အသိပညာမရှိတာဟာ အကြောင်းပြချက်မဟုတ်ပါဘူး

22.12.2024

၂၀၂၁ ခုနှစ် မေလမှာ အသင်းခေါင်းဆောင်တစ်ယောက်အဖြစ် အစေခံဖို့ ကျွန်မရွေးချယ်ခံရပြီး ကျွန်မတို့ရဲ့ဗီဒီယိုထုတ်လုပ်ရေးပိုင်းကို အဓိကအနေနဲ့ ကြီးကြပ်ဖို့ ခန့်အပ်ခံခဲ့ရတယ်။ ဒီတာဝန်ကို ထမ်းဆောင်ဖို့ နည်းနည်းတော့ စိတ်ပူပန်ခဲ့ပြီး ကိုယ့်ဘာသာ ပြန်စဉ်းစားကြည့်မိတယ်။ “ငါ အရင်က ဗီဒီယို ထုတ်လုပ်မှု တချို့လုပ်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ ဒီနယ်ပယ်မှာ ငါ့ကျွမ်းကျင်မှုက နည်းနည်းတော့ အားနည်းနေသေးတယ်။ ငါ ဒီအလုပ်ကို တကယ်ကောင်းကောင်း ကြီးကြပ်နိုင်ပါ့မလား။ ငါ စွမ်းဆောင်ရည်မပြည့်လို့ အစားထိုးခံရရင် ညီအစ်ကိုမောင်နှမတွေက ငါ့ကို ဘယ်လိုထင်မြင်ကြမလဲ။ အဲဒါအပြင် ငါကြီးကြပ်နေသူတွေအားလုံးက ငါ့ထက် နည်းပညာဆိုင်ရာ အသိပညာတွေ ပိုများကြတယ်။ သူတို့တာဝန်တွေမှာ ရှိတဲ့ ပြဿနာတွေကို ငါ့အနေနဲ့ ဖော်ထုတ်မပြနိုင်ဘူးဆိုရင်၊ မည်မည်ရရဖြစ်တဲ့ အကြံပြုချက်တွေကို မပေးနိုင်ရင်၊ ငါက ထိရောက်တဲ့ ကြီးကြပ်ရေးမှူးမဟုတ်ဘဲ မကျွမ်းကျင်သူလို့ သေချာပေါက် ထင်ကြမယ်။ အဲဒီနောက်မှာ ခေါင်းဆောင်ဖြစ်ဖို့ မသင့်တော်ဘူးလို့လည်း ထင်သွားနိုင်တယ်” ပေါ့။ ဒီအတွေးက ကျွန်မကို စိတ်ပူပန်စေခဲ့တယ်။ ဒါပေမဲ့ ဒီတာဝန်အသစ်ကို အရင်ဆုံးလက်ခံလိုက်ပြီး အသင်းတော်ရဲ့ အစီအစဉ်တွေကို လိုက်နာရမယ်ဆိုတာကိုလည်း သိပါတယ်။

အလုပ်တွေကို တတ်နိုင်သမျှ အမြန်ဆုံး အရှိန်မြှင့်တင်ဖို့အတွက် ညီအစ်ကိုမောင်နှမတွေရဲ့ အလုပ်နဲ့ပတ်သက်တဲ့ ဘယ်ဆွေးနွေးမှုကိုမဆို ကျွန်မ ပါဝင်ရမယ်။ အစမှာတော့ ကျွန်မက စေ့စေ့စပ်စပ် သေချာနားထောင်ပါတယ်။ ဒါပေမဲ့ တဖြည်းဖြည်းနဲ့ ကျွန်မက အသုံးပြုနေတဲ့ အတတ်ပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှု တော်တော်များများကို နားမလည်သလို စကားတစ်လုံးမှ ဝင်မပြောနိုင်တာကို သိလာရတယ်။ ညီအစ်ကိုမောင်နှမတွေက ကျွန်မရဲ့အမြင်ကို တောင်းဆိုလာမှာကို စိုးရိမ်မိတယ်။ ခြေခြေမြစ်မြစ် ဖြစ်တဲ့ အကြံပြုချက်တွေကိုလည်း ကျွန်မက မပေးခဲ့ရင် ကျွန်မက ကိုယ့်စွမ်းရည်တွေကို ရှိတာထက် ပိုအထင်ကြီးနေပြီး ကျွန်မကိုယ်တိုင်ကိုက နားမလည်တဲ့ သူတို့ရဲ့အလုပ်တွေကို စစ်ဆေးဖို့ အရည်အချင်းမပြည့်မီပါဘူးလို့ တွေးကောင်းတွေးနေနိုင်တယ်။ ကျွန်မကို အထင်သေးနေကြမလား။ ခေါင်းဆောင်တစ်ယောက်အနေနဲ့ ကိုယ့်ပုံရိပ်ကို ထိန်းသိမ်းဖို့ ဘုရားနှုတ်ကပတ်တော်တွေအပေါ် ကျွန်မရဲ့ နားလည်ခြင်းကို ဝေမျှတာကလွဲပြီး တွေ့ဆုံပွဲတွေလုပ်ကြတဲ့အချိန်မှာ ဆွေးနွေးမှုတွေနဲ့ ခြုံငုံသုံးသပ်ချက်တွေအပေါ် ကျွန်မရဲ့ ထင်မြင်ချက်ကို တစ်ခုမှ ဝင်မပြောတော့ဘူး။ ဗီဒီယိုထုတ်လုပ်ရေးရဲ့ ကျွမ်းကျင်မှုဆိုင်ရာတွေနဲ့ ပတ်သက်တဲ့ ဆွေးနွေးမှုတွေမှာ ပါဝင်ဖို့ ဒါမှမဟုတ် အနီးကပ်အာရုံစိုက်ဖို့တို့ကို ကျွန်မ မလုပ်ချင်ခဲ့ဘူး။ အသေးဆုံး ဝန်ထုပ်ဝန်ပိုးကိုတောင် မခံယူတော့ဘူး။ “ဘယ်လိုပဲဖြစ်ဖြစ် ငါက နည်းပညာပိုင်းကို နားမလည်ဘူး၊ အဲဒါကြောင့် အသက်ဝင်ရောက်မှုမှာ သူတို့မှာရှိတဲ့ ပြဿနာမှန်သမျှကိုပဲ အဓိက ဖြေရှင်းပေးမယ်။ နည်းပညာဆိုင်ရာ ကိစ္စတွေအတွက်တော့ သူတို့အနေနဲ့ ဘုရားသခင်ကို အားကိုးပြီး ဆုတောင်းတဲ့အပြင် သူတို့အချင်းချင်း ဆွေးနွေးဖို့ပဲ ထားလိုက်မယ်” လို့ အမြဲတွေးခဲ့တယ်။ တစ်ချိန်မှာ ညီအစ်မတစ်ယောက်က သူလုပ်နေတဲ့ ဗီဒီယိုအတွက် အကြံပြုချက်တောင်းဖို့ အဖွဲ့ထဲကို ပို့ခဲ့တာကို မှတ်မိတယ်။ အဲဒီအချိန်မှာ ကျွန်မက ထုတ်လုပ်မှုရဲ့ နည်းပညာပိုင်းကို နားမလည်တဲ့အတွက်ကြောင့် ဗီဒီယိုထဲမှာ ပြဿနာတစ်ခုမှ ကျွန်မ ရှာတွေ့နိုင်မှာ မဟုတ်ဘူးလို့ထင်ခဲ့တယ်။ အဲဒီအပြင် လူတိုင်းရှေ့မှာ တစ်ခုခုမှားပြောမိရင် ကျွန်မ လုံးလုံး သိက္ခာကျမယ်။ အဲဒါကြောင့် ကျွန်မက အကြံဉာဏ်တွေပေးဖို့ အစီအစဉ် မရှိခဲ့ဘဲ ဗီဒီယိုကို သေချာမကြည့်လိုက်ဘူး။ နောက်ပိုင်းမှာ အဖွဲ့ခေါင်းဆောင်တစ်ယောက်က ညီအစ်မရဲ့ဗီဒီယိုမှာ ပြဿနာတစ်ခုတွေ့ခဲ့ပြီး ကျွန်မကိုလည်း သတိထားမိသလားလို့ မေးလာတယ်။ ဗီဒီယိုကို သေသေချာချာ မကြည့်ထားမိတဲ့အတွက် ကျွန်မ ရှက်ပြီး မျက်နှာပူသွားတာကို ခံစားလိုက်ရတယ်။ လူတွေ သိသွားမှာကို ရှောင်ရှားဖို့ ဆွေးနွေးမှုတိုင်းရဲ့ အဆုံးအထိ ကျွန်မ စောင့်နေခဲ့တယ်။ ခြုံငုံသုံးသပ်ချက်တွေနဲ့ လူတိုင်းပြောခဲ့တာတွေကို အကျဉ်းချုပ်ပြောပြဖို့ ဒါမှမဟုတ် အတိုချုံးနဲ့ “ဒီအထိ ပြောပြီးခဲ့သမျှကို ကျွန်မတော်တော်လေး သဘောတူပါတယ်၊ တခြားထပ်ထည့်ပြီးပြောစရာမရှိပါဘူး” လို့ ဝတ်ကျေတမ်းကျေ မှတ်ချက်ဝင်ပေးဖို့ပဲပေါ့။ စုဝေးပွဲ တစ်လျှောက်လုံး စကားတစ်ခွန်းမှ ဝင်မပြောခဲ့ဘဲ ရှက်ရွံ့စိတ်တွေ မချိတင်ကဲဖြစ်တာတွေကို ဆိုးဆိုးဝါးဝါး ခံစားနေခဲ့ရပါတယ်။ အဲဒီနေရာမှာ ရှိနေဖို့တောင် မလိုအပ်ဘူးလို့ ခံစားခဲ့ရတယ်။ အဲဒီနောက်မှာတော့ ကျွန်မက နည်းပညာပိုင်းအလုပ်တွေကို ပိုလို့တောင် ရှောင်နေခဲ့ ပြီး အဖွဲ့ခေါင်းဆောင်တစ်ယောက်ရဲ့ အလုပ်ကို မစစ်ဆေးဖြစ်တော့ဘူး။ စည်းဝေးပွဲတွေမှာ လူတွေရဲ့ လက်ရှိအခြေအနေတွေကို ခံစားနားလည်ပြီး သူတို့ရဲ့ တာဝန်မှာ ဝန်တာ ထမ်းရွက်တာ ရှိမရှိ၊ ဝတ်ကျေတမ်းကျေ လုပ်ဆောင်တာ ရှိမရှိကို စောင့်ကြည့်မိတယ်။ ဗီဒီယိုထုတ်လုပ်ရေးနဲ့ ပတ်သက်တဲ့ ပြဿနာတွေ၊ အခက်အခဲတွေနဲ့ပတ်သက်ပြီး သူတို့နဲ့ အသေးစိတ်ဆွေးနွေးဖို့ ဒုက္ခခံမနေတော့ဘူး။ အဖွဲ့ခေါင်းဆောင်က ဒါကို ကိုင်တွယ်နိုင်လိမ့်မယ်လို့ တွေးပြီး ကျွန်မအနေနဲ့ သင့်လျော်တဲ့ နည်းပညာဆိုင်ရာ ကျွမ်းကျင်မှု ရှိသူတွေကို ဒီပြဿနာတွေ ဖြေရှင်းခွင့်ပေးလိုက်မယ်လို့ပဲ တွေးထားလိုက်တယ်။ ဒါဟာ ကျွန်မအနေနဲ့ သူတို့ရဲ့ ပြဿနာတွေကို မဖြေရှင်းနိုင်ခဲ့ရင် အသုံးမဝင်သူအဖြစ် ဖော်ထုတ်ခံရတာကလည်း ဟန့်တားပေးမယ်လေ။ ကျွန်မအနေနဲ့ လက်တွေ့အလုပ် တစ်ခုခု လုပ်နိုင်သေးတယ်ဆိုတာကို မြင်သာဖို့အတွက် လူတစ်ယောက်က မကောင်းတဲ့အခြေအနေမှာ ရှိနေတာကိုဖြစ်ဖြစ်၊ အပျက်သဘောဆောင်တာကိုဖြစ်ဖြစ် သတိပြုမိတိုင်း၊ ဒါမှမဟုတ် ကြားမိတိုင်း သူတို့နဲ့ မိတ်သဟာယဖွဲ့ပြီး အကူအညီပေးနိုင်ဖို့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို အမြန်ရှာဖွေလိုက်တယ်။ ဒါပေမဲ့ သူတို့အလုပ်မှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ထုတ်ပြောလိုက်တာနဲ့တစ်ပြိုင်နက် ကျွန်မက ဝတ်ကျေတမ်းကျေပဲ တုံ့ပြန်လိုက်တယ်၊ “ကျွန်မတို့ရဲ့ လက်ရှိအခြေအနေကို ပြုပြင်ပြီး ဘုရားသခင်ကိုပဲ အားကိုးလိုက်တဲ့အခါ အဲဒီပြဿနာတွေကို ဖြေရှင်းဖို့ ဘုရားသခင်က ကျွန်မတို့ကို လမ်းညွှန်ပေးပါမယ်” လို့ပေါ့။ အဲဒီလိုပြောလိုက်တဲ့အချိန်တိုင်းမှာ သူတို့ရဲ့ အခြေအနေတွေက ခဏတာ တိုးတက်လာပေမဲ့ သူတို့ရဲ့ တာဝန်မှာ နောက်ထပ်ပြဿနာတစ်ခု ကြုံတွေ့တာနဲ့တစ်ပြိုင်နက် သူတို့ရဲ့ပြဿနာတွေ မပြေလည်ဘဲ ကျန်နေခဲ့ပြီး သူတို့က အပျက်သဘောဆောင်သွားပြန်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မက လက်တွေ့ပြဿနာတွေကို ဖြေရှင်းဖို့ ပျက်ကွက်ခဲ့ပြီး အလုပ်ကို စစ်ဆေးတာနဲ့ ကြီးကြပ်တာတွေ မလုပ်ခဲ့လို့ပေါ့။ ဗီဒီယိုထုတ်လုပ်ရေး လုပ်ငန်းတွေမှာ ပြဿနာ အများကြီး ပေါ်ပေါက်ခဲ့တယ်။ ညီအစ်ကို မောင်နှမတွေက သူတို့ရဲ့ နည်းပညာဆိုင်ရာ ကျွမ်းကျင်မှုမှာ သိသိသာသာ မတိုးတက်ခဲ့ဘူး။ တာဝန်မှာ ဆီလျော်တဲ့စည်းမျဉ်းတွေကို သူတို့နားမလည်ခဲ့ဘဲ အမှားတစ်မျိုးတည်းကို ထပ်ခါထပ်ခါ လုပ်ကြတယ်။ ရလဒ်အနေနဲ့ အလုပ်အရည်အသွေးက ကျဆင်းသွားတယ်။ အထက်ခေါင်းဆောင်က အဲဒီအကြောင်းကို ကျွန်မကိုထောက်ပြပြီး ကူညီဖို့ ကြိုးစားပေမဲ့ ကျွန်မက ကိုယ့်ကိုယ်ကိုယ် စစ်မှန်တဲ့ သိမြင်မှု တစ်စက်မှ မရှိခဲ့ဘူး။ အဲဒီနောက်ပိုင်း သိပ်မကြာခင်မှာ ကိုယ့်တာဝန်မှာ လက်တွေ့အလုပ်ကို လုပ်ဖို့ပျက်ကွက်လို့ လူစားထိုးခံလိုက်ရတယ်။

