ညံ့ဖျင်းသော အရည်အချင်းသည် ဆင်ခြေမဟုတ်
လင်းရန် တရုတ်နိုင်ငံယခင်က၊ ကျွန်မ၏ တာဝန်ကို ဆောင်ရွက်နေချိန်တွင် အခက်အခဲအချို့ကို ကျွန်မ ရင်ဆိုင်ရသည့်အခါတိုင်း သို့မဟုတ် ကျွန်မ၏ အလုပ်ကို...
ဘုရား၏ ပေါ်ထွန်းခြင်းကို တောင့်တသည့် ရှာဖွေသူများအားလုံးကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
ကျွန်မ အသက်ငါးဆယ်အရွယ်တုန်းက ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံခဲ့ပါတယ်။ ကျွန်မရဲ့တစ်သက်တာမှာ ဘုရားသခင်ရဲ့ ကိုယ်ပိုင်မိန့်မြွက်ချက်တွေကို ကြားရမယ်၊ သခင်ယေရှု ပြန်ကြွလာတာကို ကြိုဆိုရမယ်လို့ ဘယ်တုန်းကမှ အိပ်မက်မမက်ခဲ့ဖူးဘူး။ ကောင်းကင်နိုင်ငံတော်ထဲကို ဝင်ရောက်ဖို့ မျှော်လင့်ချက်ကို မြင်တွေ့ရတာက ကျွန်မကို တကယ့်ရည်ရွယ်ချက်ရှိစေခဲ့တယ်။ နေ့တိုင်း ကျွန်မ စောစောထပြီး ညဉ့်နက်တဲ့အထိ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ခဲ့တယ်၊ ပြီးတော့ အသင်းတော်က စီစဉ်ပေးတဲ့ ဘယ်တာဝန်ကိုမဆို လက်ခံပြီး ကျိုးနွံနာခံခဲ့တယ်။ ကျွန်မထင်တာကတော့ “ငါသာ ကိုယ့်တာဝန်မှာ ဇွဲရှိရှိနဲ့ ဆက်လုပ်နေမယ်ဆိုရင် ကယ်တင်ခြင်းခံရပြီး ကောင်းကင်နိုင်ငံတော်ကို ဝင်ရမှာပဲ” လို့ပေါ့။ ၂၀၂၃ ခုနှစ်ရောက်တော့ ကျွန်မအသက် ၇၅ နှစ် ပြည့်သွားပြီ။ ကျွန်မ အသက်ကြီးလာပြီ၊ မှတ်ဉာဏ်ကလည်း မကောင်းဘူး၊ နားကလည်းထိုင်း၊ မျက်စိကလည်းမှုန်၊ ခြေထောက်တွေကလည်း သိပ်မခိုင်တော့ဘူး။ အသင်းတော်က ကျွန်မရဲ့အခြေအနေအရ ဧည့်ခံဝတ်ပြုတဲ့တာဝန်ကို ထမ်းဆောင်ဖို့ စီစဉ်ပေးခဲ့တယ်။ ကိုယ်က အသက်ပိုပိုကြီးလာတာနဲ့ ကျန်းမာရေးကလည်း ပိုဆိုးလာတဲ့အကြောင်းကို ကျွန်မတွေးမိတယ်။ မှတ်ဉာဏ်မကောင်းလို့ အမှုအရာတွေကို မေ့လျော့နေတတ်ပြီး တစ်ခါတလေဆို မှတ်ထားတာတွေက ရှုပ်ယှက်ခတ်နေရော။ နောက်ထပ် သုံးလေးနှစ်ကြာလို့ ကျွန်မသာ အသက်ကြီးပြီး သတိဝေဝါးသွားလို့ တာဝန်မထမ်းဆောင်နိုင်တော့ရင် ကျွန်မဟာ အသုံးမကျတဲ့သူ ဖြစ်သွားမှာမဟုတ်ဘူးလား။ ကယ်တင်ခြင်းကိုရော ခံရနိုင်ဦးမှာလား။ တစ်ခါက ကျွန်မ အိမ်အသစ်ပြောင်းပြီးနောက်မှာ အိမ်ပြန်လမ်းရှာရင်း လမ်းပျောက်သွားခဲ့တယ်။ ညီအစ်မတစ်ယောက်က သိသွားတော့ “အစ်မ စိတ်ရှုပ်နေတာလား” လို့ ဒီအတိုင်းပြောခဲ့တယ်။ ကျွန်မလည်း ချက်ချင်းပဲ “မရှုပ်ပါဘူး” လို့ ပြန်ပြောလိုက်တယ်။ ကျွန်မတွေးခဲ့တယ်၊ “ငါ့ကို စိတ်ရှုပ်နေတယ်လို့ သူတို့ထင်ပြီး တာဝန်မထမ်းဆောင်ခိုင်းတာ မလုပ်ဖို့ ငါမျှော်လင့်တယ်။ ငါ့မှာသာ ထမ်းဆောင်စရာတာဝန်မရှိတော့ရင် ငါ့အတွက် ဇာတ်သိမ်းသွားမှာ မဟုတ်ဘူးလား။ အဲဒီအခါကျရင် ဘယ်လိုလုပ် ကယ်တင်ခြင်းခံရနိုင်မှာလဲ” ပေါ့။ ဒါပေမဲ့ နောက်ပိုင်း ပြန်စဉ်းစားကြည့်တော့ ဟင်းချက်တဲ့အခါ ဆားထည့်ဖို့မေ့တာတို့၊ ကြက်သွန်မြိတ်ထည့်ဖို့မေ့တာတို့ ခဏခဏဖြစ်တတ်ပြီး တစ်ခါတလေ လမ်းမှာ လမ်းမှားပြီး အိမ်ပြန်လမ်းမရှာနိုင်တာမျိုးတွေ ဖြစ်တတ်တယ်ဆိုတာကို ကျွန်မ သဘောပေါက်ခဲ့တယ်။ ကျွန်မ ကြောက်လာတယ်။ ကျွန်မတွေးမိတယ်၊ “ငါ တကယ်ပဲ စိတ်ရှုပ်နေပြီလား။ အသင်းတော်က ငါ့ကို တာဝန်တစ်ခုထမ်းဆောင်ဖို့အတွက် သုံးနိုင်ပါဦးမလား။ ငါသာ တာဝန်မထမ်းဆောင်နိုင်တော့ရင် ကယ်တင်ခြင်းကို ခံရနိုင်ပါဦးမလား” လို့ပေါ့။ ကျွန်မ စိုးရိမ်ပူပန်မှုတွေထဲမှာ နစ်မွန်းနေခဲ့တယ်။
၂၀၂၃ ခုနှစ်၊ ဇွန်လမှာ ညီအစ်ကိုမောင်နှမတွေရဲ့ စုဝေးပွဲအတွက် ကျွန်မက ဧည့်ခံခဲ့တယ်။ အဲဒီအချိန်က ကျွန်မတို့ အပေါ်ထပ်တိုက်ခန်းက ပြင်ဆင်နေတော့ နေ့တိုင်း တဒုံးဒုံး တဒိုင်းဒိုင်းနဲ့ ဆူညံနေတာပေါ့။ အဲဒီနောက်မှာ ညီအစ်ကိုမောင်နှမတွေ စုဝေးပွဲကို တော်တော်နဲ့မလာကြတာကိုတွေ့တော့ ကျွန်မ နားမလည်နိုင်ဖြစ်သွားတယ်၊ “ဘာလို့ သူတို့ အခုတလော မလာကြတော့တာလဲ။ သူတို့က ငါ့ကို ဧည့်ခံသူအနေနဲ့ မသုံးတော့တာလား။ ငါ့အသက်အရွယ်နဲ့ ဧည့်ခံတဲ့တာဝန်လောက်ပဲ ထမ်းဆောင်နိုင်တာ။ ဧည့်ခံတဲ့တာဝန်တောင် မထမ်းဆောင်နိုင်တော့ရင် ငါ ကယ်တင်ခြင်းခံရဖို့ အခွင့်အရေး ဆုံးရှုံးသွားမှာမဟုတ်ဘူးလား” လို့ပေါ့။ ကျွန်မ အရမ်းစိုးရိမ်ပြီး သူတို့ပြန်လာကြဖို့ပဲ စိတ်အားထက်ထက်သန်သန်နဲ့ မျှော်လင့်နေခဲ့တယ်။ တစ်ညနေမှာ ညီအစ်မတစ်ယောက်က တံခါးလာခေါက်တော့ ကျွန်မ့ချွေးမက တံခါးသွားဖွင့်ပေးတယ်။ သူတို့ သုံးလေးခါလောက် လာခေါက်ပေမဲ့ ဘယ်သူမှ တံခါးမဖွင့်ဘူးလို့ အဲဒီညီအစ်မက ပြောတယ်။ ကျွန်မ တကယ်ကို စိတ်မကောင်းဖြစ်သွားတယ်။ “ငါအသက်ကြီးပြီး နားထိုင်းနေလို့ သူတို့ခေါက်တာကို မကြားလိုက်တာ မဟုတ်ဘူးလား။ ငါ ကိုယ့်တာဝန်ကို ကောင်းကောင်းမဖြည့်ဆည်းခဲ့ဘူး။ အခု ငါက နားကလည်းထိုင်း၊ မျက်စိကလည်းမှုန်၊ တုံ့ပြန်မှုကလည်းနှေး၊ ခြေထောက်တွေကလည်း မခိုင်တော့ဘူး။ ငါ တကယ်ကို ဘာမှကောင်းကောင်းမလုပ်နိုင်တော့ဘူး။ ဧည့်ခံတဲ့တာဝန်ကိုတောင် ကောင်းကောင်းမထမ်းဆောင်နိုင်ဘူး။ အသက်ကြီးလာတော့ တကယ်ကို အသုံးမကျဖြစ်တာပဲ” လို့ပေါ့။ ကျွန်မက လူငယ်တွေ ဘာသင်သင် မြန်မြန်ဆန်ဆန် တတ်မြောက်ပြီး ဘယ်တာဝန်မျိုးကိုမဆို ထမ်းဆောင်နိုင်တာကို အရမ်းအားကျမိတယ်။ ဘုရားသခင်က လူငယ်တွေကိုပဲ ကြိုက်တယ်လို့ ခံစားရပြီး သူတို့က နောက်ဆုံးမှာ သေချာပေါက် ကယ်တင်ခြင်းခံရမှာပဲလို့ ခံစားခဲ့ရတယ်။ ကျွန်မသာ ဆယ်နှစ်လောက်နောက်ပြန်သွားနိုင်ရင် အသက်ခြောက်ဆယ်ကျော်အရွယ်နဲ့ တာဝန်တချို့ကို ထမ်းဆောင်နိုင်ဦးမှာပဲလို့ တွေးမိတယ်။ တစ်စထက်တစ်စ ကျွန်မရဲ့အခြေအနေက ပိုဆိုးလာပြီး နေ့တိုင်း စိတ်သောကနဲ့ စိုးရိမ်ပူပန်မှုတွေထဲမှာ နစ်မွန်းနေခဲ့တယ်။ ကျွန်မရဲ့ဆုတောင်းခြင်းတွေကလည်း မူမမှန်တော့ဘူး၊ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်တာကလည်း အလင်းရော ဉာဏ်အလင်းရော မပေးတော့ဘူး။ ဘုရားသခင်နဲ့ ကျွန်မရဲ့စိတ်နှလုံးက တစ်စထက်တစ်စ ပိုပိုပြီးတော့ ဝေးကွာသွားခဲ့တယ်။ တစ်နေ့ လမ်းလျှောက်နေတုန်း ကျွန်မ ခြေခေါက်လဲပြီး ခြေထောက်ကအကြောညပ်သွားတယ်။ စုဝေးပွဲတွေကိုတော့ မနှောင့်နှေးခဲ့ပေမဲ့ ကျွန်မ ပိုပြီးတော့တောင် စိုးရိမ်လာတယ်။ ဒီတစ်ခေါက် ချော်လဲတာက စုဝေးပွဲတွေကို မနှောင့်နှေးခဲ့ပေမဲ့ တစ်နေ့နေ့မှာ ကျွန်မသာ နေမကောင်းဖြစ်သွားရင် စုဝေးပွဲတွေ တက်နိုင်တော့မှာမဟုတ်ဘူး၊ တာဝန်လည်း ထမ်းဆောင်နိုင်တော့မှာ မဟုတ်ဘူးလေ။ အဲဒီနောက်မှာ ကျွန်မ တကယ်ပဲ နေမကောင်းဖြစ်ပြီး ဆေးရုံတက်ခဲ့ရတယ်။ အဲဒီအချိန်မှာ ကျွန်မ အရမ်းကို အပျက်သဘောဆောင်နေခဲ့တယ်။ ကျွန်မတွေးမိတယ်၊ “ဒီတစ်ခါတော့ ငါ တကယ်ဇာတ်သိမ်းပြီ၊ စုဝေးပွဲတွေကိုတောင် မတက်နိုင်တော့ဘူး၊ ဘယ်လိုတာဝန်မျိုးကိုမဆို ထမ်းဆောင်ဖို့ဆိုတာ ဝေးရောပေါ့။ ဒါက ငါ့ကို တကယ်ပဲ အသုံးမကျစေတာ မဟုတ်ဘူးလား” လို့ပေါ့။ ဆေးရုံကဆင်းပြီးတဲ့နောက်မှာလည်း ကျွန်မရဲ့အခြေအနေက ဆိုးနေတုန်းပဲ။ ဧည့်ခံတဲ့တာဝန်ကိုတောင် မထမ်းဆောင်နိုင်တော့ရင် ကယ်တင်ခြင်းကို ခံရနိုင်ပါဦးမလားလို့ ကျွန်မ စိုးရိမ်နေခဲ့တယ်။ အဲဒါဆို ကျွန်မ ယုံကြည်ခဲ့တဲ့နှစ်တွေအားလုံး အလကားဖြစ်သွားမှာ မဟုတ်ဘူးလား။ ကျွန်မ ပိုပြီးစဉ်းစားလေလေ၊ ပိုပြီးစိတ်ထိခိုက်ပြီး စိတ်ဆင်းရဲလေလေပဲ။ ဒါနဲ့ ကျွန်မ ဘုရားသခင်ဆီကို ဆုတောင်းခဲ့တယ်၊ ကျွန်မရဲ့ အပျက်သဘောဆောင်တဲ့ အခြေအနေကနေ ရုန်းထွက်နိုင်ဖို့ ဉာဏ်ပွင့်စေပြီး အလင်းပေးဖို့ ကိုယ်တော့်ကို တောင်းလျှောက်ခဲ့တယ်။
