သုံးသပ်ချက်ရေးရာမှ ရရှိသော သင်ခန်းစာများ

15.04.2026

တရုတ်ပြည်မှ လင်ဖန်း

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလမှာ ဝမ်ချီနဲ့ပတ်သက်ပြီး သုံးသပ်ချက်တစ်ခုရေးဖို့ အထက်ခေါင်းဆောင်က ကျွန်မဆီ စာပို့လာတယ်။ စာရရချင်း ကျွန်မ မတွေးဘဲ မနေနိုင်ခဲ့ဘူး။ “ငါ ဘာလို့ ဝမ်ချီနဲ့ပတ်သက်တဲ့ သုံးသပ်ချက်တစ်ခု ရေးဖို့ လိုတာလဲ။ သူက ပြီးခဲ့တဲ့ နှစ်လလောက်ကမှ တခြားအသင်းတော်ကို ပြောင်းသွားတာလေ။ အထက်ခေါင်းဆောင်က သူ့ကို ရာထူးတိုးပေးချင်လို့များလား။ ဒါမှမဟုတ် သူ့ရဲ့ အလုပ်လုပ်ပုံကို သုံးသပ်ပြီး သူ့ကို ဖြုတ်ချချင်လို့များလား။ ခေါင်းဆောင်တွေက ဒါကို တကယ် ဘာသဘောနဲ့လုပ်တာလဲ” လို့ပေါ့။ ဝမ်ချီက သူ့တာဝန်ကို ထမ်းဆောင်ဖို့ မိသားစုနဲ့ အသက်မွေးအလုပ်ကို စွန့်လွှတ်ခဲ့တယ်၊ အသင်းတော်က အကြီးစား နှိမ်နင်းတာကို ရင်ဆိုင်ခဲ့ရတဲ့ ပြီးခဲ့တဲ့ နှစ်နှစ်တုန်းက နောက်ဆက်တွဲပြဿနာတွေကို သူက ချက်ချင်း ကိုင်တွယ်ဖြေရှင်းခဲ့ပြီး အလုပ်လုပ်နိုင်စွမ်းတချို့ ပြသခဲ့တယ်လို့ ကျွန်မ ကြားဖူးတယ်။ ဒါပေမဲ့ သူက ပေါင်းသင်းဆက်ဆံရ တော်တော်ခက်တယ်လေ။ ကျွန်မ သူနဲ့ ထိတွေ့ဆက်ဆံရာကနေ သူက နည်းနည်း မောက်မာတတ်တာ တွေ့ရတယ်။ တခြားလူတွေကို ဘောင်ခတ်သလို ခံစားရစေပြီး လူတွေကို ဝေဖန်စီရင်တတ်တယ်။ သူ မောက်မာတတ်ပြီး ကျွန်မကို ဘောင်ခတ်ခဲ့တာတွေကို တွေးမိတော့ ကျွန်မ စိတ်ထိခိုက်ပြီး ဝမ်းနည်းမိတယ်။ ဒါပေမဲ့ နောက်တော့ ကျွန်မ တွေးမိတယ်။ “ခေါင်းဆောင်တွေက သူ့အခြေအနေကို စုံစမ်းဖို့နဲ့ ကိုယ့်ကိုယ်ကိုယ် သိမြင်အောင် လမ်းပြဖို့ သူ့ဆီ စာရေးနေကြတာဆိုတော့ သူ့ကို ရာထူးတိုးပေးဖို့ စီစဉ်နေတာ ဖြစ်နိုင်တယ်။ အဲဒါဆိုရင် သုံးသပ်ချက်ထဲမှာ သူ့ရဲ့ အရည်အသွေးကောင်းတွေကိုပဲ ငါရေးသင့်တယ်။ သူက လူတွေကို ဘောင်ခတ်တတ်တဲ့အကြောင်း ငါရေးလိုက်ရင် ခေါင်းဆောင်တွေက ငါ့ကို ဘယ်လိုမြင်မလဲ။ ငါက အပြစ်ရှာနေပြီး သင်ခန်းစာ မယူဘူး၊ ဒါမှမဟုတ် ငါက သူနဲ့ ကောင်းကောင်း ပူးပေါင်းဆောင်ရွက်မှု မရှိခဲ့ဘူးလို့ သူတို့ ပြောကြမလား။ သူက အစွမ်းအစကောင်းရှိပြီး အလုပ်လုပ်နိုင်စွမ်းတွေလည်း ရှိတဲ့အပြင်၊ သူ့တာဝန်ကို ထမ်းဆောင်ဖို့ မိသားစုနဲ့ အသက်မွေးအလုပ်ကို စွန့်လွှတ်ခဲ့တယ်၊ ပြီးတော့ သူ ဖြုတ်ချခံရတုန်းကလည်း ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ပြီး နားလည်မှုတချို့ ရရှိခဲ့တာလေ။ ခေါင်းဆောင်တွေက သူ့ကို ရာထူးတိုးပေးချင်ပေမဲ့ ငါက သူ့ရဲ့ မကောင်းတဲ့ အပြုအမူအကြောင်း ရေးလိုက်ရင် ခေါင်းဆောင်တွေက ငါ့ကို ဘယ်လိုမြင်မလဲ” လို့ပေါ့။ အချိန်ယူ စဉ်းစားပြီးတဲ့နောက်မှာ ခေါင်းဆောင်တွေက သူ့ကို ရာထူးတိုးပေးတော့မယ်လို့ ကျွန်မ ကောက်ချက်ချလိုက်တယ်။ ဒါကြောင့် ဝမ်ချီက သမ္မာတရားကို လိုက်စားပြီး ဘုရားနှုတ်ကပတ်တော်ကို စင်စင်ကြယ်ကြယ် သဘောပေါက်နားလည်နိုင်တယ်၊ ပြီးတော့ သူ့မှာ အလုပ်လုပ်နိုင်စွမ်း ရှိပြီး မိသားစုနဲ့ အသက်မွေးအလုပ်ကို စွန့်လွှတ်နိုင်တယ်လို့ ကျွန်မ ရေးလိုက်တယ်။ ခေါင်းဆောင်တွေ အထင်အမြင်ကောင်းရှိအောင်လို့၊ လူတွေကို ဘောင်ခတ်တတ်တဲ့ သူ့အပြုအမူကို တရားမျှတစိတ် ရှိတာ၊ ကျွန်မကို လမ်းပြမှုနဲ့ အကူအညီ ပေးခဲ့တာလို့ ပုံဖော်လိုက်တယ်။ သုံးသပ်ချက် ရေးပြီးတဲ့နောက် ခေါင်းဆောင်တွေကို ကျွန်မ ပေးလိုက်တယ်။

