လီရွှေ၊ တရုတ်ပြည်
အစကတည်းက ကျွန်မက ကျန်းမာရေးသိပ်မကောင်းဘူး။ အိမ်ထောင်ကျပြီးနောက်မှာ မိသားစုနဲ့ စီးပွားရေးနှစ်ခုလုံးကို ကြည့်ရှုစောင့်ရှောက်ရင်း အလုပ်များခဲ့ရပြီး နေ့တိုင်း အချိန်မှန်မစားနိုင်၊ မနားနိုင်ခဲ့ဘူး။ နှစ်တွေအများကြီး မနားမနေ လှုပ်ရှားရုန်းကန်ပြီး ပင်ပန်းနွမ်းနယ်ခဲ့ရလို့ ကျွန်မရဲ့ကျန်းမာရေးက ပိုပိုပြီး ဆိုးရွားလာခဲ့တယ်။ ကျွန်မမှာ နှလုံးကြွက်သားရောင်ရောဂါ၊ အစာအိမ်အဝရောင်ရောဂါ၊ သည်းခြေအိတ်ရောင်ရောဂါနဲ့ မူးမော်တတ်တဲ့ရောဂါတွေ ဖြစ်လာခဲ့တယ်။ ကျွန်မမှာ အရိုးဆူးပေါက်တာတွေလည်းရှိပြီး ကျောရိုးအပေါ်ပိုင်းက ခဏခဏ နာကျင်တတ်တယ်။ ကျွန်မရဲ့တစ်ကိုယ်လုံးနီးပါး ရောဂါဘယတွေနဲ့ ပြည့်နှက်နေခဲ့တယ်။ အထူးသဖြင့် ကျွန်မရဲ့ နှလုံးကြွက်သားရောင်ရောဂါက အရမ်းပြင်းထန်တော့ အလုပ်နည်းနည်းလေးလုပ်လိုက်တာနဲ့ ရင်ဘတ်ထဲမှာ မွန်းကျပ်ပြီး အသက်ရှူမဝတော့ဘူး။ အဲဒီနှစ်တွေတစ်လျှောက်မှာ ကျွန်မဟာ ရောဂါဝေဒနာရဲ့ ညှဉ်းပန်းနှိပ်စက်မှုကို ခံစားခဲ့ရပြီး အရမ်းကို ဒုက္ခရောက်ခဲ့တယ်။ အချိန်အများစု အိမ်မှာပဲ အနားယူနိုင်ခဲ့ပြီး ကိုယ့်ကိုယ်ကိုယ် အသုံးမကျတဲ့လူတစ်ယောက်လို ခံစားခဲ့ရတယ်။ လမ်းပေါ်မှာ ခွန်အားအပြည့်နဲ့ လူတွေကို မြင်တဲ့အခါ ကျွန်မ တကယ်ကို အားကျခဲ့ပြီး ခဏခဏ တွေးမိခဲ့တယ်။ “ငါ ဘယ်တော့များမှ သူတို့လိုမျိုး ကျန်းမာတဲ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်နိုင်မှာလဲ” ပေါ့။
၂၀၀၄ ခုနှစ်မှာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို ကျွန်မ လက်ခံခဲ့တယ်။ တစ်နှစ်ကျော်လောက်ကြာတော့ ကျွန်မရဲ့ရောဂါတွေက အခြေခံအားဖြင့် ပျောက်ကင်းသွားပြီး ဘုရားသခင်ကို ကျွန်မ တကယ်ပဲ ကျေးဇူးတင်မိတယ်။ ကျွန်မ တိတ်တဆိတ် သန္နိဋ္ဌာန်ချလိုက်တယ်၊ “ကိုယ်တော်ရဲ့မေတ္တာကို ပြန်ဆပ်ဖို့ ငါ ဘုရားသခင်ကို စိတ်နှလုံးအကြွင်းမဲ့နဲ့ ယုံကြည်ရမယ်” လို့ပေါ့။ အဲဒီနောက်မှာ ညီအစ်ကိုမောင်နှမတွေ အခက်အခဲကြုံတာကိုတွေ့ရင် ကျွန်မ အစွမ်းကုန် ကူညီပေးခဲ့ပြီး ဘယ်လိုတာဝန်ပဲ ခန့်အပ်ခံရပါစေ ကျွန်မ အကောင်းဆုံး ကြိုးစားထမ်းဆောင်ခဲ့တယ်။ ၂၀၀၉ ခုနှစ်မှာ ခေါင်းဆောင်က ကျွန်မနဲ့ မိတ်သဟာယဖွဲ့ပြီး လူသစ်တွေကို ရေလောင်းပေးဖို့ တောင်းဆိုခဲ့တယ်။ ကျွန်မ ကိုယ့်ဘာသာကိုယ် တွေးမိတယ်၊ “ငါတို့အိမ်က စီးပွားရေးက ငါ့အပေါ်မှာပဲ လုံးလုံးမူတည်နေတာ၊ တာဝန်ကို ရံဖန်ရံခါ ထမ်းဆောင်တာက ပိုက်ဆံရှာတဲ့အပေါ်မှာ မထိခိုက်ဘူး။ ဒါပေမဲ့ လူသစ်တွေကို ရေလောင်းပေးရမယ်ဆိုရင် အချိန်နဲ့ အင်အားတွေ ပိုကုန်တော့မှာ။ စီးပွားရေးကို ကိုင်တွယ်မယ့်သူမရှိရင် ပိတ်ချလိုက်ရမှာ မဟုတ်လား” ပေါ့။ နည်းနည်းတော့ ချီတုံချတုံ ဖြစ်သွားတယ်။ ဒါပေမဲ့ နောက်တော့ ဘုရားသခင်က ကျွန်မရဲ့ရောဂါတွေကို ပျောက်ကင်းအောင်ကုပေးခဲ့တာ၊ ဘုရားသခင်က ကျွန်မကို ဒီလောက်ကြီးမားတဲ့ ကျေးဇူးတော်ကို ပေးခဲ့ပုံကို စဉ်းစားမိပြီး၊ ဘုရားသခင်ရဲ့မေတ္တာကို ပြန်ဆပ်ဖို့ ကိုယ့်တာဝန်ကို ကောင်းကောင်းထမ်းဆောင်ရမယ်ဆိုတာကို ကျွန်မသိခဲ့တယ်။ ကျွန်မ အခုသာ ပိုက်ဆံရှာတာကို စွန့်လွှတ်ပြီး ကိုယ့်တာဝန်ကို ပိုပြီး အားစိုက်ထုတ်ရင် ဘုရားသခင်က ကျွန်မကို သေချာပေါက် ကာကွယ်စောင့်ရှောက်ပြီး ကျန်းမာရေးကောင်းအောင် လုပ်ပေးမှာပဲ၊ ပြီးတော့ ဘုရားရဲ့ အမှုတော် ပြီးသွားတဲ့အခါမှာ၊ ဘုရားက ကျွန်မကို ကပ်ဘေးဒုက္ခတွေခံရတာကနေ ကာကွယ်ပေးမယ်၊ ကောင်းကင်နိုင်ငံတော်ထဲဝင်ပြီး ကြီးမားတဲ့ ကောင်းချီးတွေကို ခံစားခွင့်ပေးမှာပဲလို့ တွေးမိတယ်။ ဒါကြောင့် ဒီတာဝန်ကို ကျွန်မလက်ခံလိုက်ပြီး စီးပွားရေးကိုတော့ ခင်ပွန်းလက်ထဲ အပ်လိုက်တယ်။ တစ်ခါတလေ ဧဝံဂေလိတရားဟောဖို့ တစ်နေ့ကို မိုင်ဆယ်ဂဏန်းချီပြီး လမ်းလျှောက်ရပြီး အိမ်ပြန်ရောက်တဲ့အခါ ခြေကျင်းဝတ်တွေ ရောင်နေတတ်တယ်။ ဒါပေမဲ့ ကျွန်မစိတ်နှလုံးထဲမှာ ဘယ်တော့မှ မညည်းညူခဲ့ဘူး။ နောင်တစ်ချိန်မှာ ဘုရားရဲ့ကျေးဇူးတော်နဲ့ ကောင်းချီးတွေကို ပိုပြီးရရှိမယ်၊ ပြီးတော့ ကောင်းကင်နိုင်ငံတော်ထဲကို ဝင်ရောက်ရမယ်ဆိုတဲ့အကြောင်း စဉ်းစားမိတဲ့အခါ တာဝန်ထမ်းဆောင်ဖို့ ကျွန်မမှာ ပိုပြီးတော့တောင် စိတ်အားထက်သန်လာခဲ့တယ်။
၂၀၁၇ ခုနှစ်ရဲ့ တစ်နေ့မှာ ကျွန်မ ရင်သားမှာ အကျိတ်မာမာတစ်ခုကို မတော်တဆ စမ်းမိခဲ့တယ်။ ဆေးရုံသွားပြပြီးတဲ့နောက်မှာ ဆရာဝန်က “ဒီအကျိတ်က ကင်ဆာဟုတ်မဟုတ် ဆုံးဖြတ်ဖို့ အသားစယူပြီး စစ်ဆေးဖို့လိုတယ်။ ကင်ဆာအကျိတ်ဆိုရင်တော့ ခွဲစိတ်ဖို့ လိုလိမ့်မယ်” လို့ ပြောတယ်။ အဲဒီအချိန်မှာ ကျွန်မနည်းနည်းကြောက်သွားပြီး စဉ်းစားမိတယ်၊ “ကင်ဆာအကျိတ်သာဆိုရင် ငါသေရတော့မှာပဲ မဟုတ်လား။ ဒါက ကုရာနတ္ထိဆေးမရှိတဲ့ ရောဂါပဲ” ပေါ့။ ဒါပေမဲ့ နောက်တော့ ကျွန်မတွေးတယ်၊ “ငါက ဖန်ဆင်းခံတစ်ယောက်ပဲ၊ ငါ ရှင်မလား၊ သေမလားဆိုတာက ဘုရားသခင်ရဲ့လက်ထဲမှာပဲရှိတာ။ ဘုရားကသာ ငါ့ကိုဆက်အသက်ရှင်စေချင်ရင် ကင်ဆာဖြစ်နေရင်တောင် ငါသေမှာမဟုတ်ဘူး” လို့ပေါ့။ ဒီလိုတွေးလိုက်တော့ ကျွန်မရဲ့ကြောက်စိတ်က သက်သာသွားတယ်။ အသားစယူစစ်ဆေးတဲ့အဖြေထွက်လာတော့ ဆရာဝန်က ကျွန်မမှာ ရင်သားကင်ဆာဖြစ်နေတယ်လို့ ပြောပြီး ခွဲစိတ်မှုလုပ်ဖို့ ရက်ချိန်းပေးခဲ့တယ်။ သုံးနာရီမပြည့်ခင်မှာပဲ ခွဲစိတ်မှုက အောင်အောင်မြင်မြင် ပြီးဆုံးသွားတယ်။ ဒါဟာ ဘုရားသခင်ရဲ့ ကာကွယ်စောင့်ရှောက်မှုမှန်း ကျွန်မသိလို့ သူ့ကို အရမ်းပဲကျေးဇူးတင်မိတယ်။ ကျွန်မ ဒီလိုရောဂါကြီးကြီးမားမားနဲ့တောင် ဘုရားသခင်ကို မညည်းညူခဲ့ဘဲ၊ ဘုရားသခင်က ကျွန်မရဲ့ကင်ဆာကို သေချာပေါက် ဖယ်ရှားပေးမှာပဲလို့လည်း ကျွန်မစဉ်းစားခဲ့တယ်။ ခွဲစိတ်ပြီးတဲ့နောက်မှာ ဓာတုကုထုံးကို ကျွန်မခံယူခဲ့တယ်။ ဆေးသွင်းပြီးရင် ဆေးရုံကဆင်းရတော့မယ်လို့ ကျွန်မထင်ထားခဲ့တာ။ အံ့သြစရာကောင်းတာက ဆရာဝန်က ကျွန်မရဲ့အခြေအနေက အတော်လေးပြင်းထန်တယ်၊ ကင်ဆာဆဲလ်တွေက သွေးဖြူကျိတ်တွေအထိ ပျံ့နှံ့သွားပြီလို့ ပြောတယ်။ ဓာတုကုထုံးက ထိရောက်မှုမရှိဘူး၊ ပြီးတော့ ကျွန်မ ဓာတ်ရောင်ခြည်ကုထုံး ခံယူရမယ်လို့လည်း သူကပြောခဲ့တယ်။ ကျွန်မ လုံးဝ ကြက်သေသေသွားတယ်။ ဓာတ်ရောင်ခြည်ကုထုံးက အရမ်းနာကျင်တယ်၊ စားသမျှ အကုန်အန်ထုတ်ရပြီး လူက အရမ်းကို အားနည်းသွားတယ်လို့ တခြားလူနာတွေဆီက ကျွန်မကြားဖူးထားတယ်။ တချို့ဆို လမ်းတောင်မလျှောက်နိုင်တော့လို့ မိသားစုဝင်တွေက ဘီးတပ်ကုလားထိုင်နဲ့ တွန်းပေးရတယ်။ တချို့ဆို