ဝန်တာထမ်းဆောင်ရန် ဝန်လေးခြင်း၏ နောက်ကွယ်မှာ ဘာရှိသလဲ

20.05.2026

ယန်ဟွိုင်၊ တရုတ်ပြည်

၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတုန်းက လူသစ်တွေကို ရေလောင်းဖို့ ညီအစ်မလီမင်နဲ့ ကျွန်မ ပူးပေါင်းဆောင်ရွက်ခဲ့တယ်။ ဒီတာဝန်ကို ကျွန်မ လေ့ကျင့်ကာစပဲ ရှိသေးပြီး လီမင်က လူသစ်တွေကို ရေလောင်းတာ ကြာပြီဆိုတော့ ကျွန်မ သူ့ကို တော်တော်လေး အားကိုးမိသွားတယ်။ လူတွေကို ပျိုးထောင်တာနဲ့ပတ်သက်တဲ့ အလုပ်အများစုနဲ့ လူသစ်တွေ ကြုံရတဲ့ အခက်အခဲတွေ၊ ပြဿနာမျိုးစုံ ဖြေရှင်းတာတွေကို သူကပဲ ကိုင်တွယ်ခဲ့တယ်။ တစ်ခါတလေ လီမင်က လူတွေကို ပျိုးထောင်တာနဲ့ပတ်သက်တဲ့ ကိစ္စတွေကို ကျွန်မနဲ့ ဆွေးနွေးတဲ့အခါ သူ့ကို ဘေးချိတ်ထားလိုက်တယ်။ သူကပဲ အဓိက တာဝန်ယူထားသရွေ့ လုံလောက်တယ်၊ ပြီးတော့ ကိုယ်တာဝန်ယူထားတဲ့ လူသစ်တွေကို ရေလောင်းပေးရင် ပြီးတာပဲလို့ တွေးလိုက်တာပေါ့။ အားလပ်ချိန်မှာလည်း ညီအစ်ကိုမောင်နှမတွေရဲ့ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်တွေကို ဖတ်နိုင်တယ်၊ ဓမ္မတေးတွေကိုလည်း နားထောင်နိုင်တယ်ဆိုတော့၊ ဒီလိုမျိုး တာဝန်တွေ ထမ်းဆောင်ရတာ တော်တော်ကောင်းတယ်လို့ ခံစားခဲ့ရတယ်။

နောက်ပိုင်းမှာ အလုပ်လိုအပ်ချက်အရ လီမင်က သူ့တာဝန်တွေထမ်းဆောင်ဖို့ တခြားအသင်းတော်တစ်ခုကို ပြောင်းရွှေ့ခံလိုက်ရတယ်။ အဲဒီအခါ ကျွန်မ ရုတ်တရက် ဖိအားအများကြီး ခံစားလိုက်ရပြီး တွေးမိတယ်၊ “ငါတစ်ယောက်တည်းနဲ့ ဒီလောက်များတဲ့ လူသစ်တွေကို ရေလောင်းနိုင်ပါ့မလား။ ဒီလောက် အချိန်တိုလေးအတွင်းမှာ သူတို့ကို ရေလောင်းပေးဖို့ ကူညီမယ့်သူကို ဘယ်မှာ သွားရှာရမှာလဲ။ လူသစ်တစ်ယောက်ကို ရှာပြီး ပျိုးထောင်ရမယ်ဆိုရင် အချိန်ဘယ်လောက်ကုန်ပြီး လူဘယ်လောက်ပင်ပန်းမလဲ။ လူသစ်တွေကို ရေလောင်းရတာနဲ့တင် ငါ့မှာ တော်တော်အလုပ်များနေပြီ၊ အခု လက်သစ်တစ်ယောက်ကို ပျိုးထောင်ရဦးမယ်။ အဲဒါဆို ငါ ပိုပြီးတော့တောင် အလုပ်ရှုပ်သွားမှာ မဟုတ်ဘူးလား။ ငါ့အတွက် အားလပ်ချိန် ဘယ်လိုရှာရမလဲ” လို့ပေါ့။ ကျွန်မစိတ်နှလုံးထဲမှာ နည်းနည်း အတိုက်အခံဖြစ်သွားပြီး၊ ကျွန်မအလုပ်ဝန်ပေါ့သွားအောင် ကျွန်မနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လူတစ်ယောက်ကို ခေါင်းဆောင်ပိုင်းက မြန်မြန် စီစဉ်ပေးစေချင်ခဲ့တယ်။ ဒါပေမဲ့ သင့်တော်တဲ့ ရေလောင်းသူတစ်ယောက် ရှာဖို့ကျတော့ အချိန်ယူရမှာလေ။ လီမင် မထွက်သွားခင်တုန်းက အစွမ်းအစနဲ့ သဘောပေါက်နားလည်နိုင်စွမ်းကောင်းတဲ့ ညီအစ်မတစ်ယောက်ရှိတယ်၊ ဒါပေမဲ့ သူက ငယ်ပြီး မတည်ငြိမ်သေးဘူးလို့ ပြောခဲ့တယ်၊ ဒါကြောင့် ဒီညီအစ်မကို ပိုပျိုးထောင်ပေးဖို့ သူက ကျွန်မကို တိုက်တွန်းခဲ့တယ်။ နှုတ်ကတော့ သဘောတူလိုက်ပေမဲ့ စိတ်ထဲမှာတော့ ကျွန်မ တော်တော်လေး မကျေမလည်ဖြစ်ပြီး မွန်းကြပ်တယ်လို့ ခံစားရခဲ့တယ်၊ တွေးမိတာပေါ့၊ “ဒီညီအစ်မကို ပျိုးထောင်ဖို့ဆိုတာ လွယ်တဲ့အလုပ်မဟုတ်ဘူး။ အဲဒီအတွက် ငါ ဘယ်လောက် အားစိုက်ထုတ်ရမလဲ” လို့ပေါ့။ နောက်ပိုင်းသုံးလေးရက်မှာ ကျွန်မတာဝန်တွေမှာ တော်တော်လေး မတက်မကြွဖြစ်ပြီး၊ လူသစ်တွေ ပြဿနာတွေ၊ အခက်အခဲတွေ ရှိတဲ့အခါ ဖြေရှင်းပေးဖို့ စိတ်မပါခဲ့ဘူး။ လူသစ်တွေနဲ့ စုဝေးတဲ့အခါ ကျွန်မက ဝတ်ကျေတမ်းကျေပဲ လုပ်ခဲ့တော့ ဘာရလဒ်မှ မထွက်ခဲ့ဘူး။ တစ်နေ့မှာ ကျွန်မ လျှပ်စစ်စက်ဘီးစီးရင်း လမ်းတစ်ဝက်မှာ ပျက်သွားတော့၊ တွန်းသွားရတာ၊ အိမ်ရောက်ဖို့ တစ်နာရီကျော် ကြာသွားတယ်။ ကျွန်မ ပင်ပန်းလွန်းလို့ ခြေရောလက်ရော မလှုပ်နိုင်ဘဲ လုံးဝ ခြေကုန်လက်ပန်းကျသွားတယ်လို့ ခံစားလိုက်ရတယ်။ ဒီအခြေအနေကို ကြုံရတာ တိုက်ဆိုင်မှုမဟုတ်မှန်း ကျွန်မ သိတဲ့အတွက်၊ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ပြီး ဘုရားသခင်ဆီ ဆုတောင်းခဲ့တယ်၊ “အို ဘုရားသခင်၊ လီမင် ပြောင်းရွှေ့ခံရမယ်ဆိုတာ သိကတည်းက သမီး စိတ်ထဲမှာ အတိုက်အခံဖြစ်ပြီး ညည်းညူမိပါတယ်။ သမီးရဲ့ အခြေအနေ မှားနေမှန်း သမီး သဘောပေါက်ပါတယ်၊ ပြီးတော့ ကိုယ်တော့်ရှေ့မှာ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ပြီး နောင်တရဖို့ လိုလားနေပါတယ်။ ကိုယ်တော်ရဲ့ ရည်ရွယ်ချက်ကို နားလည်အောင် သမီးကို လမ်းပြပေးပါ” လို့ပေါ့။

