ဘုရားသခင်ကို ကျွန်ုပ်ယုံကြည်၏- လူကို အဘယ်ကြောင့် ကိုးကွယ်ရမည်နည်း

04.06.2022

ယိုရှင်း တောင်ကိုရီးယားနိုင်ငံ

အသင်းတော်ရဲ့ ဧဝံဂေလိအလုပ်အတွက် ကျွန်မ တာဝန်ယူခဲ့ရတဲ့အချိန်တုန်းက ကျွန်မတို့အဖွဲ့လုပ်တာ သိပ်မကောင်းဘူး။ ကျွန်မ တော်တော်စိတ်ညစ်နေတာ။ နောက်တော့ ဝူပိန်က ကျွန်မတို့အသင်းတော်ကို ပြောင်းလာတယ်။ သူက ယုံကြည်သူဖြစ်တာ နှစ်နှစ်ဆယ်ကျော်နေပြီးတော့ ဘုရားအတွက် အနစ်နာခံမှုတွေအများကြီးလုပ်တာ၊ လုံးဝ အရှုံးမပေးဘဲနဲ့ နေရာတကာမှာ တရားဟောခဲ့ပြီး အန္တရာယ်တွေအများကြီးကို ဖြတ်သန်းခဲ့တာတွေကို ကျွန်မ ကြားရတယ်။ သူ့ကို တော်တော်အထင်ကြီးလေးစားခဲ့တယ်။ သိပ်မကြာခင်မှာပဲ ဧဝံဂေလိအလုပ်မှာ ဝူပိန်ကို ကျွန်မနဲ့အတူတွဲလုပ်ဖို့ ခေါင်းဆောင်ကစီစဉ်တော့ ကျွန်မ ပျော်သွားတယ်။ ကျွန်မတို့နဲ့အတူ သူ ပထမဆုံးအကြိမ်စုဝေးတာက ကျွန်မစိတ်ထဲမှာ တော်တော်စွဲထင်သွားတယ်။ သူက ဧဝံဂေလိဖြန့်ဝေဖို့သွားတဲ့အခါမှာ ဘာသာရေးခေါင်းဆောင်တွေရဲ့ နှောင့်ယှက်မှုကို ဘယ်လိုကြုံတွေ့ခဲ့ရတာတွေ၊ သူတို့နဲ့ ဘယ်လိုမိတ်သဟာယဖွဲ့၊ ငြင်းခုံပြီး သူတို့က ဘာမှမပြောနိုင်အောင်ဖြစ်သွားတာတွေ၊ ဘာသာရေးအယူအဆတွေနဲ့ ကျမ်းစာဆိုင်ရာအသိပညာအများကြီးရှိသူတွေနဲ့ ဘယ်လိုမိတ်သဟာယဖွဲ့ခဲ့ပြီး သူတို့ရှုပ်ထွေးနေတာတွေကို ဖြေရှင်းပေးခဲ့တာတွေကို သူကပြောပြတယ်။ ဧဝံဂေလိဟောရာမှာ သူတို့တွေ့ခဲ့ရတဲ့ အခက်အခဲတွေအများကြီးအကြောင်း မတူတဲ့နယ်ပယ်တွေမှာ ဧဝံဂေလိဖြန့်ဖို့အတွက် သူနဲ့ တခြားညီအစ်ကိုမောင်နှမတွေ ပေးဆပ်ခဲ့ရတဲ့အဖိုးအခအကြောင်း၊ အထက်ပိုင်းခေါင်းဆောင်တွေက သူ့ကို တန်ဖိုးထားပြီး ပျိုးထောင်ခဲ့ပြီး အရေးကြီးတဲ့တာဝန်တွေကိုပေးခဲ့တဲ့အကြောင်းတွေကိုလည်း ပြောပြတယ်။ ကျွန်မ အထင်အကြီးဆုံးကတော့ လူသားအတွက် ဘုရားရဲ့ချစ်ခြင်းကို သူပြောတဲ့အချိန်မှာ သူ့မျက်လုံးမှာမျက်ရည်တွေပြည့်လာတယ်။ ဘုရားအလိုတော်ကို ကျွန်မတို့ ထည့်စဉ်းစားရမယ်၊ ဆင်းရဲဒုက္ခတွေဘယ်လောက်ပဲ ရင်ဆိုင်ရပါစေ၊ နောက်ဆုံးသောကာလ ဧဝံဂေလိကိုဖြန့်ဝေရမယ်၊ ဒါ ကျွန်မတို့တာဝန်ပဲလို့ပြောတယ်။ အဲဒီအချိန်တုန်းကတော့ ကျွန်မအတွက်တော့ သူက ဘုရားအတွက်ချစ်ခြင်းတွေပြည့်နေသလိုပဲ။ ချက်ချင်းပဲ ကျွန်မသူ့ကို လေးစားသလိုမျိုး ဖြစ်သွားတယ်။ သူက ယုံကြည်ခြင်းရှိတာ တော်တော်ကြာပြီ၊ ကျွန်မတို့ထက် သမ္မာတရားတွေကို ပိုနားလည်တယ်၊ ပိုများတဲ့ ဝိညာဉ်ရင့်ကျက်မှုရှိတယ်၊ ဒါကြောင့် သူ့ဆီကနေ သင်ယူသင့်တယ်လို့ ကျွန်မ ခံစားမိခဲ့တယ်။ အဲဒီနောက်မှာ တာဝန်တွေကို အတူတူစလုပ်ကြတယ်။

ဝူပိန်က ဒုက္ခကို တော်တော်ခံနိုင်ရည်ရှိပြီး အလုပ်ကို ဆက်လုပ်ဖို့အတွက် ညတွေအများကြီး မအိပ်ဘဲနေပြီး ပြဿနာတွေကိုဖြေရှင်းတာကို ကျွန်မတို့အတူလုပ်ရင်းနဲ့ သတိထားမိတယ်။ ကျွန်မအလုပ်မှာ အမှားတွေ၊ သတိမထားမိလိုက်တာတွေကို သူက ထောက်ပြပြီး လက်တွေ့လုပ်ဆောင်မှုလမ်းကြောင်းတွေကို မိတ်သဟာယဖွဲ့တယ်။ သူများတွေနဲ့ ဧဝံဂေလိမျှဝေတဲ့အခါမှာ သူက ဥပမာတွေပေးပြီး တင်စားမှုတွေကို အသုံးပြုတယ်။ သူပြောတာတွေက တော်တော်ပြတ်သားတယ်။ လူတွေ မရှင်းတာတွေကို ဖြေရှင်းပေးနိုင်တယ်။ စုဝေးပွဲတွေမှာ သူ့အလုပ်ရဲ့ မလုံလောက်မှုကို သူပြောတဲ့အခါမှာ သူ ဘုရားအပေါ် ဘယ်လောက်အကြွေးတင်တယ်ဆိုတာကိုပြောရင်းနဲ့ မျက်ရည်တွေဝဲလာတယ်။ တစ်ခါတလေမှာ ရေလောင်းတဲ့အမှုထမ်းတွေက သူ့ကို မေးစရာတွေရှိရင် သူက အမြန်အချိန်ယူပြီး ကူညီပေးတယ်။ ကျွန်မ နေမကောင်းဖြစ်နေတာကို သူမြင်တဲ့အခါမှာလည်း တော်တော်ဂရုစိုက်တယ်။ အဲဒီအချိန်တုန်းကတော့ ကျွန်မက သူ့ကို ပိုပိုပြီး နှစ်သက်လာတာပေါ့။ နောက်ပိုင်းမှာ သူက အသင်းတော်ခေါင်းဆောင်အဖြစ် အရွေးခံတယ်။ သူ့မှာ သမ္မာတရားစစ်မှန်မှုရှိတယ်လို့ ကျွန်မ ပိုပြီးတော့တောင် ခံစားမိတယ်။ သူ့ကိုပိုပြီးတော့ကို အထင်ကြီးလေးစားခဲ့တာပေါ့။ သူက အသင်းတော်နေရာအနှံ့မှာ အမြဲတမ်း အပြေးအလွှားသွားနေပြီး ညီအစ်ကိုမောင်နှမတွေရဲ့ ပြဿနာတွေကို ကူဖြေရှင်းပေးနေတာကို တွေ့ရတယ်။ သူက အသင်းတော်မှာ တကယ်ကိုအရေးကြီးတဲ့နေရာမှာရှိတယ်၊ သေချာပေါက် သူမရှိလို့မဖြစ်ဘူးဆိုပြီး ခံစားမိခဲ့တယ်။ ပြဿနာတွေကို ကျွန်မ ကြုံရတဲ့အခါမှာ မိတ်သဟာယအတွက် ကျွန်မ သူ့ကိုရှာပြီး သူ့အမြင်နဲ့ သူပြောတာတွေကို အလောတကြီးနဲ့ မှတ်သားတယ်။ ပြီးရင် သူအကြံပေးတာမှန်သမျှကို လက်တွေ့အကောင်အထည်ဖော်တယ်။ သူ့အပြုအမူတချို့ကိုတောင် ကျွန်မ အတုခိုးတယ်။ သူက ခဏခဏ ညမအိပ်ဘဲနေတာကို ကျွန်မ မြင်တော့ ဒါက ကိုယ့်တာဝန်တွေအတွက် ဒုက္ခခံတာဖြစ်ပြီး စိတ်နှစ်မြုပ်လုပ်ကိုင်တာပဲလို့ တွေးမိတယ်၊ အဲဒါနဲ့ ကျွန်မလည်း ညမအိပ်ဘဲနေတာမျိုးပေါ့။ တစ်ခါတလေမှာ အရေးတကြီးဖြစ်တာ ဘာမှမရှိဘဲ အိပ်ရာစောစောဝင်လို့ရတယ်။ ဒါပေမဲ့ ဝူပိန်က မအိပ်ဘဲနေတာကို တွေ့တော့ ကျွန်မလည်း မအိပ်ဘဲနေလိုက်တယ်။ သူက ကိုင်တွယ်ဖြေရှင်းခံပြီးရတဲ့နောက်မှာ စိတ်ဓာတ်ခိုင်ခိုင်မာမာနေပြီး တာဝန်နဲ့အလုပ်ရှုပ်နေတုန်းပဲဆိုတာ တွေ့ရတယ်။ ဒါဟာ ဝိညာဉ်ရင့်ကျက်မှုနဲ့ စစ်မှန်မှှုရှိတာလို့ ကျွန်မ ထင်ခဲ့တယ်။ ကျွန်မက ကိုင်တွယ်ဖြေရှင်းခံရတဲ့အချိန်မှာ တော်တော်စိတ်မကောင်းဖြစ်ပြီး ဘုရားဝတ်ပြုပြီး ပြန်ဆင်ခြင်ကြည့်ချင်တာ။ ဒါပေမဲ့ ဝူပိန်ရဲ့ အပြူအမူကို ပြန်စဉ်းစားကြည့်တော့ ကိုယ့်ကိုယ်ကိုယ်အကြောင်းပိုသိအောင်သင်ယူဖို့ အာရုံမစိုက်ဘဲနဲ့ တာဝန်ကိုပဲ အမြန်ပြန်လုပ်တယ်။ ကျွန်မက နည်းနည်းလေးမှ သတိမထားမိဘဲနဲ့ ဝူပိန်ကို ကိုးကွယ်မြတ်နိုးနေတဲ့ အခြေအနေမှာအသက်ရှင်နေတာပါ။ နောက်တော့ ဝူပိန်ကို ကျွန်မ တဖြည်းဖြည်းချင်း နည်းနည်းသိမြင်နိုင်လာတဲ့ အခြေအနေတချို့ကို ဘုရားက ပြင်ဆင်ပေးတယ်။

