တာဝန် ပြောင်းလဲခံရခြင်းကို ကျွန်တော် ဘာကြောင့် ကျိုးနွံနာခံခြင်း မရှိနိုင်ခဲ့သလဲ

14.04.2026

ဝမ်ယွမ်၊ တရုတ်ပြည်

ဘုရားသခင်ကို စယုံပြီး မကြာခင်မှာပဲ အသင်းတော်မှာ ဗီဒီယိုရိုက်ကူးတဲ့အလုပ်ကို ကျွန်တော် စလုပ်ခဲ့တယ်။ နောက်ပိုင်းမှာ စာနဲ့ပတ်သက်တဲ့တာဝန်ကို ထမ်းဆောင်ရင်း အထက်ခေါင်းဆောင်တွေနဲ့ အဆက်အသွယ်ရခဲ့တယ်။ ဒီတာဝန်တွေကို ထမ်းဆောင်တာက သမ္မာတရားကို ပိုနားလည်စေပြီး ကယ်တင်ခံရဖို့ မျှော်လင့်ချက် ပိုရှိစေမယ်လို့ ကျွန်တော် ယုံကြည်ခဲ့တာပေါ့။ အထွေထွေကိစ္စတွေကို လုပ်နေတဲ့ ညီအစ်ကိုမောင်နှမတွေနဲ့ ဆက်ဆံမိတိုင်း သူတို့က နေ့တိုင်း အပြင်ပန်းကိစ္စတွေနဲ့ပဲ အလုပ်ရှုပ်နေတာကို တွေ့ရတယ်။ သူတို့က စိတ်ထက်သန်မှုပဲရှိပြီး တော်တော်များများက သမ္မာတရား စည်းမျဉ်းတွေကို နားမလည်သလို၊ အသက် ဝင်ရောက်မှုလဲ မရှိဘူးလို့ ကျွန်တော် ခံစားရတယ်။ ဒါကြောင့် ခေါင်းဆောင်တွေ၊ အမှုဆောင်တွေနဲ့ စာနဲ့ပတ်သက်တဲ့တာဝန် ထမ်းဆောင်သူတွေက ကယ်တင်ခံရဖို့ အခွင့်အလမ်း ပိုများတယ်ဆိုတာကို ကျွန်တော် ပိုသေချာသွားပြီး၊ စာနဲ့ပတ်သက်တဲ့တာဝန်ကို ဆက်ထမ်းဆောင်နိုင်တာ တကယ် ကံကောင်းတယ်လို့ တွေးမိတယ်။

၂၀၂၃ ခုနှစ် ဧပြီလမှာ၊ စာနဲ့ပတ်သက်တဲ့တာဝန်မှာ ရလဒ်မထွက်လို့ ကျွန်တော် တာဝန် ပြောင်းလဲခံရတယ်။ အဲဒီနောက်ပိုင်း အသင်းတော်မှာ သန့်စင်ခြင်းအလုပ်ကို လုပ်ခဲ့တယ်။ တစ်နေ့ကျတော့ ခေါင်းဆောင်ဆီက စာတစ်စောင် ရောက်လာတယ်။ “ကွန်ရက် နည်းပညာ နားလည်တဲ့လူတွေ အရေးပေါ် လိုနေတယ်။ ခင်ဗျားက ဒီဘက်မှာ ကျွမ်းကျင်တော့ ဒီတာဝန်ကို ခင်ဗျားကိုယူခိုင်းဖို့ စီစဉ်ထားတယ်” တဲ့။ ဒီစာကို ဖတ်ပြီးတော့ ကျွန်တော့်စိတ်က ဂနာမငြိမ်ဖြစ်ပြီး အတိုက်အခံလုပ်ချင်စိတ်တွေ ပြည့်လာတယ်။ “ခင်ဗျားတို့ ဘယ်လိုစီစဉ်ရမယ်ဆိုတာရော သိရဲ့လား။ ကျွန်တော်က စာနဲ့ပတ်သက်တဲ့တာဝန်ကို နှစ်အတော်ကြာ လုပ်ခဲ့ပြီး ပိုင်းခြားသိမြင်မှုနဲ့ဆိုင်တဲ့ စည်းမျဉ်းတချို့ကို သဘောပေါက်ထားတာလေ။ ဘာလို့ ကျွန်တော့်ရဲ့ အားသာချက်တွေအပေါ် အခြေခံပြီးတာဝန်တွေကို စီစဉ်မပေးရတာလဲ” ပေါ့။ နောက်သုံးလေးရက်မှာ ကွန်ရက် နည်းပညာနဲ့ဆိုင်တဲ့ တာဝန် ထမ်းဆောင်ရမယ်လို့ တွေးမိရုံနဲ့တင် ကျွန်တော် စိတ်ညစ်သွားတယ်။ “ဒီတာဝန်ကို ထမ်းဆောင်ရတာက နေ့တိုင်း ဆော့ဖ်ဝဲအမျိုးမျိုးနဲ့ ပင်ပင်ပန်းပန်း အလုပ်လုပ်ရမှာ။ ပြီးတော့ ဒီတာဝန်မှာ လူတွေ၊ ကိစ္စတွေနဲ့ ထိတွေ့ဆက်ဆံရတာ နည်းမှာဆိုတော့ သမ္မာတရားကို ရတာလဲ နည်းသွားမှာ။ ငါ ဘယ်လောက်ပဲ ကောင်းကောင်းလုပ်လုပ်၊ အလုပ်လုပ်ပေးသူ တစ်ယောက်ပဲ ဖြစ်နေမှာ။ နောက်ဆုံးကျရင် ဖယ်ရှားရှင်းလင်းခံရဦးမှာပဲလေ။ ခေါင်းဆောင်ပိုင်းနဲ့ စာနဲ့ပတ်သက်တဲ့တာဝန်တွေမှာကျတော့ ဘုရားနှုတ်ကပတ်တော်တွေ၊ သမ္မာတရား စည်းမျဉ်းတွေနဲ့ နေ့တိုင်း ထိတွေ့ခွင့်ရမှာ။ ပိုလေ့ကျင့်လေ သမ္မာတရား စည်းမျဉ်းတွေကို ပိုနားလည်လေဖြစ်ပြီး ငါ့အသက်တာက မြန်မြန် တိုးတက်လာမှာ။ ဒါဆို ကယ်တင်ခံရဖို့ မျှော်လင့်ချက်က ပိုကြီးမားမှာပေါ့” ဆိုပြီး တွေးမိတယ်။ ဒါပေမဲ့ နောက်ဆုံးတော့ ဆင်ခြင်တုံတရားအရ ဒီတာဝန်ကို မလိုလားဘဲ ကျွန်တော် လက်ခံလိုက်တယ်။