ရက်နည်းနည်း ကြာတော့ ခေါင်းဆောင်တွေဆီက နောက်ထပ်စာတစ်စောင် ကျွန်မ ရတယ်။ ကျွန်မ ဝမ်ချီနဲ့ ထိတွေ့ဆက်ဆံတုန်းက တခြားလူတွေကို သူဖိနှိပ်တာ၊ ဝေဖန်စီရင်တာ၊ ဒါမှမဟုတ် ဘောင်ခတ်တာမျိုးတွေ လုပ်တဲ့ လက္ခဏာပြခဲ့လားလို့ မေးထားတာပေါ့။ ကျွန်မ သူနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ အချိန်တွေ၊ သူက တခြားလူတွေကို ဘောင်ခတ်ခဲ့ပုံတွေကို စဉ်းစားပြီး တွေးမိတယ်။ “ဒီနယ်ပယ်မှာ သူ့ပြဿနာတွေက ဆိုးရွားလို့ ခေါင်းဆောင်တွေက သူ့အပြုအမူကို စစ်ဆေးချင်တာများလား။ ပြီးခဲ့တဲ့တစ်ခေါက်တုန်းက သူ့ရဲ့ အရည်အသွေးကောင်းတွေကိုပဲ ငါရေးခဲ့ပြီး သူက တခြားလူတွေကို ဘောင်ခတ်တာ၊ ဝေဖန်စီရင်တာတွေကို ငါ ထည့်မရေးခဲ့ဘူး။ ဒီတစ်ခါရော အဲဒီအပြုအမူတွေအကြောင်း ငါ ရေးသင့်သလား” လို့ပေါ့။ ပြီးတော့ ကျွန်မ ထပ်တွေးမိပြန်တယ်။ “အခု ဒီအပြုအမူတွေအကြောင်း ငါရေးလိုက်ရင် ခေါင်းဆောင်တွေက ငါ့ကို ဘယ်လိုမြင်မလဲ။ ငါ အရင်က မရိုးသားခဲ့ဘူး၊ ငါ သူတို့ကို လှည့်စားနေခဲ့တယ်လို့ သူတို့ ပြောကြမလား။ ဒီကိစ္စတွေကို မသိဘူးလို့ပဲ ငါ ပြောလိုက်သင့်သလား။ ဒါပေမဲ့ ဒီကိစ္စတွေကို မသိဘူးလို့ ပြောလိုက်ရင် ငါ့မှာ ပိုင်းခြားသိမြင်မှု မရှိဘူးလို့ ခေါင်းဆောင်တွေ ထင်သွားမလား” ပေါ့။ ကျွန်မ အပြန်ပြန်အလှန်လှန် စဉ်းစားနေမိပြီး ဘယ်လို ဆက်လုပ်ရမှန်း မသေမချာဖြစ်နေခဲ့တယ်။ ကိုယ့်ဘာသာတွေးမိတယ်။ “ငါက သူနဲ့ ပူးပေါင်းဆောင်ရွက်တာ တစ်လမပြည့်သေးဘူးဆိုတော့ ဒီကိစ္စတွေကို မသိဘူးလို့ ပြောရင်လည်း ယုတ္တိတန်မှာ မဟုတ်ဘူး၊ ပြီးတော့ ခေါင်းဆောင်တွေကလည်း အဲဒါနဲ့ပတ်သက်လို့ ဘာမှ ပြောမှာ မဟုတ်ပါဘူး” လို့ပေါ့။ အဲဒီအချိန်မှာ ကျွန်မ စိတ်မသန့်သလို ခံစားရပြီး ကျွန်မ လှည့်ဖြားနေမိမှန်း သဘောပေါက်လိုက်တယ်။ ဒါနဲ့ ဘုရားသခင်ဆီ ကျွန်မ ဆုတောင်းလိုက်တယ်။ သခင်ယေရှု ပြောခဲ့တဲ့ စကားတွေကို ကျွန်မ သတိရမိတယ်။ “သင်၏စကားမှာ ဟုတ်သည်ကိုအဟုတ်၊ မဟုတ်သည်ကို မဟုတ်ဖြစ်စေလော့။ ဤထက် လွန်သော စကားသည် မကောင်းသောအရာနှင့် စပ်ဆိုင်ပေ၏။(ရှင်မဿဲခရစ်ဝင် ၅:၃၇) ဘုရားသခင် ပြောခဲ့တာကိုလည်း ကျွန်မ ပြန်သတိရမိတယ်။ “ဘုရားသခင်က ရိုးသားသူကို နှစ်သက်မှန်း သင်တို့သိထားသင့်သည်။” ဘုရားနှုတ်ကပတ်တော်ကို ကျွန်မ အမြန်ဖွင့်ဖတ်လိုက်တယ်။ ဘုရားသခင်က ပြောသည် “ဘုရားသခင်က ရိုးသားသူကို နှစ်သက်မှန်း သင်တို့သိထားသင့်သည်။ ဘုရားသခင်၌ သစ္စာစောင့်သိခြင်း၏ အနှစ်သာရ ရှိသဖြင့် သူ၏နှုတ်ကပတ်တော်များကို အစဉ်သဖြင့် ယုံကြည်စိတ်ချနိုင်သည်။ ထို့အပြင် သူ၏ လုပ်ဆောင်ချက်များမှာ အမှားကင်းပြီး သံသယ ရှိရန်မလိုပေ၊ ဤအကြောင်းကြောင့် သူ့အပေါ် ပကတိ ရိုးသားသူများကို ဘုရားသခင်က နှစ်သက်ခြင်း ဖြစ်သည်။ ရိုးသားခြင်းဟူသည်မှာ သင်၏စိတ်နှလုံးကို ဘုရားသခင်ထံ ပေးအပ်ခြင်းကို ဆိုလို၏၊ မည်သည့်အရာ၌မဆို ဘုရားသခင်အပေါ် လှည့်ဖြားခြင်းမရှိဘဲ အရာခပ်သိမ်း၌ ကိုယ်တော့်ထံ ပွင့်လင်းခြင်း၊ အဖြစ်မှန်များကို မည်သည့်အခါမျှ မဖုံးကွယ်ခြင်း၊ သင့်အထက်ရှိသူများကို လှည့်ဖြားရန် မကြိုးစားခြင်းနှင့် သင့်အောက်ရှိသူများထံမှ အမှုအရာများကို မဖုံးကွယ်ခြင်း၊ ဘုရားသခင်၏ မျက်နှာလိုမျက်နှာရလုပ်ရန်သာ ကြိုးပမ်းသည့်အရာများကို မလုပ်ဆောင်ခြင်းပင် ဖြစ်သည်။ အတိုချုံး၍ဆိုရလျှင် ရိုးသားခြင်း ဆိုသည်မှာ သင်၏ လုပ်ရပ်များနှင့် စကားများတွင် စင်ကြယ်ဖို့နှင့် ဘုရားသခင်ကို ဖြစ်စေ၊ လူသားကိုဖြစ်စေ မလှည့်စားခြင်းဖြစ်သည်။ ငါပြောသောအရာမှာ အလွန် ရိုးရှင်းသော်ငြားလည်း သင်တို့အတွက် နှစ်ဆ ခက်ခဲနေပေသည်။ လူများစွာမှာ ရိုးသားစွာ ပြောဆိုပြုမူခြင်းထက် ငရဲသို့ ပစ်ချခြင်းကိုသာ ခံလိုကြသည်။ မရိုးသားသောသူများ အတွက် ငါ၌ အခြားကုစားမှုတစ်ခု ရှိသေးသည်မှာ အံ့သြဖွယ်မကောင်းပေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သတိပေးချက် သုံးချက်)သင် လုပ်သည့်အရာတိုင်းတွင် သင်၏ ရည်ရွယ်ချက်များ မှန်သည်၊ မမှန်သည်ကို သင် ဆန်းစစ်ရမည်။ ဘုရားသခင်၏ သတ်မှတ်ချက်များအတိုင်း သင်လုပ်ဆောင်နိုင်ပါက ဘုရားသခင်နှင့် သင်၏ဆက်ဆံရေး ပုံမှန်ဖြစ်ပေသည်။ ဤသည်မှာ အနိမ့်ဆုံး စံနှုန်းဖြစ်သည်။ သင်၏ ရည်ရွယ်ချက်များကို ဆန်းစစ်ခြင်းအားဖြင့် သင်၌ မှားယွင်းသော ရည်ရွယ်ချက်များ ဖြစ်ပေါ်လာသည်ကို သင်တွေ့ရှိ၍ ၎င်းတို့ကို ပုန်ကန်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း ကျင့်ဆောင်နိုင်မည်ဆိုလျှင် သင်သည် ဘုရားသခင်ရှေ့၌ မှန်ကန်သောသူတစ်ဦး ဖြစ်လာလိမ့်မည်။ ဤသည်က ဘုရားသခင်နှင့် သင်၏ဆက်ဆံရေးသည် ပုံမှန်ဖြစ်ကြောင်းနှင့် သင်ပြုသမျှအရာအားလုံးသည် သင်ကိုယ်တိုင်အတွက်မဟုတ်ဘဲ ဘုရားသခင်အတွက်သာ ဖြစ်ကြောင်းကို ဖော်ပြသည်။ သင်ပြုသမျှ၊ ပြောသမျှအရာအားလုံး၌ သင်၏စိတ်နှလုံးကို မှန်ကန်အောင်ထား၍ သင်၏အပြုအမူများ၌ တရားမျှတနိုင်ရမည်။ သင်ပြုမူသောအခါ သင်၏ စိတ်ခံစားချက်များ သို့မဟုတ် သင်၏ ကိုယ်ပိုင်အလိုဆန္ဒ၏ ဦးဆောင်မှုနောက်သို့ မလိုက်ရပေ။ ဤသည်တို့မှာ ဘုရားသခင်ကို ယုံကြည်သူများ ကျင့်ဆောင်ရမည့် စည်းမျဉ်းများ ဖြစ်ကြသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေး မည်သို့ရှိသနည်း) လူတွေအပေါ် ဘုရားသခင် တောင်းဆိုတဲ့အရာကို ဘုရားနှုတ်ကပတ်တော်တွေ ဖတ်ရာကတစ်ဆင့် ကျွန်မ နားလည်သွားတယ်။ ဘုရားသခင်က သစ္စာရှိတယ်။ ရိုးသားတဲ့လူတွေကို သူ ချစ်ပြီး လှည့်ဖြားတတ်တဲ့လူတွေကို မုန်းတယ်။ လှည့်ဖြားတာ၊ ဖုံးကွယ်တာတွေ မရှိဘဲ မှန်တာကို ပြောဖို့ လူတွေကို ဘုရားသခင်က တောင်းဆိုတယ်။ ဒါက ဘုရားသခင်ရဲ့ စိတ်သဘောထားပဲ။ သုံးသပ်ချက် ရေးတာကလည်း ရိုးသားတဲ့သူတစ်ယောက် ဖြစ်ခြင်းဆိုတဲ့ သမ္မာတရားထဲကို ဝင်ရောက်ဖို့နဲ့ ဘုရားသခင်ရဲ့ စိစစ်ခြင်းကို လက်ခံဖို့ လိုအပ်တယ်။ ဝမ်ချီနဲ့ဆိုင်တဲ့ သုံးသပ်ချက်ကို ရေးနေတုန်း ကိုယ့်ကိုယ်ကိုယ် ပြန်ဆင်ခြင်သုံးသပ်ကြည့်တော့ ကျွန်မက ကိုယ်သိတာကို မရေးခဲ့ဘူး၊ အမှန်တရားကို မပြောခဲ့ဘူး။ အဲဒီအစား ခေါင်းဆောင်တွေရဲ့ ရည်ရွယ်ချက်ကို အရင် ခန့်မှန်းပြီး ခေါင်းဆောင်တွေက ဝမ်ချီကို ရာထူးတိုးပေးချင်နေတာ ဖြစ်မယ်လို့ တွေးခဲ့တယ်၊ ဒါကြောင့် သူ့ရဲ့ မကောင်းတဲ့ အပြုအမူတွေကို ကျွန်မ ဖုံးကွယ်ပြီး ဖုံးဖိပေးခဲ့တယ်၊ ကျွန်မကို သူ ဘောင်ခတ်ခဲ့ပုံကိုတောင် သူတရားမျှတစိတ်ရှိတဲ့အရာအဖြစ် ပုံဖော်ခဲ့တယ်။ ဒီအရာရဲ့ သဘာဝက တကယ်တော့ လှည့်ဖြားခြင်းပါပဲ။ ခေါင်းဆောင်တွေက ဝမ်ချီအကြောင်း နောက်ထပ် သုံးသပ်ချက်တစ်ခု ရေးခိုင်းတဲ့အခါ လိမ်ပြောတာ အမိခံရတာကို ရှောင်ဖို့အတွက် သုံးသပ်ချက် ရေးတာကို လက်လျော့လိုက်ဖို့ ကျွန်မ စဉ်းစားခဲ့တယ်။ ဒါကလည်း လှည့်ဖြားတတ်ခြင်းရဲ့ နောက်ထပ် သာဓကတစ်ခုပဲ။ ဘုရားသခင်က သစ္စာရှိတယ်။ လူရဲ့ အတွင်းကျဆုံး အစိတ်အပိုင်းတွေကို သူ စိစစ်တယ်။ ကျွန်မ လူတွေကို လှည့်စားနိုင်ရင် လှည့်စားနိုင်မယ်၊ ဘုရားသခင်ကိုတော့ လှည့်စားနိုင်မှာ မဟုတ်ဘူး။ ကိုယ့်သိက္ခာကို ကာကွယ်ဖို့ ကျွန်မ ဆက်ပြီး လိမ်ညာလှည့်ဖြားနေမယ်ဆိုရင် အဲဒါက ဘုရားကို ကျွန်မအပေါ် ရွံ့ရှာပြီး မုန်းတီးစေရုံပဲဖြစ်စေမှာ။ ဘုရားသခင်ရဲ့ သတ်မှတ်ချက်တွေအတိုင်း ကျွန်မ ရိုးသားတဲ့သူ ဖြစ်ရမယ်၊ ခေါင်းဆောင်တွေရဲ့ ရည်ရွယ်ချက်ကို လိုက်ခန့်မှန်းနေတာတွေ ရပ်ရမယ်။ ခေါင်းဆောင်တွေက ကျွန်မကို ဘယ်လိုပဲ မြင်ပါစေ၊ ဘုရားသခင်ရဲ့ စိစစ်ခြင်းကို ကျွန်မ ခံယူရမယ်။ အဲဒီနောက်မှာတော့ ဝမ်ချီက လူတွေကို ဘယ်လို ဘောင်ခတ်ပြီး ဝေဖန်စီရင်ခဲ့တယ် ဆိုတာကို ကျွန်မ အမှန်အတိုင်း ရေးပြီး ခေါင်းဆောင်တွေဆီ အပ်လိုက်တယ်။ အဲဒီတော့မှပဲ ကျွန်မ စိတ်အေးသွားတယ်။ မကြာခင်မှာပဲ တခြားအသင်းတော်မှာ ဝမ်ချီရဲ့ အပြုအမူကို ဖော်ပြထားတဲ့ စာတစ်စောင်ကို ခေါင်းဆောင်တွေက ပို့လာတယ်။ သူက လူတွေကို တစ်စိုက်မတ်မတ် ဘောင်ခတ်နေခဲ့တယ်၊ လုပ်ဖော်ကိုင်ဖက်တွေရဲ့ အပြစ်တွေကို မလွှတ်တမ်း အသုံးချပြီး တဇောက်ကန်းစိတ်နဲ့ သူများတွေကို မကြာခဏ ဆုံးမပဲ့ပြင်လေ့ရှိတယ်တဲ့။ ပြီးတော့ သူက အုပ်စုဖွဲ့ပြီး သူ့လုပ်ဖော်ကိုင်ဖက်တွေကို ကွယ်ရာမှာ ဝေဖန်လို့ သူတို့ကို အပျက်သဘောဆောင်စေပြီး ကိုယ့်ကိုယ်ကိုယ် စီရင်ချက်ချတဲ့အထိ ဖြစ်စေခဲ့တယ်။ သူရဲ့ အထက်နဲ့ အောက်မှာရှိတဲ့လူတွေကို သူ လှည့်စားပြီး တကယ့်အလုပ်ကို မလုပ်ခဲ့ဘူး။ ပြီးတော့ ညီအစ်ကိုမောင်နှမတွေက သူနဲ့ မိတ်သဟာယပြုတဲ့အခါမှာလည်း သူက လက်မခံဘူးတဲ့။ သူ့ရဲ့ တစ်သမတ်တည်းဖြစ်တဲ့ အပြုအမူအပေါ် မူတည်ပြီး သူ ဖြုတ်ချခံလိုက်ရတယ်။ ဒီသတင်းကို ကြားတော့ သမ္မာတရားကို စောစောကတည်းက လက်တွေ့မလုပ်ဆောင်မိခဲ့လို့ ကျွန်မ ပိုလို့တောင် နောင်တရမိတယ်၊ ပြီးတော့ အရမ်း လှည့်ဖြားတတ်ခဲ့လို့ ကိုယ့်ကိုယ်ကိုယ် မုန်းမိတယ်။

