ဘုရားသခင်ကို ယုံကြည်မှုသည် ငြိမ်သက်ခြင်းနှင့် ကောင်းချီးမင်္ဂလာများအတွက်သာ ဖြစ်သလော
ကျွန်မ အသက် ၆ နှစ်အရွယ်မှာ ကျွန်မအဖေ အိမ်ထောင်ရေးဖောက်ပြန်တာကို အမေက သိသွားပြီး၊ အဲဒီလိုသိလိုက်ရတော့ စိတ်ထိခိုက်သွားပြီး စိတ်ရောဂါဖြစ်သွားခဲ့တယ်။ နှစ်နှစ်အကြာမှာ၊ ရောဂါနဲ့ ကျွန်မအဖေ ဆုံးပြီး၊ ဆေးကုစရိတ်နဲ့ အသုဘစရိတ်တွေကြောင့် ကျွန်မတို့မှာ ဘာမှမကျန်တော့ဘူး။ ဒါပေမဲ့ ကျွန်မအဖေဘက်က ဦးလေးနဲ့ အဒေါ်တို့က သူတို့အစ်ကိုရဲ့ မုဆိုးမနဲ့ သမီးကို ကူညီလို့ ဘာအကျိုးမှမရှိဘူးလို့ မြင်ခဲ့တယ်။ ကျွန်မအမေနဲ့ ကျွန်မက အနိုင်ကျင့်တာ၊ တမင်အဖက်လုပ်မခံရတာတွေကို အများကြီးခံခဲ့ရပြီး၊ ကျွန်မတို့ဘဝမှာ ဆင်းရဲဒုက္ခ အရမ်းခံစားခဲ့ရတယ်။ အဲဒီတုန်းက၊ ကျွန်မအမေက ဘုရားကို စယုံကြည်နှင့်နေခဲ့ပြီဖြစ်သလို သူက ကျွန်မကို၊ “အမေတို့ ဘုရားကို မယုံကြည်ရင်၊ ဒီလောကမှာ ကြာကြာနေရမှာ မဟုတ်ဘူး”လို့ ခဏခဏ ပြောတယ်။ ဘုရားကို ယုံကြည်ပြီးတဲ့နောက်မှာ သူ့စိတ်ရောဂါလည်း တစ်နည်းနည်းနဲ့ ပျောက်သွားခဲ့တယ်လို့လည်း သူက ပြောတယ်။ အကျိုးဆက်အနေနဲ့ ကျွန်မ ဘုရားကို အရမ်းကျေးဇူးတင်မိတယ်။ အတန်းဖော်တွေရဲ့ ဝိုင်းပယ်ပြီး အနိုင်ကျင့်တာခံခဲ့ရတုန်းက ဘုရားဆီ ကျွန်မ တိတ်တိတ်လေး ဆုတောင်းခဲ့တယ်။ အံ့ဩစရာကောင်းတာက အဲဒီနောက်မှာ အရင်က ကျွန်မနဲ့ အဆင်မပြေခဲ့တဲ့ အတန်းဖော်က ကျွန်မကို တက်တက်ကြွကြွနဲ့ စကူညီပြီး၊ တခြားလူတွေကို ကျွန်မအပေါ် အနိုင်ကျင့်ခွင့်မပေးဘူး။ ကျွန်မရဲ့ နုနယ်တဲ့ စိတ်ဝိညာဉ်က ဘုရားကို ယုံကြည်တာ တကယ် ကောင်းပြီး ကျွန်မ လိုအပ်တဲ့အခါတိုင်း ဘုရားက ကျွန်မရဲ့ အမာခံကျောရိုးဖြစ်တယ်လို့ ခံစားခဲ့ရတယ်။ ပြီးတော့ ဘုရားအတွက် ကျွန်မကိုယ်ကျွန်မ အသုံးခံချင်ခဲ့သလို အရွယ်ရောက်လာတဲ့အခါ ကျွန်မအမေလို တာဝန်တစ်ခု လုပ်ချင်ခဲ့တယ်။ အထက်တန်းစတက်တော့၊ စုဝေးပွဲတွေကို ကျွန်မ တရားဝင် စတက်ခဲ့တယ်။ တစ်ခါတလေ အတန်းထဲမှာ နောက်ကျကျန်ခဲ့မယ်ဆိုရင်တောင် စုဝေးပွဲတက်ဖို့ အတန်းကနေ ခွင့်ယူခဲ့တယ်။ ကျွန်မက အမြဲ နေမကောင်းဖြစ်တတ်သလို၊ ခေါင်းမူးပြီး၊ ခဏခဏ ဆေးထိုးတာ၊ ဆေးသောက်တာတွေ လုပ်ဖို့လိုတယ်။ ဒါပေမဲ့ ဘုရားသခင်ကို ယုံကြည်ပြီးတဲ့နောက်မှာ ကျွန်မ ပိုသက်သာလာတယ်။ ဒါက ပိုလို့တောင် နက်ရှိုင်းတဲ့ ဘုရားရဲ့ ကျေးဇူးတော်နဲ့ ကောင်းချီးတွေကို တွေ့ကြုံခဲ့ရတာပဲ။ တစ်ခါတော့ စုဝေးပွဲတစ်ခုလုပ်နေတုန်းမှာ အခုက တာဝန်တွေလုပ်ဖို့ အရေးကြီးတဲ့ အချိန်ဖြစ်ပုံကို ညီအစ်ကို မောင်နှမတွေ ပြောနေကြတာကို ကြားတော့၊ ကျွန်မ ကိုယ့်ဘာသာတွေးမိတယ်၊ “ဘုရားရဲ့ လူ့ဇာတိခံယူတာ၊ သမ္မာတရားကို ဖော်ပြပြီး လူသားမျိုးနွယ်ကို ကယ်တင်တာတွေလုပ်တဲ့ အချိန်ကာလမှာ ငါ အသက်ရှင်ရတာ တကယ် ကံကောင်းတာပဲ။ ဒီအခွင့်အရေးကို ငါ အမိအရယူရမယ်။ ငါ့ယုံကြည်ချက်မှာ အစွမ်းကုန် အားထုတ်ပြီး၊ ငါ့တာဝန်ကို ကောင်းကောင်း လုပ်ရမယ်”လို့ပေါ့။ အဲဒီတုန်းက၊ ကျွန်မတက်နေတဲ့ အဆင့်မြင့်ကျောင်းကနေ ထွက်ဖို့ ဆုံးဖြတ်တဲ့နေရာမှာ မတွန့်ဆုတ်ခဲ့သလို၊ ညီအစ်ကို မောင်နှမတွေနဲ့ ကျွန်မတာဝန်ကို စလုပ်ခဲ့တယ်။ ယုံကြည်ခြင်းကို ကျွန်မ ကောင်းကောင်း ကျင့်သုံးပြီး၊ ကျွန်မတာဝန်ကို ထက်ထက်သန်သန် ထမ်းဆောင်သရွေ့၊ ဘုရားက ကျွန်မကို သေချာပေါက် ကျေးဇူးတော် ပေးသနားပြီး၊ ကျွန်မအတွက် အားလုံးအဆင်ပြေ၊ ချောမွေ့အောင် သေချာလုပ်ပေးမယ်လို့ ထင်ခဲ့တယ်။ အဲဒီအချိန်ကစပြီး ကျွန်မ နေပူ၊ မိုးရွာမရှောင် စုဝေးပွဲတွေတက်ပြီး ကျွန်မတာဝန်ကို ထမ်းဆောင်ခဲ့တယ်။ ဆောင်းရာသီကာလမှာ၊ လူသစ်တွေကို ကျွန်မ ရေလောင်းပေးနေတဲ့ နေရာထိ ဘတ်စ်ကားတိုက်ရိုက်မရောက်ဘူး။ ဒါကြောင့် အဲဒီနေရာရောက်ဖို့ ကျွန်မစက်ဘီးကို နာရီအတော်များများ စီးရတယ်။ ကျွန်မခန္ဓာကိုယ်က အတိုင်းအတာတစ်ခုထိ ဒုက္ခခံခဲ့ရပေမဲ့ ဘုရားရဲ့ ဂရုစိုက်မှုနဲ့ ကောင်းချီးတွေ ရသရွေ့ ဆင်းရဲဒုက္ခအားလုံး တန်တယ်လို့ တွေးခဲ့တယ်။
၂၀၂၀ ခုနှစ် ဧပြီလမှာ၊ အိမ်နဲ့အဝေးမှာ ကျွန်မတာဝန်ကို ထမ်းဆောင်ခဲ့တယ်။ တစ်နေ့လည်မှာ၊ ကျွန်မရဲ့ နှလုံးက ရုတ်တရက် အခုန်မြန်လာတယ်။ ကျွန်မ အရမ်းရင်ကျပ်ပြီး အသက်ရှူလို့ မရဘူး။ ကျွန်မ ရင်တုန်ပန်းတုန်ဖြစ်လာပြီး အားနည်းလာတယ်။ နေ့လည်စာစားဖို့ သုံးတဲ့ တူတွေကို ကိုင်နိုင်တယ်ဆိုရုံလေးပဲ ကိုင်နိုင်ခဲ့တယ်။ ကျွန်မ မသက်မသာဖြစ်နေပေမဲ့ အဲဒီလောက် မစိုးရိမ်ခဲ့ဘူး။ “ငါ့မှာ ငယ်ငယ်ကတည်းက နှလုံးပြဿနာတွေ အမြဲရှိခဲ့တာ။ ပင်ပန်းတဲ့အခါ ရင်တုန်ပန်းတုန်ဖြစ်တာတွေ ရှိခဲ့ပေမဲ့ တစ်ခါမှ ပြဿနာကြီးကြီးမားမား မဟုတ်ခဲ့ဘူး။ ဒီတော့ ဒီတစ်ခါလည်း မဟုတ်လောက်ပါဘူးလေ။ ပြီးတော့ ဘုရားက အနန္တတန်ခိုးရှင် ဖြစ်ပြီး ငါ့ခန္ဓာကိုယ်နဲ့ ကျန်းမာရေးက သူ့လက်ထဲမှာရှိတယ်။ ငါ့တာဝန်မှာ ငါ တည်ကြည်ခိုင်မာနေသရွေ့၊ ဘုရားက ငါ့ကို သေချာပေါက် ကာကွယ်ပေးပြီး ငါ့ကို ဘာမှမဖြစ်အောင် သေချာလုပ်မှာပဲ”လို့ တွေးခဲ့တယ်။ အဲဒီညမှာ ကျွန်မ နည်းနည်း သက်သာတယ်။ နောက်သုံးလေးရက်မှာ ကျွန်မ ဘုရားဆီ ဆုတောင်းပြီး ကျွန်မရဲ့ ရောဂါကို သူ့လက်ထဲ အပ်ခဲ့တယ်။ ကျွန်မ စကားအရမ်းပြောလွန်းရင် ရင်တုန်ပန်းတုန်တာတွေဖြစ်ပြီး၊ အားနည်းသွားတယ်။ ဒါပေမဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ပုံမှန် စားသောက်နိုင်ပြီး ကျွန်မတာဝန်ကို ဆက်လုပ်နိုင်တုန်းပဲ။ ဘုရားက ကျွန်မကို ဒီအခြေအနေနဲ့ စစ်ဆေးနေတာဖြစ်နိုင်ပြီး ကျွန်မတာဝန်ကို ပိုထမ်းဆောင်သရွေ့၊ ဘုရားက ကျွန်မကို ကျေးဇူးတော်နဲ့ ဆက်ဆံမှာဖြစ်ပြီး ကျွန်မ တဖြည်းဖြည်း သက်သာသွားမှာပါလို့ တွေးခဲ့တယ်။ ဒါပေမဲ့ အံ့ဩစရာကောင်းတာက၊ အဲဒါပြီးတော့ မကြာခင်မှာ၊ ကျွန်မ နောက်ထပ်ဖြစ်ရပ်တစ်ခု ဖြစ်ခဲ့သေးတယ်။ ကျွန်မက ညစာစားနေတုန်း။ အဲဒီအချိန်မှာပဲ ရုတ်တရက် ရင်တုန်ပန်းတုန်တွေ စဖြစ်တယ်။ ကျွန်မလက်တွေက စတုန်လာပြီး ထမင်းကို ကျွန်မရဲ့ တူတွေနဲ့ မကိုင်နိုင်ခဲ့ဘူး။ အဲဒါပြီးတော့ မကြာဘူး၊ ကျွန်မ တုန်တုန်ယင်ယင် စဖြစ်ပြီး ကျွန်မနှလုံးက အဆက်မပြတ် ခုန်လာတယ်။ ကျွန်မမျက်နှာတွေ နီလာပြီး ကျွန်မလက်နဲ့ ခြေတွေက အေးပြီး ထုံထိုင်းသွားသလို၊ ထိန်းလို့မရနိုင်အောင် ကျွန်မ တုန်နေခဲ့တယ်။ ကျွန်မ လေကို အငမ်းမရ စရှူမိပြီး အခုလိုမျိုး မွန်းကျပ်တဲ့ ခံစားချက် အရင်တုန်းက တစ်ခါမှ မရှိခဲ့ဖူးဘူး။ ကျွန်မ ဆက်အသက်မရှူနိုင်မှာကို ကြောက်သွားတယ်။ အဲဒါနဲ့ ဘုရားကို “အို ဘုရားသခင်၊ ကျွန်မ မသေချင်သေးဘူး၊ ကျေးဇူးပြုပြီး ကျွန်မကို ကယ်တင်ပါ”လို့ ပြောပြီး ဆက်တိုက် ဆုတောင်းခဲ့တယ်။ ညီအစ်မတစ်ယောက်က အရေးပေါ် အခြေအနေတွေမှာ သုံးတဲ့ အပ်စိုက်တာကို စလုပ်ပြီး အရေးပေါ် ဆေးတချို့ ပေးတယ်။ ဆယ်မိနစ်လောက်ကြာတော့၊ ကျွန်မ တုန်တာရပ်သွားတယ်။ ဒါပေမဲ့ အရမ်းအားနည်းသလို ခံစားရပြီး ကျွန်မ စကားပြောရမှာ အရမ်း ပင်ပန်းတယ်။ ညီအစ်မက ကျွန်မကို ဆေးစစ်ဖို့အတွက် ဆေးရုံကို ခေါ်သွားပြီး၊ ကျွန်မမှာ ဝမ်းတွင်းပါ နှလုံးရောဂါရှိတယ်လို့ ဆရာဝန်က ပြောတယ်။ ကျွန်မ အသက်ကြီးလာပြီး ကျွန်မသွေးထဲမှာ စွန့်ပစ်ပစ္စည်းတွေ ပုံလာတယ်။ ကျွန်မရဲ့ သွေးကြောတွေ ပိုပိုပြီး ပိတ်လာတာနဲ့အမျှ ကျွန်မရဲ့နှလုံးက ထုတ်ပေးတဲ့ ပမာဏ လျော့နည်းသွားပြီး ကျွန်မရဲ့ အခြေအနေက ပိုပိုပြီး ပြင်းထန်လာခဲ့တယ်။ ကျွန်မရဲ့ရောဂါအတွက် ဆေးမရှိခဲ့သလို၊ ကျွန်မ လုပ်နိုင်ခဲ့သမျှက တရုတ် ဆေးဖက်ဝင်အပင်တချို့ကို သုံးစွဲပြီး အနားပိုယူတာပါပဲ။ နောက်ထပ် ရောဂါလက္ခဏာတွေ မပြရင်၊ ကျွန်မ အဆင်ပြေမှာဖြစ်ပေမဲ့ ကျွန်မ ရောဂါပြန်ထရင် အရမ်းဆိုးသွားနိုင်တယ်။ ကျွန်မ ခဏခဏ ရောဂါထတာတွေ ရှိရင်၊ အခြေအနေ အရမ်းဆိုးမှာဖြစ်သလို အဆိုးဆုံးအနေနဲ့ ခွဲစိတ်ဖို့ လိုနိုင်တယ်။ ကျွန်မက “ငါ့တာဝန်ကို ငါ တစ်စိုက်မတ်မတ်နဲ့ ထက်ထက်သန်သန် လုပ်နေခဲ့တာလေ။ ဒီတော့ ဘာလို့ ဘုရားက ငါ့ကို မကွယ်ကာပေးတာလဲ။ ငါ့အခြေအနေက ဘာလို့ ဆိုးသွားရတာလဲ”လို့ တွေးပြီး မစိုးရိမ်ဘဲ မနေနိုင်ခဲ့ဘူး။ ကျွန်မ ဘုရားဆီကို တိတ်တိတ်လေး ဆုတောင်းခဲ့တယ်။ “အို ဘုရားသခင်၊ ကိုယ်တော်ဟာ အနန္တတန်ခိုးရှိပြီး၊ ကျွန်မရဲ့ ကျန်းမာရေးက ကိုယ်တော့်လက်ထဲမှာပါ။ ကျွန်မ ပုံမှန်၊ ကျန်းမာတဲ့ လူလောက် ကျန်းမာဖို့ မတောင်းဆိုပါဘူး။ ကျွန်မ ရောဂါထတာမရှိဘဲ တဖြည်းဖြည်းနဲ့ သက်သာနိုင်သရွေ့ နည်းနည်း ပိုအားနည်းသွားရင်လည်း ကိစ္စမရှိပါဘူး။ ကျွန်မရဲ့ ခန္ဓာကိုယ်က ဒီရောဂါထတာတွေကို ခံကိုမခံနိုင်တာပါ။ ကျွန်မရဲ့ ကျန်းမာရေးက တကယ် အားနည်းသွားရင်၊ ကျွန်မ ဘာလုပ်ရမလဲ”လို့ ပေါ့။ အဲဒီနောက်မှာ၊ ကျွန်မ ဆေးသောက်ပေမဲ့ နောက်ထပ် ရောဂါလက္ခဏာတွေ ပြမှာကို အမြဲ စိုးရိမ်ခဲ့ပြီး၊ ကျွန်မရဲ့ ကျန်းမာရေးနဲ့ပတ်သက်လို့ ဘုရားဆီ နေ့တိုင်း ဆုတောင်းခဲ့တယ်။ ဒါပေမဲ့ ကျွန်မ မကြာမကြာ နှလုံးပြဿနာတွေ ဆက်ရှိနေခဲ့တယ်။ နှစ်ရက်လောက်တော့ သက်သာတယ်။ နောက်တော့ ရုတ်တရက် နောက်ထပ် ရောဂါလက္ခဏာပြပြီးတော့ ကျွန်မ အတော်လေး အားနည်းသွားတယ်။ အသင်းတော်က ကျွန်မ ကျန်းမာရေးချုချာတာကို မြင်တဲ့အခါ၊ ကျွန်မကို အသင်းတော်က အိမ်ပြန်နားခိုင်းပြီး၊ ကျွန်မ လုပ်နိုင်စွမ်းရှိတဲ့ ဘယ်တာဝန်ကိုမဆို လုပ်ခိုင်းခဲ့တယ်။
အိမ်မှာရှိနေတုန်း၊ ဆေးဖက်ဝင်အပင်တွေ စားပေမဲ့ ကျွန်မရဲ့ ကျန်းမာရေးက မတိုးတက်ခဲ့ဘူး။ ရင်တုန်ပန်းတုန်တာတွေ၊ ကျွန်မလက်ထုံတာတွေက ဆက်ရှိနေခဲ့တယ်။ အဲဒါတွေနဲ့အတူ တက်တာတွေ၊ အသက်ရှူကြပ်တာတွေ ဖြစ်လာတယ်။ ကျွန်မ ရင်အရမ်းကျပ်လွန်းလို့ အသက်ရှူကျပ်ပြီးသေတော့မလိုမျိုး ခံစားရတယ်။ ကျွန်မ သုံးတဲ့ အရေးပေါ်ဆေးတွေက ရောဂါလက္ခဏာတွေကို ခဏပဲ သက်သာစေနိုင်ပေမဲ့၊ အမြဲ ပြန်ဖြစ်တယ်။ ကျွန်မ နေမကောင်းဖြစ်နေတုန်းမှာ၊ အိပ်ရာထဲ လှည့်ရတာတောင် အရမ်းပင်ပန်းလွန်းလို့ ရင်တုန်ပန်းတုန်တွေ ဖြစ်တယ်။ ကျွန်မရဲ့ နေ့တာအချိန် ထက်ဝက် ဒါမှမဟုတ် အများစုက အိပ်ယာထဲမှာပဲ အချိန်ကုန်တယ်။ ကျွန်မ အရမ်းအထီးကျန်ပြီး အကူအညီမဲ့သလို ခံစားခဲ့ရတယ်။ မျက်ရည်တွေက မနားတမ်း စီးကျလာတယ်။ ကျွန်မစိတ်ထဲမှာ မကျေနပ်တာတွေ၊ အထင်လွဲတာတွေ တဖြည်းဖြည်းချင်း ဖြစ်လာတယ်။ အဲဒီလို ခဏခဏ နှလုံးရောဂါလက္ခဏာတွေဖြစ်တဲ့သူ တခြားဘယ်သူ့ကိုမှ ကျွန်မ မတွေ့ဖူးဘူး။ ကျွန်မ အရမ်းအားနည်းနေပြီ။ ဒီလိုသာဆက်ဖြစ်ရင်၊ ကျွန်မ ကိစ္စချောသွားမှာ မဟုတ်ဘူးလား။ ကျွန်မရဲ့ ခွဲစိတ်မှုအတွက် ပေးဖို့ မိသားစုမှာ ပိုက်ဆံမရှိဘူး။ ဒီတေော့ ကျွန်မ ဆက်ခါးစည်းခံနေရမဲ့ သဘောလားပေါ့။ ကျွန်မက အသက် ၂၀ နည်းနည်းပဲ ကျော်သေးတာ။ ကျွန်မရဲ့ ကျန်တဲ့ ဘဝအချိန်ကို ရောဂါဆက်ထရင်းနဲ့ တကယ်တမ်းပြောရရင် မသန်မစွမ်းဖြစ်ပြီးတော့ပဲ ကုန်ဆုံးသွားရတော့မှာလား။ တစ်နေ့ကျရင် ကျွန်မ ဒီအတိုင်း မှောက်လဲပြီး သေမယ် ထင်တာပဲ။ “အို ဘုရားသခင်၊ ဒီနှစ်တွေမှာ ကိုယ်တော်နောက်လိုက်ဖို့ ကျောင်းတက်တာကို ကျွန်မ စွန့်လွှတ်ခဲ့ပြီး ကျွန်မရဲ့ ငယ်ရွယ်ချိန်ကို စတေးခဲ့ပါတယ်။ တခြားအရာဘာကိုမှ ကျွန်မ မတောင်းဆိုခဲ့ပါဘူး။ ကျွန်မ ဆန္ဒရှိသမျှကတော့ ကိုယ်တော် ကျွန်မကို လုံခြုံဘေးကင်းစေဖို့ပါ။ ဒါဆို ဘာလို့ ကျွန်မရဲ့ အခြေအနေက ပိုဆိုးသွားတာလဲ။ နေမကောင်းဖြစ်ပြီးတဲ့နောက်မှာတောင်၊ ကျွန်မ တာဝန်ကို ဆက်လုပ်ခဲ့တယ်။ ဘာလို့ ကျွန်မကို ကိုယ်တော် မကာကွယ်ခဲ့တာလဲ။ ဘယ်အချိန်မှ ကျွန်မ သက်သာဦးမှာလဲ”ပေါ့။ ကျွန်မ တွေးလေ၊ မတရားခံရသလို ခံစားပြီး ဝမ်းနည်းလေဖြစ်ခဲ့သလို၊ အိပ်ရာပေါ် လှဲပြီး ခဏခဏ ငိုနေမိတယ်။ နှလုံးရောဂါအတွက် အကျိုးပြုတယ်လို့ ကြားရတဲ့ ဆေးတွေကို ကျွန်မ ခဏခဏ ဝယ်တယ်။ အနောက်တိုင်း ဆေးတွေကြောင့်ဖြစ်တဲ့ ဘေးထွက်ဆိုးကျိုးတွေကို ရှောင်ဖို့အတွက် တရုတ်ဆေးတွေပဲ ကျွန်မ သုံးခဲ့တယ်။ ဒါပေမဲ့ ဆေးဖက်ဝင်အပင်တွေကို အတော်ကြာ သုံးပြီးတဲ့နောက်မှာ၊ ကျွန်မ သက်သာတာ ဘာမှမရှိသေးဘူး။ အပျက်သဘောထဲမှာ ကျွန်မ ခဏခဏ နှစ်မြှုပ်ခဲ့တယ်။ ကျွန်မ ဖြတ်သန်းနေရတဲ့ဟာကို မြင်တဲ့ တချို့ ညီအစ်ကို မောင်နှမတွေက ဘုရားရဲ့ ရည်ရွယ်ချက်တွေကို ကျွန်မနဲ့ မိတ်သဟာယပြုပေးကြတယ်။ အခြေအနေကနေ ကျွန်မ သင်ယူပြီး ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ဖြေရှင်းဖို့ သမ္မာတရားကို ရှာသင့်တယ်လို့ ပြောကြတယ်။ တချို့ကလည်း ကျွန်မကို မျှဝေဖို့ ရောဂါကို တွေ့ကြုံဖြတ်သန်းရတာနဲ့ပတ်သက်တဲ့ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဗီဒီယိုတွေကို ရှာပေးကြတယ်။ ဒါက ကျွန်မအပေါ် သက်ရောက်မှု နည်းနည်း ရှိခဲ့တယ်။ ကျွန်မရောဂါထဲမှာ ဘုရားရဲ့ ရည်ရွယ်ချက်ကို မရှာခဲ့သလို၊ သမ္မာတရားရမဲ့အစား ညည်းတာတွေပဲ လုပ်ခဲ့တယ်။ ကျွန်မရဲ့ သက်သေခံချက်က ဘယ်မှာလဲ။ ကျွန်မအနေနဲ့ အရမ်းအကျင့်ပျက်တာကို ရပ်ပြီး၊ ကျွန်မရဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ သမ္မာတရား စရှာရမယ်။ ဒါကို သဘောပေါက်လိုက်တဲ့အခါ၊ ဘုရားဆီကျွန်မ ဆုတောင်းတယ်။ “အနန္တတန်ခိုးရှင် ဘုရားသခင်၊ ကိုယ်တော်ရဲ့ ကောင်းမွန်တဲ့ ရည်ရွယ်ချက်တွေက ကျွန်မရဲ့ အနာရောဂါ နောက်ကွယ်မှာရှိပြီး၊ ကိုယ်တော် လုပ်သမျှက ကောင်းမြတ်တယ်ဆိုတာကို သဘောတရားအရ ကျွန်မ နားလည်ပါတယ်။ ဒါပေမဲ့ ထပ်ကာထပ်ကာ ရောဂါထတာတွေက ကျွန်မရဲ့ ဇာတိခန္ဓာကို အရမ်းဆင်းရဲဒုက္ခခံစေပါတယ်။ ကျွန်မ တကယ်ကို စိတ်ဓာတ်ကျပြီး စိတ်ပျက်မိပါတယ်။ အို ဘုရားသခင်၊ ကျွန်မ မကောင်းတဲ့ အခြေအနေမှာရှိတာ သိပါတယ်။ ကိုယ်တော့်ဆီကို ကျွန်မ လှည့်ပြီး အပျက်သဘောအရမ်းဆောင်တာကို ရပ်ဖို့ လိုလားနေပါတယ်။ ကျေးဇူးပြုပြီး ကျွန်မကိုယ်ကျွန်မ တကယ် နားလည်အောင် ဉာဏ်အလင်းပေး၊ လမ်းပြတော်မူပါ၊ ပြီးတော့ ကျွန်မကို ဒီအပျက်သဘော အခြေအနေကနေ ကယ်တင်ပေးပါ”လို့ပေါ့။
အဲဒီနောက်မှာ၊ ကျွန်မရဲ့ အခြေအနေနဲ့ ဆက်စပ်တဲ့ ဘုရားနှုတ်ကပတ်တော်အပိုဒ်တွေကို ကျွန်မ စရှာတယ်။ တစ်နေ့တော့၊ ဒီနှုတ်ကပတ်တော်ကို တွေ့ရတယ်။ “‘ဘုရားသခင်ကို ယုံကြည်ခြင်း’ ဆိုသည်မှာ ဘုရားသခင်တစ်ပါး ရှိသည်ကို ယုံကြည်ခြင်းဖြစ်သည်။ ဤသည်မှာ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့်ပတ်သက်၍ အရိုးရှင်းဆုံး အယူအဆ ဖြစ်၏။ ထို့အပြင် ဘုရားသခင်တစ်ပါးရှိသည်ကို ယုံကြည်ခြင်းသည် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းနှင့် မတူပေ။ ယင်းထက်၊ ထိုအရာသည် ခိုင်မာသည့် ဘာသာရေး အငွေ့အသက်ပါရှိသည့် ရိုးရှင်းသော ယုံကြည်မှုတစ်မျိုး ဖြစ်သည်။ ဘုရားသခင်ကို စစ်မှန်စွာ ယုံကြည်ခြင်း ဆိုသည်မှာ အောက်ပါအတိုင်း ဆိုလိုပေသည်။ ဘုရားသခင်သည် အရာအားလုံးအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲသည်ဟု ယုံကြည်မှုအရ၊ သူ၏ နှုတ်ကပတ်တော်များနှင့် အမှုတို့ကို လူတစ်ဦးက တွေ့ကြုံခံစားသည်၊ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သန့်စင်သည်၊ ဘုရားသခင်၏ရည်ရွယ်ချက်များကို ဖြည့်ဆည်းပြီး၊ ဘုရားသခင်ကို သိကျွမ်းလာပေသည်။ ဤခရီးလမ်းမျိုးကိုသာ ‘ဘုရားသခင်ကို ယုံကြည်ခြင်း’ ဟု ခေါ်ဆိုနိုင်ပေသည်။ သို့သော် လူများက ဘုရားသခင်ကို ယုံကြည်မှုသည် ရိုးရှင်းပြီး ပေါ့ပေါ့ပြက်ပြက် ကိစ္စတစ်ခုကဲ့သို့ ယေဘုယျအားဖြင့် မြင်တတ်ကြသည်။ ဤနည်းဖြင့် ဘုရားသခင်ကို ယုံကြည်သောလူများသည် ဘုရားသခင်အား ယုံကြည်ဖို့ဆိုသည်မှာ အဘယ်အရာဆိုလိုသည်ကို မျက်ခြည်ပြတ်သွားခဲ့ကြကာ၊ ၎င်းတို့သည် တကယ့်အဆုံးအထိ ဆက်လက် ယုံကြည်ကောင်း ယုံကြည်နိုင်သော်လည်း၊ ဘုရားသခင်၏ လက်ခံခြင်းကို မည်သည့်အခါတွင်မျှ ရရှိမည်မဟုတ်၊ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့သည် မှားယွင်းသောလမ်းကြောင်းပေါ် နင်းလျှောက်ကြသောကြောင့် ဖြစ်သည်။ ယနေ့တွင် စကားများနှင့် အနှစ်မဲ့သည့် အယူဝါဒများအတိုင်း ဘုရားသခင်ကို ယုံကြည်သူများ ရှိနေသေးပေသည်။ ၎င်းတို့အနေဖြင့် ဘုရားသခင်ကို ယုံကြည်မှု၏ အနှစ်သာရ ကင်းမဲ့သည်ကို ၎င်းတို့ မသိကြသကဲ့သို့၊ ဘုရားသခင်၏ လက်ခံခြင်းကို ၎င်းတို့ မရရှိနိုင်ပေ။ ၎င်းတို့သည် ဘေးကင်းလုံခြုံခြင်း ကောင်းချီးမင်္ဂလာများနှင့် လုံလောက်သော ကျေးဇူးတော်ကို ဘုရားသခင်ထံ တောင်းလျှောက်ကြဆဲ ဖြစ်သည်။ ငါတို့ ရပ်တန့်ကြစို့၊ ငါတို့၏ စိတ်နှလုံးများကို ငြိမ်သက်စေပြီး မိမိတို့ကိုယ်ကိုယ် မေးကြစို့။ ဘုရားသခင်ကို ယုံကြည်ခြင်းသည် ကမ္ဘာပေါ်တွင် အမှန်တကယ် အလွယ်ကူဆုံးသောအရာ ဖြစ်နိုင်သလော။ ဘုရားသခင်ကို ယုံကြည်ခြင်းသည် ဘုရားသခင်ထံမှ များစွာသော ကျေးဇူးတော် ရရှိခြင်းထက် ဘာမျှမပိုဟု ဆိုလိုသလော။ ဘုရားသခင်ကို မသိဘဲလျက် ဘုရားသခင်ကို ယုံကြည်သူ၊ သို့မဟုတ် ဘုရားသခင်ကို ယုံကြည်သော်လည်း သူ့ကို ဆန့်ကျင်သူတို့သည် ဘုရားသခင်၏ရည်ရွယ်ချက်များကို အမှန်တကယ် ဖြည့်ဆည်းနိုင်သလော။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ကျမ်းဦးစကား) ဘုရားသခင်က ပြောသည် “ဘုရားသခင်ကို ယုံကြည်ခြင်းသည် ကမ္ဘာပေါ်တွင် အမှန်တကယ် အလွယ်ကူဆုံးသောအရာ ဖြစ်နိုင်သလော။ ဘုရားသခင်ကို ယုံကြည်ခြင်းသည် ဘုရားသခင်ထံမှ များစွာသော ကျေးဇူးတော် ရရှိခြင်းထက် ဘာမျှမပိုဟု ဆိုလိုသလော။ ဘုရားသခင်ကို မသိဘဲလျက် ဘုရားသခင်ကို ယုံကြည်သူ၊ သို့မဟုတ် ဘုရားသခင်ကို ယုံကြည်သော်လည်း သူ့ကို ဆန့်ကျင်သူတို့သည် ဘုရားသခင်၏ရည်ရွယ်ချက်များကို အမှန်တကယ် ဖြည့်ဆည်းနိုင်သလော။” ဘုရားရဲ့ မေးခွန်းတစ်ခုစီက ကျွန်မကို အရမ်း အရှက်ရစေခဲ့တယ်။ ဘုရားကို အချိန်အကြာကြီး ယုံကြည်နေခဲ့ပေမဲ့၊ စစ်မှန်တဲ့ ယုံကြည်ခြင်းက ဘာလဲဆိုတာကို ကျွန်မ မသိခဲ့ဘူး။ စစ်မှန်တဲ့ ယုံကြည်ခြင်းက ဘုရားရဲ့ အမှုတော်နဲ့ နှုတ်ကပတ်တော်တွေကို တွေ့ကြုံတာ၊ ဘုရားပေးတဲ့ အခြေအနေတိုင်းကို ကျိုးနွံနာခံတာ၊ ပြီးတော့ အဲဒါတွေထဲကနေ သမ္မာတရားနဲ့ သူ့ရဲ့ ရည်ရွယ်ချက်တွေကို ရှာဖွေတာ၊ သမ္မာတရား သိနားလည်မှုနဲ့ ဘုရားကိုသိတဲ့အသိရပြီး သမ္မာတရား စစ်မှန်မှုထဲ ဝင်ရောက်ဖို့အတွက် ကိုယ့်ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားနဲ့ ကိုယ့်ယုံကြည်ခြင်းမှာရှိတဲ့ မသန့်စင်တာတွေကို ဆင်ခြင်သုံးသပ်တာတွေ လိုအပ်တယ်လို့ ဘုရားက ပြောတယ်။ ဒီလို ယုံကြည်ခြင်းမျိုးကပဲ ဘုရားရဲ့ ချီးကျူးတာကို ရနိုင်တယ်။ လူတွေက ဘုရားဆီကနေ ကျေးဇူးတော်နဲ့ ကောင်းချီးတွေပဲရဖို့ ဆန္ဒရှိပေမဲ့ မလိုချင်တဲ့ အခြေအနေတွေ ရင်ဆိုင်ရတဲ့အခါ ဘုရားရဲ့ ရည်ရွယ်ချက်တွေ မရှာသလို၊ ဘုရားရဲ့ နှုတ်ကပတ်တော်တွေနဲ့ အမှုတော်ကို မတွေ့ကြုံရင်၊ ဒါက အမည်ခံသက်သက် ယုံကြည်ခြင်းပဲ၊ ဘာသာရေး ယုံကြည်ချက်ပဲ။ အဲဒီလို ယုံကြည်ချက်မျိုးကို