အစပိုင်းမှာ ညီအစ်ကို ကျောက်လေက ဒီနည်းပညာပိုင်းကို သင်ပေးတယ်။ လေ့လာနေတုန်းမှာ ကျွန်တော် ဘယ်လိုသုံးရမှန်းမသိတဲ့ သင်ကြားရေးဆော့ဖ်ဝဲတွေ အများကြီး တွေ့ရသလို၊ အရင်က သင်ခဲ့ဖူးတဲ့ အခြေခံအချက် အများစုကိုလဲ ကျွန်တော် မေ့ကုန်ပြီ။ ဒါပေမဲ့ ကျွန်တော်က အားစိုက်ပြီး မလေ့လာချင်ဘူး။ ပြီးတော့ “ငါသာ စိတ်ပါလက်ပါ သင်ယူပြီး ဒီနည်းပညာကို မြန်မြန် ပိုင်နိုင်သွားရင်၊ ငါ ကောင်းကောင်း သင်ယူနေတာကို ခေါင်းဆောင်တွေ မြင်သွားရင်၊ ဒီတာဝန်ကို ရေရှည် လုပ်ခိုင်းတော့မှာ မဟုတ်လား” လို့ ခံစားမိတယ်။ အဲဒီအတွေးနဲ့ ကျွန်တော် သိပ်မကြိုးစားတော့ဘူး။ ညီအစ်ကို ကျောက်လေ ပေးထားတဲ့ နည်းပညာ သင်ကြားရေးဖိုင်ကောင်းတွေကို ကြည့်ဖို့လဲ ဘာတွန်းအားမှ မရှိတော့ဘူး။ လေ့လာတာ ရက်ပိုင်းပဲ ရှိသေးတယ်၊ ဧည့်ခံတဲ့နေအိမ်က အန္တရာယ်ရှိလာလို့ လေ့ကျင့်တာကို ရပ်လိုက်ရတယ်။ ကျွန်တော် ကံကောင်းတယ်လို့ ခံစားလိုက်ရတယ်၊ ဘာလို့လဲဆိုတော့ ဒီတာဝန်ကို ဆက်ထမ်းဆောင်စရာ မလိုတော့ဘူးလေ။ ကျွန်တော့်ရဲ့ လေ့လာမှုအခြေအနေအကြောင်း ခေါင်းဆောင်ကို တင်ပြတဲ့အခါ ကျွန်တော် တတ်မြောက်ထားတဲ့ ကျွမ်းကျင်မှု အရေအတွက်ကို တမင် လျှော့ပြီး တင်ပြလိုက်တယ်။ ဒီလိုဆိုရင် ကျွန်တော်လေ့လာတာကနေ ဘာမှသိပ်တတ်လာမှာမဟုတ်ဘူးဆိုတာကို ခေါင်းဆောင်မြင်သွားပြီး ဒီဘက်မှာ မတော်ဘူးလို့ထင်ပြီး တခြားတာဝန်တွေ စီစဉ်ပေးမယ်လို့ ကျွန်တော် မျှော်လင့်တာပေါ့။ မထင်မှတ်ထားဘဲ ရက်နည်းနည်းကြာတော့ ခေါင်းဆောင်က ကျွန်တော့်ကို ပြောလာတယ်။ “အီလက်ထရွန်နစ်ပစ္စည်းတွေ ပြင်တဲ့ ညီအစ်ကိုက တခြားနေရာမှာ တာဝန်သွားထမ်းဆောင်ရမှာမို့လို့ ဒီအလုပ်ကို လွှဲယူဖို့ လူ အရေးပေါ် လိုနေတယ်။ ခင်ဗျားက ကွန်ရက် နည်းပညာကို ကျွမ်းကျင်အောင်မလုပ်နိုင်ဘူးဆိုတော့ ကွန်ပျူတာ ပြင်တာကို သင်သင့်တယ်။ ဒါကို ဘယ်လိုလုပ်ရတယ်ဆိုတာကို ခင်ဗျား သင်ယူနိုင်မလား ကြည့်ကြတာပေါ့” တဲ့။ ဒါကို ကြားတော့ ကျွန်တော် ကြောင်အသွားပြီး တွေးမိတယ်။ “အခြေအနေတွေက ဘယ်လိုလုပ် ဒီလို ဖြစ်လာရတာလဲ။ ပြုပြင်ရေးကို သင်ရမယ်ဆိုတာက ကွန်ရက် နည်းပညာ သင်ရတာထက် ပိုတောင် ဆိုးသေးတယ်။ ငါက ကာယအလုပ်လုပ်တဲ့ ဘာသာတရား မရှိသူတစ်ယောက်လို ဖြစ်နေတော့မှာပဲ။ ဒီအလုပ်ကို လုပ်ပြီးတော့ ဘယ် သမ္မာတရားကို ငါ ရနိုင်မှာလဲ။ ညီအစ်ကိုမောင်နှမတွေအတွက် ရှစ်နှစ်လုံးလုံး အီလက်ထရွန်နစ်ပစ္စည်းတွေ ပြင်ပေးခဲ့တဲ့ ညီအစ်ကိုတစ်ယောက်အကြောင်း ငါ ကြားဖူးတယ်။ ငါသာ ဒါကို လုပ်နိုင်သွားရင် အဲဒီညီအစ်ကိုလိုမျိုး ဒီတာဝန်မှာပဲ ပိတ်မိနေတော့မှာလား” ပေါ့။ အဲဒီအချိန်မှာ ကျွန်တော် လုံးဝ မျှော်လင့်ချက်မဲ့သလို ခံစားလိုက်ရပြီး တွေးမိတယ်။ “ငါက အထွေထွေကိစ္စတွေကိုပဲ လုပ်နိုင်ပြီး အလုပ်ကြမ်းလုပ်ရတဲ့ဘဝနဲ့ပဲ နေသွားရဖို့ ကံဆိုးမိုးမှောင်ကျနေတာများလား။ ဘုရားသခင်ရဲ့ အမှုတော် အဆုံးသတ်ခါနီးပြီဆိုတော့ ငါ့မှာ ကယ်တင်ခံရဖို့ မျှော်လင့်ချက် ရှိသေးရဲ့လား” ပေါ့။ ပိုတွေးလေ ပိုစိတ်ဆင်းရဲလေပါပဲ။ နောက်သုံးလေးရက်မှာ ကျွန်တော် ထမင်းတောင် မစားချင်တော့ဘဲ တမှိုင်မှိုင် တတွေတွေနဲ့ပဲ အချိန်ကုန်ခဲ့တယ်။ ညီအစ်ကိုမောင်နှမတွေက ကျွန်တော့်အခြေအနေကို မြင်တော့ ဒီအခြေအနေကို ကျိုးနွံနာခံဖို့အတွက် ကျွန်တော်နဲ့ မိတ်သဟာယပြုပေးကြတယ်။ ဒါပေမဲ့ ကျွန်တော်က တော်တော် အတိုက်အခံလုပ်ချင်နေပြီး “ခင်ဗျားတို့ ပြောတာကတော့ ကောင်းပါတယ်။ ဒါပေမဲ့ ကျွန်တော်က သင်ခန်းစာယူပြီး ကျိုးနွံနာခံလိုက်ရင် ဒီတာဝန်မှာပဲ ပိတ်မိနေတော့မှာ။ အဲဒီလိုဆိုရင် ကျွန်တော်က အလုပ်လုပ်ပေးသူတစ်ယောက်ပဲ ဖြစ်သွားမှာ မဟုတ်လား။ အဲဒီကျရင် ကျွန်တော် ဘယ်လိုလုပ် ကယ်တင်ခံရနိုင်တော့မှာလဲ” လို့ တွေးမိတယ်။ နောက်ပိုင်းမှာ စိတ်မချမ်းမသာဖြစ်တဲ့ အခြေအနေမှာ နစ်မွန်းနေရင်းနဲ့ ပြုပြင်ရေး နည်းပညာတွေကို ကျွန်တော် စလေ့လာခဲ့ပေမဲ့ ဘာစိတ်ထက်သန်မှုမှ မရှိဘူး။ ကျွန်တော့်ယုံကြည်ခြင်းမှာ တာဝန်ကို နှစ်တွေအကြာကြီး စိတ်ထက်ထက်သန်သန်နဲ့ ထမ်းဆောင်ပြီးတဲ့နောက်ကျမှ နောက်ဆုံးကျတော့ အလုပ်လုပ်ပေးသူတစ်ယောက်ပဲ ဖြစ်လာမဲ့အကြောင်းကို တွေးမိတယ်။ ကျွန်တော့်ရဲ့ အဆုံးသတ်က ဘယ်လိုဖြစ်လာမလဲဆိုတာတောင် ကျွန်တော် မတွေးရဲခဲ့ဘူး။ နောက်ရက်နည်းနည်းကြာတော့ ကျွန်တော့်တာဝန်အတွက် စိတ်ထက်သန်မှု နည်းနည်းလေးတောင် မမွေးမြူနိုင်သေးတာကို တွေ့လိုက်ရတယ်။ တာဝန်ထမ်းဆောင်နေတဲ့ ကျွန်တော့်အခြေအနေက မမှန်ဘူးလို့ ခံစားရပြီး၊ ကျွန်တော့်လိပ်ပြာကလဲ မလုံသလို ခံစားရတယ်။ ဒါနဲ့ ဘုရားသခင်ဆီ ကျွန်တော် ဆုတောင်းလိုက်တယ်။ “ဘုရားသခင်၊ ကျွန်တော် မကျိုးနွံမနာခံနိုင်ဘဲ တကယ်ကို အပျက်သဘောဆောင်နေမိပါတယ်။ ဒီတာဝန်ကို ထမ်းဆောင်ရင် ကျွန်တော့်မှာ ကောင်းမွန်တဲ့ အနာဂတ်၊ ဒါမှမဟုတ် ပန်းတိုင် ရှိမှာမဟုတ်ဘူးဆိုပြီး ဆက်တိုက်ခံစားမိနေပါတယ်။ ဘုရားသခင်၊ ကျွန်တော့်အခြေအနေ မမှန်ဘူးဆိုတာ ကျွန်တော် သိပါတယ်။ ဒီအခြေအနေကို ကျိုးနွံနာခံပြီး တာဝန်ကို ကောင်းကောင်း ထမ်းဆောင်နိုင်ဖို့အတွက် ကိုယ်တော်ရဲ့ ရည်ရွယ်ချက်ကို နားလည်အောင် ကျွန်တော့်ကို ဉာဏ်အလင်းပေးပြီး လမ်းပြတော်မူပါ” ပေါ့။ ဆုတောင်းပြီးတဲ့နောက် ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ်ကို ကျွန်တော် ပြန်သတိရလိုက်တယ်။ “ယခုအချိန်မှစ၍ ထိုသမ္မာတရားကို လေးနက်စွာ စတင်လိုက်စားပါ၊ သို့သော် သင် မည်သို့ လိုက်စားသင့်သနည်း။ ဘုရားသခင်ကို သင် မကြာခဏ ပုန်ကန်မိသည့် ကိစ္စရပ်များအပေါ် သင် သုံးသပ်ရန် လိုအပ်သည်။ ဘုရားသခင်သည် သင့်ကို သင်ခန်းစာတစ်ခု သွန်သင်ရန်၊ ဤကိစ္စရပ်များမှတစ်ဆင့် သင့်ကို ပြောင်းလဲစေရန်၊ သူ၏ နှုတ်ကပတ်တော်များကို သင့်အထဲတွင် ပုံသွင်းရန်၊ သမ္မာတရား စစ်မှန်မှု၏ သွင်ပြင်လက္ခဏာတစ်ခုထဲသို့ သင့်ကို ဝင်ရောက်စေရန်နှင့် ထိုကိစ္စရပ်များတွင် စာတန်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအတိုင်း အသက်ရှင်ခြင်းမှ သင့်ကို တားဆီးရန်၊ ပြီးလျှင် ထိုအစား ဘုရားနှုတ်ကပတ်တော်များအတိုင်း သင် အသက်ရှင်ရန်အတွက်၊ သူ၏ နှုတ်ကပတ်တော်များ သင့်အထဲတွင် ဖြစ်ပေါ်စေပြီး သင်၏ အသက်ဖြစ်လာစေရန်အတွက် ဘုရားသခင်သည် သင့်အတွက် အခြေအနေများကို အကြိမ်ကြိမ် စီစဉ်ဖွဲ့စည်းထားပြီးဖြစ်သည်။ သို့ရာတွင်၊ သင်သည် ဘုရားသခင်ကို ကျိုးနွံနာခံခြင်း မရှိသကဲ့သို့ သမ္မာတရားကို လက်ခံခြင်းမရှိ၊ သူ၏ နှုတ်ကပတ်တော်များကို သင် လိုက်လျှောက်သင့်သည့် စည်းမျဉ်းများအဖြစ် သဘောထားခြင်း မရှိသကဲ့သို့ သူ၏ နှုတ်ကပတ်တော်များကို အသက်ရှင်နေထိုင်ခြင်းမရှိဘဲ၊ ဤကိစ္စရပ်များတွင် ဘုရားသခင်ကို သင် မကြာခဏ ပုန်ကန်မိလေသည်။ ဤအရာက ဘုရားသခင်ကို ထိခိုက်နာကျင်စေပြီး၊ အကြိမ်ကြိမ် သင်သည် ကယ်တင်ခြင်းအတွက် သင်၏ အခွင့်အရေးကို ဆုံးရှုံးလေသည်။ ထို့ကြောင့် သင်သည် မိမိကိုယ်ကို မည်သို့ ပြောင်းလဲစေသင့်သနည်း။ ယနေ့တွင် အစပြုလျက်၊ သုံးသပ်ဆင်ခြင်ခြင်းမှတစ်ဆင့် သင် သတိပြုမိနိုင်ပြီး ရှင်းလင်းစွာ သိနိုင်သည့် ကိစ္စရပ်များတွင်၊ ဘုရားသခင်၏ စီစဉ်ညွှန်ကြားချက်ကို သင် ကျိုးနွံနာခံသင့်သည်၊ သူ၏ နှုတ်ကပတ်တော်များကို သမ္မာတရား စစ်မှန်မှုအဖြစ် လက်ခံသင့်ပြီး၊ သင် အသက်ရှင်သည့်ပုံစံကို ပြောင်းလဲသင့်ပေသည်။ ဤကဲ့သို့သော အခြေအနေများကို သင် ကြုံရသည့်အခါ၊ သင်၏ ဇာတိပကတိနှင့် သင်၏ နှစ်သက်မှုများကို သင် ပုန်ကန်သင့်ပြီး သမ္မာတရား စည်းမျဉ်းများအတိုင်း ပြုမူဆောင်ရွက်သင့်သည်။ ဤသည်မှာ လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်း ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။)” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၂၀)) ဘုရားနှုတ်ကပတ်တော်တွေကို ဆင်ခြင်သုံးသပ်ကြည့်လိုက်တော့ ကျွန်တော့်တာဝန် ခဏခဏ ပြောင်းလဲခံရတဲ့ ဒီအချိန်အတွင်းမှာ ကျွန်တော် ကျိုးနွံနာခံလိုစိတ် နည်းလေလေ၊ ပြောင်းလဲမှုတွေက ကျွန်တော့်ဆန္ဒနဲ့ မကိုက်ညီလေလေ ဖြစ်နေတယ်ဆိုတာ နားလည်လိုက်တယ်။ ဒါတွေရဲ့ နောက်ကွယ်မှာ ဘုရားသခင်ရဲ့ ရည်ရွယ်ချက် ရှိနေတာပဲ။ အဲဒါကတော့ ကိုယ့်ကိုယ်ကိုယ် ပြန်လည်သုံးသပ်ဖို့နဲ့ သမ္မာတရား ရှာဖွေဖို့အတွက် ဘုရားရှေ့ကို တက်ကြွစွာ ရောက်လာဖို့ ကျွန်တော့်ကို လမ်းပြနေတာ ဖြစ်တယ်။ ဒါပေမဲ့ ကျွန်တော်က ဘုရားသခင်ကို အထင်လွဲခဲ့တယ်။ သမ္မာတရား ရရှိဖို့ ကျွန်တော့်ကို စုံလင်အောင် ပြုလုပ်ပေးမယ့် ဘုရားသခင် ပေးထားတဲ့ ဒီအခွင့်အရေးကို ဘုရားသခင်က ကျွန်တော့်ကို ထုတ်ဖော်ပြီး ဖယ်ရှားရှင်းလင်းချင်တယ်လို့ ကျွန်တော် မြင်ခဲ့တယ်။ ကျွန်တော့်အတွေးတွေက ဘုရားသခင်ကို တကယ် နာကျင်စေခဲ့တာပဲ။ ကျွန်တော် အရင်ဆုံး ကျိုးနွံနာခံဖို့လိုတယ်၊ တာဝန် ခဏခဏ ပြောင်းလဲခံရတဲ့ ဒီဖြစ်ရပ်တွေမှာ ကျွန်တော် ထုတ်ဖော်ခဲ့တဲ့ ဖောက်ပြန်ပျက်စီးမှုကို ပြန်လည်သုံးသပ်ပြီး၊ ဒါကို ဖြေရှင်းဖို့ သမ္မာတရား ရှာဖွေခြင်းအပေါ် အာရုံစိုက်ဖို့ လိုတယ်။

