တခြားလူတွေအပေါ် ကျွန်မရဲ့ ယုံကြည်မှုကို မဆင်မခြင်ထားရတဲ့ အကြောင်းအရင်း

18.12.2024

၂၀၂၁ခုနှစ် မှာ အသင်းတော် ၃ ခုရဲ့ ရေလောင်းတဲ့အလုပ်ကို ကျွန်မ တာဝန်ယူရတယ်။ အသင်းတော်တစ်ခုက ရေလောင်းအဖွဲ့ခေါင်းဆောင် နှစ်ယောက်ဖြစ်တဲ့ လီကန် နဲ့ ကျန်းရွှမ် တို့က ကျွန်မနဲ့အတူ အလုပ်လုပ်ခဲ့ဖူးတယ်။ အဲဒီအချိန်တုန်းက၊ လီကန်က လုပ်ရည်ကိုင်ရည်ရှိပြီး သူ့ရဲ့တာဝန်မှာ တာဝန်ခံယူမှုရှိတယ်လို့ ကျွန်မ ခံစားမိတယ်။ သူက ကျွန်မရဲ့ တာဝန်မှာ လမ်းလွဲနေတာမှန်သမျှကို အချိန်နဲ့တစ်ပြေးညီ ထောက်ပြပြီး ကူပြင်ပေးတယ်။ သူ့ရဲ့ ကြီးကြပ်မှုနဲ့ သတိပေးချက်တွေကြောင့် တချို့ အလုပ်တွေမှာ မနှောင့်နှေးခဲ့ဘူး။ ကျန်းရွှမ်ကလည်း တာဝန်ခံယူမှုရှိပြီး ကျွန်မက အားရစရာ မကောင်းတဲ့ အခြေအနေကို ရောက်နေတဲ့အချိန်မှာ ကျွန်မကိုမေတ္တာစိတ်နဲ့ ကူညီပေးခဲ့တယ်။ သူတို့နဲ့ တွဲလုပ်ခဲ့ရတာ ကျွန်မအရမ်းကိုပျော်ခဲ့တယ်၊ သူတို့ရဲ့ အလုပ်စွမ်းရည်၊အစွမ်းအစနဲ့ သူတို့ရဲ့ တာဝန်တွေအပေါ် သဘောထားတွေက တော်တော်ကောင်းတယ်လို့တွေးမိရင်းပေါ့။ သူတို့နှစ်ယောက်က ဒီမှာတာဝန်ယူကြီးကြပ်နေတဲ့အတွက် ဒီအသင်းတော်ရဲ့ ရေလောင်းတဲ့အလုပ်အတွက် သိပ်စိတ်ပူစရာမလိုဘဲ တခြားအသင်းတော်နှစ်ခုရဲ့ အလုပ်ကို အာရုံစိုက်နိုင်ခဲ့တယ်။ နောက်ပိုင်း သူတို့ရဲ့စာတွေကနေ သူတို့ရဲ့အလုပ်ရလဒ်တွေက တခြားအသင်းတော်တွေထက် ပိုကောင်းတာကို ကျွန်မတွေ့ရတယ်။ သူတို့၏ အလုပ်စွမ်းရည်တွေကို ကျွန်မ ဆက်ပြီး မှန်မမှန်ကြည့်ရှုစစ်ဆေးလိုက်တယ်။ ဒါကြောင့် သူတို့ရဲ့ အလုပ်မှာ ကျွန်မပါဝင်တာ တော်တော်လေးရှားသွားတယ်။

တစ်ခါမှာ ကျွန်မရဲ့ခေါင်းဆောင်က ကျွန်မကို ရေလောင်းတဲ့အလုပ်မှာ လက်တွေ့ပါဝင်ဖို့နဲ့ အလုပ်မှာနှောင့်နှေးတာမဖြစ်ရအောင် ကျွန်မရှာတွေ့တဲ့ မသင့်တော်တဲ့ဝန်ထမ်းမှန်သမျှကို ချက်ချင်းပြုပြင်ပေးဖို့ တောင်းဆိုတဲ့စာတစ်စောင် ပေးပို့ခဲ့တယ်။ စာကိုလက်ခံရရှိပြီးတာနဲ့ အလုပ်တွေဘယ်လိုဖြစ်နေလဲဆိုတာသိဖို့ တခြားအသင်းတော်နှစ်ခုကို အမြန်သွားလိုက်တယ်။ တကယ်အလုပ်မလုပ်နိုင်တဲ့ ရေလောင်းအဖွဲ့ခေါင်းဆောင်တစ်ယောက်ကို တွေ့ပြီး ချက်ချင်း ပြုပြင်ပြောင်းလဲမှုတွေ လုပ်ခဲ့တယ်။ လီကန် ကြီးကြပ်တဲ့ အသင်းတော်ကို သွားကြည့်ခါနီးမှာတော့ ကျွန်မ တွေးမိတာက “သူတို့ရဲ့ အလုပ်စွမ်းရည်၊ တာဝန်ခံယူစိတ် ဒါမှမဟုတ် အစွမ်းအစအရပဲဖြစ်ဖြစ်၊ သူနဲ့ ကျန်းရွှမ်ကတော့ အဘက်ဘက်က အဆင်ပြေပါတယ်။ အဲဒီမှာ သူတို့နှစ်ယောက်ရှိနေတော့ အလုပ်မှာ သေချာပေါက် ဘာပြဿနာမှ ရှိမှာ မဟုတ်ဘူး”လို့ပေါ့။ အဲ့ဒါကြောင့် သူတို့ရဲ့အလုပ်ကို မစစ်ဆေးခဲ့မိဘူး။ နောက်တကြိမ်မှာတော့ ပြဿနာတွေကို ရှာဖွေပြီး အချိန်နဲ့တစ်ပြေးညီ ဖြေရှင်းနိုင်ဖို့အတွက် သူတို့ရဲ့အလုပ်က လမ်းလွဲတာတွေအကြောင်း အသေးစိတ်လေ့လာချင်တာနဲ့ အသင်းတော်တချို့ဆီက ရေလောင်းအဖွဲ့ခေါင်းဆောင်တွေကို ကျွန်မ စုဝေးလိုက်တယ်။ ဒါပေမဲ့ အဲဒီအချိန်တုန်းက ကျွန်မက တခြားအဖွဲ့ခေါင်းဆောင်တွေရဲ့ အလုပ်ကို အဓိကထားပြီး မေးဖြစ်တယ်၊ ယုံကြည်သူအသစ်တွေအတွက် စုဝေးပွဲတွေကို ဘယ်လိုလုပ်လေ့ရှိလဲဆိုတာ၊ မိတ်သဟာယဖွဲ့ဖို့နဲ့ ယုံကြည်သူအသစ်တွေရဲ့မေးခွန်းတွေကို ဖြေရှင်းဖို့၊ ဘုရားသခင်ရဲ့ ဘယ်နှုတ်ကပတ်တော်တွေကို အသုံးပြုကြလဲ ဆိုတာတွေကိုမေးဖြစ်တယ်။ အသေးစိတ်မေးမြန်းတာကတစ်ဆင့် ပြဿနာတချို့ကို ကျွန်မတွေ့ခဲ့ရပြီးတော့ အဲဒါတွေအကြောင်းကို မိတ်သဟာယဖွဲ့လိုက်ပြီး သူတို့က အဲဒါတွေကို ချက်ချင်း ပြန်ပြင်ခဲ့ကြတယ်။ လီကန်နဲ့ ကျန်းရွှမ်တို့ကျတော့ ကျွန်မတွေးလိုက်တယ် သူတို့ရဲ့ တာဝန်ယူစိတ်နဲ့ သူတို့တာဝန်တွေမှာ အလုပ်လုပ်တဲ့စွမ်းရည်တွေက အဆင်ပြေနေတာပဲလေ ပေါ့၊ ဒါကြောင့်လည်း သူတို့ရဲ့အလုပ်အကြောင်းကို အသေးစိတ်မမေးခဲ့တော့ဘူး။ နောက်ပိုင်းမှာ ကျွန်မရဲ့ခေါင်းဆောင်က အတော်လေးကောင်းတဲ့ရေလောင်းသူတစ်ယောက် ပေးဖို့တောင်းလို့ ကျွန်မက လီကန်ကို အကြံပြုပေးလိုက်တယ်။ ဒါပေမဲ့ အခြေအနေကို စုံစမ်းစစ်ဆေးပြီးတဲ့အခါကျတော့ လီကန် ရေလောင်းတဲ့ရလဒ်တွေက မကောင်းတာကို ခေါင်းဆောင်က တွေ့သွားတယ်။ ပြီးတော့ သူ့လိုလူကို ဘာလို့ပေးတာလဲလို့ ကျွန်မကိုမေးတယ်။ ကျွန်မ တွေးမိတယ်၊ “ခေါင်းဆောင်ရဲ့ သတ်မှတ်ချက်တွေကပဲ အရမ်းတွေမြင့်နေတာဖြစ်နိုင်မလား။ ကျွန်မ လီကန်ကို သိသလောက်ကတော့ သူက ရာထူးမတိုးနိုင်ရင်တောင် အသင်းတော်မှာ ယုံကြည်သူအသစ်တွေကို ရေလောင်းပေးဖို့လောက်ကတော့ သူကောင်းကောင်း လုပ်နိုင်ပါသေးတယ်” လို့ပေါ့။ နောက်ပိုင်းမှာ ခေါင်းဆောင်က ကျွန်မကို ပြောတယ်၊ “လီကန်နဲ့ ကျန်းရွှမ်က ပျင်းတယ်၊ စိတ်မချရဘဲ သူတို့ရဲ့ တာဝန်တွေကို ထမ်းဆောင်တဲ့အခါ သက်သာရာ ရှာတယ်။ ငါတို့တွေ ဒီအ‌ကြောင်းကို သူတို့နဲ့မိတ်သဟာယပြုခဲ့ပြီးပြီဆိုတော့ နောင်ကျရင် သူတို့ဘယ်လို စွမ်းဆောင်ပြမလဲဆိုတာ ကြည့်ကြတာပေါ့” တဲ့။ ဒါကိုကြားတော့ ကျွန်မက အလေးအနက်မထားရုံမကဘူး “ဘယ်သူက ကိုယ့်ခန္ဓာကိုယ်အတွက် ထည့်မတွက်တဲ့အချိန်ဆိုတာ ရှိလို့လဲ။ သူတို့ရဲ့ လက်ရှိအလုပ်တွေကို ကောင်းကောင်းလုပ်သရွေ့တော့ လုံလောက်နေပြီမဟုတ်ဘူးလား” လို့လည်း တွေးခဲ့တယ်။ အဲဒီနောက်မှာ ကျွန်မက သူတို့အလုပ်ကို နောက်ဆက်တွဲလိုက်လုပ်တာတို့၊ ကြီးကြပ်တာတို့ မလုပ်ဖြစ်သေးဘူး။

