နောက်ဆုံးတွင် အစွမ်းအစညံ့ဖျင်းခြင်း၏ ဘောင်ခတ်ခြင်းမှ ရုန်းထွက်လွတ်မြောက်ခဲ့ပြီ

26.05.2025

တရုတ်ပြည်က ကျိုးဟွေးပါ

၂၀၂၀ ပြည့်နှစ်၊ ဧပြီလမှာ၊ ကျွန်မကို တရားဟောဆရာမအဖြစ် ရွေးကောက်တင်မြှောက်ပြီး အသင်းတော်နှစ်ခုရဲ့အလုပ်ကို တာဝန်ယူစေခဲ့တယ်။ ကျွန်မရဲ့ အစွမ်းအစရော၊ အလုပ်လုပ်နိုင်စွမ်းပါ သိပ်မကောင်းပေမဲ့၊ ဘုရားသခင်က ဒီတာဝန်ကို ကျွန်မအပေါ် ခန့်အပ်ဖို့ ခွင့်ပြုခဲ့မှန်း ကျွန်မသိခဲ့လို့ ဘုရားသခင်ကို အားကိုးပြီး အကောင်းဆုံးလုပ်ဆောင်ဖို့ ကျွန်မ ဆန္ဒရှိခဲ့တယ်။ ဧဝံဂေလိအလုပ် ကျယ်ပြန့်လာတော့ အသင်းတော်မှာ ဧဝံဂေလိလုပ်သားတွေနဲ့ ရေလောင်းပေးသူတွေကို အရေးတကြီး ပျိုးထောင်ဖို့ လိုအပ်လာတယ်။ ကျွန်မက စာပေအလုပ်နဲ့ အသင်းတော်ရဲ့ ဖယ်ရှားခြင်းအလုပ်တွေမှာလည်း ပါဝင်ခဲ့ရတယ်။ ကျွန်မက တစ်ကြိမ်မှာ အလုပ်တစ်ခုတည်းကိုပဲ အာရုံစိုက်နိုင်ခဲ့ပြီး၊ လုံးဝကို မနိုင်ဝန်ထမ်းရသလို ခံစားခဲ့ရတယ်။ တချို့ကိစ္စတွေကိုလည်း ကျွန်မ ရှင်းရှင်းလင်းလင်း မမြင်နိုင်ခဲ့ဘူး၊ အလုပ်တစ်ခုမှလည်း ဘာအကျိုးရလဒ်မှ ထွက်မလာခဲ့ဘူး။ ဒီအခြေအနေနဲ့ ရင်ဆိုင်ရတော့၊ ကျွန်မ ဖိအားအရမ်းများခဲ့တယ်။ အရင်က တရားဟောဆရာမအကြောင်း ကျွန်မ စဉ်းစားမိတယ်။ သူက အစွမ်းအစကောင်းပြီး အလုပ်လုပ်နိုင်စွမ်းရှိတယ်၊ အလုပ်တွေအများကြီးကိုလည်း သူ ကိုင်တွယ်နိုင်ခဲ့တယ်။ သူနဲ့ယှဉ်ရင် ကျွန်မရဲ့ အစွမ်းအစက အများကြီး ပိုညံ့တယ်။ ကျွန်မရဲ့ နိမ့်ကျတဲ့အစွမ်းအစနဲ့ဆိုရင် ဘယ်အလုပ်ကိုမှ ကောင်းကောင်းမလုပ်နိုင်ဘူး၊ တစ်နေ့မဟုတ်၊ တစ်နေ့တော့ ဖြုတ်ချခံရနိုင်တယ်။ ကျွန်မ တကယ်ကို စိတ်ဆင်းရဲခဲ့ရတယ်။ နောက်ပိုင်းမှာတော့ ကျွန်မတာဝန်ရဲ့ ထိရောက်မှုကို တိုးတက်စေဖို့ နည်းလမ်းတွေ ရှာဖွေခဲ့တယ်။ ပြဿနာတစ်ခုတွေ့ရင် အဲဒါကို အမြန်ချရေးပြီး သက်ဆိုင်ရာ သမ္မာတရားစည်းမျဉ်းတွေကို ရှာခဲ့တယ်။ ဒါပေမဲ့ နည်းနည်းကြာတော့လည်း ရလဒ်တွေက တိုးတက်မလာခဲ့ဘူး။ ကျွန်မရဲ့ အစွမ်းအစက နိမ့်ကျတယ်၊ ဘယ်လောက်ကြိုးစားကြိုးစား ဒါဟာ ကျွန်မ လုပ်နိုင်သမျှ မိုင်ကုန်ပဲလို့ ကျွန်မ ထင်ခဲ့တယ်။ ခဏကြာတော့ အထက်ခေါင်းဆောင်ပိုင်းက အသင်းတော်ကို သဘောထားစစ်တမ်းကောက်ယူဖို့ ရောက်လာတယ်။ ကျွန်မရဲ့ အစွမ်းအစက နိမ့်ကျပြီး တကယ့်အလုပ်ကို မလုပ်နိုင်တာကို သူတို့တွေ့တော့ ကျွန်မကို ဖြုတ်ချခဲ့တယ်။