နောက် သုံးလေးရက်မှာ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် ပြန်မေးနေမိတယ်။ “တာဝန် ပြောင်းလဲခံရတာကို ငါ ဘာလို့ မကျိုးနွံမနာခံနိုင်ခဲ့တာလဲ။ ခေါင်းဆောင်ပိုင်းနဲ့ စာနဲ့ပတ်သက်တဲ့တာဝန် ထမ်းဆောင်တဲ့သူတွေက ကယ်တင်ခံရနိုင်ပြီး၊ အထွေထွေကိစ္စ လုပ်တဲ့သူတွေကျတော့ ကယ်တင်မခံရနိုင်ဘူးလို့ ငါ အမြဲ ထင်ခဲ့တာ။ ငါ့ရဲ့ အမြင်က သမ္မာတရားနဲ့ ကိုက်ညီရဲ့လား” ပေါ့။ ကျွန်တော် ရှာဖွေနေတုန်းမှာ ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ်ကို ဖတ်လိုက်ရတယ်။ “ကယ်တင်ခံရခြင်းသည် မည်သည့်အရာကို ဆိုလိုသည်ကို လူများစွာတို့က ရှင်းရှင်းလင်းလင်း မသိကြပေ။ ဘုရားသခင်ကို အချိန်ကြာမြင့်စွာ ယုံကြည်ပါက ၎င်းတို့ ကယ်တင်ခြင်းခံရဖို့ အလားအလာရှိသည်ဟု လူအချို့က ယုံကြည်ကြသည်။ လူအချို့ကမူ ဝိညာဉ်ရေးရာ အယူဝါဒများစွာကို ၎င်းတို့ နားလည်ပါက ၎င်းတို့ ကယ်တင်ခြင်းခံရဖို့ အလားအလာ ရှိသည်ဟု ယုံကြည်ကြသည်၊ သို့မဟုတ် အချို့က ခေါင်းဆောင်များနှင့် အမှုဆောင်များသည် သေချာ‌ပေါက် ကယ်တင်ခြင်းခံရမည်ဟု တွေးထင်ကြသည်။ ဤအရာ အားလုံးသည် လူသား၏ အယူအဆများနှင့် စိတ်ကူးတို့ ဖြစ်ကြသည်။ အဓိကဖြစ်သောအရာမှာ ကယ်တင်ခြင်းသည် အဘယ်အရာကို ဆိုလိုကြောင်း လူများ နားလည်ရမည် ဖြစ်သည်။ ကယ်တင်ခံရခြင်းဟူသည်မှာ အဓိကအားဖြင့် အပြစ်မှ လွတ်မြောက်ခြင်းနှင့် စာတန်၏စွမ်းအားမှ လွတ်မြောက်ခြင်း၊ ပြီးလျှင် ဘုရားသခင်ထံသို့ စစ်မှန်စွာ ပြန်လှည့်ပြီး ဘုရားသခင်ကို ကျိုးနွံနာခံခြင်းတို့ကို ဆိုလိုသည်။ အပြစ်နှင့် စာတန်၏ စွမ်းအားတို့မှ လွတ်မြောက်ဖို့ သင်သည် အဘယ်အရာကို ပိုင်ဆိုင်ရမည်နည်း။ သမ္မာတရား ဖြစ်သည်။ လူများသည် သမ္မာတရားကို ရရှိဖို့ မျှော်လင့်ပါက ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များစွာဖြင့် ပြင်ဆင်ရမည်၊ ၎င်းတို့သည် သမ္မာတရားကို နားလည်နိုင်ပြီး လက်တွေ့ကျမှုကို ဝင်ရောက်နိုင်ဖို့အလို့ငှာ ထိုနှုတ်ကပတ်တော်များကို တွေ့ကြုံပြီး လက်တွေ့လုပ်ဆောင်နိုင်ရမည်။ သို့မှသာလျှင် ၎င်းတို့ ကယ်တင်ခြင်း ခံရနိုင်သည်။ လူတစ်ဦးက ကယ်တင်ခံရနိုင်ခြင်း ရှိမရှိသည် ဘုရားသခင်ကို ၎င်းမည်မျှ ကြာအောင်ယုံကြည်ခဲ့သည်၊ မည်မျှ အသိပညာရှိသည်၊ ၎င်းသည် ဆုကျေးဇူးများ၊ သို့မဟုတ် အားသာချက်များ ပိုင်ဆိုင်ခြင်း ရှိမရှိ၊ သို့မဟုတ် ၎င်း မည်မျှဒုက္ခခံသည်တို့နှင့် မသက်ဆိုင်ပေ။ ကယ်တင်ခြင်းနှင့် တိုက်ရိုက် ဆက်နွှယ်မှုရှိသည့် တစ်ခုတည်းသော အရာမှာ လူတစ်ဦးအနေဖြင့် သမ္မာတရားကို ရနိုင်ခြင်း ရှိမရှိ ဖြစ်ပေသည်။ ထို့ကြောင့် ယခုအခါတွင် သင်သည် သမ္မာတရားမည်မျှကို စစ်မှန်စွာ နားလည်ပြီးဖြစ်သနည်း။ ပြီးလျှင် ဘုရားသခင်၏ နှုတ်ကပတ်တော် မည်မျှက သင်၏အသက် ဖြစ်လာပြီး ဖြစ်သနည်း။ ဘုရားသခင်၏ တောင်းဆိုချက်များ အားလုံးထဲမှ သင်သည် မည်သည့်အရာကို ဝင်ရောက်မှု ရရှိပြီးဖြစ်သနည်း။ ဘုရားသခင်ကို သင် ယုံကြည်သည့် နှစ်များအတောအတွင်းတွင် ဘုရားနှုတ်ကပတ်တော်၏ လက်တွေ့ကျမှုထဲသို့ သင် မည်မျှ ဝင်ရောက်ပြီးပြီနည်း။ သင်မသိပါက၊ သို့မဟုတ် ဘုရားနှုတ်ကပတ်တော်များ၏ လက်တွေ့ကျမှု တစ်ခုတလေထဲ ဝင်ရောက်ခြင်းကို သင် စွမ်းဆောင် ရရှိပြီးခြင်း မရှိသေးပါက ရှင်းရှင်းပြောရလျှင် သင်သည် ကယ်တင်ခြင်း မျှော်လင့်ချက် မရှိပေ။ သင်သည် ကယ်တင်ခြင်းခံရဖို့ မဖြစ်နိုင်ပေ။ သင်သည် မြင့်မားသော အသိပညာအတိုင်းအတာကို ပိုင်ဆိုင်သည်ဖြစ်စေ၊ သို့မဟုတ် ဘုရားသခင်ကို အချိန်ကြာမြင့်စွာ ယုံကြည်ပြီးဖြစ်စေ၊ ကောင်းမွန်သော အသွင်အပြင် ရှိသည်ဖြစ်စေ၊ စကားပြောကောင်းပြီး နှစ်အတော်ကြာအောင် ခေါင်းဆောင်တစ်ဦး၊ သို့မဟုတ် အမှုဆောင်တစ်ဦး လုပ်ဆောင်ခဲ့သည်ဖြစ်စေ အရေးမကြီးပေ။ သမ္မာတရားကို မလိုက်စားဘဲ ဘုရားနှုတ်ကပတ်တော်များကို ကောင်းမွန်စွာ လက်တွေ့လုပ်ဆောင်ခြင်းနှင့် တွေ့ကြုံခြင်း မရှိသည့်အပြင် စစ်မှန်သည့် အတွေ့အကြုံဆိုင်ရာ သက်သေခံချက် သင်၌ မရှိပါက သင့်အတွက် ကယ်တင်ခံရဖို့ မျှော်လင့်ချက် မရှိပေ။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဘုရားနှုတ်ကပတ်တော်ကို တန်ဖိုးထားခြင်းသည် ဘုရားသခင်အပေါ် ယုံကြည်ခြင်းတွင် အခြေခံအုတ်မြစ်ဖြစ်သည်) ဘုရားနှုတ်ကပတ်တော်တွေကို ဆင်ခြင်သုံးသပ်ကြည့်လိုက်တော့၊ လူတစ်ယောက်က ဘယ်တာဝန်ကိုပဲ ထမ်းဆောင်ပါစေ၊ တာဝန်ထမ်းဆောင်နေတဲ့အချိန်မှာ ကျိုးနွံနာခံတဲ့ စိတ်နှလုံးရှိမယ်၊ ကိစ္စတွေ ဖြစ်ပျက်လာတဲ့အခါ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေနဲ့ မှားယွင်းတဲ့ အတွေးတွေကို ဖြေရှင်းဖို့ သမ္မာတရား ရှာဖွေခြင်းအပေါ် အာရုံစိုက်မယ်၊ ပြီးတော့ တာဝန်မှာ သမ္မာတရား စည်းမျဉ်းတွေကို မှီခိုဖို့ ကိုယ့်ဇာတိပကတိကို စွန့်လွှတ်နိုင်မယ်၊ ဘုရားသခင်ကို မပုန်ကန်တော့ဘူး၊ အတိုက်အခံမလုပ်တော့ဘူးဆိုရင် အဲဒီလူက ကယ်တင်ခြင်း ရရှိမှာပဲဆိုတာ ကျွန်တော် နားလည်လိုက်တယ်။ လူတစ်ယောက် ကယ်တင်ခံရနိုင်မလားဆိုတာက သူ အယူဝါဒ ဘယ်လောက် ပြောနိုင်လဲ၊ ဒါမှမဟုတ် ဘယ်တာဝန်ကို ထမ်းဆောင်လဲဆိုတာနဲ့ ဘာမှမဆိုင်ပါဘူး။ အရင်တုန်းကတော့ ခေါင်းဆောင်ဖြစ်တာ၊ စာနဲ့ပတ်သက်တဲ့တာဝန် ထမ်းဆောင်တာဆိုရင် ဘုရားနှုတ်ကပတ်တော်တွေနဲ့ နေ့တိုင်း ထိတွေ့ခွင့်ရမယ်၊ ညီအစ်ကိုမောင်နှမတွေရဲ့ အမျိုးမျိုးသော အခြေအနေတွေနဲ့ ပြဿနာတွေကို ဘယ်လိုဖြေရှင်းရမလဲဆိုတာ ဆင်ခြင်သုံးသပ်ရမယ်၊ ပြီးတော့ အသက် ဝင်ရောက်မှုနဲ့ဆိုင်တဲ့ ခေါင်းစဉ်တွေကို နေ့တိုင်း မိတ်သဟာယဖွဲ့ရမယ်၊ ဒီနည်းနဲ့ ကျွန်တော်က သမ္မာတရား ပိုရရှိမယ်၊ အသက်တာမှာ ပိုမြန်မြန် ကြီးထွားလာပြီး ကယ်တင်ခံရဖို့ မျှော်လင့်ချက် ပိုကြီးမားမယ်လို့ ကျွန်တော် ထင်ခဲ့တာ။ အထွေထွေကိစ္စ တာဝန်ကို ထမ်းဆောင်တာက ကာယအလုပ် သက်သက်ပဲ ဖြစ်ပြီး ဘာ အသက် ဝင်ရောက်မှုမှ မရှိစေဘူး၊ ဒါကိုလုပ်ရင် အဆုံးကျတော့ ကျွန်တော်က အလုပ်လုပ်ပေးသူတစ်ယောက်ပဲ ဖြစ်သွားမယ်လို့ ထင်ခဲ့တာပေါ့။ ဒါကြောင့်ပဲ ကျွန်တော်က အပျက်သဘောဆောင်ပြီး အတိုက်အခံလုပ်တဲ့ အခြေအနေမှာ နေထိုင်ခဲ့မိပြီး၊ ဒီတာဝန်ကို မထမ်းဆောင်ချင်တော့တာ ဖြစ်တယ်။ ကျွန်တော့်အမြင်တွေက မှားယွင်းပြီး ဘုရားနှုတ်ကပတ်တော်တွေနဲ့ မကိုက်ညီခဲ့ပါဘူး။ အသင်းတော်ကနေ နှင်ထုတ်ခံရတဲ့ အန္တိခရစ်တွေကို ပြန်စဉ်းစားကြည့်လိုက်တော့၊ သူတို့ထဲက အများစုက ခေါင်းဆောင်တွေ၊ အမှုဆောင်တွေရဲ့ တာဝန်ကို ထမ်းဆောင်ခဲ့ကြတယ်၊ စကားလုံးတွေနဲ့ အယူဝါဒတွေ အများကြီး ပြောနိုင်ကြသလို၊ သူများတွေနဲ့ မိတ်သဟာယဖွဲ့ရာမှာလဲ တော်ကြတယ်၊ ဒါပေမဲ့ သူတို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ဖြေရှင်းဖို့ သမ္မာတရားကို ဘယ်တော့မှ မရှာဖွေခဲ့ကြဘူးဆိုတာကို ကျွန်တော် မြင်ခဲ့ရတယ်။ ခေါင်းဆောင်တွေ၊ အမှုဆောင်တွေအဖြစ် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ပြီးတာတောင် သူတို့ရဲ့ အသက်စိတ်သဘောထားက ဘယ်တော့မှ မပြောင်းလဲခဲ့ဘူး။ တချို့ဆို အဆင့်အတန်းကို အမြဲတမ်း လိုက်စားပြီး သဘောထားကွဲလွဲသူတွေကို ဖယ်ထုတ်တယ်၊ ညီအစ်ကိုမောင်နှမတွေကို ဖိနှိပ်တယ်၊ အဲဒီလိုလုပ်ရင်းနဲ့ အသင်းတော်ရဲ့ အလုပ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်ကြတယ်။ ဒါကြောင့် သူတို့ နှင်ထုတ်ခံခဲ့ရတယ်။ တချို့ကျတော့ ကိုယ့်ကိုယ်ကိုယ် ချီးမြှောက်ဖို့၊ ကြွားဝါဖို့နဲ့ လူတွေကို အထင်အမြင်မှားစေဖို့ စကားလုံးတွေနဲ့ အယူဝါဒတွေကို ပြောဆိုပြီး လူတွေကို သူတို့ရှေ့မှောက် ရောက်လာအောင် လုပ်ကြတယ်။ သူတို့က သီးခြားနယ်မြေတွေ တည်ထောင်ဖို့ ကြိုးစားကြပြီး နှင်ထုတ်ခံခဲ့ရတယ်။ တချို့ကျတော့ အဖမ်းခံရပြီးတဲ့နောက်၊ ကိုယ်ကျိုးစီးပွားအတွက် ရဲတွေရဲ့ ခြိမ်းခြောက်မှုတွေ၊ သွေးဆောင်မှုတွေကို မလွန်ဆန်နိုင်ဘဲ “ကတိခံဝန်ချက်သုံးမျိုး” ကို လက်မှတ်ထိုးလိုက်ကြတယ်။ ယုဒတွေ ဖြစ်သွားကြတာပေါ့။ ဒါကြောင့် သူတို့ နှင်ထုတ်ခံခဲ့ရတယ်။ ကျွန်တော် စာနဲ့ပတ်သက်တဲ့တာဝန် ထမ်းဆောင်ပြီး ဘုရားနှုတ်ကပတ်တော်တွေကို နေ့တိုင်း ဖတ်ခဲ့တဲ့ နှစ်တွေကို ပြန်သုံးသပ်ကြည့်လိုက်တော့၊ ကျွန်တော့် အယူအဆတွေအရဆိုရင် ကျွန်တော် သမ္မာတရားတချို့ ရရှိပြီး သမ္မာတရား လက်တွေ့ကျမှုတချို့ ပိုင်ဆိုင်ထားသင့်တာပေါ့။ ဒါပေမဲ့ ကျွန်တော် တာဝန် ပြောင်းလဲခံရပြီး အထွေထွေကိစ္စ အလုပ်ကို ယူခိုင်းတဲ့အခါကျတော့ ကျွန်တော် လက်မခံနိုင်၊ မကျိုးနွံမနာခံနိုင်ဘဲ အပျက်သဘောဆောင်ပြီး အတိုက်အခံလုပ်ချင်တဲ့ အခြေအနေမှာ နေထိုင်ခဲ့မိတယ်။ ဒါက ကျွန်တော့်မှာ သမ္မာတရား လက်တွေ့ကျမှု လုံးဝ မရှိဘူးဆိုတာ ပြနေတာပဲ။ ခေါင်းဆောင်ပိုင်းနဲ့ စာနဲ့ပတ်သက်တဲ့တာဝန် ထမ်းဆောင်တဲ့သူတွေက ကယ်တင်ခံရဖို့ မျှော်လင့်ချက် ပိုများတယ်ဆိုတဲ့ ကျွန်တော့်အမြင်တွေက လုံးဝ အခြေအမြစ် မရှိဘူးဆိုတာ မြင်လိုက်ရတယ်။ ဒါကို ပြန်လည်သုံးသပ်ပြီးမှ ကျွန်တော် နားလည်လာတာက လူတစ်ယောက်ဟာ သမ္မာတရားကို မလိုက်စားရင်၊ ဒါမှမဟုတ် တာဝန်ထမ်းဆောင်နေရင်း သူ့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ဖြေရှင်းဖို့ သင်ခန်းစာယူခြင်းအပေါ် အာရုံမစိုက်ရင်၊ ဘယ်တာဝန်ကိုပဲ ထမ်းဆောင်ဆောင် အလုပ်လုပ်ပေးရုံသက်သက် ဖြစ်နေမှာပဲ။ လူတစ်ယောက် ဘယ်တာဝန်ကို ထမ်းဆောင်တယ်ဆိုတာက အရေးမကြီးဘဲ၊ တာဝန်ထမ်းဆောင်နေစဉ်မှာ ကိုယ့်ကိုယ်ကိုယ် ခဏခဏ ပြန်သုံးသပ်နိုင်သလား၊ ပြီးတော့ သူ့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ဖြေရှင်းဖို့ သမ္မာတရားကို တက်တက်ကြွကြွ လိုက်စားပြီး လက်တွေ့လုပ်ဆောင်နိုင်သလားဆိုတာကသာ အရေးကြီးကြောင်း ကျွန်တော် သဘောပေါက်လိုက်တယ်။ အဆုံးမှာ သမ္မာတရား ရရှိမှသာ ဘုရားသခင်ရဲ့ ကယ်တင်ခြင်းကို ရနိုင်မှာပါ။

နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော် နောက်တစ်ပိုဒ်ကို ကျွန်တော် ဖတ်လိုက်ရတယ်။ “လူတို့၏ တာဝန်ခန့်အပ်မှုကို ပြုပြင်ပြီးသည့်အခါတွင် အသင်းတော်က ဆုံးဖြတ်ချက်ချပြီးလျှင် ၎င်းတို့အနေဖြင့် လက်ခံပြီး နာခံသင့်သည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို ပြန်လည်သုံးသပ်ကာ ပြဿနာ၏ အနှစ်သာရကိုလည်းကောင်း၊ မိမိတို့ကိုယ်တိုင်၏ အားနည်းချက်များကိုလည်းကောင်း နားလည်သင့်သည်။ ဤသည်မှာ လူများအတွက် အလွန် အကျိုးရှိပြီး ယင်းမှာ လက်တွေ့လုပ်ဆောင်သင့်သည့် အရာတစ်ခုဖြစ်၏။ ဤကဲ့သို့ အလွန်ရိုးရှင်းသော ကိစ္စမျိုးကို သာမန်လူများသည် များစွာသော အခက်အခဲများမရှိဘဲ၊ မကျော်လွှားနိုင်သော အတားအဆီးများမရှိဘဲ နားလည်သဘောပေါက်နိုင်ပြီး မှန်ကန်စွာ သဘောထားနိုင်သည်။ ၎င်းတို့၏ တာဝန်ခန့်အပ်မှုကို ပြုပြင်ခြင်းများ ပြုသည့်အခါ အနည်းဆုံးအနေဖြင့် လူတို့သည် ကျိုးနွံနာခံသင့်သည်၊ မိမိတို့ကိုယ်ကို ပြန်လည်ဆင်ခြင်ကြည့်ခြင်းမှ အကျိုးဖြစ်ထွန်းသည့်အပြင် ၎င်းတို့တာဝန်ကို ထမ်းဆောင်မှုသည် စံနှုန်းပြည့်မီခြင်းရှိမရှိကို တိကျမှန်ကန်သော အကဲဖြတ်မှုတစ်ခု ရအပ်သည်။ သို့သော် အန္တိခရစ်တစ်ယောက်အတွက် ဤသို့မဟုတ်ပေ။ ၎င်းတို့ ထင်ရှားပြသည့်အရာသည် သာမန်လူနှင့် ကွာခြားသည်။ ဤကွာခြားချက်က မည်သည့်နေရာတွင် ရှိသနည်း။ ၎င်းတို့သည် ကျိုးနွံနာခံခြင်း မရှိပေ။ ၎င်းတို့သည် မိမိတို့အပိုင်းကို ကြိုတင်စီမံ၍ တက်ကြွစွာ လုပ်ဆောင်ခြင်းမရှိသည့်အပြင် သမ္မာတရားကို အနည်းငယ်မျှပင် မရှာဖွေကြပေ။ ယင်းအစား ၎င်းတို့သည် ညှိနှိုင်းပြင်ဆင်ပေးခြင်းကို မလိုလားမှု ခံစားရသည်။ ပြီးလျှင် ဤအရာကို ခုခံသည်။ စိစစ်လေ့လာသည်။ ချင့်ချိန်စဉ်းစားသည်။ ဦးနှောက်ခြောက်ခံ၍ မှန်းဆသည်။ ‘ဤတာဝန်ကို အဘယ်ကြောင့် ငါလုပ်ဆောင်ခွင့်မရှိသနည်း။ ငါသည် အဘယ်ကြောင့် အရေးမကြီးသောတာဝန်တစ်ခုသို့ တာဝန်ပြောင်းခြင်း ခံရသနည်း။ ဤသည်မှာ ငါ့အား ထုတ်ဖော်၍ ဖယ်ရှားရှင်းလင်းရန် နည်းလမ်းဖြစ်သလော။’ ဟူ၍ ဖြစ်သည်။ ၎င်းတို့သည် မည်သည့်အရာဖြစ်ပျက်ခဲ့သည်ကို ၎င်းတို့စိတ်ထဲတွင် ပြန်ပြောင်းတွေးတောကြပြီး အဆုံးမရှိစွာ လေ့လာစိစစ်ကာ တွေးဆကြသည်။ မည်သည့်အရာမျှ မဖြစ်သည့်အခါ ၎င်းတို့သည် လုံးဝ အဆင်ပြေသည်။ သို့သော် တစ်စုံတစ်ခု ဖြစ်ပျက်သည့်အခါ မုန်တိုင်းကျသောရေပြင်ကဲ့သို့ ၎င်းတို့၏စိတ်နှလုံးတွင် အပြင်းအထန် စတင်လှုပ်ရှားလာသည်။ ၎င်းတို့၏ ခေါင်းထဲတွင် မေးခွန်းများနှင့် ပြည့်နေသည်။ ပြဿနာများကို တွေးဆရာတွင် ၎င်းတို့သည် အခြားသူများထက်သာသည်ဟု အပြင်ပန်းတွင် ထင်ရနိုင်သော်လည်း အမှန်တကယ်တွင် အန္တိခရစ်များသည် သာမန်လူတို့ထက် ပို၍ ကောက်ကျစ်ဆိုးယုတ်ခြင်းသာ ဖြစ်သည်။ ဤကောက်ကျစ်ဆိုးယုတ်မှုသည် မည်သို့ ထင်ရှားပြသသနည်း။ ၎င်းတို့၏ စဉ်းစားမှုများသည် အစွန်းရောက်သည်၊ ရှုပ်ထွေးပြီး လျှို့ဝှက်သည်။ သာမန်လူတစ်ယောက်၊ ဆင်ခြင်တုံတရားနှင့် အသိစိတ်ရှိသူတစ်ယောက်တွင် မဖြစ်ပေါ်သော အရာများသည် အန္တိခရစ်တစ်ယောက်အတွက် သာမန်သာဖြစ်သည်။ ၎င်းတို့၏တာဝန်ခန့်အပ်မှုအတွက် ရိုးရှင်းသော ပြုပြင်ခြင်းတစ်ခုကို ပြုပြီးသည့်အခါ၊ လူတို့သည် နာခံသည့် သဘောထားဖြင့် ဖြေကြားသင့်သည်။ ဘုရားသခင်၏ အိမ်တော်က ၎င်းတို့ကို ပြောသည့်အတိုင်း လုပ်ဆောင်သင့်သည်။ ၎င်းတို့တတ်နိုင်သည့်အရာကို လုပ်ဆောင်ကာ၊ မည်သည့်အရာကို လုပ်ပါစေ၊ ၎င်းတို့ တတ်စွမ်းသမျှ၊ စိတ်နှလုံးနှင့် ခွန်အားရှိသမျှဖြင့် လုပ်ဆောင်လော့။ ဘုရားသခင် ပြုပြီးသည့်အရာသည် အမှားမရှိပါ။ ဤသို့သော ရိုးရှင်းသည့် သမ္မာတရားကို လူများက အသိတရားနှင့် ဆင်ခြင်တုံတရား အနည်းငယ်ဖြင့် လက်တွေ့လုပ်ဆောင်နိုင်သည်။ သို့သော် ယင်းသည် အန္တိခရစ်များ၏ အရည်အချင်းများထက် ကျော်လွန်သည်။...အန္တိခရစ်များသည် ဘုရားအိမ်တော်၏ အစီအစဉ်များကို မည်သည့်အခါမျှ မနာခံကြပေ။ ၎င်းတို့သည် ၎င်းတို့၏ တာဝန်၊ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် ဂုဏ်အဆင့်အတန်းတို့ကို ၎င်းတို့၏ ကောင်းချီးရရှိရန် မျှော်လင့်ချက်နှင့် အနာဂတ် ပန်းတိုင်တို့ဖြင့် နီးကပ်စွာ ချိတ်ဆက်ထားကြသည်။ ၎င်းတို့၏ ဂုဏ်သတင်းနှင့် အဆင့်အတန်း ဆုံးရှုံးသွားသည်နှင့် ကောင်းချီးများ၊ ဆုလာဘ်များရရှိရန် မျှော်လင့်ချက်မရှိတော့သကဲ့သို့ပင်ဖြစ်သည်။ ဤအရာများက ၎င်းတို့၏ အသက်ကို ဆုံးရှုံးရသကဲ့သို့ ခံစားရသည်။ ၎င်းတို့က ‘ငါသည် ဂရုစိုက်ရမည်။ ပေါ့ဆ၍ မရပေ။ ဘုရားအိမ်တော်၊ ညီအစ်ကိုမောင်နှမများ၊ ခေါင်းဆောင်များ၊ အမှုဆောင်များနှင့် ဘုရားသခင်ကိုပင် အားကိုး၍မရပေ။ ၎င်းတို့ထဲမှ မည်သူ့ကိုမျှ ငါ ယုံကြည်၍မရပေ။ သင် အားအကိုးနိုင်ဆုံးသောသူနှင့် ယုံကြည်ရန် အထိုက်တန်ဆုံးသောသူမှာ သင်ကိုယ်တိုင်ဖြစ်သည်။ သင်သည် သင့်ကိုယ်သင်အတွက် အစီအစဉ်များ မပြုလုပ်နေလျှင် သင့်အား မည်သူက ဂရုစိုက်မည်နည်း။ သင်၏ အနာဂတ်ကို မည်သူက ထည့်စဉ်းစားမည်နည်း။ ကောင်းချီးများအား သင်လက်ခံရရှိခြင်းရှိမည်၊ မရှိမည်ကို မည်သူက ထည့်စဉ်းစားမည်နည်း။ ထို့ကြောင့် ငါသည် ငါ၏အကျိုးအတွက် အစီအစဉ်များနှင့် တွက်ချက်မှုများကို သေချာလုပ်ဆောင်ရမည်။ အမှားများပြုလုပ်၍မရ၊ သို့မဟုတ် အနည်းငယ်မျှပင် ပေါ့ဆ၍ မရပေ။ မဟုတ်လျှင် တစ်စုံတစ်ယောက်က ငါ့အပေါ် အခွင့်အရေးယူဖို့ ကြိုးစားလျှင် မည်သည့်အရာကို ငါလုပ်ဆောင်ရမည်နည်း’ ဟု တွေးကြသည်။ ထို့ကြောင့် ၎င်းတို့သည် တစ်စုံတစ်ယောက်က ၎င်းတို့အား ပိုင်းခြားသိမြင်မည်၊ သို့မဟုတ် ရိပ်စားမိမည်ကိုလည်းကောင်း၊ ဤသို့ဖြင့် ၎င်းတို့သည် ထုတ်ပယ်ခံရပြီး ၎င်းတို့၏ ကောင်းချီးရရှိဖို့အိပ်မက်က ပျက်စီးသွားမည်ကိုလည်းကောင်း ကြောက်ရွံ့လျက် ဘုရားအိမ်တော်၏ ခေါင်းဆောင်များနှင့် အမှုဆောင်များကို သတိထားကာကွယ်ကြသည်။ ၎င်းတို့သည် ကောင်းချီးများ ရရှိရန် မျှော်လင့်ချက်ကို ထားရှိဖို့အလို့ငှာ မိမိတို့၏ ဂုဏ်သတင်းနှင့် အဆင့်အတန်းကို ထိန်းသိမ်းရမည်ဟု ထင်ကြသည်။ ကောင်းချီးခံစားရခြင်းသည် ကောင်းကင်ဘုံထက်ကြီးမြတ်သည်၊ အသက်ထက် ပိုကြီးမြတ်သည်၊ သမ္မာတရားကို လိုက်စားခြင်း၊ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်း၊ သို့မဟုတ် တစ်ကိုယ်ရေ ကယ်တင်ခြင်းထက်ပို၍ အရေးကြီးသည်၊ မိမိတာဝန်ကို ကောင်းစွာလုပ်ဆောင်ခြင်း၊ စံနှုန်းနှင့် ကိုက်ညီသော ဖန်ဆင်းခံတစ်ယောက်ဖြစ်ခြင်းထက် ပို၍အရေးကြီးသည်ဟု အန္တိခရစ်တစ်ယောက်က မြင်သည်။ ၎င်းတို့သည် စံနှုန်းနှင့် ကိုက်ညီသော ဖန်ဆင်းခံတစ်ယောက်ဖြစ်ခြင်း၊ မိမိတို့တာဝန်ကို ကောင်းစွာထမ်းဆောင်ပြီး ကယ်တင်ခံရခြင်းသည် ပြောဆိုဖို့ပင် သို့မဟုတ် မှတ်ချက်ပေးဖို့ပင် ထိုက်တန်မှုသိပ်မရှိသည့် သေးနုပ်သောအရာများဖြစ်သည်ဟု ထင်မြင်သော်လည်း၊ ကောင်းချီးရရှိခြင်းကမူ ၎င်းတို့၏ တစ်ဘဝလုံးတွင် မည်သည့်အခါမျှ မေ့၍မရနိုင်သော တစ်ခုတည်းသောအရာဖြစ်သည်။ မည်သည့်အရာကို ၎င်းတို့ ကြုံတွေ့ရသည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေ၊ သေးငယ်သည်ဖြစ်စေ ၎င်းတို့သည် ယင်းကို ကောင်းချီးခံစားရခြင်းနှင့် ဆက်စပ်ပြီး အလွန်အမင်း သတိထားပြီး အာရုံစိုက်ကြသည်။ ပြီးလျှင် အစဉ်သဖြင့် မိမိတို့ကိုယ်တိုင်အတွက် ထွက်ပေါက်တစ်ခု ထားထားကြသည်။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၁၂- အဆင့်အတန်းနှင့် သို့မဟုတ် ကောင်းချီးများရရှိရန် မျှော်လင့်ချက်မရှိသောအခါ ၎င်းတို့က နောက်ဆုတ်ချင်ကြသည်) အန္တိခရစ်တွေမှာ ပုံမှန် ဆင်ခြင်တုံတရား လုံးဝ မရှိဘူးလို့ ဘုရားသခင်က ဖော်ထုတ်ထားပါတယ်။ ဘုရားသခင်ကို ယုံကြည်ပြီး တာဝန်ထမ်းဆောင်တဲ့ သူတို့ရဲ့ တစ်ခုတည်းသော ရည်ရွယ်ချက်က ကောင်းချီးရဖို့ပါပဲ။ အသင်းတော်က ဘယ်တာဝန်ကိုပဲ စီစဉ်ပါစေ၊ အန္တိခရစ်တွေ ပထမဆုံး စဉ်းစားတာက ဘယ်လို နာခံပြီးလက်ခံရမလဲ၊ ဒါမှမဟုတ် သူတို့တာဝန်မှာ ဘယ်လို အကောင်းဆုံးလုပ်ရမလဲဆိုတာ မဟုတ်ဘဲ၊ လက်ရှိတာဝန်က သူတို့ရဲ့ အနာဂတ်နဲ့ ပန်းတိုင်ကို ထိခိုက်မလား ဆိုတာပါပဲ။ သူတို့တာဝန် ပြောင်းလဲခံရရင် ကောင်းချီးရလိုတဲ့ သူတို့ဆန္ဒတွေ ပျက်စီးသွားမှာ စိုးရိမ်ပြီး ဂရုတစိုက် တွက်ချက်ကြတယ်။ တကယ်လို့ တစ်စုံတစ်ခုက သူတို့ရဲ့ အနာဂတ် ကောင်းချီးတွေအတွက် အကျိုးမရှိဘူးဆိုရင် သူတို့က ရွံရှာမယ်၊ အတိုက်အခံလုပ်မယ်၊ သံသယဝင်ပြီး ဒါကို ဆန်းစစ်ဖို့ ကြိုးစားကြလိမ့်မယ်။ သူတို့ရဲ့ သဘာဝက တကယ်ကို ဆိုးညစ်တာပါ။ ဘုရားနှုတ်ကပတ်တော်ရဲ့ ဖော်ထုတ်မှုကို ကြည့်ရင်၊ ကျွန်တော် ထုတ်ဖော်နေတဲ့ စိတ်သဘောထားက အန္တိခရစ်တစ်ယောက်ရဲ့ စိတ်သဘောထားနဲ့ အတူတူပဲဆိုတာ ကျွန်တော် မြင်လိုက်ရတယ်။ အလုပ်ရဲ့ လိုအပ်ချက်နဲ့ ကျွန်တော့်ရဲ့ အားသာချက်တွေအရ ကွန်ရက် နည်းပညာ သင်ယူဖို့ ခေါင်းဆောင်တွေက စီစဉ်ပေးခဲ့တာလေ။ ဒါက အသင်းတော်အလုပ်ကို ကာကွယ်ဖို့ ရည်ရွယ်ချက်နဲ့ပါ။ ပုံမှန် လူ့သဘာဝရှိတဲ့ လူတွေဆိုရင် ဘုရားသခင်ရဲ့ ရည်ရွယ်ချက်တွေကို စဉ်းစားပြီး ဒီအစီအစဉ်ကို ကျိုးနွံနာခံပြီး လက်ခံကြမှာပါ။ ဒါပေမဲ့ ကျွန်တော်ကတော့ ကွန်ရက် နည်းပညာ တာဝန်ဆိုတာ အထွေထွေကိစ္စ အလုပ်ရဲ့ အစိတ်အပိုင်းတစ်ခုပဲ၊ ကျွန်တော် ရနိုင်မယ့် သမ္မာတရားက နည်းမယ်၊ ပြီးတော့ ကျွန်တော် ကယ်တင်ခံရဖို့ အခွင့်အလမ်းကလဲ နည်းလိမ့်မယ်လို့ ထင်ခဲ့တာ။ ဒါကြောင့် ကျွန်တော် အတိုက်အခံလုပ်ပြီး စိတ်ထဲမှာ ခေါင်းဆောင်တွေအပေါ် မကျေနပ်ချက်တွေ ထားခဲ့တယ်။ နောက်ပိုင်းမှာ ဒီတာဝန်ကို ထမ်းဆောင်ဖို့ စိတ်မပါဘဲ သဘောတူခဲ့ပေမဲ့၊ ကျွန်တော် ဝီရိယရှိရှိ မလေ့လာနေသေးဘူး။ ကျွန်တော်က ဒီတာဝန်နဲ့ မသင့်တော်ဘူးလို့ ခေါင်းဆောင်တွေ အထင်မှားအောင် လုပ်ဖို့ မျှော်လင့်ပြီး၊ ကျွန်တော် တတ်မြောက်ထားတဲ့ ကျွမ်းကျင်မှုတွေကို လျှော့ပြီး တင်ပြတာမျိုးတောင် လုပ်ခဲ့ပြီး လှည့်ဖြားတတ်ခဲ့တယ်။ နောက်ပိုင်းမှာ ခေါင်းဆောင်က ကျွန်တော့်ကို ပြုပြင်ရေး နည်းပညာတွေ သင်ခိုင်းတယ်။ ဒါက ညီအစ်ကိုမောင်နှမတွေ သူတို့ရဲ့ ဝတ်ပြုခြင်းတွေနဲ့ တာဝန်တွေအတွက် အီလက်ထရွန်နစ်ပစ္စည်းတွေကို ပုံမှန် အသုံးပြုနိုင်စေဖို့ သေချာအောင်လို့ပါ။ ဒါပေမဲ့ ပြုပြင်ရေးတာဝန် ထမ်းဆောင်တာက သမ္မာတရား လိုက်စားဖို့၊ ရရှိဖို့ ကျွန်တော့်ကို အထောက်အကူပြုမှာ မဟုတ်ဘူး၊ ဒါက ကာယအလုပ် သက်သက်ပဲလို့ ကျွန်တော် ထင်ခဲ့တာမို့ လက်မခံချင်ခဲ့ဘူး။ ခေါင်းဆောင်တွေက စည်းမျဉ်းတွေအရ ကျွန်တော့်တာဝန်တွေကို ပြောင်းလဲပေးခဲ့တာပါ။ တာဝန် ပြောင်းလဲခံရခြင်းအားဖြင့်၊ ဒါက ကျွန်တော့်ယုံကြည်ခြင်းမှာရှိတဲ့ အညစ်အကြေးတွေနဲ့ တာဝန်တွေအပေါ်ထားတဲ့ ကျွန်တော့်ရဲ့ မှားယွင်းတဲ့ အမြင်တွေကိုလည်း ထုတ်ဖော်ပေးခဲ့ပြီး၊ ဒီ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို ဖြေရှင်းဖို့ သမ္မာတရားကို ရှာဖွေခွင့် ပေးခဲ့တာပါ။ ဒါက ကျွန်တော့် အသက် ဝင်ရောက်မှုအတွက် အကျိုးရှိပေမဲ့၊ ကျွန်တော်က အထင်လွဲပြီး ညည်းညူခဲ့တယ်။ ဒီ အထွေထွေကိစ္စ တာဝန်တွေကို သုံးပြီး ဘုရားသခင်က ကျွန်တော့်ကို ထုတ်ဖော်ပြီး ဖယ်ရှားရှင်းလင်းနေတယ်လို့ သံသယဝင်ခဲ့တယ်။ ဘုရားသခင်အပေါ် သံသယတွေ၊ သတိထားစောင့်ကြည့်မှုတွေနဲ့ ပြည့်နေခဲ့တယ်။ ကျွန်တော် တော်တော် ဆိုးညစ်ခဲ့တာပဲ။ ဘုရားသခင်ရဲ့ ထုတ်ဖော်ချက်ကတစ်ဆင့်၊ ကျွန်တော် ပေးဆပ်ခဲ့၊ အသုံးခံခဲ့တဲ့ နှစ်တွေကို ပြန်သုံးသပ်ကြည့်လိုက်တော့၊ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်တွေကို စဉ်းစားဖို့နဲ့ ဖန်ဆင်းခံတစ်ယောက်ရဲ့ တာဝန်ကို ဖြည့်ဆည်းဖို့အတွက် ကျွန်တော် လုပ်ခဲ့တာ မဟုတ်ဘဲ၊ ကျွန်တော့်ရဲ့ တာဝန်ထမ်းဆောင်မှုကို ဘုရားသခင်ဆီက ပန်းတိုင်ကောင်းတစ်ခုနဲ့ လဲလှယ်ဖို့အတွက် လုပ်ခဲ့တာဆိုတာ မြင်လိုက်ရတယ်။ ကျွန်တော့်တာဝန်တွေ ပြောင်းလဲခံရပြီးတဲ့နောက်၊ ကောင်းချီးရဖို့ မျှော်လင့်ချက် ပျက်စီးသွားပြီလို့ ကျွန်တော် ထင်ခဲ့တာ။ ဒါကြောင့် တာဝန်တွေကို ဝတ်ကျေတမ်းကျေ စလုပ်လာခဲ့တယ်။ ကျွန်တော့်မှာ လူ့သဘာဝ တကယ် မရှိဘူးဆိုတာနဲ့ ကျွန်တော်က လုံးဝ တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ်ကောင်းတယ်ဆိုတာ မြင်လိုက်ရတယ်။

