ဘုရားကို မကြောက်ရွံ့ခြင်းသည် အန္တရာယ်ရှိသော လမ်းတည်း

04.06.2022

ရှောင်မော့ စပိန်နိုင်ငံ

မနှစ်က စပြီး လူသစ်အသင်းတော်တစ်ပါးမှာ ရေလောင်းအလုပ်ကို ကျွန်မတာဝန်ယူခဲ့တယ်။ တစ်ကြိမ် အစည်းအဝေးမှာ ဧဝံဂေလိအသင်းကို ကြီးကြပ်တဲ့ ညီအစ်ကိုဝမ်က ကျွန်မကို တုံ့ပြန်ချက်တချို့ ပေးလာတယ်။ ခုတစ်လော ယုံကြည်သူသစ် အတော်များများက စုဝေးပွဲတွေ မတက်ကြဘူး၊ ရေလောင်းအလုပ်မှာ ကျွန်မအမြန်ဆုံး ကိုင်တွယ်ရမဲ့ ပြဿနာတွေ ရှိတယ်တဲ့လေ။ အစတော့ သူ့တုံ့ပြန်ချက်ကို ကျွန်မလက်ခံနိုင်ခဲ့တယ်။ ညီအစ်ကို မောင်နှမတွေနဲ့ ပြဿနာတွေကို ဆွေးနွေးပြီး လိုအပ်တဲ့ အပြောင်းအလဲတွေကို အကောင်းဆုံး ကြိုးစားလုပ်ခဲ့တယ်။ ဒါပေမဲ့ လတိုင်း ယုံကြည်သစ်တချို့က အကြောင်းအမျိုးမျိုးကြောင့် အဖွဲ့တွေထဲကနေ ထွက်သွားကြတုန်းပဲ။ ညီအစ်ကိုဝမ်က ထပ်ပြောတယ်၊ ကျွန်မက ကိုယ့်တာဝန်မှာ တာဝန်မသိဘူး၊ ရေလောင်းအလုပ်က ပြဿနာတွေကို မဖြေရှင်းဘူးတဲ့လေ။ ကျွန်မတွေးမိတယ်၊ ပြဿနာတွေ ဖြေရှင်းဖို့ အကောင်းဆုံး ငါလုပ်ပြီး လုပ်ရမှာတွေ လုပ်ခဲ့တာပဲကို သူဘာလို့ ငါ့ကို ဒေါက်ထောက်ကြည့်နေတာလဲ။ အပြစ်ရှာနေတာလားပေါ့။ ဒါ့အပြင် ယုံကြည်သူသစ်တွေ စုဝေးပွဲ မတက်ရတဲ့ အကြောင်းရင်းတွေက အများကြီးလေ။ တချို့က ဘာသာရေး အယူအဆတွေ ရှိနေသေးတယ်၊ အဲဒါ ဧဝံဂေလိအသင်းက သမ္မာတရားကို ရှင်းရှင်းလင်းလင်း မိတ်သဟာယ မပြုထားလို့ပဲ၊ သူ့ပြဿနာကို သူဘာလို့ မသုံးသပ်တာလဲပေါ့။ သူတို့သာ သေချာမိတ်သဟာယပြုပေးခဲ့ရင် အဖွဲ့ထဲက ထွက်သွားတဲ့လူတွေ ပိုနည်းမှာပဲပေါ့။ ဒီလိုနဲ့ ညီအစ်ကိုဝမ်အပေါ် အာဃာတ ထားမိပြီး သူအကြံပေးတာကို လျစ်လျူရှုမိရော။ ဒီကိစ္စကို အထက်ခေါင်းဆောင်ဆီ ဧဝံဂေလိအဖွဲ့က တခြားညီအစ်ကို မောင်နှမတွေ တိုင်လိုက်ကြတော့ ကျွန်မဖြင့် အံ့သြခဲ့ရတာ။ ဒါကို သိလိုက်ရတာ့ ကိုယ့်ကိုယ်ကိုယ် မသုံးသပ်ခဲ့ဘူး။ အဲဒီအစား ခေါင်းဆောင်က ဒါတွေကြားသွားပြီး ကျွန်မဟာ လက်တွေ့ကျတဲ့ အလုပ်ကို မလုပ်ဘူး၊ အယောင်ဆောင် ခေါင်းဆောင်ပဲလို့ ထင်သွားမှာ စိုးခဲ့တယ်။ အခြေအနေဆိုးရင် ထုတ်တောင် ထုတ်ခံရနိုင်တယ်၊ ဒါဆို အရှက်ဗြန်းဗြန်းကွဲမှာ။ ဒါက ခေါင်းဆောင်ကို ငါ့အတင်း သွားပြောတာပဲ မဟုတ်လားပေါ့။ ပိုတွေးလေ၊ ပိုစိတ်တိုလေနဲ့ သူတို့ကို ပိုတောင် မကျေမချမ်းဖြစ်မိတယ်။ နောက်ပိုင်း သူတို့တွေ အကြံပေးလာတဲ့အခါ ဇာချဲ့နေကြတယ်လို့ ခံစားရပြီး အလေးအနက် မထားခဲ့ဘူး။

တစ်ကြိမ် စုဝေးပွဲမှာ ရေလောင်းသင်းထောက်က ဧဝံဂေလိအဖွဲ့ဝင် ညီအစ်ကို မောင်နှမတွေအပေါ် အမြင်တချို့ ရှိနေလို့ တဲ့တိုးပဲ ပြောလိုက်တယ်။ လူသစ်တွေရဲ့ ဘာသာရေး အယူအဆတွေကို သူတို့မဖြေရှင်းပေးထားဘူး၊ ဒါက တာဝန်မဲ့ရာကျတယ်။ သူတို့ရဲ့မိတ်သဟာယသာ ရှင်းလင်းခဲ့ရင် ယုံကြည်သူသစ်တွေက စုဝေးပွဲတွေ တက်ကြမှာပဲလို့လေ။ ကျွန်မလည်း အဲဒီလိုပဲ ခံစားရတော့ ချက်ချင်းပြန်ပြောလိုက်တယ်။ “ဟုတ်တယ်။ အယူအဆတွေ ရှိနေသေးတဲ့ အဲဒီလူသစ်တွေကို ရေလောင်းပေးဖို့ ကျွန်မတို့ဆီ လွှဲပေးတော့ အောင်အောင်မြင်မြင် ဘယ်လိုလုပ်နိုင်မှာလဲ” လို့လေ။ အဲဒီနောက်မှာ ရေလောင်းဝန်ထမ်း အားလုံးက တစ်ခုပြီးတစ်ခု စပြောကြတော့တာပဲ။ နေမထိထိုင်မထိ နည်းနည်းဖြစ်ခဲ့တယ်။ နောက်ကွယ်မှာ သူများကို လွှဲချပြီး ဝေဖန်နေမိပြီလား တွေးရင်းလေ။ ဒါပေမဲ့ ကျွန်မပြောတာ လုံးဝ မှန်နေတာ တွက်မိတယ်။ ဒီအကြောင်း ထပ်မတွေးတော့ဘူး။ နောက်ပိုင်း တစ်ကြိမ်မှာ ရေလောင်းသင်းထောက်နဲ့ အလုပ်အကြောင်း ဆွေးနွေးနေတုန်း သူက ရုတ်တရက် ပြောလာတယ်။ ဧဝံဂေလိအဖွဲ့ဝင် ညီအစ်ကိုတစ်ယောက်က စာရွက်စာတမ်းတချို့ အတူစီစဉ်ချင်လို့ သူသွားရတော့မယ်တဲ့။ ဧဝံဂေလိ အဖွဲ့ဝင်တွေက ကျွန်မတို့မှာ ပြဿနာတွေ ရှိတယ်လို့ အမြဲပြောနေပြီးမှ စာရွက်စာတမ်း စီစဉ်တဲ့ ကိစ္စမျိုးမှာတောင် ကျွန်မတို့အကူအညီကို ဘာလို့လိုတာလဲ တွေးမိတယ်။ ဒီတော့ ကျွန်မပြောလိုက်တယ်။ “သူ့ဘာသာ မလုပ်နိုင်ဘူးလား။ ဘာလို့ ကိစ္စတိုင်း ရှင့်ကို လိုနေကြတာလဲ။ ရှင့်မှာလည်း ရှင့်အလုပ်နဲ့လေ။ သူ့ဘာသာ မလုပ်နိုင်ရင် သူညံ့တယ်လို့ ဆိုလိုတာပဲ” လို့ပေါ့။ အဲဒီလို ပြောပြီးတော့ ရင်တဒိန်းဒိန်း ခုန်သွားတယ်။ ငါဘာလို့ အဲဒီလို ပြောမိတာလဲပေါ့။ စုဝေးပွဲတွေ ထိရောက်ဖို့ အဲဒီညီအစ်ကိုက စာရွက်စာတမ်း ကိစ္စမှာ အကူအညီ လိုနေတာ။ ဒါက ပုံမှန်ပဲလေ။ ကျွန်မက ညီအစ်ကို မောင်နှမတွေအကြားမှာ ပြဿနာတက်အောင် ဆွနေခဲ့တာ။ ဒါက ဘုရားအိမ်တော်ရဲ့ အလုပ်ကို နှောင့်ယှက်နေတာပဲ မဟုတ်လား။ ကျွန်မအမြန်စကားပြင်ပြီး “သွားလိုက်ပါ” လို့ ပြောလိုက်တယ်။ ဒါပေမဲ့ နောက်ပိုင်း အဲဒီကိစ္စကို ပြန်တွေးကြည့်တော့ နည်းနည်းရင်ထိတ်လာလို့ ကိုယ့်ကိုယ်ကိုယ် သိဖို့ လမ်းပြပေးပါဆိုပြီး ဘုရားကို ဆုတောင်းလိုက်တယ်။