ဖြုတ်ချခံရပြီးတဲ့နောက်မှာ ကျွန်မ အရမ်းကို အပျက်သဘောဆောင်သွားပြီး၊ ကိုယ့်ဘာသာကိုယ် တွေးမိတယ်၊ “ငါ့အစွမ်းအစက ဘာလို့ ဒီလောက်ညံ့ရတာလဲ။ ဘုရားသခင်က ငါ့ကို ပိုကောင်းတဲ့အစွမ်းအစသာ ပေးခဲ့ရင် ငါ့တာဝန်ကို ထမ်းဆောင်တာက ဒီလောက်ညံ့ဖျင်းခဲ့မှာမဟုတ်ဘူး။ အစွမ်းအစကောင်းတဲ့လူတွေက ဘယ်နေရာရောက်ရောက် အလုပ်အမျိုးမျိုးကို ကိုင်တွယ်နိုင်ကြတယ်။ ဒီလူတွေက ကောင်းမှုတွေ ပိုစုဆောင်းနိုင်ပြီး ကယ်တင်ခြင်းခံရဖို့ အခွင့်အလမ်း ပိုများတယ်။ ငါ့အစွမ်းအစက အရမ်းညံ့တော့ ဘယ်အလုပ်ကိုမှ ကောင်းကောင်းမလုပ်နိုင်ဘူး။ ဘုရားအိမ်တော်မှာ ငါ အသုံးမဝင်ဘူး၊ ငါ့တာဝန်ကို မထမ်းဆောင်နိုင်ဘူးဆိုရင် ငါ့မှာ ကောင်းမှုတစ်ခုမှ ရှိမှာမဟုတ်တဲ့အပြင် ကယ်တင်ခြင်းရဖို့ မျှော်လင့်ချက်လည်း တစ်ခုမှ ရှိမှာမဟုတ်တော့ဘူး” လို့ပေါ့။ နောက်ပိုင်းမှာ အသင်းတော်က ကျွန်မကို ဧဝံဂေလိအလုပ် တာဝန်ယူဖို့ စီစဉ်ပေးတော့၊ ကျွန်မ နည်းနည်း မျှော်လင့်ချက်ရှိလာပြီး တွေးမိတယ်၊ “အရင်က တရားဟောဆရာမအနေနဲ့ အလုပ်အမျိုးမျိုးကို ကိုင်တွယ်ခဲ့ရပြီး ငါ့ရဲ့ နိမ့်ကျတဲ့အစွမ်းအစကြောင့် ကောင်းကောင်းမလုပ်နိုင်ခဲ့ဘူး။ အခု ဒီအလုပ်တာဝန်လေးတစ်ခုကိုတော့ ကောင်းကောင်းလုပ်နိုင်လောက်မှာပါ” လို့ပေါ့။ ဧဝံဂေလိအလုပ်နဲ့ သိပ်မရင်းနှီးတာကြောင့် သက်ဆိုင်ရာစည်းမျဉ်းတွေကို လေ့လာဖို့ ကျွန်မ အားထုတ်ခဲ့တယ်။ ခဏကြာတော့ ရိုးရှင်းတဲ့ပြဿနာတချို့ကို ကျွန်မ ကိုင်တွယ်နိုင်လာပေမဲ့၊ ပိုပြီးရှုပ်ထွေးတဲ့ကိစ္စတချို့ကိုတော့ ရှင်းရှင်းလင်းလင်း မမြင်နိုင်ခဲ့ဘူး။ ဧဝံဂေလိအလုပ်က သိသာထင်ရှားတဲ့ အကျိုးရလဒ်တွေ ထွက်မလာသေးဘူး၊ ဒါကြောင့် ကျွန်မ ပိုပြီးတော့တောင် အပျက်သဘောဆောင်လာပြီး တွေးမိတယ်၊ “ဒီအလုပ်တစ်ခုတောင် ငါ ကောင်းကောင်းမလုပ်နိုင်ဘူး။ ငါ့အတွက် လမ်းဆုံးသွားပြီလား။ ဘုရားသခင်က ငါ့အစွမ်းအစညံ့တာ၊ ငါ အသုံးမကျတာကို ဖော်ထုတ်ဖို့ ဒီတာဝန်ကို အသုံးပြုနေတာလား။ ကိုယ်တော်က ငါ့ကို ဖယ်ရှားရှင်းလင်းဖို့ စီစဉ်နေတာလား။ ဘုရားသခင်ရဲ့အလုပ်က ပြီးဆုံးတော့မယ်၊ ငါ ဘယ်တာဝန်ကိုမှ ကောင်းကောင်းမထမ်းဆောင်နိုင်ရင် ငါ ကယ်တင်ခြင်းရဖို့ မျှော်လင့်ချက်မရှိတော့ဘူး။ ဒီနှစ်တွေတစ်လျှောက်လုံး ယုံကြည်ခဲ့တာတွေက အလကားဖြစ်သွားခဲ့တာများ ဖြစ်နိုင်လား။ ဒီမှာ ဧဝံဂေလိအလုပ်ကို နှောင့်နှေးစေမဲ့အစား၊ နုတ်ထွက်လိုက်ပြီး အထွေထွေအလုပ်တချို့လုပ်တာ ပိုကောင်းမယ်။ ငါ အစေခံသူတစ်ယောက်အနေနဲ့ ဆက်ရှိနေပြီး အသက်ရှင်ကျန်ရစ်နိုင်သေးလောက်တယ်” လို့ပေါ့။ ကျွန်မ တကယ်ကို စိတ်ဆင်းရဲခဲ့ရပြီး၊ စိတ်ပျက်လက်ပျက် သက်ပြင်းချရင်း ကိုယ့်တာဝန်မှာ စိတ်အားထက်သန်မှုမရှိဘဲ တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးခဲ့တယ်။ ဧဝံဂေလိတရားဟောခြင်းနဲ့ဆိုင်တဲ့ သမ္မာတရားတွေနဲ့ ကိုယ့်ကိုယ်ကိုယ် ပြင်ဆင်ဖို့လည်း အားထုတ်ချင်စိတ်မရှိခဲ့ဘူး၊ ကျွန်မထုတ်ဖော်ခဲ့တဲ့ ဖောက်ပြန်ပျက်စီးမှုတွေကို ဖြေရှင်းဖို့ သမ္မာတရားကိုလည်း မရှာဖွေချင်ခဲ့ဘူး။ ကျွန်မရဲ့ နိမ့်ကျတဲ့အစွမ်းအစနဲ့ဆိုရင် ရှေ့ဆက်လိုက်စားလည်း အလကားပဲလို့ ခံစားခဲ့ရတယ်။ ဒီနောက်ပိုင်းမှာ ကျွန်မရဲ့အခြေအနေက ဆက်ပြီး ဆိုးရွားလာခဲ့တယ်။ ပြဿနာတွေကို မဖြေရှင်းနိုင်ခဲ့ဘူး၊ ကျွန်မအလုပ်ရဲ့ရလဒ်တွေက ပိုလို့တောင် ကျဆင်းသွားခဲ့တယ်။ တစ်နေကုန်သွားတာနဲ့ စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေပြီး ည ရှစ်နာရီ၊ ကိုးနာရီလောက်ဆိုရင် ငိုက်မျဉ်းလာခဲ့တယ်။ ကျွန်မတာဝန်မှာ အရမ်းကို ဘာသိဘာသာဖြစ်လာခဲ့ပြီး၊ ကျွန်မ တရားဟောရမဲ့ ဧဝံဂေလိလက်ခံဖို့ အလားအလာရှိသူတွေကိုတောင် သုံးလေးခေါက်လောက် မေ့သွားခဲ့တယ်။ ဒါက ကျွန်မကို ပိုပြီးတော့တောင် အပျက်သဘောဆောင်စေခဲ့တယ်။ ကျွန်မ သမီးကို ပြောခဲ့တယ်၊ “အမေ့အစွမ်းအစက အရမ်းညံ့တော့ ဘယ်တာဝန်ကိုမှ ကောင်းကောင်းမထမ်းဆောင်နိုင်ဘူး။ သမီးကတော့ ဇွဲရှိရှိနဲ့ ဆက်ပြီးလိုက်စားသင့်တယ်၊ အမေကတော့ သမီးကို ဧည့်ခံတဲ့ ကဏ္ဍပဲယူပြီး အစေခံမှုတချို့ပဲ ပေးတော့မယ်” လို့ပေါ့။ အဲဒီမှာ ကျွန်မသမီးက ကျွန်မနဲ့ မိတ်သဟာယဖွဲ့တယ်၊ “မေမေ၊ အစွမ်းအစညံ့ဖျင်းတယ်ဆိုတာ လူတစ်ယောက်ဟာ ကယ်တင်ခြင်းမခံရနိုင်တာကို ဆိုလိုတယ်လို့ ဘုရားသခင်က ဘယ်တုန်းကမှ မပြောခဲ့ဖူးဘူး။ ဘုရားသခင်က လူတွေရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ရွံရှာမုန်းတီးတာ။ လူတစ်ယောက်က သမ္မာတရားကို လိုက်စားတယ်၊ သူ့စိတ်သဘောထားကို ပြောင်းလဲဖို့ အာရုံစိုက်တယ်၊ သူ့တာဝန်ကို အစွမ်းကုန် ထမ်းဆောင်တယ်ဆိုရင် အစွမ်းအစညံ့နေရင်တောင် ကယ်တင်ခြင်းခံရနိုင်သေးတယ်။ ဒီရက်ပိုင်းတွေမှာ သမီး သတိထားမိတာက မေမေ့ဆီကို ကိစ္စတွေဖြစ်လာတဲ့အခါ မေမေက ဘုရားသခင်ရဲ့ ရည်ရွယ်ချက်တွေကို မရှာဖွေဘဲ ကိုယ့်အစွမ်းအစညံ့တာကိုပဲ အဆက်မပြတ် ညည်းညူနေတယ်။ မေမေ့ရဲ့ ဒီအခြေအနေက တော်တော်အန္တရာယ်များတယ်၊ ဒါကို မဖြေရှင်းရင်၊ နောက်ဆုံးမှာ ကယ်တင်ခြင်းမခံရနိုင်တာက သမ္မာတရားကို မလိုက်စားခဲ့လို့ဖြစ်မှာ၊ အစွမ်းအစညံ့လို့ မဟုတ်ဘူး” တဲ့။ သမီးရဲ့စကားတွေက ကျွန်မကို လန့်သွားစေခဲ့တယ်။ “ဟုတ်တယ်လေ။ ဒီအချိန်အတောအတွင်းမှာ ငါ့တာဝန်မှာ ဘာအကျိုးရလဒ်မှ မရှိဘဲ၊ ငါ့အစွမ်းအစက နိမ့်ကျတယ်၊ ဘယ်လောက်ပဲ လိုက်စားလိုက်စား အသုံးမဝင်ဘူးလို့ တွေးပြီး ကိုယ့်ကိုယ်ကိုယ် ဘောင်ခတ်နေခဲ့တာ။ ငါ့တာဝန်မှာရှိတဲ့ အခက်အခဲတွေကိုလည်း သေချာ စဉ်းစားဖို့ စိတ်မပါခဲ့ဘူး၊ လေ့လာဖို့လည်း အားမထုတ်ခဲ့ဘူး။ အပျက်သဘောဆောင်တဲ့ အခြေအနေမှာ ပိတ်မိနေပြီး ထွက်မလာနိုင်ခဲ့ဘူး။ ငါသာ ဆက်ပြီး အပျက်သဘောဆောင်ပြီး ကိုယ့်ကိုယ်ကိုယ် ဘောင်ခတ်နေမယ်၊ ငါ့တာဝန်ကို ကောင်းကောင်းမထမ်းဆောင်ဘူး၊ သမ္မာတရားကိုလည်း မရှာဖွေဘူးဆိုရင်၊ အဲဒါ တကယ်ကို ငါ့ကိုယ်ငါ ဖယ်ရှားရှင်းလင်းနေတာပဲ။ ငါ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်တွေကို ရှာပြီး ငါ့ပြဿနာတွေကို ချက်ချင်းဖြေရှင်းဖို့ လိုအပ်ပြီ” လို့ပေါ့။ နောက်ပိုင်းမှာ ကျွန်မ ဘုရားသခင်ရှေ့ကို ဆုတောင်းဖို့ ရောက်လာခဲ့တယ်၊ “အို ဘုရားသခင်၊ ကျွန်မရဲ့ နိမ့်ကျတဲ့အစွမ်းအစနဲ့ဆိုရင် ကယ်တင်လို့ ရနိုင်တော့တဲ့၊ အသုံးမကျတဲ့သူတစ်ယောက်အဖြစ် ထုတ်ဖော်ခံရတယ်လို့ ကျွန်မ ခံစားရတယ်။ ဒီအခြေအနေမှာ ကျွန်မ တကယ်ကို အပျက်သဘောဆောင်ပြီး အားနည်းနေပါတယ်။ ဘုရားသခင်၊ ဒီမှားယွင်းတဲ့အခြေအနေကနေ ကျွန်မကို လမ်းပြတော်မူပါ” လို့ပေါ့။