အချိန်နည်းနည်းကြာတော့ ခေါင်းဆောင်က လီကန် ကြီးကြပ်တဲ့ အသင်းတော်မှာ ရေလောင်းအလုပ်နဲ့ပတ်သက်တဲ့ ပြဿနာတွေ ရှိနေတဲ့အကြောင်း ပြောပြီး အဲဒါတွေကို အမြန်ဆုံးဖြေရှင်းပေးဖို့ ကျွန်မကို ခိုင်းထားတဲ့ စာတစ်စောင် ပို့လိုက်တယ်။ စာကိုမြင်တော့ ကျွန်မတွေးမိတယ် “လီကန်က ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့ပြီး ခေါင်းဆောင်တစ်ယောက်အနေနဲ့ အစေခံခဲ့တာပဲ။ သူ့ရဲ့အလုပ်လုပ်တဲ့စွမ်းရည်နဲ့အစွမ်းအစကို ငါသိတာပေါ့။ အခြေအနေက တကယ်ဒီလောက်တောင်ပဲ ဆိုးနိုင်ပါ့မလား။ ခေါင်းဆောင်က အမှားတစ်ခု လုပ်ခဲ့တာလား။ ဒါ​ပေမဲ့ ​ခေါင်း​ဆောင်က ဒီလိုပြောတာဆိုတော့​အကြောင်းပြချက်​တစ်ခု​တော့ ရှိရမယ်။ ငါအခြေအနေကို လက်တွေ့ကျကျ စုံစမ်းစစ်ဆေးဖို့ လိုအပ်နေပြီ”လို့ပေါ့။ လီကန် နဲ့ ကျန်းရွှမ်တို့နှစ်ယောက်လုံးက တကယ့်အလုပ်မလုပ်နေဘူးဆိုတာကို အခြေအနေကို လေ့လာနေရင်းနဲ့မှ တွေ့ခဲ့ရတယ်။ သူတို့က အသင်းတော်ထဲက ပြစုပျိုးထောင်ပေးသင့်တဲ့ အရည်အချင်းရှိတဲ့သူတွေကို မပျိုးထောင်ပေးတဲ့အပြင် စုဝေးပွဲတွေမှာ ယုံကြည်သူအသစ်တွေ စားသောက်နေတဲ့အရာက ဘုရားသခင်ရဲ့အမှုတော်ကို သိရှိခြင်းနဲ့ပတ်သက်တဲ့ အခြေခံအကျဆုံး သမ္မာတရားမဟုတ်ပါဘူး။ စီစီပီရဲ့ ကောလာဟလတွေကို နားထောင်ပြီးတဲ့နောက် အပျက်သဘောဆောင်လာကြတဲ့ ယုံကြည်သူအသစ်တချို့လည်း ရှိခဲ့တယ်။ အံအားသင့်စရာကောင်းတာက လီကန် နဲ့ ကျန်းရွှမ် တို့က တာဝန်မယူတတ်တဲ့သူတစ်ယောက်ကို သူတို့ကိုထောက်ပံ့ဖို့အတွက် စီစဉ်ပေးခဲ့တယ်။ ယုံကြည်သူအသစ်တွေရဲ့ ပြဿနာတွေကို မဖြေရှင်းနိုင်သေးတဲ့အပြင် လီကန်နဲ့ ကျန်းရွှမ်တို့က ယုံကြည်သူအသစ်တွေနဲ့ မိတ်သဟာယဖွဲ့ဖို့အတွက် နည်းလမ်းတွေကို ရှာမတွေ့ခဲ့ဘဲ သူတို့ကို ဆက်ပြီးမကူညီနိုင်ခဲ့ဘူး။ တချို့ ယုံကြည်သူအသစ်တွေဆို ထွက်လုနီးပါးတောင်ဖြစ်နေပြီ။ နောက်ဆုံးမှာတော့ ယုံကြည်သူအသစ်တွေက ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကို ကိုယ်တိုင်ဖတ်ရှုပြီးတော့ပဲ သူတို့ရဲ့အခြေအနေတွေကို ပြောင်းလဲခဲ့လိုက်ကြတယ်။ ရေလောင်းတဲ့အလုပ်မှာ လမ်းလွဲတာတွေနဲ့ ဟာကွက်တွေအများကြီးရှိနေပေမဲ့ လီကန် နဲ့ ကျန်းရွှမ်တို့က သူတို့ကိုယ်သူတို့ ပြန်မသုံးသပ်ဘဲ တခြားလူတွေကို အပြစ်တင်ဖို့တောင် ကြိုးစားကြတယ်။ ဒီအကြောင်းတွေကို သိလိုက်ရတော့ ကျွန်မအံ့အားသင့်သွားတယ်၊ “ကိစ္စတွေက ဘယ်လိုလုပ်ပြီး ဒါမျိုးတွေဖြစ်ကုန်တာလဲ။ သူတို့ကို ငါသိသလောက်ကတော့ သူတို့အရင်က သူတို့ရဲ့တာဝန်တွေကိုလုပ်တဲ့နေရာမှာ တာဝန်ခံယူမှုရှိပါတယ်။ ကိစ္စတွေက အခုတော့ ဘယ်လိုလုပ်ပြီး ဒီလိုပုံစံတွေ ဖြစ်ကုန်တာလဲ။” ဒါပေမဲ့ အဖြစ်မှန်တွေက ကျွန်မမျက်စိရှေ့မှာပဲ တွေ့နေရပြီဆိုတော့ ကျွန်မဒါကို လက်ခံဖို့ လိုခဲ့တယ်။ တစ်ချိန်တည်းမှာပဲ ကျွန်မမှာ အရမ်းအပြစ်ရှိသလို ခံစားလာရတယ်။ သူတို့အလုပ်ကို ကျွန်မ စောစောစီးစီး ကြီးကြပ်ပေးပြီး စုံစမ်းစစ်ဆေးခဲ့မယ်ဆိုရင် ရေလောင်းတဲ့အလုပ်မှာ ပြဿနာတွေအများကြီးပေါ်ခဲ့မှာမဟုတ်ဘူး။ ဒီကိစ္စအတွက် ကျွန်မမှာ ရှောင်လို့မရတဲ့ တာဝန်တစ်ခုရှိခဲ့တယ်။