နောက်ပိုင်းမှာ ဒီလိုတိုတောင်းတဲ့အချိန်အတွင်းမှာ လူတစ်ယောက်တည်းနဲ့ဆိုင်တဲ့ သုံးသပ်ချက်ကို ဘာလို့ ပုံစံနှစ်မျိုးနဲ့ ရေးခဲ့မိတာလဲလို့ ကျွန်မ ပြန်ဆင်ခြင်သုံးသပ်ကြည့်တယ်။ ဘယ်လိုသဘာဝက ကျွန်မကို ဒီလိုလုပ်အောင် တွန်းအားပေးခဲ့တာလဲ။ ရှာဖွေရင်း ဝန်တာထားတဲ့စိတ်နဲ့ ဘုရားသခင်ဆီ ကျွန်မ ဆုတောင်းခဲ့တယ်၊ “ဘုရားသခင်၊ ဝမ်ချီနဲ့ဆိုင်တဲ့ သုံးသပ်ချက်ကို ရေးဖို့ ခေါင်းဆောင်တွေက ခိုင်းတဲ့အခါ ကျွန်မ သိထားတဲ့ အချက်အလက်တွေ အကုန်လုံးကို ရေးရမယ့်အစား ခေါင်းဆောင်တွေရဲ့ ရည်ရွယ်ချက်ကို ကျွန်မ ခန့်မှန်းပြီး အဲဒီအတိုင်း လိုက်ရေးချင်ခဲ့ပါတယ်။ ဒီကိစ္စကနေ ဘယ်လိုသင်ခန်းစာမျိုး ကျွန်မ ယူသင့်ပါသလဲ။ ဘုရားသခင်၊ ကိုယ့်ကိုယ်ကိုယ် သိမြင်ဖို့ သမီးကို လမ်းပြတော်မူပါ” လို့ပေါ့။