ဆုတောင်းပြီးတဲ့နောက်မှာ ဘုရားနှုတ်ကပတ်တော်ထဲက စာကြောင်းတစ်ကြောင်းကို ကျွန်မ ပြန်သတိရမိတယ်။ “ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်အတွက် သင့်ထံတွင် ဝန်ထုပ်ပိုရှိလေ သူ၏ စုံလင်စေခြင်းခံရဖို့ သင့်အတွက် လွယ်ကူလေလေ ဖြစ်လိမ့်မည်။” ကျွန်မ အဲဒီနှုတ်ကပတ်တော်အပိုဒ်ကို အမြန် ရှာလိုက်တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “ဘုရားသခင်၏နှုတ်ကပတ်တော်များကို စားသောက်ခြင်း၊ ဆုတောင်းခြင်းကို လက်တွေ့လုပ်ဆောင်ခြင်း၊ ဘုရားသခင်၏ဝန်ထုပ်ကို လက်ခံခြင်းနှင့် ဘုရားသခင် သင့်ကို အပ်နှံသည့် လုပ်ငန်းတာဝန်များကို လက်ခံခြင်းဟူသည့် ဤအရာအားလုံးသည် သင့်ရှေ့တွင် လမ်းကြောင်းတစ်ခု ရှိနိုင်ဖို့အလို့ငှာ ဖြစ်သည်။ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်အတွက် သင့်ထံတွင် ဝန်ထုပ်ပိုရှိလေ သူ၏ စုံလင်စေခြင်းခံရဖို့ သင့်အတွက် လွယ်ကူလေလေ ဖြစ်လိမ့်မည်။ အချို့သော သူတို့သည် ခေါ်ခြင်းခံရသည့်အချိန်တွင်ပင် ဘုရားသခင်ကို အစေခံရာ၌ အခြားသူများနှင့်အတူ ပူးပေါင်းဆောင်ရွက်ရန် လိုလားခြင်းမရှိကြချေ။ ဤလူများသည် သက်တောင့်သက်သာရှိခြင်းတွင် သောက်စားမြူးထူးဖို့သာ ဆန္ဒရှိသည့် ပျင်းရိသောလူများ ဖြစ်ကြသည်။ အခြားသူများနှင့် ပူးပေါင်းလုပ်ဆောင်ခြင်းဖြင့် အစေခံဖို့ သင် စေခိုင်းခံရလေလေ၊ သင်သည် အတွေ့အကြုံ ရရှိလေလေ ဖြစ်လိမ့်မည်။ သာ၍ များသော ဝန်ထုပ်များနှင့် အတွေ့အကြုံများရှိခြင်းကြောင့် စုံလင်ခြင်းခံရဖို့ အခွင့်အရေးများ သင် သာ၍ ရရှိလိမ့်မည်။ ထို့ကြောင့်၊ သင်သည် ဘုရားသခင်ကို စစ်မှန်ရိုးသားမှုဖြင့် အစေခံနိုင်ပါက၊ ဘုရားသခင်၏ဝန်ထုပ်ဝန်ပိုးအပေါ် သင် သတိရှိလိမ့်မည်။ ထိုသို့ဖြစ်သဖြင့်၊ သင်သည် ဘုရားသခင်၏ စုံလင်စေခြင်းခံရဖို့ အခွင့်အရေးများ သာ၍ ရှိလိမ့်မည်။ လောလောဆယ်တွင် စုံလင်စေခြင်း ခံရလျက်ရှိသည်မှာ ထိုသို့သော လူစုတစ်စုသာ ဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော်သည် သင့်ကို တို့ထိလေလေ၊ ဘုရားသခင်၏ ဝန်ထုပ်အပေါ် သတိရှိဖို့အချိန်ကို သင် ဆက်ကပ်လေလေ ဖြစ်ပြီး ဘုရားသခင်၏ စုံလင်စေခြင်းကို ခံရလေလေ ဖြစ်လိမ့်မည်ဖြစ်ပြီး သင်သည် သူ၏ ရယူခြင်းကို ခံရလေလေ ဖြစ်လိမ့်မည်။ နောက်ဆုံးတွင် သင်သည် ဘုရားသခင် အသုံးပြုသော လူတစ်ဦး ဖြစ်လာမည့်အချိန်အထိ ဖြစ်သည်။ လက်ရှိတွင်၊ အသင်းတော်အတွက် မည်သည့်ဝန်ထုပ်ကိုမျှ သယ်ဆောင်ခြင်း မရှိသည့် သူအချို့ရှိသည်။ ဤလူများသည် ပေါ့ဆပြီး ဖြစ်ကတတ်ဆန်းနိုင်ကာ၊ မိမိတို့ကိုယ်တိုင်၏ ဇာတိပကတိအတွက်သာ ဂရုစိုက်ကြသည်။ ထိုသို့သောလူများသည် အလွန့်အလွန် တစ်ကိုယ်ကောင်းဆန်ပြီး မျက်စိလည်းကန်းနေကြသည်။ သင်သည် ဤကိစ္စကို ရှင်းလင်းစွာ မမြင်နိုင်ပါက မည်သည့် ဝန်ထုပ်ကိုမျှ သင် သယ်ဆောင်လိမ့်မည် မဟုတ်ပေ။ သင်သည် ဘုရားသခင်၏ရည်ရွယ်ချက်များကို အလေးထားလေလေ၊ သင့်ထံ သူ အပ်နှံသည့် ဝန်ထုပ်သည် ကြီးမားလေလေ ဖြစ်လိမ့်မည်။ တစ်ကိုယ်ကောင်းဆန်သူများသည် ထိုသို့သောအရာများကို ဒုက္ခခံရန် လိုလားခြင်းမရှိကြချေ။ ၎င်းတို့သည် အဖိုးအခပေးရန် လိုလားခြင်း မရှိကြသကဲ့သို့၊ အကျိုးဆက်အနေဖြင့် ဘုရားသခင်၏စုံလင်စေခြင်း ခံရမည့် အခွင့်အရေးများကို ၎င်းတို့ လက်လွတ်သွားကြလိမ့်မည် ဖြစ်သည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို ထိခိုက်အောင် လုပ်ဆောင်နေကြခြင်း မဟုတ်လော။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စုံလင်စေခြင်းကိုရရှိဖို့အလို့ငှာ ဘုရားသခင်၏ ရည်ရွယ်ချက်များကို အလေးထားလော့) ဘုရားနှုတ်ကပတ်တော်တွေကို ဆင်ခြင်သုံးသပ်ကြည့်တော့ ဘုရားသခင်ရဲ့ တာဝန်ပေးစေခိုင်းချက်အတွက် ဝန်တာထားတဲ့စိတ် ရှိမရှိဆိုတာက လူတစ်ယောက် စုံလင်အောင် ပြုခံရနိုင်ခြင်း ရှိမရှိဆိုတာကို တိုက်ရိုက် သက်ရောက်မှုရှိမှန်း ကျွန်မ နားလည်သွားတယ်။ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်တွေကို အလေးထားပြီး လူတစ်ယောက်က ဝန်တာထားတဲ့စိတ်နဲ့ သူ့တာဝန်တွေကို ထမ်းဆောင်ပြီး သမ္မာတရားကို လိုက်စားတဲ့အခါ၊ သန့်ရှင်းသော ဝိညာဉ်တော်က အဲဒီလူကို ဉာဏ်အလင်းပေးပြီး လမ်းပြမှာပဲ။ အဲဒီလိုမှ သူတို့ရဲ့ တာဝန်တွေမှာ သမ္မာတရားကို နားလည်နိုင်ပြီး အသက်ကြီးထွားမှုကို တွေ့ကြုံခံစားရမှာပေါ့။ ဆန့်ကျင်ဘက်အနေနဲ့ သမ္မာတရားကို မလိုက်စားတဲ့သူတွေ၊ အရမ်းပျင်းပြီး တာဝန်ယူဖို့ မလိုလားတဲ့သူတွေ၊ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်တွေကို အလေးမထားတဲ့သူတွေကျတော့၊ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အလုပ်ကို ရရှိဖို့ မဖြစ်နိုင်သလို အဆုံးမှာ ဘာမှ ရမှာမဟုတ်ဘူး။ ကျွန်မရဲ့ အခြေအနေကို ဆင်ခြင်သုံးသပ်ကြည့်တော့ ကျွန်မက ဘုရားသခင် ဖော်ထုတ်တဲ့ ပျင်းရိပြီး သက်သာမှုကို မက်မောတဲ့ လူစားမျိုး တကယ်ဖြစ်နေမှန်း တွေ့လိုက်ရတယ်။ အလုပ်ပမာဏ တိုးလာပြီး ခန္ဓာကိုယ် ဒုက္ခခံရဖို့ ရှိလာတဲ့အခါ၊ ကျွန်မ အတိုက်အခံဖြစ်ပြီး ပူးပေါင်းဆောင်ရွက်ဖို့ မလိုလားခဲ့ဘူး။ ကိုယ့်တာဝန်တွေအပေါ် ဒီလိုသဘောထားမျိုးနဲ့ဆိုရင် ကျွန်မ သမ္မာတရားကို ရရှိနိုင်မှာ မဟုတ်သလို စုံလင်အောင် ပြုခြင်းခံရနိုင်မှာ မဟုတ်တာ သေချာတယ်။ ဒါကို တွေးမိတော့ ကျွန်မ နည်းနည်း စိတ်မကောင်းဖြစ်ရပြီး၊ ဘုရားသခင်ရဲ့ အပင်ပန်းခံရတဲ့ ရည်ရွယ်ချက်ကို နားလည်သွားခဲ့တယ်။ အခု လီမင် ပြောင်းရွှေ့ခံလိုက်ရတော့ ရေလောင်းခြင်းအလုပ်က ကျွန်မဆီ ကျရောက်လာပေမဲ့၊ ဘုရားသခင်က ကျွန်မကို အခက်တွေ့အောင် လုပ်နေတာ မဟုတ်ပါဘူး၊ အဲဒီအစား ကိုယ်တော်က ကျွန်မကို လေ့ကျင့်ပေးနေတာပါ။ လူသစ်တွေကို ရေလောင်းတာပဲဖြစ်ဖြစ်၊ တခြားလူတွေကို ပျိုးထောင်တာပဲဖြစ်ဖြစ်၊ ကျွန်မ ပြဿနာတွေ၊ အခက်အခဲတွေ ကြုံရတဲ့အခါ ကျွန်မ မှီခိုအားထားနိုင်တဲ့လူ ဘယ်သူမှ မရှိတော့ဘူး။ ဒါက ကျွန်မကို ဘုရားသခင်ကို အားကိုးဖို့နဲ့ သမ္မာတရားကို ရှာဖွေဖို့၊ ပြီးတော့ ပြဿနာတွေကို ဖြေရှင်းဖို့ သမ္မာတရားကို အသုံးချတတ်အောင် သင်ယူဖို့ ပိုပြီးတော့တောင် လှုံ့ဆော်ပေးတယ်။ ဒါက ဘုရားသခင်ရဲ့ ကျေးဇူးတော်ပါပဲ။ ဒါပေမဲ့ ကျွန်မက ဒုက္ခဆင်းရဲနဲ့ ပင်ပန်းနွမ်းနယ်မှုကို ကြောက်ပြီး ကိုယ့်ဇာတိပကတိကိုပဲ ဂရုစိုက်ခဲ့တယ်၊ တာဝန်တွေယူဖို့ မလိုလားခဲ့ဘူး။ ဘုရားသခင်က ကျွန်မကို စုံလင်အောင် ပြုပေးဖို့နဲ့ သမ္မာတရား ရရှိအောင် ကူညီပေးဖို့ ပေးထားတဲ့ အခွင့်အရေးကို ကျွန်မက တွန်းထုတ်ခဲ့တာပါ။ ကျွန်မအတွက် ဘာက ကောင်းမှန်း ကျွန်မ တကယ် မသိခဲ့ပါဘူး။

