ကျွန်ုပ်၏ ကံကြမ္မာနှင့်ပတ်သက်၍ နောက်တစ်ဖန် လုံးဝ ညည်းညူမည်မဟုတ်ပါ

29.04.2024

ကြီးပြင်းလာတော့ ကျွန်မရဲ့ မိသားစုက အတော်ဆင်းရဲခဲ့တယ်။ အခြေခံလိုအပ်တွေအတွက် ဘယ်တော့မှ မသေချာခဲ့ဘူး။ ကျွန်မတို့ကို ကျွေးမွေးဖို့ အမေက အိမ်နီးချင်းဆီကနေ ဆန်မကြာခဏ တောင်းခဲ့ရပြီး၊ ကျွန်မဝတ်ခဲ့တဲ့ အဝတ်အများကြီးမှာ အဖာရာတွေ ရှိတယ်။ ကျွန်မ မကြာခဏ အနိုင်ကျင့်ခံရပြီး ခွဲခြားဆက်ဆံခံခဲ့ရတယ်။ ကျွန်မက ဆင်းဆင်းရဲရဲဘဝကလာတာလို့ တခြားကလေးတွေက ပြောကြတယ်။ ကျွန်မ မတရားခံရသလိုမျိုး ခံစားရပြီး၊ ချမ်းချမ်းသာသာ မွေးမလာခဲ့တာက ကျွန်မ ကံမကောင်းလို့ ဖြစ်ရမယ်လို့ တွေးခဲ့တယ်။ ကျောင်းမှာ ကျွန်မ စာကြိုးစားတယ်၊ “အခု ငါ ကြိုးစားရင်၊ တက္ကသိုလ်ဝင်ခွင့်ဖြေပြီး အလုပ်ကောင်းတစ်ခု ရနိုင်မှာ၊ အဲဒါဆို သေချာပေါက် ငါ့ကံက ပြောင်းလဲသွားပြီး အထက်တန်းစားလို အသက်ရှင်ရမှာပဲ”လို့ တွေးနေမိခဲ့တယ်။ ကျွန်မ ညနက်တဲ့ထိ စာကျက်ပြီး၊ အတန်းထဲမှာ အဆင့်တက်လာခဲ့တယ်။ ဒါက ပိုကောင်းတဲ့ ဘဝတစ်ခုအတွက် ကျွန်မရဲ့ လက်မှတ်ဖြစ်နိုင်တယ်လို့ တွေးခဲ့တယ်။ ဒါပေမဲ့ အလယ်တန်းကျောင်းရောက်တော့၊ အဝေးမှုန်ပါဝါများတဲ့အပြင်၊ အတွင်းတိမ်တွေ၊ မျက်လေးပြီး မျက်စိဆုံချက်မညီတဲ့ ရောဂါတွေ ရှာတွေ့ခဲ့တယ်။ ကျွန်မ ကိုယ့်ကိုယ်ကို မစောင့်ရှောက်နိုင်ခဲ့သလို၊ ကျောင်းထွက်ခဲ့ရတယ်။ အဲဒီတုန်းက၊ ကျွန်မ လုံးဝကို စိတ်ဓာတ်ကျခဲ့ပြီး၊ ကျွန်မဘဝက ဇာတ်သိမ်းပြီ၊ ကိုယ့်ကံက ဒီလိုပါလာပြီးသားလို့ ထင်ခဲ့တယ်။ စိတ်နှလုံးထဲမှာ ကောင်းကင်ဘုံရဲ့ တရားမမျှတမှုကို ညည်းညူခဲ့ပြီး မကောင်းတဲ့ ကံရှိတယ်လို့ တွေးခဲ့တယ်။ အဲဒီလိုနဲ့ပဲ၊ ကျွန်မ စိတ်ဓာတ်ကျခြင်းထဲ နစ်လာခဲ့တယ်။

ဘုရားရဲ့ နောက်ဆုံးသော ကာလ အမှုတော်ကို လက်ခံပြီးတော့ ကျွန်မတို့ ခေါင်းဆောင်က စုဝေးပွဲတွေလုပ်ပြီး ပြဿနာတွေကို ဖြေရှင်းဖို့ သမ္မာတရားကို မိတ်သဟာယပြုခဲ့ပုံကို မြင်ပြီးတဲ့နောက်မှာ၊ ကျွန်မ အားကျလာခဲ့တယ်။ ကျွန်မ ကိုယ့်ကိုယ်ကိုယ် တွေးမိတယ်။ “ငါ တစ်နေ့ သင်းထောက် ဒါမှမဟုတ် ခေါင်းဆောင်တစ်ယောက် ဖြစ်လာပြီး၊ ညီအစ်ကို မောင်နှမတွေရဲ့ ပြဿနာတွေကို ဖြေရှင်းပေးပြီး သူတို့ရဲ့ လေးစားမှုနဲ့ အားပေးမှုတွေကို ရလိုက်ရင် ဘယ်လောက် ကျက်သရေရှိလိုက်မလဲ”လို့ပေါ့။ ဒါကြောင့်၊ ဘုရားနှုတ်ကပတ်တော် ဖတ်တာကို ပိုလို့တောင် အားထုတ်ခဲ့တယ်။ တစ်နေ့မှာ ကျွန်မလည်း ခေါင်းဆောင်၊ ဒါမှမဟုတ် သင်းထောက် ဖြစ်လာနိုင်တယ်လို့ မျှော်လင့်ရင်းနဲ့၊ အသင်းတော်က ပေးတဲ့ ဘယ်အလုပ်ကိုမဆို လက်ခံခဲ့ပြီး၊ ဒုက္ခနဲ့ ခက်ခဲတဲ့အလုပ်ကို သည်းညည်းခံခဲ့တယ်။ ဒါပေမဲ့ နှစ်အတော်ကြာတဲ့နောက်မှာ၊ ဘယ်ရာထူးအတွက်မှ အရွေးမခံရသေးဘူး။ ဒီဘုရားအမှုတော်အဆင့်ကို ကျွန်မနဲ့အတူ လက်ခံခဲ့တဲ့ ညီအစ်မတစ်ယောက်က ယုံကြည်ခြင်းထဲဝင်ရောက်တဲ့နောက် မကြာခင်မှာ ခေါင်းဆောင်ဖြစ်သွားတယ်။ ဒီညီအစ်မက စုဝေးပွဲတွေမှာ ပြဿနာတွေကို ဖြေရှင်းဖို့ ဘုရားနှုတ်ကပတ်တော်ကို မိတ်သဟာယပြုတာကို မြင်ရတော့၊ ကိုယ့်ဘာသာ တွေးမိတယ်၊ “ဒီအမှုတော်အဆင့်ကို ငါတို့ အတူတူ လက်ခံခဲ့ကြပြီး၊ ဘုရားအိမ်တော်ကို ရောက်လာပြီး မကြာဘူး၊ သူက ခေါင်းဆောင်အနေနဲ့ အစေခံနှင့်နေပြီး၊ လူတိုင်းရဲ့ လေးစားမှုနဲ့ အားပေးမှုကို ရနေပြီ။ ငါကတော့၊ ဘယ်လိုပဲ ကြိုးစားပါစေ၊ ခေါင်းဆောင် ဖြစ်လာသေးဘူး။ ဒီတော့ ငါ့မှာ မကောင်းတဲ့ ကံကြမ္မာရှိတယ်ထင်တယ်”ပေါ့။ တစ်ခါတလေ ကျွန်မပေးတဲ့ အကြံတွေကို အကောင်အထည်မဖော်ကြတော့၊ ကိုယ့်ဘာသာ တွေးမိတယ်၊ “အင်းလေ၊ ငါ ဘယ်တော့မှ ခေါင်းဆောင် ဖြစ်လာမှာ မဟုတ်ပါဘူး။ ငါလည်း ဒီအဖွဲ့ငယ်လေးမှာပဲ အလိုက်သင့်နေရမယ်ထင်တယ်။ ငါ့ အသက်မွေးအလုပ်မှာပဲဖြစ်ဖြစ်၊ ဘုရားအိမ်တော်ထဲမှာပဲဖြစ်ဖြစ်၊ ငါက ဆင်းရဲဒုက္ခကြုံဖို့ ကံပါလာပြီး၊ ဒီဘဝမှာ ကိုယ့်ကိုယ်ကို လုံးဝ ထင်ရှားကျော်ကြားမှုရမှာ မဟုတ်ပါဘူး”လို့ပေါ့။ ဒီမှတ်ချက်ကို ချလာမိတဲ့နောက်မှာ၊ ဘုရားနှုတ်ကပတ်တော် ဖတ်ပြီး သမ္မာတရား လိုက်စားတာကို စိတ်အားထက်သန်မှု တဖြည်းဖြည်း လျော့နည်းလာတယ်။

နောက်ပိုင်းမှာ၊ ကျွန်မမှာ စာပေပါရမီတချို့ ရှိတာကို ခေါင်းဆောင်က မြင်ပြီး စာနဲ့ဆိုင်တဲ့ တာဝန်ကို ထမ်းဆောင်ခိုင်းတယ်၊ ကျွန်မ ဖော်ပြမရအောင်ကို ဝမ်းသာသွားတယ်၊ နောက်ဆုံးတော့ ကိုယ့်ကိုယ်ကိုယ် ထင်ရှားကျော်ကြားစေဖို့ အခွင့်အရေးရပြီလို့ တွေးမိတယ်။ ကျွန်မ နေ့ရောညပါ အလုပ်လုပ်ပြီး၊ တာဝန်မှာ ရလဒ်ကောင်းတချို့ ရခဲ့တယ်။ အဲဒါနဲ့မကြာဘူး၊ ကျွန်မ ရာထူးတိုးခဲ့တယ်။ ကျွန်မ တကယ်ကို အရမ်းပျော်ပြီး၊ ကိုယ့်တာဝန်မှာ ပိုလို့တောင် တက်ကြွခဲ့တယ်။ ဒါပေမဲ့ နောက်တော့ ကျွန်မရှိခဲ့တဲ့ ဒီလည်ပင်းညှပ်ရိုး ပြဿနာက ပိုဆိုးလာပြီး ကိုယ့်တာဝန်ကို ကောင်းကောင်း မလုပ်နိုင်ခဲ့ဘူး။ ကျွန်မရဲ့ နဂိုမူလအသင်းတော်ဆီ ပြန်သွားခဲ့ရပြီး တတ်နိုင်တဲ့ တာဝန်တွေကိုပဲ လုပ်ခဲ့ရတယ်။ ကျွန်မ တကယ် စိတ်ဓာတ်ကျသွားခဲ့တယ်။ “ဒီလည်ပင်းညှပ်ရိုး ပြဿနာက ကုဖို့ခက်ပြီး၊ အလွန်အကျွံအလုပ်လုပ်ရင် ရောဂါပြန်ထနိုင်တယ်။ အဲဒီပြဿနာနဲ့တော့ ငါကိုယ့်ကိုယ်ကိုယ် ထင်ရှားကျော်ကြားအောင်လုပ်ဖို့ တကယ် ခက်မှာပဲ။ ငါက အရေးပါတဲ့ တာဝန်တွေကို မထမ်းဆောင်နိုင်ဖို့ ကံပါတာပါ။ ငါ့မှာ မကောင်းတဲ့ကံကြမ္မာကို ရှိတာပါ၊ ဘာမှ မလွယ်ဘူး။ ငါ အရမ်းကို ကံမကောင်းလွန်းတော့ မကောင်းတဲ့ နိမိတ်အောက်မှာ မွေးလာခဲ့တာ ဖြစ်ရမယ်”လို့ပေါ့။ စိတ်ထဲမှာ ဒီအတွေးနဲ့ ကျွန်မ အပျက်သဘောဆောင်လာပြီး တာဝန်မှာ အချောင်ခိုလာခဲ့သလို၊ ကျွန်မရဲ့ အနာဂတ်ရှေ့ရေးတွေ စိတ်ပျက်စရာလို့ တွေးရင်းနဲ့ ကိုယ့်ကိုယ်ကိုယ်တောင် ဘောင်ခတ်ခဲ့တယ်။ နောက်ပိုင်းမှာ၊ ကိုယ့်ကိုယ်ကိုယ် သုံးသပ်ဖို့ ဘုရားရှေ့ကို လာခဲ့တယ်။ ကျွန်မရဲ့ ကံကြမ္မာက ဆိုးတယ်လို့ ဘာလို့ အမြဲခံစားရပြီး၊ အဲဒီလို ပူပင်သောကနဲ့ အသက်ရှင်ခဲ့ရတာလဲ။ ကျွန်မ ရှာဖွေရာမှာ၊ ကျွန်မရဲ့ အခြေအနေနဲ့ ပတ်သက်လို့ ထိုးထွင်းအမြင်တချို့ပေးတဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို အမှတ်မထင်တွေ့ခဲ့တယ်။

အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “လူတစ်ဦး၏ စိတ်ဓာတ်ကျခြင်း စိတ်ခံစားချက်တစ်မျိုးသည် မိမိတို့ကိုယ်ပိုင် ဆိုးရွားသည့် ကံကြမ္မာကို အတောမသတ်သော ယုံကြည်မှုမှ ဖြစ်ပေါ်နိုင်သည်။ ဤသည်မှာ အကြောင်းတရားတစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့ ငယ်ရွယ်ချိန်တွင် ကျေးလက်ဒေသ၊ သို့မဟုတ် ဆင်းရဲနွမ်းပါးသည့် ဒေသတစ်ခုတွင် ၎င်းတို့ နေထိုင်ခဲ့ကြ၏။ ၎င်းတို့၏ မိသားစုသည် ဥစ္စာဓန ကြွယ်ဝချမ်းသာခြင်း မရှိကြသကဲ့သို့ ရိုးရှင်းသည့် ပရိဘောဂများမှလွဲ၍ သိပ်အဖိုးတန်သည့်အရာ တစ်ခုမျှ မရှိကြပေ။ ၎င်းတို့တွင် အပေါက်များပါသော်လည်း ဝတ်ရသည့် အဝတ်အထည် တစ်စုံ၊ သို့မဟုတ် နှစ်စုံ ရှိကောင်းရှိမည်ဖြစ်ပြီး အများအားဖြင့် အဆင့်အတန်းရှိသည့် စားကောင်းသောက်ဖွယ်များကို လုံးဝ မစားနိုင်ခဲ့ကြဘဲ ထိုအစား အသားစားရန် နှစ်သစ်ကူး၊ သို့မဟုတ် အခါကြီးရက်ကြီးများကို စောင့်ဆိုင်းခဲ့ကြရသည်။ တစ်ခါတစ်ရံ ၎င်းတို့ ဆာလောင်ငတ်မွတ်ကြပြီး နွေးနွေးထွေးထွေး နေရန် ဝတ်ဖို့ အလုံအလောက်မရှိကြသကဲ့သို့ အသားများ တစ်ဇလုံအပြည့် စားရခြင်းဟူသည်မှာ စိတ်ကူးယဉ်အိပ်မက်တစ်ခု ဖြစ်ပြီး သစ်သီးတစ်လုံး စားရဖို့ ရှာတွေ့ခြင်းသည်ပင် ခက်ခဲပေသည်။ ထိုသို့သော ပတ်ဝန်းကျင်တစ်ခုတွင် အသက်ရှင်ရင်း မြို့ကြီးပြကြီးတွင် အသက်ရှင်နေထိုင်ကြသည့်၊ မိဘများက ဥစ္စာဓနပေါကြွယ်ဝသည့်၊ မိမိတို့ စားလိုသည့် မည်သည့်အရာကိုမဆို စားနိုင်ပြီး ဝတ်လိုသည့် မည်သည့်အရာကိုမဆို ဝတ်နိုင်သည့်၊ ၎င်းတို့ အလိုရှိသည့် မည်သည့်အရာကိုမဆို ချက်ချင်းရကာ အမှုအရာများနှင့် ပတ်သက်၍ နှံ့စပ်သည့် အခြားသူများနှင့် ၎င်းတို့ ကွဲပြားခြားနားသည်ဟု ခံစားကြရလေသည်။ ၎င်းတို့က ‘၎င်းတို့သည် ထိုသို့ ကံကောင်းကြသည်။ အဘယ်ကြောင့် ငါ၏ ကံ အလွန်ဆိုးရပါသနည်း’ဟု တွေးကြ၏။ ၎င်းတို့သည် လူအုပ်ထဲမှ အမြဲ ထင်ပေါ်လိုကာ မိမိတို့ ကံကြမ္မာကို ပြောင်းလဲလိုကြသည်။ သို့ရာတွင် လူတစ်ယောက်၏ ကံကြမ္မာကို ပြောင်းလဲရန်မှာ မလွယ်ကူချေ။ အကြင်သူသည် ထိုသို့သော အခြေအနေတစ်ခုတွင် မွေးဖွားလာသည့်အခါ ၎င်းတို့ ကြိုးစားကောင်း ကြိုးစားနိုင်သော်လည်း မိမိတို့ ကံကို မည်မျှ ၎င်းတို့ ပြောင်းလဲနိုင်ကြသနည်း၊ ပြီးလျှင် ထိုကံကို မည်မျှ သာ၍ ကောင်းအောင် လုပ်နိုင်ကြသနည်း။ ၎င်းတို့ အရွယ်ရောက်လာသည့်နောက်တွင် လူမှုအဖွဲ့အစည်းထဲတွင် ၎င်းတို့ သွားသည့် နေရာတိုင်းတွင် အတားအဆီးများ၏ ပိတ်ပင်ခြင်း ခံရသည်။ သွားသည့် နေရာတိုင်းတွင် အနိုင်ကျင့်ခံရကြသောကြောင့် ၎င်းတို့ အလွန် ကံအကြောင်းမလှဟု အမြဲ ခံစားကြသည်။ ၎င်းတို့က ‘အဘယ်ကြောင့် ငါ အလွန် ကံမကောင်းရသနည်း။ အဘယ်ကြောင့် ခက်ထန်သည့်လူများနှင့် ငါအမြဲ ဆုံရသနည်း။ ကလေးအရွယ်ဖြစ်ခဲ့ချိန်တွင် ဘဝက ခက်ခဲခဲ့ပြီး ထိုသို့သာ ဖြစ်နေခဲ့သည်။ ယခုတွင် ငါ အရွယ်ရောက်ပြီ၊ ဘဝက အလွန် ဆိုးရွားနေဆဲဖြစ်သည်။ ငါလုပ်နိုင်သည့်အရာကို အမြဲ ပြသလိုသော်လည်း အခွင့်အရေး လုံးဝ မရခဲ့ပါ။ မည်သည့်အခါတွင်မျှ အခွင့်အရေးမရခဲ့လျှင်လည်း ရှိပါစေတော့။ ငါလုပ်ကြိုးစားလုပ်ပြီး ကောင်းမွန်သည့် ဘဝကို အသက်ရှင်ရန် လုံလောက်သည့် ငွေကိုသာ ရှာလိုက်ချင်သည်။ ထိုသို့ပင် အဘယ်ကြောင့် ငါ မလုပ်နိုင်ရသနည်း။ ကောင်းမွန်သည့် ဘဝတစ်ခုကို အသက်ရှင်နေထိုင်ခြင်းသည် အဘယ်သို့ အလွန် ခက်ခဲရပါသနည်း။ အခြားလူတိုင်းထက် သာလွန်သည့် ဘဝတစ်ခုကို ငါ အသက်ရှင်ဖို့ မလိုပါ။ အနည်းဆုံးအနေဖြင့် မြို့ကြီးပြကြီးတွင် နေထိုင်သူတစ်ဦး၏ ဘဝတွင် အသက်ရှင်လိုပြီး လူတို့၏ အထင်သေးခြင်း မခံချင်သကဲ့သို့ ဒုတိယ၊ သို့မဟုတ် တတိယတန်းစား နိုင်ငံသား မဖြစ်လိုပါ။ အနည်းဆုံးအနေဖြင့် လူတို့သည် ငါ့ကို ခေါ်သောအခါ၊ ‘ဟေ့ ခင်ဗျား၊ ဒီကိုလာ’ဟု အော်မည်မဟုတ်ပါ။ အနည်းဆုံးအနေဖြင့် ငါ့ကို နာမည်တပ်၍ ခေါ်မည်ဖြစ်ပြီး လေးစားစွာ ခေါ်ဆိုမည်ဖြစ်သည်။ သို့ရာတွင် ငါ့မှာမူ လေးစားစွာ ခေါ်ဆိုခြင်းပင် မခံရသနည်း။ အဘယ်ကြောင့် ငါ၏ ကံကြမ္မာသည် အလွန် ရက်စက်ရသနည်း။ မည်သည့်အချိန်တွင် အဆုံးသတ်လိမ့်မည်နည်း’ဟု တွေးလိမ့်မည်။ ထိုသို့သော လူတစ်ဦးသည် ဘုရားသခင်ကို မယုံကြည်သည့်အခါ ထိုကံကြမ္မာကို ရက်စက်သည်ဟု မှတ်ယူကြသည်။ ဘုရားသခင်ကို ၎င်းတို့ စတင်ယုံကြည်ပြီး ဤသည်မှာ စစ်မှန်သော လမ်းခရီးဖြစ်ကြောင်း မြင်လာကြသည့်နောက်တွင် ၎င်းတို့က ‘ယခင်က ဆင်းရဲဒုက္ခအားလုံး ထိုက်တန်ပါသည်။ အားလုံးကို ဘုရားသခင်က စီစဉ်ညွှန်ကြားပြီး လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကာ ဘုရားသခင်က ကောင်းစွာ လုပ်ဆောင်ခဲ့သည်။ ထိုသို့ ငါဆင်းရဲဒုက္ခမခံစားခဲ့ရပါက ဘုရားသခင်ကို ငါ ယုံကြည်လာမည် မဟုတ်ပါ။ ယခု ဘုရားသခင်ကို ငါ ယုံကြည်သဖြင့် သမ္မာတရားကို ငါ လက်ခံနိုင်လျှင် ငါ၏ ကံကြမ္မာသည် ပိုကောင်းသွားဖို့ ပြောင်းလဲသင့်ပါသည်။ ယခုတွင် ငါသည် ညီအစ်ကို မောင်နှမများနှင့်အတူ အသင်းတော်တွင် တန်းတူညီသော ဘဝကို အသက်ရှင်နိုင်ပြီး လူတို့က ငါ့ကို ‘ညီအစ်ကို’၊ သို့မဟုတ် ‘ညီမ’ဟု ခေါ်ကြပြီး ငါ့ကို လေးစားစွာ ခေါ်ဆိုကြသည်။ ယခု ငါသည် အခြားသူများ၏ လေးစားမှုကို ရရှိသည့် ခံစားချက်ကို မွေ့လျော်ခံစားရသည်’ဟု စဉ်းစားကြသည်။ ၎င်းတို့၏ ကံကြမ္မာ ပြောင်းလဲပြီးဖြစ်သည့်အလား ထင်ရပြီး ၎င်းတို့အနေဖြင့် ဆင်းရဲဒုက္ခမခံစားရတော့သကဲ့သို့ မကောင်းသည့် ကံမရှိတော့ဟု ထင်ရသည်။ ဘုရားသခင်ကို ၎င်းတို့ စတင်ယုံကြည်ပြီးသည်နှင့်တစ်ပြိုင်နက် ဘုရားအိမ်တော်တွင် မိမိတို့၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်ဖို့ မိမိတို့၏ စိတ်ဆုံးဖြတ်ချက်ကို ချမှတ်ကြသည်။ အခက်အခဲကို သည်းညည်းခံလာနိုင်ပြီး အလုပ်ကြိုးစားနိုင်ကြသည်၊ မည်သည့် ကိစ္စတွင်မဆို အခြားမည်သူမဆိုထက် သာ၍ သည်းညည်းခံနိုင်ကြပြီး လူအများစု၏ လက်ခံမှုနှင့် လေးစားသမှုကို ရရှိရန် ကြိုးပမ်းကြသည်။ ၎င်းတို့သည် အသင်းတော် ခေါင်းဆောင်တစ်ဦး၊ ကြီးကြပ်သည့် တစ်စုံတစ်ဦး၊ သို့မဟုတ် အဖွဲ့ခေါင်းဆောင်တစ်ဦးအဖြစ်ပင် အရွေးချယ်ခံရနိုင်သည်ဟု တွေးထင်ကြပြီး ထို့နောက်တွင် ၎င်းတို့သည် မိမိတို့၏ ဘိုးဘေးများနှင့် မိသားစုကို ဂုဏ်ပြုနေကြမည် မဟုတ်ပါလော။ ထို့နောက်တွင် ၎င်းတို့က မိမိတို့၏ ကံကြမ္မာကို ပြောင်းလဲကြပြီး ဖြစ်မည် မဟုတ်လော။ သို့ရာတွင် လက်တွေ့အရှိတရားက မိမိတို့ ဆန္ဒများအတိုင်း အတော်လေး ဖြစ်မြောက်လာခြင်းမရှိသကဲ့သို့ ၎င်းတို့ စိတ်ပျက်အားလျော့လာကြပြီး ‘ဘုရားသခင်ကို ငါနှစ်ချီယုံကြည်ပြီးဖြစ်ကာ ငါ၏ ညီအစ်ကို မောင်နှမများနှင့် ငါအလွန် ဆင်ပြေသော်လည်း ခေါင်းဆောင်တစ်ဦး ကြီးကြပ်သည့် တစ်စုံတစ်ဦး၊ သို့မဟုတ် အဖွဲ့ခေါင်းဆောင်တစ်ဦး ရွေးချယ်ဖို့ ဖြစ်လာသည့်အခါတိုင်း အဘယ်သို့ ငါ၏ အလှည့် လုံးဝ မဖြစ်ရသနည်း။ ငါ အလွန်ရိုးရှင်းပုံရသောကြောင့်လား၊ သို့မဟုတ် လုံလောက်အောင် ကောင်းစွာ ထမ်းဆောင်ခြင်းမရှိသေးသကဲ့သို့ ငါ့ကို မည်သူမျှ သတိမထားမိသေးသောကြောင့်လား။ မဲပေးကြသည့်အခါတိုင်း ငါ မျှော်လင့်ချက် အနည်းငယ် ရှိနိုင်ပြီး အဖွဲ့ခေါင်းဆောင်တစ်ဦးအဖြစ် အရွေးခံရမည်ဆိုလျှင်ပင် ငါဝမ်းသာမည်ဖြစ်သည်။ ဘုရားသခင်ကို ပြန်ပေးဆပ်ရန် စိတ်ထက်သန်မှု အပြည့် ရှိသော်လည်း မဲဆန္ဒပေး၍ ငါ လုံးဝ ချန်ထားခံရသည့်အခါတိုင်း ငါ စိတ်သာပျက်သွားရသည်။ ယင်းနှင့်ပတ်သက်၍ အဘယ်သို့ဖြစ်ပါသနည်း။ ငါသည် သာမညောင်ညလူတစ်ဦး၊ သာမန်လူတစ်ဦး၊ ငါ့တစ်ဘဝလုံး မထူးခြားသည့် တစ်စုံတစ်ဦးသာ အမှန်တကယ် ဖြစ်နိုင်သည်များ ဖြစ်နိုင်မည်လော။ ငါ၏ ကလေးဘဝ၊ ငါ၏ ငယ်ရွယ်သည့် အချိန်နှင့် သက်လတ်ပိုင်းနှစ်ကာလများကို ပြန်ကြည့်သည့်အခါ ငါနင်းလျှောက်ပြီးဖြစ်သည့် ဤလမ်းကြောင်းသည် အမြဲ အလွန် သာမညောင်ညဖြစ်ခဲ့ပြီး မှတ်သားဖွယ် တစ်ခုမျှ မလုပ်ဆောင်ခဲ့သေးပါ။ ငါ့ထံတွင် မည်သည့် ရည်မှန်းချက်မျှ မရှိခြင်း၊ သို့မဟုတ် ငါ၏ အစွမ်းအစက အလွန် ချို့တဲ့လွန်းခြင်း မဟုတ်သကဲ့သို့ လုံလောက်သည့် အားထုတ်မှု မစိုက်ထုတ်ခြင်း၊ သို့မဟုတ် အခက်အခဲကို ငါ သည်းညည်းမခံနိုင်ခြင်း မဟုတ်ပါ။ ငါ့ထံတွင် ဆန္ဒပြင်းပြမှုများနှင့် ပန်းတိုင်များ ရှိပြီး ငါရည်မှန်းချက်ရှိသည်ဟုပင် ပြော၍ ရသည်။ ထို့ကြောင့် လူအုပ်မှ ငါ လုံးဝ မထင်ပေါ်နိုင်သည်မှာ အဘယ်ကြောင့်နည်း။ နောက်ဆုံး စိစစ်ချက်တွင် ငါ၌ မကောင်းသည့် ကံတစ်ခုရှိပြီး ဆင်းရဲဒုက္ခခံစားခြင်းအတွက် ငါ ကံဇာတာပါကာ ဤသည်မှာ ငါ့အတွက် အမှုအရာများကို ဘုရားသခင် စီစဉ်ပြီးဖြစ်သည့်ပုံ ဖြစ်သည်’ဟု တွေးကြလေသည်။ ထိုအရာကို ၎င်းတို့ တဝဲလည်လည် တွေးလေ၊ ၎င်းတို့၏ ကံကြမ္မာ ဆိုးရွားသည်ဟု တွေးလေ ဖြစ်သည်။ မိမိတို့ တာဝန်များကို သာမန် လုပ်ရိုးလုပ်စဉ် လုပ်ဆောင်ရာတွင် အကြံပေးချက်များအချို့ကို ၎င်းတို့ ပြုလုပ်လျှင်၊ သို့မဟုတ် အမြင်အချို့ ဖော်ပြပြီး ပြန်လည်ချေပချက်တစ်ခု အမြဲ ရရှိပြီး မည်သူကမျှ ၎င်းတို့ကို နားမထောင်၊ သို့မဟုတ် အလေးအနက် သဘောမထားလျှင် သာ၍ပင် ၎င်းတို့ စိတ်ဓာတ်ကျလာပြီး ‘အို၊ ငါ့ ကံကြမ္မာ အလွန်ဆိုးသည်။ ငါရှိသည့် အဖွဲ့တိုင်းတွင် ငါ၏ ရှေ့ဆက်လမ်းကို ပိတ်ဆို့ပြီး ဖိနှိပ်နေသည့် ခက်ထန်သော လူအချို့ အမြဲရှိသည်။ မည်သူကမျှ ငါ့ကို အလေးအနက် မထားသကဲ့သို့ ငါ မည်သည့်အခါတွင်မျှ မထင်ပေါ်နိုင်ပါ။ အားလုံး အနှစ်ချုပ်လိုက်သည့်အခါ ငါ၏ကံက ဆိုးသည်ဟူသည့် ဤဘူတာကိုသာ ဆိုက်လေသည်’ဟု တွေးကြသည်။ ၎င်းတို့ထံ မည်သည့်အရာ ဖြစ်ပျက်သည်ဖြစ်စေ၊ ထိုအရာကို ၎င်းတို့၏ကံ မကောင်းခြင်းအဖြစ် အမြဲ မှတ်ယူကြသည်။ ၎င်းတို့သည် မကောင်းသည့် ကံရှိခြင်းနှင့်ဆိုင်သည့် ဤစိတ်ကူးထဲသို့ စဉ်ဆက်မပြတ် အားထုတ်ကြသည်။ ထိုအရာအပေါ် သာ၍ နက်ရှိုင်းသည့် သိနားလည်မှုနှင့် သဘောပေါက်ခြင်း ရှိရန် ကြိုးပမ်းကြပြီး ထိုအရာကို မိမိတို့ စိတ်များတွင် ပြန်ပြောင်းတွေးသည့်အခါ ၎င်းတို့၏ စိတ်ခံစားမှုများသည် ယခင်ထက် သာ၍ စိတ်ဓာတ်ကျလာသည်။ မိမိတို့ တာဝန်ကို ထမ်းဆောင်ရာတွင် အသေးစား အမှားတစ်ခု ၎င်းတို့ ပြုမိသည့်အခါတွင် ၎င်းတို့က ‘အို၊ ထိုသို့သော မကောင်းသည့်ကံ ရှိနေချိန်တွင် ငါ့တာဝန်ကို ငါအဘယ်သို့ ကောင်းစွာ လုပ်နိုင်မည်နည်း’ဟု တွေးကြသည်။ စုဝေးပွဲများတွင် ၎င်းတို့၏ ညီအစ်ကို မောင်နှမများက မိတ်သဟာယပြုပေးကြပြီး အမှုအရာများကို ၎င်းတို့ အဖန်ဖန် တွေးကြသော်လည်း နားမလည်ကြသကဲ့သို့ ‘အို ထိုသို့သော မကာင်းသည့်ကံရှိနေချိန်တွင် အမှုအရာများကို ငါ အဘယ်သို့ နားလည်နိုင်မည်နည်း’ဟု တွေးကြသည်။ ၎င်းတို့ထက် စကားပြောကောင်းသည့်သူ၊ ၎င်းတို့ထက် သာ၍ ရှင်းလင်းပြီး သာ၍ အလင်းပေးသည့်နည်းလမ်းဖြင့် မိမိတို့၏ သိနားလည်မှုကို ရှင်းပြသည့် တစ်စုံတစ်ဦးကို ၎င်းတို့ တွေ့သည့်အခါတိုင်းတွင် သာ၍ပင် စိတ်ဓာတ်ကျသွားကြသည်။ အခက်အခဲများကို သည်းညည်းခံနိုင်ပြီး အဖိုးအခပေးနိုင်သည့်သူ၊ မိမိတို့တာဝန်ကို ထမ်းဆောင်ရာတွင် ရလဒ်များ မြင်တွေ့သည့်သူ၊ မိမိတို့ ညီအစ်ကို မောင်နှမများ၏ လက်ခံမှုကို ရရှိပြီး ရာထူးတိုးခြင်းခံရသူ တစ်စုံတစ်ဦးကို ၎င်းတို့ မြင်သည့်အခါ ၎င်းတို့၏ စိတ်နှလုံးတွင် မပျော်မရွှင်ဖြစ်ကြသည်။ တစ်စုံတစ်ဦးက ခေါင်းဆောင်တစ်ဦး၊ သို့မဟုတ် အမှုဆောင်တစ်ဦး ဖြစ်လာသည်ကို ၎င်းတို့ မြင်သည့်အခါ သာ၍ပင် စိတ်ဓာတ်ကျကြပြီး သီဆိုပြီး ကခုန်ရာတွင် ၎င်းတို့ထက် တော်သည့် တစ်စုံတစ်ဦးကို ၎င်းတို့ မြင်ပြီး ထိုလူထက် သာ၍ နိမ့်ကျသည်ဟု ၎င်းတို့ ခံစားရသည့်အခါ ၎င်းတို့ စိတ်ဓာတ်ကျကြသည်။ မည်သည့် လူများ၊ အဖြစ်အပျက်များ၊ သို့မဟုတ် အမှုအရာများကို ၎င်းတို့ ကြုံရသည်ဖြစ်စေ၊ သို့မဟုတ် မည်သည့် အခြေအနေများကိုမဆို ၎င်းတို့ အမှတ်မထင် တွေ့ကြုံသည်ဖြစ်စေ၊ ဤစိတ်ဓာတ်ကျသည့် စိတ်ခံစားချက်များဖြင့် ထိုအရာများကို အမြဲ တုံ့ပြန်ကြသည်။ ၎င်းတို့ အဝတ်အစားထက် အနည်းငယ် သာ၍ကောင်းသည့် အဝတ်အစားများကို ဝတ်ဆင်သည့်သူ၊ သို့မဟုတ် ဆံပင်ပုံစံ အနည်းငယ် ပိုကောင်းသည့် တစ်စုံတစ်ဦးကို မြင်သည့်အခါတွင်ပင် ၎င်းတို့ အမြဲ ဝမ်းနည်းပြီး နောက်ဆုံးတွင် ထိုစိတ်ဓာတ်ကျသည့် စိတ်ခံစားမှုဆီသို့ ပြန်ရောက်သွားသည်အထိ ၎င်းတို့၏ စိတ်နှလုံးတွင် မနာလိုမှုနှင့် အားကျမှုတို့ ဖြစ်ပေါ်လေသည်။ ၎င်းတို့ တွေးမိသည့် အကြောင်းပြချက်များမှာ အဘယ်နည်း။ ၎င်းတို့က ‘အို၊ ဤသည်မှာ ငါ၏ ကံ မကောင်းသောကြောင့် မဟုတ်ပါလား။ ငါသည် အနည်းငယ် သာ၍ ကြည့်ကောင်းလျှင်၊ သူတို့လောက် ငါခံ့ညားလျှင်၊ ကြည့်ကောင်းသည့် ပုံပန်းဖြင့် အရပ်ရှည်လျှင်၊ အဝတ်အစားကောင်းများနှင့် ငွေများစွာရှိလျှင်၊ ကောင်းမွန်သည့် မိဘများ ရှိလျှင် အမှုအရာများသည် ယခုဖြစ်သည့်ပုံထက် ကွာခြားမည် မဟုတ်ပါလား။ ထိုအခါလူတို့သည် ငါ့ကို အထင်ကြီးလေးစားပြီး အားကျကာ မနာလိုဖြစ်ကြမည် မဟုတ်ပါလား။ အဆုံးတွင်တော့ ငါ၏ ကံ မကောင်းသကဲ့သို့ ထိုအရာအတွက် အခြားမည်သူကိုမျှ ငါ အပြစ်တင်၍ မရပါ။ ထိုသို့သော မကောင်းသည့်ကံဖြင့် မည်သည့်အရာမျှ ငါ့အတွက် မှန်ကန်စွာ ဖြစ်ပျက်ခြင်းမရှိသကဲ့သို့ တစ်စုံတစ်ရာအပေါ် လဲကျခြင်းမရှိဘဲ မည်သည့်နေရာကိုမျှ ငါ လျှောက်သွား၍ မရပါ။ ငါ၏ မကောင်းသည့် ကံသာဖြစ်ပြီး ထိုအရာနှင့်ပတ်သက်၍ ငါလုပ်ဆောင်နိုင်သည့်အရာ ဘာမျှမရှိပါ’ဟု တွေးကြသည်။ အလားတူစွာ ၎င်းတို့ ပြုပြင်ခံရပြီး ကိုင်တွယ်ဖြေရှင်းခံရသည့်အခါ၊ သို့မဟုတ် ညီအစ်ကို မောင်နှမများက ၎င်းတို့ကို အပြစ်ဖော်ဆုံးမသည့်အခါ၊ သို့မဟုတ် ဝေဖန်သည့်အခါ၊ သို့မဟုတ် ၎င်းတို့ကို အကြံများပေးသည့်အခါ စိတ်ဓာတ်ကျသည့် စိတ်ခံစားချက်ဖြင့် ထိုအရာကို ၎င်းတို့ တုံ့ပြန်ကြသည်။ မည်သို့ဆိုစေ၊ ၎င်းတို့ထံ တစ်စုံတစ်ရာ ဖြစ်ပျက်သည်ဖြစ်စေ၊ သို့မဟုတ် ၎င်းတို့ အနီးဝန်းကျင်ရှိ အရာရာတိုင်းကိုဖြစ်စေ ၎င်းတို့၏ စိတ်ဓာတ်ကျသော စိတ်ခံစားချက်များမှ ဖြစ်ပေါ်သည့် အမျိုးမျိုးသော အပျက်သဘောဆောင်သည့် အတွေးများ၊ အမြင်များ၊ သဘောထားများနှင့် ရှုထောင့်အမြင်များဖြင့် ၎င်းတို့ အစဉ်သဖြင့် တုံ့ပြန်ကြလေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၂)) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မရဲ့ အခြေအနေကို အံကိုက် ထုတ်ဖော်ပြတယ်။ အရင်က၊ ကျွန်မ တွေးခဲ့တယ်၊ အထက်တန်းလွှာ ဘဝကို အသက်ရှင်ပြီး၊ တခြားလူတွေရဲ့ လေးစားမှုနဲ့ အားပေးမှုကို ရတာက ကောင်းတဲ့ ကံကြမ္မာရှိတဲ့သဘောဖြစ်ပေမဲ့ ဆင်းရဲတဲ့ မိသားစုကနေ ဖြစ်တည်တာ၊ နိမ့်ကျ၊ ခိုကိုးရာမဲ့ ဘဝကို နေထိုင်တာနဲ့ တခြားလူတွေရဲ့ လေးစားမှု မခံရတာတွေက မကောင်းတဲ့ ကံကြမ္မာရှိတယ်ဆိုတဲ့ သဘောပဲလို့ပေါ့။ ကျွန်မက ဆင်းရဲနုံချာတဲ့ဘဝမှာ ကြီးပြင်းလာခဲ့ပြီး၊ အခြေခံလိုအပ်ချက်တွေ ဘယ်တော့မှ မသေချာခဲ့ဘူး။ တခြားလူတွေရဲ့ အထင်ကြီးလေးစားတာ မခံခဲ့ရသလို၊ ခွဲခြားဆက်ဆံခံရပြီး အနှိမ်ခံခဲ့ရတယ်။ ဒီတော့ ကျွန်မမှာ မကောင်းတဲ့ ကံရှိတယ်လို့ မကြာခဏ တွေးခဲ့တယ်။ ဒီနောက်ခံကနေ လာခဲ့တော့၊ ကိုယ့်ကံကြမ္မာကို ပြောင်းလဲဖို့ စာကြိုးစားလေ့လာပြီး အထက်တန်းစား ဘဝကို အသက်ရှင်ဖို့ ဆုံးဖြတ်ခဲ့တယ်။ ဒါပေမဲ့ နောက်တော့ အလယ်တန်းကျောင်းတက်တဲ့ အတောအတွင်းမှာ၊ အဝေးမှုန်ပါဝါ များမှန်း သိခဲ့ရပြီး ကျောင်းဆက်မတက်ဖို့ တွန်းအားပေးခံခဲ့ရတယ်။ ဒါကြောင့် ကျွန်မရဲ့ အိမ်မက်တွေ တကယ်ဖြစ်ဖို့ မျှော်လင့်ချက် မရှိဘူးလို့ တွေးပြီး၊ အရမ်းစိတ်ပျက်ခဲ့ရတယ်။ ယုံကြည်ခြင်း ရှိပြီးတဲ့နောက်မှာ၊ သာမန်ယုံကြည်သူတစ်ယောက်ဖြစ်တာနဲ့ပဲ မကျေနပ်ခဲ့သလို၊ ခေါင်းဆောင်၊ ဒါမှမဟုတ် အမှုဆောင်ဖြစ်ဖို့ ကြိုးစားခဲ့တယ်။ အဆင့်အတန်းရတာနဲ့၊ လူတိုင်းရဲ့ လေးစားအားပေးမှုကို ရမယ်၊ ပြီးတော့ အဆင့်အတန်းနဲ့ နာမည်ဂုဏ်သတင်းရှိတာက ကောင်းတဲ့ ကံကြမ္မာရှိတဲ့ သဘောဖြစ်တယ်လို့ တွေးခဲ့တယ်။ အလုပ်ကြိုးစားပြီး ကိုယ့်ရည်မှန်းချက်ကို ရဖို့ ကြိုးစားခဲ့ပေမဲ့၊ နှစ်နည်းနည်းကြာတဲ့နောက်မှာ ခေါင်းဆောင်၊ အမှုဆောင်ဖြစ်မလာသေးဘူး။ ကျွန်မနဲ့ ဒီအမှုတော်အဆင့်ကို အတူလက်ခံခဲ့တဲ့ ညီအစ်မတစ်ယောက်က၊ မြန်မြန် ခေါင်းဆောင်ဖြစ်လာတော့၊ ကျွန်မမှာ ကံမကောင်းဘူးလို့ ပိုလို့တောင် ယုံကြည်လက်ခံခဲ့တယ်။ တစ်ခါတလေ ကျွန်မရဲ့ အကြံတွေကို အကောင်အထည်မဖော်ကြသလို၊ လူတွေရဲ့ လေးစားမှုကို မရနိုင်တဲ့အခါ၊ ကိုယ့်အမြင်တွေကို မဖော်ပြရဲတော့သလို၊ ကိုယ့်ကံကြမ္မာကို တိတ်တိတ်လေး ကျိန်ဆဲရင်းနဲ့ ကိုယ့်ကိုယ်ကို သိုသိုသိပ်သိပ်ပဲ နေခဲ့တယ်။ နောက်ပိုင်း၊ စာနဲ့ဆိုင်တဲ့ တာဝန်ကို ဖြည့်ဆည်းရာမှာ ရာထူးတိုးခံရတော့၊ ကျွန်မ တကယ် ဝမ်းသာခဲ့တယ်။ ဒါပေမဲ့ နောက်တော့ လည်ပင်းညှပ်ရိုးမှာ ပြဿနာတစ်ခု ဖြစ်ခဲ့ပြီး ကျွန်မရဲ့ တာဝန်လုပ်နိုင်စွမ်းကို ထိခိုက်ခဲ့တယ်။ ကျွန်မရဲ့ နဂိုမူလအသင်းတော်ဆီ ပြန်သွားပြီး ကိုယ်နိုင်တဲ့ တာဝန်တွေကိုပဲ လုပ်ဖို့ ဖိအားပေးခံခဲ့ရတယ်။ ကျွန်မရဲ့ ကံနဲ့ပတ်သက်လို့ အရမ်းစိတ်ဓာတ်ကျခဲ့ပြီး၊ နောက်ဆုံးမှာ ကံမကောင်းဘူးလို့ပဲ ခံစားခဲ့ရတယ်။ ကိုယ့်ကိုယ်ကို ထင်ပေါ်စေဖို့ အခွင့်အရေး လုံးဝရှိမှာ မဟုတ်ဘူး၊ လုံးဝ ရာထူးတိုးမှာ၊ ကြီးမားတဲ့ အခန်းကဏ္ဍတစ်ခု လုံးဝ အပေးခံရမှာ မဟုတ်ဘူး၊ တခြားလူတွေရဲ့ အားပေး၊ လေးစားတာ လုံးဝ ခံရမှာမဟုတ်ဘူးလို့ ထင်ခဲ့တယ်။ ဒါကြောင့် ကျွန်မ စိတ်ဓာတ်ကျလာပြီး၊ ကိုယ့်တာဝန်မှာ မစေ့စပ်တော့ဘူး၊ ဟန်ဆောင်လုပ်ပြရုံလုပ်ပြပြီး နေ့ရက်ကို ဖြတ်သန်းရုံဖြတ်သန်းခဲ့တယ်။ ကဏ္ဍအားလုံးမှာ အဆင့်အတန်းနဲ့ တခြားလူတွေရဲ့ အားပေး၊ လေးစားတာကိုပဲ ကျွန်မရှာခဲ့မှန်း တွေ့ခဲ့ရတယ်။ ကိစ္စတွေက ကျွန်မဆန္ဒရှိတဲ့အတိုင်း မဖြစ်တော့၊ ကျွန်မမှာ ကံမကောင်းဘူးလို့ ညည်းခဲ့တယ်၊ တာဝန်အတွက် စိတ်ထက်သန်မှု ပျောက်တယ်၊ စုဝေးပွဲတွေမှာ ကိုယ့်အမြင်ကို တက်တက်ကြွကြွ မဝေမျှတော့ဘူး၊ ဘုရားဆီက ရင်ဆိုင်ရတဲ့ အခြေအနေတွေကို လက်ခံပြီး ကိုယ့်ကိုယ်ကိုယ် သုံးသပ်ဖို့ ပျက်ကွက်ခဲ့တယ်။ အကျိုးဆက်အနေနဲ့ ကျွန်မရဲ့ အသက်ဝင်ရောက်မှုက ရပ်သွားတယ်။ ကျွန်မရဲ့ အပျက်သဘောဆောင်တဲ့အခြေအနေက ဘုရားကို အသံတိတ်ဆန္ဒပြတာမျိုး မဟုတ်လား။ ကျွန်မ ယုံကြည်ခဲ့တဲ့ နှစ်တစ်လျှောက်လုံးမှာ၊ နေ့တိုင်း ဖြစ်ပျက်သမျှက ဘုရားရဲ့ စီစဉ်ညွှန်ကြားမှုနဲ့ အစီအစဉ်တွေရဲ့ အကျိုးဆက်တစ်ခုဖြစ်တယ်လို့ အမြဲပြောခဲ့ပေမဲ့ ကိစ္စတွေက ကျွန်မသဘောအတိုင်း မဖြစ်တော့၊ ဘုရားရဲ့ အချုပ်အခြာကို ကျိုးနွံနာခံခြင်းမရှိခဲ့သလို မယုံကြည်ခဲ့ဘူး။ ဒါက မယုံကြည်သူတစ်ယောက်ရဲ့ အမြင်တွေ မဟုတ်လား။

