အခက်အခဲကြားတွင် မိမိတာဝန်ကို ထိန်းသိမ်းရမည့်နည်းလမ်း

15.04.2026

တရုတ်နိုင်ငံမှ ဝူဖန်

၂၀၂၂ ခုနှစ်၊ ဇွန်လမှာ၊ ခေါင်းဆောင်တချို့အပါအဝင် ညီအစ်ကို မောင်နှမ အယောက် ၃၀ ကျော် ရဲအဖမ်းခံလိုက်ရတယ်ဆိုတာကို ကျွန်တော် သိလိုက်ရတယ်။ ညီအစ်ကိုမောင်နှမ အများအပြားနဲ့ စုဝေးပွဲလုပ်တဲ့ အိမ်တွေမှာ လုံခြုံရေး အန္တရာယ်တွေ ကြုံနေရပြီး၊ ဘုရားနှုတ်ကပတ်တော် စာအုပ်တွေကို အရေးတကြီး နေရာပြောင်းရွှေ့ဖို့ လိုအပ်နေခဲ့တယ်။ ချိန်ကွမ်းအသင်းတော်မှာ နောက်ဆက်တွဲကိစ္စတွေကို သွားကိုင်တွယ်ဖို့ ခေါင်းဆောင်တွေက ကျွန်တော်နဲ့ ညီအစ်မနှစ်ယောက်ကို စီစဉ်ပေးတယ်။ ကျွန်တော် ကိုယ့်ဘာသာ တွေးမိတယ်၊ “ငါက အရင်က အဖမ်းခံရဖူးတဲ့ ရာဇဝတ်မှုမှတ်တမ်း ရှိတယ်၊ ဒီနှစ်တွေမှာ ကွန်မြူနစ်ပါတီက ငါ့ကို အမြဲလိုက်ဖမ်းနေတာ။ ငါသာ နောက်ဆက်တွဲကိစ္စတွေကို သွားကိုင်တွယ်ရင် လူမြင်ကွင်းကို မလွဲမသွေ ထွက်ရမှာဖြစ်ပြီး၊ လုံခြုံရေးအန္တရာယ်ရှိတဲ့ လူတွေနဲ့ ထိတွေ့ဆက်ဆံရမှာ။ ငါ ထပ်အဖမ်းခံရရင် ကွန်မြူနစ်ပါတီက ငါ့ကို သေချာပေါက် သက်ညှာမှာ မဟုတ်ဘူး။ ငါ့ကို သေတဲ့အထိ မရိုက်ရင်တောင်၊ ရှစ်နှစ်ကနေ ဆယ်နှစ်ထိ ထောင်ဒဏ် အချခံရနိုင်တယ်။ ဘုရားသခင်ရဲ့ အမှုတော်က အဆုံးသတ်ခါနီးနေပြီဆိုတော့ ရဲတွေက ငါ့ကို သေတဲ့အထိ ရိုက်ရင်၊ ဒါမှမဟုတ် ဒုက္ခိတဖြစ်အောင် လုပ်လိုက်ရင် ဘယ်လိုလုပ်မလဲ။ ငါ့ရဲ့ မိသားစုနဲ့ အလုပ်အကိုင်ကို စွန့်လွှတ်ခဲ့တဲ့ နှစ်ကာလတွေအားလုံးနဲ့ အသုံးခံခဲ့တာတွေ အားလုံးက အချည်းနှီးဖြစ်သွားမှာ မဟုတ်ဘူးလား။ ငါ ဘယ်လို ကယ်တင်ခံရပြီး ကောင်းကင်နိုင်ငံတော်ကို ဝင်လို့ရမှာလဲ” လို့ပေါ့။ ဒါပေမဲ့ ဒီလိုတွေးရင်းနဲ့ အပြစ်ရှိတဲ့စိတ် နည်းနည်း ခံစားရပြီး စဉ်းစားမိတယ်။ “ဒီလိုအချိန်မျိုးမှာတောင် ငါ့ကိုယ်ငါပဲ တွေးနေသေးတာကိုး။ ငါက အရမ်း တစ်ကိုယ်ကောင်းဆန်တာပဲ” လို့ပေါ့။ ဘုရားနှုတ်ကပတ်တော်တချို့ကို ကျွန်တော် ပြန်သတိရလိုက်တယ်။ “ဘုရားသခင်၏ အမှုသည် လူသားမျိုးနွယ်အတွက် လုပ်ဆောင်ခြင်းဖြစ်ပြီး၊ လူ၏ ပူးပေါင်းဆောင်ရွက်မှုသည် ဘုရားသခင်၏ စီမံခန့်ခွဲမှုအတွက် ပေးထားခြင်း ဖြစ်သည်။ ဘုရားသခင်သည် သူလုပ်ဆောင်သင့်သည့်အရာ အားလုံးကို လုပ်ဆောင်ပြီးနောက်တွင်၊ လူသည် သူ၏ လက်တွေ့လုပ်ဆောင်မှုတွင် တွန့်တိုခြင်း မရှိရန်နှင့် ဘုရားသခင်နှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပေသည်။ ဘုရားသခင်၏အမှုတွင် လူသည် မည်သည့်လုံ့လကိုမျှ မချန်သင့်၊ သူ၏သစ္စာစောင့်သိမှုကို ဆက်ကပ်သင့်ပြီး၊ အတော်များသော အယူအဆများတွင် မမွေ့လျော်သင့်ပေ သို့မဟုတ် မလှုပ်မယှက်ထိုင်ကာ သေခြင်းကို မစောင့်ဆိုင်းသင့်ပေ။ ဘုရားသခင်သည် မိမိကိုယ်ကိုယ် လူသားအတွက် စတေးနိုင်သည်၊ သို့ဆိုလျှင် လူသည် သူ၏သစ္စာစောင့်သိခြင်းကို ဘုရားသခင်အား အဘယ်ကြောင့် မဆက်ကပ်နိုင်သနည်း။ ဘုရားသခင်သည် လူသားအပေါ် တစ်စိတ်တစ်ဝမ်းတည်းရှိသည်၊ သို့ဆိုလျှင် လူသည် အဘယ်ကြောင့် ပူးပေါင်းဆောင်ရွက်မှု အနည်းငယ်ကို မဆက်ကပ်နိုင်ရသနည်း။ ဘုရားသခင်က လူသားမျိုးနွယ်အတွက် အမှုပြုသည်၊ သို့ဆိုလျှင် လူသည် ဘုရားသခင်၏ စီမံခန့်ခွဲမှုအတွက် မိမိ၏ တာဝန်အချို့ကို အဘယ်ကြောင့် မဆောင်ရွက်နိုင်သနည်း။ ဘုရားသခင်၏ အမှုသည် ဤအထိ ရောက်ရှိလာလေပြီ၊ သို့သော် သင်သည် မြင်သော်ငြား မလုပ်ဆောင်၊ ကြားသော်ငြား မလှုပ်ရှားချေ။ ထိုသို့သော လူများသည် ထာဝရ ပြစ်ဒဏ်ခံရသူများ ဖြစ်သည် မဟုတ်လော။ ဘုရားသခင်သည် သူ၏အရာအားလုံးကို လူသားအဖို့ ဆက်ကပ်အပ်နှံထားပြီး ဖြစ်သည်၊ သို့ဆိုလျှင် ယနေ့တွင် လူသည် သူ၏တာဝန်ကို အဘယ်ကြောင့် စိတ်အားထက်သန်စွာ ဆောင်ရွက်နိုင်စွမ်း မရှိသနည်း။ ဘုရားသခင် အတွက်၊ သူ၏အမှုသည် ပထမ ဦးစားပေးဖြစ်ပြီး၊ သူ့စီမံခန့်ခွဲခြင်း အမှုသည် အရေးအကြီးဆုံး ဖြစ်သည်။ လူသားအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် ဘုရားသခင်၏ သတ်မှတ်ချက်များကို ဖြည့်ဆည်းခြင်းတို့သည် သူ၏ ပထမ ဦးစားပေးဖြစ်သည်။ ဤအရာကို သင်တို့အားလုံး နားလည်သင့်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အမှုနှင့် လူ၏လက်တွေ့လုပ်ဆောင်မှု) ဘုရားနှုတ်ကပတ်တော်တွေကို ဆင်ခြင်သုံးသပ်ကြည့်တော့ ကျွန်တော့်အသိစိတ်ထဲမှာ တော်တော်လေး အပြစ်ရှိသလို ခံစားရတယ်။ ကွန်မြူနစ်ပါတီက အသင်းတော်ကို သဲကြီးမဲကြီး နှိပ်စက်ညှဉ်းပန်းနေတာ၊ ညီအစ်ကိုမောင်နှမတွေက အန္တရာယ်ရှိနေပြီး ပုန်းရှောင်ခိုင်းဖို့ အရေးတကြီး လိုအပ်နေတာ၊ ဘုရားနှုတ်ကပတ်တော် စာအုပ်တွေကိုလည်း နေရာပြောင်းရွှေ့ဖို့ လိုအပ်နေပြီး၊ အရေးတကြီး ကိုင်တွယ်ရမယ့် အသင်းတော်အလုပ်တွေလည်း အများကြီး ရှိနေတယ်။ ဒီလိုအချိန်မျိုးမှာ တစ်ယောက်ယောက်က ရှေ့ထွက်ပြီး နောက်ဆက်တွဲကိစ္စတွေကို မြန်မြန်ဆန်ဆန် ဖြေရှင်းပေးဖို့နဲ့ ဆုံးရှုံးမှုတွေကို လျှော့ချဖို့ လိုအပ်တယ်။ ဒါက ဘုရားသခင်ရဲ့ ရည်ရွယ်ချက်နဲ့ ကိုက်ညီတယ်။ ဒါပေမဲ့ ကျွန်တော်က ကိုယ့်လုံခြုံရေးကိုပဲ ထည့်စဉ်းစားပြီး၊ အသင်းတော်အလုပ်ကို လုံးဝ ထည့်မတွက်ခဲ့ဘူး၊ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကိုလည်း အလေးမထားခဲ့ဘူး။ ကျွန်တော် တကယ်ကို အသိစိတ်ကင်းမဲ့ပြီး၊ အရမ်းကို တစ်ကိုယ်ကောင်းဆန်တဲ့အပြင် စက်ဆုပ်စရာကောင်းခဲ့တယ်။ ဒါနဲ့ ဒီတာဝန်ကို ကျွန်တော် လက်ခံလိုက်ပြီး၊ နောက်ဆက်တွဲကိစ္စတွေကို ဘယ်လိုဖြေရှင်းမလဲဆိုတာနဲ့ပတ်သက်လို့ တိကျတဲ့ အသေးစိတ်အချက်အလက်တွေကို ညီအစ်မနှစ်ယောက်နဲ့ ဆွေးနွေးခဲ့တယ်။

