ကျွန်ုပ်၏ မုန်းတီးစိတ်များကို ဖယ်ရှားပုံ

29.04.2024

လီစင်းက စာအလုပ်ကို ကြီးကြပ်ရာမှာ ကျွန်မရဲ့ တွဲဖက်ဖြစ်ခဲ့ပေမဲ့ နောက်ပိုင်းမှာ လက်တွေ့အလုပ်မလုပ်နိုင်ခဲ့လို့ အစားထိုးခံခဲ့ရတယ်။ အစားထိုးခံရတဲ့အချက်ကို သူလက်မခံနိုင်အောင်ဖြစ်ခဲ့ပြီး၊ အဆင့်အတန်းအတွက် ဆက်ပြိုင်ပြီး၊ ကျွန်မကို ပြိုင်ဆိုင်နေခဲ့တယ်။ လီစင်းက ကျွန်မအပေါ် မကောင်းတဲ့ သဘောထားရှိမှန်း ကျွန်မ မြင်နိုင်ခဲ့တယ်။ သူ့ကို စကားပြောချိန်မှာ ကျွန်မကို သူ လျစ်လျူရှုထားပြီး၊ အလုပ်အကြောင်း ဆွေးနွေးတော့ တက်တက်ကြွကြွမရှိဘူး။ အဲဒါက တချို့ ပရောဂျက်တွေရဲ့ တိုးတက်မှုကို နှောင့်နှေးစေခဲ့တယ်။ ကျွန်မအလုပ်က ဟာကွက်တွေကိုလည်း သူလှောင်တယ်။ သူအလုပ်လုပ်ခဲ့ပုံကို ကျွန်မကို ကြွားပြီး ချိုးနှိမ်တဲ့ မှတ်ချက်တွေနဲ့ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးခြင်းကို ထောက်ပြတယ်။ ကျွန်မ နည်းနည်း စိတ်ကျဉ်းကျပ်သွားပြီး၊ သိက္ခာနဲ့ပတ်သက်လို့ ကျွန်မ ပူပန်လွန်းတယ်လို့ ဆက်ယုံကြည်မိခဲ့တယ်။ ကိုယ်က သူ့လောက် အဖြစ်မရှိတဲ့ အမှုဆောင်မို့လို့ အဖွဲ့ခေါင်းဆောင်အနေနဲ့ အစေမခံသင့်ဘူးလို့ ထင်ခဲ့တယ်။ ကျွန်မ နည်းနည်း အပျက်သဘောဆောင်လာခဲ့ပြီး၊ နုတ်ထွက်ပြီး လီစင်းကို တာဝန်လွှဲပေးလိုက်ဖို့တောင် စဉ်းစားခဲ့တယ်။ နောက်ပိုင်းမှာ ခေါင်းဆောင်ရဲ့ မိတ်သဟာယနဲ့ အကူအညီကြောင့်ပဲ ကျွန်မရဲ့အခြေအနေ နည်းနည်း တိုးတက်ခဲ့တယ်။ ဒါပေမဲ့ လီစင်းနဲ့ အလုပ်လုပ်နေချိန်မှာ စိတ်ကျဉ်းကျပ်နေတုန်းပါပဲ။ နောက်ပိုင်းမှာ လီစင်းက တစ်ဇွတ်ထိုးနိုင်မှန်း၊ အဆင့်အတန်းအတွက် မကြာခဏ ပြိုင်တတ်မှန်း၊ ပြီးတော့ တခြားလူတွေကို တိုက်ခိုက်ပြီး ကြဉ်တတ်မှန်း သိတော့၊ လီစင်းရဲ့ ပြဿနာတွေကို သူ စိတ်ဖြာလေ့လာဆွေးနွေးပြီး ဖော်ထုတ်ခဲ့တယ်။ ပထမတော့၊ လီစင်းကို မှန်ကန်တဲ့ ပုံစံနဲ့ ကျွန်မ ဆက်ဆံနိုင်ခဲ့ပြီး၊ သူ့ပြဿနာတွေကို သုံးသပ်ဖို့ သူ့ကို ချစ်ချစ်ခင်ခင်နဲ့ ကူညီ၊ လမ်းပြခဲ့တယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ၊ သူ့ရဲ့ သုံးသပ်ချက်မှာ သူ ရေးထားတာကို ကျွန်မ မြင်တော့၊ ကျွန်မ လုံးဝ ဒေါသထွက်သွားတယ်။ သူက ကျွန်မကို တဲ့တိုး တိုက်ခိုက်ပြီး ကြဉ်ရုံမက၊ ကျွန်မနောက်ကွယ်မှာလည်း တခြားအသင်းသားတွေနဲ့ ခေါင်းဆောင်တို့ကို ကျွန်မမကောင်းကြောင်း ပြောခဲ့တယ်။ ကျွန်မ အရမ်းမချိတင်ကဲဖြစ်ပြီး ဝမ်းနည်းသွားသလို၊ သူ ကျွန်မကို အဲဒီလို ဘယ်လိုလုပ် ဆက်ဆံနိုင်ရတာလဲလို့ တွေးမိတယ်။ နောက်ကွယ်မှာ နာမည်ဖျက်နေတာ မဟုတ်လား။ သူ အပျက်သဘောဆောင်ပြီး အားနည်းချိန်မှာ ကျွန်မ သူ့ကို ချစ်ချစ်ခင်ခင် မိတ်သဟာယပြုပြီး ကူညီခဲ့ပြီးတဲ့နောက်မှာ ကျွန်မကို သူ အဲဒီလိုဆက်ဆံတာ လက်ခံနိုင်စရာမရှိဘူးလို့ မြင်ခဲ့တယ်။ သူနဲ့ပတ်သက်လို့ သည်းခံ၊ စိတ်ရှည်ခဲ့တာ ကျွန်မ အရမ်းမိုက်မဲတာပဲလို့ တွေးမိပြီး၊ ကိုယ့်ကိုယ်ကိုယ်ပဲ သုံးသပ်မိသလို၊ လီစင်းကို နည်းနည်း မုန်းစပြုလာတယ်။ ဘာလို့ ကျွန်မက တခြားလူတွေအပေါ် အမြဲ ခွင့်လွှတ်နေတတ်ခဲ့တာလဲ။ အဲဒီတော့ ကျွန်မက အသုံးမကျတဲ့ အညှာလွယ်သူကြီး ဖြစ်မသွားဘူးလား။ ဒီတစ်ခါတော့ သူ့ကို လွယ်လွယ်လေးနဲ့ ခွင့်မလွှတ်နိုင်ဘူး။ ကျွန်မလည်း မာရေကျောရေ ရှိကြောင်း နဂါးမှန်းသိအောင် အမောက်ထောင်ပြရမယ်။

အဲဒီနှစ်ရက်မှာ ကျွန်မ အထူးသဖြင့် စိတ်မချမ်းမသာဖြစ်ခဲ့သလို၊ ‌ဒေါသတွေ၊ မုန်းတီးစိတ်တွေနဲ့ နွံနစ်လာတယ်။ တစ်ခါတလေ၊ လီစင်းက ကျွန်မကို အလုပ်အကြောင်းပြောဖို့ ကြိုးစားတဲ့အခါ၊ အရင်လို သူနဲ့ ပုံမှန်စကားပြောချင်ခဲ့ပေမဲ့၊ ဖြစ်ခဲ့သမျှတွေကို တစ်စိမ့်စိမ့်နဲ့ သတိရလာပြီး ပြင်းထန်တဲ့ ခံယူချက်တစ်ခုက ကျွန်မကို ထိန်းချုပ်သွားတယ်။ “သူ့ကို ငါ လွယ်လွယ် အလျှော့ပေးလို့ မရဘူး။ ငါ တင်းရမယ်။ ယဉ်တဲ့မြင်းက အစီးခံရသလို သဘောကောင်းတဲ့လူက အနိုင်ကျင့်ခံရတယ်။ သူ့အပေါ် အရမ်းကြင်နာပြီး သဘောကောင်းပုံပြလို့ မရဘူး။ သူကျတော့ ကိုယ့်ကို ချိုးနှိမ်ခဲ့ပြီး ကိုယ်ကျတော့ သူ့ကို နည်းနည်းနာသွားအောင် ဘာလို့ ပညာပေးလို့မရတာလဲ”ပေါ့။ အဲဒီနောက်မှာ လီစင်းက ကျွန်မကို စကားပြောတဲ့အခါ၊ ကျွန်မ ပုံမှန်အတိုင်း တုံ့ပြန်ပေမဲ့ ကျွန်မ အေးတိအေးစက် အမူအရာနဲ့ မချေမငံ လုပ်ခဲ့တယ်။ ပြီးတော့ မျက်လုံးချင်းမဆုံအောင် နေတယ်။ အဲဒီအတောအတွင်းမှာ၊ ကျွန်မ အရမ်းကို ဂနာမငြိမ်ဖြစ်ခဲ့ပြီး၊ ကိုယ့်ဘာသာ အေးအေးဆေးဆေးပဲ နေချင်ခဲ့တယ်။ အဲဒီအကြောင်း မစဉ်းစားဖို့ ကြိုးစားခဲ့ပေမဲ့ အဲဒီအတွေးတွေကို စိတ်ထဲကနေ မထုတ်ပစ်နိုင်ခဲ့ဘူး။ နောက်ပိုင်းမှာ အဲဒီအပျက်သဘောဆောင်တဲ့ စိတ်ခံစားမှုတွေကို ဖိနှိပ်ပြီး၊ လီစင်းနဲ့ အလုပ်အကြောင်းကို ပုံမှန်အတိုင်း ပြောဆိုနိုင်ခဲ့တယ်။ ဒါပေမဲ့ သူ့အပေါ် ကျွန်မရဲ့ စိတ်ပျက်မှု၊ ဒေါသနဲ့ အမုန်းတွေကို ဖွင့်ထုတ်ချင်သလို အမြဲခံစားခဲ့ရတယ်။ ကျွန်မ တော်တော် နာကျင်ပြီး စိတ်မချမ်းမသာဖြစ်ခဲ့သလို၊ ကျွန်မရဲ့ အခြေအနေကို ဘယ်လို ပြုပြင်ရမှန်း မသိခဲ့ဘူး။ ကျွန်မ လုပ်နိုင်သမျှက ကျွန်မရဲ့ အတွင်းကျကျ အတွေးတွေကို ဘုရားဆီယူလာဖို့၊ သူ့ဆီ အကြိမ်ကြိမ် ဆုတောင်းဖို့ပါပဲ။ “အို ဘုရားသခင်၊ လီစင်းက ကျွန်မကို လုပ်ခဲ့တဲ့အရာကြောင့် ကျွန်မ အရမ်းဒေါသထွက်မိပါတယ်။ သူ့အပေါ် အတော်မုန်းမိပြီး၊ လက်တုံ့ပြန်ဖို့တောင် ဆန္ဒရှိခဲ့တယ်။ အို ဘုရားသခင်၊ ပျက်စီးတဲ့ စိတ်သဘောထားနဲ့ အသက်မရှင်ချင်သလို၊ လီစင်းနဲ့ ပုံမှန် ဆက်ဆံချင်ပေမဲ့ ကျွန်မ လုပ်ကို မလုပ်နိုင်ဘူး၊ ကျွန်မရဲ့ ဝိညာဉ်ရင့်ကျက်မှုက အရမ်းငယ်လွန်းပါတယ်။ ကျေးဇူးပြုပြီး ကျွန်မကို ကူညီ၊ လမ်းပြပါ”လို့ပေါ့။