နောက်ပိုင်းမှာတော့ ကျွန်မရဲ့အခြေအနေနဲ့သက်ဆိုင်တဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ရှာဖွေခဲ့တယ်။ တစ်နေ့မှာ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်ခဲ့တယ် “လူခပ်သိမ်းတို့သည် အပျက်သဘောဆောင်ခြင်း၊ အားနည်းခြင်း၊ မျှော်လင့်ချက် ကင်းမဲ့နေခြင်းနှင့် နုနယ်ခြင်းတို့ကဲ့သို့သော မမှန်ကန်သည့် အခြေအနေအချို့ ၎င်းတို့အတွင်း၌ ရှိ၏။ သို့မဟုတ် ၎င်းတို့တွင် ယုတ်ညံ့သော ကြံရွယ်ချက်များရှိသည်။ သို့မဟုတ် မိမိတို့၏ မာန၊ တစ်ကိုယ်ကောင်းဆန်သော ဆန္ဒများနှင့် ကိုယ်ကျိုးစီးပွားများဖြင့် စဉ်ဆက်မပြတ် သောကရောက်ကြသည်။ သို့မဟုတ် ၎င်းတို့တွင် ညံ့ဖျင်းသည့် အစွမ်းအစရှိသည်ဟု တွေးထင်ကြပြီး အပျက်သဘောဆောင်သည့် အခြေအနေအချို့ကို ၎င်းတို့ တွေ့ကြုံကြရသည်။ သင်သည် ဤအခြေအနေများတွင် အမြဲ အသက်ရှင်ပါက သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ် ရရှိရန် သင့်အတွက် အလွန်ခက်ခဲလိမ့်မည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ရရှိရန် သင့်အတွက် ခက်ခဲပါက သင့်အတွင်းရှိ တက်ကြွသော အရိပ်လက္ခဏာများ နည်းပါးလိမ့်မည်ဖြစ်ပြီး အပျက်သဘောဆောင်သော အရိပ်လက္ခဏာများ ပေါ်ထွက်လာကာ သင့်ကို နှောင့်ယှက်လိမ့်မည်။ လူတို့သည် ထိုအပျက်သဘောဆောင်ပြီး ကောင်းကျိုးမပြုသော အခြေအနေများကို ချုပ်တည်းရန် မိမိတို့ကိုယ်ပိုင် စိတ်စွမ်းအားအပေါ်သာ အမြဲ မှီခိုကြသည်။ သို့ရာတွင် ယင်းတို့ကို ၎င်းတို့ မည်မျှ ခါချပါစေ ခါမချနိုင်ကြချေ။ ဤအရာအတွက် အဓိကအကြောင်းရင်းမှာ လူတို့သည် ဤအပျက်သဘောဆောင်ပြီး ကောင်းကျိုးမပြုသောအရာများကို လုံးလုံးလျားလျား ပိုင်းခြားမသိမြင်နိုင်ခြင်း ဖြစ်သည်။ ယင်းတို့၏ အနှစ်သာရကို ၎င်းတို့ ရှင်းရှင်းလင်းလင်း မမြင်နိုင်ကြချေ။ ဤအရာက ၎င်းတို့အတွက် ဇာတိပကတိနှင့် စာတန်ကို ပုန်ကန်ရန် အလွန်ခက်ခဲစေသည်။ ထို့အပြင် လူတို့သည် ဤအပျက်သဘောဆောင်သည့်၊ စိတ်အားငယ်ပြီး ဆုတ်ယုတ်သော အခြေအနေများတွင် အမြဲ ပိတ်မိကြပြီး ၎င်းတို့သည် ဆုမတောင်းကြဘဲ၊ သို့မဟုတ် ဘုရားသခင်ကို အားမကိုးကြဘဲ ထိုအစား ယင်းတို့ကို အိုးနင်းခွက်နင်းဖြင့်ပင် ပြီးမြောက်သွားကြသည်။ အကျိုးဆက်အနေဖြင့် သန့်ရှင်းသောဝိညာဉ်တော်သည် ၎င်းတို့ထဲ၌ အလုပ်မလုပ်သကဲ့သို့ ၎င်းတို့သည် ထိုအကြောင်းကြောင့် သမ္မာတရားကို နားမလည်နိုင်ကြ၊ ၎င်းတို့ လုပ်သမျှတိုင်းတွင် လမ်းကြောင်းတစ်ခု ကင်းမဲ့ပြီး မည်သည့်ကိစ္စကိုမျှ ရှင်းရှင်းလင်းလင်း မမြင်နိုင်ကြချေ။ သင့်အတွင်းတွင် အပျက်သဘောဆောင်ပြီး ကောင်းကျိုးမပြုသော အရာများစွာ များလွန်းပြီး ယင်းတို့က သင်၏ စိတ်နှလုံးကို ဖြည့်ပြီးဖြစ်သောကြောင့် သင်သည် စိတ်ဝိညာဉ်၌ မကြာခဏ အပျက်သဘောဆောင်၍ အားငယ်ကာ ဘုရားသခင်ထံမှ ပို၍ပို၍ သွေဖည်သွားပြီး အားနည်းသည်ထက် အားနည်းလာခဲ့သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအား စွန့်ပစ်ခြင်းအားဖြင့်သာ လွတ်လပ်ခြင်းနှင့် လွတ်မြောက်ခြင်းကို ရရှိနိုင်သည်) ဘုရားသခင် ဖော်ထုတ်ခဲ့တာက ကျွန်မရဲ့ စစ်မှန်တဲ့အခြေအနေပါပဲ။ တကယ်တော့ ကျွန်မရဲ့အစွမ်းအစ ဘယ်လိုရှိလဲဆိုတာကို ဘုရားသခင်က အတိအကျသိတယ်။ တရားဟောဆရာမနေရာကနေ ကျွန်မ ဖြုတ်ချခံရပြီးတဲ့နောက်မှာ၊ အလုပ်အများကြီးပါဝင်တဲ့အလုပ်တွေကို ကျွန်မ မစီမံနိုင်တာကို အသင်းတော်ကတွေ့လို့ ဧဝံဂေလိအလုပ်ကို ကိုင်တွယ်ဖို့ ကျွန်မကို တာဝန်ပေးခဲ့တယ်။ ဒါပေမဲ့ ကျွန်မက ကိုယ့်ရဲ့ နိမ့်ကျတဲ့အစွမ်းအစကြောင့် အမြဲတမ်း ဘောင်ခတ်ခံနေခဲ့ရပြီး ဧဝံဂေလိအလုပ်မှာ ဘာအကျိုးရလဒ်မှ မမြင်ရတဲ့အခါ၊ ပြဿနာတွေကို အကျဉ်းချုပ်သုံးသပ်ပြီး ကိုယ့်တာဝန်ကို ကောင်းကောင်းလုပ်ဆောင်ဖို့ နည်းလမ်းရှာဖွေဖို့ စည်းမျဉ်းတွေရှာမဲ့အစား၊ ဘုရားသခင်က ကျွန်မကို ထုတ်ဖော်နေတယ်လို့ ကျွန်မ ထင်ခဲ့တယ်၊ ကယ်တင်ခြင်းရဖို့ မျှော်လင့်ချက်မရှိတဲ့ အသုံးမကျတဲ့သူတစ်ယောက်အဖြစ်ပေါ့။ ကျွန်မ အရမ်းကို အပျက်သဘောဆောင်သွားပြီး ကိုယ်တတ်နိုင်တဲ့တာဝန်ကိုတောင် ထမ်းဆောင်ဖို့ပျက်ကွက်တဲ့အပြင် လုံးလုံးလျားလျား အရှုံးပေးခဲ့တယ်။ ကျွန်မရဲ့အသက်ဝင်ရောက်မှု ထိခိုက်ခဲ့ရုံတင်မကဘူး၊ ကျွန်မတာဝန်လည်း နှောင့်နှေးခဲ့တယ်။ ကျွန်မသာ ဒီလို အပျက်သဘောဆောင်နေဦးမယ်ဆိုရင် ဘုရားသခင်နဲ့ ပိုပြီးတော့တောင် ဝေးကွာသွားမှာဖြစ်ပြီး၊ နောက်ဆုံးမှာတော့ ဘယ်တာဝန်ကိုမှ တကယ်တမ်း ထမ်းဆောင်နိုင်မှာ မဟုတ်တော့ဘူး။ အဲဒါက ဘုရားသခင်က ကျွန်မကို ထုတ်ဖော်နေတယ်ဆိုတာ ဖြစ်ရမဲ့အစား ကျွန်မကိုယ်တိုင်က ကိုယ့်ကိုယ်ကိုယ် ဖယ်ရှားရှင်းလင်းနေတာပဲ ဖြစ်လိမ့်မယ်။