ကျွန်မ ဆုတောင်းဝတ်ပြုနေတုန်းမှာ၊ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ခဲ့တယ်။ “အန္တိခရစ်များ၏ မျက်စိထဲတွင် ဘုရားသခင် မရှိပေ။ ၎င်းတို့၏ စိတ်နှလုံးတွင် ဘုရားသခင်အတွက် နေရာမရှိပေ။ ခရစ်တော်ကို ၎င်းတို့ ကြုံတွေ့သောအခါ သာမန်လူတစ်ယောက်နှင့်မခြား ဆက်ဆံကြသည်။ အစဉ်သဖြင့် သူ၏ အမူအရာနှင့်လေသံမှ အရိပ်နိမိတ် ယူကြသည်။ အခြေအနေနှင့် သင့်တော်သလို ၎င်းတို့၏ လေသံကို ပြောင်းကြသည်။ အမှန်တကယ် ဖြစ်ပျက်နေသည့်အရာကို မည်သည့်အခါမျှ မပြောပေ။ ရိုးသားစစ်မှန်သည့် အရာတစ်ခုမှ မပြောပေ။ အနှစ်မရှိသည့် စကားများနှင့် အယူဝါဒကို ပြောသည်။ ၎င်းတို့ မျက်စိရှေ့တွင် ရပ်နေသော လက်တွေ့ကျသည့်ဘုရားကို လှည့်စားပြီး တစ်ပတ်ရိုက်ဖို့ ကြိုးစားကြသည်။ ၎င်းတို့တွင် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး လုံးဝ မရှိပေ။ ၎င်းတို့သည် ဘုရားသခင်ကို စိတ်အရင်းခံအတိုင်း စကားပြောနိုင်စွမ်း၊ စစ်မှန်သောအရာတစ်ခုတလေကို ပြောနိုင်စွမ်းပင် မရှိကြပေ။ ၎င်းတို့သည် မြွေတစ်ကောင် တွန့်လိမ်သွားသကဲ့သို့ အကွေ့အဝိုက်များပြီး သွယ်ဝိုက်သော နည်းလမ်းဖြင့် စကားပြောကြသည်။ ၎င်းတို့ စကားများ၏ ဟန်ပန်နှင့် ဦးတည်ရာတို့သည် ဖရဲသီးအနွယ်တစ်ခုက တိုင်ပေါ် တက်နေသကဲ့သို့ ဖြစ်သည်။ ဥပမာအားဖြင့် တစ်စုံတစ်ဦးသည် ကောင်းသော အစွမ်းအစရှိပြီး ရာထူးတိုးခြင်း ခံရနိုင်သည်ဟု သင်ပြောသည့်အခါ၊ ၎င်းတို့က ၎င်းတို့မည်မျှ တော်ကြောင်းနှင့် ၎င်းတို့ထဲ၌ ထင်ရှားသည့်အရာနှင့် ပေါ်လွင်သည့်အရာကို ချက်ချင်းပြောကြသည်။ ပြီးလျှင် သင်က တစ်စုံတစ်ဦးသည် ဆိုးသည်ဟု ပြောသည့်အခါ၊ ၎င်းတို့သည် မည်မျှ ဆိုးပြီး မကောင်းကြောင်း၊ ၎င်းတို့သည် အသင်းတော်၌ မည်မျှ အဖျက်အမှောင့်များနှင့် အနှောင့်အယှက်များ ဖြစ်စေကြောင်းတို့ကို အလျင်အမြန် ပြောပေသည်။ သင်သည် တစ်စုံတစ်ခုနှင့်ပတ်သက်ပြီး အမှန်တကယ်ဖြစ်သော အခြေအနေကို သိလိုသည့်အခါ ၎င်းတို့၌ ပြောစရာ တစ်စုံတစ်ခုမျှ မရှိပေ။ ၎င်းတို့သည် သင် ကောက်ချက်ချဖို့ကို စောင့်ဆိုင်းရင်း၊ သင်၏ စကားများရှိ အဓိပ္ပာယ်ကို အာရုံစိုက် နားစွင့်ရင်း မလိမ့်တပတ်လုပ်သည်။ ဤသို့ဖြင့် ၎င်းတို့၏ စကားလုံးများကို သင်၏အတွေးများနှင့် ကိုက်ညီစေရန် ဖြစ်သည်။ ၎င်းတို့ပြောဆိုသမျှသည် နားထောင်ကောင်းသည့် စကားများ၊ မြှောက်ပင့်ခြင်းနှင့် မျက်နှာလိုမျက်နှာရ လုပ်ခြင်းဖြစ်ကာ ရိုးသားစစ်မှန်သော စကားတစ်လုံးမျှ ၎င်းတို့၏ ပါးစပ်မှ မထွက်လာကြချေ။ ဤသည်မှာ ၎င်းတို့၏ လူတို့နှင့် ဆက်ဆံပုံဖြစ်ပြီး ဘုရားသခင်နှင့် ဆက်ဆံပုံဖြစ်သည်။ ၎င်းတို့သည် ထိုမျှ လှည့်စားတတ်ခြင်းပင် ဖြစ်သည်။ ဤသည်မှာ အန္တိခရစ် စိတ်သဘောထားဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၁၀ (အပိုင်း ၂))အန္တိခရစ်၏ လူ့သဘာဝသည် မရိုးသားပေ။ ယင်းမှာ ၎င်းတို့သည် အနည်းငယ်မျှပင် ရိုးသားဖြောင့်မတ်ခြင်းမရှိဟု ဆိုလိုသည်။ ၎င်းတို့ပြောဆိုသမျှ၊ လုပ်ဆောင်သမျှတိုင်းသည် မသန့်စင်ဘဲ ၎င်းတို့၏ ကိုယ်ပိုင်ရည်ရွယ်ချက်များ၊ ပန်းတိုင်များ ပါဝင်ပြီး ယင်း၌ ဖုံးကွယ်ထားသမျှမှာ ပြောမကောင်းသော၊ ပြောမထွက်နိုင်အောင် ဆိုးရွားသော လှည့်ကွက်များနှင့် အကြံအစည်များတို့ ဖြစ်လေသည်။ ထို့ကြောင့် အန္တိခရစ်တို့၏ စကားများနှင့် လုပ်ရပ်များသည် ညစ်ညမ်းနေပြီး လိမ်ညာမှုများဖြင့် ပြည့်လွန်းနေသည်။ ၎င်းတို့ မည်မျှစကားပြောပါစေ ၎င်းတို့၏ မည်သည့်စကားက မှန်ပြီး မည်သည့်စကားကမှားသည်၊ မည်သည့်အရာက ဟုတ်သည်၊ မဟုတ်သည်ကိုသိရန် မဖြစ်နိုင်ပေ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့သည် မရိုးသားသည့်အပြင် ၎င်းတို့စိတ်များက အလွန်အမင်း ရှုပ်ထွေးသောကြောင့်ဖြစ်သည်။ သစ္စာဖောက်သော အကြံအစည်များ၊ လှည့်ကွက်များဖြင့် ပြည့်နှက်နေသည်။ ၎င်းတို့ပြောသည့် မည်သည့်အရာကမျှ တည်ကြည်ခြင်း မရှိပေ။ ၎င်းတို့က တစ်သည် တစ်ဖြစ်သည်၊ နှစ်သည် နှစ်ဖြစ်သည်၊ ဟုတ်လျှင်ဟုတ်သည်။ မဟုတ်လျှင်မဟုတ်ဟု မပြောပေ။ ယင်းအစား အမှုကိစ္စအားလုံးတွင် အကျိုးဆက်တို့ကို တွက်ချက်လျက်၊ ရှုထောင့်တိုင်းမှနေ၍ ကောင်းသည့်အချက်များနှင့် ချွတ်ယွင်းချက်များကို ချိန်ဆလျက် ၎င်းတို့သည် ဝေ့ဝိုက်နေပြီး ၎င်းတို့စိတ်ထဲတွင် အမှုကိစ္စများကို အကြိမ်ရေအနည်းငယ် စဥ်းစားသည်။ ထို့နောက်တွင် ၎င်းတို့သည် အသုံးအနှုန်းများကို ပြုပြင်ပြောဆိုသဖြင့် ပြောသည့်အရာတိုင်းက အတော်လေး ကိုးရိုးကားယားဖြစ်ပုံပေါ်စေသည်။ ရိုးသားသောသူတို့သည် ၎င်းတို့ပြောသည့်အရာကို မည်သည့်အခါမျှ နားမလည်သကဲ့သို့၊ ၎င်းတို့ လိမ်လည်လှည့်စားသည်ကို အလွယ်တကူခံရသည်။ ပြီးလျှင် ဤသို့သောလူများနှင့်စကားပြောဆက်ဆံသော မည်သူမဆိုသည် အလွန်ပင် ပင်ပန်းမောပန်းသည့် အတွေ့အကြုံကိုရကြသည်။ ၎င်းတို့က တစ်သည် တစ်ဖြစ်သည်။ နှစ်သည် နှစ်ဖြစ်သည်ဟု မည်သည့်အခါမျှ မပြောဆိုကြပေ။ ၎င်းတို့စဉ်းစားနေသည့်အရာကို မည်သည့်အခါမျှမပြောပေ။ အမှုအရာများကို မည်သည့်အခါမျှ အရှိအတိုင်း မဖော်ပြပေ။ ၎င်းတို့ပြောသမျှတိုင်းသည် နားလည်၍မရနိုင်သကဲ့သို့၊ ၎င်းတို့လုပ်ရပ်များ၏ ပန်းတိုင်နှင့် ရည်ရွယ်ချက်များသည် အလွန်ပင် ရှုပ်ထွေးသည်။ အမှန်တရားက ပေါက်ကြားသွားလျှင်၊ အခြားလူတို့က ၎င်းတို့ကို ရိပ်စားမိပြီး နားလည်လျှင် ဖြေရှင်းဖို့ရန်အတွက် အခြားမုသားတစ်ခုကို အမြန် လုပ်ကြံဖန်တီးကြသည်။...