ဓာတ်ရောင်ခြည်ကုထုံးခံယူပြီးတာတောင် ကင်ဆာကို မထိန်းချုပ်နိုင်ဘဲ နောက်ဆုံးတော့ သေသွားတာပဲတဲ့။ ကျွန်မ အရမ်းကို ကြောက်သွားပြီး တွေးမိတယ်၊ “ဓာတ်ရောင်ခြည်ကုထုံးက ဒီလောက်နာကျင်တာ ငါခံနိုင်ရည်ရှိပါ့မလား။ ဓာတ်ကင်ပြီးတာတောင် ကင်ဆာဆဲလ်တွေကို မထိန်းချုပ်နိုင်ရင် ငါသေသွားမှာလား။ ဒီအတိုင်းသာ ငါသေသွားရင် ကယ်တင်ခြင်းရဖို့ အခွင့်အရေးကို ဆုံးရှုံးသွားမှာ မဟုတ်ဘူးလား။ ဒါဆိုရင် ငါ ဒီနှစ်တွေအားလုံး စွန့်လွှတ်အနစ်နာခံမှုတွေနဲ့ အသုံးခံခဲ့တာတွေအားလုံးက အလကားဖြစ်သွားမှာ မဟုတ်ဘူးလား။ ငါ ဒီနှစ်တွေအားလုံး ဒုက္ခခံပြီး အသုံးခံခဲ့တာကို ဘုရားက ဘာလို့ ငါ့ကို မစောင့်ရှောက်ရတာလဲ။ ဆေးရုံခန်းထဲက လူနာတော်တော်များများက ဘုရားသခင်ကိုတောင် မယုံကြည်ဘူး၊ ဒါပေမဲ့ ဓာတုကုထုံးခံယူပြီးနောက်မှာ သူတို့ရဲ့ကင်ဆာက ထိန်းချုပ်နိုင်ကြပြီး ဆေးရုံကဆင်းသွားကြတယ်။ ငါက ဘုရားသခင်ကို ယုံကြည်ပေမဲ့ ဘာသာတရားမရှိသူတွေထက် ပိုဆိုးရတာက ဘာဖြစ်လို့လဲ။ ဘုရားသခင်က ငါ့ကို စွန့်ပစ်လိုက်တာများလား” လို့ပေါ့။ ဒီလိုတွေးမိတော့ ကျွန်မ ကလေးတစ်ယောက်လို ထိန်းမနိုင်သိမ်းမရ ငိုကြွေးမိတယ်၊ အရမ်းကို စိတ်ဆင်းရဲလွန်းလို့ အစားလည်းမစားနိုင်၊ အိပ်လည်းမအိပ်နိုင်ဘူး။ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်တဲ့အခါလည်း အပေါ်ယံပဲ ဖတ်ခဲ့ပြီး ဆုတောင်းဖို့ စကားလုံးတွေတောင် ရှာမတွေ့နိုင်ခဲ့ဘူး။ စိတ်နှလုံးထဲမှာ အမှောင်ဖုံးပြီး နာကျင်မှုတွေနဲ့ ပြည့်နေခဲ့တယ်။ ကျွန်မရဲ့စိတ်ပျက်အားငယ်မှုထဲမှာ ကျွန်မ ဒူးထောက်ပြီး ဘုရားသခင်ဆီကို ဆုတောင်းခဲ့တယ်၊ “ဘုရားသခင်၊ ဓာတ်ရောင်ခြည်ကုထုံး ခံယူရမယ်ဆိုတဲ့အကြောင်း စဉ်းစားလိုက်တာနဲ့ ကျွန်မအရမ်းကို ကြောက်နေမိတယ်။ သမီးသာ သေသွားခဲ့ရင် ကယ်တင်ခြင်းရဖို့ အခွင့်အရေးကို ဆုံးရှုံးသွားမှာကို စိုးရိမ်မိတယ်။ ဘုရားသခင်၊ အခုသမီးအရမ်းကို အားနည်းနေပါတယ်။ ကျေးဇူးပြုပြီး ကိုယ်တော်ရဲ့ရည်ရွယ်ချက်ကို နားလည်အောင် လမ်းပြပေးတော်မူပါ၊ ပြီးတော့ ဒီအခြေအနေကို တွေ့ကြုံခံစားဖို့ သတ္တိကို ပေးတော်မူပါ” လို့ပေါ့။ ဆုတောင်းပြီးတဲ့နောက်မှာ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မသတိရလိုက်တယ်။ “ဘုရားသခင်နောက်သို့ လိုက်ရန်မှာ လူသားများအတွက် မှန်ကန်ပြီး လမ်းကို ကြာကြာဆင်းလျှောက်သွားလေ ပိုလင်းလက်လာလေ ဖြစ်သည်။ ဘုရားသခင်က သင့်ကို လမ်းလွဲစေမည်မဟုတ်သကဲ့သို့ သူက သင့်ကို စာတန်ထံ အပ်နှံလျှင်ပင် ဘုရားသခင်သည် အဆုံးထိ တာဝန်ယူသည်။ သင့်ထံတွင် ဤယုံကြည်ခြင်း ရှိရမည်ဖြစ်ပြီး ဤသည်မှာ ဘုရားသခင်အပေါ် ဖန်ဆင်းခံများ ရှိသင့်သည့် သဘောထား ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဘုရားသခင်၏ အချုပ်အခြာအာဏာကို သိရှိမည့် နည်းလမ်း) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မကို ယုံကြည်ခြင်းတွေ ပေးခဲ့တယ်။ ကျွန်မ ယောဘအကြောင်းကို စဉ်းစားမိတယ်။ ဘုရားသခင်က ယောဘကို စုံစမ်းသွေးဆောင်ဖို့ စာတန်ကို ခွင့်ပြုခဲ့ပေမဲ့ ယောဘရဲ့အသက်ကို မယူဖို့ စာတန်ကို အမိန့်ပေးခဲ့တယ်။ ဒါကြောင့် ယောဘရဲ့ဇာတိပကတိက အကြီးအကျယ် ဒုက္ခခံခဲ့ရပေမဲ့ စာတန်ရဲ့အန္တရာယ်ကြောင့် သူအသက်မဆုံးရှုံးခဲ့ဘူး။ ကျွန်မကင်ဆာဖြစ်ပြီး ခန္ဓာကိုယ်က အရမ်းအားနည်းနေပေမဲ့ ကျွန်မ အသက်ရှင်နေသေးတယ်၊ ပြီးတော့ ခွဲစိတ်မှုက ချောချောမွေ့မွေ့ ပြီးဆုံးသွားတယ်ဆိုတဲ့အချက်ကလည်း ဘုရားသခင်ရဲ့ ကာကွယ်စောင့်ရှောက်မှုကြောင့် မဟုတ်ဘူးလား။ ကျွန်မ ဘုရားသခင်ကို ယုံကြည်ခြင်းရှိသင့်တယ်။
အဲဒီနောက်မှာ ဘုရားနှုတ်ကပတ်တော်ကို ကျွန်မဖတ်ခဲ့တယ်။ “ဘုရားသခင်က လူတို့ကို စစ်ဆေးလေလေ၊ လူတို့၏ နှလုံးသားများသည် ဘုရားသခင်ကို ချစ်နိုင်လေလေ ဖြစ်၏။ ၎င်းတို့ စိတ်နှလုံးထဲရှိ ညှဉ်းပန်းနှိပ်စက်မှုသည် ၎င်းတို့၏အသက်များ အတွက် အကျိုးရှိသည်၊ ၎င်းတို့သည် ဘုရားသခင်၏ ရှေ့မှောက်တွင် သာ၍ ငြိမ်သက်ခြင်း ရှိနိုင်ကြသည်၊ ဘုရားသခင်နှင့် ၎င်းတို့၏ ဆက်ဆံရေးသည် သာ၍နီးစပ်ပြီး၊ ၎င်းတို့သည် ဘုရားသခင်၏ အလွန့်အလွန် ကြီးမားသော ချစ်ခြင်းမေတ္တာနှင့် သူ၏ အမြင့်မားဆုံးသော ကယ်တင်ခြင်းကို သာ၍ကောင်းစွာ မြင်နိုင်ကြလေသည်။ ပေတရုသည် စစ်ဆေးခြင်းကို အကြိမ်ရာချီ ကြုံတွေ့ခဲ့သကဲ့သို့၊ ယောဘသည်လည်း စမ်းသပ်ခြင်းအချို့ကို ဖြတ်သန်း ခဲ့ရသည်။ သင်တို့သည် ဘုရားသခင်၏ စုံလင်စေခြင်းကို ခံရရန် ဆန္ဒရှိပါက၊ သင်တို့သည်လည်း စစ်ဆေးခြင်းကို အကြိမ်ရာချီ ကြုံရမည်ဖြစ်သည်။ ဤဖြစ်စဉ်ကို သင်တို့ ဖြတ်သန်းပြီး ဤအဆင့်ပေါ်တွင် အားထားရမည်။ ထိုအခါမှသာ သင်တို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များ အထမြောက်အောင် လုပ်ဆောင်နိုင်လိမ့်မည်ဖြစ်ပြီး၊ ဘုရားသခင်၏ စုံလင်စေခြင်း ခံရလိမ့်မည် ဖြစ်သည်။ စစ်ဆေးခြင်းသည် လူတို့ကို ဘုရားသခင် စုံလင်စေသည့် အကောင်းဆုံး နည်းလမ်းဖြစ်၏။ စစ်ဆေးခြင်းနှင့် ခါးသီးသော စမ်းသပ်ခြင်းများသည်သာ လူတို့၏ စိတ်နှလုံးများတွင် ဘုရားသခင်အတွက် စစ်မှန်သော ချစ်ခြင်းမေတ္တာကို ဖော်ထုတ်ပေးနိုင်သည်။ ဒုက္ခမရှိဘဲ၊ လူတို့သည် ဘုရားသခင်အတွက် စစ်မှန်သောချစ်ခြင်း ကင်းမဲ့သည်။ အတွင်း၌ ၎င်းတို့ စစ်ကြောခြင်းမခံရပါက၊ အမှန်တကယ် စစ်ဆေးခြင်းကို ခံရခြင်းမရှိပါက၊ ၎င်းတို့၏စိတ်နှလုံးများသည် ပြင်ပဝန်းကျင်တွင် ရောက်ရာပေါက်ရာသွားလိမ့်မည်။ အတိုင်းအတာ တစ်ခုအထိ စစ်ဆေးခြင်းခံရပြီးနောက်၊ သင်သည် သင်ကိုယ်တိုင်၏ အားနည်းချက်များနှင့် အခက်အခဲများကို မြင်ရလိမ့်မည်၊ သင်မည်မျှ ချို့တဲ့နေပြီး၊ သင်ကြုံရသည့် ပြဿနာများစွာကို သင်မနိုင်သည်ကို မြင်ရလိမ့်မည်ဖြစ်ကာ၊ သင်မည်မျှ ပုန်ကန်ခဲ့သည်ကို သင်မြင်ရလိမ့်မည်။ လူတို့သည် စမ်းသပ်မှုများအတွင်း၌သာ မိမိတို့၏ စစ်မှန်သော အခြေအနေများကို အမှန်တကယ် သိနိုင်ကြသည်။ စမ်းသပ်မှုများက လူတို့ကို ပို၍ပင် စုံလင်အောင်လုပ်ဆောင်နိုင်စွမ်းရှိသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စစ်ဆေးခြင်းကိုကြုံတွေ့ခြင်းအားဖြင့်သာ လူသားသည် စစ်မှန်သော ချစ်ခြင်းမေတ္တာကို ပိုင်ဆိုင်နိုင်သည်) “ဘုရားသခင်၌ သူတို့၏ ယုံကြည်ခြင်းတွင် လူတို့ ရှာဖွေကြသည့်အရာမှာ အနာဂတ်အတွက် ကောင်းချီးမင်္ဂလာများကို ရရှိရန်ဖြစ်သည်၊ ဤသည်မှာ သူတို့၏ ယုံကြည်ခြင်းထဲက သူတို့၏ ရည်ရွယ်ချက်ဖြစ်သည်။ လူအပေါင်း၌ ဤရည်ရွယ်ချက်နှင့် မျှော်လင့်ချက် ရှိကြသည်။ သို့သော်လည်း သူတို့၏သဘာဝဗီဇအတွင်းမှ ဖောက်ပြန်ပျက်စီးခြင်းကို စမ်းသပ်မှုများနှင့် စစ်ဆေးခြင်းတို့အားဖြင့် ဖြေရှင်းရမည်ဖြစ်သည်။ သင်တို့အနေဖြင့် သန့်စင်စေခြင်း မခံရသေးသော၊ ဖောက်ပြန်ပျက်စီးခြင်းကို ဖွင့်ပြသော မည်သည့်ကဏ္ဍများတွင်မဆို ယင်းကဏ္ဍများ၌ စစ်ဆေးခြင်းကို သင်ခံရမည်၊ ဤသည်မှာ ဘုရားသခင်၏ အစီအစဉ်ဖြစ်သည်။ ဘုရားသခင်သည် သင့်အတွက် ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးသည်၊ သင်၏ဖောက်ပြန်ပျက်စီးခြင်းကို သင်သိနိုင်ရန် ထိုနေရာတွင် သင့်ကို မဖြစ်မနေ အစစ်ဆေးခံစေသည်။ အဆုံးတွင် သင်သည် သင်၏ ရည်ရွယ်ချက်များနှင့် အလိုဆန္ဒများကို စွန့်လွှတ်ရန်၊ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်ကို ကျိုးနွံနာခံရန် သေသာသေလိုသည့် အနေအထားသို့ ရောက်သည်။ ထို့ကြောင့် အကယ်၍ လူတို့သည် နှစ်အနည်းငယ် စစ်ဆေးခံရခြင်း မရှိပါက၊ အကယ်၍ ၎င်းတို့သည် အတိုင်းအတာတစ်ခုအထိ ဒုက္ခဆင်းရဲခြင်းကို မခံရပါက ၎င်းတို့သည် ၎င်းတို့၏အတွေးများနှင့် စိတ်နှလုံးများထဲမှ ဇာတိပကတိဖောက်ပြန်ပျက်စီးခြင်း၏ ဘောင်ခတ်မှုများကို ဖယ်ရှားနိုင်မည် မဟုတ်ပေ။ လူတို့သည် မိမိတို့၏ ဆိုးယုတ်သော သဘာဝ၏ ဘောင်ခတ်မှုများကို ခံနေရသေးသော မည်သည့်ကဏ္ဍများတွင်မဆို၊ ၎င်းတို့၏ ကိုယ်ပိုင် အလိုဆန္ဒများ၊ ၎င်းတို့၏လိုအင်များ ရှိနေသေးသော မည်သည့်ကဏ္ဍများတွင်မဆို ၎င်းတို့သည် ယင်းကဏ္ဍများတွင် ဒုက္ခဆင်းရဲခံသင့်သည်။ ဒုက္ခဆင်းရဲထဲ၌သာ သင်ခန်းစာများကို သင်ယူနိုင်ပြီး၊ ယင်းမှာ သမ္မာတရားကို ရနိုင်စွမ်းနှင့် ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်နိုင်စွမ်းရှိခြင်းကို ဆိုလိုသည်။ အမှန်အားဖြင့် သမ္မာတရားများစွာကို ဆင်းရဲဒုက္ခနှင့် စမ်းသပ်မှုများအား တွေ့ကြုံခြင်းဖြင့် နားလည်ကြခြင်း ဖြစ်သည်။ သက်သောင့်သက်သာရှိပြီး လွယ်ကူသော ပတ်ဝန်းကျင်တစ်ခု၌ ရှိသောအခါ၊ သို့မဟုတ် အခြေအနေများ ကောင်းမွန်နေသောအခါ၌ မည်သူမျှ ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်နိုင်ခြင်း၊ ဘုရားသခင်၏ အနန္တတန်ခိုးနှင့် ဉာဏ်ပညာကို အသိအမှတ်ပြုနိုင်ခြင်း၊ သို့မဟုတ် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကို နားလည်သဘောပေါက်ခြင်း ရှိနိုင်မည် မဟုတ်ပေ။ ထိုအရာမှာ ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးနောက်မှာ ကျွန်မ ဘုရားသခင်ရဲ့ရည်ရွယ်ချက်ကို နည်းနည်းပိုပြီး နားလည်လာခဲ့တယ်။ ဘုရားသခင်က လူတွေကို သန့်စင်ဖို့အတွက် စစ်ကြောစစ်ဆေးပြီး၊ သူတို့ကို သမ္မာတရားရှာဖွေစေတယ်၊ သူတို့ရဲ့ ဖောက်ပြန်ပျက်စီးမှု၊ မစင်ကြယ်မှုနဲ့ ရည်ရွယ်ချက်တွေကို သိလာစေတယ်။ ဒါက လူတွေကို ဘုရားသခင်အကြောင်း စစ်မှန်တဲ့နားလည်မှုရရှိစေပြီး သူ့အပေါ် စစ်မှန်တဲ့မေတ္တာကို ဖြစ်ပေါ်စေတယ်။ ကျွန်မကင်ဆာဖြစ်တာက ဘုရားက ကျွန်မကို ဖော်ထုတ်ပြီး ဖယ်ရှားရှင်းလင်းဖို့ ကြိုးစားနေတာမဟုတ်ဘဲ ကျွန်မမှာ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားရှိပြီး ယုံကြည်ခြင်းမှာ မစင်ကြယ်မှုတွေ ရှိနေလို့ပဲ။ ဒီလိုအခြေအနေမျိုးကနေတစ်ဆင့်သာ ဒီအရာတွေကို ဖော်ထုတ်နိုင်မှာဖြစ်တယ်။ အရင်က ကျွန်မ ဘုရားသခင်ကို ယုံကြည်ပြီး ကိုယ့်တာဝန်ကို ထမ်းဆောင်ဖို့ ကိုယ့်စီးပွားရေးကို စွန့်လွှတ်ခဲ့တယ်၊ ပြီးတော့ ကိုယ့်တာဝန်မှာ ဘယ်လောက်ပဲဒုက္ခခံရပါစေ ညည်းညူးတာမရှိခဲ့ဘူး။ ကျွန်မက ဒီစွန့်လွှတ်အနစ်နာခံမှုတွေနဲ့ အဖိုးအခပေးခဲ့တာတွေကို အရင်းအနှီးတစ်ခုလို အမြဲသဘောထားခဲ့ပြီး ကိုယ့်ကိုယ်ကိုယ် ဘုရားကို ကျိုးနွံနာခံပြီး ချစ်တဲ့သူတစ်ယောက်လို့တောင် ထင်ခဲ့တယ်။ ဒါပေမဲ့ အခု ကင်ဆာဖြစ်ပြီး ဓာတ်ရောင်ခြည်ကုထုံး ခံယူရတော့မယ်ဆိုတော့ ကျွန်မ ဘုရားသခင်ကို လုံးဝယုံကြည်ခြင်းမရှိဘဲ ကိုယ်တော်ကို နားလည်မှုလွဲခဲ့တယ်၊ ကိုယ်တော်က ကျွန်မကို မလိုချင်တော့ဘူးလို့ ထင်ခဲ့တယ်။ ကိုယ့်ရဲ့ကြိုးပမ်းမှုတွေနဲ့ အသုံးခံခဲ့တာတွေကို အရင်းအနှီးလုပ်ပြီး ကိုယ်တော်က ကျွန်မကို မကာကွယ်ပေးဘူးလို့ ညည်းညူရင်း ဘုရားသခင်နဲ့ ငြင်းခုံဖို့ ကြိုးစားခဲ့တယ်။ ကျွန်မဟာ တကယ်ကို ပုန်ကန်တတ်ပြီး ဘုရားအပေါ်မှာ တောင်းဆိုမှုတွေ၊ မျှော်လင့်ချက်တွေနဲ့ ပြည့်နေခဲ့တာကို ကျွန်မတွေ့ခဲ့ရတယ်။ ဒီရောဂါကို မကြုံတွေ့ခဲ့ရရင် ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားနဲ့ ဘုရားကိုယုံကြည်ခြင်းအပေါ်ထားတဲ့ မမှန်ကန်တဲ့ ရည်ရွယ်ချက်တွေကို ကျွန်မဘယ်တော့မှ သိမှာမဟုတ်ဘူး။ ဘုရားရဲ့အမှုတော်ပြီးဆုံးတဲ့အချိန်အထိ ကျွန်မမှာ ပြောင်းလဲမှုတစ်စုံတစ်ရာမှ မရှိခဲ့ရင် ကယ်တင်ခြင်းရဖို့ အခွင့်အရေးကို လုံးဝဆုံးရှုံးသွားမှာပဲ။ ကျွန်မရင်ဆိုင်ခဲ့ရတဲ့ ဒီရောဂါမှာ ဘုရားသခင်က ကျွန်မကို ဖယ်ရှားရှင်းလင်းဖို့မဟုတ်ဘဲ ကျွန်မကို ကယ်တင်ဖို့ ကြိုးစားနေတာပဲ။ ဒါပေမဲ့ ကျွန်မက ဘုရားရဲ့ ရည်ရွယ်ချက်ကို နားမလည်ဘဲ သူ့ကို အထင်လွဲပြီး ညည်းညူခဲ့မိတယ်။ ဒီလိုတွေးမိတော့ စိတ်ထဲမှာ အရမ်းကို နောင်တရပြီး ရှက်မိတယ်။ ကိုယ်တော့်ဆီကို နောင်တရဖို့နဲ့ ကိုယ့်ရဲ့ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ဆင်ခြင်သုံးသပ်ဖို့၊ သမ္မာတရားကို ရှာဖွေဖို့ ဆန္ဒနဲ့ စိတ်နှလုံးထဲမှာ ဘုရားသခင်ဆီကို တိတ်တဆိတ် ဆုတောင်းခဲ့တယ်။
ကျွန်မရှာဖွေနေတုန်းမှာပဲ ဘုရားနှုတ်ကပတ်တော်ကို ဖတ်ခဲ့ရတယ်။ “လူသား၏ ဘုရားသခင်နှင့် ဆက်ဆံရေးမှာ ပကတိ မိမိ၏ကိုယ်ကျိုးစီးပွားတစ်ခုမျှသာ ဖြစ်ပေသည်။ ယင်းသည် ကောင်းချီးမင်္ဂလာများ လက်ခံရရှိသူနှင့် ပေးသူတို့အကြား ဆက်ဆံရေးတစ်ခု ဖြစ်သည်။ ရှင်းရှင်းပြောပါက၊ အလုပ်သမားတစ်ဦးနှင့် အလုပ်ရှင်တစ်ဦးတို့အကြား ဆက်ဆံရေးဖြစ်၏။ အလုပ်သမားသည် အလုပ်ရှင် ချပေးသော ဆုလာဘ်များကို လက်ခံရရှိရန်သာ အလုပ်ကြိုးစားလုပ်သည်။ ထိုသို့သော ဆက်ဆံရေးတစ်ရပ်တွင် ချစ်ခင်ခြင်းမရှိပေ၊ အကျိုးစီးပွားကို အရင်းခံသော ဆက်ဆံရေးတစ်ခု၊ အပေးအယူသာ ရှိသည်။ ချစ်ခြင်း သို့မဟုတ် အချစ်ခံရခြင်းမရှိ၊ ပေးကမ်းစွန့်ကြဲခြင်းနှင့် သနားကရုဏာသာ ရှိသည်။ နားလည်မှုမရှိ၊ ခိုကိုးရာမဲ့သော၊ မျိုသိပ်ထားသော နာကြည်းမှုနှင့် လှည့်ဖြားခြင်းသာ ရှိသည်။ ရင်းနှီးမှုမရှိ၊ ဖြတ်သန်းမရနိုင်သည့် ကွာဟချက်သာ ရှိသည်။ အမှုအရာများက ဤအဆင့်သို့ ရောက်ပြီးဖြစ်သဖြင့်၊ မည်သူသည် ထိုသို့သော လမ်းကြောင်းတစ်ခုကို