နောက်ပိုင်းမှာ နောက်ထပ်ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်တော် ဖတ်တယ်။ “ဘုရားသခင် ညွှန်ကြားခဲ့သကဲ့သို့ နောဧလုပ်ဆောင်ခဲ့ချိန်တွင်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များက မည်သည့်အရာဖြစ်သည်ကို သူ မသိခဲ့ပေ။ ဘုရားသခင်က မည်သည့်အရာ ပြီးမြောက်လိုခဲ့သည်ကို သူမသိခဲ့ပေ။ ဘုရားသခင်သည် သူ့ကို အမိန့်တစ်ခုသာပေးခဲ့ပြီး တစ်စုံတစ်ရာကို လုပ်ဆောင်ဖို့ ညွှန်ကြားခဲ့ကာ၊ ရှင်းပြချက် သိပ်မရှိဘဲ နောဧသည် ရှေ့ဆက်ပြီး လုပ်ဆောင်ခဲ့သည်။ သူသည် ဘုရားသခင်၏လိုအင်ဆန္ဒများကို နားလည်ဖို့ တိတ်တဆိတ် မကြိုးစားခဲ့သကဲ့သို့၊ ဘုရားသခင်ကို မခုခံခဲ့ပေ သို့မဟုတ် သစ္စာမရှိခြင်းကို မပြသခဲ့ပေ။ သူသည် ဖြူစင်ပြီး ရိုးရှင်းသည့် စိတ်နှလုံးနှင့် လျော်ညီစွာ သွားရောက်၊ လုပ်ဆောင်ခဲ့ခြင်းသာ ဖြစ်သည်။ ဘုရားသခင်က သူ့ကို မည်သည့်အရာ လုပ်ဆောင်စေခဲ့သည်ဖြစ်စေ သူ လုပ်ဆောင်ခဲ့ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ကျိုးနွံနာခံခြင်းနှင့် နားထောင်ခြင်းတို့သည် သူ့လုပ်ရပ်များကို ကျောထောက်နောက်ခံပြုပေးသည့် ယုံကြည်လက်ခံမှုဖြစ်လေသည်။ ယင်းမှာ ဘုရားသခင် ပေးအပ်သည့်အရာနှင့် ပတ်သက်၍ ရိုးရိုးတန်းတန်းနှင့် ရိုးရှင်းစွာ သူကိုင်တွယ်ခဲ့သည့်ပုံ ဖြစ်သည်။ သူ၏ အနှစ်သာရ၊ သူ၏အပြုအမူများ၏ အနှစ်သာရသည် ကျိုးနွံနာခံခြင်းဖြစ်ပြီး၊ သံသယဝင်ခြင်းမဟုတ်၊ ခုခံခြင်း မဟုတ်သည့်အပြင်၊ မိမိ၏ ပုဂ္ဂိုလ်ရေး အကျိုးအမြတ်များ သို့မဟုတ် သူ၏ အမြတ်အစွန်းများ နှင့် ဆုံးရှုံးမှုများကို တွေးခြင်း မဟုတ်ပေ။ ထို့အပြင် ဘုရားသခင်သည် ကမ္ဘာလောကကို ရေလွှမ်းမိုးခြင်းဖြင့် ဖျက်ဆီးမည်ဟုပြောသည့်အချိန်တွင်၊ မည်သည့် အချိန်တွင် ဖြစ်မည် သို့မဟုတ် မည်သည့်အရာများ ဖြစ်လာမည် ဆိုသည်ကို နောဧ မမေးခဲ့သကဲ့သို့၊ ကမ္ဘာလောကကို ဘုရားသခင်က မည်သို့ ဖျက်ဆီးမည် ဆိုသည်ကို ဘုရားသခင်အား သူ သေချာပေါက် မမေးခဲ့ပေ။ ဘုရားသခင် ညွှန်ကြားခဲ့သည့်အတိုင်းသာ သူလုပ်ဆောင်ခဲ့သည်။ ဘုရားသခင်က ထိုအရာကို မည်သို့မည်ပုံ လုပ်စေလိုသည်ဖြစ်စေ၊ မည်သည့်အရာနှင့် လုပ်စေလိုသည်ဖြစ်စေ၊ ဘုရားသခင် စေခိုင်းခဲ့သည့် အတိုင်း အတိအကျ သူလုပ်ခဲ့ပြီး ဘုရားသခင် မိန့်မှာပြီးသည်နှင့် ချက်ချင်း စတင် လုပ်ဆောင်ခဲ့သည်။ ဘုရားသခင်ကို ကျေနပ်စေလိုသည့် သဘောထားတစ်ခုဖြင့် သူသည် ဘုရားသခင်၏ ညွှန်ကြားချက်များအတိုင်း ပြုမူခဲ့သည်။ ကပ်ဘေးမှ မိမိကိုယ်ကိုယ် ရှောင်လွှဲစေဖို့ ထိုအရာကို သူလုပ်ခဲ့ခြင်း ဖြစ်သလော။ မဟုတ်ပေ။ ကမ္ဘာကြီး ဖျက်ဆီးခြင်းမခံရမီတွင် မည်မျှကြာမည်ဆိုသည်ကို ဘုရားသခင်အား သူမေးခဲ့သလော။ မမေးခဲ့ပေ။ သင်္ဘောကို တည်ဆောက်ဖို့ အချိန်မည်မျှ ကြာမည်ဆိုသည်ကို ဘုရားသခင်အား သူမေးခဲ့သလော သို့မဟုတ် သူ သိခဲ့သလော။ ယင်းကိုလည်း သူမသိခဲ့ပေ။ သူသည် ရိုးရိုးရှင်းရှင်း ကျိုးနွံနာခံခဲ့သည်၊ နားထောင်ခဲ့ပြီး လျော်ညီစွာ ဆောင်ရွက်ခဲ့ခြင်းသာဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်နေသဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၁)) ဘုရားနှုတ်ကပတ်တော်တွေကနေ၊ တာဝန်အပေါ်ထားတဲ့ နောဧရဲ့ သဘောထားက ဘုရားသခင်ရဲ့ အသိအမှတ်ပြုခြင်းကို ရရှိခဲ့ကြောင်း နားလည်လိုက်တယ်။ ဒါက ကျွန်တော် အတုယူပြီး ဝင်ရောက်ဖို့ လိုအပ်တဲ့အရာပါပဲ။ ဘုရားသခင်က နောဧကို သင်္ဘောဆောက်ဖို့ ညွှန်ကြားတဲ့အခါ၊ နောဧက ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို နားမလည်ခဲ့ပေမဲ့ ဘုရားသခင်ရဲ့ တာဝန်ပေးစေခိုင်းချက်ကို အတိုက်အခံမလုပ်ခဲ့သလို ဘုရားသခင်ရဲ့ ဆန္ဒတွေကိုလဲ မှန်းဆတာမျိုး မလုပ်ခဲ့ဘူး။ သူက ရိုးရိုးပဲ နားထောင်တယ်၊ နာခံတယ်၊ ပြီးတော့ ဘုရားသခင် ခိုင်းတာမှန်သမျှ လုပ်ခဲ့တယ်။ ကျွန်တော်လည်း ကောင်းချီးတွေကို မရှာဖွေဘဲ နောဧရဲ့ နမူနာနောက်ကို လိုက်ပြီး တာဝန်ကို အစွမ်းကုန်ထမ်းဆောင်ရမယ်။ ဘုရားသခင်အပေါ် အမှန်တကယ် ကျိုးနွံနာခံဖို့ကိုပဲ ကြိုးပမ်းရမယ်။ ပြီးတော့ တာဝန်မှာ သင်ခန်းစာယူဖို့ကိုလဲ အာရုံစိုက်ရမယ်။ ကျွန်တော် ဘယ်တာဝန်ကိုပဲ ထမ်းဆောင်ပါစေ၊ ဖောက်ပြန်ပျက်စီးမှုကို ထုတ်ဖော်နေဦးမှာပဲ။ ဘုရားသခင် စီစဉ်ပေးတဲ့ အခြေအနေတွေထဲမှာ ကိုယ့်ကိုယ်ကိုယ် ပြန်လည်သုံးသပ်ဖို့နဲ့ ဒါတွေကို ဖြေရှင်းဖို့ သမ္မာတရား ရှာဖွေနိုင်အောင် ကျွန်တော့်အတွေးတွေ၊ စိတ်ကူးတွေကို ဖမ်းဆုပ်ခြင်းအပေါ် အာရုံစိုက်ရမယ်။ ဒီကနေ တစ်ဆင့် ကျွန်တော် တစ်ခုခု ရနိုင်တယ်။ ဘုရားသခင်က သူ့နောက်လိုက်တဲ့ လူတိုင်းအပေါ် ဖြောင့်မတ်ပါတယ်။ ခေါင်းဆောင်ဖြစ်တာ၊ စာနဲ့ပတ်သက်တဲ့တာဝန် ထမ်းဆောင်တာက ကယ်တင်ခြင်းကို အာမခံတယ်၊ ဒါမှမဟုတ် အထွေထွေကိစ္စ တာဝန် ထမ်းဆောင်တာက ဘုရားသခင်ရဲ့ အသိအမှတ်ပြုခြင်းကို မရနိုင်ဘူးလို့ ဘုရားသခင် ဘယ်တုန်းကမှ မပြောခဲ့ပါဘူး။ လူတစ်ယောက် ဘယ်လိုတာဝန်မျိုးပဲ ထမ်းဆောင်ပါစေ၊ အဓိကသော့ချက်က သမ္မာတရားကို ရှာဖွေပြီး သင်ခန်းစာယူနိုင်မလား ဆိုတာပါပဲ။ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဗီဒီယိုတွေထဲကလိုပဲ၊ တချို့ ညီအစ်ကိုမောင်နှမတွေက ဧည့်ခံဝတ်ပြုတဲ့တာဝန်တွေ ထမ်းဆောင်ကြတယ်၊ တချို့ကျတော့ အီလက်ထရွန်နစ်ပစ္စည်း ပြုပြင်တာတွေကို လုပ်ကြတယ်၊ စသဖြင့်ပေါ့။ ဒါတွေအားလုံးက အထွေထွေကိစ္စ အလုပ်တွေပါပဲ။ ဒါပေမဲ့ ဒီလူတွေက သူတို့တာဝန်ထမ်းဆောင်တဲ့တစ်လျှောက်မှာ သူတို့ရဲ့ ဖောက်ပြန်ပျက်စီးမှုကို ဖြေရှင်းဖို့ သမ္မာတရား ရှာဖွေခြင်းအပေါ် အာရုံစိုက်နိုင်ခဲ့ကြတယ်။ ဒါကြောင့် သူတို့ရဲ့ အသက်စိတ်သဘောထားက ပြောင်းလဲနိုင်ခဲ့တာပါ။ ဘုရားသခင်က လူတွေရဲ့ အဆုံးသတ်နဲ့ ပန်းတိုင်တွေကို သတ်မှတ်တဲ့ စည်းမျဉ်းတွေကို ကျွန်တော် နားမလည်ခဲ့ဘူး။ ပြီးတော့ ကျွန်တော့် အသက် ဝင်ရောက်မှုအတွက် အကျိုးရှိမယ်လို့ ကျွန်တော် ယုံကြည်တဲ့ တာဝန်တွေကိုပဲ အမြဲ လုပ်ချင်ခဲ့တယ်။ ဒါပေမဲ့ တာဝန်ထမ်းဆောင်တဲ့တစ်လျှောက်မှာ ကိုယ့်ကိုယ်ကိုယ် ပြန်လည်သုံးသပ်ဖို့၊ ဒါမှမဟုတ် ကျွန်တော့် အသက်စိတ်သဘောထား ပြောင်းလဲဖို့ မရှာဖွေခဲ့ဘူး။ ဒါဆို ကျွန်တော် စာနဲ့ပတ်သက်တဲ့တာဝန်ကို ဆက်ထမ်းဆောင်ရင်တောင် ဘာထူးမှာလဲ။ ဒါက ကျွန်တော် သမ္မာတရား ရရှိမယ်လို့ ဆိုလိုတာလား။ ဒါက ကျွန်တော့် စိတ်သဘောထား ပြောင်းလဲမှုကို ပြတာလား။ ကျွန်တော်သာ သမ္မာတရားကို မလိုက်စားရင်၊ အဆုံးကျတော့ ဖယ်ရှားရှင်းလင်းခံရမှာပဲလေ။ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို နားလည်လိုက်တော့၊ ကျွန်တော် ဆက်ပြီး အာရုံစိုက်ရမှာက လက်ရှိတာဝန်ကို ကောင်းကောင်း ထမ်းဆောင်ဖို့ပါပဲ။ အဆုံးမှာ ဘုရားသခင်ရဲ့ ကယ်တင်ခြင်းကို ရမလား၊ မရဘူးလား ဆိုတာက ကျွန်တော် စဉ်းစားရမယ့်ကိစ္စ မဟုတ်ပါဘူး။