အဲဒီနောက်မှာတော့ ကျွန်မ ဘုရားနှုတ်ကပတ်တော်တွေကို စဉ်းစားမိတယ် “လူတိုင်း စုံလင်စေခြင်း ခံရမည့် အခွင့်အရေးရှိ၏။ သင်သည် လိုလားခြင်းရှိမှသာ၊ သင်သည် လိုက်စားရှာဖွေခြင်းရှိမှသာ၊ အဆုံးတွင် သင်သည် ဤရလဒ်ကို ရရှိနိုင်လိမ့်မည် ဖြစ်ပြီး၊ သင်တို့ထဲမှ တစ်ဦးမျှ စွန့်ပစ်ခံရမည် မဟုတ်ပေ။ သင်သည် အရည်အချင်းညံ့ဖျင်းပါက၊ သင်နှင့်သက်ဆိုင်သည့် ငါ၏ သတ်မှတ်ချက်များသည် သင်၏ညံ့ဖျင်းသည့် အရည်အချင်းနှင့်အညီ ဖြစ်လိမ့်မည်။ သင်သည် အရည်အချင်းမြင့်မားပါက၊ သင်နှင့်သက်ဆိုင်သည့် ငါ၏သတ်မှတ်ချက်များသည် သင်၏မြင့်မားသည့် အရည်အချင်းနှင့်အညီ ဖြစ်လိမ့်မည်။ သင်သည် မသိနားမလည်ဖြစ်ကာ စာမတတ်ပါက၊ သင်နှင့်သက်ဆိုင်သည့် ငါ၏သတ်မှတ်ချက်များသည် သင်၏ စာမတတ်ခြင်းနှင့်အညီ ဖြစ်လိမ့်မည်။ သင်သည် စာတတ်ပါက၊ သင်နှင့်သက်ဆိုင်သည့် ငါ၏သတ်မှတ်ချက်များသည် သင် စာတတ်မြောက်သည့် အချက်နှင့်အညီ ဖြစ်လိမ့်မည်။ သင်သည် သက်ကြီးရွယ်အို တစ်ဦးဖြစ်ပါက၊ သင်နှင့်သက်ဆိုင်သည့် ငါ၏သတ်မှတ်ချက်များသည် သင်၏ အသက်နှင့်အညီ ဖြစ်လိမ့်မည်။ သင်သည် ဧည့်ဝတ်ပျူငှာနိုင်စွမ်း ရှိပါက၊ သင်နှင့်သက်ဆိုင်သည့် ငါ၏သတ်မှတ်ချက်များသည် ဤတတ်စွမ်းနိုင်မှုနှင့်အညီ ဖြစ်လိမ့်မည်။ သင်သည် ဧည့်ဝတ်ပျူငှာမှုမပေးနိုင်ဘဲ၊ ဧဝံဂေလိတရား ဖြန့်ဝေခြင်းဖြစ်စေ၊ အသင်းတော်ကို စောင့်ရှောက်ခြင်းဖြစ်စေ၊ အခြားသော အထွေထွေအရေးကိစ္စများကို အာရုံစိုက်လုပ်ဆောင်ခြင်း ဖြစ်စေ၊ တာဝန်တချို့ကိုသာ လုပ်ဆောင်နိုင်သည်ဟု သင်ဆိုပါက သင့်ကို ငါ၏စုံလင်စေခြင်းသည် သင်ဆောင်ရွက်သည့် တာဝန်နှင့်အညီ ဖြစ်လိမ့်မည်။ သစ္စာစောင့်သိခြင်း၊ တကယ့်အဆုံးထိ ကျိုးနွံနာခံခြင်းနှင့် ဘုရားသခင်ကို အဆုံးစွန် ချစ်ခြင်းရှိဖို့ ကြိုးစားခြင်းသည် သင် ဖြစ်မြောက်ရမည့်အရာ ဖြစ်ပြီး၊ ဤအရာသုံးခုထက် သာ၍ ကောင်းမွန်သော လက်တွေ့လုပ်ဆောင်မှုများ မရှိပေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ၏သာမန်ဘဝကို နဂိုအတိုင်း ပြန်ဖြစ်လာစေခြင်းနှင့် သူ့ကို အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ ခေါ်ဆောင်သွားခြင်း) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မကို အကြီးအကျယ် တို့ထိခဲ့တယ်။ ဘုရားသခင်က လူတွေအပေါ်ထားတဲ့ တောင်းဆိုချက်တွေက မမြင့်မားဘူးဆိုတာ၊ လူတွေရဲ့အစွမ်းအစ ဘယ်လိုပဲဖြစ်နေပါစေ၊ ဘုရားသခင်ရှေ့ကို ရောက်လာတဲ့သူတိုင်းက ဘုရားနှုတ်ကပတ်တော်တွေရဲ့ ထောက်ပံ့မှုကို ခံစားရပြီး ကယ်တင်ခြင်းရဖို့ အခွင့်အရေးရှိတယ်ဆိုတာကို ကျွန်မ တွေ့ခဲ့ရတယ်။ ဘုရားသခင်က လူတွေကို အကြီးမားဆုံးအတိုင်းအတာအထိ ကယ်တင်တယ်။ လူတစ်ယောက်ရဲ့ အစွမ်းအစက ဘုရားသခင်က ကြိုတင်သတ်မှတ်ထားတာဖြစ်ပြီး၊ လူတစ်ယောက်က ဘယ်တာဝန်တွေကို ကိုင်တွယ်နိုင်မလဲဆိုတာကို ဘုရားသခင်က အတိအကျသိတယ်။ ဘုရားသခင်က လူတစ်ယောက်ကို အသိဉာဏ်မဲ့လို့ဖြစ်စေ၊ အစွမ်းအစညံ့လို့ဖြစ်စေ မရွံရှာဘူး။ ကိုယ်တော်ရဲ့တောင်းဆိုချက်တွေက လူတိုင်းအတွက် တစ်ပုံစံတည်းမဟုတ်ဘူး။ အဲဒီအစား ကိုယ်တော်က လူတစ်ယောက်ချင်းစီရဲ့ အစွမ်းအစအလိုက် သင့်တော်တဲ့တာဝန်တွေကို စီစဉ်ပေးပြီး သူတို့ရဲ့အစွမ်းအစအပေါ်မူတည်ပြီး သူတို့အတွက် တောင်းဆိုချက်တွေကို သတ်မှတ်ပေးတယ်။ လူတစ်ယောက်က သူ့တာဝန်ကို စိတ်နှလုံးအကြွင်းမဲ့ ဆက်ကပ်မှု၊ ကြိုးစားအားထုတ်မှုနဲ့ ထမ်းဆောင်နေသရွေ့ ဘုရားသခင်တောင်းဆိုတဲ့ စံချိန်စံညွှန်းတွေကို မပြည့်မီရင်တောင် ဘုရားသခင်က သူတို့ကို ပြစ်တင်ရှုတ်ချမှာမဟုတ်တဲ့အပြင် သူတို့ကို စွန့်ပစ်ဖို့၊ ဒါမှမဟုတ် ဖယ်ရှားရှင်းလင်းဖို့ ဆုံးဖြတ်ချက်ကိုလည်း လွယ်လွယ်နဲ့ ချမှာမဟုတ်ဘူး။ ဒါပေမဲ့ ကျွန်မဆီမှာ ကိစ္စတွေဖြစ်လာတဲ့အခါ ကျွန်မက ဘုရားသခင်ရဲ့ ရည်ရွယ်ချက်တွေကို မရှာဖွေခဲ့ဘူး။ ကျွန်မရဲ့ နိမ့်ကျတဲ့အစွမ်းအစကြောင့် တရားဟောဆရာမအဖြစ်ကနေ ဖြုတ်ချခံရပြီး ကျွန်မကြီးကြပ်နေတဲ့ ဧဝံဂေလိအလုပ်မှာလည်း ဘာအကျိုးရလဒ်မှ မမြင်ရတဲ့အခါ ကျွန်မ အပျက်သဘောထဲမှာ နွံနစ်နေခဲ့ပြီး ကျွန်မရဲ့ နိမ့်ကျတဲ့အစွမ်းအစကြောင့် ကျွန်မက အသုံးမကျတဲ့သူတစ်ယောက်ဖြစ်တယ်လို့ ထင်ခဲ့တယ်။ ကိုယ့်ကိုယ်ကိုယ် အရှုံးပေးခဲ့ပြီး နုတ်ထွက်ဖို့တောင် စဉ်းစားခဲ့တယ်။ ဒါပေမဲ့ တကယ်တော့၊ အစွမ်းအစညံ့ဖျင်းတဲ့ လူတစ်ယောက် ကယ်တင်ခြင်းမခံရနိုင်ဘူး ဆိုတဲ့ သဘောပဲလို့ ဘုရားသခင်က ဘယ်တော့မှ မပြောခဲ့တဲ့အပြင် ဘုရားသခင်က လူတစ်ယောက်ရဲ့ အစွမ်းအစထက် ကျော်လွန်တဲ့ အလွန်အကျွံမြင့်မားတဲ့ တောင်းဆိုချက်တွေကိုလည်း ဘယ်တော့မှ မသတ်မှတ်ခဲ့ဘူး။ ကျွန်မရဲ့အစွမ်းအစက အလုပ်အများကြီးပါဝင်တဲ့ တာဝန်တွေအတွက် မလုံလောက်တဲ့အခါ၊ အသင်းတော်က ကျွန်မရဲ့အစွမ်းအစနဲ့အညီ ဧဝံဂေလိအလုပ်တစ်ခုတည်းကိုပဲ ကိုင်တွယ်ဖို့ ကျွန်မကို တာဝန်ပေးခဲ့တယ်၊ အဲဒါက ကျွန်မကို လေ့ကျင့်ဖို့ အခွင့်အရေးတစ်ခု ပေးခဲ့တာပဲ။ ကျွန်မတာဝန်က အကျိုးရလဒ်မထွက်ခဲ့ရင်၊ ဘာကြောင့်လဲဆိုတာကို ကျွန်မ စုံစမ်းစစ်ဆေးခဲ့သင့်တယ်၊ ကိုယ့်ရဲ့ချို့ယွင်းချက်တွေကို ပြုပြင်ဖို့ ပိုပြီးအားထုတ်ခဲ့သင့်တယ်၊ အဲဒါကို အစွမ်းကုန်လုပ်ဆောင်ခဲ့သင့်တယ်။ အရည်အချင်းမရှိလို့ နောက်ဆုံးမှာ ဖြုတ်ချခံရရင်တောင်၊ အနည်းဆုံးတော့ ကျွန်မမှာ နောင်တရစရာ ရှိမှာမဟုတ်ဘူး။ ဒီအရာတွေကို သဘောပေါက်ပြီးတဲ့နောက်မှာ၊ ကျွန်မတာဝန်မှာ ကိုယ့်ရဲ့ နိမ့်ကျတဲ့အစွမ်းအစကြောင့် သိပ်ပြီး ဘောင်ခတ်ခံရတယ်လို့ မခံစားရတော့ဘူး။ ဧဝံဂေလိတရားဟောခြင်းနဲ့ဆိုင်တဲ့ သမ္မာတရားတွေနဲ့ ကိုယ့်ကိုယ်ကိုယ် ပြင်ဆင်ဖို့၊ ဧဝံဂေလိရုပ်ရှင်တွေနဲ့ ဗီဒီယိုတွေကြည့်ဖို့ ကျွန်မ စတင်ခဲ့တယ်။ တစ်ခုခုကို နားမလည်တဲ့အခါတိုင်း၊ ကျွန်မ ညီအစ်ကိုမောင်နှမတွေနဲ့ ဆက်သွယ်ပြောဆိုပြီး ဆွေးနွေးခဲ့တယ်။ ခဏလောက် လေ့ကျင့်ပြီးတဲ့နောက်မှာ၊ ပြဿနာတွေကို အရင်ကထက် ပိုပြီး ရှင်းရှင်းလင်းလင်း မြင်လာနိုင်ခဲ့တယ်၊ အခက်အခဲကြုံနေတဲ့ ညီအစ်ကိုမောင်နှမတွေကို တကယ့်လမ်းညွှန်မှုနဲ့ အကူအညီတွေ ပေးနိုင်ခဲ့တယ်၊ အလုပ်မှာ လမ်းလွဲမှုတွေရှိတဲ့အခါ၊ ညီအစ်ကိုမောင်နှမတွေနဲ့အတူ အကျဉ်းချုပ်သုံးသပ်ခဲ့တယ်။ တဖြည်းဖြည်းနဲ့ ဧဝံဂေလိအလုပ်က တိုးတက်မှုတချို့ ပြလာခဲ့တယ်။