သူက အသင်းတော်ခေါင်းဆောင်ဖြစ်နေတုန်းမှာ အရမ်းကို ကိုယ်တိုင်လုပ်ပြီး ဘယ်လောက်များတဲ့အလုပ်မဆို လုပ်နိုင်တယ်။ ဒါပေမဲ့ ကျွန်မတို့အလုပ်မှာ ပြဿနာတွေက ယင်ကောင်တွေလိုပဲ ပွားလာတယ်။ အသင်းတော်အလုပ်ရဲ့ ထိရောက်မှုက တဖြည်းဖြည်းချင်း ကျလာတယ်။ တစ်ရက်မှာ ရေလောင်းသင်းထောက် အစ်မယန်က ကျွန်မကိုပြောတယ်။ ဝူပိန်ရဲ့အလုပ်မှာ ပြဿနာတချို့ကို သူတွေ့တယ်တဲ့။ ညီအစ်ကိုမောင်နှမတွေကို လက်တွေ့လုပ်ဆောင်ဖို့ခွင့်မပြုဘဲ အရာရာတိုင်းကို ဦးဆောင်လုပ်နေတယ်၊ ပါရမီရှိသူတွေကို ပျိုးထောင်မပေးဘူးတဲ့။ သူက သင်းထောက်နဲ့ အဖွဲ့ခေါင်းဆောင်တွေရဲ့အလုပ်ကို လုပ်နေတာ။ ဒီတော့ ဘယ်သူကမှ လက်တွေ့လုပ်ဆောင်ဖို့ အခွင့်အရေးမရှိတော့ဘူး။ ကြာလာတော့ လူတိုင်းက သူတို့လုံးဝ အသုံးမကျတော့သလို ခံစားလာရတယ်။ ပြီးတော့ ဝူပိန်ကိုလည်း တော်တော်လေးစားကြတယ်။ ဒါက ကောင်းတဲ့ပတ်ဝန်းကျင်တစ်ခုမဟုတ်ဘူးလေ။ အစ်မယန်ကပြောတယ်။ လူတိုင်းက သူတို့အမှားတွေကို သိပြီး ပိုမြန်တဲ့တိုးတက်မှုတွေလုပ်နိုင်ဖို့အတွက် သူများတွေကို လက်တွေ့လုပ်ဆောင်ဖို့ အခွင့်အရေးပိုပေးဖို့နဲ့ပတ်သက်ပြီး ဝူပိန်ကို သူတစ်ခုခုပြောချင်တယ်တဲ့။ ဒါဆိုရင် သူတို့ပါရမီတွေကိုလည်း သူတို့အသုံးပြုနိုင်တယ်၊ တာဝန်မှာ သူတို့ရဲ့ စွမ်းဆောင်မှုက သေချာပေါက်တိုးတက်လာမယ်တဲ့။ အစ်မယန်ရဲ့ စိတ်ကူးကို ကျွန်မ တော်တော်ထောက်ခံတယ်။ အဲဒါနဲ့ ဝူပိန်ကိုပြောဖို့အတွက် သူနဲ့ လိုက်သွားလိုက်တယ်။ ဒါပေမဲ့ အံ့သြစရာကောင်းတာက ဝူပိန်က အရမ်းကို မကျေမနပ်ဖြစ်နေတယ်။ သူက မျက်နှာမကြည်ဖြစ်ပြီး ကျွန်မတို့နဲ့ သဘောမတူဘူး။ သူကပြောတယ်။ တခြားလူတွေက ပြဿနာတွေများလွန်းတယ်။ သူတို့ကို သင်ပေးရင် အလုပ်ရှုပ်ပြီး နှောင့်နှေးကုန်မယ်တဲ့။ ကိစ္စတွေကို သူ့ဘာသာလုပ်တာက ပိုကောင်းပြီး ပိုထိရောက်တယ်တဲ့။ သူက အပြောကောင်းကောင်းနဲ့ ရှင်းပြခဲ့ပြီး အဲဒီအချိန်မှာ ကျွန်မက ဘာပြောရမှန်းမသိဘူး။ ဒါပေမဲ့ ဒါကို နောက်ကျတော့မှ ပြန်တွေးကြည့်တော့ သူက ကိစ္စတွေကို မှန်မှန်ကန်ကန်မကိုင်တွယ်ဘူးလို့ ကျွန်မ ခံစားမိတယ်။ လူတွေကို ဒီနည်းနဲ့ ပျိုးထောင်လို့မရဘူးလေ။ ညီအစ်ကိုမောင်နှမတွေက လေ့ကျင့်ရမှာမဟုတ်ဘူး။ သူ့ကိုပဲ မှီခိုနေရမှာ။ ဒီနည်းနဲ့ အလုပ်က ကောင်းကောင်းပြီးမှာမဟုတ်ဘူး။ ဒါပေမဲ့ နောက်တော့ ကျွန်မ စဉ်းစားတယ်။ ကျွန်မတို့က သမ္မာတရားကို နားမလည်ဘူး။ ဒီတော့ ပြဿနာတွေကို ဖြေရှင်းဖို့အတွက် သူနဲ့အတူလိုက်လုပ်တာက အသုံးဝင်မှာမဟုတ်ဘူး။ ကျွန်မတို့ကြောင့် နှောင့်နှေးနေမှာပဲပေါ့။ သူက သမ္မာတရားကို ပိုနားလည်တယ်။ ဒီတော့ သူ့ကို ကိုင်တွယ်ခိုင်းသင့်တယ်ပေါ့။ အဲဒါနဲ့ ဝူပိန်က နေ့တိုင်း ဆက်အလုပ်ရှုပ်နေပြီး ပြဿနာတွေအများကြီးကတော့ ဆက်ရှိနေတယ်။ ညီအစ်ကိုမောင်နှမတွေက တာဝန်မှာ အရမ်းကို မတက်မကြွဖြစ်ပြီး ပြဿနာတွေကို ဖြေရှင်းဖို့ သူ့ကိုပဲစောင့်တယ်။ လူအများစုက အချိန်ပြည့် စိတ်ဓာတ်ကျနေတယ်။ နောက်ပိုင်းမှာ အထက်ပိုင်းခေါင်းဆောင်က ကျွန်မတို့အသင်းတော်မှာ ပြဿနာတွေအများကြီးရှိတာကို တွေ့သွားပြီး ဝူပိန်အပေါ် အကဲဖြတ်ချက်တွေကို စုဆောင်းခဲ့တယ်။ သူက တောတော်မာနကြီးပြီး အာဏာရှင်ဆန်တယ်၊ ဘာအကြံပေးချက်တွေကိုမှ လက်မခံဘူးဆိုတာကို ပြနေတယ်။ သူက ကိုယ့်ကိုယ်ကိုယ်လည်း အာဏာရှိအောင်လုပ်တယ်။ အမြဲတမ်း ကြွားဝါပြီး တခြားလူတွေကိုသူ့ရှေ့ရောက်အောင်လုပ်တယ်။ သူက ချက်ချင်းပဲ အထုတ်ခံလိုက်ရတယ်။ ကျွန်မတို့က ပိုင်းခြားသိမြင်မှုမရှိဘူး၊ ဝူပိန်ကို မစဉ်းမစားနဲ့ အရမ်းမြှောက်စားနေတယ်လို့လည်း ခေါင်းဆောင်ကပြောတယ်။ တာဝန်တွေမှာ သမ္မာတရားစည်းမျဉ်းတွေကိုရှာဖို့ ဘယ်သူကိုမဆို ကိုးကွယ်နေတာမလုပ်ဖို့ပြောတယ်။ အဲဒီမှာ ကျွန်မ သဘောပေါက်သွားတယ်။ ကျွန်မက လူသားတစ်ယောက်ကို ချစ်မြတ်နိုးတဲ့ အခြေအနေမှာ ရှင်သန်နေတာပဲ။ ဒါကြောင့် ကျွန်မက ဘုရားနဲ့ ပုံမှန်ဆက်ဆံရေးမရှိခဲ့ဘူး။ ရှစ်ခုမြောက်စီမံဆိုင်ရာအမိန့်ကို ကျွန်မ စဉ်းစားမိတယ်။ “ဘုရားသခင်ကို ယုံကြည်သောလူတို့သည် ဘုရားသခင်ကို နာခံကာ ကိုးကွယ်သင့်သည်။ မည်သည့်လူကိုမျှ မချီးမြှောက် သို့မဟုတ် မကြည်ညိုနှင့်။ သင်သည် ဘုရားသခင်အား ပထမနေရာ ပေးပြီး သင် ကြည်ညိုသောသူများကို ဒုတိယနေရာ ပေးကာ သင့်ကိုယ်သင် တတိယနေရာ ပေးခြင်း မပြုရ။ မည်သည့်လူမျှ သင်၏ စိတ်နှလုံးတွင် နေရာ မယူသင့်သကဲ့သို့၊ လူတို့ကို- အထူးသဖြင့် သင် ကြည်ညို လေးစားသူများကို- ဘုရားသခင်နှင့် တန်းတူဟု မယူဆသင့်ပေ။ ဤသည်မှာ ဘုရားသခင်ဖို့ သည်းမခံနိုင်ဖွယ်ရာ ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နိုင်ငံတော်ခေတ်၌ ဘုရားသခင် ရွေးချယ်ထားသောသူများ လိုက်နာရမည့် စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်တော် ဆယ်ရပ်) ကျွန်မ နည်းနည်းကြောက်မိတယ်။ ဘုရားရဲ့ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားမိသလိုမျိုးပေါ့။ ဝူပိန်နဲ့ ဆက်ဆံပြီးကတည်းက သူ့ကို ကျွန်မ လေးစားခဲ့တာ တာဝန်မှာ သမ္မာတရားစည်းမျဉ်းတွေကို မရှာဘဲ သူ့ကိုပဲ အားကိုးနေခဲ့တာတွေကို ကျွန်မ စဉ်းစားတယ်။ ကျွန်မရဲ့ ဘယ်ပြဿနာတိုင်းမဆို သူ့ကိုပဲ ရှာပြီး သူပြောသမျှ လုပ်ခဲ့တယ်။ သူ့ကို တော်တော်ကို အထင်ကြီးလေးစားခဲ့ပြီး စိတ်နှလုံးထဲမှာ ဘုရားအတွက် နေရာမရှိခဲ့ဘူး။ အသင်းတော်မှာသူမရှိဘဲနဲ့ ကျွန်မတို့အလုပ်က မပြီးနိုင်ဘူးလို့ ခံစားမိခဲ့တယ်။ ဘုရားရဲ့လမ်းပြမှုနှင့် သမ္မာတရားစည်းမျဉ်းမပါဘဲနဲ့ လုပ်လို့ရနေသလိုမျိုးပေါ့။ ဒါပေမဲ့ ကျွန်မတို့က သူရှိနေမှရတာ။ ကျွန်မက ယုံကြည်သူတောင်ဟုတ်ရဲ့လား။ ဒါက လူတစ်ယောက်ကိုပဲ ကိုးကွယ်ပြီး နာခံနေတာမဟုတ်ဘူးလား။ ဒါကို ဘုရားက အရမ်းရွံရှာပါတယ်။ တာဝန်မှာ သန့်ရှင်းသောဝိညာဉ်တော်ရဲ့အလုပ်ကို ကျွန်မ မရနိုင်တာလည်း မဆန်းဘူးလေ။ ပြီးတော့ ဒီလောက်အချိန်ကြာပြီးတဲ့နောက်မှာ ဘာတိုးတက်မှုမှ မတွေ့ရဘူး။ ကျွန်မအခြေအနေကို ပြောင်းလဲပြီး လူတွေကို ချစ်ခင်တာကိုရပ်ဖို့ ဆန္ဒရှိပြီးတော့ ဘုရားကို ဆုတောင်းခဲ့ပါတယ်။