တစ်ညကျတော့ ညီအစ်မတစ်ယောက်က သူ့ရဲ့ လျှပ်စစ်စက်ဘီးမှာ တစ်ခုခု တပ်ထားတယ်လို့ ပြောတာနဲ့၊ ကျွန်တော်တို့ အမြန်သွားစစ်ကြည့်လိုက်တော့၊ ကျွန်တော်တို့ စက်ဘီးနှစ်စီးစလုံးမှာ ခြေရာခံကိရိယာတွေ တပ်ထားတာ တွေ့လိုက်ရတယ်။ ဒါက ကျွန်တော်တို့ကို ရဲတွေက ပစ်မှတ်ထားပြီးသား ဖြစ်နိုင်ပြီး အချိန်မရွေး အဖမ်းခံရနိုင်တယ်ဆိုတဲ့ သဘောပဲ။ ကျွန်တော် ပူပန်သောကရောက်ပြီး စိတ်မအေးဖြစ်ရတယ်။ အရင်က အဖမ်းခံရတုန်းက နှိပ်စက်ညှဉ်းပန်းခံခဲ့ရတဲ့ ပုံရိပ်တွေက မျက်စိထဲမှာ ပြန်ပေါ်လာတယ်။ အရင်က ကျွန်တော် အဖမ်းခံရတုန်းက အသင်းတော်ငွေကြေးအကြောင်း ဖော်ထုတ်ဖို့နဲ့ ညီအစ်ကိုမောင်နှမတွေကို သစ္စာဖောက်အောင်လို့ ရဲတွေက ကျွန်တော့်ကို ညှဉ်းဆဲခဲ့ကြတာ၊ တစ်နေ့ကုန် မအိပ်ဘဲနေခိုင်းတာ၊ ကျွန်တော် အိပ်ငိုက်လာတိုင်း ရိုက်နှက်တာ ခြိမ်းခြောက်တာတွေလုပ်တဲ့ ရက်စက်ပြီး ရှည်ကြာတဲ့ အိပ်ရေးပျက်ခံခိုင်းတဲ့ နည်းလမ်းတစ်ခုကို သုံးတယ်။ သူတို့က ဒါကို ရက်ပေါင်း ၂၀ ဆက်တိုက် လုပ်ခဲ့တယ်။ ရှင်တာက သေတာထက် ပိုဆိုးတဲ့အထိ သူတို့ ကျွန်တော့်ကို ညှဉ်းဆဲခဲ့ကြပြီး ဘုရားသခင်ရဲ့ စောင့်ရှောက်မှုနဲ့ ကာကွယ်မှုသာ မရှိရင် ကျွန်တော် သေတာ ကြာလှပြီ။ ဒီမှတ်ဉာဏ်က ကျွန်တော့်ကို ခြောက်လှန့်နေတုန်းပဲ။ ခုချိန်မှာ ကျွန်တော်က အသက် ၆၀ ရှိနှင့်နေပြီဖြစ်ပြီး နှလုံးရောဂါ၊ သွေးတိုးရောဂါတွေနဲ့ ကျန်းမာရေးကလည်း မကောင်းတာကို တွေးမိတယ်။ “ငါ ထပ်အဖမ်းခံရရင်၊ နှိပ်စက်ညှဉ်းပန်းတာတွေနဲ့ ရက်ရက်စက်စက် ရိုက်နှက်တာတွေကို ခံနိုင်ပါ့မလား” လို့ပေါ့။ ကွန်မြူနစ်ပါတီက ယုံကြည်သူတွေကို ဖြစ်နိုင်သမျှ ဘယ်နည်းလမ်းနဲ့မဆို နှိပ်စက်တာ၊ ဘာမှ အရေးယူမခံရဘဲနဲ့ ရိုက်သတ်ပစ်ကြတာ။ ကျွန်တော်သာ ရိုက်သတ်ခံရရင်၊ ဒါမှမဟုတ် ဒုက္ခိတဖြစ်သွားရင်၊ ဘုရားသခင်ကို ဘယ်လိုယုံကြည်ပြီး တာဝန်တွေကို ဘယ်လိုထမ်းဆောင်နိုင်တော့မလဲ။ ကျွန်တော် တွေးမိတယ်၊ “ထားလိုက်ပါတော့၊ လောလောဆယ် ငါ့တာဝန်တွေကို ရပ်ပြီး ပုန်းဖို့နေရာပဲ ရှာလိုက်တော့မယ်။ အဲဒါက ပိုပြီး စိတ်ချရတယ်” လို့ပေါ့။ ပြီးတော့ ခေါင်းဆောင်တွေက ဒီတာဝန်ကို တခြားလူအတွက် မစီစဉ်ပေးခဲ့ဘူးဆိုပြီး ကျွန်တော် ကိုယ့်ဘာသာ ညည်းညူမိတယ်။ တကယ်တော့ ကျွန်တော့်လို လုံခြုံရေးအန္တရာယ်ရှိတဲ့ လူတစ်ယောက်ကို နောက်ဆက်တွဲကိစ္စတွေ ဘယ်လိုဖြစ်လို့ ကိုင်တွယ်ခွင့်ပေးနိုင်ရတာလဲပေါ့။ ဒီလို တွေးလေလေ၊ ကျွန်တော့်စိတ်နှလုံးကက ပိုဝမ်းနည်းလာလေပဲ။ နောက်ပိုင်းကျတော့ ကျွန်တော့်အခြေအနေ မှားနေမှန်း သတိပြုမိလိုက်တယ်၊ ဒါနဲ့ ကျွန်တော် ဘုရားသခင်ဆီ ဆုတောင်းလိုက်တယ်၊ “ဘုရားသခင်၊ သားရဲ့ ယုံကြည်ခြင်းက သေးငယ်လွန်းပါတယ်။ စက်ဘီးတွေမှာ ခြေရာခံကိရိယာတွေ တွေ့လိုက်ရတဲ့အခါ၊ သားက ကြောက်စိတ်တွေ လွှမ်းမိုးနေပြီး လိပ်ခေါင်းလျှိုသလိုမျိုး ပုန်းရှောင်ချင်ခဲ့မိပါတယ်။ သားက တကယ်ကို တစ်ကိုယ်ကောင်းဆန်ပါတယ်။ ဘုရားသခင်၊ သားက ကိုယ်တော့်ကို အားကိုးပြီး၊ မျှော်ကြည့်ပြီးတော့ ဒီအခြေအနေကို ယုံကြည်ခြင်းနဲ့ တွေ့ကြုံခံစားလိုပါတယ်၊ ပြီးတော့ သားရဲ့ ပြဿနာတွေကို ဆင်ခြင်သုံးသပ်ပြီး သတိပြုမိအောင် ကိုယ်တော် လမ်းပြမယ်လို့ မျှော်လင့်ပါတယ်” လို့ပေါ့။ ဆုတောင်းပြီးနောက်မှာ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်တော် ဖတ်ခဲ့တယ်။ “လူတို့သည် ဘုရားသခင်၏ အမှုတော်ကို မတွေ့ကြုံမီနှင့် သမ္မာတရားကို နားမလည်မီတွင် ၎င်းတို့၏ အတွင်းမှ ချုပ်ထိန်းပြီး လွှမ်းမိုးထားသည်မှာ စာတန်၏ သဘာဝ ဖြစ်သည်။ ထိုသဘာဝတွင် အတိအကျအားဖြင့် မည်သည့်အရာ ပါဝင်သနည်း။ ဥပမာအားဖြင့် အဘယ်ကြောင့် သင်သည် တစ်ကိုယ်ကောင်းဆန်ရသနည်း။ အဘယ်ကြောင့် သင်သည် သင်၏ ကိုယ်ပိုင်အဆင့်အတန်းကို ကာကွယ်ရသနည်း။ အဘယ်ကြောင့် သင်သည် သင်၏ ခံစားချက်များ၏ လွှမ်းမိုးခြင်းကို ဤမျှလောက် ခံရသနည်း။ အဘယ်ကြောင့် သင်သည် ထိုမဖြောင့်မတ်သောအရာများနှင့် ထိုဆိုးယုတ်သောအရာများကို ကြိုက်နှစ်သက်ရသနည်း။ ထိုသို့သောအရာများကို သင် ကြိုက်နှစ်သက်ခြင်းအတွက် အခြေခံအကြောင်းရင်းမှာ အဘယ်အရာဖြစ်သနည်း။ ဤအရာများသည် အဘယ်မှ လာသနည်း။ အဘယ်ကြောင့် သင်သည် ၎င်းတို့ကို ကြိုက်နှစ်သက်ပြီး လက်ခံရသနည်း။ ယခုအချိန်တွင် သင်တို့အားလုံး နားလည်လာကြပြီး