အဲဒီနောက် ဘုရားနှုတ်ကပတ်တော် နောက်တစ်ပိုဒ်ကို ကျွန်မ ဖတ်လိုက်ရတယ်၊ “သမ္မာတရားကို မလိုက်စားသောသူ အားလုံးသည် တာဝန်ခံယူမှုကင်းမဲ့သည့် စိတ်ထားဖြင့် ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ကြသည်။ ‘တစ်ယောက်ယောက်က ဦးဆောင်ရင် ငါက နောက်ကလိုက်မယ်။ ဘယ်ကိုပဲ ဦးဆောင်ပါစေ ငါသွားမယ်။ ငါ့ကို ခိုင်းသမျှ ဘာမဆိုလုပ်မယ်။ တာဝန်ခံယူဖို့၊ အရေးစိုက်ဖို့၊ ဒါမှမဟုတ် တစ်ခုခုကိုလုပ်ဖို့အတွက် ပိုပြီးဒုက္ခခံဖို့၊ စိတ်နှလုံး၊ အားအင်ရှိသမျှနဲ့ လုပ်ဖို့တွေကိုတော့ လုပ်ချင်စိတ်မရှိဘူး’ ဤလူတို့သည် အဖိုးအခ ပေးဆပ်ချင်စိတ် မရှိပေ။ ၎င်းတို့သည် အားထုတ်ကြိုးပမ်းဖို့သာ အလိုရှိကြသည်။ တာဝန်ယူဖို့ အလိုမရှိပေ။ ဤသည်မှာ တာဝန်ကို အမှန်တကယ် ထမ်းဆောင်သည့်သဘောထား မဟုတ်ပေ။ မိမိ၏ တာဝန်ထမ်းဆောင်ခြင်းအပေါ် စိတ်နှစ်မြှုပ်ရန် သင်ယူရမည်။ အသိတရားရှိသော သူတစ်ယောက်သည် ဤအရာကို ဖြစ်မြောက်နိုင်သည်။ လူတစ်ယောက်သည် သူ၏ တာဝန်ထမ်းဆောင်ခြင်း၌ လုံးဝ စိတ်နှစ်လုပ်ဆောင်ခြင်းမရှိလျှင် ထိုသူသည် အသိတရားမရှိဟု အဓိပ္ပာယ်ရသည်။ အသိတရား မရှိသူတို့သည် သမ္မာတရားကို မရရှိနိုင်ပေ။...သင်၏ တာဝန်ထဲသို့ သင်၏ စိတ်နှလုံးကို ထားရှိခြင်းနှင့် တာဝန် ယူနိုင်ခြင်းသည် သင့်အနေဖြင့် ဆင်းရဲဒုက္ခခံစားပြီး အဖိုးအခတစ်ခု ပေးဆပ်ဖို့ လိုအပ်ပေသည်။ ဤအရာများနှင့်ပတ်သက်၍ ပြောဆိုဆွေးနွေးခြင်း သက်သက်သည် မလုံလောက်ပေ။ သင်၏တာဝန်ထဲသို့ သင်၏ စိတ်နှလုံးကို မထားရှိဘဲ ယင်းအစား အစဉ်သဖြင့် အားစိုက်ထုတ်မှုကို အသုံးပြုလိုပါက သင်၏ တာဝန်သည် သေချာပေါက် ကောင်းကောင်းမွန်မွန် ပြီးမြောက်လိမ့်မည်မဟုတ်ပေ။ သင်သည် ဟန်ဆောင်လုပ်ပြရုံမျှသာ လုပ်ပြလိမ့်မည်ဖြစ်ပြီး ထိုထက် ပိုလိမ့်မည်မဟုတ်ဘဲ သင်၏ တာဝန်ကို သင် ကောင်းကောင်း လုပ်ဆောင်ပြီးခြင်း ရှိမရှိကို သင် သိရှိလိမ့်မည် မဟုတ်ပေ။ သင်၏ တာဝန်ထဲသို့ သင်၏ စိတ်နှလုံးကို ထားရှိပါက သင်သည် သမ္မာတရားကို တဖြည်းဖြည်း သိနားလည်လာလိမ့်မည်။ သင် မထားရှိပါက သိနားလည်လိမ့်မည်မဟုတ်။ သင်၏ တာဝန်ကို ထမ်းဆောင်ခြင်းနှင့် သမ္မာတရားကို လိုက်စားခြင်းထဲသို့ သင်၏ စိတ်နှလုံးကို ထားရှိသည့်အခါတွင် သင်သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို တဖြည်းဖြည်း နားလည်လာလိမ့်မည်၊ သင်ကိုယ်တိုင်၏ ဖောက်ပြန်ပျက်စီးခြင်းနှင့် ချို့ယွင်းချက်တို့ကို တွေ့ရှိနိုင်လိမ့်မည် ဖြစ်ပြီး သင်၏ အခြေအနေမျိုးစုံကို ကိုင်တွယ်နိုင်လိမ့်မည် ဖြစ်သည်။ သင် အာရုံစိုက်သည့် တစ်ခုတည်းသောအရာမှာ အားထုတ်မှုကို အသုံးပြုရန်ဖြစ်သောအခါ သင့်ကိုယ်သင် ဆင်ခြင်သုံးသပ်ရန် စိတ်မနှစ်သောအခါတွင် သင်၏ စိတ်နှလုံးမှ တကယ့်အခြေအနေများ၊ မတူညီသော ပတ်ဝန်းကျင်များတွင် သင့်၌ရှိသော ဖောက်ပြန်ပျက်စီးမှု၏ အမျိုးစုံသော တုံ့ပြန်မှုများနှင့် ထုတ်ဖော်ခြင်းများကို ရှာဖွေတွေ့ရှိနိုင်မည် မဟုတ်ပေ။ ပြဿနာများ ပြေလည်မသွားသောအခါ အကျိုးဆက်များက မည်သည့်အရာများ ဖြစ်မည်ကို သင် မသိလျှင် သင်သည် များစွာ ဒုက္ခရောက်ပြီဖြစ်သည်။...သင်၏ စိတ်နှလုံးတွင် သင် မကြာခဏ ဆင်ခြင်တွေးတောသော အရာသည် သင်၏တာဝန်နှင့်သက်ဆိုင်သော အမှုအရာများမဟုတ်လျှင်၊ သို့မဟုတ် သမ္မာတရားနှင့် သက်ဆိုင်သည့် အမှုအရာများမဟုတ်ဘဲ၊ ထိုအစား သင်သည် ပြင်ပအရာများဖြင့် ငြိတွယ်နေပြီး ဇာတိပကတိ၏ အမှုအရာများ၌သာ သင်သည် အာရုံခံစားလျက် အသက်ရှင်နေလျှင် သင်သည် သမ္မာတရားကို နားလည်နိုင်မည်လော။ သင်၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်နိုင်ပြီး ဘုရားရှေ့တွင် အသက်ရှင်နိုင်မည်လော။ သေချာပေါက် အသက်မရှင်နိုင်ပေ။ ထိုသို့သောလူတစ်ဦးသည် ကယ်တင်ခြင်းကို မရရှိနိုင်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ရိုးသားသောသူလူတစ်ဦးဖြစ်ခြင်းကသာ စစ်မှန်သော လူသားပုံသဏ္ဌာန်အတိုင်း အသက်ရှင်နေထိုင်နိုင်သည်) ကိုယ့်တာဝန်တွေမှာ အဖိုးအခ မပေးလိုတဲ့သူတွေ၊ ဇာတိပကတိသက်သောင့်သက်သာရှိမှုနဲ့ သက်သာရာကိုပဲ အမြဲ ရှာဖွေတဲ့သူတွေ၊ ပြီးတော့ သူတို့အလုပ်မှာ လုံးဝ တာဝန်မဲ့တဲ့သူတွေဟာ သမ္မာတရားကို မရရှိနိုင်ဘူးဆိုတာကို ဘုရားသခင် ဖော်ထုတ်ထားမှန်း ကျွန်မ တွေ့လိုက်ရတယ်၊ ပြီးတော့ ဘုရားသခင်က သူတို့ကို အသိအမှတ်မပြုပါဘူး။ လူသစ်တွေကို ကျွန်မ စပြီး ရေလောင်းတုန်းက အချိန်ကို ဆင်ခြင်သုံးသပ်မိတော့ ကျွန်မရဲ့တွဲဖက်ညီအစ်မကိုပဲ ကျွန်မ တော်တော်လေး မှီခိုအားထားခဲ့မိတယ်။ လူသစ်တွေကို ရေလောင်းရာမှာ သူက အတွေ့အကြုံ ပိုရှိတော့ သူတို့ရဲ့ အခက်အခဲတွေကို ဖြေရှင်းပေးဖို့ သူ့ကိုပဲ မိတ်သဟာယပြုခိုင်းလိုက်ရင် အဆင်ပြေမှာပါလို့ တွေးခဲ့တာလေ။ ကျွန်မက ဒီကိစ္စတွေကို လုံးဝ ဂရုမစိုက်ခဲ့ဘူး၊ မမေးမြန်းခဲ့ဘူး၊ လုံးဝ အပြင်လူတစ်ယောက်လိုပဲ ပြုမူနေခဲ့တာ။ ကိုယ့်တာဝန်တွေကို ထမ်းဆောင်တဲ့အခါ ကျွန်မက ဆင်းရဲဒုက္ခနဲ့ ပင်ပန်းနွမ်းနယ်မှုကို ရှောင်ချင်ရုံသက်သက်ပဲ၊ ပြီးတော့ ကိုယ်လုပ်ချင်တာတွေလုပ်ဖို့ အချိန်ကို ခိုးပြီး လုပ်ခဲ့တယ်။ အဲဒီလိုဖြစ်နေတာတောင် ကိုယ့်တာဝန်တွေအပေါ် ဝန်တာထားစိတ်မရှိဘူးလို့ ကျွန်မ မခံစားခဲ့ရဘူး။ လီမင် တာဝန်ပြောင်းတော့မယ်ဆိုတာ သိလိုက်ရတဲ့အခါမှာ ကျွန်မရဲ့ အားကိုးရာ ပျောက်ဆုံးသွားသလို ခံစားခဲ့ရတယ်။ အခု ကျွန်မတစ်ယောက်တည်းအပေါ် ကျရောက်လာမယ့် အလုပ်တွေအားလုံးကို တွေးမိတဲ့အခါ ကျွန်မ မနိုင်ဝန်ထမ်းရသလို ခံစားလိုက်ရတယ်။ ကျွန်မက ကိုယ့်သက်သာမှုကို စပြီး ထည့်တွက်လာတယ်၊ ပိုလွယ်တဲ့ အလုပ်တွေကိုပဲ အမြဲ ရွေးချင်ခဲ့တယ်၊ ပြီးတော့ အမှုအရာတွေက ကျွန်မအလိုကျ မဖြစ်တဲ့အခါ ကျွန်မက အပျက်သဘောဆောင်ပြီး မတက်မကြွဖြစ်လာတယ်၊ ပျိုးထောင်ပေးဖို့ လိုအပ်တဲ့သူတွေကို ပျိုးထောင်ပေးဖို့ လစ်ဟင်းခဲ့ပြီး လူသစ်တွေကို ရေလောင်းရာမှာ ဝတ်ကျေတမ်းကျေပဲ လုပ်ခဲ့တယ်။ ဘုရားသခင်ကို ကျေနပ်စေချင်တယ်၊ ကိုယ်တော်ရဲ့ ရည်ရွယ်ချက်တွေကို အလေးထားချင်တယ်လို့ ကျွန်မ ပြောခဲ့ဖူးပေမဲ့၊ တကယ်တမ်း ဒုက္ခခံပြီး အဖိုးအခပေးဆပ်ရမယ့်အချိန် ရောက်လာတော့၊ ကျွန်မက နောက်တွန့်သွားပြီး ဘာအားစိုက်ထုတ်မှုမှတောင် မပြုလုပ်ချင်ခဲ့ဘူး။ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်တွေကို အလေးထားတဲ့ စိတ်နှလုံးမျိုး ကျွန်မမှာ ဘယ်လိုများ ရှိခဲ့လို့လဲ။ ဒါကို တွေးမိတော့ ကျွန်မ တော်တော် အပြစ်ရှိတယ်လို့ ခံစားရတယ်။ နောက်ပိုင်းမှာ လူသစ်တွေရဲ့ အခက်အခဲတွေနဲ့ ပြဿနာတွေကို ကိုယ်တိုင် ဦးဆောင်လေ့လာခဲ့ပြီး သူတို့ကို ကူညီဖို့ မိတ်သဟာယပြုပေးခဲ့တယ်။ တခြားလူတွေကို ပိုပျိုးထောင်ပေးဖို့လည်း ကျွန်မ အချိန်ပေးခဲ့တယ်။ ကျွန်မမှာ ပိုပြီး စိုးရိမ်စရာတွေ ရှိလာခဲ့သလို ပိုပြီး ဒုက္ခခံခဲ့ရပေမဲ့ ကျွန်မရဲ့ စိတ်နှလုံးထဲမှာတော့ ငြိမ်သက်မှုနဲ့ အေးချမ်းမှုတို့ကို ခံစားခဲ့ရပါတယ်။

တစ်လကြာတော့ လူသစ်တွေကို ရေလောင်းဖို့ တခြားအသင်းတော်တစ်ခုကို ကျွန်မ ပြောင်းရွှေ့ခံရတယ်။ ညီအစ်မ ယန်ချင်းက အလုပ်လုပ်နိုင်စွမ်း ညံ့ပြီး အဖွဲ့ခေါင်းဆောင် တာဝန်အတွက် အရည်အချင်းမမီဘူး၊ ဒါကြောင့် ကျွန်မကို အဲဒီတာဝန် ယူစေချင်တယ်လို့ ခေါင်းဆောင်တွေဆီက ကြားလိုက်ရတယ်။ ကျွန်မ ဖိအားအများကြီး ခံစားလိုက်ရပြီး တွေးမိတယ်၊ “အဖွဲ့ခေါင်းဆောင် ဖြစ်ရတာက လူသစ်တွေကို ရေလောင်းရတာတင် မကဘဲ၊ အလုပ်မှာ လမ်းလွဲမှုတွေကို အနှစ်ချုပ်ရတာ၊ ရေလောင်းသူတွေရဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ မိတ်သဟာယပြုရတာတွေလည်း ပါတာ။ ဒီအလုပ်တွေအကုန်လုံးကို ငါ တကယ် ကိုင်တွယ်နိုင်ပါ့မလား။ စိုးရိမ်စရာတွေ အများကြီး ရှိမယ့်ပုံပဲ” လို့ပေါ့။ ကျွန်မက အဲဒီတာဝန်ကို မြန်မြန် ငြင်းဖို့ ကြိုးစားပြီး ပြောလိုက်တယ်၊ “ယန်ချင်းက ရေလောင်းခြင်းအလုပ်ကို လုပ်လာတာ နှစ်အများကြီးရှိပြီ၊ စည်းမျဉ်းတချို့ကိုလည်း နားလည်သဘောပေါက်ထားတယ်။ လောလောဆည် သူ့ကိုပဲ အဖွဲ့ခေါင်းဆောင်အနေနဲ့ ဆက်လုပ်ခိုင်းလိုက်ရင်ရော။ ကျွန်မ သူ့ကို ကူညီပံ့ပိုးပေးလို့ ရတာပဲ၊ အဆင်မပြေရင်၊ နောက်မှ သူ့ကို တာဝန်ပြန်ပြောင်းပေးလို့ရတာပဲ” လို့ပေါ့။ ကျွန်မ အဖွဲ့ခေါင်းဆောင် ဖြစ်လိုစိတ်မရှိတာကို ခေါင်းဆောင်တွေက မြင်တော့ ကျွန်မကို အတင်းမတိုက်တွန်းတော့ဘူး၊ ဒါနဲ့ ကျွန်မ သက်ပြင်းချလိုက်မိတယ်။