ရုတ်တရက် အစားထိုးခံရပြီးတဲ့နောက် တကယ်ကို ဆိုးဆိုးရွားရွား ခံစားခဲ့ရတယ်။ ကျွန်မ မပြတ်စဉ်းစားမိတယ်။ “နေ့စဉ်နဲ့အမျှ ကိုယ့်တာဝန်မှာ အတော်လေး အလုပ်ရှုပ်နေခဲ့တဲ့ကြားက ငါဟာ အယောင်ဆောင်ခေါင်းဆောင်ဖြစ်ပြီး လက်တွေ့အလုပ်ကို မလုပ်ဘဲ အဆုံးသတ်ခဲ့ရတာက ဘာဖြစ်လို့လဲ။ ငါ ကျရှုံးရတဲ့ အကြောင်းအရင်းက ဘာလဲ” ဆိုပြီးတော့ပေါ့။ အဲဒီအချိန်အတွင်းမှာ အယောင်ဆောင်ခေါင်းဆောင်တွေနဲ့ပတ်သက်တဲ့ သမ္မာတရား အတော်များများကို ကျွန်မဖတ်ခဲ့ပြီး ဘုရားသခင် စိစစ်ထားတဲ့ လက်တွေ့အလုပ်လုပ်ဖို့ ပျက်ကွက်ခဲ့တဲ့ အယောင်ဆောင်ခေါင်းဆောင်တွေရဲ့ အပြုအမူတွေအားလုံးနီးပါးက ကျွန်မကိုယ်တိုင် လုပ်ခဲ့တဲ့အရာတွေဖြစ်တာကို တွေ့လိုက်ရတယ်။ ဘုရားသခင်က ကျွန်မကို ကိုယ်တော်တိုင် ဖော်ထုတ်နေသလိုပဲ။ ဒါဟာ ဒီကျမ်းပိုဒ်တွေမှာ အထူးသဖြင့် ပိုမှန်နေတယ်။ “အယောင်ဆောင် ခေါင်းဆောင်များ၏ ထူးခြားသော ပင်ကိုလက္ခဏာတစ်ခုမှာ သမ္မာတရား စည်းမျဉ်းများပါဝင်သည့် မည်သည့် ကိစ္စကိုမဆို ၎င်းတို့၏ အကုန်အစင် ရှင်းပြနိုင်စွမ်းမရှိခြင်း သို့မဟုတ် ရှင်းလင်အောင်လုပ်နိုင်စွမ်းမရှိခြင်း ဖြစ်သည်။ တစ်စုံတစ်ဦးသည် ၎င်းတို့ထံမှ ရှာဖွေလျှင် အနှစ်မဲ့သော စကားများနှင့် အယူဝါဒအချို့ကိုသာ ၎င်းတို့က ပြောနိုင်ကြသည်။ ဆုံးဖြတ်ချက်လိုအပ်သည့် ပြဿနာများနှင့် ရင်ဆိုင်ရသည့်အခါ ၎င်းတို့က ‘သင်တို့အားလုံးသည် ဤတာဝန်ကို ထမ်းဆောင်ရာတွင် ကျွမ်းကျင်သူများဖြစ်သည်။ သင်တို့တွင် ပြဿနာများရှိလျှင် သင်တို့ဘာသာ ယင်းတို့ကို အဖြေရှာသင့်သည်။ ကျွန်ုပ်ကို မမေးပါနှင့်။ ကျွန်ုပ်သည် ကျွမ်းကျင်သူ မဟုတ်သကဲ့သို့ နားလည်းမလည်ပါ။ ထိုအရာကို သင်တို့ဘာသာ ကိုင်တွယ်ပါ’ဟူသကဲ့သို့သော စကားတစ်ခွန်းဖြင့် မကြာခဏ တုံ့ပြန်ကြသည်။...အယောင်ဆောင် ခေါင်းဆောင်များက လူတို့ကို နှပ်ချပြီး မေးခွန်းများကို ရှောင်ရှားရန် ‘ကျွန်ုပ် နားမလည်ပါ၊ ထိုအရာကို ကျွန်ုပ် လုံးဝ မသင်ယူခဲ့ရပါ၊ ကျွန်ုပ် ကျွမ်းကျင်သူ မဟုတ်ပါ’ဟူသကဲ့သို့သော အကြောင်းပြချက်များနှင့် ဆင်ခြေများကို မကြာခဏ သုံးကြသည်။ ၎င်းတို့အနေဖြင့် အတော်နှိမ့်ချကြပုံ ပေါ်ကောင်းပေါ်နိုင်သည်။ သို့သော် ဤအရာက အယောင်ဆောင် ခေါင်းဆောင်များနှင့်ပတ်သက်သည့် ဆိုးရွားသော ပြဿနာတစ်ခုကို ဖော်ထုတ်သည်။ ၎င်းတို့သည် အချို့သော အလုပ်တာဝန်များတွင် အတတ်ပညာဆိုင်ရာ အသိပါဝင်ပတ်သက်သည့် ပြဿနာများအပေါ် မည်သည့် သိနားလည်မှုမျှ မရှိပေ။ ၎င်းတို့သည် အစွမ်းမဲ့ကာ အလွန့်အလွန် အနေခက်ပြီး ကသိကအောက်ဖြစ်ပုံ ပေါ်ကြသည်။ ထို့နောက်တွင် မည်သည့်အရာကို ၎င်းတို့ လုပ်ဆောင်ကြသနည်း။ ၎င်းတို့သည် စုဝေးပွဲများအတောအတွင်းတွင် လူတို့ကို တိုက်တွန်းရန် အယူဝါဒအချို့အကြောင်းကို ပြောဆိုရင်း လူတိုင်းနှင့် မိတ်သဟာယပြုရန် ဘုရားနှုတ်ကပတ်တော် စာပိုဒ်အချို့ကိုသာ စုစည်းနိုင်ကြသည်။ ကြင်နာမှုအနည်းငယ်ရှိသည့် ခေါင်းဆောင်များက လူတို့အတွက် ပူပန်မှုကို ပြကောင်းပြနိုင်ကာ ၎င်းတို့ကို ‘သင့်ဘဝတွင် လတ်တလော၌ အခက်အခဲတစ်ခုတလေ ရင်ဆိုင်ရသလော။ သင့်ထံတွင် ဝတ်ရမည့် အဝတ်အစား လုံလုံလောက်လောက် ရှိသလော။ သင်တို့ထဲတွင် မလျော်မကန် ပြုမူနေသည့် တစ်ဦးတစ်ယောက် ရှိခဲ့သလော’ဟု မကြာခဏ မေးကောင်းမေးကြပေမည်။ လူတိုင်းက ၎င်းတို့တွင် ထိုပြဿနာများ မရှိဟု ပြောလျှင် ၎င်းတို့က ‘သို့ဆိုလျှင် ပြဿနာမရှိပါ။ သင်တို့၏ အလုပ်ကို ဆက်လုပ်ကြပါ။ ကျွန်ုပ်တွင် အာရုံစိုက်ရမည့် အခြားကိစ္စများ ရှိသည်’ဟု ပြန်ဖြေကြပြီး တစ်စုံတစ်ဦးက ၎င်းတို့ကို အနေခက်သည့် အခြေအနေတစ်ခုသို့ ရောက်စေရင်း မေးခွန်းများ တင်ပြကာ ယင်းတို့ကို ကိုင်တွယ်ရန် တောင်းဆိုကောင်း တောင်းဆိုနိုင်သည်ကို ကြောက်လျက် အမြန်ထွက်သွားကြလေသည်။ ဤသည်မှာ အယောင်ဆောင် ခေါင်းဆောင်များ အလုပ်လုပ်ပုံ ဖြစ်သည်။ ၎င်းတို့သည် စစ်မှန်သည့် မည်သည့် ပြဿနာကိုမျှ မဖြေရှင်းနိုင်ပေ။ အသင်းတော်၏ အလုပ်ကို ၎င်းတို့က အဘယ်သို့ ထိရောက်စွာ ဆောင်ရွက်နိုင်မည်နည်း။ အကျိုးဆက်အနေဖြင့် မဖြေရှင်းရသေးသည့် ပြဿနာများ စုပုံလာခြင်းက နောက်ဆုံးတွင် အသင်းတော်၏ အလုပ်ကို ဟန့်တားလေသည်။ ဤသည်မှာ အယောင်ဆောင် ခေါင်းဆောင်များ အလုပ်လုပ်ပုံနှင့်သက်ဆိုင်သော ပေါ်လွင်သော ပင်ကိုလက္ခဏာနှင့် သရုပ်သကန်တစ်ခု ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၂))ခေါင်းဆောင်တစ်ဦး ဖြစ်ခြင်းဟူသည်မှာ အလုပ်အကိုင်မျိုးစုံကို ၎င်းတို့ နားလည်ရန် လိုအပ်သည်ဟု မလွဲမသွေ ဆိုလိုခြင်းမျိုး မဟုတ်သော်လည်း ၎င်းတို့အနေဖြင့် ပြဿနာများကို ဖြေရှင်းရန် ထိုပြဿနာများက မည်သည့် အလုပ်အကိုင်အမျိုးအစားနှင့် ဆက်စပ်သည်ဖြစ်စေ လိုအပ်သည့် သမ္မာတရား စည်းမျဉ်းများကို ရှင်းလင်းစွာ မိတ်သဟာယပြုသင့်ကြပေသည်။ လူတို့သည် သမ္မာတရား စည်းမျဉ်းများကို နားလည်သရွေ့ ပြဿနာများကို သင့်တော်သလို ဖြေရှင်း၍ရနိုင်သည်။ အယောင်ဆောင် ခေါင်းဆောင်များက ‘ဤအရာတွင် ကျွန်ုပ်သည် လူပြိန်းတစ်ယောက်ဖြစ်သည်။ ဤအလုပ်အကိုင်ကို ကျွန်ုပ် နားမလည်ပါ’ဟူသည်ကို ပြဿနာများ ဖြေရှင်းခြင်းအတွက် သမ္မာတရား စည်းမျဉ်းများအား မိတ်သဟာယပြုခြင်းကို ရှောင်ရှားရန် အကြောင်းပြချက်တစ်ခုအဖြစ် အသုံးပြုကြသည်။ ဤသည်မှာ စစ်မှန်သောအလုပ်ကို လုပ်ဆောင်ခြင်း မဟုတ်ပေ။ အယောင်ဆောင်ခေါင်းဆောင်များက ‘ဤအရာတွင် ကျွန်ုပ်သည် လူပြိန်းတစ်ယောက်ဖြစ်သည်။ ဤအလုပ်အကိုင်ကို ကျွန်ုပ် နားမလည်ပါ’ဟူသည်ကို ပြဿနာများ ဖြေရှင်းခြင်းအား ရှောင်ရှားရန် အကြောင်းပြချက်တစ်ခုအဖြစ် တစ်စိုက်မတ်မတ် အသုံးပြုလျှင် ခေါင်းဆောင်မှု အလုပ်အတွက် ၎င်းတို့ မသင့်တော်ပေ။ ၎င်းတို့ လုပ်ဆောင်သင့်သည့် အကောင်းဆုံးသောအရာမှာ နုတ်ထွက်ကာ ၎င်းတို့၏နေရာကို အခြားတစ်စုံတစ်ဦးအား ယူခွင့်ပေးရန် ဖြစ်သည်။ သို့သော် အယောင်ဆောင် ခေါင်းဆောင်များသည် ဤအသိစိတ်မျိုး ပိုင်ဆိုင်ကြသလော။ ၎င်းတို့ နုတ်ထွက်နိုင်လိမ့်မည်လော။ နုတ်ထွက်မည် မဟုတ်။ ၎င်းတို့က ‘မည်သည့်အလုပ်ကိုမျှ ငါ လုပ်ဆောင်နေခြင်းမရှိဟု သူတို့ အဘယ်ကြောင့် ပြောကြသနည်း။ နေ့တိုင်း စုဝေးပွဲများကို ငါ ကျင်းပပြီး အချိန်မှန်မှန် အစာမစားနိုင်အောင်ပင် ငါ အလွန်အလုပ်များသည့်အပြင် အိပ်ရေးဝဝ မအိပ်ရပါ။ ပြဿနာများ ပြေလည်သွားခြင်းမရှိဟု အဘယ်သူ ပြောသနည်း။ ငါသည် စုဝေးပွဲများကို ကျင်းပပြီး သူတို့နှင့် မိတ်သဟာယပြုကာ သူတို့အတွက် ဘုရားနှုတ်ကပတ်တော်များကို ရှာသည်’ဟုပင် တွေးကြလေသည်။...သင်တို့ မြင်ကြသလော၊ အယောင်ဆောင် ခေါင်းဆောင်များက စစ်မှန်သော အလုပ်မလုပ်နိုင်ကြသည့်တိုင် ဆင်ခြေတစ်ပြုံကြီး ပေးနေကြဆဲ ဖြစ်သည်။ ၎င်းတို့သည် တကယ်ကို အရှက်မဲ့ပြီး စက်ဆုပ်ဖွယ်ဖြစ်သည်တကား။ ၎င်းတို့၏ အစွမ်းအစသည် အလွန် ညံ့ဖျင်းသည်။ ၎င်းတို့သည် မည်သည့် အလုပ်အကိုင်ကိုမျှ နားမလည်ကြသကဲ့သို့ အတတ်ပညာဆိုင်ရာ အလုပ်နှင့်ဆိုင်သည့် ကိစ္စတိုင်းတွင် ပါဝင်သည့် သမ္မာတရား စည်းမျဉ်းများအပေါ် သဘောပါက်နားလည်နိုင်စွမ်း မဲ့ကြသည်။ ၎င်းတို့ကို ခေါင်းဆောင်များအဖြစ် ရရှိခြင်း၏ အသုံးဝင်မှုမှာ အဘယ်နည်း။ ၎င်းတို့သည် တကယ်ကို မိုက်မဲသူများနှင့် အသုံးမကျသူများဖြစ်သည်။ ၎င်းတို့အနေဖြင့် စစ်မှန်သော အလုပ်တစ်ခုကိုမျှ မလုပ်ဆောင်နိုင်ကြသည့်အတွက် အသင်းတော် ခေါင်းဆောင်များအဖြစ် အဘယ်ကြောင့် အစေခံနေကြသေးသနည်း။ ၎င်းတို့သည် တကယ်ကို အသိစိတ်မဲ့ကြသည်။ ၎င်းတို့အနေဖြင့် မိမိတို့ကိုယ်ကို သိသည့်အသိ ကင်းမဲ့သည့်အတွက် ဘုရားသခင် ရွေးချယ်ထားသော လူတို့ထံမှ တုံ့ပြန်ချက်ကို ၎င်းတို့ နားထောင်သင့်ပြီး ခေါင်းဆောင်တစ်ဦး ဖြစ်ခြင်းအတွက် စံနှုန်းများကို ၎င်းတို့ ပြည့်မီခြင်းရှိမရှိဟူသည်ကို အကဲဖြတ်သင့်သည်။ သို့တိုင်အောင် အယောင်ဆောင် ခေါင်းဆောင်များက ဤအရာများကို လုံးဝ မစဉ်းစားကြပေ။ အသင်းတော်အလုပ်က မည်မျှ နှောင့်နှေးပြီးဖြစ်ကာ ခေါင်းဆောင်များအဖြစ် ၎င်းတို့ အစေခံသည့် နှစ်ကာလများစွာအတွင်းတွင် ဘုရားသခင် ရွေးချယ်ထားသောလူတို့၏ အသက်ဝင်ရောက်မှုအပေါ် ဆုံးရှုံးမှု မည်မျှ ဖြစ်စေပြီးသည်ဖြစ်စေ ၎င်းတို့ ဂရုမစိုက်ကြချေ။ ဤသည်မှာ အယောင်ဆောင် ခေါင်းဆောင်စစ်စစ်များ၏ အကျည်းတန်သော မျက်နှာထား ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၂)) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မကို နက်နက်ရှိုင်းရှိုင်း တို့ထိလိုက်တယ်။ ဘုရားသခင် ဖော်ထုတ်တဲ့ အယောင်ဆောင်ခေါင်းဆောင်တွေရဲ့ အပြုအမူတွေနဲ့ စရိုက်တွေက ကျွန်မရဲ့ လက်တွေ့အခြေအနေနဲ့ လုံးဝ ကိုက်ညီနေတယ်။ အယောင်ဆောင်ခေါင်းဆောင်တွေက သူတို့ရဲ့နည်းပညာဆိုင်ရာ အသိပညာမရှိတာကို ဆင်ခြေအဖြစ်အသုံးပြုမယ်လို့ ဘုရားသခင် ပြောတယ်။ အလုပ်ရဲ့ ဘက်ပေါင်းစုံကို ကြီးကြပ်ပြီး စစ်ဆေးရာမှာ အမှန်တကယ် မပါဝင်ဘဲ ညီအစ်ကိုမောင်နှမတွေက သူတို့ရဲ့တာဝန်တွေက တကယ့်ပြဿနာတွေနဲ့ အခက်အခဲတွေကို မဖြေရှင်းပေးပဲ ဆင်ခြေတစ်ခုအနေနဲ့ပဲ သုံးကြတယ်။ စကားတွေနဲ့ အယူဝါဒတွေကို ပြောတာမျိုးနဲ့ပဲ ကျေနပ်ကြတယ်။ တိကျသေချာတဲ့၊ တကယ့်ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းဖို့ ရှောင်ဖယ်ကြတယ်၊ ဒါမှမဟုတ် ခေါင်းရှောင်ကြတယ်။ အဲဒါဟာ ကျွန်မ ပြုမူခဲ့တဲ့ ပုံစံအတိအကျပဲ။ ခေါင်းဆောင်အနေနဲ့ ရွေးချယ်ခံရကတည်းက ဗီဒီယိုထုတ်လုပ်ရေးနဲ့ ပတ်သက်ပြီး နည်းပညာပိုင်း ဗဟုသုတမရှိတဲ့အတွက် စိုးရိမ်မိခဲ့ပါတယ်။ ဒီအလုပ်ကို ဝင်ရောက်စစ်ဆေးတဲ့အခါမှာ ကျွန်မရဲ့ အားနည်းချက်တွေ ပေါ်ကုန်မှာပေါ့။ ညီအစ်ကိုမောင်နှမတွေက ကျွန်မကို ရိပ်စားမိသွားပြီး လူတိုင်းရှေ့မှာ အရှက်ကွဲမှာကို ကျွန်မကြောက်တယ်။ ကျွန်မရဲ့အဆင့်အတန်းနဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းဖို့အတွက် အလုပ်ဆွေးနွေးပွဲတွေမှာ မပါဝင်ရဖို့အတွက် ကျွန်မရဲ့ နည်းပညာဆိုင်ရာ ဗဟုသုတ ချို့တဲ့မှုကို အကြောင်းပြပြီး သုံးခဲ့ပါတယ်။ ညီအစ်ကိုမောင်နှမတွေကို သူတို့ရဲ့ ပြဿနာတွေနဲ့ အခက်အခဲတွေအကြောင်း ကျွန်မ အပင်ပန်းခံမေးတယ်ဆိုတာ ရှားတယ်။ သူတို့ရဲ့ ပြဿနာတွေကို ကျွန်မ မဖြေရှင်းပေးနိုင်ဘဲ ဖြေရှင်းဖို့ ကြိုးစားရင်း သိက္ခာကျမှာကို စိုးမိတယ်။ တစ်ခါတလေ သူတို့က မေးခွန်းတွေမေးတဲ့အခါ တချို့ စကားတွေ၊ အယူဝါဒတွေနဲ့ပဲ လှည့်ပတ်ဖြေလိုက်တယ်။ ကျွန်မက သူတို့ကို လှည့်စားနေတာ မဟုတ်ဘူးလား။ အပြင်ပန်းအားဖြင့်ကြည့်ရင် ကျွန်မက တော်တော်ကို အလုပ်ရှုပ်နေတယ်လို့ ထင်ရမယ်။ စုဝေးပွဲ၊ မိတ်သဟာယတို့နဲ့ အလုပ်ရှုပ်နေပုံပေါက်ပြီး လူတွေရဲ့ ပြဿနာတွေကို ဖြေရှင်းပေးလို့ လက်တွေ့အလုပ်ကို လုပ်နေပုံရတယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ ကျွန်မက ကျွန်မရဲ့ နာမည်ဂုဏ်သတင်းကို ဖေးမဖို့ လုပ်နေတာပဲ။ စကားတွေနဲ့ အယူဝါဒတွေကိုပဲ ဟောပြောနေခဲ့တယ်။ လူတွေကို ဟန်ဆောင်နေတာပဲ။ လက်တွေ့မှာတော့ ကျွန်မက ညီအစ်ကိုမောင်နှမတွေရဲ့ အများစုဖြစ်တဲ့ တကယ့်ပြဿနာတွေကို တတ်နိုင်သမျှ ရှောင်ဖယ်ဖို့ ကြိုးစားနေတာ။ ညီအစ်ကိုမောင်နှမတွေမှာ သူတို့ရဲ့ အခြေအနေတွေကို လွှမ်းမိုးနေပြီး သူတို့ရဲ့ တာဝန်မှာ ရလဒ်တွေကို ထိခိုက်နေတဲ့ ပြဿနာတွေနဲ့ ပိနေတာကို ကျွန်မ ရှင်းရှင်းလင်းလင်း မြင်တာတောင် ကျွန်မက သူတို့ရဲ့ ပြဿနာတွေကို ဖြေရှင်းပေးဖို့ ဝန်တာထားတဲ့စိတ်မရှိခဲ့ဘူး။ အဲဒီအစား ကျွန်မက ပြဿနာတွေကို ရှောင်လွှဲဖို့နဲ့ ဘေးဖယ်ထားဖို့ ဆင်ခြေအဖြစ် ကိုယ့်နည်းပညာဆိုင်ရာ အသိပညာနည်းပါးတာကို အသုံးချခဲ့တယ်။ အဲဒီအပြင် အဖွဲ့ခေါင်းဆောင်တွေကိုတောင် တာဝန်လွှဲပေးပြီး ကိုင်တွယ်ဖြေရှင်းခိုင်းလိုက်သေးတယ်။ ကျွန်မရဲ့ အဲဒီအပြုအမူကို ဆင်ခြင်ကြည့်တဲ့အခါမှာ ကျွန်မက တကယ်လုပ်ရမဲ့အလုပ်ကိုတောင် လုံးဝမလုပ်ဘူးဆိုတာကို မြင်တွေ့လာရတယ်။ ကျွန်မက ဝတ်ကျေတမ်းကျေနဲ့သာ ပြုမူနေပြီး လှည့်စားနေတာပဲ။ ခေါင်းဆောင်တစ်ယောက်အနေနဲ့ ဘုရားသခင်မိန့်ထားတဲ့အတိုင်း “မိုက်မဲတဲ့သူ” နဲ့ “ဘာအတွက်မှ မကောင်းတဲ့သူ” ဖြစ်နေတာမဟုတ်ဘူးလား။ ကျွန်မအနေနဲ့ ခေါင်းဆောင်ရာထူးကိုယူထားပေမဲ့ တာဝန်ခံမှု နည်းနည်းတောင် မရှိခဲ့ဘူး။ ကိုယ့်ဂုဏ်သတင်းနဲ့ ကိုယ့်အဆင့်အတန်းကို ထိန်းသိမ်းဖို့ပဲ လုပ်ခဲ့တယ်။ ခေါင်းဆောင်တစ်ဦးအနေနဲ့ လုပ်သင့်တဲ့ တကယ့်အလုပ်တစ်ခုမှ မလုပ်ခဲ့တဲ့အပြင် ကျွန်မ ဖြည့်ဆည်းသင့်တဲ့ တာဝန်တစ်ခုမှလည်း ကောင်းကောင်း မဖြည့်ဆည်းခဲ့ဘူး။ ဒါတွေအားလုံးက ဗီဒီယိုထုတ်လုပ်ရေး လုပ်ငန်းကို ဆိုးဆိုးရွားရွား ထိခိုက်စေခဲ့ပါတယ်။ ကျွန်မက အယောင်ဆောင်ခေါင်းဆောင်စစ်စစ်တစ်ယောက်ဖြစ်ခဲ့ပြီး ဘယ်ယုံကြည်မှုမျိုးနဲ့မှ မထိုက်တန်ခဲ့ဘူး။ ဒါတွေအားလုံးကို သဘောပေါက်မိပြီးတဲ့နောက် ကျွန်မက အရမ်းကို နောင်တရပြီး ဘုရားသခင်ဆီကို ဆုတောင်းခဲ့တယ်၊ “အို ဘုရားသခင်၊ ကျွန်မရဲ့ လုပ်ရပ်တွေက ကိုယ်တော့်ကို နာကျင်စေပြီး စက်ဆုပ်ရွံရှာသွားစေတာကို ကျွန်မ သိပါတယ်။ ကျွန်မ နောင်တရဖို့ လိုလားနေပါတယ်။ ကျွန်မကိုယ်တိုင်ရဲ့ ဖောက်ပြန်ပျက်စီးခြင်းနဲ့ ပုန်ကန်ခြင်းတို့ကို သိနိုင်ဖို့အတွက် ကျွန်မကို ကိုယ်တော် လမ်းပြပြီး ဉာဏ်အလင်းပေးဖို့ကိုပဲ တောင်းလျှောက်ပါတယ်” လို့ပေါ့။

နောက်ပိုင်းမှာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မတွေ့ခဲ့တယ်။ “မိမိတို့၏ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့ကို အန္တိခရစ်များ၏ ချစ်မြတ်နိုးခြင်းက သာမန်လူများထက် လွန်ကဲပြီး ယင်းမှာ ၎င်းတို့၏ စိတ်သဘောထားအနှစ်သာရအတွင်း ရှိသည့်အရာတစ်ခု ဖြစ်သည်။ ယင်းက ခဏတာ စိတ်ဝင်စားမှုတစ်ခု မဟုတ်သကဲ့သို့ ၎င်းတို့ပတ်ဝန်းကျင်၏ ယာယီ အကျိုးသက်ရောက်မှုလည်း မဟုတ်ပေ။ ယင်းက ၎င်းတို့၏အသက်၊ ၎င်းတို့၏အရိုးအတွင်းရှိ အရာတစ်ခုဖြစ်သောကြောင့် ၎င်းတို့၏ အနှစ်သာရဖြစ်သည်။ ဤအရာမှာ အန္တိခရစ်များလုပ်သမျှ အရာအားလုံး၌ ၎င်းတို့၏ ပထမဆုံး ထည့်တွက်စဉ်းစားသည့် အချက်သည် ၎င်းတို့၏ ကိုယ်ပိုင်ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့သာ ဖြစ်သည်ဟု ဆိုလိုပေသည်။ အန္တိခရစ်များအတွက် ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့က ၎င်းတို့၏ အသက်ဖြစ်သကဲ့သို့ ၎င်းတို့၏ တစ်သက်တာ ပန်းတိုင်လည်း ဖြစ်သည်။ ၎င်းတို့လုပ်သမျှ အရာအားလုံး၌ ၎င်းတို့၏ ပထမဆုံး ထည့်တွက် စဉ်းစားသည့်အချက်က ‘ငါ၏အဆင့်အတန်းက ဘာဖြစ်သွားမည်နည်း။ ငါ၏ဂုဏ်သတင်းကရော ဘာဖြစ်သွားမည်နည်း။ ဤအရာကို လုပ်ဆောင်ခြင်းက ငါ့ကို ကောင်းသော ဂုဏ်သတင်းရစေမည်လော။ ယင်းက လူများ၏စိတ်များထဲရှိ ငါ၏အဆင့်အတန်းကို မြှင့်တင်ပေးမည်လော’ ဖြစ်၏။ ယင်းမှာ ၎င်းတို့ ပထမဆုံးတွေးသည့် အရာဖြစ်သည်၊ ယင်းက ၎င်းတို့၌ အန္တိခရစ်များ၏ စိတ်သဘောထားနှင့် အနှစ်သာရတို့ ရှိခြင်း၏ လုံလောက်သော သက်သေဖြစ်သည်။ သို့မဟုတ်ပါက ၎င်းတို့သည် ဤပြဿနာများကို စဉ်းစားမည် မဟုတ်ချေ။ အန္တိခရစ်များအတွက် ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့က ၎င်းတို့အတွက် မရှိလည်း နေနိုင်သည့် အပယိကတစ်ခုဖြစ်ဖို့ မဆိုထားနှင့်၊ အပိုဆောင်း လိုအပ်ချက်တစ်ခု မဟုတ်ချေ။ ယင်းတို့သည် အန္တိခရစ်တို့ သဘာဝ၏ တစ်စိတ်တစ်ဒေသ ဖြစ်သည်၊ ယင်းတို့က ၎င်းတို့၏အရိုးများ၊ ၎င်းတို့၏ သွေးများထဲတွင် ရှိနေသည်၊ ယင်းတို့က ၎င်းတို့အတွက် မွေးရာပါ ဖြစ်သည်။ အန္တိခရစ်များက ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့ကို ၎င်းတို့ပိုင်ဆိုင်ခြင်းရှိမရှိနှင့်ပတ်သက်၍ ဂရုမစိုက်ခြင်း မဟုတ်ပေ။ ဤသည်မှာ ၎င်းတို့၏ သဘောထား မဟုတ်ပေ။ သို့ဆိုလျှင် ၎င်းတို့၏ သဘောထားမှာ အဘယ်နည်း။ ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့သည် ၎င်းတို့၏ နေ့စဉ် အသက်တာများ၊ ၎င်းတို့၏ နေ့စဉ် အခြေအနေ၊ ၎င်းတို့စွမ်းဆောင်ရရှိဖို့ နေ့စဉ် လိုက်စားသည့် အရာတို့နှင့် အတွင်းကျကျ ဆက်နွှယ်နေသည်။ ထို့ကြောင့် အန္တိခရစ်များအတွက် ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့သည် ၎င်းတို့၏ အသက် ဖြစ်သည်။ ၎င်းတို့ မည်သို့အသက်ရှင်နေထိုင်ပါစေ၊ ၎င်းတို့သည် မည်သည့်ပတ်ဝန်းကျင်တွင် အသက်ရှင်နေထိုင်ပါစေ၊ မည်သည့်အလုပ်ကို ၎င်းတို့လုပ်ပါစေ၊ မည်သည့်အရာကို ၎င်းတို့ လိုက်စားပါစေ၊ ၎င်းတို့၏ ပန်းတိုင်များက မည်သည့်အရာ ဖြစ်ပါစေ၊ ၎င်းတို့အသက်တာ၏ ဦးတည်ချက်က မည်သည့်အရာဖြစ်ပါစေ ထိုအရာအားလုံးသည် ကောင်းမွန်သော ဂုဏ်သတင်းနှင့် မြင့်မားသောအဆင့်အတန်းရှိခြင်းကို ဗဟိုပြုထားသည်။ ပြီးလျှင် ဤရည်ရွယ်ချက်သည် မပြောင်းလဲပေ။ ၎င်းတို့သည် ထိုသို့သောအရာများကို မည်သည့်အခါမျှ ဘေးဖယ်မထားနိုင်ပေ။ ဤသည်မှာ အန္တိခရစ်များ၏ စစ်မှန်သော သဘောသဘာဝနှင့် အနှစ်သာရတို့ ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၃)) အန္တိခရစ်တွေက ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို အရမ်း တန်ဖိုးထားကြပြီး အဲဒါကို သူတို့ရဲ့ အသက်သွေးအဖြစ် ရှုမြင်တယ်ဆိုတာဘုရားသခင်က ထုတ်ဖော်ခဲ့တယ်။ သူတို့ကိုယ်၌ ဘယ်လိုအခြေအနေမျိုးမှာရှိနေပါစေ၊ ဒါမှမဟုတ် ဘယ်အလုပ်ကို လုပ်နေပါစေ သူတို့ရဲ့ ရည်ရွယ်ချက်နဲ့ အစပြုတဲ့အကြောင်းအရာက နာမည်ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို အမြဲဗဟိုပြုတယ်။ ကျွန်မကိုယ်ကျွန်မ ပြန်ဆန်းစစ်ကြည့်မိတဲ့အခါ သူတို့နဲ့မကွဲပြားဘူးဆိုတာကို သဘောပေါက်လာတယ်။ ကျွန်မ ခေါင်းဆောင်အဖြစ် ရွေးချယ်ခံရပြီးတဲ့နောက် အလုပ်က ဘယ်လောက်အရေးကြီးတယ်၊ ဒါမှမဟုတ် ဘုရားသခင်ရဲ့ ရည်ရွယ်ချက်တွေကို ကျွန်မ ဘယ်လိုအလေးထားနိုင်ပြီး အလုပ်ကို ကောင်းကောင်း လုပ်ဆောင်နိုင်တယ်ဆိုတာကို ထည့်တွက်မစဉ်းစားဘဲ ကျွန်မရဲ့ကိုယ်ပိုင်ဂုဏ်သတင်းနဲ့ အဆင့်အတန်းတွေကိုပဲ စဉ်းစားနေခဲ့တယ်။ အလုပ်ရဲ့ နည်းပညာပိုင်းဆိုင်ရာ ကိစ္စရပ်တွေကို နားမလည်လို့ အလုပ်ကောင်းကောင်းမလုပ်နိုင်တာကို တခြား ညီအစ်ကို မောင်နှမတွေ သတိထားမိသွားမှာကို စိုးရိမ်ခဲ့တယ်။ ကျွန်မက ဖော်ထုတ်ခံရပြီး အစားထိုးခံရမှာကိုတောင် စိုးရိမ်ခဲ့မိတယ်။ အသင်းခေါင်းဆောင်အဖြစ် ရာထူးသက်တမ်းတစ်လျှောက်မှာ ကျွန်မက ကျွန်မရဲ့ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို ထိန်းသိမ်းဖို့ အမြဲ လုပ်ဆောင်နေခဲ့ပြီး ကျွန်မရဲ့ကိုယ်ပိုင် ချို့ယွင်းချက်တွေကို ဖုံးကွယ်ဖို့အတွက် နည်းပညာဆိုင်ရာ အလုပ်မှန်သမျှတို့ကို ရှောင်နေခဲ့ပြီး လေ့လာဆည်းပူးတာလည်း မလုပ်ခဲ့ဘူး။ လူတွေက ကျွန်မရဲ့ တကယ့်နည်းပညာဆိုင်ရာ အရည်အချင်းကို မြင်ပြီး အလုပ်ကို ကြီးကြပ်နိုင်စွမ်းမရှိဘဲ ခေါင်းဆောင်တစ်ယောက်ဖြစ်ဖို့ မသင့်တော်တဲ့သူအဖြစ် ထင်သွားမှာကို စိုးရိမ်မိပါတယ်။ အဲဒါအပြင် ကျွန်မက တကယ့်အလုပ်မလုပ်တာကို ဖုံးကွယ်ထားဖို့နဲ့ ခေါင်းဆောင်တစ်ဦးအဖြစ် အဆင့်အတန်းကို ထိန်းသိမ်းထားဖို့ စုဝေးပွဲတွေနဲ့ ကိုယ့်ဘာသာ အလုပ်ရှုပ်နေတာ၊ ကိုယ့်ဂုဏ်သတင်းကို ထောက်ကူပေးတဲ့ အလုပ်ကို လုပ်တာ၊ အယူဝါဒကို ဟောပြောတာ၊ ဆောင်ပုဒ်တွေ ကြွေးကြော်တာနဲ့ ဝတ်ကျေတမ်းကျေ ပြုမူတာတွေကို လုပ်ဆောင်နေခဲ့တယ်။ ကျွန်မက လက်တွေ့အလုပ်ကို လုပ်နေတယ်လို့ ယုံကြည်သွားအောင် ညီအစ်ကိုမောင်နှမတွေကို အထင်အမြင်မှားအောင်လုပ်ဖို့နဲ့ လှည့်စားဖို့ အပြင်ပန်းမှာ အလုပ်ရှုပ်ပြီး ဝန်တာထားတဲ့စိတ်ပြဖို့ ကြိုးစားခဲ့တယ်။ ကျွန်မက ဒီအယောင်ဆောင် လိမ်လည်လှည့်ဖြားတဲ့အပြုအမူမှာသာ ပါဝင်ပတ်သက်ခဲ့ပြီး ရလဒ်အနေနဲ့ ဗီဒီယိုထုတ်လုပ်ရေးလုပ်ငန်းကို နှောင့်နှေးစေခဲ့ပါတယ်။ စာတန်ရဲ့ အလွန်အမင်းဖျက်ဆီးခြင်းကို ခံလိုက်ရပြီဆိုတာ ကျွန်မသဘောပေါက်လိုက်တယ်။ စာတန်ရဲ့အဆိပ်တွေဖြစ်တဲ့ “သစ်ပင်သည် အခေါက်လိုအပ်သကဲ့သို့ လူများသည် ဂုဏ်သိက္ခာကို လိုတယ်။” “ငန်းတစ်ကောင်သည် ၎င်းပျံသန်းတဲ့နေရာတိုင်းမှာ အော်မြည်သကဲ့သို့ လူတစ်ဦးသည်လည်း ရောက်ရှိတဲ့နေရာတိုင်းမှာ သူ့အမည်ကို ချန်ထားခဲ့၏” စတာတွေက ကျွန်မရဲ့ တကယ့်သဘာဝဖြစ်လာခဲ့တယ်။ အဲဒီလို အဆိပ်အတောက်တွေနဲ့ နေထိုင်ရင်း ဘုရားသခင်ကို ကျွန်မရဲ့ ယုံကြည်လက်ခံမှုမှာ ကိုယ့်တာဝန်တွေထမ်းဆောင်နေချိန်မှာ ကိုယ့်ဂုဏ်သတင်းနဲ့ အဆင့်အတန်းကိုပဲ ထည့်သွင်းစဉ်းစားခဲ့တယ်။ ကျွန်မက အသင်းတော်ရဲ့အလုပ် ဒါမှမဟုတ် ညီအစ်ကိုမောင်နှမတွေရဲ့ အသက်ဝင်ရောက်မှုကို တစ်စက်မှ ဂရုမစိုက်ခဲ့ဘူး။ ကျွန်မလုပ်ရမှာလို့ သိထားတဲ့ တာဝန်တွေကိုတောင် ရေသာခိုနေခဲ့တယ်။ ကျွန်မက အရမ်းကို တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းတဲ့အပြင် လှည့်ဖြားပြီး စဉ်းလဲလိုက်တာ။

