင်းပေမယ့်၊ တစ်ခုခုလုပ်ဖို့အချိန်ကျတဲ့အခါမှာဆိုရင် အချိန်ဆွဲနေတယ်။ သူက အပြောပဲဖြစ်ပြီး၊ အယူဝါဒတွေ လျှောက်ပြောပြီး လက်တွေ့အလုပ်ကို လုပ်မနေတာမဟုတ်ဘူးလား။ သူက တခြားအသင်းတော်တွေရဲ့ ရွေးကောက်ပွဲတွေကို ဒီလိုပုံစံနဲ့ပဲ နှောင့်နှေးစေခဲ့လို့၊ သင့်တော်တဲ့ခေါင်းဆောင်တွေကို အချိန်မီရှာမတွေ့ခဲ့ဘူးလို့ နောက်ပိုင်းမှာ ကျွန်မကြားရတယ်။ အဲဒါက အသင်းတော်အသက်တာနဲ့ အလုပ်ကို အရမ်းထိခိုက်စေခဲ့တယ်။

ကျွန်မ စဉ်းစားမိတယ်။ အစ်မဝမ်က လက်တွေ့အလုပ်ကို မလုပ်တဲ့ အယောင်ဆောင်ခေါင်းဆောင်ဖြစ်ဖို့များပြီး၊ အဲဒီလို ဆက်ဖြစ်နေရင် အသင်းတော်ရဲ့အလုပ်အားလုံးကို တော်တော်ကို ထိခိုက်မှာပဲ ပေါ့။ ကျွန်မ ဒီပြဿနာတွေကို သူ့ကို ထောက်ပြသင့်တယ်လို့ တွက်မိတယ်။ ဒါပေမဲ့ ကျွန်မ သူ့ဆီကို စာရေးမလို့လုပ်နေတုန်းမှာပဲ ကျွန်မ ခေါင်းထဲပေါ်လာတာက သူက ခေါင်းဆောင်တစ်ယောက်ဖြစ်တယ်၊ ဒါကြောင့် သူ လက်ခံနိုင်ရင်တော့ ကောင်းတာပေါ့၊ ဒါပေမဲ့ လက်မခံနိုင်ရင် ကိစ္စတွေကို ကျွန်မအတွက် ခက်ခဲအောင် သူ လုပ်နိုင်တယ်၊ ကျွန်မကို ထုတ်ပစ်ဖို့ ဆင်ခြေတစ်ခုတောင်ရှာကောင်းရှာနိုင်တယ် ပေါ့။ အဲဒါကို ကျွန်မ မေ့ပစ်လိုက်ဖို့ ဆုံးဖြတ်လိုက်တယ်။ ဘောပင်ကို ချလိုက်ပြီး ဒီတိုင်းထားလိုက်တယ်။ ဒါပေမဲ့ အဲဒီအချိန်မှာ ကျွန်မ စိတ်မသက်မသာသလို ခံစားရတယ်။ ကျွန်မ ဘာစကားတစ်ခွန်းမှ မပြောဘဲ သူ့ပြဿနာကို လုံးဝ ရှင်းရှင်းလင်းလင်း မြင်တွေ့ခဲ့တယ်။ အဲဒါ ဘုရားအလိုတော်မဟုတ်ဘူးလေ။ ကျွန်မ တစ်ခုခုပြောရမယ်ဆိုတာ သိခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်မ ဘောပင်ကို စာရွက်ပေါ်ကို ချကိုမချနိုင်သေးဘူး။ ကျွန်မ စာကို မရေးနိုင်သလို မရေးဘဲလည်း မနေနိုင်ဘူး။ ကျွန်မအတွက် တကယ်ကို အကျပ်ရိုက်တာပါပဲ။ အဲဒီစာကို မရေးခဲ့ဘူး။ ကျွန်မရဲ့ အခက်အခဲနဲ့ပတ်သက်ပြီး ဘုရားကိုတော့ ဆုတောင်းခဲ့ပါတယ်။ နောက်ပိုင်းမှာ ကျွန်မ ဒီဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ခဲ့ရတယ်။ “သင်တို့အားလုံးက ဘုရားသခင်၏ ဝန်ထုပ်ဝန်ပိုးကို အရေးထားကာ၊ အသင်းတော်၏ သက်သေခံချက်ကို ကာကွယ်ပြောဆိုမည်ဟု ပြောကြသော်လည်း၊ သင်တို့ထဲမှ မည်သူသည် ဘုရားသခင်၏ ဝန်ထုပ်ဝန်ပိုးကို အမှန်တကယ် အရေးထားခဲ့ကြပြီနည်း။ သင့်ကိုယ်သင် မေးလော့- သင်သည် ဘုရားသခင်၏ ဝန်ထုပ် ဝန်ပိုးကို ထည့်သွင်းစဉ်းစားမှု ပြသပြီးသော သူတစ်စုံတစ်ဦးလော။ ဘုရားသခင်အတွက် ဖြောင့်မတ်ခြင်းတရားကို သင်လက်တွေ့ လုပ်ဆောင်နိုင်သလော။ ငါ့အတွက် သင်ထရပ်ကာ ပြောဆိုနိုင်သလော။ သင်သည် သမ္မာတရားကို တည်ကြည်ခိုင်မာစွာ လက်တွေ့လုပ်ဆောင် နိုင်သလော။ စာတန်၏ လုပ်ရပ်အားလုံးကို ဆန့်ကျင်တိုက်ခိုက်ရလောက်အောင် သင်သည် ရဲရင့်သလော။ သင်သည် သင်၏ စိတ်ခံစားမှုများကို ဘေးဖယ်ကာ၊ ငါ၏ သမ္မာတရားအတွက် စာတန်ကို ဖော်ထုတ်ပေးနိုင်မည်လော။ သင့်အထဲတွင် ငါ၏ ရည်ရွယ်ချက်များ ပြည့်စုံစေခွင့် သင် ပေးနိုင်သလော။ အရေးအပါဆုံးသော အခိုက်အတန့်များတွင် သင်၏နှလုံးသားကို သင် ဆက်ကပ်ပြီးပြီလော။ သင်သည် ငါ၏အလိုကို လုပ်ဆောင်သောသူ တစ်စုံတစ်ဦးလော။ ဤမေးခွန်းများကို သင့်ကိုယ်သင် မေးပြီး ၎င်းတို့နှင့်ပတ်သက်၍ မကြာခဏ စဉ်းစားလော့။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၁၃)) ဘုရားသခင်ရဲ့ မေးခွန်းတစ်ခုစီတိုင်းက ကျွန်မကို ဦးတည်နေသလို ခံစားရတယ်။ အဲဒါနဲ့ ကျွန်မ ကိုယ့်ကိုယ်ကိုယ် မေးလိုက်တယ်။ ဘုရားသခင်ရဲ့ ဝန်ထုပ်ဝန်ပိုးကို ငါ ထောက်ထားရဲ့လား။ ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားကို ငါကာကွယ်နေသလား။ အစ်မဝမ်က သမ္မာတရားကို မိတ်သဟာယပြုပြီး ပြဿနာတွေကို မဖြေရှင်းနိုင်ခဲ့သလို၊ သူများတွေကို ပိုင်စိုးပိုင်နင်းနဲ့ ဆူငေါက်ပြီး ချုပ်ချယ်တာကို ကျွန်မ မြင်ခဲ့ရတာနဲ့ပတ်သက်လို့ စဉ်းစားမိတယ်။ သူက ကျွန်မတို့အလုပ်က ဘယ်လက်တွေ့ပြဿနာကိုမှ မကိုင်တွယ်ဘဲ အယူဝါဒတွေကိုပဲ မိတ်သဟာယပြုခဲ့တယ်။ ရွေးကောက်ပွဲတွေက အရမ်းနှေးနေတယ်။ သူ့ရဲ့အပြုအမူက ဘုရားအိမ်တော်ရဲ့အလုပ်ကို နှောင့်နှေးအောင်လုပ်နှင့်နေပြီ။ ဒါက ဘယ်လောက်ဆိုးလဲဆိုတာကို သူသိအောင် ကျွန်မ သူ့ကို တစ်ခုခုပြောသင့်မှန်း ကျွန်မသိပါတယ်။ ဒါပေမဲ့ ကျွန်မ ပြောလိုက်ရင် သူက လက်ခံဖို့ ငြင်း်ပြီး ကျွန်မအတွက် ကိစ္စတွေကို ခက်ခဲအောင်လုပ်မှာ၊ ကျွန်မရဲ့တာဝန်ကနေ ကျွန်မကို ထုတ်ပစ်ဖို့ ဆင်ခြေတစ်ခုရှာမှာကို ကျွန်မ စိုးရိမ်နေမိခဲ့တာ။ ကျွန်မ ဘာမှမပြောရဲခဲ့ဘဲ မျက်ကွယ်ပြုပြီးတော့ ဘုရားအိမ်တော်ရဲ့အလုပ်ကို လုံးဝ မကာကွယ်ခဲ့ဘူး။ ကျွန်မရဲ့ ကိုယ်ပိုင်အကျိုးစီးပွားတွေကိုပဲ စဉ်းစားခဲ့တယ်။ ကျွန်မက အရမ်းတစ်ကိုယ်ကောင်းဆန်ပြီး လူ့သဘာဝကင်းမဲ့ခဲ့တယ်။ ကျွန်မက အသင်းတော်ခေါင်းဆောင်ဖြစ်ခဲ့ပေမဲ့ အသင်းတော်အလုပ်က နှောင့်နှေးနေတုန်းမှာ ကျွန်မ မတားရဲခဲ့ဘူး။ ကျွန်မက အစ်မဝမ်ရဲ့ မကောင်းမှုကို ဖြစ်မြောက်အောင် လုပ်နေခဲ့တာမဟုတ်ဘူးလား။ ကျွန်မက ဘုရားအိမ်တော်ရဲ့အလုပ်ကို အခြေခံအကျဆုံးနည်းတွေနဲ့ မကာကွယ်ခဲ့ဘူး။ ဒါကြောင့် ကျွန်မက ဘယ်လိုလုပ် ခေါင်းဆောင်ဖြစ်ဖို့ ထိုက်တန်မှာလဲ။ အဲဒါကို ကျွန်မ တွေးလေလေ ပိုပြီးတော့ အပြစ်ရှိသလို ခံစားရလေလေပဲ။ ကျွန်မရဲ့ဇာတိကပတိကို စွန့်လွှတ်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်မယ်လို့ ဘုရားကို ကျွန်မ ကတိပေးခဲ့တယ်။

အမှုဆောင်တွေနဲ့ ခေါင်းဆောင်တွေကို ဘယ်လိုဆက်ဆံရမယ်ဆိုတဲ့အကြောင်း အလုပ်အစီအစဉ်တွေထဲက စည်းမျဉ်းတွေကို ဖတ်တယ်။ သမ္မာတရားကို လိုက်လျှောက်ပြီး လက်တွေ့အလုပ်ကို လုပ်နိုင်တဲ့သူတွေအတွက် သူတို့က သူတို့တာဝန်မှာ ပြစ်မှားတာတွေကို ကျူးလွန်မိတယ်ဆိုရင်၊ တစ်ခါတလေမှာ အောင်မြင်မှုသိပ်မရှိဘူးဆိုရင် သူတို့ကို ချစ်ချစ်ခင်ခင်နဲ့ ဲ့ အကူအညီပေးသင့်တယ်၊ ပြစ်တင်ရှုတ်ချတာ၊ ကိုင်တွယ်ဖြေရှင်းတာ လုပ်ကောင်းလုပ်သင့်တယ်၊ ဒါပေမဲ့ ပေါ့ပေါ့တန်တန်နဲ့ မရှုတ်ချရဘူး၊ မထုတ်ပယ်ရဘူးဆိုတာကို သိခဲ့ရတယ်။ လက်တွေ့အလုပ်ကို မလုပ်တဲ့သူ၊ သမ္မာတရားကို မလိုက်စားသူတွေအတွက် သူတို့က ဆိုးယုတ်မြဲဆိုးယုတ်နေပြီး သမ္မာတရားကို လက်မခံဘူး၊ ဝေဖန်ခံရတဲ့အခါမှာ နောင်တမရဘူးဆိုရင် သူတို့တွေက အယောင်ဆောင်ခေါင်းဆောင်ဖြစ်ပြီး ထုတ်ပယ်သင့်တယ်လို့ သတ်မှတ်ထားပြီးဖြစ်တယ်။ ကျွန်မကိုယ်တိုင် သူနဲ့ပတ်သက်ပြီး အတွေ့အကြုံတွေအများကြီးမရှိခဲ့ဘူး။ သူ အယောင်ဆောင်ခေါင်းဆောင်ဖြစ်တဲ့ လက္ခဏာတော်တော်များများကို ကျွန်မ တွေ့ခဲ့ပြီးပေမဲ့ အဲဒါကို ကျွန်မ လုံးဝ မသေချာနိုင်သေးဘူး။ ကျွန်မ သူ့ကို မိတ်သဟာယတွေစပြုရမှာဖြစ်ပြီး ဒါက ကျွန်မတာဝန်ဖြစ်မှန်း ာ သိခဲ့ပါတယ်။ အဲဒါနဲ့ သူ့ပြဿနာတွေကို ချရေးဖို့ ဘောပင်ကို ကောက်ကိုင်လိုက်တယ်။ ရိုးရိုးသားသားပြောရရင် ကျွန်မ တော်တော်စိတ်လှုပ်ရှားနေခဲ့တာ။ အဲဒီအချိန်မှာ ကျွန်မ ဆုတောင်းပြီး ကျွန်မ ကိုယ့်ကိုယ်ကိုယ် စွန့်လွှတ်ပြီး အသင်းတော်ရဲ့ အကျိုးစီးပွားကို ကာကွယ်နိုင်အောင် ခွန်အားအတွက် ဘုရားကို တောင်းလျှောက်ခဲ့တယ်။ အဲဒီနောက်မှာ ကျွန်မ စိတ်တင်းကျပ်သလို မခံစားရတော့ဘူး။ ကျွန်မ အစ်မဝမ်ရဲ့ ပြဿနာတွေကို တစ်ခုချင်းစီ ချရေးခဲ့တယ်။ ကျွန်မ ရေးပြီးသွားတဲ့စာကို ပို့လိုက်ပြီးတဲ့ခဏမှာပဲငြိမ်းချမ်းတဲ့စိတ်ကို တကယ်ခံစားလိုက်ရတယ်။

လုံးဝ စာမပြန်ဘူး။ အသင်းတော်ရဲ့ ရွေးကောက်ပွဲတွေက နှောင့်နှေးနေတုန်းပဲ။ ပြီးတော့ အသင်းတော် တော်တော်များများက ပရောဂျက်တွေကို အချိန်မီဆောင်ရွက်ဖို့လိုအပ်တဲ့ အမှုဆောင်တွေနဲ့ ခေါင်းဆောင်တွေ မရှိခဲ့ဘူး။ ဒါက ဘုရားအိမ်တော်ရဲ့အလုပ်ကို ဆိုးဆိုးရွားရွား နှောင့်နှေးစေခဲ့တယ်။ သူ့ကို ဆက်တိုက်တွန်းဖို့ ကျွန်မ သူ့ဆီကို စာနည်းနည်းထပ်ရေးခဲ့တယ်။ ဒါပေမဲ့ ဘာမှဖြစ်မလာဘူး။ သူက အပြောပဲဖြစ်ပြီး လက်တွေ့အလုပ်ကို မလုပ်သလို၊ မှတ်ချက်တွေအများကြီးပေးတဲ့ပြီးနောက်မှာ မပြောင်းလဲဘူး၊ ဒါကြောင့် သူ့ရဲ့ ဆက်တိုက်ဖြစ်နေတဲ့ အပြုအမူကို အခြေခံပြီး သူဟာ လက်တွေ့အလုပ်ကို မလုပ်တဲ့ အယောင်ဆောင်ခေါင်းဆောင်ဖြစ်မှန်း ကျွန်မ သိခဲ့တယ်။ အထက်ခေါင်းဆောင်တစ်ယောက်ဆီ သူ့ပြဿနာတွေကို ရှင်းပြတဲ့စာ ကျွန်မ ရေးပြီး ပို့ခဲ့တယ်။ သိပ်မကြာခင်မှာပဲ ဘုရားအိမ်တော်အတွင်းက စုံစမ်းစစ်ဆေးမှုတစ်ခုက သူဟာ လက်တွေ့အလုပ်ကိုမလုပ်တဲ့ အယောင်ဆောင်ခေါင်းဆောင်တစ်ယောက်ဖြစ်တယ်လို့ အတည်ပြုပြီး ထုတ်ပယ်ခဲ့တယ်။ သမ္မာတရားနဲ့ ဖြောင့်မတ်ခြင်းက ဘုရားအိမ်တော်မှာ အစိုးရတယ်ဆိုတာကို ဒီအတွေ့အကြုံက ကျွန်မကို ပြသခဲ့ပါတယ်။ အယောင်ဆောင်ခေါင်းဆောင်တွေက ရာထူးတစ်ခုရှိကောင်းရှိနိုင်တယ်။ ဒါပေမဲ့ သူတို့တွေက သမ္မာတရားကို မလိုက်စားဘူး။ တကယ့်အလုပ်ကို မလုပ်ဘူး။ ဒါကြောင့် ဘုရားအိမ်တော်မှာ သူတို့ ခြေကုပ်ယူလို့မရပါဘူး။ ကျွန်မက ခေါင်းဆောင်တစ်ယောက်ကို စိတ်ဆိုးအောင်လုပ်မိပြီး ကျွန်မတာဝန်ကနေ ထုတ်ပယ်ခံရမှာကို အမြဲတမ်းကြောက်နေခဲ့လို့၊ သူတို့ပြဿနာတွေကို ဖွင့်မချရဲခဲ့ဘူး။ အဲဒီအချိန်မှာ၊ ကျွန်မက ဘုရားသခင်ရဲ့ ဖြောင့်မတ်တဲ့စိတ်သဘောထားကို နားမလည်ခဲ့ဘူးဆိုတာ ကျွန်မ သဘောပေါက်ခဲ့တယ်။ ဘုရားအိမ်တော်က စီမံအုပ်ချုပ်ရေးဆိုင်ရာအမိန့်၊ စည်းမျဉ်းစည်းကမ်းတွေရှိတယ်။ ဒါကြောင့် လူတစ်ယောက်က ဘယ်လောက်ခေါင်းဆောင်အမြင့်ပိုင်းမှာရှိပါစေ၊ သူတို့ဟာ ဘုရားနှုတ်ကပတ်တော်တွေနဲ့ သမ္မာတရားစည်းမျဉ်းတွေအတိုင်း လုပ်ရမယ်။ ကိုယ့်သဘောအတိုင်း လုပ်တဲ့ ဘယ်သူမဆို ခြေကုပ်မရှိတာကို သူတို့ကိုယ်သူတို့ တွေ့ရလိမ့်မယ်။ နောက်ပြီးတော့ ဘုရားသခင်က အသင်းတော်မှာ ကျွန်မလုပ်နိုင်တဲ့ ဘယ်တာဝန်ကိုမဆို ကြီးကြပ်တာဖြစ်တယ်။ အဲဒါက ဘယ်ခေါင်းဆောင်အပေါ်မှ မမူတည်ဘူး။ သူတို့နဲ့ မဆိုင်ဘူး။ ကျွန်မ စိုးရိမ်စရာ ဘာမှမရှိပါဘူး။

၂၀၁၉၊ အောက်တိုဘာလမှာ တာဝန်တစ်ခုအတွက် တခြားအသင်းတော်တစ်ခုဆီကျွန်မ ပြောင်းရွှေ့ရတယ်။ နည်းနည်းလောက်ကြာတော့ ကျွန်မရဲ့ ခေါင်းဆောင် အစ်မချန်းက လူတွေကို စည်းမျဉ်းတွေနဲ့အညီ မခန့်ဘူးဆိုတာ သတိထားမိတယ်။ ကျွန်မတို့မှာ တော်တော်တစ်ကိုယ်ကောင်းဆန်ပြီး ဉာဏ်များတဲ့ အစ်မကျန်းဆိုတဲ့ ပျိုးထောင်ပေးသူ သင်းထောက်တစ်ယောက်ရှိတယ်။ လူတွေက အသင်းတော်အသက်တာကို နှောင့်ယှက်နေတာကို သူ မြင်ပေမဲ့ သူတို့ စိတ်ဆိုးမှာကြောက်ပြီး ဘာမှမလုပ်ဘူး။ တခြားလူတွေက ပြဿနာတချို့ကို ပြောပြတယ်။ ဒါပေမဲ့ သူက တာဝန်ကို ခေါင်းရှောင်ခဲ့တယ်။ ဒါကြောင့် ဒီပြဿနာတွေက အချိန်မီ ကိုင်တွယ်ဖြေရှင်းခြင်းမရှိခဲ့ဘူး။ ဒါကို စုံစမ်းစစ်ဆေးကြပြီးတော့ ဒါဟာ အစ်မကျန်းရဲ့ ဆက်တိုက်ဖြစ်နေတဲ့ အပြုအမူဖြစ်တယ်၊ သူဟာ အသင်းတော်အလုပ်ကို လုံးဝ မထိန်းသိမ်းဘူး၊ လက်တွေ့အလုပ်တွေကို လုံးဝမလုပ်ဘူးဆိုတာ သိသာလာခဲ့တယ်။ ဒါကြောင့် သူ့ကို ချက်ချင်း ထုတ်ပယ်ခဲ့ရတယ်။ ဒါပေမဲ့ အစ်မချန်းက အဲဒီအတိုင်း သွားလုပ်တော့၊ အစ်မကျန်းက ကိုယ့်ကိုယ်ကိုယ် သတိပြုမိတဲ့အရာတချို့ကို ပြောတယ်။ အဲဒါနဲ့ သူက အစ်မကျန်းရဲ့ လှည့်စားမှုကို ခံလိုက်ရပြီး ထုတ်ဖို့ကို ဆိုင်းထားခဲ့တယ်။ အစ်မချန်းက ခေါင်းဆောင်တွေနဲ့ အမှုဆောင်တွေကို ထုတ်ပယ်ခြင်းနဲ့ပတ်သက်တဲ့ စည်းမျဉ်းတွေကို မလိုက်နာနေဘူးဆိုတာ ကျွန်မ မြင်ခဲ့ပါတယ်။ အဲဒါက ဆိုးရွားတဲ့ ပြဿနာတစ်ခုပါ။ ကျွန်မ သူ့ကို ပြောပြချင်ခဲ့တယ်။ ဒါပေမဲ့ ကျွန်မ စဉ်းစားမိတာက ကျွန်မက အဲဒီတာဝန်နဲ့ တော်တော်ကို အကျွမ်းမဝင်သေးသလို၊ သူက ကျွန်မကို တကယ်တန်ဖိုးထားတယ်၊ ဒီတော့ ကျွန်မ အကြံပြုချက်တွေကို သူက လက်ခံရင်တော့ ကောင်းတာပေါ့၊ လက်မခံရင် အဲဒီရာထူးမှာ ရက်နည်းနည်းပဲကြာသေးပြီး သူ့ပြဿနာတွေအပေါ် ကျွန်မ စိတ်စွဲနေပြီး မာနထောင်လွှားတယ်လို့ သူပြောကောင်းပြောနိုင်တယ်လို့ပေါ့။ သူက အဲဒါကြောင့် ကျွန်မကို ဆက်ပြီး ပျိုးထောင်မပေးတော့ရင် ဘယ်လိုလုပ်မလဲ ပေါ့။ ဒီလိုစဉ်းစားမိတော့ ဒါကို ထုတ်ပြောဖို့ ကျွန်မ ကြောက်သွားတယ်။ အဲဒါနဲ့ပတ်သက်ပြီး ကျွန်မ အပြစ်ရှိသလိုခံစားရပေမဲ့လည်း နောက်ဆုံးမှာ လက်လျှော့လိုက်တယ်။