နောက်ပိုင်းမှာ ယန်ချင်းက မာနထောင်လွှားတဲ့ စိတ်သဘောထား ရှိမှန်း၊ ပြီးတော့ သူ့တာဝန်တွေမှာ အတွေ့အကြုံတွေနဲ့ စည်းမျဉ်းတွေအပေါ်မှာပဲ အားကိုးနေမှန်း ကျွန်မ တွေ့ခဲ့ရတယ်။ ကျွန်မ မိတ်သဟာယပြုပြီး သူ့ကို ပြုပြင်ပေးဖို့ ကြိုးစားတဲ့အခါ သူက လက်မခံနိုင်ဘဲ၊ အမှုအရာတွေကို အရင်အတိုင်းပဲ ဆက်လုပ်ခဲ့တယ်။ ကျွန်မ ကိုယ့်ဘာသာကိုယ် တွေးမိတယ်၊ “ယန်ချင်းက အလုပ်လုပ်နိုင်စွမ်း ညံ့တာတင်မကဘူး၊ မိတ်သဟာယပြုပေးတဲ့ စည်းမျဉ်းတွေကိုလည်း နားမလည်နိုင်ဘူး၊ ပြီးတော့ သူ့အစွမ်းအစကလည်း အရမ်းညံ့တယ်။ ဒီအတိုင်းသာ ဆက်သွားရင် အလုပ်ကို နှောင့်နှေးစေမှာပဲ။ သူက အဖွဲ့ခေါင်းဆောင် တာဝန်နဲ့ တကယ် မသင့်တော်ဘူး” လို့ပေါ့။ ဒါပေမဲ့ ပြီးတော့ ကျွန်မ တွေးမိပြန်တယ်၊ “သူ့ကို ဖြုတ်ချလိုက်ရင် ဘယ်သူက ဦးဆောင်မှာလဲ။ အဖွဲ့ထဲက တခြား ညီအစ်ကိုမောင်နှမတွေကလည်း လေ့ကျင့်ကာစပဲ ရှိသေးပြီး စည်းမျဉ်းတွေကို နားမလည်ကြသေးဘူး။ ငါ့မှာ အားနည်းချက်တွေ အများကြီး ရှိပေမဲ့၊ လူသစ်တွေကို ရေလောင်းလာတာ နည်းနည်းကြာပြီဆိုတော့ စည်းမျဉ်းတချို့ကို နားလည်သဘောပေါက်ထားတယ်၊ ဒါကြောင့် ငါက ပိုသင့်တော်မယ့်သူပဲ” လို့ပေါ့။ ဒါပေမဲ့ အဖွဲ့ခေါင်းဆောင် ဖြစ်ရတာ ဖိအားများလွန်းတယ်၊ အရာအားလုံး ကိုယ်ပဲ စီမံရမယ်၊ ပြီးတော့ ခေါင်းရှုပ်စရာတွေ အများကြီးနဲ့ ကိုယ့်ကိုယ်ကိုယ် ပင်ပန်းအောင် လုပ်ရမှာပဲလို့ တွေးမိလိုက်တာနဲ့၊ အဲဒီအတွေးကို လက်လျော့လိုက်ပြီး၊ အဲဒီအစား တွေးလိုက်တယ်။ “ယန်ချင်းနဲ့ ပိုမိတ်သဟာယပြုပြီးတော့ပဲ အလုပ်မှာ သူ့ကို ကူညီပေးလိုက်ရင် မကောင်းဘူးလား။ အဲဒါဆို အဆင်ပြေလောက်ပါတယ်” လို့ပေါ့။ ဒီလိုနဲ့ ယန်ချင်းရဲ့ ပြဿနာတွေကို ကျွန်မ မြင်ပေမဲ့ တင်ပြမပေးခဲ့ဘူး။ အဲဒီအချိန်မှာပဲ အသင်းတော်က ညီအစ်ကိုတစ်ယောက် ကားတိုက်မှုဖြစ်ပြီး လက်ကျိုးသွားတယ်။ သူက သူ့တာဝန်တွေမှာ တောက်လျှောက် ခိုကပ်ပြီး ဝတ်ကျေတမ်းကျေပဲ လုပ်ခဲ့တယ်လို့ ကြားရတယ်၊ ပြီးတော့ ဖြုတ်ချခံရပြီးတဲ့နောက်မှာ ကိုယ့်ကိုယ်ကိုယ် မသိမြင်သလို နောင်တရတာ၊ ပြောင်းလဲလာတာမျိုး မရှိခဲ့ဘူးတဲ့။ အခု သူ့လက်ကျိုးသွားတော့ သူ တာဝန်ထမ်းဆောင်ချင်ရင်တောင် မထမ်းဆောင်နိုင်တော့ဘူး။ ဒီဖြစ်ရပ်က ကျွန်မကို တော်တော် တို့ထိမိသွားတယ်။ လူတွေက သူတို့တာဝန်တွေ ထမ်းဆောင်နေတုန်းမှာ မရိုးဖြောင့်တာ၊ ခိုကပ်တာ၊ သူတို့ရဲ့ လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်မှာ ပေါ့ဆတာ၊ ပြီးတော့ ဘယ်တော့မှ နောင်တမရတာတွေ ဖြစ်နေမယ်ဆိုရင်၊ တာဝန်တွေ ထမ်းဆောင်ဖို့ အခွင့်အရေး ဆုံးရှုံးသွားတဲ့အခါ နောင်တရလည်း နောက်ကျသွားပြီဆိုတာ ကျွန်မ မြင်လိုက်ရတယ်။ အဲဒီညီအစ်ကိုရဲ့ အတွေ့အကြုံက ကျွန်မအတွက် သတိပေးချက်နဲ့ နှိုးဆော်ချက်တစ်ခု ဖြစ်တယ်လို့ ခံစားရပြီး၊ ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ်ကို ပြန်သတိရမိတယ်။ “သင်သည် မိမိ၏တာဝန်ကို ဝတ်ကျေတမ်းကျေဖြစ်စွာ ထမ်းဆောင်ပြီး မထီမဲ့မြင် သဘောထားဖြင့် ချဉ်းကပ်လျှင် ရလဒ်မှာ မည်သည့်အရာ ဖြစ်မည်နည်း။ သင် ကောင်းမွန်စွာ ထမ်းဆောင်နိုင်စွမ်းရှိသည့် တာဝန်တစ်ခုတွင်ပင် သင်သည် ကောင်းမွန်စွာ လုပ်ဆောင်ရန် ပျက်ကွက်လိမ့်မည်၊ သင်၏ တာဝန်ထမ်းဆောင်မှုသည် စံနှုန်းပြည့်မီလိမ့်မည် မဟုတ်သကဲ့သို့ မိမိတာဝန်အပေါ် ထားရှိသည့် သင်၏ သဘောထားကို ဘုရားသခင် အလွန်ပင် ကျေနပ်အားရမှု မရှိဖြစ်လိမ့်မည်။ သင်သည် ဘုရားသခင်ထံ ဆုတောင်းနိုင်ပြီး သမ္မာတရားကို ရှာဖွေနိုင်ခဲ့လျှင်၊ စိတ်နှလုံးအကြွင်းမဲ့ဖြင့် လုပ်ဆောင်နိုင်ခဲ့လျှင်၊ ဤနည်းအားဖြင့် သင် ပူးပေါင်းဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်လျှင် ဘုရားသခင်က သင့်အတွက် အရာအားလုံးကို ကြိုတင်ပြင်ဆင်ပြီး ဖြစ်လိမ့်မည်။ ဤသို့ဖြင့် အမှုကိစ္စများကို သင် ကိုင်တွယ်သောအခါတွင် အရာရာတိုင်းက အဆင်ပြေချောမွေ့လိမ့်မည်ဖြစ်ပြီး ရလဒ်ကောင်းများ ဖြစ်ထွန်းလိမ့်မည်။ သင့်အနေဖြင့် ခွန်အားပမာဏများစွာ စိုက်ထုတ်ဖို့ လိုအပ်မည် မဟုတ်ပေ။ သင်သည် ပူးပေါင်းဆောင်ရွက်ဖို့ အစွမ်းကုန် ကြိုးစားသည့်အခါတွင် ဘုရားသခင်သည် သင့်အတွက် အရာရာ စီစဉ်နှင့်ပြီး ဖြစ်လိမ့်မည်။ သင်သည် စိတ်မချရဘဲ အချောင်ခိုပါက၊ သင်၏ တာဝန်ကို သင့်တင့်လျောက်ပတ်စွာ အာရုံစိုက် ထမ်းဆောင်ခြင်း မရှိဘဲ အစဉ်သဖြင့် လမ်းလွဲပါက ဘုရားသခင်သည် သင့်ထဲ၌ အလုပ်လုပ်လိမ့်မည် မဟုတ်ချေ။ သင်သည် ဤအခွင့်အရေးကို ဆုံးရှုံးရလိမ့်မည်ဖြစ်ပြီး ဘုရားသခင်က ‘သင်သည် ညံ့ဖျင်းပေသည်။ သင့်ကို ငါအသုံးမပြုနိုင်။ ဘေးထွက်ရပ်လော့။ သင်သည် ဉာဏ်များပြီး အချောင်ခိုရသည်ကို နှစ်သက်သည် မဟုတ်လော။ ပျင်းရိခြင်းနှင့် ကိုယ်စိတ်ချမ်းသာမှုတွင် ပျော်မွေ့ရခြင်းကို သင် နှစ်သက်သည် မဟုတ်လော။ ကဲ ထိုသို့ဆိုလျှင် ကိုယ်စိတ်ချမ်းသာမှုတွင် အစဉ်ထာဝရ ပျော်မွေ့လော့’ ဟု ဆိုလိမ့်မည်။ ဘုရားသခင်သည် ဤကျေးဇူးတော်နှင့် အခွင့်အရေးကို အခြားသူတစ်ဦးအား ပေးလိမ့်မည်။ သင်တို့ မည်သို့သဘောရသနည်း။ ဤသည်မှာ ဆုံးရှုံးမှုတစ်ခုလော၊ သို့မဟုတ် အကျိုးအမြတ်တစ်ခုလော။ (ဆုံးရှုံးမှုတစ်ခု ဖြစ်ပါသည်။) ယင်းမှာ ဧရာမ ဆုံးရှုံးမှုတစ်ခု ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး) ဘုရားသခင်ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားက လူသားရဲ့ ပုန်ကန်ပြစ်မှားမှုကို သည်းမခံဘူးဆိုတာ ကျွန်မ ခံစားလိုက်ရတယ်။ လူတွေ တာဝန်တွေ ထမ်းဆောင်ဖို့ အခွင့်အရေး ရတာက ဘုရားသခင်ရဲ့ ကျေးဇူးတော်ပါပဲ။ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်က ကျွန်မတို့ တာဝန်တွေမှာ သမ္မာတရားကို ရှာဖွေပြီး စည်းမျဉ်းတွေနဲ့အညီ ပြုမူဖို့၊ ဘုရားသခင်ကို ကျိုးနွံနာခံနိုင်ပြီး ကိုယ်တော်အပေါ် သစ္စာစောင့်သိဖို့၊ ပြီးတော့ စံနှုန်းပြည့်မီတဲ့ နည်းလမ်းနဲ့ ကျွန်မတို့ တာဝန်တွေကို ထမ်းဆောင်ဖို့ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီလိုအခွင့်အရေးတွေကို ကျွန်မ တန်ဖိုးမထားဘဲ၊ အစွမ်းကုန် အားမထုတ်ဘဲ ကိုယ့်တာဝန်တွေကို ပေါ့ပေါ့တန်တန်သဘောထားပြီး လှည့်ဖြားတတ်မယ်၊ ခိုကပ်တဲ့ပုံစံနဲ့ ထမ်းဆောင်မယ်ဆိုရင်၊ ဘုရားသခင်က ကျွန်မကို ပစ်ပယ်ပြီး ဘေးဖယ်ထားမှာ၊ လျစ်လျူရှုထားမှာပါပဲ။ အစတုန်းက ခေါင်းဆောင်တွေက ကျွန်မကို အဖွဲ့ခေါင်းဆောင် ဖြစ်စေချင်ပေမဲ့၊ ဆင်းရဲဒုက္ခနဲ့ အလုပ်ကြိုးစားရမှာကို ကြောက်လို့ တာဝန်ကို ကျွန်မ ငြင်းခဲ့တယ်။ အခု ယန်ချင်းက အဖွဲ့ခေါင်းဆောင် လုပ်ဖို့ မသင့်တော်ဘူးဆိုတာ သေချာနေပြီဖြစ်လို့၊ သူ့ကို ဆက်ထားတာက ရေလောင်းခြင်းအလုပ်ကို နှောင့်နှေးစေမှာပဲ။ ဒါကြောင့် သူ့ပြဿနာတွေကို ကျွန်မ အမြန် တင်ပြဖို့ လိုတယ်။ ဒါပေမဲ့ သူ့ကို ဖြုတ်ချလိုက်ရင် ကျွန်မက အဖွဲ့ခေါင်းဆောင် တာဝန်ကို ယူရပြီး ပိုများတဲ့ အလုပ်တာဝန်တွေ ယူရမှာကို ကျွန်မ ကြောက်နေခဲ့တယ်၊ ဒါကြောင့် ကိုယ့်ဇာတိပကတိ သက်သာဖို့အတွက် ယန်ချင်းရဲ့ ပြဿနာတွေကို ကျွန်မ မြင်ရက်နဲ့ မတင်ပြခဲ့ဘူး၊ အသင်းတော်ရဲ့ အလုပ်ကို နှောင့်နှေးစေပြီး ထိခိုက်နစ်နာစေအောင် သူ့ကို ဆက်လုပ်ခွင့်တောင် ပေးခဲ့တယ်။ ကိုယ့်တာဝန်တွေမှာ လှည့်ဖြားတတ်ပြီး ခိုကပ်ရဲ့ အကျိုးဆက်တွေ ဘယ်လောက် ပြင်းထန်လဲဆိုတာကို ကျွန်မ သဘောပေါက်လိုက်တယ်၊ ပြီးတော့ ကျွန်မသာ နောင်တမရသေးရင် အဲဒီညီအစ်ကိုလိုပဲ ဇာတ်သိမ်းရမယ်၊ ပြီးတော့ တာဝန်ထမ်းဆောင်ဖို့ အခွင့်အရေးကို လက်လွတ်ဆုံးရှုံးရနိုင်တယ်ဆိုတာကို သဘောပေါက်လိုက်တယ်။ နောင်တရဖို့နဲ့ ကိုယ့်ပြဿနာတွေကို ဖြေရှင်းဖို့ သမ္မာတရားကို ရှာဖွေဖို့ လိုလားတဲ့စိတ်နဲ့ ကျွန်မ ဘုရားသခင်ဆီ အမြန် ဆုတောင်းလိုက်တယ်။