ဒီနောက်ပိုင်းမှာ ကျွန်တော် တာဝန်အပေါ် စိတ်ပါလက်ပါ စလုပ်လာတယ်။ တာဝန်ထမ်းဆောင်နေရင်း ကျွန်တော့်ရဲ့ အတွေးတွေ၊ စိတ်ကူးတွေနဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ပြန်သုံးသပ်ဖို့ အာရုံစိုက်ခဲ့တယ်။ ပြုပြင်ရေးပညာ သင်တယ်ဆိုတာက ဆားကစ်ပုံတွေကို ကြည့်ပြီး အစိတ်အပိုင်းအမျိုးမျိုး ဘယ်လိုအလုပ်လုပ်လဲဆိုတာ နားလည်အောင် လုပ်ရတာလေ။ အစပိုင်းမှာတော့ ကျွန်တော် စိတ်ရှုပ်သွားပြီး “ဒီပစ္စည်းတွေကို ပြင်ရတာ တော်တော် ခက်တာပဲ။ ငါ့မှာရှိတဲ့ အစွမ်းနဲ့ ဒါကို လုပ်နိုင်ပါ့မလား” ဆိုပြီး တွေးမိတယ်။ တစ်ခါတလေ ဒါတွေကို ကြည့်ရင်းနဲ့ ကျွန်တော် ဆက်မလေ့လာချင်တော့ဘူး။ ဒါပေမဲ့ ပြန်သုံးသပ်ကြည့်လိုက်တော့၊ တာဝန်မှာ အခက်အခဲတွေ ကြုံရတဲ့အခါ ကျွန်တော် နောက်ဆုတ်ချင်ရတဲ့ အကြောင်းရင်းက အဓိကအားဖြင့် တာဝန်မှာ မတည်ငြိမ်လို့၊ ဇာတိပကတိကို တပ်မက်လို့၊ တွန်းအားမရှိလို့နဲ့ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်တွေကို စဉ်းစားပေးတဲ့ စိတ်နှလုံး မရှိလို့ဆိုတာ သဘောပေါက်သွားတယ်။ ဒါကြောင့် ဒီကိစ္စနဲ့ပတ်သက်ပြီး စားသောက်ဖို့ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်တော် ရှာဖွေခဲ့သလို၊ ညီအစ်ကိုမောင်နှမတွေရဲ့ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်တွေကိုလဲ ရှာကြည့်ခဲ့တယ်။ ဒါတွေကနေ လက်တွေ့လုပ်ရမယ့် လမ်းကြောင်းတစ်ခုကို ကျွန်တော် တွေ့ခဲ့တယ်။ တာဝန်မှာ အခက်အခဲတွေ ကြုံရတဲ့အခါ ကျွန်တော် နောက်မဆုတ်သင့်ဘူး။ နောဧကို အတုယူပြီး ဘုရားသခင်ရဲ့ ရည်ရွယ်ချက်တွေကို စဉ်းစားပေးတဲ့ စိတ်နှလုံးမျိုး ရှိရမယ်။ နောဧအတွက် သင်္ဘောဆောက်ရတာ ဘယ်လောက် ခက်ခဲပါစေ၊ အလုပ်ပမာဏ ဘယ်လောက်ပဲ များပါစေ၊ နောဧက ဒီအခက်အခဲတွေကြောင့် မတွန့်ဆုတ်ခဲ့ဘူး။ အဲဒီအစား သူက ဘုရားသခင်ရဲ့ ရည်ရွယ်ချက်တွေကို စဉ်းစားပေးပြီး အစွမ်းကုန် ပူးပေါင်းဆောင်ရွက်ခဲ့တယ်။ သင်္ဘောဆောက်တာနဲ့ ပတ်သက်တဲ့ ပြဿနာအမျိုးမျိုးကို တက်တက်ကြွကြွ ဖြေရှင်းပြီး၊ နောက်ဆုံးမှာ ဘုရားသခင်ရဲ့ တာဝန်ပေးစေခိုင်းချက်ကို ပြီးမြောက်စေခဲ့တယ်။ ကျွန်တော့်တာဝန်ရဲ့ ခက်ခဲမှုက နောဧနဲ့ ယှဉ်လို့မရပါဘူး။ ပြီးတော့ ပြုပြင်ရေး သင်ယူဖို့အတွက် ညီအစ်ကိုမောင်နှမတွေ မျှဝေထားတဲ့ အရင်းအမြစ်တွေနဲ့ အတွေ့အကြုံတွေလဲ ကျွန်တော့်မှာ ရှိတယ်။ ဘုရားသခင်ကို မှီခိုပြီး တည်တည်ငြိမ်ငြိမ်နဲ့ ပူးပေါင်းဆောင်ရွက်နေသရွေ့ ဒီအခက်အခဲတွေကို ကျော်လွှားနိုင်မှာပါ။ ကျွန်တော် စိတ်ကို ငြိမ်ငြိမ်ထားပြီး တစ်ဆင့်ချင်းစီ လေ့လာလိုက်တဲ့အခါ၊ သင်ယူရတာ နှေးပေမဲ့ ကျွန်တော် လုပ်နိုင်ခဲ့တယ်။ အရာရာက ကျွန်တော် ထင်သလောက် မခက်ခဲပါဘူး။ အချိန်တစ်ခုကြာအောင် လက်တွေ့လုပ်ဆောင်ပြီးတဲ့နောက်၊ ပြုပြင်ရေး နည်းပညာတချို့ကို တတ်မြောက်ရုံသာမက၊ ကျွန်တော့်အသက်တာလဲ နည်းနည်း တိုးတက်လာပြီး၊ နေ့ရက်တိုင်းကို ကျေနပ်ပီတိဖြစ်စွာ ကုန်ဆုံးခဲ့တယ်။