နောက်နေ့ စုဝေးပွဲမှာ ဒီနှုတ်ကပတ်တော် အပိုဒ်ကို ဖတ်မိရော။ “ဘုရားသခင်သည် လူတို့၏စိတ်နှလုံးကို မည်သို့ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးသနည်း။ သူက သူ၏မျက်လုံးများဖြင့်သာ ကြည့်ခြင်းမဟုတ်ပေ။ သင်၏ စိတ်နှလုံးကို သူ၏လက်များဖြင့် တို့ထိလျက် သင့်အတွက် ပတ်ဝန်းကျင်များကို သူသတ်မှတ်ပေးသည်။ ဤသည်ကို အဘယ့်ကြောင့် ငါပြောသနည်း။ အကြောင်းမှာ ဘုရားသခင်က သင့်အတွက် ပတ်ဝန်းကျင်တစ်ခုကို သတ်မှတ်ပေးသည့်အခါ သူသည် သင်၏ စိတ်အခြေအနေကို ကြည့်သည်။ သင်သည် မနှစ်သက်ခြင်းနှင့် ရွံရှာစက်ဆုပ်ခြင်းတို့ကို ခံစားရသလော၊ သို့မဟုတ် ဝမ်းမြောက်ခြင်းနှင့် နာခံခြင်းတို့ကို ခံစားရသလော သူကြည့်သည်။ သင်သည် တိတ်ဆိတ်စွာ စောင့်ဆိုင်းသလော၊ သို့မဟုတ် သမ္မာတရားအား ရှာဖွေသလောတို့ကို မြင်ရဖို့ သူကြည့်ရှုသည်။ သင်၏ စိတ်နှလုံးနှင့် အတွေးများက မည်သို့ပြောင်းလဲသည်၊ မည်သည့်ဘက်သို့ ကြီးထွားနေသည်ကို ဘုရားသခင်က ကြည့်ရှုသည်။ တစ်ခါတရံတွင် သင့်အတွင်းရှိ အခြေအနေသည် အပြုသဘောဆောင်သည်။ တစ်ခါတရံတွင် အပျက်သဘောဆောင်သည်။ သင်က သမ္မာတရားကို လက်ခံနိုင်လျှင် စိတ်ထဲတွင် သင့်အတွက် ဘုရားသခင် စီစဉ်သည့် လူများ၊ ဖြစ်ရပ်များ၊ အမှုအရာများ၊ အမျိုးမျိုးသော အခြေအနေများကို ဘုရားသခင်ထံမှ သင် လက်ခံပြီး ၎င်းတို့ကို မှန်မှန်ကန်ကန် ရင်ဆိုင်လိမ့်မည်။ ဘုရားနှုတ်ကပတ်တော်များကို ဖတ်ခြင်းမှတစ်ဆင့်၊ စိတ်ပိုင်းဆိုင်ရာ ဆင်ခြင်သုံးသပ်ခြင်းမှတစ်ဆင့် သင်၏ အတွေးတိုင်း၊ အယူအဆတိုင်း၊ စိတ်အခြေအနေတိုင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့်အတူ ပြောင်းလဲလိမ့်မည်။ ထိုအရာအားလုံးသည် သင့်အဖို့ ရှင်းလင်းလာလိမ့်မည်ဖြစ်ပြီး ဘုရားသခင်က စောင့်ကြည့်လိမ့်မည်။ သင်သည် ဤအရာများကို မည်သူ့ကိုမျှ မပြောရသေး၊ သို့မဟုတ် ယင်းတို့နှင့်ပတ်သက်ပြီး ဆုမတောင်းရသေးပေ။ သင်၏ စိတ်နှလုံးထဲတွင်သာ၊ သင်၏ကိုယ်ပိုင် ကမ္ဘာထဲတွင်သာ ယင်းတို့နှင့်ပတ်သက်၍ သင်တွေးခဲ့မိသည်— သို့သော် ဘုရားသခင်က ယင်းတို့ကို ကောင်းစွာသိပြီး ယင်းတို့သည် သူ့အတွက် ရှင်းရှင်းကြီးပင် မြင်သာ၏။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “ဘုရားသခင်၏ ရှေ့မှောက် အမြဲအသက်မရှင်နိုင်သူတို့မှာ မယုံကြည်သူများဖြစ်သည်”)သင့်ထံ တစ်စုံတစ်ခုဖြစ်ပျက်သောအခါ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ခြင်းသည် ပြစ်မှားမှုဖြစ်သည်။ နောက်တစ်ဖန် သင့်ထံ တစ်စုံတစ်ခုဖြစ်ပျက်သောအခါ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ဆဲဖြစ်လျှင်၊ သင်ကိုယ်တိုင်၏ အကျိုးစီးပွား၊ ပကာသနနှင့် မာန်မာနကို ကာကွယ်ရန် သမ္မာတရားကို စွန့်ပစ်လျှင် ဤသည်မှာ မည်သည့် အပြုအမူမျိုးဖြစ်သနည်း။ ဤသည်မှာ မကောင်းမှုကို ကျူးလွန်ခြင်းဖြစ်သလော။ သင်သည် မည်သည့်အချိန်တွင်မျှ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သကဲ့သို့ သင်၏ ပြစ်မှားမှုများသည် ပို၍အစဉ်များပြားလာလျှင် သင်၏ အဆုံးသတ်ကို သတ်မှတ်ဆုံးဖြတ်ထားနှင့်ပြီးဖြစ်သည်။ သင်၏ ပြစ်မှားမှုများကို စာရင်းချုပ်ပြီး၊ သင်၏ ရွေးချယ်မှုများ၊ သင်လိုက်စားသောအရာများ၊ သင်၏ တစ်ကိုယ်ရေအလိုဆန္ဒနှင့် အမှုအရာများကိုလုပ်ဆောင်သောအခါ သင်ရွေးချယ်သော လမ်းကြောင်းများနှင့် သင်လျှောက်လှမ်းသော ဦးတည်ချက်များနှင့် ထပ်ပေါင်းလိုက်လျှင် ဤအရာအားလုံးကို စာရင်းချုပ်လိုက်လျှင်၊ သင်၏ အဆုံးသတ်ကို ဆုံးဖြတ်ရန် ဖြစ်နိုင်သည်။ သင်သည် ငရဲထဲသို့ ပစ်ချခံရသင့်သည်။ ဤသည်မှာ သင်အပြစ်ဒဏ်ခံရမည်ဟူသည့် အဓိပ္ပာယ်ဖြစ်သည်။ သင်တို့ မည်သို့ ဆိုသနည်း။ ဤသည်မှာ အရေးမပါသော အရာတစ်ခုဖြစ်သလော။ ပေါင်းလိုက်သည့်အခါ၊ သင်၏ ပြစ်မှားမှုများအားလုံးသည်မကောင်းမှုပေါင်းချုပ်ကြီးဖြစ်လာသည်။ ထို့ကြောင့် သင်သည် အပြစ်ပေးခံရသင့်သည်။ ဤသည်မှာ ဘုရားသခင်ကို ယုံကြည်သော်လည်း သမ္မာတရားကို လက်မခံသည့်အခါတွင်ဖြစ်သော အဆုံးစွန် အကျိုးဆက်ဖြစ်သည်။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “ဘုရားသခင်ကို ယုံကြည်ခြင်းတွင် အရေးကြီးဆုံးအပိုင်းသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းဖြစ်သည်”) ဘုရားက ကျွန်မတို့ စိတ်နှလုံးကို စောင့်ကြည့်ဖို့၊ ကိစ္စတွေ ဖြစ်လာရင် စိတ်ရှုပ်ပြီး ခုခံသလား၊ သမ္မာတရားကို ရှာဖွေ၊ ကျင့်သုံးသလား သိရဖို့ အခြေအနေတွေကို ဘုရားသုံးတယ်ဆိုတာ ဒါက ကျွန်မကို သင်ပေးခဲ့တယ်။ ဘုရားစီစဉ်ပေးတဲ့ ကိစ္စတွေကို အမြဲ စိတ်တိုနေပြီး ယိုယွင်းမှုအတိုင်း လုပ်ဆောင်ရင် ပြစ်မှားခြင်းတွေ ပိုပို ကျူးလွန်မိပြီး နောက်ဆုံး ဖယ်ရှားခံရမှာပဲ။ ခုတစ်လော ကိစ္စတွေ ပြန်တွေးကြည့်ရင် ဧဝံဂေလိအဖွဲ့ဝင်တွေ အကြံပြုတိုင်းမှာ ကျွန်မက အမှားနဲ့ အမှန်ကို စိတ်စွဲနေပြီး အပြစ်ရှာခဲ့တာလေ။ သမ္မာတရားကို လုံးဝမရှာခဲ့ဘူး၊ သူတို့အပေါ် အာဃာတတွေတောင် ထားခဲ့တယ်။ သူတို့နောက်ကွယ်မှာ ပြစ်တင်ဝေဖန်နေခဲ့တာ။ ဒါက ယုံကြည်သူတစ်ယောက် ပြုမူပုံတဲ့လား။ ကျွန်မက ဘုရားအိမ်တော်ရဲ့ အလုပ်ကို လှိုက်စားဖြိုဖျက်နေခဲ့တာ၊ ဒါက မကောင်းမှုလုပ်တာပဲ။ ဒီလိုသဘောပေါက်မိလို့ ကြောက်သွားတော့ တိတ်တဆိတ် ဆုတောင်းလိုက်တယ်။ “ဘုရားသခင်၊ ပြစ်တင်ဝေဖန်၊ စိတ်ဝမ်းကွဲအောင် လုပ်ပြီး ကိုယ်တော့်ကို သမီးခုခံမိပါတယ်။ ကိုယ့်ကိုယ်ကိုယ် သုံးသပ်ဖို့ အသင့်ပါပဲ၊ လမ်းပြပေးတော်မူပါ” လို့လေ။