နောက်ပိုင်းမှာ ကျွန်မ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ဖတ်ခဲ့တယ်၊ အဲဒါက ကျွန်မရဲ့ပြဿနာတွေအပေါ် နောက်ထပ် နားလည်မှုတချို့ကို ပေးခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “ဘာသာတရားမရှိသောသူတို့ကြားတွင် ဆိုရိုးစကားတစ်ခု ရှိသည်။ ‘အခမဲ့နေ့လည်စာဟူသည်မှာ မရှိပါ’ဟူ၍ ဖြစ်သည်။ အန္တိခရစ်များသည်လည်း ‘သင့်အတွက် ငါ အလုပ်လုပ်လျှင် အပြန်အလှန်အနေဖြင့် မည်သည့်အရာကို သင် ပေးမည်နည်း။ မည်သည့် အကျိုးကျေးဇူးများကို ငါ ရရှိနိုင်သနည်း’ဟု တွေးလျက် ဤဆင်ခြင်တွေးခေါ်မှုစနစ်ကို ထားရှိကြသည်။ ဤသဘာဝကို မည်သို့ ပေါင်းရုံးဖော်ပြသင့်သနည်း။ ထိုအရာကို အကျိုးအမြတ်များ၊ အရာအားလုံးထက် အကျိုးအမြတ်ကို ဦးစားပေးခြင်း၊ တစ်ကိုယ်ကောင်းဆန်ခြင်းနှင့် စက်ဆုပ်ဖွယ်ဖြစ်ခြင်းတို့က လှုံ့ဆော်ခြင်း ဖြစ်သည်။ ဤသည်မှာ အန္တိခရစ်များ၏ သဘာဝ အနှစ်သာရ ဖြစ်သည်။ ၎င်းတို့သည် အကျိုးအမြတ်နှင့် ကောင်းချီးများ ရရှိရန် ရည်ရွယ်ချက်တစ်ခုတည်းအတွက် ဘုရားသခင်ကို ယုံကြည်ကြသည်။ ဆင်းရဲဒုက္ခတစ်ခုခုကို ၎င်းတို့ ခါးစည်းခံရလျှင်၊ သို့မဟုတ် အဖိုးအခအချို့ကို ပေးရလျှင် ဘုရားသခင်နှင့် အပေးအယူလုပ်ရန်အလို့ငှာသာ ဖြစ်သည်။ ကောင်းချီးများနှင့် ဆုလာဘ်များ ရရှိရန်ဖြစ်သော ၎င်းတို့၏ ရည်ရွယ်ချက်နှင့် လိုအင်ဆန္ဒတို့သည် အလွန်ကြီးမားပြီး ထိုအရာကို ၎င်းတို့က တင်းကျပ်စွာ ဖက်တွယ်ကြသည်။ ဘုရားသခင် ဖော်ပြပြီးဖြစ်သည့် သမ္မာတရားများစွာထဲမှ တစ်ခုကိုမျှ ၎င်းတို့ လက်မခံကြပေ။ ၎င်းတို့က ဘုရားသခင်ကို ယုံကြည်ခြင်းသည် ကောင်းချီးများ ရရှိခြင်းနှင့် ကောင်းမွန်သော ခရီးပန်းတိုင်တစ်ခုကို အရယူခြင်းအကြောင်းသာ ဖြစ်ကြောင်း၊ ယင်းမှာ အမြင့်ဆုံးသော စည်းမျဉ်းဖြစ်ပြီး ထိုအရာကို မည်သည့်အရာကမျှ မကျော်လွန်နိုင်ကြောင်း ၎င်းတို့၏ စိတ်နှလုံးများတွင် အမြဲ တွေးထင်ကြသည်။ ကောင်းချီးများ ရရှိဖို့အတွက် မဟုတ်လျှင် လူတို့အနေဖြင့် ဘုရားသခင်ကို မယုံကြည်သင့်ကြောင်းနှင့် ကောင်းချီးများအတွက် မဟုတ်လျှင် ဘုရားသခင်ကို ယုံကြည်မှုသည် မည်သည့် အဓိပ္ပာယ် သို့မဟုတ် တန်ဖိုးမျှ ရှိမည်မဟုတ်ကြောင်း၊ ထိုအရာက အဓိပ္ပာယ်နှင့် တန်ဖိုး ဆုံးရှုံးမည်ဖြစ်ကြောင်း ၎င်းတို့ တွေးထင်ကြလေသည်။ ဤအရာများကို အန္တိခရစ်များထဲသို့ အခြားတစ်စုံတစ်ဦးက သွတ်သွင်းပေးခဲ့ခြင်း ဖြစ်သလော။ ယင်းတို့သည် အခြားတစ်စုံတစ်ဦး၏ လေ့ကျင့်သင်ကြားပေးခြင်း သို့မဟုတ် လွှမ်းမိုးမှုမှ ဆင်းသက်သလော။ မဟုတ်ပေ၊ ယင်းတို့ကို မည်သူမျှ ပြောင်းလဲ၍ မရနိုင်သည့်အရာတစ်ခု ဖြစ်သော အန္တိခရစ်များ၏ ပင်ကိုသဘာဝ အနှစ်သာရက အဆုံးအဖြတ်ပေးခြင်းဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၇- ၎င်းတို့သည် ဆိုးယုတ်ကာ တစိမ့်စိမ့်နှင့် အန္တရာယ်ပေးတတ်ပြီး လှည့်စားတတ်သည် (အပိုင်း ၂)) ဘုရားရဲ့ နှုတ်ကပတ်တော်တွေကနေတစ်ဆင့်၊ ကျွန်မရဲ့ အပျက်သဘောဆောင်မှုနဲ့ နာကျင်မှုတွေဟာ ကောင်းချီးမင်္ဂလာတွေကို အလွန်အကျွံတောင့်တခြင်းကြောင့် ဖြစ်ခဲ့တယ်ဆိုတာကို ကျွန်မ နားလည်ခဲ့ရတယ်။ “ဆုလာဘ်မရှိဘဲ လုံးဝ မလုပ်နှင့်” နဲ့ “အကျိုးအမြတ်က ပထမ” ဆိုတဲ့ စာတန်ရဲ့ အဆိပ်အတောက်တွေရဲ့ ချုပ်ထိန်းမှုကို ကျွန်မ ခံခဲ့ရတယ်။ ကျွန်မလုပ်ခဲ့သမျှဟာ အကျိုးအမြတ် လိုက်စားမှုရဲ့ တွန်းအားပေးခံခဲ့ရပြီး ကောင်းချီးမင်္ဂလာတွေ ရရှိဖို့ကိုပဲ ဦးတည်ခဲ့တယ်။ ကျွန်မ ဘုရားသခင်ကို ယုံကြည်ခါစတုန်းက၊ ကိုယ့်တာဝန်မှာ ပိုဇွဲရှိလေ လှပတဲ့ ပန်းတိုင်တစ်ခုကို ရောက်လေပဲလို့ ကျွန်မ ယုံကြည်ခဲ့လို့ ဒုက္ခဆင်းရဲခံပြီး ကိုယ့်ကိုယ်ကိုယ် အသုံးခံဖို့လည်း ဆန္ဒရှိရင်း နေ့တိုင်း မနက်စောစောထပြီး ညဉ့်နက်တဲ့အထိ အလုပ်လုပ်ခဲ့တယ်။ ဒါပေမဲ့ ကျွန်မရဲ့ နိမ့်ကျတဲ့ အစွမ်းအစကြောင့် ဖြုတ်ချတာခံရတဲ့အခါမှာတော့ ကျွန်မရဲ့ စိတ်ဓာတ် လှုံ့ဆော်မှု ပျောက်ဆုံးသွားခဲ့တယ်။ အစွမ်းအစနဲ့ဆိုင်တဲ့ ပြဿနာတွေက ပြောင်းလဲလို့ရတဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေနဲ့မတူဘူးလို့ ကျွန်မ ခံစားခဲ့ရတယ်။ ဒီအနေအထားမှာပဲ ကျွန်မ ပုံသေဖြစ်နေပြီ၊ ပျိုးထောင်ဖို့ မထိုက်တန်ဘူး၊ အသုံးမကျတဲ့လူတစ်ယောက်သက်သက်ပဲ၊ ဖယ်ရှားရှင်းလင်းခံရကိန်း ရှိတယ်လို့ ကျွန်မထင်ခဲ့တယ်။ အထူးသဖြင့် ဧဝံဂေလိအလုပ်မှာ ဘာအကျိုးရလဒ်မှ မရှိတဲ့အခါ၊ ဘုရားသခင်က ကျွန်မကို ထုတ်ဖော်ပြီး ဖယ်ရှားရှင်းလင်းနေတယ်လို့ ကျွန်မ အထင်လွဲခဲ့တယ်။ ကျွန်မ အပျက်သဘောဆောင်တဲ့ အခြေအနေမှာပဲ နေပြီး ကိုယ်တတ်နိုင်တဲ့ တာဝန်တွေကို ထမ်းဆောင်ဖို့ မကြိုးစားတော့ဘဲ ကိုယ့်လူ့တာဝန်ကို စွန့်လွှတ်ဖို့အထိတောင် စဉ်းစားခဲ့တာလေ။ ကျွန်မဟာ တကယ့်ကို လူ့သဘာဝကင်းမဲ့လိုက်တာ။ ကျွန်မ ဒီနှစ်ပေါင်းများစွာမှာ ကိုယ့်တာဝန်ကို ထမ်းဆောင်ခဲ့တာဟာ ကောင်းချီးမင်္ဂလာတွေရဖို့အတွက်ပဲဆိုတာ တွေ့လိုက်ရပြီး ဒါဟာ လောကမှာ သူဌေးအတွက် အလုပ်လုပ်နေသလိုပဲ၊ လုပ်ခရရင် အလုပ်ကြိုးစားလုပ်မယ်၊ မရရင်တော့ ထွက်မယ်ဆိုတဲ့ သဘောမျိုးပဲ။ ကျွန်မက ကိုယ့်တာဝန်မှာ သမ္မာတရားကို မလိုက်စားနေဘဲ ကောင်းမွန်တဲ့ပန်းတိုင်တစ်ခုအတွက် ဈေးဆစ်ရအောင် ဒါကို သုံးဖို့ ကြိုးစားနေခဲ့တာ။ ဒါက ဘုရားသခင်ကို အမြတ်ထုတ်ပြီး လှည့်ဖြားဖို့ ကြိုးစားနေတာပဲ။ ကျွန်မရဲ့သဘာဝက တော်တော့်ကို စက်ဆုပ်စရာကောင်းပြီး ကောက်ကျစ်ဆိုးယုတ်တော့ ဒါက ဘုရားသခင်ကို တကယ်ပဲ ရွံရှာမုန်းတီးစေခဲ့တယ်။ ကျွန်မရဲ့ နိမ့်ကျတဲ့ အစွမ်းအစနဲ့ နက်ရှိုင်းတဲ့ဖောက်ပြန်ပျက်စီးမှုတွေ ရှိနေပေမဲ့၊ ဘုရားသခင်က ကျွန်မကို လေ့ကျင့်ဖို့ အခွင့်အရေး ပေးခဲ့သေးတယ်၊ ဒါပေမဲ့ ကျွန်မက အဲဒါကို တန်ဖိုးမထားခဲ့ဘူး၊ ဘုရားသခင် ကျေနပ်အောင် ကိုယ့်တာဝန်ကို ကောင်းကောင်းထမ်းဆောင်ဖို့လည်း မလိုက်စားခဲ့ဘူး။ အဲဒီအစား ကိုယ်တော်နဲ့ အပေးအယူလုပ်ဖို့ ကြိုးစားခဲ့တယ်။ ကျွန်မ ဘုရားသခင်အပေါ် တကယ်ပဲ အကြွေးတင်ခဲ့တယ်။ ဘုရားသခင်ကို ယုံကြည်ရာမှာ ကျွန်မကောင်းချီးမင်္ဂလာတွေ လိုက်စားတာနဲ့ပတ်သက်တဲ့ ကျွန်မရဲ့ ရည်ရွယ်ချက်တွေနဲ့ အမြင်တွေကို ထုတ်ဖော်ဖို့ ဒီအခြေအနေကို ဘုရားသခင် စီစဉ်ပေးခဲ့တာကို ကျွန်မ ကျေးဇူးတင်မိတယ်။ ဒါက ကျွန်မရဲ့ လမ်းလွဲမှုတွေကို အချိန်မီ သိပြီး ပြုပြင်နိုင်စေခဲ့တယ်၊ မဟုတ်ရင် ကျွန်မက သမ္မာတရားကို လိုက်စားရမဲ့အစား ကောင်းချီးမင်္ဂလာတွေကိုပဲ ဆက်ပြီးလိုက်စားနေမိမှာပဲ၊ ပြီးတော့ နောက်ဆုံးမှာ ကျွန်မဟာ တကယ်ပဲ ကယ်တင်လို့ရတော့မှာ မဟုတ်ဘူး။