အသင်းခေါင်းဆောင်တစ်ယောက်အနေနဲ့ ဗီဒီယိုထုတ်လုပ်ရေးနဲ့ပတ်သက်တဲ့ နည်းပညာပိုင်းဆိုင်ရာ အသိပညာမရှိရင်တောင် ကျွန်မတို့အလုပ်မှာ ကြုံတွေ့နေရတဲ့ တကယ့်ပြဿနာတွေကို ဖြေရှင်းဖို့ ညီအစ်ကိုမောင်နှမတွေနဲ့ လက်တွဲလုပ်ဆောင်နေသင့်တယ်လို့ တွေးမိတယ်။ ဒါက ကျွန်မရဲ့တာဝန်ဖြစ်ပြီး အနည်းဆုံးအနေနဲ့ ကျွန်မတာဝန်ရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ ထမ်းဆောင်သင့်တယ်။ ဒါပေမဲ့ ကျွန်မက ဘုရားသခင်ရဲ့ ရည်ရွယ်ချက်တွေကို နည်းနည်းမှ အလေးမထားဘဲ ကျွန်မရဲ့ ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို ထိန်းသိမ်းဖို့ပဲ အာရုံစိုက်ခဲ့ပါတယ်။ လက်တွေ့အလုပ်တွေကို ခေါင်းရှောင်ဖို့၊ ရှောင်ကြဉ်ဖို့နဲ့ ဖြစ်မြောက်အောင် မလုပ်ဖို့ ကိုယ့်ရဲ့ အသိပညာချို့တဲ့ခြင်းကို ဆင်ခြေတစ်ခုအဖြစ် အမြဲ အသုံးချခဲ့တယ်။ အဲဒါတွေဟာ ညီအစ်ကိုမောင်နှမတွေရဲ့ ပြဿနာတွေကို ဖြေရှင်းရာမှာ နှောင့်နှေးစေပြီးတော့ လက်တွေ့လုပ်ဆောင်မှုလမ်းကြောင်းကို ရှာဖွေတွေ့ရှိဖို့အတွက် အတားအဆီးဖြစ်ခဲ့ပြီး ဗီဒီယိုထုတ်လုပ်မှုကို ထိခိုက်စေခဲ့တယ်။ ဒီအရာတွေအားလုံးက ကျွန်မရဲ့ ပြစ်မှားမှုတွေချည်းပဲ။ ဘုရားသခင်ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားလို့ မရတာကို ကျွန်မ သဘောပေါက်ခဲ့တယ်။ ကျွန်မရဲ့နေရာကို အစားထိုးခံရတာက ကျွန်မရဲ့ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို ရှာဖွေနေခဲ့ပြီး အန္တိခရစ်လမ်းကြောင်းကို လျှောက်လှမ်းတဲ့ အကျိုးဆက်ပဲ။ ကျွန်မအနေနဲ့ နောင်တရပြီး မပြောင်းလဲခဲ့ရင် ဖော်ထုတ်ခံရပြီး ဖယ်ရှားရှင်းလင်းခံရမှာ သေချာပါတယ်။

