ရပ်တည်မှုမရှိခြင်း၏ နောက်ကွယ်တွင် မည်သည့်အရာရှိသနည်း

10.04.2022

မုရှီး တောင်ကိုရီးယားနိုင်ငံ

အရင်တုန်းက ကျွန်မက တာဝန်မှာ တော်တော်ကို ထိရောက်မှုမရှိခဲ့ဘူး။ ဗီဒီယိုပရောဂျက်တစ်ခုကို လုပ်တိုင်း ကျွန်မက အမြဲတမ်း ခဏခဏပြင်ရတယ်။ ဒါကြောင့်မို့ အလုပ်ရဲ့တိုးတက်မှုက ခြုံငုံကြည့်ရင် တော်တော်ထိခိုက်တယ်။ အစတော့ ဒါက ကျွန်မမှာ ကိုယ်ပိုင်အမြင်မရှိလို့ပဲလို့ ထင်မိတယ်။ ဘာကြောင့်လဲဆိုရင် ညီအစ်ကိုမောင်နှမတွေက နည်းနည်းပြန်စိစစ်တာတွေလုပ်ဖို့ အကြံပေးတဲ့အခါတိုင်းမှာ ဒါတွေက လိုအပ်သလားဆိုတာ စည်းမျဉ်းတွေအပေါ် အခြေခံပြီး တန်ဖိုးမဖြတ်ဘဲနဲ့ ပြောင်းလဲဖို့ သူတို့အကြံပေးတဲ့ဟာတိုင်းကိုပဲ လိုက်လုပ်ခဲ့တယ်။ တချို့အကြံပြုချက်တွေက သိပ်ကျိုးကြောင်းမသင့်ဘူး။ ဒီတော့ အမြဲတမ်း ပြန်လုပ်နေရတယ်။ နောက်ပိုင်းမှာ ပြုပြင်ခံရပြီး ကိုင်တွယ်ဖြေရှင်းခံရပြီးတဲ့နောက်မှာ ဘုရားနှုတ်ကပတ်တော်က ဖွင့်ပြတာကို အသုံးပြုပြီး ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်ပြီးတော့ ကျွန်မရဲ့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုမရှိခြင်းရဲ့နောက်ကွယ်မှာ ဆိုးယုတ်တဲ့ စိတ်သဘောထားတွေ၊ ယုတ်မာတဲ့ ရည်ရွယ်ချက်တွေရှိနေတယ်ဆိုတာ ကျွန်မ သဘောပေါက်ခဲ့ပါတယ်။

အဲဒါက လွန်ခဲ့တဲ့ သုံးလေးလလောက်က ဖြစ်ခဲ့တာလေ။ အဲဒီတုန်းက ကိုယ်ပိုင်အမြင်တွေကို အမြဲတမ်း မာနကြီးကြီးနဲ့ကိုင်စွဲထားပြီး သူများတွေရဲ့ အကြံပြုချက်တွေကို လက်မခံနိုင်တဲ့ ညီအစ်ကိုမောင်နှမတချို့ရှိတယ်။ ဒါကြောင့်မို့ အလုပ်တိုးတက်မှုကို တော်တော်ထိခိုက်ခဲ့တာပေါ့။ ကျွန်မတို့ခေါင်းဆောင်က သူတို့ကို ဖော်ထုတ်ဖို့ ခဏခဏ မိတ်သဟာယပြုတယ်။ ဒါပေမဲ့ သူတို့က မပြောင်းလဲဘဲ အထုတ်ခံလိုက်ရတယ်။ ကျွန်မက စဉ်းစားတာပေါ့။ “နောက်ကျရင် သူများတွေက ငါ့ကို အကြံပေးရင် ကိုယ်ပိုင်အမြင်ကို ကိုင်စွဲထားလို့ မဖြစ်ဘူး” ပေါ့။ အဲဒါနဲ့ ဗီဒီယိုပရောဂျက်တစ်ခုကို ကျွန်မ လုပ်ပြီးတိုင်းမှာ လူတိုင်းက အကြံပေးကြတဲ့အခါ ကျွန်မက အမြဲတမ်းလိုလို လက်ခံတယ်။ ပြောင်းလဲဖို့မလိုတဲ့ အသေးအဖွဲဖြစ်ပြီး မလုပ်ဘဲထားလို့ရတဲ့ ပြဿနာတွေဖြစ်နေရင်တောင်မှပေါ့။ တကယ်တမ်းမှာ တချို့အပြောင်းအလဲတွေက စည်းမျဉ်းနဲ့မညီဘူး၊ အသေးအဖွဲပြင်ဆင်တာတွေ သက်သက်ပဲလို့ ကျွန်မ မြင်ပါတယ်။ ဒါပေမဲ့ ကျွန်မက လက်မခံရင် ကြီးကြပ်သူနဲ့ ညီအစ်ကိုမောင်နှမတွေက ကျွန်မကို မကောင်းမြင်မှာကို စိုးရိမ်မိခဲ့တယ်။ ကျွန်မက မာနကြီးပြီး တခြားလူတွေရဲ့ အကြံကို လက်မခံနိုင်ဘူးလို့ ထင်မှာလား။ လူတွေကိုကျွန်မက မကောင်းမြင်အောင်လုပ်ရင်၊ သမ္မာတရားကို ကျွန်မ လက်မခံဘူးဆိုတာမျိုးဖြစ်ရင် ကျွန်မက အထုတ်ခံရတော့မှာလားပေါ့။ နောက်ပြီးတော့ ကျွန်မက ကိုယ့်ထင်မြင်ချက်တွေအပေါ် ရာနှုန်းပြည့်မသေချာနေဘူး။ ကျွန်မက မှားနေပြီး လိုအပ်တဲ့အပြောင်းအလဲကို မလုပ်ရင် ဗီဒီယိုကို အွန်လိုင်းမှာတင်ပြီးမှ ပြဿနာကိုတွေ့ရင် ကျွန်မက တာဝန်ခံရမှာပဲ ပေါ့။ ဒါကို စဉ်းစားပြီးတော့ အန္တရာယ်ကင်းတဲ့ဘက်မှာနေဖို့အတွက် အကြံပေးတဲ့ ပြင်ဆင်မှုတွေအားလုံးလုပ်လိုက်တယ်။ တစ်ခါတလေမှာ မတူတဲ့ အကြံပြုချက်တွေကို ကျွန်မကြားတယ်။ အဲဒါနဲ့ကျွန်မက ပုံစံအမျိုးမျိုးလုပ်ပြီး ဘယ်ဟာအကောင်းဆုံးလဲဆိုတာ ဆုံးဖြတ်ဖို့ ကြီးကြပ်သူကို မေးလိုက်တယ်။ ဒါမှမဟုတ် အလုပ်အကြောင်း ဆွေးနွေးတုန်းမှာ ညီအစ်ကိုမောင်နှမတွေနဲ့ ဆွေးနွေးလိုက်ပြီး ဆုံးဖြတ်ချက်ကို ကျွန်မတို့အတူတူ အပြီးသတ်လိုက်တယ်။ ကျွန်မက စဉ်းစားတယ်။ “ဒီဆုံးဖြတ်ချက်ကို ကြီးကြပ်သူနဲ့ ညီအစ်ကိုမောင်နှမအများစုက ချလိုက်တာ။ ဒါက အများစုရဲ့ ထင်မြင်ချက်ပဲ။ ဒီတော့ ပြဿနာအကြီးကြီးတွေ မရှိလောက်ပါဘူး။ ဒါက စိတ်အချရဆုံးနည်းပဲ။ နောက်ကျမှ တစ်ခုခုလွဲနေရင် ငါတစ်ယောက်တည်းရဲ့ တာဝန်မဟုတ်တော့ဘူး” ပေါ့။ တစ်ခါတလေမှာ ကျွန်မက အကြံပေးတာတွေ အများကြီးရပြီး ဘယ်လိုပြင်ဆင်ရမယ်ဆိုတာ မသေချာဘူး။ အဲဒါနဲ့ ကြီးကြပ်သူကို ကျွန်မခေါ်လိုက်ပြီး ဘယ်ဦးတည်ချက်ကို သွားရမယ်ဆိုတာကို ကူပြီး ဆုံးဖြတ်ပေးဖို့ ပြောလိုက်တယ်။ တစ်ခါတလေမှာ ကျွန်မက အကြံတွေ အရမ်းကို အများကြီးကြားရပြီး နောက်ဆုံးကျတော့ ဘာလုပ်ရမှန်းမသိတော့ဘူး။ ဒါ ကျွန်မက တော်တော်ကို ထိရောက်မှုမရှိဘူးဆိုတဲ့ သဘောပဲ။ အလုပ်အကြောင်းဆွေးနွေးတာတွေမှာ အကြံပြုချက် အမျိုးမျိုးအတွက် ကူပြီး ဆုံးဖြတ်ပေးဖို့ ညီအစ်ကိုမောင်နှမတွေကို ကျွန်မက အမြဲတမ်းတောင်းဆိုနေတာကြောင့် သူတို့တာဝန်တွေမှာ အချိန်မရှိတော့ဘဲ အလုပ်တိုးတက်မှုက နှေးသွားတယ်။