နောက်ပိုင်းမှာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မတွေ့ခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “အယောင်ဆောင်ခေါင်းဆောင်များသည် တကယ့်အလုပ်ကို မလုပ်နေသော၊ သို့မဟုတ် မိမိတို့၏ သင့်တင့်လျောက်ပတ်သော အလုပ်ကို ဂရုမစိုက်နေသော ကြီးကြပ်သူများနှင့်ပတ်သက်၍ မည်သည့်အခါမျှ စုံစမ်းမေးမြန်းခြင်း မရှိကြပေ။ ၎င်းတို့သည် ကြီးကြပ်သူတစ်ယောက် ရွေးချယ်ရန်သာလိုအပ်ပြီး ယင်းမှာ ထိုကိစ္စ၏ အဆုံးသတ်ဖြစ်သည်ဟုလည်းကောင်း၊ နောက်ပိုင်းတွင် ကြီးကြပ်သူက အလုပ်ကိစ္စအားလုံးကို သူကိုယ်တိုင် ကိုင်တွယ်နိုင်သည်ဟုလည်းကောင်း ထင်မြင်ကြသည်။ ထို့ကြောင့် အယောင်ဆောင်ခေါင်းဆောင်များသည် စုဝေးပွဲများကို မကြာခဏ ပြုလုပ်ပြီး အလုပ်ကို ကြီးကြပ်ခြင်းဖြစ်စေ၊ အလုပ်၏ အခြေအနေကို မေးမြန်းခြင်းဖြစ်စေ မရှိဘဲ လက်ရှောင်နေသော အထက်လူကြီးများကဲ့သို့ ပြုမူကြလေသည်။ ကြီးကြပ်သူတစ်ယောက်နှင့်ပတ်သက်သည့် ပြဿနာတစ်ခုကို လူတစ်ယောက်က တိုင်ကြားလျှင် အယောင်ဆောင်ခေါင်းဆောင်က ‘အသေးအဖွဲပြဿနာတစ်ခုသာ ဖြစ်သည်။ ယင်းက အဆင်ပြေပါသည်။ သင်တို့ဘာသာ ကိုင်တွယ်နိုင်သည်။ ငါ့ကို မမေးနှင့်’ ဟူ၍ ပြောလိမ့်မည်။ ပြဿနာကို တိုင်ကြားသောသူက ‘ထိုကြီးကြပ်သူသည် ပျင်းရိသော အစားကြီးသူဖြစ်သည်။ စားသောက်ခြင်းနှင့် ဖျော်ဖြေမှုတို့ကိုသာ အာရုံစိုက်၏။ သူသည် အလွန်အမင်း ပျင်းရိသည်။ သူ၏ တာဝန်တွင် အနည်းငယ်မျှပင် ဒုက္ခမခံလိုပေ။ ပြီးလျှင် သူ၏ အလုပ်ကို ခေါင်းရှောင်ရန်နှင့် တာဝန်များကို ရှောင်ကြဉ်ရန် အစဉ်သဖြင့် ကလိန်ဉာဏ်ဆင်ကာ ခိုကပ်ပြီး ဆင်ခြေများပေးသည်။ သူသည် ကြီးကြပ်သူတစ်ယောက်ဖြစ်ရန် မသင့်တော်ပါ’ ဟု ပြောသည်။ အယောင်ဆောင်ခေါင်းဆောင်က ဖြေလိမ့်မည်။ ‘ထိုသူသည် ကြီးကြပ်သူအဖြစ် ရွေးချယ်ခံရစဉ်က အလွန်ကောင်းခဲ့သည်။ သင်ပြောသည့်အရာက မမှန်ကန်ပေ၊ သို့မဟုတ် မှန်ကန်လျှင်ပင် ယင်းမှာ ယာယီသရုပ်သကန်တစ်ခုသာဖြစ်သည်’ ဟူ၍ ဖြစ်သည်။ အယောင်ဆောင်ခေါင်းဆောင်သည် ကြီးကြပ်သူ၏ အခြေအနေကို ပိုမိုသိရှိအောင် ကြိုးစားရမည့်အစား ထိုကြီးကြပ်သူအပေါ် ၎င်း၏ ယခင်က အမြင်များအပေါ်တွင် အခြေခံပြီး အမှုကိစ္စကို အကဲဖြတ်ပြီး ဆုံးဖြတ်မည်ဖြစ်သည်။ ကြီးကြပ်သူနှင့်ပတ်သက်သော ပြဿနာများကို မည်သူက တိုင်ကြားသည်ဖြစ်စေ အယောင်ဆောင်ခေါင်းဆောင်က ယင်းတို့ကို လျစ်လျူရှုပေမည်။ ကြီးကြပ်ရေးမှူးသည် တကယ့်အလုပ်ကို လုပ်ဆောင်နေခြင်း မဟုတ်ဘဲ အသင်းတော်အလုပ်သည် လုံးဝဥဿုံရပ်လုနီးနီးဖြစ်ပြီး ဖြစ်သော်လည်း အယောင်ဆောင်ခေါင်းဆောင်သည် ဂရုမစိုက်ပေ။ ယင်းမှာ သူသည် ပါဝင်ပတ်သက်ခြင်း မရှိသကဲ့သို့ပင် ဖြစ်၏။ လူတစ်ယောက်က ကြီးကြပ်ရေးမှူး၏ ပြဿနာများကို တိုင်သည့်အခါ ၎င်းက လျစ်လျူရှုသည်မှာ အတော်အတန် အော်ဂလီဆန်ဖွယ်ဖြစ်၏။ သို့သော် စက်ဆုပ်ဖွယ်အကောင်းဆုံးမှာ အဘယ်နည်း။ ကြီးကြပ်သူနှင့်ပတ်သက်သည့် တကယ့် ဆိုးရွားသော ပြဿနာများအကြောင်းကို လူများက ၎င်းတို့ကို တိုင်ကြားသည့်အခါ ၎င်းတို့သည် ဤအရာများကို ကြိုးစားပြီး ဖြေရှင်းမည်မဟုတ်ဘဲ ဆင်ခြေမျိုးစုံပင် ပြောကြမည့်အရေးပင် ဖြစ်သည်။ ‘ဤကြီးကြပ်ရေးမှုးကို ကျွန်ုပ်သိသည်။ ၎င်းသည် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သည်။ ၎င်းတွင် ပြဿနာတစ်ခုမျှ လုံးလုံး ရှိမည်မဟုတ်။ သေးငယ်သော ပြဿနာတစ်ခု ရှိခဲ့လျှင်ပင် ဘုရားသခင်က ၎င်းကို ကာကွယ်ပြီး ဆုံးမပဲ့ပြင်မည်ဖြစ်သည်။ ၎င်းက အမှားတစ်ခုတလေ ပြုသည့်အခါ ယင်းမှာ သူနှင့် ဘုရားသခင်ကြားတွင် ဖြစ်သည်။ ကျွန်ုပ်တို့ စိုးရိမ်စရာ မလိုပါ’ ဟူ၍ ဖြစ်သည်။ ဤသည်မှာ အယောင်ဆောင်ခေါင်းဆောင်များက ၎င်းတို့၏ ကိုယ်ပိုင် အယူအဆများနှင့် စိတ်ကူးများအတိုင်း ဤနည်းဖြင့် အလုပ်လုပ်ပုံဖြစ်သည်။ ၎င်းတို့က သမ္မာတရားကို နားလည်ချင်ယောင်၊ ယုံကြည်ခြင်းရှိယောင် ဟန်ဆောင်ကြသည်။ သို့သော အသင်းတော်အလုပ်တွင် ရှုပ်ထွေးမှုများ လုပ်ခြင်းသာဖြစ်သည်။ အသင်းတော်အလုပ်သည် လုံးဝဥဿံဒရပ်တန့်လုနီးပါးပင် ဖြစ်သွားနိုင်သော်လည်း ၎င်းတို့က ဤအရာကို မသိနားမလည်ယောင် ဟန်ဆောင်နေဦးမည် ဖြစ်သည်။ ၎င်းတို့သည် အလွန့်အလွန်ပင် ဗျူရိုကရက်များကဲ့သို့ ပြုမူနေခြင်းသာ ဖြစ်သည်မဟုတ်လော။ ၎င်းတို့သည် မိမိတို့ကိုယ်တိုင် တကယ့်အလုပ်ကို လုပ်နိုင်စွမ်းမရှိသကဲ့သို့ အဖွဲ့ခေါင်းဆောင်များနှင့် ကြီးကြပ်သူများ၏ အလုပ်နှင့်စပ်လျဉ်း၍လည်း စေ့စပ်တိကျခြင်း မရှိချေ။ ၎င်းတို့သည် အလုပ်နှင့်ပတ်သက်၍ နောက်ဆက်တွဲလုပ်ခြင်းဖြစ်စေ၊ စုံစမ်းမေးမြန်းခြင်းဖြစ်စေ မရှိကြချေ။ လူများအပေါ် ၎င်းတို့၏အမြင်သည် ၎င်းတို့၏ ကိုယ်ပိုင် ထင်မြင်ချက်များနှင့် စိတ်ကူးများအပေါ်တွင်သာ အခြေခံလေသည်။ တစ်စုံတစ်ယောက်သည် အချိန်တစ်ခုကြာ ကောင်းစွာ စွမ်းဆောင်နိုင်ခဲ့သည်ကို မြင်သည့်အခါတွင် ဤသူသည် အစဉ်ထာဝရ ကောင်းမွန်လိမ့်မည်ဟုလည်းကောင်း၊ သူသည် ပြောင်းလဲမည် မဟုတ်ဟုလည်းကောင်း ၎င်းတို့ ထင်ကြသည်။ ဤလူနှင့်ပတ်သက်၍ ပြဿနာရှိကြောင်း ပြောသည့်သူမည်သူ့ကိုမဆို ၎င်းတို့ မယုံကြည်ပေ။ ပြီးလျှင် ထိုလူနှင့်ပတ်သက်၍ လူတစ်ဦးက ၎င်းတို့ကို သတိပေးသည့်အခါတွင် ၎င်းတို့က လျစ်လျူရှုကြသည်။ အယောင်ဆောင်ခေါင်းဆောင်များသည် မိုက်မဲသည်ဟု သင်တို့ထင်သလော။ ၎င်းတို့သည် မိုက်မဲပြီး စဉ်းစားဉာဏ်မဲ့ကြ၏။...အယောင်ဆောင် ခေါင်းဆောင်များ၌ ဆိုးဆိုးရွားရွား အားနည်းချက် ရှိပေသည်။ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်စိတ်ကူးများအပေါ်တွင် အခြေခံ၍ လူတို့ကို ယုံကြည်လွယ်ကြသည်။ ဤသည်မှာ သမ္မာတရားကို နားမလည်ခြင်းကြောင့်ဖြစ်သည်မဟုတ်လော။ ဘုရားနှုတ်ကပတ်တော်သည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ အနှစ်သာရကို မည်သို့ ထုတ်ဖော်သနည်း။ ဘုရားသခင်က မယုံကြည်ချိန်တွင် ၎င်းတို့သည် အဘယ်ကြောင့် လူတို့ကို ယုံကြည်သင့်သနည်း။ အယောင်ဆောင်ခေါင်းဆောင်များသည် အလွန်ပင် မာနထောင်လွှားပြီး မိမိကိုယ်ကို မှန်သည်ဟု ယူမှတ်ကြသည် မဟုတ်လော။ ၎င်းတို့ စဉ်းစားသည်မှာ ‘ဤလူအပေါ် ငါ ထင်မြင်မှုလွဲခဲ့ခြင်း မဖြစ်နိုင်ပေ။ ငါက သင့်တော်သည်ဟု အကဲဖြတ်ခဲ့သည့် ဤလူနှင့်ပတ်သက်၍ မည်သည့်ပြဿနာမျှ မရှိသင့်ပေ။ ထိုသူသည် အစားအသောက်နှင့် ဖျော်ဖြေရေးများတွင် ပျော်မွေ့ခံစားသည့်သူတစ်ဦး သို့မဟုတ် သက်သာမှုကို နှစ်သက်ပြီး ခက်ခဲပင်ပန်းသော အလုပ်ကို မုန်းတီးသည့်သူတစ်ဦး လုံးဝ မဟုတ်။ ထိုသူသည် လုံးဝ အားကိုးရပြီး ယုံကြည်ထိုက်သည်။ ထိုသူသည် ပြောင်းလဲလိမ့်မည်မဟုတ်။ ပြောင်းလဲခဲ့လျှင် သူနှင့်ပတ်သက်ပြီး ငါမှားယွင်းသည်ဆိုသည့် သဘောဖြစ်မည် မဟုတ်လော’ ဟူ၍ ဖြစ်သည်။ ဤသည်မှာ အဘယ်သို့သော ဆင်ခြင်တွေးခေါ်မှုစနစ်မျိုးနည်း။ သူသည် ကျွမ်းကျင်သူတစ်မျိုးမျိုး ဖြစ်သလော။ သူသည် အရာဝတ္ထုများကို ထိုးဖောက်မြင်နိုင်သည့် အမြင်အာရုံရှိသလော။ သူသည် ထိုသို့သောအထူးကျွမ်းကျင်မှု ရှိသလော။ သင်သည် ဤလူနှင့် တစ်နှစ်၊ သို့မဟုတ် နှစ်နှစ် နေထိုင်နိုင်သော်လည်း ၎င်းတို့၏ သဘာဝအနှစ်သာရကို လုံးလုံး ဖွင့်ချပြရန် သင့်တော်သည့် ပတ်ဝန်းကျင်တစ်ခုမရှိဘဲ ၎င်းတို့အမှန်တကယ် မည်သူမည်ဝါဖြစ်သည်ကို သင်မြင်နိုင်မည်လော။ ၎င်းတို့သည် ဘုရားသခင်၏ ထုတ်ဖော်ခြင်းကို မခံရလျှင် သင်သည် ၎င်းတို့နှင့် သုံးနှစ်၊ သို့မဟုတ် ငါးနှစ်ပင် အတူယှဉ်တွဲနေထိုင်နိုင်ပြီး ၎င်းတို့က မည်သည့်သဘာဝ အနှစ်သာရအမျိုးအစားရှိသည်ကို မြင်ရန် အပြင်းအထန်ကြိုးစားနေဦးမည်ဖြစ်သည်။ ပြီးလျှင် သင်သည် ၎င်းတို့ကို သိပ်မတွေ့ရသောအခါ၊ ၎င်းတို့နှင့်အတူ သိပ်မရှိသောအခါ ဤသည်မှာ မည်မျှပင်ပို၍ မှန်ကန်သနည်း။ အယောင်ဆောင်ခေါင်းဆောင်များည် တစ်ခဏတာအမြင်၊ သို့မဟုတ် လူတစ်ဦးအပေါ် အခြားလူတစ်ယောက်၏ အပြုသဘောဆောင်သော သုံးသပ်ချက်အပေါ် အခြေခံ၍ ထိုသူကို မစဉ်းမစားယုံကြည်ပြီး ထိုသို့သောလူကို အသင်းတော်အလုပ်အား အပ်နှံရဲသည်။ ဤတွင် ၎င်းတို့သည် အလွန်အမင်း ကျိုးကြောင်းမမြင်ဖြစ်နေသည်မဟုတ်လော။ မဆင်မခြင် ပြုလုပ်နေခြင်းမဟုတ်သလော။ ပြီးလျှင် ၎င်းတို့အနေဖြင့် ဤသို့ အလုပ်လုပ်သောအခါ အယောင်ဆောင်ခေါင်းဆောင်များသည် အလွန်အမင်း တာဝန်မသိတတ်ခြင်း မဟုတ်လော။(နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၃)) ဘုရားသခင်က ကျွန်မရဲ့အခြေအနေကို တိတိကျကျထုတ်ဖော်ပြသခဲ့တယ်။ ကျွန်မရဲ့တာဝန်မှာ ကျွန်မအရမ်းကို တာဝန်မဲ့ခဲ့တယ်။ အရင်က လီကန် နဲ့ ကျန်းရွှမ်တို့နဲ့ အလုပ်တွဲလုပ်ခဲ့ပြီး သူတို့မှာ အလုပ်စွမ်းရည်တချို့ရှိပြီး သူတို့တာဝန်ကိုလုပ်နေရင်း ရလဒ်တချို့ရခဲ့တဲ့အတွက် ကျွန်မက သူတို့ကို လွယ်လွယ်နဲ့ယုံခဲ့တယ်။ အလုပ်ကို သူတို့လက်ထဲ အပြီးအပိုင် လွှဲပေးပြီးနောက်မှာတော့ ကျွန်မက အဲ့ဒီအကြောင်းကို ကြီးကြပ်တာတို့ မေးမြန်းတာတို့တောင် မလုပ်ခဲ့ဘူး။ ခေါင်းဆောင်က ရေလောင်းအဖွဲ့ခေါင်းဆောင်တွေ အလုပ်တကယ်လုပ်မလုပ် စစ်ဆေးဖို့တာဝန်ပေးတဲ့အခါ ကျွန်မကသူတို့ကို ယုံကြည်တဲ့အတွက် သူတို့အလုပ်ကိုမစစ်ဆေးခဲ့ဘူး။ ကျွန်မကသူတို့နဲ့ စုဝေးပွဲလုပ်နေရင်တောင် သူတို့အလုပ်အကြောင်းကို အသေးစိတ်မမေးဖြစ်ခဲ့ဘူး။ နောက်ပိုင်းမှာ ခေါင်းဆောင်က သူတို့က သူတို့ရဲ့ တာဝန်မှာ သက်သာရာရှာနေပြီး အမှန်တကယ်အလုပ် မလုပ်တာကို ပြောတော့၊ ကျွန်မ စိတ်နှလုံးထဲမှာ နည်းနည်းအတိုက်အခံဖြစ်မိတယ်။ သူတို့က အဲ့လိုပုံမျိုးမဟုတ်ပဲ ခေါင်းဆောင်က သူတို့ကို ကောင်းကောင်းမသိဘူး လို့တွေးမိတယ်။ ကျွန်မစိတ်ထဲမှာ သူတို့ကိုယ်စားတောင် အငြင်းပွားနေမိတယ်။ ဒါကို ဆင်ခြင်သုံးသပ်ကြည့်တော့ ကျွန်မက သူတို့နဲ့ သုံးလေးလပဲ ထိတွေ့ဆက်ဆံခဲ့တာ။ အပေါ်ယံမှာတော့ သူတို့မှာ တချို့ အလုပ်စွမ်းရည်တွေရှိပြီး သူတို့ရဲ့ တာဝန်တွေကို ထမ်းဆောင်တဲ့နေရာမှာ တာဝန်ခံယူစိတ်တချို့ရှိသလို ထင်ရပေမဲ့ သူတို့ရဲ့ လူသားဆန်မှုနဲ့ သဘာဝ အနှစ်သာရကို ကျွန်မ လုံးဝ နားမလည်ခဲ့ဘူး။ ယာယီအထင်အမြင်တွေနဲ့ ကောင်းတဲ့ခံစားချက်တွေကို အခြေခံပြီး ကျွန်မရဲ့ယုံကြည်မှုကို သူတို့အပေါ်ထားခဲ့မိတယ်၊ ပြီးတော့ ကြီးကြပ်တာမရှိဘဲ အလုပ်ကို သူတို့ဆီလွှဲပေးပြီး စိတ်အေးသွားခဲ့တယ်။ လူတို့က စာတန်ရဲ့ နက်နက်နဲနဲ ဖောက်ပြန်တာကိုခံရကြောင်း ဘုရားသခင်က ဖော်ထုတ်ပြသထားတယ်၊ ဒါကြောင့် သူတို့ရဲ့ အကျင့်ပျက်တဲ့ စိတ်သဘောထားအားလုံးကို မဖြေရှင်းရသေးဘူး။ သူတို့အားလုံးဟာ ဝတ်ကျေတမ်းကျေလုပ်တာ၊ တာဝန်မဲ့တာနဲ့ ပြီးပြည့်စုံအောင်မလုပ်ရသေးခင် ကိုယ်သွားချင်တဲ့လမ်းကြောင်းကို သွားနိုင်ကြတယ်။ ကျွန်မက ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို အခြေခံတဲ့ အရာတွေကို မကြည့်နေခဲ့ဘဲ၊ ကျွန်မရဲ့အယူအဆနဲ့ စိတ်ကူးတွေကိုပဲ အားကိုးခဲ့ပြီး ကျွန်မစိတ်ထဲမှာ သူတို့ရဲ့ ယာယီကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို အခြေခံပြီး သူတို့ရဲ့ ကောင်းကွက်ကိုပဲ ခိုင်မာစေခဲ့တယ်။ ခေါင်းဆောင်က သူတို့ရဲ့ ပြဿနာတွေကို ထောက်ပြတဲ့အခါမှာတောင် လက်မခံခဲ့ဘဲ သူတို့အတွက် ခေါင်းဆောင်ရဲ့ လိုအပ်ချက်တွေက မြင့်မားလွန်းတယ်လို့ ကျွန်မ တွေးခဲ့တယ်။ စာတန်ရဲ့စိတ်သဘောထားနဲ့ အသက်ရှင်နေတဲ့အတွက် ကျွန်မကိုယ်ကျွန်မပဲ အထူးယုံကြည်ကိုးစားခဲ့ပြီးတော့ အကြောင်းအရာတွေကိုကြည့်တဲ့အခါ ကိုယ်ပိုင်အမြင်ကိုပဲကိုင်စွဲထားပြီး ကျွန်မ ကောင်းတယ်လို့မြင်တဲ့အရာက အငြင်းပွားစရာမရှိဘူးလို့တွေးပြီး တခြားလူတွေရှင်းပြတာကို လက်မခံတဲ့အတွက် အလုပ်မှာနှောင့်နှေးသွားခဲ့ရတယ်။ ကျွန်မက တကယ်ကိုအရမ်းမာနထောင်လွှားပြီး စိတ်ကြီးဝင်ခဲ့တာပဲ။