နောက်တော့ ကျမ်းပိုဒ်တချို့ကို ဖတ်မိတယ်။ “ဘုရားသခင်ကို ယုံကြည်သော သူများသည် အမှုအရာများကို သတိနှင့် နှိုင်းနှိုင်းချိန်ချိန် လုပ်သင့်ပြီး၊ သူတို့လုပ်သမျှ အရာအားလုံးသည် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့်အညီ ဖြစ်သင့်ကာ ဘုရားသခင်၏ နှလုံးသားကို ကျေနပ်စေနိုင်ရမည်။ ထိုသူတို့သည် မိမိတို့ သဘောရှိ လုပ်ဆောင်လျက် ခေါင်းမမာသင့်ပေ။ ထိုသို့ပြုခြင်းမှာ သန့်ရှင်းသူများ၏ ကျင့်ဝတ်နှင့် မအပ်စပ်ပေ။ လူများသည် အရပ်တကာတွင် ဘုရားသခင်၏ အောင်လံကိုလွှင့်ထူလျက် ကြွားလုံးထုတ်ပြီး၊ အကျိုးအမြတ် ထုတ်နေရင်း၊ နေရာတကာ ဒေါသတကြီး လျှောက်ရမ်းနေ၍မရပေ၊ ထိုသို့ပြုခြင်းသည် ပုန်ကန်မှုအပြုဆုံးသော အမူအကျင့်ဖြစ်သည်။ မိသားစုများ၌ ၎င်းတို့၏ စည်းကမ်းများရှိသလို နိုင်ငံများ၌လည်း ဥပဒေများရှိသည်- ဘုရားသခင်၏ အိမ်တော်တွင် သာ၍ပင် ရှိသည် မဟုတ်လော။ စံနှုန်းများက ပိုမို တင်းကျပ်သည် မဟုတ်လော။ ပိုများသော စီမံခန့်ခွဲမှုအမိန့်များ သာ၍ပင် ရှိသည် မဟုတ်လော။ လူများသည် မိမိတို့အလိုရှိသော အရာကို လွတ်လပ်စွာ လုပ်နိုင်သည်၊ သို့သော် ဘုရားသခင်၏ စီမံခန့်ခွဲမှုအမိန့်များကို သဘောရှိ ပြောင်းလဲ၍ မရနိုင်ပေ။ ဘုရားသခင်သည် လူများ၏ စော်ကားမှုကို သည်းမခံသော ဘုရားဖြစ်သည်။ သူသည် လူများကို သေစေသော ဘုရားဖြစ်သည်။ ဤအရာကို လူများက အကယ်ပင် မသိသေးဘူးလော။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သောသူများကို သတိပေးချက်)သမ္မာတရားကို လက်တွေ့ လုပ်ဆောင်သောသူများသည် အဆုံးတွင် သမ္မာတရားကြောင့် ကယ်တင်ခံရမည်ဖြစ်ပြီး စုံလင်အောင် ပြုခြင်း ခံရမည်ဖြစ်သည်။ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သောသူများသည် အဆုံးတွင် သမ္မာတရားကြောင့် မိမိတို့ကိုယ်ကိုယ် ပျက်စီးစေကြလိမ့်မည်။ ဤသည်တို့မှာ သမ္မာတရားကို လက်တွေ့ လုပ်ဆောင်သောသူများနှင့် လက်တွေ့ မလုပ်ဆောင်သောသူတို့ကို စောင့်နေသော နိဂုံးတို့ပင်ဖြစ်သည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ရန် အစီအစဉ် မရှိသောသူများသည် အပြစ်များ နောက်ထပ်ကျုးလွန်ခြင်းကို ရှောင်ဖို့ရန် အသင်းတော်မှ တတ်နိုင်သမျှ အမြန်ဆုံး ထွက်သွားဖို့ ငါအကြံပေးသည်။ အချိန်တန်သောအခါ နောင်တရရန် အလွန်နောက်ကျသွားမည်ဖြစ်သည်။ အထူးသဖြင့် အုပ်စုဖွဲ့သောသူများ၊ ကွဲပြားမှုများဖြစ်အောင် ဖန်တီးသူများနှင့် အသင်းတော်အတွင်းရှိ ယုတ်မာသော ထိုနယ်ခံဗိုလ်ကျသူများသည် သာ၍ပင်စောစီးစွာ ထွက်သွားရမည်။ ဆိုးယုတ်သော ဝံပုလွေ၏ သဘာဝဗီဇရှိသည့် ဤလူများသည် ပြောင်းလဲရန် မတတ်စွမ်းနိုင်ကြ။ ညီအစ်ကိုမောင်နှမများ၏ လျော်ကန်သော အသက်တာကို နောက်ထပ် အနှောင့်အယှက် လုံးဝ မပေးတော့ရန် သူတို့သည် အသင်းတော်က တတ်နိုင်သမျှ အစောဆုံး ထွက်သွားသည်မှာ ပိုကောင်းသည်၊ ဤသို့ဖြင့် ဘုရားသခင်၏ အပြစ်ဒဏ်ပေးမှုကို ရှောင်ရန်ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သောသူများကို သတိပေးချက်)စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များထဲမှ ပါဝင်သည့် အကြောင်းအရာကို သင်တို့ ပိုမို နားလည်လာကြစေရန်နှင့် ဘုရားသခင်၏ စိတ်သဘောထားကို သင်တို့ သိရှိအောင် အားထုတ်ရန် ငါ တိုက်တွန်းသည်။ သို့မဟုတ်လျှင် သင်တို့အနေဖြင့်နှုတ်များကို ပိတ်ထားရန်နှင့် လျှာအရိုးမရှိတိုင်း ဟိတ်ဟန်ထွားသောစကားများ လွန်စွာပြောခြင်းကိုတားမြစ်ရန် ခက်ခဲပြီး၊ သန့်ရှင်းသောဝိညာဉ်တော်နှင့် အလင်း၏ မျက်မှောက်ကို ဆုံးရှုံးရလျက်၊ ဘုရားသခင်၏ စိတ်သဘောထားကို အမှုမဲ့အမှတ်မဲ့ ပြစ်မှားမိကာ အမှောင်ထဲသို့ ကျဆင်းရလိမ့်မည်။ သင်တို့သည် သင်တို့၏ အပြုအမူများ၌ ကိုယ်ကျင့်တရား မကောင်းသောကြောင့်၊ မပြောသင့် မလုပ်သင့်သည့် အရာများကို သင်ပြောမိလုပ်မိသောကြောင့်၊ ထိုက်သင့်သော ဒဏ်ခတ်မှုကို သင်ခံရလိမ့်မည်။ သင်သိသင့်သည့် အချက်မှာ သင်သည် အပြောနှင့်အလုပ်၌ သိက္ခာမဲ့သော်ငြားလည်း၊ ဘုရားသခင်က ထိုကိစ္စရပ်နှစ်ခုစလုံး၌ လွန်စွာသိက္ခာရှိသူဖြစ်သည်။ သင့်ကို ဒဏ်ခတ်ရခြင်း အကြောင်းရင်းမှာလည်း သင်သည် လူသားတစ်ဦးကို စော်ကားမိခဲ့ခြင်း မဟုတ်၊ ဘုရားသခင်ကို စော်ကားမိခဲ့ခြင်းကြောင့် ဖြစ်သည်။ အကယ်၍ သင့်ဘဝ၌ သင်သည် ဘုရားသခင်၏ စိတ်သဘောထားအား ပြစ်မှားစော်ကားခြင်းကို များစွာ ကျူးလွန်မိလျှင်၊ ငရဲသားဖြစ်ရန် သေချာသည်။ လူသားအတွက် သမ္မာတရားနှင့် မကိုက်ညီသည့် လုပ်ဆောင်ချက် အနည်းငယ်ကိုသာ ကျူးလွန်မိပြီး သည်ထက်မပိုပုံ ရနိုင်သည်။ သို့ရာတွင် ဘုရားသခင်၏ အမြင်၌ သင်သည် သင့်အတွက် အပြစ်ဖြေရာယဇ် မရှိတော့သောသူတစ်ဦး ဖြစ်နှင့်ပြီးသည်ကို သတိပြုမိသလော။ သင်သည် ဘုရားသခင်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို တစ်ကြိမ်ထက်ပို ဖောက်ဖျက်ပြီးသည့်အပြင် နောင်တရသည့် အရိပ်လက္ခဏာ မပြခဲ့ခြင်းကြောင့် ဘုရားသခင်က လူသားအား အပြစ်ပေးသည့်ငရဲသို့ သင် ကျဆင်းသွားရမည်မှာ မလွဲဧကန် ဖြစ်သည်။...သင်၏ပြုမူချက်များတွင် သင်သည် ဘုရားသခင်၏ စိတ်နေသဘောထားကို မပြစ်မှားမိဘဲ၊ ဘုရားသခင်၏ အလိုတော်ကို ရှာဖွေကာ ဘုရားသခင်ကို ကြည်ညိုသည့်နှလုံးသား ရှိသူဖြစ်လျှင် သင်၏သက်ဝင်ယုံကြည်မှုသည် စံချိန်မီသည်။ ဘုရားသခင်ကို မကြည်ညိုဘဲ၊ ကြောက်ရွံ့တုန်လှုပ်သည့် စိတ်နှလုံးမရှိသူ မည်သူမဆိုသည် ဘုရားသခင်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို အလွယ်တကူ ချိုးဖောက်ဖြစ်လိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သတိပေးချက် သုံးချက်) နှုတ်ကပတ်တော်ကြောင့် ကျွန်မပူပန်ပြီး ကြောက်သွားတယ်။ ဘုရားရဲ့စိတ်သဘောထားက ပုန်ကန်ပြစ်မှားတာ သည်းမခံဘူး။ ဘုရားအိမ်တော်မှာ စီမံအုပ်ချုပ်ရေး အမိန့်တွေ ရှိတယ်။ မယုံကြည်သူတစ်ယောက်လို ဘုရားကို မကြောက်ဘဲ ပြောဆိုပြုမူတာ၊ သူများတွေကို ဝေဖန်၊ တိုက်ခိုက်တာ၊ အုပ်စုဖွဲ့ပြီး အသင်းတော်အလုပ်ကို လှိုက်စားဖြိုဖျက်တာဟာ စာတန်ကို ကူညီနေတာပဲ။ ဒီလိုလူမျိုးကို ဘုရားက လုံးဝ ထိန်းထားမှာ မဟုတ်ဘူး။ သူတို့က လူ့သဘာဝမရှိ၊ အသင်းတော် အလုပ်ကို မထိန်းသိမ်းတော့ မကောင်းမှု လုပ်တာများလို့ ဖယ်ရှား၊ အပြစ်ဒဏ်ပေးခံရမှာ သေချာတယ်။ ကျွန်မတာဝန်ထဲက ပြဿနာတချို့ကို ညီအစ်ကိုဝမ် ထောက်ပြတာဟာ ကျွန်မကို ဘုရားကိုင်တွယ်ဖြေရှင်းနေတာပဲ။ အဲဒါကို လက်ခံပြီး ကိုယ့်ကိုယ်ကိုယ် သုံးသပ်လို့ အချိန်မီ ဖြေရှင်းရမဲ့အစား အပြစ်ရှာ၊ ဝေဖန်ခဲ့တယ်။ သူအပြစ်လာရှာနေတာလို့ တွေးမိတော့ သူ့ကို စိတ်တိုခဲ့တယ်။ ဧဝံဂေလိအဖွဲ့ဝင်တွေက အထက်ခေါင်းဆောင်ပိုင်းဆီ ပြဿနာတွေ ပြောလိုက်တာ သိရတဲ့အခါလည်း ကျွန်မနောင်တရဖို့ မကြိုးစားသေးဘဲ ကျွန်မကို ကုန်းချောနေကြတာလို့ တွေးခဲ့တယ်။ ဒီလိုတွေးမိတော့ သူတို့အပေါ် တကယ်အမြင်စောင်းမိရော။ စုဝေးပွဲတစ်ခုမှာ ရေလောင်းသင်းထောက်က ဧဝံဂေလိအဖွဲ့ကို မကျေမနပ်ပြောတဲ့အခါ သူ့ပြဿနာကို ကူညီသုံးသပ်ပေးဖို့ မိတ်သဟာယပြုရမဲ့အစား သူများတွေကို ဆန့်ကျင်ပြီး အုပ်စုဖွဲ့ဖို့ အဲဒီအခွင့်အရေးကို အသုံးချရင်း၊ လူသစ်တွေ တက်ရောက်မှုနည်းတာဟာ သူတို့တာဝန်လို့ ပြောရင်း မီးလောင်ရာ လေပင့်လုပ်ခဲ့တယ်။ အဲဒီနောက် ရေလောင်းဝန်ထမ်းတွေက ဧဝံဂေလိအဖွဲ့ဝင်တွေကို စောဒကတက်၊ ဝေဖန်ရင်း သူတို့အပေါ် အမြင်စောင်းကုန်တော့တာပဲ။ ဧဝံဂေလိအဖွဲ့ဝင်တစ်ယောက်က စာရွက်စာတမ်း ကိစ္စမှာ ရေလောင်းညီအစ်ကိုရဲ့ အကူအညီ လိုတဲ့အခါလည်း အသင်းတော် အကျိုးစီးပွားကို မထည့်တွက်ဘဲ သူ့ကို လှောင်ဖို့ အခွင့်အရေး အရယူပြီး ကျွန်မပိတ်ပင်ခဲ့တယ်။ ကျွန်မမှာ ဘုရားကို ကြောက်တာ၊ သမ္မာတရားကို လက်ခံတာ လုံးဝမရှိခဲ့ဘူး။ ကိုယ့်နာမည်နဲ့ ဂုဏ်ကို ကာကွယ်ဖို့ ပြဿနာလိုက်ဆွပြီး ပြစ်တင်ဝေဖန်နေခဲ့တာ။ အုပ်စုဖွဲ့၊ မကောင်းမှုလုပ်ပြီး ဘုရားကို ခုခံနေခဲ့တာ။ လူသစ်တွေ စုဝေးပွဲကို ပုံမှန်တက်နိုင်အောင် ပြဿနာတွေကို ကျွန်မမြင်ပြီး အမြန်ဖြေရှင်းဖို့ ဧဝံဂေလိအဖွဲ့ဝင် ညီအစ်ကို မောင်နှမတွေက ကျွန်မကို ပြဿနာတွေရှိကြောင်း အထပ်ထပ် ပြောခဲ့တာ။ ဒါအသင်းတော် အလုပ်အတွက် ကောင်းတယ်။ ဒါပေမဲ့ ဘုရားအလိုတော်ကို ကျွန်မနားမလည်ခဲ့ဘူး။ ကိုယ့်ဂုဏ်နဲ့ ပုံရိပ်ကိုပဲ ကာကွယ်ချင်ပြီး တကယ့်ပြဿနာတွေ မဖြေရှင်းတော့ ယုံကြည်သူသစ် အများကြီးက စုဝေးပွဲကို မလာတော့တာ။ ကျွန်မရဲ့ အပြုအမူအရဆိုရင် တာဝန်ကနေ အထုတ်ခံရသင့်တာဆိုပေမဲ့ ဘုရားက ကျွန်မနဲ့ ခံထိုက်တာကို မပေးဘဲ မကောင်းမှုလမ်းကို မသွားအောင် တားရင်း သူ့နှုတ်ကပတ်တော်နဲ့ ဉာဏ်ဖွင့်ပေးခဲ့တယ်။ ဒါကို ကျွန်မတွေ့တော့ သိပ်နောင်တရသွားတာ။ တကယ့်ကို နောင်တရဖို့ ဆုံးဖြတ်ပြီး ဘုရားဆီ ဆုတောင်းလိုက်တယ်။

