ကြီးကြပ်မှုကို လက်ခံခြင်းက ကျွန်မကို ကူညီခဲ့ပုံ

13.12.2022

ရှမ်းရီ ဂျပန်နိုင်ငံ

အဖွဲ့နှစ်ဖွဲ့ရဲ့ ဧဝံဂေလိအလုပ်အတွက် ကျွန်မ တာဝန်ရှိခဲ့တယ်။ မကြာခင်တုန်းက၊ တချို့ ညီအစ်ကို မောင်နှမတွေက လက်တွေ့အလုပ်မလုပ်သလို သူတို့တာဝန်မှာ ဖြစ်သလိုလုပ်ကြလို့ အထုတ်ခံခဲ့ရတယ်။ ကျွန်မ ကြောက်သလိုဖြစ်သွားတယ်။ စဉ်းစားနေမိတာက တကယ့်အလုပ် သေချာလုပ်ပြီး လက်တွေ့ ပြဿနာတွေကို ဖြေရှင်းရမယ်၊ မဟုတ်ရင် ကျွန်မလည်း အထုတ်ခံရမယ်လို့ပေါ့။ တစ်ခါ စုဝေးပွဲတစ်ခုမှာ၊ ခေါင်းဆောင်က မေးတယ်၊ “တခြား အသင်းတော်တွေကနေ လတ်တလော ရွှေ့ပြောင်းခံရတဲ့ ညီအစ်ကို မောင်နှမတွေကို စည်းမျဉ်းတွေနဲ့ ပတ်သက်ပြီး မိတ်သဟာယပြုပြီးပြီလား”တဲ့။ ကျွန်မ အံ့ဩသွားတယ်။ အဲဒါမှ ပြဿပဲ။ သူတို့ကို စည်းမျဉ်းတွေ မဟုတ်ဘဲ၊ အလုပ်စီးဆင်းပုံကိုပဲ ပြောရသေးတာလေ။ ခေါင်းဆောင်ကို ဘာပြောသင့်လဲ။ သူတို့နဲ့ မိတ်သဟာယ မဖွဲ့ရသေးဘူးလို့ ပြောရင်၊ တကယ့်အလုပ်ကို ပြီးအောင်မလုပ်ဘူးလို့ သူ ပြောမလား။ ဒါပေမဲ့ သူတို့နဲ့ မိတ်သဟာယဖွဲ့ပြီးပြီလို့ ပြောရင် မှန်မှာ မဟုတ်ဘူးလေ။ အပြစ်ရှိသလိုမျိုး ခံစားရပြီး ထစ်ထစ် ငေါ့ငေါ့ ပြောလိုက်တယ်။ “သူတို့ချို့တဲ့တာကို မူတည်ပြီး နည်းနည်း မိတ်သဟာယပြုပြီးပြီ”လို့။ ခေါင်းဆောင်က ချက်ချင်း ပြန်ပြောတယ်၊ “သူတို့နဲ့ စည်းမျဉ်းတွေအကြောင်း မမျှဝေရင်၊ သူတို့တာဝန်မှာ ဦးတည်ချက် ရှိမှာ မဟုတ်ဘူး။ အဲဒီလိုနဲ့ ရလဒ်ကောင်းတွေ ရ နိုင်မလား။ ဒီညီအစ်ကို မောင်နှမတွေကို ပြုစုပျိုးထောင်ပေးတာကို ကျွန်မတို့ အာရုံစိုက်ရမယ်”တဲ့။ ကျွန်မပြဿနာကို ခေါင်းဆောင်က ထောက်ပြတော့၊ ကျွန်မမျက်နှာ ပူနေတာ ခံစားလို့ရတယ်။ အဲဒီနောက်မှာ ကျွန်မကို သူ ဘာများထင်မလဲလို့ တွေးနေမိတယ်၊ အဲဒီလို အခြေခံကျတဲ့ အလုပ်ကိုတောင် မပြီးစီးဘူးဆိုတော့ လက်တွေ့အလုပ်ကို ကျွန်မ မလုပ်တဲ့သဘောပဲလို့ သူတွေးမလားဆိုပြီးပေါ့။