နောက်ပိုင်းမှာ၊ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေထဲက နောက်တစ်ပိုဒ်ကို ကျွန်မတွေ့ခဲ့တယ်။ “ယခုခေတ်တွင် လူများစွာက တာဝန်တစ်ခုကို ထမ်းဆောင်သော်လည်း သမ္မာတရားကို လိုက်စားသောသူ အနည်းငယ်သာရှိသည်။ အလွန်နည်းပါးသော လူတို့သည် ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်သည့်အခါတွင် သမ္မာတရားကို လိုက်စားပြီး သမ္မာတရား စစ်မှန်မှုသို့ ဝင်ရောက်ကြသည်။ လူအများစုမှာမူ အမှုအရာများကို ၎င်းတို့လုပ်ဆောင်သည့်ပုံစံတွင် စည်းမျဉ်းများမရှိသေးပေ။ ၎င်းတို့သည် ဘုရားသခင်ကို အမှန်တကယ် ကျိုးနွံနာခံသောသူများ မဟုတ်သေးပေ။ ၎င်းတို့သည် သမ္မာတရားကိုချစ်သည်၊ သမ္မာတရားကို လိုက်စားလိုစိတ်ရှိသည်၊ သမ္မာတရားအတွက် ကြိုးပမ်းလိုစိတ်ရှိသည်ဟု ၎င်းတို့ အခိုင်အမာပြောရုံသာ ရှိသည့်တိုင်အောင် ၎င်းတို့၏ စိတ်ဓာတ်ကြံ့ခိုင်မှုသည် မည်မျှတည်တံ့မည်ကို မသိရသေးပေ။ သမ္မာတရားကို မလိုက်စားသောသူတို့သည် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို အချိန်မရွေး၊ နေရာမရွေး ထုတ်ဖော်တတ်သည်။ ၎င်းတို့သည် ၎င်းတို့၏ တာဝန်အပေါ် တာဝန်သိတတ်စိတ် တစ်စက်မျှ မရှိပေ။ ၎င်းတို့သည် မကြာခဏ ဝတ်ကျေတမ်းကျေပြုသည်။ ၎င်းတို့ဆန္ဒရှိသလို လုပ်ဆောင်ကြသည်။ ပြုပြင်ခြင်းကို လက်ခံနိုင်စွမ်းပင် မရှိကြပေ။ ၎င်းတို့သည် အပျက်သဘောဆောင်ပြီး အားနည်းလာသည်နှင့်တစ်ပြိုင်နက် မိမိတို့၏ တာဝန်ကို စွန့်ပစ်တတ်ကြသည်။ ဤသို့ မကြာခဏ ဖြစ်ပျက်သည်။ ဤထက်ပို၍ အဖြစ်များသောအရာမရှိပေ။ ဤသည်မှာ သမ္မာတရားကို မလိုက်စားသောသူအားလုံး ပြုမူဆောင်ရွက်သည့်ပုံစံ ဖြစ်သည်။ ထို့ကြောင့် လူတို့သည် သမ္မာတရားကို မရရှိသေးသည့်အခါတွင် စိတ်မချရဘဲ မယုံကြည်ထိုက်ပေ။ ၎င်းတို့သည် မယုံကြည်ထိုက်သည်ဆိုသည်မှာ မည်သည့်အဓိပ္ပာယ်ဖြစ်သနည်း။ ဤသည်မှာ ၎င်းတို့သည် အခက်အခဲများ၊ သို့မဟုတ် ဆုတ်ဆိုင်းမှုများ ကြုံတွေ့ရသောအခါတွင် ကျရှုံးနိုင်ခြေများပြီး အပျက်သဘောဆောင်ကာ အားနည်းလာနိုင်ခြေများသည်ကို ဆိုလိုသည်။ မကြာခဏ အပျက်သဘောဆောင်ပြီး အားနည်းသူသည် ယုံကြည်ထိုက်သောသူတစ်ယောက် ဖြစ်သလော။ သေချာပေါက်မဟုတ်ပေ။ သို့သော် သမ္မာတရားကို နားလည်သောသူတို့သည် ကွဲပြားခြားနားသည်။ သမ္မာတရားကို အမှန်တကယ် နားလည်သောသူတို့သည် အသေအချာပင် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးနှင့် ဘုရားသခင်ကို ကျိုးနွံနာခံသောစိတ်နှလုံးရှိကြသည်။ ပြီးလျှင် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးရှိသောလူတို့သည်သာ ယုံကြည်ထိုက်သောလူများ ဖြစ်သည်။ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးမရှိသောသူတို့သည် မယုံကြည်ထိုက်ပေ။ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးမရှိသောသူတို့ကို မည်သို့ ချဉ်းကပ်သင့်သနည်း။ ချစ်ခင်သော ကူညီမှုနှင့် ပံ့ပိုးမှုကို ၎င်းတို့အား ပေးသင့်သည်မှာ မှန်ပေသည်။ ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်သောအခါ ၎င်းတို့ကို ပို၍ နောက်ဆက်တွဲ လိုက်လုပ်ဆောင်သင့်သည်။ ပြီးလျှင် ကူညီမှုနှင့် ညွှန်ကြားမှု ပို၍ ပေးသင့်သည်။ ထိုအခါမှသာ ၎င်းတို့တာဝန်ကို ထိရောက်စွာ ထမ်းဆောင်ရန် စိတ်ချရနိုင်သည်။ ဤသို့လုပ်ဆောင်ရခြင်း၏ ရည်ရွယ်ချက်သည် အဘယ်နည်း။ အဓိက ရည်ရွယ်ချက်မှာ ဘုရားအိမ်တော်၏ အလုပ်ကို ထိန်းသိမ်းရန်ဖြစ်သည်။ ဒုတိယအနေဖြင့် ပြဿနာများကို ချက်ချင်း ခွဲခြားဖော်ထုတ်ရန်၊ ၎င်းတို့ကို ချက်ချင်းပံ့ပိုးရန်၊ ၎င်းတို့ကို ထောက်ပံ့ရန်၊ သို့မဟုတ် ၎င်းတို့ကို ပြုပြင်ရန်၊ ၎င်းတို့၏ လမ်းလွဲမှုများကို တည့်မတ်ရန်နှင့် ၎င်းတို့၏ အားနည်းချက်များ၊ ချို့ယွင်းချက်များအတွက် ထေမိအောင် လုပ်ဆောင်ရန်ဖြစ်သည်။ ဤသည်မှာ လူတို့အတွက် အကျိုးဖြစ်သည်။ ဤအရာနှင့်ပတ်သက်၍ မလိုမုန်းထားခြင်းတစ်ခုမျှမရှိပေ။ လူတို့ကို ကြီးကြပ်ခြင်း၊ စောင့်ကြည့်လေ့လာခြင်း၊ ၎င်းတို့ကို နားလည်အောင် ကြိုးစားခြင်းတို့ အားလုံးသည် ဘုရားသခင်အား ယုံကြည်မှုတွင် မှန်ကန်သောလမ်းကြောင်းကို ၎င်းတို့ဝင်ရောက်စေဖို့ ကူညီပေးရန်၊ ၎င်းတို့တာဝန်ကို ဘုရားသခင်တောင်းဆိုသည့်အတိုင်းနှင့် စည်းမျဉ်းနှင့်အညီ ထမ်းဆောင်နိုင်အောင် ထောက်ကူပေးရန်၊ အဖျက်အမှောင့်လုပ်ခြင်းများ သို့မဟုတ် နှောင့်ယှက်ခြင်းများ တစ်ခုခုကို ဖြစ်စေခြင်းမှ ၎င်းတို့အား တားဆီးရန်နှင့် အချည်းနှီးဖြစ်သော အလုပ်ကို လုပ်ဆောင်ခြင်းမှ ၎င်းတို့ကို တားဆီးရန် ဖြစ်သည်။ ဤသို့လုပ်ဆောင်ခြင်း၏ ရည်ရွယ်ချက်သည် ၎င်းတို့အပေါ်တွင်လည်းကောင်း၊ ဘုရားအိမ်တော်၏ အလုပ်အပေါ်တွင်လည်းကောင်း တာဝန်ယူခြင်း လုံးလုံးဖြစ်သည်။ ဤတွင် မလိုမုန်းထားခြင်းမရှိပေ။(နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၇)) ဘုရားရဲ့နှုတ်ကပတ်တော်ကနေ ကျွန်မနားလည်ခဲ့တာက အသင်းတော်မှာ ကျွန်မတို့ရဲ့တာဝန်တွေကိုလုပ်ဆောင်ပြီး ကောင်းကောင်းမွန်မွန်ထမ်းဆောင်ဖို့ ဆန္ဒရှိကြပေမဲ့၊ အဲ့ဒီအရာက ကောင်းတဲ့ရည်ရွယ်ချက်တစ်ခုလောက်ပါပဲ။ ကျွန်မတို့အားလုံးမှာ အကျင့်ပျက်စိတ်သဘောထားတွေရှိကြတာကြောင့် ကျွန်မတို့က ဘုရားသခင်ဆီမှာ အပြည့်အဝ မနာခံနိုင်ကြဘဲ ကျွန်မတို့ရဲ့ လုပ်ဆောင်မှုတွေမှာစည်းမျဥ်းတွေ ကင်းမဲ့နေကြတယ်။ ဒီအရာက ကျွန်မတို့ရဲ့အလုပ်ကို လမ်းလွဲသွားစေပြီးတော့ ကျွန်မတို့က မကြာခဏဆိုသလို ဝတ်ကျေတမ်းကျေလုပ်ပြီး တာဝန်မဲ့တတ်ကြတယ်။ အဲဒါကြောင့် ခေါင်းဆောင်တွေနဲ့ အမှုဆောင်တွေအတွက် အလုပ်ကို ကြီးကြပ်ပြီး ပြဿနာတွေကို ချက်ချင်းရှာဖွေပြီး ဖြေရှင်းဖို့အဖြစ်မနေ လိုအပ်ပါတယ်။ လီကန်နဲ့ ကျန်းရွှမ် တို့ကလည်း အကျင့်ပျက်သူတွေပါပဲ။ အရင်က သူတို့ရဲ့ တာဝန်တွေကို ထမ်းဆောင်တဲ့နေရာမှာ တာဝန်ခံယူမှုရှိကြပေမဲ့ အဲဒါက သူတို့ကအမြဲတမ်းဒီလိုပဲဖြစ်နေမယ်လို့ မဆိုလိုပါဘူး။ နောက်ပြီးတော့ သူတို့ရဲ့ ကောင်းမွန်တဲ့ အစွမ်းအစနဲ့ အလုပ်လုပ်နိုင်တဲ့ စွမ်းရည်တွေကလည်း ကိစ္စရပ်တွေကို ကိုင်တွယ်ရာမှာ သမ္မာတရားစည်းမျဥ်းတွေကို ရရှိခဲ့ပြီး လုံးလုံးယုံကြည်စိတ်ချရတယ်လို့ မဆိုလိုပါဘူး။ ဒါက သူတို့ရဲ့ အလုပ်ကိုကြီးကြပ်ပေးဖို့နဲ့ နောက်ဆက်တွဲစစ်ဆေးဖို့ လိုအပ်ပါတယ်။ ကျွန်မက လူတွေရဲ့ဖောက်ပြန်ပျက်စီးတတ်တဲ့အနှစ်သာရကို မမြင်နိုင်ခဲ့ဘဲ ကျွန်မရဲ့ကိုယ်ပိုင်အယူအဆနဲ့ စိတ်ကူးတွေကို အခြေခံပြီးတော့ လူတွေနဲ့ အရာဝတ္ထုတွေကို ကြည့်ရှုပြီး သူတို့ကို အလွယ်တကူ ယုံကြည်ခဲ့ပြီး ကြီးကြပ်မှုမရှိဘဲ တာဝန်ကိုလွှဲပြောင်းပေးခဲ့တယ်။ ကျွန်မ အမှန်တကယ်ကို ရူးမိုက်ခဲ့တာပါ။ ကျွန်မသာ သူတို့ကို မျက်စိစုံမှိတ်မယုံခဲ့ဘဲ သူတို့အလုပ်ကို ဘုရားသခင်အိမ်တော်ရဲ့ လိုအပ်ချက်တွေနဲ့အညီ ပုံမှန်ကြီးကြပ်တာ စစ်ဆေးတာမျိုးလုပ်ပြီး ကိုယ့်တာဝန်ကို ဖြည့်ဆည်းခဲ့ရင် ရေလောင်းတဲ့အလုပ်မှာ လအတော်ကြာတဲ့အထိ ထိရောက်မှု မရှိတာမျိုးဖြစ်မှာမဟုတ်ဘူး။ ဒါကိုတွေးလေလေ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိလေလေပါပဲ။

