မျက်နှာဖုံးအား ချွတ်ခြင်း
ထင််းဟွာ ပြင်သစ်နိုင်ငံ ခေါင်းဆောင်တစ်ယောက်အနေနဲ့ ကျွန်မ တာဝန် စထမ်းဆောင်ခဲ့တဲ့ ပြီးခဲ့တဲ့ဇွန်လတုန်းကပေါ့၊ အစ်မရဲ့အတွေ့အကြုံနဲ့...
ဘုရား၏ ပေါ်ထွန်းခြင်းကို တောင့်တသည့် ရှာဖွေသူများအားလုံးကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
၂၀၂၃ခုနှစ်၊ ဧပြီလတုန်းက ကျွန်မဟာ အသင်းတော်မှာ ဧဝံဂေလိအလုပ်အတွက် တာဝန်ယူခဲ့ပါတယ်။ အချိန်တစ်ခု ကြာပြီးတဲ့နောက်မှာ ခေါင်းဆောင်က ကျွန်မတို့နဲ့ စုဝေးမှုတစ်ခုလုပ်ခဲ့ပြီး ဧဝံဂေလိတရားဟောတာနဲ့ ပတ်သက်တဲ့ သမ္မာတရားတချို့ကို မိတ်သဟာယဖွဲ့ခဲ့ပါတယ်။ ကျွန်မကတော့ အဲဒီသမ္မာတရားတွေဟာ သိပ်ကောင်းတယ်၊ ကျွန်မသာ ဧဝံဂေလိတရားဟောသူတွေနဲ့အတူ အဲဒီသမ္မာတရားတွေကို စေ့စေ့စပ်စပ် မိတ်သဟာယဖွဲ့ခဲ့မယ်ဆိုရင် ဘာသာရေးသမားတွေရဲ့ အယူအဆတွေကို ဖြေရှင်းပေးတဲ့နေရာမှာ ပိုပြီးလွယ်ကူလိမ့်မယ်၊ အဲဒါဟာ ဧဝံဂေလိအလုပ်အတွက် အများကြီး အကျိုးရှိမယ်လို့ ထင်တယ်။ အဲဒီနောက်မှာ ဧဝံဂေလိတရားဟောသူတွေနဲ့အတူ မိတ်သဟာယဖွဲ့ဖို့အတွက် စုဝေးမှုတွေ မြန်မြန်ဆန်ဆန်ပဲ စီစဉ်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီအချိန်မှာ ကျွန်မ တာဝန်ယူထားတဲ့ အသင်းတော်တစ်ခုက ညီအစ်ကို မောင်နှမတွေ အများကြီး အဖမ်းခံထားရတယ်။ ကျွန်မ တွေ့ဖို့လိုတဲ့ ညီအစ်ကို မောင်နှမတွေထဲမှာ တချို့က အဆက်အသွယ် ပြတ်သွားပြီ၊ တချို့ကကျတော့ လုံခြုံရေးအရ စိုးရိမ်စရာတွေရှိလို့ မလာနိုင်ကြဘူး။ ကျွန်မမှာ တခြားအသင်းတော်တွေက ညီအစ်ကို မောင်နှမတွေနဲ့ စုဝေးပွဲတွေကို စိတ်မပါ့တပါနဲ့စီစဉ်ခဲ့ရတယ်။ အဲဒါကို ညီအစ်ကို တစ်ယောက်နဲ့ စီစဉ်ဖို့ ကြိုးစားတော့ သူက အရေးပေါ်ကိုင်တွယ်စရာတစ်ခု ရှိလို့ နောက်နှစ်ရက်မှာ စုဝေးပွဲ မတက်နိုင်ဘူးလို့ အကြောင်းပြန်လာတယ်။ ကျွန်မက စဉ်းစားတာပေါ့။ “ငါဘာလို့များ ကံအရမ်းဆိုးရတာလဲ။ စုဝေးပွဲတစ်ခုကို လူတွေတက်ဖို့ စီစဉ်တာတောင် အရမ်းတွေ ခက်နေတယ်။ သိပ်အရေးကြီးတဲ့ အခိုက်အတန့်တစ်ခုရှိတိုင်း ပြဿနာမျိုးစုံက ပေါ်လာတယ်။ ဘာလို့ ချောချောမွေ့မွေ့ မဖြစ်နိုင်ရတာလဲ။” သိပ်မကြာခင်မှာ ခေါင်းဆောင်ဆီကနေ စာတစ်စောင် ကျွန်မ ရခဲ့တယ်။ တခြားနေရာတွေက အသင်းတော်တွေဆို မိတ်သဟာယဖွဲ့ပြီးသွားကြလို့ စပြီးတောင် အကောင်အထည်ဖော်နေပြီလို့ ပြောတယ်။ သူတို့က ကျွန်မဘက်က တိုးတက်မှုအခြေအနေနဲ့ ပတ်သက်ပြီး စုံစမ်းမေးမြန်းခဲ့တယ်။ ကျွန်မ အားကျမိသလို စိတ်လည်းပူပြီး စဉ်းစားမိတယ်။ “သူတို့ကျတော့ ဘာလို့ သိပ်ကံကောင်းကြတာလဲ။ ငါ့နယ်ထဲက အသင်းတော်တွေမှာ ဘာတိုးတက်မှုမှ မရနိုင်သေးတဲ့အချိန် သူတို့အလုပ်တွေက အရမ်းကို ချောချောမွေ့မွေ့ ဖြစ်နေတာပဲ။ ငါက အလုပ်မှာ စွမ်းဆောင်ရည်မရှိဘဲ အချိန်ဆွဲနေတယ်လို့ ခေါင်းဆောင်တွေက ထင်တော့မှာလား မသိဘူး” လို့လေ။ အဲဒီအတွေးတွေနဲ့ ကျွန်မ အရမ်းကို စိတ်ဆိုးလာပြီး တွေးမိတယ်။ “ငါလည်း အလုပ်ကို ကောင်းကောင်းလုပ်ချင်တာပဲ။ ဘာလို့ ဘုရားသခင်က ငါ့ကို အလုပ်ချောချောမွေ့မွေ့ ပေးမလုပ်ရတာလဲ။ ဒီတစ်ယောက်က လုံခြုံရေးအတွက် စိုးရိမ်မှုတွေ ရှိနေတာမျိုး မဟုတ်ရင် နောက်တစ်ယောက်က အချိန်မရှိလောက်အောင်ကို အလုပ်များနေတာပဲ။ အကုန်လုံး စုပြုံပြီး ဖြစ်နေသလိုပဲ” လို့ပေါ့။ ဒီအခြေအနေနဲ့ ရင်ဆိုင်ရတော့ ကျွန်မမှာ ဘာမှကို မလုပ်နိုင်ဘူးလို့ ခံစားရတဲ့အပြင် ကျွန်မရဲ့ တာဝန်နဲ့ပတ်သက်ပြီး စိတ်ဓာတ်လည်း ကျမိတယ်။ အဲဒီနောက်မှာ တခြားအသင်းတော်တစ်ခုက ညီအစ်မတစ်ယောက်ဆီကို ကျွန်မ စာရေးပြီး စုဝေးပွဲတစ်ခု စီစဉ်ဖို့နဲ့ ကျွန်မကို အချိန်ပြန်ပြောပေးဖို့ လှမ်းတောင်းဆိုခဲ့တယ်။ ဒါပေမဲ့ မျှော်လင့်မထားဘဲ လာပြောပေးမဲ့သူက လမ်းမှာ နှောင့်နှေးသွားရော။ သူအကြောင်းပြန်တာကို ကျွန်မ ရတဲ့အချိန်မှာ ကျွန်မမှာ အစည်းအဝေး သတ်မှတ်ထားတဲ့ အချိန်နဲ့ လွဲသွားခဲ့ပြီ။ ကျွန်မ စဉ်းစားကြည့်တယ်။ “ငါဘာလို့များ ကံအရမ်းဆိုးရတာလဲ။ စုဝေးပွဲကို တက်ဖို့ လူတွေစီစဉ်လို့ ရတဲ့အချိန်ကျမှ စုဝေးပွဲကို လွတ်သွားရတယ်လို့။ စုဝေးပွဲကတော့ နောက်ထပ် သုံးလေးရက် ထပ်ဆိုင်းတော့မှာပဲ” လို့ပေါ့။ အဲဒီနှစ်ရက်မှာ ကျွန်မ အရမ်းကို ပူပင်သောကရောက်ပြီး စဉ်းစားမိတယ်။ “ငါ အလုပ်အစီအစဉ်တစ်ခုကို သန္နိဋ္ဌာန်ခိုင်ခိုင် မာမာချပြီး လုပ်တာပဲ။ ဒါပေမဲ့ အခုကျတော့ ဒီလောက် အချိန်ကြာပြီးတာတောင် တစ်ယောက်နဲ့မှ ငါမတွေ့ရသေးဘူး။ ငါ့အလုပ် တိုးတက်မှုနဲ့ ပတ်သက်လို့ ခေါင်းဆောင်က မေးလာရင် ငါဘယ်လို အဖြေပေးရမလဲ။ ငါ အကောင်အထည်ဖော်ရေးကို မစရသေးမှန်သာ သူတို့သိသွားရင် ငါ့ကို အလုပ်မှာ အချိန်ဆွဲနေတယ်လို့များ ထင်သွားမလား။” မမျှော်လင့်ဘဲ နှစ်ရက်ကြာပြီးတဲ့နောက်မှာ ခေါင်းဆောင်က ကျွန်မဆီကို စာတစ်စောင်ပို့လိုက်တယ်။ စီစီပီက တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဖမ်းဆီးမှုတွေ လုပ်ဖို့ စလိုက်ပြန်ပြီ၊ အဲဒီတော့ အကျိုးဆက်အနေနဲ့ အသင်းတော်ခေါင်းဆောင်တွေနဲ့ အမှုဆောင်တွေ အများကြီး အဖမ်းခံကြရတယ်ဆိုပဲ။ လောလောဆယ်မှာ ဘယ်သူနဲ့မှ စုဝေးပွဲတွေ မစီစဉ်ပါနဲ့ဦးလို့ ကျွန်မကို ပြောလာတယ်။ ကျွန်မ စိတ်နှလုံးထဲမှာ စောဒကတက်မိတယ်။ “ငါ့မှာ လူတချို့လာအောင် မနည်းစီစဉ်ထားပြီးခါစပဲ ရှိသေးတယ်။ အခုကျတော့ စုဝေးပွဲလုပ်လို့ မရပြန်ဘူး။ ဒီလိုဆိုတော့ အလုပ်က ပိုလို့တောင် လုပ်ရကိုင်ရ ခက်သွားတာပေါ့” လို့ပေါ့။ ဒါတွေအားလုံးနဲ့ ရင်ဆိုင်ရတော့ ကျွန်မ သိပ်ကို မချင့်မရဲဖြစ်ပြီး တွေးမိတယ်။ “ငါလည်း အလုပ်ကို ကောင်းကောင်းလုပ်ချင်တာပဲ။ ဒါပေမဲ့ ငါအလုပ်ကို အကောင်အထည်ဖော်လိုက်ရင် ဘာလို့ အားလုံးက အဆင်မပြေဖြစ်ကုန်တာလဲ။ ဘာလို့ ဘုရားသခင်က ကွယ်ကာမှု မပေးတာလဲ။ ငါ့ကံကပဲ မကောင်းတာထင်ပါတယ်။” အရာအားလုံးက အဆင်မပြေတော့ ကျွန်မ အဲဒီအကြောင်းကို စဉ်းစားလေလေ၊ ကျွန်မကံမကောင်းဘူးလို့ ခံစားရလေလေပဲ။ အဲဒီညက ကျွန်မ အိပ်ယာထဲမှာ တောင်လှိမ့်လိုက်၊ မြောက်လှိမ့်လိုက်နဲ့ မအိပ်နိုင်ခဲ့ဘူး။ ကျွန်မ ဘုရားသခင်ဆီမှာ ဆုတောင်းပြီး ကိုယ်တော့်ရဲ့ ရည်ရွယ်ချက်ကို ရှာဖွေမိတယ်။ လူတွေ ကံကောင်းမှု လိုက်စားတာကို ဖော်ထုတ်တဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မစဉ်းစားမိတော့ ဘုရားနှုတ်ကပတ်တော်ရဲ့ အဲဒီအခန်းကို ကျွန်မ ရှာပြီး ဖတ်ခဲ့တယ်။
အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “၎င်းတို့ ကံခေသည်ဟု အမြဲ တွေးသည့် လူတို့နှင့်ပတ်သက်၍ ပြဿနာမှာ အဘယ်နည်း။ ၎င်းတို့၏ လုပ်ရပ်များ မှန်ကန်ခြင်း၊ မှားယွင်းခြင်း ရှိမရှိဆိုသည်ကို တိုင်းတာရန်နှင့် မည်သည့် လမ်းကြောင်း ၎င်းတို့ လျှောက်သင့်သည်၊ ၎င်းတို့ တွေ့ကြုံသင့်သည့် အရာများနှင့် ရင်ဆိုင်ရသည့် ပြဿနာတစ်ခုတလေကို ချိန်ဆရန် ကံစံနှုန်းကို အမြဲ အသုံးပြုကြသည်။ ဤသည်မှာ မှန်သလော၊ မှားသလော။ (မှားပါသည်။) ၎င်းတို့သည် မကောင်းသည့် အရာများကို ကံခေခြင်းနှင့် ကောင်းသည့်အရာများကို ကံကောင်းခြင်း၊ သို့မဟုတ် အကျိုးပြုခြင်းအဖြစ် ဖော်ပြကြသည်။ ဤရှုထောင့်အမြင်သည် မှန်သလော၊ မှားသလော။ (မှားပါသည်။) အမှုအရာများကို ဤရှုထောင့်အမြင်မျိုးမှ အကဲဖြတ်ခြင်းသည် မှားယွင်း၏။ ထိုအရာမှာ အမှုအရာများကို အကဲဖြတ်ခြင်းအတွက် အစွန်းရောက်ပြီး မမှန်ကန်သည့် နည်းစနစ်နှင့် စံနှုန်းတစ်ခု ဖြစ်သည်။ ဤနည်းစနစ်မျိုးသည် လူတို့ကို စိတ်မချမ်းမြေ့ခြင်းထဲသို့ မကြာခဏ ကျဆင်းစေပြီး ၎င်းတို့ကို စိတ်မသက်မသာဖြစ်စေကာ မည်သည့်အရာမျှ မိမိတို့ သဘောအတိုင်း တစ်ကြိမ်တစ်ခါမျှ မဖြစ်ကြောင်းနှင့် မိမိတို့အလိုရှိသည့်အရာကို မည်သည့်အခါတွင်မျှ မရရှိကြောင်း ခံစားစေသည်။ ယင်းက နောက်ဆုံးတွင် ၎င်းတို့ကို စဉ်ဆက်မပြတ် စိတ်သောကရောက်၊ ကသိကအောက်ဖြစ်ပြီး စိတ်တထင့်ထင့် ခံစားစေလေသည်။ ဤအပျက်သဘောဆောင်သော စိတ်ခံစားမှုများ ပြေလည်သွားခြင်း မရှိသည့်အခါ ဤလူများသည် စိတ်မချမ်းမြေ့ခြင်းထဲသို့ စဉ်ဆက်မပြတ် ကျဆင်းပြီး ဘုရားသခင်က ၎င်းတို့ကို မျက်နှာသာပေးခြင်း မရှိဟု ခံစားစေသည်။ ဘုရားသခင်သည် ၎င်းတို့ကို မဟုတ်ဘဲ အခြားသူများကို ကျေးဇူးပြုခြင်းဖြင့်ဆက်ဆံကြောင်းနှင့် ၎င်းတို့ကို မဟုတ်ဘဲ အခြားသူများကို ဘုရားသခင် စောင့်ရှောက်ကြောင်း တွေးထင်ကြသည်။ ‘အဘယ်ကြောင့် ငါ အမြဲ စိတ်မသက်မသာ ဖြစ်ပြီး စိတ်သောက ခံစားရသနည်း။ အဘယ့်ကြောင့် ဆိုးသည့်အရာများသည် ငါ့အပေါ် အမြဲဖြစ်ပျက်နေရသနည်း။ အဘယ်ကြောင့် ကောင်းမွန်သည့်အရာများ ငါ့ထံ လုံးဝ ရောက်မလာသနည်း။ တစ်ကြိမ်တစ်ခါမျှသာ ငါတောင်းဆိုနေခြင်း ဖြစ်သည်’ဟူ၍ ဖြစ်၏။ ဤမှားယွင်းသည့် အတွေးနှင့် ရှုထောင့်အမြင် နည်းလမ်းမျိုးဖြင့် အမှုအရာများကို သင်ရှုမြင်သည့်အခါ ကောင်းသည့်ကံနှင့် မကောင်းသည့်ကံတို့၏ ထောင်ချောက်ထဲသို့ သင် သက်ဆင်းမိလိမ့်မည်။ ဤထောင်ချောက်ထဲသို့ သင် အဆက်မပြတ် ကျဆင်းသည့်အခါ စဉ်ဆက်မပြတ် စိတ်မချမ်းမြေ့ဖြစ်လိမ့်မည်။ ဤစိတ်မချမ်းမြေ့ခြင်းအလယ်တွင် သင့်အပေါ် ကျရောက်သည့် အရာများက ကံကောင်းခြင်း၊ ကံခေခြင်း ရှိမရှိဆိုသည်ကို သင်သည် အထူးသဖြင့် သတိထားနေမိလိမ့်မည်။ ဤအရာဖြစ်ပျက်သည့်အခါ ကံကောင်းခြင်း၊ ကံဆိုးခြင်းနှင့်ဆိုင်သည့် ဤရှုထောင့်အမြင်နှင့် စိတ်ကူးက သင့်ကို ထိန်းချုပ်ပြီးဖြစ်ကြောင်း သက်သေပြပေသည်။ သင်သည် ဤရှုထောင့်အမြင်မျိုး၏ ထိန်းချုပ်ခြင်းခံရသည့်အခါ လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများအပေါ် သင်၏ အမြင်များနှင့် သဘောထားတို့သည် ပုံမှန် လူ့သဘာဝ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရား အပိုင်းအခြားအတွင်းတွင် မရှိတော့ဘဲ အစွန်းရောက်မှုမျိုးထဲသို့ ကျဆင်းသွားပြီ ဖြစ်သည်။ ဤအစွန်းရောက်မှုထဲသို့ သင် ကျဆင်းသွားသည့်အခါ သင်၏ စိတ်မချမ်းမြေ့ခြင်းမှ သင် လွတ်လာလိမ့်မည် မဟုတ်။ တစ်ချိန်ပြီးတစ်ချိန် သင် ဆက်လက် စိတ်မချမ်းမြေ့ဘဲ နေမိလိမ့်မည်ဖြစ်ပြီး သင်သည် ပုံမှန်အားဖြင့် စိတ်မချမ်းမြေ့ခြင်းမရှိလျှင်ပင် တစ်စုံတစ်ရာ မှားယွင်းသွားသည်နှင့်တစ်ပြိုင်နက်၊ ကံခေသည့် အရာတစ်ခု ဖြစ်ပျက်သည်ဟု သင် ခံစားရသည်နှင့်တစ်ပြိုင်နက် စိတ်မချမ်းမြေ့ခြင်းထဲသို့ သင် ချက်ချင်း ကျဆင်းသွားလိမ့်မည်။ ဤစိတ်မချမ်းမြေ့ခြင်းက သင်၏ ပုံမှန် ဝေဖန်ပိုင်းခြားနိုင်စွမ်း၊ ဆုံးဖြတ်ချက်ချခြင်းနှင့် သင်၏ ပျော်ရွှင်မှု၊ ဒေါသ၊ ဝမ်းနည်းမှုနှင့် ဝမ်းမြောက်မှုတို့ကိုပင် ထိခိုက်လိမ့်မည်။ သင်၏ ပျော်ရွှင်မှု၊ ဒေါသ၊ ဝမ်းနည်းမှုနှင့် ဝမ်းမြောက်ခြင်းတို့ကို ထိုအရာက ထိခိုက်သည့်အခါ သင်၏ တာဝန် ထမ်းဆောင်ခြင်းအပြင် ဘုရားသခင်နောက်လိုက်ရန် သင်၏ လိုအင်နှင့် စိတ်ဆန္ဒတို့ကို နှောင့်ယှက်ကာ ဖျက်ဆီးလိမ့်မည်။ ဤအပြုသဘောဆောင်သောအရာများ ဖျက်ဆီးခံရသည့်အခါ သင် နားလည်လာပြီးဖြစ်သည့် သမ္မာတရား အနည်းငယ်သည် ပျောက်ချင်းမလှ ပျောက်သွားလိမ့်မည်ဖြစ်ပြီး သင့်အဖို့ လုံးဝ အကူအညီ ဖြစ်လိမ့်မည် မဟုတ်။ ထို့ကြောင့် ဤရက်စက်သည့် သံသရာထဲသို့ သင် ကျဆင်းသည့်အခါ သင် နားလည်သည့် သမ္မာတရား စည်းမျဉ်းအနည်းငယ်ကို လက်တွေ့လုပ်ဆောင်ရန် သင့်အတွက် ခက်ခဲလိမ့်မည်ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၂)) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့အခါမှာ ကျွန်မ နားလည်သဘောပေါက်လိုက်တာက ကျွန်မ လက်တလော ခံစားနေရတဲ့ စိတ်အနှောင့်အယှက်ဖြစ်တာနဲ့ မချင့်မရဲဖြစ်တာတွေဟာ ကိစ္စရပ်တွေနဲ့ ပတ်သက်တဲ့ ကျွန်မရဲ့ မမှန်ကန်တဲ့ အမြင်တွေကြောင့်ဆိုတာပါပဲ။ ကျွန်မအပေါ် ဖြစ်ပျက်သမျှတွေကို ကိုယ့်ကံက ကောင်းလား၊ ဆိုးလားဆိုတာကို စဉ်းစားရင်းနဲ့ အကဲဖြတ်ပြီး ကိုင်တွယ်ဖြေရှင်းနေခဲ့တာ။ အလုပ်ကို အကောင်အထည်ဖော်နေရင်းနဲ့ အနှောင့်အယှက်အမျိုးမျိုး ဆက်တိုက်ပေါ်လာတိုင်း၊ ပြီးတော့ လူတွေနဲ့ စုဝေးပွဲတွေလုပ်ဖို့ စီစဉ်တာက အဆင်မပြေဘဲ အတားအဆီးတစ်ခုနဲ့ ကြုံရတိုင်း ကျွန်မ အရမ်းကို ကံဆိုးတယ်၊ ကျွန်မရဲ့ ကံက မကောင်းဘူးလို့ ခံစားခဲ့ရတယ်။ အထူးသဖြင့် တခြားအသင်းတော်တွေမှာ အလုပ်က ပုံမှန်တိုးတက်နေတာ မြင်ထားရပြီး ကျွန်မဘက်မှာကျတော့ စုဝေးပွဲတွေ တက်ဖို့ လူတွေစီစဉ်တဲ့နေရာမှာ ဘာမှ မှန်မှန်ကန်ကန် ဖြစ်မလာဘူး။ ညီအစ်ကို မောင်နှမတွေမှာ လုံခြုံရေးနဲ့ ပတ်သတ်ပြီး စိုးရိမ်မှုတွေ ရှိရင်ရှိ၊ မဟုတ်ရင် အချိန်မရလောက်အောင်ကို အလုပ်များနေတာ ဖြစ်ရင်ဖြစ်ပဲ။ နောက်ဆုံး ကျွန်မ စီစဉ်လိုက်နိုင်တဲ့ အချိန်မှာတောင် စုဝေးပွဲကို ကျွန်မ လွတ်သွားသေးတယ်။ ဒီလိုတွေဖြစ်ပျက်နေတော့ ကျွန်မကံမကောင်းဘူး၊ ကျွန်မ ကံကိုက ဆိုးတာလို့ ပိုပြီးတွေးမိတာပေါ့။ အဲ့ဒီတော့ မချင့်မရဲတွေဖြစ်ပြီး စိတ်သောကရောက်ရတာပေါ့။ ဘုရားသခင်က ကျွန်မကို ကွယ်ကာမနေဘူးလို့တောင် စောဒကတက်လိုက်တာဆိုတာ ကျွန်မရဲ့ တာဝန်ကို ထမ်းဆောင်ဖို့ စိတ်ပါဝင်စားမှုပါ ပျောက်သွားတယ်။ အခုတော့ ကျွန်မနားလည်သွားပြီ။ သမ္မာတရားကို ရှာဖွေဖို့နဲ့ ကျွန်မ ဘဝအတွက် အကျိုးရှိတဲ့ သင်ခန်းစာတွေကို သင်ယူဖို့အတွက် ဘုရားသခင်က အကျိုးမပြုတဲ့ အခြေအနေအမျိုးမျိုးကို ဖြစ်ပေါ်စေဖို့ ခွင့်ပြုတော်မူခဲ့တာပဲ။ အပျက်သဘောဆောင်တဲ့ ခံစားချက်တွေနဲ့ ကျွန်မ မနေနိုင်ဘူး။ ဒါကို နားလည်သဘောပေါက်လာရင်း ကျွန်မရဲ့ စိတ်နှလုံးက အေးချမ်းလာတယ်။ ကျွန်မရဲ့ ပြဿနာတွေကို ဖြေရှင်းဖို့နဲ့ ဘုရားသခင် စီစဉ်ပေးထားတဲ့ ပတ်ဝန်းကျင်တွေကို မှန်မှန်ကန်ကန် ချဉ်းကပ်ဖို့အတွက် သမ္မာတရားကို ကျွန်မ ရှာဖွေချင်လာတယ်။
ကျွန်မ ဝတ်ပြုခြင်းတွေ လုပ်နေတုန်းမှာ ဘုရားသခင်ရဲ့ ဒီနှုတ်ကပတ်တော်တွေကို ဖတ်ခဲ့ပါတယ်။ “အမှန်တရားမှာ တစ်စုံတစ်ရာနှင့် ပတ်သက်၍ လူတစ်ဦး စိတ်ချမ်းသာခြင်း၊ စိတ်မချမ်းသာခြင်းသည် အမှုအရာကိုယ်တိုင်၏ အနှစ်သာရထက် မိမိတို့ကိုယ်ပိုင် တစ်ကိုယ်ကောင်းဆန်သော ရည်ရွယ်ချက်များ၊ ဆန္ဒများနှင့် ကိုယ်ကျိုးစီးပွားတို့အပေါ် အခြေခံခြင်း ဖြစ်သည်။ ထို့ကြောင့် တစ်စုံတစ်ရာ ကောင်းခြင်း၊ ဆိုးခြင်း ရှိမရှိဆိုသည်ကို လူတို့ တိုင်းတာသည့် အခြေခံအကြောင်းရင်းမှာ မှန်ကန်တိကျခြင်း မရှိပေ။ အခြေခံအကြောင်းရင်းက မှန်ကန်တိကျခြင်း မရှိသောကြောင့် ၎င်းတို့ နောက်ဆုံးချသည့် ကောက်ချက်များမှာလည်း မှန်ကန်တိကျခြင်း မရှိပေ။ ကောင်းသည့် ကံနှင့် ဆိုးသည့်ကံ အကြောင်းအရာကို ပြန်သွားရလျှင် ယခု ကံနှင့်ဆိုင်သော ဤဆိုရိုးသည် ခိုင်လုံခြင်း မရှိကြောင်းနှင့် ကောင်းခြင်း မရှိသကဲ့သို့ ဆိုးခြင်းလည်း မရှိကြောင်းကို လူတိုင်း သိရှိကြပြီဖြစ်သည်။ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ သင် ကြုံရသည့် လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများအားလုံးကို ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များက သတ်မှတ်ထားခြင်းဖြစ်သောကြောင့် ထိုအရာများကို သင့်တင့်လျောက်ပတ်စွာ သင် ရင်ဆိုင်သင့်သည်။ ဘုရားသခင်ထံမှ ကောင်းသည့်အရာကို ခံယူပြီး ဘုရားသခင်ထံမှ မကောင်းသည့်အရာကိုလည်း ခံယူလော့။ ကောင်းသည့်အရာများ ဖြစ်ပျက်သည့်အခါ သင်ကံကောင်းကြောင်းနှင့် မကောင်းသည့်အရာများ ဖြစ်ပျက်သည့်အခါ သင် ကံခေသည်ဟု မဆိုနှင့်။ ဤအရာများအားလုံးအတွင်းတွင် လူတို့အတွက် သင်ယူရမည့် သင်ခန်းစာများရှိသည်ဟုသာ ဆိုနိုင်သည်။ ယင်းတို့ကို မငြင်းပယ်သင့်ပေ၊ သို့မဟုတ် မရှောင်ကြဉ်သင့်ပေ။ ကောင်းသောအရာများအတွက် ဘုရားသခင်ကို ကျေးဇူးတင်လော့။ သို့သော် မကောင်းသည့်အရာအားလုံးကို ဘုရားသခင် စီစဉ်ထားခြင်း ဖြစ်သောကြောင့် ထိုအရာများအတွက်လည်း ဘုရားသခင်ကို ကျေးဇူးတင်လော့။ ကောင်းသည့် လူများ၊ အဖြစ်အပျက်များ၊ အမှုအရာများက ၎င်းတို့ သင်ယူသင့်သည့် သင်ခန်းစာများကို ပေးသော်လည်း မကောင်းသည့် လူများ၊ အဖြစ်အပျက်များ၊ အမှုအရာများနှင့် ပတ်ဝန်းကျင်များမှ သင်ယူရမည့်အရာ သာ၍ပင်ရှိ၏။ ဤအရာများသည် အကြင်သူ၏ ဘဝတစ်စိတ်တစ်ပိုင်း ဖြစ်သင့်သည့် အတွေ့အကြုံများနှင့် ဖြစ်ရပ်များသာ ဖြစ်သည်။ ထိုအရာများကို တိုင်းတာရန် ကံနှင့်ဆိုင်သည့် စိတ်ကူးကို လူတို့ အသုံးမပြုသင့်ပေ။ ထို့ကြောင့် အမှုအရာများ ကောင်းခြင်း၊ ဆိုးခြင်း ရှိမရှိဆိုသည်ကို အကဲဖြတ်ရန် ကံကို အသုံးပြုသည့် လူတို့၏ အတွေးများနှင့် ရှုထောင့်အမြင်များသည် အဘယ်နည်း။ ထိုလူတို့၏ အနှစ်သာရမှာ အဘယ်နည်း။ ကောင်းသည့်ကံနှင့် ဆိုးသည့်ကံကို အဘယ်ကြောင့် ၎င်းတို့ အလွန် အာရုံစိုက်ကြသနည်း။ ကံအပေါ် များစွာ အာရုံစိုက်သည့်လူများသည် မိမိတို့ကံ ကောင်းရန် မျှော်လင့်ကြသလော၊ သို့မဟုတ် ကံဆိုးရန် မျှော်လင့်ကြသလော။ (ကံကောင်းရန် မျှော်လင့်ကြပါသည်။) မှန်ပေ၏။ အမှန်တွင် ၎င်းတို့သည် ကောင်းသည့်ကံနှင့် ကောင်းသည့်အရာများ ၎င်းတို့ထံ ဖြစ်ပျက်ဖို့အတွက် လိုက်စားအားထုတ်ကြပြီး ထိုအရာများကို ၎င်းတို့ ကောင်းကောင်း အသုံးချကာ ထိုအရာများမှ အကျိုးအမြတ်များ ရယူကြသည်။ အခြားသူများ မည်မျှ ဆင်းရဲဒုက္ခခံစားရသည်၊ သို့မဟုတ် အခြားသူများက ဆင်းရဲဒုက္ခ၊ သို့မဟုတ် အခက်အခဲမည်မျှ သည်းညည်းခံရမည်ဆိုသည်ကို ၎င်းတို့ ဂရုမစိုက်ကြချေ။ ကံမကောင်းသည့်အရာအဖြစ် ၎င်းတို့ မြင်သည့် မည်သည့်အရာကိုမျှ မိမိတို့ထံ မဖြစ်စေချင်ကြပေ။ တစ်နည်းအားဖြင့်ဆိုသော် ၎င်းတို့ထံ မကောင်းသည့်အရာ မည်သည့်အရာမျှ ၎င်းတို့ မဖြစ်စေချင်ကြပေ။ အနှောင့်အယှက်များ၊ ကျရှုံးမှုများ၊ သို့မဟုတ် အရှက်ရစရာများ၊ ပြုပြင်ခံရခြင်း၊ အမှုအရာများ ဆုံးရှုံးခြင်း၊ အခွင့်အရေး ဆုံးရှုံးခြင်းနှင့် လှည့်စားခံရခြင်းများ မဖြစ်စေချင်ကြပေ။ ထိုအရာများထဲမှ တစ်ခုတလေဖြစ်ပျက်ပါက မကောင်းသည့် ကံအဖြစ် မှတ်ယူလိုက်ကြသည်။ မည်သူက ထိုအရာကို စီစဉ်သည်ဖြစ်စေ မကောင်းသည့်အရာများ ဖြစ်ပျက်လျှင် ထိုအရာမှာ ကံမကောင်းခြင်း ဖြစ်သည်။ ၎င်းတို့သည် ရာထူးတိုးခံရခြင်း၊ လူအုပ်မှ ထင်ပေါ်ခြင်းနှင့် အခြားသူများ၏ ထိခိုက်နစ်နာမှုမှ အကျိုးကျေးဇူး ခံစားရခြင်းမှသည် တစ်စုံတစ်ရာမှ အကျိုးအမြတ်ရခြင်း၊ ငွေများစွာ ရှာခြင်း၊ သို့မဟုတ် အဆင့်မြင့် အရာရှိတစ်ဦး ဖြစ်ခြင်းအထိ ကောင်းသည့်အရာများအားလုံး ၎င်းတို့ထံ ဖြစ်ပျက်ရန် မျှော်လင့်ကြပြီး ယင်းမှာ ကောင်းသည့်ကံဟု ၎င်းတို့ တွေးထင်ကြလေသည်။ ၎င်းတို့သည် မိမိတို့ ကြုံရသည့် လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများကို ကံပေါ်အခြေခံ၍ အမြဲ တိုင်းတာကြသည်။ မကောင်းသည့်ကံကို မဟုတ်ဘဲ ကောင်းသည့်ကံကို လိုက်စားနေကြသည်။ အမှုအရာ အနည်းငယ်မျှ မှားယွင်းသည်နှင့်တစ်ပြိုင်နက် ၎င်းတို့ ဒေါသထွက်၊ စိတ်အနှောင့်အယှက်ဖြစ်ပြီး မကျေမနပ်ဖြစ်ကြသည်။ ဘွင်းဘွင်း ပြောရလျှင် ဤလူစားမျိုးများသည် တစ်ကိုယ်ကောင်းဆန်၏။ ၎င်းတို့သည် အခြားလူများ၏ ထိခိုက်နစ်နာမှုမှ မိမိတို့အတွက် အကျိုးကျေးဇူးခံစားခြင်း၊ မိမိတို့ကိုယ်ကိုအတွက် အကျိုးအမြတ် ဖန်တီးခြင်း၊ ထိပ်ဆုံးသို့ ရောက်လာခြင်းနှင့် လူအုပ်ထဲမှ ထင်ပေါ်ခြင်းတို့ကို လိုက်စားအားထုတ်ကြသည်။ ၎င်းတို့ တစ်ဦးတည်းထံတွင် ကောင်းသည့်အရာမှန်သမျှ ဖြစ်ပျက်လျှင် ၎င်းတို့ စိတ်ကျေနပ်ကြမည်ဖြစ်သည်။ ဤသည်မှာ ၎င်းတို့၏ သဘာဝ အနှစ်သာရဖြစ်သည်။ ၎င်းတို့၏ စစ်မှန်သော သဘောသဘာဝ ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၂)) ဘုရားရဲ့နှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့အခါမှာ ကျွန်မ နားလည်လာတာကတော့ ကိစ္စတွေကို အဆင်ပြေပြေ ဖြစ်သွားသလား၊ မဖြစ်ဘူးလားဆိုတဲ့ အပေါ်မှာ မူတည်ပြီး ကောင်းတယ် ဆိုးတယ် သတ်မှတ်လို့ မရဘူးဆိုတာပါပဲ။ ဒါကို ကံနဲ့ ဘာမှ မဆိုင်ပါဘူး။ ကျွန်မတို့ နေ့စဉ်နဲ့အမျှ ကြုံတွေ့နေရတဲ့ ပတ်ဝန်းကျင်တွေဟာ ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ အစီအစဉ်အောက်မှာပဲ ရှိပါတယ်။ ဒါတွေအားလုံးဟာ ကျွန်မတို့ဘဝတွေအတွက် အကျိုးရှိပါတယ်။ ဘုရားသခင်ကို မယုံကြည်တဲ့ ဘာသာတရားမရှိသူတွေအကြောင်းကို စဉ်းစားကြည့်တော့ သူတို့ကို ဘာတွေပဲဖြစ်ဖြစ် အဲဒါကို ဘုရားဆီကနေ ခံယူမှာကို မဟုတ်ဘူး။ သူတို့ရဲ့ ကိုယ်ပိုင်အကျိုးစီးပွားနဲ့ ဆုံးရှုံးမှုတွေကိုပဲ စဉ်းစားကြတယ်။ ဒုက္ခနဲ့ ရင်ဆိုင်ရတဲ့အခါ သူတို့က ကံမကောင်းတာပါ၊ သူတို့ကံက ဆိုးတာပါလို့ စဉ်းစားပြီး ကောင်းကင်ဘုံကို စောဒကတွေတက်တဲ့အပြင် တခြားသူတွေကို အပြစ်တင်ကြတယ်။ ကျွန်မလည်း အတူတူပဲ မဟုတ်ဘူးလား။ အရင်တုန်းကဆို အမြဲ ရာထူးတိုးနေတာတို့၊ သူဌေးရဲ့ အခွင့်အရေးပေးတာတွေ ရနေတာတို့ ဒါမှမဟုတ် တခြားသူတွေက အထင်ကြီးလေးစားမှုကို ခံရတာတို့လို အလုပ်မှာ အားလုံးအဆင်ပြေနေပုံရတဲ့သူ တစ်ယောက်ယောက်ကို တွေ့တိုင်း သူတို့ကံက ထူးထူးခြားခြားကို ကောင်းတာပဲ၊ ပြီးတော့ သူတို့က အကျိုးပြုတဲ့ အခြေအနေနဲ့ အမြဲကြုံရတာပဲ၊ အလုပ်ကြိုးစားတာချင်းအတူတူ ကျွန်မမှာတော့ သူတို့လောက် ကံမကောင်းတဲ့အပြင် အခက်အခဲပေါင်းစုံနဲ့ ဆက်တိုက်ရင်ဆိုင်ရပြီး ထင်ပေါ်နိုင်ဖို့၊ အာရုံစိုက်ခံရနိုင်ဖို့ မရှိဘဲ အထက်လူကြီးက အပြစ်တင်ဆုံးမတာကိုတောင် ခဏခဏ ခံလိုက်ရသေးတယ်လို့ မတွေးမိဘဲ မနေနိုင်ခဲ့ဘူး။ ဒီတော့ ကျွန်မမှာ ဖြစ်လိုက်သမျှဟာ ကံမကောင်းတာတွေချည်းပဲလို့ ယုံကြည်ပြီး ကောင်းကင်ဘုံကို စောဒကတက်တဲ့အပြင် သူများတွေကိုပါ လိုက်အပြစ်တင်မိတယ်။ ဘုရားသခင်ကို ယုံကြည်လာပြီးတဲ့ နောက်မှာတောင် ကျွန်မက ဒီလိုဖြစ်နေတုန်းပဲ။ အစွမ်းအစကောင်းတွေလည်းရှိ၊ အလုပ်တာဝန်တွေမှာလည်း ထိရောက်အောင်လုပ်နိုင်တဲ့အပြင် ခေါင်းဆောင်တွေက တန်ဖိုးထားပြီး တခြားလူတွေရဲ့ အထူးလေးစားမှုကို ခံရတဲ့ ညီအစ်ကို မောင်နှမတွေနဲ့ ကျွန်မတွေ့တိုင်းမှာ ကျွန်မရဲ့ စိတ်နှလုံးထဲမှာ အားကျမိတယ်။ သူတို့က သိပ်ကံကောင်းပြီး ကျွန်မကျတော့ ကျွန်မရဲ့ တာဝန်တွေမှာ အတားအဆီးတွေ၊ ဒုက္ခတွေနဲ့ ခဏခဏတွေ့ရပြီး သိပ်ကို ကံမကောင်းပါလားလို့ ခံစားမိတယ်။ ကျွန်မရဲ့ ဆိုးဝါးတဲ့ကံကြောင့်ပဲလို့ ကျွန်မ ယုံကြည်လာခဲ့တယ်။ အခုတော့ ကျွန်မရဲ့ အမြင်ရှုထောင့်က အဓိပ္ပာယ်မရှိဘူးဆိုတာ သိလိုက်ပါပြီ။ ဒုက္ခတွေနဲ့ ဆိုးဝါးတဲ့ကံတွေလို့ ကျွန်မမှတ်ယူခဲ့တဲ့ အရာတွေက ကျွန်မရဲ့ ကိုယ်ကျိုးအပေါ်မှာ အခြေခံပြီး ဆုံးဖြတ်ခဲ့တာပဲ။ ကျွန်မ ပြန်သုံးသပ်မိတာက တကယ်လို့ ကျွန်မရဲ့ အလုပ်အကောင်အထည်ဖော်တာသာ အစကတည်းက ချောမွေ့ခဲ့ရင် ပြီးတော့ ရလဒ်တွေသာ တိုးတက်ကောင်းမွန်ခဲ့ပြီး ကျွန်မသာ အာရုံစိုက်ခံရအောင် လုပ်နိုင်ခဲ့ရင် ကျွန်မ သေချာပေါက် ပျော်ခဲ့မှာပဲ။ ကျွန်မက ဘုရားသခင်ရဲ့ ရည်ရွယ်ချက်တွေကို အလေးထားပြီး ကိုယ့်အလုပ် ထိရောက်မှုတွေ တိုးတက်လာအောင် ကိုယ့်တာဝန်မှာ အလုပ်ကြိုးစားမယ်လို့ ကျွန်မရဲ့နှုတ်ကနေ အတိအလင်းပြောခဲ့တယ်။ ဒါပေမဲ့ တကယ်တမ်းကျတော့ ကျွန်မက ကျွန်မရဲ့ ဂုဏ်သတင်းနဲ့ အဆင့်အတန်းအတွက် ပြီးတော့ ခေါင်းဆောင်တွေ ကျွန်မကို ဘယ်လိုမြင်မလဲဆိုတာအတွက်ပဲ စိတ်ပူခဲ့တာပါ၊ ကျွန်မရဲ့ စိတ်နှလုံးထဲမှာ အမှန်တကယ်တော့ ဘုရားသခင်အတွက် နေရာမရှိခဲ့ပါဘူး။ ကျွန်မက တကယ်ပဲ သိပ်တစ်ကိုယ်ကောင်း ဆန်ခဲ့ပါတယ်။ ကိုယ့်ကိုယ်ကျိုး ထိခိုက်နိုင်ချေ ရှိတဲ့ အချိန်တိုင်းမှာ ကျွန်မ ကောင်းကင်ဘုံကို စောဒကတက်တဲ့အပြင် တခြားသူတွေကို အပြစ်တင်ခဲ့တယ်။ ပြီးတော့ အဲဒါကို ဘုရားသခင်ဆီက လုံးဝ မခံယူခဲ့ဘူး။ ဒါက ဘာသာတရားမရှိသူတွေရဲ့ အမြင်နဲ့ အတူတူပဲ မဟုတ်ဘူးလား။
နောက်ပိုင်းမှာ ကျွန်မ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ပိုပြီးဖတ်ခဲ့ပါတယ်။ “လူတိုင်းသည် ဘဝတွင် ဆုတ်ဆိုင်းမှုများနှင့် ကျရှုံးမှုများစွာ ဖြတ်သန်းရမည်။ စိတ်ကျေနပ်မှုဖြင့်သာ ပြည့်ဝသည့် ဘဝတစ်ခု မည်သူ ရှိပါသနည်း။ မည်သူသည် ကျရှုံးမှုများ၊ သို့မဟုတ် ဆုတ်ဆိုင်းမှုများ တစ်ခုမျှ လုံးဝ မတွေ့ကြုံရသနည်း။ တစ်ခါတစ်ရံ အမှုအရာများသည် သင့်အတွက် အဆင်မပြေသည့်အခါ၊ သို့မဟုတ် ဆုတ်ဆိုင်းမှုများနှင့် ကျရှုံးမှုများကို သင် အမှတ်မထင် တွေ့ရသည့်အခါ ဤသည်မှာ မကောင်းသည့်ကံမဟုတ်။ သင် တွေ့ကြုံသင့်သည့်အရာ ဖြစ်သည်။ ထိုအရာမှာ အစာစားသကဲ့သို့ ဖြစ်သည်။ အချဉ်၊ အချို၊ အခါးနှင့် အစပ် ထပ်တူထပ်မျှ သင် စားရမည်ဖြစ်သည်။ လူတို့သည် ဆားမပါဘဲ မဖြစ်သကဲ့သို့ ငံသည့် အစားအစာအချို့ကို စားရမည်ဖြစ်သည်။ သို့သော် ဆားများစွာ သင် စားလွန်းပါက၊ သင်၏ ကျောက်ကပ် ထိလိမ့်မည်။ အချို့သော ရာသီအချိန်ကာလများတွင် ချဉ်သောအစာများကို သင်စားရမည်၊ သို့သော် အလွန်များစွာ စားရန်မှာ သင်၏ သွား သို့မဟုတ် အစာအိမ်အတွက် မကောင်းသည်နှင့်အမျှ အဆင်ပြေမည် မဟုတ်။ အရာရာကို ချင့်ချင့်ချိန်ချိန် စားပေးရမည်ဖြစ်သည်။ သင်သည် ချဉ်သည့်အစာ၊ ငံသည့်အစာနှင့် ချိုသည့်အစာများ စားပြီး ခါးသည့် အစာအချို့ကိုလည်း စားရမည်ဖြစ်သည်။ ခါးသည့် အစာများသည် အတွင်း အင်္ဂါအချို့အတွက် ကောင်းမွန်သောကြောင့် အနည်းငယ် သင်စားပေးရမည်။ လူတစ်ဦး၏ ဘဝသည်လည်း အလားတူ ဖြစ်၏။ သင့်ဘဝ၏ အဆင့်တိုင်းတွင် သင် အမှတ်မထင် တွေ့ကြုံရသည့် လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများ အများစုသည် သင်၏ အကြိုက် ဖြစ်မည်မဟုတ်။ ဤသည်မှာ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် လူတို့သည် မတူကွဲပြားသည့် အရာများကို လိုက်စားကြသောကြောင့် ဖြစ်သည်။ သင်သည် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းနှင့် ကြွယ်ဝမှုတို့ကို လိုက်စားပြီး အခြားသူများထက် သာလွန်သူဖြစ်ရန်နှင့် ကြီးမားသည့် အောင်မြင်မှု စွမ်းဆောင်ရရှိရန် စသည်တို့ကို ကြိုးစားပါက အမှုအရာများ၏ ၉၉ ရာခိုင်နှုန်းသည် သင့်အကြိုက် ဖြစ်မည်မဟုတ်။ ကံအကြောင်းမလှသည့်ဖြစ်ရပ်သာ ဖြစ်သည်ဟု လူတို့ ပြောသည့်အတိုင်းသာ ဖြစ်သည်။ သို့ရာတွင် သင်မည်မျှ ကံကောင်းသည်၊ သို့မဟုတ် ကံမကောင်းသည်ဟူသည့် စိတ်ကူးကို သင် စွန့်လွှတ်ပြီး အမှုအရာများကို တည်ငြိမ်စွာနှင့် မှန်ကန်စွာ သင် သဘောထားပါက အမှုအရာအများစုသည် အလွန် သဘောမကျစရာ မဖြစ်သည်ကို၊ သို့မဟုတ် ကိုင်တွယ်ဖြေရှင်းရန် မခက်ခဲသည်ကို သင် တွေ့ရှိရလိမ့်မည်။ သင်၏ ရည်မှန်းချက်များနှင့် စိတ်ဆန္ဒများကို