ကျွန်မ ရှာဖွေနေတုန်းမှာ ဘုရားနှုတ်ကပတ်တော်တချို့ကို ဖတ်ခဲ့ရတယ်။ “သင်သည် လူတစ်ဦးဖြစ်သည့်အတွက်၊ လူတစ်ဦး၏ တာဝန်ဝတ္တရားများက အဘယ်အရာဖြစ်သည်ကို သင် စဉ်းစားဆင်ခြင်သင့်သည်။ ဘာသာတရားမရှိသူများက တန်ဖိုးအထားဆုံးဖြစ်သည့် မိဘကို ရိုသေခြင်း၊ သင်၏ မိဘများကို ထောက်ပံ့ခြင်းနှင့် သင်၏ မိသားစုအတွက် နာမည်ကောင်းရအောင် လုပ်ဆောင်ခြင်းကဲ့သို့သော တာဝန်ဝတ္တရားများကို ဖော်ပြရန်မလိုအပ်ပေ။ ဤအရာများအားလုံးသည် အနှစ်မဲ့ပြီး စစ်မှန်သော အဓိပ္ပာယ် ကင်းမဲ့သည်။ လူတစ်ဦးက ဖြည့်ဆည်းသင့်သည့် အနိမ့်ဆုံးသော တာဝန်ဝတ္တရားမှာ အဘယ်အရာဖြစ်သနည်း။ လက်တွေ့အကျဆုံးသောအရာမှာ သင်သည် သင်၏ တာဝန်ကို ယခု သင် မည်သို့ ကောင်းမွန်စွာ ထမ်းဆောင်သည်ဟူသည့်အရာ ဖြစ်သည်။ ဟန်ဆောင်လုပ်ပြရုံလုပ်ပြခြင်းမျှဖြင့် ကျေနပ်နေခြင်းသည် သင်၏ တာဝန်ကို ဖြည့်ဆည်းခြင်း မဟုတ်သည့်အပြင်၊ စကားလုံးများနှင့် အယူဝါဒများကို ပြောဆိုရုံမျှသည်လည်း သင်၏ တာဝန်ကို ဖြည့်ဆည်းခြင်း မဟုတ်ပေ။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် အမှုအရာများကို စည်းမျဉ်းအတိုင်း လုပ်ဆောင်ခြင်းသည်သာ သင်၏ တာဝန်ကို ဖြည့်ဆည်းခြင်း ဖြစ်သည်။ သမ္မာတရားကို သင် လက်တွေ့လုပ်ဆောင်ခြင်းသည် ထိရောက်ပြီး လူတို့အတွက် အကျိုးရှိလာသည့်အခါမှသာလျှင် သင်သည် သင်၏ တာဝန်ကို အမှန်တကယ် ဖြည့်ဆည်းပြီးဖြစ်လိမ့်မည်။ မည်သည့်တာဝန်ကို သင် ထမ်းဆောင်နေသည်ဖြစ်စေ၊ အရာခပ်သိမ်းတွင် သမ္မာတရား စည်းမျဉ်းများနှင့်အညီ ပြုမူဆောင်ရွက်ရာတွင် သင် မဆုတ်မနစ်ကြိုးပမ်းသည့်အခါမှသာ သင်သည် သင်၏ တာဝန်ကို အမှန်တကယ် ဖြည့်ဆည်းပြီးဖြစ်လိမ့်မည်။ အမှုအရာများကို လူသား လုပ်ဆောင်သည့်နည်းလမ်းအတိုင်း ဟန်ဆောင်လုပ်ပြရုံလုပ်ပြခြင်းသည် ဝတ်ကျေတမ်းကျေဖြစ်ခြင်း ဖြစ်သည်။ သမ္မာတရား စည်းမျဉ်းများကိုသာ စွဲမြဲခြင်းသည် သင်၏ တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်ခြင်းနှင့် သင်၏ တာဝန်ကို ဖြည့်ဆည်းခြင်း ဖြစ်သည်။ သင်သည် သင်၏ တာဝန်ကို ဖြည့်ဆည်းသည့်အခါ ဤသည်မှာ သစ္စာစောင့်သိခြင်း၏ သရုပ်သကန် မဟုတ်လော။ ဤသည်မှာ သင်၏ တာဝန်ကို သစ္စာရှိစွာ ထမ်းဆောင်ခြင်း၏ သရုပ်သကန် ဖြစ်သည်။ သင်သည် သင်၏ တာဝန်နှင့်စပ်လျဉ်း၍ ဤတာဝန်သိစိတ်၊ ဤစိတ်ပိုင်းဖြတ်ချက်နှင့် ဆန္ဒ၊ ဤသစ္စာစောင့်သိခြင်း၏ သရုပ်သကန် ရှိသည့်အခါမှသာလျှင် ဘုရားသခင်သည် သင့်ကို မျက်နှာသာဖြင့် ကြည့်လိမ့်မည်ဖြစ်ပြီး အသိအမှတ်ပြုလိမ့်မည်။ သင်သည် ဤတာဝန်သိစိတ်ပင် မရှိပါက ဘုရားသခင်သည် သင့်ကို လူပျင်းတစ်ဦး၊ ဉာဏ်မရှိသူတစ်ဦးအဖြစ် သဘောထားလိမ့်မည်ဖြစ်ပြီး သင့်ကို မထီမဲ့မြင်ပြုလိမ့်မည်။...ထိုသို့ဖြင့်၊ သင်သည် ဘုရားသခင် သင့်အပေါ် မျက်နှာသာပေးစေလိုပါက အနည်းဆုံးအနေဖြင့် သင်သည် အခြားလူများ၏ အမြင်တွင် သင့်ကိုယ်သင် ယုံကြည်စိတ်ချရသူတစ်ဦး ဖြစ်စေသင့်သည်။ သင်သည် အခြားသူများအား သင့်ကို ယုံကြည်စေလိုပါက၊ သင့်အပေါ် မျက်နှာသာပေးစေလိုပါက၊ သင့်ကို အထင်ကြီးစေလိုပါက အနည်းဆုံးအနေဖြင့် သင်သည် ဂုဏ်သိက္ခာရှိရမည်၊ တာဝန်သိစိတ် ရှိရမည်၊ သင်၏ ကတိကို တည်ရမည်ဖြစ်ပြီး ယုံကြည်စိတ်ချရသူ ဖြစ်ရမည်။ ထို့အပြင် သင်သည် ဘုရားသခင်၏ ရှေ့မှောက်တွင် လုံ့လဝီရိယရှိသူ၊ တာဝန်ယူသူနှင့် သစ္စာစောင့်သိသူ ဖြစ်လာရမည်။ ထိုအခါ သင်သည် သင်၏အပေါ် ဘုရားသခင်၏ သတ်မှတ်ချက်များကို အခြေခံအားဖြင့် ဖြည့်ဆည်းပြီးဖြစ်လိမ့်မည်။ ထိုအခါ သင်သည် ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို ရရှိရန် မျှော်လင့်ချက် ရှိလိမ့်မည် မဟုတ်လော။(နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၈)) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာ နှလုံးသားထဲ နက်နက်ရှိုင်းရှိုင်း ထိုးဖောက်သွားပြီး နေမထိထိုင်မသာ ဖြစ်သလို ခံစားလိုက်ရတယ်။ ကိုယ့်တာဝန်တွေမှာ ကျွန်မ လှည့်ဖြားတတ်ပြီး တာဝန်မဲ့ခဲ့လို့ ကိုယ့်ကိုယ်ကိုယ် လုံးဝ ယုံကြည်လို့မရတဲ့သူဖြစ်အောင် လုပ်ခဲ့မိမှန်း ကျွန်မ သဘောပေါက်လိုက်တယ်။ ယန်ချင်းက သူ့ရဲ့ ညံ့ဖျင်းတဲ့ အစွမ်းအစကြောင့် အဖွဲ့ခေါင်းဆောင် ရာထူးနဲ့ မသင့်တော်မှန်း ကျွန်မ သိခဲ့သလို အဲဒီအချိန်မှာ အဖွဲ့ထဲမှာ ခေါင်းဆောင်မှု ရာထူးအတွက် တခြား သင့်တော်တဲ့သူလည်း မရှိမှန်း ကျွန်မ သိခဲ့ပါတယ်၊ ဒါတောင်မှ ကျွန်မက အသင်းတော်ရဲ့ အလုပ်ကို စောင့်ရှောက်ဖို့အတွက် ဝန်တာကို ထမ်းဆောင်ဖို့ ဆန္ဒ မရှိခဲ့ဘူး။ ကျွန်မမှာ တကယ်ကို တာဝန်သိစိတ် ကင်းမဲ့နေခဲ့တာပါပဲ။ မိဘတချို့က သားသမီးတွေကို အရွယ်ရောက်တဲ့အထိ ပြုစုပျိုးထောင်ပေးပေမဲ့၊ သားသမီးတွေက ကြီးလာတဲ့အခါ သူတို့က ကိုယ့်ရဲ့ သက်သာပျော်ရွှင်မှုကိုပဲ ဂရုစိုက်ပြီး၊ မိဘတွေ နေမကောင်းဖြစ်တဲ့အခါ၊ ဒါမှမဟုတ် အသက်ကြီးလာလို့ ပြုစုစောင့်ရှောက်မှု လိုအပ်တဲ့အခါ ပစ်ထားတတ်ကြတာကို ကျွန်မ တွေးမိတယ်။ အဲဒီလိုလူမျိုးက အသိစိတ်နဲ့ လူ့သဘာဝ ကင်းမဲ့ပါတယ်။ ကျွန်မက ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကတစ်ဆင့် ကိုယ်တော်ရဲ့ ရေလောင်းပေးမှုနဲ့ ထောက်ပံ့မှု အများကြီးကို ခံစားခဲ့ရပေမဲ့၊ ရေလောင်းခြင်းအလုပ်က လူတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုကို လိုအပ်တဲ့အခါ၊ ကျွန်မက တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ်ကောင်းခဲ့တယ်၊ ကိုယ့်ဇာတိပကတိ သက်သာမှုကိုပဲ ဂရုစိုက်ခဲ့တယ်၊ အသင်းတော်ရဲ့ အလုပ်ကို လုံးဝ ထည့်မစဉ်းစားခဲ့ဘူး။ ကျွန်မမှာ လူ့သဘာဝ တကယ် မရှိပါဘူး။ ကိုယ့်ကိုယ်ကိုယ် ရွံမုန်းလာပြီး ကိုယ့်လုပ်ရပ်တွေအတွက် ရှက်မိတယ်၊ ဒါပေမဲ့ ပိုပြီးတော့တောင် ဆိုးတာက ကျွန်မ နောင်တရပြီး အပြစ်ရှိတယ်လို့ ခံစားရတယ်၊ ပြီးတော့ တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းတဲ့ ပုံစံနဲ့ ဆက်ပြီး အသက်ရှင်ဖို့ မလိုလားတော့ဘူး။