နောက်ပိုင်းမှာတော့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေမှာ ဒီကျမ်းပိုဒ်ကို ကျွန်မတွေ့ခဲ့ရတယ်။ “အမှန်တကယ်တွင် ခေါင်းဆောင်တစ်ယောက်အနေဖြင့် အလုပ်များကို စီစဉ်ပေး၍ ပြီးသွားပြီးနောက်တွင် အလုပ်၏ တိုးတက်မှုကို နောက်ဆက်တွဲ ဆက်လုပ်ရမည် ဖြစ်သည်။ သင်သည် ဤအလုပ်နယ်ပယ်ကို မရင်းနှီးလျှင်ပင်၊ ဤကိစ္စနှင့်ပတ်သက်ပြီး မည်သည့်သိမြင်မှုမျှ မရှိလျှင်ပင် ထိုအလုပ်ကို လုပ်ဆောင်ရန် နည်းလမ်းရှာနိုင်သည်။ စိစစ်မှုကို ဆောင်ရွက်ပြီး အကြံပြုချက်များပေးရန် ယင်းကို အမှန်တကယ် နားလည်သဘောပေါက်သော၊ အဆိုပါ အတတ်ပညာကို နားလည်သောသူတစ်ဦးကို သင်ရှာဖွေနိုင်သည်။ သူတို့၏ အကြံပြုချက်များမှ သင့်တင့်လျောက်ပတ်သော စည်းမျဉ်းများကို သင် ရှာဖွေဖော်ထုတ်နိုင်သည်။ ဤသို့ဖြင့် သင်သည် အလုပ်ကို နောက်ဆက်တွဲ ဆက်လုပ်နိုင်လိမ့်မည်။ အဆိုပါ အတတ်ပညာနှင့် သင် ရင်းနှီးခြင်း ရှိသည်ဖြစ်စေ၊ ယင်းကို နားလည်သည်ဖြစ်စေ အနည်းဆုံးအနေဖြင့် သင်သည် ထိုအလုပ်ကို ဦးစီးဆောင်ရွက်ရမည်၊ နောက်ဆက်တွဲ လုပ်ရမည်ဖြစ်ပြီး ယင်း၏ တိုးတက်မှုနှင့်ပတ်သက်၍ အဆက်မပြတ် စုံစမ်းခြင်းနှင့် မေးခွန်းများ မေးခြင်းတို့ကို ပြုလုပ်ရမည်။ ထိုသို့သော ကိစ္စများကို နားလည်သဘောပေါက်မှုအား သင်ထိန်းသိမ်းထားရမည်။ ဤသည်မှာ သင်၏ တာဝန်ဖြစ်သည်။ ယင်းသည် သင့်အလုပ်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ အလုပ်ကို နောက်ဆက်တွဲမလုပ်ခြင်း၊ တာဝန်ချပေးပြီးသည်နှင့် မည်သည့်အရာမျှ ဆက်မလုပ်တော့ခြင်း၊ ယင်းနှင့် လုံးဝ မပတ်သက်တော့ခြင်းတို့သည် အယောင်ဆောင်ခေါင်းဆောင်များက ကိစ္စများကို လုပ်ဆောင်သည့် နည်းလမ်းဖြစ်သည်။ အလုပ်နှင့်စပ်လျဉ်း၍ နောက်ဆက်တွဲ မလုပ်ခြင်းဖြစ်စေ၊ လမ်းညွှန်ချက်မပေးခြင်းဖြစ်စေ၊ စုံစမ်းမှု မပြုခြင်းဖြစ်စေ၊ ဖြစ်ပေါ်လာသည့် ပြဿနာများကို မဖြေရှင်းခြင်းဖြစ်စေ၊ အလုပ်၏ အခြေအနေကို သို့မဟုတ် ထိရောက်မှုကို သဘောမပေါက်ခြင်းဖြစ်စေ ဤသည်တို့မှာလည်း အယောင်ဆောင်ခေါင်းဆောင်များ၏ သရုပ်သကန်များဖြစ်၏။(နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၄)) ဘုရားရဲ့နှုတ်ကပတ်တော်တွေက လူတစ်ယောက်ဟာ အသင်းတော်ခေါင်းဆောင်တစ်ဦးဖြစ်ဖို့ အရာရာကို နားလည်ပြီး လုပ်ဆောင်နိုင်စွမ်းရှိဖို့ မလိုအပ်ဘူးဆိုတာကို ကျွန်မကို သဘောပေါက်အောင် ကူညီပေးခဲ့တယ်။ ခေါင်းဆောင်တွေနဲ့ အမှုဆောင်တွေက နည်းပညာဆိုင်ရာ အသိပညာတွေ ဘယ်လိုပဲရှိရှိ သူတို့က အလုပ်မှာ တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်သင့်ပြီး အလုပ်အခြေအနေ တိုးတက်မှုကို မျက်ခြည်မပြတ် စောင့်ကြည့်နေသင့်တဲ့အပြင် ကြီးကြပ်သင့်ပြီး ပြဿနာတွေကို အချိန်နဲ့တပြေးညီ ဖော်ထုတ်လို့ အဲဒါတွေကို ဖြေရှင်းသင့်တယ်။ ဒါဟာ သူတို့ရဲ့ တာဝန်အပေါ်မှာ ရှိသင့်တဲ့ သဘောထားဖြစ်ပြီး ခေါင်းဆောင်တွေနဲ့ အမှုဆောင်တွေအပေါ် ဘုရားသခင်တောင်းဆိုတဲ့အရာပဲ။ တချို့ အလုပ်နယ်ပယ်တွေမှာ နည်းပညာဆိုင်ရာ ကျွမ်းကျင်မှု လိုအပ်တဲ့ အလုပ်တွေကို ကြီးကြပ်နေတဲ့ အသင်းတော်က တချို့ ခေါင်းဆောင်တွေနဲ့ အမှုဆောင်တွေကို တွေးကြည့်မိတယ်။ တချို့ ချို့ယွင်းချက်တွေနဲ့ အားနည်းချက်တွေ ရှိပေမဲ့ သူတို့ရဲ့ အလုပ်မှာ ဝန်တာထမ်းကြတယ်၊ အလုပ်ရဲ့ တိုးတက်မှုအခြေအနေကို အချိန်နဲ့တပြေးညီ ကြီးကြပ်ပြီး မျက်ခြည်မပြတ် စောင့်ကြည့်နိုင်ကြတယ်။ ညီအစ်ကိုမောင်နှမတွေကို စည်းမျဉ်းတွေနဲ့အညီ ကိုယ့်တာဝန်တွေကို ဆောင်ရွက်ဖို့ အလေးပေးလမ်းညွှန်ပြီး သက်ဆိုင်ရာ အားသာချက်နဲ့ အားနည်းချက်တွေကို ဖြည့်ဆည်းဖို့ ညီအစ်ကိုမောင်နှမတွေနဲ့အတူ လုပ်ဆောင်သွားကြတယ်။ တဖြည်းဖြည်းနဲ့ သူတို့က တချို့ နည်းပညာဆိုင်ရာ ကျွမ်းကျင်မှုတွေအပြင် သမ္မာတရားဆိုင်ရာ စည်းမျဉ်းတွေကို စသင်ယူကြပြီး သူတို့ရဲ့ တာဝန်မှာ ရရှိခဲ့တဲ့ ရလဒ်တွေကလည်း တဖြည်းဖြည်း တိုးတက်လာတယ်။ ဒါက နောဧရဲ့ဇာတ်လမ်းကို ပြန်အမှတ်ရစေတယ်။ နောဧက သင်္ဘောကို တည်ဆောက်ဖို့ ထွက်ခွာလာတဲ့အခါမှာ သူက အရင်က သင်္ဘောကို တစ်ခါမှ မဆောက်ဖူးရုံမကဘဲ သင်္ဘောက ဘယ်ပုံစံရှိနိုင်တာကိုတောင် မသိခဲ့ဘူး။ ဒါပေမဲ့ သူက စိတ်နှလုံး ဖြူစင်လို့ ဝန်တာကို ထမ်းရွက်ပြီး ဘုရားသခင်ရဲ့ ရည်ရွယ်ချက်တွေကို အလေးထားခဲ့တယ်။ တစ်ခုခုလုပ်ဖို့ ဘုရားသခင်က သူ့ကို အမိန့်ပေးတဲ့အခါမှာ သူက ဘုရားရဲ့တောင်းဆိုချက်တွေအတိုင်း လုပ်ဆောင်တယ်။ နောက်ဆုံးမှာ သင်္ဘောက တဖြေးဖြေးနဲ့ ရုပ်လုံးပေါ်လာပြီး နောဧက ဘုရားသခင်ရဲ့တာဝန်ကို အောင်မြင်စွာ ထမ်းဆောင်ခဲ့တယ်။ ကျွန်မအနေနဲ့ ကျွန်မရဲ့တာဝန်တွေကို ဘယ်လိုသဘောထားခဲ့သလဲ။ အသင်းခေါင်းဆောင်တစ်ဦးအနေနဲ့ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်တွေကို ဘယ်လို အလေးထားရမယ်၊ အသင်းတော်အလုပ်ကို ဘယ်လိုကောင်းကောင်း ပြီးမြောက်အောင် လုပ်ဆောင်ရမယ်၊ ကိုယ့်တာဝန်ကို ဘယ်လို ကောင်းကောင်း ဖြည့်ဆည်းရမယ်ဆိုတာတွေကို စဉ်းစားရမဲ့အစား ခေါင်းဆောင်တစ်ယောက်အနေနဲ့ ကိုယ့်ရာထူးမှာ အေးအေးဆေးဆေးနေပြီး အခြားသူတွေထက် ပိုတော်တဲ့အပြင် ပိုစွမ်းဆောင်နိုင်သူအဖြစ် ကိုယ့်ကိုယ်ကိုယ် သရုပ်ဖော်ဖို့ နည်းလမ်းတွေ အမြဲ ရှာဖွေခဲ့တယ်။ တကယ်လို့များ နည်းပညာပိုင်းလုပ်ငန်းတွေမှာ ပါဝင်ရင် ကျွန်မရဲ့ ချို့ယွင်းချက်နဲ့ အားနည်းချက်တွေ ထုတ်ဖော်ခံရပြီး ညီအစ်ကို မောင်နှမတွေက ကျွန်မကို အထင်မြင်သေးမှာ စိုးမိတဲ့အတွက် ဗီဒီယိုထုတ်လုပ်ခြင်းရဲ့ နည်းပညာဆိုင်ရာ ကဏ္ဍတွေမှာ ကျွန်မရဲ့ အသိပညာချို့တဲ့မှုကို အကြောင်းပြချက်အဖြစ် အမြဲအသုံးပြုခဲ့တယ်။ ကျွန်မက မာနထောင်လွှားတဲ့ ကြောင်သူတော်တစ်ယောက်ပဲ။ လူတစ်ယောက်က ခေါင်းဆောင်တစ်ယောက်အနေနဲ့ တာဝန်ခံယူရတဲ့အရာက ဂုဏ်ပုဒ်တစ်ခု ဒါမှမဟုတ် ရာထူးအဆင့်အတန်းတစ်ခု မဟုတ်ဘဲ ဝတ္တရားနဲ့ ဝန်တာတစ်ခုဖြစ်တာကို ကျွန်မ သဘောပေါက်ခဲ့ပါတယ်။ ကျွန်မက ကိုယ့်ရဲ့အပြစ်အနာအဆာတွေနဲ့ အားနည်းချက်တွေကို ကောင်းကောင်း ရင်ဆိုင်ပြီး ခေါင်းဆောင်ရာထူးရဲ့ ဂုဏ်ဒြပ်နဲ့ အဆင့်အတန်းအပေါ် စွဲလမ်းမှုကို ဖယ်ရှားပစ်ဖို့ လိုအပ်ပါတယ်။ ကျွန်မအနေနဲ့ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်တွေကို ဂရုစိုက်ပြီး အသင်းတော်ရဲ့ အလုပ်အတွက် ဝန်တာထားဖို့၊ ညီအစ်ကို မောင်နှမတွေနဲ့ သဟဇာတကျကျ ပူးပေါင်းဆောင်ရွက်တဲ့အပြင် ကျွန်မတို့ရဲ့ သက်ဆိုင်ရာ အားသာချက်တွေနဲ့ အားနည်းချက်တွေကို ဖြည့်ဆည်းဖို့၊ ပြီးတော့ အသင်းတော်ရဲ့ အလုပ်ကို ကောင်းကောင်း ပြီးမြောက်ဖို့ လုပ်ဆောင်ရပါမယ်။ အလုပ်ရဲ့ တချို့ နည်းပညာဆိုင်ရာ ကဏ္ဍတွေနဲ့ မရင်းနှီးပေမဲ့ တတ်သိနားလည်တဲ့ ညီအစ်ကို မောင်နှမတွေကို ရှာဖွေပြီး သူတို့နဲ့အတူ ဆွေးနွေးအဖြေရှာရပါမယ်။ သူတို့ဆီက အကြံပြုချက်တွေနဲ့ အကြံဉာဏ်တွေ ပိုပေးဖို့ တောင်းဆိုနိုင်တယ်။ လက်တွေ့လုပ်ဆောင်မှုလမ်းကြောင်းတွေ ရှာဖွေဖို့နဲ့ ကျွန်မတို့ရဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ လူတိုင်းကို အတူအလုပ်လုပ်ခိုင်းလို့ရတယ်။ ဒီနည်းနဲ့ အလုပ်လုပ်တာက အလုပ်ရဲ့ ကဏ္ဍအားလုံး ပုံမှန်အတိုင်း ရှေ့ဆက်ခွင့်ပြုမှာဖြစ်တယ်။ တိုင်ပင်ဆွေးနွေးလို့ အဖြေရှာပြီးတဲ့တိုင်အောင် ကျွန်မတို့ရဲ့ပြဿနာတွေကို မဖြေရှင်းနိုင်သေးရင် အထက်ခေါင်းဆောင်တွေဆီက အကူအညီတောင်းခံနိုင်တယ်။ ဒီလိုလုပ်တော့ ကျွန်မတို့အလုပ်က ဘယ်ပြဿနာကိုမဆို အချိန်နဲ့တပြေးညီ ဖော်ထုတ်ဖြေရှင်းနိုင်မှာပဲ။ အသင်းတော်ရဲ့လုပ်ငန်းဆောင်တာတွေကိုလည်း နှောင့်နှေးစေမှာမဟုတ်ဘူး။ အဲဒီအရာတွေက ကျွန်မလုပ်သင့်ခဲ့ပြီး သေချာလုပ်ဆောင်နိုင်တဲ့အရာလည်းဖြစ်တယ်။ အသင်းတော်ရဲ့လုပ်ငန်းဆောင်တာတွေအပေါ် တာဝန်ယူတဲ့ သဘောထားရှိရမှာ။ ကျွန်မတတ်နိုင်သမျှကို ပြီးမြောက်အောင် လုပ်ဆောင်ရမယ်။ အဲဒီလိုလုပ်ဆောင်မှသာ ကျွန်မရဲ့တာဝန်နဲ့ ဝတ္တရားကို ကျေပွန်မှာပဲ။ အတိတ်မှာ ကျွန်မက နာမည်ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို အလေးပိုထားမိခဲ့တယ်ဆိုတာ သဘောပေါက်လိုက်တယ်။ နည်းပညာဆိုင်ရာ အသိပညာချို့တဲ့မှုကို အကြောင်းပြချက်အဖြစ် အမြဲအသုံးပြုပြီး ကျွန်မရဲ့ ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို ထိန်းသိမ်းဖို့ပဲ တက်တက်ကြွကြွ လုပ်ဆောင်ခဲ့ပြီး နောက်ဆုံးမှာ အသင်းတော်ရဲ့ ဗီဒီယိုထုတ်လုပ်ရေးမှာ နှောင့်နှေးမှုတွေ ဖြစ်စေခဲ့တယ်။