တစ်ခါ အစ်မချန်းက ကျွန်မအဖွဲ့ရဲ့ စုဝေးပွဲကို လာတော့ ကျွန်မ အဲဒါကို ထုတ်ပြောချင်ခဲ့တယ်။ ဒါပေမဲ့ သူက တာဝန်နဲ့ အကျွမ်းမဝင်သေးသလို၊ သူ့အတွက် ခက်ခဲတယ်၊ သူက ကောင်းတဲ့ အခြေအနေမှာမှာမရှိဘူးလို့ ပြောတယ်။ သူက ခေါင်းဆောင်မှုနဲ့ ရုန်းကန်ကြိုးစားနေရတဲ့အချိန်မှာ သူ့ပြဿနာတွေကို ကျွန်မက ပြောပြလိုက်ရင် ကျွန်မက လူမဆန်ဘူး၊ မချစ်ခင်တတ်ဘူးလို့ ထင်မှာလားဆိုပြီး ကျွန်မ စဉ်းစားမိတယ်။ ကျွန်မ ဘေးချိတ်လိုက်ဖို့ ဆုံးဖြတ်ခဲ့တယ်။ ပြဿနာက မပြေလည်ဘဲ သူက အပျက်သဘောဆောင်ပြီး ကျွန်မကို မကောင်းမြင်မှာကို ကြောက်မိခဲ့တယ်။ ကျွန်မ ထုတ်မပြောခဲ့ဘူး။ ပျိုးထောင်သူ သင်းထောက်ကို အစားမထိုးတော့ သူ့အလုပ်မှာ မဖြေရှင်းရသေးတဲ့ ပြဿနာတွေ အများကြီးရှိသွားပြီး၊ အဲဒါက ညီအစ်ကိုမောင်နှမတွေရဲ့ အသက်ဝင်ရောက်မှုနဲ့ ဘုရားအိမ်တော်ရဲ့အလုပ်ကို တော်တော်ထိခိုက်စေခဲ့တယ်။ ဒါနဲ့ပတ်သက်ပြီး ကျွန်မ တော်တော် အပြစ်ရှိသလို ခံစားခဲ့ရတယ်။ ကျွန်မ အချိန်မီ ထုတ်ပြောခဲ့ရင် အဆုံးမှာ အဲဒီလောက် ဆိုးမှာမဟုတ်လောက်ဘူး။ နောက်ပိုင်းမှာ ကျွန်မကို တကယ်ကို တို့ထိတဲ့ ဘုရားနှုတ်ကပတ်တော်တချို့ကို စုဝေးပွဲတစ်ခုမှာ ဖတ်ခဲ့ပါတယ်။ “အသင်းတော်၌ရှိသော လူများစွာတို့သည် ထိုးထွင်းသိမြင်မှု မရှိကြပေ။ လှည့်ဖြားမှု တစ်ခုခု ဖြစ်သောအခါ သူတို့သည် စာတန်ဘက်က မမျှော်လင့်ဘဲ ရပ်တည်ကြသည်။ သူတို့သည် စာတန်၏အစေအပါးများဟု အခေါ်ခံ ရသောအခါ သာ၍ပင် စိတ်ဆိုးကြသည်။ ၎င်းတို့ ပိုင်းခြားသိမြင်မှုမရှိဟု လူတို့ ပြောကောင်း ပြောနိုင်သော်လည်း၊ ၎င်းတို့သည် သမ္မာတရား မရှိသည့်ဘက်တွင် အမြဲရပ်တည်ကြသည်၊ အရေးကြီးသည့်အချိန်တွင် သမ္မာတရားဘက်၌ ၎င်းတို့ ဘယ်သောအခါမျှ မရပ်တည်ကြ၊ သမ္မာတရားအတွက် ဘယ်သောအခါမျှ ရပ်တည်ခြင်းမရှိသလို၊ ချေပပြောဆိုခြင်းလည်း မရှိကြချေ။ ၎င်းတို့သည် အမှန်တကယ်ပင် ပိုင်းခြားသိမြင်မှု ကင်းမဲ့ကြပါသလော။ ၎င်းတို့သည် အဘယ်ကြောင့် စာတန်၏ဘက်တွင် မမျှော်လင့်ဘဲ ရပ်တည်မိကြသနည်း။ သမ္မာတရားကို အားပေးသည့်အနေဖြင့် မျှတကာ အကျိုးသင့် အကြောင်းသင့်ရှိသော စကားတစ်လုံးပင် အဘယ်ကြောင့် မည်သည့်အခါမျှ မပြောကြသနည်း။ ၎င်းတို့၏တဒင်္ဂ စိတ်ရှုပ်ထွေးမှု၏ အကျိုးဆက်အနေဖြင့် ဤအခြေအနေ အမှန်တကယ် ဖြစ်ပေါ်ခဲ့ပြီလော။ လူတို့သည် ပိုင်းခြားသိမြင်မှု နည်းလေလေ သမ္မာတရားဘက်၌ ရပ်တည်ဖို့ရန် မတတ်နိုင်လေလေ ဖြစ်သည်။ ဤအရာက မည်သည်ကို ပြသနည်း။ ပိုင်းခြားသိမြင်မှု မရှိသောသူများသည် မကောင်းမှု ချစ်မြတ်နိုးကြောင်းကို ပြသည် မဟုတ်လော။ ၎င်းတို့သည် စာတန်၏ သစ္စာရှိသော သားသမီးများဖြစ်သည်ကို ပြသည်မဟုတ်လော။ ၎င်းတို့သည် အဘယ်ကြောင့် စာတန်ဘက်၌ အမြဲရပ်တည်နိုင်ပြီး စာတန်နှင့် စိတ်တူကိုယ်တူ ရှိကြသနည်း။ ၎င်းတို့၏ စကားလုံးတိုင်းနှင့် အပြုအမူတိုင်း၊ ပြီးလျှင် ၎င်းတို့၏ မျက်နှာအမူအရာများ အားလုံးသည် ၎င်းတို့သည် သမ္မာတရားကို ချစ်သောသူမျိုးထဲက မဟုတ်ဘဲ ယင်းထက် သမ္မာတရားကို ရွံရှာမုန်းတီးသော လူများဖြစ်သည်ကို သက်သေပြဖို့ လုံလောက်ပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သောသူများကို သတိပေးချက်) ဒါကိုဖတ်ရတဲ့အချိန်မှာ ကျွန်မအသိစိတ်က တကယ်ကို စွပ်စွဲခံရသလို ခံစားရတယ်။ အစ်မချန်းက ခေါင်းဆောင်တွေနဲ့ အမှုဆောင်တွေကို ပြောင်းရွှေ့ဖို့အတွက်၊ စည်းမျဉ်းတွေနဲ့ ဆန့်ကျင်တာကို ကျွန်မ မြင်ခဲ့တယ်။ သူက ဖော်ထုတ်ခံရတဲ့ အယောင်ဆောင်အမှုဆောင်ကို အချိန်မီ မထုတ်ခဲ့ဘူး။ ဒါက အသင်းတော်အလုပ်ကို ထိခိုက်ခဲ့တယ်။ သူ့ကို ကျွန်မ မိတ်သဟာယပြုပြီး ဘုရားအိမ်တော်ရဲ့ အလုပ်ကို ကာကွယ်ဖို့ ကူညီပေးဖို့လိုမှန်း ကျွန်မ သိခဲ့တယ်။ ဒါပေမဲ့ ကျွန်မက သူ့ကို စိတ်ဆိုးအောင်လုပ်မိပြီး ကျွန်မအပေါ် သူ့ရဲ့အမြင် ပြောင်းသွားမှာ စိုးလို့၊ တိတ်တဆိတ်နေပြီး စည်းမျဉ်းတွေကို မထိန်းသိမ်းခဲ့ဘူး။ ဒါဟာ ဘုရားအိမ်တော်ရဲ့ အလုပ်က ထိခိုက်ခဲ့ပြီး ကျွန်မကြောင့်လည်း ပါတယ်ဆိုတဲ့ သဘောပဲ။ ကျွန်မသမ္မာတရားကို မချစ်ခဲ့ဘူး၊ ဖြောင့်မတ်ခြင်းအသိစိတ် လုံးဝ မရှိခဲ့ဘဲ၊ ကိုယ့်ကိုယ်ပိုင်အကျိုးစီးပွားကို ကာကွယ်ပြီး စာတန်ဘက်မှာ ရပ်တည်နေတဲ့ စက်ဆုပ်စရာကောင်းတဲ့ သူတစ်ယောက်ပဲဆိုတာ သိခဲ့ရတယ်။ သမ္မာတရားကို ကျွန်မ သင်ယူပြီး ပိုင်းခြားသိမြင်မှု ရနိုင်အောင်လို့ ဒီလို အရေးကြီးတဲ့တာဝန်တစ်ခုမှာ ကိုယ့်ကိုယ်ကိုယ် တိုးတက်စေဖို့ ဘုရားသခင်က ကျွန်မကို မြှင့်တင်ပေးခဲ့ပြီး သမ္မာတရားတွေ အများကြီးကို အလေးအနက် မိတ်သဟာယဖွဲ့ပေးခဲ့တယ်။ ဒီပြဿနာတွေကို မြင်အောင်လည်း ကျွန်မကို သူ လမ်းပြပေးခဲ့တယ်။ စည်းမျဉ်းတွေကို ကျွန်မ ထိန်းသိမ်းပြီး ဘုရားအိမ်တော်အတွက ်ရပ်တည်ဖို့ မျှော်လင့်ရင်းနဲ့ပေါ့။ ဒါပေမဲ့ ကျွန်မ တစ်ကိုယ်ကောင်းဆန်ခဲ့တယ်။ ကိုယ့်ကို ကျွေးတဲ့လက်ကို ပြန်ကိုက်ခဲ့တယ်။ ကျွန်မရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့ ဝိညာဉ်တော်ရဲ့လမ်းပြမှုကို ဆက်တိုက် ကျောခိုင်းနေခဲ့တယ်။ ဘုရားအိမ်တော်ရဲ့ အလုပ်ကို ထိခိုက်စေပြီး၊ နှောင့်နှေးစေပြီး ဘုရားရှေ့မှာ ပြစ်မှားမှုတွေကို ကျူးလွန်ခဲ့တယ်။ ကျွန်မက မှောင်မိုက်ထဲမှာလည်း အသက်ရှင်နေခဲ့ပြီး ဘုရားသခင်ရဲ့ ရွံရှာမှုကို ဖိတ်ခေါ်နေခဲ့တယ်။

နောက်ပိုင်းမှာ ကျွန်မ တစ်ခုခုဖြစ်တဲ့အခါတိုင်းမှာ ဘာကြောင့် ကိုယ့်ကိုယ်ကိုယ် မကာကွယ်ဘဲ မနေနိုင်ရသလဲဆိုတာ စပြီး ဆင်ခြင်သုံးသပ်ခဲ့ပါတယ်။ ကျွန်မက ဘယ်လို ဖောက်ပြန်ပျက်စီးတဲ့ သဘာဝမျိုးရဲ့ ထိန်းချုပ်ခြင်းကို ခံနေရတာလဲ ပေါ့။ အဲဒီအချိန်မှာ ဘုရားနှုတ်ကပတ်တော်ဖတ်ရွတ်ခြင်းဗီဒီယိုတစ်ခုမှာ ဒါတွေအားလုံးရဲ့ အရင်းအမြစ်ကို တွေ့လိုက်ရတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “လူတို့သည် ဘုရားသခင်၏ အမှုကို တွေ့ကြုံရပြီး သမ္မာတရားကို ရရှိပြီးသည်အထိ အတွင်း၌ သူတို့ကို ထိန်းချုပ်၍ အုပ်စိုးသည်မှာ စာတန်၏ သဘာဝဗီဇဖြစ်၏။ အတိအကျဆိုရလျှင် ထိုသဘာဝဗီဇကို မည်သည့်အရာက ဖြစ်ပေါ်စေသနည်း။ ဥပမာ၊ သင်သည် အဘယ်ကြောင့် တစ်ကိုယ်ကောင်းဆန်ရသနည်း။ သင်၏ကိုယ်ပိုင် ရာထူးဂုဏ်ဒြပ်ကို အဘယ်ကြောင့် ကာကွယ် သနည်း။ သင်သည် အဘယ်ကြောင့် ထိုသို့သော အားကောင်းသည့် စိတ်ခံစားချက်များ ရှိသနည်း။ ထိုမဖြောင့်မတ်သော အရာများကို သင်သည် အဘယ်ကြောင့် မွေ့လျော်ခံစားသနည်း။ သင်သည် အဘယ်ကြောင့် ထိုမကောင်းမှုများကို နှစ်သက်သနည်း။ ထိုသို့သော အရာများကို သင်၏ ကြိုက်နှစ်သက်ခြင်း၏ အခြေခံအကြောင်းရင်းက အဘယ်နည်း။ ဤအရာတို့သည် အဘယ်အရပ်က လာကြသနည်း။ ၎င်းတို့အား လက်ခံသည်ကို သင် အဘယ်ကြောင့် အလွန်ပျော်ရွှင်နေသနည်း။ ဤအရာများအားလုံး၏ နောက်ကွယ်ရှိ အဓိက အကြောင်းရင်းမှာ သင်တို့အတွင်းတွင် စာတန်၏အဆိပ်ရှိခြင်းကြောင့် ဖြစ်ကြောင်း ယခုတွင် သင်တို့အားလုံး နားလည်လာကြပြီ။ စာတန်၏အဆိပ်မှာ မည်သည့်အရာဖြစ်ကြောင်းနှင့် ပတ်သက်၍၊ ယင်းကို စကားလုံးများဖြင့် အပြည့်အဝ ဖော်ပြနိုင်၏။ ဥပမာအားဖြင့်၊ သင်က ‘လူများ အဘယ်သို့ အသက်ရှင်နေထိုင်သင့်သနည်း။ လူများသည် အဘယ်အရာအတွက် အသက်ရှင်သင့်သနည်း’ ဟု မေးပါက၊ သူတို့က ‘လူတိုင်း ကိုယ့်အတွက်သာ ကိုယ်ကြည့်ပြီး၊ ဘယ်သူသေသေ ငတေမာပြီးရော ဖြစ်သည်’ ဟု ဖြေကြလိမ့်မည်။ ဤတစ်ခုတည်းသော စကားစုက ပြဿနာ၏ တကယ့်အရင်းအမြစ်ကို ဖော်ပြလေသည်။ စာတန်၏ တွေးခေါ်မှုစနစ်သည် လူသားတို့၏ အသက်တာများ ဖြစ်လာပြီဖြစ်သည်။ လူများသည် အဘယ်အရာနောက်သို့ လိုက်သည်ဖြစ်စေ၊ မိမိတို့ကိုယ်တိုင်အတွက်သာ လုပ်ဆောင်ခြင်းဖြစ်သည်— ထို့ကြောင့် ၎င်းတို့သည် မိမိတို့ကိုယ်ကိုအတွက်သာ အသက်ရှင်ကြသည်။ ‘ကိုယ့်အတွက်ပဲ ကိုယ်ကြည့်၊ ဘယ်သူသေသေ ငတေမာပြီးရော’ ဟူသော ဤအရာမှာ လူသား၏အသက်နှင့် ဒဿနအမြင်ဖြစ်ပြီး ယင်းက လူသား၏ သဘာဝကိုလည်း ကိုယ်စားပြုလေသည်။ စာတန်၏ ဤစကားများမှာ အတိအကျဆိုရလျှင် စာတန်၏ အဆိပ်ဖြစ်ပြီး၊ လူတို့က ယင်းကို နှလုံးသွင်းကြသည့်အခါတွင်၊ ယင်းသည် သူတို့၏ သဘာဝဗီဇ ဖြစ်လာသည်။ စာတန်၏ သဘာဝဗီဇမှာ ဤစကားလုံးများအားဖြင့် ထုတ်ဖော်ခြင်းခံရသည်။ ယင်းတို့က ၎င်းကို လုံးလုံး ကိုယ်စားပြု၏။ ဤအဆိပ်သည် လူတို့၏ အသက်များဖြစ်လာသည့်အပြင်၊ သူတို့တည်ရှိမှု၏ အခြေခံအုတ်မြစ်ဖြစ်လာပြီး ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်က နှစ်ထောင်ချီ၍ ဤအဆိပ်၏ အုပ်စိုးခြင်းကို မပြောင်းမလဲ ခံလာရပြီဖြစ်သည်။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ပေတရု၏လမ်းကြောင်းအတိုင်း လျှောက်လှမ်းနည်း”) ဒီကနေ ကျွန်မရလိုက်တာက ကျွန်မဟာ စာတန်ရဲ့အဆိပ်တွေ ထိန်းချုပ်တာကို ခံရလို့ ကျွန်မရဲ့ အကျိုးစီးပွားတွေကို အမြဲကာကွယ်နေခဲ့တယ် ဆိုတာပဲ။ “မိမိကိုယ်သာ ကိုးကွယ်ရာဖြစ်၏” “မိမိကိုယ်ကို ကာကွယ်ရန် ဆိတ်ဆိတ်ငြိမ်နေ၍ အပြစ်တင်ခံရမှုမှ လွတ်မြောက်ရန်သာ ကြိုးစားပါ”၊ “တစ်စုံတစ်ရာ မှားယွင်းသည်ကို သိသည့်အခါ၊ နည်းနည်းပြောသည်က ပိုကောင်း၏”ဆိုတာတွေပေါ့။ ကျွန်မက ဒီ ဆိုးယုတ်တဲ့ အဆိပ်တွေထဲမှာ အတော်ကြာနှစ်မြုပ်နေခဲ့ပြီး အဲဒါတွေက ကျွန်မရဲ့ တကယ့် သဘာဝ ဖြစ်လာခဲ့တယ်။ ကျွန်မက အဲဒါတွေနဲ့ အသက်ရှင်နေထိုင်နေခဲ့တာ။ ဒါကြောင့် အခြေအနေတိုင်းမှာ ကျွန်မရဲ့ အကျိုးစီးပွားကိုပဲ ကာကွယ်နေခဲ့တာပါ။ ညီအစ်ကိုမောင်နှမတွေကြားမှာ ကျွန်မဟာ ကျွန်မရဲ့ ဂုဏ်သတင်းနဲ့ အဆင့်အတန်းကိုပဲ တွေးပြီး ဘုရားအိမ်တော်ရဲ့အလုပ်ကို မတွေးခဲ့ဘူး။ ခေါင်းဆောင်တစ်ယောက်က လူတွေကို ရွှေ့ပြောင်းတဲ့အခါ၊ စည်းမျဉ်းတွေကို ချိုးဖောက်နေတာကို ရှင်းရှင်းလင်းလင်း မြင်ခဲ့ပေမဲ့ တစ်ခုခုပြောလိုက်ရင် ကျွန်မအတွက် မကောင်းနိုင်ဘူးဆိုပြီး ကြောက်နေခဲ့တယ်။ အဲဒါကြောင့် ကျွန်မရဲ့ နေရာနဲ့ ကျွန်မအနာဂတ်ကို ကာကွယ်ဖို့ ဆက်ပြီး သိလျက်နဲ့ မသိချင်ယောင်ဆောင်ခဲ့တယ်။ အချိန်မီ မိတ်သဟာယပြုပြီး မကူညီပေးခဲ့ဘူး။ ကျွန်မရဲ့ အကျိုးစီးပွားကို မထိခိုက်စေခင်မှာ သူများတွေရဲ့ အသက်ဝင်ရောက်မှုနဲ့ အသင်းတော်အလုပ် ထိခိုက်တာကို မြင်ဖို့အတွက် အဆင်သင့်ဖြစ်နေခဲ့တယ်။ ကျွန်မက ဘယ်လောက်တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ်ဖြစ်သလဲဆိုတာ မြင်နိုင်ခဲ့တယ်။ ကျွန်မက ဒီဆိုးယုတ်တဲ့ အဆိပ်တွေနဲ့ အသက်ရှင်နေပြီး ပိုပိုပြီး တစ်ကိုယ်ကောင်းဆန်သလို၊ ဉာဏ်များလာခဲ့တယ်။ ဘာလူ့သဘာဝမှ မရှိဘဲ ရှင်သန်နေခဲ့တယ်။ ကျွန်မက ကိုယ့်ကိုယ်ကိုယ် ထိခိုက်စေခဲ့ပြီး ဘုရားအိမ်တော်ရဲ့အလုပ်ကို နှောင့်နှေးစေသလို အနှောင့်အယှက်ဖြစ်စေခဲ့တယ်။ ဒီအဆိပ်တွေက လူတွေကို ဖောက်ပြန်ပျက်စီးစေပြီး ထိခိုက်စေတာတွေပဲ လုပ်တယ်။ ဒါကြောင့် ကျွန်မတို့ဟာ ဘုရားကို ပုန်ကန်ပြီး မအာခံဘဲမနေနိုင်ကြဘူး။ ဒီပြဿနာတွေကို ဖြေရှင်းဖို့နောင်တရပြီး သမ္မာတရားကို မရှာဖွေရင် အဆုံးမှာ ကျွန်မ စွန့်ပစ်ခံရမယ်၊ ဘုရားရဲ့ ဖယ်ရှားခြင်းကို ခံရမယ်၊ ပြီးတော့ ကယ်တင်ခြင်းရဖို့ ကျွန်မရဲ့ အခွင့်အလမ်းဆုံးရှုံးရမယ်ဆိုတာ သိခဲ့ပါတယ်။ ကျွန်မအတွက် ဘုရားသခင်ရဲ့ ခွင့်လွှတ်ခြင်းနဲ့ ကယ်တင်ခြင်းကိုလည်း ကျွန်မ မြင်တွေ့ခဲ့ပါတယ်။ ကျွန်မက အရမ်းပုန်ကန်တတ်ခဲ့ပေမဲ့ ဘုရားသခင်က အမှုအရာတွေကို ထပ်ခါထပ်ခါ ပြင်ဆင်ပေးခဲ့တယ်။ သူ့နှုတ်ကပတ်တော်တွေနဲ့ လမ်းပြပြီး ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးခြင်းကို ပြသပေးတယ်။ ဘုရားကို မနာခံတာ ရပ်တန့်ရမယ်၊ ကျွန်မရဲ့ ဇာတိပကတိကို စွန့်လွှတ်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရမယ်ဆိုတာ ကျွန်မသိခဲ့တယ်။

နောက်ပိုင်းမှာ ကျွန်မဖတ်တဲ့ နောက်ထပ် ကျမ်းပိုဒ်တစ်ခုရှိတယ်။ “တစ်စုံတစ်ယောက်ကို ရာထူးတိုးမြှင့်ပေးခြင်းနှင့် ပျိုးထောင်ခြင်းက ထိုသူသည် သမ္မာတရားကို နားလည်ပြီးဖြစ်သည်ဟု ဆိုလိုခြင်းမဟုတ်သကဲ့သို့ သူ၏ တာဝန်ကို ကျေနပ်ဖွယ် ဆောင်ရွက်နိုင်စွမ်းရှိပြီးဖြစ်သည်ဟု ဆိုခြင်းလည်း မဟုတ်ပေ။...