မကြာခင်မှာ၊ ကျွန်မတာဝန်ယူတဲ့ အဖွဲ့တွေထဲက တစ်ဖွဲ့က ဖြစ်ထွန်းမှု စဆုတ်ယုတ်လာပြီး၊ အဲဒီအချိန် ကျွန်မအလုပ်မှာ ပြဿနာ နည်းနည်း ဖြစ်ပေါ်လာတယ်။ အဲဒီလိုသာ ဆက်ဖြစ်ရင် ကျွန်မတို့ အလုပ် ထိရောက်မှု ထိခိုက်မှာကို ခေါင်းဆောင်က တွက်ဆမိတယ်၊ ဒါကြောင့် ကျွန်မတာဝန်ယူတဲ့ အဖွဲ့နှစ်ဖွဲ့ကနေ တစ်ဖွဲ့ကို လျှော့ချလိုက်တယ်။ အဲဒီသတင်းကြားတော့ ကျွန်မ တကယ် စိတ်ညစ်သွားတယ်။ ကျွန်မက လက်တွေ့အလုပ် မလုပ်တဲ့သူလို့ ခေါင်းဆောင်က ထင်သွားတာ များလားလို့ တွေးမိတယ်။ မဟုတ်ရင်၊ ကျွန်မတာဝန်တွေရဲ့ နယ်ပယ်ကို သူ လျှော့ချမှာ မဟုတ်ဘူးလေ။ ခုတစ်လော ကျွန်မအလုပ်ကို သူက အများကြီး လိုက်ကြည့်နေခဲ့တာ။ ကျွန်မက တာဝန်မှာ အလုပ်ကြိုးစားမနေဘူး၊ အားကိုးလို့ မရဘူးလို့ သူတွေးခဲ့တာလား။ ကျွန်မရဲ့ နောက်ထပ် အမှားတွေကို သူရှာတွေ့ရင် ကျွန်မကို ထုတ်မှာလား။ အဲဒီအချိန် အတောအတွင်းမှာ၊ ကျွန်မတို့ စုဝေးပွဲကို ခေါင်းဆောင်က လာတက်မယ်ဆိုတာ ကြားတိုင်း၊ ဘယ်မေးခွန်းမျိုး သူမေးမယ်၊ ဘယ်အလုပ်ကို သူ လိုက်ကြည့်မယ်ဆိုတာတွေကို ကျွန်မ စပြီးတွေးဆတယ်။ ခေါင်းဆောင်က ညီအစ်ကို မောင်နှမတွေ သူတို့တာဝန်တွေမှာ အဆင်ပြေလားလို့ အကြိမ်တော်တော်များများ မေးကြတာ တွက်ဆမိလို့ စုဝေးပွဲမတိုင်ခင်မှာ အဲဒီအကြောင်းကို အပြေးသိအောင်လုပ်တယ်။ တစ်ခါတလေ ဖြေရှင်းဖို့လိုတဲ့ တခြား ပြဿနာတွေ ရှိခဲ့ပေမဲ့၊ နောက်နေ့ ခေါင်းဆောင်ရဲ့ မေးခွန်းတွေကို မဖြေနိုင်မှာဆိုတဲ့ အတွေးနဲ့ လက်တွေ့အလုပ်မလုပ်တဲ့အတွက် ဖော်ထုတ်ခံရမှာကို ကြောက်ခဲ့တယ်။ ဒါကြောင့် အရေးတကြီး ကိုင်တွယ်ဖို့ လိုတဲ့ ပြဿနာတွေကို ချောင်ထိုးထားလိုက်ပြီး၊ တခြားလူတွေကို တစ်ယောက်ပြီး တစ်ယောက် သွားဆွေးနွေးတယ်။ အချိန်နည်းနည်းကြာတော့၊ ခေါင်းဆောင် အာရုံအစိုက်ဆုံး အလုပ်တွေကို မရပ်မနား လုပ်ခဲ့ပြီး၊ နေ့တိုင်း အလုပ်များနေခဲ့ပေမဲ့ ကိုယ့်တာဝန်မှာ ပိုကောင်းတဲ့ ရလဒ်တွေ မရခဲ့ဘူး။ အမှန်တော့ ပိုဆိုးအောင် လုပ်နေခဲ့တာ။ တစ်ခါ ခေါင်းဆောင်က စုဝေးပွဲတစ်ခုမှာ မေးတယ်။ “အရင်ကဧဝံဂေလိအလုပ်မှာ ဂျိုဝါနာ လုပ်တာ သိပ်ကောင်းရက်နဲ့ ဒီရက်ပိုင်း ဘာလို့ညံ့သွားတာလဲ။ အကြောင်းရင်းကို သိကြလား”တဲ့။ ကျွန်မ ကြက်သေသေသွားတယ်။ အို မဖြစ်ဘူး။ တခြားပြဿနာတွေ ကိုင်တွယ်ဖြေရှင်းတာကိုပဲ ငါ လုံးဝ အာရုံစိုက်ခဲ့တာ။ ဂျိုဝါနာက သူ့ဧဝံဂေလိအလုပ်မှာ ဘာအဆင်မပြေလဲ ငါ မသိဘူး။ အဲဒီအချိန်မှာ ခေါင်းဆောင်က ကျွန်မကို ဆက်မေးတယ်။“ဂျိုဝါနာက ဧဝံဂေလိ ဝေမျှနေချိန်မှာ ဘယ်သမ္မာတရားတွေကို မိတ်သဟာယပြုနေတယ်ဆိုတာနဲ့ လူတွေရဲ့ အယူအဆတွေကို ဖြေရှင်းပေးနေလားဆိုတာကို ညီမ စစ်ဆေးပြီးပြီလား”တဲ့။ အဲဒီမေးခွန်းမှာ ကျွန်မက ပိုလို့တောင် လန့်သွားတယ်။ အဲဒီအကြောင်း မမေးခဲ့ရသေးဘူးလေ။ ကျွန်မ ဘာလုပ်သင့်လဲ။ ကျွန်မ မပြောနိုင်ရင်၊ ဂျိုဝါနာရဲ့ အလုပ်ကို ကျွန်မ လိုက်ကြည့်မနေခဲ့ဘူး၊ သူ့ပြဿနာတွေကို အချိန်မီ သိရှိပြီး ဖြေရှင်းမပေးခဲ့ဘူး၊ အဲဒါကြောင့် သူ့ရဲ့ ဖြစ်ထွန်းမှုက ဆုတ်ယုတ်နေတာပဲလို့ ခေါင်းဆောင်က ထင်ချင်ထင်သွားမှာပဲလို့ပေါ့။ ဂျိုဝါနာဆီ ကျွန်မ ချက်ချင်း စာပို့လိုက်ပေမဲ့၊ သူက မမြင်ခဲ့ဘူး။ ကျွန်မ အရမ်းသောကရောက်ပြီး လက်ဖဝါးတွေ ချွေးထွက်နေတယ်။ နောက်တော့ သူ မိတ်သဟာယပြုနေတာကို ဂျိုဝါနာက ပြောပြခဲ့တာ ကျွန်မ ရုတ်တရက် တွေးမိသွားလို့ ခေါင်းဆောင်ကို ချက်ချင်း ပြောလိုက်တယ်။ သူ ဘာမှထပ်မပြောတော့သလို၊ နောက်ဆုံး ကျွန်မရဲ့ စိုးရိမ်သောက တည်ငြိမ်သွားတယ်။ ခဏတော့၊ ခေါင်းဆောင်ဆီက စာရဖို့ ကျွန်မ လန့်နေခဲ့တယ်။ တစ်ခါတလေ စုဝေးပွဲမတိုင်ခင်ညမှာ ကောင်းကောင်းတောင် မအိပ်နိုင်ခဲ့ဘူး။ ကျွန်မ မရပ်မနား တွေးနေမိတယ်၊ ခေါင်းဆောင်က ဘာများမေးမလဲ။ ဘယ်လို ဖြေရမလဲ။ စုဝေးပွဲအချိန် ရောက်တဲ့အခါ ပိုလို့တောင် စိတ်လှုပ်ရှားနေခဲ့တယ်။ အလုပ်မှာ ပိုများတဲ့ ပြဿနာတွေ ပေါ်လာရင် ကျွန်မ အထုတ်ခံရမှာကို စိုးရိမ်ခဲ့တယ်။ စုဝေးပွဲတိုင်းမှာ အိုးနင်းခွက်နင်း ကျော်ဖြတ်နိုင်ခဲ့ပေမဲ့၊ စိတ်ထဲမှာ စိတ်ဆင်းရဲနေခဲ့ပြီး ကျွန်မအတွက် တကယ်ပင်ပန်းရတယ်။ ကိုယ့်တာဝန်မှာ ဘာအားအင်မှ မရှိခဲ့သလို၊ တခြားလူတွေရဲ့ အလုပ်မှာ ပြဿနာတွေ ပေါ်လာပြီး သူတို့ ဖြစ်ထွန်းမှု ကျဆင်းရင်၊ ကျွန်မ ဖြေရှင်းချင်စိတ်မရှိခဲ့ဘူး။ အဲဒီအချိန်မှာ ကျွန်မ အခြေအနေ မကောင်းမှန်း သိလိုက်တယ်။ ဆုတောင်းရှာဖွေခြင်းနဲ့ ဘုရားရှေ့ကို ကျွန်မ အမြန်သွားတယ်။ “ဘုရားသခင်၊ ခေါင်းဆောင်က ကျွန်မအလုပ်ကို ကြီးကြပ်မှာ ကျွန်မ တကယ် လန့်မိတယ်။ ပြဿနာတွေ ပေါ်ရင် ကျွန်မ အထုတ်ခံလိုက်ရမှာ စိုးရိမ်မိပါတယ်။ အဲဒါ မှန်တဲ့ ရှုထောင့်အမြင် မဟုတ်မှန်း ကျွန်မ သိပါတယ်။ ကိုယ့်ကိုယ်ကို သုံးသပ်ပြီး သိချင်ပါတယ်။ ကျေးဇူးပြုပြီး လမ်းပြပါ”လို့ပေါ့။