နောက်တော့၊ ဒီဘုရားနှုတ်ကပတ်တော်အပိုဒ်ကို တွေ့ခဲ့တယ်။ “တစ်စုံတစ်ဦးက သင့်ကို ယခင်က ထိခိုက်နာကျင်စေပြီး၊ သင်သည် ၎င်းတို့ကို ထိုနည်းတူ ဆက်ဆံပါက၊ ဤသည်မှာ သမ္မာတရား စည်းမျဉ်းများနှင့် ကိုက်ညီသလော။ ၎င်းတို့က သင့်ကို ထိခိုက်နာကျင်စေသောကြောင့်၊ အလွန်ဆိုးရွားစွာ ထိခိုက်နာကျင်စေသောကြောင့်၊ မယုံကြည်သူများအတိုင်း ဘယ်နည်းနှင့်ရရ ၎င်းတို့ကို လက်တုံ့ပြန်ပြီး အပြစ်ပေးရန် သင် ကြိုးစားပါက၊ ဤသည်မှာ မျှတပြီး ကြောင်းကျိုးဆီလျော်ကာ ဝေဖန်စရာ မည်သည့်အရာမျှမရှိပေ။ သို့သော် ဤသည်မှာ မည်သည့် ဆောင်ရွက်ပုံနည်းလမ်းမျိုး ဖြစ်ပါသနည်း။ ဤသည်မှာ တဇောက်ကန်းဖြစ်ခြင်း ဖြစ်သည်။ ၎င်းတို့က သင့်ကို နာကျင်စေသည်၊ ထိုဆောင်ရွက်ပုံနည်းလမ်းသည် ဖောက်ပြန်ပျက်စီး ဆိုးယုတ်သည့် သဘာဝ ပွင့်အံထွက်ခြင်းဖြစ်သော်လည်း၊ သင်သည် ၎င်းတို့ကို လက်တုံ့ပြန်ပါက၊ သင်၏ ဆောင်ရွက်ပုံနည်းလမ်းသည် ၎င်းတို့နှင့် တူညီသည် မဟုတ်လော။ သင်၏ လက်တုံ့ပြန်ခြင်း နောက်ကွယ်ရှိ စိတ်နေစိတ်ထား၊ စမှတ်နှင့် အရင်းအမြစ်တို့သည် ၎င်းတို့နှင့် အတူတူပင် ဖြစ်သည်။ ကွာခြားမှု မရှိပေ။ ထို့ကြောင့် သင့်လုပ်ရပ်၏ အကျင့်စရိုက်သည် ဧကန်မုချ တဇောက်ကန်းဖြစ်သည်၊ ဗီဇအရဖြစ်ပြီး ဆိုးယုတ်လေသည်။ ထိုအရာသည် ဆိုးယုတ်ပြီး တဇောက်ကန်းဖြစ်သည်ကို မြင်ရသည်နှင့်အမျှ၊ သင်၏ ဤဆောင်ရွက်ပုံနည်းလမ်းကို သင် ပြောင်းလဲသင့်သည် မဟုတ်လော။ သင့်လုပ်ရပ်များနောက်ကွယ်ရှိ အရင်းအမြစ်၊ ကြံရွယ်ချက်များနှင့် လှုံ့ဆော်မှုတို့သည် ပြောင်းလဲသင့်သည် မဟုတ်လော။ (ပြောင်းလဲသင့်ပါသည်။) ထိုအရာများကို သင် မည်သို့ ပြောင်းလဲသနည်း။ သင့်ထံ ဖြစ်ပျက်သည့် အရာသည် သေးငယ်သည့်အရာတစ်ခု ဖြစ်လျှင်၊ ထိုအရာက သင့်ကို မသက်မသာဖြစ်စေသော်လည်း သင်၏ ကိုယ်ပိုင် အကျိုးစီးပွားများကို ထိခိုက်ခြင်းမရှိသည့်အခါ သို့မဟုတ် သင့်ကို ဆိုးရွားစွာ မနာကျင်စေသည့်အခါ သို့မဟုတ် ထိုအရာကို သင့်အား မမုန်းတီးစေသည့်အခါ၊ သို့မဟုတ် လက်တုံ့ပြန်ရန် သင့်ဘဝကို မစွန့်စားစေသည့်အခါ၊ တဇောက်ကန်းဖြစ်ခြင်းအပေါ် မှီခိုခြင်းမရှိဘဲ သင်၏ အမုန်းတရားကို သင် စွန့်နိုင်ပေသည်။ ထို့ထက် ဤကိစ္စရပ်ကို မှန်ကန်စွာနှင့် တည်ငြိမ်စွာ ကိုင်တွယ်ရန် သင်၏ ဆင်ခြင်တုံတရားနှင့် လူ့သဘာဝတို့အပေါ် သင် မှီခိုအားကိုးနိုင်ပေသည်။ သင်၏ အဆင့်တူ ပုဂ္ဂိုလ်ထံ ဤကိစ္စရပ်ကို ပွင့်လင်းစွာနှင့် ရိုးသားစစ်မှန်စွာ သင် ရှင်းပြနိုင်ပြီး သင်၏ အမုန်းတရားကို ဖြေရှင်းနိုင်သည်။ သို့ရာတွင်၊ ဤအမုန်းတရားက အလွန် နက်ရှိုင်းသည်မှာ သင်သည် လက်တုံ့ပြန်လိုကာ ခါးသီးသည့် အမုန်းတရားကို ခံစားရသည်အထိ ဖြစ်ပါက၊ စိတ်ရှည်ခြင်းကို သင် ကျင့်သုံးနိုင်သေးသလော။ သင်သည် တဇောက်ကန်းဖြစ်ခြင်းအပေါ် မမှီခိုသကဲ့သို့ တည်ငြိမ်စွာဖြင့်၊ ‘ကျွန်ုပ်သည် စဉ်းစားချင့်ချိန်နိုင်ရမည်။ ကျွန်ုပ်၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့ဖြင့် အသက်ရှင်ပြီး၊ သမ္မာတရား စည်းမျဉ်များဖြင့် အသက်ရှင်ရမည်။ မကောင်းမှုကို မကောင်းမှုဖြင့် ကျွန်ုပ် တုံ့ပြန်၍မရသကဲ့သို့၊ ကျွန်ုပ်၏ သက်သေခံချက်တွင် ခိုင်မာစွာ ရပ်တည်ကာ စာတန်ကို အရှက်ရစေရမည်’ဟု ပြောနိုင်သည်။ ဤသည်မှာ ကွဲပြားသည့် အခြေအနေတစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) အတိတ်ကာလတွင် မည်သည့် အခြေအနေမျိုးများ သင်တို့ ရှိခဲ့ကြသနည်း။ အခြားတစ်စုံတစ်ဦးက သင်၏ တစ်စုံတစ်ရာကို ခိုးယူလျှင် သို့မဟုတ် သင်၏ တစ်စုံတစ်ရာကို စားသောက်လျှင်၊ ဤသည်မှာ ကြီးမားသည့်၊ နက်ရှိုင်းသည့် အမုန်းတရားအချို့နှင့် မညီမျှပေ။ ထို့ကြောင့် သင်သည် ဤကိစ္စကြောင့် သင့်မျက်နှာ နီမြန်းခြင်း မရှိမချင်း ၎င်းတို့၏ သွားငြင်းခုံရန် လိုအပ်သည်ဟု သင် တွေးလိမ့်မည် မဟုတ်။ ထိုအရာသည် သင့်အောက်တွင်ရှိပြီး၊ မထိုက်တန်ပေ။ ဤအခြေအနေမျိုးတွင်၊ ထိုကိစ္စကို သင် နှိုင်းနှိုင်းချိန်ချိန် ကိုင်တွယ်နိုင်သည်။ ကိစ္စရပ်ကို နှိုင်းနှိုင်းချိန်ချိန် ကိုင်တွယ်နိုင်ခြင်းသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် ညီမျှသလော။ ဤကိစ္စရပ်တွင် ထိုအရာသည် သမ္မာတရား စစ်မှန်မှုရှိခြင်းနှင့် ညီမျှသလော။ လုံးဝ မညီမျှပေ။ ဆင်ခြင်တုံတရားနှင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းတို့သည် သီးခြားဖြစ်သော အရာနှစ်ခု ဖြစ်သည်။ သင့်ကို အထူးသဖြင့် ဒေါသထွက်စေသည့် တစ်စုံတစ်ရာကို သင် ကြုံရသော်လည်း၊ သင့်ထံမှ တဇောက်ကန်းဖြစ်ခြင်း သို့မဟုတ် ဖောက်ပြန်ပျက်စီးခြင်းကို ပွင့်အံထွက်ခွင့်မပေးဘဲ ထိုအရာကို သင်က နှိုင်းနှိုင်းချိန်ချိန်နှင့် တည်ငြိမ်စွာ ကိုင်တွယ်နိုင်ပါက၊ ဤအရာက သင့်အား သမ္မာတရားစည်းမျဉ်းများကို နားလည်ရန်နှင့် ထိုအရာကို ကိုင်တွယ်ဖြေရင်းရန် ဉာဏ်ပညာအပေါ် အမှီပြုရန် တောင်းဆိုပေသည်။ ထိုသို့သော အခြေအနေတစ်ခုတွင်၊ သင်သည် ဘုရားသခင်ထံ ဆုမတောင်း သို့မဟုတ် သမ္မာတရားကို မရှာဖွေပါက၊ တဇောက်ကန်းဖြစ်ခြင်း၊ ရက်စက်ကြမ်းကြုတ်မှုပင်လျှင် သင့်ထဲတွင် အလွယ်တကူ ထွက်ပေါ်လိမ့်မည်။ သင်သည် လူသား နည်းလမ်းများကိုသာ ခံယူရင်းနှင့် သင်၏ ကိုယ်ပိုင် နှစ်သက်မှုများအတိုင်း ထိုကိစ္စကို ကိုင်တွယ်ဖြေရှင်းရင်း၊ သမ္မာတရား ရှာဖွေခြင်းမရှိပါက၊ အယူဝါဒ အနည်းငယ်ကို ဟောပြောခြင်း သို့မဟုတ် ထိုင်ချကာ သင်၏ စိတ်နှလုံးကို ဖွင့်ချခြင်းအားဖြင့် ထိုအရာကို သင် မဖြေရှင်းနိုင်ပေ။ထိုမျှ မရိုးရှင်းပေ။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖြေရှင်းမှသာလျှင် စစ်မှန်‌သော ပြောင်းလဲခြင်းကို ဖြစ်စေနိုင်သည်) ဘုရားနှုတ်ကပတ်တော်တွေ တွေးဆရင်းနဲ့ အတော် လိပ်ပြာမလုံဖြစ်လာတယ်။ လီစင်းက တခြားလူတွေရှေ့ ကျွန်မကို ဝေဖန်ပြီးတော့ နာမည်ပျက်အောင်လုပ်ခဲ့တယ်လို့ ကျွန်မ တွေးခဲ့လို့၊ သူ့အပေါ် လက်တုံ့ပြန်ပြီး သူ့ဘဝခက်ခဲအောင် လုပ်ချင်ခဲ့တယ်။ ကျွန်မရဲ့ လုပ်ရပ်တွေက သူ့လုပ်ရပ်တွေနဲ့ ဘယ်လိုများကွာခြားခဲ့လို့လဲ။ ကျွန်မက ကိုယ့်လုပ်ရပ်တွေအပေါ် စိတ်ခံစားမှုနဲ့ ပျက်စီးတဲ့ စိတ်သဘောထားကို စေစားခွင့်ပေးခဲ့တာ မဟုတ်လား။ ဒါတွေရဲ့ဇာစ်မြစ်က စာတန်ပဲ မဟုတ်လား။ သမ္မာတရားကို ကျွန်မ လက်တွေ့လုပ်မနေခဲ့ပါဘူး။ ကိုယ့်ကိုယ်ကိုယ် အတော်လေး ကြင်နာတတ်ပြီး သည်းခံတတ်သလို၊လူတွေနဲ့ပတ်သက်လို့ တကယ် သေးသိမ်တာမျိုး၊ အပိုင်ကြံတာမျိုး မရှိဘူးလို့ အမြဲထင်ခဲ့တာ။ ဘုရားနှုတ်ကပတ်တော်တွေ ဖတ်ပြီးတော့မှပဲ သဘောပေါက်သွားတယ်။ အဲဒါ ကျွန်မရဲ့ ဝိညာဉ်ရင့်ကျက်မှုအမှန် မဟုတ်ဘူးပဲ။ ကျွန်မက ကိုယ်ကျိုးမဖက်မှပဲ မသေးသိမ်တာပါ။ အသေးအဖွဲဖြစ်ပြီး အရေးမပါတဲ့ ကိစ္စတွေနဲ့ ပတ်သက်လို့ အရမ်းကြီး ပါဝင်ပတ်သက်နေစရာလိုတယ်လို့ မမြင်ခဲ့တာ။ အရမ်းသေးသိမ်လွန်းတော့လည်း သိက္ခာမဲ့ပြီး တစ်ယူသန်ပုံပေါက်မယ်လေ။ ဒီပြဿနာတွေကို အကျိုးသင့်အကြောင်းသင့် ကျွန်မ ဖြေရှင်းနိုင်ခဲ့ပြီး၊ သဘောထားကြီးပြီး ခွင့်လွှတ်တတ်တဲ့ပုံပေါ်ခဲ့တယ်။ ပထမတော့၊ လီစင်းက ကျွန်မအပေါ် မကောင်းတဲ့ သဘောထားရှိခဲ့ချိန်မှာ သူ့ကို မှန်မှန်ကန်ကန် ကိုင်တွယ်ဖြေရှင်းပြီး သူ့အခြေအနေကို နားလည်နိုင်ခဲ့တယ်။ ဖောက်ပြန်ပျက်စီးခြင်းကို ထုတ်ဖော်ပြတာ သူ့အတွက် ပုံမှန်ပဲလို့ ကျွန်မ ခံစားပြီး၊ အတော်လေး ခွင့်လွှတ်တတ်ဖို့ ကိုယ့်ကိုယ်ကိုယ် ပုံသွင်းခဲ့တယ်။ ဒါပေမဲ့ လီစင်းက အခြားအဖွဲ့သားတွေနဲ့ ခေါင်းဆောင်ရှေ့မှာ ကျွန်မကို ဝေဖန်နေခဲ့တာကို သိတော့၊ ကျွန်မသိက္ခာကို ကြီးမားတဲ့ စော်ကားမှုလို့ ခံယူခဲ့တယ်။ ကျွန်မ တကယ်ကို မခံနိုင်တော့သလို၊ ဒေါသနဲ့ အမုန်းထဲ နွံနစ်လာခဲ့တယ်။ ကျွန်မက တကယ် စိတ်ရှည်၊ သည်းခံခြင်းမရှိခဲ့မှန်း တွေ့ခဲ့ရတယ်။ ဘုရားနှုတ်ကပတ်တော်တွေက ပြောတယ်။ “သင့်ကို အထူးသဖြင့် ဒေါသထွက်စေသည့် တစ်စုံတစ်ရာကို သင် ကြုံရသော်လည်း၊ သင့်ထံမှ တဇောက်ကန်းဖြစ်ခြင်း သို့မဟုတ် ဖောက်ပြန်ပျက်စီးခြင်းကို ပွင့်အံထွက်ခွင့်မပေးဘဲ ထိုအရာကို သင်က နှိုင်းနှိုင်းချိန်ချိန်နှင့် တည်ငြိမ်စွာ ကိုင်တွယ်နိုင်ပါက၊ ဤအရာက သင့်အား သမ္မာတရားစည်းမျဉ်းများကို နားလည်ရန်နှင့် ထိုအရာကို ကိုင်တွယ်ဖြေရင်းရန် ဉာဏ်ပညာအပေါ် အမှီပြုရန် တောင်းဆိုပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖြေရှင်းမှသာလျှင် စစ်မှန်‌သော ပြောင်းလဲခြင်းကို ဖြစ်စေနိုင်သည်) ကျွန်မ ကိုယ့်ကိုယ်ကိုယ် တွေးမိတယ်။ “ဒီမုန်းတီးစိတ်တွေကို ဖယ်ရှားဖို့ ဘယ်သမ္မာတရားတွေကို နားလည်ရမလဲ”ပေါ့။

ကျွန်မ ရှာဖွေရင်းနဲ့ ဒီဘုရားနှုတ်ကပတ်တော်အပိုဒ်ကို အမှတ်တမဲ့တွေ့တယ်။ “ဝေဖန်ထိုးနှက်ခြင်းနှင့် လက်တုံ့ပြန်ခြင်းသည် မလိုမုန်းထားသော ဆိုးယုတ်သည့် သဘာဝမှလာသည့် လုပ်ရပ်နှင့် ပွင့်အံထွက်ခြင်း အမျိုးအစားတစ်ခုဖြစ်သည်။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား အမျိုးအစားတစ်ခုလည်း ဖြစ်သည်။ လူတို့က ဤသို့စဉ်းစားကြ၏။ ‘ကျွန်ုပ်အပေါ် သင်မကြင်နာလျှင် သင့်အပေါ် ကျွန်ုပ်တရားသဖြင့် ပြုမူမည် မဟုတ်။ ကျွန်ုပ်ကို သိက္ခာနှင့် သင်မဆက်ဆံလျှင် ကျွန်ုပ်သည်လည်း သင့်ကို အဘယ်ကြောင့် သိက္ခာနှင့် ဆက်ဆံရမည်နည်း’ ဟူ၍ ဖြစ်သည်။ ဤသည်မှာ အဘယ်သို့သော စဉ်းစားပုံမျိုးနည်း။ ယင်းသည် လက်တုံ့ပြန်တတ်သော စဉ်းစားနည်းမဟုတ်သလော။ သာမန်လူတစ်ယောက်၏ အမြင်များတွင် ဤသည်မှာ ခိုင်လုံသော ရှုထောင့်အမြင် မဟုတ်လော။ ယင်းက ယုတ္တိမရှိသလော။ ‘တိုက်ခိုက်မခံရလျှင် ကျွန်ုပ်တို့ တိုက်ခိုက်မည်မဟုတ်ပါ။ ကျွန်ုပ်တို့ တိုက်ခိုက်ခံရလျှင် တန်ပြန်တိုက်ခိုက်မည်မှာ သေချာ၏’၊ ပြီးလျှင် ‘သင်လုပ်သည့်အတိုင်း ပြန်ခံရခြင်းဖြစ်သည်’ ဤကဲ့သို့သော အရာတို့ကို မယုံကြည်သူများက မကြာခဏ ပြောဆိုကြသည်။ ၎င်းတို့အကြားတွင် ဤအရာအားလုံးတို့သည် ခိုင်လုံပြီး လူ့အယူအဆများနှင့် လုံးလုံးကိုက်ညီသော အကြောင်းပြချက်များ ဖြစ်၏။ သို့တိုင်အောင် ဘုရားသခင်ကို ယုံကြည်ပြီး သမ္မာတရားကို လိုက်စားသူတို့သည် ဤစကားများကို အဘယ်သို့ ရှုမြင်သင့်သနည်း။ ဤအယူအဆများမှာ မှန်ကန်သလော။ (မမှန်ကန်ပါ။) အဘယ်ကြောင့် မမှန်ကန်သနည်း။ ယင်းတို့ကို မည်သို့ ပိုင်းခြားသိမြင်သင့်သနည်း။ ဤအရာတို့သည် မည်သည့်နေရာမှ လာသနည်း။ (စာတန်ထံမှ လာပါသည်။) ၎င်းတို့သည် စာတန်ထံမှ လာ၏၊ ဤအရာကို သံသယဖြစ်စရာ မရှိပေ။ စာတန်၏ မည်သည့်စိတ်သဘောထားမှ ယင်းတို့လာသနည်း။ စာတန်၏ မလိုမုန်းထားသော သဘာဝမှ လာသည်။ ယင်းတို့တွင် အဆိပ်ပါဝင်သည်။ ယင်းတို့တွင် စာတန်၏ မလိုမုန်းထားမှုနှင့် အကျည်းတန်မှုအားလုံးပါသည့် သရုပ်မှန်ပါဝင်သည်။ ယင်းတို့တွင် ဤသဘာဝ အနှစ်သာရမျိုး ပါဝင်သည်။ ထိုသဘာဝ အနှစ်သာရမျိုးတွင် ပါဝင်သော အမြင်ရှုထောင့်များ၊ အတွေးများ၊ ပွင့်အံထွက်မှုများ၊ စကားများအပြင် လုပ်ရပ်များ၏ ဝိသေသလက္ခဏာမှာ အဘယ်နည်း။ လူ၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားဖြစ်သည်မှာ သေချာ၏။ စာတန်၏ စိတ်သဘောထား ဖြစ်သည်။ ဤဆိုးယုတ်သောအရာများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ကိုက်ညီသလော။ သမ္မာတရားနှင့် ကိုက်ညီသလော။ ယင်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၌ အခြေပြုထားချက်ရှိသလော။ (မရှိပါ။) ယင်းတို့သည် ဘုရားသခင်၏ နောက်တော်သို့ လိုက်သူများ လုပ်ဆောင်သင့်သည့်အရာ ဟုတ်သလော။ ၎င်းတို့ပိုင်ဆိုင်သင့်သည့် အတွေးအမြင်များ ဟုတ်သလော။ ဤအတွေးများနှင့် ဆောင်ရွက်ပုံနည်းလမ်းတို့သည် သမ္မာတရားနှင့် ကိုက်ညီကြပါသလော။ (မကိုက်ညီပါ။) ဤအရာများ သမ္မာတရားနှင့် မကိုက်ညီကြောင်း မြင်ရသည်နှင့်အမျှ၊ ယင်းတို့သည် ပုံမှန်လူ့သဘာဝ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့နှင့် ကိုက်ညီကြသလော။ (မကိုက်ညီပါ။) ဤအရာများသည် သမ္မာတရား သို့မဟုတ် ပုံမှန် လူ့သဘာဝနှင့် မကိုက်ညီကြောင်း သင် ယခု ရှင်းလင်းစွာ မြင်နိုင်ပေသည်။ ဤဆောင်ရွက်ပုံနည်းလမ်းနှင့် အတွေးများသည် သင့်လျော်သည်၊ ကြည့်ကောင်းသည်ဟု သင် ယခင်က တွေးထင်ပြီး အကြောင်းပြချက်ရှိခဲ့သလော။ (ရှိခဲ့ပါသည်။) ဤဆိုးယုတ်သော အတွေးများနှင့် သဘောတရားများသည် လူတို့၏ အတွေးများ၊ ရှုထောင့်အမြင်များ၊ ပြုမူကျင့်ကြံမှုနှင့် ဆောင်ရွက်ပုံနည်းလမ်းများအပြင်၊ ၎င်းတို့၏ အမျိုးမျိုးသော အခြေအနေများကို လမ်းညွှန်လျက်၊ လူတို့၏ စိတ်နှလုံးများတွင် အဓိကဖြစ်သော နေရာတစ်ခုကို ယူလေသည်။ ထို့ကြောင့် လူတို့သည် သမ္မာတရားကို နားလည်နိုင်ကြသလော။ လုံးဝ နားမလည်နိုင်ကြပေ။ ဆန့်ကျင်ဖက်အနေဖြင့်၊ လူတို့သည် မှန်ကန်သည်ဟု မိမိတို့ တွေးထင်သည့်အရာများကို သမ္မာတရား ဖြစ်သည့်အလား လက်တွေ့လုပ်ဆောင်ကာ ကိုင်စွဲကြသည် မဟုတ်လော။ ဤအရာများသည် သမ္မာတရား ဖြစ်ပါက၊ ယင်းတို့ကို ဖက်တွယ်ခြင်းက အဘယ်ကြောင့် သင်၏ လက်တွေ့ကျသည့် ပြဿနာများကို မပြေလည်စေပါသနည်း။ ယင်းတို့ကို ဖက်တွယ်ခြင်းက ဘုရားသခင်ကို နှစ်ချီ သင် ယုံကြည်ပြီးလင့်ကစား၊ သင့်အထဲတွင် စစ်မှန်သော ပြောင်းလဲမှုတစ်ခုကို မဖြစ်ပေါ်စေပါသနည်း။ စာတန်ထံမှလာသည့် ဤအတွေးအခေါ်များကို ပိုင်းခြားသိမြင်ရန် သင်သည် အဘယ်ကြောင့် ဘုရားနှုတ်ကပတ်တော်များကို အသုံးမပြုနိုင်ရသနည်း။ သင်သည် ဤဆိုးယုတ်သော အတွေးအခေါ်များကို သမ္မာတရား ဖြစ်သည့်အလား စွဲကိုင်နေသေးသလော။ သင်သည် အမှန်တကယ် ချင့်ချိန်နိုင်စွမ်းရှိပါက၊ ပြဿနားများ၏ ရင်းမြစ်ကို သင် တွေ့ရှိပြီး ဖြစ်သည်မဟုတ်လော။ သင် စွဲကိုင်နေသည့်အရာသည် လုံးဝ သမ္မာတရား မဟုတ်သောကြောင့်၊ ထို့ထက် ဆိုးယုတ်သော အတွေးမှားများနှင့် အတွေးအခေါ်များ ဖြစ်သောကြောင့်၊ ယင်းမှာ ပြဿနာ တည်သည့်နေရာ ဖြစ်သည်။ သင်တို့အားလုံးသည် မိမိတို့ကိုယ်ကိုယ် ဆန်းစစ်ကာ စိစစ်ရန် ဤလမ်းကြောင်းကို လျှောက်သင့်ကြ၏။ သင့်အတွင်းရှိ မည်သည့်အရာများသည် သင် ခိုင်လုံသည့်အကြောင်းပြချက်ရှိသည့်အရာများ၊ ဘဝပေးအသိနှင့် လောကီ ဉာဏ်ပညာတို့နှင့် ကိုက်ညီသည့်အရာများ၊ သင် တင်ပြဆွေးနွေး၍ရသည့် အရာများ၊ သင်၏ စိတ်နှလုံးတွင် သမ္မာတရားအဖြစ် သင် သဘောထားနှင့်ပြီးဖြစ်သည့်၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများဟု သင် မထင်မှတ်သည့် မမှန်ကန်သော အတွေးများ၊ ရှုထောင့်အမြင်များ၊ ဆောင်ရွက်ပုံနည်းလမ်းများနှင့် အခြေခံအုတ်မြစ်များဖြစ်သည်ကို ကြည့်လော့။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖြေရှင်းမှသာလျှင် စစ်မှန်‌သော ပြောင်းလဲခြင်းကို ဖြစ်စေနိုင်သည်) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ရာကတစ်ဆင့်၊ သဘောပေါက်မိတယ်။ ကျွန်မက ရက်စက်ပြီး ဆိုးယုတ်တဲ့ စိတ်သဘောထားကို ထုတ်ဖော်ပြနေခဲ့တာပဲ။ တခြားလူတွေရှေ့မှာ လီစင်းက ကျွန်မကို ဝေဖန်ပြီး ကျွန်မရဲ့ဂုဏ်အဆင့်အတန်းကို ဖျက်ဆီးတာကတော့ လွန်လွန်းတယ်ထင်တယ်။ “ယဉ်တဲ့မြင်းက အစီးခံရသလို သဘောကောင်းတဲ့သူက အနိုင်ကျင့်ခံရတယ်” ဆိုသလိုပေါ့။ ဒါကို ဒီအတိုင်းထားလိုက်ရင်၊ ကျွန်မက အသုံးမကျတဲ့ အညှာလွယ်သူကြီးလို့ သူများတွေက ထင်မှာ။ သူတို့စိတ်ကြိုက် ကျွန်မကို ဆက်ဆံလို့ ရတယ်လို့ ထင်ကုန်မှာ။ ဒါကို မဖြေရှင်းဘဲ ထားလိုက်လို့မရဘူး။ ကျွန်မ လက်တုံ့ပြန်ပြီး လီစင်းကို လျစ်လျူရှုချင်ခဲ့တယ်။ ပြီးတော့လည်း တွေးမိတယ်။ ကျွန်မကို အရင်ဆုံး နှိပ်စက်တာက လီစင်းလေ။ ကျွန်မ ဘယ်လိုပဲတုံ့ပြန်ပါစေ၊ စည်းလွတ်ဘောင်လွတ်ဖြစ်မှာမဟုတ်ဘူး။ အနည်းဆုံးတော့၊ ကျွန်မရဲ့ ဒေါသနဲ့ စိတ်ဓာတ်ကျမှုတချို့ကို ဖွင့်ထုတ်ဖို့ နာကျင်မှုဆိုတာ ဘာမှန်းသိသွားအောင် ပြသင့်တယ်။ “မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံး၊ သွားတစ်ချောင်းအတွက်၊ သွားတစ်ချောင်း” ဆိုတာနဲ့ “သင် မကြင်နာရင်၊ မမျှတခြင်းအတွက် ကျွန်ုပ်ကို အပြစ်မတင်ပါနှင့်”လို့ သူတို့ ပြောသလိုပဲပေါ့။ ဘုရားနှုတ်ကပတ်တော်တွေရဲ့ ထုတ်ဖော်ပြမှုကတစ်ဆင့်၊ ကျွန်မရဲ့ အတွေးနဲ့ အမြင်တွေအားလုံးက တစ်ဇောက်ကန်းဖြစ်တာ၊ ဆိုးယုတ်တဲ့ အတွေးအခေါ်နဲ့ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကနေ ဆင်းသက်လာခဲ့မှန်း တွေ့ရတယ်။ ကျွန်မကို နစ်နာစေတဲ့၊ စော်ကားတဲ့ ဘယ်သူကိုမဆို တိုက်ခိုက်ပြီး လက်တုံ့ပြန်ချင်ခဲ့တယ်။ ကိုယ့်ကို ပါးကိုက်ရင် နားပြန်ကိုက်မှာပဲ။ ကျွန်မက တော်တော် ရက်စက်ပြီး ဆိုးယုတ်မှန်း သဘောပေါက်လိုက်တယ်။ ကိုယ့်ဘဝမှာ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို စေစားခွင့်ပေးလိုက်တော့ ကိုယ်ဘယ်လိုပျော်ပြီး စိတ်ကျေနပ်အောင် နေမလဲ၊ ကိုယ်ကျိုးကို ဘယ်လိုကာကွယ်မလဲ ဆိုတာပဲ တွေးတယ်။ ကိုယ့်လုပ်ရပ်တွေက သမ္မာတရားနဲ့ ညီရဲ့လား၊ လီစင်းကို ထိခိုက်မှာလားဆိုတာ တစ်ချက်မတွေးခဲ့ဘူး။ ကျွန်မ အရမ်း တစ်ကိုယ်ကောင်းဆန်ပြီး တစ်ယူသန်ခဲ့တယ်။ လီစင်းက သူ့ကိုယ်သူ သုံးသပ်ပြီး သိနိုင်ခဲ့တယ်။ သူ့ရဲ့ ဖောက်ပြန်ပျက်စီးခြင်းကို ဖော်ထုတ်ဖို့ သတ္တိမွေးခဲ့တယ်။ သမ္မာတရားကို လက်တွေ့လုပ်ပြီး နောင်တရလိုတဲ့ ဆန္ဒတစ်ခု ပြနေခဲ့တယ်။ သူ့ကို ကျွန်မ ကောင်းကောင်းမွန်မွန် ဆက်ဆံပြီး၊ ကျွန်မရဲ့ အမြင်စောင်းတာတွေကို ဘေးဖယ်ထားသင့်တာလေ။ ဒါပေမဲ့ သူ့ကို အားမပေးခဲ့ရုံမက၊ သူ့ရဲ့ ဖောက်ပြန်ပျက်စီးခြင်းကို အစွဲကြီးပြီး၊ အဲဒီအတွက် လက်တုံ့ပြန်ဖို့ ကြိုးစားခဲ့တယ်။ ကျွန်မက မှန်တဲ့ဘက်မှာရှိနေပေမဲ့ ခွင့်မလွှတ်တတ်ဘဲရှိနေတာ မဟုတ်လား။ ဒါကို သဘောပေါက်တော့၊ ကျွန်မရဲ့ လူ့သဘာဝက တော်တော် မကောင်းဘူးလို့ ခံစားခဲ့တယ်။ ကျွန်မမှာ မုန်းတီးစိတ်တွေထဲ နွံနစ်ခဲ့တယ်။ လက်စားချေချင်တဲ့ဆန္ဒကို ဖြည့်ဆည်းနေတဲ့ကြားက လုံးဝ ပိုမပျော်လာဘူး။ ပိုမအေးချမ်းခဲ့ဘူး။ အမှန်မှာတော့ ပိုလို့တောင် စိတ်ဆင်းရဲသွားပြီး အပြစ်ရှိသလို၊ လိပ်ပြာမလုံသလို ဖြစ်လာတယ်။ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားအတိုင်း