ကျွန်မကို နက်နက်ရှိုင်းရှိုင်း တို့ထိခဲ့တဲ့ဘုရားရဲ့ နှုတ်ကပတ်တော် တစ်ပိုဒ်လည်း ရှိတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “‘ငါ့အစွမ်းအစက နည်းသော်လည်း ငါ့ထံတွင် ရိုးသားသည့် နှလုံးသားတစ်ခု ရှိသည်’ ဤစကားလုံးများသည် အလွန်စစ်မှန်သည်ဟု ထင်ရပြီး ဘုရားသခင်က လူများကို လုပ်ဆောင်ခိုင်းသည့် သတ်မှတ်ချက်တစ်ခုအကြောင်းကို ပြောသည်။ မည်သည့်လိုအပ်ချက်နည်း။ လူများသည် အစွမ်းအစနည်းပါက ယင်းသည် ကမ္ဘာပျက်သောကိစ္စ မဟုတ်ပေ၊ သို့သော် သူတို့တွင် ရိုးသားသောနှလုံးသားတစ်ခု ပိုင်ဆိုင်ရမည်၊ ထိုသို့ပိုင်ဆိုင်လျှင် သူတို့သည် ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို ရနိုင်လိမ့်မည်။ သင့်အခြေအနေ သို့မဟုတ် နောက်ကြောင်းရာဇဝင်က မည်သို့ပင်ရှိစေ သင်သည် ရိုးသားသောလူတစ်ဦး ဖြစ်ရမည်၊ ရိုးရိုးသားသား ပြောဆိုရမည်၊ ရိုးရိုးသားသား ပြုမူရမည်၊ သင့်တာဝန်ကို စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်ရှိသမျှဖြင့် ထမ်းဆောင်နိုင်ရမည်၊ သင့်တာဝန်ကို သစ္စာစောင့်သိရမည်၊ ဖြတ်လမ်းမလိုက်ရ၊ စိတ်မချရသော သို့မဟုတ် လိမ်လည်လှည့်ဖြားတတ်သောသူတစ်ဦး မဖြစ်ရ၊ မုသားမပြောရ သို့မဟုတ် မလှည့်စားရ၊ စကားကို ဝေ့လည်ကြောင်ပတ် မပြောရ။ သင်သည် သမ္မာတရားအတိုင်း ပြုမူရမည်ဖြစ်ပြီး သမ္မာတရားလိုက်စားသော သူတစ်ဦးဖြစ်ရမည်။ လူများစွာက သူတို့သည် အစွမ်းအစညံ့ပြီး သူတို့၏ တာဝန်ကို မည်သည့်အခါမျှ ကောင်းစွာ မထမ်းဆောင်ဟုဖြစ်စေ၊ စံနှုန်းပြည့်မီအောင် မလုပ်ဆောင်ဟုဖြစ်စေ ထင်ကြသည်။ သူတို့ လုပ်ဆောင်သည့်အရာတွင် အစွမ်းကုန် လုပ်ဆောင်ကြသော်လည်း စည်းမျဉ်းများကို သူတို့ မည်သည့်အခါမျှ နားလည်သဘောမပေါက်နိုင်ကြချေ။ ပြီးလျှင် အလွန်ကောင်းမွန်သော ရလဒ်များရအောင် မလုပ်နိုင်ကြသေးပေ။ နောက်ဆုံးတွင် သူတို့လုပ်နိုင်သမျှအားလုံးမှာ သူတို့သည် အစွမ်းအစ ညံ့လွန်းသည်ဟု မကျေမနပ်ပြောကြပြီး အပျက်သဘောဆောင်လာကြခြင်းသာ ဖြစ်သည်။ သို့ဖြစ်၍ လူတစ်ယောက်သည် အစွမ်းအစညံ့နေသည့်အခါတွင် ရှေ့ဆက်ရန်လမ်း မရှိတော့သလော။ အစွမ်းအစ ညံ့ခြင်းသည် သေစေနိုင်သောရောဂါတစ်ခု မဟုတ်ပေ၊ သည့်ပြင် ဘုရားသခင်က အစွမ်းအစညံ့သောလူများကို သူမကယ်တင်ပါဟု မည်သည့်အခါကမှ မပြောခဲ့ပေ။ ဘုရားသခင်သည် ရိုးသားသော်လည်း မသိနားမလည်သော သူများကြောင့် သူဝမ်းနည်းကြေကွဲရသည်ဟု ယခင်က ပြောခဲ့သည်။ မသိနားမလည်ခြင်း ဆိုသည်မှာ အဘယ်နည်း။ ကိစ္စအတော်များများတွင် မသိနားမလည်ခြင်းသည် အစွမ်းအစညံ့ခြင်းမှ လာသည်။ လူများ အစွမ်းအစညံ့သောအခါ သူတို့ သမ္မာတရားအကြောင်း နားလည်ခြင်းသည် ပေါ့တန်လေသည်။ တိကျမှု သို့မဟုတ် လက်တွေ့ကျမှု လုံလုံလောက်လောက် မရှိချေ။ ပြီးလျှင် မကြာခဏ အပေါ်ယံအဆင့် သို့မဟုတ် တိုက်ရိုက်အဓိပ္ပာယ်သာ နားလည်ခြင်းဖြင့် အကန့်အသတ်ရှိနေသည်၊ အယူဝါဒနှင့် စည်းမျဉ်းစည်းကမ်းများမျှသာ နားလည်ခြင်းဖြင့် အကန့်အသတ် ရှိနေသည်။ ထို့ကြောင့်သာ သူတို့သည် ပြဿနာများစွာကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ကြဘဲ သူတို့၏တာဝန်ကို ထမ်းဆောင်နေစဉ်အတွင်း စည်းမျဉ်းများကို မည်သည့်အခါမျှ နားလည်သဘောမပေါက်နိုင်ခြင်း သို့မဟုတ် သူတို့၏တာဝန်ကို ကောင်းစွာ မလုပ်ဆောင်နိုင်ခြင်း ဖြစ်သည်။ ထိုသို့ဆိုလျှင် ဘုရားသခင်သည် အစွမ်းအစ ညံ့သောလူများကို အလိုမရှိသလော။ (သူအလိုရှိပါသည်။) ဘုရားသခင်က မည်သည့်လမ်းကြောင်းနှင့် ဦးတည်ရာတို့ဆီသို့ လူများကို ညွှန်ပြသနည်း။ (ရိုးသားသောလူတစ်ယောက်ဖြစ်ခြင်းဆီသို့ ညွှန်ပြပါသည်။) ထိုသို့ပြောရုံမျှဖြင့် သင်သည် ရိုးသားသော လူတစ်ယောက် ဖြစ်နိုင်သလော။ (မဖြစ်နိုင်ပါ၊ သင့်တွင် ရိုးသားသော လူတစ်ယောက်၏ သရုပ်သကန်များ ရှိရမည်။) ရိုးသားသောလူတစ်ယောက်၏ သရုပ်သကန်များက မည်သည်တို့နည်း။ ပထမအချက်မှာ ဘုရားသခင်၏နှုတ်ကပတ်တော်များအကြောင်း သံသယမရှိခြင်းဖြစ်သည်။ ၎င်းသည် ရိုးသားသော လူတစ်ယောက်၏ သရုပ်သကန်များအနက်မှ တစ်ခုဖြစ်သည်။ ဤသည်မှလွဲ၍ အရေးအကြီးဆုံး သရုပ်သကန်မှာ ကိစ္စအားလုံးတွင် သမ္မာတရားကို ရှာဖွေပြီး လက်တွေ့လုပ်ဆောင်ခြင်း ဖြစ်သည်။ ဤသည်မှာ အရေးအပါဆုံးဖြစ်သည်။ သင်သည် ရိုးသားသည်ဟု ဆိုသော်လည်း အစဉ်သဖြင့် ဘုရားနှုတ်ကပတ်တော်ကို စိတ်ထဲတွင် မထားဘဲ သင် အလိုရှိသမျှကို လုပ်ဆောင်သည်။ ဤသည်မှာ ရိုးသားသူတစ်ယောက်ဖြစ်ကြောင်း သရုပ်သကန် ဖြစ်သလော။ သင်က ‘ငါ့အစွမ်းအစက ညံ့သော်လည်း ငါ့ထံတွင် ရိုးသားသည့် စိတ်နှလုံးရှိသည်’ ဟု ဆိုသည်။ သို့တိုင်အောင် တာဝန်တစ်ခုသည် သင့်အပေါ်သို့ ကျရောက်သောအခါ ဒုက္ခခံရမည်ကိုလည်းကောင်း၊ သင်သည် ကောင်းစွာ မလုပ်ဆောင်လျှင် တာဝန်ခံရမည်ကိုလည်းကောင်း ကြောက်သည်။ ထို့ကြောင့် သင်၏တာဝန်ကို ရှောင်ရန်အတွက် ဆင်ခြေများပေးသည်။ သို့မဟုတ် အခြားလူတစ်ယောက်ကို လုပ်ဆောင်ဖို့ အကြံပြုသည်။ ဤသည်မှာ ရိုးသားသူတစ်ယောက် ဖြစ်ကြောင်း သရုပ်သကန်ဖြစ်သလော။ မဖြစ်သည်မှာ သိသာထင်ရှား၏။ ဤသို့ဆိုလျှင် ရိုးသားသူတစ်ယောက်က မည်သို့ ပြုမူသင့်သနည်း။ ဘုရားသခင်၏ အစီအစဉ်များကို နာခံသင့်သည်။ မိမိထမ်းဆောင်ရမည့် တာဝန်တွင် သစ္စာစောင့်သိခြင်းရှိရမည်။ ဘုရားသခင်၏ ရည်ရွယ်ချက်များကို ဖြည့်ဆည်းဖို့ ကြိုးပမ်းရမည်။ ဤအရာသည် နည်းလမ်းအချို့ဖြင့် သူ့ဘာသာသူ ပေါ်လွင်ထင်ရှားလေသည်။ တစ်ခုမှာ ရိုးသားသော နှလုံးသားတစ်ခုဖြင့် မိမိတာဝန်ကို လက်ခံခြင်း၊ သင်၏ ဇာတိပကတိ အကျိုးစီးပွားများကို မစဉ်းစားခြင်း၊ ဤအရာနှင့်ပတ်သက်ပြီး စိတ်မပါ့တပါ မဖြစ်ခြင်း၊ သို့မဟုတ် သင်၏ ကိုယ်ပိုင်အကျိုးအမြတ်အတွက် ကြံစည်မှုမရှိခြင်းဖြစ်သည်။ ယင်းတို့သည် ရိုးသားမှု၏ သရုပ်သကန်များဖြစ်သည်။ အခြားတစ်ခုမှာ သင်၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်ခြင်း၌ စိတ်နှလုံး အကြွင်းမဲ့၊ အစွမ်းသတ္တိရှိသမျှ ထည့်ထားခြင်း၊ အမှုအရာများကို မှန်မှန်ကန်ကန် လုပ်ဆောင်ခြင်း၊ ဘုရားသခင်ကို ကျေနပ်စေရန်အတွက် သင်၏တာဝန်အပေါ် သင်၏ စိတ်နှလုံးနှင့် ချစ်ခြင်းကို မြုပ်နှံခြင်းတို့ဖြစ်သည်။ ဤအရာတို့သည် ရိုးသားသူတစ်ယောက်က မိမိတာဝန်ကို ထမ်းဆောင်စဉ်တွင် ရှိသင့်သည့် သရုပ်သကန်များဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး) ဘုရားရဲ့ နှုတ်ကပတ်တော်တွေကနေတစ်ဆင့် ကျွန်မနားလည်ခဲ့တာက၊ အစွမ်းအစနိမ့်ကျတဲ့လူတွေဟာ ပြဿနာတွေကို နားလည်တာဟာ ပိုပြီးပေါ့တန်ကောင်း ပေါ့တန်နိုင်ပေမဲ့၊ သူတို့မှာ ရိုးသားတဲ့စိတ်နှလုံးရှိပြီး၊ သမ္မာတရားကို အမှန်တကယ်ရှာဖွေလို့ သူတို့ရဲ့တာဝန်ကို စိတ်နှလုံးအကြွင်းမဲ့၊ အစွမ်းသတ္တိရှိသမျှနဲ့ ထမ်းဆောင်ရင်၊ သူတို့ရဲ့အသက်တာဟာ တဖြည်းဖြည်း တိုးတက်လာနိုင်ပြီး နောက်ဆုံးမှာတော့ သူတို့ ကယ်တင်ခြင်းခံရနိုင်တယ်ဆိုတာပဲ။ ကျွန်မရဲ့အစွမ်းအစက တကယ်ပဲ နိမ့်ကျခဲ့တယ်။ ပြဿနာတွေကို မျက်တောင်တစ်ဆုံးပဲ ကြည့်တတ်ပြီး စည်းမျဉ်းတွေကိုလည်း သင့်တော်အောင် အသုံးမချနိုင်ခဲ့ဘူး။ ဒါပေမဲ့ အစွမ်းအစနိမ့်ကျတာက သေစေနိုင်တဲ့ရောဂါမဟုတ်ဘူးလို့ ဘုရားသခင်က ပြောတယ်၊ ဘုရားသခင်ရဲ့တောင်းဆိုချက်တွေအတိုင်း ရိုးသားတဲ့လူတစ်ယောက်ဖြစ်အောင် ကျွန်မ လက်တွေ့လုပ်ဆောင်နိုင်သရွေ့၊ ကျွန်မထိုးထွင်းမမြင်နိုင်တဲ့ ကိစ္စတွေမှာ ဘုရားသခင်ကို ပိုပြီးဆုတောင်းပြီး အားကိုးနိုင်သရွေ့၊ သက်ဆိုင်ရာသမ္မာတရားတွေနဲ့ ကိုယ့်ကိုယ်ကိုယ် ပြင်ဆင်ဖို့ အားထုတ်နိုင်သရွေ့၊ အခက်အခဲတွေ ကြုံရတဲ့အခါ သမ္မာတရားကို နားလည်တဲ့သူတွေနဲ့ မိတ်သဟာယဖွဲ့ဖို့ တက်တက်ကြွကြွ ရှာဖွေနိုင်သရွေ့၊ ကျွန်မရဲ့ချို့ယွင်းချက်တွေကို ပြုပြင်နိုင်ပြီး ကိုယ့်တာဝန်မှာ အကျိုးရလဒ်တချို့ ရနိုင်မှာပဲ။ ကျွန်မ အထင်ကြီးခဲ့ရတဲ့ တရားဟောဆရာမအကြောင်းကိုလည်း ကျွန်မတွေးမိတယ်။ သူက ပြဿနာတွေကိုဖြေရှင်းဖို့ သမ္မာတရားကို မိတ်သဟာယပြုနိုင်ခဲ့တဲ့အပြင် သူ့တာဝန်မှာလည်း ရလဒ်တွေရနိုင်ခဲ့တယ်၊ ဒါပေမဲ့ ဒါဟာ သူက သူ့တာဝန်ကို ဇွဲရှိရှိထမ်းဆောင်ခဲ့ပြီး သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ရရှိခဲ့လို့ပဲ။ ဒါပေမဲ့လည်း နောက်ပိုင်းမှာ သူက ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားနဲ့အသက်ရှင်ပြီး ကျော်ကြားမှုနဲ့အကျိုးအမြတ်အတွက် ပြိုင်ဆိုင်ခဲ့တဲ့အပြင် သူ့ရဲ့သင့်တော်တဲ့အလုပ်ကို ဂရုမစိုက်ခဲ့တော့ သူ့တာဝန်က ဘာအကျိုးရလဒ်မှ မထွက်တော့ဘူး။ ညီအစ်ကိုမောင်နှမတွေက မိတ်သဟာယဖွဲ့ပြီး ကူညီပေးခဲ့တာတောင်မှ သူက နောင်တမရခဲ့ဘဲ နောက်ဆုံးမှာတော့ ဖြုတ်ချခံရပြီး ဖယ်ရှားရှင်းလင်းခံခဲ့ရတယ်။ ဒါက အစွမ်းအစကောင်းရင်တောင်မှ သမ္မာတရားကို မလိုက်စားရင် သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အလုပ်ကို ရမှာမဟုတ်တဲ့အပြင် ကိုယ့်တာဝန်မှာ ကောင်းတဲ့အကျိုးရလဒ်တွေ မရနိုင်ဘူးဆိုတာကို ပြခဲ့တယ်။ ကျွန်မရဲ့အစွမ်းအစက နိမ့်ကျပေမဲ့၊ သမ္မာတရားကို သဘောမပေါက်နားမလည်နိုင်တာမျိုး၊ ဘာမှမသိနားမလည်တာမျိုးအထိတော့ မနိမ့်ကျခဲ့ပါဘူး။ ဥပမာအနေနဲ့ ကျွန်မရဲ့ဧဝံဂေလိတာဝန်မှာ ကျွန်မရဲ့အနာဂတ်ရှေ့ရေးကို အာရုံမစိုက်ဘဲ ကိုယ့်တာဝန်ကို တာဝန်သိသိ အသိဉာဏ်ရှိရှိ ထမ်းဆောင်ပြီး ကျွန်မမသိတာတွေကို သင်ယူဖို့နဲ့နားလည်ဖို့ အားထုတ်ခဲ့ရင် ကျွန်မရဲ့တာဝန်မှာ အကျိုးရလဒ်တချို့ ရနိုင်သေးတယ်။ “အစွမ်းအစညံ့ဖျင်းတာက ကိုယ့်တာဝန်ကို ကောင်းကောင်း မထမ်းဆောင်နိုင်ဘူး၊ ကယ်တင်မခံရနိုင်ဘူးလို့ ဆိုလိုတယ်၊ ပြီးတော့ အစွမ်းအစကောင်းတဲ့သူတွေပဲ ကယ်တင်ခံရနိုင်တယ်” ဆိုတဲ့ ကျွန်မရဲ့ အရင်က ယုံကြည်လက်ခံမှုက လုံးလုံး အခြေအမြစ်မရှိဘဲ မှားယွင်းပြီး အဓိပ္ပာယ်မဲ့နေတဲ့အပြင် သမ္မာတရားနဲ့လည်း လုံးဝ မကိုက်ညီဘူးဆိုတာကို ကျွန်မ မြင်လိုက်ရတယ်။