ကျွန်မ ဒီအကြောင်းကို ထပ်ပြီး သေချာတွေးကြည့်တယ်။ ဘာလို့ ငါက လီကန်နဲ့ ကျန်းရွှမ်တို့ရဲ့ တာဝန်တွေကို ကြီးကြပ်တာ ဒါမှမဟုတ် စစ်ဆေးတာမရှိဘဲ ဒီလောက် ယုံကြည်ခဲ့ရတာလဲ။ ခေါင်းဆောင်က ငါ့ကိုသတိပေးတဲ့အခါမှာတောင် ငါက စိတ်ထဲမထားခဲ့မိဘူး။ ဒီနောက်ကွယ်မှာ ဘယ်လို အကျင့်ပျက်စိတ်သဘောထားက ငါ့ကို ထိန်းချုပ်ထားတာလဲ။ ကျွန်မ ဆင်ခြင်သုံးသပ်နေတုန်းမှာပဲ၊ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မတွေ့ခဲ့တယ်၊ “သင်၏စိတ်နှလုံးထဲတွင် သင်သည် သမ္မာတရားကို အမှန်တကယ် နားလည်ပါက၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ကာ ဘုရားသခင်ကို ကျိုးနွံနာခံဖို့ နည်းလမ်းအား သင်သိလိမ့်မည် ဖြစ်ပြီး သမ္မာတရား လိုက်စားခြင်း လမ်းကြောင်းပေါ်ကို သင် အလိုအလျောက် စတင်လိမ့်မည် ဖြစ်သည်။ သင်လျှောက်သည့် လမ်းကြောင်းသည် မှန်ကန်သည့် လမ်းကြောင်းဖြစ်ပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ကိုက်ညီပါက၊ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်သည် သင့်ကို စွန့်ခွာလိမ့်မည် မဟုတ်ချေ။ ထိုအခြေအနေတွင် ဘုရားသခင်အား သင် သစ္စာဖောက်ဖို့အလားအလာ နည်းသည်ထက် နည်းလာပေလိမ့်မည်။ သမ္မာတရားမရှိပါက မကောင်းမှုပြုရန် လွယ်ကူပြီး မရည်ရွယ်ဘဲ ယင်းကို သင်လုပ်မိလိမ့်မည် ဖြစ်သည်။ ဥပမာ၊ သင့်တွင် မာနထောင်လွှားပြီး စိတ်ကြီးဝင်သော စိတ်သဘောထားတစ်ခုရှိလျှင် ဘုရားသခင်ကို မဆန့်ကျင်ရန် ပြောဆိုခံရခြင်းသည် ထူးခြားမှုမရှိပေ။ သင်သည် ကိုယ့်ကိုယ်ကိုယ် မထိန်းနိုင်ပေ။ သင်ထိန်းချုပ်နိုင်သည်ထက် ကျော်လွန်သည်။ သင်သည် ရည်ရွယ်ချက်ရှိရှိဖြင့် လုပ်ဆောင်မည်မဟုတ်ပေ။ သင်၏ မောက်မာပြီး ထောင်လွှားသော သဘာဝဗီဇ၏ အုပ်စိုးမှုအောက်၌ သင် ထိုသို့ပြုလိမ့်မည်။ သင်၏ မာနထောင်လွှားခြင်းနှင့် စိတ်ကြီးဝင်ခြင်းတို့သည် သင့်ကို ဘုရားသခင်အား အထင်အမြင်သေးစေမည်ဖြစ်ပြီး သူ့အား အရေးမပါသောသူအဖြစ် မြင်စေမည်ဖြစ်သည်။ ထိုအရာတို့သည် သင့်ကိုယ်သင် ချီးမြှောက်အောင် လုပ်လိမ့်မည်ဖြစ်ပြီး သင့်ကိုယ်သင် အစဉ်တစိုက် ပြစားဝင့်ဝါအောင် လုပ်လိမ့်မည် ဖြစ်သည်။ ယင်းတို့က သင့်အား အခြားသူများကို အထင်အမြင်သေးစေမည်၊ သင့်စိတ်နှလုံးထဲတွင် သင်ကိုယ်တိုင်မှလွဲ၍ အခြားမည်သူကိုမျှ ထားမည် မဟုတ်ချေ။ ယင်းတို့က သင်၏ စိတ်နှလုံးထဲမှ ဘုရားသခင်၏နေရာကို လုယူလိမ့်မည်။ ပြီးလျှင် နောက်ဆုံးတွင် သင့်အား ဘုရားသခင်၏နေရာတွင် ထိုင်ဖို့ဖြစ်စေပြီး သင့်ကိုယ်ပိုင်အတွေးများ၊ အကြံဉာဏ်များနှင့် အယူအဆများကို သမ္မာတရားအဖြစ် ကြည်ညိုလေးစားစေလျက်၊ သင့်ကို ကျိုးနွံနာခံဖို့ တောင်းဆိုစေမည် ဖြစ်သည်။ မိမိတို့၏ မောက်မာ၍ ထောင်လွှားသော သဘာဝ၏ အုပ်စိုးမှုအောက်၌ လူတို့သည် များပြားလှသော ဒုစရိုက်မှုကို ပြုကြသည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ သမ္မာတရားအား လိုက်စားခြင်းအားဖြင့်သာ စိတ်သဘောထား ပြောင်းလဲမှုတစ်ခုကို ရရှိနိုင်သည်) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဆင်ခြင်သုံးသပ်ရင်း ကျွန်မကျရှုံးရခြင်းရဲ့ အကြောင်းရင်းကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဒါက ကျွန်မရဲ့ မာနထောင်လွှားတဲ့ စိတ်သဘောထားနဲ့ ကိုယ့်ကိုယ်ကိုယ် အလွန်အကျွံ အားကိုးတာကနေ အဓိကလာပါတယ်။ သူတို့ရဲ့ တာဝန်တွေကို ထမ်းဆောင်ရာမှာ လေးနက်ပြီး တာဝန်ယူမှုရှိတယ်၊ တာဝန်ခံယူမှုရှိပြီးတော့ ဝတ်ကျေတမ်းကျေလုပ်တာမျိုးမရှိဘူးလို့ ကျွန်မ ယုံကြည်ခဲ့မိတယ်။ ဒါကြောင့် ကျွန်မကိုယ့်ကိုယ်ကိုပဲ အပြည့်အဝယုံကြည်ပြီး “ကျွန်မရဲ့ ထင်မြင်ချက်မှာ”, “ကျွန်မ ယုံကြည်တာ”, “ကျွန်မ ခံစားရတာ” ဆိုတာတွေကို အမြဲတမ်းတွေးပြီးတော့ လူတွေကို ကျွန်မ အကဲဖြတ်တာက တိကျပြီး မမှားနိုင်ဘူးလို့ ထင်ခဲ့တယ်။ သူတို့ကို အလုပ်လွဲပြောင်းပြီးတော့ သူတို့ကို ကြီးကြပ်ဖို့ ဒါမှမဟုတ် သူတို့အကြောင်းမေးမြန်းဖို့တောင် ဒုက္ခမခံခဲ့ဘူး။ ခေါင်းဆောင်က သူတို့ရဲ့ ပြဿနာတွေကို အတိအလင်း ထောက်ပြတဲ့ အခါမှာတောင်မှ ကျွန်မက အဲဒါတွေကို အလေးအနက်မထားခဲ့ဘဲ၊ သူတို့က ဖောက်ပြန်ပျက်စီးမှု တချို့ကို ဖော်ပြနေတာဖြစ်ပြီး ကြီးကြီးမားမား မဟုတ်ဘူးလို့ တွေးခဲ့တယ်။ ကျွန်မရဲ့ကျရှုံးမှုက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလွန်ကဲတာကြောင့်ပါပဲ။ လူတွေကိုအကဲဖြတ်တဲ့နေရာမှာ ကျွန်မရဲ့ကိုယ်ပိုင်အမြင်တွေကို စံနှုန်းအဖြစ်သုံးခဲ့တယ်။ သူများတွေ ဘာပဲပြောပြော ကျွန်မ လက်မခံခဲ့ဘူး။ လူတွေကို ကျွန်မ အကဲဖြတ်တာက တိကျတယ်၊ ကျွန်မက သူတို့ကို ကောင်းကောင်းသိပြီး သူတို့ကို အကဲဖြတ်ဖို့ အရည်အချင်းပြည့်မီတယ်လို့ ကျွန်မယုံကြည်ခဲ့တယ်။ ကျွန်မနဲ့မတူတဲ့ တခြားလူတွေရဲ့ အမြင်တွေကို ကျွန်မသဘောမတူဘဲ ငြင်းပယ်ခဲ့ပါတယ်။ ကျွန်မရဲ့ အတွေးနဲ့အမြင်တွေက မှားနိုင်တယ်၊ တစ်ဖက်သတ်ဆန်နိုင်တယ် ဒါမှမဟုတ် အလုပ်ကို ထိခိုက်နိုင်တယ်လို့ ကျွန်မ ဘယ်တုန်းကမှ မစဉ်းစားခဲ့မိဘူး။ ကျွန်မက တကယ်ကို မာနထောင်လွှားပြီး ဆင်ခြင်တုံတရားမဲ့ခဲ့တယ်။ ကျွန်မတာဝန်ကို ထမ်းဆောင်ဖို့ ကျွန်မရဲ့ မာနထောင်လွှားတဲ့ စိတ်သဘောထားကို အားကိုးပြီး၊ တခြားသူတွေရဲ့ အကြံပြုချက်တွေကို ကျွန်မ အလေးအနက်မထားခဲ့ဘူး။ သမ္မာတရားစည်းမျဥ်းတွေကို ရှာဖွေဖို့ဆိုတာ ပိုဆိုးတယ်။ ကျွန်မ နှလုံးသားထဲမှာ ဘုရားသခင်အတွက် နေရာမရှိဘဲ တခြားလူတွေအပေါ် တကယ်ကို မာနထောင်လွှားပြီး ငြင်းပယ်ခဲ့တယ်။ ကျွန်မရဲ့ ကိုယ်ပိုင်အယူအဆနဲ့ စိတ်ကူးတွေအရ ကျွန်မယုံကြည်တဲ့လူတွေနဲ့ ကျွန်မဆုံးဖြတ်ထားတဲ့အရာတွေက သေချာပေါက်မှန်တယ်လို့ ကျွန်မထင်ခဲ့ပြီး ကျွန်မရဲ့ကိုယ်ပိုင်အမြင်တွေကို ခေါင်းမာမာနဲ့ ဆုပ်ကိုင်ထားပြီး ကိုယ့်တာဝန်ကို လစ်လျူရှုခဲ့တဲ့အတွက်၊ အလုပ်ကို သိသိသာသာ ဆုံးရှုံးသွားစေခဲ့တယ်။ ဒီလိုဆိုရင် ကျွန်မက တာဝန်ကို ထမ်းဆောင်နေတာ ဟုတ်ရဲ့လား။ ကျွန်မက ဘုရားသခင်ကို ဆန့်ကျင်ပြီး မကောင်းမှုကိုလုပ်နေတာပဲ။ သဘာဝတရားနဲ့ အကျိုးဆက်တို့ရဲ့ ပြင်းထန်မှုကို သိနားလည်ခဲ့ပြီးတော့၊ ဆုတောင်းပြီး နောင်တရဖို့ ဘုရားသခင်ရှေ့မှောက်ကို အမြန်လာခဲ့တယ်။