နောက်တော့ စုဝေးပွဲမှာ အပြစ်ရှာပြီး လှိုက်စားဖြိုဖျက်တတ်တဲ့ ကျွန်မရဲ့ တစ်လောက အပြုအမူအကြောင်း ဖွင့်ပြောခဲ့တယ်။ သူများတွေလည်း သင်ယူနိုင်အောင်ပေါ့။ အဲဒီအခါ တခြားလူတွေလည်း သူတို့အကြောင်းတွေ၊ တစ်လောက သူတို့ရဲ့ ယိုယွင်းမှုနဲ့ ဝေဖန်တတ်တဲ့ အပြုအမူအကြောင်းတွေ၊ ဧဝံဂေလိအဖွဲ့နဲ့ ပူးပေါင်းမလုပ်လို့ ရေလောင်းအလုပ် ကြန့်ကြာရပုံတွေကို စသင်ယူလာကြရော။ သူတို့က ပြောင်းလဲဖို့ အသင့်ပဲ။ သူတို့မိတ်သဟာယပြုချက်ကို ကြားတော့ ကျွန်မပိုတောင် စိတ်ထိခိုက်မိတယ်။ ခေါင်းဆောင်အနေနဲ့ ကျွန်မက လူသစ်တွေ အများကြီး စုဝေးပွဲ မတက်တာ၊ တချို့ နုတ်ထွက်သွားတာ မြင်ခဲ့ရတယ်။ ဘယ်နေရာ မှားနေလဲ ကြည့်ပြီး သမ္မာတရား ရှာရင်း သုံးသပ်ဖို့ တခြားလူတွေကို မဦးဆောင်ခဲ့ရုံမက ကိုယ်ကပဲ ရှေ့ကနေ သူများကို ဝေဖန်ပြီး ခေါင်းရှောင်ခဲ့တယ်၊ အသင်းတော်ထဲမှာ အုပ်စုဖွဲ့ခဲ့တယ်။ ကျွန်မက မကောင်းမှုလုပ်ပြီး ဘုရားကို ခုခံနေတာ၊ ဘုရားကို ဆန့်ကျင်ဖို့ သူများကိုတောင် လမ်းပြနေတာပဲ။ ခေါင်းဆောင်ဖြစ်ဖို့ မထိုက်တန်ဘူး။