တစ်နေ့မှာ သက်ကြီးပိုင်းညီအစ်မတစ်ယောက် ရေးထားတဲ့ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်ဆောင်းပါးတစ်ပုဒ်ကို ကျွန်မ ဖတ်လိုက်ရတယ်၊ အဲဒါက ကျွန်မရဲ့အခြေအနေကို အတိအကျ ထင်ဟပ်နေတာပဲ။ အဲဒီထဲမှာ ကိုးကားထားတဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်က ကျွန်မကို အရမ်းကို တို့ထိခံစားသွားစေတယ်။ ဘုရားသခင်က ပြောသည် “ညီအစ်ကို မောင်နှမများထဲတွင် အသက် ၆၀ မှ ၈၀ သို့မဟုတ် ၉၀ ခန့်ထိရှိပြီး၊ မိမိတို့၏ အိုမင်းသည့် အသက်အရွယ်ကြောင့် အချို့သော အခက်အခဲများလည်း တွေ့ကြုံကြရသည့် သက်ကြီးရွယ်အိုများလည်း ရှိသည်။ ၎င်းတို့၏ အသက်အရွယ် ထိုသို့ဖြစ်စေကာမူ၊ ၎င်းတို့၏ အတွေးအခေါ်သည် သေချာပေါက် မှန်ကန်ခြင်း သို့မဟုတ် ယုတ္တိတန်ခြင်း သိပ်မရှိသကဲ့သို့၊ ၎င်းတို့၏ စိတ်ကူးများနှင့် အမြင်များသည် သမ္မာတရားနှင့် သေချာပေါက် ကိုက်ညီခြင်း မရှိပေ။ ဤသက်ကြီးရွယ်အိုများသည် အလားတူ ပြဿနာများသာ ရှိကြပြီး၊ ၎င်းတို့က၊ ‘ငါ့ ကျန်းမာရေး သိပ်မကောင်းတော့သကဲ့သို့ မည်သည့်တာဝန်ကို ငါ ထမ်းဆောင်နိုင်သည်နှင့်ပတ်သက်၍ အကန့်အသတ်ရှိသည်။ ဤသေးငယ်သည့် တာဝန်ကိုသာ ငါ ထမ်းဆောင်လျှင်၊ ဘုရားသခင်က ငါ့ကို သတိရပါမည်လား။ တစ်ခါတစ်ရံတွင် ငါ နာဖျားတတ်ပြီး ငါ့ကို စောင့်ရှောက်ဖို့ တစ်စုံတစ်ဦး လိုအပ်သည်။ ငါ့ကို စောင့်ရှောက်ရန် မည်သူမျှ မရှိသည့်အခါ၊ ငါ့တာဝန်ကို ငါ ထမ်းဆောင်နိုင်ခြင်း မရှိပါ။ ထို့ကြောင့် မည်သည့်အရာကို ငါ လုပ်ဆောင်နိုင်သနည်း။ ငါသည် အိုမင်းပြီး၊ ဘုရားနှုတ်ကပတ်တော်များကို ဖတ်သည့်အခါ ထိုနှုတ်ကပတ်တော်များကို မမှတ်မိနိုင်သကဲ့သို့ သမ္မာတရားကို နားလည်ရန် ငါ့အတွက် ခက်ခဲသည်။ သမ္မာတရားနှင့် ပတ်သက်၍ မိတ်သဟာယပြုနေချိန်တွင်၊ ကမောက်ကမဖြစ်ပြီး ယုတ္တိမရှိသော ပုံစံဖြင့် ငါ စကားပြောပြီး ဝေမျှထိုက်သည့် မည်သည့် အတွေ့အကြုံမျှ မရှိပါ။ ငါသည် အိုမင်းပြီဖြစ်ပြီး၊ လုံလောက်သည့် အားအင်မရှိပါ။ ငါ့အမြင်အာရုံသည် သိပ်မကောင်းသကဲ့သို့ ငါ မသန်မာတော့ပါ။ အရာရာသည် ငါ့အတွက် ခက်ခဲ၏။ ငါ့တာဝန်ကို ငါ မထမ်းဆောင်နိုင်ရုံမက၊ အမှုအရာများကို ငါ အလွယ်တကူ မေ့ပြီး၊ တလွဲဖြစ်စေသည်။ တစ်ခါတစ်ရံ ငါ စိတ်ရှုပ်ထွေးပြီး အသင်းတော်နှင့် ငါ၏ ညီအစ်ကို မောင်နှမများအတွက် ပြဿနာများဖြစ်စေသည်။ ငါသည် ကယ်တင်ခြင်း ရရှိလိုပြီး သမ္မာတရားကို လိုက်စားလိုသော်လည်း၊ အလွန်ခက်ခဲသည်။ မည်သည့်အရာကို ငါ လုပ်နိုင်သနည်း’ဟု အမြဲ စိုးရိမ်ပူပန်ကြလေသည်။ ဤအရာများကို ၎င်းတို့ တွေးသည့်အခါ၊ ‘ဘုရားသခင်ကို ငါ ဤအသက်အရွယ်တွင်သာ စတင် ယုံကြည်လာခဲ့သည်မှာ အဘယ်သို့ ဖြစ်ရသနည်း။ မိမိတို့ အသက် ၂၀ နှင့် ၃၀ ခန့်အရွယ်တွင် ရှိကြသူများ သို့မဟုတ် မိမိတို့ အသက် ၄၀၊ ၅၀ ခန့်အရွယ်တွင်ရှိသူများနှင့်ပင် ငါ အဘယ်သို့ မတူရသနည်း။ အလွန်အိုမင်းသည့် ယခုအချိန်တွင်သာ ဘုရားသခင်၏ အမှုတော်ကို ငါ အဘယ်သို့ အမှတ်မထင် ကြုံလာရသနည်း။ ငါ့ ကံကြမ္မာ ဆိုးခြင်းတော့ မဟုတ်ပါ။ အနည်းဆုံးအနေဖြင့် ဘုရားသခင်၏ အမှုတော်ကို ယခု ငါ ကြုံရပြီဖြစ်သည်။ ငါ့ ကံကြမ္မာ ကောင်းမွန်ပြီး၊ ဘုရားသခင်က ငါ့ကို သနားကြင်နာလေပြီ။ ငါ ပျော်ရွှင်ချမ်းမြေ့ခြင်းမရှိသည့်အရာ တစ်ခုသာရှိပြီး ထိုအရာမှာ ငါ အိုမင်းလွန်းခြင်း ဖြစ်သည်။ ငါ့ မှတ်ဉာဏ် သိပ်မကောင်းသကဲ့သို့၊ ငါ့ ကျန်းမာရေးလည်း ထိုမျှမကောင်းပါ။ သို့သော် ငါ့မှာ ခိုင်ခံ့ပြီး မယိမ်းယိုင်သည့် အတွင်းခွန်အား ရှိပါသည်။ ငါ့ ခန္ဓာကိုယ်က ငါ့ကို မနာခံတော့ခြင်းသာဖြစ်ပြီး၊ စုဝေးပွဲများတွင် အတန်ငယ် နားထောင်ပြီးနောက် ငါ အိပ်ငိုက်သွားသည်။ တစ်ခါတစ်ရံ ငါ ဆုတောင်းဖို့ မျက်လုံးများမှိတ်ပြီးနောက် အိမ်မောကျသွားကာ ဘုရားနှုတ်ကပတ်တော်များကို ဖတ်ချိန်တွင် ငါ့စိတ်က ပျံ့လွင့်နေသည်။ အနည်းငယ်မျှ ဖတ်ပြီးနောက်တွင်၊ ငါ အိပ်ငိုက်သွားပြီး၊ တစ်မှေးအိပ်မိကာ နှုတ်ကပတ်တော်များကို သဘောမပေါက်ပါ။ ငါ မည်သည့်အရာကို လုပ်ဆောင်နိုင်သနည်း။ ထိုသို့သော လက်တွေ့ကျသည့် အခက်အခဲများဖြင့်၊ သမ္မာတရားကို ငါ လိုက်စားပြီး နားလည်နိုင်သေးပါသလား။ နားမလည်နိုင်လျှင်၊ သမ္မာတရား စည်းမျဉ်းများအတိုင်း ငါ လက်တွေ့လုပ်ဆောင်နိုင်ခြင်းမရှိလျှင်၊ ငါ၏ ယုံကြည်မှုအားလုံးသည် အချည်းနှီးဖြစ်မည် မဟုတ်ပါလား။ ကယ်တင်ခြင်း ရရှိရန် ငါ ပျက်ကွက်မည်မဟုတ်ပါလား။ မည်သည့်အရာကို ငါ လုပ်ဆောင်နိုင်သနည်း။ ငါ အလွန် စိုးရိမ်မိသည်။ ဤအသက်အရွယ်တွင်၊ မည်သည့်အရာမျှ အရေးမကြီးတော့ပါ။ ဘုရားသခင်ကို ယခု ငါ ယုံကြည်သည့်အတွက်၊ ငါ့မှာ နောက်ထပ် စိုးရိမ်မှုများမရှိတော့ပါ၊ စိတ်သောကရောက်စရာ မည်သည့်အရာမျှ မရှိသကဲ့သို့၊ ငါ၏ သားသမီးများ အရွယ်ရောက်ပြီး သူတို့ကို စောင့်ရှောက်ဖို့ သို့မဟုတ် ပြုစုပျိုးထောင်ဖို့ ငါ့ကို မလိုအပ်ကြတော့ပါ။ ဘဝတွင် ငါ့တွင် ကျန်ရှိသည့် နှစ်ကာလများ၌ ငါ၏ အကြီးမားဆုံးသော ဆန္ဒမှာ သမ္မာတရားကို လိုက်စားရန်၊ ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို လုပ်ဆောင်ရန်နှင့် နောက်ဆုံးတွင် ကယ်တင်ခြင်း ရရှိရန်ဖြစ်သည်။ သို့ရာတွင် ငါ၏ တကယ့် အခြေအနေဖြစ်သည့် အသက်အရွယ်ကြောင့် အမြင်ဝေဝါးပြီး၊ စိတ်ရှုပ်ထွေးခြင်း၊ ကျန်းမာရေး ချို့တဲ့ခြင်း၊ မိမိတာဝန်ကို ကောင်းစွာ မထမ်းဆောင်နိုင်ခြင်းနှင့် တစ်ခါတစ်ရံ ငါ တတ်နိုင်သမျှ လုပ်ဆောင်ရန် ကြိုးစားချိန်တွင် ပြဿနာများ ဖန်တီးနေမိခြင်းတို့ကို ယခု ကြည့်သည့်အခါ၊ ကယ်တင်ခြင်း ရရှိခြင်းသည် ငါ့အတွက် လွယ်ကူမည်မဟုတ်သည့်ပုံ ပေါ်ပေသည်’ဟု တွေးလျက် စတင်စိုးရိမ်သောကရောက်ကြလေသည်။ ဤအရာများကို ၎င်းတို့ အဖန်ဖန် တွေးကြပြီး၊ တိုး၍ ပူပန်သောကရောက်ကြပြီးနောက်၊ ‘လူငယ်များထံသို့သာ ကောင်းသည့်အရာများ ဖြစ်ပျက်ပြီး အိုမင်းသော လူများထံသို့ မဖြစ်ပျက်သည့်အလား ထင်ရသည်။ အမှုအရာများက မည်မျှ ကောင်းမွန်သည်ဖြစ်စေ၊ ထိုအရာများကို ငါ မွေ့လျော်နိုင်တော့မည် မဟုတ်သည့်အလား ထင်ရသည်’ဟု တွေးကြလေသည်။ ဤအရာများကို ၎င်းတို့ စဉ်းစားလေလေ၊ ၎င်းတို့ စိုးရိမ်သောကရောက်ပြီး ကြောင့်ကြလေလေဖြစ်သည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုနှင့် ပတ်သက်၍ စိုးရိမ်ကြရုံမက၊ နာကျင်မှုကိုလည်းခံစားကြရလေသည်။ ၎င်းတို့ ငိုကြွေးလျှင်၊ အမှန်တကယ်တွင် ငိုကြွေးဖို့မထိုက်တန်ဟု ခံစားကြပြီး၊ မငိုကြွေးပါကလည်း၊ ထိုဝေဒနာ၊ ထိုနာကျင်မှုသည် ၎င်းတို့နှင့်အတူ အမြဲရှိလေသည်။ ဤသို့ဆိုလျှင် မည်သည့်အရာကို ၎င်းတို့ လုပ်ဆောင်သင့်သနည်း။...