နောက်ပိုင်းမှာတော့၊ ကျွန်မကို လက်တွေ့လုပ်ဖို့အတွက် လမ်းစပေးတဲ့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မတွေ့ခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “သင် မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ၊ သမ္မာတရားကို မည်သို့ရှာဖွေပြီး ကျိုးနွံနာခံရမည်ဆိုသည်ကို သင်ယူရမည်။ သင့်ကို မည်သူက အကြံဉာဏ်ပေးနေသည် ဖြစ်စေ ယင်းမှာ သမ္မာတရားစည်းမျဉ်းများနှင့် ကိုက်ညီနေလျှင် ယင်းက ကလေးတစ်ဦးထံမှ ဖြစ်လင့်ကစား သင်သည် ယင်းကိုလက်ခံပြီး ယင်းကို ကျိုးနွံနာခံရပေမည်။ လူတစ်ဦးသည် မည်သည့်ပြဿနာ ရှိနေပါစေ သူတို့၏စကားများနှင့် အကြံဉာဏ်က သမ္မာတရားစည်းမျဉ်းများနှင့် လုံးဝကိုက်ညီနေလျှင် ယင်းတို့ကို သင်လက်ခံသင့်ပြီး ယင်းတို့ကို ကျိုးနွံနာခံသင့်သည်။ ဤကဲ့သို့ ဆောင်ရွက်ခြင်း၏ ရလဒ်များမှာ ကောင်းမွန်လိမ့်မည်ဖြစ်ပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့်အညီ ဖြစ်လိမ့်မည်။ အဓိကအချက်မှာ သင်၏ ရည်ရွယ်ချက်များနှင့် အမှုအရာများကို သင်ကိုင်တွယ်သည့် စည်းမျဉ်းနှင့် နည်းစနစ်များကို ကြည့်ဖို့ဖြစ်သည်။ အမှုအရာများကို ကိုင်တွယ်ခြင်းအတွက် သင်၏ စည်းမျဉ်းနှင့် နည်းစနစ်များက လူသား၏အလိုဆန္ဒ၊ လူ့အကြံအစည်များနှင့် အယူအဆများ၊ သို့မဟုတ် စာတန်ဆန်သော အတွေးအခေါ်များအပေါ် အခြေခံပါက ထိုစည်းမျဉ်းများနှင့် နည်းစနစ်များသည် လက်တွေ့မကျသည့်အပြင် ယင်းတို့က မထိရောက်ဖို့ သေချာပေသည်။ ဤသည်မှာ သင်၏ စည်းမျဉ်းများနှင့် နည်းစနစ်များ၏ အရင်းအမြစ်က မမှန်ကန်ဘဲ၊ သမ္မာတရားစည်းမျဉ်းများနှင့် မကိုက်ညီသောကြောင့် ဖြစ်သည်။ သင်၏ အမြင်များသည် သမ္မာတရားစည်းမျဉ်းများအပေါ် အခြေခံပြီး အမှုအရာများကို သမ္မာတရားစည်းမျဉ်းများအတိုင်း သင်ကိုင်တွယ်ပါက သင်သည် ထိုအရာတို့ကို မှန်ကန်သောနည်းလမ်းဖြင့် ကိုင်တွယ်မည်မှာ သံသယဖြစ်စရာမလိုပေ။ လတ်တလောတွင် အမှုအရာများအား သင်ကိုင်တွယ်သည့်နည်းလမ်းကို လူအချို့က လက်မခံလျှင်ပင်၊ သို့မဟုတ် ယင်းနှင့်ပတ်သက်၍ သူတို့၌ အယူအဆများရှိနေလျှင်၊ သို့မဟုတ် ယင်းကို သူတို့အတိုက်အခံလုပ်လျှင် အချိန်အတန်ကြာပြီးနောက် ယင်းသည် အသိအမှတ်ပြုခြင်း ခံရလိမ့်မည်။ သမ္မာတရားစည်းမျဉ်းများနှင့်အညီဖြစ်သော အရာများမှာ အပေါင်းလက္ခဏာဆောင်သော ရလဒ်များကို ပို၍သာ ဖြစ်ထွန်းစေသော်လည်း သမ္မာတရားစည်းမျဉ်းများနှင့် အညီမဟုတ်သော အရာများသည် ထိုအချိန်တွင် လူတို့၏ အယူအဆများနှင့် ကိုက်ညီစေကာမူ အနှုတ်လက္ခဏာဆောင်သော အကျိုးဆက်များဆီသို့ တိုး၍သာ ဦးတည်စေသည်။ လူတို့အားလုံးက ဤအရာ၏ အတည်ပြုချက်ကို ရရှိကြလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကိုဖြေရှင်းခြင်း လမ်းကြောင်း) တချို့အခြေအနေတွေနဲ့ ကြုံတွေ့ရတဲ့အခါ၊ ကျွန်မတို့ကိုယ် ကျွန်မတို့ အရင်ငြင်းပယ်ပြီး၊ သမ္မာတရားကိုရှာပြီးတော့၊ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကိုအခြေခံပြီး ကိစ္စရပ်တွေကို ရှုမြင်ဖို့ လိုအပ်တယ်ဆိုတာ ကို ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက ကျွန်မကိုနားလည်စေခဲ့တယ်။ ကျွန်မတို့ အမြင်တွေ၊ ရှုထောင့်တွေက ဘုရားရဲ့ ရွယ်ရွယ်ချက်တွေနဲ့ ကိုက်ညီသလား၊ ဒါတွေရဲ့ အခြေပြုချက်အဖြစ် ဘုရားနှုတ်ကပတ်တော်နဲ့ သမ္မာတရားစည်းမျဉ်းတွေရှိသလားဆိုတာ ကျွန်မတို့ဆန်းစစ်သင့်တယ်။ ညီအစ်ကိုမောင်နှမတွေဆီက သတိပေးချက်တွေနဲ့ အကြံပြုချက်တွေကို လက်ခံရရှိတဲ့အခါမှာလည်း ကျွန်မတို့ရဲ့ ကိုယ်ပိုင်အမြင်ကို လက်ကိုင်မထားပဲ ရှာဖွေတဲ့ စိတ်နှလုံးရှိဖို့ လိုတယ်။ ဒါတွေကိုလည်း စည်းမျဥ်းတွေနဲ့အညီ ဖြေရှင်းသင့်ပါတယ်။ ဒီလိုသဘောထားရှိတာက ဘုရားသခင်ရှေ့တော်မှာ ရှာဖွေခြင်း၊ ကျိုးနွံနာခံခြင်းနဲ့ ကျိုးကြောင်းဆီလျော်ခြင်းတို့ ရဲ့ အဓိပ္ပာယ်ပါပဲ။ ကျွန်မရဲ့အရင်ကချဉ်းကပ်မှုအပေါ် ပြန်သုံးသပ်ကြည့်မယ်ဆိုရင် ကျွန်မက သမ္မာတရားရဲ့စည်းမျဥ်းတွေကို အခြေခံပြီး မကြည့်ခဲ့ဘဲ ကျွန်မက တခြားသူတွေထက် ပိုသိတယ် လို့ တွေးပြီး ကိုယ်ပိုင်အမြင်ကိုပဲ ကိုင်စွဲထားခဲ့ပါတယ်။ ညီအစ်ကိုမောင်နှမတွေက အကြံပြုချက်ပေးတဲ့အခါ၊ ကျွန်မမှာ ရှာဖွေတဲ့ နှလုံးသား မရှိဘဲ ကျွန်မကိုယ်ကျွန်မ လွန်လွန်ကဲကဲ ယုံကြည်ထားခဲ့တယ်။ ဒါက ကျွန်မ ကျရှုံးရတာရဲ့ အဓိက အကြောင်းရင်းပါပဲ။ ရှေ့ဆက်ဖို့အတွက်၊ ကျွန်မကိုယ်ကျွန်မ ငြင်းပယ်ဖို့ အရင်ဆုံး သင်ယူပြီး ညီအစ်ကိုမောင်နှမတွေရဲ့ အကြံပြုချက်တွေကို ပိုနားထောင်ဖို့ လိုတယ်။