တစ်ခါတော့ ဗီဒီယိိုနောက်ခံပုံရိပ်တစ်ခုကို ကျွန်မလုပ်တယ်။ အဲဒါက အပြစ်ထဲမှာ ရှင်သန်နေတဲ့လူတွေရဲ့ ဒုက္ခကို ထင်ဟပ်ဖို့ လိုတယ်လေ။ အဲဒါနဲ့ ပုံကို နောက်ခံအလင်းနဲ့ မှောင်တဲ့အရောင်တစ်ခုလုပ်လိုက်တယ်။ တချို့ ညီအစ်ကိုမောင်နှမတွေက ဒါက မှောင်လွန်းပြီး ဆွဲဆောင်မှုမရှိဘူးလို့ ထင်ကြတယ်။ ပုံကို နည်းနည်း အရောင်တောက်လိုက်ပြီး အလင်းနဲ့ အရိပ်နည်းနည်းထည့်ဖို့ အကြံပေးကြတယ်။ ဒီအကြံပေးချက်တွေကို ကျွန်မ တွန့်ဆုတ်နေတယ်။ အဓိကဆိုလိုရင်းကို ကြည့်ရင် ပုံကို အရောင်တောက်လွန်းတာက မှောင်မိုက်ထဲမှာနေတဲ့လူတွေရဲ့ အခြေအနေနဲ့မကိုက်ဘူး။ ပြီးတော့ အလင်းထည့်လိုက်ရင် အရှိအတိုင်းဖြစ်တဲ့ နိယာမတွေကို ချိုးဖောက်သွားမှာပဲ။ ဒါကြောင့် အကြံပြုချက်က ကျိုးကြောင်းသင့်တယ်လို့ ကျွန်မ မထင်ဘူး။ ဒါပေမဲ့ နောက်တော့ ကျွန်မ စဉ်းစားတယ်။ ဒီအကြံကို လူတချို့က ပေးခဲ့တာဆိုတော့ ကျွန်မက လိုက်မလုပ်ရင် ဗီဒီယိုက အွန်လိုင်းပေါ်ရောက်သွားပြီး ထိခိုက်မှုရှိရင် ကျွန်မ တာဝန်ဖြစ်မှာပဲပေါ့။ ကျွန်မ အခက်အခဲဖြစ်နေတုန်းမှာ ခေါင်းဆောင်ကလည်း ပြင်ဆင်ဖို့ကို သဘောတူတာကို တွေ့ရတယ်။ အဲဒါနဲ့ ကျွန်မ စပြီး အလျှော့အတင်းလုပ်လိုက်တယ်။ ကျွန်မအမြင်ကို ရှေ့တန်းတင်ပြီး ပြင်ဆင်ဖို့ကို သဘောမတူရင် ကျွန်မက ကျွန်မအမြင်အတိုင်းလုပ်ဖို့ပဲပြောနေတယ်လို့ လူတိုင်းက ထင်မှာလား။ အလုပ်ရှုပ်လို့မို့ မပြောင်းဖို့အတွက် ကျွန်မက ဆင်ခြေတွေပေးနေတာလို့ ထင်ကြမှာလားပေါ့။ အဲဒါနဲ့ ကျွန်မက ပြင်ဖို့ပဲ ဆုံးဖြတ်လိုက်တယ်။ ပြဿနာတစ်ခုရှိလာရင် ကျွန်မတစ်ယောက်ထဲရဲ့ တာဝန်မဟုတ်တော့ဘူး။ ဘာကြောင့်လဲဆိုရင် လူတိုင်းရဲ့ အကြံတွေကို အခြေခံပြီး ပြောင်းခဲ့တာကြောင့်ပေါ့လေ။ ဒီအပြောင်းအလဲက မသင့်တော်ဘူးလို့ ကျွန်မ ရှင်းရှင်းလင်းလင်း ခံစားရတယ်။ ဒါပေမဲ့ ပုံကို ပြင်ဖို့ အချိန်တွေအများကြီးသုံးပစ်ခဲ့တာပဲ။ ကျွန်မ ပြီးသွားတော့ ကြီးကြပ်သူက သက်ဆိုင်မှုရှိတဲ့ စည်းမျဉ်းတွေ၊ သက်ရောက်မှုတွေအပေါ် အခြေခံ အကဲဖြတ်ပြီး ဒါက လက်တွေ့မဆန်ဘူးလို့ပြောပြီး ပြန်ပြောင်းရမယ်လို့ပြောတော့ ကျွန်မ အံ့အားသင့်သွားတယ်။ သူက ပြောသေးတယ်။ ကျွန်မက အခုတလောမှာ တာဝန်တွေမှာ တက်ကြွမှုမရှိဘူး၊ သူများတွေရဲ့ အကြံတွေနဲ့ပတ်သက်ပြီး ထင်မြင်ချက်မရှိဘူး၊ အလုပ်တိုးတက်မှုကို နှောင့်နှေးအောင်လုပ်နေတယ် တဲ့။ ပြီးတော့ ကိုယ့်ကိုယ်ကိုယ် ပြန်ဆင်ခြင်ကြည့်ဖို့ ပြောတယ်။ အဲဒီနောက်မှာ ကျွန်မက အချိန်အတော်ကြာတဲ့အထိ စိတ်ငြိမ်အောင်မထားနိုင်ခဲ့ဘူး။ တော်တော် အပြစ်ရှိသလို ခံစားမိတယ်။ အချိန်တွေအများကြီးအကုန်ခံပြီး ပုံကို ပြင်ပြီးတော့ အခု ပြန်ပြောင်းရဦးမယ်။ ဒါကြောင့် အလုပ်တိုးတက်မှုက တကယ်နှောင့်နှေးသွားမှာပဲ။ ဒီအချိန်ကာလအတွင်းမှာ မတူတဲ့အကြံတွေကို ကျွန်မ ရင်ဆိုင်ရတဲ့အချိန်တိုင်းမှာ တကယ်တမ်း ကျွန်မမှာ ကိုယ်ပိုင်အမြင်ရှိတယ်၊ ဒါပေမဲ့ လူတွေက ကျွန်မကိုမာနကြီးတယ်လို့ မခေါ်အောင်လို့ ကျွန်မ အမြင်တွေကို ထုတ်မပြောခဲ့တာဆိုတာ ကျွန်မ သဘောပေါက်လိုက်တယ်။ မသေချာတာကို ကျွန်မ ရင်ဆိုင်ရတဲ့အခါမှာ သမ္မာတရားစည်းမျဉ်းတွေကို ကျွန်မ မရှာခဲ့ဘူး။ သူများတွေက ကျွန်မအတွက် ဆုံးဖြတ်ပေးတာကိုပဲ စောင့်ခဲ့တယ်။ တခြားလူတွေရဲ့ အမိန့်တွေတိုင်းပဲ ကိစ္စတွေကိုလုပ်တယ်။ တာဝန်ကို ဒီပုံစံနဲ့ထမ်းဆောင်တာက တကယ်ကို တက်ကြွမှုမရှိတာဖြစ်ပြီး ဘုရားအိမ်တော်ရဲ့အလုပ်ကို နှောင့်နှေးစေခဲ့တယ်။ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်တဲ့နေရာမှာ လမ်းပြဖို့အတွက် ဘုရားကို တောင်းဆိုဖို့ ကျွန်မ ဘုရားရှေ့လာပြီး ဆုတောင်းခဲ့တယ်။

နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်ဖတ်တဲ့ ဗီဒီယိုတစ်ခုကို ကျွန်မတွေ့တယ်။ “ဘုရားသခင်၏ အိမ်တော်တွင် တာဝန်တစ်ခုကို ထမ်းဆောင်နိုင်သောသူတို့သည် ၎င်းတို့၏ ဝန်ထုပ်ဝန်ပိုးကအသင်းတော်၏ အလုပ်ဖြစ်သောသူ၊ တာဝန်ခံယူသောသူ၊ သမ္မာတရားစည်းမျဉ်းများကို ထိန်းသိမ်းသောသူ၊ ဒုက္ခခံပြီး အဖိုးအခပေးဆပ်သောသူများဖြစ်ရမည်။ ဤနယ်ပယ်များတွင် အားနည်းခြင်းသည် တာဝန်ထမ်းဆောင်ရန် မသင့်တော်ခြင်း၊ တာဝန်ထမ်းဆောင်ခြင်းအတွက် သတ်မှတ်ချက်များကို မပိုင်ဆိုင်ခြင်းဖြစ်သည်။ တာဝန်ထမ်းဆောင်ရာတွင် တာဝန်ယူရန် ကြောက်သောသူများစွာ ရှိသည်။ ၎င်းတို့၏ ကြောက်ရွံ့မှုသည် အဓိကနည်းလမ်းသုံးခုဖြင့် ထင်ရှားသည်။ ပထမတစ်ခုမှာ တာဝန်ခံယူဖို့မလိုသည့် တာဝန်များကို ၎င်းတို့က ရွေးချယ်ကြသည်။ အသင်းတော်ခေါင်းဆောင်တစ်ယောက်သည် ၎င်းတို့အတွက် တာဝန်ထမ်းဆောင်ရန် စီစဉ်ပေးပါက ၎င်းတို့က ဤအတွက် တာဝန်ယူရခြင်းရှိမရှိကို ဦးစွာ မေးတတ်သည်။ တာဝန်ယူရမည်ဆိုလျှင် လက်မခံကြပေ။ တာဝန်ယူဖို့ မလိုအပ်လျှင် ၎င်းတို့က တွန့်ဆုတ်စွာဖြင့် လက်ခံသည်။ သို့သော် အလုပ်က ပင်ပန်းခြင်းရှိမရှိ၊ သို့မဟုတ် စိတ်အနှောင့်အယှက်ဖြစ်စေခြင်းရှိမရှိကို ကြည့်ရသေးသည်။ ၎င်းတို့သည် တာဝန်ကို တွန့်ဆုတ်စွာ လက်ခံပြီးသော်လည်း ကောင်းစွာထမ်းဆောင်ရန် စိတ်မပါဘဲ ပေါ့ဆပြီး ဝတ်ကျေတန်းကျေလုပ်ဖို့ ပို၍နှစ်သက်နေကြဆဲဖြစ်သည်။ နားရမည်။ ပင်ပန်းရမည်မဟုတ်။ ရုပ်ခန္ဓာ ဆင်းရဲဒုက္ခမဟုတ်။ ဤသည်မှာ ၎င်းတို့၏ စည်းမျဉ်းဖြစ်သည်။ ဒုတိယတစ်ခုမှာ အခက်အခဲတစ်ခု ၎င်းတို့အပေါ် ကျရောက်သောအခါ၊ သို့မဟုတ် ပြဿနာတစ်ခုကို ကြုံတွေ့ရသောအခါ ၎င်းတို့၏ ပထမဆုံး ခိုကိုးရာမှာ မိမိတို့ သက်သက်သာသာဆက်နေနိုင်ရန် မျှော်လင့်ချက်ဖြင့် ခေါင်းဆောင်တစ်ယောက်ထံသို့ တင်ပြပြီး သူ့ကို ကိုင်တွယ်ဖြေရှင်းခိုင်းခြင်းဖြစ်သည်။ ခေါင်းဆောင်က ပြဿနာကို မည်သို့ကိုင်တွယ်သည်ကို ဂရုမစိုက်သကဲ့သို့ အရေးမစိုက်ကြပေ။ ၎င်းတို့ကိုယ်တိုင် တာဝန်မရှိသရွေ့ အားလုံးက ၎င်းတို့အတွက် အဆင်ပြေသည်။ ဤသို့သော တာဝန်ထမ်းဆောင်မှုသည် ဘုရားသခင်အပေါ် သစ္စာရှိသလော။ ဤသည်မှာ အလုပ်ကို သူများကိုပေးခြင်း၊ တာဝန် ပျက်ကွက်ခြင်း၊ ခေါင်းရှောင်ခြင်းဖြစ်သည်။ ယင်းသည် လုံးဝ စိတ်မပါဘဲ အားထုတ်ခြင်းသက်သက်သာဖြစ်သည်။ ၎င်းတို့က ‘ဤအရာကို ငါ ကိုင်တွယ်ရမည်ဆိုလျှင်၊ အမှားလုပ်မိသွားလျှင် မည်သို့ပြုလုပ်ရမည်နည်း။ ဤသို့ဆိုလျှင် ကိုင်တွယ်ခံရမည်မှာ ငါဖြစ်မည်မဟုတ်ပါလား။ ဤအတွက် တာဝန်က ငါ့အပေါ် အရင်ဆုံး ကျရောက်မည်မဟုတ်ပါလား’ ဟူ၍ ပြောကြသည်။ ဤသည်မှာ ၎င်းတို့ စိတ်ပူသည့်အရာဖြစ်သည်။ သို့သော် ဘုရားသခင်က ဤအရာတို့ကို ကြည့်ရှုစစ်ဆေးနိုင်သည်ကို ယုံကြည်သလော။ လူတိုင်းက အမှားလုပ်ကြသည်။ ရည်ရွယ်ချက်မှန်ကန်သော သူတစ်ယောက်သည် အတွေ့အကြုံကင်းမဲ့ပြီး ယခင်က အမှုကိစ္စအမျိုးအစားအချို့ကို မကိုင်တွယ်ခဲ့ဖူးသော်လည်း ၎င်းတို့ တတ်နိုင်သမျှ အကောင်းဆုံးလုပ်ခဲ့လျှင် ယင်းကို ဘုရားသခင်က မြင်ရသည်။ ဘုရားသခင်သည် လူသား၏ အကြောင်းအရာများအားလုံးနှင့် စိတ်နှလုံးအား စိစစ်သည်ကို သင်ယုံကြည်ရမည်။ ဤသည်ကိုပင် မယုံကြည်လျှင် မယုံကြည်သူဖြစ်သည် မဟုတ်လော။ ထိုသို့သောသူက တာဝန်ထမ်းဆောင်ရာတွင် မည်သည့်အရေးပါမှု ရှိနိုင်မည်နည်း။ လူတစ်ယောက်၏ တာဝန်ယူရမည်ကို ကြောက်ခြင်း ထင်ရှားသည့် ပုံစံ နောက်တစ်ခုရှိသည်။ ၎င်းတို့သည် အနည်းငယ် အပေါ်ယံဆန်ပြီး၊ ရိုးရှင်းသောအလုပ်၊ တာဝန်ခံယူရန် မလိုအပ်သောအလုပ်ကို လုပ်သည်။ အခက်အခဲများ ဖြစ်ပေါ်စေပြီး တာဝန်ယူရသည့်အလုပ်ကို ၎င်းတို့က သူတစ်ပါးတို့အပေါ် ပစ်ချသည်။ တစ်ခုခုမှားယွင်းလျှင် ၎င်းတို့က ထိုသူတို့အပေါ် အပြစ်လွှဲချပြီး ၎င်းတို့ကိုယ်တိုင်က အပြစ်မရှိအောင်နေသည်။...ခေါင်းဆောင်နှင့် အမှုဆောင်များက ၎င်းတို့ကို တာဝန်ထမ်းဆောင်ရန် ခိုင်းစေဆဲဖြစ်လျှင် အကျိုးဆက်က မည်သို့ဖြစ်မည်နည်း။ ၎င်းတို့သည် အသင်းတော်အလုပ်ကို ပျက်စီးခြင်းသို့ ရောက်စေလိမ့်မည်။ ထိုသို့သောသူတို့သည် မယုံကြည်ထိုက်ပေ၊ သို့မဟုတ် အားမကိုးထိုက်ပေ။ ၎င်းတို့သည် ပါးစပ်ထဲသို့ အစာထည့်သွင်းရန်အတွက်သာ တာဝန်ထမ်းဆောင်ကြသည်။ ဤသို့သော သူတောင်းစားများကို စွန့်ပစ်သင့်သလော။ စွန့်ပစ်သင့်သည်။ ဘုရားသခင်၏ အိမ်တော်သည် ဤသို့သောလူတို့ကို မည်သည့်အခါမျှ အလိုရှိမည်မဟုတ်ပေ။(အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် အခြားသူများအား သမ္မာတရား သို့မဟုတ် ဘုရာသခင်ကို မနာခံစေဘဲ၊ ၎င်းတို့ကိုသာ နာခံစေသည် (အပိုင်း ၁)”) ဘုရားနှုတ်ကပတ်တော်က ကျွန်မအခြေအနေကို ဖွင့်ပြခဲ့တယ်။ ဒီအချိန်ကာလအတွင်း ကျွန်မရဲ့ တာဝန်ထမ်းဆောင်မှုကိုပြန်စဉ်းစားကြည့်တယ်။ အကြံတွေအများကြီးကို ကျွန်မ ရတုန်းက တချို့က မသင့်တော်ဘူးဆိုတာ ကျွန်မ သတိထားမိတယ်။ တချို့ပြင်ဆင်မှုတွေက စည်းမျဉ်းနဲ့ဆန့်ကျင်နေပြီး တချို့က မလိုအပ်ဘူး။ ဒါပေမဲ့ လူတိုင်းရဲ့ အကြံကို နားမထောင်ရမှာကို ကျွန်မ ကြောက်ခဲ့တယ်။ ဘာကြောင့်လဲဆိုရင် တစ်ခုခုလွဲသွားရင် ကျွန်မတစ်ယောက်တည်း အပြစ်ခံရမှာကြောင့်ပေါ့။ ကျွန်မအမြင်အတိုင်းပဲလုပ်ရင် ကျွန်မက မာနကြီးပြီး သမ္မာတရားကို လက်မခံဘူးလို့ လူတွေက မကောင်းမြင်မှာကိုလည်း ကြောက်ခဲ့တယ်။ အဲဒါနဲ့ ကျွန်မက လူတိုင်းရဲ့ အကြိုက်နဲ့ အမြင်တွေကို ဖြည့်ဆည်းပေးခဲ့ပြီး သူများတွေ အကြံပေးတဲ့ အပြောင်းအလဲတိုင်းကို လုပ်ခဲ့တယ်။ ထပ်ခါထပ်ခါပြင်ပြီးတော့ ပုံစံအမျိုးမျိုးတောင် လုပ်ခဲ့ပြီး ဆုံးဖြတ်ဖို့အတွက် ကြီးကြပ်သူနဲ့ ညီအစ်ကိုမောင်နှမတွေကိုစောင့်နေခဲ့တယ်။ ကျွန်မက အပြစ်ခံရမှာကြောက်လို့ သမ္မာတရားစည်းမျဉ်းတွေကို လုံးဝ မရှာဖွေခဲ့ဘူး၊ ကိုယ်ပိုင်ဆုံးဖြတ်ချက်မချခဲ့ဘူး။ ဒီပုံစံနဲ့လုပ်တာက ပိုအန္တရာယ်ကင်းတယ်၊ ဘာကြောင့်လဲဆိုရင် အုပ်စုလိုက်ဆုံးဖြတ်ရင် ပြဿနာ သိပ်မဖြစ်နိုင်ဘူး၊ ပြဿနာရှိရင်တောင်မှ ကျွန်မတစ်ယောက်တည်းခံရမှာမဟုတ်ဘူးလို့ ထင်ခဲ့တယ်။ အပြင်ပန်းမှာတော့ ကျွန်မက တာဝန်တွေနဲ့ အမြဲတမ်း အလုပ်ရှုပ်နေပြီး ဘုရားအိမ်တော်ကို ကာကွယ်နေတယ်ပေါ့။ ဒါပေမဲ့ တကယ်တမ်းတော့ ကျွန်မက အရာရာမှာ ကိုယ့်အကျိုးစီးပွားကို ထည့်တွက်နေတာပဲ။ ကိုယ့်ကိုယ်ကိယ် ဘယ်လိုကာကွယ်ပြီး တာဝန်ကို ရှောင်ရမလဲဆိုတာကို စဉ်းစားနေတာ။ ကျွန်မက ဒီလိုမျိုး လှည့်ကွက်တွေ ကစားနေတာမဟုတ်ဘူးလား။ ဒီလိုပုံစံနဲ့ တာဝန်ထမ်းဆောင်တာက ဗန်းပြသက်သက်ပဲ ကျွန်မ အလုပ်ကြိုးစားပြနေတာပါ။ ပြောတဲ့အတိုင်းပဲ လုပ်နေတာပါ။ ကိစ္စတွေကို ကျွန်မ လုံးဝစိတ်မပူဘူး၊ အရေးမထားဘူး။ ကျွန်မက တာဝန်ကို မသိတတ်ဘဲ ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားကို လုံးဝ ထည့်မတွက်ပါဘူး။ ကျွန်မက တကယ်ကို လူ့သဘာဝအားလုံးကင်းမဲ့ပါတယ်။ တာဝန်တွေကို ရိုးရိုးသားသားနဲ့ ထမ်းဆောင်သူတွေက အရာအားလုံးမှာ ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားတွေကို ထည့်စဉ်းစားတယ်။ သူတို့နားမလည်တဲ့ ပြဿနာတွေကို ရင်ဆိုင်ရတဲ့အခါ ဘုရားအလိုတော်ကို ရှာပြီး သမ္မာတရားစည်းမျဉ်းတွေကို ရှာကြတယ်။ တာဝန်တွေမှာ ဘုရားနဲ့ စိတ်နှလုံး တစ်လုံးတစ်ဝတည်းရှိကြတယ်။ ဒါပေမဲ့ ကျွန်မကတော့ တာဝန်မှာ လုံးဝကို မရိုးမသားဖြစ်ပြီး အသိစိတ်မရှိခဲ့ဘူး။ ကျွန်မက အငှားအလုပ်သမားလိုပဲ။ တစ်ခုခုလုပ်ဖို့ အမိန့်ပေးတာကိုပဲ စောင့်နေတယ်။ သမ္မာတရားစည်းမျဉ်းတွေနဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ လုံးဝ မရှာဖွေခဲ့ဘူး။ တာဝန်ကို ဒီလိုထမ်းဆောင်နေတာက ဘုရားနဲ့ သမ္မာတရားနဲ့ ဘာမှမသက်ဆိုင်နေပါဘူး။ ကျွန်မက ဝတ်ကျေတန်းကျေပဲလုပ်နေပြီး အစေခံသူနဲ့တောင် မသက်ဆိုင်ပါဘူး။