နောက်တော့ ဝတ်ပြုဆုတောင်းရာမှာ စာတစ်ပိုဒ်ဖတ်ခဲ့တယ်။ “ဘုရားအိမ်တော်သည် လူတို့ကို မျှတစွာ ဆက်ဆံနိုင်ကြောင်း လူအချို့က မယုံကြည်ကြပေ။ ဘုရားသခင်သည် သူ၏အိမ်တွင် ကြီးစိုးကြောင်း၊ သမ္မာတရားက ထိုနေရာတွင် ကြီးစိုးကြောင်း ၎င်းတို့က မယုံကြည်ကြပေ။ လူတစ်ယောက်က မည်သည့်တာဝန်ကိုမဆို ထမ်းဆောင်ပါစေ ထိုတာဝန်ထဲ၌ ပြဿနာတစ်ခုပေါ်လာလျှင် ဘုရားအိမ်တော်သည် ထိုတာဝန်ကို ထမ်းဆောင်ခွင့်ပေးသည့် ထိုသူ၏ အဆင့်အတန်းကို ဖယ်ရှားပစ်ပြီး ထိုသူကို အဝေးသို့ ပို့လျက်၊ သို့မဟုတ် အသင်းတော်မှ ဖယ်ရှင်းပစ်ခြင်းပင် ပြုလျက် ချက်ချင်း ကိုင်တွယ်ဖြေရှင်းသည်ဟု ၎င်းတို့က ယုံကြည်ကြသည်။ ဤသည်မှာ အမှန်တကယ်ဖြစ်သည့်ပုံစံ ဟုတ်သလော။ သေချာပေါက် မဟုတ်ပေ။ ဘုရားအိမ်တော်သည် သမ္မာတရားစည်းမျဉ်းများနှင့်အညီ လူတိုင်းကို ဆက်ဆံသည်။ ဘုရားသခင်သည် လူတိုင်းကို ဆက်ဆံရာတွင် ဖြောင့်မတ်၏။ သူသည် ဖြစ်ရပ်တစ်ခုတည်းတွင် လူတစ်ယောက်က မည်သို့ပြုမူသည်ကိုသာ ကြည့်ခြင်းမရှိပေ။ လူတစ်ယောက်၏ သဘာဝနှင့် အနှစ်သာရ၊ ထိုသူ၏ ရည်ရွယ်ချက်၊ ထိုသူ၏ သဘောထားကို သူကြည့်သည်။ အထူးသဖြင့် လူတစ်ယောက်သည် အမှားတစ်ခုလုပ်သောအခါ သမ္မာတရားကို နားလည်လာပြီး မိမိကိုယ်ကို ရွံမုန်းလာကာ အမှန်တကယ် နောင်တရလာနိုင်သည်အထိ မိမိကိုယ်ကို သုံးသပ်နိုင်သလော၊ နောင်တရသလော၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ယှဉ်ပြီး ပြဿနာ၏ အနှစ်သာရကို ထိုးထွင်းသိမြင်နိုင်သလောဆိုသည်တို့ကို သူကြည့်သည်။...ငါ့ကို ပြောလော့။ အမှားတစ်ခု လုပ်ထားသည့် လူတစ်ယောက်သည် အမှန်တကယ် နားလည်နိုင်စွမ်းရှိပြီး နောင်တရလိုစိတ်ရှိလျှင် ဘုရားအိမ်တော်က ထိုသူကို ထိုအခွင့်အရေးမပေးဘဲ နေမည်လော။ ဘုရားသခင်၏ နှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်သည် အဆုံးသို့ ရောက်လာနေပြီ ဖြစ်သည်နှင့်အညီ ထမ်းဆောင်ရန်လိုသည့် တာဝန်များစွာရှိသည်။ ကြောက်စရာကောင်းသည်မှာ လူတို့သည် အသိစိတ်၊ သို့မဟုတ် ဆင်ခြင်တုံတရား မရှိသောအခါ၊ မိမိတို့အလုပ်တွင် ပျက်ကွက်သောအခါ၊ တာဝန်ထမ်းဆောင်ရန် အခွင့်အလမ်း ရသော်လည်း တန်ဖိုးထားရမှန်း မသိသောအခါ၊ သမ္မာတရားကို အနည်းငယ်မျှပင် မလိုက်စားသောအခါ၊ အကောင်းဆုံးအချိန်ကို လွန်သွားစေသောအခါတွင် ဖြစ်သည်။ ဤသည်မှာ လူတို့ကို ဖော်ထုတ်ပြနေခြင်းဖြစ်၏။ သင်သည် တာဝန်ထမ်းဆောင်ရာတွင် အဆက်မပြတ် ပေါ့ဆပြီး ဝတ်ကျေတမ်းကျေပြုလျှင်၊ ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းကို ရင်ဆိုင်ရသောအခါ၌ လုံးဝ နာခံခြင်းမရှိလျှင် ဘုရားအိမ်တော်က သင့်ကို အသုံးပြုကာ တာဝန်ထမ်းဆောင်ခိုင်းဦးမည်လော။ ဘုရားအိမ်တော်တွင် အုပ်စိုးသည်မှာ သမ္မာတရားဖြစ်သည်။ စာတန်မဟုတ်ပေ။ ဘုရားသခင်သည် အရာရာအပေါ် အပြီးသတ် ဆုံးဖြတ်ပိုင်ခွင့် ရှိသည်။ လူသားကို ကယ်တင်ခြင်းအမှုကို ပြုနေသည်မှာ၊ ပြဿနာများကို ဖြေရှင်းနေသည်မှာ သူပင်ဖြစ်သည်။ မည်သည့်အရာက မှန်သည်၊ မှားသည်ဟူသည့် သင်၏ စိစစ်ချက်ကို မလိုအပ်ပေ။ ကြားနာပြီး နာခံရန်သည်သာ သင့်အလုပ်ဖြစ်သည်။ ပြုပြင်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ရင်ဆိုင်ရသောအခါတွင် သမ္မာတရားကို သင်လက်ခံရမည်၊ သင်၏ အမှားများကို ပြုပြင်နိုင်ရမည်။ ဤသို့ သင်လုပ်ဆောင်လျှင် ဘုရားအိမ်တော်သည် တာဝန်ထမ်းဆောင်ခွင့်ပေးသည့် သင်၏ အဆင့်အတန်းကို ဖယ်ရှားမည်မဟုတ်ပေ။ သင်သည် အထုတ်ခံရမည်ကို အစဉ် ကြောက်ရွံ့နေလျှင်၊ ဆင်ခြေများ အစဉ်ပေးလျှင်၊ သင့်ကိုယ်သင် အစဉ် ရှင်းချက်ထုတ်ပြလျှင် ဤသည်မှာ ပြဿနာဖြစ်သည်။ သမ္မာတရားကို အနည်းငယ်မျှပင် သင်လက်မခံသည်ကို အခြားလူများအား မြင်စေလျှင်၊ သင်သည် ကျိုးကြောင်းဆင်ခြင်မှု မရှိသည်ကို လူတိုင်းက မြင်သွားလျှင် သင်ဒုက္ခရောက်ပြီဖြစ်သည်။ အသင်းတော်သည် သင့်ကို မဖြစ်မနေ ကိုင်တွယ်ရလိမ့်မည်။ သင်၏တာဝန်ကို ထမ်းဆောင်ရာတွင် သမ္မာတရားကို လုံးဝ လက်မခံဘဲ ဖော်ထုတ်ခံရပြီး ထုတ်ပယ်ခံရမည်ကို အစဉ်ကြောက်ရွံ့နေလျှင် သင်၏ ဤအကြောက်တရားသည် လူ့ရည်ရွယ်ချက်နှင့် ဖောက်ပြန်ပျက်စီးသော ဆိုးယုတ်သည့် စိတ်သဘောထားဖြင့် စွန်းထင်းနေသည်။ သံသယ၊ သတိထားကာကွယ်မှုနှင့် မှားယွင်းသော အယူအဆတို့ဖြင့် စွန်းထင်းနေသည်။ ဤအရာများထဲမှ မည်သည့်အရာကမျှ လူတစ်ယောက်၌ ရှိသင့်သည့် သဘောထားမဟုတ်ပေ။ သင်၏ အကြောက်တရားနှင့် ဘုရားအပေါ် သင်၏ အထင်လွဲမှုများကိုပါ ဖြေရှင်းခြင်းအားဖြင့် စတင်ရမည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး) ဘုရားရဲ့ စိတ်သဘောထား ဒါမှမဟုတ် ဘုရားအိမ်တော်မှာ လူတွေကို ထုတ်ပယ်ခြင်းအတွက် စည်းမျဉ်းတွေကို နားမလည်လို့ အထုတ်ခံရမှာကို ကျွန်မ ကြောက်နေခဲ့မှန်း ဘုရားနှုတ်ကပတ်တော်တွေကနေ သဘောပေါက်ရတယ်။ လက်တွေ့အလုပ် မလုပ်လို့ လူတချို့ ထုတ်ပယ်ခံရတာ မြင်ပြီး၊ ကျွန်မအလုပ်မှာ ပြဿနာနည်းနည်း ရှိခဲ့တယ်ဆိုတာ သိသာတဲ့အခါ၊ ပိုများသထက်များတဲ့ ပြဿနာတွေ ပေါ်လာခဲ့ရင် ကျွန်မက လက်တွေ့ အလုပ်မလုပ်ဘူးလို့ ခေါင်းဆောင်က တွေးပြီး ကျွန်မကိုလည်း ထုတ်မှာကို စိုးရိမ်ခဲ့တယ်။ ဒါကြောင့် အထင်လွဲပြီး သတိထားတဲ့ အခြေအနေမှာ အသက်ရှင်နေခဲ့တယ်၊ ကျွန်မအလုပ်ကို ခေါင်းဆောင် စစ်ဆေးမှာ ကြောက်ခဲ့တယ်။ ဒါပေမဲ့ လက်တွေမှာတော့၊ ကျွန်မအလုပ်မှာရှိတဲ့ ပြဿနာနဲ့ အားနည်းချက်တွေ ပေါ်လာတာက မကောင်းတဲ့အရာ မဟုတ်ပါဘူး။ အဲဒါက ပြဿနာတွေကို အမြန် တွေ့ပြီး ဖြေရှင်းနိုင်စေတယ်၊ ကိုယ့်တာဝန်မှာ ထိရောက်မှုကို တိုးတက်စေတယ်။ ဒါပေမဲ့ ကျွန်မကတော့၊ သိမ်ဖျင်းပြီး သဘောထားကျဉ်းမြောင်းခဲ့တယ်။ ကျွန်မအလုပ်ကို ခေါင်းဆောင်က ကြီးကြပ်တော့၊ ကျွန်မ သူ့ကို သတိထားပြီး ကြိုတွက်ခဲ့တယ်။ ကျွန်မ လက်တွေ့အလုပ်မလုပ်ဘူး၊ အားကိုးလို့မရဘူးလို့ သူထင်မလားဆိုပြီး တွေးနေမိတယ်။ ကျွန်မကို သူ စောင့်ကြည့်နေပြီး တစ်နေ့နေ့ ထုတ်လိုက်နိုင်တယ်လို့ တွေးမိတယ်။ ကျွန်မက အကွက်ဆင်တာတွေ၊ လှည့်ကွက်တွေ အပြည့်ပဲ။ အသင်းတော်မှာ လူတွေကို ထုတ်ပယ်ဖို့ စည်းမျဉ်းတွေ ရှိတယ်။ သူတို့တာဝန်မှာ နည်းနည်း သတိမမူမိတာ၊ အမှားလေးတစ်ခုကြောင့် ဘယ်သူမှ အထုတ်ခံရမှာ မဟုတ်ဘူး။ လူတွေက နောင်တရဖို့ ဖြစ်နိုင်သမျှ များများ အခွင့်အရေးရကြပြီး၊ ပြောင်းလဲဖို့ ငြင်းရင်၊ အလုပ်ကို အပျက်သဘော သက်ရောက်ရင်၊ သူတို့ အထုတ်ခံရမှာပဲ။ တချို့ ညီအစ်ကို မောင်နှမတွေက သူတို့တာဝန်မှာ သတိမမူတာတွေ၊ ပြဿနာတွေရှိပေမဲ့၊ သူတို့ကို ခေါင်းဆောင်က မထုတ်ပယ်ခဲ့တာ ကျွန်မ မြင်လို့ရတယ်။ သူတို့ကို ပံ့ပိုးဖို့ အကောင်းဆုံးလုပ်ပြီး စည်းမျဉ်းတွေနဲ့ပတ်သက်လို့ မိတ်သဟာယပြုပေးခဲ့တယ်။ အဲဒီနောက် အမြဲစိစစ်မှုနဲ့ ပြောင်းလဲမှုက တစ်ဆင့်၊ တာဝန်တွေမှာ သူတို့လုပ်တာ ပိုပိုပြီး ကောင်းလာကြတယ်။ တချို့ ညီအစ်ကို မောင်နှမတွေရဲ့ အစွမ်းအစက အလုပ်နဲ့ မကိုက်ဘူး။ ဒါကြောင့် အသင်းတော်က သူတို့စွမ်းရည်နဲ့အညီ သင့်တော်တဲ့ တာဝန်စီစဉ်ပေးတယ်။ အဲဒါ ထင်ရာမြင်ရာ ထုတ်ပယ်တာ မဟုတ်ဘူး။ လက်တွေ့အလုပ်မလုပ်တဲ့အတွက် လူတချို့ ထုတ်ပယ်ခံခဲ့ရပေမဲ့၊ အချိန်တစ်ခုကြာ ကိုယ့်ကိုယ်ကိုယ် သုံးသပ်ပြီး စစ်မှန်တဲ့ နောင်တ ရပြီးတဲ့နောက်မှာ၊ သူတို့ကို အသင်းတော်က ပြန်မြှင့်တင်ပြီး အသုံးပြုမှာပဲ။ တာဝန်မှာ ပြဿနာတွေ ပေါ်လာတာ ကြောက်စရာလုံးဝ မဟုတ်ဘူး။ အရေးကြီးဆုံးက သမ္မာတရားကို လက်ခံနိုင်ပြီး ကိုယ့်ပြဿနာတွေကို သုံးသပ်နိုင်တာ၊ ပြီးတော့ အစစ်အမှန် နောင်တရပြီး ပြောင်းလဲနိုင်တာပဲ။ ကျွန်မရဲ့ သွေဖည်မှုနဲ့ အမှားတွေကြောင့် ခေါင်းဆောင်က မထုတ်ပယ်ခဲ့တာ တွေ့ရတယ်၊ ဒါကြောင့် သူ့ကို ကျွန်မ သတိမထားသင့်၊ အထင်မလွဲသင့်ဘူး။ ကျွန်မပြဿနာတွေကို အကျဉ်းချုပ်ပြီး သုံးသပ်သင့်သလို အပြောင်းအလဲတချို့ လုပ်သင့်တယ်။ အဲဒီနောက်မှာ ဘုရားရှေ့ကို ဆုတောင်းခြင်းနဲ့ လာပြီး၊ ကျွန်မ ထုတ်ခံရသည်ဖြစ်စေ၊ အထုတ်မခံရသည်ဖြစ်စေ ဘုရားရဲ့ အစီအစဉ်တွေကို နာခံဖို့ ကိုယ့်တာဝန်ကို ရိုးရိုးသားသား လုပ်ဖို့ အသင့်ပဲ။ ဆုတောင်းပြီးတဲ့နောက်မှာ အများကြီး အေးချမ်းသွားတယ်။