သင် လက်လွှတ်သည့်အခါ သင့်အပေါ် ကျရောက်သည့် ကံအကြောင်းမလှသော မည်သည့်ဖြစ်ရပ်ကိုမဆို ငြင်းပယ်ခြင်း၊ သို့မဟုတ် ရှောင်ရှားခြင်းအား သင် ရပ်တန့်ပြီး သင်မည်မျှ ကံကောင်းသည်၊ သို့မဟုတ် ကံမကောင်းသည်ဆိုသည်အားဖြင့် ထိုသို့သောအရာများကို အကဲဖြတ်ခြင်းအား သင် ရပ်တန့်သည့်အခါ ကံအကြောင်းမလှသည့် ဖြစ်ရပ်နှင့် မကောင်းသောအရာအဖြစ် သင်မြင်လေ့ရှိခဲ့သည့် အရာများစွာတို့ကို ယခုတွင် ကောင်းသည့်အရာအဖြစ် သင် ယခု မြင်လိမ့်မည်။ မကောင်းသည့်အရာများက ကောင်းသည့်အရာများအဖြစ်သို့ ပြောင်းလဲသွားလိမ့်မည်။ သင်၏ စိတ်နေစိတ်ထားနှင့် အမှုအရာများကို သင် ရှုမြင်သည့် နည်းလမ်းတို့သည် ပြောင်းလဲသွားလိမ့်မည်။ ထိုအရာက သင့်ကို သင်၏ ဘဝအတွေ့အကြုံနှင့်ပတ်သက်၍ မတူကွဲပြားစွာ ခံစားနိုင်စေလိမ့်မည်ဖြစ်ပြီး တစ်ချိန်တည်းတွင် မတူကွဲပြားသည့် ဆုလာဘ်များကို ရိတ်သိမ်းနိုင်စေလိမ့်မည်။ ဤသည်မှာ စိတ်ကူးမရသည့် ဆုလာဘ်များကို သင့်ထံ ဆောင်ကြဉ်းမည့် သာမန်ထက်လွန်ကဲသော အတွေ့အကြုံဖြစ်သည်။ ထိုအရာမှာ ဆိုးသည့်အရာတစ်ခုမဟုတ်၊ ကောင်းသည့်အရာတစ်ခု ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၂)) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာ ကျွန်မ နားလည်သွားတာက လူတိုင်းက ဘဝမှာ အနှောင့်အယှက်တွေ၊ ကျရှုံးမှုတွေ အတော်များများအပြင် ဝမ်းမြောက်ခြင်းနဲ့ ဝမ်းနည်းခြင်း အခိုက်အတန့်တွေကိုပါ တွေ့ကြုံရင်း ကိစ္စအတော်များများကို ဖြတ်သန်းကြရမှာပါ။ ဒီနည်းနဲ့ ကျွန်မတို့ရဲ့ ဘဝအတွေ့အကြုံတွေ ကြွယ်ဝလာကြတာပါ။ မကြာခဏဆိုသလို ကိစ္စတွေက ကျွန်မတို့ ဖြစ်စေချင်သလို မဖြစ်တာ ကြုံတွေ့ကြရပါတယ်။ ဒါကြောင့် ကျွန်မတို့ မချိတင်ကဲနဲ့ စိတ်မချမ်းမသာ ဖြစ်ပေမဲ့ ဒီလိုနည်းနဲ့ပဲ ကျွန်မတို့တွေ ပိုမိုစိတ်ဓာတ်ကြံ့ခိုင်လာမှာဖြစ်တဲ့အပြင် ကျွန်မတို့ လူ့သဘာဝကလည်း တဖြည်းဖြည်းနဲ့ ပိုရင့်ကျက်ပြီး ပိုတည်ငြိမ်လာမှာ ဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ တာဝန်တွေမှာ တချို့သော ကျရှုံးမှုတွေကို တွေ့ကြုံခံစားရပြီးတော့ ထုတ်ဖော်ခံရတာမျိုးနဲ့တူပါတယ်။ နောက်ပိုင်းမှာ ကျွန်မတို့ကိုယ် ကျွန်မတို့ ပြန်သုံးသပ်ပြီး သမ္မာတရားကို ရှာဖွေခြင်းအားဖြင့် ကျွန်မတို့ရဲ့ ဖောက်ပြန်ပျက်စီးမှုနဲ့ ချို့ယွင်းချက်တွေကို နားလည်လာတာပါ။ ဒါက ကျွန်မတို့ အသက်ဝင်ရောက်မှုအတွက် အကျိုးဖြစ်စေပါတယ်။ ဒီအတွေ့အကြုံတွေသာ မရှိရင် ကျွန်မတို့က အရမ်းနုနယ်ပြီးတော့ မဖြစ်စလောက် မုန်တိုင်းကိုတောင် မခံနိုင်တဲ့ ဖန်လုံအိမ်ထဲက ပန်းလေးတွေလိုပါပဲ။ ကျွန်မ အရင်က ထိတွေ့ဆက်ဆံဖူးတဲ့ ညီအစ်ကို မောင်နှမတချို့နဲ့ ပတ်သက်ပြီး ပြန်သုံးသပ်ကြည့်တယ်။ တချို့က အစွမ်းအစကောင်းတွေရှိပြီး အလုပ်တာဝန်တွေမှာလည်း ထိရောက်အောင်လုပ်နိုင်တဲ့အပြင် တခြားသူတွေရဲ့ အထူးလေးစားမှုကိုလည်း ခံကြရပါတယ်။ အပေါ်ယံမှာတော့ သူတို့အတွက် အရာအားလုံးက အဆင်ပြေချောမွေ့နေပြီး ဘာအနှောင့်အယှက်တွေ၊ ကျရှုံးမှုတွေမှ မကြုံတွေ့ခဲ့ရသလိုပါပဲ။ ဒါပေမဲ့ သူတို့က သမ္မာတရားကို မလိုက်စားခဲ့ကြဘူး။ သူတို့ရဲ့အလုပ်က တော်တော်လေး ထိရောက်မှုရှိလာတဲ့အခါတိုင်းမှာ သူတို့က ကိုယ့်ကိုယ်ကိုယ် ကိုယ်ရည်သွေးပြီး သူတို့ ဝါရင့်တာကို ကြွားလုံးထုတ်ကြတယ်။ သူတို့တာဝန်တွေကို ထမ်းဆောင်ကြတဲ့နေရာမှာ သူတို့ရဲ့ ကိုယ်ပိုင်ဆန္ဒနဲ့ လုပ်ဆောင်ခဲ့ကြတဲ့အတွက် အသင်းတော်ရဲ့ အလုပ်မှာ နှောင့်ယှက်တာတွေနဲ့ အဖျက်အမှောင့်လုပ်တာတွေ ဆိုးဆိုးဝါးဝါး ဖြစ်လာပါတယ်။ နောက်ဆုံးမှာတော့ အန္တိခရစ်တွေရဲ့ လမ်းကို လျှောက်ပြီး နောင်တမရကြတဲ့အတွက် သူတို့ နှင်ထုတ်ခံခဲ့ကြရပါတယ်။ အဲဒီကနေ ကျွန်မ နားလည်သဘောပေါက်လိုက်တာကတော့ တာဝန်တွေ ချောချောမွေ့မွေ့ ထမ်းဆောင်တာနဲ့ တခြားလူတွေရဲ့ အထူးလေးစားမှုကို ရရှိတာဟာ သေချာပေါက် ကောင်းတဲ့ကိစ္စတွေ ဒါမှမဟုတ် ကံကောင်းတယ်ဆိုတဲ့ လက္ခဏာမဟုတ်ဘူး ဆိုတာပါပဲ။ သမ္မာတရားကို လိုက်စားခြင်းလမ်းကို လျှောက်နေတဲ့ လူတစ်ယောက် ဟုတ်မဟုတ်ဆိုတာနဲ့ ကိစ္စအမျိုးမျိုးကို ရင်ဆိုင်ရာမှာ ကိုယ့်ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ဖြေရှင်းဖို့အတွက် သမ္မာတရားကို ရှာဖွေခြင်းမှာ အာရုံစိုက်မစိုက်ဆိုတာက အရေးအကြီးဆုံးပါ၊ နောက်တစ်ခု ကျွန်မနားလည်လိုက်တာက လူ့အယူအဆတွေနဲ့ ဆန့်ကျင်ကွဲလွဲနေတဲ့ ပတ်ဝန်းကျင်တိုင်းဟာ လူတွေရဲ့ ဘဝအတွက် အကျိုးရှိပါတယ်။ အဲဒီကနေ သမ္မာတရားကို ရှာဖွေပြီး သင်ခန်းစာတွေ သင်ယူနေသရွေ့ပေါ့။ ဥပမာ ကျွန်မကိုပဲကြည့်ပါ။ ဟိုတလောက ကျွန်မရဲ့တာဝန်တွေမှာ အတားအဆီးတွေ၊ အနှောင့်အယှက်တွေကို မတွေ့ခဲ့ဘူးဆိုရင် ကျွန်မရဲ့ တာဝန်ကို ထမ်းဆောင်တဲ့နေရာမှာ သူများတွေရှေ့မှာ ပြဖို့အတွက်ပဲ လုပ်နေခဲ့တယ်ဆိုတာကော၊ ဂုဏ်သတင်းနဲ့ အဆင့်အတန်းအတွက် အလုပ်လုပ်နေခဲ့တယ်ဆိုတာအပြင် ကျွန်မဟာ မှားယွင်းတဲ့လမ်းပေါ်မှာ ရောက်နေခဲ့တယ်ဆိုတာကို နားလည်သဘောပေါက်ခဲ့မှာ မဟုတ်ပါဘူး။ ဒီနည်းနဲ့ ကျွန်မရဲ့ တာဝန်တွေကို အဆုံးမှာ ပြီးမြောက်ခဲ့တယ်ဆိုရင်တောင် ကျွန်မအနေနဲ့ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခဲ့မှာ မဟုတ်တဲ့အပြင် ကျွန်မရဲ့တာဝန်တွေကို ဖန်ဆင်းခံတစ်ဦးအနေနဲ့ ထမ်းဆောင်ခဲ့မှာ မဟုတ်ပါဘူး။ အဆုံးမှာ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားမှာ ပြောင်းလဲမှုမရှိတာကြောင့် ကျွန်မဟာ ဘုရားသခင်ရဲ့ မနှစ်မြို့ခြင်းနဲ့ ဖယ်ရှားရှင်းလင်းခြင်းကို ခံရမှာပါ။ ဒီအဆင်မပြေတဲ့ အခြေအနေတွေရဲ့နောက်မှာ အဲဒါက ကျွန်မကိုယ်ကျွန်မ သိရှိလာစေတဲ့ ဘုရားသခင်ရဲ့ ကောင်းမွန်တဲ့ ရည်ရွယ်ချက်ရှိတယ်ဆိုတာနဲ့ ဒါဟာ ဘုရားသခင်ရဲ့ မေတ္တာတော်ပဲဆိုတာကို နားလည်သဘောပေါက်ခဲ့ပါတယ်။