အသက်ရှင်တာက ကိုယ်တိုင်ဆင်းရဲဒုက္ခခံစားရပြီး ကိုယ့်အနီးဝန်းကျင်ကလူတွေကို ထိခိုက်နစ်နာမှုဖြစ်စေပုံကို ကျွန်မ ကိုယ်တွေ့ကြုံခဲ့ရတယ်။ အဲဒီလို ကျွန်မ မပြုမူခဲ့သင့်ဘူး။ ကျွန်မရဲ့ အမြင်တွေက မယုံကြည်သူတွေရဲ့ အမြင်တွေနဲ့ အတူတူပဲဆိုတာကိုလည်း သဘောပေါက်ခဲ့တယ်။ ဆိုးယုတ်မှုကို ဆိုးယုတ်မှုနဲ့ တုံ့ပြန်ရင်းနဲ့ပဲ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်မယ်ထင်ခဲ့တာ။ လောကမှာ၊ ရိုးသားတဲ့လူတွေက မကြာခဏ အနိုင်ကျင့်ခံရပြီး၊ သူတို့လုပ်နိုင်သမျှက သူတို့ရဲ့မာနကို ဘေးဖယ်ထားပြီး အလျှော့ပေးရတာတွေပါပဲ။ ဒါပေမဲ့ ဘုရားအိမ်တော်မှာ အနိုင်ကျင့်တာ၊ အနိုင်ကျင့်ခံရတာ မရှိဘူး။ ကျွန်မတို့ကို ဘာဖြစ်ပါစေ၊ တခြားလူတွေက ဘယ်လိုဆက်ဆံပါစေ၊ အားလုံးက ဘုရားရဲ့ ခွင့်ပြုချက်နဲ့ဖြစ်ပြီး၊ ဒီအရာတွေကနေ သင်ယူဖို့ နည်းလမ်းရှာပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရမယ်။ ဒါကို ဘုရားဆီကနေ ကျွန်မ လက်ခံပြီး၊ သူ့နှုတ်ကပတ်တော်တွေအတိုင်း လီစင်းကို ဆက်ဆံသင့်တယ်။

နောက်တစ်နေ့မှာ၊ ဒီပြဿနာကို တွေးမိတဲ့အခါ ကျွန်မ စိတ်မကောင်းဖြစ်နေတုန်းပဲဖြစ်သလို၊ လီစင်းနဲ့ ဘယ်လို ဆက်ဆံရမလဲ မသေချာခဲ့ဘူး။ ဒါကြောင့် ဘုရားဆီ ဆုတောင်းခဲ့တယ်။ “အို ဘုရားသခင်၊ ဆိုးယုတ်တဲ့ အတွေးအခေါ်တွေကို အခြေခံပြီး လီစင်းကို မဆက်ဆံသင့်မှန်း ကျွန်မ သိပါတယ်။ ဒါပေမဲ့ ဒီပြဿနာကို သိနေတဲ့ ကျွန်မရဲ့ အသိက အရမ်းအပေါ်ယံဆန်ပြီး၊ လွတ်မြောက်တဲ့အသိစိတ် မရှိပါဘူး။ လီစင်းကို ဘယ်လိုဆက်ဆံသင့်တယ်ဆိုတာ ကျွန်မ မသိပါဘူး။ ကျေးဇူးပြုပြီး ကျွန်မကို လမ်းပြပါ”လို့ပေါ့။ အဲဒီနောက်မှာ၊ နောက်ထပ် ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ အမှတ်မထင်တွေ့တယ်။ “ဘုရားသခင်သည် အမျက်ဒေါသဖြစ်၏။ ထို့ပြင် သူသည် ထိပါးစော်ကားမှုကို သည်းမခံပေ- ဤသည်မှာ ဘုရားသခင်၏ဒေါသသည် အကြောင်းတရားများကို ခွဲခြားမှုမရှိဟုလည်းကောင်း၊ အခြေခံမူမရှိဟုလည်းကောင်း မဆိုလိုပေ။ အကြောင်းတရားများကို မခွဲခြားသော ဒေါသပေါက်ကွဲခြင်းမျိုးဖြစ်သည့် အခြေခံမူမရှိဘဲ ကြုံသလို ဒေါသအိုးပေါက်ကွဲခြင်းမျိုးကို ဖောက်ပြန်ပျက်စီးသည့် လူသားမျိုးနွယ်က အထူးသီးသန့် မူပိုင်ခွင့်ယူထား၏။ လူတစ်ယောက်၌ ဂုဏ်ဒြပ်ရှိသွားသည်နှင့် ထိုသူသည် သူ၏စိတ်နေစိတ်ထားကို ထိန်းချုပ်ဖို့ရန် မကြာခဏပင် အခက်တွေ့လိမ့်မည်။ ထို့ကြောင့် သူ၏မကျေနပ်မှုကို ဖော်ပြပြီး သူ၏ခံစားချက်များကို ဖွင့်ချဖို့ရန် အခွင့်အရေးများကို ပျော်ပျော်ကြီးနှင့် အမိအရ သူဆုပ်ကိုင်လိမ့်မည်။ သူ၏အရည်အချင်းကို ထုတ်ဖော်ပြရန်အပြင် သူ၏ဂုဏ်ဒြပ်နှင့် ဝိသေသလက္ခဏာများသည် သာမန်လူတို့နှင့် မတူကွဲပြားကြောင်း အခြားလူများ သိစေဖို့ရန်အတွက် သူသည် သိသာသည့် အကြောင်းပြချက်မရှိပါဘဲနှင့် မကြာခဏ ထောင်းခနဲ ဒေါသူပုန်ထပြလိမ့်မည်။ မှန်ပေ၏၊ ဂုဏ်ဒြပ်မရှိသော ဖောက်ပြန်ပျက်စီးသည့် လူတို့က မကြာခဏ ထိန်းမနိုင်သိမ်းမရဖြစ်ကြလိမ့်မည်။ သူတို့၏ကိုယ်ပိုင်အကျိုးစီးပွားများ ထိခိုက်ပျက်စီးမှုကြောင့် သူတို့သည် မကြာခဏ ဒေါသထွက်ကြသည်။ သူတို့၏ ကိုယ်ပိုင်ဂုဏ်ဒြပ်နှင့် ဂုဏ်သိက္ခာကို ကာကွယ်ဖို့အတွက် ၎င်းတို့သည် မိမိတို့၏ခံစားချက်များကို မကြာခဏဖွင့်ချပြီး မိမိတို့၏မာနထောင်လွှားသည့် သဘာဝကို ထုတ်ဖော်ပြလိမ့်မည်။ လူသားသည် အပြစ်တရား၏ ဖြစ်တည်မှုကို ကာကွယ်ရန်နှင့် ထိန်းသိမ်းရန်အလို့ငှာ ထောင်းခနဲ ဒေါသအိုးပေါက်ကွဲပြီး သူ၏ခံစားချက်များကို ဖွင့်ချလိမ့်မည်။ ဤလုပ်ရပ်များသည် လူသားက သူ၏မကျေနပ်မှုကို ဖော်ပြသည့် နည်းလမ်းများဖြစ်သည်။ ၎င်းတို့သည် မစင်ကြယ်ခြင်းများ၊ လျှို့ဝှက်ကြံစည်ခြင်းများနှင့် ခြေပုန်းခုတ်ခြင်းများ၊ လူသား၏ဖောက်ပြန်ပျက်စီးခြင်းနှင့် ဆိုးယုတ်ခြင်းတို့နှင့် ပြည့်လျှံနေပြီး၊ အခြားမည်သည့်အရာထက်မဆို လူသား၏ ခက်ထန်သည့် ရည်မှန်းချက်များ၊ ဆန္ဒများနှင့် ပြည့်လျှံနေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၂)) ဘုရားနှုတ်ကပတ်တော်တွေကို တွေးဆပြီးတော့ ကျွန်မ အတော် ရှက်သွားတယ်။ ဘုရားရဲ့ အနှစ်သာရက ဖြောင့်မတ်၊ သန့်ရှင်းပြီး၊ သူ့အမှုတော်ကို တကယ်ကို စည်းမျဉ်းနဲ့အညီ ဆောင်ရွက်မှန်း မြင်ခဲ့ရတယ်။ ဘုရားရဲ့ အမျက်နဲ့ သနားကရုဏာတွေက အထူးသဖြင့် ဖြူစင်ပြီး အပြစ်ကင်းတယ်။ ဥပမာအနေနဲ့ သောဒုံနဲ့ နိနေဝေမြို့ကြီးတွေကို ဘုရားဆက်ဆံပုံကို ကြည့်လိုက်။ နှစ်မြို့လုံးက ဘုရားကို ငြင်းပယ်ပြီး ဆိုးယုတ်မှု၊ လိင်ကိစ္စ အကျင့်ပျက်မှုတွေထဲ ကျဆင်းခဲ့တယ်။ သူတို့ရဲ့ ဆိုးယုတ်တဲ့ လုပ်ဆောင်ချက်တွေကို ဘုရားက သိတာကြာပြီဖြစ်ပြီး၊ သူတို့ကျူးလွန်တဲ့ ဆိုးယုတ်မှုအတွက် သေကျေခဲ့သင့်ကြတာလေ။ ဘုရားဆီက လာတဲ့ စေတမန်တွေကို အဲဒီမြို့နှစ်မြို့ရဲ့ တုံ့ပြန်ပုံတွေက အတိုင်းသား ကွာခြားခဲ့တယ်။ သောဒုံက စေတမန်တွေကို ရက်ရက်စက်စက် နှိပ်စက်ခဲ့ပြီး၊ အပြုသဘောဆောင်သမျှအားလုံးကို မုန်းခဲ့တယ်။ နောက်ဆုံးမှာ၊ ဘုရားရဲ့ စိတ်သဘောထားကို သူတို့ ဒေါသထွက်စေခဲ့ပြီး၊ ကန့်မီးနဲ့ ဖျက်ဆီးတာခံခဲ့ရတယ်။ ဆန့်ကျင်ဖက်အနေနဲ့၊ နိနေဝေမြို့သားတွေက ယောနရဲ့ ကြွေးကြော်မှုကို ယုံကြည်ပြီး လိုက်နာခဲ့ကြသလို၊ တစ်မြို့လုံးက နောင်တရပြီး ဝန်ချဖို့ ဘုရားရှေ့လာခဲ့ကြတယ်။ အဲဒါကနောက်ဆုံးမှာ ဘုရားကို သူ့ရဲ့စိတ်ပြောင်းသွားစေခဲ့ပြီး၊ သူတို့အပေါ် သနားကရုဏာ ထားစေခဲ့တယ်။ ဘုရားက လူတွေကို ဆက်ဆံပုံမှာ အရမ်း စည်းမျဉ်းနဲ့ညီတယ်။ လူတွေက နောင်တရဖို့ ခေါင်းမာမာနဲ့ ငြင်းရင်၊ သူတို့ကို ဘုရားက ရှုတ်ချပြီး ဖျက်ဆီးမှာပဲ။ ဒါပေမဲ့ သူတို့ တကယ် နောင်တရပြီး အပြစ်တွေ ဝန်ချရင်၊ ဘုရားက ချက်ချင်း သူ့အမျက်ကို ပြန်ရုပ်သိမ်းပြီး သနားကရုဏာပြမှာ။ လူသားမျိုးနွယ်အပေါ် ဘုရားရဲ့ သဘောထားကနေ၊ ကျွန်မ ပြုမူပြီး၊ လူတွေကို ဆက်ဆံပုံမှာ လုံးဝ စည်းမျဉ်းနဲ့မညီခဲ့မှန်း၊ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို လုံးလုံး အခြေခံပြီး ပြုမူခဲ့မှန်း သဘောပေါက်လိုက်တယ်။ လီစင်းက ဖောက်ပြန်ပျက်စီးခြင်းကို ထုတ်ဖော်ပြခဲ့ပေမဲ့ အဲဒါက ကျွန်မရဲ့ အကျိုးစီးပွားတွေကို ကြီးကြီးမားမား မထိခိုက်ခဲ့ချိန်မှာ သူ့ကို အမှန်ပြင်မပေးခဲ့သလို မကူညီခဲ့ဘဲ ဒီအတိုင်း ထားလိုက်တယ်။ ကျွန်မရဲ့ အကျိုးစီးပွားတွေ ပြင်းပြင်းထန်ထန် ထိခိုက်ပြီး ကျွန်မ မခံနိုင်တော့တဲ့အခါ၊ တစ်ဇောက်ကန်းဖြစ်ပြီး သူ့အပေါ် လက်တုံ့ပြန်ချင်ခဲ့တယ်။ သူနောင်တရချင်ခဲ့အခါမှာတောင်၊ ခွင့်မလွှတ်နိုင်ခဲ့ဘူး။ မုန်းတဲ့ခံစားချက်ထဲ နှစ်မြှုပ်ပြီး အရမ်းကို အခဲမကြေဖြစ်နေခဲ့တယ်။ ဖြစ်ရပ်နှစ်ခုလုံးမှာ ကျွန်မက ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားပေါ် အခြေခံပြီး လီစင်းကို ဆက်ဆံနေခဲ့ပြီး၊ ကိုယ်ကျိုးစီးပွားအတွက် ပြုမူခဲ့မှန်း သိလိုက်တယ်။ ကျွန်မ တစ်ဇောက်ကန်းဖြစ်ပြီး ကိုယ့်နာမည်၊ အဆင့်အတန်းနဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းဖို့ လက်တုံ့ပြန်ဖို့ ကြိုးစားခဲ့တယ်။ အဲဒီလိုကြိုးစားရင်း လီစင်းအပေါ် မကျေမချမ်းနဲ့ မဲခဲ့တယ်။ ကျွန်မရဲ့ ဒေါသနဲ့ အမုန်းက တစ်ကိုယ်ကောင်းဆန်ပြီး တစ်ယူသန်ခဲ့တယ်။ ဆိုးယုတ်ခဲ့တယ်။ ဒါက ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထား ထုတ်ဖော်ပြမှုဖြစ်ခဲ့တယ်။

နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်နှစ်ပိုဒ်ကိုလည်း ကျွန်မ အမှတ်မထင်တွေ့တယ်။ “သင်၏ မုန်းတီးခြင်းကို နိုးကြွစေသော အရာတစ်ခုဖြစ်ပျက်လျှင် သင်သည် ထိုအရာကို မည်သို့ရှုမြင်မည်နည်း။ မည်သည့်အရာကို အခြေခံပြီး ရှုမြင်မည်နည်း။ (ဘုရားနှုတ်ကပတ်တော်ကို အခြေခံပြီး ရှုမြင်ပါမည်။) မှန်သည်။ သင်သည် ဘုရားနှုတ်ကပတ်တော်နှင့်အညီ ဤအရာများကို မည်သို့ရှုမြင်ရမည်ကို မသိလျှင် သင်သည် တတ်နိုင်သည့်နေရာတိုင်းတွင် သက်ညှာခြင်း၊ သင်၏ နာကြည်းမှုကို ချုပ်တည်းခြင်း၊ လက်တုံ့ပြန်ရန် အခွင့်အလမ်းရှာစဉ်တွင် အလျှော့ပေးပြီး အခွင့်‌ကောင်းကို စောင့်ခြင်းတို့ကိုသာ ပြုလုပ်နိုင်သည်။ ဤသည်မှာ သင်လျှောက်မည့် လမ်းကြောင်း ဖြစ်သည်။ သင်သည် သမ္မာတရားကို လိုက်စားလိုလျှင် ‘ဤသူသည် အဘယ်ကြောင့် ငါ့အား ဤသို့ ဆက်ဆံနေသနည်း။ ဤအရာသည် ငါ့အပေါ်တွင် အဘယ်သို့ ဖြစ်ပျက်ရသနည်း။ အဘယ်ကြောင့် ဤသို့ ရလဒ်မျိုး ရရှိနိုင်ရသနည်း’ ဟူ၍ သင့်ကိုယ်သင် မေးလျက် လူများ၊ အမှုအရာများကို ဘုရားနှုတ်ကပတ်တော်နှင့်အညီ ရှုမြင်ရမည်။ ဤသို့သောအရာများကို ဘုရားနှုတ်ကပတ်တော်နှင့်အညီ ရှုမြင်သင့်သည်။ ဦးစွာ လုပ်ဆောင်ရမည့်အရာမှာ ဘုရားသခင်ထံမှ ဤအမှုအရာကို လက်ခံနိုင်ဖို့၊ ဤသည်မှာ ဘုရားသခင်ထံမှ လာကြောင်း၊ ဤသည်မှာ သင့်အတွက် အထောက်အကူဖြစ်ပြီး အကျိုးဖြစ်စေသည့်အရာတစ်ခု ဖြစ်ကြောင်းကို တက်ကြွစွာ လက်ခံဖို့ဖြစ်သည်။ ဘုရားသခင်ထံမှ ဤအမှုကိစ္စကို လက်ခံရန်အတွက် သင်သည် ယင်းကို ဘုရားသခင်က စီစဉ်ညွှန်ကြားပြီး ထိန်းချုပ်သည်ဟု ဦးစွာ မှတ်ယူရမည်။ နေ၏အောက်တွင် ဖြစ်ပျက်သောအရာရာတိုင်း၊ သင်ခံစားရသည့်အရာအားလုံး၊ သင် မြင်နိုင်သည့်အရာအားလုံး၊ သင် ကြားနိုင်သည့်အရာအားလုံးတို့ဖြစ်သော အရာရာတိုင်းသည် ဘုရားသခင်၏ ခွင့်ပြုချက်ဖြင့်ဖြစ်သည်။ ဘုရားသခင်ထံမှ ဤအမှုကိစ္စကို သင် လက်ခံပြီးနောက်တွင် ၎င်းတို့ပြောသည့်၊ လုပ်ဆောင်သည့်အရာက သင့်အား နာကျင်စေသည်ဖြစ်စေ၊ သင်၏ ခံစားချက်များ ထိုးနှက်ခံရသည်ဖြစ်စေ၊ သင်၏ အကျင့်သိက္ခာကို နင်းခြေခံရပြီးဖြစ်စေ ထိုအရာကို ဘုရားနှုတ်ကပတ်တော်နှင့် နှိုင်းယှဉ်ပြီး ချိန်ဆအကဲဖြတ်လော့။ ပြီးလျှင် ဤအရာကို လုပ်ဆောင်သည့် မည်သူမဆိုက မည်သည့်လူစားမျိုး ဖြစ်သည်၊ ဤအမှုကိစ္စ၏ အနှစ်သာရက မည်သည့်အရာဖြစ်သည်ဆိုသည်ကို သိအောင်ပြုလုပ်လော့။ ရှေးဦးစွာ ထိုသူသည် ဆိုးယုတ်သောသူ ဖြစ်သလော၊ သာမန်ဖောက်ပြန်ပျက်စီးသောသူ ဖြစ်သလောဆိုသည်ကို ကြည့်လော့။ ရှေးဦးစွာ ဘုရားနှုတ်ကပတ်တော်နှင့်အညီ ထိုသူအား အရှိအတိုင်း ပိုင်းခြားသိမြင်လော့။ ထို့နောက်တွင် ဤအမှုကိစ္စကို ဘုရားနှုတ်ကပတ်တော်နှင့်အညီ ပိုင်းခြားသိမြင်ပြီး ကိုင်တွယ်လော့။ ဤအရာတို့သည် လိုက်လျှောက်ရန် မှန်ကန်သော အဆင့်များ မဟုတ်သလော။ (ဟုတ်ပါသည်။) ရှေးဦးစွာ ၎င်းတို့သည် သာမန်ညီအစ်ကိုမောင်နှမများဖြစ်သလော၊ ဆိုးယုတ်သောလူများ၊ အန္တိခရစ်များ၊ မယုံကြည်သူများ၊ ဝိညာဉ်ဆိုးများ၊ ညစ်ပေသော မကောင်းဆိုးဝါးများ၊ သို့မဟုတ် အဆင်းနီသောနဂါးကြီးထံမှ သူလျှိူများဖြစ်သလော၊ ပြီးလျှင် ၎င်းတို့ လုပ်ဆောင်သည့်အရာသည် ဖောက်ပြန်ပျက်စီးမှုကို ယေဘုယျပြသခြင်းဖြစ်သလော၊ သို့မဟုတ် တမင်နှောင့်ယှက်ဖျက်ဆီးရန် ရည်ရွယ်သော မကောင်းမှု ဖြစ်သလောဆိုသည်တို့ကို သတ်မှတ်ဆုံးဖြတ်ရန်အတွက် ဘုရားသခင်ထံမှ ဤအမှုကိစ္စကို လက်ခံပြီး ဤအမှုကိစ္စတွင် ပါဝင်သော လူတို့ကို ဘုရားနှုတ်ကပတ်တော်နှင့်အညီ ကြည့်ရှုလော့။ ဤအရာအားလုံးကို ဘုရားနှုတ်ကပတ်တော်နှင့် ယှဉ်ပြီး ဆုံးဖြတ်သင့်သည်။ အမှုအရာများကို ဘုရားနှုတ်ကပတ်တော်နှင့်အညီ ချင့်ချိန်အကဲဖြတ်ခြင်းသည် အတိကျဆုံး၊ အရှိအတိုင်းအဖြစ်ဆုံးသော နည်းလမ်းဖြစ်သည်။ လူတို့ကို ခွဲခြားသိမြင်သင့်ပြီး အမှုကိစ္စများကို ဘုရားနှုတ်ကပတ်တော်နှင့်အညီ ကိုင်တွယ်ဖြေရှင်းသင့်သည်။ သင်သည် ‘ဤဖြစ်ရပ်သည် ငါ၏ ခံစားချက်များကို အလွန်ပင်ထိခိုက်ပြီး ငါ့အပေါ်တွင် အရိပ်စွဲထင်ခဲ့သည်။ သို့သော် ဤဖြစ်ရပ် ဖြစ်ပွားခြင်းက အသက်သို့ ဝင်ရောက်ရန်အတွက် ငါ့အား တည်ဆောက်စရာဖြစ်စေရန် မည်သည့်အရာကို လုပ်ဆောင်ခဲ့သနည်း။ ဘုရားအလိုတော်က မည်သို့နည်း’ ဟူ၍ တွေးတောသင့်သည်။ ဤသည်မှာ ဤအမှုအရာ၏အဓိကအချက်သို့ သင့်အား ရောက်ရှိစေသည်။ ဤအရာကို သင် အဖြေရှာပြီး