နောက်ပိုင်းမှာ၊ ကျွန်မအခြေအနေကို ညီအစ်မတစ်ယောက်နဲ့ မိတ်သဟာယမှာ ဖွင့်ပြောခဲ့တယ်။ ကြီးကြပ်မှုကိုလက်ခံခြင်းနဲ့ ပတ်သက်တဲ့ ဘုရားနှုတ်ကပတ်တော်တချို့ ဖတ်ဖို့ သူ အကြံပေးတယ်။ ဒါကို ဘုရားနှုတ်ကပတ်တော်မှာ ဖတ်ခဲ့ရတယ်။ “သင့်အား စောင့်ကြည့်လေ့လာရန်၊ ကြီးကြပ်ရန်၊ စစ်ဆေးရန် ဘုရားအိမ်တော်ကို သင်အခွင့်ပေးနိုင်လျှင် အလွန်ကောင်းသောအရာဖြစ်သည်။ သင့်တာဝန်ကို ထမ်းဆောင်ရာတွင်၊ သင်၏ တာဝန်ကို ကျေနပ်ဖွယ်ရာ ထမ်းဆောင်ပြီး ဘုရားအလိုတော်ကို ဖြည့်ဆည်းခြင်းတွင် ယင်းက သင့်အတွက် အထောက်အကူ ဖြစ်သည်။ ယင်းသည် မကောင်းသည့်အချက် လုံးဝ မရှိဘဲ လူတို့ကို အကျိုးပြုပြီး ကူညီပေး၏။ ဤအရာနှင့် စပ်လျဉ်းသည့် စည်းမျဉ်းများကို လူတစ်ယောက်က နားလည်သွားသည်နှင့် ထိုသူသည် ခေါင်းဆောင်များ၊ အမှုဆောင်များ၊ ဘုရားသခင်ရွေးချယ်ထားသော လူများ၏ ကြီးကြပ်မှုကို အတိုက်အခံဖြစ်သော၊ ခုခံသော ခံစားချက်တစ်ခုတလေ မရှိသင့်တော့သလော၊ သို့မဟုတ် ရှိသင့်သလော။ သင်သည် ရံဖန်ရံခါ စစ်ဆေးခံရခြင်း၊ စောင့်ကြည့်ခံရခြင်း ရှိနိုင်ပြီး သင်၏ အလုပ်သည်လည်း စောင့်ကြည့်ခံရနိုင်သည်။ သို့သော် ဤသည်မှာ ပုဂ္ဂိုလ်ရေးကို ထိပါးသည်ဟု မှတ်ယူရမည့်အရာ မဟုတ်ပေ။ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် ယခုတွင် သင်၏ အလုပ်များ၊ သင်ထမ်းဆောင်သော တာဝန်နှင့် သင်လုပ်ဆောင်သော မည်သည့်အလုပ်မဆိုသည် မည်သူတစ်ဦးတစ်ယောက်မျှ၏ အတွင်းရေးကိစ္စများ၊ သို့မဟုတ် ကိုယ်ရေးကိုယ်တာအလုပ် မဟုတ်ပေ။ ယင်းတို့သည် ဘုရားအိမ်တော်၏ အလုပ်နှင့် ဆက်စပ်နေပြီး ထိုအလုပ်၏ တစ်စိတ်တစ်ပိုင်းနှင့် ဆက်နွှယ်နေသည်။ ထို့ကြောင့် တစ်စုံတစ်ယောက်သည် အချိန်အနည်းငယ်သုံး၍ သင့်ကို စောင့်ကြည့်စစ်ဆေးသည့်အခါ၊ သို့မဟုတ် လေ့လာသည့်အခါ၊ သို့မဟုတ် အသေးစိတ်မေးခွန်းများ မေးသောအခါတွင်လည်းကောင်း၊ တစ်ခါတစ်ရံတွင် ၎င်းတို့၏ သဘောထားသည်ပင် အနည်းငယ် ကြမ်းတမ်းသောအခါ၊ သင့်ကို အနည်းငယ် ကိုင်တွယ်ဖြေရှင်းပြီး ပြုပြင်သောအခါ၊ ပဲ့ပြင်ဆုံးမပြီး အပြစ်တင်သောအခါတွင်လည်းကောင်း ဤအရာအားလုံးတို့သည် ဘုရားအိမ်တော်၏ အလုပ်အပေါ်တွင် ၎င်းတို့၌ သိတတ်မှုရှိသော၊ တာဝန်သိတတ်သော သဘောထားတစ်ခု ရှိသောကြောင့်ဖြစ်သည်။ ဤအပေါ်တွင် သင်သည် အပျက်သဘောဆောင်သော အတွေးများ၊ သို့မဟုတ် ခံစားချက်များ မရှိသင့်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ) ဘုရားနှုတ်ကပတ်တော်ကို ဖတ်ရတာ ဉာဏ်အလင်းပေးသလိုမျိုးပါပဲ။ ကျွန်မတို့အလုပ်တာဝန်တွေက ကိုယ်ရေးကိုယ်တာ ကိစ္စတွေ မဟုတ်ဘူး။ အဲဒါတွေက အသင်းတော်အလုပ်နဲ့ ညီအစ်ကို မောင်နှမတွေရဲ့ အသက်ဝင်ရောက်မှုပါတဲ့ အရေးကြီး ကိစ္စတွေပဲ။ ခေါင်းဆောင်နဲ့ အမှုဆောင်တွေက ကျွန်မတို့တာဝန်ကို ကြီးကြပ် စစ်ဆေးတဲ့အခါ၊ လုပ်သင့်တာကို လုပ်နေကြတာပဲ။ ကျွန်မတို့တာဝန်အတွက် အကျိုးရှိသလို၊ အသင်းတော်အလုပ်အတွက်လည်း အကျိုးရှိတယ်။ လူတိုင်းမှာ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားရှိတယ်။ သမ္မာတရား မရခင်မှာ၊ ကျွန်မတို့ အသက်စိတ်သဘောထား မပြောင်းလဲခင်မှာ၊ ကျွန်မတို့က အားမကိုးထိုက်၊ မယုံကြည်ထိုက်ဘူး။ ကျွန်မတို့ ကြီးကြပ်မခံရရင်၊ အချိန်မရွေး ကိုယ့်သဘောအတိုင်းလုပ်ဖို့ များတယ်။ ကျွန်မတို့တာဝန်မှာ ထင်ရာလုပ်ပြီး လှည့်စားတတ်မှာဖြစ်သလို၊ အသင်းတော်အလုပ်ကို နှောင့်ယှက်ဖို့ ကိစ္စတွေ လုပ်မိမှာ။ ဒါကြောင့်၊ အလုပ်ကို ခေါင်းဆောင်တွေ ကြီးကြပ်တာက တာဝန်မှာ ကူညီဖို့ဖြစ်ပြီး၊ အသင်းတော်အလုပ် တိုးတက်ဖို့အတွက် ဖြစ်တယ်။ အရင်က အဖွဲ့သားအသစ်တွေနဲ့ ဧဝံဂေလိ ဖြန့်ဝေခြင်း စည်းမျဉ်းတွေ မမျှဝေဘူးလို့ ခေါင်းဆောင်က ပြောတုန်းက ကျွန်မတာဝန်မှာ သွေဖည်မှု တကယ်ရှိခဲ့မှန်း သတိရမိတယ်။ ကိုယ့်တာဝန်မှာ တိုးတက်မှုလုပ်ဖို့ ကျွန်မ စဉ်းစားမနေခဲ့ဘဲ၊ ရှိနေမြဲအတိုင်း ကျေနပ်ခဲ့တယ်။ ဒါကြောင့် အလုပ်နဲ့ အကျွမ်းမဝင်တဲ့ ညီအစ်ကို မောင်နှမတွေကို ဖြည်းဖြည်းချင်း သင်ပေးလို့ရမယ်၊ ပြီးတော့ အလုပ်ထဲက ထိရောက်မှုကို ထိခိုက်မှာ မဟုတ်ဘူးလို့ တွေးခဲ့တယ်။ ကျွန်မတာဝန်အပေါ် ရှိခဲ့တဲ့ အဲဒီသဘောထားက တကယ်ကို ဘုရားအတွက် စက်ဆုပ်စရာဖြစ်ပြီး၊ မပြောင်းလဲရင်၊ အချိန်ကြာလာတာနဲ့ အသင်းတော်အလုပ်ကို ဟန့်တားရုံမက၊ ကျွန်မကိုယ်ပိုင် အသက်ဝင်ရောက်မှုကိုလည်း ထိခိုက်စေမှာပဲ။ ဒီပြဿနာကို ခေါင်းဆောင်က သတိထားမိပြီး ထောက်ပြတော့၊ ချက်ချင်း ကိုယ့်ကိုယ်ကိုယ် သုံးသပ်ဖို့၊ ကိုယ့်အမှားတွေကို ပြင်ဖို့ အခွင့်အရေး ရှိခဲ့တယ်။ အဲဒါက အရမ်းကို အထောက်အကူ ဖြစ်ခဲ့တယ်။ ကျွန်မအလုပ်ကို ခေါင်းဆောင်က စစ်ဆေးတဲ့အခါတိုင်းမှာ၊ ကျွန်မ ပုံမှန် မမြင်တဲ့ ပြဿနာတချို့ကို သူ ထောက်ပြခဲ့တယ်။ အဲဒီလိုနဲ့ ကျွန်မအလုပ်က ပြဿနာ တော်တော်များများ မနှောင့်နှေးဘဲ ပြေလည်သွားပြီး၊ ကျွန်မ လက်တွေ့လုပ်ဖို့ လမ်းကြောင်းနဲ့ တာဝန်မှာ ဦးတည်ချက် ရှိခဲ့တယ်။ အဲဒါအားလုံး နားလည်ပြီးတဲ့နောက်မှာ၊ အရမ်းမိုက်မဲတယ်လို့ ခံစားရပြီး နောင်တအပြည့်ဖြစ်ခဲ့တယ်။ ကိုယ့်အလုပ်ထဲက အမှားတွေကို ခေါင်းဆောင်နဲ့ ဆန္ဒအလျောက် မျှဝေနိုင်ခဲ့ရင်၊ ဒီပြဿနာတွေကို အရင်က ဖြေရှင်းနိုင်ခဲ့တာ ကြာပြီပေါ့၊ ပြီးတော့ ကျွန်မတို့ ဧဝံဂေလိအလုပ်က ထိခိုက်မှာ မဟုတ်တော့ဘူး။