နောက်ပိုင်းမှာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် နောက်တစ်ပိုဒ်ကို ကျွန်မတွေ့ခဲ့တယ်။ “တိုက်ရိုက်အဓိပ္ပာယ်မှ အကဲဖြတ်ရလျှင် ကြီးကြပ်ခြင်းဟူသည်မှာ စစ်ဆေးခြင်းကို ဆိုလိုသည်။ မည်သည့်အသင်းတော်များက အလုပ် အစီအစဉ်များကို အကောင်အထည်ဖော်ပြီးဖြစ်ကာ မည်သည်တို့က အကောင်အထည်မဖော်ရသေးကြောင်း၊ အကောင်အထည်ဖော်ခြင်း ဖြစ်စဉ်၊ မည်သည့် ခေါင်းဆောင်များနှင့် အမှုဆောင်များက တကယ့် အလုပ်ကို လုပ်ဆောင်နေကြပြီး မည်သည်တို့က လုပ်ဆောင်နေခြင်း မရှိကြောင်းကိုလည်းကောင်း၊ ခေါင်းဆောင်များ သို့မဟုတ် အမှုဆောင်များ တစ်ဦးတလေသည် သတ်သတ်မှတ်မှတ်ဖြစ်သော အလုပ်တာဝန်များတွင် ပါဝင်နေခြင်းမရှိဘဲ အလုပ်အစီအစဉ်များကို ခွဲဝေပေးနေရုံသာ ရှိမရှိဟူသည်ကိုလည်းကောင်း စစ်ဆေးခြင်း ဖြစ်သည်။ ကြီးကြပ်ခြင်းသည် တိကျသော အလုပ်တာဝန်တစ်ခု ဖြစ်သည်။ အလုပ်အစီအစဉ်များကို အကောင်အထည်ဖော်ပြီးခြင်း ရှိမရှိ၊ အကောင်အထည်ဖော်ခြင်း၏ မြန်ဆန်မှုနှုန်း၊ အကောင်အထည်ဖော်ခြင်း၏ အရည်အသွေးနှင့် စွမ်းဆောင်ရရှိသည့် ရလဒ်များတို့ကဲ့သို့သော အလုပ်အစီအစဉ်များကို ကြီးကြပ်ခြင်းအပြင် အဆင့်မြင့်သော ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ခေါင်းဆောင်များနှင့် အမှုဆောင်များက အလုပ်အစီအစဉ်များအား တစ်သဝေမတိမ်း လိုက်နာနေကြခြင်း ရှိမရှိကို စစ်ဆေးကြရမည်။ အချို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ၎င်းတို့က အလုပ် အစီအစဉ်များကို လိုက်နာရန် လိုလားနေကြသည်ဟု အပြင်ပန်းအားဖြင့် ပြောကြသော်လည်း ပတ်ဝန်းကျင်တစ်ခုခုနှင့် ရင်ဆိုင်ရပြီးနောက်တွင် အဖမ်းခံရမည်ကို ၎င်းတို့ ကြောက်ရွံ့ပြီး အလုပ်အစီအစဉ်ကို အချိန်ကြာမြင့်စွာကတည်းက ၎င်းတို့၏ စိတ်ထဲတွင် ချောင်ထိုးထားကြလျက် ပုန်းကွယ်ခြင်းကိုသာ အာရုံစိုက်ကြလေသည်။ ညီအစ်ကို မောင်နှမများ၏ ပြဿနာများက ပြေလည်မသွားသကဲ့သို့ အလုပ် အစီအစဉ်များက မည်သည့်အရာကို သတ်မှတ်သည် သို့မဟုတ် လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းများက မည်သည့်အရာများ ဖြစ်သည်ကို ၎င်းတို့ မသိကြပေ။ ဤအရာက အလုပ်အစီအစဉ်များကို လုံးဝ အကောင်အထည်မဖော်ရသေးကြောင်းကို ပြသပေသည်။ အခြားခေါင်းဆောင်များနှင့် အမှုဆောင်များတွင် ထင်မြင်ချက်များ၊ အယူအဆများနှင့် အလုပ်အစီအစဉ်များတွင် ရှိသည့် သတ်မှတ်ချက်အချို့ကို အတိုက်အခံလုပ်ခြင်း ရှိကြလေသည်။ ယင်းတို့ကို အကောင်အထည်ဖော်ရမည့်အချိန် ရောက်လာသည့်အခါ ၎င်းတို့သည် မိမိတို့ကိုယ်ပိုင် စိတ်ကူးများအတိုင်း အမှုအရာများကို လုပ်ဆောင်လျက်၊ ဟန်ဆောင်လုပ်ပြကာ အမှုအရာများကို အပြီးသတ်လိုက်ဖို့သာ ဖော့ပြောလျက် သို့မဟုတ် မိမိတို့ကိုယ်ပိုင် လမ်းကြောင်းကို လျှောက်လျက်၊ မိမိတို့ နှစ်သက်သည့် မည်သည့်ပုံစံဖြင့်မဆို အမှုအရာများကို လုပ်ဆောင်လျက် အလုပ် အစီအစဉ်၏ စစ်မှန်သော အဓိပ္ပာယ်မှ သွေဖည်ကြလေသည်။ ထိုသို့သော အခြေအနေများအားလုံးက အဆင့်မြင့်သော ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ ကြီးကြပ်မှု လိုအပ်လေသည်။ ကြီးကြပ်ခြင်း၏ ရည်ရွယ်ချက်မှာ သွေဖည်ခြင်းမရှိဘဲ၊ စည်းမျဉ်းများအတိုင်း အလုပ်အစီအစဉ်များက တောင်းဆိုသည့် တိကျသော အလုပ်တာဝန်များကို သာ၍ကောင်းစွာ အကောင်အထည်ဖော်ရန် ဖြစ်သည်။ ကြီးကြပ်ခြင်းကို ဦးစီးဦးရွက်ပြုနေစဉ်တွင် အဆင့်မြင့်သော ခေါင်းဆောင်များနှင့် အမှုဆောင်များသည် တကယ့် အလုပ်လုပ်နေခြင်း မရှိသည့်သူ သို့မဟုတ် အလုပ်အစီအစဉ်များကို အကောင်အထည်ဖော်ခြင်းတွင် တာဝန်မဲ့နေပြီး နှေးကွေးနေသည့်သူ တစ်ဦးတလေ ရှိမရှိ၊ တစ်ဦးတလေက အလုပ်အစီအစဉ်များနှင့် ပတ်သက်၍ အတိုက်အခံလုပ်သည့် စိတ်အခြေအနေတစ်ခုကို ပြပြီး ယင်းတို့ကို အကောင်အထည်ဖော်ရန် မလိုမလားဖြစ်နေခြင်း ရှိမရှိ သို့မဟုတ် ယင်းတို့ကို ရွေးပြီး အကောင်အထည်ဖော်ခြင်း ရှိမရှိ သို့မဟုတ် အလုပ်အစီအစဉ်များကို ယတိပြတ် လုံးဝ လိုက်နာခြင်းမရှိဘဲ ထိုအစား မိမိတို့ကိုယ်ပိုင် စီမံကိန်းကိုသာ ဆောင်ရွက်ကြခြင်း ရှိမရှိ၊ တစ်ဦးတလေက အလုပ်အစီအစဉ်များကို ကြန့်ကြာစေပြီး ဘုရားသခင် ရွေးချယ်ထားသော လူများအား အလုပ်အစီအစဉ်များ၏ စစ်မှန်သော အဓိပ္ပာယ်နှင့် တိကျသော သတ်မှတ်ချက်များကို သိခွင့်မပေးဘဲ ယင်းတို့ကို မိမိတို့ကိုယ်ပိုင် စိတ်ကူးများအတိုင်းသာ ပြောပြနေကြခြင်း ရှိမရှိဟူသည်တို့ကို ရှာဖွေဖော်ထုတ်ခြင်းအပေါ် အလွန်အလေးထားရမည် ဖြစ်သည်။ ဤပြဿနာများကို ကြီးကြပ်ခြင်းနှင့် စစ်ဆေးခြင်းအားဖြင့်သာ အဆင့်မြင်သော ခေါင်းဆောင်များက မည်သည့်အရာ အမှန်တကယ် ဖြစ်နေသည်ကို သိနိုင်ကြပေသည်။ အဆင့်မြင့်သော ခေါင်းဆောင်များက ကြီးကြပ်ခြင်းနှင့် စစ်ဆေးခြင်းတို့ကို ဦးစီးဦးရွက်ပြုခြင်းမရှိလျှင် ဤပြဿနာများကို ခွဲခြားသိမြင်နိုင်သလော။ (မသိမြင်နိုင်ပါ။) မသိမြင်နိုင်ပေ။ ထို့ကြောင့် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အလုပ်အစီအစဉ်များကိုသာ ပြောပြကာ ဦးဆောင်လမ်းပြမှုကို တစ်ဆင့်ပြီးတစ်ဆင့် ပံ့ပိုးပေးရမည်သာမက အလုပ်အစီအစဉ်များကို အကောင်အထည်ဖော်နေချိန်တွင်လည်း အလုပ်ကို တစ်ဆင့်ပြီးတစ်ဆင့် ကြီးကြပ်ရမည်ဖြစ်သည်။ ဒေသဆိုင်ရာ ခေါင်းဆောင်များသည် စီရင်စုခေါင်းဆောင်များ၏ အလုပ်ကို ကြီးကြပ်ရမည်၊ စီရင်စု ခေါင်းဆောင်များက အသင်းတော် ခေါင်းဆောင်များ၏ အလုပ်ကို ကြီးကြပ်ရမည်ဖြစ်ပြီး အသင်းတော် ခေါင်းဆောင်များက အဖွဲ့အသီးသီး၏ အလုပ်ကို ကြီးကြပ်ရမည်ဖြစ်သည်။ ကြီးကြပ်ခြင်းကို တစ်ဆင့်ပြီးတစ်ဆင့် ဆောင်ရွက်ရမည်ဖြစ်သည်။ ကြီးကြပ်ခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ အလုပ်အစီအစဉ်များနှင့်ဆိုင်သည့် အရာကို ယင်းတို့၏ တိကျသော သတ်မှတ်ချက်များအတိုင်း တိကျမှန်ကန်စွာ အကောင်အထည်ဖော်ခြင်းအား လွယ်ကူချောမောစေရန် ဖြစ်သည်။ ထို့ကြောင့် ကြီးကြပ်သည့် အလုပ်တာဝန်သည် အလွန်အရေးကြီးပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၁၀)) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကတဆင့် တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ဖို့ဆိုရင် ခေါင်းဆောင်တွေနဲ့ အမှုဆောင်တွေက အလုပ်ကိစ္စရပ်တိုင်းကို လက်တွေ့ကျကျ ကြီးကြပ်ပြီး စစ်ဆေးတာလုပ်ရမယ်၊ အသေးစိတ်ကို နှိုက်နှိုက်ချွတ်ချွတ် ကိုင်တွယ်ပြီး အလုပ်ရဲ့တိုးတက်မှုကို သိပြီး သဘောပေါက်ထားရမယ်ဆိုတာ တွေ့လိုက်ရတယ်။ သူတို့က ဘုရားသခင်ရဲ့ သတ်မှတ်ချက်တွေနဲ့ အလုပ်အစီအစဉ်တွေအတိုင်း လုပ်ဆောင်သင့်ပါတယ်။ အလုပ်မှာတွေ့ရှိရတဲ့ စည်းမျဥ်းတွေကိုချိုးဖောက်မှုမှန်သမျှကို မိတ်သဟာယဖွဲ့ပြီးတော့ ချက်ချင်းဖြေရှင်းသင့်တယ်။ အလားအလာရှိတဲ့ အရည်အချင်းရှိသူတွေကို တွေ့တာနဲ့ အချိန်မီ ပြုစုပျိုးထောင်သင့်ပါတယ်။ ဒီအရာက လက်တွေ့ကျတဲ့ စစ်ဆေးတာ၊ စုံစမ်းတာ၊ ကြီးကြပ်တာနဲ့ စစ်ဆေးတာတွေ လုပ်ဆောင်ဖို့ လိုအပ်ပြီး အဲ့ဒီအရာက လူတစ်ဦးရဲ့ တာဝန်အပေါ် တာဝန်ယူစိတ်ထားရှိတာကို ပြသပါတယ်။ အရင်တုန်းကတော့ ကျွန်မက ကျွန်မရဲ့ကိုယ်ပိုင် စိတ်ကူးတွေကို အားကိုးတယ်၊ ကျွန်မသဘောကျတဲ့ သူတွေကို ကြီးကြပ်တာ ဒါမှမဟုတ် စစ်ဆေးတာတို့မလုပ်ပဲ၊ သူတို့အလုပ်က တကယ့်အခြေအနေကို နားမလည်ပဲ လွယ်လွယ်ကူကူ အလုပ်လွှဲပေးတယ်။ ဒီလိုချဉ်းကပ်မှုက တကယ့်ကို တာဝန်မဲ့လွန်းပြီး ကျွန်မရဲ့တာဝန်တွေမှာလည်း မကျေပွန်ခဲ့ပါဘူး။ နောက်ဆိုရင် ဘုရားရဲ့နှုတ်ကပတ်တော်တွေအတိုင်း ကျွန်မလက်တွေ့ကျင့်ကြံ ပြီးတော့ ကျွန်မတာဝန်ယူရမယ့်အလုပ်အပေါ် လက်တွေ့ကျကျ ကြီးကြပ်ပြီး စစ်ဆေးမှုတွေလုပ်မှကိုရပါမယ်။