ဘုရားက လက်မခံဘူး။ ဘုရားက နောက်ဆုံးသော ကာလမှာ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ စမ်းသပ်ခြင်းနဲ့ စစ်ဆေးခြင်းအမှုကို ပြုတယ်။ ဘုရားနှုတ်ကပတ်တော်တွေရဲ့ တရားစီရင်ခြင်း၊ ဘုရားစီစဉ်ညွှန်ကြားတဲ့ ပတ်ဝန်းကျင်အမျိုးမျိုးရဲ့ စစ်းဆေမှုခံရခြင်း၊ သမ္မာတရားကို ရှာဖွေခြင်းနဲ့ ဒီအရာတွေကတစ်ဆင့် မိမိကိုယ်ကိုယ်နဲ့ ဘုရားကို သိရှိလာခြင်းတွေအားဖြင့်ပဲ၊ ကိုယ့်ဘဝက တိုးတက်တာပါ။ ကျွန်မထက် ညီအစ်ကို မောင်နှမတချို့ ပိုမကျန်းမမာဖြစ်ကြပြီး၊ ဆေးရုံတွေက ကုလို့မရတော့ဘူးလို့တောင် အပြောခံခဲ့ကြရပေမဲ့၊ သူတို့ရဲ့ ရောဂါတွေကတစ်ဆင့် သမ္မာတရားကို သူတို့ ရှာကြဆဲဖြစ်ပုံ၊ သူတို့ရဲ့ ဖောက်ပြန်ပျက်စီးခြင်းကို သိတဲ့အသိရပုံ၊ ဘုရားသခင်ကို ယုံကြည်ခြင်းနဲ့ ပတ်သက်လို့ သူတို့ရဲ့ မှားယွင်းတဲ့ အမြင်တွေကို ပြုပြင်ခဲ့ကြပြီး တိုးတက်မှုတချို့ ဖြစ်စေခဲ့ကြပုံကို ကျွန်မ တွေးမိတယ်။ ဒီနှစ်တွေမှာ ဘုရားကို ယုံကြည်တယ်လို့ ကျွန်မ အခိုင်အမာပြောခဲ့ပြီး၊ ယုံကြည်ခြင်းမှာ ဘုရားနှုတ်ကပတ်တော်တွေနဲ့ အမှုတော်ကို တွေ့ကြုံဖို့ လိုအပ်ကြောင်းကို တခြားလူတွေနဲ့ ခဏခဏ မိတ်သဟာပြုခဲ့ပေမဲ့၊ ကျွန်မ ကိုယ်တိုင် နေမကောင်းဖြစ်တော့၊ ဘုရားရဲ့ ရည်ရွယ်ချက်ကို မရှာခဲ့သလို၊ ကျွန်မ မလွတ်မြောက်နိုင်ခဲ့တဲ့ အပျက်သဘော အခြေအနေထဲမှာ အသက်ရှင်ခဲ့တယ်။ ဒါကြေောင့် နေမကောင်းဖြစ်ပြီးတဲ့နောက်မှာ၊ ဘာသမ္မာတရားမှ ကျွန်မ လုံးဝ မရခဲ့ဘူး။ ကျွန်မ သဘောပေါက်လိုက်တယ်။ ကျွန်မ ဆင်းရဲဒုက္ခခံစားနေခဲ့ရတာက ဘုရားစီစဉ်ညွှန်ကြားခဲ့တဲ့ ပတ်ဝန်းကျင်ကြောင့် မဟုတ်ဘဲ၊ သမ္မာတရားကို ကျွန်မ မရှာဖွေခဲ့လို့ပဲဆိုတာပေါ့။ ဘုရားကို ကျွန်မ ယုံကြည်မှတော့၊ ကျိုးနွံနာခံသင့်တယ်၊ ကျွန်မရဲ့ ရောဂါကတစ်ဆင့် သမ္မာတရားကို ရှာပြီး၊ ဘုရားကို စိတ်ကျေနပ်စေဖို့ ကျွန်မရဲ့ သက်သေခံချက်မှာ ခိုင်ခိုင်မာမာ ရပ်တည်သင့်တယ်။ ဒါက ကျွန်မ ရှိသင့်တဲ့ အသိစိတ်ပဲ။ ဒီအရာအားလုံးကို သဘောပေါက်သွားတော့၊ ဘုရားဆီ ကျွန်မ ဆုတောင်းခဲ့တယ်။ “ကျွန်မရဲ့ ရောဂါနဲ့ပတ်သက်လို့ ဘာပဲဖြစ်ပါစေ၊ ကျိုးနွံနာခံပြီး ကျွန်မရဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ သမ္မာတရား ရှာဖွေတာကို အာရုံစိုက်ဖို့ လိုလားပါတယ်”လို့ပေါ့။
နောက်ပိုင်းမှာ၊ ဒီဘုရားနှုတ်ကပတ်တော်အပိုဒ်ကို ကျွန်မ အမှတ်မထင် တွေ့တယ်။ “လူက ဘုရားသခင်ကို ပထမဦးဆုံး စတင်ယုံကြည်ခဲ့ချိန်မှစ၍၊ သူသည် ဘုရားသခင်ကို ပေါင်းလန်အောင် များပြားခြင်းတစ်ခု၊ ဆွစ်တပ်မတော် စွယ်စုံသုံးဓားတစ်ခုအဖြစ် သဘောထားခဲ့ပြီး ဘုရားသခင်ထံမှ ကောင်းချီးမင်္ဂလာများနှင့် ကတိများကိုရရန် ကြိုးစားခြင်းမှာ သူ၏ ရှိရင်းစွဲ အခွင့်အရေးနှင့် တာဝန်ဝတ္တရားဖြစ်စဉ်တွင် ဘုရားသခင်၏ တာဝန်မှာ လူသားကို ကာကွယ်ကာ စောင့်ရှောက်ရန်နှင့် ထောက်ပံ့ရန် ဖြစ်သည့်အလား၊ သူ့ကိုယ်သူ ဘုရားသခင်၏ အကြီးဆုံးသော ကြွေးရှင်အဖြစ် သဘောထားခဲ့လေသည်။ ယင်းမှာ ဘုရားသခင်ကို ယုံကြည်သော သူအားလုံး၏ ‘ဘုရားသခင်အပေါ် ယုံကြည်မှု’ ၏ အခြေခံသိနားလည်မှုဖြစ်ပြီး၊ ယင်းမှာ ဘုရားသခင်၌ ယုံကြည်မှု အယူအဆနှင့်ဆိုင်သော ၎င်းတို့၏ အနက်ရှိုင်းဆုံးသော သိနားလည်မှု ဖြစ်သည်။ လူ၏ သဘာဝ အနှစ်သာရမှသည် သူ၏ ဓမ္မဓိဋ္ဌာန်မကျသော လိုက်စားမှုအထိ၊ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် သက်ဆိုင်သောအရာ တစ်ခုမျှ မရှိပေ။ ဘုရားသခင်ကို ယုံကြည်ရာ၌ လူသား၏ ရည်မှန်းချက်မှာ ဘုရားသခင်ကို ကိုးကွယ်ခြင်းနှင့် မည်သည့်အရာမျှ ပတ်သက်နိုင်ခြေ မရှိပေ။ ဆိုလိုသည်မှာ ဘုရားသခင်၌ ယုံကြည်ခြင်းသည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် ဘုရားသခင်ကို ကိုးကွယ်ခြင်း လိုအပ်သည်ကို လူသားက မည်သည့်အခါမျှ မယူဆဖူးသကဲ့သို့ နားလည်ဖူးခြင်းလည်း မရှိပေ။ ထိုသို့သော အခြေအနေများအရ လူသား၏ အနှစ်သာရသည် သိသာထင်ရှားပေသည်။ ဤအနှစ်သာရမှာ အဘယ်အရာ ဖြစ်သနည်း။ လူသား၏ စိတ်နှလုံးသည် မလိုမုန်းထားတတ်သည်၊ သစ္စာမဲ့ခြင်းနှင့် လှည့်ဖြားမှုကို သိုထားသည်၊ မျှတမှုနှင့် ဖြောင့်မတ်ခြင်း သို့မဟုတ် အပြုသဘောဆောင်သော အရာကို မနှစ်သက်သကဲ့သို့၊ ယင်းသည် စက်ဆုပ်ဖွယ်ဖြစ်ကာ အလိုကြီးလေသည်။ လူသား၏ စိတ်နှလုံးသည် ဘုရားသခင်နှင့် သာ၍ နီးကပ်နိုင်ခြင်း မရှိပေ။ သူသည် စိတ်နှလုံးကို ဘုရားသခင်အား လုံးဝ ပေးအပ်ခြင်း မရှိလေပြီ။ ဘုရားသခင်သည် လူသား၏ စစ်မှန်သော စိတ်နှလုံးကို တစ်ကြိမ်တစ်ခါမျှ မမြင်ဖူးသကဲ့သို့ သူသည် လူသား၏ ကိုးကွယ်ခြင်းကိုလည်း ခံရဖူးခြင်း မရှိပေ။ ဘုရားသခင် ပေးသည့် အဖိုးအခ မည်မျှ ကြီးမားသည်ဖြစ်စေ သို့မဟုတ် အမှုမည်မျှကို သူ ပြုပါစေ၊ သို့မဟုတ် လူသားကို မည်မျှ ထောက်ပံ့ပါစေ၊ လူသားသည် ကျိုးကြောင်းမမြင်မြဲရှိသကဲ့သို့ ယင်းကို လုံးဝ စိတ်ဝင်စားမှု မရှိပေ။ လူသားသည် သူ၏ စိတ်နှလုံးကို ဘုရားသခင်အား မည်သည့်အခါမျှ ပေးဖူးခြင်း မရှိပေ၊ သူ၏စိတ်နှလုံးကို သူကိုယ်တိုင်သာ ဂရုစိုက်ရန်၊ သူ၏ ကိုယ်ပိုင် ဆုံးဖြတ်ချက်များကို ချရန် အလိုရှိလေသည်။ ယင်း၏ သွယ်ဝိုက်သော အဓိပ္ပာယ်မှာ လူသားသည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်း လမ်းခရီးကို မလိုက်လျှောက်ချင် သို့မဟုတ် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို မကျိုးနွံမနာခံချင်သကဲ့သို့ ဘုရားသခင်ကို ဘုရားသခင်အဖြစ် မကိုးကွယ်ချင်ပေဟု ဖြစ်သည်။ ယင်းမှာ ယနေ့ လူသား၏ အခြေအနေ ဖြစ်သည်။ ယခုတွင် ငါတို့ ယောဘကို တစ်ဖန် ကြည့်ကြစို့။ ပထမဆုံးအနေဖြင့်၊ သူသည် ဘုရားသခင်နှင့် အပေးအယူ တစ်ခု လုပ်ခဲ့သလော။ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်း လမ်းခရီးကို မြဲမြံစွာ ထိန်းသိမ်းရာတွင် ဖုံးကွယ်ထားသော ရည်မှန်းချက် တစ်ခုတစ်လေ သူ၌ရှိခဲ့ပါသလော။ ထိုအချိန်က ဘုရားသခင်သည် ရောက်လာမည့် အဆုံးသတ်ကို တစ်ဦးတစ်ယောက်အား ပြောဖူးပါသလော။ ထိုအချိန်က ဘုရားသခင်သည် အဆုံးသတ်နှင့် ပတ်သက်၍ မည်သူကိုမျှ ကတိများ မပေးခဲ့ဖူးသကဲ့သို့၊ ယင်းသည် ယောဘက ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်နိုင်ခဲ့သည်ဟူသော