နောက်ပိုင်းမှာ ကိုယ့်ကိုယ်ကိုယ် သုံးသပ်တယ်။ ခေါင်းဆောင်ရဲ့ ကြီးကြပ်မှု၊ အထုတ်ခံရမှာကို ကျွန်မ ဘာလို့ အမြဲကြောက်တာလဲ။ ပြဿနာရဲ့ ရင်းမြစ်က ဘာလဲပေါ့။ ဝတ်ပြုဆုတောင်းရာမှာ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ် ဖတ်တယ်။ “သင်တို့သည် ခေါင်းဆောင်တစ်ဦး၊ သို့မဟုတ် အမှုဆောင်တစ်ဦးဖြစ်လျှင်၊ ဘုရားအိမ်တော်က သင်တို့၏အလုပ်အား မေးခွန်းထုတ်ပြီး ကြီးကြပ်သည်ကို သင်တို့ ကြောက်သလော။ ဘုရားအိမ်တော်သည် သင်တို့၏အလုပ်၌ ပျက်ယွင်းခြင်းများနှင့် အမှားများကို ရှာဖွေတွေ့ရှိပြီး သင်တို့အား ကိုင်တွယ်ဖြေရှင်းမည်ကို သင်တို့ ကြောက်သလော။ အထက်က သင်တို့၏ စစ်မှန်သော အစွမ်းအစနှင့် ဝိညာဉ်ရင့်ကျက်မှုတို့ကို သိကျွမ်းသွားပြီးသည့်နောက် သူသည် သင်တို့ကို ကွဲပြားသည့် အမြင်ဖြင့် မြင်ကာ သင်တို့ကို ရာထူးတိုးခြင်းအတွက် မစဉ်းစားမည်ကို ကြောက်သလော။...သင့်ထံ၌ အန္တိခရစ်တစ်ဦး၏ စိတ်သဘောထားရှိကြောင်း သိလျက်နှင့်၊ ယင်းကို အဘယ်ကြောင့် မရင်ဆိုင်ရဲသနည်း။ သင်သည် ယင်းကို အဘယ်ကြောင့် ပွင့်လင်းစွာ ချဉ်းကပ်၍ ‘အထက်က ကျွန်ုပ်၏ အလုပ်အကြောင်း မေးမြန်ပါက၊ ကျွန်ုပ်သိသမျှကို ပြောမည်။ ပြီးလျှင် ကျွန်ုပ်ပြုခဲ့သည့် ဆိုးသောအရာများထင်ရှားလာကာ၊ သူ သိသွားသည်နှင့်တစ်ပြိုင်နက် အထက်က ကျွန်ုပ်ကို မသုံးတော့ဘဲ၊ ကျွန်ုပ်၏ ဂုဏ်အဆင့်အတန်း ဆုံးရှုံးရပါက၊ ကျွန်ုပ်ပြောစရာရှိသည့်အရာကို ကျွန်ုပ် ရှင်းရှင်းလင်းလင်း ပြောဦးမည်’ဟု မပြောရသနည်း။ သင်၏အလုပ်ကို ဘုရားအိမ်တော်က ကြီးကြပ်ပြီး မေးခွန်းထုတ်မည်ကို ကြောက်ခြင်းက သင်သည် သမ္မာတရားထက် သင်၏ ဂုဏ်အဆင့်အတန်းကို သင်ပိုချစ်ကြောင်း သက်သေပြလေသည်။ ဤသည်မှာ အန္တိခရစ်တစ်ဦး၏ စိတ်သဘောထား မဟုတ်သလော။ အရာအားလုံးထက် ဂုဏ်အဆင့်အတန်းကို ချစ်မြတ်နိုးခြင်းသည် အန္တိခရစ်တစ်ဦး၏ စိတ်သဘောထားဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၈- ၎င်းတို့သည် အခြားသူများအား သမ္မာတရား သို့မဟုတ် ဘုရာသခင်ကို မနာခံစေဘဲ၊ ၎င်းတို့ကိုသာ နာခံစေသည် (အပိုင်း ၂)) ကျွန်မအလုပ်ကို ခေါင်းဆောင် ကြီးကြပ်မှာကို ကြောက်ရတဲ့ ရင်းမြစ်ကို ဘုရားနှုတ်ကပတ်တော်က ဖော်ထုတ်တယ်။ ကိုယ့်အဆင့်အတန်းကို ကျွန်မ စွဲမက်လွန်းခဲ့တာပဲ။ ကျွန်မတာဝန်မှာ ပြဿနာတွေကို ခေါင်းဆောင် ရှာတွေ့သွားမယ်၊ ပြီးတော့ လက်တွေ့အလုပ်ကို ကျွန်မမလုပ်ဘူးလို့ တွေးပြီး ထုတ်မှာကို ကျွန်မ ကြောက်ခဲ့တာ။ ဒါကြောင့် ကိုယ့်အဆင့်အတန်းကို ထိန်းသိမ်းဖို့ ကိုယ့်တာဝန်မှာ ကိစ္စတွေကို ဟန်ပြအတွက်ပဲ လုပ်တယ်၊ ကျွန်မ လုပ်သင့်နေတဲ့ အရေးကြီး၊ မရှိမဖြစ်အလုပ်ကို လုပ်မနေဘဲ အပေါ်ယံအလုပ်ပဲ လုပ်ခဲ့တယ်။ အကျိုးဆက်အနေနဲ့ ဧဝံဂေလိအလုပ်က အကျိုးရှိတာ လျော့လာတယ်။ အရမ်းတစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာဖြစ်ခဲ့တာပဲ။ အမှန်တော့၊ ဘုရားအတွက် အစစ်အမှန် ကြောက်ရွံ့တဲ့ စိတ်နှလုံးရှိသူတွေက အသင်းတော်အလုပ်ကို သူတို့ တာဝန်မှာ ဦးစားပေးကြတယ်။ အသင်းတော်ရဲ့ အလုပ်ကို ထိန်းသိမ်းဖို့ဆိုရင် သူတို့ နာမည်နဲ့ အဆင့်အတန်းကို အထိခိုက်ခံတာပဲ ပိုမြင်ချင်ကြတယ်။ သူတို့တာဝန်မှာ ဘုရားရဲ့ စိစစ်မှုနဲ့ ညီအစ်ကို မောင်နှမတွေရဲ့ ကြီးကြပ်မှုကို လက်ခံနိုင်ကြတယ်။ သူတို့က စိတ်နှလုံးမှာ ရိုးရှင်းပြီး ရိုးသားကြတယ်။ ဒါပေမဲ့ ကျွန်မအတွက်တော့ ကျွန်မတွေးသမျှက နာမည်နဲ့ အဆင့်အတန်းကို ဘယ်လိုကာကွယ်ရမယ်ဆိုတာဖြစ်ပြီး၊ ကိုယ့်ရာထူးကို ကာကွယ်ဖို့ အသင်းတော် အလုပ်ထိခိုက်တာကို မြင်ဖို့တောင် အသင့်ဖြစ်ခဲ့တယ်။ တခြားအရာအားလုံးထက် အဆင့်အတန်းကို အန္တိခရစ်တွေ တန်ဖိုးထားပြီး၊ အဆင့်အတန်းရဖို့ ဘာမဆိုလုပ်မယ်ဆိုတာ တွေးမိတယ်။ ကျွန်မရဲ့ အပြုအမူက အန္တိခရစ်ရဲ့ စိတ်သဘောထားကို အတိအကျ ထုတ်ဖော်ပြနေတာပဲ။ ပိုတွေးလေ၊ ကျွန်မပြနေတာက ဘာသိက္ခာ၊ သမာဓိမှမရှိတဲ့ နိမ့်ကျတဲ့ ဘဝတစ်ခုဖြစ်မှန်း ခံစားရလေပဲ။ ကျွန်မ ကိုယ့်ကိုယ်ကိုယ် စက်ဆုပ်မိတယ်။ တည်ကြည်၊ သိက္ခာရှိတဲ့ လူတစ်ယောက်ဖြစ်ဖို့ လှိုက်လှိုက်လှဲလှဲ တောင့်တမိတယ်။ ဘုရားဆီက ဒီစကားတွေကို တွေးမိတယ်။ “သမ္မာတရားကို ချစ်သောသူတို့အတွက် ၎င်းတို့၏ ရွေးချယ်မှုသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့၊ ရိုးသားသောသူဖြစ်ဖို့ ဖြစ်သည်။ ဤသည်မှာ မှန်ကန်သော လမ်းကြောင်းဖြစ်ပြီး ဘုရားသခင်က ကောင်းချီးပေးသည်။ သမ္မာတရားကို မချစ်သောသူတို့အတွက် ၎င်းတို့သည် မည်သည့်အရာကို