ကျင့်ကြံပြုမူပြီး လောကနှင့် ဆက်ဆံရာတွင် ဤလူများ အသုံးပြုသည့် စည်းမျဉ်းနှင့် နည်းလမ်းမှာ လူတို့အား မုသားများဖြင့် လှည့်စားခြင်းဖြစ်သည်။ ၎င်းတို့သည် မျက်နှာများပြီး မိမိတို့၏ ပရိသတ်နှင့် သင့်တော်သည့်အတိုင်း ပြောဆိုသည်။ အခြေအနေက တောင်းဆိုလာသည့် မည်သည့်ကဏ္ဍကိုမဆို ဆောင်ရွက်ကြသည်။ ၎င်းတို့သည် ချောမွေ့ပြီး လှည့်စားသောအရာ ဖြစ်သည်။ ၎င်းတို့နှုတ်သည် လိမ်ညာမှုများနှင့် ပြည့်နေပြီး ယုံကြည်စိတ်ချ၍မရပေ။ ၎င်းတို့နှင့် အချိန်ခဏကြာ အဆက်အသွယ်ရှိသည့် မည်သူမဆိုသည် အထင်အမြင်မှားစေခြင်းခံရပြီး သို့မဟုတ် နှောင့်ယှက်ခံရပြီး ပံ့ပိုးမှု၊ ကူညီမှု၊ သို့မဟုတ် တည်ဆောက်ပေးမှုကို လက်မခံနိုင်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ နောက်ဆက်တွဲ ၄- အန္တိခရစ်များ၏ ကိုယ်ကျင့်စရိုက်နှင့် ၎င်းတို့၏ စိတ်သဘောထား အနှစ်သာရတို့ကို အနှစ်ချုပ်ခြင်း (အပိုင်း ၁)) အန္တိခရစ်တွေက အရမ်း လှည့်ဖြားတတ်ပြီး ကောက်ကျစ်ဆိုးယုတ်တယ်၊ သူတို့ ပြောသမျှ လုပ်သမျှမှာ တခြားလူတွေရဲ့ တုံ့ပြန်မှုကို အမြဲ စောင့်ကြည့်တယ်၊ လေသံကို အကဲခတ်ပြီး ကွယ်ဝှက်ထားတဲ့ အဓိပ္ပာယ်တွေကို သေချာအာရုံစိုက်ကြတယ်၊ ပြီးတော့ အခြေအနေပေါ် မူတည်ပြီး သူတို့ရဲ့ အပြုအမူကို ချိန်ညှိတယ် ဆိုတာကို ဘုရားသခင်က ဖော်ထုတ်ထားတယ်။ ကိုယ့်ကို အကျိုးပြုမဲ့ ဘယ်အရာကိုမဆို သူတို့ ပြောဆို၊ လုပ်ဆောင်ကြတယ်။ သူတို့ရဲ့ စိတ်သဘောထားက ယုံကြည်လက်ခံနိုင်စရာ ဘာမှမရှိဘဲ စိတ်ချလို့မရတဲ့အပြင် လှည့်ဖြားတတ်တယ်။ ဝမ်ချီနဲ့ဆိုင်တဲ့ သုံးသပ်ချက်ကို ရေးတုန်းက ကိုယ့်အပြုအမူကို ကျွန်မ ပြန်ဆင်ခြင်သုံးသပ်ကြည့်တော့ ကျွန်မရဲ့ စိတ်သဘောထားက အန္တိခရစ်ရဲ့ စိတ်သဘောထားအတိုင်းပဲ ဖြစ်နေတာ တွေ့လိုက်ရတယ်။ သုံးသပ်ချက် မရေးခင်တုန်းက ခေါင်းဆောင်တွေရဲ့ ရည်ရွယ်ချက်ကို ကျွန်မ ခန့်မှန်းခဲ့တယ်၊ ခေါင်းဆောင်တွေက သူ့ကို ရာထူးတိုးပေးချင်နေတယ်လို့ ထင်ပြီး အပြုသဘောဆောင်တဲ့အရာတွေကိုပဲ ကျွန်မ ရေးခဲ့တယ်။ ဝမ်ချီက လူတွေကို ဘောင်ခတ်တာ၊ ဝေဖန်စီရင်တာတွေ လုပ်သလားလို့ ခေါင်းဆောင်တွေက မေးတဲ့အခါ အမှန်တရားကို ကျွန်မ ရေးလိုက်ရင်၊ ပထမ သုံးသပ်ချက်မှာ ကျွန်မ ပြောခဲ့တဲ့ လိမ်ညာမှုတွေ ပေါ်သွားမှာကို စိုးရိမ်ခဲ့တယ်၊ ပြီးတော့ ကျွန်မ လှည့်စားတယ်လို့ ခေါင်းဆောင်တွေက စွပ်စွဲမှာ ကြောက်တာကြောင့် အဲဒီကိစ္စတွေကို မသိဘူးလို့ ပြောဖို့ ကျွန်မ စဉ်းစားခဲ့တယ်၊ ဒါပေမဲ့ ဒီအကြောင်းတွေကို ကျွန်မ မရေးရင် ကျွန်မမှာ ပိုင်းခြားသိမြင်မှု မရှိဘူးလို့ ခေါင်းဆောင်တွေ ပြောကြမှာကိုလည်း ကြောက်ပြန်ရော။ ခေါင်းဆောင်တွေရဲ့ အမြင်မှာရှိတဲ့ ပုံရိပ်ကောင်းတစ်ခုကို ထိန်းသိမ်းဖို့အတွက် ကျွန်မရဲ့ စိတ်နှလုံးထဲမှာ ရိုးသားမှု အရိပ်အယောင်တစ်ခုမှမရှိဘဲ ကြံစည်ပြီး လှည့်ဖြားဖို့ ကိုယ့်ဘာသာ အပင်ပန်းခံခဲ့တယ်။ အသိစိတ်နဲ့ လူ့သဘာဝ ရှိတဲ့လူတစ်ယောက်က သုံးသပ်ချက် ရေးတဲ့အပေါ် ဘုရားကို ကြောက်ရွံ့တဲ့ စိတ်နှလုံးနဲ့ ချဉ်းကပ်မှာဖြစ်ပြီး အမှန်အတိုင်း ရေးမှာပဲ။ ဒါပေမဲ့ ကျွန်မရဲ့ ဂုဏ်နဲ့ အဆင့်အတန်းကို ကာကွယ်ဖို့အတွက် ကျွန်မရဲ့ အတွေးတွေက အလွန်အကျွံ ရှုပ်ထွေးလာခဲ့တယ်။ ကျွန်မ ပြောသမျှ လုပ်သမျှ အားလုံးက ကိုယ့်ကိုယ်ပိုင် ရည်ရွယ်ချက်တွေနဲ့ ပန်းတိုင်တွေကိုပဲ ဗဟိုပြုနေခဲ့တယ်။ “လူတွေ ကြားချင်တာကိုပဲ ပြောပါ” ဆိုတဲ့ စာတန်ရဲ့ ကျင့်ကြံပြုမူခြင်း စည်းမျဉ်းကို ကျွန်မ လိုက်လျှောက်ခဲ့တယ်။ လူတွေရဲ့ မျက်နှာရိပ်မျက်နှာကဲကို ကြည့်ပြီး ချောမွေ့ပါးနပ်စွာနဲ့ မျက်နှာပြောင်တိုက်ပြီး လိမ်ညာလှည့်ဖြားခဲ့တယ်။ ကျွန်မက တကယ်ကို ကလိမ်ကကျစ်ကျနိုင်ပြီး လှည့်ဖြားတတ်တယ်၊ လုံးဝ ယုံကြည်စိတ်ချလို့ မရဘူး။ ကျွန်မ ကိုယ့်အကြောင်းပဲ တွေးပြီး အသင်းတော်ရဲ့ အလုပ်ကို လျစ်လျူရှုခဲ့တယ်။ ရာထူးတိုးပေးသင့်တဲ့ လူတစ်ယောက်ကို ရာထူးတိုးပေးလိုက်ရင် အသင်းတော်ရဲ့ အလုပ်နဲ့ ညီအစ်ကိုမောင်နှမတွေရဲ့ အသက် ဝင်ရောက်မှုကို ဘယ်လောက် ထိခိုက်စေမလဲဆိုတာကို ကျွန်မ မစဉ်းစားခဲ့ဘူး။ ကျွန်မ တကယ်ကို တစ်ကိုယ်ကောင်းဆန်ခဲ့တာပဲ။ ဒါကို သဘောပေါက်သွားတဲ့အခါ ကျွန်မရဲ့ အသိစိတ်က ကျွန်မကို ရှုတ်ချပြီး ကျွန်မ အပြစ်ရှိတယ်လို့ ခံစားရတဲ့အ့ပြင် နောင်တရမိတယ်။ ဘုရားသခင်ဆီ နောင်တရပြီး သူ့ရဲ့ သတ်မှတ်ချက်တွေအတိုင်း ပြုမူဖို့ ကျွန်မ လိုလားနေခဲ့တယ်။