အဲဒီနောက်မှာ ဝူပိန်ရဲ့ သရုပ်မှန်ကို တကယ်ပြသခဲ့တဲ့အရာတချို့ ဖြစ်လာတယ်။ သူက အထုတ်ခံရြ့ပီးတဲ့နောက်မှာ တခြားလူတွေတော်တော်များများက သူ့ကို နှစ်သက်ကြတာကို ကောင်းကောင်းသိပေမဲ့ သူက စုဝေးပွဲတွေမှာ မစိစစ်ဘူး၊ သူ့ကိုယ်သူသိအောင်မလုပ်သေးဘူး။ အဲဒီအစား သူက တကယ်ကို မတရားခံရသလိုမျိုး ပြုမူတယ်။ သူက သူ့အလုပ်ဖော်အစ်မကျောက်ကို လေးစားပြီး သူပြောသမျှကိုနားထောင်တယ်လို့ပြောတယ်။ သူက အစ်မကျောက်ကို အပြစ်ဖို့လိုက်တာကိုတွေ့ရတော့ ကျွန်မ အံ့အားသင့်သွားတယ်။ ခေါင်းဆောင်က သူ့ပြဿနာတွေကို ရှင်းရှင်းလင်းလင်း ဖွင့်ပြပြီး စိစစ်ခဲ့တယ် ဒါဆိုရင် သူက ဘာလို့ ကိုယ့်ကိုယ်ကိုယ် နားလည်မှုတစ်ခုမှမရှိတာလဲ၊ တာဝန်ခံယူမှုလုံးဝမရှိတာလဲလို့ စဉ်းစားမိတယ်။ ဒါက သမ္မာတရားကို လက်မခံတာကို ပြနေတာပဲ။ နောက်ပိုင်းမှာ ခေါင်းဆောင်က သူ့ကို ကျွန်မနဲ့အတူ ဧဝံဂေလိအလုပ်လုပ်ဖို့ နေရာပြန်ချပေးခဲ့တယ်။ ကျွန်မက သူ့ကို အရင်ကလို မလေးစားတော့ပေမဲ့ တော်တော်ပျော်သွားတယ်။ ပိန်လှီနေတဲ့ ကုလားအုတ်က မြင်းထက်ကြီးတယ်လို့ပြောကြတယ်လေ။ ဝူပိန်က ကျွန်မထက်တော်တော်သာတယ်လို့ ခံစားမိနေတုန်းပဲ။ ဒါပေမဲ့ အဲဒီနောက်မှာ သူက ကျွန်မအလုပ်မှာ အရင်ကလို ပေါ့ပေါ့ပါးပါးနဲ့ ဖော်ရွေတာမရှိတော့ဘဲ တော်တော်ကြမ်းလာတယ်။ အလုပ်အကြောင်း ဆွေးနွေးတဲ့အခါ သူက ကျွန်မရဲ့ ဘာအကြံပြုချက်ကိုမှ နားမထောင်ဘဲ ခဏခဏ ချက်ချင်းပဲ ငြင်းဆန်တယ်။ ကျွန်မကို ခဏခဏရှောင်တယ်။ သူနဲ့အရင်ကလုပ်ခဲ့တဲ့အစ်မနဲ့ပဲ ကိစ္စတွေကို သွားဆွေးနွေးတယ်။ ကျွန်မက တော်တော်စိတ်ကျဉ်းကျပ်ပြီး ငြင်းပယ်ခံရသလို ခံစားမိတယ်။ အချိန်ခဏလောက်အထိ ကျွန်မတို့က တာဝန်မှာ ဘာမှ အောင်မြင်မှုရှိမနေဘူး။ အဲဒါနဲ့ ကျွန်မတို့ ညှိုနှိုင်းဆောင်ရွက်တဲ့နေရာမှာ ကျွန်မတွေ့တဲ့ ဒီပြဿနာတွေကို သူ့ဆီကို သွားပြောလိုက်တယ်။ သူက ဘာကိုမှ လက်မခံဘဲ သူ့မှာ အပြစ်မရှိသလိုမျိုးခံစားတော့ ကျွန်မ အံ့အားသင့်သွားတယ်။ သူက ကျွန်မကိုပြောတယ်။ “ကျွန်မ တဲ့တိုးပဲပြောမယ်။ စိတ်မဆိုးနဲ့နော်။ ကျွန်မက အစ်မနဲ့အလုပ်လုပ်တာ အသားမကျနေဘူး။ အစ်မလုပ်တဲ့ပုံစံကို တကယ်တမ်း ကျွန်မ မကြိုက်ဘူး။ စိတ်ညစ်ရတယ်” တဲ့။ သူဒီလိုပြောတာကို ကြားရတော့ ကျွန်မ စိတ်ဓာတ်ကျသွားတယ်။ ကျွန်မက သူ့ကို နှောင့်နှေးအောင်လုပ်နေသလိုမျိုးလည်း ခံစားမိတယ်။

ဒီပြဿနာတွေအကြောင်းကို ခေါင်းဆောင်က ကြားပြီးတဲ့နောက်မှာ သူက ဝူပိန်ကို မာနကြီးပြီး သမ္မာတရားကို လက်မခံတဲ့အတွက် ကိုင်တွယ်ဖြေရှင်းခဲ့တယ်။ နောက်တော့ စုဝေးပွဲတစ်ခုမှာ ဝူပိန်က လူတိုင်းရှေ့မှာပြောတယ်။ ကိုင်တွယ်ဖြေရှင်းခံရတာက ဘုရားရဲ့ချစ်ခြင်းပဲတဲ့။ ပြီးတော့ ငိုတယ်။ သူ့တာဝန်ကို ကောင်းကောင်းမလုပ်တဲ့အတွက် ဘုရားကို အကြွေးတင်သလို ခံစားရတယ်လို့ ပြောတယ်။ သူက တကယ်ပဲ သူ့ကိုယ်သူ သိသွားတဲ့ပုံစံရှိတယ်။ ဒါပေမဲ့ ကျွန်မတို့တွေချည်းပဲ ဆက်ဆံကြတဲ့အခါမှာ သူ့ရဲ့ အပျက်သဘောတွေကို ရင်ဖွင့်တယ်။ သူ့အတွက်က အဆုံးသတ်သွားပြီ၊ တာဝန်ထမ်းဆောင်ဖို့ စိတ်မပါတော့ဘူးလို့ အမြဲတမ်းပြောတယ်။ ကျွန်မ မိတ်သဟာယကို ဘယ်တစ်ခုမှ နားမထောင်ဘူး။ အထူးသဖြင့် ခေါင်းဆောင်က တချို့ညီအစ်ကိုမောင်နှမတွေက တိုးတက်လာပြီး တာဝန်မှာ ကောင်းကောင်းလုပ်တယ်လို့ ပြောတဲ့အချိန်မှာ သူက ပိုပြီး စိတ်ဓာတ်ကျတယ်။ ခေါင်းဆောင်က သူ့ထက် သူများတွေကိုပိုပြီး တန်ဖိုးထားတယ်လို့ ထင်တယ်။ သူများတွေက သူ့ကိုလှောင်ရယ်နေကြလားဆိုပြီး သူက ကျွန်မကို အမြဲတမ်းပဲ တစ်ယောက်ချင်းတွေ့ပြီးမေးတယ်။ ဒီအကြောင်းပြောတိုင်း ကျွန်မ တော်တော်စိတ်ရှုပ်မိတယ်။ သူ စိတ်ဖိစီးပြီး ရုပ်ပိုင်းရော၊ စိတ်ပိုင်းရော အဆင်မပြေဘူးဆိုတာ ကျွန်မ မြင်နိုင်ပါတယ်။ ဒါပေမဲ့ သူက စုဝေးပွဲတွေမှာ စိတ်ဓာတ်ခိုင်မာနေသလို ပြုမူတယ်။ သမ္မာတရားကိုလက်ခံပြီး ဘုရားအလိုတော်ကို ဂရုစိုက်တဲ့ပုံစံနေပြတယ်။ တော်တော်ပင်ပန်းမယ့်ပုံပါပဲ။ တစ်ခါတလေ ကိုယ့်ကိုယ်ကိုယ် မေးတယ်။ ဒီလူက ငါအရမ်းမြတ်နိုးခဲ့တဲ့လူလားပေါ့။ သူက သမ္မာတရားစစ်မှန်မှုရှိတဲ့သူနဲ့ မတူဘူး။ သူက နာမည်နဲ့ ဂုဏ်အဆင့်အတန်းကို အရမ်းအာရုံစိုက်နေပြီး သမ္မာတရားကို လုံးဝ လက်မခံဘူး။ ပြဿနာတွေ ပေါ်လာတဲ့အခါ သူ့ကိုယ်သူ သိအောင်မလုပ်ဘဲ အဲဒီအစား ဟန်ဆောင်ပြုမူတယ်။ သူ့ကြည့်ရတာ မူမမှန်ဘူး။ အဲဒီနောက်မှာ သူ့အခြေအနေက ဆက်ပြီးယိုယွင်းလာတယ်။ ခေါင်းဆောင်က သူနဲ့ သုံးလေးကြိမ် မိတ်သဟာယဖွဲ့တယ်။ သူက လက်ခံတဲ့ပုံစံရှိတယ်။ ဒါပေမဲ့ လုံးဝ မပြောင်းလဲဘူး။ သူက တခြားလူတွေကိုတောင် မုန်းပြီး အဆိပ်ပါတဲ့အကြည့်တွေနဲ့ ကြည့်တယ်။ ခေါင်းဆောင်က သူ့ကို ကိုင်တွယ်ဖြေရှင်းခဲ့ပြီး သူ့ပြဿနာတွေကို ဖော်ထုတ်တယ်။ ဒါပေမဲ့ သူက စိတ်နှလုံးထဲမှာ ဘုရားကို မုန်းတီးပြီး အပြစ်တင်ခဲ့တယ်။ ဘုရားရဲ့ ပခုံးပေါ်ကို အပြစ်တွေပုံချတာကို သူ့ကိုယ်သူ မရပ်တန့်နိုင်ခဲ့ဘူး။ သူ့မှာ ကြမ်းတမ်းတဲ့ သဘာဝရှိတယ်၊ ဘုရားနဲ့ သမ္မာတရားကို မုန်းတီးတယ်ဆိုတာ ကျွန်မ တွေ့ခဲ့ပါတယ်။ သူက နတ်ဆိုးတစ်ကောင်၊ အန္တိခရစ်တစ်ယောက်ပဲ။ နောက်ပိုင်းမှာ သူ့ကို အသင်းတော်အသက်တာမှာ ရှင်သန်ခွင့်၊ တာဝန်ထမ်းဆောင်ခွင့်မပေးတော့ဘူး။