လုပ်ဆောင်ရန် ရွေးချယ်သနည်း။ ၎င်းတို့ ၎င်းတို့၏ ဂုဏ်သတင်း၊ အဆင့်အတန်း၊ ဂုဏ်သိက္ခာနှင့် စရိုက်လက္ခဏာကို ကာကွယ်ရန် မုသားများကို အသုံးပြုသည်။ ထိုသို့သောလူတို့သည် လှည့်စားသောသူများဖြစ်ပြီး ဘုရားသခင်၏ မုန်းတီးခြင်း၊ ငြင်းပယ်ခြင်းကိုသာ ခံယူလိုကြသည်။ ၎င်းတို့သည် သမ္မာတရား၊ သို့မဟုတ် ဘုရားသခင်ကို မလိုချင်ကြပေ။ ၎င်းတို့ ရွေးချယ်သည့်အရာမှာ ၎င်းတို့၏ ကိုယ်ပိုင် ဂုဏ်သတင်းနှင့် အဆင့်အတန်းဖြစ်သည်။ ၎င်းတို့သည် လှည့်စားသူများ ဖြစ်လိုကြသည်။ ယင်းသည် ဘုရားသခင်ကို ကျေနပ်စေခြင်းရှိမရှိ၊ သို့မဟုတ် ဘုရားသခင်က ၎င်းတို့ကို ကယ်တင်ခြင်းရှိမရှိကို ဂရုမစိုက်ကြပေ။ ထို့ကြောင့် ထိုသို့သောသူတို့သည် ဘုရားသခင်၏ ကယ်တင်ခြင်းကို ခံရနိုင်သေးသလော။ သေချာပေါက် မခံရနိုင်ပေ။ ၎င်းတို့သည် မှားယွင်းသောလမ်းကို လျှောက်သောကြောင့်ဖြစ်သည်။ ၎င်းတို့သည် လိမ်ညာခြင်းဖြင့်သာ ရှင်သန်နိုင်သည်။ ၎င်းတို့သည် နေ့စဉ် မုသားများပြောပြီး ယင်းတို့ကို ဖုံးကွယ်ရသည့်၊ မိမိတို့ကိုယ်ကို ကာကွယ်ရန် ဦးနှောက်ခြောက်ခံရသည့် နာကျင်သည့် အသက်တာကိုသာ ရှင်သန်နိုင်သည်။ မုသားများကို အသုံးပြုခြင်းသည် သင် ဆန္ဒရှိသော ဂုဏ်သတင်း၊ အဆင့်အတန်း၊ မာန်မာနတို့ကို ကာကွယ်နိုင်သည်ဟု သင် ထင်ကောင်းထင်နိုင်သည်။ သို့သော် ဤသည်မှာ ကြီးမားသော အမှားဖြစ်သည်။ မုသားများသည် သင်၏ မာန်မာနနှင့် တစ်ကိုယ်ရေ ဂုဏ်သိက္ခာကို မကာကွယ်နိုင်ရုံမကဘဲ ပို၍ အရေးကြီးသည်မှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး ရိုးသားသောသူတစ်ယောက်ဖြစ်ရန် အခွင့်အရေးကိုလည်း သင့်ကို လွဲချော်စေသည်။ ထိုအချိန်တွင် သင်က သင့်ဂုဏ်သတင်းနှင့် မာန်မာနကို ကာကွယ်လျှင်ပင် သင်ဆုံးရှုံးသည့်အရာမှာ သမ္မာတရားဖြစ်ပြီး ဘုရားသခင်ကို သင် သစ္စာဖောက်သည်။ ဤသည်မှာ သင်က ဘုရားသခင်၏ ကယ်တင်ခြင်းကို ရပြီး စုံလင်ခြင်းခံရရန် အခွင့်အလမ်းကို လုံးဝ ဆုံးရှုံးရသည်ဟု အဓိပ္ပာယ်ရသည်။ ဤသည်မှာ အကြီးမားဆုံး ဆုံးရှုံးမှုနှင့် ထာဝရနောင်တတစ်ခုဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ ရိုးသားခြင်းအားဖြင့်သာ စစ်မှန်သော လူသားအဖြစ် အသက်ရှင်နိုင်သည်) ဘုရားနှုတ်ကပတ်တော်တွေကို တွေးတော့ ရှက်မိတယ်။ အပေါ်ယံမှာ ကိုယ့်တာဝန်နဲ့ အဆင့်အတန်းကို ကာကွယ်ဖို့ အလိမ်အညာတွေကို အားကိုးပြီး၊ ကျွန်မ အရမ်း ပါးနပ်တယ်လို့ တွေးပေမဲ့ ရိုးသားတဲ့လူဖြစ်ဖို့ အခွင့်အရေး ဆုံးရှုံးနေတာ ဖြစ်ပြီး ကယ်တင်ခြင်းနဲ့ သမ္မာတရားရဖို့ အခွင့်အရေးကို ပိုလို့တောင် ဆုံးရှုံးနေတာပဲ။ အဲဒါက ထေလို့မရတဲ့ ဆုံးရှုံးမှုပဲ။ ကိုယ့်နာမည်နဲ့ အဆင့်အတန်းကို ကာကွယ်ဖို့ အလိမ်အညာနဲ့ လှည့်ကွက်တွေကို ကျွန်မ သုံးခဲ့တယ်။ ဒါပေမဲ့ ဘုရားက အရာရာကို မြင်တယ်။ အချိန်တစ်ခုကြာ လူတွေကို လှည့်စားလို့ ရနိုင်ပေမဲ့ ဘုရားရဲ့ စိစစ်မှုကို လုံးဝ လွတ်နိုင်မှာ မဟုတ်ဘူး။ ကျွန်မ စစ်မှန်တဲ့ အလုပ်လုပ်မနေတာ၊ ကိစ္စတွေကို ကြန့်ကြာစေတာတွေ အနှေးနဲ့အမြန် ပေါ်လာမှာပဲ။ ဘုရားရဲ့ စိတ်သဘောထားက ပုန်ကန်ပြစ်မှားမှုကို သည်းမခံဘူး။ နောင်တမရဘဲ လိမ်ညာပြီး ကိုယ့်အဆင့်အတန်းကို ကာကွယ်ဖို့ ကြိုးစားရင်၊ အထုတ်ခံရဖို့ဆိုတာ အချိန်တစ်ခုပဲလိုတယ်။ အယောင်ဆောင် ခေါင်းဆောင်တွေနဲ့ အန္တိခရစ်တွေကို တွေးမိတယ်။ နာမည်နဲ့ အဆင့်အတန်းအတွက်ပဲ အလုပ်လုပ်ပြီး လက်တွေ့အလုပ် မလုပ်ကြဘူး။ တချို့ဆိုရင် ကိုယ့်နာမည်နဲ့ အဆင့်အတန်းအတွက် အသင်းတော် အလုပ်ကို ဗြောင်းဆန်စေတာတောင် ရပ်ကြမှာ မဟုတ်သလို၊ နောက်ဆုံးမှာ မကောင်းမှုအများကြီး လုပ်၊ ဖော်ထုတ်ခံရပြီး ထုတ်ပယ်ခံကြရတယ်။ အခု ဘုရားအိမ်တော်ရဲ့ အရေးအကြီးဆုံး အလုပ်က ဘုရားရဲ့နိုင်ငံတော် ဧဝံဂေလိ ကျယ်ပြန့်စေဖို့ဖြစ်ပုံကိုလည်း တွေးမိတယ်။ ဒါပေမဲ့ ဧဝံဂေလိအလုပ်ကို ကြီးကြပ်သူအနေနဲ့၊ ဧဝံဂေလိအလုပ်မှာ ကျွန်မကအားမဖြည့်ပေးရုံတင်မကဘဲ၊ ကိုယ့်နာမည် အဆင့်အတန်းကို ကာကွယ်ဖို့ ကြိုးစားရင်း ဧဝံဂေလိအလုပ်ကို နှောင့်နှေးစေခဲ့တယ်။ ကိုယ့်အပြုအမူအရ၊ ကျွန်မက အစားထိုးခံရသင့်တယ်။ ကိုယ့်တာဝန်ကို ဆက်လုပ်နိုင်တာက ကျွန်မအတွက် ဘုရားရဲ့ ကြီးမားတဲ့ သည်းခံခြင်းပဲ။ ဒီအရာအားလုံးကို သဘောပေါက်သွားတော့ ဘုရားရှေ့ကို ဆုတောင်း၊ နောင်တရဖို့ လာခဲ့တယ်၊ ကျွန်မရဲ့ မမှန်တဲ့ လိုက်စားမှုကို ပြောင်းလဲဖို့၊ ကျွန်မအပေါ် ခေါင်းဆောင်ရဲ့ ကြီးကြပ်မှုကို လက်ခံပြီး၊ ကိုယ့်တာဝန်မှာ အစွမ်းကုန် လုပ်ဖို့ အသင့်ဖြစ်ခဲ့တယ်။

