တာဝန်များတွင် အဆင့်ခွဲခြားသတ်မှတ်ခြင်းမရှိပါ
အနန္တတန်ခိုးရှင် ဘုရားသခင်ကို ကျွန်မ မယုံကြည်ခင်တုန်းက ဆရာ၊ ဆရာမတွေက ချီးမွမ်းတာကို ကျွန်မ ခံရလေ့ရှိတယ်။ ကျွန်မက အမြဲတမ်း အားလုံးက အာရုံစိုက်တာကို ခံချင်ခဲ့တယ်။ သူများတွေက အထင်ကြီးတာခံရတာကို ကြိုက်တယ်။ ၂၀၂၀၊ မေလမှာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလအမှုတော်ကို ကျွန်မ လက်ခံခဲ့ပါတယ်။ ဘုရားနှုတ်ကပတ်တော်ကို တက်တက်ကြွကြွနဲ့ စားသောက်ပြီး စုဝေးပွဲတွေ တက်တယ်။ စုဝေးပွဲတွေမှာ ကျွန်မက အမြဲတမ်း အရင်ဦးဆုံး ကိုယ့်နားလည်မှုကို မိတ်သဟာယဖွဲ့တယ်။ ညီအစ်ကိုမောင်နှမတွေက ကျွန်မရဲ့ မိတ်သဟာယနဲ့ပတ်သက်ပြီး ကျွန်မကို အမြဲတမ်း ချီးကျူးကြတယ်။ ဒါကို ကျွန်မက ပျော်တာပေါ့။ ကျွန်မက အစွမ်းအစကောင်းရှိပြီး သူများတွေထက်ပိုနားလည်တယ်လို့ ထင်ခဲ့တယ်။ တစ်ခါတော့ ကြီးကြပ်ရေးမှူးက ကျွန်မကို အဖွဲ့စုဝေးပွဲစီစဉ်တင်ဆက်သူဖြစ်အောင် လေ့ကျင့်ပေးမယ်လို့ပြောတယ်။ ကျွန်မက အပျော်လွန်သွားတာပေါ့။ လူတွေအများကြီးထဲမှာ ကြီးကြပ်ရေးမှူးက ကျွန်မကို ရွေးခဲ့တာ။ ဒါဟာ ကျွန်မက အစွမ်းအစကောင်းရှိပြီး သူများတွေနဲ့မတူတဲ့သဘောပဲလို့ ခံစားမိတယ်။ အဲဒီနောက်တော့ အဖွဲ့စုဝေးပွဲတွေမှာ စီစဉ်တင်ဆက်သူအဖြစ် စပြီးလုပ်ခဲ့တယ်။ ညီအစ်ကိုမောင်နှမတွေအားလုံးက ကျွန်မကို သေချာအလေးထားပြီး လေးစားကြတယ်။ ကျွန်မကလည်း စုဝေးပွဲအချိန်အတွင်းမှာ သူတို့နဲ့ပြောဆိုဆက်ဆံတယ်။ သူတို့ရဲ့ အခြေအနေတွေ၊ အခက်အခဲတွေကို မေးပြီး သူတို့ကို ဘုရားနှုတ်ကပတ်တော်တွေပို့ပေးတယ်။ တစ်ယောက်ယောက်က မိတ်သဟာယမဖွဲ့တာ၊ စုဝေးပွဲတွေမတက်တာကို ကျွန်မ သတိထားမိရင် ကျွန်မက သူတို့ကို သီးခြားတွေ့ပြီး အားပေးတယ်။ ညီအစ်ကိုမောင်နှမတွေနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိတာပေါ့။ ကျွန်မတို့ စကားပြောတဲ့အချိန်တိုင်းမှာ သူတို့က အမြဲတမ်း အရမ်းပျော်ကြတယ်။ ကျွန်မက လူသစ်တွေကို ရေလောင်းဖို့ ကောင်းကောင်းသင့်တော်ပြီး ရေလောင်းသင်းထောက်တစ်ယောက်တောင်ဖြစ်လာနိုင်တယ်လို့ ထင်မိတယ်။ တခြားအဖွဲ့ခေါင်းဆောင်တွေရဲ့အလုပ်ကို ကျွန်မ စစ်ဆေးနိုင်အောင် ပိုမြင့်တဲ့ရာထူးကို ကျွန်မ ရချင်တယ်။ ဒီလိုဆိုရင် ပိုပြီးတော့တောင်များတဲ့လူတွေက အထင်ကြီးတာ၊ ချီးမွမ်းတာကို ကျွန်မ ရမယ်လေ။ ဒါပေမဲ့ ကျွန်မ အရမ်းအံ့သြသွားရတာက တစ်နေ့မှာ ခေါင်းဆောင်တစ်ယောက်က ကျွန်မကိုပြောတယ်။ ကျွန်မက ဧဝံဂေလိဖြန့်ဖို့အတွက် အသင့်တော်ဆုံးပဲ၊ ဒါကြောင့် ဧဝံဂေလိအလုပ်မှာ အာရုံစိုက်စေချင်တယ်တဲ့။ ဒါပေမဲ့ အဲဒီအချိန်တုန်းက ကျွန်မက စိတ်မလှုပ်ရှားနိုင်ဘူး။ “ကျွန်မ စဉ်းစားတယ်။ ငါက ရေလောင်းသူပဲ။ ရေလောင်းအလုပ်အားလုံးကို အစအဆုံးသိတယ်။ ဘာလို့ငါ့ကို ဆက်ပြီးရေလောင်းခွင့်မပေးနိုင်တာလဲ။ ဘာလို့ ဧဝံဂေလိဖြန့်ဝေခိုင်းနေတာလဲ။ ရေလောင်းသူတစ်ယောက်အနေနဲ့ ငါ့ပါရမီတွေအားလုံးကို အသုံးချနိုင်တယ်။ ဒါပေမဲ့ ဧဝံဂေလိဖြန့်ဝေရမယ်ဆိုရင် ငါက အစကပြန်စရမယ်။ ဒါက လမ်းမှန်ကို စုံစမ်းနေတဲ့လူတွေကို တရားဒေသနာတွေလာနားထောင်ဖို့ ပြောတာ သက်သက်ပဲရှိတယ်။ ဒီလိုရိုးရှင်းတဲ့တာဝန်တစ်ခုကို ဘယ်သူမဆိုလုပ်နိုင်တယ်။ ဒါဆို ငါက ကိုယ့်ကိုယ့်ကိုယ် သူများလေးစားအောင် ဘယ်လိုလုပ်ရမှာလဲ။ ပြီးတော့လည်း အခု ငါက အဖွဲ့ခေါင်းဆောင်ဖြစ်နေပြီ။ ဧဝံဂေလိမျှဝေဖို့ ငါ့ကို ပြောင်းရွှေ့လိုက်ရင် ငါက ဧဝံဂေလိမျှဝေသူပဲဖြစ်မှာ။ ဒါဆို ငါ့ကို ဘယ်သူက လေးစားမှာလဲ” ဆိုပြီးတော့။ ကျွန်မ တော်တော်စိတ်ဓာတ်ကျနေပြီး ဧဝံဂေလိမျှဝေသူအဖြစ် ကျွန်မတာဝန်ကို တကယ်ကို မထမ်းဆောင်ချင်နေဘူး။ ကျွန်မက ကိုယ့်ကိုယ်ကိုယ် နာခံအောင် မလုပ်နိုင်နေဘူး။ ဒါပေမဲ့ အဲဒီအချိန်တုန်းက ကျွန်မက ဒါကို သဘောမပေါက်ဘဲ စိတ်ရှုပ်ထွေးနေတယ်။ တစ်နေ့တော့ ကျွန်မ ခေါင်းဆောင်ကို မေးလိုက်တယ်။ “ဘာလို့ ကျွန်မကိုဧဝံဂေလိဖြန့်ဝေခိုင်းတာလဲ။ ဘာလို့ လူသစ်တွေကို ရေလောင်းတာကို ကျွန်မ ဆက်လုပ်လို့မရတာလဲ။ တာဝန်နှစ်ခုလုံးကို ကျွန်မ တစ်ပြိုင်နက် ကိုင်တွယ်နိုင်တယ်။ အားလုံးအတွက် အချိန်ရအောင် စီစဉ်နိုင်ပါတယ်” ပေါ့။ ခေါင်းဆောင်ကပြောတယ်။ “အစ်မက စကားပြောများတတ်တဲ့သူဖြစ်ပြီးတော့ ဧဝံဂေလိဖြန့်ဝေတာမှာ ပါရမီရှိတယ်။ အစ်မက ဒါနဲ့ ပိုသင့်တော်တယ်” တဲ့ ဒါကိုကြားပြီး ကျွန်မလုပ်နိုင်တာကတော့ လက်ခံဖို့ ကြိုးစားရတာပဲ။ ဒါပေမဲ့ ဧဝံဂေလိအဖွဲ့မှာ ကျွန်မကို ဘယ်သူကမှ လေးစားမှာမဟုတ်ဘူးလို့ ခံစားရတုန်းပဲ။ ကျွန်မ စိတ်ဓာတ်ကျပြီး စိတ်ထိခိုက်လာတယ်။ ကျွန်မက ရေလောင်းသူအဖြစ် အကြာကြီး အလုပ်လုပ်ခဲ့တယ်။ ကျွန်မအလုပ်မှာ အရမ်းထိရောက်မှုရှိတယ်။ သူများတွေက ကျွန်မကို အထင်ကြီးတယ်။ ကျွန်မက ဧဝံဂေလိမျှဝေတဲ့နေရာကို အပြောင်းခံရရင် အဲဒါတွေအားလုံး ဆုံးရှုံးသွားမှာ။ ကျွန်မက ဧဝံဂေလိမျှဝေတဲ့နေရာမှာ ထိရောက်မှုမရှိရင် ခေါင်းဆောင်က ကျွန်မကို ဘယ်လိုထင်မလဲ။ ကျွန်တော် တော်တော်စိတ်ဓာတ်ကျပြီး ဧဝံဂေလိဖြန့်ဝေဖို့ စိတ်မပါနေဘူး။ ကျွန်မက လူတွေကို တရားဒေသနာနားထောင်ဖို့ ဖိတ်တဲ့အခါမှာ ဝတ်ကျေတန်းကျေလုပ်ပဲပြီး အားကုန်မလုပ်ဘူး။ အချိန်အများစုကို ညီအစ်ကိုမောင်နှမတွေနဲ့ စကားပြော၊ စနောက်ရင်း အချိန်ကုန်တယ်။ ဒီအပျက်သဘောဆောင်တဲ့ ခံစားချက်တွေအကုန်လုံးကို တွန်းထုတ်ဖို့ မျှော်လင့်ပြီးတော့ပေါ့။ ဘယ်အချိန်မှာ လူသစ်တွေကို ရေလောင်းဖို့ ကျွန်မပြန်သွားနိုင်မလဲဆိုတာကိုလည်း ခဏခဏ တွေးတယ်။ ရလဒ်အနေနဲ့ ဧဝံဂေလိမျှဝေတဲ့တစ်လမှာ ကျွန်မမှာ ဘာမှပြစရာမရှိဘူး။ အဲဒီအခါကျမှပဲ ကျွန်မ ဘုရားရှေ့လာပြီး ဆုတောင်းတယ်။ “အဖ ဘုရားသခင်၊ ဒီအခြေအနေကို နာခံဖို့ သမီး အခက်အခဲဖြစ်နေပြီး ရေလောင်းတဲ့ဆီကိုပဲ ပြန်သွားချင်နေပါတယ်။ သမီး နာခံနိုင်ဖို့အတွက် ကိုယ်တော်ရဲ့ရည်ရွယ်ချက်ကို နားလည်ရာမှာ သမီးကို လမ်းပြဖို့ တောင်းလျှောက်ပါတယ်” ဆိုပြီးတော့။
အဲဒီနောက်မှာ ကျွန်မ ဒီဘုရားနှုတ်ကပတ်တော်တွေကို ဖတ်တယ်။ “သင်၏တာဝန်အပေါ်တွင် သင်ရှိသင့်သည့်၊ မှန်ကန်ပြီး ဘုရားသခင်၏ အလိုတော်နှင့်ညီသည်ဟုဆိုနိုင်သည့် သဘောထားသည် အဘယ်နည်း။ ပထမဦးစွာ ယင်းကို မည်သူက စီစဉ်သည်၊ မည်သည့်ခေါင်းဆောင်မှုအဆင့်က တာဝန်ပေးသည်တို့ကို သင်က စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေး၍မရချေ— သင်သည် ယင်းကို ဘုရားသခင်ထံမှ လက်ခံသင့်သည်။ ဤအရာကို သင်ပိုင်းခြားစိစစ်ခြင်း ပြုလုပ်၍မရပေ။ ဘုရားသခင်ထံမှ ဤအရာကို လက်ခံသင့်သည်။ ဤသည်မှာ သတ်မှတ်ချက်တစ်ခုဖြစ်သည်။ ထို့အပြင် သင်၏တာဝန် မည်သို့ပင်ဖြစ်ပါစေ၊ အထက်အောက် မခွဲခြားနှင့်။ ‘ဤအလုပ်သည် ဘုရားသခင်မှ အပ်နှံသည့်အလုပ်နှင့် ဘုရားသခင်အိမ်တော်၏ အလုပ်ဖြစ်သော်လည်း၊ အကယ်၍ ငါလုပ်ပါက လူအများက ငါ့ကိုအထင်သေးနိုင်သည်။ တစ်ပါးသူများက သူတို့အား ထင်ရှားစေသောအလုပ်ကို လုပ်ကြသည်။ ငါ့ကို မထင်ရှားစေဘဲ နောက်ကွယ်တွင် ကြိုးပမ်းအားထုတ်ရမည့် ဤအလုပ်ကို ငါ့အား ပေး၏၊ ဤသည်မှာ မျှတခြင်း မရှိ။ ဤတာဝန်ကို ငါလုပ်ဆောင်မည်မဟုတ်။ ငါ၏တာဝန်သည် သူတစ်ပါးတို့ရှေ့တွင် ငါ့အားထင်ရှားစေသောအလုပ် ဖြစ်ပြီး၊ ငါ့ကိုကျော်ကြားစေသောအလုပ် ဖြစ်ရမည်။ ထို့အပြင် အကယ်၍ငါ မကျော်ကြားပါက သို့မဟုတ် မထင်ရှားပါက၊ ထိုအလုပ်မှ ငါအကျိုးအမြတ်ရဖို့နှင့် ရုပ်ပိုင်းဆိုင်ရာ အပူအပင်ကင်းဖို့ လိုသည်။’ ဟု သင်ကပြောသည် ဆိုပါစို့။ ယင်းသည် လက်ခံနိုင်ဖွယ် သဘောထားလော။ ဇီဇာကြောင်ခြင်းဟူသည် ဘုရားသခင်ထံမှ လာသည့်အရာကို မလက်ခံခြင်း ဖြစ်သည်။ သင့်အကြိုက်များအတိုင်း ရွေးချယ်ခြင်းဖြစ်သည်။ ဤသည်မှာ သင်၏တာဝန်ကို လက်ခံခြင်းမဟုတ်၊ သင်၏တာဝန်ကို ငြင်းပယ်ခြင်းဖြစ်သည်။ သင့်ပုန်ကန်တတ်မှု၏ သရုပ်သကန်ဖြစ်၏။ ထိုကဲ့သို့သော ဇီဇာကြောင်မှုဟူသည် သင်၏ပုဂ္ဂိုလ်ရေးအကြိုက်များ၊ အလိုဆန္ဒများဖြင့် ရောနေသည်။ သင်သည် သင့်ကိုယ်ကျိုး၊ သင့်ဂုဏ်သတင်း၊ စသည်တို့ကို ထည့်သွင်းစဉ်းစားသောအခါ၊ တာဝန်အပေါ်ထားရှိသော သင်၏သဘောထားသည် နာခံမှု မဟုတ်ပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ ပြည့်မီသော တာဝန်ထမ်းဆောင်မှုဆိုသည်မှာ အဘယ်နည်း။) ဒါကို ဖတ်ပြီးတော့ ကျွန်မလုပ်ရပ်တွေကို ပြန်သုံးသပ်တယ်။ ကျွန်မက တာဝန်တွေမှာ ကိုယ့်နှစ်သက်မှုအတိုင်းလုပ်တယ်။ ရေလောင်းအလုပ်မှာ ကျွန်မပါရမီတွေကို ကျွန်မ အသုံးချနိုင်တယ်။ ကျွန်မက အဖွဲ့ခေါင်းဆောင်ဖြစ်ပြီး တခြားလူတွေကို ဦးဆောင်ရတယ်။ လူသစ်တွေကို ရေလောင်းတာမှာ ရလဒ်ကောင်းတွေရတယ်။ သူများတွေအားလုံးက ကျွန်မကို လေးစားပြီး ချီးမွမ်းကြတယ်။ ဒါကြောင့် ကျွန်မက အမြဲတမ်းပျော်ခဲ့တယ်။ လုပ်စရာတွေအများကြီးရှိနေရင်တောင် လုံးဝ မညည်းညူဘူး။ ဒါပေမဲ့ ခေါင်းဆောင်က ကျွန်မကို ဧဝံဂေလိမျှဝေဖို့ တာဝန်ချပေးတော့ ကျွန်မက လူတွေကို တရားဒေသနာနားထောင်ဖို့ ဖိတ်ခေါ်တာသက်သက်ပဲ၊ ဘယ်သူမဆိုလုပ်နိုင်တဲ့အလုပ်ပဲလို့ ခံစားမိတယ်။ ပြီးတော့ အဖွဲ့ခေါင်းဆောင်အဖြစ် ကျွန်မရာထူး ဆုံးရှုံးသွားတယ်။ ဘယ်သူမှ ကျွန်မကို မလေးစားတော့ဘူး။ စိတ်ညစ်ပြီး ကိုယ့်ကိုယ်ကိုယ် စောဒကတက်ပြီး ဘုရားနဲ့ ငြင်းခုံဖို့ ကြိုးစားတယ်။ ကျွန်မက ဧဝံဂေလိဖြန့်ဝေဖို့ သဘောတူခဲ့ပေမဲ့ လုပ်ဖို့ စိတ်မပါနေဘူး။ ကိုယ့်တာဝန်ကို ပိုကောင်းအောင် ဘယ်လိုလုပ်ရမယ်ဆိုတာ စဉ်းစားမယ့်အစား သူများတွေနဲ့ စကားပြောရတာကိုပဲ ပိုနှစ်သက်ခဲ့တယ်။ ရလဒ်အနေနဲ့ ဧဝံဂေလိမျှဝေတဲ့ တစ်လလုံးအတွက် ဘာမှပြစရာမရှိခဲ့ဘူး။ ကျွန်မတာဝန်မှာ ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို အလေးထားခဲ့တယ်။ ကျွန်မက နှစ်သက်ပြီး ကျွန်မကို ဂုဏ်သတင်းနဲ့ အဆင့်အတန်းပေးတယ်ဆိုရင် ကျွန်မက နာခံနိုင်ခြေရှိတယ်။ ဒါပေမဲ့ ကျွန်မက မကြိုက်ရင်၊ ကျွန်မရဲ့ နာမည်နဲ့ အဆင့်အတန်းကို ပံ့ပိုးမပေးရင် စိတ်ဓာတ်ကျပြီး ဘုရားကို စောဒကတက်တယ်။ ကျွန်မက အမှန်တကယ် နာခံနေတာမဟုတ်ဘူး။ ကျွန်မက တာဝန်က ကျွန်မကို ထင်ပေါ်စေပြီး ဂုဏ်အဆင့်အတန်းပေးသလားဆိုတာကို အခြေခံပြီး ဘုရားကို နာခံမလားဆိုတာ ဆုံးဖြတ်တယ်။ ကျွန်မက ကိုယ့်တာဝန်မှာ ရိုးသားစစ်မှန်တဲ့ သဘောထားမရှိပါဘူး။ ဒီပုံစံနဲ့ ဂုဏ်အဆင့်အတန်းနောက်ကို ဆက်လိုက်နေရင် အလုပ်တွေအများကြီးလုပ်ပြီး တာဝန်တွေမှာ ကောင်းကောင်းထမ်းဆောင်ရင်တောင်မှ ညီအစ်ကိုမောင်နှမတွေက လေးစားတာကို ရရင်တောင်မှ ကျွန်မလုပ်တာတွေကို ဘုရားက မကြိုက်ဘူး၊ အောက်မေ့ဂုဏ်ပြုခြင်းမရှိဘူးဆိုရင် ဘာအဓိပ္ပာယ်ရှိမှာလဲ။ ဒါကို သဘောပေါက်ပြီး ကိုယ့်တာဝန်အပေါ် ကျွန်မရဲ့ သဘောထားကို ပြောင်းဖို့ အသင့်ဖြစ်နေခဲ့တယ်။ ကျွန်မအပေါ် သူများတွေ ဘယ်လိုထင်လဲလို့ စိုးရိမ်တာကိုရပ်ပြီး အလုပ်ကောင်းကောင်းလုပ်ဖို့ပဲ အာရုံစိုက်တယ်။
အဲဒီနောက်တော့ ဧဝံဂေလိမျှဝေတဲ့နေရာမှာ စိတ်နှစ်ပြီးလုပ်တယ်။ အချိန်နည်းနည်းကြာတော့ လမ်းမှန်ကို စူးစမ်းနေတဲ့လူတချို့က ဘုရားသခင်ရဲ့ အမှုတော်ကို လက်ခံခဲ့ကြတယ်။ ကျွန်မလုပ်တာ အရမ်းကောင်းတယ်လို့ ခေါင်းဆောင်ကပြောပြီး ကျွန်မ တော်တော်ပျော်ခဲ့တယ်။ ကျွန်မက ဧဝံဂေလိအဖွဲ့နဲ့လုပ်တာ သိပ်မကြာသေးဘူး။ ဒါပေမဲ့ ကျွန်မက သူများတွေထက် လုပ်တာ ပိုကောင်းနေပြီ။ ခေါင်းဆောင်က ချီးကျူးတာကိုတောင် ကျွန်မ ခံရတယ်။ ကျွန်မက တကယ်ကို အလားအလာအများကြီးရှိတယ်။ ဧဝံဂေလိမျှဝေတာ အဲလောက်မဆိုးပါဘူးလို့ တွေးမိလာတယ်။ အဲဒီနေရာမှာ ကျွန်မပါရမီတွေကို ထုတ်ပြပြီး ကိုယ့်ကို လေးစားသူတွေပိုပြီးတော့တောင် ရနိုင်တယ်ပေါ့။ အဲဒီနောက်မှာ ဧဝံဂေလိမျှဝေတာမှာ ပိုပြီးတော့တောင် ကြိုးစားခဲ့ပြီး ပိုပိုကောင်းလာတဲ့ ရလဒ်တွေရခဲ့တယ်။ ၂၀၂၁ခုနှစ်၊ မတ်လမှာ ကျွန်မက အသင်းတော်ခေါင်းဆောင်အဖြစ် ရာထူးတိုးခံရတယ်။ ကျွန်မ အရမ်းပျော်ပြီး ဘုရားကို ကျေးဇူးတင်ခဲ့တယ်။ ဒီတာဝန်မှာ ကျွန်မက အသင်းတော်က ညီအစ်ကိုမောင်နှမတွေအားလုံးကို ဦးဆောင်ရမယ်။ အလုပ်ပရောဂျက်တိုင်းကို ဦးဆောင်ရမယ်။ ဒါက ကိုယ့်ကိုယ်ကိုယ် လူလေးစားအောင်လုပ်ဖို့ သိပ်ကောင်းတဲ့ အခွင့်အရေးပဲ။ ဒီတာဝန်ကို အားကုန်လုပ်ရမယ်ပေါ့။ အဲဒီအချိန်ကာလအတွင်းမှာ ကျွန်မ လုံ့လဝီရိယရှိရှိနဲ့ လုပ်တယ်။ လူတိုင်းဆီကို အမြဲတမ်း စာတွေပို့ပြီး သူတို့တာဝန်မှာရှိတဲ့ ပြဿနာတွေကို မေးတယ်။ လူတစ်ယောက်က သူ့အလုပ်မှာ စံချိန်မပြည့်မီတာကို ကျွန်မ သတိထားမိရင် သူ့ကို လက်တွေ့အကြံဉာဏ်တွေပေးတယ်။ ပရောဂျက်တစ်ခုစီတိုင်းကိုလည်း ကျွန်မ ခဏခဏ စစ်ဆေးပြီး အစွမ်းအစကောင်းရှိတဲ့ ညီအစ်ကိုမောင်နှမတွေကို ပျိုးထောင်ပေးတယ်။ ညီအစ်ကိုမောင်နှမတွေအတွက် ဂရုစိုက်ပေးရင်းနဲ့ ကျွန်မက အစ်မကြီးတစ်ယောက်လို ခံစားမိတယ်။ သူတို့အားလုံးက ကျွန်မကို တကယ်ကို အားကိုးကြပြီး သူတို့ပြဿနာတွေကို ကျွန်မကို အရမ်းဖွင့်ပြောချင်စိတ်ရှိကြတယ်။ အစ်မတစ်ယောက်ကဆိုရင် သူ့ပြဿနာတွေကို ဖြေရှင်းဖို့ ဘုရားနှုတ်ကပတ်တော်ကျမ်းပိုဒ်တွေကို အမြန်ရှာပေးလို့ ကျွန်မကိုတောင် ချီးကျူးတယ်။ သူတို့ရဲ့ အထင်ကြီးလေးစားမှုတွေကိုရတာကြောင့် ကျွန်မ အရမ်းပျော်ပြီး ကျွန်မတာဝန်မှာ ပိုပြီးတော့တောင် အလုပ်ကြိုးစားခဲ့တယ်။