သူထွက်သွားပြီးတဲ့နောက်မှာ ကျွန်မ အချိန်တော်တော်ကြာအထိ ကိုယ့်ကိုယ်ကိုယ် အခြေမချနိုင်ဘူး။ ကျွန်မ တွေးမိတယ်။ သူ့လိုဖြစ်ချင်တဲ့အထိတောင် သူ့ကို ဘာလို့အရမ်း ကိုးကွယ်ခဲ့တာလဲပေါ့။ စကားပြောကောင်းတဲ့သူ၊ ဘုရားအတွက် ဒုက္ခခံပြီး စွန့်လွှတ်ပြီး အရာရာကို အသုံးခံနိုင်တဲ့သူ၊ ဘုရားကို သစ္စာမဖောက်ဘဲ အဖမ်းခံရပြီး အနှိပ်စက်ခံရတဲ့သူတစ်ယောက်ယောက်ကို ကျွန်မတွေ့တိုင်းမှာ သူတို့ကို တော်တော် ချစ်မြတ်နိုးတယ်။ ဒီလူတွေကို ကျွန်မ ဘာကြောင့် ကိုးကွယ်နေတာလဲ။ ကျွန်မက ဘယ်အယူအဆရဲ့ အုပ်စိုးတာခံနေရတာလဲပေါ့။ နောက်တော့ ဘုရားနှုတ်ကပတ်တော်နှစ်ပိုဒ်ကို ကျွန်မတွေ့တယ်။ “အချို့လူတို့သည် အခက်အခဲများကို သည်းခံနိုင်ခြင်း၊ အဖိုးအခကို ပေးနိုင်ခြင်း၊ အပြင်ပန်းတွင် အလွန်ဣန္ဒြေရခြင်း၊ ကောင်းစွာ လေးစားခံရခြင်း ရှိကြပြီး အခြားသူများ၏ လေးစားမှုကို အကျိုးခံစားကြသည်။ ဤကဲ့သို့ အပြင်ပန်း အပြုအမူမျိုးသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း အဖြစ် ယူဆနိုင်သည်ဟု သင်တို့ဆိုမည်လော။ လူတစ်ဦးက ဤသို့သော လူတို့သည် ဘုရားသခင်၏ အလိုတော်ကို ဖြည့်ဆည်းနေသည်ဟု ဆုံးဖြတ်နိုင်သလော။ လူတို့သည် ဤကဲ့သို့ လူပုဂ္ဂိုလ်မျိုးကို မြင်ရပြီး ၎င်းတို့သည် ဘုရားသခင်ကို ကျေနပ်စေသည်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်သော လမ်းကြောင်းကို လျှောက်လှမ်းကြသည်၊ ဘုရားသခင်၏ လမ်းအတိုင်း သွားကြသည်ဟု ကြိမ်ဖန်များစွာ ထင်ကြသည်မှာ အဘယ်ကြောင့်နည်း။ လူအချို့သည် အဘယ်ကြောင့် ဤကဲ့သို့ တွေးကြသနည်း။ ၎င်းအတွက် ရှင်းပြချက် တစ်ခုသာ ရှိသည်။ ယင်းမှာ မည်သည့်ရှင်းပြချက်နည်း။ ယင်းမှာ မြောက်မြားစွာသော လူတို့အတွက် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၊ ဘုရားသခင်ကို ကျေနပ်စေခြင်းနှင့်၊ သမ္မာတရား စစ်မှန်မှု အမှန်တကယ်ရှိခြင်းမှာ အဘယ်နည်း ဟူသော မေးခွန်းတချို့က သိပ်မရှင်းလင်းခြင်းပင် ဖြစ်သည်။ ထို့ကြောင့် အပြင်ပန်းအားဖြင့် ဝိညာဉ်ရေးပြည့်ဝသယောင်၊ မြင့်မြတ်သယောင် ခံ့ညားပြီး ကြီးမြတ်သယောင် ထင်ရသောသူများ၏ လှည့်စားခြင်းကို မကြာခဏခံရသော လူအချို့ရှိလေသည်။ ကျမ်းဟောင်းတရားများ နှင့် အယူဝါဒများကို ကျွမ်းကျင်စွာ ပြောဆိုနိုင်သောသူများနှင့် ၎င်းတို့၏ အဟောအပြောနှင့် လုပ်ရပ်များမှာ လေးစားထိုက်သယောင် ထင်ရသောသူများနှင့်ပတ်သက်၍၊ ၎င်းတို့၏ လှည့်စားခြင်းကို ခံရသူများသည် ၎င်းတို့လုပ်ရပ်များ၏ အနှစ်သာရ၊ ၎င်းတို့လုပ်ဆောင်ချက်များ၏ နောက်ကွယ်မှ နိယာမများ၊ ၎င်းတို့၏ ရည်မှန်းချက်ပန်းတိုင်များမှာ မည်သည်တို့ဖြစ်ကြောင်းကို မည်သည့်အခါမျှ ကြည့်ရှုစစ်ဆေးခြင်း မပြုလုပ်ဖူးကြပေ။ ထို့အပြင် သူတို့သည် ထိုလူတို့က ဘုရားသခင်ကို အမှန်တကယ် နာခံခြင်းရှိ မရှိကို မည်သည့်အခါမျှ စစ်ဆေးကြည့်ရှုခြင်း မရှိခဲ့ကြသည့်အပြင်၊ ထိုလူတို့သည် ဘုရားသခင်ကို စစ်မှန်စွာ ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်သောသူ ဟုတ်မဟုတ်ကို မည်သည့်အခါမျှ မစိစစ်ခဲ့ကြဖူးပေ။ သူတို့သည် ထိုလူတို့၏ လူသားဖြစ်ခြင်းအနှစ်သာရကို မည်သည့်အခါမျှ သတိပြုမိခဲ့ခြင်း မရှိပေ။ ထို့ထက် ထိုသူတို့နှင့် သိကျွမ်းလာသည့် ပထမခြေလှမ်းမှစတင်ကာ သူတို့သည် တဖြည်းဖြည်းချင်း ထိုလူတို့ကို အားကျခြင်း၊ ကြည်ညိုလေးစားခြင်း ဖြစ်လာပြီး၊ အဆုံးတွင် ထိုလူတို့သည် သူတို့၏ ကိုးကွယ်ရာပုဂ္ဂိုလ်များ ဖြစ်လာတော့သည်။ ထိုမျှမက လူအချို့၏ စိတ်ထဲတွင်ကား သူတို့ဆည်းကပ်သော ကိုးကွယ်ရာ ပုဂ္ဂိုလ်များ၊ ၎င်းတို့၏ မိသားစုများနှင့် အလုပ်များကို စွန့်လွှတ်နိုင်ကြသည်ဟု သူတို့ ယုံကြည်သောသူများနှင့် အပေါ်ယံတွင် အဖိုးအခပေးနိုင်ဟန်ရှိသောသူများ၊ ထိုပုဂ္ဂိုလ်များမှာ ဘုရားသခင်ကို အမှန်တကယ် ကျေနပ်စေသောသူများနှင့် အဆုံးသတ်ကောင်းများနှင့် ခရီးဆုံး ပန်းတိုင်ကောင်းများကို အမှန်တကယ် ရရှိနိုင်သောသူများပင် ဖြစ်ကြသည်။ သူတို့၏ စိတ်ထဲတွင်မူ ဤကိုးကွယ်ရာ ပုဂ္ဂိုလ်များမှာ ဘုရားသခင် ချီးမွမ်းသောသူများ ဖြစ်ကြသည်။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ စိတ်နေသဘောထားနှင့် သူ့အမှုတော်မှရရှိမည့် ရလဒ်များကို သိနားလည်ပုံ)