နောက်ပိုင်း ဝတ်ပြုဆုတောင်းရာမှာ လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်း ပေးတဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ် ဖတ်ရတယ်။ ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ပြောထားသည်- “အခြားသူများ၏ ကြီးကြပ်ခြင်း၊ စစ်ဆေးခြင်း၊ စောင့်ကြည့်စစ်ဆေးခြင်းတို့ကို လက်ခံနိုင်သည့် သူများသည် အသိတရားအရှိဆုံးဖြစ်ကြသည်။ ၎င်းတို့၌ သည်းခံခြင်းနှင့် ပုံမာန်လူ့သဘာဝ ရှိလေသည်။ သင်သည် မှားသည့်အရာတစ်ခုခု ပြုလုပ်နေသည်၊ သို့မဟုတ် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု ထုတ်ပြခြင်း ရှိသည်ကို သင်သိရသည့်အခါ၊ လူများနှင့် သင် ဖွင့်ပြောနိုင်ပြီး ဆွေးနွေးပြောဆိုနိုင်ပါက၊ ဤအရာက သင့်အနီးအနားရှိလူများကို သင့်အား စောင့်ကြည့်ဖို့ ကူညီပေးလိမ့်မည် ဖြစ်သည်။ ကြီးကြပ်မှုကို လက်ခံဖို့ သေချာပေါက် လိုအပ်‌သော်လည်း အဓိကအချက်မှာ မိမိကိုယ်ကိုယ် အစဉ်မပြတ် ဆင်ခြင်သုံးသပ်လျက်၊ ဘုရားသခင်ထံ ဆုတောင်းဖို့နှင့် သူ့အပေါ် မှီခိုကိုးစားဖို့ဖြစ်သည်။ အထူးသဖြင့် မှားယွင်းသောလမ်းကို သင်လျှောက်ပြီးဖြစ်သည့်အခါ၊ သို့မဟုတ် တစ်စုံတစ်ခုကို မမှန်မကန်ပြုပြီးသည့်အခါ၊ သို့မဟုတ် သင်သည် အာဏာရှင်ဆန်ပြီး တစ်ဖက်သတ်ဆန်သော လုပ်ရပ်ကို လုပ်ဆောင်တော့မည်ဖြစ်ပြီး အနီးရှိ တစ်စုံတစ်ဦးက ယင်းကို ဖော်ပြပြောဆိုပြီး သင့်ကို သတိပေးသည့်အခါ၊ ယင်းကို သင် လက်ခံဖို့ လိုအပ်ပြီး သင့်ကိုယ်သင် အမြန်ဆင်ခြင်သုံးသပ်ကာ သင်၏အမှားကို ဝန်ခံဖို့နှင့် ယင်းကို ပြုပြင်ဖို့ လိုအပ်သည်။ ဤအရာက သင့်အား အန္တိခရစ်တို့၏ လမ်းကြောင်းပေါ် ခြေချခြင်းမှ တားဆီးနိုင်သည်။ သင့်ကို ဤနည်းအားဖြင့် ကူညီပြီး သတိပေးသူ တစ်စုံတစ်ဦးရှိပါက၊ သင်သည် ယင်းကို မသိလိုက်ဘဲ ထိန်းသိမ်းနေခြင်း ဖြစ်သည်မဟုတ်လော။ သင် ထိန်းသိမ်းနေသည်— ယင်းမှာ သင်၏ထိန်းသိမ်းထားခြင်းဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ လျော်ကန်သော တာဝန်ဖြည့်ဆည်းခြင်းသည် လိုက်ဖက်ညီသော ပူးပေါင်းလုပ်ဆောင်ခြင်း လိုအပ်သည်) ဘုရားကျေးဇူးတော်ပဲ။ လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်း ရတာနဲ့ အရမ်းလွတ်မြောက်သွားတယ်။ ပြီးတော့ ခေါင်းဆောင်ရဲ့ ကြီးကြပ်မှုနဲ့ မေးမြန်းတာတွေကို ကျွန်မ သတိမထားတော့ဘူး။ ပြီးတော့ ကိုယ့်ပြဿနာတွေကို မကွယ်ဝှက်တော့သလို၊ လက်တွေ့အလုပ်လုပ်တာနဲ့ လက်တွေ့ပြဿနာတွေ ဖြေရှင်းတာကို စပြီးအာရုံစိုက်ခဲ့တယ်။ ခေါင်းဆောင်က ကျွန်မအလုပ်အကြောင်း မေးတဲ့အခါ စိတ်မကျဉ်းကျပ်တော့ဘူး။ ဘုရားရဲ့ စိစစ်မှုကို လက်ခံလာနိုင်ပြီး ရိုးသားတဲ့လူဖြစ်တာကို လက်တွေ့လုပ်လာနိုင်ခဲ့တယ်။ တချို့အလုပ်ကို မလုပ်ခဲ့တဲ့အခါ ကျွန်မ ဝန်ခံနိုင်ခဲ့ပြီး၊ ကိုယ့်ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို မကာကွယ်တော့ဘူး။ ကျွန်မအလုပ်မှာ ခေါင်းဆောင်က ပြဿနာတွေ တွေ့တဲ့အခါ၊ ကျွန်မကို သူ ဘာတွေးမယ်၊ ထုတ်ပယ်မလား၊ မထုတ်ပယ်ဘူးလား ဆိုတာတွေကို မတွေးတော့ဘဲ၊ အမြန်ဆုံး ဘယ်လို ပြောင်းလဲပြီး ကိုယ့်အလုပ်ကို ကောင်းကောင်း လုပ်ရမယ်ဆိုတာပဲ တွေးတယ်။ ဒါတွေအားလုံးကို လက်တွေ့လုပ်ကတည်းက တကယ် စိတ်အေးသွားတယ်။ ကိုယ့်တာဝန်ကို ပွင့်ပွင့်လင်းလင်း လုပ်တာ သိပ်ကောင်းတယ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နှုတ်ကပတ်တော်က ကျွန်မ၏ ခုခံပြောဆိုမှုနှင့် အထင်လွဲမှုများကို ဖယ်ရှားခဲ့သည်