ဖြစ်သည်၊ အဓိကအကြောင်းရင်းမှာ စာတန်၏ အဆိပ်အတောက်များသည် လူ၏ အတွင်း၌ ရှိနေသောကြောင့် ဖြစ်သည်။ ဤသို့ဆိုလျှင် စာတန်၏ အဆိပ်ဆိုသည်မှာ အဘယ်နည်း။ ယင်းကို မည်သို့ ဖော်ပြနိုင်သနည်း။ ဥပမာအားဖြင့်၊ သင်က ‘လူများ အဘယ်သို့ အသက်ရှင်နေထိုင်သင့်သနည်း။ လူများသည် အဘယ်အရာအတွက် အသက်ရှင်သင့်သနည်း’ ဟု မေးပါက၊ သူတို့က ‘ကိုယ့်အတွက်ပဲ ကိုယ်ကြည့်။ ဘယ်သူသေသေ ငတေမာပြီးရော’ ဟု ဖြေကြလိမ့်မည်။ ဤတစ်ခုတည်းသော စကားစုက ပြဿနာ၏ တကယ့်အရင်းအမြစ်ကို ဖော်ပြလေသည်။ စာတန်၏ အတွေးအခေါ်နှင့် တွေးခေါ်မှုစနစ်တို့သည် လူသားတို့၏ အသက်တာများ ဖြစ်လာပြီဖြစ်သည်။ လူများသည် အဘယ်အရာကို လိုက်စားသည်ဖြစ်စေ ထိုသို့လုပ်ဆောင်ခြင်းသည် မိမိတို့ကိုယ်တိုင်အတွက်သာ ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် မိမိတို့ကိုယ်ကိုအတွက်သာ အသက်ရှင်ကြသည်။ ‘ကိုယ့်အတွက်ပဲ ကိုယ်ကြည့်။ ဘယ်သူသေသေ ငတေမာပြီးရော’ ဟူသော ဤအရာမှာ လူသား၏အသက် ဒဿနအမြင်ဖြစ်ပြီး ယင်းက လူသား၏ သဘာဝကိုလည်း ကိုယ်စားပြုလေသည်။ ဤစကားများသည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ သဘာဝ၊ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ ဆိုးယုတ်သော သဘာဝ၏ အမှန်တကယ် ပြယုဂ်ဖြစ်လာနှင့်ပြီးဖြစ်သည်။ ဤဆိုးယုတ်သော သဘာဝသည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ ဖြစ်တည်မှုအတွက် အခြေခံအချက် ဖြစ်လာနှင့်ပြီးဖြစ်သည်။ နှစ်ထောင်ချီကြာသည်အထိ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်သည် လက်ရှိအချိန်ကာလအထိ စာတန်၏ အဆိပ်ဖြင့် အသက်ရှင်ခဲ့ပြီးဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ပေတရု၏လမ်းကြောင်းအတိုင်း လျှောက်လှမ်းနည်း) ဘုရားနှုတ်ကပတ်တော်ရဲ့ ဖော်ထုတ်ချက်ကနေတစ်ဆင့် ကျွန်တော် သတိပြုမိလိုက်တာက အန္တရာယ်ရှိတဲ့ အခြေအနေတစ်ခု ကြုံရတိုင်း ကျွန်တော်က ကိုယ့်ကိုယ်ကိုယ်အကြောင်းပဲ အမြဲတမ်း တွေးနေခဲ့ပြီး ဒါရဲ့ အရင်းအမြစ်က “ကိုယ့်အတွက်ပဲ ကိုယ်ကြည့်။ ဘယ်သူသေသေ ငတေမာပြီးရော” ဆိုတာနဲ့ “ဆုလာဘ်မရှိဘဲ လုံးဝ မလုပ်နှင့်” ဆိုတာမျိုးလို စာတန်ဆန်တဲ့ အဆိပ်အတောက်တွေကြောင့်ပဲဖြစ်တယ်၊ ဒီစိတ်ကူးတွေက ကျွန်တော့်ကို နက်နက်ရှိုင်းရှိုင်း လွှမ်းမိုးလာခဲ့ပြီဆိုတာပါပဲ။ ဒီဆိုရိုးစကားတွေက ကျွန်တော် ပြုမူနေထိုင်တဲ့ စံနှုန်းတွေ ဖြစ်လာခဲ့တယ်။ ဒီအတွေးတွေ၊ အမြင်တွေနဲ့ အသက်ရှင်နေထိုင်ရင်း၊ ကျွန်တော်က တစ်ကိုယ်ကောင်းဆန်ပြီး ကိုယ့်အကျိုးစီးပွားကိုပဲ ကြည့်တတ်လာတယ်၊ အကျိုးအမြတ်ရယူတာနဲ့ ဆုံးရှုံးမှု ရှောင်ရှားတာတွေကို ကျွန်တော့်ရဲ့ စည်းမျဉ်းတွေအနေနဲ့ သဘောထားခဲ့တယ်။ လူ့အဖွဲ့အစည်းမှာ အလုပ်လုပ်လေ့ရှိတုန်းက ဒါဟာ ကျွန်တော် ကျင့်ကြံပြုမူတဲ့ပုံစံ ဖြစ်ခဲ့တယ်။ ကျွန်တော့်မိတ်ဆွေတွေကိုတောင် ကျွန်တော့်အတွက် အသုံးဝင်မဲ့သူတွေကိုပဲ ရွေးခဲ့တယ်။ ဘုရားသခင်ကို ရှာတွေ့ပြီး ကိုယ့်တာဝန်တွေကို စထမ်းဆောင်တဲ့အချိန်မှာတောင် ကျွန်တော်က ကိုယ့်အတွက်ပဲ ထည့်စဉ်းစားနေတုန်းပဲ၊ ခေါင်းဆောင်တွေ ကောင်းကောင်း အရေးထားမဲ့ လွယ်ကူတဲ့ အလုပ်တာဝန်တွေကို လုပ်တာ ပိုနှစ်သက်ခဲ့တယ်။ အခြေအနေက သက်သောင့်သက်သာရှိရင် ဒုက္ခခံနိုင်တယ်၊ ကိုယ့်တာဝန်တွေ ထမ်းဆောင်ရင်း အသုံးခံနိုင်တယ်၊ ဒါပေမဲ့ အခြေအနေက ဆိုးရွားလာပြီး ကိုယ့်ရဲ့ လုံခြုံရေး ပါဝင်ပတ်သက်လာတဲ့အခါ၊ ကိုယ့်အကျိုးစီးပွားကိုပဲ ကျွန်တော် တွေးပြီး အသင်းတော်အလုပ်ကို လုံးဝ ဂရုမစိုက်တော့ဘူး။ ခေါင်းဆောင်တွေက ကျွန်တော့်ကို နောက်ဆက်တွဲကိစ္စတွေ ကိုင်တွယ်ဖို့ စီစဉ်ပေးတဲ့အခါ ကျွန်တော် ပထမဆုံး ပူပန်တာက ကိုယ့်ရဲ့လုံခြုံရေးဖြစ်ပြီး၊ အထူးသဖြင့် ကျွန်တော်တို့ စက်ဘီးတွေမှာ ခြေရာခံကိရိယာတွေ တပ်ထားတာ တွေ့လိုက်ရတဲ့အချိန်မှာ၊ ရဲတွေ စောင့်ကြည့်တာ ခံနေရာမှာ၊ ပြီးတော့ အချိန်မရွေး အဖမ်းခံရနိုင်တဲ့ အန္တရာယ်ရှိတာ ဒါမှမဟုတ် ကိုယ့်အသက်တောင် ဆုံးရှုံးသွားနိုင်တယ်ဆိုတာတွေကို ပိုပြီးတောင် စိုးရိမ်ပူပန်လာခဲ့တယ်။ ကိုယ့်အသက်ရှင်ရပ်တည်ရေးကို ဦးစားပေးဖို့အတွက် တာဝန်တွေကို စွန့်ပစ်ပြီး ပုန်းရှောင်ဖို့တောင် ကျွန်တော် တွေးခဲ့သေးတယ်။ ကိုယ့်အတွက်ပဲ တွေးနေခဲ့တာ။ အသင်းတော် အလုပ် ဒါမှမဟုတ် ညီအစ်ကို မောင်နှမတွေ အဖမ်းခံရမလားဆိုတာကို အရေးမထားခဲ့ဘူး။ ကျွန်တော်က အရမ်းကို တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းလိုက်တာ။ နောက်ဆက်တွဲအလုပ်တွေကို ကိုင်တွယ်တာက အချိန်နဲ့အမျှ လုပ်ဖို့လိုပြီး၊ ဒီလို အရေးကြီးတဲ့အချိန်မျိုးမှာ၊ အသိစိတ်နဲ့ ဆင်ခြင်တုံတရားရှိတဲ့ ဘယ်သူမဆို ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့နဲ့ ဆုံးရှုံးမှုတွေကို လျေ့ာနည်းအောင် အစွမ်းကုန် လုပ်ဆောင်ဖို့အတွက် ထရပ်ကြမှာပဲ။ အဖမ်းခံရမဲ့သဘော၊ တောင်ချခံရမဲ့သဘော၊ အသက်ဆုံးရှုံးရမဲ့သဘောဖြစ်ရင်တောင် ဘုရားသခင်ရဲ့ စိတ်နှလုံးကို နှစ်သိမ့်ဖို့အတွက် အသင်းတော်အလုပ်ကို ကာကွယ်ဖို့ သူတို့ ရွေးချယ်ကြမှာ။ ဒါပေမဲ့ ကျွန်တော်ကျတော့၊ အန္တရာယ်နဲ့ ရင်ဆိုင်ရတဲ့အခါ လိပ်ခေါင်းလျှိုသလိုမျိုး ထွက်ပြေးပုန်းရှောင်ချင်ခဲ့တာ။ ကျွန်တော့်မှာ လူ့သဘာဝတစ်ခုတလေ ဘယ်လိုမျိုး ရှိခဲ့လို့လဲ။ ဒီလိုသဘောပေါက်လိုက်တော့ ကျွန်တော် အရမ်းကို ရှက်မိပြီး နောင်တရတယ်၊ ကိုယ့်ကိုယ်ကိုယ်လည်း ရွံမုန်းမိတယ်။ ဒီအခြေအနေကနေ ကျွန်တော် ထပ်ပြီး မထွက်ပြေးချင်တော့ဘူး၊ ပြီးတော့ ကျိုးနွံနာခံပြီး နောက်ဆက်တွဲအလုပ်တွေကို ကောင်းကောင်းမွန်မွန် ကိုင်တွယ်ဖို့ လိုလားနေခဲ့တယ်။

နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော် နောက်တစ်ပိုဒ်ကို ကျွန်တော် ဖတ်ခဲ့တယ်။ “စာတန်က မည်မျှပင် ‘အလွန့်အလွန် အာဏာရှိ’ ပါစေ၊ မည်မျှပင် ရဲတင်းပြီး ရည်မှန်းချက် ကြီးမားပါစေ၊ ထိခိုက်မှုများ ပေးနိုင်သော ၎င်း၏အစွမ်းက မည်မျှပင်ကြီးမားပါစေ၊ လူသားကို ၎င်း၏ ဖောက်ပြန်ပျက်စီးစေနိုင်စွမ်းနှင့် မျှားခေါ်နိုင်စွမ်းတို့က မည်မျှပင် ကျယ်ပြန့်ပါစေ၊ လူသားကို ၎င်းခြိမ်းခြောက်သည့် ပရိယာယ်များနှင့် လှည့်ကွက်များက မည်မျှပါးနပ်နေပါစေ၊ ၎င်းဖြစ်တည်နေသည့် ပုံစံက မည်မျှပင် မဆုံးနိုင်အောင် ပြောင်းလဲ၍ရနေပါစေ စာတန်သည် သက်ရှိအရာတစ်ခုကို တစ်ခါမျှ မဖန်ဆင်းနိုင်ခဲ့ပေ။ အရာအားလုံးဖြစ်တည်မှုအတွက် နိယာမများ၊ သို့မဟုတ် စည်းမျဉ်းတို့ကို တစ်ခါမျှ ၎င်းမချပေးနိုင်ခဲ့ပေ။ သို့မဟုတ် သက်ရှိဖြစ်စေ၊ သက်မဲ့ဖြစ်စေ မည်သည့်အရာဝတ္ထုကိုမျှ ၎င်း အုပ်စိုးပြီး အချုပ်အခြာအာဏာ ကိုင်စွဲနိုင်စွမ်း တစ်ခါမျှ မရှိခဲ့ပေ။ စကြဝဠာနှင့် မိုးမျက်နှာကြက်အတွင်းတွင် စာတန်ထံမှ ပေါက်ဖွားလာသည့်၊ သို့မဟုတ် ၎င်းကြောင့် ဖြစ်တည်နေသည့် လူပုဂ္ဂိုလ်တစ်ယောက်တလေ၊ သို့မဟုတ် အရာဝတ္ထုတစ်ခုတလေမျှ မရှိပေ။ လူတစ်ဦးမျှ သို့မဟုတ် အရာဝတ္ထုတစ်ခုမျှ ၎င်း၏ အချုပ်အခြာအာဏာအောက်တွင်ဖြစ်စေ၊ ၎င်း၏ အုပ်စိုးခံရခြင်းဖြစ်စေ မရှိချေ။ ဆန့်ကျင်ဘက်အနေနှင့် ၎င်းသည် ဘုရားသခင်၏ အုပ်စိုးမှုအောက်တွင် နေရရုံသာမကဘဲ ဘုရားသခင်၏ အမိန့်များနှင့် ခိုင်းစေမှုများအားလုံးကို ကျိုးနွံနာခံရသည်။ ဘုရားသခင်၏ ခွင့်ပြုချက်မပါဘဲ စာတန်သည် ကုန်းမြေပေါ်မှ ရေတစ်စက်၊ သို့မဟုတ် သဲတစ်ပွင့်ကိုပင် အလွယ်တကူ မထိနိုင်ပေ။ ဘုရားသခင်၏ ခွင့်ပြုချက်မပါဘဲ ဘုရားသခင်ဖန်ဆင်းခဲ့သည့် လူသားမျိုးနွယ်ကိုမဆိုထားနှင့်၊ စာတန်သည် ကုန်းမြေပေါ်က ပုရွက်ဆိတ်များကိုပင်လျှင် ထိပါးပိုင်ခွင့်မရှိပေ။ ဘုရားသခင်၏ အမြင်တွင် စာတန်သည် တောင်ပေါ်က နှင်းပန်းများ၊ လေထဲတွင် ပျံနေသည့်ငှက်များ၊ ပင်လယ်ထဲက ငါးများနှင့် ကမ္ဘာမြေကြီးပေါ်က လောက်များထက် နိမ့်ကျသည်။ အရာအားလုံးထဲတွင် ၎င်း၏ကဏ္ဍသည် အရာအားလုံးကို အစေခံရန်၊ လူသားမျိုးနွယ်အတွက် အစေခံရန်နှင့် ဘုရားသခင်၏အမှုနှင့် သူ၏စီမံခန့်ခွဲမှု အစီအစဉ်တို့ကို အစေခံရန်ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁)) ဘုရားနှုတ်ကပတ်တော်တွေက တကယ်ကို ဩဇာအာဏာနဲ့ တန်ခိုးပါရှိပါတယ်။ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာ ကျွန်တော် ယုံကြည်ခြင်းတွေ ပြည့်လာပြီး၊ ကွန်မြူနစ်ပါတီက ဘယ်လောက်ပဲ သောင်းကျန်းနေပါစေ၊ သူတို့က ဘုရားသခင်ရဲ့ လက်ထဲမှာ ရှိနေတုန်းပဲဆိုတာကို သဘောပေါက်လိုက်တယ်။ သူက ဘုရားသခင် ရွေးချယ်ထားတဲ့လူတွေကို စုံလင်စေဖို့ ဘုရားသခင် အသုံးပြုတဲ့ အစေခံ တန်ဆာပလာတစ်ခု သက်သက်ပါပဲ။ သူလုပ်သမျှ အရာအားလုံးက ဘုရားသခင်ရဲ့ ခွင့်ပြုချက် နယ်ပယ်အတွင်းမှာပဲ ရှိတယ်၊ ဘုရားသခင်သာ ခွင့်မပြုရင် သူတို့က ဘယ်သူ့ကိုမှ ထိခိုက်အောင် လုပ်လို့မရဘူး။ ကျွန်တော်က ရဲတွေနဲ့ မျက်နှာချင်းဆိုင် တိုးရင်တောင်မှ အဖမ်းခံရမှာ မဟုတ်ဘူး။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းက အဖြစ်အပျက်ကို ပြန်သတိရမိတယ်၊ အဲဒီတုန်းက ကျွန်တော်တို့ ဒေသက ခေါင်းဆောင်တွေနဲ့ အမှုဆောင်တွေ အများကြီး အဖမ်းခံခဲ့ရပြီး၊ ကျွန်တော်တို့ကတော့ ဘာမှမသိဘဲ စုဝေးပွဲ တက်နေကြတုန်းလေ။ ရုတ်တရက် ရဲဆယ်ယောက်ကျော် ရောက်လာပြီး တံခါးလာခေါက်ကြတယ်။ သူတို့က မိနစ်အတော်ကြာအောင် တံခါးဆက်တိုက်ခေါက်နေကြတာ၊ ကျွန်တော်တို့က ဆက်ပဲဆုတောင်းနေပြီး တံခါးဖွင့်မပေးခဲ့ကြဘူး။ နာရီဝက်လောက်ကြာတော့ ရဲတွေက အိမ်မှာ လူမရှိဘူးထင်လို့ ရဲနှစ်ယောက်ကို စောင့်ခိုင်းထားခဲ့ပြီး၊ ကျန်တဲ့လူတွေက ပြန်သွားကြတယ်။ နောက်ပိုင်းမှာ ပြတင်းပေါက်ကနေ ကျွန်တော်တို့ ကြည့်လိုက်ပြီး၊ ရဲတွေ အာရုံမစိုက်မိတဲ့အချိန်မှာပဲ အခွင့်ကောင်းယူပြီး ထွက်ပြေးလွတ်မြောက်လာခဲ့ကြတယ်။ နောက်တစ်ခါကျတော့လည်း ကျွန်တော်တို့ စုဝေးပွဲပြီးလို့၊ ညီအစ်ကိုတစ်ယောက်နဲ့ ကျွန်တော် ထွက်လာပြီးခါစမှာပဲ၊ ညီအစ်မနှစ်ယောက်က အခန်းထဲမှာ ရဲတွေနဲ့ ပိတ်မိနေခဲ့တယ်။ ညီအစ်မတွေက ကွန်ပျူတာတွေကို ကမန်းကတန်းဆွဲယူပြီး ကုတင်အောက်မှာ ဝင်ပုန်းကြတာ၊ ရဲတွေရဲ့ မျက်စိရှေ့မှာတင် ရှိနေပေမဲ့ သူတို့ကို မတွေ့သွားကြဘူး။ ဒီအဖြစ်မှန်တွေကနေ ဘုရားသခင်ရဲ့ အနန္တတန်ခိုးကို ကျွန်တော် မြင်ခဲ့ရပြီး အရာအားလုံးက ဘုရားသခင်ရဲ့ လက်ထဲမှာ ရှိတယ်ဆိုတာ ကျွန်တော် သိခဲ့ရတယ်။ ကျွန်တော့်စက်ဘီးမှာ ခြေရာခံကိရိယာ တပ်ထားပေမဲ့၊ ကျွန်တော် အဖမ်းခံရမလား၊ မခံရဘူးလားဆိုတာ ရဲတွေအပေါ် မူတည်တာမဟုတ်ဘူး၊ ဘုရားသခင်အပေါ်ပဲ မူတည်တာ။ ဘုရားသခင်ကသာ ကျွန်တော့်ကို ရဲအဖမ်းခံရဖို့ ခွင့်ပြုရင်၊ ကျွန်တော် ဘယ်မှာပဲ ပုန်းပုန်း လွတ်မှာမဟုတ်ဘူး။ ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ အစီအစဉ်တွေကို ကျွန်တော် ကျိုးနွံနာခံရမယ်။ ဒါကို သဘောပေါက်သွားတဲ့အခါ၊ ကျွန်တော့်စိတ်နှလုံးက တည်ငြိမ်အေးချမ်းသွားပြီး အရမ်း တွန့်ဆုတ်တာ၊ ကြောက်ရွံ့တာ မရှိတော့ဘူး။ အဲဒီနောက် ကျွန်တော်တို့ နောက်ဆက်တွဲအလုပ်တွေကို ဆက်လုပ်ခဲ့ကြတယ်၊ ဘုရားနှုတ်ကပတ်တော် စာအုပ်တွေအားလုံးကို ဘေးကင်းလုံခြုံစွာ ပြောင်းရွှေ့နိုင်ခဲ့သလို ညီအစ်ကိုမောင်နှမတွေကိုလည်း သူတို့တာဝန်တွေ ထမ်းဆောင်ဖို့ ဘေးကင်းတဲ့နေရာတွေကို ရွှေ့ပေးနိုင်ခဲ့တယ်။

ဒီအသင်းတော်ရဲ့ အလုပ်ကို စီစဉ်ပြီးတဲ့နောက်မှာ တခြားအသင်းတော်တစ်ခုရဲ့ နောက်ဆက်တွဲအလုပ်တွေကို ကိုင်တွယ်ဖို့ ကျွန်တော် သွားခဲ့တယ်။ အသင်းတော်အလုပ် ပုံမှန်အတိုင်း အမြန်ဆုံး ပြန်ဖြစ်ဖို့ ဘယ်လိုလုပ်မလဲဆိုတာ ဆွေးနွေးဖို့ ကြီးကြပ်ရေးမှူးနှစ်ယောက်ကို ကျွန်တော် ရှာတွေ့ခဲ့တယ်။ ဒါပေမဲ့ အံ့သြစရာကောင်းတာက၊ ကြီးကြပ်ရေးမှူးတစ်ယောက်ရဲ့ စက်ဘီးမှာလည်း ခြေရာခံကိရိယာ တပ်ထားတာ ခံရပြီးတော့၊ ရဲတွေက ကျွန်တော်တို့ နေတဲ့နေရာကိုတောင် လာစစ်ဆေးခဲ့ကြပြီးပြီ။ တင်းမာတဲ့ အခြေအနေက ကျွန်တော်တို့ကို ပြန်ဖိစီးလာပြီး ကျွန်တော် တကယ်ကို ချုပ်ချယ်ခံရသလိုမျိုး ခံစားခဲ့ရတယ်။ ကွန်မြူနစ်ပါတီက တစ္ဆေလိုပဲ၊ ယုံကြည်သူတွေကို မရပ်မနား ဖမ်းဆီးနှိပ်စက်နေတယ်၊ အသင်းတော်အလုပ်ကို နှောင့်ယှက်ပြီး ဖျက်ဆီးနေတယ်။ တကယ်ကို ကျိန်ခြင်းအမင်္ဂလာသင့်ပြီး ရှုတ်ချစရာဖြစ်တယ်။ နောက်တစ်နေ့မှာ အထက်ခေါင်းဆောင်ဆီက စာတစ်စောင် ကျွန်တော် လက်ခံရရှိတယ်၊ တိုင်ကြားစာတစ်စောင်ကို ကိုင်တွယ်ဖြေရှင်းဖို့ ကျွန်တော်နဲ့ ညီအစ်မတစ်ယောက်ကို စီစဉ်ပေးထားတာ။ အသင်းတော်မှာ အာဏာရနေတဲ့ အန္တိခရစ်တစ်ယောက် ရှိနေပြီး လူတွေကို ဖိနှိပ်၊ ညှဉ်းဆဲနေတဲ့အပြင် အသင်းတော်မှာ ကမောက်ကမ အခြေအနေ ဖြစ်စေတယ်လို့ စာထဲမှာ တိုင်ကြားထားတယ်။ ကိစ္စက အရေးတကြီးဖြစ်ပြီး ချက်ချင်း ကိုင်တွယ်ဖို့ ကျွန်တော့်ကို ပြောထားတယ်။ ကျွန်တော် မသွားချင်ဘူး၊ စာရေးတဲ့လူကိုလည်း ကျွန်တော် ညည်းညူမိတယ်၊ “ဒီမှာ အခြေအနေက တော်တော်ဆိုးနေပြီဟာကို၊ ခင်ဗျားက ဒီအချိန်ကျမှ၊ တိုင်ကြားစာရေးတယ်။ ဒီမှာ နောက်ဆက်တွဲအလုပ်တွေနဲ့တင် လုံလောက်အောင် အလုပ်ရှုပ်နှင့်ပြီးသားဖြစ်ပြီး အခု ခင်ဗျားက ကမောက်ကမအခြေအနေကို ထပ်လုပ်နေတာပဲ” လို့ တွေးမိတာပေါ့။ အဲဒီအချိန်မှာပဲ အဖမ်းခံထားရတဲ့ လူနှစ်ယောက်က ယုဒတွေ ဖြစ်သွားပြီဆိုတာ ကျွန်တော် သိလိုက်ရတယ်၊ ပြီးတော့ သူတို့နှစ်ယောက်စလုံးက ကျွန်တော့်ကို သိကြတယ်။ ရဲတွေက ကျွန်တော့်အကြောင်း သူတို့ကို မေးတောင်မေးခဲ့ကြသေးတယ်၊ ကျွန်တော့်အကြောင်း သတင်းအချက်အလက် ဘယ်လောက်များများ ရဲတွေကို သူတို့ ထုတ်ပြောခဲ့ပြီလဲဆိုတာ ကျွန်တော် မသိဘူး။ ကျွန်တော် တွေးမိတယ်၊ “ရဲတွေက ငါ့ကို လိုက်ဖမ်းနေတာ၊ ငါသာ လူမြင်ကွင်းကို ထပ်ထွက်လိုက်ရင် သေနတ်ပြောင်းဝကို လမ်းလျှောက်သွားသလိုပဲ ဖြစ်မှာမဟုတ်လား။ ငါသာ အဖမ်းခံရရင် ရဲတွေက ငါ့ကို လွယ်လွယ်နဲ့ လွှတ်မှာ မဟုတ်ဘူး။ ငါ့ကို ရိုက်မသတ်ရင်တောင် ဒုက္ခိတဖြစ်အောင်တော့ လုပ်မှာ သေချာတယ်” လို့ပေါ့။ ကျွန်တော် အရမ်းဒွိဟဖြစ်ခဲ့တယ်၊ “တိုင်ကြားစာကို ကိုင်တွယ်တာ အသင်းတော်အလုပ်နဲ့ ဆက်စပ်မှုရှိပြီး၊ ဒီအန္တိခရစ်တွေနဲ့ လူဆိုးတွေကိုသာ ချက်ချင်း ကိုင်တွယ်ဖြေရှင်းတာ မလုပ်ရင် အခြေအနေက ပိုပြီး ကမောက်ကမဖြစ်မှာပဲ။ ပြီးတော့ ညီအစ်ကို မောင်နှမတွေလည်း ဆက်ပြီး ဖိနှိပ်၊ ညှဉ်းဆဲတာတွေ ခံရမယ်။ ဒါပေမဲ့ ဒီတိုင်ကြားစာက အသင်းတော်အတော်များများနဲ့ သက်ဆိုင်နေပြီး မြေပြင်ကွင်းဆင်း စစ်ဆေးဖို့နဲ့ အတည်ပြုဖို့ လိုအပ်နေတာ၊ အဲဒီလိုလုပ်ဖို့ ငါသာ လူမြင်ကွင်းကို ထွက်ရမယ်ဆိုရင် အနှေးနဲ့အမြန် အဖမ်းခံရမယ့် အန္တရာယ်ရှိနေတာပဲ” လို့ တွေးမိတာပေါ့။ ဒီအတွေးနဲ့ ကျွန်တော် အရမ်း စိတ်လှုပ်ရှားပြီး စိတ်ငြိမ်ငြိမ်ထားလို့ကို မရခဲ့ဘူး။ ဒါကြောင့် ကျွန်တော့်ကို ယုံကြည်ခြင်းနဲ့ ခွန်အားပေးဖို့ တောင်းလျှောက်ရင်းနဲ့ ဘုရားသခင်ဆီ ကျွန်တော် ဆုတောင်းခဲ့တယ်။ ဆုတောင်းပြီးနောက်မှာ သခင်ယေရှုရဲ့ တပည့်တော်တွေ ကိုယ်တော့်အတွက် ဘယ်လို မာတုရဖြစ်ခဲ့ကြသလဲဆိုတာ ဖော်ပြထားတဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်တော် သတိရလိုက်တယ်။ ကျွန်တော် အဲဒီနှုတ်ကပတ်တော်တွေကို အမြန်ရှာဖတ်လိုက်တယ်။

အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “သခင်ယေရှု၏ ထိုတပည့်တော်များသည် မည်သို့ သေဆုံးကြသနည်း။ တပည့်တော်များကြားတွင် မသေမချင်း ကျောက်တုံးဖြင့် ထုသတ်ခံခဲ့ရသူများ၊ မြင်းနောက်မှ ကြိုးဖြင့် ဆွဲခံရသူများ၊ ဇောက်ထိုးမိုးမျှော် ကားစင်တင်ခံရသူများ၊ မြင်းငါးကောင်ဖြင့် ကိုယ်လက်အင်္ဂါများကို တစ်စစီ ဆွဲဖျက်ခံရသူများ ရှိကြသည်။ သေခြင်းတရားမျိုးစုံသည် ၎င်းတို့ပေါ် ကျရောက်ခဲ့သည်။ ၎င်းတို့၏ သေခြင်းတရားများအတွက် အကြောင်းရင်းမှာ အဘယ်နည်း။ ၎င်းတို့သည် ၎င်းတို့၏ ပြစ်မှုများအတွက် ဥပဒေနှင့်လျော်ညီစွာ ကွပ်မျက်ခံရခြင်းလော။ မဟုတ်ပေ၊ ၎င်းတို့သည် သခင်၏ ဧဝံဂေလိကို ဖြန့်ဝေပြီး ကမ္ဘာသူကမ္ဘာသားများ၏ ငြင်းပယ်ခြင်းကို ခံရသောကြောင့် ပြစ်တင်ရှုတ်ချခြင်း၊ ရိုက်နှက်ခြင်း၊ ဆူပူကြိမ်းမောင်းခြင်းနှင့် အသေသတ်ခြင်းတို့ကို ခံခဲ့ရသည်။ ယင်းမှာ ၎င်းတို့ မာတုရဖြစ်ခဲ့သည့် ပုံစံဖြစ်သည်။...အမှန်တကယ်တွင် ဤသည်မှာ ၎င်းတို့၏ ခန္ဓာကိုယ်များ သေဆုံးပြီး ကွယ်လွန်သွားသည့်ပုံစံ ဖြစ်သည်။ ဤသည်မှာ လူ့လောကမှ ၎င်းတို့ ထွက်ခွာသွားသည့် ပုံစံဖြစ်သည်၊ သို့ရာတွင် ယင်းက ၎င်းတို့၏ အဆုံးသတ်နှင့် တူညီသည်ဟု မဆိုလိုပေ။ ၎င်းတို့၏ သေခြင်းတရားနှင့် ထွက်ခွာခြင်းတို့၏ နည်းလမ်းများမှာ မည်သို့ဖြစ်ပါစေ၊ ယင်းတို့က မည်သို့ဖြစ်ပျက်ခဲ့ပါစေ၊ ဘုရားသခင်က ထိုအသက်များ၏၊ ထိုဖန်ဆင်းခံသတ္တဝါများ၏ နောက်ဆုံး အဆုံးသတ်များကို သတ်မှတ်ခဲ့သည့်ပုံစံ မဟုတ်ပေ။ ဤသည်မှာ သင် မဖြစ်မနေ ရှင်းလင်းစွာ တွေ့ရမည့်အရာ တစ်စုံတစ်ခုဖြစ်သည်။ ဆန့်ကျင်ဘက်အားဖြင့် ၎င်းတို့က ဤလောကကို ပြစ်တင်ရှုတ်ချဖို့နှင့် ဘုရားသခင်၏ လုပ်ဆောင်ချက်များကို သက်သေခံဖို့ ဤနည်းလမ်းများကို အတိအကျအားဖြင့် အသုံးပြုခဲ့ခြင်း ဖြစ်သည်။ ဤဖန်ဆင်းခံ သတ္တဝါများက ၎င်းတို့၏ အဖိုးအတန်ဆုံးသော အသက်များကို အသုံးပြုခဲ့သည်။ ၎င်းတို့က ဘုရားသခင်၏ လုပ်ဆောင်ချက်များကို သက်သေခံဖို့၊ ဘုရားသခင်၏ကြီးမြတ်သော တန်ခိုးကို သက်သေခံဖို့နှင့် ဘုရားသခင်၏ လုပ်ဆောင်ချက်များသည် မှန်ကန်ကြောင်း၊ သခင်ယေရှုသည် ဘုရားသခင်ဖြစ်ကြောင်း၊ သူသည် သခင်နှင့် ဘုရားသခင်၏ လူ့ဇာတိခံ ဇာတိပကတိဖြစ်ကြောင်းတို့ကို စာတန်နှင့် လောကတို့အား ကြေညာဖို့ ၎င်းတို့အသက်၏နောက်ဆုံးအခိုက်အတန့်ကို အသုံးပြုခဲ့ကြသည်။ ၎င်းတို့ အသက်များ၏ နောက်ဆုံး အခိုက်အတန့်အထိတွင်ပင် ၎င်းတို့သည် သခင်ယေရှု၏ နာမတော်ကို မည်သည့်အခါမျှ မငြင်းပယ်ခဲ့ပေ၊ ဤသည်မှာ ဤလောကအပေါ် တရားစီရင်ခြင်းပုံစံတစ်မျိုး မဟုတ်သလော။ ၎င်းတို့က လောကကြီးကို ကြေညာဖို့၊ သခင်ယေရှုသည် သခင်ဖြစ်သည်၊ သခင်ယေရှုသည် ခရစ်တော် ဖြစ်သည်၊ သူသည် ဘုရားသခင်၏ လူ့ဇာတိခံ ဇာတိပကတိဖြစ်သည်၊ လူသားမျိုးနွယ် တစ်ရပ်လုံးအတွက် သူပြုလုပ်ခဲ့သည့် ရွေးနုတ်ခြင်းအမှုတော်သည် ဤလူသားမျိုးနွယ် တစ်ရပ်လုံးကို ဆက်လက် ရှင်သန်ခွင့်ပြုကြောင်းကို လူသားတို့အား အတည်ပြုဖို့ ၎င်းတို့၏အသက်များကို အသုံးပြုခဲ့သည်။ ဤအဖြစ်မှန်သည် ထာဝရမပြောင်းလဲပေ။ သခင်ယေရှု၏ ဧဝံဂေလိတရားကို ဖြန့်ချိခြင်းအတွက် မာတုရဖြစ်ခဲ့သောသူတို့သည် ၎င်းတို့၏တာဝန်ကို မည်သည့်အတိုင်းအတာအထိ ထမ်းဆောင်ခဲ့သနည်း။ ယင်းက အဆုံးစွန်အတိုင်းအတာအထိ ဖြစ်ခဲ့သလော။ အဆုံးစွန်အတိုင်းအတာကို မည်သို့ထင်ရှားစေခဲ့သနည်း။ (၎င်းတို့က ၎င်းတို့၏ အသက်များကို ပူဇော်ဆက်ကပ်ကြသည်။) မှန်ပေသည်၊ ၎င်းတို့သည် ၎င်းတို့၏အသက်များဖြင့် အဖိုးအခကို ပေးဆပ်ခဲ့သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဧဝံဂေလိတရားဟောခြင်းသည် ယုံကြည်သူများအားလုံး ကောင်းမွန်စွာ ဖြည့်ဆည်းရမည့် တာဝန်ဖြစ်သည်)ဘုရားသခင်ကို သစ္စာစောင့်သိသည့်သူများက ပတ်ဝန်းကျင်တစ်ခုသည် အန္တရာယ် ရှိသည်ကို ရှင်းလင်းစွာ သိသည့်အခါတွင် ၎င်းတို့ကိုယ်တိုင် မဆုတ်ခွာမီ နောက်ဆက်တွဲ အခြေအနေကို ကိုင်တွယ်သည့် အလုပ်ကို လုပ်ဖို့ လိုလားဆဲဖြစ်ကာ ဘုရားအိမ်တော်ကို ဆုံးရှုံးမှုများ အနည်းဆုံးဖြစ်အောင် ထိန်းသိမ်းကြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်တိုင်၏ ဘေးကင်းရေးကို ဦးစားမပေးကြပေ။ ငါ့ကိုပြောလော့၊ အဆင်းနီသောနဂါးကြီး၏ ဤကောက်ကျစ်ဆိုးယုတ်သောနိုင်ငံတွင် ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် တာဝန်တစ်ခုကို ထမ်းဆောင်ခြင်းတွင် အန္တရာယ်လုံးဝ မရှိဟု မည်သူက သေချာစေနိုင်သနည်း။ မည်သည့်တာဝန်ကို တာဝန်ယူဆောင်ရွက်ပါစေ ယင်းက အန္တရာယ်အချို့ ပါဝင်သည်။ သို့တိုင် တာဝန်ထမ်းဆောင်ခြင်းသည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းထားခြင်းဖြစ်ပြီး