လူတို့အား ဤသို့ပညာမဲ့သော လုပ်ရပ်များနှင့် ရှုထောင့်အမြင်များ သို့မဟုတ် တစ်ဖက်သတ်ဆန်သော ထင်မြင်ချက်များနှင့် ကျင့်သုံးမှုများကို ရရှိစေသော အဓိကအကြောင်းရင်း တစ်ခုသာရှိပြီး ထိုအကြောင်းကို သင်တို့အား ငါ ယနေ့ပြောမည်- အကြောင်းရင်းမှာ လူတို့သည် ဘုရားသခင်နောက်သို့ လိုက်လျှောက်ခြင်း၊ နေ့စဉ် သူ့ထံ ဆုတောင်းခြင်းနှင့် သူ၏ မိန့်မြွက်ချက်များကို နေ့စဉ်ဖတ်ရှုခြင်း ပြုကောင်းပြုနိုင်သော်လည်း၊ ၎င်းတို့သည် ဘုရားသခင်၏ အလိုတော်ကို အမှန်တကယ် နားမလည်ကြပေ။ ပြဿနာ၏ အကြောင်းရင်းမှာ ဤနေရာတွင်ရှိသည်။ အကယ်၍ တစ်စုံတစ်ဦးသည် ဘုရားသခင်၏ စိတ်နှလုံးကို သိနားလည်ခြင်း၊ သူနှစ်သက်သောအရာ၊ သူစက်ဆုပ်ရွံရှာသောအရာ၊ သူအလိုရှိသောအရာ၊ သူငြင်းပယ်သောအရာ၊ မည်ကဲ့သို့ လူအမျိုးအစားကို သူချစ်ကြောင်း၊ မည်ကဲ့သို့ လူအမျိုးအစားကို သူမနှစ်သက်ကြောင်း၊ လူတို့အပေါ် သူ၏တောင်းဆိုမှုများ ပြုရာတွင် မည်သည့်စံနှုန်းမျိုးကို သူအသုံးပြုကြောင်းနှင့်၊ သူတို့ကို စုံလင်အောင်ပြုလုပ်ပေးရန်အတွက် မည်သည့်နည်းလမ်းမျိုးကို သူကျင့်သုံးကြောင်း သိနားလည်ပါက၊ ထိုလူထံ၌ သူကိုယ်တိုင်၏ တစ်ကိုယ်ရေ ထင်မြင်ချက်များ ရှိနိုင်ဦးမည်လော။ ဤသို့သော လူတို့က အခြားသူတစ်ဦးကို အမှန်ပင် ကိုးကွယ်နိုင်သလော။ သာမန်လူတစ်ဦးသည် ၎င်းတို့၏ ကိုးကွယ်ရာ ပုဂ္ဂိုလ် ဖြစ်လာနိုင်သလော။ ဘုရားသခင်၏ အလိုတော်ကို နားလည်သော လူတို့က ထို့ထက် အနည်းငယ်ပို၍ ဆင်ခြင်တုံတရားရှိသော အမြင်ရှုထောင့်ကို ပိုင်ဆိုင်ပါသည်။ ၎င်းတို့သည် ဖောက်ပြန်ပျက်စီးသော လူတစ်ဦးကို ထင်ရာမြင်ရာ ပုဂ္ဂိုလ်ရေးကိုးကွယ်မည် မဟုတ်သည့်အပြင်၊ သမ္မာတရားအား လက်တွေ့လုပ်ဆောင်သည့် လမ်းကြောင်းကို လျှောက်စဉ် ရိုးရှင်းသော စည်းမျဉ်းများ သို့မဟုတ် နိယာမများ အနည်းငယ်ကို ထင်ရာမြင်ရာ လိုက်နာစောင့်ထိန်းခြင်းသည် သမ္မာတရားကို လက်တွေ့ကျင့်ဆောင်ခြင်းသဘော သက်ရောက်သည်ဟုလည်း ၎င်းတို့ ယုံကြည်ကြလိမ့်မည် မဟုတ်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ စိတ်နေသဘောထားနှင့် သူ့အမှုတော်မှရရှိမည့် ရလဒ်များကို သိနားလည်ပုံ) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မအတွက် ကွက်တိပဲ။ ဒီနှစ်တွေအားလုံးမှာ ကျွန်မယုံကြည်ခြင်းမှာ မှားယွင်းတဲ့ အမြင်ရှုထောင့်ရှိတာကို တွေ့ခဲ့ပါတယ်။ ယုံကြည်သူဖြစ်တာ ကြာနေတာ၊ စိတ်ထက်ထက်သန်သန်နဲ့ အဖိုးအခပေးဆပ်ပြီး အလုပ်တွေအများကြီးလုပ်တာက သမ္မာတရားကို လက်တွေ့လုပ်ဆောင်တာဖြစ်ပြီး သမ္မာတရားစစ်မှန်မှုရှိတာပဲလို့ ကျွန်မ ထင်ခဲ့တာ။ အဲဒီလိုလူမျိုးက ဘုရားကို ဝမ်းမြောက်စေပြီး ဘုရားအိမ်တော်မှာ ခြေကုပ်ရနိုင်တယ်လို့ ထင်ခဲ့တယ်။ အဲဒါကြောင့် ဝူပိန်နဲ့ ကျွန်မ ဆက်ဆံတဲ့အခါမှာ သူက ဘုရားကို ယုံကြည်တာ နှစ်ချီနေပြီး အနစ်နာခံမှုတွေ အများကြီးလုပ်တာ၊ ဧဝံဂေလိဖြန့်ဝေဖို့အတွက် အများကြီးဒုက္ခခံပြီး မိတ်သဟာယမှာ တော်တော်စကားပြောကောင်းတာတွေကို တွေ့ရတော့ ကျွန်မက သူ့ရဲ့ ခမ်းနားတဲ့ပုံရိပ်နဲ့ အထင်ကြီးစရာအပြုအမူတွေရဲ့ စည်းရုံးတာကို ခံရပြီး သူ့ကို ကိုးကွယ်ခဲ့တာပဲ။ ကျွန်မက ဘယ်လောက်မိုက်မဲပြီး မသိနားမလည်သလဲဆိုတာ ကျွန်မမှာ ဘယ်လောက်အဓိပ္ပာယ်မရှိတဲ့ အမြင်ရှိခဲ့သလဲဆိုတာကို နောက်ဆုံးမှာ မြင်ခဲ့ပါတယ်။ လူတစ်ယောက်က တာဝန်မှာ အနစ်နာခံမှုတွေလုပ်ပြီး ဒုက္ခခံနိုင်ရင် ဒါက အပေါ်ယံကောင်းတဲ့အပြုအမူသက်သက်ပဲ။ ဒါကြောင့် သူတို့မှာ လူ့သဘာဝကောင်းရှိတယ်၊ သမ္မာတရားကို ချစ်တယ်၊ သမ္မာတရားစစ်မှန်မှုရှိတယ်လို့ အဓိပ္ပာယ်မရဘူး။ ဝူပိန်က ယုံကြည်သူဖြစ်တာ နှစ် ၂၀ ကျော်ပြီ။ အနစ်နာခံမှုတွေအများကြီးလုပ်ခဲ့ပြီး စကားပြောကောင်းသူဖြစ်တယ်။ ဒါပေမဲ့ ဒါတွေကို သူက တစ်ကိုယ်ရေအရင်းအနှီးအဖြစ် အသုံးပြုတယ်။ အမြဲတမ်းကြွားဝါပြီး လူတွေကို သူ့ရှေ့ရောက်အောင်လုပ်တယ်။ သူက သမ္မာတရားကို လုံးဝ လက်မခံနိုင်ဘူး။ လက်တွေ့မလုပ်ဆောင်နိုင်ဘူး။ ဝေဖန်မှုတွေ၊ ကျရှုံးမှုတွေဘယ်လောက်ပဲ ရင်ဆိုင်ရပါစေ သူက ကိုယ့်ကိုယ်ကိုယ် ဘယ်တော့မှ မဆင်ခြင်ကြည့်ဘူး။ စစ်မှန်တဲ့ နောင်တတစ်ခုမှမရှိဘူး။ သူက တန်ဖိုးထားခံရပြီး အဆင့်အတန်းရှိတဲ့အချိန်မှာ တာဝန်အတွက် သူက အားအင်တွေရှိတယ်။ တစ်ညလုံး မအိပ်ဘဲနေနိုင်ပြီး အစွမ်းကုန်လုပ်နိုင်တယ်။ ဒါပေမဲ့ သူ အထုတ်ခံရတဲ့အချိန်မှာ တာဝန်အတွက် အားအင်တွေအားလုံး ပျောက်သွားတယ်။ သူက တစ်ချိန်လုံး အတိုက်အခံဖြစ်ပြီး ညည်းညူနေတယ်။ အပျက်သဘောဆောင်မှုတွေကို တိတ်တဆိတ် ရင်ဖွင့်နေတယ်။ ဒါပေမဲ့ အပေါ်ယံမှာတော့ သူက ဘုရားကို အကြွေးတင်တယ်လို့ပြောပြီး တကယ်နောင်တရပုံပဲ။ သူက ဘုရားအလိုတော်ကို ဂရုစိုက်တယ် ဝိညာဉ်ရင့်ကျက်မှုနဲ့ စစ်မှန်မှုရှိတယ်လို့ သူများတွေ ခံစားရအောင်လုပ်တယ်။ ဒီတော့ လူတိုင်းက သူ့ကို အထင်ကြီးလေးစားကြတယ်။ ပြုပြင်ခံရပြီး ကိုင်တွယ်ဖြေရှင်းခံရပြီးတဲ့နောက်မှာ ဒါက ဘုရားရဲ့ချစ်ခြင်းဖြစ်တယ်လို့ လူတိုင်းက သူပြောပြတယ်။ ဒါပေမဲ့ သူက ဘုရားကို တိတ်တဆိတ် အပြစ်တင်ပြီး မုန်းတီးတယ်။ သူက သမ္မာတရားနဲ့ ဘုရားကိုမုန်းတဲ့ အန္တိခရစ်မဟုတ်ဘူးလား။ အခုတော့ ကျွန်မ သိပြီ။ ယုံကြည်ခြင်း အကြာကြီးရှိခဲ့တာ၊ အနစ်နာခံတာတွေလုပ်ပြီး စကားပြောကောင်းတာ အတွေ့အကြုံရှိပြီး တန်ဖိုးအထားခံရတာတွေက သမ္မာတရားစစ်မှန်မှှုရှိတယ်လို့ မဆိုလိုပါဘူး။ ဘုရားကို ဝမ်းမြောက်စေဖို့ဆိုတာ ပိုမဖြစ်နိုင်ဘူး။ လူတစ်ယောက်က ယုံကြည်တာ ဘယ်လောက်ကြာပါစေ၊ ဘယ်လောက် အလုပ်ကြိုးစားခဲ့ပါစေ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ရင်၊ ဆိုးယုတ်တဲ့ စိတ်သဘောထားတွေကို မပြောင်းလဲရင် ဘုရားကို အရမ်းကို အာခံနေတုန်းဖြစ်ပြီး အဆုံးမှာ ဖယ်ရှားခံရမှာပဲ။ ဒါက သခင်ယေရှုပြောခဲ့တာကို ပြည့်စုံစေပါတယ်။ “ထိုနေ့၌ကား၊ သခင်၊ သခင်၊ အကျွန်ုပ်တို့သည် ကိုယ်တော်အခွင့်နှင့် ဆုံးမဩဝါဒပေးပါပြီ မဟုတ် လော။ ကိုယ်တော်အခွင့်နှင့် နတ်ဆိုးတို့ကို နှင်ထုတ်ပါပြီ မဟုတ်လော။ ကိုယ်တော်အခွင့်နှင့် များစွာသော တန်ခိုးတို့ကို ပြပါပြီမဟုတ်လောဟု အများသော သူတို့သည် လျှောက်ကြလိမ့်မည်။ ထိုသို့လျှောက်ကြသောအခါ သင်တို့ကို ငါအလျင်းမသိ၊ အဓမ္မအမှုကို ပြုသောသူတို့၊ ငါ့ထံမှ ဖယ်ကြဟု ထိုသူတို့အား အတိအလင်း ငါပြောမည်။(ရှင်မဿဲခရစ်ဝင် ၇:၂၂-၂၃) နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်ကို ကျွန်မ စဉ်းစားမိတယ်။ “သင်၏ ကြိုးစားလုပ်ဆောင်မှု မည်မျှပင် ချီးမွမ်းထိုက်သည်၊ သင်၏ အရည်အချင်းများ မည်မျှ အထင်ကြီးစရာဖြစ်သည်၊ သင်သည် ငါ့နောက်သို့ မည်မျှ နီးကပ်စွာ လိုက်သည်၊ သင်သည် မည်မျှ ကျော်ကြားသည်၊ သို့မဟုတ် သင်၏ သဘောထားကို သင် မည်မျှတိုးတက်စေပြီးဖြစ်သည်တို့ကို ငါဂရုမစိုက်ပေ။ သင်သည် ငါ၏တောင်းဆိုချက်များကို မဖြည့်ဆည်း သေးသရွေ့၊ ငါ၏ချီးမွမ်းခြင်းကို သင် လုံးဝ ရရှိနိုင်မည် မဟုတ်။ သင်တို့၏ ထိုစိတ်ကူးများနှင့် တွက်ချက်မှုများအားလုံးကို အမြန်ဆုံး ပယ်ဖျက်ပြီး ငါ၏သတ်မှတ်ချက်များကို လေးလေးနက်နက် စတင်သဘောထားလော့။ သို့မဟုတ်လျှင် ငါ၏အမှုကို အဆုံးတိုင်စေရန်အလို့ငှာ အယောက်တိုင်းကို ပြာအဖြစ်သို့ ငါပြောင်းလဲပစ်မည်ဖြစ်ပြီး၊ အဆိုးဆုံးအနေဖြင့် ငါ၏နှစ်ပေါင်းများစွာ အမှုနှင့် ဆင်းရဲဒုက္ခခံစားခြင်းကို အချည်းနှီးအဖြစ်သို့ ပြောင်းလဲပစ်မည် ဖြစ်သည်၊ အကြောင်းမှာ ငါ၏နိုင်ငံတော်ထဲသို့ ငါ၏ရန်သူများနှင့် ဆိုးယုတ်မှုအနံ့ထွက်ကာ စာတန်၏သွင်ပြင်ရှိသော လူတို့ကို ငါမခေါ်ဆောင်နိုင်သည့်အတွက်၊ သို့မဟုတ် ၎င်းတို့ကို နောက်တစ်ခေတ်ထဲသို့ ခေါ်ဆောင်မသွားနိုင်သည့်အတွက်ပင်တည်း။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လွန်ကျူးခြင်းအပြစ်များက လူသားကိုငရဲသို့ ဦးဆောင်လမ်းပြလိမ့်မည်)ငါသည် လူတစ်ဦးစီ၏ ပန်းတိုင်ကို အသက်၊ ဝါရင့်ခြင်း၊ ဒုက္ခခံရသည့်ပမာဏနှင့် အနည်းဆုံးအနေဖြင့် ၎င်းအပေါ် သနားစိတ်ပေါ်စေသည့် အတိုင်းအတာတို့ကို အခြေပြု၍ ဆုံးဖြတ်ခြင်း မဟုတ်ဘဲ၊ သမ္မာတရားကို ၎င်းတို့ ပိုင်ဆိုင်ခြင်း ရှိမရှိအပေါ်တွင် မူတည်၍ ဆုံးဖြတ်ခြင်းဖြစ်၏။ ဤအရာမှတစ်ပါး တခြားရွေးချယ်စရာ မရှိ။ ဘုရားသခင်၏ အလိုတော်ကို မလိုက်သူအားလုံး အပြစ်ပေးခြင်း ခံရမည်ကို သင်တို့ သဘောပေါက်ရမည်။ ဤသည်မှာ မပြောင်းလဲနိုင်သော အချက်ဖြစ်၏။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်၏ ပန်းတိုင်အတွက် လုံလောက်သော ကောင်းမှုများကို ပြင်ဆင်လော့) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မအတွက် အရမ်းကို တို့ထိစရာဖြစ်ပါတယ်။ လူတစ်ယောက်ရဲ့ ပန်းတိုင်ကို သူ့ရဲ့အားထုတ်မှုအရ သူက ဘယ်လောက်ကောင်းကောင်းပြုမူတယ်၊ အလုပ်ဘယ်လောက်ပြီးတယ်ဆိုတဲ့အပေါ်မှာ ဘုရားက သတ်မှတ်တာမဟုတ်ဘဲ သမ္မာတရားရှိမရှိအပေါ်မှာ သတ်မှတ်ပါတယ်။ ဘုရားက လူတွေကို အပြင်ပန်းမှာရှိတဲ့အပေါ်မှာ တရားစီရင်တာမဟုတ်ဘဲ အနှစ်သာရကို ကြည့်ပါတယ်။ သမ္မာတရားကို ချစ်သလား၊ လက်တွေ့လုပ်ဆောင်နိုင်သလား ဘုရားကိုနာခံပြီး ဘုရားအလိုတော်ကိုလိုက်လျှောက်သလားဆိုတာကို ကြည့်တယ်။ ဘုရားသခင်က တကယ်ပဲ ဖြောင့်မတ်ပြီး သန့်ရှင်းတဲ့ စိတ်သဘောထားရှိတယ်ဆိုတာ ကျွန်မ မြင်ခဲ့ပါတယ်။ သူ့မှာ ဘာခံစားချက်ရဲ့ ကြားဝင်နှောင့်ယှက်မှုမှမပါဘဲ လူတွေကို တရားစီရင်ဖို့အတွက် စံနှုန်းတွေ၊ စည်းမျဉ်းတွေရှိပါတယ်။ လူတစ်ယောက်က စိတ်အားထက်သန်တာနဲ့၊ နည်းနည်းပါဝင်ပံ့ပိုးတာ၊ ဒုက္ခခံတာနဲ့ ဖြောင့်မတ်တယ်၊ ကောင်းတယ်လို့ ဘုရားက မဆုံးဖြတ်ပါဘူး။ တစ်ဖက်ကနေကြည့်ရင် လူတစ်ယောက်ကယုံကြည်သူဖြစ်တာ ဘယ်လောက်ကြာပါစေ၊ အလုပ်တွေ ဘယ်လောက်လုပ်ခဲ့ပါစေ၊ ဘယ်လောက် လူသိများပါစေ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ရင်၊ စိတ်သဘောထားမပြောင်းလဲရင် ဘုရားရဲ့ ဖယ်ရှားခြင်းကိုခံရဖို့ သေချာတယ်။ ဒါကို ကျွန်မ နားလည်တာနဲ့ ကျွန်မက ဘယ်လောက် မသိနားမလည်ဖြစ်ပြီး သနားဖို့ကောင်းခဲ့သလဲဆိုတာ တကယ်ကို မြင်ခဲ့ပါတယ်။ ကျွန်မရဲ့ ယုံကြည်တဲ့နှစ်တွေမှာ သမ္မာတရားကို မလိုက်စားခဲ့ဘူး။ ဘုရားအလိုတော်ကို နားမလည်ခဲ့ဘူး။ ကျွန်မရဲ့ ကိုယ်ပိုင်အယူအဆတွေအပေါ်မှာ ယုံကြည်ခြင်းကို အခြေခံထားပြီး တခြားလူတွေကို ဆက်ကိုးကွယ်နေတယ်။ ကျွန်မက ဘယ်လောက် မမြင်မကန်းဖြစ်ပြီး မိုက်မဲသလဲဆိုတာ မြင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ဒီဘုရားနှုတ်ကပတ်တော်အပိုဒ်ကို ကျွန်မ ဖတ်တယ်။ “လူသားမျိုးနွယ် အားလုံးထဲတွင် အခြားသူများအတွက် စံနမူနာအနေနှင့် အစေခံနိုင်သောသူ တစ်ဉီးတစ်ယောက်မျှ မရှိ၊ အဘယ်ကြောင့်ဆိုသော် လူများအားလုံးမှ တစ်ယောက်နှင့်တစ်ယောက်ကို ခွဲခြားသိမြင်ရန် မဆိုစလောက်မျှသာ ရှိသောကြောင့်၊ အခြေခံအားဖြင့် အတူတူပင် ဖြစ်ကြ၍ တစ်ယောက်နှင့်တစ်ယောက် ကွဲပြားခြားနားခြင်း မရှိသောကြောင့် ဖြစ်သည်။ ဤအကြောင်းရင်းကြောင့်၊ လူသားတို့သည် ယနေ့တွင်ပင် ငါ၏အမှုများကို အပြည့်အဝ သိနိုင်စွမ်း မရှိကြသေးပေ။ ငါ၏ပြစ်တင်ဆုံးမခြင်းသည် လူသားမျိုးနွယ်အားလုံးအပေါ်သို့ ကျရောက် လာသောအခါမှသာလျှင်၊ မိမိတို့ကိုယ်မိမိ မသိလိုက်ဘဲနှင့် ငါ၏အမှုများကို သတိပြုမိလာကြကာ၊ ငါ၏ လုပ်ဆောင်ချက်များမပါဘဲ သို့မဟုတ် မည်သူ့ကိုမျှ အတင်းအကျပ် မစေခိုင်းရဘဲနှင့်၊ လူသားသည် ငါ့ကို သိကျွမ်းလာကြလိမ့်မည် ဖြစ်ပြီး၊ ထိုသို့အားဖြင့် ငါ၏အမှုများကို မျက်မြင်တွေ့ လာကြမည်ဖြစ်သည်။ ဤသည်မှာ ငါ၏အစီအစဉ် ဖြစ်၏၊ ယင်းမှာ ငါထင်ရှားစေသော ငါ့အမှုများ၏ လက္ခဏာရပ်တစ်ခု ဖြစ်ကာ၊ ယင်းသည် လူသားသိသင့်သောအရာ ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၂၆)) ဘုရားနှုတ်ကပတ်တော်တွေက လုံးဝ ရှင်းပါတယ်။ လူတွေက စာတန်ရဲ့ ဖျက်ဆီးခြင်းကိုခံရပြီး ကျွန်မတို့မှာ စာတန်ရဲ့ အနှစ်သာရရှိတယ်။ ဆိုးယုတ်တဲ့စိတ်သဘောထားကလွဲပြီး တခြားဘာမှမပြဘူး။ ကျွန်မတို့ထဲက ဘယ်သူကမှ ကိုးကွယ်ဖို့မထိုက်တန်ပါဘူး။ ဒါကို အရင်ကသာ ကျွန်မ နားလည်ခဲ့ရင် တခြားဘယ်သူ့ကိုမှ ကျွန်မ ကိုးကွယ်မှာ၊ ပုဂ္ဂိုလ်ရေးကို ကိုးကွယ်မှာမဟုတ်ဘူး။