နောက်ထပ် ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ သတိရမိတယ်။ “လူတစ်ဦး၏အကျင့်များကို ကောင်းသည် ဆိုးသည်ဟူ၍ အကဲဖြတ်သော စံနှုန်းမှာအဘယ်နည်း။ ၎င်းမှာ သင်သည် သင်၏အတွေးများ၊ ဖော်ပြချက်များနှင့် အပြုအမူများ၌ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် သမ္မာတရား စစ်မှန်မှုအတိုင်း အသက်ရှင်နေထိုင်ခြင်းအကြောင်း သက်သေခံချက် ရှိမရှိအပေါ် မူတည်၏။ အကယ်၍ သင်၌ ဤစစ်မှန်မှု မရှိပါက၊ သို့မဟုတ် ဤအရာအတိုင်း အသက်ရှင်နေထိုင်ခြင်းမရှိပါက၊ သင်သည် မကောင်းမှုပြုသူဖြစ်သည်မှာ သံသယဖြစ်ဖွယ်မရှိ။ ဘုရားသခင်က ဒုစရိုက်ပြုသူများကို အဘယ်သို့ မြင်သနည်း။ သင့်အတွေးများနှင့် အပြင်ပန်းအပြုအမူများက ဘုရားသခင်အတွက် သက်သေမခံသကဲ့သို့ ယင်းတို့က စာတန်အား အရှက်ကွဲစေခြင်း သို့မဟုတ် စာတန်အား အနိုင်ယူခြင်းလည်း မပြုချေ၊ ထို့အစား ဘုရားသခင်ကို သူတို့ အရှက်ရစေပြီး၊ ဘုရားသခင်ကို အရှက်ရစေသည့် လက္ခဏာများနှင့် ပွထနေသည်။ သင်သည် ဘုရားသခင်အတွက် သက်သေခံနေခြင်း မရှိ၊ ဘုရားသခင်အဘို့ မိမိကိုယ်ကို အသုံးခံနေခြင်း မရှိသကဲ့သို့ ဘုရားသခင်အတွက် သင်၏ တာဝန်နှင့် ဝတ္တရားတို့ကို ဖြည့်ဆည်းနေခြင်းလည်း မရှိပါပေ၊ ထို့အစား သင့်ကိုယ်ပိုင်အကျိုးအတွက် သင်ပြုမူနေသည်။ ‘သင့်ကိုယ်ပိုင်အကျိုးအတွက်’ ဟူသည့် ညွှန်းဆိုချက်မှာ အဘယ်နည်း။ စာတန်အတွက်ကို ဆိုလိုသည်။ ထို့ကြောင့် နောက်ဆုံးတွင် ဘုရားသခင်က ‘အဓမ္မအမှုကို ပြုသောသူတို့၊ ငါ့ထံမှ ဖယ်ကြ’ ဟု ဆိုလိမ့်မည်။ ဘုရားသခင်၏ အမြင်တွင် ကောင်းမှုများကို သင် မပြုလုပ်သေးဘဲ၊ တကယ်တမ်းတွင် သင့်အမူအကျင့်မှာ ဆိုးယုတ်မှုသို့ ပြောင်းသွားပြီဖြစ်သည်။ ဘုရားသခင်၏ လက်ခံနိုင်ဖွယ်ဖြစ်ရမည့်အစား၊ သင်သည် စီရင်ခြင်းခံရလိမ့်မည်။ ဘုရားသခင်၌ ထိုသို့သော ယုံကြည်မှု ရှိသည့်သူတစ်ဦးသည် အဘယ်အရာကို ရရှိဖို့ ကြိုးစားသနည်း။ ထိုသို့သော ယုံကြည်မှုသည် အဆုံး၌ အချည်းနှီးဖြစ်မည် မဟုတ်လော။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “သင်၏စစ်မှန်သော စိတ်နှလုံးကို ဘုရားသခင်ထံ ပေးပြီး သမ္မာတရားကို သင် ရရှိနိုင်သည်”) ဘုရားနှုတ်ကပတ်တော်တွေကြောင့် ကျွန်မ နားလည်သွားတယ်။ လူတိုင်းရဲ့ စိတ်နှလုံးကို သူစောင့်ကြည့်ပါတယ်။ ကျွန်မတို့ အလုပ်ဘယ်လောက်လုပ်တယ်၊ ဘယ်လောက်ဒုက္ခခံတယ်ဆိုတာကို သူမကြည့်ဘူး။ အဲဒီအစား တာဝန်မှာ လူတွေရဲ့ ရည်ရွယ်ချက်တွေက ဘုရားအတွက်လား၊ သူတို့ကိုယ်သူတို့အတွက်လားဆိုတာ၊ တာဝန်တွေမှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်တဲ့သက်သေခံချက်ရှိသလားဆိုတာကို ကြည့်ပါတယ်။ တာဝန်မှာ ကိုယ့်ကိုယ်ကိုယ် ကျေနပ်စေဖို့ အမြဲတမ်းကြိုးစားရင် ဘုရားအမြင်မှာ ဒါဟာ ကောက်ကျစ်ဆိုးယုတ်မှုဖြစ်ပြီး ဘုရားက မုန်းတီးပါတယ်။ တာဝန်ကို ထမ်းဆောင်နေတဲ့အချိန်မှာ ကျွန်မ အတွေးတွေက ကိုယ့်အတွက်ပဲဖြစ်တယ်ဆိုတာ ဘုရားနှုတ်ကပတ်တော်ကတစ်ဆင့် ကျွန်မ မြင်ခဲ့ပါတယ်။ တာဝန်ယူရတာကို ရှောင်ဖို့အတွက် အဲဒီမသက်ဆိုင်တဲ့ ပြဿနာတွေကို ပြင်ဖို့အတွက် ဘယ်လောက်ပဲ အချိန်ကုန်ပါစေ ပုံကို ထပ်ခါထပ်ခါ ပြန်ပြင်ခဲ့တယ်။ မမှန်ကန်တဲ့ ပြင်ဆင်မှုတွေလုပ်ဖို့အတွက် ကိုယ့်စိတ်ကိုဆန့်ကျင်လုပ်ခဲ့ပြီး ဗီဒီယိုက ပိုပိုပြီးဆိုးသွားတယ်။ ဘုရားအိမ်တော်ရဲ့အလုပ်ကို ကျွန်မ နှောင့်နှေးစေခဲ့တယ်။ ဒါပေမဲ့ ကျွန်မ လုံးဝ စိတ်မပူခဲ့ဘူး။ အရေးကြီးတယ်လို့ မခံစားခဲ့ဘူး။ သမ္မာတရားစည်းမျဉ်းတွေကိုရှာပြီး ပိုထိရောက်အောင်လုပ်ဖို့လည်း မကြိုးစားခဲ့ပါဘူး။ တာဝန်မှာ ကျွန်မလုပ်နေတာက ဝတ်ကျေတန်းကျေလုပ်နေတာပဲ။ ပြန်ပြင်ဆင်တာပြီးသွားပြီး လူတိုင်းက အတည်ပြုလက်ခံသရွေ့ ပြဿနာမရှိဘူးလို့ ထင်ခဲ့တယ်။ ကျွန်မရဲ့ တာဝန်မသိတတ်တဲ့ အပြုအမူက လုံးဝ တာဝန်ထမ်းဆောင်နေတာမဟုတ်ပါဘူး။ ဒါဟာ ကောင်းမှုတွေကို တိုးပွားအောင်လုပ်တာမဟုတ်ဘဲ ကောက်ကျစ်ဆိုးယုတ်မှုပါပဲ။ အခုက ဧဝံဂေလိဖြန့်ဝေဖို့ ဘုရားအိမ်တော်အတွက် အရေးပါတဲ့အချိန်ပဲ။ ဒီဗီဒီယိုတွေက ဖြန့်ဖို့အတွက် အွန်လိုင်းမှာတင်ဖို့ အရေးတကြီးလိုနေတာ။ ဒါမှ ဘုရားပေါ်ထွန်းခြင်းကို တောင့်တတဲ့လူတွေက ဒါတွေကို ကြည့်ပြီး ဉာဏ်အလင်းပွင့်နိုင်ဖို့၊ ဘုရားရဲ့ နောက်ဆုံးသောကာလအမှုတော်ကို စူးစမ်းကြဖို့အတွက်ပေါ့။ ဒါပေမဲ့ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကြောင့် အလုပ်ကို ထပ်ခါထပ်ခါလုပ်ပြီး အွန်လိုင်းတင်တာ နှောင့်နှေးသွားတယ်။ ကိုယ့်အကျိုးစီးပွားကိုကာကွယ်ဖို့အတွက် ဘုရားအိမ်တော်ရဲ့အလုပ်ကို ထပ်ခါထပ်ခါ နှောင့်နှေးစေခဲ့တယ်။ ကျွန်မက စာတန်ရဲ့အစေခံအဖြစ် ပြုမူနေပြီး ဘုရားအိမ်တော်ရဲ့အလုပ်ကို နှောင့်ယှက်နေတာ သက်သက်ပဲ။ ဒါကို ကျွန်မ သဘောပေါက်တာနဲ့ တော်တော်လန့်သွားတယ်။ တာဝန်အပေါ် ကျွန်မသဘောထားကိုပြောင်းပြီး ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ဖြေရှင်းရာမှာ ဘုရားရဲ့လမ်းပြမှုကိုတောင်းလျှောက်ဖို့အတွက် ဘုရားကို ကျွန်မ အမြန်ဆုတောင်းခဲ့ပါတယ်။

အဲဒီနောက်မှာ တာဝန်မှာ မတူတဲ့ အကြံပြုချက်တွေကို ကျွန်မ ကြုံရတဲ့အခါ အရင်ဆုံး ဆုတောင်းပြီး ရှာဖွေဖို့ ဘုရားရှေ့ကိုလာတယ်။ ဘယ် အကြံပေးတဲ့ ပြောင်းလဲမှုတွေက လိုအပ်ပြီး ဘာတွေက မလိုအပ်ဘူးဆိုတာ စိစစ်တယ်။ ပိုကောင်းတဲ့ ရလဒ်တွေရဖို့အတွက် ကျွန်မရဲ့ ထိရောက်မှုကို ဘယ်လိုတိုးတက်အောင်လုပ်ရမယ်ဆိုတာ စဉ်းစားတယ်။ မလိုအပ်တဲ့ အကြံပြုချက် အပြောင်းအလဲတွေအတွက် ကျွန်မနားလည်တဲ့ စည်းမျဉ်းအခြေခံအချက်အပေါ်မှာ ကျွန်မထင်မြင်ချက်ကိုတင်ပြပြီး လူတိုင်းနဲ့ ရှာဖွေမိတ်သဟာယဖွဲ့တယ်။ ကျွန်မရဲ့ ထင်မြင်ချက်တချို့ကို လက်ခံကြတယ်။ ဒီလိုလက်တွေ့လုပ်ဆောင်တော့ တာဝန်မှာ ကျွန်မ နည်းနည်းပိုထိရောက်လာတယ်။ ကျွန်မ အပြောင်းအလဲနည်းနည်းဖြစ်ခဲ့တယ်လို့ ထင်ခဲ့တာ။ ဒါပေမဲ့ နောက်တစ်ခါ တာဝန်ယူရမယ့်အချိန်ရောက်တော့ ပြန်ပြီး မတက်မကြွဖြစ်လာပြန်တယ်။

တစ်ခါတော့ ဗီဒီယိုရုပ်ပုံတစ်ခုကို ကျွန်မလုပ်တယ်။ ပုံနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်တချို့အပေါ်မှာ လူတိုင်းက မတူတဲ့ ထင်မြင်ချက်တွေရှိတယ်။ ကျွန်မတို့ ဆွေးနွေးပြောဆိုပြီးတဲ့နောက်မှာ ဘယ်လိုပြင်ရမယ်ဆိုတာကို မဆုံးဖြတ်ရသေးဘူး။ အချိန်တော်တော်ကြာ ဒီမှာပဲ တစ်နေတယ်။ တကယ်တမ်းတော့ ဗီဒီယိုရုပ်ပုံတစ်ခုအတွက် ကြည့်ကောင်းနေသရွေ့ ဇာတ်ကောင်တွေနဲ့ပုံရဲ့ အချိုးအစားက တကယ့်အရှိတရားကို မချိုးဖောက်သွားဘူးဆိုတာ ကျွန်မသိတယ်။ အသေးစိတ်အချက်တွေအပေါ်မှာ တစ်နေဖို့ မလိုဘူး။ ဒါပေမဲ့ မတူတဲ့ အကြံတွေအများကြီးကြားပြီးတဲ့နောက်မှာ ဘာလုပ်ရမှန်းမသိခဲ့ဘူး။ ကျွန်မ ကိုယ်ပိုင်အမြင်ကို အခြေခံပြီး ပြောင်းလိုက်ရင် ဗီဒီယိုကို တင်ပြီးတဲ့နောက်မှာ ပြဿနာတစ်ခုရှိလာရင် ဘယ်လိုဖြစ်မှာလဲပေါ့။ ဒါဆိုရင် ကျွန်မတာဝန်ဖြစ်မှာပဲပေါ့။ အမှားတစ်ခုလုပ်တဲ့အတွက် တာဝန်ယူရမှာကို ကျွန်မ ကြောက်နေတာ။ အဲဒါနဲ့ ကျွန်မက လူတိုင်းရဲ့ အကြံတွေကို အခြေခံပြီး ပုံစံအမျိုးမျိုးလုပ်ပြီးတော့ လူတိုင်းက ကျွန်မကို နောက်ဆုံး ဆုံးဖြတ်ချက်ပေးတာကို စောင့်နေခဲ့တယ်။ ဒါပေမဲ့ နောက်ဆုံးကျတော့ ဘယ်သူကမှ ကျွန်မကို ရှင်းလင်းတဲ့ အဖြေမပေးဘူး။ ရက်တွေကုန်သွားတာကို တွေ့ရတော့ ကျွန်မ တော်တော်စိတ်သောကရောက်လာတယ်။ ကျွန်မက ဗီဒီယိုအလုပ်တိုးတက်မှုကို နောက်တစ်ခါ နှောင့်နှေးအောင်လုပ်နေတာမဟုတ်ဘူးလား။ ကျွန်မ တော်တော်ဒုက္ခရောက်နေတာ။ အဲဒါနဲ့ ကိုယ့်ကိုယ်ကိုယ် မေးလိုက်တယ်။ “ဆုံးဖြတ်ချက်တစ်ခုလုပ်ဖို့ ဘာလို့ ဒီလောက်ခက်နေတာလဲ။ ငါ့လက်တွေက ချုပ်ခံထားရပြီး ပြန်မဖြည်နိုင်သလိုမျိုး ဘာလို့ ခံစားရတာလဲ” ပေါ့။ ဆုတောင်းပြီး ရှာဖွေဖို့အတွက် ဘုရားရှေ့ကို ကျွန်မလာခဲ့တယ်။ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်ပြီး သိဖို့အတွက် ကျွန်မကို လမ်းပြဖို့ ဘုရားကိုဆုတောင်းလိုက်တယ်။

နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မဖတ်တယ်။ “သင်တို့၏ တာဝန်ကို ထမ်းဆောင်စဉ်တွင် ပြဿနာများ ဖြစ်ပေါ်သည့်အခါ သင်သည် ၎င်းတို့ကို လျစ်လျူရှုနိုင်ခြေရှိသည်။ ပြီးလျှင် တာဝန်ကို ရှောင်ရန်အတွက် အမျိုးမျိုးသော မူမမှန်သော အကြောင်းပြချက်နှင့် ဆင်ခြေများပင် ရှာနိုင်သည်။ သင်ဖြေရှင်းနိုင်စွမ်းရှိပြီး မဖြေရှင်းသည့် ပြဿနာအချို့ ရှိပြီး သင်၏ အထက်လူကြီးများထံသို့ သင်မတင်ပြသည့် သင်မဖြေရှင်းနိုင်သည့် ပြဿနာများလည်းရှိသည်။ ယင်းမှာ ထိုပြဿနာများသည် သင်နှင့် လုံးဝ မသက်ဆိုင်သကဲ့သို့ပင်ဖြစ်သည်။ ဤသည်မှာ သင်၏ တာဝန်ကို တမင်ပျက်ကွက်ခြင်းမဟုတ်သလော။ ဤနည်းဖြင့် အသင်းတော်အလုပ်ကို ကိုင်တွယ်ခြင်းသည် လုပ်ဆောင်ရန် ကောင်းသောအရာတစ်ခုဖြစ်သလော၊ သို့မဟုတ် လုပ်ဆောင်ရန် မိုက်မဲသောအရာဖြစ်သလော။ (မိုက်မဲသည်။) ဤသို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များသည် မြွေများမဟုတ်သလော။ ၎င်းတို့တွင် တာဝန်ခံယူစိတ် လုံးဝ ကင်းမဲ့သည် မဟုတ်လော။ ၎င်းတို့ရှေ့၌ရှိသော ပြဿနာကို လျစ်လျူရှုသောသူ၊ ဤသူသည် အကြင်နာကင်းမဲ့သော၊ ခိုးကြောင်ခိုးဝှက်ဖြစ်သောသူ မဟုတ်သလော။ ခိုးကြောင်ခိုးဝှက်ဖြစ်သောသူတို့သည် အမိုက်မဲဆုံး ဖြစ်သည်။ သင်သည် ရိုးသားသောသူဖြစ်ရမည်။ သင်ရင်ဆိုင်ရသည့် ပြဿနာများအပေါ်တွင် တာဝန်ခံယူစိတ် ရှိရမည်။ သင်က ခိုးကြောင်ခိုးဝှက် ဖြစ်လျှင် ပြဿနာများနှင့် ရင်ဆိုင်ရသည့်အခါ သင်က လျစ်လျူရှုလိမ့်မည်။ တာဝန်ကို ရှောင်ဖို့ ကြိုးစားလိမ့်မည်။ သင်က မယုံကြည်သူများကြားတွင် ခိုးကြောင်ခိုးဝှက်ပြုလုပ်ပြီး သင့်တွင် တစ်စုံတစ်ခု ဖြစ်ပျက်ပါက သင်သည် မြဲမြံစွာ ရပ်တည်နိုင်လိမ့်မည် မဟုတ်ပေ။ သင်သည် ဘုရားသခင်၏ အိမ်တော်တွင် ခိုးကြောင်ခိုးဝှက်လုပ်လျှင် ဘုရားသခင်က သင့်ကို မည်သို့ စက်ဆုပ်ရွံရှာခြင်းမရှိဘဲ နေနိုင်မည်နည်း။ ဘုရားသခင်၏ အိမ်တော်က ဤအရာကို လွတ်ပေးနိုင်သလော။ ဘုရားသခင်က ရိုးသားသောသူတို့ကို နှစ်သက်သည်။ ခိုးကြောင်ခိုးဝှက်ပြုသောသူတို့ကို မနှစ်သက်ပေ။ အနည်းငယ် မာနထောင်လွှားခြင်း၌ စိုးရွံ့စရာ မရှိသော်လည်း၊ အကြင်သူသည် ဧကန်မုချ ရိုးသားရမည်။ ရိုးသားသည့် လူများသည် တာဝန်ယူကြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ်အတွက် မတွေးကြပေ။ ၎င်းတို့သည် အတွေးအခေါ် စင်ကြယ်ကြသည်။ ပြီးလျှင် ဖျတ်ခနဲကြည့်ရုံဖြင့် အောက်ခြေကို မြင်ရသည့် ကြည်လင်သော ရေခွက်များကဲ့သို့ ၎င်းတို့၏ စိတ်နှလုံးများထဲ၌ ရိုးသားမှုနှင့် စေတနာတို့ရှိကြသည်။ သင်သည် သင်၏စိတ်နှလုံးထဲရှိသည့် အရာကို အခြားသူများ မမြင်စေဖို့အလို့ငှာ၊ အစဉ် ဂိုက်ဖမ်းနေကာ၊ သင့်ကိုယ်သင် ကွယ်ထား၊ ဖုံးထားပြီး သင့်ကိုယ်သင် အလွန်လုံအောင် လွှမ်းခြုံထားသော်လည်း၊ ဘုရားသခင်က သင်၏ စိတ်နှလုံးထဲရှိ အနက်ရှိုင်းဆုံးသော အရာများကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးနိုင်သေးသည်။ သင်သည် ဘုရားသခင်ကို သင်၏စိတ်နှလုံးအား မည်သည့်အခါမျှ ထိန်းချုပ်ခွင့် မပေးဘဲ၊ သူ့ကို လှည့်စားဖို့ အစဉ် ကြိုးစားလျက်၊ ရိုးသားသည့်သူတစ်ဦးမဟုတ်ဘဲ၊ လှည့်စားတတ်သောအရာ ဖြစ်သည်ကို ဘုရားသခင် တွေ့မြင်ပါက၊ သင့်အား သူကြိုက်နှစ်သက်မည် မဟုတ်သကဲ့သို့၊ သင့်အား လိုချင်လိမ့်မည် မဟုတ်ချေ။ မယုံကြည်သူများအကြားတွင် လုံးလုံး ကြီးပွားအောင်မြင်သည့်သူ၊ ကျလောက်အောင် အပြောကောင်းပြီး ဉာဏ်ထက်သည့်သူအားလုံးတို့သည် အဘယ်လူစားမျိုးနည်း။ ဤသည်မှာ သင်တို့အတွက် ရှင်းလင်းသလော။ ၎င်းတို့၏အနှစ်သာရမှာ အဘယ်နည်း။ ၎င်းတို့အားလုံးသည် အလွန်အမင်း ပေါ့ဆကာ၊ လည်သော သီးခြားလူများဖြစ်သည်၊ ၎င်းတို့အားလုံးသည် သာမန်ထက်လွန်ကဲစွာ ပါးနပ်သည်၊ ၎င်းတို့သည် ကောက်ကျစ်စဉ်းလဲသည်၊ ၎င်းတို့သည် တကယ့် နတ်ဆိုး စာတန်ဖြစ်သည်ဟု ဆိုနိုင်သလော။ ဘုရားသခင်သည် ထိုသို့သော လူများကို နှစ်သက်နိုင်သလော။ (မနှစ်သက်နိုင်ပါ။) ဘုရားသခင်သည် နတ်ဆိုးကို အမုန်းဆုံးဖြစ်သည်၊ သင် အဘယ်အရာကို လုပ်ပါစေ၊ သင်တို့သည် ထိုသို့သော လူများ မည်သည့်အခါမျှ ဖြစ်ရမည်မဟုတ်ချေ။ မိမိတို့၏စကား၌ အစဉ် သတိဝီရိယ ရှိပြီး ရှုထောင့်အားလုံးကို ဆင်ခြင်စဉ်းစားသည့်၊ အခြေအနေကို လေ့လာသိမြင်နိုင်ပြီး မိမိတို့၏ကိစ္စများကို ကိုင်တွယ်ရာ၌ ပရိယာယ် များသည့်သူတို့— သင်တို့ကို ငါ ပြောမည်၊ ဘုရားသခင်က ထိုသို့သောလူများကို အမုန်းဆုံးဖြစ်သည်။ သို့ဖြစ်ပါက ဘုရားသခင်သည် ထိုသို့သော လူတစ်ဦးကို ကျေးဇူးပြုဦးမည်လော၊ သို့မဟုတ် ဉာဏ်အလင်းပေးဦးမည်လော။ သူက ပြုမည်မဟုတ်ပေ။ ဘုရားသခင်သည် ထိုကဲ့သို့သောလူများကို တိရစ္ဆာန်များ၏ အမျိုးအဖြစ် မြင်သည်။ ၎င်းတို့သည် လူ့အရေပြားကို ဝတ်ဆင်ထားသော်လည်း၊ ၎င်းတို့၏ အနှစ်သာရသည် စာတန် နတ်ဆိုး၏ အနှစ်သာရ ဖြစ်ပေသည်။ ၎င်းတို့သည် ဘုရားသခင် လုံးဝ ကယ်တင်မည် မဟုတ်သည့် လမ်းလျှောက်နေသည့် အလောင်းကောင်များသာ ဖြစ်သည်။ ဤလူစားမျိုးသည် အမှန်တကယ် ထက်မြက်သည်ဟု သင်တို့ပြောမည်လော၊ သို့မဟုတ် ၎င်းတို့သည် မိုက်မဲသလော။ ၎င်းတို့သည် လူများထဲတွင် အမိုက်မဲဆုံးဖြစ်သည်။ ၎င်းတို့သည် ခိုးကြောင်ခိုးဝှက် ပြုကြသည်။ ၎င်းတို့အား သူစီရင်သည်။ ထိုသို့သောသူတစ်ဦးအတွက် ဘုရားသခင်ကို ယုံကြည်ခြင်း၌ အဘယ်မျှော်လင့်ချက် ရှိသနည်း။ ၎င်းတို့၏ယုံကြည်မှုသည် အဓိပ္ပာယ်ကင်းမဲ့နေပြီး ၎င်းတို့သည် မည်သည့်အရာမျှ မရကိန်းရှိသည်။ လူတို့သည် ဘုရားသခင်အပေါ် မိမိတို့၏ ယုံကြည်ခြင်းတစ်လျှောက်တွင် သမ္မာတရားကို မလိုက်စားလျှင် ၎င်းတို့ ယုံကြည်သူဖြစ်သည်မှာ နှစ်မည်မျှကြာပါစေ အရေးမကြီးပေ၊ အဆုံးတွင် မည်သည့်အရာကိုမျှ ရရှိမည်မဟုတ်ပေ။” (နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “အယောင်ဆောင်ခေါင်းဆောင်များကို ခွဲခြားဖော်ထုတ်ခြင်း (၈)”) ဘုရားနှုတ်ကပတ်တော်က ကျွန်မ အခြေအနေကို ဖွင့်ပြခဲ့ပါတယ်။ မတူတဲ့အကြံပြုချက်တွေနဲ့ ရင်ဆိုင်ရတဲ့အခါမှာ ကျွန်မက အမြဲတမ်း မပြတ်သားဘူး။ အမှားတွေအတွက် တာဝန်ယူရမှာကိုကြောက်ပြီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ အမြဲတမ်းကြိုးစားခဲ့တယ်။ ဘာကြောင့်လဲဆိုရင် ကျွန်မက “မိမိကိုယ်သာ ကိုးကွယ်ရာဖြစ်၏”၊ “မိမိကိုယ်ကို ကာကွယ်ရန် ဆိတ်ဆိတ်ငြိမ်နေ၍ အပြစ်တင်ခံရမှုမှ လွတ်မြောက်ရန်သာ ကြိုးစားပါ”၊ “အယောက်တိုင်းက ချိုးဖောက်နေချိန်တွင် ဥပဒေမသက်ရောက်နိုင်” ဆိုတာမျိုး ဆိုးယုတ်တဲ့ အဆိပ်တွေက ထိန်းချုပ်တာကို ခံနေရလို့ပါ။ မတူတဲ့ အကြံပြုချက်တွေနဲ့ ရင်ဆိုင်ရတဲ့အခါမှာ ကျွန်မက ကိုယ်ပိုင်အမြင်တွေရှိတယ်။ ဒါပေမဲ့ ပြဿနာတွေက ကျွန်မတာဝန်မဟုတ်ဘဲ ကျွန်မကို ကိုင်တွယ်ဖြေရှင်းတာ မခံရဖို့အတွက် ဒါတွေကို အချိန်မီ ရှေ့တန်းတင်ပြီး မရှာဖွေခဲ့ဘဲ သူများတွေရဲ့ အကြံနောက်လိုက်ဖို့ပဲ ခေါင်းမာမာနဲ့ ဆက်လုပ်ခဲ့တယ်။ အပြင်ပန်းကနေကြည့်ရင် ကျွန်မက တခြားလူတွေရဲ့ အကြံကို လက်ခံတတ်တဲ့ ပုံစံရှိတယ်။ ကျွန်မက အကြံတွေကို လက်ခံပြီး အကောင်အထည်ဖော်နိုင်တယ်ပေါ့။ ဒါက သမ္မာတရားကို ကျွန်မ လက်ခံနိုင်တယ်ဆိုတဲ့ အထင်မှားမှုကို ဖြစ်စေတယ်။ တကယ်တမ်းတော့ ဒါရဲ့နောက်ကွယ်မှာ ကျွန်မရဲ့ ကိုယ်ပိုင် အန္တရာယ်ရှိတဲ့၊ လှည့်စားတဲ့၊ စက်ဆုပ်ဖွယ်ဖြစ်တဲ့ ရည်ရွယ်ချက်တွေရှိနေတယ်။ ကျွန်မ ဘယ်လိုပြုမူခဲ့တာတွေ၊ တစ်ခုခုအတွက် ကျွန်မ တာဝန်ခံရနိုင်တဲ့အချိန်တိုင်းမှာ ကိုယ့်ကိုယ်ကိုယ်အတွက် ဂရုစိုက်တာတွေကို ကျွန်မ ပြန်စဉ်းစားတယ်။ တစ်ခါတလေမှာ သူများတွေက ပြဿနာတွေရှိပြီး ကျွန်မအကြံကို မေးတဲ့အခါမှာ ကျွန်မက အရင်ဆုံး တခြားလူတွေရဲ့ အတွေးနဲ့ ထင်မြင်ချက်တွေကို ခန့်မှန်းပြီး အဲဒါတွေက ကျွန်မနဲ့တူလားခန့်မှန်းလိုက်တယ်။ အဲဒါတွေကို အခြေခံအဖြစ် အသုံးပြုပြီး ကိုယ်ပိုင်အကြံကို ထည့်ပေးလိုက်တယ်။ ဒါပေမဲ့ သူတို့ထင်မြင်ချက်တွေက မတူဘူးဆိုရင် ကျွန်မ ကိုယ်ပိုင်အမြင်ကို ဝေမျှချင်ခဲ့ဘူး။ ဘာကြောင့်လဲဆိုရင် ကျွန်မက မှားပြီး ပြဿနာတွေပေါ်လာရင် တာဝန်ယူရမှာကို ကြောက်လို့လေ။ ဒါကြောင့် ကျွန်မက မရေမရာနဲ့ ဝတ်ကျေတန်းကျေတစ်ခုခုကိုပဲ ပြောလိုက်တယ်။ ဒီဆိုးယုတ်တဲ့ အတွေးအခေါ်တွေနဲ့ အသက်ရှင်တာကြောင့် ကျွန်မက အရမ်းကို ဉာဏ်များပြီး လှည့်စားလာတာကို တွေ့ရတယ်။ ကျွန်မကိုယ်တိုင်ရဲ့အမြင်ကို ဘယ်တော့မှ ရှင်းရှင်းလင်းလင်း ရှေ့တန်းမတင်နိုင်ဘူး။ ကျွန်မမှာ စည်းမျဉ်းတွေ၊ ရပ်တည်ချက်တွေမရှိဘူး။ လူတွေ ခေါင်းရှုပ်စေမယ့်နည်းနဲ့ ပြောဆိုပြုမူပြီး ကျွန်မကိုယ်ပိုင်အမြင်ကို နားမလည်နိုင်အောင်လုပ်တယ်။ ဒီလိုလုပ်တာ ပိုပြီးပါးနပ်တယ်လို့တောင် ကျွန်မထင်ခဲ့တယ်။ ဒါဆိုရင် ဘာအကျိုးဆက်မှ ကျွန်မ ခံစရာမလိုဘူး။ ကိုင်တွယ်ဖြေရှင်းတာ မခံရဘူး။ အထုတ်ခံရမှာမဟုတ်ဘူးပေါ့။ ကျွန်မက ဘုရားနဲ့ ညီအစ်ကိုမောင်နှမတွေကို လှည့်စားနေတာ၊ ဉာဏ်အများဆုံးလူဖြစ်နေတယ်ဆိုတာ ကျွန်မ လုံးဝမသိခဲ့ဘူး။ ကျွန်မက ဘုရားကို ကျွန်မကို ရွံ့မုန်းအောင်၊ မုန်းတီးအောင်လုပ်နေခဲ့တာပါ။ ဘုရားက ကျွန်မလိုလူတွေကို မကယ်တင်ပါဘူး။ ညီအစ်ကိုမောင်နှမတွေကို ကျွန်မ လှည့်စားနိုင်ပေမဲ့ ဘုရားက ကျွန်မစိတ်နှလုံးကို စောင့်ကြည့်ပါတယ်။ ဒီလိုမျိုး ဘုရားကို ဆက်ပြီးလှည့်စားနေရင်၊ တာဝန်မသိတတ်ရင် ဝတ်ကျေတန်းကျေပဲလုပ်ရင် သမ္မာတရားစည်းမျဉ်းတွေကို ရှာဖွေတဲ့နေရာမှာ အာရုံစိုက်ဖို့ ငြင်းဆန်ရင် အဆုံးမှာ သမ္မာတရားကို လုံးဝ ရမှာမဟုတ်ဘူး။ ရှုတ်ချခံရပြီး ဖယ်ရှားခံရမှာပဲ။ ကျွန်မက ကိုယ့်အကျိုးအတွက် ပါးနပ်လွန်းတယ်ဆိုတာ မြင်ခဲ့ပါတယ်။ တော်တော် မသိနားမလည်ခဲ့တာပါ။ ဒါကို ကျွန်မ သဘောပေါက်ပြီးတော့မှ စပြီးကြောက်လာတယ်။ ဘုရားဆီမှာ ကျွန်မ တကယ်ပဲ နောင်တရချင်ခဲ့တယ်။ ဒီလိုဆက်သွားလို့ မဖြစ်ဘူးလေ။

နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မဖတ်တယ်။ “မည်သည့်တာဝန်ဖြစ်ပါစေ၊ ဘုရားအိမ်တော်တွင် သင်ထမ်းဆောင်သည့် တာဝန်တိုင်းအတွက် အခြေခံသဘောတရားကို သင်နားလည်ရမည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ခြင်းက အခြေခံသဘောတရားအတိုင်း ပြုမူဆောင်ရွက်ခြင်းကို ဆိုလိုသည်။ တစ်စုံတစ်ခုသည် သင့်အဖို့ မရှင်းလင်းပါက၊ အဘယ်အရာသည် လုပ်ဆောင်ဖို့ သင့်တော်သည့်အရာမှန်း မသေချာပါက၊ အများသဘောဆန္ဒကို ရရှိဖို့ မိတ်သဟာယကို အသုံးပြုပါ။ အသင်းတော်၏အလုပ်နှင့် ညီအစ်ကိုမောင်နှမတို့ကို အကျိုးအရှိစေဆုံး ဖြစ်သည့်အရာကို ဆုံးဖြတ်ပြီးသည်နှင့်တစ်ပြိုင်နက်၊ ယင်းကို လုပ်ဆောင်လော့။ စည်းမျဉ်းများအားဖြင့် အချည်နှောင်မခံနှင့်၊ အချိန်မဆွဲနှင့်၊ မစောင့်ဆိုင်းနှင့်၊ မတုန်မလှုပ် စောင့်ကြည့်သူ မဖြစ်စေနှင့်။ သင်သည် လေ့လာစောင့်ကြည့်သူတစ်ဦး အစဉ်ဖြစ်ပြီး သင်၏ကိုယ်ပိုင်ထင်မြင်ယူဆချက် မည်သည့်အခါမျှ မရှိပါက၊ တစ်စုံတစ်ခုကို မလုပ်ဆောင်မီ အခြားသူတစ်ဦးက ဆုံးဖြတ်ချက်ချသည်ကို အစဉ်စောင့်ဆိုင်းနေပြီး မည်သူမျှ ဆုံးဖြတ်ချက်မချသည့်အခါ သင်အချိန်ဆွဲပြီး စောင့်ဆိုင်းနေပါက အကျိုးဆက်မှာ အဘယ်နည်း။ သင်သည် အလုပ်တိုင်းကို ကမောက်ကမဖြစ်အောင် လုပ်ပြီး မည်သည့်အရာမျှ မဖြစ်မြောက်ပေ။ ယင်းမှာ သင့်အတွက် ရှင်းလင်းသည့်အရာတစ်ခုဖြစ်ပြီး လူတိုင်းက ဤအရာကို အဆင်ပြေသည်ဟု ပြောကာ၊ ဤကဲ့သို့ လုပ်ဆောင်ဖို့ သဘောတူပြီး ဤအလုပ်ကို လုပ်ရမည်ဖြစ်ကာ ဤအရာကို ဘုရားသခင် လမ်းပြသည်မှာ သံသယဖြစ်ဖွယ်မရှိဟု ဆိုပါက၊ ဤသည်မှာ သင်လုပ်ဆောင်သင့်သည့်ပုံစံ ဖြစ်ပေသည်။ ဤအရာအတွက် တာဝန်ယူဖို့ကိုလည်းကောင်း၊ အခြားသူများကို စိတ်အနှောင့်အယှက် ဖြစ်စေမည်ကိုလည်းကောင်း၊ အကျိုးဆက်များ မည်သည့်အရာ ဖြစ်နိုင်သည်ကိုလည်းကောင်း မစိုးရွံ့နှင့်။ လူများသည် စစ်မှန်သည့်အရာ တစ်ခုတလေကို မလုပ်ဆောင်ဘဲ အစဉ် ချင့်တွက်ပြီး တာဝန်ယူဖို့ ကြောက်ကာ လက်တွေ့အလုပ်ကို မလုပ်ဆောင်ပါက၊ ယင်းမှာ ၎င်းတို့၌ ဆိုးရွားသော အကြံအစည် များစွာရှိကြောင်း ပြလေသည်။ စစ်မှန်သည့်အရာ တစ်ခုမျှ မလုပ်ဘဲ ဘုရားသခင်၏ ကျေးဇူးတော်နှင့် ကောင်းချီးမင်္ဂလာများကို မွေ့လျော်ခံစားဖို့ ဆန္ဒရှိခြင်းသည် အဘယ်မျှ မတရားလိုက်လေခြင်း။ ထိုကဲ့သို့သော လည်ပြီး ဒုက္ခပေးသော လူများထက် ဘုရားသခင် သာ၍ ရွံမုန်းသော သူမရှိပေ။ သင် အဘယ်အရာကို တွေးနေပါစေ၊ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်နေပါက၊ သင်၌ သစ္စာစောင့်သိခြင်း မရှိဘဲ၊ သင်၏ကိုယ်ပိုင် ဆင်ခြင်စဉ်းစားမှုများက အစဉ် ပါဝင်ပတ်သက်နေပြီး သင်၌ သင်၏ကိုယ်ပိုင် အတွေးများနှင့် အကြံဉာဏ်များ အစဉ်ရှိပါက ဘုရားသခင် စောင့်ကြည့်သည်၊ ဘုရားသခင် သိသည်၊ ပြီးလျှင် သင် ချက်ချင်း နောင်တမရပါက၊ သင့်အား သူစွန့်ခွာလိမ့်မည်။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “ဘုရားသခင်ကို ယုံကြည်ခြင်းတွင် အရေးကြီးဆုံးအပိုင်းသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းဖြစ်သည်”)ရိုးသားသောလူတစ်ဦး၏ ဖော်ပြချက်များမှာ အဘယ်နည်း။ ပထမဆုံးအနေဖြင့် ဘုရားသခင်၏နှုတ်ကပတ်တော်များနှင့် ပတ်သက်ပြီး သံသယမရှိဖို့ရန် ဖြစ်သည်။ ဤသည်မှာ ရိုးသားသောသူတစ်ဦး၏ ဖော်ပြချက်များထဲမှ တစ်ခု ဖြစ်သည်။ ထို့အပြင် ရိုးသားသူတစ်ဦး၏ အရေးအကြီးဆုံး ဖော်ပြချက်မှာ ကိစ္စအားလုံး၌ သမ္မာတရားကို ရှာဖွေပြီး လက်တွေ့လုပ်ဆောင်ဖို့ ဖြစ်သည်။ ဤသည်မှာ အရေးအကြီးဆုံးဖြစ်သည်။ သင်သည် ရိုးသားသည်ဟု ဆိုသော်လည်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင် မစဉ်းစားဘဲ၊ သင်လုပ်လိုသည့်အရာကို အမြဲ လုပ်ဆောင်ပါက၊ ဤသည်မှာ ရိုးသားသောလူတစ်ဦး၏ ဖော်ပြချက်တစ်ခု ဖြစ်သလော။ သင်က ‘ကျွန်ုပ်၏ အစွမ်းအစသည် နည်းပါသော်လည်း၊ ကျွန်ုပ်သည် စိတ်နှလုံးထဲတွင် ရိုးသားသည်။’ ဟု ပြောသည်။ သို့ရာတွင် သင့်ထံ တာဝန်တစ်ခု ကျရောက်သည့်အခါတွင်၊ သင်သည် ဒုက္ခခံရမည်ကို သို့မဟုတ် ထိုတာဝန်ကို သင် ကောင်းစွာ မဖြည့်ဆည်းပါက၊ တာဝန်ယူရမည်ကို ကြောက်ရွံ့သည်၊ ထို့ကြောင့် သင်သည် ယင်းကို ရှောင်ရှားဖို့ ဆင်ခြေများ ပေးပြီး အခြားသူများက ယင်းကို ပြုလုပ်ဖို့ သင် အကြံပြုလေသည်။ ဤသည်မှာ ရိုးသားသောလူတစ်ဦး၏ ဖော်ပြချက်ဖြစ်သလော။ မဟုတ်သည်မှာ သိသာထင်ရှားပေသည်။ သို့ဆိုလျှင် ရိုးသားသော လူတစ်ဦးသည် မည်သို့ ပြုမူသင့်သနည်း။ ၎င်းတို့သည် လက်ခံပြီးနာခံသင့်သည်၊ ထို့နောက်တွင် ဘုရားသခင်၏ အလိုတော်ကို ဖြည့်ဆည်းဖို့ ကြိုးပမ်းလျက်၊ ၎င်းတို့၏တာဝန်များကို တတ်နိုင်သမျှ အစွမ်းကုန် ဆောင်ရွက်ရာတွင် လုံးလုံး ဆက်ကပ်အပ်နှံထားသင့်သည်။ ဤသည်ကို နည်းလမ်းအမျိုးမျိုးဖြင့် ဖော်ပြထားသည်။ နည်းလမ်းတစ်ခုမှာ သင်သည် သင်၏ဇာတိပကတိဆိုင်ရာ အကျိုးစီးပွားများအကြောင်း မတွေးဘဲ၊ သင်၏တာဝန်ကို ရိုးသားမှုဖြင့် လက်ခံသင့်ပြီး၊ ယင်းနှင့်ပတ်သက်၍ စိတ်မပါ့တပါ ဖြစ်နေသင့်ပေ။ သင်ကိုယ်တိုင်၏ အကျိုးကျေးဇူးအတွက် အကွက်မချနှင့်။ ဤသည်မှာ ရိုးသားမှု၏ ဖော်ပြချက်တစ်ခုဖြစ်သည်။ အခြားနည်းလမ်းတစ်ခုမှာ သင်၏ တာဝန်ကို စိတ်နှလုံးအကြွင်းမဲ့ဖြင့် ထမ်းဆောင်ခြင်း၊ အမှုအရာများကို မှန်မှန်ကန်ကန် လုပ်ဆောင်ခြင်း၊ ဘုရားသခင်ကို ကျေနပ်စေရန် တာဝန်ထမ်းဆောင်ခြင်းထဲသို့ သင်၏ စိတ်နှလုံးနှင့် ချစ်ခြင်းကို ထည့်သွင်းခြင်းတို့ဖြစ်သည်။ ဤသည်မှာ ရိုးသားသောသူတို့က ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်သောအခါ ဖော်ပြသင့်သော အရာဖြစ်သည်။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “ရိုသားသောလူတစ်ဦး ဖြစ်ခြင်းအားဖြင့်သာ လူတစ်ဦးသည် အမှန်တကယ် ပျော်ရွှင်နိုင်၏”) ဘုရားက ရိုးသားသူတွေကို ချစ်တယ်ဆိုတာ ဘုရားနှုတ်ကပတ်တော်ကနေ ကျွန်မ မြင်ခဲ့တယ်။ ကိုယ်က မသိနားမလည်ဖြစ်ပြီး အစွမ်းအစနည်းရင်တောင် ကိစ္စမရှိဘူး။ အဓိကက မှန်ကန်ရိုးသားတဲ့ စိတ်နှလုံးရှိဖို့၊ ပြောစရာတွေကို ရင်ထဲမှာပဲ မထားဖို့၊ ကိုယ်ထင်တာကို ပွင့်ပွင့်လင်းလင်းပြောဖို့၊ ကိုယ်နားမလည်တာကို သူများတွေနဲ့ ရှာဖွေမိတ်သဟာယဖွဲ့ဖို့ စည်းမျဉ်းနဲ့အတူ လုပ်ဆောင်ဖို့၊ ဘုရားအိမ်တော်ရဲ့အလုပ်အတွက် အကျိုးရှိစေတာကိုလုပ်ဖို့ တာဝန်တွေမှာ သစ္စာရှိဖို့ပဲ။ ဒါကိုလုပ်ပါ။ ဘုရားက ကျေနပ်ပါတယ်။ ဘုရားက လူတွေရဲ့ စိတ်နှလုံးကို စောင့်ကြည့်တယ်။ ကျွန်မတို့က အကောင်းဆုံး ကြိုးစားရင် အစွမ်းအစနည်းလို့၊ သမ္မာတရားကို နားမလည်လို့ တစ်ခါတလေမှာ အမှားတွေလုပ်ရင်တောင် သင်ယူရမယ့် သင်ခန်းစာတွေရှိပါသေးတယ်။ ကျွန်မတို့က သမ္မာတရားကို လက်ခံနိုင်သရွေ့၊ သမ္မာတရားကို ရှာဖွေနိုင်သရွေ့၊ ပြဿနာတွေကို အချိန်မီ အနှစ်ချုပ်နိုင်သရွေ့ အချိန်နဲ့အမျှ ကျွန်မတို့က လမ်းလွဲတာ ပိုပိုနည်းလာမယ်။ စည်းမျဉ်းတွေကို တဖြည်းဖြည်းချင်း ကျွမ်းကျင်လာပြီး တာဝန်တွေကို ကောင်းကောင်းထမ်းဆောင်နိုင်မယ်။ ဘုရားအိမ်တော်က လူတွေကို အမှားတစ်ခုအတွက်နဲ့ မရှုတ်ချဘူး။ တာဝန်မခံခိုင်းဘူး။ ဒါကို ကျွန်မ နားလည်သွားတာနဲ့ ပိုပြီး စိတ်သက်သာရာရသွားတယ်။