နောက်ပိုင်းမှာတော့ ဘုရားနှုတ်ကပတ်တော်တွေထဲက ဒီကျမ်းပိုဒ်ကို ကျွန်မတွေ့ခဲ့ရတယ်။ “မိမိတို့၏ တာဝန်ကို ထမ်းဆောင်နေသည့်သူများ အားလုံးအတွက်မူ၊ သမ္မာတရားကို ၎င်းတို့၏နားလည်ခြင်းသည် မည်မျှ နက်နဲပါစေ၊ သို့မဟုတ် မည်မျှပေါ့တန်ပါစေ သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်ခြင်းအား အရိုးရှင်းဆုံး လက်တွေ့လုပ်ဆောင်ခြင်း နည်းလမ်းမှာ အရာအားလုံး၌ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို တွေးဖို့ရန်နှင့် မိမိ၏တစ်ကိုယ်ကောင်းဆန်သော စိတ်ဆန္ဒများ၊ ကိုယ်ပိုင် ရည်ရွယ်ချက်များ၊ ကြံရွယ်ချက်များ၊ မာနနှင့် ဂုဏ်အဆင့်အတန်းတို့ကို လက်လွှတ်ဖို့ ဖြစ်သည်။ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ဦးစားပေးလော့— ဤသည်မှာ အနည်းဆုံး လုပ်ဆောင်သင့်သည့် အရာဖြစ်၏။ တာဝန်ကို ဆောင်ရွက်နေသည့် လူတစ်ဦးသည် ဤမျှလောက်ပင် မလုပ်ဆောင်နိုင်လျှင် မိမိ၏ တာဝန်ကို လုပ်ဆောင်နေပါသည်ဟု ၎င်းကို အဘယ်သို့ ပြောနိုင်မည်နည်း။ ယင်းမှာ မိမိ၏ တာဝန်ကို လုပ်ဆောင်နေခြင်း မဟုတ်ပေ။ ဘုရားအိမ်တော်၏ အကျိုးများကို သင် ပထမဦးဆုံး စဉ်းစားသင့်သည်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် အသင်းတော် အလုပ်တို့ကို စဉ်းစားသင့်သည်။ ဤအရာများကို ဦးစားပေးသင့်၏။ ထို့နောက်တွင်မှ သင့်အဆင့်အတန်း၏ တည်ငြိမ်မှု၊ သို့မဟုတ် အခြားသူများက သင့်ကို မည်သို့ သဘောထားသည်တို့နှင့်ပတ်သက်၍ သင် စဉ်းစားနိုင်သည်။ ယင်းကို အဆင့်နှစ်ခုအဖြစ်သို့ ပိုင်းခြားလိုက်ပြီး ညှိနှိုင်းမှုအချို့ ပြုလုပ်သည့်အခါ အနည်းငယ် ပိုမို လွယ်ကူလာသည်ဟု သင်တို့ မခံစားရသလော။ ခဏတာ ဤအရာကို သင်လက်တွေ့လုပ်ဆောင်လျှင် ဘုရားသခင်ကို စိတ်ကျေနပ်စေခြင်းမှာ ထိုမျှ ခက်ခဲသည့်အရာမဟုတ်ဟု သင် ခံစားလာရလိမ့်မည်။ ထို့အပြင် သင်၏ တာဝန်များကို သင်ဖြည့်ဆည်းနိုင်သင့်သည်၊ သင်၏ တာဝန်နှင့် ဝတ္တရားများကို ထမ်းဆောင်နိုင်သင့်သည်၊ သင်၏ တစ်ကိုယ်ကောင်းဆန်သော စိတ်ဆန္ဒများနှင့် ရည်ရွယ်ချက်များနှင့် ကြံရွယ်ချက်များကို ဘေးဖယ်ထားသင့်သည်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို အလေးထားမှု ပြသင့်ပြီး ဘုရားအိမ်တော်၏ အကျိုးများ၊ အသင်းတော်အလုပ်နှင့် သင်ထမ်းဆောင်သင့်သည့် တာဝန်တို့ကို ဦးစားပေးသင့်သည်။ ဤအရာကို တစ်ခဏကြာ ကြုံတွေ့ပြီးနောက်တွင် ဤသည်မှာ ပြုမူကျင့်ကြံရန် ကောင်းမွန်သော နည်းလမ်းတစ်ခု ဖြစ်သည်ဟု သင်ခံစားရလိမ့်မည်။ ယင်းမှာ ယုတ်ညံ့သောလူတစ်ဦး၊ သို့မဟုတ် ဆိုးညစ်သောလူတစ်ဦး မဖြစ်ဘဲ ရိုးရိုးစင်းစင်းနှင့် ရိုးသားစွာ အသက်ရှင်ခြင်း ဖြစ်သည်။ စက်ဆုပ်ဖွယ်ကောင်းခြင်း၊ ယုတ်ညံ့ခြင်းနှင့် အသုံးမကျခြင်းတို့ထက် မျှမျှတတ နှင့် သိက္ခာရှိရှိ အသက်ရှင်ခြင်း ဖြစ်သည်၊ ဤသည်မှာ လူတစ်ဦး ပြုမူသင့်သည့်ပုံဖြစ်ပြီး ထိုလူ အသက်ရှင်နေထိုင်သင့်သည် ပုံရိပ်တစ်ခုဖြစ်သည်ဟု သင်ခံစားရလိမ့်မည်။ တဖြည်းဖြည်းနှင့် သင်၏ ကိုယ်ပိုင်အကျိုးစီးပွားများကို အလိုဖြည့်ဖို့ သင်၏ လိုအင်ဆန္ဒသည် သာ၍ လျော့ပါးသွားပေလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအား စွန့်ပစ်ခြင်းအားဖြင့်သာ လွတ်လပ်ခြင်းနှင့် လွတ်မြောက်ခြင်းကို ရရှိနိုင်သည်) ဘုရားနှုတ်ကပတ်တော်တွေကို ဆင်ခြင်သုံးသပ်တဲ့အခါ ကျွန်မတို့က ဘယ်တာဝန်ကို ထမ်းဆောင်နေပါစေ၊ ကျွန်မတို့ရဲ့ ရည်ရွယ်ချက်တွေကို အမြဲမှန်နေအောင်ထားရမယ်။ ကိုယ်ပိုင်လိုအင်ဆန္ဒတွေ ဒါမှမဟုတ် ဂုဏ်သတင်းနဲ့ အဆင့်အတန်းအတွက် မျှော်မှန်းချက်တွေကို ဘေးဖယ်ထားပြီး အသင်းတော်ရဲ့လုပ်ငန်းကို ထိန်းသိမ်းဖို့ ကြိုးစားရမှာကို သတိပြုမိတယ်။ ကျွန်မတို့အပေါ် အခြားသူတွေရဲ့ထင်မြင်ယူဆချက်ကို စိုးရိမ်မနေသင့်ဘူး။ ဒါပေမဲ့ ဘုရားသခင်ရဲ့ စိစစ်မှုကို လက်ခံနိုင်ပြီး ကျွန်မတို့ရဲ့တာဝန်တွေကို ကောင်းကောင်း ဖြည့်ဆည်းသင့်တယ်။ အဲဒီလိုလုပ်မှ ကျွန်မတို့က ရိုးရိုးသားသားနဲ့ ဖြောင့်မတ်မှန်ကန်စွာ နေထိုင်နိုင်မှာပဲ။ ခေါင်းဆောင်အဖြစ် ရွေးချယ်ခံရတာက ကျွန်မအတွက် လေ့ကျင့်ဖို့ အခွင့်အလမ်းတစ်ခုပဲ။ အဲဒီရာထူးအတွက် အရည်အချင်းပြည့်မီတယ်လို့ မဆိုလိုဘူး။ ကျွန်မရဲ့တာဝန်ကို ထမ်းဆောင်နေချိန်မှာ သမ္မာတရားကို စဉ်ဆက်မပြတ် ရှာဖွေနေရမှာ။ ကျွန်မရဲ့တာဝန်ကို ကောင်းကောင်း ထမ်းဆောင်နိုင်ဖို့ ညီအစ်ကို မောင်နှမတွေနဲ့အတူ လုပ်ဆောင်ရမှာ။ ဒါပေမဲ့ ကျွန်မက ပုန်ကန်လွန်းခဲ့တယ်။ ကျွန်မရဲ့ အဆင့်အတန်းနဲ့ ဂုဏ်သတင်းကိုပဲ ထည့်သွင်းစဉ်းစားပြီး လက်တွေ့အလုပ်လုပ်ဖို့ ပျက်ကွက်တယ်။ အသင်းတော်ရဲ့ အလုပ်ကို ဆုံးရှုံးမှုတွေဖြစ်စေပြီး ကျွန်မ အစားထိုးခံခဲ့ရတယ်။ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်တွေကို ကျွန်မနားလည်လာပြီးနောက်မှာ ကျွန်မက ရှေ့ဆက်ရမဲ့ တာဝန်မှာ ဘုရားနှုတ်ကပတ်တော်တွေအတိုင်း လုပ်ဆောင်ဖို့၊ ကျွန်မရဲ့ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို မစဉ်းစားတော့ဘဲ ဘုရားသခင် ကျေနပ်အောင် ကျွန်မရဲ့တာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းဖို့ ဆုံးဖြတ်ခဲ့တယ်။