အဲဒီနောက် သိပ်မကြာခင်မှာပဲ ကျွန်မ အထုတ်ခံရတယ်။ ကျွန်မတာဝန်မှာ ဘာမှ အောင်မြင်မှုမရှိနေလို့လေ။ အဲဒီအချိန်တုန်းက ကျွန်မ အများကြီးစဉ်းစားတယ်။ ဘာကြောင့် ကျရှုံးခဲ့သလဲဆိုတာ ပြန်ဆင်ခြင်ကြည့်တယ်။ ဝူပိန်ကို ကိုးကွယ်တဲ့ အခြေအနေမှာ ပိတ်မိနေခဲ့တာကို ကျွန်မ တွေးမိတယ်။ သူက အချိန်အတော်ကြာ ယုံကြည်ခြင်းရှိခဲ့တယ်၊ ဧဝံဂေလိကို နှစ်ချီပြီး တရားဟောခဲ့တယ်၊ အများကြီး ဒုက္ခခံတယ်၊ အလုပ်အတွေ့အကြုံတွေအများကြီးရှိတယ်၊ ဒီတော့ သူက သမ္မာတရားကို နားလည်ပြီး စစ်မှန်မှုရှိရမယ်လို့ ထင်နေခဲ့တယ်။ ဒါကြောင့် ကျွန်မက သူ့အပြုအမူကို အတုခိုးဖို့ အမြဲတမ်းကြိုးစားပြီး သူ့ကို မေးခွန်းတွေအကုန် သွားမေးတာပေါ့။ သူဘာပဲပြောပြော ကျွန်မက မစဉ်းစားဘဲ လက်ခံပြီး သူပြောသမျှကို လုပ်တယ်။ ဘုရားက ကျွန်မစိတ်နှလုံးထဲမှာ လုံးဝ နေရာမရှိခဲ့ပါဘူး။ ပြဿနာတွေကို ကြုံရတဲ့အခါမှ သမ္မာတရားကို မရှာခဲ့ပြီး စည်းမျဉ်းနဲ့အညီမလုပ်ခဲ့ပါဘူး။ လူတစ်ယောက်ကိုပဲ၊ ဝူပိန်ကိုပဲ နားထောင်နေခဲ့တာ။ ကျွန်မက ဘုရားနောက်လိုက်နေတာမဟုတ်ဘဲ လူ့နောက်လိုက်နေခဲ့တာပေါ့။ ဘုရားပြောသလိုပါပဲ။ “သင် လေးစားအားကျသည်မှာ ခရစ်တော်၏နှိမ့်ချမှု မဟုတ်ဘဲ ထင်ရှားသည့် အဆင့်အတန်း ရှိသော သိုးထိန်းယောင်ဆောင်သူများကို ဖြစ်သည်။ သင်သည် ခရစ်တော်၏ ချစ်ခင်နှစ်လိုဖွယ်ကောင်းမှု၊ သို့မဟုတ် ဉာဏ်ပညာကို မကြည်ညိုဘဲ၊ ကမ္ဘာလောက၏ ဆိုးညစ်မှုတွင် မွေ့လျော်နေသည့်အကျင့်သီလမဲ့သူများကို ကြည်ညိုပေသည်။ ခေါင်းချရန် နေရာ မရှိသော ခရစ်တော်၏ နာကျင်မှုဝေဒနာကို သင် လှောင်သွေးသွမ်းသည်၊ သို့သော် လှူဖွယ်ပစ္စည်းများကို ရှာဖွေပြီး၊ သောက်စားပျော်ပါးမှုတွင် အသက်ရှင်သည့် အလောင်းကောင်များကို သင် လေးစားအားကျ၏။ သင်သည် ခရစ်တော်နှင့်အတူ ဆင်းရဲဒုက္ခခံစားရန် လိုလားမနေဘဲ၊ သင့်ကို ဇာတိပကတိ၊ စကားလုံးများနှင့် ထိန်းချုပ်မှုတို့ကိုသာ ပေးသည့် အဆင်အခြင်မဲ့သော အန္တိခရစ်များ၏ ရင်ခွင်ထဲသို့ ဝမ်းပန်းတသာ ခြေစုံပစ်ဝင်သည်။ ယခုတွင်ပင် သင်၏ နှလုံးသားသည် ၎င်းတို့ထံ၊ ၎င်းတို့၏ဂုဏ်သတင်းထံ၊ ၎င်းတို့၏ အဆင့်အတန်းထံ၊ ၎င်းတို့၏ လွှမ်းမိုးမှုထံသို့ လှည့်ထားဆဲ ဖြစ်သည်။ သို့တိုင်အောင် သင်သည် ခရစ်တော်၏အမှုကို လက်ခံရန် ခက်ခဲပြီး၊ ယင်းကို သင် လက်ခံလိုခြင်း မရှိသည့် သဘောထား တစ်ခုကို ဆက်လက် စွဲကိုင်လေသည်။ ဤသည်မှာ သင်သည် ခရစ်တော်ကို အသိအမှတ်ပြုရန် ယုံကြည်ခြင်း ကင်းမဲ့သည်ဟု ငါ ပြောရသည့် အကြောင်းရင်း ဖြစ်သည်။ သင့်အနေဖြင့် ယနေ့ထိ ခရစ်တော်နောက်သို့ လိုက်ရသည်အကြောင်းရင်းမှာ သင်သည် အခြားရွေးစရာ မရှိခဲ့သောကြောင့်သာ ဖြစ်သည်။ ဟိတ်ဟန်ကြီးသော ပုံရိပ်တသီတတန်းသည် သင့်နှလုံးသားတွင် အစဉ်အမြဲ လွှမ်းမိုးနေသည်။ ၎င်းတို့၏ စကားလုံးတိုင်းနှင့် လုပ်ရပ်တိုင်းကို သင်တို့ မမေ့လျော့နိုင်ကြသကဲ့သို့၊ ၎င်းတို့၏ ဩဇာညောင်းသော စကားလုံးများနှင့် လက်ရာများကို သင်မမေ့နိုင်ပေ။ သင်တို့၏နှလုံးသားတွင် ၎င်းတို့သည် အစဉ်အမြဲ အမြင့်ဆုံးနှင့် ထာဝရ သူရဲကောင်းများ ဖြစ်ကြသည်။ သို့ရာတွင် ယနေ့၏ ခရစ်တော်အတွက်မူ ထိုသို့မဟုတ်ပေ။ သူသည် သင်၏နှလုံးသားတွင် အစဉ်ထာဝရ အရေးမပါသကဲ့သို့၊ အစဉ်ထာဝရ ရိုသေလေးစားခြင်း မခံထိုက်ပေ။ အကြောင်းမှာ သူသည် အလွန်သာမန် ဖြစ်လွန်းပြီး၊ နည်းပါးလွန်းသည့် ဩဇာအရှိန်အဝါရှိကာ မြင့်မြတ်မှုမှ အလွန် အလှမ်းဝေးသောကြောင့် ဖြစ်ပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်သည် ဘုရားသခင်ကို ယုံကြည်သူစစ်စစ်တစ်ယောက် ဖြစ်သလော) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မရဲ့ တကယ့်အခြေအနေကို ဖွင့်ပြတယ်။ ကျွန်မရဲ့ ယုံကြည်တဲ့နှစ်တွေကို ပြန်စဉ်းစားကြည့်တော့ အစွမ်းအစရှိပြီး ဆုကျေးဇူးရှိတဲ့၊ ကူညီပံ့ပိုးပေးကြတဲ့၊ တန်ဖိုးအထားခံရတဲ့ ကျွန်မနားကလူတွေကိုပဲ ကျွန်မက မြှောက်စားနေခဲ့တာ။ ကျွန်မက ဘုရားအလိုတော်ကို လုံးဝ မရှာဖွေဘဲ၊ ဘုရားက အလိုရှိတဲ့အရာဖြစ်သလား၊ သမ္မာတရားစည်းမျဉ်းတွေနဲ့ ကိုက်ညီသလားဆိုတာ မရှာဖွေဘဲ သူတို့ရဲ့ စကားတိုင်းနဲ့ လုပ်ရပ်တိုင်းကို အတုယူစရာတွေအဖြစ် မြင်ခဲ့တယ်။ ကျွန်မက သူများတွေကို မစဉ်းမစားနဲ့ ကိုးကွယ်ပြီး နာခံခဲ့တယ်။ သူတို့လိုတောင် ဖြစ်ချင်ခဲ့တယ်။ ကျွန်မက တစ်ချိန်လုံး လမ်းမှားပေါ်မှာရှိနေခဲ့ပြီး ကျွန်မ တတ်နိုင်သလောက် ဒုက္ခခံပြီး အလုပ်လုပ်ဖို့ အားထုတ်နေခဲ့တာပါ။ တာဝန်မှာ ကျွန်မက အစွမ်းအစနဲ့ အတွေ့အကြုံကို အားကိုးတယ်။ သမ္မာတရားစည်းမျဉ်းတွေကို ရှာဖို့နဲ့၊ ကျွန်မကိုယ်တိုင်ရဲ့ အသက်ဝင်ရောက်မှုမှာ လုံးဝ အာရုံမစိုက်ခဲ့ဘူး။ ဒါကြောင့် ကျွန်မရဲ့ ယုံကြည်တဲ့နှစ်တွေမှာ သမ္မာတရားကို သိပ်မသင်ယူခဲ့ရဘူး။ ကျွန်မဘဝက ဒုက္ခခံခဲ့ရတယ်။ ကျွန်မက ဘယ်လောက် မသိနားမလည်ဖြစ်ပြီး သနားစရာကောင်းသလဲဆိုတာ တကယ်ကို ခံစားခဲ့ရပါတယ်။ ဘုရားက ကျွန်မတို့ကို နှုတ်ကပတ်တော်တွေအများကြီးပေးခဲ့တယ်။ ဒါပေမဲ့ ကျွန်မက တစ်ခုမှ စိတ်ထဲမှာ သိပ်မထားခဲ့ဘူး။ ဒါပေမဲ့ ဝူပိန်ပြောသမျှ၊ သူ့မှာရှိသမျှ ထင်မြင်ချက်တိုင်းကို စိတ်ထဲမှာ ရှင်းရှင်းလင်းလင်း သိမ်းထားပြီး ချက်ချင်းဆောင်ရွက်တယ်။ ကျွန်မတာဝန်မှာ သူ့အပေါ် အမြဲတမ်းအားကိုးတယ်။ ဒါပေမဲ့ ဘုရားသခင်က ကျွန်မစိတ်နှလုံးထဲမှာ နေရာမရှိခဲ့ဘူး။ ဒီဝူပိန်နဲ့ပတ်သက်တဲ့ ကိစ္စတစ်ခုလုံးကို ကျွန်မ နှံ့နှံ့စပ်စပ် ဖော်ထုတ်ခံခဲ့ရတယ်။ အထူးသဖြင့် သူ အထုတ်ခံရတဲ့အချိန်မှာ သူ့ပြဿနာတွေက ပွင့်လင်းမြင်သာလာပြီး ကျွန်မ သိသွားတယ်။ ဒါပေမဲ့ ကျွန်မတို့ ပြန်ပြီး အတူတူအလုပ်လုပ်တဲ့အခါ ကျွန်မစိတ်ထဲမှာ သူ့ရဲ့ ဒီခမ်းနားပြီး လေးစားဖွယ်ဖြစ်တဲ့ ပုံရိပ်က ရှိနေတုန်းပဲ။ တာဝန်တွေမှာ သူ့ကို အမှီပြုနေတုန်းပဲ။ ပိန်လှီနေတဲ့ ကုလားအုတ်တောင် မြင်းထက်ကြီးတယ်လို့ ထင်နေတုန်းပဲ။ သူ့မှာ ပြဿနာတချို့ရှိရင်တောင် ကျွန်မထက်သာတယ်လို့ ခံစားမိခဲ့တယ်။ ဒါ ကိစ္စတွေကို ကျွန်မမြင်တဲ့ပုံစံပဲ။ လူတစ်ယောက်ကို ကျွန်မ အလွန်အကျွံကိုးကွယ်ခဲ့တယ်။ ကျွန်မရဲ့ ဆက်ဆံရေးတွေမှာ သမ္မာတရားစည်းမျဉ်းတွေကို မရှာခဲ့ဘူး။ ပိုင်းခြားသိမြင်မှုမရှိခဲ့ဘူး။ ဆိုးယုတ်တဲ့ မုသားတွေကို အခြေခံထားပြီး အကြောင်းအရာတွေကို ကြည့်နေခဲ့တာပါ။ ဝူပိန်ရဲ့ ပြဿနာတွေက နောက်ပိုင်းမှာ ပိုပိုပြီး ပွင့်လင်းမြင်သာလာတယ်။ ကျွန်မက ဘာပိုင်းခြားသိမြင်မှုမှမရှိသေးဘူး။ သူ့နောက်ကိုပဲ ဆက်လိုက်နေပြီး သူချုပ်ချယ်ထားတာကို ခံရတုန်းပဲ။ ဒါကြောင့် ကျွန်မက အပျက်သဘောဆောင်တဲ့၊ ဆင်းရဲဒုက္ခဖြစ်တဲ့အခြေအနေမှာ အမြဲတမ်းရှိနေခဲ့တယ်။ ကျွန်မက ဒီလိုခံရသင့်ပါတယ်။ ဝူပိန်ကို ကျွန်မက အထင်ကြီးလေးစားနေပြီး တာဝန်မှာ သူ့ကို အားကိုးနေခဲ့တယ်။ ဒါပေမဲ့ အဲဒီအတွက် ကျွန်မက ဘာရလဲ။ လှည့်စားခြင်း၊ ချုပ်ခြယ်ခြင်း၊ ငြင်းပယ်ခြင်းတွေပဲ။ ကျွန်မက စိတ်ဆင်းရဲနေရပြီး စိတ်ကျဉ်းကျပ်နေခဲ့တယ်။ ဘုရားနဲ့အဝေးကို သွားနေခဲ့တယ်။ ကျွန်မက ယုံကြည်ခြင်းရှိပေမဲ့ ဘုရားကို အားမကိုးဘူး၊ အထင်ကြီးမလေးစားခဲ့ဘူး။ သမ္မာတရားကို လုံးဝ မလိုက်စားခဲ့ဘူး။ လူတစ်ယောက်ကိုပဲ ကိုးကွယ်ပြီး နာခံခဲ့တယ်။ ကျွန်မက ဘာသိမြင်မှုမှမရှိတဲ့ ငအတစ်ယောက်ပါပဲ။ အဲဒီအချိန်မှာ ကျွန်မ ကျရှုံးပြီး လဲပြိုခဲ့တယ်။ ဒါက ဘုရားရဲ့ ဖြောင့်မတ်ခြင်းနဲ့ ကျွန်မအတွက် ကယ်တင်ခြင်းပါပဲ။ ဒီဖွင့်ပြခြင်းကြောင့် ကျွန်မရောက်နေတဲ့ လမ်းမှားကို ကျွန်မ သေချာကြည့်ဖြစ်ခဲ့ပြီး ကျွန်မရဲ့ ကိုယ်ပိုင် လွဲမှားတဲ့အယူအဆကို စစ်ဆေးခဲ့တယ်။ ဒီပြဿနာတွေကို ဖြေရှင်းဖို့အတွက် သမ္မာတရားကို ရှာဖွေနိုင်လာတယ်။ သမ္မာတရားကို လိုက်စားခြင်းရဲ့ အရေးကြီးမှုကိုလည်း ကျွန်မ ကြုံတွေ့ခဲ့ပါတယ်။ ဘုရားပြောခဲ့တဲ့ “သမ္မာတရားကို လိုက်စားရှာဖွေခြင်း မရှိသောသူများသည် တကယ့်အဆုံးထိတိုင် မလိုက်လျှောက်နိုင်ကြချေ” ဆိုတာ အရမ်းစစ်မှန်တယ်။ သမ္မာတရားကို မလိုက်စားတဲ့သူတွေက ဘုရားက ဖော်ထုတ်ပြီး ဖယ်ရှားခြင်းခံရမှာသေချာပါတယ်။ ကျွန်မကိုယ်တိုင်ရဲ့ ကျရှုံးတဲ့ အတွေ့အကြုံနဲ့ ကျွန်မလေးစားတဲ့သူရဲ့ ကျရှုံးမှုက ဒါရဲ့ အကောင်းဆုံးသက်သေပဲ။