လီကန် ကို ထုတ်ပယ်ပြီးတဲ့နောက်မှာတော့၊ သူတာဝန်ယူထားတဲ့ အသင်းတော်ကို သွားခဲ့ပြီး ပြုစုပျိုးထောင်လို့ရနိုင်တဲ့ ယုံကြည်သူအသစ်တချို့နဲ့ တွေ့ဆုံခဲ့ပါတယ်။ ကျွန်မက သူတို့ရဲ့အခြေအနေတွေနဲ့ အခက်အခဲတွေကို လက်တွေ့ကျကျ နားလည်ဖို့ သူတို့နဲ့ စုဝေးပွဲတွေလုပ်ခဲ့ပြီး ဒီပြဿနာတွေကို ဖြေရှင်းဖို့ မိတ်သဟာယဖွဲ့ပေးခဲ့တယ်။ ရေလောင်းသူတွေကို သူတို့အလုပ်က အခက်အခဲတွေကို ကိုင်တွယ်ဖို့လည်း ကျွန်မ မိတ်သဟာယပြုခဲ့ပြီး သူတို့နည်းလမ်းတွေမှာရှိတဲ့ လမ်းလွဲနေတာတွေကို ပြုပြင်ပေးခဲ့တယ်။ ဘုရားအမှုတော်ကို နားလည်ခြင်းနဲ့ပတ်သက်တဲ့ သမ္မာတရားကို မိတ်သဟာယပြုဖို့ သူတို့ကို အာရုံစိုက်ခိုင်းတယ်။ ဒီလိုနဲ့ ယုံကြည်သူအသစ်တွေအနေနဲ့ လမ်းမှန်ပေါ်ကို ဖြစ်နိုင်သမျှအမြန်ဆုံး ခိုင်မာတဲ့ အခြေခံအုတ်မြစ်ချနိုင်အောင်ပေါ့။ နောက်ပိုင်းမှာတေော့ ဒီအသင်းတော်မှာ အသင်းသားအသစ်တွေကို ရေလောင်းရာမှာ ပြဿနာတွေရှိသလို တခြားအသင်းတော်တွေမှာလည်း ရှိနိုင်တယ်ဆိုတာ ကျွန်မသဘောပေါက်သွားတယ်။ ဒါကြောင့် တခြားအသင်းတော်တွေက ရေလောင်းအဖွဲ့ခေါင်းဆောင်တွေဆီကို စာတွေ အမြန်ရေးခဲ့တယ်။ စာရေးပြီး ဆက်သွယ်တာက မျက်နှာချင်းဆိုင် မိတ်သဟာယဖွဲ့တာလောက် ထိရောက်မှုမရှိလို့ စာတွေရေးပြီးတာတောင် ကျွန်မစိတ်ထဲမှာ မသက်မသာ ခံစားနေရတုန်းပဲ။ အဲဒါနဲ့ပဲ ကျွန်မ ခေါင်းဆောင်တွေဆီကို ဒီအလုပ်ကို လူကိုယ်တိုင် ကြီးကြပ်ပြီး စစ်ဆေးနိုင်မယ်လို့ မျှော်လင့်ပြီး စာရေးလိုက်တယ် နောက်ဆုံးမှာတော့ ဒီပြဿနာတွေက သူတို့ရဲ့အသင်းတော်တွေမှာလည်း မတူညီတဲ့အခြေ‌အနေတွေနဲ့ ရှိနေခဲ့တယ်။ သူတို့ကအဆင်ပြေအောင် ကြီးကြပ်ပြီး စစ်ဆေးပါမယ်လို့ အကြောင်းပြန်လာကြတယ်။ အဲဒါပြီးတော့မှပဲ အလုပ်အပေါ် လက်တွေ့ကျကျ ကြီးကြပ်စစ်ဆေးဖို့က ခေါင်းဆောင်တွေနဲ့ အမှုဆောင်တွေအတွက် မဖြစ်မနေလုပ်ဆောင်ရမယ့် ဘုရားသခင်ရဲ့ တောင်းဆိုချက်တွေဆိုတာ ကျွန်မတကယ် သဘောပေါက်ခဲ့ရတယ်။

ဒီအတွေ့အကြုံကနေတစ်ဆင့် ကျွန်မရဲ့ မာနထောင်လွှားတဲ့ စိတ်သဘောထားကို ကျွန်မ နားလည်မှုတချို့ ရခဲ့ပြီး ဒါက ဘယ်လောက်ထိအရေးကြီးတယ်ဆိုတာကိုလည်း သဘောပေါက်သွားတယ်။ “သမ္မာတရားအား မိမိ၏ စံသတ်မှတ်ချက်အဖြစ် ထားရှိပြီး လူများ၊ အမှုအရာများကို လုံးလုံးလျားလျား ဘုရားနှုတ်ကပတ်တော်နှင့်အညီ ရှုမြင်ခြင်းအပြင် ကျင့်ကြံပြုမူခြင်းနှင့် လုပ်ဆောင်ခြင်း။” ဘုရားသခင်မိန့်တော်မူတဲ့အတိုင်း အခုကစပြီးတော့ကျွန်မရဲ့ ကိုယ်ပိုင် စိတ်ကူးတွေကို အခြေခံပြီး လုပ်ဆောင်လို့မရတော့ပါဘူး။ ကိစ္စရပ်တွေကို ရင်ဆိုင်ရတဲ့အခါ၊ အရင်ဆုံး သမ္မာတရားကိုရှာဖွေပြီး လူ၊ အဖြစ်အပျက်တွေနဲ့ ကျွန်မရဲ့ပတ်ဝန်းကျင်မှာရှိတဲ့ အရာတွေကို ဘုရားနှုတ်ကပတ်တော်တွေအတိုင်း ဆက်ဆံရပါမယ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်အတွက် ကျွန်မ၏ အနစ်နာခံခြင်းများထဲက ရောထွေးခြင်းများ

ကျန်းဖင် တရုတ်နိုင်ငံ ပြီးခဲ့တဲ့ ဧပြီလက တစ်ရက်မှာ၊ နောက်ကျောညာဘက်ခြမ်းမှာ တော်တော်နာတာကို ရုတ်တရက် ခံစားရတယ်။ တစ်နည်းနည်းနဲ့...

မာနထောင်လွှားမှုကို ဖြေရှင်းရန် နည်းလမ်းတစ်ခုရှိသည်

ရှောင်ချင်၊ ဟေနန်စီရင်စု ကျွန်မသည် မာနထောင်လွှားတတ်သော သဘောရှိသည့် လူတစ်ဦးဖြစ်ခဲ့သည်။ အခြားသူများထက် ကျွန်မ ပိုတော်သည်ဟု အမြဲတွေးထင်ရင်း...

ဆင်းရဲဒုက္ခကြားမှ နာခံဖို့ သင်ယူခြင်း

လီးယန် တရုတ်နိုင်ငံ၂၀၀၈ ခုနှစ် အစောပိုင်း၌ ကျွန်မသားလေး၏ နားရွက်နောက်တွင် အဖုလေးတစ်ခု ရှိနေသည်ကို ကျွန်မ သတိပြုမိခဲ့သည်။ သူ့ကို ဆေးစစ်ဖို့...

ကျွန်တော့်လက်တွဲဖော် ဆုံးပါးသွားသည့်နောက်

ကျွန်တော့်အမျိုးသမီးနဲ့ ကျွန်တော်က ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို ၂၀၀၇ ခုနှစ် ဆောင်းဦးပေါက်မှာ ရှေ့ဆင့်နောက်ဆင့် လက်ခံခဲ့ကြတာပါ။...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။