နောက်ပိုင်းမှာ ကျွန်မ စဉ်းစားမိတယ်၊ “ဇာတိပကတိ ဆင်းရဲဒုက္ခခံဖို့ လိုအပ်တဲ့ တာဝန်မျိုး ကြုံလာရတိုင်း၊ ဘာကြောင့်များ ငါက အတိုက်အခံဖြစ်ပြီး ပူးပေါင်းဆောင်ရွက်ဖို့ မလိုလားရတာလဲ။ ဒီပြဿနာရဲ့ အမြစ်က ဘာလဲ” လို့ပေါ့။ တစ်နေ့မှာ ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ် တွေ့လိုက်ရတယ်။ “လူတို့သည် ဘုရားသခင်၏ အမှုတော်ကို မတွေ့ကြုံမီနှင့် သမ္မာတရားကို နားမလည်မီတွင် ၎င်းတို့၏ အတွင်းမှ ချုပ်ထိန်းပြီး လွှမ်းမိုးထားသည်မှာ စာတန်၏ သဘာဝ ဖြစ်သည်။ ထိုသဘာဝတွင် အတိအကျအားဖြင့် မည်သည့်အရာ ပါဝင်သနည်း။ ဥပမာအားဖြင့် အဘယ်ကြောင့် သင်သည် တစ်ကိုယ်ကောင်းဆန်ရသနည်း။ အဘယ်ကြောင့် သင်သည် သင်၏ ကိုယ်ပိုင်အဆင့်အတန်းကို ကာကွယ်ရသနည်း။ အဘယ်ကြောင့် သင်သည် သင်၏ ခံစားချက်များ၏ လွှမ်းမိုးခြင်းကို ဤမျှလောက် ခံရသနည်း။ အဘယ်ကြောင့် သင်သည် ထိုမဖြောင့်မတ်သောအရာများနှင့် ထိုဆိုးယုတ်သောအရာများကို ကြိုက်နှစ်သက်ရသနည်း။ ထိုသို့သောအရာများကို သင် ကြိုက်နှစ်သက်ခြင်းအတွက် အခြေခံအကြောင်းရင်းမှာ အဘယ်အရာဖြစ်သနည်း။ ဤအရာများသည် အဘယ်မှ လာသနည်း။ အဘယ်ကြောင့် သင်သည် ၎င်းတို့ကို ကြိုက်နှစ်သက်ပြီး လက်ခံရသနည်း။ ယခုအချိန်တွင် သင်တို့အားလုံး နားလည်လာကြပြီး ဖြစ်သည်၊ အဓိကအကြောင်းရင်းမှာ စာတန်၏ အဆိပ်အတောက်များသည် လူ၏ အတွင်း၌ ရှိနေသောကြောင့် ဖြစ်သည်။ ဤသို့ဆိုလျှင် စာတန်၏ အဆိပ်ဆိုသည်မှာ အဘယ်နည်း။ ယင်းကို မည်သို့ ဖော်ပြနိုင်သနည်း။ ဥပမာအားဖြင့်၊ သင်က ‘လူများ အဘယ်သို့ အသက်ရှင်နေထိုင်သင့်သနည်း။ လူများသည် အဘယ်အရာအတွက် အသက်ရှင်သင့်သနည်း’ ဟု မေးပါက၊ သူတို့က ‘ကိုယ့်အတွက်ပဲ ကိုယ်ကြည့်။ ဘယ်သူသေသေ ငတေမာပြီးရော’ ဟု ဖြေကြလိမ့်မည်။ ဤတစ်ခုတည်းသော စကားစုက ပြဿနာ၏ တကယ့်အရင်းအမြစ်ကို ဖော်ပြလေသည်။ စာတန်၏ အတွေးအခေါ်နှင့် တွေးခေါ်မှုစနစ်တို့သည် လူသားတို့၏ အသက်တာများ ဖြစ်လာပြီဖြစ်သည်။ လူများသည် အဘယ်အရာကို လိုက်စားသည်ဖြစ်စေ ထိုသို့လုပ်ဆောင်ခြင်းသည် မိမိတို့ကိုယ်တိုင်အတွက်သာ ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် မိမိတို့ကိုယ်ကိုအတွက်သာ အသက်ရှင်ကြသည်။ ‘ကိုယ့်အတွက်ပဲ ကိုယ်ကြည့်။ ဘယ်သူသေသေ ငတေမာပြီးရော’ ဟူသော ဤအရာမှာ လူသား၏အသက် ဒဿနအမြင်ဖြစ်ပြီး ယင်းက လူသား၏ သဘာဝကိုလည်း ကိုယ်စားပြုလေသည်။ ဤစကားများသည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ သဘာဝ၊ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ ဆိုးယုတ်သော သဘာဝ၏ အမှန်တကယ် ပြယုဂ်ဖြစ်လာနှင့်ပြီးဖြစ်သည်။ ဤဆိုးယုတ်သော သဘာဝသည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ ဖြစ်တည်မှုအတွက် အခြေခံအချက် ဖြစ်လာနှင့်ပြီးဖြစ်သည်။ နှစ်ထောင်ချီကြာသည်အထိ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်သည် လက်ရှိအချိန်ကာလအထိ စာတန်၏ အဆိပ်ဖြင့် အသက်ရှင်ခဲ့ပြီးဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ပေတရု၏လမ်းကြောင်းအတိုင်း လျှောက်လှမ်းနည်း) ဘုရားနှုတ်ကပတ်တော်တွေကို ဆင်ခြင်သုံးသပ်ကြည့်တော့ စာတန်က ကျောင်းပညာရေး၊ လူမှုရေး လွှမ်းမိုးမှုတွေ၊ ပြီးတော့ ထင်ရှားကျော်ကြားတဲ့ ပုဂ္ဂိုလ်တွေရဲ့ အတွေးအခေါ်တွေနဲ့ စကားတွေကို အသုံးပြုပြီး လူတွေကို အဆိပ်ခတ်တယ်၊ “ကိုယ့်အတွက်ပဲ ကိုယ်ကြည့်။ ဘယ်သူသေသေ ငတေမာပြီးရော” နဲ့ “ဘဝသည် တိုတောင်း၏။ ဘဝတွင် ပျော်နိုင်တုန်း ပျော်ပါ။” လိုမျိုး၊ စာတန်ဆန်တဲ့ အဆိပ်တွေနဲ့ အတွေးအခေါ် အမျိုးမျိုးကို လူတွေထဲ သွတ်သွင်းပေးတယ်။ လူတွေက ဒီအရာတွေနဲ့ အသက်ရှင်ကြတယ်။ ဇာတိပကတိ ခံစားစံစားမှုကို သူတို့ရဲ့ ပန်းတိုင်နဲ့ လိုက်စားမှု ဦးတည်ချက်အနေနဲ့ သဘောထားတယ်၊ ပြီးတော့ အစားအသောက်၊ အဝတ်အစားနဲ့ ဇာတိပကတိ ခံစားမှုတွေ၊ ဆိုးယုတ်တဲ့ ခေတ်ရေစီးကြောင်းတွေကို စပြီး လိုက်စားလာကြတယ်၊ အဲဒါက ပုံမှန် လူ့သဘာဝရဲ့ အသိစိတ်နဲ့ ဆင်ခြင်တုံတရား ကင်းမဲ့ပြီး ပိုပြီး ယိုယွင်းတဲ့ ဘဝကို ဦးတည်စေတယ်။ ကျွန်မလည်း ဒီလိုပဲဆိုတာ နားလည်လိုက်တယ်၊ အထူးသဖြင့် ဇာတိပကတိ သက်သာမှုကို မက်မောတာပေါ့။ ဘုရားသခင်ကို မတွေ့ခင်တုန်းက အလုပ်မှာ သက်သာဖို့ ကျွန်မ ရှာဖွေခဲ့ပြီး ဆင်းရဲဒုက္ခနဲ့ ပင်ပန်းနွမ်းနယ်မှုကို ရှောင်ရှားခဲ့တယ်။ ပိုက်ဆံ အများကြီးရလား၊ နည်းနည်းရလားဆိုတာ အရေးမကြီးဘူး၊ စားဖို့သောက်ဖို့ လောက်ငရုံရှိရင် လုံလောက်ပြီပေါ့။ ကျွန်မပတ်ဝန်းကျင်က လူတွေ ပိုကောင်းတဲ့ ဘဝတွေ ရဖို့အတွက် ဒုက္ခခံ၊ ကြိုးစားအားထုတ်ပြီး ကိုယ့်ကိုယ်ကိုယ် ပင်ပန်းအောင် လုပ်နေကြတာ မြင်တဲ့အခါ၊ သူတို့ မိုက်မဲလိုက်တာလို့ ကျွန်မ တွေးခဲ့တယ်၊ ဘဝဆိုတာ ဆယ်စုနှစ် နည်းနည်းပဲ ကြာတာကို ဘာလို့ ကိုယ့်ကိုယ်ကိုယ် ဒုက္ခပေးနေမှာလဲလို့ ယုံကြည်ခဲ့တယ်လေ။ အခု ဘုရားအိမ်တော်မှာ တာဝန်ထမ်းဆောင်နေတဲ့အချိန်မှာတောင် ကျွန်မက လောကီအမြင်တွေကို ဆုပ်ကိုင်ထားတုန်းပဲ၊ ဇာတိပကတိ သက်သာမှုကို အမြဲ မက်မောပြီး ဒုက္ခမခံချင်ဘူး၊ ကိုယ့်ကိုယ်ကိုယ် မပင်ပန်းစေချင်ဘူး။ တစ်ခါတလေ တာဝန်ထမ်းဆောင်ရင်း ရက်ပိုင်းလောက် အလုပ်များပြီး စိတ်ပင်ပန်းသွားတဲ့အခါ၊ ဇာတိပကတိ အနားယူဖို့နဲ့ ကိုယ့်ကိုယ်ကိုယ် မပင်ပန်းရအောင် အခွင့်အရေးတွေကို ကျွန်မ အမြဲ ရှာချင်ခဲ့တယ်။ ဝန်တာထမ်းဖို့၊ ဒုက္ခခံဖို့နဲ့ အဖိုးအခပေးဆပ်ဖို့ အချိန်ရောက်လာတဲ့အခါ၊ ကျွန်မ အမြဲ နောက်တွန့်ချင်တယ်၊ ဒါမှမဟုတ် တာဝန်ကို တခြားတစ်ယောက်ဆီ ပုံချချင်ခဲ့တယ်။ အသိစိတ်နဲ့ ဆင်ခြင်တုံတရား တကယ်ရှိတဲ့လူတွေက သူတို့တာဝန်တွေမှာ ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာကို ဘယ်လို ပြန်ပေးဆပ်ရမလဲဆိုတာ စဉ်းစားကြတယ်၊ သူတို့ရဲ့ တာဝန်တွေမှာ အစွမ်းကုန် ကြိုးစားပြီး ရလဒ်ကောင်းတွေ ရရှိအောင် လုပ်ကြတယ်၊ ဒါပေမဲ့ ကျွန်မကတော့ တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ်ကောင်းသူ ဖြစ်တဲ့အတွက် ကိုယ့်ရဲ့ ဇာတိပကတိ အကျိုးစီးပွားကိုပဲ ထည့်တွက်ခဲ့တယ်၊ ပြီးတော့ လှည့်ဖြားတတ်ပြီး ခိုကပ်ခဲ့တယ်၊ ကိုယ့်တာဝန်တွေမှာ အစွမ်းကုန် အားထုတ်ဖို့ မလိုလားခဲ့ဘူး။ ကျွန်မ ခန္ဓာကိုယ်က သက်သာပြီး သိပ်ဒုက္ခမခံရပေမဲ့၊ သမ္မာတရားကို ရရှိမယ့် အခွင့်အရေး အများကြီးကို ဆုံးရှုံးခဲ့ရတယ်။ ကျွန်မက ကိုယ့်တာဝန်တွေကို ထပ်ခါတလဲလဲ ခေါင်းရှောင်ပြီး ငြင်းဆန်ခဲ့တယ်၊ ဘုရားသခင်ကို ပုန်ကန်ခဲ့တယ်။ ဒီအတိုင်းသာ ဆက်သွားရင် ကျွန်မက ဘုရားသခင်ရဲ့ ပစ်ပယ်ခြင်းကို ခံရပြီး ဖယ်ရှားရှင်းလင်းခံရရုံပဲ ရှိမှာပါ။ ဒါက သေခြင်းဆီ ဦးတည်တဲ့ လမ်းကြောင်းပဲ။ ဒီအချိန်မှာ သုတ္တံကျမ်းထဲက၊ “လူမိုက်တို့သည် ကြွယ်ဝမှုကြောင့် ပျက်စီးခြင်းသို့ ရောက်လိမ့်မည်” ဆိုတဲ့ စကားရဲ့ အဓိပ္ပာယ်ကို ကျွန်မ တကယ် နားလည်သဘောပေါက်လိုက်တယ်။ ကျွန်မရင်ထဲမှာ ကြောက်စိတ်တစ်ခု စွဲကျန်သွားတယ်။ အဲဒီညီအစ်ကိုရဲ့ ကားတိုက်မှုအကြောင်းသာ ကျွန်မ မကြားခဲ့ရရင် ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်မိမှာ မဟုတ်သလို၊ သက်သာမှုကို လိုက်စားခြင်းရဲ့ ပြင်းထန်တဲ့ အကျိုးဆက်တွေကို နားလည်ခဲ့မှာ မဟုတ်ဘူး၊ နောင်တရဖို့၊ ပြောင်းလဲနိုင်ဖို့ဆိုတာ ဝေးရောပေါ့။ ကျွန်မ ဘုရားသခင်ကို တိတ်တဆိတ် ကျေးဇူးတင်လိုက်တယ်။