တာဝန် ပြောင်းလဲခံရခြင်းအားဖြင့်၊ တာဝန်တွေအပေါ်ထားတဲ့ ကျွန်တော့်ရဲ့ မှားယွင်းတဲ့ အမြင်တချို့ကို ကျွန်တော် နားလည်ပြီး ပြုပြင်ခဲ့တယ်။ တစ်ချိန်တည်းမှာပဲ၊ ဘုရားသခင်ကို ယုံကြည်တာနဲ့ တာဝန်ထမ်းဆောင်တာမှာ ကျွန်တော့် ရည်ရွယ်ချက်က မမှန်ဘူးဆိုတာ၊ ပြီးတော့ ကျွန်တော်က ဘုရားသခင်ကို ကျေနပ်စေဖို့ ဖန်ဆင်းခံတစ်ယောက်ရဲ့ တာဝန်ကို ထမ်းဆောင်နေတာ မဟုတ်ဘဲ၊ ကောင်းချီးရဖို့အတွက် လုပ်နေတာဆိုတာကိုလဲ သဘောပေါက်လိုက်တယ်။ ဒါက ဘုရားသခင်ရဲ့ ရည်ရွယ်ချက်တွေနဲ့ မကိုက်ညီပါဘူး။ အခုတော့ ဘုရားသခင်ရဲ့ စီစဉ်ညွှန်ကြားခြင်းနဲ့ အစီအစဉ်တွေကို စစ်မှန်စွာ ကျိုးနွံနာခံဖို့နဲ့၊ လက်ရှိတာဝန်ကို ကောင်းကောင်း ထမ်းဆောင်ဖို့ပဲ ကျွန်တော် ဆန္ဒရှိပါတော့တယ်။ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နှုတ်ကပတ်တော်များက လမ်းခရီးကို ဦးဆောင်သည်