လီကျင့် တရုတ်နိုင်ငံ ကျွန်မ အသင်းတော် ခေါင်းဆောင်ဖြစ်ခဲ့တဲ့ ၂၀၁၄ ခုနှစ်မှာ၊ ကျွန်မက ကိုယ့်တာဝန်မှာ အတော်အတန် ထိရောက်ခဲ့ပြီး...

ကျွန်ုပ်၏ မာနကြီးသောပုံစံများကို ပြောင်းလဲခဲ့ပုံ

ဘားနဒ် ကင်မာရွန်းနိုင်ငံ အရင်က ကိုယ့်ကိုယ်ကိုယ် အရမ်းတော်တဲ့ လူလို့ အမြဲတွေးခဲ့တယ်။ တခြားလူတွေရဲ့ အကူအညီမပါဘဲ ဘာမဆို အမြဲ လုပ်နိုင်တယ်လို့...

ဤသို့ အစေခံခြင်းမျိုးသည်အမှန်တကယ်စက်ဆုပ်ဖွယ် ဖြစ်သည်

ရှန်ဒေါင်းနယ်မြေမှ၊ ဒင်းနင်းရေးသားသည် လွန်ခဲ့သောရက်အနည်းငယ်ကကျွန်မအလုပ်ချိန်ကို အပြောင်းအလဲတစ်ခုလုပ်ဖို့ အသင်းတော် ခေါင်းဆောင်...

ပြဿနာတစ်ခုကို တိုင်ကြားခြင်းအပေါ် စိုးရိမ်ပူပန်ခြင်း

၂၀၂၁ စက်တင်ဘာမှာ ကျွန်တော်က အသင်းတော်မှာ ဧဝံဂေလိမျှဝေတယ်။ အချိန်နည်းနည်းကြာတော့ ဧဝံဂေလိအလုပ် ကြီးကြပ်ရေးမှူးက သူ့တာဝန်မှာ ဘာမှ...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။