နောက်ပိုင်းမှာ ဒီအချိန်ကာလအတွင်း ကျွန်မအခြေအနေနဲ့ပတ်သက်ပြီး အစ်မတစ်ယောက်ကို ဖွင့်ပြောပြီး မိတ်သဟာယပြုခဲ့ပါတယ်။ သူက ကျွန်မကို တော်တော်စိတ်ရှည်ရှည်နဲ့ ကူညီပေးတယ်။ အတူတူရှာဖွေမိတ်သဟာယဖွဲ့ပြီးတော့ ကျွန်မ အမြဲတမ်းကိုင်စွဲထားတဲ့ မှားနေတဲ့အမြင်ကို ပြောင်းလဲခဲ့ပါတယ်။ အရင်တုန်းက ကျွန်မက သူများတွေရဲ့ အကြံကိုမယူဘဲ မတူတဲ့အမြင်တွေ၊ ထင်မြင်ချက်တွေပေးရင် ကျွန်မက မာနကြီးပြီး သမ္မာတရားကို လက်မခံဘူးလို့ သူများတွေကထင်ကြမှာကို အမြဲတမ်းစိုးရိမ်နေခဲ့တာ။ တကယ်တမ်းတော့ ကျွန်မက မာနကြီးတာနဲ့ စည်းမျဉ်းတွေကို ထိန်းသိမ်းတာကို ခွဲခြားမသိခဲ့ဘူး။ စည်းမျဉ်းတွေကို ထိန်းသိမ်းတယ်ဆိုတာ သမ္မာတရားကို ရှာဖွေတာ၊ စည်းမျဉ်းတွေနဲ့ညီပြီး အသင်းတော်အကျိုးစီးပွားတွေကိုကာကွယ်တဲ့ လက်တွေ့လုပ်ဆောင်မှုတွေကို သတ်မှတ်တာ သူများတွေက ကန့်ကွက်တဲ့အခါ၊ ပြဿနာတွေ ထုတ်ပြောတဲ့အခါ ဒါတွေကို ဆက်ထိန်းသိမ်းထားပြီး အထိခိုက်မခံတာလို့ အဓိပ္ပာယ်ရပါတယ်။ အပြင်ပန်းမှာ ဒါက မာနကြီးတာနဲ့ နည်းနည်းဆင်တူပေမဲ့ ဒါက သမ္မာတရားကို ထိန်းသိမ်းတာဖြစ်ပြီး အပြုသဘောဆောင်တဲ့အရာပဲ။ မာနကြီးတာကကျတော့ အမြဲတမ်း သူများတွေထက်သာသလို ခံစားရတာ၊ ကိုယ့်အမြင်တွေ၊ စိတ်ကူးတွေက မှန်တယ်လို့ ယုံကြည်တာပဲ။ သူများတွေက မတူတဲ့အမြင်တွေကို တင်ပြတဲ့အခါမှာ မရှာဖွေဘဲ၊ ဆင်ခြင်မကြည့်ဘဲနဲ့ ကိုယ့်နည်းလမ်းအတိုင်းပဲ ခေါင်းမာနေတာ မှားနေတဲ့အရာက မှန်တယ်လို့ ဆက်ပြီးပြောနေတာပေါ့။ ဒီထင်မြင်ချက်တွေအားလုံးက သူတို့ကိုယ်တိုင်ရဲ့ အကဲဖြတ်မှုကနေလာပြီး စည်းမျဉ်းတွေမှာ အခြေခံတာမရှိဘူး။ ဒါတောင်မှ သူများတွေကို သူတို့ပြောတာနားထောင်ပြီး သူတို့ပြောသလိုလုပ်ဖို့ တောင်းဆိုနေတုန်းပဲ။ ဒါက ဆိုးယုတ်တဲ့ စိတ်သဘောထားတစ်ခု၊ မာနကြီးတာကို ဖော်ပြမှုတစ်ခုပဲ။ အရင်က အထုတ်ခံရတဲ့ ညီအစ်ကိုမောင်နှမတချို့ကို ကျွန်မ သတိရမိတယ်။ တချို့တွေက သူတို့နည်းလမ်းအတိုင်းလုပ်ဖို့ ဆက်ပြောကြတယ်။ ညီအစ်ကိုမောင်နှမတွေရဲ့ အကြံပြုချက်တွေကို အလေးအနက်မထားဘူး၊ သေချာစဉ်းစားမကြည့်ဘူး။ သူတို့ကိုယ်ပိုင်နည်းကိုပဲ ငြင်းခုံကြတယ်။ ပြင်ဆင်ပြီးတိုးတက်အောင်လုပ်ဖို့ ဆန္ဒမရှိကြဘူး။ သူတို့ ပြောနေတာက စည်းမျဉ်းတွေနဲ့ လုံးဝ မညီဘူး။ သူတို့ရဲ့ ကိုယ်ပိုင်အတွေးတွေ၊ နှစ်သက်မှုတွေပဲ။ ဒါက မာနကြီးမှုကို ဖော်ပြတာပဲ။ မတူတဲ့ အမြင်တွေကို တင်ပြတဲ့အခါမှာ တချို့အကြံပြုချက်တွေက မသင့်တော်ဘူးလို့ ကျွန်မ ခံစားရတယ်။ ဒါပေမဲ့ ကျွန်မက အဲဒါတွေကို စည်းမျဉ်းနဲ့အညီ အကဲဖြတ်ပြီး ကိုယ်ပိုင်အမြင်ထုတ်ရင် ဒါက မာနကြီးတာမဟုတ်ဘူး။ သမ္မာတရားစည်းမျဉ်းတွေကို ထိန်းသိမ်းတာဖြစ်မှာပဲ။ တစ်ခါတလေမှာ ပြဿနာတွေကို ကျွန်မ အပြည့်အဝနားမလည်တဲ့အခါ၊ သဘောမပေါက်တဲ့အခါ ကျွန်မထင်မြင်ချက်ကို ဖော်ပြနိုင်ရင်၊ ရှာဖွေနိုင်ရင်၊ သူများတွေနဲ့ မိတ်သဟာယဖွဲ့နိုင်ရင် ဒါက ကျွန်မနည်းလမ်းကို မာနကြီးကြီးနဲ့ ဆက်လုပ်ခိုင်းနေတာဖြစ်မှာမဟုတ်ဘူး။ မလုပ်ခင်မှာ စည်းမျဉ်းတွေကို အဖြေရှာနေတာ တာဝန်မှာ အလေးအနက်ထားပြီး တာဝန်သိတတ်တာဖြစ်မှာပဲ။ ဒီသမ္မာတရားတွေကို ကျွန်မ နားလည်တာနဲ့ တော်တော်ကို စိတ်သက်သာသွားတယ်။