နောက်ပိုင်းမှာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ကျွန်မ ပိုဖတ်ဖြစ်တယ်။ “‘ဘုရားသခင်၏ လမ်းခရီးနောက်သို့ လိုက်ပါ။’ဟု ငါဆိုသောအခါ ‘ဘုရားသခင်၏ လမ်းခရီး’ ဆိုသည်မှာ မည်သည်ကို ရည်ညွှန်းသနည်း။ ဘုရားသခင်ကို ကြောက်ရွံ့ရိုသေပြီး မကောင်းမှုကို ရှောင်ခြင်းကို ဆိုလိုသည်။ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ခြင်းဆိုသည်မှာ အဘယ်နည်း။ ဥပမာအားဖြင့် သင်သည် တစ်စုံတစ်ယောက်ကို အကဲဖြတ်သောအခါ ယင်းသည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ခြင်းနှင့် ဆက်နွှယ်သည်။ သင်သည် ၎င်းတို့ကို မည်သို့အကဲဖြတ်သနည်း။ (ကျွန်ုပ်တို့သည် ရိုးသားရမည်။ တရားမျှတရမည်။ ကျွန်ုပ်တို့၏ စကားများသည် ကျွန်ုပ်တို့၏ ခံစားချက်များအပေါ် အခြေမခံရပေ။) သင်ထင်မြင်သည့်အရာနှင့် သင်မြင်တွေ့ထားသည့်အရာအတိုင်း အတိအကျ သင်ပြောဆိုသည့်အခါ သင်ရိုးသားနေခြင်း ဖြစ်သည်။ ပထမဦးဆုံးအနေဖြင့် ရိုးသားမှုကို လက်တွေ့လုပ်ဆောင်ခြင်းသည် ဘုရားသခင်၏ လမ်းခရီးနောက်သို့ လိုက်လျှောက်ခြင်းနှင့် ကိုက်ညီသည်။ ဤသည်မှာ ဘုရားသခင်က လူတို့ကို သွန်သင်သောအရာဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ လမ်းခရီးဖြစ်သည်။ ဘုရားသခင်၏ လမ်းခရီးဆိုသည်မှာ အဘယ်နည်း။ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ခြင်းဖြစ်သည်။ ရိုးသားခြင်းသည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ခြင်း၏ တစ်စိတ်တစ်ပိုင်း မဟုတ်သလော။ ထို့အပြင် ယင်းသည် ဘုရားသခင်၏ လမ်းခရီးနောက်သို့ လိုက်လျှောက်ခြင်း မဟုတ်သလော။ (ဟုတ်ပါသည်။) သင်သည် မရိုးသားလျှင် သင်မြင်တွေ့ထားသည့်အရာနှင့် သင်ထင်မြင်သည့်အရာသည် သင့်နှုတ်မှ ထွက်လာသည့်အရာနှင့် မတူညီပေ။ တစ်စုံတစ်ယောက်က သင့်ကို ‘ထိုလူအပေါ် သင်၏ ထင်မြင်မှုမှာ မည်သို့ရှိသနည်း။ ထိုလူသည် အသင်းတော်၏ အလုပ်အတွက် တာဝန်ယူမှု ရှိသလော’ ဟု မေးလာသည်။ သင်က ‘ထိုသူသည် အလွန်တော်၏။ ကျွန်ုပ်ထက်ပို၍ တာဝန်ယူမှုရှိသည်။ သူ၏အစွမ်းအစသည် ကျွန်ုပ်ထက်ပို၍ ကောင်းပြီး သူ၏လူ့သဘာဝသည်လည်း ကောင်းမွန်၏။ သူသည် ရင့်ကျက်ပြီး တည်ငြိမ်၏’ ဟု သင်ပြန်ပြောသည်။ သို့သော် ဤသည်မှာ သင့်စိတ်နှလုံးတွင် စဉ်းစားနေသည့်အရာ ဖြစ်သလော။ သင်အမှန်တကယ် မြင်သည့်အရာမှာ ဤလူသည် အမှန်ပင် အစွမ်းအစရှိသော်ငြားလည်း စိတ်မချရ၊ အတော်အတန် လှည့်ဖြားတတ်ပြီး အလွန်ပင် တွက်ချက်တတ်ကြောင်း ဖြစ်သည်။ ဤသည်မှာ သင်၏စိတ်တွင် သင်အမှန်တကယ် စဉ်းစားနေသည့်အရာ ဖြစ်သည်။ သို့သော် စကားပြောဆိုရမည့်အချိန် ရောက်လာသောအခါ ‘ငါအမှန်တရားကို ပြော၍မရ။ မည်သူ့ကိုမျှ စိတ်ဆိုးအောင် လုပ်၍မဖြစ်’ ဟု သင့်စိတ်၌ ပေါ်လာသည်။ ထို့ကြောင့် သင်က အခြားအရာတစ်ခုခုကို အလျင်အမြန် ပြောလိုက်သည်။ သူနှင့်ပတ်သက်၍ ပြောဆိုရန် ကောင်းမွန်သည့်အရာများကို သင်ရွေးချယ်လိုက်ပြီး သင်ပြောဆိုသည့် မည်သည့်အရာကမျှ သင်အမှန်တကယ် ထင်မြင်သည့်အရာ မဟုတ်ပေ။ အားလုံးက အလိမ်အညာများနှင့် အယောင်ဆောင်ခြင်းသာ ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ လမ်းခရီးနောက်သို့ သင်လိုက်လျှောက်သည်ဟု ညွှန်ပြသလော။ မညွှန်ပြပါ။ သင်သည် နတ်ဆိုးတို့၏ လမ်းခရီးဖြစ်သော စာတန်၏ လမ်းခရီးကို လျှောက်နေခြင်းဖြစ်သည်။ ဘုရားသခင်၏ လမ်းခရီးမှာ အဘယ်နည်း။ ယင်းမှာ သမ္မာတရားဖြစ်သည်။ ယင်းသည် လူတို့ မိမိကိုယ်ကို ကျင့်ကြံပြုမူသင့်သည့် အခြေပြုချက် ဖြစ်ပြီး ယင်းသည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ခြင်း လမ်းခရီးဖြစ်သည်။ သင်က အခြားလူတစ်ယောက်အား စကားပြောနေသော်လည်း ဘုရားသခင်ကလည်း နားထောင်နေသည်၊ သူသည် သင်၏ စိတ်နှလုံးကို ကြည့်ရှုနေပြီး စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးနေသည်။ လူတို့က သင်ပြောသည့်အရာကို နားထောင်သော်လည်း ဘုရားသခင်က သင်၏ စိတ်နှလုံးကို စိစစ်သည်။ လူတို့သည် လူ၏စိတ်နှလုံးကို စိစစ်နိုင်စွမ်း ရှိသလော။ အလွန်ဆုံးအနေဖြင့် သင်သည် အမှန်အတိုင်း မပြောသည်ကို လူတို့မြင်နိုင်သည်၊ အပြင်ပန်းတွင် ရှိသောအရာကို သူတို့ မြင်နိုင်သည်၊ သို့သော် ဘုရားသခင်သာလျှင် သင့်စိတ်နှလုံးအတွင်းထဲသို့ မြင်နိုင်၏။ ဘုရားသခင်သာလျှင် သင်စဉ်းစားနေသည့်အရာ၊ သင်စီစဉ်နေသည့်အရာ၊ သင့်စိတ်နှလုံးတွင် မည်သည့်အကြံအစည်များ၊ မည်သည့်ဖောက်ပြန်သော နည်းလမ်းများ၊ မည်သည့်တက်ကြွသော အတွေးများရှိသည်တို့ကို မြင်နိုင်သည်။ သင် အမှန်အတိုင်းမပြောသည်ကို ဘုရားသခင် မြင်တွေ့သည့်အခါ သင့်အပေါ် ဘုရားသခင်၏ ထင်မြင်ချက်များနှင့် သင့်အပေါ် သူ၏တန်ဖိုးဖြတ်မှုမှာ အဘယ်နည်း။ ဤကိစ္စနှင့်ပတ်သက်ပြီး သင်သည် အမှန်တရားကို မပြောခဲ့သောကြောင့် ဘုရားသခင်၏ လမ်းခရီးနောက်သို့ သင်မလိုက်လျှောက်ခဲ့ကြောင်းဟူ၍ပင် ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက် သုံးသပ်ချက်တွေ ရေးတဲ့အခါ ကျွန်မ ဝင်ရောက်သင့်တဲ့ စည်းမျဉ်းတွေကို နားလည်ခဲ့တယ်။ လူတစ်ယောက်ကို သုံးသပ်တဲ့အခါ အဲဒီသုံးသပ်ချက်က အချက်အလက်တွေအပေါ် အခြေခံရမယ်၊ အားသာချက်တွေကို ချဲ့ကားတာမျိုး၊ အားနည်းချက်တွေကို ဖုံးကွယ်တာမျိုး မလုပ်ရဘူး။ တိကျပြီး ဓမ္မဓိဋ္ဌာန် ကျရမယ်၊ အဲဒီအထဲမှာ ကိုယ်သိသလောက် ရေးသင့်တယ်။ သုံးသပ်ချက်တစ်ခုက ယုံကြည်စိတ်ချရတဲ့ ကိုးကားစရာတစ်ခု ဖြစ်ရမယ်၊ ယုံကြည်စရာဖြစ်ရမယ်။ ဒါ့အပြင် လူတစ်ယောက်ကို မြှင့်တင်တာ၊ ပျိုးထောင်တာပဲ ဖြစ်ဖြစ်၊ ဖြုတ်ချတာပဲ ဖြစ်ဖြစ်၊ သုံးသပ်ချက်တစ်ခုကို စည်းမျဉ်းတွေနဲ့ အချက်အလက်တွေအပေါ် အခြေခံပြီး ရေးရမယ်၊ ပြီးတော့ လူတစ်ယောက်စီရဲ့ အားသာချက်တွေနဲ့ အားနည်းချက်တွေ နှစ်ခုလုံးကို ဓမ္မဓိဋ္ဌာန်ကျကျ ထင်ဟပ်စေသင့်တယ်။ မျှတပြီး ဓမ္မဓိဋ္ဌာန်ကျတဲ့ သုံးသပ်ချက်တစ်ခုက ခေါင်းဆောင်တွေနဲ့ အမှုဆောင်တွေကို လူတွေ အကျိုးသင့်အကြောင်းသင့် စီစဉ်ပြီး ကိုင်တွယ်ရာမှာ ကူညီပေးနိုင်တယ်၊ ရာထူးတိုးပေးပြီး ပျိုးထောင်လို့ရတဲ့ လူတွေကို လေ့ကျင့်ပေးဖို့အတွက် သင့်တော်တဲ့ အခန်းကဏ္ဍတွေမှာ ချက်ချင်း စီစဉ်ပေးနိုင်သလို ဖြုတ်ချဖို့၊ ဒါမှမဟုတ် အသင်းတော်ကနေ ရှင်းလင်းပစ်ဖို့ လိုအပ်တဲ့ လူတွေကိုလည်း ချက်ချင်း ကိုင်တွယ်ဖြေရှင်းနိုင်စေတယ်။ ဒါက လူကောင်းတစ်ယောက်ကိုမှ မတရားမခံရစေဖို့နဲ့ လူဆိုးတစ်ယောက်မှ လျစ်လျူရှုမခံရစေဖို့ သေချာစေတယ်။ မှားယွင်းတဲ့ သုံးသပ်ချက်တစ်ခုကြောင့် ဆိုးယုတ်တဲ့ လူတစ်ယောက်၊ ဒါမှမဟုတ် အန္တိခရစ်တစ်ယောက် အသင်းတော်မှာ ဆက်ရှိနေမယ်ဆိုရင် အသင်းတော် အသက်တာရဲ့ ဖွဲ့စည်းပုံစနစ်ကို ထိခိုက်မှာဖြစ်ပြီး အသင်းတော် အလုပ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်လိမ့်မယ်၊ ဒါဟာ ဒုစရိုက်အမှုတစ်ခု ဖြစ်တယ်။ ဒါကို သဘောပေါက်သွားတဲ့အခါ ကျွန်မ ဘုရားသခင်ဆီ ဆုတောင်းပြီး နောင်တရခဲ့တယ်။ “ဘုရားသခင်၊ ကိုယ်တော်ရဲ့ ထုတ်ဖော်မှုကနေတစ်ဆင့် သမီးရဲ့ ကလိမ်ကကျစ်ကျပြီး လှည့်ဖြားတတ်တဲ့ စာတန်ဆန်တဲ့ စိတ်သဘောထားကို သမီး မြင်ရပါတယ်။ ကိုယ့်ရဲ့ ဂုဏ်နဲ့ အဆင့်အတန်းကို ထိန်းသိမ်းဖို့အတွက် ကိုယ်တော်ကိုရော၊ ခေါင်းဆောင်တွေကိုပါ လှည့်စားဖို့ သမီး ကြိုးစားခဲ့ပါတယ်။ အသင်းတော်ရဲ့ အကျိုးစီးပွားကို လျစ်လျူရှုခဲ့ပါတယ်။ သမီး ကျိန်ခြင်းခံရထိုက်ပါတယ်။ ဘုရားသခင်၊ ကိုယ်တော်က သမီးရဲ့ ပြစ်မှားခြင်းတွေအတိုင်း မဆက်ဆံဘဲ နောင်တရဖို့ အခွင့်အရေး ပေးခဲ့တယ်၊ သမီး နောင်တရပြီး ပြောင်းလဲချင်ပါတယ်။ နောက်တစ်ခါ သုံးသပ်ချက်တွေ ရေးတာနဲ့ ပတ်သက်လာတဲ့အခါကျရင် ဘုရားသခင်ကို ကြောက်ရွံ့တဲ့ စိတ်နှလုံးနဲ့ စည်းမျဉ်းတွေအတိုင်း လက်တွေ့လုပ်ဆောင်ဖို့ သမီးလိုလားပါတယ်၊ ပြီးတော့ အချက်အလက်တွေအပေါ် အခြေခံပြီး သမီး သိထားတဲ့ အချက်အလက်တွေ အားလုံးကို ပေးပါ့မယ်” လို့ပေါ့။