ပြောင်းပြန် လှည့်နိုင်မည်နည်း။ ဤဆက်ဆံရေးက မည်မျှ ကြောက်မက်ဖွယ်ဖြစ်လာပြီး ဖြစ်သည်ကို လူမည်မျှက အမှန်တကယ် နားလည်နိုင်စွမ်းရှိသနည်း။ လူများသည် ကောင်းချီးမင်္ဂလာခံစားရခြင်း၏ ဝမ်းမြောက်မှုတွင် မိမိတို့ကိုယ်ကိုယ် နှစ်မြုပ်ထားသည့်အခါ၊ ဘုရားသခင်နှင့် ထိုသို့သော ဆက်ဆံရေးက မည်မျှရှက်ဖွယ်ကောင်းပြီး မြင်မကောင်း ရှုမကောင်း ဖြစ်သည်ကို မည်သူမျှ စိတ်မကူးနိုင်ဟု ငါယုံကြည်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆက်တွဲ (၃)- ဘုရားသခင်၏ စီမံခန့်ခွဲမှုအလယ်၌သာ လူသားသည် ကယ်တင်ခြင်း ခံရနိုင်သည်) “ဘုရားသခင်အပေါ် လူတို့ တောင်းဆိုမှုများ အမြဲပြုကြခြင်းနှင့်ပတ်သက်သည့် ပြဿနာမှာ အဘယ်နည်း။ ၎င်းတို့သည် ဘုရားသခင်အကြောင်း အယူအဆများ အမြဲ ရှိကြခြင်းနှင့်ပတ်သက်သည့် ပြဿနာမှာ အဘယ်နည်း။ လူ၏ သဘာဝအတွင်းတွင် မည်သည့်အရာ ပါရှိသနည်း။ ၎င်းတို့ထံ မည်သည့်အရာ ဖြစ်ပျက်သည်ဖြစ်စေ၊ သို့မဟုတ် မည်သည့်အရာကို ၎င်းတို့ ကိုင်တွယ်ဖြေရှင်းနေရသည်ဖြစ်စေ၊ လူတို့သည် မိမိတို့ကိုယ်ပိုင် အကျိုးစီးပွားများကို အမြဲ ကာကွယ်ကြပြီး မိမိတို့ကိုယ်ပိုင် ဇာတိပကတိအတွက် စိုးရိမ်ကြကာ ၎င်းတို့အတွက် အသုံးဝင်သည့် အကြောင်းပြချက်များ၊ သို့မဟုတ် ဆင်ခြေများ အမြဲ ရှာဖွေကြသည်ကို ငါသိရှိပြီးဖြစ်သည်။ သမ္မာတရားကို အနည်းငယ်မျှ ရှာဖွေခြင်း၊ သို့မဟုတ် လက်ခံခြင်းမရှိကြသကဲ့သို့ ၎င်းတို့ လုပ်ဆောင်သမျှတိုင်းသည် မိမိတို့ကိုယ်ပိုင် ဇာတိပကတိကို ခုခံပြောဆိုရန်အလို့ငှာဖြစ်ပြီး မိမိတို့ကိုယ်ပိုင် ရှေ့ရေးများအတွက် ကြံဖန်ခြင်း ဖြစ်သည်။ ၎င်းတို့သည် အကျိုးအမြတ်ရရှိနိုင်သည့် မည်သည့်အရာကိုမဆို ရရှိလိုလျက် ဘုရားသခင်ထံမှ ကျေးဇူးတော်ကို တောင်းခံကြသည်။ လူတို့သည် အဘယ်ကြောင့် ဘုရားသခင်အပေါ် အလွန်များသည့် တောင်းဆိုမှုများစွာ ပြုကြသနည်း။ ဤအရာက လူတို့သည် သဘာဝအားဖြင့် လောဘကြီးကြောင်းနှင့် ဘုရားသခင်၏ ရှေ့မှောက်တွင် ၎င်းတို့သည် မည်သည့်အသိစိတ်မျှ လုံးဝ ပိုင်ဆိုင်ခြင်းမရှိကြောင်း သက်သေပြပေသည်။ လူတို့ လုပ်ဆောင်သမျှတိုင်းတွင် ၎င်းတို့အနေဖြင့် ဆုတောင်းနေသည်ဖြစ်စေ၊ မိတ်သဟာယပြုနေသည်ဖြစ်စေ၊ တရားဟောနေသည်ဖြစ်စေ ၎င်းတို့၏ လိုက်စားမှုများ၊ အတွေးများနှင့် ပြင်းပြသောဆန္ဒများ၊ ဤအရာများအားလုံးသည် ဘုရားသခင်အပေါ် တောင်းဆိုချက်များဖြစ်ပြီး သူ့ထံမှ အမှုအရာများကို တောင်းခံရန် ကြိုးပမ်းမှုများဖြစ်သည်။ ထိုအရာများအားလုံးကို ဘုရားသခင်ထံမှ တစ်စုံတစ်ရာ ရရှိရမည့် မျှော်လင့်ချက်ဖြင့် လူတို့က လုပ်ဆောင်ကြခြင်း ဖြစ်သည်။ လူအချို့က ‘ဤသည်မှာ လူသားသဘာဝဖြစ်သည်’ဟု ဆိုကြသည်၊ ယင်းမှာ မှန်ပေ၏။ ထို့အပြင် လူတို့က ဘုရားသခင်အပေါ် အလွန်များလွန်းသည့် တောင်းဆိုချက်များ ပြုလုပ်ခြင်းနှင့် အလွန်များလွန်းသည့် လွန်ကဲသော စိတ်ဆန္ဒများရှိခြင်းတို့က လူတို့သည် အသိတရားနှင့် အသိစိတ် အမှန်တကယ် ကင်းမဲ့ကြကြောင်း သက်သေပြပေသည်။ ၎င်းတို့အားလုံးသည် မိမိတို့ကိုယ်ကျိုးအတွက် အမှုအရာများကို တောင်းဆိုကာ တောင်းခံနေကြသည်၊ သို့မဟုတ် မိမိတို့အတွက် ငြင်းခုံပြီး ဆင်ခြေများရှာဖွေရန် ကြိုးစားနေကြသည်။ ၎င်းတို့သည် ဤအရာအားလုံးကို မိမိတို့အတွက် လုပ်ဆောင်ကြသည်။ အမှုအရာများစွာတွင် လူတို့ လုပ်ဆောင်သည့်အရာမှာ လုံးဝ အသိစိတ်မဲ့သည်ကို မြင်နိုင်သည်။ ယင်းမှာ ‘ကိုယ့်အတွက်ပဲ ကိုယ်ကြည့်။ ဘယ်သူသေသေ ငတေမာပြီးရော’ ဟူသည့် ဆိုးယုတ်သော ဆင်ခြင်တွေးခေါ်မှုစနစ်သည် လူ၏ သဘာဝ ဖြစ်လာနှင့်ပြီးဖြစ်ကြောင်း ပြည့်စုံသော သက်သေဖြစ်သည်။ လူတို့က ဘုရားသခင်အပေါ် အလွန်များသည့် တောင်းဆိုချက်များ ပြုခြင်းက မည်သည့် ပြဿနာကို ဖော်ပြပါသနည်း။ လူတို့သည် စာတန်၏ ဖောက်ပြန်ပျက်စီးခြင်းကို အတိုင်းအတာတစ်ခုထိ ခံရပြီးဖြစ်ကြောင်းနှင့် ဘုရားသခင်ကို ၎င်းတို့၏ ယုံကြည်မှုတွင် သူ့ကို ဘုရားအဖြစ် လုံးဝ သဘောမထားကြကြောင်းကို ဖော်ပြပေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ လူတို့သည် ဘုရားသခင်ကို အလွန်မြောက်မြားစွာ တောင်းဆိုကြသည်) ဘုရားသခင်က လူရဲ့သဘာဝက တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းတယ်၊ ဘာပဲလုပ်လုပ် ကိုယ့်အကျိုးအတွက်ပဲ လုပ်ကြတယ်လို့ ဖော်ထုတ်ထားတယ်။ ဘုရားကိုယုံကြည်ခြင်းမှာတောင် ကိုယ်ပိုင်ရည်ရွယ်ချက်တွေ ပါနေပြီး အပြင်ပန်း ဒုက္ခခံမှုတွေ၊ အသုံးခံမှုတွေနဲ့ ကောင်းမွန်တဲ့ပန်းတိုင်ကို လဲလှယ်ဖို့ အချည်းနှီး မျှော်လင့်ကြတယ်။ ဘုရားသခင် ဖော်ထုတ်ခဲ့တာက ကျွန်မရဲ့အခြေအနေကို တစ်ပုံစံတည်းပဲ။ ကျွန်မ ဘုရားသခင်ကို မတွေ့ခင်က ရောဂါတွေနဲ့ ပြည့်နှက်နေခဲ့ပြီး ဘုရားသခင်ကို တွေ့ပြီးနောက်မှာ ကျွန်မရဲ့ရောဂါတွေအားလုံး ပျောက်ကင်းသွားခဲ့တယ်။ ဒါကြောင့် ဘုရားသခင်ကို ကျေးဇူးတင်ချီးမွမ်းပြီး သူ့ရဲ့မေတ္တာကို ပြန်ဆပ်ဖို့ သန္နိဋ္ဌာန်ချခဲ့တယ်၊ ပြီးတော့ အသင်းတော်က ကျွန်မကို ဘယ်လိုတာဝန်ပဲ စီစဉ်ပေးပါစေ ကျွန်မ တက်တက်ကြွကြွ ဆောင်ရွက်ခဲ့တယ်။ ကိုယ့်စီးပွားရေးကိုတောင် ဘေးဖယ်ထားပြီး ဘုရားသခင်အတွက် အချိန်ပြည့် ကိုယ့်ကိုယ်ကိုယ်အသုံးခံခဲ့တယ်။ ကင်ဆာဖြစ်နေမှန်း သိလိုက်ရတဲ့အခါ အပေါ်ယံမှာတော့ ကျွန်မနည်းနည်း ကျိုးနွံနာခံသလို ပုံစံပြခဲ့ပေမဲ့ တကယ်တမ်းမှာတော့ “ကျိုးနွံနာခံခြင်း” နဲ့ ဘုရားရဲ့ ကာကွယ်စောင့်ရှောက်မှုကို လဲလှယ်ဖို့ ကြိုးစားနေခဲ့တာ၊ ဘုရားက ကျွန်မရဲ့ရောဂါကို ကုသပေးဖို့ မျှော်လင့်နေခဲ့တာ။ ဘာသာတရားမရှိသူတွေ ကင်ဆာကနေ ပြန်ကောင်းလာတာကို မြင်တဲ့အချိန် ကျွန်မက ဓာတုကုထုံးပြီးတဲ့နောက် ဓာတ်ရောင်ခြည်ကုထုံး ခံယူရဦးမယ်၊ ဒုက္ခခံရရုံတင်မကဘူး အသက်အန္တရာယ်ပါ ရှိလာတဲ့အခါမှာတော့ ကျွန်မရဲ့ သရုပ်မှန် ဖော်ထုတ်ခံရတာပဲ။ ဘုရားက ကျွန်မကို မစောင့်ရှောက်ဘူးလို့ စညည်းညူလာပြီး ကျွန်မရဲ့ရောဂါကို ဖယ်ရှားပေးဖို့ မတော်တရော် တောင်းဆိုခဲ့တယ်။ ကျွန်မရဲ့ယုံကြည်ခြင်းက ကောင်းချီးမင်္ဂလာတွေရဖို့ ရည်ရွယ်ချက်တွေနဲ့ တွန်းအားပေးခံခဲ့ရတယ်၊ ပြီးတော့ ကျွန်မရဲ့ဒီနှစ်တွေအားလုံး ကြိုးပမ်းမှုနဲ့ အသုံးခံခဲ့တာတွေအားလုံးက ဖန်ဆင်းခံတစ်ဦးရဲ့တာဝန်ကို ဖြည့်ဆည်းဖို့ မဟုတ်ဘဲ ကျွန်မရဲ့ဒုက္ခနဲ့ အသုံးခံမှုတွေကို ကျေးဇူးတော်၊ ကောင်းချီးမင်္ဂလာတွေ၊ ကောင်းကင်ဘုံက ဆုလာဘ်တွေနဲ့ လဲလှယ်ဖို့ ကြိုးစားနေခဲ့တာပဲဆိုတာကို ကျွန်မတွေ့ခဲ့ရတယ်။ ကျွန်မ တကယ်ကို တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းလိုက်တာ။ ပေါလုက ဥရောပတခွင်မှာ ဧဝံဂေလိတရားကို ဟောပြောခဲ့ပြီး ဒုက္ခတွေအများကြီး ခံခဲ့ရတယ်၊ ဒါပေမဲ့ ဒါက ဘုရားဆီကနေ ဆုလာဘ်တွေနဲ့ သရဖူကို တောင်းဆိုဖို့ပဲ။ နောက်ဆုံးမှာ သူက ဒီလို အရှက်မရှိတဲ့ စကားတွေကိုတောင် ပြောခဲ့သေးတယ်။ “ကောင်းစွာသော တိုက်လှန်ခြင်းကို ငါပြုပြီ။ ပြေးရသောလမ်းကို အဆုံးတိုင်အောင်ပြေးပြီ။ ယုံကြည်ခြင်းတရားကို စောင့်ရှောက်ပြီ။ ယခုမှစ၍ ဓမ္မသရဖူသည် ငါ့အဘို့သိုထားလျက်ရှိ၏။” (တိမောသေသြဝါဒစာဒုတိယစောင် ၄:၇-၈) ပေါလုလိုပဲ ကျွန်မရဲ့ ကြိုးပမ်းမှုနဲ့ အသုံးခံခဲ့တာတွေက ရည်ရွယ်ချက်တွေနဲ့ ပြည့်နေခဲ့ပြီး ဘုရားအပေါ်မှာ စစ်မှန်တဲ့စိတ် ဒါမှမဟုတ် သစ္စာစောင့်သိမှု တစ်စက်မှမရှိခဲ့ဘူး။ ကျွန်မက ဘုရားကို နောက်ဆုံးအားကိုးရာတစ်ခုလို၊ ကျွန်မကို ဆုလာဘ်တွေ၊ လုပ်အားခတွေပေးတဲ့ အလုပ်ရှင်တစ်ယောက်လို သဘောထားခဲ့တယ်။ ကျွန်မရဲ့ ဒုက္ခခံမှုတွေ၊ အသုံးခံခဲ့တာတွေအားလုံးက ဘုရားဆီကနေ အကျိုးအမြတ်တွေရဖို့သက်သက်ပဲ။ ဒီအခြေအနေမှာ ကျွန်မ ဘုရားသခင်ကို လှည့်စားပြီး အမြတ်ထုတ်ဖို့ ကြိုးစားနေခဲ့တယ်။ ဒါက တကယ်ကို ဘုရားသခင်အတွက် ရွံရှာစရာကောင်းတယ်။ ကျွန်မရဲ့ မှားယွင်းတဲ့ လိုက်စားမှုနောက်ကွယ်က အမြင်တွေကို မပြောင်းလဲဘဲ စိတ်သဘောထား ပြောင်းလဲမှုကို မလိုက်စားရင် ဘယ်လောက်ပဲ တက်တက်ကြွကြွနဲ့ တာဝန်ထမ်းဆောင်ပါစေ နောက်ဆုံးမှာ ကယ်တင်ခြင်းကို ရရှိမှာမဟုတ်ဘူး။ ကျွန်မစိတ်နှလုံးထဲမှာ ဘုရားသခင်ဆီ ကျွန်မဆုတောင်းခဲ့တယ်၊ “ဘုရားသခင်၊ ဒီကင်ဆာရောဂါ အတွေ့အကြုံကနေတစ်ဆင့် သမီးကိုယ်တော့်ကို နှစ်တွေအများကြီး ယုံကြည်ခဲ့ပေမဲ့ ကိုယ်တော့်အပေါ်မှာ စစ်မှန်တဲ့စိတ် ဒါမှမဟုတ် သစ္စာစောင့်သိမှု မရှိခဲ့ဘူးဆိုတာကို သမီးတွေ့ခဲ့ရပါတယ်။ သမီးရဲ့တာဝန်မှာတောင် သမီး ကိုယ်တော်ဆီက ကျေးဇူးတော်နဲ့ ကောင်းချီးမင်္ဂလာတွေကိုပဲ တောင်းဆိုဖို့ ကြိုးစားနေခဲ့ပါတယ်။ သမီးဘယ်လောက် တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းလဲဆိုတာကို အခု သမီးမြင်ပါပြီ။ ဘုရားသခင်၊ သမီး ဒီလိုမျိုး ကိုယ်တော့်ကို ပုန်ကန်ချင်စိတ် မရှိတော့ပါဘူး။ ဘယ်လိုအခြေအနေပဲ ကျရောက်ပါစေ၊ သမီး သမ္မာတရားကို ရှာဖွေဖို့နဲ့ ကိုယ်တော်ရဲ့စီစဉ်ညွှန်ကြားမှုတွေနဲ့ စီမံခန့်ခွဲမှုတွေကို ကျိုးနွံနာခံဖို့ ဆန္ဒရှိပါတယ်” လို့ပေါ့။
ကျွန်မဝတ်ပြုနေတုန်းမှာပဲ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ခဲ့ရတယ်။ “လူ၏တာဝန်နှင့် လူသည် ကောင်းချီးမင်္ဂလာများ လက်ခံရရှိခြင်း သို့မဟုတ် ကံမကောင်းအကြောင်းမလှခြင်းကို ခံစားရခြင်း ဟူသည်တို့ကြားတွင် အချင်းချင်း ဆက်နွှယ်နေမှု မရှိပေ။ တာဝန်သည် လူက ဖြည့်ဆည်းသင့်သည့်အရာ ဖြစ်သည်။ ယင်းသည် ကောင်းကင်ဘုံက လာသည့် သူ၏ဘဝပေးတာဝန်ဖြစ်ပြီး ဆုလာဘ်၊ အခြေအနေများ သို့မဟုတ် အကြောင်းရင်းများပေါ်တွင် မမူတည်သင့်ပေ။ ထိုအခါမှသာ သူ၏တာဝန်ကို သူ လုပ်ဆောင်နေခြင်း ဖြစ်သည်။ ကောင်းချီးမင်္ဂလာ လက်ခံရရှိခြင်းဟူသည်မှာ တစ်စုံတစ်ဦးသည် တရားစီရင်ခြင်းကို ကြုံရပြီးနောက် စုံလင်စေခြင်းခံရကာ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို မွေ့လျော်ရခြင်း ဖြစ်သည်။ ကံမကောင်းအကြောင်းမလှခြင်းကို ခံစားရခြင်းဟူသည်မှာ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကို ကြုံရပြီးနောက် လူတစ်ဦး၏ စိတ်သဘောထား မပြောင်းလဲခြင်း ဖြစ်သည်၊ ၎င်းတို့သည် စုံလင်စေခြင်းကို မတွေ့ကြုံရဘဲ အပြစ်ပေးခံရသည်။ ၎င်းတို့ ကောင်းချီးမင်္ဂလာများ လက်ခံရရှိသည်ဖြစ်စေ၊ ကံမကောင်းအကြောင်းမလှခြင်းကို ခံစားရသည်ဖြစ်စေ ဖန်ဆင်းခံသတ္တဝါများသည် ၎င်းတို့ လုပ်ဆောင်သင့်သည့်အရာကို လုပ်ဆောင်ရင်းနှင့် လုပ်ဆောင်နိုင်သည့်အရာကို လုပ်ဆောင်ရင်း၊ ၎င်းတို့၏တာဝန်ကို ဖြည့်ဆည်းသင့်ကြပေသည်။ ဤသည်မှာ လူတစ်ဦးအနေဖြင့်၊ ဘုရားသခင် နောက်ကိုလိုက်သည့် လူတစ်ဦးက အနည်းဆုံး လုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်။ သင်သည် ကောင်းချီးမင်္ဂလာ လက်ခံရရှိရန်သာ သင်၏တာဝန်ကို မလုပ်ဆောင်သင့်သကဲ့သို့၊ ကံမကောင်းအကြောင်းမလှခြင်းကို ခံစားရမည်ကို ကြောက်ရွံ့ခြင်းအတွက် ဆောင်ရွက်ရန် မငြင်းဆန်သင့်ပေ။ ဤအရာတစ်ခုကို သင်တို့အား ငါပြောပါရစေ။ သူ၏တာဝန်နှင့်သက်ဆိုင်သည့် လူ၏ စွမ်းဆောင်မှုသည် သူလုပ်ဆောင်သင့်သည့်အရာ ဖြစ်ပြီး သူသည် သူ၏တာဝန်ကို ဆောင်ရွက်နိုင်စွမ်း မရှိပါက ဤသည်မှာ သူ၏ ပုန်ကန်မှုဖြစ်သည်။ လူသည် တဖြည်းဖြည်း ပြောင်းလဲသည်မှာ သူ၏တာဝန်ကို လုပ်ဆောင်ခြင်း ဖြစ်စဉ်မှတစ်ဆင့်ဖြစ်ပြီး သူ၏ သစ္စာစောင့်သိမှုကို ပြသသည်မှာ ဤဖြစ်စဉ်မှတစ်ဆင့် ဖြစ်ပေသည်။ ထိုသို့ဖြင့် သင်သည် သင်၏တာဝန်ကို ပို၍ လုပ်ဆောင်နိုင်လေ၊ သာ၍ များသည့် သမ္မာတရားကို သင် ရရှိလေဖြစ်လိမ့်မည် ဖြစ်ပြီး သင်၏ဖော်ပြချက်သည် သာ၍ စစ်မှန်လာလေ ဖြစ်လိမ့်မည် ဖြစ်သည်။ ၎င်းတို့၏တာဝန်ကို လုပ်ဆောင်ရာတွင် ဟန်ဆောင်လုပ်ပြရုံမျှလုပ်ပြပြီး သမ္မာတရားကို မရှာဖွေသောသူတို့သည် အဆုံးတွင် ဖယ်ရှားရှင်းလင်းခြင်းကို ခံရလိမ့်မည်၊ အဘယ့်ကြောင့်ဆိုသော် ထိုသို့သော လူတို့သည် ၎င်းတို့၏ တာဝန်ထမ်းဆောင်ခြင်း၌ သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်း မရှိကြသကဲ့သို့၊ ၎င်းတို့၏ တာဝန်ကို ဖြည့်ဆည်းခြင်းတွင် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ကြသည့် အတွက် ဖြစ်သည်။ ၎င်းတို့သည် မပြောင်းမလဲ ရှိနေသူများဖြစ်ပြီး ကံမကောင်းအကြောင်းမလှခြင်းကို ခံစားရလိမ့်မည်။ ၎င်းတို့၏ ဖော်ပြချက်များသည် မစင်ကြယ်သည်သာမက၊ ၎င်းတို့ ဖော်ပြသည့် အရာတိုင်းသည် ဆိုးယုတ်လေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံ ဘုရားသခင်၏အမှုတော်နှင့် လူ၏တာဝန်ကြား ကွဲပြားခြားနားမှု) ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးတဲ့နောက်မှာ တာဝန်ထမ်းဆောင်ခြင်းရဲ့ အဓိပ္ပာယ်ကို ကျွန်မမှန်မှန်ကန်ကန် နားလည်လာခဲ့တယ်။ ကျွန်မတို့က ဖန်ဆင်းခံတွေဖြစ်တော့ ကိုယ့်တာဝန်ကို ထမ်းဆောင်တာက လုံးဝ သဘာဝကျပြီး ကျိုးကြောင်းခိုင်လုံမျှတတယ်။ ဒါက ကျွန်မတို့ လုပ်သင့်တဲ့အရာပဲ။ ကျွန်မတို့ ဒါကို ဘုရားသခင်နဲ့ အပေးအယူလုပ်ဖို့ အားသာချက်အနေနဲ့ အသုံးမပြုသင့်ဘူး။ ကျွန်မတို့ ကောင်းချီးခံစားရမလား၊ ဒါမှမဟုတ် ကံဆိုးမိုးမှောင်ကျမလားဆိုတာက ကိုယ့်တာဝန်ကို ထမ်းဆောင်ခြင်းနဲ့ ဘာမှမဆိုင်ဘူး၊ ကိုယ့်တာဝန်ကို ထမ်းဆောင်ရုံနဲ့ အဆုံးမှာ ကောင်းချီးတွေ အာမခံထားတာမျိုး မဟုတ်ဘူး။ ဘုရားသခင်က ကြည့်တာက ကျွန်မတို့ရဲ့ စိတ်သဘောထားမှာ ပြောင်းလဲမှုရှိမရှိကိုပဲ။ ကျွန်မတို့ ဘုရားနှုတ်ကပတ်တော်ရဲ့ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းကို ခံယူပြီး ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားက ပြောင်းလဲသွားတယ်၊ ဘုရားကို စစ်မှန်တဲ့ ကျိုးနွံနာခံမှုရရှိပြီး ဖန်ဆင်းခံတစ်ယောက်ရဲ့ တာဝန်ကို ဖြည့်ဆည်းနိုင်မှသာ၊ ဘုရားသခင်ရဲ့ အသိအမှတ်ပြုခြင်းကို ရရှိနိုင်မှာဖြစ်တယ်။ ကျွန်မတို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားက သန့်စင်ခြင်းမခံရသေးရင် အဲဒီအခါကျရင် ကျွန်မတို့ ဘယ်လောက်ပဲ ပြေးလွှားလှုပ်ရှားခဲ့ပါစေ၊ ဒါမှမဟုတ် ကိုယ့်ကိုယ်ကိုယ် အသုံးခံပါစေ ကောင်းချီးတွေ ရရှိမှာမဟုတ်ဘူး။ ဒီရောဂါက သေရေးရှင်ရေးဖြစ်ခဲ့တဲ့အချိန်ကို ကျွန်မပြန်စဉ်းစားမိတယ်။ ကျွန်မ အတိတ်က ဒုက္ခနဲ့ အသုံးခံခဲ့တာတွေကို ဘုရားသခင်က ကျွန်မကို ကာကွယ်ပေးဖို့ တောင်းဆိုတဲ့ အရင်းအနှီးအနေနဲ့ မှတ်ယူခဲ့တယ်၊ ကိုယ်ကအဖိုးအခပေးခဲ့ပြီးပြီမို့လို့ ဘုရားက ကျေးဇူးတော်ချပေးသင့်တယ်လို့ မှားမှားယွင်းယွင်း ထင်ခဲ့တယ်။ ဘုရားရဲ့ ကျေးဇူးတော်နဲ့ ကောင်းချီးတွေ အများကြီးကို ကျွန်မခံစားခဲ့ရပေမဲ့ ကိုယ့်တာဝန်ကို ကိုယ့်ရဲ့ဝတ္တရားတစ်ခုလို မသတ်မှတ်ခဲ့ဘူး။ ကျွန်မ ကြိုးပမ်းမှု၊ ဒါမှမဟုတ် အသုံးခံမှုနည်းနည်းလေးအတွက် ဘုရားသခင်ဆီက ကောင်းချီးတွေနဲ့ ဆုလာဘ်တွေ တောင်းဆိုခဲ့တယ်။ ကျွန်မ တကယ်ကို အသိတရားနဲ့ ဆင်ခြင်တုံတရား ကင်းမဲ့လိုက်တာ။ ဘုရားသခင်က ကျွန်မကို လူပင်လယ်ပြင်ကျယ်ကြီးထဲကနေ သူ့ရဲ့အိမ်တော်ဆီကို ပြန်ခေါ်ဆောင်လာပြီး တာဝန်တစ်ခုကို ထမ်းဆောင်ခွင့်ပေးခဲ့တယ်။ ဘုရားရဲ့ ရည်ရွယ်ချက်က ကျွန်မကို တာဝန်ထမ်းဆောင်ရင်း သမ္မာတရားကိုရှာဖွေစေဖို့၊ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ပြောင်းလဲစေဖို့၊ ဒီနည်းနဲ့ ကျွန်မ သန့်စင်ပြီး ကယ်တင်ခြင်းခံရဖို့ပဲ။ ကျွန်မဘုရားကို ကျိုးနွံနာခံပြီး သူ့ကို စိတ်ကျေနပ်အောင် ကြိုးစားသင့်တယ်။ ဒီလိုတွေးမိတော့ ကျွန်မ တိတ်တဆိတ် သန္နိဋ္ဌာန်ချလိုက်တယ်၊ “ဓာတ်ကင်ပြီးတာတောင် ငါ့ကင်ဆာ မပျောက်ခဲ့ရင်၊ ငါ သေရင်တောင်မှ၊ ဘုရားရဲ့ စီစဉ်ညွှန်ကြားမှုတွေနဲ့ အစီအစဉ်တွေကို ကျိုးနွံနာခံဖို့ ဆန္ဒရှိနေဦးမှာပဲ။ ဘုရားကို ဘယ်တော့မှ ထပ်ပြီး မညည်းညူတော့ဘူး။ ဓာတ်ရောင်ခြည်ကုထုံးနဲ့ ကင်ဆာကို ကုသလို့ပျောက်နိုင်ခဲ့ရင် အဲဒီနောက်မှာ သမ္မာတရားကို ပိုပြီးတော့တောင် စိတ်အားထက်ထက်သန်သန်နဲ့ လိုက်စားမယ်၊ ပြီးတော့ ဘုရားသခင်ရဲ့မေတ္တာကို ပြန်ဆပ်ဖို့ ကိုယ့်တာဝန်ကို ကောင်းကောင်း ဖြည့်ဆည်းမယ်” လို့ပေါ့။ ဒီအရာတွေကို နားလည်သွားတော့ ကျွန်မ သိပ်ပြီးတွေးမနေတော့ဘဲ ခင်ပွန်းကို ဓာတ်ရောင်ခြည်ကုထုံးအတွက် ဆေးရုံလိုက်ပို့ခိုင်းလိုက်တယ်။ ဆေးရုံမှာ ဆရာဝန်က ကျွန်မကို ဓာတ်ရောင်ခြည်ကုထုံး နေရာချထားတဲ့ ပုံစံခွက်လုပ်ဖို့ လက်မောင်းမြှောက်ခိုင်းခဲ့တယ်။ ဒါပေမဲ့ ကျွန်မရဲ့လက်က အရမ်းနာနေတော့ ပခုံးအမြင့်အထိတောင် မမြှောက်နိုင်ခဲ့ဘူး။ စက်က ရောဂါဖြစ်တဲ့နေရာကို ပစ်မှတ်ထားလို့မရတော့ ပုံစံခွက်လုပ်လို့မရခဲ့ဘူး။ ဆရာဝန်က ကျွန်မကို အိမ်ပြန်ပြီး သုံးလေးရက် လေ့ကျင့်ခန်းလုပ်ခိုင်းဖို့၊ ပြီးတော့ လက်မောင်းမြှောက်နိုင်တဲ့အခါ ပြန်လာခိုင်းဖို့ကလွဲပြီး ဘာမှမတတ်နိုင်ခဲ့ဘူး။ အိမ်ပြန်ရောက်တော့ ကျွန်မ မနှောင့်နှေးရဲဘဲ လေ့ကျင့်ခန်းကို ဆက်လုပ်ခဲ့တယ်။ ဒါပေမဲ့ သုံးရက်ကြာတဲ့အထိ ကျွန်မရဲ့လက်က မြှောက်လို့မရသေးဘူး။ ကျွန်မ ဆေးရုံကုတင်ပေါ်မှာ လှဲပြီး ဘုရားသခင်ဆီ တိတ်တဆိတ် ဆုတောင်းခဲ့တယ်၊ “ဘုရားသခင်၊ ဒီနေ့ ဓာတ်ရောင်ခြည်ကုထုံးကို အဆင်ပြေပြေ ခံယူနိုင်သည်ဖြစ်စေ၊ မခံယူနိုင်သည်ဖြစ်စေ ကိုယ်တော်ရဲ့ စီစဉ်ညွှန်ကြားမှုတွေနဲ့ အစီအစဉ်တွေကို သမီးကျိုးနွံနာခံဖို့ ဆန္ဒရှိပါတယ်” လို့ပေါ့။ ကျွန်မ သတိတောင်မထားမိခင်မှာပဲ ကျွန်မ လက်မောင်းကို မြှောက်ပြီး ခေါင်းနောက်မှာ ထားနိုင်ခဲ့တယ်။ ဆရာဝန်က ဒါကိုမြင်တော့ ကျွန်မအတွက် ပုံစံခွက်ကို ချက်ချင်းလုပ်ပေးခဲ့တယ်။ ဓာတ်ရောင်ခြည်ကုထုံးခံယူနေတုန်းမှာ ကျွန်မသိပ်ပြီး ဒုက္ခမခံခဲ့ရဘူး၊ ဘေးထွက်ဆိုးကျိုးတွေလည်း သိပ်မရှိခဲ့ဘူး၊ ဒါဟာ ကျွန်မအတွက် ဘုရားသခင်ရဲ့ ကာကွယ်စောင့်ရှောက်မှုဖြစ်တယ်ဆိုတာကို ကျွန်မ ရှင်းရှင်းလင်းလင်း သိလိုက်တယ်။ ဘုရားသခင်ကို တကယ်ပဲ ကျေးဇူးတင်မိတယ်။ ဒီနည်းနဲ့ ဓာတ်ရောင်ခြည်ကုထုံး ဆယ့်ခုနစ်ကြိမ် ခံယူပြီးနောက်မှာ ကျွန်မရဲ့ရောဂါကို ထိန်းချုပ်နိုင်ခဲ့တယ်။ အဲဒီနောက်မှာတော့ ညီအစ်ကိုမောင်နှမတွေနဲ့အတူ တာဝန်တွေကို ဆက်ပြီး ထမ်းဆောင်ခဲ့တယ်။
၂၀၂၀ ခုနှစ်မှာ ကျွန်မ ဧည့်ခံခြင်း တာဝန်ကို ထမ်းဆောင်နေခဲ့တယ်။ အလုပ်လိုအပ်ချက်ကြောင့် ရံဖန်ရံခါ အပြင်ထွက်ပြီး ကိစ္စတွေကို ဆောင်ရွက်ရတတ်တယ်၊ တစ်ခါတလေ ကိစ္စတွေပြီးလို့ ညနေပိုင်း အိမ်ပြန်ရောက်တဲ့အခါ အရမ်းပင်ပန်းတယ်လို့ ခံစားရတယ်။ တစ်ခါက လူနာတစ်ယောက် ပြောခဲ့ဖူးတာကို ကျွန်မသတိရမိတယ်၊ “ကင်ဆာဖြစ်ပြီးရင် လုံးဝ အပင်ပန်းမခံရဘူး၊ မဟုတ်ရင် အလွယ်တကူ ပြန်ဖြစ်တတ်တယ်။ ကင်ဆာပြန်ဖြစ်ရင် ကုလို့မရတော့တာမျိုး ဖြစ်နိုင်တယ်” တဲ့။ ဆရာဝန်ကလည်း ကျွန်မကို ပိုပြီးနားနေဖို့နဲ့ အလုပ်မပိဖို့ အကြံပေးခဲ့တယ်။ အထူးသဖြင့် ဆေးရုံတက်နေတုန်းက ကြားခဲ့ရတဲ့ ကင်ဆာပြန်ဖြစ်လို့ သေဆုံးသွားတဲ့ ဖြစ်ရပ်တွေအားလုံးကို စဉ်းစားမိတဲ့အခါ ကျွန်မ နည်းနည်းကြောက်သွားခဲ့တယ်။ ကင်ဆာ ပြန်ဖြစ်လာရင် ဘယ်လိုလုပ်မလဲ။ ငါ အဲဒါကြောင့် သေသွားမှာလား။ ဒါပေမဲ့ အဲဒီအချိန်မှာ တရုတ်ကွန်မြူနစ်ပါတီက ညီအစ်ကိုမောင်နှမတွေကို အရူးအမူး ဖမ်းဆီးနေခဲ့တော့ ကျွန်မက ပတ်ဝန်းကျင်ကို ကာကွယ်ပြီး သူတို့ကို ဘေးကင်းအောင် စောင့်ရှောက်ပေးဖို့ လိုအပ်တယ်၊ ဒါကြောင့် ကျွန်မ ဆေးရုံကို နောက်ဆက်တွဲရက်ချိန်းအတွက် သွားဖို့ အချိန်မရှိခဲ့ဘူး။ ကျွန်မ ကိုယ့်တာဝန်မှာ ဇွဲရှိရှိနဲ့ ဆက်လုပ်နေပုံပေါက်ပေမဲ့ ကျွန်မရဲ့ရောဂါအတွက် ခဏခဏ စိုးရိမ်ခဲ့ပြီး ရံဖန်ရံခါ ဒီလိုတွေးမိလာတယ်၊ “ငါ့ကျန်းမာရေးက မကောင်းပေမဲ့ ဒီနှစ်တွေအားလုံးမှာ ကိုယ့်တာဝန်ကို ထမ်းဆောင်တာကို ဘယ်တော့မှ မရပ်ခဲ့ဘူး။ ဘုရားသခင်က ငါ့ကင်ဆာကို ပြန်မဖြစ်အောင် သေချာပေါက် ကာကွယ်ပေးမှာပဲ၊ ဟုတ်တယ်မလား” လို့ပေါ့။ ကျွန်မ ဘုရားနဲ့ နောက်တစ်ကြိမ် အပေးအယူလုပ်ဖို့ ကြိုးစားနေမှန်း ကိုယ့်ကိုယ်ကိုယ် သဘောပေါက်သွားတယ်၊ ဒါနဲ့ ဒီရည်ရွယ်ချက်ကို ပုန်ကန်ဖို့ ဘုရားသခင်ဆီ အမြန်ဆုတောင်းလိုက်တယ်။ နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မဖတ်ခဲ့ပြီး သေရေးရှင်ရေးကို နည်းနည်းပိုပြီး ထိုးထွင်းသိမြင်လာခဲ့တယ်။ ဘုရားသခင်က ပြောသည် “၎င်းတို့၏ လူ့ဘဝ ဆယ်စုနှစ် အတွေ့အကြုံများ၌ ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာ ဆိုင်သည့် သိနားလည်မှု ရရှိပြီးသူသည် ဘဝ၏ အဓိပ္ပါယ်နှင့် တန်ဖိုးအတွက် မှန်ကန်သည့် အသိအမှတ်ပြု တန်ဖိုးထားမှု ရှိသည့်သူဖြစ်သည်။ ထိုသို့သော လူသည် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာနှင့်ဆိုင်သော စစ်မှန်သည့် အတွေ့အကြုံနှင့် သိနားလည်မှုတို့နှင့်အတူ ဘဝရည်ရွယ်ချက်နှင့်ဆိုင်သည့် နက်ရှိုင်းသော အသိပညာတစ်ခု ရှိသကဲ့သို့၊ ထို့ထက်ပို၍ ဖန်ဆင်းရှင်၏ သြဇာအာဏာကို ကျိုးနွံနာခံနိုင်လေသည်။ ထိုသို့သော လူသည် ဖန်ဆင်းရှင်၏ လူသားမျိုးနွယ်ကို ဖန်ဆင်းခြင်း အဓိပ္ပါယ်ကို နားလည်သည်။ လူသားသည် ဖန်ဆင်းရှင်ကို ကိုးကွယ်သင့်သည်၊ လူသားပိုင်ဆိုင်သည့် အရာရာတိုင်းက ဖန်ဆင်းရှင်ဆီကလာပြီး သိပ်မဝေးလှသည့် အနာဂတ်တစ်နေ့တွင် သူ့ထံသို့ ပြန်သွားလိမ့်မည်ဆိုသည်ကို နားလည်သည်။ ဤလိုလူမျိုးသည် ဖန်ဆင်းရှင်က လူသား၏ မွေးဖွားမှုကို စီစဉ်ပြီး လူသား၏ သေဆုံးမှုအပေါ်မှာ အချုပ်အခြာ အာဏာ ရှိသည်၊ ရှင်ခြင်းနှင့် သေခြင်းနှစ်ခုလုံးသည် ဖန်ဆင်းရှင်၏ သြဇာအာဏာအားဖြင့် ကြိုတင်ပြဋ္ဌာန်းထားခြင်းဖြစ်သည်ကို နားလည်သည်။ ထို့ကြောင့် ဤအရာများကို အမှန်တကယ် သဘောပေါက်သည့်အခါ သေခြင်းကို ကျိုးကြောင်းမမြင်ဘဲ ထိတ်လန့်ခြင်းနှင့် ဆန့်ကျင်ရုန်းကန်ခြင်းထက် သေခြင်းကို တည်တည်ငြိမ်ငြိမ်နှင့် ရင်ဆိုင်နိုင်လာသည်၊ လောကီ ပိုင်ဆိုင်မှုများကို တည်တည်ငြိမ်ငြိမ်နှင့် ဘေးဖယ်ထားနိုင်သည်၊ ဖြစ်လာသည့်အရာ အားလုံးကို လက်ခံပြီး ပျော်ရွှင်စွာကျိုးနွံ နာခံလာနိုင်ကာ၊ ဖန်ဆင်းရှင်က စီစဉ်ထားသည့် နောက်ဆုံး ဘဝဆုံမှတ်ကို ကြိုဆိုနိုင်လေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃)) ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးတဲ့နောက်မှာ မွေးခြင်း၊ အိုခြင်း၊ နာခြင်း၊ သေခြင်း အားလုံးက ဘုရားသခင်ရဲ့ လက်ထဲမှာပဲ ရှိတယ်၊ ပြီးတော့ လူတစ်ယောက်ရဲ့သေဆုံးချိန်ကို ဘုရားသခင်က ကြိုတင်သတ်မှတ်ထားပြီးသားဖြစ်တယ်ဆိုတာကို ကျွန်မ နားလည်ခဲ့တယ်။ ဒါက ဘာသာတရားမရှိသူတွေ ပြောသလို အလုပ်ပိရင် ကင်ဆာပြန်ဖြစ်ပြီး သေဆုံးရတယ်ဆိုတာမျိုး မဟုတ်ဘူး။ ဘုရားကသာ ကျွန်မကို ဒီအသက်အရွယ်အထိပဲ အသက်ရှင်ဖို့ ကြိုတင်သတ်မှတ်ထားရင် ကျွန်မ နေ့တိုင်း အိပ်ရာထဲမှာ နားနေပြီး အရမ်းကာရော အားမစိုက်ရင်တောင်မှ သေခြင်းတရားကနေ လွတ်မြောက်နိုင်ဦးမှာ မဟုတ်ဘူး။ ကင်ဆာပြန်ဖြစ်မှာစိုးလို့သာ ကျွန်မတာဝန်ကို ထမ်းဆောင်တာကို ရပ်လိုက်မယ်ဆိုရင် ဒါဟာ ဘုရားကို စစ်မှန်တဲ့ ပုန်ကန်ခြင်း ဖြစ်မှာပဲ။ နောက်ဆုံးမှာ ကျွန်မကင်ဆာ ပြန်မဖြစ်ခဲ့ရင်တောင် ကိုယ့်တာဝန်ကို ကောင်းကောင်း မဖြည့်ဆည်းခဲ့ဘူးဆိုရင် ကျွန်မဘဝက အချည်းနှီးပဲ ဖြစ်သွားမှာ၊ ပြီးတော့ ဘုရားသခင်ရဲ့ စက်ဆုပ်ရွံရှာမှုကိုလည်း ခံရမှာပဲ။ ကျွန်မအသက်ရှင်မလား၊ သေမလားဆိုတာက ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ အစီအစဉ်တွေအပေါ်မှာပဲ မူတည်တယ်၊ ပြီးတော့ ကျွန်မရဲ့စိုးရိမ်ပူပန်မှုတွေက အဲဒါကို မပြောင်းလဲနိုင်ဘူးဆိုတာကိုလည်း ကျွန်မနားလည်ခဲ့တယ်။ ကျွန်မလုပ်ရမှာက ဘုရားရဲ့အစီအစဉ်တွေကို ကျိုးနွံနာခံပြီး ကိုယ့်တာဝန်ကို ကောင်းကောင်းဖြည့်ဆည်းဖို့ပဲ။ ဒါဆိုရင် တစ်နေ့နေ့မှာ ဒီလောကကြီးကနေ ငါထွက်ခွာသွားခဲ့ရင်တောင် ကျွန်မရဲ့ဘဝက တန်ဖိုးရှိခဲ့မှာပဲ။ ဒီလိုသိနားလည်သွားတော့ ကျွန်မ ကင်ဆာ ပြန်ဖြစ်မလား၊ သေမလားဆိုတာကို မစိုးရိမ်တော့ဘူး။
အဲဒီနောက်မှာ ဘုရားနှုတ်ကပတ်တော် နောက်တစ်ပိုဒ်ကို ကျွန်မဖတ်ခဲ့တယ်၊ လက်တွေ့လုပ်ဆောင်ရမယ့် လမ်းကြောင်းက ပိုပြီးတော့တောင် ရှင်းလင်းလာခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “ဘုရားသခင်၌ သင်၏ယုံကြည်ခြင်းနှင့် သမ္မာတရားကို လိုက်စားခြင်း၌ သင်က ‘ဘုရားသခင်က ကျွန်ုပ်အပေါ် မည်သည့်ရောဂါ သို့မဟုတ် သဘောမတူဖွယ် ဖြစ်ရပ်များကို ကျရောက်ခွင့်ပြုပါစေ၊ ဘုရားသခင် မည်သည့်အရာကို လုပ်ဆောင်ပါစေ ကျွန်ုပ်သည် ကျိုးနွံနာခံပြီး ဖန်ဆင်းခံတစ်ယောက်အဖြစ် ကျွန်ုပ်၏ နေရာတွင် နေရမည်။ အခြားအရာအားလုံးထက်ပိုပြီး သမ္မာတရား၏ ဤရှုထောင့်ဖြစ်သည့် ကျိုးနွံနာခံခြင်းကို ကျွန်ုပ် လက်တွေ့လုပ်ဆောင်ရမည်၊ ယင်းကို ကျွန်ုပ် အကောင်အထည်ဖော်ရမည်။ ပြီးလျှင် ဘုရားသခင်ကို ကျိုးနွံနာခံခြင်း လက်တွေ့ကျမှုတွင် အသက်ရှင်နေထိုင်သည်။ ထို့အပြင် ဘုရားသခင်က ကျွန်ုပ်ကို တာဝန်ပေးစေခိုင်းသည့် အရာနှင့် ကျွန်ုပ်ထမ်းဆောင်သင့်သည့် တာဝန်ကို ကျွန်ုပ် ဘေးဖယ်၍မဖြစ်ပေ။ ကျွန်ုပ်၏ နောက်ဆုံးထွက်သက်တွင်ပင် ကျွန်ုပ်သည် မိမိ၏တာဝန်ကို စွဲစွဲမြဲမြဲ ထိန်းသိမ်းရမည်’ ဟု ဆိုနိုင်လျှင် ဤသည်မှာ သက်သေခံချက်ပေးခြင်း မဟုတ်လော။ သင်၌ ဤသန္နိဋ္ဌာန်မျိုးနှင့် ဤအခြေအနေမျိုး ရှိသည့်အခါ သင်သည် ဘုရားသခင်နှင့်ပတ်သက်၍ ညည်းညူနိုင်သေးသလော။ မဟုတ်ပေ၊ သင် မညည်းညူနိုင်ပေ။ ထိုသို့သော အချိန်တစ်ခုတွင် သင်သည် သင့်ကိုယ်သင် ‘ဘုရားသခင်က ကျွန်ုပ်ကို ဤဇီဝအသက်ကို ပေးသည်၊ သူသည် ဤနှစ်များ တစ်လျှောက် ကျွန်ုပ်အတွက် ထောက်ပံ့ပေးကာ ကွယ်ကာပေးပြီးဖြစ်သည်၊ သူသည် ကျွန်ုပ်ထံမှ နာကျင်မှုများစွာ ယူပြီးဖြစ်သည်၊ ကျွန်ုပ်ကို ကျေးဇူးတော်များစွာနှင့် သမ္မာတရားများစွာတို့ကို ပေးပြီးဖြစ်သည်။ ကျွန်ုပ်သည် မျိုးဆက်များကြာအောင် လူများ နားမလည်သေးသည့် သမ္မာတရားများနှင့် နက်နဲမှုများကို နားလည်ပြီးဖြစ်သည်။ ကျွန်ုပ်သည် ဘုရားသခင်ထံမှ များစွာ ရရှိပြီးဖြစ်သောကြောင့် ဘုရားသခင်ကို ကျွန်ုပ် ပြန်လည်ပေးဆပ်ရမည်။ ယခင်က ကျွန်ုပ်၏ ဝိညာဉ်ရင့်ကျက်မှုသည် အလွန် နုနယ်သည်၊ ကျွန်ုပ်သည် မည်သည့်အရာကိုမျှ နားမလည်ဘဲ ကျွန်ုပ် ပြုသမျှအရာအားလုံးသည် ဘုရားသခင်ကို နာကျင်စေသည်။ ကျွန်ုပ်သည် အနာဂတ်တွင် ဘုရားသခင်ကို