ရာထူးတိုးမြှင့်ပြီး ပျိုးထောင်ခြင်းခံရသောသူတို့အပေါ် လူတို့သည် ကြီးမားသော မျှော်လင့်ချက်များ၊ သို့မဟုတ် လက်တွေ့မကျသော တောင်းဆိုမှုများ မထားရှိရပေ။ ဤသည်မှာ ကျိုးကြောင်းသင့်လျော်မှု ရှိမည်မဟုတ်၊ ၎င်းတို့အပေါ် မတရားရာလည်း ကျပေမည်။ သင်တို့သည် ၎င်းတို့ကို စောင့်ကြည့်စစ်ဆေးနိုင်ပြီး ပြဿနာဖြစ်စေသည်ဟု သင်တို့ယုံကြည်သည့် အရာများကို တင်ပြနိုင်သည်။ သို့သော် ၎င်းတို့သည် ပျိုးထောင်ခြင်းကာလတွင်သာ ရှိနေသောသူများ ဖြစ်နေ၍ ၎င်းတို့ကို ခြောက်ပြစ်ကင်းသူများအဖြစ်၊ သို့မဟုတ် သမ္မာတရား စစ်မှန်မှုကို ပိုင်ဆိုင်သောသူများအဖြစ် ရှုမြင်ရန် မဆိုထားနှင့်၊ စုံလင်အောင် ပြုခြင်းခံရပြီးဖြစ်သောသူများအနေဖြင့်ပင် မရှုမြင်သင့်ပေ။ ၎င်းတို့သည် သင်တို့ကဲ့သို့ပင်ဖြစ်သည်။ ဤသည်မှာ ၎င်းတို့ကို လေ့ကျင့်ပေးသည့် အချိန်ဖြစ်သည်။...ဤသို့ ငါပြောဆိုရာ၌ မည်သည့်အရာကို ဆိုလိုသနည်း။ အရည်အချင်းရှိသူအမျိုးမျိုးကို ဘုရားသခင်၏ အိမ်တော်က ရာထူးတိုးမြှင့်ပေးခြင်း၊ ပျိုးထောင်ခြင်းတို့ကို အဓိပ္ပာယ်ကောက်မလွဲရ၊ ဤသူတို့အပေါ်တွင် တောင်းဆိုမှုများ မပြင်းထန်ရဟု လူတိုင်းကို ပြောပြရန်ဖြစ်သည်။ ပြောစရာမလိုသည်မှာ ၎င်းတို့အပေါ် လူတို့၏ ထင်မြင်ချက်များသည် လက်တွေ့မကျခြင်းလည်း မဖြစ်ရပေ။ ၎င်းတို့ကို အလွန်အမင်း ကျေးဇူးတင်ခြင်း၊ သို့မဟုတ် အလွန်အမင်း ရိုသေလေးစားခြင်းမှာ မိုက်မဲသကဲ့သို့ ၎င်းတို့အပေါ် သင်၏ တောင်းဆိုမှုများ ပြင်းထန်ခြင်းသည်လည်း လူသားမဆန်ပေ၊ သို့မဟုတ် လက်တွေ့မကျပေ။ ဤသို့ဆိုလျှင် ၎င်းတို့အပေါ် ပြုမူရန် ကျိုးကြောင်းအသင့်ဆုံးနည်းလမ်းမှာ အဘယ်နည်း။ ၎င်းတို့ကို သာမန်လူများအဖြစ် မှတ်ယူရန်ဖြစ်သည်။ ရှာဖွေရန် လိုအပ်သည့် ပြဿနာတစ်ခုရှိသည့်အခါတွင် ၎င်းတို့နှင့် မိတ်သဟာယဖွဲ့ပြီး တစ်ယောက်၏ အားသာချက်ကို တစ်ယောက်သင်ယူရန်၊ အချင်းချင်း ဖြည့်စွက်ပေးရန်ဖြစ်သည်။ ထို့အပြင် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် တကယ့်အလုပ်ကို လုပ်ခြင်းရှိမရှိ၊ ၎င်းတို့၏ တာဝန်ကို ဆောင်ရွက်ရာတွင် ကျွမ်းကျင်မှုရှိမရှိကို စောင့်ကြည့်စစ်ဆေးရန်မှာ လူတိုင်း၏ တာဝန်ဖြစ်သည်။ ၎င်းတို့သည် ထိုသို့ပြုလုပ်ခြင်းမရှိလျှင်၊ သင်တို့က ၎င်းတို့ကို ထိုးထွင်းသိမြင်ပြီးဖြစ်လျှင် အချိန်ဖြုန်းမနေဘဲ ၎င်းတို့ကို တင်ပြလော့၊ သို့မဟုတ် ဖယ်ရှားလော့။ အခြားတစ်ယောက်ကို ရွေးချယ်လော့၊ ဘုရားအိမ်တော်၏ အလုပ်ကို မနှောင့်နှေးစေနှင့်။ ဘုရားအိမ်တော်၏အလုပ်ကို နှောင့်နှေးစေခြင်းသည် သင့်ကိုယ်သင်နှင့် သူတစ်ပါးတို့ကို ထိခိုက်နစ်နာစေခြင်းဖြစ်သည်၊ မည်သူ့အတွက်မျှ အကျိုးမရှိပေ။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “အယောင်ဆောင်ခေါင်းဆောင်များကို ခွဲခြားဖော်ထုတ်ခြင်း (၅)”) ခေါင်းဆောင်တွေနဲ့ အမှုဆောင်တွေကို ဘယ်လိုဆက်ဆံရမယ်ဆိုတဲ့ စည်းမျဉ်းတွေကို ဒီအပိုဒ်က ကျွန်မကို ပြခဲ့ပါတယ်။ သူတို့တွေက အစကတည်းက သမ္မာတရားကို နားလည်ပြီး အဲဒီရာထူးနဲ့ ကောင်းကောင်း သင့်တော်နေတာတော့ မဟုတ်ဘူး။ သူတို့က လေ့ကျင့်ဆဲကာလတစ်ခုမှာရှိနေတယ်။ သူတို့မှာ အားနည်းချက်၊ ချွတ်ယွင်းချက်တွေရှိတယ်။ ဒါကြောင့် သူတို့နဲ့ပတ်သက်လို့ ကျွန်မတို့က တရားမျှတမှုရှိရမယ်။ အရမ်းကို မညှာမတာ မခိုင်းရဘူး။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ သူတို့အလုပ်အပေါ် စောင့်ကြည့်ဖို့ ကျွန်မတို့မှာ တာဝန်ရှိပါတယ်။ သမ္မာတရားနဲ့ ကိုက်ညီတဲ့အခါမှာ ကျွန်မတို့ လက်ခံဖို့လိုတယ်။ မကိုက်ညီရင် သူတို့တာဝန်မှာ အမှားတွေကို သူတို့မြင်ပြီး အမြန်ဆုံး ပြုပြင်နိုင်ဖို့ ထောက်ပြပြီး မိတ်သဟာယနဲ့ အကူအညီပေးဖို့လိုတယ်။ အဲဒါက သူတို့ကိုယ်တိုင်ရဲ့ အသက်ဝင်ရောက်မှုနဲ့ ဘုရားအိမ်တော်ရဲ့အလုပ်အတွက် ကောင်းတယ်။ သူတို့တွေက လက်တွေ့အလုပ်ကို မလုပ်သလို၊ လုပ်နိုင်စွမ်းမရှိတဲ့ အယောင်ဆောင်ခေါင်းဆောင်တွေဖြစ်မှန်း သိသာလာရင် ဒါကို ချက်ချင်း တိုင်ကြားဖို့ လိုတယ်။ အစ်မချန်းက အဲဒီတာဝန်နဲ့ အကျွမ်းမဝင်သေးလို့ အမှားတွေလုပ်မိမှာ သေချာတယ်ဆိုတာ ကျွန်မ သိခဲ့ပါတယ်။ ပြဿနာတွေကို ကျွန်မ မြင်ပြီးဖြစ်တဲ့အတွက်၊ အဲဒါတွေကို ထောက်ပြပြီး မိတ်သဟာယဖွဲ့ဖို့ ကျွန်မမှာ တာဝန်ရှိပါတယ်။ သူ လက်ခံဖို့ ငြင်းဆန်ရင် ကျွန်မ သူ့ကို တိုင်ကြားပြီး ဖော်ထုတ်လို့ရတယ်။ အကြောင်းမဲ့သက်သက် ရပ်နေပြီး ဘုရားအိမ်တော်ရဲ့အလုပ် ထိခိုက်တာကို ကြည့်နေလို့ မဖြစ်ဘူး။ အဲဒီအချိန်မှာ ကျွန်မ ကိုယ်ပိုင် အကျိုးစီးပွားကို မကာကွယ်ချင်တော့သလို၊ ဘုရားအိမ်တော်ရဲ့အလုပ်ကိုကာကွယ်ဖို့အတွက် ကျွန်မရဲ့ ရည်ရွယ်ချက်တွေကို ပြုပြင်ဖို့ အသင့်ဖြစ်နေခဲ့တယ်။ အစ်မချန်းက ကျွန်မတို့အလုပ်ကို ကြည့်ဖို့အတွက် သုံးလေးရက်ကြာပြီးနောက်မှာ ရောက်လာတယ်။ အဲဒါနဲ့ သူက စည်းမျဉ်းတွေကို ချိုးဖောက်ခဲ့ပုံကို ကျွန်မ သူ့ကို ပြောပြခဲ့ပြီး ကျွန်မကိုယ်တိုင်ရဲ့ လတ်တလော တစ်ကိုယ်ကောင်းဆန်မှုနဲ့ ကောက်ကျစ်မှုကို ဖွင့်ပြောခဲ့တယ်။ သူက သူ့ကိုယ်သူ ဆင်ခြင်ဖို့အတွက် ဘုရားနှုတ်ကပတ်တော်တွေကို အသုံးပြုခဲ့ပြီး အဲဒီကိစ္စတွေကို ကိုင်တွယ်ရင်းနဲ့ သူလုပ်ခဲ့တဲ့ အမှားတွေနဲ့ သူ ထုတ်ဖော်ပြခဲ့တဲ့ ဖောက်ပြန်ပျက်စီးခြင်းကို မြင်ခဲ့ပြီးတော့ ပြောင်းလဲချင်တဲ့ ဆန္ဒကို ဖော်ပြခဲ့ပါတယ်။

အဲဒီနောက်မှာတော့ လူတွေရဲ့ တာဝန်တွေကို ပြောင်းတာနဲ့ ပတ်သက်တဲ့ သတ်မှတ်ထားတဲ့ စည်းမျဉ်းတွေအကြောင်း ကျွန်မတို့ ပြောခဲ့ကြတယ်။ ကျွန်မတို့ရဲ့ မိတ်သဟာယပြီးတဲ့နောက်မှာ ပိုပြီး ရှင်းလင်းသွားပြီးတော့ ဘုရားသခင်ရဲ့ လမ်းပြမှုနဲ့ ကောင်းချီးတွေကို မြင်တွေ့ခဲ့ပါတယ်။ အဲဒီနောက်မှာ စည်းမျဉ်းက သတ်မှတ်ထားတဲ့အတိုင်း အစ်မကျန်းကို သူ လူစားထိုးခဲ့တယ်။ ခေါင်းဆောင်တစ်ယောက်ရဲ့တာဝန်မှာ ပြဿနာတွေကို မြင်တာနဲ့ တစ်ပြိုင်နက် မှတ်ချက်ပေးပြီး ကူညီပေးတာက အပြုသဘောဆောင်တဲ့အရာဆိုတာ ဒီအတွေ့အကြုံက ကျွန်မကို သင်ပေးခဲ့ပါတယ်။ ဒါဟာ တရားမျှတမှုရှိပြီး ဘုရားအိမ်တော်ရဲ့အလုပ်ကို ကာကွယ်ပေးတယ်။ ဘုရားရဲ့အိမ်တော်က လူတိုင်းကို သမ္မာတရားစည်းမျဉ်းတွေနဲ့အညီ ဆက်ဆံတယ်ဆိုတာကိုလည်း ကျွန်မ တွေ့ခဲ့ရပါတယ်။ ခဏတာ ပြစ်မှားမှု၊ သူတို့တွေ ဖွင့်ပြတဲ့ ဖောက်ပြန်ပျက်စီးမှုတချို့ကြောင့် ဘယ်သူကမှ သူတို့တာဝန်ကို မဆုံးရှုံးရပါဘူး။ ဒါပေမဲ့ သူတို့ရဲ့ လမ်းကြောင်း၊ သူတို့သဘာဝနဲ့ အနှစ်သာရ၊ သမ္မာတရားအပေါ် သူတို့ရဲ့ သဘောထားတွေအားလုံးကို ချင့်ချိန်ပြီး၊ သင့်တော်သလို ဆက်ဆံခံရပါတယ်။ ဒါက မျှတပြီး ကျိုးကြောင်းသင့်ပါတယ်။ ခေါင်းဆောင်တွေနဲ့ အမှုဆောင်တွေကို စည်းမျဉ်းတွေနဲ့အညီ ဆက်ဆံခြင်းကသာ ဘုရားအိမ်တော်ရဲ့အလုပ်နဲ့ သူများတွေကို အကျိုးဖြစ်စေနိုင်ပြီး ဘုရားအလိုတော်နဲ့ ညီပါတယ်။ ခေါင်းဆောင်တွေနဲ့ အမှုဆောင်တွေအပေါ် မှန်ကန်တဲ့ ချဉ်းကပ်မှုနဲ့ သူတို့မှာ ရှိနိုင်တဲ့ ပြဿနာအမျိုးမျိုးကို ကိုင်တွယ်ဖို့ စည်းမျဉ်းတွေကို ဒီ အတွေ့အကြုံတွေက ကျွန်မကို ပြသခဲ့ပါတယ်။ ကျွန်မရဲ့ တစ်ကိုယ်ကောင်းဆန်တဲ့၊ ဉာဏ်များပြီး ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေအပေါ် နားလည်မှုတချို့ကိုလည်း ကျွန်မ ရရှိခဲ့ပြီး တစ်ကိုယ်ကောင်းဆန်ဆန် အသက်ရှင်တာကို ရပ်တန့်ချင်ခဲ့တယ်။ နောက်ဆုံးမှာ ကျွန်မ စည်းမျဉ်းတွေကို ထိန်းသိမ်းခဲ့ပြီး တရားမျှတမှု အသိစိတ်တချို့ရှိခဲ့တယ်။ ကျွန်မ ရရှိခဲ့တဲ့အရာအတွက် ဘုရားသခင်ကို ကျွန်မ အရမ်းကျေးဇူးတင်တယ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဤလမ်းကြောင်းပေါ် ကျွန်ုပ် ဆုံးဖြတ်ချက်ခိုင်မာသည်

ဟန်ချန် တရုတ်နိုင်ငံ ဟိုတစ်နှစ်က ဧဝံဂေလိဟောမှုနဲ့ အစ်မအဖမ်းခံရတယ်။ အစ်မကို ကွန်မြူနစ်ပါတီက အစွန်းရောက်ဂိုဏ်းကို စုစည်းအသုံးပြုပြီး...

“ကောင်းမွန်သည့် ပုံရိပ်”နောက်ကွယ်တွင် မည်သည့်အရာ ရှိသနည်း

ဝေ့ချန် ကိုရီးယားနိုင်ငံပြီးခဲ့သည့်နှစ် ဒီဇင်ဘာက ကျွန်မက အသင်းတော်မှာ ဧဝံဂေလိ သင်းထောက်တစ်ယောက်အနေနှင့် အလုပ် လုပ်ခဲ့ပါသည်။...

စိတ်နှလုံး၏ အထုံးအနှောင်များကို ဖြေခြင်း

ချန်ယီ တရုတ်နိုင်ငံ ပြီးခဲ့တဲ့ နွေဦးတုန်းက အသင်းတော်ထဲမှာ ကျွန်မက ဧဝံဂေလိ တာဝန် ယူနေတုန်းမှာ ဖြစ်ခဲ့တာပါ။ အဲဒီတုန်းက၊ အစ်မ ဝမ်က ဧဝံဂေလိ...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။