နောက်ပိုင်းမှာ ခေါင်းဆောင်တွေက သုံးသပ်ဖို့ နာမည်စာရင်း နည်းနည်း ထပ်ပို့လာတယ်။ ဒီလူတွေဟာ တခြားနေရာတွေမှာ တာဝန်ထမ်းဆောင်ဖို့ ခေါင်းဆောင်တွေက ထောက်ခံပေးဖို့ ရည်ရွယ်တဲ့ လူတွေဖြစ်နေတာ တွေ့တော့ ကျွန်မ နည်းနည်း စိုးရိမ်မိပြန်တယ်။ “ဒီလူတွေက ခေါင်းဆောင်တွေ သဘောကျတဲ့သူတွေပဲ၊ ငါ သိထားတာတွေနဲ့ အယူအဆတွေကို ရေးပြီး အဲဒါတွေက ခေါင်းဆောင်တွေရဲ့ အမြင်နဲ့ ကွဲလွဲနေရင် ခေါင်းဆောင်တွေက ငါ့ကို ဘယ်လိုမြင်မလဲ။ ငါ့မှာ ပိုင်းခြားသိမြင်မှု မရှိဘူးလို့ သူတို့ ပြောကြမလား။ သူတို့ရဲ့ အားသာချက်တွေကိုပဲ ငါ ဖော်ပြပြီး အားနည်းချက်တွေကိုတော့ ဖော့ပြောလိုက်သင့်တယ်ထင်တယ်။ သူတို့ကို လုံလောက်အောင် မသိဘူးလို့ပဲ ပြောလိုက်ပြီး ခေါင်းဆောင်တွေရဲ့ အမြင်နဲ့ မကိုက်တာတွေ ရေးမိလို့ ငါ့အပေါ် သူတို့ အမြင်စောင်းသွားတာမျိုး ရှောင်လို့ရတယ်” လို့ပေါ့။ အဲဒီအချိန်မှာ ကျွန်မရဲ့ ဂုဏ်နဲ့ အဆင့်အတန်းကို ကာကွယ်ဖို့အတွက် ကျွန်မ ထပ်ပြီး လှည့်ဖြားဖို့ ကြိုးစားနေမိမှန်း သဘောပေါက်လိုက်တယ်၊ ဒါနဲ့ ဘုရားသခင်ဆီ ချက်ချင်း ဆုတောင်းခဲ့တယ်။ ကျွန်မရဲ့ မှားယွင်းတဲ့ အခြေအနေကို ပြုပြင်ရာမှာ လမ်းပြပေးဖို့၊ ရိုးသားတဲ့သူတစ်ယောက် ဖြစ်ခြင်းနဲ့ ဘုရားသခင်ရဲ့ စိစစ်ခြင်းကို လက်ခံခြင်းဆိုတဲ့ စည်းမျဉ်းတွေထဲ ဝင်ရောက်အောင် လမ်းပြပေးဖို့ တောင်းလျှောက်တယ်။ အဲဒီနောက်မှာ ဒီလူတွေနဲ့ပတ်သက်ပြီး ကျွန်မ နားလည်ထားသမျှ အားလုံးကို အကုန်အသေးစိတ် ချရေးလိုက်တယ်။ ကျွန်မ သိသလောက် အကုန် ရေးလိုက်တာ။ ဒီလိုလုပ်တာက ကျွန်မစိတ်ကို အေးချမ်းစေတယ်။