နားလည်သင့်သည်။ ဤသည်မှာ မှန်သောလမ်းကြောင်းကို လိုက်လျှောက်ခြင်းဖြစ်သည်။ သင်သည် ‘ဤဖြစ်ရပ်သည် ငါ၏ စိတ်နှလုံးနှင့် စိတ်ဝိညာဉ်ကို စိတ်ဒဏ်ရာရစေခဲ့သည်။ မချိတင်ကဲဝေဒနာနှင့် နာကျင်မှုကို ငါခံစားရသည်။ သို့သော် အပျက်သဘောဆောင်ပြီး အပြစ်တင်၍မဖြစ်ပေ။ အရေးကြီးဆုံးမှာ ဤဖြစ်ရပ်သည် ငါ့အတွက် အမှန်တကယ် အကျိုးရှိသည်၊ မရှိသည်ကို ဘုရားနှုတ်ကပတ်တော်နှင့်အညီ ပိုင်းခြားသိမြင်ရန်၊ ခွဲခြားရန်၊ ဆုံးဖြတ်ရန်ဖြစ်သည်။ ဘုရားသခင်၏ ပဲ့ပြင်ဆုံးမခြင်းမှလာလျှင်၊ ငါ၏ အသက်ဝင်ရောက်မှုနှင့် ကိုယ့်ကိုယ်ကိုယ် နားလည်မှုအတွက် အကျိုးရှိလျှင် ငါသည် လက်ခံပြီး နာခံသင့်သည်။ စာတန်ဆီမှ စုံစမ်းသွေးဆောင်ခြင်း ဖြစ်လျှင် ဘုရားသခင်ထံ ဆုတောင်းသင့်ပြီး အမြော်အမြင်ရှိစွာဖြင့် ကိုင်တွယ်သင့်သည်’ ဟု စဉ်းစားပြီး ဘုရားအလိုတော်ကို ရှာဖွေရမည်။ ဤသို့ ရှာဖွေခြင်း၊ စဉ်းစားခြင်းသည် အပြုသဘောဆောင်သော ဝင်ရောက်မှု ဖြစ်သလော။ ဤသည်မှာ ဘုရားနှုတ်ကပတ်တော်နှင့်အညီ လူများ၊ အမှုအရာများကို ကြည့်ရှုခြင်းဖြစ်သလော။ (ဟုတ်ပါသည်။) နောင်အချိန်တွင် သင်သည် မည်သည့်အမှုအရာကို ကိုင်တွယ်နေသည်ဖြစ်စေ၊ လူတို့နှင့် သင်ဆက်ဆံရာတွင် မည်သည့်ပြဿနာများဖြစ်ပေါ်ပါစေ ထိုအရာများကို ဖြေရှင်းရန်အတွက် ဆက်စပ်မှုရှိသော ဘုရားနှုတ်ကပတ်တော်များကို ရှာဖွေသင့်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁၊ သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၉))သင်သည် မှန်ကန်သော လမ်းကြောင်းကို ရွေးချယ်လျှင် တစ်စုံတစ်ဦးက သင်၏ပုံရိပ်ကို၊ သို့မဟုတ် မာနကို ထိပါးသည့်နည်းလမ်းဖြင့်ဖြစ်စေ၊ သင်၏ အကျင့်စရိုက်နှင့် ဂုဏ်သိက္ခာကို စော်ကားသည့်နည်းလမ်းဖြင့်ဖြစ်စေ စကားပြောသည့်အခါတွင် သင်သည် သည်းခံရန် ရွေးချယ်နိုင်သည်။ သင်သည် ဘာသာစကားတစ်မျိုးမျိုးကို အသုံးပြု၍ဖြစ်စေ၊ သင့်ကိုယ်သင် တမင်တကာ မှန်ကြောင်းပြ၍ဖြစ်စေ၊ တစ်ဖက်လူကို ပြန်လည်ချေပပြီး တိုက်ခိုက်၍ဖြစ်စေ အမုန်းတရားများ ဖြစ်ပေါ်စေလျက် ငြင်းခုံမှုတွင် ပါဝင်ပြောဆိုမည်မဟုတ်။ သည်းခံခြင်း၏ အနှစ်သာရနှင့် အရေးပါမှုတို့မှာ အဘယ်နည်း။ သင်သည် ‘သူပြောသည့်အရာအချို့သည် အမှန်တရားနှင့် မကိုက်ညီပါ။ သို့သော် လူများသည် သမ္မာတရားကို နားမလည်သကဲ့သို့ ၎င်းတို့အားလုံးသည် ကယ်တင်ခြင်း မရရှိမီတွင် ဤကဲ့သို့သာ ဖြစ်လေသည်။ ကျွန်ုပ်သည်လည်း ထိုကဲ့သို့သာ ဖြစ်ခဲ့သည်။ ယခု ကျွန်ုပ်သည် သမ္မာတရားကို နားလည်သဖြင့် ထိုလမ်းကြောင်းကို မရွေးချယ်ပါ။ သည်းခံခြင်းကို ရွေးချယ်သည်။ သူပြောသည့်အရာများထဲမှ အချို့သည် အမှန်တရားနှင့် မကိုက်ညီပါ။ ယင်းကို ကျွန်ုပ် အာရုံမစိုက်ပါ။ ကျွန်ုပ် သတိပြုမိနိုင်ပြီး နားလည်သဘောပေါက်နိုင်သည့်အရာကို ကျွန်ုပ် လက်ခံရယူသည်။ ယင်းကို ဘုရားသခင်ထံမှ ကျွန်ုပ် လက်ခံယူပြီး ဆုတောင်းရာတွင် ဘုရားသခင်၏ ရှေ့မှောက်သို့ ယူဆောင်၍ ကျွန်ုပ်အား ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ အနှစ်သာရကို သိစေပြီး ဤပြဿနာများကို ကိုင်တွယ်ရန် အခွင့်အရေး ရကာ ယင်းတို့ကို ဖြည်းဖြည်းချင်း ကျော်လွှားပြီး သမ္မာတရား စစ်မှန်မှုထဲသို့ တစ်လှမ်းပြီးတစ်လှမ်း ဝင်ရောက်စေလျက် ကျွန်ုပ်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအား ဖော်ထုတ်သည့် အခြေအနေများကို သတ်မှတ်ပေးပါရန် သူ့ကို တောင်းလျှောက်သည်။ ကျွန်ုပ်ကို နာကျင်အောင် ပြောသည့်သူအတွက်မူ သူမှန်သည်ဖြစ်စေ၊ မမှန်သည်ဖြစ်စေ၊ သူ၏ အရင်းခံအကြောင်းများက မည်သည့်အရာဖြစ်စေ တစ်ဖက်တွင် ယင်းနှင့်ပတ်သက်သည့် ပိုင်းခြားသိမြင်မှုကို ကျွန်ုပ် လက်တွေ့လုပ်ဆောင်ပြီး တစ်ဖက်တွင် ယင်းကို ကျွန်ုပ် သည်းခံသည်’ ဟုပြောသည်။ ဤလူသည် သမ္မာတရားကို လက်ခံသည့်သူတစ်ဦးဖြစ်လျှင် သင်သည် သူနှင့်ထိုင်၍ ငြိမ်းချမ်းစွာ မိတ်သဟာယပြုနိုင်သည်။ သူသည် လက်ခံသူမဟုတ်လျှင်၊ သူသည် မကောင်းမှုပြုသူတစ်ဦး ဖြစ်လျှင် သူ့ကို အာရုံမစိုက်နှင့်။ သူ၏ ဆောင်ရွက်ချက် ပြီးဆုံးသည်အထိ စောင့်လော့။ ညီအစ်ကိုမောင်နှမများအားလုံးရော သင်ကပါ သူ့ကို ပိုင်းခြားသိမြင်ပြီး ရိပ်စားမိကာ ခေါင်းဆောင်များနှင့် အမှုဆောင်များက သူ့ကို ကိုင်တွယ်တော့မည် ဖြစ်သည့်အခါတွင် ထိုအချိန်သည် ဘုရားသခင်က သူ့ကို ကိုင်တွယ်ရန် အချိန်ကျလာပြီဖြစ်သည်။ ပြီးလျှင် သင်သည် ကြည်နူးအားရမှုကို ခံစားရမည်မှာ အမှန်ပင်။ သို့ရာတွင် သင်ရွေးချယ်သင့်သည့် လမ်းကြောင်းသည် မကောင်းမှုပြုသူများနှင့် စကားစစ်ထိုးရာတွင် ပါဝင်ဆောင်ရွက်ရန်၊ သို့မဟုတ် ၎င်းတို့နှင့် ငြင်းခုံပြီး ဝေဖန်ထိုးနှက်မှုကို ခုခံကာကွယ်ရန် လုံးဝမဟုတ်ပေ။ ထိုအစား မည်သည့်အရာမဆိုဖြစ်သည့်အခါတိုင်းတွင် သမ္မာတရား စစ်မှန်မှုများနှင့်အညီ လက်တွေ့လုပ်ဆောင်ရန် ဖြစ်သည်။ သင့်ကို နာကျင်အောင်လုပ်ခဲ့သည့်လူများ၊ သို့မဟုတ် သင့်အတွက် အကျိုးမပြုခဲ့သည့်၊ အကျိုးမပြုသည့်သူများကို ကိုင်တွယ်ဖြေရှင်းရခြင်းပင် ဖြစ်ပါစေ သင်လက်တွေ့လုပ်ဆောင်သည့် စည်းမျဉ်းများသည် အတူတူပင် ဖြစ်လေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၁၅)) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ရင်းနဲ့ ပိုလို့တောင် ရှင်းသွားပြီး၊ လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်းတချို့ ရခဲ့တယ်။ ကျွန်မတို့ဆီ ဘာပဲဖြစ်ဖြစ်၊ အားလုံးက ဘုရားရဲ့ ခွင့်ပြုချက်နဲ့ ဖြစ်တာဖြစ်ပြီး၊ ဒီအရာတွေကနေ သင်ယူရမယ်။ လူတွေကို စည်းမျဉ်းနဲ့အညီ ဆက်ဆံဖို့ ကျွန်မတို့ကို ဘုရားက တိုက်တွန်းတယ်။ ကျွန်မတို့ကို ထိခိုက်နစ်နာစေတဲ့သူတွေကို ကိုင်တွင်ဖြေရှင်းတဲ့အခါ၊ အရှက်ရတာ၊ အလျှော့ပေးတာတွေကိုပဲ အမြဲ မလုပ်သင့်သလို၊ အမုန်းတရားထဲ နစ်ပြီး လက်တုံ့ပြန်မှုကို မရှာသင့်ဘူး။ အဲဒါထက် ဘုရားဆီက