ပြန်လည်ပေးဆပ်ဖို့ နောက်ထပ် အခွင့်အရေး ရှိနိုင်မည် မဟုတ်ပေ။ ဤနှစ်များတစ်လျှောက် ကျွန်ုပ်အတွက် ထောက်ပံ့ပေးခြင်းသည် အချည်းနှီးမဖြစ်ဘဲ အကျိုးဖြစ်ထွန်းပြီးဖြစ်သည်ကို ဘုရားသခင် တွေ့မြင်နိုင်ဖို့အလို့ငှာ ကျွန်ုပ် အသက်ရှင်ဖို့ အချိန်မည်မျှ ကျန်ပါစေ ကျွန်ုပ်၌ရှိသည့် အနည်းငယ်သော ခွန်အားကို ပူဇော်ဆက်ကပ်ပြီး ဘုရားသခင်အတွက် ကျွန်ုပ် လုပ်ဆောင်နိုင်သည့်အရာကို လုပ်ဆောင်ရမည်။ ဘုရားသခင်ကို နှစ်သိမ့်မှု ဆောင်ကြဉ်းပေးပါရစေ၊ ပြီးလျှင် သူ့ကို မနာကျင်စေတော့သကဲ့သို့ စိတ်မပျက်စေတော့ပေ’ ဟု တွေးလိမ့်မည်။ ဤနည်းလမ်းဖြင့် တွေးတောခြင်းကရော အဘယ်သို့ ရှိသနည်း။ ‘ဤရောဂါက မည်သည့်အချိန်တွင် ပျောက်မည်နည်း။ ပျောက်သည့်အချိန်တွင် ကျွန်ုပ်၏ တာဝန်ကို အစွမ်းကုန် ထမ်းဆောင်ပြီး သစ္စာစောင့်သိမည်။ ကျွန်ုပ်သည် မကျန်းမာသည့်အခါတွင် မည်သို့ သစ္စာစောင့်သိနိုင်သနည်း။ ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို ကျွန်ုပ် မည်သို့ ထမ်းဆောင်နိုင်သနည်း။’ ဟု တွေးလျက် သင့်ကိုယ်သင် မည်သို့ကယ်တင်ဖို့၊ သို့မဟုတ် လွတ်မြောက်ဖို့ မတွေးလေနှင့်။ သင်၌ ထွက်သက် တစ်ခုရှိသမျှ ကာလပတ်လုံး သင်သည် သင်၏တာဝန်ကို ထမ်းဆောင်နိုင်စွမ်း မရှိသလော။ သင်သည် ထွက်သက်တစ်ခု ရှိသမျှကာလပတ်လုံး ဘုရားသခင်ကို အရှက်မရစေအောင် လုပ်နိုင်စွမ်းရှိသလော။ သင်၌ ထွက်သက်တစ်ခု ရှိသမျှကာလပတ်လုံး သင်၏စိတ်သည် ကြည်လင်သမျှကာလပတ်လုံး သင်သည် ဘုရားသခင်နှင့်ပတ်သက်၍ မညည်းညူနိုင်စွမ်း ရှိသလော။ (ရှိပါသည်။) ယခုအခါတွင် ‘ဟုတ်ပါသည်’ ဟု ပြောရသည်မှာ လွယ်ကူသော်လည်း ဤသည်က သင့်ကို အမှန်တကယ် ဖြစ်ပျက်သည့်အခါတွင် ယင်းက အလွန်လွယ်ကူ လိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် သင်တို့သည် သမ္မာတရားကို လိုက်စားရမည်၊ သမ္မာတရားနှင့် ပတ်သက်၍ မကြာခဏ အလုပ်ကြိုးစားရမည် ဖြစ်ပြီး၊ ‘ဘုရားသခင်၏ ရည်ရွယ်ချက်များကို ကျွန်ုပ် မည်သို့ ကျေနပ်စေနိုင်သနည်း။ ဘုရားသခင်၏ချစ်ခြင်းမေတ္တာကို ကျွန်ုပ် မည်သို့ ပြန်ပေးဆပ်နိုင်သနည်း။ ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို ကျွန်ုပ် မည်သို့ ထမ်းဆောင်နိုင်သနည်း။’ ဟု တွေးခြင်း၌ သာ၍ အချိန် ကုန်ဆုံးရမည်။ ဖန်ဆင်းခံတစ်ဦး ဆိုသည်မှာ အဘယ်နည်း။ ဘုရားသခင်၏နှုတ်ကပတ်တော်များကို နားထောင်ရုံမျှသည် ဖန်ဆင်းခံတစ်ဦး၏ တာဝန်ဖြစ်သလော။ မဟုတ်ပေ။ ယင်းက ဘုရားသခင်၏ နှုတ်ကပတ်တော်ကို အသက်ရှင် နေထိုင်ဖို့ ဖြစ်သည်။ သင်သည် ဤအရာများကို အသက်ရှင်နေထိုင်နိုင်ပြီး သူ့အား သက်သေခံနိုင်ဖို့အလို့ငှာ ဘုရားသခင်သည် သင့်အား သမ္မာတရားများစွာ၊ လမ်းခရီးများစွာနှင့် အသက်များစွာကို ပေးပြီးဖြစ်သည်။ ဤသည်မှာ ဖန်ဆင်းခံတစ်ဦး လုပ်ဆောင်သင့်သည့် အရာဖြစ်သည်။ ပြီးလျှင် ယင်းမှာ သင်၏ တာဝန်နှင့် ဝတ္တရားတို့ ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဘုရားသခင်၏နှုတ်ကပတ်တော်ကို မကြာခဏ ဖတ်ရှုပြီး သမ္မာတရားကို အာရုံပြုဆင်ခြင်ခြင်း၌သာလျှင် ရှေ့ဆက်ရာ လမ်းကြောင်းရှိသည်) ဘုရားရဲ့ ကျွန်မတို့အပေါ်ထားတဲ့ တောင်းဆိုချက်တွေက အရမ်းရိုးရှင်းတယ်၊ အဲဒါက ကျိုးနွံနာခံခြင်းရဲ့ လက်တွေ့ကျမှုနဲ့ အသက်ရှင်နေထိုင်ဖို့ပဲ၊ ရောဂါဝေဒနာနဲ့ဖြစ်စေ၊ တခြားအခက်အခဲတွေနဲ့ဖြစ်စေ ကြုံတွေ့ရပါစေ ကိုယ့်တာဝန်ကို ကောင်းကောင်းဖြည့်ဆည်းရမယ်ဆိုတာကို ကျွန်မနားလည်ခဲ့တယ်။ ကျွန်မရဲ့အသက်ကို ဘုရားက ပေးထားတာ၊ ရှေ့ဆက်ပြီးတော့ ကျွန်မရဲ့ရောဂါ ပြန်ဖြစ်မလား၊ ကျွန်မသေမလားဆိုတာ အားလုံးက ဘုရားသခင်ရဲ့ လက်ထဲမှာပဲ ရှိတယ်၊ ဘုရားသခင်ရဲ့ စီစဉ်ညွှန်ကြားမှုတွေနဲ့ အစီအစဉ်တွေကို ကျွန်မကျိုးနွံနာခံဖို့ ဆန္ဒရှိခဲ့တယ်။ ကျွန်မက ခန္ဓာကိုယ် နည်းနည်းပင်ပန်းတယ်လို့ ခံစားရုံလေးပါ၊ ဒါက ကျွန်မရဲ့ကင်ဆာ ပြန်ဖြစ်လာပြီလို့ ဆိုလိုတာမှ မဟုတ်တာ။ ပြီးတော့ ကျွန်မ အိပ်ရာကနေ မထနိုင်လောက်အောင် ပင်ပန်းနွမ်းနယ်နေတာ မဟုတ်ဘူး။ အထူးသဖြင့် တရုတ်ကွန်မြူနစ်ပါတီက ညီအစ်ကိုမောင်နှမတွေကို အရူးအမူး ဖမ်းဆီးနေတော့ ကိုယ့်စိတ်နှလုံးကို တာဝန်ပေါ်မှာပဲ အာရုံစိုက်ထားသင့်တယ်၊ ညီအစ်ကိုမောင်နှမတွေ သူတို့ရဲ့တာဝန်တွေကို အေးအေးချမ်းချမ်း ထမ်းဆောင်နိုင်အောင် ကာကွယ်စောင့်ရှောက်ပေးဖို့ ဘုရားသခင်ကို ဆုတောင်းပြီး အားကိုးသင့်တယ်။ အဲဒီနောက်မှာတော့ ကျွန်မ တာဝန်ကို ပုံမှန်အတိုင်းပဲ ဆက်ပြီးထမ်းဆောင်ခဲ့တယ်။ တစ်ခါတလေ ခန္ဓာကိုယ် မအီမသာဖြစ်ရင် ပိုနားလိုက်တယ်၊ နေလို့ကောင်းသွားရင် ထပြီး ဘုရားနှုတ်ကပတ်တော်ကို ဖတ်တယ်။ အပြင်ထွက်ပြီး ကိစ္စတွေဆောင်ရွက်ဖို့လိုရင်လည်း ကိုယ့်ရောဂါအကြောင်း သိပ်ပြီးတွေးမနေဘဲ ပုံမှန်အတိုင်းပဲ အပြင်ထွက်တယ်။ ခဏကြာပြီးနောက်မှာ ကျွန်မ ဆေးရုံကို နောက်ဆက်တွဲရက်ချိန်း ပြန်သွားပြတဲ့အခါ ကင်ဆာက ပြန်မဖြစ်ခဲ့ဘူး။ ကျွန်မဒီလိုပဲ တာဝန်ကိုဆက်ထမ်းဆောင်ရင်း သုံးလေးလကြာတိုင်း ဆေးရုံကို နောက်ဆက်တွဲရက်ချိန်းပြန်သွားပြတယ်၊ အခုဆိုရင် နှစ်တွေအများကြီး ကြာသွားပြီ ကျွန်မရဲ့ကင်ဆာက ပြန်မဖြစ်တော့ဘူး။ ဘုရားသခင်ရဲ့ ကာကွယ်စောင့်ရှောက်မှုနဲ့ လမ်းပြမှုအတွက် ကျွန်မတကယ်ကို ကျေးဇူးတင်မိပါတယ်။
ဒီရောဂါဝေဒနာကနေတစ်ဆင့် လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို ကျွန်မပိုပြီး နားလည်လာခဲ့တယ်၊ ဘုရားသခင်က ဘယ်လိုအခြေအနေမျိုးကိုပဲ ဖန်တီးပေးပါစေ၊ အဲဒါတွေအားလုံးက လူကိုသန့်စင်ဖို့၊ လူရဲ့ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားနဲ့ ယုံကြည်ခြင်းထဲက မစင်ကြယ်မှုတွေကို ဖယ်ရှားပေးဖို့ပဲ ဖြစ်တယ်ဆိုတာကို ကျွန်မတွေ့ခဲ့ရတယ်။ တစ်ချိန်တည်းမှာပဲ လူတစ်ယောက် အသက်ရှင်နေတုန်းမှာ သူတို့ဟာ သမ္မာတရားကို လိုက်စားသင့်တယ်၊ ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ အစီအစဉ်တွေကို ကျိုးနွံနာခံသင့်တယ်၊ ပြီးတော့ ကိုယ့်တာဝန်ကို ကောင်းကောင်း ဖြည့်ဆည်းသင့်တယ်ဆိုတာကိုလည်း ကျွန်မနားလည်လာခဲ့တယ်။ ဒါဟာ အဓိပ္ပာယ်ရှိရှိ၊ တန်ဖိုးရှိရှိ နေထိုင်ဖို့ တစ်ခုတည်းသောနည်းလမ်းပဲ။ အခုအချိန်ကစပြီး ကျွန်မ သမ္မာတရားကို စိတ်အားထက်ထက်သန်သန်နဲ့ လိုက်စားမယ်၊ စိတ်သဘောထားပြောင်းလဲမှုကို လိုက်စားပြီး ဘုရားကို စိတ်ကျေနပ်အောင် ကိုယ့်တာဝန်ကို ကောင်းကောင်းဖြည့်ဆည်းသွားမယ်။ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။