နောက်ပိုင်းမှာ၊ ကျွန်မ ဆက်ရှာဖွေခဲ့တယ်။ ဘာလို့ ကျွန်မကံက မကောင်းဘူးလို့ အမြဲ ခံစားခဲ့ရတာလဲ။ ကျွန်မရဲ့ အမြင်က ဘာမှားခဲ့လဲပေါ့။ အဲဒီအချိန်မှာ ဘုရားနှုတ်ကပတ်တော်နှစ်ပိုဒ်ကို တွေ့ခဲ့တယ်။ “ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ လူတစ်ဦး၏ ကံကြမ္မာအပေါ် ဘုရားသခင်၏ အစီအစဉ်ကို လူ၏ အမြင်များ၊ သို့မဟုတ် ဗေဒင်ဆရာ၏ အမြင်များဖြင့် ရှုမြင်ရမည်၊ သို့မဟုတ် အကဲဖြတ်ရမည်မဟုတ်သကဲ့သို့ ထိုလူက မိမိ တစ်သက်တာတွင် ကြွယ်ဝမှုနှင့် ဂုဏ်အသရေမည်မျှ မွေ့လျော်သည်၊ သို့မဟုတ် ၎င်းတို့ မည်မျှ ဆင်းရဲဒုက္ခ တွေ့ကြုံခံစားရသည်၊ သို့မဟုတ် ရှေ့ရေးများ၊ ကျော်ကြားမှုနှင့် ဓနဥစ္စာတို့အတွက် ၎င်းတို့ လိုက်စားရာတွင် မည်မျှ အောင်မြင်သည်ဆိုသည်တို့အရ အကဲဖြတ်ရန်လည်း မဟုတ်ပေ။ သို့တိုင် ဤသည်မှာ ၎င်းတို့တွင် မကောင်းသည့်ကံရှိသည်ဟု ပြောသောသူတို့ ပြုမိသည့် ဆိုးရွားသော အမှား အတိအကျဖြစ်သည့်အပြင် လူအများစုက အသုံးပြုသည့် တစ်ဦးတစ်ယောက်၏ ကံကြမ္မာကို အကဲဖြတ်သော နည်းလမ်းတစ်ခုလည်း ဖြစ်ပေသည်။ လူအများစုသည် မိမိတို့ကိုယ်ပိုင် ကံကြမ္မာကို မည်သို့ အကဲဖြတ်ကြသနည်း။ လောကီလူတို့သည် လူတစ်ဦး ကံကြမ္မာ ကောင်းခြင်း၊ ဆိုးခြင်း ရှိမရှိဆိုသည်ကို မည်သို့ အကဲဖြတ်ကြသနည်း။ အဓိကအားဖြင့် ထိုလူ၏ဘဝ အဆင်ပြေချောမွေ့ခြင်း ရှိမရှိ၊ ကြွယ်ဝခြင်းနှင့် ဂုဏ်အသရေကို ၎င်းတို့ မွေ့လျော်ခံစားနိုင်ခြင်း ရှိမရှိ၊ အခြားသူများထက် သာလွန်သည့် ဘဝနေထိုင်မှုပုံစံကို ၎င်းတို့ အသက်ရှင်နိုင်ခြင်း ရှိမရှိ၊ ၎င်းတို့ မည်မျှ ဆင်းရဲဒုက္ခခံပြီး ၎င်းတို့၏ တစ်သက်တာအတွင်းတွင် မွေ့လျော်ခံစားရန် မည်မျှရှိကြသည်၊ ၎င်းတို့ အချိန်မည်မျှကြာ အသက်ရှင်ကြသည်၊ မည်သည့် အသက်မွေးမှုလုပ်ငန်း ရှိကြသည်၊ ၎င်းတို့၏ ဘဝသည် အလုပ်ကို ပင်ပန်းကြီးစွာလုပ်ကိုင်ရခြင်းဖြင့် ပြည့်နေခြင်း၊ သို့မဟုတ် သက်သောင့်သက်သာဖြစ်ပြီး လွယ်ကူခြင်း ရှိမရှိဆိုသည်တို့အပေါ် ၎င်းတို့ အခြေပြုကြလေသည်။ လူတစ်ဦး၏ ကံကြမ္မာ ကောင်းခြင်း၊ ဆိုးခြင်း ရှိမရှိဆိုသည်ကို အကဲဖြတ်ရန် ဤအရာများနှင့် နောက်ထပ်အရာများကို ၎င်းတို့ အသုံးပြုကြလေသည်။ သင်တို့သည်လည်း ဤကဲ့သို့ပင် အကဲဖြတ်ကြသည် မဟုတ်လော။ (အကဲဖြတ်ပါသည်။) သို့ဆိုလျှင် သင်တို့ အကြိုက်မဟုတ်သည့် တစ်စုံတစ်ရာကို သင်တို့အများစု ကြုံရသည့်အခါ၊ ခက်ခဲသည့်အချိန်များ ရှိသည့်အခါ၊ သို့မဟုတ် သာလွန်သည့် ဘဝနေထိုင်မှု ပုံစံတစ်ခုကို သင် မွေ့လျော်ခံစားနိုင်ခြင်း မရှိသည့်အခါ သင့်ထံတွင် မကောင်းသည့် ကံရှိသည်ဟု သင်တွေးမိလိမ့်မည်ဖြစ်ပြီး စိတ်ဓာတ်ကျခြင်းထဲသို့ ကျဆင်းသွားလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၂))ဘုရားသခင်သည် လူတို့၏ ကံကြမ္မာများကို အချိန်ကြာမြင့်စွာက ကြိုတင်စီမံခဲ့ပြီး ထိုအရာများသည် ပြောင်းလဲမရပေ။ ဤ ‘ကောင်းသော ကံ’ နှင့် ‘ဆိုးသောကံ’တို့သည် လူတစ်ဦးနှင့်တစ်ဦး မတူကြသကဲ့သို့ ထိုအရာများသည် ပတ်ဝန်းကျင်၊ လူတို့ ခံစားပုံနှင့် ၎င်းတို့ လိုက်စားသည့်အရာတို့အပေါ် မူတည်လေသည်။ ထို့ကြောင့် တစ်ဦးတစ်ယောက်၏ ကံကြမ္မာသည် ကောင်းလည်း မကောင်းသကဲ့သို့ ဆိုးလည်းမဆိုးရခြင်း ဖြစ်သည်။ သင့်အနေဖြင့် အလွန်ခက်ခဲသည့် ဘဝကို ရှင်သန်ကောင်း ရှင်သန်နိုင်သော်လည်း ‘ငါသည် ချမ်းသာကြွယ်ဝပြီး သက်သောင့်သက်သာရှိသော ဘဝကို အသက်ရှင်ဖို့ မျှော်လင့်နေခြင်း မဟုတ်ပါ။ စားစရာနှင့် ဝတ်စရာ လုံလုံလောက်လောက် ရှိရုံဖြင့် ငါ ပျော်ရွှင်ချမ်းမြေ့ပါသည်။ လူတိုင်းသည် မိမိတို့ တစ်သက်တာအတွင်းတွင် ဆင်းရဲဒုက္ခခံစားရပါသည်။ လောကီလူတို့က “မိုးရွာနေခြင်းမရှိပါက သက်တံကို သင် မမြင်နိုင်ပါ”ဟု ဆိုကြသည်။ ထို့ကြောင့် ဆင်းရဲဒုက္ခခံစားရခြင်းတွင် တန်ဖိုးရှိလေသည်။ ဤသည်မှာ သိပ်မဆိုးပါ၊ ပြီးလျှင် ငါ၏ ကံဇာတာသည် မဆိုးပါ။ အထက်ကောင်းကင်က ငါ့ကို စိတ်ဆင်းရဲမှုအချို့၊ စမ်းသပ်မှုများအချို့နှင့် အတိဒုက္ခများကို ပေးပြီးဖြစ်သည်။ ယင်းမှာ သူသည် ငါ့ကို အထင်ကြီးသောကြောင့် ဖြစ်သည်။ ဤသည်မှာ ကောင်းသည့် ကံဇာတာ ဖြစ်ပါသည်’ဟု တွေးကောင်းတွေးပေမည်။ ဆင်းရဲဒုက္ခခံစားရခြင်းသည် မကောင်းသည့်အရာတစ်ခု ဖြစ်ကြောင်း၊ ၎င်းတို့သည် မကောင်းသည့် ကံဇာတာတစ်ခု ရှိသည့်သဘောဖြစ်ကြောင်းနှင့် ဆင်းရဲဒုက္ခခံစားရခြင်း မရှိသည့်၊ ကိုယ်စိတ်ချမ်းသာပြီး စိတ်အေးလက်အေးဖြစ်သည့် ဘဝတစ်ခုသည်သာ ၎င်းတို့တွင် ကောင်းမွန်သည့် ကံဇာတာတစ်ခုရှိသည့် သဘောဖြစ်ကြောင်း လူအချို့က တွေးထင်ကြသည်။ မယုံကြည်သူများက ဤအရာကို ‘အယူအဆနှင့်ဆိုင်သည့် ကိစ္စတစ်ခု’ဟု ခေါ်ဆိုကြသည်။ ဘုရားသခင်ကို ယုံကြည်သူတို့သည် ဤ‘ကံဇာတာ’နှင့်ဆိုင်သည့် ကိစ္စကို မည်သို့ မှတ်ယူကြသနည်း။ ကျွန်ုပ်တို့သည် ‘ကောင်းသည့် ကံ’၊ သို့မဟုတ် ‘ဆိုးသည့် ကံ’တစ်ခု ရှိခြင်းအကြောင်း ပြောကြသလော။ (မပြောကြပါ။) ဤသို့သော အရာများကို ကျွန်ုပ်တို့ မပြောကြပါ။ သင်သည် ဘုရားသခင်ကို ယုံကြည်သောကြောင့် ကောင်းသော ကံတစ်ခုရှိသည်ဆိုပါစို့။ ထို့နောက်တွင် သင်၏ ယုံကြည်မှု၌ မှန်ကန်သည့် လမ်းကြောင်း မလျှောက်လျှင်၊ သင် အပြစ်ပေးခံရ၊ ဖော်ထုတ်ခံရပြီး ဖယ်ရှားခံရလျှင် သင်သည် ကောင်းသည့် ကံရှိသည်ဟု ဆိုလိုသလော၊ မကောင်းသည့် ကံရှိသည်ဟု ဆိုလိုသလော။ ဘုရားသခင်ကို သင် မယုံကြည်ပါက သင်သည် တကယ်ကို ဖော်ထုတ်မခံရနိုင်ပေ၊ သို့မဟုတ် ဖယ်ရှားမခံရနိုင်ပေ။ မယုံကြည်သူများနှင့် ဘာသာရေးသမားများသည် လူတို့ကို ဖော်ထုတ်ခြင်းအကြောင်း၊ သို့မဟုတ် လူတို့ကို ပိုင်းခြားသိမြင်ခြင်းအကြောင်း မပြောကြသကဲ့သို့ လူတို့ ရှင်းလင်းခံရသည့်အကြောင်း၊ သို့မဟုတ် ဖယ်ရှားခံရသည့်အကြောင်းလည်း မပြောကြချေ။ ထိုအရာမှာ လူတို့အနေဖြင့် ဘုရားသခင်ကို ယုံကြည်နိုင်သည့်အခါ ကောင်းသည့် ကံတစ်ခုရှိသည်ဟု ဆိုလိုခြင်း ဖြစ်လောက်သော်လည်း အဆုံးတွင် ၎င်းတို့ အပြစ်ပေးခံရပါက ၎င်းတို့တွင် မကောင်းသည့်ကံရှိသည်ဟု ဆိုလိုသလော။ အချိန်တစ်မိနစ်တွင် ၎င်းတို့၏ ကံဇာတာသည် ကောင်းမွန်၏၊ နောက်တစ်မိနစ်တွင် ၎င်းတို့၏ ကံဇာတာ ဆိုးသွားသည်။ ထို့ကြောင့် ယင်းမှာ မည်သည့်အရာ ဖြစ်ပါသနည်း။ ယင်းမှာ တစ်စုံတစ်ဦးသည် ကောင်းသည့် ကံဇာတာ ရှိမရှိကို အကဲဖြတ်၍ရသည့် တစ်စုံတစ်ရာ မဟုတ်၊ လူတို့သည် ဤကိစ္စရပ်ကို အကဲဖြတ်၍မရပေ။ အားလုံးကို ဘုရားသခင်က လုပ်ဆောင်ထားခြင်း ဖြစ်ပြီး ဘုရားသခင် စီစဉ်သမျှတိုင်းသည် ကောင်းမွန်၏။ လူတစ်ဦးစီတိုင်း၏ ကံကြမ္မာလမ်းကြောင်း၊ သို့မဟုတ် ၎င်းတို့ ကြုံရသည့် ပတ်ဝန်းကျင်၊ လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများ၊ ပြီးလျှင် မိမိတို့၏ ဘဝအသက်တာများအတွင်း တွေ့ကြုံရသည့် ဘဝလမ်းကြောင်းသည် အားလုံး ကွဲပြားခြင်းသာ ဖြစ်သည်။ ဤအရာများသည် လူတစ်ဦးမှတစ်ဦးသို့ ကွဲပြားခြားနားလေသည်။ လူတစ်ဦးစီတိုင်း၏ အသက်ရှင်မှု ပတ်ဝန်းကျင်နှင့် ၎င်းတို့ ကြီးပြင်းသည့် ပတ်ဝန်းကျင်နှစ်ခုလုံးသည် ၎င်းတို့အတွက် ဘုရားသခင် စီမံထားခြင်းဖြစ်ပြီး အားလုံး ကွဲပြားလေသည်။ မိမိတို့ အသက်တာများအတွင်း လူတစ်ဦးစီတိုင်း ကြုံရသည့် အရာများသည် အားလုံး ကွဲပြား၏။ ကောင်းသည့်ကံ၊ သို့မဟုတ် ဆိုးသည့်ကံဟု ခေါ်ဆိုသည့်အရာ မရှိပေ။ အားလုံးကို ဘုရားသခင် စီစဉ်ပြီး အားလုံးကို ဘုရားသခင် လုပ်ဆောင်ခြင်း ဖြစ်သည်။ ကိစ္စရပ်ကို အားလုံးကို ဘုရားသခင် လုပ်ဆောင်ခြင်းဖြစ်သည်ဟူသည့် ရှုထောင့်အမြင်မှ ငါတို့ မှတ်ယူပါက ဘုရားသခင် လုပ်ဆောင်သမျှတိုင်းသည် ကောင်းမွန်ပြီး မှန်ကန်ပေသည်။ လူတို့၏ နှစ်ခြိုက်ခြင်းများ၊ ခံစားချက်များ၊ ရွေးချယ်မှုများနှင့် ဆိုင်သည့် ရှုထောင့်အမြင်မှ လူအချို့သည် ကျော်ကြားမှုနှင့် ဥစ္စာဓန၊ နာမည်ဂုဏ်သတင်းတစ်ခုကို ရရှိဖို့ ရွေးချယ်လျက်၊ သက်သောင့်သက်သာရှိသည့် ဘဝကို အသက်ရှင်ရန်၊ လောကတွင် ချမ်းသာကြွယ်ဝခြင်း ရှိပြီး အဘက်ဘက်က ပြည့်စုံသော ဘဝကို အသက်ရှင်ရန် ရွေးချယ်ကြခြင်းသာ ဖြစ်သည်။ ဤသည်မှာ ၎င်းတို့အနေဖြင့် ကောင်းသည့် ကံရှိခြင်းဖြစ်ကြောင်းနှင့် တစ်သက်တာ သာမညောင်ည ဖြစ်ခြင်းနှင့် မအောင်မြင်ခြင်း၊ လူမှုအဖွဲ့အစည်း၏ အောက်ခြေတွင် အမြဲ အသက်ရှင်ခြင်းသည် မကောင်းသည့် ကံဖြစ်သည်ဟု ၎င်းတို့ ယုံကြည်ကြသည်။ ဤသည်မှာ လောကီအရာများကို လိုက်စားရင်းနှင့် လောကတွင် အသက်ရှင်ရန် ကြိုးစားရင်း မယုံကြည်သူများနှင့် လောကီလူတို့၏ အမှုအရာများအပေါ် ရှုမြင်ပုံဖြစ်ပြီး ဤသည်မှာ ကောင်းသည့် ကံနှင့် မကောင်းသည့်ကံဆိုင်ရာ စိတ်ကူး ဖြစ်ပေါ်ပုံဖြစ်သည်။ ကောင်းသည့်ကံနှင့် မကောင်းသည့်ကံဆိုင်ရာ စိတ်ကူးသည် လူသားများ၏ ကျဉ်းမြောင်းသည့် သိနားလည်မှုနှင့် ကံကြမ္မာအပေါ် အပေါ်ယံ အသိအမြင်မှ၊ ပြီးလျှင် ၎င်းတို့ မည်မျှ ရုပ်ပိုင်းဆိုင်ရာ ဆင်းရဲဒုက္ခခံရသည်ဆိုသည်နှင့် ပျော်ရွှင်မှု၊ ကျော်ကြားမှုနှင့် ဥစ္စာဓန မည်မျှ ၎င်းတို့ ရရှိသည်စသည်တို့အပေါ် လူတို့၏ အကဲဖြတ်မှုများမှ ဖြစ်ပေါ်ခြင်းသာ ဖြစ်သည်။ အမှန်တွင် ထိုအရာကို လူ၏ ကံကြမ္မာအပေါ် ဘုရားသခင်၏ စီစဉ်မှုနှင့် အချုပ်အခြာအာဏာ ရှုထောင့်အမြင်မှ ကြည့်ပါက ကောင်းသည့် ကံ၊ သို့မဟုတ် ဆိုးသည့်ကံနှင့်ဆိုင်သည့် ထိုသို့သော အဓိပ္ပာယ်ကောက်ယူချက်များ မရှိပေ။ ဤသည်မှာ တိကျမှန်ကန်သည် မဟုတ်လော။ (မှန်ကန်ပါသည်။) လူ၏ ကံကြမ္မာကို ဘုရားသခင်၏ အချုပ်အခြာအာဏာ ရှုထောင့်အမြင်မှ မှတ်ယူပါက ဘုရားသခင် လုပ်ဆောင်သမျှသည် ကောင်းမွန်ပြီး ထိုအရာမှာ လူတစ်ဦးစီတိုင်း လိုအပ်သည့် အရာ ဖြစ်သည်။ ဤသည်မှာ အတိတ်နှင့် ပစ္စုပ္ပန် ဘဝများတွင် အကြောင်းနှင့် အကျိုး ပါဝင်သောကြောင့် ထိုအရာများကို ဘုရားသခင် စီမံထားခြင်းဖြစ်သည်။ ထိုအရာများအပေါ် ဘုရားသခင်က အချုပ်အခြာအာဏာ စွဲကိုင်ပြီး ထိုအရာများကို ဘုရားသခင် ကြံစည်ကာ စီစဉ်ခြင်း ဖြစ်သည်။ လူသားမျိုးနွယ်၌ ရွေးချယ်စရာ မရှိပေ။ ဤရှုထောင့်အမြင်မှ ထိုအရာကို ငါတို့ ကြည့်ပါက လူတို့သည် မိမိတို့ကိုယ်ပိုင် ကံကြမ္မာကို ကောင်းမည်၊ ဆိုးမည်ဟု အကဲမဖြတ်သင့်ပေ၊ ဟုတ်ပါသလော။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၂)) ဘုရားနှုတ်ကပတ်တော်တွေက “ကောင်းတဲ့ကံ”နဲ့ “မကောင်းတဲ့ကံ”အပေါ် လူတွေရဲ့ ရှုထောင့်အမြင် ရယ်စရာကောင်းတာကို ပြတ်ပြတ်သားသာ ထောက်ပြခဲ့တယ်။ လူတွေက သူတို့ရဲ့ ကံကြမ္မာကို သူတို့ဘဝတွေ အဆင်ပြေချောမွေ့ခြင်း ရှိမရှိ၊ အဆင့်အတန်းနဲ့ ချမ်းသာကြွယ်ဝမှု ရရှိခြင်း ရှိမရှိနဲ့၊ ကျော်ကြားမှုနဲ့ ဥစ္စာဓန ရရှိခြင်းရှိမရှိဆိုတာတွေအရ စီရင်ဆုံးဖြတ်ကြတယ်။ ကိုယ်ရေးကိုယ်တာ နှစ်ခြိုက်မှုတွေအရ သတ်မှတ်တာတွေ လုပ်တာက၊ မယုံကြည်သူတွေရဲ့ အမြင်ဖြစ်ပြီး၊ သမ္မာတရားနဲ့ မကိုက်ဘူး။ ဘုရားနဲ့ပတ်သက်ပြီး ကောင်းတဲ့ကံ မကောင်းတဲ့ကံဆိုတာ မရှိဘူး။ လူတွေရဲ့ ကံကြမ္မာကို သူတို့ရဲ့ အရင်နဲ့ အခုလက်ရှိ ဘဝကို အခြေခံပြီးပဲ ဘုရားဆုံးဖြတ်တယ်။ သူတို့ရဲ့ ကံကြမ္မာကို ဘုရားက ကြိုတင်သတ်မှတ်ပြီး စီစဉ်တာပါ။ ကျွန်မအမြင်က မယုံကြည်သူအမြင်နဲ့ မကွာခြားခဲ့မှန်း သဘောပေါက်လိုက်တယ်။ ကျွန်မတစ်ဘဝလုံး ထင်ပေါ်ပြီး ကျော်ကြားမှုနဲ့ ဥစ္စာဓနရဖို့ ချမ်းသာကြွယ်ဝမှုနဲ့ အဆင့်အတန်းကို ရှာဖွေခဲ့တယ်။ လေးစားမှုနဲ့ အားပေးမှုရတာက ကောင်းတဲ့ကံကြမ္မာ နိမိတ်ဖြစ်ပြီး၊ ကျွန်မရဲ့ သာမန်၊ မထူးခြားတဲ့ဘဝ၊ ဆင်းရဲနုံချာမှုနဲ့ အသက်ရှင်တာ၊ ပြီးတော့ လေးစားမှုနဲ့ အလေးအနက်ထားတာတွေကို မရခဲ့တာတွေဟာ မကောင်းတဲ့ကံရဲ့ အမှတ်အသားပဲလို့ တွေးခဲ့တယ်။ နောက်တော့ ကျွန်မအမြင်က လွဲနေခဲ့ပြီး၊ စာတန်ဆီကနေ လာတာဖြစ်မှန်း တွေ့ခဲ့ရတယ်။ ဒါဟာ ကံကြမ္မာနဲ့ဆိုင်တဲ့ မယုံကြည်သူတွေ ထောက်ခံတဲ့ နည်းပါးတဲ့ သိနားလည်မှုတစ်ခုပဲ။ ကျော်ကြားမှုနဲ့ ကြီးမားတဲ့ ကြွယ်ဝမှုရသူတွေဟာ ဂုဏ်၊ ကျက်သရေနဲ့ တခြားလူတွေရဲ့ လေးစား၊ အားပေးမှုရနိုင်ပြီး၊ ကောင်းတဲ့ ကံကြမ္မာတစ်ခု ရှိပုံရပေမဲ့ သူတို့ဟာ ဝိညာဉ်ရေးရာ အနှစ်မဲ့ကြတယ်၊ ဆင်းရဲဒုက္ခခံစားကြတယ်၊ ဘဝက ငြီးငွေ့စရာလို့ ခံစားကြပြီး တချို့ဆိုရင် ဆေးသုံးတာ၊ ကိုယ့်ကိုယ်ကိုယ် သတ်သေတာတွေ လုပ်မိသွားကြတယ်လို့ သဘောပေါက်လိုက်တယ်။ သူတို့ကိုယ်ပိုင် ဩဇာအာဏာက ရဲဆေးတင်ပေးလိုက်လို့၊ တချို့လူတွေက ပြဿနာဖြစ်စေတယ်၊ မကောင်းမှု ကျူးလွန်ပြီး ဥပဒေချိုးဖောက်ကြသလို၊ နောက်ဆုံးမှာ ထောင်ကျပြီး နာမည်ပျက်သွားကြတယ်။ အဲဒီလိုလူတွေမှာ ကောင်းတဲ့ ကံကြမ္မာတွေ တကယ်ရှိလား။ လူတစ်ယောက်ရဲ့ ကံကြမ္မာက ကြွယ်ဝမှုနဲ့ ဂုဏ်အသရေ သူတို့ မွေ့လျော်ခြင်း ရှိမရှိ၊ ဆင်းရဲဒုက္ခ ဘယ်လောက် သူတို့ ဖြတ်သန်းခဲ့ရတယ်ဆိုတာတွေပေါ် အခြေမခံဘူး။ တစ်ယောက်ယောက် ဘယ်လောက် ကြွယ်ဝမယ်၊ ဆင်းရဲမယ်ဆိုတာကို ဘုရားဆုံးဖြတ်ပြီး စီစဉ်တာပါ။ ကျွန်မတို့ရဲ့ လိုအပ်ချက်တွေအရ ကျွန်မတို့ ဘဝတွေကို ဘုရားသတ်မှတ်ပြီး၊ သူ့ရဲ့ အစီအစဉ်တွေက ကောင်းတယ်။ ဘုရားနဲ့ ပတ်သက်ရင်၊ ကောင်းတဲ့ကံ ဆိုးတဲ့ကံကြမ္မာဆိုတာ မရှိဘူး။ ကျွန်မကတော့၊ ဆင်းရဲနုံချာမှုနဲ့ ကြီးပြင်းခဲ့ပေမဲ့၊ အခက်အခဲနဲ့ အတားအဆီးတွေ ဖြတ်သန်းပြီး၊ အတော်အတန် ဆင်းရဲဒုက္ခခံစားရပေမဲ့၊ ကျွန်မရဲ့ အတွေ့အကြုံအားလုံးက ဆင်းရဲဒုက္ခကို ရင်ဆိုင်ရာမှာ ကျွန်မရဲ့ ဆုံးဖြတ်ချက်ကို ခိုင်မာလာစေခဲ့တယ်။ ဒါက ကျွန်မဘဝမှာ အရမ်းကို တန်ဖိုးရှိတဲ့ အစွမ်းအစတစ်ခုပါ။ ဒါ့အပြင်၊ နာမည်ဂုဏ်သတင်းနဲ့ အဆင့်အတန်းအတွက်လည်း အရမ်းအားကောင်းလွန်းတဲ့ ဆန္ဒ ကျွန်မမှာရှိတယ်။ တက္ကသိုလ်ဝင်ခွင့်အောင်ပြီး၊ ကျော်ကြားမှုနဲ့ ဥစ္စာဓနရခဲ့ရင်၊ အဲဒီမကောင်းတဲ့ ခေတ်ရေစီးကြောင်းထဲမှာ ကျွန်မ သေချာပေါက် မျောပါသွားမှာ။ အဲဒါဆိုရင် ဖန်ဆင်းရှင်ရှေ့ ကျွန်မလာပြီး ဘုရားရဲ့ ကယ်တင်ခြင်းကို ရပါ့မလား။ ခေါင်းဆောင်အနေနဲ့ ကျွန်မ အရွေးမခံဖို့ကိုလည်း ဘုရားက ကြိုတင်သတ်မှတ်ခဲ့တာပါ။ ကျွန်မမှာ ဘုရားနှုတ်ကပတ်တော်ကို နားလည်နိုင်စွမ်းတချို့ ရှိခဲ့ပြီး၊ ညီအစ်ကို မောင်နှမတွေမှာရှိတဲ့ ပြဿနာတချို့ကို ပိုင်းခြားသိမြင်နိုင်ခဲ့ပေမဲ့၊ ကျွန်မအလုပ်မှာ အရည်အချင်းမရှိခဲ့သလို၊ ပိုများပြားတဲ့ အလုပ်ပမာဏတွေကို မကိုင်တွယ်နိုင်ခဲ့ဘူး။ ခေါင်းဆောင်တွေက အလုပ်အများကြီး ကိုင်တွယ်ရမှာဖြစ်ပြီး၊ ပြဿနာတွေကို ကောင်းကောင်း မကိုင်တွယ်ရင်၊ အသင်းတော်အလုပ်အတွက် ထိခိုက်နစ်နာစေမှာလေ။ ကျွန်မလုပ်နိင်တဲ့ တာဝန်တွေကို အခု ကျွန်မ ဖြည့်ဆည်းနေတယ်။ ဒါက ကျွန်မနဲ့ အသင်းတော်အလုပ်အတွက် အကျိုးရှိတယ်။ ကျွန်မအတွက် ဘုရား စီစဉ်ညွှန်ကြားခဲ့တဲ့ အခြေအနေ နောက်ကွယ်မှာ လေးနက်နဲ့ ရည်ရွယ်ချက်တွေ မြင်ခဲ့ရတယ်။ အထက်တန်းစား ဘဝကို အသက်ရှင်ဖို့ ဆန္ဒရှိပြီး ဒီအဓိပ္ပာယ်မရှိတဲ့ အမြင်တွေနဲ့ ကျွန်မ အသက်ရှင်ခဲ့တယ်။ ကိစ္စတွေက ကျွန်မသဘောနဲ့ ဆန္ဒအတိုင်း ဖြစ်မလာတဲ့အခါတိုင်းမှာ ကိုယ့်ရဲ့ မကောင်းတဲ့ ကံကြမ္မာအကြောင်း ညည်းညူခဲ့တယ်၊ စိတ်ဓာတ်ကျခြင်းထဲ နွံနစ်ပြီး ဘုရားကို ပုန်ကန်လာခဲ့တယ်။ ယုံကြည်သူတစ်ဦးအနေနဲ့၊ ဘုရားနှုတ်ကပတ်တော်ကို မလိုက်နာခဲ့ဘဲ၊ အဲဒီအစား မယုံကြည်သူတွေရဲ့ မှားတဲ့အမြင်တွေကို လိုက်နာခဲ့တယ်။ ကျွန်မက ဘုရားကို ပုန်ကန်ပြီး အတိုက်အခံလုပ်နေခဲ့တာပဲ။ ဒါကို သဘောပေါက်တော့၊ ကျွန်မလုပ်ခဲ့တာကို နည်းနည်း လန့်သွားတယ်။ ဒါကြောင့် ဆုတောင်းခြင်းနဲ့ ဘုရားရှေ့လာခဲ့တယ်။ “ဘုရားသခင်။ ကျွန်မ သမ္မာတရားကို နားမလည်သလို၊ ကိုယ်တော်ရဲ့ အချုပ်အခြာနဲ့ အစီအစဉ်တွေကို ကျိုးနွံနာခံခြင်း မရှိပါဘူး။ ကျွန်မ တကယ်ကို မာနထောင်လွှားပြီး ကျိုးကြောင်းမဲ့ခဲ့ပါတယ်။ ကျွန်မရဲ့ အဓိပ္ပာယ်မရှိတဲ့ အမြင်တွေကို ပြင်ဖို့၊ ကိုယ်တော်ရဲ့ အချုပ်အခြာနဲ့ အစီအစဉ်တွေကို ကျိုးနွံနာခံပြီး ကိုယ်တော့်ကို အတိုက်အခံ မလုပ်တော့ဖို့ လိုလားနေပါတယ်”လို့ပေါ့။