၎င်းတို့တွင် အမှန်တကယ် ရှေ့ဆက်ရမည့်လမ်း မရှိခြင်းများ ဖြစ်နိုင်မည်လော။ ဖြေရှင်းချက် တစ်ခုတလေ ရှိပါသလော။ (သက်ကြီးရွယ်အိုများသည်လည်း မိမိတို့တာဝန်များကို မိမိတို့ တတ်နိုင်သလောက် ထမ်းဆောင်သင့်ပါသည်။) သက်ကြီးရွယ်အိုများက ၎င်းတို့ တတ်နိုင်သလောက် ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ခြင်းမှာ လက်ခံနိုင်စရာဖြစ်သည်မဟုတ်လော။ သက်ကြီးရွယ်အိုများသည် မိမိတို့၏ အသက်အရွယ်ကြောင့် သမ္မာတရားကို မလိုက်စားနိုင်တော့သည်လော။ သမ္မာတရားကို ၎င်းတို့ နားလည်နိုင်စွမ်း မရှိသလော။ (နားလည်နိုင်စွမ်း ရှိကြပါသည်။) သက်ကြီးရွယ်အိုများသည် သမ္မာတရားကို နားလည်နိုင်ကြသလော။ ၎င်းတို့သည် အချို့ကို နားလည်နိုင်ကြပြီး၊ ငယ်ရွယ်သည့် လူများပင်လည်း အားလုံးကို နားမလည်နိုင်ကြချေ။ သက်ကြီးရွယ်အိုများသည် ၎င်းတို့ မရှင်းမလင်းဖြစ်ကြကြောင်း၊ ၎င်းတို့ မှတ်ဉာဏ်မကောင်းကြောင်းနှင့် ထို့ကြောင့် သမ္မာတရားကို ၎င်းတို့ နားမလည်နိုင်ကြောင်း ယုံကြည်လျက်၊ အမြဲ နားလည်မှုလွဲခြင်းတစ်ခုရှိကြသည်။ ၎င်းတို့ မှန်ကန်ပါသလော။ (မမှန်ပါ။) ငယ်ရွယ်သောလူများသည် သက်ကြီးရွယ်အိုများထက် သာ၍ များစွာ အားအင်ရှိကြပြီး၊ ရုပ်ပိုင်းအရ သာ၍ သန်မာကြသော်လည်း၊ အမှန်တွင် ၎င်းတို့၏ နားလည်၊ သဘောပေါက်ပြီး သိနိုင်စွမ်းသည် သက်ကြီးရွယ်အိုများနှင့် အတူတူပင် ဖြစ်သည်။ သက်ကြီးရွယ်အိုများသည်လည်း တစ်ချိန်က ငယ်ရွယ်ခဲ့ကြသည် မဟုတ်လော။ ၎င်းတို့သည် မွေးရာပါ အိုမင်းကြခြင်း မဟုတ်သကဲ့သို့၊ ငယ်ရွယ်သည့်လူများသည်လည်း တစ်နေ့တွင် အားလုံး အိုမင်းသွားကြမည်ဖြစ်သည်။ သက်ကြီးရွယ်အိုများက ၎င်းတို့ အိုမင်းကြသောကြောင့်၊ ရုပ်ပိုင်းအရ အားနည်းပြီး နေထိုင်မကောင်းသကဲ့သို့ မကောင်းသည့် မှတ်ဉာဏ်များ ရှိကြသောကြောင့် ငယ်ရွယ်သော လူများနှင့် ကွာခြားကြသည်ဟု အမြဲ တွေးမနေရပေ။ အမှန်တွင်၊ ကွာခြားမှုမရှိ။ ကွာခြားမှုမရှိဟု ဆိုသည့်အခါ မည်သည့်အရာကို ငါ ဆိုလိုသနည်း။ တစ်စုံတစ်ဦးသည် အိုမင်းသည်ဖြစ်စေ၊ ငယ်ရွယ်သည်ဖြစ်စေ၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများမှာ အတူတူပင်ဖြစ်သည်၊ အမှုအရာမျိုးစုံအပေါ် ၎င်းတို့၏ သဘောထားနှင့် အမြင်များ တူညီပြီး၊ အမှုအရာမျိုးစုံအပေါ် ၎င်းတို့၏ ရှုထောင့်အမြင်နှင့်ရပ်တည်ချက်တို့သည် အတူတူပင်ဖြစ်သည်။...သက်ကြီးရွယ်အိုများသည် သမ္မာတရားကို မလိုက်စားနိုင်ခြင်း မဆိုထားနှင့်၊ လုပ်ဆောင်ရန် မည်သည့်အရာမျှ မရှိကြခြင်း မဟုတ်သကဲ့သို့၊ မိမိတို့တာဝန်များကို မထမ်းဆောင်နိုင်ကြခြင်းလည်း မဟုတ်ပေ။ ၎င်းတို့အတွက် လုပ်ဆောင်စရာများစွာ ရှိ၏။ သင်၏ တစ်သက်တာအတွင်း သင် စုဆောင်းပြီးဖြစ်သည့် အမျိုးမျိုးသော အယူလွဲများနှင့် အတွေးမှားများအပြင်၊ အမျိုးမျိုးသော အစဉ်အလာ စိတ်ကူးများနှင့် အယူအဆများ၊ မသိနားမလည်သည့်၊ ခေါင်းမာသည့်အရာများ၊ ရှေးရိုးစွဲ အရာများ၊ ယုတ္တိမရှိသည့် အရာများနှင့် သင် စုဆောင်းပြီးသည့် လိုရာဆွဲပြောသော အရာများအားလုံး သင့်စိတ်နှလုံးတွင် စုပုံနေပြီးဖြစ်ကာ ဤအရာများကို ဖော်ထုတ်၊ စိတ်ဖြာလေ့လာပြီး သတိပြုရန် သင်သည် သာ၍ပင် အချိန်ကုန်ဆုံးသင့်ပေသည်။ သင့်အနေဖြင့် လုပ်ဆောင်ရန် မည်သည့်အရာမျှ မရှိသည်မှာ မဟုတ်ပေ၊ သို့မဟုတ် သင် မျှော်လင့်ချက် ကုန်ဆုံးသည့်အခါ စိတ်ဖိစီး၊ ပူပန်သောကရောက်သင့်သည်ဆိုသည်မှာ မဟုတ်ပေ။ ဤသည်မှာ သင်၏ အလုပ်မဟုတ်သကဲ့သို့ တာဝန်လည်း မဟုတ်ချေ။ ဦးစွာပထမ၊ သက်ကြီးရွယ်အိုများသည် မှန်ကန်သည့် တွေးခေါ်မှုအလေ့အထ ရှိသင့်ကြသည်။ သင်သည် အသက်ကြီးနိုင်ပြီး ရုပ်ပိုင်းအရ အတော်အတန် အိုမင်းနေနိုင်သော်လည်း၊ ငယ်ရွယ်သည့် တွေးခေါ်မှု အလေ့အထ ရှိသင့်နေဆဲ ဖြစ်သည်။ သင်သည် အသက်အိုမင်းလာနေသော်လည်း၊ သင်၏ တွေးခေါ်ခြင်းသည် နှေးကွေးပြီး သင်၏ မှတ်ဉာဏ်အားနည်းသော်လည်း၊ သင့်ကိုယ်သင် သိရှိနိုင်ဆဲ၊ ငါပြောသည့် စကားများကို နားလည်နိုင်ဆဲဖြစ်ပြီး၊ သမ္မာတရားကို နားလည်နိုင်ဆဲဖြစ်ပါက၊ ယင်းမှာ သင်သည် အိုမင်းခြင်းမရှိကြောင်းနှင့် သင်၏ အစွမ်းအစသည် ချို့တဲ့ခြင်း မရှိကြောင်း သက်သေပြပေသည်။ တစ်စုံတစ်ဦးသည် အသက် ၇၀ အရွယ်ခန့်တွင်ရှိသော်လည်း၊ သမ္မာတရားကို နားမလည်နိုင်ပါက၊ ဤသည်မှာ ၎င်းသည် သမ္မာတရားကို နားလည်နိုင်ခြင်း မရှိအောင်ပင် ဝိညာဉ်ရင့်ကျက်မှု အလွန်သေးငယ်ကြောင်း ပြပေသည်။ ထို့ကြောင့် အသက်အရွယ်သည် သမ္မာတရားနှင့် ပတ်သက်လာသည့်အခါ ဆက်စပ်မှုမရှိ။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၃)) ဒီဘုရားနှုတ်ကပတ်တော်ကို ကျွန်မ အခေါက်ခေါက်အခါခါ ဖတ်ခဲ့တယ်၊ ဖတ်လေလေ ကျွန်မရဲ့စိတ်နှလုံးက ပိုပိုပြီးတော့ လင်းထိန်လာသလို ခံစားရလေပဲ။ ဘုရားသခင်ဟာ လူသားတွေရဲ့ အတွင်းသန္တာန်အကျဆုံး စိတ်နှလုံးကို အမှန်တကယ်ပဲ စောင့်ကြည့်လေ့လာတယ်။ ဒီနှုတ်ကပတ်တော်တွေက ကျွန်မအကြောင်း တိုက်ရိုက်ပြောနေတာ မဟုတ်ဘူးလား။ ကျွန်မက အသက်ကြီးတယ်၊ ကျန်းမာရေးမကောင်းဘူး၊ နားကလည်းထိုင်း၊ မျက်စိကလည်းမှုန်၊ မှတ်ဉာဏ်ကလည်း ယိုယွင်းလာလို့ စိုးရိမ်နေခဲ့တာ။ အသက်ကြီးလာတာနဲ့အမျှ တာဝန်မထမ်းဆောင်နိုင်တော့မှာနဲ့ ကယ်တင်ခြင်းခံရဖို့ အခွင့်အရေး ဆုံးရှုံးသွားမှာကို ကျွန်မ ကြောက်ရွံ့ခဲ့တယ်။ ကျွန်မရဲ့နေ့ရက်တွေကို စိတ်သောကနဲ့ စိုးရိမ်ပူပန်မှုတွေထဲမှာ နစ်မွန်းရင်း ကုန်ဆုံးခဲ့ရတယ်။ အဲဒီဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးတဲ့နောက်မှာ ကျွန်မရဲ့စိတ်နှလုံးက ရုတ်တရက် လွတ်မြောက်သွားသလို ခံစားလိုက်ရတယ်။ ဘုရားသခင်ဟာ သက်ကြီးရွယ်အိုတွေရဲ့ အခက်အခဲတွေကို သိတယ်၊ ပြီးတော့ သက်ကြီးရွယ်အိုတွေ ကိုယ်တော့်ရဲ့ရည်ရွယ်ချက်ကို နားလည်နိုင်ဖို့ ဒီနှုတ်ကပတ်တော်တွေကို ကိုယ်တော် ဖော်ပြခဲ့တာပဲ။ လူငယ်ဖြစ်စေ၊ လူကြီးဖြစ်စေ ဘုရားသခင်က လူတိုင်းကို သမ္မာတရားကို လိုက်စားပြီး ကယ်တင်ခြင်းခံရဖို့ အခွင့်အရေးပေးတယ်။ ဘုရားသခင်ဟာ ဖြောင့်မတ်တယ်ဆိုတာကို ကျွန်မ မြင်ခဲ့ရတယ်။ ဘုရားနှုတ်ကပတ်တော်တွေထဲကနေ ကျွန်မဟာ လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်းတစ်ခုကို တွေ့ရှိခဲ့တယ်။ ကျွန်မ အသက်ကြီးနေပေမဲ့ ဘုရားနှုတ်ကပတ်တော်တွေကို နားလည်နိုင်သေးတယ်၊ ကျွန်မကြုံတွေ့ရတဲ့အရာတွေမှာ သမ္မာတရားကို ရှာဖွေသင့်တယ်၊ ပြီးတော့ ကိုယ့်ရဲ့ဖောက်ပြန်ပျက်စီးမှုနဲ့ ချို့တဲ့မှုတွေကို သိလာသင့်တယ်။ သက်ကြီးရွယ်အိုတွေဟာ လူငယ်တွေထက် စိတ်သဘောထားမှာ ဖောက်ပြန်ပျက်စီးမှု မနည်းတဲ့အတွက် နောင်တရခြင်းနဲ့ ပြောင်းလဲခြင်းကို ရရှိဖို့ သမ္မာတရားကို လိုက်စားသင့်တယ်။ ဥပမာအနေနဲ့ ကျွန်မမှာ ပြင်းထန်တဲ့ မာနထောင်လွှားတဲ့ စိတ်သဘောထားရှိခဲ့တယ်၊ တစ်ခါတလေ ညီအစ်ကိုမောင်နှမတွေက ကျွန်မရဲ့ပြဿနာတွေကို ထောက်ပြတဲ့အခါ ကျွန်မ လက်မခံချင်ဘူး။ နေ့စဉ်မိသားစုဘဝမှာလည်း ကျွန်မ့ချွေးမက ကျွန်မစကားကို နားမထောင်တဲ့အခါ ကျွန်မ ဒေါသထွက်ပြီး ဘဝင်မြင့်စိတ်နဲ့ သူ့ကို အထက်စီးကနေ ပြောဆိုဆက်ဆံတယ်။ ဒါတွေအားလုံးဟာ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားရဲ့ ထုတ်ဖော်ပြမှုတွေပဲ၊ အဲဒါတွေကို ဖြေရှင်းဖို့ ကျွန်မ သမ္မာတရားကို ရှာဖွေဖို့ လိုအပ်တယ်၊ ဒါကြောင့် ကျွန်မမှာ လုပ်စရာဘာမှမရှိတော့ဘူး ဆိုတာမျိုးလည်း မဟုတ်ဘူး။ အခု ကျွန်မမှာ နေ့တိုင်း အိမ်မှာ ဘုရားနှုတ်ကပတ်တော်တွေကို ပိုပြီးဖတ်ဖို့ အချိန်အများကြီးရှိတယ်၊ ကျွန်မကြုံတွေ့ရတဲ့ လူတွေ၊ အမှုအရာတွေနဲ့ ဖြစ်ရပ်တွေမှာ သမ္မာတရားကို ရှာဖွေပြီး ကိုယ့်ရဲ့ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ဖြေရှင်းလို့ရတယ်။ ညီအစ်ကိုမောင်နှမတွေရဲ့ အတွေ့အကြုံတွေကနေ သင်ခန်းစာယူဖို့ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်ဗီဒီယိုတွေကိုလည်း ကြည့်လို့ရတယ်။ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်ဆောင်းပါးတွေကို ရေးသားလို့လည်း ရတယ်။ ဘုရားသခင်အတွက် သက်သေခံဖို့ ကိုယ့်ရဲ့စစ်မှန်တဲ့ အတွေ့အကြုံတွေကို ရေးသားလို့လည်း ရတယ်။ ဒါတွေအားလုံးဟာ ကျွန်မ လုပ်သင့်တဲ့အရာတွေပဲ။ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို နားလည်သွားတဲ့အခါမှာတော့ ကိုယ်တော့်ကို ကျွန်မ အထင်မလွဲတော့ဘူး၊ အပျက်သဘောဆောင်တဲ့ အခြေအနေထဲမှာလည်း နစ်မွန်းမနေတော့ဘူး ပြီးတော့ တာဝန်ထမ်းဆောင်နိုင်ပါ့မလားဆိုတာကိုလည်း မစိုးရိမ်တော့ဘူး။ အသင်းတော်က ကျွန်မကို တာဝန်တစ်ခုခု ထမ်းဆောင်ဖို့ စီစဉ်သည်ဖြစ်စေ၊ မစီစဉ်သည်ဖြစ်စေ ဘုရားသခင်ရဲ့ စီစဉ်ညွှန်ကြားမှုနဲ့ အစီအစဉ်တွေကို ကျိုးနွံနာခံမယ်လို့ ကျွန်မ စိတ်ပိုင်းဖြတ်လိုက်တယ်။ အဲဒီအချိန်ကစပြီးတော့ နေ့တိုင်း ဘုရားနှုတ်ကပတ်တော်တွေကို စိတ်အေးလက်အေးနဲ့ ထိုင်ပြီး စားသောက်နိုင်ခဲ့တယ်၊ အမှုအရာတွေ ကြုံလာတဲ့အခါမှာလည်း ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို ဆုတောင်းပြီး ရှာဖွေနိုင်ခဲ့တယ်။
နောက်ပိုင်းမှာ ကျွန်မ ဘုရားနှုတ်ကပတ်တော် နောက်တစ်ပိုဒ်ကို ဖတ်ခဲ့ရတယ်။ “ငါသည် လူတစ်ဦးစီ၏ ပန်းတိုင်ကို ၎င်း၏အသက်အရွယ်၊ ဝါရင့်ခြင်း၊ ခံစားရသော ဆင်းရဲဒုက္ခပမာဏတို့အပေါ်၌ အခြေခံ၍ ဆုံးဖြတ်ခြင်း မဟုတ်ပေ၊ သနားစရာကောင်းသည့် အတိုင်းအတာတို့အပေါ်၌ အခြေခံ၍ ဆုံးဖြတ်ခြင်း ပို၍ပင် မဟုတ်ဘဲ သမ္မာတရားကို ၎င်းတို့ ပိုင်ဆိုင်ခြင်း ရှိမရှိအပေါ်တွင် မူတည်၍ ဆုံးဖြတ်ခြင်းဖြစ်၏။ ဤအရာမှတစ်ပါး တခြားရွေးချယ်စရာ မရှိ။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်၏ ပန်းတိုင်အတွက် လုံလောက်သော ကောင်းမှုများကို ပြင်ဆင်လော့) “ဘုရားသခင်၏အလိုဆန္ဒမှာ လူတိုင်း စုံလင်စေခြင်းခံရဖို့၊ နောက်ဆုံးတွင် သူ၏ရယူခြင်းခံရဖို့၊ သူ၏ လုံးဝသန့်စင်စေခြင်းကို ခံရဖို့နှင့် သူချစ်သော လူများဖြစ်လာကြရန် ဖြစ်၏။ သင်တို့ ခေတ်နောက်ကျန်နေသည် သို့မဟုတ် အရည်အချင်း ညံ့ဖျင်းသည်ဟု ငါပြောသည် မပြောသည်မှာ အရေးမကြီးပေ။ ဤအရာအားလုံးမှာ အမှန်တရားဖြစ်၏။ ငါ ဤသို့ပြောဆိုခြင်းမှာ ငါသည် သင်တို့ကို ကယ်တင်ရန် လိုလားခြင်းမရှိဖို့ မဆိုထားနှင့်၊ သင့်ကို စွန့်ပစ်ရန် ငါရည်ရွယ်သည်၊ ငါသည် သင်တို့၌ မျှော်လင့်ချက် ကုန်ဆုံးသည်ကို သက်သေမပြပေ။ ယနေ့တွင် ငါသည် သင်တို့၏ ကယ်တင်ခြင်းအမှုကို လုပ်ဆောင်ရန် ကြွလာပြီဖြစ်သည်၊ ဆိုလိုသည်မှာ ငါ လုပ်ဆောင်သည့်အမှုသည် ကယ်တင်ခြင်းအမှု၏ အဆက် ဖြစ်ပေသည်။ လူတိုင်း စုံလင်စေခြင်း ခံရမည့် အခွင့်အရေးရှိ၏။ သင်သည် လိုလားခြင်းရှိမှသာ၊ သင်သည် လိုက်စားရှာဖွေခြင်းရှိမှသာ၊ အဆုံးတွင် သင်သည် ဤရလဒ်ကို ရရှိနိုင်လိမ့်မည် ဖြစ်ပြီး၊ သင်တို့ထဲမှ တစ်ဦးမျှ စွန့်ပစ်ခံရမည် မဟုတ်ပေ။ သင်သည် အရည်အချင်းညံ့ဖျင်းပါက၊ သင်နှင့်သက်ဆိုင်သည့် ငါ၏ သတ်မှတ်ချက်များသည် သင်၏ညံ့ဖျင်းသည့် အရည်အချင်းနှင့်အညီ ဖြစ်လိမ့်မည်။ သင်သည် အရည်အချင်းမြင့်မားပါက၊ သင်နှင့်သက်ဆိုင်သည့် ငါ၏သတ်မှတ်ချက်များသည် သင်၏မြင့်မားသည့် အရည်အချင်းနှင့်အညီ ဖြစ်လိမ့်မည်။ သင်သည် မသိနားမလည်ဖြစ်ကာ စာမတတ်ပါက၊ သင်နှင့်သက်ဆိုင်သည့် ငါ၏သတ်မှတ်ချက်များသည် သင်၏ စာမတတ်ခြင်းနှင့်အညီ ဖြစ်လိမ့်မည်။ သင်သည် စာတတ်ပါက၊ သင်နှင့်သက်ဆိုင်သည့် ငါ၏သတ်မှတ်ချက်များသည် သင် စာတတ်မြောက်သည့် အချက်နှင့်အညီ ဖြစ်လိမ့်မည်။ သင်သည် သက်ကြီးရွယ်အို တစ်ဦးဖြစ်ပါက၊ သင်နှင့်သက်ဆိုင်သည့် ငါ၏သတ်မှတ်ချက်များသည် သင်၏ အသက်နှင့်အညီ ဖြစ်လိမ့်မည်။ သင်သည် ဧည့်ဝတ်ပျူငှာနိုင်စွမ်း ရှိပါက၊ သင်နှင့်သက်ဆိုင်သည့် ငါ၏သတ်မှတ်ချက်များသည် ဤတတ်စွမ်းနိုင်မှုနှင့်အညီ ဖြစ်လိမ့်မည်။ သင်သည် ဧည့်ဝတ်ပျူငှာမှုမပေးနိုင်ဘဲ၊ ဧဝံဂေလိတရား ဖြန့်ဝေခြင်းဖြစ်စေ၊ အသင်းတော်ကို စောင့်ရှောက်ခြင်းဖြစ်စေ၊ အခြားသော အထွေထွေအရေးကိစ္စများကို အာရုံစိုက်လုပ်ဆောင်ခြင်း ဖြစ်စေ၊ တာဝန်တချို့ကိုသာ လုပ်ဆောင်နိုင်သည်ဟု သင်ဆိုပါက သင့်ကို ငါ၏စုံလင်စေခြင်းသည် သင်ဆောင်ရွက်သည့် တာဝန်နှင့်အညီ ဖြစ်လိမ့်မည်။ သစ္စာစောင့်သိခြင်း၊ တကယ့်အဆုံးထိ ကျိုးနွံနာခံခြင်းနှင့် ဘုရားသခင်ကို အဆုံးစွန် ချစ်ခြင်းရှိဖို့ ကြိုးစားခြင်းသည် သင် ဖြစ်မြောက်ရမည့်အရာ ဖြစ်ပြီး၊ ဤအရာသုံးခုထက် သာ၍ ကောင်းမွန်သော လက်တွေ့လုပ်ဆောင်မှုများ မရှိပေ။ နောက်ဆုံးတွင် လူသားသည် ဤအရာသုံးခုကို ရရှိရန်လိုအပ်ပြီး၊ ၎င်းတို့ကို ရရှိနိုင်ပါက စုံလင်စေခြင်းခံရလိမ့်မည်ဖြစ်သည်။ သို့ရာတွင်၊ အရေးကြီးဆုံးမှာ သင်သည် အမှန်တကယ် လိုက်စားရှာဖွေရမည်၊ သင်သည် ရှေ့သို့နှင့် အထက်သို့ တက်ကြွစွာ တက်လှမ်းရမည်ဖြစ်ပြီး၊ ယင်းနှင့်ပတ်သက်၍ မတုန်မလှုပ် မနေရ။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ၏သာမန်ဘဝကို နဂိုအတိုင်း ပြန်ဖြစ်လာစေခြင်းနှင့် သူ့ကို အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ ခေါ်ဆောင်သွားခြင်း) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာ ဘုရားသခင်က လူတစ်ယောက်ရဲ့အဆုံးသတ်ကို သူတို့ရဲ့အသက်အရွယ်၊ လုပ်သက်ဝါရင့်မှု၊ ဒါမှမဟုတ် ဘယ်လောက်ဒုက္ခခံခဲ့ရသလဲဆိုတဲ့အပေါ်မှာ အခြေခံပြီး ဆုံးဖြတ်တာမဟုတ်ဘဲ သူတို့မှာ သမ္မာတရား ပိုင်ဆိုင်ခြင်း ရှိမရှိအပေါ်မှာ မူတည်ပြီး ဆုံးဖြတ်တာဖြစ်တယ်ဆိုတာကို ကျွန်မ နားလည်လာခဲ့တယ်။ ကျွန်မက ကိုယ့်ကိုယ်ကိုယ် အသက်ကြီးပြီး အသုံးမကျတော့ဘူးလို့ ထင်ခဲ့တယ်၊ ဒါကြောင့် ဘုရားသခင်ရဲ့ ဖယ်ရှားရှင်းလင်းတာကို ခံရမှာ ကြောက်ခဲ့တယ်။ ဒါက လူတွေကို ကယ်တင်ခြင်းနဲ့ပတ်သက်တဲ့ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကိုရော၊ လူတွေရဲ့အဆုံးသတ်ကို ဆုံးဖြတ်တဲ့နေရာမှာ ကိုယ်တော်သတ်မှတ်ထားတဲ့ စံနှုန်းကိုရော ကျွန်မ နားမလည်ခဲ့ဘူးဆိုတာကို ပြနေတာပဲ။ ဘုရားသခင်က လူတွေကို ကယ်တင်ပြီး စုံလင်အောင်ပြုလုပ်ပေးတာဟာ သူတို့ရဲ့အသက်အရွယ် ဒါမှမဟုတ် အစွမ်းအစပေါ်မှာ အခြေမခံဘဲ သူတို့ သမ္မာတရားကို လိုက်စားခြင်း ရှိမရှိအပေါ်မှာပဲ အခြေခံတာပါ။ တစ်စုံတစ်ယောက်က သမ္မာတရားကို လက်ခံနိုင်တယ်၊ ဘုရားသခင်အပေါ် သစ္စာစောင့်သိတယ်၊ ပြီးတော့ ဘုရားသခင်ရဲ့ စီစဉ်ညွှန်ကြားမှုနဲ့ စီစဉ်မှုတွေကို ကျိုးနွံနာခံတယ်ဆိုရင် ကိုယ်တော်က သူတို့ကို စွန့်ပစ်မှာမဟုတ်ဘူး။ ကျွန်မက ဘုရားသခင့်အိမ်တော်ကို ဘာသာတရားမရှိသူတွေရဲ့ လောကလိုပဲ မြင်ခဲ့တယ်။ လူ့အဖွဲ့အစည်းထဲမှာ သက်ကြီးရွယ်အိုတွေကို အရေးမလုပ်ဘဲ လျစ်လျူရှုထားကြတယ်၊ ဘုရားသခင့်အိမ်တော်မှာလည်း ဒီလိုပဲဖြစ်မယ်လို့ ကျွန်မ ယူဆခဲ့တယ်၊ အသက်ကြီးသွားရင် ဘုရားသခင်က ကိုယ့်ကို မလိုချင်တော့ဘူးပေါ့။ ဒါဟာ ဘုရားသခင်ကို အထင်လွဲခြင်းဖြစ်သလို ဘုရားသခင်ကို ပြစ်မှားစော်ကားခြင်းလည်း ဖြစ်တယ်။ လောကကြီးကို စာတန်က အုပ်စိုးတယ်၊ စာတန်နတ်ဆိုးက လူတွေကို သူ့အတွက် အလုပ်လုပ်ပေးဖို့ အသုံးချတယ်။ လူတွေ အသက်ကြီးပြီး အလုပ်မလုပ်နိုင်တော့တဲ့အခါ သူတို့ကို စွန့်ပစ်လိုက်တာပဲ။ ဒါပေမဲ့ ဘုရားသခင့်အိမ်တော်မှာတော့ သမ္မာတရားက အာဏာစက်တည်တယ်။ ဘုရားသခင်က လူတွေကို တာဝန်ထမ်းဆောင်ဖို့နဲ့ သမ္မာတရားကို လိုက်စားဖို့ အခွင့်အရေးပေးတယ်၊ တာဝန်ထမ်းဆောင်နေရင်းနဲ့ လူတွေဟာ ကိုယ့်ကိုယ်ကိုယ်သိလာပြီး ပြောင်းလဲကြတယ်၊ ပြီးတော့ သူတို့ရဲ့ စာတန်ဆန်တဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို ဖယ်ရှားကြတယ်။ ကျွန်မ အသက်ဘယ်လောက်ကြီးနေပြီလဲဆိုတာကို တွေးကြည့်မိတယ်၊ ဒါပေမဲ့ ဘုရားသခင်က ကျွန်မကို ကိုယ်တော့်နှုတ်ကပတ်တော်တွေ စားသောက်ခွင့်နဲ့ သမ္မာတရားကို လိုက်စားခွင့်ကို ရုပ်သိမ်းမသွားခဲ့ဘူး။ ဘုရားသခင်က ကျွန်မတို့ကို ရေလောင်းဖို့နဲ့ ထောက်ပံ့ဖို့ နှုတ်ကပတ်တော်တွေကို အဆက်မပြတ် ဖော်ပြနေတယ်။ အမှုအရာတွေ ကြုံလာတဲ့အခါမှာလည်း ကိုယ်တော်က ကျွန်မကို ဉာဏ်ပွင့်စေပြီး လမ်းပြဖို့ သူ့နှုတ်ကပတ်တော်တွေကို အသုံးပြုခဲ့တယ်၊ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို နားမလည်ခဲ့တာက ကျွန်မကိုယ်တိုင်ပါပဲ။ ကျွန်မက အသက်ကြီးပြီး စိတ်ရှုပ်နေပြီမို့ ဘုရားသခင်က ကယ်တင်မှာမဟုတ်ဘူးလို့ ထင်ခဲ့တယ်။ ဒါပေမဲ့ တကယ်တမ်းမှာတော့ တစ်စုံတစ်ယောက်က ဘုရားသခင်ကို စိတ်ရင်းမှန်နဲ့ ယုံကြည်ပြီး သမ္မာတရားကို လိုက်စားလိုစိတ်ရှိသရွေ့၊ တစ်နေ့နေ့မှာ သူတို့ တာဝန်မထမ်းဆောင်နိုင်တော့ရင်တောင်မှ ဘုရားသခင့်အိမ်တော်က သူတို့ကို ရှင်းလင်းပစ်တာ၊ ဖယ်ရှားရှင်းလင်းတာမျိုး လုပ်မှာမဟုတ်ဘူး။ ကျွန်မပတ်ဝန်းကျင်မှာ ကျွန်မနဲ့ အသက်အရွယ်မတိမ်းမယိမ်းရှိတဲ့ သက်ကြီးပိုင်း ညီအစ်ကိုမောင်နှမတွေ အများကြီးရှိတယ်။ အခု သူတို့ တာဝန်တွေ အများကြီး မထမ်းဆောင်နိုင်တော့ပေမဲ့ သူတို့က ဘုရားနှုတ်ကပတ်တော်တွေကို ဇွဲရှိရှိနဲ့ စားသောက်ပြီး အသင်းတော်အသက်တာကို ဖြတ်သန်းနေကြတယ်၊ အသင်းတော်ကလည်း သူတို့ကို မရှင်းလင်းပစ်ခဲ့ဘူး။ ဒါပေမဲ့ လူငယ်တချို့ကတော့ အဆက်မပြတ် တာဝန်တွေ ထမ်းဆောင်နေပေမဲ့ သူတို့က သမ္မာတရားကို မလိုက်စားဘဲ သူတို့ရဲ့ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေက ဆိုးရွားပြီး မပြောင်းလဲဘဲရှိနေတော့ နောက်ဆုံးမှာ မကောင်းမှုတွေ အများကြီး ကျုးလွန်ပြီး အသင်းတော်ကနေ ရှင်းလင်းပစ်ခံခဲ့ရတယ်။ ဒါကနေတစ်ဆင့် ဘုရားသခင်ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားကို ကျွန်မ မြင်ခဲ့ရတယ်။ ဘုရားသခင်က လူတွေကို ကယ်တင်တာဟာ သူတို့ လူငယ်ဖြစ်ခြင်း၊ လူကြီးဖြစ်ခြင်းအပေါ်မှာ မူတည်တာမဟုတ်ဘဲ သူတို့ရဲ့စိတ်နှလုံးကို ကြည့်ပြီး သူတို့ သမ္မာတရားကို လိုက်စားခြင်း ရှိမရှိကို ကြည့်ပြီး ကယ်တင်တာပါ။ အဲဒီအချိန်ကစပြီး ကျွန်မမှာ တာဝန်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဘုရားနှုတ်ကပတ်တော်တွေကို စိတ်အားထက်ထက်သန်သန်နဲ့ စားသောက်မယ်၊ ဘုရားသခင်ရဲ့အမှုကို တွေ့ကြုံခံစားမယ်၊ ကိုယ့်ရဲ့ချို့တဲ့မှုတွေနဲ့ အားနည်းချက်တွေကို သိလာအောင်လုပ်မယ်၊ ကိုယ့်ရဲ့ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို နားလည်အောင်လုပ်မယ်၊ ပြီးတော့ ဘုရားသခင်ကို အထင်လွဲတာ၊ မကျေမနပ်ပြောတာမျိုး မလုပ်တော့ဘူးလို့ စိတ်ပိုင်းဖြတ်ခဲ့တယ်။