ဤနောက်ခံအကြောင်းအရာနှင့် ဆန့်ကျင်ဘက် ဖြစ်ခဲ့ပေသည်။ ယနေ့လူများသည် ယောဘနှင့် နှိုင်းယှဉ်ခြင်းကို ခံနိုင်ပါသလော။ ကွာဟချက် အလွန်များလှ၏။ ၎င်းတို့သည် မတူညီသော အတန်းအစားများ၌ ရှိကြသည်။ ယောဘသည် ဘုရားသခင်နှင့် သက်ဆိုင်သည့် အသိပညာ များစွာ မရှိခဲ့သော်လည်း၊ သူသည် သူ၏စိတ်နှလုံးကို ဘုရားသခင်ထံ ပေးခဲ့ပြီးဖြစ်ကာ ယင်းသည် သူ၏ ဘုရားသခင်နှင့် သက်ဆိုင်ခဲ့သည်။ သူသည် ဘုရားသခင်နှင့် မည်သည့်အခါမျှ အပေးအယူ မလုပ်ခဲ့သကဲ့သို့၊ ဘုရားသခင်အပေါ် လွန်ကဲသော အလိုဆန္ဒများ သို့မဟုတ် တောင်းဆိုချက်များ မရှိခဲ့ပေ။ ယင်းအစား ‘ယေဟောဝါသည် ပေးတော်မူ၏၊ ပြီးလျှင် ယေဟောဝါသည် ပြန်နုတ်သိမ်းတော်မူ၏။’ ဟူ၍ သူယုံကြည်ခဲ့သည်။ ဤသည်မှာ ဘဝ၏ နှစ်များစွာတစ်လျှောက်လုံးတွင် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်း လမ်းခရီးအတိုင်း ထိန်းသိမ်းရာမှ သူမြင်ပြီး ရရှိခဲ့ပြီးဖြစ်သည့်အရာ ဖြစ်သည်။ ထို့နည်းတူ ‘ငါတို့သည် ဘုရားသခင်၏လက်တော်မှ သုခချမ်းသာကို ခံယူသည်ဖြစ်၍၊ ဒုက္ခဆင်းရဲကို မခံမယူရာသလော’ ဟူသည့် နှုတ်ကပတ်တော်များတွင် ပါရှိသည့် ရလဒ်ကိုလည်း သူရခဲ့ပြီးဖြစ်သည်။ ဤဝါကျနှစ်ကြောင်းမှာ သူ၏အသက်တာ အတွေ့အကြုံများကာလအတောအတွင်း ဘုရားသခင်အပေါ် သူ၏ကျိုးနွံနာခံခြင်း သဘောထား၏ အကျိုးဆက်တစ်ခုအဖြစ် သူမြင်ခဲ့ကာ သိလာခဲ့ပြီးဖြစ်သည့် အရာဖြစ်ပြီး၊ ယင်းတို့သည် စာတန်၏ စုံစမ်းနှောင့်ယှက်မှုများအတောအတွင်းတွင် သူ့ကို အောင်နိုင်စေခဲ့သော တန်ခိုးအရှိဆုံး လက်နက်များလည်း ဖြစ်သကဲ့သို့၊ ဘုရားသခင်ကို သက်သေခံရာတွင် သူ၏ မြဲမြံစွာ ရပ်တည်ရခြင်း အုတ်မြစ်လည်း ဖြစ်ခဲ့ပေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂)) ဘုရားက ယုံကြည်မှုနဲ့ပတ်သက်ပြီး လူတွေရဲ့ အမြင်တွေကို အပြည့်အဝဖော်ထုတ်တယ်။ လူတွေက ဘုရားကို ဘုရားလို သဘောမထားကြဘဲ၊ ကြွယ်ဝခြင်းကိုပြတဲ့ ဦးချိုသင်္ကေတလို၊ ဘက်စုံသုံးလို့ရတဲ့အရာတစ်ခုလို သဘောထားကြတယ်။ သူတို့ကိုယ်သူတို့ ဘုရားရဲ့ အကြီးမားဆုံး ကြွေးရှင်တွေအနေနဲ့ မြင်ပြီး၊ ဘုရားဆီကနေ ကျေးဇူးတော်ကို လောဘတကြီး ထုတ်ယူဖို့ ကြိုးစားကြတယ်။ ဒီလိုယုံကြည်မှုမျိုးက မသန့်စင်သလို အပေးအယူဆန်ပြီး၊ ရိုးသားစစ်မှန်မှု နည်းနည်းမှ မရှိဘူး။ ဘုရားက ကျွန်မရဲ့ လက်ရှိ အခြေအနေကို တိုက်ရိုက် ပြောတယ်။ ကျွန်မရဲ့ မိသားစုက အခက်အခဲ ဖြတ်သန်းနေရပြီး၊ အကူအညီတောင်းစရာ နေရာမရှိတဲ့အချိန်မှာ၊ ဘုရားရဲ့ ကောင်းချီးနဲ့ ကွယ်ကာမှုတွေကို ကျွန်မ တွေ့ကြုံခဲ့ရတယ်။ ဒါကြောင့် ကျွန်မအမေနဲ့ ကျွန်မ အေးချမ်းတဲ့၊ အပူအပင်ကင်းတဲ့ ဘဝတစ်ခုကို အသက်ရှင်ရဖို့ သေချာအောင် ဘုရားလုပ်ပေးမှာပဲလို့ ထင်ခဲ့တယ်။ ဘုရားကိုယုံကြည်မှုက ကျွန်မဘဝတစ်လျှောက်မှာ အခက်အခဲကနေ လုံးဝ ကင်းလွတ်ခွင့်ပေးမှာပဲလို့ တွေးခဲ့တယ်။ တစ်ခုခု ဖြစ်လာရင်၊ ဘုရားက ကျွန်မကို ကာကွယ်ပေးပြီး ကျွန်မရဲ့ သုခချမ်းသာအတွက် တာဝန်ယူမှာပါပေါ့။ ဒီနှစ်တွေမှာ ကျွန်မရဲ့ လိုက်စားမှုမှာ ဒီလိုဖြစ်ချင်တဲ့ အတွေးအမျိုးကို အာရုံစိုက်ပြီးတွေးကြည့်ခဲ့တယ်။ ကျွန်မတာဝန်ကို လုပ်ဖို့အတွက် အရာရာကို စွန့်လွှတ်အောင် ကျွန်မရဲ့ စိတ်လှုံ့ဆော်မှု ဖြစ်ခဲ့တာကတော့ ဘုရားရဲ့ ကျေးဇူးတော်နဲ့ ကောင်းချီးတွေကို ရရှိခြင်းပဲ ဖြစ်ပါတယ်။ ကျွန်မ နေမကောင်းဖြစ်ပြီး ဘုရားက အနာမငြိမ်းပေးတဲ့အခါ၊ ကျွန်မ ချက်ချင်း ပြောင်းလဲသွားတယ်။ ကျွန်မရဲ့ အချိန်အတော်ကြာ ကိုင်စွဲထားတဲ့ မျှော်လင့်ချက် ကြေမွသွားသလိုမျိုးပဲ။ ပြီးခဲ့တဲ့ နှစ်တွေမှာ ကျွန်မ စွန့်လွှတ်ပြီး အသုံးခံခဲ့တာကို အခြေခံပြီး ဘုရားနဲ့ ကျွန်မ စအငြင်းပွားခဲ့တယ်။ ဘာလို့ ကျွန်မကို သူ အဲဒီလို ဆက်ဆံတာလဲလို့ ဘုရားကို မေးခွန်းထုတ်ခဲ့ပြီး၊ ဆုတောင်းဖို့၊ သူ့နှုတ်ကပတ်တော်တွေကို ဖတ်ဖို့တောင် မလိုလားခဲ့ဘူး။ အပျက်သဘောဆောင်ပြီး ပုန်ကန်တတ်တဲ့ အခြေအနေမှာ အသက်ရှင်ခဲ့တယ်။ အဲဒီနှစ်တွေမှာ ဘုရားက ကျွန်မရဲ့ မကောင်းတဲ့ ဝိညာဉ်ရင့်ကျက်မှုကို သနားလို့ ကျွန်မကို ကာကွယ်ခဲ့ပြီး ဂရုစိုက်ခဲ့သလို၊ ရုပ်ဝတ္ထု ကျေးဇူးတော်နဲ့ ကောင်းချီးတွေကို ပေးသနားခဲ့တယ်။ ဒါပေမဲ့ ကျွန်မ လုံးဝ ကျေးဇူးမတင်ခဲ့သလို၊ ပိုလို့တောင် လောဘကြီးလာခဲ့တယ်။ နည်းနည်းပဲ အသုံးခံပြီးတဲ့နောက်မှာ ကျွန်မတစ်ဘဝလုံးအတွက် ကျွန်မကို ကာကွယ်ပေးဖို့ ဘုရားကို တောင်းဆိုခဲ့ပြီး၊ သူ မကာကွယ်ပေးတော့၊ သူ့ကို စိတ်ပျက်လာခဲ့တယ်။ ကျွန်မ အရှက်မဲ့ပြီး ဆင်ခြင်တုံတရား မရှိလိုက်တာ။ ယောဘက ဘုရားအပေါ် ဘာတောင်းဆိုမှုမှ မရှိခဲ့ဘူး။ ဘယ်အခြေအနေ၊ ဘယ်ပတ်ဝန်းကျင်ပဲ ဖြစ်ပါစေ၊ ဘုရားကို သူ ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်ခဲ့တယ်။ ဘုရားက သူ့ကို ကောင်းချီးပေးတော့၊ သူ ဘုရားကို ကျေးဇူးတင်ခဲ့တယ်။ ဒါပေမဲ့ သူ့အခြေအနေ ပြောင်းလဲသွားခဲ့ပြီး၊ သူ့ရဲ့ ဥစ္စာပစ္စည်းတွေ ဆုံးရှုံးခဲ့ရတဲ့အချိန်၊ သူ့သားသမီးတွေ အသတ်ခံခဲ့ရပြီး၊ သူ့မှာ နာကျင်စရာ အနာစိမ်းတွေ ဖြစ်ခဲ့တဲ့အချိန်မှာ ဘုရားအပေါ်မှာ သူ ယုံကြည်ခြင်းဆက်ရှိခဲ့ပြီး ကြောက်ရွံ့ခဲ့တယ်။ ဘုရားကို စောဒကတက်တဲ့ စကားတစ်ခွန်းမှ လုံးဝ မပြောခဲ့ဘူး။ ဘုရားရဲ့ နာမကိုတောင် သူ ချီးမွမ်းခဲ့တယ်။ သူ့အခြေအနေ ဘယ်လိုပဲ ပြောင်းလဲပါစေ၊ ဖန်ဆင်းခံအနေနဲ့ သူ့နေရာမှာ သူ ရပ်တည်နိုင်ခဲ့ပြီး၊ ဘုရားကို ကျိုးနွံနာခံနိုင်ခဲ့တယ်။ ယောဘက ဘုရားကို တကယ်ယုံကြည်တဲ့ ယုံကြည်သူပဲ။ သူ့ရဲ့ လူ့သဘာဝနဲ့ အသိစိတ်က ကျွန်မကို ရှက်မိစေတယ်။ ကျွန်မမှာ ဘုရားကို စစ်မှန်တဲ့ ယုံကြည်မှု မရှိခဲ့သလို၊ သူ့ကို ဘက်စုံသုံးပစ္စည်းတစ်ခုလို သဘောထားခဲ့တယ်။ ဘုရားရဲ့ ကျေးဇူးတော်နဲ့ ကောင်းချီးတွေကို ကျွန်မနဲ့အတူ အချိန်တိုင်း ပါရှိစေချင်ခဲ့တယ်။ ကျွန်မ တစ်ကိုယ်ကောင်းဆန်လာခဲ့ပုံကို ကျွန်မ မယုံကြည်နိုင်ဘူး။ ကျေးဇူးတော်ခေတ်မှာ သခင်ယေရှုက မုန့်ငါးလုံး၊ ငါးနှစ်ကောင်နဲ့ ကျွေးမွေးခဲ့တဲ့ လူအုပ်ကို ကျွန်မ တွေးမိတယ်။ သူတို့က သခင်ယေရှုရဲ့ တရားဒေသနာကို စိတ်မဝင်စားကြဘူး။ သူ့ဆီကနေ ကျေးဇူးတော်၊ ကောင်းချီးတွေနဲ့ အခွင့်အရေးတွေကိုပဲ ရချင်ခဲ့ကြတယ်။ သူတို့က အခွင့်အရေးသမားတွေနဲ့ ဘာသာတရားမရှိတဲ့ သူတွေပါပဲ။ အစာကျွေးခံရပြီး ဗိုက်တွေပြည့်ဖို့ပဲ ဆန္ဒရှိခဲ့ကြတဲ့ အဲဒီလူအုပ်နဲ့ ကျွန်မရဲ့ လောဘက ဘာမှ မကွဲပြားတာကို မြင်ခဲ့ရတယ်။ ကျွန်မ အရမ်းကို အကျင့်ပျက်ခဲ့ပြီး၊ ဘုရားကို စက်ဆုပ်စေပြီး ရွံရှာအောင် သေချာပေါက် လုပ်ခဲ့တယ်။ အဲဒီလို အမြင်တွေပေါ် အခြေခံပြီး ကျွန်မ ဆက်ယုံကြည်ခဲ့ရင်၊ ကျွန်မ တစ်ဘဝလုံး ယုံကြည်ခဲ့ရင်တောင် သမ္မာတရားနဲ့ ကယ်တင်ခြင်းကို လုံးဝ ရမှာမဟုတ်ပါဘူး။ ကျွန်မရဲ့ ရောဂါက ကျွန်မကို ဘုရားပေးတဲ့ ပိုကြီးမားတဲ့ ကျေးဇူးတော်ဖြစ်မှန်း မြင်ခဲ့ရတယ်။ ကျွန်မရဲ့ ရောဂါကတစ်ဆင့် ကျွန်မ ထုတ်ဖော်မခံခဲ့ရရင်၊ ကောင်းချီးတွေအတွက် ကျွန်မရဲ့ အလိုဆန္ဒ ဘယ်လောက် ပြင်းထန်တယ်၊ ကျွန်မ ဘယ်လောက် လောဘကြီးပြီး စက်ဆုပ်စရာဖြစ်တယ်ဆိုတာတွေကို သတိပြုမိခဲ့မှာ မဟုတ်ဘူး။ အဲဒါဆိုရင် ကျွန်မ ပြောင်းလဲဖို့ အခွင့်အရေး ရှိမှာ မဟုတ်ဘူး။ ကျွန်မရဲ့ လုပ်ရပ်တွေပေါ် အခြေခံပြီး ဘုရားက ကျွန်မကို မဆက်ဆံခဲ့သလို၊ ညီအစ်ကို မောင်နှမတွေကတစ်ဆင့်တောင် ကျွန်မကို ကူညီခဲ့ပြီး၊ သူ့ရဲ့ နှုတ်ကပတ်တော်တွေကတစ်ဆင့် သူ့ရဲ့ ရည်ရွယ်ချက်တွေကို နားလည်အောင် ဉာဏ်အလင်းပေး၊ လမ်းပြခဲ့တယ်။ ကျွန်မ ရှက်မိပြီး အပြစ်ရှိသလို၊ ဘုရားရဲ့ မေတ္တာ၊ ကယ်တင်ခြင်းနဲ့ မထိုက်တန်ဘူးလို့ ခံစားရတယ်။ ဘုရားဆီ ကျွန်မ မျက်ရည်စက်လက်နဲ့ ဆုတောင်းခဲ့တယ်။ “အို ဘုရားသခင်၊ ရောဂါကြောင့် ထုတ်ဖော်ခံရတာကနေ၊ ဒီနှစ်တွေမှာ ကိုယ်တော့်ဆီကနေ ကျေးဇူးတော်ကိုပဲ ကျွန်မ တောင်းဆိုနေခဲ့မိပြီး၊ မရတော့ ညည်းတာတွေလုပ်ခဲ့မိမှန်း ကျွန်မ သိလိုက်ပါပြီ။ ကိုယ်တော့်ကို ကျွန်မ အကြွေးအရမ်းတင်သလို၊ ယုံကြည်သူလို့ မခေါ်ထိုက်ပါဘူး။ ကျွန်မမှာ ဖောက်ပြန်ပျက်စီးမှု အများကြီးရှိပြီး၊ ကျွန်မကိုယ်ကျွန်မ စစ်ဆေးပြီး၊ သန့်စင်ဖို့ ဒီရောဂါကို လိုအပ်မှန်း သိပါတယ်။ ကျွန်မဘဝရဲ့ ကျန်တဲ့အချိန်တွေမှာ ဒီရောဂါနဲ့ အသက်ရှင်ရမယ်ဆိုရင်တောင်၊ ကျွန်မ ကျိုးနွံနာခံပြီး၊ ကိုယ်တော့်ကို လုံးဝ မကျေမနပ်ဖြစ်တော့မှာ မဟုတ်ပါဘူး”လို့ပေါ့။ အံ့ဩစရာကောင်းတာက၊ ကျွန်မရဲ့ သဘောထား ပြောင်းလဲသွားတဲ့အခါ၊ ကျွန်မရဲ့ ခန္ဓာကိုယ်က တဖြည်းဖြည်း ကျန်းမာလာတာပါပဲ။ ကျွန်မ အဲဒီလို ခဏခဏဖြစ်တတ်တဲ့ ရောဂါလက္ခဏာတွေ မရှိတော့သလို၊ ကျွန်မတာဝန်ကို တဖြည်းဖြည်း စလုပ်လာနိုင်ခဲ့တယ်။
တစ်နေ့တော့၊ ကျွန်မရဲ့ အခြေအနေကို ပိုလို့နားလည်သွားစေတဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို အမှတ်မထင် တွေ့ခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “၎င်းတို့ထံ၌ အမှုအရာမည်မျှဖြစ်ပါစေ အန္တိခရစ်တစ်ဦး ဖြစ်သည့် လူစားမျိုးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှတစ်ဆင့် အမှုအရာများကို မြင်ဖို့ ကြိုးစားရန် မဆိုထားနှင့်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၌ သမ္မာတရားကို ရှာဖွေခြင်းအားဖြင့် ယင်းတို့ကို ကိုင်တွယ်ဖို့ မည်သည့်အခါမျှ မကြိုးစားပေ။ ယင်းမှာ ၎င်းတို့က ဘုရားနှုတ်ကပတ်တော်များ၏ စာကြောင်းတိုင်းသည် သမ္မာတရားဖြစ်ကြောင်းကို မယုံကြည်သောကြောင့် လုံးလုံးဖြစ်သည်။ ဘုရားအိမ်တော်က သမ္မာတရားကို မည်မျှ မိတ်သဟာယပြုပါစေ အန္တိခရစ်တို့သည် သဘောပေါက်လက်ခံခြင်းမရှိဘဲ အကျိုးဆက်အနေဖြင့် ၎င်းတို့သည် မည်သည့်အခြေအနေကို ရင်ဆိုင်ရသည်ဖြစ်စေ မှန်ကန်သော သဘောထားမရှိပေ။ အထူးသဖြင့် ဘုရားသခင်နှင့် သမ္မာတရားကို ၎င်းတို့ ချဉ်းကပ်ပုံနှင့် သက်ဆိုင်သောအခါတွင် အန္တိခရစ်များသည် ၎င်းတို့၏ အယူအဆများကို ဘေးဖယ်ထားဖို့ ခေါင်းမာစွာ ငြင်းဆန်ကြသည်။ ၎င်းတို့ ယုံကြည်သည့် ဘုရားသည် နိမိတ်လက္ခဏာနှင့် အံ့ဖွယ်အမှုများပြသော ဘုရားတစ်ပါး၊ သဘာဝလွန်ဖြစ်သော ဘုရားတစ်ပါးဖြစ်သည်။ ကွမ်ရင်မယ်တော် ဗောတိသတ်ဖြစ်စေ၊ ဗုဒ္ဓဖြစ်စေ၊ သို့မဟုတ် မာဇုဖြစ်စေ နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်အမှုများပြနိုင်သည့် မည်သူမဆိုကို ဘုရားများဟု ၎င်းတို့က ခေါ်ကြသည်။ နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်အမှုများကို ပြုနိုင်သည့်သူများသာ ဘုရားများ၏ ပင်ကိုလက္ခဏာကို ပိုင်ဆိုင်သော ဘုရားများဖြစ်ကြပြီး မပြုနိုင်သည့်သူများသည် သမ္မာတရားမည်မျှကို ဖော်ပြပါစေ မလွဲမသွေ ဘုရားများဖြစ်ခြင်းမျိုး မဟုတ်ဟု ၎င်းတို့က ယုံကြည်ကြ၏။ သမ္မာတရားကို ဖော်ပြခြင်းသည် ဘုရားသခင်၏ ကြီးမားသော တန်ခိုးနှင့် အနန္တတန်ခိုးဖြစ်ကြောင်းကို ၎င်းတို့ နားမလည်ကြပေ။ ထိုအစား နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်အမှုများကို ပြုခြင်းသည်သာလျှင် ဘုရားများ၏ ကြီးမားသော တန်ခိုးနှင့် အနန္တတန်ခိုးဖြစ်သည်ဟု ၎င်းတို့က တွေးထင်ကြသည်။ ထို့ကြောင့် လူတို့ကို သိမ်းပိုက်ပြီး ကယ်တင်ရန် သမ္မာတရားကို ဖော်ပြခြင်း၊ ရေလောင်းခြင်း၊ ထိန်းကျောင်းခြင်းနှင့် ဘုရားသခင် ရွေးချယ်ထားသောလူများကို ဦးဆောင်လမ်းပြခြင်း၊ ဘုရားသခင်၏ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ စမ်းသပ်ခြင်းများနှင့် စစ်ဆေးခြင်းတို့ကို ၎င်းတို့ အမှန်တကယ် တွေ့ကြုံပြီး သမ္မာတရားကို နားလည်လာရန်၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှားပြီး ဘုရားသခင်ကို ကျိုးနွံနာခံကာ ကိုးကွယ်သည့်လူများ ဖြစ်လာရန် ထောက်ကူပေးခြင်း စသည်တို့ကဲ့သော လူ့ဇာတိခံ ဘုရားသခင်၏ လက်တွေ့ကျသော အလုပ်နှင့်စပ်လျဉ်း၍ အန္တိခရစ်တို့က ဤအရာအားလုံးကို လူ၏ အလုပ်ဖြစ်ပြီး ဘုရားသခင်၏ အလုပ်မဟုတ်ဟု သဘောထားကြ၏။ အန္တိခရစ်တို့၏စိတ်ထဲတွင် ဘုရားများသည် ယဇ်ပလ္လင်နောက်၌ ကွယ်ဝှက်ပြီး လူများကို ၎င်းတို့အား ပူဇော်ဆက်ကပ်ခြင်းများ ပေးခိုင်းသင့်သည်။ လူများပူဇော်သည့် အစားအစာများကို စားသင့်သည်။ သူတို့ထွန်းညှိသည့် အမွှေးတိုင်အငွေ့ကို ရှုသွင်းသင့်သည်။ သူတို့ပြဿနာတက်သည့်အခါ ကူညီသင့်သည်။ ၎င်းတို့သည် အလွန်တန်ခိုးရှိကြောင်း ပြပြီး သူတို့ နားလည်နိုင်သည့်ဘောင်အတွင်းမှ သူတို့အတွက် ထောက်ကူမှုများ ချက်ချင်းပေးသင့်သည်။ လူများက အကူအညီတောင်းပြီး သူတို့၏ တောင်းပန်တိုးလျှိုးမှုတွင် အလွန်စိတ်ထက်သန်သည့်အခါ သူတို့၏လိုအပ်ချက်များကို ဖြည့်ဆည်းသင့်သည်ဟူ၍ ယူမှတ်ကြလေသည်။ အန္တိခရစ်များအဖို့ ထိုသို့သောဘုရားတစ်ပါးသာလျှင် စစ်မှန်သော ဘုရားတစ်ပါး ဖြစ်လေသည်။ သို့ရာတွင် ယနေ့ ဘုရားသခင်ပြုသမျှသည် အန္တိခရစ်တို့၏ အထင်သေးခြင်းကိုသာ ကြုံရလေသည်။ ယင်းမှာ အဘယ်ကြောင့်နည်း။ အန္တိခရစ်တို့၏သဘာဝ အနှစ်သာရကို သုံးသပ်ကြည့်ရလျှင် ၎င်းတို့လိုအပ်သည့်အရာသည် ဖန်ဆင်းခံများအပေါ် ဖန်ဆင်းရှင် ဆောင်ရွက်သည့် ရေလောင်းပေးခြင်း၊ ထိန်းကျောင်းခြင်းနှင့် ကယ်တင်ခြင်းတို့ မဟုတ်ဘဲ အရာအားလုံး၌ ကြီးပွားချမ်းသာခြင်းနှင့် ၎င်းတို့၏ ရည်မှန်းချက်များ ပြည့်ဝခြင်း၊ ဤဘဝ၌ အပြစ်ဒဏ်ပေးမခံရဖို့နှင့် နောင်ဘဝ၌ ကောင်းကင်ဘုံသွားဖို့တို့ ဖြစ်လေသည်။ ၎င်းတို့၏အမြင်ရှုထောင့်နှင့် လိုအပ်ချက်များက သမ္မာတရားကို မုန်းတီးသည့် ၎င်းတို့၏အနှစ်သာရကို အတည်ပြုလေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၁၅- ၎င်းတို့သည် ဘုရားသခင်၏ တည်ရှိမှုကို မယုံကြည်ကြ၊ ထို့ပြင် ခရစ်တော်၏ အဖြစ်အနေကို ငြင်းပယ်ကြ၏ (အပိုင်း ၁)) ဒီစာပိုဒ်က ပထမဆုံး ဖတ်တော့၊ ကျွန်မ နည်းနည်း လန့်သွားတယ်။ ဒါက ကျွန်မရဲ့ လက်ရှိ အခြေအနေ အတိအကျကို ဖော်ပြနေတာ မဟုတ်လားပေါ့။ အရင်က၊ ကျွန်မရဲ့ ယုံကြည်ခြင်းမှာရှိတဲ့ လိုက်စားမှုနဲ့ပတ်သက်လို့ ကျွန်မရဲ့ ရှုထောင့်အမြင် မှားတာကို သိပဲသိခဲ့တာ။ ဒါပေမဲ့ ဒီစာပိုဒ်ကို ဖတ်ပြီးတဲ့နောက်မှာ ကျွန်မ သဘောပေါက်သွားတယ်။ ဒီတစ်ချိန်လုံးမှာ ကျွန်မက ကျွန်မရဲ့ အယူအဆနဲ့ စိတ်ကူးတွေရဲ့ ဘုရားကို ယုံကြည်နေခဲ့တာပဲ။ အရင်တုန်းက၊ ဘုရားရဲ့ ကျေးဇူးတော် အများကြီး မွေ့လျော်ခံစားခဲ့ပြီး သူ့လုပ်ဆောင်ချက်တချို့ကို မျက်မြင်တွေ့ခဲ့ရတယ်။ ဒါက ကျွန်မအပေါ် ဘုရားရဲ့ သနားကရုဏာနဲ့ ကွယ်ကာမှုဖြစ်ပြီး၊ ကျွန်မတို့ရဲ့ ပြဿနာတွေနဲ့အညီ ကျွန်မတို့အတွက် သူ လမ်းဖွင့်ပေးတာ၊ ပုံမှန် ဘဝတစ်ခုကို နေထိုင်ပြီး၊ သူ့နောက်လိုက်ဖို့အတွက် သင့်တော်တဲ့ အခြေအနေတစ်ခု ရှိခွင့်ပေးတာပဲ။ သမ္မာတရားတချို့ကို တဖြည်းဖြည်း ကျွန်မ စနားလည်လာတဲ့အခါ၊ ဘုရားက ကျွန်မဘဝမှာ လိုအပ်တဲ့အရာပေါ် အခြေခံပြီး ကျွန်မကို သန့်စင်၊ ပြောင်းလဲစေဖို့ သင့်တော်တဲ့ အခြေအနေတွေကို စီစဉ်ညွှန်ကြားမှာဖြစ်သလို သူ့ကို သိတဲ့အသိ ရခွင့်ပေးမှာဖြစ်ပါတယ်။ ဒါက လူသားမျိုးနွယ်ကို ဘုရားသခင် ကယ်တင်တဲ့ နည်းလမ်းတစ်ခုပဲ။ ဒါပေမဲ့ ဘုရားကျေးဇူးတော် အများကြီး မွေ့လျော်ခံစားပြီးတဲ့နောက်မှာ၊ ကျွန်မရဲ့ အယူအဆတွေနဲ့ သူ့ကို ကျွန်မ ဘောင်ခတ်ခဲ့တယ်။ သူက ကျေးဇူးတော်နဲ့ ကောင်းချီးတွေ ပေးသနားတဲ့ ဘုရားဖြစ်တယ်လို့ ယုံကြည်ပြီးတော့ပေါ့။ ဘုရားရဲ့ လုပ်ရပ်တွေက ကျွန်မရဲ့ မျှော်လင့်ချက်တွေနဲ့ မကိုက်တဲ့အခါ၊ သူက ကျွန်မကို ကာကွယ်ပေးသင့်ပြီး အရမ်းနေမကောင်းတာ မဖြစ်စေသင့်ဘူးလို့ ယုံကြည်ပြီး ကျွန်မရဲ့ အယူအဆတွေပေါ် အခြေခံပြီး သူ့ကို အကဲဖြတ်ခဲ့တယ်။ ကျွန်မက ဘုရားရဲ့ နာမကို စကားလုံးနဲ့ အသိအမှတ်ပြုခဲ့ပေမဲ့၊ ကျွန်မရဲ့ အယူအဆနဲ့ စိတ်ကူးတွေရဲ့ မရေရာတဲ့ ဘုရားကို ယုံကြည်ခဲ့မိတယ်။ ဒါက ဘုရားကို ပြစ်မှားစော်ကားတာပဲ။ ဒါကို သဘောပေါက်လိုက်တဲ့အခါ၊ ကျွန်မ ထိတ်လန့်သွားပြီး၊ ဒီရောဂါက ဘုရားနဲ့ပတ်သက်လို့ ကျွန်မရဲ့ အယူအဆတွေကို အမှန်ပြင်ပေးဖို့ ကူညီပေးပြီး ကျွန်မရဲ့ ကျေးဇူးတော်တစ်မျိုးဖြစ်ပုံကို ပိုလို့တောင် မြင်ခဲ့တယ်။ အဲဒါက ဘုရားရဲ့ မေတ္တာနဲ့ ကယ်တင်ခြင်းသက်သက်ပါပဲ။ ကျွန်မ နောင်တရဖို့ ဘုရားဆီ အမြန် ဆုတောင်းခဲ့တယ်။ ကျွန်မရဲ့ ရောဂါက တစ်ခါပဲ ဖြစ်တဲ့အရာ မဟုတ်ဘူး၊ နာတာရှည်ဖြစ်ပြီး ကြိုခန့်မှန်းလို့ မရဘူး။ ဒါကြောင့် ဝင်ရောက်မှုအတွက် လမ်းကြောင်းတစ်ခု ကျွန်မရှာဖို့လိုတယ်။
နောက်ပိုင်းမှာ၊ ဒီဘုရားနှုတ်ကပတ်တော်အပိုဒ်တွေကို ကျွန်မ တွေ့တယ်။ “ဘုရားသခင်အား ယုံကြည်ခြင်း ဟူသည် ဒုက္ခခံရခြင်း၊ သို့မဟုတ် သူ့အတွက် အမှုအရာအမျိုးမျိုးကို လုပ်ဆောင်ပေးခြင်းအကြောင်း ဖြစ်သည်ဟု သင်ထင်ကောင်းထင်နိုင်သည်။ ဘုရားသခင်အား ယုံကြည်ခြင်း၏ ရည်ရွယ်ချက်မှာ သင်၏ဇာတိပကတိ ငြိမ်သက်ခြင်းရှိရန်၊ သို့မဟုတ် သင့်ဘဝထဲရှိ အရာရာတိုင်း အဆင်ပြေချောမွေ့စွာ သွားနေရန်၊ သို့မဟုတ် အရာခပ်သိမ်း၌ သင်သက်သောင့်သက်သာရှိပြီး ငြိမ်သက်ခြင်းရှိရန် ဖြစ်သည်ဟု သင် ထင်ကောင်း ထင်လောက်ပေသည်။ သို့သော်လည်း ဤအရာများတစ်ခုကမျှ ဘုရားသခင်အပေါ် သူတို့၏ယုံကြည်မှု၌ လူတို့ အလေးထားသင့်သော ရည်ရွယ်ချက်များ မဟုတ်ချေ။ အကယ်၍ သင်သည် ဤရည်ရွယ်ချက်များအတွက် ယုံကြည်မိပါက၊ သင်၏အမြင်မှာ မမှန်ကန်သည့်အပြင်၊ သင့်အနေဖြင့် စုံလင်အောင်ပြုခြင်းခံရရန် တကယ်ပင် မဖြစ်နိုင်ချေ။ ဘုရားသခင်၏ လုပ်ဆောင်ချက်များ၊ ဘုရားသခင်၏ ဖြောင့်မတ်သောစိတ်သဘောထား၊ သူ၏ဉာဏ်ပညာ၊ သူ၏ နှုတ်ကပတ်တော်များ၊ သူ၏ အံ့သြဖွယ်ကောင်းခြင်းနှင့် ဉာဏ်မမီနိုင်ခြင်း အားလုံးတို့မှာ လူတို့နားလည်သင့်သော အရာများပင်ဖြစ်သည်။ သင်သည် ဤနားလည်မှုရှိလျက် ယင်းကို သင်၏စိတ်နှလုံးထဲမှ ပုဂ္ဂိုလ်ရေးရာ တောင်းဆိုချက်များ၊ မျှော်လင့်ချက်များနှင့် အယူအဆများ ဟူသမျှကို ဖယ်ရှားရန် အသုံးပြုသင့်သည်။ ဤအရာများကို ဖယ်ရှားခြင်းဖြင့်သာလျှင် သင်သည် ဘုရားသခင်တောင်းဆိုထားသော သတ်မှတ်ချက်များနှင့် ပြည့်မီနိုင်ပေမည်။ ထို့ပြင် ဤအရာ လုပ်ဆောင်ခြင်းဖြင့်သာလျှင် သင်သည် အသက်ကိုရရှိကာ ဘုရားသခင်ကို ကျေနပ်စေနိုင်မည်ဖြစ်သည်။ ဘုရားသခင်အား ယုံကြည်ခြင်း၏ ရည်ရွယ်ချက်သည် သူ့ကိုကျေနပ်စေရန်နှင့် သူတောင်းဆိုသော စိတ်သဘောထားဖြင့် အသက်ရှင်နေထိုင်ရန် ဖြစ်ပြီး၊ ထိုမှသာ သူ၏လုပ်ရပ်များနှင့် ဘုန်းတော်သည် မထိုက်တန်သော ဤလူအုပ်စုအားဖြင့် ထင်ရှားစေနိုင်မည် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်အား ယုံကြည်ခြင်းအတွက် မှန်ကန်သောအမြင်ဖြစ်ပြီး၊ သင်ရှာဖွေသင့်သော ပန်းတိုင်လည်းဖြစ်သည်။ သင်၌ ဘုရားသခင်အား ယုံကြည်ခြင်းနှင့်ပတ်သက်၍ မှန်ကန်သောသဘောထား ရှိသင့်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ရရှိရန် သင်ကြိုးစားသင့်သည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ဖို့လိုအပ်ပြီး၊ သင်သည် သမ္မာတရားကို အသက်ရှင်နေထိုင်နိုင်ရမည်၊ အထူးသဖြင့် သင်သည် သူ၏ လက်တွေ့လုပ်ဆောင်ချက်များ၊ စကြဝဠာတစ်ဝှမ်းလုံးရှိ သူ၏ အံ့သြဖွယ်ကောင်းသော လုပ်ဆောင်ချက်များသာမက လူ့ဇာတိအားဖြင့် သူပြုသည့် လက်တွေ့ကျသောအမှုတို့ကို မြင်နိုင်ရမည်။ လူတို့သည် ၎င်းတို့၏ လက်တွေ့ကျသော အတွေ့အကြုံများအားဖြင့် ဘုရားသခင် ၎င်းတို့အပေါ် သူ၏အမှုကို မည်သို့ပြုကြောင်းနှင့် ၎င်းတို့အတွက် သူ၏ရည်ရွယ်ချက်များမှာ မည်သည့်အရာဖြစ်ကြောင်းကိုပင် သတိပြုမိနိုင်သည်။ ဤအရာအားလုံးတို့၏ ရည်ရွယ်ချက်မှာ လူတို့၏ ဖောက်ပြန်ပျက်စီးသော ဆိုးယုတ်သည့် စိတ်သဘောထားကို ဖယ်ရှားရန် ဖြစ်သည်။...သမ္မာတရားကို အမှန်တကယ် အားထုတ်သော၊ ဘုရားသခင်အား သိကျွမ်းဖို့ ကြိုးစားပြီး အသက်ကို ရရှိအောင် အားထုတ်သော လူတို့သာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သောသူများ ဖြစ်ကြသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စုံလင်ခြင်းသို့ ရောက်မည့်သူများသည် စစ်ဆေးခြင်းကို ခံကြရမည်) “သင်သည် ဘုရားသခင်အား ယုံကြည်ပြီး ဘုရားသခင်နောက် လိုက်သည်၊ ထို့ကြောင့် သင်သည် ဘုရားသခင်ကိုချစ်သော စိတ်နှလုံး ရှိရပေမည်။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သင် ဘေးဖယ်ထားရမည်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို အထမြောက်အောင် လုပ်ဆောင်ရန် သင် ကြိုးစားရမည် ဖြစ်ပြီး၊ ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါ တစ်ဦး၏ တာဝန်ကို သင် ထမ်းဆောင်ရပေမည်။ သင်သည် ဘုရားသခင်အား ယုံကြည်ကာ ဘုရားသခင် နောက်ကို လိုက်သည့်အတွက်၊ သင်သည် အရာရာကို သူ့ထံ ဆက်သသင့်ပြီး၊ ကိုယ်ပိုင် ရွေးချယ်မှုများ သို့မဟုတ် တောင်းဆိုမှုများ မပြုလုပ်သင့်သကဲ့သို့၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို အထမြောက်အောင် လုပ်ဆောင်ခြင်းကို သင် စွမ်းဆောင် ရရှိသင့်ပေသည်။ သင်သည် ဖန်ဆင်းခြင်း ခံခဲ့ရသည့်အတွက်၊ ပင်ကိုအားဖြင့် မိမိကိုယ်ကိုယ်အပေါ် အုပ်စိုးခြင်း မရှိသကဲ့သို့၊ မိမိ၏ ကိုယ်ပိုင် ကံကြမ္မာကို ထိန်းချုပ်နိုင်စွမ်း မရှိသည့်အတွက်၊ သင့်ကို ဖန်ဆင်းသည့် သခင်ကို သင်သည် နာခံသင့်ပေသည်။ သင်သည် ဘုရားသခင်အား ယုံကြည်သော လူတစ်ဦး ဖြစ်သည့်အတွက်၊ သန့်ရှင်းခြင်းနှင့် ပြောင်းလဲခြင်းကို ဖွေရှာသင့်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အောင်မြင်မှု သို့မဟုတ် ရှုံးနိမ့်မှုသည် လူလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည်) ဘုရားနှုတ်ကပတ်တော်တွေကတစ်ဆင့်၊ သူ့တောင်းဆိုချက်တွေအပေါ် သိနားလည်မှုတချို့ကို ကျွန်မ ရခဲ့တယ်။ ကျွန်မတို့ရဲ့ ယုံကြည်ခြင်းမှာ၊ ကောင်းချီးနဲ့ အေးချမ်းမှုကို ကျွန်မတို့ မရှာသင့်ဘူး။ အဲဒါထက် ဘုရားရဲ့ အမှုတော်ကို တွေ့ကြုံဖို့ ဖန်ဆင်းခံတွေအနေနဲ့ ကျွန်မတို့ရဲ့ နေရာမှာ ရပ်သင့်တယ်။ အခြေအနေ အမျိုးမျိုးကနေတစ်ဆင့် ဘုရားရဲ့ ရည်ရွယ်ချက်တွေနဲ့ သူ့ရဲ့ စိတ်သဘောထားကို သိနားလည်မှု ရသင့်တယ်။ ကိုယ်ံကိုယ်ကို သုံးသပ်ပြီး သိသင့်သလို၊ အဲဒီလို အခြေအနေတွေကတစ်ဆင့် ကောင်းချီးတွေအတွက် ကျွန်မတို့ရဲ့ အလိုဆန္ဒနဲ့ မသန့်စင်မှုတွေကို စွန့်လွှတ်သင့်တယ်။ အဲဒီလို လုပ်မှပဲ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်းကို ကျွန်မတို့ ရနိုင်ပြီး ကယ်တင်ခြင်း ရနိုင်တယ်။ အရင်တုန်းက၊ ကျွန်မရဲ့ ယုံကြည်ခြင်းက ကျေးဇူးတော် ရရှိတဲ့အပေါ် အခြေခံခဲ့တယ်။ ဒါကြောင့် အချိန်အတော်ကြာအောင် နေမကောင်းဖြစ်ပေမဲ့၊ သမ္မာတရားကို မရှာခဲ့သလို၊ ကျွန်မရဲ့ ဘဝက ဆုံးရှုံးမှုတွေ ခံစားခဲ့ရတယ်။ ကျွန်မ ကျိုးနွံနာခံခဲ့တဲ့အခါ၊ သမ္မာတရားကို ရှာပြီး ဘုရားရဲ့ နှုတ်ကပတ်တော်တွေနဲ့ အမှုတော်ကို တွေ့ကြုံတဲ့အခါ၊ ဘုရားရဲ့ ကောင်းမွန်တဲ့ ရည်ရွယ်ချက်တွေကို စနားလည်ခဲ့တယ်။ ကျွန်မရဲ့ ခန္ဓာကိုယ်က အတိုင်းအတာတစ်ခုထိ တကယ် ဒုက္ခခံစားခဲ့ရပေမဲ့ ဒီအခြေအနေက ယုံကြည်ခြင်းနဲ့ ပတ်သက်လို့ ကျွန်မရဲ့ မှားတဲ့ အမြင်တွေကို ပြုပြင်ပေးပြီး ကျွန်မရဲ့ ယုံကြည်ခြင်းမှာ စက်ဆုပ်စရာကောင်းတဲ့ ကျွန်မရဲ့ ရည်ရွယ်ချက်တွေကို သတိပြုမိခွင့်ပေးပြီး၊ အချိန်မီ ပြုပြင်ခွင့်ပေးခဲ့တယ်။ ဒါက ဘုရားရဲ့ ကရုဏာ၊ ချစ်ခြင်းနဲ့ဆိုင်တဲ့ ပိုတောင်ကြီးမားတဲ့ အဖြစ်တစ်ခုပါပဲ။ ကျွန်မရဲ့ ဇာတိပကတိကို သူပေးတဲ့ ကျေးဇူးတော်နဲ့ ကောင်းချီးတွေထက်တောင် ပိုကြီးမားတယ်။ ကျွန်မ အပြည့်အဝ နာလံမထူသေးသလို၊ တစ်ခါတလေ ရောဂါလက္ခဏာတွေ ပြသေးတယ်။ ဘုရားကို ကျိုုးနွံနာခံပြီး မညည်းညူရုံနဲ့ပဲ ကျွန်မ မကျေနပ်နိုင်ခဲ့ဘူး။ သူ့ရဲ့ ရည်ရွယ်ချက်ကို ကျွန်မ ဆက်ရှာရမယ်။ ဘယ်ဖောက်ပြန်ပျက်စီးမှုကို ကျွန်မ ထုတ်ဖော်ခဲ့တယ်၊ ကျွန်မရဲ့ ဘယ်ကဏ္ဍကို ဘုရား စက်ဆုပ်သေးတယ်ဆိုတာတွေကို သုံးသပ်ပြီး၊ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးခြင်းကို ဖြေရှင်းဖို့ ဘုရားနှုတ်ကပတ်တော်တွေရဲ့ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမမှုတွေကို လက်ခံရမယ်။ ဒါက ကျွန်မ ခရီးနှင်ရမဲ့လမ်းပဲ။ ဒါကိုသဘောပေါက်ပြီးတဲ့နောက်မှာ၊ ကျွန်မ ဘုရားနဲ့ မရင်းနှီးသလို သိပ်မခံစားရတော့ဘူး။ ကျွန်မတာဝန်မှာ ပိုလို့ တက်ကြွလာခဲ့တယ်။ ကျွန်မအလုပ်မှာရှိတဲ့ ပြဿနာတွေကို ပြန်ဆန်းစစ်တဲ့အပေါ် စပြီးအာရုံစိုက်ခဲ့တယ်။ ကျွန်မ လိုနေတဲ့ ကဏ္ဍတွေနဲ့ ဆက်စပ်တဲ့ စည်းမျဉ်းတွေကို လေ့လာခဲ့ပြီး၊ ကျွန်မရဲ့ အတတ်ပညာဆိုင်ရာ ကျွမ်းကျင်မှုတွေမှာ တိုးတက်မှုတချို့ စမြင်ခဲ့တယ်။ တဖြည်းဖြည်းနဲ့ ကျွန်မရဲ့ ကျန်းမာရေး စတိုးတက်လာခဲ့ပြီး၊ ရောဂါလက္ခဏာတွေက ဖြစ်တဲ့အကြိမ်နည်းလာခဲ့တယ်။ ဒီသိနားလည်မှုနဲ့ ပြောင်းလဲမှုကို ရဖို့ ကျွန်မကို လမ်းပြတဲ့အတွက် ဘုရားကို ကျေးဇူးတင်ပါတယ်။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။