နောက်ပိုင်းမှာ၊ အပျက်သဘော စိတ်ခံစားချက်တွေရဲ့ ထိခိုက်နစ်နာစေတဲ့ အကျိုးဆက်တွေအပေါ် သိနားလည်မှုတချို့ပေးတဲ့ နောက်ထပ် ဘုရားနှုတ်ကပတ်တော်နှစ်ပိုဒ်ကို တွေ့ခဲ့တယ်။ ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ပြောထားသည်- “မိမိတို့တွင် မကောင်းသည့် ကံရှိသည်ဟု ယုံကြည်သော ဤလူများသည် ဘုရားသခင်ကို ယုံကြည်ပြီး အမှုအရာများကို စွန့်လွှတ်နိုင်ကြသည့်တိုင်၊ မိမိတို့ကိုယ်ကို အသုံးခံပြီး ဘုရားသခင်နောက် လိုက်နိုင်ကြသည့်တိုင်၊ ၎င်းတို့သည်လည်း ဘုရားအိမ်တော်တွင် မိမိတို့တာဝန်ကို လွတ်လပ်ကာ လွတ်မြောက်ပြီး စိတ်အေးလက်အေးဖြစ်သည့် နည်းလမ်းတစ်ခုဖြင့် မထမ်းဆောင်နိုင်ကြချေ။ ဤသည်ကို အဘယ်ကြောင့် ၎င်းတို့ မလုပ်ဆောင်နိုင်ကြသနည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့အထဲရှိ အစွန်းရောက် စိတ်ခံစားမှုများ ဖြစ်ပေါ်စေသည့် အစွန်းရောက်ပြီး မူမမှန်သော အတွေးများနှင့် အမြင်များကို ၎င်းတို့စိတ်ထဲ၌ သိုထားသောကြောင့် ဖြစ်သည်။ ဤအစွန်းရောက်သည့် စိတ်ခံစားမှုများက အမှုအရာများကို ၎င်းတို့ အကဲဖြတ်ပုံ၊ ၎င်းတို့ စဉ်းစားသည့် နည်းလမ်းနှင့် အမှုအရာများအပေါ် ၎င်းတို့၏ အမြင်များအား အစွန်းရောက်ကာ မမှန်ကန်သကဲ့သို့ မှားယွင်းသည့် ရှုထောင့်အမြင်မှ ဖြစ်လာစေသည်။ ၎င်းတို့သည် ကိစ္စရပ်များနှင့် လူတို့အား ဤအစွန်းရောက်ပြီး မမှန်ကန်သည့် ရှုထောင့်အမြင်မှ မှတ်ယူတတ်ကြသည်။ ထိုသို့ဖြင့် ဤအပျက်သဘောဆောင်သည့် စိတ်ခံစားမှု၏ သက်ရောက်မှုနှင့် လွှမ်းမိုးမှုအောက်တွင် ထပ်တလဲလဲ အသက်ရှင်နေကြသည်၊ လူများနှင့် အမှုအရာများကို ရှုမြင်ပြီး ကျင့်ကြံပြုမူကာ ဆောင်ရွက်နေကြလေသည်။ အဆုံးတွင် ၎င်းတို့ မည်သို့ အသက်ရှင်သည်ဖြစ်စေ အလွန် မောပန်းပုံရကြသည်မှာ ဘုရားသခင်ကို မိမိတို့၏ ယုံကြည်မှုနှင့် သမ္မာတရား လိုက်စားမှုအတွက် စိတ်ထက်သန်မှု မစုစည်းနိုင်တော့အောင် ဖြစ်ကြလေသည်။ မိမိတို့ ဘဝကို အသက်ရှင်ရန် မည်သို့ ၎င်းတို့ ရွေးချယ်ကြသည်ဖြစ်စေ၊ ၎င်းတို့သည် မိမိတို့တာဝန်ကို အပြုသဘောဆောင်စွာ၊ သို့မဟုတ် တက်ကြွစွာ ထမ်းဆောင်နိုင်ခြင်း မရှိကြသကဲ့သို့ ဘုရားသခင်ကို နှစ်များစွာ ယုံကြည်ကြလင့်ကစား သမ္မာတရားကို လိုက်စားရန်၊ သို့မဟုတ် သမ္မာတရား စည်းမျဉ်းများနှင့်အညီ လက်တွေ့လုပ်ဆောင်ရန် မဆိုထားနှင့်၊ မိမိတို့တာဝန်ကို စိတ်နှလုံးအကြွင်းမဲ့နှင့် ဉာဏ်ရှိသမျှဖြင့် ထမ်းဆောင်ခြင်း၊ သို့မဟုတ် မိမိတို့တာဝန်ကို စိတ်ကျေနပ်ဖွယ် ထမ်းဆောင်ခြင်းအား မည်သည့်အခါမျှ အာရုံမစိုက်ကြသည်မှာ အမှန်ဖြစ်၏။ ဤသည်မှာ အဘယ်ကြောင့်နည်း။ နောက်ဆုံး စိစစ်မှုအရ ၎င်းတို့တွင် မကောင်းသည့် ကံရှိသည်ဟု အမြဲ တွေးထင်ကြသောကြောင့် ဖြစ်ပြီး ဤအရာက ၎င်းတို့အား အကြီးအကျယ် စိတ်ဓာတ်ကျသည့် စိတ်ခံစားချက်များရှိစေသည်။ ၎င်းတို့သည် မိမိတို့အလုပ်၊ တာဝန်များနှင့် ဝတ္တရားများကို ဆက်ကပ်သင့်သည့် သစ္စာစောင့်သိမှုအား ဆက်ကပ်ရန် စိတ်ပိုင်းဖြတ်မှု၊ သို့မဟုတ် ဇွဲတစ်ခုတလေ မဆိုထားနှင့်၊ မည်သည့် သက်ဝင်လှုပ်ရှားမှုမျှ မရှိဘဲ၊ အပြုသဘောဆောင်သည့်၊ သို့မဟုတ် အကောင်းမြင်သည့် အပြုအမူတစ်ခုမျှ ထုတ်ဖော်ပြခြင်းမရှိဘဲ လမ်းလျှောက်နေသည့် အလောင်းကောင်တစ်ကောင်ကဲ့သို့ လုံးဝ စိတ်ပျက်အားငယ်ကာ အစွမ်းမဲ့လာကြလေသည်။ ထိုထက် ၎င်းတို့သည် နေ့ရက်ကာလများကို ရောက်တတ်ရာရာနှင့် နားဝေတိမ်တောင်ဖြစ်စွာ အမှုမဲ့အမှတ်မဲ့ ဖြတ်ကျော်လျက် ပေါ့ဆသည့် သဘောထားတစ်ခုနှင့်အတူ တစ်နေ့ပြီးတစ်နေ့ အင်တင်တင်ဖြင့် ရုန်းကန်ကြလေသည်။ ၎င်းတို့ အချိန်မည်မျှကြာအောင် တော်စွလျော်စွာ ကြုံရာကျပန်း နေကြလိမ့်မည်ကို ၎င်းတို့ မသိကြ။ အဆုံးတွင် အားကိုးအားထားမရှိဘဲ ‘အို၊ တတ်နိုင်သရွေ့ ငါ တော်စွလျော်စွ ဆက်နေလိုက်မည်။ တစ်နေ့ ငါ ဆက်မနေနိုင်တော့သကဲ့သို့ အသင်းတော်က ငါ့ကို နှင်ထုတ်ကာ ဖယ်ရှားလိုလျှင် သူတို့ ငါ့ကို ဖယ်ရှားလိုက်သင့်သည်။ ထိုအရာမှာ ငါ့မှာ မကောင်းသည့်ကံ ရှိသောကြောင့် ဖြစ်သည်’ဟု ဆိုလျက် မိမိတို့ကိုယ်ကို သတိပေးဖို့သာ ရှိတော့သည်။ သင်တို့ မြင်သလော၊ ၎င်းတို့ ပြောသည့်အရာပင်လျှင် အလွန် အရှုံးပေးရာကျ၏။ ဤစိတ်ဓာတ်ကျခြင်း စိတ်ခံစားမှုသည် ရိုးရှင်းသည့် စိတ်အခြေအနေတစ်ခုသာ မဟုတ်ဘဲ သာ၍ အရေးကြီးသည်မှာ ထိုစိတ်ခံစားမှုတွင် လူတို့၏ အတွေးများ၊ စိတ်နှလုံးများနှင့် ၎င်းတို့၏ လိုက်စားမှုအပေါ် အကြီးအကျယ် ဖျက်ဆီးတတ်သော သက်ရောက်မှုတစ်ခု ရှိလေသည်။ သင်သည် သင်၏ စိတ်ဓာတ်ကျသည့် စိတ်ခံစားချက်ကို အချိန်မီပြီး မြန်ဆန်သည့် ပုံစံဖြင့် မပြောင်းလဲနိုင်ပါက ယင်းက သင်၏ တစ်ဘဝလုံးကို ထိခိုက်လိမ့်မည်သာမက သင်၏ အသက်ကိုလည်း ဖျက်ဆီးကာ သင့်ကို သေခြင်းသို့ ပို့လိမ့်မည် ဖြစ်သည်။ ဘုရားသခင်ကို သင်ယုံကြည်လျှင်ပင် သမ္မာတရားကို ရရှိနိုင်မည်မဟုတ်သကဲ့သို့ ကယ်တင်ခြင်းကို ရယူနိုင်မည်မဟုတ်။ အဆုံးတွင် သင်ပျက်စီးဆုံးရှုံးလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၂))ဤစိတ်ဓာတ်ကျခြင်းမျိုးသည် ဖောက်ပြန်ပျက်စီးသည့် အခြေအနေတစ်ခု ပွင့်အံထွက်ခြင်း ဖြစ်ဖို့ မဆိုထားနှင့်၊ ရိုးရှင်းသည့် သို့မဟုတ် ခဏမျှဖြစ်သည့် ပုန်ကန်မှု မဟုတ်သကဲ့သို့ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ ခဏတာ ပွင့်အံထွက်မှု မဟုတ်ပေ။ ထိုထက် ဘုရားသခင်ကို အသံတိတ် အတိုက်အခံလုပ်ခြင်းဖြစ်သည့်အပြင် ၎င်းတို့အတွက် ဘုရားသခင် စီစဉ်သည့် ကံကြမ္မာကိုလည်း စိတ်မကျေနပ်သည့် အသံတိတ် အတိုက်အခံလုပ်ခြင်းတစ်ခု ဖြစ်သည်။ ထိုအရာသည် ရိုးရှင်းသည့် အပျက်သဘောဆောင်သော စိတ်ခံစားမှုတစ်ခု ဖြစ်ကောင်းဖြစ်နိုင်သော်လည်း လူတို့ထံ ထိုအရာက ဆောင်ကြဉ်းသည့် အကျိုးဆက်များသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက ဆောင်ကြဉ်းသည့် အကျိုးဆက်များထက် သာ၍ ဆိုးရွားလေသည်။ ထိုအရာက သင့်ကို သင်ထမ်းဆောင်သင့်သည့် တာဝန်အတွက်၊ ပြီးလျှင် သင့်ကိုယ်ပိုင် နေ့စဉ်ဘဝနှင့် ဘဝခရီးအတွက် အပြုသဘောဆောင်သည့် မှန်ကန်သော သဘောထားအား မခံယူရန် တားဆီးရုံသာမက သာ၍ ဆိုးရွားသည်မှာ ထိုအရာက သင့်အား စိတ်ဓာတ်ကျခြင်းကြောင့် ပျက်စီးဆုံးရှုံးရန်လည်း ဖြစ်စေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၂)) ဘုရားနှုတ်ကပတ်တော်တွေကတစ်ဆင့် ကျွန်မ မြင်ခဲ့တယ်။ တစ်ယောက်ယောက်က သူ့မှာ မကောင်းတဲ့ကံရှိတယ်လို့ ထင်ရင်၊ ဘုရားကို သူ ယုံကြည်တဲ့အခါ၊ သူ့တာဝန်ကို ဖြည့်ဆည်းပြီး လူတွေ၊ ဒါမှမဟုတ် သူကြုံရတဲ့ ကိစ္စတွေကို မှားပြီး အစွန်းရောက်တဲ့ အမြင်နဲ့ ဆက်ဆံတဲ့အခါ၊ အပျက်သဘောနဲ့ စိတ်ဓာတ်ကျခြင်းထဲ ကျဆင်းသွားတတ်တယ်၊ သူ့တာဝန်မှာ ဟန်ဆောင်လုပ်ပြရင်း၊ တိုးတက်ဖို့ အာရုံမစိုက်တော့သလို၊ စိတ်ဆန္ဒကင်းမဲ့ပြီး နားဝေတိမ်တောင်ဖြစ်လာတတ်တယ်။ စိတ်ဓာတ်ကျခြင်းထဲ နွံနစ်လာတာက အကျဖက် ထိုးဆင်းသွားစေနိုင်တယ်။ နောက်ဆုံးမှာ ကယ်တင်ခြင်း ရမဲ့အခွင့်အရေးတစ်ခုခုကို ဖျက်ဆီးတဲ့ အကျိုးဆက်ဖြစ်ပေါ်နိုင်တယ်။ ဒီအမြင်ကို မစွန့်ပစ်ရင်၊ အကျိုးဆက်တွေက အရမ်းကြောက်စရာကောင်းမယ်မှန်း ကျွန်မ မြင်ခဲ့တယ်။ မကောင်းတဲ့ ကံကြမ္မာရှိခြင်းနဲ့ဆိုင်တဲ့ ဒီစိတ်ကူးနဲ့ ကျွန်မ အသက်ရှင်ခဲ့ပုံကို တွေးမိတယ်။ ကျွန်မရဲ့မျက်စိပြဿနာကြောင့် စာလေ့လာတာ ဆက်မလုပ်တော့တဲ့အချိန်မှာ ကျော်ကြားမှုနဲ့ ဥစ္စာဓန ရှာမဲ့ ကျွန်မအိမ်မက်တွေ ပြိုကွဲသွားပြီး၊ ချမ်းသာကြွယ်ဝတဲ့ လူတစ်ယောက်ရဲ့ လေးစားစရာဘဝကို အသက်ရှင်နိုင်မှာ မဟုတ်လို့၊ ကျွန်မ အရမ်းကို ဆင်းရဲဒုက္ခခံစားပြီး ဘဝအတွက် မျှော်လင့်ချက်ပျောက်ဆုံးခဲ့တယ်။ ယုံကြည်သူဖြစ်လာပြီး ကိုယ့်တာဝန်ကို ဖြည့်ဆည်းတဲ့နောက်မှာ၊ မြင့်တဲ့ အဆင့်အတန်းကို ကျွန်မရှာတုန်းပဲဖြစ်ပြီး၊ ကျွန်မ ရာထူးတိုးမခံရသလို ခေါင်းဆောင်အနေနဲ့ အရွေးမခံခဲ့ရချိန်မှာ၊ ကိုယ့်ချို့တဲ့မှုတွေကို မသုံးသပ်ခဲ့ဘူး၊ ကိုယ်ကိုယ်ကိုယ် သိမလာခဲ့ဘူး၊ အဲဒီအစား၊ ကိုယ့်ရဲ့ မကောင်းတဲ့ ကံကြမ္မာကို ဆက်ညည်းခဲ့ပြီး၊ အပျက်သဘောအခြေအနေမှာ အသက်ရှင်ခဲ့တယ်၊ သမ္မာတရား လိုက်စားဖို့ မလိုလားခဲ့ဘူး။ နောက်ပိုင်းမှာ၊ ကျွန်မရဲ့ လည်ပင်းညှပ်ရိုးမှာ ပြဿနာဖြစ်တော့၊ အနာဂတ်မှာ လုံးဝ ထင်ပေါ်နိုင်မှာ မဟုတ်ဘူးလို့ တွေးခဲ့ပြီး၊ အဲဒါကြောင့် တာဝန်မှာ အချောင်ခိုခဲ့တယ်၊ ကျရှုံးမှုကို ကြိတ်မှိတ်လက်ခံထားခဲ့ပြီး၊ ဘုရားနဲ့ တဖြည်းဖြည်း ပိုအလှမ်းဝေးသွားခဲ့တယ်။ ကောင်းတဲ့ကံ၊ မကောင်းတဲ့ ကံကြမ္မာရှိတဲ့ အမြင်က ကျွန်မကို တင်းတင်း ချည်နှောင်ပြီး ချုပ်ချယ်ကန့်သတ်ခဲ့တာ၊ ဘုရားရဲ့ အချုပ်အခြာနဲ့ အစီအစဉ်တွေကို ကျိုးနွံနာခံနိုင်ခြင်းမရှိသလို၊ ပိုအတိုက်အခံလုပ်ခဲ့မှန်း တွေ့ရတယ်။ သူတို့ရဲ့ ကံကြမ္မာတွေ ဘယ်လောက်ဆိုးမှန်း အမြဲ ပြောနေကြတဲ့ မယုံကြည်သူတွေကို တွေးမိတယ်။ သူတို့က ဆင်းရဲပြီး အစွမ်းမဲ့တယ်၊ လူ့အဖွဲ့အစည်းရဲ့ အောက်အလွှာမှာ နေထိုင်ရတယ်၊ တခြားလူတွေရဲ့ လေးစားမှုကို မရနိုင်သလို၊ မကြာခဏ အနိုင်ကျင့်ခံရလို့၊ သူတို့ကံကြမ္မာကို ပြောင်းလဲဖို့ ဖြစ်နိုင်သမျှတိုင်းကို သူတို့ လုပ်ခဲ့ပေမဲ့၊ သူတို့ မျှော်လင့်တဲ့အတိုင်း ကိစ္စတွေ မဖြစ်တဲ့အခါ၊ သူတို့ဘဝကို အဆုံးသတ်ဖို့ တွေးကြတယ်။ တခြားမယုံကြည်သူတွေက လုံ့လရှိစွာနဲ့ နှစ်ချီလေ့လာပေမဲ့၊ အဆင့်အတန်းနဲ့ ကြွယ်ဝမှု မရနိုင်ကြသလို၊ သူတို့မှာ မကောင်းတဲ့ ကံကြမ္မာရှိတယ်လို့ တွေးလာကြတယ်။ တချို့ဆိုရင် အပြင်းအထန် စိတ်ဓာတ်ကျပြီး စိတ်ဖောက်ပြန်လာကြတယ်။ လူတွေက သမ္မာတရားကို နားမလည်သလို၊ အဓိပ္ပာယ်မရှိတဲ့ အမြင်တွေနဲ့ အသက်ရှင်တဲ့အခါ၊ သူတို့ကိုယ်သူတို့ မှန်မှန်ကန်ကန် သဘောမထားကြသလို၊ လူတွေ၊ အဖြစ်အပျက်နဲ့ ကိစ္စတွေကို မှန်မှန်ကန်ကန် မမြင်ကြဘူး၊ နောက်ဆုံးမှာ သူတို့ကို စိတ်ဓာတ်ကျသွားစေမှန်း တွေ့ခဲ့ရတယ်။ ဒီရှုထောင့်အမြင်တွေက စာတန်ဆီကနေ လာတာ။ စာတန်က လူတွေကို လှည့်ဖြားပြီး ထိခိုက်နစ်နာစေဖို့ ဒီအဓိပ္ပာယ်မဲ့ အမြင်တွေကို သုံးတယ်၊ သူတို့ကို စိတ်ဓာတ်ကျ၊ အကျင့်ပျက်လာစေတယ်၊ သမ္မာတရားကို မလိုက်စားဘဲ နောက်ဆုံးမှာ ဖယ်ရှားခံရဖို့ ဖြစ်လာစေတယ်။ အဲဒါအားလုံးကို နားလည်တဲ့နောက်မှာ၊ ကျွန်မ သဘောပေါက်လိုက်တယ်။ ကံကြမ္မာ ကောင်းတာ၊ မကောင်းတာရှိတယ်ဆိုတဲ့ ဒီအမြင်နဲ့ ကိစ္စတွေကို မြင်လို့မရတော့မှန်းကိုပေါ့။ ကျွန်မ အဲဒီလိုသာ ဆက်သွားရင် ကိုယ့်ကိုယ်ကိုယ် ဒုက္ခရောက်အောင် လုပ်မိမှာပဲ။ ဒါကြောင့် ဆုတောင်းခြင်းနဲ့ ဘုရားရှေ့ လာခဲ့တယ်။ “အိုဘုရားသခင်၊ ကိုယ်တော် စီစဉ်ညွှန်ကြားတဲ့ အခြေအနေတိုင်းက လေးနက်တဲ့ ရည်ရွယ်ချက်နဲ့ လုပ်တာပါ။ကျွန်မ ကျိုးနွံနာခံပါမယ်။ တာဝန်ကို လုပ်နေတုန်းမှာ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးခြင်းကို ဖြေရှင်းပြီး တာဝန်မှာ တိုးတက်ဖို့ ကြိုးစားပါ့မယ်”ပေါ့။