နောက်ပိုင်းမှာ တာဝန်မှာ အကြံပြုချက်တွေအများကြီးကို ကျွန်မရရင် စိတ်ငြိမ်ဖို့အတွက် ဘုရားကို ဆုတောင်းပြီး သက်ဆိုင်မှရှိတဲ့ သမ္မာတရားစည်းမျဉ်းတွေကို ရှာတယ်။ ပြင်ဆင်မှုတွေက လိုအပ်သလားဆိုတာကို စည်းမျဉ်းတွေကို အခြေခံပြီး အကဲဖြတ်တယ်။ လူတိုင်းနဲ့ ပြောဆိုဆွေးနွေးဖို့အတွက် ကိုယ်ပိုင်အမြင်တွေကိုလည်း ကျွန်မကအရင်စပြီး အသုံးပြုတယ်။ တစ်ခါတော့ ဗီဒီယိုနောက်ခံပုံတစ်ခုကို ကျွန်မ ပြီးသွားတယ်။ ခေါင်းဆောင်က အရောင်က မသင့်တော်ဘူးလို့ပြောပြီး ပြောင်းလိုက်ဖို့ အကြံပေးတယ်။ ကျွန်မ စဉ်းစားတယ်။ “ဒီအပြောင်းအလဲတွေကို လုပ်ရင် တော်တော်လုပ်ရမှာ။ ဒါဆိုရင် ဗီဒီယိုတင်တာ သေချာပေါက် နှောင့်နှေးသွားမှာပဲ။ ဒါက တကယ်တမ်း စည်းမျဉ်းနဲ့မဆိုင်ဘူး။ တစ်ကိုယ်ရေနှစ်သက်မှုတစ်ခုသက်သက်ပဲ။ ဒီတော့ ပြောင်းဖို့မလိုပါဘူး။ ဒါပေမဲ့ မပြောင်းရင် ငါက မာနကြီးပြီး တခြားလူတွေရဲ့ အကြံတွေကို လက်မခံနိုင်ဘူးလို့ ခေါင်းဆောင်က မြင်မှာလား” ပေါ့။ ကျွန်မ တစ်ခါပြန်ပြီး တွန့်ဆုတ်လာတော့ စည်းမျဉ်းတွေနဲ့အညီ လက်တွေ့လုပ်ဆောင်ရာမှာ လမ်းပြပေးဖို့ ဘုရားကိုတောင်းလျှောက်ဖို့အတွက် ဘုရားရှေ့ကိုလာပြီး ဆုတောင်းလိုက်တယ်။ ဆုတောင်းပြီးတဲ့နောက်မှာ ကိုးကားချက်တချို့ကို ကျွန်မတွေ့သွားတယ်။ ပြီးတော့ သက်ဆိုင်တဲ့စည်းမျဉ်းတွေရှာဖို့ ခေါင်းဆောင်နဲ့ ကြီးကြပ်သူနဲ့အတူ လုပ်ခဲ့တယ်။ ကျွန်မရဲ့ ကိုယ်ပိုင်နားလည်မှုနဲ့အမြင်တွေကိုလည်း ဖလှယ်ခဲ့တယ်။ အဲဒီနောက်မှာ ခေါင်းဆောင်နဲ့ ကြီးကြပ်သူက ကျွန်မအမြင်ကို သဘောတူကြတယ်။ မကြာခင်မှာ ဗီဒီယိုက အွန်လိုင်းပေါ်ရောက်သွားတယ်။ ကျွန်မ အရမ်းကိုပျော်ပြီး စိတ်ချသွားတယ်။

ဒီအချိန်ကာလအတွင်း ကျွန်မအတွေ့အကြုံကို ပြန်စဉ်းစားကြည့်တော့ ကျွန်မက ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပြီး တာဝန်ကို ရှောင်ဖို့အတွက် တာဝန်မှာ ကျွန်မကိုယ်တိုင်ရဲ့လက်ကို စိုးရိမ်မှုမျိုးစုံနဲ့ ချည်နှောင်ထားခဲ့တာပါ။ ဒီလိုရှင်သန်ရတာက ပင်ပန်းပြီးတော့ အရမ်းမထိရောက်ဘူး။ ဒါပေမဲ့ ဘုရားအလိုတော်ကို ကျွန်မနားလည်ပြီး သမ္မာတရားစည်းမျဉ်းတွေနဲ့အညီ လက်တွေ့လုပ်ဆောင်တဲ့အခါမှာ ပြဿနာတွေက ဖြေရှင်းရလွယ်ကူတယ်။ တာဝန်က ပိုလွယ်ကူလာပြီး ပိုသက်သာလာတယ်။ ဒီအတွေ့အကြုံပြီးတဲ့နောက်မှာ ဆိုးယုတ်တဲ့ အတွေးအခေါ်တွေနဲ့ အသက်ရှင်တာက လူတွေကို ပိုပြီး ဉာဏ်များပြီး လှည့်စားတတ်စေတယ်၊ လူတွေရဲ့ ယုံကြည်မှုနဲ့ မထိုက်တန်အောင်လုပ်ပြီး ဘုရားအတွက် ကျေနပ်စရာမဖြစ်ဘူးဆိုတာ တကယ်ကို ခံစားရပါတယ်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး သမ္မာတရားစည်းမျဉ်းတွေနဲ့ တာဝန်ထမ်းဆောင်မှသာ ကောင်းကြီးခံစားရမှာဖြစ်ပါတယ်။ ဒီလိုလုပ်တဲ့အခါမှာ သေချာမှုနဲ့ စိတ်ချရမှုကို တွေ့ရတယ်။ စစ်မှန်တဲ့ ငြိမ်သက်ခြင်းနဲ့ ဝမ်းမြောက်ခြင်းကို ခံစားရတယ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

နှုတ်ဆက်လိုက်ပါသည်၊ လူ့အကြိုက်လိုက်သူရေ။

လီဖေး စပိန်နိုင်ငံလူ့အကြိုက်လိုက်သူများအကြောင်း ပြောသည့်အခါ၊ ဘုရားသခင်ကို ကျွန်မ မယုံကြည်မီတွင် သူတို့က ကြီးမြတ်သည်ဟု ကျွန်မ ထင်ခဲ့သည်။...

ကြွားဝါပြီးနောက် သင်ယူခဲ့ရသော ကြမ်းတမ်းသည့် သင်ခန်းစာတစ်ခု

မင်ယွေ့ တရုတ်နိုင်ငံ ၂၀ဝ၉ မှာ ခေါင်းဆောင်နေရာတစ်ခုကို အစ်မဝင်ယူခဲ့တယ်။ အစ်မရဲ့ အထက်ခေါင်းဆောင်က စုဝေးပွဲကို ဦးစီးလုပ်ဖို့ လာတိုင်းမှာ...

အကျပ်အတည်းကြားက ရွေးချယ်မှု

ကျန်းကျင့် တရုတ်နိုင်ငံ လွန်ခဲ့တဲ့တစ်ချိန်က အစ်ကိုကျောက်ဆီက စာတစ်စောင် ရခဲ့တယ်။ သူတို့အသင်းတော်ခေါင်းဆောင်နဲ့ ညီအစ်ကိုတစ်ယောက်...

နာကျင်ရလွန်းသော ရွေးချယ်မှု

ချန်မင်း စပိန်နိုင်ငံ ကျွန်မက အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို ၁၉၉၉ မှာ လက်ခံခဲ့တာပါ။ သိပ်မကြာခင်...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။