နှစ်လကြာပြီးနောက်မှာ ကျွန်မက ဧဝံဂေလိအလုပ်အတွက် ဝမ်လီနဲ့ တွဲရတယ်။ သူက သူ့ယုံကြည်ခြင်းရပြီးတဲ့နောက်မှာ တာဝန်ထမ်းဆောင်ဖို့အတွက် သူ့ရဲ့အရမ်းကောင်းတဲ့အလုပ်ကို စွန့်လွှတ်ခဲ့တယ်၊ အလုပ်ကို တကယ်ကို မနားမနေလုပ်ပြီး သိပ်ကောင်းတဲ့ အစွမ်းအစရှိတယ်လို့ အရင်က ကျွန်မ ကြားဖူးတယ်။ သူက ဧဝံဂေလိအလုပ်တွေအများကြီးလုပ်ခဲ့ပြီး အတွေ့အကြုံရှိသူတစ်ယောက်ပေါ့။ ကျွန်မ သူနဲ့သိတာ နည်းနည်းကြာပြီ။ အသင်းတော်အလုပ်ကို သူတော်တော်ဂရုစိုက်တာကို တွေ့ရတယ်။ စုဝေးပွဲတွေမှာ မိတ်သဟာယဖွဲ့တာမှာ သူက တော်တော်တက်ကြွတယ်။ အခြေအနေက ဘယ်လိုရှိပါစေ၊ လူအရေအတွက်ဘယ်လောက်ရှိပါစေ စိတ်ကျဉ်းကျပ်ပုံမရဘူး။ သူက သိပ်ကောင်းတဲ့ဟန်ပန်နဲ့၊ ဘာကြောက်ရွံ့မှုမှမရှိဘဲ စကားပြောတယ်။ ပြဿနာနဲ့ကြုံရတဲ့ ဘယ်သူကိုမဆို ကူညီဖို့အတွက် တက်တက်ကြွကြွနဲ့ မိတ်သဟာယဖွဲ့တယ်။ လူတိုင်းက သူ့ကို တော်တော်ခင်ကြတယ်။ သူက သမ္မာတရားကို တကယ်ကို လိုက်စားတယ်လို့ ကျွန်မ ခံစားရပြီး အထင်ကြီးလေးစားခဲ့ပါတယ်။ သူနဲ့အတူလုပ်ဖို့ အခွင့်အရေးရတာကို ကျွန်မ ပျော်ခဲ့တယ်။ ဒါပေမဲ့ ကျွန်မရဲ့ အရင်က ကျရှုံးမှုကို သတိရမိတယ်။ ဝူပိန်ရဲ့ အစွမ်းအစနဲ့ ဆုကျေးဇူးတွေကို တန်ဖိုးထားပြီး သူ့ကို ကိုးကွယ်နာခံခဲ့တာကို သတိရမိတယ်။ ကျွန်မက လမ်းမှားကိုလျှောက်ခဲ့ပြီး ကျွန်မဘဝအတွက် နစ်နာခဲ့ပါတယ်။ ဝမ်လီနဲ့ ကျွန်မ ဆက်ဆံတဲ့နေရာမှာ အကြောင်းအရာတွေကို ကြည့်ဖို့အတွက် လွဲမှားတဲ့အယူအဆတွေကို အားကိုးလို့မရဘူး၊ သမ္မာတရားစည်းမျဉ်းတွေနဲ့အညီ သူ့ကို ချဉ်းကပ်ရမယ်ဆိုတာ ကျွန်မ သိခဲ့တယ်။ ဝမ်လီက အစွမ်းအစကောင်းရှိပြီး ဧဝံဂေလိဖြန့်ဝေတာမှာ အတွေ့အကြုံရှိတယ်။ ဒီတော့ ကျွန်မမှာ မရှိတဲ့ဟာကို ဖာထေးဖို့အတွက် သူ့ဆီကနေ အများကြီးသင်ယူနိုင်တယ်။ ဒါပေမဲ့ သူကလည်း ဖောက်ပြန်ပျက်စီးတဲ့ လူတစ်ယောက်၊ ဖောက်ပြန်ပျက်စီးတဲ့စိတ်သဘောထားနဲ့ ချွတ်ယွင်းချက်တွေရှိတဲ့သူတစ်ယောက်ပဲ။ သူ့ကို ကိုးကွယ်ပြီး အားကိုးလို့မဖြစ်ဘူး။ သူက သူ့တာဝန်တွေမှာ ပြဿနာတွေ၊ အမှားတွေရှိရင် သူ့နောက်ကို မစဉ်းမစားနဲ့ လိုက်လို့မဖြစ်ဘူး။ ကျွန်မက ပိုင်းခြားသိမြင်မှုကို ထိန်းသိမ်းပြီး သမ္မာတရားစည်းမျဉ်းကို အခြေခံပြီး သူ့ကို ဆက်ဆံသင့်ပါတယ်။ နောက်ပိုင်းတော့ ကျွန်မတို့ အလုပ်ဆွေးနွေးပွဲမှာ ဝမ်လီရဲ့ အကြံပြုချက်တွေအများစုက လက်တွေ့မကျတာကို သတိထားမိတယ်။ အဲဒါတွေက အလုပ်ဖြစ်မှာမဟုတ်ဘူးလို့ ကျွန်မနဲ့ တခြားအစ်မတချို့က ခံစားမိတယ်။ ဒါပေမဲ့ သူက တော်တော်ကို တင်းခံနေတယ်။ ကျွန်မတို့ သဘောမတူတဲ့ ဘယ်အရာကိုမဆို သူက မပြီးနိုင်တော့ဘဲ သူ မပြီးနိုင်တဲ့အခါမှာ ကျွန်မတို့က အကြာကြီးချောင်ပိတ်မိနေတယ်။ ဒါကြောင့် ကျွန်မတို့အလုပ်တိုးတက်မှုက တော်တော်နှေးသွားတယ်။ တဖြည်းဖြည်းနဲ့ ဝမ်လီက တော်တော်မာနကြီးပြီး ခေါင်းမာတာကို ကျွန်မ တွေ့ရတယ်။ သူ့အကြံပြုချက်တွေ ငြင်းပယ်ခံရရင် သူက စိတ်တိုလာတယ်။ သူက စူပုပ်နေပြီး သူများတွေအတွက် စိတ်ကျဉ်းကျပ်ရတာပေါ့။ ဧဝံဂေလိအဖွဲ့မှာ သူက အနှောင့်အယှက်ဖြစ်နေတယ်။ အလုပ်တိုးတက်မှုကို တားဆီးနေတယ်။ သူ့အပြုအမူအကြောင်းကို ခေါင်းဆောင်ကို ကျွန်မ ပြောလိုက်တယ်။ ဒီအကြောင်းကို သိပြီးတဲ့နောက်မှာ ခေါင်းဆောင်က သူ့ပြဿနာတွေကို ဖော်ထုတ်ပြီး စိစစ်လေ့လာခဲ့တယ်။ ဒါပေမဲ့ သူက လက်ခံဖို့ ငြင်းဆန်နေတုန်းပဲ။ အဲဒီနောက်မှာ သူ့တာဝန်က ပြောင်းသွားတယ်။ အဲဒီလိုဖြစ်ပြီးတဲ့နောက်မှာ ကျွန်မ တော်တော်စိတ်ငြိမ်းချမ်းသွားတယ်။ နောက်ဆုံးတော့ ကျွန်မရဲ့ လွဲမှားတဲ့အယူအဆတွေပြောင်းသွားပြီလို့ ခံစားမိတယ်။ အရင်လိုလူတွေကို မကိုးကွယ်၊ နောက်မလိုက်တော့ဘူး။ အဲဒီသင်ခန်းစာတွေကို သင်ယူနိုင်အောင်လို့ ပိုင်းခြားသိမြင်မှုကို ရရှိစေတဲ့ ဒီအခြေအနေတွေကို ပြင်ဆင်ပေးတဲ့ ဘုရားကိုလည်း တကယ်ကျေးဇူးတင်မိတယ်။ ကျေးဇူးတော်ပဲ။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ရိုးသားသူတစ်ယောက်ဖြစ်ခြင်းအားဖြင့် ကျွန်တော်ရရှိခဲ့သည့်အရာ