ရှာဖွေရာမှာ၊ ဘုရားနှုတ်ကပတ်တော် ဒီအပိုဒ်ကို အမှတ်တမဲ့တွေ့မိတယ်။ “ကံကြမ္မာအပေါ် မည်သည့်သဘောထားကို လူတို့ ရှိသင့်ကြသနည်း။ သင်သည် ဖန်ဆင်းရှင်၏ အစီအစဉ်များကို လိုက်နာသင့်သည်၊ ဤအရာခပ်သိမ်းအပေါ် ဖန်ဆင်းရှင်၏ အစီအစဉ်များရှိ သူ၏ ရည်ရွယ်ချက်နှင့် အဓိပ္ပာယ်တို့ကို တက်ကြွစွာနှင့် အစွမ်းကုန် ရှာဖွေသင့်ပြီး သမ္မာတရားအပေါ် သိနားလည်မှု ရရှိသင့်သည်၊ သင့်အတွက် ဘုရားသခင် စီစဉ်ထားသည့် ဤဘဝတွင် သင်၏ အကြီးမားဆုံး လုပ်ငန်းဆောင်တာများကို ဆောင်ရွက်သင့်သည်၊ အဖန်ဆင်းခံတစ်ဦး၏ အလုပ်များ၊ တာဝန်များနှင့် ဝတ္တရာများကို ထမ်းဆောင်သင့်ပြီး ဖန်ဆင်းရှင်က သင်နှင့်ပတ်သက်၍ ကျေနပ်အားရပြီး သင့်ကို အောက်မေ့သတိရသည်အထိ သင်၏ ဘဝကို သာ၍ အဓိပ္ပာယ်ရှိစေပြီး သာ၍ တန်ဖိုးရှိစေသင့်ပေသည်။ သာ၍ပင် ကောင်းမည့်အရာမှာ သင်၏ ရှာဖွေခြင်းနှင့် အားသွန်ခွန်စိုက် အားထုတ်မှုမှတစ်ဆင့် ကယ်တင်ခြင်း ရယူရန်ဖြစ်သည်မှာ အမှန်ဖြစ်၏။ ဤသည်မှာ အကောင်းဆုံးသော ရလဒ်ဖြစ်ပေမည်။ မည်သို့ဆိုစေ ကံကြမ္မာနှင့် စပ်လျဉ်း၍ အဖန်ဆင်းခံ လူသားမျိုးနွယ်က ရှိသင့်သည့် အသင့်လျော်ဆုံးသော သဘောထားမှာ အကြောင်းမဲ့ အကဲဖြတ်ပြီး အဓိပ္ပာယ်သတ်မှတ်သည့်၊ သို့မဟုတ် ထိုအရာကို ကိုင်တွယ်ဖြေရှင်းရန် အစွန်းရောက်သော နည်းစနစ်များကို အသုံးပြုသည့် သဘောထား မဟုတ်ပေ။ လူတို့အနေဖြင့် များစွာပို၍ပင် မိမိတို့၏ ကံကြမ္မာကို ခုခံရန်၊ ရွေးချယ်ရန်၊ သို့မဟုတ် ပြောင်းလဲရန် မကြိုးစားသင့်ဘဲ ထို့ထက် ထိုအရာကို အသိအမှတ်ပြုရန် မိမိတို့ စိတ်နှလုံးကို အသုံးပြုသင့်ပြီး ထိုကံကြမ္မာကို အပြုသဘောဆောင်စွာ ရင်မဆိုင်မီတွင် ရှာဖွေ၊ လေ့လာစူစမ်းပြီး လိုက်နာသင့်ကြပေသည်။ နောက်ဆုံးတွင် ဘဝ၌ ဘုရားသခင်က သင့်အတွက် ချမှတ်ထားသည့် အသက်ရှင်ခြင်း ပတ်ဝန်းကျင်နှင့် ခရီးစဉ်တွင် ဘုရားသခင် သင့်ကို သွန်သင်သည့် ပြုမူခြင်းနည်းလမ်းကို သင် ရှာဖွေသင့်သည်၊ သင့်ကို လျှောက်လှမ်းရန် ဘုရားသခင် တောင်းဆိုသည့် လမ်းကြောင်းကို ရှာဖွေသင့်ပြီး ဤနည်းဖြင့် သင့်အတွက် ဘုရားသခင် စီစဉ်ပြီးဖြစ်သည့် ကံကြမ္မာကို တွေ့ကြုံသင့်ကာ အဆုံးတွင် သင်သည် ကောင်းချီးခံစားရလိမ့်မည်။ သင့်အတွက် ဖန်ဆင်းရှင်က စီစဉ်ထားသည့် ကံကြမ္မာကို သင် ဤနည်းဖြင့် တွေ့ကြုံသည့်အခါ သင် အသိအမှတ်ပြုလာသည့် အရာမှာ ပူဆွေးခြင်း၊ ဝမ်းနည်းခြင်း၊ မျက်ရည်များ၊ နာကျင်မှု၊ စိတ်ပျက်ခြင်းနှင့် ကျရှုံးမှုများသာမက သာ၍ အရေးကြီးသည်မှာ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်းနှင့် နှစ်သိမ့်ခြင်းအပြင် သင့်အပေါ် ဘုရားသခင် ပေးသနားသည့် သမ္မာတရား၏ ဉာဏ်အလင်းပေးခြင်းနှင့် အလင်းပြခြင်းတို့ကိုလည်း သင် တွေ့ကြုံခံစားရလိမ့်မည်။ ထို့အပြင် သင်၏ ဘဝလမ်းကြောင်းတစ်လျှောက် သင်လမ်းပျောက်လာသည့်အခါ၊ စိတ်ပျက်ခြင်းနှင့် ကျရှုံးမှုတို့ဖြင့် သင် ရင်ဆိုင်ရပြီး ရွေးချယ်ရမည့်အရာတစ်ခု ရှိသည့်အခါ ဖန်ဆင်းရှင်၏ လမ်းပြမှုကို သင် တွေ့ကြုံလိမ့်မည်ဖြစ်ပြီး အဆုံးတွင် သင်သည် အဓိပ္ပာယ်အရှိဆုံးသော ဘဝကို မည်သို့ အသက်ရှင်ရမည်ဆိုသည်နှင့်သက်ဆိုင်သည့် သိနားလည်မှု၊ အတွေ့အကြုံနှင့် အသိအမှတ်ပြုခြင်းတို့ကို ရရှိလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၂)) ဘုရားနှုတ်ကပတ်တော်ကတစ်ဆင့်၊ သူ့အလိုတော်ကို နားလည်ပြီး၊ ဘုရားရဲ့ စိတ်နှလုံး ဘယ်လောက်ကြင်နာမှန်း မြင်ခဲ့တယ်။ ကျွန်မတို့ဘဝမှာ အခက်အခဲနဲ့ စိတ်ပျက်မှုတွေ ရင်ဆိုင်ကြရမယ်ဆိုပေမဲ့ အဲဒါက ကျွန်မတို့ကံကြမ္မာကို အတိုက်အခံလုပ်သင့်တယ်၊ ပြောင်းလဲသင့်တယ်လို့ မဆိုလိုပါဘူး။ အဲဒါထက်၊ ဘုရားကြိုသတ်မှတ်ထားတာကို ကျိုးနွံနာခံရမယ်၊ ကျွန်မတို့အတွက် ဘုရားစီစဉ်ညွှန်ကြားတဲ့ လူတွေ၊ အဖြစ်အပျက်တွေနဲ့ ကိစ္စတွေဆီက သင်ယူပြီး သမ္မာတရားရရှိရမယ်။ အဲဒီအခါမှပဲ စစ်မှန်တဲ့ ငြိမ်သက်ခြင်းနဲ့ နှစ်သိမ့်မှုကို ကျွန်မတို့ ရှာတွေ့မယ်။ ခေါင်းဆောင်အနေနဲ့ ကျွန်မ အရွေးမခံခဲ့ရတာက ဘုရားရဲ့ ခွင့်ပြုချက်နဲ့ ဖြစ်ပုံကို တွေးမိတယ်။ ကျွန်မမှာ အလုပ်စွမ်းရည်ကောင်းတွေ မပိုင်ဆိုင်သလို၊ တာဝန်တစ်ခုကိုပဲ လုပ်ဖို့၊ ပုံမှန် နောက်လိုက်တစ်ယောက်ဖြစ်ဖို့ ပိုသင့်တော်ခဲ့တယ်။ အဲဒါက ကျွန်မအတွက် အကောင်းဆုံး နေရာပဲ။ အခု အသင်းတော်က ကျွန်မကို ရေလောင်းတာဝန် ပေးပြီးပြီ။ ဒီတာဝန်ကတစ်ဆင့်၊ ဘုရားအမှုတော်ကို သိခြင်းအကြောင်း နှုတ်ကပတ်တော်အများကြီး ဖတ်ခဲ့ရပြီးပြီ။ ဧဝံဂေလိ ဖြန့်တာ၊ လူတွေကို ပိုင်းခြားသိမြင်တာနဲ့ စပ်လျဉ်းတဲ့ စည်းမျဉ်းတချို့ကို ကျွန်မ သဘောပေါက်လာခဲ့တယ်။ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို သိတဲ့အသိတချို့ ရခဲ့သလို၊ ဘုရားက ကျွန်မအတွက် စီစဉ်ညွှန်ကြားတဲ့ အခြေအနေတွေကို အခု ကျိုးနွံနာခံနိုင်တယ်။ ဒါတွေအားလုံးက တကယ့် အကျိုးကျေးဇူးတွေဖြစ်ပြီး၊ ကြွယ်ဝတွေအားလုံးထဲမှာ တန်ဖိုးအရှိဆုံးပဲ။ အခု ကျွန်မ သဘောပေါက်သွားပြီ။ ကျွန်မတို့ ဘဝတစ်ခုလုံးကို ဘုရားက စီစဉ်ပြီး ကြိုသတ်မှတ်ထားတာပဲ။ အခြေအနေမျိုးစုံမှာ ကျိုးနွံနာခံခြင်း၊ သမ္မာတရား လိုက်စားခြင်းနဲ့ ရရှိခြင်း၊ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်းနဲ့ ဘုရားရဲ့ ကယ်တင်ခြင်း ရရှိခြင်းတွေနဲ့ပဲ၊ ကံကြမ္မာကောင်းတစ်ခုကို ကျွန်မတို့ တကယ်ရှိနိုင်တယ်။ အဲဒီနောက်မှာ ကျွန်မတာဝန်ကို သစ္စာစောင့်သိမှု၊ ဆက်ကပ်မှုတွေနဲ့ ထမ်းဆောင်ရင်းနဲ့ ကိုယ့်ကိုယ်ကိုယ် သုံးသပ်ပြီး၊ အတားအဆီးနဲ့ ကျရှုံးမှုတွေကနေ သင်ယူရင်းနဲ့ ဘုရားနှုတ်ကပတ်တော်အတိုင်း ကျွန်မပြုမူခဲ့တယ်။ ဒီလိုလက်တွေ့လုပ်တာက ကျွန်မကို ငြိမ်သက်ခြင်းနဲ့ ဝမ်းမြောက်ခြင်း ရရှိစေခဲ့တယ်။