နောက်ပိုင်းမှာ ဘုရားရဲ့ နှုတ်ကပတ်တော် နောက်တစ်ပိုဒ်ကို ကျွန်မ ဖတ်ရှုခဲ့ရတယ် “ဘုရားသခင်သည် အလွန်များသည့် နှုတ်ကပတ်တော်များကို ဖော်ပြပြီးဖြစ်ကာ ထိုသို့မဖော်ပြမီတွင် သူသည် ပြင်ဆင်သည့် အလုပ်များစွာ လုပ်ဆောင်ခဲ့သည်။ အဆုံးတွင် သူဖော်ပြပြီးဖြစ်သည့်နောက်တွင် ဤနှုတ်ကပတ်တော်များကို သင် မလိုက်စားပါက၊ သို့မဟုတ် ယင်းတို့ထဲသို့ မဝင်ရောက်ပါက ဘုရားသခင်သည် သင့်ကို မည်သို့ ရှုမြင်လိမ့်မည်နည်း။ သင့်ကို ဘုရားသခင်က မည်သည့်စီရင်ဆုံးဖြတ်ချက် ချမည်နည်း။ ဤသည်မှာ အလွန်သိသာထင်ရှားပေသည်။ ထို့ကြောင့် သင်၏ အစွမ်းအစ၊ အသက်အရွယ်၊ သို့မဟုတ် ဘုရားသခင်ကို သင်ယုံကြည်ခဲ့သည့် နှစ်ကာလအရေအတွက် မည်မျှဖြစ်စေ လူတစ်ဦးချင်းစီနှင့်ပတ်သက်ပါက သင်သည် သမ္မာတရားကို လိုက်စားခြင်း လမ်းကြောင်းအတွက် အားထုတ်မှုများပြုသင့်ပေသည်။ သင်သည် ဓမ္မဓိဋ္ဌာန်ကျသော မည်သည့် ဆင်ခြေများကိုမျှ အလေးမထားသင့်ပေ။ သင်သည် သမ္မာတရားကို အကြွင်းမဲ့ လိုက်စားသင့်၏။ ဖြစ်သလို မနေနှင့်။ သင်သည် သမ္မာတရား လိုက်စားခြင်းကို သင်၏ အသက်တာတွင် ကြီးမားသည့် ကိစ္စတစ်ခုအဖြစ် ခံယူပြီး ယင်းအတွက် ကြိုးစားမှုနှင့် သင်၏ အားထုတ်မှုများ ပြုသည်ဆိုပါစို့၊ သင်၏ လိုက်စားမှုတွင် သင် ရရှိပြီး လက်လှမ်းမီနိုင်သည့် သမ္မာတရားသည် သင် ဆန္ဒရှိခဲ့သည့်အရာ မဟုတ်သည်မှာ ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော် ဘုရားသခင်က သမ္မာတရား လိုက်စားမှုအပေါ် သင်၏ သဘောထားနှင့် သင်၏ရိုးသားစစ်မှန်မှု၏ အကျိုးဆက်အရ သင့်တင့်လျောက်ပတ်သော ခရီးပန်းတိုင်တစ်ခုကို သူပေးမည်ဟု ပြောပါက ယင်းမှာ ကောင်းလိုက်မည့် ဖြစ်ခြင်းပါတကား။ ယခုအခါတွင်မူ သင်၏ ခရီးပန်းတိုင်၊ သို့မဟုတ် အဆုံးသတ်က မည်သည့်အရာဖြစ်လိမ့်မည်ဆိုသည်ကိုဖြစ်စေ၊ မည်သည့်အရာ ဖြစ်ပျက်လိမ့်မည်ဆိုသည်နှင့် အနာဂတ်တွင် မည်သည့်အရာ ဖြစ်မည်ကိုဖြစ်စေ၊ ကပ်ဘေးကို သင် ရှောင်ရှားနိုင်ကာ သေမည် ဟုတ်မဟုတ်ဟူသည်ကိုဖြစ်စေ အာရုံမစိုက်နှင့်။ ဤအရာများကို မတွေးနှင့်၊ သို့မဟုတ် ဤအရာများနှင့် စပ်လျဉ်း၍ တောင်းဆိုမှုများ မပြုနှင့်။ ဘုရားနှုတ်ကပတ်တော်များနှင့် သတ်မှတ်ချက်များ၊ သမ္မာတရားကို လိုက်စားလာခြင်း၊ သင်၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်ခြင်း၊ ဘုရားသခင်၏ ရည်ရွယ်ချက်များ အထမြောက်အောင် ဆောင်ရွက်ခြင်း၊ ဘုရားသခင်၏ အနှစ်ခြောက်ထောင် စောင့်ဆိုင်းခဲ့ရခြင်းကိုလည်းကောင်း၊ သူ၏ အနှစ်ခြောက်ထောင် မျှော်လင့်စောင့်စားခဲ့ရခြင်းကိုလည်းကောင်း စိတ်ပျက်အောင် လုပ်ခြင်းမှ ရှောင်ကြဉ်ခြင်းတို့အပေါ် အာရုံစိုက်လော့။ ဘုရားသခင်ကို နှစ်သိမ့်မှုအချို့ ပေးလော့။ သူ့အား သင့်ထဲတွင် မျှော်လင့်ချက်အချို့ကို မြင်ခွင့်ပေးပြီး သူ၏ ဆန္ဒများ သင့်အထဲ၌ အကောင်အထည် ဖော်ခွင့်ပေးလော့။ ငါ့ကို ပြောလော့၊ ထိုသို့ သင်လုပ်ဆောင်ခဲ့ပါက ဘုရားသခင်သည် သင့်ကို မတရားသဖြင့် ဆက်ဆံမည်လော။ ဧကန်မဟုတ်ပေ။ အဆုံးသတ် ရလဒ်များသည် သင် ဆန္ဒရှိခဲ့မည့်အရာကဲ့သို့ မဟုတ်လျှင်ပင် သင်သည် ဖန်ဆင်းခံတစ်ဦးအနေဖြင့် ထိုအမှန်တရားကို မည်သို့ သဘောထားသင့်သနည်း။ သင်သည် မည်သည့် ကိုယ်ရေးကိုယ်တာ ရည်မှန်းချက်တစ်ခုမျှမရှိဘဲ အရာခပ်သိမ်းတွင် ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များကို ကျိုးနွံနာခံသင့်ကြပေသည်။ ဤသည်မှာ ဖန်ဆင်းခံများ ခံယူသင့်သည့် ရှုထောင့်အမြင် မဟုတ်လော။ (ဟုတ်ပါသည်။) ယင်းမှာ မှန်ကန်သည့် တွေးခေါ်မှုအလေ့အထ ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ လူတို့သည် အဘယ်ကြောင့် သမ္မာတရားကို လိုက်စားရမည်နည်း) ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်မတွေ့ခဲ့ရတာက ဘုရားသခင်ဟာ ဖြောင့်မတ်တယ်၊ လူတစ်ယောက်ရဲ့အဆုံးသတ်ကို သူတို့မှာ သမ္မာတရားရှိမရှိအပေါ်မူတည်ပြီး ကိုယ်တော်က ဆုံးဖြတ်တယ်ဆိုတာပါပဲ။ ကျွန်မရဲ့အစွမ်းအစက နိမ့်ကျခဲ့ပေမဲ့ ကိုယ့်ကိုယ်ကိုယ် အပျက်သဘောနဲ့ ဘောင်ခတ်နေတာမျိုး မလုပ်ခဲ့သင့်ဘူး။ ကျွန်မ ဆက်ပြီး ကြိုးစားအားထုတ်ရမယ်၊ သမ္မာတရားကို လိုက်စားပြီး ကိုယ့်စိတ်သဘောထားမှာ ပြောင်းလဲမှုတွေကို ရှာဖွေရမယ်။ ကျွန်မတာဝန်မှာ ကိုယ့်ရဲ့တာဝန်ဝတ္တရားတွေကို ကောင်းကောင်း ဖြည့်ဆည်းပြီး အကောင်းဆုံးလုပ်ဆောင်ဖို့ အစွမ်းကုန်ကြိုးစားရမယ်၊ နောက်ဆုံးမှာ ကျွန်မအတွက် ကောင်းမွန်တဲ့အဆုံးသတ်နဲ့ ပန်းတိုင်ရှိရှိ၊ မရှိရှိ ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ အစီအစဉ်တွေကို ကျွန်မ ကျိုးနွံနာခံဖို့ လိုအပ်ခဲ့တယ်။ ဒါက ဖန်ဆင်းခံတစ်ယောက်အနေနဲ့ ကျွန်မမှာ ရှိဖို့ လိုအပ်ခဲ့တဲ့ ဆင်ခြင်တုံတရားပဲ။ တရားဟောဆရာမပဲဖြစ်ဖြစ်၊ ဧဝံဂေလိတာဝန်ကို ထမ်းဆောင်တာပဲဖြစ်ဖြစ် ကျွန်မရဲ့အတွေ့အကြုံတွေကို ပြန်သုံးသပ်ကြည့်တဲ့အခါ၊ ကျွန်မရဲ့အကျိုးရလဒ်မရှိတာက ကျွန်မရဲ့ နိမ့်ကျတဲ့အစွမ်းအစကြောင့်ချည်းပဲ မဟုတ်ဘဲ၊ ကျွန်မက ကိုယ့်ကိုယ်ကိုယ် အမြဲတမ်း ဘောင်ခတ်နေခဲ့လို့၊ နိမ့်ကျတဲ့အစွမ်းအစက သေစေနိုင်တဲ့ရောဂါတစ်ခုလို့ ယုံကြည်ခဲ့လို့၊ ပြီးတော့ သမ္မာတရားနဲ့ ကိုယ့်ကိုယ်ကိုယ် ပြင်ဆင်ဖို့ တိုးတက်အောင် လုပ်ဖို့ ဒါမှမဟုတ် အားထုတ်ဖို့ ကျွန်မ မကြိုးစားခဲ့လို့ပဲ။ ပြဿနာတွေကို ရှင်းရှင်းလင်းလင်း မမြင်နိုင်တဲ့အခါ၊ ကျွန်မက သမ္မာတရားကို မရှာဖွေခဲ့ဘူး၊ တခြားသူတွေနဲ့လည်း မိတ်သဟာယမဖွဲ့ခဲ့ဘူး၊ ဒါကြောင့် ရလဒ်အနေနဲ့ ကျွန်မ ဘာတိုးတက်မှုမှ မရှိခဲ့ဘူး။ နောင်မှာ အလုပ်ထဲ ဘယ်လိုပြဿနာတွေပဲကြုံရပါစေ၊ ကျွန်မရဲ့ နိမ့်ကျတဲ့အစွမ်းအစကြောင့် နောက်ထပ် ဘောင်ခတ်ခံလို့ရမှာ မဟုတ်တော့ဘူး၊ အဲဒါတွေကို မှန်မှန်ကန်ကန် ရင်ဆိုင်ပြီး ဖြေရှင်းချက်တွေအတွက် သမ္မာတရားကို ရှာဖွေရမယ်။ ကျွန်မ နားမလည်တဲ့သမ္မာတရားတွေ၊ ဒါမှမဟုတ် ရှင်းရှင်းလင်းလင်း မမြင်နိုင်တဲ့ကိစ္စတွေနဲ့ပတ်သက်ပြီး၊ ကိုယ့်ကိုယ်ကိုယ် ပြင်ဆင်ပြီး သင်ယူဖို့ တကယ်ကို ပိုပြီးအဖိုးအခပေးသင့်တယ်။ ဘုရားသခင်နဲ့ စိတ်ရင်းမှန်နဲ့ ပူးပေါင်းလုပ်ဆောင်နေသရွေ့၊ ကျွန်မ သေချာပေါက် တိုးတက်မှုရှိမှာပဲ။ ဒီလို ကျွန်မ စဉ်းစားလိုက်တဲ့အခါ၊ ကျွန်မတာဝန်မှာ ပိုပြီးစိတ်အေးလက်အေးနဲ့ တည်မြဲတယ်လို့ ခံစားခဲ့ရတယ်။ အရင်က ကျွန်မရဲ့ နိမ့်ကျတဲ့အစွမ်းအစအကြောင်း ခဏခဏ ပြောလေ့ရှိခဲ့ပြီး၊ “အစွမ်းအစနိမ့်ကျတယ်” ဆိုတဲ့ အဲဒီစကားလုံးတွေက ကျွန်မကို တင်းတင်းကျပ်ကျပ် ချည်နှောင်ထားတဲ့ ကျိန်စာတစ်ခုလိုဖြစ်နေတာဟာ ကျွန်မကို ခါးသီးမှုနဲ့ ပင်ပန်းနွမ်းနယ်မှုတွေထဲမှာ နွံနစ်စေပြီး ဘဝမှာ ဘာတိုးတက်မှုမှ မရှိအောင် လုပ်ခဲ့တယ်။ အခုတော့ ကျွန်မစိတ်နှလုံးထဲမှာ လွတ်မြောက်ခြင်းခံစားချက်ကို ခံစားရတယ်။ ရှေ့ဆက်ပြီးတော့ ကျွန်မတာဝန်ကို ထမ်းဆောင်တဲ့အခါ၊ ဘုရားနှုတ်ကပတ်တော်တွေအတိုင်း လက်တွေ့လုပ်ဆောင်ဖို့ အာရုံစိုက်ခဲ့တယ်၊ ကျွန်မရဲ့ချို့ယွင်းချက်တွေနဲ့ အားနည်းချက်တွေအတွက်၊ သက်ဆိုင်ရာ သမ္မာတရားစည်းမျဉ်းတွေနဲ့ ကိုယ့်ကိုယ်ကိုယ် ပြင်ဆင်ခဲ့တယ်။ နားမလည်တဲ့အရာတွေအတွက်၊ ဘုရားသခင်ကို ဆုတောင်းပြီး အတွေ့အကြုံရှိတဲ့ညီအစ်မတွေဆီကနေ သင်ယူခဲ့တယ်။ ဒီနည်းနဲ့ ကျွန်မတာဝန်မှာ ဘုရားသခင်ရဲ့ လမ်းပြမှုကို ခံစားလာရတယ်၊ စည်းမျဉ်းတွေကို ပိုပြီးနားလည်လာတယ်၊ အရင်က မရှင်းမလင်းဖြစ်ခဲ့တဲ့ကိစ္စတွေအပေါ် ပိုပြီးရှင်းရှင်းလင်းလင်း နားလည်မှုရရှိခဲ့တယ်၊ ဧဝံဂေလိအလုပ်ကလည်း အကျိုးရလဒ်တချို့ ထွက်ပေါ်လာခဲ့တယ်။ ကျွန်မမှာ ချို့ယွင်းချက်တွေ အများကြီးရှိနေသေးပေမဲ့၊ ကိုယ့်တာဝန်ကို ကောင်းကောင်းထမ်းဆောင်ရအောင် ဘုရားသခင်ကို အားကိုးဖို့ ကျွန်မ ဆန္ဒရှိပါတယ်။ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