အခြေအနေကို လက်ခံသင့်တယ်၊ ဘုရားအလိုတော်ကို ရှာပြီး၊ သမ္မာတရား စည်းမျဉ်းတွေအတိုင်း ကိုင်တွယ်သင့်တယ်။ တစ်ယောက်ယောက်က ဖောက်ပြန်ပျက်စီးခြင်းကို ထုတ်ဖော်ပြနေပြီး၊ စကား၊ လုပ်ရပ်တွေနဲ့ ကျွန်မတို့ကို အမှတ်တမဲ့ ထိခိုက်နစ်နာစေရင်၊ ချစ်ခင်တဲ့ စိတ်ရှည်သည်းခံခြင်းကို ကျွန်မတို့ ပြရမယ်၊ ကိုယ့်ကိုယ်ပိုင် ပြဿနာတွေကို သုံးသပ်ဖို့ သူတို့ရဲ့ ဝေဖန်မှုကို အသုံးပြုပြီး၊ ကျွန်မတို့ရဲ့ ကိုယ်ပိုင် အသက်ဝင်ရောက်မှုကို အာရုံစိုက်ရမယ်။ သူတို့ရဲ့ ပြောဆို၊ ပြုမူဆောင်ရွက်ပုံမှာ မှားယွင်းတဲ့ ရည်ရွယ်ချက်တွေရှိပြီး၊ ကျွန်မတို့နောက်ကွယ်မှာ ကျွန်မတို့ကို ဝေဖန်၊ တိုက်ခိုက်ရင်၊ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်ရုံနဲ့ မပြီးဘူး။ သူတို့ ဘယ်လိုလူစားမျိုးဖြစ်တယ်၊ ဘာရည်ရွယ်ချက်တွေရှိတယ်ဆိုတာကိုလည်း ပိုင်းခြားသိမြင်ပြီး၊ သူတို့ရဲ့ ပြဿနာတွေကို ထောက်ပြရမယ်။ သူတို့အနေနဲ့ သမ္မာတရားကို လက်ခံဖို့၊ နောင်တရပြီး ပြောင်းလဲဖို့ လိုလားနေရင်၊ ညီအစ်ကို မောင်နှမတွေလို သူတို့ကို ဆက်ဆံပြီး မိတ်သဟာယနဲ့ ပံ့ပိုးမှု ပေးသင့်တယ်။ သမ္မာတရားကို သူတို့ နည်းနည်းမှ လက်မခံဘဲ၊ မကောင်းမှုပြုသူတွေနဲ့ အန္တိခရစ်တွေ ဖြစ်ကြတယ်ဆိုရင်၊ ဖော်ထုတ်ခံရသင့်တယ်၊ ပိုင်းခြားသိမြင်၊ ဇာတိရုပ်ကိုဖော်ပြီး သမ္မာတရားအတိုင်း တိုင်ကြားခံရသင့်သလို၊ စက်ဆုပ်ခံရပြီးတော့ ငြင်းပယ်ခံရသင့်တယ်။ ဒါက လူတွေကို သမ္မာတရား စည်းမျဉ်းတွေအတိုင်း ဆက်ဆံဖို့ တကယ့် နည်းလမ်းပဲ။ လီစင်းရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားက အတော်အသင့် ပြင်းထန်ပေမဲ့၊ သူက သမ္မာတရားကို လက်ခံပြီး၊ နောင်တရ၊ ပြောင်းလဲဖို့ လိုလားနေခဲ့လို့ သူ့ကို ကျွန်မ မှန်မှန်ကန်ကန် ဆက်ဆံသင့်တယ်။ သူနဲ့ပတ်သက်လို့ ကျွန်မ စိတ်ရှည်သည်းခံပြီး ကျွန်မကို ထိခိုက်တဲ့အတွက် သူ့ကို ခွင့်လွှတ်ရမယ်။ သူ သတိမပြုမိတဲ့ ပြဿနာတွေအတွက်တော့၊ ကျွန်မ ထောက်ပြပြီး သူ့ကို ကူညီသင့်တယ်၊ သူ့ကိုယ်သူသိပြီး ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ဖြေရှင်းဖို့ လမ်းပြသင့်တယ်။ ပြီးတော့ ဒီအတွေ့အကြုံကတစ်ဆင့်၊ ကျွန်မ ကိုယ့်ကိုယ်ကိုယ် သုံးသပ်ပြီး သိလာခဲ့တယ်။ ကျွန်မရဲ့ ဝိညာဉ်ရင့်ကျက်မှု အရမ်းငယ်ပြီး နာမည်ဂုဏ်နဲ့ အဆင့်အတန်းအတွက် ဆန္ဒက အရမ်းအားကောင်းတာကို မြင်ခဲ့ရတယ်။ လီစင်းရဲ့ စကားနဲ့ လုပ်ရပ်တွေက ကျွန်မရဲ့ အဆင့်အတန်းနဲ့ နာမည်ဂုဏ်ကို ခြိမ်းခြောက်တော့၊ လက်တုံ့ပြန်ဖို့ တစ်ဇောက်ကန်း ဆန္ဒရှိခဲ့ပြီး၊ ပုံမှန်လူတစ်ယောက် ရှိသင့်တဲ့ ဆင်ခြင်တုံတရား ပျောက်ဆုံးခဲ့တယ်။ ကျွန်မအပေါ် လီစင်းရဲ့ ဝေဖန်မှုတချို့က ခိုင်လုံမှုမရှိပေမဲ့၊ တချို့ကတော့ ကျွန်မမှာရှိတဲ့ ပြဿနာကို ဖော်ထုတ်ပေးတယ်။ ဥပမာအနေနဲ့၊ ကျွန်မတာဝန်မှာ၊ ဘုရားနှုတ်ကပတ်တော်ကို တွေ့ကြုံတာထက် ကိုယ့်အလုပ်ကို ပိုအာရုံစိုက်ခဲ့တယ်။ တာဝန်မှာ ကျွန်မရဲ့ ဦးစားပေးတွေက တစ်ခါတလေ မှားတယ်၊ စတာတွေပေါ့။ ဒါတွေအားလုံးက ကျွန်မရဲ့ ချို့တဲ့မှုတွေပါပဲ။ ဝေဖန်မှုကြောင့် သိက္ခာတချို့ ဆုံးရှုံးသွားနိုင်ပေမဲ့၊ အဲဒါတွေက ပြဿနာတွေကို ပိုရှင်းရှင်းလင်းလင်း ခွဲခြားသိမြင်စေတယ်။ ကျွန်မရဲ့ အသက်ဝင်ရောက်မှုအတွက်လည်း အထောက်အကူဖြစ်တယ်။ ဒါကြောင့် သူ့ကို ကျွန်မ ဘာလို့ အပြစ်တင်ပြီး စက်ဆုပ်သင့်မှာလဲ။ အဲဒီအကြောင်း တွေးလေ၊ ကျွန်မ တို့ထိခံရလေဖြစ်ပြီး၊ လီစင်းအပေါ် ကျွန်မရဲ့ အမြင်စောင်းတာက နောက်ဆုံးမှာ လုံးဝ ပျောက်သွားတယ်။

နောက်ပိုင်း၊ စုဝေးပွဲတစ်ခုမှာ၊ ကျွန်မ ထုတ်ဖော်ပြတဲ့ ဖောက်ပြန်ပျက်စီးခြင်းနဲ့ ကျွန်မကိုယ်ပိုင် အသက်ဝင်ရောက်မှုအကြောင်းကို လီစင်းဆီ ဖွင့်ပြောလိုက်တယ်။ အဲဒီလို လက်တွေ့လုပ်လိုက်တာနဲ့ ကျွန်မတို့ကြားက တင်းမာမှု ပျောက်သွားပြီး၊ နောက်ဆုံးမှာ သူ့ကို မှန်မှန်ကန်ကန် ကျွန်မ ဆက်ဆံနိုင်ခဲ့တယ်။ နောက်ပိုင်းမှာ၊ လီစင်းနဲ့ တွဲဖက်လုပ်နေတုန်း၊ အဆင့်အတန်းအတွက် သူ့ရဲ့ ပြိုင်ဆိုင်မှုက ပြဿနာဖြစ်လာသလို၊ အဲဒါကို သူ သဘောမပေါက်မှန်း ကျွန်မ သိလိုက်တယ်။ တစ်ခါတလေ ကျွန်မအပေါ် သူ့ရဲ့ ဝေဖန်မှုက ခိုင်လုံမှုမရှိဘူး။ သူ့ရဲ့ ဝေဖန်မှုကို ဘုရားဆီကနေ လက်ခံဖို့၊ ကိုယ့်ပြဿနာတွေကို သုံးသပ်ပြီး၊ တစ်ဇောက်ကန်း လက်တုံ့ပြန်တာကို ရှောင်ကြဉ်ဖို့ ကြိုးစားရင်းနဲ့ ချင့်ချိန်နိုင်စွမ်းနဲ့ လေ့လာမှုကိုလည်း ကျွန်မ အာရုံစိုက်ခဲ့တယ်။ လီစင်းရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားက အတော်လေး ဆိုးလာတာ၊ သူ့ရဲ့ လူ့သဘာဝ ညံ့ဖျင်းတာ၊ သူ အမှန်တကယ် နောင်တရဖို့ အဆက်မပြတ် ပျက်ကွက်ပြီး၊ အတားအဆီးနဲ့ အနှောင့်အယှက်တွေ ဖြစ်စေတာကို ကျွန်မ မြင်တဲ့အခါ၊ သူ့အခြေအနေကို ခေါင်းဆောင်ဆီ တိုင်ခဲ့တယ်။ နောက်ဆုံးမှာ လီစင်းက တာဝန်ပြောင်းခံခဲ့ရတယ်။ ကျွန်မ ဒီလိုလက်တွေ့လုပ်တော့ အများကြီး ပိုတည်ငြိမ်သွားပြီး၊ လွတ်မြောက်သွားတယ်။ ဘုရားကျေးဇူးတော်ပဲ။ ဒီအတွေ့အကြုံကတစ်ဆင့် သမ္မာတရားကို လက်တွေ့လုပ်ပြီး ဘုရားနှုတ်ကပတ်တော်တွေနဲ့ အသက်ရှင်ခြင်းအားဖြင့်ပဲ လူသားအသွင်ကို ကျွန်မတို့ အမှန်တကယ် အသက်ရှင်နိုင်မှန်း သိခဲ့ရတယ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

လူတွေကို မစဉ်းမစား ကိုးကွယ်ပြီးနောက် ဆင်ခြင်သုံးသပ်ခြင်း

ကျန်းလင် တရုတ်နိုင်ငံ ၂၀၁၉ခုနှစ်မှာ အသင်းတော်တစ်ခုမှာ ကျွန်မ ခေါင်းဆောင်တစ်ယောက်ဖြစ်တုန်းက အထက်ခေါင်းဆောင်နှစ်ယောက်နဲ့ ကျွန်မ တွေ့ခဲ့တယ်။...

ကိုယ့်ထက်သာသွားမည်ကို အဘယ်ကြောင့် ကျွန်ုပ် အလွန်စိုးရွံ့ရသနည်း

ယန်ဖေချီ တရုတ်နိုင်ငံ ၂၀၁၇ မှာ ဘွဲ့ယူပြီးတဲ့နောက်၊ အသင်းတော်မှာ ကိုယ့်တာဝန်ကို စခဲ့တယ်။ ညီအစ်ကို မောင်နှမတွေကြားမှာ ကျွန်မက...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။