အဲဒီနောက် မကြာခင်မှာ အသင်းတော်က ကျွန်မကို လူသစ်တွေကို ရေလောင်းဖို့ တာဝန်ပေးခဲ့ပြီး လနည်းနည်းအကြာမှာတော့ အဖွဲ့ခေါင်းဆောင်အဖြစ် ရာထူးတိုးမြှင့်ခံခဲ့ရပါတယ်။ နောက်တစ်ကြိမ် စိုးရိမ်ပူပန်မိတယ်။ “ငါက လူအသစ်တွေကို ရေလောင်းခြင်းအမှုကိုမပြုသည်မှာ ကြာခဲ့ပြီး အတွေ့အကြုံမရှိဘူး။ ငါ့ရဲ့ လူသစ်တွေကို ရေလောင်းတဲ့အမှုမှာ တခြား ညီအစ်ကိုမောင်နှမတွေထက် သာလွန်တာမရှိဘူး။ ငါက အမှန်တကယ်ထိရောက်တဲ့ အဖွဲ့ခေါင်းဆောင်တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်နိုင်ပါမလား။ ကိုယ့်အလုပ်ကို ကောင်းကောင်းမလုပ်ဘဲ ညီအစ်ကိုမောင်နှမတွေအတွက် လက်တွေ့ကျတဲ့ လမ်းကြောင်းတွေကို အကြံမပြုနိုင်ရင် ငါဟာ အဖွဲ့ခေါင်းဆောင်အဖြစ် ထမ်းဆောင်ဖို့ အရည်အချင်းမပြည့်မီလို့ ထင်ကြမလား။ ငါ့ရဲ့ခေါင်းဆောင်က ငါ့ကို အစွမ်းအစနဲ့ အရည်အချင်းမရှိလို့ တွေးမလား” ဆိုတာတွေပေါ့။ ကျွန်မက ကျွန်မရဲ့ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို ဆက်ထိန်းထားဖို့ ဆန္ဒရှိနေတာကို သိလိုက်ရတယ်။ ကျွန်မရဲ့အတိတ်က ကျရှုံးမှုက ရရှိခဲ့တဲ့သင်ခန်းစာတွေကို တွေးပြီး ဘုရားသခင်ဆီ အလျင်အမြန် လာဆုတောင်းခဲ့တယ်။ ဆုတောင်းအပြီးမှာတော့ ဒီစာပိုဒ်ကို ဘုရားနှုတ်ကပတ်တော်တွေမှ ကျွန်မတွေ့ခဲ့ရတယ်။ “ယင်းမှာ မည်သည့်ပြဿနာပင်ဖြစ်ပါစေ ဖြစ်ပေါ်လာသည့် မည်သည့်ပြဿနာကိုမဆို ဖြေရှင်းဖို့ သင် သမ္မာတရားကို ရှာဖွေရမည်ဖြစ်ပြီး မည်သည့်နည်းလမ်းနှင့်မျှ သင်ဟန်မဆောင်ရ၊ သို့မဟုတ် အခြားသူများအတွက် အယောင်ဆောင်မလှည့်စားရ။ သင်၏အားနည်းချက်များ၊ သင်၏ချို့ယွင်းချက်များ၊ သင်၏အမှားများ၊ သင်၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ယင်းတို့အားလုံးနှင့်ပတ်သက်၍ လုံးဝ ပွင့်ပွင့်လင်းလင်းရှိပြီး မိတ်သဟာယပြုလော့။ ယင်းတို့ကို အတွင်း၌ မသိမ်းထားနှင့်။ သင့်ကိုယ်သင် မည်သို့ဖွင့်ဟဖို့ကို သင်ယူခြင်းသည် အသက်ဝင်ရောက်ခြင်း၏ ပထမခြေလှမ်းဖြစ်ပြီး၊ ယင်းမှာ အောင်နိုင်ဖို့ အခက်ဆုံးဖြစ်သည့် ပထမဆုံး အခက်အခဲတစ်ခု ဖြစ်သည်။ ယင်းကို သင်အောင်နိုင်ပြီးသည်နှင့် သမ္မာတရားကို ဝင်ရောက်ခြင်းသည် လွယ်ကူပေသည်။ ဤခြေလှမ်းကို လှမ်းခြင်းက အဘယ်သဘောကို ဆောင်သနည်း။ ယင်းက သင်၏စိတ်နှလုံးကို ဖွင့်ပြီး ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ အပြုသဘောဆောင်သည်ဖြစ်စေ၊ အပျက်သဘောဆောင်သည်ဖြစ်စေ သင်၌ရှိသမျှ အားလုံးကို ပြခြင်းကို ဆိုလိုလေသည်။ ဘုရားသခင်ထံမှ မည်သည့်အရာမျှ မကွယ်ဝှက်ဘဲ၊ မည်သည့်အရာမျှ မဖုံးကွယ်ဘဲ၊ မမျိုသိပ်ဘဲ လှည့်စားမှုနှင့် လှည့်ကွက်ကင်းကာ အခြားသူများကို အလားတူ ပွင့်လင်းပြီး ရိုးသားရင်း၊ အခြားသူများနှင့် ဘုရားသခင် မြင်ဖို့ရာ သင့်ကိုယ်သင် ထုတ်ဖော်ပြခြင်း ဖြစ်သည်။ ဤနည်းအားဖြင့် သင်သည် အလင်းတွင် အသက်ရှင်ပြီး ဘုရားသခင်က သင့်ကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးမည်သာမက၊ အခြားလူများက သင်သည် စည်းမျဉ်းနှင့်အညီ ပွင့်လင်းမြင်သာသည့် အတိုင်းအတာတစ်ခုဖြင့် ပြုမူကြောင်း မြင်နိုင်လိမ့်မည်။ သင်၏ ဂုဏ်သတင်း၊ ပုံရိပ်နှင့် အဆင့်အတန်းတို့ကို ကာကွယ်ရန် မည်သည့်နည်းလမ်းများကိုမျှ အသုံးပြုရန် မလိုသကဲ့သို့ သင်၏ အမှားများကို ဖုံးကွယ်ရန်၊ သို့မဟုတ် ဟန်ဆောင်ရန်လည်း မလိုအပ်ပေ။ ဤအသုံးမဝင်သော အားစိုက်ထုတ်မှုများကို သင် ဆောင်ရွက်ရန် မလိုပေ။ ဤအရာများကို သင် လက်လွှတ်နိုင်ပါက သင်သည် အလွန်ပင် သက်သောင့်သက်သာ ဖြစ်လိမ့်မည်။ သင်သည် ဘောင်ခတ်မှုများ၊ သို့မဟုတ် နာကျင်မှု မရှိဘဲ အသက်ရှင်လိမ့်မည် ဖြစ်ပြီး သင်သည် အလင်းတွင်သာ လုံးဝ အသက်ရှင်လိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ရှုတာက ရှင်းလင်းပြတ်သားမှုကို ရရှိစေတယ်။ လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းကို ဆောင်ကြဉ်းပေးတယ်။ နာမည်ဂုဏ်သတင်းနဲ့ အဆင့်အတန်းအတွက် ကျွန်မရဲ့အပြစ်အနာအဆာတွေနဲ့ အားနည်းချက်တွေကို မျိုသိပ် ဖုံးကွယ်မထားသင့်ဘူး။ အဲဒီအစား ကျွန်မရဲ့အပြစ်အနာအဆာတွေအပေါ် သင့်တော်တဲ့ သဘောထားရှိသင့်ပါတယ်။ ရိုးသားတဲ့လူတစ်ယောက်ဖြစ်ဖို့ လေ့ကျင့်ပြီး နားလည်သလောက်လုပ်ဆောင်တဲ့အပြင် ကျွန်မရဲ့တာဝန်နဲ့ ဝတ္တရားတွေကို ကောင်းကောင်း ဖြည့်ဆည်းရပါမယ်။ အဲဒီနောက်မှာတော့ အလုပ်ရဲ့တိုးတက်မှုကို မျက်ခြေမပြတ် စောင့်ကြည့်စစ်ဆေးခဲ့တယ်။ ကျွန်မရဲ့အသိပညာနည်းပါးတာ ဒါမှမဟုတ် ကိုင်တွယ်ဖြေရှင်းနိုင်စွမ်းမရှိတဲ့ ပြဿနာတွေနဲ့ ကြုံတွေ့ရတဲ့အခါ ပြဿနာကို ညီအစ်ကိုမောင်နှမတွေနဲ့အတူ လက်တွဲဖြေရှင်းဖို့ ရှာဖွေခဲ့တယ်။ ညီအစ်ကိုမောင်နှမတွေက ဆွေးနွေးချက်တွေအတွက် စုဝေးပွဲတွေလုပ်တိုင်း သူတို့ဆီက ဝီရိယရှိရှိ သင်ယူခဲ့ပြီး သူတို့ဖော်ပြခဲ့တဲ့ အသုံးဝင်တဲ့ လမ်းစဉ်တွေကို မှတ်ယူထားတယ်။ ရူပါရုံတွေရဲ့ သမ္မာတရားနဲ့လည်း ကိုယ့်ကိုယ်ကိုယ် မကြာခဏ ပြင်ဆင်ခဲ့တယ်။ အဲဒီနည်းလမ်းကို အချိန်အတော်ကြာ လေ့ကျင့်ပြီးနောက်မှာတော့ စည်းမျဉ်းတချို့ကို တဖြည်းဖြည်း နားလည်လာတယ်။ ကျွန်မရဲ့တာဝန်မှာ စွမ်းဆောင်ရည်တွေကလည်း တဖြည်းဖြည်း တိုးတက်လာခဲ့ပြီး ငြိမ်သက်ခြင်းနဲ့ အေးဆေးသက်သာဖြစ်ခြင်းတွေကိုလည်း ခံစားခဲ့ရတယ်။