စုဝေးပွဲတစ်ခုမှာ ညီအစ်မတစ်ယောက်က ကျွန်မရဲ့အခြေအနေကို သိသွားတော့ ကျွန်မကို ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ် ဖတ်ခိုင်းခဲ့တယ်။ “လူ၏တာဝန်နှင့် လူသည် ကောင်းချီးမင်္ဂလာများ လက်ခံရရှိခြင်း သို့မဟုတ် ကံမကောင်းအကြောင်းမလှခြင်းကို ခံစားရခြင်း ဟူသည်တို့ကြားတွင် အချင်းချင်း ဆက်နွှယ်နေမှု မရှိပေ။ တာဝန်သည် လူက ဖြည့်ဆည်းသင့်သည့်အရာ ဖြစ်သည်။ ယင်းသည် ကောင်းကင်ဘုံက လာသည့် သူ၏ဘဝပေးတာဝန်ဖြစ်ပြီး ဆုလာဘ်၊ အခြေအနေများ သို့မဟုတ် အကြောင်းရင်းများပေါ်တွင် မမူတည်သင့်ပေ။ ထိုအခါမှသာ သူ၏တာဝန်ကို သူ လုပ်ဆောင်နေခြင်း ဖြစ်သည်။ ကောင်းချီးမင်္ဂလာ လက်ခံရရှိခြင်းဟူသည်မှာ တစ်စုံတစ်ဦးသည် တရားစီရင်ခြင်းကို ကြုံရပြီးနောက် စုံလင်စေခြင်းခံရကာ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို မွေ့လျော်ရခြင်း ဖြစ်သည်။ ကံမကောင်းအကြောင်းမလှခြင်းကို ခံစားရခြင်းဟူသည်မှာ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကို ကြုံရပြီးနောက် လူတစ်ဦး၏ စိတ်သဘောထား မပြောင်းလဲခြင်း ဖြစ်သည်၊ ၎င်းတို့သည် စုံလင်စေခြင်းကို မတွေ့ကြုံရဘဲ အပြစ်ပေးခံရသည်။ ၎င်းတို့ ကောင်းချီးမင်္ဂလာများ လက်ခံရရှိသည်ဖြစ်စေ၊ ကံမကောင်းအကြောင်းမလှခြင်းကို ခံစားရသည်ဖြစ်စေ ဖန်ဆင်းခံသတ္တဝါများသည် ၎င်းတို့ လုပ်ဆောင်သင့်သည့်အရာကို လုပ်ဆောင်ရင်းနှင့် လုပ်ဆောင်နိုင်သည့်အရာကို လုပ်ဆောင်ရင်း၊ ၎င်းတို့၏တာဝန်ကို ဖြည့်ဆည်းသင့်ကြပေသည်။ ဤသည်မှာ လူတစ်ဦးအနေဖြင့်၊ ဘုရားသခင် နောက်ကိုလိုက်သည့် လူတစ်ဦးက အနည်းဆုံး လုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်။ သင်သည် ကောင်းချီးမင်္ဂလာ လက်ခံရရှိရန်သာ သင်၏တာဝန်ကို မလုပ်ဆောင်သင့်သကဲ့သို့၊ ကံမကောင်းအကြောင်းမလှခြင်းကို ခံစားရမည်ကို ကြောက်ရွံ့ခြင်းအတွက် ဆောင်ရွက်ရန် မငြင်းဆန်သင့်ပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံ ဘုရားသခင်၏အမှုတော်နှင့် လူ၏တာဝန်ကြား ကွဲပြားခြားနားမှု) ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးတဲ့နောက်မှာ ဘုရားသခင်ဟာ ဖန်ဆင်းရှင်ဖြစ်ပြီး လူသားဟာ ဖန်ဆင်းခံဖြစ်တယ်၊ လူသားက ကိုယ့်တာဝန်ကို ထမ်းဆောင်တာဟာ လုံးဝ သဘာဝကျပြီး ကျိုးကြောင်းခိုင်လုံမျှတတယ်ဆိုတာကို ကျွန်မ နားလည်သွားတယ်။ ဒါဟာ လူသားရဲ့ တာဝန်နဲ့ ဝတ္တရားဖြစ်ပြီး ကောင်းချီးမင်္ဂလာခံစားရခြင်း၊ ကံဆိုးမိုးမှောင်ကျခြင်းတို့နဲ့ ဘာမှမဆိုင်ဘူး။ ကိုယ့်တာဝန်ကို ထမ်းဆောင်ရင်း ဘုရားနှုတ်ကပတ်တော်ရဲ့ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းကို တွေ့ကြုံခံစားပြီး စိတ်သဘောထား ပြောင်းလဲမှုကို ရရှိမှသာ လူတစ်ယောက်ဟာ ဘုရားသခင်ရဲ့ ကောင်းချီးမင်္ဂလာတွေကို ရရှိနိုင်မှာပါ။ ဒါပေမဲ့ ကျွန်မကတော့ ကိုယ့်တာဝန်ကို ထမ်းဆောင်နေသရွေ့ ဘုရားသခင်ရဲ့ ကောင်းချီးမင်္ဂလာကို ခံစားရမှာပဲလို့ ယုံကြည်ခဲ့တယ်၊ ပြီးတော့ တာဝန်ထမ်းဆောင်ရင် ကောင်းချီးမင်္ဂလာခံစားရမှာပဲလို့ ကျွန်မ အမြဲထင်ခဲ့တယ်။ ဒါတွေဟာ ကိုယ့်ရဲ့အယူအဆတွေနဲ့ စိတ်ကူးတွေသက်သက်ပါပဲ။ ပြန်စဉ်းစားကြည့်တော့ ကျွန်မ တာဝန်တော်တော်များများ ထမ်းဆောင်ခဲ့ဖူးတယ်၊ ဒါပေမဲ့ ကိုယ့်တာဝန်မှာ သမ္မာတရားကို မလိုက်စားဘဲ ကိုယ့်သဘောအတိုင်းပဲ အမြဲပြုမူခဲ့တယ်၊ ဘုရားသခင်ရဲ့ ရည်ရွယ်ချက် ဒါမှမဟုတ် သမ္မာတရားကို ဆုတောင်းပြီး ရှာဖွေတာကလည်း ခပ်ရှားရှားပဲ၊ ဒါကြောင့် ရလဒ်အနေနဲ့ ဒီအချိန်အထိ ကျွန်မရဲ့စိတ်သဘောထားက မပြောင်းလဲသလောက်ပဲ။ ဒီလိုပုံစံနဲ့ ကျွန်မ ဘယ်လောက်ပဲ တာဝန်တွေ များများ ထမ်းဆောင်ခဲ့ပါစေ ဘုရားသခင်ရဲ့ အသိအမှတ်ပြုခြင်းကို ရမှာမဟုတ်ဘူး။ သမ္မာတရားကို မလိုက်စားဘဲ ကျွန်မ နှစ်တွေအများကြီး အလဟဿ ဖြုန်းတီးခဲ့တယ်။ ဒီအချိန်ကစပြီး အမှုအရာတွေ ကြုံလာတဲ့အခါ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို ရှာဖွေရမယ်၊ ဘုရားနှုတ်ကပတ်တော်ရဲ့ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းကို လက်ခံရမယ်၊ ပြီးတော့ စိတ်သဘောထား ပြောင်းလဲမှုကို ရရှိဖို့ သမ္မာတရားကို လိုက်စားရမယ်။ နောက်ဆုံးမှာ ကျွန်မ ကယ်တင်ခြင်းကို မခံရရင်တောင်မှ ဒါဟာ ကျွန်မရဲ့စိတ်သဘောထား မပြောင်းလဲလို့ ဖြစ်မှာပါ၊ ကျွန်မ အသက်ကြီးလို့ ဘုရားသခင်က မလိုချင်တော့တာကြောင့် မဟုတ်ဘူး။ ကျွန်မ ဘုရားသခင်ဆီကို ဆုတောင်းခဲ့တယ်၊ “အို ဘုရားသခင်၊ သမီး ကိုယ်တော့်ရဲ့ ရည်ရွယ်ချက်ကို အခု နားလည်ပါပြီ။ ကိုယ်တော့်ရဲ့ စီစဉ်ညွှန်ကြားမှုနဲ့ အစီအစဉ်တွေကို သမီး ကျိုးနွံနာခံဖို့ ဆန္ဒရှိပါတယ်၊ ကိုယ်တော့်ကို အထင်လွဲတာ၊ မကျေမနပ်ပြောတာမျိုး မလုပ်တော့ပါဘူး။ ဘယ်လိုတာဝန်ကိုပဲ ထမ်းဆောင်ရပါစေ၊ စိတ်နှလုံးအကြွင်းမဲ့နဲ့ ကိုယ်တော့်ကို ကျေနပ်စေဖို့ ထမ်းဆောင်ချင်ပါတယ်” လို့ပေါ့။
နောက်ပိုင်းမှာ အဲဒီညီအစ်မက ကျွန်မရဲ့အခြေအနေနဲ့ သက်ဆိုင်တဲ့ ဘုရားနှုတ်ကပတ်တော် နောက်တစ်ပိုဒ်ကို ရှာပေးခဲ့တယ်။ ဘုရားသခင်က ပြောသည် “လူတို့သည် ကောင်းချီးခံစားရရန်၊ ဆုလာဘ်ချီးမြှင့်ခြင်းခံရရန်၊ ဆုသရဖူရရှိရန်အတွက် ဘုရားသခင်ကို ယုံကြည်ကြသည်။ လူတိုင်း၏ စိတ်နှလုံးတွင် ဤအရာ တည်ရှိသည်မဟုတ်လော။ ဤအရာတည်ရှိသည်မှာ အမှန်တရားဖြစ်သည်။ ထိုအကြောင်းကို လူတို့က မကြာခဏ မပြောကြသော်လည်း၊ ကောင်းချီးများရရန် ၎င်းတို့၏ ရည်ရွယ်ချက်နှင့် ဆန္ဒကိုပင် ဖုံးကွယ်သော်လည်း လူတို့၏ စိတ်နှလုံးအတွင်းတွင်ရှိသော ဤဆန္ဒနှင့် ရည်ရွယ်ချက်သည် အစဉ် ပြောင်းလဲ၍ မရနိုင်ပေ။ လူတို့သည် ဝိညာဉ်ရေးရာ သဘောတရားများကို မည်မျှ နားလည်သည်ဖြစ်စေ၊ အတွေ့အကြုံဆိုင်ရာ အသိပညာ မည်မျှရှိသည်ဖြစ်စေ၊ မည်သည့်တာဝန်ကို ထမ်းဆောင်နိုင်သည်ဖြစ်စေ၊ မည်မျှ ဒုက္ခခံနိုင်သည်ဖြစ်စေ၊ သို့မဟုတ် မည်မျှ အဖိုးအခ ပေးဆပ်နိုင်သည်ဖြစ်စေ၊ ၎င်းတို့စိတ်နှလုံး အတွင်းနက်နက်ထဲတွင် ကွယ်ဝှက်နေသော ကောင်းချီးရလိုသည့် စိတ်ဓာတ်လှုံ့ဆော်မှုကို မည်သည့်အခါမျှ လက်မလွှတ်နိုင်ဘဲ အစေခံရာတွင် အစဉ်သဖြင့် တိတ်ဆိတ်စွာ အားသွန်ခွန်စိုက်လုပ်ဆောင်သည်။ ဤသည်မှာ လူတို့၏ စိတ်နှလုံးအတွင်းထဲရှိ အနက်ဆုံးနေရာတွင် မြုပ်နှံထားသောအရာ မဟုတ်လော။ ကောင်းချီးမင်္ဂလာများ ရရှိဖို့ဖြစ်သည့် ဤလှုံ့ဆော်မှုမရှိလျှင် သင်တို့သည် မည်သို့ခံစားရမည်နည်း။ မည်သည့်သဘောထားနှင့် တာဝန်ကို ထမ်းဆောင်ပြီး ဘုရားသခင်နောက် လိုက်မည်နည်း။ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဖုံးကွယ်နေသော ကောင်းချီးရရှိဖို့ဖြစ်သည့် ဤစိတ်ဓာတ်လှုံ့ဆော်မှုကို ဖယ်ရှားပစ်လိုက်လျှင် လူတို့သည် မည်သည့်အရာ ဖြစ်လာမည်နည်း။ လူများစွာက အပျက်သဘောဆောင်လာခြင်း ဖြစ်နိုင်သည်။ အချို့မှာ မိမိတို့၏တာဝန်များတွင် စိတ်အားလျော့လာမည်။ ၎င်းတို့၏ ဝိညာဉ်က ပျောက်ကွယ်သွားခဲ့ပြီးဖြစ်သည့်အလား ဘုရားသခင်အပေါ် ၎င်းတို့၏ ယုံကြည်မှုတွင် စိတ်ဝင်စားမှု ပျောက်သွားပေမည်။ ၎င်းတို့၏ စိတ်နှလုံးက ဆွဲယူခံခဲ့ရပြီးသည့် ပုံပေါ်နေမည်။ ဤအတွက်ကြောင့် ကောင်းချီးရရန် စိတ်ဓာတ်လှုံ့ဆော်မှုသည် လူတို့၏ စိတ်နှလုံးတွင် နက်နက်ရှိုင်းရှိုင်း ကွယ်ဝှက်နေသည့်အရာ ဖြစ်သည်ဟု ငါပြောရခြင်းဖြစ်သည်။ ၎င်းတို့သည် မိမိတို့တာဝန်ကို ထမ်းဆောင်သည်နှင့်အမျှ သို့မဟုတ် အသင်းတော်အသက်တာကို