နောက်တော့ ကျွန်မတွေးမိတယ်။ အသင်းတော်အလုပ်ကို နှောင့်ယှက်တဲ့ ဒီကိစ္စတွေကို ငါဘာလို့ လုပ်နိုင်ရတာလဲ။ ဒါက ဘယ်စိတ်သဘောထား အတိအကျလဲပေါ့။ တစ်နေ့တော့ အန္တိခရစ်တွေရဲ့ သမ္မာတရားအပေါ် စက်ဆုပ်မှုကို ဖော်ထုတ်တဲ့ နှုတ်ကပတ်တော်တချို့ ဖတ်မိပြီး ကိုယ့်ကိုယ်ကိုယ် နားလည်သွားတယ်။ ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ပြောထားသည်- “ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ပြုပြင်ခြင်းတို့အပေါ် အန္တိခရစ်များ၏ သမားရိုးကျ သဘောထားမှာ လက်ခံဖို့ကိုဖြစ်စေ၊ ဝန်ခံဖို့ကိုဖြစ်စေ ပြင်းပြင်းထန်ထန် ငြင်းဆန်ကြခြင်းဖြစ်သည်။ ၎င်းတို့သည် မကောင်းမှုများကို မည်မျှ လုပ်ဆောင်သည်ဖြစ်စေ၊ ဘုရားအိမ်တော်၏အလုပ်နှင့် ဘုရားသခင်ရွေးချယ်ထားသောသူတို့၏ အသက်ဝင်ရောက်မှု ကို မည်မျှ ထိခိုက်နစ်နာမှုများ ပြုလုပ်ထားသည်ဖြစ်စေ ၎င်းတို့သည် နောင်တ စိုးစဉ်းမျှ မခံစားရသကဲ့သို့ တစ်စုံတစ်ခု အကြွေးတင်သည်ဟုလည်း မခံစားကြရပေ။ ဤအမြင်ရှုထောင့်မှကြည့်ပါက အန္တိခရစ်များ၌ လူ့သဘာဝ ရှိသလော။ လုံးဝ မရှိပေ။ ၎င်းတို့သည် ဘုရားသခင် ရွေးချယ်ထားသောသူတို့အပေါ် နစ်နာမှုမျိုးစုံ ဖြစ်ပေါ်စေခဲ့သည်။ ဤသို့သော ထိခိုက်မှုကို အသင်းတော်၏အလုပ်အပေါ် ဖြစ်ပေါ်စေသည်။ ဘုရားသခင်ရွေးချယ်ထားသောသူတို့သည် ဤသည်ကို ရှင်းလင်းစွာ မြင်နိုင်သည်။ ၎င်းတို့သည် အန္တိခရစ်များ၏ မကောင်းမှုများကို တစ်ခုပြီးတစ်ခု မြင်ပြီးဖြစ်သည်။ သို့တိုင်အောင် အန္တိခရစ်များသည် ဤအချက်ကို လက်မခံကြ၊ သို့မဟုတ် အသိအမှတ်မပြုကြပေ။ ၎င်းတို့သည် မှားယွင်းနေသည်၊ သို့မဟုတ် ၎င်းတို့၌ တာဝန်ရှိသည်ကို ဝန်ခံရန် ခေါင်းမာစွာ ငြင်းဆန်ကြသည်။ ဤသည်မှာ ၎င်းတို့သည် သမ္မာတရားကို စိတ်ကုန်နေသည် ညွှန်ပြနေခြင်းမဟုတ်သလော။ အန္တိခရစ်များသည် ဤအတိုင်းအတာအထိ သမ္မာတရားကို စိတ်ကုန်ကြပြီး ကောက်ကျစ်ဆိုးယုတ်မှုများကို မည်မျှ ကျူးလွန်ပါစေ ၎င်းတို့သည် ဝန်ခံရန် ငြင်းဆန်ကြသည်။ အဆုံးထိ အလျှော့မပေးဘဲ ရှိကြသည်။ ဤသည်မှာ အန္တိခရစ်များသည် ဘုရားအိမ်တော်၏ အလုပ်ကို မည်သည့်အခါမျှ အလေးအနက်မထားသည်ကို၊ သို့မဟုတ် သမ္မာတရားအား လက်မခံသည်ကိုသက်သေပြသည်။ ၎င်းတို့သည် ဘုရားသခင်ကို မယုံကြည်ရသေးပေ။ ၎င်းတို့သည် စာတန်၏ လက်ပါးစေများဖြစ်သည်။ ဘုရားအိမ်တော်၏ အလုပ်ကို နှောင့်ယှက်ဖျက်ဆီးရန်လာကြသည်။ အန္တိခရစ်များ၏ စိတ်နှလုံးတွင် နာမည်နှင့် ဂုဏ်အဆင့်အတန်းသာရှိကြသည်။ ၎င်းတို့က ၎င်းတို့၏ အမှားကို အသိအမှတ်ပြုရမည်ဆိုလျှင် ၎င်းတို့သည် တာဝန်ခံယူမှုကို လက်ခံရမည်၊ ထို့နောက်တွင် ၎င်းတို့၏ ဂုဏ်အဆင့်အတန်းနှင့် ဂုဏ်သိက္ခာသည် အလွန်အမင်း ထိခိုက်ခံရမည်ဟု ယုံကြည်ကြသည်။ ရလဒ်အနေဖြင့် ၎င်းတို့သည် ‘သေသည်အထိ ငြင်းပါ’ ဆိုသည့် သဘောထားတစ်ခုဖြင့် ခုခံပြီး လူတို့က မည်သည့် ထုတ်ဖော်ပြခြင်း၊ စိစစ်လေ့လာခြင်းကို ပြုလုပ်ပါစေ ၎င်းတို့က ငြင်းဆန်ရန် အစွမ်းကုန်လုပ်ဆောင်ကြသည်။ ၎င်းတို့၏ ငြင်းဆန်မှုသည် တမင်သက်သက် ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ အတိုချုပ်အနေဖြင့် တစ်ဖက်တွင် ဤသည်မှာ အန္တိခရစ်များ၏ သမ္မာတရားကို မုန်းတီးခြင်း၊ စိတ်ကုန်ခြင်းသဘာဝ၊ အနှစ်သာရကို ထုတ်ဖော်ပြသည်။ အခြားတစ်ဖက်တွင် ယင်းက အန္တိခရစ်များသည် မိမိတို့၏ ကိုယ်ပိုင် အဆင့်အတန်း၊ ဂုဏ်သိက္ခာနှင့် အကျိုးစီးပွားများအား မည်မျှ တန်ဖိုးထားသည်ကို ပြပေသည်။ ထိုအတောအတွင်းတွင် ဘုရားအိမ်တော်နှင့် အသင်းတော်၏ အကျိုးစီးပွားများအပေါ် ၎င်းတို့၏ သဘောထားမှာ အဘယ်နည်း။ ပမာမထားခြင်းနှင့် တာဝန်ယူဖို့ ငြင်းဆန်ခြင်း သဘောထားတစ်ခု ဖြစ်သည်။ ၎င်းတို့သည် ဆင်ခြင်တုံတရားနှင့် အသိစိတ်အားလုံး ကင်းမဲ့ကြသည်။ အန္တိခရစ်များ၏ တာဝန်ကို ခေါင်းရှောင်ခြင်းက ဤပြဿနာများကို သရုပ်ဖော်နေသလော။ တစ်ဖက်တွင် တာဝန်ကိုရှောင်ခြင်းသည် ၎င်းတို့၏ သမ္မာတရားကို စိတ်ကုန်ပြီး မုန်းတီးသည့် အနှစ်သာရနှင့် သဘာဝကို သက်သေပြသည်။ အခြားတစ်ဖက်တွင် ၎င်းတို့၏ အသိစိတ်၊ ဆင်ခြင်တုံတရားနှင့် လူ့သဘာဝကင်းမဲ့မှုကို ပြသည်။ ၎င်းတို့၏ ဝင်ရောက်စွက်ဖက်မှုနှင့် မကောင်းမှုလုပ်ဆောင်ခြင်းကြောင့် ညီအစ်ကိုမောင်နှမများ၏ အသက်ဝင်ရောက်မှုကို မည်မျှထိခိုက်ပါစေ ၎င်းတို့သည် မိမိတို့ကိုယ်ကို အပြစ်တင်စိတ် မခံစားရသကဲ့သို့ ဤအရာအားဖြင့် မည်သည့်အခါမျှလည်း စိတ်သောက မရောက်နိုင်ချေ။ ဤသည်မှာ မည်သည့်သတ္တဝါမျိုး ဖြစ်သနည်း။ ၎င်းတို့အမှား၏ တစ်စိတ်တစ်ပိုင်းကို ဝန်ခံခြင်းသည်ပင် ၎င်းတို့သည် အသိစိတ်နှင့် ဆင်ခြင်တုံတရားအနည်းငယ်ရှိသည်ဟု မှတ်ယူရလိမ့်မည်။ သို့သော်လည်း အန္တိခရစ်များတွင် လူ့သဘာဝ စိုးစဉ်းမျှပင် မရှိချေ။ သို့ဆိုလျှင် ယင်းတို့သည် အဘယ်အရာဖြစ်သည်ဟု သင်တို့ဆိုမည်နည်း။ အန္တိခရစ်များ၏ အနှစ်သာရသည် မာရနတ်ဖြစ်သည်။ ၎င်းတို့သည် ဘုရားအိမ်တော်၏ အကျိုးစီးပွားအပေါ် မည်မျှ ထိခိုက်ခဲ့သည် ဖြစ်စေယင်းကို မမြင်ကြချေ၊ ၎င်းတို့သည် အကြွေးတင်သည်ဟု ခံစားရဖို့ မဆိုထားနှင့်၊ ၎င်းတို့၏စိတ်နှလုံးများ၌ စိုးစဉ်းမျှ သောကမရောက်ကြသကဲ့သို့ မိမိတို့ကိုယ်ကိုလည်း အပြစ်တင်ခြင်း မရှိကြပေ။ ဤသည်မှာ သာမန်လူများ၌ မြင်ရသည့်အရာ လုံးဝ မဟုတ်ချေ။ ဤသည်မှာ မာရ်နတ်ဖြစ်သည်။ မာရ်နတ်သည် အသိစိတ်နှင့် ဆင်ခြင်တုံတရား လုံးဝ ကင်းမဲ့သည်။(အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် မိမိတို့ကိုယ်တိုင် ထင်ရှားကျော်ကြားမှု ရစေဖို့နှင့် ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများနှင့် ရည်မှန်းချက်များကို ပြည့်ဝစေဖို့သာ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင့်အိမ်တော်၏အကျိုးစီးပွားများကို မည်သည့်အခါမျှ အရေးမထားသကဲ့သို့၊ ပုဂ္ဂိုလ်ရေးရာ ထင်ပေါ်ကျော်ကြားမှုအတွက် အပြန်အလှန်အားဖြင့် ထိုအကျိုးစီးပွားများကိုပင် ပစ်ပယ်သည် (အပိုင်း ၃)”) အန္တိခရစ်တွေဟာ သဘာဝအရ သမ္မာတရားကို တကယ်စက်ဆုပ်၊ မုန်းတီးတယ်ဆိုတာ သူတို့ကို ဖော်ထုတ်တဲ့ နှုတ်ကပတ်တော်ကနေ တွေ့ခဲ့ရတယ်။ ဘုရားအိမ်တော်ရဲ့အလုပ် ထိခိုက်အောင် ဘယ်လောက်ပဲ သူတို့လုပ်နေပါစေ မဝန်ခံကြဘူး။ ဝေဖန်ခံရတဲ့အခါ သမ္မာတရားကို လက်မခံ၊ ကိုယ့်ကိုယ်ကိုယ် မသုံးသပ်ရုံမက အသိတရားတစ်စက်မှ မရှိဘဲ ဆင်ခြေပေး၊ ခေါင်းရှောင်ရင်း သူတို့နာမည်နဲ့ ဂုဏ်ကို ကာကွယ်ဖို့တောင် ကြိုးစားကြတယ်။ ပြောရရင် သူတို့က မာရ်နတ်တွေပဲ။ နှုတ်ကပတ်တော်တွေကြောင့် တကယ်ရင်နင့်ခဲ့ရတယ်။ ခေါင်းဆောင်တွေက ညီအစ်ကို မောင်နှမတွေ ကြီးကြပ်ပေးတာ လက်ခံပြီး ပြဿနာတွေကို ချက်ချင်း ဖြေရှင်းသင့်တာ။ ဘုရားတောင်းဆိုတာ အဲဒါပဲ၊ ဒါက ခေါင်းဆောင်ရဲ့ တာဝန်၊ ဝတ္တရားလည်း ဟုတ်တယ်။ ဒါပေမဲ့ ကျွန်မက ရေလောင်းအလုပ်ကို သေချာမလုပ်ဘူး၊ လာပြောပြကြတဲ့အခါလည်း တာဝန်ပျက်ကွက်တာကို နောင်တရစိတ်၊ အပြစ်ရှိစိတ် မခံစားရဘဲ လာကူညီပေးကြတာကို ကျွန်မကို အပြစ်လာရှာနေတယ်လို့ တလွဲပြောရင်း သူများတွေကို ဝေဖန်ခဲ့တယ်။ သူတို့တုံ့ပြန်ချက်က ကျွန်မရဲ့ဂုဏ်ကို လာထိခိုက်တဲ့အခါလည်း တခြားလူတွေ သူတို့ကို ဆန့်ကျင်ပြီး ကျွန်မဘက် ပါလာအောင် အုပ်စုဖွဲ့ရင်း နောက်ကွယ်မှာ ရမ်းကားခဲ့တယ်။ ကျွန်မက ဗြောင်ကျကျနဲ့ အုပ်စုဖွဲ့၊ ဂိုဏ်းဖွဲ့နေတာ၊ စာတန်ရဲ့ လက်ပါးစေလို ပြုမူရင်း ဘုရားအိမ်တော်ရဲ့ အလုပ်ကို နှောင့်ယှက်နေတာပဲ။ တစ်ယောက်ယောက်အပေါ် ကျွန်မဒေါကန်နေတာ မဟုတ်ဘဲ ဘုရားကို ဆန့်ကျင်ပြီး မကောင်းမှုလုပ်ရင်း ဘုရားအိမ်တော်ရဲ့ အလုပ်ကို ဒေါကန်နေခဲ့တာ။ လူသစ်တွေကို ကောင်းကောင်း ရေမလောင်းပေးလို့ တချို့တွေ နုတ်ထွက်သွားကြတဲ့အတွက် ဝေဖန်ခံရရင် အသိတရားရှိပြီး ယုတ္တိတန်တဲ့ ဘယ်သူမဆို အပြစ်ရှိစိတ်၊ အကြွေးတင်စိတ် ခံစားရမှာ၊ နာခံပြီး ကိုယ့်ကိုယ်ကိုယ် သုံးသပ်ကြမှာပဲ။ အစတော့ သူတို့ကိုယ်သူတို့ ခုခံလောက်ပေမဲ့ နောက်ပိုင်း နာခံပြီး ပြဿနာတွေကို ကြည့်မှာ၊ ယုံကြည်သူသစ်တွေကို ဂရုစိုက်မှာပဲ။ ဒါပေမဲ့ ကျွန်မက ကိုယ့်တာဝန်မှာ သိပ်ကြီးတဲ့ ပြဿနာတွေ တွေ့တဲ့အခါ သူများကူညီပေးတာ လက်မခံဘူး၊ ကိုယ့်အလုပ်ထဲက အမှားတွေကို မသုံးသပ်ဘူး၊ နောက်ပိုင်း ဘယ်လိုပြောင်းလဲပြီး လက်တွေ့လုပ်ရမလဲ မရှာဖွေဘူး။ ဆင်ခြေတွေပဲ ပေးပြီး တာဝန်ကို ခေါင်းရှောင်ခဲ့တယ်။ တာဝန်နည်းနည်းလေးတောင် မယူချင်ဘဲ ကိုယ့်ကိုယ်ကိုယ်ပဲ ကာကွယ်ခဲ့တယ်။ ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားကို မတွေးဘဲ ကိုယ်ကျိုးစီးပွားကိုပဲ တွေးခဲ့တယ်။ ကျွန်မက လူ့သဘာဝ တကယ်မရှိဘူး။ အန္တိခရစ် စိတ်သဘောထားကို လုံးဝ ဖော်ပြနေခဲ့မိတာ။ သမ္မာတရားကိုလည်း တကယ်မုန်းခဲ့တယ်။ ဒါကို သဘောပေါက်သွားတော့ ပိုလို့တောင် နောင်တရခဲ့တယ်။