အဲဒီနောက် တစ်လလောက်ကြာတော့ လူတွေက ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလအမှုတော်ကို ပိုပိုလက်ခံလာကြပြီး အသင်းတော်ကို ခွဲလိုက်တယ်။ ဒါပေမဲ့ ဒီတစ်ခါတော့ ကျွန်မက သင်းထောက်အဖြစ် အရွေးခံရတယ်။ ခေါင်းဆောင်မဟုတ်ဘူး။ ကျွန်မ အရမ်း စိတ်ပျက်သွားတယ်။ ခေါင်းဆောင်ရာထူးက သင်းထောက်ထက်ပိုကြီးပြီးတော့ ပိုပြီး အလေးစားခံရနိုင်တယ်။ ကျွန်မက ခေါင်းဆောင်ကောင်းဖြစ်နိုင်တယ်။ ဘာလို့ အရွေးမခံရတာလဲ။ ခေါင်းဆောင်အသစ်က ကျွန်မကို အလုပ်တချို့လုပ်ခိုင်းတဲ့အခါမှာ ကျွန်မက မတုံ့ပြန်ချင်ဘူး။ ကျွန်မ တော်တော်စိတ်ညစ်နေပြီး ဒီပတ်ဝန်းကျင်ကို နာခံဖို့ အခက်အခဲဖြစ်နေတယ်။ ဒါပေမဲ့ နောက်တော့ ဒီလိုပြောထားတဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ သတိရမိတယ်။ “သင်၏တာဝန်ကို ထမ်းဆောင်ရာတွင် သင်ပြုလိုသည်အတိုင်း ပြုခြင်း၊ သင် လုပ်၍ပျော်သည့်အရာမှန်သမျှ၊ သို့မဟုတ် သင့်ကို အကောင်းမြင်စေမည့် အရာမှန်သမျှကိုသာ လုပ်ဆောင်ခြင်းဖြင့် သင်၏ ကိုယ်ပိုင်နှစ်သက်မှုများအရ လုံးဝ မပြုနိုင်ပေ။ ဤသည်မှာ မိမိ၏ကိုယ်ပိုင်ဆန္ဒနှင့်အညီ ပြုမူခြင်းဖြစ်သည်။ သင်၏တာဝန်ကို ထမ်းဆောင်ရာတွင် ဤသည်မှာ ဘုရားတောင်းဆိုသည့်အရာဖြစ်ကြောင်းနှင့် ယင်းက ဘုရားကို ပျော်ရွှင်စေမည့်အရာဖြစ်ကြောင်းတို့ကို တွေးလျက်၊ သင်၏ကိုယ်ပိုင် နှစ်သက်မှုများကို အားကိုးပါက၊ ပြီးလျှင် အကယ်၍ သင်သည် သင်၏ကိုယ်ပိုင်နှစ်သက်မှုများကို ဘုရားသခင်အပေါ် အတင်းအကျပ် သတ်မှတ်ခြင်း သို့မဟုတ် ၎င်းတို့အား သမ္မာတရားကဲ့သို့ လက်တွေ့လုပ်ဆောင်ပါက၊ ၎င်းတို့မှာ သမ္မာတရား၏ အခြေခံသဘောတရားများဖြစ်သည့်အလား ၎င်းတို့အား လိုက်နာပါက၊ ဤသည်မှာ အမှားတစ်ခု မဟုတ်လော။ ဤသည်မှာ သင်၏တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်နေခြင်း မဟုတ်၊ ထို့အပြင် သင်၏တာဝန်ကို ဤကဲ့သို့ ထမ်းဆောင်နေခြင်းကို ဘုရားသခင်မှ အမှတ်ရမည် မဟုတ်ပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ သမ္မာတရား၏အခြေခံသဘောတရားများကို ရှာဖွေခြင်းဖြင့်သာ မိမိ၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်နိုင်သည်) ဒီဘုရားနှုတ်ကပတ်တော်အပိုဒ်ကတစ်ဆင့် ခေါင်းဆောင်အဖြစ် အရွေးမခံရတာက သမ္မာတရားကို ကျွန်မ လက်တွေ့လုပ်ပြီး သူ့ကို နာခံနိုင်သလားဆိုတာကို ကြည့်ဖို့ ဘုရားသခင်က ကျွန်မကို စမ်းသပ်တဲ့နည်းလမ်းပဲဆိုတာ ကျွန်မ သဘောပေါက်ခဲ့ပါတယ်။ တာဝန်က ကျွန်မကြိုက်တာမဟုတ်လို့ ဘုရားကို မနာခံဘူးဆိုရင် ဘုရားက ကျွန်မကို ချီးကျူးမှာမဟုတ်ဘူး။ ဒီတော့ ဒါတွေအားလုံးကို လက်ခံဖို့ အခက်အခဲဖြစ်နေရင်တောင် ကျွန်မ နာခံရမယ်ဆိုတာ သိခဲ့တယ်။ နှစ်လကြာပြီးတဲ့နောက်မှာ ကျွန်မကို ဧဝံဂေလိမျှဝေဖို့အတွက် တခြားအသင်းတော်တစ်ခုဆီကို ပြောင်းပြီးတာဝန်ပေးခံရတယ်။ ခေါင်းဆောင်က ကျွန်မကို အလုပ်တွေအများကြီးပေးတယ်။ အလုပ်ကို ဆွေးနွေးတဲ့အခါမှာ ကျွန်မအမြင်ကို ခဏခဏမေးတယ်။ ကျွန်မက ဒီတာဝန်အတွက် အရမ်းကို ကောင်းကောင်းသင့်တော်တယ်လို့တောင် သူက ပြောတယ်။ ကျွန်မက စဉ်းစားတယ်။ “ခေါင်းဆောင်က ငါ့ကို ယုံလို့ ဒီအလုပ်အားလုံးကို ငါ့ကိုချပေးတာပဲ။ ငါ သူစိတ်ပျက်အောင်လုပ်လို့မဖြစ်ဘူး။ ငါက အစွမ်းအစကောင်းရှိပြီး အရည်အချင်းရှိတယ်ဆိုတာ သက်သေပြရမယ်” ပေါ့။ အဲဒီအချိန်မှာ ကျွန်မက ဂုဏ်သတင်းနဲ့ အဆင့်အတန်းနောက်ကို လိုက်နေပြန်ပြီဆိုတာ သဘောပေါက်လိုက်တယ်။ ကျွန်မ တော်တော်စိတ်ဓာတ်ကျပြီး အပျက်သဘောဆောင်သွားတယ်။ ကျွန်မက ဘာလို့ ဒီပုံစံနဲ့ အမြဲတမ်းပြုမူနေရတာလဲဆိုတာ အဖြေမရှာနိုင်ခဲ့ဘူး။ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားရဲ့ အရင်းအမြစ်က ဘာလဲ။ ကျွန်မ ရှာဖွေရင်းနဲ့ ဘုရားဆီ ဆုတောင်းတယ်။ နောက်ပိုင်းတော့ ဒီ ဘုရားနှုတ်ကပတ်တော်အပိုဒ်ကို ကျွန်မတွေ့တယ်။ “လူအချို့သည် ပေါလုကို အထူးသဖြင့် ပုဂ္ဂိုလ်ရေးကိုးကွယ်ကြသည်။ ၎င်းတို့သည် အပြင်ထွက်၍ ဟောပြောခြင်းနှင့် အမှုပြုခြင်းကို နှစ်သက်ကြသည်။ ၎င်းတို့သည် စုဝေးပွဲများ တက်ရောက်ပြီး ဟောပြောခြင်းကို နှစ်သက်ကြသည်၊ ထို့အပြင် သူတို့သည် သူတို့အား လူတို့နားထောင်နေခြင်း၊ ကိုးကွယ်နေခြင်းနှင့် ဗဟိုပြုနေခြင်းတို့ကို နှစ်သက်ကြသည်။ သူတို့သည် အခြားသူများ၏စိတ်ထဲ၌ ဂုဏ်ဒြပ်ရှိလိုကြပြီး အခြားသူများက သူတို့ ပြသသည့် ပုံရိပ်ကို တန်ဖိုးထားရှိသည့်အခါ သဘောကျကြသည်။ ဤအပြုအမူများမှတစ်ဆင့် သူတို့၏ သဘာဝဗီဇများကို ခွဲခြမ်းစိတ်ဖြာကြပါစို့- ၎င်းတို့၏ သဘာဝမှာ အဘယ်နည်း။ အကယ်၍ ထိုသူသည် ဤကဲ့သို့ အမှန်တကယ် ပြုမူပါက သူတို့သည် မောက်မာ၍ ထောင်လွှားသော သူများဖြစ်ကြောင်း ပြသရန် လုံလောက်၏။ သူတို့သည် ဘုရားသခင်ကို လုံးဝ မကိုးကွယ်ပေ။ ပိုမြင့်မားသော ရာထူးဂုဏ်ဒြပ်ကို သူရှာဖွေပြီး၊ အခြားသူများအပေါ် သြဇာအာဏာ ရှိလိုကာ ထိုသူများကို ပိုင်ဆိုင်လိုပြီး ၎င်းတို့၏ စိတ်များထဲ၌ ဂုဏ်ရှိလိုသည်။ ဤသည်မှာ စာတန်၏ စံနမူနာ ပုံရိပ်ပင် ဖြစ်သည်။ ပိုမိုပေါ်လွင်နေသည့် ၎င်းတို့ သဘာဝဗီဇ၏ လက္ခဏာသွင်ပြင်များမှာ မောက်မာမှုနှင့် စိတ်ကြီးဝင်ခြင်းဖြစ်ပြီး၊ ဘုရားသခင်ကို ကိုးကွယ်ရန် မလိုလားမှုနှင့် အခြားသူများ၏ ကိုးကွယ်ခြင်းကို ခံလိုမှုတို့ ဖြစ်သည်။ ထိုသို့သော အပြုအမူများသည် ၎င်းတို့၏ သဘာဝဗီဇထဲသို့ အလွန်ရှင်းလင်းသော အမြင်ကို သင့်အား ပေးနိုင်ပေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ လူ့သဘာဝကို သိရှိရန် နည်းလမ်း) “မိမိတို့၏အဆင့်အတန်းနှင့် ဂုဏ်ဒြပ်တို့ကို အန္တိခရစ်များ၏ ချစ်မြတ်နိုးခြင်းက သာမန်လူများထက် လွန်ကဲပြီး ယင်းမှာ ၎င်းတို့၏ စိတ်သဘောထားနှင့် အနှစ်သာရအတွင်း ရှိသည့်အရာတစ်ခု ဖြစ်သည်။ ယင်းက ခဏတာ စိတ်ဝင်စားမှုတစ်ခု မဟုတ်သကဲ့သို့ ၎င်းတို့ပတ်ဝန်းကျင်၏ ယာယီ အကျိုးသက်ရောက်မှုလည်း မဟုတ်ပေ— ယင်းက ၎င်းတို့၏အသက်၊ ၎င်းတို့၏အရိုးအတွင်းရှိ အရာတစ်ခုဖြစ်သောကြောင့် ၎င်းတို့၏ အနှစ်သာရဖြစ်သည်။ ဤအရာမှာ အန္တိခရစ်တစ်ဦးလုပ်သမျှ အရာအားလုံး၌ ၎င်းတို့၏ ပထမဆုံး ထည့်တွက်စဉ်းစားသည့် အချက်သည် ၎င်းတို့၏ ကိုယ်ပိုင်အဆင့်အတန်းနှင့် ဂုဏ်ဒြပ်တို့သာ ဖြစ်သည်ဟု ဆိုလိုပေသည်။ အန္တိခရစ်တစ်ဦးအတွက် အဆင့်အတန်းနှင့် ဂုဏ်ဒြပ်တို့က ၎င်းတို့၏ အသက်ဖြစ်သကဲ့သို့ ၎င်းတို့၏ တစ်သက်တာ ပန်းတိုင်လည်း ဖြစ်သည်။ ၎င်းတို့လုပ်သမျှ အရာအားလုံး၌ ၎င်းတို့၏ ပထမဆုံး ထည့်တွက် စဉ်းစားသည့်အချက်က ‘ငါ၏အဆင့်အတန်းက ဘာဖြစ်သွားမည်နည်း။ ငါ၏ဂုဏ်ဒြပ်ကရော ဘာဖြစ်သွားမည်နည်း။ ဤအရာကို လုပ်ဆောင်ခြင်းက ငါ့ကို ဂုဏ်ဒြပ်ရစေမည်လော။ ယင်းက လူများ၏စိတ်များထဲရှိ ငါ၏အဆင့်အတန်းကို မြှင့်တင်ပေးမည်လော’ ဖြစ်၏။ ယင်းမှာ ၎င်းတို့ ပထမဆုံးတွေးသည့် အရာဖြစ်သည်၊ ယင်းက ၎င်းတို့၌ အန္တိခရစ်များ၏ စိတ်သဘောထားနှင့် အနှစ်သာရတို့ ရှိခြင်း၏ လုံလောက်သော သက်သေဖြစ်သည်။ သို့မဟုတ်ပါက ၎င်းတို့သည် ဤပြဿနာများကို စဉ်းစားမည် မဟုတ်ချေ။ အန္တိခရစ်တစ်ဦးအတွက် အဆင့်အတန်းနှင့် ဂုဏ်ဒြပ်တို့က ၎င်းတို့အတွက် မရှိလည်း နေနိုင်သည့် အပယိကတစ်ခုဖြစ်ဖို့ မဆိုထားနှင့်၊ အပိုဆောင်း လိုအပ်ချက်တစ်ခု မဟုတ်ချေ။ ယင်းတို့သည် အန္တိခရစ်တို့ သဘာဝ၏ တစ်စိတ်တစ်ဒေသ ဖြစ်သည်၊ ယင်းတို့က ၎င်းတို့၏အရိုးများ၊ ၎င်းတို့၏ သွေးများထဲတွင် ရှိနေသည်၊ ယင်းတို့က ၎င်းတို့အတွက် မွေးရာပါ ဖြစ်သည်။ အန္တိခရစ်များက အဆင့်အတန်းနှင့် ဂုဏ်ဒြပ်တို့ကို ၎င်းတို့ပိုင်ဆိုင်ခြင်းရှိမရှိနှင့်ပတ်သက်၍ ဂရုမစိုက်ခြင်း မဟုတ်ပေ။ ဤသည်မှာ ၎င်းတို့၏ သဘောထား မဟုတ်ပေ။ သို့ဆိုလျှင် ၎င်းတို့၏ သဘောထားမှာ အဘယ်နည်း။ အဆင့်အတန်းနှင့် ဂုဏ်ဒြပ်တို့သည် ၎င်းတို့၏ နေ့စဉ် အသက်တာများ၊ ၎င်းတို့၏ နေ့စဉ် အခြေအနေ၊ ၎င်းတို့စွမ်းဆောင်ရရှိဖို့ နေ့စဉ် ကြိုးစားအားထုတ်သည့် အရာတို့နှင့် အတွင်းကျကျ ဆက်နွှယ်နေသည်။ ထို့ကြောင့် အန္တိခရစ်များအတွက် အဆင့်အတန်းနှင့် ဂုဏ်ဒြပ်တို့သည် ၎င်းတို့၏ အသက် ဖြစ်သည်။ ၎င်းတို့ မည်သို့အသက်ရှင်နေထိုင်ပါစေ၊ ၎င်းတို့သည် မည်သည့်ပတ်ဝန်းကျင်တွင် အသက်ရှင်နေထိုင်ပါစေ၊ မည်သည့်အလုပ်ကို ၎င်းတို့လုပ်ပါစေ၊ မည်သည့်အရာကို စွမ်းဆောင်ရရှိဖို့ ၎င်းတို့ကြိုးစားအားထုတ်ပါစေ၊ ၎င်းတို့၏ ပန်းတိုင်များက မည်သည့်အရာ ဖြစ်ပါစေ၊ ၎င်းတို့အသက်တာ၏ ဦးတည်ချက်က မည်သည့်အရာဖြစ်ပါစေ ထိုအရာအားလုံးသည် ကောင်းမွန်သော ဂုဏ်သတင်းနှင့် မြင့်မားသည့် ရာထူးအဆင့်အတန်းရှိခြင်းကို ဗဟိုပြုလည်ပတ်သည်။ ပြီးလျှင် ဤရည်ရွယ်ချက်သည် မပြောင်းလဲပေ။ ၎င်းတို့သည် ထိုသို့သောအရာများကို မည်သည့်အခါမျှ ဘေးဖယ်မထားနိုင်ပေ။ ဤသည်မှာ အန္တိခရစ်များ၏ စစ်မှန်သော သဘောသဘာဝနှင့် အနှစ်သာရတို့ ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉- ၎င်းတို့သည် မိမိတို့ကိုယ်တိုင် ထင်ရှားကျော်ကြားမှု ရစေဖို့နှင့် ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများနှင့် ရည်မှန်းချက်များကို ပြည့်ဝစေဖို့သာ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင့်အိမ်တော်၏အကျိုးစီးပွားများကို မည်သည့်အခါမျှ အရေးမထားသကဲ့သို့၊ ပုဂ္ဂိုလ်ရေးရာ ထင်ပေါ်ကျော်ကြားမှုအတွက် အပြန်အလှန်အားဖြင့် ထိုအကျိုးစီးပွားများကိုပင် ပစ်ပယ်သည် (အပိုင်း ၃)) အန္တိခရစ်တွေက သာမန်လူတွေထက် အများကြီးပိုပြီး ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို ချစ်မြတ်နိုးတယ်၊ ဒါ သူတို့ဖြစ်တည်မှုရဲ့ သဘာဝလက္ခဏာသွင်ပြင်တစ်ခုပဲဆိုတာ ဘုရားနှုတ်ကပတ်တော်ကတစ်ဆင့် ကျွန်မ သဘောပေါက်ခဲ့ပါတယ်။ သူတို့က ဘာပဲလုပ်လုပ် သူတို့ အဓိကအရေးစိုက်တာက အမြဲတမ်း ဂုဏ်သတင်းနဲ့ အဆင့်အတန်းပဲ။ တခြားလူတွေက သူတို့ကို အထင်ကြီးလေးစားသလားဆိုတာပဲ။ သူတို့က လူတွေရဲ့ စိတ်နှလုံးထဲမှာ နေရာရချင်တယ်။ လူတွေကို ထိန်းချုပ်ပြီး အုပ်စိုးမှုရယူချင်တယ်။ ဒါက အန္တိခရစ်တွေအဖြစ် သူတို့ရဲ့ အနှစ်သာရကြောင့်ပဲ။ ကျွန်မက ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို ဘယ်လောက်တပ်မက်ခဲ့တယ်ဆိုတာကို ပြန်သုံးသပ်ကြည့်တယ်။ ကျွန်မ ဘုရားသခင်ကို မယုံကြည်ခင်မှာ သူများတွေ လေးစားတာကိုရဖို့ အမြဲတမ်း ကြိုးစားတယ်။ သူတို့စိတ်နှလုံးထဲမှာ နေရာရအောင် လုပ်တယ်။ ဘုရားကို စပြီး ယုံကြည်ပြီးတဲ့နောက်မှာတောင် အရင်ကလိုပဲ အထင်ကြီးလေးစားတာခံရဖို့ ကြိုးစားတုန်းပဲ။ စုဝေးပွဲတွေကို စီစဉ်တင်ဆက်ရတာ၊ မိတ်သဟာယဖွဲ့ရတာ၊ သူများတွေက အကောင်းမြင်တာခံရတာကို ကြိုက်တယ်။ အထင်ကြီးခံရတဲ့ ခံစားချက်ကို နှစ်သက်ခဲ့တယ်။ ကျွန်မက ခေါင်းဆောင်ကနေ သင်းထောက်ဖြစ်သွားတော့ တော်တော် စိတ်အနှောင့်အယှက်ဖြစ်သွားတယ်။ ကျွန်မက ဂုဏ်သတင်းနဲ့ အဆင့်အတန်း ဆုံးရှုံးသွားပြီလို့ ခံစားမိပြီး သူများတွေက ကျွန်မကို အထင်သေးမှာ စိုးရိမ်ခဲ့တယ်။ ဧဝံဂေလိမျှဝေဖို့အတွက် နောက်ထပ်အသင်းတော်တစ်ခုကို ကျွန်မ ပြောင်းပြီး တာဝန်ပေးခံရတော့ လူတိုင်းရဲ့ လေးစားမှုကိုရအောင် ကျွန်မ ကိုယ့်ကိုယ်ကိုယ် သက်သေပြချင်ခဲ့တယ်။ ကျွန်မရဲ့ လိုက်စားမှုက ပေါလုနဲ့ မကွာခြားပါဘူး။ ပေါလုက လူအများရှေ့မှာ ပြောဆိုရတာတွေကို ကြိုက်တယ်။ ပရိတ်သတ်တွေ ဝန်းရံနေတာ၊ အထင်ကြီးလေးစားခံရတာကို သူက ပျော်တယ်။ လူတွေရဲ့ စိတ်နှလုံးထဲမှာ နေရာရချင်တယ်။ အဆုံးစွန်အနေနဲ့ သူ့ကိုယ်သူ ခရစ်တော်လို့ခေါ်တယ်။ သူ့ရဲ့ သဘာဝက ကြမ်းကြမ်းတမ်းတမ်းကို မာနထောင်လွှားပါတယ်။ ကျွန်မတာဝန်ကို ထမ်းဆောင်နေတုန်းမှာ ကျွန်မ တွေးသမျှက သူများတွေ အထင်ကြီးလေးစားတာကိုရဖို့ပဲ။ ကျွန်မက လူတွေရဲ့ စိတ်နှလုံးထဲမှာ နေရာအမြင့်ကို ရချင်တယ်။ ဘယ်လောက်ကို ကြမ်းကြမ်းတမ်းတမ်း မာနထောင်လွှားလိုက်သလဲ။ ကျွန်မက ဘုရားကို အာခံနေတာပဲ။ ဘုရားကို ယုံကြည်ပေမဲ့ ကျွန်မက ဘုရားကို ကြောက်ရွံ့တဲ့ စိတ်နှလုံးမရှိခဲ့ဘူး။ ကျော်ကြားမှုနဲ့ အဆင့်အတန်းအတွက်ပဲ တာဝန်ထမ်းဆောင်ခဲ့တာ။ ဘုရားကို ကျေနပ်စေဖို့မဟုတ်ဘူး။ ကျွန်မက အန္တိခရစ်လမ်းကြောင်းမှာ အခြေချပြီးနေပြီ။ ကျွန်မက တကယ်ကို အန္တရာယ်ကျရောက်နေပြီ။ ဘုရားသခင်က ကျွန်မကို ခေါင်းဆောင်အဖြစ် အရွေးခံရတဲ့အခွင့်ကို မပေးခြင်းအားဖြင့် ကျွန်မကို ကာကွယ်ပေးနတယ်ဆိုတာ ကျွန်မ သဘောပေါက်ခဲ့တယ်။ ဘုရားသခင်က ကျွန်မကို ဖော်ထုတ်ဖို့ ဒီအခြေအနေကို မဖန်တီးခဲ့ရင် ကျွန်မက ဘယ်လောက် မာနထောင်လွှားတယ်၊ ကျွန်မအခြေအနေက ဘယ်လောက်အန္တရာယ်များလာတယ်ဆိုတာ ဘယ်တော့မှ သဘောပေါက်မှာမဟုတ်ဘူး။ ကျွန်မ ကြောက်လန့်ပြီး အပြစ်ရှိသလိုခံစားရတယ်။ ကျွန်မရဲ့ မမှန်ကန်တဲ့ လိုက်စားမှုတွေကြောင့် ဝမ်းနည်းခဲ့ရတယ်။ ကျွန်မ ဘုရားရှေ့ကိုလာပြီး ဆုတောင်းတယ်။ “အနန္တတန်ခိုးရှင် ဘုရားသခင် ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို ရှာရင်းနဲ့ လမ်းမှားကို သမီးလိုက်ခဲ့ပြီး စိတ်ပျက်မိပါတယ်။ ကိုယ်တော်ရဲ့ နှုတ်ကပတ်တော်တွေနဲ့ သမီးကို ဖော်ထုတ်တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို သမီးမရှာတော့ဘဲ ကိုယ်တော်ရဲ့ အစီအစဉ်တွေအားလုံးကို နာခံပါမယ်။ တခြားဘယ်သူမဆိုက သမီးကို ဘယ်လိုထင်ပါစေ သမီးတာဝန်ကို တတ်နိုင်သလောက် အကောင်းဆုံးထမ်းဆောင်ပါမယ်” ဆိုပြီးတော့။
နောက်ပိုင်းမှာ နောက်ထပ် ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ ဖတ်မိတယ်။ “ဘုရားသခင်သည် လူ၏ ချစ်ခြင်းနှင့် ထိုက်တန်သည့်အတွက်၊ ဘုရားသခင်၏ ဖန်ဆင်းခံသတ္တဝါ တစ်ဦးအနေနှင့်၊ လူသည် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦး၏ တာဝန်ကို ထမ်းဆောင်ရန် ကြိုးစားသင့်ပြီး၊ အခြားမည်သည့် ရွေးချယ်မှုမျှ မပြုဘဲ ဘုရားသခင်ကို ချစ်ရန် ကြိုးစားသင့်ပေသည်။ ဘုရားသခင်အား ချစ်ရန် ကြိုးစားသောသူတို့သည် မည်သည့်ပုဂ္ဂိုလ်ရေး အကျိုးအမြတ်များ ကိုမျှ မရှာဖွေသင့်ပေ သို့မဟုတ် ၎င်းတို့ ကိုယ်ရေးကိုယ်တာ တောင့်တသည့်အရာများကို မရှာဖွေသင့်ပေ။ ဤသည်မှာ လိုက်စားခြင်း၏ အမှန်ကန်ဆုံးသော နည်းလမ်း ဖြစ်သည်။ သင် ဖွေရှာသော အရာသည် သမ္မာတရားဖြစ်ပါက၊ ပြီးလျှင် သင်လက်တွေ့လုပ်ဆောင်သောအရာသည် သမ္မာတရား ဖြစ်ပါက၊ ပြီးလျှင် သင် ကြိုးပမ်းရရှိသော အရာသည် သင်၏ စိတ်သဘောထားထဲ ပြောင်းလဲခြင်းတစ်ခု ဖြစ်ပါက၊ သင် နင်းလျှောက်သော လမ်းကြောင်းသည် မှန်ကန်သော လမ်းကြောင်းတစ်ခု ဖြစ်သည်။ သင်ဖွေရှာသည့် အရာသည် ဇာတိပကတိ၏ ကောင်းချီးမင်္ဂလာများ ဖြစ်ပြီး၊ သင်လက်တွေ့ လုပ်ဆောင်သော အရာသည် သင်၏ ကိုယ်ပိုင် အယူအဆများနှင့်ဆိုင်သော သမ္မာတရားဖြစ်ပါက၊ ပြီးလျှင် သင်၏ စိတ်သဘောထားတွင် ပြောင်းလဲခြင်း မရှိသကဲ့သို့၊ သင်သည် လူ့ဇာတိ၌ ရှိသည့် ဘုရားသခင်ကို လုံးဝ နာခံခြင်း မရှိဘဲ၊ မရေရာမှု၌ သင် အသက်ရှင်ဆဲ ဖြစ်ပါက၊ သင် လျှောက်လှမ်းသော လမ်းကြောင်းသည် ရှုံးနိမ့်မှု လမ်းကြောင်း ဖြစ်သည့်အတွက်၊ သင် ဖွေရှာသော အရာသည် သင့်ကို ငရဲသို့ ဧကန်မုချ ခေါ်ဆောင် သွားလိမ့်မည် ဖြစ်သည်။ သင်သည် စုံလင်စေခြင်း ခံရမည် သို့မဟုတ် ပယ်ထုတ်ခြင်း ခံရမည်မှာ သင်ကိုယ်တိုင်၏ လိုက်စားခြင်းအပေါ် မူတည်သည်၊ ယင်းမှာ အောင်မြင်မှု သို့မဟုတ် ရှုံးနိမ့်မှုသည် လူ လျှောက်လှမ်းသော လမ်းကြောင်းအပေါ်တွင် မူတည်သည်ဟုလည်း ဆိုရမည် ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အောင်မြင်မှု သို့မဟုတ် ရှုံးနိမ့်မှုသည် လူလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည်) ဒီဘုရားနှုတ်ကပတ်တော်အပိုဒ်က ကျွန်မအတွက် အရမ်းအထောက်အကူဖြစ်တယ်။ သမ္မာတရားနဲ့ စိတ်သဘောထားပြောင်းလဲမှုကို ရှာသင့်တယ်၊ ဒါက မှန်ကန်တဲ့လမ်းကြောင်းဖြစ်တယ်ဆိုတာ ကျွန်မ သဘောပေါက်သွားတယ်။ ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို လိုက်စားတာက ကျရှုံးဖို့ လမ်းကြောင်းပဲ။ အရင်တုန်းက ကျွန်မက အမြဲတမ်း ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို လိုက်စားခဲ့တာ။ လူသစ်တွေကို ကျွန်မ ရေလောင်းတဲ့အချိန်မှာ လေးစားမှုတွေ၊ ချီးကျူးမှုတွေ ရခဲ့တယ်။ နောက်ပိုင်းမှာ ခေါင်းဆောင်အဖြစ် ရာထူးတိုးသွားတယ်။ သူများတွေအမြင်မှာ ကျွန်မ အဆင့်အတန်းက မြင့်သွားတယ်။ ဒါပေမဲ့ ကျွန်မက ပိုပိုပြီး မာနထောင်လွှားလာတယ်။ ကိုယ့်ကိုယ်ကိုယ် အရမ်းအထင်ကြီးပြီး ကျွန်မစိတ်သဘောထားမှာ ပြောင်းလဲခြင်းမရှိဘူး။ ဒီလိုဆက်ပြီး လိုက်စားနေရင် နောက်ဆုံးမှာ ကျွန်မ အထုတ်ခံရမှာပဲ။ ကျွန်မက ဧဝံဂေလိဖြန့်တာကနေ လူတွေအများကြီးရခဲ့တဲ့ ပေါလုလိုပါပဲ။ သူ့ရဲ့ ပေးစာတွေ အများကြီးကို ကျမ်းစာမှာ တွေ့နိုင်တယ်။ သူက ဘာသာရေးလောကမှာ ချီးမွမ်းခံရပြီး အလေးစားခံရတယ်။ ဒါပေမဲ့ ပေါလုက သူ့ကိုယ်သူ လုံးဝ နားမလည်ခဲ့ဘူး။ သူ့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့စိတ်သဘောထားကို လုံးဝ မပြောင်းလဲခဲ့ဘဲ ငရဲကျသွားတယ်။ ယုံကြည်ခြင်းရဲ့ အရေးကြီးဆုံးကဏ္ဍက သမ္မာတရားကို လိုက်စားခြင်းလမ်းကြောင်းကို လျှောက်ဖို့ပဲဆိုတာ ကျွန်မ သဘောပေါက်သွားတယ်။ ဒီလိုမဟုတ်ရင် ကျွန်မက အနှေးနဲ့အမြန် နောင်တရမှာပဲ။
နောက်ပိုင်းမှာ ကျွန်မက အတွေ့အကြုံသက်သေခံချက်ဗီဒီယိုတစ်ခုကြည့်ရင်းနဲ့ ဒီဘုရားနှုတ်ကပတ်တော်အပိုဒ်ကို တွေ့ရတယ်။ “ဘုရားသခင်၏ အလိုတော်ကို ဖြည့်ဆည်းရန်၊ သင်လုပ်ဆောင်သမျှအရာတိုင်းတွင် ဆက်ကပ်ရန် သင်ဆန္ဒရှိပါက သင်သည် တာဝန်တစ်ခုကို ထမ်းဆောင်ရုံ ထမ်းဆောင်၍မရနိုင်ပေ၊ သင့်အပေါ် ဘုရားသခင်နှင်းအပ်သည့် မည်သည့် တာဝန်ပေး ခိုင်းစေချက်ကိုမဆို လက်ခံရမည်။ သင့်အကြိုက်များနှင့် ကိုက်ညီပြီး သင့်စိတ်ဝင်စားမှုများ အတိုင်းအတာအတွင်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ သို့မဟုတ် သင် မပျော်ပိုက်သော အရာတစ်ခု သို့မဟုတ် ယခင်က မည်သည့်အခါမျှ မပြုလုပ်ခဲ့ဖူးသောအရာတစ်ခု ဖြစ်စေ၊ သို့မဟုတ် ခက်ခဲသောအရာတစ်ခု ဖြစ်စေဦးတော့၊ ယင်းကို သင်လက်ခံပြီး နာခံသင့်သည်။ သင် လက်ခံရမည်သာမက၊ ယင်းကို တက်ကြွထက်သန်စွာ ပူးပေါင်းလုပ်ဆောင်ရမည်ဖြစ်ပြီး သင်ယူလေ့ကျက်ကာ တွေ့ကြုံခံစားပြီးဝင်ရောက်မှုကို ရရှိရမည်။ အကယ်၍ သင်သည် ဒုက္ခဆင်းရဲခံစားရပြီး မထင်ပေါ်ဘဲ၊ အရှက်ခွဲခံရကာ၊ အကြဉ်ခံရလျှင်ပင် သင်၏ ဆက်ကပ်မှု၌ သင် သစ္စာစောင့်သိရဦးမည် ဖြစ်သည်။ ယင်းကို သင်ဖြည့်ဆည်းရမည့် တာဝန်အဖြစ် သင်မှတ်ယူရမည်ဖြစ်ပြီး၊ ကိုယ်ပိုင်လုပ်ငန်းအဖြစ် မမှတ်ယူရပေ။ လူတို့သည် သူတို့၏ တာဝန်များကို အဘယ်သို့ နားလည်သင့်သနည်း။ ဖန်ဆင်းရှင် ဘုရားသခင်က ၎င်းတို့ကို လုပ်ဆောင်ရန်ပေးအပ်သည့်အရာတစ်ခုအဖြစ် နားလည်သင့်သည်။ ဤသည်မှာ လူတို့၏ တာဝန်များ ဖြစ်ပေါ်လာသည့်ပုံ ဖြစ်သည်။ ဘုရားသခင် သင့်ကိုပေးသော စေခိုင်းချက်သည် သင်၏ တာဝန်ဖြစ်ပြီး ဘုရားသခင်တောင်းဆိုသည့်အတိုင်း သင်၏တာဝန်ကို ထမ်းဆောင်ဖို့ကို ကောင်းကင်က ပြဌာန်းထားပြီး မြေကြီးက အသိအမှတ်ပြုထားပေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ ရိုးသားခြင်းအားဖြင့်သာ စစ်မှန်သော လူသားအဖြစ် အသက်ရှင်နိုင်သည်) ကျွန်မ သတိရရမယ်။ ကျွန်မတာဝန်က ဘုရားရဲ့ စေခိုင်းချက်ဖြစ်တယ်။ လူတွေက ကျွန်မကို အထင်ကြီးသလားဆိုတာ အရေးမပါဘူး။ ကျွန်မတာဝန်ကို ပြီးစေဖို့ ကျွန်မဘဝကို ဆက်ကပ်အပ်နှံရမယ်။ သူများတွေ လေးစားတဲ့အရာဖြစ်ဖို့မဟုတ်ဘူး။ အရင်တုန်းက ကျွန်မတာဝန်ကို ဘုရားသခင်ဆီကလာတဲ့အရာအနေနဲ့ လက်မခံဘူး။ ကိုယ်ကြိုက်တာတွေပဲလုပ်တယ်။ တာဝန်တွေကို အရေးကြီးတယ်၊ အရေးမကြီးဘူး၊ မြင့်တယ်၊ နိမ့်တယ်ဆိုပြီး အဆင့်သတ်မှတ်တယ်။ ကိုယ့်ကိုယ်ကိုယ် လူလေးစားခံရစေတဲ့ တာဝန်တွေကို စိတ်အားထက်သန်ပြီး တက်တက်ကြွကြွလုပ်ခဲ့တယ်။ အလေးစားမခံရတာတွေကိုတော့ စောဒကတက်တဲ့၊ အပျက်သဘောဆောင်တဲ့ အတိုက်အခံဖြစ်တဲ့ သဘောထားရှိပြီး လက်မခံခဲ့ဘူး။ ကျွန်မတာဝန်တွေကို အရမ်းရွေးနေလို့၊ ကိုယ်ကြိုက်တာတွေကိုပဲလုပ်နေလို့မဖြစ်ဘူးဆိုတာ ကျွန်မ သဘောပေါက်သွားတယ်။ လက်တွေ့မှာတော့ လူအများမြင်တဲ့တာဝန်ဖြစ်စေ၊ နောက်ကွယ်မှာလုပ်ရတဲ့တာဝန်ဖြစ်စေ အားလုံးက အသင်းတော်ရဲ့ အလုပ်ကဏ္ဍတွေ၊ ဘုရားရဲ့ စေခိုင်းချက်တွေပဲ။ အဆင့်ကွာခြားမှုမရှိပါဘူး။ ဘုရားအမြင်မှာ တာဝန်တွေအားလုံးက အတူတူပဲ။ ဘုရားက ကျွန်မတို့ကို မတူတဲ့ အရည်အချင်းတွေ၊ တာဝန်တွေပေးတယ်။ ဒီအရည်အချင်းတွေကို အခြေခံပြီး မတူတဲ့တာဝန်တွေ ချပေးတယ်။ သူများတွေဆီမှာမရှိတဲ့ ပါရမီတွေ ကျွန်မမှာ ရှိနိုင်တယ်။ ဒါပေမဲ့ သူတို့မှာလည်း ကျွန်မမှာ မရှိတဲ့ ပါရမီတွေရှိတာပဲ။ ဘုရားသခင်ရဲ့ အစီအစဉ်တွေကို နာခံပြီး ကျွန်မရဲ့ ကဏ္ဍကို ဖြည့်ဆည်းသင့်တယ်။ အဲဒါနဲ့ ဘုရားကို ကျွန်မဆုတောင်းတယ်။ “အနန္တတန်ခိုးရှင် ဘုရားသခင် သမီး ကိုယ်နှစ်သက်တာတွေကို အခြေခံပြီး တာဝန်မထမ်းဆောင်ချင်တော့ပါဘူး။ ကိုယ့်ကိုယ်ကိုယ် လူလေးစားခံရအောင်မလုပ်နိုင်ရင်တောင် ဘုရားကို ကျေနပ်စေဖို့ ကျွန်မတာဝန်မှာ အစွမ်းကုန်လုပ်ဖို့ အသင့်ဖြစ်နေဆဲပါပဲ” ဆိုပြီးတော့။
တစ်နေ့တော့ ကျွန်မတို့က စုဝေးပွဲတစ်ခုလုပ်နေတယ်။ ကျွန်မက ခေါင်းဆောင်က ကျွန်မကို စီစဉ်တင်ဆက်သူလုပ်ခိုင်းဖို့ မျှော်လင့်နေမိတယ်။ ဒါပေမဲ့ စုဝေးပွဲကိုရောက်တော့ တခြားအစ်မတစ်ယောက်က လုပ်နေတာ တွေ့လိုက်ရတယ်။ ကျွန်မ စဉ်းစားတယ်။ “ငါက ဒီအစ်မရဲ့ ခေါင်းဆောင်ဖြစ်ခဲ့ဖူးတယ်။ အခု သူက ငါ့ရဲ့ အဖွဲ့ခေါင်းဆောင်ဖြစ်လာတယ်။ ပြီးတော့လည်း ငါက စုဝေးပွဲတွေကို စီစဉ်တင်ဆက်လေ့ရှိတယ်။ အခု ငါကအဲဒီလိုမဟုတ်တော့ဘူး။ လူလေးစားခံရအောင် မလုပ်နိုင်ဘူး။ ညီအစ်ကိုမောင်နှမတွေက ငါ့ကို အထင်သေးမှာလား” ပေါ့။ ကျွန်မ အရမ်းရှက်မိပြီး အနေရခက်မိတယ်။ အဖွဲ့ကစာတွေကို လျစ်လျူရှုပြီး တခြားအဖွဲ့စုဝေးပွဲကိုပဲ သွားတက်လိုက်ချင်တယ်။ ဒါပေမဲ့ နောက်တော့ ကျွန်မက မှားနေတဲ့ သဘောထားရှိနေတာကို သဘောပေါက်သွားတယ်။ အဲဒါနဲ့ ဘုရားရှေ့ကိုလာပြီး ဆုတောင်းတယ်။ ကျွန်မတာဝန်ကို ကောင်းကောင်းလုပ်ဖို့အတွက် လမ်းပြဖို့ ဆုတောင်းလိုက်တယ်။ ဆုတောင်းပြီးတဲ့နောက်မှာ ကျွန်မ အတော်အသင့် စိတ်ငြိမ်သွားတယ်။ ကိုယ့်တာဝန်ကို ကောင်းကောင်းလုပ်ဖို့ အာရုံစိုက်ပြီး လူလေးစားခံရအောင်လုပ်ဖို့ စိတ်ပူနေတာကို ရပ်သင့်တယ်။ ဒါကို သဘောပေါက်သွားပြီး ကျွန်မ စိတ်စွဲလန်းနေတာတွေကို လွတ်ချနိုင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ အဲဒီအချိန်ကာလအတွင်း ကျွန်မအတွေ့အကြုံကို လူတိုင်းကို ဖွင့်ပြောတယ်။ ဘုရားနှုတ်ကပတ်တော်ရဲ့ တရားစီရင်ခြင်းကို တွေ့ကြုံခြင်းကနေ ကျွန်မ ဘာကိုရခဲ့တယ်၊ ဘုရားနှုတ်ကပတ်တော်က ကျွန်မကို ဘယ်လိုပြောင်းလဲစေခဲ့တယ် ဆိုတာနဲ့ပတ်သက်ပြီး မိတ်သဟာယဖွဲ့တယ်။ ကျွန်မ တော်တော်ပျော်ပြီး လွတ်မြောက်သလိုခံစားရတယ်။ အခု ကျွန်မက သာမန်ဧဝံဂေလိမျှဝေသူတစ်ယောက်ဖြစ်နေတုန်းပါပဲ။ ဒါပေမဲ့ ကျွန်မတာဝန်ကိုဘယ်လိုအဆင့်ရှိတယ်ဆိုတာကို ဂရုမစိုက်တော့ဘူး။ ကျွန်မက အဖွဲ့ခေါင်းဆောင်၊ သင်းထောက်၊ ဒါမှမဟုတ် အသင်းတော်ခေါင်းဆောင်မဖြစ်ရင်တောင် ကျွန်မတာဝန်ကို ဆက်ထမ်းဆောင်ချင်စိတ်ရှိနေတုန်းပဲ။ ဘုရားနှုတ်ကပတ်တော်က ကျွန်မကို ပြောင်းလဲပေးခဲ့တယ်။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။