ရှင်သန်သည်နှင့်အမျှ ၎င်းတို့၏ မိသားစုများကို စွန့်လွှတ်နိုင်ပြီး ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို ဝမ်းမြောက်စွာ အသုံးခံနိုင်သည်၊ ယခုအခါတွင် ကောင်းချီးရရန် ၎င်းတို့၏ စိတ်ဓာတ်လှုံ့ဆော်မှုအပေါ် အသိရှိသည်၊ ဤစိတ်ဓာတ်လှုံ့ဆော်မှုကို ဘေးဖယ်ထားပြီးဖြစ်ကာ ဤအရာ၏ အုပ်စိုးခြင်း၊ သို့မဟုတ် ချုပ်ချယ်ခြင်းကို မခံရတော့ဟု မိမိတို့ကိုယ်ကို ခံစားရခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ ထို့နောက်တွင် ၎င်းတို့တွင် ကောင်းချီးခံစားလိုသည့် စိတ်ဓာတ်လှုံ့ဆော်မှု မရှိတော့ဟု ၎င်းတို့က ထင်မြင်ကြသည်။ သို့သော် ဘုရားသခင်က ဤသို့ မယုံကြည်ပေ။ လူတို့သည် အကြောင်းကိစ္စများကို အပေါ်ယံသာ ရှုမြင်သည်။ စမ်းသပ်မှုများမပါဘဲ ၎င်းတို့က မိမိတို့ကိုယ်ကို ကျေနပ်ကြသည်။ အသင်းတော်ကို ၎င်းတို့ မစွန့်ခွာသရွေ့၊ သို့မဟုတ် ဘုရားသခင်၏ အမည်နာမကို မငြင်းပယ်သရွေ့၊ ဘုရားသခင်အတွက် ဆက်လက် အသုံးခံသရွေ့ ၎င်းတို့က ပြောင်းလဲသွားပြီဟု ယုံကြည်ကြသည်။ ၎င်းတို့သည် တာဝန်ထမ်းဆောင်ရာတွင် တစ်ကိုယ်ရေ စိတ်အားထက်သန်မှု၊ သို့မဟုတ် ခဏတာ ရုတ်တရက်ဖြစ်ပေါ်သော ဆန္ဒတို့အားဖြင့် တွန်းအားပေးခြင်းမခံရတော့ဟု ခံစားမိကြသည်။ ထိုအစား ၎င်းတို့က သမ္မာတရားကို လိုက်စားနိုင်သည်၊ တာဝန်ထမ်းဆောင်စဉ်တွင် သမ္မာတရားကို အဆက်မပြတ်ရှာဖွေပြီး လက်တွေ့လုပ်ဆောင်နိုင်သည်၊ ဤနည်းအားဖြင့် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများက သန့်စင်ခံရပြီး စစ်မှန်သော ပြောင်းလဲမှုအချို့ကို ရရှိသည်ဟု ၎င်းတို့က ယုံကြည်ကြသည်။ သို့ရာတွင် လူတစ်ယောက်၏ ခရီးပန်းတိုင်၊ အဆုံးသတ်တို့နှင့် တိုက်ရိုက်ဆက်နွှယ်သောအရာများ ဖြစ်ပျက်သောအခါ ၎င်းတို့ မည်သို့ ပြုမူကြသနည်း။ သမ္မာတရားကို အလုံးစုံ ထုတ်ဖော်ပြထားပေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အသက်တာ ကြီးထွားတိုးတက်ခြင်း၏ အညွှန်းခြောက်ခု) ဘုရားသခင်က လူတွေအတွင်းမှာ ကောင်းချီးမင်္ဂလာတွေရရှိဖို့ ဖုံးကွယ်ထားတဲ့ရည်ရွယ်ချက်ကို ဖော်ထုတ်ထားတယ်။ လူတွေက ဘုရားသခင်ကို ယုံကြည်တာဟာ ကိုယ်တော့်ကို ကျေနပ်စေဖို့မဟုတ်ဘဲ ကောင်းချီးမင်္ဂလာတွေနဲ့ အကျိုးကျေးဇူးတွေ ရဖို့အတွက်ပဲ။ သူတို့က တာဝန်ထမ်းဆောင်ဖို့ မိသားစုတွေ၊ အလုပ်အကိုင်တွေကို စွန့်လွှတ်ထားပုံရရင်တောင်မှ အဲဒါအားလုံးဟာ ဘုရားသခင်နဲ့ အပေးအယူလုပ်ဖို့ ကြိုးစားနေတာသက်သက်ပဲ။ ကျွန်မ ဘုရားသခင်ကို ပထမဦးဆုံးတွေ့ရှိခဲ့တဲ့အချိန်ကို ပြန်တွေးကြည့်တော့ ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်ဖို့ မျှော်လင့်ချက်ရှိတယ်လို့ ခံစားခဲ့ရတယ်၊ ဒါကြောင့် ကျွန်မ စိတ်အားထက်ထက်သန်သန်နဲ့ ကိုယ့်ကိုယ်ကိုယ် အသုံးခံခဲ့တယ်။ အသင်းတော်က ကျွန်မအတွက် ဘယ်လိုတာဝန်ပဲ စီစဉ်ပေးပါစေ ကျွန်မ ကျိုးနွံနာခံခဲ့တယ်၊ ပြီးတော့ နေ့တိုင်း မကုန်ခမ်းနိုင်တဲ့ ခွန်အားတွေ ရှိခဲ့တယ်။ ဒါပေမဲ့ ကျွန်မ အသက်ကြီးလာပြီး တာဝန်တွေ နည်းနည်းပဲ ထမ်းဆောင်နိုင်တော့တဲ့အခါ ကျွန်မဟာ ကောင်းချီးမင်္ဂလာတွေ မရတော့မှာကို စိုးရိမ်လာပြီး အဲဒီလိုနဲ့ အပျက်သဘောဆောင်လာခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တွေကို စားသောက်ဖို့လည်း အာရုံမစိုက်တော့ဘူး။ အမှုအရာတွေ ကြုံလာတဲ့အခါမှာလည်း ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို မရှာဖွေတော့ဘဲ နေ့ရက်တိုင်းကို စိတ်သောကနဲ့ စိုးရိမ်ပူပန်မှုတွေထဲမှာ နစ်မွန်းရင်း ကုန်ဆုံးခဲ့ရတယ်။ ဒီနှစ်တွေတစ်လျှောက်လုံး ကျွန်မ တာဝန်ထမ်းဆောင်ခဲ့တာဟာ ကောင်းချီးမင်္ဂလာတွေနဲ့ ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်ဖို့အတွက် လိုက်စားနေခဲ့တာပဲဆိုတာကို ကျွန်မ မြင်လာခဲ့တယ်၊ ဒါဟာ ဘုရားသခင်ကို ကျေနပ်စေဖို့ မဟုတ်ဘူး။ ဒီလိုနည်းနဲ့ ဘုရားသခင်ကို ယုံကြည်ပြီး တာဝန်ထမ်းဆောင်ခဲ့တာဟာ ဘုရားသခင်နဲ့ အပေးအယူလုပ်ပြီး လှည့်ဖြားဖို့ ကြိုးစားနေခဲ့တာပဲ။ ကျွန်မ တကယ်ကို လူ့သဘာဝကင်းမဲ့လိုက်တာ။ ဒီနှစ်တွေကို ဆင်ခြင်သုံးသပ်ကြည့်တော့ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီး သမ္မာတရားတချို့ကို ကျွန်မ နားလည်လာခဲ့တယ်၊ ကိုယ့်ရဲ့စာတန်ဆန်တဲ့ သဘာဝအပေါ်မှာလည်း နားလည်မှုတချို့ ရရှိခဲ့တယ်။ လူကို ကယ်တင်ခြင်းနဲ့ပတ်သက်တဲ့ ဘုရားသခင်ရဲ့ အပင်ပန်းခံရတဲ့ ရည်ရွယ်ချက်ကိုလည်း နည်းနည်းနားလည်လာခဲ့တယ်။ ကျွန်မ ဘုရားသခင်ဆီကနေ အများကြီး ရရှိခဲ့ပေမဲ့ ကိုယ်တော်နဲ့ အပေးအယူလုပ်ဖို့ ကြိုးစားနေတုန်းပဲ။ ကောင်းချီးမင်္ဂလာတွေ မရတော့ဘူးလို့ ခံစားလိုက်ရတာနဲ့ ကျွန်မ အပျက်သဘောဆောင်လာပြီး ရှေ့ဆက်ပြီး မကြိုးစားချင်တော့ဘူး။ ကျွန်မဟာ တကယ်ကို အသိစိတ်၊ ဆင်ခြင်တုံတရား လုံးဝမရှိဘူး။ တကယ်ကို တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းလိုက်တာ။ ဘုရားသခင်ကို မယုံကြည်တဲ့ ကျွန်မအရွယ် လူတွေကို ကြည့်လိုက်တယ်။ သူတို့က နေ့ရက်တိုင်းကို စားလိုက်၊ သောက်လိုက်၊ ပျော်ပါးလိုက်နဲ့ပဲ ကုန်ဆုံးကြတယ်၊ အတင်းအဖျင်းမပြောရင် ဖဲရိုက်တာ၊ ဒါမှမဟုတ် မာကျောက်ရိုက်တာတွေ လုပ်ကြတယ်။ ဘဝရဲ့အဓိပ္ပာယ်က ဘာလဲဆိုတာကို သူတို့မသိကြဘူး၊ ပြီးတော့ သူတို့ နေ့တိုင်းလုပ်တာအားလုံးက ထိုင်ပြီး သေဖို့ စောင့်နေတာပဲ။ ဘုရားသခင်ကို ယုံကြည်ခဲ့တဲ့နှစ်တွေအတွင်းမှာ အဓိပ္ပာယ်ရှိတဲ့ ဘဝဆိုတာ ဘယ်လိုမျိုးလဲဆိုတာကို ကျွန်မ နားလည်လာခဲ့တယ်၊ လောကီရဲ့ ပျော်ရွှင်မှုတွေကို မလိုက်စားတော့ဘဲ အဲဒီအစား သမ္မာတရားကို လိုက်စားတယ်၊ ကိုယ့်တာဝန်ကို ကောင်းကောင်းထမ်းဆောင်တယ်၊ ပြီးတော့ ဘုရားသခင်ကို ကျေနပ်စေချင်တယ်။ ကျွန်မ ဘဝရဲ့ ပန်းတိုင်ကို တွေ့ရှိခဲ့ပြီ။ ကျွန်မ ပြည့်စုံပြီး စိတ်အေးချမ်းတယ်လို့ ခံစားရတယ်၊ အခုအချိန်မှာ သေသွားရင်တောင် ကျွန်မရဲ့ဘဝက တန်ဖိုးရှိခဲ့မှာပဲ။ ကျွန်မ ဘုရားသခင်နဲ့ အပေးအယူလုပ်ဖို့ မကြိုးစားသင့်တော့ဘူး၊ ကောင်းချီးခံစားရဖို့သက်သက်အတွက်လည်း မလိုက်စားသင့်တော့ဘူး။