နောက်ပိုင်းမှာ ကျွန်မ ဘုရားနှုတ်ကပတ်တော် နောက်တစ်ပိုဒ်ကို တွေ့ခဲ့ပြီး လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်းတစ်ခု ရခဲ့ပါတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “ရိုးသားသောလူတစ်ယောက်၏ သရုပ်သကန်များက မည်သည်တို့နည်း။ ပထမအချက်မှာ ဘုရားသခင်၏နှုတ်ကပတ်တော်များအကြောင်း သံသယမရှိခြင်းဖြစ်သည်။ ၎င်းသည် ရိုးသားသော လူတစ်ယောက်၏ သရုပ်သကန်များအနက်မှ တစ်ခုဖြစ်သည်။ ဤသည်မှလွဲ၍ အရေးအကြီးဆုံး သရုပ်သကန်မှာ ကိစ္စအားလုံးတွင် သမ္မာတရားကို ရှာဖွေပြီး လက်တွေ့လုပ်ဆောင်ခြင်း ဖြစ်သည်။ ဤသည်မှာ အရေးအပါဆုံးဖြစ်သည်။ သင်သည် ရိုးသားသည်ဟု ဆိုသော်လည်း အစဉ်သဖြင့် ဘုရားနှုတ်ကပတ်တော်ကို စိတ်ထဲတွင် မထားဘဲ သင် အလိုရှိသမျှကို လုပ်ဆောင်သည်။ ဤသည်မှာ ရိုးသားသူတစ်ယောက်ဖြစ်ကြောင်း သရုပ်သကန် ဖြစ်သလော။ သင်က ‘ငါ့အစွမ်းအစက ညံ့သော်လည်း ငါ့ထံတွင် ရိုးသားသည့် စိတ်နှလုံးရှိသည်’ ဟု ဆိုသည်။ သို့တိုင်အောင် တာဝန်တစ်ခုသည် သင့်အပေါ်သို့ ကျရောက်သောအခါ ဒုက္ခခံရမည်ကိုလည်းကောင်း၊ သင်သည် ကောင်းစွာ မလုပ်ဆောင်လျှင် တာဝန်ခံရမည်ကိုလည်းကောင်း ကြောက်သည်။ ထို့ကြောင့် သင်၏တာဝန်ကို ရှောင်ရန်အတွက် ဆင်ခြေများပေးသည်။ သို့မဟုတ် အခြားလူတစ်ယောက်ကို လုပ်ဆောင်ဖို့ အကြံပြုသည်။ ဤသည်မှာ ရိုးသားသူတစ်ယောက် ဖြစ်ကြောင်း သရုပ်သကန်ဖြစ်သလော။ မဟုတ်သည်မှာ သိသာထင်ရှား၏။ ဤသို့ဆိုလျှင် ရိုးသားသူတစ်ယောက်က မည်သို့ ပြုမူသင့်သနည်း။ ဘုရားသခင်၏ အစီအစဉ်များကို ကျိုးနွံနာခံသင့်သည်။ မိမိထမ်းဆောင်ရမည့် တာဝန်တွင် သစ္စာစောင့်သိခြင်းရှိရမည်။ ဘုရားသခင်၏ ရည်ရွယ်ချက်များကို ဖြည့်ဆည်းဖို့ ကြိုးပမ်းရမည်။ ဤအရာသည် နည်းလမ်းအချို့ဖြင့် သူ့ဘာသာသူ ပေါ်လွင်ထင်ရှားလေသည်။ တစ်ခုမှာ ရိုးသားသော နှလုံးသားဖြင့် မိမိတာဝန်ကို လက်ခံခြင်း၊ သင်၏ ဇာတိပကတိ အကျိုးစီးပွားများကို မစဉ်းစားခြင်း၊ ဤအရာနှင့်ပတ်သက်ပြီး စိတ်မပါတပါ မဖြစ်ခြင်းနှင့် သင်၏ ကိုယ်ပိုင်အကျိုးအမြတ်အတွက် ကြံစည်မှုမရှိခြင်းဖြစ်သည်။ ယင်းတို့သည် ရိုးသားမှု၏ သရုပ်သကန်များဖြစ်သည်။ အခြားတစ်ခုမှာ သင်၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်ခြင်း၌ စိတ်နှလုံး အကြွင်းမဲ့၊ အစွမ်းသတ္တိရှိသမျှ ထည့်ထားခြင်း၊ ဘုရားအိမ်တော်မှ သင့်အား အပ်နှံထားသော လုပ်ငန်းဆောင်တာများကို ကောင်းမွန်စွာ လုပ်ဆောင်ခြင်း၊ ဘုရားသခင်ကို ကျေနပ်စေရန်အတွက် သင်၏တာဝန်အပေါ် သင်၏ စိတ်နှလုံးနှင့် ချစ်ခြင်းကို မြှုပ်နှံခြင်းတို့ဖြစ်သည်။ ဤအရာတို့သည် ရိုးသားသူတစ်ယောက်က မိမိတာဝန်ကို ထမ်းဆောင်စဉ်တွင် ရှိသင့်သည့် သရုပ်သကန်များဖြစ်သည်။ သင်သည် မည်သည့်အရာလုပ်ဆောင်ရမည်ကို နားလည်ပြီး သိသော်လည်း ယင်းကို သင်မလုပ်ဆောင်လျှင် သင်သည် သင်၏ တာဝန်တွင် စိတ်နှလုံးအကြွင်းမဲ့၊ အစွမ်းသတ္တိရှိသမျှ ထည့်နေခြင်း မဟုတ်ပေ။ ထိုအစား သင်သည် ဉာဏ်များပြီး အချောင်ခိုရန် နည်းလမ်းများ ရှာနေခြင်းဖြစ်သည်။ မိမိတို့၏တာဝန်များကို ဤနည်းလမ်းဖြင့် ထမ်းဆောင်ကြသောသူများသည် ရိုးသားကြသလော။ လုံးဝ မရိုးသားပေ။ ဘုရားသခင်က ဤသို့သောစိတ်မချရသည့်အပြင် လှည့်ဖြားတတ်သောသူများကို အသုံးမပြုပေ။ ၎င်းတို့ကို ဖယ်ရှားရှင်းလင်းရမည်။ ဘုရားသခင်သည် တာဝန်များကို ထမ်းဆောင်ရန် ရိုးသားသောလူများကိုသာ အသုံးပြုသည်။ သစ္စာစောင့်သိသော အလုပ်လုပ်ပေးသူများသည်ပင် ရိုးသားရမည်။ တစ်သမတ်တည်း ဝတ်ကျေတမ်းကျေလုပ်ကာ ဉာဏ်များပြီး အချောင်ခိုသော လူများအားလုံးသည် လှည့်ဖြားတတ်ကြသည်။ ပြီးလျှင် ၎င်းတို့အားလုံးသည် မကောင်းဆိုးဝါးများဖြစ်သည်။ ၎င်းတို့ထဲမှ မည်သူကမျှ ဘုရားသခင်ကို အမှန်တကယ် မယုံကြည်ကြပေ။ ၎င်းတို့အားလုံးသည် ဖယ်ရှားရှင်းလင်းခြင်း ခံရလိမ့်မည်။ လူအချို့က ‘ရိုးသားသောလူတစ်ဦး ဖြစ်ခြင်းသည် လွယ်ကူသည်မှာ အမှန်ပင်ဖြစ်သည်။ ယင်းမှာ အမှန်အတိုင်း ပြောပြီး မုသား မပြောခြင်းသာ ဖြစ်သည်။’ ဟု ထင်ကြသည်။ ဤခံယူချက်ကို သင်မည်သို့ထင်မြင်သနည်း။ ရိုးသားသူတစ်ဦး ဖြစ်ခြင်းသည် အတိုင်းအတာ အလွန်ပင် ကျဉ်းမြောင်းသလော။ လုံးဝ မဟုတ်ပေ။ သင်သည် သင်၏ စိတ်နှလုံးကို ထုတ်ဖော်ပြီး ဘုရားသခင်ကို ပေးရမည် ဖြစ်သည်။ ဤသည်မှာ ရိုးသားသောလူတစ်ဦး ရှိသင့်သည့် သဘောထားဖြစ်သည်။ ထိုအကြောင်းကြောင့် ရိုးသားသည့်နှလုံးသားသည် အလွန် အဖိုးတန်လေသည်။ ဤအရာက မည်သည်ကို သွယ်ဝိုက်ညွှန်းဆိုသနည်း။ ရိုးသားသောစိတ်နှလုံးသည် သင်၏ အပြုအမူကို စိုးမိုးပြီး သင်၏အခြေအနေကို ပြောင်းလဲနိုင်သည်ဟုဖြစ်သည်။ ယင်းက သင့်အား မှန်ကန်သော ရွေးချယ်မှုများပြုစေပြီး ဘုရားသခင်ကို ကျိုးနွံနာခံနိုင်စေကာ သူ၏ အသိအမှတ်ပြုခြင်းရစေသည်။ ဤကဲ့သို့သော စိတ်နှလုံးသည် အမှန်တကယ်ကို အဖိုးတန်လေသည်။ သင့်တွင် ဤကဲ့သို့ရိုးသားသော စိတ်နှလုံးရှိပါက ဤသည်မှာ သင်နေထိုင်သင့်သည့် အခြေအနေ၊ သင်ပြုမူနေထိုင်သင့်သည့်ပုံနှင့် သင့်ကိုယ်သင် ပေးဆပ်သင့်သည့်ပုံ ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး) ဘုရားသခင်က ရိုးသားတဲ့လူတွေနဲ့ သူတို့တာဝန်တွေအတွက် ဝန်တာထားတဲ့စိတ်၊ တာဝန်သိစိတ် ရှိတဲ့သူတွေကို နှစ်သက်မှန်း ကျွန်မ နားလည်ခဲ့တယ်။ အဲဒီလိုလူတွေက အစွမ်းအစညံ့ရင် ညံ့နိုင်ပေမဲ့ သူတို့စိတ်နှလုံးက ဘုရားအိမ်တော်ဆီ ဦးတည်နိုင်တယ်။ သူတို့က ကိုယ့်အကျိုးစီးပွားအတွက် ကြံစည်တာမရှိဘဲ သူတို့တာဝန်တွေမှာ စိတ်နှလုံး၊ အားအင်ရှိသမျှကို စိုက်ထုတ်ကြတယ်။ အဲဒီလိုလူတွေကို ဘုရားသခင်က အသိအမှတ်ပြုပါတယ်။ ကျွန်မလည်း ဘုရားနှုတ်ကပတ်တော်နဲ့အညီ လက်တွေ့လုပ်ဆောင်ဖို့ လိုလားလာခဲ့တယ်။ အဖွဲ့ခေါင်းဆောင် ဖြစ်ရတာက အလုပ်မှာ အခက်အခဲတချို့ ကြုံရမှာဖြစ်ပေမဲ့၊ ဘုရားသခင်က လူတွေ မထမ်းနိုင်တဲ့ ဝန်တာတွေကို မပေးပါဘူး။ ကျွန်မက ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို စဉ်းစားရမယ်၊ အသင်းတော်ရဲ့ အလုပ်ကို ဦးစားပေးရမယ်၊ လှည့်ဖြားတတ်တာ၊ ခိုကပ်တာမျိုး မရှိဘဲ တာဝန်တွေမှာ ဘုရားသခင်ကို ကျိုးနွံနာခံတဲ့ စိတ်နှလုံးနဲ့၊ ကိုယ်လုပ်နိုင်တာကို အစွမ်းကုန်လုပ်ရမယ်။ နောဧ သင်္ဘောဆောက်တာကို ကျွန်မ တွေးမိတယ်။ အဲဒီအချိန်တုန်းက စက်မှုလုပ်ငန်းတွေ မဖွံ့ဖြိုးသေးသလို သယ်ယူပို့ဆောင်ရေးကလည်း အကန့်အသတ်ရှိတယ်၊ ပြီးတော့ နောဧက သင်္ဘောဆောက် ကျွမ်းကျင်သူ မဟုတ်ဘူး။ အဲဒီလောက် ကြီးမားတဲ့ သင်္ဘောကို ဆောက်ဖို့ဆိုတာ နောဧအတွက် အရမ်းခက်ခဲပေမဲ့၊ ဘုရားသခင်ရဲ့ တာဝန်ပေးစေခိုင်းချက်နဲ့ ရင်ဆိုင်ရတဲ့အခါ နောဧက နောက်မဆုတ်ခဲ့ဘူး၊ ပြီးတော့ သူ့ရဲ့ ကိုယ်ပိုင် ဇာတိပကတိ အကျိုးစီးပွားအတွက် ထည့်မစဉ်းစားသလို အကြံအစည်လည်း မရှိခဲ့ဘူး။ ဘုရားသခင်ရဲ့ အမိန့်တော် ရောက်လာတာနဲ့ သူက ချက်ချင်း စပြီး လက်တွေ့လုပ်ဆောင်တယ်၊ အချိန်မဆွဲဘူး။ နောဧက ဘုရားသခင်ရဲ့ စိတ်နှလုံးနဲ့ တစ်သားတည်းဖြစ်အောင် လုပ်ပြီး ဘုရားသခင်ရဲ့ ဝန်တာကို ကိုယ့်ဝန်တာဖြစ်အောင် လုပ်ခဲ့တယ်။ ဘုရားသခင်ရဲ့ တာဝန်ပေးစေခိုင်းချက်အပေါ် ရိုးစင်းပြီး ကျိုးနွံနာခံတဲ့ စိတ်နှလုံးမျိုး သူ့မှာ ရှိတယ်၊ အဲဒါက အဖိုးတန်ဆုံးဖြစ်ပြီး ဘုရားသခင် အသိအမှတ်ပြုတဲ့ အရာပါပဲ။ ညီအစ်ကိုမောင်နှမတွေ ရေလောင်းခြင်းအလုပ်ကို ကောင်းကောင်းလုပ်နိုင်အောင် တိုက်တွန်းအားပေးဖို့ ခေါင်းဆောင်တွေက ကျွန်မကို အဖွဲ့ခေါင်းဆောင် လုပ်ခိုင်းခဲ့ကြတယ်၊ အဲဒီအတွက် ကျွန်မက ဆင်းရဲဒုက္ခ နည်းနည်းပိုခံပြီး အဖိုးအခ နည်းနည်းပိုပေးဆပ်ဖို့ပဲ လိုတာပါ၊ ဒါပေမဲ့ ကျွန်မမှာ နာခံလိုတဲ့သဘောထား မရှိခဲ့ဘူး။ ကိုယ့်တာဝန်အပေါ်ထားတဲ့ ကျွန်မသဘောထားက နောဧနဲ့ယှဉ်ရင် မိုးနဲ့မြေလို ကွာခြားနေတာပဲ။ နောဧရဲ့ ရိုးစင်းမှု၊ ရိုးသားမှုနဲ့ ကျိုးနွံနာခံမှုတို့နဲ့ ကိုယ့်ကိုယ်ကိုယ် ယှဉ်ကြည့်လိုက်တော့၊ ကျွန်မ အရမ်း ရှက်မိပြီး အပြစ်ရှိတယ်လို့ ခံစားရတယ်။ အခု ရေလောင်းခြင်းအလုပ်က နှောင့်နှေးနေပြီဖြစ်လို့၊ ကျွန်မက ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို စဉ်းစားသင့်တယ်၊ ဝန်တာထမ်းရွက်ဖို့ ဦးဆောင်မှုယူသင့်တယ်၊ ပြီးတော့ ဘာနောင်တမှ မကျန်ရစ်ဘဲ ကိုယ်လုပ်သင့်လုပ်ထိုက်တာကို ပြီးမြောက်အောင် အစွမ်းကုန် လုပ်သင့်တယ်။ ဒါကြောင့် ယန်ချင်းရဲ့ ပြဿနာတွေကို ကျွန်မ ရိုးရိုးသားသား တင်ပြခဲ့တယ်၊ နောက်တော့ ခေါင်းဆောင်တွေက သူ့ကို ဖြုတ်ချလိုက်ပြီး၊ ကျွန်မ အဖွဲ့ခေါင်းဆောင် ဖြစ်လာတယ်။