လတ်တလောမှာ၊ ခေါင်းဆောင်က ပါရမီရှိတဲ့ ညီအစ်ကို မောင်နှမတွေကို အကြံပြုထောက်ခံခိုင်းထားပြီး၊ ကျွန်မ ကိုယ့်ဘာသာတွေးမိတယ်။ “ရာထူးတိုးခံရဖို့က ဂုဏ်ယူစရာအခိုက်အတန့် ဖြစ်မှာပဲ။ နိုင်ငံတော် ဧဝံဂေလိ တိုးချဲ့ဖို့အတွက် ငါ ပံ့ပိုးပေးနိုင်မှာဖြစ်ပြီး၊ ငါ ရာထူးတိုးတာကို ကြားတဲ့အခါ တခြားလူတွေက သေချာပေါက် ငါ့ကို အားကျပြီး အထင်ကြီးကြမှာပဲ”လို့ပေါ့။ ဒါပေမဲ့ ကျွန်မရဲ့ နာမကျန်းမှုကြောင့် အပြင်ထွက်ဖို့လိုတဲ့ တာဝန်ကို ထမ်းဆောင်ဖို့ ကျွန်မ မသင့်တော်ဘူးလို့ ခေါင်းဆောင်က ပြောတယ်။ ကျွန်မ နည်းနည်း စိတ်ဓာတ်ကျသွားပြီး ကိုယ့်ကိုယ်ကိုယ် ညည်းမိတယ်။ “ငါ့ညီအစ်ကို မောင်နှမအားလုံး ကျန်းမာကြတဲ့ပုံရပြီး၊ သူတို့ ရာထူးတိုးခံရနိုင်သလို၊ လက်တွေ့လုပ်ဖို့ ပိုအခွင့်အရေးရနိုင်ပေမဲ့ ငါက အိမ်မှာပဲ နေရမှာဖြစ်ပြီး၊ ထင်ပေါ်ဖို့ ဒါမှမဟုတ် ဂုဏ်သရေရဖို့ အခွင့်အရေးမရှိဘူး။ ငါ့မှာ ကံကိုက မကောင်းတာပါ”လို့ပေါ့။ ဒီအတွေးတွေ စပေါ်လာတာနဲ့အမျှ၊ မကောင်းတဲ့ အခြေအနေမှာ ထပ်ပြီး အသက်ရှင်နေမိမှန်း ကျွန်မ သဘောပေါက်လိုက်တယ်။ ဒါကြောင့် ဆုတောင်းခြင်း၊ ရှာဖွေခြင်းနဲ့ ဘုရားရှေ့ လာခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ တွေ့တယ်။ “ဘုရားသခင်က ရာထူးအဆင့်အတန်းကို လူတို့အတွက် မစီမံခဲ့ချေ။ ဘုရားသခင်သည် လူတို့အား သမ္မာတရား၊ လမ်းခရီးနှင့် အသက်ကို ပေးအပ်ပြီး— ၎င်းတို့အား ရာထူးအဆင့်အတန်းနှင့် သြဇာတိက္ကမရှိပြီး လူထောင်ပေါင်းတို့၏ ကြည်ညိုခံရသောသူတစ်ဦး မဟုတ်ဘဲ— နောက်ဆုံးတွင် ဘုရားသခင်၏ လက်ခံနိုင်ဖွယ် ဖန်ဆင်းခံတစ်ဦး၊ ဘုရားသခင်၏ သေးငယ်ပြီး အရေးမပါသော ဖန်ဆင်းခံတစ်ဦး ဖြစ်လာစေသည်။ ထို့အတွက်ကြောင့် ယင်းကို မည်သည့်ရှုထောင့်မှ ကြည့်သည်ဖြစ်စေ ရာထူးအဆင့်အတန်းကို လိုက်စားခြင်းက တစ်ဖက်ပိတ်လမ်းဖြစ်သည်။ ရာထူးအဆင့်အတန်းကို လိုက်စားခြင်းအတွက် သင်၏အကြောင်းပြချက်က အဘယ်မျှ ကျိုးကြောင်းဆီလျော်သည်ဖြစ်စေ ဤလမ်းကြောင်းက လမ်းကြောင်းမှားတစ်ခုပင် ဖြစ်နေဆဲဖြစ်ကာ ဘုရားသခင်၏ ချီးကျူးခြင်းကို မခံရပေ။ သင်သည် အဘယ်မျှ ခက်ခက်ခဲခဲကြိုးစားသည်ဖြစ်စေ၊ သို့မဟုတ် အဖိုးအခကို အဘယ်မျှ ကြီးကြီးမားမားပေးဆပ်သည်ဖြစ်စေ ရာထူးအဆင့်အတန်းကို အလိုရှိပါက ဘုရားသခင်သည် သင့်ကို ပေးမည်မဟုတ်ပေ။ အကယ်၍ ယင်းကို ဘုရားသခင်မပေးပါက ယင်းကိုရရှိရန် ကြိုးစားရာတွင် သင် ကျရှုံးလိမ့်မည်ဖြစ်ပြီး၊ အကယ်၍ သင် ဆက်လက်ကြိုးစားနေပါက ရလဒ်တစ်ခုတည်းသာရှိလိမ့်မည်။ သင်သည် ဖော်ထုတ်ခံရပြီး ထုတ်ပယ်ခံရမည်။ ဤသည်မှာ လမ်းဆုံးတစ်ခုဖြစ်သည်။ ဤအရာကို သင်နားလည်သည်မဟုတ်လော။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၃))ဘုရားအိမ်တော်က အန္တိခရစ်နှင့် ကောက်ကျစ်ဆိုးယုတ်သောသူ များစွာအား ဖယ်ရှားသည်ကို တွေ့မြင်ပြီးနောက်တွင် သမ္မာတရားကို လိုက်စားသူအချို့သည် အန္တိခရစ်များ၏ ကျရှုံးမှုကို ရှုမြင်ပြီး အန္တိခရစ်များလျှောက်သည့် လမ်းကြောင်းကို ဆင်ခြင်သုံးသပ်ကြကာ မိမိတို့ကိုယ်ကိုလည်း ဆင်ခြင်သုံးသပ်၍ သိမြင်ကြသည်။။ ဤအရာမှ ၎င်းတို့သည် ဘုရားအလိုတော်ကို နားလည်သွားကြသည်။ သာမန်နောက်လိုက်များဖြစ်ဖို့ စိတ်ပိုင်းဖြတ်ကြသည်။ သမ္မာတရားအား လိုက်စားခြင်း၊ မိမိတာဝန်ကို ကောင်းစွာလုပ်ခြင်းတို့ကို အာရုံစိုက်ကြသည်။ ၎င်းတို့သည် အစေခံသူများ၊ သို့မဟုတ် နိမ့်ကျသော အညတြများဟု ဘုရားသခင်က ဆိုလျှင်ပင် ၎င်းတို့သည် ဘုရားသခင်၏ အမြင်၌ နိမ့်ကျသောသူ၊ သေးငယ်ပြီး အရေးမပါသော နောက်လိုက်ဖြစ်ခြင်းကို ကျေနပ်ရောင့်ရဲကြသည်။ သို့သော် အဆုံးတွင် ဘုရားသခင်က လက်ခံနိုင်ဖွယ်ဖြစ်သော ဖန်ဆင်းခံအဖြစ် အခေါ်ခံရသည်။ ဤသို့သောသူမျိုးကသာ ကောင်းမွန်သည်။ ဤသို့သောသူမျိုးကသာ ဘုရားသခင်က ချီးမွမ်းမည့်သူဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၃)) ဘုရားနှုတ်ကပတ်တော်တွေကတစ်ဆင့် ကျွန်မ သဘောပေါက်လိုက်တယ်။ လူဟာ စစ်မှန်တဲ့ အဆင့်အတန်းတစ်ခုမှ မရှိတဲ့ ဘုရားရဲ့ အရေးမပါတဲ့ ဖန်ဆင်းခံလေးတစ်ဦးပါပဲ ဆိုတာကိုပေါ့။ စဉ်းစားတတ်တဲ့ လူတစ်ယောက်အနေနဲ့ ကျွန်မ လက်တွေ့ကျသင့်ပြီး ကိုယ့်နေရာမှာ စွဲစွဲမြဲမြဲရပ်တည်သင့်တယ်။ ဒါက ဘုရားချီးကျူးတဲ့အရာ ဖြစ်တာနဲ့အမျှ၊ သမ္မာတရားရပြီး ကိုယ့်အသက်စိတ်သဘောထား ပြောင်းလဲဖို့ ကြိုးစားသင့်တယ်။ ကျွန်မက နာမည်ဂုဏ်နဲ့ အဆင့်အတန်းကို အမြဲ ရှာရင်၊ နောက်ဆုံးမှာ ဘုရားရဲ့ ဖယ်ရှားတာကို ခံရမှာပဲ။ ကျွန်မရဲ့ အရင်တွဲဖက်ဖြစ်တဲ့ ကျောက်ဆုလိုမျိုး ကံကြမ္မာကောင်းရှိတဲ့ လူတွေအနေနဲ့ ကျွန်မ အားကျပြီး လေးစားလေ့ရှိခဲ့သူတွေကို တွေးမိတယ်။ သူက ပါရမီရှိတယ်၊ သိပ်တော်တဲ့ ဟောပြောသူဖြစ်ပြီး၊ အရေးပါတဲ့ နေရာတစ်ခုဆီ ရာထူးတိုးခံခဲ့ရတယ်။ ဒါပေမဲ့ သူ့တာဝန်ကို ထမ်းဆောင်နေတုန်း ဂုဏ်နဲ့ အဆင့်အတန်းကို အမြဲရှာခဲ့တယ်။ အဲဒါက အသင်းတော်အလုပ်ကို အရမ်း နှောင့်ယှက်ခဲ့တယ်။ သူ အစားထိုးခံရတော့၊ နောင်တမရခဲ့သလို၊ မကောင်းမှုမျိုးစုံ လုပ်တဲ့အတွက် နှင်ထုတ်ခံခဲ့ရတယ်။ သူ့ရဲ့ ကျရှုံးမှုက ကျွန်မတွက် သတိပေးချက်တစ်ခု ဖြစ်ခဲ့တယ်။ လူတွေက သမ္မာတရားကို မလိုက်စားဘဲ နာမည်ဂုဏ်နဲ့ အဆင့်အတန်းအတွက် အမြဲ ကြိုးပမ်းတဲ့အခါ၊ သူတို့ ဖော်ထုတ်ခံရပြီး ဖယ်ရှားခံရတယ်ဆိုတာကို မြင်ခဲ့တယ်။ ကျွန်မရဲ့ ရောဂါကြောင့် အပြင်ထွက်ဖို့လိုတဲ့ တာဝန်တွေကို မလုပ်နိုင်လို့၊ ကိုယ့်ကိုယ်ကို စပြီး ညည်းညူလာခဲ့တယ်။ ဒါက နာမည်ဂုဏ်နဲ့ အဆင့်အတန်းအတွက် ကျွန်မရဲ့ဆန္ဒ ပြန်ခါင်းထောင်လာတာပဲ။ တာဝန်တွေလုပ်ဖို့ အပြင်ထွက်ခြင်းအားဖြင့် ကျွန်မ ထင်ပေါ်နိုင်မယ်၊ အဲဒါက ကျွန်မမှာ ကံကြမ္မာကောင်းရှိတဲ့ သဘောဖြစ်မယ်လို့ ထင်ခဲ့တယ်။ ကျွန်မက နာမည်ဂုဏ်နဲ့ အဆင့်အတန်းကို ရှာပြီး၊ ဘုရားကို ဆန့်ကျင်တဲ့လမ်းကြောင်းကို လျှောက်နေတုန်းပဲဖြစ်တယ်။ သူ့ရဲ့ အဖန်ဆင်းခံအနေနဲ့ အသက်ရှင်တာက ဘုရားအလိုတော်ဖြစ်တယ်၊ ကျွန်မ အပြင်ထွက်သည်ဖြစ်စေ၊ အိမ်မှာ နေသည်ဖြစ်စေ၊ ကိုယ့်တာဝန်ကို အမြဲ ဖြည့်ဆည်းနိုင်သလို၊ သမ္မာတရားနဲ့ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှုကို လိုက်စားနိုင်တယ်။ ဘုရားရဲ့ စီစဉ်ညွှန်ကြားမှုတွေကို ကျိုးနွံနာခံပြီး ကျွန်တော့်တာဝန်ကို လေးလေးနက်နက် ဖြည့်ဆည်းသင့်မှန်း ကျွန်မ သိခဲ့တယ်။ ဒါကသာ ကျွန်မကို စိတ်အေးစေမှာပဲ။