ဘုရားသခင်၏ နှုတ်ကပတ်တော်များက၊ “လူတို့ကို ဖော်ထုတ်ရာတွင် ဘုရားသခင်၏ ရည်ရွယ်ချက်မှာ ၎င်းတို့ကို ရှင်းပစ်ဖို့ရန် မဟုတ်၊ သို့သော် ၎င်းတို့ကို...

သာလွန်ဖို့ ကျွန်ုပ်၏ ကြိုးစားရုန်းကန်ခြင်းမှ လွတ်မြောက်ပြီ

ရှင်းလျန် ဂျာမနီနိုင်ငံ ရေလောင်းတဲ့ အဖွဲ့ရဲ့ ခေါင်းဆောင်အနေနဲ့ ကျွန်မ စအစေခံချိန်မှာ၊ အဲဒီတာဝန်မှာရှိတဲ့ ညီအစ်ကို မောင်နှမတွေက ပြဿနာတွေ...

တကယ့်အလုပ်မလုပ်ခြင်းအပေါ် ဆင်ခြင်သုံးသပ်ခြင်းများ

ရှုယန်၊ တရုတ်ပြည်၂၀၂၃ ခုနှစ်၊ မေလမှာ ကျွန်မက စာနဲ့ပတ်သက်တဲ့အလုပ်ကို တာဝန်ယူခဲ့တယ်။ အောက်တိုဘာလလယ်မှာ အဖွဲ့တစ်ဖွဲ့ရဲ့ အဖွဲ့ခေါင်းဆောင်က...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။