နှုတ်ကပတ်တော် တချို့ကိုလည်း အမှတ်ရသွားတယ်။ “အောက်ဖော်ပြပါ ကျမ်းပိုဒ်ကို ယောန၀တ္ထု ၄:၁၀-၁၁ တွင် မှတ်တမ်းတင်ထားသည်- ‘ယေဟောဝါကလည်း၊ သင်သည် အားထုတ်ကြိုးပမ်းခြင်းလည်းမပြု၊ ကြီးထွားစေရန်လည်း မလုပ်ခဲ့ဘဲ၊ တစ်ညချင်းတွင် ဖြစ်ပေါ်ပြီး တစ်ညချင်းတွင် သေသော ကြက်ဆူပင်ကို သနားခြင်း ရှိပေ၏။ ငါသည် များစွာသော တိရစ္ဆာန်တို့ကိုမဆိုထားနှင့်၊ မိမိလက်ျာလက်နှင့် လက်ဝဲလက်ကို မပိုင်းခြားနိုင်သောသူ တသိန်းနှစ်သောင်းထက်မက ရှိသည့် နိနေဝေမြို့ကြီးကို ငါချမ်းသာပေးသင့်သည် မဟုတ်လောဟု မိန့်တော်မူ၏။’ ဤသည်တို့မှာ ဘုရားသခင်နှင့် ယောနတို့၏ စကားစမြည်ပြောဆိုခြင်းမှ မှတ်တမ်းတင်ထားသည့် ယေဟောဝါဘုရားသခင်၏ နှုတ်ကပတ်တော်စစ်စစ်များဖြစ်သည်။ ဤခွန်းတုံ့ဖလှယ်ခြင်းမှာ တိုတောင်းလင့်ကစား လူသားမျိုးနွယ်အတွက် ဖန်ဆင်းရှင်၏ ပူပန်မှုနှင့် လူသားမျိုးနွယ်အား လက်လျှော့ရန် သူ၏ဝန်လေးမှုတို့နှင့် ပြည့်နေသည်။ သူ၏ဖန်ဆင်းခြင်းအတွက် သူ၏နှလုံးသားထဲတွင် ဘုရားသခင် စွဲကိုင်ထားသည့် စစ်မှန်သော သဘောထားနှင့် ခံစားချက်များကို ဤနှုတ်ကပတ်တော်များက ဖော်ပြသည်။ လူသားကြားဖူးရန် ကြုံခဲလှသည့် ရှင်းလင်းပြတ်သားသော ဤနှုတ်ကပတ်တောများမှတစ်ဆင့် ဘုရားသခင်သည် လူသားတစ်ရပ်လုံးအတွက် သူ၏စစ်မှန်သော ရည်ရွယ်ချက်များကို ထုတ်ပြန်သည်။ ဤအပြန်အလှန် စကားပြောခြင်းက နိနေဝေမြို့သားများအပေါ် ဘုရားသခင်စွဲကိုင်ခဲ့သည့် သဘောထားတစ်ခုကို ကိုယ်စားပြုသည်၊ သို့ရာတွင် ဤသည်မှာ မည်ကဲ့သို့သော သဘောထားမျိုးနည်း။ ယင်းသည် နိနေဝေမြို့သားများ နောင်တမရခင်နှင့် နောင်တရပြီးနောက် သူတို့အပေါ် ဘုရားသခင်စွဲကိုင်ခဲ့သည့် သဘောထားပင်ဖြစ်ဖြစ်ပြီး လူသားမျိုးနွယ်ကို သူဆက်ဆံသည့် သဘောထားဖြစ်သည်။ ဤနှုတ်ကပတ်တော်များထဲတွင် သူ၏အတွေးများနှင့် သူ၏စိတ်သဘောထားတို့ ရှိကြ၏။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၂))နိနေဝေမြို့သားများထံ ယေဟောဝါဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကြေညာရန် ယောနသည် တာဝန်ပေးစေခိုင်းခံရခဲ့သော်လည်း၊ ယေဟောဝါဘုရားသခင်၏ ရည်ရွယ်ချက်များကို သူနားမလည်ခဲ့သည့်သကဲ့သို့ မြို့သူမြို့သားများအတွက် သူ၏ပူပင်မှုများနှင့် မျှော်လင့်ချက်များကိုလည်း သူနားမလည်ခဲ့ပေ။ လူသားမျိုးနွယ်သည် သူ့ကိုယ်ပိုင်လက်များမှ ဆင်းသက်ပေါက်ဖွားလာသည့်အရာ ဖြစ်ကြောင်း၊ ဘုရားသခင်သည် လူပုဂ္ဂိုလ်တစ်ဦးစီတိုင်းအတွက် အပတ်တကုတ် အားထုတ်ကြိုးပမ်းမှုကို ပြုထားကြောင်း၊ လူပုဂ္ဂိုလ်တိုင်းက ဘုရားသခင်၏ မျှော်လင့်ချက်များကို မိမိတို့၏ပခုံးများထက်တွင် သယ်ပိုးထားကြကြောင်း၊ လူပုဂ္ဂိုလ်တိုင်းက ဘုရားသခင်၏ အသက်ထောက်ပံ့မှုကို အကျိုးခံစားခဲ့ကြကြောင်းကို ဤအပြစ်ဖော်ဆုံးမခြင်းနှင့်အတူ ဘုရားသခင်က သူ့အား ပြောလိုခဲ့ခြင်းပင် ဖြစ်သည်။ လူပုဂ္ဂိုလ်တိုင်းအတွက် ဘုရားသခင်သည် အပတ်တကုတ် အားထုတ်ရသည့် အဖိုးအခကို ပေးချေခဲ့ပြီးဖြစ်၏။ ယောနကိုယ်တိုင်က ကြက်ဆူပင်ကို ချစ်ခင်မြတ်နိုးသလောက် ဘုရားသခင်သည် သူ့ကိုယ်ပိုင်လက်များ၏ လက်ရာဖြစ်သည့် လူသားမျိုးနွယ်ကို ချစ်ခင်မြတ်နိုးကြောင်းကိုလည်း ဤအပြစ်ဖော်ဆုံးမခြင်းက ယောနကို ပြောပြခဲ့သည်။ ဘုရားသခင်သည် ဖြစ်နိုင်ခြေရှိသော နောက်ဆုံးအခိုက်အတန့် မတိုင်ခင်ထိ မည်သည့်နည်းနှင့်မျှ လူသားမျိုးနွယ်ကို ပေါ့ပေါ့တန်တန် စွန့်ပစ်မည် မဟုတ်ပေ၊ အထူးသဖြင့် မြို့အတွင်း၌ ကလေးငယ်များနှင့် အပြစ်မဲ့ ခြံမွေးတိရစ္ဆာန်များ အမြောက်အမြား ရှိခဲ့သောကြောင့်ဖြစ်သည်။ မိမိတို့၏ လက်ယာလက်နှင့် လက်ဝဲလက်များကိုပင် မခွဲခြားနိုင်ကြသူများဖြစ်သည့် ဘုရားသခင်၏ ဖန်ဆင်းခြင်းမှ ဆင်းသက်ပေါက်ဖွားလာသည့် ဤကဲ့သို့ ငယ်ရွယ်၍ မသိနားမလည်သောသူများကို ကိုင်တွယ်ဖြေရှင်းသောအခါ ဘုရားသခင်သည် ထိုသို့အလျင်စလိုနည်းဟန်မျိုးဖြင့် သူတို့၏အသက်များကို အဆုံးသတ်ပြီး သူတို့၏ရလဒ်များကို အဆုံးအဖြတ်ပေးခြင်းငှာ ပို၍ပင် မတတ်နိုင်ခဲ့ချေ။ ဘုရားသခင်သည် သူတို့ကြီးပြင်းလာသည်ကို မြင်တွေ့ရန် မျှော်လင့်သည်၊ သူတို့သည် သူတို့၏လူကြီးသူမများကဲ့သို့ တူညီသည့် လမ်းကြောင်းများအတိုင်း မလျှောက်မည့်အကြောင်း၊ သူတို့သည် ယေဟောဝါဘုရားသခင်၏ သတိပေးချက်ကို နောက်ထပ်ပြန်ကြားစရာ မလိုမည့်အကြောင်း၊ ထို့ပြင် သူတို့သည် နိနေဝေ၏အတိတ်ကို သက်သေခံကြမည့်အကြောင်း ဘုရားသခင်မျှော်လင့်ခဲ့သည်။ ထို့ထက်ပို၍ နောင်တရပြီးသား နိနေဝေမြို့ကို မြင်တွေ့ရန်၊ နောင်တရပြီးနောက် နိနေဝေမြို့၏ အနာဂတ်ကို မြင်တွေ့ရန်၊ ပိုအရေးကြီးသည်မှာ နိနေဝေမြို့သည် ဘုရားသခင်၏ သနားကရုဏာအောက်တွင် နောက်ထပ်တစ်ဖန် အသက်ရှင်သည်ကို မြင်တွေ့ရန် ဘုရားသခင်မျှော်လင့်ခဲ့သည်။ ထို့ကြောင့် ဘုရားသခင်၏ အမြင်တွင် မိမိတို့၏ လက်ယာလက်နှင့် လက်ဝဲလက်များကို မခွဲခြားနိုင်သော ထိုဖန်ဆင်းခံအရာများမှာ နိနေဝေ၏အနာဂတ်ပင် ဖြစ်ကြသည်။ ယေဟောဝါဘုရားသခင်၏ လမ်းညွှန်မှုအောက်တွင် နိနေဝေမြို့၏ အတိတ်နှင့်အနာဂတ်ကို သက်သေခံရမည့် အရေးကြီးသောတာဝန်ကို သူတို့ထမ်းပိုးထားရမည် ဖြစ်သကဲ့သို့ နိနေဝေ၏ စက်ဆုပ်ဖွယ်ကောင်းသော အတိတ်ကိုလည်း သူတို့ထမ်းပိုးရမည်ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၂)) ဒါကို ဖတ်ရတော့ ကျွန်မဝမ်းနည်းသွားတာပဲ။ ဘုရားနဲ့ ယောနရဲ့ စကားကနေ လူတွေအတွက် ဘုရားရဲ့ မေတ္တာ၊ ကရုဏာကို ကျွန်မမြင်ခဲ့တယ်။ နိနေဝေမြို့ထဲက လူတိုင်းကို ဘုရားက နောကျေအောင် သိတယ်၊ သူတို့အယောက်စီတိုင်းအတွက် အဖိုးအခစစ်စစ်လည်း သူပေးခဲ့တာ။ နောက်ဆုံးအချိန်ထိ သူတို့ကို လက်မလျှော့ချင်ခဲ့ဘူး။ ယုံကြည်သူသစ်တွေက ဘုရားရဲ့ နောက်ဆုံးသော ကာလအမှုကို လက်ခံတာ မကြာသေးပုံ၊ သမ္မာတရား အများကြီး နားမလည်ပုံနဲ့ အသက်တာမှာ အားနည်းပုံတွေကို ကျွန်မတွေးမိတယ်။ ဘာသာရေးလောကရဲ့ အန္တိခရစ်တွေ နှောင့်ယှက်တာ ခံရရင် သူတို့ထွက်သွားနိုင်တယ်။ ညီအစ်ကို မောင်နှမတွေအားလုံးက လမ်းမှန်ပေါ်မှာ သူတို့အမြစ်တွယ်နိုင်အောင် ထောက်ပံ့ပေးဖို့ ဘယ်လိုလက်တွဲလုပ်ရမလဲ တွေးနေကြတာ။ ဒါကြောင့် ကျွန်မကို အကြံတွေပေးပြီး ပြဿနာတွေ ထောက်ပြနေခဲ့တာ။ အဲဒါကို ကျွန်မလက်မခံခဲ့ဘူး။ ကျွန်မတာဝန်မဲ့လို့ ယုံကြည်သူသစ် အများကြီးက စုဝေးပွဲတွေ မတက်ကြတာကို ကျွန်မစိတ်မကောင်းမဖြစ်ခဲ့ဘူး။ ကျွန်မက လူမှ ဟုတ်ရဲ့လား။ ကျွန်မဆုတောင်းခဲ့တယ်။ “ဘုရားသခင်၊ သမီးခေါင်းမရှောင်တော့ပါဘူး၊ နောင်တရဖို့ အသင့်ပါပဲ၊ ဒီယုံကြည်သူသစ်တွေကို သေချာ ထောက်ပံ့နိုင်အောင် ကိုယ်တော့်ကို အားကိုးဖို့ အသင့်ပါပဲ” လို့လေ။