ဘုရားသခင်၏ နောက်လိုက်စဉ်တွင် မိမိ၏တာဝန် ထမ်းဆောင်ခြင်းနှင့် ပတ်သက်သည့် အန္တရာယ်ကို ခံယူရမည် ဖြစ်သည်။ အကြင်သူသည် ဉာဏ်ပညာကို အသုံးပြုသင့်ပြီး မိမိ၏ဘေးကင်းလုံခြုံရေးကို သေချာစေဖို့ ချိန်ဆရန် လိုအပ်သော်လည်း မိမိ၏ ကိုယ်ရေးကိုယ်တာ ဘေးကင်းလုံခြုံရေးကို ဦးစားမပေးသင့်ပေ။ ထိုသူသည် ဘုရားအိမ်တော်၏အလုပ်နှင့် ဧဝံဂေလိဖြန့်ဝေခြင်းကို ဦးစားပေးလျက် ဘုရားရည်ရွယ်ချက်များကို အလေးထားသင့်သည်။ မိမိအတွက် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို ပြီးမြောက်ခြင်းသည် အရေးအကြီးဆုံး အရာဖြစ်ပြီး ဦးစားပေးဖြစ်သည်။ အန္တိခရစ်များသည် မိမိတို့ကိုယ်တိုင်၏ ဘေးကင်းရေးကိုသာ အဓိက ဦးစားပေးကြသည်။ အခြားမည်သည့်အရာမျှ ၎င်းတို့နှင့် မသက်ဆိုင်ဟု ၎င်းတို့ တွေးထင်ကြသည်။ အခြားသူတစ်ဦးကို တစ်စုံတစ်ခုဖြစ်သည့်အခါ၊ ထိုသူ မည်သူဖြစ်နိုင်ပါစေ ၎င်းတို့ ဂရုမစိုက်ကြချေ။ အန္တိခရစ်များ ကိုယ်တိုင် မည်သည့်ဆိုးရွားသည့်အရာမျှ မဖြစ်သရွေ့၊ ၎င်းတို့ စိတ်အေးလက်အေး ဖြစ်ကြသည်။ ၎င်းတို့၌ သစ္စာစောင့်သိခြင်း တစ်စက်မျှ မရှိပေ၊ ယင်းကို အန္တိခရစ်များ၏ သဘာဝ အနှစ်သာရက ဆုံးဖြတ်ပေး၏။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၂)) ကျေးဇူးတော်ခေတ်တုန်းက သခင်ယေရှုရဲ့ တပည့်တော်တွေက ကိုယ်တော့်အတွက် သက်သေခံပြီး ဧဝံဂေလိတရားကို ဖြန့်ဝေခဲ့ကြတယ်၊ အဲဒီအတွက် သူတို့ရဲ့အသက်တွေကို စတေးဖို့ လိုလားခဲ့ကြတယ်။ ဥပမာ ပေတရုဆိုရင် ဘုရားသခင်အတွက် ဇောက်ထိုး ကားတိုင်တင်ခံခဲ့ရပြီး သေတဲ့အထိ သစ္စာစောင့်သိခဲ့တယ်၊ သတေဖန်ဆိုရင် သခင်ယေရှုရဲ့ ဧဝံဂေလိတရားကို ဖြန့်ဝေလို့ ခဲနဲ့ပေါက်သတ်တာ ခံခဲ့ရတယ်၊ စသဖြင့်ပေါ့။ ဘုရားနှုတ်ကပတ်တော်ကို ဖြန့်ဝေဖို့နဲ့ လောကကြီးကို ကိုယ်တော့်အမှုတော်အကြောင်း သက်သေခံဖို့ သူတို့ရဲ့အသက်တွေနဲ့ ရင်းပြီး ပေးဆပ်ခဲ့ကြတယ်။ သူတို့က နှိပ်စက်ညှဉ်းပန်းခံရပြီး ဇာတိခန္ဓာနဲ့ သေဆုံးခဲ့ပေမဲ့၊ သူတို့ရဲ့ သေခြင်းက တန်ဖိုးရှိပြီး အဓိပ္ပာယ်ရှိတယ်၊ ပြီးတော့ ဘုရားသခင်ရဲ့ အသိအမှတ်ပြုတာကို ခံခဲ့ရတယ်။ ကျွန်တော် ပြန်စဉ်းစားမိတယ်၊ နောက်ဆုံးသောကာလမှာ ဘုရားသခင်နောက်လိုက်တဲ့ စစ်မှန်တဲ့ ယုံကြည်သူအများကြီးက အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ ဧဝံဂေလိတရားကို ဖြန့်ဝေပြီး သက်သေခံတဲ့အတွက် အဖမ်းခံခဲ့ရတဲ့အပြင် ရက်စက်တဲ့ ညှဉ်းဆဲမှုတွေကို ခံခဲ့ရတယ်။ တချို့က ရိုက်သတ်ခံရတယ်၊ တချို့က ဒုက္ခိတဖြစ်သွားကြတယ်၊ ဒါပေမဲ့ သူတို့က ဘုရားသခင်ကို ငြင်းပယ်တာ၊ သစ္စာဖောက်တာထက် ထောင်ထဲမှာပဲ သူတို့ဘဝတွေကို ကုန်ဆုံးချင်ကြတယ်။ သူတို့က ယုဒတွေဖြစ်မယ့်အစား သေဆုံးချင်ခဲ့ကြတယ်။ အဆုံးမှာတော့ သူတို့က စာတန်ကို အောင်နိုင်ကြောင်း သက်သေခံခဲ့ကြတယ်။ အခု အသင်းတော်က အလုပ်ကို ကိုင်တွယ်ပေးမယ့်လူ အရေးတကြီး လိုအပ်နေတာ၊ ဒါပေမဲ့ ကျွန်တော်ကတော့ ကိုယ့်လုံခြုံရေးကိုပဲ အမြဲ ဦးစားပေးပြီး ကိုယ့်အသက်ကို အရာအားလုံးထက် ပိုတန်ဖိုးထားနေခဲ့တယ်။ ကျွန်တော်က ဘုရားသခင်အတွက် သက်သေခံတစ်ခုတလေ ခံနိုင်ဖို့မပြောနဲ့၊ သူ့အပေါ် သစ္စာမရှိသလို ကျိုးနွံနာခံမှုလည်း မရှိခဲ့ပါဘူး။ ကိုယ့်တာဝန်တွေကို မထမ်းဆောင်ဘဲ ဒီလိုမျိုး ယုတ်ညံ့တဲ့ ဖြစ်တည်မှုကို အချိန်ဆွဲနေတာက ဘာအဓိပ္ပာယ်ရှိမှာလဲ။ ပြီးတော့ ကျွန်တော့်ရဲ့ နားလည်မှုက လွဲချော်နေတယ်ဆိုတာကိုလည်း သဘောပေါက်ခဲ့တယ်။ ရိုက်သတ်ခံရရင်၊ ဒါမှမဟုတ် ဒုက္ခိတဖြစ်သွားရင် ကယ်တင်ခံရမယ့် အခွင့်အရေး ဆုံးရှုံးသွားမှာကို ကျွန်တော် အမြဲ စိုးရိမ်ခဲ့တာကိုး၊ ဒါပေမဲ့ တကယ်တမ်းကျတော့ ကယ်တင်ခံရတယ်ဆိုတာက ကိုယ့်ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ဖယ်ရှားနိုင်ပြီး ဘုရားသခင်ကို စစ်မှန်တဲ့ ကျိုးနွံနာခံမှု ရရှိနိုင်တဲ့အထိ ဘုရားသခင်ရဲ့ အမှုတော်ကို တွေ့ကြုံခံစားတာကို ရည်ညွှန်းတာပါ။ ကျွန်တော်က ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ အစီအစဉ်တွေကို ကျိုးနွံနာခံနိုင်ခြင်းမရှိရင်၊ သမ္မာတရားကို မလိုက်စားဘဲ ကိုယ့်တာဝန်တွေကို ကောင်းကောင်း မထမ်းဆောင်တဲ့အပြင်၊ ဘုရားသခင် စီစဉ်ပေးထားတဲ့ အခြေအနေမှာ ကိုယ့်ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို မဖယ်ရှားဘဲ အဲဒီအစား လိပ်ခေါင်းလျှိုသလိုမျိုး ထွက်ပြေးပုန်းရှောင်ဖို့ ရွေးချယ်မယ်ဆိုရင်၊ ကယ်တင်ခံရမယ့် အခွင့်အရေးကို ကျွန်တော် တကယ် ဆုံးရှုံးရမှာ။ ဒါကို သဘောပေါက်သွားတဲ့အခါ၊ ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ အစီအစဉ်တွေကို ကျိုးနွံနာခံဖို့ ကျွန်တော် ဆုံးဖြတ်လိုက်တယ်၊ ပြီးတော့ အနာဂတ်မှာ ဘယ်လိုအခြေအနေမျိုးပဲ ကြုံရပါစေ၊ ကိုယ့်တာဝန်တွေနဲ့ ဝတ္တရားတွေကို ကောင်းကောင်းမွန်မွန် စတင်ဖြည့်ဆည်းမယ်လို့ပေါ့။ တစ်နေ့နေ့မှာ ကျွန်တော် တကယ် အဖမ်းခံရရင်၊ အဲဒါကလည်း ဘုရားသခင် ခွင့်ပြုလို့ပဲ ဖြစ်မှာ၊ ကျွန်တော်က သခင်ယေရှုရဲ့ တပည့်တော်တွေကို နမူနာယူပြီး သေတဲ့အထိ ဘုရားသခင်အပေါ် သစ္စာစောင့်သိသွားမယ်။ ဒါကြောင့် ကျွန်တော် ကိုယ့်ကိုယ်ကိုယ် ရုပ်ဖျက်ပြီး နောက်ဆက်တွဲကိစ္စတွေကို ကိုင်တွယ်ရင်းနဲ့ တိုင်ကြားစာကို အတည်ပြုဖို့ လုပ်ဆောင်ခဲ့တယ်။ နောက်ပိုင်းမှာ အတည်ပြုပြီးတဲ့အခါ၊ တိုင်ကြားစာထဲက အကြောင်းအရာ အများစုက အဖြစ်မှန်တွေနဲ့ မကိုက်ညီဘူးဆိုတာနဲ့ အဲဒီထဲက အစိတ်အပိုင်းအနည်းငယ်က အသရေဖျက်တာနဲ့ မဟုတ်မမှန် စွပ်စွဲတာတွေ ဖြစ်နေတာကို တွေ့ရတယ်။ တိုင်ကြားစာရေးတဲ့သူက လူတွေနဲ့ ကိစ္စတွေကို မဆုတ်မနစ် စွဲလမ်းတတ်တယ်၊ ပြဿနာရှာတတ်တယ်၊ သွေးခွဲတတ်တယ်၊ သူ့ကို ပြုပြင်ပေးတဲ့ ဘယ်သူ့ကိုမဆို လက်တုံ့ပြန်တတ်တယ်၊ ပြီးတော့ သူ့ရဲ့ လူ့သဘာဝက မလိုမုန်းထားတတ်တယ်ဆိုတာကိုလည်း ကျွန်တော် သိလိုက်ရတယ်။ နောက်ဆုံးမှာတော့ အသင်းသားအများစုရဲ့ သဘောတူညီချက်နဲ့ သူ့ကို အသင်းတော်ကနေ နှင်ထုတ်လိုက်တယ်။

နောက်ဆက်တွဲကိစ္စတွေကို ကိုင်တွယ်တဲ့ ဒီအတွေ့အကြုံကနေတစ်ဆင့် ကျွန်တော့်ရဲ့ တစ်ကိုယ်ကောင်းဆန်တဲ့ သဘာဝကို နားလည်မှုတချို့ ရရှိခဲ့ပြီး၊ ဘုရားသခင်ရဲ့ အမှုတော်က မယုံနိုင်အောင် အမြော်အမြင်ရှိတယ်ဆိုတာကိုလည်း မြင်တွေ့ခဲ့ရတယ်။ ဘုရားသခင်က သူရွေးချယ်ထားတဲ့လူတွေကို စုံလင်စေဖို့အတွက် အစေခံမှုပေးဖို့နဲ့ လူပမျိုးမျိုးကိုလည်း ဖော်ထုတ်ဖို့ စီစီပီရဲ့ ဖမ်းဆီးမှုတွေနဲ့ နှိပ်စက်ညှဉ်းပန်းမှုတွေကို အသုံးပြုနေတာပါ။ ဥပမာ ဒီတစ်ခေါက်မှာ အသင်းတော်ခေါင်းဆောင်တွေ၊ အမှုဆောင်တွေနဲ့ ညီအစ်ကိုမောင်နှမ အများကြီး အဖမ်းခံခဲ့ရတယ်၊ တချို့က ဒီလိုဆိုးရွားတဲ့ အခြေအနေမှာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက် ကြောက်လွန်းပြီး တာဝန်မထမ်းဆောင်ရဲကြတော့တဲ့အချိန်မှာ၊ တခြားလူတွေကျတော့ အဖမ်းခံရပြီးနောက်မှာ အသက်ရှင်ဖို့အတွက် ယုဒတွေ ဖြစ်သွားကြတယ်၊ ညီအစ်ကိုမောင်နှမတွေကို ရောင်းစားတယ်၊ ပြီးတော့ ဘုရားသခင်ကို ငြင်းပယ်ဖို့နဲ့ သစ္စာဖောက်ဖို့ “ကတိခံဝန်ချက်သုံးမျိုး” ကိုတောင် လက်မှတ်ထိုးလိုက်ကြတယ်။ ဒါပေမဲ့ အဖမ်းခံရပြီးတော့ အဆင်းနီတဲ့ နဂါးကြီးရဲ့ ဦးနှောက်ဆေးတာ၊ အတင်းအကျပ်စေခိုင်းတာ၊ မက်လုံးပေးပြီး ဖြားယောင်းတာနဲ့ နှိပ်စက်ညှဉ်းပန်းတာတွေကို တွေ့ကြုံရပြီးတဲ့နောက်မှာ၊ ဘုရားသခင်ကို ယုံကြည်ခြင်း မပျောက်ဆုံးသေးတဲ့ လူအချို့ရှိခဲ့တယ်။ သူတို့က ယုဒတွေဖြစ်မယ့်အစား ထောင်ဒဏ်ကျခံဖို့နဲ့ ပြစ်ဒဏ်ချမှတ်ခံရဖို့ ပိုနှစ်သက်ခဲ့ကြပြီး သေတဲ့အထိ ဘုရားသခင်ကို သစ္စာမဖောက်ဘူးလို့ သစ္စာဆိုခဲ့ကြတယ်။ သူတို့က ဘုရားသခင်အတွက် လှပပြီး ထူးကဲတဲ့ သက်သေခံချက်ကို ခံခဲ့ကြတယ်၊ ဇာတိခန္ဓာနဲ့ သူတို့က ဆင်းရဲဒုက္ခအများကြီး ခံစားခဲ့ရပေမဲ့ သူတို့ရဲ့ သက်သေခံချက်တွေက ဘုရားသခင်ရဲ့ အသိအမှတ်ပြုတာကို ခံခဲ့ရပြီး ဘုရားသခင်က အမှတ်ရနေတယ်။ ဒီနည်းနဲ့ ဘုရားသခင်က လူတိုင်းကို သူ့အမျိုးအစားနဲ့သူ ခွဲခြားသတ်မှတ်လိုက်တာ။ အဆင်းနီတဲ့ နဂါးကြီးက ကျွန်တော်တို့ကို ဖမ်းဆီးပြီး နှိပ်စက်ညှဉ်းပန်းနေတုန်းပဲ ဆိုပေမဲ့၊ အသင်းတော်အလုပ်က ပုံမှန်အတိုင်း ဆက်လည်ပတ်နေတယ်၊ အန္တရာယ်ရှိနေတဲ့ ညီအစ်ကိုမောင်နှမတွေနဲ့ ဘုရားနှုတ်ကပတ်တော် စာအုပ်တွေ အားလုံးကိုလည်း ဘေးကင်းကင်းနဲ့ နေရာပြောင်းရွှေ့ခဲ့ပြီးပြီ။ ပြီးတော့ အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်တဲ့ လူဆိုးတွေနဲ့ မယုံကြည်သူတွေကို အသင်းတော်ကနေ ရှင်းလင်းပစ်ခဲ့ပြီးပြီ။ ဒီအခြေအနေက ဘုရားသခင်ရဲ့ အံ့သြဖွယ်ရာ လုပ်ဆောင်ချက်တွေကို မြင်တွေ့ခွင့်ရစေခဲ့တဲ့အပြင်၊ ဘုရားသခင်ရဲ့ အလုပ်အားလုံးကို ဘုရားသခင် ကိုယ်တိုင်ပဲ လုပ်ဆောင်တယ်ဆိုတာကိုလည်း သိမြင်ခွင့်ပေးခဲ့တယ်။ ဘုရားသခင်အပေါ် ကျွန်တော့်ရဲ့ ယုံကြည်ခြင်းက တိုးပွားလာပြီ။ ဘုရားသခင် ကျေးဇူးတော်ကို ချီးမွမ်းပါတယ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားနှုတ်ကပတ်တော်မှတစ်ဆင့် လူတို့ကို ရှုမြင်ခြင်းသည်သာ မှန်ကန်တိကျသည်

ရှန့်ရှင်း တောင်ကိုရီးယားနိုင်ငံ ဒီနှစ် မတ်လ ရက်တစ်ရက်မှာ၊ အသင်းတော်က ကျွန်မအစ်မကို သုံးသပ်ခိုင်းဖို့ သီးခြားခွဲထားတယ်တဲ့။ ကျွန်မ...

အယောင်ဆောင်ခေါင်းဆောင်တစ်ဦးကို တိုင်ကြားခြင်းမှ သင်ယူရရှိသော သင်ခန်းစာများ

၂၀၁၉ခုနှစ် စက်တင်ဘာလမှာ ကျွန်မ ခေါင်းဆောင်တစ်ယောက်အနေနဲ့ စအစေခံခဲ့ပြီး ဒေသခံအသင်းတော်အနည်းငယ်ရဲ့အလုပ်တွေမှာ ကျွန်မရဲ့အလုပ်ဖော်...

ခေါင်းဆောင်တစ်ဦး မဖြစ်လိုခြင်း၏ နောက်ကွယ်တွင် မည်သည့်အရာ ကွယ်ဝှက်နေသနည်း

ပက်ထရီရှာ၊ တောင်ကိုရီးယားနိုင်ငံ၂၀၂၄ ခုနှစ်၊ မေလအစပိုင်းမှာ ကျွန်မက အသင်းတော်မှာ အကတာဝန်ကို ထမ်းဆောင်နေခဲ့တယ်။ တစ်ညနေမှာ ခရိုင်ခေါင်းဆောင်က...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။