သင့်ကိုယ်သင် အမှန်တကယ် သိရန် မလွယ်ကူပေ

ဇန်ယူရီ၊ ဟန်ဂျိုးမြို့၊ ဂျယ်ဂျန်းမြို့နယ် ဘုရားသခင်သည် ရိုးသားသော သူများကို နှစ်သက်တော်မူပြီး၊ လှည့်ဖြားတတ်သောသူများကို မုန်းတီးကြောင်း၊...

ထိရောက်မှုမရှိသော လုပ်ဆောင်မှုများအတွက် အကြောင်းရင်းအမှန်

ဇင်ယီ၊ ရှန်ဇီစီရင်စု လွန်ခဲ့သောအချိန်ကာလအနည်းငယ်တုန်းက အသင်းတော် အစည်းအဝေးများသို့ ကျွန်မသွားခဲ့သည့်အခါ ညီအစ်ကိုမောင်နှမများအချို့မှာ...

ကြင်နာမှုအား ပြန်လည်ပေးဆပ်ခြင်းအပေါ် ဆင်ခြင်သုံးသပ်ခြင်း

လီဖန်း ကိုးရီးယားနိုင်ငံ အရင် သုံးလေးလတုန်းက ကျွန်တော်လည်း ဒီလိုမျိုး ကြုံတွေ့ခဲ့ဖူးတယ်။ ကျွန်တော့်ရဲ့ ဇာတိမြို့အသင်းတော်ကနေ...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။