အဲဒီနောက်မှာ ရေလောင်းအလုပ်ထဲက ပြဿနာတွေကို တခြားလူတွေနဲ့ ဆွေးနွေးကြည့်တော့ ဘုရားအမှုရဲ့ သမ္မာတရားအပေါ် လူသစ်အများကြီးက မရှင်းတာ တွေ့သွားတယ်။ ဒီတော့ သင်းအုပ်တွေက ဘာသာရေး အယူအဆတွေ ဖြန့်တဲ့အခါ ဘုရားအမှုအပေါ် သူတို့သံသယဝင်ပြီး စယိမ်းယိုင်တော့တာ။ ဒါကြောင့် ဒီပြဿနာတွေ ဖြေရှင်းဖို့ သူတို့အတွက် စုဝေးပွဲတွေလုပ်ပြီး ဘုရားအမှုရဲ့ အဆင့်သုံးဆင့်၊ သူ့ရဲ့ နောက်ဆုံးသော ကာလ စီရင်ခြင်းအမှု၊ အမှုပြုဖို့ လူ့ဇာတိနဲ့ ဘုရားကြွလာရတဲ့ အကြောင်းရင်းကို အလေးပေး ပြောခဲ့တယ်။ ပွဲအပြီးမှာ လူသစ်တစ်ယောက်က ဒီလိုပြောလာတယ်။ “ကျွန်မမှာ အယူအဆအများကြီး ရှိခဲ့တာ။ ဒါပေမဲ့ အစ်မမိတ်သဟာယကြောင့် အခု မရှိတော့ဘူး။ ဒါကို တခြားလူ အများကြီးက နားမလည်ကြသေးတော့ အစ်မနဲ့ ပိုမိတ်သဟာယပြုနိုင်ရင် ကောင်းမှာပဲ” တဲ့။ အစ်ကိုတစ်ယောက်လည်း ဒီလိုပြောတယ်။ “ကျွန်တော်က ဘုရားအမှုကို တကယ် ခေါင်းရှုပ်နေလို့ စုဝေးပွဲအုပ်စုက ထွက်ဖို့ တွေးနေခဲ့တာ။ ဒါပေမဲ့ ညီမမိတ်သဟာယ ပြုပေးလို့ အခုတော့ အားလုံးရှင်းသွားပါပြီ။ ကျွန်တော်သိပ်ပျော်တာပဲ။ စုဝေးပွဲတွေကိုလည်း ပိုတက်တော့မယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ ကျေးဇူးတော်ပဲ” တဲ့။ သူတို့တွေ ဒီလိုပြောတာ ကြားတော့ ကျွန်မတကယ် တို့ထိသွားတာ၊ တကယ်စိတ်မကောင်းလည်း ဖြစ်မိတယ်။ အရင်က သူများပေးတဲ့ အကြံတွေ လက်ခံပြီး လူသစ်တွေရဲ့ အခက်အခဲတွေ ဖြေရှင်းရင်း လက်တွေ့အလုပ်ကို ပိုလုပ်ခဲ့ရင် တချို့က အားနည်းပြီး ထွက်သွားမှာ မဟုတ်ဘူး။ အဲဒီနောက်တော့ ညီအစ်ကိုဝမ်ကို ကျွန်မထုတ်ပြမိတဲ့ ယိုယွင်းမှုအကြောင်း ဖွင့်ပြောလိုက်တယ်။ သူလည်း သူ့အခြေအနေနဲ့ သူ့ဧဝံဂေလိ အလုပ်ထဲက ပြဿနာတွေကို ဖွင့်ပြောလာတယ်။ သူပြောင်းလဲချင်တယ်လို့ ပြောလာတာ။ ကျွန်မတို့ကြားက အတားအဆီး ချက်ချင်း ပျောက်သွားတယ်၊ ကျွန်မလည်း သိပ်စိတ်အေးသွားတာပဲ။ ဧဝံဂေလိအဖွဲ့ဝင် ညီအစ်ကို မောင်နှမတွေနဲ့ ကျွန်မစပြီး တကူးတက ချိတ်ဆက်လုပ်တယ်၊ ပဋိပက္ခနည်းနည်း ရှိခဲ့ပေမဲ့လည်း ကျွန်မတို့အားလုံးရဲ့ ပန်းတိုင်က အတူတူပဲလေ။ လမ်းမှန်ပေါ်မှာ လူသစ်တွေ မြန်မြန် အုတ်မြစ်ချနိုင်အောင် သူတို့ကို ကောင်းကောင်း ရေလောင်းပေးဖို့ပေါ့။