ချန်ယံ တောင်ကိုရီးယားနိုင်ငံ အလုပ်အစည်းအဝေးတစ်ခုမှာ ကျွန်တော်ဦးဆောင်ရတဲ့ အသင်းတော်တစ်ခုရဲ့ လူသစ်တွေကိုရေလောင်းတာ ဘယ်လိုအခြေအနေရှိလဲလို့...

လူ့အကြိုက်လိုက်သူများ၏ နောက်ကွယ်က လက်တွေ့အရှိတရား

စုကြယ် တရုတ်နိုင်ငံ ပြီးခဲ့တဲ့ အောက်တိုဘာလက ကျွန်မနဲ့ အရင်က အတူအလုပ်လုပ်ခဲ့ဖူးတဲ့ ဝမ်လီနဲ့တွဲပြီး ရုပ်ပုံဒီဇိုင်းရေးဆွဲတဲ့အဖွဲ့ကို...

ကြွားဝါပြီးနောက် သင်ယူခဲ့ရသော ကြမ်းတမ်းသည့် သင်ခန်းစာတစ်ခု

မင်ယွေ့ တရုတ်နိုင်ငံ ၂၀ဝ၉ မှာ ခေါင်းဆောင်နေရာတစ်ခုကို အစ်မဝင်ယူခဲ့တယ်။ အစ်မရဲ့ အထက်ခေါင်းဆောင်က စုဝေးပွဲကို ဦးစီးလုပ်ဖို့ လာတိုင်းမှာ...

“ခေါင်းဆောင်ကောင်း”တစ်ယောက်၏ ဆင်ခြင်သုံးသပ်မှု

ရူဘီလင် ဖိလစ်ပိုင်နိုင်ငံ ကျွန်မ ကလေးကတည်းက မိဘတွေက ကျွန်မကို လူတွေနဲ့ ဖော်ရွေဖို့ ချဉ်းကပ်ရလွယ်တဲ့၊ ကိုယ်ချင်းစာတတ်တဲ့သူဖြစ်ဖို့...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။