ဒီအတွေ့အကြုံကတစ်ဆင့်၊ ကျွန်မရဲ့ မှားတဲ့အမြင်တွေပေါ် အသိပညာတချို့ ရခဲ့ပြီး၊ ကျွန်မရဲ့ ကံကြမ္မာဆိုးလို့ဆိုတဲ့အရာနဲ့ပတ်သက်လို့ ညည်းညူတာက ဘုရားကို ပုန်ကန်တာဖြစ်ပြီး သူ့ရဲ့ အချုပ်အခြာနဲ့ အစီအစဉ်တွေကို ကျိုးနွံနာခံဖို့ ငြင်းပယ်တာဖြစ်ပုံကို ကျွန်မ မြင်ရပြီဖြစ်ပါတယ်။ အဲဒီလို ကျွန်မ ဆက်နေရင်၊ ကယ်တင်ခံရမဲ့ ကျွန်မရဲ့ အခွင့်အရေး ဆုံးရှုံးမှာပဲ။ ရှေ့ဆက်ပြီး၊ ကျွန်မရဲ့ မှားတဲ့ အမြင်တွေကို ဘေးဖယ်ဖို့၊ ကျိုးနွံနာခံပြီး၊ ကျွန်မတာဝန်ကို ဖြည့်ဆည်းဖို့ ဆုံးဖြတ်လိုက်ပြီ။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