နောက်ပိုင်းမှာ ကျွန်မတွေးမိတယ်၊ နောင်ကျရင် ဝေဖန်မှုတွေကို ဘုရားအလိုတော်နဲ့အညီ ဘယ်လိုချဉ်းကပ်ရမလဲလို့ပေါ့။ နှုတ်ကပတ်တော်ထဲမှာ ဒါကို ဖတ်ခဲ့ရတယ်။ “ပြုပြင်ခံရခြင်း၊ ကိုင်တွယ်ဖြေရှင်းခံရခြင်းနှင့် ပတ်သက်လာလျှင် အနည်းဆုံးအနေဖြင့် လူတို့ သိသင့်သောအရာမှာ အဘယ်အရာနည်း။ မိမိတာဝန်ကို လုံလောက်စွာ ထမ်းဆောင်ရန်အတွက် ပြုပြင်ခံရခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခံရခြင်းကို တွေ့ကြုံရမည်။ ၎င်းတို့သည် မရှိမဖြစ်လည်းဖြစ်သည်။ နေ့စဉ်လူတို့ ရင်ဆိုင်ရမည့်အရာတစ်ခုဖြစ်ပြီး ၎င်းတို့၏ ဘုရားသခင်အပေါ် ယုံကြည်ခြင်းနှင့် ကယ်တင်ခြင်းကို ရယူခြင်းတွင် မကြာခဏ ကြုံတွေ့ရမည့်အရာတစ်ခုဖြစ်သည်။ မည်သူကမျှ ပြုပြင်ခံရခြင်း၊ ကိုင်တွယ်ဖြေရှင်းခံရခြင်းနှင့် ကင်းကွာ၍ မရပေ။တစ်စုံတစ်ဦးကို ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းသည် ၎င်းတို့၏အနာဂတ်နှင့် ကံကြမ္မာတို့ ပါဝင်သည့် အရာတစ်ခု ဟုတ်သလော။ (မဟုတ်ပါ။) ဤသို့ဆိုလျှင် ပြုပြင်ခံရခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခံရခြင်းသည် အဘယ်အတွက်နည်း။ လူတို့ကို ရှုတ်ချရန်အတွက်လော။ (မဟုတ်ပါ။ ယင်းမှာ လူများကို သမ္မာတရားကို နားလည်ရန် ကူညီခြင်းဖြစ်သည်။) မှန်ပေ၏။ ထိုအရာသည် ယင်းနှင့်ပတ်သက်သည့် အမှန်ကန်ဆုံး နားလည်မှုဖြစ်သည်။ တစ်စုံတစ်ဦးကို ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းသည် ဆုံးမပဲ့ပြင်ခြင်းတစ်မျိုးဖြစ်သည်၊ ရိုက်နှက်ဆုံးမခြင်းတစ်မျိုးဖြစ်သည်၊ လူများကို ကူညီခြင်း ပုံစံတစ်ခုလည်း ဖြစ်သည်။ ပြုပြင်ခံရခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခံရခြင်းတို့က သင်၏မမှန်ကန်သော လိုက်စားမှုကို အချိန်မီ ပြောင်းလဲစေသည်။ ယင်းက သင် လက်ရှိ ရှိနေသောပြဿနာများကိုချက်ချင်းသတိပြုမိစေပြီး သင်ဖော်ထုတ်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို အချိန်မီ သတိပြုမိစေသည်။ မည်သို့ပင်ဖြစ်စေ ပြုပြင်ခံရခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခံရခြင်းတို့က သင်၏တာဝန်များကို သာ၍ကောင်းစွာ ထမ်းဆောင်ဖို့ ကူညီပေးသည်၊ ယင်းက သင်၏တာဝန်များကို အခြေခံသဘောတရားများနှင့်အညီ ဖြည့်ဆည်းဖို့ ခွင့်ပြုသည်၊ ယင်းက သင့်ကို အချိန်မီ ကယ်တင်ခြင်း ရရှိခွင့်ပေးသည်၊ ယင်းက သင့်ကို လမ်းမှားသွေဖည်ခြင်းမှ အချိန်မီ ကယ်တင်ပေးသည်၊ ပြီးလျှင် ဘေးဒုက္ခများ ဖြစ်စေခြင်းမှ သင့်ကို တားဆီးပေးသည်။(အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် မိမိတို့ကိုယ်တိုင် ထင်ရှားကျော်ကြားမှု ရစေဖို့နှင့် ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများနှင့် ရည်မှန်းချက်များကို ပြည့်ဝစေဖို့သာ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင့်အိမ်တော်၏အကျိုးစီးပွားများကို မည်သည့်အခါမျှ အရေးမထားသကဲ့သို့၊ ပုဂ္ဂိုလ်ရေးရာ ထင်ပေါ်ကျော်ကြားမှုအတွက် အပြန်အလှန်အားဖြင့် ထိုအကျိုးစီးပွားများကိုပင် ပစ်ပယ်သည် (အပိုင်း ၈)”) ဒီမှာ ကျွန်မနားလည်သွားတယ်၊ ပြုပြင်ပြီး ကိုင်တွယ်ဖြေရှင်းခံရတာက ဘုရားရဲ့ ဆုံးမပဲ့ပြင်ခြင်းပဲ၊ တစ်ယောက်ယောက်က အခက်တွေ့အောင် လုပ်နေတာ၊ တအားအပြစ်ရှာနေတာ မဟုတ်ဘူး။ ကိုယ့်ကိုယ်ကိုယ် သုံးသပ်နိုင်အောင်၊ ကိုယ့်အခြေအနေနဲ့ တာဝန်တွေထဲက ပြဿနာတွေကို ဖြေရှင်းပြီး ကိုယ့်တာဝန်ကို ပိုကောင်းကောင်းထမ်းနိုင်အောင် ကူညီပေးဖို့ပဲ။ ဒါဟာ ဘုရားအမှုက ကျွန်မတို့ကို ပြောင်းလဲ၊ သန့်စင်ပေးတဲ့ နည်းတစ်နည်းပဲ။ ကယ်တင်ခံရဖို့ ကျွန်မတို့ တွေ့ကြုံရမဲ့ အရာလည်း ဟုတ်တယ်။ ဝေဖန်ချက်၊ အကြံပေးချက်တွေနဲ့ ရင်ဆိုင်ရရင် ဘုရားဆီက လက်ခံပြီး သေချာ ကိုင်တွယ်သင့်တယ်၊ နှုတ်ကပတ်တော်ကို အခြေခံပြီး ကိုယ့်ကိုယ်ကိုယ် သုံးသပ်သင့်တယ်။ ဒါက ဘုရားစိတ်တော်နဲ့ ညီတာ။ ဒါက ကျွန်မကို ဉာဏ်အလင်းပေးခဲ့တယ်။ နောင်ကျရင် ညီအစ်ကို မောင်နှမတွေရဲ့ ဝေဖန်ချက်တွေကို ဘယ်လိုသဘောထားရမလဲ သိသွားတယ်။

ဒီလိုနဲ့ တစ်ကြိမ်မှာ ညီအစ်ကိုဝမ်က ပြောလာတယ်။ ယုံကြည်သူသစ်တချို့က မစုဝေးကြဘူး၊ အထောက်အပံ့ မရှိကြဘူးတဲ့။ အကြောင်းရင်းကို သူမသိဘူး။ ကျွန်မကို စုံစမ်းကြည့်ပေးပါဦးလားတဲ့။ ကျွန်မတွေးမိတယ်၊ သူတို့ကို အကူအညီနဲ့ အထောက်အပံ့တွေ အများကြီး ငါတို့ပေးပြီးပြီ၊ ခေါင်းဆောင်တွေနဲ့လည်း စည်းမျဉ်းတွေ ရှာဖွေပြီးပြီ။ သူတို့က မယုံကြည်သူတွေလို့ အတည်ပြုပြီး လက်လျှော့လိုက်တာပဲ။ ဘာစုံစမ်းစရာ ရှိလို့လဲပေါ့။ ဒါပေမဲ့ ဒီလိုပြန်တွေးမိတယ်။ သူက ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားကို ထည့်တွက်နေတာ၊ လူသစ်တွေကို တာဝန်ခံနေတာ။ ငါနာခံပြီး ဘာတွေဖြစ်နေလဲ စူးစမ်းသင့်တယ်၊ ပြဿနာတွေ ရှိရင် ပြန်ပြင်ရမယ်လို့ပေါ့။ အသေးစိတ် စုံစမ်းကြည့်လိုက်တော့ သူတို့က မယုံကြည်သူတွေ တကယ်ဖြစ်နေတာ တွေ့ခဲ့ရတယ်၊ ဒါပေမဲ့ ကျွန်မတို့ရဲ့ ရေလောင်းအလုပ်မှာ ပြဿနာတချို့လည်း တွေ့ခဲ့ရတယ်။ ကျွန်မသဘောပေါက်သွားရော။ အကြံပေးချက်တွေကို လက်ခံရင် အကျိုးထူးတွေ သိပ်များတယ်၊ ငါသာ လက်မခံခဲ့ရင် ပြဿနာတွေကို မြင်နိုင်မှာ၊ ပြင်နိုင်မှာ မဟုတ်ဘူး၊ ဒါဆို အသင်းတော် အလုပ်အတွက် ဆိုးမှာပဲလို့ပေါ့။

ကိုယ့်တာဝန်မှာ ညီအစ်ကို မောင်နှမတွေရဲ့ အကြံကို လက်ခံတာ၊ ရှာဖွေတတ်တဲ့ နှလုံးသားရှိပြီး ဆင်ခြေမပေးတာတွေကြောင့် ကိုယ့်ယိုယွင်းမှုကို သိမြင်၊ သုံးသပ်နိုင်တယ်၊ ကိုယ့်တာဝန်ထဲက အမှားတွေကို ပိုမြန်မြန် ရှာတွေ့နိုင်တယ်ဆိုတာ ဒီအတွေ့အကြုံတွေက ကျွန်မကို တကယ်ပြပေးခဲ့တယ်။ သမ္မာတရားကို ကျွန်မအမြဲမုန်းပြီး ငြင်းရင် ကိုယ့်ယိုယွင်းမှုကို မပြောင်းလဲနိုင်ရုံမက ဘုရားအိမ်တော်ရဲ့ အလုပ်ကိုလည်း ထိခိုက်စေမိမှာ။ ဒါဆို ဘုရားက အဆုံးမှာ ကျွန်မကို ဖယ်ရှားမှာပဲ။ ဒါကိုလည်း သိခဲ့တယ်၊ ဘာကိုပဲ ရင်ဆိုင်ရပါစေ၊ အဲဒါကို ကျွန်မဘယ်လောက် မကြိုက်ပါစေ ဘုရားကို ကြောက်စိတ်ရှိသင့်ပြီး ရမ်းသန်းမပြုမူသင့်ဘူး။ မကောင်းမှု ပိုမလုပ်မိအောင် ဘုရားကို ဆုတောင်းပြီး စည်းမျဉ်းတွေ ရှာဖွေရမယ်ဆိုတာကိုပေါ့။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

သူတော်ကောင်းယောင်ဆောင်ခြင်းနှင့်ဆိုင်သော ဝန်ထုပ်

ဆုဝမ် တရုတ်နိုင်ငံ ၂၀၂၀ ခုနှစ် ဩဂုတ်လမှာ၊ အဆင့်အတန်းကို လိုက်စားပြီး အိုးနင်းခွက်နင်း လုပ်နေလို့ ခေါင်းဆောင်မှု တာဝန်ကနေ ကျွန်မ...

၉၆။ ယုံကြည်သူအသစ်များကို ရေလောင်းခြင်းမှ- ရသည့် သင်ခန်းစာတစ်ခု

ရေချန်း တရုတ်နိုင်ငံ ဤနှစ်ဇန်နဝါရီတွင် အသင်းတော်၌ ကျွန်မ လူသစ်နှစ်ဦးကို ရေလောင်းနေခဲ့သည်။ အစ်မရန်ဂျီးနှင့် သူ့အမျိုးသားတို့ဖြစ်ပါသည်။...

အသင်းတော်အလုပ်ကို ကာကွယ်ခြင်းက ကျွန်မ၏ တာဝန်ဖြစ်သည်

ယီးရွှင် ဂျပန်နိုင်ငံ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ အသင်းတော်က ခေါင်းဆောင်သစ်ရွေးကောက်ဖို့ လိုအပ်ခဲ့တယ်။ တစ်နေ့မှာ၊ ခေါင်းဆောင်တွေက၊...

ကိုယ်ပိုင်ဟန်ဖြစ်ရန် ကြိုးစားခြင်းနောက်ကွယ်တွင်ရှိသောအရာ

လီကျိ တရုတ်နိုင်ငံ ၂၀၁၉မှာ ကျွန်တော်က အသင်းတော်မှာ ဗီဒီယိုတွေ ထုတ်လုပ်တယ်။ ကျွန်တော်က ဒီတာဝန်ထမ်းဆောင်တာကြာပြီး အတွေ့အကြုံနဲ့...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။