အစပိုင်းမှာ အဖွဲ့ခေါင်းဆောင်အနေနဲ့ လေ့ကျင့်နေတုန်း ကျွန်မမှာ လိုအပ်ချက်တွေ အများကြီးရှိပြီး ဖြေရှင်းရမယ့် ပြဿနာတွေ အများကြီး ရှိခဲ့တယ်၊ ပြီးတော့ ကျွန်မ ခဏခဏ အချိန်ပို ဆင်းရတယ်။ ကြာလာတော့ ကျွန်မမှာ အပျက်သဘောဆောင်တဲ့ ခံစားချက်တချို့ စရှိလာပြီး၊ အဖွဲ့ခေါင်းဆောင် ဖြစ်ရတာ စိတ်ပူစရာတွေ များလွန်းတယ်၊ ငါ့အရင်တာဝန်က ပိုလွယ်တာပဲလို့ ခံစားမိတယ်။ အဲဒီလို တွေးမိတဲ့အခါ ကိုယ့်ဇာတိပကတိကို ကျွန်မ ပြန်ပြီး စဂရုစိုက်မိနေပြီဆိုတာ သဘောပေါက်လိုက်တယ်၊ ဒါကြောင့် ကိုယ့်ဇာတိပကတိကို ပုန်ကန်လိုစိတ်နဲ့ စိတ်နှလုံးထဲကနေဘုရားသခင်ဆီ ဆုတောင်းခဲ့တယ်။ ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ်ကို ကျွန်မ ဖတ်ခဲ့တယ်၊ “ယနေ့တွင် ငါ၏အလို‌တော်ကို လိုက်လျှောက်နိုင်သော မည်သူ့ကိုမဆို၊ ငါ၏ဝန်ထုပ်ဝန်ပိုးများကို အရေးထားသော မည်သူ့ကိုမဆိုနှင့် စစ်မှန်သော နှလုံးသားတစ်ခု၊ ရိုးသားမှုဖြင့် မိမိတို့၏အရာအားလုံးကို ငါ့အတွက် ပေးနိုင်သည့် မည်သူ့ကိုမဆို ငါချစ်၏။ ငါသည် ထိုသူတို့ကို အဆက်မပြတ် အသိဉာဏ်ပွင့်လင်းစေလိမ့်မည်ဖြစ်ပြီး ငါ့ထံမှ တစ်စတစ်စ လက်လွတ်ဆုံးရှုံးစေလိမ့်မည် မဟုတ်ပေ။ ‘ငါ့အတွက် စစ်မှန်စွာ အသုံးခံသောသူတို့၊ ငါသည် သင့်အား ဧကန်မုချ အလွန် ကောင်းချီးပေးမည်။’ ဟု မကြာခဏ ငါပြောသည်။ ‘ကောင်းချီးပေးသည်’ ဆိုသည်မှာ အဘယ်အရာကို ရည်ညွှန်းသနည်း။ သင်သိသလော။ သန့်ရှင်းသော ဝိညာဉ်တော်၏ လက်ရှိအလုပ်နှင့် စပ်လျဉ်း၍ ၎င်းသည် သင့်ထံ ငါပေးသော ဝန်ထုပ်ဝန်ပိုးများကို ရည်ညွှန်းသည်။ အသင်းတော်အတွက် ဝန်ထုပ်ဝန်ပိုးတစ်ခုကို သယ်ဆောင်နိုင်သူအားလုံးနှင့် ငါ့အတွက် သူတို့ကိုယ်သူတို့ ရိုးသားစွာ ဆက်ကပ်သူအားလုံးအတွက် သူတို့၏ ဝန်ထုပ်ဝန်ပိုးများနှင့် သူတို့၏ အလွန်စိတ်ထက်သန်မှုတို့သည် ငါ့ထံမှလာသော ကောင်းချီးမင်္ဂလာများ ဖြစ်ကြသည်။ ထပ်လောင်းအနေဖြင့် သူတို့ထံ ငါ၏ထုတ်ဖော်ခြင်းများသည်လည်း ငါ့ထံမှလာသော ကောင်းချီးမင်္ဂလာတစ်ခု ဖြစ်၏။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၈၂)) ဘုရားနှုတ်ကပတ်တော်တွေကို တွေးဆကြည့်တော့ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို ကျွန်မ နားလည်ခဲ့တယ်။ အဖွဲ့ခေါင်းဆောင် ဖြစ်လာပြီးတဲ့နောက် လူ၊ ဖြစ်ရပ်နဲ့ အမှုအရာ ပိုများများနဲ့ ကျွန်မ ကြုံတွေ့ရတယ်။ ပြဿနာ ဒါမှမဟုတ် အခက်အခဲ တစ်ခုခု ကြုံရတိုင်း၊ ဖြေရှင်းဖို့ ဘုရားသခင်ကို မှီခိုပြီး သမ္မာတရားကို ရှာဖွေဖို့ ကျွန်မ သင်ယူဖို့ လိုအပ်တယ်။ ဒါက ကျွန်မရဲ့ အသက်ကြီးထွားမှုအတွက် ပိုအကျိုးရှိပြီး၊ ဒါဟာ ဘုရားသခင်ရဲ့ ကျေးဇူးတော်ပါပဲ။ ဒါကို တွေးမိတော့ ကျွန်မ အားရှိပြီး စိတ်ပိုင်းဖြတ်လိုက်တယ်။ နောက်ပိုင်းမှာ အလုပ်ကို ကျွန်မ တက်တက်ကြွကြွ နောက်ဆက်တွဲလိုက်လုပ်ခဲ့တယ်၊ ပြီးတော့ ညီအစ်ကိုမောင်နှမတွေရဲ့ အခြေအနေ မကောင်းတာ တွေ့ရတိုင်း ဖြေရှင်းနိုင်ဖို့အတွက် သမ္မာတရားကို မိတ်သဟာယပြုပေးခဲ့တယ်။ အလုပ်မှာရှိတဲ့ ပြဿနာတွေနဲ့ပတ်သက်ပြီး သမ္မာတရား စည်းမျဉ်းတွေကိုလည်း ကျွန်မ ရှာဖွေခဲ့တယ်။ ဒီလို လက်တွေ့လုပ်ဆောင်လိုက်တော့ ကျွန်မရဲ့ အသက် ဝင်ရောက်မှုမှာပဲဖြစ်ဖြစ်၊ ကိုယ့်တာဝန်တွေမှာပဲဖြစ်ဖြစ်၊ ကျွန်မ တိုးတက်မှုတချို့ ရနေတယ်လို့ ခံစားရတယ်။ ညီအစ်ကိုမောင်နှမတွေနဲ့ ဆွေးနွေးပြီးတိုင်း သူတို့ တစ်ခုခု ရရှိတယ်လို့ ပြောကြတယ်၊ ပြီးတော့ ကျွန်မ အရမ်း ပျော်ရွှင်ရတယ်။ တက်တက်ကြွကြွနဲ့ တာဝန်တွေယူဖို့ လိုလားတာက၊ ကိုယ့်အတွက် အကျိုးရှိရုံတင်မကဘဲ တခြားလူတွေကိုလည်း ကူညီနိုင်မှန်း ကျွန်မ တွေ့လိုက်ရတယ်။ ဇာတိပကတိအတွက် အသက်မရှင်ဘဲ ကိုယ့်တာဝန်ကို ကောင်းကောင်း ထမ်းဆောင်ဖို့ ကြိုးစားတာက ကျွန်မကို စိတ်ထဲမှာ ငြိမ်သက်အေးချမ်းစေမှန်း ကျွန်မ နားလည်သဘောပေါက်လာတယ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ရိုးသားသော တိုင်ကြားမှုကြောင့် ဖိနှိပ်ခြင်းကို ရင်ဆိုင်ရခြင်း

လီမင် ဂျာမနီနိုင်ငံ ဖန်ပင်းက ရေလောင်းအဖွဲ့ကို ကျွန်မ စီမံနေချိန်မှာ ကျွန်မအလုပ်ကို တာဝန်ယူခဲ့တဲ့ ခေါင်းဆာင်လေ။ ကျွန်မတို့...

ဘုရားသခင် အလွန် ဖြောင့်မတ်သည်

ကျန်းလင် ဂျပန်နိုင်ငံ၂၀၁၂ ခုနှစ် စက်တင်ဘာလတွင်၊ အသင်းတော်အလုပ်ကို ကျွန်တော် ကွပ်ကဲနေချိန်တွင် ခေါင်းဆောင်ယန်ကျူးနှင့် ဆုံခဲ့ရသည်။ သူက...

အန္တိခရစ်စိတ်သဘောထားများအပေါ် ကျွန်ုပ်၏ နည်းပါးသော အသိ

ဉယားဒီ ပြင်သစ်နိုင်ငံ ၂၀၂၁ ခုနှစ်မှာ အသင်းတော် ခေါင်းဆောင်အနေနဲ့ ကျွန်မ အရွေးခံခဲ့ရတယ်။ ရေလောင်းတဲ့အလုပ်နဲ့ ပတ်သက်လို့ ကျွန်မ အတန်ကြာ...

ဘုရားသခင်အတွက် ဘယ်လိုသက်သေခံရမယ်ဆိုတာ အခု ကျွန်မသိပြီ

ရွှင်လု တရုတ်နိုင်ငံ၂၀၂၁ခုနှစ်၊ ဧပြီလမှာ ကျွန်မက ဧဝံဂေလိ မျှဝေရင်းနဲ့ အစ်မချန်နဲ့အတူ အလုပ်လုပ်တယ်။ ကျွန်မက ဒီအလုပ်နဲ့ပတ်သက်ပြီး...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။