အခြားသူများကို အမြဲ ကျေနပ်စေခြင်းမှ ဖြစ်လာသည့်အရာ

ရှင်းချန် အမေရိကန်နိုင်ငံ အသင်းတော်မှာ ဧဝံဂေလိအလုပ်ကို ကျွန်မ ကိုင်တွယ်ရတယ်။ အစ်မဝမ်နဲ့ ကျွန်မက အဖွဲ့ခေါင်းဆောင် အတူလုပ်ကြတယ်။ အစမှာ၊...

ဘုရားသခင်၏နှုတ်ကပတ်တော်အားဖြင့် မိမိကိုယ်ကိုယ် သိရှိခြင်း

ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်က ပြောပါတယ်- “နောက်ဆုံးသောကာလတွင် ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏...

မိမိတာဝန်တွင် မည်သို့ ပူးပေါင်းလုပ်ဆောင်ရမှန်း ကျွန်မ အခု သိပါပြီ

၂၀၁၉ နိုဝင်ဘာလတုန်းကပါ။ ကျွန်မက အစ်မကျိုးနဲ့အတူ ခေါင်းဆောင်ပိုင်းတာဝန်တွေ လုပ်နေတာ။ အလုပ်ကို ပိုကောင်းအောင်၊ ပိုပြီး ထိထိရောက်ရောက်...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။