သုံးသပ်ချက်တွေ ရေးခြင်းကနေတစ်ဆင့် ကျွန်မဆီမှာ ရှိတဲ့ ကလိမ်ကကျစ်ကျပြီး လှည့်ဖြားတတ်တဲ့ စာတန်ဆန်တဲ့ စိတ်သဘောထားကို ရှင်းရှင်းလင်းလင်း မြင်တွေ့ခဲ့ရတယ်၊ ပြီးတော့ ဂုဏ်နဲ့ အဆင့်အတန်းအတွက် အသက်ရှင်ရတာ တကယ် ပင်ပန်းပြီး နာကျင်ရတယ်ဆိုတာနဲ့ ဘုရားနှုတ်ကပတ်တော်တွေအတိုင်း ရိုးရိုးသားသား ကျင့်ကြံပြုမူပြီး အမှန်အတိုင်း ပြောဆိုတာက သက်သာရာရစေပြီး ဝမ်းမြောက်စေတယ် ဆိုတာကိုလည်း သဘောပေါက်ခဲ့တယ်။ ဒီလိုပြောင်းလဲလာအောင် ကျွန်မကို လမ်းပြပေးတဲ့ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်ရှင်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

အရှိအတိုင်း ကျွန်မ ဖော်ထုတ်ခံရခြင်း

ဝေးရှောင် စပိန်နိုင်ငံဒီနှစ်အစောပိုင်းမှာ ကျွန်မ အသင်းတော်ခေါင်းဆောင်တစ်ယောက် ဖြစ်တုန်းက ဧဝံဂေလိအဖွဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ အစ်မဝမ်က...

သင် အလုပ်ခန့်သည့် လူများကို လုံးဝ သံသယမရှိခြင်း၏ အကျိုးဆက်

ရွှင်းချို အမေရိကန်နိုင်ငံ ပြီးခဲ့တဲ့နှစ်က အသင်းတော်ရဲ့ ရေလောင်းခြင်းနဲ့ ဧဝံဂေလိအလုပ်အတွက် ကျွန်မ ကြီးကြပ်ရေးမှူးဖြစ်ခဲ့တယ်။ စခါစဆိုတော့...

ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် အခြေခံ၍ အခြားသူများအား မည်သို့ ပိုင်းခြားသိမြင်ရမည်ကို ကျွန်ုပ် သင်ယူခဲ့သည်

ရှောင်ဝေ၊ တရုတ်နိုင်ငံ၂၀၁၇ ခုနှစ်မှာ စာနဲ့ပတ်သက်တဲ့တာဝန်ကို အသင်းတော်မှာ ကျွန်မ ထမ်းဆောင်နေခဲ့တယ်။ စုဝေးပွဲတစ်ခုမှာ ချန်ရှာကို...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။