မကြာခင်မှာပဲ အဲဒီညီအစ်မက ကျွန်မကို ဧည့်ခံတဲ့တာဝန်ကို ပြန်ပြီးထမ်းဆောင်ဖို့ လာတောင်းဆိုသွားတယ်။ ကျွန်မ အရမ်းပျော်သွားတယ်။ ဘုရားသခင်က ကျွန်မကို တာဝန်ထမ်းဆောင်ဖို့ နောက်တစ်ကြိမ် အခွင့်အရေးပေးခဲ့ပြီ၊ ကျွန်မ ဒါကို ကောင်းကောင်း တန်ဖိုးထားချင်တယ်။ နောက်ပိုင်းမှာ ကျွန်မ ဒီဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ခဲ့ရတယ်။ “မိမိတို့တာဝန်ကို အစွမ်းကုန် ကောင်းစွာ ထမ်းဆောင်နိုင်ခြင်းအပြင် သက်ကြီးရွယ်အိုများ လုပ်ဆောင်နိုင်သည့် အမှုအရာများစွာ ရှိ၏။ သင်သည် ထုံအခြင်း၊ စိတ်မနှံ့ခြင်းမရှိသကဲ့သို့ သမ္မာတရားကို နားမလည်နိုင်ခြင်း မရှိပါက၊ ပြီးလျှင် မိမိကိုယ်ကို မစောင့်ရှောက်နိုင်ခြင်း မဟုတ်ပါက၊ သင် လုပ်ဆောင်သင့်သည့်အရာများစွာ ရှိ၏။ ငယ်ရွယ်သည့်လူများကဲ့သို့ပင်၊ သင်သည် သမ္မာတရားကို လိုက်စားနိုင်သည်၊ သမ္မာတရားကို ရှာဖွေနိုင်ပြီး၊ ဆုတောင်းရန် ဘုရားသခင်ရှေ့မှောက်သို့ သင် မကြာခဏ လာသင့်သည်၊ သမ္မာတရား စည်းမျဉ်းများကို ရှာဖွေသင့်ပြီး၊ သမ္မာတရားကို သင်၏ စံအဖြစ် ထားရှိလျက် ဘုရားနှုတ်ကပတ်တော်များအတိုင်း လုံးလုံးလျားလျား လူများနှင့် အမှုအရာများကို ရှုမြင်ကာ ကျင့်ကြုံပြုမူပြီး ဆောင်ရွက်ရန် ကြိုးပမ်းသင့်သည်။ ဤသည်မှာ သင် လိုက်လျှောက်သင့်သည့် လမ်းကြောင်းဖြစ်ပြီး၊ သင့်ထံတွင် အနည်းငယ်ဖျားနာမှု များစွာရှိသောကြောင့်၊ သို့မဟုတ် သင်၏ ခန္ဓာကိုယ်သည် အိုမင်းရင့်ရော်နေခြင်းကြောင့် သင့်အနေဖြင့် စိတ်ဖိစီး၊ ပူပန်သောကမရောက်သင့်၊ သို့မဟုတ် မစိုးရိမ်သင့်ပေ။ စိတ်ဖိစီးမှု၊ ပူပန်သောကနှင့် စိုးရိမ်မှုတို့ကို ခံစားခြင်းသည် လုပ်ဆောင်ရန် မှန်ကန်သည့်အရာ မဟုတ်ပေ။ ထိုအရာများသည် ယုတ္တိမရှိသည့် သရုပ်သကန်များ ဖြစ်သည်။...သက်ကြီးရွယ်အိုများသည် ငယ်ရွယ်သည့် လူများကဲ့သို့ပင် ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများရှိပြီး ဘဝတွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို မကြာခဏ ထုတ်ဖော်ပြကြသကဲ့သို့၊ ငယ်ရွယ်သည့် လူများကဲ့သို့ပင် မိမိတို့တာဝန်များကို ထမ်းဆောင်နေချိန်တွင်၊ သက်ကြီးရွယ်အိုများသည် သင့်တော်သောအရာကို အဘယ်ကြောင့် လုပ်ဆောင်ခြင်းမရှိသကဲ့သို့၊ ထိုအစား မိမိတို့ အိုမင်းသည့် အသက်အရွယ်နှင့် သေဆုံးသည့်နောက် ၎င်းတို့ထံ မည်သည့်အရာဖြစ်ပျက်သည်ဆိုသည်နှင့် ပတ်သက်၍ အမြဲ စိတ်ဖိစီး၊ ပူပန်သောကရောက်ပြီး စိုးရိမ်ကြသနည်း။ ငယ်ရွယ်သည့် လူများကဲ့သို့ပင် မိမိတို့တာဝန်များကို အဘယ်ကြောင့် ၎င်းတို့ ထမ်းဆောင်ခြင်း မရှိကြသနည်း။ ငယ်ရွယ်သည့် လူများကဲ့သို့ သမ္မာတရားကို လိုက်စားခြင်း မရှိကြသနည်း။ ဤအခွင့်အရေးကို သင့်အား ပေးထားပြီးဖြစ်သောကြောင့်၊ ထိုအခွင့်အရေးကို သင် ဆုပ်ကိုင်ခြင်းမရှိသကဲ့သို့ သင်သည် မကြားနိုင်၊ မမြင်နိုင်ဘဲ၊ မိမိကိုယ်ကို မစောင့်ရှောက်နိုင်အောင် အမှန်တကယ် အလွန် အိုမင်းသွားပါက၊ သင် နောင်တရလိမ့်မည်ဖြစ်ပြီး၊ သင်၏ ဘဝသည် ဤသို့ဖြင့် ကုန်လွန်သွားလိမ့်မည်ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၃)) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာ ကျွန်မ ကယ်တင်ခြင်းခံရမလား၊ မခံရမလားဆိုတာကို စိတ်သောကရောက်ပြီး စိုးရိမ်ပူပန်မှုတွေထဲမှာ နစ်မွန်းမနေသင့်ဘူး၊ အရင်ကလိုပဲ ဘုရားသခင်ကို ဆက်ပြီး အထင်လွဲတာ၊ မကျေမနပ်ပြောတာမျိုးလည်း မလုပ်သင့်တော့ဘူးဆိုတာကို နားလည်သွားတယ်။ ကျွန်မလုပ်ရမှာက ကိုယ့်ရဲ့ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ဖြေရှင်းဖို့ သမ္မာတရားကို လိုက်စားရမယ်၊ တကယ်ပဲ သတိဝေဝါးပြီး မလှုပ်ရှားနိုင်တော့တဲ့အထိ မစောင့်ရဘူး၊ အဲဒီအချိန်ကျရင် သမ္မာတရားကို မလိုက်စားခဲ့မိလို့ နောင်တရရင် နောက်ကျသွားမှာလေ။ ဒီနောက်ဆုံးအချိန်ပိုင်းလေးကို အမိအရဆုပ်ကိုင်ပြီးတော့ သမ္မာတရားကို လိုက်စားပြီး စိတ်သဘောထား ပြောင်းလဲမှုကို ရရှိအောင်လုပ်ချင်တယ်။ ပြန်တွေးကြည့်တော့ အရင်က ကျွန်မ ဘုရားနှုတ်ကပတ်တော်တွေကို အပေါ်ယံပဲ ဖတ်ပြီးတော့ သေသေချာချာ မဆင်ခြင်ခဲ့ဘူး၊ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကိုလည်း နားမလည်ခဲ့ဘူး။ အခု ကျွန်မ အသက်ကြီးလာပြီဆိုတော့ လူငယ်တစ်ယောက်ရဲ့မှတ်ဉာဏ် မရှိတော့ဘူး၊ ဒါပေမဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ထပ်ခါထပ်ခါ ဖတ်နိုင်တယ်၊ ပိုပြီး တွေးတောဆင်ခြင်နိုင်တယ်၊ အမှုအရာတွေ ကြုံလာတဲ့အခါမှာ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို ရှာဖွေပြီး ကိုယ်တော့်နှုတ်ကပတ်တော်တွေထဲမှာ လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်းကို ရှာဖွေနိုင်တယ်။ ဘုရားသခင်ပြောသလိုပဲ၊ “...သမ္မာတရားကို သင်၏ စံအဖြစ် ထားရှိလျက် ဘုရားနှုတ်ကပတ်တော်များအတိုင်း လုံးလုံးလျားလျား လူများနှင့် အမှုအရာများကို ရှုမြင်ကာ ကျင့်ကြုံပြုမူပြီး ဆောင်ရွက်ရန် ကြိုးပမ်းသင့်သည်။” ကျွန်မ ဘုရားသခင်ရဲ့ သတ်မှတ်ချက်တွေအတိုင်း ကြိုးစားရမယ်၊ ကိုယ့်ရဲ့အသက်ဝင်ရောက်မှုကို အာရုံစိုက်ရမယ်၊ ပြီးတော့ ကျွန်မရဲ့သင့်တော်တဲ့အလုပ်ကို လျစ်လျူရှုမနေနိုင်တော့ဘူး။ ကျွန်မကို စိတ်ဆင်းရဲမှုကနေ လမ်းပြပေးခဲ့တဲ့အတွက် ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။
နောက်ပိုင်းမှာ ကျွန်မရဲ့တာဝန်တွေမှာဖြစ်စေ၊ မိသားစုနဲ့ ဆက်ဆံရာမှာဖြစ်စေ အမှုအရာတွေ ကြုံလာတဲ့အခါ ကျွန်မ အဲဒါတွေကို ဘုရားသခင်ဆီကနေ လက်ခံဖို့ သင်ယူခဲ့တယ်၊ ပြီးတော့ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို ရှာဖွေပြီး ကိုယ်တော့်နှုတ်ကပတ်တော်တွေအတိုင်း လက်တွေ့လုပ်ဆောင်ခဲ့တယ်။ ကျွန်မရဲ့မာနထောင်လွှားတဲ့ စိတ်သဘောထားက တစ်စထက်တစ်စ ပြောင်းလဲလာခဲ့တယ်၊ ကျွန်မ့သားက ကျွန်မ အရင်ကလို အာဏာမပြတော့ဘူးလို့ ပြောတယ်။ ကျွန်မရဲ့စိတ်နှလုံးထဲကနေ ဘုရားသခင်ကို တကယ်ပဲ ကျေးဇူးတင်မိတယ်။ ကျွန်မကို ဒီပြောင်းလဲမှုဆီကို လမ်းပြခဲ့တာက ဘုရားသခင်ပဲ၊ ဒီအချိန်ကစပြီး ကျွန်မရဲ့နေ့စဉ်အသက်တာမှာ ဘုရားနှုတ်ကပတ်တော်တွေကို လက်တွေ့လုပ်ဆောင်ပြီး တွေ့ကြုံခံစားဖို့၊ ဘုရားသခင်ကို ဘုန်းထင်ရှားစေဖို့ ကိုယ်တော့်အတွက် သက်သေခံဖို့ ဆန္ဒရှိလာခဲ့တယ်။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
လင်းရန် တရုတ်နိုင်ငံယခင်က၊ ကျွန်မ၏ တာဝန်ကို ဆောင်ရွက်နေချိန်တွင် အခက်အခဲအချို့ကို ကျွန်မ ရင်ဆိုင်ရသည့်အခါတိုင်း သို့မဟုတ် ကျွန်မ၏ အလုပ်ကို...
လီရွှေ၊ တရုတ်ပြည်အစကတည်းက ကျွန်မက ကျန်းမာရေးသိပ်မကောင်းဘူး။ အိမ်ထောင်ကျပြီးနောက်မှာ မိသားစုနဲ့ စီးပွားရေးနှစ်ခုလုံးကို...
ရှင်းလျန် ဂျာမနီနိုင်ငံ ရေလောင်းတဲ့ အဖွဲ့ရဲ့ ခေါင်းဆောင်အနေနဲ့ ကျွန်မ စအစေခံချိန်မှာ၊ အဲဒီတာဝန်မှာရှိတဲ့ ညီအစ်ကို မောင်နှမတွေက ပြဿနာတွေ...
ကျွန်မက သာမန်တောင်သူလယ်သမား မိသားစုတစ်ခုမှာ မွေးဖွားခဲ့တာပါ။ ကျွန်မက တသီးတသန့်နေတတ်ပြီး စကားပြောရတာ မကြိုက်တဲ့အတွက် ငယ်ငယ်ကတည်းက...