အစားထိုးခံရတဲ့ အတွေ့အကြုံအပေါ် ကျွန်မရဲ့ဆန်းစစ်မှုမှာ ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မကို ဉာဏ်အလင်းပေးခဲ့ပြီး လမ်းပြခဲ့တယ်။ နာမည်ဂုဏ်သတင်းနဲ့အဆင့်အတန်းအပေါ် အားထုတ်တာနဲ့ဆိုင်တဲ့၊ အဲဒီလုပ်ရပ်တွေရဲ့ အကျိုးဆက်တွေနဲ့ဆိုင်တဲ့ သမ္မာတရားအပေါ် သိမြင်မှုကို သွတ်သွင်းပေးခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မရဲ့ မှားယွင်းပြီး အဓိပ္ပာယ်မဲ့တဲ့ အမြင်ရှုထောင့်တွေကို ပြုပြင်ဖို့လည်း ကူညီပေးခဲ့တယ်။ ဒီအရာအားလုံးက ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာနဲ့ ကယ်တင်ခြင်းပါပဲ။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

သူတပါး၏ ပြဿနာများကို ဖော်ထုတ်ရန် ကျွန်မ ကြောက်ရသည့် အကြောင်းရင်း

ညီမ ကျောင်းတုန်းက အတန်းဖော်တချို့ အရမ်းပွင့်လင်းတာကို ညီမ သတိထားမိတယ်။ တခြားလူတွေ မှားနေတာကို သူတို့မြင်ရင် မှားတယ်လို့...

ရောဂါနှင့်ဆိုင်သော တုန်လှုပ်ဖွယ် အတွေ့အကြုံတစ်ခု

ကျုံးရှင်း တရုတ်နိုင်ငံအနန္တတန်ခိုးရှိသော ဘုရားသခင် ပြောသည်မှာ- “ငါ၏ လုပ်ဆောင်ချက်များသည် ကမ်းခြေများရှိ သဲလုံးများထက် အရေအတွက်သာ၍...

အသည်းကင်ဆာရရှိခြင်းမှ သင်ယူရရှိခဲ့သည့် သင်ခန်းစာများ

လီယွန် တရုတ်နိုင်ငံ ကျွန်တော် ခရစ်ယာန်ဖြစ်ပြီးသည့်နောက်မှာ တရုတ်ကွန်မြူနစ်ပါတီက ဖမ်းသည်ကို သုံးလေးကြိမ်လောက် ခံရသော်လည်း၊ သခင့်ကို...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။