အဲဒီနောက်မှာ ကျွန်မ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေထဲက စာပိုဒ်နောက်တစ်ခုကို ဖတ်ပြီး ကျွန်မကိုယ်ကျွန်မ နားလည်မှုတွေ ပိုရရှိလာခဲ့ပါတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “လူတို့သည် ၎င်းတို့၏ အယူအဆများနှင့် စိတ်ကူးများအတွင်းတွင် အသက်ရှင်ပြီး လိုက်စားသည်။ ထို့ကြောင့် ၎င်းတို့သည် ဤအယူအဆများ၊ စိတ်ကူးများကို အခြေခံပြီး မလွှဲမရှောင်သာဖြင့် အရာရာတိုင်းကို ရှုမြင်ကာ အရာရာတိုင်းကို အကဲဖြတ်ပြီး ဘောင်ခတ်သည်။ ထို့ကြောင့် ဘုရားသခင်က သမ္မာတရားကို မည်သို့ပံ့ပိုးပေးပြီး လူတို့အား မည်သည့်အမြင်များကို ကိုင်စွဲသင့်ကာ မည်သည့်လမ်းကြောင်းအား လျှောက်သင့်သည်ကို ပြောသည်ဖြစ်စေ လူတို့က ၎င်းတို့၏ အယူအဆများနှင့် စိတ်ကူးများကို လက်မလွှတ်သရွေ့ ယင်းတို့ဖြင့် ဆက်လက်၍ အသက်ရှင်လိမ့်မည်။ ပြီးလျှင် ၎င်းတို့၏ အယူအဆများနှင့် စိတ်ကူးများသည် သဘာဝအလျောက် လူတို့၏ ဘဝနှင့် ၎င်းတို့ ရှင်သန်သည့် နိယာမများ ဖြစ်လာမည်။ ပြီးလျှင် ယင်းတို့သည် ဖြစ်ရပ်နှင့် အမှုအရာမျိုးစုံတို့ကို လူတို့ကိုင်တွယ်ဖြေရှင်းသည့် လုပ်နည်းကိုင်နည်းများနှင့် နည်းလမ်းများ မလွှဲမသွေ ဖြစ်လာလိမ့်မည်။ လူတို့၏ အယူအဆများနှင့် စိတ်ကူးများသည် လူများနှင့် အမှုအရာများကို ၎င်းတို့ ရှုမြင်ပြီး ကျင့်ကြံပြုမူကာ လုပ်ဆောင်သည့် စည်းမျဉ်းများနှင့် စံသတ်မှတ်ချက်များ ဖြစ်လာသည်နှင့်တစ်ပြိုင်နက် ဘုရားသခင်ကို ၎င်းတို့ မည်သို့ယုံကြည်ပါစေ၊ မည်သို့လိုက်စားပါစေ၊ ဆင်းရဲဒုက္ခ မည်မျှကို ခံရပါစေ၊ အဖိုးအခ မည်မျှပေးဆပ်ရပါစေ အားလုံးက အချည်းနှီးဖြစ်လိမ့်မည်။ လူတစ်ဦးက သူ၏ အယူအဆများ၊ စိတ်ကူးများနှင့် အသက်ရှင်သရွေ့ ဤသူသည် ဘုရားသခင်ကို အတိုက်အခံပြုနေပြီး ဘုရားသခင်ကို ရန်လိုသည်။ သူသည် ဘုရားသခင်က စီစဉ်သော ပတ်ဝန်းကျင်များအပေါ်၊ သို့မဟုတ် ဘုရားသခင်၏ တောင်းဆိုချက်များအပေါ် စစ်မှန်သော ကျိုးနွံနာခံမှုမရှိ။ ထို့နောက် အဆုံးတွင် သူ၏ အဆုံးသတ်မှာ အလွန်ပင် ဝမ်းနည်းဖွယ်ရာ ဖြစ်လိမ့်မည်။” (နှုတ်ကပတ်တော်၊ အတွဲ (၇)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၂)) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာ လူသားရဲ့ အယူအဆတွေနဲ့ စိတ်ကူးစိတ်သန်းတွေဟာ လူတွေ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး ရယူရာမှာ တားဆီးနှောင့်ယှက်နေတဲ့ အတားအဆီးနဲ့ ဆူးညှောင့်ခလုတ်တွေပဲဆိုတာ ကျွန်မနားလည်သွားခဲ့တယ်။ ကိစ္စရပ်တွေနဲ့ ကျွန်မတို့ ရင်ဆိုင်ကြုံတွေ့ရတဲ့အခါ ကျွန်မတို့ရဲ့ ကိုယ်ပိုင်အယူအဆတွေ၊ စိတ်ကူးစိတ်သန်းတွေပေါ်မှာ အခြေခံပြီး အကဲဖြတ်မယ်ဆိုရင် ကျိုးနွံနာခံဖို့ လွယ်မှာမဟုတ်ပါဘူး။ ဒီကာလအတွင်းမှာ ကျွန်မရဲ့ အယူအဆတွေ၊ စိတ်ကူးစိတ်သန်းတွေနဲ့ ကျွန်မ နေထိုင်ခဲ့တယ်။ ကျွန်မတွေးမိတာက အလုပ်ကို အကောင်အထည်ဖော်တဲ့ အချိန်မှာ ကျွန်မအနေနဲ့ ထိရောက်မှုလည်း ပိုတိုးတက်လာစေချင်တဲ့အပြင် အလုပ်ကိုလည်း အလေးထားတယ်။ ဒါဆို ဘုရားသခင်က ကျွန်မကို ကာကွယ်ခဲ့ပြီး အရာအားလုံး သေချာပေါက် အဆင်ပြေအောင် လုပ်ပေးခဲ့သင့်တာပေါ့လို့ ကျွန်မ ယုံကြည်ခဲ့တယ်။ အခုတော့ ကျွန်မရဲ့အတွေးတွေက အရမ်းကို ကျိုးကြောင်းမဆီလျော်ခဲ့တာ ကျွန်မမြင်ပါပြီ။ ဘုရားသခင် စီစဉ်ပေးတဲ့ ပတ်ဝန်းကျင်တွေရဲ့ နောက်ကွယ်မှာ ဘုရားသခင်ရဲ့ အသေးစိတ်အစီအစဉ်တွေနဲ့ ကောင်းမွန်တဲ့ ရည်ရွယ်ချက်တွေရှိပါတယ်။ ဒါတွေကို လူသား လိုအပ်ချက်တွေနဲ့ ကိုက်ညီအောင်လည်း အံဝင်ခွင်ကျစီမံထားပါတယ်။ တချို့ ပတ်ဝန်းကျင်တွေက လူသား အယူအဆတွေနဲ့ ဆန့်ကျင်နေတဲ့ပုံ ပေါ်နေရင်တောင် ဒါတွေအားလုံးမှာ ဘုရားသခင်ရဲ့ စေတနာပါနေပါတယ်။ အပေါ်ယံသက်သက်ကိုကြည့်ပြီးတော့ ကိစ္စတွေကို ကျွန်မတို့ အကဲမဖြတ်သင့်ပါဘူး။ ကျွန်မအနေနဲ့ ဖန်ဆင်းခံတစ်ဦးရဲ့ နေရာမှာ ရပ်ပြီး ဘုရားသခင်ရဲ့ စီစဉ်ညွှန်ကြားခြင်းနဲ့ အစီအစဉ်တွေကို ကျိုးနွံနာခံသင့်တာပါ။ ဒီအချိန်မှာ ကျွန်မ ပြန်သုံးသပ်ကြည့်လိုက်တော့ စုဝေးမှုကို မစီစဉ်နိုင်တာနဲ့ အလုပ်ကို အကောင်အထည်မဖော်နိုင်ခဲ့တာတွေမှာ တကယ်တော့ ဘုရားသခင်ရဲ့ အကာကွယ်တွေ ပါနေပါတယ်။ ဘာလို့လဲဆိုတော့ နောက်ပိုင်းကျမှ ကျွန်မသိလိုက်ရတာက စုဝေးပွဲနေရာအတွက် သုံးဖို့ ကျွန်မ စီစဉ်ထားခဲ့တဲ့ အိမ်ကို ရဲတပ်ဖွဲ့က စောင့်ကြည့်နေခဲ့တယ် ဆိုတာပါပဲ။ ကံကောင်းထောက်မလို့ ကျွန်မတို့ အဲဒီကို မသွားခဲ့ကြဘူး။ မဟုတ်ရင် ကျွန်မတို့ အဖမ်းခံရင်ခံရ မဟုတ်ရင် စောင့်ကြည့်ခံကြရနိုင်တယ်။ အဲဒါဆို နောက်ထပ်လူတွေပါ အမှုပတ်သွားနိုင်ပြီး ပိုဆိုးဝါးတဲ့ အကျိုးဆက်တွေလည်း ဖြစ်သွားနိုင်တယ်လေ။ ဒီကိစ္စကို နောက်ပိုင်းမှာ ကျွန်မ သေသေချာချာ ချင့်ချိန်တွေးဆကြည့်တော့ ကျွန်မမြင်လာရတာက ဒီအခြေအနေကြောင့် ကျွန်မ ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ အစီအစဉ်ကို မြင်ခဲ့ရရုံတင်မက ကျွန်မကိုယ်ကျွန်မ နားလည်မှုတချို့ရှိလာအောင်လည်း ကူညီပေးခဲ့ပါတယ်။ ကျွန်မရဲ့ တာဝန်တွေကို ထမ်းဆောင်ရာမှာ အရင်းခံအကြောင်းက ကျွန်မရဲ့ ကိုယ်ကျိုးဖြစ်နေတာ၊ ဘုရားသခင် စိတ်ကျေနပ်အောင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့အတွက် မဟုတ်တာကို မြင်ခဲ့တယ်လေ။ ဘုရားသခင်က ကျွန်မရဲ့ အယူအဆတွေနဲ့ မကိုက်ညီတဲ့ ပတ်ဝန်းကျင်တွေကို စီစဉ်ပေးတဲ့အခါ ကျွန်မရဲ့ ဘုရားသခင်အပေါ် ပုန်ကန်တာနဲ့ အတိုက်အခံလုပ်တာကို ထုတ်ဖော်ပြပြီး အကြောင်းမရှိဘဲ ဘုရားသခင်ကို တောင်းဆိုတာတွေ၊ စောဒကတက်တာတွေ လုပ်ခဲ့ပါတယ်။ အခြေအနေတွေသာ အဲဒီလို မဖြစ်ခဲ့ဘူးဆိုရင် ကျွန်မလည်း နောင်တရတာတွေ၊ ပြောင်းလဲတာတွေ အသာထားလို့ ကျွန်မကိုယ်ကျွန်မတောင် နားလည်လာခဲ့မှာ မဟုတ်ဘူး။ ဒါတွေအားလုံးဟာ ကျွန်မအတွက် ဘုရားသခင်ရဲ့ ကယ်တင်ခြင်းပဲဆိုတာ နားလည်ခဲ့တယ်။ နေရာအမျိုးမျိုးမှာရှိတဲ့ အသင်းတော်တွေအများကြီးက အခုအချိန်မှာ ရဲဖမ်းတာတွေနဲ့ ရင်ဆိုင်နေရတယ်ဆိုတာ စဉ်းစားလိုက်ရင် ဒီလိုပတ်ဝန်းကျင်မျိုးမှာ ကျွန်မလုပ်နိုင်တာက နောက်ကွယ်ကနေ အလုပ်အခြေအနေကို မေးမြန်းစုံစမ်းတာပဲ ရှိတယ်။ ကျွန်မလုပ်နိုင်တဲ့အလုပ်က နည်းနေပေမဲ့ ကျွန်မအစွမ်းသတ္တိရှိသမျှ အကောင်းဆုံး ကြိုးစားပြီး လုပ်ရမယ်။ ပိုကောင်းတဲ့ အလုပ်ရလဒ်တွေ ရရှိလာဖို့ နည်းလမ်းတွေ ရှာရမယ်။ ပြီးတော့ ဒီအခြေအနေမှာ ကျွန်မရဲ့ တာဝန်ကို ကောင်းကောင်းမွန်မွန် ဖြည့်ဆည်းရမယ်။ ဘုရားသခင် ပြောသလိုပေါ့၊ “အချို့က ‘ကြမ်းတမ်းသည့် ပတ်ဝန်းကျင်များရှိသည့် အချို့သော နေရာများတွင် ကျွန်ုပ်တို့သည် လူတို့နှင့် လူချင်း တေ့တေ့ဆိုင်ဆိုင်ဆက်ဆံ၍ မရပါ။ ၎င်းတို့အပေါ် စစ်ဆေးမှုများကို အဘယ်သို့ ကျွန်ုပ်တို့ ဆောင်ရွက်နိုင်မည်နည်း’ဟု ပြောကြသည်။ ပတ်ဝန်းကျင်က မည်မျှ ကြမ်းတမ်းသည်ဖြစ်စေ ဤကိစ္စရပ်များကို ကိုင်တွယ်ရန် နည်းစနစ်များနှင့် လုပ်နည်းကိုင်နည်းများ ရှိနေဆဲဖြစ်သည်။ ထိုအရာသည် သင်က တာဝန်ယူမှုရှိကာ စစ်မှန်ရိုးသားစွာ ရည်စူးဆက်ကပ်ခြင်း ရှိမရှိဟူသည့်အပေါ် မူတည်သည်။ ယင်းမှာ မှန်သည်မဟုတ်လော။ (မှန်ပါသည်။) သင်၏ သစ္စာစောင့်သိမှုနှင့် တာဝန်ယူခြင်းကို သင် ပေးအပ်လျှင် ရလဒ်က အကောင်းဆုံး မဟုတ်လျှင်ပင် ထိုအရာကို ဘုရားက စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးကာ သိရှိပြီး တာဝန်အတွက် သင်ခေါင်းခံရမည် မဟုတ်ပေ။ သို့သော် သင်၏ သစ္စာစောင့်သိခြင်းနှင့် တာဝန်ယူခြင်းတို့ကို ပေးအပ်ခြင်းမရှိလျှင် မည်သည့်အရာမျှ တလွဲတချော်မဖြစ်ဘဲ အဆုံးတွင် မည်သည့် အကျိုးဆက်ကိုမျှ မဖြစ်စေလျှင်ပင် ထိုအရာကို ဘုရားသခင်က စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးလိမ့်မည်။ ဤလုပ်နည်းကိုင်နည်းနှစ်ခု၏ သဘောသဘာဝမှာ ကွဲပြားပြီး ဘုရားသခင်က ယင်းတို့ကို မတူကွဲပြားစွာ သဘောထားမည်ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၂)) လတ်တလောမှာ ညီအစ်ကိုမောင်နှမတွေက များသောအားဖြင့် ဘာသာရေး အယူအဆတချို့နဲ့ပတ်သက်ပြီး ရှင်းလင်းတဲ့ အဖြေတွေ မပေးနိုင်ကြတာကို ထောက်လို့ ကျွန်မ အဓိက အယူအဆနည်းနည်းကို အာရုံစိုက်ပြီး ဆီလျော်တဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ရှာဖွေခဲ့ပါတယ်။ ပြီးတဲ့နောက်မှာ ကျွန်မရဲ့ ကိုယ်ပိုင် နားလည်သဘောပေါက်မှုကို အခြေခံထားတဲ့ အသေးစိတ်အချက်လက်တွေနဲ့ သူတို့ဆီကို စာရေးပြီး ပြောပြခဲ့ပါတယ်။ ညီအစ်ကို မောင်နှမတွေ ဧဝံဂေလိတရား ဟောတဲ့နေရာမှာ ပြဿနာတွေနဲ့ အခက်အခဲတွေ ကြုံရတဲ့အချိန်မှာ ကျွန်မက သူတို့ကို ချက်ချင်း စာရေးပြီး မိတ်သဟာယပြုပေးခဲ့တယ်။ အချိန်အတော်ကြာအောင် ဒီအလုပ်မှာ တာဝန်ထမ်းဆောင်ပြီးတဲ့နောက်မှာ ကျွန်မတို့ ဧဝံဂေလိတရားဟောခြင်းရဲ့ ထိရောက်မှုတွေဟာ အရင်ကနဲ့ ယှဉ်လိုက်ရင် အတော်လေးတိုးတက်လာပါတယ်။ အလုပ်မှာ ပြဿနာတွေ အများကြီးရှိနေသေးပေမဲ့ ကျွန်မမှာ ဒါကိုလုပ်ဖို့ ယုံကြည်မှုရှိပါတယ်။ ကိုယ်တော်ရဲ့ လမ်းညွှန်မှုအတွက် ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
ထင််းဟွာ ပြင်သစ်နိုင်ငံ ခေါင်းဆောင်တစ်ယောက်အနေနဲ့ ကျွန်မ တာဝန် စထမ်းဆောင်ခဲ့တဲ့ ပြီးခဲ့တဲ့ဇွန်လတုန်းကပေါ့၊ အစ်မရဲ့အတွေ့အကြုံနဲ့...
၂၀၂၀ခုနှစ် ဧပြီလမှာ၊ သင်းထောက်အနေနဲ့ အစေခံဖို့ ကျွန်မ အရွေးခံခဲ့ရတယ်။ ပထမတော့ ကျွန်မ အတော် စိတ်လှုပ်ရှားပြီး အလုပ်လုပ်တာ အားရစရာမရှိမှာ...
ရှောင်မင် တရုတ်နိုင်ငံ လွန်ခဲ့သည့်တစ်နှစ်က ကျွန်မ အသင်းတော် ခေါင်းဆောင်အဖြစ် အရွေးခံရသည်။ ဤသည်မှာ ဘုရားသခင်၏ သနားကရုဏာနှင့်...
ယုံကွမ်၊ ဟေလောင်ကျန်းစီရင်စု ၁၉၉၁ တွင်၊ နာမကျန်းဖြစ်ခြင်းကြောင့် ဘုရားသခင်၏ ကျေးဇူးတော်အားဖြင့် အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်တော်ကို...